Sunday, June 21, 2009

သတင်းမှတ်စု ( ၂၄ )

ဇွန်လ ၁၅ ရက်
ရက်သတ္တပတ် ၂၅ ၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်စုကို ပြန်လွှတ်ရန် နိုင်ငံရေး အကျဉ်းသားဟောင်း ၁၀၀ ကျော် တောင်းဆို

နယူးဒေလီ။ ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကြေညာချက်တွင် ကမ္ဘာတဝှမ်းမှ နိုင်ငံရေးအကျဉ်းသားဟောင်း ၁ဝဝ ကျော်က စုပေါင်းလက်မှတ် ရေးထိုးကာ တောင်းဆိုလိုက်ကြသည်။

ဒေါ်စု လွတ်မြောက်ရေးလှုပ်ရှားမှုအတွက် စာသား၊ ဗီဒီယို၊ ဓာတ်ပုံ စသည်တို့ ပေးပို့နိုင်သော 64forsuu.org ´ဒေါ်အောင်ဆန်းစုကြည်အတွက် စာလုံး ၆၄ လုံး´ အမည်ရှိ အထူးဝဘ်ဆိုဒ်တွင် အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် ဥရောပရှိ နိုင်ငံပေါင်း ၂ဝ ကျော်မှ နိုင်ငံရေး အကျဉ်းသားဟောင်းများက လက်မှတ်ရေးထိုးခြင်း ဖြစ်သည်။

ဤ ဝဘ်ဆိုဒ်ကို ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်၏ ၆၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကင်ပိန်းလှုပ်ရှားသူများက ပြုလုပ်ထားကြခြင်း ဖြစ်သည်။

သူတို့က မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့မှု ပိတ်ဆို့ရေး ပြုလုပ်ပါရန် သူတို့က ကုလသမဂ္ဂ လုံခြုံရေးကောက်စီကို တိုက်တွန်းလိုက်ကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး တရုတ်ပြည် ခရီး စတင်

မြန်မာနအဖ ဒု-ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးသည် တရုတ်ဒု-သမ္မတ မစ္စတာရှီကျင်းဖျင်၏ ဖိတ်ကြားချက်အရ (၆) ရက်ကြာခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ထွက်ခွာလာပြီဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ယနေ့ဖော်ပြသည်။

ယင်းခရီးစဉ်သည် (၆) နှစ်တာကာလအတွင်း ဒု-ဗိုလ်ချုပ်ကြီးမောင်အေး၏ တတိယမြောက် ခရီးစဉ်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တို့အတွက်ဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။

အဆိုပါသတင်းတွင် နအဖစစ်ခေါင်းဆောင်များနှင့် တရုတ်ခေါင်းဆောင်များ၏ ယခင်ခရီးစဉ်များကို ပြန်လည်ဖော်ပြ ထားပြီး တရုတ်နှင့် မြန်မာစီးပွားရေးဆိုင်ရာ စပ်ယှက်မှုအချို့ကို ထည့်သွင်းဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေပြဇယားတွင် တရုတ်သည် အဆင့် (၆) နေရာမှ အဆင့် (၄) သို့ မြင့်တက်ရောက်ရှိလာသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အီးယူ ကြေညာချက် အခြေအမြစ်မရှိဟု စစ်အစိုးရက ပြောဆို

နယူးဒေလီ (မဇ္စျိမ)။ ။ ကရင်လူမျိုးများအား အစိုးရတပ်က ထိုးစစ်ဆင်နွှဲနေကြောင်း ဥရောပသမဂ္ဂက ထုတ်ပြန်ကြေညာသည့်အပေါ် မှန်ကန်မှုမရှိဘဲ၊ အခြေအမြစ်မရှိသော ထုတ်ပြန်ချက် ဖြစ်သည်ဟု မြန်မာစစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက ယမန်နေ့ထုတ် အစိုးရ သတင်းစာမှတဆင့် တုံ့ပြန်ပြောဆိုလိုက်သည်။

ယခုလ ၁၁ ရက်နေ့ထုတ် ဥရောပသမဂ္ဂ - အီးယူ ကြေညာချက်တွင် စစ်အစိုးရတပ်နှင့် ၎င်း၏ မဟာမိတ်တပ်က ကရင်များအပေါ် ထိုးစစ်ဆင်နေသဖြင့် စိုးရိမ်မိကြောင်း ထုတ်ပြန်ခဲ့သည့်အပေါ် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကားအရောင်းအ၀ယ် လေခံဈေးကွက်ဖွင့် ဦးပိုင်မှ ကားများ ရောင်းချရန်ရည်ရွယ်

မြန်မာနိုင်ငံ၏ ပထမဆုံး ပုံမှန်ကားလေလံဈေးကွက်တခုကို ဆာကူရာကုမ္ပဏီက တောင်ဥက္ကလာ ယခင်သေနတ်ပစ် ကွင်းဟောင်းတွင် ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့သည်။

ဆာကူရာကုမ္ပဏီသည် ဦးပိုင်ကုမ္ပဏီနှင့် စစ်အစိုးရ ထိပ်ပိုင်းအာဏာပိုင်များအတွက် ဂျပန်မှရန်ကုန်ဆိပ်ကမ်း အရောက် ကားတင်သွင်းပေးနေသည့် ကုမ္ပဏီဖြစ်သည်။

လေလံမဆွဲခင် အဆင်သင့် ရောင်းချမည့် ဂျပန်နိုင်ငံမှ တင်သွင်းသည့် တပတ်ရစ်ကား အစီးရေ (၁၀၀) နီးပါးနှင့် ဆိုင်ကယ်များကို ၀င်းအတွင်း ပြသထားကြောင်း ကားရောင်းပွဲသို့ သွားခဲ့သည့် မျက်မြင်တဦးက ပြောသည်။

ကားအမျိုးအစားနှင့် မော်ဒယ်အလိုက် ဈေးနှုန်းအမျိုးမျိုးသတ်မှတ်ထားပြီး လေလံကြမ်းခင်းဈေး ကျပ်သိန်း (၁၀၀) တန် ပါဗလေကာမှအစ တိုယိုတာ အက်စ်တီမာနှင့် ကင်မရေကဲ့သို့ ကားတစီးကို ကျပ်သိန်း (၂,၀၀၀)၊ တိုယိုတာ လင်ခရူဆာကားများကိုမူ ကျပ်သိန်း (၃,၀၀၀) မှ (၃,၇၀၀) အထိ ကြမ်းခင်းဈေးများ သတ်မှတ်ထားသည်။

စင်တာတွင် ပြထားသည့်ကားများကို လေလံဆွဲဝယ်ယူနိုင်သည့်အပြင် အခြားကြိုက်ရာ အမျိုးအစားနှင့် မော်ဒယ်များကို မှာကြားလိုပါက နိုင်ငံခြားမှ တင်သွင်းပေးနိုင်ကြောင်း၊ ကားရောင်းချလိုပါကလည်း သတ်မှတ် ထားသည့် စည်းကမ်းချက်များနှင့်အညီ လာရောက် ရောင်းချနိုင်ကြောင်း ဆာကူရာကုမ္ပဏီက ကြေညာထားသည်။

အဆိုပါ စင်တာဖွင့်ပွဲသို့ လာသည့် ကားဝယ်ရောင်းလုပ်သူတဦးက နအဖအာဏာပိုင်များအနေဖြင့် ကားတင်သွင်းခွင့် လိုင်စင် ကိုင်ထားရုံမျှနှင့် အကျိုးအမြတ်ရနေကြောင်း၊ နောက်ပိုင်း ၀ယ်လက်နည်းသွားသဖြင့် ယခုကဲ့သို့ လေလံစင်တာဖွင့်ခြင်းဖြစ်ကြောင်း ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဇွန်လ ၁၆ ရက်
ရက်သတ္တပတ် ၂၅ ၊ ၂၀၀၉
မြန်မာသတင်း

လေယာဉ်ခရီးစဉ်မရှိ၍ ထောင်ဝင်စာ မတွေ့နိုင်

မိုးတွင်းတွင် လေယာဉ်ခရီးစဉ်များ မရှိသဖြင့် မိုင်းဆတ်ထောင်ရှိ (၈၈) ကျောင်းသားခေါင်းဆောင် ကိုကိုကြီးအား ထောင်ဝင်စာမတွေ့နိုင်သည်မှာ (၄) လခန့်ရှိနေပြီဖြစ်ကြောင်း ညီဖြစ်သူ ကိုအောင်ထွန်းက ခေတ်ပြိုင်သို့ ပြောသည်။

ထို့ပြင် ယခင်ကရှိခဲ့သော ဂရင်ဂျီနာလည်း ပြန်ပေါ်နေပြီး အစာအိမ်လည်းမကောင်းကြောင်း ကိုကိုကြီးက ၎င်း၏ မိသားစုထံ ပေးပို့သည့်စာတွင် ထည့်သွင်းရေးထားကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဘူးသီးတောင်ထောင် အရာရှိ ၄ ဦး အလုပ်ဖြုတ်ခံရ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ရှိ အကျဉ်းထောင်မှ ထောင်ပိုင် ဦးတင်ထွန်း၊ ထောင်ဆရာဝန် ဦးဌေးဝင်း၊ ထောင်မှူး ဝင်းမောင်၊ အခြားအရာရှိ တဦးဖြစ်သည့် ဦးသိန်းကျော် တို့ကို ဇွန်လ ၇ ရက်နေ့က အလုပ်ဖြုတ်လိုက်ကြောင်း ပြည်ထဲရေး သတင်းရပ်ကွက်က မဇ္ဈိမသို့ ပြောသည်။

ပြီးခဲ့သည့် မေလ နောက်ဆုံးအပတ်အတွင်းက ထောင်တွင်း အခြေအနေများကို ရိုက်ကူထားသော ဗီဒီယို ခွေကို ဘူးသီးတောင် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က ဖမ်းဆီး ရမိခဲ့သည်။ ရိုက်ကူးထားသော မှတ်တမ်းတင် ဗီဒီယိုခွေတခု ပြင်ပတွင် ဖမ်းမိခဲ့ခြင်းနှင့် ဆက်စပ်မှု ရှိနေမည်ဟု ယုံကြည်ရသည်။

ဖမ်းဆီးခံရသူမှာ ဘူးသီးတောင်မြို့နေ ကိုသိန်းဦးဖြစ်သည်။

အကျဉ်းထောင်အတွင်း သံဃာတော် ဦးအိသရိယ၊ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် နှင့် မနီနီမေမြင့်တို့ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၃၀ ဦးခန့် ရှိသည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဒေါ်အောင်ဆန်းစုကြည်အိမ်ကို လွတ်လပ်ခွင့်ပေး

နေအိမ်အကျယ်ချုပ်အမိန့် ရုပ်သိမ်းပြီးသော်လည်း အာဏာပိုင်များက ဆက်လက်ထိန်းသိမ်းထားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ပြီးခဲ့သည့် စနေနေ့တွင် လွတ်လပ်စွာဝင်ထွက်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

မေ (၂၆) တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အမိန့် ရုပ်သိမ်းကြောင်း နအဖ ရဲချုပ်က အကြောင်းကြားခဲ့ပြီးသည့်နောက် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏နေအိမ်ရှင်းလင်းပေးရန် စေလွှတ်သူများ၏ နေအိမ်အ၀င်အထွက်ကို အာဏာပိုင်များက မေးမြန်းစစ်ဆေး ကန့်သတ်တားဆီးမှုများ ပြုလုပ်ခဲ့သည်။

ထို့ကြောင့် ယင်းလုပ်ရပ်မှာ ဥပဒေနှင့်မညီသည့် လုပ်ရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေများကို ပြောကြားခဲ့ခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ခွဲထွက်အဖွဲ့ ပြန်ပူးပေါင်းရန် SSA (တောင်ပိုင်း) က ပြော

ရွှေလီ (မဇ္ဈိမ) ။ ။ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တပ်ဖွဲ့က ၎င်းထံမှ ခွဲထွက်ခဲ့သည့် တပ်ဖွဲ့တဖွဲ့အား မိခင် အဖွဲ့အစည်းနှင့် ပြန်လည် ပူးပေါင်းပါရန် မကြာသေးခင်က တိုက်တွန်းလိုက်သည်။

၂၀၀၆ ခုနှစ်အတွင်း အင်အား ၁၀၀ ကျော်ဖြင့် မြန်မာစစ်အစိုးရထံ လက်နက်ချခဲ့သည့် တပ်မဟာမှူး ဗိုလ်မှူးကြီး မိန်းစင်၏ ၇၅၈ တပ်ဖွဲ့အား ဇွန်လဆန်းပိုင်းကစ၍ စတင်ကာ SSA (S) က တိုက်တွန်းလိုက်ကာ၊ ယခုလကုန်တွင် နောက်ဆုံးထား ပူးပေါင်းရန် ဖိတ်ခေါ်ထားသည်။

ဤသည်မှာ ပြီးခဲ့သည့်လ ၂၄ ရက်နေ့က ၇၅၈ တပ်မဟာမှူး ဗိုလ်မှူးကြီးမိန်းစင်သည် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) – SSA (S) တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့အပြီး ကျန်ရှိသည့် တပ်ဖွဲ့ဝင်များကို ပြန်လည်ကြိုဆိုကြောင်း အဖွဲ့ပိုင် Taifreedom ဝဘ်ဆိုဒ်တွင် ကြေညာထားခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မှတ်ပုံမတင်သော ဆေးဝါးများ မရောင်းရန် ဆေးဆိုင်များအား သတိပေး

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနတွင် မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများနှင့် အာနိသင်မရှိသော ဆေးဝါးအတု အမည်စာရင်းများကို ဆေးဆိုင်များသို့ ဖြန့်ဝေထားပြီး ဆက်လက် မရောင်းရန် သတိပေးသွားကြောင်း တာမွေမြို့နယ် ဆေးဆိုင်ကြီးတဆိုင်မှ ဝန်ထမ်းတဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ၌လည်း သက်ဆိုင်ရာမှ ရောင်းချခွင့် တားမြစ်ခဲ့သည့် ပြည်တွင်းပြည်ပ ဆေးဝါးအချို့ရှိသော်လည်း ရောင်းချနေသည့်ဆေးဆိုင်များ ရှိနေသဖြင့် စစ်ဆေးတွေ့ရှိပါက ဆေးဝါးများကို သိမ်းဆည်းသွားသည်မှအပ ဆေးဆိုင်များအား အရေးယူခြင်း မရှိခဲ့ကြောင်း သိရသည်။

သို့သော် ယခုအပတ် လာရောက်သတိပေးရာတွင် တားမြစ်ဆေးဝါးများအား ဆေးဆိုင်တွင် တွေ့ရှိပါက ဆေးဆိုင်လိုင်စင်ကိုပါ သိမ်းဆည်းမည်ဟု သက်ဆိုင်ရာက ပြောကြားထားကြောင်း အဆိုပါဆေးဆိုင် ဝန်ထမ်းက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ရခိုင်ပြည်နယ် ပထမဆုံး ရထားလမ်း မိုးရွာ၍ ပျက်စီး

ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်အတွင်း ပထမဆုံး ဖောက်လုပ်သော စစ်တွေ-ရေချမ်းပြင် ရထားလမ်းသည် မိုးသည်းထန်စွာ ရွာသဖြင့် လမ်း၏ အစိတ်အပိုင်းအချို့ ပျက်စီးပြီး ရထားပြေးဆွဲမှုကို ပြီးခဲ့သည့် တပတ်အတွင်း ၂ ရက်ကြာ ရပ်ဆိုင်းခဲ့ရသည်။

၁၂ မိုင်အရှည်ရှိသော စစ်တွေ-ရေချမ်းပြင် ရထားလမ်းတွင် ရေချမ်းပြင်နှင့် မဲဇလီ ဘူတာအကြားနှင့် နေရာအချို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေဖို့ထားသော ရထားလမ်းအောက်ခံ မြေများ ချိုင့်ဝင်သွားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ပထမဆုံး ရထားလမ်းဖြစ်သည့် ၁၂ မိုင်ရှည်လျားသော စစ်တွေ-ရေချမ်းပြင် ရထားလမ်းကို ၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖောက်လုပ်ခဲ့ပြီး မေလ ၁၉ ရက်နေ့တွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ကိုယ်တိုင် လာရောက်ဖွင့်လှစ်ပေးခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဘန်တောင်ယန် ဒုက္ခသည်စခန်းတွင် ၀မ်ရောဂါ ဖြစ်ပွား (၄)ဦး ထက်မနည်း သေဆုံး

ထိုင်း-မြန်မာနယ်စပ် စံခရဘူရီခရိုင် နယ်မြေမှ ဘန်တောင်ယန် (Ban Tong Yang) ကရင်ဒုက္ခသည်စခန်းတွင် ဝမ်းရောဂါ ကူးစက်ပြန့်ပွားခဲ့သဖြင့် လူ (၄) ဦး သေဆုံးခဲ့သည်။

ဝမ်းပျက်ရောဂါကြောင့် စခန်းထဲမှ ကလေးငယ် (၁) ဦး လွန်ခဲ့သည့်သောကြာနေ့က စတင်သေဆုံးခဲ့ပြီး ယနေ့ ဇွန်လ (၁၆) ရက်နေ့အထိ ကလေး (၄) ဦး သေဆုံးကာ အခြားဒုက္ခသည် (၃) ဦးကိုလည်း နီးစပ်ရာ ခရစ်ယာန်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ထိုစခန်းတွင် ကျန်းမာရေးဆိုင်ရာ အကူအညီပေးနေသည့် အေအာစီ (American Relief Committee) မှ ကျန်းမာရေးဝန်ထမ်းတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
တောင်တွင်းကြီးတွင် ဝမ်းရောဂါများ ဖြစ်ပွား

ချင်းမိုင်(မဇ္ဈိမ)။ ။ တောင်တွင်းကြီးတွင် ဝမ်းရောဂါများဖြစ်ပွားနေသည်မှာ သီတင်းတပတ်ကျော်ကြာမြင့်သွားပြီဖြစ်ပြီး မြို့နယ်ဆေးရုံတွင်ပင် တက်ရောက်ကုသသူ ၃၀ ဦး ရှိနေသည်။

မြို့နယ်ဆေးရုံ တာဝန်ရှိသူ တဦးက ပြောပြရာတွင် သောက်သုံးရေ မသန့်ရှင်းမှုက ဖြစ်ရာမှ ဝမ်းရောဂါ ဖြစ်ပွားမှု စတင်ခဲ့သည်ဟု ဆိုသည်။ ဝမ်းရောဂါကြောင့် ပြီးခဲ့သည့် တပတ်အတွင်း ၃ နှစ်မှ ၅ နှစ်ကြားရှိ ကလေး ၂ ဦးနှင့် အမျိုးသား အသက် ၅၀ နှစ် အရွယ်တဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဇွန်လ ၁၇ ရက်
ရက်သတ္တပတ် ၂၅ ၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်အမှု သက်သေခေါ်ဆိုခွင့် အယူခံ ဗဟိုတရားရုံးက လက်ခံ

ဒေါ်အောင်ဆန်းစုကြည်အတွက် သက်သေခေါ်ယူခွင့် ပြင်ဆင်ရေး လျှောက်လဲချက်ကို ဗဟိုတရားရုံးက ယနေ့ကြားနာခဲ့ပြီး အမှုကို လက်ခံရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။

ရန်ကုန်တိုင်းတရားရုံး၏ ဆုံးဖြတ်မှုကို ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ကျေနပ်မှုမရှိသဖြင့် ဗဟိုတရားရုံးသို့ အယူခံထပ်မံတင်သွင်းခဲ့ရာ ဗဟိုတရားရုံးက ယနေ့ လက်ခံလိုက်ခြင်းဖြစ်သည်။

ယနေ့ဗဟိုတရားရုံး အနီးတ၀ိုက်တွင် လုံခြုံရေးတင်းကျပ်စွာချထားကြောင်း ရန်ကုန်မြို့ခံအချို့က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကန့်သတ်ချက်ကြောင့် အွန်လိုင်း ဆိုက်ရောက်ဗီဇာ ခွင့်ပြုမှု နည်းပါး

ရန်ကုန် (မဇ္ဈိမ)။ ။ နိုင်ငံခြား ခရီးသွားများအား ပိုမိုလာရောက်နိုင်ရန် ဆွဲဆောင်သည့်အနေဖြင့် online မှတဆင့် ဆိုက်ရောက်ဗီဇာ လျှောက်ထားခွင့် ပေးသော်လည်း အကန့်အသတ်များ ရှိသောကြောင့် လွန်ခဲ့သည့် ၈ လအတွင်း လျှောက်ထားသူ ဦးရေ၏ ၂၅ ရာခိုင်နှုန်းခန့်သာ ဝင်ရောက်ခွင့်ရကြောင်း သိရသည်။

ဆိုက်ရောက်ဗီဇာ (On arrival visa) ထုတ်ပေးမှုကို ခရီးသွားလုပ်ငန်း ကုမ္ပဏီ Diamond Palace Travel and Tour Co., Ltd မှ ဆောင်ရွက်ပေးသော်လည်း မြန်မာစစ်အစိုးရ ချမှတ်ပေးသည့် အကန့်အသတ်များကြောင့် လွန်ခဲ့သည့် စမ်းသပ်ကာလ ၈ လအတွင်း အရေအတွက် နည်းပါးစွာ ခွင့်ပြုနိုင်ခဲ့ကြောင်း ကုမ္ပဏီ တာဝန်ရှိသူနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဝန်ထမ်း အဆိုအရ သိရခြင်းဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ရေးထိုး တောင်းဆိုမှု ကုလသမဂ္ဂသို့ ပေးပို့

မြန်မာ့နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP-B)နှင့် မြန်မာ့ဒီမိုကရက်တစ်အင်အားစုအဖွဲ့ (FDB) တို့က ဦးဆောင်၍ မတ်လ (၁၃) ရက်တွင် စတင်ခဲ့ကြပြီး ဇွန် (၁၅) ရက်၌ ကမ္ဘာတ၀ှမ်းမှ လူပေါင်း (၆၇၀,၀၀၀) ကျော် စုပေါင်း လက်မှတ်ရေးထိုးတောင်းဆိုချက်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းထံ ပေးပို့ခဲ့ကြခြင်းဖြစ်သည်။

ယင်းတောင်းဆိုချက်ကို ကုလအတွင်းရေးမှူးချုပ်ရုံးမှ အရာရှိတဦးက လက်ခံရယူခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီကလည်း ယမန်နေ့ကပင် လက်ခံရယူခဲ့ပြီဖြစ်ကြောင်း ကုလပြောရေးဆိုခွင့် ရှိသူ မိုက်ကယ်မွန်တက်စ်က ပြောသည်။

အဆိုပါတောင်းဆိုချက်တွင် နိုင်ငံရေးအကျဉ်းသားများ လွတ်ပေးရေးသည် မြန်မာ့ဒီမိုကရေစီရေးနှင့် လွတ်လပ်ခွင့်အတွက် အဓိကကျသော ခြေလှမ်းတရပ်ဖြစ်ကြောင်း၊ ယင်းကိစ္စကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အနေဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဦးစားပေးမှုအဖြစ်သတ်မှတ်ကာ မြန်မာစစ်အစိုးရကို တွန်းအားပေးသင့်ကြောင်း ဖော်ပြထားသည်။

ကမ္ဘာ့နိုင်ငံပေါင်း (၂၂၀) မှ လူပေါင်း (၆၇၀,၀၀၀) ကျော် စုပေါင်းလက်မှတ်ရေးထိုးခဲ့သော မြန်မာ့နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုမှုတွင် ချက်နိုင်ငံသမ္မတဟောင်း ဗားကလတ်ဗ် ဟာဗဲလ် (Valclac Havel) ကဲ့သို့သော ထင်ရှားသူများလည်း ပါဝင်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မြစ်ကြီးနားတွင် အိမ်ယာမြေဂရမ်ကို ပြည်နယ်ရုံးကသာ ထုတ်ပေးမည်

ရွှေလီ (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ် မြစ်ကြီးနားတွင် ပုံစံ ၁၀၅ ဟု ခေါ်သော အိမ်ယာမြေ ပိုင်ဆိုင်ခွင့် ဂရမ်များ လျှောက်ထားခွင့်ကို ယခင် ခရိုင်ကောင်စီရုံးမှ မဟုတ်ဘဲ ပြည်နယ်ကောင်စီရုံးကသာ ပြုလုပ်ပေးတော့မှာ ဖြစ်သည်။

အိမ်မြေဂရမ် လျှောက်ထားခွင့်ကိုလည်း ပြည်နယ်ရုံးကသာ တိုက်ရိုက် ဆောင်ရွက်သွားမည့်အကြောင်း မြစ်ကြီးနားမြို့ ခရိုင်နှင့် မြို့နယ် ကောင်စီရုံးများနှင့် မြေစာရင်းဦးစီးဋ္ဌာန ရုံးများတွင် ယခုလဆန်းပိုင်းက ပြန်တမ်းတရပ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဒေါ်စုအမှု လွတ်လပ်ပြီး တရားမျှတမှုရှိရန် ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်များ တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်၏အမှုတွင် လွတ်လပ်ပြီးတရားမျှတမှုရှိရန် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် (၅) ဦးက ဇွန်လ (၁၆) ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။

ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်သည့် အထူးကိုယ်စားလှယ် (၅) ဦးမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ်ကင်တားနား၊ တရားမဲ့ဖမ်းဆီးချုပ်နှောင်မှု များဆိုင်ရာ ကုလသမဂ္ဂအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် အထူးကိုယ်စားလှယ် မစ္စ မန်နျူးလား ကင်မင်နာ ကက်စ်တရီလို၊ ကုလသမဂ္ဂတရားသူကြီးများနှင့်ရှေ့နေများ လွတ်လပ်ခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ လီယင်ထရို ဒက်စ်ပွိုင်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စမာဂရက် ဆာကာဂရာနှင့် လွတ်လပ်စွာဖော်ထုတ်ခွင့်နှင့် အခွင့်အရေးကာကွယ်မှုဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဖရင့် လာရူးတို့ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်တို့အမှုသည် အမှန်အကန်မဖြစ်ဘဲ တရားဥပဒေလုပ်ထုံး လုပ်နည်းများကို ဗြောင်ကျကျ ချိုးဖောက်ခြင်းခံနေရသည်ဟု မစ္စတာ လီယင်ထရို ဒက်စ်ပွိုင်က ကြေညာချက်တွင် ပြောကြားထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
သမပိုင် စက်လှေ ဓားပြတိုက်ခံရ

ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် မြို့နယ်များရှိ အစိုးရဝန်ထမ်း သက်သာဆိုင်များအတွက် စားသောက်ကုန်များ တင်ဆောင်လာသော စက်လှေတစီးကို ၁၃ ရက်နေ့က ပေါက်တောမြို့မှ ရသေ့တောင်သို့အသွား ကုလားတန် မြစ်ဝအရောက်တွင် ဓားပြများက ပစ္စည်းယူကာ စက်လှေပေါ်ပါ လုပ်သား ၆ ဦးကိုမူ ရေထဲခုန်ချခိုင်းခဲ့ပြီး စက်လှေကို နှစ်မြုတ်ပစ်လိုက်ကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စစ်ပြေးကရင် ဒုက္ခသည်များတွင် ကလေးငယ် (၈၀၀) ကျော် ပါဝင်

နအဖစစ်အစိုးရ၏ ထိုးစစ်ဆင်မှုကြောင့် ကရင်ပြည်နယ်မှ ထိုင်းနယ်စပ်သို့ ရောက်ရှိနေသော စစ်ပြေးဒုက္ခသည်များ တွင် ကျောင်းနေအရွယ် အသက် (၁၃) နှစ်အောက် ကလေးငယ် (၈၀၀) ကျော် ပါဝင်ကြောင်း ကရင်အမျိုးသမီးအဖွဲ့ (ကေဒဗလျူအို) က ထုတ်ပြန်သည့် ယမန်နေ့ ကြေညာချက်တွင် ဖော်ပြထားသည်။ နယ်စပ်သို့ ထွက်ပြေးလွတ်မြောက်လာသူများထဲတွင် နို့စို့အရွယ် ကလေးငယ်များအပါအဝင် ကိုယ်ဝန်ဆောင်မိခင် အယောက် (၂၀) ခန့် ပါဝင်နေ၍ မြန်မာနအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့တို့၏ ထိုးစစ်ဆင်တိုက်ခိုက်နေမှုအား ချက်ချင်း ရပ်တန့်ရန် နိုင်ငံတကာအနေဖြင့် မြန်မာစစ်အစိုးရကို ဖိအားပေးကြရန် ကေဒဗလျူအိုက တောင်းဆို ထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဇွန်လ ၁၈ ရက်
ရက်သတ္တပတ် ၂၅ ၊ ၂၀၀၉
မြန်မာသတင်း

ကျောင်းသားခေါင်းဆောင် ကိုလှမျိုးနောင် မျက်စိအန္တရာယ် ကြုံတွေ့နေရ

နယူးဒေလီ။ ။ ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ ၈၈ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင် ကိုလှမျိုးနောင်မှာ လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရရှိသဖြင့် မျက်စိကွယ်မည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ထောင်ဒဏ် ၆၅ နှစ် ကျခံနေသူ ကိုလှမျိုးနောင်သည် ဖမ်းဆီးခံရစဉ်က မျက်စိတဖက်မှာ ဝေဒနာခံစားနေရသဖြင့် ခွဲစိတ်ကုသရာ မအောင်မြင်သဖြင့် မျက်လုံးတဖက် ဆုံးရှုံးခဲ့ရပြီး ယခုတဖန် ကျန်ရှိသော မျက်စိတဖက်မှာလည်း လုံလောက်သော ဆေးဝါးကုသမှုမရသဖြင့် အခြေအနေ ဆိုးဝါးလျက်ရှိကြောင်း သိရခြင်း ဖြစ်သည်။

ကိုလှမျိုးနောင်သည် ၂၀၀၇ ခုနှစ် သြဂုတ်လအတွင်းက လောင်စာဆီဈေးနှုန်းကျဆင်းရေး ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်လှုပ်ရှားခဲ့သည့်အတွက် အာဏာပိုင်များ၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးခရီးစဉ်တွင် တရုတ်နယ်စပ်နှင့် ဆက်စပ်သော ကစထမှူးများ လိုက်သွား

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒု-သမ္မတ မစ္စတာ ရှီကျင်းဖျင်၏ ဖိတ်ကြားချက်အရ ဇွန်(၁၅) ရက်နေ့မှ (၂ဝ) ရက်အထိ (၆) ရက်ကြာ ခရီးထွက်နေသည့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏အဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထမှူး) များဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီး သာအေးနှင့် ဗိုလ်ချုပ် မင်းအောင်လှိုင်တို့ လိုက်ပါသွားသည်။

ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး၏ ခရီးစဉ်အတွင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ အမှတ် (၁) လျှပ်စစ်ဝန်ကြီး၊ စွမ်းအင်ဝန်ကြီးတို့လည်း လိုက်ပါသွားသည်။

ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး၏ ခရီးစဉ်နှင့် ပတ်သက်၍ တရုတ်ရုပ်မြင်သံကြားဌာနက (၁၆) ရက်နေ့ ညပိုင်းသတင်း တွင်သာ ထုတ်လွှင့်ခဲ့သည့်အတွက် ခရီးစဉ်အတွင်း မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကို မသိရသေး ကြောင်း တရုတ်နယ်စပ်ရှိ ဒေသခံများက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မြန်မာနိုင်ငံတွင် တည်ငြိမ်မှု ရှိစေချင်သည်ဟု တရုတ်ဒုသမ္မတ ရှီက ပြော

နယူးဒေလီ (မဇ္ဈိမ)။ ။ မိမိတို့နိုင်ငံ အနေဖြင့် စစ်အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် တည်ငြိမ်မှုနှင့် သာယာဝပြောမှု ရှိစေရန် ကူညီ ဆောင်ရွက်ပေးလိုကြောင်း အလည်အပတ် ရောက်ရှိနေသော ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးကို တရုတ်ဒုသမ္မတ ရှီကျင်းဖင်းက ပြောကြားလိုက်သည်ဟု တရုတ်နိုင်ငံအစိုးရ မီဒီယာက ဖော်ပြ ရေးသားထားသည်။

တနင်္လာနေ့ထုတ် တရုတ်စတော့ရှယ်ယာ ဈေးကွက်ဂျာနယ်တွင် ဖော်ပြထားချက်အရ မြန်မာနိုင်ငံ အနောက်ဘက် ဆိပ်ကမ်းမြို့နှင့် တရုတ်နိုင်ငံ တောင်ပိုင်းဒေသတို့ကို ဆက်သွယ်ဖောက်လုပ်မည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို စက်တင်ဘာလတွင် စတင်တည်ဆောက်တော့မည် ဖြစ်သည်။

အဆိုပါ အမေရိကန်ဒေါ်လာ ၂ ဘီလျံတန် စီမံကိန်းသည် အရှေ့အလယ်ပိုင်းနှင့် အာဖရိကတိုက်မှ ရေနံထွက်ပစ္စည်းများနှင့် အရှေ့တောင်အာရှနိုင်ငံမှ ဓာတ်ငွေ့တို့ကို တရုတ်နိုင်ငံသို့ သယ်ပို့ပေးနိုင်မည်ဟု အဆိုပါ သတင်းက ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ပြည်ပ သတင်းစီးဆင်းနေမှုကို ထိန်းချုပ်ရန် မြန်မာစစ်အစိုးရ ကြိုးပမ်း

Family Entertainment မှ ထုတ်လွှင့်ပေးနေသော နိုင်ငံတကာ ရုပ်သံလိုင်းအစီအစဉ် လိုင်း (၂၀) အနက် အီရန်နိုင်ငံ ရွေးကောက်ပွဲ ရလဒ်အား မကျေနပ်ကြသဖြင့် ပြည်သူလူထုက ဆန္ဒပြသည့်အစီအစဉ်အား နေ့စဉ် ထုတ်လွှင့်နေသည့် စီအန်အန် (CNN) ရုပ်သံလိုင်းကို ပိတ်ပစ်လိုက်ခြင်း ဖြစ်ကြောင်း ပြည်တွင်းထုတ် အပတ်စဉ် ဂျာနယ်တစောင်မှ နိုင်ငံတကာ သတင်းထောက်တဦးက ပြောသည်။

အဆိုပါ Family Entertainment သည် တနှစ်စာအတွက် ကျပ်ငွေ (၃) သိန်းဝန်းကျင် အခွန်ဆောင်ပြီးမှ ကြည့်ရှုရပြီး မြန်မာစစ်အစိုးရနှင့် နီးစပ်သည့် Foverer Group ကုမ္ပဏီက ပိုင်ဆိုင်သည်။
အများပြည်သူကို ခြိမ်းခြောက်ရန်နှင့် ပြည်ပမှ နည်းအမျိုးမျိုးဖြင့် သတင်းအချက်အလက် စီးဆင်းနေမှုကို ထိန်းချုပ်ထားနိုင်ရန်အတွက် ပြည်ပအခြေစိုက် မြန်မာအသံလွှင့်ဌာနများ နားထောင်သူတို့ကို စစ်အစိုးရ အာဏာပိုင်တို့က သတိပေးမှုများ ရှိသည်ဟု မြန်မာ့သတင်းသမဂ္ဂ အတွင်းရေးမှူး ကိုစံမိုးဝေက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကရင်တပ်များ ဆုတ်ခွာနေရ

မဲဆောက် (မဇ္ဈိမ)။ ။ အစိုးရတပ်နှင့် သူတို့၏ ပြိုင်ဘက် ပြောက်ကျား တပ်များအကြား အလွန်ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံ၏ အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်ရှိ ၎င်းတို့၏ အမာခံစခန်းများကို စွန့်ခွာနေရပြီ ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး - KNU ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA သည် ယခုအခါ မြန်မာနိုင်ငံအရှေ့ပိုင်းရှိ သူတို့၏ အခြေခံစခန်းများကို အသက်ပေါင်းများစွာ စတေး၍ ခုခံကာကွယ်နေသည်ထက် ပြောက်ကျားနည်းဗျူဟာသို့ ပြောင်းလဲတိုက်ပွဲဝင်သွားမည်ဟု KNLA တပ်မှူး ဂျော်နီက ကြာသပတေးနေ့က ပြောသည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မြန်မာစစ်တပ်သည် KNU ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော KNLA ကို ထိုးစစ်အရှိန်မြှင့် ပြုလုပ်ခဲ့ရာ ယင်း၏ အားအကောင်းဆုံး တပ်ဖွဲ့ဖြစ်သော တပ်မဟာ ၇ ကို အဓိကထား တိုက်ခိုက်ခဲ့သည်။ သို့သော် လေ့လာသုံးသပ်သူ အများအပြားကမူ ယင်းသည် မြန်မာအစိုးရကို လွတ်လပ်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် နှစ်ပေါင်း ၆၀ မျှ တိုက်ပွဲဝင်လာခဲ့သော KNLA အတွက် နိဂုံး၏ နိဒါန်းဖြစ်နိုင်ကြောင်း ပြောဆိုနေကြသည်။

မည်သို့ပင်ဖြစ်စေ KNU နှင့် KNLA ခေါင်းဆောင်များကမူ တိုက်ပွဲ အဆုံးသတ်သွားရန် အဝေးကြီး လိုသေးကြောင်း ပြောကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ငွေ(၅)သိန်း ပေးပါက စစ်တပ်ကျောင်းတွင် ကျောင်းမတက်ဘဲ စာမေးပွဲဖြေဆိုနိုင်

မန္တလေးမြို့(နန်းမြို့)၊ အမှတ် (၁၈) တပ်မတော် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းတက်ရန်မလိုဘဲ စာမေးပွဲဝင်ဖြေနိုင်ပြီး စာမေးပွဲဖြေဆိုသော ကျောင်းသားများအတွက် စာမေးပွဲဖြေဆိုရာတွင် အခက်အခဲမရှိ ဖြေဆိုနိုင်ရန် ငွေကျပ် (၅) သိန်း ပေးရကြောင်း၊ ငွေပေးရသော်လည်း ကျောင်းအပ်သူ များကြောင်း ထိုကျောင်းတွင် ကျောင်းအပ်ဖူးသော ကျောင်းသားမိဘတဦးက ပြောသည်။

အဆိုပါကျောင်းတွင် ကျောင်းအပ်ထားသူများသည် မိမိသင်လိုသောနေရာတွင် သွားရောက် သင်ကြားနိုင်ပြီး စာမေးပွဲ ဖြေဆိုရန်အတွက်သာ သီးသန့် ကျောင်းအပ်နှံကြကြောင်း မန္တလေးမြို့ခံများက ပြောသည်။ ထိုကျောင်းတွင် ဆရာ၊ ဆရာမပေါင်း (၂၀) ကျော်ခန့်ရှိပြီး ကျောင်းသားကျောင်းသူပေါင်း စာရင်းမှာ သောင်းနှင့် ချီရှိကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
KIO က တပ်ကို ပြန်လည် မွမ်းမံနေ

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာစစ်တပ်နှင့် စစ်ဖြစ်လာတော့မည့် အရေးအတွက် ပြင်ဆင်သည့် အနေဖြင့် ကချင်လွတ်မြောက်ရေး အဖွဲ့သည် သူ၏ လက်နက်ကိုင်တပ်ဖွဲ့ကို ပြင်ဆင် မွမ်းမံမှုများ ပြုလုပ်နေသည်။

တရုတ်-မြန်မာနယ်စပ် သတင်းရပ်ကွက်များ အဆိုအရ KIO သည် သူ၏ လက်နက်ကိုင်အဖွဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် - KIA ကို ပြန်လည်စုဖွဲ့မှုများ ပြုလုပ်နေပြီး တပ်သားသစ်များလည်း စုဆောင်းနေသည်ဟု သိရခြင်း ဖြစ်သည်။

ကေအိုင်အေ ကေဒါများ မိမိတို့၏ တောတွင်းစခန်းများသို့ ပြန်လည် ဆုတ်ခွာသွားနေကြပြီး၊ မိမိတို့ ထိန်းချုပ်ရာ နယ်မြေတဝိုက်တွင် လုံခြုံရေးများ တိုးမြှင့် ချထားနေသည်ကို တွေ့မြင်ခဲ့ရကြောင်းဖြင့် ကချင်ပြည်နယ်အတွင်း လုပ်ငန်းများ လုပ်ကိုင်နေသည့် ကချင်ဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့ - KNDG ၏ ဥက္ကဋ္ဌ ဦးအောင်ဝါက ပြောသည်။

ကေအိုင်အေသည် ယင်း၏ တပ်ဖွဲ့ဝင်ဟောင်းများကို ပြန်လည် ခေါ်ယူနေပြီး၊ တပ်သားသစ်များလည်း စုဆောင်းနေကာ သင်တန်းများ အပြင်းအထန် ပေးနေသည်ဟု သူက ဆက်ပြောသည်။

ဤသို့ ကေအိုင်အိုက ပြင်ဆင်မှုများ ပြုလုပ်နေသည်ဆိုသည့် သတင်းသည် မြန်မာစစ်အစိုးရက ဧပြီလကုန်ပိုင်းက အခြား အပစ်ရပ်အဖွဲ့များနှင့်အတူ မိမိတို့၏ တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန် အဆိုပြုအပြီး ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
လယ်သမားများကို ချေးငွေများ ထုတ်ချေးနေ

နအဖစစ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဓနုဖြူ မြို့နယ်တွင် Gold Delta ကုမ္ပဏီက ဦးစီးပြီး လယ်သမားများအား ယခုမိုးတွင်း စပါးစိုက်ရာသီအတွက် ပျမ်းမျှ တဧက ငွေကျပ် (၅ဝ,ဝဝဝ) ချေးပေးနေကြောင်း ကိုယ်တိုင်ချေးငွေရယူခဲ့သူ လယ်သမားကြီးတဦးက ပြောသည်။

Gold Delta ကုမ္ပဏီသည် ဧဒင် ကုမ္ပဏီပိုင်ရှင် နာမည်ကြီး လုပ်ငန်းရှင် ဦးချစ်ခိုင်က လယ်သမားများကို ငွေထုတ်ချေး၊ စပါးပေါ်ချိန် စပါးဝယ်ပြီး နိုင်ငံခြားတင်ပို့ရန်အတွက် ပြီးခဲ့သည့် ဧပြီလကမှ ခွင့်ပြုချက် ရယူ တည်ထောင်ထားသည့် ကုမ္ပဏီဖြစ်သည်။

ရေလုပ်ငန်းရှင် သူဌေးကြီးများဖြစ်သည့် ဦးဌေးမြင့်နှင့် ဦးလှမောင်ရွှေတို့ကလည်း ဖျာပုံမြို့နယ်အတွင်း၌ တောင်သူများကို ချေးငွေ ထုတ်ပေးနေကြောင်း သိရသည်။ ၎င်းတို့က လယ်သမားများအား တဧက ကျပ် (၆) သောင်းနှုန်းကို အရစ်ကျစနစ်နှင့် တလ (၂) ကျပ်၊ တနှစ် (၂၄) ရာခိုင်နှုန်းအတိုးဖြင့် ထုတ်ချေးမည်ဟု သိရသည်။

ဘိုကလေးမြို့နယ်အတွင်း၌လည်း ဦးတေဇ၏ ထူးကုမ္ပဏီ လက်အောက်ခံ ဧရာဒယ်လ်တာ ကုမ္ပဏီက တဧက ကျပ် (၅) သောင်းနှုန်း သတ်မှတ်ပြီး ငွေထုတ်ချေးပေးလျက်ရှိသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
တောင်ကုတ်တွင် လုံခြုံရေး တိုးမြှင့်

ဒါကာ (မဇ္ဈိမ)။ ။ မနက်ဖြန်တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့ မတိုင်မီ တရက်အလိုတွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့ပေါ်၌ လုံခြုံရေးများ တင်းကျပ်စွာ ချထားကြောင်း ဒေသခံများ အဆိုအရ သိရသည်။

ဈေးကြီးနှင့် ဖောင်တော်ဦးဘုရား ပတ်ဝန်းကျင် အပါအဝင် မြို့ပေါ်ရပ်ကွက် အများအပြားတွင် ရဲများနှင့် စရဖ ခေါ် စစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် အရပ်ဝတ်များဖြင့် စောင့်ကြပ်နေခြင်း ဖြစ်သည်။
တောင်ကုတ်မြို့တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို မြို့နယ် အန်အယ်ဒီ အဖွဲ့ချုပ်က နှစ်စဉ်နီးပါး ဦးဆောင်ကျင်းပလေ့ရှိသည်။

ရခိုင်ပြည်နယ်အတွင်းရှိ အခြား မြို့နယ်များတွင် လုံခြုံရေးတင်းကျပ်ထားခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ပါတီလူငယ် ၃ ဦးကို ဖောက်ခွဲမှုဖြင့် အမှုဖွင့်

နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်မှ အန်အယ်ဒီ လူငယ်ခေါင်းဆောင် ၃ ဦးအား ယခုလ ၁၂ ရက်နေ့တွင် ရဲများက ဖမ်းဆီးသွားပြီး ယခုအခါ ဖောက်ခွဲရေးပုဒ်မများဖြင့် အမှုဖွင့်ကာ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားကြောင်း သိရသည်။

ဖမ်းဆီးပြီး ၂ ရက်အကြာ ယခုလ ၁၅ ရက်နေ့တွင် ဗဟန်းရဲစခန်း၌ ဖောက်ခွဲရေး ပုဒ်မများဖြင့် မြို့နယ်တရုံးတွင် အမှုဖွင့်ကာ ယမန်ယူပြီးနောက် အင်းစိန်ထောင်သို့ ပို့လိုက်ကြောင်း၊ ဖောက်ခွဲရေးနဲ့ ယမန်ယူထားကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း၏ ပြောဆိုချက်အရ သိရခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဇွန်လ ၁၉ ရက်
ရက်သတ္တပတ် ၂၅ ၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်စု မွေးနေ့ သံရုံးရှေ့ ဆန္ဒပြသူများ အဖမ်းခံရ

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် ဆန္ဒပြပွဲအဖြစ် နယူးဒေလီရှိ မြန်မာသံရုံးရှေ့တွင် သွားရောက်ဆန္ဒပြသည့် တက်ကြွလှုပ်ရှားသူ မြန်မာ ၃၁ ဦးကို ဒေလီရဲများက ခေတ္တ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အိန္ဒိယနှင့် မြန်မာနိုင်ငံသား ဦးရေ ၂၇၄ဝဝ က လက်မှတ်ရေးထိုး တောင်းဆိုထားသည့် စာချွန်လွှာကို တက်ကြွလှုပ်ရှားသူများက မြန်မာသံရုံးသို့ ပေးအပ်ခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် (၅)ဦး တိုက်တွန်းချက် နအဖ ပယ်ချ

ဒေါ်အောင်ဆန်းစုကြည်၏အမှုတွင် လွတ်လပ်ပြီး တရားမျှတမှုရှိရန် ယခုလ (၁၆) ရက် နေ့စွဲဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် (၅) ဦး၏ ကြေညာချက်ထုတ်ပြန်တောင်းဆိုမှုကို မြန်မာနိုင်ငံ လူ့အခွင့် အရေးအဖွဲ့က ပယ်ချလိုက်သည်။

ထိုသို့ ပယ်ချကြောင်း ကြေညာချက်ကို ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

အဆိုပါ ကြေညာချက်တွင် မြန်မာစစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အမှုအပေါ် အပြည်ပြည်ဆိုင်ရာ စံနှုန်းများ၊ ပြည်တွင်းဥပဒေများနှင့်အညီ စစ်ဆေးဆောင်ရွက်နေသည်ဟု ဦးစွာဖော်ပြထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဒေါ်စုမွေးနေ့ ချီတက်ဆန္ဒပြပွဲ ခွင့်ပြုချက် ရုပ်သိမ်းခံရ

နယူးဒေလီ (မဇ္စျိမ)။ ။ အိန္ဒိယ-မြန်မာနယ်စပ် မိုးရေးမြို့တွင် ပြုလုပ်မည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ချီတက်ဆန္ဒပြပွဲကို အာဏာပိုင်များ၏ ပွဲမိန့်ရပြီးဖြစ်သော်လည်း ပြန်လည်၍ အစီအစဉ် ဖျက်လိုက်ရကြောင်း မိုးရေးအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ပြောသည်။

မဏိပူရပြည်နယ် လက်ထောက်ကော်မရှင်နာ Tengnoupal ဌာနခွဲ၏ ခွင့်ပြုချက် ပွဲမိန့် ရပြီးဖြစ်သော်လည်း ပွဲမိန့်ပေးခဲ့သည့် အရာရှိအပေါ် ဖိအားပေးမှုများ ရှိနေသည့်အတွက် မနက်ဖြန် ပြုလုပ်မည့် ၆၄ နှစ်မြောက် ဒေါ်စုမွေးနေ့ ချီတက်ဆန္ဒပြပွဲကို ဖျက်သိမ်းလိုက်ကြောင်း WLB ၏ ဥက္ကဋ္ဌဘုတ်အဖွဲ့ဝင် တဦးဖြစ်သည့် မငိုင်ငိုင်း၏ ပြောဆိုချက်အရ သိရခြင်း ဖြစ်သည်။

မိုးရေးမြို့ရှိ ဘောလုံးကွင်း၌ ဒီမိုကရေစီအင်အားစုများနှင့် ဒေသခံများစုရုံး ချီတက်ဆန္ဒပြရန် စီစဉ်ထားသော်လည်း ယခုလို ပွဲမိန့်ဖျက်သိမ်းလိုက်ခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို ကိတ်မုန့်ခွဲပြီး အစီအစဉ်ကို အကျဉ်းချုံး ပြုလုပ်သွားမည် ဖြစ်သည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ပြည်တွင်း သတင်းထောက်တဦး ထောင်ဒဏ် (၂)နှစ် ချမှတ်ခံရ

ဒေါ်အောင်ဆန်းစုကြည် အိမ်အနီးသွားခဲ့သူ News Watch ဂျာနယ်သတင်းထောက်ချုပ်ဟောင်း ကိုဇော်ထွန်းခေါ် ၀င်းဦးကို ယမန်နေ့တွင် ဗဟန်းတရားရုံးက ထောင်ဒဏ် (၂) နှစ် ပြစ်ဒဏ်ချမှတ်လိုက်သည်။

ကိုဇော်ထွန်းသည် News Watch ဂျာနယ်၌ တာဝန်ထမ်းဆောင်နေစဉ် ယမန်နှစ် စက်တင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည်အိမ်ရှိရာ တက္ကသိုလ်ရိပ်သာလမ်းထိပ်တွင် လုံခြုံရေးရဲများ၏ စစ်ဆေးမေးမြန်းမှုခံခဲ့ရသည်။

ထိုသို့ စစ်ဆေးမေးမြန်းရာတွင် သတင်းထောက် ကိုဇော်ထွန်းက မချေမငံပြောဆိုခဲ့သည်ဟုဆိုကာ လုံခြုံရေးရဲများက ဗဟန်းမြို့နယ်ရဲစခန်းသို့ အပ်နှံခဲ့ပြီးနောက် တရားရုံးတွင် ၀တ္တရားနှောင့်ယှက်မှုဖြင့် စွဲဆိုခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဒေါ်စုမွေးနေ့ အထိမ်းအမှတ် အလံ ဆုငွေ ၂ သောင်း ပေးမည်

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် သူမ၏ ပါတီ အန်အယ်ဒီက မိုးပျံပူပေါင်းများနှင့် လွှတ်တင်လိုက်သော ပါတီအလံကို လာရောက်အပ်နှံပါက ဆုငွေ ကျပ် ၂ သောင်း ချီးမြှင့်မည် ဖြစ်သည်။

ပါတီခေါင်းဆောင်၏ ၆၄ နှစ်မြောက် မွေးနေ့ကို ရန်ကုန်မြို့ရှိ ပါတီရုံးချုပ်၌ ယနေ့နံနက် ၇ နာရီခန့်က ပြုလုပ်ခဲ့ရာ အထိမ်းအမှတ်အဖြစ် ပူပေါင်းများ၊ ငှက်များနှင့်အတူ ဆုငွေချီးမြှင့်မည့်အလံကို လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ပလက်စတစ် အသုံးမပြုရ စီမံချက်ကြောင့် မန္တလေး စက်ရုံများ ပိတ်ထားရ

မန္တလေးမြို့၌ ဇွန် (၂၁) ရက် နောက်ပိုင်းတွင် ပလတ်စတစ်အသုံးမပြုရဟု စီမံချက်ချထားသောကြောင့် ပလတ်စတစ်စက်ရုံများ ပိတ်လိုက်ရကြောင်း မန္တလေးမြို့ခံ ပလတ်စတစ်ထုတ်လုပ်ငန်းရှင်များက ပြောသည်။
မည်သည့်အကြောင်းကြောင့် ပလတ်စတစ်အသုံးပြုမှုကို တားမြစ်ကြောင်း အတိအကျမသိရသော်လည်း မြန်မာတိုင်းမ်သတင်းဂျာနယ်အမှတ် (၄၁၈) တွင် မိုးတွင်းချိန်၌ ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများ သန့်ရှင်းရေးလုပ်ရာတွင် ပလတ်စတစ်ကြွပ်ကြွပ်အိတ်များကြောင့် အဓိက မြောင်းပိတ်ဆို့မှုဖြစ်ရကြောင်း ဖော်ပြထားသည်။

ပလတ်စတစ်အသုံးမပြုရ စီမံချက် အောင်မြင်မည်၊ မအောင်မြင်မည် မသိရသေးသော်လည်း လောလောဆယ်တွင်မူ မန္တလေး၌ ပလတ်စတစ်ထုတ်လုပ်ငန်းများ ထိခိုက်နေကြကြောင်း လုပ်ငန်းရှင်များက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )

No comments: