အောက်တိုဘာ ၁၂ ရက်
ရက်သတ္တပတ် ၄၁၊ ၂၀၀၉
မြန်မာသတင်း
ပင်စင်ယူမည့် အန်ဒီအေကေ တပ်ဖွဲ့ဝင်များအား
အလှူငွေဖြင့် အိမ်ဆောက်ပေးမည်
နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် လက်ခံထားသည့် ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော် (အန်ဒီအေကေ) မှ ပင်စင်ယူမည့်သူများအတွက် အိမ်ယာမြေ ချပေးရန်ရှိနေပြီး လိုအပ်သည့် ငွေကြေးရန်ပုံငွေကို ကချင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ပယက) က ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များထံမှ အလှူငွေ ကောက်ခံနေသည်။
ယခုလ (၆) ရက်နေ့က အင်ဂျန်းယန်၊ မိုးမောက်၊ တနိုင်း စသည့်မြို့နယ်တို့အတွင်း ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင် (၅ဝ) ခန့်ကို ကချင်ပြည်နယ် ပယက က ရုံးသို့ဆင့်ခေါ်ပြီး အန်ဒီအေကေ မှ အသက်အရွယ်အရ တပ်မှ အနားယူ ပင်စင်ပေးခံရမည့်သူများအတွက် အိမ်များဆောက်လုပ်ရန် အလှူငွေကောက်ခံခဲ့သည်ဟု အစည်းဝေးတက်ရောက်ခဲ့သူတဦးက ပြောသည်။
ဖားကန့်ဒေသတွင်လည်း ကျောက်လုပ်ငန်း၊ ရွှေလုပ်ငန်းရှင်များထံမှ အလှူငွေများကောက်ခံပြီး နေအိမ်များ ဆောက်လုပ်ပေး မည်ဖြစ်သလို အခြားနေရာတွင်လည်း သစ်လုပ်ငန်း၊ ရွှေလုပ်ငန်းရှင်များနှင့် နယ်စပ်ကုန်သည်များထံက အလားတူ ငွေကောက်ခံသွားမည်ဟု အဆိုပါ ရွှေလုပ်ငန်းရှင်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
++++++
သားအတွက် သတင်းမေးသွားသူ ဖခင်ကို ရဲက ရိုက်နှက်လို့ သေဆုံး
မဇ္ဈိမ(ချင်းမိုင်) ။ ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လက်မှတ်ထိုး ကန်ပိန်းလှုပ်ရှားသော သားငယ် ဖမ်းဆီးခံထားရ၍ သတင်းမေးသွားသူ ဖခင်ကို ရဲက ရိုက်နှက်၍ သေဆုံးမှုတခု မြောက်ဥက္ကလာပ မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သေသူ၏ မိသားစုဝင်များက ပြောသည်။
ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းတွင် ဖမ်းခံထားရသူ မောင်သက်ဦးမောင်အတွက် သွားရောက်စုံစမ်းသူ အမှတ် ၂ ရပ်ကွက်နေ ဦးကျော့မောင် (အသက် ၅၆ နှစ်)ကို ရဲတပ်သား ပန်းသီးနှင့် ရယက ရာအိမ်မှူးဟောင်း ကိုဝင်းချိုတို့က သုမာလာလမ်းဆုံအနီးတွင် အောက်တို ဘာလ ၈ ရက်နေ့ မွန်းလွဲတွင် ဝိုင်းရိုက်ခဲ့ရာမှ သေဆုံး သွားခဲ့ခြင်း ဖြစ်သည်ဟု မိသားစုဝင်က ပြောသည်။
အာဏာပိုင်များက ရန်မူမှာစိုး၍ မဇ္ဈိမနှင့် ဆက်သွယ်ရရှိသူ ဆွေမျိုးရင်းတဦးက အမည်မသုံးရန် မေတ္တာရပ်ခံခဲ့သည်။
ဦးကျော့မောင်သည် ကိုယ်ပိုင်ကားဖြင့် ကျောင်းကားပြေးဆွဲနေသူဖြစ်ပြီး သူ၏ မောင်သက်ဦးမောင် သည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် အင်္ဂါနေ့ ဆုတောင်းမှုတွင် ပါဝင်ခဲ့ဖူးသူလည်းဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
++++++
မြန်မာပြည်တောင်ပိုင်းသို့ မူးယစ်ဆေးဝါး ပျံ့နှံ့မှု ပိုမိုများပြားလာ
ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံ တောင်ဘက်ပိုင်း မြို့ကြီးများနှင့် နယ်စပ်ဒေသတို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု သိသာစွာ ကျယ်ပြန့်လာကြောင်း စုံစမ်းသိရှိရသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအများအပြား အခြေချသည့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့သည် ထိုင်းနိုင်ငံသို့ မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရာတွင် အဓိက လမ်းကြောင်းတရပ်အဖြစ် ပြန်လည်အသုံးပြုလာကြကြောင်း သိရသည်။
မွန်ပြည်နယ်ဘက်သို့ အများဆုံး ရောက်ရှိလာသည့် မူးယစ်ဆေးဝါးများသည် ပဲခူးတိုင်းအထက်ပိုင်းနှင့် နယ်စပ်ဒေသများမှ သယ်ဆောင်လာခြင်းဖြစ်ပြီး လောင်းကစားဝိုင်းများနှင့် လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေရေးလုပ်ငန်းများတွင်ပါ သုံးစွဲမှု ကျယ်ပြန့်လာကြောင်းနှင့် ယခုအခါ လူငယ်များသာမက အိမ်ထောင်သည်ယောက်ျားများလည်း သုံးစွဲလာကြသည်ကို တွေ့ရှိရကြောင်း မွန်ပြည်သစ်၏ အစီရင်ခံစာတွင် ရေးသားထားပြီး ထိုကဲ့သို့ဖြန့်ဖြူးရာတွင် အပစ်ရပ်တိုင်းရင်းသား အဖွဲ့အစည်းမှ အဖွဲ့ဝင်အဖြစ် အမည်ခံထားသူ လူငယ်အများစုက တာဝန်ယူကြခြင်းဖြစ်ကြောင်း ပါရှိသည်။
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတို့အား နအဖစစ်အစိုးရက ထိထိရောက်ရောက် မနှိမ်နင်းသည့်အကြောင်းမှာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် လက်မခံသည့်အပစ်ရပ်အဖွဲ့တို့အား လိုအပ်သည့်အချိန်တွင် မူးယစ်ဆေးဝါးအမှုဖြင့် အကြောင်းပြကာ စစ်ရေးအရ ဖိအားပေးနိုင်ရန်ဖြစ်ကြောင်း လေ့လာအကဲခတ်သူများက ယူဆကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
++++++
SSA အကြီးအကဲ စဝ်စိုင်းနောင့် ကွယ်လွန်
နယူးဒေလီ။ ။ စစ်အစိုးရနှင့် အပစ်ရပ် ရှမ်းပြည်တပ်မတော် SSA ၏ ခေါင်းဆောင်တဦးဖြစ်သူ ၆၉ နှစ်အရွယ် စဝ်စိုင်းနောင့်သည် ယမန်နေ့က ကွယ်လွန်သွားကြောင်း သိရသည်။
SSA နာယက (၂) စဝ်စိုင်းနောင့်သည် ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့ရှိ နေအိမ်၌ ကွယ်လွန်သွားကြောင်း ထိုင်း-မြန်မာနယ်စပ် သတင်းရပ်ကွက်များကို ကိုးကား၍ ထိုင်းအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနက သတင်း ထုတ်ပြန်ခြင်း ဖြစ်သည်။
ယခုလို သတင်းပေါ်ထွက်နေသော်လည်း မည်သည့်ရောဂါဖြင့် ကွယ်လွန်ရသည်ကို မသိရသေးဘဲ၊ သူကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်မေရီသည် ရန်ကုန်တွင် ရောက်ရှိနေကြောင်းနှင့် ဒေါ်မေရီသည် SSA ၏ ကွယ်လွန်သွားပြီး ဖြစ်သည့် စဝ်ရာပီး ၏ ညီမ ဖြစ်ကြောင်း သိရသည်။
စဝ်စိုင်းနောင့် (ခေါ်) ဦးဖေသိန်းသည် ကချင်-ရှမ်း ကပြားတဦး ဖြစ်ပြီး သိန္နီမြို့ ဇာတိဖြစ်သည်။ သူသည် ၁၉၇၅ ခုနှစ်တွင် အမှတ် ၂၄ တပ်ရင်း အရာရှိတဦး ဖြစ်ခဲ့ပြီးနောက် ၁၉၉၆ ခုနှစ်တွင် စစ်တပ်မှ အနားယူကာ SSA နာယက (၁) ဖြစ်သွားသည့် စဝ်ဆေထဲန့်၏ SSA (မြောက်ပိုင်းတပ်)ကို ဦးစီးကွပ်ကဲ ခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
++++++
အောက်တိုဘာ ၁၃ ရက်
ရက်သတ္တပတ် ၄၁၊ ၂၀၀၉
မြန်မာသတင်း
အကျဉ်းကျ ၈၈ ကျောင်းသူ ခွဲစိတ်ကုသရန် လိုအပ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြင်းခြံထောင်တွင် ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသူ ၈၈ မျိုးဆက်ကျောင်းသူ မသက်သက်အောင်အား နှလုံးသွေး ကြောကျဉ်း ရောဂါကို ခွဲစိတ်ရန် လိုအပ်နေကြောင်း သိရသည်။
မြင်းခြံထောင် ဆရာဝန်က ကျန်းမာရေး အခြေအနေကို စစ်ဆေးပြီးနောက် နှလုံးရှိ သွေးကြော အသေးနှစ်ခုကို ခွဲစိတ်ရန် လိုအပ်နေသည်ဟု ပြောဆိုကြောင်း ယခုလ ၆ ရက်နေ့တွင် ထောင်ဝင်စာ သွားရောက်တွေ့ဆုံသည့် မိသားစုဝင်များထံ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ခွဲစိတ်မည်ဆိုပါက ကျပ်ငွေ ၇ သိန်းခန့် ကုန်ကျမည်ဟု ထောင်ဆရာဝန်က ပြောဆိုရာ၊ ခွဲစိတ်ကုသရေးအတွက် ဆွေမျိုးသားချင်းများအပြင် ပြသနေကျ သမားတော်ကြီးနှင့်လည်း တိုင်ပင်နေဆဲဖြစ်သည်ဟု သူက ဆိုသည်။
နှလုံးခုန်နှုန်း မကျဆင်းရန်အတွက် အဆက်မပြတ် ဆေးထိုးဆေးသွင်းမှုများ လတ်တလော ပြုလုပ်နေကာ၊ ခွဲစိတ်မည်ဆိုပါက ရန်ကုန်သို့ ပြောင်းရွှေ့နိုင်ရေး ဆွေမျိုးများက ကြိုးပမ်းသွားမည်ဟု သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
++++++
ပါတီညီလာခံခေါ်ယူရေး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အလေးထားစဉ်းစား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အဖွဲ့များက တင်ပြထားသည့် ပါတီညီလာခံခေါ်ယူရေးကိစ္စရပ်ကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့က လက်ခံရရှိထားပြီး အလေးအနက် စဉ်းစားနေပြီဖြစ်ကြောင်း ....
“အခုချိန်မှာ ဘယ်သူနုတ်ထွက်ပါ ဘာညာပြောနေတာမျိုးထက် ကျနော့်သဘောကတော့ ထပ်တိုးချဲ့ဖွဲ့စည်းဖို့ကိုပဲ စဉ်းစားစေချင်တယ်။ ကျနော်အပါအ၀င် ဦးအောင်ရွှေ၊ ဦးလွင် စတဲ့ပုဂ္ဂိုလ်တွေဟာ အသက်အားဖြင့် (၈၀) ကျော်၊ (၉၀) ကျော်တွေ ဖြစ်နေကြပြီဆိုတော့ လူငယ်လူလတ်ပိုင်းထဲက အများလက်ခံတဲ့ ဦးဆောင်မှုပေးနိုင်တဲ့ လူတွေနဲ့ တိုးချဲ့ဖွဲ့စည်းဖို့ လိုအပ်ပါတယ်။ မူဝါဒနဲ့ပတ်သက်လာရင်လည်း ပြောင်းခြင်း ပြင်ခြင်းကို မလိုလားဘူး။ အားဖြည့်တာမျိုးကို လိုလားတယ်။ အလားတူပဲ လူနဲ့ ပတ်သက်လာရင်လည်း တိုးဖြည့်တာကိုပဲ လိုလားတယ်” ဟု ဦးဝင်းတင်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပါတီသက်တမ်း အနှစ် (၂၀) ကျော်အတွင်း ၁၉၉၇ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ အောက်ခြေပါတီအဖွဲ့ဝင်များ ပါဝင်သော အစည်းအဝေးကြီးတခုနှင့် ယခုနှစ် ဧပြီလအတွင်းကျင်းပခဲ့သော တိုင်းနှင့်ပြည်နယ် စုံညီအစည်းအဝေးကြီးတခု၊ စုစုပေါင်းအစည်းအဝေးကြီး (၂) ခုကိုသာ ကျင်းပနိုင်ခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
++++++
အမေရိကန်နိုင်ငံသား မြန်မာလူမျိုးအမှု မနက်ဖြန် တရားခွင်စတင်မည်
မဇ္ဈိမ(ချင်းမိုင်)။ ။ လေဆိပ်တွင် အဖမ်းခံရသော အမေရိကန် နိုင်ငံသား မြန်မာလူမျိုး ကိုညီညီအောင်၏ အမှုအပေါ် တရားစီရင်ခြင်းကို မနက်ဖြန် နံနက်တွင် စတင်မှာ ဖြစ်သည်။
လိမ်လည်မှု၊ စာရွက်စာတမ်းအတု ပြုမှုတို့ဖြင့် ရဲက စွဲချက်တင်ထားသည့် ဒီမိုကရေစီရေး လှုပ်ရှားသူ ကိုညီညီအောင် (ခေါ်) ကိုကျော်ဇောလွင်၏ အကျိုးဆောင် ရှေ့နေများနှင့် တွေ့ဆုံခွင့်ရပြီး ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
++++++
ဗန်းမော်မြို့မှ ပိတ်ထားသည့်အနှိပ်ခန်းများ
အာဏာပိုင်များကို အလကားအကျိုးဆောင်ပေးရ
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင်၏ အမှုကိစ္စပေါ်ပေါက်ပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ အနှိပ်ခန်းများကို ဒေသခံအာဏာပိုင်များက ပိတ်ထားခိုင်းခဲ့သော်လည်း ၎င်းတို့အတွက် အလကားအကျိုးဆောင်ပေးနေရသည်။
ဗန်းမော်မြို့တွင်ရှိသည့် အနှိပ်ခန်း (၈) ခန်းကို မကြာသေးမီရက်ပိုင်းကစ၍ ပိတ်ထားခဲ့ရသော်လည်း ဒေသခံ ခယက၊ မယက၊ စစ်တပ်နှင့်ရဲ အာဏာပိုင်များက လာရောက်ကာ အလကား အနှိပ်ခံနေကြခြင်းဖြစ်သည်ဟု ဗန်းမော်ဒေသခံက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
စစ်အစိုးရကို လက်နက်ရောင်းချမှု ပိတ်ဆို့ရေး အရှေ့တီမော ပါဝင်လာ
နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရအပေါ် လက်နက်ရောင်းချမှု ပိတ်ဆို့ရေး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ချမှတ် အရေးယူရေးအတွက် အရှေ့တီမောနိုင်ငံ သမတ ဒေါက်တာ ဂျို့စ်ရာမို့စ်ဟော်တာ Jose Ramos Horta က ယမန်နေ့က တောင်းဆိုလိုက်ပြီး အခြားသော နိုင်ငံများနှင့်အတူ ဤလှုပ်ရှားမှုတွင် ပါဝင်လာသည်။
စစ်အစိုးရက နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို သြဂုတ်လအတွင်းက ထောင်ဒဏ်ချမှတ်ရန် ဆုံးဖြတ်လိုက်ခြင်းသည် သူတို့၏ အထူးတလည် လူမဆန်သော၊ ခေါင်းမာသော သဘောထားကို ထုတ်ဖော်ပြသနေခြင်းပင် ဖြစ်သည်ဟု အရှေ့တီမော ဒီမိုကရက်တစ် သမတနိုင်ငံ သမတကြီးက ကြေညာချက်တရပ် ထုတ်ပြန်၍ ပြောကြားလိုက်ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား တင်းမာမှု ကြီးထွားလာ
နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား တင်းမာမှု ကြီးထွားလာနေချိန်တွင် ကြည်းတပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး အဗ္ဗဒူမူဘင် (Abdul Mubin) သည် မြန်မာနယ်စပ်အနီး ဘန်ဒါဘင်ခရိုင် အလီကာဒမ် ဒေသသို့ ယမန်နေ့က လာရောက်ပြီး နယ်စပ် နောက်ဆုံးအခြေအနေများကို လာရောက်ကြည့်ရှုခဲ့သည်ဟု နယ်စပ် သတင်းရပ်ကွက်များက ပြောသည်။
ကြည်းတပ် ဦးစီးချုပ်သည် အဆိုပါဒေသသို့ ညနေ ၃ နာရီအချိန်တွင် ရှောင်တခင် လာရောက်၍ စစ်တပ်အရာရှိများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည် ဟု ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် သတင်းရပ်ကွက်တခုက ပြောသည်။ မြန်မာဘက်က တင့်ကားများ၊ အမြောက်ကြီးများ၊ ဖရီးဂိတ် စစ်သင်္ဘောတစင်းနှင့် အခြား စစ်သင်္ဘော ၁၃ စင်း ထပ်မံနေရာယူ ချထားခဲ့ခြင်း ကြောင့် နှစ်နိုင်ငံကြား တင်းမာမှု အခြေအနေမှာ ပိုဆိုးလာခဲ့ကြောင်း ကာကွယ်ရေးဌာန သတင်းရပ်ကွက်များကို ကိုးကားပြီး ဒါကာ အခြေစိုက် ဒေးလီးစတား သတင်းစာက ယမန်နေ့က ရေးသားခဲ့သည်။ သီးခြား သတင်းရပ်ကွက်တခု အဆိုအရ ဘင်္ဂလားဒေ့ရှ် စစ်သား ၇၀၀ ခန့်သည် နှစ်နိုင်ငံနယ်စပ်သို့ အခြေစိုက်ရန် ယမန်နေ့က ရောက်ရှိလာကြောင်း သိရသည်။
ထိုအတောအတွင်း မြန်မာစစ်တပ်သည် ရခိုင်ပြည်နယ် နယ်စပ်မြို့ မောင်တောတွင် နယ်စပ် ခြံစည်းရိုး ကာရံမှုများကို စတင်ပြုလုပ်နေသည်ဟု သတင်းရပ်ကွက်များက ဆိုသည်။
သို့သော်လည်း ယခုလို နှစ်ဖက်စစ်တပ်များ နယ်စပ်ဒေသတွင်း တင်းမာမှု ဖြစ်ပွားနေခြင်းသည် ရေပိုင်နက် ကိစ္စကြောင့် သော်လည်းကောင်း၊ နယ်စပ်ခြံစည်းရိုး ကိစ္စဖြင့် သော်လည်းကောင်း မည်သည့်ကိစ္စကြောင့်ဟူ၍ ပြောဆိုရန် ရှင်းလင်းစွာ မသိရသေးပါ။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
++++++
အောက်တိုဘာ ၁၄ ရက်
ရက်သတ္တပတ် ၄၁၊ ၂၀၀၉
မြန်မာသတင်း
EU သံတမန်များ ဒီချုပ် ခေါင်းဆောင်များနှင့် တွေ့၊ ရွေးကောက်ပွဲ သဘောထားစုံစမ်း
နယူးဒေလီ (မဇ္ဈိမ)။ ။ဥရောပသမဂ္ဂမှ သံတမန်များ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ သည် မြန်မာနိုင်ငံ အတိုက်အခံ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ခေါင်းဆောင်များနှင့် တွေ့ဆုံကာ စစ်အစိုးရက ၂၀၁၀ ခုနှစ်တွင် ကျင်းပရန် ပြင်ဆင်ထားသည့် အထွေထွေ ရွေးကောက်ပွဲအပေါ် ပါတီ၏ ရပ်တည်ချက် သဘောထားကို လာရောက် မေးမြန်းကြသည်။
သံတမန် ၂၀ ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အနောက် ရွှေဂုံတိုင်လမ်းရှိ ပါတီရုံးသို့ လာရောက်ကာ ဒေါ်အောင်ဆန်းစုကြည်က ပိတ်ဆို့မှုများ လျော့ပါးရေးအတွက် ပူးပေါင်း ဆောင်ရွက်နေမှုများ အပေါ် ဒီချုပ်က မည်သို့ မြင်ပါသလဲ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို ပြန်လည် ပြင်ဆင်ပေးရန် စစ်အစိုးရကို တောင်းဆိုခြင်းဖြင့် စစ်အစိုးရနှင့် အာဏာခွဲဝေယူရေးကို ဒီချုပ်က လုပ်ဆောင်နေပါသလား စသည်ဖြင့် လာရောက် မေးမြန်း စုံစမ်းခဲ့ကြကြောင်း အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဦးခင်မောင်ဆွေကပြောသည်။
`အာဏာခွဲဝေရေးကို လိုချင်လို့မဟုတ်ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကိုဘဲ ကျယ်ကျယ်ပြန့်ပြန့် အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တရပ် ပေါ်ပေါက် လာရေးအတွက် ပြင်ဆင်ပေးဖို့ တောင်းဆိုနေတာလို့ ကျနော်တို့ပြန်ဖြေခဲ့ပါတယ်´ ဟု ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကရင်ငြိမ်းချမ်းရေးအဖွဲ့အချင်းချင်း ပြဿနာဖြစ်ပွား
တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) အဖွဲ့က ကရင်အမျိုးသားအလံတော်နှင့် အလံတိုင်ကို ရိုက်ချိုးဖျက်ဆီးပြီး မြစ်ထဲမြောလိုက်သဖြင့် ကရင်ငြိမ်းချမ်းရေးအဖွဲ့များကြားတွင် အခြေအနေတင်းမာလျက်ရှိသည်။
ပြီးခဲ့သည့်တနင်္ဂနွေနေ့ နံနက်ပိုင်းက မြ၀တီမြို့မှ (၂) မိုင်အကွာ မဲ့ထော့တလေးကမ်းနားရှိ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့၏ လုံခြုံရေးဂိတ်ကို ဒီကေဘီအေတပ်ရင်း (၉၀၇) မှ ဗိုလ်ရှိန်ဦးဆောင်သည့်အဖွဲ့က ၀င်ရောက်စီးနင်းပြီး တပ်ဖွဲ့ဝင် (၁၃) ဦးကို ဖမ်းဆီးကာ အဖွဲ့ဆိုင်းဘုတ်နှင့်အလံတိုင် (၂) ခုကို ရိုက်ချိုးဖျက်ဆီးပြီး သောင်ရင်းမြစ်တွင်း ပစ်ချလိုက်ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဖမ်းထားသူများကို ပြန်လွှတ်ပေးကာ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင်များကို စခန်းမှထွက်ခွာသွားစေပြီး ယင်းနေရာတွင် ဒီကေဘီကေအဖွဲ့က စခန်းထိုင်ပြီး လုံခြုံရေးယူလိုက်သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ငြိမ်းချမ်းရေးကောင်စီမှ ဗဟိုအဆင့်ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်ချုပ် ယဉ်နုက ဒီကေဘီအေ နာယကဆရာတော် ဦးသုဇနထံသို့ အကြောင်းကြားစာ ပေးပို့ကန့်ကွက်မည်ဟု ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကရင်နှစ်ဖွဲ့ ပေါင်းစည်းရေး မြိုင်ကြီးငူ ဦးဆောင်ရန် ကမ်းလှမ်း
မဇ္ဈိမ (ချင်းမိုင်) ။ ။ အသေအကြေ တိုက်ခိုက်နေကြသော အဓိက ကရင်အဖွဲ့ကြီး နှစ်ခုအတွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် မြိုင်ကြီးငူ ဆရာတော် ဦးသုဇနအနေဖြင့် ဦးဆောင်ဦးရွက်ပြုပါရန် ကမ်းလှမ်း လိုက်ကြသည်။
လာမည့် နှစ်သစ်ကူးမတိုင်မီ “အပစ်အခတ် ရပ်ဆဲကာ ငြိမ်းချမ်းသာယာမှု” ကို တည်ဆောက်ကြရန် ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) နှင့် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသော ဒီမိုကရက်တစ် ဗုဒ္ဓဘာသာ ကရင် အစည်းအရုံး (ဒီကေဘီအေ) တို့အား ဆရာတော် ဦးသုဇနက ယခင် လ ၂၉ ရက်နေ့တွင် တိုက်တွန်း ရေးသားခဲ့ခြင်းအပေါ် ကေအန်ယူ တပ်မဟာ ၆ ဒူးပလာယာခရိုင်ဥက္ကဌ စောရွှေမောင်းက ပြန်လည်ရေးသား လျှောက်ထားလိုက်ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ရန်ကုန်တွင် ဆက်ကြေးပေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်
ရန်ကုန်တိုင်းရဲမှူးကြီး အပြောင်းအလဲကြောင့် ခေတ္တရပ်ဆိုင်းခဲ့သည့် နယ်မြေခံရဲများနှင့် အာဏာပိုင်အသီးသီးတို့အား ဆက်ကြေးပေး လုပ်ကိုင်ရသည့် ရန်ကုန်မြို့တ၀န်းရှိ ဗီစီဒီ၊ ဒီဗွီဒီအရောင်းဆိုင်များ၊ အနှိပ်ခန်းများ၊ ကာရာအိုကေခန်းများနှင့် ပြည့်တန်ဆာ လုပ်ငန်းအားလုံး ပုံမှန်ပြန်လည်ဖွင့်နေပြီဖြစ်သည်။
ခုအခါ ရန်ကုန်မှ တနိုင်ငံလုံးသို့ ဗီစီဒီ၊ ဒီဗွီဒီ လက်ကားဖြန့်နေသည့် ယုဇနပလာဇာ မြေညီထပ်မှ ဆိုင်ခန်းများအားလုံး၊ (၃၅) လမ်း အထက်ဘလောက် ရုပ်ရှင်ရုံနဘေးမှ လက်ကားဆိုင်များအားလုံး၊ ဗိုလ်ချုပ်လမ်း ရုပ်ရှင်ရုံအောက်မှ ဆိုင်များအားလုံး ပြန်လည်ဖွင့်လှစ်နေပြီဟု အဆိုပါဆိုင်ပိုင်ရှင်က ပြောသည်။
စီမံချက်ကာလအတွင်း သက်ဆိုင်ရာမြို့နယ်ရဲစခန်း အပိုင်အလိုက် ဒီဗွီဒီရောင်းသည့် လမ်းဘေးဆိုင်အချို့ကို ဖမ်းဆီးခဲ့ပြီး
အဆိုပါ အောက်ခြေလမ်းဘေးဈေးသည် တရားခံများကို တရားရုံးများမှ ထောင်ဒဏ် (၁) နှစ်မှ (၃) နှစ်ထိ ချမှတ်ပြီး ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
အလားတူ စီမံချက်ကာလအတွင်း ခေတ္တရပ်နားထားရသည့် အနှိပ်ခန်းများလည်း ပုံမှန်ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့ ရွှေ္ဂဂုံတိုင်မီးပွိုင့်အနီး excel တာဝါရှိ အနှိပ်ခန်းသို့ သွားခဲ့သူတဦးက ပြောသည်။
ရန်ကုန် ပန်းပဲတန်းမြို့နယ် ကမ်းနားလမ်းတွင် စားသောက်ဆိုင်နှင့်တွဲ၍ ဖွင့်ထားသည့် ကာရာအိုကေဆိုင်တွင်လည်း သီချင်းအကူဆိုသည့် မိန်းကလေးငယ်လေးများဖြင့် ပုံမှန်ဆိုင်ပြန်ဖွင့်နေပြီဖြစ်ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
စစ်ခေါင်းဆောင်ကို သရော်သူ ကဗျာဆရာ နိုင်ငံတကာ ဆုရ
နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရ ခေါင်းဆောင်ကို အာဏာရူးဟူ၍ ကဗျာဖြင့် သရော်ခဲ့သူ အကျဉ်းထောင်တွင်းရှိ ကဗျာဆရာ ကိုစောဝေကို နယူးယောက် အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ -HRW က ဆုချီးမြှင့်လိုက်သည်။
HRW က ဖိနှိပ် ချုပ်ချယ်ခံ ဒေသများတွင် ရဲဝံ့စွာ ထုတ်ဖော်ရေးသားသူများကို Hellman/Hammet ဆုချီးမြင့်လေ့ရှိပြီး ၂၀၀၉ ခုနှစ်အတွက် နိုင်ငံတကာမှ စာရေးဆရာ ၃၇ ဦးအား ရွေးချယ်ခဲ့ရာ မြန်မာနိုင်ငံက ကိုစောဝေလည်း ပါဝင်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကိုညီညီအောင် အမှု စတင် ကြားနာ
နယူးဒေလီ (မဇ္ဈိမ)။ ။ ထိန်းသိမ်းထားခြင်း ခံရသော မြန်မာပြည်တွင် မွေးဖွားသည့် အမေရိကန် နိုင်ငံသား ကိုကျော်ဇောလွင် (ခေါ်) ကိုညီညီအောင်၏ အမှုကို မင်္ဂလာဒုံမြို့နယ်တရားရုံးက ရန်ကုန်မြို့ရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန်အကျဉ်းထောင်တွင် ဗုဒ္ဓဟူးနေ့က စတင် ကြားနာသည်။
ရဲတပ်ဖွဲ့က တရားလို ပြုလုပ်ကာ စွဲချက်ဖတ်ပြခြင်းကို ကြားနာပြီးနောက် ယနေ့စစ်ဆေးမှုကို ရပ်နားလိုက်ပြီး နောက်တကြိမ် ရုံးချိန်းကို အောက်တိုဘာလ ၂၃ ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း တရားဆိုင်၏ ရှေ့နေတဦး ဖြစ်သူ ဦးကြည်ဝင်း က မဇ္ဈိမကိုပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဂျပန် ဒု-နိုင်ငံခြားရေး ဝန်ကြီးက မြန်မာတက်ကြွ လှုပ်ရှားသူများကို တွေ့ဆုံ
မဇ္ဈိမ (နယူးဒေလီ)။ ။ ဂျပန်အစိုးရက မြန်မာနိုင်ငံ အပေါ် အသစ်တဖန် စိတ်ဝင်စားလာပုံ အနေဖြင့် ဂျပန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး တီဆူရိုဖူကူယာမာ (Tesuro Fukuyama) က ဗုဒ္ဓဟူးနေ့က မြန်မာတက်ကြွ လှုပ်ရှားသူများနှင့် မြန်မာပြည် ဆိုင်ရာ ဂျပန်မူဝါဒအကြောင်း ဆွေးနွေးခဲ့သည်။
ဂျပန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက ပြည်ပရောက် ဒီမိုကရေစီ အဖွဲ့အစည်းများ၏ ညွန့်ပေါင်း အဖွဲ့ဖြစ်သော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်ကို ဗုဒ္ဓဟူးနေ့က ဖိတ်ခေါ် တွေ့ဆုံခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အောက်တိုဘာ ၁၅ ရက်
ရက်သတ္တပတ် ၄၁၊ ၂၀၀၉
မြန်မာသတင်း
အငြင်းပွား ရေပိုင်နက်အနီး နှစ်နိုင်ငံ စစ်သင်္ဘောများ ရောက်ရှိ
ဒါကာ (မဇ္ဈိမ)။ ။ ဘင်္ဂလား-မြန်မာ နှစ်နိုင်ငံအကြား အငြင်းပွားနေသော ပင်လယ်ရေပြင်အနီးသို့ နှစ်ဖက် စစ်သင်္ဘောများ မကြာသေးခင်က ရောက်ရှိလာသည်။
ဘင်္ဂလားဒေ့ရှ်ပိုင် St. Martin’s ကျွန်း၏ အနောက်တောင်ဘက် ရေမိုင် ၅၀ အကွာအနီးသို့ ယခုလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူ အခြေစိုက် ရေတပ်စခန်းဌာနချုပ်မှ စစ်သင်္ဘော ၅ စီးနှင့် ၁၃ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် စစ်တကောင်း အခြေစိုက် စစ်သင်္ဘော ၄ စီး ရောက်ရှိလာခြင်း ဖြစ်သည်။
မကြာသေးခင်က ဘင်္ဂလားအစိုးရနှင့် တူးဖော်ခွင့် ကန်ထရိုက် ရထားသော အမေရိကန် ကုမ္ပဏီ ConocoPhillips က ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေသဖြင့် ထိုသို့မလုပ်ရန် မြန်မာဘက်က သတိပေး ကန့်ကွက်ခဲ့သေးသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကေအိုင်အိုခေါင်းဆောင် မန္တလေးဆေးရုံတွင် ကုသမှုခံယူ
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဥက္ကဋ္ဌ ဦးဇောင်းဟရားသည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း မန္တလေးမြို့သို့ သွားရောက်၍ ဆေးကုသမှု ခံယူနေသည်။
အသက် (၇ဝ) ကျော်နေသည့် ဦးဇောင်းဟရားသည် အသည်းအားနည်းသည့်ရောဂါနှင့် အခြားလူကြီးရောဂါများ ဖြစ်ပွားလာ၍ တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ရှိ ကေအိုင်အို စစ်ဆေးရုံတွင် တက်ရောက်ကုသနေရာမှ မန္တလေးသို့ ဆေးစစ်မှုခံယူရန် သွားရောက်ခြင်းဖြစ်သည်ဟု ကေအိုင်အို သတင်းရပ်ကွက်က အတည်ပြုပြောသည်။
ကေအိုင်အိုအဖွဲ့မှ ခေါင်းဆောင်များသည် အပစ်ခတ်ရပ်စဲရေး ကာလတလျှောက်လုံး တရုတ်ပြည်အတွင်းရှိ ဆေးရုံများတွင်သာ တက်ရောက်ကုသမှုခံယူနေရာမှ ယခုကဲ့သို့ မန္တလေးမြို့တွင် မြန်မာသမားတော်များနှင့် ဆေးကုသမှု ခံယူလာခြင်းမှာ
ပထမဆုံးအကြိမ်လည်း ဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ရဲက ရိုက်နှက်လို့ သေသူ၏ အမှု စုံစမ်းစစ်ဆေးမှုများ ပြုလုပ်
မဇ္ဈိမ(ချင်းမိုင်) ။ ။ မြောက်ဥက္ကလာ ရဲက ရိုက်နှက်ရာမှ သေဆုံးသွားသည်ဆိုသော ဦးကျော့မောင်၏ အမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု များ ပြုနေပြီ ဖြစ်သည်။
မြို့နယ် ရဲစခန်းနှင့် ရန်ကုန် တိုင်းကျန်းမာရေးရုံးတို့တွင် မြောက်ဥက္ကလာ ရဲစခန်းမှူး၊ တိုင်းကျန်းမာရေး ရုံးအုပ်ကြီး၊ အမှတ် ၂ ရပ်ကွက် ရယက ဥက္ကဌတို့က ကွယ်လွန်သူ၏ ဇနီးအပါအဝင် သက်သေ ၉ ဦးကို စစ်ဆေးပြီး ဖြစ်သည်ဟု မိသားစုဝင် တဦးက ပြောသည်။
အမှုနှင့် ပတ်သက်၍ ရာအိမ်မှူးဟောင်းကို ဖမ်းဆီးထားသော်လည်း ရဲတပ်သားမှာမူ လွတ်မြောက်နေဆဲ ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အောက်တိုဘာ ၁၆ ရက်
ရက်သတ္တပတ် ၄၁၊ ၂၀၀၉
မြန်မာသတင်း
ရွေးကောက်ပွဲ သပိတ်မှောက် ဆန့်ကျင်မှုများ ပေါ်ပေါက်နိုင်ဟု
ဦးဝင်းတင် ပြောကြား
ရွေးကောက်ပွဲအကြိုကာလနှင့် ရွေးကောက်ပွဲလွန်ကာလများတွင် နအဖအနေဖြင့် လုပ်ဆောင်ရမည့်ကိစ္စများကို မလုပ်ဆောင်ပါက ရွေးကောက်ပွဲဆန့်ကျင်မှုများ ပေါ်ပေါက်လာနိုင်သည်ဟု ဥရောပသံတမန်အဖွဲ့ကို အန်အယ်လ်ဒီက ပြောကြားခဲ့ကြောင်း သိရသည်။
အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင် (၆) ဦးနှင့် ဥရောပသမဂ္ဂ (အီးယူ) မှ ကိုယ်စားလှယ် (၂၀) ခန့် ပါဝင်သည့် ဥရောပသံတမန်အဖွဲ့တို့ အောက်တိုဘာ (၁၄) ရက်တွင် ရန်ကုန်မြို့ အန်အယ်လ်ဒီရုံးချုပ်၌ တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်တဦးဖြစ်သူ ဦးဝင်းတင်က ခေတ်ပြိုင်သို့ ပြောသည်။
ဥရောပသံတမန်အဖွဲ့က အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင်များနှင့်တွေ့ဆုံကာ လက်ရှိမြန်မာနိုင်ငံ အခြေအနေနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင် အန်အယ်လ်ဒီပါတီအနေဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲကာလအတွက် ရှေ့ဘာဆက်လုပ်မည် ဆိုသည်ကိုလည်း ထည့်သွင်းမေးမြန်းခဲ့ကြောင်း ဦးဝင်းတင်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ အယူခံကိစ္စအတွက် တွေ့ဆုံဆွေးနွေး
နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဗဟိုတရားရုံးချုပ်တွင် သူ၏ အမှု အယူခံဝင်ရေး အတွက် ရှေ့နေများနှင့် ယနေ့ နေ့လည်ပိုင်းတွင် နေအိမ်၌ တွေ့ဆုံခွင့် ရရှိခဲ့သည်။
နေအိမ်အကျယ်ချုပ် စည်းကမ်း ဖောက်ဖျက်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသည်ကို ဗဟိုတရားရုံးချုပ်တွင် ဆက်လက်၍ အယူခံ ဝင်ရောက်နိုင်ရန် မူကြမ်း ရေးဆွဲရေးအတွက် သူ၏ ရှေ့နေ ၄ ဦးအနက် ဦးဥာဏ်ဝင်းနှင့် ဒေါ်ခင်ဋ္ဌေးကြွယ် တို့ကို ဒေါ်အောင်ဆန်းစုကြည်က ၁ နာရီကျော်ကြာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ သူ၏ နေအိမ်၌ ဆွေးနွေးခဲ့ကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၏မွေးနေ့
အကြိုဟောပြောပွဲ ပြုလုပ်
ကျောင်းသားစိတ်ဓာတ်နှင့် ကျောင်းသားသမဂ္ဂစိတ်ဓာတ်ကို မျိုးဆက်သစ်ကျောင်းသားလူငယ်များ သိရှိစေရန်အတွက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၏ (၄၇) နှစ်ပြည့်မွေးနေ့ အကြိုဟောပြောပွဲများကို မဲဆောက်ရှိ မြန်မာရွှေ့ပြောင်း ကျောင်းများတွင် ယနေ့ကျင်းပပြုလုပ်သည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) နှင့် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ ကမကထပြု၍ မြန်မာရွှေ့ပြောင်းကျောင်း (၇) ကျောင်းမှ ကျောင်းသားကျောင်းသူများကို ဟောပြောခဲ့ခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကေဒီအေ ခေါင်းဆောင် ဦးမထုနော် ဆေးရုံတက်ရ
မဇ္ဈိမ (ချင်းမိုင်) ။ ။ ကချင်အမျိုးသား တိုးတက်ရေးနှင့် လုံခြုံရေးတပ်မတော် - ကေဒီအေ အဖွဲ့ ဥက္ကဌ ဦးမထုနော်သည် ကိုယ်တခြမ်းသေကာ စကားပြောဆို၍ မရသဖြင့် မန္တလေးဆေးရုံတခုတွင် ဆေးကုသခံနေကြောင်း ကေအိုင်အို သတင်းရပ်ကွက်မှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကောင်းခါးမြို့ အခြေစိုက် ကေဒီအေ ဥက္ကဌ ဦးမထုနော် (၆၀ နှစ်ကျော်) သည် ယခုလဆန်းမှစ၍ လားရှိုးမြို့ဆေးရုံ၌ ကုသနေရာမှ မန္တလေးမြို့သို့ ပြောင်းရွှေ့ကုသနေခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အန်အယ်လ်ဒီနှင့်ပေါင်းလျှင် ကျောင်းပါပြောင်းမည်ဟု
ဒေသအာဏာပိုင်တို့ ခြိမ်းခြောက်
ဧရာဝတီတိုင်း မြောင်းမြခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌက ပဒေါ်ချောင်းကျေးရွာမှ တောင်သူလယ်သမားများအနေဖြင့် အန်အယ်လ်ဒီအဖွဲ့ဝင်များကို လက်ခံပါက အိမ်ရှင်ကို အရေးယူမည့်အပြင် ရွာရှိ အလယ်တန်းကျောင်းကို အခြားရွာသို့ ပြောင်းရွှေ့ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုတောင်သူလယ်သမားကော်မတီမှ ဦးမောင်မောင်ကြီးနှင့် မြောင်းမြမြို့နယ် အန်အယ်လ်ဒီ အဖွဲ့ဝင် (၂) ဦးတို့သည် တောင်သူလယ်သမားရေးရာများ လေ့လာရန် ဒေသခံကရင်လူမျိုးစုတို့၏ ဖိတ်ကြားချက်အရ အောက်တိုဘာ (၈) ရက်နေ့က ပတ္တမြားကျေးရွာအုပ်စု ပဒေါ်ချောင်းကျေးရွာသို့ သွားရောက်စဉ် တွေ့ကြုံခဲ့ကြရခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
စစ်အစိုးရသို့ ချဉ်းကပ်ကာ UDP ပါတီ ပြန်လည်အသက်သွင်းရန် ခြေလှမ်း
နယူးဒေလီ (မဇ္ဈိမ)။ ။ ၂၀၁၀ ရွေးကောက်ပွဲဝင်ရေး ဦးစွာကြေညာခဲ့ပြီး ပါတီတွင်း အခြေအနေကြောင့် ငြိမ်သက်ခဲ့သည့် ကနေဒါအခြေစိုက် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ - UDP ကို မြန်မာပြည်တွင်း၌ ပြန်လည်အသက်သွင်းရန် ပါတီအဖွဲ့ဝင်တချို့က ကြိုးပမ်းနေသည်။
ပါတီထူထောင်စဉ်က ပါဝင်ခဲ့သူများဖြစ်သည့် ၀ါရင့်နိုင်ငံရေးသမား ဦးသုဝေ အပါအ၀င် အချို့က ဒီမိုကရက်တစ်ပါတီ - DP အမည်ဖြင့် သီးခြားဖွဲ့ပြီးနောက် UDP အသံမှာ ပျောက်သွားခဲ့ရာက နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနသို့ပေးစာတစောင်ဖြင့် စစ်အစိုးရထံ ချဉ်းကပ်လိုက်သည်။
အငြင်းပွားဖွယ်ရာ UDP ဒုဥက္ကဋ္ဌ ဦးကျော်မြင့်က စစ်အစိုးရ နှစ်သက်လက်ခံဖွယ်ရှိသည့် ပြည်ပရှိ လုပ်ဆောင်ချက်များကို ပြည်တွင်းရှိ UDP အဖွဲ့ဝင် ဦးလှမြင့်မှတဆင့် ယခုလ ၈ ရက်နေ့ ရက်စွဲဖြင့် စာရေးသားအစီရင်ခံခဲ့ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။
ကနေဒါတွင် နေထိုင်သူ UDP ဗဟိုကော်မတီဝင် အထွေထွေအတွင်းရေးမှူး ဦးကျော်မိုးက ယခုလဆန်း ၂ ရက်နေ့တွင် တရုတ်ပြည်အတွင်း ပြုလုပ်ခဲ့သည့် ဗဟိုကော်မတီအစည်းအဝေးအပြီး၊ UDP - တွဲဘက် အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဦးလှမြင့်က ပြန်ကြားရေးဝန်ကြီးဌာနကို ပေးပို့ခဲ့သည့် စာဖြစ်ကြောင်း အတည်ပြု ပြောဆိုခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
Sunday, October 18, 2009
Monday, October 12, 2009
သတင်းမှတ်စု ( ၄၀ )
အောက်တိုဘာ ၅ ရက်
ရက်သတ္တပတ် ၃၉၊ ၂၀၀၉
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် တွေ့ဆုံ
၃ အောက်တိုဘာ ၂၀၀၉
ဒေါ်အောင်ဆန်းစုကြည်ကို စက်တင်ဘာ (၃) ရက် ယနေ့ နေ့လယ်ပိုင်းတွင် နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်က စိမ်းလဲ့ကန်သာဧည့်ဂေဟာတွင် တွေ့ဆုံခဲ့ကြောင်း အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။ ယနေ့ နေ့လယ် (၁) နာရီခန့်တွင် တွေ့ဆုံခြင်းဖြစ်ပြီး (၄၅) မိနစ်ကြာခန့် တွေ့ဆုံခဲ့သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နာဂစ်ဒေသ သွားရန် စီစဉ်
ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နာဂစ် ဆိုင်ကလုံး မုန်တိုင်းဒဏ်သင့် မြစ်ဝကျွန်းပေါ် ဒေသသို့ ၂ ရက်တာခရီး သွားရောက်မှာ ဖြစ်သည်ဟု စစ်ဘက် သတင်းရပ်ကွက်အရ သိရသည်။
အောက်တိုဘာ ၆ ရက်နေ့တွင် ခရီးစဉ်စတင်မှာဖြစ်ပြီ ဖျာပုံမြို့နယ်ရှိ ဆိုင်ကလုံးမုန်တိုင်းဖြစ်လျှင် ခိုလှုံရာဖြစ်သော ယုဇန ဆိုင်ကလုံးခိုဇရပ် ဖွင့်ပွဲကို တက်ရောက်မှာ ဖြစ်သည်။ အခြားသော ဆိုင်ကလုံးခိုဇရပ်များမှာ သတ်မှတ်ချိန် ပြီးစီးခြင်းမရှိသေး၍ အချိန်မှီ ဖွင့်ပွဲ မလုပ်နိုင်ဘဲ ရှိသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ရန်ကုန်တွင် ရောက်ရှိနေပြီး သီတင်းကျွတ်ကာလ ဖြစ်သည့်အတွက် ဂါရဝ ပြုလိုသူ စစ်ဘက် အရာရှိကြီးများနှင့် စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် တွေ့ဆုံနေရသည်ဟုလည်း ဆိုသည်။
ထို့အပြင်နံပါတ် ၁ စစ်အစိုးရ ခေါင်းဆောင်သည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံကောင်း တွေ့ဆုံနိုင်ဖွယ်ရှိသည်ဟု စစ်ဘက် သတင်းရပ်ကွက်တွင် ထင်ကြေးပေးနေကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ကာ
မိစ္ဆာဒိဋ္ဌိအဖြစ် သံဃာ့တပ်ပေါင်းစု သတ်မှတ်
မြန်မာနိုင်ငံတွင် တာဝန်အရှိဆုံး ဦးသန်းရွှေအား ဗုဒ္ဓဘာသာအဖြစ်မှ ထုတ်ပယ်ကာ သာသနာဖျက် မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက အောက်တိုဘာ (၅) ရက် ယနေ့ နေ့စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။
ကြေညာချက်တွင် ယခုလ (၃) ရက်၊ သီတင်းကျွတ်လပြည့် ပ၀ါရဏာနေ့တွင် ပြည်တွင်းပြည်ပ သိမ်အသီးသီး၌ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာ ရွတ်ဆိုကာ အောင်မြင်စွာ သပိတ်မှောက်နိုင်ခဲ့ကြောင်းလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂနှင့် သံဃာသာမဂ္ဂီအဖွဲ့တို့က တင်ပြထားသည်။
ယင်းသို့ တတိယအကြိမ် သပိတ်မှောက်ကံဆောင်နိုင်ခဲ့သော်လည်း သံဃာတော်များ တောင်းဆိုထားသည့်အချက်ကို နအဖစစ်အုပ်စုတွင် တာဝန်အရှိဆုံးဖြစ်သည့် ဦးသန်းရွှေက မလိုက်နာသည့်အပြင် သံဃာတော်များအား ဆက်လက်ဖမ်းဆီး၊ ထောင်ချ၊ နှိပ်စက်၊ ညှဉ်းပန်းသတ်ဖြတ်နေသည့်အတွက် ဦးသန်းရွှေ၊ ဒေါ်ကြိုင်ကြိုင်နှင့် ၎င်း၏မိသားစုတစုလုံးအား ဗုဒ္ဓဘာသာအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း၊ ဦးသန်းရွှေအား သာသနာကို ဖျက်ဆီးနေသည့် မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်လိုက်ကြောင်း၊ ဦးသန်းရွှေသည် ဗုဒ္ဓဘာသာဝင်မှန်ပါက သံဃာတော်များ တောင်းဆိုချက်ကို လိုက်နာရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
သံဃာတော်များအပေါ် ကျူးလွန်မှုများနှင့် သာသနာအပေါ် စော်ကားမှုများကို တတိယအကြိမ် သပိတ်မှောက်ကံဆောင်မည့် သီတင်းကျွတ်လပြည့်နေ့မတိုင်မီ အောက်တိုဘာ (၂) ရက် နောက်ဆုံးထား၍ ၀န်ချတောင်းပန်ရန် နအဖစစ်အစိုးရအား မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက နှိုးဆော်ထားခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အောက်တိုဘာ ၆ ရက်
ရက်သတ္တပတ် ၃၉၊ ၂၀၀၉
မြန်မာသတင်း
နအဖအကျဉ်းထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုများ
ပြန်လည်လွတ်မြောက်သူတဦး ဖော်ထုတ်
အမေရိကန်နိုင်ငံသားတဦးအပါအ၀င် ရဟန်းရှင်လူများကို စစ်ကြောရေးစခန်းတွင် ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်နေသည်ဟု မကြာခင်က ပြန်လွတ်လာသူတဦးက ပြောသည်။
ယခင်လကုန်ပိုင်းက ရန်ကုန်မရမ်းကုန်းရှိ အောင်သပြေစစ်ကြောရေးစခန်းမှ ပြန်လည်လွတ်မြောက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) လူငယ်အဖွဲ့ဝင်တဦးဖြစ်သူ ကိုတိုးအောင်က ပြောကြားသည်။
ကိုတိုးအောင်သည် လွန်ခဲ့သည့် တနင်္ဂနွေနေ့က ထိုင်း-မြန်မာနယ်စပ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ရုံးသို့ရောက်ရှိလာပြီး ၎င်းကြုံတွေ့ခဲ့သည့် အနေအထားများကို ဒေသခံသတင်းထောက်များအား ယနေ့နံနက်တွင် ပြောကြားခြင်းဖြစ်သည်။
၎င်းသည် တနင်္သာရီတိုင်း လူငယ်တာဝန်ခံအဖြစ် ထမ်းဆောင်ခဲ့ပြီး ရန်ကုန်ရုံးချုပ်သို့ ရောက်ရှိတာဝန်ထမ်းဆောင်နေစဉ် ၀တ္တရားနှောင့်ယှက်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ပုံနှိပ်ဥပဒေ စသည့်စွဲချက်များဖြင့် ၁၉၉၅ ခုမှ ၁၉၉၇ ခုအထိ တကြိမ်၊ ၁၉၉၈ ခုမှ ၂၀၀၅ ခုအထိတကြိမ် အဖမ်းခံရကာ ရန်ကုန်နှင့်မန္တလေးထောင်တွင် ထောင်ဒဏ် (၁၁) နှစ်နီးပါး ကျခံခဲ့ရသူ ဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ငြိမ်းချမ်းစွာ ၀တ်ပြုဆုတောင်းသူများ ဖမ်းဆီးခံနေရ
ယခုရက်ပိုင်းများအတွင်း ငြိမ်းချမ်းစွာ ၀တ်ပြုဆုတောင်းသူများကိုပင် စစ်အစိုးရက ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ရေနံချောင်းမြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်စောဌေးက ပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာ (၃) ရက် သီတင်းကျွတ်လပြည့်နေ့တွင် တောင်ဒဂုံမြို့သစ်ရှိ မကွေးပရိယတ္တိစာသင်တိုက်၌ အရုဏ်ဆွမ်းကပ်လှူခဲ့ကြသော အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့မှ ဒေါ်နော်အုံးလှ၊ ဒေါ်ချိုချိုလွင်၊ ဒေါ်မြင့်မြင့်စန်းနှင့် ဒေါ်ချိုတို့ကို အထူးသတင်းတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဖောက်ခွဲရေးသင်တန်း တက်သည်ဟု စွပ်စွဲကာ
သံဃာတော်အချို့အား ဖမ်းဆီးစစ်ဆေးနေ
နယ်စပ်၌ ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ပြည်ပနိုင်ငံများမှ ပြန်ကြွလာသော သံဃာတော် (၈) ပါးအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စက်တင်ဘာ တတိယပတ်က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
အဆိုပါသံဃာတော်များကို တစုတဝေးတည်း ဖမ်းဆီးမိခြင်းမဟုတ်ဘဲ ခရီးစဉ်အသီးသီးမှအပြန် နအဖအာဏာပိုင်တို့က စောင့်ကြိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးထားသော သံဃာတော်များအား ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း၊ မဟာပါသဏလိုဏ်ဂူနှင့်ကပ်လျက် ‘အပရဂေါယာန’ သုံးထပ်ကျောင်းဆောင်၌ နိုင်ငံတော်ဗဟိုသံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်အချို့နှင့် သတင်းတပ်ဖွဲ့တို့က စစ်ဆေးခဲ့သည်။
ထို့နောက် သံဃာတော် (၇) ပါးအား ဆက်လက်စစ်ဆေးရန် (သို့မဟုတ်) ပြစ်ဒဏ်ကျခံစေရန် အင်းစိန်အကျဉ်းဦးစီးဌာနသို့ လွှဲပြောင်းခဲ့ပြီး ယခုအခါ ကျန်ရှိသံဃာတော် (၁) ပါးအား ဆက်လက်စစ်ဆေးနေဆဲဟု ဆရာတော်များနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။
သံဃာတော်များအား ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးနေကြောင်း သာသနာရေးဝန်ကြီးဌာန ၀န်ထမ်းအများစု သိရှိနေသော်လည်း ၎င်းသံဃာတော်တို့၏ ဘွဲ့တော်၊ သီတင်းသုံးရာကျောင်းတိုက်၊ မြို့နယ် ကျေးရွာတို့ကိုမူ အထူးလျှို့ဝှက်ထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အောက်တိုဘာ ၇ ရက်
ရက်သတ္တပတ် ၃၉၊ ၂၀၀၉
မြန်မာသတင်း
ကိုညီညီအောင်ကို တွေ့ခွင့်ရရန် ရှေ့နေများ တောင်းဆို
မဇ္ဈိမ (ချင်းမိုင်)။ ။ မြန်မာပြည် ပြန်လာစဉ် မင်္ဂလာဒုံ လေဆိပ်၌ အဖမ်းခံရသူ ကိုညီညီအောင်ထံမှ အမှုနှင့် ပတ်သက်သည့် ညွှန်ကြားချက် ရယူရေးအတွက် တွေ့ဆုံခွင့်ပြုရန် သူ၏ ရှေ့နေများက အကျဉ်းဦးစီးဌာနသို့ ယနေ့ စာတင်လိုက်သည်။
အမှုအတွက် လိုက်ပါဆောင်ရွက်မည့် ဗဟိုတရားရုံးချုပ် ရှေ့နေများဖြစ်သည့် ဦးဥာဏ်ဝင်းနှင့် ဦးကြည်ဝင်းတို့က ရန်ကုန် အင်းစိန်ထောင်သို့ လက်မှတ်ရေးထိုး၍ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံသား ဖြစ်နေသည့် ၄၀ နှစ်အရွယ် ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင်၏ အမှုကိစ္စတွင် လိုက်ပါဆောင်ရွက်ပေးရန် အမေရိကန်သံရုံးက သူတို့နှစ်ဦးကို လွန်ခဲ့သည့် ၂ ပတ်ခန့်ကတည်းက မေတ္တာရပ်ခံပြီးနောက် ကိုညီညီအောင်ထံမှလည်း ကိုယ်စားလှယ်လွှဲစာကို ထောင်အာဏာပိုင်များထံမှ ယမန်နေ့က ရယူခဲ့ပြီး ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
တိုင်းရင်းသားလူမျိုးများကောင်စီ၏ ပေးစာ
ပြည်တွင်းတိုင်းရင်းသားပါတီများနှင့် ဆန့်ကျင်
တိုင်းရင်းသားလူမျိုးများကောင်စီက အမေရိကန်အထက်လွှတ်တော်အမတ် မစ္စတာဂျင်မ်ဝဘ်ထံ ပေးပို့ခဲ့သည့်စာသည် တိုင်းရင်းသားအဖွဲ့အစည်းများကို ကိုယ်စားပြုခြင်းမရှိကြောင်းနှင့် ပြည်တွင်းတိုင်းရင်းသားပါတီများ၏ ရပ်တည်ချက်နှင့် ကိုက်ညီမှုမရှိကြောင်း ပြည်တွင်းတိုင်းရင်းသားခေါင်းဆောင်များက ပြောကြားသည်။
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ဇိုမီးအမျိုးသားကွန်ဂရက်ပါတီမှ ချင်းတိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်သူ ဦးပူကျင့်ရှင်းထန်က “ကျနော် ပွင့်ပွင့်လင်းလင်းပြောရရင် တိုင်းရင်းသားလူမျိုးများကောင်စီ (အီးအန်စီ) ဆိုတာကလည်း ပြည်ထောင်စု မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့အဖွဲ့မဟုတ်ဘူး။ အဲဒီအထဲမှာပါတဲ့ လူတွေကလည်း ပြည်တွင်းမှာ လူထုအတွက် အနစ်နာခံပြီး ထောင်ကျခံခဲ့ကြရတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းတာ၊ ဆွေးနွေးတာလည်း မရှိပါဘူး။ ဒီလို ဂျင်မ်ဝဘ်ဆီကို စာရေးတယ် ဘာညာဆိုတာက ရွေးကောက်ပွဲမှာ သူတို့ ပါချင်တဲ့သဘော၊ သူတို့ကိုယ်ရေးအတွက်သာ စည်းရုံးတဲ့သဘောဖြစ်တယ်လို့ပဲ ကျနော်တို့ သဘောရပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ (၂၈) ရက်တွင် ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားလူမျိုးများကောင်စီ (အီးအန်စီ) က အမေရိကန်အထက်လွှတ်တော်အမတ် မစ္စတာဂျင်မ်ဝဘ်ထံ ၂၀၁၀ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ စာတစောင်ပေးပို့ခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဂျပန်သံမှူး ဖိတ်ခေါ်မှုသည် နိုင်ငံရေး အဓိပ္ပာယ် ပြောင်းလဲမှုဟု ဦးဝင်းတင် ပြောဆို
နယူးဒေလီ (မဇ္ဈိမ)။ ။ ဂျပန်အစိုးရသစ် တက်လာပြီး မကြာမီတွင် မြန်မာပြည်ဆိုင်ရာ ဂျပန်သံရုံးမှ သံမှူးက မြန်မာ့ဒီမိုကရေစီ အတိုက်အခံပါတီ ခေါင်းဆောင်တဦးကို ခေါ်ဖိတ် ဆွေးနွေးခြင်းသည် နိုင်ငံရေးအဓိပ္ပာယ် ပြောင်းလဲမှုတခုအဖြစ် ယူဆကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ ဂျပန်သံရုံးမှ သံမှူးက ဖိတ်ခေါ်သဖြင့် ယမန်နေ့ ညနေပိုင်းက ၁ နာရီကြာ တွေ့ဆုံခဲ့ရာ လက်ရှိမြန်မာ့နိုင်ငံရေး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ တွေ့ဆုံဆွေးနွေးရေး၊ ရွေးကောက်ပွဲဆိုင်ရာ သဘောထားများကို တင်ပြခွင့်ရခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖဆက်ဆံရေးဝန်ကြီး ထပ်မံတွေ့ဆုံ
နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ယနေ့ နေ့လယ်တွင် စိမ်းလဲ့ကန်သာဧည့်ရိပ်သာ၌ ထပ်မံတွေ့ဆုံကြောင်း သိရသည်။
တွေ့ဆုံသည့်အကြောင်းအရာအသေးစိတ်ကို မသိရသေးသော်လည်း တွေ့ဆုံချိန် မိနစ် (၃၀) ခန့်ကြာမြင့်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အောက်တိုဘာ ၈ ရက်
ရက်သတ္တပတ် ၃၉၊ ၂၀၀၉
မြန်မာသတင်း
ဝ ' တပ်များအား နအဖ စစ်တပ်က သပ်လျှိုစည်းရုံးနေ
မဇ္ဈိမ (ချင်းမိုင်)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း အပစ်ရပ် ဝ' ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် - UWSA မြောက်ပိုင်းနှင့် အလယ်ပိုင်း ဒေသရှိ ဝ'တပ် အရာရှိများကို နယ်ခြားစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရေးအတွက် နအဖ စစ်တပ်အရာရှိများက သပ်လျှို စည်းရုံးမှုများ ပြုလုပ်နေ ကြောင်း သိရသည်။
ရှမ်းပြည်မြောက်ပိုင်း သိန္နီ၊ ကွမ်လုံနှင့် ဟိုပန်အခြေစိုက် နအဖ စကခ - ၁၆ လက်အောက်ခံတပ်ရင်း အရာရှိများမှတဆင့် ဝ’ တပ်များဖြစ်သော တပ်မဟာ ၃၁၈ (မိုင်းမိုင်ခရိုင်) နှင့် တပ်မဟာ ၄၆၈ (မိုင်းခန်မြို့နယ်) မှ ဝ’ အရာရှိတချို့အား ထိုကဲ့သို့ ပြုလုပ်နေခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းစဉ် လက်ထောက်အယ်ဒီတာ ဦးစိန်ကြည် ပြောဆိုချက်အရ သိရခြင်း ဖြစ်သည်။
ဝ’ တပ်မတော်အကြား အကွဲအပြဲများ ဖြစ်စေရန် ရည်ရွယ်ပြီး ထိုင်းနယ်စပ်တလျှောက်ရှိ မိုင်းသို၊ မိုင်းခမ် အခြေစိုက် ဝ’ တပ်အချို့ကိုလည်း သပ်လျှို စည်းရုံးဖဲ့ထုတ်ရန် ကြိုးစားနေကြောင်း ဝ' အရေး လေ့လာစောင့်ကြည့်နေသည့် သူက ဆက်ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မျိုးဆက်သစ်လူငယ်တို့၏ ဒေါ်စုအတွက် ဂုဏ်ပြုတေး
လူငယ်များအကြား ထိရောက်မှုရှိ
မျိုးဆက်သစ်လူငယ်များအစည်းအရုံး (GW) က ဖြန့်ချိလိုက်သည့် ဟစ်ပ်ဟော့ပ်သီချင်း အယ်လ်ဘမ်တွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုစပ်ဆိုထားသည့် ‘အမေ ၆၄’ ဟူသည့် သီချင်းမှာ ပြည်တွင်းလူငယ်များ အကြား ရေပန်းစားနေပြီး ထိုအယ်လ်ဘမ်သည် အတိုင်းအတာတခုအထိ ထိရောက်မှုရှိကြောင်း အဖွဲ့ဝင်များနှင့် လူငယ်များက ပြောသည်။
မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်ဖြစ်ပျက်နေသည့် လတ်တလောအခြေအနေများကို လူငယ်အမြင်မှ ဖွဲ့သီစပ်ဆိုထားသော ထိုအယ်လ်ဘမ်ကို လူငယ်တို့၏ နိုင်ငံရေးစိတ်ဓာတ် နိုးကြားတက်ကြွလာအောင် ပထမဦးဆုံး ထုတ်ဝေလိုက်ခြင်းဖြစ်ကြောင်း GW အဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် မင်းရန်နိုင်က ပြောကြားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အမွေအမှု ရှေ့နေ ၃ ဦး ထပ်မံ ပါဝါပေး
မဇ္ဈိမ (ချင်းမိုင်)။ ။ အကိုရင်း ဦးအောင်ဆန်းဦးနှင့် ဖြစ်ပွားနေသည့် နေအိမ် အမွေကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ အကျိုးဆောင် ရန် ဦးဥာဏ်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးလှမျိုးမြင့်သည် ယမန်နေ့က ရှေ့နေပါဝါရခဲ့ပြီ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံ နေထိုင်နေသည့် လက်ရှိနေအိမ်ကို ဦးအောင်ဆန်းဦးက အမွေရထိုက်သည်ဟု ဆိုကာ တရားစွဲဆိုမှုနှင့် ပတ်သက်၍ ကြားနာရန်ရှိသည့် ယခုလ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်း တရားရုံး ရုံးချိန်းအမီ ရှေ့နေ ၃ ဦး ထပ်တိုးလိုက်ခြင်း ဖြစ်သည်။ ရှေ့နေပါဝါ ကိုယ်စားလှယ်လွှဲစာကို ယမန်နေ့က ရှေ့နေဦးဥာဏ်ဝင်းသည် အင်းစိန်ထောင် တရားရုံးသို့ သွားရောက် ရယူခဲ့ခြင်း ဖြစ်သည်။
၂၀၀၀ ခုနှစ်မှစတင်၍ ယင်းအမှုကို ရှေ့နေကြီးများဖြစ်သော ဦးကြည်ဝင်း၊ ဦးမြင့်သောင်း၊ ဦးအောင်သိန်းနှင့် ဦးခင်မောင်အေးတို့က ဆောင်ရွက် ပေးခဲ့သည်။
ဦးအောင်သိန်းအား ရန်ကုန်တိုင်း တရားရုံးချုပ် ရှေ့နေများကောင်စီ အက်ဥပဒေ ၁၀ (၁) အရ ရှေ့နေကျင့်ဝတ်နှင့် မညီဟုဆိုကာ ယခုနှစ် မေလ ၁၅ ရက်နေ့တွင် စစ်အစိုးရက ရှေ့နေလိုင်စင် ရုပ်သိမ်းခဲ့သည်။ ရှေ့နေ ဦးခင်မောင်အေး သည်လည်း ၂၀၀၇ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ဆန်းဦးတို့အမှုသည် ၂၀၀၀ ခုနှစ်မှ စတင်၍ ဖြစ်ပွားခဲ့ပြီး နိုင်ငံခြားသား တဦးအနေဖြင့် နေအိမ်ခြံဝင်း ပိုင်ဆိုင်ခွင့်မရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သဖြင့် ဦးအောင်ဆန်းဦး ရှုံးနိမ့်ခဲ့သည်ဟု ရှေ့နေဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။
သို့သော် ၂၀၀၁ ခုနှစ်အတွင်း၌ပင် ဦးအောင်ဆန်းဦး၏ ရှေ့နေများက အမွေဘုံပစ္စည်း စီမံခန့်ခွဲ ပေးစေလိုမှုနှင့် ထပ်မံ၍ တရားစွဲဆိုခဲ့ရာ ယနေ့ထိ တရားရင်ဆိုင်နေရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အောက်တိုဘာ ၉ ရက်
ရက်သတ္တပတ် ၃၉၊ ၂၀၀၉
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်အယူခံမှု ဗဟိုတရားရုံးတက်ရေး ကြန့်ကြာ
ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှုကို ရန်ကုန်တိုင်းတရားရုံးက ပယ်ချလိုက်သော်လည်း စီရင်ချက်မိတ္တူကို လက်ခံရရှိခြင်း မရှိသေးသည့်အတွက် ဗဟိုတရားရုံးသို့ ဆက်လက်အယူခံရေး ပြင်ဆင်မှု ပြုလုပ်ရန် ကြန့်ကြာနေကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။ထိုကဲ့သို့ တိုင်းတရားရုံးက အယူခံပယ်ချလိုက်ခြင်းကြောင့် ဆက်လက်ဆောင်ရွက်ရေးကိစ္စများ ညှိနှိုင်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် ရှေ့နေများက ပြီးခဲ့သည့် သောကြာနေ့၌ အာဏာပိုင်များထံ တင်ပြထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အန်အယ်ဒီ အကြီးတန်းခေါင်းဆောင်များနှင့် သံတမန်များ ဆွေးနွေးမည်
နယူးဒေလီ ။ ။ အန်အယ်ဒီ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့နံနက်တွင် တွေ့ဆုံခဲ့သည့် ၃ နိုင်ငံ သံတမန်များသည် နေ့ခင်းပိုင်းတွင် ပါတီရုံးချုပ်သို့ သွားရောက်ကာ အခြားသော ပါတီခေါင်းဆောင်များနှင့် ထပ်မံ တွေ့ဆုံဦးမည် ဖြစ်သည်။
ရန်ကုန်ရှိ မြန်မာပြည်ဆိုင်ရာ အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျား သံတမန်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး နာရီပိုင်းအကြာတွင် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့်ပါ ရုံးချုပ်တွင် တွေ့ဆုံဦးမည်ဟု သိရခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဒေါ်အောင်ဆန်းစုကြည်သတင်း ပြည်သူများ အထူးစိတ်ဝင်စား
နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်တိုင်းသံတမန်များ တွေ့ဆုံခွင့်ရခြင်း၊ နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်အား နှစ်ကြိမ်တိုင် တွေ့ဆုံခဲ့သည့် သတင်းများကို ရန်ကုန်နှင့် မန္တလေးမြို့ခံများအပါအ၀င် ပြည်သူတို့က အလွန်စိတ်ဝင်တစားရှိနေကြပြီး ဝေဖန်သုံးသပ်ပြောဆိုနေကြသည်။

Labels:
တနှစ်အတွင်း သတင်းမှတ်စု
Sunday, October 4, 2009
သတင်းမှတ်စု ( ၃၉ )
စင်တင်ဘာ ၂၈ ရက်
ရက်သတ္တပတ် ၃၈၊ ၂၀၀၉
မြန်မာသတင်း
မစ္စတာဂျင်မ်ဝက်ဘ် မြန်မာဝန်ကြီးချုပ်နှင့် တွေ့မည်
နယူးဒေလီ (မဇ္ဈိမ)။ ။ နယူးရောက်မြို့ ၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်နေသော မြန်မာဝန်ကြီးချုပ်သည် စစ်အစိုးရနှင့် ထိတွေ့ ဆက်ဆံရေးကို အခိုင်အမာ ထောက်ခံအားပေးသူ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်နှင့် တနင်္လာနေ့တွင် တွေ့ဆုံမည် ဖြစ်သည်။
မြန်မာဝန်ကြီးချုပ်နှင့် နယူးယောက်မြို့၌ တနင်္လာနေ့တွင် တွေ့ဆုံရန် ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် သံအမတ်ကြီး ဂျိုးဇက်ဗားနားရိဒ် (Joseph Verner Reed) ၏ ဖိတ်ကြားချက်ကို ဗားဂျီးနီးယားပြည်နယ် အထက်လွှတ်တော်အမတ်က လက်ခံခဲ့ပြီး ဖြစ်သည်ဟု မစ္စတာ ဝက်ဘ်၏ ရုံးက ထုတ်ဖော်ပြောဆိုသည်။
`ရိဒ်၏ ဤသို့ တွေ့ဆုံနိုင်ရန် စီစဉ်ပေးမှုကို ကျနော် ချီးကျူးပါသည်။ ပြီးခဲ့သောလက ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် တွေ့ဆုံစကားပြောခဲ့မှုကို ယခုဆက်လက်ပြုလုပ်ရန် ကျနော် မျှော်လင့်ပါသည်´ ဟု ဝက်ဘ်၏ ရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
မစ္စတာဝက်ဘ်သည် ယခင်အပတ်ကလည်း နယူးယောက်တွင် ကုလအထွေထွေညီလာခံ တက်ရောက်နေရာမှ ဝါရှင်တန်သို့ လာရောက်ခဲ့သော မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနှင့်လည်း တွေ့ဆုံခဲ့သေးပြီး မြန်မာ-အမေရိကန် ဆက်ဆံရေးအကြောင်း ဆွေးနွေးခဲ့သည်။
ဦးသိန်းစိန်သည် တနင်္လာနေ့တွင် ကုလအထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး၊ သူသည် ၁၄ နှစ်အတွင်း ကုလအထွေထွေညီလာခံသို့ လာရောက်သည့် အဆင့်အမြင့်ဆုံး မြန်မာအရာရှိကြီး ဖြစ်သည်။ မြန်မာ ဗိုလ်ချုပ်ကြီးတဦး နောက်ဆုံးအကြိမ် ကုလအထွေထွေ ညီလာခံသို့ တက်ရောက်ခဲ့သည်မှာ ၁၉၉၅ ခုနှစ်က ဖြစ်ပြီး၊ မြန်မာနိုင်ငံမှ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
မစ္စတာဝက်ဘ်သည် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီ၏ ဥက္ကဋ္ဌ ဖြစ်ပြီး အခြားနိုင်ငံများက လိုက်ပါ လုပ်ဆောင်ခြင်း မရှိသည့် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့အရေးယူမှု အပါအဝင် အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတခုလုံးကို ကွန်ဂရက် လွှတ်တော်က အလုံးစုံ ပြန်လည် ဆန်းစစ်ရန် ကြိုးပမ်းမှုကို ခေါင်းဆောင်ခဲ့သူလည်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သံတမန်အချို့နှင့်တွေ့ဆုံခွင့် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို
နေအိမ်အကျယ်ချုပ်ကျခံနေရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဆိုင်ရာ အနောက်နိုင်ငံအချို့မှ သံတမန်များနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း စက်တင်ဘာ (၂၅) ရက်စွဲဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့ခဲ့သည့်စာတွင် ထည့်သွင်းတောင်းဆိုထားသည်။
မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စနှင့် စပ်လျဉ်းသည့် အဆိုပါစာတွင် ထိုကဲ့သို့ သံတမန်များနှင့်တွေ့လိုကြောင်း ထည့်သွင်းတောင်းဆိုထားခြင်းဖြစ်သည်။
အဆိုပါတောင်းဆိုချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်အမှတ် ၆/၀၉/၀၉ အဖြစ် ယနေ့ တရားဝင်ထုတ်ပြန်လိုက်သည်။
နအဖဥက္ကဋ္ဌထံပေးပို့သော ဒေါ်အောင်ဆန်းစုကြည်၏စာတွင် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စကို သူ့အနေဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် စက်တင်ဘာ (၁၂) ရက်တွင် အထက်အာဏာပိုင်များထံ တင်ပြအသိပေးနိုင်ရန် သတင်းတပ်ဖွဲ့မှတဆင့် နှုတ်ဖြင့်ပြောကြားခဲ့ပြီးဖြစ်ကြောင်း ဦးစွာဖော်ပြထားသည်။
မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှု ရုပ်သိမ်းပယ်ဖျက်ရေး ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံပေါ် အရေးယူပိတ်ဆို့ထားမှုများအားလုံး သိရှိနားလည်စေရေး၊ ပိတ်ဆို့မှုကြောင့် နစ်နာရမှု အတိုင်းအတာကို သိရှိနားလည်စေရန် ပိတ်ဆို့မှု ချမှတ်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံအစိုးရများ၏ သဘောထားများကို သိရှိနားလည်နိုင်ရေးတို့အတွက် အမေရိကန်သံမှူး၊ အီးယူသံအမတ်ကြီး၊ သြစတြေးလျ သံအမတ်ကြီးတို့နှင့် တွေ့ဆုံဆွေးနွေးခွင့်ပေးရန် မေတ္တာရပ်ခံကြောင်းနှင့် ပါတီ၏သဘောထားကို ညှိနှိုင်းရယူနိုင်ရေးကိုလည်း ခွင့်ပြုပေးရန် မေတ္တာရပ်ခံကြောင်း အဆိုပါစာတွင် ရေးသားထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အန်အယ်ဒီ ရုံးချုပ်တွင် စည်းရုံးရေးသင်တန်း ကျင်းပ
နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တိုင်းနှင့် ပြည်နယ် စည်းရုံးရေးမှူးများနှင့် စည်းအဖွဲ့ဝင်များ အရည်အချင်း မြှင့်တင်ရေးအတွက် စည်းရုံးရေး သင်တန်းတခုကို ရန်ကုန်ရုံးချုပ်၌ ယနေ့မှ စတင်ကာ ၅ ရက်ကြာ ပြုလုပ်သွားမည်ဟု သိရသည်။
ပါတီလုပ်ငန်းများတွင် အထောက်အကူဖြစ်ရန်၊ ပါတီလုပ်ငန်းများ အကျယ်အပြန့် လုပ်ကိုင်ရန်နှင့် အရည်အသွေး ကောင်းမွန်သည့် လူငယ်များ ပေါ်ပေါက်လာရန်အတွက် ဒုတိယအကြိမ်မြောက် ပြုလုပ်သည့် ယခုသင်တန်းသို့ တိုင်းနှင့် ပြည်နယ် ၁၁ ခုမှ စည်းရုံးရေးမှူးများ၊ စည်းအဖွဲ့ဝင်များ စုစုပေါင်း ဦးရေ ၄ဝ ကျော် တက်ရောက်နေခြင်း ဖြစ်သည်။ ပါတီ၏ သမိုင်းဖြတ်သန်းမှု၊ စည်းရုံးရေး၊ ဥပဒေရေးရာ၊ လူမှုကူညီရေးနှင့် HIV/AIDS ၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားလူမျိုးအရေး၊ စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် သတင်းစာပညာ အစရှိသည့် ပညာရပ်များကို ပါတီတွင်းရှိ တတ်သိနားလည်သူများက လာမည့်လ ၂ ရက်နေ့အထိ ဦးဆောင်ပို့ချသွားမည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ရွေးကောက်ပွဲဝင်မည့် တိုင်းရင်းသားများကို
မြန်မာအာဏာပိုင်တို့ ခေါ်ယူသတိပေး
လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် ကချင်နှင့် မွန်တိုင်းရင်းသားခေါင်းဆောင် အချို့တို့၏ နိုင်ငံရေးလှုပ်ရှားမှုများနှင့်ပတ်သက်၍ စစ်အစိုးရ အာဏာပိုင်တို့က ခေါ်ယူသတိပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ကချင်ပြည်နယ် တိုးတက်သောပါတီ (Kachin State Progressive Party - KSPP) ဖြစ်မြောက်ရေး ကော်မတီဝင် ဒေါက်တာ တူးဂျာနှင့် မွန်အမျိုးသားတို့အတွက် ရွေးကောက်ပွဲဝင်ပြိုင်မည့် ပါတီဖြစ်မြောက်ရေး (၁၅) ဦးကော်မတီတွင် ပါဝင်သူ နိုင်မင်းနွယ်စိုးတို့အား ယခုအချိန်သည် နိုင်ငံရေးလှုပ်ရှားမှု စတင်ရန် စောသေးသည်ဟု အကြောင်းပြကာ မီဒီယာများသို့ ဆက်သွယ်စကားပြောခြင်း မလုပ်ကြရန် စစ်အစိုးရအာဏာပိုင်တို့က လာရောက်သတိပေးခဲ့ကြောင်း ၎င်းတို့နှင့် နီးစပ်သူများက ပြောသည်။
ကချင်ပြည်နယ် တိုးတက်သောပါတီ ဖြစ်မြောက်ရေး ကော်မတီဝင် ဒေါက်တာတူးဂျာကိုလည်း အလားတူသတိပေးခဲ့ကြောင်းနှင့် ယခင်သီတင်းပတ်အတွင်း ပြည်တွင်းမီဒီယာများတွင် ဖော်ပြသည့် ၎င်း၏ တွေ့ဆုံမေးမြန်းချက်များနှင့် သက်ဆိုင်နိုင်ကြောင်း ကချင်ထိပ်ပိုင်းခေါင်းဆောင်တဦးက ပြောသည်။ ထိုသို့သတိပေးမှုကြောင့် ပါတီဖြစ်မြောက်ရေး (၁၅) ဦးကော်မတီ၏ လစဉ် ပုံမှန်အစည်းအဝေးကို ၂၀၀၉ ခုနှစ် စက်တင်ဘာ (၂၄) ရက်တွင် စီစဉ်ထားသော်လည်း ဖျက်သိမ်းလိုက်ရသည်ဟု သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ပြင်းထန်သည့် ပြည်တွင်းစစ် ပေါ်ပေါက်လာနိုင်ဟု သုံးသပ်သူများ ပြောဆို
နယူးဒေလီ (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ် အရှေ့မြောက် သံလွင်မြစ် အနောက်ဘက်တွင် တည်ရှိသော တရုတ်နိုင်ငံ ယူနန်ပြည်နယ် အတွင်း ဒုက္ခသည် စခန်းများ တည်ဆောက် နေခြင်းသည် ပြင်းထန်သည့် ပြည်တွင်းစစ်များ ထပ်မံ ဖြစ်ပွားမည့် လက္ခဏာ ဖြစ်နိုင်ကြောင်း ထိုင်းအခြေစိုက် စစ်ရေး ကျွမ်းကျင်သူ တချို့က ပြောဆိုလိုက်ကြသည်။
အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အဆိုပြုချက်ကို လာမည့် လ ၂၄ ရက်နေ့ နောက်ဆုံးထား၍ အကြောင်းပြန် ကြားရန် စစ်အစိုးရက သတ်မှတ် ပေးထားသည်။ ယခုလ ၂၄ ရက်နေ့မှ စတင်ကာ တရုတ်အစိုးရ အကူအညီဖြင့် မြန်မာဘက်ခြမ်း မုန်းကိုး ဒေသနှင့် ကပ်လျက်တည်ရှိ သည့် ယူနန်ပြည်နယ် အတွင်း ဒုက္ခသည်စခန်း ၃ နေရာသတ်မှတ်၍ တည်ဆောက် နေကြောင်း ထိုင်းအခြေစိုက် ကချင် သတင်းဌာန KNG က ယခုလ ၂၅ ရက်နေ့တွင် မုန်းကိုး ဒေသခံ ဒုက္ခသည် အေဂျင်စီ ပြောဆိုချက်ကို ကိုးကား ဖော်ပြခဲ့သည်။
မုန်းကိုး ဒေသသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့ဖြစ်သည့် လောက်ကိုင်အခြေစိုက် ကချင် လွတ်မြောက် ရေး တပ်မတော် KIA တပ်မဟာနယ်မြေ အမှတ် ၄ နှင့် သံလွင်အရှေ့ဘက်ခြမ်းရှိ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် MNDAA တို့ အခြေစိုက်ထားသည့် ဒေသများအကြား တည်ရှိသည်။ ဆောက်လုပ်နေသည့် ဒုက္ခသည်စခန်း ၃ ခုကို ပလပ်စတစ် အထူစားဖြင့် ဆောက်လုပ်မည် ဖြစ်ပြီး၊ စခန်းတခုလျှင် ဒုက္ခသည် ၃၀၀၀ မှ ၆၀၀၀ အထိ လက်ခံနိုင်မည့် အဆောက်အဦးများ ဖြစ်ကြောင်း KNG က ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
တရားမဝင် ဝင်ရောက်နေသည့် တရုတ်နိုင်ငံသားများ
အမြန်ပြန်လာရန် တရုတ်က နှိုးဆော်ထား
မကြာသေးခင်က တိုက်ပွဲများဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသအပါအဝင် ရှမ်းပြည်နယ်ရှိ အပစ်ခတ်ရပ်ဒေသအတွင်း တရားမဝင် ဝင်ရောက်နေထိုင်ကြသည့် တရုတ်နိုင်ငံသားများ အမြန်ပြန်လာရန် သက်ဆိုင်ရာ နယ်စပ်ဒေသ တရုတ်အာဏာပိုင်များက နှိုးဆော်ထားသည်။
အပစ်ခတ်ရပ်အဖွဲ့များ ထိန်းချုပ်ရာဒေသအတွင်း တရားမဝင်နည်းလမ်းဖြင့် နယ်စပ်ဖြတ်ကျော်ပြီး စီးပွားရေး လုပ်ကိုင်နေကြ သူများနှင့် လောင်းကစားလုပ်ကြသူများအားလုံး ပြန်လာကြရန် အပစ်ခတ်ရပ်အဖွဲ့များမှတဆင့် တရုတ်အာဏာပိုင်များက ယခုလ (၂၅) ရက်တွင် နှိုးဆော်ထားသည်ဟု ကိုးကန့်ဒေသရှိ ချင်းရွှေဟော်မြို့မှ ကုန်သည်တဦးက ပြောသည်။ တရုတ်နိုင်ငံသားများ မြန်မာပြည်ဘက်သို့ ဝင်ထွက်သွားလာမှုအပေါ် နယ်စပ်ဒေသ တရုတ်အာဏာပိုင်များက ဝင်ထွက်ခွင့် လက်မှတ်ကို အစောပိုင်းကာလများကဲ့သို့ အလွယ်တကူ ထုတ်မပေးတော့ဘဲ တင်းကျပ်မှုများရှိနေသည်ဟု အဆိုပါဒေသခံက ပြောသည်။
တရုတ်အာဏာပိုင်များက တိုက်ပွဲများ တစုံတရာဖြစ်လျှင် တရုတ်နိုင်ငံသားများ တိုက်ပွဲဖြစ်ရာဒေသအတွင်း မည်ရွေ့မည်မျှ ရှိနေသည်သို သိရှိနိုင်ရန် ယခုကဲ့သို့ ကြိုတင်စာရင်းပြုစုချင်သကဲ့သို့ အပစ်ခတ်ရပ်အဖွဲ့နယ်မြေထဲ သွားရောက်ခွင့်ကိုလည်း ကန့်သတ်ထားချင်ပုံရကြောင်း တရုတ်-မြန်မာနယ်စပ် အကဲခတ်များက ယူဆနေကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း နယူးယောက်တွင် ရှုးဖိနပ်များဖြင့် ပစ်ပေါက်ခံရ
မဇ္ဈိမ (ချင်းမိုင်) ။ ။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရန် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ရောက်ရှိနေသည့် မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနှင့် ဝန်ကြီးချုပ် ဦးသိန်းစိန်တို့အား မြန်မာ့အရေး လှုပ်ရှားသူများက ယနေ့ ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက် နေသူ နိုင်ငံခြားရေး ဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့အား သူတို့ တည်းခိုနေသော နယူးယောက်မြို့ရှိ East Gate Hotel ရှေ့တွင် မြန်မာ့အရေး လှုပ်ရှားသူ ၃၀ ခန့်က ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စင်တင်ဘာ ၂၉ ရက်
ရက်သတ္တပတ် ၃၈၊ ၂၀၀၉
မြန်မာသတင်း
ရဲမှူးကြီးဝင်းနိုင် အချုပ်ခံထားရာမှ ထွက်ပြေးလွတ်မြောက်
အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားလုပ်မှု စသည့်စွဲချက်များဖြင့် သြဂုတ်လအတွင်း ရာထူးဖြုတ်ချခံရကာ ဖမ်းဆီးခံထားရသည့် ယခင် ရန်ကုန်တိုင်း၊ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင်သည် ပြီးခဲ့သည့်အပတ်အတွင်း ထွက်ပြေးလွတ်မြောက်သွားသည်။
ရဲမှူးကြီးဝင်းနိုင်အား ဖမ်းဆီးစစ်ဆေးနေစဉ်အတွင်း ရဲတပ်ဖွဲ့အတွင်း မမှန်မကန်လုပ်ရပ်များအား သက်သေထွက်ဆိုခဲ့သဖြင့် နေပြည်တော်တွင် အကျယ်ချုပ်ဖြင့် ဆက်လက်ချုပ်ထားရာမှ ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟု နေပြည်တော်ရှိ ရဲသတင်းတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။
ရဲမှူးကြီး ဝင်းနိုင်သည် ရှမ်းပြည်မြောက်ပိုင်း ပြည်နယ်ရဲမှူးအဖြစ် လားရှိုးတွင် မကြာသေးမီနှစ်ပိုင်းများက တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်ရှိ စီးပွားရေးသမားများနှင့် ရင်းနှီးဆက်စပ်မူများလည်းရှိ၍ ၎င်းတို့၏ အကူအညီဖြင့် တရုတ်ပြည်ဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားခြင်း ဖြစ်သည်ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
တကျောင်းလျှင် ၂ ပါးသာ ဆွမ်းခံထွက်ရန် ကန့်သတ်
ဒါကာ (မဇ္ဈိမ)။ ။ သံဃာတော်များ စုဝေးမိမည်ကို စိုးရိမ်သဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့၌ လာမည့်လ ၃ ရက်နေ့ တွင် ပြုလုပ်မည့် သီတင်းကျွတ် လပြည့်နေ့ ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ ကျောင်းတိုက် တတိုက်လျှင် သံဃာ ၂ ပါး သာ ကြွရောက်ရန် မြို့နယ် အာဏာပိုင်များက ညွှန်ကြား ထားသည်။
စစ်တွေမြို့နယ်ရှိ ဘုန်းကြီးကျောင်းပေါင်း ၂၀၀ ကျော်မှ တကျောင်းလျှင် ကျောင်းထိုင်ဆရာတော် အပါအဝင် သံဃာ ၂ ပါးစီကိုသာ ကြွရောက်ခွင့် ပြုမည်ဟု အာဏာပိုင်များက လိုက်လံအကြောင်းကြားကာ ကြွရောက်မည့် သံဃာတော်များ ၏ ဘွဲ့အမည် စာရင်းကို တကျောင်းဝင် တကျောင်းထွက် ကောက်ခံနေခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မွန်ပြည်သစ် ကန့်သတ်နယ်မြေအတွင်း
တပ်စခန်းနှင့်ဂိတ်တည်ရန် နအဖပြင်ဆင်
အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ထားသည့် အဓိကကျသော နေရာအချို့တွင် မြန်မာစစ်အစိုးရက တပ်စခန်းနှင့် ဂိတ်သစ်များ တိုးချဲ့ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရှိရသည်။
အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) ၏ လျှို့ဝှက်ညွှန်ကြားချက်ဖြင့် မွန်ပြည်သစ်ထိန်းချုပ်ရာ ဘုရားသုံးဆူ နယ်စပ်ဒေသ တနေရာနှင့် သထုံခရိုင်၊ ကျိုက်မရောနှင့် ကော့ကရိတ်မြို့နယ်တို့တွင် ရွေးချယ်ထားကြောင်း ရတခ လက်အောက်ခံ တပ်ရင်းတရင်းမှ နအဖဗိုလ်မှူးတဦးက ပြောကြားသည်။
မြန်မာစစ်အစိုးရက မွန်ပြည်သစ် ကန့်သတ်နယ်မြေအတွင်း တပ်တည်စခန်းနှင့် ဂိတ်သစ်တိုးချဲ့ရန် စီစဉ်နေသည်မှာ မှန်ကန်ကြောင်း မွန်ပြည်သစ် စစ်ဘက်အရာရှိတဦးကလည်း အတည်ပြုပြောကြားခဲ့ပြီး ထိုသို့ အမှန်တကယ် အကောင်အထည်ဖော်ခဲ့ပါက နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားနိုင်သည်ဟု ဆိုသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
စွမ်းအားရှင်များ တုတ်ရိုက် လေ့ကျင့်
ရွှေလီ (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ကြည့်မြင်တိုင် မြို့နယ်တွင် ယခုတလော ညပိုင်းတွင် လျှပ်စစ်မီး အမှောင်ချကာ လမ်းများပေါ်တွင် စွမ်းအားရှင်များ တုတ်ရိုက်နည်း လေ့ကျင့် နေကြောင်း သံဃာတပါးက မိန့်ဆိုသည်။ အဆိုပါ စစ်အစိုးရမှ ကျောထောက် နောက်ခံပြု၍ ဖွဲ့စည်း ပေးထားသည့် စွမ်းအားရှင် အဖွဲ့မှ အဖွဲ့ဝင်တဦးကို တရက် လျှင် ကျပ် ၃၀၀၀ ပေး၍ ခေါ်ယူ လေ့ကျင့် ခိုင်းကြောင်းနှင့် သံဃာ့ လှုပ်ရှားမှုများ ပေါ်ပေါက် ခဲ့သည်ရှိသော် တရက် လျှင် ကျပ် ၅၀၀၀ အထိ ပေးမည်ဟု ဒေသ အာဏာပိုင်များက ပြောဆိုထားကြောင်း ဦးဇင်းက ဆက်လက် မိန့်ဆို သည်။
ထို့အပြင် ရွှေဝါရောင် တော်လှန်ရေး ၂ နှစ်မြောက် နှစ်ပတ်လည် ကာလတွင် ရန်ကုန်ရှိ ဘုန်းကြီးကျောင်း များအား အာဏာပိုင်များက စောင့်ကြည့် နေကြောင်းနှင့် လုံခြုံရေးများ လှည့်လည် နေကြောင်း သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကေအိုင်အိုနှင့် မြောက်ပိုင်းတိုင်းမှူးတို့ ထပ်မံတွေ့ဆုံ
နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးနှင့်ပတ်သက်၍ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယနေ့ထပ်မံဆွေးနွေးနေသည်။
ယခုလ (၉) ရက်နေ့က နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို အဓိကတာဝန်ယူထားသည့် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ကေအိုင်အို ကိုယ်စားလှယ်တို့ တွေ့ဆုံပြီး တလမပြည့်ခင် ယခုကဲ့သို့ မပခတိုင်းမှူးနှင့် ထပ်မံတွေ့ဆုံရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ယခုလ (၉) ရက်နေ့က မြစ်ကြီးနားမြို့၊ မပခဌာနချုပ်တွင် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က နယ်ခြားစောင့်တပ် (BGF) မှလွဲ၍ မည်သည့်အမည်ကိုမျှ ရွေးချယ်ရန် မလိုအပ်သည့်အကြောင်း ပြောဆိုခဲ့ပြီး ကေအိုင်အိုအဖွဲ့ကလည်း ကချင်ပြည်နယ်လူထု ကိုယ်စားလှယ်များ၏ ဆုံးဖြတ်ချက်အရ ကချင်ဒေသကာကွယ်ရေးတပ် (KRGF) သာ လိုလားကြောင်းကို ပြောဆိုခဲ့၍ ထပ်မံဆွေးနွေးရန် ဆုံးဖြတ်ခဲ့ရသည်ဟု ကေအိုင်အိုအဖွဲ့ ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
နေအိမ် ပြုပြင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် တောင်းဆို
နယူးဒေလီ (မဇ္ဈိမ)။ ။ နေအိမ် ပြုပြင်ရေး အတွက် ကိုယ်စားလှယ် လွှဲစာ ရယူရန် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခွင့် ရရှိရေးအတွက် အာဏာပိုင်များထံ ယမန်နေ့က ခွင့်ပြုချက် တောင်းထားကြောင်း ပါတီ ပြောခွင့်ရ ဦးဥာဏ်ဝင်းက ပြောသည်။
လုံခြုံမှု မရှိသည့် အပေါ်ထပ် ဝရံတာကို အခန်းဖွဲ့ရန် မြို့တော် စည်ပင်ထံမှ တင်ပြရမည် ဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည် ၏ ကိုယ်စားလှယ် လွှဲစာ လက်မှတ် ရယူရေးအတွက် ရန်ကုန်တိုင်း ရဲအထူးသတင်း တပ်ဖွဲ့ထံ တောင်းဆို ထားခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မြန်မာနှင့် အမေရိကန်ပြည်ထောင်စုက တိုက်ရိုက်ဆက်ဆံသွားမည်
အမေရိကန်အစိုးရက မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်ဆက်ဆံပြောဆိုမှုများ ပြုလုပ်သွားမည်ဖြစ်သကဲ့သို့ တဖက်၌လည်း ပိတ်ဆို့တားမြစ်မှုကို ဆက်လက်ထားရှိမည်ဟု အမေရိကန်အစိုးရက တရားဝင် ထုတ်ဖော်ပြောကြားလိုက်သည်။
အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်ဘဲလ်က မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ပေါ်လစီသစ်တရပ်ကို ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာစစ်အစိုးရအာဏာပိုင်များနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုများ စတင်ပြုလုပ်ရန် ရည်ရွယ်ကြောင်းလည်း မစ္စတာ ကမ်ဘဲလ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
နိုင်ငံတကာ ဒုက္ခသည်အဖွဲ့က အမေရိကန်၏ မြန်မာပြည်ဆိုင်ရာ မူဝါဒသစ်ကို ကြိုဆို
နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံခြားရေးဌာနက ကြေညာလိုက်သော မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသစ်တွင် မြန်မာပြည်သူများကို လူသားချင်းစာနာသည့် အကူအညီများ ပိုမိုပေးအပ်မည်ဟု ပါရှိသည့်အတွက် နိုင်ငံတကာ ဒုက္ခသည်များအဖွဲ့ Refugee International – RI က တနင်္လာနေ့တွင် အမေရိကန် နိုင်ငံကို ကြိုဆိုလိုက်သည်။
မြန်မာနိုင်ငံကို အကူအညီ ပေးနိုင်ရေးအတွက် လုံလောက်သော ဘဏ္ဍာရန်ပုံငွေများ ပေးအပ်ပါရန်လည်း ကွန်ဂရက် လွှတ်တော်ကို RI က တိုက်တွန်းလိုက်သေးသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စင်တင်ဘာ ၃၀ ရက်
ရက်သတ္တပတ် ၃၈၊ ၂၀၀၉
မြန်မာသတင်း
KIO က စစ်အစိုးရနှင့် ဌာနအချို့ ပူးပေါင်း ဆောင်ရွက်လို
မဇ္ဈိမ (ချင်းမိုင်)။ ။ ကချင်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ KIO က ၎င်းတို့၏ ဌာနအချို့ကို စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားလို ကြောင်း ယမန်နေ့က တောင်းဆို ခဲ့သည်။
နအဖ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းနှင့် KIO ကိုယ်စားလှယ်များသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး (BGF) နှင့် ပတ်သက်ပြီး ယမန်နေ့ နံနက် ၁၀ နာရီမှ ၁၂ နာရီထိ ဆွေးနွေးခဲ့ကြရာ KIO က ထိုကဲ့သို့ တောင်းဆို တင်ပြခဲ့ခြင်း ဖြစ်သည်။
မပခ စစ်ဌာနချုပ်၌ တွေ့ဆုံမှုတွင် KIO အဖွဲ့ကို ဒုဥက္ကဋ္ဌ ဂေါင်ရီဇော်ဆိုင်း ဦးဆောင်ပြီး စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် သစ်တော ထိန်းသိမ်းရေး၊ ဒေသ ဖွံ့ဖြိုးရေး ဌာနများမှ တာဝန်ခံများ အနည်းဆုံး ၁၀ ဦးခန့် တက်ရောက် ခဲ့သည်။ စစ်အစိုးရဘက်ကမူ မပခ တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) ဗိုလ်မှူးကြီး သက်ပုံ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
ဌာနတချို့ ပူးပေါင်း ဆောင်ရွက်မည်ဟု KIOက တင်ပြခဲ့သော်လည်း တိုင်းမှူးက မည်သည့် တုံ့ပြန်ချက်မှ မပေးခဲ့ပါ။
KIO စစ်ဖက် ခေါင်းဆောင်များ အကြား လာမည့် ရက်ပိုင်းအတွင်း အစည်းအဝေး ပြုလုပ်ပြီးနောက် ဗိုလ်ချုပ်စိုးဝင်းနှင့် ထပ်မံ တွေ့ဆုံဦးမည်ဟု သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး
အာဆီယံ ဖိအားဆက်ပေးသင့်ဟု ဦးဝင်းတင်ပြော
အာဆီယံအသင်းကြီးအနေဖြင့် အနောက်နိုင်ငံများ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို သေချာလေ့လာသင့်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် မြန်မာစစ်အစိုးရကို ဆက်လက် ဖိအားပေးသင့်ကြောင်း အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဝင်းတင်က ပြောသည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာကဆစ်ပီရွန်းက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် မြန်မာစစ်အစိုးရထံ မေတ္တာရပ်ခံစာပေးပို့မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း နယူးယောက်မြို့တွင် ထုတ်ဖော်ပြောဆိုမှုအပေါ် ဦးဝင်းတင်က တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး မေတ္တာရပ်ခံစာပေးပို့မည့် အစီအစဉ်ဖျက်သိမ်းရခြင်းသည် ကုလသမဂ္ဂ၊ အမေရိကန်နှင့် အီးယူနိုင်ငံတို့က ၎င်းတို့၏မူဝါဒများကို ပြန်လည်သုံးသပ်နေကြပြီး မြန်မာနိုင်ငံနှင့် ပိုမိုထိတွေ့ဆက်ဆံမည့် အလားအလားများ ရှိနေသည့်အတွက်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက စက်တင်ဘာ (၂၈) ရက်တွင် နယူးယောက်မြို့၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအပေါ် ပိုပြီးပြင်းထန်သည့် ရပ်တည်ချက်များ ချမှတ်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အာဆီယံ နိုင်ငံများကို တိုက်တွန်းခဲ့ခြင်းမရှိဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်ပီရွန်းက ပြောဆိုခဲ့ကြောင်းလည်း ယမန်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုနေချိန်မှစ၍ တကမ္ဘာလုံးက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ၀ိုင်းဝန်းတောင်းဆိုနေချိန်တွင် အာဆီယံအသင်းကြီးက ပိုမိုဖိအားပေးသင့်သည်ဟု ဦးဝင်းတင်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
စင်တင်ဘာ ၁ ရက်
ရက်သတ္တပတ် ၃၈၊ ၂၀၀၉
မြန်မာသတင်း
ဗကသ က အဝါရောင် လှုပ်ရှားမှု စတင်
မဇ္ဈိမ (ချင်းမိုင်)။ ။ တတိယအကြိမ်မြောက် ပတ္တနိက္ကုဇ္ဇန ကံဆောင်မှုကို လှုံ့ဆော်သောအားဖြင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် - ဗကသ က အဝါရောင်လှုပ်ရှားမှုတခု ယနေ့ ပြုလုပ်လိုက်ကြောင်း လှုပ်ရှားမှုကို ဦးဆောင်သူ ကိုမင်းသွေးသစ်က ပြောသည်။
ဗကသ ဦးဆောင်မှု အောက်ရှိ ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂက ရန်ကုန်မြို့မှ ဗိုလ်ချုပ်ဈေး၊ သီရိမင်္ဂလာဈေး၊ တာမွေဈေး၊ တောင်ဥက္ကလာဈေး၊ မြောက်ဥက္ကလာဈေးစသည့် လူစည်ကားရာ နေရာများတွင် အဝါရောင် တီရှပ်အင်္ကျီ များ ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသော သံဃာတော်များကို အမြန်လွှတ်ပေးရန်၊ ၂၀၀၇ ခုနှစ် စက်တင်ဘာ မေတ္တာပို့ ဆုတောင်းပွဲ၌ သံဃာတော်များအား ဖမ်းဆီးသတ်ဖြတ်ထားမှုအတွက် ယခုလ ၂ ရက်နေ့ နောက်ဆုံးထား တောင်းပန်ရန် နအဖ စစ်အစိုးရအား သတိပေးသည့် မြန်မာနိုင်ငံ သံဃာ့ တပ်ပေါင်းစုအဖွဲ့၏ ယခင်လ ထုတ်ပြန်ချက်အား ထောက်ခံသည့် လှုပ်ရှားမှုတခုလည်း ဖြစ်ကြောင်း သိရသည်။
သံဃာတော်များ၏ ထုတ်ပြန်ချက်၌ အကယ်၍ နအဖ စစ်အစိုးရက သတိပေးချက်ကို မလိုက်နာပါက ယခုလ ၃ ရက်နေ့တွင် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
(၅,ဝဝဝ) တန်ငွေစက္ကူ သတင်းဆောင်းပါးများ ပိတ်ဆို့ခံရ
(၅,ဝဝဝ) ကျပ်တန် ငွေစက္ကူ အသစ်ထုတ်ဝေမည့်အကြောင်း သတင်းဆောင်းပါးရေးသားချက်များကို ယခုတပတ်အတွင်း ထုတ်ဝေသောဂျာနယ်များတွင် စာပေစိစစ်ရေးက ဖော်ပြခွင့်မပြုဘဲ တားမြစ်ပိတ်ပင်ခဲ့ကြောင်း ပြည်တွင်း သတင်းဂျာနယ်များထံမှ သိရှိရသည်။ အခြားဂျာနယ် အယ်ဒီတာတဦးကလည်း ဂျာနယ်အားလုံးကို ကျပ် (၅,ဝဝဝ) တန်နှင့် ပတ်သက်သည့် ဝေဖန်သုံးသပ်ချက်များကို ပိတ်ပင်ခဲ့သော်လည်း Weekly Eleven နှင့် 7Days ဂျာနယ်တို့တွင်မူ ငွေကြေးနှင့် ဘဏ်လုပ်ငန်းပညာရှင် ဦးဝင့်ကျော်နှင့် တွေ့ဆုံခန်းအတို ဖော်ပြခွင့်ရခဲ့သည်ဟု ပြောဆိုသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အမေရိကန်က စစ်အစိုးရကို စတင်ပိုးပန်း
နယူးဒေလီ (မဇ္ဈိမ)။ ။ အမေရိကန်၏ မူဝါဒသစ်ကို ကြေညာခဲ့ပြီးနောက် အမေရိကန်က မြန်မာနိုင်ငံနှင့် ပထမဆုံး အစည်းအဝေးကို ယခု တပတ် အင်္ဂါနေ့တွင် ကျင်းပခဲ့သည်။
ဗာဂျီးနီးယားပြည်နယ် အထက် လွှတ်တော်အမတ် ဂျိမ်းစ်ဝက်ဘ်ကလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒသစ်နှင့် စပ်လျဉ်း၍ လွှတ်တော် ကြားနာပွဲ တရပ်ကို ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည်။ ယင်းတွင် မြန်မာနိုင်ငံတွင်း အပြောင်းအလဲများ ဖြစ်ပေါ်ရေးအတွက် အမေရိကန်က လုပ်ဆောင်နိုင်မည့် အခန်းကဏ္ဍကို ဆွေးနွေး ခဲ့ကြသည်။
အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကတ်ကင်းဘဲလ် Kurt Campbell နှင့် မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဦးသောင်းတို့ နယူးယောက်တွင် ဗုဒ္ဓဟူးနေ့က တွေ့ဆုံကာ အကြောင်းအရာ ပေါင်းစုံကို အကျယ်အပြန့် ဆွေးနွေးခဲ့သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။
နိုင်ငံခြားရေး ဝန်ကြီးဌာန လက်ထောက် ပြောရေးဆိုခွင့် ရှိသူ ဖိလစ်ဂျေခရိုလီ Philip J. Crowley က ပုံမှန် ကျင်းပသော ဗုဒ္ဓဟူးနေ့က သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနှင့် အမေရိကန် ကိုယ်စားလှယ်များသည် နိုင်ငံရေး အကျဉ်းသားကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသော ပဋိပက္ခများ၊ မြန်မာစစ်အစိုးရနှင့် တိုင်းရင်းသား အင်အားစုများအကြား တွေ့ဆုံ ဆွေးနွေးပွဲများ စသဖြင့် အကြောင်းအရာ ပေါင်းစုံကို အကျယ်အပြန့် ဆွေးနွေးခဲ့သည်ဟု ပြောဆိုသွားခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
တွေ့ဆုံစကားပြောဆိုမှု စတင်သော်လည်း
ပိတ်ဆို့အရေးယူမှု ရှိနေဆဲဟု အမေရိကန်အမတ်ပြော
မြန်မာစစ်အစိုးရအာဏာပိုင်များနှင့် တိုက်ရိုက်ဆက်ဆံမှုများ လုပ်ဆောင်သွားမည့်ပေါ်လစီသစ်ကို ချမှတ်ထားသော်လည်း မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများကိုမူ လျှော့ပေါ့ပေးလိမ့်မည် မဟုတ်ဟု အမေရိကန်အစိုးရက ယမန်နေ့က ပြောကြားလိုက်သည်။
အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်ဘဲလ်သည် စက်တင်ဘာ (၂၉) ရက်တွင် နယူးယောက်မြို့၌ မြန်မာစစ်အစိုးရ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်းနှင့်တွေ့ဆုံခဲ့ပြီးနောက် ယင်းသို့ ပြောကြားခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
စင်တင်ဘာ ၂ ရက်
ရက်သတ္တပတ် ၃၈၊ ၂၀၀၉
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်အယူခံမှု ပယ်ချခံရ
နေအိမ်အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား ၀င်ရောက်ခဲ့မှုကြောင့် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် အင်းစိန်ခရိုင်အထူးတရားရုံးက ပြစ်ဒဏ်များချမှတ်ခဲ့မှုအပေါ် ရန်ကုန်တိုင်းတရားရုံးသို့ အယူခံတင်ခဲ့ရာ ယနေ့ တိုင်းတရားရုံးက အယူခံအမှုကို ပယ်ချလိုက်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ပြည်ပရောက် သံဃာများလည်း ကံဆောင်သပိတ် ဆင်နွှဲသွားမည်
နယူးဒေလီ (မဇ္ဈိမ)။ ။ ပြည်တွင်း သံဃာတော်များနှင့်အတူ နိုင်ငံတကာရောက် သံဃာတော်များကလည်း စစ်အာဏာပိုင်များအပေါ် သပိတ်မှောက်သည့် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲ လုပ်ဆောင်သွားမည်ဟု သိရသည်။
မြန်မာပြည်တွင်းရှိ ရဟန်းသံဃာများအား ပံပိုးသည့်အနေဖြင့် နိုင်ငံတကာရောက် ရဟန်းတော်များကပါ သပိတ်မှောက် ကံဆောင်ပွဲများ မနက်ဖြန်တွင် ပြုလုပ်သွားမည်ဟု သိရခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ချီဗွေတွင် နအဖ အခြေချတပ်စခန်းအသစ် တည်ဆောက်
ကချင်ပြည် ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ထိန်းချုပ်ရာ ပန်ဝါဒေသအနီး ချီဗွေမြို့နားတွင် နအဖ အခြေချတပ်စခန်းအသစ် တည်ဆောက်ရန် ပြင်ဆင်နေသည်။
ယခင်က ချီဗွေ ရဲစခန်းအနီးတွင် နအဖ ရှေ့တန်းတပ်စခန်းတခု ရှိခဲ့ရာမှ ချီဗွေမြို့ပြင်ရှိ တောင်ကုန်းပေါ်တွင် အမြဲတမ်း အခြေချသွားမည့် စစ်တပ်တည်ဆောက်ရန် စီစဉ်နေသည်ဟု စစ်တပ်နှင့်နီးစပ်သူ ဒေသခံတဦးက ပြောသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံ တပ်ရင်းများက အလှည့်ကျ ရှေ့တန်းစခန်းအဖြစ် လှုပ်ရှားနေရသည့် ချီဗွေအနီးတွင် အခြေချတပ်စခန်းသစ်အဖြစ် တည်တော့မည်ဖြစ်သော်လည်း တပ်၏အမည်ကိုမူ မသိရှိရသေးကြောင်း အဆိုပါ ဒေသခံက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ရေထွက်ကုန်နှင့် ပဲ ပြည်ပတင်ပို့မှု အခက်ကြုံ
မဇ္ဈိမ (ချင်းမိုင်)။ ။ ဒေါ်လာ ဈေးတက်သဖြင့် ငါး-ပုဇွန်၊ ပဲမျိုးစုံ လုပ်ငန်း၏ ပြည်ပတင်ပို့နေမှုနှင့် ပြည်တွင်းဝယ်ယူမှု တွင် အခက်အခဲများ ရင်ဆိုင်နေရကြောင်း ရန်ကုန်မြို့မှ ပို့ကုန် လုပ်ငန်းရှင်များက ပြောသည်။
၅၀၀၀ တန် ငွေစက္ကူအသစ် ထုတ်မည်ဟု စစ်အစိုးရက ကြေညာခဲ့ပြီးနောက် ဒေါ်လာဈေးနှုန်းမှာ ၁၀၆၀ ကျပ်မှ ယနေ့ ၁၁၈၅ ကျပ်သို့ မြင့်တက်လာခြင်းကြောင့် ပို့ကုန်ကုမ္ပဏီများသည် ပြည်တွင်းဝယ်ယူဈေး မြင့်တက်နေသော်လည်း ပြည်ပတင်ပို့မှုတွင်မူ ဈေးပိုမရသောကြောင့် အခက်အခဲကြုံနေခြင်း ဖြစ်သည်။

Monday, September 28, 2009
သတင်းမှတ်စု ( ၃၈ )
စင်တင်ဘာ ၂၁ ရက်
ရက်သတ္တပတ် ၃၇၊ ၂၀၀၉
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် သွေးပေါင်ချိန် ကျနေ
မဇ္ဈိမ (ချင်းမိုင်)။ ။ နေအိမ်၌ အကျယ်ချုပ် ကျခံထားရသူ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သွေးပေါင်ချိန် ကျနေကြောင်း အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်ထံ သူမ၏ ဆရာဝန် ဒေါက်တာတင်မျိုးဝင်း သွားရောက်၍ ကျန်းမာရေး စစ်ဆေးခွင့် ရရှိခဲ့ရာမှ သိလာရကြောင်း ပါတီပြောခွင့်ရ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောဆိုခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကိုးကန့်အရေးအခင်းတွင် တာဝန်ရှိသည့်
နအဖစစ်တပ် ဗိုလ်မှူးချုပ်တဦးအား အရေးယူ
ပြီးခဲ့သည့်လကုန်ရက်များက ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်၊ အထူးဒေသ (၁) ကိုးကန့်နယ်မြေ အရေးအခင်းအတွင်း အဓိကတာဝန်ရှိသည့် လောက်ကိုင်ဒေသဆိုင်ရာ ကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သည် အရေးယူခြင်း ခံနေရသည်။
ကိုးကန့်တပ်ဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်၊ ဖုန်ကြားဖုတို့အား ဖမ်းဆီးပြီး ကိုးကန့်တပ်ဖွဲ့အတွင်း ဖုန်မိသားစုတို့နှင့် သဘောထားကွဲလွဲသည့် ပိုင်စုံချိန်ကို အာဏာသိမ်းခိုင်းရန် လောက်ကိုင်ဒကစမှူး ဗိုလ်မှူးချုပ် ဝင်းမောင်အား တာဝန်ပေးထားခဲ့ရာ အဆိုပါ တာဝန်မကျေပွန်သည့်အတွက် လာဘ်ငွေယူမှုစွဲချက်ဖြင့် အရေးယူထားသည်ဟု အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) နှင့် နီးစပ်သူ လားရှိုးကုန်သည်တဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အထိန်းသိမ်းခံ နိုင်ငံသားကို အမေရိကန်သံရုံး တွေ့ဆုံ
နယူးဒေလီ (မဇ္ဈိမ) ။ ။ အဖမ်းခံရပြီး ရက်သတ္တပတ် တချို့အကြာ ယမန်နေ့က အမေရိကန် နိုင်ငံသား ကိုကျော်ဇောလွင်အား သံအရာရှိများ တွေ့ဆုံခွင့် ရရှိခဲ့ကြောင်း ရန်ကုန်ရှိ အမေရိကန် သံရုံးက ပြောသည်။
''အမေရိကန် သံရုံးက အမေရိကန် နိုင်ငံသား ကိုကျော်ဇောလွင်အား တနင်္ဂနွေနေ့ ၂၀၀၉ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့တွင် သံအရာရှိများ တွေ့ဆုံမှု ပြုလုပ်ခွင့် ရခဲ့ပါတယ်'' ဟု ရန်ကုန်ရှိ အမေရိကန် သံရုံး ပြည်သူ့ရေးရာ အရာရှိ Drake Weisert က မဇ္ဈိမကို ပြောသည်။
ယခုလ ၃ ရက်နေ့တွင် ရန်ကုန် မင်္ဂလာဒုံ လေဆိပ်သို့အရောက် ကိုကျော်ဇောလွင်အား အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းထားခဲ့ကြောင်း Weisert က ယနေ့ အတည်ပြု ပြောကြားသည်။
ရွှေဝါရောင် တော်လှန်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့်အတွက် ကိုကျော်ဇောလွင်၏ ညီမ ၃၅ နှစ်အရွယ် မသက်သက်အောင်သည် ထောင်ဒဏ် ၆၅ နှစ်ကျခံနေရပြီး၊ မိခင်မှာ ထောင်ဒဏ် ၅ နှစ် ကျခံနေရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စစ်အစိုးရနှင့် အန်ဒီအေ-ကေ အတွင်းရေးမှူးဟောင်း
လျှို့ဝှက်တွေ့ဆုံဆွေးနွေး
စစ်အစိုးရက လွန်ခဲ့သည့် (၄) နှစ် အာဏာသိမ်းပွဲတွင် မအောင်မြင်ခဲ့သည့် အန်ဒီအေ (ကချင်) အတွင်းရေးမှူးဟောင်း ဦးလယောက်ဇယ်လွန်းအဖွဲ့နှင့် လျှို့ဝှက်ဆွေးနွေးနေကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်အရာရှိတဦးက ပြောသည်။
အန်ဒီအေ (ကချင်) အဖွဲ့နှင့် နီးစပ်သူတဦးကလည်း ယခုကဲ့သို့ ဦးဇလွန်းအဖွဲ့နှင့် စစ်အစိုးရ လျှို့ဝှက်ဆွေးနွေးမှုများ ရှိနေကြောင်း အတည်ပြုပြောကြားသည်။ ယခုတကြိမ် ခေါ်ယူတွေ့ဆုံမှုမှာမူ ထူးခြားကြောင်း၊ ဦးလယောက်ဇယ်လွန်းနှင့်အဖွဲ့ကို သီးခြားအဖွဲ့တခုအဖြစ် ဖွဲ့စည်းပေးထားပြီး နယ်မြေတခု ပေးထားမည်ဖြစ်ကြောင်း၊ လက်ရှိ အန်ဒီအေ(ကချင်) ခေါင်းဆောင် ဦးဆခုံတိန့်ယိန်းနှင့် ပတ်သက်ပြီး စစ်အစိုးရ အနေဖြင့် အလိုမကျဖယ်ရှားလိုပါက ဒေသလူထု ထောက်ခံမှုရထားပြီး အဆိုပါဒေသကို နှစ် (၄ဝ) နီးပါး ခေါင်းဆောင်ခဲ့သည့် ဦးလယောက်ဇယ်လွန်းဖြင့် ချက်ချင်း အစားထိုးနိုင်ရန်ဖြစ်ကြောင်း အန်ဒီအေ (ကချင်) အဖွဲ့နှင့် နီးစပ်သူက ဆက်လက်ရှင်းပြသည်။
အတွင်းရေးမှူးဟောင်း ဦးလယောက်ဇယ်လွန်း၏ အဖွဲ့တွင် ဦးမန်ကျီခေါင်လွန်း၊ ဦးစံဝေခေါင်လွန်း၊ ဦးချန်းလန်း၊ ဦးဇုံးလန်း စသည့်ခေါင်းဆောင်များ ပါဝင်ကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အန်အယ်ဒီက နိုင်ငံရေး အကျဉ်းသားများကို ဆေးကုသပေး
နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူမှုအထောက်အကူပြု လုပ်ငန်းအဖွဲ့က ပြန်လွတ်လာသော နိုင်ငံရေး အကျဉ်းသားများကို ကျန်းမာရေး စစ်ဆေးကုသမှု ပေးနေကြောင်း သိရသည်။
ယခုလ ၁၈ ရက်နေ့မှစ၍ အကျဉ်းထောင်များမှ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွတ်လာသည့် သံဃာ၊ အမျိုးသမီး၊ လွှတ်တော်အမတ်နှင့် ပါတီဝင်များအား ကျန်းမာရေး ကုသမှုပေးနေရာ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အန်အယ်ဒီ ရုံးချုပ်သို့ ရောဂါသည် ၁၅ ဦး ထက်မနည်း လာရောက် ပြသခဲ့ပြီးဖြစ်ကြောင်း ပါတီ တာဝန်ရှိသူများက ပြောဆိုခြင်း ဖြစ်သည်။ ရုံးချုပ်တွင် ဆရာဝန်များက စစ်ဆေးပြီး၊ ရောဂါတွေ့လျှင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းထံ စေလွှတ်ကုသခြင်းနှင့် ဆေးဝါးလိုအပ်ပါက ငွေထောက်ပံ့ခြင်း ပြုလုပ်သည်။
ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူးနှင့် တနင်္သာရီတိုင်း၊ ချင်း၊ ကချင်၊ ရခိုင်နှင့် မွန်ပြည်နယ်ရှိ အန်အယ်ဒီ လူမှုထောက်ကူ အဖွဲ့များကလည်း ၎င်းတို့ဒေသရှိ ထောင်များမှ ပြန်လွတ်သည့် နိုင်ငံရေး အကျဉ်းသားများ လမ်းစရိတ် မလုံလောက်လျှင် ထောက်ပံ့ကာ၊ ကျန်းမာရေးအတွက် ဆေးဝါး ကူညီနေသည်ဟု ဦးအုန်းကြိုင်က ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ထိုင်းနှင့်မြန်မာ ပူးတွဲမေတ္တာပို့လမ်းလျှောက်ပွဲ
မဲဆောက်မြို့တွင် ပြုလုပ်
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိရန်အတွက် ထိုင်းနှင့်မြန်မာနိုင်ငံသားများ ပထမဆုံးအကြိမ်ပူးတွဲကာ ယနေ့နံနက်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့၌ မေတ္တာပို့လမ်းလျှောက်ပွဲ ပြုလုပ်ခဲ့သည်။
ယနေ့ကျရောက်သည့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် ထိုင်းအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် လမ်းလျှောက်ပွဲကို ကျင်းပခြင်းဖြစ်ပြီး မြန်မာ့အရေးဆောင်ရွက်နေကြသည့် ထိုင်းအစိုးရမဟုတ်သောအဖွဲ့ (၆) ဖွဲ့နှင့် မြန်မာပြည်ဒီမိုကရေစီရရှိရေးအဖွဲ့အချို့တို့ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။
လမ်းလျှောက်ပွဲ ဦးဆောင်သူတဦးဖြစ်သူ Forums-Asia အဖွဲ့မှ ခွန်ချာလီဒါဖားကျလိမ်းဆတ်က “ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ မြန်မာ့ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းမေတ္တာပို့ လမ်းလျှောက်ပွဲ ကျင်းပရခြင်းဖြစ်တယ်” ဟု ပြောသည်။
မေတ္တာပို့လမ်းလျှောက်ပွဲကို လူအင်အား (၂၀၀) ခန့်က မဲဆောက်မြို့ထိပ်ရှိ ထိုင်းသူရဲကောင်းကျောက်တိုင်မှ မဲဆောက်မြို့ကိုဖြတ်ကာ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအထိ (၁၀) ကီလိုမီတာအကွာအဝေးကို လမ်းလျှောက်ကြပြီး လမ်းခရီးတလျှောက်တွင် မြန်မာပြည်ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သည့် မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် ရေးသားထားသည့်ပိုစတာများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကြပြီး မြန်မာသံဃာတော်များက မေတ္တာသုတ်များ ရွတ်ဆိုပေးကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ရခိုင်ပြည်နယ်တွင် ဖမ်းဆီးမှုနှင့် စောင့်ကြပ်မှုများ ရှိနေ
ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် မြို့တော်စစ်တွေ၌ တက်ကြွလှုပ်ရှားသူ လူငယ်များအား ဖမ်းဆီးခြင်းနှင့် သံဃာတော်များအား အနီးကပ် စောင့်ကြပ်မှုများ ရှိနေကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
ယခုလ ၁၃ ရက်နေ့တွင် တက်ကြွလှုပ်ရှားသူ လူငယ်များဖြစ်သည့် စစ်တွေမြို့ လမ်းမကြီးနေ တူတူချေ၊ မောင်သူ၊ ကုလားချေနှင့် မောင်တောဇာတိဖြစ်ပြီး စစ်တွေတွင် အင်္ဂလိပ်စကားပြောသင်တန်း သင်ပြနေသူ ၂၆ နှစ်အရွယ် ခိုင်ကျော်မိုးတို့ အဖမ်းခံရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နိုင်ငံမဲ့ဖြစ်နေသည့် လူငယ်လေး မောင်သောင်ဒီ
နိုင်ငံတကာ စက္ကူလေယာဉ်ပြိုင်ပွဲတွင် တတိယဆုရရှိ
နိုင်ငံမဲ့ဖြစ်နေသည့် အသက် (၁၂) နှစ်အရွယ် လူငယ်လေး မောင်သောင်ဒီသည် ထိုင်းငံကိုယ်စားပြုပါဝင်သော ဂျပန်နိုင်ငံ၌ ပြုလုပ်သည့် နိုင်ငံတကာစက္ကူအရုပ်ချိုး လေယာဉ်ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့ပြီး ယနေ့ ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။
မောင်သောင်ဒီ၏ စက္ကူလေယာဉ်သည် လေထဲတွင် (၁၀.၅၃) စက္ကန့် ၀ဲပျံနိုင်ပြီး နိုင်ငံတကာမှ အသက် (၁၂) နှစ်အရွယ် လူငယ်လေးများပါဝင် သည့် တဦးချင်း စက္ကူလေယာဉ်လွှတ်ပြိုင်ပွဲတွင် တတိယဆု ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။
တဦးချင်း ပြိုင်ပွဲမတိုင်ခင် ပြီးခဲ့သည့်စနေနေ့က ပြုလုပ်သည့် ယှဉ်ပြိုင်သူ (၃) ဦးပါ အသင်းလိုက်ပြိုင်ပွဲတွင်လည်း မောင်သောင်ဒီ ပါဝင်သည့် အသင်းက ပထမဆုရရှိခဲ့ပြီး မောင်သောင်ဒီ၏ စက္ကူလေယာဉ်ပျံက (၁၁) စက္ကန့် ၀ဲပျံနိုင်ခဲ့သည်ဟု TNA သတင်းတွင် ဖော်ပြပါရှိသည်။
မောင်သောင်ဒီ၏ မိဘများသည် ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်သည့် ရွှေ့ပြောင်းအလုပ်သမား မြန်မာနိုင်ငံမှ ရှမ်းတိုင်းရင်းသားများဖြစ်ပြီး မောင်သောင်ဒီအား ချင်းမိုင်မြို့တွင် မွေးဖွားခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဗန်းမော်ထောင်မှ နိုင်ငံရေးအကျဉ်းသား တဦး ပြန်လွတ်လာ
မဇ္ဈိမ (ရွှေလီ)။ ။ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွှတ်ပေးနေသည့် အကျဉ်းသားများအနက် ကချင်ပြည်နယ် ဗန်းမော် အကျဉ်းထောင်မှ နေ၍ နိုင်ငံရေး အကျဉ်းသားဖြစ်သူ ဗန်းမော်မြို့နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးဘမြင့် တဦးသာ ပြန်လွတ် လာသည်။
အကျဉ်းသားများ စတင်လွှတ်ပေးသည့် ယခုလ ၁၈ ရက်နေ့ ညပိုင်းတွင် ဗန်းမော်ထောင်မှ အကျဉ်းသားပေါင်း ၅၂ ဦး ပြန်လွှတ်ပေးရာ နိုင်ငံရေးအမှုဖြင့် ပြစ်ဒဏ်ကျခံ နေရသူများအနက် သူတဦးသာ အဆိုပါ ထောင်မှ ပြန်လွတ်လာခြင်း ဖြစ်သည်။
(မဇ္ဈိမ သတင်းမှ ကောက်နှုတ်ချက်)
+++++
စင်တင်ဘာ ၂၂ ရက်
ရက်သတ္တပတ် ၃၇၊ ၂၀၀၉
မြန်မာသတင်း
အန်အယ်လ်ဒီခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရပါက
ပါတီမူဝါဒများ ဆွေးနွေးမည်ဟု ဦးဝင်းတင်ပြော
အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေဖြင့် နေအိမ်အကျယ်ချုပ် ချထားခံရသည့် ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခွင့်ရပါက ပါတီရှေ့ဆက်ရမည့် မူဝါဒများကို အဓိကထားဆွေးနွေးကြမည်ဟု ပါတီဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဝင်းတင်က ပြောကြားသည်။
နေအိမ်အကျယ်ချုပ်ချထားခံရသည့် အန်အယ်လ်ဒီပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် တို့နှင့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် စက်တင်ဘာ (၁၆) ရက်၌ နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာပို့ထားသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ပါတီပြန်ကြားရေးအဖွဲ့က ယမန်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ယင်းသို့ နအဖဘက်မှ အကြောင်းပြန်ကြားခြင်း မရှိသေးသော်လည်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကို အခြေခံကာ ပါတီအတွက် ဆွေးနွေးသွားရန် လိုအပ်သည်ဟု ဦးဝင်းတင်က ပြောသည်။ ပါတီ၏အနာဂတ်မူဝါဒ ချမှတ်ရေးတွင် ဒေါ်အောင်ဆန်းစုကြည်သည် အရေးပါသော ပုဂ္ဂိုလ်ဖြစ်သည်ဟုလည်း ဦးဝင်းတင်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကေအန်ယူနှင့် စစ်အစိုးရတပ်များ တိုက်ပွဲဖြစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင် လွတ်မြောက်ရေး တပ်မတော်နှင့် တပ်မဟာ ၆ နယ်မြေအတွင်းသို့ တပ်အပြောင်းအလဲလုပ်ရန် ရောက်ရှိလာသည့် စစ်အစိုးရ တပ်တို့အကြား ယမန်နေ့မှစ၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသည်။
စစ်အစိုးရ၏ ခမရ ၃၅၅ ကို ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူ၏ လက်နက်ကိုင် အဖွဲ့ဖြစ်သော ကေအန်အယ်အေ တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက်နှင့် ယနေ့နံက်တို့၌ ကြိုကြားတိုက်ပွဲများ ဖြစ်နေခဲ့သည်။
ယမန်နေ့တိုက်ပွဲသည် ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ အဖလုံ (ပိုးကရင်ရွာ) နှင့် ကိုက် ၂၀၀၀ ခန့်တွင် ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများကြောင့် စစ်အစိုးရဘက်မှ တပ်ကြပ်ကြီးတဦး အပါအဝင် နှစ်ဦးကျဆုံးပြီး နှစ်ဦး ဒဏ်ရာရသွားကြောင်း တပ်မဟာ ၆ ပြောခွင့်ရသူက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်မလွတ်သေးဟု
ဦးဝင်းတင် ပြောကြား
ယခုအကြိမ် အကျဉ်းသားများ ပြန်လွှတ်ပေးမှုတွင် နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါဝင်သဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ်နှင့် ဝေးနေဆဲဖြစ်ပြီး ကုလသမဂ္ဂနှင့်နိုင်ငံတကာမှ တောင်းဆိုနေသော နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေးတောင်းဆိုချက်လည်း မပြည့်မြောက်သေးကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ပြောသည်။
နအဖစစ်အစိုးရက စက်တင်ဘာ (၁၇) ရက်တွင် နိုင်ငံသားအကျဉ်းသား (၇,၁၁၄) ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု ကြေညာခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်လာသူများတွင် နိုင်ငံရေးအကျဉ်းသား (၁၀၀) ကျော်သာပါသေးကြောင်း ရန်ကုန်နိုင်ငံရေးအသိုင်းအ၀ိုင်းက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
၈၈ ခေါင်းဆောင် ကိုလှမျိုးနောင် မျက်စိကုသရန် အရေးပေါ်လိုနေ
ချင်းမိုင်(မဇ္ဈိမ)။ ။ ကချင်ပြည်နယ် မြစ်ကြီးနားထောင်တွင် အကျဉ်းကျနေသော ၈၈ ကျောင်းသား ခေါင်းဆောင် ကိုလှမျိုးနောင်၏ အခြား မျက်စိတလုံးအား အမြန်ဆုံး ခွဲစိတ်ကုသရန် လိုအပ်နေကြောင်း ထောင်တွင်းအတူနေခဲ့သူ အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် မြို့နယ်ခေါင်းဆောင်တဦးက ပြောသည်။
၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်ခဲ့သူ ၈၈ မျိုးဆက်ကျောင်းသားအဖွဲမှ ကိုလှမျိုးနောင် သည် ထောင်ဒဏ် ၆၅ နှစ် ကျခံနေရပြီး ဖမ်းဆီးခံရစဉ်က မျက်စိ ခွဲစိတ်ကုသရာ မအောင်မြင်ဘဲ မျက်လုံးတဖက် ဆုံးရှုံးခဲ့ရသည်။ ကျန်ရှိသော မျက်စိတဖက်မှာလည်း လုံလောက်သော ဆေးဝါးကုသမှုမရသဖြင့် အမြန်ဆုံး ခွဲစိတ် ကုသရန် လိုအပ်နေခြင်း ဖြစ်သည်ဟု မကြာခင်က ထောင်မှ လွတ်လာသူ မြစ်ကြီးနားမြို့နယ် အန်အယ်ဒီ ဒုဥက္ကဌ (၁) ဦးနေဝင်းက ပြောသည်။
်(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စင်တင်ဘာ ၂၃ ရက်
ရက်သတ္တပတ် ၃၇၊ ၂၀၀၉
မြန်မာသတင်း
ကျောင်းသားသမိုင်းရေးသူ ကိုအောင်ထွန်း ပြန်လွတ်လာ
နယူးဒေလီ။ ။ မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှုသမိုင်း ရေးသားသဖြင့် ၁၁ နှစ်ကျော် အကျဉ်းချခံရပြီးနောက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင် ကိုအောင်ထွန်းသည် ပဲခူးတိုင်း သာယာဝတီထောင်မှ ယခုလ ၁၈ ရက်နေ့တွင် ပြန်လွတ်လာသည်။
စစ်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား ၇၁၁၄ ဦးကို နိုင်ငံတဝှန်း အကျဉ်းထောင်များမှ ပြန်လွှတ်ပေးရာတွင် သူလည်း ပါဝင်ခဲ့ခြင်း ဖြစ်သည်။
၁၉ဝ၃ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ၈၈ နှစ်တာ ကာလအတွင်း မြန်မာကျောင်းသားများ၏ လှုပ်ရှားမှုသမိုင်းကို ရေးသားပြုစုသဖြင့် နိုင်ငံရေးသမားများအား စွဲဆိုလေ့ရှိသည့် ပုဒ်မ ၅ (ည)၊ ၁၇/၂၀ တို့ တပ်ကာ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ထောင်ဒဏ် ၁၇ နှစ် ပြစ်ဒဏ် ချမှတ်ခံရကာ ၁၁ နှစ်ကျော် အကျဉ်းကျပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာခြင်း ဖြစ်သည်။
၄၂ နှစ်အရွယ် ကိုအောင်ထွန်းသည် ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ခေါင်းဆောင်တဦး ဖြစ်ပြီး၊ ၁၉၈၈-၈၉ ခုနှစ် တလျှောက် ပေါ်ပေါက်ခဲ့သော ကျောင်းသား လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူဖြစ်သည်။
၁၉၉၀ ခုနှစ် ဧပြီလအတွင်း ဗကသ (အောက်ဗမာပြည်) ဖွဲ့စည်းရာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဝတပ်ဖွဲ့နှင့် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် တွေ့ဆုံမည့်အစီစဉ်
နအဖဘက်က ရွှေ့ဆိုင်းထား
ရှမ်းပြည်နယ်၊ အထူးဒေသ (၂)၊ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှ ခေါင်းဆောင်များနှင့် စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ ယခုလ ဒုတိယပတ်အတွင်း ဝတပ်ဖွဲ့ဌာနချုပ် ပန်ဆန်းမြို့တွင် တွေ့ဆုံဆွေးနွေးမည့်အစီစဉ်ကို နအဖဘက်မှ ရွှေ့ဆိုင်းထားသည်။
အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စအတွက် တာဝန်ယူထားသည့် စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ဝခေါင်းဆောင်များအကြား ယနေ့အချိန်အထိ မတွေ့ဆုံနိုင်ဘဲ ဖြစ်နေသည်ဟု ပန်ဆန်းမြို့ရှိ ဝအရာရှိတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
နိုင်ငံရေးအကျဉ်းသား ၁၂၈ ဦးသာ လွတ်ငြိမ်းချမ်းသာခွင့်ရ
ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရက လွတ်ငြိမ်း ချမ်းသားခွင့်ဖြင့် အကျဉ်းသား ၇၁၁၄ ဦး လွှတ်ပေးရာတွင် နိုင်ငံရေး အကျဉ်းသား ၁၂၈ ဦးသာ ပါဝင်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ထုတ်ပြန် ပြောဆိုလိုက်သည်။
စက်တင်ဘာလ ၁၈ ရက်နေ့က စတင်သည့် အကျဉ်းသား လွှတ်ပေးမှုတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - NLD အဖွဲ့ဝင် ၄၄ ဦး၊ လွှတ်တော် အမတ် ၃ ဦး၊ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ၅ ဦး၊ ရှေ့နေ ၁ ဦး၊ နိုင်ငံရေး အကျဉ်းသားဟောင်း ၁၁ ဦး၊ အမျိုးသမီး ၂၂ ဦးနှင့် သံဃာ ၄ ပါး၊ သတင်းထောက် ၄ ဦး၊ ကျောင်းသား ၁၃ ဦး၊ လူ့အခွင့်အရေး အဖွဲ့ဝင် ၁ဝ ဦး တို့ အပါအဝင် ဖြစ်သည်ဟု AAPP ကြေညာချက်က ဆိုသည်။
ထို့အပြင် သြဂုတ်လနှင့် စက်တင်ဘာလ နှစ်လအတွင်း နိုင်ငံရေး လှုပ်ရှားသူ လူဦးရေ ၃ဝ ဦးကျော် ဖမ်းဆီး ခံရကြောင်း ကိုတိတ်နိုင်က ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်
အဆင့်မြင့်သတင်းစာပညာသင်တန်း ပို့ချ
ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့က ပြည်တွင်းသတင်းဂျာနယ်အသီးသီးမှ သတင်းထောက်များ၊ အယ်ဒီတာများအား အဆင့်မြင့်သတင်းစာပညာ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ယင်းသင်တန်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော အဆင့်မြင့်သတင်းစာပညာသင်တန်းဖြစ်ပြီး လာမည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ဦးစားပေးသင်ကြားပေးသော သင်တန်းဖြစ်ကြောင်း စာပေနှင့်စာနယ်ဇင်းအဖွဲ့ဝင်တဦးက ပြောသည်။
ယခု သင်တန်းအား အမေရိကန်နိုင်ငံသား သတင်းစာဆရာ Dr. Doug Cosper က သင်ကြားပေးမည်ဟု သိရသည်။
၎င်းသည် စာပေနှင့်စာနယ်ဇင်းက ကြီးမှူးဖွင့်လှစ်သော သတင်းစာသင်တန်း ၁/၂၀၀၉ နှင့် ဇွန်လအတွင်းက ဖွင့်လှစ်ခဲ့သော သတင်းစာသင်တန်း ၂/၂၀၀၉ တို့တွင် စတင်သင်ကြားခဲ့သူဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
တစည က တခြားပါတီများနှင့် ပူးပေါင်းရန် ဆန္ဒရှိ
နယူးဒေလီ (မဇ္ဈိမ)။ ။ ၂၀၁၀ ရွေးကောက်ပွဲကို မြန်မာ့ နိုင်ငံရေး အသွင် ကူးပြောင်းမှု အဖြစ် လက်ခံသည့် မည်သည့်ပါတီနှင့်မဆို ပူးပေါင်း လုပ်ဆောင်ရန် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီက ဆန္ဒရှိကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင်ဝင် တဦးက မဇ္ဈိမကို ပြောသည်။
တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) သည် မြန်မာ့ နိုင်ငံရေး အသွင် ကူးပြောင်းရေးကို အမျိုးသားရေး တာဝန်အဖြစ် ခံယူထားသဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် အေးချမ်းစွာ ပါဝင် ယှဉ်ပြိုင်သွားမည့် မည်သည့် ပါတီများနှင့်မဆို လက်တွဲ လုပ်ဆောင်သွားရန် ဆုံးဖြတ်ထားကြောင်း ပြောဆိုခြင်း ဖြစ်သည်။
တစည-ပါတီသည် ယခင်က အာဏာရှင်ဟောင်း ဦးနေဝင်း တည်ထောင်ခဲ့သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီကို ၁၉၈၈ ခုနှစ်တွင် ဖျက်သိမ်းခံ ရပြီးနောက် အမည် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
ထိုပါတီက ၂၀၁၀ ရွေးကောက်ပွဲ အကြို ပါတီစည်းရုံးရေး လုပ်ငန်းများကို ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းအပြင် ကယားပြည်နယ်တွင် စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်ပြီး ဖြစ်ကြောင်း သိရသည်။ တစည သည် ၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၈၅ နေရာ ရှိသည့်အနက် ၁၀ နေရာတွင် အနိုင်ရရှိခဲ့ကာ စတုတ္ထ အများဆုံး လွှတ်တော် ကိုယ်စားလှယ် ရရှိခဲ့သည့် ပါတီဖြစ်သည်။
ထိုရွေးကောက်ပွဲတွင် ၉၃ ပါတီ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာ ဒုတိယ မဲအများဆုံး အနိုင်ရသည့် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂၃ နေရာ၊ တတိယ မဲအများဆုံး အနိုင်ရသည့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ၁၁ နေရာနှင့် အများဆုံး အနိုင် ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ၃၉၂ နေရာ (၈၀ ရာခိုင်နှုန်းကျော်) ရွေးကောက်ခံ ခဲ့ရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စင်တင်ဘာ ၂၄ ရက်
ရက်သတ္တပတ် ၃၇၊ ၂၀၀၉
မြန်မာသတင်း
ပတ္တနိက္ကုဇ္ဇနကံဆောင်ရန် ဆရာတော်ကြီးများတွင် တာဝန်ရှိဟု
သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက လျှောက်ထား
လာမည့်အောက်တိုဘာ (၃) ရက်၊ သီတင်းကျွတ်လပြည့် (၁၅) ရက်နေ့တွင် မြန်မာတနိုင်ငံလုံးရှိ သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက် ကမ္မ၀ါရွတ်ဆိုရာတွင် သံဃာ့နာယကဆရာတော်ကြီးများလည်း ပါဝင်ရန် တာဝန်ရှိသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ထုတ်ပြန်ကြေညာထားသည်။
သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက နအဖအနေဖြင့် ဖမ်းဆီးထားသည့်သံဃာတော်များအား ပြန်လွှတ်ပေးရန်နှင့် သာသနာတော်အပေါ် စော်ကားထားမှုများအား ၀န်ချတောင်းပန်ရန် တောင်းဆိုထားပြီး ယင်းသို့မလုပ်ဆောင်ပါက လာမည့် အောက်တိုဘာ (၃) ရက်တွင် နိုင်ငံတ၀န်းရှိ သံဃာတော်အားလုံး သပိတ်မှောက်ကံဆောင်ရန် နှိုးဆော်ထားသည်။ ယင်းသို့ ကံဆောင်ရာတွင် နိုင်ငံတော် သံဃာ့ မဟာနာယက ဆရာတော်ကြီးများလည်း သပိတ်မှောက်ကံဆောင်ပေးကြရန် စက်တင်ဘာ (၁၇) ရက်နေ့တွင် ထပ်မံလျှောက်ထားခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ရွှေဝါရောင်ကာလ ရန်ကုန်မှာ လုံခြုံရေး တိုးမြှင့်ထား
ချင်းမိုင် (မဇ္ဈိမ)။ ။ သံဃာတော်များ မေတ္တာပို့ လမ်းလျှောက်ချီတက်ပွဲ သွေးမြေကျ ၂ နှစ်မြောက်ကာလတွင် မြို့တော်ဟောင်း ရန်ကုန်ရှိ ရပ်ကွက်များတွင် ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက လုံခြုံရေးယူကာ စောင့်ကြည့်နေကြောင်း သံဃာ၊ ကျောင်းသားနှင့် ဒေသခံများက ဆိုသည်။
မြောက်ဥက္ကလာပမှ ဒေသခံတဦးက ''သူတို့တွေ နေရာတိုင်းမှာလို ရှိတယ်။ ရက်ကွက်ထဲ လက်ဖက်ရည်ဆိုင်မှာ၊ ကားဂိတ်မှာ၊ ကားပေါ်မှာ၊ နေရာတိုင်းမှာလိုလိုကို ရှိတယ်။ အခုဟာက လက်ဖက်ရည်ဆိုင်မှာ ထိုင်တာတောင် လွတ်လွတ်လပ်လပ် စကားမပြောရဲတော့ဘူး။ ရက်ကွက်ထဲက လူတွေကလည်း သူတို့ကို ချဉ်နေကြပြီ'' ဟု ပြောသည်။
ရွှေတိဂုံဘုရားနှင့် သင်္ဃန်းကျွန်း ကျိုက္ကဆံဘုရားတွင်လည်း ယူနီဖောင်းဝတ် ရဲလုံခြုံရေးများ စောင့်ကြပ်နေသည်။
သွားလာနေသည့် သံဃာတော်များနောက် အရပ်ဝတ်လုံခြုံရေးများ နောက်ရောင်ခံမှုများလည်း ရှိနေသည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြသည့် သံဃာတော်များအား အာဏာပိုင်များက လက်နက်သုံး နှိမ်နင်းသည့် နှစ်ပတ်လည်လ ဖြစ်သဖြင့် ယခုလတွင် အလားတူ ဆန္ဒပြမှုမျိုး ပေါ်ပေါက်လာမည်ကို စိုးရိမ်သဖြင့် လုံခြုံရေး တင်းကျပ်ခြင်း ဖြစ်ကြောင်း သံဃာတော်များက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကိုညီညီအောင်နှင့် AASYC မှ ယူဂျီအဖွဲ့ဝင်များကို
ဖမ်းဆီးထားဟု နအဖသတင်းထုတ်ပြန်
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့သော အမေရိကန်နိုင်ငံသားခံယူထားသူ ကိုညီညီအောင်နှင့် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) မှ ယူဂျီများအား ဖမ်းဆီးရမိထားကြောင်း နအဖစစ်အစိုးရက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ယနေ့ထုတ် စစ်အစိုးရသတင်းစာများတွင် ၂၀၀၅ ခုနှစ်တွင် အမေရိကန်နိုင်ငံသားအဖြစ်ခံယူခဲ့သူ ကိုညီညီအောင် (ခ) ကိုကျော်ဇောလွင်ကို ၂၀၀၉ ခုနှစ် စက်တင်ဘာ (၃) ရက်တွင် ဘန်ကောက်မှတဆင့် မြန်မာနိုင်ငံသို့ ပြန်လာစဉ် လေယာဉ်ကွင်း၌ ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။
ကိုညီညီအောင်သည် ၂၀၀၅ ခုနှစ် နိုဝင်ဘာမှ ၂၀၀၉ ခုနှစ် စက်တင်ဘာအတွင်း (၈) ကြိမ်အထိ မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့ပြီး ၈၈ မျိုးဆက်ကျောင်းသားများနှင့်တွေ့ဆုံကာ သတင်းဖလှယ်ခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။
ထို့အပြင် အောက်တိုဘာ (၃) ရက်တွင် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်မည့်အစီအစဉ်ကိုလည်း ၎င်းက စီစဉ်ရေးဆွဲခဲ့ပြီး သံဃာ့လှုပ်ရှားမှုများကို အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် ကူညီပံ့ပိုးရေးအတွက် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB) အဖွဲ့ဝင်များနှင့် ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ တွေ့ဆုံခွင့်ရ
နယူးဒေလီ (မဇ္ဈိမ)။ ။ အမှု အယူခံ ကိစ္စနှင့် နေအိမ်တွင် ဆိုင်းငံ့ပြစ်ဒဏ်ဖြင့် ချုပ်နှောင်ထားစဉ် လိုက်နာရမည့် ကန့်သတ်မိန့်များနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေများ ယနေ့တွင် တွေ့ဆုံဆွေးနွေးခွင့် ရရှိခဲ့သည်။
ယခုလ ၁၈ ရက်နေ့တွင် ရန်ကုန်တိုင်း တရားရုံး၌ အမှုအယူခံ လျှောက်လဲချက်နှင့် နေအိမ်တွင် နေထိုင်စဉ် လိုက်နာရန် အာဏာပိုင်များက ထုတ်ပြန်ထားသည့် ကန့်သတ်မိန့် ၈ ချက်နှင့် ပတ်သက်၍ ယနေ့ ညနေပိုင်းတွင် ၂ နာရီကြာမျှ တွေ့ဆုံခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
ကန့်သတ်ချက် ၈ ချက်မှာ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ ပြန်လည်နေထိုင်ခွင့်ပြုခြင်း၊ ခြံဝင်းအတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုခြင်း၊ ကျန်းမာရေးအတွက် ဆရာဝန် သူနာပြုများ ပြသခွင့်ရှိခြင်း၊ သက်ဆိုင်ရာ၏ ခွင့်ပြုချက်နှင့် ဧည့်သည်တွေ့ခွင့်ပြုခြင်း၊ မြဝတီနှင့် မြန်မာ့ရုပ်မြင်သံကြား ကြည့်ခွင့်ရှိခြင်း၊ ပြည်တွင်း၌ တရားဝင် ခွင့်ပြုထားသော စာအုပ်စာစောင်နှင့် သတင်းစာများ ဖတ်ခွင့်ပြုခြင်း၊ မိမိ၏ လုပ်ဆောင်ရန် ရှိသည်များနှင့် လိုအပ်သည်များကို တာဝန်ရှိသူများထံ စာဖြင့် ရေးသားတောင်းဆိုနိုင်ခြင်းနှင့် အထက်ပါ ကိစ္စရပ်များကို သက်ဆိုင်ရာ ခွင့်ပြုချက် တောင်းခံလုပ်ဆောင်နိုင်ခြင်းတို့ ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ငါးထောင်တန် ငွေစက္ကူများ မြန်မာနိုင်ငံတွင် ထွက်ရှိ
အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ငါးထောင်ကျပ်တန် ငွေစက္ကူသစ်များ ထုတ်လုပ် ဖြန့်ဝေတော့မည် ဖြစ်ကြောင်း မြန်မာ့ ရုပ်မြင်သံကြားက ယနေ့ည သတင်းတွင် ကြေညာသွားသည်။
နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန် ကြေညာချက်ကို မြန်မာ့ရုပ်မြင်က ထုတ်လွှင့်သွားရာတွင် အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ ပြည်သူလူထုအတွင်း လည်ပတ် သုံးစွဲသွားမည် ဖြစ်ကြောင်းနှင့် ငွေစက္ကူတွင် ဆင်ဖြူ ရတနာပုံနှင့် နေပြည်တော်ကို နောက်ခံထားသည်။
ထင်မှတ်ထားခြင်း မရှိသော ကြေညာချက်ကြောင့် လူအများ အုတ်အော်သောင်းနင်း ဖြစ်ကုန်ပြီး ကုန်ဈေးနှုန်းများ အဆမတန် တက်တော့မည်ဟု စိုးရိမ် ကုန်ကြသည်ဟု ရန်ကုန်ရှိ မဇ္ဈိမ သတင်းထောက်က ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စင်တင်ဘာ ၂၅ ရက်
ရက်သတ္တပတ် ၃၇၊ ၂၀၀၉
မြန်မာသတင်း
ပါတီ လူငယ်များက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလို
မဇ္ဈိမ (ချင်းမိုင်)။ ။ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရေး စီစဉ်ပေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် ကိုယ်စားလှယ်များက ဗဟို အလုပ်အမှုဆောင် အဖွဲ့အား ယနေ့ တောင်းဆို လိုက်သည်။
ဗဟိုနှင့် ပြည်နယ် အန်အယ်ဒီ လူငယ် အကူအညီပေးရေး အဖွဲ့ ကိုယ်စားလှယ် ၆၀ ခန့် တက်ရောက်ပြီး ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အန်အယ်ဒီ ဗဟို ဌာနချုပ်ရုံးတွင် ယနေ့ ပြုလုပ်သည့် ပဉ္စမ အကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲမှ ယင်းသို့ ဆုံးဖြတ် တောင်းဆိုခြင်း ဖြစ်သည်။ သို့သော် လူငယ်များ၏ တောင်းဆိုချက်အပေါ် ဗဟို အမှုဆောင် အဖွဲ့အနေဖြင့် စီစဉ်ပေးရန် လက်ရှိ အခြေအနေအရ မဖြစ်နိုင်သေးကြောင်း အန်အယ်ဒီ ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကျပ် (၅,ဝဝဝ) တန် ဂယက်ကြောင့် ရွှေဈေးကွက်ရပ်ဆိုင်း
နအဖစစ်အစိုးရက ကျပ် (၅,ဝဝဝ) တန် ငွေစက္ကူအသစ်ထုတ်ဝေမည်ဆိုသည့် သတင်းကြောင့် စီးပွားရေး ဈေးကွက်အတွင်း ကမောက်ကမ ဖြစ်ကုန်ပြီး ရွှေဈေးကွက်လည်း ဈေးပင် မဖွင့်နိုင်တော့ကြောင်း ရွှေကုန်သည်တဦးက ပြောသည်။အလားတူ ဒေါ်လာဈေးကွက်မှာလည်း ကြာသပတေးနေ့ ညနေ ဒေါ်လာပေါက်ဈေး တဒေါ်လာ (၁,ဝ၇၈) ကျပ် ရှိရာမှ ယနေ့ ပေါက်ဈေး (၁,၁၄ဝ) ခန့်အထိ တက်လာပြီး ရောင်းဈေးနှင့် ဝယ်ဈေးကိုမူ တဒေါ်လာ (၁၅) ကျပ်ခန့် ခွာထားကြောင်းသိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မြန်မာ့အရေး ကျွမ်းကျင်သူများ ပါဝင်မည့် ဝက်ဘ်၏ ကြားနာမှု
နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာပြည်နှင့် ဆက်ဆံရန် ပြင်းပြစွာ ထောက်ခံသူ အမေရိကန် ဆီးနိတ်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် ဦးစီးသော ယခုလ ၃၀ ရက်နေ့တွင် ပြုလုပ်မည့် အထက် လွှတ်တော် ကြားနာမှုတွင် မြန်မာနှင့် ဆက်ဆံရေး အရေးကြီးပုံကို ပြောဆိုရန် ပါမောက္ခ ဒေးဗစ်အိုင်စတိန်းဘတ် အပါအဝင် မြန်မာ့အရေး ကျွမ်းကျင်သူ ၄ ဦးကို ရှိနေသည်။မစ္စတာဝက်ဘ်၏ ရုံးမှ ထုတ်ပြန်သော ကြေညာချက်အရ ကြားနာမှုသည် အမေရိကန်၏ လက်ရှိစီးပွားရေး ပိတ်ဆို့မှု မူဝါဒကို ပြန်လည်သုံးသပ်ရန်နှင့် မြန်မာ့ ဒီမိုကရေစီရေး အပြောင်းအလဲတွင် ပံ့ပိုးမြှင့်တင်ရန်အတွက် အမေရိကန်၏ အခန်းကဏ္ဍကို ဆွေးနွေးရန် ဖြစ်သည်ဟု ဆိုသည်။
နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံအတွက် မူဝါဒနှင့် ပတ်သက်၍ အကြို ပြောကြားရာတွင် ပြန်လည်သုံးသပ်နေသည်မှာ ၆ လကျော်ပြီဖြစ်ကာ အမေရိကန်သည် မြန်မာအစိုးရနှင့် ပိတ်ဆို့မှုရော၊ ဆက်ဆံမှုပါ ပါရှိသော မူဝါဒအသစ်နှင့် ဆက်လက် လုပ်ဆောင်သွားမည်ဟု သူမက ပြောသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး ကူးပြောင်းမှု ရရှိလာစေရန် အခြေခံရည်ရွယ်ချက်များမှာမူ မပြောင်းလဲဘဲ အမေရိကန် အနေနှင့် အပြောင်းအလဲများ အတွက် အကျိုးရှိနိုင်မည့် ဆက်သွယ်ရေး လမ်းကြောင်းသစ်များ ရရှိလာစေရန် မြန်မာ ဗိုလ်ချုပ်များနှင့် တိုက်ရိုက် ဆက်ဆံမည်ဟု မစ္စစ်ကလင်တန်က ပြောကြားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သရက်ထောင်မှ ပြန်လွတ်လာသူ နိုင်ငံရေးအကျဉ်းသား
ထောင်တွင်းအတွေ့အကြုံများ ပြောကြား
မြန်မာစစ်ကြောရေးက အဓမ္မပြုမူခြင်းများကြောင့် နိုင်ငံရေးအကျဉ်းသားများ ကြီးမားသောနစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့နေကြရသည်ဟု မကြာသေးခင်က သရက်ထောင်မှပြန်လွတ်လာသူ နိုင်ငံရေးအကျဉ်းသားတဦးက ပြောသည်။
ယခုလ (၁၈) ရက်တွင် သရက်အကျဉ်းထောင်မှ ပြန်လွတ်လာပြီး ယမန်နေ့က ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာသူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) အဖွဲ့ဝင်ဟောင်းတဦးဖြစ်သူ ကိုရန်အောင်ရွှေက ပြောကြားခြင်းဖြစ်သည်။
၎င်းက “၁၉၉၉ ခုနှစ်မှာ အဖမ်းခံရပြီး ထောင် (၁၅) နှစ်ကျတယ်။ အခု (၁၁) နှစ်ရှိတဲ့အချိန်မှာ သရက်ထောင်ကနေ နအဖက ပြန်လွှတ်ပေးတယ်။ ကျနော်က အေဘီအက်စ်ဒီအက်ဖ် တပ်ရင်း (၉၀၉) မိုးထောင်စခန်းကပါ။ ကျနော့်ကိုဖမ်းပြီး အမှတ် (၆) ထောက်လှမ်းရေး မရမ်းကုန်းမှာ စစ်ကြောရေးဝင်ပြီး စွဲချက် (၃) မှုနဲ့ ထောင် (၁၅) နှစ် ကျခံရပါတယ်။ အဲဒီအမှုတွေထဲမှာ ကျနော်နဲ့ လုံးဝပတ်သက်ခြင်း မရှိတဲ့ ၁၉-က အမှုဖြစ်တဲ့ လက်နက်ရောင်းဝယ် ဖောက်ကားမှုနဲ့ ကျနော့်ကို မတရားအကွက်ဆင်ခဲ့တယ်။ ထောက်လှမ်းရေးက ရိုက်နှက်ပြီး ထမင်းမကျွေး၊ ရေမတိုက်ဘဲ (၃) ရက်ဆက်တိုက် နှိပ်စက်ပြီး စစ်ချက်ကို ရယူခဲ့တယ်။ နိုင်ငံရေးမှုနဲ့ လူတွေအများစုဟာ ဒီလိုပုံစံမျိုးနဲ့ နှစ်ရှည်ပြစ်ဒဏ်တွေ ကျခံနေကြရတယ်” ဟု ပြောသည်။
နိုင်ငံရေးနှင့် ဆက်နွှယ်သည့်အမှုများကို ပြစ်မှုကြီးသထက်ကြီးစေရန်အတွက် မတရားဖမ်းဆီးနှိပ်စက်၍ မဟုတ်မမှန် စစ်ချက်များ ထွက်ဆိုရန် မြန်မာစစ်ကြောရေးက အဓမ္မပြုကျင့်သည်ဟုလည်း ၎င်းက ပြောသည်။
ထောင်ကျခံနေရစဉ်အတွင်း မိမိအပါအ၀င် နှစ်ရှည်အကျဉ်းသားအချို့မှာ မိသားစုဘ၀ပြိုလဲခဲ့ရကြောင်း၊ သာမန်ပြည်သူတဦး အဖြစ် နေထိုင်ရာမှာလည်း မလွယ်ကူတော့ကြောင်း၊ နိုင်ငံရေးအမှုဖြင့် ထောင်မှထွက်လာသူများသည် အာဏာပိုင်များ၏ စောင့်ကြည့်မှု နေ့စဉ်ခံနေရသဖြင့် ယခုကဲ့သို့ နယ်စပ်သို့ ထွက်ခွာလာရခြင်းဖြစ်ကြောင်း ကိုရန်အောင်ရွှေက ပြောသည်။

Saturday, September 19, 2009
သတင်းမှတ်စု ( ၃၇ )
စင်တင်ဘာ ၁၄ ရက်
ရက်သတ္တပတ် ၃၆၊ ၂၀၀၉
မြန်မာသတင်း
ပါတီရုံးများ ဖွင့်ခွင့်မရသော်လည်း အန်အယ်လ်ဒီ စည်းရုံးရေးဆင်း
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နယ်ရုံးခွဲများ ပြန်လည်ဖွင့်လှစ်ခွင့် မရသေးသော်လည်း ပါတီစည်းရုံးရေးလုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်လျက်ရှိကြောင်း ပါတီပြောခွင့်ရ ဦးအုံးကြိုင်က ပြောသည်။
၂၀၀၃ ခု မေလတွင် စည်းရုံးရေးဆင်းသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီပါတီဝင်များ စစ်ကိုင်းတိုင်း ဒီပဲယင်းဒေသ၌ အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီးနောက် ယနေ့အချိန်ထိ တရားဝင်ပါတီအဖြစ် ရပ်တည်နေဆဲဖြစ်သည့် အန်အယ်လ်ဒီပါတီရုံးခွဲများကို ဒေသအာဏာပိုင်အသီးသီးက ပိတ်ပစ်ခဲ့သည်။
သို့ရာတွင် အန်အယ်လ်ဒီပါတီအနေဖြင့် လုပ်ဆောင်ရန်ရှိသည်များကို လုပ်ဆောင်နေပြီး တိုင်းနှင့်ပြည်နယ်များတွင် လူငယ်အထောက်အကူပြုအဖွဲ့များ ပြန်လည်ဖွဲ့စည်းလျက်ရှိသည်ဟု အန်အယ်လ်ဒီဗဟိုလူငယ်မှ ကိုမြင့်ဌေးက ပြောသည်။ ပြီးခဲ့သည့်လနှောင်းပိုင်းတွင် ကချင်ပြည်နယ်၌ ပြည်နယ်စည်းရုံးရေးအဖွဲ့နှင့် မြို့နယ်စည်းရုံးရေးအဖွဲ့တို့၏ အစည်းအဝေးများ ကျင်းပခွင့်ပေးခဲ့သော်လည်း အမျိုးသမီးနှင့် လူငယ်အထောက်အကူပြုဖွဲ့စည်းရေးကို အာဏာပိုင်များက ခွင့်မပြုခဲ့ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အာဏာ ၄၀ ရာခိုင်နှုန်း ခွဲပေးရန် စစ်အစိုးရကို တကျော့ပြန် ဦးဝင်းနိုင် အဆိုပြု
နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရ အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ၌ အုပ်ချုပ်ရေး အာဏာ၏ ၄၀ ရာခိုင်နှုန်းကို ခွဲဝေပေးရန် ဝါရင့် နိုင်ငံရေးသမား အမျိုးသားရေး ဦးဝင်းနိုင်က တောင်းဆိုလိုက်သည်။
‘၂၀၁၀ မြန်မာ့နိုင်ငံရေး သုံးသပ် ဆွေးနွေးပွဲ’ အမည်ရ ဆွေးနွေးပွဲကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ဒေါ်လ်ဖင် စားသောက်ဆိုင်၌ ယနေ့ ကျင်းပရာ ပြည်တွင်းပြည်ပမှ သတင်းထောက် ၃၀ ဦးခန့် ရှေ့မှောက်တွင် သူက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲ၌ ဦးဆောင်ဆွေးနွေးခဲ့သူ နောက်တဦးဖြစ်သည့် ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသော ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေကမူ ဦးဝင်းနိုင်၏ အဆိုပြုချက်အပေါ် သဘောမတူကြောင်း ပြောသည်။
ဆွေးနွေးပွဲတွင် အဆိုပါ နိုင်ငံရေးသမားကြီး နှစ်ဦး၏ သဘောထားအမြင်များ ခင်းကျင်း ပြသခဲ့မှုအပေါ် အားရကျေနပ်ကြောင်း တက်ရောက်ခဲ့သူ တချို့က ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ရန်ကုန်တမြို့လုံး နေရာမလပ် လုံခြုံရေးများ တိုးမြှင့်ချထား
စက်တင်ဘာတလလုံးကို အရေးပေါ်ကာလဟု သတ်မှတ်ထားပြီးဖြစ်ကာ ယခုအခါ နအဖအာဏာပိုင်များက လုံခြုံရေးများကို နေရာမလပ် ချထားလျက်ရှိကြောင်း ရန်ကုန်မြိုခံများက ပြောသည်။
ပြီးခဲ့သည့် သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့တို့၌ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံနှင့် တက္ကသိုလ်ရိပ်သာလမ်း အပါအ၀င် အခြားအိမ်ရာများတွင် လျှပ်စစ်မီးများ ဖြတ်တောက်အမှောင်ချကာ လုံခြုံရေးရဲများ ကင်းပုန်းလှည့်နေကြကြောင်း ကမာရွတ်မြို့နယ်တွင်း နေထိုင်သူတဦးက ပြောသည်။
ရန်ကုန်ရှိ အထင်ကရနေရာများဖြစ်သော ဘူတာကြီးဝန်းကျင်၊ ဆူးလေလမ်းမ၊ ကမ္ဘာအေးစေတီလမ်း၊ ပြည်လမ်း၊ အင်းစိန်လမ်း စသည်တို့တွင် လုံခြုံရေးချထားမှုများ အရေအတွက် ပိုများလာကြောင်း မျက်မြင်များက ပြောသည်။
ယခုရက်ပိုင်းတွင် လုံခြုံရေး ပိုမိုချထားသည်ကို ရန်ကုန်ပြည်သူတို့က အထူးအဆန်းပုံစံဖြင့် မမြင်ကြတော့ကြောင်း မဟာဗန္ဓုလ လမ်းပေါ်ရှိ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်တဆိုင်၏ မန်နေဂျာက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
စင်တင်ဘာ ၁၅ ရက်
ရက်သတ္တပတ် ၃၆၊ ၂၀၀၉
မြန်မာသတင်း
အထက်မြန်မာပြည် မြို့အချို့တွင် အဖြူရောင်လှုပ်ရှားမှု ပြုလုပ်
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး လှုပ်ရှားမှုများကို အထက်မြန်မာပြည် မြို့နယ်တို့တွင် ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ရေနံချောင်းမြို့နယ် အန်အယ်လ်ဒီပါတီ စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်စောဌေးက ပြောသည်။
ရေနံချောင်း အန်အယ်လ်ဒီပါတီဝင်များနှင့် တက်ကြွလှုပ်ရှားသည့်မြို့ခံများ ပူးပေါင်းကာ အဖြူရောင်ဝတ်စုံများဖြင့် သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ အန်အယ်လ်ဒီပါတီဝင်များ၏ လှုပ်ရှားမှုများကို အာဏာပိုင်များက အနှောင့်အယှက် မပေးခဲ့သော်လည်း စောင့်ကြည့်မှုများ ရှိကြောင်း၊ ၀တ်ပြုဆုတောင်းမည့် အန်အယ်လ်ဒီပါတီဝင်များ မ၀င်နိုင်စေရန် မြို့နယ်တွင်းရှိ တန်ခိုးကြီးဘုရားများကို အင်္ဂါနေ့တွင် သော့ခတ်ထားလေ့ရှိကြောင်း သိရသည်။
မိတ္ထီလာ၊ ရေနံချောင်း၊ မြင်းခြံ မြို့နယ်တို့ရှိ အန်အယ်လ်ဒီအဖွဲ့ဝင်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်နေရစဉ် ကာလအတွင်း၌လည်း ၀တ်ပြုဆုတောင်းမှုများ၊ ဓာတ်ပုံဖြန့်ဝေလှုပ်ရှားမှုများ၊ အ၀ါရောင်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည် ကြားနာခွင့် မရ
နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏အမှု အယူခံ လျှောက်လဲချက်ကို တရားရုံး၌ တက်ရောက်၍ ကြားနာခွင့်ပြုရန် ရန်ကုန်တိုင်း အထူးရဲသတင်း တပ်ဖွဲ့ထံ တောင်းဆိုခဲ့သော်လည်း ပယ်ချခံလိုက်ရသည်။
ယခုလ ၁၈ ရက်နေ့တွင် တိုင်းရုံး၌ အယူခံ လျှောက်လဲမည် ဖြစ်သဖြင့် ကိုယ်တိုင် တက်ရောက် ကြားနာလိုသဖြင့် ၁၁ ရက်နေ့က အထူး ရဲသတင်းတပ်ဖွဲ့ထံ စာရေး အကြောင်းကြားခဲ့ပြီး၊ နောက်တရက်တွင် ခွင့်မပြုနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများထံ အကြောင်းပြန်ကြားခဲ့ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အန်အယ်ဒီ လူငယ်လုပ်ငန်းအဖွဲ့ ၆၉ မြို့နယ်တွင် ပြီးစီးဟုဆို
နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် လူငယ်နှင့် အမျိုးသမီးထု စုစည်းမှုရှိစေရန် နယ်ဆင်း၍ ပြန်လည် ဖွဲ့စည်းမှုများ ပြုလုပ်ခဲ့ရာ ၆ လခန့်အကြာတွင် မြို့နယ် ၆၉ မြို့နယ်တွင် လူငယ်လုပ်ငန်း အဖွဲ့များ ဖွဲ့စည်းပြီး ဖြစ်သည်ဟု သိရသည်။
ဗဟိုလူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့က ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူးနှင့် တနင်္သာရီတိုင်း၊ ကချင်၊ ရခိုင်နှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်ပေါင်း ၆၉ မြို့နယ်တွင် ဖွဲ့စည်းပေးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။
မြို့နယ်လူဦးရေအလိုက် မြို့နယ်လူငယ်အဖွဲ့တွင် ဦးဆောင်သူ ၅ ဦးမှ ၁၄ ဦးအထိ ဖွဲ့စည်းပေးခဲ့သည့်အပြင် ထိုလူငယ်များအား ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ဆွေးနွေးသင်ကြားမှုများ ကွင်းဆင်း၍ ပြုလုပ်နေသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဝန်ကြီးချုပ် ကုလအထွေထွေ ညီလာခံသို့ တက်ရောက်မည်
ရန်ကုန် (မဇ္ဈိမ) ။ ။ စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် နယူးယောက်တွင် ပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်မှာ ဖြစ်သည်။
ဗိုလ်ချုပ်ကြီးသိန်းစိန်သည် အဖွဲ့ဝင် ၁၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မှာဖြစ်ပြီး ၁၄ နှစ်တာ ကာလအတွင်း ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်သော အဆင့်မြင့်ဆုံး မြန်မာကိုယ်စားလှယ် ဖြစ်လာမည်။ ၁၉၉၅ ခုနှစ်က ဒုတိယဗိုလ်ချုပ်မှုးကြီး မောင်အေး တက်ရောက် ခဲ့ဖူးသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စင်တင်ဘာ ၁၆ ရက်
ရက်သတ္တပတ် ၃၆၊ ၂၀၀၉
မြန်မာသတင်း
ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ အထမြောက်စေရမည်ဟု
သံဃာ့အဖွဲ့ချုပ်မှ မိန့်ကြား
ယခုရက်ပိုင်းများအတွင်း သံဃာတော်များအား ဖမ်းဆီးစစ်မေးခြင်း၊ ဘုန်းကြီးကျောင်းတိုက်များအား လုံခြုံရေးချ စောင့်ကြည့်ခြင်းများ လုပ်နေသော်လည်း လာမည့်သီတင်းကျွတ်လပြည့်နေ့မှစကာ ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲဖြစ်မြောက်အောင် လုပ်ဆောင်သွားမည်ဟု သံဃာ့အဖွဲ့ချုပ် (မြန်မာနိုင်ငံ) နိုင်ငံခြားရေးရာတာဝန်ခံ ဆရာတော် အရှင်ပါရမီခန္တီက ခေတ်ပြိုင်သို့ မိန့်ကြားသည်။
တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့၏ ကြေညာချက် ထွက်လာပြီးနောက် နအဖစစ်အစိုးရက သံဃာတော်များအား မျက်ခြည်မပြတ် စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း ဒေသခံများက ပြောသည်။
ယခုလပိုင်းအတွင်း ခေါ်ယူစစ်မေးခံရသော သံဃာတော် (၈) ပါးရှိနေပြီဟု သတင်းရထား ကြောင်း သံဃာ့အဖွဲ့ချုပ်မှ အရှင်ပါရမီခန္တီက မိန့်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
လှုပ်ရှားမှုတွင် ပြည်သူများ ပါဝင်ရန် ကျောင်းသားအဖွဲ့များ တိုက်တွန်း
နယူးဒေလီ (မဇ္ဈိမ)။ ။ ရွှေဝါရောင် လှုပ်ရှားမှုမျိုး ထပ်မံ ပေါ်ပေါက်လာပါက ပြည်သူများအနေဖြင့် ပါဝင်ပူးပေါင်းရန် ပြည်တွင်းရှိ ကျောင်းသားအဖွဲ့ နှစ်ဖွဲ့က တိုက်တွန်း လိုက်သည်။
ဗကသ ခေါ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ပူးတွဲ၍ ကြေညာချက် ထုတ်ပြန်ကာ တိုက်တွန်းလိုက်ကြခြင်းဖြစ်သည်။
ကျောင်းသားနှစ်ဖွဲ့က ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုတွင် သံဃာတော်များအပေါ်အာဏာပိုင်များက ဖမ်းဆီး နှိပ်စက်ရုံသာမက ဆက်လက်၍ ထိုသို့လုပ်ဆောင်နေသဖြင့် ရပ်တန်းက ရပ်ရန်၊ သံဃာတော်များအပေါ် အမှားအယွင်း များအတွက် ပြန်လည် တောင်းပန်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး လွှတ်ပေးရန် ကြေညာချက်ထဲတွင် တောင်းဆိုထားသည်။
အာဏာပိုင်များက ယခုလို ဆက်လက်လုပ်ကိုင်ပါက သီးခံမည်မဟုတ်ကြောင်းနှင့် ပြည်သူများအနေဖြင့် သူတို့နှင့် ပူးပေါင်းရန် တိုက်တွန်းထားခြင်း ဖြစ်သည်။
ကြေညာချက်ကို ရန်ကုန်၊ မန္တလေး၊ မတ္ထီလာ၊ မကွေး၊ မြင်းခြံ၊ တောင်ကြီး၊ စစ်ကိုင်း၊စစ်တွေ၊ မော်လမြိုင် အစရှိသည့် မြို့များ၌ လူစည်ကားသော နေရာများတွင် လိုက်လံဝေငှနေပြီး၊ ရန်ကုန်ရှိ တာမွေဈေး၊ နန္ဒဝင်ဈေး၊ အင်းစိန်ဈေး၊
မြေနီကုန်း (မနက်ပိုင်းဈေး)၊ မြောက်ဥက္ကာလာပ အစရှိသောမြို့များတွင်လိုက်ဝေနေသည်ဟု ကိုဇာနည်က ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စင်တင်ဘာ ၁၇ ရက်
ရက်သတ္တပတ် ၃၆၊ ၂၀၀၉
မြန်မာသတင်း
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ
အစည်းအဝေးကျင်းပမည်
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) ၏ ရှေ့လုပ်ငန်းစဉ်များအတွက် မနက်ဖြန်တွင် အန်အယ်လ်ဒီရုံးချုပ်၌ အစည်းအဝေးတရပ်ပြုလုပ်သွားမည်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးချုပ်၌ မနက်ဖြန်ကျင်းပမည့် အစည်းအဝေးသို့ အကျဉ်းကျနေသော ပါတီခေါင်းဆောင်များနှင့် ကျန်းမာရေးမကောင်းသည့် ပါတီခေါင်းဆောင်များမှလွဲ၍ ကျန်ပါတီခေါင်းဆောင်များ တက်ရောက်ကြ မည်ဖြစ်ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဦးသုဝေ နှင့် ဦးဝင်းနိုင်ကို အာဏာပိုင်က သတိပေး
ချင်းမိုင် (မဇ္ဈိမ)။ ။ ပူပူနွေးနွေး နိုင်ငံရေးပါတီတခုဖြစ်သော ဒီမိုကရက်တစ်ပါတီကို ထူထောင်သူတဦးဖြစ်သည့် ဦးသုဝေနှင့် အမျိုးသားရေး ဦးဝင်းနိုင်တို့အား ကြိုတင်အကြောင်းမကြားဘဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သဖြင့် အာဏာပိုင်များက ယနေ့ ခေါ်ယူသတိပေးလိုက်သည်။
ယခုလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သော ၀ါရင့်နိုင်ငံရေးသမား နှစ်ဦး၏ သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်၍ မြို့နယ် အာဏာပိုင်ထံမှ ခွင့်ပြုချက် မယူခဲ့သဖြင့် ဥပဒေချိုးဖောက်သည်ဟုဆို၍ သတိပေး လက်မှတ်ရေးထိုးခိုင်းခြင်း ဖြစ်သည်။
၅ ဦးထက်ကျော်၍ စုဝေးမည်ဆိုလျှင် ကြိုတင်အကြောင်းကြားမည် ဖြစ်ကြောင်းနှင့် အမိန့်ကြိုတင် ရထားမှသာ စုဝေးမှုများပြုလုပ်မည်ဖြစ်ကြောင်း လက်မှတ်ထိုးခဲ့ရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ရန်ကုန်မြို့၌ အချိန် (၂) နာရီအတွင်း ဗုံးပေါက်ကွဲမှု (၆) ခုဖြစ်ပွား
ရန်ကုန်မြို့တွင် အချိန် (၂) နာရီခန့်အတွင်း ဗုံးပေါက်ကွဲမှု (၆) ခု ဆက်တိုက်ဖြစ်ပွားကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။
ပေါက်ကွဲမှု ဖြစ်ပွားရာနေရာများမှာ လှိုင်သာယာမြို့နယ်နှင့် ရွှေပေါက်ကံမြို့နယ်တို့ရှိ စက်မှုဇုန်များတွင်ဖြစ်ကြောင်း စက်မှု လုပ်ငန်းရှင်တဦးက ပြောသည်။
ဖြစ်ပွားမှုနှင့် ပတ်သက်၍ လှိုင်သာယာ မြို့နယ်ရဲစခန်းသို့ ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲအရာရှိတဦးက ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။
လှိုင်သာယာမြို့နယ် စက်မှုဇုန် အမှတ် (၃) ရှိ ပုဂ္ဂလိက ကားဝင်းနှင့် ကားနှင့်ဆက်စပ်ပစ္စည်းများ သိုလှေင်ရာဝင်းတို့တွင် စက်တင်ဘာ (၁၆) ရက်နေ့ (၁၁) နာရီ (၅၀) မိနစ်ခန့်နှင့် ည (၁၂) နာရီခန့်တို့တွင် ဆက်တိုက်ပေါက်ကွဲကြောင်း၊ ယင်းအချိန်၌ပင် ရွှေပေါက်ကံ စက်မှုဇုန်ရှိ ဂျိုနာအထည်ချုပ်စက်ရုံ ၀င်းအတွင်းတွင်လည်း စက်တင်ဘာ (၁၇) ရက်နေ့အကူး ည (၁၂) နာရီခွဲကျော်တွင် ပေါက်ကွဲမှုဖြစ်ကြောင်း လှိုင်သာယာ ရဲစခန်းနှင့် ရွှေပေါက်ကံ ရဲစခန်းမှတ်တမ်းများအရ သိရသည်။ ထို့အပြင် လှိုင်သာယာ စက်မှုဇုန်ရှိ ပုဂ္ဂလိက သစ်အချောထည်စက်ရုံ ဘေးလမ်းနှင့် အမှတ် (၅) ရဲကင်းဘေးလမ်းတို့တွင်လည်း ပေါက်ကွဲမှု တချိန်တည်းဖြစ်ခဲ့ကြောင်း၊ နောက်ဆုံးပေါက်ကွဲသောဗုံးမှာ စက်တင်ဘာ (၁၇) ရက် (ယနေ့) နံနက် (၁) နာရီခွဲ၌ အိုင်အန်ဂျီအိုတခု၏ ရုံးခန်းဘေးတွင် ပေါက်ကွဲခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
လှိုင်သာယာစက်မှုဇုန်၏ တာဝန်ရှိသူက အဆိုပါ ဗုံးပေါက်ကွဲမှုများအပေါ် အစိုးရက သံသယဖြစ်ဖွယ်လူများကို လိုက်လံ စစ်ဆေးနေပြီဖြစ်ကြောင်း ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အကျဉ်းသား ၇၁၁၄ ဦး လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်
နယူးဒေလီ။ ။ နိုင်ငံတဝှန်းရှိ အကျဉ်းသား ၇၁၁၄ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟူ၍ စစ်အစိုးရ သတင်းဌာနများက ယနေ့ ညပိုင်းတွင် ကြေညာလိုက်သည်။
မြဝတီ ရုပ်မြင်သံကြား အစီအစဉ်မှ မြန်မာစံတော်ချိန် ည ၇ နာရီတွင် စတင်ပြသသည့် ကိုရီးယား ဇာတ်လမ်းတွဲ ပြသနေချိန်အတွင်း အောက်ခြေရှိ စာတန်းပြေး နေရာတွင် အကျဉ်းချုံးဖော်ပြခဲ့သလို၊ မြန်မာ့ရုပ်မြင်သံကြား၏ ည ၈ နာရီ သတင်းအစီအစဉ်တွင် ထပ်မံ၍ ထုတ်ဖော်ကြေညာလိုက်ခြင်း ဖြစ်သည်။ ၂၀၀၈ ခုနှစ် စက်တင်ဘာလအတွင်းက လွတ်ငြိမ်းချမ်းသာခွင့်အတွင်း ပြန်လွတ်လာခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးဌာနမှ အဖွဲ့ဝင်တဦးဖြစ်သူ ဦးအုန်းကြိုင်က နိုင်ငံရေး အကျဉ်းသားများ ပြန်လွတ်လာရန် မျှော်လင့်နေကြောင်း ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မြန်မာနိုင်ငံမှ အမေ့ခံအကျဉ်းသားများ အစီရင်ခံစာထုတ်ပြန်
ပြီးခဲ့သည့် (၂) နှစ်တာကာလအတွင်း မြန်မာစစ်အစိုးရက နိုင်ငံရေးအကျဉ်းသားများကို နှစ်ဆတိုးဖမ်းဆီးနေကြောင်း အမေရိကန်အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောကြားလိုက်သည်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က စက်တင်ဘာ (၁၆) ရက်တွင် ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် ယင်းသို့ ပြောကြားထားခြင်းဖြစ်သည်။
“မြန်မာနိုင်ငံမှ အမေ့ခံအကျဉ်းသားများ” ဟု အမည်ပေးထားသည့် စာမျက်နှာ (၃၅) မျက်နှာပါ အဆိုပါအစီရင်ခံစာတွင် ၂၀၀၇ ခုနှစ်မှစ၍ ဖမ်းဆီးခံရသည့် ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသားများအကြောင်း ရေးသားတင်ပြထားပြီး ယခုအခါ နိုင်ငံရေးအကျဉ်းသား (၂,၂၀၀) ကျော်ရှိနေပြီဟုလည်း ဖော်ပြထားသည်။ ယမန်နေ့က ထုတ်ပြန်လိုက်သည့် “မြန်မာနိုင်ငံမှ အမေ့ခံအကျဉ်းသားများ” အစီရင်ခံစာတွင် စစ်အစိုးရ၏ မတရားဖမ်းဆီး ထောင်ချခြင်းခံနေရသည့် နာမည်ကြီး လူရွှင်တော် ဇာဂနာ၊ ၈၈ မျိုးဆက်ကျောင်းသားဖြစ်သည့် ကိုမင်းကိုနိုင်၊ မစုစုနွေးနှင့် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုတွင် ဦးဆောင်ခဲ့သည့် ဆရာတော်အရှင်ဂမ္ဘီရတို့ အပါအ၀င် အဖမ်းဆီးခံနေရသည့် နိုင်ငံရေး အကျဉ်းသားများ၏အကြောင်းကို ဓာတ်ပုံများနှင့်တကွ တင်ပြထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မြင်းခြံမှ တက်ကြွလှုပ်ရှားသူ ၅ ဦး အဖမ်းခံရ
ချင်းမိုင်(မဇ္ဈိမ)။ ။ မန္တလေးတိုင်း မြင်းခြံမြို့မှ လှုပ်ရှားတက်ကြွသူ ၅ ဦးအား မန္တလေးတိုင်း အထူးရဲသတင်း တပ်ဖွဲ့က ယခုလ ၁၅ ရက်နေ့ ညပိုင်းတွင် နေအိမ်မှ ဖမ်းဆီးခဲ့သည်ဟု နီးစပ်သူတဦးက ပြောသည်။
အသက် ၃၀ ကျော် အရွယ်များဖြစ်သည့် ဒေါက်တာဝင့်သူ၊ ကိုမျိုးဟန်၊ ကိုစိုးရာဇာဖြူ၊ ကိုအောင်မျိုးလတ်၊ ကိုလှမျိုးကျော် ခေါ် အီးတီနှင့် ဦးကြည်ဝင်းတို့ ဖမ်းဆီးခေါ်ဆောင်ခံရခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စင်တင်ဘာ ၁၈ ရက်
ရက်သတ္တပတ် ၃၆၊ ၂၀၀၉
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် အယူခံ အောက်တိုဘာ ၂ ရက် အမိန့်ချမည်
နယူးဒေလီ။ ။ ဒေါ်အောင်ဆန်းဆုကြည်၏ အမှု အယူခံကို ရန်ကုန်တိုင်း တရားရုံး၌ နှစ်ဖက်လျှောက်လဲချက် ပေးရာ ယနေ့ ပြီးဆုံးပြီ ဖြစ်သဖြင့် အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီတွင် အမိန့်ချမည်ဟူ၍ ရုံးတော်က ချိန်းဆို လိုက်သည်။
(မဇ္မျိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်
စစ်အစိုးရက ယနေ့နေ့လယ်၌ စတင်လွှတ်ပေးလိုက်သည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအမှုတို့ဖြင့် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား (၂၅၀) ကို ပြန်လည်လွှတ်ပေးလိုက်ကြောင်း ရန်ကုန်တိုင်းအကျဉ်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ပြည်တွင်းပြည်ပ သတင်းထောက်များကို ပြောကြားသည်။
၁၉၈၈ ခုနှစ် စက်တင်ဘာ (၁၈) ရက်နေ့ အာဏာရယူခဲ့သော စစ်အစိုးရ၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ယင်းသို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းဖြစ်ကြောင်း ၎င်းက ယနေ့ကျင်းပသော အကျဉ်းသားများအား ပြန်လွှတ်ပေးလိုက်သော အခမ်းအနားတွင် ပြောကြားသည်။
ယနေ့ပြန်လည်လွတ်မြောက်လာသူများတွင် သင်္ကန်းကျွန်းမြို့နယ် အန်အယ်လ်ဒီအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြ၊ ပုဇွန်တောင်မြို့နယ် အန်အယ်လ်ဒီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်းနိုင်း၊ မုံရွာအန်အယ်လ်ဒီမှ ဦးအောင်ရှင် စသည့်ပုဂ္ဂိုလ်များ ပါဝင်ကြသည်။ ယနေ့လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်အကြိမ်မှာ ဒဿမအကြိမ်ဖြစ်ပြီး ယနေ့ထိ လွှတ်ပေးသော အကျဉ်းသားပေါင်း (၁) သိန်း ကျော်ရှိပြီဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ပြောသည်။
-------------------
သတင်းထောက် ၂ ဦး လွတ်မြောက်လာ
ချင်းမိုင်(မဇ္ဈိမ)။ ။ နာဂစ်ဒုက္ခသည်များ အရေး သတင်းယူခဲ့သူ သတင်းထောက် မအိမ့်ခိုင်ဦး နှင့်အယ်ဒီတာ ဟောင်း ကိုကျော်ကျော်သန့်တို့ အင်းစိန်ထောင်မှ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ယနေ့ လွတ်မြောက် လာသည်။
သူတို့နှစ်ဦးစလုံးအား နိုင်ငံတော် ဆူပူမှုဖြင့် ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်ပြီး Weekly Eleven အယ်ဒီတာ ဟောင်း ကိုကျော်ကျော်သန့် (၃၀ နှစ်) ကို ၇ နှစ်၊ Ecovision ဂျာနယ်မှ သတင်းထောက် မအိမ့်ခိုင်ဦး (၂၄ နှစ်) ကို ထောင်ဒဏ် ၂ နှစ် အသီးသီး ချမှတ်ခဲ့ခြင်း ဖြစ်သည်။
( ခေတ်ပြိုင် + မဇ္ဈိမသတင်းများမှ ကောက်နှုတ်ချက် )

Sunday, September 13, 2009
သတင်းမှတ်စု ( ၃၆ )
စင်တင်ဘာ ၇ ရက်
ရက်သတ္တပတ် ၃၅၊ ၂၀၀၉
မြန်မာသတင်း
သတင်းထောက်များကို လောက်ကိုင်သို့ ဖိတ်ခေါ်
နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရက လောလောလတ်လတ် အောင်ပွဲခံထားသည့် ကိုးကန့်ဒေသ လောက်ကိုင်သို့ ပြည်တွင်းရှိ သတင်းထောက် ၆ ယောက်ကို ပြသရန် ယနေ့ ခေါ်ဆောင်သွားသည်ဟု စုံစမ်းသိရှိရသည်။
ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထောက်များကို လားရှိုးမှတဆင့် မနက်ဖြန်တွင် လောက်ကိုင်သို့ ပြသမည့် အစီအစဉ်အတွက် လိုက်ပါလိုသူများအနက်မှ မဲနှိုက် ခေါ်ယူခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်အဖွဲ့ကို ၂ ရက်ကြာ စစ်ဆင်နွှဲပြီး စစ်အစိုးရ လိုလားသော ယခင်ဒုဥက္ကဋ္ဌ
ပိုင်စိုချိန် ဦးဆောင်သော အုပ်စုကို မြှောက်စားပေးခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကေအိုင်အိုကို ကချင်ဒေသကိုယ်ပိုင်အုပ်ချုပ်ရေးတပ်အဖြစ် ပြောင်းရန်
ကချင်လူထု ဆုံးဖြတ်
ကေအိုင်အိုအား နယ်ခြားစောင့်တပ် (BGF) အစား ကချင်ဒေသကိုယ်ပိုင်အုပ်ချုပ်ရေးတပ် (KRGF) အဖြစ် အသွင်ပြောင်းရန် ကချင်ပြည်နယ်ဒေသအသီးသီးမှ လူထုကိုယ်စားလှယ်များနှင့် ကေအိုင်အိုတို့ တွေ့ဆုံဆွေးနွေးကာ သဘောတူ ဆုံးဖြတ်လိုက်သည်။
ယခုလ (၅) ရက်တွင် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ထိန်းချုပ်ရာ တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့တွင် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ ဗန်းမော်၊ ဖားကန့် စသည့် ဒေသအသီးသီးမှ ဘာသာရေးခေါင်းဆောင်များ၊ ဒေသဆိုင်ရာယဉ်ကျေးမှုအဖွဲ့၊ လူမှုရေးအဖွဲ့အသီးသီးမှကိုယ်စားလှယ် စုစုပေါင်း (၃၂၄) ဦးနှင့် ကေအိုင်အိုအဖွဲ့မှ ခေါင်းဆောင်များ တွေ့ဆုံစည်းဝေးပွဲတရပ်ကျင်းပခဲ့ပြီး ယင်းသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ရွေးကောက်ပွဲ ဝင်မည်ဟု ဆိုသော ကေအိုင်အို ထိပ်သီးများ ရာထူးမှ ဖယ်ရှားခံရ
စက်တင်ဘာလ (၂)ရက် နေ့ကလည်း ကချင် လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) ၏ ထိပ်သီးအရာရှိ ၆ဦး ရာထူးမှ ဖယ်ရှားခံရကြောင်း သတင်းများ ထပ်မံ ထွက်ပေါ် လာခဲ့သေးသည်။
လိုင်ဇာ အခြေပြု ကေအိုင်အို ထိပ်သီးပိုင်း ရာထူးမှ ဖယ်ရှားခြင်း ခံရသော အရာရှိများမှာ ကေအိုင်အို နံပါတ်၂ ရာထူး ရယူထားသော ဒု-ဥက္ကဋ္ဌ ဒေါက်တာ မနန်တူးဂျာ၊ ဒုတိယ အထွေထွေ အတွင်းရေးမှူး အင်ဂျာနော်ရစ်၊ ဒူကဘာ မှုန်ခေါင်၊ ဒူကဘာ ပေါင်ရှီဇော်ဖန်း၊ ဒူကဘာ နှုတ်လဲ့ ၊ ဆလန်ကဘာ ဇဘော် ကရန် တို့ ဖြစ်ကြသည်။
ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) မှ ဗိုလ်မှူးချုပ် ဆွန်လွတ် ဂွမ်မော်က Kachin State Progressive Party (KSPP) ကချင်ပြည်နယ် တိုးတက်ရေးပါတီ အနေနဲ့ ၂၀၁၀ မှာ စစ်အစိုးရ ဦးစီး ကျင်းပတဲ့ ရွေးကောက်ပွဲဝင်မှာ ဖြစ်တဲ့အတွက် အခုလို ဒီအဖွဲ့ ရာထူးက နှုတ်ထွက်တာလို့ ပြောဆိုပေမဲ့၊ " မြန်မာ စစ်အစိုးရ အလိုကျ ယိမ်းလွန်းတဲ့ ကေအိုင်အေ ခေါင်းဆောင်ပိုင်းတွေ လုပ်ဆောင်မှုဟာ ပြည်သူတွေကို ကေအိုင်အိုဟာ ကိုယ်စားပြု မလား၊ စစ် အစိုးရဖက်များ ယိမ်းလွန်း သွားမလား၊ စောင့်ကြည့် ရဦးမယ် " လို့ မြစ်ကြီးနား၊ ဒူကထောင် ရပ်ကွက်က အမည် မဖေါ်လိုတဲ့ ကချင် တက္ကသိုလ် ကျောင်းသားတဦးက လူထုအသံအား ယခုလို သုံးသပ် ပြောကြားသွားခဲ့သည်။
( လူထုအသံမှ ကောက်နှုတ်ချက် )
+++++
ဒေါက်တာ တူးဂျာ ဘာလို့ နုတ်ထွက်လဲ
ဒေါက်တာ တူးဂျာအနေနဲ့ ကေအိုင်အိုအဖွဲ့ကနေ ဘယ်လိုအကြောင်းများကြောင့် နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်သလဲရှင်။
ဒါကတော့ မြို့ပေါ် နိုင်ငံရေးကို ပိုပြီး အာရုံစိုက် လုပ်ကိုင်နိုင်ဖို့ ကေအိုင်အိုကနေ နုတ်ထွက်လိုက်တာပါ။ မြို့ပေါ် နိုင်ငံရေး လုပ်မယ်ဆိုရင် အဖွဲ့အစည်းကနေ နုတ်ထွက်ရမယ်။ ပါတီနိုင်ငံရေး ထောင်မယ်ဆိုရင် လွတ်လွတ်လပ်လပ် ပြည်သူတယောက် အနေနဲ့ မြို့နိုင်ငံ နိုင်ငံရေး လုပ်ဆောင်နိုင်ဖို့ မိမိအဖွဲ့ကနေ ထွက်လိုက်တာပါ။
ပါတီထဲမှာ ဘယ်လို အဖွဲ့အစည်းတွေ ပါဝင်ပါသလဲရှင်။
ပါတီထဲမှာ ဦးဇခုန်တင်ယိမ်းအဖွဲ့ ကချင်အမျိုးသားဒီမိုကရက်သစ် တပ်မတော် (NDAK) အဖွဲ့က တချို့ပါလာမယ်။ ကေအိုင်အိုခွဲထွက်အဖွဲ့ လဆန်အောင်ဝါ အဖွဲ့လည်း ပါတယ်။ နောက်ကချင် အတိုင်ပင်ခံအဖွဲ့နဲ့ ကေအိုင်အို အဖွဲ့အချို့လည်း ပါမယ်။ အများစုက အရပ်သားတွေ ပိုများမယ်။ လူထုဘက်က ဖြစ်လာမယ်။ နိုင်ငံရေး စိတ်ပါဝင်စားတဲ့ လူတွေ အားလုံးပါလာနိုင်တယ်။
((မဇ္ဈိမသတင်းထောက် ဖနိဒါ၏ အင်တာဗျူးမှ ကောက်နှုတ်ချက်)
+++++
ထိုင်းနှင့်တရုတ်ထက် သဘာဝဓာတ်ငွေ့ထွက် မြန်မာ
လျှပ်စစ်သုံးစွဲခွင့် လျော့နည်း
မြန်မာနိုင်ငံသည် ကမ္ဘာ့သဘာဝဓာတ်ငွေ့ အရင်းအမြစ်ပိုင်ဆိုင်သော နိုင်ငံများစာရင်းတွင် အဆင့် (၁၀) အဖြစ် ပါဝင်နေသော်လည်း မြန်မာနိုင်ငံသားတဦး၏ လျှပ်စစ်သုံးစွဲမှု ပမာဏသည် အိမ်နီးချင်း ထိုင်းနှင့် တရုတ်နိုင်ငံသားတဦး၏ လျှပ်စစ်သုံးစွဲမှု ပမာဏအောက် (၅) ရာခိုင်နှုန်း လျော့နည်းနေကြောင်း အာဏာစင်္ကြန် အစီရင်ခံစာတွင် ထောက်ပြထားသည်။
အဆိုပါအစီရင်ခံစာကို တရုတ်နိုင်ငံမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းတော့မည့် အခြေအနေနှင့် စပ်လျဉ်း၍ မြန်မာ့သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး စောင့်ကြည့်နေသည့် ရွှေဂက်စ်အဖွဲ့က ယနေ့ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မလေးရှားတွင် အဖမ်းခံနေရသူများကို ပြန်လည်လက်ခံ
ချင်းမိုင် (မဇ္ဈိမ) ။ ။ တရားမ၀င် နေထိုင်မှုဖြင့် မလေးရှားတွင် ဖမ်းဆီး ခံနေခဲ့ရသော မြန်မာလုပ်သားများအနက် လမ်းစရိတ် တတ်နိုင်သူများကို ပြန်လည် ပို့ဆောင်ခြင်း ပြုလုပ်လျက် ရှိသည်။
မြန်မာနိုင်ငံသားအဖြစ် အထောက်ပြနိုင်သူများဖြစ်ပြီး တဦးလျှင် အပြန်လမ်းစရိတ် လေယာဉ် လက်မှတ်ဖိုး အပါအ၀င် မလေးရှားငွေ ရင်းဂစ် ၁၆၀၀ (ကျပ်ငွေ ၅ သိန်းခန့်) ကုန်ကျခံနိုင်သူများကို ရန်ကုန်မြို့သို့ တိုက်ရိုက် ပြန်လည် ပို့ဆောင်ခြင်း ဖြစ်သည်။
ပထမဆုံး အသုတ်အနေဖြင့် ၄၉ ဦး ပြန်လည် ရောက်ရှိလာကြောင်း စက်တင်ဘာလ ၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာက ရေးသားသည်။
ပြန်လိုသူများသည် သန်းခေါင်စာရင်းမိတ္တူ၊ ရဲစခန်း ထောက်ခံစာ၊ မှတ်ပုံတင် မိတ္တူတို့ဖြင့် မလေးရှားဆိုင်ရာ မြန်မာသံရုံးသို့ ကိုယ်စားလှယ်မှတဆင့် လျှောက်ထားကြရသည်ဟု စုံစမ်း သိရှိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စင်တင်ဘာ ၈ ရက်
ရက်သတ္တပတ် ၃၅၊ ၂၀၀၉
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် ရှေ့နေများတောင်းဆို
အယူခံအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် သူမ၏ရှေ့နေများက အာဏာပိုင်များထံ ယနေ့ စာရေးတောင်းဆိုလိုက်သည်။ “ကျနော်တို့ ဒီတပတ်ထဲမှာ တွေ့ခွင့်ရဖို့ တောင်းထားပါတယ်။ အာဏာပိုင်တွေဘက်က ဘယ်လိုတုံ့ပြန်မယ်ဆိုတာတော့ မသိပါဘူး” ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
UWSA နာယကကြီး ကျောက်ညီလှိုင် ကွယ်လွန်
နယူးဒေလီ။ ။ ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ၏ နာယက ဦးကျောက်ညီလှိုင်သည် ယနေ့ နံနက်ပိုင်းတွင် အသက် ၇၀ နှစ်အရွယ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားပြီ ဖြစ်သည်။
ရှမ်းပြည် အရှေ့မြောက်ပိုင်းတွင် တည်ရှိသည့် ဝ' အထူးဒေသ (၂) တဖက်ကမ်းရှိ တရုတ်နိုင်ငံ လန်ချားခရိုင် ဆေးရုံ၌ ဆုံးပါးသွားခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
တာဝန်မှအပ ဒေသတွင်းလာရောက်နေထိုင်သူများအား
ဝတပ်ဖွဲ့က လက်မခံ
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဌာနချုပ်ရ