Tuesday, June 2, 2009

ဖြစ်ပုံစုံလင် သည်လတွင် ( မေ )

လမ်းပြမြေပုံသည် အတိုက်အခံများ၏ သင်္ချိုင်းလား ?

အမှန်တရားတခု ရှိနေ၏။ ဥပဒေသည် ကျောသား ရင်သား မခွဲခြားပါ ၊ ဥပဒေ အပေါ်က မည်သူမှ မရှိစေရ ဆိုတဲ့ စကားတွေနှင့်အတူ မျှော်လင့်ခြင်းများစွာဖြင့် တရားသည့် ဥပဒေတခုကို စွဲကိုင်ပြီး နိုင်ငံသားတယောက်အနေဖြင့် ရသင့်ရထိုက်သော အခွင့်အရေးတခုကို တောင်းဆိုခဲ့သည်။ သူမ၏ လွတ်မြောက်မှုဟာလည်း မြန်မာနိုင်ငံနှင့် ထိုနိုင်ငံအတွင်း မှီတင်းနေထိုင်သော တိုင်းရင်းသားများ၏ အလင်းရောင်ဟု ဆိုရလျှင် မမှားနိုင်ပေ။

ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ် သက်တမ်းကုန်သဖြင့် သူမ၏ ရှေ့နေများက နေပြည်တော် တင်သွင်းခဲ့သော အယူခံလွှာအား အာဏာပိုင်များက ပယ်ချလိုက်သည်။

အာဏာပိုင်များက မည်ကဲ့သို့သော အာဂတ အငြိုးကြီးစွာဖြင့် ယင်းအယူခံအား ပယ်ချလိုက်သနည်း။ အဖြေက လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားစွာ မြင်နိုင်သည်။ သို့သော် မည်ကဲ့သို့ စဉ်းလဲစွာ အကောက်ကြံ လုပ်ဆောင်လာမည်ကို မသိနိုင်ပေ။

လူတယောက်သည် နိုင်ငံတော် အချုပ်အခြာအတွင်း မှီတင်းနေထိုင်နေသရွေ့ လူတယောက်၏ ရရှိပိုင်ခွင့်ရှိသော အခွင့်အရေးတခုကို ကျောခိုင်းရလိုက်သည်နှင့် တပြိုင်နက် ထိုသူ၏ အနာဂါတ် သေဆုံးသွားလိမ့်မည်။ အချုပ်အခြာကို ချုပ်ကိုင်ထားသည့် မည်သူမဆို တိုင်းပြည်အတွင်း ပြည်သူများ၏ ရပိုင်ခွင့်များကို လက်လျှူ မရှု့သင့်ပေ။ ထိုပြုမူသည် လူသားမဆန်သည့် လုပ်ရပ်တခုဟု မြင်၏။

မြန်မာနိုင်ငံတွင်မူကား စစ်အစိုးရသည် ပြည်သူအများစုကို “ ၀ ” သုံးလုံး ဆောင်မှသာ မပို့မစို့ လူ့အခွင့်အရေးတခု ပေးမည်ပုံစံ ဖော်ဆောင်လျက် ရှိသည်။ ၀ သုံးလုံးဆိုသည်မှာ သူတို့နှင့် ပူးပေါင်းပြီး ၀ ၀ စား၊ သူတို့ကို ဆန့်ကျင်မှု ဝေးဝေး ရှောင်၊ သူတို့ လမ်းစဉ်တွင် ၀င်မရှုပ်ဟု ဆို၏ ။ ဤကဲ့သို ၀ သုံးလုံး မဆောင်ခဲ့သော် ထိုပုဂ္ဂိုလ်သည် အသက်ရှင်လျှက်နှင့် သေသူ၊ သို့တည်းမဟုတ် မသေချင်း ညှင်းသတ်ခြင်း ခံရနိုင်သည်။

ဤအပြုအမူသည် မနုဿ အခြေခံ ဥပဒေအရ လူသားမဆန်သည့် လုပ်ရပ်တခုဟု ယနေ့ ကမ္ဘာ့လူ့အသိုင်းအ၀ိုင်းက ကောက်ချက်ဆွဲခဲ့သည်။ လွတ်လပ်စွာ ကွဲလွဲခွင့်ဖြင့် စစ်မှန်သည့် အဖြေတခု ရှာရန် အလေ့အကျင့် မရှိသည့် ခေတ်နောက်ပြန်ဆွဲသော ပဒေသရာဇ် အုပ်ချုပ်မှုသာသာ ဖြစ်၏။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်လုံးကျွတ်အစည်းအဝေးများ ကျင်းပ၍ ရွှေဂုံတိုင် ကြေညာစာတမ်းတခု ထွက်ပေါ်လာပြီးနောက် နိုင်ငံရေး စိတ်ဝင်စားတဲ့သူများ ဇဝေဇ၀ါ ဖြစ်ပေါ်နေသည့်အချိန်တွင် ကမ္ဘာကို တုန်လှုပ်သွားမည့် ညာတာမှု ကင်းမဲ့လှစွာသော ဖြစ်ရပ်တခု ပေါ်ထွက်လာခဲ့သည်။

ထိုဖြစ်ရပ်ကား လူထုခေါင်းဆောင်တယောက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ အမေရိကန်ပတ်စ်ပို့ (PP.NO-4397677222/28.4.2008) ကိုင်ဆောင်ထားသော Mr.John Willian Yeattaw ဆိုသူသည် မေလ (၆) ရက် နံနက် (၅) နာရီခွဲတွင် (၅) လီတာဝင် ရေသန့်ဘူးအကူအညီဖြင့် အင်းလျားကန်အတွင်း ကူးခတ်နေစဉ် စစ်ဆေးမေးမြန်းပြီး ဖမ်းဆီးခဲ့သည်။

မတ်လ ( ၇ ) ရက်နေ့၊ ညနေ ( ၃ ) နာရီခန့်တွင် ဒေါ်ဆောင်ဆန်းစုကြည်၏ မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းသည် ပုံမှန်ဆေးကုသမှုပြုရန် သွားရောက်ရာ၌ လုံခြုံရေးတပ်များက ၀င်ခွင့်မပြုသဖြင့် သူ၏ နေအိမ်သို့ ပြန်လာပြီးနောက် အာဏာပိုင်တို့က ဒေါက်တာ တင်မျိုးဝင်းအား ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ဤသည်မှာ လူအများက သို့လော.. သို့လောနှင့် ထူးခြားသည့် ဖြစ်ရပ်တခု ဖြစ်လာနိုင်သည်ဟု ထင်မြင်နေသည်။

၎င်း အကြောင်းအရာများ ဖြစ်ပွားပြီး များမကြာမှီ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးလိုသော ဘေးအန္တရာယ် ပုဒ်မ (၂၂) ရာဇသတ်ကြီးပုဒ်မ (၁၀၉) ဖြင့် နအဖစစ်အစိုးရက အင်းစိန်အထူးတရားရုံးတွင် တရားစွဲဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှ အင်းစိန်ထောင်ရှိ အထူးတရားရုံးသို့ ခေါ်ဆောင်သွားခဲ့ရာ အတူနေ ဒေါ်ခင်ခင်ဝင်းတို့ သားအမိလည်း လိုက်ပါသွားခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်အတွက် အကျယ်ချုပ်ချထားခွင့်ကုန်ဆုံးရန် (၂၁) ရက်အလိုတွင် ယင်းကိစ္စ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဖြစ်ပေါ်လာသည့် အနေအထားများကို ချဉ်းကပ်စဉ်းစားရမည်ဆိုလျှင် ယနေ့ နိုင်ငံတော်အား ဦးဆောင်နေသည့် စစ်ခေါင်းဆောင်များသည် အန်အယ်ဒီ၏ ရွှေဂုံတိုင် ကြေညာချက်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ် သက်တမ်းအတွက် အယူခံလွာ ပယ်ချပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီအား အနာဂါတ် နိုင်ငံရေးတွင် အဓိက အခန်းကဏ္ဍမှ ပျက်စီးသွားရန် မတရားသဖြင့် အမှုဆင် ထောင်ချခြင်းဟု ယူဆရမည်။

ထိုသည်မှာ နအဖသည် သူတို့၏ နိုင်ငံရေး ထွက်ပေါက်ဖြစ်သော လမ်းပြမြေပုံအတွက် အန္တရယ်ရှိနိုင်သည်ဟု ယူဆ၍ ဒေါ်အောင်ဆန်းစုကြည်အား လူမြင်ကွင်းမှ ပ ထုတ်လိုက်ခြင်း နှင့် သူမ၏ နိုင်ငံရေး ပါဝါဖြစ်သော လူထု ထောက်ခံမှု ဘယ်လောက် အတိုင်းအတာ ရှိသနည်းဟု စမ်းသပ်လိုက်ခြင်း ဖြစ်သည်။

အစိမ်းရောင် လွတ်တော်ဖြစ်လာမည့် လမ်းပြပုံကို ဆန့်ကျင်သော ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွက် ယုတ်လျော့ ခန်းခြောက်လျက်ရှိသည့် လူထုထောက်ခံမှု အကြွင်းအကျန်များကိုပင် နအဖက အမှည့်ချွေမည့်သဘော ရှိသည်။

ပြေလည်ချောမွေ့နိုင်ခြင်းမရှိသေးသည့် မြန်မာနိုင်ငံရေးတွင် စစ်တပ်သည် ဦးဆောင်မှုအခန်းကဏ္ဍကို ဇွတ်အတင်း သွတ်သွင်းရန်အတွက် လမ်းပြမြေပုံကို ဖေါ်ဆောင်နေသည်။ ထိုမြေပုံသည် တိုင်းပြည်အတွက် လမ်းပြခြင်း မဟုတ်ပဲ နအဖအတွက် သင်္ချိုင်းမြေပုံတခု ဖြစ်လာနိုင်ဖွယ် ရှိ၏။

ပြည်တွင်းစစ်အစ လွတ်လပ်ရေးခေတ်ဦး နိုင်ငံရေးသမားများက တိုင်းပြည်အား စုစည်းနိုင်ရန် စစ်တပ်သာလျှင် ပြုလုပ်နိုင်မည် ထင်မြင်သဖြင့် စစ်တပ်ကို အားပေးအားမြောက် ပြုလုပ်ခဲ့သည်။ ဤသည်မှာလည်း ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သော တပ်မတော်အား ယုံကြည်ခဲ့သောကြောင့် ဖြစ်သည်။ တိုင်းပြည်အား စုစည်းနိုင်ခဲ့ခြင်းသည်လည်း ပါလီမာန်ခေတ် နိုင်ငံရေးသမားများ၏ ဦးဆောင်မှု အခန်းကဏ္ဍကို မေ့ထားလို့မရပါ။

နိုင်ငံအတွက် ကယ်တင်ရှင်သည် မိမိသာလျှင် ဖြစ်ကြောင်း၊ အနည်းငယ်သော နိုင်ငံရေးသမား၏ အကျင့်ပျက်များကြောင့် တိုင်းပြည်ဟာ ယိုယွင်းခဲ့ကြောင်းနှင့် တိုင်းပြည်သည် ချောက်အတွင်း ကျရောက်တော့မည် ဖြစ်သောကြောင့် ဟူသော အကြောင်းကြောင်းများကို လူထုအတွင်း ၀ါဒဖြန့်ချီပြီး နိုင်ငံတော် အာဏာကို လုယူခဲ့သည်။

ထိုစဉ်က (ဗြိတိသျှထံမှ လွတ်လပ်ရေး ရပြီး) ပြည်သူ အများစုသည်လည်း စစ်တပ်အား အားကိုးခဲ့သည် မှန်သော်လည်း စစ်တပ်အနေဖြင့် ယနေ့ ထိုင်းနိုင်ငံ၏ စစ်တပ်ကဲ့သို့ နိုင်ငံတော် အာဏာအား ပြည်သူ့လက်အတွင်း ပြန်လည် ပေးအပ်မည်ဟု အထင်အမြင် ရှိခဲ့ပါသည်။ သို့သော် စစ်တပ်သည် နိုင်ငံတော်၏ အဆီအနှစ်များ ရယူသုံးစွဲခဲ့ရပြီး ထိုအခွင့်အာဏာကို မက်မောလာသည်မှာ မဆန်းပေ။ ပြည်သူများတို့ လိုလားသည့် စနစ်မဟုတ်သော စစ်တပ်က ဦးဆောင်မှုကဏ္ဍအား ယနေ့တိုင် သွတ်သွင်းနေသည်မှာ ၀မ်းနည်းဖွယ်ရာ တွေ့ရှိရသည်။ အစိမ်းရောင် ( ယူနီဖောင်း ) ၀တ်သော သူများက နိုင်ငံတော်၏ အာဏာကို ချုပ်ကိုင်ထားသာ စနစ်ကို ပြည်သူများ မလိုချင်ကြပေ။ ၎င်းတို့ လိုရာဆွဲ စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၁၀ အခြေခံဥပဒေက စစ်အုပ်ချုပ်ရေးအတွင်း စစ်ခေါင်းဆောင်များနှင့် သူတို့၏ မိသားစုများ အလွဲသုံး မတရား ရှာယူထားသော စည်းစိမ် အကျိုးစီးပွားကို ကာကွယ်သည့် ဥပဒေတခုသာ ဖြစ်၏။ ခေါင်းမာသော နအဖသည် လွတ်လပ်စွာကွဲလွဲခွင့်ကို လက်လျှူရှူ့ပြီး မိမိအလိုကျ လမ်းပြမြေပုံအား တည်ဆောက်နေသည်။

အစိမ်းရောင်လွမ်းသည့် လွတ်တော်စနစ်အား အပြီးသတ် တိုက်ခိုက်နိုင်သော ၊ စစ်မှန်သည့် ဖြေရှင်းမှုတခု ပြုလုပ်နိုင်သော ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်ဘ၀ကနေ အကျဉ်းထောင်အတွင်း မတရား ထောင်ချပြီး ဘ၀ ဆုံးသွားအောင် နအဖက ရက်ရက်စက်စက် ပြုလုပ်မည် သေချာ၏။ ထို့ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ကို ထောင်အတွင်း အဆုံးသတ်ရန် အစီအစဉ်ရှိရှိ ဇာတ်ညွှန်းရေးပြီး အမေရိကန်နိုင်ငံသား ယက်တော၏ အပြုအမူအပေါ် အသုံးချခဲ့သည်ဟု ထင်မြင်မိသည်။

“ ဖွဲ့စည်းပုံ အခြေခံဥပဒေများကို ဖျက်ဆီးနိုင်လွန်းသော နိုင်ငံ အနည်းအကျဉ်းတွင်
မြန်မာနိုင်ငံ အပါအ၀င် ဖြစ်သည်။ အခြေခံဥပဒေနေ့ကို မည်သည့်နေ့အဖြစ် သတ်မှတ်ရမည်နည်း။

လုပ်ရက်ပါပေ့…
ကယ်တင်ရှင်ကြီးများရယ်…. ”

တိုးတက် ပြောင်းလဲနေသော ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြန်လှည်ပြင်ဆင်ခြင်းသာ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ရေးဆွဲခဲ့သော အခြေခံဥပဒေများ၌ ပြည်သူ့လိုကျ ရွေးချယ်တင်မြောက်ထားသည့် တိုင်းပြု ပြည်ပြု လွတ်တော်အမတ်များ ရေးဆွဲထားသည့် ၄၇ အခြေခံဥပဒေ တခုသာရှိပြီး၊ စစ်တပ်က အခြေခံဥပဒေ ၇၄နှင့် ၀၈ နှစ်ခုမြောက် ရေးဆွဲခဲ့သည်။ ပျက်စီးခဲ့သော အခြေခံဥပဒေများကို ဖျက်ဆီးခဲ့သည့် သူများမှာ စစ်တပ်မှ စစ်ခေါင်းဆောင်များသာ ဖြစ်၏။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုကိုလည်း သူတို့ ရပ်စဲ ဖျက်ဆီးလိုက်သည့် အခြေခံဥပဒေထဲက ပုဒ်ထီး ပုဒ်မတွေနှင့် တရားစွဲခဲ့သည်။ ထိုသည်မှာ မြန်မာနိုင်ငံအတွင်း တရားဥပဒေဟူသည် စာရွက်စာတမ်းနှင့် သတ်သတ်မှတ်မှတ်မရှိပဲ သက်ဦးဆံပိုင် ဘုရင်စနစ်ကဲ့သို့ ပါးစပ်ထွက် အရှုးချီးပန်းသကဲ့သို့ အာဏာရှိသော သူများက လိုအပ်သလို ထုတ်နှုတ်သုံးစွဲ သုံးစွဲနေသည်ကို တွေ့ရသည်။

သဘောမှာ သူတို့ရေးဆွဲနေသော အခြေခံဥပေဒသည် အုပ်ချုပ်ခံ လူတန်းစားအတွက်သာလျှင်ဖြစ်၍ စစ်တပ်အတွက် မဟုတ်ကြောင်း သူတို့ လုပ်ရပ်က ပြနေသည်။ မော်စီတုန်း၏ အတွေးခေါ်တခုဖြစ်သော အာဏာသည် သေနတ်ပြောင်းဝက လာသည်နှင့် သဏ္ဍာန်တူ၏။ တရားဥပဒေဆိုသည်မှာ အာဏာရှိသော သူအတွက်မဟုတ်၊ အာဏာရှိသော အသိုင်းအ၀ိုင်းများသည် တရားဥပဒေပေါ်တွင် ခွထိုင်နေတတ်သည်။

ဒေါ်ကြိုင်ကြိုင် ပါဝင်ပတ်သက်နေသည်ဟု ယူဆနေသော ငါးလောင်းပြိုင် လူသတ်မှုဟာ ငြိမ်ဝပ်ပိပြားလှပါသည်ဆိုတဲ့ နိုင်ငံတခုမှာ ယခုတိုင် ရှာဖွေ မဖေါ်ထုတ်နိုင်ခြင်း မရှိသေး၊ ထိုအကြောင်းများ ရှာရှာဖွေဖွေပြောရလျှင် ပြောမဆုံးပါ။ ဆိုလိုသည်မှာ ၎င်းအမှုသည် ဥပဒေအပ်ါပိုင်းတွင် ရှိနေသလား ဟု တွေးစရာများ ဖြစ်လာနေ၏။

ယခု ဒေါ်အောင်ဆန်းစုကြည်၏ အမှုကိုလည်း တရားခွင်၌ စစ်စစ်မှန်မှန် စစ်ဆေးနေသော ပုံစံ ပြနေစေကာမှု တရားသူကြီးများအနေဖြင့်လည်း မှန်ကန်သည့် အမိန့်ချမှတ်နိုင်ခွင့် မရှိပါ။ သူတို့ထက်မှလာသော အမိန့်ကို စောင့်ယုံမတပါး ဘာမှ တတ်မနိုင်ပါ။ တရားသူကြီးများ အနေဖြင့် တရားသော သဘောအရ မှန်မှန်ကန်ကန် ဆုံးဖြတ်ခဲ့သော် သူတို့၏ အနာဂါတ် စုတ်ပြတ်သွားမည် သေခြာ၏။

“နေ့ဖြစ်ပေါ်နေသည့် အခင်းအကျဉ်းတွင် ပြည်တွင်းရှိ ဒီမိုကရေစိကို ချစ်မြတ်နိုးသောသူများ
ပေါက်ကွဲ အုံကြွလာမှု နှင့် ကမ္ဘာ့အသိုင်းအ၀ိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ ပြည်သူများအပေါ် ဘယ်လောက် စာနာ ထောက်ခံမှု ပေးမလဲ ဆိုသော မေးခွန်းများ ၀င်လာသည်။”

ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ချမှတ်လိုက်သောအခါ ပြည်သူများ အုံကြွမှု ဖြစ်ပေါ်လာမည်ဖက်က စဉ်းစားကြပါစို့။ အမှန်တကယ်လည်း ထောင်ချမည်၊ တရားစီရင်ရေးသည် ရုပ်ပြမှသာ ဖြစ်၏။ တကယ်လို့များ အုံကြွမှု ဖြစ်ပေါ်လာခဲ့သော် ဒေါ်အောင်ဆန်းကြည် ပြောခဲ့သလို အလုံးစုံ ပျက်သှဉ်းရေး ဖက်ကို ဦးတည်သွားလိမ့်မည် ဖြစ်သည်။

ထိုဖြစ်ရပ်အားလုံးဟာ တိုင်သူပြည်သားများ ပြုလုပ်မည်မဟုတ်၊ လက်ရှိအုပ်ချုပ် မင်းလုပ်သူများက ရက်ရက်စက်စက် ပြုနိုင်သည်။ ၈၈ တုန်းက ပြည်သူနှင့် အုပ်ချုပ်သူတို့၏ ပဋိပက္ခဖြစ်သဖြင့် တတိုင်းတပြည်လုံးရှိ ပြည်သူများက ဆန့်ကျင်သူများဖက်က ရပ်တည်ခဲ့သည်။

ယခု ဖြစ်ပွားလာခဲ့လျှင် နအဖသည် အနှစ် ၂၀ အတွင်း သူတို့၏ လက်မရွံ့ လူမိုက်တွေကို ပြည်သူထဲမှ ရွေးချယ်၍ အခွင့်အာဏာများ ချကြွေးပြီး လက်သပ်မွေးထားသည်။ အုံကြွမှုတခု ဖြစ်ပေါ်လာလျှင် ဆန့်ကျင်သူများအနေဖြင့် နအဖ လက်သပ်မွေးထားသူများနှင့် ပထမဆုံး ထိပ်တိုက် ယှဉ်ဆိုင်ရမည်။ ထိုသည်မှာ ပြည်သူအချင်းချင်း ပဋိပက္ခအဖြစ်သွင် ဆောင်ပြီး စစ်တပ်ကသာလျှင် ကယ်တင်ရှင် ပြန်လုပ်လာနိုင်သဖြင့် ဆန့်ကျင့်သော သူများအတွက်လည်း ဆိုးကျိုး ခံစားရနိုင်မည်။ ထိုထက်ပိုပြီး ဆိုးဝါးလာလျှင် ပျက်စီးယိုယွင်းလာသည့် အခြေအနေ အရပ်ရပ်ကို ထိန်းသိမ်းခြင်း အလို့ငှာ …. အကြောင်းပြချက် အမျိုးမျိုးဖြင့် သူတို့၏ အာဏာကို ဆက်လက်ထိမ်းသိမ်းပြီး ပို၍ ပို၍ စစ်အာဏာစနစ်သာ လိုအပ်သလို ဆွဲဆန့်လာနိုင်ဖွယ် ရှိသည်။

နအဖအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်အား မတရားသဖြင့် ထောင်ချသောအမှုက နောက်ဆုံး ဗျူဟာမြောက် တောင်ကုန်းကို တက်သိမ်းသလိုဖြစ်နေသဖြင့် ဒီပွဲကို သူတို့ဖက်က အရိုးကြေကြေ အရေခမ်းခမ်း တိုက်ခိုက်မည် ဖြစ်၏။ စုစည်း ကျစ်လစ်သော စစ်တပ်ကို အမှီအခိုပြုပြီး တိုင်းပြည်အား လိုသလို အာဏာရှင်စနစ်အား ဇွတ်အတင်း သွတ်သွင်းမည်သာ ဖြစ်၏။ စစ်တပ်ဆိုသည်မှာ လက်နက်ကိုင်ပြီး စကားပြောခြင်းကို ပြုလုပ်သူ ဖြစ်သလို၊ စားပွဲဝိုင်းတခုတွင် အတွေးအခေါ်တခုအား ကျကျနန စကားစစ်ထိုး ယှဉ်ပြိုင်နိုင်စွမ်းမရှိပါ၊ စကားပြောနိုင်စွမ်း မရှိလို့သာ လက်ထဲက သေနတ်ကို မချပဲ နိုင်ငံရေး စကား ပြောနေသည်။

“အထူးသတိထားရမည့်အချက်က အကယ်၍ ဆန့်ကျင် အုံကြွမှုများဖြစ်ခဲ့ပြီး အကျဉ်းထောင်တွင် စံမြန်းနေရသော ဒေါ်အောင်ဆန်းစုကြည်၏ အသက် လုံခြုံရေး မည်သူ ပေးနိုင်သနည်း။”

ဆန္ဒပြမှု ဖြစ်တိုင်းဖြစ်တိုင်း နအဖဖြစ်တလဲ စစ်အာဏာရှင်များသည် အကျဉ်းထောင်မှ အကျဉ်းသားများအား ထောင်ခါ ( အကျဉ်းသားများ လွတ်ပေးခြင်း ) တတ်၏။ ဤသည်မှာလည်း အာဏာပိုင်များအနေဖြင့် ထောင်ကို ထိန်းချုပ်နိုင်ပါလျက် ဆန္ဒပြမှုများအတွင်း ဆူပူလုယက်မှုများ ဖြစ်ပေါ်အောင် လုပ်ဆောင်သည့် နည်းဗျူဟာတခုသာ ဖြစ်သည်။ ထိုကဲ့သို့ ရှုပ်ထွေးသော အခြေအနေများတွင် သူတို့ လက်သပ်မွေးထားသည့် လက်မရွံ့ လူမိုက်တစုက ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရယ်ကို ဒီပဲယင်းအရေးသကဲ့သို့ လုပ်ကြံမည် ဖြစ်သည်။ လုပ်ကြံ သတ်ဖြတ်လာခဲ့သော်…

ဒုတိယ အချက်က နိုင်ငံတကာ၏ ဖိအား၊ နိုင်ငံတကာက ဒီမိုကရေစီ မြတ်နိုးသူများအပေါ် စာနာမှုကို စဉ်းစားမည်။ အထူးသဖြင့် ကုလသမဂ္ဂသည် နိုင်ငံတကာ ပဋိပက္ခများအတွင်း ထိထိရောက်ရောက် ဖြေရှင်းနိုင်ခြင်း မရှိပါ။ တလောတုန်းက ဖြစ်ပွားခဲ့သည့် သီရီလင်္ကာပြည်တွင်းစစ်အတွင်း အစိုးရက သူပုန်များကို အပြင်းအထန် ထိုးစစ်ဆင်နေသည့် အချိန်ကာလများတွင် ကြက်ခြေနီ အဖွဲ့အစည်းများက လွဲပြီး၊ ကုလ လုံခြုံရေးကောင်စီက ဖြေရှင်းမှုများ မပြုလုပ်ခဲ့ပါ၊ အစိုးရတပ်များက သူပုန်များ ထိန်းချုပ်ရာ ဒေသအားလုံးကို သိမ်းပိုက်နိုင်ပြီးမျှသာလျှင် ကုလ အတွင်းရေးမှူးအနေဖြင့် အောင်ပွဲရ စစ်သူကြီးလို စစ်မြေပြင်အား သွားရောက် ကြည့်ရှု့ နေသည်ကို တွေ့ရသည်။

ဖြေရှင်းချက်တခုဟု ဖြစ်နိုင်ချေရှိသော အကြောင်းတခုက စစ်အစိုးရအား သဘောထားပြောင်းလဲမှုသည် ကမ္ဘာ့ပုလိပ်ဖြစ်သော အမေရိကန်၏ မြန်မာနိုင်ငံအပေါ် ထားရှိသော သဘောထား ဘယ်လောက် ပြင်းထန်ခြင်းအပေါ် မှုတည်သည်။ မည်သူက ဘယ်သို့သော စကားကို ပြောဆိုလိုက်ခြင်း ဖြင့် နအဖအား ဖိအားပေးနိုင်မည် မဟုတ်၊ နအဖသည် စကားကို နားထောင်တတ်သော အမျိုး မဟုတ် ကိုယ်မြင်း ကိုယ်စိုင်း တတ်သည့် အစား ဖြစ်သည်။

အာဏာရှင်သည် အင်အားနည်းသော သူများကို ဖိနှိပ်ရာတွင် တဖက်ကမ်း ကျွမ်းကျင်သလို မိမိထက် အားသာသော သူများဆိုလျှင် အလွန့်လွန်ကြောက်ရွံ့ တတ်သည်။ နအဖ အနေဖြင့်လည်း မြောက်ကိုးရီးယားကဲ့သို့ နိုင်ငံတကာကို အာခံနိုင်သော အနေအထားများ မရှိသေးပါ၊

ကမ္ဘာပေါ်တွင် ပြုပြင် ပြောင်းလဲခဲ့သော နိုင်ငံများသည် ပြည်ပဆိုသည့် နိုင်ငံတနိုင်ငံ ( သို့ ) နိုင်ငံတကာ၏ ဖိအားမပါပဲ မိမိအစွမ်းအစဖြင့် ပြောင်းလဲခဲ့သော နိုင်ငံဟူ၍ မရှိပေ၊ အမေရိကန်ပြည်ထောင်စု၏ လွတ်လပ်ရေးသည် ပြင်သစ်နိုင်ငံ၏ ဖိအားဖြင့် ပြောင်းလဲနိုင်ခဲ့ပြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကွန်မြူနစ် ဆိုဗီယက် အကူအညီများ ရရှိ ပြောင်းလဲနိုင်ခဲ့သည်။ နောက်ပြီး အမေရိကန်၏ ပြင်းထန်သော ယှဉ်ပြိုင်မူ ဖိအားဖြင့် ကွန်မြူနစ် စနစ် ကျဆုံးခြင်းနှင့်အတူ ဆိုဗီယက် ပြိုကွဲခဲ့ရ၏။ ထို့အတူစွာပင် ကမ္ဘာ့နိုင်ငံများတွင်လည်း ပြောင်းလဲမှုများတွင် နိုင်ငံတကာဆိုသော ဖိအား အမြောက်အများဖြင့် ကူညီရယူခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့လူမှုအသိုင်းအ၀ိုင်းသည် တဦးနှင့်တဦး ကူးလူးဆက်ဆံနေပြီး လူသား အရင်းအမြစ်များ အကျိုးတူ ချစ်ကြည်စွာ ဆက်ဆံနေထိုင်ရသော ရွာကြီးတရွာလို ဖြစ်သောကြောင့် ဖြစ်သည်။


မိမိပြည်တွင်းရေးကို မိမိတို့သာ ဖြေရှင်းမည်ဆိုသည့် အတွေးအခေါ်ကို လက်ခံသော်ငြားလည်း လိုအပ်ချက်အရ တိုင်းပြည်ရှေ့ရေးအတွက် မဟာမိတ်ဆန်သည့် မိတ်ဆွေနိုင်ငံများ အကူအညီ ဖိအားများသည်လည်း စနစ်တခုကို ပြောင်းလဲရန်အတွက် လိုအပ်သည်။

ဘယ်သို့သော အနေအထားဖြစ်ဖြစ် အမေရိကန် ပြည်ထောင်စုသည် ကမ္ဘာ့အရေးကို ချယ်လှယ်ခွင့် ရှိဆုံး နိုင်ငံဖြစ်သောကြောင့် စကားလုံးများ၏ ဖိအားများထက် ပို၍ ထိထိရောက်ရောက် ကူညီနိုင်မှသာ
ဒေါ်အောင်ဆန်းစုကြည်၏ အနာဂါတ် လှပလာနိုင်သည်။ သူမ၏ အနာဂါတ်သည်လည်း မြန်မာနိုင်ငံသားများ အနာဂါတ်နှင့် ထပ်တူထပ်မျှ ဖြစ်နေသဖြင့် အမေရိကန် ဦးဆောင်သည့် နိုင်ငံတကာက နအဖအပေါ် မည်မျှလောက် လွမ်းမိုးနိုင်သနည်း ဟု လွင့်မျောရင်းဖြင့် ဤတလအတွင်း ဖြစ်ပွားခဲ့သည့် သတင်းများအပေါ် သုံးသပ်ချက်အား ထိုမျှသာဖြင့် ရပ်နားပါရစေ…



လူလ
ရွှင်လန်းချမ်းမြေ့ပါစေ…

5 comments:

Unknown said...

ကျွန်တော့်အမြင်ကတော့ စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျပ်ချုပ်ကနေ အင်းစိန်ထောင် ပို့လိုက်ခြင်းအားဖြင့် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးဆိုတဲ့ အဖွဲ့ချုပ်ရဲ့ အတွေးအခေါ်ကို တရားဝင် အကြောင်းပြန်လိုက်ပြီး မြောင်းထဲထဲ့လိုက်ပါပြီ။ commando ပုံစံ စုဖွဲ့မှုအသစ်နဲ့ လက်တဆုပ်စာ အာဏာရှင်တစုကို အနီးကပ် လုပ်ကြံတဲ့နည်းလမ်းကို လူသိနည်းတဲ့ လူငယ်တွေ တွေးတောကြံဆသင့်ပါပြီ။ ဒါက ပြည်သူလူထု အထိအခိုက်နည်းပြီး တပ်တွင်းက ဒီမိုကရေစီ လိုလားသူတွေရဲ့ စိတ်ဓာတ်ကို အားပေးမြှင့်တင်ရာ ရောက်မယ်ထင်ပါတယ်ဗျာ။ ငြိမ်းချမ်းရေးဆိုတာ တောင်းယူလို့မရမှတော့ တိုက်ယူရုံမှတပါး အခြားမရှိပြီ။

Myo Win Zaw said...

အကျင့်ပျက်ခြင်သလောက်ပျက် ခိုင်းတာလုပ်တဲ့ကောင်မှ တိုင်းမှူးဖြစ် ရာထူးတက် ခုလဲထိုင်းနိုင်ငံက ဝေဖန်လို့ ထိုင်းနိုင်ငံရေး ပဋိပက်ခကို စကားနာထိုးပြီး ပြန်ပြောလိုပြော တိုင်းပြည်ကောင်းအောင် ဘာမှမလုပ် ဒေါ်စုအမှုအတွက် ခန့်ထားတဲ့ ခရိုင်တရားသူကြီး ဆိုတာ လာဘ်စားမှုမှာနာမည်ကြီး အမှုတွေစစ်တဲ့ နေရာမှာ ကပြောင်းကပြန်လုပ်ခဲ့တဲ့ ပြစ်ချက်တွေရှိတဲ့ကောင်တွေကိုသာခန့် ဒါမှ ချခိုင်းတဲ့ အမိန့်ချမှာကိုး ဆွဲချ မြင့်ကြိုင်ဆိုတာ လာဘ်စားတာ နာမည်ကြီးမှကြီးဘဲ ယုတ်မာတာလဲကမ်းကုန်ဘဲ ဒီလိုလူတွေမှဘဲ ခိုင်းတာတသွေမတိမ်းလုပ်မှာပေါ့ ဟုတ်မာချက်ကကမ်းကုန်နေပြီဗျာ ဒီနေ့ဒင်းတို့ မြန်မာ့ငလိမ်သတင်းစာမှာ ထိုင်းဗိုလ်ချုပ်ဟောင်း ဆွန်ထီးပြောတာကို အားရပါးရတင်ထားတယ် ဘာတဲ့ သဘာဝသယံဇာတတွေပေါတဲ့ နူကလီးယား လောင်စာတောင်ရှိတဲ့ မြန်မာနဲ့ အချင်းမပွားသင့်ဘူး ဆိုတာ အမှန် ဟိုထိုင်းဗိုလ်ချုပ်က မြန်မာကို သွားပြောမနေနဲ့ ပညာမတတ်တဲ့ ကောင်တွေဆီ အသာညာစား သူ့တို့တိုင်းပြည်စုတ်ပြတ်ပလေ့စေ လို့ ပြောတဲ့သဘောမျိုးပေါက်နေတာကို အားရပါးရဘဲ ဖော်ပြလိုက် စောက်ရှက်မရှိ ပညာမတတ်ပုံများ နွးအဖွဲ့ကို ဘယ်သူမှ မမီနိုင်ဘူး

Unknown said...

ကိုလူလရေ သတိရနေတယ်၊ပြီးတော့ သုံးသပ်ချက်တိုင်း သတင်း တိုင်း ကို လည်း လေးလေးနက်နက် ဖတ် တယ်၊ သိချေင်တဲ့ ကိုလူလရဲ့စေတနာကို လည်း ကျေးဇူးတင်နေရပါတယ်။

မမသီရိ said...

ကိုလူလရေ
ကျမကတော့ရိုးရိုးလေးပဲ မြင်မိပါတယ်
ရက်စက်ရမ်းကားတဲ့ လူဆိုးလူမိုက်သားတွေရှိတဲ့
ရပ်ကွက်တခုထဲကအိမ်တအိမ်ကိုစဉ်းစား
ကြည့်ကြရအောင်
ဘေးမှာ စကားအရာအောင်မြင်နိုင်တဲ့
သြဇာအာဏာ ရှိတဲ့မိသားစုတွေနေတဲ့အိမ်နီးချင်း
တွေရှိတယ်..
လူရမ်ကားသားတွေ သူ့အမေကိုနှိပ်စက်လိုက်
သူ့မိန်းမနဲ့ ကလေးတွေကို ရိုက်လိုက်
နေ့စဉ်မူးရူးသောင်းကျန်းနေရင်
လူမဆန်တဲ့လုပ်ရပ်တွေ
နေ့စဉ်ရက်ဆက်ကျူးလွန်နေရင်
အဲဒီအိမ်မှာ သူ့ကိုနိုင်နိုင်မဲ့ သူတွေ မရှိရင်
ဘေးအိမ်တွေက
ဒီအတိုင်းထိုင်ကြည့်နေကြမလား..
အဲဒါ သူ့တို့မိသားစုအရေးပဲလို့
ရက်စက်မှုတွေကို လက်ပိုက်ကြည့်
နားပိတ်ထားကြမလား
အဲဒီလူတွေကို လူသားဆန်တယ်လို့ကျမတို့
ပြောရမလား...

ကလူသစ် said...

မရောက်တာကြာသွားတယ်ဗျာ။ ဆောရီး။ လွင့်မျောနေတာ လိုက်ဖမ်းသွားတယ်