Sunday, June 7, 2009

သတင်းမှတ်စု ( ၂၂ )

ဇွန်လ ၁ ရက်
ရက်သတ္တပတ် ၂၃ ၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်စု လွတ်မြောက်ရေး ဓာတ်ပုံဖြန့်ဝေမည့် လှုပ်ရှားမှု ပြုလုပ်မည်

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဓာတ်ပုံဖြန့်ဝေမည့် လှုပ်ရှားမှုတခုကို မနက်ဖြန်မှ စတင်၍ ဖော်ဆောင်သွားမည် ဖြစ်ကြောင်း မိထ္ထီလာမြို့နယ် အန်အယ်ဒီ အတွင်းရေးမှူးက ပြောသည်။

မိထ္ထီလာမြို့နယ် အပါအဝင် သာစည်၊ ဝမ်းတွင်း၊ မလိုင်၊ မြင်းခြံ၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ ညောင်ဦး၊ ရေနံချောင်း၊ ညောင်ရွှေ စသည့် အထက်မြန်မာနိုင်ငံမှ မြို့နယ်များ သာမက ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းမှ မြို့နယ်များလည်း ပါဝင်ကြမည်ဟု ပြောဆိုခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ရွှေဝါရောင် တော်လှန်းရေးမှ တိမ်းရှောင်လာသူများကို အထူးအစီအစဉ်အဖြစ် အမေရိကန်က ခေါ်မည်

ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ပြီးနောက် ထိုင်း-မြန်မာနယ်စပ်သို့ တိမ်းရှောင်လာခဲ့ကြသူများထဲမှ (၁၀၁) ဦးကို အမေရိကန်သံရုံးမှ အထူးအစီအစဉ်တရပ်အဖြစ် အမေရိကန်နိုင်ငံသို့ အမြန်ဆုံး ပို့ဆောင်ပေးမည်ဟု သံရုံးတာဝန်ခံတဦးက ပြောသည်။

တတိယနိုင်ငံသို့ ထွက်ခွာရန် ထိုင်း-မြန်မာနယ်စပ်တွင် ရောက်ရှိပြီးသူများထဲမှ ကျန်ရှိသူ (၁၀၁) ဦးကို ယနေ့နေ့လယ် က မဲဆောက်မြို့ရှိ ၀ပ်ဘိုးလဖား ဘုန်းတော်ကြီးကျောင်းတွင် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၊ IOM၊ UNHCR၊ JRS နှင့် ထိုင်းပြည်ထဲရေးဌာနမှ တာဝန်ရှိသူအချို့ လာရောက် တွေ့ဆုံခဲ့ပြီး အမေရိကန်သံရုံးမှ တာဝန်ခံအရာရှိက ၎င်းတို့အား အမေရိကန်နိုင်ငံသို့ အမြန်ဆုံး ပို့ဆောင်ပေးမည်ဟု ပြောသည်။

အဆိုပါ (၁၀၁) ဦးမှာ ယခုအပတ်အတွင်း မဲဆောက်မြို့ရှိ ဒုက္ခသည်များအတွက် အဆင့်ဆင့် လုပ်ဆောင်ခြင်း ဌာနတွင် သွားရောက်နေထိုင်ရမည်ဖြစ်ပြီး ၎င်းဌာနမှတဆင့် မယ်လဒုက္ခသည်စခန်းသို့ ပြောင်းရွှေ့နေထိုင်ရမည် ဖြစ်သည်။ ၎င်းတို့သည် မယ်လဒုက္ခသည် စခန်းမှတဆင့် ဇူလိုင်လ (၁၀) ရက်နေ့ မတိုင်ခင် အမေရိကန်နိုင်ငံသို့ ထွက်ခွာရမည်ဖြစ်သည်ဟု UNHCR မှ ပေးသည့် ကြေညာချက်တွင် ဖော်ပြထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မစုစုနွေး အယူခံကို တရားရုံးက ပယ်ချ


ချင်းမိုင် (မဇ္ဈိမ)။ ။ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးအား စွဲဆိုထားသည့် ပုဒ်မများနှင့် ပတ်သက်ပြီး သူ၏ ရှေ့နေမှ အယူခံ တင်ခြင်းကို တရားရုံးချုပ်က ပယ်ချလိုက်သည်ဟု သိရသည်။

နှလုံးရောဂါ အခံရှိသူ အသက် ၃၀ နှစ်အရွယ် မစုစုနွေးအား ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအပေါ် သူ၏ ရှေ့နေ ဦးမြင့်သောင်းမှ ပြီးခဲ့သည့် ၂၈ ရက်နေ့ နံနက်ပိုင်း အယူခံတင်မှုအား အဆိုပါ ညနေပိုင်းတွင် တရားရုံးချုပ်က ပယ်ချလိုက်ခြင်း ဖြစ်သည်။

အန်အယ်ဒီ အဖွဲ့ဝင်နှင့် ရန်ကုန်တိုင်း ထန်းမနိုင်ကျေးရွာသူအား နိုင်ငံတော် ငြိမ်ဝမ်ပိပြားမှုကို ပျက်ပြားစေရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပြီးခဲ့သည့် ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အင်းစိန်အထူးတရားရုံးက ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်ခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဒေါ်အောင်ဆန်းစုကြည်၏ အမှုကိစ္စ ပြည်တွင်းရေးသာဖြစ်ဟု မြန်မာအစိုးရ ပြောကြား

ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်စစ်ဆေးနေသည့်ကိစ္စသည် တရားဥပဒေနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်ပြီး ပြည်တွင်းရေးကိစ္စသာ ဖြစ်သည့်အတွက် အခြားနိုင်ငံများ ၀င်ရောက် မစွက်ဖက်သင့်ကြောင်း စင်ကာပူနိုင်ငံတွင် ကျင်းပနေသည့် အာရှ-ပစိဖိတ် ဒေသတွင်း လုံခြုံရေး အစည်းအဝေးတွင် မြန်မာကာကွယ်ရေး ဒု-၀န်ကြီး ဗိုလ်ချုပ်အေးမြင့်က ပြောကြားသည်။

စင်ကာပူနိုင်ငံတွင် ကျင်းပနေသည့် ဒေသတွင်းလုံခြုံရေးဆိုင်ရာအစည်းဝေး အစောပိုင်း၌ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ်က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ပြီး ဗြိတိသျှ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အငယ်တန်းဝန်ကြီး အန်တေလာကလည်း ယမန်နေ့က အလားတူ တောင်းဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေအိမ်တွင်း တရားမ၀င် ၀င်ရောက်သည့် နိုင်ငံခြားသားတဦးအကြောင်းကို သက်ဆိုင်ရာအား သတင်းမပို့ဘဲ ထိန်ချန်ထားခြင်းသည် အမှန်တရားကို ဖုံးကွယ်ရာရောက်ကြောင်း၊ ထို့ကြောင့် ဥပဒေနှင့်အညီ တရားစွဲရုံမှအပ အခြားမရှိဟုလည်း ဗိုလ်ချုပ်အေးမြင့်က ပြောကြားခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဓနုတ်စေတီတော်ကြီး ပြိုကျမှုတွင် သေဆုံးသူ ပိုမို များပြားဖွယ်ရှိ

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ဒလမြို့နယ်မှ ရှေးဟောင်း ဓနုတ် စေတီတော်ကြီး ပြိုကျပျက်စီးမှုတွင် လုံခြုံရေးကို အဓိက ဆောင်ရွက်ကာ ကယ်ဆယ်ရေးကို လျစ်လျူရှုခဲ့သဖြင့် အပျက်အစီးများအောက် အသက်ရှင်လျက် ပိမိနေသူများ သေဆုံးဖွယ်ရှိကြောင်း ဒေသခံများ အဆိုအရ သိရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီးသည် ထီးတော်တင်ခဲ့သည့် စေတီကြီးသည် မေလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ပြိုကျခဲ့ရာ လူ ၂ ဦး သေဆုံးပြီး ၁၀၀ ခန့် ထိခိုက်ဒဏ်ရာရကာ၊ အုတ်ပုံအောက်တွင် လူအချို့ ပိမိနေခဲ့သော်လည်း ကယ်တင်ရေးထက်၊ လုံခြုံရေးကို အဓိကလုပ်ခဲ့သဖြင့် သေဆုံးသူဦးရေမှာ ယခုထက် ပိုမိုများပြားဖွယ်ရှိကြောင်း ပြောဆိုကြခြင်း ဖြစ်သည်။

အုတ်ကျိုးအုတ်ပဲ့များ၊ အင်္ဂတေတုံးကြီးများနှင့် ငြမ်းများ ရောထွေးနေသည့် အပျက်အစီး အောက်တွင် လူဦးရေ ၃၀ ထက်မနည်း ရှိနိုင်ကြောင်း ပန်းရံလုပ်သားက ခန့်မှန်းသည်။

အခင်းဖြစ်သည့် ည ၉ နာရီခန့်အထိ အခြေအနေ ဆိုးရွားသည့် ရေတပ်သားနှင့် အရပ်သား ၃၀ နီးပါးကို ရန်ကုန် ဆေးရုံကြီးသို့ ပို့လိုက်ပြီး၊ ဒလနှင့် တွံတေးမြို့ ဆေးရုံများသို့ပါ လူနာ အများအပြားကို ပို့ဆောင်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သခင်သိန်းဖေ ( ၉၃ ) နှစ် မြောက် မွေးနေ့ကျင်းပ

ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ၏ (၉၃) နှစ်ပြည့် မွေးနေ့ပွဲကို ၎င်း၏ နေအိမ်၌ ယနေ့ ကျင်းပသည်။

အဆိုပါမွေးနေ့ပွဲသို့ လုပ်ဖော်ကိုင်ဖက် ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ ဦးဝင်းတင်၊ သခင်စိုးမြင့်စသည့် အန်အယ်လ်ဒီပါတီဝင်များနှင့် တိုင်းရင်းသားပါတီဝင်များ တက်ရောက်ကြသည်။

သခင်သိန်းဖေသည် ၀ါရင့်နိုင်ငံရေးသမားကြီးများက အမျိုးသားပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ရန် နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပြီးခဲ့သည့်မေ (၂၅) ရက်၌ စာရေးသား တိုက်တွန်းခဲ့ရာတွင် ဦးဆောင်ခဲ့သူဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဖမ်းဆီးသည့်ကြား ဝင်ရောက်သူ ရိုဟင်ဂျာ ပိုတိုးလာ


ဒါကာ (မဇ္ဈိမ)။ ။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဖမ်းဆီးပြန်ပို့နေသည့် ကြားကပင် ရခိုင်ပြည်နယ်တွင် နေထိုင်သော ရိုဟင်ဂျာများသည် ပြီးခဲ့သည့် တပတ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု ပိုမို များပြားလာနေသည်။

ပြီးခဲ့သည့် တပတ်အတွင်း ရိုဟင်ဂျာ ၅၀၀ ကျော်ကို ဖမ်းဆီး၍ နေရပ်ရင်း မြန်မာနိုင်ငံ နယ်စပ်သို့ ပြန်ပို့ခဲ့ကြောင်း တက္ကနာအခြေစိုက် အမှတ် (၄၂) ဘီဒီအာရ် တပ်ရင်းမှ တပ်သားများ အဆိုအရ သိရခြင်း ဖြစ်သည်။
ရိုဟင်ဂျာများအား ဘီဒီအာရ် ၄၂ မှ နယ်စပ် လုံခြုံရေး တာဝန်ယူထားသော နှစ်နိုင်ငံ နယ်စပ်တလျှောက်တွင် ဖမ်းဆီးရမိခြင်းဖြစ်ပြီး၊ အချို့ကို တက္ကနာမှ ကော့စ်ဘာဇာသို့သွားသော ကားများပေါ်တွင် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း အခြား ဘီဒီအာရ် တပ်သားတဦးကလည်း ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဇွန်လ ၂ ရက်
ရက်သတ္တပတ် ၂၃ ၊ ၂၀၀၉
မြန်မာသတင်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးကို လွှတ်ပေးရန် တောင်းဆို

နယူးဒေလီ (မဇ္ဈိမ)။ ။ တကမ္ဘာလုံးက မြန်မာ့ဒိမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်ကို အာရုံစိုက်နေကြချိန်တွင်ပင်၊ နေအိမ် အကျယ်ချုပ် ကျခံနေရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး လွတ်မြောက်ရေးအတွက် ဝိုင်းဝန်း ဖိအားပေးကြပါရန် ကမ္ဘာ့နိုင်ငံများကို ဝါရင့်နိုင်ငံရေးသမား တဦးက တောင်းဆိုလိုက်ပါသည်။

ဒီချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်နှင့် ဝါရင့် သတင်းစာဆရာ တဦးဖြစ်သူ ဦးဝင်းတင်က အင်္ဂါနေ့က ဤသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်ကို စောင့်ကြည့်ရန်နှင့် သူမ၏ လွတ်မြောက်ရေးအတွက် ဖိအားပေးရန်မှာ အရေးကြီးသော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ဦးတင်ဦး လွတ်မြောက်ရေးအတွက် စစ်အစိုးရကို ဖိအားပေးသင့်ကြောင်း သူက ပြောဆိုပါသည်။

၂ဝဝ၄ ခုနှစ် ဖေဖော်ဝါရီလမှ တရားဝင် စတင်ရေတွက်လျှင်ပင် သူ၏ အကျယ်ချုပ် သက်တမ်းမှာ ၅ နှစ်ပြည့်နေပြီ ဖြစ်သဖြင့် သူ့ကို ဆက်လက် ဖမ်းဆီး ချုပ်နှောင်ထားခြင်းမှာ မြန်မာနိုင်ငံ၏ ဥပဒေကို ချိုးဖောက်ရာ ရောက်သည်ဟု ဦးဝင်တင်က ပြောသည်။

သို့သော် သူ့ကို နေအိမ်အကျယ်ချုပ် သက်တမ်း နောက်ထပ်တနှစ် ထပ်မံ တိုးမြှင့်လိုက်ကြောင်း စစ်အစိုးရက ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် ကြေငြာခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အစားအသောက် အချို့တွင် ဓါတုဆိုးဆေးပါဝင်ကြောင်း FDA က ထပ်မံ ထုတ်ပြန်

ဗဟိုအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန (FDA) က ငရုတ်သီးမှုန့်တံဆပ် (၆) မျိုး၊ ပဲခွဲဆံတံဆိပ် (၁) မျိုးနှင့် ဆီးယိုတံဆိပ် (၁) မျိုးတို့တွင် ဓာတုဗေဒဆိုးဆေးများ ပါဝင်နေကြောင်း ယနေ့ ထုတ်ပြန်သည်။

အဆိုပါ အစားအသောက်ဆိုင်ရာ တံဆိပ် (၈) မျိုးကို ဓာတ်ခွဲစစ်ဆေးရာ အနီရောင်ဆိုးဆေး (Rhodamine B) နှင့် လိမ္မော်ရောင်ဆိုးဆေး (Orange II) တို့ ပါဝင်သည်ဟု FDA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ၎င်းတို့ကို စားသုံးမိပါက အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်း၊ ကင်ဆာရောဂါဖြစ်စေခြင်းနှင့် မျိုးရိုးဗီဇထိခိုက်စေခြင်းတို့ ဖြစ်ပေါ်စေသည်ဟု ဖော်ပြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းလွင် ရာထူးမှ နုတ်ထွက်စာတင်

ချင်းမိုင် (မဇ္ဈိမ)။ ။ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာထွန်းလွင် ရာထူးမှ အနားယူရန် နုတ်ထွက်စာ တင်သွင်းပြီး ဖြစ်သည်ဟု ဌာနတွင်း သတင်းရပ်ကွက် အပြောအရ သိရသည်။

အသက် ၆၁ နှစ်အရွယ် ဒေါက်တာ ထွန်းလွင်မှာ မည်သည့်အကြောင်းကြောင့် နုတ်ထွက်စာ တင်သွင်းခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း သူ၏ တာဝန်လုပ်ငန်းများ လွှဲပြောင်းပေးနေပြီဟု စုံစမ်းသိရှိရသည်။

ဒေါက်တာထွန်းလွင်မှာ ၁၉၈၀ ခုနှစ်ခန့်မှသည် ညွှန်ကြားရေးမှူး တာဝန်ယူထားသည့်တိုင် မိုးလေဝသ သတင်းကြေညာသူ အဖြစ် လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

၂၀၀၈ ခုနှစ် မေလ နာဂစ် မုန်တိုင်းနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပြီး မီဒီယာများတွင် မိုးလေဝသဌာနက သတင်းထုတ်ပြန်ချက်ရန် ပျက်ကွက်ခဲ့ခြင်းနှင့် ပတ်သက်၍ ဦးထွန်းလွင်မှာ လူထု စိတ်ဝင်စားမှု ခံရသော ပုဂ္ဂိုလ် တဦးဖြစ်လာခဲ့သည်။

သီးခြား အတည်မပြုနိုင်သော အစိုးရနှင့် နီးစပ်သော သတင်းရပ်ကွက်တခု အရမူ မုန်တိုင်း တိုက်ခိုက်ပြီးနောက် ဦးထွန်းလွင်ကို ဖြုတ်ချရန် စစ်အစိုးရက စီစဉ်ခဲ့မှုရှိသော်လည်း ထူးခြားစွာပင် ဒေါက်တာဘွဲ့ပေးအပ်လိုက်ရာ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းလွင် ဖြစ်လာခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ရခိုင်မှာ ဗုံးဖောက်ခွဲမှု တပ်လှန့်ထား


ဒါကာ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်ရှိ အစိုးရရုံးများကို ပြည်ပအခြေစိုက် စစ်အစိုးရဆန့်ကျင်ရေး လက်နက်ကိုင် အဖွဲ့များက ဗုံးခွဲတိုက်ခိုက်မှုများ ပြုလုပ်ခံရဖွယ်ရှိကြောင်း အာဏာပိုင်များက တပ်လှန့်ထားသည်။

မောင်တောနှင့် ဘူးသီးတောင် မြို့နယ်အခြေစိုက် နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေးဌာန - (နစက) က ခရိုင်-မြို့နယ် ကောင်စီ၊ လူဝင်မှု ကြီးကြပ်ရေးဌာန - လဝက၊ မြေစာရင်းဌာန၊ ကြေးနန်းရုံးနှင့် ဘဏ်များတွင် တိုက်ခိုက်မှုများ ပြုလုပ်မည်ဆိုသော လုံခြုံရေးသတင်းများ ရသည်ဆိုကာ အစိုးရဝန်ထမ်းများ ကင်းစောင့်နေရသည်။ ဘင်္ဂလား-မြန်မာနယ်တလျှောက်တွင် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လက်နက်ကိုင်တော်လှန်နေကြသည့် ချင်း အမျိုးသား တပ်ဦး - CNF ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ - ALP နှင့် ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ RSO နှင့် ARNO ပါတီတို့ လှုပ်ရှားလျက်ရှိသည်။

''ALP က ဗုံးထောင်တယ်ဆိုတာတော့ တခါမှ မလုပ်သေးဘူး။ အထူးသဖြင့် အရပ်သားတွေကို ပစ်မှတ်ထားပြီး ထောင်တယ်၊ ခွဲတယ်ဆိုတာ မရှိသေးဘူး။ တကယ်တမ်း လုပ်မယ်ဆိုရင်လည်း စစ်တပ်နဲ့ ပတ်သက်တဲ့ အဆောက်အဦ နေရာတွေ၊ စစ်တန်းလျားတွေ၊ ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ နေရာတွေကိုပဲ လုပ်မှာပါ။ အရပ်သားတွေကို ပက်သက်မှုမရှိအောင်၊ ကင်းကွာအောင်၊ ထိခိုက်မှုမရှိအောင် ကျနော်တို့ အတတ်နိုင်ဆုံး ရှောင်ရှားတယ်'' ဟု ALP အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးခိုင်မျိုးမင်းက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဇွန်လ ၃ ရက်
ရက်သတ္တပတ် ၂၃ ၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်အမှုတွင် သက်သေ ၃ ဦးအတွက် တရားရုံးက လျှောက်လဲခွင့် ပြန်ပေး

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်စုအမှုအတွက် သက်သေ ၃ ဦးအား ခရိုင်တရားရုံးက ပယ်ချခံရသည်ကို သူမ၏ ရှေ့နေများက ပြန်လည်သုံးသပ်ပေးရန် တိုင်းတရားရုံးသို့ လျှောက်ထားခဲ့ရာ နှစ်ဖက်လျှောက်လဲရန်အတွက် ယနေ့ လက်ခံလိုက်ပြီဖြစ်သည်။

ပြီးခဲ့သည့်လ ၂၇ ရက်နေ့တွင် အင်းစိန်ထောင်တွင်း တရားရုံးသို့ ဒေါ်စုအတွက် သက်သေများအဖြစ် ဦးကြည်ဝင်း၊ ဦးဝင်းတင်၊ ဦးတင်ဦးနှင့် ဒေါ်ခင်မို့မို့တို့ကို အမည်စာရင်း တင်သွင်းခဲ့ရာ ဦးကြည်ဝင်းမှအပ ကျန် ၃ ဦးအား ပယ်ချခဲ့သည်ကို ရန်ကုန်တိုင်းတရားရုံးသို့ လျှောက်ထားရာ ယခုလို အမိန့်ချလိုက်ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မဲဆောက်တွင် နိုင်ငံတကာတက္ကသိုလ်ဖွင့်ရန် စီစဉ်၊ မြန်မာရွေ့ပြောင်းကျောင်းသားများ တက်ရောက်နိုင်

ဒေသတွင်းရောက် မြန်မာရွှေ့ပြောင်းကျောင်းများမှ ကျောင်းသားများ အဆင့်မြင့် ပညာ သင်ကြားနိုင်ရေးအတွက် မဲဆောက်မြို့တွင် နိုင်ငံတကာတက္ကသိုလ် ဖွင့်လှစ်နိုင်ရန် ထိုင်းနိုင်ငံရှိ ထမဆတ်တက္ကသိုလ်မှ ကြီးမှူးစီစဉ်နေသည်။

သင်ရိုးညွှန်းတမ်းများကို ထည့်သွင်းနိုင်ရန်အတွက် မြန်မာရွှေ့ပြောင်း ပညာရေး အဖွဲ့အစည်းများက ကျန်းမာရေး၊ ပညာရေး၊ လူငယ်နှင့် အမျိုးသမီး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ၊ လူ့ပတ်ဝန်းကျင်နှင့် ထုံးတမ်းစဉ်လာ များ စသည်တို့ကို နှီးနှောဖလှယ်ခဲ့ကြသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် တက္ကသိုလ်တခုခုမှ ဘွဲ့ရရှိပြီးပါက ထိုင်းနိုင်ငံအတွင်း အစိုးရအလုပ်များ တွင် လုပ်ကိုင်ခွင့်မရရှိသည့်တိုင် အနည်းဆုံး ကုမ္ပဏီများ၊ ပုဂ္ဂလိက လုပ်ငန်းခွင်များတွင် ၀င်ရောက်လုပ်ကိုင်ခွင့် ရကြမည်ဟု သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ယက်တောနှင့် ဆက်စပ်မှုမရှိဟု FDB ငြင်းဆို

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ရေကူးဝင်ရောက်ခဲ့သူ မစ္စတာ ဂျွန် ဝီလျံ ယက်တောနှင့် ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် တပ်ပေါင်းစု - FDB သည် ဆက်စပ်ပတ်သက်မှု မရှိကြောင်း အဖွဲ့၏ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က ပြောဆိုသည်။

အတိုက်အခံများကို ထိုးနှက်အပုတ်ချလေ့ရှိသော စစ်အစိုး၏ အင်တာနက် ဝဘ်ဆိုဒ်တခုဖြစ်သော သာကီနွယ်တွင် FDB နှင့် မစ္စတာယက်တော တွေ့ဆုံနေသည်ဟု ဓာတ်ပုံနှင့်တကွ ဖော်ပြ စွပ်စွဲချက်အပေါ် သူက တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။

အဆိုပါ ဓာတ်ပုံမှာ FDB က လစဉ်ထုတ်ဝေသော အီလက်ထရောနစ် ဖိုရမ် မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် ဓာတ်ပုံကို ရယူကာ ထင်ယောင်ထင်မှား ပြုလုပ်ထားခြင်းသာဖြစ်ကြောင်းနှင့် ဓာတ်ပုံတွင် ပါရှိသူမှာလည်း သြစတြေးလျား နိုင်ငံသား သတင်းစာဆရာ မစ္စတာ ဖီးလ် သောတန် (Phil Thorton) ဖြစ်ပြီး ဂျွန် ဝီလျံ ယက်တော မဟုတ်ကြောင်း သူက ပြောဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အနုပညာဂျာနယ်များ ဌာနဆိုင်ရာ သတင်းမရေးရန် တားမြစ်

အနုပညာဂျာနယ် မှတ်ပုံတင်ဖြင့် ထုတ်ဝေသည့် ဂျာနယ်အားလုံးကို ဌာနဆိုင်ရာနှင့်ပတ်သက်သည့် သတင်းများ လုံးဝမဖော်ပြရန် စာပေစိစစ်ရေးက တားမြစ်လိုက်သည်။

အခြားသော ဒေသန္တရသတင်းများနှင့် ပြည်ပသတင်းများကိုလည်း ရှေ့မျက်နှာဖုံးနှင့် နောက်ကျောဖုံးတို့တွင် လုံးဝဖော်ပြခြင်းမပြုရန် စာထုတ်တားမြစ်လိုက်ခြင်းဖြစ်သည်။

ယခုကဲ့သို့ စာပေစိစစ်ရေးက တင်းကြပ်လိုက်ခြင်းမှာ ဂျာနယ်ထုတ်ဝေသူအချို့က ထုတ်ဝေခွင့်ရှိပြီးသား သတင်းဦးစားပေးဂျာနယ် မဟုတ်သည့် ပေါ့ပ်ဂျာနယ်လိုင်စင်များကို လိုက်လံဝယ်ယူပြီး သတင်းဦးစားပေးဂျာနယ် ထုတ်ဝေရန်ကြိုးစားမှု ရှိလာသည့်အတွက်ကြောင့် ဖြစ်သည်။

လက်ရှိထုတ်ဝေနေသည့် အနုပညာအမျိုးအစား ဂျာနယ်များမှာ အချစ်၊ ပေါ်ပြူလာ၊ အလင်းတန်း၊ နံနက်ခင်း၊ 8 Days A Week ၊ First Music Journal ၊ NOW ၊ Phoenix တို့အပါအ၀င် ဂျာနယ်အမျိုးအစား (၂၀) ၀န်းကျင်ခန့် ရှိကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ရခိုင်နယ်စပ်မြို့များသို့ ပြည်မဘက်မှ လူအများ ဆက်လက်ရွှေ့ပြောင်း

ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် နယ်စပ်မြို့များ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ ပြည်မဘက်မှ လူအများကို ပြောင်းရွှေ့နေရာချထားမှု ပြုလုပ်လျှက်ရှိရာ ယမန်နေ့က လူဦးရေ ၃၀၀ ခန့် ဆက်လက် ရောက်ရှိလာခဲ့သည်။

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်ရှိ နယ်စပ်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြန်လည် နေရာချထားရေး စံပြကျေးရွာများသို့ ရန်ကုန်၊ မန္တလေး၊ ပျဉ်းမနား၊ ပြည်နှင့် ပုသိမ်မြို့နယ်များမှ လိုက်ပါလိုသူများ လိုက်လံစုဆောင်း ပြန်လည် နေရာချထားပေးရာ တတိယအသုတ်အဖြစ် ရောက်ရှိလာခြင်း ဖြစ်သည်။ ယခုနှစ် ဧပြီလက လူဦးရေ ၃ဝဝ ခန့် (မိသားစု ၁၅၀)၊ ဇန်နဝါရီလ အတွင်းက လူဦးရေ ၅၀၀ (မိသားစု ၁၅၀ ခန့်)ကို ရွှေ့ပြောင်းခဲ့သေးသည်။

၂၀၀၁ ခုနှစ်မှ စတင်၍ နတလ ကျေးရွာများကို ဘူးသီးတောင်နှင့် မောင်တောမြို့နယ်အတွင်း တည်ဆောက်ခဲ့ရာ ရွာတရွာတွင် အိမ်ခြေ ၁၀၀ နှုန်းဖြင့် ကျေးရွာ ၁ဝဝ တည်ဆောက်ရေး စီမံကိန်းဖြစ်သည်။ ယခုအခါ မိသားစုပေါင်း ၂၅၀၀ ခန့် ရောက်ရှိနေခဲ့ပြီး ဖြစ်သည်ဟု ယုံကြည်ရသည်။

လာရောက်နေထိုင်သူများ လုပ်ကိုင် စားသောက်ရန်အတွက် အာဏာပိုင်များက ပေ ၈၀-၆၀ မြေကွက်၊ အိမ်တလုံး၊ လယ်၊ နွားနှင့် ၆ လစာ ရိက္ခာ ထောက်ပံ့ပေးကြောင်း အောင်မင်္ဂလာ ရွာသားတဦးက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
လှုပ်ရှားမှုမလုပ်ရန် တာဝန်ယူခိုင်းမည်ဟု သံဃာတော်များ မှန်းဆ

ရန်ကုန်တိုင်းအတွင်း မြို့နယ်အချို့ရှိ ဘုန်းကြီးကျောင်းများအား မြို့နယ်သံဃာ့မဟာနာယကက ယနေ့အစည်းအဝေးခေါ်ဆိုထားကြောင်း ဗဟန်းမြို့နယ်ရှိ သံဃာတော်တပါးက ခေတ်ပြိုင်သို့ မိန့်ဆိုသည်။

အစည်းအဝေးတွင် ကျောင်းထိုင်ဘုန်းကြီးများ၊ တိုက်အုပ်များအနေဖြင့် မိမိတို့ကျောင်းတိုက်မှ သံဃာတော်များ နိုင်ငံရေးမလုပ်ရေး တာဝန်ယူရန်၊ နိုင်ငံရေးလှုပ်ရှားမှု ပြုလုပ်နေသည်ကို တွေ့ပါက သာသနာရေးဝန်ကြီးဌာနသို့ အကြောင်းကြားရန် စသည်တို့အတွက် တာဝန်ယူကြောင်း လက်မှတ် ရေးထိုးခိုင်းလိမ့်မည်ဟု သံဃာတော်များက မှန်းဆထားကြသည်။

ယနေ့ညနေပိုင်းတွင် ဗဟန်း၊ တာမွေ၊ ပုဇွန်တောင်၊ ကြည့်မြင်တိုင်မြို့နယ်များရှိ မြို့နယ်သံဃာ့မဟာနယက ကျောင်းတိုက်များတွင် အစည်းအဝေးများခေါ်ယူထားကြောင်း သိရသည်။

ထိုကဲ့သို့ အစည်းအဝေးခေါ်ယူရခြင်းမှာ မြို့နယ်သတင်းတပ်ဖွဲ့နှင့် သာသနာရေးဝန်ကြီးဌာနတို့က ဖိအားပေးမှုကြောင့် ဖြစ်ကြောင်း သံဃာတော်များက မိန့်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အိုင်ဗင်ဟို၏ မြန်မာအစုရှယ်ယာ တရုတ်ကုမ္ပဏီအား ရောင်းချဖွယ်ရှိ

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာပြည်တွင် လုပ်ကိုင်နေသော ကနေဒါနိုင်ငံမှ အိုင်ဗင်ဟို ကုမ္ပဏီ၏ အစုရှယ်ယာများကို တရုတ်ကုမ္ပဏီတခုက ဝယ်ယူရန် လုပ်ထုံးလုပ်နည်းအရ သဘောတူညီမှု အဆင့် ရောက်နေကြောင်း မြန်မာ သတ္ထုတွင်းဆိုင်ရာ ကျွမ်းကျင်သူတဦး၏ အဆိုအရ သိရသည်။

စစ်ကိုင်းတိုင်းအတွင်း မုံရွာမြို့ တဖက်ကမ်းတွင် တည်ရှိသည့် ကြေးနီသတ္တုတွင်း၌ ပူးပေါင်း လုပ်ကိုင်နေသော အစုရှယ်ယာ ထက်ဝက်သည် အပြည်ပြည်ဆိုင်ရာ၏ ဝေဖန်မှုကို ခံနေရသော ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတခု ဖြစ်ကြောင်းနှင့် ထိုအစုရှယ်ယာအား တရုတ်ကုမ္ပဏီတခုသို့ ရောင်းချရန်ရှိသည်ဟု သူက ပြောဆိုခြင်း ဖြစ်သည်။

အရှေ့တောင်အာရှတွင် အကြီးဆုံး ကြေးနီမိုင်းဖြစ်သော ထိုစီမံကိန်းသည် တနှစ်လျှင် ကြေးနီချောင်း တန် ၄ သောင်းခန့် ထုတ်လုပ်နိုင်သည်။

အိုင်ဗင်ဟို ကုမ္ပဏီသည် တရုတ်၊ မွန်ဂိုလီးယားနှင့် သြစတြေးလျား နိုင်ငံများတွင်လည်း ကြေးနီ၊ ယူရေနီယမ်နှင့် ရွှေတို့ကို ရှာဖွေနေသော ကုမ္ပဏီတခု ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဇွန်လ ၄ ရက်
ရက်သတ္တပတ် ၂၃ ၊ ၂၀၀၉
မြန်မာသတင်း


ဒေါ်စုအား ဖမ်းဆီးမှုအပေါ် ကိုရီးယား အစိုးရက စိုးရိမ်မှု ပြသ

ချင်းမိုင် (မဇ္ဈိမ)။ ။ ကိုရီးယားအစိုးရ အဆက်ဆက်က မြန်မာ့နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု မရှိခဲ့သော်လည်း သမတ ကင်မြောင်ဘတ်က ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးမှုနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း မြန်မာစစ်အစိုးရ ဝန်ကြီးချုပ်အား ယမန်နေ့က သီးခြားတွေ့ဆုံကာ ပြောကြားလိုက်သည်။

ကိုရီးယားနိုင်ငံ ဂျေဂျူးကျွန်းတွင် ကျင်းပသော ကိုရီးယား-အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာသည့် မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်အား ကိုရီးယား သမတက သီးသန့်တွေ့ဆုံ၍ ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကိုရီးယားအစိုးရက မြန်မာ့နိုင်ငံရေးကို ယခုကဲ့သို့ အတိအလင်း ပြောသည်မှာ ပထမဆုံးအကြိမ် ဖြစ်သော်လည်း အခြား ထိရောက်သည့် လုပ်ဆောင်မှုမျိုးကိုမူ စောင့်ကြည့်ရဦးမည်ဟု သူက ဆက်ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နယ်ခြားစောင့်တပ်ဖွဲ့ရန် အပစ်ရပ် ကရင်နီအဖွဲ့အများစု သဘောတူရန်ရှိ

ကရင်နီပြည်တွင် အပစ်ရပ်အဖွဲ့များအနက် အင်အားအတောင့်တင်းဆုံး ဖြစ်သည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) က စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ရွေးကောက်ပွဲ ဝင်ရေး ကမ်းလှမ်းချက်အား လက်ခံလိုက်ပြီးသည့်နောက် အင်အားချည့်နဲ့သော ကျန်အဖွဲ့ငယ်များကလည်း အလားတူ လိုက်လံဆောင်ရွက်ကြရန်သာ ရှိကြောင်း ကလလတအဖွဲ့ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။

ကရင်နီပြည်နယ်အတွင်း လှုပ်ရှားနေသော အပစ်ရပ်လက်နက်ချသည့် အဖွဲ့အားလုံး (၅) ဖွဲ့ ရှိသည်။ ထိုအဖွဲ့များမှာ ခန့်မှန်းအင်အား (၁,၆၀၀) ခန့် ရှိသော ဦးထွန်းကျော် ဦးဆောင်သည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး၊ လက်ရှိအင်အား (၆၀၀) ခန့်ရှိသော ဦးသန်းစိုးနိုင်နှင့် သန်းပလန်တို့ ဦးဆောင်သည့် ကယန်းပြည်သစ်ပါတီနှင့် အင်အား (၁၀၀) အောက်ရှိ အခြားအပစ်ရပ် အဖွဲ့ငယ် (၃) ဖွဲ့တို့ ဖြစ်သည်။

သို့သော် ကယန်းပြည်သစ်ပါတီ (ကေအန်အယ်လ်ပီ) ကမူ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖွဲ့စည်းရေးကို လက်မခံကြောင်း ကြေညာထားပြီး ပါတီအနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်သော်လည်း အရပ်သားပါတီအဖြစ် ဝင်ပြိုင်ရန် အစီအစဉ်ရှိကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အမေရိကန်သံရုံးရှေ့ ခဏတာ စုဝေးမှုဖြစ်


နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်ရှိ အမေရိကန် သံရုံးရှေ့တွင် ကြာသပတေးနေ့ နံနက်က လူတစုက စုဝေးခဲ့ကြကြောင်း သံရုံးအရာထမ်း တဦးက ပြောသည်။

အမေရိကန်သံရုံး ပြည်သူ့ဆက်ဆံရေးဌာန လက်ထောက်အကြီးအကဲ Drake Weisert က အတည်ပြု ပြောကြားရာတွင် နံနက် ၁၀ နာရီခန့်က လူတစုသည် ၁၅ မိနစ်ကြာ စုဝေးခဲ့ကြသည်ဟု ပြောသည်။
သို့သော်လည်း ထိုလူအုပ်စုက မည်သည့် အကြောင်းအရာများ တောင်းဆိုသည်ကို အသေးစိတ် ပြောကြားရန် သူက ငြင်းဆန်လိုက်ပြီး ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေသာ ဖြစ်သည်ဟု ဆိုသည်။

သံရုံး အရာထမ်းတဦးက ဆွေးနွေး ပြောကြားလိုက်ပြီးနောက် ထိုလူအုပ်စု ပြန်သွားကြသည်ဟု သူက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဆောက်လုပ်ရေး ညံဖျင်းမှုကြောင့် စေတီတော် ပြိုရ၊ နအဖသတင်းစာများ ၀န်ခံရေးသား

ယနေ့ထုတ် နအဖသတင်းစာများတွင် ဓနုတ်စေတီတော်ကြီး ပြိုကျပျက်စီးရခြင်းမှာ ဆောက်လုပ်ရေးပိုင်းဆိုင်ရာ အရည်အသွေးမပြည့်မီမှုကြောင့် ဖြစ်ကြောင်း ရေးသားထားသည်။

ယင်းကဲ့သို့ ပြိုကျရခြင်းမှာ မူလစေတီပုံစံဖြစ်စေရန် ပြင်ဆင်ခဲ့ခြင်းကြောင့် ၀န်ပိုများ များပြားလာခြင်း၊ အလှူရှင်များ ဆန္ဒအရ မိုးမကျမီပြီးစီးနိုင်ရေးအတွက် အမြန်မွမ်းမံတည်ဆောက်ခြင်း၊ အရည်အသွေးဆိုင်ရာ လိုအပ်ချက်များ ရှိခဲ့ခြင်းတို့ကြောင့်ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ကတွေ့ရှိရသည်ဟု ယနေ့ထုတ်သတင်းစာများတွင် ဖော်ပြသည်။

အလျင်လိုခဲ့ကြသည့် အလှူရှင်များဆိုသည်မှာလည်း ဗိုလ်ချုပ်ကတော်များသာဖြစ်လိမ့်မည်ဖြစ်ကြောင်း ပြောကြသည်။

ဓနုတ်စေတီတော်ကြီးသည် ၂၀၀၆ ခုနှစ်အတွင်းတွင် တနင်္လာထောင့်မှ စ၍ ထက်ခြမ်းကွဲမြေခခဲ့သဖြင့် ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ ဦးစီးမှုဖြင့် ရွှေသံလွင်ကုမ္ပဏီက တာဝန်ယူပြုပြင်ခဲ့သည်။

ထို့နောက် ပြီးခဲ့သည့် မေ (၇) ရက်တွင် နအဖဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်ဦးစီးပြီး ထီးတော်တင်ခဲ့ပြီးနောက် (၂၃) ရက်အကြာ မေ (၃၀) ရက် စနေနေ့တွင် ပြိုကျပျက်စီးသွားခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ရန်ကင်း အန်အယ်ဒီ ဥက္ကဋ္ဌ ထောင်ပြောင်းရဖွယ်ရှိ

ရွှေလီ (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ် ဗန်းမော်ထောင်၌ ပြစ်ဒဏ် ကျခံနေရသည့် ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမျိုးခင်သည် ကျန်းမာရေး အခြေအနေကြောင့် ထောင်ပြောင်းရဖွယ် ရှိသည်။

အသက် ၄၀ နှစ်အရွယ် ဦးမျိုးခင်တွင် နှလုံးနှင့် သွေးတိုးရောဂါ ဝေဒနာကို ပြင်းထန်စွာ ခံစားနေရကာ ပြီးခဲ့သည့်လ ၂၁ ရက်နေ့က မူးမေ့လဲကျခဲ့ရသလို၊ ၂၃ ရက်နေ့ကလည်း အလွန်အမင်း အော့အန်ခဲ့သဖြင့် ဗန်းမော်မြို့နယ် ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့ရသည်ဟုဆိုသည်။

ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲများ ရန်ကုန်၌ ဖြစ်ပွားနေစဉ် ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် အာဏာပိုင်များက ဦးမျိုးခင်အား ဖမ်းဆီးကာ လူစုလူဝေးတွင် ပါဝင်ကာ ရုန်းရင်းဆန်ခတ် ဖြစ်စေမှု - ၁၄ရ၊ ဥပဒေနှင့် ဆန့်ကျင်သည့် လူစုလူဝေးတွင် ပါဝင်မှု - ၁၄၃ ၊ အစိုးရကို အကြည်ညိုပျက်စေရန် ပြောဆိုမှု - ၅ဝ၅ (ခ) တို့ဖြင့် ထိုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထောင်ဒဏ် ၄ နှစ်ခွဲ ချခဲ့သည်။

ထို့နောက် ရန်ကုန် အင်းစိန်ထောင်မှ ကချင်ပြည်နယ် ဗန်းမော်ထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကေအန်ယူတပ်မဟာ (၇)ကို နအဖနှင့် ဒီကေဘီအေ ထိုးစစ်ဆင်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) ဘားအံခရိုင်ဒေသကို နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသောကြောင့် မိမိတို့တပ်ရင်းတပ်ဖွဲ့ အသီးသီးကို တပ်လှန့်ထား ကြောင်း တပ်မဟာမှူး ဗိုလ်မှူးချုပ်ဂျော်နီက ပြောသည်။

ယမန်နေ့က နအဖတပ်မ (၂၂) လက်အောက်ခံ တပ်အချို့နှင့် ဒီကေဘီအေ (၉၉၉) တပ်ဖွဲ့ဝင်များသည် တပ်မဟာ (၇) ဌာနချုပ်အနီးသို့ ထိုးစစ်ဆင်ရန် ချဉ်းကပ် လာသောကြောင့် တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားခဲ့ပြီး နအဖနှင့် ဒီကေဘီအေဘက်မှ တဦးကျဆုံးပြီး (၃) ဦး ဒဏ်ရာရရှိသွားသည်ဟု သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကော့သောင်း မြေပြိုမှုတွင် လူ ၄ ဦး သေဆုံး

ချင်းမိုင် (မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း ကော့သောင်းမြို့တွင် ယမန်နေ့ညက မိုးသက်လေပြင်း တိုက်ခတ်ပြီး မြေပြိုကျသဖြင့် အိမ်တလုံးမှ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ကြောင်း မြို့ခံများ အပြောအရ သိရသည်။

ရွှေမင်းဝံရပ်ကွက် အမှတ် (၈) လမ်းတွင် နေအိမ်ပေါ် မြေပြိုမှုကြောင့် မိခင်အပါအဝင် ကလေး ၃ ဦး မြေပိ သေဆုံးသွားရပြီး၊ ဖခင်မှာ ခြေထောက်ကျိုးသွား၍ အခြားအိမ်နီးချင်း ၂ ဦးနှင့်အတူ ကော့သောင်းဆေးရုံ၌ ဆေးကုသခံနေရသည်။

ကော့သောင်းမြို့၌ မိုးပြင်းရွာနေသည်မှာ နှစ်ရက်ခန့်ရှိပြီးဖြစ်ပြီး ယမန်နေ့ညကမူ လေပြင်းပါတိုက်ခတ်ခဲ့သည်။ နေအိမ်များ၊ ဆိုင်များနှင့် လမ်းမများတွင် ရေကြီးခဲ့ပြီး မြေနိမ့်ပိုင်း တချို့နေရာများတွင် ရင်ခေါင်းခန့်အထိ ရေမြင့်တက်ခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နယ်စပ်ကုန်သွယ်ရေး စည်းမျဉ်းတင်းကြပ်၊ တံစိုးလက်ဆောင်ပစ္စည်း ပေးနေရ

နေပြည်တော် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန (သွင်းကုန်) တွင် ညွှန်မှူးအသစ်များနှင့် စည်းကမ်းသစ်များကြောင့် သွင်းကုန်လုပ်ငန်းရှင်များ ကုန်သွယ်မှုအခက်ခဲများနှင့် တွေ့ကြုံနေရပြီး သွင်းကုန်လိုင်စင်အမြန်ရရှိရေးအတွက် တံစိုးလက်ဆောင်များ ပေးကမ်းနေကြရသည်။

ဧပြီလကုန်ပိုင်းက စတင်တာဝန်ယူလာသည့် နယ်စပ်ကုန်သွယ်ရေး (သွင်းကုန်) ညွှန်မှူး ဗိုလ်မှူး ဆန်းနွယ်ဝင်းနှင့် ဒု-ညွှန်မှူး ဗိုလ်မှူး ဝင်းလွင်တို့သည် မကြာသေးမီကစ၍ သွင်းကုန်လိုင်စင် (၁) စောင်လျှင် ကုန်ပစ္စည်း အမျိုးအမည် (၂၅) ခုသာ ကန့်သတ်လိုက်သဖြင့် ထော်လာဂျီ၊ ကား၊ ဆိုင်ကယ်နှင့် စက်ဘီး အပိုပစ္စည်း တင်သွင်းလိုသူများ အမျိုးအမည်မျိုးစုံ ပါဝင်နေ၍ လိုင်စင်များ ခွဲလုပ်နေရသည်ဟု တရုတ်နယ်စပ် ကုန်သည်တဦးက ပြောသည်။

သတ်မှတ်ချက်စာရင်းတွင် မပါဝင်သည့် ကုန်အမျိုးအမည်များအား သွင်းလိုလျှင် (၃) လထက်ကျော်လွန်သည့် ပါမစ်များအား လက်မခံတော့ကြောင်း အဆိုပါကုန်သည်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဇေကမ္ဘာ၏ ချယ်ရီ FM တောင်ကြီးတွင် မကြာမီ စတင်မည်

ရန်ကုန် (မဇ္ဈိမ)။ ။ ဇေကမ္ဘာ ကုမ္ပဏီက တောင်ကြီးမြို့နယ်တွင် ထုတ်လွှင့်မည့် ချယ်ရီ FM အမည်ရှိ ရေဒီယိုလှိုင်းတို အစီအစဉ်ကို ယခုလ ၁၅ ရက်နေ့မှ စတင်ကာ ထုတ်လွှင့်သွားမည်ဟု ကုမ္ပဏီမှ ဝန်ထမ်းများ အပြောအရ သိရသည်။

ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ၏ သမီးဖြစ်ပြီး၊ စစ်အစိုးရအတွင်း နံပါတ် ၃ အကြီးအကဲ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ ချွေးမတော်စပ်သူ မဇေဇင်လတ်က ဦးစီး လုပ်ကိုင်မည်ဖြစ်ကာ လုပ်ငန်း စတင်ချိန်တွင် ရှမ်းပြည်နယ် မြို့တော် တောင်ကြီးနှင့် ရန်ကုန် ဝန်းကျင်၌ နားဆင်နိုင်မည်ဖြစ်ရာ ယခုအခါ ပြင်ဆင်မှုများ ပြုလုပ်ပြီး ဖြစ်သည်။

ရွှေသံလွင် ကုမ္ပဏီကလည်း ကယားပြည်နယ် လွိုင်ကော်မြို့ ပတ်ဝန်းကျင်တွင် ထုတ်လွှင့်ပေးမည့် သဇင် FM နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ထုတ်လွှင့်မည့် ရာမည FM တို့ကို မကြာမီ စတင်တော့မည် ဖြစ်သည်။

ထို့အပြင် MRTV4 အစီအစဉ်များ ထုတ်လွှင့်ပေးသည့် forever ကုမ္ပဏီကလည်း ရန်ကုန်မြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယိုမှ တိုက်ရိုက် ထုတ်လွှင့်သည့် ပဉ္စဝတီ FM အစီအစဉ်ကို လွှဲပြောင်းရယူခဲ့ပြီး ဖြစ်သည်။

ပဥဝတီ FM ကို ပြီးခဲ့သည့် မတ်လ ၂၇ ရက် တော်လှန်ရေးနေ့မှ စတင်၍ ရခိုင်ပြည်နယ် စစ်တွေမြို့အနီးတဝိုက် ၂၅ မိုင် ပတ်ဝန်းကျင်သို့ နေ့စဉ် နံနက် ၇ နာရီမှ ည ၇ နာရီအထိ ထုတ်လွှင့်ပေးနေသည်။ ယခုအခါ သံတွဲမြို့၊ အမ်းမြို့နှင့် ဧရာဝတီတိုင်းကိုပါ ထုတ်လွှင့်ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း MRTV 4 သတင်းရပ်ကွက် အဆိုအရ သိရသည်။

မြန်မာစစ်အစိုးရက FM ရေဒီယို ၈ ခုကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် ပေးခဲ့သော်လည်း စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများထံ အလွှဲအပြောင်း လုပ်ခဲ့ရာတွင် သူတို့ အများစုမှာ အမေရိကန်နှင့် ဥရောပနိုင်ငံများက စီးပွာရေးနှင့် နိုင်ငံသို့ လာရောက် လည်ပတ်ခွင့် တားမြစ်ခံထားရသူများ ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အထိန်းသိမ်းခံတဦးကို လွှတ်ပေးရန် အမေရိကန် သံရုံးရှေ့တွင် ဆန္ဒပြ

ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးရှေ့၌် ယနေ့နံနက် (၁၀) နာရီခန့်တွင် အထိန်းသိမ်းခံတဦးကို ပြန်လည်လွှတ်မြောက်ရေးအတွက် ကူညီရန် ဆန္ဒပြသူ (၆) ဦးက တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြသူများမှ အမျိုးသမီး (၂) ဦးနှင့် ကလေး (၄) ဦးတို့ ပါဝင်ကာ ဆယ်မိနစ်ခန့်သာ သံရုံးရှေ့တွင် ဆန္ဒပြနိုင်ခဲ့ကြပြီး အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံလိုက်ရကြောင်း အမေရိကန်သံရုံး ပြန်ကြားရေးဌာနမှ အမည်မဖော်လိုသူ ၀န်ထမ်းတဦးက ပြောသည်။
ဆန္ဒပြသူတို့သည် မည်သည့်အထိန်းသိမ်းခံ၏ မိသားစုဝင်များဖြစ်သည်ကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ရန်ကုန်နိုင်ငံရေးအသိုင်းအ၀ိုင်းက အန်အယ်လ်ဒီလူငယ် ကိုထွေးသိန်း၏ မိသားစုဝင်များ ဖြစ်မည်ဟု မှန်းဆနေကြသော်လည်း အန်အယ်လ်ဒီ ပြောခွင့်ရသူ ဦးအုံးကြိုင်က အတည်မပြုနိုင်သေးကြောင်း ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဒေါ်စု လွတ်မြောက်ရေး မလေးရှား ဆန္ဒပြပွဲ တားမြစ်ခံရ

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးရှေ့တွင် မြန်မာ အင်အားစုများ၏ ဆန္ဒပြပွဲအား မလေး အာဏာပိုင်များက တားမြစ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦး အား ပြန်လွှတ်ပေးရန်အတွက် ယနေ့ နံနက်ပိုင်းက မြန်မာ့ဒီမိုကရေစီ အင်အားစုများ စုဝေးရောက်ရှိစဉ် မလေးရှား အာဏာပိုင်များက တားမြစ်သဖြင့် မိနစ် ၃၀ ခန့်သာ ဆန္ဒပြနိုင်ခဲ့သည်။

အဖွဲ့၏ ထုတ်ပြန်ကြေညာချက်အား သံရုံးတာဝန်ရှိသူများအား သွားရောက် ပေးအပ်ရာတွင် လက်မခံသဖြင့် မလေးအာဏာပိုင်များက လက်မခံသည်ကို အတင်းအကျပ် မပေးရန်နှင့် စာတိုက်ပုံးအတွင်း ထည့်ထားခဲ့ရန် ပြောဆိုသဖြင့် ထိုကဲ့သို့ပင် ထားရစ်ခဲ့ရကြောင်း သူက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဇွန်လ ၅ ရက်
ရက်သတ္တပတ် ၂၃ ၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် တရားခွင် ဇွန် ၁၂ ရက်နေ့သို့ ချိန်းဆို

ချင်းမိုင် (မဇ္ဈိမ) ။ ။ အင်းစိန် အကျဉ်းထောင်တွင်းရှိ အထူးတရားရုံးတွင် ယနေ့ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အစိုးရက စွဲဆိုထားသော အမှု၏ တရားခွင်က နောက်ထပ် ရုံးချိန်းကို ဇွန်လ ၁၂ ရက်နေ့အဖြစ် ချိန်းဆိုလိုက်သည်။

နံနက် ၁၀ နာရီကစတင်သော တရားခွင်သို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမှုဆိုင် လေးဦးလုံး ရောက်ရှိလာခဲ့သော်လည်း စစ်ဆေးကြားနာမှု ပြုလုပ်ခြင်း မရှိဘဲ ရုံးချိန်းသာ ပေးလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တင်ပြထားသော သက်သေ ၃ ဦးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ကို ရန်ကုန်တိုင်း တရားရုံး (စုပေါင်းရုံးအဆောက်အဦ) တွင် ယနေ့ မွန်းလွဲ ၃ နာရီတွင် ပြုလုပ်မှာဖြစ်သည်။

တင်ပြထားသော သက်သေများမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်၊ ရှေ့နေ ဒေါ်ခင်မိုးမိုးတို့ ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နအဖနှင့် ဒီကေဘီအေ စစ်ရေးလှုပ်ရှားမှု စတင်၊ ရွာသားများ ထိုင်းဘက်ကမ်းသို့ ထွက်ပြေး

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဒေသကို မြန်မာစစ်တပ်နှင့် ဒီကေဘီအေတပ်ဖွဲ့များက ထိုးစစ်ဆင်သိမ်းပိုက်နိုင်ရန်အတွက် စစ်ရေးလှုပ်ရှားမှုများကြောင့် ဒေသတွင်းကျေးရွာများမှ ရွာသား (၂,၀၀၀) ခန့် ထိုင်းနယ်စပ်သို့ ထွက်ပြေးလာကြသည်။

တပ်မဟာ (၇) ဒေသတည်ရှိရာ နယ်စပ်ထိုင်းဘက်ခြမ်းသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရန်းမြို့နယ်တွင်ရှိပြီး ထိုင်းဘက်ခြမ်းသို့ ခိုလှုံလာကြသည့် ရွာသားများကို ၎င်းမြို့နယ် အာဏာပိုင်များက တစုံတရာကန့်ကွက်ခြင်းမရှိဘဲ ထိုင်းဘက်ခြမ်းတွင် ယာယီခိုလှုံခွင့်ပြုထားကာ ထိုင်းကျန်းမာရေးအဖွဲ့များကလည်း ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးလျက်ရှိသည်။

ယခုအခါ ၎င်းနယ်စပ်တလျှောက်တွင် ထိုင်းဘက်မှ လုံခြုံရေးတပ်ဖွဲ့များ တိုးမြှင့်ချထားပြီး အခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဓာတ်လှေကားပြုတ်ကျ သံဃာတော် ၂ ပါး၊ လူ ၆ ဦး ဒဏ်ရာရ


ချင်းမိုင် (မဇ္ဈိမ)။ ။ မုံရွာမြို ဗောဓိတထောင် ဘုရားတွင် ဓာတ်လှေကား ပြုတ်ကျမှု ဖြစ်ပွားရာ နိုင်ငံကျော် ဆရာတော်များ ဖြစ်သော အရှင်ဆန္ဒာဓိကနှင့် အရှင် ရဝေနွယ် (အင်းမ) အပါအဝင် စုစုပေါင်း ရဟန်းနှင့် လူ ၈ ဦး ဒဏ်ရာရသွားခဲ့သည်။

စစ်ကိုင်းတိုင်း မုံရွာရှိ ဗောဓိတထောင်ဘုရားမှ ဓာတ်လှေကားတခုသည် ယမန်နေ့ညနေ ၆ နာရီခန့်တွင် ပေ ၂၀ ကျော်အမြင့်မှ ပြုတ်ကျမှု ဖြစ်ပွားရာ ဓမ္မကထိက အကျော်အမော်များဖြစ်သော ရွှေပါမီတောရ ဆရာတော် အရှင် ဆန္ဒာဓိက၊ အရှင် ရဝေနွယ် (အင်းမ)၊ ဗောဓိတထောင်ကျောင်းတိုက်မှ ရဟန်းတပါးနှင့် ဘုရားဖူး ၅ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့၍ မန္တလေးဆေးရုံတွင် ကုသမှု ခံယူနေကြရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကော့သောင်း-ရနောင်း ဖြတ်ခွင့်ပိတ်၊ ပြည်သူများ အခက်တွေ့

မြန်မာပြည် တောင်ပိုင်း နယ်စပ်မြို့ ကော့သောင်းမှာ ညမထွက်ရအမိန့်နှင့် တဖက်ကမ်း ရနောင်းမြို့သို့ တပတ်စာ သွားရောက်လည်ပတ်ခွင့်ကို အာဏာပိုင်တို့က ပိတ်ပင်လိုက်သောကြောင့် စီးပွားရေးသမားများနှင့် ခရီးသွားများ အခက်အခဲတွေ့နေကြသည်။

ပြီးခဲ့သည့် (၁၀) ရက်ခန့်ကစပြီး ယင်းသို့ နယ်စပ်ဖြတ်ကျော်ခွင့်ကို ကော့သောင်းမြို့ ဗျူဟာမှူးက ပိတ်ပင်လိုက်ခြင်း ဖြစ်ကြောင်း ရနောင်းမြို့မှ ကုန်ခြောက်ပစ္စည်းအမျိုးမျိုး တင်သွင်းနေသည့် ကော့သောင်းမြို့ခံ ကုန်သည်တဦးက ပြောသည်။

ထိုကြောင့် နယ်စပ်မြို့နှစ်ဖက်စလုံးတွင် ကုန်စည်ပို့ဆောင်ရေးအတွက် လာဘ်ပေးလာဘ်ယူမှုများ ယခင်ထက် ပိုများလာပြီး ကုန်သည်အချို့ လုပ်ငန်းများ ရပ်နားထားကြကြောင်း ၎င်းကပြောသည်။
ထို့အပြင် (၁၀) နာရီ နောက်ပိုင်း အပြင်မထွက်ရအမိန့်လည်း ကော့သောင်းမြို့တွင် လွန်ခဲ့သော ရက်သတ္တပတ်က ထုတ်ပြန်ခဲ့သဖြင့် အရောင်းအ၀ယ် ကျဆင်းလာကြောင်း အဆိုပါမြို့ခံကုန်သည်က ပြောသည်။

သို့သော် ယင်းအမိန့်အား တရားဝင် ထုတ်ပြန်ကြေညာခြင်းမျိုး မဟုတ်ဘဲ ဈေးဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များနှင့် တက္ကစီမောင်းသမားများအား ရပ်ကွက်အာဏာပိုင်တို့က ပြောကြားထားခြင်းဖြစ်ပြီး မလိုက်နာပါက ထိရောက်စွာ အရေးယူမည်ဟုလည်း သတိပေးထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ရန်ကုန်ရှိ အမေရိကန်နှင့် ဗြိတိသျှ သံရုံးများက ဒီချုပ်ကို ကူညီနေဟု နိုင်ငံပိုင် သတင်းစာက ရေးသား

နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ရှိ အမေရိကန်နှင့် ဗြိတိသျှ သံရုံးများသည် မေလအတွင်း အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးသို့ ၂၅ ကြိမ် သွားရောက် လည်ပတ်ခဲ့ကြသည်ဟု မြန်မာ အာဏာပိုင်များက စွပ်စွဲ ပြောကြားလိုက်ပါသည်။

ရန်ကုန်ရှိ အမေရိကန်နှင့် ဗြိတိသျှသံရုံးများမှ သံအရာရှိများသည် ဒီချုပ်ရုံးသို့ ၂၅ ကြိမ် သွားရောက်၍ ဒီချုပ်ပါတီဝင်များ ကို ညွှန်ကြားချက်များနှင့် အခြားမသိရသော ပစ္စည်းများ ပေးအပ်ခဲ့သည်ဟု သောကြာနေ့ထုတ် စစ်အစိုးရအာဘော် မြန်မာ့ အလင်းသတင်းစာက ရေးသား ဖော်ပြထားခြင်း ဖြစ်သည်။

သို့သော် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလဲဖြစ်၊ ဒီချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တဦးလည်းဖြစ်သူ ဦးဝင်းတင် ကမူ ဤသို့ အမေရိကန်နှင့် ဗြိတိသျှ သံအရာရှိများ လာရောက် လည်ပတ်ခြင်းသည် ကမ္ဘာတဝှမ်းရှိ သံတမန်များ၏ ‘ပုံမှန်ဆက်ဆံရေး’ နှင့်အညီ လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု ပြောကြားပြီး အဆိုပါ စွပ်စွဲချက်ကို ပယ်ချလိုက်ပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် လွတ်လပ်သည့် နိုင်ငံရေးပါတီ တရပ်ဖြစ်ပြီး အမေရိကန်နှင့် ဗြိတိသျှသံ ရုံးများ အပါအဝင် မည်သူ တဦးတယောက်၏ အကြံပေးချက်နှင့် သြဝါဒအတိုင်း လိုက်လုပ်မည့် ပါတီတရပ် မဟုတ်ဟု သူက ပြောသည်။ သို့သော် ဤအကြံပြုချက်များသည် နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးနှင့် သဘာဝ ဘေးအန္တရာယ် အပါအဝင် မြောက်များလှစွာသော ပြဿနာများအပေါ် ကွဲပြားခြားနားသည့် ထင်မြင်ချက်များ စုစည်း ရယူရာ၌မူ အထောက်အကူ ဖြစ်သည်ဟု သူက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဇွန်လ ၆ ရက်
ရက်သတ္တပတ် ၂၃ ၊ ၂၀၀၉
မြန်မာသတင်း

စစ်အစိုးရ၏ ထိုးစစ်ကြောင့် စစ်ဘေးဒုက္ခသည် ၄၀၀၀ ခန့် ထွက်ပြေးလာဟု KNU က ပြော

ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရတပ်များက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) အပေါ် လတ်တလော ထိုးစစ်ဆင်နေမှုကြောင့်KNLA ၏ တပ်မဟာ (၇) - ဘားအံခရိုင် ပိုင်ကျုံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်အတွင်းမှ ဒေသခံများသာမက ‘လယ့်ဘော်ဟဲ’ ပြည်တွင်း ဒုက္ခသည် စခန်းမှလည်း ထွက်လာကြသူများ ဖြစ်ပြီး လူဦးရေ (၄၀၀၀) ခန့်ရှိကြောင်း KNLA ၏ နိုင်ငံရေးဦးဆောင် အဖွဲ့ဖြစ်သော ကရင်အမျိုးသားအစည်းအရုံး KNU က ပြောသည်။

စစ်ပြေးဒုက္ခသည်များ ရောက်ရှိနေသည့် နေရာသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်း မြို့နယ် အတွင်း၌ ဖြစ်ကြောင်း သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နိုင်ငံတကာ စိုးရိမ်မှုကို မြန်မာအစိုးရ နားထောင်သင့်ကြောင်း ဂျပန်အစိုးရ ပြောဆို

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr.Kenichiro Sasae ဦးဆောင်သော ဂျပန်အစိုးရ အထူးကိုယ်စားလှယ်အဖွဲ့သည် မြန်မာ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်မြို့တော်သို့ ဇွန်လ ၄ ၊ ၅ ရက်နေ့အတွင်း သွားရောက်တွေ့ဆုံပြီး မြန်မာ စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည်၏ အမှုနှင့်ပတ်သက်ပြီး နိုင်ငံတကာ၏ စိုးရိမ်မှုကို နားထောင်သင့်ကြောင်း တိုက်တွန်း ပြောဆိုခဲ့သည်။

ဂျပန် ကိုယ်စားလှယ် အဖွဲ့အား န.အ.ဖမှ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း၊ ဒု - နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ( အာအက်ဖ်အေသတင်းမှ ကောက်နှုတ်ချက် )

No comments: