Monday, June 15, 2009

သတင်းမှတ်စု ( ၂၃ )

ဇွန်လ ၈ ရက်
ရက်သတ္တပတ် ၂၄ ၊ ၂၀၀၉
မြန်မာသတင်း

ဖွဲ့စည်းပုံ ဥပဒေ ဟာကွက်ကြောင့် အဓမ္မ လုပ်အားပေး လမ်းပွင့်နေဟု အိုင်အယ်လ်အို ပြော

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတွင် အဓမ္မလုပ်အားပေး ရပ်တန့်နိုင်ရေး သေချာစေရန်အတွက် နောင်နှစ်တွင် အတည်ဖြစ်တော့မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ပါ ချွတ်ယွင်းအားနည်းချက်များကို ဖြေရှင်းရန်နှင့် တည်ဆဲဥပဒေများကို ပြင်ဆင်ပေးပါရန် မြန်မာစစ်အစိုးရအား နိုင်ငံတကာ အလုပ်သမား စံညွှန်းများကော်မတီက တောင်းဆိုလိုက်သည်။

ကော်မတီက မြန်မာစစ်အစိုးရ၏ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို အဓိပ္ပာယ် ဖွင့်ဆိုပုံအပေါ် သဘောမတူဘဲ၊ အထူးသဖြင့် ‘အများပြည်သူအကျိုးအတွက် ဆောင်ရွက်ရန် နိုင်ငံတော်က ဥပဒေနှင့်အညီ တာဝန်ချထားခြင်း’ ဆိုသည့် ပြဋ္ဌာန်းချက်စာပိုဒ်သည် အဓမ္မလုပ်အားပေး ခိုင်းစေနိုင်ရန် လမ်းဖွင့်ပေးထားသကဲ့သို့ ဖြစ်နေသည်ဟု ဆုံးဖြတ်သည်။

ဒီမိုကရေစီနည်းအရ ရွေးချယ်တင်မြှောက်ခံရသော ဝန်ကြီးချုပ်ဦးနု၏ လက်ထက်တွင် အာဆီယံအဖွဲ့ဝင် ဖီလစ်ပိုင်၊ ဗီယက်နမ် နိုင်ငံတို့ထက် အနှစ် ၅ဝ စော၍ အဓမ္မ လုပ်အားပေး ခိုင်းစေခြင်းစာချုပ်ကို ၁၉၅၅ ခုနှစ်က အတည်ပြုလက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ ၁၉၃ဝ ခုနှစ် စာချုပ်ကို အတည်မပြုရသေးသည့် နိုင်ငံများထဲတွင် အမေရိကန်၊ တရုတ်၊ ကနေဒါ ၃ နိုင်ငံ ပါဝင်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
တက္ကသိုလ်ဝင်တန်း အောင်စာရင်း အချိန်စောပြီး ထုတ်ပြန်၊ ဂုဏ်ထူးနှင့်အောင်သူ အလွန်များပြား

ယမန်နေ့ ဇွန်လ (၇) ရက်၌ တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို စောပြီးထုတ်ပြန်ခဲ့ရာ နာမည်ကြီးကျောင်းများ အောင်ချက်ကောင်းခဲ့ပြီး ဂုဏ်ထူးထွက်သူများလည်း အလွန်များကြောင်း ရန်ကုန်မြို့ နာမည်ကြီး အ.ထ.က ကျောင်းတကျောင်းမှ ဆရာမတဦးက ပြောသည်။

နအဖစစ်အစိုးရ ပညာရေးစနစ်သည် သူငယ်တန်းမှ (၈) တန်းအထိ ကျရှုံးမှုမရှိ အတန်းတင်ပေးသည့် စနစ် ဖြစ်သည်။ တက္ကသိုလ်ဝင်တန်းများနှင့်ပတ်သက်၍ ဘာသာရပ်အလိုက် အောင်မှတ် (၄ဝ) ရသူများကို အအောင်ပေးသည့်စနစ် ကျင့်သုံးခြင်းမဟုတ်ဘဲ ၎င်းတို့လိုအပ်သည့် အရေအတွက်ကိုလိုက်ပြီး အောင်မှတ်ကို အလျှော့အတင်းလုပ် အအောင်ပေးလေ့ ရှိသည့်အတွက် အချို့နှစ်များတွင် ဘာသာတချို့၏ အောင်မှတ်သည် အမှတ် (၂ဝ) အောက်အထိ ရောက်သွားခဲ့ဖူးသည်။

တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ပုံမှန်အားဖြင့် ဇူလိုင်လအတွင်း ထုတ်ပြန်ပေးလေ့ရှိသော်လည်း ယမန်နှစ်တွင် ဇွန် (၂၁) ရက်တွင် ထုတ်ပြန်ပေးခဲ့ပြီး ယခုနှစ်တွင်မူ ဇွန် (၇) ရက်တွင် ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
နယ်ခြားစောင့်တပ်ဖွဲ့ရေး စစ်အစိုးရကိုယ်စားလှယ် ဒုတိယအကြိမ် ဆွေးနွေး

ရွှေလီ (မဇ္ဈိမ)။ ။ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးနှင့်ပတ်သက်၍ ရှမ်းပြည်ရှိ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယခုအခါ ဒုတိယအကြိမ်မြောက် လိုက်လံတွေ့ဆုံလျက် ရှိသည်။

မိုင်းလားမြို့အခြေစိုက် အထူးဒေသ (၄) မှ ဦးစိုင်းလင်း ခေါင်းဆောင်သော အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) နှင့် ဆွေးနွေးရန် စစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ပန်ဆန်းမြို့မှ ထွက်ခွာသွားသည်။

ယမန်နေ့က ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်၊ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် - ရမခ တိုင်းမှူး အောင်သန်းထွဋ်၊ တြိဂံတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဖြိုး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်မောင်မောင်အုန်းတို့သည် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် - UWSA ပန်ဆန်းမြို့၌ နံနက်ပိုင်းနှင့် ညနေပိုင်း ခွဲ၍ နှစ်ကြိမ် တွေ့ဆုံခဲ့သည်။

နံနက်ပိုင်းတွင် ဗဟိုခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ညနေတွင် တပ်ကေဒါခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့သည်။ ယခုလ ၅ ရက်နေ့ကလည်း လောက်ကိုင်မြို့၌ (သံလွင်မြစ် အရှေ့ဘက်ကမ်းရှိ) ဦးဖုန်ကျားရှင် ခေါင်းဆောင်သော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - MNDAA နှင့် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဗီယက်နမ်တက္ကသိုလ် မြန်မာ့ပညာရေး ဈေးကွက်ထဲ ၀င်ရောက်

မြန်မာ့ပညာရေးဈေးကွက်ထဲ ၀င်ရောက်ရန် ဗီယက်နမ်နိုင်ငံ Duy Tan ယူနီဗာစီတီသည် ယခုလ (၆) ရက်နေ့တွင် ရန်ကုန်မြို့ ပါ့သ်ရွိင်ရယ် ဟိုတယ်၌ မိတ်ဆက်ပွဲကျင်းပခဲ့သည်။

အဆိုပါမိတ်ဆက်ပွဲတွင် တာဝန်ရှိသူများ၏ ပြောပြချက်အရ ၎င်းတို့ ယူနီဗာစီတီသည် အမေရိကန်၊ ဥရောပနှင့် အာဆီယံဒေသတွင်းနိုင်ငံများမှ တက္ကသိုလ်ကျောင်းအချို့နှင့် ကျောင်းသားနှင့်ဆရာ အပြန်အလှန် ဖလှယ်သည့် Exchanging Programs အစီအစဉ်မျိုးလည်း ရှိကြောင်း၊ ၎င်းတို့ ယူနီဗာစီတီကို တက်ရောက် အောင်မြင်ပြီးပါက အလုပ်အကိုင် အခွင့်အလမ်း များစွာရနိုင်ကြောင်း စသဖြင့် ရှင်းပြသည်။ မြန်မာနိုင်ငံတွင် ငွေတတ်နိုင်သည့်မိဘများက ၎င်းတို့သားသမီးများကို နိုင်ငံခြားတက္ကသိုလ်များသို့ ပို့ပြီး ပညာ သင်ကြားစေကြကြောင်း၊ ပြည်တွင်းတက္ကသိုလ်များသည် ဆေးတက္ကသိုလ်ကအစ ယခုနောက်ပိုင်း စာကောင်းကောင်း မသင်တော့ကြောင်း အခြားကျောင်းသားမိဘတဦးက ပြောသည်။

“တချိန်က ရန်ကုန်တက္ကသိုလ်ဆိုတာ အာရှမှာ လျှမ်းလျှမ်းတောက် တက္ကသိုလ် ဖြစ်ခဲ့ဖူးတယ်။ ဗီယက်နမ်နိုင်ငံဟာ ယခင်က စစ်ဖြစ်ခဲ့ပြီး ဒုက္ခသည်ပေါင်းများစွာနဲ့ ဆင်းရဲမွဲတေတဲ့ နိုင်ငံဖြစ်ခဲ့တယ်။ အခု ဒီနိုင်ငံက တက္ကသိုလ်တခု မြန်မာ့ဈေးကွက်ကို ရောက်လာတာ မြန်မာအစိုးရအနေနဲ့ ရှက်စရာပဲ” ဟု ရန်ကုန်မြို့မှ အငြိမ်းစားတက္ကသိုလ် ဆရာတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ငါးပိဆိုးဆေး စစ်ဆေးသည့် ကိရိယာ စတင်ရောင်းချ

ချင်းမိုင်(မဇ္ဈိမ)။ ။ ငါးပိတွင် အနီရောင်ဆိုးဆေး ပါဝင်ခြင်း ရှိ၊ မရှိ စမ်းသပ်စစ်ဆေးသည့် ကိရိယာများကို ယနေ့မှ စတင်ကာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) မှ ရောင်းချပေးနေပြီဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်လုပ်ထားသည့် အနီရောင်ဆိုးဆေး တမျိုးတည်းအား စမ်းသပ်သည့် (Rapid Test Kit) ကိရိယာဖြင့် ငါးပိရောင်းသူများကိုယ်တိုင် စစ်ဆေးပြီး ဆိုးဆေးကင်းရှင်းကြောင်း FDA သို့ တင်ပြနိုင်ရန် စတင် ရောင်းချနေခြင်း ဖြစ်သည်။

ကျန်းမာရေးဌာနမှ ငပိကုန်သည်များ ကိုယ်တိုင် စမ်းသပ်မှု ပြသပေးပြီး တစုံလျှင် ၈ဝဝဝ ကျပ် ပေးဝယ်ရသည်ဟု ယနေ့ သွားရောက်ဝယ်ယူခဲ့သူ ငပိကုန်သည်တဦးက မဇ္ဈိမကို ပြောသည်။
်(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အက်ဖ်အီးစီ (၅၀) တန် ဖုန်းကက်များ အရောင်းထိုင်း

FEC (၅၀) တန် CDMA 450 တခါသုံး ဖုန်းကတ်များ လုံးဝရောင်းမကောင်းကြောင်း ရန်ကုန်ရှိ ဖုန်းကတ်အရောင်းဆိုင် များထံမှ သိရသည်။

ယခုလ (၂) ရက်မှ စတင်၍ ထူးကုမ္ပဏီ၏ လက်အောက်ခံ စင်ထရယ် မားကက်တင်းကုမ္ပဏီကရောင်းချခဲ့ခြင်းဖြစ်ပြီး တပတ်ပြည့်သော်လည်း ကတ် ၀ယ်ယူသုံးစွဲသူ ရှားပါးကြောင်း ရန်ကုန်မြို့ရှိ ဖုန်းနှင့် ဖုန်း အပိုပစ္စည်းအရောင်းဆိုင်များ က ပြောသည်။

ယခုရန်ကုန်တွင် ရောင်းချသောဈေးနှုန်းများမှာ ဖုန်းကတ် တကတ်လျှင် မြန်မာငွေကျပ် (၅၄,၀၀၀) ကျပ်၊ (၅၃,၀၀၀) ကျပ် နှစ်မျိုး သတ်မှတ်ရောင်းချပေးကြောင်း အရောင်းဆိုင်များက ပြောသည်။

သုံးစွဲသူများ စိတ်မ၀င်စားခြင်းမှာ ကတ်သက်တမ်းတိုး၍မရခြင်း၊ ငွေရင်းကြီးခြင်းတို့ကြောင့် ဖြစ်သည်ဟု အရောင်းဆိုင်များက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဂိုချောက်တောင် မြန်မာနိုင်ငံတွင် လေးရက်ကြာ လည်ပတ်မည်

နယူးဒေလီ။ ။ စကာင်္ပူ ဝန်ကြီးချုပ်ဟောင်းနှင့် လက်ရှိ ဝါရင့် ဝန်ကြီး ဂိုချောက်တောင်သည် မြန်မာနိုင်ငံတွင် ယနေ့မှ စ၍ ၄ ရက်ကြာ စကာင်္ပူ အစိုးရ ခရီးစဉ်အဖြစ် လည်ပတ်မည်ဖြစ်သည်။

စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ဖိတ်ကြားချက်ဖြင့် နေပြည်တော်သို့ သွားရောက် လည်ပတ်ကာ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံမည်ဟု စကာင်္ပူ ဝန်ကြီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

သူက မြန်မာ နိုင်ငံတွင်း ဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာရန် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးတို့သို့ လည်ပတ်မည် ဖြစ်သည်။

ယင်းနောက် နာဂစ်ဒဏ်သင့် ဒေသများ ပြန်လည် ထူထောင်ရေးအစီအစဉ် အဖြစ် စကာင်္ပူအစိုးရ အကူအညီပေးထားသော ကရင်ချောင်းကျေးရွာ ဆေးရုံ ဖွင့်ပွဲကိုလည်း တက်ရောက်မည် ဖြစ်သည်။

သူနှင့် အတူ စကာင်္ပူ လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဂမ်ကင်ယွန်း၊ ပါလီမန်ကော်မတီ ဥက္ကဌ ( နိုင်ငံခြားရေးနှင့် ကာကွယ်ရေး ) မစ်ချဲလ် ပါမားလ် တို့နှင့် အတူ အကြီးတန်း အရာရှိများ လိုက်ပါလာကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
စစ်ပြေး ကရင်ဒုက္ခသည်များကို အကူအညီပေးပို့

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဘားအံခရိုင်ဒေသကို နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့များ၏ ယခုလဆန်း (၂) ရက်က စတင်သည့် ထိုးစစ်ကြောင့် ထိုင်းဘက်သို့ ထွက်ပြေးလာကြသော ကရင်ဒုက္ခသည် (၃,၆၁၀) ဦးအတွက် လိုအပ်သည့်အကူအညီများကို ယနေ့မှ စတင်ကာ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက ပေးပို့လျက်ရှိသည်။

ထိုင်း-မြန်မာနယ် စပ်တာ့ခ်ခရိုင်၊ ထာ့ဆောင်ရန်းမြို့နယ်အတွင်းရှိ နောင်ဘိုး၊ အူးသူးထ၊ မဲ့စလေ၊ တိုးထ စသည့် နေရာများတွင် ရောက်ရှိနေကြသည့် လှိုင်းဘွဲနှင့် ပိုင်ကျုံမြို့နယ်များမှ စစ်ပြေး ဒုက္ခသည်များအတွက် UNHCR ၊ ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအသင်း TBBC နှင့် အခြားလူမှုရေး၊ ဘာသာရေး အဖွဲ့အစည်းတို့က မိုးရေကာဖျင်များ၊ လူသုံးကုန်များ၊ အစားအသောက်၊ အ၀တ်အထည်နှင့် ဆေးဝါးများ လာရောက် ကူညီခဲ့ကြသည်။

ထိုင်းကျန်းမာရေးအဖွဲ့များကလည်း ထွက်ပြေးလာသည့် ဒုက္ခသည်များ၏ ကျန်းမာရေးကို စစ်ဆေးကုသပေးလျက် ရှိရာ ငှက်ဖျားပိုးရှိသူ အချို့ကိုသာ စစ်ဆေးတွေ့ရှိခဲ့ပြီး ဆေးဝါးကုသမှုများ ပြုလုပ်ပေးခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဇွန်လ ၉ ရက်
ရက်သတ္တပတ် ၂၄ ၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထပ်မံ ထားရှိသွားမည်

နယူးဒေလီ ။ ။ ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း တရားစွဲဆိုခံနေရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်မြို့ပြင်ရှိ တပ်မစခန်းတခု အခြေစိုက်သည့် ဒေသတွင် နေအိမ်အကျယ်ချုပ် ထပ်မံချထားရန်အတွက် မြန်မာစစ်အစိုးရက ပြင်ဆင်နေကြောင်း စစ်တပ်နှင့် နီးစပ်သည့် သတင်းရပ်ကွက်များ အဆိုအရ သိရသည်။

တပ်မ ၁၁ အခြေစိုက်ရာ ရန်ကုန်မြို့အထွက် ရဲမွန်မြို့တွင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ကို ထားရှိသွားမည်ဖြစ်ကာ ဘန်ဂလိုတခုကို ပြန်လည်ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်းရပ်ကွက်က ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေတဦး တင်သွင်းခွင့်ရ

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် မေလ (၁၈) ရက်တွင် အမှုဖွင့် တရားစွဲဆိုခဲ့ပြီး နောက် တရားလိုဘက်မှ သက်သေ (၁၄) ဦး တင်သွင်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ (၄) ဦး တင်သွင်းခဲ့သော်လည်း (၁) ဦးသာ သက်သေထွက်ဆိုခွင့်ရသဖြင့် ရန်ကုန်တိုင်းတရားရုံးသို့ ပြင်ဆင်ခွင့် လျှောက်ထား ခဲ့ရာ ယနေ့ရန်ကုန်တိုင်းတရားရုံးက နောက်ထပ် သက်သေ (၁) ဦး ထွက်ဆိုခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါသက်သေခံခွင့် ပြင်ဆင်မှုတွင်ပါဝင်သော သက်သေ (၃) ဦးအနက် အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဝင်းတင်တို့ကို ရန်ကုန်တိုင်းတရားရုံးက ပယ်ချလိုက်ကာ ဒေါ်ခင်မိုးမိုးကို သက်သေထွက်ဆိုခွင့်ပြုလိုက်ခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
တကိုယ်တော် ဆန္ဒပြသူ ဦးဇော်ညွန့် အင်းစိန်ထောင်တွင် ရှိနေ

မဇ္ဈိမ (ချင်းမိုင်) ။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်အား ပြန်လွှတ်ပေးရန် အင်းစိန်ထောင်ရှေ့တွင် တကိုယ်တော် ဆန္ဒပြခဲ့သူ လေတပ် အငြိမ်းစားဗိုလ်ကြီး ဇော်ညွန့်သည် ယင်းထောင်၌ပင် ဖမ်းဆီးခံထားရကြောင်း သိရသဖြင့် မိသားစုဝင်တဦးက ယနေ့ သွားရောက်ကာ တွေ့ဆုံခွင့်ရရေး လျှောက်လွှာတင်ခဲ့ကြောင်း သိရသည်။

၅၆ နှစ်အရွယ် ဦးဇော်ညွန့်အား အင်းစိန်ထောင်တွင် ဖမ်းဆီးထားကြောင်း နိုင်ငံရေး အကျဉ်းသားများထံ ထောင်ဝင်စာ တွေ့ခဲ့သည့် မိသားစုများမှတဆင့် ကြားသိရသဖြင့် တူဖြစ်သူက ယနေ့တွင် ထောင်ဝင်စာ တွေ့ခွင့်ရရန် လျှောက်လွှာဖြည့်သွင်းခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လ ၂၈ ရက်နေ့က အင်းစိန်ထောင်ရှေ့ Free Daw Aung San Su Kyi စာသား အပါအဝင် တောင်းဆိုချက် ၄ ချက်ကို ၂ ပေပတ်လည်ရှိ ပိတ်စအဖြူပေါ်တွင် ရေးသားကိုင်ဆောင်ကာ သူက ဆန္ဒပြစဉ် အာဏာပိုင်များက ရိုက်နှက်ဖမ်းဆီးသွားရာ ဦးဇော်ညွန့်သည် သွား ၂ ချောင်းကျိုးကာ လက်ရှိတွင် ကျန်းမာရေး မကောင်းသော်လည်း ဆေးကုသခွင့် မရသေးကြောင်း ထောင်ဝင်စာ တွေ့ဆုံခဲ့သည့် နိုင်ငံရေး အကျဉ်းသား မိသားစုများမှတဆင့် သိရသည်။
((မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ရန်ကုန်မြို့လယ်တွင် လုံခြုံရေးရဲများ ချထား

ယနေ့ ဇွန် (၉) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေများက သက်သေလိုက်ခွင့် ပြင်ဆင်လျှောက်ထားမှုအတွက် ကြားနာရန် ရန်ကုန်တိုင်းတရားရုံးတွင် ရုံးချိန်းပေးထားသည့် နေ့ဖြစ်သည့်အတွက် ရန်ကုန်မြို့တွင်း၌ လုံခြုံရေး အပြည့်ချထားကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ယနေ့ ချထားသော လုံခြုံရေးနေရာယူမှုမှာ မဟာဗန္ဓုလပန်းခြံနှင့် မြို့တော်ခန်းမကြားတွင် လက်နက်အပြည့်အစုံဖြင့် ယူနီဖောင်းဝတ် ရဲများပါသည့် ရဲကားအစီး (၂၀) ကို အရန်သင့်နေရာယူ ချထားခြင်းဖြစ်သည်ဟု မျက်မြင်တဦးက ပြောသည်။ ရန်ကုန်မြို့လယ်တွင် လုံခြုံရေးချသကဲ့သို့ ရွှေဂုံတိုင် မီးပွိုင့်အနီး၊ လှည်းတန်းမီးပွိုင့်အနီးတို့တွင်လည်း ယခင်ထက် ပိုသော လုံခြုံရေး ရဲသားအရေအတွက်များ ချထားကြောင်း သိရသည်။

ဇွန်လ (၅) ရက်ကလည်း ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့တွင် ရဲကား (၁၀) စီးဖြင့် လုံခြုံရေးများ ချထားခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အမေရိကန်နှင့် အင်ဒိုနီးရှားက ဒေါ်စုကို ပြန်လွှတ်ပေးရန် တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသည့် စွပ်စွဲချက်များသည် အခြေအမြစ်မရှိဟု ထပ်လောင်း ပြောဆိုကြောင်းနှင့် ချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း အမေရိကားသို့ အလည်အပတ် ရောက်ရှိနေသော အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Noer Hassan Wirajuda နှင့် တွေ့ဆုံအပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် က ဝါရှင်တန်တွင် သတင်းထောက်များကို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင် တရားစွဲဆိုနေမှုကို `ကံအကြောင်းမလှသည့် ဖြစ်ထွန်းတိုးတက်မှု` ဟု သူမက ခေါ်ဆိုလိုက်ပြီး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဝီရာဂျူဒါ ကလည်း ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရေးအတွက် ပြင်းထန်သည့် စကားလုံးများ သုံးစွဲထားသည့် ကြေညာချက်တစောင်ကို အင်ဒိုနီးရှားနိုင်ငံက ထုတ်ပြန်ထားပြီးဖြစ်ကြောင်းဖြင့် သတင်းထောက်များကို ပြောကြားသွားခဲ့သည်။

အာဆီယံ အဖွဲ့ဝင်နိုင်ငံများသည် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်သည့် အစဉ်အလာကို ထိန်းသိမ်းထားလေ့ရှိကြသည်။ သို့သော် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်၍ ရုံးတင်စစ်ဆေးနေသည့် ကိစ္စအပေါ်တွင် `အလွန်စိုးရိမ်ပူပန်ကြောင်း` ကြေညာချက်များ အာဆီယံအဖွဲ့ကြီးက ထုတ်ပြန်လာရသည်အထိ ဖြစ်ပေါ်လာစေခဲ့သည်။
((မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဂိုချုပ်တောင်သည် ဒေါ်စုအမှုကိစ္စ နားချဖွယ်ရှိဟု သုံးသပ်သူ ပြောဆို

မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၏ ဖိတ်ကြားချက်ကြောင့် ရောက်ရှိလာမည့် မစ္စတာ ဂိုချုပ်တောင် (Goh Chok Tong)နှင့် အဖွဲ့၏ ခရီးစဉ်တွင် မြန်မာ့စီးပွားရေး တိုးတက် ကောင်းမွန်ရေး အကြံပေးမည့်အပြင် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုနေသည့်အပေါ် နားချရန်လည်း မြန်မာ့စီးပွားရေး ပညာရှင်တဦးက သုံးသပ် ပြောဆိုလိုက်သည်။
((မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ရေဒီယိုအခွန် ပေးဆောင်ရန် သတိပေး

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာနက ယခုလ ၇ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများကတဆင့် အခွန်မဆောင်သည့် ရေဒီယိုများကို ကြိုးမဲ့ကြေးနန်း ဥပဒေအရ အရေးယူနိုင်ကြောင်း ယခုလ ၇ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများကတဆင့် အများပြည်သူသို့ သတိပေး ရေးသားဖော်ပြလိုက်ခြင်း ဖြစ်သည်။

၂ဝဝ၈ ခုနှစ် မေလဆန်းတွင် နာဂစ်မုန်တိုင်း သင့်ပြီးနောက် မြန်မာပြည်သူများအနေဖြင့် တန်ဖိုးနည်းပြီး လူတန်းစားမျိုးစုံ သုံးစွဲနိုင်သော ရေဒီယိုများကို ပြည်တွင်း ပြည်ပ သတင်းအချက်အလက်မှန် သိရှိရန် အားကိုးလာပြီး အသုံးပြုမှုလည်း သိသာစွာ တိုးတက်လာခဲ့သည်။

ရေဒီယိုများကို အခွန်မဆောင်ဘဲ အသုံးပြုပါက ကြိုးမဲ့ကြေးနန်းဥပဒေများနှင့် အရေးယူနိုင်ကြောင်း သတင်းစာများမှတဆင့် ယခုလို သတိပေးလိုက်သော်လည်း စာတိုက်များသို့မူ သီးခြား ညွှန်ကြားချက်များ မရောက်သေးကြောင်း စာတိုက်ဝန်ထမ်းက ဆိုသည်။
((မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဇွန်လ ၁၀ ရက်
ရက်သတ္တပတ် ၂၄ ၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် သူမ၏ ရှေ့နေနှင့် တွေ့

နယူးဒေလီ။ ။ ရန်ကုန် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံနေရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် သူမ၏ ရှေ့နေ ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံခဲ့သည်။

သူမကို တနာရီခွဲကျော်ကြာ တွေ့ဆုံခဲ့ပြီး အင်းစိန်ထောင် အထူးခုံရုံးတွင် ရင်ဆိုင်နေရသော အမှုကိစ္စ ဆွေးနွေးခဲ့သည်ဟု သူမ၏ပါတီ အန်အယ်ဒီ ပြောရေးဆိုခွင့်ရှိသူနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင် အဖွဲ့ဝင်တဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောဆိုခြင်း ဖြစ်သည်။
'ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာနေပုံရပါတယ်။ သူ့အမှုမှာ တရားမျှတမှု မရှိတဲ့အတွက်တော့ သူ စိတ်မချမ်းသာဘူး။ တရားဥပဒေကြောင်းအရ ဆက်ပြီးတိုက်ဖို့ပဲ သူ ပြောပါတယ်'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။
((မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အမျိုးသား ရင်ကြားစေ့ရေးနှင့် ရွေးကောက်ပွဲကို မထိခိုက်စေလိုဟု စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း ပြောကြား

ယမန်နေ့က နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ကို တွေ့ဆုံခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစီရင်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်များ နှင့် ၂၀၁၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲကို မထိခိုက်စေလိုကြောင်း စင်ကာပူအစိုးရအဖွဲ့တွင် ၀ါရင့်ဝန်ကြီးအဖြစ် တာဝန်ယူထားသည့် ၀န်ကြီးချုပ်ဟောင်း မစ္စတာဂိုချောက်ထောင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲသည် ဘက်ပေါင်းစုံပါဝင်သည့် ရွေးကောက်ပွဲဖြစ်ရမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အန်အယ်လ်ဒီပါတီသည် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွင် ပါဝင်ရမည်ဟုလည်း မစ္စတာဂိုချောက်ထောင်က အလေးထားပြောကြားခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကေအိုင်အို နယ်ခြားစောင့်တပ်အရေး ဇူလိုင်လတွင် ဆုံးဖြတ်မည်

ချင်းမိုင် (မဇ္ဈိမ)။ ။ ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ - ကေအိုင်အိုက နယ်ခြားစောင့်တပ်အရေးကို လာမည့် ဇူလိုင်လတွင် ဆုံးဖြတ်မည်ဟု အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာက ပြောသည်။

မြန်မာစစ်အစိုးရ ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရေးကိစ္စကို ကေအိုင်အိုက ကချင်ပြည်သူများသို့ အသိပေးထားပြီး ပြည်သူများ၏ အကြံပြုချက်ကို ယခုလကုန်အထိ တောင်းခံထားကာ လာမည့်လအတွင်း ဆုံးဖြတ်ချက် ချမှတ်သွားမည် ဖြစ်သည်။

ပြီးခဲ့သည့်လ ၃၀ ရက်နေ့မှ စတင်ကာ ကေအိုင်အိုက နယ်ခြားစောင့်တပ်ကိစ္စနှင့် ပတ်သက်၍ လိုအပ်ပါက စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် အဖွဲ့ဝင် ၇ ဦးပါ ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့သည်။

မြန်မာစစ်အစိုးရနှင့် တာဝန်ယူဆွေးနွေးရန်အတွက် ဗဟိုကော်မတီတရပ် ဖွဲ့စည်းခဲ့ရာတွင် ကေအိုင်အို၏ ဒု-ဥက္ကဋ္ဌ ဂေါင်ရီ ဇော်ဆိုင်း ဦးဆောင်ကာ အထွေထွေအတွင်းရေးမှူး ဒေါက်တာ လဂျာ၊ ဗိုလ်မှူးကြီး ဆွမ်းလွတ် ဂွမ်မော်၊ ဗိုလ်ကြီး လဖိုင်လ၊ ဗိုလ်ကြီး ဂေါလိုး လအောင်၊ ဆရာ ကွမ်းထပ် ထိန်နန်နော်နှင့် ဗိုလ်ကြီး ဂျီနောင်နီ စသည့် ၇ ဦးတို့ ဖြစ်သည်။

ကေအိုင်အို ဌာနပေါင်းစုံတွင် လက်ရှိ တပ်အင်အား ၂၀၀၀၀ (နှစ်သောင်း) ဝန်းကျင်ရှိသည်ဟု ဒေါက်တာလဂျာက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဒီကေဘီအေနှင့် နအဖတပ်များ ရွာသားများကို ပေါ်တာဆွဲ

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အား စစ်ဆင်ရေး ပြုလုပ်ရာတွင် နအဖ စစ်ကြောင်းနှင့် ဒီကေဘီအေ တပ်မဟာ (၉၉၉) မှ ဗိုလ်မှူးကြီး စောချစ်သူ ဦးစီးသော အင်အား (၃၀၀) ကျော်ရှိ တပ်ဖွဲ့ချီတက်ရာ ရှေ့တန်းစစ်ကြောင်းတွင် ရွာ (၃) ရွာမှ ရွာသား (၅၀) ခန့်ကို ဘုရားပြုပြင်ရန်ဟု လိမ်လည်ခေါ်ဆောင်ကာ ဗုံးကျည်ဆန် အကြီးစားများနှင့် ရိက္ခာဆန်များကို သယ်ခိုင်းခဲ့ကြောင်း ကရင်သတင်းစဉ်မှ တာဝန်ခံအယ်ဒီတာ နန်းဖော့ဂေက ခေတ်ပြိုင်သို့ ပြောသည်။

ရွာသားများက ထွက်ပြေးသော်လည်း တိုက်ပွဲများခံနေသဖြင့် လမ်းတွင်ပိတ်မိနေသူများလည်း ရှိကြောင်း၊ မိုးတွင်းဖြစ်နေသောကြောင့် နယ်စပ်အထိမလာနိုင်ကြသူများလည်း ရှိကြောင်း ဒုက္ခသည်များရှိရာသို့ ကွင်းဆင်းသွားရောက်ခဲ့သူ နန်းဖော့ဂေက ပြောသည်။

ယခုအခါ ယာယီစခန်း (၄) ခုတွင် နယ်စပ်ဒေသသို့ ထွက်ပြေးလာသည့် ဒုက္ခသည်ပေါင်း (၄,၀၀၀) နီးပါးရှိကြောင်း ကရင်ဒုက္ခသည်ကယ်ဆယ်ရေးဌာနက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဒေါ်အောင်ဆန်းစုကြည်ကို မဖွယ်မရာ ဓာတ်ပုံများဖြင့် သိက္ခာချသူများရှိ

နယူးဒေလီ (မဇ္ဈိမ)။ ။ အထိန်းသိမ်းခံ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အရှက်ရစေရန်နှင့် စော်ကားရန်အတွက် စစ်အစိုးရ လိုလားသူများဟု ယုံကြည်ရသော အမည်မသိ ပုဂ္ဂိုလ်များက ရိုင်းပျသေးသိမ်သော ဓာတ်ပုံများကို မြန်မာပြည်အလယ်ပိုင်း မြို့များတွင် ဖြန့်ဝေခဲ့ကြသည်။

Photoshop ဆော့ဝဲဖြင့် ပြုပြင်ထားသည်ဟု ယူဆရသော ပို့စ်ကဒ်ဆိုက်အရွယ် စာရွက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ခြံဝင်းအတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သူ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ယက်တောဟု ယူဆရသောသူနှင့် သူမ၏ ကွယ်လွန်သူ ခင်ပွန်း မိုက်ကယ်အဲရစ်ပုံများနှင့် ယှဉ်တွဲဖော်ပြထားသည်။ အိပ်ယာမှမနိုးထခင် နံနက်စောစောပိုင်းက သူတို့နေအိမ်ခြံဝင်းအတွင်း ဓာတ်ပုံများကို ကြဲချသွားခြင်းဖြစ်ပြီး မည်သူ့လက်ချက်မှန်း မသိရကြောင်း အဆိုပါ ဒေသခံက ပြောသည်။ သို့သော် သူကမူ ယင်းလုပ်ရပ်များမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း သို့မဟုတ် စွမ်းအားရှင်များသာ ဖြစ်ရမည်ဟု တထစ်ချ စွပ်စွဲလိုက်သည်။

မန္တလေးတိုင်း မြင်းခြံနှင့် မကွေးတိုင်း ကျောက်ပန်းတောင်းတွင်လည်း အလားတူ ဓာတ်ပုံများ ကြဲချသွားခဲ့ကြောင်း သိရသည်။

ပိတောက်မြေ FM ရေဒီယို အသံလွှင့်ဌာနမှ အစီအစဉ်တခုနှင့် တခုအကြား အဖြည့်အစီအစဉ်အဖြစ် ယက်တောနှင့် မချော ဆိုသည့် အတင်းအဖျင်းအစီအစဉ်ကို ထုတ်လွှင့်လျက်ရှိသည်ဟု ရန်ကုန်မြို့မှ ဖမ်းယူနားထောင်ခဲ့ရသူများက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နယ်မြေအေးချမ်းပါက စစ်ပြေးဒုက္ခသည်များကို နေရပ် ပြန်ပို့မည်

တပ်မဟာ (၇) ဒေသ တိုက်ပွဲများကြောင့် ထိုင်းဘက်သို့ထွက်ပြေးတိမ်းရှောင်လာသည့် ကရင် စစ်ပြေးဒုက္ခသည် (၄,၀၀၀) ခန့်ကို လူသားချင်းစာနာသည့်အနေဖြင့် ထိုင်းအာဏာပိုင်များက ယာယီလက်ခံထားကာ ၎င်းတို့ကို ထိုင်းဘက်ခြမ်း ထာ့ဆောင်ရန်းမြို့နယ်အတွင်းရှိ နောင်ဘိုး၊ အူးသူးထ၊ မဲ့စလေ စသည့်နေရာ (၃) ခုတွင် ယာယီခိုလှုံခွင့်စခန်းများဖွင့်လှစ်ကာ စားဝတ်နေရေး၊ ကျန်းမာရေး ကိစ္စများကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ထိုင်းအာဏာပိုင်များက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလက်ခံမည်မဟုတ်ဘဲ နယ်မြေအေးချမ်းသွားပါက ၎င်းတို့ကို နေရပ်ပြန်ပို့မည်ဟု ပြောသည်။

ထိုင်းဘက်သို့ရောက်ရှိနေသည့် စစ်ပြေးဒုက္ခသည် (၄,၀၀၀) ခန့်သည် လှိုင်းဘွဲ့မြို့နယ်နှင့် ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၂၀) ကျော်မှ ရွာသားများဖြစ်ကြပြီး ၎င်းတို့ကို UNHCR-TBBC-KRC နှင့် အခြားအစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် လူမှုရေး၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ထိုင်းကျန်းမာရေးဌာနများက လိုအပ်သည့် အစားအစာ၊ လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများ ပေးပို့ကူညီလျက်ရှိသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဇွန်လ ၁၁ ရက်
ရက်သတ္တပတ် ၂၄ ၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်စုရှေ့နေ ဦးလှမျိုးမြင့်၏ ဇနီး အကြောင်းမဲ့ အလုပ်ထုတ်ခံရ

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် ဆောင်ရွက်ပေးနေသည့် ရှေ့နေ ၄ ဦးအနက် တဦးဖြစ်သူ ဦးလှမျိုးမြင့်၏ ဇနီးသည်အား မြန်မာစစ်အစိုးရ သမဝါယမဝန်ကြီးဌာနက ယခုလ ၉ ရက်နေ့တွင် အလုပ်ထုတ်လိုက်သည်။

ဇနီးသည် ဒေါ်ခင်ခင်အေးသည် သမဝါယမ ဝန်ကြီးဌာန လက်အောက်ရှိ ဗဟို သမဝါယမအသင်း၌ အကြီးတန်း မန်နေဂျာအဆင့်ဖြင့် တာဝန်ထမ်းဆောင်နေစဉ် အကြောင်းမဲ့ အလုပ်ထုတ်ခံရကြောင်း သိရှိရခြင်း ဖြစ်သည်။

ဒေါ်စုအမှုအတွက် လိုက်ပေးနေသည့် ရှေ့နေတဦး၏ ဇနီးသည်အား အကြေားပြချက်မရှိ အလုပ်ထုတ်ခြင်းသည် ကျန်ရှိသည့် ရှေ့နေများကိုပါ ဖိအားပေးခြင်းဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်ခင်ခင်အေး အလုပ်ထုတ်ခံရသည့်အပေါ် ဒေါ်စုက မြန်မာနိုင်ငံ ဥပဒေ စိုးမိုးမှုတွင် မှတ်ကျောက်တခု ဖြစ်သည်ဟု မှတ်ချက်ပေးခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် လက်ရှိ ရင်ဆိုင်နေရသည့် တရားစွဲဆိုမှုတွင် အကျိုးဆောင်ပေးနေသည့် ရှေ့နေများမှာ ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဒေါ်ခင်ဋ္ဌေးကြွယ်နှင့် ဦးလှမျိုးမြင့်တို့ ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒ ဒေါ်စုအမှုပေါ်တည်၍ စဉ်းစားသွားမည်

အရှေ့အာရှနှင့်ပစိဖိတ်ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနေရာတွင် သမ္မတအိုဘားမား၏ အဆိုတင်သွင်းခြင်းခံရသူ Kurt Campbell က ယမန်နေ့၌ ပြုလုပ်သည့် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ကြားနာပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ စဉ်စားနေသော်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာစစ်အစိုးရ၏ ပြင်းထန်သည့် ကိုင်တွယ်မှု များကြောင့် အမေရိကန်က မြန်မာစစ်အစိုးရနှင့် ထိတွေ့ဆက်ဆံရန် သဘောထားပြောင်းလဲ လုပ်ဆောင်နေမှုကို အဟန့်အတားဖြစ်စေသည်ဟုလည်း Kurt Campbell က ပြောကြားခဲ့ကြောင်း ၀ါရှင်တန်မှလာသည့် အေပီသတင်းတွင် ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်လိုက်သည့် တရားခွင်မှ ထွက်ပေါ်သည့် အဖြေပေါ်မူတည်ပြီး မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒကို အမေရိကန်အစိုးရက အဓိကထား စဉ်းစားသွားလိမ့်မည်ဟုလည်း မစ္စတာ Campbell က ပြောကြားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
သီရိလင်္ကာသမ္မတ မြန်မာပြည်သို့ အလည်အပတ် သွားရောက်မည်

နယူးဒေလီ (မဇ္စျိမ)။ ။ လူသိများသည့် ကျားသူပုန်များ ခေါ် သီရိလင်္ကာ တမီလ်ခွဲထွက်ရေး လက်နက်ကိုင်များအား မကြာသေးခင်က အပြီးသတ် ချေမှုန်းခဲ့သည့် သီရိလင်္ကာအစိုးရ သမ္မတသည် မြန်မာနိုင်ငံသို့ မကြာမီ သွားရောက် လည်ပတ်မည်။

နှစ် ၆၀ ပြည့် ၂ နိုင်ငံ ဆက်ဆံရေး ထူထောင်သည့် အထိမ်းအမှတ်နေ့တွင် သံတမန်နည်းအရ ဆက်ဆံရေး ပိုမိုခိုင်မာစေရန်အတွက် မြန်မာပြည်သို့ ၃ ရက်ကြာခရီးစဉ်အဖြစ် သွားရောက်မည်ဟု သမ္မတ Mahinda Rajapaksa က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ သဝဏ်လွှာပေးပို့သည်ကို သီရိလင်္ကာ နိုင်ငံခြားရေး ဝန်ကြီးဌာန အင်တာနက် ဝဘ်ဆိုဒ်တွင် ကိုးကားဖော်ပြ ကြေညာထားသည်။
ယခုခရီးစဉ်သည် သီရိလင်္ကာမြောက်ပိုင်း ခွဲထွက်ရေး တမီလ်ကျားသူပုန်များ - LTTE အား နှစ်ပေါင်း ၂၀ ကျော် ထိုးစစ်ဆင်ခဲ့ရာမှ ပြီးခဲ့သည့်လအတွင်း အပြီးသတ် နှိမ်နင်းခဲ့ပြီးနောက် သမ္မတ၏ ပထမဦးဆုံး ပြည်ပခရီးစဉ်လည်း ဖြစ်သည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌနှင့်အဖွဲ့ကို နအဖ တိုင်းမှူး တွေ့ဆုံ

စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် မွန်ပြည်သစ်ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်အချို့တို့သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ယခုလ (၇) ရက်နေ့၌ မော်လမြိုင်မြို့တွင် တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးအတွက် ပထမခြေလှမ်းအဖြစ် အသွင်ကူးပြောင်းရေး မူဝါဒ ကော်မတီ၊ အသွင်ကူးပြောင်းရေး လုပ်ငန်းကော်မတီနှင့် အသွင်ကူးပြောင်းရေး တိုင်းအဆင့် လုပ်ငန်းကော်မတီ ဖွဲ့စည်းရန် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းက မွန်ပြည်သစ်ပါတီကို ကမ်းလှမ်းခဲ့ကြောင်း၊ မွန်ပြည်သစ်ပါတီဘက်မှမူ ယင်းသို့ စစ်အစိုးရ ကိုယ်စားလှယ်၏ ကမ်းလှမ်းချက်ကို ၂၀၀၉ ခု ဇူလိုင်လကုန်ပိုင်းတွင် အကြောင်းပြန်မည်ဟုသာ ပြောကြားခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ထိပ်တန်းအရာရှိက ပြောသည်။

မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သဘောမတူကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း အစောပိုင်းက ကြေညာထားပြီး ဖြစ်သည်။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စ လက်ခံ မခံကိုမူ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

တော်လှန်ရေးသက်တမ်း အနှစ် (၅၀) ကျော်ရှိပြီး စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ်ရပ်စဲခဲ့သည့် မွန်ပြည်သစ်ပါတီက ရွေးကောက်ပွဲဝင်ရေးနှင့် တပ်ဖွဲ့အသွင်ပြောင်းရေးအတွက် မွန်ပြည်သူတို့ထံမှ ဆန္ဒခံယူသွားမည်ဟု သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကေအန်ယူသို့ ထိုးစစ် စစ်အစိုးရနှင့် ဒီကေဘီအေ အရှိန်လျော့

ချင်းမိုင် (မဇ္ဈိမ)။ ။ ယခုလ ၂ ရက်နေ့မှ စတင်၍ စစ်အစိုးရ ပူးပေါင်းတပ်က ကရင်ပြည်နယ် ဘားအံခရိုင်အတွင်းရှိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - ကေအန်အယ်အေ၏ တပ်မဟာ ၇ နယ်မြေကို ထိုးစစ်ဆင်နေရာ ယနေ့တွင် ထိုးစစ်အရှိန် လျော့ကျသွားကြောင်း ကရင်အမျိုးသား အစည်းအရုံးက ပြောဆိုသည်။

စစ်အစိုးရနှင့် ဒီကေဘီအေ ဘက်မှ တပ်သား ၂၀ ခန့် ကျဆုံးခဲ့ပြီး၊ ၅၀ ခန့် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သူက ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
လက်နက်ကြီးကျည် အချို့ ထိုင်းနိုင်ငံအတွင်းကျ၊ ထိုင်းမှ မြန်မာဘက်သို့ ကန့်ကွက်စာပေးပို့

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) ဘားအံခရိုင်အတွင်း ဖြစ်ပွားနေသည့်တိုက်ပွဲများတွင် နအဖနှင့်ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့များ ပစ်ခတ်သည့် လက်နက်ကြီးကျည်အချို့ သာင်ရင်းမြစ်တဖက်ကမ်းရှိ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရန်းမြို့နယ်အတွင်းသို့ လက်နက်ကြီးကျည် (၂) လုံး ကျရောက်ခဲ့သည့်အတွက် ထိုင်းဘက်မှ မြန်မာဘက်သို့ ကန့်ကွက်ခြင်းဖြစ်သည်။

ကေအန်အယ်လ်အေ တပ်မဟာ (၇) ၏ မှတ်တမ်းများအရ တိုက်ပွဲကာလအတွင်း ယခုလ (၈) ရက်တွင် လက်နက်ကြီးကျည် (၃) လုံးနှင့် (၉) ရက်တွင် လက်နက်ကြီးကျည် (၄) လုံး ထိုင်းဘက်ခြမ်း ထာ့ဆောင်ရန်းမြို့နယ် အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကရင် စစ်ပြေးဒုက္ခသည်အရေး ကိုင်တွယ်ရန် ကုလကို FDB က တောင်းဆို

ချင်းမိုင် (မဇ္ဈိမ) ။ ။ လူသားဆန်မှုကို ဆန့်ကျင်သော ရာဇဝတ်မှုဖြင့် ကရင်ဒုက္ခသည်များ အရေးကို အမြန်ဆုံး ကိုင်တွယ် ဆောင်ရွက်ပေးရန် ကုလလုံခြုံရေး ကောင်စီသို့ ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု - FDB က တောင်းဆိုလိုက်သည်။

စစ်အစိုးရ၏ တာဝန် ပျက်ကွက်မှုများကြောင့် ဒုက္ခသည် သိန်းချီ ထွက်ပြေးနေရခြင်း၊ ကလေးစစ်သားအရေး၊ အမျိုးသမီးများအား အဓမ္မပြုကျင့်မှု အပါအဝင် လူသားဆန်မှု ပျက်သုဉ်းစေသော ရာဇဝတ်မှုများ ဖြစ်ပေါ်ရသည်ဟု FDB က ဆိုသည်။

တောင်းဆိုချက်ထဲတွင် ထွက်ပြေးလာရသည့် ကရင်ဒုက္ခသည်များအရေးအပြင် စစ်အစိုးရ တာဝန်မဲ့မှုကြောင့် ဖြစ်ပွားခဲ့ရသည့် ရာဇဝတ်မှုများကိုလည်း ထောက်ပြထားပြီး၊ တိုင်းရင်းသူ အမျိုးသမီးများ အဓမ္မပြုကျင့်ခံရကြောင်း ဖော်ပြထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
လူထု လှုပ်ရှားမှုကို ထိန်းရန် ကြေးစားများကို အသုံးပြု

နအဖစစ်အစိုးရ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့တို့က နိုင်ငံရေးလှုပ်ရှားမှုများကို ထိန်းရန်အတွက် မြို့သစ် ဆင်းရဲသား ရပ်ကွက်များမှ ကြေးစားများကို အသုံးချနေကြောင်း တောင်ဒဂုံမြို့နယ်မှ ကိုယ်တိုင်ပါဝင်ခဲ့သူ တဦးက “ ဒိုင်နာကားနဲ့ လာကြိုတယ်၊ တနေ့ကို ကျပ် (၂,ဝဝဝ) ပေးတယ်။ တကယ်လို့ လမ်းပေါ်မှာ ဆန္ဒပြသူ ဖြစ်ဖြစ်၊ သူတို့က ခိုင်းလို့ဖြစ်ဖြစ် လူတယောက်ယောက်ကို ဝိုင်းဖမ်းပေးရရင်၊ ဒါမှမဟုတ် ရုန်းရင်းဆန်ခတ်ဖြစ်လို့ သူတို့ ညွှန်ကြားသလို ဝင်ပြီးဆွဲတာ ရိုက်ရတာမျိုးလုပ်ရရင် ကျပ် (၁ဝ,ဝဝဝ) ကနေ (၂ဝ,ဝဝဝ) အထိ ပေးမယ်လို့ ပြောတယ်။ ဒါကတော့ ကိုယ်ဆန္ဒရှိမှ လုပ်ပါလို့ ပြောတယ်၊ အချို့နေ့များတွင် ညဘက်လာခေါ်ယူပြီး လမ်းပိတ် လေ့ကျင့်ခန်း လုပ်ရတာမျိုးလည်း ရှိကြောင်း၊ ပြီးခဲ့သည့် စနေနေ့ညက ဦးဝိစာရ အဝိုင်းနှင့် မြေနီကုန်း လမ်းဆုံအထိ လမ်းကို ပိတ်ပြီး ည (၁၂းဝဝ) နာရီကျော်တွင် လေ့ကျင့်ခန်း လုပ်ခဲ့ရကြောင်း” ဟု ရှင်းပြသည်။

ကြေးစားများအား လှည့်လှည်ခေါ်ဆောင်ရသည့် ဒိုင်နာကားဒရိုင်ဘာတဦးက ၎င်းတို့ ကားဒရိုင်ဘာများ အနေဖြင့် ယာဉ်လိုင်းကြီးကြပ်သူများက အလှည့်ကျ စီစဉ်ပေးမှုအရနှင့် ကားရှေ့ခန်းထိုင်သည့် ကြီးကြပ်သူက မောင်းခိုင်းသည့် နေရာကိုသာ မောင်းရခြင်းဖြစ်ပြီး ကိစ္စပြီး၍ ပြန်ရသည့်အခါ နေ့တွက် ကျပ် (၃) သောင်း ပေးကြောင်း၊ ကိုယ့်ငွေနှင့်ကိုယ် စီအန်ဂျီ ဖြည့်ရကြောင်း၊ အကယ်၍ အလှည့်ကျခေါ်သည်ကို မလိုက်ပါက လိုင်းပိတ်သိမ်းခြင်းခံရကြောင်း အဆိုပါ ဒိုင်နာကားသမားက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဇွန်လ ၁၂ ရက်
ရက်သတ္တပတ် ၂၄ ၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် အမှု ( ၂၄ ရက်မြောက် )

ရက်ချိန်း ၂၆ ရက်သို့ ချိန်းဆို

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်ကို ဇွန်လ ၂၆ ရက်နေ့သို့ ထပ်မံ ရွှေ့ဆိုင်းလိုက်ပြီး ထိုနေ့တွင် သက်သေဖြစ်သူ ဒေါ်ခင်မို့မို့ကို စစ်ဆေးမည်ဟု သိရသည်။
- - - - - - - - - - - - - - -
နယူးဒေလီ။ ။ ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် ငြင်းပယ်ခံထားရသည့် သက်သေ ၂ ဦးအတွက် ဆက်လက်လျှောက်လဲချက်ပေးရန် ဗဟိုတရားရုံးက ယခုလ ၁၇ ရက်နေ့သို့ ရုံးချိန်းရက်ပေးအပြီး နာရီပိုင်းအတွင်း ရက်အကန့်အသတ်မရှိ ရက်ရွှေ့လိုက်ပြန်သည်။

ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့် သက်သေ ၂ ဦးအတွက် ဗဟိုတရားရုံးချုပ်တွင် ပြင်ဆင်ခွင့် လျှောက်ထားရာ ဗဟိုတရားရုံးက လျှောက်လဲချက်ပေးရန် ယနေ့ နေ့လယ်ပိုင်းက ယခုလ ၁၇ ရက်နေ့သို့ ချိန်းဆိုခဲ့သော်လည်း ညနေပိုင်းတွင် အကန့်အသတ်မရှိ ရက်ရွှေ့ကြောင်း အကြောင်းကြားခြင်း ဖြစ်သည်။
- - - - - - - - - - - - - - -
ချင်းမိုင်။ ။ ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်စစ်ဆေးနေခြင်းနှင့် စပ်လျဉ်း၍ မြန်မာ စစ်အာဏာပိုင်များကို နောက်ထပ် ဖိအားပေးနိုင်ရေးအတွက် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ အကူအညီများကို ရယူသွားမည်ဟု ကြာသပတေးနေ့က ပဲရစ်မြို့တွင် ပူးတွဲ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ဂျာမဏီနှင့် ပြင်သစ်နိုင်ငံ အကြီးအကဲများ ဖြစ်ကြသော အင်ဂျလာမာကဲလ် (Angela Merkel) နှင့် နစ်ကိုလတ်စ် ဆာကိုဇီ (Nicholas Sarkozy) တို့က ပြောကြားသွားပါသည်။

သူမ၏ နေအိမ်အကျယ်ချုပ် စည်းကမ်းများကို ဖောက်ဖျက်သည်ဟု ဆိုကာ ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်ဖွယ်သည့် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသော ဆင်းရဲဒုက္ခများအတွက် သူနှင့် ဂျာမဏီနိုင်ငံ အဓိပတိ မာကဲလ် တို့သည် ´အလွန်အမင်း စိုးရိမ် ပူပန်ကြကြောင်း´ ပြင်သစ် သမတကြီး ဆာကိုဇီ က ကြေငြာခဲ့ပါသည်။
- - - - - - - - - - - - - - -
( ၁၁ ရက်နေ့သတင်းမှ )။ ။ ပဲခူးတိုင်း ဇီးကုန်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အမျိုးသမီးများ ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တီရှပ်ဝတ်ဆင် လှုပ်ရှားမှု တခုကို ယမန်နေ့က ပြုလုပ်ခဲ့ကြသည်။


ဇီးကုန်း ဒီချုပ်အဖွဲ့ဝင် အမျိုးသမီး ၁၀ ဦးခန့်က ရှေ့ဘက်တွင် လွတ်လပ်ခြင်း အဓိပ္ပာယ်ရသည့် ''FREE'' ၊ နောက်ဘက်တွင် ''PEACE'' (ငြိမ်းချမ်းခြင်း) စာလုံးများ ရိုက်နှိပ်ထားသည့် ဂျိုးငှက်ပုံပါ အဖြူရောင်တီရှပ်များ ဝတ်ဆင်ပြီး ရန်ကုန်-ပြည် အဝေးပြေးလမ်းမကြီးဘေးရှိ ဇီးကုန်းဈေးအတွင်းသို့ နံနက် ၉ နာရီခွဲခန့်က လှည့်လည်ကာ ဆန္ဒဖော်ထုတ်ကြခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သံဃာတော်များအား ပြည်ပထွက်ခွင့်ပိတ်

ပြည်ပထွက်ခွာမည့် သံဃာတော်များအား သာသနာရေးဝန်ကြီးဌာနက ထောက်ခံချက်ထုတ်မပေး၍ သံဃာတော် များအနေဖြင့် ပြည်ပခရီးစဉ်များ ဖျက်သိမ်းနေကြရကြောင်း ရန်ကုန်သံဃာတော်တပါးက ခေတ်ပြိုင်သို့ မိန့်သည်။ သံဃာတော်များအနေဖြင့် နအဖစစ်အစိုးရ တက်လာပြီးနောက်ပိုင်း ပြည်ပသို့ စာသင်ထွက်ခွာသည်ဖြစ်စေ၊ သာသနာပြုခရီး ကြွရောက်သည်ဖြစ်စေ၊ ဆေးကုသခံယူရန် ကြွရောက်သည်ဖြစ်စေ ပြည်ပသာသနာရေးဦးစီးဌာန၏ ထောက်ခံချက် ရယူရသည်။

သွားရောက်မည့်နိုင်ငံ၏ သံရုံးများက ယင်းထောက်ခံချက်ပါမှသာ သံဃာတော်များအား ဗီဇာထုတ်ပေးလေ့ရှိရာ ယခုရက်ပိုင်းအတွင်း ထောက်ခံချက် ထုတ်မပေးတော့သဖြင့် သံဃာတော်များ သံရုံးတွင် ဗီဇာရယူနိုင်ခြင်း မရှိကြောင်း သိရသည်။

ပြည်ပသာသနာရေးဦးစီးဌာနမှ ထောက်ခံချက်ရရန် သံဃာတော်များအနေဖြင့် ကျပ်ငွေ (၅,၀၀၀) နှင့် ကျပ် (၁၀,၀၀၀) အထိ ပေးကမ်းနေကြရသည်ဟုလည်း အထက်ပါသံဃာတော်က မိန့်ဆိုသည်။

ယခင်ရက်ပိုင်းများက ထောက်ခံချက်ရရှိထားကာ သံရုံးများမှ ဗီဇာကျထားပြီး ပြည်ပထွက်ခွာမည့် သံဃာတော် အချို့ကိုလည်း ရန်ကုန်လေဆိပ်ရှိ သတင်းတပ်ဖွဲ့၊ လ၀က၊ စရဖ စသည့် ပူးပေါင်းအဖွဲ့များက ထွက်ခွာခြင်းမပြုရန် တားမြစ်ခဲ့သဖြင့် ယမန်နေ့က သံဃာတော်အချို့ လေယာဉ်လက်မှတ်အဆုံးခံ၍ ပြန်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကိုဇာဂနာနှင့် ကိုဇော်သက်ထွေးအမှု အယူခံဝင်ခွင့်ရ


ချင်းမိုင် (မဇ္ဈိမ)။ ။ နိုင်ငံကျော် ဟာသသရုပ်ဆောင်နှင့် ဒါရိုက်တာ ကိုဇာဂနာ ခေါ် ကိုသူရနှင့် အားကစား သတင်းဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေးတို့ အယူခံဝင်ရန် လျှောက်လဲချက်အား ဗဟိုတရားရုံးချုပ်က လက်ခံလိုက်သည်။

ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသူ ကိုဇာဂနာနှင့် ၁၁ နှစ် ကျခံနေသူ ကိုဇော်သက်ထွေး၏ ရှေ့နေများက ဒုတိယအကြိမ် ဗဟိုတရားရုံးချုပ်သို့ အယူခံစာ တင်သွင်းရာ ယခုလ ၃ ရက်နေ့တွင် လက်ခံခဲ့ခြင်း ဖြစ်သည်။
- - - - - - - - - - - - - - -
ဘလော့ဂါ နေဘုန်းလတ်

ဘလော့ဂါ ကိုနေဘုန်းလတ်အတွက် ပြီးခဲ့သည့်လ ၂၂ ရက်နေ့က ဒုတိယအကြိမ် အယူခံဝင်ရန် လျှောက်လဲချက်အား ဗဟိုတရားရုံးချုပ်က ပလပ်လိုက်သည်။

ကိုနေဘုန်းလတ်သည် အီလက်ထရောနစ် ပုဒ်မ အပါအဝင် ထောင်ဒဏ် ၂ဝ နှစ် ချမှတ်ခဲ့ရာမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ရန်ကုန်တိုင်း တရားရုံးက ထောင်ဒဏ် ၈ နှစ်ခွဲ လျှော့ချပေးခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စစ်ပြေး ကရင် ပြည်သူများအတွက် အီးယူ စိုးရိမ်

မြန်မာစစ်အစိုးရနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့တို့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်စခန်းများသို့ တိုးမြှင့်တိုက်ခိုက်နေသောကြောင့် တိုက်ပွဲဖြစ်ပွားရာဒေသမှ ပြည်သူ အမြောက်အမြား ထွက်ပြေးတိမ်းရှောင်နေရသည်ကို အထူးစိုးရိမ်ပူပန်မိကြောင်း ဥရောပသမဂ္ဂ (အီးယူ)မှ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်သည်။

ကြေညာချက်ကို အီးယူ၏ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ချက်သမ္မတနိုင်ငံက ယမန်နေ့၌ ထုတ်ပြန်ခြင်းဖြစ်သည်။

ယင်းကြေညာချက်တွင် အီးယူအဖွဲ့က သက်ဆိုင်ရာအာဏာပိုင်များနှင့် စစ်ဖက်ဆိုင်ရာအရာရှိများကို အမြန်ဆုံး အပစ်အခတ် ရပ်စဲရန် တောင်းဆိုလိုက်ပြီး ပြည်သူများအပေါ် နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေများနှင့်အညီ လုပ်ဆောင်သွားရန်လိုအပ်ကြောင်း ထည့်သွင်းပြောကြားထားသည်။

တိုင်းရင်းသားလူမျိုးစုများအပေါ် အာဏာပိုင်များက စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းကို ရှောင်ကျဉ်သင့်ပြီး ယင်းသို့ဖြေရှင်းခြင်းသည် ဒေသတွင်း မတည်ငြိမ်မှုနှင့် ရေရှည်စိတ်ဝမ်းကွဲပြားမှု၊ မုန်းတီးမှုတို့ကို ဖြစ်ပေါ်စေသည် ဟုလည်း အီးယူဥက္ကဋ္ဌ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ရန်ကုန်တမြို့လုံး လျှပ်စစ်မီးလင်းရန် အလှမ်းဝေးဆဲ

ရန်ကုန်။ ။ မြို့တော်ဟောင်း ရန်ကုန်တွင် လျှပ်စစ်မီး အချိန်ပြည့် ရရှိရမည့် ကာလသို့ ရောက်ရှိနေသော်လည်း နောက်လအထိ ရရှိဖွယ် မရှိသေးကြောင်း နေပြည်တော်ရှိ အမှတ် ၂ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ အရာထမ်းတဦး အပြောအရ သိရသည်။

ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ အတွင်းရေးမှူး ဒု-ဗိုလ်မှူးကြီး မောင်မောင်လတ်က ယခင်နှစ်များကကဲ့သို့ ရန်ကုန်တွင် ဇူလိုင်လအတွင်း ၂၄ နာရီပတ်လုံး လျှပ်စစ်မီး ပြန်ရမည်ဟု မကြာသေးခင်က သတင်းဂျာနယ်များကို ခေါ်ယူပြောဆိုခဲ့သော်လည်း အဆိုပါ ဝန်ကြီးဌာန အရာထမ်းက မဖြစ်နိုင်သေးကြောင်း ပြောဆိုခြင်း ဖြစ်သည်။
( မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++
သွယ်ဝိုက်သော သတ်ဖြတ်မှုဟု AAPP ပြော

နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံရေးအကျဉ်းသား ဆလိုင်းလှမိုး မြင်းခြံထောင်အတွင်း သေဆုံးရခြင်းသည် အာဏာပိုင်များ၏ သွယ်ဝိုက်သောနည်းဖြင့် သတ်ဖြတ်မှုကြောင့်ဖြစ်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) – AAPP က ယနေ့ ပြောဆိုသည်။

မေလ ၁၂ ရက်နေ့က အသည်းရောင်အသည်းဝါဖြင့် သေဆုံးခဲ့ရသည့် ဆလိုင်းလှမိုး (၄၈ နှစ်) သည် ချင်းပြည်နယ် မတူပီမြို့နယ်မှ အန်အယ်ဒီ စည်းရုံးရေးမှူးဖြစ်ပြီး၊ အာဏာပိုင်များက ကျန်းမာရေးစောင့်ရှောက်မှု မပေးသဖြင့် သေဆုံးခဲ့ရသောကြောင့် သွယ်ဝိုက်သော လူသတ်ဖြတ်မှုဟု AAPP က စွပ်စွဲလိုက်ခြင်း ဖြစ်သည်။
ဆလိုင်းလှမိုးသည် ၂ဝဝ၃ ခုနှစ် ဧပြီလအတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ် မတူပီ ခရီးစဉ်တွင် လုံခြုံရေး တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ထိုနှစ် ဇွန်လ ၄ ရက်နေ့တွင် ဆလိုင်းလှမိုး၊ မတူပီမြို့နယ် အန်အယ်ဒီ အတွင်းရေးမှူး ဆလိုင်းအောင်ထန်းနှင့် ကျောင်းသားခေါင်းဆောင် ဆလိုင်းပါထန်အား အာဏာပိုင်များက ဖမ်းဆီးကာ ထောင်ဒဏ် ၁၁ နှစ်စီ ပြစ်ဒဏ်ချခဲ့သည်။

ဆလိုင်းလှမိုးသည် ထောင်ဒဏ် ၇ နှစ်ကျခံရပြီးနောက် ကွယ်လွန်ခဲ့ရပြီး၊ ကွယ်လွန်ချိန်၌ ဇနီးနှင့် သားသမီး ၄ ဦး ကျန်ရစ်ခဲ့သည်။ သူနှင့်အတူ ပြစ်ဒဏ်ကျခံခဲ့ရသူ ဆလိုင်းအောင်ထန်းနှင့် ဆလိုင်းပါထန်သည် မြင်းခြံထောင်တွင် ဆက်လက်၍ အကျဉ်းကျခံနေရဆဲ ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)

No comments: