Sunday, March 8, 2009

သတင်း မှတ်စု ( ၁၀ )

တပတ်အတွင်း သတင်းမှတ်စု

မတ်လ ၂ ရက်
ရက်သတ္တပတ် ၁၀ ၊ ၂၀၀၉
မြန်မာသတင်း



မြန်မာနိုင်ငံမှာ မက်တာအဖက်တမင်း စိတ်ကြွဆေးပြား အများဆုံးထုတ်



မြန်မာနိုင်ငံသည် မက်တာအဖက်တမင်း စိတ်ကြွဆေးပြား အများဆုံးထုတ်လုပ်ရာ နိုင်ငံဖြစ်ပြီး မူးယစ်ဆေး ထုတ်လုပ်မှု မှောင်ခိုရောင်းချမှု လုပ်ငန်းကို အမေရိကန်အစိုးရ အလိုရှိနေသည့် ရာဇ၀တ်ကောင်များ ဦးဆောင်သည့် UWSA ၀သွေးစည်းညီညွတ်ရေးအဖွဲ့က လုပ်ကိုင်နေသည်ဟု လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ထုတ်ပြန်သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ မူးယစ် ၂၀၀၉ အစီရင်ခံစာမှာ ဖော်ပြထားသည်။

မြန်မာ စစ်အစိုးရသည် UWSA ၀သွေးစည်းညီညွတ်ရေးအဖွဲ့အား အရေးယူနိုင်ရန်အတွက် လိုက်လျောညီထွေရှိမည့် မူးယစ်ဆေးနှိမ်နင်းရေး ဥပဒေကို ပြဋ္ဌာန်းနိုင်ခြင်း မရှိသည့်ပြင် UWSA အဖွဲ့အား မက်တာအဖက်တမင်း စိတ်ကြွဆေးပြားများ ဆက်လက်ထုတ်လုပ် မှောင်ခိုရောင်းချနိုင်ရန် ခွင့်ပြုထားသည်ဟုပါ အဆိုပါ အစီရင်ခံစာ၌ အတိအကျ စွပ်စွဲထားသည်။

ထို့ပြင် မြန်မာနိုင်ငံသည် မူးယစ်ဆေးကို တဆင့်ခံဖြတ်သန်း သယ်ဆောင်ရာ နိုင်ငံ (၂၀) တွင် ပါဝင်သည့်ပြင် မြန်မာနိုင်ငံသည် လွန်ခဲ့သည့် (၁၂) လအတွင်း နိုင်ငံတကာမူးယစ်ဆေး သဘောတူညီချက်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သည်ဟု အမေရိကန် သမ္မတက သတ်မှတ်ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ မူးယစ် ၂၀၀၉ အစီရင်ခံစာပါ မူးယစ်ဆေး မှောင်ခိုလုပ်ငန်းမှ ရငွေများကို ငွေဖြူဖြစ်အောင် ခ၀ါချသည့် နိုင်ငံစာရင်းမှာလည်း မြန်မာနိုင်ငံကို ထည့်သွင်းဖော်ပြထားသည်။

၂၀၀၈ ခု အမေရိကန်သမ္မတ ဘွတ်ရှ်လက်ထက် အမေရိကန် ကွန်ဂရက်သို့ တင်သွင်းသည့် အစီရင်ခံစာမှာလည်း မူးယစ်ဆေး မှောင်ခိုရောင်းချမှုမှရသည့် မြန်မာနိုင်ငံ၏ ၀င်ငွေမှာ တနှစ်ကို ဒေါ်လာသန်း (၁,၀၀၀) မှ ဒေါ်လာ သန်း (၂,၀၀၀) ကြားရှိသည့်ပြင် မြန်မာစစ်ထောက်လှမ်းရေး အရာရှိများနှင့် ၀ခေါင်းဆောင်းများကြား နားလည်မှု ယူထားရာ၌ ဘိန်းကိုသာ အထွက်လျော့အောင်လုပ်ပေးလျင် ၀တွေ မက်တာအဖက်တမင်း စိတ်ကြွဆေးပြား ထုတ်လုပ်မှုကို ကြိုက်သလောက် တိုးချဲ့ထုတ်လုပ်ခွင့် ပေးထားသည်ဟုပါ အစီရင်ခံစာမှာ ဖော်ပြထားသည်။

၁၉၉၈ ခုမှစပြီး မြန်မာနိုင်ငံတွင်း ဘိန်းထုတ်လုပ်မှု ကျဆင်းလာသည့် အချိန်တည်းမှာပင် စိတ်ကြွဆေး ထုတ်လုပ်တင်ပို့မှုက သိသိသာသာ တိုးတက်လာသည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင်းမှ ပုံဆောင်ခဲ မက်တာအဖက်တမင်း ခေါ် အိုက်စ် စိတ်ကြွဆေး ထုတ်လုပ်သည့် အုပ်စုများ တိုးတက်လာသည်ဟု အစီရင်ခံစာက သုံးသပ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
တောင်သူလယ်သမား အခွင့်အရေး ချိုးဖောက်ခံရဟု ၈၈ ကျောင်းသားများက ပြောဆို

ချင်းမိုင် (မဇ္ဈိမ)။ ။ အတန်ကြာ ကွယ်ပျောက်နေသည့် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ယနေ့တွင် ကြေညာချက်တရပ် ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့်နှစ် သြဂုတ် လဆန်းပိုင်းက ၈၈ ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်၏ ပြည်ပ မီဒီယာများနှင့် ပြောဆိုပြီးနောက်ပိုင်း ၇ လခန့်အကြာ၌ တဖန် ပေါ်ထွက်လာခြင်း ဖြစ်သည်။

၈၈ ကျောင်းသားအဖွဲ့က တောင်သူလယ်သမားများ အခွင့်အရေးကို မြန်မာစစ်အစိုးရ ချိုးဖောက်နေသည့်အတွက် အပြင်းအထန် ရှုတ်ချကြောင်း ယနေ့ ကျရောက်သည့် ၄၇ နှစ်မြောက် တောင်သူလယ်သမားနေ့တွင် ထုတ်ဖော် ပြောဆိုခြင်းလည်း ဖြစ်သည်။ ဘိုးဘွားခေတ်ကတည်းက ဓားမဦးချ လယ်ယာမြေများတွင် လုပ်ကိုင်စားသောက်ခဲ့သည့် တောင်သူလယ်သမားများသည် နည်းအမျိုးမျိုးနှင့် စစ်အစိုးရ၏ ဖိနှိပ်မှုဒဏ်ကို ခါးသီးစွာ ခံစားနေရသည့်အပြင် မတရား ဖိနှိပ်ခံနေရမှုများလည်း ခံစားနေရသည်ဟု ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ဆိုသည်။

ထို့အပြင် ၁၉၆၄ ခုနှစ် မတ်လ ၂ဝ ရက်နေ့ အရောက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်သည့် ဥပဒေဆိုသည်ကို ထုတ်ပြန်လိုက်ပြီး၊ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံး (ဗတလစ) အပါအဝင် သမဂ္ဂများ၊ နိုင်ငံရေး ပါတီများ ဖျက်သိမ်းပစ်ခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဝန်ကြီးဌာနများမှ အကြီးအကဲများအား ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် အရွေးခံဖို့လျာထား

ဝန်ကြီးဌာနပေါင်းစုံမှ ပင်စင်ယူကာနီး ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များအား ကြံ့ဖွံ့ပါတီ အတွက် လွှတ်တော်ကိုယ်စားလှယ် အရွေးခံရန် လျာထားပြီး ဖြစ်သည့်အတွက် ၄င်းတို့၏ သက်ဆိုင်ရာ ဇာတိမြေ၊ မြို့နယ်များသို့ စည်းရုံးရေး ဆင်းခိုင်းနေပြီ ဖြစ်သည်။

နေပြည်တော် စက်မှု (၁) ၀န်ကြီးဌာန လက်အောက်ဌာနများတွင် တာဝန်ထမ်းဆောင်နေသည့် ပင်စင်ယူတော့မည့် ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များအား ၂၀၁၀ ရွေးကောက်ပွဲအတွက် မည်သည့်မြို့နယ်များမှ လွှတ်တော် ကိုယ်စားလှယ် အဖြစ် အရွေးခံရမည်ဆိုသည်ကို သတ်မှတ်ထားပြီး ဖြစ်ကြောင်း ၀န်ကြီးဌာန အကြီးအကဲတဦးက ခေတ်ပြိုင်သို့ ပြောသည်။

ရွေးကောက်ပွဲ ဥပဒေ မထုတ်ပြန်သေးသဖြင့် ကြံ့ဖွံ့ပါတီကို တရားဝင် နိုင်ငံရေးပါတီ ပြောင်းကြောင်း မကြေငြာသေးသော်လည်း ကြံ့ဖွံ့ပါတီအတွက် စည်းရုံးရေး လုပ်ငန်းများကိုမူ သက်ဆိုင်ရာ ၀န်ကြီးများက တိုင်းအလိုက် စည်းရုံးရေး ဆင်းနေသည်မှာ ၂၀၀၈ ခုနှစ်ကတည်းက ဖြစ်သည်။ သဘောမှာ ရွေးကောက်ပွဲနီးမှ ကပ်ပြီး ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်သည့်အခ်ျိန် အခြားပါတီများ စည်းရုံးရေးစဖို့ ပြင်နေချိန်တွင် ကြံ့ဖွံ့ပါတီက တနိုင်ငံလုံး စည်းရုံးထားပြီး ဖြစ်နေအောင် ကြိုတင်လျို့ဝှက် အကွက်ရိုက်ထားသည် ဆိုသည့် သဘော ဖြစ်သည်ဟုပါ အဆိုပါ အရာရှိက ပြောသည်။ မန္တလေးတိုင်း ကြံ့ဖွံ့တာဝန်ခံ ၀န်ကြီးဦးအောင်သောင်းဆိုလျင် ၂၀၀၈ ခုမှစ၍ အပတ်စဉ် ကြာသာပတေးနေ့ နေပြည်တော် ကက်ဘိနက် အစည်းအဝေးပြီးတိုင်း မန္တလေးတိုင်းသို့ စည်းရုံးရေး ဆင်းလေ့ရှိသည်ဟု စုံစမ်းသိရသည်။

ထိုအတောအတွင်း အချို့တက္ကသိုလ်နှင့် ကောလိပ်များမှ ပါမောက္ခများ၊ ကျောင်းအုပ်ကြီးများ ကိုလည်း ကြံ့ဖွံ့ပါတီအတွက် လုပ်ကိုင်စည်းရုံးပေးရန် အာဏာပိုင်များက ကမ်းလှမ်းထားသည် ဟု ရန်ကုန် စာနယ်ဇင်းသမားတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဖွဲ့စည်းပုံ ပြန်သုံးသပ်ရန် အာဆီယံက တိုက်တွန်းသင့်ဟု အန်အယ်ဒီပြော

ချင်းမိုင် (မဇ္ဈိမ)။ ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်ကို ပြန်လည် သုံးသပ်ခြင်း မပြုဘဲ ရွေးကောက်ပွဲ ကျင်းပပါက မြန်မာပြည်သူများ အနေဖြင့် ယခုထက်ပို၍ ဒုက္ခရောက်ရန်သာ ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ ထပ်မံပြောဆိုသည်။

ထိုင်းနိုင်ငံတွင် ယခုလ ၁ ရက်နေ့က ပြီးစီးခဲ့သည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း - အာဆီယံ ထိပ်သီး အစည်းအဝေးက မြန်မာအစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ကို အခြား မြန်မာ့အရေးကိစ အချို့အတွက် တိုက်တွန်း ပြောကြားခဲ့သည်များ ရှိခဲ့သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိစ္စ ပါဝင်ခြင်း မရှိသည်နှင့် ပတ်သက်၍ အန်အယ်ဒီက ယခုလို ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ မြန်မာစစ်အစိုးရအနေဖြင့် လုပ်ငန်းစဉ် ၇ ဆင့်အား ဆက်လက် အကောင်အထည်ဖော်ရန်၊ ၂၀၁၀ ခု ရွေးကောက်ပွဲ ကျင်းပရာတွင်လည်း နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးပြီး၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီများ ကျယ်ပြန့်စွာ ပါဝင်နိုင်ရေး ဆောင်ရွက်ပေးရန် အာဆီယံ အစည်းအဝေးက တိုက်တွန်းခဲ့သည်။

အာဆီယံ ၏ ၁၄ ကြိမ်မြောက် ထိပ်သီး အစည်းအဝေးကို ထိုင်းနိုင်ငံအလယ်ပိုင်း ပရာချွတ်ခီရီခန် ပြည်နယ်ရှိ ဟွာဟင်မြို့၌ ပြီးခဲ့သည့်လ ၂၇ ရက်မှ ယခုလ ၁ ရက်နေ့အထိ ကျင်းပခဲ့ပြီး အစည်းအဝေး နောက်ဆုံးနေ့တွင် အာဆီယံ ခေါင်းဆောင်များက မြန်မာစစ်အစိုးရ ဝန်ကြီးချုပ်ကို ယင်းသို့ တိုက်တွန်းခဲ့ကြောင်း ထိုင်း ဝန်ကြီးချုပ် အဖိဆစ် ဝေ့ခ်ျချာချီဝက သတင်းထောက်များကို ပြောသည်။ အာဆီယံဟု အမည်တွင်လာမည့် အရှေ့တောင်အာရှအဖွဲ့ Association of Southeast Asia (ASA) ကို ၁၉၆၁ ခုတွင် ကွန်မြူနစ်များ၏ ရန်ကို ကာကွယ်ရန် ရည်ရွယ်၍ ဖိလစ်ပိုင်၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့က စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်း၌ အဖွဲ့ဝင်များ တိုးလာကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေးလာခဲ့သည်။

ယခုအခါ အာဆီယံဒေသ အတွင်း၌ လူဦးရေ သန်း ၅၀၀ ကျော်ရှိကြောင်း သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နှောပင် ရေနံပွဲစားတဦး ထပ်အဖမ်းခံရ

ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် နှောပင်ရေနံမှော်မှ ပွဲစား ကိုကျောက်ခဲကို လွန်ခဲ့သော လေးရက်ခန့်က မန္တလေးမြို့၌ ထပ်မံဖမ်းဆီးလိုက်ပြီး မှော်ပွဲစားများပိုင် ဖုန်းအချို့ကိုလည်း အာဏာပိုင်များက သိမ်းဆည်းထားသောကြောင့် အဆက်အသွယ်များ ပြတ်တောက် နေကြရကြောင်း ရေနံမှော်တွင်းပိုင်တဦးက ပြောသည်။

နှောပင်ရေနံမှော်အတွင်း မကွေးတိုင်းမှူး အစ်မပိုင် ကောင်းဇော်ဟိန်းကုမ္ပဏီ၏ ဈေးနှိမ် ၀ယ်ယူမှုများကြောင့် ကုမ္ပဏီနှင့် ဒေသခံ ရေနံမှော်သမားများအကြား ဇန်န၀ါရီ (၈) ရက်တွင် ပြဿနာ ဖြစ်ပွားခဲ့ပြီးနောက် ရေနံပွဲစား (၂၀) ဦးထက်မနည်းကို အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

၎င်းတို့အား ယခုအခါ ပခုက္ကူထောင်သို့ ပြောင်းရွေ့လိုက်ပြီး မိသားစုများကိုလည်း ထောင်ဝင်စာ တွေ့ခွင့်မပြု ကြောင်း ဒေသခံများက ဆိုသည်။ အဖမ်းခံမိသားစုဝင်များက အဆိုပါဖြစ်ပွားခဲ့မှုသည် ကုမ္ပဏီ၏ မတရားခေါင်းပုံဖြတ်မှုကြောင့် ပေါ်ပေါက်ရသော ပြဿနာရပ်သာဖြစ်ကြောင်း၊ အာဏာပိုင်များက နိုင်ငံရေးနှင့် နီးနွယ်သော အခြားပုဒ်မများကို ပြောင်းတပ်ကာ အရေးယူမည်ကို စိုးရိမ်နေကြသည်ဟု ပြောဆိုကြကြောင်း တွင်းပိုင်က ပြောသည်။ နှောပင်ရေနံမှော်တွင် ရေနံမှော်သားများနှင့် ကောင်းဇော်ဟိန်း ကုမ္ပဏီတို့အကြား ဈေးနှုန်းညှိနှိုင်းမှုမှ အဆင်မပြေ ဖြစ်ကာ ကုမ္ပဏီဂိုဒေါင် မီးရှို့ခံရပြီးနောက် စစ်တပ်က ဒေသခံ ရေနံမှော်သားများအတွင်း ပစ်ခတ်ခဲ့သဖြင့် အမျိုးသမီးတဦး ပေါင်တွင် သေနတ်မှန်ခဲ့သည်။

ထို့နောက် အာဏာပိုင်များက မှော်အတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ကာ အုပ်ချုပ်ခဲ့သည်။ ယခုအခါ နှောပင်မှော် သာမက ကုမ္ပဏီဝင် အခြားမှော်များတွင်ပါ လုပ်ကိုင်သူ နည်းပါးနေပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
လိုင်ဇာတွင် မှတ်ပုံတင် ထုတ်ပေး

ရွှေလီ (မဇ္ဈိမ) ။ ။ မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ် ကချင်လွတ်လပ်ရေးအဖွဲ့ ထိန်းချုပ်ရာ လိုင်ဇာမြို့တွင် နိုင်ငံသားစိစစ်ရေး ကဒ်ပြားများကို ထုတ်ပေးနေသည်။

မြန်မာ လူဝင်မှုကြီးကြပ်ရေးဌာန (လ၀က) အရာရှိများနှင့် ကချင် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) လ၀က တို့ ပူးတွဲကာ လိုင်ဇာ မြို့တော်ခန်းမတွင် ပြီးခဲ့သည့်လ ၂၆ ရက်နေ့မှ စတင်၍ တလကြာ ထုတ်ပေးသွားမည်ဟု သိရခြင်း ဖြစ်သည်။
ယခုထိ လူဦးရေ ၁၀၀ ကျော်သာ မှတ်ပုံတင် လာလုပ်ခဲ့သေးကြောင်း သိရသည်။

၂၀၀၈ ခုနှစ် မေလ ဆန္ဒခံယူပွဲ မကျင်းပခင် မှတ်ပုံတင် မရှိသူများအား နိုင်ငံသားမှတ်ပုံတင် ကဒ်အဖြူရောင်များ ယာယီ ထုတ်ပေးခဲ့သည်။

သို့သော် ကေအိုင်အေ တပ်သားများကိုမူ ယခုထုတ်ပေးနေသည့် ပန်းရောင်အတိုင်း ထုတ်ပေးခဲ့ကာ၊ အရွယ်အစားမှာ အနည်းငယ် သေးငယ်ခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင် နယ်မြေကိုမှ မှတ်ပုံတင်ကဒ် ထုတ်ပေးခြင်းသည် စည်းရုံးရေးဆင်းသည်ဟု ယူဆကြောင်း ဒေသခံတချို့က ဆိုသည်။

ယခု အခြေအနေနှင့် ပတ်သက်ပြီး ကေအိုင်အေကို ဆက်သွယ်မေးမြန်းရာ မြို့နယ်အုပ်ချုပ်ရေးဌာနမှ တာဝန်ခံ ဖြေကြားမည့်သူ မရှိကြောင်း တုံ့ပြန်ပြောဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မုံရွာ အထက အာစရိယပူဇော်ပွဲကြေး ကျပ်(၅၀၀၀)အထိ ကောက်


မုံရွာမြို့မှ အထက်တန်းကျောင်းများတွင် အာစရိယပူဇော်ပွဲအတွက်ဟုဆိုကာ ဆရာများမှ ငွေကြေးများစွာ ကောက်ခံနေသည့်အတွက် ကျောင်းသားမိဘများ အခက်တွေ့ကြရသည်ဟု ကျောင်းသားမိဘအချို့က ပြောသည်။

၂၀၀၈ ခုနှစ် ပညာသင်နှစ်အဆုံးတွင် အာစရိယပူဇော်ပွဲကြေးအဖြစ် ကျောင်းသားတဦးလျှင် ကျပ် (၃,၀၀၀) မှ ကျပ် (၅,၀၀၀) အထိ မထည့်မနေရ ကောက်ခံခဲ့ကြောင်း မုံရွာ အထက (၃) မှ ကျောင်းသားမိဘတဦးက ပြောသည်။
အခြားအခန်းများကိုလည်း ကျပ် (၃,၀၀၀) အောက် ခံထားကောက်ယူခဲ့ကြောင်း၊ သီတင်းကျွတ်တွင် ကန်တော့ပွဲ တခုလုပ်ခိုင်းခဲ့သဖြင့် တနှစ်လျှင် ဆရာကန်တော့ပွဲ (၂) ပွဲ လုပ်ပေးနေကြရကြောင်း ၄င်းက ဆက်လက် ပြောဆိုသည်။

မုံရွာမြို့ပေါ်တွင် အထကကျောင်း (၄) ကျောင်းရှိပြီး အထက (၁) နှင့် (၃) တို့မှာ ငွေကြေးတောင်းခံမှုများသော ကျောင်းများဖြစ်ကြောင်း မြို့ခံများက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ရွှေည၀ါ ဆရာတော် တရားပွဲ အပိတ်ခံရ

ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်အတွင်း သာဓု ပရိယတ္တိ စာသင်တိုက်မှ ရွှေညဝါဆရာတော် ဟောကြားရန် စီစဉ်ခဲ့သော ယမန်နေ့က ဗုဒ္ဓဘာသာ တရားပွဲအား အကြောင်းပြချက်မရှိဘဲ အဖျက်သိမ်းခံခဲ့ရသည်။

ဤသည်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်နေ့က ရန်ကုန်တိုင်း၊ အလုံမြို့နယ် “လွတ်လပ်ရေး ရပ်ကွက်” ၌ “တကယ့် လွတ်လပ်ရေး” ခေါင်းစဉ်ဖြင့် ဆရာတော်က ဟောကြားခဲ့ပြီးနောက် ယခုတရားပွဲကို ပိတ်ပင်ခံရခြင်း ဖြစ်သည်။
မည်သူက မည်သည့် အကြောင်းကြောင့် ပိတ်ပင်ရသည်ကို အတိအကျ မပြောနိုင်သော်လည်း အလုံမြို့နယ်တရားပွဲနှင့် ဆက်စပ်နိုင်သည်ဟု သူက ခန့်မှန်းသည်။

ရွှေညဝါ ဆရာတော်သည် ဧရာဝတီတိုင်းရှိ နာဂစ်မုန်တိုင်းသင့် ဒေသများသို့ ကြွရောက်၍ ကယ်ဆယ်ရေး အကူပစ္စည်းများ ပေးလှူခြင်း၊ ရေသန့်ရရှိရေးနှင့် အခြားဝေယျဝစ္စ လုပ်ငန်းများ လုပ်ဆောင်ပေးခြင်း၊ မရှင်းလင်းရသေးသော လေဘေးဒဏ်သင့် ရုပ်အလောင်းများကို ရှင်းလင်းဖယ်ရှား သဂြုင်္ိဟ်ပေးခြင်းနှင့် မကျွတ်မလွတ်သေးသည့် မုန်တိုင်းအတွင်း သေဆုံးခဲ့သူများအတွက် အမျှအတန်းပေးခြင်းများကို လုပ်ဆောင်ပေးခဲ့သည့် ဆရာတော်တပါးဖြစ်သည်။

ဘွဲ့အမည်မှာ အရှင်ပညာသီဟ ဖြစ်ပြီး၊ နှစ်စဉ် မြန်မာတပြည်လုံးရှိ သံဃာပေါင်း ၁ဝဝဝ ကျော်ကို စိစစ်၍ အဘိဓမ္မာ သင်တန်းများ ပို့ချပေးသူဖြစ်သည်။ ပရိယတ္တိလုပ်ငန်းများကြောင့် ရွှေညဝါ ဆရာတော်အဖြစ် ကျော်ဇောထင်ရှားသူ ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အာဆီယံ ၁၄ ကြိမ်မြောက် ထိပ်သီး အစည်းအဝေး အဆုံးသတ်

ဟိုဟင်။ ။ ၁ဝ နိုင်ငံ ပါဝင်သော အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ - အာဆီယံ၏ ၁၄ ကြိမ်မြောက် ထိပ်သီး အစည်းအဝေးကို တနင်္ဂနွေနေ့က အဆုံးသတ်လိုက်ပြီး၊ ‘အိန္ဒိယ သမုဒ္ဒရာထဲရှိ ရွှေ့ပြောင်း နေထိုင်သူများ အရေး’ ကို မတ်လတွင် ကိုင်တွယ်ဖြေရှင်းသွားရန် သဘောတူညီခဲ့ကြသည်။

ထိုင်းနိုင်ငံ ပင်လယ်ကမ်းခြေ အပန်းဖြေမြို့ဖြစ်သော ဟိုဟင် (Hua Hin) တွင် ကျင်းပသည့် ဒေသဆိုင်ရာ ခေါင်းဆောင်ကြီးများ၏ ထိပ်သီး အစည်းအဝေးကို တနင်္ဂနွေနေ့က အဆုံးသတ်လိုက်ကြပြီး၊ အဖွဲ့ဝင် ၁ဝ နိုင်ငံမှ ခေါင်းဆောင်များသည် စစ်အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံ အရေးကိစ္စများ အပါအဝင် သဘောတူညီချက် အများအပြားကို သဘောတူညီမှု ရရှိခဲ့ကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မတ်လ ၃ ရက်
ရက်သတ္တပတ် ၁၀ ၊ ၂၀၀၉
မြန်မာသတင်း

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ဘိလပ်မြေစက်ရုံ


ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြန်မာနိုင်ငံတွင်း ပုဂ္ဂလိက ဘိလပ်မြေစက်ရုံ (၈) ရုံကို ၂၀၁၀ အမီ အပြီးတည်ရန် ညွှန်ကြားထားသည့်အတွက် စက်မှု(၁) ၀န်ကြီးဌာနမှ အပူတပြင်း အကောင်အထည်ဖော်နေသော်လည်း မပြီးစီးနိုင်ကြောင်း ဘိလပ်မြေစက်ရုံ တည်ဆောက်ရေးကုမ္ပဏီ ၀န်ထမ်းတဦးက ပြောသည်။

ကုမ္ပဏီအလိုက် ဘိလပ်မြေစက်ရုံတည်မည့်နေရာများမှာ မက်စ်မြန်မာကုမ္ပဏီက တောင်ဖီလာ(လယ်ဝေး)၊ ထူးကုမ္ပဏီက ပျဉ်ညောင်-သာစည်၊ အေးရှားဝါးကုမ္ပဏီက ပျဉ်ညောင်-သာစည် ၊ ရွှေတောင်ကုမ္ပဏီက ပျဉ်ညောင်-သာစည် ၊ ရွှေသံလွင်ကုမ္ပဏီ (နေရာမသတ်မှတ်ရသေး) ၊ ကမ္ဘောဇကုမ္ပဏီက ပင်းပက်-တောင်ကြီးနှင့် ပျဉ်ညောင်-သာစည်မှာ ရတနာသိင်္ဂီနှင့် Mother Trading ကုမ္ပဏီများက အသီးသီး တည်ဆောက်ရမည်ဖြစ်သည်ဟု စုံစမ်းသိရသည်။

ရတနာသိင်္ဂီနှင့် Mother Trading ကုမ္ပဏီများက တည်ဆောက်မည့် ဘိလပ်မြေစက်ရုံများအတွက် ၀န်ကြီး ဦးအောင်သောင်း၏ ရှယ်ယာပါသည်ဟု စက်မှု(၁) ၀န်ကြီးဌာနနှင့် ပုဂ္ဂလိက ကုမ္ပဏီများကြား ပြောဆိုနေသော်လည်း ခေတ်ပြိုင်မှ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စက်ရုံများကို ၂၀၁၀ ခုနှစ်အမီ အပြီးတည်ဆောက်ရန် ၀န်ကြီး ဦးအာင်သောင်းက ဖိအားပေးနေသော်လည်း မပြီးနိုင်ကြောင်း ပညာရှင်များက ပြောသည်။ ဘိလပ်မြေစက်ရုံများ တည်ဆောက်ရာတွင် ၀န်ကြီး ဦးအောင်သောင်းနှင့် ရင်းနှီးသည့် တရုတ်ကုမ္ပဏီများဖြစ်သည့် ဖုန်းဖေးတရုတ်ကုမ္ပဏီ (China JPG) (Jian Su Penf Gei) မှ စက်များကိုသာ ၀ယ်ယူတတ်ဆင်ရမည်ဟု ဦးအောင်သောင်းက ညွှန်ကြားထားသဖြင့် ကုမ္ပဏီများ မကျေမနပ်ဖြစ်နေသည်ဟု စုံစမ်းသိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
စမ်းချောင်းတွင် ပေါက်ကွဲမှုဖြစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ပဒုမ္မာကွင်း ပန်းခြံထဲတွင် အင်္ဂါနေ့ည ၉ နာရီ ခွဲခန့်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့သည်။

စိန်လ္ဘက်ရည်ဆိုင်အနီး လူသူဖြတ်သန်းမှု နည်းပါးသည့် နေရာတွင် ပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်ပြီး အသေအပျောက်မရှိဘဲ ကားတစီးသာလျှင် မှန်ကွဲသွားသည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

” ညဘက်က လူလည်း မရှိပါဘူး။ အသံကတော့ အတော်ကို ကျယ်တယ်” ဟု သူက ပြောသည်။
( မဇ္ဈိမသတင်းဌာန မှ ကောက်နှုတ်ချက် )
+++++
အလုံ သစ်တောဝင်းအတွင်း မီးလောင်

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း အလုံ သစ်တောဝင်းအတွင်း ယခုလ ၁ ရက်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့သည်။

နံနက် ၁၂ နာရီခွဲခန့်တွင် အလုံမြို့နယ် ဆင်မင်းဈေးအနီးရှိ မြန်မာ့သစ်လုပ်ငန်း အလုံ သစ်တောဝင်းအတွင်း မီးအားထိန်းညှိပေးသည့် Transformer ကို စတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

Transformer ထားရှိရာ သွပ်မိုး အုတ်ညှပ်အဆောက်အဦအတွင်း၌သာ လှိုက်၍ လောင်ကျွမ်းခဲ့ပြီး ပြင်ပသို့ ကူးစက်ခြင်း မရှိခဲ့ပေ။

ရန်ကုန် ဗဟိုမီးသတ်၊ အလုံမီးသတ်၊ စမ်းချောင်းနှင့် ကြည့်မြင်တိုင် မီးသတ်စခန်းများမှ မီးသတ်ကားများနှင့် ရေသယ်ယာဉ်များ လာရောက် ငြှိမ်းသတ်ကြရာ နံနက် ၁ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

Transformer အပူရှိန် မြင့်မားလာမှုကြောင့် ရှော့ဖြစ်ကာ လောင်ရခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားကြောင်း သိရသည်။
( မဇ္ဈိမသတင်းဌာန မှ ကောက်နှုတ်ချက် )
+++++
ရန်ကုန်လက်ဝှေ့ပွဲ ဆူပူမှုဖြစ် ပြိုင်ပွဲမီးမှောင်ချပြီး ၀န်ကြီးကို ကာကွယ်ပေးရ

အားကစားဝန်ကြီး ဗိုလ်မှူးချုပ်သူရအေးမြင့် လက်ဝှေ့ပွဲ ကြည့်ရှုနေစဉ် ဆူပူမှုတရပ် ဖြစ်ပွားခဲ့ကြောင်း အဆိုပါပွဲကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူများက ပြောသည်။

မတ်လ (၁) ရက်က ရန်ကုန် သုဝဏ္ဏ အားကစားရုံတွင် ကျင်းပသည့် ဒဂုံရွှေအောင်လံ လက်ဝှေ့ပြိုင်ပွဲအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပရိသတ်များ ဆူပူလာသည့်အတွက် ခန်းမကို မီးမှောင်ချပြီး လက်ဝှေ့ပွဲကြည့်နေသည့် အားကစားဝန်ကြီး ဗိုလ်မှူးချုပ် သူရအေးမြင့်အား လုံခြုံရေးများက အကာအကွယ်ပေးခဲ့ရကြောင်း ကိုယ်တိုင်ကြုံ တွေ့ခဲ့ရသူတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
၂၀၁၀ ရွေးကောက်ပွဲအတွက် ကချင်အဖွဲ့ ပါတီထောင်

ချင်းမိုင်(မဇ္ဈိမ)။ ။ စစ်အစိုးရ ပြုလုပ်မည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ကချင်ပြည်နယ်တွင်း နိုင်ငံရေးပါတီအသစ် တခုကို ဖွဲ့စည်းရန် စိုင်းပြင်းနေကြသည်။

ကချင်ပြည်နယ် တိုးတက်သောပါတီ Kachin State Progressive Party (KSPP) ဟု အမည်ပေးထားပြီး အရပ်ဘက် လူများဖြင့်သာ ပါဝင်ဖွဲ့စည်းမည့် ထိုပါတီသည် တရားဝင်ပါတီ မဖြစ်သေးကြောင်း ကချင် ဒီမိုကရက်သစ် တပ်မတော်(အန်ဒီအေကေ)မှ ဥက္ကဌ ဇခုန်တင်ယိမ်းက ပြောသည်။ပါတီ၏ အဓိက ရည်ရွယ်ချက်သည် ကချင်ပြည်နယ်တွင် နေထိုင်ကြသည့် တိုင်းရင်းသားများ ကောင်းစားရေးအတွက် နိုင်ငံရေး လွတ်လွတ်လပ်လပ် ခံယူနိုင်ရေး၊ ဒေသ ဖွံ့ဖြိုးတိုးတက်လာရေးများကို အတူတကွ စည်းစည်းလုံးလုံး ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် ဖြစ်သည်ဟု သူက ပြောသည်။

ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၏ အဖွဲ့ခေါင်းဆောင်မှာ ကချင်လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အို)မှ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ တူးဂျာဖြစ်ပြီး ကချင် ဒီမိုကရက်သစ် တပ်မတော်(အန်ဒီအေကေ)မှ ဒုတိယ ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူး မန်ချန် သိန်းဆောင်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်မှ ခွဲထွက်သည့် လဆန်အောင်ဝါအဖွဲ့မှ ဗိုလ်မှူး ဖုန်းရမ်တို့ ပါဝင်သည်ဟု ပြောသည်။

အကယ်၍ အဆိုပါ ပုဂ္ဂိုလ်များသည် ပါတီတည်ထောင်ခွင့် ပြုလျှင် သက်ဆိုင်ရာ ၎င်းတို့ အဖွဲ့အစည်း အသီးသီးမှ နုတ်ထွက်ရမည်ဟု ဆက်ပြောသည်။
်(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မြန်မာငွေတန်ဖိုးမြင့် ထိုင်း-မြန်မာနယ်စပ်ဖြတ်ခ တိုးကောက်


ဘတ်စ်ကားဖြင့် ဘန်ကောက်မှပြန်လာသည့် မြန်မာအလုပ်သမားများအား နယ်စပ်ဖြတ်ကျော်ခကို ယခင်က တဦးလျှင် ဘတ် (၁,၂၀၀) နှုန်း တရားမ၀င် ကောက်ခံရာမှ ယခင်လမှစပြီး မြန်မာငွေတန်ဖိုး မြင့်တက်လာ သောကြောင့် ဘတ် (၁,၅၀၀) သို့ တိုးကောက်ရခြင်းဖြစ်သည်ဟု မြန်မာလူပွဲစားများက ပြောသည်။ ယခင်က ဘန်ကောက်မှကားဖြင့် ပြန်လာသူများကို ထိုင်းဘက်ခြမ်း ထာ့အာရွာရှိ အမှတ် (၁) ဂိတ်မှတဆင့် မြန်မာဘက်ခြမ်း ဒီကေဘီအေဂိတ်သို့ ပြန်ပို့သော်လည်း ယခုအခါ ဘန်ကောက်ပြန်များအား လက်ရှိပို့ဆောင် နေသည့်ဂိတ်မှ မြဝတီမြို့တောင်ဘက်ရှိ ထိုင်းဘက် အမှတ် (၁၆) ဂိတ်မှတဆင့် မြန်မာဘက်ကမ်း (၉၉၉) ဒီကေဘီအေ ဂိတ်အသစ်တည်ရှိရာ ကြံခင်းဘက်သို့ ယခင်လဆန်းမှစတင်ကာ ထိုင်းလဝကမှ ပြောင်းလဲပို့ဆောင်ပေးသည်။

ယခုကဲ့သို့ ဂိတ်ပြောင်းရွှေ့ရခြင်းမှာ ယမန်နှစ်ကုန်ပိုင်းက လူပွဲစားများနှင့် လူကယ်ရီများ ကျက်စားရာ (၉၉၉) ဒီကေဘီအေဂိတ်သို့ နေပြည်တော်မှ လာရောက်ဖမ်းဆီးမှု ဖြစ်ပွားခဲ့အပြီးတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ယခင်ဂိတ်ဟောင်းမှ ယခုဂိတ်သစ်သို့ ပြောင်းလဲလုပ်ကိုင်ခြင်းဖြစ်သည်ဟု သိရသည်။ဒီကေဘီအေတပ်ဖွဲ့မှ အရာရှိတဦးက ယခုရရှိသည့်ငွေများအား အဖွဲ့၏ရန်ပုံငွေအဖြစ် အသုံးပြုခြင်းဖြစ်ပြီး အဓိက လူမှုရေး၊ ဘာသာရေး၊ ကျန်းမာရေးအတွက် အသုံးပြုသည်ဟု ပြောသည်။

ဘန်ကောက်ရှိ မြန်မာအလုပ်သမားများမှာ မြန်မာပြည်ပြန်သည့်အခါ ဘန်ကောက် မော်ချိကားဂိတ်မှ မဲဆောက်သို့ ဘတ်စ်ကားကြီးများဖြင့် ပြန်လာကြပြီး မဲဆောက်မြို့အဝင်ရှိ ဟွေ့ဟင်ဖွန် စစ်ဆေးရေးဂိတ် အရောက်တွင် ထိုင်းလဝကများ၏ ဖမ်းဆီးခြင်း ခံကြရသည်။

အဖမ်းခံရသူများအား ထိုင်းလဝကမှ အချုပ်ကားဖြင့် မဲဆောက်ကမ်းနားရှိ လဝကရုံးသို့ ခေါ်ဆောင်သွားပြီး ကိုယ်ရေး အချက်အလက်နှင့် ဓာတ်ပုံရိုက်ယူပြီးနောက် မြန်မာဘက်ခြမ်းရှိ ဒီကေဘီအေ (၉၉၉) ဂိတ်သို့ လွှဲပြောင်း ပို့ဆောင်ပေးခြင်းဖြစ်သည်။

ရာနှင့်ချီပို့ဆောင်ခံရသူများမှာ ဒီကေဘီအေဂိတ်အရောက်တွင် လူပွဲစားများက တဦးလျှင် ဘတ် (၉၀၀) နှုန်းဖြင့် ဒီကေဘီအေထံမှ ဝယ်ယူပြီး ပွဲစားများက အသီးသီးခေါ်ဆောင်သွားကာ တဦးလျှင် ဘတ် (၁,၅၀၀) နှုန်းဖြင့် တဆင့် ထပ်တောင်းပြီးမှ လိုရာသွားခွင့်ပြုခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
နာဂစ်ဒုက္ခသည်များ သောက်သုံးရေ အရေးပေါ် လိုအပ်

နယူးဒေလီ (မဇ္စျိမ)။ ။ နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဧရာဝတီတိုင်း လပွတ္တာမြို့နယ်ရှိ ကျေးရွာသားများ သောက်သုံးရေ အရေးပေါ် လိုအပ်နေကြောင်း နာဂစ်လေဘေး ကယ်ဆယ်ရေး အဖွဲ့တခုက ယနေ့ ပြောသည်။

မြို့နယ်အတွင်းရှိ ကျေးရွာ ၃၅ ရွာကျော်တွင် သောက်သုံးရေ ပြတ်လပ်နေသဖြင့် ရွာသားများက ကူညီပါရန် ကယ်ဆယ်ရေး လုပ်နေသူများထံ လာတောင်းနေကြောင်း ထိုင်းအခြေစိုက် Emergency Assistance Team-EAT-Burma ခေါ် အရေးပေါ်ကူညီပေးရေးအဖွဲ့ (မြန်မာနိုင်ငံ) က ပြောဆိုခြင်းဖြစ်သည်။ ရေရှားပါးလာသဖြင့် ရွာသားအများစုက မြို့ပေါ်တက်၍ သောက်သုံးရေ ၀ယ်သုံးကြရသည်။ လက်တွန်းလှည်းဖြင့် သောက်သုံးရေ ရောင်းသူများက ၅ ဂါလံ တပုံးလျှင် ယခင်က ကျပ် ၃၀၀ ရှိရာမှာ ယခုအခါ ကျပ် ၅၀၀ အထိ မြင့်တက်သွားသည်။

နွေရာသီ ခြောက်သွေ့ကာလဖြစ်သည့် ဖေဖော်ဝါရီလလယ်ပိုင်းမှ မေလလယ်အထိ သောက်သုံးရေ ပြဿနာ ပိုမိုကြီးထွားလာနိုင်ကြောင်းလည်း EAT-Burma က ခန့်မှန်းပြောဆိုသည်။

အလားတူ ဒေးဒရဲမြို့နယ်၊ အုန်းပင်ရွာရှိ ရွာသားတဦးကလည်း သောက်သုံးရေကန်တချို့တွင် လက်ကျန်ရေ ရှိနေသေးသော်လည်း မိုးဦးကာလ ရောက်သည်အထိ လုံလောက်မှု မရှိနိုင်ကြောင်း ပြောသည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++
တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ရည်ရွယ်သူများ ကွန်ယက်ဖွဲ့

နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာစစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည့်သူ ၂၅ ယောက်က တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ကွန်ယက်တခု ဖွဲ့စည်းလိုက်သည်။

“၂၀၁၀ ကို မုချ ဖြတ်ကိုဖြတ်ရတော့မယ်။ ပါတီအနေနဲ့ ဖြတ်မလား၊ တသီးပုဂ္ဂလ အနေနဲ့ ဖြတ်မလား၊ ပါတီစုံအနေနဲ့ ဖြတ်မလားဆိုတာ စဉ်းစားတဲ့အခါမှာ၊ Individual ဖြတ်မယ်ပေါ့။ အဲလို ဖြတ်မယ်ဆိုလည်း အားနည်းတယ်ဆိုတာ ကျနော်တို့ မြင်တယ်။ အဲဒါကို ဘယ်လို အားကောင်းအောင် ဘယ်လို လုပ်မလဲဆိုတာ တွေ့တယ်။ ကျနော် အဆိုပြုတယ်။ ဒါပေမဲ့ အားလုံး ၀င်ရောက် ဆွေးနွေးတယ်” ဟု ကွန်ယက်ဖြစ်ပေါ်လာရေး အဆိုပြူသူနှင့် ကွန်ယက်ဝင်ဖြစ်သူ ဘိုကလေးမြို့သား ကိုနေမျိုးဝေက ပြောသည်။

သူသည် မြန်မာ အတိုက်အခံများ၏ ဒီမိုကရေစီရေး လှုပ်ရှားမှုများအား ဝေဖန်စာများ ရေးသားကာ မကြာခဏ ဆိုသလို အင်တာနက် စာမျက်နှာထက် ပေးပို့နေသူ ဖြစ်သည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ပြည်ပနိုင်ငံအသီးသီးမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာလုပ်သားဦးရေ

ကမ္ဘာတစ်ဝန်း ရင်ဆိုင်နေရသော ငွေကြေး အကျပ်အတည်းများကြောင့် ပြည်ပ နိုင်ငံအသီးသီးတွင် သွားရောက် အလုပ်လုပ်ကိုင်လျက် ရှိသည့် မြန်မာနိုင်ငံသားများ နိုင်ငံအသီးသီးမှ မိခင်နိုင်ငံသို့ ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ ပြန်လည် ရောက်ရှိလာကြရာ ယခုအခါ ၄င်းအရေအတွက်မှာ တစ်သောင်း နီးပါးခန့် ရှိနေပြီဖြစ်ကြောင်းနှင့် အဆိုပါ ပြန်လည် ၀င်ရောက်လာကြ သူများအတွက် နိုင်ငံအတွင်း သင့်လျော်သည့် အလုပ်အကိုင်များ ရှာဖွေပေးနိုင်ရန် စာရင်းများ ကောက်ယူလျက်ရှိကြောင်းလည်း သိရသည်။

နိုင်ငံတော်အနေဖြင့် နိုင်ငံ၏ ပြင်ပတွင် သွားရောက်အလုပ်လုပ် လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်း လုပ်သားအရေအတွက်ကို နှစ်သန်း ခန့်ရှိနိုင်သည်ဟု ခန့်မှန်းထားပြီး အဆိုပါ လုပ်သားများ ပြန်လည် ရောက်ရှိလာပါက ပြည်တွင်း၌ အလုပ်အကိုင်များ ပေးနိုင်ရန် စီစဉ်ထားပြီး ဖြစ်သည်ဟုလည်း သိရသည်။
( ၀ိကလီအဲလဲဗင်း ဂျာနယ်မှ ကောက်နှုတ်ချက် )
+++++
တောင်သူလယ်သမား အခွင့်အရေး ချိုးဖောက်ခံရဟု ၈၈ ကျောင်းသားများက ပြောဆို

ချင်းမိုင် (မဇ္ဈိမ)။ ။ အတန်ကြာ ကွယ်ပျောက်နေသည့် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ယနေ့တွင် ကြေညာချက်တရပ် ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့်နှစ် သြဂုတ် လဆန်းပိုင်းက ၈၈ ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်၏ ပြည်ပ မီဒီယာများနှင့် ပြောဆိုပြီးနောက်ပိုင်း ၇ လခန့်အကြာ၌ တဖန် ပေါ်ထွက်လာခြင်း ဖြစ်သည်။

၈၈ ကျောင်းသားအဖွဲ့က တောင်သူလယ်သမားများ အခွင့်အရေးကို မြန်မာစစ်အစိုးရ ချိုးဖောက်နေသည့်အတွက် အပြင်းအထန် ရှုတ်ချကြောင်း ယနေ့ ကျရောက်သည့် ၄၇ နှစ်မြောက် တောင်သူလယ်သမားနေ့တွင် ထုတ်ဖော် ပြောဆိုခြင်းလည်း ဖြစ်သည်။
ဘိုးဘွားခေတ်ကတည်းက ဓားမဦးချ လယ်ယာမြေများတွင် လုပ်ကိုင်စားသောက်ခဲ့သည့် တောင်သူလယ်သမားများသည် နည်းအမျိုးမျိုးနှင့် စစ်အစိုးရ၏ ဖိနှိပ်မှုဒဏ်ကို ခါးသီးစွာ ခံစားနေရသည့်အပြင် မတရား ဖိနှိပ်ခံနေရမှုများလည်း ခံစားနေရသည်ဟု ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ဆိုသည်။

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေ၀င်းက တော်လှန်ကောင်စီ အမည်ဖြင့် တိုင်းပြည်အာဏာကို ရယူခဲ့သည့်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ခဲ့သည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++
လျှပ်စစ်မီး ပြသာနာကြောင့် ရေ ပြတ်တောက်

ရန်ကုန်မြို့တော်သို့ အဓိက ရေပေးဝေနေသော ရေ အရင်းအမြစ်များမှ ပုံမှန် ရေပေးဝေမှုများ ဆောင်ရွက်လျက်ရှိသော်လည်း လျှပ်စစ်မီး အခက်အခဲကြောင့် မြို့တွင်း ဧရိယာများသို့ ရေတွန်းပို့နေသော ရေတွန်းစက်ရုံများ လည်ပတ်နိုင်ခြင်းမရှိဘဲ အချို့သော မြို့နယ်များတွင် ရေ ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။
( ၀ိကလီအဲလဲဗင်း ဂျာနယ်မှ ကောက်နှုတ်ချက် )
+++++
ဆေးတပ်နှင့် သစ်တော ရန်ပွဲဖြင့် အဆုံးသတ်

ရွှေလီ (မဇျွိမ) ။ ။ ကချင်ပြည်နယ် ဗန်းမော်ခရိုင် ခယက ဥက္ကဋ္ဌ ဖလား ဘောလုံးပွဲ ကျင်းပရာ ယမန်နေ့က ပွဲစဉ်တွင် ဆေးတပ်အသင်းနှင့် ပြိုင်ဘက် သစ်တောအသင်း ကစားသမားများ ရန်ဖြစ်သဖြင့် ပွဲရပ်နားလိုက်ရသည်။

ဗန်းမော်မြို့ ဘောလုံးကွင်းအတွင်း ကျင်းပသည့် တတိယ နေရာလုပွဲအတွင်း ပထမပိုင်းတွင် သစ်တောဌာနက ၂ ဂိုး၊ ၁ ဂိုးဖြင့် အနိုင်ရထားပြီးနောက် ဒုတိယပိုင်းတွင် ခိုက်ရန် ဖြစ်ပွားခြင်းဖြစ်သည်။

(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မတ်လ ၃ ရက်
ရက်သတ္တပတ် ၁၀ ၊ ၂၀၀၉
မြန်မာသတင်း

ရန်ကုန်တွင် တညတည်း ဗုံးနှစ်ကြိမ်ကွဲ


ရန်ကုန်တွင် မတ်လ (၃) ရက်နေ့ ညက ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

မတ်လ (၃) ရက်နေ့ည (၉) နာရီခွဲအချိန်တွင် ပြည်လမ်းနှင့် ဗားကရာလမ်းထောင့်ရှိ ပဒုမ္မာပန်းခြံတွင် ပေါက်ကွဲကြောင်း စမ်းချောင်းမြို့နယ် နေထိုင်သူတဦးက ပြောသည်။
ပဒုမ္မာပန်းခြံတွင် နေ့လယ်ပိုင်း၌ အိမ်သာတက်သူအချို့နှင့် တောင်းရမ်းစားသောက်သူ ကလေးအချို့ ဆော့ကစားတတ်ကြောင်း၊ ရံဖန်ရံခါ စုံတွဲအချို့ ထိုင်တတ်ကြောင်း၊ ညဘက်တွင် မီးရရှိမှု တခါမှမရှိကြောင်း၊ မှောင်နေသည့်အတွက် တဦးတယောက်မှ အပန်းဖြေလေ့မရှိကြောင်း စမ်းချောင်းသားတဦးက ပြောသည်။ ဗုံးပေါက်မှု နှစ်ခုလုံးတွင် သေဆုံးသူမရှိကြောင်း၊ ထိခိုက်ဒဏ်ရာလည်း မရရှိကြောင်း သိရသည်။

ယခုဖြစ်စဉ်မှာ စစ်အစိုးရက ထောင်သားပေါင်း ခြောက်ထောင်ကျော်ကို (၂၁.၂.၂၀၀၉) ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးနောက်ပိုင်း ပထမဦးဆုံး ပေါက်ကွဲသော ဗုံးဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
၂၀၁၀ မတ်လတွင် ရွေးကောက်ပွဲလုပ်ရန် စစ်အစိုးရ လျာထား


နယူးဒေလီ (မဇ္ဈိမ)။ ။ ၂၀၁၀ ခုနှစ် မတ်လတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် စစ်အစိုးရက လျာထားကြောင်း နေပြည်တော် သတင်းရပ်ကွက်များ အပြောအရ သိရသည်။

နိုင်ငံရေးပါတီများ ဖွဲ့စည်းခွင့်ကို သတ်မှတ်ပေးမည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် အချိန်ဇယားကို စစ်အစိုးရက အများသိအောင် ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း လာမည့်နှစ် မတ်လအတွင်း ရွေးကောက်ပွဲ လုပ်သွားရန် ထိပ်တန်း စစ်ခေါင်းဆောင်များက စီစဉ်ထားသည်ဟု ဆိုသည်။

တရုတ်-မြန်မာ နယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကလည်း ၂၀၁၀ ခုနှစ် ပထမလေးလပတ်အတွင်း ရွေးကောက်ပွဲ ပြုလုပ်ဖွယ် ရှိသည်ဟု ပြောသည်။ မြန်မာ စစ်ခေါင်းဆောင်များသည် လေးလပတ် အစည်းအဝေးလုပ်ရန် စိုင်းပြင်းနေပြီး၊ ယခုလ ၆ ရက်နေ့မတိုင်မီ တိုင်းမှူးများ နေပြည်တော်သို့ ရောက်ကြောင်း သတင်းပို့ရန် မှာကြားထားသည်ဟု သတင်းရပ်ကွက်များက ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဥပ္ပါတသန္တိစေတီ ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲ နေပြည်တော် ၀န်ထမ်းများအတွက် ဆိုင်ကယ်သော့ကြဲမည်


မတ်လ (၇) ရက်နှင့် (၈) ရက်နေ့တို့တွင် ကျင်းပမည့် နေပြည်တော် ဥပ္ပါတသန္တိစေတီ အထက်ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတော် တင်ပွဲများသို့ နေပြည်တော်ဝန်ထမ်းအားလုံးကို မတက်မနေရ အမိန့်ထုတ်ထားပြီး မတက်ရောက် သည့်ဝန်ထမ်းအား အရေးယူရန် အာဏာပိုင်များက ညွှန်ကြားထားသည်။

ဥပ္ပါတသန္တိစေတီ အထက်ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲ များကို ၀န်ထမ်းများ တက်ချင်စိတ်ပေါ်လာရန် တရုတ်နိုင်ငံလုပ် တစီး (၁၂) သိန်းဝန်းကျင်တန်သည့် မော်တော်ဆိုင်ကယ်များကို မဲဖောက်ရန် အာဏာပိုင်များ က စီစဉ်ထားသည်ဟု ၀န်ထမ်းတဦးက ပြောသည်။

မော်တော်ဆိုင်ကယ် ဘယ်နှစီး မဲဖောက်မည် အတိအကျ မသိရသော်လည်း မော်တော်ဆိုင်ကယ်များကို မဲဖောက်ရာတွင် ဆိုင်ကယ်သော့ကို ပိုက်ဆံအကြွေကြဲသကဲ့သို့ ၀န်ထမ်းများကြား ကြဲမည်ဖြစ်သည့်အတွက် တဦးနှင့်တဦးတက်နင်းပြီး သေကုန်မည်ကို ၀န်ထမ်းများ စိုးရိမ်နေကြသည်။

ဥပ္ပါတသန္တိစေတီ အထက်ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲများကျင်းပမည့် မတ်လ (၇) ရက်နှင့် (၈) ရက်နေ့တို့ တွင် နေပြည်တော်ဝန်ထမ်းအားလုံး မည်သည့်ခွင့်မျှ မယူရန် ညွှန်ကြားထားသည့်ပြင် ခွင့်ယူထားပြီးသူများကို အမြန်ပြန်ခေါ်ရန် ညွှန်ကြားထားသည့်အတွက် ၀န်ထမ်းများ မကျေမနပ်ဖြစ်နေသည်ဟု စုံစမ်းသိရသည်။

ဥပ္ပါတသန္တိစေတီ အထက်ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲများ ကျင်းပမည့်နေရာကို ၀န်ကြီးဌာနပေါင်းစုံမှ ၀န်ထမ်းများအတွက် ကုလားထိုင်ခွဲတမ်းများ ချထားပေးပြီး လူစစ်မည်ဖြစ်သည်။ နေပူကျဲကျဲအောက်မှာ ၀န်ထမ်းများ ယူနီဖောင်းဝတ်စုံနှင့် တက်ရောက်ရမည်ဖြစ်သည့်အတွက် ပိုပြီး မကျေမနပ်ဖြစ်နေသည်ဟု ၀န်ကြီးရုံး အရာရှိတဦးကလည်း ပြောသည်။ ဥပ္ပါတသန္တိစေတီတော်ကြီး၏ ငှက်ပျောဖူးနှင့် ကြာမှောက် ကြာလှန် ရွဲတို့ကို ရွှေပြားကပ်မည်ဖြစ်သည့်အတွက် ငှက်ပျောဖူးအတွက် ရွှေသား (၉၆.၄၃) ပိဿာနှင့် ကြာမှောက် ကြာလှန် ရွဲတို့အတွက် ရွှေသား (၄၂) ပိဿာ စုစုပေါင်း ရွှေပိဿာချိန် (၁၃၈.၄၃) ပိဿာ ကုန်ကျမည်ဟု တာဝန်ရှိသူတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ခြစားမှု ဖော်ထုတ်သူ ဧည့်စာရင်းမှုဖြင့် ဖမ်းခံရ

ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း တွံတေးမြို့ရှိ ဈေးသစ်ရပ်ကွက်တွင် လူ ၉ ဦးကို ဧည့်စာရင်း မတိုင်ဟုဆိုကာ ယမန်နေ့ည ၁ နာရီခန့်တွင် ဒေသ အာဏာပိုင်များက ဖမ်းဆီးသွားသည်။

မိဘမေတ္တာ ငါးဒိုင် ပိုင်ရှင် ဦးခင်ဇော်နှင့် အတူ လုပ်သားများဖြစ်ကြသော ဦးအောင်ကိုလတ်၊ ဦးထွေးလှ၊ ကိုနိုင်လင်း၊ ကိုသန်းမြင့်၊ ကိုဇော်မျိုးလတ်၊ ကိုကျော်သူလင်း၊ ဒေါ်တင့်တင်လှနှင့် သူမ၏ အသက်တနှစ်ကျော် ကလေးငယ်ကိုပါ ရပ်ကွက် အေးချမ်းယာယာရေးကောင်စီ ဥက္ကဋ္ဌ၊ ရာအိမ်မှူး၊ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး၊ မီးသတ်နှင့် နယ်ထိန်းများက ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ဦးခင်ဇော်သည် မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များနှင့် ပူးတွဲကာ အာဏာပိုင်များ၏ ဒေသတွင်း ခြစားမှုကို ဖော်ထုတ်နေသူဟု လူသိများပြီး ပြီးခဲ့သည့်လက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦး လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုတွင်လည်း လက်မှတ်ထိုး ပါဝင်ခဲ့သည်။ တွံတေးမြို့နယ် တရားရုံးတွင် သူတို့ အားလုံးကို ရယက ဥက္ကဋ္ဌ ဦးသန်းဦးမှ ဧည့်စာရင်းအမှုဖြင့် စွဲချက်တင်မည်ဟု သိရပြီး မြို့နယ် ဒီချုပ် ဥက္ကဌ ဗဟိုတရားရုံး ရှေ့နေ ဦးကြင်တိုးက တရားဆိုင်များအတွက် ရှေ့နေလိုက်ပါပေးနေသည်။

ပြီးခဲ့သည့်လ ၂၇ ရက်နေ့ ညသန်းခေါင်တွင် ရယက ဥက္ကဋ္ဌ ဦးသန်းဦး၊ အဖွဲ့ဝင်များနှင့် ရဲနှစ်ဦးက ဧည့်စာရင်း စစ်ဆေးခြင်း မပြုဘဲ၊ အလုပ်သမားများ၏ အိပ်ခန်းများသို့ ၀င်ရောက်ကာ အန်အယ်ဒီ အဖွဲ့ဝင်များအား ရှာဖွေသဖြင့် ဦးခင်ဇော်က ပိုင်နက်ကျူးလွန်မှုဖြင့် ရဲစခန်းတွင် တိုင်ကြားသော်လည်း စခန်းမှူးက ပယ်ချခဲ့သည်။

ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ပိုမိုသိရှိရန်အတွက် တွံတေးမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူ တဦးက ဖမ်းဆီးမှု မှန်ကန်ကြောင်း ပြောသော်လည်း မည်သည့်အတွက် ဖမ်းရသည်ကို ပြောပိုင်ခွင့် မရှိကြောင်း ဆိုကာ ဖုန်းချသွားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဦးကျော်တင့်ဆွေ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ဖို့များ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးကျော်တင့်ဆွေအား ဒုတိယ၀န်ကြီးရာထူးပေးရန် အလားအလာရှိကြောင်း ရန်ကုန် သံတမန်အသိုင်းအ၀န်းက ပြောသည်။

ဦးကျော်တင့်ဆွေအား ဒုတိယ၀န်ကြီးရာထူးပေးမည့်ကိစ္စ သေချာသလောက်ရှိသည်ဟု ရန်ကုန် သံတမန်သတင်းရပ်ကွက်က ပြောသော်လည်း ခေတ်ပြိုင်မှ သီးခြားအတည်ပြုချက် မရသေးပေ။

သို့သော် ဦးကျော်တင့်ဆွေအား ဒုတိယ၀န်ကြီးရာထူးခန့်လျှင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပတ်သက်သည့် တာဝန်ပေးရန်များသည်ဟုလည်း သံတမန်အသိုင်းအ၀န်းတွင် ပြောဆို နေကြသည်။

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့တွင် တာဝန်ထမ်းဆောင်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်တင့်ဆွေအား အသက် (၆၀) ပြည့်ပြီးနောက် (၂) ကြိမ်တိုင် သက်တမ်းတိုး တာဝန်ပေးထားခဲ့သည့်အတွက် စစ်အစိုးရက ပြန်ခေါ်ခဲ့သည်။

နယူးယော့ခ်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ရာထူးမှာ စစ်အစိုးရ သိက္ခာကို ကာကွယ်ပေးရသူဖြစ်သည့်အတွက် စစ်အစိုးရအတွက် အရေးပါသည့် သံတမန်စစ်မျက်နှာတခုဖြစ်ပြီး ဦးကျော်တင့်ဆွေ နေရာကို မည်သူနှင့် အစားထိုးမလဲ ဆိုသည်ကို သံတမန်အသိုင်းအ၀န်းက စိတ်ဝင်တစား ဖြစ်နေကြသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ် (၈) နှစ်ကြာ တာဝန်ယူခဲ့သည့် ဦးကျော်တင့်ဆွေသည် မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းက ယုံကြည်စွာအားထားရသည့် သံတမန်တဦးအဖြစ် ထင်ရှားသည်။

ဦးကျော်တင့်ဆွေကို ၂၀၀၁ ခုနှစ် ဧပြီလမှစပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်လည်း ဖြစ်သည်။ ၁၉၆၈ ခုနှစ်မှစပြီး နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဘိန်းဖြူမှောင်ခိုဂိုဏ်း နှိမ်နင်းရာမှ ၅ ဦး ထိန်းသိမ်း

ရန်ကုန် (မဇ္ဈိမသတင်း)။ ။ နိုင်ငံတကာ မူးယစ်မှောင်ခို ကုန်သွယ်မှု လုပ်ငန်းကြီးနှင့် ဆက်စပ်ပြီး အနည်းဆုံးလူ ၅ ဦးကို ဇန်နဝါရီလကတည်းက စတင် ဖမ်းဆီးထားခဲ့ကြောင်းဖြင့် စစ်ဘက် အသိုင်းအဝိုင်း သတင်းရပ်ကွက်များမှ ပြောကြားပါသည်။

စင်္ကာပူသို့ ထွက်ခွါမည့် သင်္ဘောပေါ်ရှိ ကွန်တိန်နာများအတွင်းမှ ဘိန်းဖြူဘလောက်တုံး ၈၃ တုံးကို ဇန်နဝါ၇ီလ ၂၅ ရက်နေ့က ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ အထက်တန်းလွှာ ရပ်ကွက်များအတွင်း ဝင်ရောက်စီးနင်း ရှာဖွေမှုများ ပြုလုပ်ခဲ့အပြီး ဖမ်းဆီးမှုများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

အကြီးဆုံး စီးပွါးရေးမြို့တော်၏ အလုံမြို့နယ်ရှိ အေးရှားဝေါလ်ဒ် (Asia World) ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် စင်္ကာပူသို့ ထွက်ခွါမည့် စင်္ကာပူအလံ လွှင့်တင်ထားသော Kota Tegap သင်္ဘောပေါ်မှ (Jewellery Lucky Company) JLC ကုမ္ပဏီပိုင် ကုန်သေတ္တာ ၃ လုံးအတွင်း ထည့်သွင်းထားသော သစ်လုံးများအတွင်းမှ ဘိန်းဖြူထုပ် များကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဤဆိပ်ကမ်းမှာ ယခင်ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်၏သား ထွန်းမြင့်နိုင် ပိုင်ဆိုင်ပြီး အမေရိကန် ဘဏ္ဍာရေးဌာန၏ နာမည်ပျက်စာရင်း သွင်းထားခြင်းခံရသူ ဖြစ်သည်။

ဤသို့ ရန်ကုန်ဆိပ်ကမ်းတွင် စီးနင်း ရှာဖွေအပြီး၊ ရဲတပ်ဖွဲ့က လှိုင်သာယာမြို့နယ်ရှိ FMI City အတွင်း ရှာဖွေဖမ်းဆီးမှုများ ဆက်လက်ပြုလုပ်ခဲ့ကာ နောက်ထပ် ဘိန်းဖြူဘလောက်တုံး ၃၂ဝ ထပ်မံ ဖမ်းဆီးရမိခဲ့သည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောပါသည်။

ရဲတပ်ဖွဲ့က JLC ကုမ္ပဏီ၏ အကြီးအကဲဖြစ်ဖွယ်ရှိသော ကျော်စိန်ကို ယင်း၏ ယောက်ဖဖြစ်သူ ရှီအန်း၊ ပို့ကုန်တာဝန်ခံ ဦးဝင်းညွန့်၊ တရုတ် အမျိုးသမီးတဦး အပါအဝင် အခြား တရုတ်နိုင်ငံသား ၃ ဦးတို့နှင့်အတူ ဘိန်းဖြူမှုနှင့် ဖမ်းဆီးခဲ့သည်။ သူတို့ကို ယခုအခါ တရားမဝင် မူးယစ်ဆေးဝါး ထိန်းချုပ်မှု ဥပဒေများဖြင့် အရေးယူ တရားစွဲဆိုထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မတ်လ ၄ ရက်
ရက်သတ္တပတ် ၁၀ ၊ ၂၀၀၉
မြန်မာသတင်း

အာဏာရှင် ဦးနေ၀င်းသမီး ဒေါ်ခင်စန္ဒာဝင်း အထီးကျန်ဖြစ် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုကို စစ်အစိုးရပယ်ချ


အာဏာရှင် ဦးနေ၀င်း၏သမီး ဒေါက်တာ ဒေါ်ခင်စန္ဒာဝင်း နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော်လည်း အထီးကျန်နေပြီး ခရစ်ယာန်ဘာသာအတွင်း ၀င်ရန် ထုတ်ဖော်ပြောဆိုမှုများ ရှိသည်ဟု ၎င်းအား သွားရောက်တွေ့ဆုံခဲ့သည့် အမေတူအဖေကွဲ ညီမ ဒေါ်သော်တာဝင်းနှင့် နီးစပ်သူတဦးက ပြောသည်။ ယခင်က ကားကြီး ကားငယ်များ မပြတ်တမ်း ၀င်ထွက်သွားလာခဲ့သည့် ဒေါ်ခင်စန္ဒာဝင်း အိမ်ဝင်းထဲသို့ တနေကုန်၍မျှ ကားတစီးလာသည်ကို မတွေ့ရတော့ကြောင်း၊ ညနေစောင်းများတွင် အနီးရှိ ခရစ်ယာန် ဘုရားကျောင်းသွားကာ ဘုန်းတော်ကြီးများနှင့် စကားပြောနေသည်ကို တွေ့ရကြောင်း အိမ်နီးချင်းတဦးက ပြောသည်။

ဒေါ်ခင်စန္ဒာဝင်းက နိုင်ငံကူးလက်မှတ် လျှောက်ထားသော်လည်း နအဖအစိုးရက ချပေးခြင်းမရှိဟု အစိုးရနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။ ဒေါ်ခင်စန္ဒာဝင်းသည် နအဖစစ်အစိုးရ၏ (၆) နှစ်ကြာ နေအိမ်အကျယ်ချုပ်ချထားမှုမှ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် ပြန်လွတ်လာခဲ့သည်။

နအဖက ဦးအေးဇော်ဝင်း၊ ဒေါ်ခင်စန္ဒာဝင်းနှင့် သားသုံးဦးကို နိုင်ငံတော်အာဏာသိမ်း ရန်ကြံစည်မှုဖြင့် ၂၀၀၂ ခုနှစ်က အရေးယူခဲ့သည်။ ခင်ပွန်းနှင့် သားများကို သေဒဏ်ချမှတ်ခဲ့ပြီး ဒေါ်ခင်စန္ဒာဝင်းကို နေအိမ်အကျယ်ချုပ် ချခဲ့သည်။
( ခေတ်ပြိုင် သတင်းမှ ကောက်နှုတ်ချက် )
+++++
လူ့အခွင့်အရေးအဖွဲ့ အစီရင်ခံစာအတွက် မီဇိုများက အပြစ်တင်


နယူးဒေလီ (မဇ္ဈိမ) – လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ထုတ်ပြန်ခဲ့သော အစီရင်ခံစာ တရပ်အတွက် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ် မီဇိုရမ်မှ အရပ်ဘက် အဖွဲ့အစည်းတရပ်က ဤဒေသအတွင်း နေထိုင်သော ချင်းလူမျိုးများကို သူတို့အား တောင်းပန်ရန် တောင်းဆို လိုက်ကြပါသည်။

မီဇိုရမ်ပြည်နယ်ရှိ အရပ်ဘက် အဖွဲ့အစည်း တရပ်ဖြစ်သော မီဇိုလူငယ်အဖွဲ့ (YMA) က ချင်းအဖွဲ့အစည်း အနည်းဆုံး ၂၃ ခုကို အစည်းအဝေး တက်ရောက်ရန် ဆင့်ခေါ်ကာ ထိုလူ့အခွင့်အရေး အစီရင်ခံစာတွင် မီဇိုလူမျိုးများက ချင်းလူမျိုး များကို နှိပ်စက်သည်ဟူသော HRW ၏ စွပ်စွဲ ရေးသားမှုအတွက် ငြင်းဆိုပြောကြားပေးရန် သူတို့ကို တောင်းဆိုခဲ့ကြသည်။

မြန်မာနိုင်ငံမှ ထွက်ပြေး ရောက်ရှိလာသော ချင်းလူမျိုးများကို မီဇိုလူမျိုးများက နှိပ်စက်သည်ဟု HRW က စွပ်စွဲရေး သားခဲ့ခြင်းကို YMA ဗဟိုအဖွဲ့က အလွန် ဒေါသထွက်ခဲ့ကြောင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ချင်းလူမျိုး ကိုယ်စားလှယ်တဦးက မဇ္ဈိမကို ပြောသည်။

ပြည်နယ်အတွင်း ရောက်ရှိ နေထိုင်နေကြသော ချင်းလူမျိုး အသိုင်းအဝိုင်းကို YMA ၏ ဆက်ဆံပုံနှင့် ပတ်သက်၍ တလွဲ သတင်းပေးခဲ့သည်ဟု CYMA ၏ ဥက္ကဌ ဂျေအိပ်ခ်ျဇိုရမ်ထန်းငါ (J. H. Zoremthanga) က ချင်းခေါင်းဆောင်များ ကို စွပ်စွဲပြောကြားခဲ့သည်။


HRW ၏ ဇန်နဝါရီလအတွင်းက ထုတ်ပြန်ခဲ့သော ‘မေ့ပျောက်ခံ ပြည်သူတွေလိုပါဘဲ’ ဟူသော အစီရင်ခံစာတွင် မြန်မာနိုင်ငံ အနောက်ပိုင်း ချင်းပြည်နယ်တွင် နေထိုင်ကြသော ချင်းလူမျိုးများသည် စစ်အစိုးရ လက်အောက်တွင် ဆင်းရဲ ဒုက္ခများကို လူမသိသူမသိ တိတ်ဆိတ်စွာ ခံစားခဲ့ကြရကြောင်း၊ စနစ်တကျ နှိပ်စက် ညှဉ်းပန်းမှုများကြောင့် ထောင်ပေါင်းများစွာသည် အိမ်နီးချင်းနိုင်ငံ၊ အထူးသဖြင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ် မီဇိုရမ်သို့ ထွက်ပြေးရောက်ရှိ လာခဲ့ကြကြောင်း ရေးသားထားသည်။

ဤသို့ ရွှေ့ပြောင်းရောက်ရှိလာသော ချင်းလူမျိုးများသည် မီဇိုရမ်ပြည်နယ် အပါအဝင် အိန္ဒိယနိုင်ငံရှိ အိမ်ရှင်လူမျိုး အသိုင်းအဝိုင်းများ၏ ရန်လိုစွာ ဆက်ဆံမှုကို နောက်ထပ် ကြုံတွေ့ရပြန်ကြောင်းလည်း အစီရင်ခံစာတွင် ရေးသားထားသည်။ အထူးသဖြင့် YMA အကြောင်း ရေးသား ဖော်ပြထားပြီး၊ ချင်းလူမျိုးများသည် ဤအဖွဲ့၏ နှိပ်စက်မှုနှင့် အကြိမ်ပေါင်းများစွာ နှင်ထုတ်ခြင်းကို ခံခဲ့ရကြောင်း ရေးသားထားသည်။
( (မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++
်မြန်မာလိုင်းကား ဆန့်ကျင်ရေး မဲဆောက်ထိုင်းလိုင်းကားများ ဆန္ဒပြ

ယနေ့နံနက်က ထိုင်းဘက်ကမ်း ချစ်ကြည်ရေးတံတားမှ မဲဆောက်သို့ပြေးဆွဲသည့် ထိုင်းခရီးသည်တင် လိုင်းကားအသင်းက မဲဆောက်မြို့တွင်း မြန်မာခရီးသည်တင်ကား ပြေးဆွဲမှုကို ရပ်တန့်ရန် ဆန္ဒပြတောင်းဆိုကာ နှစ်နိုင်ငံချစ်ကြည်ရေးတံတားကို မော်တော်ယာဉ် အစီး (၁၅၀) ခန့်ဖြင့် ပိတ်ဆို့လိုက်သဖြင့် မဲဆောက်-မြဝတီ နယ်စပ် ကုန်သွယ်ရေးလုပ်ငန်း ရပ်တန့်သွားသည်။

မြန်မာနိုင်ငံ မြဝတီဘက်မှလာသည့် ခရီးသည်တင်ကား အစီး (၁၀၀) ခန့်သည် နေ့စဉ် မြဝတီမှမဲဆောက်သို့ ပြေးဆွဲရာတွင် ခရီးသည်များ သွားလိုရာသို့ အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးမှုကြောင့် မြန်မာကားများ ခရီးသည်ပိုမိုရရှိပြီး ထိုင်းလိုင်းကားစီးသူဦးရေ ကျဆင်းလာကာ ဝင်ငွေထိခိုက်မှုကြောင့် ယခုကဲ့သို့ ဆန္ဒပြခြင်းဖြစ်သည်ဟု မော်တော်ယာဉ် အစည်းအရုံးဥက္ကဋ္ဌ နိုင်စုံဘွန်းထဝီဖိုင်းဘွန်းစကွန် ကပြောသည်။
( ခေတ်ပြိုင်မှ ကောက်နှုတ်ချက် )
+++++
ဆန်းဆန်းပြားပြား ကုမ္ပဏီက ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်မည်မဟုတ်

ချင်းမိုင်(မဇ္ဈိမ)။ ။ ရန်ကုန်ရှိ မြန်မာ့ ဆန်းဆန်းပြားပြား ကုမ္ပဏီသည် ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ပြိုင်မည်ဟူသော သတင်းများ ပေါ်ထွက်နေသဖြင့် လူသားအရင်းအမြစ် စွမ်းဆောင်ရည် မြှင့်တင်ရေး အလုပ်များ လုပ်သည့် အဆိုပါ ကုမ္ပဏီက မဟုတ်မှန်ကြောင်း ယနေ့ ငြင်းဆိုသည်။

အဖွဲ့၏ အင်တာနက် ၀ဘ်ဆိုဒ်တွင် လစ်ဗင်းကာလာ မဂ္ဂဇင်းနှင့် The Voice ဂျာနယ် ထုတ်ဝေသူ ဦးနေ၀င်းမောင် အပါအ၀င် တတ်သိပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ ၇ ဦးဖြင့် ဖွဲ့စည်းထားသည်ဟု ဖော်ပြထားသည့် Myanmar Egress ခေါ် မြန်မာ့ ဆန်းဆန်းပြားပြား ကုမ္ပဏီက ငြင်းဆိုခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နေပြည်တော် ဥပ္ပါတသန္တိစေတီ စိန်ဖူးတင်ပွဲ အိုဘားမား ကျမ်းက်ျိန်ပွဲထက် လုံခြုံရေးပိုကျပ်


လာမည့် စနေနှင့် တနင်္ဂနွေနေ့တို့တွင် ကျင်းပမည့် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် အထက် ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲ တက်ရောက်မည့် နေပြည်တော်ဝန်ထမ်းများအား လုံခြုံရေးတင်းကျပ်သည့်အနေဖြင့် အောက်ပါ ပစ္စည်းများ မယူလာရန် အမိန့်ထုတ်ထားသည်။

တားမြစ်ထားသည့် ပစ္စည်းများမှာ
-ဘောလ်ပင်
-Laptop ကွန်ပျူတာ
-ပီဒီအေ
-လက်ပတ်နာရီ
-ဆွဲကြိုး၊ လက်ကောက် စသည့် လက်ဝတ်ရတနာများ။
-သော့တွဲ
-သောက်ရေဘူး
-ဦးထုတ် မဆောင်းရ
ဥပ္ပါတသန္တိစေတီတော် အထက် ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲ တက်ရောက်မည့် ၀န်ထမ်းများကို စနေနေ့ မနက်အစောကြီး (၃) နာရီခွဲ၌ ကားများဖြင့် လာခေါ်မည်ဖြစ်သော်လည်း ဌာပနာပိတ်ပွဲသည် မနက် (၇) နာရီမှ (၁၀) နာရီဖြစ်သည့်အတွက် နေပူထဲ ဆောင်းစရာမပါဘဲ ထိုင်နေရမှာဖြစ်သည်ဟုလည်း အဆိုပါဝန်ထမ်းက ပြောသည်။
( ခေတ်ပြိုင်မှ ကောက်နှုတ်ချက် )
+++++
ကေအင်ယူကို ထိုင်းနယ်မြေထဲမှ ထွက်ခွာသွားရန် ဖိအားပေးဟု ဆို

နယူးဒေလီ (မဇ္ဈိမ)။ ။ သူတို့၏ ပိုင်နက်နယ်မြေထဲတွင် အခြေမချရန် ထိုင်းနိုင်ငံက သတိပေးပြီးနောက် ကရင်အမျိုးသား အစည်းအရုံး - ကေအန်ယူ အဖွဲ့ဝင်များသည် မြန်မာနိုင်ငံအတွင်း ရွှေ့ပြောင်းနေပြီဟု အဖွဲ့နှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

နယ်စပ်မြို့ မဲဆောက်ရှိ ထိုင်းအာဏာပိုင်များက ထိုင်းနိုင်ငံ နယ်မြေတွင် မနေဘဲ ထွက်ခွာသွားရန် အေအန်ယူ ခေါင်းဆောင်များကို မကြာမီက ပြောကြားခဲ့ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
၂၀၁၀ မတ်လတွင် ရွေးကောက်ပွဲလုပ်ရန် စစ်အစိုးရ လျာထား


နယူးဒေလီ (မဇ္ဈိမ)။ ။ ၂၀၁၀ ခုနှစ် မတ်လတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် စစ်အစိုးရက လျာထားကြောင်း နေပြည်တော် သတင်းရပ်ကွက်များ အပြောအရ သိရသည်။

နိုင်ငံရေးပါတီများ ဖွဲ့စည်းခွင့်ကို သတ်မှတ်ပေးမည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် အချိန်ဇယားကို စစ်အစိုးရက အများသိအောင် ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း လာမည့်နှစ် မတ်လအတွင်း ရွေးကောက်ပွဲ လုပ်သွားရန် ထိပ်တန်း စစ်ခေါင်းဆောင်များက စီစဉ်ထားသည်ဟု ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မတ်လ ၆ ရက်
ရက်သတ္တပတ် ၁၀ ၊ ၂၀၀၉
မြန်မာသတင်း

ဥပ္ပါတသန္တိစေတီ ပွဲတော်၌ ချားရဟတ်ကြီး ပြုတ်ကျ လူသေဆုံး


နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ကြီး အထက်ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲများကို မတ်လ (၇) ရက်နှင့် (၈) ရက်တို့တွင် ကျင်းပမည်ဖြစ်သည့်အတွက် ဥပ္ပါတသန္တိစေတီရှေ့ကွင်းပြင်ရှိ ပျော်ပွဲရွှင်ပွဲများကျင်းပသည့်နေရာမှ ချားရဟတ်ကြီး ပြုတ်ကျသည့်အတွက် လူ (၂၀) ကျော် သေဆုံးသွားသည်ဟု မျက်မြင်သက်သေများက ပြောသည်။

ဥပ္ပါတသန္တိစေတီတော် တည်ဆောက်စဉ်ကာလကလည်း အလုပ်သမား (၁၈) ဦး လုပ်ငန်းခွင်ထိခိုက်ပြီး သေဆုံးခဲ့သည်။ ထို့ကြောင့် နေပြည်တော်ဝန်းကျင်ကျေးရွာများနှင့် ၀န်ထမ်းများက ဥပ္ပါတသန္တိစေတီတော်ကြီးအား ခိုက်သည်ဟု ပြောဆိုနေကြသည်။ မတ်လ (၁၀) ရက် တပေါင်းလပြည့်တွင် ဆွမ်းဆန်စိမ်းလောင်းပွဲနှင့် စာအောင်သံဃာများအား ဘွဲ့လက်မှတ် ဆက်ကပ်ပွဲကို ခါတိုင်း ရန်ကုန် ကမ္ဘာအေးတွင် ကျင်းပသော်လည်း ယခုနှစ်တွင် ဥပ္ပါတသန္တိစေတီ ထီးတင်ပွဲကျင်းပမည့် တပေါင်းလပြည့်မှာ ကျင်းပမည်ဖြစ်သည်။

သံဃာအပါး (၇၀၀) အား ပျဉ်းမနားမြို့တွင်းမြို့ပြင် ဘုန်းကြီးကျောင်းများတွင် တည်းခိုခွင့်၊ သွားလာခွင့် ပိတ်ပင်ထားသည်ဟုလည်း စုံစမ်းသိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
၂၀၁၀ ရွေးကောက်ပွဲ ၀င်မည့် ပါတီများ Joint Action ဖွဲ့မည်

နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာစစ်အစိုးရ၏ လမ်းပြမြေပုံ ၇ ဆင့်ကို ထောက်ခံသူများနှင့် ဖွဲ့စည်းထားသည့် ရန်ကုန်ရှိ နိုင်ငံရေး အင်အားစုတခုက ၂၀၁၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ပူးတွဲ ဆောင်ရွက်ရေးအဖွဲ့ - Joint Action ဖွဲ့စည်းမည့် အစည်းအဝေးကို ယခုလ ၁၅ ရက်နေ့တွင် ရန်ကုန်၌ ကျင်းပသွားမည်ဟု ဆိုသည်။

နိုင်ငံရေး အဖွဲ့အစည်း ၁၁ ဖွဲ့နှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အင်အားစုက တသီးပုဂ္ဂလ၊ ပါတီတခုချင်းစီ မဟုတ်ဘဲ စုပေါင်းကာ ရွေးကောက်ပွဲ ၀င်ရောက်ရေး ဆွေးနွေးရန် စီစဉ်ထားခြင်း ဖြစ်သည်။ ထိုအင်အားစုတွင် တသီးပုဂ္ဂလနှင့် ညီလာခံကိုယ်စားလှယ်များ၊ မျိုးချစ် အမျိုးသားနိုင်ငံရေး အစည်းအရုံး (တောင်တွင်းကြီး)၊ ၀ံဿနု NLD (မြန်မာနိုင်ငံ)၊ ဒီမို NLD (စစ်ကိုင်းတိုင်း)၊ အမျိုးသား နိုင်ငံရေး အင်အားစု (ရခိုင်ပြည်နယ်)နှင့် ခေတ်သစ်သိပံ္ပ နိုင်ငံရေးဘောဂဗေဒ လေ့လာရေး မျိုးဆက်သစ် ကျောင်းတော်သားစု အဖွဲ့ အပါအ၀င် အဖွဲ့ပေါင်း ၁၁ ဖွဲ့ ပါရှိသည်။

၂၀၀၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကာ၊ မြန်မာစစ်အစိုးရ၏ အခြေခံဥပဒေ ပေါ်ပေါက်ရေး၊ စီးပွားရေးပိတ်ဆို့မှု ဆန့်ကျင်ရေး ဟောပြောပွဲများအပြင် ၂၀၀၈ ဆန္ဒခံယူပွဲ အောင်မြင်ရေး စည်းရုံးလှုံ့ဆော်ခဲ့သည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++
လက်နက်ချရန် ပြောဆိုလာသည့် ကချင်ငြိမ်းအဖွဲ့


ရွေးကောက်ပွဲအပြီး ရုပ်သေးအရပ်သား အစိုးရတက်လာသည့်အချိန်တွင် လက်နက်ချရေး ပြောလာပါက လက်နက်ချရန် အသင့်ရှိကြောင်း ကချင်အပစ်အခတ်ရပ်စဲရေး အဖွဲ့ခေါင်းဆောင်တဦးက ခေတ်ပြိုင်သို့ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲဝင်ရောက်မည့် ကချင်နိုင်ငံရေးပါတီဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး ကချင်အပစ်အခတ် ရပ်စဲရေးအဖွဲ့တခုဖြစ်သည့် (အန်ဒီအေကေ) ကချင်ဒီမိုကရေစီသစ်တပ်မတော်-ကချင်အဖွဲ့ ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်း နှင့် ခေတ်ပြိုင် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် လက်နက်ချရန် အသင့်ရှိသည်ဟု အန်ဒီအေကေအဖွဲ့က ပထဆုံး ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ခြစားမှု ဖော်ထုတ်သူ အာမခံဖြင့် ပြန်လွှတ်လာ

ချင်းမိုင် (မဇ္ဈိမ)။ ။ ဧည့်စာရင်း မတိုင်ကြားဟုဆိုကာ ရန်ကုန်တိုင်း တွံတွေးမြို့ ဈေးသစ်ရပ်ကွက်တွင် နေထိုင်သူ ၉ ဦးကို ယခုလ ၃ ရက်နေ့က ဖမ်းဆီးခဲ့ရာမှ မြို့နယ်တရားရုံးက အာမခံကြေး ကျပ်ငွေ ၂၇ သိန်းဖြင့် ယမန်နေ့က ပြန်လွှတ်ပေးလိုက်သည်။

သူတို့ကို တွံတေးမြို့ အန်အယ်ဒီ လူငယ်တာဝန်ခံ ကိုရဲထွဋ်ခေါင်နှင့် ရပ်ကွက်လူကြီး ၅ ဦးက ကျပ် ၂၇ သိန်းနှင့်အတူ မြို့နယ်တရားရုံးတွင် အာမခံခဲ့ရခြင်း ဖြစ်သည်။

ဖမ်းဆီးခံခဲ့သူများအနက် မိဘမေတ္တာ ငါးဒိုင်ပိုင်ရှင် ဦးခင်ဇော်သည် မြို့နယ် အန်အယ်ဒီ အဖွဲ့ဝင်များနှင့် ပူးတွဲကာ ဒေသအာဏာပိုင်များ၏ ခြစားမှုကို ဖော်ထုတ်သူဟု လူသိများပြီး၊ ပြီးခဲ့သည့်လက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦး လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုတွင်လည်း လက်မှတ်ထိုး ပါဝင်ခဲ့သည်။
( မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++
ပြင်သစ်ယဉ်ကျေးမှုပွဲ သတင်းများ စီစစ်ရေးက ပိတ်


ပြင်သစ်သံရုံးလက်အောက်ရှိ ပြင်သစ်ယဉ်ကျေးမှုဌာနက ကျင်းပသောပွဲသတင်းများ မြန်မာစာနယ်ဇင်းများတွင် ထည့်သွင်းဖော်ပြခြင်းကို စိစစ်ရေးက ပိတ်ပင်ထားကြောင်း ရန်ကုန်စာနယ်ဇင်းသမားများက ပြောသည်။ပြင်သစ်ယဉ်ကျေးမှုဌာနမှ ပြင်သစ်စာပေ သင်ကြားပေးမှုအပြင် ယဉ်ကျေးမှုနှင့် ပတ်သက်သော ပြပွဲ၊ ပြိုင်ပွဲများ၊ ဆွေးနွေးပွဲများ၊ သင်တန်းများကို ပို့ချပေးနေသည်။ဌာနမှဖွင့်သော သင်တန်းအချို့တွင် သတင်းသမားများနှင့် ဆိုင်သော သင်တန်းများပါရှိ၍ တက်ရောက်ပါက အာဏာပိုင်များ၏ စောင့်ကြည့်မှုခံရသည်ဟု ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
နိုင်ငံတကာ ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ်များ၏ အစည်းအဝေး စစ်ကိုင်းတောင်မှာ ကျင်းပ

ချင်းမိုင် (မဇ္ဈိမ)။ ။ ၂၁ နိုင်ငံမှ ကိုယ်စားလှယ်များဖြင့် နိုင်ငံတကာ ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ်များ၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးကြီးကို စစ်ကိုင်းတောင်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်၌ ယမန်နေ့မှစ၍ ကျင်းပနေသည်။ ယမန်နေ့က အစည်းအဝေးဖွင့်ပွဲတွင် သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရကို အစည်းအဝေး တက်ရောက်လာသော ထိုင်းနိုင်ငံ မဟာမကုဋ် တက္ကသိုလ် ကိုယ်စားလှယ်များက ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ဆက်ကပ်ခဲ့သည်။
အစည်းအဝေးသို့ ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘာဒီးယား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကန်၊ တောင်အာဖရိက၊ မလေးရှား၊ အင်ဒိုနီးရှား အပါအဝင် ၂၁ နိုင်ငံရှိ ဗုဒ္ဓတက္ကသိုလ်များမှ ကိုယ်စားလှယ်များ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ ဧည့်သည်တော်များ စုစုပေါင်း ထောင်နှင့်ချီ တက်ရောက်နေကြခြင်းဖြစ်သည်။

မတ်လ ၁၀ ရက်နေ့၊ တပေါင်းလပြည့်နေ့တွင် ကျရောက်မည့် ဆရာတော်ကြီး၏ သက်တော် ၇၂ နှစ်ပြည့် ၇၃ နှစ်မြောက် မွေးနေ့ကိုလည်း ယနေ့အစည်းအဝေးနှင့် တိုက်ဆိုင်ပြီး ကြိုတင်ကျင်းပသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)

ထို့အပြင် ဆရာတော် အရှင်ဉာဏိဿရ ဆောက်ထားသည့် သီတဂူတက္ကသိုလ်မှ သန္တိမဟာ သိမ်တော်ကြီး ဘွဲ့နှင်းသဘင် ခမ်းမကြီးကိုလည်း ပထမအကြိမ် ဘွဲ့နှင်းသဘင်ဖြင့် ကျင်းပဖွင့်လှစ်ခဲ့သေးသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နိုင်ငံရေး အမှုလိုက်ရှေ့နေ နှစ်ဦး ပြန်လွတ်လာ

နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၏ အမှုကို လိုက်လံ ဆောင်ရွက်ပေးသူ နှစ်ဦး ပြစ်ဒဏ်စေ့ပြီ ဖြစ်သဖြင့် ယနေ့ နံနက်ပိုင်းတွင် ပုသိမ်ထောင်မှ ပြန်လွတ်လာသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် အင်းစိန်ထောင်အတွင်း သီးသန့် တရားရုံးက တရားရုံးကို မထီမဲ့မြင်ပြုမှုဖြင့် ဗဟိုတရားရုံးရှေ့နေ ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့ကို ထောင်ဒဏ် ၄ လ ပြစ်ဒဏ်ချခဲ့ရာ ရက်စေ့ပြီဖြစ်သဖြင့် ပုသိမ်ထောင်မှ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မတ်လ ၇ ရက်
ရက်သတ္တပတ် ၁၀ ၊ ၂၀၀၉
မြန်မာသတင်း

ကားဝပ်ရှော့ဆိုလျှင် မြို့ပြင်ထွက်

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်မြို့နယ် အတွင်းမှာ ရှိသော ကားဘော်ဒီပြင်လုပ်ငန်း၊ ကားဆေးမှုတ် လုပ်ငန်းနှင့် ကားအောက်ပိုင်း ပြင်ဆင်ရေး လုပ်ငန်းများ အားလုံး မြို့ပြင်သို့ ပြောင်းရွှေ့ရတော့မှာ ဖြစ်သည်။

လုပ်ငန်း လုပ်ကိုင်သူများကို သက်ဆိုင်ရာ ရပ်ကွက် အာဏာပိုင်များက ရုံးသို့ ဆင့်ခါ်၍ ရွှေ့ပြောင်းရေး အကြောင်းစာကို အသိပေးခဲ့ခြင်း ဖြစ်သည်။

ကားဝပ်ရှော့ ပိုင်ရှင်များက ပြောင်းရွှေ့ပါမည်၊ သို့မဟုတ် မပြောင်းပါက မြို့တွင်း လုပ်ကိုင်ခြင်း မပြုပါဟုဝန်ခံ ကတိရေးထိုးခဲ့ရသည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူတဦးက မဇ္ဈိမ သို့ ပြောသည်။

ပြောင်းရွှေ့မည့်နေရာများမှာ၊ တောင်ဒဂုံမြို့နယ်နှင့် မှော်ဘီ ၀ါးတရာကျေးရွာတို့ဖြစ်ပြီးပေ ၆၀ ပတ်လည်မြေတကွက်လျှင် ကျပ်သိန်း၆၀ ပေးသွင်းရမည်ဖြစ်သည်။
ပြောင်းရွှေ့ရန်အတွက် တိုင်းမှူးအမိန့်ဟု ဆိုကာ စည်ပင်က လာပေးသွားတာဖြစ်ကြောင်း၊ မည်သည့်နေ့ ရွှေ့ရမည်ဆိုတာတော့ မပါကြောင်း ရယက ဥက္ကဌတဦးက ပြောသည်။

ရန်ကုန်မြို့တွင်းတွင် ကားဝပ်ရှောပေါင်း အနည်းဆုံး ၃ ထောင်ခန့် ရှိမည်ဟု ခန့်မှန်းရပြီး အများစုမှာ တပိုင်တနိုင်အဖြစ် လုပ်ကိုင်နေကြခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
၂၀၁၀ ရွေးကောက်ပွဲ နိုးဆော်စာ ဖြန့်သည့်အတွက် ညောင်ဦးမြို့ခံများ။ မကျေနပ်ဖြစ်


် မန္တလေးတိုင်း ညောင်ဦးမြို့တွင် မတ်လ ၃ ရက်၌ ရွေးကောက်ပွဲအတွက် လူထုအား စည်းရုံးသည့် အနေဖြင့် ကိုအေးလွင် ဦးဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသားများ ပြည်ထောင်စု မြန်မာနိုင်ငံ ဆိုသော အဖွဲ့က နိုးဆော်စာများ ဖြန့်သွားရာ မြို့ခံလူထုက မကျေမနပ်ဖြစ်၍ ဆဲဆိုကြပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်ဟု သတင်း ရရှိသည်။
( အာအက်ဖ်အေသတင်းမှ ကောက်နှုတ်ချက် )
+++++
စာပေစိစစ်ရေး ဒစ်ဂျစ်တယ် ပြောင်းလဲမည်

ရန်ကုန် (မဇ္ဈိမ)။ ။ လာမည့် ဇွန်လဆန်းမှစတင်ကာ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက ဂျာနယ်များကို စိစစ်ရာတွင် ဒစ်ဂျစ်တယ် နည်းပညာကို ပြောင်းလဲ အသုံးပြုတော့မည်ဟု ဌာနမှ အရာရှိတဦး အပြောအရ သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ စာပေစိစစ်ရေးသို့ ပုံနှိပ်ဖြန့်ချီခြင်းမပြုမီ ခွင့်ပြုချက်တင်ပြရာတွင် လက်ရှိ ဂျာနယ်၊ မဂ္ဂဇင်းများ တင်ပြနေသည့် ပုံစံဖြစ်သော မူကြမ်းများကို စာရွက်များဖြင့် မိတ္တုကူးပြီး စိစစ်ရေးမှူးများထံ လိုက်လံ တင်ပြရသည့်ပုံစံမှ စီဒီ သို့မဟုတ် ဖိုင်သိမ်းဆည်းသော မန်မိုရီစတစ်ဖြင့် တင်ပြ၍ ရလာမည်ဖြစ်သည်။

အဆိုပါ စနစ်သစ်ကို ကနဦး အကောင်အထည်ဖော်သည့် အနေဖြင့် ဂျာနယ်များတွင် စတင်ကျင့်သုံးသွားမည်ဖြစ်ပြီး မဂ္ဂဇင်းနှင့် အခြားစာအုပ်စာတမ်းများကို တဖြည်းဖြည်း ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု သတင်းဂျာနယ် များကို စိစစ်တည်းဖြတ်ရသည့် စိစစ်ရေးမှူးတဦးက ပြောပါသည်။

၎င်းပုံစံသစ်အရ ဂျာနယ်များသည် စီဒီ သို့မဟုတ် မန်မိုရီစတစ်ဖြင့်သာ တင်ပြလိုသည့် မူကြမ်းကို စိစစ်ရေးရုံးသို့ ယူဆောင်လာရမည်ဖြစ်ပြီး စိစစ်ရေးရုံးအတွင်း ကူပြူတာများ တလုံးနှင့်တလုံး ကွန်ယက်ချိတ်ဆက်ကာ တည်းဖြတ်သွားမည်ဟု ၎င်းက ဆိုပါသည်။

တည်းဖြတ်ပြီးသွားပါက လတ်တလောတွင် ဂျာနယ်များသို့ ပရင့်ပြန်လည်ထုတ်ပေးသည့်ပုံစံဖြင့်သာ ကျင့်သုံးသွားဦးမည်ဖြစ်ပြီး နောက်ပိုင်းတွင် အွန်လိုင်းမှတဆင့် အပြန်အလှန်ပေးပို့သည့် ပုံစံအထိ ပြုလုပ်သွားဖို့ ရည်ရွယ်ထားသည်ဟု အဆိုပါ စိစစ်ရေးမှူးက ဆိုပါသည်။

လတ်တလောတွင်း စာပေစိစစ်ရေးရုံးတွင်းရှိ ကွန်ပြူတာများကို နက်ဝက်များချိန်စက်ထားပြီးဖြစ်ပြီး စမ်းသပ်အသုံးပြုနေပြီဟု အဆိုပါရုံးမှ ၀န်ထမ်းတဦးက ပြောပါသည်။

ထိုသို့ လက်တွေ့ကျင့်သုံးရန်မှာမူ မြန်မာနိုင်ငံ၏ အင်တာနက်မြန်နှုန်း အလွန်နှေးကွေးသဖြင့် လက်တွေ့အကောင်အထည်ဖော်ရန် မဖြစ်နိုင်ကြောင်း ပြည်တွင်းသတင်းဂျာနယ် အသိုင်းအ၀ိုင်းက သုံးသပ်ကြသည်။

သို့သော်လည်း ဂျာနယ်များမှ စိစစ်ရေးရုံးသို့ တင်ပြသည့်ပုံစံဖြစ်သည့် ဂျာနယ်စာမျက်နှာ၏ သုံးပုံနှစ်ပုံကို ဂျာနယ်ထွက်မည့်ရက်နှင့် တပတ်ခွာ၍ လည်းကောင်း၊ ကျန်သုံးပုံတပုံကို နောက်နှစ်ရက်နှင့် သုံးရက်အကြာတွင်လည်းကောင်း တင်ပြရမည့် ပုံစံများကို လတ်တလောပြောင်းလဲသွားရန် အစီအစဉ်မရှိသေးဟု အရာရှိကပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

Monday, March 2, 2009

တလအတွင်း သတင်းများအပေါ် သုံးသပ်ချက် ( သို့ ) ဖြစ်ပုံစုံလင် ဤတလတွင် ( ဖေဖေါ်ဝါရီလ )




ကမ္ဘာ့ ရာသီဥတုသည် နေရာ အတော်များများတွင် နှစ်များစွာမှ တကြိမ်သာ ဖြစ်တတ်သော စံချိန်တင် အအေးဒဏ်ကို လူတွေ ခံစားလိုက်ရ၏။ သေသူသေ ကြေသူကြေနှင့် ဒုတိယ လပတ်လည်း စိတ်မကောင်းစရာတွေများနှင့် ဖြတ်သန်းခဲ့ရပါတယ်..

နှာစေးတဲ့ ကမ္ဘာကြီး အအေးလွန်ပြီး တုတ်ကွေးစွဲသလို ကြက်ညှာချောင်းဆိုး ဖြစ်နေရပြန် ။ နေပူ ညချမ်း တပေါင်းလဆန်းကဲ့သို့ ရာသီက မမျှတ၊ ရွာမှာနေတုန်းက လူကြီးသူမတွေ ပြောပြောနေသလိုပေါ့၊ မိုးလဲမမှန်၊ မင်းလဲ မမှန်၊ နောက်ဆုံး ငါ …လဲ မမှန်တော့ဘူး ဆိုသလိုပေါ့ဗျ၊

မမှန်တာတွေ များလွန်းတဲ့ ကမ္ဘာကြီးမှာ အယ်ဂိုးက ကမ္ဘာ့ကြီး ပူနွေးတာနဲ့ ပတ်သက်ပြီး တင်ပြခဲ့တဲ့အတွက် သူ့တင်ပြချက်ကို မှန်လွန်းလို့ လူတွေက လက်ခုတ် သြဘာပေးပြီး နိုဗယ်ဆုကြီးတောင် ပေးလိုက်ရတယ် ဆိုပဲ၊ ဒါဗေမဲ့ ကမ္ဘာ့ကြီးက အလွန်အေးလာတာကို သူ မတင်ပြနိုင်ခဲ့ဘူး။ သနားစရာပဲ… သူထက် သနားစရာကောင်းတာက အိုဘားမှား အဲ .. ယောင်လို့ အိုဘားမား သူခမျှ သူ့တိုင်းပြည်ကို ချစ်လွန်းလို့ နိုင်ငံခြားရေးကို ဒု သမ္မတပဲ လွဲထားပြီး၊ ကွန်ဂရက်မှာ ဖွလိုက် ဟလိုက် လုပ်နေတာလေ၊နောက်တော့ ဒီလ ၁၇ ရက်နေ့မှာ လူပေါင်း ၃.၈ သန်း အလုပ်ရရှိရန်အတွက် မဟာကူညီရေး စီမံကိန်းကြီး လက်မှတ်ထိုးလိုက်တယ်။ အမေရိကန်တွေ အလုပ်ရမှ ၀ယ်လိုအားတက်လာမယ်။ ဈေးကွက်က ပြန်ရှင်သန်လာမယ်ဆိုတော့ နိုင်ငံတကာလဲ ထုတ်လှုပ်မှုများ ပြန်လှည် ဖွံဖြိုးလာမှာပါ။ လာတော့လာမည် ကြာမည်သဘောပါပဲ..

ဦးနုတို့ခေတ်က ပြည်တော်သာ စီမံကိန်းလို ဖြစ်လာမလား ဒါမဟုတ် … စောင့်ကြည့်ရမှာလေ၊

အရှေ့လယ်ပိုင်းကတော့ အရင်တိုင်းပါပဲ အတ္တ၀ါဒီတွေဆိုတော့ ရှင်းလေ ရှုပ်လေပါပဲ၊ ရေးတဲ့သူက လက်ညောင်းရုံပဲ အဖတ်တင်မယ်၊ တော်ပြီ မရေးတော့ဘူး။

မြန်မာ စီးပွားရေးမှာ ဆန် ရေထွက် နှင့် တခြား ပစ္စည်းများ တင်ပို့မှု ကျဆင်းလာပြီ။ ကျလာတော့ ဘာဖြစ်မလဲ။ ရောင်းအားမရှိတော့ အ၀ယ်ဒိုင်တွေ ပွဲရုံတွေက မ၀ယ်ဖြစ်၊ ထုတ်လုပ်သူ ပင်ရင်းဖြစ်တဲ့ အခြေခံ ထုတ်လုပ်သူတွေ နစ်နာမယ်။ လူမှုရေး စီးပွားရေး အစစအရာရာ ကျဆင်းလာမယ်။ သတင်းတွေ တက်လာဦးမယ်။ အခြေခံ စက်မှုထုတ်ကုန်အဖြစ် တင်ပို့နေတဲ့ သတ္တု ရော်ဘာနှင့် ကွမ်းသီး လည်း တင်ပို့မှု ကျဆင်းလာမယ်။ ဒီလို အခြေခံ လူတန်းစားတွေအတွက် အကျိုးရလဒ် ဆုံးရှုံးလာ၊ အခုကြားနေရပြီ ကုန်စည်စီးဆင်းမှု တ၀က်လောက်ကျဆင်းနေပြီတဲ့။ အခု တ၀က်လောက် ကျဆင်းနေပြီဆိုတော့ နောက်နှစ်များ ရင်လေးစရာပါလား။

အနည်းအကျဉ်းတတ်နိုင်တဲ့ လူတွေအတွက်လဲ နိုင်ငံခြားထွက်ခွင့် ပိတ်၊ အလုပ်သမားလက်ခံတဲ့ နိုင်ငံတွေကလဲ မလို၊ အဖက်ဖက်က ထိုးကျလာပြီဆိုတော့ လူမှုရေး အုံကြွမှုတွေ ဖြစ်လာနိုင်မယ်လို့လဲ မဆိုလိုချင်၊ တော်ကြာ လူလ တယောက် ကွန်မြူနစ်တွေလို သွေးထိုး လှုံဆော်ပေးတယ်လို့ ထင်ခံရမှာ စိုးတယ်။ ဆရာ သိန်းဖေမြင့်စကားလို့ပေါ့၊ အက်ကြောင်းကို သပ်နပ်တာပါ၊

လူမှုရေး မညီမျှမှုတွေ ဖြစ်လာမဲ့ အကျိုးဆက်ဟာ အစိုးရဆိုတဲ့ အပိုင်းက ဖြေရှင်းမှုအပေါ်မှာပဲ မှုတည်ပါတယ်။ အစိုးရ ကောင်းရင် ဘာမှ မဖြစ်ဘူး၊ မကောင်းရင်တော့ ဖြစ်လာမှာပဲ၊ တကယ်လို့ ဖြစ်လာရင် ကိုယ်ညံဖျဉ်းတာကို မပြောပဲနဲ့၊ ဟိုလူ သွေးထိုး၊ ဒီအဖွဲ့က မြောက်ပင့် ပေးတယ်ဆိုပြီး ဟင်းရည်ပူ လျှာလွဲတဲ့ ဓလေ့ကလဲ ရှိနေပြန်တယ်လေ။ ဒီစီးပွားရေး ဂယက်ကိုလဲ သူတို့ အာဏာ တည်မြဲဖို့အတွက် ထွက်ပေါက်တခု အသုံးချလာနိုင်တယ်။ သဘောက လူထုတွေ ငတ်လာပြီး အုံကြွမှုတွေ ဖြစ်လာနိုင်တယ်။

ဒီလိုဖြစ်လာခဲ့ရင် ဒါကို အခွင့်ကောင်းယူ အသံကောင်းဟစ်ပြီး အဖက်ဖက်က ယိုယွင်းပျက်စီးလာသော နိုင်ငံတော် အာဏာကို ထိန်းသိမ်းရန် အလို့ငှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံမှ အာဏာကို ဗိုလ်ချုပ်ကြီး ++ က အာဏာသိမ်းလိုက်ကြောင်း၊ တည်ဆဲ ဥပဒေအရ စစ်ဥပဒေဖြင့် နောက်ထပ် အနှစ် ၂၀၊ ဆက်လက် အုပ်ချုပ်သွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို ရက်အကန့်သန့်မရှိ ရွေ့ဆိုင်းလိုက်ကြောင်း.. ဘလာ ဘာလာ တွေဖြင့်ပေါ့။ ဟုတ်တယ်လေ၊ ၈၈ တုန်းက ကြည့်ပါလား ငွေစက္ကူ ပြသာနာဖြစ်တော့ အစိုးရမှာလဲ ပြန်လှဲပေးဖို့ ဘဏ်တွေမှာ ငွေမရှိတော့ဘူး၊ ဆိုတော့ ပြည်သူတွေ ငတ်လာတယ်။ ငတ်တော့ ကြွတယ်။ ဒါက ကမ္ဘာ့နိုင်ငံရေး သီအိုရီပါပဲ။

ဆိုတော့လဲ တပွဲတိုး စိတ်ဖြေဆည်ရာ ထွက်ပေါက်ဖြစ်တဲ့ ဗေဒင်ဟောတမ်းထုတ်တဲ့သူနှင့် ဗေဒင်ဆရာတွေ ကောင်းစားတဲ့သတင်းကို ဒီဗွီဘီသတင်းမှာ ဖတ်လိုက်တယ်။ မြန်မာလူမျိုးတွေက တမျိုးပဲ၊ တချို့ကို ပြောတာပါ၊ အားလုံးတော့ မဟုတ်နိုင်ပါ။ ဗုဒ္ဓဘာသာလို့လဲ ခံယူသေးတယ်။ ဘေး ဒုက္ခတွေနှင့် ကြုံဆုံလာရင် အရင်ဆုံး သတိရ တမ်းတလိုက်တာက ဗေဒင်ဗျ၊ ဗေဒင် သရဏံ ဂစာမိ တောင် သရဏံဂုဏ်စာရင်းထဲမှာ ထည့်သွင်းရမလိုလို ဖြစ်နေပြီ၊ တချို့ ဗေဒင်ဆရာတွေက ဟောခကို နည်းနည်းယူပြီး ယတြာမှာ များများ ရိတ်တယ်တဲ့။

ယတြာဆိုလို့ ပြောရဦးမယ်။ လူတယောက်က အခြေအနေ မကောင်းလို့ ဗေဒင်ဆရာဆီကို သွားလိုက်ပြီ၊ ဗေဒင်ဆရာက လုပ်နေကျ “ မဟုတ်ပါ ” အဲ.. ယောင်လို့ “ မဟာဘုတ် ” တွေ ထောင်၊ နေ့နံတွေ မေး တောင်စဉ်းစား မြောက်စဉ်းစားပြီး၊ ဟိုဘုရားမှာ ဆီးမီး ပူဇော်လိုက်၊ ဒီဘုရားမှာ အုန်း၊ ငပျောပွဲ ပေးလိုက်၊ ဘယ်လမ်းထောက်က ဘုရားမှာ ငါးပါးသီလခံပြီး ဆွမ်းတော်တင်လိုက် ဟောလိုက်မယ်၊ ဒီတော့ အဟောခံရသူက ပြောတဲ့အတိုင်း လိုက်လုပ်မယ်၊ စဉ်းစားကြည့်နော်၊ ဘုရားသာ အသက်ထင်ရှား ရှိတော်မူနေမယ်ဆိုရင် ငါ ဘုရားကို ဗေဒင်ဆရာ ပြောမှ နင့်က ငါ့ကို လာပူဇော်တာပေါ့ ဆို၍.. ဂရုဏာဖြင့် ကြည့်တော်မူလိမ့်ထင်ပါ၏။

ခက်ပ၊ ကမ္ဘာလုံးဆိုင်ရာ လူမှု အသိုင်းအ၀ိုင်းတခုလုံး ပျက်စီးခြင်း ရောက်တဲ့ အနေအထားမှာ ဗေဒင်တွေက ကူညီ ဖြေရှင်း ပေးနိုင်လိမ့်မယ် မထင်၊ ဗုဒ္ဓဘာသာ အခြေခံသဘောတရားအရ ယုတိကျကျ ချဉ်းကပ်မှုဖြင့် ဥပမာဗျာ။ ။ ဒီနှစ်ကံမကောင်းဘူး။ ဆိုတော့ ဗေဒင် မေးမဲ့အစား လပြည့် လကွယ်အပတ်များမှာ နိုင်သလောက် ရက်လေးကို ဘုန်းကြီးကျောင်းသွားပြီး ဥပုသ်သီလယူပြီး ကုသိုလ် လုပ်မယ်။ သေခြာတာက အနည်းဆုံးတော့ ထမင်းတနပ် သက်သာမယ်။ ကုသိုလ်ရတဲ့ သဘောပါ၊ ပိုက်ဆံကုန်ခံပြီး ယတြာ ချေမဲ့အစား နိုင်သလောက်လေးကို ဘုန်းကြီးကျောင်းမှ ဘုန်းဘုန်းတွေကို လှူတန်းလိုက်ရင်ဖြင့် သံသရာကျိုးအတွက်လည်း ကောင်းလာမယ်။ မျက်နှာပန်းလှလှနှင့် ဘုန်းကြီးကျောင်းမှာ ဥပုသ်ဆောက်တည်ခွင့် ရမယ်။ လူလတော့ ဗေဒင်ပညာက ကမ္ဘာ့စီးပွားရေး ကျဆင်းနေမှုကို တိုက်ဖျက်ပေးနိုင်လိမ့်မယ်လို့ မမြင်ရိုး အမှန်၊

လွန်ခဲ့တဲ့ တလကျော်ကျော်က ဗေဒင် ဘလောဂ်ရေးနေတဲ့ ကိုတေးကိုတောင် သွား စ လိုက်သေးတယ်။ ဘလောဂ် လိုင်းပြောင်းတော့မယ်လို့။ သူက ပြန်မေးတယ်လေ ဘာလိုင်းလဲတဲ့ ။ ဗေဒင်လိုင်း ဟု ပြန်ဖြေလိုက်တာ ။ သူက အဟက်ဟက် ဆိုပြီး.. ပိုင်တယ်နော်ဆိုတဲ့ အထာ။

စကားမစပ် လူလတယောက် ပထမအကြိမ် ငရဲမှ လွတ်မြောက်နေတုန်း ကာလပေါ့၊ သိပ်မကြာဘူး ၂ လောက်ပါပဲ၊ အလုပ်ပြန်စတယ်၊ အဲဒါ ကိုယ်လို့ပဲ သူတယောက်.. အလုပ်ပြန်စတော့ အလုပ်အတူတူ သွားဖြစ်တယ်၊ သူက ကိုယ့်ကို ပြောတယ်၊ သူ ဘုန်းကြီးကျောင်းသွား အလှူတွေ လုပ် ကောင်းမှုတွေ လုပ်တာကြောင့် အလုပ်စောစော ပြန်ရတာတဲ့၊ ကြည့်စမ်း လူလနဲ့တွေ့တာပေါ့၊ ကျွန်တော်က ဘာကုသိုလ်မှ မလုပ်ရပဲနှင့် အလုပ်ပြန်ရတာလေဟု ပြောလိုက်တာ သူ့ခမျှ မျက်လုံးလေး ပေကလပ်၊ ပေကလယ်နဲ့… ဒီလိုဗျ တချို့များ အယူတိမ်းတာ၊ အခုလိုပြောတာ ဒိဌိတော့မဟုတ်ပါ လိုအပ်မှ ဘုရားတ နေလို့ပါ။

ဂန်ဘာရီကြီး ဗုံမဆင် ဆိုင်းမဆင့်နဲ့ ပေါက်ချလာတယ်။ အရင်အခေါက်တွေကဆို ကုလ သံတမန်တွေ ၀င်မယ်ဆိုရင် တလလောက်အကြာ သတင်းထွက်တယ်။ အခုလာတာက ထူးခြားနေသလိုပဲ၊ ဒီတပတ်ပဲ ကြားလိုက်ရပြီး ရုတ်တရက် ပေါက်ချနေပြီ။ သူ့အား အတိုက်အခံတွေကို အရင်တွေ့ပေးနေတယ်၊ စစ်အစိုးရက ဘာပဲ လုပ်လုပ် တော်တယ်ဗျ၊ အလုပ်တခုကို လုပ်လိုက်တိုင်းမှာ ရည်မှန်းချက် တခုတည်း မထားဘူး။ အနည်းဆုံး ရည်မှန်းချက် သုံးခု လောက်ရတယ်။

ဘီလိယက် စကားနဲ့ပြောရရင် တွိုင့်စ် ( ကာတင် ) ရိုက်သလိုပေါ့၊ ထိုးလုံး တလုံးတည်းနဲ့ ထိုးလိုက်ရင် ခံ လုံး နှစ်လုံး သို့မဟုတ် ထိုးလုံးရော ကျဉ်းထဲ ၀င်တယ်။ အဲဒီပုံစံပါပဲ လူတွေက ငတ်စ ပြုလာပြီ အစိုးရကလဲ သူ့မူကိုပဲ အီလည်လည် နှင့် ငါလှေ ငါထိုး ပဲခူးရောက်ရောက် ဆိုပြီး ခေါင်းမရွေ့ လုပ်နေတယ်၊ အစွန်းနှစ်ဖက်ကို ရောက်နေတဲ့ အနေအထား၊ ဒီတော့ စိတ်ဓါတ်စစ်ဆင်ရေးအရ လူထုအတွင်း တင်းကြပ်နေတာတွေကို ဖြေလျော့နိုင်တဲ့ နည်းလမ်းတွေ အသုံးပြုမယ်၊ ဒါကြောင့် ဂန်ဘာရီကြီးကို တိုးတိုးတိတ်တိတ် ခေါ်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံတွေကို အရင်တွေ့ပေးတယ်။ ဒါမှလဲ ကုလ နှင့် ဥရောပ တို့က ဆိုင်းငံထားတဲ့ နာဂစ်အတွက် ဒေါ်လာ သန်းပေါင်းများစွာ လာမယ်လေ၊ နောက်ပြီး အနောက်နိုင်ငံများက ပိတ်ဆို့ထားတဲ့ စီးပွားရေးကို အသည်းအသန် ပြန်ဖွင့်နိုးနိုး ပုံစံဖြစ်မယ်။

သူတို့က နာဂစ်အတွက် လာတဲ့ပိုက်ဆံတွေကို သူတို့အကျိုးအတွက်ပဲ၊ အသုံးပြုလိုက်တဲ့ အရာအားလုံးကလဲ သူတို့ကို ထောက်ခံ ခေါင်းညိတ် နေတဲ့ သူတွေအတွက်ပါပဲ၊ သိသလောက် နာဂစ်ဖြစ်စမှာ စစ်အစိုးရအတွက် အစိုးရ အချင်းချင်း ကူညီတာ တော်တော်လေးကို ရတာဗျ၊ တချို့မသိတဲ့ နိုင်ငံတွေက ပေးတာ အများကြီး၊ ဥပမာ တူရကီလိုနိုင်ငံမျိုးကလဲ နာဂစ်အတွက်ဆိုပြီး ဒေါ်လာ သိန်းချီပြီး ပေးတယ်လို့ ကိုယ်တို့ အလုပ်မှာ သန့်ရှင်းရေး လုပ်နေတဲ့ တူရကီ အဖိုးကြီးတယောက် ပြောပြလို့ သိတယ်။ ဆိုလိုတာက မြန်မာ စစ်အစိုးရနှင့် ဆက်သွယ်မိနေတဲ့ နိုင်ငံတိုင်း ပေးမှာပါ၊ ဘာလိုဆိုတော့ ကမ္ဘာပြည်သူ ပြည်သားတွေအတွက် နာဂစ်ဟာ ဒုတိယ ဆူနာမီငလျင်လိုပါပဲ။

ကိုယ်ချင်းစာပါတယ်။ ပေးတယ်၊ ပေးတော့ ရေစစ်သလို အဆင့်ဆင့်ခံ သောက်လာတော့ အမှန်အကန် ဒုကဖြစ်တဲ့ လူသားအတွက် အနည်းအကျဉ်းသာ ရောက်၏။ နောက်တော့လဲ ပေးတဲ့သူက ဘယ်လို ကြည်ဖြူတော့မှာလဲ၊
နောက်ပြီး နိုင်ငံတကာမှာ ပြန့်နှံနေထိုင်တဲ့ မြန်မာလူမျိုးတွေက ကိုယ်နိုင်ငံအကြောင်း ကိုယ်သိနေတယ်လေ၊ အစိုးရကို တိုက်ရိုက်မပေးချင်ဘူး၊ ပေးတဲ့သူတွေလဲ ရှိမှာပါ၊ သူ့အကြောင်းနဲ့သူပေါ့။ လူမှုရေးအဖွဲ့အစည်းတွေကိုပဲ ပေးချင်တာလေ။ အထူးသဖြင့် ကိုကျော်သူတို့ လုပ်ငန်းမျိုး၊ ကိုဇာဂနာတို့ လုပ်ငန်းမျိုး ဒါလဲ ခွင့်မပြုဘူးဆိုတော့ တကယ့်ကို အကျိုးရ ခံစားနိုင်တဲ့ အခြေခံ လူတန်းစားတွေအတွက် နစ်နာရပြန်၊

အခုလဲ စစ်အစိုးရက ဂန်ဘာရီကို ခေါ်ပြီး ဂွင်ဖမ်းတာလေ၊ အကျိုးကတော့ ဟ.. အတိုက်အခံတွေနဲ့ ဂန်ဘာရီတွေ့ပြီ ၊ နိုင်ငံရေး ရောင်ခြည်သန်းလာတော့မယ်လို့ ပြည်သူတွေက ရသေ့စိတ်ဖြေရ၊ နောက်ဆုံးတော့ ၂၀၁၀ ရွေးကောက်ပွဲက တစစနဲ့ နီးကပ်လာပြီး သူတို့ ရည်မှန်းချက်ကို ရောက်သွားမယ်။ တချက်ခုတ် နှစ်ချက်ပြတ်ပေါ့ဗျ၊ ကုလနှင့် နိုင်ငံတကာက ဆိုင်းထားထားတဲ့ အလှူငွေတွေ ရလိမ့်နိုးနိုး၊ ရွေးကောက်ပွဲအတွက် ရည်မှန်းချက် အောင်မြင်ဖို့အတွက် ပြည်သူကို မျက်လှည့်ပြမယ်။ အောင်မြင်ခဲ့ရင် စစ်အစိုးရအတွက် ဘဏ္ဍာလဲ ခိုင်၊ ပဏ္ဍင်လဲ ထိုင်ပေါ့..

အခုကြည့်ပါလား ဦးသိန်းစိန်က ဂန်ဘာရီနှင့် တွေ့ဆုံအချိန်မှာ အဓိကတောင်းဆိုတာက မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှု ဖွင့်ပေးရင် နိုင်ငံရေးက ပြေလည်မယ်တဲ့၊ ပြောနေပြန်ပြီ အရှက်မရှိဘူး။ အရင်တုန်းကတော့ ဘယ်လောက် ပိတ်ပိတ် ရပ်တည်နေနိုင်တယ်ဆို၊ စီးပွားရေး ဂယက်လဲ မခံရဘူးဆိုပြီးတော့ အခုတော့လဲ တမျိုး၊ အင်းပေါ့ ကမ္ဘာ့စီးပွားရေး ဂယက်က မြန်မာကို အမှန်အကန် ရိုက်ခတ်နေပြီလို့ ၀န်ခံနေသလိုလို၊ ဆိုတော့ ဦးသိန်းစီန်ရယ်.. ရှေ့တမျိုး၊ နောက်တမျိုး အရှက်ခံပြီး ပြောနေမဲ့အစား၊ စစ်တန်းလျားမှာပဲ နေပြီး တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေပါတော့။ ဒါမှ တကယ့် စစ်သားဆိုပြီး ပြည်သူတွေ ချစ်ကြမှာလေ။

နောက်ပြီး အမေရိကန်ကလဲ ဘင်္ဂလီတွေ မြောက်ပေးပြီး အုန်းစားနေတယ်၊ ပင်လယ် ရေပိုင်နက်နဲ့ ရိုဟင်ဂျာ ကိစ္စမျိုးတွေပေါ့၊ ဂျော့ဘုရှ်ကြီး သူ့နိုင်ငံ စီးပွားကျအောင်လုပ်၊ ဆင်ပိန်တော့ ကျွဲလောက် ကျန်ပါသေးတယ်။ အခုက ခြင်ပိန်တော့ မြူမှုန့်လေးတွေလောက်တောင် မရှိ ဘ၀ ဖြစ်နေပါပြီ ကြည့်ပါတော့၊ မြန်မာငွေတန်ဖိုးတက်လာတယ်။ တက်လာတော့ နိုင်ငံခြားငွေ လက်ဝယ်ထားသူများက အရင်တုန်းက ပေါက်ဈေးနှင့် ၀ယ်ထားတယ်။ အခုဈေးနဲ့ တွက်ကြည့်လိုက်ရင် လက်ဝယ်ထားသူတွေအတွက် ဆင်းရဲသွားတဲ့သဘော။ တွေးကြည့်တာပါ ဟုတ်မဟုတ်တော့မသိဘူး၊ လက်တွေ့တော့ ပြည်တွင်းဈေးကွက်ဟာ ဖုတ်လိုက်ဖုတ်လိုက် ကြုံနေရပါ၏။

ပြောချင်တာကတော့ မောင်အေးလွင်ဆိုတဲ့ လူတယောက်ကိုပဲ၊ ဂန်ဘာရီကြီးနှင့် တွေ့ရပြီ၊ ငါလဲ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တတန်းစားတဲ့ ဆိုက်ဂိုက်ဖမ်းပြီး ဖွနေတာလေ၊ ခက်ပ၊ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်က အများထောက်ခံထားတဲ့ ဆန္ဒကို လိုက်နာခြင်းမရှိဘူး .. တဲ့၊ နိုင်ငံတကာကလဲ ဘက်လိုက်ပြီး မြန်မာကို စီးပွားရေး ပိတ်တယ် ဘာလေး ညာလေးနဲ့ သူက လေတာပေါ့…။

ဝါးလုံးခေါင်းထဲကနေ လသာနေတာကို ဝေဖန်ရင် လမင်းကို ခွေးဟောင်တယ် ထင်မြင်မလား၊ စဉ်းစားနော်။ ပြသာနာက ၀ါးလုံးခေါင်းထဲက လ ဖြစ်နေတယ်လေ၊ အိမ်ပြင်ကမ္ဘာကို ခဏလောက် လှည့်ပတ်လိုက်ပါဦး၊ ကမ္ဘာကြီးဟာ ဘာတွေ ဖြစ်နေတယ်ဆိုတာ၊ ဒါမှ တကယ့် လ အစစ်၊ ကျုပ် ပြောပြမယ်၊ အိုကေ ကိုအေးလွင် ပြောသလို၊ ပြည်တွင်း အတိုက်အခံတွေက ပြည်သူ့ဆန္ဒကို လက်မခံဘူး။ ဟုတ်ပြီ ရှင်းပြမယ်၊ ပထမတချက် ၉၀ ရွေးကောက်ပွဲက ဘာကြီးတုန်း၊ သေချာတာက မသာအိမ်က ဖဲဝိုင်းတော့ မဟုတ်ဘူးနော်၊ နှစ် ၂၀ လောက် အချိန်ယူပြီး ပြိုင်ဖက်မရှိတဲ့ ဆန္ဒမဲဖြင့် ထောက်ခံတာကို ကြည့်ပြီး မပြောနဲ့လေ၊ နောက်ပြီး ခင်ဗျားက ထင်နေမယ်၊ နိုင်ငံတကာက အထူးသဖြင့် အနောက်နိုင်ငံ အသိုင်းအ၀ိုင်းများက အတိုက်ခံတွေ သွေးထိုးစကားကို နားယောင်ပြီးတော့ ဘက်လိုက်တယ်။ စီးပွားရေး ပိတ်ဆို့တယ်လို့ ပြောတယ်။

အင်း ၀ါးလုံးခေါင်းအတွေးအခေါ်ကို ရှင်းပြမယ်နော်၊ မူဝါဒတခုကို ဆုံးဖြတ်ချက်ချမယ်ဆိုရင် ဘယ်လူမျိုး၊ ဘယ်အသိုင်းအ၀ိုင်းဖြစ်ဖြစ် ပြသာနာရဲ့ အရင်းမြစ်ကို ယုတ္တိကျကျ ချဉ်းကပ်တယ်၊ မယောက်ရာ ဆီလူး ယောင်ဝါးဝါး အတွေးအခေါ်နဲ့ ဘယ်တော့မှ မလုပ်တတ်ဘူး၊ ကမ္ဘာ့ လူမှုအသိုင်းအ၀ိုင်းက မြန်မာပြည်မှာ တိုင်းပြည် အုပ်ချုပ် မင်းလုပ်နေတဲ့သူများဟာ အာဏာနှင့် ပတ်သက်လာရင် လူကို လူလိုမမြင်၊ လုပ်နေတာက လွဲနေတာတွေက လူ့အခွင့်ရေး ချိုးဖေါက်တယ်လို့ မြင်တယ်၊ ခင်ဗျားက ပြန်ငြင်းဦးမယ် ဘယ်မှာလဲ လူ့အခွင့်ရေး ချိုးဖောက်တာတွေ ဆိုပြီး၊ ကင်တာနားက မြန်မာပြည်မှာ ထမင်းလက်ဆုံ လာစားနေတာ မဟုတ်ဘူး သေချာတယ်။

နောက်တခု နိုင်ငံတကာက မြင်တဲ့ ၉၀ ရွေးကောက်ပွဲဟာ စစ်တပ်ရဲ့ ဘက်လိုက်မှု မရှိပဲ ကျင်းပခဲ့တာ သူတို့ သိတယ်လေ၊ ဒီရွေးကောက်ပွဲ ရလဒ်ကို သူတို့ လက်ခံတယ်၊ ဒါကို စစ်အစိုးရက ပြန်ပြီး မျက်ကွယ်ပြုလိုက်တယ်လို့ မြင်သွားတယ်လေ၊ မြင်တော့ သူတို့နိုင်ငံမှာ ရှိတဲ့ တက္ကသိုလ်တွေမှာ အကြောင်းအရာတခုကို တစိုက်မှတ်မှတ် ဘက်မလိုက်ပဲ ပြုစုလေ့လာနေတဲ့ ပညာရှင်တွေ၊ အစိုးရ မဟုတ်သော ၀ါသနာအရ ပြုစုနေတဲ့ အသိပညာရှင်တွေ ရှိတယ်ဗျ၊ ဥပမာ ။ ။ သစ်ပင်၊ တိရဆ္ဆန်၊ ရေမြေ လူ၊ နိုင်ငံနှင့် သဘာဝ အကြောင်းတွေပေါ့။ မြန်မာနိုင်ငံအကြောင်းကို လေ့လာနေတဲ့ ပညာရှင် တယောက် ဆိုပါစို့။ အဲသည်လူဟာ အတိုက်ခံလောကမှာ နာမည်ရနေတဲ့ မြန်မာအရေး ကျွမ်းကျင်သူတွေလောက်တော့ သိနိုင်တယ်ဗျ၊

ဒီ ပညာရှင်တွေက အကြောင်းအရာတခုကိုတက္ကသိုလ် စတက်ကဒဲက မေဂျာတခု ယူပြီး တသက်လုံး လုပ်နေတာလေ၊ မြန်မာနိုင်ငံအတွင်းက ပညာရှင်တွေလို မဟုတ်ဘူး၊ လုံးဝ လွတ်လပ်တယ် ဘယ်သူမှလဲ ထိန်းချုပ်လို့မရဘူး သူတို့ရဲ့ ကိုယ်ပိုင် လေ့လာချက်များကိုပေါ့၊ အဲဒီလို လေ့လာချက်များအပေါ် နှောင်ကြိုးမဲ့စွာ လွတ်လွတ်လပ်လပ် ဆွေးနွေးတင်ခွင့် သုံးသပ်ခွင့် ရရှိတယ်။ မြန်မာပြည်မှာလို့ စစ်အစိုးရ မူဝါဒ အောက်ကနေ ဆွေးနွေးတဲ့ ပုံစံ မဟုတ်ဘူး။ ဖုတ်ပူမီးတိုက်သလို ငေါက်ကနဲ့ ထ လုပ်တဲ့ မြန်မာအရေး ကျွမ်းကျင်သူတွေလိုလဲ မဟုတ်ဘူးဗျ၊ နှစ်ပေါင်းများစွာက စနစ်တကျ လေ့လာနေတဲ့ သူတွေပါ။

ဒီတော့လဲ အပေါ်က ပြောသလို ပြသာနာကို ချဉ်းကပ်ရန်အတွက် သတင်း အင်ဖေါ်မေးရှင်းတွေက အဲလို လူတွေမှ ရတယ်၊ ပြီးမှ သဘောအထားအမြင် အားလုံးကို သုံးသပ်ပြီး ဆုံးဖြတ်ချက် ချတယ်၊ နော်ဝေ ဒီန်းမတ်တို့ မြန်မာပြည်ကို စီးပွားရေး ပြန် ဖွင့်ပေးဖို့ စဉ်းစားနေပြီ၊ ကဲ .. ဘယ်လိုပြောမလဲ၊ သေချာတာက ခင်ဗျားတို့ ပြောလို့မဟုတ်ပါ၊ သူတို့ သိတယ်ဗျ အချဉ်တွေ မဟုတ်ဘူး၊ သူတို့က နိုင်ငံရေး ပြသာနာထက် လူသားချင်း စာနာတတ်တာက ယဉ်ကျေးမှုလို ဖြစ်နေပြီ အထူးသဖြင့် ကလေးနဲ့ မိန်းမကို ပထမကြည့်တယ်။ ကြုံရင်မေးကြည့်ပေါ့ အခုလက်ရှိ မြန်မာနိုင်ငံရေးကို ကြိုက်သလားလို့၊ တခု သတိပေးချင်တာက လိပ်ခေါင်းထွက်မတတ် ကုန်းပြီး အော်ပေးလို့ ဒီလိုဖြစ်လာတယ်ဆိုပြီး သွေးနထင် ရောက်မနေပါနဲ့၊

ဖြစ်နေတာက စစ်အစိုးရ အာဏာမက်လို့ပါ၊ ဗိုလ်စောမောင် စကားအတိုင်း စစ်တန်းလျားမှာ ပြန်နေမယ်ဆိုရင် အခုလောက်ဆို NLD လဲ အတိုက်ခံပါတီတခု ပုံစံနှင့် လူထု ကြိုက်ချင်မှ ကြိုက်မှာ၊ အနှစ် ၂၀ လုံးတော့ ဘယ်ပါတီမှ သူတို့ အာဏာကို ဆုပ်ကိုင်ထားလို့ မနိုင်ပါဘူး၊ လေးနှစ်တကြိမ် ပြည်သူ့ ဆန္ဒနဲ့ သွားနေတယ်ဆိုတော့။

နောက်ပြီး ကိုအေးလွင်ပြောသလို လူပိန်းစကား ပြောမယ်၊ အိုကေ ခင်ဗျားတို့ ထောက်ခံခဲ့တဲ့ အခြေခံ ဥပဒေ ထောက်ခံပွဲ အနိုင်ရခဲ့တယ်။ လက်ခံ၏။ ဒါဗေမဲ့ ၉၀ ရွေးကောက်ပွဲက အတိုက်အခံများဖက်က အနိုင်ရတဲ့ ပွဲပါ၊ ဘော်ပွဲစကားနဲ့ ပြောရရင် ၁း၁ နှင့် သရေပေါ့၊ ဟုတ်ပြီ … ဖမ်းထားတဲ့ နိုင်ငံရေးသမားတွေ၊ ကျောင်းသားခေါင်းဆောင်တွေ၊ လူမျိုးစု ခေါင်းဆောင်တွေကို လွတ်ထုတ်ပေးပါ၊ လွတ်လပ်စွာ စည်းရုံးပြောဆိုခွင့်ပြုပြီး နောက်ထပ် စစ်တမ်းတခု ထပ်ကောက်ပါ၊ စစ်တပ်ကို ခုံသမာဓိပုံစံနှင့် ဘက်မလိုက်ပဲ ထိန်းခိုင်း၊ ထိုင်းစစ်တပ်လိုပေါ့၊ ဟုတ်တယ်ဟုတ်၊ သဘောပေါက်လောက်တယ် ထင်တယ်။ သေချာပါတယ် ကိုအေးလွင် ဒီလိုသဘောထားမျိုး ရှိနိုင်မှာ မဟုတ်ဘူးလေ၊ ပြည်သူ ချစ်ခင် လက်ခံရလောက်အောင် ကိုယ်ပိုင် အရည်အချင်း၊ မူ မရှိပဲ စစ်အစိုးရက ဘက်လိုက် ကျောထောက်နောက်ခံပြု အားပေးနေတာကိုး၊ ဒါနဲ့ပဲ လူဖြစ်နေတာလေ။

ပြင်သစ်နှင့် ဗြိတိန်။ အိုက်စလန်။ ရှရှားနိုင်ငံတို့မှာ အစိုးရရဲ့ကိုင်တွယ်မှု ညံ့ဖျင်းလာတယ်ဆိုပြီး လူထုတချို့က ဆန္ဒတွေပြလာတယ်။ သူတို့မြင်တာက ဘဏ်တွေပဲ အကူအညီ လုပ်ပြီး၊ အလုပ်လက်မဲ့အတွက် ထိထိရောက်ရောက် မကူညီဘူးလို့ဆိုတယ်။ နောက်ပြီး အင်္ဂလန်မှာဆိုရင် နိုင်ငံခြားသား အထူးသဖြင့် အရှေ့ဥရောပနိုင်ငံသား အလုပ်သမားတွေ အလုပ်ရတယ်။ နိုင်ငံသား စစ်စစ်တွေက အလုပ်လက်မဲ့ဖြစ်တယ်လို အကြောင်းပြတယ်။ အစိုးရဆိုတာက တခုချင်းထက် တခုလုံးကို သုံးသပ်ပြီး အလုပ်တဲ့အတွက် အများနှင့် သက်ဆိုင်တဲ့ ဘဏ်တွေ မပြိုလဲသွားအောင် ကူညီပေးရမှာပဲလေ၊ စဉ်းစားကြည့်ပါ ပုဂ္ဂလိက ဘဏ်သေး ဘဏ်သိမ်လေးတွေကို မဆိုလိုဘူးနော်။ ဘဏ်ကြီးတခု ပြိုလဲသွားပြီဆိုရင် လူတန်းစားအသီးသီးက ဘဏ်မှာ သိမ်းဆည်းထားတဲ့ သူတို့ ပိုက်ဆံတွေ မရတော့ဘူးပေါ့၊ အကုန်ဆုံးမယ်လေ။ ဒီတော့ ဘာတွေ ဖြစ်လာမလဲ၊ မတွေးဝံပါဘူး၊ ရေးရင်းနဲ့တောင် ကျောချမ်းလာတယ်၊

အလုပ်လက်မဲ့တွေအတွက်ကတော့ အခု ဆန္ဒပြနေတဲ့ နိုင်ငံတွေမှာ ဥပဒေက ရှိပြီးသားပါ။ ၀င်ငွေ ထိုးကျသွားတဲ့အတွက် ညစ်ပြီး လုပ်မိလုပ်ရာတွေ လုပ်လိုက်တဲ့သဘောပါ၊ ဥပမာဗျာ အမေရိကန်ပြည်ထောင်စုရဲ့ အခြေခံလူတန်းစားတယောက်ရဲ့ အခြေခံလစာဟာ တလကို ဒေါ်လာ ၁၅၀၀ ပတ်ဝန်းကျင်ရတယ်ဆိုပါတော့ ၊ ဒီလူဟာ အလုပ်လက်မဲ့ဖြစ်ပြီး နောက်ပိုင်း အစိုးရက ထောက်ပံတာက ဒေါ်လာ ၄၀၀ ပတ်ဝန်းကျင် လောက်ပဲ ရတယ်လေ။ ဒီတော့လဲ ၀င်ငွေ ထွက်ငွေ မမျှတ ဖြစ်တာပေါ့။ အစိုးရကလဲ နေဖို့ စားဖို့လောက်ပဲ ထောက်ပံမှာလေ၊ ပြသာနာက အလုပ်ရှိနေတဲ့ အတောအတွင်းမှာ လူတွေက အိမ် ကား နှင့် ဇိမ်ခံပစည်းတွေ ၀ယ်သုံးရတယ်။ အများအားဖြင့် အကြွေးစနစ်ပေါ့ဗျ။ ဆိုတော့လဲ အစိုးရပေးတဲ့ ထောက်ပံလစာနဲ့ ဘယ်လို ရှင်သန် ရပ်တည်မှာလဲ၊ ဘယ်သူ့အမှားလဲ၊ ပိုင်ဆိုင်မှုများရဲ့  အနောက်လိုက်ရင်းပဲဆိုဆို၊ လိုအပ်ချက်အရပဲ ပြောပြော ကိုယ်ပဲ သားကောင်း ဖြစ်ရ၊ နောက်ဆုံးတော့လဲ ဘယ်သူမပြု မိမိမှုလို့ ပြောရတော့မယ်။

အခု အိုက်စလန်အစိုးရအဖွဲ့တော့ ပြောင်းလဲသွားပြီ၊ သူများနိုင်ငံတွေများ ပြည်သူ့ဆန္ဒကို လေးစားပါတယ်ဗျာ၊ အင်း ဒါကြောင့်လဲ လူလိုသူလို နေရတာပေါ့…နောက်တခုက အနောက် ဥရောပမှာ ရှိတဲ့ ချမ်းသာတဲ့ နိုင်ငံတွေမှာ မူရင်း နိုင်ငံသားတွေက တော်ယုံတန်ရုံအလုပ်ဆို သိပ်မလုပ်ချင်ကြဘူး၊ ဆိုတော့လဲ နိုင်ငံခြားသား အလုပ်သမားကို ဈေးပေါပေါနှင့် နိုင်ငံသားတွေ မလုပ်တဲ့ အလုပ်ကြမ်းတွေမှာ ခိုင်းတာပဲလေ။ အစိုးရကတော့ မှားလိမ့်မယ် မထင်၊ အလုပ်လက်မဲ့နှင့် ပတ်သက်ပြီး ဥပဒေက နှစ်ပေါင်းများစွား ကတည်းက ရှိနေပြီးသား ဖြစ်နေလို့ပါပဲ။ နောက်ပြီး အတိုက်ခံတွေကလည်း သူတို့ အာဏာ လိုချင်တယ်လေ၊ ဖွပေး ဟပေး မှာပါ၊ အမေရိကန်ပြည်ထောင်စုမှတော့ ဒီတနှစ်အတွင်းမှာ ဆန္ဒပြမှုတော့ ရှိနိုင်လိမ့်မည် မဟုတ်။ အစိုးရအသစ်လည်း ဖြစ်၊ အိုဘာမားက လူချစ်လူခင်များနေတယ်၊

တကယ့် ပြသာနာက စီးပွားရေး ဂယက်မှာ အာရှ တချို့နိုင်ငံတွေဟာ အလုပ်လက်မဲ့ ပြသာနာကို ဖြေရှင်းဖို့ ခက်ခဲလိမ့်မယ်လေ။ ဘာကြောင့်ဆိုတော့ အလုပ်လက်မဲ့ဥပဒေ၊ အလုပ်လက်မဲ့ အကျိုးခံစားခွင့် ရှိမှ မရှိတာ၊ ဆိုတော့လဲ ဒီလို အလုပ်မရှိတဲ့ လူတွေ အတွက် အရမ်းကို ခက်ခဲလာမယ်၊ တရုတ်နိုင်ငံတောင် အလုပ်မရှိတဲ့သူတွေ များလာလို့ တော်တော် ခေါင်းစားနေပြီ၊ ဒါတောင် သူတို့နိုင်ငံက အစိုးရ ဘဏ္ဍာ တောင့်တင်းတယ်နော်၊ မြန်မာနိုင်ငံလို နိုင်ငံအတွင်းမှာ မတွေးဝံနိုင်တဲ့ ဆိုးကျိုးတွေ ပေါ်လာလိမ့်မယ်၊ စကားပုံတောင် ရှိတယ်လေ ပြသာနာက တခုတည်း မလာတတ်ဘူး အပေါင်းဖေါ်နဲ့လာတတ်တယ်လို့.. သတိထားပေါ့ တိုင်းပြည် အုပ်ချုပ် မင်းလုပ်တဲ့သူတွေ..

အလုပ်လက်မဲ့ဥပဒေ အကျိုးခံစားခွင့်ဆိုတာက မြန်မာပြည်မှာ ကြားကို မကြားဖူးဘူးဗျ၊ ဒါလဲ အစိုးရ အဆက်ဆက် အားနည်းချက်လို့တော့ မထင်၊ အဓိက ပြသာနာက မြန်မာလူမျိုးတွေဟာ အခွန်ထမ်းစနစ်ကို အရမ်းကြောက်တယ်၊ ဒါလဲ ပဒေသရာဇ်စနစ်နှင့် ကိုလိုနီအုပ်ချုပ်ရေး စနစ်များမှဆိုးကျိုးတွေပါပဲ။ အခုလို အလုပ်လက်မဲ့ ပြသာနာကို ဖြေရှင်းနိုင်တဲ့ နိုင်ငံတွေမှာက လူတယောက်ဟာ လုပ်အားဖြင့်ရလာတဲ့ ပိုက်ဆံကို အချိုးကျ တွက်ချက်ပြီး အခွန် အဖြစ် နိုင်ငံတော် သို့မဟုတ် ပြည်နယ် ကို ပေးဆောင်ရတယ်လေ၊

အခုလို ပြည်သူတွေကနေ ပေးဆောင်လိုက်တဲ့ အခွန်ငွေတွေကလဲ၊ အုပ်ချုပ်သူတွေက အလွဲသုံးစား လုပ်လို့မရဘူး၊ တိုင်းပြည်အကျိုး အထူးသဖြင့် ကျန်းမာရေး လမ်းပန်းဆက်သွယ်ရေး လူမှုရေးတွေမှာ အသုံးပြုတယ်၊ အဲဒီ ဘဏ္ဍာဖြင့်ပဲ တကယ်လို့များ လူတယောက်က အလုပ်မလုပ်နိုင်စွမ်း မရှိလို့ ဖြစ်စေ၊ အခြေအနေ တခုအရ အလုပ်ပြုတ် သွားလျှင် ဖြစ်စေ၊ လူအများထံမှ ကောက်ယူထားတဲ့ အခွန်ငွေထဲကနေ ပြန်ပြီး ထောက်ပံမှုပေးရတယ်။ ဆိုတော့လဲ လူမှုရေးက ဆိုးဆိုးဝါးဝါး မဖြစ်သွားဘူးပေါ့။ ဒီအကြောင်းကို http://luula18.blogspot.com/2008/12/blog-post_20.html ဒီမှာ ရေးထားပါတယ်။

ရိုဟင်ဂျာ လှေစီးပြေးက တွေးထားတဲ့အတိုင်းပါပဲ၊ နောက်ကွယ်မှာ လူကုန်းကူးတွေနဲ့ ဆက်နွယ်နေတာလို့ ထိုင်း UNHCR က ပြောနေပြီ ကြည့်ပါတော့။ နေရာတခုကို စွန့်စားသွားတယ်ဆိုတာ အခြေအမြစ် လုံးဝ မသိပဲ မျက်ကန်းတစ္တေ မကြောက်ပုံစံတော့ ဘယ်လူသားက မလုပ်ဘူး၊ ဒီလို လှေစီးပြေးတာတွေ ခေတ်စားလာတာလဲ မူရင်းဒေသမှာ စီးပွားရေးတခုလို ဖြစ်နေလိမ့်မယ်လို့ ထင်မိတယ်။ အမှန်အကန် လှေစီးပြေးတယ်ဆိုတာ ကိုယ်ပိုင်လှေကလေးတွေမှာ မိသားစုအလိုက် ထွက်ပြေးတာဗျ။ အခုက ယောင်္ကျားတွေ ချည်းပဲတဲ့။ ဂွင်မခိုင်ရင် ဂွေပျောက်တဲ့ သဘောပါပဲ။

နောက်ပြီး လှေပိုင်တဲ့တွေက ကိုယ်အသိုင်းအ၀ိုင်းမဟုတ်ပဲနှင့် ဘယ်တော့မှ လှေပေါ် ခေါ်တင်မှာ မဟုတ်ဘူးလေ။ သူတို့က ထမင်းငတ်လို့ အလုပ်သစ်ရှာဖွေ စွန့်စားတာပါ၊ ရိုဟင်ဂျာများ လက်ခံရေးကို ထိုင်းပြည်သူတွေက လက်မခံတဲ့အတွက် ဆန္ဒတွေ ပြနေပြီ။ နောက်ထပ် ဒီလိုပဲ ထပ်ရောက်လာရင်လည်း မြန်မာပြည်ကို ပြန်ပို့မယ်လို့ ထိုင်းအစိုးရက တရားဝင် ထုတ်ပြန်တယ်၊ ကဲ ဘယ်လို ဆက်လုပ်မလဲ လှေစီးပြေးတွေ…

ကျွန်တော် ဖြစ်ချင်တာက သူများနိုင်ငံမှာ ရှုပ်ရှုပ်ယှက်ယှက်ဖြစ်နေတာ.. လူသားချင်း ကိုယ်ချင်းစာနာပါတယ်။ အခုလို လှေစီးပြ ပြီး၊ ထမင်းငတ်လို့ ထွက်ပြေးလာတယ်၊ ငါတို့ နယ်မြေမှာ ငတ်ပြတ်နေပြီ လူသားချင်းစာနာစွာဖြင့် အကူအညီပေးလှည့်ပါ လို ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ကို သနားခံလွှာတင်ပြီး တောင်းခံပေါ့ဗျ၊ လူလူချင်း ညာတာပြီး အကြံပေးတာ၊ အခုက ဘယ်သူမှ လက်မခံချင်တာကို ဇွတ်တိုးဝင်နေလို့ ပြောနေတာပါ၊ အင်း အခုတော့ အင်ဒိုက လက်ခံလိုက်တယ်ဆိုပဲ၊ ဘာသာတမျိုး ရိုကျိုးပါလို့ ဆိုသလို ဘာသာတူတွေကို လက်ခံလိုက်တယ် သဘောဖြစ်တယ် ထင်၏။ လမ်းကြောင်းပွင့်သွားပြီ။ ဒီလူမျိုးတွေက ပင်လယ်ရေကြောင်း ကျွမ်းကျင်၏။ ဒီတော့ ဆက်လက်ပြီး လက်ခံလိုက်ပါ လာဦးမယ် အုပ်နဲ့ကျင်းနဲ့၊ အနောက်နိုင်ငံတွေက သိပ်လက်ခံချင်ပုံမရဘူး၊ စီးပွားရေးလဲ ကျဆင်းနေပြီလေ၊ ဒီအပတ်မှာပဲ အင်္ဂလန်မှာ လူဝင်မှုကို ကြီးကြပ်နေပြီတဲ့ ဆိုလိုတာက နိုင်ငံခြားသား အခြေချခွင့် မလိုတော့တဲ့သဘော၊ ငုတ်တုတ်မိပြီး အစုတ်ပလုတ်ဖြစ်နေဦးမယ်၊ ကိုအင်ဒိုတို့ရေ။ ဒုက္ခနဲ့ပဲ ရည်ဖျော်သောက်ပါတော့၊

အကယ်လို့များ ဒီလှေစီးပြေးတွေဟာ တခြားဘာသာဝင်များဖြစ်မယ်ဆိုရင် အင်ဒိုအစိုးရလဲ မျက်ကွယ်ပြုနေမှာ သေချာတယ်လေ။ ထိုင်းက အခု ၀န်ခံလိုက်ပြီ၊ ဟုတ်တယ် နှင်ထုတ်ပစ်လိုက်ပြီတဲ့။ သူ့ အရာထမ်းတွေကို အရေးယူမယ်ဆိုပြီး အဘီစစ်က ပြောလိုက်ပြီ၊ နောက်ထပ်လာရင်တော့ သတင်း လုံးဝ မထွက်အောင် သတ်ပစ်မဲ့ပုံပဲ။ သြစီကလဲ အင်ဒိုအစိုးရနဲ့ ဆွေးနွေးနေပြီ၊ မလက်ခံနိုင်ဘူး သဘောပါပဲ။

ပင်လယ်အကြောင်းကို သိသလောက်ပေါ့၊ အခုလို လှေစီးပြေးတဲ့အချိန် ရာသီက ကွိုင် မရှိဘူး။ ဘေးရန်ကင်းတယ်။ ရာသီဥတု မဆိုးဝါးဘူး၊ အခုအချိန် ဇန်န၀ါရီ ဖေဖေါ်ဝါရီမှာ အရှေ့မြောက်ဖက်က တိုက်ခတ်လာတဲ့ မြောက်ပြန်လေဟာ ကုန်းမြေကို ဖြတ်သန်းခဲ့တဲ့အတွက် အရှိန်မရှိတော့ပဲ ပင်လယ်ဟာ ရေကန်ထဲ ရေပြင်တခုလိုဖြစ်နေတယ်၊ ပုံမှန်ရှိတဲ့ ပင်လယ် ဒီရေ၊ ရေတက် ရေကျ ရေစီးကြောင်းအတိုင်း ခုတ်မောင်းရတယ်။ လပြည့်တဲ့ညတွေဆို ၀ါသနာပါရင် ကဇာတ်ပွဲတောင် က ရတယ်ဗျ။ ဆိုတော့ ဒီအချိန်ကို ရွေးပြီး နေရပ်ကနေ စွန့်ခွာတဲ့ပုံစံ၊ မိုးသက် လေပြင်းများ ဖြစ်ပေါ်တတ်တဲ့ အနောက်တောင်လေ တိုက်ခတ်တဲ့အချိန်များမှာ အခုလို ဓါတ်ပုံတွေမှာ တွေ့နေရတဲ့ လှေငယ်လေး တစီးပေါ်မှာ လူ ၁၀၀ ပတ်ဝန်းကျင် ကြပ်သိပ် စီးနင်းခုတ်မောင်းကြည့်ပါလား၊ မော်တင်စွန်းကိုတောင် မကျော်နိုင်ပါဘူး။ အားလုံး ငါးစာ ဖြစ်သွားမယ်။ လူလက ပင်လယ်မှာ နှစ်တော်များများနေဖူးတယ်ဆိုတော့ ပြောပြနိုင်တယ်လေ။

ဆိုလိုနေတာက ဒုက္ခ အမှန်အကန်ဖြစ်လို့ ထွက်ပြေးရင် အချိန်အခါဆိုတာ မရှိပါဘူး။ နောက်ပြီး ထိုင်း ယူအင်က ပြောတာက တချို့ လှေစီးပြေးတွေမှာ ထိုင်းနီုင်ငံအတွင်း နေထိုင်နေသော လူတွေရဲ့ ဖုန်းနံပါတ်တွေ ရှိနေတယ်ဆိုပဲ၊ ဆိုတော့ ကဇာတ်ပုဒ်ကို ဇာတ်ညွှန်းရေးပြီး သရုပ်ဆောင်နေသလို ဖြစ်နေတယ်လေ။ နောက်ကွယ်မှာ ဘယ်သူတွေက ဒါရိုက်တာလုပ်နေတယ်ဆိုတာ ကာယကံရှင်တွေပဲ သိနိုင်လိမ့်မယ် ထင်ပါရဲ့…

အခုလို ပြသာနာတက်နေတဲ့အချိန်မှာ အိုင်ယာလန်နိုင်ငံက မြန်မာ - ဘင်္ဂလားဒေရှ့်နယ်စပ်မှာ ရှိတဲ့ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ မိသားစု အနည်းအကျဉ်းကို ခေါ်မည်ဟု ထုတ်ပြန်လိုက်တယ်၊ ကောင်းပါတယ်။ ဒီလမ်းကြောင်းပဲ လျှောက်ပေါ့ ...

နောက်ပြီး အွန်လိုင်းမှာ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးနေတာကို တချို့ သူများကို စစ်အစိုးရ အလိုကျ ဖြစ်သွားမယ်။ ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်သွားမယ်ဆိုပြီး၊ တဆိပ် တအိတ်လုပ်ပြီး ဖွနေတာ၊ ဖွတဲ့လူကလဲ အခုလို အမှန်မြင်တဲ့လူနဲ့ စစ်အစိုးရကို လှည့်တိုက်ပေးလိုက်တယ်၊ အမှန်တရားကို လူတွေ စိတ်ထဲ မရောက်သွားအောင် ကြိုပိတ်လိုက်တယ်လို့.. ရောထွေးလိုက်တဲ့သဘော.. ထင်မိတာပါ။

တိုက်ဆိုင်လို့ အငြင်းအပွား ဖြစ်တာပဲ ဆိုဆို အငြင်းပွားဖြစ်လို့ တိုက်ဆိုင်သွားတာပဲ ပြောပြော၊ ဧည်သည်တွေကို ခေါ်လာပြီး မြန်မာနိုင်ငံသား တိုင်းရေးသားတွေလို့ တချို့က တကြော်ကြော် အော်နေတာ ဒါကို အမှန်ကို လိုလားတဲ့၊ အမှန်ကို သိတဲ့ လူတွေက မချင့်မရဲ၊ ဆားငံရေ သောက်ရသလို ငံတန်တန်ကြီးဖြစ်တာလေ၊ ဟ .. ဟ ဘာတွေလဲပေါ့ လိမ်ဆင် ချွတ်ဆင် နဲ့ ဘလော်ဆိုင်း( ဘလိုင်း)ကြီးပါလားဆိုတဲ့ စိတ်တွေနဲ့လေ..

နောက်တခုက စော်ကားတာတော့မဟုတ်ဘူး မြန်မာပြည်မှာ အခြေခံလူတန်းစားတွေ အင်တာနက် သုံးပြု့လေ့မရှိပါဘူး။ အသုံးပြုတဲ့သူတွေကလဲ ဒီအကြောင်းကို မီးလောင်ရာ လေပင့် ဖွမဲ့လူ တယောက်မှ မရှိဘူး ထင်၏။ အမေရိကန်ပြည်ထောင်စုနိုင်ငံလို အင်တာနက်ကမှတဆင့် လူမှုအသိုင်းအ၀ိုင်း ပြောင်းလဲသွားသလို မလုပ်နိုင်ပါဘူး။ အွန်လိုင်းမှာ ဒီလောက် ငြင်းပွားလောက်ရုံဖြင့် ဗမာပြည်မှာ ပဋိပက္ခတော့ မဖြစ်နိုင်လောက်ပါ။

ပြောင်းလဲမှုဆိုတာ အခြေခံလူတန်းစားတွေမှ အစပျိုးတာပါ၊ စစ်အစိုးရလဲ ဘလောဂ်တွေကို လူတွေ အားလုံး မကြည့်နိုင်အောင် ပိတ်ထားတယ်။ နည်းပညာ ကျွမ်းကျင်တဲ့သူလောက်ပဲ ခြံကျော်နိုင်တာလေ၊ မပူပါနဲ့ စစ်အစိုးရ အခုအခြေအနေနဲ့ ဒီပြသာနာကို နိုင်ငံရေး ထွက်ပေါက်တခုပုံစံ မလုပ်ပါဘူး၊ စစ်အစိုးရက တနိုင်ငံလုံးကို လုံးဝ ချုပ်ထားနိုင်နေတဲ့ အနေအထား၊ ဒါဗေမဲ့ သူတို့ လုပ်မယ်ဆိုရင် ဖြစ်တယ်။ သူတို့က အရှေ့အလယ်ပိုင်းကို အခုမှ ထိုးဖောက်စပဲသေး။ အထူးသဖြင့် ကူဝိတ်မှာ သံရုံးဖွင့်တာတို့ စသော စသော .. သူ့အကျိုးတွေ အများကြီး ရမဲ့ အနေအထားပါ၊ ဒီလိုလုပ်လိုက်ရင် စားပေါက် ပိတ်သွားရမှာပေါ့၊ စိတ်ချ မလုပ်ဘူး၊ အပေါ်မှာ ရေးထားသလို အမှန်အကန် ငတ်ပြတ်ပြီး အုံကြွလာမှာကိုပဲ စစ်အစိုးရတို့က သေနတ် ကျည်ထိုးပြီး ထိုင်စောင့်နေတာဗျ၊ ဒီလို ငတ်ပြတ်ပြီး အုံကြွတဲ့အချိန်မှာပဲ နိုင်ငံရေး ထွက်ပေါက်ကို ဘာသာရေးနှင့် ရောသမှနိုင်တယ်.. ဒီအချိန်ကျမှပဲ ပူ၊ အယုံမရှိနဲ့ တကယ်လုပ်မှာ…


ညီညွတ်ရေးဇာတ်ပွဲက ပြန်ကြားရေးဝန်မင်းလဲ အသံတိတ် ရုပ်ရှင်ခေတ်ကလို မိုက်ကိုင်ပြီး ဇာတ်ညွန်းစကားတွေကို ဖွပေးနေတဲ့ သူလိုလို၊ ဗိုလ်ကျော်ဆန်းလိုလို ဂိုက်ဖမ်းနေတာ၊ လူတွေက မကြိုက်တော့ပြီ တော်ပါတော့ တန်ပါတော့ အော်နေတာ၊ သူ့ခမျှ မေတ္တာရပ်ခံပါတယ်။ ထိုင်ခံပါတယ် လိုက်လုပ်နေသေးတဲ့ဘ၀၊ သေနတ်များ ကိုင်ထားရင် ဝေဖန်တဲ့သူတွေကို လိုက်သတ်မဲ့ပုံ။ သြော်.. အသံတိတ်ခေတ်က ရုပ်ရှင်ဆိုတာက မကြုံဖူးပါဘူး ကြားဖူးတာ… ရုပ်ပဲမြင်ရတယ် အသံက ဇာတ်ဝင်ခန်းတီးလုံးက ဆိုင်းဝိုင်းသုံးတယ်။ စကားပြောခန်းဆို မိုက်ကိုင်ပြီး အပြင်လူတွေက အော်ပေးရတယ်။ ဗမာဇာတ်လမ်းက သိတဲ့အတိုင်းပဲ ထိုးခန်းကြိတ်ခန်းပါမှ ဇာတ်ဖြစ်တာလေ၊ ဒါဗလင်ဇာတ်ကားလိုပေါ့.. လူကြမ်းတွေက မင်းသားကို ထိုးကြိတ်နေတဲ့ အခန်းရောက်ရင် ပွဲကြည့်တဲ့ ပရိဿတ်က သိပ်မကြည်တော့ဘူး၊ အဖြူရောင်ပိတ်ကားကြီး စုတ်ပြတ်သွားမယ်လေ၊ ဒါကို ခံရများတော့ မိုက်ကို ကိုင်ပြီး ဖွနေတဲ့သူ “ မင်းသားက မကြာမှီအတွင်းမှာ ပြန်လှည်ထိုးသတ်မည်” လို့ ကြိုအော်ပေးရတယ်.. နိုမို့ရင် မနက်ဖြန်အတွက် အဖြူရောင်ပိတ်ကား အသုံးပြုလို့တောင် မရတော့ဘူး လို့ မှတ်ပေတော့၊ ဖြစ်ခဲ့တာတွေက တောမှာပါ၊ အခုလဲ ပြန်ကြားရေးဝန်မင်း ဒီပုံ ဒီပဲပါပဲ၊ တော်သေးတာပေါ့ အင်တာနက်အွန်လိုင်းဖြစ်နေလို့..

ဝန်မင်းအသစ်တယောက်က အားရစရာ.. အတိုက်အခံတွေအားလုံး ညီညွှတ်ရေးဇာတ်ဖွဲ့မှာ ပါဝင်နိုင်အောင် ကြိုးစားမည်၊ မရရင်တော့ ၀န်မင်းမလုပ်တော့ဘူးတဲ့၊ ဟုတ်ပါ့မလား မောင်ကာလူးရယ်၊ ပြောရင် မပီး တီးမမြည်၊ မပီးခင် ဗမာမပြနဲ့တဲ့၊ ဘာပြောပြော ဒီလိုပြောတော့လဲ ကြိုက်ပါ့၊ ကြိုဆိုပါ၏။ ဖြစ်လာရင်တော့ အကောင်းသား.. သေချာတာကတော့ နန်းရင်းဝန်က *“ အောင်ဒင်ကို ဒီလိုလာစမ်းလို့ ဘယ်ရမလဲ ” ငှဲငှဲ.. အထာဖြင့် ၄ နှစ်တော့ နပ်ပြီ ။ *( ဗိုလ်အောင်ဒင် ရုပ်ရှင်ဇာတ်လမ်းက စကား)၊

နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲပြီးလို့ အစိုးရတက်လာရင် စင်ပြိုင်အစိုးရက ဘယ်လိုနာမည်နဲ့ ဆက်သွားမလဲ မသိ၊

ကင်တားနား ၀င်စစ်ပြီ၊ ထုံးစံအတိုင်းပေါ့ ၊ ထောင်ကို မိတ်ကပ်ဖို့ထားမယ်၊ နောက် ကရင်ပြည်နယ်ဖက်ကို လိုက်ပြသတဲ့၊ ဒါလဲ သူတို့က ကရင့်ငြိမ်းအဖွဲ့များနှင့် ပိုင်နေပြီ၊ အေးချမ်းပါတယ်ဆိုပြီး ပြတဲ့သဘောပါပဲ၊ စစ်တဲ့သူကလဲ သံသယနှင့်ကြည့်တတ်တယ်လေ၊ သံသယဖြင့် ကြည့်တယ်ဆိုမှ ယုံကြည်လောက်တဲ့ အနေအထားက ရှိမှာ မထင်ပါဘူး။ နိုင်ငံရေးအကျဉ်းသားများကို အပြစ်ဒဏ်လျှောပေးလိုက်တာက ကောင်းပါတယ်လို့ မပြောချင်သေးပါဘူး၊ အတူတူလောက်ပါပဲ အရင် အပြစ်ဒဏ်က သေပြီးနောက် ထောင်ချခံနေရမဲ့ ကာလ၊ အခုက ထောင်ထဲမှာပဲ နာပြီး သေရမဲ့ ကာလပါ။ ထူးမခြားနား.. မထူးခြားနား ..

ကရင်ငြိမ်းအဖွဲ့ဆိုလို့ စစ်အစိုးရများ အကြံပိုင်လိုက်ပုံများ … DKBA နှင့် ဗိုလ်ထိန်မောင်အဖွဲ့ကို နယ်ခြားစောင့် တပ်တွေအဖြစ် လုပ်ပိုင်ခွင့်တွေ လွဲပေးလိုက်ပြီ၊ ဒီတော့ ဘာဖြစ်မလဲ၊ ပြောရမယ်ဆိုရင်.. ထိုင်းစစ်တပ် ဖွဲ့စည်းပုံတခုပေါ့၊ မြန်မာ ထိုင်း နယ်စပ်တွေမှာ ထိုင်းစစ်တပ်က မဟာဗျူဟာအရ တပ်စွဲထားတဲ့ နယ်ခြား စောင့်တပ် ( တောချောဒေါ ) မှာ ကရင်တိုင်းရင်းသားများ အတော်များများဟာ စစ်မှုထမ်းနေတာကို တွေ့ရတယ်။ ဒါလည်း ထိုင်းတောင်ပေါ်သားကဒ်ရထားတဲ့ မိသားစုများမှ ပေါက်ဖွားလာခဲ့တဲ့ လူငယ်တွေ ဖြစ်တယ်။

ဥပဒေအရ အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမယ်၊ နောက်ပြီး တောင်ပေါ်သား ခေါ်တဲ့ ဒုတိယနိုင်ငံသား အခွင့်အရေးကနေ နိုင်ငံသားစစ်စစ် အခွင့်အရေးရနိုင်တဲ့ အခွင့်အလမ်းဟာ ဒီနည်းလမ်းက အနီးဆုံးဖြစ်တဲ့အတွက် ထိုင်းနိုင်ငံဖွား ကရင် လူငယ် အတော်များများဟာ ထိုင်း နယ်ခြားစောင့် တပ်ဖွဲ့တွေမှာ ၀င်ရောက် အမှုထမ်းလာခဲ့ကြတယ်။ ဆိုတော့ ထိုင်း မြန်မာ နယ်ခြား ပြသာနာဖြစ်ပြီးဆိုရင် ကရင် ကရင်ချင်း တိုက်ခိုင်းလိုက်တဲ့ နည်းဗျူဟာ တရပ်ပါပဲ၊ ညီအစ်ကိုတော် ကရင် တိုင်းရင်းသားတွေခမျှ အိုးမဲသုတ်ခံရပြီး ခွတ်ရမဲ့သဘော။ လေးစားလောက်တဲ့အကြံအစည်ဗျ။

ပြည်ပရောက် ဒီမိုကရေစီ အင်အားတွေက တချို့များ ၂၀၁၀ ရွေးကောက်ပွဲကို ယှဉ်ပြိုင်မယ်ဆိုပြီး ဘသား ယောင်္ကျားတချို့က ပုဆိုး ခါးထောင်းကြိုက်၊ မသမီး မိန်းမအချို့လဲ ထမီကို ဆွဲပြီး သကာလ ဇာတ်လမ်းက မသန်း ရုပ်ရှင်ထဲက မို့မို့မြင့်အောင် စတိုင်နဲ့ ဟန်ရေးတပြပြ လုပ်နေကြပါပြီ၊ စစ်အစိုးရ လက်ခံလား မလက်ခံတော့မသိပါဘူး၊ ဒိုံ့များလဲ ပါပရစေ ဆိုပြီးတော့လေ၊ ဗုံသံ ဆိုင်းသံနှင့် တကြော်ကြော် အော်နေပါပြီ၊ ဦးနေ၀င်းလက်ထက် ဆိုရှယ်လစ်ခေတ်ပြောင်း တော်လှန်ရေးလို့ အော်လိုက်တာ တချို့အတိုက်ခံများ ခွေးကတက်ကပဲ အိပ်ရ အိပ်ရ ဆိုတဲ့ သမိုင်းဝင် နိုင်ငံရေးစကားက ပြနေတယ်ဆိုတော့ သြော် မြန်မာရယ်.. ဆိုပြီး သက်ပြင်းရယ် အခါခါ ချမိပါတယ်၊

အရင်တုန်းကတော့ “ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံကြ” ဆိုပြီး ထမင်းတောင်းစားကောင်းအောင် ဟိုပွဲ ဆိုလဲ ရွှေမိပါတယ်။ လူကုန်ထံ နိုင်ငံရေးသမား လုပ်ချင်တော့ ဒီပွဲဆိုလဲ ရွှေဘတွေ ပါချင်ဆိုသလိုပေါ့ဗျ၊ ဘာပဲပြောပြောဗျ အဝေးရောက်သားများအတွက်တော့ သို့လော.. သို့လော စိတ်တွေ ၀င်လာတာတော့ သေချာဗျ၊ ဒါလဲ စစ်အစိုးရ တိုက်စရာတောင်မလိုတော့တဲ့ ကိုယ့်ဖက် ညံ့ချက်တွေပေါ့၊ ဆည်ပေါက်ဝမှာ ထားတဲ့ မြုံးသကဲသို့ တန်းကနဲ့ လျောကနဲ့ မီးထွန်းစရာမလိုပဲ ၀င်သွားတာ၊ ဘဘကြေးမုံ ဦးသောင်းသာ ရှိရင် “ နင်လားဟဲ့ ၂၀၁၀ ရွေးကောက်ပွဲ” ဇာတ်လမ်းတွေကို ထမင်းမစား ဟင်းမစား ထိုင်ရေးနေမှာတော့ သေချာတယ်လေ။ ဘာကြောင့်ဆိုတော့ အကြောင်းသိ၊ ဓါတ်သိတွေမို့လို့ ပြောရပါ့မယ်။

ဒါတောင် အဝေးရောက် နန်းရင်းဝန်မင်းကလဲ တိုးတိုးလေး မှာကြားပါရစေ တို့လဲလေ လိုက်သချင်သမို့ ဆိုပြီး သတင်းတွေ တက်လာနေတယ်။ ဟုတ်မဟုတ်တော့ သေချာမသိ၊ ပြန်ကြားဝန် ဗိုလ်တင့် ငြိမ်နေတဲ့ပုံနှင့်ဆို မှန်ကန်လောက်တယ် ထင်ပါ၏။ ၀န်မင်းမဟုတ်တဲ့ ဒေါက်တာ သောင်းထွန်းကပဲ သိပ်နာမည်မကြီးတဲ့ ယနေ့မြန်မာ သတင်းမှာ အင်တာဗျူးလုပ်ပြီး ရှင်းနေရတယ်၊ “ ဒါမျိုးတွေဟာ ကျောင်းသားတပ်မတော်မှာလည်း ရှိခဲ့ဘူးပါတယ်” လို့ ပြောလိုက်တာ၊ စွပ်စွဲတဲ့သူလည်း ငြိမ်သွားတယ်၊ အင်း.. အကြောင်းသိတွေဆိုတော့ …

ဒီလိုနဲ့ နအဖ၏ ခေတ်မှီတိုးတက်သော နိုင်ငံတော်အသစ်ရဲ့ ခွေးကတက်မှာ အမှိုက်လှဲပေးမဲ့ သူတွေ ပေါ်လာပြန်ရော… ခက်သပ နော်၊ သြော် လူတွေလဲ အသက်တွေ ကြီးလာတယ်ဆိုတော့လဲ အောက်အီးလည်း မတွန်၊ စာလည်း မစား ဧကန်တ မြန်မာပြည်ကို လွမ်းတဲ့စိတ်လေးတွေ ၀င်လာ၊ စုမိ ဆောင်းမိတာလေးနဲ့ပဲ မွေးရပ်မှာပဲ ခေါင်းချတော့မယ် စိတ်များနှင့် နိုင်ငံရေး လျော့ဈေးတွေ ချပေးနေတယ်လို့ မြင်တယ်၊ ဒို့လူငယ်များ ဆိုသလေ ဝေလေလေတွေကလဲ အင်း… ၀ုတ်တယ် ၀ုတ်တယ် အဲ ၀ှန်တယ် ၀ှန်တယ်ဆိုပြီး အတွေးကြောင်တွေ ၀င်လာကြတာပေါ့၊ အတွေးကြောင်ဆိုလို့ ၁၉ရက်နေ့မှာ သီးလေးသီးအဖွဲ့က ကိုပန်းသီး အင်တာဗျူးတခု နားထောင်လိုက်ရတယ်။ သူက “ အမေရိကားမှာ ကပြသုံးတော်ခံတာ ၀မ်းမြောက်တဲ့အကြောင်း၊ တခုထူးခြားစွာ ကြားလိုက်တာ သူတို့ အငြိမ့်ဖွဲ့ကို သွားကြည့်ရမှာ ကြောက်တဲ့လူတွေ ရှိတယ်တဲ့ ” ဒါကိုပဲ စဉ်းစားပါတော့… သီလေးသီးတို့များ ဂျိုတကားကား အစွယ် တမျှားမျှားနှင့် က ပြ သုံးတော်ခံနေသလိုလို၊ မိုင်ထောင်ပေါင်းများစွာကနေ ကြောက်နေရတဲ့ ဘ၀များ ဘယ်လိုမှ တွေးလို့မထိတော့ဘူးဗျာ.. အဲလောက်ထိတောင် အာဏာစက်ကွင်းက ကြီးတာလေ။

ဂရောင်တွေးပြီး အတွေးကြောက်တယ်လို့ ဆိုရမလား၊ မီးများ မီးနိုင်၊ ရေများ ရေနိုင်ဆိုသလို မြောက်အမေရိကတိုက်မှာ အဲဒီအတွေးများနဲ့ ရှင်သန်နေတဲ့သူတွေ များနေတယ်။ နောက်တခုက နိုင်ငံရေးမှာ ဘယ်လိုမှ တိုးလို့မပေါက်တဲ့သူတွေက များလာတယ်၊ အတိုက်အခံတွေလဲ ယဉ်ကျေးမှုလိုဖြစ်နေတဲ့ တော်လှန်းရေးကို ဆင်နွဲပြီး မညီညွှတ်၊ နောက်ပိုင်း ဒုက္ခသည်အဖြစ်နဲ့ ၀င်ရောက်လာသူတွေလဲ ရန်ငါစည်းမပြတ်.. ဆိုတော့လဲ ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံရန် အတွေးက အမေရိကားနဲ့ ကနေဒါမှာ ပျံနှံနေတာက မဆန်းလောက်ပါဘူး။ အခုလို လုပ်တာကလဲ သေချာတာတခုက နိုင်ငံရေး ဗတ်မကြီး ထိုးဖေါက်လိုက်တဲ့ ပုံသဏ္ဍာန်ဆင်သွားပြန်ရော၊ မင်းသား မင်းသမီး မလုပ်ရလို့.. ဆိုပြီး တွေးမိသကာလ ၁၉၂၃ - ၁၉၃၇များကို ရောက်သွားလေသည်။

မြန်မာနိုင်ငံ အက်ဥပဒေ ၁၉၂၁ အရ၊ ဗြိတိသျှ အစိုးရ မြန်မာပြည်အတွက် ရေးဆွဲပေးခဲ့သည့် ဒိုင်အာခီ ( Dyarchy ) ဆိုတဲ့ အုပ်ချုပ်ရေးကို ပြေးသတိရမိလိုက်၏။ ဒိုင်အာခီ အုပ်ချုပ်ဆိုတာ ဗြိတိသျှအစိုးရ၏ ကိုယ်စားလှယ် ဖြစ်သည့် ဘုရင်ခံနှင့် ပြည်သူ့ ကိုယ်စားလှယ် ပူးတွဲ အုပ်ချုပ်တဲ့ စနစ်ပါပဲ၊ အခု နအဖ ရေးဆွဲတဲ့ ဖွဲ့စည်းပုံထဲမှာ လိုပေါ့ အာဏာရှိ စစ်တပ် ကိုယ်စားလှယ်များဖြစ်တဲ့ စစ်ဗိုလ်နှင့် ရွေးချယ်တင်မြောက်ခံတို့ ပူးတွဲမယ်လေ။

ထိုကဲ့သို့သော အုပ်ချုပ်ရေးကြောင့် မြန်မာလူမျိုးအတွင်း ဟုမ်းမရှုး ခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ဒိုင်အာခီဟုခေါ်သော အင်္ဂလိပ်အလိုကျ အုပ်ချုပ်ရေးဆိုသော အတွေးအခေါ်နှစ်ခု ကွဲပြားရ၍ ဂျီစီဘီအေအဖွဲ့ကြီးသည်လည်း သပိတ်မှောက် ဂျီစီဘီအေ ခေါ်သော ဦးချစ်လှိုင်နှင့် ၂၁ဦး ပါဝင်သော ဦးဘဖေ ဂျီစီဘီအေ ဟူ၍ နှစ်ချမ်းအထိ ဟက်တက်ကြီး ကွဲရလေသည်။ ထိုမှတဆင့် ဦးချစ်လှိုင် ဂျီစီဘီအေမှ ဦးစိုးသိမ်း ဂျီစီဘီအေ၊ ၎င်းမှ ဦးစု ဂျီစီဘီအေ စသော အစိတ်မွာမွာ ကွဲထွက်လာခဲ့သည်။ သြို့ဖစ် နယ်ချဲ့ဆန်ကျင်ရေးသည် အကြောင်းမညီညွှတ်မှုများဖြင့် ခတ္တ ငုတ်ရှိုး ပျောက်ကွယ်သွားရလေသည်။

ထိုကဲ့သို့ အခင်းအကျင်းကို စဉ်းစားတွေးခေါ်လိုက်တော့ သြော်… အခုလည်းလေ အဝေးရောက်တွေခမျှ အတွေးအဖုံဖုံဖြင့် အကွဲကွဲ အပြားပြား ဖြစ်နေသည့်အကြား တော်လှန်အစုအဖွဲ့ဆိုတဲ့ အစိုင်အခဲတခုသည် ၂၀၁၀ ရွေးကောက်ပွဲကြောင့် ငရုတ်ဆုံဖြင့် ထောင်းလိုက်သည်နှယ် ဖွတ်ဖွတ်ကို ကြေထွက်သွားရသည်။ ဆိုတော့ သမိုင်းတခေတ်ပြည်လည်နေပြီး လွတ်လပ်ရေး ရတာ ၁၉၄၈ ခုနှစ် ၁၉၂၁ နုတ်လိုက်ရင် အနှစ် ၂၇ နှစ်၊ အရှေ့က ဖြစ်ခဲ့တဲ့သမိုင်းကြောင်း နှစ်အရေအတွက်ဖြင့် မှန်းလိုက်ရင် ဒီမိုကရေစီရဖို့က အနှစ် ၃၀ ကြီးများတောင်ပ၊ အဲလေ … ကံပေါ့ ဦးသန်းရွှေ…

ဦးဦးရွှေကလဲ ငါမသေခင် လမ်းပြမြေပုံဇာတ်ကားကို ပြီးအောင် ရိုက်သွားချင်တယ်လို့ ချင်ခြင်းတက်နေတာ ဖြစ်မယ်၊ ကိုယ်ဝန်သည် အုတ်ခဲ ငတ်သလိုပေါ့၊ လျော့ပါတော့ဗျ အချင်းချင်းတွေပဲ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်ပေးပြီး ပြေရာပြေကြောင်းလေး လုပ်ပေးလိုက်ပေါ့၊ ကိုယ်ပဲ ဆင်ပဲ၊ ဒီထက်ကြီးတာ ဝေလငါးပဲ ကျန်ပြီ။ ဒါဆို မြန်မာ့သမိုင်းမှာ မသေခင် အလန်းလေး ဖြစ်သွားမှာပါ၊ မူဂါဘီကြီးတောင် ငါးသလောက်ပြုံးနဲ့ လက်ဆွဲနှုတ်ဆက်နေတာလေ၊

အဲသည်ခေတ်တုန်းက ဒိုင်အာခီကို လက်ခံခဲ့သော သူများကို ငါးထောင်စား ဟု ခေါ်ပါသည်၊ အခု ၂၀၁၀ ကို အဝေးရောက်သားများ လက်ခံယှဉ်ပြိုင်ရင် မြုံးမိငါးလို ငါးထောင် မျှား ပေါ့ ၊ ဒီမိုကရေစီ နိုင်ငံတော်အသစ်၏ ခွေးကတက်မှာ မအိပ်ရပဲ သက်ကြီးငယ်မနှင့် ခေါတောကုလားလို အမှိုက်လှဲရမည့် ကိန်းကြုံရမည်၊ သည်တော့ ဂျီစီဘီအေ နောက် ပေါ်လာတာက တို့ဗမာအစည်းရုံးတဲ့ ။ အခုလည်း သမိုင်းအဆင့်ဆင့် ပြောင်းလဲမှုအရ ကမ္ဘာလုံးဆိုင်ရာ တို့ဗမာအစည်းရုံးဆိုပြီး ဖွဲ့ချလိုက်လေ၊ ကြာသလားလို့ ..

သခင်နာကာမူရမောင်ချမ်း၊ သခင်ဒင်နီစံလင်း၊ သခင်အင်ဒရှုးသာခင်၊ သခင် လီထွန်းရွှေ၊ သခင်စောဖိုးခွား၊ သခင်ခွန်တာယာ။ သခင်စိုင်းနေ၊ သခင်မိုဟာမက်အေးသွင်၊ သခင်အာလီသန်းဝင်း၊ သခင်မ မာရီးယားခင်ပပ၊ သခင်မ ဂရေစီစိန်အေး၊ သခင်မ ယူကီစန္ဒီ.. စသော စသော သခင် နာမည်ခံ ၀ိုင်းဝန်း မှည့်ကြတာပေါ့… ဟ ဟ ပျော်စရာကြီး၊ ကဲ .. ၂၀၁၀ ရွေးကောက်ပွဲအား တန်ပြန် တွန်းလှန်ရန် ကမ္ဘာလုံးဆိုင်ရာ တို့ဗမာအစည်းအရုံးတခု လုပ်ပြီး အသံတည်း ထွက်ပါတော့ဗျ၊ လုပ်လိုက်လေ.. လက်သီးဆုတ်လား လက်ဝါးဖြန့်မလားပေါ့..

စကားမစပ် တို့ဗမာဆိုလို့ တိုင်းရေးသားတွေ ငါတို့လဲ မပါဘူးလို့ ရွှေစိတ်တော် မညှိးလိုက်ပါနဲ့၊ ရှင်းပြမယ်

“ မြန်မာဟူသော စကားမှာ “ မြန်သည်၊ မာသည်”ဟု အဓိပါယ်ဆောင်သော်လည်း နာသံပါ၍ ဘောင်ကျဉ်းသည်၊ အားနည်းသည်၊ ရှမ်း၊ ကရင်၊ ကချင်၊ မွန်၊ ရခိုင်၊ ပလောင်၊ တောင်သူ၊ ဆလုံ၊ နာဂ၊ မြန်မာစာသော ဗမာတိုင်းရင်းသားများ အားလုံးခြုံမိစေရန် ဗမာဟူသော စကားလုံးကို ရွေးသည်၊ ဘကုန်းနှင့် “ ဘမာ ” ဟု မရေးပဲ၊ ဗ အသံထွက်ဖြင့် ဗမာဟု ရေးခြင်းဖြစ်သည်။ ။ ကိုလိုနီခေတ် တို့ဗမာအစည်းအရုံး ရှင်းလင်းချက်တခု ဖြစ်သည်။ ( ကျောင်းသားလှုပ်ရှားမှုသမိုင်း ကိုအောင်ထွန်းမှ ကောက်နှုတ် ) ၊ မောင်ခင်ညွှန့်တို့များ ဘယ်စိတ်ကူးနဲ့ မြန်မာလို့ ပြောင်းလဲလိုက်သလဲမသိ၊ ဟိုတုန်းက လက်ခံတာက မြန်မာဆိုတာ လူမျိုးတမျိုး၊ ဗမာဆိုတာက အားလုံးကို ခြုံတဲ့သဘောဖြစ်လိမ့်မယ်။ ဒါကြောင့် အင်္ဂလိပ်တွေက Burma နိုင်ငံလို့ မည့်ထွင်ခဲ့တယ်လေ။ ”

အလွန်စွာ ထူးခြားသည့် ဖြစ်ရပ်တခုက အခုလို ကုလသမဂ္ဂက စစ်အစိုးရအား ဖြဲချောက်၊ ဆီဆွတ် အချောသပ်ပြီး တဖြည်းဖြည်းနှင့် သိမ်းသွင်းနေတဲ့အချိန်မှာ ဒေါက်တာ လွဏ်းဆွေ ဘလောဂ်တွင် အီးမေးမှ ရရှိတယ်ဆိုပြီး ဗိုလ်မှူး အောင်လင်းထွဋ်၏ " သန်းရွှေနှင့်မောင်အေးတို့ကို ဖြုတ်ချပြီး အခြားစစ်ခေါင်းဆောင်တဦးကို ခေါင်းဆောင်တင်ပြီး နောက် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပြီး… စသော အချက်များမှ…
(ဂ) စစ်ခေါင်းဆောင်ကြီးများ၏ မသမာမှုများကို တပ်မတော်သားများအား အသိပေးရေး

(ဃ) တိုင်းပြည်ဘဏ္ဍာများကို အလွဲသုံးစားပြုလုပ်နေသော စစ်ခေါင်းဆောင်ကြီးများ၏ လုပ်ရပ်ကို ဖေါ်ထုတ် ရေး ”
ဟူသော တင်ပြချက်တခုကို တွေ့လိုက်ရသည်။

စဉ်းစားစရာတာပါ ဘာရယ်မှ မဟုတ်ပါဘူး...

၈၈ နောက်ပိုင်း စစ်တပ်နှင့် နိုင်ငံရေးသမားတို့ မီးဝေးချိပ်သလို ဆက်ဆံရေး အေးခဲသွားရသည့် အကြောင်းတချက်က အကယ်လို့ ဒီမိုကရေစီရရှိခဲ့ရင် စစ်တပ်ခေါင်းဆောင်များ ရပ်တည်မှုက ဆိုးဝါးသည့် အနာဂါတ်ဖြစ်မည်ဟု လူထုအတွင်း တီးတိုးတဖုံ၊ ဗြောင်တကျကျ ကောလဟလတခု ထွက်ရှိလာခဲ့သည်။

မြန်မာပြည်တွင် အမှုအထမ်း ၈၀ ရာခိုင်နှုန်းသည် လာဒ်ပေး လာဒ်ယူ စနစ်ကို မည်သူမှ ကင်းလွတ်နေသည်မဟုတ် သေချာသည်။

နောက်တခုက ဗိုလ်မှူး အောင်လင်းထွဋ်ရေးသားသည့် စာမူများကို အရင်တုန်းက အတိုက်ခံ အင်တာနက် စာစောင်များ၊ ဘလောဂ်များတွင် တရားဝင် ဖေါ်ပြခဲ့သည်ကို အစဉ်မြဲတွေ့ဖူးခဲ့သည်။ ယခုမူ (ဘလော့ဂ်အီးမေးလ်သို့ ရောက်ရှိလာသည့် ပို့စ်ကို တင်ဆက်ပေးခြင်းဖြစ်ပါသည်။) ဆိုသော Fwd စီးဆင်းမှုဖြင့် ရေးသား ဖြန့်ချီလိုက်ခြင်းသည်က ဖြစ်ပေါ်တိုးတက်နေသော လမ်းကြောင်းတခုအား သွေဖယ်စေလိုသော စိတ်စေတနာဖြင့် ထုတ်လွင့်ခဲ့သလေား၊ ဒါမဟုတ် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်သည့် စိတ်ဖြင့် ဖြန့်ဝေခဲ့သလား၊ သို့တည်းမဟုတ် စစ်တပ်အတွင်း အာဏာသိမ်းမှု ပေါ်ပေါက်လာစေရန် လှုံဆော် တံလှန်တာလား၊ စတဲ့ ဘက်ပေါင်းစုံဖြင့် တွေးတော ဆင်ခြင်နေရပါတော့သည်။

အထက်ဖေါ်ပြပါ အကြောင်းအချက်အားလုံးတွင် ပါဝင်သော လူပုဂ္ဂိုလ်များအား လေးစားသည်။ သို့ဗေမဲ့ ဖြစ်ပွားခဲ့သော အကြောင်းအရာများအား ဆင်ခြင်စဉ်းစားခြင်းတခု ဖြစ်၏။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီယာရီ ကလင်တန်က အာရှမှာ လူဦးရေအများဆုံး နိုင်ငံတွေကို လှည့်ပတ်ပြီး မြန်မာအရေးကို ပြန်လှည် သုံးသတ်မည်ဟု ပြောလိုက်တော့ ဒေါ်လာစားတွေ ခမျှ မျက်ခုံးလှုပ် သွားတယ် ထင်ပါ၏။

ဖြစ်ပေါ်လာမည့် ကုလ ဆုံးဖြတ်ချက်ကို သုံးသပ်ရမည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်၏ အဓိက ခေါင်းစဉ်တခုဖြစ်တဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းအတွင်း ယခု ကုလသမဂ္ဂက လုပ်ဆောင်နေသည်ဟု မြင်မိ ထင်မိပါ၏။ ဖြစ်မဖြစ်သည်က အချိန်က စကားပြောမည်သာ၊ ထိုကဲ့သို ကုလက လုပ်ဆောင်ရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရ အလိုကျ နိုင်ငံရေး ချောက်အတွင်းသို့ ပို့ဆောင်ပေးလိမ့်မည်ဟု မထင်၊ ဒေါ်အောင်ဆန်းစုကြည်တွင် အရှေ့အနောက် အရပ်ဒေသများမှ ဒီမိုကရေစီကို မြတ်နိုးသော နိုင်ငံများမှ ချီးမြှင့်ထားသည့် ဆု၊ ဂုဏ်ထူးဆောင် စတဲ့ စတဲ့ အရာများဟာ တရုတ်နိုင်ငံလုပ် ကလေး ကစားစရာများ မဟုတ်ပါ။ ဆုများ၏ နောက်ကွယ်တွင် သိက္ခာဆိုသော အစိုင်အခဲတခု ရှိနေပါသည်။ ထို့ကြောင့် ကုလနှင့် အနောက်သည် စစ်အစိုးရ အလိုကျ လမ်းကြောင်းအတိုင်း လိုက်သွားမည်ဆိုလျှင် သူတို့ပေးထားသည့် ဆုများ၊ ဂုဏ်ထူးဆောင်များသည် ကလေး ကစားစရာအဖြစ်ကို ရောက်ရှိသွားလိမ့်မည်။ အခု အတိုက်အခံတွေ တကြော်ကြော် အော်နေသည်က စစ်အစိုးရ၏ လမ်းကြောင်းအတွင်း ကုလသည် အငိုက်မမိသွားစေရန် သတိပေးနေသည့် အကြောင်းတရပ်သာဟု အမှားအမှန်မသိသော ပုစ္ဆာတပုဒ်အား အဖြေရှာရင်းနဲ့ .. .. ..

အမိမြန်မာပြည်၌ အထင်ကရရှိသော လူသားများ အားလုံး ချစ်ကြည်စွာ လက်ဆွဲ နှုတ်ဆက်နိုင်ပါစေ..လို့ ဆန္ဒဖြစ်ရင်း.. ဤတလအတွင်း ဖြစ်ပွားခဲ့သည့် သတင်းများအပေါ် လူလ၏ သုံးသပ်ချက်အား ထိုမျှသာဖြင့် ရပ်နားပါရစေ…

လူလ
ရွှင်လန်းချမ်းမြေ့ပါစေ…

( ဓါတ်ပုံကို ရာဟူး ဓါတ်ပုံမှ ရှာယူထားသည်။)

Sunday, March 1, 2009

သတင်း မှတ်စု ( ၉ )

တပတ်အတွင်း သတင်းမှတ်စု

ဖေဖေါ်ဝါရီလ ၂၃ ရက်
ရက်သတ္တပတ် ၉ ၊ ၂၀၀၉၊
မြန်မာ သတင်း



နိုင်ငံခြားရောက် စက်မှု (၁) ၀န်ထမ်းပြေးများ နိုင်ငံကူးလက်မှတ် အဖျက်ခံရ


အင်ဂျင်နီယာ ဘီအီးဘွဲ့ရသူများအပါအ၀င် စက်မှု (၁) ၀န်ကြီးဌာနမှ ၀န်ထမ်းပြေးအဖြစ် သတ်မှတ်ထားပြီး ပြည်ပနိုင်ငံများတွင် သွာရောက် အလုပ်လုပ်ကိုင်နေသူများအား ပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းပြီး အမြန်ဆုံး အရေးယူရန် ၀န်ကြီး ဦးအောင်သောင်းက ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

ပြည်ပတွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် စက်မှု (၁) ၀န်ထမ်းများအား ချက်ခြင်း အရေးယူဆောင်ရွက်ရန်နှင့် ၄င်းတို့အား ထုတ်ပေးသည့် နိုင်ငံကူးလက်မှတ်နေ့စွဲ၊ ၀န်ထမ်းပြေးဖြစ်ရသည့် ပြစ်ဒဏ်များကို စုံစမ်းဖော်ထုတ်၍ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းပြီး အမြန်ဆုံး အရေးယူရန် ၀န်ကြီးဦးအောင်သောင်းက ညွှန်ကြားထားခြင်းဖြစ်ကြောင်း နေပြည်တော် စက်မှု (၁) ၀န်ကြီးဌာန သတင်းရပ်ကွက်က ပြောသည်။ စက်မှု (၁) ၀န်ကြီးဌာန လက်အောက်ခံ ကျောက်ဆည် အပ်ချုပ်စက်ရုံမှ မဟာအင်ဂျင်နီယာဘွဲ့ရ ဦးရဲထွန်းဆိုလျင် ၀န်ထမ်းဘ၀မှ ထွက်ခွင့်မရသည့်အတွက် အလုပ်ခွင်သို့ ပြန်မလာတော့ဘဲ စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားသဖြင့် ဦးရဲထွန်း၏ နိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်ပေးရန် စင်ကာပူ မြန်မာသံရုံးသို့ ၀န်ကြီးဦးအောင်သောင်းက အကြောင်းကြားခဲ့သလို လိုအပ်သလို အရေးယူပေးရန် ပြည်ထဲရေးဝန်ကြီးဌာနကိုပါ စာဖြင့် အကြောင်းကြားခဲ့သည်ဟု စုံစမ်းသိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ထိုင်းနိုင်ငံ ကားတိမ်းမှောက်မှု၌ မြန်မာတဦး သေဆုံး


ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံမြောက်ပိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ တင်ဆောင်လာသည့် ဒိုင်နာ ကားတစီး ယခုလ ၂၀ ရက်နေ့က တိမ်းမှောက်ခဲ့ရာ အမျိုးသားတဦး သေဆုံးကာ၊ ၃၈ ဦး ဒဏ်ရာ ရရှိခဲ့သည်။

ချင်းမိုင်မြို့ လေယာဉ်ကွင်း အနောက်ဘက်ရှိ မီးပွိုင့် လမ်းဆုံတနေရာ၌ နံနက် ၇ နာရီခွဲခန့်က ပန်းရံ သွားလုပ်ရန် ချင်းမိုင်မြို့ထဲအလာ ကားမှောက်ရာ၌ အိုက်လုံ (၃၀ နှစ်) ဆိုသူ ရှမ်းအမျိုးသား သေဆုံးကာ၊ ၃၈ ယောက် ဒဏ်ရာရသွားသည်။
ဒဏ်ရာရသူများအနက် အသက် ၁၀ နှစ်အရွယ် မိန်းကလေးတဦး အပါအ၀င် ၄ ဦးသည် ဒဏ်ရာပြင်းထန်စွာ ရရှိပြီး၊ ဆေးရုံများတွင် တက်ရောက် ကုသနေရသည်။

မိန်းကလေးငယ်မှာ ကျောင်းပိတ်သည့် ကာလဖြစ်၍ မိဘများနှင့်အတူ လိုက်ပါသွားခြင်း ဖြစ်သည်။

မြန်မာလုပ်သားများသည် တရားဝင် အလုပ်လက်မှတ် ရှိပြီး၊ အမှုနှင့်ပတ်သက်၍ အလုပ်ရှင် သူဋ္ဌေးက တာဝန်ယူပေးမည်ဟု သိရသည်။

စီးနင်းခဲ့သည့် ကားမှာ အသက်အာမခံ ကုမ္ပဏီတွင် အာမခံကြေး ထားရှိပါက ထိုင်း ဥပဒေအရ ကားနှင့် ပတ်သက်၍ အသက်ဆုံးရှုံးခဲ့သူများအား တဦးလျှင် လျော်ကြေးအဖြစ် ဘတ်ငွေ ၁ သိန်း ခံစားခွင့် ရှိသလို၊ ဒဏ်ရာရရှိပြီး ဆေးရုံတက်ရသူများအား လျော်ကြေး ဘတ် တသောင်းခွဲ ခံစားခွင့် ရှိသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မြန်မာမှောင်ခိုဆန် ထိုင်းဘက်ကပိတ် ထိုင်းနိုင်ငံရေးသမားတွေပါ ပတ်သက်



လွန်ခဲ့သည် နှစ်လခန့် ကောက်သစ်ပေါ်ချိန်မှစ၍ မြ၀တီမှ မဲဆောက်ဘက်သို့ ညစဉ် ဆန်အိတ်ရေ တစ်သောင်းခန့် တရားမ၀င် တင်သွင်းနေခြင်းကို ထိုင်းဘက်မှ ရုတ်တရက် တင်သွင်းခွင့် ပိတ်လိုက်သည့်အတွက် မြ၀တီဘက်ကမ်းတွင် မြန်မာဆန်အိတ်ရေ နှစ်သောင်းခန့် သောင်တင်နေသည်။ မြန်မာဆန် ထိုင်းဘက်မှောင်ခိုသွင်းသူများနောက်တွင် ရာထူးကြီး နိုင်ငံရေးသမားများ၊ ၀န်ကြီးဟောင်းများနှင့် ယူနီဖောင်းဝတ်များပါသည်ဟု ယနေ့ထုတ် ဘန်ကောက်ပိုစ် သတင်းစာကြီးက ဖော်ထုတ်ထားသည်။ အထူးသဖြင့် မဲဆောက်နှင့် မယ်ရမတ်ခရိုင်များရှိ အရာရှိများ၏ ကူညီမှုဖြင့် ထိုင်း-မြန်မာ နှစ်ဖက်လုံးမှ ဆန်မှောင်ခိုသမားများက ခိုးသွင်း ကြခြင်းဖြစ်သည်။ မြန်မာမှောင်ခို ဆန်တအိတ်ကို နယ်စပ်ဖြတ်ဖို့အတွက် တအိတ် ဘတ်ငွေ (၆၀၀) ထိ အရာရှိများကို ပေးရသည်ဟုပါ ရေးထားသည်။ မ၀တီမှ မဲဆောက်သို့ တရားမ၀င်တင်ပို့နေသည့် မြန်မာဆန်များမှာ ညစဉ် အိတ်တသောင်း ဆိုပါက တန်ချိန် ငါးရာ ရှိသဖြင့် နယ်စပ်ကုန်သွယ်ရေးမှတဆင့် လိုင်စင်ဖြင့် တင်သွင်းသည့် ဆန်တန်ချိန်အရေအတွက်သည် တရားမ၀င် တင်သွင်းသူများ၏ အစွန်းထွက်ပင်မရှိဟု ဆန်ကုန်သည်တဦးက ပြောသည်။မြ၀တီမြို့တွင် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေးဇုန် ဖွင့်လှစ်ထားသော် လည်း တရားမ၀င်ဆန်နှင့် အခြားကုန်စည်တင်သွင်းမှုများ ဖြစ်ပေါ်နေခြင်းသည် စနစ်မကျ သည့် နယ်စပ်ကုန်သွယ်ရေး၏ လုပ်ထုံးလုပ်နည်းများကြောင့် ဖြစ်ပြီး ရှေ့ဆက် မြ၀တီနယ်စပ် ကုန်သွယ်ရေးအခြေအနေမှာ ပိုမိုရှုပ်ထွေးလာနိုင်သည်ဟု မြ၀တီမြို့ခံကုန်သည်တဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဗင်နီဇွဲလား အခြေခံဥပဒေသတင်း ပြည်တွင်းမှာ မှောင်ချ


ဗင်နီဇွဲလားနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲ သတင်းကို ပြည်တွင်းမီဒီယာတွေမှာ လုံးဝဖော်ပြခြင်း မပြုရန် ညွှန်ကြားထားကြောင်း၊ ပုဂ္ဂလိက ဂျာနယ်အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။ အခြား ပုဂ္ဂလိက ဂျာနယ်တစောင်မှ သတင်းထောက် တဦးကလည်း ၄င်းတို့ဂျာနယ်မှာ သတင်းမဆိုထားနှင့် ရက်စွဲမှတ်တမ်းမှာ အဆိုပါနေ့က ဗင်နီဇွဲလားမှာ ဖွဲ့စည်းပုံပြင်ဖို့ လူထုဆန္ဒခံယူပွဲလုပ်သည်။ သမ္မတ အူးဂိုချားဗက်စ် အဆိုပြုချက် အနိုင်ရသည် ဆိုသည့် မှတ်စုသဘော တိုတိုလေးတောင် ဖော်ပြခွင့် မရဘူးဟု ပြောပြသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၅) ရက် တနင်္ဂနွေနေ့က ဗင်နီဇွဲလားနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ လူထုဆန္ဒခံယူပွဲ တစ်ရပ် ကျင်းပခဲ့သည်။ ၁၉၉၈ ခုနှစ်ကတည်းက အာဏာရလာသည့် သမ္မတ အူးဂိုချားဗက်စ်က သူ့အနေနှင့် ဆိုရှယ်လစ် တော်လှန်ရေးကို ဆုံးခန်းတိုင် ဆင်နွှဲနိုင်ဖို့ ယခု သမ္မတသက်တမ်း ၂ဝ၁၂ ခုနှစ်ကုန်ပြီိးရင်လည်း၊ သမ္မတ အဖြစ် ရွေးကောက်ပွဲ ထင်မံ ဝင်ချင်သေးကြောင်း လက်ရှိဖွဲ့စည်းပုံအရ သူ့အနေနှင့် ၂ဝ၁၂ ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ထပ်မံ အရွေးခံနိုင်ခွင့် မရှိတော့သဖြင့် ဖွဲ့စည်းပုံကို ပြင်ဆင်ချင် သည်။ ဒီအတွက် ဖွဲ့စည်းပုံ ပြင်ဆင်မလား၊ မပြင်ဘူးလား လူထုဆန္ဒခံယူပွဲ တစ်ရပ် ကျင်းပခြင်း ဖြစ်သည်။

အူးဂိုချားဗက်စ်သည် အလားတူ ဆန္ဒခံယူပွဲမျိုး ၂ဝဝ၇ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သော်လည်း ပြည်သူအများစုက သူ့အဆိုကို ပယ်ချခဲ့ဖူးသည်။ ယခုတစ်ကြိမ်မှာတော့ မဲဆန္ဒပေးသူများ၏ ၅၄ ဒသမ ၄ ရာခိုင်နှုန်းက အခြေခံဥပဒေ ပြင်ဆင်ရေး သူ့အဆိုကို ထောက်ခံခဲ့သဖြင့် သူအနိုင်ရ အောင်ပွဲခံခဲ့သည်။ ဗင်နီဇွဲလား အတိုက်အခံ အင်အားစုတွေနှင့် အနောက်နိုင်ငံ တွေကတော့ အူးဂိုချားဗက်စ်ကို လူထုဆန္ဒခံယူပွဲမှ တဆင့် အာဏာရှင် ဖြစ်လာကြောင်း ဝေဖန်ခဲ့ကြသည်။ မြန်မာစစ်အစိုးရသည် ယခုသတင်းကို ပြည်တွင်းမီဒီယာတွေမှာ လုံးဝ ဖော်ပြခွင့် မပေးပဲ မှောင်ချခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဟစ်ဟော့တေးဂီတကို မြန်မာသံစဉ်နဲ့တိုက်မည်


ဆယ်စုနှစ် တစုစာခန့်သာ အောင်မြင်မှုရှိသေးသည့် ဟစ်ဟော့တေးဂီတ၏ လွှမ်းမိုးမှု မြန်မာလူငယ်တို့အပေါ် အသားကျနေသည့်အတွက် ၎င်းကို မြန်မာသံစဉ်ဖျော်ဖြေပွဲများ ပြုလုပ်တိုက်ထုတ်ရမည်ဟု အမည်မဖော်လိုသည့် အနှစ် (၃၀) ကျော် မြန်မာသံ သီဆိုလာသည့် ၀ါရင့်အဆိုတော်ဟောင်းကြီး တဦးကပြောသည်။

၂၂.၂.၂၀၀၉ ရက်နေ့ ည (၇) နာရီက ကရ၀ိတ်ဥယျာဉ် ကမ္ဘာမျှော်စင်ကျွန်းတွင် မြန်မာသံစဉ် ဂန္ထ၀င်ညတေးဂီတ ဖျော်ဖြေပွဲတွင် ၎င်းက ပြောခြင်းဖြစ်ပါသည်။ အဆိုပါ ဖျော်ဖြေပွဲသို့ လာရောက်ကြည်ရှုသူဦးရေမှာ (၂,၅၀၀) ခန့် ရှိပြီး၊ ယင်းတွင် အသက် (၃၀) မှ အထက် အသက်အရွယ်များပြားပြီး (၁၅) နှစ်နှင့် (၃၀) ကြားနည်းပါးကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။ မြန်မာသံစဉ် ဂန္ထ၀င်ည တေးဂီတဖျော်ဖြေပွဲတွင် တေးသံရှင် ကိုမောင်မောင်ကြီး၊ ကိုမင်းနောင်၊ ကိုတင်လှိုင်၊ သုမောင်၊ ချိုပြုံး၊ စိုးစန္ဒာထွန်း၊ ထား၊ ခင်ညွန့်ရည်၊ မေရွက်ဝါ၊ ကေတုဝင်းထွဋ် စသည့် နာမည်ကြီး တေးသံရှင်ပေါင်း (၃၀) ကျော် သီဆိုခဲ့ကြကြောင်း သိရသည်။ ယင်းပွဲကို အလင်္ကာဝတ်ရည် အနုပညာလုပ်ငန်းက စီစဉ်ခြင်း ဖြစ်သည်ဟု ပွဲကြည့်ပရိသတ်တဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
နိုင်ငံရေး အကျဉ်းသား စာရင်း

စစ်အစိုးရ အကျဉ်းသားး ၆၃၁၃ ဦး လွတ်လာပေးသည့် စာရင်းတွင် နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာ ပါဝင်သည်။
၊ ကလေးထောင်မှ ၅၀ ခန့်၊ နိုင်ငံရေး အကျဉ်းသား မပါ၊
မန္တလေးထောင်မှ ၅၀ ခန့်၊ နိုင်ငံရေးအကျဉ်းသား မပါ၊
သာယာဝတီထောင်မှ ၁၁၄ ဦး၊ နိုင်ငံရေး အကျဉ်းသား မပါ၊
တောင်ငူ ထောင်မှ ၈၅ ဦးနှင့် တောင်ငူရဲဘက်မှ ၄၀ဦး၊ နိုင်ငံရေးး အကျဉ်းသား မပါ၊
အင်းစိန်ထောင်မှ ၁၀၀ ဦး၊ နိုင်ငံရေးအကျဉ်းသား ၁၁ ဦး၊
( ဒီဗွီဘီသတင်းမှ ကောက်နှုတ်ချက် )
+++++
ဗိုလ်ထိန်မောင်အဖွဲ့နှင့် ပူးပေါင်းသူများ ရွာသားတွေဖြစ်ဟု ကေအန်ယူငြင်းဆို

ဗုဒ္ဓဟူးနေ့က ကေအန်ယူ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် သွားရောက် ပူးပေါင်းခဲ့သူ (၁၃) ဦးသည် ကရင်အမျိုးသား လွတ်မြှောက်ရေးတပ်မတော်မှ စစ်သည်များ မဟုတ်ဘဲ ကော့ကရိတ်မြို့နယ်ရှိ စက်က၀က်ရွာမှ ရွာသားများသာဖြစ်သည်ဟု ကရင်အမျိုးသား လွတ်မြှောက်ရေးတပ်မတော် တပ်မဟာ (၆) တပ်မဟာစစ်ရုံးမှ ဒု-ဗိုလ်မှူးကြီးတဦးက ခေတ်ပြိုင်သို့ပြောသည်။ အဆိုပါရွာသားများမှာ စောဖါးကျော့၊ ကျော်နီဟဲ၊ ဖားထီးသိုး၊ ကျော်မူးဂေ၊ ဖားအော်တူး၊ ကျော်ဖရီး၊ ကျော်အဲ၊ ဖားကလိ၊ ဖားအော်လဲ၊ ဖားမော်းကို၊ မောင်ထွေး၊ ကျော်ယု၊ ကျော်ပလဲထူး တို့ဖြစ်သည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ကေအန်ယူ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီမှ ပုံကြီးချဲ့၍ ၀ါဒဖြန့်နေသော်လည်း ဖြစ်စဉ်အမှန်ကို သိရှိနိုင်ရန်အတွက် ရှင်းပြခြင်း ဖြစ်ကြောင်း ၄င်း ဒု-ဗိုလ်မှူးကြီးက ဖြည့်စွက်ပြောကြားသည်။

အခြေအနေမှန်ကို အသေးစိတ်သိရှိနိုင်ရန် ကေအန်ယူ၊ ကေအန်အယ်လ်အေငြိမ်းချမ်းရေး ကောင်စီအဖွဲ့မှ ဗိုလ်ချုပ်ယဉ်နုအား ခေတ်ပြိုင်မှ ဆက်သွယ်မေးမြန်ရာ ဖုန်းပိတ်ထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဖေဖေါ်ဝါရီလ ၂၄ ရက်
ရက်သတ္တပတ် ၉ ၊ ၂၀၀၉၊
မြန်မာ သတင်း

မြန်မာနိုင်ငံ၏ မူးယစ်ဆေးရောင်းရ ၀င်ငွေ တနှစ် ကန်ဒေါ်လာ သန်း ၃၀၀၀ ထိရှိ

မူးယစ်ဆေး၊ ဘိန်းဖြူနှင့် မက်တာအဖက်တမင်း ရောင်းရ သည့် မြန်မာနိုင်ငံ၏ နှစ်စဉ်ဝင်ငွေမှာ အမေရိကန် ဒေါ်လာ သန်း (၁,၀၀၀) မှ သန်း (၂,၀၀၀) ကြားရှိကြောင်း အမေရိကန်သမ္မတ ဘွတ်ရှ် လက်ထက် အမေရိကန် ကွန်ဂရက်သို့ တင်သွင်းခဲ့သည့် အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။ ၂၀၀၁ ခုနှစ်တွင် မြန်မာစစ်ထောက်လှမ်းရေး အရာရှိများနှင့် ၀ခေါင်းဆောင်များကြား သဘောတူညီချက်တွင် မူးယစ်ဆေးရောင်းချမှု၏ အမြတ် (၅၀) ရာနှုန်းကို မြန်မာစစ်တပ်အား ပေးရမည်ဆိုသည့် သဘောတူညီချက် ပါဝင်သည်ဟု ထောက်ပြထားသည်။မူးယစ်ဆေး မှောင်ခိုရောင်းချသူ အများစုမှာ ထိုင်းမြန်မာနယ်စပ်နှင့် ထိုင်းတရုတ်နယ်စပ်မှ ၀၊ ရှမ်းစသည့် တိုင်းရင်းသားအုပ်စုများနှင့် ဆက်စပ်နေသည်။ သို့သော် မြန်မာစစ်အစိုးရ၏ အဆင့်များစွာမှ အရာရှိများသည်လည်း အဆိုပါ မူးယစ်ဆေးရောင်းရငွေ ရှယ်ယာများ နည်းအမျိုးမျိုးဖြင့် ရနေကြသည်။ စစ်တိုင်းမှူးများဆိုလျင် မူးယစ်ဆေးရောင်းသူများထံမှ အစိုးရ အခွန်များများ ကောက်ခံကြသလို မူးယစ်ဆေးမှောင်ခိုမှုကို စစ်တပ်မှ အကာအကွယ်ပေးမှု၊ စစ်တပ်က သယ်ပေးမှု စသည်တို့အတွက် အခကြေးငွေ ကောက်ယူကြသည်ဟု ဖော်ပြထားသည်။

သို့သော် မြန်မာစစ်အစိုးရ ထိပ်ပိုင်းအရာရှိများ မူးယစ်ဆေးရောင်းဝယ်မှု၌ တိုက်ရိုက်ပါဝင် ပတ်သက်ကြောင်း ခိုင်လုံသည့် သက်သေမရှိဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ မူးယစ်ဆေး အစီရင်ခံစာ၌ ဖော်ပြထားသည်။ မြန်မာစစ်တပ်သည် အထူးသဖြင့် မူးယစ်ဆေး ထုတ်လုပ်သူ မူးယစ်ဆေး မှောင်ခိုရောင်းချသူ ၀တိုင်းရင်းသားများအပါအ၀င် ၀လူမျိုးများနှင့် အနီးကပ် ဆက်ဆံမှုရှိသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ပြည်တွင် တိုးတိုးကြက်ရောင်း

ပြည် (မဇ္ဈိမ)။ ။ ပြည်မြို့တွင် ကြက်လည်လိမ်ရောဂါ ဖြစ်ခဲ့သဖြင့် ကြက်သားနှင့် ကြက်ဥများ ရောင်းချခွင့် ဒေသအာဏာပိုင်များက ပိတ်ထားသော်လည်း အရောင်းအ၀ယ်များ ရှိနေဆဲ ဖြစ်သည်။

ပိတ်ပင်မှု နှစ်လနီးပါး ကြာလာသည့် ယခုအခါတွင် ကြက်သားနှင့် ကြက်ဥဈေးများ ထက်ဝက်ခန့် ကျသွားပြီး တိုးတိုးတိတ်တိတ် အရောင်းအ၀ယ် ဈေးကွက် ပေါ်ပေါက်နေခြင်း ဖြစ်သည်။
မွေးမြူရေးသမားများမှာ ကြက်နှင့် ကြက်ဥကို နေပြည်တော်နှင့် ရန်ကုန်ဈေးကွက်သို့ သိုသိုသိပ်သိပ် တင်ပို့နေသည်ကို တွေ့ရှိရပြီး၊ နေ့စဉ် အစာဖိုး ကာမိစေရန် လုပ်ဆောင်ရသည်ဟု မွေးမြူရေး အစာဆိုင်နှင့် ကြက်သားရောင်းသူ တချို့က တညီတညာတည်း ပြောသည်။

ရန်ကုန်တွင် ကြက်သားတပိဿာလျင် အနည်းဆုံး ၄ ထောင်ကျပ်ဈေးပေါက်ပြီး ကြက်ဥတလုံးလျင် ၁၀၀ ကျပ်ခန့် ရောင်းလေ့ရှိသည်။ မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေး ရောဂါသည် မန္တလေးနှင့် စစ်ကိုင်းတွင် စတင်ဖြစ်ခဲ့ပြီး၊ ဒုတိယ တကျော့တွင် ပဲခူးနှင့် ရန်ကုန်၊ ယခုအကြိမ်တွင်မူ အပြင်းစား ကြက်လည်လိမ်ရောဂါသည် ပြည်မြို့တွင် စတင်ခဲ့သည်။

ပြည်မြို့ မြို့သစ်ရှိ ကြက်ခြံများတွင် ကြက်၊ ငုံး ကောင်ရေ ၉၀၀၀ ထက်မနည်း သုတ်သင် ရှင်းလင်းပြီး ဖြစ်သည်။
ကြက်ရောဂါများ ဖြစ်နေချိန် ယခုလ ၂ ရက်နေ့က ရန်ကုန်အနီး ညောင်နှစ်ပင်အရပ်ရှိ MRC ကုမ္ပဏီပိုင် ကြက်ကောင်ရေ ၂၀၀၀၀ မွေးထားသည့် မွေးမြူရေးခြံ မီးလောင်ခဲ့ရာ တောမီးမှတဆင့် မီးကူးစက်ခဲ့သည်ဟု မွေးမြူရေးလုပ်ငန်း၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။

ယခုလ နောက်ဆုံးပတ်တွင် နေပြည်တော် ပျဉ်းမနားရှိ ကြက်မွေးမြူရေး ခြံများကို မြို့ပြင်ထုတ်ရန် မွေးမြူရေး လုပ်ငန်းက စီစဉ်နေပြီ ဖြစ်သည်။
( မဇ္ဈိမသတင်းဌာနမှ ကောက်နှုတ်ချက် )
+++++
မလေးရှား အထည်ချုပ် မြန်မာအလုပ်သမားများ အလုပ်ရှင်ကြောင့် ပုန်းနေရဆဲ


မလေးရှားလုပ်ငန်းရှင်၏ ဖိနှိပ်မှုများကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့်အတွက် မြန်မာအထည်ချုပ် အလုပ်သမ (၁၅) ဦးနှင့် လုပ်သား (၁) ဦးတို့၏ ရှေ့ရေးမှာ ယခုအခါ သောင်မတင် ရေမကျ ဖြစ်နေသည်။

မလေးရှားလုပ်ငန်းရှင်၏ ဖိနှိပ်မှုများကြောင့် မြန်မာအလုပ်သမား အခွင့်အရေး အကာကွယ်ပေးရေး ကော်မတီ (BWRPC) သို့ ထွက်ပြေးလာခဲ့ကြပြီး ထွက်ပြေးရာအထိ လုပ်ငန်းရှင်က လိုက်လံအနိုင်ကျင့် ရိုက်နှက်မှုကြောင့် လုံခြုံရာသို့ ရွေ့ပြောင်း ခိုလှုံနေရသော မြန်မာအထည်ချုပ် အလုပ်သမများအား မြန်မာသံရုံးက လိုက်လံ ဆက်သွယ်နေသည်ဟု သတင်းများပေါ်ထွက်နေသည်။ မလေးရှားနိုင်ငံ မြန်မာသံရုံးသို့ ယင်းကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်း မရှိခဲ့ပေ။
သို့သော် မြန်မာအထည်ချုပ် အမျိုးသမီးများက ၄င်းတို့ထံ တိုက်ရိုက်ဆက်သွယ်မှု မရှိသေးကြောင်းနှင့် ၄င်းတို့ ထွက်ခွာစဉ်က ကုန်ကျခဲ့သောငွေ ပြန်လည်ရရှိသည်အထိ နေထိုင်လုပ်ကိုင်လိုကြကြောင်း အထည်ချုပ် အမျိုးသမီးတဦးက ပြောသည်။ အဆိုပါ အမျိုးသမီးများ မလေးရှားတွင် ဆက်နေထိုင်ပါက ဥပဒေအရ သက်တမ်းလွန်နေထိုင်မှု (over stay) ဖြစ်သွားမည်ဖြစ်ကြောင်း၊ သို့သော် ယင်းကိစ္စကို ဆောင်ရွက်ပေးနေသော အန်ဂျီအိုက အလုပ်ရှင် Mr.Kumar အနေဖြင့် ကိုယ်ထိလက်ရောက် ရိုက်နှက်မှုများ ရှိထားခြင်းကြောင့် အမျိုးသမီးများ၏ နေထိုင်ခွင့် သက်တမ်း ထပ်တိုးပေးခြင်း၊ ညှိနှိုင်းပေးခြင်းများ ရှိလာရမည်ဟု မျှော်လင့်ထားကြောင်း ကိုရဲမင်းထွန်းကပြောသည်။

မြန်မာအထည်ချုပ် အမျိုးသမီးများအား မလေးလုပ်ငန်းရှင် Mr.Kumar ကိုယ်တိုင် မြန်မာနိုင်ငံသို့ လာရောက် အင်တာဗျူးပြီး ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ညှိနှိုင်းစဉ်က မနက် (၈) နာရီမှ ညနေ (၅) နာရီအထိ အလုပ်ဆင်းချိန် သတ်မှတ်ကာ လစာ ရင်းဂစ် (၇၅၀) နှုန်း သတ်မှတ်ခဲ့ကြကြောင်း၊ အချိန်ပိုပေး သီးသန့်ထပ်ပေးရမည်ဟု ညှိနှိုင်းခဲ့ကြကြောင်း အမျိုးသမီးတဦးက ပြောသည်။ သို့သော် အလုပ်ဆင်းချိန်တွင် အချိန်ပိုကြေး မပေးခဲ့ကြောင်း ၊ ယင်းကိစ္စကို ပြောဆိုရာတွင် မြန်မာ အမျိုးသမီးများအား အပြင်ထွက်ခွင့်၊ ဖုန်းကိုင်ဆောင်ခွင့်များကိုပါ ပိတ်ပင်ခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။
မြန်မာအလုပ်သမများက အလုပ်ရှင်က အချိန်ပိုကြေး မပေးသည့်အကြောင်း မြန်မာသံရုံးသို့ ဦးစွာတင်ပြခဲ့ သော်လည်း မြန်မာသံရုံး ၀န်ထမ်းတဦးက မင့်တို့ကို ငါတို့ခေါ်ထားတာမှ မဟုတ်တာဟု ပြန်လည်ပြောဆို ခဲ့ကြောင်း အလုပ်သမတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
နိုင်ငံရေး အကျဉ်းသားများ ပိုမိုလွှတ်ပေးရန် အမေရိကန်က မြန်မာနိုင်ငံကို တောင်းဆို

နယူးဒေလီ။ ။ မြန်မာအစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် အကျဉ်းသား ၆ဝဝဝ ကျော် လွှတ်ပေးရာတွင် နိုင်ငံရေး အကျဉ်းသားများ ပါလာသည့်အတွက် အမေရိကန်က ကြိုဆိုကြောင်း၊ သို့သော် ဒီမိုကရေစီခေါင်းဆောင် အောင်ဆန်းစုကြည် အပါအဝင် ကျန်နိုင်ငံရေး အကျဉ်းသမားများကိုလည်း လွှတ်ပေးရန် စစ်အစိုးရကို တောင်းဆိုကြောင်း အမေရိကန် နိုင်ငံက ပြောသည်။
ဤတောင်းဆိုမှုသည် မြန်မာစစ်အစိုးရက အကျဉ်းသား ၆၃၁၃ ဦးကို စနေနေ့မှ စတင်၍ နိုင်ငံတဝှမ်းလုံးရှိ အကျဉ်းစခန်းများမှ လွှတ်ပေးနေရာတွင် အနည်းဆုံး နိုင်ငံရေး အကျဉ်းသား ၂၃ ဦး ပါဝင်လာခဲ့ပြီးနောက် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများ အလုပ်မဖြစ်သဖြင့် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို အမေရိကန်နိုင်ငံက ပြန်လည် သုံးသပ်နေကြောင်းလည်း ဝုဒ် က ပြောသည်။

မြန်မာအစိုးရ၏ အပြုအမူများ ပြောင်းလဲရေးအတွက် မြန်မာအစိုးရနှင့် ထိတွေ့ ဆက်ဆံနိုင်ရန် နည်းလမ်းသစ်တရပ်ကို ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အမေရိကန်နိုင်ငံက ညှိနှိုင်းတိုင်ပင် ရှာဖွေလျက်ရှိကြောင်း ဖြင့်လည်း သူကပြောပါသည်။ သူမ၏ ၄ နိုင်ငံ အာရှခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က အင်ဒိုနီးရှားသို့ ရောက်ရှိစဉ် ပြောကြားရာတွင် မြန်မာစစ်အစိုးရကို အပြောင်းအလဲများ လုပ်စေရန် အမေရိကန်၏ ပိတ်ဆို့ အရေးယူမှုများနှင့် ဒေသတွင်းနိုင်ငံများ၏ ဆက်ဆံရေးမူဝါဒများ နှစ်မျိုးစလုံး မအောင်မြင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
( မဇ္ဈိမသတင်းဌာနမှ ကောက်နှုတ်ချက် )
+++++
ရန်ကုန်မှာ လျှပ်စစ်မီးပျက် တက္ကစီများ စီအန်ဂျီ ဖြည့်မရ


လျှပ်စစ်မီးပျက်နေသဖြင့် စီအန်ဂျီ ဖြည့်သောနေရာတွင် တက္ကစီယာဉ်မောင်းများ အချိန်ကြာမြင့်စွာ တန်းစီနေရသည့်အတွက် အခက်တွေ့နေကြောင်း ရန်ကုန်မြို့ခံ တက္ကစီသမားများက ပြောသည်။ တက္ကစီယာဉ်မောင်းများက စီအန်ဂျီ ဆိုင်တွင် အချိန်ကုန်နေကြသည့်အတွက် ၎င်းတို့၏ စားဝတ်နေရေးကိုပါ ထိခိုက်ကြောင်း ယာဉ်မောင်းများက ပြောသည်။
စီအန်ဂျီ ပြောင်းလဲပြီး တက္ကစီယာဉ်ပေါင်း (၁၂,၀၀၀) ကျော်ရှိသည့်အနက် တ၀က်ခန့်သာ အလုပ်ဖြစ်နေပြီး ကျန်သည့်ကားများမှာ စီအန်ဂျီ ဆိုင်တွင်တန်းစီနေသည့် အချိန်ဖြင့်သာ အချိန်ကုန်နေကြောင်း ရန်ကုန်ရှိ တက္ကစီယာဉ်မောင်း အသိုင်းအ၀ိုင်းက သိရသည်။ ရန်ကုန်တွင် မီးပြတ်လျင် (၂၄) နာရီ စီအန်ဂျီ ထည့်၍ရသော စီအန်ဂျီ အရောင်းဆိုင်ပေါင်း (၃) ဆိုင်နှင့် မီးပြတ်လျင် စီအန်ဂျီ ထည့်၍မရသော ဆိုင် (၃၄) ဆိုင် ရှိကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
သံလက်သီးအမှုတွင် ပါဝင်သူ ပြန်လွတ်လာ

ချင်းမိုင် (မဇ္ဈိမ) ။ ။ ထောင်ဒဏ် ၇ နှစ် ကျခံနေသည့် မန္တလေးတိုင်း မတ္တရာမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးညိုကြီး ယခုလ ၂၀ ရက်နေ့က ခန္တီးထောင်မှ ပြန်လွတ်လာသည်။

စစ်အစိုးရက အကျဉ်းသား ၆၃၁၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် စတင်၍ ပြန်လွှတ်ပေးမည့်ရက် မတိုင်ခင် တရက်အလိုက ယခုလို လွတ်လာခြင်း ဖြစ်သည်။
၂၀၀၇ ဇွန်လ ၁၅ ရက်နေ့က မန္တလေးတွင် ပြုလုပ်သည့် အန်အယ်ဒီ အဖွဲ့ဝင်များ၏ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲမှအပြန် အမည်မသိ လူတဦးက မတ္တရာအမတ် ဦးသန်းလွင်အား သံလက်သီးဖြင့် ထိုးကာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ရုံးအတွင်း ၀င်ပြေးခဲ့သည်မှ စတင်ခဲ့သည်။

ထိုမှတဆင့် ဦးသန်းလွင်က မျက်မြင်သက်သေများနှင့် ရဲစခန်းသို့ သွားတိုင်ရာ ရဲများက ကြံ့ဖွံ့ရုံးသို့ သွားသည့်အခါ ရုံးတံခါး မဖွင့်သည့်အပြင် မြို့နယ် ကြံ့ဖွံ့အတွင်းရေးမှူး ဦးကျော်မင်းက အသရေဖျက်မှုဖြင့် ပြန်လည် တရားစွဲဆိုခဲ့ရာမှ မျက်မြင်သက်သေအဖြစ် လိုက်သွားသူ ဦးညိုကြီးနှင့် ကာယကံရှင် ဦးသန်းလွင် အပါအ၀င် ၇ ဦးမှာ ထောင်ဒဏ်များ ကျခံခဲ့ရသည်။

သူတို့အား အသရေဖျက်မှု ပုဒ်မ ၅ဝ၆ ဖြင့် ထောင်ဒဏ် ၇ နှစ်စီ ချခဲ့သော်လည်း မန္တလေးတိုင်း တရားရုံးတွင် အယူခံဝင်ရာ ဦးညိုကြီးမှအပ မျက်မြင်သက်သေ ၅ ဦးအား တနှစ်အထိ ပြစ်ဒဏ်လျှော့ချခဲ့ရာ ၂၀၀၈ ခု အောက်တိုဘာလ ၃ ရက်နေ့တွင် ပြန်လွတ်လာပြီး ဖြစ်သည်။
( မဇ္ဈိမသတင်းဌာနမှ ကောက်နှုတ်ချက် )
+++++
နေပြည်တော် ကောင်စစ်ရုံးဆောက်ရေး လယ်ဧက ၁၀၀ သိမ်း


နေပြည်တော်ပျဉ်းမနား-တောင်ညို လမ်းမကြီးဘေးရှိ လယ်ဧက (၁၀၀) ကို စစ်အစိုးမှ လွန်ခဲ့သောလက သိမ်းပိုက် လိုက်ကြောင်း ပျဉ်းမနားမြို့ခံများက ပြောသည်။

ယင်းသို့ သိမ်းခြင်းမှာ နိုင်ငံခြား ကောင်စစ်ဝန်ရုံးတခု တည်ဆောက်ရန် ဖြစ်ကြောင်း၊ အဆိုပါ လယ်ဧက (၁၀၀) မှာ ပျဉ်းမနား၊ ပြန်ကပြေးရွာမှ လယ်သမားများ ပိုင်ဆိုင်သောလယ်များ ဖြစ်ကြောင်း ပြန်ကပြေး ရွာသားများက ပြောသည်။

သိမ်းပိုက်လိုက်သော လယ်ယာမြေများအတွက် လျော်ကြေးရရှိမှု ယခုထိ မရှိသေးကြောင်း၊ အသိမ်းခံလိုက်ရသော လယ်သမားများ (၃၀) ဦး ထက်မနည်းမှာ မကျေနပ်ဖြစ်နေကြောင်း သိရသည်။ အသိမ်းခံရသော လယ်များပိုင်သည့် ပြန်ကပြေးရွာမှာ ပျဉ်းမနား အပိုင်ဖြစ်ပြီး အိမ်ခြေ (၁,၈၀၀) ခန့် ရှိသော ရွာကြီးဖြစ်ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ပြည်တွင်း ဈေးကွက်၌ ရွှေဈေးနှုန်း အကျဈေးဖြင့် အရောင်းအ၀ယ်အေး

နိုင်ငံတကာဈေးကွက် ရွှေဈေးနှုန်း ပြန်လည်မြင့်တက်နေသော်လည်း ပြည်တွင်းဈေးကွက်၌ ရွှေဈေးနှုန်း အကျဈေးဖြင့်ငြိမ်သက်နေမှုနှင့်အတူ အရောင်းအ၀ယ်အေးလျက်ရှိကြောင်း ရွှေအရောင်းဈေးကွက်မှ စုံစမ်းသိရှိ ရသည်။

နိုင်ငံတကာဈေးကွက်၌ ရွှေဈေးနှုန်းမှာ ယခုလက်ရှိ၌ ဖေဖော် ၀ါရီလ ၂၀ ရက်နေက နယူးယောက်ပေါက်ဈေးမှာ ရွှေတစ်အောင်စလျင် အမေရိကန်ဒေါ်လာ ၉၉၃ ဒသမ ၂၀ ဖြင့် အရောင်းအ၀ယ်ပြုလုပ်နေပြီး ပြည်တွင်းဈေးကွက်၌ အခေါက်ရွှေ တစ်ကျပ်သားလျင် ကျပ် ၅၁၄၀၀၀ နှင့် ၁၅ ပဲရည်ရွှေတစ်ကျပ်သားလျင် ကျပ် ၄၈၀၀၀၀ ဖြင့် အရောင်း အ၀ယ်ပြုလုပ်နေကြောင်း သိရသည်။

နိုင်ငံတကာ ရွှေဈေးနှုန်းမှာ ဇန်န၀ါရီလ ၄ ရက်နေ့က ရွှေ တစ် အောင်စလျင်အမေရိကန်ဒေါ်လာ ၈၆၉ ဒသမ ၂၀ရှိခဲ့ပြီး ဇန်န၀ါရီလ ၃၀ ရက်နေ့က ရွှေတစ်အောင်စလျင် အမေရိကန်ဒေါ်လာ ၉၂၇ ဒသမ ၁၀ ရှိခဲ့ကြောင်းသိရသည်။ ပြည်တွင်း ရွှေဈေးကွက်တွင်မူ ၁၅ ပဲရည်ရွှေ တစ်ကျပ်သားလျင် ကျပ် ၄၇၀၀၀၀ ကျော်နှင့် အခေါက်ရွှေတစ်ကျပ်သား လျင် ကျပ် ၅၀၀၀၀၀ ကျော်ဝန်း ကျင်ဖြင့် အရောင်းအ၀ယ်ပြုလုပ်ခဲ့ ကြောင်းသိရသည်။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့က နိုင်ငံတကာ ရွှေဈေးကွက်တွင် ရွှေတစ်အောင်စလျင် အမေရိကန်ဒေါ်လာ ၈၃၅ ဒသမ ၆၀ ဖြစ်ခဲ့ပြီး ပြည်တွင်းရွှေဈေးကွက်၌ အခေါက်ရွှေတစ်ကျပ်သားလျင် ကျပ် ၅၅၄၀၀၀ ကျော်ဖြင့် အရောင်းအ၀ယ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
( ၀ိကလီးအဲလဲဗင်းမှ ကောက်နှုတ်ချက် )
+++++
ဗုဒ္ဓတက္ကသိုလ်များညီလာခံ ဒုတိယအကြိမ်ကျင်းပမည် မြန်မာရဟန်းများ ပြည်ပသို့ ၀ိပဿနာသင်တန်းပို့ချခွင့်ရ


စစ်ကိုင်း သီိတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်၌ လာမည့်မတ်လ (၅) ရက်တွင် ဒုတိယအကြိမ်မြောက် ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ်များ ညီလာခံ ကျင်းပသွားမည်ဖြစ်ရာ အဖွဲ့ဝင် တက္ကသိုလ်များအကြား ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် ပညာသင် စေလွတ်နိုင်မှုစသည့် အကျိုးတရားများ ရရှိမည် ဖြစ်ကြောင်း သီတဂူသာသနာပြုအဖွဲ့မှ ဒေါက်တာအရှင်ကိတ္တိဗလက ခေတ်ပြိုင်သို့ မိန့်ကြားသည်။

အဆိုပါ ညီလာခံတွင် နိုင်ငံပေါင်း (၁၈) နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်လိမ့်မည် ဖြစ်ကြောင်း၊ ယင်းညီလာခံအပြီးတွင် သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ၏ သက်တော် (၇၂) နှစ်ပြည့် ၀ိဇာတ မင်္ဂလာအခမ်းအနားကိုလည်း မတ် (၉) ရက်တွင် တဆက်တည်း ကျင်းပသွားဖြစ်ကြောင်း သိရသည်။

အဆိုပါ ညီလာခံ မစတင်မီ သီတဂူတက္ကသိုလ်မှ ဘီအေဘွဲ့ရ သံဃာတော်များကို ဘွဲ့တံဆိပ် ဆက်ကပ်ကာ မွန်းလွဲပိုင်းတွင် ညီလာခံ စတင်မည်ဖြစ်သည်။ (၃) ရက်တိုင်တိုင် ကျင်းပမည့် ယင်းညီလာခံတွင် -
(၁) လူမှုအကျိုးပြု လုပ်ငန်း၌ ပါဝင်ပတ်သက်သော ဗုဒ္ဓသာသနာ
(၂) ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံများရှိ ပရိယတ္တိ၊ ပဋိပတ္တိသာသနာ အခြေအနေ
(၃) ထေရ၀ါဒနိုင်ငံများရှိ သံဃာတော်များအကြောင်း
(၄) ၁၉ ရာစု နှောင်းပိုင်းမှစ၍ ပါဋ္ဌိစာပေ တိုးတက်ပြောင်းလဲလာမှု အခြေအနေများကို အဓိကထားဆွေးနွေးသွားကြမည်ဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဈေးကွက်ကျဉ်းမြောင်းမှုနှင့် ဈေးကွက် လိုအပ်ချက်အရသာ ထုတ်လုပ်နေရ ခြင်းကြောင့် အရည်အသွေး ပိုမိုလျော့ ကျလာ

စားသောက်ကုန် လုပ်ငန်းများမှာ ၀ယ်လိုအား ကျဆင်းနေမှု၊ ဈေးကွက် ကျဉ်းမြောင်းမှုနှင့် ဈေးကွက် လိုအပ်ချက်အရသာ ထုတ်လုပ်နေရ ခြင်းကြောင့် အရည်အသွေး ပိုမိုလျော့ကျလာကြောင်း သိရှိရသည်။ တရားဝင် မှတ်ပုံတင်ထားသော စီးပွားရေး လုပ်ငန်းများအနက် စားသောက်ကုန် လုပ်ငန်းများမှာ ၆၄ ရာခိုင်နှုန်းရှိကြောင်းလည်း သိရှိရသည်။

စားသောက်ကုန် လုပ်ငန်းများတွင် ၀ယ်လိုအားကျဆင်းမှုသည် ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းထိ ရှိနေသည်။ ယင်းကျဆင်းမှုသည် ဈေး ကွက် ကျဉ်းမြောင်းပြီး ပြည်တွင်း ဈေးကွက်မှာသာ ထုတ်ကုန်များယှဉ်ပြိုင် ထုတ်လုပ်နေခြင်းကြောင့် လုပ်ငန်းရှင်များ အနေဖြင့် အများဆုံး ထိခိုက်နေကြောင်း သိရှိရပါသည်။ ဈေးကွက်အတွင်းတွင်လည်း လက်ငင်းငွေပေး ချေမှုစနစ်မှာ လွန်စွာနည်းပါးနေပြီး အကြွေးစနစ်မှာ ကာလရှည်ထိ ဖြစ်ပွားနေခြင်းကြောင့် စားသောက်ကုန်များ ထပ်မံ ထုတ်လုပ်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုအား ပိုမို ခက်ခဲစေကြောင်း သိရသည်။
ထုတ်လုပ်မှုတွင်လည်း ပြည်တွင်းလုပ်ငန်းရှင်များက ဈေးကွက် လိုအပ်ချက်အနေဖြင့်သာ ထုတ်လုပ် နေမှုများပြီး အရသာတစ်မျိုးတည်း ကိုသာ အဓိကထား ထုတ်လုပ်နေကြကြောင်း သိရသည်။ ယင်းသို့ ထုတ်လုပ်နေခြင်းကြောင့် အရည်အသွေး ပိုမိုလျော့ကျသည်ထက် လျော့ကျ လာမည်ဖြစ်ကြောင်း သိရသည်။ ပြည်ပဈေးကွက် အနေအထားတွင်လည်း မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများမှာ အပြည်ပြည်ဆိုင်ရာ ဈေးကွက်အတွင်း နည်းပါး၍ မိမိအမှတ်တံဆိပ်များအား သိရှိရန် လုပ်ဆောင်မှုလည်း အားနည်းကြောင်းနှင့် အရည်အသွေး ထိန်းချုပ်မှုစနစ်ကိုလည်း လုပ်ငန်းရှင်များမှ သိရှိမှု နည်းပါးသည့်အပြင် ၀န်ထမ်းများသို့ဖြန့်ဝေမှုတွင်လည်း မရှိသလောက် နည်းပါးခြင်းများကြောင့် ဈေးကွက် ယှဉ်ပြိုင်နိုင်မှုတွင် ၀န်ထုပ် ၀န်ပိုးတစ်ခုသကဲ့သို့ ဖြစ်နေကြောင်း သိရသည်။
( ၀ိကလီအဲလဲဗင်းမှ ကောက်နှုတ်ချက် )
+++++
ဖေဖေါ်ဝါရီလ ၂၅ ရက်
ရက်သတ္တပတ် ၉ ၊ ၂၀၀၉၊
မြန်မာ သတင်း

မဲဆောက်မြန်မာအလုပ်သမား ၃၀၀နီးပါး လက်မှတ်လိမ်မထိုး၍ အလုပ်ဖြုတ်ခံရ

မဲဆောက်ရှိ ဟန်ထိုင်း သိုးမွေးအထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား တစ်ထောင်ခန့်အား လုပ်ငန်းခွင်အတွင်း လုပ်အားခနှင့် အလုပ်သမားအခွင့်အရေးများ အပြည့်အ၀ရရှိသည့် အကြောင်းကို စာချုပ်စာတမ်းဖြင့် လိမ်လည်လှည့်ဖြား၍ လက်မှတ်ထိုးခိုင်းခြင်းကို ကန့်ကွက်ခဲ့သည့် မြန်မာအလုပ်သမား (၂၉၃) ဦးကို ယမန်နေ့က အကြောင်းမဲ့ အလုပ်ဖြုတ်လိုက်သည်။

ထိုကိစ္စနှင့် ပတ်သက်၍ မဲဆောက်မြို့ရှိ ထိုင်းအလုပ်သမား အခွင့်အရေးကာကွယ်ရေးရုံးတွင် မြန်မာအလုပ်သမား များက အရေးဆိုတိုင်ကြားသောကြောင့် အလုပ်ရှင်နှင့် အလုပ်သမား အခြေအနေမှာ တင်းမာလျက်ရှိသည်။
ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ဟန်ထိုင်းသိုးမွေး အထည်ချုပ်စက်ရုံ၏ မန်နေဂျာတဦးဖြစ်သူ နိုင်ပရာချာထံသို့ စက်ရုံဖုန်းနံပတ် (၀၅၅-၅၅၁၂၀၈) သို့ ခေတ်ပြိုင်မှဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားရန် ငြင်းဆိုပြီး ဖုန်းချသွားသည်။

အလုပ်ဖြုတ်ခံရသည့် မြန်မာအလုပ်သမားများက မိမိတို့ နစ်နာကြေးရရှိရေးအတွက် အလုပ်သမားအခွင့်အရေး၊ ကာကွယ်ရေးရုံးမှ တဆင့် ဥပဒေကြောင်းအရ အရေးဆိုသွားမည်ဟု ပြောသည်။

မဲဆောက်ဒေသအတွင်း အလုပ်ရုံ၊ စက်ရုံပေါင်း (၂၀၀) ခန့်ရှိပြီး မြန်မာအလုပ်သမား (၁) သိန်း ခန့် အလုပ်လုပ် ကိုင်လျက်ရှိသည်ဟု ထိုင်းအခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ စစ်တမ်းများအရသိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
သေဆုံးသူ သင်္ဘောသား ၁၀ ဦးနှင့် ဒဏ်ရာရသူ သင်္ဘောသားနှစ်ဦးတို့အတွက် လျော်ကြေးငွေများ ပေးအပ်

သေဆုံးသူ သင်္ဘောသား ၁၀ ဦး နှင့် ဒဏ်ရာရသူ သင်္ဘောသား နှစ်ဦးတို့အတွက် လျော်ကြေးငွေများကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က မြန်မာ့ အာမခံလုပ်ငန်းရုံးချုပ်တွင် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူ သင်္ဘောသား ၁၀ ဦး အတွက် လျော်ကြေးငွေစုစုပေါင်း ကျပ် ၄၉၅ သိန်း ပေးအပ်ခဲ့ပြီး ဒဏ်ရာရသူ သင်္ဘောသား နှစ်ဦးတို့အတွက် လျော်ကြေးငွေ ကျပ် ၅၅၂၀၀ အား နစ်နာဆုံးရှုံးသူများ၏ မိသားစုဝင်များသို့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
( ၀ိကလီးအဲလဲဗင်းမှ ကောက်နှုတ်ချက် )
+++++
အာဆီယံစည်းဝေးတွင် မြန်မာ့အရေးများ ဆွေးနွေးမည်


ချင်းမိုင်(မဇ္ဈိမ)။ ။ အာဆီယံ ခေါ် အရှေ့တောင်အာရှ နိုင်ငံများအသင်း၏ ၁၄ ကြိမ်မြောက် အစည်းအဝေးကို ထိုင်းနိုင်ငံတောင်ပိုင်း၌ ယခုလကုန်ပိုင်းတွင် ကျင်းပသည့်အခါ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ အပါအ၀င် မြန်မာရေးရာ ကိစ္စရပ်များ ထည့်သွင်း ဆွေးနွေးမည်ဟု သိရသည်။

အစည်းအဝေးကို ယခုလ ၂၇ ရက်မှ မတ်လ ၁ နေ့အထိ ဘန်ကောက်မြို့မှ ကီလိုမီတာ ၁၅ဝ ခန့် ကွာဝေးသော ဟွေဟင် Hua Hin ကမ်းခြေ၌ ကျင်းပသည့်အခါ မျက်မှောက် မြန်မာ့နိုင်ငံရေး၊ နိုင်ငံရေး အကျဉ်းသားများ အရေးနှင့် လှေစီးဒုက္ခသည် ရိုဟင်ဂျာ အရေးများ ပါဝင်ထည့်သွင်း ဆွေးနွေးနိုင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဖိဆစ် ဝေ့ခ်ျချာချီဝ၏ ဖိတ်ကြားချက်အရ မြန်မာဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်သည် အာဆီယံထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည်ဟု ယမန်နေ့ထုတ် စစ်အစိုးရ အာဘော် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် မတည်မငြိမ် ဖြစ်ခဲ့သော ပြည်တွင်းနိုင်ငံရေးကြောင့် အာဆီယံ အစည်းအဝေး ကျင်းပရန် နေရာပြောင်းလဲ စီစဉ်ခဲ့သည်မှာ ယခုနှင့်ဆိုလျှင် ၄ နေရာမြောက်ဖြစ်သည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက အစည်းအဝေးကို ဘန်ကောက်မြို့၌ ကျင်းပရန် စီစဉ်ခဲ့သော်လည်း ပြုတ်ကျသွားသော ယခင် ၀န်ကြီးချုပ်ဟောင်း ထပ်ဆင် ရှင်နာဝပ်ကို ထောက်ခံသော ပြည်သူ့စွမ်းအားပါတီ People Power Party ကို ဆန့်ကျင်သည့် PAD များက ဆန္ဒပြမှုကြောင့် နိုင်ငံမြောက်ပိုင်း ချင်းမိုင်သို့ ပြောင်းရွှေ့ကျင်းပရန် စီစဉ်ခဲ့သည်။

အာဆီယံကို ၁၉၆၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံက စတင် တည်ထောင်ခဲ့သည်။ နောက်ပိုင်းတွင် မြန်မာ၊ ဘရူနိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ ပါဝင်လာခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++
အကောင်းဆုံးမြေသြဇာ လူငယ်သုံးဦး ရန်ကုန်တိုင်းရဲရုံးမှာ ဖမ်းထားဆဲ

အကောင်းဆုံးမြေသြဇာအဖွဲ့မှ ကိုစိုးမင်းထိုက်၊ ကိုကျော်ဇင်နိုင်၊ ကိုအောင်ထက်မင်းတို့ ဖေဖော်ဝါရီ (၁၄) ရက်၌ မြောက်ဥက္ကလာပမြို့နယ် အထက (၃) ရှေ့တွင် နှင်းဆီပန်း လူထုလှုပ်ရှားမှုအဖြစ် ပိုစတာများ ကပ်နှံခဲ့ခြင်းကြောင့် အာဏာပိုင်များက နေအိမ်သို့လာရောက် ဖမ်းဆီးခဲ့ပြီး၊ ယခုအခါ ရန်ကုန်တိုင်းရဲရုံးတွင် ဖမ်းဆီးနှိပ်စက် စစ်ဆေးနေကြောင်း ယင်းအဖွဲ့ဝင်လူငယ်တဦးက ပြောသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ရန်ကုန်ရဲရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းကိုင် ဖြေကြားခြင်းမရှိပေ။

လူထုအတွက် စတေးခံအကောင်းဆုံးမြေသြဇာအဖွဲ့၊ မျိုးဆက်သစ်လူငယ်များအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ငြိမ်းချမ်းရေးနှင့် ချစ်ခြင်းမေတ္တာ သင်္ကေတအထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် ဖေဖော်ဝါရီ (၁၄) ရက်တွင် လူထုလှုံ့ဆော်ရေးတရပ် ပြုလုပ်ခဲ့ကြသည်။

အဆိုပါ လှုပ်ရှားမှုအတွက် အဖမ်းခံလူငယ် (၃) ဦး ပိုစတာကပ်နှံသည်ကို စွမ်းအားရှင် ဆိုက္ကားသမားတဦး မြင်သွားကာ အာဏာပိုင်များထံ သတင်းပေးခဲ့ခြင်းကြောင့် အိမ်အထိ လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်းသိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မြန်မာလူနာများကို အရေးပေါ် လေယာဉ်ဖြင့် ဆေးရုံပို့နိုင်ရန် စီစဉ်

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံမှ လူနာများ အနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဖယားထိုင်း PAYATHAI အထူးကုဆေးရုံသို့ အရေးပေါ်လေယာဉ် စင်းလုံးငှားပြီး တက်ရောက် ကုသနိုင်ရန် စီစဉ်နေသည်။

လေယာဉ်သည် ပန်ကာ ၂ လုံးတပ်ဖြစ်ပြီး ဆရာဝန်တဦး၊ သူနာပြုတဦး၊ အကူသူနာပြုတဦး၊ လေယာဉ်မောင်း ၂ ဦး၊ လူနာအဖော် ၂ ဦး၊ လူနာ ၁ ဦး၊ စုစုပေါင်း ၈ ဦး လိုက်ပါနိုင်သည့် အရွယ် လေယာဉ် ၂ စင်း ထားရှိနိုင်ရေးအတွက် PAYATHAI ၏ မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့တဖွဲ့က စတင်စီစဉ်နေခြင်း ဖြစ်သည်။
ယခုအဖွဲ့သည် PAYATHAI ဆေးရုံသို့ မြန်မာလူနားများ တက်ရောက်နိုင်ရေးအတွက် ယခင်ကတည်းက ရိုးရိုးလေယာဉ်များဖြင့် အကျိုးဆောင်ပေးနေသည့် အဖွဲ့ဖြစ်သည်။

လေယာဉ်စင်းလုံးငှားမည့် အစီအစဉ်သည် လက်ရှိတွင် အာမခံကြေး ပေးဆောင်ထားသည့် မြန်မာနိုင်ငံမှ နိုင်ငံခြားသားများကို အဓိကထား၍ ဝန်ဆောင်မှုပေးရန် ရည်ရွယ်ထားသော်လည်း မြန်မာနိုင်ငံသား လူနာများလည်း လေယာဉ်ခ ထိုင်းဘတ်ငွေ ၆ သိန်း အပါအ၀င် ထိုက်သင့်သည့် ကုန်ကျစရိတ်များ ပေးသွင်းပါက အခြား လိုအပ်သည်များကို အသေးစိတ် ဆွေးနွေးပြီး စီစဉ်သွားမည် ဖြစ်သည်။

သို့သော် ယခု အစီအစဉ်သည် မည်သည့်ကာလတွင် အကောင်အထည် ပေါ်လာမည်နှင့် မည်ကဲ့သို့ လတ်တလော ဆောင်ရွက်နေသည်ကိုမူ အမည်မဖော်လိုသူ ဈေးကွက်မန်နေဂျာက အသေးစိတ် ပြောဆိုခြင်း မရှိခဲ့ပါ။

လိုအပ်ပါက မြန်မာနိုင်ငံကူး လက်မှတ်နှင့် ထိုင်းဗီဇာ ရရှိရေး တို့ကိုလည်း ဝန်ဆောင်ပေးမည် ဖြစ်ကြောင်းနှင့် ဆေးကုသမှု ကုန်ကျစရိတ်၊ ငွေကြေးလဲလှယ်မှု၊ အခြား ကုန်ကျစရိတ်များအတွက်မူ ကြိုတင် ညှိနှိုင်း ဆောင်ရွက်ပေးနေကြောင်း သူက ဆိုသည်။ ဘန်ကောက်မြို့တွင် PAYATHAI အထူးကုဆေးရုံ ၃ ရုံရှိသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++
လေကြောင်းလိုင်းများတွင် စီးနင်းမည့် နိုင်ငံသား ခရီးသွားအရေအတွက် ဆက်တိုက် ကျဆင်းမှု ကြုံတွေ့နေရ

နိုင်ငံသား ခရီးသွားများ အပေါ် မှီခိုအားထားရသည့် နိုင်ငံတကာ လေကြောင်းလိုင်းများတွင် စီးနင်းမည့် နိုင်ငံသား ခရီးသွားအရေအတွက် ဆက်တိုက် ကျဆင်းလာမှုနှင့် ကြုံတွေ့နေရကြောင်း ခရီးသွား အေဂျင်စီများနှင့် လေယာဉ် လက်မှတ် အရောင်းကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရပါသည်။ နိုင်ငံတကာ ခရီးစဉ်များတွင် နိုင်ငံသား ခရီးသွားများအနေဖြင့် ဘန်ကောက်နှင့် ကာလကတ္တား ခရီးစဉ်ကို အလည်အပတ်ဖြင့် လည်းကောင်း၊ စင်ကာပူခရီးစဉ်ကို အလည်အပတ်၊ ပညာရေး၊ အလုပ်အကိုင်ကိစ္စများဖြင့် လည်းကောင်း၊ ကွာလာလမ်ပူ ခရီးစဉ်ကို အလုပ်အကိုင်ဖြင့် လည်းကောင်း အများဆုံး သွားရောက်ကြကြောင်း သိရသည်။
မြန်မာနိုင်ငံ အခြေပြု နိုင်ငံတကာ လေကြောင်းလိုင်းများမှာမူ နိုင်ငံသား အများစုကို အမှီပြုနေရသည့်အတွက် ၂၀၀၉ ခုနှစ်တွင် ခရီးသွား ပုံမှန်ရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။ သို့သော် နိုင်ငံသားအများစု သွားရောက်ကြ သော နိုင်ငံများတွင် ကမ္ဘာ့စီးပွား ပျက်ကပ်ဂယက်ကြောင့် အလုပ် အကိုင်လျော့ချခြင်း၊ နိုင်ငံခြားသား များအတွက် အလုပ်အကိုင် အခွင့်အလမ်း လျော့နည်းသွားခြင်းများရှိ လာခဲ့ပြီး မြန်မာနိုင်ငံသားများ၏ ပြည်ပ ထွက်ခွာနှုန်းမှာလည်း လျော့ကျသွားခဲ့ကြောင်း သိရသည်။
( ၀ိကလီးအဲလဲဗင်းမှ ကောက်နှုတ်ချက် )
+++++
ဒေါပုံမီး သိန်း ၅၀၀ ဖိုးဆုံး


ယမန့်နေ့ နေ့လယ် (၁) နာရီခွဲခန့် က ရန်ကုန်တိုင်း ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်ရှိ ပေါ်ပြူလာ ပလပ်စတစ်စက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မီးလောင်မှု ဖြစ်ရခြင်းမှာ စက်ရုံတွင်ရှိသော မီးအားမြှင့်စက်သို့ မီးအားဆောင့်တက်ရာက စတင်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း မီးသတ်ရဲဘော်တဦးက ပြောသည်။

မီးလောင်မှုကြောင့် သိန်း (၅၀၀) ထက်မနည်း ဆုံးရှုံးမှုရှိကြောင်း သိရသည်။

မီးလောင်မှုကြောင့် (၂၅) ပေ ပတ်လည် အလုပ်သမားတန်းလျား အဆောက်အအုံ (၂) လုံး၊ အာစီ (၂) ထပ် အဆောက်အအုံတလုံးနှင့် ယင်းအဆောက်အအုံအတွင်းရှိ ကုန်ပစ္စည်းများ ဆုံးရှုံးခဲ့ရကြောင်း မျက်မြင်သက်သေ များကပြောသည်။

အလုပ်သမား အရေအတွက်မှာ လက်ရှိတွင် နယ်အစုံမှ လာရောက်နေထိုင်သူပေါင်း (၅၀) ခန့် ရှိမည်ဟုထင်ကြောင်း စက်ရုံအနီးရှိ ကုန်စုံအရောင်းဆိုင်ကြီး တဆိုင်ကပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
နိုင်ငံရေး ပြောင်းလဲရန် အီးယူ ဥက္ကဋ္ဌက မြန်မာကို တိုက်တွန်း

နယူးဒေလီ (မဇ္ဈိမ)။ ။ ဥရောပသမဂ္ဂ လက်ရှိ ဥက္ကဋ္ဌက အတိုက်အခံ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် မြန်မာ စစ်အစိုးရကို တိုက်တွန်းလိုက်သည်။

ထို့အပြင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန်နှင့် နိုင်ငံရေးပါတီများအား ကန့်သတ် ချုပ်ချယ်ထားမှုများ ဖယ်ရှားပေးရန်လည်း တနင်္လာနေ့က ကြေညာချက်တရပ် ထုတ်ပြန်ကာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ချက်သမ္မတနိုင်ငံက ဥရောပသမဂ္ဂ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေပြီး၊ ၂ဝဝ၉ ခုနှစ် ဒုတိယနှစ်ဝက်တွင် ဆွီဒင်နိုင်ငံသို့ လွှဲပြောင်းပေးမည်။

ချက်သည် မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံခဲ့သော နိုင်ငံဖြစ်ပြီး မကြာသေးမီကလည်း မြန်မာ ဒုက္ခသည်များကို နိုင်ငံတွင်း၌ လက်ခံခဲ့သည်။ ကုလအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာဂမ်ဘာရီ ထုတ်ဖော်ပြောကြားခဲ့သည့် ‘နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်ပူပန်လျက်ရှိသော ပြဿနာများကို တိတိကျကျ၊ ခိုင်ခိုင်မာမာ ကိုင်တွယ်ဖြေရှင်းရန်’ မိမိ၏ ကတိကဝတ်ကို မြန်မာနိုင်ငံက ပြသရမည့်အချိန် ရောက်ပြီဟူသော အမြင်ကိုလည်း အီးယူ ဥက္ကဋ္ဌက သဘောတူသည်။

အီးယူသည် ၁၉၉၆ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံအပေါ် ဘုံသဘောထားတရပ် ချမှတ် အရေးယူခဲ့ရာ စီးပွားရေး ပိတ်ဆို့မှုများ၊ လက်နက်တင်ပို့မှု တားမြစ် ကန့်သတ်မှုများ၊ မြန်မာ စစ်အရာရှိကြီးများနှင့် သူတို့၏ မိသားစုဝင်များအား ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခြင်း စသည်တို့ ပါဝင်သည့် ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထားခဲ့သည်။

ဤ ဘုံသဘောထား ရပ်တည်ချက်တွင် အီးယူ အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့် ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ခြင်းကိုလည်း တားမြစ် ပိတ်ပင်ထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++
တောင်ကြီးမြို့တွင် နှစ်စဉ် ကျင်းပမြဲဖြစ်သော ရိုးရာရှားမီး ပူဇော်ပွဲ ကျင်းပ

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့တွင် နှစ်စဉ် ကျင်းပမြဲဖြစ်သော ရိုးရာရှားမီး ပူဇော်ပွဲ အခမ်းအနားများကို ၁၃၇၀ ပြည့်နှစ်၊ တပို့တွဲ လပြည့် ညနေ ၄ နာရီမှ ည ၁၂ နာရီအထိ ဆုတောင်းပြည့် အောင်တော်မူ စေတီတော်၊ ရပ်တော်မူဘုရား၊ စူဠာမုနိလောက ချမ်းသာစေတီတော်၊ ရွှေဘုန်းပွင့် စေတီတော်နှင့် အခြားသော ဘုရား၊ စေတီများတွင် တစ်ပြိုင်တည်း ကျင်းပခဲ့ကြောင်း ဒေသခံ တိုင်းရင်းသားများထံမှ သိရှိရသည်။
( ၀ိကလီးအဲလဲဗင်းမှ ကောက်နှုတ်ချက် )
+++++
၂ဝဝ၉ ရန်ကုန်မှာ ရေရရှိမှု အဆိုးဆုံး အခြေအနေရောက်

လက်ရှိ ၂ဝဝ၉ ခုနှစ်သည် ရန်ကုန်နေသူတွေအတွက် ရေရရှိမှု အဆိုးဆုံးနှစ် ဖြစ်ကြောင်း မြို့ခံများက ပြောပြသည်။ ဗိုလ်တစ်ထောင်မြို့နယ်မှ အမည်မဖော်လိုသူ စည်ပင် ဝန်ထမ်းတစ်ဦးကတော့ ရန်ကုန်ကို ရေပေးဝေမှုသည် မိုးတွင်းမှာပဲ လုံလောက်ပြီး ဆောင်းရာသီ ရောက်သည်နှင့် လုံလောက်အောင် မပေးဝေနိုင်တော့ကြောင်း၊ ဒါ့အပြင် ရေပေးဝေမှု မလောက်ငှသည့် ကြားထဲ ၂ဝဝ၇ ခု နှစ်ဆန်းပိုင်းမှာ သာကေတမြို့နယ်ကို ရေပိုက်သွယ်ပြီး ရေပေးခဲ့ကြောင်း၊ အဲဒီအချိန်က ရေပိုက်ဖိုးနဲ့ ရေမီတာခ တစ်အိမ် ကျပ် (၈၃,ဝဝဝ) ကောက်ခံခဲ့ပြီး ပြည်သူတွေကတော့ ငွေကြေးပိုမို ကုန်ကျခဲ့ကြောင်း၊ သာကေတကို ရေပေးခြင်းသည် ဝင်ငွေရလိုတာ တစ်ခုတည်းမကပဲ ကြံ့ဖွံ့အဖွဲ့ စည်းရုံးရေးသဘော လုပ်ခဲ့ခြင်းလည်း ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုနှစ် ရန်ကုန်မြို့တွင်း ရေပြတ်လတ်မှု ပိုမိုဖြစ်ပေါ်လာပြီး မိန်းပိုက်ကို ဖောက် ရေသွယ်ယူသူတွေ ပိုမိုများပြားလာခြင်း ဖြစ်ကြောင်း ရှင်းပြသည်။

ယခုလို ပြည်သူတွေ ရေရရှိမှု ခက်ခဲနေသည့်အကြောင်း ဂျာနယ်တွေမှာ ရေးသားဖော်ပြဖို့ ကြိုးစားတိုင်း စာပေစိစစ်ရေးက ပိတ်ပင်လျက်ရှိကြောင်း၊ ပြည်တွင်း ပုဂ္ဂလိက ဂျာနယ်များမှ သတင်းအယ်ဒီတာများ ကလည်း ပြောပြကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ရေထွက်ပစ္စည်းတင်ပို့မှု လျော့နည်းလာမှု အခြေအနေတွင်ရှိနေ


ကမ္ဘာ့စီးပွားရေး ဂယက်ရိုက်ခတ်မှု ကာလအတွင်း ထိုင်းနိုင်ငံ၏ ၀ယ်လိုအား လျော့နည်းလာခြင်း အပေါ်မူတည်ကာ ပုံမှန် တင်ပို့လျက်ရှိနေသည့် မြ၀တီ ကုန်သွယ်လမ်းကြောင်းမှ ရေထွက် ပစ္စည်းမျိုးစုံတင်ပို့မှု အခြေအနေမှာ ၂၀၀၉ ခုနှစ် ဇန်န၀ါရီလမှ စတင်၍ လျော့နည်းမှု အခြေအနေတွင် ရှိနေကြောင်း သိရှိရသည်။

မြ၀တီ ကုန်သွယ်လမ်းကြောင်းသည် ရေထွက် ပစ္စည်းမျိုးစုံ တင်ပို့နေသည့် အဓိက ကုန်သွယ်လမ်းကြောင်း ဖြစ်ပြီး ပြည်တွင်း ကုမ္ပဏီ ၂၆ ခုမှ ရေထွက် ပစ္စည်းမျိုးစုံ ၅၄ မျိုးကို ပုံမှန် တင်ပို့လျက်ရှိနေရာ တစ်လလျှင် ပျမ်းမျ ၁၀၂၀ တန် အမေရိကန် ဒေါ်လာ ၂ ဒသမ ၀၄ သန်း ပုံမှန် ရရှိမှု ရှိနေကြောင်း ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
( ၀ိကလီးအဲလဲဗင်းမှ ကောက်နှုတ်ချက် )
+++++
ရှမ်းပြည်လုံးဆိုင်ရာ ၄၃ ကြိမ်မြောက် သတိပဋ္ဌာန် ညီလာခံကြီး ကျင်းပ

ရွှေလီ (မဇ္ဈိမ) ။ ။ ၄၃ ကြိမ်မြောက် သတိပဋ္ဌာန် ညီလာခံကြီးကို ရှမ်းပြည် အနယ်နယ် အရပ်ရပ်မှ သံဃာတော်အပါး ၃၀၀ ကျော် အမှူးပြုမှုဖြင့် ရှမ်းပြည် (မြောက်ပိုင်း) မူဆယ်မြို့ ဇယ်လန့် ကျေးရွာတွင် ယခုအခါ ကျင်းပနေသည်။

ဓမ္မညီလာခံကြီးကို ယခုလ ၂၂ ရက်မှ ၂၆ ရက်အထိ ကျင်းပလျက်ရှိရာ ဖိတ်ကြားထားသည့် ကမ္မဋ္ဌာန်းတိုက်များမှ ကိုယ်စားလှယ် ၇၀၀၀ ကျော်လည်း ပါဝင် တက်ရောက်ကြသည်။

ယနေ့တရက်ထဲ၌ပင် ဒေသခံ ဗုဒ္ဓဘာသာဝင် ဓမ္မမိတ်ဆွေ ပရိသတ် တသောင်းခွဲခန့်က အလှူအတန်းပြု ကုသိုလ်ယူခဲ့ကြောင်း အလှူခံ ဒါယကာတဦးက မဇ္ဈိမကို ပြောသည်။ ကျင်းပရာတွင် အစီအစဉ် ၆ ခု ပါဝင်ပြီး သတိပဋ္ဌာန် ကမ္မဋ္ဌာန်း တရားတော်ပါ စည်းမျဉ်းစည်းကမ်းများ၊ ၀ိနည်းတော်များကို ညီလာခံဥက္ကဋ္ဌ ဆရာတော်က ဟောပြော မိန့်ဆိုသွားမှာဖြစ်ပြီး၊ တက်ရောက်လာသည့် ပဋိပတ္တိမှ သာသနာနုဂ္ဂဟ အဖွဲ့ဝင်များကလည်း ပါဝင် ဆွေးနွေးကြမည် ဖြစ်သည်။

ရှမ်းပြည်ရှိ ကမ္မဋ္ဌာန်းတိုက်ရှိရာ နေရာများတွင် နှစ်စဉ် စည်ကားစွာ အလှည့်ကျ ကျင်းပလာခဲ့ရာ ပြီးခဲ့သည့်နှစ်က ရှမ်းပြည် (အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++
ဝန်ကြီး ဦးအောင်သောင်း Safety First ဆောင်ပုဒ်ပြင်ခိုင်း


စက်မှု (၁) တည်ဆောက်ရေး လုပ်ငန်းခွင်များတွင် ရေးထားသည့် Safety First (အန္တရာယ်ကင်းရေး ဦးစားပေး) ဆိုသည့် ဆောင်ပုဒ်များအစား “အန္တရာယ်ကို သတိပြုပါ” ဆိုသည့် ဆောင်ပုဒ်ဖြင့် အစားထိုးရန် ၀န်ကြီး ဦးအောင်သောင်းက အရေးတကြီး ညွှန်ကြားခဲ့သဖြင့် နေပြည်တော် စက်မှု (၁) ၀န်ကြီးဌာန တခုလုံး ဟာသ ညွှန်ကြားချက်အဖြစ် ပြောစမှတ် ဖြစ်သွားသည်။

စက်မှု (၁) တည်ဆောက်ရေး လုပ်ငန်းခွင်များ၊ စက်ရုံ စက်တပ်ဆင်မှု စီမံကိန်းများ နှောင့်နှေး ကြန့်ကြာပြီး အချိန်မီ မပြီးသည့် အကြောင်းရင်းမှာ Safety First (အန္တရာယ်ကင်းရေး ဦးစားပေး) ဆိုသည့် ဆောင်ပုဒ်ကြောင့်ဟု ၀န်ကြီးဦးအောင်သောင်းက ယူဆသည်ဟု ဦးအောင်သောင်း၏ လက်ထောက်တဦးက ပြောသည်။ ထို့ကြောင့် စက်မှု (၁) တည်ဆောက်ရေး လုပ်ငန်းခွင်များတွင် ရေးထားသည့် Safety First (အန္တရာယ်ကင်းရေး ဦးစားပေး) ဆိုသည့် ဆောင်ပုဒ်များအား ၀န်ကြီး ဦးအောင်သောင်းက အမြန်ဖြုတ်ချခိုင်းပြီး “အန္တရာယ်ကို သတိပြုပါ” ဆိုသည့် ဆောင်ပုဒ်ဖြင် အစားထိုးပေးကြရသည်ဟု စုံစမ်းသိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဖေဖေါ်ဝါရီလ ၂၆ ရက်
ရက်သတ္တပတ် ၉ ၊ ၂၀၀၉၊
မြန်မာ သတင်း

စစ်ခေါင်းဆောင်တွေကို ဘန်ကီမွန်းက အကျပ်ကိုင်ခိုင်းလို့မရဟု ဂမ်ဘာရီပြော


မြန်မာ့အရေး ဆောင်ရွက်ရာမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက မြန်မာစစ်ခေါင်းများအား လုပ်သင့်သည်များကို အတင်းအကျပ်ခိုင်း၍မရဘဲ တိုက်တွန်းသည့်နည်း၊ ဆွဲဆောင်သည့်နည်းမျိုးဖြင့်သာ လုပ်ကိုင်နိုင်ကြောင်း မစ္စတာ ဂမ်ဘာရီက ထုတ်ဖော်ပြောဆိုသည်။

မြန်မာ့အရေး ကူညီဆောင်ရွက်ပေးရသည့် ကိစ္စသည် အပတ်တကုတ် အားထုတ်ရသည့် အလုပ်ဖြစ်ကြောင်း အချို့အသိုင်းအ၀ိုင်းများက နားလည်ပုံမရ ဖြစ်နေသည်ဟု ကုလသမဂ္ဂ သတင်းဌာနနှင့် တွေ့ဆုံရာတွင် ဂမ်ဘာရီက ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံသို့ (၇) ကြိမ်တိုင် သွားရောက်ခဲ့သော်လည်း တကြိမ်သွားတိုင်း မျှော်လင့်ချက်တွေ များနေကြောင်း သတိထားမိသည်ဟုပါ ဂမ်ဘာရီက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အာဆီယံသည် စစ်အစိုးရကို အရေးယူရန် ပျက်ကွက်ဟု လူ့အခွင့်အရေးအဖွဲ့ပြော

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာစစ်အစိုးရသည် ကလေးစစ်သားများ အသုံးပြုနေဆဲဖြစ်ပြီး ကလေးသူငယ်များ အခွင့်အရေးကို လိုက်နာ စောင့်ထိန်းရန် ပျက်ကွက်နေသော်လည်း အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ဝိုင်းဝန်း အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ တဖွဲ့က ယနေ့ ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ မြန်မာ့အရေး ဆောင်ရွက်နေသည့် အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ AIPMC မှ စီစဉ်သော အစည်းအဝေး ယနေ့ ကျင်းပပြီးနောက် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) HREIB မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ယခုလို ပြောဆိုခြင်း ဖြစ်သည်။

ကလေးစစ်သားအသုံးပြုခြင်း၊ ကလေးများကို သတ်ဖြတ်ခြင်း၊ အရွယ်မရောက်သေးသည့် ကလေးများကို လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ ကလေးများ၏ စာသင်ကျောင်းများနှင့် ဆေးရုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ကလေးများကို ပြန်ပေးဆွဲခြင်း သာမက လူသားချင်း စာနာမှုအကူအညီများကို ခွင့်မပြုခြင်း စသည့် အချက် ၆ ချက်ကို အဖွဲ့ဝင်နိုင်ငံတိုင်း မဖြစ်မနေ ရှောင်ကြဉ်ရမည်ဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၆၁၂ တွင် ပြဌာန်းထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++
စီးပွားရေးဒဏ်ခတ်မှု ဥပဒေ ရုတ်သိမ်းအောင် အန်အယ်လ်ဒီ လုပ်ရန်မလို

မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူထားမှုများသည် အန်အယ်လ်ဒီပါတီက ပြုလုပ်ထားခြင်း မဟုတ်သည့်အတွက် ပါတီဘက်မှ ရုတ်သိမ်းပေးရမည့် ကိစ္စရပ်များမဟုတ်ကြောင်း ပါတီပြောခွင့်ရ ပုဂ္ဂိုလ်က ခေတ်ပြိုင်သို့ ပြောသည်။

လွန်ခဲ့သော ရက်ပိုင်းများအတွင်း အန်အယ်လ်ဒီပါတီမှ ထုတ်ပြန်ခဲ့သော ကြေငြာချက်အမှတ် (၂/၀၂/၀၉) ၌ စီးပွားရေး ကိစ္စရပ်များနှင့် စပ်လျဉ်းသော ဖော်ပြချက်ပါ စာသားကြောင့် အဓိပ္ပါယ် ရောထွေးမှုများ ဖြစ်ပေါ်လာရသဖြင့် ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ယင်းကဲ့သို့ ပြောဆိုခဲ့ ခြင်းဖြစ်သည်။ ၁၉၉၆ ခု ဇူလိုင်လတွင် အီးယူ ပါလီမန် အမတ်များအား ပြသရန်အတွက် မြန်မာနိုင်ငံမှ ခိုးထုတ်လာသည့် ဒေါ်အောင်ဆန်းစုကြည်၏ ဗီဒီယိုတိတ်ခွေထဲမှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ဒဏ်ခတ် ပိတ်ဆို့ဖို့ တောင်းဆိုသည့်အကြောင်း ၁၉၉၆ ခု ဇူလိုင် (၁၈) ရက်နေ့စွဲပါ ဘရပ်ဆဲမှ လာသည့် ရိုက်တာ သတင်းမှာ ဖော်ပြ ထားသည်။ မြန်မာနိုင်ငံကို စီးပွားရေး ဒဏ်ခတ်သည့်အတွက် အခွင့်ထူးခံ လူတန်းစားကိုသာ ထိခိုက်မှာဖြစ်ပြီး လူထုကို မထိခိုက်နိုင်ကြောင်း အဆိုပါ ဗီဒီယိုတိတ်ခွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောထားသည်။

၁၉၉၇ ခု ဖေဖော်ဝါရီလမှာလည်း မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့အတွက် ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းထောက်များနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မေတ္တာရပ်ခံခဲ့သည့် အကြောင်း ၁၉၉၇ ခု ဖေဖော်ဝါရီ (၃) ရက်နေ့စွဲပါ ရန်ကုန်မှာလာသည့် အေပီ သတင်း၌ ဖော်ပြထား သည်။ အဆိုပါ သတင်းများကို ပြည်ပ မြန်မာဘာသာ ရေဒီယိုများမှလည်း ထုတ်လွှင့်ခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မြန်မာလုပ်သား ရာပေါင်းများစွာ ထိုင်းတွင် ဖမ်းဆီးခံရ


ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာလုပ်သား ရာပေါင်းများစွာသည် ပြီးခဲ့သည့် ၃ ရက်အတွင်း ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးပြန်ပို့မှုများ ခံရကာ ဆက်လက်၍လည်း အဖမ်းအဆီးများက ရှိနေသည်။

နိုင်ငံမြောက်ပိုင်း မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည့် အဆိုပါ မြို့လေးတွင် ထိုင်းရဲ၊ တောမော ခေါ် လူဝင်မှု ကြီးကြပ်ရေး ရဲများနှင့် အရပ်ဝတ် ထောက်လှမ်းရေးများက မြန်မာလုပ်သားများ နေထိုင်ရာ တန်းလျားများတွင် ၀င်ရောက်ဖမ်းဆီးကာ ပြန်ပို့နေခြင်း ဖြစ်သည်။
ပြီးခဲ့သည့်လက မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ဝင်လာသည့် လှေစီးဒုက္ခသည် ရိုဟင်ဂျာများ ကိစ္စနှင့် ထိုင်းတက္ကသိုလ် ကျောင်းသူတဦးကို မြန်မာလုပ်သား နှစ်ဦးက ယခုလ ၇ ရက်နေ့က အဓမ္မပြုကျင့် သတ်ဖြတ်သည်ဟူသော သတင်းများ ပေါ်ထွက်ပြီးနောက် ယခုလို အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++
နာရေးအသင်း နိဗ္ဗာန်ယာဉ်များ သုဿန်သို့ ပြောင်းရမည်


ချင်းမိုင် (မဇ္ဈိမ) ။ ။ နိုင်ငံကျော် ရုပ်ရှင်မင်းသား ဦးကျော်သူ ဦးစီးလုပ်ကိုင်သည့် ရန်ကုန်မြို့ နာရေးကူညီမှု အသင်း၏ နိဗ္ဗာန်ယာဉ်များကို ရေဝေးသုဿန်သို့ ပြောင်းရွှေ့ရမည်ဟု အာဏာပိုင်များက ညွှန်ကြားလိုက်သည်။

အသင်း အခြေစိုက်ရာ သင်္ဃန်းကျွန်းမြို့နယ်မှ ဘုန်းကြီးကျောင်း တကျောင်းတွင် ထားရှိသည့် နိဗ္ဗာန်ယာဉ်များကို မြောက်ဥက္ကလာပမြို့နယ်မှ ရေဝေးသုဿန် နယ်နိမိတ်အတွင်း ယခုလ ၂၈ ရက်နေ့ နောက်ဆုံးထားကာ ပြောင်းရွှေ့ရမည်ဟု ကျောက်တံတားမြို့နယ် စည်ပင်သာယာရေးရုံးက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
အသင်းတွင် နိဗ္ဗာန်ယာဉ် ၁၆ စီး ရှိသည့်အနက် ယခု ဘုန်းကြီးကျောင်းနှင့် ရေဝေးသုဿန်ရှိ ရုံးခွဲနေရာတွင် နေရာခွဲကာ ချထားသည်။

ရွှေ့ပြောင်းရေးအတွက် ယခုလ ၆ ရက်နေ့တွင် ကျောက်တံတား စည်ပင်ရုံးသို့ ဆင့်ခေါ်ကာ မည်သည့် ဘာသာဝင်မဆို သက်ဆိုင်ရာ ဘာသာရေးအဆောက်အဦနှင့် စည်ပင်သာယာ နယ်နိမိတ်အတွင်း နိဗ္ဗာန်ယာဉ်များ မထားရန် ပြောဆိုခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++
လုပ်အားခ ထက်ဝက်ဖြင့် လုပ်အားပေး


ဒါကာ (မဇ္ဈိမ)။ ။ နွေစပါးစိုက်ရန်အတွက် ပေါက်ဈေး လုပ်အားခ ထက်ဝက်ခန့်ဖြင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်းရှိ ကျေးရွာတချို့မှ ရွာသားများကို နယ်မြေခံ စစ်တပ်က အဓမ္မ ခိုင်းစေနေသည်။

ပြင်ပလုပ်ငန်းများတွင် လူတဦးလျှင် တရက်လုပ်ခ ကျပ် တထောင်မှ ၁၂ဝဝ အတွင်း ရရှိနေချိန် ပြိုင်းချောင်း ရေလှောင်တမံ အနီးရှိ လယ်မြေများအား တပ်ရန်ပုံငွေအဖြစ် စပါးစိုက်ပျိုးရာ ဒေသခံ ရွာသားများအား တဦးလျှင် ကျပ် ၅ဝဝ နှုန်းဖြင့် အဓမ္မခေါ်ယူ ခိုင်းစေနေကြောင်း မျက်မြင်သက်သေများက ပြောဆိုခြင်းဖြစ်သည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် - နပခ တိုင်းမှူး၏ ခိုင်းစေချက်အရ နွေစပါး စိုက်ပျိုးခိုင်းနေသော တပ်ရင်းများမှာ စစ်တွေမြို့ အခြေစိုက် အမှတ် ၈၂၈ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး တပ်ဆွယ်၊ ခမရ ၂၇ဝ၊ ခလရ ၂ဝ၊ ပလက်ဝမြို့ အခြေစိုက် ခလရ ၂၈၉ နှင့် နပခ လက်အောက်တပ်များဖြစ်သည့် ခမရ ၂၃၂၊ ခမရ ၃၄၄၊ ခမ၇ ၃၅၄ တို့မှ တပ်သားများ စေလွှတ်ကြရခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

ကျောက်တော်မှ ကိုသိန်းမြိုင် အဆိုအရ တရက်လျှင် လူဦးရေ ၂ဝဝ ကျော်အား ခေါ်ယူ ခိုင်းစေနေခြင်းဖြစ်ပြီး၊ ကျောက်တော်မြို့နယ် ပြိုင်းချောင်း ကျေးရွာအုပ်စုအတွင်းမှ ပြိုင်းချောင်း၊ ပေထု၊ ယင်းမပင်၊ ပြိုင်တောင် အပါအဝင် ကျေးရွာ ၁ဝ မှ ဒေသခံ ပြည်သူအားများကို ခိုင်းစေနေခြင်း ဖြစ်ကြောင်း သိရသည်။

စစ်တပ်ရန်ပုံငွေအတွက် စပါးစိုက်ပျိုးပေးရသော လယ်ယာမြေများမှာ ကျောက်တော်မြို့ မြောက်ဘက် ၁၆ မိုင်ခန့်တွင် တည်ရှိသည်။

အဆိုပါ မြေယာဧက တထောင်ခန့်မှာ ဒေသတွင်းရှိ ကျေးရွာသားများ ဘိုးစဉ်ဘောင်ဆက် ထွန်ယက်စိုက်ပျိုးခဲ့သော မြေများဖြစ်ကာ၊ ၂ဝဝ၅ ခုနှစ်ဝန်းကျင်က ပြိုင်ချောင်းရေလှောင်တမံ ဆောက်လုပ်စဉ် နပခ မှ အဓမ္မသိမ်းယူပြီး လက်အောက်ခံ တပ်ရင်းများအား လုပ်စားပိုင်ခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း ကိုသိန်းမြိုင်က ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++
ဖေဖေါ်ဝါရီလ ၂၇ ရက်
ရက်သတ္တပတ် ၉ ၊ ၂၀၀၉၊
မြန်မာ သတင်း


မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဒဏ်ခတ်မှု
စစ်အစိုးရကို တရုတ် ကူညီနေသည့်အတွက် အဓိက မအောင်မြင်




မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ စီးပွားရေး ဒဏ်ခတ်မှု မအောင်မြင်ရခြင်း အချက် (၅) ချက် ရှိကြောင်း သမ္မတ ဘွတ်ရှ် လက်ထက် အမေရိကန် ကွန်ဂရက်သို့ တင်သွင်းသည့် မြန်မာ-အမေရိကန် ဆက်ဆံရေး အစီရင်ခံစာ တစောင်တွင် ဖော်ပြသုံးသပ်ထားသည်။

ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် အဆိုပါ အစီရင်ခံစာကို အမေရိကန် ကွန်ဂရက်ဆိုင်ရာ သုတေသနဌာန စာတမ်းတခုအသွင်ဖြင့် ၂၀၀၈ ခု ဇွန်လတွင် ကွန်ဂရက်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အစီရင်ခံစာပါ အချက်များကြောင့် အိုဘားမား အစိုးရက မြန်မာနိုင်ငံအပေါ် အမေရိကန် စီးပွားရေး ဒဏ်ခတ်မှု ပေါ်လစီကို ပြန်သုံးသပ်ဖို့ ဆုံးဖြတ်ခြင်း ဟုတ်မဟုတ်ကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။

ပထမအချက်အနေနှင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဒဏ်ခတ်မှု အတိုင်းအတာ မတူသည့်အပေါ် မြန်မာစစ်အစိုးရ အမြတ်ထုတ်သွားနိုင်ခဲ့သည်ဟု ထောက်ပြထားသည်။ မြန်မာစစ်အစိုးရသည် မြန်မာထွက်ကုန်များကို အာရှနိုင်ငံများသာမက အခြားနိုင်ငံများသို့ပါ တင်ပို့ ရောင်းချနေနိုင်ခြင်းသည်လည်း မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ စီးပွားရေး ဒဏ်ခတ်မှု မအောင်မြင်ရခြင်း ဒုတိယအချက်ဟု အစီရင်ခံစာမှာ ရေးထားသည်။ တတိယ အချက်အနေနှင့် ဒဏ်ခတ်မှုနှင့် သံတမန်ရေး ဖိအားကို လျော့ပါးစေသည့် အာဆီယံ နိုင်ငံများ၏ အပြုသဘောဆောင်သည့် ဆက်ဆံရေးသည်လည်း မြန်မာစစ်အစိုးရအပေါ် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှု မအောင်မြင်ရခြင်း ဖြစ်သည်ဟု အကျယ်တ၀င့် ရှင်းထားသည်။ စတုတ္တ အချက်လည်းဖြစ် ဒဏ်ခတ်မှု မအောင်မြင်ခြင်း၏ အဓိက အချက်လည်း ဖြစ်သည့် အချက်မှာ မြန်မာနိုင်ငံအပေါ် တရုတ်က စီးပွားရေးနှင့် စစ်ရေး ကူညီနေခြင်းဖြစ်သည်ဟု ကောက်ချက် ဆွဲထားပြီး အထောက်အထားများနှင့်တကွ အကျယ်တ၀င့် ရှင်းပြထားသည်။
ပဉ္စမအချက်ဟု ပြောနိုင်စရာရှိသည့်အချက်မှာ စီးပွားရေးလုပ်ငန်းများ ချုပ်ကိုင်ထားသည့် ထိပ်ပိုင်း စစ်ဘက်အရာရှိများနှင့် ၄င်းတို့ မိသားစုများအတွက် ၀င်ငွေရအောင် စစ်အစိုးရက လုပ်ပေးနေနိုင်သည့်အချက်ဟု ထောက်ပြထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကျိုက်ထိုမှာ မီးလောင်

ရန်ကုန် (မဇ္ဈိမ)။ ။ မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ဈေးဆိုင်ခန်း ၃ ခန်း ယမန်နေ့က မီးလောင်ကျွမ်းခဲ့သည်။

ကျိုက်ထိုမြို့ တောင်သူရပ်ကွက် ဗိုလ်ချုပ်လမ်းဘေးရှိ ဦးမျိုးနိုင် (၄၇ နှစ်အရွယ်) ပိုင်ဆိုင်သော ကုန်မျိုးစုံနှင့် စက်သုံးဆီအမျိုးမျိုး အရောင်းဆိုင်မှ စတင်၍ ညနေ ၆ နာရီခန့်တွင် မီးလောင်ရာ အနီးရှိ ပန်းရိုးမ စားသောက်ဆိုင်နှင့် လေထိုးကျွတ်ဖာဆိုင်သို့ပါ ကူးစက်လောင်ကျွမ်းခဲ့သည်။ အခင်းဖြစ်ရာသို့ ကျိုက်ထို၊ ဘီးလင်း၊ ဝေါ၊ သထုံ၊ စစ်တောင်း စက္ကူစက်နှင့် ကျိုက္ကော်မြို့မှ မီးသတ်ကား ၆ စီးနှင့် ကျိုက်ထိုမြို့ ကင်ပွန်းစခန်းရှိ တပ်မ ၄၄ မှ ရေသယ်ယာဉ် ၃ စီးဖြင့် ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့သည်။

လောင်စာ အားကောင်းမှုကြောင့် ည ၉ နာရီခန့်မှသာ လုံးဝ ငြှိမ်းသတ်နိုင်ခဲ့ကြသည်။

ဆိုင်ခန်း ၃ ခန်းမှာ သွပ်မိုး၊ အုတ်အင်္ဂတေ အဆောက်အဦများဖြစ်ပြီး၊ ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း ၁၅၀ ခန့် ရှိမည်ဟု တောင်သူစုရပ်ကွက်မှ ရပ်ကွက်လူကြီးတဦးက ခန့်မှန်းပြောဆိုသည်။

မီးတောက်မီးလျှံများ ကြီးမားစွာ ထွက်လာသဖြင့် အနီးပတ်ဝန်းကျင်မှ လူများ ကြောက်လန့်တကြား ထွက်ပြေးစဉ် တွေ့ရာဆိုင်များအတွင်း ၀င်ရောက်လုယက်မှုများလည်း ဖြစ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ဆိုသည်။ အဆိုပါ ဖြစ်ရပ်များကြောင့် ရန်ကုန်-မော်လမြိုင် ကားလမ်းလည်း ခေတ္တမျှ ပိတ်ဆို့သွားခဲ့သည်။
( မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++
ဗိုလ်ချုပ်ကြီးသိန်းစိန် အာဆီယံ အစည်းအဝေးတက်မည် မြန်မာ ရိုဟင်ဂျာပြဿနာ ရှောင်နေဟု စွပ်စွဲခံရ


ထိုင်းနိုင်ငံ ဟွာဟင်းတွင် ကျင်းပနေသည့် (၁၄) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန်အတွက် နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ယနေ့ နေပြည်တော်မှ ထွက်ခွာလာခဲ့သော်လည်း ရိုဟင်ဂျာ ပြဿနာကို မြန်မာစစ်အစိုးရ ဖြေရှင်းရမည်ဟု မလေးရှားက တောင်းဆိုထားမှုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ထိုင်းနိုင်ငံ လာရောက်ခြင်းသည် ထိုင်းဝန်ကြီးချုပ် အာဘီဆစ် ၀ိဇ္ဇာဇီဝ အာဏာရပြီး ပထမဆုံးအကြိမ် လာရောက်သည့် မြန်မာစစ်အစိုးရအဖွဲ့ဝင် ထိပ်ပိုင်းခေါင်းဆောင်ဖြစ်သည်။

ရိုဟင်ဂျာ ပြဿနာသည် ဒေသတွင်း ပြဿနာဖြစ်လာသည့် အလျောက် မြန်မာစစ်အစိုးရဘက်က တစုံတရာ ဖြေရှင်းစေလိုကြောင်း ယမန်နေ့ည အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ညစာစားပွဲတွင် မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဒါတွတ် ဆရီ ဒေါက်တာ ရေစ့်ယာတင်းက ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ပင်လယ်မျော ရိုဟင်ဂျာများ ကိစ္စနှင့်စပ်လျဉ်း၍ မြန်မာစစ်အစိုးရဘက်က ပြဿနာကို ရှောင်ရှားနေပုံရသည်ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာစစ်အစိုးရအား ပြောဆိုရာတွင် အင်ဒိုနီးရှား နှင့် မလေးရှား ပူးပေါင်းသင့်သည်ဟုပါ ဒေါက်တာရေစ့်က ဆက်လက် ပြောဆိုသည်။ မြန်မာစစ်အစိုးရဘက်မူ ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသားဟု မယူဆသော်လည်း ပင်လယ်မျော ရိုဟင်ဂျာများအနက် မြန်မာနိုင်ငံမှာ မွေးဖွားသူများဖြစ်ကြောင်း၊ အထောက်အထားပြနိုင်သူများကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဖို့ သဘောတူကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာာဆစ်က အာဆီယံ အစည်းဝေး၌ သတင်းထောက်များကို ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ရွှေတြိဂံမှာ မူးယစ်ဂိုဏ်းနဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ ရွှေတြိဂံဒေသ အတွင်းရှိ မြန်မာနိုင်ငံ ရှမ်းပြည်နယ် မိုင်းဖုန်းဒေသအတွင်း မြန်မာစစ်တပ်နှင့် ဒေသအတွင်း လှုပ်ရှားနေသော မူးယစ်ဂိုဏ်းတခုအကြား ယခုလ ၁၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်။

ခြေမြန်တပ်ရင်း ၅၂၆၊ ၃၅၉ တပ်ဖွဲ့ဝင်များနှင့် ကွယ်လွန်သွားပြီဖြစ်သော ဘိန်းရာဇာ ခွန်ဆာ၏ အမ်တီအေ တပ်မှ လက်ကျန် စိုင်းနော်ခမ်း တပ်ဖွဲ့ဝင်များ အကြား ဖြစ်ပွားခဲ့သည်။
တိုက်ပွဲကြောင့် မဲခေါင်မြစ်အတွင်း ဖြတ်မောင်းနေသည့် တရုတ်သင်္ဘောတစီးကို လက်နက်ကြီး ထိမှန်ခဲ့သည်ဟု ဒေသတွင်း စောင့်ကြည့် လေ့လာနေသူများက ပြောသည်။ တရုတ် သင်္ဘောသားတဦး သေဆုံး၍ သုံးဦး ဒဏ်ရာရသွားသည်ဆိုသော သတင်းများ ပေါ်ထွက်နေသည်။
( မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++
ဝန်ကြီးဦးအောင်သောင်းအား ရိုဟင်ဂျာစစ်ဆင်ရေး တာဝန်ပေး


ရိုဟင်ဂျာ ဒုက္ခသည်များ ကိစ္စနှင့် ပတ်သက်ပြီး မြန်မာစစ်အစိုးရအပေါ် အာဆီယံနိုင်ငံ အချို့က ဖိအားပေးပြောနေချိန်တွင် ပြန်လည်ချေပနိုင်ရန် အခြေခံ အချက်အလက်များ ရှာဖို့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စက်မှု (၁) ၀န်ကြီးဦးအောင်သောင်းအား ရခိုင်ပြည်နယ်သို့ စစ်ဆင်ရေးပုံစံဖြင့် လျှို့ဝှက် တာဝန်ပေးထားသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလဆန်းမှ စပြီး ၀န်ကြီးအောင်သောင်းနှင့် အဖွဲ့ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး ပြည်နယ်တခုလုံးရှိ ရိုဟင်ဂျာ ရွာများကို အသေးစိတ် စုံစမ်းနေပြီး ရိုဟင်ဂျာများ နောင် မပြန့်ပွားအောင် မည်သို့ လုပ်ကိုင်သင့်သည် စသည့်အချက်များ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တိုက်ရိုက်တင်ပြရမှာ ဖြစ်သည်ဟု ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

မကြာခင်ရက်ပိုင်းအတွင်း ၀န်ကြီး ဦးအောင်သောင်း ရခိုင်ပြည်နယ်သို့ ရိုဟင်ဂျာ ကိစ္စအတွက် ထပ်မံသွားရောက်ဦးမှာ ဖြစ်သည်ဟု ၄င်း၏ လက်ထောက်အရာရှိ တဦးက ပြောသည်။ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများနှင့် ပတ်သက်သည့် အထောက်အထားများ အပြီးသတ် စုဆောင်းပြီးချိန်တွင် နိုင်ငံတော်လုံခြုံရေး အစည်းဝေးသို့ ဦးအောင်သောင်းက ပြန်လည်တင်ပြမှာ ဖြစ်သည်ဟု စုံစမ်းသိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
နစက ပစ်ခတ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တဦး သေဆုံး

ဘင်္ဂလားဒေ့ရှ် (မဇ္ဈိမ)။ ။ မြန်မာနယ်စပ် နတ်မြစ်အတွင်း နယ်စပ်ဒေသေ စိစစ်ကြီးကြပ်ရေး - နစက က ပစ်ခတ်သဖြင့် ယခုလ ၂၄ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တံငါသည်တဦး သေဆုံးကာ၊ တဦး ဒဏ်ရာ ရရှိခဲ့သည်။

မြန်မာနိုင်ငံဘက်ခြမ်း မောင်တောသို့ လှေတစီးဖြင့် ငါးဝယ်သွားစဉ် နံနက် ၆ နာရီခန့်တွင် ငခူရ အခြေစိုက် အမှတ် ၄ နစက ပစ်ခတ်ခဲ့သဖြင့် ဝိုက်ကျောင်းကျေရွာနေ ၃ဝ နှစ်အရွယ် စူလတန် အာမက် (Sulatan Armad) သေဆုံးခဲ့ပြီး ၃၂ နှစ်အရွယ် စိုးယွတ်ဟူဆင် (Soyout Hossain) မှာ ညာဘက်ရင်ဘတ်တွင် ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။ တက္ကနာမြို့နယ် ထောက်လှမ်းရေး မူဟာမက် နိုဒူ (MD, Nodu) ကလည်း “ဆွေးနွေးပွဲမှာ အလောင်းပြန်ရဖို့၊ နောက်ထပ် ဒီပြဿနာမျိုး မဖြစ်ဖို့ ဆွေးနွေးကြတယ်။ ဘယ်အချက်ကိုမှ သဘောတူညီချက် မရသေးဘူး” ဟု ဆိုသည်။

နောက်ဆက်တွဲသတင်းအရ သေဆုံးသူ၏ ရုပ်ကလာပ်ကို ယခု ၂၆ ရက်နေ့တွင် တက္ကနာမြို့အနီး နတ်မြစ်အတွင်းက ပြန်ရခဲ့ပြီး လက်ဝဲဘက် ရင်အုံတွင် ကျည်ဆံ ထိမှန်ခဲ့ကြောင်း ယူစွတ်က အတည်ပြု ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများသည် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် လာရောက် သစ်ခုတ်သဖြင့် နစက တပ်၏ ပစ်ခတ်မှုကြောင့် ပြီးခဲ့တဲ့ နှစ်အတွင်းက သေဆုံးမှုအချို့ ရှိခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++
အိုင်အယ်အိုနှင့် စစ်အစိုးရ နားလည်မှုစာချွန် သက်တမ်း တနှစ်တိုး


အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အမှုဆောင် ညွှန်ကြားရေးမှူး Mr.Kari Tapiola နှင့် နအဖ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ ဖေဖော်ဝါရီ (၂၅) ရက်တွင် တွေ့ဆုံခဲ့ကြပြီး (၂၆) ရက်တွင် နောက်ထပ်တနှစ်တာ အဓမ္မခိုင်းစေမှု တိုင်ကြားချက်များ ဆောင်ရွက်ရန် နောက်ဆက်တွဲ နားလည်မှု ရယူခဲ့ကြသည်ဟု နေ့စဉ်ထုတ်သတင်းစာများက ဖော်ပြခဲ့သည်။

အဆိုပါ နောက်ဆက်တွဲ နားလည်မှု စာချွန်လွှာသည် တိုင်ကြားသူများ၊ အဓမ္မစေခိုင်းခံရသူများ ၊ တိုင်ကြားချက်တင်ပြခြင်းနှင့် ဆက်နွယ်နေသော အခြားပုဂ္ဂိုလ်များကို နှောင့်ယှက်ခြင်း တရားစွဲဆိုခြင်း သို့မဟုတ် တနည်းနည်းဖြင့် လက်စားချေခြင်း၊ လက်တုံ့ပြန် အရေးယူခြင်းများမှ အကာအကွယ်ရရှိနိုင်ရန် အာမခံချက်ပေးထားကြောင်း ရန်ကုန် (ILO) ရုံးခွဲ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

အဓမ္မခိုင်းစေမှု ပပျောက်ရေးနှင့် စပ်လျဉ်းသည့် တိုင်ကြားပုံနည်းစနစ်ကို ထည့်သွင်း ဖော်ပြထားရာ ပမာဏတိုင်ကြားမှုကို ရပ်ကွက်၊ မြို့နယ် သို့မဟုတ် ခရိုင်အဆင့် ဒေသဆိုင်ရာ အာဏာပိုင်များမှ တဆင့်ပြုလုပ်နိုင်ပြီး အခြေအနေမပေးပါက အိုင်အယ်လ်အို ဆက်သွယ် ညှိနှိုင်းရေး အရာရှိနှင့် ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ဖော်ပြထားသည်။

အိုင်အယ်လ်အို ဆက်သွယ်ညှိနှိုင်းရေးအရာရှိအား ဖုန်း၊ ဖက်စ်၊ အီးမေလ်၊ စာတိုက်တို့မှ ဆက်သွယ်နိုင်သကဲ့သို့ လူကိုယ်တိုင် ဆက်သွယ်တိုင်ကြားမှုလည်း ပြုလုပ်နိုင်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
သံလျင်မှာ ရွေးကောက်ပွဲအတွက် ခြေလှမ်း


ချင်းမိုင် (မဇ္ဈိမ) ။ ။ နိုင်ငံရေးပါတီတခုအဖြစ် ၂၀၁၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ရန်ကုန်တိုင်း သံလျင်မြို့တွင် လိုက်လံ စည်းရုံးသူများ ပေါ်ထွက်လာသည်။

ယခုလ ၂၅ ရက်နေ့က အဖွဲ့ဦးဆောင်သူ ၁၀ ဦးခန့်က ပါတီသင်္ကေတ ကဒ်ပြားများကို မြို့ထဲတွင် လိုက်လံဝေငှကာ စည်းရုံးရေး ဆင်းနေခြင်း ဖြစ်သည်။
ပါတီ အမည်ကိုမူ ကဒ်ပြားပေါ်တွင် ရေးထိုးထားခြင်း မရှိသော်လည်း နှုတ်မှ ထုတ်ဖော် ပြောကြားခဲ့ကြခြင်း ဖြစ်သည်ဟု သူက ထပ်ပြောသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အကြိုကာလက တည်ထောင်ခဲ့ပြီး စစ်အစိုးရ၏ ဖျက်သိမ်းခြင်းခံရသော လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ အမည်နှင့် ဆင်တူရိုးမှားဖြစ်နေသည့် မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်သွားမည်ဟု စည်းရုံးသူတို့က ပြောဆိုခဲ့ကြသည်ဟု ဒေသခံများက ထုတ်ပြောကြသည်။

သို့သော်လည်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ မထွက်သေးသဖြင့် တရားဝင် ပါတီထောင်ရေးမှာ မဖြစ်နိုင်သေးဟု ရန်ကုန် နိုင်ငံရေး လှုပ်ရှားသူများက ပြောသည်။

အဖွဲ့ကို ဦးဆောင်နေသူဟုဆိုသော ဦးဇင်အောင်သည် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဝင်ဖြစ်ခဲ့ဖူးပြီး ၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) အဖွဲ့တွင်လည်း ယခင်က ပါဝင်ခဲ့ဖူးသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မြန်မာ့အရေး ဟွေဟင်တွင် စက်ဘီးစီး ဆန္ဒပြ


ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာပြည်အရေးကို ပိုမိုသိရှိရန်အတွက် အရှေ့တောင်အာရှ နိုင်ငံများအသင်း၏ အစည်းအဝေးနှင့် အချိန်ကိုက်ကာ မြန်မာ တက်ကြွလှုပ်ရှားသူ ၁၅ ဦးက ထိုင်းနိုင်ငံတောင်ပိုင်း ဟွေဟင်မြို့အတွင်း စက်ဘီးစီး ဆန္ဒပြပွဲကို ယနေ့နံနက်က ပြုလုပ်ခဲ့သည်။

မြန်မာပြည်ကိစ္စကို ထိုင်းလူထုနှင့် နိုင်ငံခြားသားများအကြား ပိုမို သိမြင်လာစေရန်၊ မြန်မာနိုင်ငံရှိ ပြဿနာများအား အာဆီယံ ခေါင်းဆောင်များ သတိပြုမိပြီး နိုင်ငံရေး အပြောင်းအလဲ ပြုလုပ်ရေးအတွက် မြန်မာအစိုးရအပေါ် တိုက်တွန်းမှုများ ပြုလုပ်စေရန် ရည်ရွယ်ပြီး သူတို့က ဆန္ဒပြကြခြင်း ဖြစ်သည်။ ၁၄ ကြိမ်မြောက် အာဆီယံ အစည်းအဝေးနှင့် အချိန်ကိုက်ကာ Peace for Burma ညွန့်ပေါင်းအဖွဲ့ဝင်များနှင့် ဟွေဟင်မြို့ခံတချို့ အပါအဝင် ဆန္ဒပြသူများက ပရာချွတ်ခီရီခန်ပြည်နယ်ရှိ ဟွေဟင်မြို့တပတ် စက်ဘီးစီး၍ ဆန္ဒပြခဲ့ခြင်းဖြစ်သော်လည်း အစည်းအဝေး ကျင်းပသည့်ဘက်ကိုမူ သွားရောက် ဆန္ဒပြခြင်း မရှိပေ။

Peace for Burma တွင် မြန်မာ့အရေး လုပ်ဆောင်နေသည့် ထိုင်းနှင့် မြန်မာလူထု အခြေပြုအဖွဲ့များ၊ အန်ဂျီအိုများ၊ ကျောင်းသားအဖွဲ့များ၊ ဘာသာရေးအသင်းများ စသည့် အဖွဲ့ပေါင်း ၃၀ ကျော်ပါဝင်ပြီး ထိုအထဲမှ ယနေ့ ဆန္ဒပြပွဲကို Burma Democratic Concern/ Amnesty International (Thailand)/ Thai Action Committee for Democracy in Burma (TACDB) / Thai Free Burma စသည့်အဖွဲ့ ၄ ဖွဲ့ က အဓိက ဦးဆောင်ခြင်းဖြစ်သည်။ ဆန္ဒပြပွဲတွင်ပါဝင်သော TACDB မှ လှုပ်ရှားမှု တာဝန်ခံတဦးဖြစ်သူ ထိုင်းအမျိုးသမီး Ms. Panithida ကလည်း မြန်မာနိုင်ငံ၏ ပြဿနာများသည် ပြည်တွင်းရေးသက်သက် မဟုတ်တော့ဘဲ ဒေသဆိုင်ရာအဆင့် ရောက်ရှိနေပြီဖြစ်သောကြောင့် ယခုဆန္ဒပြပွဲသို့ ပူးပေါင်းရခြင်းဖြစ်ကြောင်း မဇ္ဈိမကို ပြောသည်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရရှိစေရန် အာဆီယံ ၁၀ နိုင်ငံအတွင်း ချမှတ်ထားသည့် အဖွဲ့ဝင်နိုင်ငံ တနိုင်ငံ၏ အရေးကို ဝင်ရောက် မစွက်ဖက်ရေးမူ ‘non-interference’ နှင့် အဖွဲ့ဝင်နိုင်ငံများ အားလုံး သဘောတူမှ ဆုံးဖြတ်ချက် ချမှတ်သည့် မူများကို ဖျက်သိမ်း၍ မြန်မာ့ ပြဿနာများကို ဝိုင်းဝန်း ဖြေရှင်းပေးကြရန် လိုကြောင်းလည်း Ms.Panithida က ဆိုသည်။

ထို့အပြင် အာဆီယံအဖွဲတွင်း လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အနေဖြင့်လည်း လူ့အခွင့်အရေးဆိုင်ရာ မြှင့်တင်ပညာပေးရေး လုပ်ငန်းများသာ ဦးစားပေးမနေသင့်ဘဲ မြန်မာနိုင်ငံတွင်းမှ ပြည်သူများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများကို ကော်မတီဖွဲ့၍ စုံစမ်းစစ်ဆေးပြီး အကာအကွယ် ပေးသင့်ကြောင်းလည်း သူက ဆက်ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++