Showing posts with label ၀တ္တုတို. Show all posts
Showing posts with label ၀တ္တုတို. Show all posts

Tuesday, February 10, 2009

“ အတ္တကို လွန်မြောက်ခြင်း ”

*
**
***



ကန့်သတ်မှုတွေ များလွန်းတဲ့ လူ့ဘ၀တခုမှာ
ယုံကြည်မှုများစွာဖြင့် အချစ်ကို ရှာဖွေခဲ့တယ် ..
အချစ်တတ်လာပြီဆို နားလည်မှု တွေ့ရတယ်..

နားလည်မှုတွေ များလာရင် အကြင်နာများ ဖြစ်ရပြန်
အကြင်အနာတွေ များလာရင် သံယောဇဉ် ဖြစ်ရပြန်
သံယောစဉ်တွေ များလာရင် အနှောင်အဖွဲ့ ရစ်ပတ်ပြန်
အနှောင်အဖွဲ့တွေ များလာရင့်  အတ္တပွား များလာပြန်
အတ္တတွေ များလာရင် မြတ်နိုးမှုတွေ ဆုံးရပြန်

မြတ်နိုးမှုတွေကို ဆုံးရှုံးရင် အထီးကျန်ဆန်လာတယ် ..
အထီးကျန်မှုတွေ များလာရင် ဘ၀အဓိပ္ပါယ်ကို တမ်းတလာတယ် ..
ဘ၀ရဲ့အဓိပ္ပါယ်ကို တမ်းတရင်း ဇရာကုန်ခမ်း မောပန်းလာတယ် ..
ဇရာကုန်ခမ်းလာတော့ အမှန်တရား ရှာဖွေလာတယ် ..
အဲဒီ အမှန်တရားကို တွေ့လိုက်တဲ့အချိန်ဟာ သေမင်းနဲ့ စစ်ခင်းနေတယ်တဲ့…

*****



အပိုင်း - ၂

အခန်းကျဉ်းလေးထဲမှာ ကုတင်တခုအပေါ် သက်ငြိမ်စွာ လှဲလျောင်းနေသည်။ မိတ်ဆွေ သင်္ဂဟတွေ သားချင်းတွေ၏ ညှိးငယ်တဲ့ မျက်ဝန်းလေးတွေ ++ မြင်နေတယ်။ ++ စိတ်ထဲမှာ ဒီမျက်ဝန်းတွေရဲ့ ဒဿနကို ရှာဖွေမိနေလေ၏။ ++ ခံစားနေရတဲ့ ဝေဒနာအတွက် ညှိးငယ်နေလား.. ၊ ဒါမဟုတ် ++ ပိုင်ဆိုင်မှုများအတွက် သနားခံ ညှိးငယ်နေတာလားလို့ ..

မျက်ဝန်းနက်နက်တွေမှ အဖြေကို ++ ရှာဖွေနေတယ်။ သူတို့ မျက်ဝန်းတွေက ++ ခံစားနေရတဲ့ ဝေဒနာကို အမြစ်ပြတ်သွားအောင် ကုစားနိုင်မလား၊ ဒီအကြည့်များနှင့် မကြည့်ပါနဲ့ ၊ ++ မျက်နှာ၏ တနေရာမှာ တွားသွားနေတဲ့ သေးငယ်သော အကောင်လေးတကောင်ကို သင်တို့ လက်ဖြင့် သတ်ချပေးပါလားလို့ .. ဒေါသတကြီး ++ “ အော် ” ပြောနေသည်။ ဒါဗေမဲ့ ++ အသံမထွက်ဘူး၊ အသံတခု ဖြစ်ပေါ်နိုင်ဖို့အတွက် ++ လျှာတွေ ဘယ်လိုမှ လှုပ်ရှားမနိုင်တော့ဘူး။ ++ ပြောချင်တဲ့ အသံတခု သင်တို့ကြားအောင် ++ ဘယ်လို ကြံဆနိုင်မလဲ၊ လတ်တလော ++ ဆန္ဒတခု၊ ဝေဒနာကို မခံစားနိုင်လို့ပါ ..

ညှိးငယ်စွာ ကြည့်နေတဲ့ မျက်ဝန်းတွေထဲက တယောက်ယောက်များ ++ ပြောချင်တဲ့ ++ ဆန္ဒတခုကို ဖွင့်ဆိုနိုင်မလား။ ++ မျက်ဝန်းကို ကြည့်ပါ၊ လှုပ်ရှားနိုင်ခွင့် ရှိတာက မျက်လုံးတစုံပါပဲ။ ++ မျက်ဝန်း အဓိပ္ပါယ်ကို ဖေါ်ထုတ်နိုင်သူကို အချစ်ဆုံးသူအဖြစ် သတ်မှတ်ပြီး၊ ++ ပိုင်ဆိုင်ခဲ့တဲ့ ++ အမွေတွေ အကုန်လွဲပေးနိုင်တယ်။ ဘယ်သူများ သိနိုင်မလဲ၊ ခံရခက်ဆုံး အချိန်တခု ဖြစ်နေတာ ဘယ်သူများ သိစွမ်းနိုင်မလဲကွယ် ..

ပိုးကောင်က သူ့ဘ၀အတွက် ++ ကိုယ်ခန္ဒာပေါ်မှာ ရုန်းကန်နေရတယ်ဆိုတာ ++ နားလည်ခဲ့သည်။ ဒါဗေမဲ့ ++ ဘ၀၏ နောက်ဆုံးအချိန်ရဲ့ အဆိုးဆုံးတခုပါ။ ++ အော်နေတယ်၊ ++ အော်သံ မကြားတော့ဘူးလား၊ ညှိးငယ်စွာကြည့်နေတဲ့ မျက်ဝန်းတွေက လိမ်နေတာပဲ၊ ချစ်တယ် ခင်တယ် လေးစားတယ် မြတ်နိုးတဲ့သူတွေ ဟန်ဆောင်နေတာလား .. ဘာမှ မလုပ်ပေးတော့ဘူးလား။ ++ ရင်ဘတ်အတွင်း ပူလောင်နေတယ်လေ..

ဟာ .. ဘယ်လိုဖြစ်နေတာလဲ၊ ညှိးငယ်တဲ့ မျက်ဝန်းများက မျက်ရည်တွေ စီးကျနေပြီပဲ၊ ဘာတွေ ပြောပြီး ရုပ်ပျက် ဆင်းပျက် ငိုနေသလဲ၊ ++ ကြားအောင် ပြောပါ ၊ ဟေ့ မိန်းမ ( မိန်းမ ဖတ်မည်ဆိုလျှင် ) ဟဲ့ ယောင်္ကျား..နင် ဘာတွေ ပြောင်းလဲနေသလဲ။ အစကတော့ ချစ်တယ်ဆို .. အသက်နဲ့ယှဉ်ပြီး ချစ်တယ်ဆို.. ++ မျက်နှာပေါ်က ပိုးကောင်လေးကို သတ်ပေးပါလား၊ ++ ပြောနေတယ်လေ မကြားချင် ဟန်ဆောင်နေတာလား.. ရက်စက်တယ်ကွာ ..

အား… ++ စိတ်တွေေ၀၀ါးလာ၏ ++အမြင်တွေ ၀ိုးတ၀ါးနှင့် ++ အတွေးတွေ ထိန်းလို့မရ ဖြစ်နေတယ်။ ပိုးကောင်ကိုလဲ ဒေါသဖြစ်နေသည်။ ++ အနားမှာရှိတဲ့ သူတွေကိုလဲ မုန်း၏၊ တော်ပါပြီ … ချစ်လှချည်ရဲ့၊ လေးစားလှချည်ရဲ့ အရာတွေဟာ အရောင်များနှင့် ဖန်တီးထားတဲ့ အကြောင်းတွေပါပဲ၊ ဟန်ဆောင်မှုတွေပါလား..

++ ကိုးကွယ်နေတဲ့ ဘုန်းဘုန်း ကြွလာသည်ကို ++ ဖူးမြင်နေရ၏၊ ++ ၀မ်းမြောက်၏၊ ခန္ဒာကိုယ်က မလှုပ်ရှားနိုင်တော့အတွက် စိတ်ထဲမှာပဲ ဘုန်းဘုန်းကို ရှိခိုးနေပါသည် ဘုရား .. ။ ဘုန်းဘုန်း တပည့်တော်ကို ဘာတွေ မြွတ်ကြားနေသလဲ ++ နားတွေ ဘာမှမကြားတော့ပါလား။ ဒီကြား ပိုးတကောင်ရဲ့ လမ်းလျှောက်ခြင်းဟာ ကုန်ရထားတစီး ကိုယ်ခန္ဒာပေါ် ဖြတ်မောင်းနေသလိုပါပဲ၊ ++ မခံနိုင်တော့ဘူး ဘုန်းဘုန်း ဘုရား ကယ်တော်မှုပါ၊ ++ စိတ်နှင့် ငါကိုယ် မကပ်တော့ပါလား.. ++ လှုပ်ရှားမှုတွေ၊ ++ အသံတွေက ++ အနားမှာ ရှိတဲ့သူကို သက်ရောက်မှု မရှိတော့ဘူးလား .. ဘာတွေ ဖြစ်နေသလဲ..

အော် ဘုန်းဘုန်းကို ဖူးတွေ့မှ လွန်ခဲ့တဲ့ တနှစ်ခန့်က ဥပုသ်နေ့ တနေ့မှာ ဘုန်းဘုန်း ဟောထားတဲ့ တရားတပုဒ် ++ သတိရပြီ၊ ဟုတ်တယ် ++ ဘယ်သူမှ အားမကိုးတော့ဘူး၊ ++ လမ်း ++ လျှောက်ရတော့မယ်၊ ဘာမှ မတွေးတော့ဘူး ၊ ++ မျက်လုံးက ပြနေတဲ့ ဂဂျိုးဂဂျောင်စိတ်တွေ သူများကို ပေးမမြင်ချင်တော့ဘူး။ ဟုတ်တယ် ++ မျက်လုံးတွေ ပိတ်ထားလိုက်မည်။ ဟုတ်ပြီ ++ ရှုနေတဲ့ ထွက်လေ ၀င်လေလေးကိုပဲ မှတ်သားနေမည်၊ ဟ .. တယ်ဟုတ်ပါလား ++ ခန္ဒာမှာ ခံစားနေတာတွေ ပျောက်လုလု ဖြစ်နေပါပြီ၊ ဝေဒနာများ ပျောက်ရှသလိုပါပဲ၊ ++ ဘာမှ မတွေးချင်တော့ဘူး မတွေးလဲ မတွေးချင်ဘူး၊ ++ အလုပ်ပဲ ++ ဆက်လုပ်တော့မည်၊ ++ ထွက်သက် ၀င်သက်ကို တစိုက်မတ်မတ် ရှုလာလိုက်တာ .. ပေါ့ပါးလာနေသည်၊

အလို…++ နာမည် ခေါ်သံ လိုလို ၊ ငိုသံတွေ လိုလို တစွန်းတစ ++ ကြားနေတယ်၊ ဘာတွေ ဖြစ်နေသလဲမသိ ++ မတွေးချင်တော့ဘူး ၊ နင်တို့ကိုလည်း အားမကိုးတော့ဘူး၊ ++ အခု ငြိမ်းချမ်းနေသည်..

ငိုသံတွေ အော်သံတွေ ဝေးလိုက် ကွာလိုက်နဲ့ ++ အတ္တတခုဟု ထင်ရတဲ့ စိတ်အစဉ်တခုဟာ လေဟာနယ်တခုအတွင်း ရောက်နေသလို ခံစားနေရသည် …



လူလ
ရွှင်လန်းချမ်းမြေ့ပါစေ…

(မှတ်ချက်။ ။ စာပုဒ်အတွင်း ++ နေရာမှ ငါ သို့မဟုတ် ငါ့ ဟု အစားထိုးပြီး ဖတ်ကြည့်ပါ )
ဓါတ်ပုံကို Yahoo Images မှ ယူသုံးထားပါသည်။

Saturday, January 24, 2009

မလွဲနိုင်သော

*
**
***


ရုတ်တရက် နားဝမှာ ကြားလိုက်ရသည်က ငှက်ဆိုးထိုးသံလို နားစည်က ဘယ်လိုမှ လက်မနိုင်တဲ့ အသံတွေက သံစဉ်တွေလည်း နားမလည်ပါဘူး။ ဒါဗေမဲ့ ဦးနှောက်ကို အပြေးအလွား လှုပ်ရှားလိုက်ရတယ်၊ သြော် မနက်စောစော ထမင်းစားချိန် ရောက်နေပြီ၊ မျက်လုံးများကို အစွမ်းကုန် ပြူးကျယ်၍ ကိုယ်ခန္ဒာကို မတ်ပြီး ထ ထိုင်လိုက်တော့ ထမင်းလာပို့တဲ့ အချုပ်ဝန်ထမ်းတွေ ထမင်းဝေဖို့ အဆင်သင့် ဖြစ်နေသည်။ ခေါင်းရင်းမှာ ထောင်ထားတဲ့ ရေသန့်ဘူးထဲက ရေကို မော့သောက်လိုက်သည်၊ သောက်လိုက်ရတဲ့ ရေကလဲ စိတ်ထဲက လက်သိပ်မခံချင်၊ ရေချို ရေငန်စပ် ချောင်းတွင်းက ရေ သာသာ၊ ဘယ်လိုလုပ်မလဲ ဒါပဲရှိတယ်ပဲဆိုပြီး ဇွတ်မှိတ်ပြီး လည်ချောင်းက လက်ခံလိုက်ရတယ်၊ ဒါလောက်တော့ ရှိမှာပေါ့ နတ်ပြည်မှ မဟုတ်တာ၊ အခုအနေအထားက လူဆိုးတွေကို ချုပ်ထားတဲ့ ရဲစခန်းဆိုတော့ ဟော်တည်ပုံစံလို့ ဘယ်သူက ပိုက်ဆံကုန်ခံပြီး ထားမှာလဲ၊ သောက်လည်း တခုတည်းရှိတဲ့ ကန်ကလေးထဲက ရေ၊ ရေချိုးလဲ ကန်ထဲက ရေ။ နောက်ဆုံး အပေါ့၊ အလေးသွားလည်း တခုတည်း ရှိသော ဤကန်က ရေ၊ ရေကန်နဘေးမှာက အိမ်သာနှင့် တွဲထားတာကိုး၊
မျက်နှာတောင် သုတ်သင်ဖို့ အချိန်မရှိတော့ ရေသန့်ဘူးထဲက ရေနဲ့ပဲ ခံတွင်းကို ရှင်းလင်း၍ ထမင်း ပုဂံသွားယူပြီး ပုံစံထိုင်ဖြင့် ထမင်းကုန်အောင် စားလိုက်သည်။ ကောင်းလိုက်တာ စိတ်ပျက်ဖို့လေ၊ ဒီလောက်ကောင်းတဲ့အရသာမျိုး ဘ၀မှာ ဘယ်တော့မှ မခံစားရဘူး။ အပြင်မှာ ရှိစဉ်က စားဖူးတဲ့ ထမင်းဟင်း ကွာလောက်ပါပေ့။ တကယ်ပါ ထမင်းက ဆန်က ချက်ထားလို့ ထမင်းမို့သာ ခေါ်ရတယ်။ ဖွဲကြမ်းနှင့် ဆန်ကွဲရောနေတဲ့ ဆန်ကို ချက်ထားတာပါ၊ ဟင်းကလား ကြက်ခြေထောက် နှင့် မုန်ညင်းချဉ် အရည်ကျဲကျဲ၊ ရွာမှာဆို ခွေးတောင် ထိုင်ငိုမဲ့ ထမင်းဟင်းပေါ့၊ သေချာတာကတော့ လက်ရှိ အခိုက်အတန့်မှာ တကယ့်ကို အရသာရှိတယ်လေ။ မရှိတဲ့နေရာမှာ ရှိတဲ့ဟာက နတ်သုဓါဆိုသလိုပေါ့နော်။
ပူပြင်းလှတဲ့ နေ၏ အပူအရှိန်က အချုပ်ခန်းကလေးထဲကို မညာမတာ ထိုးဖောက် နယ်ချဲ့နေသည်။ ထမင်းစားပြီး ကိုယ်လက် သန့်စင်ရန် ရေချိုးရဦးမှာပဲ။ ထိုင်းနိုင်ငံ နွေကလဲ ရက်စက်ပါပေ့။ သာယာမျှတတဲ့ ရာသီဥတုများဖြင့် ဖြစ်တည်နေသော ရွာကို မဆီမဆိုင် သတိရလိုက်သည်။

အခန်း ၂

“ ဝေး… ငဇင်.. ဘာလုပ်နေတာလဲ ကွ”

“ ဟကောင်ကြီး ငသန့်၊ လာ လာ .. ငါလဲ မအားသေးဘူးကွ၊ ဒီမှာကွာ ရွာသူကြီး ဘကြီးဖြိုးက ခိုင်းထားတာလေ ”

“ ငါလဲ ကြားသားပဲ ငဇင်ရေ၊ ဒီငနဲကြီးက မနိုင်ဘူး ငါအာဏာရှိတယ်ဆိုပြီး ရွာသားတွေကို စစ်တပ်နဲ့ ပေါင်းပြီး အနိုင်ကျင့်နေတာ အေးလေ ကံပေါ့။ ကိုယ်တို့ အလှည့်တော့ တနေ့ ကြုံမှာလေ ”

“ အင်းပေါ့ ငသန့်ရေ၊ မင့်တို့က ရေ ( ငွေ ) ရွှင်တဲ့သူတွေလေ၊ ရေဖျန်းပြီး အေးဆေးပေါ့၊ ငါမှာတော့ မင့်မြင်တဲ့အတိုင်းပဲ၊ ၀ါးလုံးတွေ အချောသပ်လို့ ပြီးရင် ရွာထိပ် ကင်းတဲမှာ ညကင်း အလှည့်ကျတယ်၊ ဒါနဲ့ မင်းက ဘယ်က မျက်စိလယ်လာတာလဲ”

“ ဒီလိုပါပဲ ငါလဲ ပျင်းပျင်းနဲ့ မင့်ဆီကို လှည့်ဝင်လာတာလေ.. ငါ့အဖေလဲ ပြောနေတဲ့အသံကြားရတယ် လာမဲ့နှစ်မှာ ငါးဒိုင် လိုင်စင် ရနိုင်တော့မှာ မဟုတ်ဘူးတဲ့ စိတ်လေတယ်”

“ ငါကြားသားပဲ ငသန့်၊ နောက်နှစ်က စပြီတော့ ရွာလူကြီး ဘကြီးဖြိုးကပဲ ကိုင်မယ်တဲ့၊ ရေကိုတော့ တပ်ရင်းမှုးက ပုံး ရိုက် ( အရင်းအနှီး) ပေးတယ်လို့ ကြားရတယ်”

“ သြော် ဂလိုလား၊ ဒီကောင်တွေကလဲ လူတွေကို သူတို့ ခိုင်းနွားတွေလို ကျနေတာပဲကွာ၊ ငါတို့ဘ၀တွေလဲ ဘယ်လို စခန်းသွားရမလဲ မသိတော့ဘူး၊ မင်း အလုပ်ပြီးရင် တနေရာရာကို သွားရအောင် ”

အနောက်ဖက် နေ၀န်းက အပြောကျယ်လှသော ပင်လယ် အနားသတ် နှုတ်ခမ်းပေါ်တွင် မေးတင်ပြီး မှိန်းမောနေစဉ် အလင်းရဲ့ အလှက အရှေ့မြောက်ဖက် ဖြတ်သန်းလာသော လေပြေကလေးနှင့် ရွာ၏ သဲသောင်ကမ်းလေးဟာ ဟာဝိုင်ယီ အပန်းဖြေကျွန်း ကမ်းစပ်နှင့်တော့ မလဲနိုင်ပါ။
ကလေးတစု ဆောကစားနေသော အသံ၊ အိပ်တန်းတက် ငှက်များရဲ တောင်ပံခတ်အသံ၊ ငါးမရလို့ ငသာမောင်တို့ လင်မယား ရန်ဖြစ်တဲ့အသံ တွေဟာ လှိုင်းကြက်ခွက် အသံများနှင့်အတူ ပျော်ဝင်စီးနေလေသည်။

*****
အခန်း ၃


ဗုန်း .. ခွပ်..
@@F@*+/@
“@!F#%E@_*e”
ထမင်းစားပြီး ရွာအကြောင်း စဉ်းစားရင် နပ်နေသည့်အချိန်တွင် ထိုးကြိတ်အသံကြားရလို့ ခေါင်းထောင်ပြီး ထကြည့်လိုက်တော့ အချုပ်ထဲ အသစ်ရောက်လာသော ရွှေတယောက်ကို ယ ပက်လက် ( ယ ) အချုပ် တန်းစီး အုပ်စုတွေ ကြွေးနေသည်။ အင်း ရွှေတွေအတွက် ထိုင်းအချုပ်ဟာ ဇရပ်လိုပါလား အမြဲစည်ကားနေတယ်၊ ဘယ်ဘ၀က ရေစက်လဲတော့မသိဘူး၊ လက်ရှိမှာတော့ ခံနေရတယ်၊ ရာဇ၀င်ကို ကြည့်ပြီး ကံ ကံ၏ အကျိုးဖြင့် တွေးရင်တော့ ဦးအောင်ဇေယျတို့ခေတ်က ငါတို့ အနိုင်ကျင့်ခဲ့လို့ အခု ပြန်ခံနေရပါလား ဆိုပြီး ရသေ့ စိတ်ဖြေလိုက်သည်။ သေချာတာကတော့ ကိုယ့်နိုင်ငံက သူတို့ထက် ဆင်းရဲနေဆိုတော့လဲ လာလုပ်စားကြတာ ဖြစ်တာကိုး၊ ဘာဖြစ်လို့ ဒီလိုဖြစ်နေတာလဲ စဉ်းစားတိုင်း ရွှေသမင်ဘယ်ကထွက် စကားပုံလိုပဲ နောက်ဆုံးတော့ ဒါကိုပဲ ရောက်ရောက်သွားလေရဲ့… မိဘမကောင်းတော့ သားသမီး ခေါင်းပေါ် နင်းခံရတာပဲလေ။ အချုပ်ထဲသို့ ကိုယ့်ထက်ဦးပြီး အရင်ရောက်နေတဲ့ အမိမြန်မာပြည်က ကောင်လေး သုံးယောက်ဆို ထက်ကနဲ့ဆို ခေါ်နိပ်ခိုင်းတာ၊ ခိုင်းပြီး ကောင်းကောင်းမဆက်ဆံချင်ဘူး၊ ကြားမ၀ံနားမခံသာတွေ ပြောခံရ။
သူတို့ ဆေးပြတ်ပြီး ရင်းထအချိန်ဆို ပိုဆိုး ဟိုနားကုတ်ပေး ဒီနားကုတ်ပေး။ ရုပ်က ဒူရင်းသီးကို လှည်းကြိတ်သွားတဲ့ပုံ၊ တကိုယ်လုံး အဖုအထက်နဲ့ ဘာရောဂါတွေ ရနေမှန်းမသိ၊

ကိုယ်လည်း အချုပ်ထဲ ရောက်စက လာရစ်သေးတာ ခံရလိုက်တယ်။ လက်မှာ ပတ်ထားတဲ့ နာရီ လာတောင်းတယ်လေ။ ပေးလိုက်တာပေါ့ ကိုယ့်ဂွင်မှ မဟုတ်တာ၊ ဆိုတော့လဲ ထိုးကြိတ်ဒဏ် မခံရတော့ဘူးပေါ့။ လူသတ်မှုဆိုတော့လဲ ( ယ ) တွေက လန့်သလားတော့ မသိ၊ ငနဲတွေ အနိုင်ကျင့်တာကို သိပ်မခံရဘူး၊ အေးအေးဆေးဆေး နေထိုင်ခွင့်ရနေတယ်။ အချုပ်ခန်းမှာ ၁၄ရက်နေပြီး တရားရုံးထွက်၊ ပြီးတော့ ဘယ်ဆီဝယ်သို့ ရှေ့ဆက်ရမဲ့ မသိတဲ့ ဘ၀ပါလား…
*****
အခန်း ၄၊

“ ဟ ကောင်ကြီး၊ နေကောင်းသလား ၊ ဟိုတပတ်ကပဲ ရွာဦး ဘုန်းကြီးကျောင်းက ကိုရင်ကြီး နှင့် အွန်လိုင်းမှာ တွေ့ပြီး စကားပြောဖြစ်ရင်း နင့်အကြောင်းကို ပြောဖြစ်သေးတယ်၊ ကိုရင်ကြီးကပဲ မင့်အိုင်ဒီကို ပေးထားရစ်တယ်၊ ဘယ်လိုလဲ မင့် အဆင်ပြေသလား.. ”

“ ဒီလိုပါပဲ .. ငဇင်ရေ၊ ရေကြည်ရာ မြက်နုရာဆိုသလိုပေါ့၊ မင့်သိတဲ့အတိုင်းပဲ ခေတ်ပျက်နေပြီလေ၊ မိသားစု စီးပွားရေးက မကောင်းတော့၊ ငါလည်း ဖြစ်ချင်ရာဖြစ်ဆိုပြီး ထိုင်းကို ထွက်လာတာ ကြုံရာ ကျဘမ်းအလုပ်တွေနဲ့ပဲ ရုန်းကန်နေရတာပေါ့ကွာ၊ မင့်ရော ဘယ်လိုလဲ အခြေအနေ ..”

“ အေး.. ဒီလိုပါပဲ၊ မင့်နဲ့ ငါ မတွေ့တာ ရွာမှာ နေကတည်းကပဲ၊ မင့် မြို့မှာ ကျောင်းသွားတက်တော့ ငါလည်း တောထဲ ရောက်သွားတယ်လေ၊ ယှက်ကန်ယှက်ကန်နဲ့ပဲ အမေရိကားကို ရောက်လာတာတယ်လေ၊ ငသန့် .. ကိုရင်ကြီးက အိန္ဒိယမှ ကျောင်းတက်နေတယ်လေ သူနဲ့တခါတလေပဲ အွန်လိုင်းမှာ တွေ့ဖြစ်တာ၊ သူ့ကျေးဇူးပေါ့၊ ငါတို့ အခင်ဆုံးသူငယ်ချင်းတွေ အခုလို ပြန်တွေ့ရတယ်၊ အကူအညီ လိုအပ်ရင် ပြောပါ၊ တတ်နိုင်သလောက် ငါကူညီပေးနိုင်တယ် ငသန့်..”

“ မင့် အဆင်ပြေနေတာ ကြားရတာ ၀မ်းသာပါတယ်၊ ငါတော့ ထိုင်းမှာပဲ ရုန်းကန်နေတုန်း ဘာတွေ ဖြစ်လာမှန်းတောင် မသိရတဲ့ ဘ၀၊ နင့် ကူညီပေးမယ်ဆိုလို့ ၀မ်းသာပါတယ်။ ဒါဗေမဲ့ ငါ မလိုအပ်သေးပါဘူး၊ အေးဆေးပေါ့ကွာ”

“ ဒါနဲ့ ရွာအကြောင်း ဘာတွေ ထူးသလဲ.. ငသန့်၊ ငါလည်း ထွက်လာတာ ကြာပြီဆိုတော့ ”

“ ငါလည်း သိပ်မသိတော့ဘူး၊ ရွာသူကြီး လုပ်ခဲ့တဲ့ ဘကြီးဖြိုးတယောက် ထိုင်းနိုင်ငံထဲ ရောက်နေတယ်လို့ ကြားရတယ်”

“ သြော်…ဟုတ်လား၊ ငါလဲ သိပ်မကြည်ဘူး၊ ငါဘ၀ကို တစစီ ဖြစ်ခဲ့တာတွေက သူ့ဒဏ်တွေ အများကြီးပါတယ်၊ ငါ ကြွေးချင်တယ်၊ မကြုံသေးလို့”

“ . ဘဲကြီးက (…)မြို့ကို မှာ နေတယ်၊ ငါနေတဲ့ မြို့နဲ့ သိပ်မဝေးဘူး၊ ဗီန္ဒောဆရာလိုလို နိုင်ငံရေးသမားလိုလို၊ ပွဲစားလိုလို လုပ်စားနေတယ်လို့ ကြားရတယ်”


“ အင်း .. ဒီလိုဆိုတော့လဲ ငါ့ ဂွင်ပေါ့ကွာ၊ နေပါဦး နင့် အသိတွေထဲမှာ လမ်းမယူတဲ့ ကောင်တွေ မရှိဘူးလား၊ ဘဲကြီး ( ဘကြီးဖြိုး ) ကို ရေဖျန်းပြီး ရိုက်ခိုင်းမယ်လေ၊ တယောက်လောက် စုံစမ်းပေးထားပါလား၊ ရေအတွက်တော့ စိတ်မပူနဲ့ ငါ .. မင့်ဆီကို ဖျန်းပေးမယ်၊ ငါ .. ထိုင်းမှာ ရှိရင် ဒီငနဲကြီးကို ကိုယ်တိုင်ပဲ ကြွေးချင်တာ၊ အခုတောင် ပြောရင်း လက်တွေ ယားနေပြီ”


“ ဟား ဟား ဟား ငဇင်၊ ဒီလောက်တောင် မေတ္တာ ရှိနေတာပေါ့၊ မပူပါနဲ့  ငါ စုံစမ်းပေးထားမယ်လေ၊ ငါလည်း သွားတော့မယ်၊ အင်တာနက်ဆိုင်က တက်နေတယ်ဆိုတော့ သိပ်အဆင်မပြေဘူး၊ နောက်ပြန်ဆုံမယ်လေ၊ ”

“ အိုကေ .. ငသန့် နောက်ပြန်ဆုံမယ်၊ တတာ”
“ ဘိုင်ဘိုင် ငဇင်”
*****
အခန်း ၅၊

ကောင်းကင်သည် ကြည်လင်တောင်ပပြီး ဝေဟင်အမြင့်တွင် တိမ်တောက်များ ကလူကြည်စယ် နေသည်။ နွေရာသီဖြစ်သည်မို့ အပူဒဏ်က ရက်စက်လွန်းတယ်၊ သံတိုင်များဖြင့် ကာရံထားသည့် အချုပ် ပြတင်းပေါက်ကနေ လှချင်တိုင်း လှပနေသော ရှစ်ခွင့်တိုင်၏ အစွန်းအနားများကို စိတ်ထဲမှာ ၀ိုးတ၀ါး ခံစားနေလျက်ရှိသည်။ ရင်ထဲမှာတော့ စိတ်၏ စေရာအတိုင်း ခံစားနေရဗေမဲ့ နေ၏ အပူကို မုန်းတီးစွာ တွန်းလှန် အံတုနေရ၏။ သည်နေရာဟာလည်း ငါ့အတွက် နောက်ဆုံးအချိန်လေးပါပဲ၊ အခန်းဖေါ်များကိုလဲ နှုတ်ဆက်ပြီးပြီ၊ ပြောဖို့စကားများလည်း မရှိတော့ပါ၊ အားလုံးက ဘ၀တူတွေမို့ နားလည်ခွင့်လွတ်ရင်းဖြင့် အလိုက်တသိ သူလိုကိုယ်လိုပဲ လုပ်ဆောင်နေလျက်ရှိ၏။ နောက် တနာရီ အကြာမှာ တရားရုံးက ကား ရောက်လာမည်ဟု သိနေသည်။ ဘ၀၏ အပြောင်းအလဲ တခုပါပဲလေ .. ကံ၏ စီမံရာအတိုင်း ဆက်သွားရတောပေါ့၊
ဘယ်တော့မှ အနောက်ကို ပြန်မကြည်တတ်တဲ့ သူတယောက်မို့ ဖြစ်ခဲ့တာတွေ တွေဝေ စိုးတိတ်ပြီး မတွေးချင၊် ရှေ့ဆက်ရမဲ့ အနာဂါတ်မှာ ဘယ်လို ဖိအားတွေဖြင့် ရင်ဆိုင်ရမယ်ဆိုတာပဲ အားတင်းထားသည်။
နောင်တဆိုတာလဲ မရှိ၊ မစဉ်းစားပါဘူး၊ ကိုယ်ပြုခဲ့ပါပြီပဲ၊ သူ့ကြောင့် ငါ့ကြောင့်လို့ အပြစ်တင် စိတ်လက်ညှိးထိုးနေစရာလဲ မလိုပါဘူး၊ ကိုယ်ကြည်ဖြူလို့ ဆောင်ရွက်ခဲ့တယ်ဆိုတော့ ကိုယ်ကြေနပ်တယ်၊
အင်း … နိုင်ငံကူးလက်မှတ် အတု ကိုင်ဆောင်မှု နှင့် လူသတ်မှုဆိုတော့လဲ အနည်းဆုံးတော့ အနှစ် ၃၀ လောက် ထင်မိတယ် ၊ ဘယ်လောက်များ လှောင်ပိတ်ခံရဦးမည် မသိ ….
*****
အခန်း ၆
တူ… တူ..
“ မင်္ဂလာပါ ငဇင်”

“ မင်္ဂလာပါ ဘုရား … ကိုရင်ကြီး နေကောင်းသလား ”

“ ကောင်းပါတယ် ငဇင်၊ ဒကာရော အဆင်ပြေသလား ”

“ တင်ပါ့ ဘုရား .. ရုန်းကန်လျက်ပါ၊ တပည်တော်က ဦးဇင်းကို ကိုရင်ကြီးလို့ နှုတ်ကျိုးပြီး ခေါ်နေတာ ခွင့်လွတ်ပါ ဘုရား ”


“ ရတယ် ငဇင်၊ ငါတို့ ရွာဓလေ့ပေါ့ကွာ၊ ဒါနဲ့ ငသန့်အကြောင်း မင့်ကြားပြီးပြီလား၊ ရွာသူကြီးဟောင်း ဘကြီးဖြိုးကို သတ်လို့ ထိုင်း ထောင်ထဲ ရောက်နေတယ်”

“ ဟုတ်လား ကိုရင်ကြီး၊ ဘကြီးဖြိုး သေပြီပေါ့”

“ ဟုတ်တယ်၊ သူများနိုင်ငံမှာ ကိုယ့်ရွာသားချင်းချင်း စည်းစည်းလုံးလုံး မနေကြဘူး၊ ခက်တယ်ကွာ၊ အင်း … ဘကြီးဖြိုးကလဲ ရွာသူကြီးလုပ်တုန်းက မဟုတ်တာတွေလဲ လုပ်ထားတယ်ဆိုတော့ ဦးဇင်တော့ မပြောတတ်တော့ဘူး”

“ တင်ပါ့ဘုရား၊ အမှန်တိုင်း ၀န်ခံရရင် တပည့်တော်ပါ ဘုရား ”

“ ဟုတ်လား ငဇင်၊ ဘာတွေ ဖြစ်တာတုန်း သံသရာတွေ ရှည်နေရဦးမယ် တရာနဲ့မဖြေပဲနဲ့ကွာ”


“ တင်ပါ့ ဘုရား၊ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ တပည့်တော် သံသရာရှည် ၀ံ့တယ် ဘုရား၊ ဘကြီးဖြိုး သေတာက တပည့်တော် ပယောဂပါ၊ ရွာမှာ နေတုန်းက ဘကြီးဖြိုးပြုခဲ့တဲ့ ဒဏ်တွေကို တပည့်တော် အညှိးနှင့် တုန်ပြန်လိုက်တာ၊ တနေ့မှာ တပည့်တော်နဲ့ ငသန့် အခုလို လိုင်းပေါ်မှာ တွေ့ပြီး ဘကြီးဖြိုးအကြောင်းကို ပြောရင်းနှင့် တပည့်တော်က သတ်ခိုင်းလိုက်သလို ဖြစ်သွားတယ် ဘုရား၊ တပည့်တော်လဲ ဒီလောက်အထိ မရည်ရွယ်ပါဘူး၊ ဒဏ်ရာ နာတရ ဖြစ်သွားရရင် ရပြီဆိုပြီးတော့ စိတ်ကူးပြီး ပြောလိုက်တာပါ၊ တပည့်တော်က တခြားသူတယောက်ကို ပိုက်ဆံနည်းနည်း ပေးပြီး ရိုက်ခိုင်းမယ် ပြောတယ်၊ သူက ဘယ်လိုဖြစ်သလဲမသိဘူး၊ သူပိုက်ဆံလိုတယ်လို့ပြောပြီး သူပဲ ဘကြီးဖြိုးကို ရိုက်ပေးမယ်ဆို ကတိပေးသွားတယ်”


“ သြော် ဒီလိုလား၊ နင့်တို့က ရွာမှာအတိုင်းပဲ အချိုးတွေက မပြောင်းသေးဘူး၊ အသက်ရွယ်တွေလဲ ရှိနေပြီ မိုက်တုန်းပဲသေး၊ ငရဲအချိုးကပ်မဲ့ကောင်တွေပဲ”

“ တင်ပါ့ ဘုရား၊ ကိုရင်ကြီး ပြောတာ အမှန်တရားပါ ဘုရား၊ ဖြစ်သွားတဲ့ အကျိုးအဆက်အတွက် တပည့်တော် ရဲဝံစွာ ခံရဲတယ်၊ အားလုံးက မာနဆိုတဲ့ အရာတခုကို ယှဉ်ပြီး ဖြစ်သွားတယ်ဆိုတော့ ဖြစ်သွားပြီးပြီ ဘုရား၊ ဒီအကျိုးဟာ တချိန်ချိန်မှာ တပည့်တော် ပြန်ခံရမယ်ဆိုတာ သိပါတယ်၊ အခု ခံလိုက်ရတဲ့ ဘကြီးဖြိုးလဲ သူ့ အတိတ်က အကြောင်းကြောင့်ပဲ၊ ဒါဟာ မလွဲသော တရား ဖြစ်တယ် ဘုရား”

“ အိမ်း… ဖြစ်သွားပြီးမှတော့ဘဲ ဘာမှ မတတ်နိုင်တော့ဘူး၊ ကံ ကံ၏ အကျိုးကိုသာ လက်ကိုင်ထားပါ၊ မမေ့မလျော့ မပေါ့ဆပါနဲ့ ငဇင်၊ ထောင်ကျသွားတဲ့ ငသန့်အတွက်လဲ ကြည့်ရှု့ ကူညီပေးပါ ငါလဲ ဒီလောက်ပဲ ပြောနိုင်တယ်၊ လောကီအရေးက ရှုပ်ထွေးသမို့ ငါလဲ သာသနာမှာပဲ ပျော်နေတယ်လေ၊”


“ တင်ပါ့ ဘုရား၊ ကိုရင်ကြီး မှာကြားတာတွေ တပည့်တော် မလွဲမသွေ ဆောင်ရွက်မယ် ဘုရား”


လောကတွင် သင်သည် ကိုယ့်အတွက် အမြဲတမ်း မရှိနိုင်သလို၊ ကိုယ်သည်လည်း သင့်အတွက် အမြဲတမ်း ရှိနိုင်လိမ့်မည် မဟုတ်ပေ၊ ဘ၀ အကွေ့များမှာ ဆုံလာရင်၊ အခွင့်အရေးဆိုတဲ့ လုပ်ပိုင်ခွင့် ရှိဖို့က အရေးကြီးတယ်။ လုပ်သည် မလုပ်သည်ဟာ အဓိက မဟုတ်ပါ။ လူတယောက်ဟာ ဖြတ်သန်းနေတဲ့ အချိန်တိုတိုလေးအတွင်းမှာ ကံကြမ္မာ အလှည့်ကို ကြည့်တတ် မြင်တတ်ရန် လို၏ ၊ အခုအချိန်မှာ သူ့အတွက်က လုပ်နိုင်စွမ်းရှိတဲ့ သူတယောက်ဖြစ်နေပြီလေ၊ အင်း … အတုံအလှည့်ဆိုတဲ့ အရာဟာ လောကမှာ တကယ်ရှိတယ်ဆိုတာ ဘကြီးဖြိုးတယောက် သေရွာက သိနိုင်သလားမသိ၊ လုပ်ပိုင်ခွင့်၊ လုပ်နိုင်ခွင့် ရှိသူတယောက်အတွက်တော့ ဘာပဲ လုပ်လုပ် ဘယ်အရာမှ မလွဲပါ …



လူလ
ရွှင်လန်းချမ်းမြေ့ပါစေ…

( မှတ်ချက်။ ။ စိတ်ကူးယဉ် ဇာတ်လမ်းတခုအဖြစ် လွင့်မျောထားခြင်း ဖြစ်၏။ သို့သော် လူလ၏ မနောကံဆိုသော စိတ်ဖြင့် လူတယောက်ကို သတ်ခြင်းတခု ဖြစ်ကြောင်း ၀န်ခံပါ့ရစေ၊ ထို့ကြောင့် ထိုသူသည် ကျွန်ုပ်၏ ရင်ထဲတွင် မရှိတော့ပါ။ ဓါတ်ပုံကို Yahoo Images မှ ရှာဖွေ အသုံးပြု ထားသည်။ )