Showing posts with label ရှာဖွေခြင်း. Show all posts
Showing posts with label ရှာဖွေခြင်း. Show all posts

Saturday, June 13, 2009

မမြင်နိုင်သော ကင်ပိန်း






ကမ္ဘာဦးစ လူသားရယ်လို့ ဖြစ်လာကတည်းက သဘာဝဖြစ်စဉ်များ ပြောင်းလဲမှုများကို ကြုံဆုံခဲ့ရပြီး အချို့ အလှည့်အပြောင်း များကို ကြောက်ရွံ့ခြင်း အတိဖြင့် ဖြတ်သန်း နေခဲ့ကြရသည်။ အသိအဥာဏ် မဖွံ့ဖြိုးသည့် အမှောင်ခေတ်ကာလ လူသားများ အတွက် နီးရာ အန္တရာယ်များကို ယှဉ်ဆိုင်ဖြေရှင်း အနိုင်ယူရင်း သူတို့ စွမ်းမဆောင်နိုင်သည့် အခါ သဘာဝ တရားများကို ကိုးကွယ်မှု ပြုခဲ့ရသည်။ ထိုမှတဆင့် လူသားဆိုင်ရာ အသိများ တိုးတက်လာပြီး လူ့လောကကြီးနှင့် စင်္ကြာဝဠာ ကို စူးစမ်းရှာဖွေ ထုတ်နှုတ်သုံးစွဲ လာကြသည်။

နေ၊ လ၊ ကြယ်၊ တော၊ တောင်၊ မြစ်ချောင်းများကို ဆည်းကပ်ရင်း မမြင်နိုင်သော အရာများ၏ အကျိုး သက်ရောက်မှုများအား ထုတ်နှုတ်ပြီး ဂမ္ဘီရပညာခေါ်သော သဘာဝလွန် အတတ်ပညာများ ရှာဖွေ စမ်းသပ် တွေ့ရှိလာခဲ့သည်။ တချို့မှာ စင်္ကြာဝဠာ၏ ရွေ့လျားခြင်း၏ သက်ရောက်မှုကို မှတ်သားပြီး ဖြစ်လာနိုင်ဖွယ် ရှိသော ရှေ့ဖြစ်လာမည့် ဟောကိန်းများ ထုတ်လာခဲ့ကြသည်။ ထိုအရာကို နက္ခတ်ဗေဒင်ဟု အကြမ်းအဖျဉ်း ခေါ်တွင်သည်။ ရှာဖွေ တတ်မြောက်လာသည့် ပညာရှင်များကို အုပ်စိုးသူ လူတန်းစားများက သူတို့ အကျိုးစီးပွားအတွက် မြောက်စား ချီးမြှင့်လာခဲ့သည်။ ရှေးမြန်မာ ဘုရင်များ၏ အခါတော်ပေးအဖြစ် ပုဏ္ဏားဖြူ ပုဏ္ဏားညိုများ ခန့်အပ် ချီးမြောက်ခဲ့ကြသည်။ ယနေ့တိုင် ဘိုးတော်များ ကိုးကွယ်ဆည်ကပ်ပြီး အာဏာတည်ရေး အတွက် အသုံးချနေသည်ကို တွေ့ရသည်။

သဘာဝလွန် ပညာရပ်များနှင့် ပတ်သက်ပြီး တန္တရဂိုဏ်းအနွယ် အရည်းကြီးများ၏ ဂမ္ဘီရပညာရပ်များသည် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် ထွန်းကားခဲ့သည်။ အရည်းကြီး ခေတ်လွန် မြန်မာပြည် အလယ်ပိုင်း ယောနယ်နှင့် တောင်ပိုင်း ပင်လယ်ကျွန်းများတွင် နေထိုင်သော ပသျှူး(မလေးရှား) လူမျိုးများ၌ လျှို့ဝှက်ဆန်းပြားသော ပညာရပ်များ ဆက်လက်လက်ခံ အသုံးပြုခဲ့သည်ဟု ရှေးအထောက်အထားများက ဆို၏။

ရှေးခေတ်က မလေးရှားနိုင်ငံတွင် တန္တရဂိုဏ်းဝါဒများ ထွန်းကား ဟန်ရှိသည်။ အဘယ်ကြောင့် ဆိုသော် ပညာရပ်များ၏ အခြေခံပညာများစွာသည် မြန်မာတို့ ယုံကြည်ဟန်နှင့် တူညီစွာ တည်ရှိခဲ့ကြသည်။ ဥပမာ။ ။ ဧည့်သည်များ မိမိတို့ အိမ်သို့ လည်ပတ်လာသော အခါ ဖျာခင်းပြီး ဧည့်ဝတ်ပြု ကြိုဆိုရသည်။ တကယ်လို့ အိမ်ရှင် အနေဖြင့် ချစ်လို့ဖြစ်စေ မုန်းလို့ဖြစ်စေ ထိုဧည့်သည်အား ဖျာပေါ်တွင် ထိုင်ပြီး ပြန်ထရန် အတော် ခက်ခဲအောင် ပြုလုပ်နိုင်စွမ်း ရှိသည်ဟု ကြားဖူးသည်။ ထိုအခါ ဧည့်သည် အနေဖြင့်လည်း မိမိ မသင်္ကာသည့် အိမ်သို့ သွားရောက် လည်ပတ်လျှင် အိမ်ရှင်များ ခင်းပေးသော ဖျာပေါ်သို့ ရုတ်တရက် မထိုင်သေးပဲ၊ ဖျာ အနေအထား ပြောင်းလဲသွားစေရန် ခြေထောက်ဖြင့် ကန်ခြင်း ( တချို့လည်း မသိမသာ ကန်) ဖြင့် ကိုယ်ကျိုးအတွက် ကာကွယ်ရသည်ဟု ဆိုသည်။ အထက်ဖေါ်ပြပါ ပညာရပ်များသည် မြန်မာနိုင်ငံတွင် ထင်ရှားသော ယောပညာနှင့် ပသျှူးပညာများတွင် တွေ့ရှိရသောကြောင့် ဖြစ်သည်။

ထိုပညာဖြင့် ကိုယ်ကျိုး အစီအမံအတွက် တဖက်သားအား မမြင်နိုင်သော စွမ်းအားများဖြင့် တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်းများတွင် ရေလဲ ကျင့်သုံးလာခဲ့သည်။ ဆန်းကျမ်းတွင် ဗေဒင်ပညာ သက်ဆိုင်သော ဓါတ်ရိုက်၊ ဓါတ်ဆင်၊ ကက်ကင်း၊ အန်း၊ အကွက်ချ နှင့် နမ်နှိမ် ပညာများသည် ဟိန္ဒူဘာသာဝင် ပညာသည်များ မှတဆင့် အရည်းကြီးတို့ ရှာဖွေတွေ့ရှိခဲ့သော ပညာရပ်များ ယူဆ၏။ ထိုပညာများ၏ မူရင်းသည် ရှေးဟောင်း ဟိန္ဒူ ပညာရပ်များဟုလည်း ဆိုသည်။ ၎င်းပညာရပ်များကို အသုံးပြုခဲ့သော နည်းလမ်းများတွင် စစ်မှန်သော ကိုးကွယ်မှုဖြစ်သော ဗုဒ္ဓ၀ါဒကို အထက်လမ်းဟု ခေါ်ဆိုပြီး ဘုရားအပေါ် ကိုးကွယ်ခြင်းထက် ခိုင်းစားခြင်း၊ ကိုယ်ကျိုးအတွက် အသုံးပြုခြင်း၊ ၀ိညာဉ်များ အထူးသဖြင့် နာနာဘာဝများကို ကိုယ်ကျိုးအတွက် ခိုင်းစားခြင်း၊ နတ်ကိုးကွယ်ခြင်းနှင့် ဘိုးတော်များကို ပူဇော်ခြင်းများကို အလယ်လမ်းဟု ခေါ်သည်။ ဘုရားလမ်းစဉ်ကို လုံးဝ ဖျက်ပယ်ပြီး သံသရာရှည်မည့် ၀ိညာဉ်အား အသုံးပြု မွေ့လျော်သော ပညာရပ်ကို အောက်လမ်းပညာဟု ထိုပညာရပ်များအား လိုက်စားသော ပုဂ္ဂိုလ်များက ဆို၏။

ထို့အပြင် တွင်းထွက်ပစ္စည်းများ ဖြစ်သော ကျောက်သံပတ္တမြားတွင်လည်း အစွမ်းသတ္တိများ ရှိသည်ဟု ယုံကြည်ရင်း လက်ဝတ်တန်ဆာများ ပြုလုပ်ပြီး လူသားများ အသုံးပြုခဲ့ကြသည်။ တိရစ္ဆာန်များ၊ ရုပ်ဝထ္ထုပစ္စည်းများ၊ လူ ကိုယ်ခန္ဓာအတွင်း ထူးထူးခြားခြား ရှားရှားပါးပါး တွေ့ရတတ်သည့် တည်ကျောက်များကို လူအများက အမြူတေ ( ပတေ )အဖြစ် သတ်မှတ်ပြီး ထိုကျောက်များ၏ မမြင်နိုင်သည့် အစွမ်းအစများအား ထုတ်နှုတ် သုံးစွဲကြသည်။ မြွေဟောက် အမြူတေသည် သေနတ်ပြီး ဓါးပြီးခြင်း၊ စပါကြီးမြွေနှင့် ဂျိုး အမြူတေများကို လာဒ်ကောင်းသည်ဟု ယုံကြည့် သုံးစွဲကြသည်။ ထို့အပြင် တိရစ္ဆာန်၏ ကိုယ်ပေါ်တွင် ဖြစ်ပေါ်သည့် ထူးခြားသော ခန္ခာကိုယ် အစိတ်အပိုင်းများကိုလည်း အသုံးပြုသေးသည်။ ဥပမာ။ ချေလောင် ( ချေ အငယ်မျိုး ) ဂျို၊ ယုန်ဂျို နှင့် စပါးကြီးမြွေ ညှိ့ ခေါ်သော ခန္ခာကိုယ် အစိတ်အပိုင်းများ၊ သစ်ပင်အမျိုးနွယ်တွင် ဂမုန်းပန်းများ သဇင်ပန်း အနီ၊ အောက်လမ်းပညာတွင် ရှိသော တစ္ဆေသနပ်ခါးများသည် မျက်နှာစန်းပွင့်ခြင်းဟု ယုံကြည်ကြသည်။ နောက်ပြီး မိခင်မှ မွေးဖွားလာပြီး ခန္ဓာသာရှိပြီး အသွေးအသားသာရှိသော လူခြောက်၊ လူအရုပ် မပေါက်ပဲ မွဲမွဲခြောက်သွေ့သော သန္ဓေကောင်လေးကို သချုင်္ိင်းတွင် မြုပ်နှံ စွန့်မပစ်ကြပဲ၊ ထိုကလေး၏ ၀ိညာဉ်ကို ထိန်းသိမ်း ထားတတ်ကြသည်။ သားခြောက်ဟု ခေါ်၍ လာဒ်ကောင်းသည်ဟု ဆို၏။ ထိုမိသားစုအတွင်း ကလေးနှစ်ယောက် ရှိလျှင် သက်ရှိ ကလေးအား အ၀တ်အစားအသစ် ၀ယ်ပေးသောအခါ ထိုဝိညာဉ်ကလေးကိုလည်း ၀ယ်ပေးရသည်။ အထင်ကရ ပြောရမည်ဆိုရင် ၈၈ အရေးတော်ပုံမစမှီ ဗိုလ်နေ၀င်းအား အိတ်ဖွင့်စာပေးခဲ့သော ဗိုလ်အောင်ကြီးတွင် သားခြောက်(လူခြောက်) ရှိသည်ဟု ကြားဖူးပါသည်။

ဝိညာဉ်များအား ခိုင်းစားရသော ပညာရပ်များလည်း ရှိသေးသည်။ အထက်ဖေါ်ပြပါ တစ္တေ သနပ်ခါး လိမ်းခါးဆိုသည်မှာ အထူးသဖြင့် မီးတွင်း၌ အစိမ်းသေ သေဆုံးသွားသည့် မိန်းမ၏ အလောင်းကို မန္တာန်များဖြင့် မန်းမှုတ်ပြီး သေဆုံးသူ၏ မျက်နှာတွင် သနပ်ခါး လိမ်းပေးရသည်။ ထိုသနပ်ခါးကို ယူငင်ပြီး အသုံးပြု ရသည်ဟု ပုံပြင်ဆန်ဆန် လူကြီးသူမများ ပြောဆိုနေသည်ကို ကြားဖူး၏။ တချို့သောသူများက သေဆုံးသူ၏ ပိုင်ဆိုင်သော ကိုယ်ခန္တာ အစိတ်အပိုင်း တခုခုကို ယူငင်ရာတွင် ထိုသူ၏ ၀ိဥာဉ်သည် တစုံတယောက် ဆောင်ယူလာသောခါ အရာဝတ္တုပေါ်တွင် စွဲလမ်းနေသည်ဟု ယုံကြည်သည်။ ယူငင်လာသော အစိတ်အပိုင်းကို ၎င်းတို့ ပိုင်ဆိုင်သည့် ခြံမြေဥယျာဉ် ပိုင်နက်အတွင်း မြှပ်နှံပြီး ခြံစောင့် ခိုင်းကြသည်။ တပါးသူများအပေါ်လည်း အပေါ်လည်း ပြုစားရသည်ဟု ဆိုသည်။ အစိမ်းတိုက်သည်ဟု ခေါ်၏။ ၎င်းနည်းကို အများအားဖြင့် ကောက်ကျစ်တတ်သော အောက်လမ်းဆရာများ ပိုက်ဆံလိုချင်သဖြင့် တဖက်သားအား ပြုစားအောင် လုပ်ပြီး သူတို့ကပင် ပြန် ကုပေးသည်။ ကိုယ်ခိုင်းစားထားသည့် ၀ိညာဉ်များကိုလည်း တနှစ်တကြိမ် အစားကြွေးရသည်ဟု ဆို၏။ နားလည် တတ်ကြွမ်းသူများက ထိုလုပ်ရပ်ကို ပြုလုပ်သူများသည် အပြစ်ကြီးမား သံသရာ ရှည်တတ်သည်ဟု ပြောဆိုသည်။ မလုပ်အပ် မလုပ် စကောင်းသော အရာ ၊ အောက်လမ်းပညာ ဆိုပါ၏။

ဂြိုလ်များ၏ သင်္ကေတကို အမည်ပေး မှတ်သား၍ ထိုဂြိုလ်များ၏ သက်ရောက်မှုကို အချိန်ကာလများဖြင့် တွက်ချက်ပြီး လုပ်ငန်း ဆောင်တာများတွင် သက်ရှိဖြစ်သော လူသတ္တ၀ါဖြစ်စေ။ အသက်မဲ့ဖြစ်သော အရာဝတ္တုတခုဖြစ်စေ ထိုအရာများ၏ အမည်နာမများကို ဂြိုလ် သင်္ကေတများဖြင့် ယှဉ်တွဲပြီး အကျိုး စီးပွားရလိုခြင်းငှာ ဂြိုလ်များ၏ သက်ရောက်မှုကို အထောက်အပံ့ယူ အသုံးချကြသည်။

ဥပမာ။ ။ မဟာဘုတ်တိုင် ထူပြီး နာမည်များ မှည့်ထွင်ခြင်း၊ ဦးသာ၊ စိန်းပန်း၊ ဒန်းလှ၊ ကိုရှာ၊ ဓမ္မသောက အင်းဝ၊ ရာဇာ၊ စသော မိတ်ဖက် ရန်ဖက် ဂြိုလ်သက်ရောက်မှုများ၊ တချို့ အယူသီးသော လောင်းကစား သမားများသည်လည်း နေနံမကောင်းလျှင် နဂါးခေါင်း ဘယ်ဖက်လှည့်သဖြင့် မည်သည့်လမ်းက သွားရမည်၊ ဘယ်နေတွင် ဘယ်အရောင်သော အင်္ကျီအား ၀တ်ဆင်ပြီး မည်သည့် နေ့နံကိုက်သော ပစည်းများ ယူသွားရမည် .. စသော စသော အကြောင်းများကို လူ့သဘာဝ ထုံးနှင့် ဆန့်ကျင်ကာ လုပ်ဆောင်ကြ၏။ တနင်္လာဖွားက အင်္ဂါနေ့တွင် လုပ်ငန်းတခုခု ကြံဆောင်လျှင်၊ နေ့နံအရ ရန်ဖက် အသွင်ဆောင်သဖြင့် အင်္ဂါ မိတ်ဖက်ဖြစ်သော ကြာသပတေးနံ နာမည်ပါသည့် ပစ္စည်းတခုခုကို ကိုယ်ဝယ်ထားရှိပြီး ကံတရားကို မြင့်ရသည်ဟု ယုံကြည် ဆောင်ရွက်ကြသည်။

အစားသောက်များဖြင့် ပြုစားရသော ပညာရပ်။ အရာဝတ္တတခုအပေါ် အစီအမံပြုပညာရပ် များလည်း ရှိသေးသည်။ ကရင် အပန်းဟု ခေါ်သော ပညာ၊ ထိုပညာဖြင့် ပြုစားခံရသူသည် ၀မ်းဗိုက် ဖေါင်းကာလာပြီး စားမနိုင် သောက်မနိုင်သော ဝေဒနာကို ခံရသည်။ ၀မ်းဗိုက်အတွင်း ဆံပင်များတည် ရှိနေခြင်း၊ ဒါမဟုတ် ပစ္စည်းတခုခု ရှိနေတတ်သည်ဟု ဆိုသည်။ နောက်ပြီး ပသျှူး ပညာရပ်များတွင်လည်း အစားအသောက်များဖြင့် လူပုဂ္ဂိုလ်အား သွေးလေခြောက်ခြား စိတ်ဇဝေဇ၀ါ ဖြစ်အောင် ပြုနိုင်သည်ဟု ဆိုသည်။ ကိုယ်တွေ့အနေဖြင့် ဘုတ်ပြင်းမြို့နယ် စဒိန်ကျွန်းတွင် ထိုရွာမှ ပသျှူးလူမျိုးများက မိမိတို့ ကျောင်းသားတပ်မတော် တပ်ရင်းတခုမှ ရဲဘော်များ (တပ်စိပ်တစိတ်) အား အစားအသောက်ဖြင့် ပြုစား သတ်ဖြတ်ခြင်း ခံခဲ့ရဖူးသည်။

ထို့အပြင် မိမိ မကြေနပ်သည့် ပုဂ္ဂိုလ်အား အကျိုးစီးပွား ပျက်စီးရန် အလို့ငှာ ထိုသူ အိမ်အောက် သို့မဟုတ် အိမ်လှေခါးအောက်တွင် အင်းကွက်များ စီရင်ပြီး မြှပ်ခြင်း၊ စီရင်ထားသည့် အင်း စာရွက်များ မီးရှို့ ပြာချ အစားအသောက်များ အတွင်း ရောစပ်ကျွေးမွေးခြင်းတို့ ပြုလုပ်ကြသေးသည်။ သင်္ချိုင်းမှ လူအရိုးများကို ယူဆောင်ပြီး ကိုယ် ပြုလုပ်လိုသူ ပိုင်ဆိုင်သည့် ခြံဝင်းအတွင်း မြှ့ပ်နှံခြင်း ပြုလုပ်ကြသည်။ အကျိုးသက်ရောက်မှုမှာ ရူးသွပ်ခြင်း၊ စိတ်ဂယောင်ခြောက်ခြား ဖြစ်ခြင်း၊ စီးပွားရေးများ ပျက်စီးခြင်းများ ခံစားရသည်ဟု ဆိုကြသည်။

သို့သော် မည်သည့် အစီအရင် မဆို ပြုလုပ်ရာတွင် လွဲမှားခြင်း၊ မကျွမ်းကျင်ခြင်း တို့ကြောင့်လည်း စီမံသူက ပြန် ခိုက်ခြင်း ၊ ပြုခံရသူက မိမိထက် တတ်စွမ်းသော်လည်းကောင်း၊ ဘုန်းကံ မြင့်မားနေရင်လည်းကောင်း ပြုသူက တန်ပြန် ထိတတ်သည် ပြန်ခိုက်သည်ဟု ဆို၏။

မည်သို့ပင် ဆိုစေကာမူ ယနေ့ မြန်မာနိုင်ငံတွင် တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသူများသည် ပြည်သူ ပြည်သားများအား မတရားမှုပေါင်းများစွာဖြင့် ဖိစီးကာ ကောက်ကျစ်စဉ်းလည်းကာ သဘဝစာကြည့်၍ အုပ်ချုပ်နေသဖြင့် မခံရပ်နိုင် ရှိသောသူများသည် အားမတန် မာန်လျော့နေကြရသည့် ဘ၀တခုကို ကြုံကြိုက်နေရသည်။ ထို့ကြောင့် မတရားလုပ်သည့် သူများအပေါ် အောက်လမ်းနည်းဖြင့် တိုက်ခိုက်နိုင်ပါသည်ဟု ဆိုချင်သည်၊ ရှေးဟောင်း အောက်လမ်း ပညာတခုဖြင့် တူးဖေါ်တင်ပြချင်သည်၊ သည်လိုဆို၍ ကြောက်လန့် မသွားစေချင်ပါ၊ အထက်တွင် ဆိုပြီးသည့် အတိုင်း ဤပညာကြောင့် မည်သူမှလည်း မမြင် ပြုခံရသူလည်း အခန့်မသင့်လျှင် အပြစ်မတင် မခံရလေအောင် ပြုသူအနေဖြင့် ဘေးကင်းရန်ရှင်း နည်းလမ်းတခု အကြံပြုမည်။

“ဤနည်းကား.. မိမိစီးထားသည့် ဖိနပ် သို့မဟုတ် အိမ်အ၀င် ခြေသုတ်သည့် အရာအောက်တွင် အမည်နာမများ ရေးသားခြင်းဖြင့် နမ်နှိမ်အောင် ပြုလုပ်နိုင်သည်။

ဥပမာ ။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် န.အ.ဖ စစ်ခေါင်းဆောင်များ၊ စစ်အာဏာရှင် စနစ်နှင့် လမ်းပြမြေပုံ စသော အမည်နာမ ရေးသားခြင်း သာဖြစ်သည်။

အခုလို တိုက်ခိုက်ရခြင်းက တိုင်းပြည်ကို ဦးဆောင်ခဲ့သော ဦးဆောင်နေဆဲဖြစ်သော ပုဂ္ဂိုလ်များသည် ဗုဒ္ဓဘာသာဟု ခံယူပြီး ၊ အောက်လမ်းဆန်သော ပညာရပ်များကို ယုံယုံကြည်ကြည် လက်ခံ သုံးစွဲနေသောကြောင့် သူတို့အား ဤနည်းဖြင့်သာ တိုက်ခိုက်ခြင်း တခု ဖြစ်သည်။ ပြောလို့သာ ပြောရ၏။ ထိုနည်းလမ်းသည် ကြံစည်သူရော အကြံပေး သူရယ်ပါ သံသရာအကျိုး မကောင်းမွန်နိုင်ပါ၊ တတ်မနိုင်ဘု .. ထင့်။ စစ်အာဏာရှင် ပြုတ်ကျရေးသည် အဓိက ဖြစ်၏။ ကျွမ်းထိုးပဲ ကျကျ၊ မှောက်ခုံပဲ ကျကျ၊ ကျဖို့ရာ ပဓါနပင်။

သိပ္ပံပညာတွင်လည်း နယူတန်၏ တတိယ နိယာမတွင် ဤသို့ အတိအလင်းဆို၏ သက်ရောက်မှုတိုင်းတွင် တန်ပြန် သက်ရောက်မှု ရှိသည်ဟု ဆိုသကဲ့သို့ ထိုပညာဖြင့် ပြန်လှည် ပြုလုပ်ရခြင်းဟု မှတ်ပါလေ။ အဘယ်ကြောင့်ဆိုသော် ယနေ့ တိုင်းပြည်ကို မတရားပြုနေသည့် စစ်အာဏာပိုင်ကြီးများ ဘုန်းကံမှာ လျှော့ကျနေသည်ဟူ ၎င်းတို့ ကိုယ်တိုင်ရော၊ လူအများပါ ယူဆလျှက်ရှိရာ ထိုနည်းလမ်းဖြင့် တိုက်ခိုက်လျှင် သင့်တော်နိုင်လိမ့်မည်။ ယုတ္တိယုတ္တာ မရှိတန်ရာ သဘာဝလွန် စိတ်ကူးယဉ်ဆန်သော အရာများ ကောက်ချက်ချစေကာမူ သေချာတာက ဖြစ်သည် မဖြစ်သည် အဓိက မဟုတ်၊ အာဏာပိုင်များအား “ နမ်နှိမ် လို့သည့် ကင်ပိန်း ( Campaign ) ” တခု အဖြစ် သတ်မှတ်ပြီး မိမိဆိန္ဒ ထုတ်ဖေါ်ပြသ နိုင်သည်။ ပြုသူအတွက်လည်း အန္တာရယ်ကင်း၏၊့ စစ် အာဏာရှင်စနစ်အား ဘက်ပေါင်းစုံက တိုက်ခိုက်ခြင်း တရပ်ဟု ယူဆနိုင်သည်။

ထို အကြောင်းအရာများကို ပုဂံရာဇဝင် ဒုတ်ထမ်း ရှင်းပြနေရသည်မှာ မြန်မာလူမျိုးတို့မှာ ရိုးရာဓလေ့ထုံးအား ယနေ့တိုင် လက်ခံ ကျင့်သုံးနေသည်ဟု ထင်၏။ စာရေးသူအနေဖြင့်လည်း သဘာဝလွန် အကြောင်းများကို ယုံကြည်ခြင်း အလျဉ်းမရှိခဲ့ပါ။ သို့သော် ဖြတ်သန်းလာသည့် သက္ကရာဇ်များ အတွင်း ကြုံဆုံလာသည့် အဖြစ်အပျက်များ၊ ရှေးလူကြီး သူမများ၏ ပြန်လည်ပြောပြ ကြားဖူးနားဝကို တူးဖေါ်ကာ ယနေ့ မြန်မာပြည်အတွင်း မတရားအားထုတ် ရက်စက်နေသော စစ်အာဏာရှင် စနစ်အား အားမတန် မာန်မလျှော့ပဲ အိမ်နေရင်း တိုက်ခိုက်လိုစိတ် ရှိသောကြောင့် လက်နဲ့မနိုင်လျှင် ပါးစပ်နှင့် ကိုက်သကဲ့သို ပြုမှုရခြင်း ဖြစ်သည်။

ဝိဇ္ဖာနည်းပဲ ဆိုဆို သိပ္ပံနည်းပဲ ဆိုဆို သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှု ရှိကာ ယုံကြည် သက်ဝင်မှုရှိလျှင် အသက်ဝင်ကာ ယုံကြည်ပါစေ့မည်၊

စစ်အာဏာရှင် မုချ ကျဆုံး စေရမည်။


လူလ

ရွှင်လန်းချမ်းမြေ့ပါစေ…

Monday, November 10, 2008

ကျွန်ုပ် ရှာဖွေတွေ့ရှိသော မဟာယာန Vs ထေရ၀ါဒ

ဤပို့စ်ကို ရေးဖြစ်လိုက်သည်က နာမည်ရ ဘလောဂ်ဂါ တယောက်ဖြစ်သော မောင်သင်ကာ (ရှု့ရန်"http://mmthinker.iblogger.org/") ရေးထားသည်ကို ဖတ်ရှု့ပြီး သကာလ လက်လှမ်း နိုင်သော စာအုပ်များကို ရှာဖွေပြီး ကျွန်နော် နားလည်သလောက် တင်ပြခြင်းတခု ဖြစ်သည်။ ကျွန်နော်သည် မိရိုးဖလာ ထေရ၀ါဒ ဗုဒ္ဒဘာသာဝင် တယောက် ဖြစ်၏။ ဘာသာရေးကို ရေးဖွဲ့မည်ဆိုလျှင် မိမိ သဘောထားများဖြင့် မရေးနိုင်ပါ။ ဘာသာတရားသည် မိမိ ရှာဖွေတွေ့ရှိထားသည့် အရာမဟုတ်သဖြင့် စာပေကျမ်းဂန်များကို မှီငြမ်းပြီးမှ သာလျှင် ရေးနိုင်ပါသည်။ သို့ဖြစ်ပါ၍ မိမိ ဖြတ်သန်းမှုအတွင်း ဆရာတော် သံဃာတော် များ ပြောပြခဲ့သည့်ကို ကြားဖူးခဲ့သော ဗုဒ္ဒဘာသာအကြောင်း နှင့် လက်လှမ်းမီသော စာပေ ကျမ်းဂန်အလာများကို ရောသမျှပြီး တင်ပြမှုတခု ဖြစ်သည်။

မဟာဗုဒ္ဒနှင့် ခေတ်ပြိုင်ပေါ်သည့် ၀ါဒလေးမျိုးတွင်

ကြိယ၀ါဒဖြစ်သည့် မဟာဝီရ၀ါဒသည်
ကောင်းမှုကို လုပ်လျှင် ကောင်းကျိုးရ၏။
မကောင်းမှုကို လုပ်လျှင် မကောင်းကျိုးကို ရ၏။ အားလုံးသည် ပြောင်းလဲမှုဟု၍ မရှိ၊
ထိုဝါဒသည် လောကီ ကောင်းကျိုး၊ သံသရာ ကောင်းကျိုး သက်သက် ၀ါဒမျှသာ ဖြစ်၏။
လောကုတ္တရာ အကျိုးတရားဖြစ်သည့် သံသရာမှ လွတ်မြောက်ခြင်းကို ကျင့်ကြံသည့် သစ္စာလေးပါးတရား မတွေရပါ။
ထို့ကြောင့် မဟာဝီရသည် အတ္တ ရှု့ထောင့်မှ ကြည့်၍ အနတ္တ ရှု့ထောင့်ကို မကြည့်ပါ။

အကြိယ၀ါဒ ဟူသည်
လောက၌ ကောင်းမှု မကောင်းမှု တကယ်တမ်းမရှိ၊
ကံဆိုသော အရာမရှိ၊ ဥာဏ်နှင့် ၀ိရိယသာ ရှိ၏။
ကံဆိုသော အရာမလို ဥာဏ်ကောင်းပြီး ၀ီရိယ ကောင်းလျှင် လောက၌ လိုချင်တာကို ရ၏။ လိုချင်တာရသောအခါ ကောင်းမှု မကောင်းမှုကို ပယ်၏။
ယခုခေတ် လူသားဝါဒနှင့် ဆင်သလိုလို ရှိ၏။

အညာဏ၀ါဒက
အမြဲရှိသည် ဟူ၍လည်း မဆိုနိုင်
အမြဲမရှိဟူ၍ မဆိုနိုင်
တချို့က အမြဲရှိ၊
တချို့က အမြဲမရှိဟူလည်း မဆိုနိုင်၊
ဘာမျှ မရှိ ဟု မဆိုနိုင်၊
ဘာမျှ မရှိသည် မဟုတ်လည်း မဆိုနိုင်၊
ဆိုသည့် ရှု့ထောင့် ငါးမျိုးကနေ ယုတ္တိပြသော ရောထွေးမှုဝါဒ ဆိုရမည်။

ဝိနယ၀ါဒ သည်
အကျင့်သီလနှင့် အကျင့်ပဋိပတ်ကို ယုံကြည့်သော သီလ၀ါဒတခု ဖြစ်သည်။
သီလကို ပန်းတိုင် ပြုသောကြောင့် သူတော်စဉ်ဝါဒ တခုဖြစ်သည်။

စကားစပ် မောင်မောင်ဇော်လတ် ရေးသားပြီး ထူးအိမ်သင်က မဟာဝီရ ဗုဒ္ဒ သီချင်းကို သီဆိုခဲ့ပါသည်။ တခုတောင်းပန်သည်က မြန်မာပြည် အဆိုတော် လောကတွင် ကျွန်နော် လေးစား နှက်သက်ပြီး ဗဟုသုတ ပြည့်စုံတဲ့ ပညာရှင်တယောက်ကို လက်ညိုး ထိုးပြရမည်ဆိုလျှင် ထူးအိမ်သင်မှတပါး တခြားသူမရှိပါ။ မောင်မောင်ဇော်လတ် ရေးသားသည့် သီချင်း စာသားများအရ မဟာဝီရ၀ါဒသည် ဗုဒ္ဒ၀ါဒမဟုတ်ပါ ခေတ်ပြိုင် ပေါ်ပေါက်လာသည့် ဆင်တူယိုးမှား ဖြစ်နေသော ၀ါဒ ဖြစ်သည်။ ထို့ကြောင့် ၎င်းသီချင်းကို အပေါ်စာပုဒ်ဖြင့် အမြင်မမှားအောင် ရှင်းချက်တခု ဖြစ်သည်။

ဗုဒ္ဓ၀ါဒအရ လောကတွင် သတ္တလောကသည် အရေးကြီးဆုံး ဖြစ်သည်။ အနုလောမနည်းအရ သတ္တလောက ဖြစ်ပေါ်ပုံနှင့် ပဋိလောမနည်းအရ သတ္တလောက ချုပ်ငြိမ်းပုံ သဘောတရားရ မချုပ်ပျက်မည် ကာလအတွင်း အကြောင်းကြောင့် အကျိုးများဖြစ်ပြီး သံသရာကို လည်ပတ်နေရမည်။ အကြောင်းဆိုရာဝယ် လောဘ ဒေါသ မောဟ ဆိုသော တဏှာဖြင့်ယှဉ်ပြီး အခြေခံအကြောင်းကြောင့် ဖြစ်ပေါ်လာသည့် အဆိုး အကောင်း အကျိုးတရားကို ရရှိ၏။ အကျယ်ကို ပဋိစ္စသမုပ္ပါဒအတွင် ကြည့်ပါ။
သတ္တ၀ါဟူသည် မြဲရှိနေသည့်အရာ မဟုတ်၊ သေလျှင် ပြီးပြတ်သွားသည်လည်း မဟုတ်၊ အတ္တအပေါ် အခြေခံပြီး ကံကို လက်ခံသောကြောင့် ထိုကံတရား၏ လွတ်မြောက်ရာ အနတ္တကို စမ်းသပ်ခြင်း ဖြစ်သည်။ ပြုလုပ်သူပင် ကောင်းမှုအကျိုးနဲ့ မကောင်းမှုအကျိုးကို ခံစားရသည်။ ထိုအယူကား ယနေ့မြန်မာနိုင်ငံတွင် လက်ခံသော အကျင့်အတခုဖြစ်သည်။

ဗြဟ္မာဏ၀ါဒနှင့် ဗုဒ္ဓ၀ါဒသည် ကံ ကို ယုံကြည်ချင်း အတူတူ ဖြစ်သည်။ သို့သော် လောက၌ မြဲနေသော အရာတခု ရှိသည်ဟု ဗြဟ္မာဏ၀ါဒက လက်ခံ၏။ သမထကျင့်စဉ် လမ်းလိုက်ပြီး ဗြဟ္မာပြည်တွင် ဂိတ်ဆုံးနေသည်။ ဗြဟ္မာဘုံသည် သက်တမ်း ရှည်လျားသဖြင့် မြဲသည်ဟု ဗြဟ္မာဏ၀ါဒက လက်ခံသည်။ ထို့ကြောင့် ဗုဒ္ဒက ဗြဟ္မာပြည်မှ စုတေပြီး မစင်တွင်း၌ ၀က်ဖြစ်နေရသည် ဟု သတ္တလောကသည် မမြဲသောတရားတခု ထောင့်ပြ၏။ “ ဗြဟ္မာပြည် တဝင်းဝင်း ဝက်စားကျင်း တရှုံ့ရှုံ့ ” ဗမာ စကာပုံလည်း ရှိပါသေးသည်။

ဗုဒ္ဒစာပေသည် ဒဿနစာပေနှင့် ရောနှောသည့် အပိုင်းနှင့် မရောနှောသည့် အပိုင်းဟူ၍ ကွဲထွက်သွားသည်။ ဒဿနစာပေနှင့် ရောနှောသည့်အပိုင်းမှာ မဟာ ယာန အမည်ဖြင့် ထင်ရှားသည်။ တခြား ဒဿန စာပေများနှင့် အပြိုင် စည်းရုံးချင်သဖြင့် မူရင်း ပါဠိဘာသာမှ တက္ကတဘာသာသို့ ကူးပြောင်းပြီး အိန္ဒိယနိုင်ငံတွင် တည်ရှိခဲ့သည်။ ထိုမှတဆင့် အာရှ မြောင်ပိုင်းသို့ ရိုးရာဝါဒများ ဖြစ်သည့် တရုတ် ရှေးဟောင်း တာအိုဝါဒဖြင့် ပေါင်းစပ်ပြီး မြောက်ပိုင်း မဟာ ယာန ထွန်းကားခဲ့သည်။ တိဘက် တရုတ် သို့ ရောက်ရှိသွားသော တက္ကတဘာသာသည် ရောက်ရှိရာ လူမျိုးဓလေ့ ယဉ်ကျေးမှုနှင့် ရောနှောကာ ဒဿန စာပေအသွင် အမျိုးမျိုး ဆောင်သဖြင့် မူရင်း မဟာယာနနှင့် တရုတ် ဓလေ့နှင့် ပေါင်းစပ်ပြီး “ ဇင် ၀ါဒ ” ပေါ်ပေါက်လာသည်။ ထိုဝါဒသည် ဂျပန်ကို ရောက်ရှိသွားသည့် မဟာယာန တမျိုးဖြစ်သည်။

ဇင် ၀ါဒ ဆိုသည်မှာ မိမိပြုခဲ့သည့် အတိတ်က ကြောင်းကို ပစ္စပ္ပုန်ကို မယူဆောင်ခြင်း ဖြစ်သည်။ အေဒီ ၁၂ ရာစု ဂျပန်ပြည်တွင် ရှဲင်ရန် ရှုနင်ဆိုသော ပုဂ္ဂိုလ်က သုခ၀တီဗုဒ္ဓ၀ါဒဖြစ်သော မယာယာနဂိုဏ်းကွဲကို အခြေခံပြီး သွတ်သွင်းခဲ့သည်။ သုခ၀တီဗုဒ္ဓ၀ါဒ ဆိုသည်မှာ အဆုံးမရှိသော စင်္ကြာဝင်္လအတွင်း တနေရာတွင် ဗုဒ္ဓဘုံ တခုရှိသည်။ ဂေါတမမြတ်စွာဘုရားသည် ကိုယ်တည်ပြ ရုပ်သဘာဝအရ ထိုဗုဒ္ဓဘုံ၌ တည်ရှိနေသည်ဟု ယုံကြည်သည်။

“ တနေ့သ၌ ရဟန်းနှစ်ပါးသည် လမ်းခရီးတခုကို ခရီးနှင်ကြသည်။ ရွာဇနပုဒ်အနီးသို့ ရောက်သောအခါ မိန်းကလေးတယောက်က ရေချောင်းကို ဖြတ်ကူးရန် အခက်အခဲ ကြုံနေရသည့်ကို တွေ့ရှိလိုက်သည်။ ထိုအခါ တပါးသော ရဟန်းတပါးက ကူညီ သင့်သည်ကို ထင်ပြီးပြီး မိန်းကလေးက ပွေ့ယူပြီး တဖက်ကမ်းသို့ ပို့ဆောင်ပေးခဲ့သည်။ ထိုနောက် ရဟန်းနှစ်ပါးသည် လိုအပ်သော ခရီးကို ဆက်လက် ထွက်ခွာခဲ့သည်။ အချိန် အနည်းအငယ် ကြာမြင့်သည့် လမ်းခုလပ်ကို ရောက်သောအခါ မကူညီခဲ့သည့် ရဟန်းက “ ငါ့ အရှင်.. သင် မိန်းကလေးအား ကူညီတုန်းက ပွေ့ဖက်တဲ့အချိန်မှာ မည်သည့် စိတ်ခံစားမှုကို ရရှိသနည်း ” ဟု စကား စ လိုက်၏။ ထိုအခါ ကူညီခဲ့သည့် ရဟန်းက “ ငါ့ အရှင်.. သင်သည် ထိုအရာကို အခုထိ တွေးတော နေပါသလား ” ဟု ပြန်လှည် မေးလိုက်သည်။ ထိုကဲ့သို့ အကူအညီ ပေးလိုက်သော ရဟန်း၏ မေးခွန်းသည် ဇင် ၀ါဒ ၏ သဘောပင် ဖြစ်သည်။

ဇင်ဝါဒကို ခေတ်အဆက်ဆက် ပေါ်ပေါက်လာသော ထေရ၀ါဒ မထေရ်မြတ်များက မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်မနိုင်အောင် အပြင်းအထန် တားဆီးကြသည်။ ကျောက်တွင်း အရေးနှင့် ထင်ရှားလာသည့် အရှင်ဥက္ကဋ္ဌ၏ လူသေလူဖြစ် ၀ါဒသည် တာအိုဝါဒ ၊ ဇင်ဝါဒကို အခြေခံပြီး ယနေ့မြန်မာတို့ ကျင့်သုံးနေသည့် ထေရ၀ါဒနှင့် ရောသမှမွေထားသည့် ၀ါဒ တခုဖြစ်သည်။

ဇင် ၀ါဒနှင့် ဆင်တူသည့် ဗြဟ္မာဏ၀ါဒ ဂိုဏ်းအနွယ်ဖြစ်သော တန္တရယာန၊ မန္တရယာန အရည်းကြီးဝါဒသည် မြန်မာပြည် အထက်ပိုင်းတွင် ထွန်းကားခဲ့သည်။ ထိုဝါဒသည် အာသံ ကသည်း မဏိပူရဖက်မှ ဆင်းသင့်လာသည့် မဟာယာန ဂိုဏ်းကွဲတခု ဖြစ်သည်။
အောက်ပိုင်း မြန်မာပြည်တွင် လက်ခံသည့် ဗုဒ္ဓ၀ါဒက သီရိလင်္ကာမှ သင်္ဘောဖြင့် ရောက်ရှိလာသည့် ၀ါဒဖြစ်သည်။ ထို့ကြောင့် ဗမာက လှိုင်းဖြင့် ရောက်လာသည့် ၀ါဒကို ကိုးကွယ်သဖြင့် မွန်လူမျိုးကို တလိုင်းမျိုး ဟု ခေါ်ပြီး၊ မွန်တို့ကလည်း ဗမာကို အရည်းကြီးမျိုး၊ အရည်းကြီးမယား ဟု ခေါ်ဆိုကြသည်။ ဤကား စာမတင်သည့် အရပ်အထာ စကား ဖြစ်သည်။

ယခု မြန်မာနိုင်တွင် ထွန်းကားနေသည့် ဓါတ်ရိုက် ဓါတ်ဆင်၊ ယတြာ ပြုလုပ်နေသော့ ဗေဒင် ဆိုင်ရာဂိုဏ်းများဖြစ်သည့် ဆန်းဂိုဏ်း စသော ဂိုဏ်းဂဏများသည် တန္တရယာန၊ မန္တရယာန အရည်းကြီးဂိုဏ်းက ဆင်းသက်သည့် ပညာရပ်များ ဖြစ်သည်။ အရည်းကြီး ခေတ်လွန် ခင်ကြီးဖျော်နှင့် ဗားမဲ့ဆရာတော်တို့ ထင်ရှား၏။ ဥပမာ ဥုံ.. ဆိုသော စကားလုံးသည် ဗြဟ္မာဏ၀ါဒ၏ မူရင်း စကားလုံးဖြစ်သည်။ ဥုံ= သစ္စာ။ ထေရ၀ါဒ၏ ပါဠိ ပိဋိကတ်တော်တွင် ဥုံ .. ဆိုသည့် စကားလုံးကို မသုံးပြုပါ။ ပွဲကျောင်းသား ဆိုသည်မှာလည်း မဟာယာန၏ ဘုန်ကြီး ကျောင်းသားကို ဆိုလိုပါသည်။

သိခဲ့ရသည့် မြောက်ပိုင်း မဟာယန၀ါဒသည် မဟာဖိုဝါဒကို အခြေခံ ပြုထားသည်ကို တွေ့ရသည်။ သတ္တ၀ါတိုင်း အထူးသဖြင့် လူသားမျိုးနွယ်အတွင်း ယောင်္ကျားသည် မြင့်မြတ်၏။ ထိုယောင်္ကျားတိုင်းသည် ဘုရားဆုပန်ခွင့်ရှိသည်။
ထေရ၀ါဒတွင်မူကား ထိုအတွေးအခေါ်ကို လက်မခံပါ။ အကျင့်သီလကို ကောင်းစွာ စောင့်ထိန်းနေပြီး သံသရာကို လွတ်မြောက်နိုင်သည့် သူတော်စဉ် ရသေ့ ရဟန်းမျှသာ ဘုရား ဆုပန်ခြင်းဆိုသော အမှုကို ပြုနိုင်သည် ဟု လက်ခံသည်။ သုမေဓ ရသေ့ ဘုရား ဆုပန်ခဲ့သည့် အကြောင်းအရာကို ထောက်ရှု့ ဟန်ရှိသည်။

ဒဿနစာပေနှင့် မရောနှောသည့် အပိုင်းမှာ အိန္ဒိယမှ သီဟိုဠ် ( ယခုသီရီလင်္ကာ ) သို့ တောင်ပိုင်း ထေရ၀ါဒ နိုင်ငံများသို့ ပျံနှံ ရောက်ရှိသွားသဖြင့် ဒဿနစာပေနှင့် အရောမခံသည် ထေရ၀ါဒ ပါဠိ ပိဋိကတ်တော်များသည် အိန္ဒိယတွင် တိမ်ကောသွားရပြီး ဒဿန စာပေနှင့် အရောခံလိုသည့် သက္ကတ ပိဋိကတ်တော်များသာ အိန္ဒိယတွင် ကျန်ရစ်ခဲ့သည်။ ထို့ကြောင့် မဟာယနသည် ပိဋိကက်စာပေ သဘောတရားများ ဆုတ်ယုတ်ပြီး ဒသာနစာပေ သဘောတရားသာ လက်ခံသည့် ၀ါဒဖြစ်သည်။

တောင်ပိုင်း သီဟိုဠ်ကျွန်းသို့ ပြန့်နှံ့သွားသည့် ဗုဒ္ဒစာပေသည် သီဟိုဠ်ဘာသာဖြင့် တည်ရှိနေသောကြောင့် အဋ္ဌကထာဆရာ ရှင်မဟာ ဗုဒ္ဒဃောသသည် ပါဠိဘာသာသို့ ပြန်လှည် ပြောင်းယူခဲ့ပါသည်။ ယနေ့ မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် ဗုဒ္ဒ၏ ပါဠိ ပိဋိကတ် စာပေသည် မူရင်းပါဠိမှ သီဟိုဠ် ဘာသာ၊ ၎င်းမှတဆင့် ပါဠိဘာသာသို့ တဖန် ပြောင်းယူခဲ့သော ပိဋိကတ်တော် ဖြစ်သည်။ ဘာသာပြန် ရှင်မဟာ ဗုဒ္ဒဃောသ က “ ဘာသာတခုမှ ဘာသာတခုသို့ ပြောင်းယူခြင်းသည် အနည်းနှင့် အများ မူရင်း အနက် အဓိပ္ပါယ်ကို ချွတ်ယွင်းစေနိုင်သဖြင့် မူလရှိရင်းစွဲ ဘာသာအတိုင်း ထားရှိခြင်းက ပိုကောင်းမွန်သဖြင့် ပြန်လှည်ထားရှိကြောင်း” ကို အမှာစာဖြင့် ရေးခဲ့သည်။

တောင်ပိုင်း ဗုဒ္ဒဘာသာ၏ မူရင်း ပိဋိကတ်တော်ကို ရှင်မဟာကသာပ စသည့် မထေရ်ကြီးများ ပထမ သံဂါယနတွင် အတည်ပြုခဲ့သည်။ ဗုဒ္ဒ၀ါဒစတင် ပေါပေါက်ပြီး အနှစ် ၁၀၀ ခန့်တွင် ကွဲခဲ့သည်ဟု ဆို၏။ ထေရ နှင့် ယာန သည် ပထမ သံဂါယနတွင် ကွဲခဲ့ဟန်ရှိသည်။ အတိအကျ မသိပါ။ တချို့ကလည်း ပထမ သဂါယနတွင် အတည်ပြုသော မူရင်း ပိဋိကတ်တော် ဗုဒ္ဒဘာသာကို လက်မခံသည့်အတွက် ဒုတိယ သဂါယနတွင် ကွဲခဲ့သည့်ဟု ဆို၏။ တချို့ ပညာရှင်များလည်း တတိယ သံဂါယနအပြီး ထေရ၀ါဒနှင့် ခြားခြားနားနား ကွဲခဲ့ရသည် ဟု ဆိုပြန်သည်။

အကြောင်းအရင်းက အပေါ်မှာ ဖေါ်ပြထားသည့် ဘုရားဆုပန်ခြင်းနှင့် ပတ်သက်ပြီး ကွဲခဲ့သလို ၀ိနည်းသိက္ခာကို မည်မျှလောက် ထိန်းသိမ်းမည်နည်း ဟူ၍ သဘောထားအပေါ်လည်း ကွဲခဲ့ပါသည်။ နောက်တခုက မဟာ ယာန ဘာသာပညာရှင် တယောက်ဖြစ်သည့် ရှင်နဂရဇ္ဇုနက “ နိဗ္ဗာန်သည် သံသရာ ဖြစ်ပြီး သံသရာသည် နိဗ္ဗာန် ဖြစ်သည်” ဟု တင်ပြသည်။ ထိုသဘောတရားကို နိဗ္ဗာန်သည် သံသရာ၏ ထွက်ပေါက် ဟု လက်ခံသည့် ထေရ၀ါဒက လက်မခံနိုင်ပေ၊ ပြသာနာက ပုထုဇဉ်များ အဓိပ္ပါယ် မဖွင့်ဆိုနိုင်သည့် နိဗ္ဗာန်သည် ကိုယ်ထည် ဒြပ် ရုပ် နမ် ရှိသလား မရှိသလား အပေါ်မှာ ထေရ၀ါဒနှင့် မဟာယာန ဆို ကွဲခဲ့သည် ဟု ပညာရှင်များက ထောက်ပြသည်။ မဟာ ယာန ပေါ်ပေါက်လာသည့် တခြားခြားသော အယူအဆများကို ပညာရှင်များလည်း သေသေချာချာ မသိခဲ့ပါ။

ကျွန်နော် ထင်မြင်သည်က ရှင်တော်မြတ် ဂေါတမ ဗုဒ္ဒသည် စင်္ကြာဝလံသည် တည်မြဲလော မတည်မြဲလော၊ အဆုံးရှိလော အဆုံးမရှိသေလာ ဆိုသည့် အရှင်မာလုကျပုတ္တ မထေရ်၏ အမေးကို မဖြေဆိုခဲ့သောကြောင့် ၀ိဝါဒများ ကွဲပြားရပြီး ထာဝရ ဗုဒ္ဓဘုံဝါဒနှင့် ထာဝရ ဘုရားသခင်ဝါဒက ယနေ့ ကမ္ဘာတွင် ထွန်းကားလာခဲ့သည်။

လူလ
ရွှင်လန်းချမ်းမြေ့ပါစေ...

ကျမ်းကိုး၊
ဆရာတော် ဦးဓမ္မပိယ Ph.D
ဦးရွှေအောင်
စာပေဂျာနယ်၊ အတွဲ ၃၊ အမှတ် ၆၊ ဇန်န၀ါရီ ၁၉၉၆
မဏိဇောတ ဘာသာရေးမဂ္ဂဇင်း၊ အတွဲ ၁၊ အမှတ် ၎