Sunday, May 31, 2009

သတင်းမှတ်စု ( ၂၁ )

တပတ်အတွင်း သတင်မှတ်စု

မေလ ၂၅ ရက်
ရက်သတ္တပတ် ၂၂ ၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် အမှု တရားခွင် ( ၆ ရက်မြောက် )

အင်းစိန်ထောင်ရှေ့ အခြေအနေ


အာဏာပိုင်များ ငြိုငြင်ခံရနိုင်သည့် ကြားက ဒေါ်အောင်ဆန်းစုကြည် တရား ရင်ဆိုင်နေရသော အင်းစိန်အကျဉ်းထောင် အနီးတဝိုက်သို့ လာရောက်ကာ ထောက်ခံမှု ပြသကြသူ ယနေ့နံနက်တွင် တိုးများလာခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် တဦးက ပြောသည်။

ဇိုမီး အမျိုးသား ကွန်ကရက်ပါတီမှ ပူးကျင်ရှင်းထန်နှင့် ဦးဝင်းတင်တို့လည်း နံနက်က ရောက်လာခဲ့ပြီး ပါတီ အစည်းအဝေးကြောင့် ပြန်သွားကြရသည်။

ဒေါ်နော်အုန်းလှနှင့်အတူ ရန်ကုန် အမျိုးသမီးအဖွဲ့နှင့် မန္တလေး အပါအဝင် နယ်များမှပါ “ဆန္ဒဖော်ထုတ်” ရာသို့ လာရောက်ကြပြီး လမ်းပိတ်ထားသော နေရာအနီး စောင့်ဆိုင်းနေကြသည်။

နံနက် ၁ဝ နာရီက ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ အင်းစိန်ထောင် အတွင်းသို့ ဝင်ရောက်သွားကြပြီ ဖြစ်သည်။ ၆ ရက်မြောက်ဖြစ်သော ကြားနာမှုတွင် တရားလိုပြ သက်သေများ အနက်မှ အချို့ကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ပြန်လှန်မေးခွန်း ထုတ်ရမှာ ဖြစ်သည်။

စစ်အစိုးရက စုစုပေါင်း တရားလိုပြသက်သေ ၂၃ ယောက်စာရင်းကို တင်ပြထားသော်လည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်း လုံခြုံရေး ယူထားခဲ့သူများ နာမည်ကတော့ ပါဝင်ခြင်း မရှိပေ။
----------------------------------
အာဆီယံက ပြည်တွင်းရေးဝင်စွက်ဟု မြန်မာစစ်အစိုးရ တုံ့ပြန်


ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်နှင့် ပတ်သက်၍ အာဆီယံအဖွဲ့၏ ထုတ်ပြန် ကြေညာချက်ကို မြန်မာစစ်အစိုးရက ကန့်ကွက်ကာ တုံ့ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူရခြင်းမှာ မြန်မာ့ပြည်တွင်းရေးသာဖြစ်ပြီး အာဆီယံအဖွဲ့ ဥက္ကဌအနေဖြင့် ပဋိညာဉ် စာချုပ်ပါ စည်းမျဉ်းများကို သွေဖီ၍ မြန်မာ့ ပြည်တွင်းရေး ဝင်ရောက် စွက်ဖက်ရာ ရောက်သည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။
----------------------------------
စစ်အစိုးရက တင်ပြသော တရားလိုပြ သက်သေစာရင်း


(၁) လ ၅၈၂၈၄ ဒုရဲမှူးကြီး ဇော်မင်းအောင် သတင်းတပ်ဖွဲ့ ရန်ကုန်မြို့

(၂) လ ၅၇၇၅၈ ဒုရဲမှူးကြီး မောင်မောင်ခင် ၊ မှုခင်းတပ်ဖွဲ့ အင်းစိန်

(၃) ဦးမြတ်သွင် ဦးစီးဌာနမှူး လဝက ကျောက်တံတားမြို့နယ်

(၄) ဦးအောင်မွန်လတ် ၊ မယက ဥက္ကဌ ၊ဗဟန်းမြို့နယ်

(၅) လ ၇၅ဝ၁၄ ဒုရဲမှူးမောင်သောင်းဝင်းမြန်မာနိုင်ငံ နှိင်ငံကူးလက်မှတ်ထုတ်ပေးရေး ဌာနခွဲ

(၆) လ ၅၉၅၁ဝ ရဲအုပ်ဖုန်းခေါ်ခိုင် ပြည်ပရေးရာဌာန သတင်းတပ်ဖွဲ့

(ရ) လ ၁၂၈၆၁၃ ရဲအုပ်သိန်းဇော် အောက်မြန်မာနိုင်ငံ သတင်းတပ်ဖွဲ့ခွဲ သတင်းတပ်ဖွဲ့

(၈) လ ၁၃၁၉၆၃ ရဲအုပ်သန်းနိုင် ရဲတပ်ရင်း (၇) မြန်မာနိုင်ငံရဲတပ်ဖွဲ့

(၉) လ ၁၉၉၂၁၂ ဒုတပ်ကြပ်မျိုးလွင် ရဲတပ်ရင်း(၇) မြန်မာနိုင်ငံရဲတပ်ဖွဲ့

(၁ဝ) လ ၁၆၅၆၃ဝ ရဲတပ်သား ဇော်မြင့် ရဲတပ်ရင်း(၇) မြန်မာနိုင်ငံရဲတပ်ဖွဲ့

(၁၁) လ ၁၁၂၇၁၁ ဒုရဲမှူးမောင်မောင်မြင့် စစ်ဆင်ရေးဌာနခွဲ သတင်းတပ်ဖွဲ့

(၁၂) ဦးသာစိန် ဥက္ကဌ အမှတ်(၄)ရပ်ကွက် မရမ်းကုန်းမြို့နယ်

(၁၃) ဦးစိုးမြင့် ရယက အဖွဲ့ဝင် (၃)ရပ်ကွက် မရမ်းကုန်းမြို့နယ်

(၁၄) လ ၁၂၈၄၇၁ ဒုရဲမှူး တင်ဇော်ထွန်း မြို့နယ်ရဲတပ်ဖွဲ့မှူး ဗဟန်းမြို့နယ်

(၁၅) ဦးခင်ညွန့် ရယက ဥက္ကဌ ကျိုက္ကဆံရပ်ကွက် ဗဟန်းမြို့နယ်

(၁၆) ဦးဇော်တင် ရယက ဥက္ကဌ ငါးထပ်ကြီး အနောက်ရပ်ကွက် ဗဟန်းမြို့နယ်

(၁၇) လ ၁၁၂၅၆၉ ဒုရဲမှူးစကျော်ဝင်း ပြည်ပရေးရာဌာန သတင်းတပ်ဖွဲ့

(၁၈) ဦမျိုးသိန်း ရယက ဥက္ကဌ (၁)ရပ်ကွက် ကျောက်တံတားမြို့နယ်

(၁၉) ဦးဌေးဦး ရာအိမ်မှူး (၁) ရပ်ကွက် ကျောက်တံတားမြို့နယ်

(၂ဝ) ဦးကျော်သူ Beauty Land Hotal မန်နေဂျာ ကျောက်တံတားမြို့နယ်

(၂၁) လ ၁၆၉၉ ရဲမှူးအောင်လင်းထွဋ် ပြည်ပရေးရာဌာန သတင်းတပ်ဖွဲ့

(၂၂) လ ၁၁၂၈၅၉ ဒုရဲမှူးသန်းစိုး တရားစွဲဌာန သတင်းတပ်ဖွဲ့

(၂၃) ရဲမှူးကြီးဝင်းနှိင်ထွန်း ဒုတိယတပ်ဖွဲ့မှူး မြန်မာနိုင်ငံသတင်းတပ်ဖွဲ့

----------------------------------
လျှို့ဝှက် သတင်းထောက်များကို ခြေရာခံနိုင်ရေး ကြိုးပမ်း


ပြည်ပ သတင်းဌာနများသို့ သတင်းပေးပို့နေသူများကို ခြေရာခံ လိုက်နိုင်ရေးအတွက် စစ်အစိုးရက ကြိုးပမ်းလျှက်ရှိရာ အင်းစိန်ထောင်နှင့် နှစ်မိုင်ပတ်လည်အတွင်း ဂျီအက်စ်အမ် မိုဘိုင်းဖုံးများ အသုံးပြုကြိမ်နှင့် ပြည်ပနှင့် ဆက်သွယ်မှုများကို မြန်မာ့ ဆက်သွယ်ရေးက စောင့်ကြည့် လေ့လာနေသည်ဟု အစိုးရနှင့် နီးစပ်သော သတင်းရပ်ကွက် တခုက ပြောသည်။

အင်းစိန် အကျဉ်းထောင်အတွင်းသို့ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ ဝင်ရောက်သွားချိန်မှသည် ပြန်ထွက်လာချိန်အတွင်း စောင့်ကြည့် လေ့လာမှု ပြုလုပ်မှာ ဖြစ်သည်ဟု သိရသည်။
----------------------------------
ယနေ့ တရားခွင် ပြီးဆုံး


၆ ရက်မြောက်ဖြစ်သော ယနေ့ တရားခွင်တွင် တရားလိုပြသက်သေ ငါးယောက်ကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ပြန်လှန်မေးခွန်းများ ထုတ်ခဲ့ကြသည်။

တရားခွင်ကို နံနက် ၁၀ နာရီတွင် စတင်ခဲ့ပြီး ညနေ ၄ နာရီတွင် အဆုံးသတ်ခဲ့ကြသည်။

မနက်ဖြန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးမေးမြန်းမှု ပြုမည်ဟု မဇ္ဈိမက စုံစမ်း သိရှိရသည်။
----------------------------------
ဒေါ်အောင်ဆန်းစုကြည်၏ မနက်ဖြန် တရားခွင် သတင်းထောက်များ ခွင့်ပြုဖွယ်ရှိ


မနက်ဖြန်ပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည်၏အမှု ကြားနာခြင်းသို့ ကန့်သတ်ထားသော အရေအတွက်ဖြင့် ပြည်တွင်းဂျာနယ် သတင်းထောက်များနှင့် ပြည်ပ သတင်းဌာနများ၏ ဌာန သတင်းထောက်များကို တက်ရောက် နားထောင်ခွင့် ရမည်ဟု သိရသည်။

အများပြည်သူရှေ့မှောက် လွတ်လပ်သော တရားစီရင်မှု ပြုလုပ်ရန် အတိုက်အခံ နိုင်ငံရေး ပါတီကြီးဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် နိုင်ငံတကာက တောင်းဆိုထားသော်လည်း တံခါးပိတ် ခုံရုံးကို ဒုတိယအကြိမ် ပြည်တွင်းပြည်ပ သတင်းထောက်အချို့ကို ခွင့်ပြုမှာ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂါနေ့တွင် ပြုလုပ်မည့် တရားခွင် ကြားနာမှုတွင် ကိုယ်တိုင် ထွက်ဆိုချက်ပြုမည် ဖြစ်ကြောင်း သူ၏ ရှေ့နေတဦးဖြစ်သော ဦးဥာဏ်ဝင်းက ပြောကြားလိုက်သည်။

တရားလိုပြသက်သေများ ယနေ့ ထွက်ဆိုချက် ပြုလုပ်သွားပြီး ဖြစ်သည်။

တရားဆိုင်ဘက်မှ တင်ပြသော သက်သေများ စာရင်းတွင် နေအိမ် အကျယ်ချုပ် ကျခံနေရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး၊ ဗဟိုအလုပ်မှုဆောင် ဦးဝင်းတင်၊ ဦးကြည်ဝင်း၊ ဒေါ်ခင်မိုးမိုးတို့ ပါဝင်သည်ဟု သိရသည်။

တင်္နလာနေ့က တရားဆိုင်ဘက်မှ ရှေ့နေများက တရားလိုပြ သက်သေငါးဦးကို မေးခွန်းပြန်ထုတ် စစ်ဆေးခြင်း ပြုခဲ့သည်။ အခြားသော သက်သေများကိုတော့ တရားလို စစ်အစိုးရဘက်က ပြန်လည် ရုတ်သိမ်းသွားခဲ့သည်။
----------------------------------
ဦးဝင်းတင် မနက်ဖြန် တရားရုံးတွင် ထွက်ဆိုမည်


ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက သက်သေ ၄ ဦး၏ စာရ င်းကိုတင်ပြထားပြီး မနက်ဖြန်တွင် သက်သေတဦး ဖြစ်သော ဝါရင့် သတင်းစာဆရာ ဦးဝင်းတင်က ထွက်ဆိုမှုပြုမည်ဟု သတင်းရပ်ကွက်များအရ သိရသည်။ အခြားသူများ၏ အမည်များကို ယခုထက်ထိ မသိရသေးပါ။
--------------------------------
အာဆီယံ ထုတ်ပြန်ချက်ကို စစ်အစိုးရက ကန့်ကွက်

နယူးဒေလီ (မဇ္စျိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုခံနေရသည့်အပေါ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌက ကြေညာချက် ထုတ်ပြန်ခြင်းသည် အာဆီယံ ပဋိညာဉ်ပါ စည်းမျဉ်းများကို သွေဖည်ကာ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ရာ ရောက်ကြောင်း စစ်အစိုးရက မီဒီယာက ယနေ့ ဝေဖန်ပြောဆိုသည်။

ယခုလ ၁၈ ရက်နေ့က အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူနေသည့် ထိုင်းနိုင်ငံက ကြေညာချက် ထုတ်ခဲ့ခြင်းသည် “အာဆီယံအဖွဲ့၏ လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်ခြင်း မရှိကြောင်း၊ အကြောင်းအရာ မှန်ကန်ခြင်း မရှိသည့်အပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည်” ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရေးသားဖော်ပြထားခြင်း ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်အား အရေးယူခြင်းအတွက် သူမ၏ ကျန်းမာရေး စိုးရိမ်မိကြောင်း” အာဆီယံကြေညာချက်ထဲတွင် ဖော်ပြသည်မှာ မှန်ကန်မှု မရှိဘဲ ဒေါ်စုမှာ ကျန်းမာရေး စောင့်ရှောက်မှု အလုံအလောက် ရရှိပြီး ကျန်းမာလျက် ရှိနေပါသည်” ဟု သတင်းစာက ဆိုသည်။

“သို့ပါ၍ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အနေဖြင့် အာဆီယံ၏ ဂုဏ်သိက္ခာ၊ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ၊ ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာတို့ကို စောင့်ထိန်းနိုင်ရန် ပျက်ကွက်ခဲ့ကြောင်း ဝမ်းနည်းဖွယ်ရာ တွေ့ရှိရပါသည်” ဟု ဆက်လက်ရေးသားထားသည်။
--------------------------------
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နေပြည်တော် ဘူတာတွင် အချိန်ကိုက်မိုင်းတလုံးတွေ့

ပီးခဲ့သည့် မေ (၂၄) ရက် နံနက် (၄) နာရီခန့်တွင် နေပြည်တော်ဘူတာစင်္ကြံ (၁) ၌ ရပ်ထားသော နေပြည်တော်-ရန်ကုန် အမှတ် (၃၂) အစုန်ရထား အထက်တန်းတွဲအမှတ် (၅) အိမ်သာခေါင်မိုးပေါ်တွင် ချိန်ကိုက်မိုင်းတလုံး တွေ့ရှိခဲ့ကြောင်း နအဖစစ်အစိုးရထုတ် သတင်းစာများတွင် ယနေ့ဖော်ပြသည်။

ယင်းလုပ်ရပ်များ လုပ်ဆောင်ရန် ABSDF မှ လူနှစ်ဦးလွှတ်ထားသည်ဟုလည်း နအဖက စွပ်စွဲထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ကိုသံခဲက “ဒီနအဖသတင်းစာမှာပါတဲ့ စွပ်စွဲချက်တွေကို ABSDF အနေနဲ့ လုံးဝကန့်ကွက်ပါတယ်။ ဒါဟာ နအဖရဲ့ တဖက်သတ်စွပ်စွဲချက်တွေပဲ ဖြစ်ပါတယ်။ အခုလို အများပြည်သူ ထိခိုက်အောင် ကြံစည်လုပ်ဆောင်နေတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး” ဟု တုံ့ပြန်ပြောဆိုသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဒီကေဘီအေ တပ်သား စုဆောင်းသဖြင့် ရွာသားများ ထွက်ပြေးနေရ

ချင်းမိုင် (မဇ္ဈိမ)။ ။ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် အတွင်း၌ ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် - ဒီကေဘီအေက အဓမ္မစစ်သား ကောက်ခံနေသဖြင့် ရွာသားများ ထွက်ပြေး ပုန်းရှောင်နေရကြောင်း ဒေသခံ ရွာသားများက ပြောသည်။

ခရိုင်အတွင်းရှိ ကျုံဒိုးမြို့နယ်ထဲမှ ကျုံဘိုင်းအုပ်စုဝင် ရွာများ၊ ချောင်းဖျား၊ ကော့ကဘောင်၊ အုန်းတပင် စသည့် ရွာများတွင် ဒီကေဘီအေ တပ်မဟာ ၉၉၉ က ကျေးရွာ ဥက္ကဋ္ဌများမှတဆင့် အသက် ၃၀ နှစ်အောက်များကို အဓိက စုဆောင်းနေပြီး၊ မရပါက အသက် ၄၀-၅၀ လည်း ရယူနေသဖြင့် ရှေ့တန်းလိုက်ရမည် စိုးသောကြောင့် လူငယ်များ ထွက်ပြေးနေရခြင်း ဖြစ်သည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မေလ ၂၆ ရက်
ရက်သတ္တပတ် ၂၂ ၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် အမှု တရားခွင် ( ၇ ရက်မြောက် )

ဦးဥာဏ်ဝင်းနှင့် ဆက်သွယ် မေးမြန်းချက်


“ပုဒ်မ ၁ဝ(ခ)ကို ရုပ်သိမ်းလိုက်တာ ဟုတ်ပါတယ်။ နေအိမ် အကျယ်ချုပ်ဆိုတာ မရှိတော့ဘူး။ ဘာတွေ သက်ရောက်လာနိုင်မလဲ ပြောလို့ရှိရင် နိုင်ငံတော် ဖျက်ဆီး နှောက်ယှက်ဖျက်ဆီးလိုသူ ဥပဒေအရတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာ မရှိတော့ဘူး ပြောလို့ ရသွားတယ်ပေါ့။”

“သူ့ကြေညာချက်အရ သူကိုယ်တိုင်က အကျဉ်းကျနေတယ်။ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်များနှင့် တရားဥပဒေရဲ့ အကာအကွယ် မရခဲ့ဘူး။ တရားဥပဒေရဲ့ ညှာတာမှုကိုလည်း မရခဲ့ဘူး။ ထောင်ကို နှစ်ရှည် ချခံနေရသူဖြစ်လို့ ဒီလိုအချိန်မှာ သူ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခြားတစုံတဦး ဒုက္ခရောက်အောင် တွန်းပို့တဲ့ အလုပ်ကို နိုင်ငံရေး ယုံကြည်ချက်ကြောင့် မလုပ်နိုင်ပါဘူးလို့ အဲဒီ ကြေငြာချက် ဖော်ပြထားပါတယ်။”
------------------------------
ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့်သည်များ

ခရမ်းရောင် ဝမ်းဆက်ကို ဝတ်ဆင်ထားသော ဒေါ်အောင်ဆန်းစုကြည်သည် မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်တွင် တရားရုံးသို့ ရောက်ရှိလာခဲ့သည်။

တရားရုံးအတွင်း ဝင်ရောက်လာပြီးနောက် သူ၏ ရှေ့နေ ဦးဥာဏ်ဝင်းက ပေးအပ်သော စာတစောင်ကို မျက်မှန်ထုတ်ကာ ဖတ်နေခဲ့သည်။ စာဖတ်အပြီး သံတမန်များကို နှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။

သံတမန်များ အပါအဝင် ဖိတ်ကြားထားသူများက ဒေါ်အောင်ဆန်းစုကြည် ဝင်လာချိန်မှသည် ထိုင်သွားသည်အထိ မတ်တပ်ရပ် ဂုဏ်ပြုခဲ့ကြသည်။

တရားရုံးအတွင်း ရှိနေသော လုံခြုံရေးများက “ထိုင်ကြပါ ထိုင်ကြပါ” ဟု တိုက်တွန်းခဲ့ကြသည်။

ထို့နောက် တရားခွင်ကို မွန်းလွဲ ၁ နာရီ ၅ မိနစ်တွင် စတင်ခဲ့သည်။
------------------------------
ဒေါ်အောင်ဆန်းစုကြည် ထွက်ဆိုချက် အကျဉ်း


ယနေ့ မွန်းလွဲတွင် ပြုလုပ်သော တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင်ထွက်ဆိုခဲ့ပုံကို အကျဉ်းချုပ် ပြန်လည် တင်ပြလိုက်ရပါသည်။

သူနှင့်အတူ ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမတို့ အတူနေထိုင်ကြောင်းနှင့် သူ့အပေါ်ကို ကန့်သတ်မိန့် ထုတ်ပြန်ထားကြောင်း အစချီကာ အမေရိကန် နိုင်ငံသား ဂျွန်ယက်တော ရောက်ရှိလာခြင်းကို မည်သို့မည်ပုံ သိရှိရကြောင်းနှင့် ခေတ္တခိုလှုံခွင့် ပေးခဲ့ကြောင်း၊ လက်ခံ စကားပြောခဲ့ကြောင်း ထွက်ဆိုသွားသည်။

မစ္စတာယက်တော ကျန်ခဲ့သည်ဆိုသော ပစ္စည်းများနှင့် ပတ်သက်၍ တမင်ချန်ရစ်ခဲ့သည်လား၊ ကျန်ရစ်ခဲ့ခြင်းလား မသိကြောင်း၊ မေလ ၅ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်နှင့် ၁၂ နာရီအကြား မစ္စတာယက်တော ပြန်ထွက်သွားသည် ထင်ကြောင်းလည်း ဆက်လက် ပြောကြားသွားသည်။

ရေကန်ဘက် ထွက်သွားသည်ကို တွေ့မြင်ကြောင်းနှင့် မှောင်နေသည့်အတွက် မည်သည့်ဘက်ကို ထွက်သွားသည်ကို မသိဟု ထွက်ဆိုခဲ့သည်။

ထို့နောက် မစ္စတာယက်တော ရောက်လာချိန်ကော ပြန်သွားချိန်မှာပါ နေအိမ်ခြံဝင်းအတွင်း လုံခြုံရေးများ ရှိမနေကြောင်းနှင့် မစ္စတာ ယက်တော အနေဖြင့် ဓာတ်ပုံ ရိုက်ကူးသွားခြင်းကို မသိရှိကြောင်း၊ ရုံးတော်ရောက်မှသာ သိရှိကြောင်း ထွက်ဆိုသွားခဲ့သည်။
------------------------------
ဦးဝင်းတင်
(အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်) နှင့် ဆက်သွယ် မေးမြန်းချက်

“ကျနော့်အထင်ကတော့ ဒေါ်စုက ဒီနေ့ ကိုယ်တိုင်စစ်ခံမှာလေ။ ကိုယ်တိုင်စစ်ဆိုတဲ့ သဘောက ဒီလိုဗျာ၊ သက်သေနဲ့ အစစ်ခံမယ်ဆိုရင် Cross Questions ဟိုမေး ဒီမေးလုပ်မယ်ကွာ။ တရားသူကြီးက အစစ်ခံချက်တွေကို အကိုးအကား ပြုတယ်ပေါ့ကွာ။ ကိုင်တိုင်စစ်ဆိုတဲ့ ကိုယ့်ဆန္ဒအတိုင်း ထင်မြင်သမျှ ပြောတာက ကိုယ်တိုင်စစ် ခေါ်တယ်။ အဲဒီ ကိုယ်တိုင်စစ်က Cross Questions မမေးတော့ဘူး။ သို့သော် တရားသူကြီးက တရားစီရင်တဲ့အခါမှာ အဲဒါကို ထည့်မစဉ်းစားဘူး။ မှတ်တမ်းထဲမှာ ထည့်တာပဲ ရှိတယ်”

“အဲဒီတော့ ကျနော်တို့က ဒေါ်စုကို ကိုယ်တိုင်စစ် လုပ်မယ်။ သက်သေစစ် အစစ်မခံတော့ဘူး။ တရားသူကြီးက ထည့်စဉ်းစားတာတော့ သိပ်မစဉ်းစားတော့ဘူး။ သူတို့က ထောင်ချမှာပဲ။ အဲဒါကြောင့် ကျနော်ထင်တယ်၊ သံတမန်နဲ့ သတင်းထောက်တွေကို ခေါ်ပြတာက ဒေါ်စုက ဘာမှ ပြောခွင့်ဆိုခွင့် မရှိတာ မဟုတ်ဘူး၊ ရေငုံနုတ်ပိတ် နေရတာ မဟုတ်ဘူး၊ ပြောဆိုနေတာ မြင်တယ်မဟုတ်လားဆိုတဲ့ သဘောမျိုးပဲ။ သံတမန်တွေက အရင်တပတ်ကလည်း ဒေါ်စုဟာ ဖြတ်ဖြတ်လတ်လတ်နဲ့ သန်စွမ်းနေတယ်။ သူတို့ ပြောချင်တာကို ကမ္ဘာကို ပြောနေတယ်။ ဒေါ်စုက မကျန်းမာဘူး ပြောနေချိန်မှာ ဒီလိုမကျန်းမာတဲ့ လူတယောက်ကို ဒီလို အပြစ်စွဲတင်နေတာဟာ မသင့်တော်ဘူး ပြောနေတဲ့တချိန်မှာ ဟောဒီမှာကြည့် ဒေါ်စုဟာ ဖြတ်ဖြတ်လတ်လတ် ရှိနေတယ်ဆိုတာ တခုထဲ သက်သက်ပဲ။ ဒီနေ့ သတင်းထောက်တွေ သံတမန်တွေ ဝင်ခွင့်ပြုတာ၊ ဒါပဲ။”
------------------------------
တရားရုံးတွင်းသို့ ဝင်ရောက်

သံတမန်များနှင့် ပြည်တွင်းပြည်ပ သတင်းထောက်များ အင်းစိန် အကျဉ်းထောင်တွင်းရှိ အထူး တရားရုံး အတွင်းသို့ ဝင်ရောက်သွားကြပြီ ဖြစ်သည်။

သက်သေစာရင်း တင်ထားသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးဝင်းတင်မှာ ယနေ့တွင် တရားရုံးသို့ ဝင်ရောက်ခွင့် မရသေးပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသော အနေဖြင့် အင်းစိန်ဈေးအနီး လာရောက် စောင့်ဆိုင်းနေကြသူ နှစ်ရာကျော် ရောက်ရှိနေကြပြီ ဖြစ်သည်။
------------------------------
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်ကို ၆ လတိုးနိုင်ဟု ရဲက ပြော

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်သက်တမ်းကို ၆ လတိုးမြှင့်ခွင့်ရှိကြောင်း အင်းစိန်အကျဉ်းထောင်ထဲတွင် ယနေ့နံနက် သတင်းစာရှင်းလင်းပွဲတွင် ရဲအရာရှိက ပြောကြားသွားသည်။

မေလ ၂၇ ရက်နေ့တွင် ပြည့်မည့် နေအိမ်အကျယ်ချုပ်သက်တမ်းကို နိုဝင်ဘာလ ၂ဝဝ၉ အထိ တိုးမြှင့်၍ ရကြောင်းနှင့် အာဏာပိုင်များက တိုးမြှင့်သင့်၊ မသင့် စဉ်းစားနေခိုက်တွင် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ယက်တော အမှု ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု သံတမန်များနှင့် သတင်းထောက်များကို သတင်းရဲတပ်ဖွဲ့မှ သတင်းတပ်ဖွဲ့မှုး မြင့်သိန်းက ပြောကြားသွားသည်။

သတင်းစာရှင်းလင်းပွဲသို့ ရဲချုပ် ခင်ရီလည်း တက်ရောက်ခဲ့ပြီး သံတမန် ၂၉ ဦး၊ နိုင်ငံခြားသတင်းထောက် ၁၅ ဦး၊ ပြည်တွင်းသတင်းထောက် ၁ဝ ဦးတို့ တက်ရောက်ခွင့်ရခဲ့သည်။

နေ့လည် ၁၂ နာရီ ၃ဝ မိနစ်တွင် တရားခွင် ရုံးထုတ်ခြင်း ပြန်လည်စတင်မှာဖြစ်သည်။
------------------------------
စေ့စပ်ရေး ကိုယ်စားလှယ်အဖွဲ့ စေလွှတ်လိုကြောင်း တောင်အာဖရိက အဆိုပြု


တောင်အာဖရိက နိုင်ငံတကာ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး မစ္စတာ အီဘရာဟင် အီဘရာဟင် သည် မြန်မာသံအမတ် ဦးတင်ဦးလွင်ကို တင်္နလာနေ့က ဆင့်ခေါ်၍ မြန်မာနိုင်ငံတွင် နိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုပြုလုပ်ရန် ကြားဝင်ကူညီပေးမည့် ကိုယ်စားလှယ်တဖွဲ့ကို စေလွှတ်လိုကြောင်း အဆိုပြုပြောကြားခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံဖမ်းဆီးထားခြင်းအပေါ် စိုးရိမ်မကင်းဖြစ်ရကြောင်းနှင့် ချက်ခြင်းလွှတ်ပေးရန် ထပ်လောင်းတောင်းဆိုလိုက်သည်ဟု တောင်အာဖရိကနိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ပါရှိသည်။
------------------------------
ဆဋ္ဌမနေ့ (မေလ ၂၅ ရက်) အဖြစ် စစ်ဆေးကြားနာချက်


အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန်ဝီလျံယက်တော၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမအပေါ် စွဲဆိုသည့် အမှုကို ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံး၌ ယနေ့တွင် ဆဋ္ဌမနေ့အဖြစ် ဆက်လက်၍ စစ်ဆေးကြားနာသည်။

ဒေါ်စု၏ ရှေ့နေ ဦးဉာဏ်ဝင်းက စစ်မေးရာတွင်


ပြန်ခေါ်သက်သေ ဒုတိယရဲမှူးကြီး ဇော်မင်းအောင် ထွက်ဆိုချက်

ထွက်ဆိုခဲ့သော ကန့်သတ်သည့် ပုဒ်မ ၁၄၈ (ဂ) ၁၅၇ ၊ ၁၅၈ ၊ ၁၅၉ (ခ) နှင့် ၁၆ဝ သည် မဆလ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ - မဆလခေတ်) ဖွဲ့စည်းပုံ ဥပဒေပါ ပုဒ်မများဖြစ်ပြီး၊ ယင်း ပုဒ်မများကို ဖောက်ဖျက်သဖြင့် စွဲဆိုရသည်။ နိုင်ငံခြားသားအား လက်ခံနေထိုင်ခွင့်ပြုခြင်း၊ တွေ့ဆုံစကားပြောခြင်း၊ အစားအသောက် ကျွေးမွေးခြင်းသည် ပုဒ်မ ၁၅၉ (က) - ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များကို မဆလ ဖွဲ့စည်းပုံ ဥပဒေတွင် ပါဝင်ခြင်း မရှိဟုဆိုလျှင် ဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း ဖြစ်သည်။ ဖွဲ့စည်းပုံ ဥပဒေ ပုဒ်မ ၁၆ဝ တွင် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံရေးအတွက် ကန့်သတ်လိုက်သည်ဆိုလျှင် စာပေးစာယူနှင့် အခြား ဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုအတွက် ဥပဒေအရ အကာအကွယ်ပေးရမည့် အချက်ကို ချိုးဖောက်ခြင်း ဖြစ်သည်။


ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမ၏ ရှေ့နေ ဦးလှမျိုးမြင့်က စစ်မေးရာတွင်


ပြန်ခေါ်သက်သေ ဒုတိယရဲမှူးကြီး ဇော်မင်းအောင် ထွက်ဆိုချက်

သားအမိနှစ်ဦးသည် အစိုးရ၏ လုပ်ငန်းစဉ်များကို နားမလည်သော သာမန်အရပ်သူများဖြစ်သည်ကို သိပါသလားဟုဆိုလျှင် မသိပါ။ တားဆီးထားသည့်အိမ်တွင် အတူနေထိုင်သည်ကိုသာ သိသည်။ သားအမိသည် ဒေါ်စုအပေါ် ချမှတ်ခဲ့သည့် ကန့်သတ်တားဆီးမိန့်နှင့် ဆက်လက် တားဆီးမိန့်များနှင့် စပ်လျဉ်း၍ အသေးစိတ် အတိအကျ သိရှိနားလည်နိုင်စွမ်း ရှိကြသူများ မဟုတ်ဟုဆိုလျှင် ကန့်သတ် တားဆီးထားသည့်အိမ်တွင် နေထိုင်သူများဖြစ်၍ သိရှိနိုင်ပါသည်။


ရှေ့နေ ဦးဉာဏ်ဝင်းက စစ်မေးရာတွင်

ပြန်ခေါ်သက်သေ ရဲမှူးကြီး ဝင်းနိုင်ထွန်း ထွက်ဆိုချက်

၂ဝဝ၈ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်တွင် နိုင်ငံခြားသား ဝင်ရောက်သည့်ကိစ္စနှင့် စပ်လျဉ်း၍ အတိအကျ အချက်အလက် ပြည့်စုံစွာ ပြောကြားခြင်း မဟုတ်ပါ။ ဒေါ်စုတို့ ၄ ဦးအား တရားစွဲဆိုသည်မှာ အပြင်ကို စာပေးစာယူလုပ်သဖြင့် စွဲဆိုခြင်းမဟုတ်လျှင် အခြားသို့ စာ (သို့) စကားပြောကြေးနန်းဖြင့် ဆက်သွယ်ခြင်းမပြုရန် တားဆီးမိန့်ပါ အချက်ကို ဖောက်ဖျက်သဖြင့် တရားစွဲသည်။ ပြင်ပမှ ရောက်လာသောစာကို လက်ခံထားမှုဖြင့် အကျုံးဝင်သော အခြားသို့ စာဖြင့် ဆက်သွယ်မှု လုပ်သဖြင့် စွဲဆိုသည်။ ဒေါ်စု အိမ်မှ သိမ်းဆည်းသည့် ပစ္စည်းများ (တနည်းအားဖြင့်) ပထမအကြိမ် ဝင်ရောက်စဉ်က မစ္စတာ ယက်တော သူ့ဘာသာသူ ထားသွားသည့် ပစ္စည်းများ ဖြစ်သည်ဆိုလျှင် ပထမအကြိမ် ဝင်ရောက်စဉ်က မစ္စတာ ယက်တော ပေးခဲ့သော စာအုပ်ကို စနစ်တကျ လက်ခံသိမ်းဆည်းထားရှိသည်မှာ ပေါ်ပေါက်သည်။ ၂ဝဝ၈ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်နှင့် ၂ဝဝ၉ ခုနှစ် မေ ၃ ရက်တွင် ဒေါ်စု၏ နေအိမ်ခြံဝင်းအတွင်း ဝင်ရောက်ခြင်းသည် တရားမဝင် ဝင်ရောက်ခြင်း ဖြစ်သည်ဆိုလျှင် တိတ်တဆိတ် တရားမဝင် ဝင်ရောက်ခြင်း ဖြစ်သည်။


ရှေ့နေ ဦးလှမျိုးမြင့်က စစ်မေးရာတွင်

ရဲမှူးကြီး ဝင်းနိုင်ထွန်း ထွက်ဆိုချက်

မစ္စတာ ယက်တောအပေါ် ရာဇဝတ်မကင်းသော အိမ်ကျော်နင်းမှုအတွက် ယနေ့အထိ ပထမ သတင်းပေးတိုင်ချက် ရေးဖွင့်ခဲ့ခြင်း မရှိသေးဟုဆိုလျှင် အိမ်ကျော်နင်းမှုနှင့်စပ်လျှဉ်း၍ အရေးယူထားခြင်း မရှိသေးဘဲ၊ လဝက အက်ဖြင့် အရေးယူထားခြင်း ဖြစ်သည်။

ရှေ့နေ ဦးဉာဏ်ဝင်းက စစ်မေးရာတွင်

ပြန်ခေါ်သက်သေ ဒုတိယရဲမှူး စကျော်ဝင်း ထွက်ဆိုချက်

အထက်ကစေခိုင်း၍ ဆောင်ရွက်ရသည်ဆိုရာ ရဲအရာရှိ တဦးအနေဖြင့် ဥပဒေနှင့်အညီသာ ဆောင်ရွက်ခွင့်ရှိသည်ဆိုလျှင် မှန်ကြောင်းနှင့် ဥပဒေနှင့်အညီ လုပ်ရသည်မှာလည်း မှန်ကြောင်း ထွက်ဆိုသည်။

ရှေ့နေ ဦးဉာဏ်ဝင်းက စစ်မေးရာတွင်

ပြန်ခေါ်သက်သေ ရဲမှူး တင်ဇော်ထွန်း ထွက်ဆိုချက်

ဒေါ်စု နေအိမ်သို့ မိမိ ဦးဆောင်မှုပြုပြီး မေလ ၇ ရက် နံနက်ပိုင်းတွင် ရှာဖွေမှု လုပ်သည်မှာ မှန်သည်။ ထိုနေ့တွင် ပထမသတင်းပေး တိုင်တန်းချက်ကို ရေးဖွင့်ရခြင်း မရှိသေးဟုဆိုလျှင် မှန်သည်။ ဒေါ်စုက ပေးအပ်သော ပစ္စည်းများနှင့်စပ်လျဉ်း၍ ကျမပဲ တာဝန်ယူကြောင်း ပြောကြားချက်သည် အမှုအတွက် တာဝန်ယူခြင်းမဟုတ်ဘဲ ပစ္စည်းအပ်သူအဖြစ်သာ တာဝန်ယူခြင်းဖြစ်သည်ဆိုလျှင် မစ္စတာ ယက်တော ထားခဲ့သည့်၊ ကျန်ခဲ့သည့်၊ လက်ဆောင်ပေးခဲ့သည် ပစ္စည်းတို့နှင့် စပ်လျဉ်း၍ သူမမှာ တာဝန်ရှိသည်ဟု ပြောခြင်းဖြစ်ကြောင်း ထွက်ဆိုသည်။

တရားလိုပြ သက်သေများအနက် စွဲချက်မတင်မီက စစ်ဆေးရန် ကျန်ရှိနေသော တရားလို ပြသက်သေများကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၆ ပြဌာန်းချက်နှင့် အညီ ဆက်လက်စစ်ဆေးသည်။

တရားလိုပြသက်သေ အမှုစစ်အရာရှိ သတင်းတပ်ဖွဲ့မှ ဒုတိယ ရဲမှူးသန်းစိုးကို ဆက်လက်စစ်ဆေးရာ မိမိသည် သတင်းတပ်ဖွဲ့ တရားစွဲဌာန၌ ဒုတိယရဲမှူး (အမှုစစ်) အဖြစ် တာဝန်ထမ်းဆောင်သည်။ ဗဟန်းရဲစခန်း (ပ) ၃ဝ၁ /ဝ၉ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ / ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁ဝ၉ အမှုကို စုံစမ်းစစ်ဆေးရန် မေလ ၁၁ ရက်တွင် လက်ခံ ရရှိခဲ့သည်။

ထိုနေ့တွင် အမှုနှင့်ဆက်စပ်သည့် သက်သေများကို စတင်စစ်ဆေးခဲ့သည်။ နောက်တရက်တွင်လည်း သက်သေ ရဲတပ်ဖွဲ့ဝင်များနှင့်သက်ဆိုင်သည့် ရပ်ကွက် ကောင်စီ ဥက္ကဌများကို စစ်ဆေးရသည်။ ထိုနေ့တွင်ပင် ဒုတိယ ရဲမှူးမောင်မောင်မြင့်က မစ္စတာ ယက်တောထံမှ သိမ်းဆည်းခဲ့သည့် ပစ္စည်းများနှင့် ရှာဖွေပုံစံ၊ ဒုတိယ ရဲမှူးတင်ဇော်ထွန်းက ဒေါ်စုထံမှ သိမ်းဆည်းခဲ့သော သက်သေခံ ပစ္စည်းများနှင့် ရှာဖွေပုံစံ၊ ဒေါ်စု၏ အိမ်သို့ ဝင်ရောက်ရှာဖွေခဲ့သည့် ရှာဖွေဖမ်းဝရမ်းနှင့် ဝရမ်းအတည်ပြုမှု အစီရင်ခံစာတို့ကို လွှဲပြောင်းပေးသဖြင့် လက်ခံရရှိခဲ့သည်။ မေလ ၁၃ ရက်တွင် မစ္စတာ ယက်တော တည်းခိုသည့် ဗျူးတီးလဲန်း (၂) ဟိုတယ်အခန်းမှ ပစ္စည်းများ ရှာဖွေသိမ်းဆည်းခြင်းနှင့် လွှဲပြောင်းပေးသော ရှာဖွေပုံစံနှင့် သက်သေခံပစ္စည်းများ လက်ခံရရှိသည်။

မေလ ၁၄ ရက်တွင် ဒေါ်စု၊ ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမနှင့် မစ္စတာ ယက်တောအား အမှုဖြင့် ဖမ်းဆီးခဲ့ပြီး ဗဟန်းရဲစခန်း စွဲချက်အမှတ် ၂၆၃/၂ဝဝ၉ အရ ဒေါ်စုအပေါ် ပုဒ်မ ၂၂ အရ၊ ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမနှင့် မစ္စတာ ယက်တောအား ပုဒ်မ ၂၂/ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁ဝ၉ အရ ရန်ကုန်မြောက်ပိုင်းခရိုင်သို့ တရားစွဲတင်ပို့ခဲ့သည်။

ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံး ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၄၇/၂ဝဝ၉ မှ တရားလိုပြသက်သေပေါင်း ၂၃ ဦးအနက် ၁၅ ဦးကို စစ်ဆေးပြီးဖြစ်သဖြင့် ကျန် တရားလိုပြသက်သေ ၈ ဦးကို မစစ်ဆေးတော့ဘဲ ပယ်ကြောင်း တရားလိုဘက်မှ လိုက်ပါဆောင်ရွက်သည့် ခရိုင် ဥပဒေအရာရှိက တင်ပြလျှောက်ထားသည်။

အမှုများကို ဆက်လက် စစ်ဆေးကြားနာရန် မေလ ၂၆ ရက်နေ့၊ နံနက် ၁ဝ နာရီသို့ ချိန်းဆိုခဲ့သည်။
----------------------
ယနေ့ တရားခွင် ပြီးဆုံး

မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ၊ သံတမန်များနှင့် သတင်းထောက်များ အင်းစိန် အကျဉ်းထောင်ထဲမှ ပြန်လည် ထွက်လာကြပြီ ဖြစ်သည်။
---------------------
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဒေါ်အောင်ဆန်းစုကြည် တရားခွင်တွင် စာရေးသား ထွက်ဆို

ယနေ့တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်က ထွက်ဆိုချက်များကို စာဖြင့်ရေးသား ထွက်ဆိုခဲ့ပြီး မစ္စတာယက်တော ပထမအကြိမ်လာရောက်စဉ်တွင် ဒေါက်တာ တင်မျိုးဝင်းမှတဆင့် အာဏာပိုင်များထံ အကြောင်းကြားထားပြီး ဖြစ်ကြောင်းလည်း ပါဝင်ကြောင်း အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဝင်းနိုင်က ခေတ်ပြိုင်သို့ ပြောကြားသည်။

ဥပဒေကြောင်းအရ ပုဒ်မ (၁၀/ခ) ဖြင့် နေအိမ်အကျယ်ချုပ် တားဆီးမိန့်ချထားခံရသူကို နောက်အမှုတခုစွဲဆိုပါက တားဆီးမိန့်သည် အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်ကြောင်း သိရသည်။

ယနေ့ ဒေါ်အောင်ဆန်းစုကြည် ထွက်ဆိုချက်ပေးခဲ့ရသော်လည်း သူမ၏ ရှေ့နေများနှင့် ယခုအထိ လွတ်လပ်စွာ တွေ့ခွင့်မရသေးကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်သူ ဒေါက်တာဝင်းနိုင်က ပြောသည်။

ရှေ့နေကြီး ဦးကြည်ဝင်းသည် ရန်ကုန်တိုင်း တွဲဖက် (၂) တရားရုံးက ကိုင်တွယ်စစ်ဆေးနေသော ဒေါ်အောင်ဆန်းစုကြည် နေအိမ်အမွေမှုရုံးချိန်းသို့ သွားရောက်ခဲ့ရသဖြင့် အင်းစိန်အထူးတရားရုံးသို့ ယနေ့ သွားရောက်နိုင်ခြင်း မရှိခဲ့ပေ။

မစ္စတာယက်တော ဒုတိယအကြိမ် ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ ကျူးကျော်ဝင်ရောက်သည့်နေ့တွင် နေအိမ်သို့ ကျန်းမာရေးကိစ္စအတွက် တလတကြိမ်လာရောက်လေ့ရှိသည့် ဒေါက်တာတင်မျိုးဝင်းကို အာဏာပိုင်များက ရက်သတ္တတပတ်ကျော်အကြာ ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။

ပြန်လွှတ်ပေးလိုက်ချိန်တွင်လည်း အာဏာပိုင်များက ပြင်းထန်သော ဖိအားများပေးထားသဖြင့် ပြင်ပနှင့် ဆက်သွယ် ခွင့်ရရန်ပင် ခဲယဉ်းနေကြောင်း ကြားသိရသည်။

တရားခွင်မစတင်မီ နံနက်ပိုင်းတွင် ရဲချုပ်ခင်ရီက စာနယ်ဇင်းသမားများနှင့် သံတမန်များကို ခေါ်ယူကာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သော်လည်း သတင်းသမားများအား ပြန်လှန်မေးမြန်းခွင့်မပြုခဲ့ပေ။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
--------------------
ဒေါ်စုအား တရားစွဲခြင်းအပေါ် ထိုင်း၏ ရပ်တည်ချက်အား ဥရောပသမဂ္ဂက ထောက်ခံ

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ အခြေအနေနှင့် စပ်လျဉ်း၍ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ထိုင်းနိုင်ငံက ထုတ်ပြန်ခဲ့သော ကြေညာချက်ကို ထောက်ခံကြောင်း ဥရောပသမဂ္ဂက ကြေညာခဲ့သည်ဟု ထိုင်း နိုင်ငံခြားရေးဝန်ကြီး အပြောအရ သိရသည်။

ဤကြေညာချက်သည် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ကဆစ် ဖိရူမ်း Kasit Piromya နှင့် ဥရောပ သမဂ္ဂ ၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသူ ချက်သမ္မတနိုင်ငံ ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး Jan Kohout တို့ တွေ့ဆုံဆွေးနွေးအပြီး ပေါ်ထွက်လာခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ယက်တောကာတွန်း အင်တာနက်ပိုင်ရှင်များ သဘောကျ

ယခုရက်ပိုင်း အင်တာနက်ဆိုင်အချို့၏ ကွန်ပျူတာဒက်စ်တော့များပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်း အတွင်း ရေကူးဝင်ရောက်သွားသည့် အမေရိကန်နိုင်ငံသား မစ္စတာ ယက်တော၏ လှုပ်ရှားမှု ကာတွန်းသရုပ်ဖော်ပုံကို မည်သူတင်မှန်းမသိရဘဲ တက်လျက်ရှိနေကြောင်း သိရသည်။

နိုင်ငံရေးအမြင်ရှိသည့် လူငယ်တဦး သို့မဟုတ် လူငယ်တစုက အင်တာနက်အသုံးပြုစဉ် စနစ်တကျနှင့် Campaign သဖွယ် ပြုလုပ်နေပုံရကြောင်း ဆိုင်ရှင်အချို့က သုံးသပ်သည်။

၎င်းပုံတွင် အမေရိကန်နိုင်ငံသား မစ္စတာ ယက်တောသည် အင်္ကျီချွတ်၊ ဘောင်းဘီတိုနှင့်ဖြစ်ပြီး ဖားရေယက်ကို ခြေထောက်တွင်တပ်ဆင်ထားသည်။ လက်နှစ်ဖက်က စာရွက်တရွက်ကိုင်ဆောင်ထားပြီး စာရွက်ပေါ်၌ Road map ဟု ရေးထားသည်။ ၎င်းရှေ့တွင် အင်းလျားရေပြင်သည် ကွေ့ကောက်စွာ စီးဆင်းနေသည်။ အင်းလျားကန်နံဘေး အိမ် (၅) လုံးခန့်ထဲမှ အိမ်တလုံးကို မြားထိုးထားပြီး Daw Aung San Su Kyi’s House ဟု စာတန်းရေးထိုးထားသည်။ ကာတွန်းဆရာ၏ လက်မှတ်မှာ မရှင်းမလင်း ဖြစ်နေသည်ဟု သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
----------------------------
ရှမ်းတပ်များက ခြုံခိုတိုက်မှုကြောင့် စစ်ဘက် အရာရှိ ၂ ဦး သေဆုံး

ချင်းမိုင် (မဇ္ဈိမ)။ ။ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) စစ်ကြောင်းတခုက ခြုံခို တိုက်ခိုက်မှုကြောင့် စစ်အစိုးရ တပ်မတော် အရာရှိများ အပါအဝင် လူ ၁၅ ဦး သေဆုံးသွားကြောင်း ရှမ်းတပ်ဘက်က အပြောအရ သိရသည်။

SSA (တောင်ပိုင်း) အောင်ပေစွတ် စစ်ကြောင်းက ရှမ်းပြည်နယ် မြို့တော်တောင်ကြီး အရှေ့ဘက် ၇၂ မိုင်တွင် တည်ရှိသည့် နန်းဇံမြို့နယ်အတွင်းမှ နမ့်ဟူးနှင့် ခိုလမ်ရွာအကြားတွင် ည ၁ဝ နာရီခန့်က စောင့်ဆိုင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယာဉ်တန်းပေါ်တွင် လိုက်ပါလာသူများမှာ မြန်မာ စစ်အစိုးရထံ လက်နက်ချထားသည့် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးမိုင်းဇင့် ခေါင်းဆောင်သည့် SSA (တောင်ပိုင်း)၏ ခွဲထွက်အဖွဲ့ အပြင် စစ်ဖက်ရေးရာ လုံခြုံရေး (စရဖ) အရာရှိ ၂ ဦးနှင့် အခြားအဆင့်များ ဖြစ်သည်။ နယ်ခြားစောင့်တပ်များ ဖွဲ့စည်းရေးကိစ္စ ဆွေးနွေးရန် ထွက်လာစဉ် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
--------------------------------
မေလ ၂၇ ရက်
ရက်သတ္တပတ် ၂၂ ၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် အမှု တရားခွင် ( ၈ ရက်မြောက် )

ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးရန် သမတ အိုဘားမား တောင်းဆို


အမေရိကန် သမတကြီး ဘရက်ခ် အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ခြင်း လွှတ်ပေးရန် မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ကာလအတွင်း စည်းကမ်း ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ အခြေအမြစ် ကင်းမဲ့ကြောင်းနဲ့ ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားတဲ့အပေါ် ရှုတ်ချတယ် ဆိုတဲ့အကြောင်း အင်္ဂါနေ့ထုတ် အိမ်ဖြူတော်ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရ အနေဖြင့် တိုင်းသူပြည်သားများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် အခြားသော တိုင်းရင်းသား အဖွဲ့များနှင့် အတိုက်အခံ အဖွဲ့များအပေါ် လေးစားသမှုပြသပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် လုပ်ဆောင်နိုင်သည့် အခွင့်အလမ်း ရှိနေကြောင်း သမတ အိုဘားမားက ပြောဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းအားဖြင့် အမေရိကန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ယုံကြည်မှုကို ပြန်လည်ရရှိပြီး တိုင်းသူပြည်သားများအတွက် ပိုမို ကောင်းမွန်သော အနာဂတ်တခုကို တက်လှမ်းနိုင်ရေး အရေးပါသော ခြေလှမ်းတခု ဖြစ်ပေလိမ့်မည်ဟုလည်း ပါရှိသည်။
---------------------
ဗိုလ်ချုပ်ဈေးမှာ လုံခြုံရေး သတိပေး


ရန်ကုန်မြို့လယ် ဗိုလ်ချုပ်ဈေးတွင် ဈေးအုပ်ချုပ်ရေးက ၂၇ ရက်၊ ၂၈ ရက် နှင့် ၂၉ ရက်များတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်လာနိုင်ဖွယ်ရှိ၍ ဆိုင်ခန်းများ လုံခြုံရေးသတိရှိကြရန် သတိပေးမှုများ ရှိနေသည်။

ယနေ့နံနက်တွင် ဗိုလ်ချုပ်ဈေးနှင့် ကမ်းနားလမ်းနေရာအချို့တွင် လက်နက်ကိုင်ရဲများ ချထားပြီး ကြံ့ခိုင် ဖွံ့ဖြိုးရေးနှင့် စွမ်းအားရှင်များကိုပါ တွေ့မြင်နေကြရသည်။
---------------------------------
ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့


ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့တွင် ပြုလုပ်မှာ ဖြစ်သည်။ ၁၉၉ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အန်အယ်ဒီသည် မဲအပြတ်သတ်ဖြင့် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပေးရန် ငြင်းဆန်ခဲ့သည်။
---------------------------------
ဒေါ်အောင်ဆန်းစုကြည်အိမ်စောင့် လုံခြုံရေးများကို အင်္ဂပူသို့ ပြောင်းရွှေ့


ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် လုံခြုံရေး ယူထားခဲ့သော လုံထိန်းရဲ တပ်ရင်း (၇) ကို ဧရာဝတီတိုင်း အင်္ဂပူမြို့သို့ အမေရိကန် နိုင်ငံသား ဂျွန်ယက်တောကို ဖမ်းဆီးမိပြီး နောက်တရက်ဖြစ်သော မေလ ၇ ရက်နေ့ကစ၍ ပြောင်းရွှေ့ပစ်ခဲ့သည်။

ထို့အပြင် နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့ လမ်းပိတ်ရာတွင် အသုံးပြုထားသော သံဆူးကြိုး အကာအရံ အတားအဆီးများကို အင်းစိန်ထောင် အနီးနှင့် ရန်ကုန်မြို့အဝင် ထောက်ကြံ့တို့သို့ ပြောင်းရွှေ့ အသုံးပြုခဲ့သည်။
---------------------------------
အင်းစိန်ထောင်ရှေ့နှင့် ရန်ကုန်မြို့တွင်းမှာ လုံခြုံရေးများ တင်းကျပ်လှည့်ပတ်


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စတင်၍ စွဲချက်တင်ပြီးနောက် အင်းစိန်ထောင်တွင်း တရားရုံးက စစ်ဆေးကြားနာမှုများ ပြုလုပ်သည့် တတိယမြောက်နေ့နှင့် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ၁၉ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည့် ယနေ့တွင် အင်းစိန်ထောင် ပတ်ဝန်းကျင်နှင့် ရန်ကုန်မြို့တွင်း၌ လက်နက်ကိုင် လုံခြုံရေးများ တိုးမြှင့်ချထားလာကြောင်း သိရသည်။

အခြေအနေကို လေ့လာနေသူတဦးက မဇ္ဈိမကို ပြောပြထားသည်။
---------------------------------
ဒီချုပ်ရုံးရှေ့ ကားပေါ်မှ စာရွက်ကြဲ


နယ်စပ်မှ ဖောက်ခွဲရေးသမားများ ဝင်ရောက်လာပြီဟု ရေးသားထားသော စာရွက်များကို ရန်ကုန်မြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့တွင် ကားပေါ်မှ ကြဲချမှု ယနေ့နေ့လည် ၁၁ နာရီခွဲက ဖြစ်ပွားခဲ့သည်။

အရှိန်ပြင်းစွာ မောင်းနှင်လာသော ပါပလေကား အပြာရောင်တစီးပေါ်မှ A4 အရွယ်အစား စာရွက် ၁၅ ရွက်ခန့် ကြဲချသွားရာ စာရွက်ပေါ်တွင် ခွပ်ဒေါင်းတံဆိပ်နှင့် အန်အယ်ဒီ စာတန်းပါကာ ကွန်ပြူတာဖြင့် စာစီထားခြင်းဖြစ်သည်။

အန်အယ်ဒီပါတီက လုပ်ဆောင်ဟန်ဖြင့် လုပ်ကြံ ဖန်တီးထားခြင်း ဖြစ်ကြောင်း မျက်မြင်သက်သေ တဦးဖြစ်သော အန်အယ်ဒီရုံးချုပ်သို့ ရောက်ရှိနေသူ ပါတီဝင်တဦးက ပြောသည်။
---------------------------------
ဒေါ်စုလွှတ်ပေးရေးနှင့် တွေ့ဆုံဆွေးနွေးရေး အန်အယ်ဒီ အလေးထား တောင်းဆို


ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံ ဆွေးနွေးရေး ပြုလုပ်ပါရန် စစ်အစိုးရကို ထပ်လောင်း တောင်းဆိုလိုက်သည့် ကြေညာချက်တရပ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ ထုတ်ပြန်လိုက်သည်။

၁၉ နှစ်မြောက် ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့ အခမ်းအနား တရပ်ကို ရန်ကန်ုရှိ အတိုက်အခံ ပါတီ၏ ရုံးချုပ်တွင် ယနေ့နေ့လည်က ပြုလုပ်ခဲ့ပြီး စာမျက်နှာ ၂ မျက်နှာပါ ကြေညာချက် ထုတ်ပြန်ရာတွင် အလေးထား တင်ပြထားခြင်း ဖြစ်သည်။
---------------------------------
ကျောက်ပန်းတောင်းမှာလည်း လုံခြုံရေးများ ချထားလာ


မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့တွင် ယမန်နေ့ညမှ စတင်ကာ လုံခြုံရေးများ တိုးမြှင့်ချထားလာသည်။

ရဲများက ဆိုင်ကယ်များဖြင့် တမြို့လုံး လှည့်လည်နေပြီး၊ အရပ်ဝတ်နှင့် ကြံ့ဖွံ့များက ဆုတောင်းပြည့် စေတီကြီးအနီးတွင် စောင့်ကြပ်နေခြင်း ဖြစ်သည်။

ယခုလ ၂၅-၂၆ ရက်နေ့များတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆုတောင်းပွဲကို အန်အယ်ဒီ မျိုးဆက်သစ်လူငယ်၊ ကျောင်းသားလူငယ်အဖွဲ့နှင့် အရပ်သား လူငယ်များ အမည်ခံထားသည့် လူငယ်အင်အား ၃၀ ခန့်က စေတီတော်ကြီးတွင် ပြုလုပ်ခဲ့ပြီးနောက် အာဏာပိုင်များဘက်က လုံခြုံရေး တိုးမြှင့်လာခြင်းလည်း ဖြစ်သည်။
---------------------------------
ရွေးကောက်ပွဲ အောင်ပွဲနေ့ အန်အယ်ဒီ ရုံးချုပ်မှာ ကျင်းပ၊ လုံခြုံရေးများ လှည့်ပတ်စောင့်ကြပ်

၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၁၉ နှစ်မြောက် ရွေးကောက်ပွဲ အောင်ပွဲနေ့ အခမ်းအနားကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ရုံးချုပ်တွင် ကျင်းပရာ အာဏာပိုင်များက ရုံးအနီးတဝိုက်တွင် အရပ်ဝတ်နှင့် လုံခြုံရေးများ ချထားသလို၊ ရဲကားများဖြင့်လည်း လှည့်ပတ်ကြည့်ရှုနေကြောင်း ကိုယ်တိုင်မြင်တွေ့ရသူ တဦးက မဇ္ဈိမကို ယခုလို ပြောသည်။
---------------------------------
ဒေါ်အောင်ဆန်းစုကြည် ယမန်နေ့ တရားရုံး ထွက်ဆိုချက်

ဒေါ်အောင်ဆန်းစုကြည်နှင့် တရားလိုပြသက်သေ တဦးဖြစ်သူ သတင်းတပ်ဖွဲ့မှ အမှုစစ် ဒုတိယ ရဲမှူး သန်းစိုးအား တရားရုံးက မေးမြန်းခဲ့ရာ မေးမြန်းချက်များနှင့် ထွက်ဆိုချက်များကို ယနေ့ထုတ် မြန်မာစစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားရာ မဇ္ဈိမက ပြန်လည် တင်ပြလိုက်ပါသည်။

( မေး ) ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမ (ခ) အငယ်လေးတို့သည် အတူတကွ နေထိုင်ပါသလား။

( ဖြေ )အတူတကွ နေထိုင်ပါသည်။ ကျမအိမ်တွင် ဖြစ်ပါသည်။

( မေး )ဒေါ်အောင်ဆန်းစုကြည်တို့ကို ကန့်သတ်မိန့်၊ တားဆီးမိန့်နှင့် ဆက်လက် တားဆီးမိန့်များကို ထုတ်ပြန်ထားပါသလား။

( ဖြေ )ကျမကိုတော့ ထုတ်ပြန်ထားပါသည်။

( မေး ) အမေရိကန်နိုင်ငံသား Mr. John William Yettaw သည် ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က ဒေါ်အောင်ဆန်းစုကြည်၏ အိမ်သို့ ရောက်ရှိလာပါသေးသလား။

( ဖြေ )ရောက်ရှိလာသည်ဟုတော့ ပြောပါသည်။ ကျမတော့ မမြင်ခဲ့ပါ။

( မေး ) သူသည် မေလ ၃ ရက် ညအချိန်တွင် အင်းလျားကန်အတွင်း ရေကူးပြီး ဒေါ်စု၏ ခြံဝင်းအတွင်းသို့ ဝင်ရောက်ခဲ့ပါသလား။

( ဖြေ ) ကျမ နားလည်သလောက်မှာ မေ ၄ ရက် နံနက်တွင်မှ ရောက်ရှိလာပါသည်။

( မေး ) မည်သူ သတင်းပို့ပါသလဲ။

( ဖြေ ) ဒေါ်ခင်ခင်ဝင်းက လူတယောက် ရောက်နေသည်ဟု ကျမထံ သတင်းပို့ခြင်း ဖြစ်ပါသည်။

( မေး ) ထိုသူမှာ မည်သူဖြစ်ပါသလဲ။

( ဖြေ ) ထိုအချိန်ကတော့ ကျမ မသိပါ။ နောက်ကျမှပဲ သိပါသည်။

( မေး )ထိုသူမှာ အမေရိကန် နိုင်ငံသား Mr. John William Yettaw ဟုတ်ပါသလား။

( ဖြေ )ဟုတ်ပါသည်။

( မေး ) Mr. Yettaw ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ ရောက်ရှိချိန်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ သတင်းပို့ခဲ့ပါသေးသလား။

( ဖြေ ) သတင်းမပို့ခဲ့ပါ။

( မေး ) ဒေါ်စုတို့အနေဖြင့် နေအိမ်တွင် သူ့ကို ဧည့်ခံ ကျွေးမွေး နေထိုင်စရာ ပေးခဲ့တယ်ဆိုတာ ဟုတ်ပါသလား။

( ဖြေ ) ကျမက ခေတ္တခိုလှုံခွင့် ပေးခဲ့ခြင်းသာ ဖြစ်ပါသည်။

( မေး ) Mr. Yettaw ကို အိမ်အတွင်းတွင် ကျွေးမွေးခြင်း၊ လက်ခံ စကားပြောခြင်း၊ ပေးသည့် စာနှင့် လက်ဆောင်ပစ္စည်းများကို လက်ခံရယူခဲ့ပါသလား။

( ဖြေ ) Mr. Yettaw နှင့် စကားပြောခဲ့ပါသည်။ စာနှင့် ပစ္စည်းများသည် Mr . Yettaw ကျန်ရစ်ခဲ့တာလား၊ ထားခဲ့တာလားဆိုသည်ကို ကျမ မသိပါ။ အဲဒီကိစ္စကိုတော့ Mr . Yettaw သာ သိမည် ဖြစ်ပါသည်။

( မေး ) Mr. Yettaw သည် မည်သည့်နေ့၊ မည်သည့်အချိန်တွင် ပြန်လည်ထွက်ခွာသွားပါသလဲ။

( ဖြေ ) သူသည် မေ ၅ ရက် ည ၁၁ နာရီ ၄၅ မိနစ်နှင့် ၁၂ နာရီ အကြား ပြန်လည်ထွက်ခွာသွားပါသည်။

( မေး )Mr. Yettaw သည် မည်သည့် လမ်းမှ ပြန်လည်ထွက်ခွာသွားပါသလဲ။

( ဖြေ ) Mr. Yettaw သည် ရေကန်ဘက်သို့ သွားသည်ကိုသာ သိပါသည်။ မှောင်နေ၍ မည်သည့်လမ်းက သွားသည်ကိုတော့ ကျမ မသိပါ။

( မေး ) ဒေါ်စု အိမ်သို့ Mr. Yettaw ကျန်ရစ်ခဲ့သော ပစ္စည်းများကို ဒုတိယရဲမှူး တင်ဇော်ထွန်းတို့က လာရောက်သိမ်းဆည်းပါသေးသလား။

( ဖြေ ) Mr. Yettaw ကျန်ရစ်ခဲ့သော ပစ္စည်းများကို ဒုတိယရဲမှူး တင်ဇော်ထွန်းတို့က လာရောက်သိမ်းဆည်းသွားခြင်း မှန်ကန်ပါသည်။

( မေး ) Mr. Yettaw သည် ဒေါ်စု အိမ်သို့ ရောက်ရှိချိန်က အိမ်ပတ်ဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့များ ရှိပါသလား။

( ဖြေ ) ခြံအတွင်းမှာတော့ မရှိပါ။ ခြံအပြင်မှာ ရှိ/မရှိ မသိပါ။

( မေး ) Mr. Yettaw သည် ဒေါ်စု၏ အိမ်အတွင်း၌ ဓာတ်ပုံ၊ ဗီဒီယိုများ ရိုက်သွားပါသေးသလား။

( ဖြေ ) ကျမအိမ်တွင် ရှိစဉ်က ဓာတ်ပုံ၊ ဗီဒီယို ရိုက်ခြင်း ရှိ/မရှိ မသိပါ။

( မေး ) ဒေါ်စုအနေဖြင့် ကန့်သတ်မိန့်၊ တားဆီးမိန့်နှင့် ဆက်လက် တားဆီးမိန့်ပါ အချက်အလက်များကို သိရှိပါသလား။

( ဖြေ ) ရေးသားထားသည့်အတိုင်း သိရှိပါသည်။
---------------------------------
ဒေါ်စုလွှတ်ပေးရေးနှင့် တွေ့ဆုံဆွေးနွေးရေး အန်အယ်ဒီ အလေးထား တောင်းဆို


ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံ ဆွေးနွေးရေး ပြုလုပ်ပါရန် စစ်အစိုးရကို ထပ်လောင်း တောင်းဆိုလိုက်သည့် ကြေညာချက်တရပ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ ထုတ်ပြန်လိုက်သည်။

၁၉ နှစ်မြောက် ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့ အခမ်းအနား တရပ်ကို ရန်ကန်ုရှိ အတိုက်အခံ ပါတီ၏ ရုံးချုပ်တွင် ယနေ့နေ့လည်က ပြုလုပ်ခဲ့ပြီး စာမျက်နှာ ၂ မျက်နှာပါ ကြေညာချက် ထုတ်ပြန်ရာတွင် အလေးထား တင်ပြထားခြင်း ဖြစ်သည်။
--------------------------------
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မစ္စတာ ယက်တော့၏ ထွက်ဆိုချက်များ

ပထမအကြိမ် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ကို သူ ၀င်ရောက်ပြီး ပြန်ထွက်လာစဉ် မြန်မာ လုံခြုံရေး ၀န်ထမ်း တဦးနဲ့ တွေ့ပြီး သူကို အနှောက်အယှက် တစုံတရာ မပေးသည့်အတွက် ကောင်းမွန်စွာ ပြန်ထွက်လာနိုင်ကြောင်း၊

ဒုတိယအကြိမ်တွင်လည်း လက်နက်ကိုင် လုံခြုံရေး ၀န်ထမ်း ( ၅ ) ဦးနှင့် တွေ့ဆုံခဲ့ပြီး ထိုပုဂ္ဂိုလ်များက သူ့အား မည့်သည့် အန္တရယ်မှ မပြုပဲ ခဲ ( ကျောက်ခဲ ) များနှင့် ၀ိုင်းပေါက်ခဲ့ကြောင်း၊

သူအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ထံ လာရောက်ခြင်းဟာ အကြမ်းဖက်အုပ်စုတခုက အသက်အန္တရယ် ပြုမည်ဟု အာရုံထဲမှာ ပေါ်ပြီး ဘုရားသခင်က စေလွတ် ကြောင်း ထွက်ဆိုသည်။ ထို့အပြင် တရားလို ရှေ့နေများက ပြန်အထွက်တွင် လုံခြုံရေး ၀န်ထမ်းများနှင့် တွေ့ခဲ့သည့်အကြောင်းကို ရုံးမထုတ်ခင် စစ်ကြောရေးစခန်းတွင် ဘာကြောင့် ထုတ်ဖော် မပြောသလဲဟု မေးသည့်အခါ မစ္စတာ ယက်တောက သူအနေဖြင့် အကြိမ်ကြိမ် ပြောခဲ့ကြောင်း၊ တာဝန်ရှိသူများက မှတ်သားထားမှု မရှိလို့ ထင်ကြောင်း၊

ဒေါ်အောင်ဆန်းစုကြည်က သူ့အား တရားဥပဒေကို လိုက်နာရမည်၊ အမြန်ပြန်ပါ ဆိုသော စကားနှစ်ခွန်းပဲ ပြောဆိုကြောင်း၊ သူပေးသည့် ပစ္စည်းများကို သူမက လက်မခံသည့်အတွက် ကျန်ရစ်ခဲ့သော ပစ္စည်းများသာ ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
( အာအက်ဖ်အေသတင်းမှ ကောက်နှုတ်ချက် )
---------------------------------
မော်လမြိုင်မြို့ပေါ်တွင် ဗုံးနှစ်လုံးပေါက်ကွဲ


ယနေ့နေ့လယ် (၁၁) နာရီနှင့် (၁၂) ကြားတွင် မော်လမြိုင်မြို့ နှစ်နေရာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများက ပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားရာနေရာများမှာ မြန်မာ့ဆက်သွယ်ရေးပြည်နယ်ရုံးရှေ့တွင် တနေရာနှင့် မော်လမြိုင် ကမ်းနားလမ်းရှိ မြန်မာ့စီးပွားရေးဘဏ်နံဘေးတွင် တနေရာတို့ဖြစ်ပြီး ရှေ့ဆင့်နောက်ဆင့်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ဗုံးပေါက်ကွဲမှုကြောင့် အသေအပျောက်မရှိဟု သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
---------------------------------
ဒေါ်စုကို လွှတ်ပေးရန် ထိုင်းနှင့် ဂျပန်တွင် ဆန္ဒပြ

ချင်းမိုင် (မဇ္ဈိမ)။ ။ အန်အယ်ဒီ၏ ၁၉ နှစ်မြောက် ရွေးကောက်ပွဲ အောင်ပွဲနေ့တွင် ထိုင်းနှင့် ဂျပန်ရောက် မြန်မာအင်အားစုများက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြပွဲများ ကျင်းပခဲ့သည်။

ထိုင်းနိုင်ငံမြောက်ပိုင်း မဲဆောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် မြန်မာ့အရေးလှုပ်ရှားသူ ဦးရေ ၁၀၀ ခန့်က ယနေ့ နံနက်ပိုင်းတွင် ဆန္ဒပြခဲ့ကြသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ အင်အား ၅၀၀ ခန့်က ယနေ့ညနေပိုင်းတွင် Ropponji အဆောက်အဦမှ နိုင်ငံခြားရေးရုံးသို့ လမ်းလျှောက်ချီတက်ကာ Hibiya ပန်းခြံတွင် ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့ကြသည်။ ဆန္ဒပြသူများက ၁၉၉၀ ရွေးကောက်ပွဲအား အကောင်အထည်ဖော်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ ဂျပန်အစိုးရက မြန်မာနိုင်ငံ ဒီမိုကရေစီအရေးကို တိုက်တွန်းပြီး အကောင်အထည်ဖော်ပေးရန် ကြွေးကြော်သံတိုင်ကာ ဆန္ဒပြကြခြင်း ဖြစ်သည်။

ဂျပန်ရောက် မြန်မာများ၏ ဆန္ဒပြပွဲကို အန်အယ်ဒီ (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ၊ မြန်မာ့ရေးရာ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာအဖွဲ့၊ ဂျပန်ဘုန်းတော်ကြီးများအဖွဲ့၊ မြန်မာလွှတ်တော် အမတ်များ သမဂ္ဂနှင့် အလုပ်သမားသမဂ္ဂများက စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
---------------------------------
မြစ်ကြီးနားထောင်မှာ အနေအထိုင်ဆင်းရဲ

ယခုလအစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် မြစ်ကြီးနားထောင်ဖောက် ထွက်ပြေးမှုတွင် နှစ်ကြီးအကျဉ်းသားတဦး လွတ်မြောက်သွားခဲ့ပြီးနောက် မြစ်ကြီးနားထောင်တွင် အကျဉ်းကျခံနေရသည့် နာမည်ကြီး လူရွှင်တော် သရုပ်ဆောင် ဒါရိုက်တာ ဇာဂနာခေါ် မောင်သူရနှင့် နိုင်ငံရေးအကျဉ်းသားများ အနေအထိုင်ပိုမိုဆင်းရဲလာပြီး ကျန်းမာရေးထိခိုက်လာနေကြောင်း သိရသည်။

ကိုဇာဂနာသည် နဂိုကတည်းကမှ ကျန်းမာရေး မကောင်းသည့်အတွက် ယခုအနေအထားအတိုင်း နေထိုင်ရပါက ကျန်းမာရေးပိုမိုဆိုးလာမည်ကို စိုးရိမ်ကြောင်း ၎င်း၏ မိသားစုဝင်တဦးက ပြောသည်။

အခြား ထောင်ဝင်စာသွားတွေ့ခဲ့သူ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တဦးကလည်း ထောင်ဖောက်ထွက်ပြေးမှု ဖြစ်ပါက တာဝန်ပေါ့လျော့သည့် ၀န်ထမ်းများကိုသာ အပြစ်ပေး အရေးယူရမည်ဖြစ်သော်လည်း မဆိုင်သည့် နိုင်ငံရေးအကျဉ်းသားများ၏ အခွင့်အရေးများကို ပိတ်ပင်နေခြင်းမှာ မတရားကြောင်း ပြောဆိုသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
---------------------------------
ဒေါ်အောင်ဆန်းစုကြည်က တရားရုံးတော်သို့ ရေးသား တင်သွင်းသည့်စာ

ကြေညာချက်အမှတ် - ၁၄၊ ၀၅၊ ဝ၉

၂၀၀၉ ခုနှစ်၊ မေလ ၂၇ ရက်

၁၃၇၁ ခုနှစ်၊ နယုန်လဆန်း ၄ ရက်


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အား စွဲဆိုထားသော အမှုနှင့်စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်က ပြစ်မှုဆိုင်ရာ ကျင့်ထုံးမှု ဥပဒေပုဒ်မ ၂၅၆ အရ တရားရုံးသို့ ရေးသားတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

(က) - ၁ ။ ။ အထက်အမည်ပါ အမှုတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့်၎င်း၊ ထိုသို့ ဖောက်ဖျက်ကျူးလွန်ခြင်းကို အားပေးကူညီခဲ့ကြသော ဒေါ်ခင်ခင်ဝင်း (အဖ ဦးတင်အုံး) ဒေါ်ဝင်းမမ (အဖ ဦးဉာဏ်လင်း) နှင့် John William Yettaw တို့ သုံးဦးတို့အား ယင်း ဥပဒေပုဒ်မ ၂၂၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁ဝ၉ အရ၎င်း၊ အမှုဖွင့်အရေးယူပေးပါရန် သတင်းတပ်ဖွဲ့မှ ဒုရဲမှူးကြီး ဇော်မင်းအောင်က ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ ၁၁ ရက်၊ ၅ လ၊ ၂ဝဝ၉ ခုနှစ်တွင် တိုင်ကြားခဲ့သော အမှု ဖြစ်ပါသည်။

၂ ။ ။ မစ္စတာ ဂျွန်ဝီလျံယက်တောသည် ကျမ၏ နေအိမ်ခြံဝင်းအတွင်းသို့ ရောက်ရှိခဲ့သော ကိစ္စရပ်နှင့် စပ်လျဉ်း၍ ပထမအကြိမ်ဖြစ်သော ၃ဝ ရက်၊ ၁၁ လ၊ ၂၀၀၈ နေ့တွင် ရောက်ရှိခဲ့ခြင်းသည် ကျမနှင့် အတူနေသူ ဒေါ်ခင်ခင်ဝင်းထံမှတဆင့် ကြားသိရပါသည်။ ၄ ရက်၊ ၁၂ လ၊ ၂၀၀၈ ခုနှစ်တွင် ဆေးစစ်ရန် ရောက်ရှိလာသူ ဒေါက်တာ တင်မျိုးဝင်းထံမှတဆင့် ယင်းအဖြစ်အပျက်ကို အာဏာပိုင်များထံ သတင်းပို့ခဲ့ပါသည်။ အာဏာပိုင်များက အဆိုပါ ကိစ္စအတွက် ကျမတို့ထံသို့ စုံစမ်းမေးမြန်းခြင်း မပြုလုပ်ခဲ့ကြပါ။ အရေးယူဆောင်ရွက်သည်ဟူသည် ကြားသိရခြင်း မရှိပါ။ ဤကဲ့သို့ ခြံဝင်းအတွင်း လူဝင်ရောက်သည့် ကိစ္စများတွင် အာဏာပိုင်များထံ ချက်ချင်း သတင်းပို့ရမည်ဟု သတိပေးမှုခြင်း မရှိပါ။ ဒုတိယအကြိမ် မစ္စတာဂျွန်ဝီလျံယက်တော ရောက်ရှိခဲ့ခြင်းကို ၄ ရက်၊ ၅ လ ၂၀၀၉ နံနက်ပိုင်းတွင်မှ တွေ့ရှိရပါသည်။ ကျမက ပြန်ထွက်သွားရန် ပြောကြားခဲ့ပါသည်။ မိုးလင်းနေပြီဖြစ်၍ ထွက်သွားလျှင် ဖမ်းဆီးခံရနိုင်ကြောင်း ညရောက်သောအခါ ပြန်ပါမည်ဟု ပြောပါသည်။ သို့သော် ညရောက်သောအခါ ကျန်းမာရေးအခြေအနေအရ ၁ ညအိပ်ခွင့်ပေးပါရန် မေတ္တာရပ်ခံခဲ့ပါသည်။

၃ ။ ။ ယခုအချိန်တွင် များစွာသော ကျမ၏ နိုင်ငံရေး လုပ်ဘော်ကိုင်ဘက်၊ ရဲဘော်ရဲဘက်များသည် ဥပဒေ၏ ကာကွယ်မှုနှင့် သက်ညှာမှုတို့ကို မခံရစားရဘဲ နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရပါသည်။ ထို့ကြောင့် ကျမအနေဖြင့် မည်သူ့ကိုမျှ အဖမ်းအဆီး အချုပ်အနှောင်ခံရစေရန် တွန်းမပို့နိုင်ဟူသော နိုင်ငံရေးခံယူချက်အရ ခိုလှုံခွင့်တောင်းသည်ကို ခေတ္တ ခိုလှုံခွင့် ပေးခဲ့ခြင်းသာ ဖြစ်ပါသည်။

၎ ။ ။ ကျူးကျော်ဝင်ရောက်သူ မည်သူမည်ဝါဖြစ်သည်၊ ၎င်း၏ ရည်ရွယ်ချက်များ မည်သို့မည်ပုံ ဖြစ်သည်မှာ ကျမအတွက် အရေးမပါပါ။ ကျမ၏ နိုင်ငံရေး ခံယူချက်အရသာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ကျူးကျော်ဝင်ရောက်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ လစဉ်ဆေးစစ်ရန် ၇ ရက်၊ ၅ လ၊ ၂ဝဝ၉ နေ့တွင် ဒေါက်တာတင်မျိုးဝင်း လာသောအခါ ၎င်းမှတဆင့် သက်ဆိုင်ရာသို့ အကြောင်းကြားရန် ရည်ရွယ်ခဲ့ပါသည်။ သို့သော် ၇ ရက်၊ ၅ လ၊ ၂၀၀၉ နေ့တွင် ရဲတပ်ဖွဲ့ဝင်များသာ ရောက်လာပြီး ဒေါက်တာတင်မျိုးဝင်း ဝင်ခွင့် မရခဲ့ပါ။

၅ ။ ။ ကျမသည် နိုဝင်ဘာလ ၃ဝ ရက်နေ့ အဖြစ်အပျက်နှင့် စပ်လျဉ်း၍ လုပ်ဆောင်ခဲ့ရာတွင် ကြီးသည့်အမှုကို ငယ်စေရန်နှင့် ငယ်သည့်အမှု ပပျောက်စေရန်နှင့် ခြံအတွင်းသို့ ဝင်ရောက်ခဲ့သူအား၎င်း၊ ခြံလုံခြုံရေးကို ယူထားရသော တပ်သားများအား၎င်း မလိုအပ်ဘဲ မထိခိုက်စေလိုသော ဆန္ဒဖြင့် ပြုလုပ်ခဲ့ပါသည်။ ဤလုပ်ဆောင်ချက်နှင့် ပတ်သက်၍ သက်ဆိုင်ရာသို့ ကန့်ကွက်ခြင်း၊ ဝေဖန်ခြင်း တစုံတရာ မပြုလုပ်ခဲ့သောကြောင့် ၎င်းတို့သည် ကျမ၏ လုပ်ရပ်ကို လက်ခံသဘောတူသည်ဟု ထင်မြင်ရပါသည်။ တရားလိုပြသက်သေတဦးအား ပြန်ခေါ်စစ်မေးရာတွင် ကျမ၏ နေအိမ်ခြံဝင်း လုံခြုံရေးအတွက် အာဏာပိုင်နှင့် ကျမတို့ ပူးတွဲတာဝန်ရှိပါသည်ဟု ထွက်ဆိုခဲ့ပါသည်။ ယင်းထွက်ဆိုချက်မှာ လုံးဝ မမှန်ကန်ပါ။

၆ ။ ။ ကျမအပေါ် စွဲဆိုထားသည့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ အရ တားဆီးမိန့်၊ ကန့်သတ်မိန့်များကို ချိုးဖောက်သည်ဟု စွပ်စွဲထားပါသည်။

က - ယခု ရုံးရှေ့ တရားလိုပြသက်သေများ၏ ထွက်ဆိုချက်များ၊ သက်သေခံ ဆက်လက် တားဆီးမိန့်များအရ စည်းကမ်းချက်များကို ကျမက ဖောက်ဖျက်ခြင်း မရှိကြောင်း ထင်ရှားပေါ်ပေါက်နေပါသည်။

ခ - ကန့်သတ်မိန့်မှာ ၁၉၇၄ ခုနှစ်၊ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ မူလအခွင့်အရေးကို ကန့်သတ်မှု သို့မဟုတ် ရုပ်သိမ်းမှုဖြစ်ကြောင်း တရားလိုဘက်က ထွက်ဆိုခဲ့ကြပါသည်။ ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၁၉၈၈ ခုနှစ်၊ စစ်တပ် အာဏာသိမ်းသည့် နေ့မှစ၍ အာဏာတည်ခြင်းမရှိ၊ ပြိုကျပျက်စီးသွားပြီ ဖြစ်ပါသည်။ အာဏာတည်ခြင်း မရှိသည့် ဥပဒေ၏ ပုဒ်မများအရ ကန့်သတ်အမိန့်မှာလည်း တရားဝင်မှု မရှိပါ။

၇ ။ ။ ယခု အမှုဖြစ်ပွားရသည့် အရင်းခံ အကြောင်းအရင်းမှာ လုံခြုံမှု၊ လုံခြုံရေး လစ်ဟင်းမှု သို့မဟုတ် လုံခြုံရေး ဖောက်ဖျက်မှု ဖြစ်သော်လည်း ယခုအချိန်ထိ လုံခြုံရေးဆိုင်ရာ တာဝန်ရှိမှုနှင့် စပ်လျဉ်းပြီး အရေးယူမှုခြင်း မရှိဘဲ၊ ကျမကိုသာ အရေးယူ တရားစွဲခြင်းမှာလည်း ဘက်လိုက်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

၈ ။ ။ ကျမသည် တရားလိုဘက် စွပ်စွဲသည့် ပြစ်မှုကို ကျူးလွန်ခြင်း မရှိကြောင်း ကျမ၏ တင်ပြချက်ကို တင်သွင်းပါသည်။


ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်။
- - -
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အလောင်းသယ်ရေး နှောင့်နှေး

ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူဦးစီးသည့် နာရေးကူညီမှုအသင်းတည်နေရာ ပြောင်းရွှေ့လိုက်ပြီးသည့်နောက် အသင်းဝင်များနှင့်ပြည်သူများသာမက ရဲတပ်ဖွဲ့ဝင်များပါ အလောင်းသယ်ယူရေးကိစ္စအတွက် အခက်အခဲတွေ့နေ ကြကြောင်း သိရသည်။

နအဖအာဏာပိုင်များက နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ အသင်းတည်ရှိရာ နေရာနှင့် အသင်းပိုင်ကားများကို ရေဝေးနှင့် ထိန်ပင်သုသာန်ဘက်သို့ ပြောင်းရွှေ့ခိုင်းခဲ့ခြင်းကြောင့် အခက်ကြုံရကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှ ရဲအရာရှိတဦးက ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရန်ကုန်တိုင်းသည် ၎င်းတို့လုပ်ငန်းနှင့် ဆက်စပ်နေသည့် အလောင်းများကို သယ်ယူရန် နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ပြီးခဲ့သည့် ဇန်န၀ါရီလမှစ၍ အကူအညီ တောင်းခဲ့ကြောင်း၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့က စတင်ပြီး ရဲအရေးပိုင်သည့် အလောင်း (၂၃) လောင်းကို သယ်ယူပေးခဲ့ပြီး ဖြစ်ကြောင်း၊ သို့သော် အသင်းပိုင်ကားများကို ရေဝေးသို့ အဓမ္မ ရွှေ့ပြောင်းခိုင်းလိုက်သည့်အတွက် ရဲတပ်ဖွဲ့အတွက်လည်း အချိန်ကြန့်ကြာမှု အခက်အခဲများ ပေါ်ပေါက်ခဲ့ကြောင်း ဆိုသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဗိုလ်ချုပ်မှူးကြီးကို ထိပ်တိုက်တွေ့လိုသူ ထောင်ပြောင်းခံရ

ချင်းမိုင် (မဇ္ဈိမ)။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ထိပ်တိုက်တွေ့လိုကြောင်း ခန္တီးထောင်တွင် ဆန္ဒပြခဲ့သူ ရွှေဝါရောင်ခေါင်းဆောင် အရှင်ဂမ္ဘီရအား ကလေးမြို့ထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ထိပ်တိုက်တွေ့လိုကြောင်း ခန္တီးထောင်ထဲတွင် မကြာသေးခင်က အော်ဟစ်ဆန္ဒပြခဲ့သူ ရွှေဝါရောင် ခေါင်းဆောင်အား စစ်ကိုင်းတိုင်း ခန္တီးထောင်မှ ကလေးမြို့ထောင်သို့ ပြောင်းရွှေ့ခြင်း ဖြစ်သည်။
သူ့ကို အာဏာပိုင်များက လိုက်လံဖမ်းဆီးသဖြင့် တိမ်းရှောင်ပုန်းအောင်းနေစဉ် ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် မန္တလေးတိုင်း စဥ့်ကိုင်မြို့၌ အဖမ်းခံခဲ့ရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အတိုးအလျှော့ လုပ်နေသည့် အောင်ဘာလေထီ ရောင်းအားမကောင်း၍ အက္ခရာ ထပ်လျှော့ရ

လာမည့် ဇွန်လ (၁) ရက်နေ့တွင် ရောင်းချသွားမည့် (၂၄၆) ကြိမ်မြောက် အောင်ဘာလေထီလက်မှတ်များကို အက္ခရာ (၂၃) လုံး လျှော့ချ၍ ရောင်းသွားမည်ဟု ရန်ကုန်မြို့ ထီဈေးကွက်က သိရသည်။

ထီလုပ်ငန်းရှင်ကြီးများက ထီလုပ်ငန်းမကောင်း၍ အက္ခရာကို လျှော့ချပေးရန် ပြည်တွင်း အခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲသို့ တင်ပြကြသည့်အတွက် အက္ခရာတလုံး လျှော့ချပေးခြင်းဖြစ်သည်ဟု ထီလုပ်ငန်းရှင်တဦးက ပြောသည်။

ဧပြီလက ရောင်းချခဲ့သော ထီစောင်ရေထက် အက္ခရာ နှစ်လုံးတိုး၍ အက္ခရာ (၂၄) လုံးထိ မေလတွင် ရောင်းချလျက် ရှိသော်လည်း ရောင်းအားကျဆင်းနေကြောင်း ထီလက်ပွေ့ရောင်းသူများထံမှ သိရသည်။

အောင်ဘာလေထီလုပ်ငန်းရှင်ကြီးများက ထီအက္ခရာ လျှော့စေလိုသော်လည်း အစိုးရအနေဖြင့် အခွန်ငွေ လျော့ကျသွားမည်ကို တွက်၍ ထီရောင်းအား မကောင်းခြင်းကို သိလျက်နှင့် မျက်ကွယ်ပြုထားသည်ဟု ထီလုပ်ငန်းရှင်များက ဝေဖန်ကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
သေသူ၏ ဖောက်ခွဲရေးပစ္စည်းများ မြေကြီးတူးရာက တွေ့ရှိ

ချင်းမိုင် (မဇ္ဈိမ)။ ။ သေဆုံးသွားသူ၏ ဖောက်ခွဲရေးသုံး ပစ္စည်းများကို ရွှေပြည်သာမြို့နယ်အတွင်း ယမန်နေ့က တွေ့ရှိခဲ့ကြောင်း မြန်မာ့အလင်း သတင်းစာက ရေးသားထားသည်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ၁၈ ရပ်ကွက် ရေပြာလမ်းသွယ် အမှတ် ၂၈၉ (က) တွင် အိမ်ငှားနေသူ ဦးဝင်းလှိုင်သည် နေအိမ် မျက်နှာစာ၌ မြေကြီးတူးဆွစဉ် ပလတ်စတစ်ဘူးဖြင့် ထဲ့ထားသော ဒီတိုနေတာ ၆၅ ခု၊ ပုလင်းဘူးခွံဖြင့် ထဲ့ထားသည့် အလေးချိန် ၂ ကျပ်သားရှိ ကန့်အခဲများ တွေ့ရှိခဲ့ကြောင်း ယနေ့ထုတ် စစ်အစိုးရအာဘော် သတင်းစာက ရေးသားထားသည်။

ထိုနေအိမ်တွင် ကိုသက်ဦးဝင်း (ခ) ကတုံးသည် အောက်တိုဘာလ ၁၉ ရက်၊ ၂၀၀၈ ခုနှစ်တွင် ဗုံးတပ်စဉ်နေစဉ် ပေါက်ကွဲမှုဖြစ်ကာ သေဆုံးခဲ့ကြောင်းလည်း ပါရှိသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မေလ ၂၈ ရက်
ရက်သတ္တပတ် ၂၂ ၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် အမှု တရားခွင် ( ၉ ရက်မြောက် )

ဒေါ်အောင်ဆန်းစုကြည်အမှု တရားခွင် ထွက်ဆိုချက်များ နအဖသတင်းစာတွင် အပြည့်အစုံမဖေါ်ပြ

ယမန်နေ့တရားခွင်တွင် ဒေါ်ခင်ခင်ဝင်း၊ မ၀င်းမမနှင့် မစ္စတာယက်တော တို့ကို စစ်မေးခဲ့ရာ အဓိကအားဖြင့် မစ္စတာယက်တောကို စစ်မေးမှု ပြုခဲ့ကြောင်း အန်အယ်လ်ဒီပါတီပြောခွင့်ရ ဦးအုံးကြိုင်က ပြောသည်။

နံနက်ပိုင်းတရားခွင်တွင် ဒေါ်ခင်ခင်ဝင်းနှင့် မ၀င်းမမတို့အား တနာရီခန့်စီ စစ်မေးခဲ့ပြီးနောက် ညနေပိုင်း တရားခွင်တွင် မစ္စတာယက်တောတဦး တည်းကိုသာ အဓိကထားစစ်မေးခဲ့သည်။

မေလ (၃) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ သွားရန် အင်းလျားကမ်းစပ်တလျှောက် လမ်းလျှောက်လာစဉ်တွင်လည်း လုံခြုံရေးဝန်ထမ်း (၅) ဦးကို တွေ့ခဲ့ရကြောင်း၊ ထိုသူတို့က တားဆီးခြင်းမရှိဘဲ ခဲသေးသေးလေးများဖြင့် ၎င်းကို ပေါက်ကာ စနောက်ခဲ့ကြကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အတွက် ၎င်းယူလာသော ပစ္စည်းများကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံခဲ့ကြောင်း၊ ထို့ကြောင့် အိမ်မှ သိမ်းဆည်းရမိသောပစ္စည်းများမှာ ၎င်းမေ့ကျန်ခဲ့သော ပစ္စည်းများသာ ဖြစ်ကြောင်း၊ ၎င်းဓာတ်ပုံတချို့ ရိုက်ကူးခဲ့သည်ကို ဒေါ်အောင်ဆန်းစုကြည်တို့ မသိရှိခဲ့ကြောင်း၊ နေအိမ်အတွင်း ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ကြိမ်သာ တွေ့ခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေကို လေးစားလိုက်နာရန်နှင့် အမြန်ဆုံးပြန်ရန် စကားနှစ်ခွန်းကိုသာ နှစ်ကြိမ်စလုံး ပြောဆိုသွား ခဲ့ကြောင်း မစ္စတာယက်တောက ထွက်ဆိုခဲ့သည်။

နအဖစစ်အစိုးရ၏ ယနေ့ထုတ်သတင်းစာများတွင် တရားခွင်ထွက်ဆိုချက်အချို့ကို ဖော်ပြခဲ့သော်လည်း မစ္စတာယက်တော၏ အထက်ပါ ထွက်ဆိုချက်များကို ချန်လှပ်ထားခဲ့သည်။

“ဒီနေ့ ဦးကြည်ဝင်း (လပွတ္တာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ကိုစစ်မေးပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ကို သောကြာနေ့မှာ စီရင်ချက်ချလိမ့်မယ်လို့လည်း အများက ယူဆထားကြပါတယ်” ဟု ပါတီပြောခွင့်ရ ဦးအုံးကြိုင်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဦးကြည်ဝင်း ထွက်ဆိုမည်


ဒေါ်အောင်ဆန်းစုကြည်ဘက်မှ အမည်စာရင်း တင်သွင်းထားသော သက်သေများ အနက်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်နှင့် ဒေါ်ခင်မိုးမိုးတို့ကို တရားသူကြီးက ပယ်ချခဲ့ပြီးနောက် ယနေ့တွင် ဦးကြည်ဝင်း တဦးသည်သာ သက်သေအဖြစ် ထွက်ဆိုရမှာ ဖြစ်သည်။
- - - - - - - - - - - - - - - - - -
ဦးအေးသာအောင်
(စီအာပီပီမှ အတွင်းရေးမှူး)
တွေ့ဆုံမေးမြန်းချက်

“မြန်မာနိုင်ငံမှာ ၈၈ လူထု အုံကြွမှုကနေ ဒီမိုကရေစီ နိုင်ငံဖြစ်ဖို့ တောင်းဆိုခဲ့ကြတယ်။ တိုက်ပွဲဝင်ခဲ့ကြတယ်။ ဒါပေမဲ့ ယနေ့ ချိန်ထိ နဝတ၊ နအဖ အာဏာပိုင်တွေက ပထမတော့ လိုက်လျောမယ့် ပုံစံနဲ့ ပါတီတွေ တည်ထောင်ခွင့်ပေးခဲ့တယ်။ ရွေးကောက်ပွဲ ဝင်ခွင့်ပြုခဲ့တယ်။ အများကတော့ ပြည်သူတွေရဲ့ ဆန္ဒကို တကယ်အကောင်းအထည်ဖော် လိုက်လျှော်လိမ့်မယ်လို့ ယူဆကြတယ်။ ဒါပေမဲ့ တဖြည်းဖြည်း ၁၉၉ဝ ရွေးကောက်ပွဲလည်း ပြီးခဲ့အခါကြတော့ သူတို့အနိုင်မရတဲ့အခါမှာ နိုင်ငံရေးပါတီကို အကြပ်ကိုင်လာတယ်။ ဖိနှိပ်လာတယ်။ နည်းအမျိုးမျိုးနဲ့ ပျက်သွားအောင် အားနည်းသွားအောင် လုပ်လာတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် တကယ်တော့ အများပြည်သူ ထင်ခဲ့တဲ့ ပြည်သူတွေရဲ့ ဆန္ဒကို အကောင်အထည် ဖော်မယ်လို့ ယုံခဲ့တဲ့ ထင်ခဲ့တဲ့ဟာ ဒီနေ့ အချိန်အခါ ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ ယှဉ်ကြည့်လိုက်မယ်ဆိုရင် အဲဒီတုန်းကလည်းပဲ အယောင်ဆောင်ပြီးတော့ လူထုရဲ့ ဆန္ဒကို လိုက်လျော်မပေးတဲ့အပြင် သူတို့ အာဏာတည်မြဲအောင် လုပ်နေတယ်ဆိုတာ ထင်ရှားနေတယ်။”

“အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို မနေ့က လွတ်ပေးရမဲ့ အခြေအနေမှာ သူတို့ ကြိုတင်ကြံစည်ထားတဲ့ ရည်ရွယ်ချက်တဲ့ ထောင်တွင်း အကျဉ်းချဖို့လုပ်နေတာဟာ လက်ရှိ အာဏာတည်မြဲဖို့ လုပ်နေတာပဲ။”
--------------------------------
ယက်တောကြောင့် အခက်ပွေ


ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော အမှုနှင့်ပတ်သက်၍ စီရင်ချက်ကို သောကြာနေ့ မေလ ၂၉ ရက်၊ ၂ဝဝ၉ ခုနှစ်တွင် ချမှတ်ရန် စစ်အစိုးရက စီစဉ်ထားခဲ့သော်လည်း အမေရိကန်နိုင်ငံသား ဂျွန် ဝီလီယံ ယက်တော၏ ယမန်နေ့ထွက်ဆိုချက်တွင် သူနှင့် လုံခြုံရေးတာဝန်ယူထားသူများ တွေ့ဆုံခဲ့သည်ဟု ရုံးတော်ကို ပြောကြားခဲ့သဖြင့် တရားခွင်မှ တရားသြူ့ကီများ ခေါင်းရှုတ်သွားရကြောင်း ရဲသတင်းရပ်ကွက်အရ သိရသည်။

လုံခြုံရေးများနှင့် တွေ့ဆုံခဲ့သော်လည်း အနှောက်အယှက်ပြုခြင်းမခံရဆိုသော မစ္စတာယက်တော၏ ထွက်ဆိုချက်များကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်ပြစ်ဒဏ်ဖြင့် စီရင်ချက်ကို မနက်ဖြန်တွင် ချမှတ်ရန် စီစဉ်ထားသော်လည်း နောက်တပတ်သို့ ဆက်လက် ရွှေ့ဆိုင်းလိုက်ရဟန်ရှိကြောင်း အဆင့်မြင့်ရဲအရာရှိတဦးက မဇ္ဈိမသို့ ပြောပြသည်။

မစ္စတာ ယက်တောက ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံဝင်းကို ပထမအကြိမ် ဝင်ရောက်ပြီး ပြန်ထွက်စဉ်တွင် သေနတ်ကိုင်ထားသော မြန်မာလုံခြုံရေးဝန်ထမ်းတဦးနှင့် တွေ့ဆုံခဲ့သော်လည်း မေးမြန်းခံရသည်ကလွဲ၍ အနှောက်အယှက်မပေးသဖြင့် ပြန်သွားနိုင်ခဲ့ကြောင်း ပါရှိသည်။ ထို့အပြင် ဒုတိယတခေါက်တွင် လက်နက်ကိုင်လုံခြုံရေး ငါးဦးနှင့်တွေ့ရာ သူ့ကို ဘာမှအန္တရာယ်မပြုဘဲ ခဲများနှင့်သာ ဝိုင်းပေါက်ခဲ့သည်ဟု ထွက်ဆိုထားခဲ့သည်။

အကြမ်းဖက်အုပ်စုတစုက ဒေါ်အောင်ဆန်းစုကြည်ကို အသက်အန္တရာယ်လုပ်ကြံမည်ဟု မိမိအာရုံမှာပေါ်လာ၍ ဘုရားသခင်က စေလွှတ်လိုက်၍ လာရခြင်းဖြစ်ကြောင်းလည်း ထဲ့သွင်းပြောဆိုသွားသည်။
-------------------------------------
ဇွန်လ ၁ ရက်နေ့ အပြီးသတ် လျှောက်လဲရမည်


စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော အမှုတွင် နှစ်ဖက်လျောက်လဲချက် အပြီးသတ် လုပ်ရမည့်နေ့ကို ဇွန်လ ၁ ရက်နေ့ဟု သတ်မှတ်လိုက်သည်ဟု အတိုက်အခံပါတီ သတင်းရပ်ကွက်အရ သိရသည်။
-------------------------------------
ရဲက ယက်တောကို သရုပ်ပြခိုင်း


အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန်ယက်တော အနေဖြင့် အင်လျားကန်ထဲသို့ မည်သည့်နေရာမှ ဆင်းသက်၍ ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ မည်သည့်လမ်းကြောင်းမှ ရေကူးသွားခဲ့သည်ဆိုသော သရုပ်ပြခိုင်းခြင်းကို ယနေ့မွန်းလွဲတွင် ရဲက ပြသစေခဲ့သည်။

တက္ကသိုလ် ရိပ်သာလမ်းကို မွန်းလွဲ ၂ နာရီ ၃ဝ မိနစ်ခန့်က စတင်ပိတ်ဆို့ခဲ့ပြီး ညနေ ၄ နာရီတွင် ပြန်ဖွင့်ပေးသော သရုပ်ပြမှုတွင် မစ္စတာယက်တောက သံလွင်လမ်းအဝင်ထိပ် ရေနှုတ်မြောင်းနေရာမှ ဆင်းသက်ခဲ့သည်ဟု ပြသခဲ့ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။
---------------------------------
ဆန္ဒပြသူမှာ အငြိမ်းစား တပ်မတော် အရာရှိဖြစ်


အင်းစိန်ထောင်ရှေ့ တွင် ယနေ့ မွန်းလွဲ ၁း၂၀ မိနစ်က ဆန္ဒပြ၍ အဖမ်းခံရသူသည် အသက် ၅၆ နှစ်အရွယ် လေတပ်အငြိမ်းစား ဗိုလ်ကြီး ဇော်ညွှန့် ဖြစ်သည်။
-------------------------------------
ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ ဆန္ဒပြ


ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့တွင် Free Aung San Suu Kyi ဟု ရေးသားထားသော အင်္ကျီအဖြူရောင်၊ ဘောင်းဘီတို ဝတ်ဆင်ထားသော လူတဦး ယခုလတ်တလော ဆန္ဒပြလျှက် ရှိသည်။ ဆက်လက် တင်ပြသွားပါမည်။

တရက်ထဲတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြမှု နှစ်ခု ဖြစ်ပွားခြင်း ဖြစ်သည်။ နံနက်က အင်းစိန်ထောင်ရှေ့တွင် လေတပ်မှ အငြိမ်းစား ဗိုလ်ကြီးဇော်ညွှန့်က ဆန္ဒပြခဲ့သည်။

ဆန္ဒပြနောက်ဆက်တွဲ


ယခင်က လုံထိန်းရဲများ ထူထပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် ယခုအခါ ရဲတပ်သား တဦးကိုသာ တွေ့မြင်ရပြီး တကိုယ်တော် အသံတိတ်လမ်းလျောက် ဆန္ဒပြမှုမှာ အချိန်တိုလေးတွင်ပင် ပြီးစီးသွားခဲ့သည်။
-------------------------------------
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဒေါ်အောင်ဆန်းစုကြည်ကို ဆက်အရေးယူမည်ဟု နအဖ တုံ့ပြန်


မေ (၂၂) ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့သော ကြေညာချက်နှင့်ပတ်သက်၍ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းသတင်းထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၉ ခုနှစ် မေလတွင် သူမ၏ နေအိမ်သို့ တရားမ၀င် လျှို့ဝှက်ဝင်ရောက်လာသော အမေရိကန်နိုင်ငံသားအား နှစ်ရက်တိုင်တိုင် နေထိုင်ခွင့်ပြုခြင်း၊ လက်ခံစကားပြောခြင်း၊ အစားအသောက် ကျွေးမွေးခြင်းတို့ ပြုလုပ်ခဲ့သည့်အတွက် ဥပဒေနှင့်အညီ အမှုဖွင့် တရားစွဲဆိုခဲ့သည်ဟု ဖော်ပြသည်။

ဤသို့တရားစွဲဆိုခြင်းသည် နိုင်ငံရေးအကျိုးသက်ရောက်မှု တစုံတရာ ဖြစ်ပေါ်လာနိုင်ဖွယ်ရာ မရှိသဖြင့် ၎င်းတို့၏ အရေးယူဆောင်ရွက်ချက်ကို ဆက်လက် ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မေ (၂၂) ရက် ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်ရာ နိုင်ငံရေးအဖွဲ့အစည်းများနှင့် တိုင်းရင်းသားများ တွေ့ဆုံ ဆွေးနွေးရေးအတွက် လိုအပ်သော အခြေအနေကောင်းများ ဖန်တီးကာ ကုလသမဂ္ဂ အထောက်အပံ့ဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်ရန် မြန်မာစစ်အစိုးရကို တောင်းဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရန်လည်း ဖော်ပြပါရှိသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
Chevron သည် စစ်အစိုးရကို အထောက်အကူပြုနေဟု အလုပ်သမားသမဂ္ဂ ပြောဆို

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ တောင်ပိုင်းရှိ ရတနာ ဓာတ်ငွေ့နှင့် ပိုက်လိုင်း လုပ်ငန်းများတွင် စွမ်းအင်ကုမ္ပဏီကြီး ရှဗရွမ် ကော်ပိုရေးရှင်း Chevron ၏ ရင်းနှီးလုပ်ကိုင်နေမှုသည် ရက်စက်ဖိနှိပ်သည့် နအဖ စစ်အစိုးရအား ဘဏ္ဍာရေးအရ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း နိုင်ငံတကာ အလုပ်သမား သမဂ္ဂကြီးတခုက ပြောသည်။

အမေရိကန်နှင့် ကနေဒါအခြေစိုက် နိုင်ငံတကာ အလုပ်သမားသမဂ္ဂ တခုဖြစ်သော International Brotherhood of Teamsters – IBT ၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

ရှဗရွမ်ကော်ပိုရေးရှင်း Chevron Corporation သည် ကမ္ဘာ့ စတုတ္တမြောက် စွမ်းအင်ကုမ္ပဏီကြီးဖြစ်ပြီး အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်မှ San Ramon မြို့၌ ဗဟိုဌာနချုပ်ဖွင့်ထားသည်။ နိုင်ငံပေါင်း ၁၈ဝ ကျော်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်၊ သန့်စင်ရေးနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
လမ်းပိတ်ဆို့မှုကြောင့် ဈေးသည်များ စီးပွားရေး ထိခိုက်

ဒေါ်အောင်ဆန်းစုကြည်အမှု စတင်စစ်ဆေးသည့် နေ့မှစ၍ စစ်အစိုးရအာဏာပိုင်များက ဈေးထိပ် ပေါက်တောဝမှစပြီး ဘုရင့်နောင်လမ်းမီးပွိုင့်ထိ လမ်းများပိတ်ဆို့ထားသဖြင့် မဖြစ်မနေ ဈေးဝယ်လိုသူအချို့မှလွဲ၍ ဈေးဝယ်သူမရှိ သလောက် နည်းပါးနေကြောင်း အင်းစိန်ဈေးမှ ဈေးဆိုင်ပိုင်ရှင်တဦးကပြောသည်။

ယခုအခါ ဈေးဖွင့်၍ရသော်လည်း ဈေးဝယ်လိုသူများအတွက် အခက်အခဲရှိကြောင်း၊ လုံခြုံရေးရဲ အမြောက်အမြား ချထားသည့်အတွက် ဈေးဝယ်လိုသူများက ကြောက်ရွံ့ကာ မလာဝံ့ကြကြောင်း၊ မော်တော်ယာဉ်များကို ဖြတ်မောင်းခွင့် မပေးသည့်အတွက်လည်း ဈေးရောင်းအားကို ပိုမိုထိခိုက်ကြောင်း အင်းစိန်ဈေးသာယာရေးကော်မတီ အဖွဲ့ဝင်တဦးက ပြောသည်။

ပိတ်ထားသော အင်းစိန်ပေါက်တောဝနှင့် အင်းစိန်ပန်းခြံလမ်းတွင် အများဆုံး အသုံးပြုနေသော လိုင်းကားများမှာ အမှတ် (၄၈)၊ (၄၈) အထူး၊ အမှတ် (၉၆)၊ အမှတ် (၁၂၅)၊ အမှတ် (၁၀၂)၊ အမှတ် (၁၃၄)၊ အမှတ် (၁၅၆) စသည့်တို့ ဖြစ်ပြီး ဈေးဝယ်ရန်လာသူများ၊ ဈေးဆိုင်ဖွင့်ရောင်းချနေသူတို့က ယင်းလမ်းကို အသုံးပြုကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဒေါ်စုအတွက် ၆၄ အမည်ရ ဒေါ်စုလွတ်မြောက်ရေး အင်တာနက် လှုပ်ရှားမှု ထွက်ပေါ်လာ

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် နအဖ စစ်အစိုးရကို ဖိအားပေးရန် ရည်ရွယ်သည့် နိုင်ငံတကာ အင်တာနက်အခြေခံ လှုပ်ရှားမှုတခုကို ယမန်နေ့က စတင်လိုက်ပြီဖြစ်သည်။

64 words for Aung San Suu Kyi ဟုခေါ်သော အဆိုပါ လှုပ်ရှားမှုကို နာမည်ကြီး အနုပညာရှင်များ၊ နိုဘယ်ဆုရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့များနှင့် အလုပ်သမားသမဂ္ဂများ ပူးပေါင်း၍ http://www.64ForSuu.org အင်တာနက်စာမျက်နှာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အင်တာနက် စာမျက်နှာတွင် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့် ဗီဒီယိုတင်ခြင်း၊ စာရေးသားခြင်း၊ ဓာတ်ပုံတင်ခြင်းများကို မည်သူမဆို ပြုလုပ်နိုင်ပြီး၊ အင်္ဂလိပ်ဘာသာဖြင့် စကားလုံး ၆၄ လုံးအထိ ပါဝင်သည့် စကားရပ်ဖြင့် ဂုဏ်ပြုနိုင်မည်။

64forsuu.org ဝဘ်ဆိုဒ်ကို စတင်ဖြန့်ဝေလိုက်ချိန်သည် ဒေါ်စု၏ နေအိမ်အကျယ်ချုပ် သက်တမ်း ၆ နှစ်ပြည့် ကာလနှင့် တိုက်ဆိုင်နေကာ၊ လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၆၄ နှစ်မြောက် မွေးနေ့ပွဲအမီ ထောင်ဂဏန်းနှင့်ချီသော ထောက်ခံရေးသား ပေးပို့မှုများ ရရှိမည်ဟုလည်း မျှော်လင့်ထားကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဒေါ်အောင်ဆန်းစုကြည်အမှု အပြီးသတ်လျှောက်လဲရန် ရက်သတ်မှတ်၊ အင်းစိန်ဈေးရှေ့ တကိုယ်တော် ဆန္ဒပြသူတဦး ဖမ်းဆီးခံရ


“ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်ခင်ခင်ဝင်းတို့ သားအမိပါတဲ့ အမှုတွဲကို တနင်္လာနေ့မှာ အပြီးသတ်လျှောက်လဲချက် ပေးဖို့ ချိန်းဆိုပါတယ်။ ဒီနေ့ ညနေပိုင်းတရားခွင်မှာတော့ မစ္စတာယက်တောအမှုကို ဆက်စစ်မယ်လို့တော့ ကြားတယ်။ ဒီဘက်က ရှေ့နေတွေကတော့ သူတို့နဲ့မဆိုင်လို့ ပြန်လာကြတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။

အင်းစိန်ထောင် အထူးတရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်၏အမှုကို (၉) ရက်မြောက် ဆက်လက် ကြားနာ စစ်ဆေးသည့်ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူတဦးက တကိုယ်တော်ဆန္ဒပြခဲ့သဖြင့် ဖမ်းဆီးခံလိုက်ရသည်။ လုံခြုံရေး (၁၅) ဦးခန့်က ၀ိုင်းထိုးကြိတ် ဖမ်းဆီးခေါ်ဆောင်သွားစဉ်တွင် အဆိုပါ ဆန္ဒပြသူက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပါစေဟု သုံးကြိမ်အော်သွားခဲ့သည်ဟုလည်း မျက်မြင်ဖြစ်သူက ပြောသည်။

၎င်းက “အဖြစ်အပျက်က မြန်ဆန်လွန်းလို့ ဆိုင်းဘုတ်ပါ SAVING......ဆိုတဲ့စာတန်းကိုပဲ မြင်လိုက်ရပြီး လုံခြုံရေးတွေက အဲဒီဆန္ဒပြတဲ့သူကို အင်းစိန်ဈေး အေရုံအပေါ်ထပ်ကို ပွေ့ချီခေါ်ဆောင်သွားတယ်” ဟု ပြောသည်။ ယနေ့ဆန္ဒပြသူသည် ဦးဇော်ညွန့်ဆိုသူဖြစ်ပြီး ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြခဲ့သူ ကိုထင်ကျော်တို့အဖွဲ့နှင့် ပတ်သက်သူတဦးဖြစ်ကြောင်း ပြည်တွင်းမှ နိုင်ငံရေးသမားတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဖျော်ဖြေရေးဂျာနယ် PHOENIX ထုတ်ဝေခွင့်နားခံရ

ချင်းမိုင် (မဇ္ဈိမ)။ ။ ဖျော်ဖြေရေး ဂျာနယ် အဖြစ် ထုတ်ဝေခွင့် ရထားသော PHOENIX ဂျာနယ်မှာ ဆင်ဆာဖြတ်ခံထားရသော သတင်းအချို့ကို ရေးသား ဖော်ပြခြင်းကြောင့်ဟု ဆိုကာ စာပေစိစစ်ရေးက ယခုတပတ် ထုတ်ဝေခွင့်ကို ပိတ်လိုက်သည်။

အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်ဝေသော ယင်းဂျာနယ်၏ ယခုတပတ် ထုတ်ဝေရောင်းချခွင့်ကို ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ခံ စာပေစိစစ်ရေးက ပိတ်လိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ဖျော်ဖြေရေး သတင်း များကိုသာ ရေးသားဖော်ပြရန်လည်း စာပေစိစစ်ရေးက ထပ်မံ သတိပေးလိုက်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ယက်တောနှင့် ကိုဘိုကြည် ဘာတွေ ဆွေးနွေးခဲ့လဲ (အင်တာဗျူး)

ချင်းမိုင် (မဇ္ဈိမ)။ ။ နေအိမ်အကျယ်ချုပ်ကျခံရသည့် ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ အင်းလျားကန်ကို ရေကူးဖြတ်ကျော်၍ ဝင်ရောက်သွားခဲ့သော အမေရိကန်နိုင်ငံသား ဂျွန် ဝီလီယံ ယက်တောသည် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ရုံးမှ ကိုဘိုကြည်နှင့် တွေ့ဆုံခဲ့ဖူးသည်ဟု ယမန်နေ့က အင်းစိန်ထောင်တွင်း ပြုလုပ်သော အထူးတရားရုံး၌ ကြားနာမှုတွင် ထုတ်ဖော်ပြောဆိုသွားခဲ့သည်။

မစ္စတာ ယက်တော အနေဖြင့် ကိုဘိုကြည်နှင့် မည်သည့် အကြောင်းရာများ ဆွေးနွေးခဲ့သည်ကို သိနိုင်ရန် မဇ္ဈိမသတင်းထောက် ကိုဝိုင်းက ဆက်သွယ် မေးမြန်းထားသည်။

( မေး ) ယက်တော ထိုင်း-မြန်မာ နယ်စပ် ကို လာသွားတုန်းက ကိုဘိုကြည်နဲ့ တွေ့ခဲ့တယ်လို့ သိရတယ်။ အဲဒါ ဟုတ်ပါသလား။

( ဖြေ ) ကျနော်နဲ့ တွေ့တာတော့ သေချာပါတယ်။ သူ အေအေပီပီ လာလည်သွားတယ်လို့ ပြောလို့ရတယ်။ နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စ ဆွေးနွေးတယ်။ ကျနော်တို့ဆီက ပြခန်းတွေ ဘာတွေ ကြည့်သွားတယ်။

( မေး ) ဘယ်နှစ်ခုနှစ်က တွေ့ခဲ့တာလည်းဗျ။

( ဖြေ ) ပြီးခဲ့တဲ့ နှစ်ထဲမှာ ဖြစ်လိမ့်မယ်။ အောက်တိုဘာ၊ နိုဝင်ဘာတွေမှာပဲ ဖြစ်လိမ့်မယ်။

( မေး ) အဲဒီတုန်းက ယက်တောနာမည်နဲ့ မိတ်ဆက်တာလား။

( ဖြေ ) သူတော့ မိတ်ဆက်တယ်ဗျ။ သိတဲ့အတိုင်းပဲ နိုင်ငံခြားသား နာမည်တွေက ကျနော်တို့က တော်ရုံ နားထဲစွဲတာ မဟုတ်ဘူး။

( မေး ) အခု သူ့ ဓာတ်ပုံတွေ တွေ့ရတဲ့အခါကျတော့ရော မှတ်မိလား။

( ဖြေ ) စတွေ့တဲ့အခါကျတော့ ကျနော် မှတ်မိသလိုလို ဖြစ်တယ်။ သူပြောတဲ့ အကြောင်းအရာတွေ ဥပမာ စာအုပ်ရေးမယ်ဆိုတဲ့ ကိစ္စတွေ ဘာတွေ ပြောတော့။ အိုကေ အဲဒါဆို ကျနော့်ကို လာတွေ့သွားတာ သူပဲဆိုတာ ပြန်မှတ်မိတယ်။

( မေး ) အဲဒီတုန်းက ဘာတွေ ဆွေးနွေးခဲ့လည်းဗျာ။

( ဖြေ ) အဓိကကတော့ နိုင်ငံရေး အကျဉ်းသား အကြောင်းတွေပဲ ဆွေးနွေးတာပါပဲ။ လက်ရှိဖြစ်နေတာတွေ၊ ကျနော့်ရဲ့ အကြောင်းတွေ။ တခြားသူတွေရဲ့ အတွေ့အကြုံတွေ။ သူလည်း စာအုပ်ရေးမယ်လို့ပြောတယ်။ အဓိကကတော့ အနှိပ်စက်ခံရသူတွေအကြောင်းနဲ့ ကျနော်တို့က ကိုယ့်ကို နှိပ်စက်သူတွေကို ပြန်ကလဲ့စားချေမလားပေါ့။ မချေဘူးလားပေါ့ဗျာ။ သူမေးတာကို ပြန်ဖြေလိုက် ပါတယ်။ ကျနော်တို့က လက်စားချေမယ့် လူတွေ မဟုတ်ဘူး။ ခွင့်လွှတ်နိုင်ပါတယ်။ ကျနော်တို့ လိုချင်တာက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရဖို့ ကျနော်တို့က ကြိုးစားနေတာ။ သူတို့ကို ကလဲ့စားချေဖို့ ကြိုးစားနေတာမဟုတ်ဘူးလို့။ အဲဒါမျီုးတွေ ဆွေးနွေးဖြစ်ပါတယ်။

( မေး ) ယက်တောက အခု ဒေါ်အောင်ဆန်းစုကြည် ခြံထဲ ရေကူးဝင်ခဲ့တယ်။ အဲဒီလိုလုပ်ဖို့ရော အဲဒီတုန်းက တစုံတရာ ဆွေးနွေးခဲ့ သေးလား။

( ဖြေ ) အဲဒါကတော့ မသိဘူး။ သူလည်း ကျနော့်ကို မပြောဘူး။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မေလ ၂၉ ရက်
ရက်သတ္တပတ် ၂၂ ၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်စု အမှုရက်ချိန်း ဇွန်လ ၅ ရက်သို့ ရွှေ့ပြောင်း

နယူးဒေလီ။ ။ အင်းစိန်ထောင်တွင်း ရုံးတင် စစ်ဆေးခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုရက်ချိန်းကို လာမည့်လ ၁ ရက်နေ့သို့ ချိန်းဆိုထားရာမှ အာဏာပိုင်များက ယခုအခါ ၅ ရက်နေ့သို့ ရွှေ့ပြောင်းလိုက်သည်။

ယမန်နေ့ တရားရုံးက ဇွန်လ ၁ ရက်နေ့သို့ ချိန်းဆိုကြောင်း ပြောဆိုပြီးနောက် အာဏာပိုင်များက ယနေ့တွင် ဒေါ်စုနှင့် မစ္စတာ ယက်တော၏ ရှေ့နေများထံ ရုံးချိန်းရက်ကို ၅ ရက်နေ့သို့ ရွှေ့ပြောင်းကြောင်း အကြောင်းကြားစာများ ပေးပို့လိုက်ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စစ်အစိုးရ ပြည်တွင်းပြည်ပ ဥပဒေများကို ချိုးဖောက်နေကြောင်း အန်အယ်ဒီပါတီ ထုတ်ပြန်ကြေညာ

နအဖစစ်အစိုးရ၏ တရားစီရင်ရေးစနစ်သည် ပြည်တွင်းပြည်ပ ဥပဒေများအား ချိုးဖောက်နေသည်ကို တွေ့ရှိရကြောင်း အန်အယ်လ်ဒီပါတီက ယမန်နေ့၌ ကြေညာချက်ထုတ်ပြန်သည်။
ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် တရားစွဲဆိုထားသော အမှုနှင့်စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်တို့အား မစစ်ဆေးမီ ရှေ့နေများနှင့် ညှိနှိုင်းဆွေးနွေးရန် လုံလောက်သော အချိန်ကို အစိုးရဘက်က မပေးခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်အမှတ် ၁၅/၀၅/၀၉ ပထမအပိုဒ်တွင် ဖော်ပြသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တရားရုံးသို့ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးကြည်ဝင်းနှင့် ဒေါ်ခင်မိုးမိုးတို့ကို ၎င်းတို့၏ သက်သေများအဖြစ် စာရင်းတင်ခဲ့သော်လည်း ကျန်(၃) ဦးကို ပယ်ချလိုက်ပြီး ဦးကြည်ဝင်းတဦးတည်းသာ သက်သေထွက်ခွင့်ရခြင်းမှာ ခုခံချေပခွင့် အပြည့်အ၀မရခြင်း ဖြစ်သည်ဟုလည်း ထောက်ပြထားသည်။
အမှုကိစ္စတရပ်တွင် စွပ်စွဲခံရသူအနေဖြင့် ၎င်း၏ ရှေ့နေနှင့် ညှိနိုင်းဆွေးနွေးရန် အချိန်အလုံအလောက် ပေးရကြောင်း၊ စွပ်စွဲခံရသူဘက်က ပြသသော သက်သေများကိုလည်း စစ်မေးခွင့်ပြုရကြောင်း၊ သို့မှသာ ခုခံချေပခွင့် ပေးသည်ဟု ဆိုနိုင်ကြောင်း ပါတီကြေညာချက်တွင် ဖော်ပြထားသည်။

ထိုအချက်များကို မပေးအပ်ခဲ့ခြင်းသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၁ (၁) ပါ အချက်များနှင့် နအဖ၏ ဥပဒေအမှတ် - ၅/၂၀၀၀ ဖြစ်သည့် “၂၀၀၀ ပြည့်နှစ် တရားစီရင်ရေးဥပဒေ” ၏ တရားစီရင်ရေးဆိုင်ရာမူ ပုဒ်မ ၂ (စ) ပါ အမှုတွင် ခုခံချေပခွင့်ပေးခြင်းဆိုသည့် အချက်များကို ချိုးဖောက်နေကြောင်း အန်အယ်လ်ဒီပါတီက ထုတ်ပြန်ကြေညာသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ထိုင်းလွှတ်တော် အမတ်များက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆို

ချင်းမိုင် (မဇ္ဈိမ)။ ။ တိုင်းပြည်တည်ငြိမ်ရေးအတွက် ဝန်းကျင်ကောင်းတရပ် ဖန်တီးပေးရေးနှင့် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရေးတို့အတွက် မြန်မာစစ်အစိုးရကို တိုက်တွန်းထားသည့် ပန်ကြားလွှာတစောင်ကို ထိုင်းနိုင်ငံ လွှတ်တော်အမတ် ၃ဝ က ယမန်နေ့က ပေးပို့ တင်သွင်းလိုက်ကြသည်။

ပန်ကြားလွှာကို မိမိနှင့်အတူ အခြားဆီနိတ်တာ ၂၉ ဦး လက်မှတ်ရေးထိုးထားပြီး၊ မြန်မာနိုင်ငံတွင် တရားမျှတမှု ရှိစေရေးနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရေးတို့အတွက် တိုက်တွန်းထားသည်ဟု ထိုင်းဆီနိတ်တာ တဦးဖြစ်သူ Rosana Tositrakul က ပြောဆိုခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ရန်ကုန်တွင် မိုးရွာ ရေကြီးပြီး မြောင်းများ ရေလျှံ


ယနေ့ရွာသွန်းသောမိုးကြောင့် ရန်ကုန်မြို့အနှံ့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မြို့ခံများက ပြောသည်။

ရန်ကုန်တွင် ယနေ့ ရွာသွန်းသော မိုးရေချိန်လက်မမှာ ကမ္ဘာအေးစခန်း၏ စာရင်းများအရ (၆၉) ကီလိုမီတာ ( ၂. ၇၂) လက်မသာရှိသော်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်ဟု သိရသည်။

မိုးလေ၀သနှင့်ဇလဗေဒ ဦးစီးဌာနမှ တယ်လီဖုန်းဖြင့် ပြောပြချက်အရ ဘင်္ဂလားပင်လယ်အော်တွင် ပြီးခဲ့သည့် တပတ်က ဖြစ်ပေါ်ခဲ့သော အိုင်လာ အမည်ရှိ ဆိုင်ကလုန်းမုန်တိုင်းသည် ကုန်းတွင်းကို ၀င်ရောက်တိုက်ခတ်ပြီး ဖြစ်ကြောင်း၊ ရွာသွန်းမြဲ ရွာသွန်းသော မိုးရေချိန်သာ ဖြစ်ကြောင်း သိရသည်။

စည်ပင်အရာထမ်းတဦးနှင့် ဆက်နွှယ်သော သတင်းဂျာနယ်တစောင် ဖြစ်သည့် ရန်ကုန်အခြေစိုက် ပေါ်ပြူလာ သတင်းဂျာနယ်တွင် အမှိုက်ကို နေရာတကျ မပစ်သောကြောင့် ရေမြောင်းများ ပိတ်ဆို့ရသည်ဟု ဖော်ပြထားသည်။

ယနေ့ ရွာခဲ့သောမိုးကြောင့် တာမွေမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကင်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ သင်္ကန်းကျွန်းမြို့နယ်၊ မင်္ဂလာတောင်ညွန့် မြို့နယ်တို့တွင် ရေကြီးရေလျှံမှု အများဆုံး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကိုဖိုးဖြူ အယူခံ ပယ်ချခံရ

ချင်းမိုင် (မဇ္ဈိမ)။ ။ လယ်အသိမ်းခံရသည်ကို ILO သို့ တိုင်ပေးသဖြင့် အဖမ်းခံရသူအတွက် အမှုလိုက်ပေးရာမှ သူပါ ထောင်ဒဏ် ကျခံနေရသည့် ရှေ့နေ ကိုဖိုးဖြူ၏ အယူခံကို မကွေးခရိုင် တရားရုံးက ယမန်နေ့က ပယ်ချလိုက်သည်။

မကွေးမြို့နယ် ခရိုင်တရားရုံးက မတရား အသင်းအဖွဲ့ ပုဒ်မဖြင့် ထောင်ဒဏ် ၄ နှစ်ချခဲ့ရာ ပြစ်မှုဆိုင်ရာ ဥပဒေများနှင့် မကိုက်ညီဟုဆိုကာ သူ၏ ရှေ့နေများက အယူခံတင်သွင်းခဲ့ရာ ယမန်နေ့ ရုံးချိန်းတွင် ပယ်ချခံရခြင်း ဖြစ်သည်။ အယူခံအတွက် မန္တလေးမြို့မှ ဦးမြင့်သွင်နှင့် ရှေ့နေ ဦးရွှေလှက ဆောင်ရွက်ရာ ခရိုင်တရားရုံးက ပယ်ချသဖြင့် မကွေးတိုင်းတရားရုံးသို့ လာမည့် ဇွန်လ ၈ ရက်နေ့တွင် ဆက်လက် အယူခံသွားဦးမည်ဖြစ်သည်။

ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က ကိုဖိုးဖြူသည် အမှုလိုက်ရင်း မကွေးမှ ရန်ကုန်သို့ ပြန်အလာ လမ်းခုလတ်၌ ရဲသတင်းတပ်ဖွဲ့က ရှာဖွေစစ်ဆေးစဉ် သူ၏ နေ့စဉ်မှတ်တမ်းတွင် လူငယ်ဥပဒေ အကျိုးဆောင်အဖွဲ့ ဖွဲ့ရန်အတွက် အချက်အလက်များ တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့သည်။ မကွေးမြို့နယ်ရှိ ကျေးရွာအချို့မှ လယ်ဧက ၅ဝဝဝ ခန့်ကို ဒေသတွင်း ပင်မ စစ်လက်နက်တပ်က သိမ်းယူရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် - ILO ထံ ဦးဆောင်တိုင်ကြားသူ ကိုဇော်ဌေးအား အာဏာပိုင်များက နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲသည့်အမှုတွင် ကိုဖိုးဖြူက အကျိုးဆောင်စဉ် အဖမ်းခံရသည်။

ကိုဖိုးဖြူအား ပုဒ်မ ၃ (ဂ) အရ အသင်းအဖွဲ့ကို မှတ်ပုံမတင်ဘဲ ဖွဲ့စည်းမှု၊ ၅ (ဂ) အရ အစိုးရ၏ ယန္တရားကို ရပ်တန့်စေရန် ပြုလုပ်မှုဖြင့် စွဲချက်တင် ပြစ်ဒဏ်ချခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကျောင်းအပ်ခ ငွေကောက်ခံနေဆဲ

ယခုနှစ် ကျောင်းအပ်ရာသီတွင် ကျောင်းသားမိဘများထံမှ အလှူခံခြင်း လျော့ပါးသွားသော်လည်း ကျောင်းသား အသစ်များကိုမူ ကျောင်းများမှ ငွေကောက်ခံလျက်ရှိကြောင်း ကျောင်းသားမိဘများက ပြောသည်။

ကျောင်းသားသစ်တဦးအတွက် ကျောင်းအပ်နှံကြေးမှာ ကျပ် (၃) သိန်းမှ (၁၂) သိန်းအထိရှိပြီး နာမည်ကြီးသည့် ကျောင်းများဖြစ်ပါက လာဘ်ငွေ ပိုပေးရကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။

နအဖစစ်အစိုးရ ပညာရေးဝန်ကြီးဌာနက ယခုနှစ် ကျောင်းအပ်ရာသီတွင် ကျောင်းအပ်နှံသူများထံမှ အလှူငွေ မကောက်ရန်၊ စာအုပ်စာတန်းများ မရောင်းရန် အမိန့်ထုတ်ထားသော်လည်း ကျောင်းသားမိဘများ၏ ကျောင်းရန်ပုံငွေ အလှူထည့်ဝင်မှုကို တားမြစ်တားခြင်းမရှိသဖြင့် ငွေကြေးကောက်ခံမှုများ ဆက်ရှိနေပြီး အထူးသဖြင့် ကျောင်းသားသစ် အပ်နှံရာတွင် ငွေကောက်ခံနေခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကေအိုင်အေ ဒုစစ်ဦးစီးချုပ်အဖြစ် ဗိုလ်မှူးချုပ် ဂွမ်မော်ကို ခန့်အပ်

ရွှေလီ(မဇ္ဈိမ) ။ ။ နှစ်လနီးပါးကြာ လစ်လပ်နေခဲ့သော ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) ၏ ဒု-စစ်ဦးစီးချုပ် ရာထူးအတွက် ဗိုလ်မှူးချုပ် ဂွမ်မော်အား ခန့်အပ်လိုက်သည်။

စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသော အကြီးဆုံးသော ကချင်အဖွဲ့ဖြစ်သည့် ကချင်လွတ်မြောက်ရေးအဖွဲ့( ကေအိုင်အို) ၏ တပ်မတော်မှ မဟာဗျူဟာ လေ့လာရေးနှင့် သုတေသန မှတ်တမ်းဌာနမှူး ဗိုလ်မှူးကြီးဂွမ်မော်ကို ဗိုလ်မှူးချုပ်အဆင့် တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်သည်။ ယခင် ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဇော်နန်မှာ နယ်စပ်မြို့ လိုင်ဇာတွင် ဧပြီလ ၆ ရက်နေ့က ကွယ်လွန်သွားခဲ့သည်။

ဗိုလ်မှူးချုပ် ဂွမ်မော်သည် ၁၉ဂဂ ခုနှစ်အတွင်း မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံကြီး အပြီးတွင် ကေအိုင်အေသို့ စတင် ဝင်ရောက်ခဲ့ပြီး ကွန်မန်ဒိုတပ်ဖွဲ့ အရာရှိငယ်အဆင့်မှ ရာထူး တက်လှမ်းခဲ့ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ရွှေအမြုတေ စာပေဆု နောက်နှစ်အတွက် မသေချာ

လေးနှစ်ဆက်တိုက် ကျင်းပနေသော မြန်မာနိုင်ငံ၏ ပုဂ္ဂလိက စာပေဆုတမျိုးဖြစ်သည့် ရွှေအမြုတေစာပေဆုကို လာမည့် ၂၀၁၀ ပြည့်နှစ် တွင် ပေးနိုင်ရန် မသေချာတော့ကြောင်း ဆုစီစဉ်ပေးသူ ရွှေအမြုတေ မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဝင်းငြိမ်းက ပြောသည်။

ရွှေအမြုတေ စာပေဆုကို ၂၀၀၆ ခုနှစ်မှစ၍ ပေးလာခဲ့သည်မှာ ယခုနှစ်တွင် (၄) ကြိမ်မြောက်ဖြစ်ပြီး မျိုးဆက်သစ် ကလောင်များ မွေးထုတ်ပေးရေးနှင့် ရသစာပေဖွံ့ ဖြိုးရေးကို ရည်ရွယ်ကာ ယင်းစာပေဆုကို ပေးခဲ့ခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
Chevron က မြန်မာနိုင်ငံတွင် ဆက်လက် ရင်းနှီးမြှုပ်နှံရန် သန္နိဋ္ဌာန်ချထား

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံမှ ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများကို တိုင်းပြည်တွင်းမှ ပြန်လည် ထုတ်ယူသွားမည် မဟုတ်ဘဲ၊ လက်မခံ၍ မဖြစ်သော စီးပွားရေး အကြောင်းအချက်များကြောင့် မြန်မာနိုင်ငံအတွင်း၌ပင် ဆက်၍ ထားသွားမည်ဖြစ်ကြောင်းနှင့် သူတို့ ထွက်ခွာသွားလျှင်လည်း အခြားပြိုင်ဘက် ကုမ္ပဏီများ ဝင်ရောက်လာမည်သာ ဖြစ်ကြောင်းဖြင့် ရှဗရွန် (Chevron) ကော်ပိုရေးရှင်းက ရှင်းလင်းစွာ ပြောကြားလိုက်သည်။

ရှဗရွန်သည် ၂၀၀၅ မှစတင်၍ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခဲ့သည်။ အမေရိကန် ရေနံကုမ္ပဏီ UNOCAL မှ လုပ်ငန်းများကို လွှဲပြောင်းရယူခဲ့ပြီး၊ ထိုင်းနိုင်ငံ၏ PTTEP၊ ပြင်သစ်မှ TOTAL တို့နှင့်အတူ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ငန်းများတွင် လုပ်ကိုင်ခဲ့သည်။

မြန်မာနိုင်ငံတောင်ပိုင်း မွန်နှင့် ကရင် ပြည်နယ်တို့တွင် ပိုက်လိုင်းတလျှောက် တပ်ရင်းများ ပိုမိုချထားလာပြီး အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ မြေများ သိမ်းယူခြင်း၊ အတင်းအကျပ် ပြောင်းရွှေ့စေခြင်း၊ မုဒိမ်းကျင့်ခြင်း၊ ညှဉ်းပန်းနှိပ် စက်ခြင်းနှင့် တရားရုံးပြင်ပ သတ်ဖြတ်ခြင်းတို့ ကဲ့သို့သော လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ ၁၉၉၂ ခုနှစ် နောက်ပိုင်းတွင် ဤဒေသများ၌ တိုးပွားလာခဲ့သည်။

၂၀၀၇ ခုနှစ်တွင် ရတနာ စီမံကိန်းမှ မြန်မာစစ်အစိုးရ အမေရိကန်ဒေါ်လာ သန်း ၉၀၀ ဝင်ငွေ ရရှိခဲ့သော်လည်း လူမှုဖွံ့ဖြိုးရေး အစီအစဉ်များနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အသုံးမပြုဘဲ စစ်အစိုးရ၏ ဘဏ္ဍာတိုက်ထဲသို့သာ ရောက်ရှိသွားခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)

Sunday, May 24, 2009

သတင်းမှတ်စု ( ၂၀ )

တပတ်အတွင်း သတင်းမှတ်စု

မေလ ၂၁ ရက်
ရက်သတ္တပတ် ၂၁ ၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် အမှု တရားခွင် ( ပထမနေ့ )


ပဲခူးတိုင်း ဇီးကုန်းမြို့နယ် NLD ဥက္ကဌ ဒေါ်ခင်ဝိုင်း ကို ဆက်သွယ်မေးမြန်းချက်



“အန်တီတို့ သဘောထားက ဒေါ်အောင်ဆန်းစုကြည်က လောလောဆယ် အကျယ်ချုပ်ထားတဲ့ လူတယောက်ကို လွတ်ခါနီးပြီဆိုတော့ အကြောင်းမရှိ အကြောင်းရှာ လုပ်နေတာ။ နိုင်ငံခြားသားရဲ့ တာဝန်တာဖြစ်တယ်။ သူ့ကို အပြစ်ပေးသင့်တယ်။ သူက အရင်တခါ ဝင်ထားတယ်ဆိုတော့ နောက်တခါ ဝင်သွားဖို့ ဒီလိုအထပ်ထပ် လုံခြုံရေး ချထားတာတောင် ဝင်တာ၊ လုံခြုံရေးတွေ ပေါ့လျော့တဲ့အတွက်ကြောင့် ဖြစ်ရတာ။ ဒေါ်အောင်ဆန်းစုကြည်မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြစ်ဒဏ် ကျစရာ အကြောင်း မရှိဘူး။”
--------------------------
ဒေါ်အောင်ဆန်းစုကြည်အမှု မနက်ဖြန် ရုံးချိန်း


အင်းစိန် အကျဉ်းထောင် အတွင်းရှိ အထူးတရားရုံးမှ ဒေါ်အောင်ဆန်းစုကြည်၏ အမှု ရုံးချိန်းကို မနက်ဖြန် နံနက်သို့ ချိန်းဆိုလိုက်သည်။

ယနေ့နံနက် ၁ဝ နာရီခွဲတွင် ရုံးချိန်းစတင်ခဲ့ပြီး နေ့လည် ၁၂ နာရီခွဲတွင် ထမင်းစားချိန် ခေတ္တနားသည်။ မွန်းလွဲ ၃ နာရီ ခွဲတွင် အဆုံးသတ်ခဲ့သည်။

တရားခွင်မှအပြန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက သတင်းစာ ရှင်းလင်းပွဲကို ရုံးချုပ်တွင် ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ကြောင်း ထဲ့သွင်း ပြောဆိုသွားခဲ့သည်။

သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းရှိ သတင်းထောက်များ တက်ရောက်ခဲ့ကြသည်။
--------------------------

စစ်အစိုးရအပေါ် ပိတ်ဆို့ အရေးယူမှုသစ်များ ပြုလုပ်ရန် ဥရောပသမဂ္ဂ စဉ်းစားနေပြီ


ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးများက မြန်မာ စစ်အစိုးရအပေါ် ပိတ်ဆို့ အရေးယူမှု အသစ်များ ပြုလုပ်ရန် တိုက်တွန်းလိုက်ပြီး စစ်အစိုးရ၏ မဟာမိတ် တရုတ်ကိုလည်း ဖိအားပေးမှု ပြုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လုပ်ပါရန် ယနေ့တွင် တိုက်တွန်းလိုက်သည်။

“ပိတ်ဆို့အရေးယူမှုတွေ နောက်ထပ် အားသစ်လောင်းဖို့ ကျနော်တို့ ဆွေးနွေးသွားဖို့ အဆင်သင့် ဖြစ်နေပါပြီ” ဟု ချက် နိုင်ငံခြားရေးဝန်ကြီး Jan Kohout က ပြောဆိုလိုက်သည်။

“ပထမဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မြန်မာ အာဏာပိုင်တွေကို တောင်းဆိုလိုပါတယ်” ဟု သူက ထပ်ပြောသည်။
-------------------------
ဦးဥာဏ်ဝင်းနှင့် ရှေ့နေများ ပြန်ထွက်လာ


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ ဖြစ်ကြသော ဒေါ်ခင်ဌေးကြွယ်နှင့် ဦးလှမျိုးမြင့်တို့ကို ရဲကားဖြင့် အင်းစိန်ထောင်မှသည် ရန်ကုန်မြို့ထဲဘက်သို့ ခေါ်ဆောင်သွားပြီ ဖြစ်သည်။

ထောင်အနီး စောင့်ဆိုင်းကြသော လူအများအပြားလည်း လူစုခွဲမှု စတင် ပြုလုပ်နေကြောငfး သိရှိရသည်။
--------------------------
အင်းစိန်ထောင်ရှေ့ အခြေအနေ

နောက်ဆုံး ရရှိသော သတင်းအရ အင်းစိန်ထောင်အနီး ရဲ၊ စွမ်းအားရှင်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးတို့ များပြားနေဆဲ ဖြစ်သည်။

“အခုထိတော့ ဘာမှ မထူးသေးဘူး။ အင်းစိန်ထဲကို ယင်ကောင်တောင် ဝင်လို့မရဘူး။ ဘယ်လူငယ်မှ မဝင်ပါဘူး။ မနက်ကတည်းက အင်းစိန်ထောင်ရှေ့ ရောက်နေတော့ မြို့ထဲ အခြေအနေ မသိသေးဘူး။ ” ဟု အခြေအနေကို စောင့်ကြည့်နေသူ တဦးက ပြောသည်။

“အင်းစိန်ထောင်ရှေ့ အခြေအနေကတော့ ဒီအတိုင်းဘဲ။ ထိုင်စောင့် နေကြတယ်။ လူအင်အား ကတော့ တဖြည်းဖြည်း များလာတယ်။ ပြည်သူတွေပါ ရောက်လာတာကိုး။ လူအင်အားကတော့ များလာတယ်။ များလာပေမယ့် ပုံမှန်အတိုင်းဘဲ ထိုင်စောင့်နေတယ်။ ” ဟု သူက ပြောသည်။

“သတင်းထောက်တွေလည်း ရောက်နေတယ်။ လာပေမယ့် သူတို့လည်း ဘာမှ မသိဘူး။ သတင်းစာ ရှင်းလင်းပွဲလုပ်မှဘဲ သူတို့လည်း မေးလို့ မြန်းလို့ ရမယ်။ အခုအချိန်ကတော့ ဘယ်သူ့မှ မေးလို့ မရဘူး။”
--------------------------

မိတ္ထီလာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးနှင့် ဆက်သွယ်မေးမြန်းချက်


“နအဖက တရားဥပဒေနဲ့ တရားရုံးနဲ့ဖြစ်ဖြစ် လုပ်နေတာက သူတို့ သွားနေတဲ့ လမ်းကြောင်း ပေါ့နော်။ ဒီနေရာမှာ ရှေ့နေ ဦးကြည်ဝင်း တယောက်အနေနဲ့ ပြန်ပြီး ခုခံတယ်ဆိုတဲ့ အပေါ်မှာ ကျမတို့ အဖွဲ့ချုပ်ကနေ မြင်တာကတော့ အစကတည်းကနေ မတရားတဲ့ ကိစ္စဘဲလေ။ သူရှေ့ကသွား ကိုယ်က နောက်က လိုက်ရမဲ့ ပုံစံမျိုးပေါ့နော်။ မတရားသက်သက် လုပ်နေတယ်ဆိုတာ ထင်ရှားနေတယ်ပေါ့နော်။ မျော်လဲ မမျော်လင့်ကြဘူးပေါ့နော်။ မမြင်ရတဲ့ ကိစ္စမိုလို့ မမျော်လင့်ဘူးလို့ပြောရတာ ယုံကြည်မှုကတော့ လုံးဝကို မရှိသလောက် ဖြစ်နေတာပါ”

“အန်အယ်ဒီ အနေနဲ့ကတော့ အင်မတန်ပျော့ပြောင်းတဲ့ နိုင်ငံရေး လမ်းကြောင်းကို့ ပြီးခဲ့တဲ့ ရွှေဂုံတိုင်ကြေငြာ စာတမ်းလိုဘဲ ထုတ်ပြန်ထားပြီးပြီ တဘက်ကလဲ လက်မခံဘူးဆိုတာ ပေါ်လွင်နေပြီ၊ မတရားလုပ်တဲ့ ကိစ္စဟာ လုပ်ကို မလုပ်သင့်တဲ့ ကိစ္စပါ။ အဖွဲ့ချုပ်အနေနဲ့က ဘယ်လမ်းကြောင်းကိုရွေးမလဲ ။ ကိုယ့်ရဲ့ခေါင်းဆောင်လွတ်လပ်မှုမရှိတဲ့ အပေါ်မှာ မတရားတဲ့နည်းနဲ့ အထိမ်းသိမ်းခံထားရတဲ့ လူတစ်ယောက်ကို ဖောက်ဖျတ်ကျူးလွန်တယ်ဆိုပြီးတော့ တရားစွဲဆိုတာ လုပ်ကိုမလုပ်သင့်တဲ့ အလုပ်တခုပါ။ နအဖမှာတော့ လုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာ မရှိပါဘူး သူတို့ကတော့ ရက်စက်မှာဘဲ ယုတ်မာမှာဘဲ မတရားတဲ့ အမှုကိုလည်း မျက်ကွယ်ပြုပြီး တရားတဲ့ ပုံစံမျိုးနဲ့လုပ်နေတာ ဒါကြီးကို ကျမတို့ အနေနဲ့လည်း နောက်ကနေပြီးတော့ ဒါမဟုတ်ပါဘူးလို့ ဖြေရှင်းရတာမျိုးတက်ပေါ့နော် ရှေ့နေအနဲ့တော့ လုပ်သင့်တာ လုပ်မှာပါဘဲ”

“နအဖ အနေဖြင့် NLD မပါဘဲ မရရအောင်လျောက်မယ်ဆိုတဲ့ လမ်းကြောင်းကို ရွေးချယ် သွားခဲ့မယ်ဆိုရင် တိုင်းပြည်ကငြိမ်သက်မှာ မဟုတ်ဘဲ လူထုကပေါက်ကွဲလာနိုင်တယ် အဲဒီအချိန်မှာ NLD ကလည်းနောက်ကချန်မနေဘဲနဲ့ ငြိမ်းချမ်းသောနည်းနဲ့ လူထုကို ဦးဆောင်စေချင်တယ်”
……………………
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - လွတ်မြောက်နယ်မြေမှ နိုင်ငံခြားရေး တာဝန်ခံ ဦးညိုအုန်းမြင့်နှင့် ဆက်သွယ်မေးမြန်းချက်


“ကျနော် ကြားသလောက်ကတော့ ဗြိတိသျ သံရုံးက အင်းစိန်ထဲကို ဝင်ဖို့ ကြိုးစားတယ်။ ဗြိတိန် သံရုံးကိုတော့ ခွင့်မပြုဘူး။ အပြင်မှာ လူ ၃၀၀၀ လောက် ရှိနေတယ်လို့ ကြားတယ်။ ဒါပေမယ့် စစ်တယ်ဆိုတာ ဘာမှလဲသိလို့ မရဘူး။ NLD အောက်ခြေ ကတော့ ပေါက်ကွဲနေပြီလေ။ ပေါက်ကွဲတယ်ဆိုတော့ အခြေအနေကတော့ နည်းနည်း တင်းမာတယ်။ နအဖ က မြန်မြန် ဒီအမှုကို ပြီးချင်တယ်လို့ ကျနော်တို့ ကြားတယ်။ ပြီးချင်တယ်ဆိုတော့ မြန်မြန် ထောင်ချမယ်ပေါ့နော်။ ”

“ဒေါက်တာ တင်မျိုးဝင်းကတော့ သူရဲ့ ကျန်းမာရေး အရ လုပ်တယ်ဆိုတာဘဲ ရှိပါတယ်။ ဆရာ တင်မျိုးဝင်း အနေနဲ့ကတော့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှာ မဟုတ်ဘူး။ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ဘူး။”
--------------------------
ဂျကာတာရှိ မြန်မာသံရုံးရှေ့ ဆန္ဒပြ


ဂျကာတာ (မဇ္ဈိမ)။ ။ အင်ဒိုနီးရှား တတ်ကြွလှုပ်ရှားသူ ၁၅ ဦးသည် မြို့တော် ဂျကာတာမြို့ မြန်မာသံရုံးရှေ့တွင် တင်္နလာနေ့နံနက်က ကန့်ကွက် ဆန္ဒပြကြပြီး မြန်မာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုလိုက်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားခြင်းအပေါ် ကန့်ကွက်ရှုတ်ချသောအားဖြင့် “မြန်မာနိုင်ငံအတွက် ကမ္ဘာတဝှမ်းလှုပ်ရှားမှု” အစီအစဉ်အရ ကမ္ဘာတလွှားတွင် ကန့်ကွက်ဆန္ဒပြရန် တက်ကြွ လှုပ်ရှားသူများက ဆော်သြထားသည်။
--------------------------
နိုင်ငံခြား သံအမှုထမ်းများကို အင်းစိန်ထောင် ဝင်ခွင့် မပြု

ရန်ကုန်အခြေစိုက် ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီနှင့် သြစကြေးလျနိုင်ငံ သံရုံးများမှ သံအမတ်များနှင့် သံတမန်များကို ဒေါ်အောင်ဆန်းစုကြည်ကို တရားဆိုင်မည့် အထူး တရားရုံးရှိရာ အင်းစိန်ထောင်တွင်းသို့ စစ်အစိုးရက ဝင်ခွင့်မပြုဘဲ ပိတ်ပင်ထားသည်ဟု ရန်ကုန်မှလာသော အေဂျင်စီ သတင်းများအရ သိရသည်။
--------------------------
ဖဲကြိုးဝေသူ လူငယ်တဦး အဖမ်းခံရ

အင်းစိန်ဈေးအနီးတွင် ဖဲကြိုးအနက် လိုက်လံ ဝေငှနေသော ရွှေပြည်သာမြို့နယ်နေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လူငယ် ကိုထွေးသိန်းကို ယနေ့နံနက်က ရဲက ဖမ်းသွားသည်။
--------------------------
တယ်လီဖုန်းလိုင်း အများအပြား ပြတ်တောက်


ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်အခြေစိုက် သတင်းထောက်များ ပြောကြားချက်အရ မြို့တွင်းရှိ တယ်လီဖုန်းလိုင်း အများအပြား ပြတ်တောက်မှုမှာ ယမန်နေ့ ညနေမှသည် ယခုထက်တိုင် ကြာမြင့်နေပြီး မိုဘိုင်းလ်ဖုံး အများအပြားမှာ လက်ခံ၍သာရပြီး ခေါ်ယူ၍ မရဘဲ ဖြစ်နေသည်ဟု ဆိုသည်။

အင်းစိန်ထောင်ရှေ့ တောက်လျောက် လမ်းပိတ်ဆို့ထားခြင်းကြောင့် အင်းစိန်ဘက်က လာသော ကားများ မင်္ဂလာဒုံ ပြည်လမ်းဘက်က ပတ်ကွင်း မောင်းနေကြရသည်။
--------------------------
စစ်အစိုးရကို ဘယ်လ်ဂျီယံ ရှုတ်ချ


ချင်းမိုင် (မဇ္ဈိမ)။ ။ ဘယ်လ်ဂျီယံ နိုင်ငံခြားရေးဝန်ကြီး Karel De Gucht က စစ်အစိုးရကို ရှုတ်ချလိုက်ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားခြင်းအပေါ် နိုင်ငံတကာ၏ ကန့်ကွက်မှု စာရင်းထဲ နောက်တိုးအဖြစ် ပါဝင်လာသည်။

“စစ်အစိုးရက သူ့ (ဒေါ်အောင်ဆန်းစုကြည်) ကို ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ မပါနိုင်အောင် အချုပ်အနှောင်မှာ ဆက်ထားချင်တော့ အကြောင်းပြချက် လိုက်ရှာနေတာလို့ပဲ ကျနော်တော့ စဉ်းစားမိတယ်” ဟု မစ္စတာ De Gucht က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းသည်သာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လုပ်ငန်းစဉ် တစိတ်တဒေသ ဖြစ်နိုင်ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အတွက်လည်း မရှိမဖြစ် လုပ်ဆောင်ရမှာ ဖြစ်သည်ဟု ဖြည့်စွက် ပြောဆိုလိုက်သည်။
--------------------------
လူငယ်များနှင့် ကြံ့ဖွံ့တို့ ရင်ဆိုင်တွေ့


ချင်းမိုင် (မဇ္ဈိမ)။ ။ လမ်းပိတ်ထားသော်လည်း လူအများအပြား အင်းစိန်ထောင် အနီးသို့ ရောက်ရှိနေကြပြီး လူငယ် ၃၀ ခန့်မှာ အကျဉ်းထောင်ရှေ့သို့ ချဉ်းကပ်နိုင်ကြသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင် ၅၀ ခန့်က လူငယ်များကို စောင့်ကြည့်နေကြပြီး ယနေ့ အစောပိုင်းက ရန်ကုန်တွင် အင်တာနက် ပြတ်တောက်သွားခဲ့သည်။
………………………………….
ဒေါ်စု၏ ရှေ့နေများ အင်းစိန်ထောင်တွင်းသို့ ဝင်ရောက်သွား


ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ ဖြစ်ကြသော ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးလှမျိုးမြင့်တို့ ယနေ့နံနက် ၈ နာရီခွဲခန့်တွင် အင်းစိန် အကျဉ်းထောင်တွင်းသို့ ဝင်ရောက်သွားသည်။
--------------------------
ယက်တောကို စိတ္တဇဆေးရုံ ပို့သင့်ဟု ကေအန်ယူပြောကြား


ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဝင်း အတွင်းသို့ ဝင်ရောက်သွားခဲ့သူ အမေရိကန် နိုင်ငံသားကို စိတ္တဇဆေးရုံသို့ ပို့ဆောင်မည့်အစား စစ်အစိုးရက အတိုက်အခံ ခေါင်းဆောင်ကို ဆက်လက် ဖမ်းဆီးထားနိုင်ရေး လုပ်ကြံ အကွက်ဆင်ခဲ့သည်ဟု ကရင်အမျိုးသား အစည်းအရုံးက ပြောကြားလိုက်သည်။

ဂျွန် ဝီလီယံ ယက်တောသည် စိတ်မနှံ့သူ ဖြစ်သည်မှာ ထင်ရှားကြောင်းနှင့် သူ့ကို ဆေးရုံပို့ ကုသကာ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် ပိုမို ဂရုစိုက် လုပ်သင့်သည်ဟု စစ်အစိုးရကို လက်နက်ကိုင် တော်လှန်နေသော ကေအန်ယူက ယန်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော်လည်း နအဖအနေဖြင့် အမုန်းတရား လွှမ်းမိုးနေပြီး ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁ဝ ရွေးကောက်ပွဲလွန် ကာလများအထိ ချုပ်နှောင်ထားနိုင်ရန် အကွက်ဆင်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။
--------------------------
ဒေါ်အောင်ဆန်းစုကြည် တရားခွင်အကြို အင်းစိန်တွင် လမ်းပိတ်ပြီ


ယနေ့ ပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည်၏ အကျဉ်းထောင်အတွင်း ပြုလုပ်မည့် တရားခွင် မတိုင်မီ စစ်အစိုးရက လူအများ စုဝေးနိုင်ခြင်း မရှိအောင် လက်နက်ကိုင် စစ်သားများ၊ သံဆူးကြိုးများ အသုံးပြု လုပ်ဆောင်လျက် ရှိသည်။

အင်းစိန်ထောင်ရှေ့ လမ်းမကြီး တလျောက်လုံးကို လည်စည်းအနီဝတ် လက်နက်ကိုင် စစ်သားများဖြင့် ပိတ်ဆို့ထားလိုက်ပြီး အနီးပတ်ဝန်းကျင်ရှိ လမ်းမြှောင် လမ်းငယ်များတွင်လည်း လုံခြုံရေးများဖြင့် ပြည့်နေသည်။

(မဇ္ဈီမသတင်းမှ ကောက်နှုတ်ချက်)
+++++
နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စ ခရိုင်၊ မြို့နယ်အဆင့်မှ ၀တပ်ဖွဲ့များက လက်မခံ


နအဖဘက်က ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စအား ယခုလ (၁၆-၁၇) ရက်နေ့များက ရှမ်းပြည်မြောက်ပိုင်း၊ အထူးဒေသ (၂) ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်ရာ ဝဒေသအတွင်းရှိ ခရိုင်၊ မြို့နယ်၊ တိုက်နယ်အဆင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး သဘောမတူ၊ လက်မခံကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

နယ်ခြားစောင့်တပ် အမည်နာမနှင့်ပတ်သက်၍ အငြင်းပွားစရာမလိုသော်လည်း တပ်အင်အားလျှော့ချမှု၊ နအဖ စစ်သားများ ရောနှောထည့်သွင်းမှုအပေါ် လက်မခံကြကြောင်း ခရိုင်မှူးအဆင့်ရှိ ဝတပ်မှူးတဦးက ပြောသည်။

ပြီးခဲ့သည်လ (၂၈) ရက်နေ့တွင် တန့်ယန်းမြို့ စစ်ဘက်ရေးရာအရာရှိချုပ် ဗိုလ်ချုပ် ရဲမြင့်နှင့် ဝတပ်ဖွဲ့မှ ခေါင်းဆောင် အချို့တို့ တွေ့ဆုံစဉ်အတွင်း အင်အား (၃ဝ,ဝဝဝ) ခန့် ရှိသည့် ဝတပ်မတော်အား အင်အား (၃,ဝဝဝ) အထိ လျှော့ချကာ နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် နအဖဘက်က ကမ်းလှမ်းထားခဲ့ပြီး ဇွန်လ (၃ဝ) ရက်နေ့တွင် ဝတပ်ဖွဲ့ အနေဖြင့် အကြောင်းပြန်ကြားရမည် ဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်


နယူးဒေလီ။ ။ အကျဉ်းထောင်အတွင်း တရားစွဲဆိုခံနေရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး ကောင်းမွန်နေကြောင်း သိရသည်။

ယနေ့ ရုံးထုတ်ရာတွင် တွေ့ဆုံခွင့်ရခဲ့သူ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ယခုလို ပြောဆိုခြင်း ဖြစ်သည်။

အမှုတွင် လိုက်ပါဆောင်ရွက်မည့် ရှေ့နေများနှင့် ဒေါ်စုအကြား စကားပြောဆိုရာတွင် အနီးအနား၌ စောင့်ကြည့်သူနှစ်ဦး ထားရှိကြောင်းနှင့် တရားခွင်အတွင်း အစောင့်အကြပ်မှာ ၁၀ ဦးခန့် ရှိကြောင်း သိရသည်။

တရားလိုအဖြစ် တိုင်ချက်ဖွင့်သူ ဒုတိယ ရဲမှူးကြီး ဇော်မင်းအောင်သည် ယနေ့ တရားရုံးသို့ လာရောက် အစစ်ခံခဲ့သည်။

(မဇ္ဈီမသတင်းမှ ကောက်နှုတ်ချက်)
+++++
မွန်ပြည်သစ်ပါတီ၏ ရပ်တည်ချက်၊ မွန်အမျိုးသား ကောင်စီ ထောက်ခံ


အပစ်ရပ်တိုင်းရင်းသားအဖွဲ့တို့၏ အမျိုးသားရေးစိတ်ဓာတ်နှင့် ယုံကြည်ချက်တို့ကို တိုက်ဖျက်ချေမှုန်းရန် နအဖ စစ်အစိုးရ၏ ငွေကြေးဖြင့် လှည့်စား၊ စည်းရုံး၊ သိမ်းသွင်းမှုကို လက်မခံဘဲ ပြတ်သားစွာ ငြင်းဆန်သော မွန်ပြည်သစ် ပါတီ၏ ရပ်တည်ချက်ကို ကြိုဆိုထောက်ခံကြောင်း မွန်အမျိုးသားကောင်စီက ယနေ့ကြေညာချက် ထုတ်ပြန်လိုက်သည်။

လက်နက်ကိုင် ငြိမ်းချမ်းရေးတပ်ဖွဲ့များသို့ တိုက်တွန်းနှိုးဆော်ထားသည့် အချက် (၁၂) ချက်ပါ အဝေးရောက် မွန်အဖွဲ့အစည်း၏ မေ (၁၈) ရက် ထုတ်ပြန်ချက်တွင် အပစ်ရပ်တိုင်းရင်းသားအဖွဲ့အစည်းများအား နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့် နအဖစစ်အစိုးရ၏ လုပ်ရပ်သည် ပြည်သူလူထုနှင့် လက်နက်ကိုင် ငြိမ်းချမ်းရေးတပ်ဖွဲ့တို့၏ စည်းလုံးညီညွတ်မှုကို ချေဖျက်ပစ်ရန်နှင့် အချင်းချင်း ရန်သူအသွင်ကဲ့သို့ တိုက်ခိုက်ကြရန် ကြိုးပမ်းဆောင်ရွက်နေ ခြင်းသာ ဖြစ်ကြောင်း ဖော်ပြထားသည်။

ထုတ်ပြန်ချက်တွင် အပစ်ရပ်တိုင်းရင်းသားအဖွဲ့များအား နယ်ခြားစောင့်တပ် အသွင်ပြောင်းသည့် စစ်အစိုးရ၏ လုပ်ရပ်သည် အနာဂတ် တိုင်းပြည်အတွက် ရင်လေးဖွယ်ကောင်းပြီး အလွန်အန္တရာယ်များသော လုပ်ရပ် ဖြစ်ကြောင်း သြစတြေးလျနိုင်ငံ အခြေစိုက် မွန်အမျိုးသားကောင်စီက ပြောကြားထားသည်။

မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တဦးကမူ နအဖ စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲခဲ့စဉ်တွင် ပါတီအား နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းရန် ဆိုသည့်အချက် မပါရှိသဖြင့် မွန်ပြည်သစ်ပါတီကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲလိမ့်မည်မဟုတ်ကြောင်း ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဒေါ်စု အမှုကြောင့် စစ်အစိုးရကို ICC ကနေ အရေးယူနိုင်သည့် အချက်တိုး

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒီပဲယင်းအရေး၊ ရွှေဝါရောင် လှုပ်ရှားမှုနှင့် မုန်တိုင်းဒုက္ခသည် စောင့်ရှောက်မှုအပြင် ဒေါ်အောင်ဆန်းစုကြည် အပေါ် လက်ရှိ တရားစွဲဆိုသည့် ကိစ္စသည် လူသားချင်းမဆန်သည့် ပြစ်မှုအောက်တွင် ရှိနေသဖြင့် နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး (ICC) မှ မြန်မာစစ်အစိုးရအား အရေးယူနိုင်သည့် အနေအထားများရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (BLC) ၏ ICC အရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင် နမ့်ဆန်းရှာဖောင် က မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေမဲ့ ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီးတော့ဆိုရင် ICC နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးမှာ ကျင့်သုံးတဲ့ Rome Statute ရောမဥပဒေ ပုဒ်မ (၇) လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ဥပဒေ ပြစ်မှုပုဒ်မခွဲ (၁) (င) မှာ ကိုက်ညီနေတယ်။ အဲဒီမှာ ဘာတွေ ပြဋ္ဌာန်းထားလဲဆိုရင် နိုင်ငံရေးနဲ့ ပတ်သက်ပြီး ထောင်သွင်းအကျဉ်းချခြင်း၊ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေရဲ့ အခြေခံစည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်ပြီးတော့ လူတဦးရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို ပြင်းထန်စွာ ဆုံးရှုံးစေတယ် ဆိုရင်၊ အဲဒါဟာ ICC ရဲ့ ပုဒ်မ (၇) ပြစ်မှုပုဒ်မခွဲ (၁) (င) ကို ကျူးလွန်ရာရောက်တယ်၊ ဟု သူက ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မေလ ၁၉ ရက်
ရက်သတ္တပတ် ၂၁ ၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်အမှု တရားခွင် ( ဒုတိယနေ့ )


ဒေါ်စုကို တရားစွဲဆိုမှု ရပ်ဆိုင်းရန် ဥရောပ နိုင်ငံများ တောင်းဆိုမည်


ဒေါ်အောင်ဆန်းစုကြည်အား မြန်မာစစ်အစိုးရက တရားစွဲဆိုနေမှုကို ရပ်တန့်သွားစေရန် ဖိအားပေးရေးအတွက် တရုတ်နှင့် အာရှနိုင်ငံများကို ဥရောပသမဂ္ဂ က တောင်းဆိုမည်ဟု အေပီ သတင်းတရပ်အရ သိရသည်။

ပါရာဂွေးနိုင်ငံ၌ မနက်ဖြန် ကျင်းပမည့် အီးယူ-တရုတ် ၁၁ ကြိမ်မြောက် ကုန်သွယ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲတွင် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အီးယူက တင်ပြမည် ဖြစ်ကြောင်း ပါရှိသည်။ အစည်းအဝေးသို့ တရုတ်ဝန်ကြီးချုပ် ဝန်ကျားပေါင် တက်ရောက်မည် ဖြစ်သည်။

ထို့အပြင် လာမည့် ရက်သတ္တပတ်အတွင်း ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပရန်ရှိသည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင် ၁၀ နိုင်ငံနှင့် တွေ့ဆုံရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည် အရေးကိစ္စကို အီးယူက ထည့်သွင်း ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
-----------------------------------
ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်း မနက်ဖြန်


ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို မနက်ဖြန် ဗုဒ္ဓဟူးနေ့ နံနက် ၁၀ နာရီတွင် ဆက်လက် စစ်ဆေးမည် ဖြစ်သည်။
-----------------------------------
ဦးအေးသာအောင် (အထွေထွေ အတွင်းရေးမှူး၊ လွှတ်တော် ကိုယ်စားပြု ကော်မတီ - စီအာပီပီ) ၏ ပြောကြားချက်

“ဒေါ်စုနဲ့ ပတ်သက်ပြီး ရှင်းပါတယ်။ တကယ်တော့ တိုင်းပြည် အနာဂတ်ကို ကောင်းအောင်၊ ဖွံ့ဖြိုအောင်၊ တိုးတက်အောင် တည်ဆောက်မယ်ဆိုရင် အမျိုးသား ပြန်လည် သင့်မြတ်ရေးက ရအောင်ယူရမယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုတာ အန်အယ်ဒီ၊ တပ်မတော်၊ ဒီမိုကရက်တစ် အင်းအားစု၊ တိုင်းရင်းသား အင်အားစုတွေ စည်းလုံး ညီညွတ်မှု လိုတယ်။ အဲဒီလိုနဲ့ တည်ဆောက်ရပါတယ်။ ပထမဆုံး ယုံကြည်မှုကို တည်ဆောက်တဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဦးခွန်ထွန်းဦး၊ မင်းကိုနိုင်၊ တခြားအကျဉ်းသားတွေကို လွှတ်ပြီးတော့ ပါဝင် တွေ့ဆုံခွင့်ရရမယ်။ အခုတော့ ပိုဆိုးအောင် မဆိုင်တဲ့ ပုဒ်မတွေနဲ့ ပြစ်ဒဏ်ပေးဖို့ ထောင်ချဖို့ ရည်ရွယ်တာဟာ သူတို့ရဲ့ အခြေခံ ဥပဒေကို တဘက်သတ်သွားမယ်။ နိုင်ငံတော်ကို ဘယ်သူသေသေ ငတေမာရင် ပြီးရော၊ ဆက်လက် အာဏာကို ရယူထားဖို့အတွက် နည်းမျိုးစုံနဲ့ လုပ်တယ်လို့ မြင်လာတယ်။”

“အခု ဒေါ်စုကို ဒီလိုလုပ်ခြင်းအားဖြင့် တိုင်းပြည်ရဲ့ အနာဂတ်ဟာ ပိုဆိုးလာနိုင်မယ်။ ဒီလို လုပ်လိုက်ခြင်းအားဖြင့် အမျိုသား ညီညွတ်ရေးကလည်း ဆိုးလာမယ်။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကလည်း ဆိုးတထက် ဆိုးလာမယ်။ အနာဂတ် မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပိုပြီးတော့ ဆိုးလာမယ့် အနေအထား ရောက်လာနိုင်မယ်။”

“ရွေးကောက်ပွဲက ကဏ္ဍတခုပါ။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီနိုင်ငံကို သွားတဲ့အခါမှာ နည်းမျိုးစုံနဲ့ အမျိုးမျိုး ချုပ်နှောင်ထားပြီးတော့ သွားလို့ မရပါဘူး။ ဒီမိုကရေစီနိုင်ငံကို ထူထောင် သွားတဲ့အခါမှာ ဒီမိုကရေစီကို အခြေခံတဲ့ ဖွဲ့စည်းပုံ ရှိရမယ်။ အဲဒီဖွဲ့စည်းပုံကို အခြေခံပြီး ကျင်းပတဲ့ ရွေးကောက်ပွဲပဲ ဖြစ်ရမယ်။”

“၂ဝဝ၈ခုဖွဲ့စည်းပုံဟာ အမျိုးမျိုးကန့်သတ် ချုပ်ချယ်ထားပြီးတော့ ဒီမိုကရေစီ အခြေခံတဲ့ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်ကို ကန့်သတ်ထားတဲ့ ဖွဲ့စည်းပုံ ဖြစ်တဲ့အတွက် ၂ဝ၁ဝမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲသည် ဘယ်လိုမှ အနာဂတ် မြန်မာနိုင်ငံအတွက် ရည်မှန်းထားလို့ မရနိုင်ပါဘူး။”

“ပြည်သူလူထုကတော့ ဘယ်လိုမှ မကျေနပ်နိုင်ဘူး။ လုပ်ပုံလုပ်နည်းက တရားဥပဒေနဲ့လည်း မညီဘူး။ ပြောင်ပြောင်တင်းတင်းကြီး လုပ်ချင်တာလုပ်နေတာပဲ။ ရှေ့မှာ ပြည်သူတွေ၊ ရဟန်းသံဃာ တွေကို အမျိုးမျိုး ရက်ရက်စက်စက် လုပ်ခဲ့တယ်။ ကြိမ်မီးအုံးသလို ခံစားနေရတာပေါ့။”
-----------------------------------
ယနေ့ တရားခွင် ပြီးဆုံး

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများအားလုံး အင်းစိန် အကျဉ်းထောင်အတွင်းမှ ပြန်လည် ထွက်ခွာ သွားကြပြီ ဖြစ်သည်။
-----------------------------------
ရွှေတိဂုံ ဘုရား လုံခြုံရေး တင်းကျပ်


ရွှေတိဂုံဘုရား အင်္ဂါထောင့် ဒေါ်အောင်ဆန်းစုကြည် ပုံမှန် ဆုတောင်းပွဲ ရှိနေသဖြင့် အာဏာပိုင်များက လုံခြုံရေး တိုးမြှင့် ချထားလိုက်သည်။

ယနေ့နံနက် ကတည်းက ယူနီဖောင်း၊ လက်နက် အပြည့်အစုံနှင့် ရဲကား ၇ စီးဖြင့် လုံခြုံရေး ကင်းလှည့်နေသည်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဖြစ်သော အင်္ဂါနေ့တိုင်းတွင် သူ၏ ပါတီဝင်များက အင်္ဂါထောင့် ဆုတောင်းခြင်းကို အပတ်စဉ် ပြုလုပ်နေကြမြဲ ဖြစ်သည်။
-----------------------------------
တရုတ်နှင့် နအဖ ဆွေးနွေး


လက်ရှိ ဖြစ်ပေါ်နေသော မြန်မာ့အရေးနှင့် ပတ်သက်၍ တရုတ်အစိုးရ ကိုယ်စားလှယ်များနှင့် မြန်မာ စစ်အစိုးရ အဆင့်မြင့်အရာရှိများ လွန်ခဲ့သော တင်္နဂနွေနေ့က ဆွေးနွေးခဲ့ကြသည်ဟု စစ်အစိုးရနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။ မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။
-----------------------------------
အင်းစိန်ဈေးအနီးရှိ လာရောက် နားစွင့်နေသူတဦး


“ခုနကတော့ ရဲကားတစီး ရောက်လာတယ်။ အနီးဆုံး နေရာပေါ့နော်။ သူတို့ သံဆူးကြိုးချထားတဲ့ အနီးဆုံးနေရာနဲ့ မလှမ်းမကမ်းမှာ ထိုင်နေတဲ့ လူတွေကို မောင်းထုတ်တယ်။ မောင်းထုတ်ပြီးတော့ ပြန်ထွက်သွားတာပဲ။

၁၂းဝဝ နာရီ သာသာလောက်ကပေါ့။ အဲဒီ ရဲကားက သေနတ်တွေနဲ့လေ။ သူတို့ ရောက်လာတယ်။ ဆင်းပြီးတော့ အဲဒီနား ထိုင်နေတဲ့ လူတွေဘေးမှာ ရပ်တယ်။ ရပ်ပြီးတော့ မောင်းထုတ်တယ်။ ဒီနေ့ လုံခြုံရေးက မနေ့ကထက် ပိုများတယ်။ စွမ်းအားရှင်တွေ၊ ကြံ့ဖွံ့တွေ၊ အရပ်ဝတ်နဲ့ ရဲတွေကလည်း သူတို့အုပ်စုနဲ့ ရောနေတာပဲ။”
-----------------------------------
သေနတ်ကိုင် လုံခြုံရေးနှင့် လူအုပ်စု


ဦးဝင်းတင် အရှေ့ဘက်တွင် ရပ်ထားခဲ့သော လက်နက်ကိုင် လုံခြုံရေးကားသည် နေရာရွှေ့သွားပြီ ဖြစ်သော်လည်း လူအုပ်စုများ ရှိရာဘက်သို့ ဦးတည်မောင်းလာလိုက်၊ လူအုပ်စုက အိနြေ္ဒမပျက် ဖယ်ရှားလိုက်နှင့် ဖြစ်နေသည်။

ယမန်နေ့က ရှင်းလင်းနေခဲ့သည့် လမ်းမပေါ် ယခုနေရာတွင် ယခု စစ်ကားတစီးထဲ သေနတ်ပြောင်းများ ချိန်ရွယ်ကာ ဟန်ရေးပြနေသဖြင့် လူငယ်အများစု ပါဝင်သော ၄၀၀ ကျော်ရှိမည့် လူအုပ်စုကြီးက မကျေမချမ်း ပြောဆိုမှုများလည်း ရှိနေသည်။

တိုက်ရိုက် မမြင်တွေ့ရ၊ မကြားရသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်ကို လာရောက်နားစွင့်သူမှာ ယမန်နေ့ကထက် များလာပြီး လူငယ်အများစု ပါဝင်သည်ကို တွေ့ရသည်။
-----------------------------------
လက်နက်ကိုင် လုံခြုံရေးများ ဦးဝင်းတင်ရှိရာ ချဉ်းကပ်လာ

ချင်းမိုင် (မဇ္ဈိမ)။ ။ ဦးဝင်းတင် ထိုင်နေရာ တည့်တည့်သို့ ယူနီဖောင်းဝတ် လက်နက်ကိုင် လုံခြုံရေးများ ကားတစီး အပြည့်ဖြင့် ရောက်ရှိလာရာ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ယမန်နေ့က လက်ကိုင်စကားပြော ကိုင်သူ နှစ်ဦး၊ သုံးဦးသာ ထိုနေရာသို့ ရောက်ခဲ့ရာမှ အထူးတပ်ဖွဲ့ ဖြစ်ဟန်ရှိသည့် လုံထိန်းရဲ ၃ဝ ခန့်က ကားဖြင့် ရောက်လာပြီး ဦးဝင်းတင်ရှေ့ဘက် တဖြည်းဖြည်း ချဉ်းကပ်လာခဲ့ရာ စိုးရိမ် ထိတ်လန့်လာသူ အချို့ ရှောင်တိမ်းကုန်သည်။

ဦးဝင်းတင်မှာ ထိုင်မြဲထိုင်လျှက်ရှိပြီး အခြေအနေမှာ လာရောက်ကြည့်ရှုသူ အချို့ စိုးရိမ်မှုများ အတိုင်းသား မြင်တွေ့နေရကြောင်း အခြေအနေကို အကဲခတ် စောင့်ကြည့်နေသူ တဦးက ပြောသည်။
-----------------------------------
ဦးဝင်းတင် အင်းစိန်ထောင်အနီး ရောက်ရှိ

အင်းစိန်လမ်း ပိတ်ထားသည့် နေရာအနီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် တဦးဖြစ်သော ဦးဝင်းတင်၊ ဒေါ်နော်အုန်းလှတို့ အပါအဝင် လူ ၂၀၀ ခန့်က စောင့်ဆိုင်းလျှက် ရှိသည်။
-----------------------------------
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အာဆီယံတောင်းဆိုပြီ


ချင်းမိုင် (မဇ္ဈိမ)။ ။ ဒုတိယနေ့ တရားရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်ပေးရန် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)က တောင်းဆိုလိုက်သည်။

”အာဆီယံ အနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီသို့ ငြိမ်းချမ်းစွာ ကူးပြောင်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်တဲ့ ကူညီပံ့ပိုးမှုလုပ်ပေးဖို့ အဆင့်သင့်ဖြစ်နေကြောင်း ထိုင်းနိုင်ငံသည် အာဆီယံရဲ့ ဥက္ကဌအနေနဲ့ ထပ်လောင်းပြောလိုက်ရပါသည်၊” ဟုလည်းပါရှိသည်။
……………………………..
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် လူငယ်တဦးကို ဆက်သွယ်မေးမြန်းချက်


” ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ကိစ္စကို ကျနော်တို့ မြို့နယ်ကလည်း ကန့်ကွက်တယ်။ အင်းလေးဒေသ ညောင်ရွှေမြို့နယ်ပေါ့လေ။ ဒီကစ္စက မတရားနည်းလုပ်တာ ဖြစ်တဲ့အတွက်ကြောင့် လုံးဝ ကန့်ကွက်တယ်လို့ပြောချင်တယ်။”

” အခုကျနော်တို့ ဒီဘက်မှာက လုံးဝ မကျေနပ်လို့ လိုက်ပြောနေတာ ကျေးရွာတွေအထိပဲ။ တတိုင်းပြည်လုံးက မကျေမနပ် ဖြစ်နေကြတယ်။”

” လှည်းသမား၊ ရွာသားတွေ၊ ဆိုက်ကားသမားတွေကအစ ဒါကို လုံးဝ မခံဘူး။ ကျနော်တို့တောင် ဘာမှ ပြောနေစရာ တောင်မလိုဘူး။ ရွာက ငါးရွာလောက် လုပ်ပြီးပါပြီ မိုင်းသောက်၊ ရွာမ၊ မြေနီကုန်း၊ သာလေးကျေးရွာများကို လိုက်ပြောနေတာ။ ကျနော်တို့ အန်အယ်ဒီ လူငယ်တွေပေါ့လေ။ နီးစပ်ရာ စုပြီး ပြောဖြစ်ကြတယ်လေ။”

” ကျနော်တို့ကတော့ ပြည်သူ ဆန္ဒကို ဖော်ထုတ်ရမှာပဲ။ ရွာသားတွေက ဘာပြောလဲဆိုတော့ ခင်ဗျားတို့ ခေါင်းဆောင်မယ်ဆိုရင် ကျနော်တို့ကတော့ နောက်ကနေလိုက်လာမှာပဲ။ ရွာသားတွေက ကျနော်တို့တောင် တားနေရတယ်။ စပြီး တရားစွဲတဲ့ နေ့ကစပြီး အကုန်လုံး စိတ်မကောင်း ဖြစ်နေကြတယ်။”
-----------------------------------
အင်းစိန်ထောင်အနီး အခြေအနေ


ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက တရားစွဲဆိုထားမှုနှင့် ပတ်သက်ပြီး ယနေ့ ပြုလုပ်မည့် တရားခွင်မတိုင်မီ အင်းစိန်ထောင်ရှေ့ လမ်းမကြီးကို ယမန်နေ့က ကဲ့သို့ပင် နှစ်ဘက်ညှပ် ပိတ်ထားသည်။ သို့သော်လည်း ယမန်နေ့က ပိတ်ခိုင်းထားခြင်း ခံရသော ဈေးဆိုင်များ ယနေ့တွင် ပုံမုန်လို ဖွင့်လှစ် ရောင်းချနေကြသည်။

လုံခြုံရေးကို ထပ်မံ အားဖြည့်ထားဟန်ရှိပြီး ဘောလုံးကွင်းအတွင်း စစ်တပ်ကိုပါ ချထားသည်။

နံနက် ၉ နာရီခွဲခန့်တွင် တရားဆိုင်ဘက်မှ ရှေ့နေများ ဖြစ်ကြသော ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့ တံခါးပိတ် အထူး တရားရုံးရှိရာ အင်းစိန်ထောင်အတွင်းသို့ ဝင်ရောက်သွားကြသည်။

တရားခွင် အခြေအနေကို လာရောက် နားစွင့်လိုသူများနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများ တဖွဲဖွဲ ရောက်လာနေသည်ဟု အခြေအနေကို စောင့်ကြည့် လေ့လာနေသူ တဦးက ပြောသည်။
-----------------------------------
ဒေါ်အောင်ဆန်းစုကြည်အမှု သတင်းစာများတွင် စတင်ဖော်ပြ


ချင်းမိုင် (မဇ္ဈိမ)။ ။ နေအိမ် အကျယ်ချုပ်ကာလအတွင်း စည်းကမ်း ချိုးဖောက်သည်ဆိုသော စွဲချက်ဖြင့် စစ်အစိုးရက စွဲဆိုထားခြင်းခံရသော ဒေါ်အောင်ဆန်းစုကြည်၏ အမှုအကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် အကျဉ်းချုပ် ဖော်ပြလာသည်။

နေအိမ်ကို ရေကူး ဝင်ရောက်ခဲ့သော အမေရိကန်နိုင်ငံသား ဂျွန် ဝီလီယံ ယက်တောကို လက်ခံစကားပြော ဧည့်ခံခဲ့မှုဖြင့် သတင်းတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းအောင်က တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း စစ်အစိုးရ ထိန်းချုပ်ထားသည့် သတင်းစာက ဖော်ပြထားသည်။

နိုင်ငံတကာ သတင်းဌာနများနှင့် ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများက အလေးထား ဖော်ပြနေသော်လည်း သတင်းအမှောင်ချ ဆင်ဆာ ကျင့်သုံးသည့် နိုင်ငံ၏ သတင်းစာက ယနေ့မှ စတင် ဖော်ပြလာခြင်း ဖြစ်သည်။

မစ္စတာ ယက်တောသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်း အတွင်းသို့ နှစ်ကြိမ် ရောက်ရှိခဲ့ပြီး ယမန်နှစ်က လာရောက်ခဲ့သော ပထမအကြိမ်က စာအုပ်တအုပ် ထားခဲ့ကြောင်း ပါရှိသည်။

မေလ ၃ ရက် အင်လျားကန်ဖြတ် ရေကူးရောက်လာသော မစ္စတာ ယက်တောကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံ စကားပြောခြင်း၊ အစားအသောက်များ ကျွေးမွေးခြင်းတို့ ပြုလုပ်ခဲ့သလို မေ ၅ ရက် ညအချိန်အထိ နေအိမ်အတွင်း နေထိုင်ခွင့် ပြုခဲ့သည်ဟု ပါရှိသည်။

နိုဝင်ဘာ ၃၀ ရက်၊ ၂၀၀၈ ခုနှစ်က ခြံဝ၌ Book of Mormon အမည်ရှိ စာအုပ်ကို ချထားပေးခဲ့ကြောင်း ပါရှိသည်။
+++++
နအဖသတင်းစာ ရေးသားချက် စာနယ်ဇင်းအသိုင်းအ၀ိုင်း ဒေါသထွက်


ဒေါ်အောင်ဆန်းစုကြည် အမှုနှင့်စပ်လျဉ်းသည့် သတင်းကို နအဖစစ်အစိုးရသတင်းစာများက ယနေ့ထည့်သွင်း ဖော်ပြရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို တရားခံဟု သုံးနှုန်းရေးသားထားသည့်အတွက် ရန်ကုန်စာနယ်ဇင်း အသိုင်းအ၀ိုင်းက စိတ်ဆိုး ဒေါသထွက်နေကြကြောင်း သိရသည်။

ယင်းကဲ့သို့ သုံးစွဲရေးသားမှုနှင့်စပ်လျဉ်း၍ သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းက “တရားရုံးက ပြစ်ဒဏ်စီရင်ခြင်း မပြုသေးမီမှာ မည်သည့်လူတဦးတယောက်ကိုမျှ တရားခံလို့ သုံးစွဲရေးသားလို့မရပါဘူး။ တရားရုံးကို မထီမဲ့မြင်ပြုရာ လည်း ရောက်တယ်။ စာနယ်ဇင်းကျင့်ဝတ်နဲ့လည်း မညီပါဘူး။ ရေးရင် စွပ်စွဲသူ စွပ်စွဲခံရသူ ဒီလိုပဲရေးရမှာ ဖြစ်ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စွပ်စွဲခံရသူလို့ပဲ သုံးနှုန်းရမှာပါ” ဟု ပြောသည်။
+++++
ကင်းတားဆည် ရေလွှဲမြောင်း ကျိုးသဖြင့် ကျေးရွာများ ရေနစ်မြုပ်

ချင်းမိုင် (မဇ္ဈိမ)။ ။ မန္တလေးတိုင်း မြစ်သားမြို့နယ်အတွင်း တည်ဆောက်ထားသည့် ကင်းတားဆည်၏ လက်ဝဲ ရေလွှဲမြောင်းသည် ယခုလ ၁၆ ရက်နေ့က ကျိုးပေါက်ခဲ့ရာ မြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာ ရေနစ်မြုပ်ခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆည်၏ ရေလွှဲမြောင်း ကျိုးပဲ့ရာမှ ကျေးရွာများ ရေလွှမ်းစေခဲ့ခြင်း ဖြစ်သည်။

ရေအမြင့် ၄ ပေကျော် လွှမ်းသွားသဖြင့် ရွာလမ်းများ ပျက်စီးကာ ဆက်သွယ်ရေး ပြတ်တောက်နေသည်။

ယင်းကြောင့် ရေလွှမ်းမိုးမှုအပြီး ၃ ရက်အကြာ ယနေ့မှသာ ကယ်ဆယ်ရေးများ စတင်ဝင်ရောက်နိုင်ကြသည်။

ယင်းရေကန် ကျိုးပေါက်သဖြင့်လည်း နွားထိုးကြီးမြို့နယ်ရှိ ကျေးရွာအချို့ ရေလွှမ်းခဲ့သည်။ လမ်းများ ပျက်စီးသွားသဖြင့် မြို့နယ်အတွင်းမှ ကျေးရွာများအတွက် ကယ်ဆယ်ရေးများ မဝင်ရောက်နိုင်သေးပါ။

ယခုကျိုးပေါက်သည့် ကင်းတား လက်ဝဲရေလွှဲမြောင်းမှာ ၁၉၈၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် ကင်းတား ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ ရေလွှဲမြောင်းမကြီးတခု ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သုံးစွဲရန် မသင့်သော တိုင်းရင်းဆေးများ ကျန်းမာရေးဝန်ကြီးဌာန ကြေညာ

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာပြည်တွင်းရှိ မှတ်ပုံတင်ထားခြင်း မရှိသော တိုင်းရင်းဆေး အချို့ကို အများပြည်သူ သုံးစွဲရန် မသင့်ကြောင်း ယနေ့ထုတ် သတင်းစာတွင် ထုတ်ပြန်ကြေညာလိုက်သည်။

တိုင်းရင်းဆေး ၁၆ မျိုးကို အများပြည်သူ သုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့ခြင်းဖြစ်ရာ ယခင်ကြေညာထားသော လက်ဖက်၊ ကလေးဆေးနှင့် ငါးပိအချို့၏ နောက်ဆက်တွဲ စာရင်းဝင်သွားသည်။

တားမြစ်လိုက်သော ဆေးဝါးများသည် မှတ်ပုံတင်ထားခြင်း မရှိသော တိုင်းရင်းဆေးဝါးများဖြစ်၍ စစ်မှန် အစွမ်းထက်မှုကို အာမခံချက် မပေးနိုင်သည့် ဆေးဝါးများ ဖြစ်ကြောင်းနှင့် အများပြည်သူ သုံးစွဲရန် မသင့်တော်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

ဂျိုးဖြူတံဆိတ် ကချင်သွေးဆေး၊ စိန်သော့၊ တူတံစဉ်၊ ကျော်အမှတ်တံဆိတ် စသည့် ပန်းနာရင်ကျပ်ပျောက်ဆေး၊ အမျိုးသမီး မီးယပ်သွေးဆေး၊ အကိုက်အခဲပျောက် ဆေးမှုန့်များ၊ ဒူးလေး အစာအိမ် လေနိုင်ဆေး၊ သမားတော် အစာကြေ လေပုပ်ထုတ်ဆေး၊ သွေးတိုးကျဆေးတို့ ပါဝင်သည်။ အများအားဖြင့် ကချင်ပြည်နယ်နှင့် ရန်ကုန်မြို့တွင် ထုတ်လုပ် ဖြန့်ချိသော ဆေးဝါးများ ဖြစ်သည်။

ယခု မေလ ၄ ရက်နေ့ကလည်း ခဲဓာတ်နှင့် အာဆင်းနစ်ဓာတ် အဆများစွာ လွန်ကဲအသုံးပြုထားသော ဒေါ်တွေး ဂေါမုတ္တဆေးနှင့် ဒေါ်ကျင် ကလေးသူငယ်နာ ဝမ်းပုပ်ချဆေးတို့ကို ကျန်းမာရေး ဝန်ကြီးဌာနက ပိတ်လိုက်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မေလ ၂၀ ရက်
ရက်သတ္တပတ် ၂၁ ၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်အမှု တရားခွင် ( သုံးရက်မြောက် )

ဒေါ်အောင်ဆန်းစုကြည် တရားခွင်သည် အများပြည်သူရှေ့မှောက် လုံးလုံးလျားလျား လွတ်လပ်ပွင့်လင်းစွာ စီရင်သော တရားခွင် မဟုတ်ဘဲ တစိတ်တဒေသသာ ခွင့်ပြု ဖွင့်ဟပေးလိုက်သော Half-Open Court ဟု တရားဆိုင်ဘက်က ရှေ့နေက ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သည်။ သို့သော်လည်း နိုင်ငံခြား သံတမန်များနှင့် သတင်းစာဆရာ အချို့ကို တရားခွင်တွင် တက်ရောက် နားထောင်ခွင့် ပြုခြင်းကိုတော့ သူက ကြိုဆိုလိုက်သည်။
------------------------------------------------
ဒေါ်အောင်ဆန်းစုကြည်အမှု မနက်ဖြန် ရုံးချိန်း


ဒေါ်အောင်ဆန်းစုကြည်အမှု တရားခွင်ကို ကြာသပတေးနေ့ မေလ ၂၁ ရက်၊ ၂၀၀၉ ခုနှစ်သို့ ရုံးချိန်းပေးလိုက်သည်။
------------------------------------------------

ဒေါ်စု ရုံးတင်သည့်အပေါ် လုံခြုံရေးကောင်စီမှ ကြေညာချက် ထုတ်ရန် စဉ်းစားနေ


အဖွဲ့ဝင်နိုင်ငံများက စကား အသုံးအနှုန်းနှင့် အတိုင်းအတာ ပမာဏအပေါ် သဘောတူညီချက် ရမည်ဆိုလျှင် မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ရုံးတင် တရားစွဲဆိုနေမှုကို ကုလလုံခြုံရေး ကောင်စီက နယူးယောက် စံတော်ချိန် ဗုဒ္ဓဟူးနေ့တွင် ကြေညာချက်တရပ် ထုတ်ပြန်နိုင်လိမ့်မည်။

ကြေညာချက် ထုတ်ပြန်ရန် လိုအပ်သည်ဟု အဖွဲ့ဝင်နိုင်ငံအများစုက သဘောတူကြသော်လည်း ဤကြေညာချက်ကို မည်သည့်ပုံစံဖြင့် ထုတ်သင့်သည်ဆိုသည့် ကိစ္စအပေါ် ဝိဝါဒကွဲပြားနေပုံရသည်။

အထူးသဖြင့် ကောင်စီအနေဖြင့် သာမန် သတင်းထုတ်ပြန်ချက်အရ ထုတ်ပြန်မည်လော၊ ကောင်စီဥက္ကဋ္ဌ၏ ကြေညာချက်အဖြစ် ထုတ်ပြန်မည်လော ဆိုသည့် ကိစ္စအပေါ် စဉ်းစားနေကြခြင်းဖြစ်သည်။

တရုတ်၊ ရုရှနှင့် ဂျပန်နိုင်ငံတို့က စဉ်းစဉ်းစားစား သတိနှင့်ချဉ်းကပ်သင့်ကြောင်း ထုတ်ဖော်ပြောဆိုထားကြပြီး၊ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် အမေရိကန်၊ ယူနိုက်တက်ကင်းဒမ်းနှင့် ပြင်သစ် အပါအဝင် အဖွဲ့ဝင်နိုင်ငံအချို့ကမူ ဒေါ်အောင်စုကြည်ကို ရုံးတင်တရားစွဲဆိုသည့်ကိစ္စအပေါ် တဖက်သတ် ပြစ်တင်ရှုတ်ချထားကြသည်။

မေလအတွက် လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးနေရာကို ရုရှက ရယူထားသည်။
------------------------------------------------
တည်ငြိမ်ခန့်ညားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟု သတင်းထောက်များက ပြောကြား

ဗဟန်းမြို့နယ် ရဲစခန်းမှူး တင်ဇော်ဝင်း က တရားလိုပြ သက်သေအဖြစ် ထွက်ဆိုသည့် ယနေ့ တရားခွင်ကို မွန်းလွဲ ၁ နာရီ ၁၀ မိနစ်မှာစတင်ပြီး ၂ နာရီ ၁၀ မိနစ်တွင် အဆုံးသတ်သွားခဲ့သည်။

အင်္ကျပန်းရောင်၊ ယောလုံချည်အနီ ဝတ်ဆင်ထားပြီး လက်ကိုင်အိတ်အနက် ကိုင်ဆောင်ထားသော ဒေါ်အောင်ဆန်းစုကြည်မှာ ၁၂ နာရီ မိနစ် ၅၀ ခန့်တွင် ဆလွန်းကား ၁ခ/ ၈၉၁၈ ဖြင့် ရောက်ရှိလာခဲ့သည်။ ဒေါ်ခင်ခင်ဝင်း နှင့် မဝင်းပပကတော့ ဗင်ကားတစီးဖြင့် ရောက်လာခဲ့သည်။

သူ၏ ထုံးစံအတိုင်း ယုံကြည်မှု အပြည့်အဝနှင့် တည်တည်ငြိမ်ငြိမ်ပင် တရားရုံးတွင်းသို့ ဝင်ရောက်လာခဲ့ကာ သူ၏ ရှေ့နေများကို နှုတ်ဆက်ကာ နေရာယူခဲ့သည်။

တရားလိုပြ သက်သေက ထွက်ဆိုပြီးနောက် တရားခွင်အပြီးတွင် သံတမန်များကို ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆက်စကား ဆိုသွားခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဌဖြစ်သော ရုရှားနိုင်ငံ၏ သံအမတ်၊ ထိုင်းနှင် စင်္ကာပူတို့မှ သံအမတ်များက ဒေါ်အောင်ဆန်းစုကြည်နှင့် တရားခွင်အပြီး သီးခြား တွေ့ဆုံခွင့်ရကြသည်။

နိုင်ငံခြား သတင်းထောက် တယောက်က တရားခွင်ပုံကို ပန်းချီဆွဲလာခဲ့သည်။
------------------------------------------------
အင်းစိန်ထောင်ရှေ့က ရှင်းလင်းပွဲငယ်

အင်းစိန် အကျဉ်းထောင် အတွင်းမှ ပြန်ထွက်လာသူ သတင်းထောက် အချို့က လုပ်ဖော်ကိုင်ဖက်များကို တရားခွင်တွင် မြင်တွေ့ခဲ့ရသည့်များကို ပြန်လည် ပြောပြရာတွင် ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာပြီး စိတ်ဓာတ်ကြံ့ခိုင်မှုကလည်း အထင်းသား ပေါ်လွင်နေသည်ဟု ပါရှိသည်။

အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန်ဝီလီယံ ယက်တော ကတော့ စိုးရိမ် တုန်လှုပ်ဟန် ရှိသည်ဟုလည်း ပါရှိသည်။

ရှင်းလင်း ပြောပြနေစဉ်တွင် စစ်အစိုးရ လက်သပ်မွေး စွမ်းအားရှင်များက အစုပြုံလိုက် နောက်မှ လာရောက်သည့်အတွက် ရှင်းလင်းမှု ရပ်ဆိုင်းသွားပြီး ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်သို့ ဆက်လက် ခရီးဆက်သွားကြသည်။
------------------------------------------------
ယနေ့ တရားခွင် ပြီးဆုံး

သံတမန်များ၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ၊ သတင်းထောက်များ အင်းစိန်ထောင် အတွင်းမှ ပြန်လည် ထွက်လာပြီ ဖြစ်သည်။
------------------------------------------------
သံဃာတော်များက ဘန်ကောက်တွင် ဆန္ဒပြ


စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသော အမှုကို ကန့်ကွက်သောအားဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် သံဃာတော် အပါး ၃၀ က ယနေ့ ၁နာရီကျော်ကြာ မေတ္တသုတ်ရွတ်ဆို ဆန္ဒပြမှု ပြုလုပ်ခဲ့သည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်အား တရားစွဲဆိုမှုကို ပြည်ပရောက် မြန်မာများက ကန့်ကွက်ဆန္ဒပြခဲ့မှုများ ရှိခဲ့သော်လည်း ဗုဒ္ဓဘာသာ သံဃာတော်များချည်း ဆန္ဒပြမှုကတော့ ယနေ့မှ ဗွေဆော်ဦး ဖြစ်သည်။
------------------------------------------------
ဖိတ်ကြားထားသူများ အင်းစိန်ထောင်အတွင်း ဝင်ရောက်

နိုင်ငံခြား သံရုံးကား ၂၅ စီးခန့် အပါအဝင် ဖိတ်ကြားထားသော အထူး ဧည့်သည်များနှင် ပြည်တွင်း သတင်းထောက်များ လိုက်ပါလာသော ကားတို့ အင်းစိန်ထောင်တွင်းသို့ ဝင်ရောက်သွားပြီ ဖြစ်သည်။

ဓာတ်ပုံ ရိုက်နေသူ လူငယ်တဦးကို အရပ်ဝတ် လုံခြုံရေးများက ဖမ်းဆီးသွားခဲ့သော်လည်း ပြန်လည် ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။
------------------------------------------------
ယမန်နေ့ တရားခွင်သတင်း သတင်းစာများတွင် ဖော်ပြ

ယမန်နေ့က ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်အမှု ဒုတိယနေ့ စစ်ဆေးမှုတွင် စစ်အစိုးရဘက် တရားလိုပြသက်သေ ၅ ဦး အစစ်ဆေးခံခဲ့ပုံနှင့် ထွက်ဆိုချက်များကို စစ်အစိုးရ ထိန်းချုပ်ထားသော နေ့စဉ် သတင်းစာများတွင် ဖော်ပြထားသည်။

မှုခင်းတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မောင်မောင်ခင်၊ ရဲအုပ်သန်းနိုင်၊ ဒုတိယ တပ်ကြပ် မျိုးလွင်၊ ဒုတိယရဲမှူး မောင်မောင်မြင့် ၊ ရယကဥက္ကဌ ဦးသာစိန် တို့ကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ဒုတိယရဲမှုးကြီး မောင်မောင်ခင်က သူ့အနေဖြင့် အမေရိက နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကို စစ်ဆေးရကြောင်း ပြောဆိုကာ မစ္စတာ ယက်တော မြန်မာနိုင်ငံသို့ ရောက်လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ မည်သို့ သွားရောက်ခဲ့ပုံနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမ တို့က အစားအစာများ ကျွေးမွေးခဲ့ပုံကို ထွက်ဆိုသွားသည်ဟု မြန်မာ့အလင်း သတင်းစာက ရေးသားထားသည်။

တရားလိုပြသက်သေ အမှတ် (၇ ) ရဲတပ်ရင်းမှ ရဲအုပ်သန်းနိုင်ထွက်ဆိုချက်တွင်တော့ သူသည် ပြည်လမ်းတံတားဖြူ မှတ်တိုင် အနီး ကန်သာယာ ဆေးရုံဟောင်းတွင် အခြေပြုပြီး မေလ ၄ရက် နံနက်ပိုင်း လုံခြုံရေးတာဝန်ယူခဲ့ကြောင်းနှင့် မေလ ၆ရက်နံနက် ၅နာရီခွဲတွင် အင်းလျားကန်စပ်ဘက် သွားရောက်ကြည့်ရှုရာ ကမ်းစပ်နှင့် ကိုက်၁ဝဝခန့်တွင် အထုပ်ကို တွေ့ရကြောင်း၊ အထုပ်နှင့် ကပ်ပါလာသူမှာ နိုင်ငံခြားသား တဦး ဖြစ်သည်ကို တွေ့ရကြောင်းပြောဆိုပြီး သိမ်းဆည်းရမိသည့် ပစ္စည်းများစာရင်းကို ဖတ်ပြသွားသည်။

တရားလိုပြသက်သေ သတင်းတပ်ဖွဲ့ စစ်ဆင်ရေး ဌာနခွဲမှ ဒုတိယ ရဲမှုးမောင်မောင်မြင့် ထွက်ဆိုချက်မှာ မေ ၆ရက် နံနက် ၅နာရီခွဲခန့်တွင် ရဲတပ်ရင်း (၇ ) တပ်ခွဲ (၃ ) မှ ရဲအုပ်သန်းနိုင်က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်မှ အင်းလျားကန်ကို ဖြတ်ပြီး ရေကူးလာသော မစ္စတာယက်တော အား လာရောက်ပို့ အပ်ပေးသဖြင့် လက်ခံခဲ့ကြောင်းနှင့် မစ္စတာယက်တော နှင့် အတူပါလာသော ပစ္စည်းများကို သက်သေ မရမ်းကုန်း မြို့နယ် အမှတ် (၄ ) ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဦးသာစိန်၊ ဦးစိုးမြင့် တို့နှင့် အတူရှာဖွေ သိမ်းဆည်းကြောင်း ထွက်ဆိုသွားကြောင်း သတင်းစာက ရေးသားထားသည်။
------------------------------------------------
သတင်းစာဆရာ ၁ဝ ဦးကို ဒေါ်အောင်ဆန်းစုကြည် တရားခွင် တက်ရောက် နားထောင်ခွင့်ပြု


အင်းစိန်ထောင်အတွင်း အထူးတရားရုံး၌ ပြုလုပ်နေသော တတိယနေ့မြောက် ဒေါ်အောင်ဆန်းစုကြည်၏ အမှု တရားခွင်ကို ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းထောက် ငါးဦးနှင့် ပြည်တွင်း ဂျာနယ်တိုက်များမှ သတင်းထောက် ငါးဦးကို တက်ရောက် နားထောင်ခွင့်ပြုလိုက်သည်။

တရားခွင်ကို ပြည်သူအများ တက်ရောက် နားထောင်ခွင့်ပြုရန် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အစောပိုင်းက တောင်းဆိုထားခဲ့သော်လည်း စစ်အစိုးရက တံခါးပိတ် တရားခွင်ကို ဆက်လက် ပြုလုပ်နေပြီးမှ သတင်းထောက် အချို့ကို နားထောင်ခွင်ပြုမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်
------------------------------------------------
သံတမန်များကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ပြုမည်


နိုင်ငံခြား သံတမန်များထဲမှ သံတမန်အချို့ကို အင်းစိန်ထောင်အတွင်း အထိန်းသိမ်းခံနေရပြီး အမှုဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ မွန်းလွဲပိုင်းတွင် တွေ့ဆုံခွင့်ပြုမည်ဟု သံတမန် သတင်းရပ်ကွက်အရ သိရသည်။ ထို့အပြင် ရန်ကုန်အခြေစိုက် နိုင်ငံတကာ ကြေးနန်း သတင်းဌာနများမှ သတင်းထောက်အချို့ကိုလည်း လိုက်ပါခွင့် ပြုမည်ဟု စုံစမ်း သိရှိရသည်။
…………………………………………………………
ဂမ်ဘာရီကို မြန်မာပြည်သို့ အမြန်လွှတ်ရန် စင်ပြိုင်အစိုးရပြော

စင်ပြိုင်အစိုးရဖြစ်သော ပြည်ထောင်စုမြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ)က ကမ္ဘာ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေဖြင့် အရေးပေါ် အစည်းအဝေးတရပ် ကျင်းပပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီကို မြန်မာနိုင်ငံသို့ အမြန်ဆုံး စေလွှတ်သင့်ကြောင်း အကြံပြုပြောဆိုလိုက်သည်။
------------------------------------------------
စစ်အစိုးရက သံတမန်များကို ရှင်းလင်း

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော အမှုနှင့်ပတ်သက်ပြီး စစ်အစိုးရက မြန်မာနိုင်ငံရှိ နိုင်ငံခြား သံရုံးများမှ သံတမန်များနှင့် ကုလသမဂ္ဂရုံးများမှ ကိုယ်စားလှယ်များကို ကို ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ပြည်လမ်းရှိ နိုင်ငံခြားရေး ဝန်ကြီးရုံး အဆောက်အဦဟောင်းတွင် ယနေ့နံနက်တွင် ခေါ်ယူကာ ရှင်းလင်းမှု ပြုလုပ်မှာ ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
လုံခြုံရေး ရဲအရာရှိကြီးများ အင်းစိန်မီးရထားဆေးရုံအတွင်းမှ အနီးကပ်စီစဉ်ညွှန်ကြားနေ


အင်းစိန် မီးရထားဆေးရုံရှိ မျက်စိအထူးကု ဆရာဝန်ကြီးရုံးခန်းနှင့် မျက်စိစစ်ဆေးသည့် အမှောင်ခန်းအား ရန်ကုန်တိုင်း ရဲမှူးကြီး အဆင့်အပါအ၀င် ရဲအရာရှိကြီးများက သိမ်းယူကာ အင်းစိန် ထောင်ဝန်းကျင် အခြေအနေကို စောင့်ကြည့်ညွှန်ကြားနေသည့်အတွက် ဆေးရုံဝန်ထမ်းများ စိတ် အနှောင့်အယှက် ဖြစ်နေရကြောင်း သိရသည်။

အင်းစိန်မီးရထားဆေးရုံသည် ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်စစ်ဆေးနေသည့် အင်းစိန်အကျဉ်းဦးစီးနှင့် ကိုက် (၅၀) ခန့်သာကွာဝေးသည်။ ထို့အတွက် အင်းစိန်ထောင် လုံခြုံရေး လိုအပ်ပါက အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် နှင့် အဓိကရုဏ်းများဖြစ်ပေါ်လာပါက အင်အားသုံးဖြေရှင်းရန် အနီးကပ်စောင့်ကြည့်နေခြင်းဖြစ်သည်ဟု ဆေးရုံလာ သူ မီးရထားဝန်ထမ်းများက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဗိုလ်ချုပ်မှူးကြီးကို ထိပ်တိုက်တွေ့လိုကြောင်း အရှင်ဂမ္ဘီရ ဆန္ဒပြ

ချင်းမိုင် (မဇ္ဈိမ)။ ။ အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် ထိပ်တိုက်တွေ့လိုကြောင်း ရွှေဝါရောင် တော်လှန်ရေး ခေါင်းဆောင် အရှင်ဂမ္ဘီရက အကျဉ်းကျနေသည့် စစ်ကိုင်းတိုင်း ခန္တီးထောင်ထဲ၌ အော်ဟစ် ဆန္ဒပြခဲ့ကြောင်း မယ်တော် ဒေါ်ရေးက ပြောသည်။

ကမ္ဘာကျော် သံဃာ့လှုပ်ရှားမှုကြီးတွင် ဦးဆောင်ခဲ့သဖြင့် ဖမ်းဆီးခံရကာ ထောင်ဒဏ် ၆၈ နှစ် ကျခံနေရသည့် ဆရာတော်က ယခုလို အော်ဟစ် ဆန္ဒပြလိုက်ခြင်း ဖြစ်သည်။

“အစက လမ်းလျှောက်ခွင့် မရဘူးလေ။ နောက်တော့ လမ်းလျှောက်ခွင့် ပေးတယ်။ သူက လမ်းလျှောက်ရင်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်တယ်၊ သန်းရွှေကို ထိပ်တိုက်တွေ့ချင်တယ်ဆိုပြီး အော်ပြောတယ်တဲ့။ အချိန်ပြည့်သွားတော့ အထဲကို ဆွဲသွင်းမလို့လုပ်တော့ ဦးဇင်းက ကြမ်းပြင်ကို ထိုင်ချလိုက်တယ်တဲ့၊ မဝင်နိုင်ဘူး ပြောတယ်။ သူ့ကို လုံခြုံရေးက ဆွဲတာကို လက်သီးထိုးလိုက်တော့ အင်အားသုံးပြီး အထဲကို ပြန်သွင်းလိုက်တယ်လို့ ကြားရတယ်” ဟု မယ်တော် ဒေါ်ရေးက မဇ္ဈိမကို ပြောသည်။

အဆိုပါ ဆန္ဒပြမှုကြောင့် ယခုအခါ ဦးဂမ္ဘီရအား စစ်ကိုင်းတိုင်း ခန္တီးထောင်အတွင်းမှ ကလေးမြို့ အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်သည့် သတင်းလည်း ပေါ်ထွက်နေသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ပြည်တွင်းအခြေစိုက် နိုင်ငံခြား သတင်းထောက်များ ဒေါ်အောင်ဆန်းစုကြည်အမှု သတင်းယူခွင့်ရ

ဒေါ်အောင်ဆန်းစုကြည်၏အမှု အင်းစိန်ထောင်အထူးတရားရုံးတွင် ရုံးထုတ်စစ်ဆေးသည့် တတိယနေ့ဖြစ်သော ယနေ့တွင် ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းဌာနများမှ သတင်းထောက်များအား သတင်းယူခွင့်ပြုလိုက်ကြောင်း ပြည်တွင်းသတင်းဂျာနယ်တခုမှ သတင်းထောက်တဦးက ပြောသည်။

အဆိုပါ သတင်းယူခွင့်ရသည့် ပြည်တွင်း နိုင်ငံခြားသတင်းဌာနများမှ သတင်းထောက်များမှာ ဦးအောင်လှထွန်း (ရိုက်တာ)၊ ဦးအောင်သူငြိမ်း (ဂျီဂျီသတင်းဌာန)၊ ဒေါ်လှလှဌေး (အေအက်ဖ်ပီ)၊ ဒေါ်ဆင့်ဆင့်အောင်( နီပွန်တီဗွီ) နှင့် ဒေါက်တာဇော်သန်း (ဆန်ကေးရှင်ဘွန်း) တို့ဖြစ်သည်။ ၎င်းတို့သည် အင်းစိန်ထောင်တွင်း သွားရောက် သတင်းယူရန် မဲနှိုက်ကြရသည်ဟု သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မြစ်ကြီးနားမှာ အစိုးရ ဆန့်ကျင်စာများဖြင့် လှုံ့ဆော်

ချင်းမိုင်(မဇ္ဈိမ)။ ။ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားမှုကို ကန့်ကွက်သည့်စာများကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လူငယ် တက်ကြွလှုပ်ရှားသူများက ယနေ့နံနက်က ရေးသား ဖြန့်ဝေခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်း လွတ်ပေးရန်၊ ၂ဝ၁ဝ ရွေးကောက်ပွဲ အလိုမရှိ (Free Aung San Suu Kyi immediately and Against 2010 elections) ဆိုသည့် စာများအား မြန်မာသာသာနှင့် အင်္ဂလိပ်ဘာသာ နှစ်မျိုး ရေးထားသည့် စာရွက်များကို လိုက်လံကပ်ခဲ့ကြသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ မြို့သစ်၊ မြို့မ၊ ရန်ကြီးအောင်၊ ယုဇန၊ အောင်နန်း၊ ဧရာ၊ ဒူကထောင်ရပ်ကွက်များနှင့် ဒူကထောင် အမက(၁)ကျောင်းရှေ့၊ မြို့နယ် ပညာရေးရုံးများ၊ လူသွားများသည့် လမ်းဘေးဓါတ်တိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် စာများ ကပ်ခဲ့ခြင်း ဖြစ်သည်။

မြို့သစ်နှင့် ယုဇရပ်ကွက် လမ်းထောင့်ရှိ သုံးရာသီအအေးဆိုင်ရှေ့ ဆိုင်းဘုတ်တွင် ကပ်ထားသည့် စာကို အမှတ် (၂) ရဲစခန်းမှ စစ်သားများ လာရောက် ဖြုတ်ယူသွားခဲ့သည်ဟု မြင်တွေ့လိုက်ရသူ တဦးက မဇ္ဈိမသို့ ပြောသည်။

မြစ်ကြီးနားမြို့ပေါ်အတွင်း လုံခြုံရေးများ တိုးချဲ့ ချထားသည်ဟု ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကြွက်မှ ကူးစက်သည့် ရောဂါတမျိုးကြောင့် မလေးရှားအချုပ်ခန်းတွင် မြန်မာ ( ၂ ) ဦး သေဆုံး


မလေးရှားနိုင်ငံ ပီနန်ကျွန်းတွင် မြန်မာအလုပ်သမားများအား ထိန်းသိမ်းထားသည့် အချုပ်စခန်းတွင်း၌ Leptospirosis ခေါ်သည့် အသားဝါရောဂါတမျိုး ကူးစက်ပျံ့နှံ့ခဲ့သောကြောင့် တပတ်အတွင်း မြန်မာနိုင်ငံသား (၂) ဦး အသက်ဆုံးရှုံး ခဲ့ပြီး အချုပ်ခန်းအတွင်းရှိ အခြားအလုပ်သမား (၂၄) ဦးတို့လည်း ရောဂါကူးစက်မှုဖြစ်နေကြောင်း မလေးရှားနိုင်ငံ ထုတ် သတင်းစာများတွင် ဖော်ပြသည်။

ပီနန်ကျွန်း စာပရန် ပရိုင်း (Seberang Prai) ဗဟိုအကျဉ်းစခန်းရှိ ဂျူရူး (Juru) ထိန်းသိမ်းရေးစခန်းအတွင်း ဆာလာဟင် (၂၆) နှစ် အမည်ဖြင့် မှတ်ပုံတင်ထားသည့် မြန်မာနိုင်ငံသားတဦး ယင်းရောဂါဖြင့် ယမန်နေ့က Seberang Jaya ဆေးရုံတွင် သေဆုံးခဲ့ကြောင်း မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနမှ ဒါရိုက်တာ အဗဒါ ရာမန်အို့မန်းအား ကိုးကား၍ The Star သတင်းစာတွင် ရေးသားထားသည်။

အသားဝါရောဂါကြောင့် ယခု သေဆုံးမှုသည် ဒုတိယမြောက်ဖြစ်ပြီး အဆိုပါဆေးရုံတွင်ပင် (၂၁) နှစ်အရွယ်
ထန်ဟိန်ပင်အမည်ရှိ မြန်မာနိုင်ငံသားတဦးလည်း ပြီခဲ့သည့် ဗုဒ္ဓဟူးနေ့က သေဆုံးခဲ့ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ရခိုင်ပြည်နယ် မြို့တချို့တွင် လုံခြုံရေး တင်းကြပ်

ဒါကာ (မဇ္ဈိမ)။ ။ နိုင်ငံရေး ဆန္ဒပြပွဲများ ဖြစ်လေ့ရှိသည့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေနှင့် တောင်ကုတ်တွင် အာဏာပိုင်များက လုံခြုံရေးများ တင်းကျပ်စွာ ချထားလိုက်သည်။

ယခုလ ၁၄ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်၌ ပြောင်းရွှေ့ပြီး နောက်နှစ်ရက်မှ စတင်၍ စစ်တွေရှိ လူစည်ကားရာ မြို့တော်ခန်းမ၊ တက္ကသိုလ်ဝန်းကျင်၊ အတုလမာရဇိန်နှင့် ရဲကျော်သူ ဘုရားကြီး၊ ဝေသာလီ အားကစားကွင်း၊ ဦးဥတ္တမပန်းခြံနှင့် လောကနန္ဒာစေတီ နေရာများကို ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး ယူခဲ့ကြသည်။
ရခိုင်ပြည်နယ် တောင်ဘက်ခြမ်းရှိ တောင်ကုတ်တွင်လည်း ယခုလ ၁၇ ရက်နေ့မှ စတင်ကာ ရဲတပ်ဖွဲ့ဝင်များသည် မြို့တွင်း၌ အချိန်ပြည့် ကင်းလှည့်လာခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မေလ ၂၁ ရက်
ရက်သတ္တပတ် ၂၁ ၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်အမှု တရားခွင် ( လေးရက်မြောက် )

တရားရုံးက မနက်ဖြန်တွင် ဆက်လက်ကြားနာမည်


အင်းစိန်ထောင်တွင်း အထူးတရားရုံးက အမှုစစ်ဆေး ကြားနာမှုကို မနက်ဖြန်တွင် ၅ ရက်မြောက်အဖြစ် ထပ်မံ ချိန်းဆိုလိုက်သည်။ ဤသည်မှာ ယခုတပတ် တနင်္လာနေ့မှ စတင်လာခဲ့သည့် နေ့စဉ်ရက်ဆက် စစ်ဆေးနေမှု၏ အဆက်ဖြစ်သည်။

ယနေ့ ကြားနာမှုသည် ယခင်နေ့များထက် ပိုမို ကြာမြင့်ခဲ့ကြောင်းနှင့် ဂျွန် ဝီလျံ ယက်တောထံမှ သိမ်းဆည်းရမိသည့် ဗီဒီယိုထဲတွင် ရိုက်ကူးထားသည်များကို မျက်မြင်သက်သေက ရုံးတော်သို့ ပြသခဲ့ကြောင်း အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ဗီဒီယိုထဲတွင် မစ္စတာ ယက်တောက ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ သူ ရောက်ရှိလာကြောင်း၊ ဓာတ်ပုံ ရိုက်ယူလိုမှုကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆန်ကြောင်းနှင့် သူသည် ထိုင်းနိုင်ငံသို့ ပြန်လိုကြောင်း ပြောဆို ရှင်းပြထားသည်များ ဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ပြောပြသည်။

ယနေ့တွင် တရားရုံးက မျက်မြင်သက်သေ ၄ ဦးကို စစ်ဆေးခဲ့သည်။
-------------------------------
ပူးပေါင်းလက်တွဲစေလို
ဒေါ်ခင်စောဋ္ဌေး (ဒုဥက္ကဋ္ဌ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရေနံချောင်း)

တရားဥပဒေက ရုပ်ပြပါပဲ။ သံတမန်တွေ လာရတယ်လို့ ပြောတော့လည်း စကားပြန်မှ မပါဘဲနဲ့ သံတမန်တွေက အရုပ်ကြည့်နေရတဲ့ သဘော ရှိမှာပေါ့။ အဲဒီလို ဟန်ပြလုပ်တာတွေ စာနယ်ဇင်း လွတ်လပ်ခွင့် ဘယ်လောက် ရှိမလဲ။ ကင်မရာတောင် မပါရဘူးဆိုတော့ ဒါတွေဟာ ဟန်ပြလုပ်နေတာတွေ ဖြစ်တယ်။ ဒါတွေက သိတာပါတယ်နော်။ သူတို့ ထိန်းသိမ်းထားတဲ့ အမျိုးသမီးတယောက်ကို ဘာဖြစ်လို့ ထပ်လုပ်လဲဆိုတော့ အရင်တခါလည်း ပြောဖူးတယ်။ ဒေါ်စုကို ကြောက်လို့ပေါ့။ ဒီလောက် မိန်းမတယောက်ကို ဘာဖြစ်လို့ ကြောက်ရသလဲဆိုတော့ ဒေါ်စုဟာ လူထုခေါင်းဆောင် ဖြစ်တာကိုး။ လူထုက လေးစားရတယ်။

ပြည်သူလူထုအတွက် လုံးဝ စိတ်မရှိလို့ ဒီလိုပဲ ဖမ်းတာပဲ။ ပြည်သူလူထုအတွက် စေတနာရှိရင် ဗမာတင် မဟုတ်ဘူး၊ တိုင်းရင်းသားအားလုံး ကောင်းဖို့အတွက်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲရမှာ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ဆိုရင် ငြိမ်းချမ်းရေးရမှာပဲဆိုပြီး အားလုံးက စောင့်ဆိုင်းနေတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးနဲ့ အခုချိန်မှာ လက်တွဲရမှာ၊ လက်တွဲရမယ့် အချိန်လေးမှာ လက်မတွဲဘဲနဲ့ လုပ်လိုက်တာ အင်မတန် မှားပါတယ်။ ဒါကြောင့်မို့ တိုင်းပြည်လည်း နစ်နာတယ်။ အစိုးရလည်း နစ်နာတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုလုပ်လိုက်တာ၊ ဒေါ်အောင်ဆန်းစုကြည်က ပိုပြီးတော့ ထင်ပေါ်လာတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ကြတဲ့ ပြည်သူတွေကို အထူး လေးစားဂုဏ်ယူပါတယ်။ အန်တီတို့လို နယ်က လူတွေက လာချင်ပေမယ့် မလာနိုင်တာလည်း ရှိပါတယ်။ ခဏခဏလည်း မလာနိုင်ဘူး။ ဒေသခံတွေက သူတို့ရဲ့ စားဝတ်နေရေးကို ပစ်ပယ်ပြီးတော့ နေ့စဉ်နဲ့အမျှ ထောင်ရှေ့မှာ ထိုင်တဲ့သူတွေ၊ ရုံးချုပ်မှာ သွားလာနေကြတဲ့ လူငယ်လူကြီးတွေက ပိုက်ဆံတပြားမှ မရဘဲနဲ့၊ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လုပ်ကြတဲ့ သူတွေက ထောင်ဗူးဝရှေ့မှာ ဒေါ်အောင်ဆန်စုကြည်ကို အားပေးနေတဲ့ သူတွေကို ချီးကျူးတယ်၊ အားလည်း အားကျတယ်။ ငါတို့ကို ဖမ်းချင်ဖမ်း၊ ငါတို့ ခေါင်းဆောင် လွတ်ရင် ပြီးရောဆိုတဲ့ စိတ်ဓာတ်တွေနဲ့ အင်မတန် ကျေနပ်စရာ ကောင်းတယ်။ ဒါ ဒီမိုကရေစီ ဖော်ဆောင်နေတာ၊ ဒီမိုကရေစီရဲ့ အနှစ်သာရတွေပဲ၊ ဒီမိုကရေစီရဲ့ အလင်းရောင် ဖြစ်နေတာ။ ဒီလောက်ဖိနှိပ်နေတဲ့ အာဏာရှင်လက်ထဲမှာ ဒီလို တွန်းအားတွေ အားပေးနေတယ်ဆိုရင် အောင်မြင်မှုကို ရမှာ။ ဒီမိုကရေစီနိုင်ငံတွေမှာ အားကနေပြီး အောင်မြင်မှုတွေ ရကြတာ ဖြစ်တယ်။ အန်တီကတော့ အမြဲတမ်း အကောင်းမြင်တယ်။ ဒေါ်စုကြောင့်မို့ လူတိုင်းလူတိုင်းက ဒီမိုကရေစီ သဘောတရားကို နားလည်လာကြတယ်။
-------------------------------
ခွန်မားကိုဘန်း
( ဥက္ကဌ - ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)
ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်

“ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ အဖေ ဗိုလ်ချုပ်အောင်ဆန်းလိုပဲ ဒီမိုကရေစီ အရေးနဲ့ တိုင်းရင်းသား အရေးကို လေးလေးနက်နက် ထားတယ်။ ဒီဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသားတွေက တကယ် ရိုသေလေးစား၊ အသိအမှတ်ပြုတယ်။ တကယ်ကို ခေါင်းဆောင် အနေနဲ့ အသိအမှတ် ပြုထားတယ်။”

“ကျနော်တို့ တိုင်းရင်းသားတွေ အဓိက ဘာလုပ်ရမလည်း ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့။ နောက်တွေ့ဆုံ ဆွေးနွေးရေးတွေ ဖြစ်ဖို့။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြန်လည် ပြင်ဆင်ဖို့ ဆိုတဲ့အချက်အပေါ်မှာ အလေးအနက် ထောက်ခံတယ်။”

“ဒါကြောင့် ပြည်တွင်းမှာ ရှိတဲ့ ကျနော်တို့ရဲ့ မိခင် အဖွဲ့အစည်းတွေကလည်းပဲ ဒီ ၂၀၀၈ နအဖ ဖွဲ့စည်းပုံ၊ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင် တိုက်ပွဲဝင်ဖို့ လိုတယ်ဆိုတာကို တိုက်တွန်း မေတ္တရပ်ခံလိုတယ်။”
-------------------------------
လွတ်လပ်ပွင့်လင်းသော တရားခွင်ဖြစ်ရန် လူငယ်များ တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်အား အများပြည်သူ ရှေ့မှောက်တွင် တရားစစ်ဆေးရန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် လူငယ်များက ယနေ့ တောင်းဆို လိုက်သည်။

NLD လူငယ်လုပ်ငန်းများ ဖော်ဆောင်ရေးမှ ထုတ်ပြန်ချက်ဖြင့် တောင်းဆိုလိုက်ခြင်းဖြစ်ပြီး နိုင်ငံတကာ ဥပဒေ ပညာရှင်များအား လာရောက် လေ့လာခွင့် ပြုရန်လည်း တောင်းဆိုလိုက်သည်။

ထို့အပြင် NLD ရန်ကုန်တိုင်း လူငယ် အကူအညီပေးရေးနှင့် ရန်ကုန်တိုင်း မြို့နယ်ပေါင်းစုံ လူငယ်များကလည်း ကြေညာချက် ထုတ်ပြန်ရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ် တည်ဆောက်ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တွင် မပါမဖြစ် ပါဝင်ရမည့် တိုင်းပြည်၏ ဂုဏ်ကျက်သရေရှိ ပုဂ္ဂိုလ်ကြီး ဖြစ်သည်ဟု ပါရှိသည်။
-------------------------------
ဒေါ်အောင်ဆန်းစုကြည်အတွက် အသက်အန္တရာယ်ဘေး မြင်ခဲ့ဟု ယက်တောပြော

ဒေါ်အောင်ဆန်းစုကြည်တွင် အသက် အန္တရာယ်ဘေး ကျရောက်ဖွယ် မြင်နေသဖြင့် ရေကူးပြီး လာရောက်ရခြင်း ဖြစ်သည်ဟု နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဝင်း အတွင်းသို့ အင်းယားကန်ကို ဖြတ်ကူးပြီး ခိုးဝင်ခဲ့သူ အမေရိကန် နိုင်ငံသား ဂျွန် ဝီလီယံ ယက်တောက ပြောဆိုခဲ့ကြောင်း ရှေ့နေ ဦးဥာဏ်ဝင်းကို ကိုးကား၍ ရိုက်တာ သတင်းတပုဒ်တွင် ဖော်ပြထားသည်။

မစ္စတာယက်တောက ပြောသည်ဆိုသော အဆိုပါစကားကို အင်္ဂါနေ့က ပြုလုပ်သော တရားခွင် ကြားနာမှုတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သော ဦးဥာဏ်ဝင်းကို ကိုးကား၍ ရိုက်တာက ရေးသားထားသည်။
-------------------------------
ယနေ့ တရားခွင် ပြီးဆုံး


(ပြင်ဆင်ချက်) ယနေ့ ညနေ ၄ နာရီခွဲခန့်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများသည် အင်းစိန်ထောင်အတွင်းမှ ပြန်လည် ထွက်ခွာလာခဲ့ကြသည်။

မွန်းလွဲ ၃ နာရီခွဲခန့်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ အင်းစိန်ထောင် အတွင်းမှ ပြန်ထွက်လာကြပြီ ဖြစ်သည်။
-------------------------------
ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုမှု အစ္စရေး စိုးရိမ်


ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုချက် အသစ်များ တပ်ပြီး အင်းစိန် အကျဉ်းထောင်သို့ ပို့လိုက်သည့်အပေါ် အလွန်အမင်း စိုးရိမ်ကြောင်း အစ္စရေးနိုင်ငံက ထုတ်ဖော် ပြောဆိုလိုက်သည်။

အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော မေလ ၂၀ ရက်နေ့ ရက်စွဲပါ ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်း လွှတ်ပေးရန် တောင်းဆိုလိုက်ပြီး ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးနှင့် မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ် ဖြစ်ထွန်းမည်ဟု မျှော်လင့်ကြောင်း ပါရှိသည်။
-------------------------------
ဒေါ်အောင်ဆန်းစုကြည်အမှု ယမန်နေ့တရားခွင် ထွက်ဆိုချက်များ

တရားခွင်အတွင်း တရားလိုပြ သက်သေများ၏ ထွက်ဆိုချက်များကို စစ်အစိုးရ ထိန်းချုပ်ထားသော မီဒီယာများက ဆက်လက် ဖော်ပြခွင့် ရနေသည်။ အောက်ဖော်ပြချက်များမှာ ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်၏ အမှု တရားခွင် ကြားနာချက်ကို ကိုးကားထားခြင်း ဖြစ်သည်။

တတိယနေ့ ကြားနာစစ်ဆေးရာတွင် နံနက်ပိုင်းတွင် တရားလိုပြ သက်သေအဖြစ် သတင်းရဲတပ်ဖွဲ့ (ပြည်ပရေးရာဌာန) ဒုတိယရဲမှူး စကျော်ဝင်းက ထွက်ဆိုသွားခဲ့ကြောင်း သတင်းစာက ရေးသားထားသည်။

ဒုတိယရဲမှူး စကျော်ဝင်းက မေလ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၅ မိနစ်တွင် အမေရိကန်နိုင်ငံသား ဂျွန် ဝီလီယံ ယက်တော တည်းခိုသည့် ကျောက်တံတားမြိုံနယ် အမှတ် ၁ ရပ်ကွက် ၃၃ လမ်းရှိ ဗြူတီလန်း ၂ ဟိုတယ်ကို သွားရောက် ရှာဖွေရာတွင် ပစ္စည်း ၆၁ မျိုးပါ ကျောပိုးအိတ်တလုံးကို တွေ့ရှိခဲ့သည်ဟု သတင်းစာတွင် ပါရှိသည်။

သို့သော် ဟိုတယ်ခန်းအတွင်းရှိ စာအုပ်ထဲတွင် အမေရိကန်ဒေါ်လာ ၁၀၀ တန် ၃ ရွက် တွေ့ရှိသည်ဟု ဟိုတယ်မန်နေဂျာ ဦးကျော်သူက အကြောင်းကြားလာသဖြင့် ထိုနေ့ ညနေ ၆ နာရီတွင် နောက်တခေါက်သွားရောက် သိမ်းဆည်းခဲ့ရသည်ဟု ဆိုသည်။

မွန်းလွဲပိုင်းတွင် တရားလိုပြသက်သေ ဗဟန်းမြို့နယ် တပ်ဖွဲ့မှုး ဒုတိယရဲမှုး တင်ဇော်ထွန်းက ထွက်ဆိုသွားရာတွင် မေလ ၇ ရက်နေ့က သူသည် ဗဟန်းမြို့နယ် ငါးထပ်ကြီး အနောက်ရပ်ကွက် ရယကဥက္ကဌ ဦးခင်ညွှန့်တို့နှင့်အတူ ရွှေတောင်ကြားရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် ၅၄-၅၆ ရှိ ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ ဗဟန်းတရားသူကြီး၏ အိမ်ရှာဝရမ်းဖြင့် သွားရောက်ခဲ့ကြောင်းပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို မစ္စတာ ယက်တော၏ ဓာတ်ပုံပြသရာ သိပါသည်ဟု ပြောဆိုကြောင်းနှင့် မစ္စတာ ယက်တောသည် မေလ ၄ ရက် နံနက်ပိုင်းတွင် ရောက်ရှိပြီး မေလ ၅ ရက် ညပိုင်းတွင် ပြန်သွားခဲ့သည်ဟု ပြောပြသည်ဟု ပါရှိသည်ဟု ရေးသားထားသည်။

ထို့နောက် မစ္စတာယက်တော ကျန်ရစ်ခဲ့သည့် ပစ္စည်းများကို ဒေါ်အောင်ဆန်းစုကြည်က ပြသရာ ပစ္စည်းတခုချင်းစီ စာရင်း ကောက်ယူခဲ့ကြောင်း ပါရှိသည်။ မစ္စတာယက်တောက ဒေါ်အောင်ဆန်းစုကြည်အား မူဆလင် အမျိုးသမီးဝတ်စုံ နှစ်စုံကို လက်ဆောင်ပေးခဲ့ကြောင်း ပါရှိသည်။
-------------------------------
ခွန်ဥက္ကာ
(ဥက္ကဌ- ပအိုဝ့် ပြည်သူလွတ်မြောက်ရေး အဖွဲ့) နှင့် ဆက်သွယ်မေးမြန်းချက်

”ဒေါ်စုအမှုက တကယ်တော့ အမှု မမြောက်ဘူး။ အမှု မရှိဘဲနဲ့ အမှုဆင်တာပေါ့။ အမှုမမြောက်တဲ့ အမှု ဖြစ်တယ်။ နောက် သူ့ကိုစွဲတဲ့ ဥပဒေကလည်း စစ်မှန်တဲ့ ဥပဒေမဟုတ်တဲ့ အခါကျတော့ ဥပဒေမြောက်တယ်။ ဥပဒေအရစွဲတယ်လို့ ပြောလို့ မရတဲ့ ဥပဒေမျိုး ဖြစ်တယ်။ ဒါကြောင့် ပြစ်မှုလည်း မမြောက်ဘူး။ ဥပဒေကလည်း ဥပဒေ မမြောက်တဲ့ အခါကျတော့ အမှုလို့တောင် မခေါ်နိုင်ပါဘူး။ ဒါသက်သက် လုပ်ကြံတာဘဲ ဖြစ်နေတော့ ဒါက လုံးဝ ရုပ်သိမ်းပေးဖို့၊ ဒီအမှုကို လုံးဝ ခြွင်းချက်မရှိ ရုပ်သိမ်းပေးဖို့ ကျနော်တို့ အဓိက တောင်းဆိုတာ ဖြစ်ပါတယ်။”

”စီရင်ချက်ချတဲ့ အချိန်မှာ ကျနော် ထင်တယ်။ စီရင်ချက်မချခင်မှာ နအဖက လူပါးလူနပ်ဆိုတော့ အပေးအယူလုပ်နိုင်တယ်။ အဲဒီစီရင်ချက်မှာ ဒေါ်စုကို လွှတ်မယ်လို့ စီရင်ချက်ချမယ်ဆိုရင် ဘာတွေ ရမလဲ လိုက်မေးမှာ အမှန်ဘဲ။ ဥပမာ Sanction တွေကို ဖြုတ်ပေးမလား။ သူ့ရဲ့ ၂ဝဝ၈ ကိုအသိအမှတ်ပြုမလား။ ၂ဝ၁ဝ ရွေးကောက်ပွဲကို အသိအမှတ်ပြုမလား။ အဲဒီကိစ္စမျိုးတွေကို သူ့ကို ကျနော်တို့က ပေးမယ်ဆိုရင် ဒေါ်စုကို လွှတ်မယ်ဆိုတဲ့ ဟာမျိုးနဲ့ အပေးအယူလုပ်နိုင်တယ်။”

”ဒါတော့ ကျနော်တို့ တွက်လို့ ရတယ်။ ဒါကြောင့် ဒီ၂လနဲ့ ၃လမှာ နိုင်ငံရေး အရ အပေးအယူ အလျော့ အတင်း တွေ ကစားပြီးတော့မှ စီရင်ချက်က ပေါ်လာလိမ့်မယ်လို့တော့ ကျနော်ထင်တယ်။”

” တိုင်းရင်းသား တွေနဲ့လဲ လုပ်နိုင်တယ်။ နိုင်ငံတကာနဲ့လည်း လုပ်နိုင်တယ်။ ပြည်တွင်းမှာ ရှိနေတဲ့ အတိုက်အခံ အင်အားစုတွေနဲ့လည်း လုပ်နိုင်တယ်။ အားလုံးနဲ့လုပ်နိုင်တယ်။

အပစ်အခတ်ရပ်စဲရေး အဖွဲ့တွေနဲ့လည်း ချိန်ကိုက်ဘဲ။ သြဂုတ်၊ စက်တင်ဘာမှာ သူတို့က အသွင်ပြောင်းနိုင် မပြောင်းနိုင် ဆိုတာ Warning (သတိပေးထား) ပေးထားတဲ့ အခါကျတော့ ဒေါ်စုရဲ့ စီရင်ချက်ချမယ့် အချိန်မှာ အဲဒီ အကုန်လုံးချိန်ကိုက် တိုင်းရင်းသားတွေကို လက်နက်ကိုင် အဖွဲ့တွေကို ချုပ်ကိုင်မယ့် အချိန်နဲ့ သွားကိုက်နေတယ်။ အဲဒါတွေ ကိုက်ပြီးတော့မှ တပြိုင်နက်တည်း စီရင်ချက်ချလိမ့်မယ်လို့ ကျနော်ထင်တယ်။”
-------------------------------
စွမ်းအားရှင်တယောက် ကျပ်နှစ်သောင်း

ဒေါ်အောင်ဆန်းစုကြည်၏တရားခွင် နေ့စဉ်ရက်ဆက် ပြုလုပ်နေစဉ်အတွင်း လုံခြုံရေးအတွက် လိုအပ်နေသော ”စွမ်းအားရှင်” များ အာဏာပိုင်များက စုဆောင်းလျှက်ရှိရာ တဦးလျှင် တရက်ကို ငွေကျပ် နှစ်သောင်းအထိ ပေးမည်ဟု ဆိုသည်။

အင်းစိန်ထောင် အနီးတဝိုက်နှင့် ရန်ကုန်မြို့တွင် အချက်အချာ ကျသောနေရာများတွင် အသင့်စောင့်ဆိုင်းနေရမှာဖြစ်ပြီး ပုံမှန် အခြေအနေတွင် တရက်လျှင် ကျပ်ငွေ ၃ ထောင်ပေးမှာဖြစ်ပြီး ပဋိပက္ခ အခြေအနေနှင့် ကြုံတွေ့၍ စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများကို ရိုက်နှက် ဖမ်းဆီးရလျှင် ငွေကျပ်နှစ်သောင်း ပေးမည်ဟုဆိုကာ စုဆောင်းမှုများ ပြုနေရသည်ဟု စုံစမ်းသိရှိရသည်။

အချို့သော ရပ်ကွက်များတွင် လျာထားသော အရည်အတွက် ပြည့်မှီမှုမရှိသဖြင့် လောလောဆယ်အချိန်မှာပင် ဈေးပိုပေးနေရသည်။


လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် အရပ်ဝတ်ရဲများ၊ စစ်ဖက်ရေးရာ လုံခြုံရေးများနှင့် စွမ်းအားရှင်များသာ ရှိနေသည်ကို တွေ့ရသည်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာလ သံဃာတော်များဦးဆောင်သော ဆန္ဒပြမှုများတွင် စွမ်းအားရှင်အဖြစ် အရပ်သားများကို ခေါ်ယူကာ တဦးလျှင် အနည်းဆုံး ငွေသုံးထောင်ကျပ်၊ နေ့လည်စာ ဒန်ပေါက်တပွဲနှင့် စီးကရက် တဗူးစီ အခကြေးငွေ ပေးခဲ့သည်။
-------------------------------
ဒေါ်အောင်ဆန်းစုကြည် တရားခွင်သို့ အရောက်နောက်ကျ

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တရားခွင်သို့ နောက်ကျပြီး ရောက်ရှိလာသည်ဟု စုံစမ်းသိရှိရသည်။ မည်သည့်အတွက်ကြောင့် နောက်ကျသည်ကို ရှင်းလင်းစွာ မသိရသေးပါ။

ယခင်နေ့များကထက် ပိုမို အတင့်ရဲလာသော စွမ်းအားရှင်များက ကင်မရာ ကိုင်ဆောင်ထားသူများကို လိုက်လံရှာဖွေနေပြီး သတင်းထောက်လက်မှတ် စစ်ဆေးလျှက်ရှိသည်။

လမ်းပိတ်ထားဆဲဖြစ်ပြီး လမ်းကြားမှ လူသွားလမ်းတလမ်းနှင့် ယာဉ်အသွားအလာအတွက် လမ်းကြားလမ်းတခုကို ခွင့်ပြုထားသည်။

သို့သော် ဈေးဆိုင် အရောင်းအဝယ်များ သိသာစွာ လျော့ပါးသွားသည်။
-------------------------------
အင်းစိန်ထောင်ရှေ့ လုံခြုံရေး စွမ်းအားရှင်များ အသုံးပြုလာ

ယနေ့ အင်းစိန်ထောင်အနီး ယူနီဖောင်းဝတ် လက်နက်ကိုင် လုံခြုံရေး နည်းသွားပြီး ကြံ့ဖွံ့၊ စွမ်းအားရှင်များကို ပိုမို ချထားလာသည်ကို တွေ့ရသည်။ ထောင်ရှေ့ ရောက်ရှိနေသူ ၅၀၀ ခန် ရှိနေသည်။
-------------------------------
တံခါးပိတ် တရားခွင် ပြန်ဖြစ်

ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ တရားခွင်ကိုတော့ တံခါးပိတ် တရားခွင်အဖြစ် ပြန်လည် ပြုလုပ်မှာ ဖြစ်သည်။

နိုင်ငံခြား သံတမန်များလည်း ဖိတ်ကြားခြင်း မခံရသလို ပြည်တွင်း ပြည်ပ သတင်းစာဆရာများလည်း ထပ်မံ ဖိတ်ကြားမှု မရှိတော့ပါ။
-------------------------------
မြန်မာ့အရေးအတွက် တရုတ်၊ အိန္ဒိယတို့နှင့် အမေရိကန် ဆွေးနွေးမည်

အမေရိကန်အနေဖြင့် လက်ရှိ ဖြစ်ထွန်းနေသော မြန်မာ့အရေးနှင့် ပတ်သက်၍ တရုတ်၊ အိန္ဒိယတို့နှင့် ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောဆိုလိုက်သည်ဟု ပီတီအိုင် သတင်းတရပ်အရ သိရသည်။

၂ဝ၁ဝ ခုနှစ်အတွက် အမေရိကန်၏ ဦးစားပေး နိုင်ငံခြားရေး ပေါ်လစီအကြောင်း ကလင်တန်က ဆီးနိတ်လွှတ်တော်တွင် ယမန်နေ့က ထွက်ဆိုသွားရာတွင် မြန်မာ့အိမ်နီးချင်း နိုင်ငံကြီးနှစ်ခုဖြစ်သော တရုတ်နှင့် အိန္ဒိယတို့သည် အရေးပါသော နိုင်ငံများအဖြစ် ရှုမြင်ကြောင်း ပါရှိသည်ဟု ပီတီအိုင် သတင်းတွင် ပါရှိသည်။

(မဇ္ဈီမသတင်းမှ ကောက်နှုတ်ချက်)
+++++
ငွေကြေးများစွာ အကုန်ကျခံ ဘောလုံးပွဲကျင်းပ လူထုက ဘောပွဲထက် ဒေါ်စုအမှု ပိုစိတ်ဝင်စား


ရန်ကုန်မြို့တွင် ဗိုလ်ချုပ်မှူးကြီး၏ ညွှန်ကြားချက်ဖြင့် မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲများကို ငွေကြေး ကျပ်သန်းပေါင်းများစွာ အကုန်ကျခံ ကျင်းပနေကြောင်း ဘောလုံးအသင်း တာဝန်ရှိသူတဦးက ပြောသည်။

ယခုလ (၁၆) ရက်က မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲကို သုဝဏ္ဏအားကစားပြိုင်ကွင်းတွင် ဖွင့်လှစ်ခဲ့သည်။

ယခုကဲ့သို့ ဘောလုံးပွဲများ အကြီးအကျယ် ကျင်းပပေးနေချိန်သည် ဒေါ်အောင်ဆန်းစုကြည်၏အမှု ရုံးတင်စစ်ဆေး နေချိန်နှင့် တိုက်ဆိုင်နေသဖြင့် အမှုအပေါ် ပြည်သူများ အာရုံပြောင်းစေရန် ပြုလုပ်နေခြင်းဖြစ်နိုင်ကြောင်း ပြည်တွင်း အားကစား သတင်းထောက်များနှင့် ဘောလုံးပရိသတ်များက သုံးသပ်ကြသည်။

ရန်ကုန်မြို့ခံများကမူ လောလောဆယ်တွင် ဘောလုံးပွဲထက် ဒေါ်အောင်ဆန်းစုကြည် အမှုကိစ္စကို ပိုမိုစိတ်ဝင်စား နေကြကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
တရားခွင်အတွင်း သံတမန်နှင့် စာနယ်ဇင်းကို ဝင်ရောက်ခွင့် မပေးပြန်

နယူးဒေလီ (မဇ္စျိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် တရားလိုပြ သက်သေများကို အင်းစိန်ထောင်အတွင်း ၄ ရက်မြောက် ရုံးထုတ်စစ်ဆေးသည့် ယနေ့ တရားခွင်သို့ သံတမန်များနှင့် စာနယ်ဇင်းသမားများကို ဝင်ခွင့် မပြုခဲ့ကြောင်း သိရသည်။

၃ ရက်မြောက် ယမန်နေ့က သံတမန် ၃၀ ဦး၊ နိုင်ငံခြား သတင်းဌာနများမှ မြန်မာသတင်းထောက် ၅ ဦးနှင့် ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်များမှ သတင်းထောက် ၅ ဦးကို ဝင်ရောက်သတင်းယူခွင့် ပေးခဲ့သော်လည်း ယနေ့တွင် ဝင်ခွင့် မပြုတော့ပြန်ခြင်း ဖြစ်သည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဒေါ်အောင်ဆန်းစုကြည်ကို ရုပ်သံတွင် တွေ့ရသဖြင့် ပြည်သူများ စိတ်ချမ်းသာ

ဒေါ်အောင်ဆန်းစုကြည်ကို ရုပ်မြင်သံကြားက ထုတ်လွှင့်ပေးသည့်အတွက် ရန်ကုန်မြို့ခံများက အတိုင်းထက်အလွန် ကျေနပ်လျက်ရှိကြောင်း သိရသည်။

YCDC (ရန်ကုန်စည်ပင်) ၏ အငြိမ်းစား ဗိုလ်မှူးတဦးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို (၁၀) နှစ်ကျော် မတွေ့မမြင်ခဲ့ရဘဲ ယခုကဲ့သို့ ရုပ်မြင်သံကြားပေါ်မှာ တွေ့လိုက်ရသည့်အတွက် အတိုင်းထက်အလွန် ၀မ်းသာ ကြည်နူးမိကြောင်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ယခုကဲ့သို့ (ယက်တောအိမ်ထဲဝင်ရောက်မှု) တရားခံဟု စွပ်စွဲသုံးနှုန်း စစ်ဆေးသည်ကို မကျေနပ်ကြကြောင်း၊ သို့သော် ပြောမိပါကလည်း ၎င်းတို့၏စားဝတ်နေရေးအတွက် အလုပ်ပြုတ်သွားမည်ကို စိုးရိမ်ကြကြောင်း အစိုးရ ၀န်ထမ်းများကလည်း ပြောကြသည်။

ရန်ကုန်အခြေစိုက် ပြည်တွင်းသတင်းဂျာနယ်တစောင်၏ အယ်ဒီတာတဦးကလည်း ယခုကဲ့သို့ စစ်အစိုးရ၏ လုပ်ရပ်အပေါ် စာပေစာနယ်ဇင်းသမား အတော်များများက မနှစ်သက်ကြကြောင်း ပြောသည်။
(ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက်)
+++++
တထောင်တန် ငွေစက္ကူ အတုများ သယ်သူဟု သံသယရှိသူ နှစ်ဦးကို ရဲက ဖမ်းဆီး

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာငွေစက္ကူ တထောင်တန် အတုများ သယ်ဆောင်လာသူဟု သံသယရှိသူ နှစ်ဦးကို ရဲက တာချီလိတ်မြို့တွင် ရဲက ဖမ်းဆီးခဲ့သည်။

မြန်မာ-ထိုင်းနယ်စပ်အနီး ရှမ်းပြည်နယ် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်ရှိ စန္ဒာလင်း တည်းခိုခန်းတွင် တည်းခိုနေသော ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်မှ စိုင်းခွန်နွမ်းနှင့် စိုင်းစံရွှေ အား ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မြန်မာငွေ ထောင်တန် (အသေး) နှင့်တူသော ငွေစက္ကူအတု အရွက် ၂၀၀၀ ခန့်နှင့်အတူ မေလ ၁၈ ရက် သန်းခေါင်ယံ အချိန်တွင် သိမ်းဆည်းရမိသည်ဟု ဆိုသည်။

ရဲများက တည်းခိုခန်းများအား လိုက်လံစစ်ဆေးရာမှ ငွေစက္ကူများကို တွေ့မိခဲ့ခြင်းဖြစ်ကြောင်းနှင့် “ စက္ကူက အရည်အသွေး မကောင်းဘူး” ဟု ထိုင်းနိုင်ငံအခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက ပြောသည်။

စိုင်းခွန်နွမ်းမှာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် (ဇင်းမယ်)တွင် နေထိုင်သူတဦးဖြစ်ပြီး ငွေစက္ကူအတုများမှာ ထိုင်းနိုင်ငံဘက်တွင် ပြုလုပ်သည်ဟု ယုံကြည်ရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မေလ ၂၂ ရက်
ရက်သတ္တပတ် ၂၁ ၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်အမှု တရားခွင် ( ငါးရက် မြောက် )

ကြားနာထိုက်သော အမှုအဖြစ် တရားရုံးဆုံးဖြတ်

နေအိမ် အကျယ်ချုပ် ကာလအတွင်း စည်းကမ်း ချိုးဖောက်သည်ဆိုသော ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲကာ အပြစ်ပေးပါရန် စစ်အစိုးရက အင်းစိန်ထောင်အတွင်း အထူးတရားရုံးသို့ ဦးတိုက် လျှောက်ထားချက်ကို လက်ခံစစ်ဆေးရန် တရားရုံးက ယနေ့ ဆုံးဖြတ်လိုက်သည်

ယနေ့ ညနေ ၄ နာရီ၄၅ မိနစ်တွင် တရားရုံးကို ၄၅ မိနစ်ကြာ ရပ်နားပြီး နှစ်ဦးပါ တရားသူကြီးအဖွဲ့က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ယနေ့တွင် သက်သေ နှစ်ဦးကို စစ်ဆေးခဲ့ပြီး နောက်တခါ ရုံးချိန်းကို တင်္နလာနေ့သို့ ချိန်းဆိုလိုက်သည်။
----------------------------------------------------
ယနေ့ ရုံးချိန်းပြီးဆုံး

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ အင်းစိန် အကျဉ်းထောင်မှ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။ ငါးရက်မြောက်ဖြစ်သည့် ယနေ့တွင်လည်း တရားခွင် ကြားနာချိန် အစပိုင်းရက်များကထက် ပိုမို ကြာမြင့်ခဲ့သည်။
----------------------------------------------------
တရားခွင်ကို ကန့်ကွက်ကြောင်း ဧရာဝတီတိုင်းလူငယ်များ ပြော

ဒေါ်အောင်ဆန်းစုကြည်၏ အမှုနှင့် ပတ်သက်၍ ဧရာဝတီတိုင်းရှိ သူ၏ပါတီဝင် လူငယ်များက “တရားခွင်သည် အများပြည်သူ ရှေ့မှောက်ပြုလုပ်သော လွတ်လပ်သည့် တရားခွင် မဟုတ်သဖြင့်” ဆိုကာ ကန့်ကွက်ကြောင်း ပြောဆိုလိုက်သည်။

ဧရာဝတီတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့၏ လှုပ်ရှားမှု တခုဖြစ်သည့် ယနေ့ ကြေညာချက် ထုတ်ပြန်မှုတွင် “အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အရေးပါသူ” ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးရန်လည်း တောင်းဆိုထားသည်။
----------------------------------------------------
ဒေါ်နော်အုန်းလှနှင့် မေးမြန်းချက်


ဒေါ်အောင်ဆန်းစုကြည်ကို အခိုင်အမာ ထောက်ခံသူတဦးဖြစ်သူ ဒေါ်နော်အုန်းလှသည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အင်္ဂါနေ့တိုင်းတွင် ရွှေတိဂုံဘုရားတတ် ဝတ်ပြု ဆုတောင်းသည့်အဖွဲ့ကို ဦးဆောင်လေ့ရှိသည်။ ဒေါ်အောင်ဆန်းစုကြည် တရားခွင် ကြားနာသည့် နေ့စဉ်လိုပင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ပယ်ထားခြင်းခံရသူ ဒေါ်နော်အုန်းလှသည်လည်း သွားရောက်ကာ ထောက်ခံမှုကို ပြသနေသူ ဖြစ်သည်။

သူက ယခုအမှုနှင့် ပတ်သက်၍ သတင်းစာ လွတ်လပ်ခွင့် မရသည်ကို အဓိကထား၍ မဇ္ဈိမသို့ ပြောကြားသွားသည်။

“ဒီလို တရားစွဲတယ် ဆိုကတည်းက မတရားတဲ့ ကိစ္စပဲလေ။ ပြောရရင်တော့ ပြောစရာတော့ ရှိပါတယ်။ ဒီလို ဖြစ်လာတာက သူတို့ တာဝန် ပျက်ကွက်တဲ့အတွက် ဖြစ်ရတယ်လို့ ထင်တယ်။ သူတို့ ရေးတာက သူတို့ ရေးတာပဲလေ။ ကျမတို့ အမြင်ကတော့ သူတို့ လုပ်တာပဲ မြင်တယ်။ သတင်းစာတို့၊ ဂျာနယ်တို့ ဆိုတာက သူတို့ ပေါ်လစီတွေ၊ သူတို့လုပ်တဲ့ ဟာတွေ ရေးရတယ်ဆိုတော့ အစိုးရအာဘော်ပဲ ရေးတာပဲလေ။ စာပေ လွတ်လပ်မှုမှ မရှိတာရယ်၊ သတင်းပုံစံလည်း မကျဘူး။ သတင်းထောက်တွေက ရေးချင်ရာ ရေးလို့မှ မရဘဲ။ စာပေစိစစ်ရေးကနေ သွားရတဲ့အတွက် စာပေစိစစ်ရေးက မကျေနပ်ရင် ပယ်တယ်လေ။”

----------------------------------------------------
ယမန်နေ့ တရားခွင်အကြောင်း မြန်မာ့အလင်း ဖော်ပြချက်

ယမန်နေ့က ပြုလုပ်သော အင်းစိန်ထောင်တွင်း အထူးတရားရုံးရှိ တံခါးပိတ် တရားခွင်တွင် တရားလိုပြသက်သေ ရဲမှူး အောင်ထွဍ်ကျော်က ဆက်လက် ထွက်ဆိုခဲ့သည်များကို ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာက အကျဉ်းချုံး ရေးသားထားသည်။

အောက်ဖော်ပြပါ အချက်အလက်များသည် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာပါ အချက်အလက်များသာဖြစ်သည်။

“ယင်း ရုပ်/သံ ဗီဒီယိုဖိုင်နှင့် ဓာတ်ပုံများမှာ ရေကူးရာတွင် အသုံးပြုသည့် Mr. John William Yettaw ပုံချဲ့ထားသော ဖားဖိနပ်ပုံ၊ ရေကူးရာတွင် ဖားဖိနပ် အဖြစ် အဆင့်ဆင့် ပြုလုပ်ပုံ၊ ၎င်း၏ ခြေထောက်တွင် စမ်းသပ် ဝတ်ဆင်ပုံ၊ Mr. John William Yettaw ရုပ်ဖျက်ထားသောပုံ၊ ဒေါ်အောင်ဆန်းစုကြည် အိမ်အတွင်းရှိ အောက်ထပ်ဧည့်ခန်းပုံနှင့် ဧည့်ခန်းအတွင်းရှိ ဓာတ်ပုံများကို ရိုက်ကူးထားသည့် ပုံများဖြစ်သည်ကို တွေ့ရကြောင်း၊”

“Mr. John William Yettaw က ညအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အတွင်းသို့ ရောက်ရှိစဉ်က ရိုက်ကူးထားသောပုံ၊ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အတွင်းသို့ ရောက်ရှိနေကြောင်း၊ မိမိကိုယ်မိမိ မှတ်တမ်းတင်ထားသော ပုံများကိုလည်း တွေ့ရှိရကြောင်း၊ ယင်းပုံများကို ရုံးရှေ့တွင် ကွန်ပျူတာဖြင့် တင်ပြပါကြောင်း၊”

(၂) တရားလိုပြသက်သေ ဒုတိယရဲမှူး တင်ဇော်ထွန်း ထွက်ဆိုချက်

သူက မေလ ၇ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ ရောက်ရှိကာ Mr. John William Yettaw နှင့် သက်ဆိုင်သည့် ပစ္စည်းများကို ရှာဖွေ သိမ်းဆည်းရန်နှင့် စုံစမ်း စစ်ဆေးရန် သွားရောက်စဉ် သက်သေခံပစ္စည်း ဖြစ်သော အမျိုးသမီးဝတ်စုံကို ဒေါ်အောင်ဆန်းစုကြည်ကို ဝတ်ဆင်ခိုင်းပြီး ဓာတ်ပုံမှတ်တမ်း ရိုက်ခဲ့ကြောင်း ထွက်ဆိုသည်။

Mr. John William Yettaw ၏ ရှေ့နေ ဦးခင်မောင်ဦးက ဒုတိယ ရဲမှူးတင်ဇော်ထွန်းကို သက်သေခံ ပစ္စည်းမှာ မွတ်ဆလင် အမျိုးသမီး ဝတ်သည့် ဝတ်စုံနှစ်စုံဟု ဘာကြောင့် ပြောနိုင်ပါသလဲဟု မေးမြန်းရာတွင် မွတ်ဆလင် အမျိုးသမီးများ အများဆုံးဝတ်သည့် ဝတ်စုံဖြစ်၍ ပြောခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ယင်းဝတ်စုံ နှစ်စုံမှာ လက်ဆောင်ပေးခြင်းသာ ဖြစ်ကြောင်း ထွက်ဆိုသည်။

ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့၏ ရှေ့နေ ဦးလှမျိုးမြင့်က တရားလိုပြသက်သေ တင်ဇော်ထွန်းကို အခင်းဖြစ်ပွားသော နယ်မြေ လုံခြုံရေး တာဝန်ယူမှုနှင့် ပတ်သက်၍ အပြန်အလှန် မေးခွန်းထုတ်ခဲ့ကြောင်းကို ရေးသားထားသည်။ သီးခြား လုံခြုံရေးတပ်ဖွဲ့များက တာဝန်ယူရပါသည်ဟု သတင်းစာက ရေးသားထားသော်လည်း ရှင်းလင်းမှု မရှိပါ။
----------------------------------------------------
ကုလရုံးရှေ့တွင် သံဃာတော်များ ဆန္ဒပြ


သံဃာတော်များက ဘန်ကောက်ရှိ ကုလသမဂ္ဂရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုထားခြင်းအပေါ် ကန့်ကွက်ဆန္ဒပြမှု ယနေ့ ပြုလုပ်ခဲ့သည်။

ယနေ့ ဆန္ဒပြမှုသည် ဒုတိယမြောက်နေ့ဖြစ်ပြီး ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံ ဘန်ကောက် မြန်မာသံရုံးရှေ့တွင် စစ်အစိုးရကို ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
----------------------------------------------------
မြန်မာကောင်စစ်ဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် ယက်တောကို သမုတ်

ရဲမြင့်အောင် (Ye Myint Aung)ဟောင်ကောင်ရှိ မြန်မာ ကောင်စစ်ဝန်ရုံး၏ ဝဘ်ဆိုဒ်တွင် နေအိမ်ခြံဝင်း အတွင်းသို့ အခွင့်မရှိဘဲ ဝင်ရောက်ခဲ့သူ အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလီယံ ယက်တောသည် ဒေါ်အောင်ဆန်းစုကြည်၏ ချစ်သူရည်းစား ဖြစ်နိုင်သည်ဟု စာရေးသား ဖော်ပြထားသည်။

အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော “ထောက်လှမ်းရေး လား ရည်းစားလား” ဆိုသော စာကို ဟောင်ကောင်ရှိ မြန်မာကောင်စစ်ဝန်က လက်မှတ် ရေးထိုးထားခြင်း ဖြစ်သည်။

“စာဖတ်သူများ ခင်ဗျား” ဟု အစချီထားသော စာတွင် “ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို အင်လျားကန်ကို ရေကူးပြီး ခိုးဝင်ခဲ့တဲ့ အမေရိကန် တယောက်အကြောင်း ကျနော်တို့ရဲ့ မိတ်ဆွေအချို့က မေးမြန်းစုံစမ်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ သူဘာကြောင့် ရေကူးပြီး သူမဆီကို သွားတယ်ဆိုတာနဲ့ သူမရဲ့ အိမ်မှာ နေခဲ့တဲ့ အချိန်အတွင်း ဘာတွေ ဆွေးနွေးခဲ့တယ် ဆိုတာကို သူတို့ မေးခွန်း ထုတ်ခဲ့ကြပါတယ်။” ဟု ရေးသားထားသည်။

အငြင်းပွားဖွယ်ရာ သံအမှုထမ်း ဦးရဲမြင့်အောင်သည် ရိုဟင်ဂျာများသည် “ဘီလူးလို ရုပ်ဆိုးသည်” ဟု ဆိုကာ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မရှိကြောင်း ယခုနှစ် အစောပိုင်းက ပြောခဲ့သူလည်း ဖြစ်သည်။
----------------------------------------------------
အင်းစိန်ထောင်အနီး စောင့်ကြည့် လေ့လာသူတဦး၏ ပြောပြချက်

“မနက် ၁၀ နာရီကတည်းက ရှေ့နေတွေက ဝင်သွားပြီ။ သံရုံးကတော့ မလာတော့ဘူး။ လုံခြုံရေးတွေ တင်းကျပ်တယ်။ အရင်တုန်းက မာဖီတွေနဲ့ ရှိသလို၊ ရဲကားတွေ လာချထားတာလည်း ရှိတယ်။ အချုပ်ကားတွေဘာတွေ ချထားတယ်။ မိုးက အခုတော့ စွေစွေပဲ ရွာနေတာ။ မနက်ကတော့ တော်တော်များတယ်။ ရေတွေ ပါတယ်။ မနက်က တခါရွာတယ်၊ တခု တခါ ပြန်ရွာလာတာပေါ့။”

“အန်အယ်ဒီ အမျိုးသမီးအဖွဲ့တွေ လာတယ်။ ရန်ကုန်တိုင်းစည်းက လာကြတယ်။ အဖွဲ့ဝင် လူငယ်တွေ များတယ်။”

“ဘဘ ဦးဝင်းတင်က တမနက်လုံး ထိုင်နေတာ။ ခုနကမှ ပြန်သွားတာ။ ရုံးမှာ အစည်းအဝေး ရှိလို့လေ။ ပြန် လာ၊ မလာတော့ မသေချာသေးဘူး။ အစည်းအဝေးဆိုရင်တော့ နည်းနည်း ကြာတယ်လေ။”
----------------------------------------------------
ဦးအေးသာအောင်က တိုက်ရိုက်ဖြေဆိုချက်

“ထောင်နားက အတားအဆီး လုပ်ထားတဲ့ နေရာနားမှာ၊ အင်းစိန် ဈေးလယ်ရှေ့ မျက်နှာချင်းဆိုင် နေရာမှာ ဖြစ်ပါတယ်။ အဲဒီမှာ ရောက်နေတယ်။ ထောင်ဗူးဝနဲ့ ကိုက် ၅၀ လောက် ဝေးတယ်။ တရားရုံးကတော့ အဲဒီကနေ ကိုက် ၅၀ လောက် ဝင်ရဦးမယ်။”

“ဦးဝင်းတင်က အစည်းအဝေးရှိလို့ ပြန်သွားပြီ။ ကျနော်နဲ့အတူ တခြားလူတွေလည်း ပါပါတယ်။ ၁၁ နာရီကျော်ကျော်လောက်က ရောက်တာပါ။”

“လူတွေက လာပြီးတော့ စာနာစိတ်နဲ့ ထိုင်စောင့်ပြီး နေကြတဲ့ အခြေအနေပဲ ရှိတယ်။ … ရဲကားတွေကတော့ ၃ စီးလောက်ရှိတယ်။ ကားတွေကတော့ လမ်း ဒီဘက်မှာပေါ့။ အချုပ်ကား တစီး၊ ရဲလုံခြုံရေးက ၃ စီးပေါ့။ လုံခြုံရေးတွေက ဈေးဘက်မှာ။”
----------------------------------------------------
ဦးအေးသာအောင် အင်းစိန်ထောင်အနီး ရောက်ရှိနေ


ဒေါ်အောင်ဆန်းစုကြည်၏အမှု ကြားနာခြင်း ငါးရက်မြောက်နေ့ဖြစ်သော ယနေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (စီအာပီပီ) ၏ အတွင်းရေးမှူး ဦးအေးသာအောင်လည်း အင်းစိန်ဈေးအနီးတွင် လာရောက် စောင့်ဆိုင်းလျှက် ရှိသည်။

မိုးများသည်းထန်စွာ ရွာသွန်းနေသလို လုံခြုံရေးများကလည်း တိုးမြှင့်ချထားရာ အချုပ်ကားများကို အဆင့်သင့် ခေါ်ဆောင်ထားသည်ကို တွေ့ကြရသည်။
----------------------------------------------------
ဒေါ်အောင်ဆန်းစုကြည်အရေး ယူနက်စကိုက ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံစာပို့

ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ အမြန် ပြန်လွှတ်ပေးရန် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့၏ အထွေထွေ ညွှန်ကြားရေးမှူးချုပ်က မေလ ၂၀ ရက်နေ့က မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေးသား ပြောကြားလိုက်သည်။

UNESCO၏ အထွေထွေ ညွှန်ကြားရေးမှူးချုပ် ကိုရီချီယို မတ်ဆုရာက အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အင်းစိန်ထောင်မှာ ဖမ်းဆီးတရားစွဲဆို တာကို လုံးဝ လက်မခံနိုင်ကြောင်း ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးမှာ အဓိက အရေးပါတဲ့ ပုဂ္ဂိုလ် တဦး ဖြစ်ကြောင်းလည်း သူက ပြောကြားလိုက်သည်။

နေအိမ် အကျယ်ချုပ်ကနေ ပြန်လွှတ်ရတော့မယ့် အချိန်မှာ စစ်အစိုးရက အခုလို အင်းစိန်ထောင်မှာ ဖမ်းဆီးထားတဲ့ အပေါ်မှာ သူ့အနေနဲ့ စိုးရိမ်မိပါတယ်လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို စာရေးသားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယူနက်စကိုက ပေးအပ်သော အကြမ်းဖက်မှု ဆန့်ကျင်ရေးဆိုင်ရာဆု -၂၀၀၂ကို ရရှိထားသူလည်း ဖြစ်သည်။
----------------------------------------------------
စမ်းချောင်း လမ်းဘေး ဓာတ်ဆီဆိုင်မီးလန့်


စမ်းချောင်းမြို့နယ် ဗဟိုလမ်း၊ ဝေဠုဝန်တိုက်တန်းများရှေ့ လမ်းဘေးဓာတ်ဆီဆိုင်တွင် ယနေ့ နံနက် ၉ နာရီခွဲခန့်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။ ဘုရားမီးပူဇော်သည့် ဖယောင်တိုင်အား ကတ္တရာစေး ဘူးခွံပေါ်တွင် တင်ထွန်းရာက မီးလောင်ခြင်းဖြစ်ပြီး အနီးနားရှိ လူအများ ဝိုင်းဝန်းငြိမ်းသတ်ရာက ၁၅ မိနစ်ခန့် အကြာတွင် ငြိမ်းသွားခဲ့သည်။
----------------------------------------------------
ဘန်ကီမွန်း မြန်မာနိုင်ငံ သွားမည်


ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်အတွင်း၌ ဖမ်းဆီး တရားစွဲဆိုနေသည့် ကိစ္စနှင့် ပတ်သက်၍ စစ်အစိုးရ ခေါင်းဆောင်များနှင့် ဆွေးနွေးရန် မြန်မာနိုင်ငံသို့ မကြာမီ သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ယင်းသို့ တရားစွဲဆိုနေသည့် ကိစ္စနှင့်ပတ်သက်၍ အလွန် စိုးရိမ်မကင်းဖြစ်ရပြီး သူမ အပါအဝင် အခြားနိုင်ငံရေး အကျဉ်းသားများကို အမြန်လွှတ်ပေးရန် နအဖ စစ်ခေါင်းဆောင်များကို ဆက်လက် တိုက်တွန်းသွားမည် ဖြစ်ကြောင်း မစ္စတာဘန်ကီမွန်းက စီအန်အန် CNN ရုပ်သံဌာနနှင့် သီးသန့် မေးဖြေခန်းတခုတွင် ပြောခြင်းဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဟောင်သရောအဖွဲ့ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး သဘောတူ စစ်အစိုးရက တပ်နေရာသတ်မှတ်ရန် စီစဉ်ပေး


နယ်ခြားစောင့်တပ်အဖြစ် ပထမဦးဆုံး အသွင်ကူးပြောင်းမည့် စောသမူဟဲ ဦးဆောင်သည့် အင်အား (၅၀၀) နီးပါး ရှိသည့် ဟောင်သရောအဖွဲ့(ကေပီအက်ဖ်) အတွက် လိုအပ်သည့်တပ်အင်အား (၈၈၈) ပြည့်ရန် အခြားကရင်ငြိမ်း အဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်းသွားရန် နအဖစစ်အစိုးရက စီစဉ်နေကြောင်း ယင်းအဖွဲ့မှ တပ်ခွဲမှူးတဦးက ပြောသည်။

ဟောင်သရောအဖွဲ့ နယ်ခြားစောင့်တပ် တည်နေရာအတွက် ကြာအင်းဆိပ်ကြီးဒေသ အမှတ် (၁) တပ်ရင်း၊ ကျိုက်ဒုံဒေသ အမှတ် (၂) တပ်ရင်းနှင့် အမှတ် (၃) တပ်ရင်းကို ဘုရားသုံးဆူနယ်စပ်မြို့နှင့် ချောင်းဆုံရွာ သွားသည့် လမ်းမကြီးအကြား (၁၃) ကီလိုမီတာအကွာတွင် စစ်အစိုးရက စီစဉ်ပေးထားကြောင်း ၎င်းက ပြောသည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအတွက် ဟောင်သရောအဖွဲ့သည် နအဖစစ်အစိုးရနှင့် ပြီးခဲ့သည့် ဧပြီ (၃၀) ရက်တွင် ထိပ်ပိုင်းအဆင့် သဘောတူညီမှုရရှိခဲ့ပြီး ယခုလလယ်ပိုင်းတွင် အောက်ခြေအဆင့် ညှိနှိုင်းပြီးစီးခဲ့ကြောင်း သိရသည်။

စစ်အစိုးရ ညွှန်ကြားချက်အရ ၂၀၀၉ အောက်တိုဘာလအထိ (၆) လအတွင်း အပြီးသတ် လုပ်ဆောင်ရမည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ပထမခြေလှမ်းအဖြစ် ခွဲမှူးအဆင့် စစ်သင်တန်း (၄၅) ရက် တက်ရောက်ရန်၊ အခြေခံစစ်သင်တန်း ရက်ပေါင်း (၉၀) တက်ရောက်ရန်နှင့် တပ်တည်ဆောက်ရန်တို့ ပါဝင်သည်။

ဘုရားသုံးဆူဒေသဝန်းကျင်တွင် နအဖနှင့် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ပေါင်း (၆) ဖွဲ့ကျော် ရှိသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
စစ်အစိုးရကို စုံစမ်းစစ်ဆေးရန် ကမ္ဘာ့ထိပ်တန်း တရားသူကြီးများ တောင်းဆို

ချင်းမိုင် (မဇ္ဈိမ)။ ။ ကမ္ဘာ့ထိပ်တန်း တရားသူကြီး ၅ ဦးက Crime in Burma အမည်ရသော အစီရင်ခံစာတစောင် ထုတ်ပြန်ပြီး၊ မြန်မာစစ်အစိုးရ၏ စစ်ရာဇဝတ်မှုနှင့် လူသားမဆန်မှုများကို လုံခြုံရေး ကောင်စီမှ ကော်မရှင်ဖွဲ့ပြီး စုံစမ်း စစ်ဆေးပေးရန် ယမန်နေ့က တောင်းဆိုလိုက်သည်။

တောင်အာဖရိကမှ ရစ်ချက် ဂိုးလ်စတုန်း (Richard Goldstone of South Africa)၊ အမေရိကန် ပြည်ထောင်စုမှ ပက်ထရစ်စီယာ ဝေါ့ဒ် (Patricia Wald of the US)၊ ဗင်နီဇွဲလားမှ ပီဒရို နစ်ကင် (Pedro Nikken of Venezuela)၊ မွန်ဂိုးလီးယားမှ ဂန်ဇိုရဇ် ဂွမ်ဘိုဇူရင် (Ganzorig Gombosuren of Mongolia) နှင့် ဗြိတိန်မှ ဂျော့ဖ်ဖရေး နိုက်စ် (Geoffrey Nice of Britain) က မြန်မာစစ်အစိုးရ ကျူးလွန်သည့် ပြစ်မှုများအတွက် စုံစမ်းစစ်ဆေးပေးရန် နယူးယောက် ကုလသမဂ္ဂ၌ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ဟားဗတ် ဥပဒေရေးရာကျောင်းမှ ထုတ်ပြန်လိုက်သည့် စာမျက်နှာ ၁၄၄ မျက်နှာပါ အစီရင်ခံစာတွင် မြန်မာ့သမိုင်းကြောင်း၊ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ ဥပဒေ၊ မြန်မာစစ်အစိုးရ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါတို့တွင် လုံခြုံရေးကောင်စီမှ အရေးယူဆောင်ရွက်ခဲ့မှုများနှင့် မြန်မာနိုင်ငံ အခြေအနေတို့ကို ဖော်ပြထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မေလ ၂၃ ရက်
ရက်သတ္တပတ် ၂၁ ၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့ လုံခြုံရေးများ ရုပ်သိမ်း

နယူးဒေလီ။ ။ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်မှ တက္ကသိုလ်ရိပ်သာလမ်းတွင် တည်ရှိသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့ ပတ်ဝန်းကျင်တွင် ချထားသော လုံခြုံရေး တပ်ဖွဲ့နှင့် အတားအဆီးများကို ယခုအခါ ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဗဟန်းမြို့ ရွှေတောင်ကြားရပ်ကွက် အိမ်နံပါတ် ၅၄/၅၆ ရှေ့ လမ်းပေါ်တွင် တင်းကျပ်စွာ ချထားသည့် လုံခြုံရေးများအား ယနေ့ နံနက်ပိုင်းတွင် မထားရှိတော့ခြင်း ဖြစ်သည်။

ယခုလ ၁၄ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်မှ နာမည်ဆိုးဖြင့် ကျော်ကြားလှသည့် အင်းစိန်ထောင်သို့ ပြောင်းရွှေ့ခံရပြီး၊ လက်ရှိတွင် အကျဉ်းထောင်အတွင်း၌ တရားရင်ဆိုင်နေရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရန် လုံခြုံရေး ကောင်စီ ပြောဆို

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား အဖွဲ့များနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးရန် ကုလလုံခြုံရေး ကောင်စီက မြန်မာစစ်အစိုးရကို ယမန်နေ့က ပြောဆိုလိုက်သည်။

တည်ငြိမ်ပြီး အချုပ်အခြာအာဏာ တည်ရှိမည့် မြန်မာနိုင်ငံကို တည်ဆောက်ရာတွင် တမျိုးသားလုံး ပါဝင်နိုင်ရန် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရန် လိုအပ်သည်ဟု ကုလကောင်စီက ပြောဆိုလိုက်ခြင်းဖြစ်သည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်တော့မည့် ဒေါ်စုကို စစ်အစိုးရက မေလ ၁၄ ရက်နေ့တွင် အင်းစိန်ထောင်၌ ပြောင်းရွှေ့ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံက ဆွေးနွေးကာ ယခုလို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်စုကို အကျဉ်းထောင်အတွင်း ချုပ်နှောင်လိုက်ခြင်းနှင့် ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး အခြေအနေ တိုးတက်ပြောင်းလဲမှုအတွက် စိုးရိမ်ကြောင်း လုံခြုံရေးကောင်စီက ပြောဆိုသေးသည်။

လုံခြုံရေးကောင်စီကိုယ်စား အလှည့်ကျ ဥက္ကဋ္ဌ ဗင်တလေ ချော့ကင် (ရုရှားနိုင်ငံ) က ယင်းကဲ့သို့ သတင်းကြေညာချက် ထုတ်ပြန်ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)