Showing posts with label စာပေါ့. Show all posts
Showing posts with label စာပေါ့. Show all posts

Wednesday, February 11, 2009

( ၆၂ ) မြောက် ပြည်ထောင်စုနေ့ သ၀ဏ်လွှာ

ယနေ့ ကျရောက်သည့် ( ၆၂ ) ပြည်ထောင်စုနေ့ အခါသမယ၌ ပြည်မြန်မာသူ / သားများအပေါင်း ကိုယ်စိတ်နှစ်ဖျာ ညစ်နွမ်းပြီး ဆင်းရဲ ဒုက္ခတော နစ်မြုပ် ငတ်ပြတ်နိုင်ပါစေလို့ ကျွန်ုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နှုတ်ခွန်း ဆက်သ မေတ္တာ ပို့သလိုက်ပါသည်။

ယနေ့သည် အမိမြန်မာပြည်၏ အနာဂါတ်ဖြစ်သည့် နယ်ချဲ ဗြိတိသျှတို့ လက်အောက်မှ လွတ်လပ်ရေးရအောင် ခေါင်းဆောင်ကြီးများ
( ဗိုလ်ချုပ်ဆောင်ဆန်း နာမည် မသုံးချင်လို့ ) စုစည်းနားလည်ပြီး လက်မှတ် ရေးထိုးခဲ့သည့် သမိုင်းဝင် ပင်လုံစာချုပ် ရေးထိုးခဲ့သည့် နေ့ထူး နေ့မြတ်တခု ဖြစ်သည်။

ခေါင်းဆောင်ကြီးများ ရည်မှန်းချက်အရ ရေးထိုးခဲ့သည့် ပင်လုံစာချုပ်အရ နိုင်ငံတော်၏ အရေးကြီးဆုံးဖြစ်သော ပြည်ထောင်စုဖွားများ၏ အမျိုးသား စည်းလုံးညီညွှတ်မှုအား ပုခုံးပြောင်း တာဝန်အရ စစ်အင်အားဖြင့် အသုံးပြုပြီးမှ လူမျိုးစုများအပေါ် တဖက်သတ် အနိုင်ကျင့်ပြီး နေ့မအား ညမအား စုစည်း တည်ဆောက်နေသည်မှာ ပြည်သူများ အသိပင် ဖြစ်ကြောင်း ..

ပြည်ထောင်စုဖွားများအား ထိုကဲ့သို့ စည်းလုံးအောင် ပြုလုပ်ပြီးမှ တည်ငြိမ်သော ခေတ်မှီ နိုင်ငံတော်ကြီး တည်ဆောက်ရန်အတွက် မိမိချမှတ်ထားသည့် လမ်းစဉ်များနှင့် လမ်းပြ မြေပုံ ၇ ရပ်ကို မထောက်ခံသူများအား ထောင်သွင်းအကျဉ်းချ နှိပ်စစ် ညှင်းပန်းခဲ့သည်။ တချို့ အတိုက်အခံများကိုမှု ပြည်ပသို့ ထွက်ခွာနိုင်အောင် စီစဉ်ပေးခဲ့ကြောင်း ..

ကျွန်ုပ်၏ အာဏာ တည်မြဲရေးအတွက် အမြုတေဖြစ်သော ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကြီးမှ အဖွဲ့ဝင်များနှင့် ထောက်ခံသူများကို အခွင့်အာဏာ အကန့်အသတ်ဖြင့် ပေးပြီး မိမိဆန္ဒနှင့် မတိုက်ဆိုင်သူများကို ရိုက်နှက်ဖမ်းဆီးခွင့်ကို ပေးထားပါသည်။ အကယ်၍ သည့်ထက်ပိုဆိုးလာလျှင် တပ်မတော်က လက်ပိုက်မကြည့်ပဲ သေနတ်မောင်းထိုးပြီး ပစ်ခတ် ချေမှုန်းသွားမည် ဖြစ်ကြောင်း ..

မိမိလိုအပ်သော လမ်းညွှန်မှုများဖြင့် တည်ဆောက်မှု ကဏ္ဍဖြစ်သော အမျိုးသား စီးပွား အကျိုး အလို့ငှာ မိမိနှင့် အပေါင်းအပါများ၏ မျိုးဆက်၊ အနွယ်များနှင့် မိမိတို့၏ သဘောထားအမှန်ကို စိတ်ပါဝင်စားစွာ လိုလိုလားလား ထောက်ခံခဲ့သည့် ပုဂ္ဂိုလ်များနှင့် ပူးပေါင်းပြီး ထုတ်နှုတ် သုံးစွဲ၍ မိမိတို့၏ ချမ်းသာမှုနှင့်အတူ ခေတ်မှီနိုင်ငံတော်ကြီးအား နေ့ညမရွေး ဖေါ်ဆောင်နေပါသည်။ ယခုကဲ့သို့ လုပ်ဆောင်ရသည်မှာ မိမိအနေဖြင့် များစွာ ၀မ်းနည်းမိကြောင်း ..

ပြည်တွင်း တိုးတက်မှု အရင်းအမြစ်ဖြစ်သော ပညာတတ် လူတန်းစားများ မပေါ်ပေါက်လာနိုင်ရန် ပညာရေးစနစ်ကိုလည်း အဖက်ဖက်က နိမ့်ကျအောင် ပြုလုပ်ထားရပါသည်။ ထို့အတူ နိုင်ငံတော် ဖွံ့ဖြိုးရေး၏ ပင်မ အသေးစား စက်မှုလက်မှု လုပ်ငန်းများအတွက် အထောက်အကူဖြစ်သော လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုနှင့် သဘာဝဓါတ်ငွေ့ကို ပြည်ပသို့ ရောင်းချသာလျှင် ပြည်သူ့ စီးပွား တိုးတက်မှုအား ဟန့်တားထားမည်ဖြစ်၍ လူလတ်တန်းစား အလွှာ မပေါ်ပေါက်နိုင်မည် ဖြစ်မည်။ ထိုမှသာလျှင် အသိဥာဏ်များ ပွင့်လင်းပြီး မိမိအား ဆန့်ကျင် တော်လှန် တိုက်ခိုက်ရန်မှ ကင်ဝေး၍ ၂၅ ရာခိုင်နှုန်း ပါဝင်သည့် တမတ်သား အစိုးရ တည်ဆောက်ရေးကို အလျင်အမြန် အကောင်တည်ဖေါ်နိုင်မည် ဖြစ်ကြောင်း ..

နိုင်ငံတော် ဖွံ့ဖြိုးရေး အစစ်အမှန်ဖြစ်သည့် လမ်းဖောက် တံတားဆောက် လုပ်ငန်းများ ( ယတြာအရ ) ကို ပြည်သူ့ အတင်း လုပ်အားပေး စနစ်ဖြင့်၊ ပညာရေး အထောက်အပံ့လုပ်ငန်းများ ( စစ်အုပ်ချုပ်ရေးနှင့် လမ်းပြမြေပုံ အထောက်အကူ )၊ ကျန်းမာရေးလုပ်ငန်းများ ( နိုင်ငံတော် အသုံးစရိတ်အနည်းဆုံး )၊ ပြည်သူတို့ လယ်ယာ လုပ်ငန်းများ ( လက်ဝါးကြီးအုပ် လယ်ယာနစ် )၊ သဘာဝဘေး အန္တာရယ်အတွက် ကယ်ဆယ်/ ဖွံ့ဖြိုးရေး အဆင့်အဆင့် ( ကူညီငွေ ၁၀၀၀ ရလျှင်၊ ၁၀၀ မျှသာ အသုံးပြုပြီး နိုင်ငံတော်ဆိုသော မိမိ အပေါင်းအပါများအတွက် )၊ ပြည်သူတို့ အသက်အိုးအိမ် စည်းစိမ် ထိန်းသိမ်းရေး ( မီးသတ်ကားများ နိုင်ငံတော်က ၀ယ်ပေးမည် မဟုတ်၊ ကိုယ်ထူ ကိုယ်ထ စနစ်ဖြင့် ၀ယ်ယူရန် )၊ စသော ကိစ္စရပ်များကို တပ်မတော်အစိုးရအနေဖြင့် ဂရုပြု ဆောင်ရွက်ခဲ့သည်မှာ ပြည်သူများ အသိပင် ဖြစ်ကြောင်း ..

အလားတူပင် နိုင်ငံတော်၏ အမျိုးသားရေး ရည်မှန်းချက်ဖြစ်သကဲ့သို့ တိုင်းရင်းသား ပြည်သူတို့၏ အမျိုးသားရေးဆိုင်ရာ ဘုံရည်မှန်းချက်ဖြစ်သော မိမိ၏ အကျိုးနှင့်ယှဉ်တွဲ၍ အေးချမ်းသာယာပြီး ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးသည် အနာဂတ်ကာလတွင် မလွဲမသွေ ဖြစ်ထွန်း ပေါ်ပေါက်လာမည်ဖြစ်ရာ ၂၀၀၈ ကမ္ဘာ့စီးပွားရေး ဂယက်ကြောင့် ပြည်သူများ ကြပ်တည်းလာပြီး ၈၈ ကာလကဲ့သို့ လူထုအုံကြွမှု ပေါ်ပေါက်လာလျှင် မိမိ အားကိုး အားထားသော၊ မိမိ၏ လမ်းညွှန်မှာကြား သြဝါဒနှင့်အညီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ အသင်းသားများနှင့် ပထမ ထိပ်တိုက် ရင်ဆိုင်ရမည်၊ ထိုထက်ပို၍ ဆိုးဝါးလာပါက နိုင်ငံတော်၏ အမာခံဖြစ်သော စစ်တပ်အင်အားကို အသုံးပြုပြီး နိုင်ငံတော် အာဏာသစ်ကြီးကို တပ်မတော်အစိုးရအနေဖြင့် တဖန်ပြန်လှည် သိမ်းယူခွင့်ရှိကြောင်း၊ အဖက်ဖက်မှ ယိုယွင်းလာသည့် အခြေအနေများကြောင့် ၂၀၁၀ ရွေးကောက်ပွဲအား ဖျက်သိမ်းပြီး ပြည်ထောင်စုနေ့ အနှစ်သာရအရ စစ်အုပ်ချုပ်ရေးဖြင့် ဆက်လက် ကာကွယ် စောင့်ရှောက် ရမည်ဖြစ်ကြောင်း ..

ယနေ့ကျရောက်သော ပြည်ထောင်စုနေ့ သ၀ဏ်လွှာအား ပြည်သူများထံ သတိပေးခြင်းဖြင့် အသိပေး ပြောကြားလိုက်ပါသည်။



သန်းရွှေ
ဥက္ကဋ္ဌ
( နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် အေးချမ်းသာယာရေး ကောင်စီ )
နာယက
( ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း )

Thursday, February 5, 2009

ဒုတိယကြိမ်မြောက် လောကငရဲမှ ခဏ လွတ်မြောက်နေခြင်း




တူ .. တူ.. တူ ( လူလ၏ တယ်လီဖုန်း အသံ )

တယ်လီဖုန်းက ဖုန်းအသံကြောင့် အိပ်နေရာမှ လန့်နိုးလာတယ်၊ စိတ်ထဲမှာတော့ ဖုန်းဆက်လာတဲ့ လူကို စိတ်ထဲမှာ ဒေါသ ဖြစ်ပြီးသား၊ အလိုက်ကမ်း ဆိုးမသိတဲ့ လူပဲ ဆိုပြီး၊ နာရီကို ကြည့်လိုက်တော့ နံနက် ၁၀း ၃၀၊ အိပ်ရာဝင်တာက စောစော ၅ နာရီလေ၊ လူလ အလုပ်လုပ်တာက ညနေပိုင်း အလုပ်ဆိုတော့ အိမ်ကို ၁ နာရီလောက်ဆို ပြန်ရောက်တယ်။ ရေချိုးပြီး သတင်းတွေ လိုက်ဖတ်၊ ဘလောဂ်မှာ ရှိတဲ့ ကြည့်ဖြစ်နေတဲ့ ရင်ဘတ်များမှ အသစ်တွေကို ဖတ်ရင်းနဲ့ပဲ အချိန်က အလိုလို ကုန်သွားတာပါ၊ ဒီတော့လဲ အိပ်တဲ့အချိန်က အများအားဖြင့် မနက်ပိုင်း ဖြစ်တယ်။ တခါတလေ စာရေးတဲ့ နေ့များဆို မနက် ၇ နာရီ တောင် ဖြစ်သွားတတ်တယ်။

နိုးတ၀က် အိပ်ချင်မူးတူးနှင့် တယ်လီဖုန်းကို ကောက်ကိုင်ပြီး..

လူလး Hej.. Dat er luu la

ဖုန်းဆက်သူး ဟဲ့လို .. ကိုလူလ၊ ကျွန်နော် ကိုမိုက်ကယ်ပါ၊

လူလး အင်း ပြော၊ ဘာဖြစ်တာလဲ

ကိုမိုက်ကယ်း အလုပ်မှာ လူတွေ ဖြုတ်နေပြီ၊ ကျွန်နော်လဲ ပါတယ်

လူလး ဟုတ်လား ကောင်းတာပေါ့။

ကိုမိုက်ကယ်း ဒါလောက်ပဲနော်၊ ညနေမှ ဆုံမယ်။

လူလး အင်း …

ဂွပ် ( တယ်လီဖုန်း ပြန်ချတဲ့ အသံ )
*****

အဲလူက အဲလိုမျိုး ခံစားချက် ပြင်းထန်တတ်တယ်၊ သူလဲ သိသားပဲ လူလ အိပ်ချိန်ကိုလေ၊ သူစိတ်ထဲမှာ ဖြစ်ချင်တာပဲ ဦးစားပေးပြီး လုပ်တတ်တယ်။ သူတခုခု ဖြစ်လာရင် သူများ အနေအထားကို သူ သိမနိုင်တော့ဘူး၊ ဆိုတော့လည်း တဖက်လူအတွက် ဂဂျိုးဂဂျောင် ဖြစ်ရတာပေါ့ဗျ။

အလုပ်တွေ ပြန်ဖြုတ်မယ်ဆိုတာ လူလက ကြိုသိနှင့်ပြီးသား၊ အလုပ်မှာ ခင်တဲ့သူတွေကို ပြောပြတော့ မယုံကြဘူး၊ အခု ဒီလူ ဖုန်းဆက်လာတာကလဲ၊ လူလ ရဲ့ အင်ဖော်မေးရှင်းက မှန်တယ်သဘောနဲ့ ကွန်ဖန်း လုပ်တဲ့ သဘော ဖြစ်နိုင်တယ်။

နိုးလက်စနဲ့ပဲ အိပ်ယာက ထလိုက်တယ်။ လူလက အိပ်ယာက နိုးရင် ချက်ခြင်း ထလေ့မရှိဘူး ၁၀ မိနစ်လောက် နပ်တဲ့ အကျင့်ဆိုး ရှိတယ်လေ၊ အခုက ၀မ်းသာတဲ့ အထိမ်းအမှတ်နှင့် ချက်ခြင်း ထ လိုက်တဲ့ သဘော မှတ်ပါ။

စကားမစပ် မိုက်ကယ်ဆိုလို့ အနောက်နိုင်ငံသားလို့ မမှတ်ယူလိုက်ပါနဲ့…
မြန်မာပြည်မှာ မွေးပြီး၊ မြန်မာပြည်မှာ ချက်မြှုပ်ခဲ့တဲ့ သူရယ်ပါ။ လူ အတော်များများက အနောက်တိုင်းကို အခြေချတော့မယ်၊ စိတ်သစ် လူသစ် နာမည်အသစ်တွေနဲ့ အတွေးများဖြင့် ပေါ့ဗျာ၊ ဒီလိုပဲ မိုက်ကယ် ၀ီလျံ ဆိုင်မွန် ဒေးဗစ် အသီးသီး မှည့်ထွင်ကြတယ်လေ။ ဒီမှာက မိသားစု နာမည်တွေနဲ့ ပေါင်းပြီးမှ ရီဂျင်စတာ လုပ်ရတယ်လေ၊ ဆိုတော့လဲ မိုက်ကယ်အောင်ဘု၊ ၀ီလျံ ဘစိန်၊ ဒေးဗစ် တုတ်ကြီး၊ ဆိုင်မွန် ရွှေအေး အမျိုးမျိုးသော နာမည် အသစ်အဆန်းတွေ ပေါ်ထွက် လာရတယ်လေ။ လူလ ကတော့ အဖေအမေ ပေးလိုက်တဲ့ နာမည်ပဲ သုံးပါတယ်။ ဂျော့လူလ တော့ မဖြစ်ချင်တော့ပါ။ မြင်ရကြားရတော့လဲ ဦးဖိုးကျားရဲ့ အခမဲ့ ကူလီထမ်းခြင်းအကျိုး စာအုပ်ထဲက မြန်မာတွေ ဘိုနာမည် ထည့်တာကို ကြံဖန်ပြီး တွေးမိလိုက်ပါရဲ့…
*****

ဝမ်းပန်းတသာနဲ့ အိပ်ယာထပြီး ကိုယ်ခန္ဓာအတွက် ထုတ်စရာရှိတာ ထုတ်၊ သွင်းစရာရှိတာ သွင်း၊ ရှင်းစရာရှိတာ ရှင်းပြီး သကာလ၊ လုပ်စရာရှိတာတွေ လုပ်ပြီးမှ မနက်စာ ကော်ဖီလေးတခွက်ကို သောက်ရင်း သတင်းနားထောင်၊ ကိုယ့် ဘလောဂ်ကို ၀င်ကြည့်၊ ဒါက လူလရဲ့ နေ့စဉ် အလုပ်တခုပါပဲ။


ညနေ ၄နာရီ၊ အလုပ်ထဲရောက်တော့ စားသောက်ခန်းမမှာ အလုပ်သမားတွေကို စုပြီး ဘော့စ်က ပစ္စည်း ထုတ်လုပ်မှု နည်းတယ်အတွက် လူအနည်းအကျဉ်းကို လျှော့ချမယ်၊ ဘယ်တော့ပြန်စမယ်ဆိုတာကို သူ့အနေနဲ့ မပြောနိုင်ပါ၊ ၂ ပတ်လဲ ဖြစ်နိုင်လိမ့်မယ်၊ ၂ လ လဲ ဖြစ်နိုင်တယ်ဆိုပြီး သူ့လက်မှတ်ထိုးထားတဲ့ သင့်အား အသုံးမပြုနိုင်တော့သဖြင့် သင်သွားလိုရာ သွားနိုင်သည်ဆိုသော အဓိပ္ပာယ်ဆောင်သည့် ( ဒါက လူလ အပိုပြောတာ ) စာရွက်များကို အလုပ်ဖြုတ် နာမည်စာရင်းကို ခေါ်ပြီး ဝေပေးလိုက်တယ်။ ဟ .. ဘယ်လိုကြီးလဲ ငါလဲ မပါပါလား ဆိုပြီး စိတ်ထဲမှာ တွေးပြီး ညစ်နေတာ၊ လူတယောက်က ဘောစ့်ကို လူလ မပါဘူးလား ထမေးလိုက်တော့မှ စိတ်ထဲ ပျော်သွားတယ်၊ ဒီတော့ ဘောစ့်က ဘယ်လိုလဲ မလုပ်ဘူးလား မေးတော့၊ နားချင်တယ်လို့ ပြောလိုက်တယ်၊ ဆိုတော့ အစီအစဉ်တွေက တမျိုး ပြောင်းလဲသွားတယ်။ အလုပ်မှာက သက်တမ်းအနုအရင့်ကို ခွဲခြားပြီး အလုပ်ဖြုတ်တာတို့ လုပ်တတ်တာကိုး၊ လူလက သဘောထားတမျိုး ပေးလိုက်တော့ ဆွေးနွေးပွဲလေး တခု ဖြစ်ပြန်ရော၊ နောက်ပြီး လူလလိုပဲ နားချင်တဲ့ လူတယောက်လဲ ပေါ်လာတယ်။ နောက်တော့ အဖြုတ်ခံရတဲ့ သူတွေထဲမှ အလုပ်သမားအဖွဲ့အစည်း မ၀င်တဲ့သူနှင့် တချမ်းပဲ့ ( မိန်းမအလုပ်မရှိ ) ပါတယ်လေ၊ လူလလိုပဲ အဖြုတ်ခံချင်တဲ့ နောက်တယောက် ထပ်ပေါ်လာတယ်ဆိုတော့ အားလုံးကောင်းသွားတာပေါ့။

ရှင်းပြမယ် အတွေ့အကြုံတခု မျှဝေတယ်သဘော မှတ်လိုက်ပါ၊ လူလတို့ဆီမှာက အလုပ်သမားတိုင်း အလုပ်သမား ယူနီယံဆိုတဲ့ အဖွဲ့အစည်းကို ပိုက်ဆံပေးပြီး ၀င်ထားရတယ်၊ တချို့လည်း မ၀င်ပါဘူး၊ မြို့နယ် ( နိုင်ငံတော် ) အထောက်အပံ့က ရတဲ့ အလုပ်လက်မဲ့လစာပဲ ယူတယ်။ ဒါဗေမဲ့ လူအတော်တော်များများက အလုပ်သမားအဖွဲ့အစည်း ၀င်တယ်။ ဒီလိုအလုပ်သမား အဖွဲ့အစည်းဝင်ထားတော့ အခွင့်အရေးက သာမန်ထက် ပိုတဲ့ အခွင့်အရေးတွေ ရတယ်။ ဒီနေ့ အလုပ်ဖြုတ်ခံရရင် မနက်ဖြန် ပိုက်ဆံရတာပဲ၊ ရတဲ့ လစာက ၀င်ငွေရဲ့ ၉၀ ရာခိုင်နှုန်း၊တခြား အခွင့်အရေးလဲ အများကြီးပါပဲ။ ဒါတောင် ကိုယ်ဟာကိုယ် အလုပ်က ထွက်တာနဲ့ အလုပ်ရှင်၏ လိုအပ်ချက်တခုအရ ထွက်တာနဲ့ အခွင့်အရေး မတူသေးပြန်၊ ကိုယ်ဟာကိုယ် အလုပ်ထွက်တယ်ဆိုတော့
အလုပ်သမား အဖွဲ့အစည်းက ချက်ခြင်း ပြန်မထောက်ပံဘူး၊ တလ စောင့်ရတယ်။ ခန့်မသင့်ရင် တိုင်ပတ် နေရတတ်တယ်လေ၊ နောက်တခုက မြို့နယ်က ထောက်ပံတဲ့ အလုပ်လက်မဲ့ လစာလဲ ဒီအတိုင်းပါပဲ တလစောင့်ရတယ်။ နောက်ပြီး ရတဲ့ ပိုက်ဆံက ဒီငွေနှင့်ဆို ၄၀၀၀ ပေါ့၊ အိမ်လခ ၂၅၀၀ ပတ်ဝန်းကျင် စားဖို့ လောက်ပဲ ရမှာလေ၊ တချမ်းပဲ့အတွက်လဲ ဒီအတိုင်းပါပဲ ၊ နည်းနည်းတော့ အနေအထားတွေ ဂဂျိုးဂဂျောင် ဖြစ်သွားတာက လွဲပြီးပေါ့။ လုံးလုံး ငတ်ပြတ်သွားတာတော့ မဟုတ်ပါ။ ဒီအကြောင်းကို ဘလောဂ်အဟောင်းမှာ “ လောကငရဲမှ ခဏ လွတ်ကင်းရခြင်း ” ဆိုပြီး ရေးထားသေးတယ်။ ဘလောဂ်အဟောင်းကို လည်ပတ်ဖူးတဲ့သူတွေ သိနိုင်၏။ ( စကားချပ်။ ။ ကိုဆောင်းယွန်းလရေ… ယူနေပြီလို့ မှတ်ပါ )
*****

ကမ္ဘာ့ စီးပွားရေး ဂယက် ဒဏ်ကို လူတွေတွေ ခံစားရပြီး အလုပ်ဖြုတ်ခံရမှာ စိုးရွံနေတဲ့ လူမှုအသိုင်းအ၀ိုင်းတခုမှာ လူလ တယောက် ဆန့်ကျင်ပြီး လုပ်လိုက်တာကို ဒီကောင် ငကြောင်လို့ မတွက်လိုက်ပါနဲ့ဗျ။ စနစ်ကောင်းလို့ပါ။ တော်သေးတာပေါ့ လူလလို အလုပ်ဖြုတ်ခံချင်တဲ့ လူတယောက်ပါလာလို့၊ နို့မို့ရင်လား လူလကို အထင်ကြေးတွေ ပေးနေမှာလေ၊ ဒါဗေမဲ့ လူလ အနေအထားက အလုပ်ဖြုတ်ခံရလဲ ပုံမှန်ပဲ၊ ဘာကြောင့်ဆိုတော့ တကယ်လို့ နေ့အချိန်မှာ လုပ်ရမယ်ဆိုရင် နေ့အချိန် လစာက လူလတို့ အလုပ်သမားအဖွဲ့က ပြန်ထောက်ပံတဲ့ လစာနဲ့ အတူတူပါပဲ။ သဘောကတော့ အလုပ်လုပ်လဲ ဒီလောက်ရ၊ မလုပ်လဲ ဒီလောက်ပါပဲ၊ လုပ်တာပဲ ပင်ပန်းပြီး အဖတ်တင်မဲ့ သဘောပါ၊ ငပျင်းတော့မဟုတ်ပါ၊ အခုလို ငါမလုပ်ချင်ဘူးလို့ ပြောနိုင်တာလဲ၊ ပြောနိုင်တဲ့ အခွင့်အရေးရအောင် လူလတိုက ဖြဲတားတာလေ၊ နောက်ပြီး ဒီစက်ရုံ သက်တမ်းက လူလ အလုပ်သက်တမ်းထက် နည်းသေးတယ်။ သဘောကတော့ အရင့်ရင် စက်ရုံငယ်ငယ်လေးကတည်းက လူလတို့ လုပ်တာတယ်ဆိုတော့ မိသားစု ပုံစံလို ဖြစ်နေပြီလေ။ တခုတော့ ရှိတာပေါ့ အားလပ်ရက် ( ဗယ်ကေးရှင်း ) ပိုက်ဆံ နည်းမယ်။ သေချာတာတခုကတော့ ဘလောဂ်လည်ပတ်မှု များမယ်၊ သုတ တိုးမယ်။ ဒီတော့ ဘယ်လိုပြောရမလဲ ပြုသူအသစ် ဖြစ်သူအဟောင်းဆိုသလို အတိတ်ဘ၀က ရှေးကောင်းမှုတခုနှင့် ခဏတာလေးဖြင့် “ ကျူပ် သူတောင်းစား ကံကောင်းသည် ” ဆိုတာလေးကို ကံ ကံ၏ အကျိုး သဘောကို ဆင်ခြင်ပြီး မုဒိတာလေး ပွားများလိုက်ပေါ့နော်၊ ပြသာနာက ဖြစ်ပျက်သဘောကို နှောကျေအောင်သိနေတယ်ဆိုပြီး ပေတတန် စာတဖွဲ့ ရေးသားတဲ့ သူက ညာညှိ တန်းစီ ( တန်းညှိခြင်း )နေတာ ခက်တယ်ဗျ၊ ဆယ်အိမ်ကြား ကိုးအိမ်ကြား လိုက်အော်နေတာ မုဒီတာ သဘောတရားကို နားမလည်လို့လား၊ ဖြစ်နိုင်ပါတယ် ကိုယ်တိုင်မကြုံပဲ၊ စာအုပ်ထဲက ဖြစ်ပျက်တွေကို ကူးချပြီး လူရှိန်အောင် လုပ်နေတယ်ဆိုတော့၊ ဒီလိုပါပဲ လူ့ဘ၀ဆိုတာ သမုဒ္ဒရာထဲက ရေပွက်လေးနှင့် သဏ္ဍာန်တူတာကို လူလ ဆင်ခြင်တတ်ပါတယ်။ ဆိုးကျိုး ကောင်းကျိုး လောကဓံတရားလည်း နားလည်ပါတယ်။ တခုတော့ ရှိတယ်။ လူလက အေးဆေးပဲ နေတတ်တယ်။ သူများကို ဘယ်တောမှ မဖောင်းဘူးဗျ၊ ကိုယ့်ကို လာဖောင်းရင်လဲ ခွင့်မလွှတ်တတ်ဘူး၊ ဒါပါပဲ ပုထုစဉ် သဘောတရားက ခိုင်မြဲနေတယ်လေ။

ဘယ်ရောက်သွားပြန်လဲ၊ ရေးနေတာက လောကငရဲက လွတ်မြောက်ခြင်း၊ မှားပ။ လာလာ အရည်မရ အဖတ်မရတွေ လျှောက်မရေးနေပါနဲ့၊ အချိန်ကုန်တယ်၊ ဒီလိုနဲ့ပေါ့ဗျ၊ လူလတယောက် အလုပ်ဖြုတ်တဲ့ လက်မှတ်ကိုင်ပြီး Job centar ရုံးကို ယနေ့ ကြွသွားရ၏။ အင်ဖော်မေးရှင်းက စာရေးမက ဘာအကူအညီပေးရမလဲတဲ့။ ယဉ်ကျေးလိုက်တာနော်၊ အမိမြန်မာပြည်နှင့် ကွာသပ၊ ကိုယ်တို့ လူမျိုးမှာက လာမယ် ရုပ်က ရှစ်ခေါက်ချိုးထားတဲ့ပုံစံနှင့် သူ့တို့ ဆီမှာ အကြွေးလာတောင်းနေသလိုလိုလေ၊ ခန့်မသင့်ရင် စားပွဲအောက်က လက်ဖက်ရည်ဖိုး ထိုးပေးရမယ်။ ဒီက စာရေးမက ဘာမှ မပြောပါဘူး စာရွက်ကြည့်၍ လူလရဲ့ ကိုယ်ပိုင်နံပါတ် ( CPR ) ကို တောင်းပြီး ကွန်ပြူတာထဲ ဒေါက်ဒေါက် ရိုက်၍ အန်းတာ ( enter )ကို ဒေါက်ကနဲ့ ရိုက်ချလိုက်ပြီးသကာလ ပလင့်ထုတ်တဲ့ စက်ကနေ လူလအတွက် ဖောင်တွေ စာရွက်စာတမ်းတွေ ထွက်လာတယ်၊ သူက ရော့ … ဆို စာရွက်များကို ပေးပြီး အလုပ်သမားအဖွဲ့အစည်းကို သွားလိုက်ပါဦးဆိုပြီး ပြောလိုက်တယ်၊ ဟုတ် ကျေးဇူး၊ ပြောပြီး လူလတယောက် ကမ္ဘာ့အလုပ်လက်မဲ့ စာရင်းဝင် ဖြစ်သွားပြီး လောကငရဲမှ ခဏတာ ဒုတိယကြိမ်မြောက် လွတ်မြောက်နေလေသတည်း။ ။


လူလ
ရွှင်လန်းချမ်းမြေ့ပါစေ...

( မှတ်ချက် ။ ။ Yahoo Images မှ ဓါတ်ပုံကို ရှာပြီး သုံးထားသည်။ )

Tuesday, December 30, 2008

ကြောင်ကို ရေချိုးပေးခြင်း

*
**




တနေ့သော ခရစ္စမတ်ပိတ်ရက်ရှည်အတွင်း ကျွန်ုပ်မောင်လူလသည် ခရီးထွက်ရန် အကြောင်းမဖန်လာသဖြင့် စိတ်ထဲ ညှီစိစိနှင့် စားခြင်း အိပ်ခြင်းအမှုမျှသာပြုပြီး ကျန်သည့်အချိန်များတွင် အမှိုက်ပုံက ကောက်ယူထားသည့် ဂျာမဏီလုပ် MEDION အမျိုးအစား ကွန်ပြူတာ အစုတ်လေးဖြင့် ဘလောဂ်လည်ပတ်ခြင်းသမှုကိုပဲ ပြုနေရတဲ့ဘ၀၊ ဆောင်းလေကြမ်းက အသိတရား လွတ်ကင်းနေသော အမူးသမားတယောက်လို ရှစ်ခွင့်တိုင် အရပ်တကာကို ကလူကမြူပြုသဖြင့် အေးချမ်းသည့်ဒဏ် မခံနိုင်၊ အမြဲတမ်းလည်း အပြင်သို့ မထွက်ချင်၊ ကျန်းမာရေးအရ လမ်းလျှောက်ခြင်း၊ ဈေးထွက်ခြင်းပါပဲ။ သည်လိုနှင့် အကာလအချိန်တချိန်တွင် မောင်မင်းကြီးသားတယောက်က ကျွန်ုပ်နှင့် ပတ်သက်ပြီး ရေးဖွဲ့ထားသည်ကို ဖတ်ရှု့လိုက်ရပါ၏။ ဖတ်ရှု့ပြီးသကာလ ကျွန်တော်မျိုးမောင်လူလသည် မောင်မင်းကြီးကို ဂျီတော့မှာ သွားချက်လေတော့သည်။ *( ချက်ထားသည်ကို စာလုံးအမဲဖြင့် ပြထားသည်)
ချက်တင်နှောပြီး သကာလ ဤစာကို ရေးသင့် မရေးသင့်ဆိုပြီး အတန်တန် စဉ်းစားရတယ်၊ ရေးလာသူကလဲ သက်ကြီးဝါကြီးဆိုတော့လည်း စော်ကားရာ ရောက်မလားပေါ့။ ဒါဗေမဲ့ဗျ တော်လှန်တဲ့အတွေး ရှိတဲ့သူဆိုတော့လဲ ဟုတ်သည် မမှန်သည် ပြန်ရှင်းရမှာပေါ့။ **( မောင်မင်းကြီး တင်ထားသည့် သူ့၏ ဘလောဂ်မှ စာစုများကို စာလုံး အစောင်းဖြင့် ပြထားသည်)

တကယ်ကို စဉ်းစားတယ်ဗျ။ ကြီးသူရိုသေ ငယ်သူလေးစား ဆိုသလို ဂါရ၀တရားတွေနဲ့ ယှဉ်ပြီးတော့ ရေးသင့်သလား မရေးသင့်ဘူးလားဟု ဇဝေဇ၀ါ ဖြစ်ခဲ့၏။ နောက်ဆုံးတော့ လူဆိုတာ ကောင်းစိတ်နှင့် မကောင်းစိတ်က အစဉ်တွဲရှိနေသမို့ အကောင်းဘယ်လောက် တွေးတွေး၊ မောဟသဘောအရ အဆိုးဖက်ပဲ မဲအများဆုံးပေးလိုက်ခြင်းဖြင့် ရေးမယ်လို့ ဆုံးဖြတ်ချက် ချလိုက်တာပဲလေ။ အခုလို ပြန်လှည်ရေးချင်းသည်လည်း ကျွန်တော်မျိုးကြီးက အစပြုခြင်းမဟုတ်ပါ။ တဖက်သားက အစပြုခြင်းဖြင့် တုန့်ပြန်မှုတခုသာ ဖြစ်၏။ ( ဤကား စကားချပ်)



လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က ရာဟူး(Yahoo Messenger)မှာ စိအက်ဖ် ( CF )ဆိုတဲ့ ကွန်ဖရင်း ( Conference )တွေ အလွန်တရာ စည်ကားလှပါသည်။ အရှေ့အနောက် မြန်မာတွေ ခင်ရာ မင်ရာ စိအက်လုပ် အတင်းချ၊ ၀ါဒပြိုင်၊ ဟာသတွေပြော၊ ဆရာကြီးတွေလုပ် ရောင်တော်တွေပြန်၊ တယောက်နဲ့တယောက် မခံချင်အောင် စရင်းဖြင့် ၂၄နာရီ မပြတ် စိအက်ဖ်က ရှိပါ၏။ ရန်ပွဲလည်း နေ့တိုင်းလိုလို ရှိတယ်။ မြစ်ကမ်းနဘေးက ငါးဈေးလိုပါ့ဗျ၊ သေခြာတာကတော့ အေးဆေးဆေးဆေး နားထောင်ပြီး သူများကိုလည်း ပြသာနာမရှာရင် စိအက်ဆိုတာက မပျင်းဘူးဗျ။
တခု ထူးထူးခြားခြား ကြုံဖူးလိုက်တာက ကြူခြင်းဆိုတဲ့ ပြသာနာပါ။ ကောင်လေးတွေနဲ့ ကောင်မလေးတွေ ချစ်တင်နှီးနှောဖလှယ်၍ ကြူပြီးသကာလ အချစ်ရည်ပြယ်သောအခါဝယ် စိအက်ဖ်ထဲလာပြီး ဘယ်ကောင်မလေးက ဘယ်လိုပြတယ်။ဘယ်အကောင်က အကျင့်က ဘယ်လိုဆိုပြီး အတင်းအဖျင်းတွေ အပြန်အလှန် လူသိရှင်ကြား ထုတ်ဖေါ်တာပဲ။ အများတော့မဟုတ်ပါ တယောက်စ နှစ်ယောက်စ ဤကိစ္စများ ကြားဖူး၏။ ကျွန်တော်မျိုးက နားထောင်သမားဆိုတော့ သူများပြောတာတွေကို နားထောင်ရတဲ့ဘ၀ပါ။ နားထောင်ရင်းနဲ့ သြော် လူတွေ တမျိုးကြီးပါလားပေါ့။ အထူးသဖြင့် တချို့ လူတွေက နှမချင်းမစာနာတတ်ပဲ သွားပုပ်လေလွင့်တွေ လူသိရှင်ကြားဖြစ်အောင် ဖွတတ်တယ်။ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မိန်းကလေးတယောက်ကို ဒီလိုမပြောသင့်ဘူးလို့ ထင်ပါတယ်။ တဆက်တည်းပဲ တွေးမိလိုက်တာက အတွင်းစကား အပြင်စကား ဆိုတဲ့ဟာကို သွားသတိရမိလိုက်လို့ပါ။

မိတ္တဗလတွေ၊ မိတ္တသစ္စာတွေတော့ မသိဘူးဗျ၊ ကိုယ်တွေ့အရတော့ ပြောနိုင်သည်။ “ အတွင်းစကားဆိုတာ တယောက်နှင့်တယောက် ယုံကြည်မှုတခုအရ ပြောဆိုလိုက်တာကို ထင်ပါ၏။ အပြင်စကားဆိုတာကတော့ တစ်ယောက်စကား တယောက်နားမှာ မခါးရအောင်ဆိုပြီး စကားလုံးများကို သကာလူးပြီး လူ့ယဉ်ကျေးမှုအရ ပြောဆိုတာ ဖြစ်နိုင်လိမ့်မယ်။” ဘယ်နေရာဖြစ်ဖြစ်ပေါ့ဗျာ ပြောသင့် မပြောသင့်ဆိုတာက လူစည်း ဘီးလူးစည်းခြားပြီး သိတတ်မြင်တတ်ဖို့ လိုအပ်ပါ၏။ ဒါကိုပြောနေတာလဲ လက်ညောင်းရုံပဲ ထင်တယ်။ ဆရာကြီးတဆူကို ပြောနေရတော့လည်း ဘုန်းကြီးတစ္ဆေကို အရဟံဂုဏ်တော်ပွားပြီး သွား ခြောက်နေသလို ဖြစ်နေတယ်။ တတ်မနိုင်ပါဘု ပြောမှသိ ထိမှနာတဲ့အစားမျိုးပုံစံက ရှိတယ်ဆိုတော့ လက်ညောင်းခံပြီး ရေးနေရတဲ့ဘ၀ပါ။ (ဤကား စကားတရပ်)
***
* မောင်လူလ: သြော် အခုမှ ဖတ်မိတယ်
ဂလိုလား

ဦးဘိုးတော်: ဟုတ်ပါတယ်ဗျာ

မောင်လူလ: နာမည်အရင်း ရေးလိုက်ပေါ့ဗျ
နာမည်ကြီးသွားအောင်

ဦးဘိုးတော်: မလုပ်ကောင်းပါဘူး


ဒီနေရာမှာ ကျွန်တော်မျိုး ပြောချင်တာကတော့ လုပ်ပြီးမှတော့ အဆုံးအောင် လုပ်စေချင်ပါတယ်။ ဘုန်းကြီးခေါင်း ခေါက်ပြီးမှ ၀န္ဒာမိ လုပ်တဲ့ ပုံစံဖြစ်နေတယ်။ ဒါလဲ မရေးရဲပြန်၊ ၀ါးလုံးခေါင်းထဲ သာတဲ လ ဖြစ်နေပြီ။


* မောင်လူလ: သြော်၊ တ တစ် စားလဲ ကြက်သွန်ဖြူပါပဲ

ဦးဘိုးတော်: တစ်တက်စားလည်း ကြက်သွန်။

မောင်လူလ: ဒါက private ပရိုက်ဗိတ်လေ။ စာအုပ်ဖတ်ခိုင်းနေတာမဟုတ်တာ
တဖက်လူ နားလည်ရင် ပီးတာပဲ


ဒါကိုပဲ ကြည့်ပါတော့ ပရိုက်ဗိတ် private ချက်မှာ လူအချင်းချင်း စာရိုက်တာ အများအားဖြင့် ပြီးစလွယ်ရိုက်တာများတယ်လေ။ အားလုံးလည်း ကြုံဖူးမှာပါ။
သူ့နှင့် စာရိုက်လျှင် မြန်မာစာသတ်ပုံကျမ်းကို နဘေးမှာ ချပြီး စာရိုက်ရမလိုလို ဖြစ်နေပြီ မှားပ။
ဖြစ်ပုံက အပေါ်ကိုပဲ ကြည့်ပါတော့ အရပ်ကတို့ရေ..
ပြောနေတဲ့အကြောင်းက တခု၊ သူပြောလာတာက စာလုံးပေါင်း၊
ဒါဆို မောင်မင်းကြီး၏ စိတ်တော်နေ သဘောထားကို ခန့်မှန်းလို့ရနေပြီ။
ဘယ်အကြောင်းအရာဖြစ်ဖြစ် ပြောဆိုဆွေးနွေးနေရာဝယ် ဘာမဟုတ်တဲ့ စာလုံးပေါင်းအမှားကို လာပြောနေလျှင် လိုရင်းပြောနေတာက ပျောက်သွားတယ်လေ။ အခုလဲ ကြည့်ပါ ကျွန်တော်မျိုး ရေးလိုက်တာ တ တစ်စားလဲ ကြက်သွန် လို့ ရိုက်လိုက်တာ စာလုံး လာပြင်နေပြန်ပြီ။ နေပါဦး ဒီလောက်ပြင်ချင်သပဆိုရင် ကျွန်တော်မျိုး ပုံနှိပ်တိုက်ဖွင့်မှပဲ စာစီစာရိုက် အလုပ်ခန့်ပေးမယ်။

“ကဒဲက” ဆိုတာကလည်း အပေါ်က ဖြစ်စဉ်အတိုင်းပဲဗျ။ တနေ့သ၌ ကြုံခဲ့တယ် ဆိုပါတော့၊ ပြောနေတာက တတိယ အင်္ဂလိပ် မြန်မာစစ်ပွဲမှာ အင်္ဂလိပ်တွေက ကုန်းဘောင်မင်းသားတယောက်ဆိုပြီး အရပ်သား ဦးဘသန်းကို သင်္ဘောပေါ်တင်လာတဲ့ အကြောင်းအရာတခုကနေ မြင်းကွန်း မြင်းခုံတိုင်မင်းသားရောက်သွားတယ်။ ကျွန်တော်မျိုးက သိသလောက် မြင်ကွန်းမင်းသားက ကနောင်ကို လုပ်ကြံပြီးတော့ ထိုင်းကို ထွက်ပြေးလာခဲ့တဲ့အကြောင်းကို ပြောတယ်။ ဆက်လက်ပြီးတော့ မောင်မင်းကြီသားကပဲ ဗီယက်နမ်မှာ နေတယ်လို့ ပြောလာတယ်လေ။ ဆရာရွှေဥဒေါင်းရဲ့ လက်ထက်တော်ကြီးစာအုပ်မှာ “ ကျွန်ုပ်ဖို့ကား နေရကျလှပါ၏။ သို့သော် အရှင်နှစ်ပါးတို့၏ နိုင်ငံရေး အခြေအနေမူကား မဟန်လှချေ၊ ၀ဇီယာဘုရင်သည် ကိုယ်တော်ကြီး၏ ကိစ္စကို ရီးတီးယားတားလုပ်၍ အချိန်ဆွဲထားရာ၊ နောက်ဆုံးတွင် စိတ်မြန်သော ကိုယ်တော်ကြီးသည် ယိုးဒယားပြည်မှ စွန်ခွာ၍ ပြင်သစ်ပိုင် အင်ဒိုချိုင်းနားနယ်ဖက်သို့ ကူးသွားတော်မူလေသည်။” လို့ အဆုံးသတ် နိဂုံးအပိုင်းမှာ ရေးထားတာကို ဖတ်ဖူးသဖြင့် ကျွန်တော်မျိုးကြီး မငြင်းခဲ့ပါဘူး။ ဤကာလတွင် http://en.wikipedia.org/wiki/French_Indochina ပြင်သစ်ပိုင် အင်ဒိုချိုင်းနားဆိုသည်မှာ လော ကမ်ပူးချား ဗီယက်နမ်ဟု ဖတ်မှတ်ဖူး၏။ မြင်ကွန်းမင်းသားကြီးက ဘယ်မှာ သေသွားသလဲဆိုတာ အခုအထိ ကျွန်တော်မျိုးကြီး မဖတ်ဖူးသေးသဖြင့်၊ မြင်းကွန်းမင်းသား ထွက်သွားသည်ကား ဗီယက်နမ်တော့ မဟုတ်တန်ရာဟု အထင်ရှိကြောင်း ပြန်လှည်ဆွေးနွေးနေစဉ်၊ လာပြီး ထောက်နေတာက မြန်မာစာ သတ်ပုံ၊ ဆိုတော့လဲ အမြင်ကပ်ကပ်နဲ့ ပြန်ပြောလိုက်ပါသည်။ ပြောတာလဲ စဉ်းစားနိုင်ပါတယ်။ စကာပြေသုံး စကားပြောသုံးလို့ ခွဲခြားရနိုင်တယ် ထင်ပါ၏။

မြန်မာစကားက တခါတလေ ပုံသေမရဘူးဗျ။ ဗြိတိသျှကို တော်လှန်တဲ့ခေတ်မှ သခင်တွေလဲ စာလုံးအသုံးအနှုံးတွေဖြင့် ကွဲလွဲကြတာပဲ။ မယုံရင် ကာနယ်ချစ်ကောင်း စာအုပ်မှာ သွားဖတ်နိုင်ပါတယ်။ “ ဒို့ ” သုံးမလား “ တို့ ” သုံမလားဆိုပြီး အချေအတင် ဖြစ်ခဲ့တာတွေပေါ့။ နောက်ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် လက်ထက်မှာ “ တ ” နှင့် “ တစ်” ပြသာနာကို ဦးနေ၀င်းအာဏာဖြင့် သင်ရိုးတခုလုံးကို ပြင်လိုက်တယ်လေ ကျွန်တော်မျိုးကြီးကလဲ အခုအထိ “ တ” လို့ ယောင်နေတုန်း၊ နောက် “ အမ၊ အကို” နှင့် “ အစ်မ၊ အစ်ကို”၊ ပြီးနောက် “ဖြည်းဖြည်း နှင့် ဖြေးဖြေး” စ တာတွေပါ၊ ဆိုလိုတာကလည်း မရှင်းနိုင်သေးတဲ့ စကားလုံးတွေကို ပြချင်လို့ပါ။ ကျွန်တော်မျိုး (၈)တန်း ပညာသင်နှစ်တွင် အင်္ဂလိပ်ဘာသာပြ ဆရာက since ကို ကဒဲက သင်ပြခဲ့ပါတယ်။ (၉)တန်း ပညာသင်နှစ် အစမှာ သင်ရိုးသစ်တွင် ၀ိဇ္ဇာသိပ္ပံခွဲတော့ “ ကတည်းက” ဖြစ်လာခဲ့သည်ကို ကောင်းကောင်း မှတ်မိပါ၏။ ဤသို့မှတ်မိရခြင်း အကြောင်းကား ကျွန်တော်မျိုးကြီး နေထိုင်သော မြို့သို့ ကဒဲကျေးရွာမှ မိန်းကလေးတယောက် အထက်တန်းပညာကို လာရောက်ဆည်းပူးပါသည်။ ကျွန်တော်မျိုးကြီးနှင့် အတန်းတူသဖြင့် သူမအား မsince ဟု နာမည်ပြောင်းခေါ်ပြီး နောက်ပြောင်ခဲ့သောကြောင့် ဖြစ်လေသည်။
တခန်းရပ်တော့မယ်၊ ပြောမဲ့အကြောင်း ပျောက်သွား၏။

ပြောတဲ့သူကလည်း မောင်မင်းကြီးသား၏ အရင် တန်းပလိတ်အဟောင်းမှာ သတင်းဝစ်ဆိုက်တွေကို ညွှန်းထားတာ ရှိတယ်ဗျ၊ မှတ်မိတဲ့သူတွေ သိနိုင်မည် ဖြစ်၏။ ခေတ်ပြိုင် ဧရာဝတီ မဇ္ဈိမ ဆိုပြီး၊ ဒါဗေမဲ့ သူရေးထားတာက မဈွိမတဲ့ ..
မောင့်မင်းကြီးသားရဲ့ လွဲချက်က အရပ်တကာ ကြော်ငြာပြီးမှ လွဲတာ၊ ဆရာကြီးဆိုတာ ဒါမျိုးခေါ်သလားတော့မသိ၊ သည်လိုဖြင့် မဇျွီမကို “ ဇ ” နှင့်ပေါင်းသလား၊ “ စ ” ဖြင့်လားလို့ သွားမေးပြန်တော့ ဟိုလို ဒီလို လုပ်လိုက်ပြန်၊ ကျွန်တော်မျိုး သိသလောက် မဇ္ဈီမက “ ဇ ” ဖြင့်သာ မြင်ဖူးပါ၏။ အင်းလေ ဟိုလို ဒီလိုတွေများတော့လဲ အနာဂါတ် မြန်မာပြည်ကြီးက ရင်လေးစရာ။


* ဦးဘိုးတော်: ဟုတ်ကဲ့
ဟုတ်ကဲ့

မောင်လူလ: နာမည်အရင်းရေးလေ။
ဒါမှ အဖြေအမှန်ထွက်မှာပေါ့
ဟိုလို ဒီလိုဆိုတော့လဲ

ဦးဘိုးတော်: ရေးတာမရေးတာ ကျနော့်အလုပ်ပါခင်ဗျာ

လူလ: ဒါတော့ ဟုတ်ပါတယ်။ ဒီလောက်ရေးပြီးမှတော့


ဒါလဲ ဆိတ်လဂွေ့သဏ္ဍာန် ဟိုဖက်ရမ်း ဒီဖက်ရမ်း လုပ်နေတာ ကြည့်ပေတော့ အရပ်ကတို့ရေ..



* ဦးဘိုးတော်: စိတ်မဆိုးပါနဲ့ ဗျာ
အခင်အမင်လည်း မပျက်ပါနဲ့ 
ပြီးတာပြီးပါစေ
သိက္ခာကျပါစေဆိုတဲ့
ရည်ရွယ်ချက်
စာထဲမှာ တကြောင်းမှ
မပါပါဘူးဗျာ

မောင်လူလ: မဆိုးပါဘူး။ အမှန်ကို မြင်စေချင်တဲ့သဘောပါ။ နာမည်အရင်းကို ရေးစေချင်ပါ၏


** “ကျွန်ုပ်။ ။ ကျုပ်တို့ စကားရပ်လိုက် ကြရင် ကောင်းမယ်မောင် ရယ်။ ကျုပ် ငြင်းတာ ခုံတာတွေကို စိတ်ကုန်လွန်းလို့ ပါ။ ဆက်လည်း မပြောပါရစေနဲ့ တော့ ။ နိုင်တာ ရှုံးတာတွေ ကျုပ်မကြုံချင်တော့လို့ ပါမောင်။”

အကြောင်းအရာတခုကို လူကြီးတယောက်ဆိုပြီး သူလည်း သိနိုင်မှာပဲ သွားဆွေးနွေးဖို့ ပြောလိုက်တိုင်းကို ငြင်းတာ ခုံတာအဖြစ် မြင်တတ်တဲ့ မောင်မင်းကြီးနှင့် ကျွန်တော်မျိုးတို့ တခုခု လွဲနေသလိုပဲ။
ကျွန်တော်မျိုး အမြင်ပြောရရင် လွတ်လပ်စွာ ကွဲလွဲခွင့်ကို သူ နားမလည်ဘူး ထင်တယ်။ ဥပမာဆိုပါစို့ဗျ ဆွေးနွေးချက်တခုကို တဖက်သူက အချက်အလက်ကျကျ ထောက်ပြလာရင် လက်ခံရမှာပဲ။ အစုအဝေးဖြင့် ဆွေးနွေးခြင်းဖြင့် အမှန်ကို ရှာခြင်းနှင့် တယောက်နှင့်တယောက် ဆွေးနွေးခြင်းဖြင့် အမှန်ကို ရှာခြင်းဆိုတဲ့ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ဆိုတာကို နားမလည်သော သူတယောက်ပဲ လို့ ကောက်ချက်ချရမယ်လေ။
အင်း ဒါလဲ အပြစ်မဟုတ်ပါဘူး မြန်မာပြည်အတွင်း ကြီးလာတယ်ဆိုတော့ အထူးသဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်မှာ လူ ဖြစ်၊ န၀တခေတ်မှာ သူ ဖြစ်လာတယ်ဆိုတော့လဲ။ နအဖခေတ်မှာတော့ လူ သူ မကျ ဖြစ်လာတာပေါ့။

** “စကားနည်း ရန်စဲကြပါရန် မေတ္တာရပ်ခံပါသော်လည်း လူရွယ်မှာ ကဒဲက တည်းဟူသော စကားလုံးကို မြန်မာစာပေလောကတွင် အတင်း အဓမ္မ သွတ်သွင်းရန် ဆက်လက်ကြိုးပမ်းနေလေရာ .. ကျွန်ုပ်ဖက်မှ ၎င်းအား မြန်မာစာတတ်မတတ် သံသယဖြစ်ဖွယ်ရှိကြောင်း၊"ကဒဲက " မှတဆင့် "ကဓဲက " "ကဌဲက" "ကဋဲက"စသည်တို့  အပြင် "ခင်ဗျာ" အစား "ခင်ဘြာ"စသည်တို့ ပါ နောက်ဆက်တွဲပေါ်လာနိုင်သည်ကို ပူပင်မိလေ သောကြောင့် မြန်မာစာကို ဆက်လက် လေ့လာစေလိုကြောင်း အစ ရှိသည်ဖြင့် နှုတ်လွန် ကျွံမိလေရာ ငြင်းခုံပွဲတို့  ထုံးစံအတိုင်း အရုပ်ဆိုး လှစွာဖြင့် နိဂုံးချုပ်ခဲ့ ရပေ တော့ သည်။”

မေးလိုက်ချင်တယ်။ သိက္ခာ မကျစေချင်ရင် ဘာလို့လူသိရှင်ကြား စာတကြောင်း ပေတထုပ်လုပ်ပြီး ရေးစရာလား။ ပြောကတမျိုး လုပ်တော့တခြား၊ ကိုယ်တိုင်ကရော မြန်မာစာ သတ်ပုံကို ဘယ်လောက် ပိုင်နိုင်တာလဲ၊ မဇ္ဈိမကိုတောင် အမှန် မရေးနိုင်တာကိုများ လာပြောနေသေးပါရဲ့..
ပရီဗိတ် private ချက်မှာ ပြောတာကို မြန်မာစာပေလောကလို့ အတင်းအဓမ္မဆိုပြီး လုပ်ချလိုက်ပြန်ပြီ။ ပြောတတ်လိုက်ပ၊ မှားပါတယ်။



* မောင်လူလ: ဒါမှလဲ တဖက်လူက ဖြေရှင်းချက်တွေ ထွက်ရတာ ကောင်းတယ်လေ
အခုက ဟိုလို ဒီလိုနဲ့ စာဖတ်သူတွေ အုန်းစားမှာစိုးလို့ပါ

ဦးဘိုးတော်: ကိုလူလက ကိုယ့်ဖာသာ ကိုယ် ကိုယ်ပိုင်ဘလော့မှာ ရဲဇော်ဆိုတာ ကျနော်ပါဆိုပြီး ရေးလည်း ရတာပဲဗျာ
မေ့လိုက်တာကောင်းပါတယ်

မောင်လူလ: အင်း ကျွန်နော်က ဒါကိစ္စတွေနဲ့ သိပ်မတွေးတတ်ဘူး အထူးသဖြင့် အွန်လိုင်းမှာပေါ့
ဒါဗေမဲ့ ရဲဇော်က ကျွန်နော်ပါဆိုပြီး ရေးရင် ကျွန်နော်ကပဲ အလုပ်မရှိ ကြောင်ရေးချိုး ဖြစ်နေတာလေ
လိုချင်တာကတော့ နာမည်အရင်းပါပဲ

ဦးဘိုးတော်: မေ့လိုက်ပါတော့ ဆရာရယ်
မေ့ပစ်လိုက်တော့

မောင်လူလ: ပြောပြီးပြီလေ။ ဦးနှောက်ထဲမှာ သိပ်မထားတတ်ပါဘူးလို့။ ဒါဗေမဲ့ ပြန်လှည် ဖြေရှင်းခြင်းဆိုတဲ့ ဥာဏ်က ရှိတယ်ဆိုတော့လဲ။ ပြောနေရတာပါ၊ ဒီလောက်တော့ သဘောထားကြီးနိုင်ပါတယ်။ အကြောင်းအရာကတော့ မှန်ပါတယ်။ လူနာမည်က လွဲနေတယ်ဆိုတော့လဲ
Sent at 3:43 PM on Monday

ကိုယ်ပြုခဲ့သော လူ့စည်းကမ်း၊ မိတ်ဆွေကျင့်ဝတ်ကို ကိုယ်ကပဲ စပြီး ဖေါက်ဖျက် အမှားပြုတာကို မ၀န်ခံပြန်၊
ဒါကြောင့် ဒေါ်အောင်းဆန်းစုကြည်က “ မှားတဲ့ဟာကို မှားတယ်လို့ ၀န်ခံရဲတဲ့ သတ္တိရှိရမယ် ” လို့ ပြောခဲ့တာပေါ့။


** “အချိန်ကာလကို နှစ်၊လ၊ရက်၊ နေ့ စွဲ ၊ အတိအကျ မမှတ်မိလင့်ကစား ကျွန်ုပ်မှာ မှတ်ဥာဏ် ကောင်းသူ စာရင်းတွင် ပါဝင်သူဖြစ်သည့် အလျောက် လွန်ခဲ့ သော ရက်ပေါင်း သုံးဆယ် ဝန်းကျင် ဖြစ်သည်ကိုမူ ကောင်းစွာမှတ်မိလျက်ရှိပေသည်။”
ဒါလေးကို မှတ်စရာဖြစ်နေတာပေါ့။ ပြောပြလိုက်မယ် အုန်းစားခံပြီး မမှတ်ပါနဲ့။ ဂျီမေးကို ၀င်လိုက်ရင် chat ကို ကလစ်လိုက်ပါ။ အကုန်ရှိတယ်။ ဘယ်သူနဲ့ ဘယ်နေ့က ဘယ်ဝါ လုပ်ထားတယ်ဆိုတာ ရှိတယ်ဗျ။


** “ထိုနေ့ နေ့ လည် နှစ်နာရီခန့် က ကျွန်ုပ်နှင့် ဥရောပတိုက်ရောက် မြန်မာ့ဒီမိုကရေစီ ဘက်တော်သား၊ တော်လှန်ရေး ရဲဘော်ဟောင်း၊ ရဲဇော် ဆိုသူ လူရွယ် တဦးနှင့် ကွန်ပြူတာ ကြေးမုံပြင်တွင် မြန်မာစာ အရေးအသားနှင့် ပါတ်သက်၍ အမှတ်မထင်၊ အချေအတင် အချီအချ ငြင်းခုံ မိကြသော အကြောင်း အရာကား အောက်ပါ အတိုင်း ဖြစ်လေ၏။”


အင်း.. ကျွန်တော်မျိုးကိုတော့ ဒီမို ဘက်တော်သားတဲ့။ မေးတဲ့လူရော ဘာ ဘယ် ဘက်တော်သားပါလိမ့်၊
တခုတော့ရှိတယ်။ ကျွန်ုပ်၏ လွင့်မျောခြင်းကို ကြည့်ပါ။ အုပ်ချုပ်ခံ ပြည်သူတယောက်အနေဖြင့် မှားနေတာကို ထောက်ရှု့ ရေးနေပါ၏။ ကွန်မြူနစ် မှားလဲ ကွန်မြူနစ်ကို ရေးမယ်။ ဆိုရှယ်လစ်မှားလဲ ဆိုရှယ်လစ်ကို ရေးမယ်၊ ဒီမိုကရေစီလို့ အော်နေတဲ့ သူတွေလဲ သူတို့မှားရင် ရေးရမှာပဲ၊ နောက်ဆုံး ကိုယ်မှားခဲ့လည်း ၀န်ခံရေးမှာပဲ။ မှားနေတာသိလို့ တော်လှန်တယ်။ လွတ်လပ်စွာ ကွဲလွဲခြင်းကို မြတ်နိုးတယ်ဗျ။ ဘယ်အကြောင်းအရာအဖြစ်ဖြစ် အနည်းဆုံး အမှန်တခုရောက်အောင် ဆွေးနွေးချင်၏။ ဒါဗေမဲ့ ဆွေးနွေးတာကို ငါသိတယ် ငါတတ်တယ် ဒေါသနဲ့ လာဟောက်တာကတမျိုး၊ private ချက်တင်မှာ စာလုံးပေါင်းမှားတာကို ထောက်တာကတဖုံ အကြောင်းအရာ အမှန်ကို ဘယ်တော့ ရောက်မှာလဲ၊ လက်မခံနိုင်ပါဘူး။ ဒါမျိုးက ခေတ်ကုန်သွားပါပြီ ငါက လူကြီး ငါပြောတာပဲ မှန်တယ်၊ ငါပြောတာ နားထောင် ပုံစံတွေလေ။ ဒါကိုများ နအဖအဖွဲ့ကို အပြစ်လို့ ရေးနေသေးတယ်။ ငါလဲ ဒီအစားထဲမှာပါဆိုပြီး ငြိမ်နေပါလား။ အတ္တများနေရင် မြို့တွင်းလမ်း တောလမ်းတွေမှာပဲ ပတ် မောင်းပါ။ ဟိုင်းဝေးမှာ တက်လာ မမောင်းပါနဲ့ ..ယာဉ်ပိတ်ဆို့မှုတွေ ဖြစ်တတ်တယ်လေ။

အချုပ်ကို ဖွင့်ရရင် မောင်သာရ စကားလိုပေါ့ “ရေးတတ်ရင် ၀တ္တု ဖြစ်တယ်” တဲ့။ အထူးသဖြင့် အခုလို အင်တာနက်ခေတ်ကြီးမှာ မြန်မာစာ ရိုက်တတ်ရင်၊ ကိုယ်ပိုင် ဘလောဂ်ကို လုပ်တတ်ဖို နေသာသာ ကိုယ်ရေးလိုက်တဲ့စာကို ဘလောဂ်မျက်နှာပြင်မှာ မြင်အောင် လုပ်တတ်ရင်နှင့် ကွန်ပြူတာတလုံး ရှိရင်ပေါ့ စာတပုဒ်
ဖြစ်ပါတယ်။ အခုလို ပုဂ္ဂိုလ်ရေးပုံစံကို ရေးတာဟာလည်း ရေးတတ်ပါတယ်လို့ ပြတဲ့သဘောပါပဲ။ ထူးထူးခြားခြား ဘာမှ မရှိပါကြောင်း..


* လူလ: တခုတော့ရှိတယ်လေ။ အတွင်းစကား အပြင်စကားဆိုတာပေါ့
ဥပမာပေးတာပါ
ကျွန်နော်ကတော့ အိုးပင်းမိုင်းပဲဗျ။ ကျွန်နော်စိတ်ထဲမှာရှိရင် ဘယ်သူဖြစ်ဖြစ် ဗြောင်ရေးတယ်။ ကျွန်နော်ကိုလဲ ဗြောင်ရေးစေချင်တယ်
ဒါပဲလေ
စိတ်ထဲမှာ ရှိလိုပြောနေတာမဟုတ်ဘူး၊
အွန်လိုင်းကို စိတ်ထဲမှာ ထားလိုက်ရင် ရှုးသွားမှာပေါ့
ပါးပါးလေးပါပဲ..


ဤကား.. အတွင်းအပြင်ဆိုသော သဘောတရားကို နားမလည်သော၊
ထိုအရာကား.. မိမိ အစပျိုး မမိခဲ့သော ပြန်တမ်း၊
သို့ဖြစ်၍ကား.. “ပါးပါးလေးပါပဲ ဦးဘိုးတော်ရယ်” ဟု တွေးတောနေမိပါလေသတည်း။ ။

လူလ
ရွှင်လန်းချမ်းမြေ့ပါစေ...

မှတ်ချက်။ ။ မောင်မင်းကြီးက ကျွန်တော်မျိုးအား ရဲဇော်လို့ အမည်ထွင်သောကြောင့်၊ တဖန်ပြန်လည်ပြီး မောင်မင်းကြီးနာမည်ကို ဦးဘိုးတော် ဟု အမည်ထွင် အသုံးပြုခဲ့ပါသည်။ ဘလောဂ်လည်ပတ်ကြကုန်သော ဝေနေယျများ သိကြကုန်လော့...
ဓါတ်ပုံကို Yahoo Images မှ ရှာယူပြီး အသုံးပြုထားပါသည်။

Friday, November 28, 2008

အကြိုက်ဆုံး ကာတွန်း

**


အိုး ဘာတဲ့.. ရှာလကာ မဆလာ လာပါပြီ အသာတကြည် ဘာမထီ အဖြာတွေးများစွာ Tag ယဉ်ကျေးမှုထဲ တတွေ့ ရှောင်နေကာမှဖြင့် ပထမတွေ ဒုတိယတွေ ၊ သေခါနီး နောက်ဆုံးရက်တွေ၊ မွေးခါနီး ဆယ်ရက်လိုတွေ မကြိုက်ဆုံးတွေ အမုန်းဆုံးတွေ အစုံစုံ အဖုံဖုံ ရောင်တော် ပြန်နေကြတဲ့ ယဉ်ကျေးမှုကို ရှောင်လင်ကျောင်းတော်မှ အရှောင်သိုင်းသမား လီရှောင်ကွေ့ ကတောင် အဖိုး ခေါ်ရလောက်အောင် ကွေ့ပတ်နေတာလဲမရ၊ အမောင်လူလ အလှည့်ကို ဘာမလိုလိုရော ဘာလိုလိုပါ ဗုံဆိုင်းမပါ ရာဇမတ်မကာ သဲဖြူမဖြန်းပဲ ဆိုက်ရောက်လာ၏။

အသင်တို့ ဘလောဂ်လောကထဲမှာ စီးမျောနေတယ်ဆိုတော့လဲ အလိုက်သင့် မောင်ဘဦး ထုံး နှလုံး မူရမှာပေါ့နော်။ မရေးပြန်သော်လည်း ဘေးထိုင် ဘုပြောနေတယ်ဆိုပြီး ပြောခံရဦးမယ်။ ဘယ်တတ်နိုင်မလဲ မြန်မာစာ စာစီစာရိုက်ကို လုပ်စားလာခဲ့ဘူးတယ်ဆိုတော့လည်း ဒါလေးများ အထာဖြင့် တွေ့ကရာ ရှစ်သောင်းမက ကိုးသောင်း တသိန်းလဲ ရှာကြံပြီး ရေးနိုင်ပေါ့ ဟဲဟဲ၊ ရိုးသားစွာ ၀န်ခံရရင် ထိုမဟာ Tag ယဉ်ကျေးမှုကို စိတ်ထဲမှာ ဖီလင်မလာတာတော့ အမှန်ပဲ။ အညမည သဘောအရ အိမ်နောက် အပူ၊ အိမ်အရှေ့ မချမ်းသာ ဆိုသလို စီးမျော ပေးရမှာပေါ့လေ။ ကိုယ်လဲလေ ဘလောဂ်ဂါသားဗေမို့…

တလောတုန်းက ကိုဟ၏ သေခါနည်း ဆယ်ရက်အလို Tag ကို ဖတ်ရှု့ပြီး သကာလ သွား နောက် လိုက်သေးတယ်။ ကိုဟကြီးက တကယ့် ဖီလင်အပြည့်နှင့် ၁၀ ရက်ကနေ ၉.၈.၇ နေ့အစဉ်လိုက် ရေးချနေလိုက်တာ နောက်ဆုံး တစ်ရက် ရောက်ခါနည်း သူ၏ စီဘောက်မှာ “ ကျွန်နော်မှာ ပြုခဲ့တဲ့ ရှိသမျှ လက်ကျန် ကုသိုလ်လေးတွေ စဉ်းစားပြီး ကိုဟ ရေ အမျှ အမျှ အမျှ ” ဆိုပြီး သွား စ လိုက်သေးတယ်။ အောက်စဖို့က မနန္ဒာတောင် ကိုလူလရေးထားတဲ့ ကိုဟကြီး၏ စီဘောက်မှ စာကို ဖတ်ပြီး ထိုင်ရီလိုက်တယ်လို့  ကျွန်နော် စီဘောက်မှာ လာအော် သွားသေးတယ်။ ကိုဟကြီးက စိတ်မဆိုးတတ်ဘူး စိတ်ကောင်းတယ် ဟဲဟဲ ချောတီးဗျာ ကျေးဇူး ကိုဟ။

ဟဲ့ လူလ၊ မြန်မာစာ ရိုက်တတ်တိုင်း ဘာတွေ လျှာရှည်နေတာလဲ၊ ခေါင်းစဉ်လဲ ပြန်ကြည့်ဦး ကာတွန်းကို ရေးခိုင်းတာကို ကြံရည်ဆိုင်က အကြိမ်ဖန်များစွာ ကြိတ်ပြီး လွင့်ပစ်ထားတဲ့ ကြံဖတ်လို အရည်မရ အဖတ်မရ ရေးနေတာတုန်း၊

ရေးခိုင်းတာက အကြိုက်ဆုံး ကာတွန်း၊ ရေးလိုက်တာက သူများ ကာတွန်းကား ၀ယ်ဖို့ ရှက်တယ် ဆိုတဲ့အကြောင်းကို သူ့ ခံစားချက်နဲ့ သူ ရေးတတ်သလို ရေးတာ၊ ရွာသူကတောင် အရှုံး ပေးရတယ်ကွာ။ ရှက်စရာလားလေး ဘာလေး ညာလေးနှင့် ဟိုကားဝယ်မှ ရှက်ရတယ် ဘာညာ သဓကာတွေ လိုက်ဖွနေတာ ငဖွကြီး ကျနေတာပဲ၊ သူဟာသူ ဘာရေးရေးပေါ့ ကြွားတာလဲမဟုတ် လိမ်တာလဲမဟုတ် သူများဟာ ခိုးချတာလဲ မဟုတ်၊ လွတ်လွတ်လပ်လပ်ရေးတာ သူများကိုလဲ ထိခိုက်ပေးတာ မဟုတ်ပဲ၊ ပါရမီကားလို ဆရာကြီး အထာနဲ့  ကြားကားဝင်ဆွဲစရာလား ငပွကြီး ယောက်ဖရဲ့ .. လေပါတယ်။

အလကားရတဲ့ ဘလောဂ်မှာ သူတပါးကို မထိခိုက်ပဲ၊ ကိုယ် သန်ရာ မာရာကို ရေးနေတာပဲ၊ ရေးတဲ့ အကြောင်းကလည်း သူ့ ဆွေမျိုး ၇ ဆက်လုံး ခေါင်းပေါ် တင်ထားသလိုလို၊ ဒီလူ့ မျိုး မောင်သန်းရွှေ နေရာသာ ရရင်တော့ ဗမာပြည်ကြီး ငါးပါးမက မှောက်ဦးမှာပဲ မြင်ယောင်မိတယ်။

ဒီလူ့ ဆိုလို ပြောပြဦးမယ်၊ သက်ကြီးစကား သက်ငယ် မှတ်သားဆိုသလို ကြားဖူးနားဝပေါ့ဗျာ ..
လူ မျိုးနွယ်မှာ လူ၊ လူ့၊ လူး ဆိုတဲ့ သုံးမျိုး ရှိတယ်တဲ့၊ လူလို သူလို မဟုတ်တဲ့ သူတွေက လူ့ နှင့် လူးပါပဲ၊ လူ့ဆိုတာ လူတွေအပေါ်မှာ အနိုင်ယူစိတ်နဲ့ သူများ ဦးနှောက်ကို ကွိုင် စားနေတဲ့သူတွေ ( ဦးနှောက်စားသည်) ပေါ့၊
သူ အနေ့ဖြင့် လူတယောက်ဖြစ်ရေးအတွက် သူများ ခံစားချက်တွေကို အတင်းအဖျဉ်းချပြီး လိုက်လုနေတာကို လူမျိုးနွယ်တခု၏ လူ့ အမျိုးအစား ဖြစ်၏။ ပြောရဲပါစ ရေးရဲပါစ၊ စစ်အစိုးရ မကောင်းကြောင်းတွေ..

ဘယ့်နှယ်ဗျ မောင်ကျော်ဆန်းတို့က မီဒီယာကို မီဒီယာဖြင့် တိုက်မယ်လို့ ကြိမ်းဝါးနေတဲ့အချိန်၊ အစီအစဉ်ရှိရှိ စီမံကိန်းရှိရှိနှင့် လုပ်ဆောင်နေတဲ့အချိန်များမှာ..

ကိုယ်တို့ဖက်သားတွေက သူ့လူ ကိုယ့်လူမှန်းမသိ၊ အသစ်တက်လာတဲ့ ဘလောဂ်ဂါသစ်လေးတွေကိုဆိုရင် နိပ်ကွပ်လိုက်ပြီး ကိုယ့်အောက် ဆွဲသွင်းလိုက်မယ်၊ တလွဲများနေတဲ့ ဆရာကြီး အထာပေါ့ဗျ။ ဆရာကြီး လုပ်ချင်ရင် စုံမှနော်.. အဋ္ဌာရဿ ၁၈ရပ် နဲ့ မလုံလောက်သေးဘူး၊


သူများက ကိုယ်ထက် နည်းနည်းသာသွားရင် မနာလို ၀န်တိုဖြစ်၊ စိတ်ဓါတ်ကိုက အဟောင်းတန်းကိုပဲ ကြွပါတော့..
ရှင်ချင်တယ် ရှင်ချင်တယ် ( သေချင်တယ် စကား၏ ဆန့်ကျင်ဖက်)၊
ရာဟူးမှာတွေ့နေသော ဂျပန်က ကိုသာယာကြီး စကား ခဏ ငှားသုံး၏။

ဆရာလုပ်တာတော့မဟုတ်ပါဘူး၊ ဘလောဂ်ဂါ အသစ်ကို တွေ့ရင် ဖတ်လိုက်ပေါ့။ သူ့ရဲ့ ခံစားချက်၊ သူ ဖြတ်သန်းနေတဲ့ အသိုင်းအ၀ိုင်းကို ရေးသူ၏ စာအပေါ် လူတိုင်း မြန်မာစာ ဖတ်တတ်ရင် သိနိုင်တဲ့ ဥစ္စာ ၊
သြော် ဒီ ဘလောဂ်လေးက သူမူက မဆိုးပါဘူး၊ လိုအပ်တာကို အားပေး ကူညီလိုက်ရမှာပဲ၊ အတွေးများ တွေးစမ်းပါ၊ မာနတွေ ခဏ ချထားပါ၊

အရက်သမားချင်းအတူတူ ငါက ဟင်နီကယ်သောက်တယ်၊ ကော့ညစ် သောက်တယ်၊
သူကတော့ ချက်ကြီး သောက်တယ်၊ ဟိုကတော့ဖြင့် ဂရီးလေဘယ် သောက်တယ် ပုံစံ မလုပ်ပါနဲ့ အတ္တတွေများနေရင် လမ်းဘေးကို တချက် ဆင်းထားပါဦး နောက် ကားတွေ ကျော် တက် ရတာပေါ့..

လူးနှင့် လူ ကိုတော့ နောက်ကြုံမှပဲ ရှင်းပြတော့မယ်၊ လက်ညောင်းလို့ …


ဟဲ့ ကလူလ တော်တော်၊ မင့်ကို ရေးခိုင်းတာက မင့်အကြိုက်ဆုံး ကာတွန်းများ ရေးခိုင်းနေတာ
ကမ္ဘာ့အကြီးဆုံး ပင်လယ်ကူး ကုန်တင်သင်္ဘောထဲ ကွန်တိန်နာတွေ ချသလို၊ ဘာလို့ သူများအတင်းကို ယောင်္ကျားတန်မဲ့ အစီအရီ လိုက်ချနေတာလဲ .. မှားပ၊

အင်း.. ဒီလူတွေမျိုး ရှိလို့ ကျွန်ုပ် မောင်လူလ အခုတလော အကြိုက်ဆုံးက The_Simpsons ကာတွန်းဇာတ်ကား ဖြစ်ပါ၏။


ကလူလဆီမှာ စောစောအချိန်ရယ်၊ ည သုံးနာရီ ပတ်ဝန်းကျင် တီဗွီက အခန်းဆက် ဇာတ်လမ်းတွဲ လာတယ်။ လူလ အလုပ်က ညနေ အလုပ်ဆိုတော့ အိပ်ယာအပေါ် ရောက်တဲ့အချိန်နှင့် ကွက်တိပဲ။

The_Simpsons ကာတွန်းကို ကြည့်ပြီး အိပ်ပျော်သွားတာ များတယ်။ ဇာတ်လမ်းကတော့ ပြောမဆုံးပေါင် တောလေးတောင်ပဲဗျ၊
လူ့ သဘော၊ လူသဘာဝကို ဖွဲ့နွဲထားတဲ့ သရော် သရွဲ့ ကာတွန်း ဇာတ်လမ်းဆိုတော့ အရမ်း အသက်ငယ်တဲ့သူတွေ ကြည့်တဲ့ ဂျယ်ရီနှင့် တွမ် ကာတွန်းကားလိုတော့ မဟုတ်။
ဇာတ်လမ်းအကြောင်းတော့ မပြောတော့ဘူး မသိရင်လည်း ရှာကြည့်ပေါ့နော်..


အဓိက သရုပ်ဆောင်တာက Homer_Simpson၊ Marge_Simpson၊ Maggie_Simpson၊ Bart_Simpson၊ Lisa_Simpson တို့ ဖြစ်ပါတယ်။ အခန်းဆက် ဇာတ်လမ်းစတိုင်း မိသားစု အားလုံး တီဗွီကို အပြေးအလွား ထိုင်ကြည့်တာဖြင့် စ ထားတယ်။

Homer
Homer က ဖခင်တယောက်ပေါ့၊ ခေါင်းမှာ ဆံပင် နှစ်ချောင်းပဲ ပေါက်ပြီး နားရွက် အပေါ် နထင်မှာ ဆံပင် လေးချောင်း ပေါက်တဲ့သူ။ ဒါလဲ အဖြူကောင်တွေ ထိပ်ပြောင် ကတုံးဖြစ်နေတာ သရော်မှု တခုပဲ။ သူက ပေါတောတော၊ စိတ်ကောင်းတယ်၊ နမော်နမဲ့နိုင်တယ်၊ မှန်တယ်ထင်တာကို လုပ်တယ်၊ ဒိုးနပ်မုန့်ကို ကြိုက်တယ်၊ Duff ဘီယာကို ကြိုက်တယ်၊ အစားကြီးတယ်၊
ရွာက ရွှေမန်း ကောက်ညှင်းပေါင်း နှင့် ထန်းရည် ကြိုက်သလိုပေါ့..
ပေါသာပေါပေမဲ့ အလုပ်အကိုင်က ညူးကလီးယား ဓါတ်ပေါင်းဖိုမှာ ကွန်တိုးရုံးခန်းဖြင့် အလုပ်လုပ်နေတဲ့သူ တယောက်အဖြစ် သရုပ်ဆောင်ပါတယ်။ အချဉ်တော့မဟုတ် အချို အချို..
ဇာတ်လမ်းကို ဖန်တီးတဲ့သူတွေကလဲ အဓိက ဇာတ်ကောင်က နမော်နမဲ့နိုင်သော်လည်း အန္တရယ်ကြီးမားတဲ့ လုပ်ငန်းမှာ အသက်မွေးနေတဲ့ သူတယောက်အဖြစ်။ သေချာတာက သူ၏ ပေါတောတော နိုင်မှု၊ နမော်နမဲ့ နိုင်မှုတို့ကို ဖာထေးထားပြီး လူ့ သဘာဝအရ အမှားတွေ၊ လူအသိုင်းအ၀ိုင်း တလွဲတွေကို သရော်တဲ့သူ၊ အရွဲ့တိုက်တဲ့ သူတယောက်အဖြစ် ဖန်တီးထားတယ်။

Marge
Marge ၊ သူ့ရဲ့ စတိုင် ဆံပင် ယောင်ထုံးကြီးက အခု နာမည်ကြီးနေတဲ့ အဆိုတော် မိန်းကလေး အေမီ ၀ှိုက်ဟောက် ဆံပင် စတိုင်လိုလို။ Margeက အေမီထက် ပေါ်ဦးတယ်၊ အေမီလည်း Margeကို အားကျနေသူ ဖြစ်လိမ့်မယ် ထင်ပါ၏၊
သူက ထူးထူးထွေထွေ မရှိပါဘူး။ ပုံမှန် မိသားစုကို ဦးဆောင်နေတဲ့ အိမ်ထောင်ရှင်မ ကောင်းတယောက်အဖြစ် သရုပ်ဆောင်ထားတယ်။ ဒါဗေမဲ့ အသွင်တူလို့ အိမ်သူဖြစ်တဲ့အကြောင်းကို ဖန်တီးတဲ့သူတွေက ချယ်မှုန်းထားပါတယ်။

Bart
Bart က လူလတ်တန်းစားအနွယ်က ဖွားလာတဲ့ ငရှုတ် ငပြောင်လေးပေါ့၊ တီဗွီ ဂိမ်း ဆော့ မယ်၊ အတန်းဖေါ် သူငယ်ချင်းတွေထဲမှာ သူကတော့ မဟုတ်တာ လုပ်မယ်ဆိုရင် အရှေ့ဆုံးက ပါတယ်။

Lisa
Lisa ကတော့ ကော့နက်ကြီး မှုတ်မယ်၊ Bart အနိုင်ကျင့်တာ ခံရမယ်၊ သူလဲ ခေသူမဟုတ် လုပ်ချလိုက်ရင် တကယ့် ဟဲဗီးကြီးတွေပဲ၊ ပုံစံက ကြီးလာရင် အမေရိကန် သမ္မတတောင် တက်လုပ်မဲ့သူ။

Maggie က ကလေး ဆိုတော့လည်း ဇာတ်ညွန်းရေးတဲ့သူတွေက စကားပြောခွင့် မပေးပါဘူး၊ ချိုလိမ်ပဲ စုတ်နေရတဲ့ ဘ၀။ သူ .. တင်းလာပြီဆိုရင် ချိုလိမ် စုတ်တာ ပုံမှန် မဟုတ်တော့ဘူး၊ ရှေ့တိုး နောက်ဆုတ် တော်တော် မြန်လာတယ်။
Maggie

ဇာတ်ကို ရံထားတဲ့ တခြား ဇာတ်ကောင်တွေက အများကြီးပါပဲ၊
သိချင်ရင်တော့၊ အောက်မှာ ရှိတဲ့ လခ့်မှာပဲ ကြည့်တော့ဗျို့  ..
http://www.watchthesimpsonsonline.com/ အင်္ဂလိပ် စကားပြောတော့ မဟုတ်တန်ရာ၊

အခုလို အကြိုက်ဆုံးကို The_Simpsons အဖြစ် ရွေးချယ်ရေးနေတာကတော့ ကြော်ငြာခ ရလို့ဗျ…..

လူလ
ရွှင်လန်းချမ်းမြေ့ပါစေ...