Sunday, August 30, 2009

သတင်းမှတ်စု ( ၃၄ )

သြဂုတ်လ ၂၄ ရက်
ရက်သတ္တပတ် ၃၄၊ ၂၀၀၉
မြန်မာသတင်း


အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု တိုက်ပွဲအရှိန်တိုးမြင့်သွားမည်


နအဖစစ်အစိုးရက တိုင်းရင်းသားများနှင့်အပစ်ရပ်အဖွဲ့များအပေါ် ထားသည့်သဘောထားသည် ပြည်တွင်းစစ်ဖြစ်ပွားရန် ဖော်ဆောင်နေသည့် အတွက် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) က လက်နက်ကိုင် တော်လှန်ရေးတိုက်ပွဲများကို အရှိန်အဟုန်မြင့် လုပ်ဆောင်သွားမည်ဟု ပြောသည်။

ယမန်နေ့က ပြုလုပ်သည့် (မဒတ) ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးအပြီးတွင် အဖွဲ့၏အထွေထွေအတွင်းရေးမှူး မိုင်းဘုန်းကျော်က ပြောကြားခြင်းဖြစ်သည်။ အပစ်ရပ်အဖွဲ့များတွင် မဒတအဖွဲ့ဝင်ဟောင်းများပါရှိကြောင်း၊ ၎င်းတို့နှင့်အမြဲအဆက်အသွယ် နားလည်မှုများရှိကြောင်း၊ နအဖဖိအားများကြောင့် ပြန်လာကြပါက လက်ခံကြိုဆိုရန် အသင့်ပြင်ဆင်ထားမှုများ ရှိကြောင်း၊ အပစ်ရပ်ဒေသများတွင် တပ်အင်အားအလုံးအရင်းချကာ ရန်စမှုများ၊ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်အဖွဲ့များအဖြစ် အသွင်ပြောင်းရန် ဖိအားပေးမှု များသည် အပစ်ရပ်ကိစ္စ ပျက်ပြယ်သွားရန်ဖြစ်ပြီး ပျက်ပြယ်သွားပါက မြန်မာပြည် တောင်ပိုင်းနှင့်မြောက်ပိုင်း မျက်နှာပြင်တွင် ပြည်တွင်းစစ်မီး မလွဲမသွေတောက်လောင်မည်ဟုလည်း မဒတ က ပြောသည်။ (၃) ရက်ကြာ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးသို့ မဒတအဖွဲ့ဝင်များ ဖြစ်သည့် ရခိုင်၊ ချင်း၊ ကရင်၊ လားဟူ၊ မွန်၊ ပအို့ဝ်၊ ပလောင်၊ ၀ စသည့်အဖွဲ့များ တက်ရောက်ကြပြီး ထိုအဖွဲ့များသည် လက်ရှိ လက်နက်ကိုင်တိုက်ပွဲဝင်နေကြသည့် အဖွဲ့များဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ရှမ်းအိမ် သုံးရာကျော်ကို တပ်မတော်က မီးရှို့ဖျက်ဆီး


ရွှေလီ (မဇျွိမ) ။ ။ ရှမ်းပြည် (တောင်ပိုင်း) ရှိ မြို့နယ်များအတွင်းမှ အိမ်ခြေ ၃၀၀ ကျော်ကို ဒေသတွင်း အခြေစိုက် မြန်မာ့တပ်မတော် စစ်ကြောင်းများက လွန်ခဲ့သည့်လအတွင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရှမ်းလက်နက်ကိုင်အဖွဲ့က ထုတ်ပြန်လိုက်သည်။

ဇူလိုင်လ ၂၇ ရက်နေ့က စတင်၍ှ အိမ်ခြေ ၃၀၀ ကျော်ကို အစိုးရစစ်တပ် တပ်ရင်း ၆ ရင်းက မီးရှို့ခဲ့ကြောင်း ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) – SSA (S) ၏ နိုင်ငံရေး ဦးဆောင်ကောင်စီဖြစ်သည့် ရှမ်းပြည် ပြန်လည်တည်ဆောက်ရေး ကောင်စီ - RCSS က ယခုလ ၂၁ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခြင်း ဖြစ်သည်။ မီးရှို့ရွှေ့ပြောင်းခိုင်းခံရသည့် ကျေးရွာများမှာ ရှမ်းပြည် (တောင်ပိုင်း) မှ မိုင်းနောင်၊ ကျေးသီး၊ မိုင်းကိုင်၊ လဲခြား၊ ပင်လုံ၊ နမ့်ပန်၊ မိုးနဲနှင့် ကွန်ဟိန်းမြို့နယ်များရှိ ရွာပေါင်း ၄၀ ကျော်မှဖြစ်ပြီး၊ ဒေသခံပြည်သူများမှာ တောတွင်း၌ပင် လှည့်လည်ပုန်းအောင်းနေကြောင်း သိရသည်ဟု စိုင်းလောဝ်ဆိုင်က ပြောသည်။
(မဇျွိမသတင်းမှ ကောက်နှုတ်ချက်)
+++++


စစ်တွေမြို့တွင် လုံခြုံရေးတင်းကျပ်ချထား


ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့တွင် ယခုရက်ပိုင်းများအတွင်း လုံခြုံရေးတင်းကျပ်စွာချထားကြောင်း သိရသည်။ စစ်တွေမြို့ရှိ အထင်ကရနေရာများဖြစ်သော ဦးရဲကျော်သူကျောင်း၊ ၀င်္ကဘာကွင်း၊ အတုလမာန်အောင်ဘုရား၊ လောကနန္ဒာ ဘုရားနှင့် ဦးဥတ္တမပန်းခြံတို့တွင် ရဲများလုံခြုံရေးယူထားသည်မှာ တလကျော်သွားပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ရန်ကုန်တွင်၂၀၀၇ ခုနှစ် စက်တင်ဘာအရေးအခင်းအပြီး စစ်တွေမြို့မှ သံဃာတော်များက ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲများ ဆက်လက်လုပ်ဆောင်ခဲ့မှုကြောင့် စစ်အာဏာပိုင်များက စစ်တွေမြို့ကို ပိုမိုအာရုံစိုက်လာသည်ဟု စစ်တွေမှ သံဃာတော်တပါးက မိန့်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++


ဒေးဒရဲ လယ်ယာမြေများ ကြွက်ဖျက်ဆီး


နယူးဒေလီ (မဇ္စျိမ)။ ။ နာဂစ်လေမုန်တိုင်းဒဏ် ပြင်းထန်စွာ ခံစားခဲ့ရသည့် ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ် ကျေးရွာများရှိ စပါးခင်းအချို့ကို ပြီးခဲ့သည့်လမှ စတင်ကာ ကြွက်များက ဝင်ရောက် ဖျက်ဆီးနေကြောင်း ဒေသခံများအဆိုအရ သိရသည်။

ဒေးဒရဲမြို့နယ် မရမ်းဝကျေးရွာအုပ်စုရှိ မရမ်းဝ၊ ရေကျော်၊ မျှော်စင်၊ နေရောင်ကာ၊ ဓနိပတ်ရွာတို့တွင် စိုက်ပျိုးထားသော မိုးစပါးများ အသီးကပ်ချိန်တွင် ကြွက်များ ဆက်တိုက် ဝင်ရောက်ဖျက်ဆီးမှုများ ရှိနေကြောင်း မရမ်းဝရွာ လယ်သမားများက အဆိုအရ သိရခြင်း ဖြစ်သည်။ လယ်ခင်းများအတွင်း ကြွက်များ ဝင်ရောက်ဖျက်ဆီးမှုအပြင်၊ စစ်အစိုးရနှင့် လေဘေးကယ်ဆယ်ရေး အဖွဲ့များမှ ပေးအပ်သော ကူညီပံ့ပိုးငွေများ မရရှိသဖြင့် သဘာဝနည်းအတိုင်း စိုက်ပျိုးထားသည့်အတွက် ယခုနှစ် မိုးစပါးအထွက် နည်းမည်ဟုလည်း ခန့်မှန်းပြောဆိုသည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မြစ်ဆုံရေကာတာစီမံကိန်းနယ်မြေအနီး ကျေးရွာ (၆၀) ကျော်
ရွှေ့ပြောင်းရေး စတင်ဆောင်ရွက်


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အထက်ပိုင်း ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ဧရာဝတီမြစ်ရိုးတလျှောက်ဝန်းကျင်ရှိ ကျေးရွာ (၆၀) ကျော်အား ရွှေ့ပြောင်းရန်အတွက် ဒေသခံတို့အား နစ်နာကြေး ငွေပေးလျော်ရန် မြေနေရာတိုင်းတာမှုနှင့် တန်ဖိုးတွက်ချက်မှုများ စတင်လုပ်ဆောင်နေသည်။

မြစ်ကြီးနားမြို့နယ်အတွင်းရှိ တန်ဖဲ၊ အလန်၊ ကြိမ်ခရန်၊ မုန်ကာဆွတ်၊ မရမ်၊ လဖ စသည့် ကျေးရွာအုပ်စုများမှ ရွာပေါင်း (၆၀) ကျော်အား ရွှေ့ပြောင်းရတော့မည်ဖြစ်ကြောင်း တန်ဖဲကျေးရွာသားတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ငြိမ်းအဖွဲ့များ စစ်ရေးအရ ခြိမ်းခြောက်ခံရ

ရွှေလီ (မဇ္ဈိမ) ။ ။ စစ်အစိုးရသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ဟန်ပြလုပ်လျက် ငြိမ်းချမ်းရေး အဖွဲ့များကို စစ်ရေးအရ ခြိမ်းခြောက်လာနေကြောင်း လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့ ၄ ဖွဲ့၏ ပူးပေါင်းအဖွဲ့က ပြောဆိုလိုက်သည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ခြင်းကို ထောက်ခံသော်လည်း မူးယစ်ဆေးဝါးကိစ္စ အမည်ခံ၍ လက်နက်အားကိုးဖြင့် လူမျိုးစုငယ်များနှင့် ငြိမ်းချမ်းရေး အဖွဲ့များအပေါ် ဖိနှိပ်ခြင်းကို ရှုတ်ချသည်ဟု သြဂုတ်လ ၂၁ ရက်နေ့ထုတ် မြန်မာပြည် ငြိမ်းချမ်းရေး ဒီမိုကရက်တစ်တပ်ဦး - PDF (Peace and Democracy Front) ၏ ကြေညာချက်တွင် ဖော်ပြပါရှိခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သြဂုတ်လ ၂၅ ရက်
ရက်သတ္တပတ် ၃၄၊ ၂၀၀၉
မြန်မာသတင်း

မြစ်ဆုံရေကာတာ စီမံကိန်းကို KDNG က ကန့်ကွက်မည်ဟု ပြောဆို


ချင်းမိုင် (မဇ္ဈိမ)။ ။ ကချင်ပြည်နယ် မြောက်ပိုင်း မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ရွာပေါင်း ၆၀ ကျော် ပြောင်းရွှေ့ရမည့် ကိစ္စအား ကချင်အဖွဲ့အစည်းများနှင့် ဒေသခံများက ကန့်ကွက်သွားမည်ဖြစ်ကြောင်း ကချင်ဖွံ့ဖြိုး တိုးတက်ရေး ကွန်ယက် - KDNG နှင့် ဒေသခံများက ပြောသည်။

ပြောင်းရွှေ့ရမည့် ကျေးရွာများမှာ မြစ်ကြီးနားမြို့မြောက်ဘက် ၂၇ မိုင်အကွာရှိ “မြစ်ဆုံရေကာတာ စီမံကိန်း” ဆောက်လုပ်မည့် မေခ-မလိခ မြစ်ဆုံအထက်မှ တယန်ဇွပ်၊ မလိဇွပ်၊ တန်ဘောင်ယန်တို့ အပါအဝင် ရွာ ၄၀ ကျော်နှင့် အောက်ဘက်မှ တန်ဖရဲ၊ ကြိမ်ခရန်၊ လုန်ဂါဆွတ် အပါအဝင် ၁၀ ရွာကျော် ဖြစ်သည်။
မည်သည့်အတွက်ကြောင့် မြေလာတိုင်းကြောင်း ဒေသခံက မသိရှိသော်လည်း ယခုလဆန်းပိုင်းက မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းက ကြိန်ခရန် ကျေးရွာသားများအား နေအိမ်များ ပြောင်းရွှေ့ရန် ပြောကြားခဲ့သည်ဟု ဒေသခံများက ဆိုသည်။

မကြာသေးမီက စစ်အစိုးရ ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံလိုက်သော NDAK ဇခုန်တိန့်ယိန်းနှင့် အဖွဲ့၊ ကချင်လွတ်မြောက်ရေးအဖွဲ့ - KIO ခွဲထွက် လဆန်အောင်ဝါနှင့် အဖွဲ့တို့လည်း ကျေးရွာ အပြောင်းအရွှေ့ကိစ္စများအား ယမန်နေ့က တန်ဖရဲကျေးရွာ၌ ဒေသခံများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံက ဆက်ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ကိုးကန့်တပ်ဖွဲ့နယ်မြေအတွင်း အခြေအနေရှုပ်ထွေး


ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ(၁)၊ မြန်မာနိုင်ငံအမျိုးသားဒီမိုရေစီမဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ နယ်မြေအတွင်း ကိုးကန့်အဖွဲ့ ဥက္ကဋ္ဌ ဖုန်ကျားရှင်အပါအဝင် ခေါင်းဆောင် (၄) ဦးအား လားရှိုးမြို့၊ အမှတ်(၁) ရဲစခန်းက လက်နက်စက်ရုံကိစ္စဖြင့် စစ်ဆေးမေးမြန်ရန် ယခုလ (၂၂) ရက်က သမ္မန်စာပို့ပြီးနောက်ပိုင်း နယ်မြေအတွင်း အခြေအနေရှုပ်ထွေးကာ နအဖနှင့် စစ်ရေးတင်းမာမှု ပိုမိုအရှိန်မြင့်လာသည်။

ယခုလ (၈) ရက်တွင် လောက်ကိုင်ဒေသ ကွပ်ကဲရေးစစ်ဌာနချုပ် လက်အောက်ခံတပ်အချို့နှင့် ရဲတပ်ဖွဲ့အင်အား (၇ဝ) ခန့်က လောက်ကိုင်အနီးရှိ ရန်လုံကျိုက်ကျေးရွာရှိ ဥက္ကဋ္ဌ ဖုန်ကျားရှင်၏နေအိမ်မှ ဂိုဒေါင်အား စစ်ဆေးရန် လာရောက်စဉ် လမ်းခုလတ်၌ ကိုးကန့်တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်လုနီးပါး ပြဿနာဖြစ်ပွားခဲ့သည်။ ထို့နောက်ပိုင်း လားရှိုးရဲစခန်းက အဆိုပါ ဂိုဒေါင်အား လက်နက်စက်ရုံအဖြစ် စွပ်စွဲကာ ဆင့်စာပိုခဲ့သည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ငွေစက္ကူအဟောင်း လဲလှယ်မည့်ရက် တရက်ထပ်တိုး


ချင်းမိုင်။ ။ ငွေစက္ကူ အဟောင်းများကို ရန်ကုန်မြို့တွင် ယခုလဆန်းမှ စတင်၍ လဲလှယ်ပေးရာ ရက်သတ္တတပတ်လျှင် ၂ ရက်မှနေ၍ ယခုအခါ ၃ ရက်သို့ တိုးမြှင့်ပေးလိုက်ပြီ ဖြစ်သည်။

ယခုလ ၃ ရက်နေ့မှ စတင်၍ ဟောင်းနွမ်းနေသည့် မြန်မာငွေစက္ကူများအား အပတ်စဉ် တနင်္လာနှင့် သောကြာနေ့များတွင် လဲလှယ်ပေးနေပြီး ယခင် တပတ်မှ စတင်ကာ ဗုဒ္ဓဟူးနေ့ တရက်ပါ ထပ်တိုး၍ လဲလှယ်ခွင့် ပေးလိုက်ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သြဂုတ်လ ၂၆ ရက်
ရက်သတ္တပတ် ၃၄၊ ၂၀၀၉
မြန်မာသတင်း

နအဖသြဇာခံ ကိုးကန့်ခေါင်းဆောင်များဖြင့်
ကိုးကန့်တပ်ဖွဲ့ ပြန်လည်ဖွဲ့စည်းမည်


မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် ကိုးကန့်တပ်ဖွဲ့ ပြန်လည်ဖွဲ့စည်းရန် ယမန်နေ့က လောက်ကိုင်မြို့တွင် အစည်းဝေးတရပ် ခေါ်ယူကျင်းပခဲ့သည်။

လောက်ကိုင်မြို့အခြေစိုက် ဒေသကွပ်ကဲရေး စစ်ဌာနချုပ်၏ စေခိုင်းချက်အရ ယခင် ကိုးကန့်တပ်ဖွဲ့မှ ခွဲထွက်သွားသည့် ကွမ်းလုံ အထူးတိုက်ခိုက်ရေး ရဲတပ်ဖွဲ့မှ ခေါင်းဆောင်များ၊ ကိုးကန့်ဥက္ကဋ္ဌ ဖုန်ကျားရှင်တို့နှင့် သဘောထားကွဲခဲ့သည့် ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ကြသည်။

၁၉၉ဝ ခုနှစ်ကျော်ကာလများက ကိုးကန့်တပ်ဖွဲ့အတွင်း ဖုန်ညီအစ်ကိုနှင့် ရန်ညီအစ်ကို အာဏာလုတိုက်ပွဲများအတွင်း အရေးနိမ့်သွားသည့် ရန်မိုလျံ၊ ရန်မိုအန်း ညီအစ်ကိုဦးဆောင်သည့်အဖွဲ့မှ ခေါင်းဆောင်များ၊ ဖုန်ကျားရှင်နှင့် သဘောထား ကွဲလွဲကာ နအဖ၏အကူအညီဖြင့် အာဏာသိမ်းရန် ကြိုးစားခဲ့သည့် ဒု-ဥက္ကဋ္ဌ ပိုင်စုံချိန်၊ မင်ရွှေချန်၊ လျူကော်ရှီ စသည့်ပုဂ္ဂိုလ်များဖြင့် အဖွဲ့သစ်ပြန်လည်ဖွဲ့စည်းရန် အစည်းဝေးတွင် ဆွေးနွေးခဲ့ကြပြီး ဥက္ကဋ္ဌ ဖုန်ကျားရှင်၊ ညီတော်စပ်သူ ဖုန်ကျားဖု၊ သားများဖြစ်သည့် ဖုန်တာရွှင်၊ ဖုန်တာဖေ့တို့အား ဝရမ်းပြေးများအဖြစ် သတ်မှတ်လိုက်သည်ဟု လောက်ကိုင်မြို့မှ လာသည့်သတင်းများအရ သိရသည်။

လောက်ကိုင်မြို့အား လောက်ကိုင်ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) လက်အောက်ခံတပ်ရင်းများအပြင် သိန်းနီအခြေစိုက် အမှတ် (၁၆) စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ် (စကခ) မှ တပ်ရင်းအချို့ ဝင်ရောက်နေရာယူ ထိန်းချုပ်ထားပြီး ယခုအသစ် ပြန်ဖွဲ့စည်းမည့်အဖွဲ့ကို အကာအကွယ်ပေးထားသည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အတိုက်အခံများက အဝါရောင် လှုပ်ရှားမှုစတင်

နယူးဒေလီ (မဇ္ဈိမ)။ ။ရန်ကုန်ရှိ အတိုက်အခံ တက်ကြွလှုပ်ရှားသူ ၁၀ ဦးက အဝါရောင် လှုပ်ရှားမှုတခုကို ယမန်နေ့မှ စတင်လိုက်ပြီး လွန်ခဲ့သော ၂ နှစ်က စစ်တပ်က ပစ်ခတ်ဖြိုခွင်းခဲ့သည့် မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြရာတွင် ပါဝင်ခဲ့သော သံဃာတော်များကို ဂုဏ်ပြုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အပတ်စဉ်နီးပါး ရွှေတိဂုံဘုရားတွင် ဘုရားရှိခိုး ဆုတောင်းမှုပြုသည့် အင်္ဂါနေ့ဝတ်ပြု အဖွဲ့မှ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူများသည် အဝါရောင်သင်္ကေတများ ဝတ်ဆင်ကာ ဝတ်ပြုဆုတောင်းခဲ့ခြင်း ဖြစ်သည်။

“အခုဆိုလို့ရှိရင် စက်တင်ဘာက နီးလာပြီဆိုတော့လေ။ အင်္ဂါဝတ်ပြု ဆုတောင်းအသင်းက ရွှေဝါရောင် တော်လှန်းရေးရဲ့ သင်္ကေတဖြစ်တဲ့ အဝါရောင် ခေါင်းစည်း၊ ဆံထိုး၊ ပန်း၊ အင်္ကျီတွေဝတ်ပြီး ရွှေတိဂုံစေတီမှာ တက်ရောက်ဆုတောင်းခဲ့ကြတယ်” ဟု ဝတ်ပြုဆုတောင်းပွဲတွင် ပါဝင်ခဲ့သူ ဒေါ်နော်အုန်းလှက မဇ္ဈိမကို ပြောသည်။

လူစုလူဝေးဖြစ်လာနိုင်ခြေရှိသော အတိုက်အခံများ၏ လှုပ်ရှားမှုမှန်သမျှကို ဒေါက်ထောက်ကြည့်ပြီး သီးခံနိုင်စွမ်းနည်းသည့် စစ်အစိုးရလက်အောက်တွင် ယခုလုပ်ရပ်မှာ စိန်ခေါ်မှုတခု ဖြစ်နေသည်။

နိုင်ငံရေးအမှတ်အသားဖြင့် စုဝေးကာ ဘုရားရှိခိုးသူများက လာမည့်လ ၂၅ ရက်နေ့အထိ အင်္ဂါနေ့များတွင် အဝါရောင်များ ဝတ်ဆင်ကာ ဝတ်ပြုပွဲများ ကျင်းပသွားရန် စီစဉ်ထားသည်ဟု ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သြဂုတ်လ ၂၇ ရက်
ရက်သတ္တပတ် ၃၄၊ ၂၀၀၉
မြန်မာသတင်း

ကိုးကန့်နယ်မြေအတွင်း တိုက်ပွဲ စတင်ဖြစ်ပွား


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၁) ကိုးကန့်နယ်မြေအတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံဖြတ်ကျော် ဂိတ်ပေါက်တခုဖြစ်သော လောက်ကိုင်မြို့အနီး ရန်လုံကျိုက် နယ်စပ်ဂိတ်ရှိ ရဲစခန်းအား ဖုန်ကျားရှင်ကို ထောက်ခံသည့် ကိုးကန့်တပ်ဖွဲ့က ယနေ့နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဂိတ်တာဝန်ကျရဲ (၁) ဦးထက်မနည်း ကျဆုံးခဲ့သည်။

ကိုးကန့်နယ်မြေရှိ ရန်လုံကျိုက်နှင့် တရုတ်ပြည်ဘက် နမ်ဆာမြို့တို့ အဝင်အထွက်ပြုရာ နယ်စပ်ဂိတ်ပေါက် လုံခြုံရေး တာဝန်ယူထားသည့် ရဲစခန်းအား အဆိုပါ ကိုးကန့်အဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ ရဲများဆုတ်ခွာသွားသကဲ့သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ကိုးကန့်တပ်ဖွဲ့လည်း ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု လောက်ကိုင်မှလာသည့် သတင်းများအရ သိရသည်။ ယခုလ (၂၅) ရက်တွင် လောက်ကိုင်မြို့မှ ကိုးကန့်တပ်ဖွဲ့များ ဆုတ်ခွာခဲ့ပြီးသည့်နောက် အဆိုပါရဲစခန်းအား မြန်မာရဲတပ်ဖွဲ့ဝင် များက ဝင်ရောက်နေရာယူခဲ့ခြင်းဖြစ်သည်။

ထိုသို့နေရာယူခဲ့သည့်နေ့ ညနေပိုင်းတွင် မြန်မာရဲတပ်ဖွဲ့ဝင် (၁၀) ဦးခန့် တရုတ်ပြည်ဘက်သို့ ဝင်ရောက်ခဲ့သည့်အတွက် ၎င်းတို့ကို တရုတ်ဘက်က ပြန်လည်မောင်းထုတ်ခဲ့ပြီး နယ်မြေကျူးကျော်မှုဖြင့် ကန့်ကွက်စာ ပို့ထားသည်ဟု တရုတ်-မြန်မာနယ်စပ်ရှိ ကိုးကန့်အရေးအခင်းအား စောင့်ကြည့်နေသည့် ဦးအောင်ကျော်ဇောက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ဂျပန် နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း


နယူးဒေလီ (မဇ္ဈိမ)။ ။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရက အမြန် ပြန်လွှတ်ပေးလိမ့်မည်ဟု ဂျပန်နိုင်ငံက မျှော်လင့်ထားကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဟီရိုဖူမီ နာကာဆိုနေး Hirofumi Nakasone က ထပ်လောင်း ပြောဆိုသည်။

နာကာဆိုနေးက အလည်အပတ် ရောက်ရှိနေသော မြန်မာနိုင်ငံ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ်ဌေးဦးနှင့် အင်္ဂါနေ့က ခေတ္တတွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်လွှတ်ပေး၍ မြန်မာ့ဒီမိုကရေစီ ပြောင်းလဲရေးဖြစ်စဉ်၌ ပါဝင်ခွင့်ပေးလိမ့်မည်ဟု တိုကျိုက အခိုင်အမာ မျှော်လင့်ထားသည်ဟု ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

အယူခံတင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ သဘောတူညီမှုရ


အလုပ်နှင့်ထောင်ဒဏ် (၃) နှစ်ချမှတ်ခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်အတွက် အယူခံတင်သွင်းရန် ရှေ့နေများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့တွေ့ဆုံခွင့်ရခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ ယနေ့မွန်းလွဲ (၁၂) နာရီခွဲမှ (၂) နာရီခွဲအထိ တွေ့ဆုံညှိနှိုင်းပြင်ဆင်ခဲ့ကြသော အယူခံလွှာကို လာမည့်သီတင်းပတ်အတွင်း ရန်ကုန်တိုင်းတရားရုံးသို့ တင်ပြသွားမည်ဖြစ်သည်။

ယခုအယူခံမှုသည် အင်းစိန်ထောင်တရားရုံးက နေအိမ်အကျယ်ချုပ်မိန့် ဖောက်ဖျက်သည်ဆိုကာ ချမှတ်ခဲ့သော အလုပ်နှင့်ထောင်ဒဏ် (၃) နှစ်အတွက် အယူခံခြင်းဖြစ်ပြီး နေအိမ်အကျယ်ချုပ် (၁၈) လနှင့် သက်ဆိုင်ခြင်းမရှိပေ။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အမေရိကန် အောက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံရောက်


ချင်းမိုင် (မဇ္ဈိမ)။ ။ အများပြည်သူ သံတမန်ရေးရာနှင့် အထောက်အပံ့ပေးရေး အစီအစဉ် ပြန်လည် သုံးသပ်ရေးအတွက် အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီမှ ကျွမ်းကျင်အရာရှိ သုံးဦးသည် ရန်ကုန်မြို့သို့ ယနေ့ ရောက်ရှိလာခဲ့သည်ဟု သံတမန် သတင်းရပ်ကွက်အရ သိရသည်။

ကိုယ်စားလှယ်အဖွဲ့သည် နာဂစ်မုန်တိုင်း တိုက်ခိုက်ရာ ဒေသများသို့ သွားရောက် ကြည့်ရှု့မှာဖြစ်သလို အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံမှာဖြစ်ပြီး တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမှာ ဖြစ်သည်။

ထိုအဖွဲသည် ဒေသတွင်း အခြား နိုင်ငံများကိုလည်း သွားရောက် လည်ပတ်ခဲ့သည်ဟု သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

တပ်ပေါင်းစုသစ်က လူထုလှုပ်ရှားမှုဖြင့် စစ်အစိုးရကို ဖြုတ်ချမည်ဟု ကြေညာ

ချင်းမိုင် (မဇ္ဈိမ)။ ။ လူထုလှုပ်ရှားမှုဖြင့် စစ်အစိုးရကို ဖြုတ်ချသွားမည်ဟု ဒီမိုကရေစီလိုလားသူ အတိုက်အခံအဖွဲ့ပေါင်း တရာကျော်ပါဝင်သည့် တပ်ပေါင်းစုသစ်က ကြေညာထားသည်။

မြန်မာပြည်တွင်းမှ လျို့ဝှက်အဖွဲ့ ငါးဆယ်နှင့် ပြည်ပအခြေစိုက် အဖွဲ့ ၅၆ ဖွဲ့ပါဝင်သည်ဆိုသော Global Action For Burma (GAB) က အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီး ခေါင်းစဉ်အောက်တွင် လုပ်ငန်းများ ဖော်ဆောင်နေသည်ဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။

“အကြီးဆုံး တပ်ပေါင်းစုလို့ ပြောနိုင်ပါတယ်။ ပြောလို့ရတယ်။” ဟု GAB ၏ ပြောခွင့်ရ ပုဂ္ဂိုလ် အမေရိကန်နိုင်ငံ အခြေစိုက် ဦးရွှေစင်ထွန်းက ပြောကြားသည်။

“ဒါက ကျနော်တို့ တိုင်းပြည်မှာ စုစည်းညီညွတ်မှု မရှိဘူးလို့ ကျနော်တို့ကို ပြောထားတဲ့ စုစည်းညီညွတ်မှု မရှိဘူး မရှိဘူးလို့ အမြဲတမ်း ဝေဖန်ခံနေရတာကို ကျနော်တို့ ကြိုးစားပြီး အဖြေထုတ်တာဘဲ။” ဟု သူက ထပ်ပြောသည်။

အခြားသော ပြောခွင့်ရပုဂ္ဂိုလ် တယောက်ဖြစ်သော ထိုင်းနယ်စပ် အခြေစိုက် ကိုယဉ်ထွေးက “အဖွဲ့အစည်းကြီး တခုလို ဖွဲ့စည်းပုံနဲ့ တော့မဟုတ်ဘူး။ ကျနော်တို့ အလုပ်တွေနဲ့သွားတယ်။ ကျနော်တို့ လုပ်ငန်းတွေနဲ့ ပူးပေါင်းပါဝင်ပြီးတော့ အလုပ်တွေနဲ့သွားတယ်။” ဟု အင်အားစုကြီး၏ ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်သူ ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သြဂုတ်လ ၂၈ ရက်
ရက်သတ္တပတ် ၃၄၊ ၂၀၀၉
မြန်မာသတင်း

ကေအန်ယူ တပ်မဟာ (၆) ကို ထိုးစစ်ဆင်မည့်သတင်း ပေါက်ကြား


နအဖစစ်တပ်နှင့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တို့က ကရင်ပြည်နယ်၊ ဘုရားသုံးဆူဒေသရှိ ကေအန်ယူ တပ်မဟာ (၆) နယ်မြေအား လာမည့်စက်တင်ဘာလဆန်းတွင် စတင်ထိုးစစ်ဆင်တော့မည် ဖြစ်ကြောင်း ဘုရားသုံးဆူနယ်စပ်ရှိ ကရင်ငြိမ်းချမ်းရေး ကေပီအက်ဖ်အဖွဲ့က ပြောသည်။

လာမည့် ထိုးစစ်ဆင်မှုတွင် ဒီကေဘီအေတပ်ဖွဲ့မှ စစ်ကြောင်း (၃) ကြောင်းအနက် လွန်ခဲ့သည့် (၄) လခန့်က ကေအန်ယူမှ ခွဲထွက်သွားပြီး ဒီကေဘီအေထံ ရောက်ရှိနေသည့် တပ်ခွဲမှူးအဆင့်ရှိ ဘိုဘိုထွန်းက စစ်ကြောင်းတကြောင်းကို ဦးဆောင်မည်ဟု ကေပီအက်ဖ် ထိပ်ပိုင်းအရာရှိတဦးက ပြောသည်။ ယခုစစ်ဆင်ရေးတွင် ဒီကေဘီအေ၏ ရှေ့တန်းစစ်ကြောင်း (၁) တပ်ခွဲမှူး ဘိုဘိုထွန်းအဖွဲ့က ဘုရားသုံးဆူ၊ ကျောက်ဖလူး၊ မအူ၊ တောင်ပေါက်၊ ကြာအင်းဆိပ်ကြီးသို့ ထိုးဖောက်မည်ဖြစ်ပြီး ဒီကေဘီအေတပ်ရင်း (၉၀၇) အား ဦးဆောင်မည့် တပ်ရင်းမှူး နော်တရာ၏ စစ်ကြောင်း (၂) က ကျွန်းချောင်း၊ မဲကသာ၊ တောင်လပ၊ ကြိုက်ဒုန်လမ်းကြောင်းတွင် တာဝန်ယူမည်ဖြစ်ကာ ဘုရားသုံးဆူ၊ ဝဲကနိုင်၊ ဖားပြ၊ ကျုံခဝန်၊ တခွန်တိုင်လမ်းကြောင်းအား ဒီကေဘီအေတပ်ရင်း (၉၀၆) က ဗိုလ်ကျော်ကျော်က ဦးစီးမည်ဟု ကေအန်ယူ တပ်မဟာ (၆) တပ်ရင်း (၁၆) မှ အရာရှိတဦးက အတည်ပြုပြောဆိုသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

သံဃာတော်များက လျှို့ဝှက်အဖွဲ့များ ဖွဲ့စည်း

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရကို ဆန့်ကျင်လှုပ်ရှားသည့် သံဃာတော်များ၏ လျှို့ဝှက်အဖွဲ့သစ်များ ဖွဲ့စည်းကြောင်း ကြေညာစာများ အင်တာနက်တွင် တိုးမြှင့်တွေ့လာရသည်။

သံဃာ့တပ်ပေါင်းစုအောက်မှ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်တိုင်းအဖွဲ့ခွဲများ ဖွဲကြောင်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂတို့၏ ထုတ်ပြန်ချက်တို့ အင်တာနက်သုံး မြန်မာအသိုင်းအဝိုင်းတွင်းသို့ ဖြန့်ဝေမှုများ ဖြစ်သည်။

လမ်းပေါ် လူထုဆန္ဒပြပွဲများဖြင့် စစ်အစိုးရကို ဖြုတ်ချရန် ရည်ရွယ်ထားသည့် သံဃာ့တပ်ပေါင်းစုအနေဖြင့် သပိတ်တိုက်ပွဲတွင် စနစ်တကျ စုစည်းမှု၊ ညီညွတ်မှု၊ အောင်မြင်မှုများရရန် ယခုကဲ့သို့ အဖွဲ့ခွဲများ ဖွဲ့ရခြင်း ဖြစ်သည်ဟု ပြည်ပရောက် သံဃာ့တပ်ပေါင်းစုမှ နိုင်ငံခြားရေးတာဝန်ခံ ဆရာတော် ဦးဣဿရိယ မိန့်သည်။ သံဃာတော်များအပေါ် နှိပ်စက်သတ်ဖြတ်မှုများအတွက် စစ်အစိုးရက အောက်တိုဘာလ ၂ ရက် ၁၂ နာရီ မတိုင်မီ ပြန်လည်တောင်းပန်ရန် သံဃာ့တပ်ပေါင်းစုက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ကိုးကန့်နယ်မြေတွင် ဒုတိယမြောက်နေ့ တိုက်ပွဲဖြစ်


ယနေ့နံနက် (၃) နာရီမှစ၍ ကိုးကန့်နှင့် ဝနယ်မြေနယ်စပ် နမ့်တင်းချောင်းတလျှောက်နှင့် ကိုးကန့်နယ်တခုလုံးတွင် တိုက်ပွဲ ပြန်ဖြစ်နေသည်။

ချင်းရွှေဟော်အနီး တောင်ကုန်းမှ ယမန်နေ့ညက ဆုတ်ခွာသွားသည့် ကိုးကန့်တပ်ဖွဲ့များက ယခုအခါ နယ်စပ်တောင်ကုန်းများပေါ်မှ နေရာယူကာ ချင်းရွှေဟော်အနီး နအဖတပ်များ ရှိရာကို ပစ်ခတ်နေသကဲ့သို့ နအဖတပ်များကလည်း ပြန်ပြီးတိုက်နေသည်ဟု ကိုးကန့်တပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

မြန်မာ့အရေး အမေရိကန် ပြန်လည်သုံးသပ်မှု ပြီးစီးတော့မည်

နယူးဒေလီ (မဇ္ဈိမ)။ ။ အမေရိကန်က မြန်မာ့အရေး မူဝါဒကို ပြန်လည်သုံးသပ်ရာတွင် ပြီးဆုံးတော့မည် ဖြစ်ကြောင်း ရန်ကုန်တွင် ရောက်ရှိနေသော အမေရိကန် အောက်လွှတ်တော်မှ ကျွမ်းကျင်အရာရှိ ၃ ဦးက ပြောဆိုသည်ဟု ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့ ဆွေးနွေးခဲ့သူ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောသည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အန်အယ်ဒီ ရုံးခန်းတွင် ပြုလုပ်သော အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီမှ အရာရှိများနှင့် အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် အကြီးတန်းအရာရှိများ တွေ့ဆုံပွဲ၌ ပြောဆိုခဲ့ခြင်းဖြစ်ပြီး အိုဘားမား အစိုးရအနေဖြင့် မကြာမီ ထုတ်ပြန်ဖွယ်ရှိသည်ဟု ဆိုသည်။

ယနေ့ ညနေ ၄ နာရီမှစတင်ကာ တစ်နာရီကြာ တွေ့ဆုံပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များအပြင် ပါတီ သတင်းနှင့် ပြန်ကြားရေးမှ ဦးဥာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးခင်မောင်ဆွေနှင့် ဦးလှမင်းတို့ တက်ရောက်ခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)

Friday, August 28, 2009

ဖြစ်ပုံစုံလင် သည်လတွင် ( သြဂုတ် )




ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူဖြင့် အမိမြန်မာ နိုင်ငံအတွင်း နေထိုင်နေသည့် လူအများသည် အာဃာတဖြင့် အတ္တများ ယှဉ်ပြိုင်နေသည်မှာ ၀မ်းနည်းစွာ တွေ့ရှိရသည်။ အင်အားကြီးမားသည် ဆိုပြီးတော့...

အင်အားမဲ့သော တယောက်ရဲ့ သဘောထားကို ပျက်ရယ်ပြုပြီး ဆောင်ရွက်နေလျှင် နောက် မျိုးဆက်များအတွက် အဆိုးအမွေများ ရရှိမည်သာ ဖြစ်၏။ နယ်စပ်ဒေသ တရိုးတွင်လည်း ယခုတလောတွင် သေနတ်ပေါက်သံ စည်ပင်လာသည်မှာ နိုင်ငံ အတွက် ကောင်းသည့် လက္ခဏာတော့ မဟုတ်ခဲပြီ။

လူတယောက်ရဲ့ ကောင်းကွက်ချည်းလဲ လိုချင်လို့တော့ မရပါ ဆိုးကွက်တွေက ဒွန်တွဲနေနေသည်မှာ ဓမ္မတာသာ ဖြစ်ပေသည်။ တိုင်းပြည် ကောင်းကျိုးအတွက် ငါလုပ်လျှင် ဖြစ်တယ် ဆိုတာထက် နှစ်ဦးနှစ်ဖက် ဆန့်ကျင်ဖက် အမြင်များကို စုစည်းပြီး တည်ထောင်ခဲ့သော် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးမူနှင့် ကိုက်ညီမည်သာ ဖြစ်၏။ အင်အားကြီးလို့ တယောက်က အနိုင်ယူနေလျှင် ရင်ဆိုင်အားနည်းသော တစုံ တယောက်က နာကျည်းစိတ်များဖြင့် မျက်ရည်ဝဲရ၊ ထို မျက်ရည်စက်တွေနှင့် အတူ မခံချင်စိတ် စိတ်ဓါတ်တွေ ပေါက်ဖွားနေလျှင် ဘယ်မှာ ငြိမ်းချမ်းရေး ရမည်နည်း။

ယခုလ အစောပိုင်း အတွင်း အမိန့်ချပြီးခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အမှုသည် မည်သူ လက်ချက်ဟု အလွန်စွာ ခန့်မှန်းရ ခက်ခဲသော အမှုတခု ဖြစ်သည်။ သေချာတာက စစ်အစိုးရ၏ လက်ချက်ဟု ယေဘုယျ တွေ့ကြည့်နိုင်သည်။ နိုင်ငံရေး လေ့လာ သုံးသပ်သူများကလည်း စစ်အစိုးရအား လက်ညှိးထိုး၏။ ထိုကဲ့သို့ ခန်မှန်းရခက်သော အမှုဟာ စစ်အစိုးရကပဲ အကွက်ကျကျ ပြုလုပ်ခဲ့သလား.. ဒါမဟုတ် လွတ်မြောက် (နယ်စပ်ဒေသကို မဆိုလို) ဒေသမှ စစ်အစိုးရ လိုလားသော လူတချို့နှင့် စည်ဝါးကိုက် ရိုက်ချက်လား.. ဒါမဟုတ် ယက်တောကပဲ သူ့စိတ် သူ့ကိုယ်ဖြင့် မည်သူနှင့်မှ အဆက်အသွယ် မရှိပဲ ၀င်ရောက် ခဲ့သလား… ဇဝေဇ၀ါ ဖြစ်နေသည်။ မည်သို့ပင် ဆိုစေကာမူ ဒေါ်အောင်ဆန်းစုကြည်ဟာ မည်သူပင် လာလာ မည်သို့ပင် ပြုပြု အခါအခါ နစ်နာခဲ့ရ ချေသည်။

ယနေ့ နိုင်ငံအတွင်း ထိပ်တိုက် ယှဉ်ဆိုင်မှုဟာ အာဏာပိုင်များက အုပ်စုဖွဲ့ပြီး တပ်မတော် ဖခင်၏ မျိုးဆက်ကို သူ့ အဖေ တပ်ဆင်ပေးခဲ့သော လက်နက်ဖြင့် မတရား အနိုင်ယူနေသည်ကို တွေ့ရှိရသည်။ ၈၈၈၈ ကာလတွင် တိုင်းပြည် သွေးချောင်းစီးမည့် ပြည်သူနှင့် အစိုးရ ထိပ်တိုက် ရင်ဆိုင်ခဲ့သော ဖြစ်ရပ်များမှ ကြားက ၀င်ရပ်ပေးပြီး ထိန်းသိမ်းပေးခဲ့၍ စစ်တပ်၏ ပထမ ချပေးခဲ့သော ရွေးကောက်ပွဲဖြင့် အနိုင်ယူရေးမှုကို စွဲကိုင်ပြီး တိုက်ပွဲဝင်ခဲ့သည်မှာ အောင်မြင်ခဲ့သည်။ သို့သော် ထို ရလဒ်ကို အသိအမှတ်ပြု မခံရပဲ ထောင်သွင်းအကျဉ်းချ ခံလိုက်ရသည်။ နောက်တဆင့် ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း သူတို့ ရှုံးနိမ်မည်ကို တွေးကြောက်သဖြင့် သူမအား တသက် ထောင်ဒဏ်ပုံစံသွင်း လိုက်သည်။ ဒါတောင် တပ်မတော် ဖခင် မျက်နှာထောက်တယ် ဆိုပဲဟု မစားရ ဝ ခမန်း တုန့်ပြန်မှုတွေ ကြားလို့သာ ယုံလိုက်ရ၏။

ထိုအမှုတွင် အဓိက သရုပ်ဆောင်ခဲ့သော အမေရိကန်နိုင်ငံသား ယက်တော ကိုသာလျှင် ကျမ်းစာအုပ်ကို သက်သေပြု ကျမ်းကျိမ်ပြီး မည်သည့် ရည်ရွယ်ချက်ဖြင့် ဒေါ်စု အိမ်သို့ ၀င်ရောက်ခဲ့သနည်း.. သူအား ထွက်ဆိုခိုင်းမှသာ သိရှိနိုင်မည်။ သို့သော် ၎င်းအမှုအတွင်း သူထွက်ဆိုခဲ့သော အမှန်စကားများကို မီဒီယာ၌ သိပ်မတွေ့ရပေ။ ဘုရားသခင် လွှတ်လိုက်သည်ဟု ယောင်နန စကားသာ ကြားသိရသည်။ ထို့ကြောင့် အပြင်လူအနေဖြင့် ခန့်မှန်းရ ခက်သော ပုစ္ဆာတခု ဖြစ်လာရ၏။

အရူးက တမူးသာ ဆိုရလေမလား..? သေချာတာက ယက်တော၊ စစ်အစိုးရနှင့် အမေရိကန်နိုင်ငံသာ အမြတ်ထွက်ခဲ့သည်။ နောက်တချက်က သူ ပြန်လွတ် လာပြီးနောက် ဘန်ကောက် အရောက်အတွင် သူအနေဖြင့် တကိုယ်တော် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ သလော၊ ဒါမဟုတ် မမြင်နိုင်သော အင်အားတခု၏ ဖိအားပေးမှု ခံနေရသလော.. အထင်ကရ နိုင်ငံခြားသားများသည် မြန်မာနိုင်ငံသို့ တနည်းနည်းဖြင့် ၀င်ရောက်ပြီး ပြန်လည် ထွက်ခွာလာလျှင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်လေ့ရှိသည်။ လွတ်လပ်စွာ ပြောဆိုခွင့်ရှိသော ကမ္ဘာတွင် လွတ်မြောက် လာပြီးနောက် မိမိတို့၏ အတွေ့ အကြုံကို ရဲဝံ့ဟွာ ဖေါက်ထုတ်ပြောတိုလေ့ရှိရာ ယခုမူကား ယက်တော၏ အသံ မိုးနည်းရပ်ဝန်းက တုံးဖိ ဖားသကဲ့သို့ အသံမထွက် လာခဲ့ပေ။

စစ်အစိုးရ၏ နိုင်ငံခြား အကျဉ်းသားများနှင့် ဆိုင်သော နိုင်ငံခြားရေး မူဝါဒကို ယုတ္တိကျကျ သုံးသပ်ရရင်ဖြင့် မည်သည့် နိုင်ငံခြားသားမဆို ပြန်လွှတ်ပေးခဲ့သည့် အစဉ်အလာရှိသည်။ ဥပမာ။ ။ ၁၉၉၇ - ၉၈ ပတ်ဝန်းကျင်လောက်က အင်္ဂလန်နိုင်ငံသား ဂျိမ်းမော်စလေ (ကြုံရင်... သူနဲ့ အတော် ခင်မင်ခဲ့သည်၊ သူနဲ့ ဖြတ်သန်းခဲ့သည် များကို ရေးဖြစ်လိမ့် ဦးမည် ထင်၏ ) အမှု၊ တာချီလိတ်၊ မယ်ဆိုင် ဖက်တွင် မြောက်ကိုးရီးယား နိုင်ငံသားများ ခိုးဝင်မှုများကို ကြည့်မည်ဆိုရင် တွေ့နိုင်ပါသည်။ ယခု ယက်တောအား လွှတ်ပေးခဲ့သည် မှာလည်း ထို နိုင်ငံခြားရေးမှု ၀ါဒအရ ဖြစ်နိုင်ချေရှိသည်။ အာဏာရှင် ဦးနေ၀င်း လက်ထက်ကလိုပင် ယနေ့တိုင် မိမိတို့ အချုပ်အခြာ အာဏာပိုင်ဆိုင်ရာ နိုင်ငံအတွင်း မည်သည့်နည်းဖြင့် တရားမ၀င် ၀င်ရောက်လာသော သူများကို မိမိနိုင်ငံ၏ ဥပဒေဖြင့် ထိန်းချုပ် နိုင်စွမ်း မရှိချေ။

ပြီးနောက် အမေရိကန် လွတ်တော်အမတ် ဂျင်ဝဘ် ဟာ မြန်မာနိုင်ငံသို့ ရောက်လာပြီး ယက်တော့အား လာထုတ်ခဲ့သည်ဟု ဆိုစေကာမူ အမေရိကန်နှင့် စစ်အစိုးရ လမ်းကြောင်းတခု ပွင့်သွားခဲ့သည် ဆိုရမည်။ အမေရိကန် ပြည်ထောင်စုကပင် လမ်းကြောင်းပွင့်အောင် ပြုလုပ်ခဲ့သည်ဟုလည်း ထင်မှတ်စရာ ဖြစ်လာနေခဲ့ပြီ ဖြစ်သည်။ အမေရိကန်နိုင်ငံ၏ အနှစ် ၂၀ တိုင်တိုင် ချမှတ်ထားသော မူဝါဒများအတွက် ပြန်လည်စီးဆင်းရန် လမ်းကြောင်း ပွင့်သွားသည့်ဟု တွေးတော မိသည်။

သို့ဖြစ်ပါ၍ အမေရိကန် နိုင်ငံသား ခံယူထားသော သို့တည်းမဟုတ် မိမိရောက်ရှိနေသော ကမ္ဘာ့နိုင်ငံများတွင် နိုင်ငံသား ဖြစ်နေသော မြန်မာလူမျိုးထဲမှ တဦးတယောက်က ယက်တော ကသွားသည့် ဇာတ်လို အကွက်ဆင်ပြီး ၀င်ရောက်လျှင် နိုင်ငံသား ခံယူခွင့် ပေးထားသော နိုင်ငံက ယခုလို လွတ်မြောက်အောင် ကယ်ထုတ်ပေးနိုင်မလား…? ဟု… အတွေး လွင့်မျောရင်းဖြင့် ဤတလအတွင်း ဖြစ်ပွားခဲ့သည့် သတင်းများအား သုံးသပ်ချက်မိကာ ထိုမျှသာဖြင့် ရပ်နားပါရစေ…။

လူလ

ရွှင်လန်း ချမ်းမြေ့ပါစေ…

( မှတ်ချက်။ ။ “ မှားတဲ့ဖက်မှာ” စကားလုံး တချို့ကို ယူသုံးထားပါသည်။ )

Sunday, August 23, 2009

သတင်းမှတ်စု ( ၃၃ )

သြဂုတ်လ ၁၇ ရက်
ရက်သတ္တပတ် ၃၃၊ ၂၀၀၉
မြန်မာသတင်း

ဆရာကြီး ဦးဝင်းတင် ခွဲစိတ်ကုသမှု ခံယူ

မဇ္စျိမ (ချင်းမိုင်)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်သည် ရန်ကုန်ရှိ ဆေးရုံတရုံ၌ ယမန်နေ့က အောင်မြင်စွာ နှလုံးခွဲစိတ်ကုသမှု ခံယူခဲ့ကြောင်း သိရသည်။

အသက် ၈၀ အရွယ် သတင်းစာဆရာဟောင်း ဦးဝင်းတင်သည် နှလုံးခုန်နုန်း ပုံမှန် မရှိသည့်အတွက် စမ်းချောင်းမြို့နယ် အာရှတော်ဝင်ဆေးရုံ၌ တက်ရောက်ခဲ့ပြီး၊ ၁၆ ရက်နေ့ ညနေတွင် နှလုံးခွဲစိတ်ကာ စက်ထည့်သွင်းခဲ့သည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++

အမေရိကန်နိုင်ငံသား ပြစ်ဒဏ်မှ ကင်းလွတ်
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံနေရဆဲ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးပြီး နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ခွင့်ပေးရန် အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်တွေ့ဆုံရာတွင် တောင်းဆိုခဲ့ကြောင်း ယမန်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်သည် (၃) ရက်ကြာ မြန်မာနိုင်ငံခရီးစဉ် ပြီးဆုံးခဲ့ပြီးနောက် ယမန်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့ရာ ၎င်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ရေကူးဝင်ရောက်ခဲ့မှုဖြင့် ထောင် (၇) နှစ်ချမှတ်ခံရသည့် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ဝီလျံ ယက်တောလည်း ထောင်ဒဏ်က ကင်းလွတ်ပြီး ထိုင်းနိုင်ငံသို့ လိုက်ပါလာခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဆမ လက်မှတ် ရသော်လည်း ဆရာဝန်များ အလုပ်ရရန် မရေရာ

ချင်းမိုင် (မဇ္ဈိမ)။ ။ ဆေးတက္ကသိုလ် ဘွဲ့ရသူများကို မွမ်းမံသင်တန်း တလတက်ပြီးနောက် ဆေးကုသခွင့် လက်မှတ် (ဆမ) ထုတ်ပေးမည် ဖြစ်သော်လည်း အလုပ်ရရန် မလွယ်ကူကြောင်း သိရသည်။

ဆေးတက္ကသိုလ် ဘွဲ့ရပြီးသူများကို ယခင်က အစိုးရဝန်ထမ်းအဖြစ် ၃ နှစ် တာဝန်ထမ်းဆောင်မှသာ ဆေးကုသခွင့် လက်မှတ်ပေးခဲ့ရာမှ မွမ်းမံသင်တန်း တလ တက်ရောက်ရုံဖြင့် လက်မှတ်ပေးမည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက ပြီးခဲ့သည့် လအတွင်း ကြေညာလိုက်သော်လည်း အလုပ်ခန့်ထားရန်ကိုမူ ထုတ်ပြန်ပေးခြင်း မရှိသဖြင့် အလုပ်အတွက် စိုးရိမ်နေကြခြင်း ဖြစ်သည်။

၂၀၀၇ ခုနှစ် ဘွဲ့ရ ထက်ဝက်ခန့် နီးပါး အလုပ် အလုပ်ခန့်ထားရန် ကျန်ရှိနေသေးသည်။ ထိုသူများကို မွမ်းမံသင်တန်း တလ တက်ပြီး ဆမ လက်မှတ်ပေးမည် ဖြစ်သော်လည်း တရားဝင် အလုပ်ခန့်ထားရန် မသေချာခြင်းကြောင့် ဆေးကျောင်းသားများ စိုးရိမ်လာကြခြင်း ဖြစ်သည်။

ယခင်က အစိုးရ ဝန်ထမ်းအဖြစ် ၃ နှစ် မလုပ်ပါက ဆေးကုသခွင့် လက်မှတ် မရှိသဖြင့် တရားဝင် ဆေးကုသခွင့် မရှိရာမှ ယခု ဆမ လက်မှတ်ရပြီး အစိုးရ အလုပ်အကိုင် တရားဝင် ခန့်အပ်မခံရသော်လည်း အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက အပြင်ဆေးခန်းများ ဖွင့်ခွင့် ရရှိလာမည် ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

သံဃာတော်များ အရေးအခင်းစမည်ဟု သတင်းထွက်ပေါ်
ရန်ကုန်တွင် လုံခြုံရေးတိုးမြှင့်ချထား

ရန်ကုန်တွင် သံဃာအရေးအခင်း စတင်မည်ဟူသော သတင်းများ ယခုရက်ပိုင်းအတွင်း ပျံ့နှံ့နေပြီး လုံခြုံရေးများ ထပ်မံတိုးချဲ့ချထားကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ (၁၄) ရက်နေ့တွင် အဆိုပါသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ရန်ကုန်မြို့အခြေစိုက် သတင်းဂျာနယ် တခုမှ အယ်ဒီတာတဦးက ပြောသည်။
ကမ္ဘာအေးစေတီလမ်းပေါ်တွင် လုံခြုံရေးများစွာ ချထားသည်မှာ အဆိုပါသတင်းကြောင့်ဖြစ်ကြောင်း ကမ္ဘာအေးဘုရားရှေ့ ဂိတ်ပေါက်တွင် တာဝန်ကျရဲတပ်သားတဦးက ပြောသည်။

ရန်ကုန်တိုင်းအတွင်း ကျောင်းတိုက်များရှိ သံဃာတော်များကို အစိုးရဆန့်ကျင်မှုလုပ်ငန်းများတွင် ပါဝင်ပါက သံဃာများကို လူဝတ်လဲစေပြီး ထောင်ဒဏ် (၃) နှစ်ချမှတ်မည်ဟု မြို့နယ်အာဏာပိုင်များကတဆင့် အကြောင်းကြားထားကြောင်း မယ်လမု ဘုရားအနီး ကျောင်းတိုက်တခု၏ ဆရာတော်တပါးက မိန့်ကြားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

မလေး ထိန်းသိမ်းရေးစခန်းမှ မြန်မာအကျဉ်းသားများ ထွက်ပြေးလွတ်မြောက်

ကွာလာလမ်ပူ (မဇ္ဈိမ) ။ ။ မလေးရှားနိုင်ငံ စီပန်းရှိ ကေအယ်အိုင်အေ ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာအကျဉ်းသား ဦးရေ ၇၀၀ အနက် ၃၀ နီးပါးသည် ထိုစခန်းမှ ယမန်နေ့ ညနေပိုင်းက ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

ပြီးခဲ့တဲ့လက စမုံညင်း အကျဉ်းစခန်းတွင် ဆူပူမှုဖြစ်ပွားရာ၌ ပါဝင်ခဲ့သော မြန်မာအကျဉ်းသား ၇၀၀ အား ဇူလိုင်လ ၂၄ ရက်နေ့တွင် စမုံညင်းစခန်းမှ စီပန်းရှိ ကေအယ်အိုင်အေ စခန်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးက၊ ကွာလာလမ်ပူရှိ မြန်မာသံရုံးနှင့် ပူးပေါင်းကာ အကျဉ်းသား ၇၀၀ ကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် စီစဉ်နေစဉ် ယခုလို ထောင်ဖောက် ထွက်ပြေးသည့် အမှု ဖြစ်ပွားခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

တပြေးညီ စည်းကမ်းထားရန် စာပေစိစစ်ရေးကို တောင်းဆို

ယခုလ (၁၄) ရက်တွင် စာပေစိစစ်ရေးရုံး၌ စာပေစိစစ်ညွှန်မှူး ဗိုလ်မှူးတင့်ဆွေနှင့် တွေ့ဆုံရာတွင် ပုဂ္ဂလိက ဂျာနယ်တာဝန်ခံ အယ်ဒီတာများက စာပေစိစစ်ရေးအဖွဲ့အနေဖြင့် သတင်း၊ ဆောင်းပါးတို့ကို စိစစ်ခွင့်ပြုချက်ပေးရာတွင် တပြေးညီ စည်းကမ်းသတ်မှတ်ပေးရန် တင်ပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။

ဂျာနယ်များက စာပေစိစစ်ရေးသို့ သတင်းနှင့်ဆောင်းပါးများ တင်ပြရာတွင် သတ်မှတ်ချက်မရှိဘဲ လုပ်ချင်သလိုလုပ်နေကြောင်း၊ ဥပမာ သတင်းတပုဒ်ထဲကိုပင် ဂျာနယ်အချို့တွင် ဖော်ပြခွင့်ပြုပြီး ဂျာနယ်အချို့တွင် ပိတ်ပင်သည့် လုပ်ရပ်များကို ထောက်ပြ ပြောဆိုကြကြောင်း သတင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။
နအဖစစ်အစိုးရသည် ပုဂ္ဂလိက ဂျာနယ်များ၏ တင်ပြသမျှ သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံများနှင့် ပတ်သက်ပြီး အကြောင်းပြချက်မပေးဘဲ ပိတ်ပင်မှုများရှိကြောင်း၊ ခွင့်မပြုဘဲ ပိတ်ပင်သည့် အကြောင်းအရာများမှာလည်း နိုင်ငံရေးသာမက စီးပွားရေး၊ လူမှုရေး၊ အားကစား၊ ဘာသာပြန်၊ ကာတွန်း တို့ဖြစ်ကြောင်း၊ ဗိုလ်မှူးတင့်ဆွေ စာပေစိစစ်ရေးမှူးအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ဂျာနယ်များအပေါ် ခွဲခြားဆက်ဆံမှု များပြားလာကြောင်း အယ်ဒီတာများက ပြောသည်။

စာပေစိစစ်မှု နှောင့်နှေးအချိန်ကြာမှုနှင့်ပတ်သက်၍လည်း ပြည်တွင်းဂျာနယ်တာဝန်ခံ အယ်ဒီတာများက တင်ပြကြကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
သြဂုတ်လ ၁၈ ရက်
ရက်သတ္တပတ် ၃၃၊ ၂၀၀၉
မြန်မာသတင်း

KNU က ခွဲထွက်များ ပြန်လည် ပူးပေါင်းမှု ကြိုးပမ်းသွားမည်

မဇ္ဈိမ (ချင်းမိုင်)။ ။ KNU တပ်မဟာ (၆) နယ်မြေအတွင်းရှိ KNLA တပ်ရင်းအချို့က KNU သို့ DKBA တပ်ဖွဲ့ဝင်များ ပိုမို၍ ပြန်လည် ပူးပေါင်းလာနိုင်မည့် နည်းလမ်းများကို ဆွေးနွေး ရှာဖွေလျက် ရှိသည်။

KNU အတွင်းသို့ လာရောက်ပူးပေါင်းမည့် DKBA တပ်ဖွဲ့ဝင်များအား ၎င်းတို့၏ ရာထူးတာဝန်များအတိုင်း တာဝန်ထမ်းဆောင်ခွင့် ပေးနိုင်ရေးအတွက် တပ်မဟာ (၆) နယ်မြေဖြစ်သည့် ကရင်ပြည်နယ် ဒူပလာယာ ခရိုင်အတွင်းရှိ KNLA တပ်ရင်း ၁၆ နှင့် ၁၇ ရှိ တပ်မှူးအချို့အကြား ဆက်သွယ်ညှိနှိုင်းမှုများ ပြုလုပ်နေပြီဖြစ်သည်။

ယခု အစီအစဉ်အား တပ်မဟာ (၆) နယ်မြေအခြေစိုက် တပ်ရင်း ၃ ခုမှ အခြားတပ်ရင်းတခုဖြစ်သော တပ်ရင်းအမှတ် ၁၈ နှင့် ဆွေးနွေးနိုင်ခြင်း မရှိသေးသော်လည်း တပ်မဟာ (၆) တပ်မဟာမှူးထံသို့ တင်ပြထားသည်။

ယင်းကိစ္စများနှင့် ပတ်သက်၍ KNU ဗဟိုဌာနချုပ်သို့ တင်ပြလာလျှင် သုံးသပ်ပြီး သင့်တော်ပါက ဦးဆောင် အကောင်ထည် ဖော်သွားမည်ဖြစ်ကြောင်း KNU ဒုဥက္ကဌက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

နအဖဆန့်ကျင်ရေးလှုပ်ရှားမှု ပေါ်ပေါက်ပါက
မြို့ခံအာဏာပိုင်များအား အရေးယူမည်

ပြည်တွင်းတွင် သံဃာတော်လှုပ်ရှားမှု ပြန်လည်စတင်တော့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် နယ်မြို့များတွင် နအဖ စစ်အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှု တစုံတရာ ပေါ်ပေါက်လာက မြို့ခံအာဏာပိုင်အဖွဲ့အစည်းများအား ထိရောက်စွာ အပြစ်ပေးအရေးယူမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယင်းသို့အရေးယူမည့်အကြောင်းကို ပြီးခဲ့သည့် သြဂုတ် (၁၅) ရက်တွင် အမှတ် (၂) စက်မှုဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းက မော်လမြိုင်မြို့၌ မြို့နယ်အာဏာပိုင်တို့နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်မှ ဒုတိယ ရဲမှူးတဦးက ခေတ်ပြိုင်သို့ ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

တားမြစ်စားသုံးဆီများ အရောင်းတွင်နေဆဲ

ချင်းမိုင် (မဇ္ဈိမ)။ ။ ပြည်ပမှ တင်သွင်းသော စားသုံးဆီ လေးမျိုးကို တရားဝင် ပိတ်ပင်လိုက်သော်လည်း ဈေးနှုန်း သက်သာမှုကြောင့် ဈေးကွက် အတွင်း ဆက်လက် သုံးစွဲနေဆဲ ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနက ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့က ထိုင်းနိုင်ငံနှင့် မလေးရှားမှ တင်သွင်းသည့် စားသုံးရန် မသင့်သည့် ဆီ အမှတ်တံဆိပ် ၄ မျိုးကို နိုင်ငံပိုင် သတင်းစာများမှ တဆင့် အသိပေး ထုတ်ပြန်ခဲ့သော်လည်း ဈေးကွက်က ဆက်လက်သုံးစွဲနေခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မြန်မာနိုင်ငံတွင် စစ်တောင်းမြစ်ရေကြီး

ယနေ့မွန်းလွဲပိုင်း တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၏ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ကာ (၁,၁၇၂) စင်တီမီတာသို့ ရောက်ရှိနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒဌာနက သတင်းထုတ်ပြန်ထားသည်။

အဆိုပါမြစ်ရေသည် မဒေါက်မြို့၏ စိုးရိမ်ရေအမှတ် (၁,၀၇၀) ထက် (၁၀၂) စင်တီမီတာ (၃) ပေခွဲခန့် ကျော်လွန်နေကာ နောက် (၇၂) နာရီအထိ စိုးရိမ်ရေအမှတ်ထက်တွင် ရှိနေဦးမည်ဖြစ်သည်။

မြန်မာနိုင်ငံအောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် စစ်တောင်းမြစ်ရေမြင့်တက်လျက်ရှိကာ သြဂုတ် (၈) ရက်တွင် တောင်ငူမြို့လူနေရပ်ကွက်များအတွင်း ရေလွှမ်းမိုးမှုခံခဲ့ရပြီး သြဂုတ် (၁၀) ရက်တွင်လည်း ဖြူးမြို့နယ်အတွင်းရှိ လူနေအိမ်အချို့ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အန်အယ်ဒီ မြို့နယ်စည်း နောက်တိုး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

ချင်းမိုင် ။ ။ အင်းစိန်ထောင်ထဲတွင် ထောင်ဒဏ် ၇ နှစ်ခွဲ ပြစ်ဒဏ်ကျနေသည့် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အန်အယ်ဒီ မြို့နယ်စည်း ဦးတင်ယု အပါအဝင် အမှုတွဲတူ ၁၀ ဦးအနက်အချို့ကို ထောင်တွင်းတရားရုံးက ယခုလ ၁၄ ရက်နေ့တွင် နောက်တိုးထောင်ဒဏ်၂ နှစ်စီ ချမှတ်လိုက်ပြန်သည်။

၂ဝဝ၇ ခု သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ကုန်ဈေးနှုန်း ကျဆင်းရေးနှင့် သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် အမှုတွဲတခုထဲအဖြစ် ဖမ်းဆီးခံခဲ့ရပြီးနောက် စွဲချက်တင်ထားသည့် ပုဒ်မတချို့ဖြင့် ပြစ်ဒဏ် ၇ နှစ်ခွဲ ချမှတ်ခဲ့ပြီးနောက် ယခုတဖန် တာဝန်ဝတ္တတရား နှောင့်ယှက်မှုဖြင့် ၂ နှစ်စီ ထပ်မံ၍ ပြစ်ဒဏ်ချခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သြဂုတ်လ ၁၉ ရက်
ရက်သတ္တပတ် ၃၃၊ ၂၀၀၉
မြန်မာသတင်း

နိုင်ငံရေးအကျဉ်းသားများနှင့် စရဖ တွေ့ဆုံ


အင်းစိန်ထောင်အပါအဝင် နယ်ထောင်အသီးသီးတွင် အကျဉ်းချထားခံရသည့် နိုင်ငံရေးအကျဉ်းသားများအနက် အချို့ကို တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ဝင်များက ပုံမှန်သွားရောက်တွေ့ဆုံနေကြောင်း စုံစမ်းသိရှိရသည်။ ၎င်းအနေဖြင့် အထက်ညွှန်ကြားချက်အရ အချို့နိုင်ငံရေး အကျဉ်းသားများကို (၂) ခေါက်၊ အချို့ကို (၃) ခေါက် တွေ့ဆုံမေးမြန်းပြီးပြီဖြစ်ကြောင်း၊ ထောင်တွင်းတွေ့ဆုံမေးမြန်းရာ၌ အခြား ထောင်တာဝန်ကျများပင်လျှင် အနားတွင် ရှိမနေစေဘဲ နိုင်ငံရေးအကျဉ်းသားများနှင့် တဦးချင်း၊ တချိန်မှာ တယောက်ကိုသာ တွေ့ဆုံမေးမြန်းကြောင်း ရှင်းပြသည်။ ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများကို စရဖအဖွဲ့ဝင်များက ထောင်ထဲဝင်ပြီး မေးမြန်းနေသည့်ကိစ္စ အကျဉ်းသားမိသားစုဝင် များကလည်း စိတ်ဝင်စားနေကြပြီး ၎င်းတို့၏မိသားစုဝင်များ မကြာမီ ပြန်လွတ်လာနိုင်သည်ဟု မျှော်လင့်နေကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အဖြူရောင်ကင်ပိန်း အဆုံးသတ်

ချင်းမိုင် ။ ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ယခုလ ၁၅ ရက်နေ့မှ စတင်ခဲ့သော အန်အယ်ဒီ ပါတီဝင်များ၏ အဖြူရောင် ကင်ပိန်းသည် ယနေ့တွင် အပြီးသတ်လိုက်ပြီ ဖြစ်သည်။

၅ ရက်ကြာ ပြုလုပ်ခဲ့သည့် ကင်ပိန်းလှုပ်ရှားမှုအား ယနေ့တွင် အောင်မြင်စွာ အဆုံးသတ်ခဲ့ပြီဖြစ်ကြောင်း ပဲခူး၊ တွံတေး၊ ရေနံချောင်း၊ မန္တလေးနှင့် မြင်းခြံမြို့နယ်များမှ ပါတီခေါင်းဆောင်များက ပြောဆိုကြခြင်း ဖြစ်သည်။ ယခုလ ၁၁ ရက်နေ့တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထောင်တွင်းတရားရုံးက ပြစ်ဒဏ် ချခဲ့ပြီးနောက် အန်အယ်ဒီ ပါတီဝင်များ ဦးဆောင်သည့် အဖြူရောင်ကင်ပိန်းသည် ယခုမြို့နယ်များအပြင် အခြားသော မြို့နယ်ဒေသများတွင်လည်း လုပ်ဆောင်ခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အာဆီယံတောင်းဆိုမည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးရေး စုပေါင်းတောင်းဆိုရန်အတွက် အာဆီယံထိပ်ပိုင်းအရာရှိများသည် သြဂုတ် (၂၀) နှင့် (၂၁) ရက်၊ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ပြုလုပ်မည့် အစည်းအဝေးတွင် ဆွေးနွေးကြမည်ဟု သံတမန်သတင်းရပ်ကွက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရေးအတွက် အာဆီယံနိုင်ငံများ၏ စုပေါင်းသဘောတူညီချက်တရပ် ပေါ်ထွက်နိုင်ရန် ထိုင်းနိုင်ငံက ဆောင်ရွက်နေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပိရွမ်က ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ် မစ္စတာ အဖိဆစ်ကလည်း အမေရိကန်အထက်လွှတ်တော် အမတ် ဂျင်မ်ဝက်ဘ်နှင့် သြဂုတ် (၁၇) ရက်၌ တွေ့ဆုံခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချမှတ်လိုက်သည့် ကိစ္စနှင့်ပတ်သက်၍ အာဆီယံထိပ်တန်း အရာရှိများ ယခုသီတင်းပတ်အတွင်း တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ပြောကြားခဲ့သည်ဟု TNA သတင်းတွင် ဖော်ပြသည်။

မစ္စတာဝက်ဘ်နှင့်တွေ့ဆုံရာတွင် မစ္စတာအဖိဆစ်က အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း တနိုင်ငံ၏ ပြည်တွင်းရေးကို တနိုင်ငံက ၀င်ရောက်မစွက်ဖက်ရေးမူကို အခိုင်အမာပြောဆိုခဲ့ပြီး ပိတ်ဆို့အရေးယူမှုဖြင့် မြန်မာနိုင်ငံပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ၎င်းအနေဖြင့် မယုံကြည်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ကြံ့ဖွံ့ အတွင်းရေးမှူး မနက်ဖြန် ဂျပန် ရောက်မည်

နယူးဒေလီ (မဇ္စျိမ)။ ။ စစ်အစိုးရ ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးဌေးဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ မနက်ဖြန်တွင် ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိမည်ဖြစ်သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဟီရိုဖူမီ နာဂါဆိုနီ (Hirofumi Nakasone) ဖိတ်ကြားထားသည့် ၇ ရက်ကြာ ခရီးစဉ်တွင် ကြံ့ဖွံ့ အတွင်းရေးမှူး ဗိုလ်ချုပ်ဌေးဦးတဖြစ်လည်း ဦးဌေးဦးနှင့်အတူ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ စိုက်ပျိုးရေး စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွဋ်ဦး၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ အရာရှိများအပြင် စစ်ဘက်ဆိုင်ရာ လုံခြုံရေး အရာရှိများပါ သွားရောက်မည် ဖြစ်သည်။

ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် ထိုင်းလေကြောင်း TG ဖြင့် မြန်မာနိုင်ငံမှ စတင်ထွက်ခွာပြီး၊ ဂျပန်မြို့တော် တိုကျိုသို့ ANA – 916 ခေါ် နီပွန်လေကြောင်းလိုင်းဖြင့် ၂ဝ ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်မည်။

ယခုလ ၂၆ ရက်နေ့တွင် အဆုံးသတ်မည့် ခရီးစဉ်အတွင်း မြန်မာအဖွဲ့သည် တိုကျိုမြို့လယ်ရှိ Hotel New Otani တွင် တည်းခိုမည်ဖြစ်ကြောင်းနှင့် ရောက်ရှိသည့်နေ့တွင် တိုကျိုမြို့တောင်ဘက်ရှိ နိုင်ငံခြားသား ခရီးသွားများဖြင့် စည်ကားလျက်ရှိသော Kamakura အရပ်မှ ဗုဒ္ဓကြေးရုပ်ပွားတော်နှင့် ဇင်ဘုရား ပုထိုးဟောင်းများသို့ သွားရောက် ဖူးမျှော်မည်ဖြစ်ကြောင်း သတင်းရပ်ကွက်တခုက ဆိုသည်။
ကြံ့ဖွံ့ခေါင်းဆောင်နှင့် အဖွဲ့သည် ယခင်ကလည်း အိမ်နီးချင်း တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့သေးသည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဒီကေဘီအေ ဗိုလ်မှူးကြီးစောချစ်သူ လုပ်ကြံခံရ

တိုးတက်သောဗုဒ္ဒဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ၉၉၉ တပ်မဟာအခြေချ ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူသည် အောက်လက်ငယ်သားများ၏လုပ်ကြံမှုခံရ၍ ရန်ကုန်မြို့တွင် ဆေးကုသမှု ခံယူနေရသည်ဟု ဒီကေဘီအေနှင့် နီးစပ်သည့် ဘာသာရေးခေါင်းဆောင် တဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ယက်တော ထိုင်းကနေ ထွက်ခွာသွားပြီ

မဇ္ဈိမ (ချင်းမိုင်)။ ။ ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝင်းအတွင်း ခိုးဝင်သဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ကျခံရသူ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ယက်တောသည် ထိုင်းနိုင်ငံ ဘန်ကောက်မှ ယနေ့နံနက်တွင် အမေရိကားသို့ ထွက်ခွာသွားပြီ ဖြစ်သည်။

မစ္စတာ ဂျွန်ဝီလျံ ယက်တောသည် UA 890 လေကြောင်းဖြင့် ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ်မှ ထွက်ခွာသွားသည်ဟု ယင်းလေဆိပ် လူဝင်မှုကြီးကြပ်ရေးအရာရှိ ဗိုလ်မှူးကြီး Pongdej Chaiprawet က အေအက်ပီ သတင်းဌာနကို ပြောသည်။

သူသည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် လေယာဉ်ပြောင်း၍ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလီစ်မြို့သို့ ဆက်လက် ထွက်ခွာမည်ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သြဂုတ်လ ၂၀ ရက်
ရက်သတ္တပတ် ၃၃၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်အတွက် အယူခံ တင်သွင်းမည်

နယူးဒေလီ (မဇ္ဈိမ)။ ။ အင်းစိန်ထောင်တွင်း မြောက်ပိုင်းတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ချမှတ်ခဲ့သည်မှာ ဥပဒေနှင့် မကိုက်ညီဟုဆိုကာ သူမ၏ ရှေ့နေများက အယူခံ ဝင်သွားမည် ဖြစ်သည်။

တရားဝင် ရပ်ဆိုင်းပြီး ဥပဒေဖြင့် တရားစွဲဆို ပြစ်ဒဏ်ချခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ရန်ကုန်တိုင်း တရားရုံးတွင် လာမည့် တပတ်အတွင်း အယူခံတင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နိဒါန်း အပိုဒ် ၃ တွင် ဖော်ပြထားသည်မှာ ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သည့် အခြေအနေ အရပ်ရပ်ကြောင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရပ်ဆိုင်းသွားခဲ့ကြောင်း ဖော်ပြထားသည့်အပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်နေ့ ရက်စွဲဖြင့် လက်မှတ်ထိုးပြီး ကြေညာခဲ့သဖြင့် ထိုဥပဒေသည် ယခုအခါ ပျက်ပြယ်ပြီးကြောင်း ဦးကြည်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အမှုတွင် အဓိက ပြစ်မှုကျူးလွန်ခဲ့သည့် ဂျွန်ယက်တောသည် ထောင်တွင်း တရားခွင်က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သော်လည်း စစ်အစိုးရက နေရပ်ရင်း အမေရိကန်နိုင်ငံသို့ ပြန်ပို့ခဲ့ပြီး ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဦးဝင်းတင် ဆေးရုံမှဆင်းပြီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးဝင်းတင်သည် အာရှတော်ဝင် ဆေးရုံ၌ (၃) ရက်ကြာ ဆေးကုသခံယူခဲ့ပြီး ယနေ့ နေအိမ်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်သည်။

နှလုံးခုန်နှုန်း လျော့ကျလာသည့် ၀ါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်သည် သြဂုတ် (၁၅) ရက် ညပိုင်းတွင် အာရှတော်ဝင်ဆေးခန်းသို့ တက်ရောက်ခဲ့ရပြီး နှလုံးခုန်စက်ထည့်သွင်းတပ်ဆင်ထားရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အကျိုးတူ လယ်ယာမြေစနစ်ကြောင့် လယ်သမားများ လယ်ယာ ဆုံးရှုံး

ချင်းမိုင် (မဇ္ဈိမ)။ ။ ပုဂ္ဂလိကကုမ္ပဏီများနှင့် အကျိုးတူ လယ်ယာစနစ် လုပ်ကိုင်နေသော ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှ တောင်သူလယ်သမား ဦးရေ ၁၆၀၀ ကျော်သည် လယ်ယာမြေ ဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရကြောင်း အန်အယ်ဒီဗဟို တောင်သူလယ်သမားလုပ်ငန်းအဖွဲ့က ပြောသည်။

ပြီးခဲ့သည့်နှစ်က စိုက်ပျိုးရေးအထူးဇုန်အဖြစ် သတ်မှတ်ပြီး လယ်ဧက ၃ သောင်းကျော်တွင် ပုဂ္ဂလိက ကုမ္ပဏီ ၁၀ ခုကျော်နှင့် အကျိုးတူ လယ်ယာစနစ် စတင်လုပ်ကိုင်ခဲ့ရာ ယခုနှစ်တွင် ကုမ္ပဏီများက လယ်ပိုင်ရှင်များကို ပေါက်ဈေး တဧက ၄-၅ သိန်းရှိသော်လည်း တဧက ၂ သောင်းနှုန်းဖြင့်သာ ပေးချေ၍ လယ်မြေများကို သိမ်းယူလိုက်ကြောင်း ပြောဆိုခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

(၈၈) မျိုးဆက်ကျောင်းသားများအား ထောင်ဝင်စာမှန်မှန်မတွေ့နိုင်

နယ်ဝေးထောင်များသို့ အပို့ခံထားရသော (၈၈) မျိုးဆက်ကျောင်းသားများအား ထောင်ဝင်စာတွေ့နိုင်မှု အခက်အခဲ များစွာရှိနေကြောင်း မိသားစုဝင်များထံမှ သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ပဲကုန်သည်ကြီးများ အကြွေးမှု ၇၉ မှု ရင်ဆိုင်နေရ

ချင်းမိုင် (မဇ္ဈိမ)။ ။ ပဲဈေးကွက် ပျက်ခဲ့မှုကြောင့် ပြီးခဲ့သည့်နှစ်က အကြွေးတင်ခဲ့သည့် မြန်မာ့ပဲဈေးကွက်ကို ချုပ်ကိုင်ထားခဲ့သူ ပဲကုန်သည်ကြီး ၇ ဦး အနက် ၆ ဦးအား အကြွေးရလိုသူ ၇၉ ဦးက တရားစွဲဆိုလိုက်ပြီဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ကမ္ဘာ့ငွေကြေး အကြပ်အတည်းကာလနှင့် တိုက်ဆိုင်၍ ကမ္ဘာ့ပဲဈေး ထက်ဝက်ခန့် ရုတ်တရက် ထိုးကျသွားရာမှ အဓိက ပဲဝယ်ရောင်း ကုန်သည်ကြီး ၇ ဦးသည် ပေးရန် အကြွေးများစွာ ရှိနေသည်ကို အကြွေးရလိုသူ ကုန်သည်များက သက်ဆိုင်ရာ မြို့နယ်တရားရုံးများမှတဆင့် တရားစွဲဆိုကြခြင်း ဖြစ်သည်။ ကုန်သည် စက်မှု အသင်း၏ ဖျန်ဖြေရေး ကော်မတီက ပဲကုန်သည်များ၏ ရရန်နှင့် ပေးရန် ရှိသည်များကို တာဝန်ယူ ဖြေရှင်းပေးနေခြင်းကို ယခုလအတွင်း ရပ်ဆိုင်းလိုက်ပြီး ရရန်ရှိသူ ပဲကုန်သည်များကို သက်ဆိုင်ရာ မြို့နယ်များအလိုက် တရားစွဲ၍ တောင်းဆိုကြရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မေတ္တာကျေးရွာ ရွာသားအချို့
အိမ်ရာများ စွန့်ခွာထွက်ပြေးနေကြ


ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့ ညောင်ငူကျေးရွာအနီး စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပေးခဲ့သော မေတ္တာကျေးရွာတွင် နေထိုင်ခွင့်ရရှိသည့် နာဂစ်လေဘေးဒုက္ခသည်အချို့သည် မိမိတို့ မူလနေရပ်များသို့ ပြန်လည်ပြောင်းရွှေ့နေကြသည်။

အချို့က အိမ်ရာပြန်အပ်ပြီး အချို့က အိမ်ရာများကို သော့ခတ်ကာ မူလနေရပ်များသို့ ဒေသအာဏာပိုင်များမသိအောင် မသိမသာရွှေ့ပြောင်းနေကြသည်။

မေတ္တာကျေးရွာတွင် နေအိမ်ရရှိသူများသည် ဒေသ၏ (ဘောက်) ကျပန်းအလုပ်သမားများဖြစ်ပြီး ယခင်ဇာတိကျေးရွာ၏ လုပ်ငန်းခွင်များနှင့်ဝေးကွာခြင်း၊ စိုက်ပျိုးရန် မြေနေရာလွတ်မရှိခြင်း၊ သက်ဆိုင်ရာမှ အလုပ်အကိုင်အခွင့်အလမ်းများ မပေးနိုင်ခြင်းတို့ကြောင့် နေစရာရှိသော်လည်း စားစရာမရှိဖြစ်ကာ ယခုကဲ့သို့ ရွှေ့ပြောင်းကြခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

မေတ္တာကျေးရွာ၌ နေထိုင်ခွင့်စာရင်းဝင်သူများသည် မယူမနေရ အဆိုပါအိမ်ရာများတွင် နေထိုင်ကြရပြီး နေရေး စားရေးအခက်အခဲများကို ပြင်ပသို့ သတင်းပေါက်ကြားပါက ဖမ်းဆီးမည်ဟု သတင်းလွှင့်ထားခြင်းကြောင့် ရွာခံတို့မှာ အကြောက်လွန်နေကြသည်။ ယခင်လုပ်ငန်းခွင်ရှိရာ ကျေးရွာများနှင့် မေတ္တာကျေးရွာသည် (၃၀၄) မိုင် ဝေးကွာနေခြင်းကြောင့် ယခုကဲ့သို့ အိမ်ရာစွန့်ခွာထွက်ပြေးရခြင်းဖြစ်ကြောင်း ရွာခံများက ပြောသည်။ မေတ္တာကျေးရွာနှင့် ရွာချင်းကပ်ကျေးရွာများမှာ ဆယ်ဂဏန်းမျှသာရှိသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဆရာကံချွန် ကွယ်လွန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ကာတွန်း ကံချွန် (အသက် ၆၄ နှစ်) သည် မန္တလေးနေအိမ်တွင် အသည်းကင်ဆာဖြင့် ယနေ့ ညနေ ၃ နာရီ ခွဲတွင် ကွယ်လွန်သွားပြီ ဖြစ်သည်။

အရွယ်စုံ ပရိသတ်ရှိသူ စာရေးဆရာ၊ ပန်းချီဆရာ၊ ကာတွန်းဆရာ ဆရာကံချွန်၏ ရုပ်အလောင်းကို မနက်ဖြန် နေ့လည် ၁ နာရီတွင် မန္တလေးမြို့ ကြာနီကန် သုသာန်တွင် သင်္ဂြိုဟ်မည် ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သြဂုတ်လ ၂၁ ရက်
ရက်သတ္တပတ် ၃၃၊ ၂၀၀၉
မြန်မာသတင်း

မြန်မာပြည်တောင်ပိုင်းတွင် ဖောက်ခွဲမှု ဖြစ်ပွားနိုင်ဟု စစ်အစိုးရ သတိပေး

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ပူးပေါင်း၍ မြန်မာပြည် တောင်ပိုင်းဒေသများတွင် ဖောက်ခွဲရေးလုပ်ငန်းများ ပြုလုပ်လာနိုင်၍ သတိထားစောင့်ကြည့်ကြရန် စစ်အစိုးရအာဏာပိုင်များက စာဖြန့်ဝေကာ ကျေးရွာဥက္ကဋ္ဌတို့အား အသိပေးထားသည်။

အဆိုပါစာတွင် ကရင်အမျိုးသားအစည်းအရုံးနှင့် မွန်ပြည်သစ်ပါတီတို့ကို ပုတ်ခတ်ရေးသားထားပြီး ကေအန်ယူက ယင်းဖောက်ခွဲရေးလုပ်ငန်းအတွက် သင်တန်းသား (၆၀) ကျော်အား လေ့ကျင့်ပေးလျက်ရှိကြောင်းလည်း ပါရှိသည်။

မွန်ပြည်သစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ၏ ပြည်ပခရီးစဉ်နှင့်ပတ်သက်၍ ပုတ်ခတ်ရေးသားထားပြီး ၎င်းက အခြား အတိုက်အခံအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကေအန်ယူ ထိန်းချုပ်ရာ နယ်စပ်တနေရာတွင် ဖောက်ခွဲရေးအတွက် သင်တန်းပေးနေသည်ဟု စွပ်စွဲထားသည်။

ယင်းစာနှင့်ပတ်သက်၍ အခြေအမြစ်မရှိကြောင်း ပါတီသိက္ခာ ကျဆင်းစေရန်ရည်ရွယ်၍ စာလိုက်ဖြန့်နေခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ရာဇဝတ်မှုများ စုံစမ်းရေး ကော်မရှင်ဖွဲ့ရန် ကင်ပိန်းလှုပ်ရှားသူများ တောင်းဆို

နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် ကုလ လုံခြုံရေး ကောင်စီအနေဖြင့် စစ်အစိုးရ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ကာ စစ်ဆေးရမည့်အချိန် ကျရောက်နေပြီဟု ကင်ပိန်းလှုပ်ရှားသူများက ပြောဆိုလိုက်ကြသည်။

မကြာသေးခင်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက် ချမှတ်လိုက်ခြင်း၊ တိုင်းပြည်၏ နယ်စွန်နယ်ဖျားတွင် တိုင်းရင်းသား လူနည်းစုများအား မျိုးတုံးသတ်ဖြတ်နေခြင်းတို့ဖြင့် စစ်အစိုးရသည် သူတို့၏ ရက်စက်မှု၊ ခေါင်းမာမှုတို့ကို ရှင်းလင်းစွာ ပြသခဲ့ပြီးဖြစ်ကာ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ရန် တောင်းဆိုချက်ကိုလည်း လျစ်လျူရှုခဲ့သည်ဟု ကင်ပိန်းလှုပ်ရှားသည့် အဖွဲ့ ၃ ဖွဲ့က ဗုဒ္ဓဟူးနေ့က ပြောဆိုခြင်း ဖြစ်သည်။

အဆိုပါ အဖွဲ့ ၃ ဖွဲ့အနက်မှ တဖွဲ့ဖြစ်သည့် စင်ပြိုင်အာဆီယံအဖွဲ့ (Altsean Burma) ၏ ညှိနှိုင်း ဆက်သွယ်ရေးမှူးဖြစ်သူ ဒက်ဘီစတော့ဟတ် (Debbie Stothard) က ထိုသို့ စုံစမ်းရေးကော်မရှင်တရပ်ကို လုံခြုံရေးကောင်စီက ဖွဲ့စည်းပါရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကေအိုင်အို သြဇာသက်ရောက်မှု မရှိရန် ဖားကန့်စစ်ဗျူဟာမှူး ဆောင်ရွက်

ယခုလအစောပိုင်းမှစ၍ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အပါအဝင် ကျောက်စိမ်းတွင်းဒေသရှိ ဒေသခံလူထုအကြား ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ အာဏာသက်ရောက်မှု မရှိစေရန် ဖားကန့်စစ်ဗျူဟာမှူးက လုပ်ဆောင်နေသဖြင့် နှစ်ဖက်အကြား ဆက်ဆံရေးတင်းမာနေသည်။

ကေအိုင်အိုအဖွဲ့၏ တပ်ရင်း (၆) သည် ဖားကန့်မြို့နယ်၊ ဆိုင်းရာဒေသတွင် အခြေပြုတပ်စွဲထားပြီး ကျောက်စိမ်းတွင်း မှော်များတွင် ဖြစ်ပေါ်နေသည့် အမှုအခင်းကိစ္စရပ်များအား ဝင်ရောက်ဖြေရှင်းမှုများ ရှိနေသည့်အပေါ် ဖားကန့်စစ်ဗျူဟာမှူးက ယခုကဲ့သို့ ကန့်သတ်ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး ကေအိုင်အိုအဖွဲ့က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံသည့် ကိစ္စနှင့် ဆက်စပ်နိုင်သည်ဟု အများက ယူဆနေသည်။

ဒေသခံလူထုအတွင်း ဖြစ်ပေါ်သည့် ငွေကြေးအရှုပ်အရှင်းကိစ္စရပ်များ၊ ကျောက်စိမ်းအတုလုပ်ခြင်း၊ ခိုးဆိုးလုယက်မှုနှင့် လိမ်လည်မှုများနှင့်ပတ်သက်သည့် တိုင်ကြားချက်များကို ဒေသအတွင်းအခြေစိုက်သည့် ကေအိုင်အေတပ်မတော်၊ တပ်ရင်း (၆) က ဖြေရှင်းပေးလေ့ရှိသည်။

ယင်းလုပ်ရပ်များကို ကေအိုင်အိုက ၀င်ရောက်စွက်ဖက်သည်ဟုဆိုကာ တိုင်ကြားရန် ဖားကန့်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သန်းအောင်က ဌာနဆိုင်ရာ အာဏာပိုင်များအား အမိန့်တရပ်ထုတ်ထားသည်ဟု ဖားကန့်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက) ရုံးနှင့် နီးစပ်သူတဦးက ပြောသည်။ လုံးခင်းနှင့်ဖားကန့်မြို့မှလွဲ၍ ကျောက်စိမ်းမှော်နေရာအတော်များများတွင် ကေအိုင်အိုအဖွဲ့က ဆယ်စုနှစ်အတော်ကြာ စီမံခန့်ခွဲအုပ်ချုပ်နေခဲ့ရာမှ ၁၉၉၄ ခုနှစ်၊ ကေအိုင်အိုနှင့် စစ်အစိုးရအကြား အပစ်ခတ်ရပ်စဲရေး ပြုလုပ်ပြီးနောက်ပိုင်း ကျောက်စိမ်းတွင်း သွားရာလမ်းတွင် အခွန်ကောက်ခွင့်၊ ကျောက်စိမ်းမှော်များရှိ ကျောက်တွင်းများတွင် အခွန်ကောက်ခွင့်များ ကေအိုင်အိုက လက်လွှတ်ဆုံးရှုံးခဲ့ရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

လမ်းလျှောက်ဆန္ဒပြသူများ လွတ်မြောက်လာ

ချင်းမိုင်(မဇ္ဈိမ)။ ။ ၂၀၀၇ ခု စက်တင်ဘာလအတွင်းက ရန်ကုန်မြို့တွင်း လိုင်းကားခများ ဈေးတက်သဖြင့် လမ်းလျှောက် သဖြင့် ထောင်ကျခဲ့သူ NLD အဖွဲ့ဝင် ၃ ဦး ယနေ့ လွှတ်ရက်စေ့သဖြင့် ပြန်လည်လွတ်မြောက် လာကြသည်။

ရန်ကုန်တိုင်း ဒဂုံတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးအမျိုးသမီး တာဝန်ခံ ဒေါ်ခင်အေး (၆၅ နှစ်) မကွေးတိုင်း သရက်ထောင်မှ ယနေ့ လွတ်မြောက်လာသည်။ သူ၏ အမှုတွဲများဖြစ်သည့် ဦးစိုးကြွယ် (၆၈)နှစ် သည် ကချင်ပြည်နယ် မြစ်ကြီးနားထောင်၊ ဒေါ်မြင့်သိန်းသည် မန္တလေးတိုင်း မြင်းခြံထောင်တို့မှ ယနေ့ အသီးသီး လွတ်မြောက်လာပြီ ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

စာပေစိစစ်ရေးရုံးသို့ စာရေးဆရာကြီးနန်းညွန့်ဆွေ သွားရောက်ကန့်ကွက်

စာရေးဆရာကြီး နန်းညွန့်ဆွေသည် သုခမိန်ကလောင်အမည်ဖြင့် မြန်မာသစ်မဂ္ဂဇင်းအတွက် ရေးသားခဲ့သည့် သူ၏ဆောင်းပါးကို စာပေစိစစ်ရေးက ပိတ်ပင်လိုက်သဖြင့် မကျေမနပ်ဖြစ်ပြီး စာပေစိစစ်ရေးရုံးသို့ ကိုယ်တိုင် သွားရောက်ကန့်ကွက်ခဲ့ကြောင်း သိရသည်။

ဆရာကြီးနန်းညွန့်ဆွေသည် ပြီးခဲ့သည့်လက သုခမိန်ကလောင်အမည်ဖြင့် အပယ်ရတနာဆိုသည့် ဆောင်းပါးတပုဒ်ကို မြန်မာသစ်မဂ္ဂဇင်းသို့ ပေးပို့ခဲ့ရာ စာပေစိစစ်ရေးက ပိတ်ပင်ခဲ့သဖြင့် အကျိုးအကြောင်း သွားရောက်မေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါဆောင်းပါးတွင် ဆရာကြီးက သူ့၏ဇနီးသည် စာရေးဆရာမကြီး ဒေါ်ကြည်ဦး မကျန်းမမာဖြစ်ပြီး ဆေးရုံတင်ကာစမှ နောက်ဆုံးကွယ်လွန်ချိန်အထိ လွမ်းမောစရာ အမှတ်တရ အဖြစ်အပျက်များကို ရေးသားထားခြင်းဖြစ်သည်။ ဆောင်းပါးတွင် စာရေးဆရာမကြီး ဒေါ်ကြည်ဦးက အိမ်ထောင်ထိန်းသိမ်းခဲ့ပုံ၊ သား(၃) ယောက်ကို ပြုစုပျိုးထောင်ခဲ့ပုံ၊ စီးပွားရေးလုပ်ခဲ့ပုံ၊ တရားရှုမှတ်ပုံစသဖြင့် ရေးသားထားကြောင်း သိရသည်။

ထိုကဲ့သို့ နိုင်ငံရေးနှင့် ဆက်နွှယ်ပတ်သက်မှု လုံးဝမပါဘဲ၊ အကျဉ်းချခံနေရသည့် သားတဦးဖြစ်သူ ကိုသူရခေါ် လူရွှင်တော်ဇာဂနာအကြောင်း မရေးပါဘဲ ဘာကြောင့် ဆောင်းပါးကို ပိတ်ပင်ခဲ့သည်ကို ဆရာကြီးက နားမလည်နိုင် ဖြစ်ရသည်ဟု ဆိုသည်။

ထို့ကြောင့် မြန်မာသစ်မဂ္ဂဇင်းမှ အယ်ဒီတာတယောက်နှင့်အတူ စာပေစိစစ်ရေးရုံးသို့ ကိုယ်တိုင်သွားရောက်ခဲ့ခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )

Saturday, August 15, 2009

သတင်းမှတ်စု ( ၃၂ )

သြဂုတ်လ ၁၀ ရက်
ရက်သတ္တပတ် ၃၂၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်စုနေအိမ်ကို ပြုပြင်မည်

နယူးဒေလီ (မဇ္ဈိမ) ။ ။ နေအိမ်အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်မှုဖြင့် အင်းစိန်ထောင်တွင်း တရားစွဲ ခံနေရသူ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ပြင်ဆင်ရန် စီစဉ်နေပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်အရ ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်ကို ပြင်ဆင်ရန် ဗိသုကာ ပညာရှင်များက စတင်နေကြောင်း သိရခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ကို ပြင်ဆင်ပေးရန် ယခုလဆန်းမှစတင်ကာ မှာကြားခဲ့သည်။

၂၀၀၈ ခု မေလဆန်းတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ဒေါ်စု၏ နေအိမ်ခေါင်မိုး အုတ်ကြွတ်ပြားများ ကျိုးပဲ့ ပျက်စီးခဲ့သည်ကို ပြုပြင်ခဲ့ပြီးနောက်၊ ယခုတဖန် နေအိမ်ကို ပြန်ပြင်ရန် စီစဉ်နေခြင်း ဖြစ်သည်။

ပြန်လည်ပြုပြင်မည့် နေအိမ်တည်ရှိရာ မြေကွက်ဖြစ်သည့် တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ ခြံဝင်းအတွင်းရှိ မြေကွက်တချို့ ရောင်းချပြီးဖြစ်သဖြင့် ၇ ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ပြီးခဲ့သည့်လ ၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် အထက်တန်းရှေ့နေ ဒေါ်ချိုသဲမေနှင့် ဒေါ်ဝေဝေအောင်တို့က ကြေညာခဲ့သည်။ ဦးခင်မောင်အေးမှာ ကွယ်လွန်လေပြီးသော သခင်သန်းထွန်း၊ ဒေါ်ခင်ကြီးတို့၏ မွေးစားသားဖြစ်ပြီး တပ်မတော် အရာရှိဟောင်းနှင့် စာရေးဆရာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်နှင့် ဒေါ်ခင်ကြီးတို့မှာ ညီမအရင်း ဖြစ်ကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မြေမြှုပ်မိုင်း အသုံးပြုဆဲ ကမ္ဘာ့နိုင်ငံ (၂) နိုင်ငံတွင် မြန်မာ ပါဝင်

မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်း ထုတ်လုပ်သည့် ကမ္ဘာ့နိုင်ငံ အနည်းငယ်တွင် ပါဝင်နေပြီး ယခုအချိန်အထိ မြေမြှုပ်မိုင်းများကို တွင်ကျယ်စွာ အသုံးပြုနေဆဲ ကမ္ဘာ့နိုင်ငံ (၂) နိုင်ငံသာ ကျန်ရှိသည့်စာရင်းတွင် မြန်မာနိုင်ငံ ပါဝင်သည်ဟု အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းအသုံးပြုမှု ပိတ်ပင်ရေးလှုပ်ရှားမှုအဖွဲ့ (ICBL) က ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ပတ်သက်သည့် ပြဿနာရပ်များအား ပိုမို၍ ကိုင်တွယ်ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ မြေမြှုပ်မိုင်းကြောင့် အသက်အန္တရာယ် ခြိမ်းခြောက်နေမှုနှင့် သေကျေပျက်စီးမှုများအား ညွှန်ပြသည့် မြေပုံတပုံကို ICBL က ယမန်နေ့ သြဂုတ်လ (၇) ရက်က ထုတ်ဝေခဲ့သည်။ အဆိုပါမြေပုံကို ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်မှ မြန်မာနိုင်ငံ သတင်းစီမံခန့်ခွဲရေး ယူနစ်က မြေမြှုပ်မိုင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့၏ အချက်အလက်အပေါ်တွင် အခြေခံ၍ ရေးဆွဲပြသထားခြင်းဖြစ်သည်။ မြေမြှုပ်မိုင်း တင်သွင်း၊ ထုတ်လုပ်၊ သုံးစွဲခြင်းကို ပိတ်ပင်ရန် နိုင်ငံတကာ သဘောတူညီချက်ဖြစ်သည့် ၁၉၉၇ အော်တိုဝါ (Ottawa) စာချုပ်တွင် လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် နိုင်ငံ (၃၀) ကျော်တွင် မြန်မာနိုင်ငံလည်း ပါဝင်သည်။

နိုင်ငံတကာမှ ဆောင်ရွက်နေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မြေမြှုပ်မိုင်း ကင်းစင်ရေး အစီအစဉ်များကိုလည်း မြန်မာစစ်အစိုးရက ပါဝင်ခြင်းမရှိသေးကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းကြောင့် သေကျေ၊ ထိခိုက်ဒဏ်ရာရရှိမှု အများဆုံးနိုင်ငံတို့တွင် ပါဝင်ပြီး ICBL ၏ စာရင်းအရ မြေမြှုပ်မိုင်း ပေါက်ကွဲမှုသည် တနေ့လျှင် အနည်းဆုံး တကြိမ်ကျ ဖြစ်ပွားနေကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

NLD အမတ် ထောင်ပြောင်းခံရ

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အန်အယ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ခိုင် အား သံတွဲထောင်မှ နေရပ်နှင့် ပိုမို ဝေးလံသည့် မကွေးတိုင်း သရက်ထောင်သို့ ယမန်နေ့က ပြောင်းရွှေ့ခံရသည်။

တောင်ကုတ်မြို့နယ် အန်အယ်ဒီ စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌနှင့် ပြည်နယ် စည်းရုံးရေးကော်မတီ ဒု ဥက္ကဋ္ဌလည်း ဖြစ်သူ ၈၇ နှစ်အရွယ် ဦးကျော်ခိုင် ပြီးခဲ့သည့်လ ၁၃ ရက်နေ့တွင် အသရေဖျက်မှုဖြင့် မြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်ချထားရာမှ ယခုလို ထောင်ပြောင်းရွှေ့မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဒီကေဘီအေနှင့် နအဖတပ်တို့ ပစ်ခတ်မှုဖြစ်ပွား နအဖဘက်မှ (၃) ဦး သေဆုံး

ယနေ့နံနက်တွင် နအဖစစ်သား (၂) ဦးနှင့် ရဲ (၁) ဦးကို ပစ်သတ်သွားသည့် ဒီကေဘီအေတပ်ဖွဲ့ဝင် (၃) ဦးအား နအဖနှင့် ဒီကေဘီအေတို့ ပူးပေါင်းကာ အပူတပြင်းတောနင်းရှာဖွေလျက်ရှိသည်။

တိုးတက်သောဗုဒ္ဒဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တပ်မဟာ (၅) မှ အရာရှိတဦးဖြစ်သူ ဗိုလ်စောဖာထောနှင့်တပ်သား (၂) ဦးသည် မြ၀တီမှ ကားဖြင့် ကော့ကရိတ်သို့အဆင်း အောက်ဘိုတဲအရောက်တွင် နအဖစစ်တပ်ဂိတ်မှ ၎င်းတို့ကားကို ရပ်တန့်ခိုင်းရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး နအဖတပ်သားနှင့်ရဲတို့ သေဆုံးခြင်းဖြစ်သည်။

၎င်းတို့စီးလာသည့်ကားကိုထား၍ တောထဲဝင်ပြေးသွားသည့် စောဖာထောနှင့်အဖွဲ့နောက်သို့ နအဖနှင့်ဒီကေဘီအေ တပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေလျက်ရှိသော်လည်း ဖမ်းဆီးရမိခြင်းမရှိသေးဟု ဒီကေဘီအေဘက်က ပြောသည်။ ဒီကေဘီအေတပ်မဟာ (၅) မှူး ဗိုလ်မှူးချုပ်စောလားပွယ်အနေဖြင့် နအဖနှင့် ပြဿနာအဖြစ်မခံနိုင်ကြောင်း၊ သေသေရှင်ရှင် အမိဖမ်းရန်နှင့် ကေအန်ယူထံ လုံးဝအရောက်မခံနိုင်ကြောင်း၊ ၎င်း၏ လက်အောက်ခံတပ်ရင်းများနှင့် ဒီကေဘီအေ (၉၉၉) တပ်မဟာကိုလည်း ကြေးနန်းပို့ထားကြောင်း ထိုအရာရှိက ပြောသည်။

မြ၀တီတွင် ဒီကေဘီအေအချင်းချင်း ပိုက်ဆံကိစ္စကြောင့် ပြဿနာစတင်ဖြစ်ပွားရာမှ ကော့ကရိတ်အဆင်းတွင် ယခုကဲ့သို့ နအဖတပ်နှင့် ပစ်ခတ်မှုဆက်လက်ဖြစ်ပွားခြင်းဖြစ်သည်ဟု သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ကေအိုင်အိုက ကချင်အာဇာနည်နေ့ အခမ်းအနား ကျင်းပ

ရွှေလီ (မဇ္ဈိမ) ။ ။ ၃၄ နှစ်မြောက် ကချင်အာဇာနည်နေ့ အခမ်းအနားတရပ်ကို ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ထိန်းချုပ်ရာ ဗဟိုဌာနချုပ် လိုင်ဇာမြို့၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ကေအိုင်အို ဥက္ကဋ္ဌ လထော်ဇော်ဆိုင်းအပါအဝင် ခေါင်းဆောင် ၃ ဦး လုပ်ကြံခံခဲ့ရသည့် နေ့ရက်ကို အစွဲပြုကာ ကချင်ဘာသာဖြင့် ShaReShaGam Nine Htoi ဟု ခေါ်ဆိုသည့် အာဇာနည်နေ့ အခမ်းအနားကို လိုင်ဇာမြို့ရှိ ကေအိုင်အေ စစ်တပ်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံများဟူ၍ အဖွဲ့များခွဲ၍ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ၁၉၇၅ နှစ် သြဂုတ်လ ၁၀ ရက်နေ့တွင် အေအိုင်အို ဥက္ကဋ္ဌ လထော်ဇော်ဆိုင်း (Lahtaw Zau Seng) နှင့်အတူ အတွင်းရေးမှူး ဖုန်ရွှေ ဇော်ဆိုင်း (Pungshwe Zau Seng) ၊ စစ်ရေးတာဝန်ခံ လထော်ဇော်တူး (Lattaw Zau Tu) တို့သည် ထိုင်း-မြန်မာနယ်စပ် BP1 အနီးရှိ ကူမင်တန် စစ်စခန်းဟောင်းအနီး Thang Ngawk Bum နယ်စပ်တနေရာတွင် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသည်။

၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကေအိုင်အို လက်နက်ကိုင် တော်လှန်ရေး စတင်ချိန်တွင် ပါဝင်ခဲ့သည့် ခေါင်းဆောင် ၇ ဦးတွင် ယခု ကျဆုံးသူများ ပါဝင်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဝါဒဖြန့်ဆောင်ပုဒ်များ အတင်းအကျပ် ထည့်ခိုင်း

နအဖစစ်အစိုးရ စာပေစိစစ်ရေးဌာနက ပုဂ္ဂလိကဂျာနယ်များကို ဝါဒဖြန့်ဆောင်းပါး အရှည်သာမက ဝါဒဖြန့်ဆောင်ပုဒ် များကိုလည်း အတင်းအကျပ် ထည့်သွင်းခိုင်းနေကြောင်း ပြည်တွင်းမှ သတင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

၎င်း၏ပြောပြချက်အရ မဖြစ်မနေ ထည့်သွင်းပေးရသည့် ဝါဒဖြန့် ဆောင်ပုဒ်များမှာ “ဒီမိုကရေစီခေတ် အနာဂတ်သစ်၊ ဖျက်ပစ်လိုသူများ သတိထား၊ ဆူပူသူများ မလိုလား၊ မစားရတဲ့အမဲ သဲနဲ့ပက်၊ ဆူပူသူတွေ ချောင်းတဲ့အကွက်၊ တွဲလက်ညီလာ တားဆီးပါ၊ ရွှေပြည်တော်က အနီးမှာ” စသည့်ဆောင်ပုဒ်များဖြစ်ကြောင်း သိရသည်။

ယခု ဝါဒဖြန့်ဆောင်ပုဒ်များကို ဂျာနယ်များက ကိုယ့်သဘောဖြင့်ကိုယ် ထည့်ခြင်းမဟုတ်ဘဲ စစ်အစိုးရက အတင်းအကျပ် ထည့်ခိုင်း၍ ထည့်ရခြင်းဖြစ်ကြာင်း အားလုံးသိကြသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

တပ်မတော် သမိုင်းကြောင်း ရုပ်ရှင် စတင်ရိုက်ကူး

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ့လွတ်လပ်ရေး တိုက်ပွဲဝင် ရဲဘော်သုံးကျိပ်မှစ၍ လက်ရှိ စစ်အစိုးရအထိ တပ်မတော် သမိုင်းကြောင်း ပေါ်လစီ ရုပ်ရှင်ဇာတ်ကားကို ကြယ်စင်မော်ကွန်း အမည်ဖြင့် ရုပ်ရှင်ဇာတ်ကားကြီးကို ရုပ်ရှင် ထုတ်လုပ်ရေး မိုးဆန်းပန်း ကုမ္ပဏီက စတင်ရိုက်ကူးနေပြီ ဖြစ်သည်။

ဗိုလ်ကြီးတဦးဖြစ်သူ စာရေးဆရာ တင်အောင်စိုး (ပန်းမြို့တော်) ရေးသားသည့် စာမူကို ငြိမ်းမင်းက ဇာတ်ညွှန်းခွဲပြီး၊ ဒါရိုက်တာ ပန်းချီ စိုးမိုးက ယခုလအတွင်းမှ စတင်ကာ ရိုက်ကူးနေခြင်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း လက်ထက် ရဲဘော်သုံးကျိပ် ခေတ်မှစ၍ ယနေ့ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအထိ သမိုင်းကြောင်းကို ယင်းခေတ်ကို သိမီခဲ့သူများနှင့် မြန်မာ့သမိုင်း စာအုပ်များကိုသာ အခြေခံ၍ ဇာတ်လမ်းပုံစံ ဖော်ထားသည်။

ယင်းဇာတ်ကားကို လူမင်း၊ နေတိုး၊ ဝေဠုကျော်၊ ထွန်းထွန်း၊ သူထူးစံ၊ ပန်းဖြူ၊ တင့်တင့်ထွန်း၊ အိန္ဒြာကျော်ဇင်၊ သက်မွန်မြင့်တို့ ပါဝင်သရုပ်ဆောင်ကြမည် ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

စစ်ကိုင်းတိုင်းနှင့်အထက်ပိုင်းတွင် မိုးခေါင်
စိုက်ပျိုးရေ မရရှိသဖြင့် စပါးမစိုက်နိုင်

စစ်ကိုင်းတိုင်းနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း စပါးအဓိကထွက်ရာ ရွှေဘို၊ ကောလင်း၊ မိုးညှင်းခရိုင်တို့အတွင်း မိုးခေါင်နေသောကြောင့် စိုက်ပျိုးရေအခက်ခဲဖြစ်ကာ စပါးမစိုက်နိုင်ဘဲ ဖြစ်နေသည်။

သဖန်းဆိပ်နှင့် ကာဘိုးဆည် အနီးတ၀ိုက်တွင်သာ စက်များဖြင့် ရေသွင်းစိုက်ပျိုးနေကြပြီး မန္တလေးမှ မိုးညှင်းအထိ မီးရထားသံလမ်းတလျှောက် ဒေသအတော်များများတွင် လယ်ထွန်ပြီးစီးနေသော်လည်း မိုးမရွာသဖြင့် ရေမရရှိဘဲ စပါးစိုက်ပျိုးရန် အခက်အခဲများနှင့် ကြုံနေရကြောင်း ကောလင်းနယ်သားတဦးက ပြောသည်။ ရွှေဘို၊ ကောလင်းနှင့် မိုညှင်းဒေသတို့သည် စပါးအထွက်များသဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားသို့ ဆန်စပါး တင်ပို့ရောင်းချ နေရသော်လည်း ယခုအခါ မိုးခေါင်နေသဖြင့် ဆန်စပါး အခက်အခဲကြုံတွေ့ရမည်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ဒေသခံ အာဏာပိုင်များက ဆန်စပါးတင်ပို့ရောင်းချခွင့်ကို ပိတ်ပင်ထားသည်ဟု အဆိုပါကောလင်းမြို့သားက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ယက်တော ကျန်းမာရေး ကောင်းမွန်လာ

နယူးဒေလီ (မဇ္စျိမ)။ ။ ဒေါ်စုနေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သူ မစ္စတာ ဂျွန်ယက်တောသည် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရာမှ သက်သာလာပြီ ဖြစ်သည်။

အင်းစိန်ထောင်အတွင်း ပြီးခဲ့သည့်တပတ် တနင်္လာနေ့တွင် မူးလဲခဲ့သဖြင့် ဆေးရုံ တက်ရောက် ကုသနေခဲ့ရသည်။ မစ္စတာယက်တောသည် ဆီးချို၊ သွေးတိုးအပြင် ယခုနောက်ဆုံး ဝက်ရူးပြန်ရောဂါတို့ဖြင့် ဆေးရုံတက်ရခြင်း ဖြစ်သည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သြဂုတ်လ ၁၁ ရက်
ရက်သတ္တပတ် ၃၂၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်

တက္ကသိုလ်ရိပ်သာလမ်းကို ပြန်လည် ပိတ်လိုက်ပြီ

ဒေါ်အောင်ဆန်းစုကြည်ကို ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လဖြင့် နေအိမ်သို့ ပြန်လည် ပို့ဆောင်ရန် အင်းစိန်ထောင်တွင်းရှိ အထူး တရားရုံးက ဆုံးဖြတ်ခဲ့မှုနှင့် တိုက်ဆိုင်စွာ သူမ၏ နေအိမ်တည်ရှိရာ တက္ကသိုလ် ရိပ်သာလမ်းကို နေအိမ် အကျယ်ချုပ် ကျစဉ်ကာလကဲ့သို့ အများပြည်သူ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်သည်။

-----------------------------------

အင်းစိန်ထောင်တွင်းရှိ အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်လိုက်သော်လည်း ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲကာ နေအိမ်တွင် ပြန်နေခွင့် ပြုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းပပတို့ကို ပြစ်မှု ကျူးလွန်သည်ဟု တရားရုံးတော်က ဆုံးဖြတ်ပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ သို့သော် မြန်မာ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ခြင်းအတွက် လျော့ပေါ့ပြစ်ဒဏ်အဖြစ် ထက်ဝက်လျော့ချကာ ထောင်ဒဏ် ၁ နှစ်ခွဲကျခံ၇န် ဒေါ်စုအပေါ် ဆုံးဖြတ်ချက်ခဲ့သည်။ ထို့နောက် ဆိုင်းငံ့ ပြစ်ဒဏ် ပေးလိုက်သည်။

အမေရိကန်နိုင်ငံသား ဂျွန်ယက်တောကိုမူ ထောင်ဒဏ် ၇ နှစ် အပြစ်ပေးလိုက်သည်။
----------------------------------

တရားရုံးတော်က စီရင်ချက် ချပြီးချိန်တွင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ရောက်ရှိလာပြီး နံပါတ်တစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ယမန်နေ့က နေ့စွဲ ရေးထိုးထားသော အမိန့်ကြေညာစာကို ဖတ်ပြသည်။

အကယ်၍ ပြစ်ဒဏ်ချမှတ်ခံရလျှင် သတ်မှတ်ပြစ်ဒဏ်ရဲ့ ထက်ဝက်ကိုသာ ကျခံစေရန်နှင့် ကောင်းမွန်စွာ နေထိုင်ခဲ့လျှင် လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟုလည်း ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေအိမ်တွင် ကန့်သတ်ချက်များဖြင့် နေထိုင်ရမှာ ဖြစ်သည်။ ကန့်သတ်ချက်များတွင် ကြိုတင်ခွင့်ပြုချက် တောင်းခံပြီး ဧည့်သည်တွေ့ရန်၊ အခြားသော အခွင့်အရေးများအတွက် စာရေးသား တောင်းခံရန်နှင့် သတင်းစာ ဂျာနယ်ဖတ်ခွင့်၊ တီဗီကြည့်ခွင့်တို့ ရသည်။
-----------------------------------

လမ်းများနှင့် အင်းစိန်ဈေး ပြန်ပိတ်ပြီ

ရန်ကုန် အင်းစိန်ထောင် ပတ်ဝန်းကျင်ရှိ ကားလမ်းများကို နံနက်ပိုင်းက လူအများသွားလာနိုင်ရန် ဖွင့်လှစ်ပေးခဲ့သော်လည်း နေ့လည် ၁၂ နာရီခန့်တွင် အဆိုပါ လမ်းများနှင့် အင်းစိန်ဈေးကို အာဏာပိုင်များက ပိတ်ပစ်လိုက်ပြီဖြစ်သည်။

အင်းစိန်ကုန်းတံတားတွင် ရဲကား ၁၀ စီးခန့် အင်အားအပြည့်ဖြင့် ရှိနေသလို၊ မီးရထားဝင်းများ၊ လမ်းများပေါ်တွင် ကား ၇ စီးခန့် ရပ်ထားကာ အရပ်ဝတ်များ မြောက်မြားစွာ ချထားသည်။
----------------------
ပြည်နယ်နှင့် တိုင်း ပါတီဝင်များ စုရုံးရောက်ရှိ

ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချမည့် ယနေ့တွင် ပြည်နယ်နှင့်တိုင်း အန်အယ်ဒီ ပါတီဝင်များနှင့် ထောက်ခံအားပေးသူ ဦးရေ တထောင်ကျော် ရောက်ရှိနေသည်။

“ဒီနေ့က တော်တော်ကို များတယ်။ လူတော်တော်စုံပြီးတော့ များတယ်။ ခန့်မှန်းခြေက ထောင်ကျော်မယ်။ ဟိုဘက်ကုန်းထိပ်ဘက်မှာရော၊ ဒီဘက်မှာလည်းဆိုတော့ ထောင်ကျော်ကတော့ သေချာတယ်” ဟု အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ အန်အယ်ဒီ ခေါင်းဆောင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

“ဒီတခါ ထူးတာက ပထမ စီရင်ချက်ချမယ်ဆိုတဲ့ နေ့လိုမျိုးပဲ လမ်းမပိတ်ဘူး။ ကုန်းတံတားကနေ ကျော်ပြီးတော့ ဝင်လို့ရတယ်။ အင်းစိန်ဈေးရဲ့ အလယ်ပေါက်လောက်ကနေ အဲဒီနေရာမှာ လူတွေ စုနေတယ်။ ဝင်လို့ရတယ်” ဟု အန်အယ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။

ရန်ကုန်တိုင်း ခရမ်း၊ သုံးခွ၊ မင်းလှ စသည့် မြို့နယ်များမှ အန်အယ်ဒီ လူငယ်များသည် အုပ်စုလိုက်လာကြပြီး အဝါရောင်ဆွဲကြိုး၊ အချို့လူငယ်များသည် အနီရောင်၊ အနက်ရောင် ဆွဲကြိုးများ ဝတ်ဆင်လာကြသည်။

မန္တလေးတိုင်း အန်အယ်ဒီ ဥက္ကဋ္ဌ ဦးသိန်းတန်၊ လွှတ်တော်အမတ်များဖြစ်သည့် ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာမျိုးအောင်၊ ဦးလှဦး၊ ဒေါက်တာမေဝင်းမြင့်တို့အပြင် နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာဝင်းနိုင်၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်နှင့် လွှတ်တော်ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အတွင်းရေးမှူး ဦးအေးသာအောင်၊ ဗိုလ်ချုပ်အောင်ဆန်း၏ အကိုဖြစ်သူ ဦးအောင်သန်း၏ သား ဦးချိုအောင်သန်းတို့လည်း ရောက်ရှိနေသည်။
--------------------
ရှေ့နေများနှင့် သံတမန်များ ထောင်တွင်းသို့ ဝင်ရောက်

ဒေါ်စု၏ ရှေ့နေများဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်၊ ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် နိုင်ငံခြား သံတမန်ကား ၇ စီးခန့် အင်းစိန်ထောင်အတွင်း နံနက် ၁၀ နာရီကျော်တွင် ဝင်ရောက်သွားသည်။
---------------------
ပါတီခေါင်းဆောင်များ တရားခွင်သို့ ဝင်ခွင့်ရရေး ကြိုးပမ်း

ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ တရားခွင်သို့ ဝင်ရောက်လေ့လာခွင့် ရရှိရန် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့သည် စစ်အစိုးရထံ ယမန်နေ့က တောင်းဆိုခဲ့သော်လည်း ယခုထိ ဝင်ခွင့် မပေးခဲ့ပါ။

ကျန်းမာရေး မကောင်းသော အန်အယ်ဒီ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးဝင်းတင်တို့ အပါအဝင် ဗဟို အလုပ်အမှုဆောင် အဖွဲ့များ ဝင်ရောက်ခွင့်ရရှိရေး ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

နအဖစစ်တပ်နှင့် ကိုးကန့်တပ်ဖွဲ့အကြား နှစ်ဘက် ပစ်ခတ်လုနီးပါး အခြေအနေဖြစ်

ယခုလ (၈) ရက်တွင် ရှမ်းပြည်အရှေ့မြောက်ပိုင်း၊ ကိုးကန့်ဒေသအတွင်း နအဖနှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ထားသည့် မြန်မာနိုင်ငံ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နှင့် ဒေသခံစစ်တပ်အကြား နှစ်ဘက် ပစ်ခတ်လုနီးပါးအထိ ပြဿနာဖြစ်ခဲ့သည်။

လောက်ကိုင်ဒေသကွပ်ကဲရေးစစ်ဌာနချုပ်မှ ကင်းတပ်ခွဲတခွဲ၊ မူးယစ်အဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့ စုစုပေါင်း လူအင်အား (၇၀) ခန့်ဖြင့် ကိုးကန့်တပ်ဖွဲ့ ဥက္ကဋ္ဌ ဖုန်ကျားရှင်၏ နေအိမ်သို့ ၀င်ရောက်ရှာဖွေရန် သွားရောက်စဉ် ကြိုတင်သတင်းရထားသည့် ကိုးကန့်တပ်ဖွဲ့မှ လက်ဦးမှုယူကာ ၀ိုင်းဝန်းပိတ်ဆို့ခဲ့ရသည်ဟု ကိုးကန့်တပ်ဖွဲ့ ခေါင်းဆောင်များနှင့်နီးစပ်သူ ဒေသခံတဦးက ပြောသည်။ ထိုသို့ ပိတ်ဆို့ထားစဉ် ကိုးကန့်တပ်ဖွဲ့ဥက္ကဋ္ဌ ဖုန်ကျားရှင် နေ့လယ်ပိုင်း (၂) နာရီခွဲ၌ ရောက်ရှိသွားပြီး ဂိုဒေါင်သို့ စစ်ဆေးလိုက စစ်ဆေးနိုင်ကြောင်း၊ သို့သော်လည်း လက်နက်ယူဆောင်ခွင့်မပြုဟု ပြောဆိုခဲ့ပြီးနောက်ပိုင်း အဆိုပါတပ်ဖွဲ့မှာ ပြန်လည်ဆုတ်ခွာ သွားခဲ့သည်ဟု ယင်းဒေသခံက ဆက်လက်ပြောသည်။

အခင်းဖြစ်ပြီးနောက်တနေ့တွင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် လောက်ကိုင်ဒေသ ကွပ်ကဲရေးစစ်ဌာနချုပ်သို့ ရောက်ရှိလာပြီး ဥက္ကဋ္ဌ ဖုန်ကျားရှင်အား တွေ့ဆုံတောင်းပန်လိုကြောင်း ပြောဆိုခဲ့ရာ ဥက္ကဋ္ဌ ဖုန်ကျားရှင်က တွေ့ဆုံရန် ငြင်းဆိုလိုက်ပြီး ညနေပိုင်းတွင် သာမန်ခေါင်းဆောင်အချို့နှင့် တွေ့ခဲ့သည်ဟု ကိုးကန့်တပ်ဖွဲ့ ခေါင်းဆောင်များနှင့်နီးစပ်သူ ဒေသခံက ပြောသည်။

ယခုကဲ့သို့ နှစ်ဖက်အကြား အခြေအနေတင်းမာနေစဉ်အတွင်း ဒေသခံအရပ်သား (၁) သောင်းကျော်ခန့် တရုတ်ပြည်ဘက် ခြမ်းသို့ တိမ်းရှောင်ခဲ့သဖြင့် ဒေသတည်ငြိမ်မှု ပျက်ပြားသွားခဲ့ရသည်ဟု တရုတ်-မြန်မာနယ်စပ်ရှိ စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ လျှော့ပေါ့ပြောင်းလဲခြင်း၊ ဆိုင်းငံ့ခြင်းနှင့် ကောင်းမွန်စွာ နေထိုင်ပါက လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း

အပိုဒ် ၁ ။ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးတွင် ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၄၇/၂ဝဝ၉ ဖြင့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ တားဆီးကာကွယ်သည့် ဥပဒေ ၂၂ ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည် (ဘ) ဦးအောင်ဆန်းအပေါ် တာဝန်ရှိသူများက မလွှဲမရှောင်သာဘဲ တရားစွဲဆိုခြင်း ပြုခဲ့ရခြင်းကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအနေဖြင့် စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ခဲ့ပါသည်။

အပိုဒ် ၂ ။ သို့ရာတွင် တရားဥပဒေ စိုးမိုးရေးအတွက် တည်ဆဲဥပဒေနှင့်အညီ မှန်ကန်မျှတစွာ တရားစီရင်မှုကို နိုင်ငံသား အားလုံးက လေးစားလိုက်နာ ခံယူကြရမည် ဖြစ်သည်။

အပိုဒ် ၃ ။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို အသက်ပေး၍ ရယူပေးခဲ့သည့် နိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်ခြင်းကြောင့်လည်းကောင်း၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍လည်းကောင်း၊ တဦးအပေါ်တဦး အာဃာတများ မရှိစေရေး အတွက်လည်းကောင်း၊ ဒီမိုကရေစီလမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေး အတွက်လည်းကောင်း ရှေးရှု၍ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အနေဖြင့် မိမိ၏ လုပ်ပိုင်ခွင့် အာဏာအတွင်းမှ သူမကို စာနာထောက်ထား ညှာတာမှု ပြုလိုပါသည်။

အပိုဒ် ၄ ။ သို့ပါ၍ ဒေါ်အောင်ဆန်းစုကြည်အား တရားရုံးအနေဖြင့် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတွေ့ရှိရပြီး ပြစ်ဒဏ်ချမှတ်ပါက မည်သို့ပင် ပြစ်ဒဏ်ချမှတ်ထားသည်ဖြစ်စေ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄ဝ၁ ပုဒ်မခွဲ ၅ အရ တရားရုံးက ချမှတ်ထားသော ပြစ်ဒဏ်များအနက် ပြစ်ဒဏ်၏ ထက်ဝက်ကိုသာ ကျခံစေရန် လျှော့ပေါ့ ပြောင်းလဲလိုက်ပြီး ကျန်ရှိသော ပြစ်ဒဏ်ကိုလည်း ဆိုင်းငံ့လိုက်သည်။

အပိုဒ် ၅ ။ အထက် အပိုဒ် ၄ ပါ ပြစ်ဒဏ် ဆိုင်းငံ့ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ နေအိမ်ဖြစ်သော ဗဟန်းမြို့နယ် ရွှေတောင်ကြား ၁ ရပ်ကွက် တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ် (၅၄/၅၆) နေအိမ်၌ ပူးတွဲပါ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ နေထိုင်ခွင့် ပြုလိုက်သည်။

အပိုဒ် ၆ ။ ဒေါ်အောင်ဆန်းစုကြည်သည် လျှော့ပေါ့ပြောင်းလဲလိုက်သော ပြစ်ဒဏ်ကျခံရမည့် အချိန်ကာလထက် မကျော်လွန်သော အချိန်ကာလအတွင်း ပူးတွဲပါ သတ်မှတ်ပေးထားသော စည်းကမ်းချက်များနှင့်အညီ ကောင်းမွန်စွာ နေထိုင်ပါက ဆိုင်းငံ့ထားသော ပြစ်ဒဏ်အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဖြစ်ကြောင်း အကြောင်းကြားလိုက်သည်။

ဥက္ကဋ္ဌ
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ

(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

လှိုင်သာယာစက်မှုဇုန်လုပ်ငန်း လည်ပတ်မှုကျဆင်း ပြည့်တန်ဆာလုပ်ကိုင်သူများပြားလာ

ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန်ရှိ၊ ဘုရင့်နောင်တံတားထိပ်၊ စက်မှုဇုန်မှတ်တိုင်တာဝါရှေ့နှင့် ကျန်စစ်သားလမ်းဆုံတို့၌ ပြည့်တန်ဆာအလုပ်ဖြင့် အသက်မွေးသူ အမျိုးသမီးငယ်များ ယခင်ထက် ပိုမိုများပြားလာသည်ကို တွေ့လာရကြောင်း ဒေသခံတို့က ပြောသည်။

ဈေးကွက်ဝယ်လိုအား ကျဆင်းလာမှု၊ ဈေးကွက်လိုအပ်ချက် လျော့နည်းလာမှုတို့ကြောင့် လှိုင်သာယာစက်မှုဇုန် စက်ရုံအများစု သည် ပြီးခဲ့သည့်ဧပြီလနောက်ပိုင်း၌ အလုပ်သမားလျှော့ချခြင်း၊ အချိန်ပိုမထားရှိတော့ခြင်း၊ လုပ်ငန်းလည်ပတ်မှု အားနည်းလာ၍ ငှားရမ်းစက်ရုံများအား ပြန်လည်အပ်နှံခြင်းတို့ ရှိလာကြသည်။

ဒေသတွင်း အလုပ်အကိုင်ရှားပါးလာ၍ နယ်အသီးသီးမှ ရောက်လာကြသော စက်ရုံအလုပ်သမအချို့သည် အဆိုပါအခြေအနေ များကြောင့် ငွေအရလွယ်သည့် ပြည့်တန်ဆာလုပ်ငန်းများသို့ တိုးဝင်လာနေကြသည်ဟု ဒေသခံများက ပြောသည်။ စက်မှုဇုန်မှတ်တိုင်တဖက်ခြမ်း၌ ညမွှေးပန်း၊ ဆက်၊ သုခစံရာဧည့်ရိပ်မွန်၊ စင်းဂါးမာဆတ်၊ စက်မှုဇုန် (၃) တဖက်ခြမ်း၌ လင်းလက်ဟိန်းမာဆတ်၊ အချစ်တော် KTV၊ ကျန်စစ်သားဈေးရပ်ကွက်၌ စိန်ပန်းမြိုင်၊ ရွှေဧည့်သည်၊ SWEET တည်းခိုခန်း အပါအ၀င် တည်းခိုခန်းများစွာရှိသည်။ ၀န်ဆောင်မှုအနေဖြင့် (လူနေမှုအဆင့်အလိုက်) နှစ်ယောက်အိပ်ခန်းကို (၂,၅၀၀) ကျပ်မှ (၆,၀၀၀) ကျပ် တန်ဖိုးသတ်မှတ်ထားသည်။

ပြည့်တန်ဆာမလေးများမှာ အသက် (၁၈) နှစ်မှ (၂၅) နှစ်ဝန်းကျင်ခန့်သာရှိကြပြီး နေ့ညအချိန်မရွေးခေါ်ယူ၍ရကာ (၁) သောင်းဝန်းကျင်သာ တန်ကြေးပေးရကြောင်း စက်မှုဇုန်အနှေးယာဉ်လုပ်သား (ဆိုက်ကားသမား) များက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အင်အားပြင်း ငလျင်တခု မြန်မာပြည်တွင် လှုပ်ခတ်

ချင်းမိုင်။ ။ အင်အား ရစ်ခ်ျတာ စကေး ၇ ဒဿမ ၇ ရှိ အင်အားပြင်း ငလျင်တခု ယနေ့ နံနက် ၂ နာရီ ၂၅ မိနစ်ခန့်တွင် လှုပ်ခတ်သွားခဲ့သည်။

“ရစ်ခ်ျတာ စကေးက ၇ ဒဿမ ၇ ဆိုတဲ့ အတွက်ကြောင့် အင်အား အလွန်ပြင်းတဲ့ ငလျင်လို့ သတ်မှတ်ပါတယ်” ဟု ရန်ကုန်ရှိ မိုးဇလ ဦးစီးဌာန တာဝန်ခံက ဖြေကြားသည်။

“တိုက်တွေဆို လှုပ်နေတာ ကြောက်စရာကြီး။ တချို့ဆို တိုက်ပေါ်က ဆင်းပြေးကြတယ်။ ငလျင်လှုပ်ချိန်က ၃ မိနစ် ကနေ ၅ မိနစ်အတွင်း ရှိမယ်။ အားလုံးက သော့တွေ ဖွင့်ပြီး စောင့်နေကြတာ” ဟု ရန်ကုန်မြို့ခံက ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သြဂုတ်လ ၁၂ ရက်
ရက်သတ္တပတ် ၃၂၊ ၂၀၀၉
မြန်မာသတင်း

၁၉၇၄ ခုနှစ် အခြေခံဥပဒေသုံး၍ ဒေါ်စုအား တရားစီရင်ခြင်း
အန်အယ်လ်ဒီ ပြင်းထန်စွာကန့်ကွက်

နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲဆို စီရင်ချက်ချခြင်းသည် အာဏာသက်ဝင်မှုမရှိတော့သည့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို အသုံးပြုခဲ့ခြင်းဖြစ်၍ အန်အယ်လ်ဒီက ပြင်းထန်စွာ ကန့်ကွက်ကြောင်း ယနေ့ကြေညာချက်ထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျပ်ချုပ် (၁) နှစ်ခွဲ ထပ်မံချထားခြင်းခံရပြီးနောက် အန်အယ်လ်ဒီ ဗဟိုအလုပ် အမှုဆောင်များက ယနေ့ ဆွေးနွေးညှိနှိုင်းပြီး ကြေညာချက် (၂) စောင်ထုတ်ပြန်ခဲ့သည်။

ယခုကဲ့သို့ ကြေညာချက် (၂) ခု ထုတ်ပြန်ရခြင်းမှာ နိုင်ငံရေးနှင့် တရားစီရင်ရေးကို ခွဲခြားဖော်ပြလို၍ဖြစ်ကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဝင်းနိုင်က ပြောသည်။ အန်အယ်လ်ဒီကထုတ်ပြန်ခဲ့သော ကြေညာချက် (၂) ခုအနက် ကြေညာချက်အမှတ် (၂၅/၀၈/၀၉) တွင် ဒေါ်အောင်ဆန်းစုကြည်အား ၁၉၇၄ ခုနှစ် အခြေခံဥပဒေတွင်ပါရှိသော မူလအခွင့်အရေးကို အခြေပြု၍ ကန့်သတ်မိန့်နှင့် တားဆီးမိန့်အား ဖောက်ဖျက်သည်ဟု အာဏာပိုင်တို့က တရားစွဲဆိုခဲ့သော အမှုဖြစ်ကြောင်း၊ ထိုဖွဲ့စည်းပုံအခြေခံဥပဒေမှာ တရားဝင်ရပ်စဲပြီးဖြစ်၍ အာဏာ သက်ရောက်ခြင်း မရှိတော့ကြောင်း၊ ဥပဒေအာနိသင် လုံးဝမရှိတော့သည့် ဥပဒေအပေါ် မူတည်ကာ တရားစွဲဆိုခြင်းသည် မူလကတည်းက ပျက်ပြယ်ပြီးဖြစ်ကြောင်း၊ သို့ပါလျက် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အား အလုပ်နှင့်ထောင်ဒဏ် (၃) နှစ်ကျခံစေရန် စီရင်ချက်ချမှတ်ခဲ့သည်မှာ ဥပဒေနှင့်ညီညွတ်ခြင်း မရှိသည့်အပြင် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်၍ ပြင်းထန်စွာကန့်ကွက်ကြောင်း ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တရားစွဲစကပင် ၁၉၇၄ ခုနှစ် အခြေခံဥပဒေသည် အာဏာသက်ဝင်မှုမရှိကြောင်း တရားရုံးသို့ လျှောက်လဲတင်ပြခဲ့ကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ပြည်ပမီဒီယာများအပေါ် စစ်အစိုးရ မီဒီယာစစ်ပွဲ ဆက်လုပ်နေ

နယူးဒေလီ (မဇ္စျိမ)။ ။ စစ်အစိုးရအာဏာပိုင်များ ပြည်ပအခြေစိုက် မြန်မာမီဒီယာများအပေါ် ရန်သူသဖွယ် ဆက်ဆံခြင်းသည် ဆက်ရှိမည့်အပြင် ပျောက်ကွယ်မည် မဟုတ်ကြောင်း ပြည်တွင်းအခြေစိုက် စာနယ်ဇင်းသမားများက ဆိုသည်။

သတင်းလွတ်လပ်ခွင့်၊ မိမိဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ခွင့် ဆိတ်သုန်းနေသည့် စစ်အစိုးရလက်ထက်တွင် ပြည်ပသတင်းဌာနများနှင့် အဆက်အသွယ်ရှိသည်ဟု သံသယရှိသည့် သတင်းထောက်များ၊ ဂျာနယ်တိုက်များကို အာဏာပိုင်များက အနီးကပ်စောင့်ကြည့်ခြင်းများ ပြုလုပ်နေသည်ဟု သူက ဆိုသည်။

ပြည်ပသတင်းဌာနများနှင့် ဆက်သွယ်သည်ဟု စွပ်စွဲပြောဆိုကာ ရန်ကုန်အခြေစိုက် နာမည်ရ အပတ်စဉ်ထုတ် ဂျာနယ်တခုမှ သတင်းထောက်တဦးကို အလုပ်မှထုတ်ပယ်ခဲ့သည့်အပြင်၊ အချို့ကို စောင့်ကြည့်ကာလ ၂ လ သတ်မှတ်ကာ စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++

အပစ်ရပ်တိုင်းရင်းသားအဖွဲ့ (၄) ဖွဲ့ စစ်ရေးမဟာမိတ်အဖွဲ့ ဖွဲ့စည်း

နအဖစစ်အစိုးရ၏ တပ်ဖွဲ့အသွင်ပြောင်းရေး ကမ်းလှမ်းချက်ကို ငြင်းဆန်နေသည့် မြန်မာပြည်မြောက်ပိုင်း အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၄) ဖွဲ့တို့ နအဖက စစ်ရေးအရ ပိုမိုဖိအားပေးလာလျှင် အတူတကွ စစ်ဆင်ရေးဆင်နွှဲနိုင်ရန် ရည်ရွယ်၍ စစ်ရေးပူးတွဲ မဟာမိတ်အဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

စစ်ရေးမဟာမိတ်အဖွဲ့တွင် ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KIO)၊ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ကိုးကန့်အဖွဲ့နှင့် မိုင်းလားအဖွဲ့ ခေါ် မြန်မာနိုင်ငံ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA-ESS) တို့ ပါဝင်သည် ဟု ကချင်သတင်းဌာနက ယမန်နေ့တွင် ဖော်ပြထားသည်။

အဆိုပါအဖွဲ့ (၄) ဖွဲ့အနက် (၁) ဖွဲ့က နအဖနှင့်အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပါက ကျန်ရှိသည့်အဖွဲ့ (၃) ဖွဲ့ကလည်း အပစ်အခတ်ရပ်စဲမှု ပျက်ပြယ်သွားမည်ဖြစ်ကြောင်း မဟာမိတ်အဖွဲ့၏ သဘောတူညီချက်တွင် ပါရှိကြောင်း ကချင်သတင်းဌာနမှ အယ်ဒီတာ ကိုနော်ဒင်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
သြဂုတ်လ ၁၃ ရက်
ရက်သတ္တပတ် ၃၂၊ ၂၀၀၉
မြန်မာသတင်း


မြန်မာနိုင်ငံအပေါ် အီးယူ၏ ပိတ်ဆို့မှုအသစ်တွင်
တိုတယ် (Total) ပူးပေါင်းပါဝင်ရန် ဖိအားပေးခံရ

မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်ချမှတ်လိုက် သည့်အပေါ် တုံ့ပြန်သည့်အနေဖြင့် ဥရောပသမဂ္ဂ (အီးယူ) မှ မြန်မာစစ်အစိုးရအပေါ် နောက်ထပ်ပိတ်ဆို့အရေးယူမှုတွင် မြန်မာစစ်အစိုးရအား ဒေါ်လာသန်းပေါင်းများစွာ ၀င်ငွေ ရရှိစေသည့် ပြင်သစ်နိုင်ငံမှ တိုတယ်ရေနံကုမ္ပဏီသည် အငြင်းပွားဖွယ် ပစ်မှတ်တခုအဖြစ် ရောက်ရှိနေသည်။

ပြင်သစ်သမ္မတ နီကိုလတ် ဆာကိုဇီက မြန်မာစစ်အစိုးရအပေါ် အီးယူ၏ နောက်ထပ်အရေးယူပိတ်ဆို့မှုကို မြန်မာနိုင်ငံမှ သစ်နှင့်ကျောက်မျက်ရတနာများ ၀ယ်ယူရာတွင် ပစ်မှတ်ထားအရေးယူသင့်ကြောင်း အကြံပြုထားပြီး မြန်မာ့ကမ်းလွန်ထွက် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံနေသည့် တိုတယ်ကုမ္ပဏီအား ချန်လှပ်ပြောဆိုခဲ့သဖြင့် လူ့အခွင့်အရေးအဖွဲ့များ နှင့် အတိုက်အခံပါတီတို့က ကန့်ကွက်ရှုတ်ချလိုက်ခြင်းဖြစ်သည်။ မြန်မာစစ်အစိုးရအတွက် အမြတ်တော်ခွန် အများအပြား ရရှိစေသော တိုတယ်ကုမ္ပဏီနှင့် ပွင့်လင်းပြတ်သားစွာ ဆွေးနွေးသင့်ကြောင်းလည်း အတိုက်အခံ နိုင်ငံရေးပါတီတို့က ပြင်သစ်အစိုးရအား တောင်းဆိုလိုက်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ကုလ လုံခြုံရေးကောင်စီ အစည်းအဝေး မြန်မာ့အရေး မဆုံးဖြတ်နိုင်

မဇ္ဈိမ (ချင်းမိုင်)။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ၁၈ လ တိုးမြှင့်လိုက်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးနေသော ကုလလုံခြုံရေး ကောင်စီ၏ ပြီးခဲ့သည့် အင်္ဂါနေ့က တံခါးပိတ် အစည်းအဝေးသည် ဆုံးဖြတ်ချက် တစုံတရာ ချမှတ်နိုင်ခြင်းမရှိဘဲ ရပ်ဆိုင်းခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်သော တရားရုံးဆုံးဖြတ်ချက်ကို ရှုတ်ချပြီး နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန် တောင်းဆိုသည့် အဆိုပြုချက်မူကြမ်းကို အမေရိကန်က ရေးဆွဲပြီး လုံခြုံရေးကောင်စီသို့ တင်သွင်းခဲ့သော်လည်း ဆုံးဖြတ်ချက် ချမှတ်နိုင်ခြင်း မရှိဘဲ ရပ်ဆိုင်းခဲ့ရခြင်းဖြစ်သည်။

ထောင်တွင်းတရားရုံးက ဒေါ်အောင်ဆန်းစုကြည်အား အမိန့်ချမှတ်သော ယခုလ ၁၁ ရက်၊ အင်္ဂါနေ့၌ပင် ယင်းကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရန် ပြင်သစ်နိုင်ငံ၏ တောင်းဆိုချက်အရ အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်သည့် လုံခြုံရေးကောင်စီ အစည်းအဝေးအား ကျင်းပခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြသည်။

ဗီဒိုအာဏာရှိသော တရုတ်၊ ရုရှ အပါအဝင် နိုင်ငံအချို့က လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် တစုံတရာမချမှတ်မီ ၎င်းတို့၏ အစိုးရများနှင့် ပြန်လည်ဆွေးနွေးရန် လိုအပ်သည်ဟု တင်ပြခဲ့ကြသည်။

ထို့အပြင် တရုတ်အစိုးရက မြန်မာနိုင်ငံ၏ တရားရေးစနစ်ကို အသိအမှတ်ပြု လေးစားရန်နှင့် အင်းအားကြီးနိုင်ငံများ အနေဖြင့် မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ယမန်နေ့က သတိပေး ပြောကြားခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ကချင်တိုင်းရင်းသား ဝန်ထမ်းများအား
ကိုယ်ရေးရာဇဝင် အချက်အလက် ကောက်ယူ

ယခုအပတ်အတွင်းမှစ၍ ကချင်ပြည်နယ်အတွင်းရှိ အစိုးရဌာနများတွင် ၀န်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသည့် ကချင်တိုင်းရင်းသားများ၏ ကိုယ်ရေးရာဇဝင် အချက်အလက်များကို သက်ဆိုင်ရာ မြို့နယ် မယက အာဏာပိုင်များက မြို့နယ်တွင်းရှိ ဌာနအသီးသီးထံမှ ကောက်ယူနေသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အပါအဝင် ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ ကြေးနန်းနှင့်စာတိုက်၊ မြေစာရင်း၊ စည်ပင်သာယာ စသည့်ဌာနများတွင် လုပ်နေကြသည့် ကချင်တိုင်းရင်းသားများကို ဌာနဆိုင်ရာအရာရှိများက ကိုယ်ရေးရာဇဝင် အချက်အလက် ကောက်ယူနေခြင်းဖြစ်သည်ဟု ဗန်းမော်ဒေသခံတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

A (H1N1) ကူးစက်ခံရသူ မြန်မာကျောင်းသား ပြန်လည်သက်သာ

နယူးဒေလီ (မဇ္စျိမ)။ ။ အိန္ဒိယတွင် A (H1N1) တုပ်ကွေးရောဂါကြောင့် သေဆုံးသူ အများဆုံးဖြစ်ပွားသည့် Maharashtra ပြည်နယ်တွင် ပညာသင်ကြားနေသူ မြန်မာကျောင်းသားတဦး A (H1N1) ကူးစက်ခံခဲ့ရာမှ ယခုအခါ ပြန်လည်သက်သာလာပြီ ဖြစ်သည်။

အိန္ဒိယနိုင်ငံအနောက်ပိုင်း Maharashtra ပြည်နယ် Pune မြို့ရှိ ခရစ်ယာန် ဘာသာရေး အသင်းပိုင် Spicer Memorial ကောလိပ်တွင် ပညာသင်နေသူ ၂၃ နှစ်အရွယ် ထိုကျောင်းသားသည် ဆေးရုံတွင် ၅ ရက်ကြာ ဆေးကုသခံယူမှုအပြီး ဆေးရုံမှ ဆင်းခွင့်ပေးလိုက်ခြင်း ဖြစ်သည်။

A (H1N1) ကူးစက်ခံရသူသည် ယခုလ ၃ ရက်နေ့တွင် အမေရိကားရှိ ဆွေမျိုးများထံ အလည်အပတ်သွားရာမှ ပြန်ရောက်လာခဲ့ပြီး နောက်တရက်တွင် အဖျားကြီးသဖြင့် ဆေးရုံတွင် အစစ်အဆေး ခံယူခဲ့ရာ A (H1N1) ကူးစက်ခံထားရကြောင်း အတည်ပြုနိုင်ခဲ့သည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မြန်မာအလုပ်သမားများအတွက် အသံလွှင့်ဌာနတခု
မဲဆောက်တွင် ထုတ်လွှင့်မည်

ဒေသတွင်းရောက် မြန်မာအလုပ်သမားများအတွက် (FM) ရေဒီယိုအသံလွှင့်ဌာန တခုကို မဲဆောက်မြို့တွင် လာမည့်သီတင်းပတ်မှ စတင်ထုတ်လွှင့်မည်ဖြစ်သည်။

မဲဆောက်ဒေသအတွင်း (၁) သိန်းခွဲခန့်ရှိသည့် မြန်မာများအတွက် ထိုင်းဖောင်ဒေးရှင်းတခုဖြစ်သည့် MIGRANT ASSITANCE PROGRAN (MAP) အဖွဲ့၏ တိုင်းရင်းသားအလုပ်သမား ကျန်းမာရေးနှင့် ပညာရေးအစီအစဉ်မှ ကမကထပြု၍ ထုထ်လွှင့်မည် ဖြစ်သည်။

အလုပ်သမားအခွင့်အရေး၊ ထိုင်းအလုပ်သမားဥပဒေ၊ အိပ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်ပညာပေးနှင့် ပညာရေး၊ လူမှုရေးများအပြင် ဖျော်ဖြေရေးကဏ္ဍများ ပါဝင်ပြီး ကြာသပတေးနှင့် သောကြာ (၂) ရက်နား၍ နေ့စဉ် တနေ့ (၈) နာရီ ထုတ်လွှင့်မည်ဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

သြစတြေးလျားတွင် မြန်မာပိုင်း အစီအစဉ်သစ် ထုတ်လွှင့်ရန်ရှိ

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာပြည်သူအား သတင်းအချက်အလက်များ ပံ့ပိုးပေးနိုင်ရန်နှင့် သတင်းနှင့်စာနယ်ဇင်း လွတ်လပ်ခွင့်ကို အားပေး မြှင့်တင်နိုင်ရန် ကြိုးစားသည့် အနေနှင့် သြစတြေးလျား ရေဒီယိုမှ မြန်မာပိုင်း အစီအစဉ်တခု ထုတ်လွှင့်လိမ့်မည် ဖြစ်သည်။

ရေဒီယို အစီအစဉ်သစ်သည် မြန်မာပြည်သို့ သြစတြေးလျား ရေဒီယိုမှ ထုတ်လွှင့်နေသော အစီအစဉ်များကို ပြန်လည်စတင်ရန် မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက်ကို ဖြည့်ဆည်းပေးရန်အတွက် သြစတြေးလျားအစိုးရနှင့် သြစတြေးလျား အသံလွှင့်ကော်ပိုရေးရှင်းတို့၏ စတင်ခဲ့မှု၏ အစိတ်အပိုင်းတခုပင် ဖြစ်သည်ဟု ဟမ်မက်စဘာဂျာက ပြောသည်။

မြန်မာနိုင်ငံအတွက် အစီအစဉ်အသစ်သည် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကိစ္စများအပေါ်တွင် သြစတြေးလျား၏ အမြင်နှင့် သဘောထားများကို ထုတ်လွှင့်ပေးလေ့ရှိခဲ့သည့် ABC ရေဒီယိုအနေနှင့် ဆက်စပ် လုပ်ကိုင်လိမ့်မည် ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

အဆိုတော်ရုပ်ရှင်သရုပ်ဆောင် ဇော်ဝမ်း ကွယ်လွန်

သင်္ကြန်မိုးရုပ်ရှင်ဇာတ်ကားဖြင့် နာမည်ကြီးသော သင်္ကြန်မင်းသားကြီး ဇော်ဝမ်း အသက် (၆၄) နှစ်သည် ယမန်နေ့ သြဂုတ် (၁၂) ရက် ည (၈) နာရီခွဲခန့်အချိန်က အင်းစိန်မြို့နယ် သီရိစန္ဒာဆေးခန်းတွင် ကွယ်လွန်သွားကြောင်း ၎င်း၏ မိသားစုဝင်တဦးက ပြောသည်
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ရေနံချောင်း အန်အယ်ဒီ အဖွဲ့ဝင် ၅ ဦး ပြန်လွတ်လာ

ချင်းမိုင်။ ။ ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချမည့်နေ့ ယခုလ ၁၁ ရက်နေ့ နံနက်တွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည့် မကွေးတိုင်း ရေနံချောင်းမြို့မှ အန်အယ်ဒီအဖွဲ့ဝင် ၅ ဦး ပြန်လွတ်လာပြီဖြစ်သည်။

ရေနံချောင်းမြို့နေ အန်အယ်ဒီခေါင်းဆောင်များဖြစ်သည့် မကွေးတိုင်း အန်အယ်ဒီ အမျိုးသမီးတာဝန်ခံ ဒေါ်ခင်စောဌေးနှင့် ပါတီအဖွဲ့ဝင်များဖြစ်သော ဦးသန်းအောင်၊ ဦးတင့်လွင်၊ ဦးကျော်ငြိမ်း၊ ဦးအေးကိုတို့ကို တရက်ကြာ ထိန်းသိမ်းပြီးနောက် နေ့တွင်းချင်းနှင့် နောက်တရက်တို့တွင် နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်ချမှတ်သည့်နေ့က ရန်ကုန်၊ ပဲခူးမြို့တို့မှ အန်အယ်ဒီ အဖွဲ့ဝင်များနှင့် ထောက်ခံသူများကို အာဏာပိုင်များက ခေတ္တထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သြဂုတ်လ ၁၄ ရက်
ရက်သတ္တပတ် ၃၂၊ ၂၀၀၉
မြန်မာသတင်း

ကိုးကန့်တပ်ဖွဲ့အကျဉ်းထောင် ထောင်ခါ ဒေသအတွင်း စစ်ရေးပြင်ဆင်မှုများ ရှိနေ

ရှမ်းပြည်အရှေ့မြောက်ပိုင်းအခြေစိုက် မြန်မာနိုင်ငံ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့က ၎င်းဒေသအတွင်း ရာဇ၀တ်မှု၊ မူးယစ်ဆေးဝါးအမှုများဖြင့် ကိုးကန့်တပ်ဖွဲ့၏ အကျဉ်းထောင်အတွင်း ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးလိုက်သဖြင့် ဒေသအတွင်း စစ်ဖြစ်တော့မလားဆိုသည့် စိုးရိမ်ပူပန်မှုများ ပိုမိုတိုးပွားလာနေသည်။

ကိုးကန့်ဒေသအတွင်း ပြစ်မှုတခုခု ကျူးလွန်၍ ကိုးကန့်တပ်ဖွဲ့၏ အချုပ်ထောင်အတွင်း ပြစ်ဒဏ်ကျခံနေရသူအားလုံးကို ယခုလ (၁၂) ရက်က ပြန်လွှတ်ပေးလိုက်ပြီး လွှတ်ပေးသူများထဲမှ တပ်ဖွဲ့ဝင်ဟောင်းများအား ပြန်လည်စစ်မှုထမ်းခိုင်းနေသည်ဟု ရှမ်းပြည်အရှေ့မြောက်ပိုင်း လောက်ကိုင်မြို့မှ ကုန်သည်တဦးက ပြောသည်။

အခင်းဖြစ်ပွားပြီး နောက်တနေ့တွင် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် လောက်ကိုင်မြို့သို့ လာရောက်ကာ ကိုးကန့်တပ်ဖွဲ့ ဥက္ကဋ္ဌ ဖုန်ကျားရှင်အား တောင်းပန်ရာ ထွက်မတွေ့သဖြင့် နှစ်ဖက်အကြား တင်းမာမှု ကြီးထွားလာနေပြီး တရုတ်ဘက်က အာဏာပိုင်များကလည်း လာရောက် စေ့စပ်ပေးမှုများ လုပ်ခဲ့ရသည်ဟု ကိုးကန့်ခေါင်းဆောင်များနှင့် နီးစပ်သည့် ကုန်သည်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဂျွန်ယက်တောကို မနက်ဖြန် ပြန်ပို့မည်

နယူးဒေလီ။ ။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ ယခုနှစ် မေလဆန်းတွင် တိတ်တဆိတ် ဝင်ရောက်ခဲ့သဖြင့် ပြီးခဲ့သည့် အင်္ဂါနေ့က ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသူ မစ္စတာ ဂျွန်ယက်တောအား လူသားချင်း စာနာသည့် အနေဖြင့် မနက်ဖြန်တွင် အမေရိကန်နိုင်ငံသို့ ပြန်ပို့တော့မည် ဖြစ်သည်။

သူ၏ ကျန်းမာရေး အခြေအနေအရ မြန်မာနိုင်ငံတွင် ထောင်ဒဏ် ၇ နှစ် ကျခံရမည့်အစား အမေရိကန်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးရန် အာဏာပိုင်များက အမိန့်ထုတ်ပြန်ခဲ့ကြောင်း တပ်တွင်း သတင်းရပ်ကွက်များ အဆိုအရ သိရခြင်း ဖြစ်သည်။ မစ္စတာဝက်ဘ်၏ ခရီးစဉ် မတိုင်ခင်ကတည်းက အာဏာပိုင်များ အနေဖြင့် လွှဲပြောင်းပေးရန် ဆုံးဖြတ်ပြီး ဖြစ်သော်လည်း မစ္စတာဝက်ဘ်နှင့် မြန်မာအာဏာပိုင်များ တွေ့ဆုံမှုအတွင်း ထိုကဲ့သို့ သဘောတူဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှု ထပ်တိုး

နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ပြစ်ဒဏ်ချမှတ်လိုက်ပြီး သူ့၏အခြေခံအခွင့်အရေးများကို ချိုးဖောက်လိုက်သည့်အပေါ် တုံ့ပြန်အရေးယူသည့်အနေဖြင့် ဥရောပသမဂ္ဂ( အီးယူ) က မြန်မာစစ်အစိုးရကို ယမန်နေ့က ပိတ်ဆို့ဒဏ်ခတ်မှုအသစ်တရပ် တိုးချဲ့ချမှတ်လိုက်သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ဒေါ်အောင်ဆန်းစုကြည်၏အမှုကို စီရင်ချက်ချသည့် တရားသူကြီးများ၏ အမည်များကိုပါ အီးယူနိုင်ငံများသို့ ခရီးသွားလာခွင့်ဗီဇာပိတ်ပင်လိုက်ပြီး ၎င်းတို့၏ပိုင်ဆိုင်မှုများကိုပါ ပိတ်ဆို့ဟန့်တားလိုက်ခြင်းဖြစ်သည်။

မြန်မာစစ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့နှင့်ဆက်နွှယ်သူများ ပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများ၊ ပိုင်ဆိုင်မှုများကိုလည်း ထပ်တိုးပိတ်ဆို့ဒဏ်ခတ်ခြင်းဖြစ်ကြောင်း ဥရောပသမဂ္ဂမှ သြဂုတ် (၃) ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အမေရိကန် ဆီးနိတ် လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

နယူးဒေလီ (မဇ္ဈိမ)။ ။ အာဆီယံအသင်းဝင် နိုင်ငံ ၅ နိုင်ငံ ခရီးစဉ်၏ အစိတ်အပိုင်းတခုအဖြစ် မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် အမေရိကန်နိုင်ငံ အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်သည် ပြီးခဲ့သည့် အပတ်အတွင်းက စစ်အစိုးရမှ အလုပ်နှင့် ထောင်ဒဏ် ၁၈ လ ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ တွေ့ဆုံခဲ့ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

အမေရိကန် အထက်လွှတ်တော်အမတ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်တွေ့မည်

အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ်သည် ယနေ့မြန်မာနိုင်ငံသို့ ရောက်ရှိပြီးသည့်နောက်ပိုင်း မြန်မာစစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံရန်စီစဉ် ထားကြောင်း ၀ါရှင်တန် အေအန်အိုင် သတင်းတွင် ဖော်ပြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အမေရိကန် ကွန်ဂရက် လွှတ်တော်အမတ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့်တွေ့ဆုံ

ချင်းမိုင် (မဇ္ဈိမ)။ ။ အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်(Jim Webb) သည် ယနေ့ နံနက် ၁၁ နာရီခွဲခန့်က နေပြည်တော်ကို ရောက်ရှိလာပြီဖြစ်တယ်လို့ ခိုင်လုံသော သတင်းရပ်ကွက်အရ သိရသည်။ နေပြည်တော်တွင် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးလျှက် ရှိသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မွန်ပြည်သစ်အား ခွဲထုတ်ရန် စစ်အစိုးရ ပြင်ဆင်

နအဖကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ငြင်းဆန်ခဲ့သည့် မွန်ပြည်သစ်ပါတီ ခေါင်းဆောင်အချို့အား နအဖအာဏာပိုင်တို့က သွေးခွဲစည်းရုံးရန် ပြင်ဆင်နေပြီး ပါတီဝင်ဟောင်းများကိုလည်း ရွေးကောက်ပွဲ ဝင်ရောက်ရန် ပြင်ဆင်ခိုင်းနေကြောင်း စုံစမ်းသိရှိရသည်။

နအဖအာဏာပိုင်တို့က မွန်ပြည်သစ်ပါတီ၏ တပ်အင်အားနှင့် မွန်ပြည်သူများအကြား အရှိန်အ၀ါရှိသည့် မွန်ခေါင်းဆောင်များနှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း ကျေးရွာဥက္ကဋ္ဌမှတဆင့် ကောက်ခံခိုင်းနေကြောင်း အဆိုပါကော်မတီဝင်က ပြောသည်။

အသက် (၄၀) နှင့် (၅၀) အကြား လူလတ်ပိုင်း မွန်ပြည်သစ် ပါတီဝင်ဟောင်းများကိုလည်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကမ်းလှမ်းနေကြောင်း မော်လမြိုင်ခရိုင်မှ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ကေအိုင်အိုက ဝန်ထမ်းများအား စစ်သင်တန်းပေး

ရွှေလီ (မဇ္ဈိမ)။ ။ နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရေးကို ငြင်းဆန်နေသည့် ကချင် လွတ်လပ်ရေးအဖွဲ့ KIOက ၄င်းအဖွဲ့ ထိန်းချုပ်ရာ ဒေသတွင် အရပ်ဘက် အုပ်ချုပ်ရေး တာဝန် ထမ်းဆောင်နေသော ဌာနဆိုင်ရာ ဝန်ထမ်းများကို ရက်တို စစ်သင်တန်း ပေးလျှက်ရှိသည်။

အဆိုပါ စစ်သင်တန်းဆင်းပြီး အရပ်ဘက် ဝန်ထမ်းများအား ကိုယ်စီ လက်နက်ငယ်များပါ တပ်ဆင်ပေးထားကြောင်း သိရသည် ။

ကေအိုင်အို ထိန်းချုပ်ရာ လိုင်ဇာမြို့နှင့် သိပ်မဝေးသည့် ဒုံဖုန်းယန်နှင့် နမ့်ဆန်ယန် ကျေးရွာအနီးနားထိ မြန်မာ့ တပ်မတော် စစ်အင်အားများ တိုးချလာခြင်းများ ရှိနေသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မယ်လစခန်းတွင် A (H1N1) သံသယရှိသူများကို စစ်ဆေး

မယ်လဒုက္ခသည်စခန်းတွင် A (H1N1) တုပ်ကွေးဖြစ်ပွားသူများ တွေ့ရှိပြီးနောက် အဆိုပါရောဂါလက္ခဏာဟု သံသယရှိသူ ဒုက္ခသည် (၂၅) ဦးကို စစ်ဆေးကုသမှုများ လုပ်ဆောင်နေသည်ဟု စခန်းဆေးရုံတာဝန်ခံက ပြောသည်။ အဆိုပါဒုက္ခသည် (၂၅) ဦးတွင် လူကြီး (၄) ဦးသာပါရှိပြီး ကလေးငယ်အများစုပါဝင်ကာ အပူချိန်တက်ခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်းနှင့် အဆုတ်ပွခြင်း စသည့် A (H1N1) ဖြစ်နိုင်ခြေရှိသည့် လက္ခဏာများကို တွေ့ရှိရသည်ဟု ဆရာစောနေဆဲက ပြောသည်။

ယခုလောလောဆယ် မယ်လစခန်းတွင် အဆုတ်ပွ၍ ဆေးကုသမှု လာရောက်ခံယူသူ လူနာပေါင်း နေ့စဉ် (၁၀၀) ခန့်ရှိသည်ဟု သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ရှမ်းကျေးရွာများ မီးရှို့ဖျက်ဆီး ပြောင်းရွှေ့ခံရ

နယူးဒေလီ။ ။ ရှမ်းပြည် (အလယ်ပိုင်း) ရှိ ကျေးရွာပေါင်း ၄၀ ခန့်အား ပြီးခဲ့သည့် လကုန်ပိုင်းတွင် ဒေသတွင်း အခြေစိုက် စစ်တပ်များက မီးရှို့ခြင်း၊ ပြောင်းရွှေ့ခိုင်းခြင်းကြောင့် ဒေသခံ ရွာသား တသောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြောင်း သိရသည်။

ပြီးခဲ့သည့်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ လဲချား၊ မိုင်းကိုင်နှင့် ကျေးသီးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာမှ အိမ်ခြေ ၅၀၀ ကျော်အား မီးရှို့ဖျက်ဆီးခြင်း၊ ရွာ ၃၀ ခန့်အား အဓမ္မ ရွှေ့ပြောင်းခြင်းကြောင့် ရွာသားပေါင်း ထောင်ချီ၍ အိုးအိမ်မဲ့ဖြစ်သွားခြင်း ဖြစ်သည်။

ယခုလုပ်ရပ်သည် ပြီးခဲ့သည့် မေလ ၂၁ ရက်မှ ဇူလိုင်လ ၁၅ ရက်အတွင်း ဖြစ်ပွားခဲ့သော SSA (တောင်ပိုင်း) နှင့် မြန်မာစစ်တပ်၏ တိုက်ပွဲများတွင် စစ်တပ်မှ ဗိုလ်ကြီး၊ ဗိုလ်မှူး အဆင့်ရှိသူများ အပါအဝင် တပ်သား ၂၀ ကျော် သေဆုံးခဲ့သည့် ဒေသတွင်း၌ ဖြစ်ပွားခဲ့သည်။

ရှမ်းပြည်သူများအား ယခုလို ဒုက္ခပေးခြင်းသည် 'ကြွက်မနိုင် ကျီမီးရှို့' သဘောဖြင့် ပြန်လည်တုံ့ပြန်ခြင်း ဖြစ်နိုင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက ပြောဆိုသည်။

ပြီးခဲ့သည့်လ ၂၂ ရက်နေ့က မိုင်းနန်မြို့နယ် အခြေစိုက် စဗခ (စစ်ဗျူဟာ ကွပ်ကဲရေးဌာနချုပ်) ၂ တွင် တပ်ခေါင်းဆောင်များ အစည်းအဝေးလုပ်ခဲ့ပြီးနောက် ယခုလို ဖြစ်ရပ်မျိုး ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)

Sunday, August 9, 2009

သတင်းမှတ်စု ( ၃၁ )

သြဂုတ် ၃ ရက်
ရက်သတ္တပတ် ၃၁၊ ၂၀၀၉
မြန်မာသတင်း

သင်္ဘောပေါက်ကွဲမှုဖြစ်ပွား၊ လူ (၃) ဦး ပွဲချင်းပြီးသေဆုံး (၁၁) ဦး အတွင်းလူနာအဖြစ် ကုသနေရ

ယနေ့နံနက် (၄) နာရီခန့်က ရန်ကုန်နှင့် ဧရာဝတီတိုင်းသို့ ပြေးဆွဲနေသော စိန်ရွှေမိုး တထပ်သင်္ဘောတွင် စက်သုံးဆီ ပေါက်ကွဲမှုတခုဖြစ်ပွားသောကြောင့် လူ (၃) ဦး ပွဲချင်းပြီး သေဆုံးကာ (၁၁) ဦးမှာ အတွင်းလူနာအဖြစ် ရန်ကုန် ဆေးရုံကြီးတွင် တင်ထားရကြောင်း သိရသည်။

အဆိုပါသင်္ဘောမှာ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်အနီးရှိ ဆိပ်ကမ်းတခုတွင် ဆိုက်ကပ်ထားကြောင်း သိရသည်။ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ သတင်းများအရ အဆိုပါသင်္ဘော ပေါက်ကွဲမှုဖြစ်ပွားသည့်အတွက် သင်္ဘောမှာ (၃) ပိုင်း ပိုင်းသွားကြောင်း၊ အနီးရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ဌာနပိုင် ကြံ့ (၁၄) အုပ်စုပိုင် ရေယာဉ်တစီးရှိ ရေယဉ်မှူးနှင့် ၀န်ထမ်းများ ၀င်ရောက်ကူညီမှုများကြောင့် အဆိုပါ (၁၄) အုပ်စုမှ ရေယာဉ်မှူးတဦးမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။ ဒဏ်ရာရသော လူ (၁၁) ဦးတွင်လည်း အသက် (၁၆) နှစ်အရွယ် ကလေးတဦးပါကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။

စိန်ရွှေမိုးသင်္ဘော၏ ဒုတိယ ရေယာဉ်မှူးအသက် (၃၄) နှစ်အရွယ် ကိုဇော်လတ် (ခေါ်) ကိုအောင်သူရကို အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ငွေစက္ကူအကြွေများ လဲလှယ်သူ မရှိ

ယနေ့မှစ၍ စစ်အစိုးရ မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် ဟောင်းနွမ်းနေသည့် ငွေစက္ကူအကြွေများကို လဲလှယ်ပေးနေသော်လည်း လာရောက်လဲလှယ်သူ အလွန်နည်းပါးကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ငွေစက္ကူအကြွေရှားပါးမှုများကြောင့် ငွေစက္ကူ (၅) ကျပ်တန်မှ (၂၀၀) တန်အထိ တမျိုးကို (၁၀) ရွက်အထိ အစိုးရဘဏ်များတွင် လဲလှယ်ပေးနေခြင်းဖြစ်သည်။

ပန်းဆိုးတန်းလမ်းဘက်ရှိ ဘဏ်ခွဲများတွင် နေ့လယ် (၁၂) နာရီရောက်သည်အထိ ငွေလဲကောင်တာ ဖွင့်ထားသော်လည်း လာရောက်လဲလှယ်သူ မရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ငွေလည်ပတ်သုံးစွဲရာတွင် ငွေစက္ကူအကြွေများ ရှားပါးရုံသာမက ဟောင်းနွမ်းစုတ်ပြဲနေပြီး ယင်းငွေဟောင်းများမှာ သာမန်ပြည်သူများလက်ထဲတွင် အမြောက်အမြားရှိနေကြခြင်းမဟုတ်သည့်အတွက် ယခုကဲ့သို့ ငွေစက္ကူဆယ်ရွက်လောက်နှင့် ဘဏ်မှာလာလဲကြမည်မဟုတ်ကြောင်း စာရေးဆရာစီးပွားရေးပညာရှင်တဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ထိုင်းအစိုးရက နယ်စပ်ထောက်ပံ့ အုပ်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးရေးလုပ်လို

ချင်းမိုင် (မဇ္ဈိမ)။ ။ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် နယ်စပ်ဂိတ်များ အထူးသဖြင့် မြန်မာနိုင်ငံ မြဝတီနှင့်တဖက်ကမ်း မဲဆောက်တွင် အုပ်ချုပ်ထောက်ပံ့မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုင်းအစိုးရ ကူးသန်းရောင်းဝယ်ရေးဌာန ဒု-ဝန်ကြီး Alongkorn Polbut သည် ထိုင်းနယ်စပ် စီးပွားရေုးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးသည့်အနေနှင့် မဲဆောက်နှင့် မြဝတီမြို့များသို့ ဇူလိုင်လ ၃၁ ရက်နှင့် သြဂုတ်လ ၁ ရက်နေ့များက သွားရောက်လည်ပတ်ခဲ့သည်။

သူ၏ ဝန်ကြီးဌာနက `အုပ်ချုပ်ထောက်ပံ့ ဗဟိုချက်မ စီမံကိန်း´ “Logistics Hubs Project” ကို ဆောင်ရွက်သွားမည်ဟု မဲဆောက်တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ဒုဝန်ကြီး Alongkorn က ပြောကြားသွားသည်။ ဤလုပ်ငန်းသည် အာဆီယံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ်တွင် အကောင်အထည်ဖော်မည့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ်အတွက်ပါ အထောက်အကူပြုမည်ဟု ဆိုသည်။ စီမံကိန်းအတွက် ထိုင်းစီးပွားရေး လုပ်ငန်းများမှ မြန်မာနိုင်ငံရှိ အလုပ်သမားများကို ငှားရမ်းရာတွင် မှတ်ပုံတင်ခနှင့် အခွန်နှုန်း အထူးသက်သာသော နှုန်းထားဖြင့် ရရှိရေးတို့ကဲ့သို့သော ဥပဒေအရ အထူးအခွင့်အရေးတို့ကိုပါ ရရှိမည်ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းသစ် ကန်ပိုက်တီးတွင် ဖွင့်လှစ်


သြဂုတ် (၁) ရက်နေ့က ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်၊ ကန်ပိုက်တီးကျေးရွာတွင် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းကို တရားဝင်ဖွင့်လှစ်လိုက်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများအခြေချကာ စတင် တာဝန် ထမ်းဆောင်နေသည်။

ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ သစ်တောဌာန၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့ စသည့် ဦးစီးအရာရှိများနှင့်အတူ တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများသည် သြဂုတ် (၁) ရက်နေ့ မနက်အစောပိုင်းက ကန်ပိုက်တီးသို့ သွားရောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ မိုင် (၆ဝ) နီးပါး ရှည်လျားသည့် ကန်ပိုက်တီး-ဝိုင်းမော်လမ်းကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် အသုံးပြုရန် တရုတ်ဘက်မှ ကုမ္ပဏီတခုက ၂ဝဝ၆ ခုနှစ်တွင် ပြုပြင်ဖောက်လုပ်ခဲ့ရာ လမ်းကောင်းမွန်နေသော်လည်း ကုန်သွယ်ရေးအတွက် အရေးမပါလှသောကြောင့် အသွားအလာနည်းပါးကြောင်း အဆိုပါ မြစ်ကြီးနားမြို့ခံက ပြောသည်။

ကုန်သွယ်ရေးအရ အချက်အချာမကျသည့် ကန်ပိုက်တီးကျေးရွာတွင် နယ်စပ်ကုန်သွယ်ရေး ဖွင့်လှစ်လိုက်ခြင်းမှာ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ ထိန်းချုပ်ရာ လိုင်ဇာမြို့ကို ဖြတ်သန်းရသည့် လိုင်ဇာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ရုပ်သိမ်းချင်ပုံရသည်ဟု လိုင်ဇာဒေသခံတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

KNU တပ်မဟာ ၆ ကို ပူးပေါင်းတပ် ထိုးစစ်ဆင်မည်


မဇ္ဈိမ (ချင်းမိုင်)။ ။ နအဖစစ်တပ်နှင့် DKBA ပူးပေါင်းတပ်များသည် KNU တပ်မဟာ ၆ ကို ထိုးစစ်ဆင်ရန်အတွက် နယ်မြေအတွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ ကျုံဒိုး၊ ကော့ကရိတ်မြို့နယ်များ အပါအဝင် တပ်မဟာ ၆ အခြေစိုက် လှုပ်ရှားနယ်မြေအတွင်း နအဖ တပ်မ ၂၂ နှင့် ၇၇ လက်အောက်ခံ တပ်ရင်း ၃ ရင်း၊ ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်သော DKBA တပ်သား ၁၂၀ တို့နှင်အတူ ဝင်ရောက်လာကာ ထိုးစစ်အတွက် ပြင်ဆင်နေခြင်း ဖြစ်သည်။

မိုးတွင်းကာလ ဖြစ်သောကြောင့် မိုးတွင်းနှင့် လျော်ညီသည့် အနေအထားများဖြင့် လွန်ခဲ့သည့် တလခန့်ကပင် KNU က ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်ဟု ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

နာဂစ်မုန်တိုင်းသင့်ဒေသ ရေသန့်ဖူလုံတော့မည်

နာဂစ်လေမုန်တိုင်းသင့်ဒေသတွင် လာမည့်ခြောက်သွေ့ရာသီအတွင်း ရေကောင်းရေသန့် အလုံအလောက် ရရှိနိုင်တော့မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများကို ကိုးကားပြီး IRIN သတင်းတွင် ဖော်ပြသည်။

နိုင်ငံတကာကယ်ဆယ်ရေးဧဂျင်စီများ၊ အာဏာပိုင်များနှင့် ဒေသဆိုင်ရာတို့ ပူးပေါင်းလုပ်ဆောင်မှုကြောင့် ရေကောင်းရေသန့် ရရှိမှုအခြေအနေ တိုးတက်လာနေသည်ဟု သိရသည်။

နာဂစ်မုန်တိုင်းသင့်ဒေသများတွင် ညစ်ညမ်းနေသောရေကန်များအား ပြန်လည်ပြုပြင်ခြင်းနှင့် ရေကန်အသစ်များ တူးဖော်ခြင်းတို့ကြောင့် လေဘေးဒုက္ခသည်များအနေဖြင့် ရေအလုံအလောက်ရရှိတော့မည်ဖြစ်ကြောင်း ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့မှ ရေနှင့်ကျန်းမာရေးဆိုင်ရာအရာရှိ Waldemar Pickardt က ပြောသည်။

ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့မှ ကွမ်းခြံကုန်း၊ ဒေးဒရဲနှင့် ဘိုကလေးမြို့နယ်တို့တွင် ရေကန်ပေါင်း (၄၀) တူးဖော်ခဲ့ပြီး မုန်တိုင်းဒဏ်အဆိုးဆုံးခံခဲ့ရသည့် လပွတ္တာမြို့နယ်အတွင်း ရေကန်ပေါင်း (၅၀) ကျော် တူးဖော်နေဆဲဖြစ် သည်ဟု သတင်းတွင် ဖော်ပြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဘောလုံး ကလပ်များ ဒေါ်လာ ၇ သောင်းတန် ကားပါမစ် လျှောက်ခွင့်ရ

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ပုဂ္ဂလိက ဘောလုံးအသင်းများကို တသင်းလျှင် အမေရိကန် ဒေါ်လာ ၇ သောင်းတန် ကားပါမစ် လျှောက်ထားခွင့်ပြုမည်ဟု ဘောလုံးအဖွဲ့ချုပ်က ပြောသည်။

အသင်း တသင်းစီအလိုက် ဘောလုံးအသင်းများ အသုံးပြုရန် ကားတင်သွင်းခွင့် မလျှောက်ထားဘဲ ဘောလုံးအသင်းများ စုပေါင်း၍ လျှောက်ထားရန် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောဆိုထားသည်ဟု သိရသည်။

ယင်းအစီအစဉ်အရ ကလပ်အသင်း ၈ သင်းမှ ဘောလုံးအဖွဲ့ချုပ်သို့ သွင်းကုန် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် လိုအပ်မည့် ကား၂ စီးကို ကန်ဒေါ်လာ ၇ သောင်းထက် မပိုစေဘဲ အဆိုပြုရမည်။ ကား ၂ စီးကို ပြည်ပ ပေါက်ဈေးအတိုင်း တင်သွင်းခွင့်ရရန် အဖွဲ့ချုပ်က စီစဉ်ပေးမည် ဖြစ်သည်။ မည်သို့သော ကားအမျိးအစားကို တင်သွင်းခွင့်ပြုမည်ကို လောလောဆယ် သဲသဲကွဲကွဲ မသိရသေးသော်လည်း ဘတ်စ်တစင်းနှင့် စိတ်ကြိုက်ကား တစင်း ဖြစ်မည်ဟု အဖွဲ့ချုပ် အသိုင်းအဝိုင်းက ပြောကြသည်။

မြန်မာပြည်၏ ကားတင်သွင်းခွင့်ကို စစ်တပ်၏ ကျောထောက်နောက်ခံ စီးပွားရေးအုပ်စုဖြစ်သော စီးပွားရေး ဦးပိုင်လိမိတက်က တင်သွင်းခွင့်ကို ချုပ်ကိုင်ထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သြဂုတ်လ ၄ ရက်
ရက်သတ္တပတ် ၃၁၊ ၂၀၀၉
မြန်မာသတင်း

ဝ ငြိမ်းချမ်းရေး အဖွဲ့နယ်မြေအနီးသို့ နအဖ တပ်ရင်း ၃ ခု လာရောက် တပ်စွဲထား

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ ဝဒေသမြောက်ပိုင်းရှိ ဟိုပန်မြို့နယ်၊ နမ့်တင်းတွင် ရှမ်းပြည်မြောက်ပိုင်း၊ သိန္ဒီအခြေစိုက် အမှတ် (၁၆) စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံ တပ်ရင်း (၃) ရင်း ယခုလ (၂) ရက်မှစတင်၍ လာရောက်တပ်စွဲထားသည်၊၊

နအဖစစ်သားများ ဝမြောက်ပိုင်းဒေသအနီးသို့ လာရောက်တပ်စွဲလှုပ်ရှားမှုအပေါ် ဝတပ်ဖွဲ့စောင့်ကြည့်နေပြီး ယနေအချိန်အထိ အခြေအနေငြိမ်သက်နေသေးကြောင်း ဝတပ်မှူးတဦးက ပြောသည်။ ယခုကဲ့သို့ တပ်အင်အားများ ငြိမ်းအဖွဲ့နယ်မြေအနားတွင် လာရောက်လှုပ်ရှားလာမှုမှာ ငြိမ်းအဖွဲ့များအပေါ် ခြိမ်းခြောက် ဖိအားပေးနည်းတမျိုးသာဖြစ်ပြီး တိုက်ခိုက်ရန်အဆင့်အထိ မရောက်နိုင်သေးကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

၎င်းက “တပ်တွေကို အဲဒီနားကိုပို့ပြီး ခြိမ်းခြောက်ဖိအားပေးတာသက်သက်ပါ။ ဒေသခံလူထုတွေ ကြောက်လန့်၊ အထိတ်တလန့်ဖြစ်ပြီး လူထုက စစ်မတိုက်ပါနဲ့တော့လို့ ပြောလာအောင် ဖိအားပေးတာမျိုးပါ။ အခု ဝနယ်ဘက်ကပ်လာတဲ့ တပ်ရင်းသုံးရင်းမှာ တရင်းက (၁၄၂) ယောက်၊ နောက်တခု (၁၄၆) ယောက်၊ နောက်တရင်းက (၁၅၃)၊ အားလုံးအင်အား (၄ဝဝ) ကျော်ပဲ။ ဝကိုတိုက်ဖို့ ဒီလောက်အင်အားလေးနဲ့ သွားလုပ်လို့မရပါဘူး။ အခုအချိန်မှာ သူတို့မတိုက်နိုင်သေးပါဘူး” ဟု ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ရွေးကောက်ပွဲဝင်မည့် အဖွဲ့ခေါင်းဆောင် လိုင်စင်မဲ့ကားကြောင့် တရားစွဲခံရ

နယူးဒေလီ (မဇ္ဈိမ)။ ။ ၂၀၁၀ ရွေးကောက်ပွဲ ဝင်မည်ဟု ဆိုထားသည့် ၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များ အဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) မှ ခေါင်းဆောင်တဦး လိုင်စင်မဲ့ကား တင်သွင်းမှုဖြင့် တရားစွဲခံနေရသည်။

အထွေထွေအတွင်းရေးမှူးဖြစ်သူ ကိုသန်းဦးသည် ထိုင်းနယ်စပ်မှ တရားမဝင် လိုင်စင်မဲ့ကား တင်သွင်းသည်ဟု စွပ်စွဲခံရကာ ရန်ကုန်တိုင်း မြောက်ဥက္ကလာပ မြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေရခြင်း ဖြစ်သည်။

ယခု နှစ်ဆန်းပိုင်းတွင် ကိုသန်းဦး မောင်းနှင်လာသည့် ကားဖြင့် မြောက်ဥက္ကလာပ မြို့ခံတဦးကို ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ကာယကံရှင်နှင့် ညှိနှိုင်းကာ လျော်ကြေးငွေပေးကာ ကျေအေးခဲ့သော်လည်း ကားကိုမူ လိုင်စင်မဲ့ကား ဖြစ်နေသဖြင့် မြောက်ဥက္ကလာမြို့နယ်ရှိ ကျောက်ရေတွင်း ယာဉ်ကြော ထိန်းသိမ်းရေး ရဲတပ်ဖွဲ့မှ ထိန်းသိမ်းထားပြီး မြို့နယ် တရားရုံးတွင် တရားစွဲခံထားရခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။

နီးစပ်သူက ယခုလို ပြောဆိုသော်လည်း အဖွဲ့ဥက္ကဋ္ဌဖြစ်သူ ကိုအေးလွင်ကမူ ကားတိုက်မှုရော၊ တရားစွဲခံရမှုပါ မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

တပ်ဖွဲ့အသွင်ပြောင်းရေး နအဖ၏ကမ်းလှမ်းချက် မွန်ပြည်သစ်ပါတီက ပယ်ဖျက်

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် နအဖစစ်အစိုးရ၏ ကမ်းလှမ်းချက်ကို မွန်ပြည်သစ်ပါတီက ပယ်ချလိုက်ပြီး မွန်အမျိုးသားတို့အတွက် မြင်သာသည့်အခွင့်အရေး တစုံတရာ မတွေ့ရသမျှ ၎င်း၏တပ်ဖွဲ့အား မည်သည့်အခါမျှ အသွင်ပြောင်းလိမ့်မည်မဟုတ်ဟု ပြောဆိုလိုက်သည်။

အဆိုပါဆုံးဖြတ်ချက်များအား ဇူလိုင် (၂၇) ရက်မှစ၍ ပါတီဗဟိုဌာနချုပ်တွင် (၆) ရက်ကြာ ကျင်းပခဲ့သည့် ပါတီဗဟိုကော်မတီဝင်များ၏ အရေးပေါ်အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်အား လက်ရှိတည်နေရာအတိုင်း ဆက်လက်ထားရှိသွားမည်ဟုလည်း ထိုအလုပ်အမှုဆောင်ကော်မတီဝင်က ပြောသည်။

တိုင်းရင်းသားလူမျိုးပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးနှင့် ပြည်သူလူထု၏အကျိုးကို ရှေးရှုသောအားဖြင့် လက်ရှိဖြစ်တည်နေသည့် ငြိမ်းချမ်းရေးအတိုင်း ဆက်လက်တည်မြဲစေလိုသော်လည်း အပစ်အခတ်ရပ်စဲရေးသည် နအဖအပေါ်တွင်သာ မူတည်ကြောင်း မွန်ပြည်သစ်ပါတီက သတိပေးထားသည်။

တပ်ဖွဲ့အသွင်ပြောင်းရန် အခြားအပစ်ရပ်အဖွဲ့များအား နအဖက စစ်ရေးအရ ဖိအားပေးမှုများ ရှိသော်လည်း မွန်ပြည်သစ်ပါတီအား ယခုအချိန်အထိ အလားတူ ဖိအားပေးမှုမျိုး မရှိသေးကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ငွေကြေး အရှုပ်တော်ပုံကြောင့် ရွေးကောက်ပွဲဝင်မည့် အဖွဲ့ကွဲ

နယူးဒေလီ (မဇ္ဈိမ) ။ ။ အဖွဲ့အတွင်း ငွေကြေး အရှုပ်တော်ပုံကြောင့်ဟုဆိုကာ ရွေးကောက်ပွဲဝင်ရန် ရည်ရွယ် ဖွဲ့စည်းထားသော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်မှ ပခုက္ကူမြို့နယ် တာဝန်ခံသည် အဖွဲ့မှ နုတ်ထွက်သွားပြီ ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲချုပ်အပါအဝင် အတိုက်အခံများက ပယ်ချထားသော အခြေခံဥပဒေကို ကျင့်သုံးမည့် ၂၀၁၀ ခုနှစ်တွင် ပြုလုပ်မည်ဆိုသော ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခြင်းသာလျှင် နိုင်ငံရေး ထွက်ပေါက်ဟု ယူဆထားသူ အနည်းစုတွင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်လည်း ပါဝင်သည်။

နုတ်ထွက်သူ တိုးလာနေသည့် အဖွဲ့၏ ပခုက္ကူခရိုင် - မြို့နယ် ဆိုင်းဘုတ် ၂ ခုကို ယခုအခါ ပြန်လည် ဖြုတ်ချလိုက်ကာ တသီးပုဂ္ဂလအဖြစ် ရပ်တည်သွားမည်ဟု ကိုမျိုးသန့်က ပြောသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် (ပခုက္ကူခရိုင်- မြို့နယ်) ၏ ဆိုင်းဘုတ် ၂ ခုကို ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၁ ရက်နေ့ကမှ တင်ခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

စားဆီကိစ္စ ဗိုလ်မှူးချုပ်အောင်သိန်းလင်း ထင်ရာစိုင်းနေ ဈေးရောင်းသူများ မကျေမနပ်ဖြစ်

ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းသည် ပြည်တွင်း၌ တွင်တွင်ကျယ်ကျယ် သုံးစွဲနေသည့် စားသုံးဆီ (၇) မျိုးကို ကိုယ့်သဘောဖြင့်ကိုယ် ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ကြေညာပြီး ရန်ကုန်တိုင်း စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ဈေးဆိုင်များ၊ ဈေးများနှင့် စူပါမားကက်တို့တွင် လိုက်လံဖမ်းဆီးသိမ်းဆည်းနေကြောင်း ဈေးရောင်းသူများက ပြောသည်။

ပြီးခဲ့သည့်လ (၂၅) ရက်ထုတ် အစိုးရသတင်းစာများတွင် စားသုံးဆီ (၄) မျိုးကို စားသုံးရန်မသင့်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထိုသို့ထုတ်ပြန်ပြီး (၃-၄) ရက်အကြာတွင် ရန်ကုန်တိုင်းစည်ပင်သာယာရေးအဖွဲ့က ထိုင်းနိုင်ငံမှ တင်သွင်းသည့် ပုစွန်တစ်ကောင်၊ ပုစွန်နှစ်ကောင်တံဆိပ် စားဆီပုံးများကို ကျန်းမာရေးနှင့်မညီညွတ်ဟုဆိုကာ ရန်ကုန်မြို့ဈေးကွက်အချို့တွင် ၀င်ရောက်သိမ်းဆည်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့်သီတင်းပတ်က ဗိုလ်မှူးချုပ်အောင်သိန်းလင်းက စာနယ်ဇင်းသတင်းထောက်များနှင့် တွေ့ဆုံရာတွင် နောက်ထပ်စားဆီ တံဆိပ် (၇) မျိုးကို စားသုံးရန် မသင့်၍ ဖမ်းဆီးခဲ့ပြီး စုစုပေါင်း ပိဿာချိန် (၂,ဝဝဝ) ကျော်ရှိကာ နောက်ထပ်လည်း ဖမ်းဆီးရန် ရှိနေသေးသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က လက်ဝါးကြီးအုပ် တင်သွင်းနေသည့် မလေးရှားကန်ဆီများသည် အဆင့်အတန်းနိမ့်ပြီး ကျန်းမာရေးနှင့် ညီညွတ်ခြင်းမရှိကြောင်း အသည်းရောဂါကု ဆရာဝန် ဒေါက်တာခင်မောင်ဝင်းနှင့် ပြည်တွင်းဆရာဝန်များက ထောက်ပြကြသည်။

အဆိုပါဆီများကို ငွေမတတ်နိုင်သည့် ဆင်းရဲသားပြည်သူများက ဈေးပေါပေါဖြင့် ဝယ်ယူသုံးစွဲကြသည်။ ယခုကဲ့သို့ ဦးပိုင်ကသွင်းသည့် ညစ်ညမ်းနေသည့် ကန်ဆီများကို ဘာမှမပြောဘဲ၊ ကျန်းမာရေးဝန်ကြီးဌာနကလည်း ဘာမှ ကြေညာခြင်းမရှိသည့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် စားသုံးနေသည့် စားဆီများကို ရောင်းချမှုပိတ်ပင်ခြင်း၊ ဈေးများ၌ လိုက်လံခြိမ်းခြောက် သိမ်းဆည်းနေခြင်းတို့ကြောင့် ပြည်သူများ မကျေမနပ်ဖြစ်နေကြကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ပြည်ပရောက် အတိုက်အခံအဖွဲ့များက ချဉ်းကပ်မှုအသစ်ကို တွန်းအားပေး တင်ပြမည်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ပြည်သူကို ဆင်းရဲတွင်းထဲ ကျစေပြီး၊ တိုင်းပြည်ကို လုံးဝ ပျက်စီးစေခဲ့သည့် နိုင်ငံရေး အရှုပ်အထွေးမှ လွတ်မြောက်နိုင်ရေးအတွက် အဆိုပြုချက် အသစ်တရပ် ရှိနေပြီဟု မြန်မာအတိုက်အခံ အဖွဲ့များက ပြောဆိုလိုက်ကြသည်။

အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာတွင် ယခုလ ၁၂-၁၃ ရက်နေ့များတွင် ကျင်းပရန် စီစဉ်ထားသည့် အစည်းအဝေးသို့ တက်ရောက်မည့် နိုင်ငံရေးပါတီများ၊ အမျိုးသမီးအဖွဲ့များ၊ ကျောင်းသား အဖွဲ့အစည်းများ စုံညီစွာ ပါဝင်မည့် မဟာမိတ် ၇ ဖွဲ့က သူတို့သည် `အမျိုးသား ပြန်လည်သင့်မြတ်ရေး အဆိုပြုချက်´ ဟု အမည်ပေးထားသည့် အဆိုပြုချက်ကို ဆွေးနွေး၍ အချောသတ် အတည်ပြုကြမည်ဖြစ်ပြီး၊ ဤစာတမ်းကို မြန်မာစစ်အစိုးရထံသို့ ပေးပို့မည်ဖြစ်သည်ဟု ပြောဆိုသည်။

ဤအစည်းအဝေး (ကွန်ဗင်းရှင်း) သည် ပထမဆုံးအကြိမ်အဖြစ် တိုင်းရင်းသားလူမျိုးစုများ၊ ကျောင်းသားများ၊ အမျိုးသမီးအဖွဲ့များအပါအဝင် ကျယ်ပြန့်စုံလင်လှသော အတိုက်အခံအဖွဲ့များကို စုစည်းပေးနိုင်မည်ဖြစ်ကာ ပြည်ပရောက်အစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းက ယနေ့ ပြောသည်။ ကွန်ဖရင့်သို့ မဟာမိတ်အဖွဲ့ ၇ ဖွဲ့ဖြစ်ကြသော ထီးရိပ်အဖွဲ့အစည်းများဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB)၊ တိုင်းရင်းသား လူမျိုးစုများကောင်စီ (ENC)၊ မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့ချုပ် (WLB)၊ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက် (SYCB)၊ တိုင်းရင်းသားလူငယ်များ ဆုံရပ် (NYF)၊ မြန်မာနိုင်ငံ ဒီမိုကရေစီဖိုရမ် (FDB) တို့ တက်ရောက်ကြမည်။

အဆိုပါ အဆိုပြုချက်စာတမ်းတွင် အရပ်သားကဏ္ဍထောက်ခံမှု၊ ရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ၊ စစ်တပ်မှ ထွက်ခွင့်ပြုခြင်း၊ တိုင်းရင်းသား လူမျိုးများဆက်ဆံရေး၊ လူမှုအဆောက်အအုံ စသည့် အဓိကကျသော ပြဿနာ အမြောက်အမြားကို တင်ပြထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ထိုင်းဆီများ ပိတ်ပင်လိုက်သော်လည်း တင်သွင်းနေဆဲ

စားသုံးရန်အန္တရာယ်ရှိသည်ဟုဆိုကာ ထိုင်းဘက်မှတင်သွင်းသည့် စားသုံးဆီများကို မြန်မာဘက်မှတင်သွင်းခွင့် ပိတ်ပင်လိုက်သော်လည်း ထိုင်းဆီများကို မြန်မာကုန်သည်များက အာဏာပိုင်များနှင့် နားလည်မှုယူကာ ပုံမှန်တင်သွင်းလျက် ရှိသည်။ ယခုကဲ့သို့ ထိုင်းစားသုံးဆီများ ပိတ်ပင်ရခြင်းမှာ ရန်ကုန်မြို့တွင် ဦးပိုင်လီမိတက်မှ တင်သွင်းသည့် ကန်ဆီများ အရောင်းထိုင်း၍ ပိုလျှံနေသောကြောင့် ယခုကဲ့သို့ နယ်စပ်မှတင်သွင်းသည့်ဆီများကို ပြဿနာရှာခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ မြန်မာဘက်မှ တင်သွင်းခွင့် ပိတ်ပင်လိုက်သည့် ထိုင်းစားသုံးဆီများမှာ ထိုင်းအစားအစာနှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (အောရော) ၏ ခွင့်ပြုချက်ဖြင့် လက်ရှိ ထိုင်းနိုင်ငံတွင် တရားဝင်ရောင်းချနေသည့် စားသုံးဆီများဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ယက်တော ဆေးရုံတင်ထားရ

မဇ္ဈိမ (ချင်းမိုင်)။ ။ ဒေါ်အောင်ဆန်းစုကြည် အမှုတွဲ အမေရိကန် နိုင်ငံသား မစ္စတာယက်တော အင်းစိန်ထောင် အတွင်း၌ မူးလဲသဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ တင်ထားရကြောင်း သိရသည်။

မစ္စတာယက်တော မူးလဲသဖြင့် ယမန်နေ့ညက ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ သက်ဆိုင်ရာက ပို့ထားရကြောင်း သူ၏ ရှေ့နေ ကလည်း ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သြဂုတ်လ ၅ ရက်
ရက်သတ္တပတ် ၃၁၊ ၂၀၀၉
မြန်မာသတင်း

ရှစ်လေးလုံး မမေ့ရန် လှုံ့ဆော်စာများ ပဲခူးတွင် ဖြန့်ကျဲ

ချင်းမိုင် ။ ။ ပဲခူးမြို့တွင် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လှုံ့ဆော်စာများကို ယနေ့နံနက်ပိုင်းက ဖြန့်ကျဲခဲ့ကြောင်း ဒေသခံများအဆိုအရ သိရသည်။

A4 အရွယ်အစား စာရွက် ထက်ဝက်ခန့်တွင် '၆ ရက်၊ ၈ လ၊ ၈၈' ခေါင်းစဉ်ဖြင့် စာ ၄ ကြောင်းခန့် ရေးသားထားသည့် စာရွက်များကို မြို့တွင်း ကားလမ်းမများ၊ ဈေးများနှင့် လူစည်ကားရာ နေရာများတွင် မြို့ခံများအနေဖြင့် တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

ယနေ့နံနက်အစောပိုင်းတွင် ရွှေမော်တော ဘုရားလမ်းမကြီးနှင့် သနပ္ပင်လမ်းမပေါ်၌ အဆိုပါ စာရွက်များ တွေ့ရှိခဲ့သည်ဟု အခြား မြို့ခံတဦးကလည်း ပြောသည်။

နောက်ပိုင်းတွင် ၎င်းစာရွက်များကို ရဲများက လိုက်လံရှာဖွေမှုများ၊ သိမ်းဆည်းမှုများ ရှိခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ


သံလွင်မြစ်တလျှောက် ရေကာတာတည်ဆောက်ရေးစီမံကိန်းကြောင့် ဒေသခံပြည်သူ တို့အပေါ် သက်ရောက်စေမည့် ဆိုးကျိုးများကို ထိုင်းလူ့အခွင့်အရေး အဖွဲ့အစည်းများ နှင့် အန်ဂျီအိုတို့ထံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများမှ ယမန်နေ့က ဘန်ကောက်တွင် ဆွေးနွေးတင်ပြခဲ့သည်။

ထိုဆွေးနွေးပွဲတွင် တိုင်းရင်းသားဒေသများ၌ တည်ဆောက်မည့် သံလွင်မြစ်တလျှောက် ရေကာတာစီမံကိန်းများမှ စွမ်းအင်ထုတ်လုပ်ရာတွင် ကျရောက်မည့် ဆိုးကျိုးသက်ရောက်မှုများကြောင့် ထိုင်းအစိုးရအနေဖြင့် စီမံကိန်းအား ရပ်ဆိုင်းထားသင့်ကြောင်း တောင်းဆိုထားသည်။

အကယ်၍ တားဆီး၍ မရတော့လျှင်လည်း နေရာပြောင်းရွှေ့ခံရသည့် ပြည်သူများအတွက် ကျေနပ်လောက်သော ထောက်ပံ့မှုများ ဦးစားပေးလုပ်ဆောင်သင့်ကြောင်း သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့များက ပန်ကြားထားသည်။

သံလွင်မြစ်ရေကာတာ စီမံကိန်းများမှ ရလာမည့် လျှပ်စစ်စွမ်းအင်ကို ထိုင်း-မြန်မာနှစ်နိုင်ငံ သဘောတူညီချက်အရ ထိုင်းနိုင်ငံက အများဆုံးဝယ်ယူမည်ဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ

ချင်းမိုင်(မဇ္ဈိမ) ။ ။ မွန်အမျိုးသားများအတွက် ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက် မရှိဘဲ ပါတီနှင့် တပ်ခွဲထားခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းကို လက်ခံမှာ မဟုတ်ကြောင်း မွန်ပြည်သစ်ပါတီ NMSP က ပြောဆိုလိုက်သည်။

စစ်အစိုးရ ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးအား လက်မခံ ကြောင်း ယနေ့ကျရောက်သည့် (၆၂) ကြိမ်မြောက် “မွန်အမျိုးသား တော်လှန်ရေးနေ့” တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ပါတီဌာနချုပ်ရှိရာ ရေးမြို့နယ် ရေးချောင်းဖျားဒေသတွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်မှ သြဂုတ် ၁ ရက်နေ့အထိ ၆ ရက်ကြာ ကျင်းပခဲ့သော ဗဟိုအလုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးမှ အဆို ပါ သဘောထားများအား ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဆုံးဖြတ်ချက်များကို မွန်ပြည်သစ်ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် နိုင်ဒလညီက နအဖ အရှေ့ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းထံ ယနေ့ တရားဝင် ပေးပို့လိုက်ခြင်းဖြစ်သည်။

ဆုံးဖြတ်ချက်အတွင်း၌ အပစ်အခတ်ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းသွားမည်ဖြစ်ကာ တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် နိုင်ငံရေးပြဿနာကို ဖြေရှင်းသွားရန် လက်ရှိအစိုးရနှင့် နောင်တက်လာမည့် အစိုးရအား တောင်းဆိုသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်

နအဖစစ်အစိုးရ အာဏာပိုင်များက မြန်မာနိုင်ငံတဝန်းလုံး၌ ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေးများ လုပ်ဆောင်နေကြောင်း ဒေသအသီးသီးမှ စုံစမ်းသိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်တွင် သာမန်ပြည်သူများကို ဆိုင်ကယ်စီးခွင့် လုံးဝပိတ်ပင်ထားပြီး စစ်တပ်၊ ရဲနှင့် ဌာနဆိုင်ရာ ဝန်းထမ်းအချို့ကိုသာ အကန့်အသတ်ဖြင့် စီးနင်းခွင့်ပြုထားပြီး ယခုနောက်ပိုင်း အဆိုပါ စီးနင်းခွင့် ရှိသူများကိုလည်း အမျိုးမျိုးကန့်သတ်လာခြင်းဖြစ်သည်။

ရန်ကုန်တိုင်းအတွင်းရှိ အချို့မြို့နယ်တို့တွင် ဆိုင်ကယ်စီးနင်းခွင့် မရှိသော်လည်း မြို့လယ် စည်ပင်သာယာနယ်နိမိတ်နှင့် ဝေးကွာသည့်အတွက် ပြည်သူအများအပြား နယ်ကျော်ဆိုင်ကယ် စီးနင်းကြကာ အချို့က လိုင်စင်မဲ့ဆိုင်ကယ်များစီးကြပြီး အဆိုပါမြို့နယ်တို့တွင် ဌာနပေါင်းစုံပါ စစ်ဆေးရေးအဖွဲ့များက လမ်းဆုံလမ်းခွတို့တွင် စစ်ဆေးဖမ်းဆီးနေကြကြောင်းသိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

စိစစ်ရေးက ဂျာနယ်များအပေါ် အချိန်ကန့်သတ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ပြန်ကြားရေး ဝန်ကြီးဌာနလက်အောက် စာပေစိစစ်ရေးက အပတ်စဉ်ထုတ် ဂျာနယ်တိုက်များအပေါ် စာမူကြမ်း တင်ပြရာတွင် အချိန်ကန့်သတ်မှု ပြုလိုက်သည်။

ယခုလဆန်း တရက်နေ့မှစတင်ကာ အပတ်စဉ်ထုတ် ဂျာနယ်များ၏ စာမူကြမ်းများကို စီဒီဖြင့် တင်ပြရာတွင် နေ့လည် ၁၂ နာရီ နောက်ဆုံးထား တင်ပြရန် ညွှန်ကြားလာခဲ့သည်။

ရောင်းအားကောင်း အပတ်စဉ်ထုတ်ဂျာနယ်မှ တာဝန်ခံအယ်ဒီတာတဦးကမူ ပုံစံသစ်ကို ကြိုဆိုလိုက်သည်။

“ဒီပုံစံမျိုးက ဖြစ်သင့်တာ ကြာလှပါပြီ။ ဂျာနယ်သမားတွေအတွက် အရမ်းကို အဆင်ပြေလာပါတယ်။ လောလောဆယ်တော့ ကြိုးစားလုပ်ရတာပေါ့ဗျာ။ ဘယ်တော့လောက် အဆင်မပြေ ဖြစ်လာမလဲတော့ မသိဘူး” ဟု သူက ပြောသည်။

ဂျာနယ်တိုက်များ၏ စာမူကြမ်းများကို ယခင်က A3 ၊ A4 အရွယ်အစား စက္ကူများအသုံးပြုကာ စိစစ်ရေးတွင် တင်ပြခဲ့ရပြီး ပြီးခဲ့သည့်လမှ စတင်ကာ စာမူကြမ်းကို PDF ဖိုင်အသွင်ပြောင်း၍ စီဒီချပ်နှင့်အတူ စက္ကူစာမူကြမ်းဖြင့် ပူးတွဲတင်ပြခဲ့ကြသည်။

သို့သော် ယခုလဆန်းမှ စတင်ကာ စီဒီတခုတည်းဖြင့်သာ စိစစ်ရေးကို တင်ပြရန် ညွှန်ကြားခဲ့သည်။

ထို့အပြင် စာပေစိစစ်ခအတွက် ဂျာနယ်များအား ခွင့်ပြုထားသည့် စာမျက်နှာ အရေအတွက်အတိုင်း တမျက်နှာလျှင် ကျပ် ၂ဝဝ နှုန်းဖြင့် စိစစ်ရေးရုံးကို ပေးသွင်းရန်လည်း ညွှန်ကြားချက်တွင် ဖော်ပြရေးသားထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သြဂုတ်လ ၆ ရက်
ရက်သတ္တပတ် ၃၁၊ ၂၀၀၉
မြန်မာသတင်း

မြန်မာနိုင်ငံအခြေအနေ ကုလအတွင်းရေးမှူးချုပ် ရှင်းလင်း

မြန်မာစစ်အစိုးရအာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးမှု ရှိမရှိဆိုသည်ကို နိုင်ငံတကာအသိုင်းအ၀န်းက အသေအချာစောင့်ကြည့်နေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ပြောကြားသည်။

မြန်မာနိုင်ငံ တိုးတက်မှုအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံပေါင်း (၁၄) နိုင်ငံနှင့် ဒေသတွင်းအုပ်စုတခု ပါဝင်သည့် မြန်မာ့မိတ်ဆွေများအဖွဲ့နှင့် နယူးယောက်၊ ကုလသမဂ္ဂရုံးချုပ်တွင် ပြုလုပ်သည့် ယမန်နေ့အစည်းအဝေးတွင် ယင်းသို့ပြောကြားလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနာဂတ်တွင် အရေးကြီးသည့် အခြေခံကိစ္စရပ်များအတွက် နိုင်ငံတကာအသိုင်းအ၀န်း၏ စိုးရိမ်ပူပန်မှုများ၊ မျှော်လင့်ချက်များ တိုက်တွန်းအားပေးမှုများကို မြန်မာအစိုးရအနေဖြင့် အပြုသဘောဖြင့် အချိန်မီတုံ့ပြန်သည်ကို မြန်မာ့မိတ်ဆွေနိုင်ငံများက မြင်လိုကြကြောင်း မစ္စတာဘန်ကီမွန်းက သတင်းထောက်များကို ပြောကြားခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
သတင်းစာပါ ဖက်ဒရယ်မူ အဓိပ္ပာယ်ဖွင့်ဆိုချက် ဦးရွှေအုံး ကန့်ကွက်

နယူးဒေလီ (မဇ္စျိမ)။ ။ ဖက်ဒရယ်မူသည် စည်းလုံးညီညွတ်မှု ပျက်ပြားအောင် သွေးထိုးလှုံ့ဆော်ခြင်းဟု မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့ခြင်းအပေါ် ပင်လုံညီလာခံတွင် တက်ရောက်ခဲ့သူ ရှမ်းပြည် ဝါရင့် နိုင်ငံရေးသမားကြီး ဦးရွှေအုံးက ပြင်းထန်စွာ ကန့်ကွက်လိုက်သည်။

မြန်မာ့အလင်း အယ်ဒီတာထံ ပြီးခဲ့သည့်လ ၂၇ ရက်နေ့က ရေးသား လိပ်မူထားသော စာမျက်နှာ ၃ မျက်နှာပါ ပြန်လည် ဖြေရှင်းရေး တောင်းဆိုစာ မိတ္တူကို မဇ္ဈိမက လက်ခံ ရရှိခဲ့သည်။ ဦးရွှေအုံးက စာရေးသူ ကိုသာယာ အနေဖြင့် ဖယ်ဒရယ်မူနှင့် ပတ်သက်၍ မသိနားမလည်ခြင်း မဖြစ်နိုင်ကြောင်းနှင့် သူ၏ အာဘော်ဖြစ်သော်လည်း နောက်ကွယ်တွင် တစုံတရာ ရှိနေကြောင်း ဦးရွှေအုံးက သုံးသပ်သည်။ ၈၆ နှစ်အရွယ် ဦးရွှေအုန်းသည် ၁၉၉၃ ခုနှစ်တွင် “တတိယ ပြည်ထောင်စု ဘယ်သို့ဘယ်ပုံ” အမည်ရှိ စာအုပ်ကို ရေးသား ထုတ်ဝေခဲ့ဖူးသည်။ ထိုနှစ်တွင် သူသည် စစ်အစိုးရ၏ အမျိုးသားညီလာခံသို့ ၈ ပြည်နယ် ပြည်ထောင်စုမူ စာတမ်းကို တင်ပြခဲ့သဖြင့် အာဏာပိုင်များက ထောင်ဒဏ် တနှစ် ချမှတ်ခဲ့သည်။

သူသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စုကို အခြေခံ၍ ဒီမိုကရေစီစနစ်ကို အခြေခံမည့် “ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့” အမည်ဖြင့် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် နှစ်ဦးပိုင်းတွင် ဖွဲ့စည်းခဲ့သည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ကေအန်ယူကို ထိုးစစ်ဆင်ရန် ဒီကေဘီအေတပ်များ ဘုရားသုံးဆူသို့ ရောက်ရှိ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) ဒူးပလာယာခရိုင်ဒေသကို ထိုးစစ်ဆင်ရန်အတွက် ဒီကေဘီအေတပ်မဟာ (၅) အဖွဲ့ ယမန်နေ့က ဘုရားသုံးဆူနယ်ခြားမြို့သို့ ရောက်ရှိလာပြီဟု တပ်မှူးတဦးက ခေတ်ပြိုင်သို့ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဘားအံခရိုင်ဒေသကို ၂၀၁၀ ခုနှစ် မတိုင်မီ တိုက်ခိုက်သိမ်းပိုက်ရန် နအဖက ဒီကေဘီအေ (၉၉၉) တပ်မဟာကို အမိန့်ပေးထားပြီး တပ်မဟာ (၆) ဒူးပလာယာခရိုင်ကို သိမ်းပိုက်ရန် ဒီိကေဘီအေတပ်မဟာ (၅) အဖွဲ့ကို စေခိုင်းထားသည်ဟု ဒီကေဘီအေ စာပေနှင့်ယဉ်ကျေးမှုတာဝန်ရှိသူတဦးက ပြောသည်။

တလကြာဖြစ်ပွားခဲ့သည့် တပ်မဟာ (၇) ဒေသတိုက်ပွဲတွင် တဖက်နှင့်တဖက် အနိုင်အရှုံးမပေါ်ဘဲ ကရင်များသာ သေကျေခဲ့သည့်အတွက် ယခုစတင်မည့် တပ်မဟာ (၆) ဒေသ ထိုးစစ်တွင်လည်း အလားတူအခြေအနေများ ထပ်မံမဖြစ်ပွားရန် တိုက်တွန်းလိုသည်ဟု ကေအန်ယူက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

နေအိမ်ခြံဝင်း ကိစ္စအတွက် ဒေါ်စုနှင့် ရှေ့နေများ တွေ့ဆုံ

ချင်းမိုင် (မဇ္ဈိမ)။ ။ အိမ်ခြံဝင်းအတွင်းမှ မြေကွက်တခုကို ရောင်းချမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ ရှေ့နေ ၄ ဦးနှင့် ယနေ့ မွန်းလွဲပိုင်းက ဆွေးနွေးခွင့်ရခဲ့သည်။

ရှေ့နေများဖြစ်သည့် ဦးကြည်ဝင်း၊ ဦဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့နှင့် အင်းစိန်ထောင်အတွင်း၌ ၂ နာရီခွဲကြာ တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က သူမ နေထိုင်ခဲ့သည့် နေအိမ်ခြံဝင်းနှင့် သက်ဆိုင်ရာ နောက်ခံ အကြောင်းအရာများကို ရှင်းပြခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လ ၃၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က ခြံရောင်းချခြင်းသည် တရားမဝင်ကြောင်း “လွှဲအပ်ညွှန်ကြားချက်အရ” ဆိုသည့် အထက်တန်း အမျိုးသမီးရှေ့နေ ဒေါ်ချိုသဲမေနှင့် ဒေါ်ဝေဝေအောင် တို့ နှစ်ဦးထံ ကန့်ကွက်စာ ပို့ခဲ့သည်။ သို့သော် ယနေ့ထိ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ ခြံဝင်းအတွင်းရှိ မြေကွက်တချို့အား ရောင်းလိုက်ပြီးဖြစ်သဖြင့် ၇ ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ပြီးခဲ့သည့်လ ၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မလေးရှားမှ မြန်မာ (၆) ဦး သေဒဏ်ပေးခံရ

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား (၆) ဦးကို ဂိုဏ်းဖွဲ့ကာ လူသတ်မှုကျူးလွန်ခဲ့သည့်အတွက် မလေးရှားတရားရုံးချုပ်က ယနေ့ သေဒဏ်ပေးလိုက်သည်။

၎င်းတို့ (၆) ဦးသည် ၂၀၀၅ ခုနှစ်၊ ဇွန်လအတွင်း မြန်မာ-မွတ်စလင်တဦးဖြစ်သည့် ဆာဒစ်ဟူစိန်ကို ဂိုဏ်းဖွဲ့သတ်ဖြတ်ခဲ့ခြင်း အတွက် သေဒဏ်ပေးခံကြရခြင်းဖြစ်ကြောင်း မလေးရှားနိုင်ငံရှိ မြန်မာတဦးက ပြောသည်။ မလေးရှားတရားရုံးချုပ်က သေဒဏ်ချမှတ်လိုက်သူများမှာ အောင်စိုးဦး (ခ) စလမ်၊ ၀င်းနိုင် (ခ) ကာစင်၊ နဂုရာရှစ်၊ မွန်ဂျီ (ခ) အက်ကာရင်ဟာရှင်း၊ ဆိုင်ဒူလဒ် (ခ) စိုးစိုးနှင့် ဇော်ဦးတို့ဖြစ်ကာ ၎င်းတို့သည် မြန်မာ-မွတ်စလင်များဖြစ်ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
သြဂုတ်လ ၇ ရက်
ရက်သတ္တပတ် ၃၁၊ ၂၀၀၉
မြန်မာသတင်း

လူထုကိုမျက်နှာမူသည့် နိုင်ငံရေးလုပ်ဆောင်ရန်လိုအပ်ဟု
မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများ ပြောကြား

ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ပွားခဲ့သည်မှာ ၈-၈-၀၉ တွင် (၂၁) နှစ်ပြည့်ပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးများ မရရှိသေးသည့်အတွက် မြန်မာ့ဒီမိုကရေစီအင်အားစုများအနေဖြင့် လူထုကိုမျက်နှာမူသည့် နိုင်ငံရေးလုပ်ဆောင်ရန်လိုအပ်ကြောင်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ကိုအောင်မိုးဇော်က ပြောသည်။

ရှစ်လေးလုံးအရေးတော်ပုံကြီးမှ ခေါင်းဆောင်ကောင်းများ၊ နိုင်ငံရေးအဖွဲ့အစည်းကြီးများကို မွေးထုတ်ပေးလိုက်သော်လည်း ဒီမိုကရေစီလှုပ်ရှားမှုကြီးအတွင်း အမှန်တကယ်ညီညွတ်သည့် ခေါင်းဆောင်မှုကို မတည်ဆောက်နိုင်သေးကြောင်း ကိုအောင်မိုးဇော်က ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ ဥက္ကဋ္ဌ ကိုသံခဲကလည်း
ရှစ်လေးလုံးအရေးတော်ပုံကြီးသည် မြန်မာနိုင်ငံသမိုင်းတွင် ဒီမိုကရေစီအုတ်မြစ်ကို ချပေးခဲ့သည့် မှတ်တိုင်တခုဖြစ်ပြီး ယခုအချိန်အထိ ဆက်လက်ရှင်သန်ဆဲဖြစ်သည်ဟု ပြောသည်။

ရှစ်လေးလုံးအရေးတော်ပုံကြီးသည် ဒီမိုကရေစီအုပ်မြစ်ကို ချပေးသည့်မှတ်တိုင်တခုဖြစ်ပြီး ဆက်လက်အကောင်အထည် ဖော်ရန်အတွက် ဒီမိုကရေစီအင်အားစုများအနေဖြင့် အားနည်းချက်များကို ပြင်ဆင်ရန်လိုအပ်ကြောင်း၊ ယနေ့ မြန်မာနိုင်ငံ အခြေအနေသည် နိုင်ငံရေး အကျပ်အတည်းဖြင့် ရင်ဆိုင်နေရပြီး ယင်းပြဿနာကိုဖြေရှင်းရန်မှာ နအဖစစ်အစိုးရတွင် အဓိကတာဝန်ရှိကြောင်း ကိုသံခဲက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အန်အယ်ဒီ မြို့နယ်စည်း ထောင်ထဲတွင် ကျန်းမာရေးဆိုးရွား

ချင်းမိုင် ။ ။ ထောင်ဒဏ် ၇ နှစ်ခွဲ ကျခံနေရသည့် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှ အန်အယ်ဒီ မြို့နယ်စည်း ဦးတင်ယုသည် အင်းစိန်ထောင်အတွင်း ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြောင်း သိရသည်။

သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ထောင်ဒဏ်ကျခံနေရသူ အသက် ၅၂ နှစ်အရွယ် ဦးတင်ယုသည် အစာမစားနိုင်ဘဲ ထောင်ဆေးရုံ၌ တင်ထားရပုံကို ယမန်နေ့က ထောင်ဝင်စာ သွားတွေ့ခဲ့သည့် သမီးဖြစ်သူ မသင်းသင်းယု အပြောအရ သိရခြင်း ဖြစ်သည်။ သူသည် ၂၀၀၇ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ကုန်ဈေးနှုန်း ကျဆင်းရေးနှင့် သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ၄၃ ရက်ကြာ စစ်ကြောထိန်းသိမ်းခံရာမှ ပြန်လွတ်လာခဲ့သူ ဖြစ်သည်။

၂၀၀၈ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် အမည်မသိ လူတစုက တံတားဖြူမှတ်တိုင်၌ ဝိုင်းဝန်းရိုက်နှက်သဖြင့် ဦးခေါင်းတွင် ၂၃ ချက် ချုပ်ရကာ၊ မျက်စိ၌ ထိခိုက်မှု ဖြစ်ခဲ့သေးသည်။

ထိုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် အာဏာပိုင်များက နေအိမ်သို့ လာရောက်ဖမ်းဆီးပြီး၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အင်းစိန်ထောင်တွင်း တံခါးပိတ် တရားခွင်က နိုင်ငံတော်လုံခြုံရေးအား ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်မှု အပါအဝင် ပုဒ်မ ၄ ခုဖြင့် ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်ခဲ့သည်။ ယခုအခါ ပုဒ်မ ၃၅၃ - တာဝန်ဝတ္တတရား နှောင့်ယှက်မှု ကျန်ရှိနေသေးသည်။

ယခုလ ၄ ရက်နေ့တွင် သူနှင့်အတူ အမှုတွဲတူသူများအား ရုံးထုတ်၍ စီရင်ချက်ချမှု ရှိခဲ့သော်လည်း ဦးတင်ယုမှာ ကျန်းမာရေး အခြေအနေကြောင့် တရားရုံးသို့ မသွားနိုင်ဘဲ တဦးတည်း ကျန်ရစ်ခဲ့ပြီးနောက် ယခုလ ၁၄ ရက်နေ့သို့ ရုံးချိန်းရက် ရွှေ့ဆိုင်းပေးခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ရန်ကုန်တွင် လုံခြုံရေးများ တိုးမြှင့်ချထား

မနက်ဖြန်သည် ရှစ်လေးလုံးအရေးတော်ပုံကြီး (၈-၈-၈၈) ဖြစ်ပွားခဲ့သည်မှာ (၂၁) နှစ်ပြည့်မြောက်သောနေ့ဖြစ်သည့်အတွက် ရန်ကုန်မြို့တွင် လုံခြုံရေးများ တိုးမြှင့်ချထားကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်မြို့၏ အထင်ကရဖြစ်သော ရွှေတိဂုံဘုရား၊ အန်အယ်လ်ဒီရုံးချုပ်ရှိရာ ရွှေဂုံတိုင်ဝန်းကျင်၊ မြေနီကုန်းမီးပွိုင့်၊ လှည်းတန်း မီးပွိုင့်၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် ရန်ကုန်မြို့တွင်းရှိ မြို့နယ်များတွင် ယနေ့နံနက်မှစ၍ ရဲများကို တနေရာလျှင် (၂) ဦး၊ (၃) ဦးခန့်ချထားကြောင်း မျက်မြင်တွေ့သူများက ပြောသည်။

ယခုနှစ် ရှစ်လေးလုံးနေ့တွင် ပြည်သူများမဆူပူရန် အစိုးရက မည်သို့လုံခြုံရေး တင်းကျပ်မည်ဆိုသည်ထက် ယခုလ (၁၁) ရက်နေ့တွင် အမိန့်ချမှတ်မည့် ဒေါ်အောင်ဆန်းစုကြည်၏အမှုကိစ္စကို ရန်ကုန်မြို့ခံများက အလွန်စိတ်ဝင်စားနေကြသည်ဟု သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ယက်တော အမှု မဖန်တီးခဲ့ဟု စစ်အစိုးရ ငြင်းဆို

ရန်ကုန် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းသို့ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ဝီလီယံ ယက်တော ရေကူးဝင်ခဲ့ခြင်းမှာ အစိုးရက ပူးပေါင်းကြံစည်ခဲ့ခြင်းမဟုတ်ပါဟု စစ်အစိုးရက ငြင်းဆိုလိုက်သည်။

ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ယနေ့ နေ့လည် ၂ နာရီက မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ပြတိုက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခြင်းဖြစ်ပြီး ပြည်ပရောက် အတိုက်အခံများ လက်ချက်ဟု တန်ပြန်စွပ်စွဲလိုက်သည်။

မစ္စတာယက်တောသည် ပြည်ပရှိ အတိုက်ခံ အဖွဲ့အစည်းများနှင့် ကြိမ်ဖန်များစွာ ဆက်သွယ်ခဲ့ဖူးသူ ဖြစ်သဖြင့် အတိုက်အခံ အဖွဲ့အစည်းများကသာ ကြိုးကိုင် လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ပြည်တွင်းအရက်ချက်စက်ရုံများအား စစ်ဆေးသင့်ဟု
ဆရာဝန်များက ရှုမြင်

ပြည်ပနိုင်ငံများမှ တင်သွင်းနေသည့် စားသုံးကုန်စည်များအား စားသုံးရန်မသင့်ဟု အကြောင်းပြပြီး တားမြစ်အရေးယူနေမည့် အစား မြန်မာ့အာဏာပိုင်များအနေဖြင့် ပြည်တွင်း၌ ချက်လုပ်ရောင်းချနေသည့် အရက်သေစာများအား လိုက်လံစစ်ဆေးကာ စံချိန်အဆင့် ပြည့်မီခြင်းမရှိသည့် အရက်ထုပ်လုပ်သူများကို အရေးယူကာ ပြည်သူများအား အသိပေးသင့်ကြောင်း ပြည်တွင်းဆရာဝန်များက ရှုမြင်သည်။

မြန်မာနိုင်ငံတွင် အဆင့်ပြည့်မီခြင်းမရှိသည့် အရက်သေစာ သောက်သုံးခြင်းကြောင့် သက်တမ်းမပြည့်ခင် သေဆုံးသူဦးရေ နှစ်စဉ် များပြားလာနေကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

အဆိုပါဆရာဝန်သည် လွန်ခဲ့သည့် (၁၀) နှစ်ခန့်မှစ၍ ပြည်တွင်းထုတ်အရက်များနှင့် ပတ်သက်၍ လေ့လာဆန်းစစ်ချက်များအား သုတေသနပြုလုပ်နေသည့် ဆရာဝန်တဦးဖြစ်သည်။

စာရင်းဇယား အတိအကျကောက်ယူထားခြင်းမရှိသော်လည်း အရက်ကြောင့် သေဆုံးသူဦးရေ နှစ်စဉ်များပြားလာနေသည်ကို ဆရာဝန်တိုင်းက လက်ခံကြောင်း ယင်းဆရာဝန်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဒေါ်စုနေအိမ် လုံခြုံရေး တာဝန်ကျ ရဲများအား အရေးယူဟု ရဲချုပ်ပြော

ရန်ကုန် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်းသို့ မစ္စတာ ဝီလျံယက်တော ကျူးကျော် ဝင်ရောက်ခဲ့သော အမှုနှင့် စပ်လျဉ်း၍ တာဝန်ကျနေသော ရဲများကို အရေးယူခဲ့ကြောင်း ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ပြောသည်။
ပထမအကြိမ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်က လုံခြုံရေး တာဝန်ရှိသူများအား စစ်ဆေးနေကြောင်း၊ အပြစ်ရှိပါက အရေးယူမည် ဖြစ်ကြောင်း ရဲချုပ်၏ ပြောကြားချက်အပေါ် ပြည်တွင်း မီဒီယာတခုက မေးမြန်းခဲ့ခြင်းကို ယခုကဲ့သို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေဖြင့် အရေးယူခံရသူ ၂၀ ဦးကျော် ရှိသည်ဟု ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

နာဂစ်အလှူပစ္စည်းများ ဂိုဒေါင်အတွင်းပျက်စီးနေ

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် (သမိုင်းလမ်းဆုံအနီး) ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဦးစီးမှူးရုံး၌ ဖွင့်လှစ်ထားသည့် သာသနာရေးဝန်ကြီးဌာနပိုင် ဂိုဒေါင်တခုအတွင်း သောင်းနှင့်ချီသော သွပ်ပြားများ၊ ပျက်စီးစ ပြုနေပြီဖြစ်သော သင်္ကန်းအုပ်များ၊ ကော်ဇောအုပ်များ များစွာကျန်ရှိနေကြာင်း ဂိုဒေါင်ဝန်ထမ်းများက ပြောသည်။

ဂိုဒေါင်အတွင်းရှိ ယင်းပစ္စည်းများသည် နာဂစ်လေဘေးသင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များသို့ ပေးဝေ၍ ပြည်တွင်းပြည်ပအလှူရှင်များက သာသနာရေးဝန်ကြီးဌာနသို့ လှူဒါန်းထားသည့် အလှူခံပစ္စည်း များဖြစ်ကြသည်။

သာသနာရေးဝန်ကြီးဌာနသည် စင်ကာပူ၊ ထိုင်းတို့မှ အလှူရှင်များ၊ အန်ဂျီအိုများ၏ အလှူပစ္စည်းများ အများဆုံးလက်ခံရရှိပြီး သွပ်ပြားများ၊ သင်္ကန်းအုပ်များ၊ ကော်ဇော၊ တာလပတ်စများ၊ အ၀တ်အထည်၊ မုန့်ပုံးများ၊ မီးဖိုချောင်သုံး ပစ္စည်းများအထိ ပါဝင်သည်။

၎င်းအလှူပစ္စည်းများကို မြန်မာပြည်၏ ထိခိုက်မှုအများဆုံး လေဘေးသင့်ဒေသများရှိ ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းပြီး ရန်ကုန်တိုင်းအတွင်း လေဘေးသင့် ဘုန်းတော်ကြီးကျောင်းများ တစုံတရာ ရရှိခြင်းမရှိဟု သံဃာတော်အသိုင်းအ၀န်းက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အမေရိကန် အထက်လွှတ်တော်အမတ် မြန်မာနိုင်ငံသို့ လာရောက်မည်

နယူးဒေလီ။ ။ ဗာဂျီးနီးယားပြည်နယ် ကိုယ်စားပြု အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်သည် ယခုလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံနှင့် ဒေသတွင်း၌ အမေရိကန်၏ အကျိုးစီးပွား တိုးတက်လာစေရန်အတွက် အခွင့်အလမ်းများ ရှာဖွေနိုင်ရန် ဖြစ်သည်ဟု သူ၏ ရုံးမှ ယခုလ ၆ ရက်နေ့တွင် ပြောကြားလိုက်သည်။

အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ၏ အရှေ့အာရှနှင့် ပစိဖိတ်အရေးဆိုင်ရာ ကော်မတီခွဲ ဥက္ကဋ္ဌအဖြစ် လာရောက်မည့် အထက်လွှတ်တော်အမတ် ဝက်ဘ်သည် လက်ရှိတွင် အမေရိကန်မှ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုကို ဆယ်စုနှစ်တခုမျှ ခံနေရသော မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ပထမဆုံး အမေရိကန် အထက်လွှတ်တော်အမတ် ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)