Saturday, December 20, 2008

အရှေ့ နှင့် အနောက်

*
*
*



အသင့်အတင့်ရှိသော နယ်နမိတ် အကျယ်အ၀န်း နယ်မြေတခုတွင် လူသားတို့သည် ဇနပုဒ် ရွာ မြို့ တည်ထောင်ပြီး၊ လူသား အမျိုးအနွယ်များအဖြစ် သတ်မှတ်၍ ဒိုးတူပေါင်းဖက် လူ့ဘောင်တခု တည်ထောင်၍ ရှင်သန် နေထိုင်ခဲ့ပါသည်။ လူအမျိုးအနွယ်စုများသည် ရေကြည်ရာ မြက်နုရာဒေသများကို ရွေ့ပြောင်းစနစ်မှ အတည်အကျနေထိုင်ခြင်းသို့ လူနေမှု အဆင့်အတန်းကို အဆင့်ဆင့် ပြောင်းလဲ လုပ်ယူလာခဲ့သည်။ ထိုကဲ့သို့ တိုးတက် ပြောင်းလဲလာသည့်လျှောက် လူအမျိုးအနွယ်စုကို ကြပ်မတ် ထိန်းသိမ်းရန် ခေါင်းဆောင် အဖြစ် တင်မြောက် ရွေးချယ်လာသည်။ ထိုခေါင်းဆောင်သည်လည်း ထိုအမျိုးအနွယ်စု၏ ကံကြမ္မာကို ဖန်တီးသူများ၊ ရှေ့ဆောင် လမ်းပြသူများအဖြစ် အုပ်ချုပ်ခံလူတန်းစားက ပေးဆောင်သည့် ဘဏ္ဍာအခွန်များမှ အခကြေးငွေများ ယူငင်ပြီး အမျိုးအနွယ်စု ကာကွယ်ရေး၊ အုပ်ချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရသည်။

အိုးလုပ်သည်က အိုးအကြောင်း၊ တံငါသည်က ငါးတို့၏ သဘာဝ၊ မုဆိုးသည် တောအနေအထားနှင့် တောသတ္တ၀ါများ၏ အလေ့အကျင့်များကို ကြွမ်းကျင်စွာ သိထားသလို၊ လူ့အမျိုးအနွယ်စုကို ဦးဆောင်သူများသည်လည်း အုပ်ချုပ်ရေးနှင့် သက်ဆိုင်သော ပညာရပ်များကို ကောင်းစွာသိမြင်လာပြီး မိမိ၏ မျိုးဆက်အား သင်ကြား၍ အုပ်ချုပ်သူ လူတန်းစားတရပ်ကို ဖန်တီးပြီး ဘုရင့်မျိုးဆက်ကို သွတ်သွင်းလာသည်။ ထို့ကြောင့် လောကနိတိအရ လူ့ဇာတိအနွယ်များတွင် မင်းမျိုးဟု ဆိုသော အုပ်ချုပ်သူ လူတန်းစား၊ ပုဏ္ဍာမျိုးဟု အမည်ရသော အတတ်ပညာဖြင့် အသက်မွေးသော လူတန်းစား၊ ဥစ္စာဓန အသင့်အတင့် အရောင်းအ၀ယ်ပညာရပ်ဖြင့် အသက်မွေးသော ကုန်သည်မျိုးနှင့် သူဆင်းရဲမျိုးနွယ်ဟု အဆင့်အတန်းကို ခွဲခြားပြသ ထားသည်။ စစ်မှုထမ်းသည့် မျိုးရိုး၊ ခ၀ါသည်မျိုးရိုးစသော အမျိုးများစွာ ရှိပါသေးသည်။

အုပ်ချုပ်သူ လူတန်းစားများက အကျင့်ပျက်လာ၍ ဥပဒေသများ ထုတ်နှုတ်ပြီး အာဏာကို ထိန်းချုပ်လာသဖြင့် စည်းမျဉ်းခံ ဘုရင်စနစ် ပေါ်ပေါက်လာသည်။ ထိုမှတဆင့် ဘုရင် ဘုရင်မများကို ဦးသျှောင်အဖြစ် ထားရှိပြီး ဥာဏ်ပညာများစွာ ပြည်စုံသော လူထုအကျိုးပြု နိုင်ငံရေးသမားများ ချုယ်လှယ်သည့် နိုင်ငံရေးစနစ်များ ပေါ်ပေါက်လာသည်။ ကနေဒါ၊ သြစတြေးလျ အင်္ဂလန် စပိန် ဟော်လန် ဂျပန် ထိုင်း နှင့် စကင်နေဗီးယမ်း သုံးနိုင်ငံ တို့တွင် ကျင့်သုံးနေသည်။ မြန်မာနိုင်ငံတွင်လည်း သီပေါမင်းလက်ထက်တွင် ကင်းဝန်မင်းကြီးနှင့် အပေါင်းအပါများက စည်းမျဉ်းခံ ဘုရင်စနစ်ကို အစပြုရန် ကြံစည်သေးသည် ဟု ဖတ်မှတ်ဖူး၏။

ဘုရင်မရှိသော မျိုးနွယ်စုများဖြစ်သည့် အမေရိကန်ပြည်ထောင်စု ဂျာမန် အိန္ဒိယ နှင့် ကမ္ဘာအနှံအပြား ဒီမိုကရေစီ စနစ်ဖြင့် ကျင့်သုံးနေသော နိုင်ငံများသည် သမ္မတ ဦးစီးစနစ်ကို ကျင့်သုံးနေသည်။

၎င်းအပြင် ဘုရားနိုင်ငံတော်ဟု စိတ်ကူးဖြင့် အကြွင်းမဲ့အာဏာကို ရဟန်းအကြီးအကဲများထံ အပ်နှင်းထားသည့်နိုင်ငံများမှာ ဗာတီကန်နှင့် ယခင် တိဘက်ဒေသတို့ ဖြစ်သည်။

၎င်းစနစ်သည် သမိုင်းခေတ်အလယ်တွင် ခေတ်စားပြီး အထူးသဖြင့် ဥရောပ၌ ပုရဟန်းမင်းများ ကြီးစိုးသောခေတ်ဟု သမိုင်းထွင်ခဲ့သည်။
သိုဖြစ်ပါ၍ အချုပ်အခြာ အာဏာသည် ပြည်သူ့ထံမှ ဆင်းသက်လာခြင်းနှင့် အချုပ်အခြာ အာဏာသည် နိုင်ငံတော်မှ ဆင်းသက်လာခြင်း နှစ်မျိုးရှိသည်ဟု ယေဘူယ ကောက်ချက်ဆွဲနိုင်သည်။
***

အချုပ်အခြာသည် အထက်မှ ဆင်းသက်ခြင်း သို့မဟုတ် နိုင်ငံတော်က ဆင်းသက်လာခြင်း


အချုပ်အခြာအာဏာသည် နိုင်ငံတော်မှ ဆင်းသက်လာသည်ဆိုသော နိုင်ငံများသည် တပါတီစနစ်ကျင့်သုံးသည့် နိုင်ငံများ၊ ဘုရင်စနစ်ကို လက်ခံသုံးနေသော မူစလင်နိုင်ငံများ၊ စစ်အာဏာသိမ်းပြီး အုပ်ချုပ်သော နိုင်ငံများတွင် တွေ့ရသည်။
အုပ်ချုပ်သူ လူတန်းစားများသည် မိမိပိုင် လွတ်တော်၊ စစ်တပ် များကို ကိုယ်ပိုင်အဖြစ် အသုံးပြု၍ တိုင်းပြု ပြည်ပြု ဥပဒေများကို ဖျက်သိမ်းခြင်း မွန်းမံခြင်း အသစ်ပြုခြင်းများစသော အခွင့်အရေးများ ရရှိသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကျူးဘား ဗီယက်နမ် လော နှင့် မြောက်ကိုးရီးယား စသော ကွန်မြူနစ်ပါတီ မင်းမူအုပ်ချုပ်သော နိုင်ငံများ၊ ရေနံဖြင့် ချမ်းသောသော အရှေ့အလယ်ပိုင်း အာရပ်ဘုရင့်နိုင်ငံ၊ ဘရှုနိုင်းနိုင်ငံနှင့် လစ်ဗျား မြန်မာ နှင့် အီရတ် (ဆာဒမ်ဟူစိန်လက်ထက်) နိုင်ငံများသည် စစ်တပ်ကို အင်အားပြုပြီး စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်သော နိုင်ငံများ ဖြစ်သည်။

ထိုတိုင်းပြည်တို့တွင် ပြည်သူများသည် အုပ်ချုပ်ခံလူတန်းစားများ သက်သက်သာဖြစ်၍ တိုင်းပြည် ကံကြမ္မာကို ဖန်တီးခွင့်၊ တိုင်းပြည် အနာဂါတ်ကို လွတ်လပ်စွာ သဘောထား ပေးခွင့် ဆုံးရှုံးနေရသော သူများဖြစ်သည်။ သံမဏိစည်းကမ်းများဖြင့် ချမှတ်ထားသည့် ဘာသာတရား၊ ပါတီ၊ စစ်တပ်၏ မူဝါဒအောက်မှသာလျှင် သဘောထား ပေးခွင့်ရရှိသည်။ ထိုကဲ့သို့ တင်းကြပ်ထားသည့် စည်းမျဉ်းများကို ကျော်လွန်ပြီး သဘောထားများ ပြုလုပ်ဆောင်ရွက်သူကို နိုင်ငံတော် ပုန်ကန်မှုဖြင့် စွပ်စွဲခံရပြီး ကြီးလေးသော အပြစ်ဒဏ်များဖြင့် အပြစ်ပေးခံရတတ်သည်။ မိမိကံကြမ္မာကို မိမိဖန်တီးနိုင်စွမ်း အလွန်နည်းသော စနစ်တခု ဖြစ်သည်။

ထူးခြားသည်မှာ ထိုနိုင်ငံများတွင် တဦးတယောက်အစွမ်းဖြင့် လည်းကောင်း၊ အသင်းအဖွဲ့များဖြင့် လည်းကောင်း သွေးထွက် သံယိုမှုများဖြင့် နိုင်ငံတော် အာဏာကို ရယူထားကြသည်။ ထိုအချုပ်အခြာ အာဏာသည် မိမိတို့ လုပ်ယူထားသော သဘောဖြင့် ၎င်းတို့ လိုအပ်သည့် ဥပဒေများကို ရေးဆွဲခြင်း၊ အဓိပ္ပါယ် နှစ်ခွရှိသော၊ ထင်ရောင်မှားဖြစ်စေသော ဥပဒေများကိုလည်း ရေးဆွဲခြင်းများနှင့် တိုင်းပြည်ကို အုပ်ချုပ်နေသည်။ ဤသည်မှာလည်း ရှေးကျနေသော ဘုရင်စနစ် ပုံစံ ဖြစ်သည်။

၎င်းအပြင် အာဏာရှိသူသည် မိမိအာဏာကို နှစ်ရှည်စွဲကိုင်ခွင့် ရရှိသည်။ အကျိုးအဆက်အရ ထိုပုဂ္ဂိုလ်များ၏ သဘောတော်ကျသည့် လူတန်းစားမျှသာလျှင် အဆင့်အဆင့် အာဏာ လုပ်ပိုင်ခွင့်များ ရရှိသည်။ ထို့ကြောင့် အောက်ခြေ အာဏာပိုင်များသည် မိမိ၏ အာဏာ တည်မြဲရေးအတွက် အထက်ဆိုသည့် ပုဂ္ဂိုလ်များ၏ အလိုက်အကြိုက်ကိုသာ ကြည့်ရှု့ပြီး အုပ်ချုပ်ခံလူတန်းစားဖြစ်သော ပြည်သူပြည်သားများ၏ အကျိုးများကို မကြည့်ရှု့သဖြင့် ပြည်သူများ အတိဒုက္ခများ ကြုံတွေပြီး ဆင်းရဲစွာ အသက်မွေးမြူ
နေရတတ်သည်။ ထို့အပြင် ပြည့်သူများထံမှ မိမိတို့သဘောအရ ဇွတ်အတင်း ငွေများ ကောက်ခံပြီး မိမိပိုင် ငွေများကဲ့သို့ အသုံပြုကြသည်။ အထက်အောက်ဆိုသော အာဏာစီးဆင်းမှုသည် သမရိုးကျမဟုတ်ပဲ အပေါ်အကြိုက်များ ပြုလုပ်ခြင်း၊ လာဒ်ပေးလာဒ်ယူ စနစ်များ ပြုလုပ်ခြင်း၊ ပြည်သူ့ စီမံကိန်းများကို လော်ဖါးသော သူများ၊ နီးစပ်သော သူများကို လုပ်ခွင့်ပေးခြင်း၊ အောက်ဆိုသော အာဏာမဲ့များကို ဖိနှိပ်ပြီး သတင်းအမှားများ အထက်ကို တင်ပြခြင်းများသည် တဦးပိုင်အာဏာ၏ အကျိုးအပြစ်များသာဖြစ်ပြီး လူ့အသိုင်းအ၀ိုင်းသည် ပျက်သှဉ်းခြင်းကိုသာ ဦးတည်နေသည်ကို တွေ့ရသည်။

ထို့အပြင် အကြီးအကဲဆိုသည့် ပုဂ္ဂိုလ်များသည်လည်း တိုင်းပြည်တွင်ရှိသော အရာရာကို သူတို့နှင့်သာ သက်ဆိုင်ပြီး သူတို့သာလျှင် ပြည်သူ ပြည်သားများ၏ အသက်အိုးအိမ်ကို ကာကွယ်နေခြင်း၊ ပြည်သူပြည်သားများကို ထမင်းကြွေးထားခြင်း၊ သူတို့ မင်းဖြစ်သည့်အချိန် ပြည်သူများအား ရှေ့အုပ်ချုပ်သူများ၏ စနစ်ဆိုးမှ ကယ်တင်ထားခြင်းနှင့် တိုင်းပြည်ကို ချောက်အတွင်းက ဆွဲတင်ထားခြင်း စသော အတွေးများ လွဲမှားစွာ ရှိနေတတ်သည်။ ထို့ကြောင့် တိုင်းပြည်၏ ကံကြမ္မာသည် တဦးတယောက် လက်ထဲတွင်သာ ရှိပြီး ထိုသူများ ပြုလုပ်ခဲ့သည့် ဆိုးကျိုးကို ပြည်သူများသာလျှင် ဆင်းရဲခြင်းအတိဖြင့် ကြုံတွေ့ရသည်။ ထို့ကြောင့် ၎င်းစနစ်သည် တိုင်းပြည်နှင့် တိုင်းသားပြည်သူတို့၏ အနာဂါတ်သည် နိုင်ငံတော်ဆိုသည့် အာဏာပိုင်များလက်ထဲသာ ရှိသည်။

၎င်းစနစ်တွင် အုပ်ချုပ်သူသည် မင်းကျင့်တရား ၁၀ ပါးအညီ ဦးဆောင်မှုပေး၍ ပြည်သူများအား ရင်ဝယ်သားဟု ထင်မှတ် အုပ်ချုပ်ပြီးလျှင် နယ်နမိတ်အတွင်း သယံဇာတများဖြစ်သော ရေနံဖြင့် ချမ်းသာသော၊ စီးပွားရေးကို နည်းလမ်းမှန်စွာ အောင်မြင်အောင် လုပ်ဆောင်နိုင်သော တိုင်းပြည်များသာလျှင် ပြည်သူဘ၀ အသင်အတင့် သာယာငြိမ်းချမ်းခြင်းကို ရရှိသည်။ ၎င်းသည်လည်း လူ တစ်ထောင်တွင် တယောက်လောက်သာ ရှားရှားပါးပါး ရှိသည်ကို ယနေ့ကမ္ဘာတွင် တွေ့ရသည်။
***


အချုပ်အခြာ အာဏာသည် ပြည်သူ့မှ ဆင်းသက်လာခြင်း

ဤုစနစ်သည် သယံဇတများ ချို့တဲ့သော နိုင်ငံများတွင် အများအားဖြင့် တွေ့ရတတ်သည်။ မိမိ ကံကြမ္မာ မိမိ ဖန်တီးခွင့် ရှိသော စနစ် ဟု ဆိုရမည်။ ခရိုင်တခု သို့မဟုတ် မြို့ရွာ ဒေသ တခုအတွင်း ပြည်သူများသည် အကြိမ်ကြိမ် စုဝေး သဘောတူညီချက် ဥပဒေသများ ယူထုတ်ပြီး ကွန်မြူးဆိုသော တမြို့လုံးသက်ဆိုင်သည့် အဖွဲ့တခုကို တည်ထောင်ကြသည်။ ထို့နောက် မိမိတို့ အစွမ်းဖြင့် ရရှိထားသော ပိုင်ဆိုင်မှု တချို့တ၀က် ( ဥပမာအားဖြင့် ဆယ်ဖို့ တစ်ဖို့ )ကို ဒေသ မြူနီစပယ်ဆိုသည့် အဖွဲ့ကို ပေးဆောင်ရသည်။ ထိုအပြင် နိုင်ငံတော်ဆိုသော တိုင်းပြု ပြည်ပြု အဖွဲ့အစည်းကိုလည်း မြို့နယ်ကို ထည့်ဝင်ရသည့် ပမာဏထက် အနည်းငယ်လျော့ပြီး ပေးဆောင်ရ၏။ ထိုထည့်ဝင်ရသည့် အခွန်ဘဏ္ဍာများကို စုဆောင်းပြီး မြို့နယ်အတွင်း ဘာသာရေးကျောင်း၊ စာသင်ကျောင်း၊ အိုနာကျိုးကန်းများအား ပြုစုစောင့်လျှောက်ရန် အဆောက်အဦး၊ အလုပ်လက်မဲ့များအား ထောက်ပံခြင်း၊ အခမဲ့ဆေးကုသခွင့်ရှိသော ဆေးရုံနှင့် အများအသုံးပြုနိုင်ရန် ဆောက်လုပ်ထားသည့် အဆောက်အဦးများကို ဆောက်လုပ်ခြင်း မွန်းမံခြင်းဖြင့် လူအသိုင်းအ၀ိုင်းတခု တိုးတက်အောင် အသုံးပြုသည်။ နိုင်ငံတော်ဟူသော အမြင့်ဆုံးအဖွဲ့အစည်းသို့ ပေးဆောင်ရသည့် အခွန်ဘဏ္ဍာက တိုင်းပြည် ကာကွယ်ရေး၊ တရားဥပဒေစိုးမိုးရေး နှင် လမ်းပန်းဆက်သွယ် ကောင်းမွန်ရေးတို့တွင် အသုံပြုကြသည်။

ဤသို့ လူ့အသိုင်းအ၀ိုင်းကို တိုးတက်အောင် ဆောင်ရွက်ရာတွင်လည်း ပြည်သူများ အချိုးကျ ထည့်ဝင်ထားသည့် အခွန်ဘဏ္ဍာများကို ကိုယ်ကျိုးအတွက် သုံးစွဲခြင်း မပြုရပေ၊ အဘယ်ကြောင့်ဆိုသော် ထိုဘဏ္ဍာသည် ပြည်သူများမှ ကောက်ယူသော အခွန်များဖြစ်သဖြင့် တိုင်းပြု ပြည်ပြု လုပ်ဆောင်နေကြသည့် သူများသည်လည်း ပြည်သူ့အတွင်းက ပြည်သူသဘောထားဖြင့် ရွေးချယ်လိုက်သော သူများ ဖြစ်သောကြောင့် တလွဲသုံးစားခြင်း ပြုလုပ်မရပါ။ ထိုသူများသည်လည်း အခွန် ပေးဆောင်ရသော သူများ ဖြစ်သည်။ အခွန်ထမ်းခွင့် လွတ်ကင်းနေသည့်သူများ မဟုတ်ပါ။ ငါသည် တိုင်းပြည်ကို ဦးဆောင်နေသူဖြစ်သဖြင့် ပြည်သူ့ဘဏ္ဍာများကို မိမိ လုပ်အပ်သလို ထုတ်ယူသုံးစွဲခွင့်ရသည် ဟူသော သဘောမျိုးတော့ လုပ်လိုလည်း မရနိုင်ပါ။

သို့သော် ချွင်းချက်အနေဖြင့် ပဒေသရာဇ် ဘုရင်စနစ်ကနေ စည်းမျဉ်းခံ ဘုရင်စနစ်သို့ ကူးပြောင်းထားသည့် လူ့အသိုင်းအ၀ိုင်းများတွင် ဘုရင်ကို တိုင်းပြည်၏ သင်္ကေတဖြင့် ထားရှိပြီး တိုင်းပြု ပြည်ပြု အမြင့်ဆုံး အာဏာပိုင်ဖြစ်သော နိုင်ငံတော်က ဘုရင့် မိသားစုအတွက် လစာများ ပေးဆောင်ရသည်။ သူတို့သည် အခွန်ကင်းလွတ်ခွင့် ရရှိသူများ ဖြစ်သည်။ ထိုသည်လည်း ၎င်းမျိုးဆက်သည် လူ့အသိုင်းအ၀ိုင်းဖြစ်သော တိုင်းပြည် နယ်နမိတ်ကို တည်ထောင်ပေးခဲ့သော သူများဖြစ်သည်ဟု ပြည်သူ ပြည်သားများက လက်ခံ နှက်သက်သောကြောင့် ဖြစ်သည်။ နောက်တချက်က ပဒေသရာဇ်ခေတ်၌ ဘုရင့်အသိုင်းအ၀ိုင်းသည် ပြည်သူများ၏ ဆက်သသော ဘဏ္ဍာများကို မိမိအကျိုးအတွက် သုံးပြုခဲ့လေဟန် ရှိသည်။ အများအားဖြင့် သက်ဦးဆံပိုင် ဘုရင်သည် မိမိ၏ အာဏာတည်မြဲမှုကိုသာ ဆောင်ရွက်ပြီး ပြည်သူ့အကျိုးကို မလိုလားသည့်ကများသဖြင့် ဘုရင့်လုပ်ပိုင်ခွင့်ကို ထိန်းချုပ်လိုက်သည့် သဘောဟု ထင်ရသည်။

ပြည်သူ့ အခွန်များဖြင့် တိုင်းပြု ပြည်ပြု လုပ်ဆောင်ရာတွင်လည်း ပြည်သူများအား ဆန္ဒ သဘောထားများ ချပြ ဆွေးနွေးရသည်။ ဥပမာ စစ်ပြုခြင်း၊ စစ်ခံခြင်းနှင့် တိုင်းပြည်၏ ကောင်းကျိုးဆိုးကျိုးများ၊
ပြည်သူများသည်လည်း မိမိ၏ ဆန္ဒ သဘောထားများကို လွတ်လပ်စွာ တင်ပြ ဆွေးနွေးခြင်းများ ပြုလုပ်အပြီး မတင်မကျဖြစ်သည့် အကြောင်းကိစ္စများကို မဲစနစ်ဖြင့် ဆန္ဒကောက်ယူပြီး ဆုံးဖြတ်ချက်များ ချမှတ်ရသည်။ ထိုဆုံးဖြတ်ချက်အရ ပြည်သူတဦးတယောက်သည် သဘောမတူသည်ဖြစ်စေ၊ တူသည်ဖြစ်စေ မဲခွဲဆုံးဖြတ်ထားသည့် ရလဒ်ကို လက်ခံပြီး ပါဝင်ပူးပေါင်း ဆောက်ရွက်ရသည်။

ဥပမာ၊ ၊ ခေတ်နှင့်အညီ ယှဉ်ဘောင်တန်းချင်သဖြင့် တိုင်းပြည်တွင်ရှိသော ပြည်သူများက တယ်လီဗေးရှင်း ကြည့်ချင်သည် ဆိုပါစို့၊ မည်သို့ ပြုလုပ်သင့်သည်များကို နွေးဆွေး ငြင်းခုန်ပြီး အများသဘောတူသည့် လုပ်ငန်းစဉ်ကို ချမှတ်ပြီး၊ ထိုကုန်ကျသည့် ငွေပမာဏအတွက် ပြည်သားတိုင်း အချိုးကျ ပေးဆောင်ရန် သတ်မှတ်သည်။ တနှစ်လျှင် နှစ်ကြိမ် သတ်မှတ်ထားသည့် ငွေပမာဏကို ထည့်မနေရ ပေးဆောင်ရသည်။ မပေးဆောင်သည့် သူသည် လက်ရှိ အများသဘောတူသော ဥပဒေကို ချိုးဖောက်သူအဖြစ် သတ်မှတ်ခြင်း ခံရသည်။ ဆိုလိုသည်မှာ ထိုဥပဒေသည် ပြည်သူများက ချမှတ်သဘောတူပြီး တိုင်းပြည်အတွက် ဥပဒေများကို ပြုသည့် လွတ်တော်ဆိုသော အဖွဲ့အစည်းက အတည်ပြု ပြဋ္ဌာန်းလိုက်သဖြင့် ထိုပြည်သူများကပင် လက်ခံရသည်။
ထိုဥပဒေသည် အထက်ဆိုသော တဖွဲ့ တဦးတယောက်မှ ဆင်းလာသည့် တင်းကြပ်သည့်ဥပဒေ မဟုတ်သောကြောင့် ဖြစ်သည်။ သို့ဖြစ်ပါ၍ ပြည်သူပြည်သားတိုင်းသည် နိုင်ငံ၏ အရေးတွင် ပါဝင်ဆောင်ရွက်ခွင့်ကို တရားဥပဒေအရ ခံစားရရှိသည်။

ထို့ကြောင့် ပြည်သူပြည်သားများ နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခွင့်မူအရ အုပ်ချုပ်ရေးအပိုင်းတွင်လည်း မိမိတို့၏ သဘာဖြင့် ဆောင်ရွက်ခွင့်ရှိသည်။ ပြည်သူ့အကျိုး မျှော်ကိုးပြီး နိုင်ငံရေးကို ပြုလုပ်လိုသည့် လူတစုသည်လည်း လွတ်လပ်စွာ အသင်းအဖွဲ့ တည်ထောင်ကြသည်။ ထိုအရာကို နိုင်ငံရေးပါတီဟု ခေါ်ဆို၏။ အများအားဖြင့် တိုင်းပြည်တပြည်တွင် နိုင်ငံရေးပါတီသည် အနည်းဆုံး ၂ ဖွဲ့ တည်ရှိပြီး အများဆုံး ၆ ဖွဲ့လောက်သာ တည်ရှိကြသည်။ သို့ရာတွင် နိုင်ငံ၏ အရေးကို အဓီကအကြီးဆုံး ပါတီနှစ်ရပ်က သာလျှင် ချယ်လှယ် ခွင့်ရရှိသည်။ ထိုပါတီကြီး၏ တဖွဲ့တွင် မြေရှင်ကြေးရှင်များ အများဆုံးပါဝင်ပြီး ကျန်ရှိသော ပါတီကြီးတွင် ဆင်းရဲသားများ၊ အလုပ်သမားများနှင့် ပညာတတ်လူတန်းစားများ ပါဝင်နေသည်ကို တွေ့ရသည်။

နိုင်ငံတော်၏ အာဏာကိုပါတီကြီး နှစ်ခုမှ ခေါင်းဆောင်များအား ပြည်သူပြည်သားများ၏ မဲဆန္ဒဖြင့် ရွေးချယ် တင်မြောက်ကြသည်။ တင်မြောက်ခံရသော ပါတီသည် တိုင်းပြည်အား လေးနှစ်သာ ဆောင်ရွက်ခွင့်ရရှိပြီး၊ နောက်ထပ် ရွေးကောက်ပွဲများတွင် ပြန်လှည် အရွေးခံ ယှဉ်ပြိုင်ရသည်။ ၎င်းသည်လည်း အာဏာကို ပါတီတခု သို့မဟုတ် လူပုဂ္ဂိုလ်တဦးထံတွင် ကြာရှည်စွာ မထားလိုသည့် စနစ်ဖြစ်သည်။ ထို့အပြင် တိုင်းပြည်အရေးကို ဆောင်ရွက်သော ပါတီဝင်ခေါင်းဆောင်များသည် ပညာအရည်အချင်း ပြည့်စုံခြင်း၊ အကျင့်သီလကို ကောင်းစွာ စောင့်ထိန်းခြင်းများ ရှိမှသာ မိမိပါတီဝင်များနှင့် ပြည်သူပြည်သားများ၏ ယုံကြည်အားထားခြင်း ခံရသည်။ ထို့ကြောင့် အာဏာသည် ပြည်သူ့ ထံမှ ဆင်းသက်လာသည့် သဘောပင် ဖြစ်သည်။

ဆင်းသက်လာသည့် အချုပ်အခြာအပိုင်းကို ခွဲခြမ်းစိတ်ဖြာရလျှင် အာဏာခွဲဝေမှုသည် ယနေ့ မြန်မာနိုင်ငံတွင် အဓိက ပြသာနာအဖြစ် တည်ရှိနေသည်။ စည်းမျဉ်းခံ ဘုရင်စနစ်ကဲ့သို့ စည်းမျဉ်းခံ စစ်တပ်စနစ်ကို ပုံစံချနေသည်ဟု တွေ့ရှိရသည်။


လူလ
ရွှင်လန်းချမ်းမြေ့ပါစေ...

2 comments:

သစ်နက်ဆူး said...

အကြီးအကဲဆိုသည့် ပုဂ္ဂိုလ်များသည်လည်း တိုင်းပြည်တွင်ရှိသော အရာရာကို သူတို့နှင့်သာ သက်ဆိုင်ပြီး သူတို့သာလျှင် ပြည်သူ ပြည်သားများ၏ အသက်အိုးအိမ်ကို ကာကွယ်နေခြင်း၊ ပြည်သူပြည်သားများကို ထမင်းကြွေးထားခြင်း၊ သူတို့ မင်းဖြစ်သည့်အချိန် ပြည်သူများအား ရှေ့အုပ်ချုပ်သူများ၏ စနစ်ဆိုးမှ ကယ်တင်ထားခြင်းနှင့် တိုင်းပြည်ကို ချောက်အတွင်းက ဆွဲတင်ထားခြင်း စသော အတွေးများ လွဲမှားစွာ ရှိနေတတ်သည်။ ထို့ကြောင့် တိုင်းပြည်၏ ကံကြမ္မာသည် တဦးတယောက် လက်ထဲတွင်သာ ရှိပြီး ထိုသူများ ပြုလုပ်ခဲ့သည့် ဆိုးကျိုးကို ပြည်သူများသာလျှင် ဆင်းရဲခြင်းအတိဖြင့် ကြုံတွေ့ရသည်။ ထို့ကြောင့် ၎င်းစနစ်သည် တိုင်းပြည်နှင့် တိုင်းသားပြည်သူတို့၏ အနာဂါတ်သည် နိုင်ငံတော်ဆိုသည့် အာဏာပိုင်များလက်ထဲသာ ရှိသည်။
........
အကိုလူလ....
အကို့ ဆီမှာ တန်ဘိုးရှိတဲ့ စာကို ဖတ်ခွင့်ရတဲ့ အတွက်
ကျေးဇူးတင်တယ်ဗျာ...
နောက်ထပ် စာကောင်းလေးတွေကိုလဲ စောင့်ဖတ်နေမယ်ဗျာ...
ကောင်းသောခရစ်စမတ်နဲ့ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ ပါစေ...။

မသက်ဇင် said...

ကိုလူလရေ---------
မှတ်သားဖွယ်ရာတွေပါ-----
တန်ဘိုးရှိပါတယ်ရှင်---
မျှဝေပေးတာကျေးဇူးပါ---