Sunday, October 9, 2011

မျှော်လင့်သော တိုင်းပြည်

၁၉၆၂ ခုနှစ်မှ ယနေ့အထိ တိုင်းပြည် အာဏာကို တစိုက်မတ်မတ် ထိန်းသိမ်းထားနိုင်တဲ့ စစ်တပ် ဖြစ်တလဲ ယနေ့ အာဏာရ အစိုးရအထိ တိုင်းရေးသားများအပေါ် ထားရှိခဲ့တဲ့ သဘောထားက လမ်းအဟောင်းအတိုင်းပဲ ဆက်သွားနေတုန်း....



အမှတ်မမှားခဲ့ဘူးဆိုရင်..

၁၉၅၂ ခုနှစ် ဖဆပလအစိုးရ လက်ထက်က ထိုင်ဝမ် အခြေစိုက် ချန်ကေရှိတ် တရုတ်ဖြူတပ် ၀င်ရောက် ကျူးကျော်လာအချိန်အတွင်း ဗမာပြည်ကွန်မြူနစ်မှ အဆိုပြုသည့် ငြိမ်းချမ်းရေး တကြိမ်၊

၁၉၅၆ ခုနှစ် သခင်ကိုယ်တောင်မှိုင်း၏ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှု တကြိမ်၊

၁၉၅၈ ခုနှစ် ဇွန်လ ၀န်ကြီးချုပ် ဦးနု၏ မိန့်ခွန်းအရ တကြိမ်၊

ဦးနေ၀င်း၏ အိမ်စောင့်အစိုးရ ခေတ်က ၁၉၆၃ ခုနှစ် ဇွန်လမှာ စ တင်ပြီး နိုဝင်ဘာလအထိ ပြည်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ တကြိမ်၊

၁၉၉၀နှစ် ပတ်ဝန်းကျင်အတွင်း တိုင်းရေးသား လက်နက်ကိုင် ၁၇ အဖွဲ့နှင့် စစ်တပ်အစိုးရ အပစ်အခတ်ရပ်စဲသည့် ငြိမ်းချမ်းရေးကို ဦးသန်းရွှေ လက်ထက်မှာ တကြိမ် လုပ်ဆောင်ခဲ့ပါတယ်။

ထူးခြားတာက စစ်တပ် တခုတည်း ဖြစ်သွားရင် တိုင်းပြည်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတခု ပေါ်ထွက်လာမယ်လို့ ဦးသန်းရွှေတို့ စစ်ရေးအမြင်ဖြင့် ယူဆခဲ့ပုံရတယ်။




နေရာတိုင်းမှာ အရာရာတိုင်းကို ဗျူဟာကျကျ တောင်ကုန်းတခုအား တက်သိမ်းရတဲ့ တိုက်ပွဲအမြင် စစ်ရေးအမြင် တခုတည်းနှင့် စံထားပြီး ကြည့်လို့မရ၊ တခုတော့ ရှိတာပေါ့ တိုင်းပြည်တပြည်မှာ နိုင်ငံသားတိုင်းဟာ စစ်သားချည်း ဖြစ်နေခဲ့မယ်ဆိုရင် ထိုအယူအဆဟာ မှန်ကန်ကောင်း မှန်ကန်နိုင်လိမ့်ပါရဲ့ ....



သူတို့အပြော နိုင်ငံတော်ရဲ့ စေတနာဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးကို အစဉ်တစိုက် လုပ်ဆောင်ခဲ့ပါတယ်လို့ ဆိုပါတယ်။ တဖက်မှာလည်း တိုင်းရင်းသားများ လက်နက်ကိုင်များ စွဲကိုင်ထားသော ပြည်နယ်တန်းတူရေးမှုဟာလည်း ခေတ်အဆက်ဆက် အာဏာရခဲ့သော အစိုးရများ လက်မခံနိုင်သည့် အနေအထား ၊( ဥပမာ။ ။ ၈ ပြည်နယ် ပြည်ထောင်စုမူ )


လက်နက်ကိုင် လူမျိုးစုများလည်း မထူးမခြားနား မှုတခုကို စွဲကိုင်ပြီး အလျော့အတင်း မလုပ်ပဲ ဆက်သွားနေရင်လည်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် လမ်းစ မမြင်၊ ထိုအခြေအနေများကြောင့် ယနေ့အတိုင် သပွတ်အူ သကဲ့သို့ရှုပ်ထွေးနေပြီး အဖြေမှန်တခု မရရှိပဲ ပြည်တွင်းစစ်ဟာ ဖွဲ့မီးပမာ တစစ်တစ်စစ် တောင်လောင်နေဆဲ....




ပြောပြောနေတဲ့ နိုင်ငံတော် စေတနာ ဆိုသည်မှာ လို့ တွေးလိုက်တိုင်း စဉ်းစားမရ ဖြစ်နေရ၏။ တကယ်တော့ မိမိ၏ ဖြူစင်တဲ့ စိတ်နှင့် ယှဉ်ပြီး သူတပါးအား ငဲ့ညာတဲ့စိတ်ထားတို့ ပေါင်းစပ်ပြီး ပေးလိုက်တဲ့ အရာ၊ တခြားတဖက် ရယူခံရသူလဲ ပေးသူ၏ တန်ဖိုးကို သေချာနားလည် သဘာပေါက်မှသာလျှင် မူမှန်တဲ့ စေတနာတခု ပေါက်ပေါက်လာစမြဲပါ....



တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုရမလား၊ ပြည်တွင်း ငြိမ်းချမ်းရေးဆိုမလား၊ ဒီ့အတွက် အာဏာရ ပါတီက ဦးအောင်သောင်း အုပ်စုက ၀၊ မိုင်းလားလူမျိုးစသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်း ဆွေးနွေးနေပါတယ်။ တခြားတဖက်မှာလည်း ကရင် ကချင် ရှမ်း တို့နှင့် စစ်ပွဲတွေအတွင်း စစ်ဒဏ်ခံနေရတဲ့ ပြည်သူပြည်သားများရဲ့ ထိတ်လန့်တဲ့ အော်သံတွေ...

ရှမ်းပြည် တောင်ပိုင်းအဖွဲ့နှင့်တော့ အပြန်အလှန် ကမ်းလှမ်းဆဲ၊

မွန် လက်နက်ကိုင်အဖွဲ့နှင့် ပြည်နယ် အာဏာပိုင်များနှင့် ဆွေးနွေးလျက် စသော စသော ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် သင့်တော်သလို့ ဆွေးနွေးကြေ၏။




တိုင်းပြည်၏ အနာဂါတ်၊ တိုင်းပြည်ရဲ့ အလွန်အမင်း အရေးကြီး လိုအပ်နေတဲ့ ကိစ္စရပ်တခုကို လက်ရှိ အာဏာရပါတီတခုတည်းနှင့် ဆွေးနွေးယုံဖြင့် လုပ်ဆောင်နေလို့ တိုင်းပြည် သာယာဝပြောရေးအတွက် ထာဝရ ငြိမ်းချမ်းရေးက ရေရှည် အာမခံချက် ရှိနိုင်မလား?



တိုင်းပြည်အတွက်ဆိုဆို၊ ပြည်တွင်းစစ်ဟာ တိုင်းပြည် ဖွံဖြိုးမှုကို ဆုတ်ယုတ်စေတယ်လို့ ပြောပြော လက်ရှိ အခုအချိန်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကို တရေးတကြီး လုပ်ဆောင်ရမဲ့ အချိန်ကာလ၊ အခွင့်အခါတခု၊ ဒါမှမဟုတ် လက်ရှိ အာဏာရအစိုးရ၏ နိုင်ငံရေး ထွက်ပေါက်တခု၊ အောင်မြင်စွာ ဆုတ်ခွာရမဲ့ လမ်းကြောင်း ဖြစ်နေတဲ့ အနေအထားပါ၊ တကယ်၍ အသွင်ပြောင်းအစိုးရဟာ ဒါတွေကို အထူးတလည် မစဉ်းစားပဲ လမ်းဟောင်းအတိုင်း လုပ်သွားမည်ဆိုလျှင် ခေတ်မှီတိုးတက်တဲ့ နိုင်ငံတခုအဖြစ်သို့ တက်လှမ်းနိုင်လိမ့်မည်မဟုတ်၊ ၎င်းတို့အတွက်လည်း ကိုယ့်ထွက်ပေါက်ကို ကိုယ်ပိတ်၍ သွားတဲ့ လမ်းကြောင်းအပေါ် ရောက်ရှိနေပြီး အာဏာကို ရာသက်ပန် ဆုပ်ကိုင်ထားနိုင်သော်လည်း ပြောင်းလဲ သန့်ရှင်းတဲ့ အစိုးရလို့ သမုတ်ခံရမည်မဟုတ်ပေ။


*ဖြစ်ရမှာက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်စက ပြောခဲ့သော ဒုတိယာအကြိမ် ပင်လုံညီလာခံဆိုတဲ့ အခင်းအကျင်းမျိုး၊ ဘာသာရေးခေါင်းဆောင်များ၊ တပ်မတော် ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီ အားလုံး ( လွတ်တော်အပြင် ပါတီများ အပါအ၀င် ) ၊ လက်နက်မကိုင်သည့် လူမျိုးစုအဖွဲ့များ၊ တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ပြည်ပ အတိုက်အခံများ၊ တတ်သိပညာရှင်များနှင့် စိတ်ဝင်စား လေ့လာသူများ အားလုံး စုပေါင်းပြီး လွတ်တော်ပြင်ပတွင် လက်ရှိ အာဏာရ ဦးသိန်းစိန် အစိုးအရက ကမကထ လုပ်၍ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ခေါင်းစဉ်ဖြင့် ညီလာခံတခု ခေါ်ယူသင့်ပါတယ်။

ထိုမှသာ မြစ်ဆုံ ရပ်ဆိုင်းသည့် ဆုံးဖြတ်ချက်အတွက် ပြည်သူများ ချီးကျူးသကဲ့သို့၊ ဦးသိန်းစိန်အစိုးရအား တိုင်းပြည်အတွက် တကယ်လုပ်ခဲ့ပါလားလို့ သမိုင်းမျက်နှာစာတွင် ချီးကျူးထောပမာပြုခံရလိမ့်မည် အမှန်...




ယနေ့ တပ်မတော်အစိုးရ ကြွေးကျော်နေတဲ့ စကားတခွန်းအရ ဥပဒေဘောင်ဝင်လာ လွတ်တော်ထဲမှာ လာပြီး ဆွေးနွေးရပါတယ်လို့ မူချထားဗေမဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးက လမ်းစ ပျောက်နေဆဲ။ ဆိုရသော် တဦးနှင့်တဦး နှစ်ပေါင်းများစွာ မယုံကြည်မှုများနှင့် သံသယဖြင့် ကြည့်နေသောကြောင့် တိုင်းရင်းသား လက်နက်ကိုင်များ ချက်ခြင်း လက်ငင်း ဘယ်သူမှလည်း သူတို့ လက်နက်ကို စွန့်ပစ်မှာမဟုတ်....


ယုံကြည့်မှုတခု အတိုင်းအတာတခုအထိ ရရှိမှသာလျှင် လူမျိုးစု လက်နက်ကိုင်များအနေဖြင့် လက်နက်စွန့်မည်ဟု ထင်မြင်၏။


၁၉၄၇ ခုနှစ် ပင်လုံစာချုပ် မတိုင်မှီ ဗိုလ်ချုပ်နှင့် တိုင်းရေးသား ခေါင်းဆောင်များ ကတိက၀က်ပြုခဲ့တဲ့ ၁၀ နှစ်အပြီး မကြိုက်ရင် ခွဲထွက်လိုက ခွဲထွက်ခွင့် မူတခု ကဲ့သို့ ငါးနှစ် သို့မဟုတ် အချိန်ကာလ တခုအား ဖြစ်သန်းပြီး တဦးအပေါ်တဦး အပြည့်အ၀ ယုံကြည်မှုများ ရရှိလျှင် လုံးဝ လက်နက်စွန်ရမည်ဟု ကတိတခုရသည်အထိ အပေးအယူတခု လုပ်သင့်တယ်။ ( ဒီအတွေးအခေါ်သည် တိုင်းရင်းသားများဖက်က လက်ခံနိုင်စွမ်း ရှိသော်ငြားလည်း လက်ရှိ အာဏာရအစိုးရ လွယ်လွယ် လက်ခံနိုင်မည် မဟုတ်ပါ )

သို့တည်းမဟုတ် အထက်ပါ *ညီလာခံအတွင်း စစ်မှန်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် မူတခု ရရှိပြီး လုံးဝ စွန့်မည်ဟု ဆုံးဖြတ်ခဲ့ရင်လည်း တိုင်းပြည်အတွက် ပိုကောင်းတာပေါ့။

ဒါက တိုင်းရင်းသား လက်နက်ကိုင်များ လက်နက်စွန့်ရေး အတွက် စာရေးသူရဲ့ အမြင်၊


ပြည်နယ်၊ ဒေသ သတ်မှတ်ရေး၊ လုပ်ပိုင်ခွင့် အာဏာခွဲဝေမှု စတဲ့ တခြား အကြောင်းကိစ္စများလည်း ရှိဦးမည် မိမိ ဥာဏ်စွမ်းနှင့် မမှီနိုင်သဖြင့် ဆက်လက် မရေးသားတော့ပါ...... ။




လူလ
ရွှင်လန်းချမ်းမြေ့ပါစေ...

( မှတ်ချက် ။ ။ ဓါတ်ပုံများကို ရာဟူး ဓါတ်ပုံတွင် ရှာယူထား )