Sunday, November 30, 2008

ရိုးရိုးမြင်၍ မှန်မှန်ပြော၏

**
***
အမြင်ချို့က ဘ၀မကျဗေမဲ့၊ အသွင်ရယ်က အစဉ်ထူးသာမို့၊
ရင်ထဲလှစ်ပြ ဖွင့်ဟချင်လို့၊ အများတကာ ရင်ဝယ်မကျလဲ၊
အရှိမဆိတ် ရေငုံနှုတ်ပိတ်၊ ဆန်း၍သာမြင် မှန်မပြောရင်၊
အနှစ်ဆယ်မက အနှစ်တရာရ၊ ဘေးမသွယ်ပဲ ခုတ်မောင်းနေဆဲ၊
အမြင်ရယ်ကို လှစ်ပြချင်သမို့၊ အဆင်ရယ်က ပါတိတ်ရောင်ဖြင့်၊
ရှုပ်ကာပွေလီ စုတ်ကာချည်ထဲ၊ တိုက်နေတိုက်ကွဲ တော်လှန်နေမြဲ၊
စိတ်အလျင်က မြစ်ကျိုးအတွင်း၊ ရေပုတ်သိုးလို အတ္တအားများ၊
အရောင်ချယ်ရင်း ကွေးသူများ၏ တမ်းချင်းတခုပေါ့…
(လူလ)

ဗမာ့ စက်မှုတော်လှန်ရေးကို စတင်ခဲ့သည့် မင်းတုန်းမင်း၏ လက်ထက်တွင် မန္တလေး နေပြည်တော်သည် ရှေးထုံးများစွာ ရိုးရာမပျက် သက်ဦးဆံပိုင် ဘုရင်စနစ်ကို ကျင့်သုံးနေသည်။ သို့သော် မင်းတုန်းမင်းသည် ရိုးစွဲနေသည့် ဓလေ့များတွင် မွေ့လျော် နှက်သက်သော စိတ်ဓါတ် မရှိပေ။ အင်္ဂလိပ် မြန်မာ ပထမစစ်အပြီးတွင် ဗမာတို့၏ တံခါးပိတ်ဘုရင်စနစ်သည် ယုန်နှင့် လိပ် ပြေးပြိုင်ပွဲ၌ နိုးတ၀က်ဖြင့် လန့်နိုးလာသည့် ယုန်၏ စိတ်သဏ္ဍာန်လို မင်းတုန်းမင်းနှင့် ၎င်း၏ အပေါင်းအပါများ သဘောပေါက် သိမြင်လာသည်။ ထိုစစ်ပွဲအပြီး ဗမာ့ အာဏာပိုင်များသည် အိမ်ပြင် ကမ္ဘာတွင် မည်မျှလောက် တိုးတက်နေသည်ကို သိမြင်လာ၏။ ကနောင်မင်းသား ယောမင်းကြီး ဦးဖိုးလှိုင် နှင့် ကင်းဝန်မင်းကြီး မောင်ကောင်းတို့သည် ပြုပြင်ပြောင်းလဲရေးတွင် ထင်ရှား၏။ နောက်ပြီး မင်းတုန်းမင်းက ပြည်သူ ပြည်သား များအတွက် လိုအပ်ချက်များ တောင်းဆိုရန်အတွက် ဟစ်တိုင် တခု လုပ်ပေးထားသည်။ ထို ဟစ်တိုင်သည် ဗြဲတိုက်အနီးတွင် ရှိ၏။

မင်းတုန်းမင်း၏ ထူးခြားချက်ကား ခေတ်နှင့်အမှီ တိုးတက်စေရန်အတွက် သက်ဦးဆံပိုင်စနစ်၏ ဆန့်ကျင်ဖက်ဖြစ်သော လွတ်လပ်စွာ ကွဲလွဲခွင့်၏ အပိုင်းအစအဖြစ် ပထမဦးဆုံးသော ရတနာပုံ နေပြည်တော် သတင်းစာကို ၁၂၃၆ခုနှစ်တွင် မင်း၏ အကူအညီဖြင့် တည်ထောင်နိုင်ခဲ့သည်။
မင်းတုန်းမင်း၏ မှတ်သားလောက်ဖွယ် စကားက “ ငါမကောင်း ငါ့ရေး၊ မိဖုရားကြီး မကောင်း မိဖုရားကြီးရေး” ဟူ၍ လွတ်လပ်စွာ ရေးသားခွင့်ကို ပေးခဲ့၏။ ( ဆရာဇေယျ )

သက်ဦးဆံပိုင် ဘုရင်တောင်မှ သူ့မကောင်းလျှင် သူအကြောင်း ရေးခွင့်ပေး ပြောခွင်ပေးသည်မှာ အားကျ လောက်ပါ၏။
မကောင်းတာကို ရေးချပြရင် အပြစ်တခု ဖြစ်နေလော..
အနာတခုကို ဆေးပေးသလို ဆန္ဒဖြင့် ပြောသည်ကို လက်မခံနိုင်သလော..
ဆုံးရှုံးခဲ့သည့် အကြောင်းအရာများကို ထောက်ပြ ဝေဖန်ခြင်းသည် မှားလော..
သို့လော သို့လောများက ခေါင်းခဲစရာပါပဲ…

“ မကြိုက်တဲ့ဟာတွေကို ငြင်းပယ်ဖို့ သတ္တိရှိကြပြီး၊
အမှန်ကို မလုပ်ရဲရင်တောင်မှ အမှားတွေကို မထောက်ခံကြဖို့ ”…(ဇေယျာသော်)

အငံဓါတ်များနေသည် ဟင်းတခွက်ကို ဆားထပ်ထည့်ပေးရမည်ဆိုရင်တော့ ကောင်းမွန်သော ဟင်းလျာတခု ဖြစ်လာမည်မဟုတ်၊ အငံများနေသည်ကို ရေထည့်ပြီး အစပ်အဟတ်တည့်အောင် ပြုပြင်မွန်းမံမှသာလျှင် ဟင်းကောင်းတခွက် ရရှိနိုင်လိမ့်မည် ဖြစ်သည်။
အကယ်၍ သင်သည် စစ်တုရင် ကစားပွဲအတွင်း လူတယောက် ဖြစ်နေလျှင် ကစားပွဲ အပြင်စည်းက စစ်တုရင်ပညာ တတ်မြောက်သည့် သူတယောက် ကြည့်ရှု့နေသည် ဆိုပါစို့..
သင့်ထက် အပြင်စည်းဝိုင်းက ကြည့်ရှု့သောသူသည် သင်မမြင်နိုင်သည့် တိုက်ကွက်များကို မြင်နိုင်လိမ့်မည် ထင်၏။
ကြည့်ရှု့နေသောသူ၏ အကြည့်သည် သင်အတွက်လား ဒါမဟုတ် သင့်၏ ပြိုင်ဖက်အတွက်လား..
ဤသည်ကို သင် မြင်တတ်ဖို့ လိုအပ်မည်။

မဟုတ်သည်ကို ဟုတ်ပါသည်ဟု ဘောင်းတော်ညိတ် စိတ်တော်သိ ပုံစံ လုပ်လျှင် မိမိ၏ လုပ်ငန်းဆောင်တာများ ကျဆုံးမည် မလွဲပါ။ သူက ငါ့၏ ခေါင်းဆောင် ဖြစ်သည့်အတွက်၊ သူတို့က ကိုယ့်ဖက်သားများ ဖြစ်သည့်အတွက်ဆိုသည့် ဘက်လိုက်ပြီး အလိုလိုက် အကြိုက်တွေ ပြောနေလျှင် သင်သည် သူ့လူ ကိုယ့်ဖက်သားနှင့် အဆင့်အတန်း တူတူလောက် ဖြစ်နေမည်။
မှတ်ချက်။ ။ ယနေ့ မြန်မာပြည်အတွင်း ၎င်းအခွင့်အရေးများ မရနိုင်ပါ၊ နိုင်ငံတော် အကြီးအကဲအား အကြည်အညိုပျက်စေသော ပုဒ်ထီး ပုဒ်မများဖြင့် နှစ်ပါးသွား နေရလိမ့်မည်။ ဟုတ်ပါ့မလား မောင်ကာလူးကို ဥပမေရဖြင့် ကြည့်ရှု့ မြင်နိုင်ပါသည်။ တခြားသော သာဓကများစွာပြီး ရေးရမည်ဆိုလျှင် တထောင့်တည ပုံပြင်ထက်တောင် ရှည်လျား ထွေပြား သွားလိမ့်မည်။

“ ခက်ပဲခက်သကွာ၊ ရှက်လဲရှက်စရာ၊ လက်ဝဲလင်္ကျာ အဖြူအနီ၊ လူတရှင်းတို့ကြောင့်..
သြော်.. တမိသားချင်းတွေတောင် သတိတရားကင်းကင်းပြီး၊ အချင်းချင်းပင် မညီမညွှတ်မူ၍၊ ပြည်ကျွတ်အောင် အမြီးတထောင်ထောင်နှင့် တညီးညီး တပြောင်ပြောင် မီးလောင်တိုက်သွင်းချိန်မို့၊ ချင်းတွင်း ကျေးအညာတခိုက၊ ကလေးရာဇဂြိုဟ်ကိုတောင်၊ တွေးကား အလိုလို လွမ်းမိတဲ့ပြင်၊ မစွမ်းနိုင် မသာမယာ ဒုက္ခဖြင့်….( သခင်ကိုယ်တော်မှိုင်း)

အထူးသဖြင့် မြန်မာလူမျိုးတို့သည် မူအပေါ်ရော လူပုဂ္ဂိုလ်အပေါ်တွင် ကွဲလွဲနေကြပါသည်။ ကွဲလွဲမှုမှတဆင့် ပုဂ္ဂိုလ်ရေး မုန်းတီးမှုများ ပေါ်ပေါက်လာရ၍ ရည်မှန်းချက် လမ်းစများ ပျောက်ဆုံးနေသည်မှာ ခေတ်အဆက်ဆက်က စကားပြောခဲ့သည်။ ရှုပ်ထွေးနေသည့် ပြသာနာတခုကို အဖြေတခု ရရန်အတွက် ဝေဖန်ကွဲလွဲပြီး ပူးပေါင်းဆောင်ရွက်သည်က ကောင်း၏။ တလောတုန်းက ကုလသမဂ္ဂတွင် စစ်အစိုးရအား တရားမ၀င် အစိုးရဟု အဆိုတခု တင်သွင်းခဲ့ပါသည်။ သို့ဗေမဲ့ တချို့သော နိုင်ငံရေးကို လုပ်နေသူများက ပါဝင် ထောက်ခံခြင်းမရှိသဖြင့် ပြသာနာများစွာ ကြုံတွေ့ရပြီး ကိုယ့်ရည်မှန်းချက် မရောက်ပဲ ကိုယ့်အချင်းချင်းပဲ သဘောထား ကွဲလွဲခဲ့ရပါသည်။ ဘာဇာကြောင့် ပါဝင်ပူးပေါင်းခြင်း မသိရသောလည်း တိုက်ဖေါ်အတွင်း အဖုအထက်များတော့ ရှိသွားပါ၏။ နောက်ဆုံး ရလဒ်က ရန်သူ့ကို တိုက်ခိုက်သည်ထက် မိမိတို့အတွင်း စည်းပြေ ၀ါးပြေ ဖြစ်သွားသည်။ ကျွန်ုပ်ဆိုလိုသည်မှာ ခေါင်းဆောင်ကောင်း ရှိဖြစ်မှသာလျှင် အောင်မြင်သော လမ်းကြောင်းအပေါ် ရပ်တည်နိုင်မည် ဖြစ်သည်။ ထိုခေါင်းဆောင်ကောင်း၏ အနောက်တွင် ကျွန်ုပ်သည် နောက်လိုက်ကောင်းတယောက် ရပ်တည်သွားမည် ဖြစ်၏။

အမေရိကန်နိုင်ငံအတွင်း ဒီမိုကရက်ပါတီ၌ သမ္မတလောင်း ရွေးချယ်စဉ်က ပြိုင်ဖက်နှစ်ဦးသည် ရှိသမျှ အပုတ်၊ ဖြစ်ခဲ့သမျှ အဟုတ်တွေကို နင်ပဲငဆ ပြောရုံတမည် သမ္မတလောင်း ဖြစ်ရေးအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သည်။ ကျွန်ုပ်တို့ မြန်မာလူမျိုးတွင် ထိုကဲ့သို့ ပြောဆိုပြီးသကာလ တယောက်မျက်နှာ တယောက်မကြည့်လောက်အောင် ဖြစ်သွားမည်။ နင်လား ငါ့ကို ဒီလို တိုက်ခိုက် ပြောဆိုတယ်ဆိုပြီး ကာယကံရှင် နှစ်ဦးမကပဲ ဆွေဆက်မျိုးဆက် ၇ ဆက်လုံး မဆက်ဆံနိုင်အောင် အဆက်အသွယ် ပြတ်သွားမှာ သေချာသည်။

အမေရိကန်လူမျိုးတို့ သဘောထားကြီးပုံက တခုချင်းထက် တဖွဲ့လုံး အကျိုးစီးပွားကိုသာ ကြည့်ရှု့ပြီး အိုဘာမား သမ္မတ ဖြစ်လာနိုင်ရန်အတွက် ဒီမိုကရက် သမ္မတဟောင်း ကလင်တန်ရော၊ အိုဘာမား၏ ပြိုင်ဖက်ဖြစ်သည့် မစ္စ ကလင်တန်ကပါ ၎င်းကို ထောက်ပံအားပေးခဲ့သည်။ ဘယ်လောက် အားကျ လေးစားစရာကောင်းသလဲ စိတ်ထားမြင့်မြတ်ပုံများ...
ကျွန်ုပ်တို့ မြန်မာလူမျိုးဆို သွားစမ်းပါ ဒီငမဲ ငါ့ကို နိပ်ကွပ်ထားတယ် နင့်ဟာနင် ဘာကြီးပဲ ဖြစ်ဖြစ် ဂရုမစိုက်တော့ဘူး ဆိုပြီး လှည့်တောင် မကြည့်မှာ သေချာ၏။

အိုဘားမားကလည်း သမ္မတအဖြစ် ရွေးချယ်ခံရပြီးနောက် မစ္စ ကလင်တန်ကို အမေရိကန်နိုင်ငံ၏ မူဝါဒအရ တတိယ အမြင့်ဆုံး အာဏာပိုင်ဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရည်ရွယ်ထားလိုက်၏။ အပြန်အလှန် သဘောထားကြီးမှု သင်္ကေတတခု ဖြစ်သည်။

သို့ဖြစ်ပါ၍ မောင်ကလင်တန်ကို “ နိုင်ငံရေးတွေင် မည်ကဲ့သို့ သဘောထားကြီးနည်း ”သင်ခန်းစာတခု သင်ခိုင်းရလိုလို ဖြစ်နေပြီ၊ ကလက်တန်ကို ဆရာခန့်ပြီး ကျွန်ုပ်တို့ သင်ကြားလိုက်ရင် သိပ်ကောင်းသွားမှာပဲလို့ တွေးကြည့်တာပါ၊ နီးနီးနားနား ခေါင်းဆောင်များ ဦးစွာ သင်ကြားပြီးရင် ကျွန်ုပ်တို့ကို ဆက်ပွား သင်တန်း လာပို့ချလှည့်ပါ။

စည်းလုံးညီညွတ်ခြင်း ပြယုဂ်တခု ဖြစ်သည်ဟု ကျွန်ုပ်တို့ လေ့လာသင်ယူရဦးမည်။

လူလ
ရွှင်လန်းချမ်းမြေ့ပါစေ...

3 comments:

ယောနသံစင်ရော် said...

ကလူလ .. သဘောထားလည်းကြီး၊ မနာလိုတာတွေလည်းကင်းစင်၊ ပူးပေါင်းဆောင်ရွက်ခြင်းဆိုတာလည်းရှိရင်တော့။ အကောင်းဆုံးတကာ့ အကောင်းဆုံးပါပဲ။

စာဖတ်လို့ကောင်းတယ်။

Unknown said...

အမေရိကန်တွေရဲ့ တချို့အတွေးအခေါ်၊ အပြုအမူတွေကို မကြိုက်တာ ရှိပေမယ့် ဒီလို အတုယူစရာ အားကျစရာ အချက်တွေ အတော်များများ ရှိတယ်ဗျ။

မသက်ဇင် said...

လူမျိုးတိုင်းမှာ အားသာချက်--အားနည်းချက်--
ရှိကြပါတယ်--နိုင်ငံကြီးတနိုင်ငံရဲ့ လူမျိုးကြီး
စိတ်ဓါတ်အချို့ ကိုတော့ အတုယူစရာ ကောင်း
ပါတယ်--