Monday, December 8, 2008

ကဲ.. ဘယ်လို တွန်းမလဲ

*
**
***
အမှန်ကိုမြင်တဲ့ ငါမျက်လုံးကို ဖေါက်ပါတော့လား….

ကိုမွန်းအောင် သီချင်းကို အချိန်ရှိတိုင်း ငြီးချင်းတပုဒ်လို အဖန်ဖန် စီးဖြန်းနေမိတော့တယ်။

ရိုးရိုးမြင်ပြီး မှန်မှန်လေး ပြောခဲ့တဲ့အတွက် လူတွေက တမျိုးထင်စရာ ဖြစ်နေတယ်။ ကီးဘုတ်အပေါ် လှုပ်ရှားနေတဲ့ ကိုယ့်လက်ချောင်းကို ရိုက်ချိုးလိုက်ချင်တယ်။ ဒီလက်ချောင်းတွေ ရှိနေလို့ ရေးဖြစ်နေတယ် ဆိုပြီး တခါတလေ စဉ်းစားမိတယ်။
ကိုယ်ပိုင် စာမျက်နှာတခုဟာ ခံစားချက်များ သီကုံးရင်း ဘ၀ ဖြေဆည်ရာ တွက်ပေါက်တခု အနေဖြင့်သာ ဖွင့်ဆိုခြင်း ဖြစ်တယ်လေ။ ပရိဿတ်အကြိုက် မဖြစ်ရင်တော့ နေပါစေ၊ ကြုံခဲ့ ဆုံခဲ့ ဖြတ်ခဲ့ကာလများအတွင်း စည်းလုံးညီညွတ်ရေးသည် ၀ယ်လို့ မရှိသော ရှားပါး ကုန်ပစ္စည်းတခုလို ဖြစ်နေတာက အမှန်တရားလေ။ အတွေးအခေါ်တခုဟာ နောက်တချိန်မှာ မှန်လာမယ်ဆိုတဲ့ အတွေးက စိုးမိုးနေပါတယ်။ ဒါကြောင့်လဲ ရေးဖြစ် တွေးဖြစ်နေတာပါ။
***

မင့်တို့အကြိုက် ရိုက်ပြမယ်ဆိုတဲ့ ကိုကျော်ဟိန်းအတွက်တော့ ဘ၀ဆိုတာ နတ်ပြည်ပေါ့၊ နတ်တောင် ရိုးရိုးနတ်မဟုတ် နတ်ချစ် နတ်ခင်ပေါတဲ့ နတ်တပါး၊ အပူဇော်ခံ ပသခံ နတ်တပါး၊

အရှိကို အရှိတိုင်း ရိုးသားစွာ ပြောခဲ့တဲ့ ကိုဇာဂနာတို့လို လူမျိုးအတွက်တော့ ငရဲပြည် တခုလိုပါ။
ဒါက အာဏာရှင်အတွင်းစည်းမှာ ရှိတဲ့ အနေအထား
***

အာဏာရှင်စနစ်ကို ကျော်လွန်ပြီး ဟိုတဖက်ခြမ်းကို မှန်းမျှော်ကြည့်လိုက်ရင်ဖြင့် တချို့သော တလွဲများကို ထောက်ရှု့ချင်ပါသော်လည်း သြော် အာဏာရှင်စနစ်ကို အားပေး အားမြောက် ပြုနေသလိုလို မြင်တတ်တယ်လေ။ လူနာကို သေဆေးထိုးနေခြင်း မဟုတ်ပါ၊ ရှိဖြစ်နေသော အနာ အရင်းအမြစ်ကို သိပြီး ကာကွယ်ဆေးထိုးသကဲ့သို့ ထောက်ပြပါသည်။
***

အာဏာရှင် စစ်အစိုးရအတွက် ပြည်သူ့ ထောက်ခံမှုလိုချင်ရင် ခေါင်းစဉ်ရှာ ရန်သူအား ကွန်မြူနစ် ဆိုပြီး တံဆိပ်ကပ်ပေးလိုက်ယုံပါ၊
လွတ်မြောက်နယ်မြေမှာ နိုင်ငံရေး သတ်ချင်ရင် ထောက်လှမ်းရေးတဲ့၊
ဒါတွေက ဖြတ်သန်းမှုအရ ဘ၀ပေး အသိများပေါ့၊

ရန်ငါ စည်းပြတ်နေတဲ့ သူတယောက်၊ စစ်အာဏာရှင်စနစ် ဘယ်တော့မှ ဦးမညွှတ်ခဲ့တဲ့ လူတယောက်၏ စိတ်သဏ္ဍာန်ဟာ ယောက်ဖကို ကြက်ဥကြွေးသလို ရန်သူ အားပေးမလုပ်တာတော့ အမှန်ပဲ။

ဤကား ဆေးကုဖို့  ဆေးမရှိတဲ့ အခြေအနေမှာ ဆေးအဖြစ်တောင် သစ္စာဆိုပြီး ကုသလို့ရတဲ့ အမှန်တရားတခုပါ၊
***

အမှန်အကန် အနစ်နာခံနေတဲ့ တိုက်ပွဲဝင်နေကြသော ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်နှင့် ၈၈ ကျောင်းသားအဖွဲ့၊ ကိုဇာဂနာ စသော အနုပညာရှင်များ၊ တောတွင်းရဲဘော်များ (မြို့ပေါ်မပါ၊ မြန်မာပြည်ကို မဆိုလိုပါ)၊ ပြည်တွင်းမှာ ကိုယ်ကျိုးစွန့်ပြီး ဆောင်ရွက်နေကြသော သူများကိုတော့ ဝေဖန်ဖို့လဲ အကြောင်းမရှိ၊

သူတို့ မှန်နေတယ်..
သူတို့ ခံနေတယ်..
သူတို့ စွန့်လွတ်နေတယ်လေ။

စိတ်ထဲမှာ မိဘနှင့် တတန်းတည်း လေးစားနေရတဲ့ သူတွေပါ။
ကိုယ့်မှ မလုပ်နိုင်တာ၊ လုပ်ခွင့်မရှိတဲ့ အနေအထား ဖြစ်နေတာကိုး
သူတို့ကိုပဲ အားပေးအားမြောက်ပြုရမှာပေါ့ ၊ လွင့်မျောခဲ့တဲ့ စာစုများမှာလည်း ထိုပုဂ္ဂိုလ်များကို သဲတမှုန့်လောက်တောင်မျှ မပြစ်မှားမိခဲ့ပါဘူး။
***

ဖြတ်သန်းလာခဲ့တဲ့ လူငယ်ဘ၀ကို ၁၀နှစ်လောက် ရိုးမပေါ်က နပန်းသမားကြီး ကိုရွှေငှက်ဖျားနှင့် ထွေးပုတ်သတ်ပြီး မနက်ဖြန်ဆိုတာ မရောရာတဲ့ ကျည်ဆံကြားမှာ စားခြင်း အိပ်ခြင်းအမှုတွေ လုပ်လာတော့ လူဖြစ်ယုံတမည်လေးပါ၊ မြို့ပေါ် ( ပြည်တွင်း မဟုတ် ) မှာ တော်လှန်ရေး လုပ်ရမယ်ဆိုတော့ တသက်လုံးလဲ လုပ်နိုင်ပါတယ်။
***

တော်လှန်ရေး ကာလတလျှောက်မှာ ကြားဖူးခဲ့တဲ့ ခေတ်အစားဆုံး စကားလုံးတွေက

“စစ်အစိုးရကလည်း ပြည်တွင်းစစ်ကို ပိုးမွေးသလို မွေးပြီး စစ်အာဏာရှင်စနစ်ကို တည်ဆောက်သလို၊ သူပုန်တွေကလဲ သူပုန်ဘ၀ကို ခုံမင်နေတယ်”

“ လောင်းရိပ်မိနေတဲ့ သစ်ပင်ဟာ ဘယ်တော့မှ မကြီးထွားနိုင်ဘူး”

“ မတူတာကို ခွဲလုပ်၊ တူတာတွေကို ပေါင်းလုပ်”

“ သူရဲကြောက်လို့ အဖေါ်ခေါ်အိပ် ဘတ် ၂၀၀၊ ရေငတ်လို့ ရေသန့်ဝယ်သောက် ဘတ် ၁၀၀၊ ဘတ် ၁၀၀ ကျလို့ ကုန်းကောက်လိုက်တာ ဘတ် ၂၀၀ ကျပျောက်”

ဆိုတဲ့ ဆိုတဲ့ စကားလုံးတွေက ရန်သူ့ ပါးစပ်က ထွက်လာသော ၀ါဒဖြန့်အရာတွေ မဟုတ်ပါဘူး။ တော်လှန်အမြင်ဖြင့် ဖေါက်ထွက်လာတဲ့ ဖြစ်တည်မှုတွေပါ။
***

မှန်တချပ်ဟာ အစိတ်စိတ် အမွာမွာကွဲပြီးမှ စူပါဂလူးနဲ့ ပြန်ဆက်၍ ကြည့်လျှင် ကြေးမုံရဲ့ မျက်နှာပြင်မှာ ကြည့်သူတွေရဲ့  အဆင်ဟာ မကောင်းတော့ပါဘူး။ သေချာတာတခုက ပုံမှန် မှန်တချပ်လိုတော့ ကြည့်မကောင်း မဟုတ်၊

တောခိုကျောင်းသားတွေ အသက်နှင့်မျှ တွယ်တာလာတဲ့ မိမိ အဖွဲ့အစည်းကို ဘာကြောင့် စွန့်ခွာလာကြသလဲ။

အားလုံးကို မေးမြန်းနိုင်ပါတယ်။

ABSDF ပေါင်းစည်းပြီးမှ ကျောင်းသားတပ်မတော်ရဲ့  ရဲဘော်တွေက မိခင်အဖွဲ့အစည်းကို ရင်နာနာဖြင့် စွန့်လွတ်ခဲ့တာက တော်လှန်ရေးကာလ ခေတ်အစားဆုံး စကားလုံးတွေရဲ့  ရိုက်ခတ်မှုတွေ ရှိတာခဲ့တာလေ။

၁၉၉၆/ ၁၉၉၇ နှစ်များ ကာလ အမောင်ကျောင်းတွေ ထိုင်းနိုင်ငံအတွင်း တိုးဝင် ပြန်နှံလာခဲ့တာ အများဆုံးဖြစ်၏။ အားလုံးဟာ တတိယနိုင်ငံကို မမျှော်မှန်းခဲ့ပါဘူး ထိုင်းအတွင်းမှာ ဖြစ်သလိုပဲ နေထိုင်တော့မယ်။ ရန်သူဆီကိုတော့ ဘယ်တော့မှ ဒူးမထောက်ဘူး စိတ်ဖြင့်ပေါ့။
***

ပြန်လှည်ပေါင်းစည်းရေး ပြုလုပ်အပြီး ရဲဘော်များသည် မိခင်တပ်ရင်း အသီးသီးမှ စွန့်ခွာလာသည်ကိုက အကွဲအပြဲ မဖြစ်ခင် အသက်များဖြင့် ရင်းနှီးတည်ဆောက်လာသည့် ပြည်သူ့ထောက်ခံမှုများဟာ အကွဲအပြဲဇာတ်လမ်းများမှ မွေးဖွားလာသည့် အကျိုးများကို ဘယ်လိုမှ ပြန်လှည် ရယူနိုင်စွမ်းမရှိအောင် ဖြစ်ပွားခဲ့သော အနေအထားများ ဖြစ်နေသည်ဟု သဘောပေါက် သိမြင်လာခဲ့သည်။

ရှေ့တန်းတနေရာမှာ ရန်သူကို တိုက်ရင်း ပြည်သူ့ အကျိုးစီးပွားများကို ကာကွယ်လျက် တော်လှန်ရေးတခု ဆင်နွဲခဲ့ပါသည်။
အကွဲအပြဲ ဇာတ်ကြမ်းတွေကြောင့် အဖွဲ့ပေါင်း များစွာ ပေါ်ပေါက်လာပြီး ပြည်သူ့အကျိုး ကာကွယ်ဖို့ နေသာသာ ကိုယ်ကျိုးစီးပွား ကာကွယ်ရင်းဖြင့် ပြည်သူခမျှ မြေဇာပင် ဖြစ်ခဲ့ရသည်။
ပြည်သူများလည်း သည်းခံနိုင်စွမ်းမရှိတော့ “ နင့်တို့ဟာက အဖွဲ့တွေများလိုက်တာ ဘယ်သူစကားကို နားထောင်ရမှာလဲ၊ ဒီအတိုင်းဆိုရင်တော့ တဖွဲ့တည်း ရှိနေတဲ့ စစ်အစိုးရ တပ်ကိုပဲ အားကိုး ရမလိုလို ဖြစ်နေပါပြီ” ဆိုသော ပြည်သူ့ ရင်ဖွင့်အသံများက ရင်နာနာဖြင့် ကြားနာခဲ့ရပါသည်။

ပြန်လှည် ပေါင်းစည်းရေး ပြုလုပ်အပြီး သကာလများတွင် မိမိတို့ အခြေခံနယ်မြေများက ရန်သူ့ လက်အောက်သို့ ကျဆင်းခဲ့ရသည်။ ၎င်းအနေအထားများကို ပြန်လှည်တိုက်ယူဖို့အတွက် မလွယ်ကူနိုင်ပေ၊ အဘယ်ကြောင့်ဆိုသော် ပြည်သူ့ ထောက်ခံမှု ကျဆင်းခဲ့ခြင်းကြောင့် ဖြစ်သည်။ နောက်ပြီး ရိက္ခာ၊ ထောက်ပံပစ္စည်း အားလုံးက တော်လှန်နေသော တိုင်းရင်းသားအဖွဲ့အစည်းများ ထိန်းချုပ်ထားပါသည်။

ထိုသည်ပင် သစ်ပင်ကြီးများ အောက်တွင် ရှင်သန်နေကြရသော သစ်ပင်ငယ်တို့၏ သဘောပါပဲ၊
လောင်းရိပ်မိသည်ဟု ဆိုရမလား။

သို့ဖြစ်ပါ၍ အဖွဲ့ဝင်များသည် မိမိ ပြုလုပ်နေသည့် တော်လှန်ရေးအပေါ် ပြန်လှည် စစ်တမ်း ထုတ်လာကြသည်။
အနစ်နာခံ စွန့်လွှတ်မှုဆိုသည်မှာ မျက်ကန်း တစ္ဆေမကြောက် ပုံစံတော့ လုပ်ယူမရပါ။
ရန်သူ သတ်ခြင်းဖြင့် ဂုဏ်ယူစွာ မသေရပဲ၊
ပြည်သူသာ အမိအဖဟု ခံယူထားသော တပ်မတော်တခုအတွင်း တိုက်သူများသည် အမိအဖ၏ သတ်ဖြတ်ခြင်းဆိုသော သေကိန်း ရှိဖွယ် ဖြစ်လာခဲ့သည်။ တောနတ်ကြီး ဖမ်းစား၍ သေကိန်းများ ကြုံလာနိုင်ဖွယ် ရှိသည်။
သေခြင်း၏ စစ်တမ်းက ဂုဏ်မမြောက်သောအခါ မိခင် အဖွဲ့အစည်းကို အရှုံးတွေ ရင်ဝယ်ပိုက်ပြီး စွန့်ခွာလာခဲ့ရသည်။
တချို့သော ရဲဘော် အတော်များများသည် ထွက်ပေါက်မရှိပဲ ရန်သူ့ဆီသို ဦးညွှတ် ဒူးထောက် ခေါင်းငုံ့ ရပြီး ပြည်တွင်းသို့ ပြန်လှည် ၀င်ရောက်ခဲ့ရသည်။ ဤသည်မှာလည်း ညီညွတ်မှုမရှိသည့် အကျိုးအဆက်တခု ဖြစ်၏။

ကျွန်နော် ကိုယ်တိုင်လည်း အမဖြစ်သူက “ အမေလည်း သေခါနည်းပြီ မိသားစု စုစုစည်းစည်းဖြင့် နေကြရအောင် ပြန်လာပါတော့ အားလုံး တာဝန်ယူတယ် ” ဘာညာ သဓကာတွေဖြင့် လာခေါ်ခြင်း ခံရသည်။ ကျွန်နော်အနေဖြင့် တခွန်းတည်းသော စကားက “ ဖြစ်ချင်ရာဖြစ်၊ မပြန်တော့ဘူး ” ဟု အဖြေတခုသာ ပေးခဲ့သည်။ နောက်ဆုံးတော့လည်း ဒူးထောက်ခဲ့သည့် တချို့သော ရဲဘော်များသည် အဆင်မပြေမှုများစွာဖြင့် ထိုင်းနိုင်ငံအတွင်း ပြန်လှည် ၀င်ရောက်ပြီး တတိယနိုင်ငံများသို့ ထွက်ခွာနိုင်ရန် ကြိုးစားလာသည်ကို တွေ့မြင်ရပါသည်။
***

တတိယနိုင်ငံများကို ထွက်ဖို့ မျှော်မှန်းခဲ့သည် ထားဦး၊ လမ်းခရီးက စိတ်ကူးလို့ မ၀ံရဲလောက်အောင် မမြင်ရတဲ့ အန္တရယ်တွေက ရင်ဆိုင်ရမယ်လေ။ ဖြတ်ဖူးတဲ့လူတိုင်း သိပါတယ်။ စာအုပ်မရှိ၊ ပိုက်ဆံမရှိ၊ အထာမကြွမ်း၊ သန်းကောင်ထက် ညမနက်တော့ဘူးဆိုတဲ့ အတွေးက လွမ်းမိုးပြီး စိတ်ဖြင့် စေစားခဲ့တာပါ။ ထိုင်းနိုင်ငံအတွင်း ဖြတ်သန်းခဲ့လာတဲ့ ဆိုးဝါးမှုများကို အမောင်ကျောင်းသားတွေ ကောင်းကောင်း ခံစားခဲ့တယ်။

စစ်ပွဲတရာ နွဲချင်တယ်ဗျ ထိုင်းနိုင်ငံအတွင်း တရားမ၀င်နေရတဲ့ ဒုက္ခက မသေး၊ ဒါတောင် မသမာတဲ့ သူတွေက “ တောင်ကျော်” လို့ ကင်းပွန်းတတ်လိုက်သေးတယ်။ တောင်ကျော်လို့ အမည်ထွင် ခေါ်ဝေါ်ခဲ့သော တချို့များလည်း ယခုအခါ တိုင်းတပါးတွင် အဆာခံ အသက်မွေးမြူနေရသည်။

အဆင်မပြေမှုတွေ ရောထွေးနေတဲ့ အနေအထားမှာ နောင်တော် ကျောင်းသားတွေ ဖေါက်ခဲ့တဲ့ လမ်းကြောင်းအတိုင်း အားလုံး ဖြတ်လျှောက်ခဲ့တာလေ။

ထိုင်းနိုင်ငံအတွင်းသို့ ရောက်လာမှ လူသတင်း လူချင်းဆောင်သဘောဖြင့် ဒီလမ်းရှိတယ် ဆက်လျှောက်ရမလား၊ ထိုင်းမှ အဆင်မပြေမှုများနဲ့ ရပ်တည်မလား ဆိုတဲ့ မေးခွန်းကို ကိုယ်ဟာကိုမေး ကိုယ်ဟာကိုယ် စဉ်းစား ကိုယ်ဟာကိုယ် ဆုံးဖြတ်လာတာပါ။ နိုင်ငံခြားထွက်ချင်လို့ တော်လှန်ရေး လာလုပ်တာတော့ မဟုတ်ပါ။
ဘေးကြပ်နံကြပ် ဖြစ်နေသော စည်းဝိုင်းတခုမှ ခုန်ထွက်လိုက်တဲ့ သဘောတခု ဖြစ်တယ်။

နိုင်ငံခြားကို ရောက်နေလို့ အမှားတခုအဖြစ် သတ်မှတ်ရင်တော့ ခံရမှာပဲလေ။ နိုင်ငံခြားမှာ နေလို့ စိတ်သဏ္ဍာန်က စုတ်ချက်မကောင်းတဲ့ ပန်ချီကားတချပ်လိုတော့ ဖြစ်နေတယ်။ ဒါဗေမဲ့ ဆားမပါတဲ့ ဟင်းတခွက်လိုတော့ မဟုတ်ပါ။
တော်လှန်အမြင် တော်လှန်အတွေးက ဒီတသက် ဘုရားတောင် ချွတ်လို့ မကျွတ်လောက်ပါဘူး၊
***

အထက်ပါ ဘာကြောင့် ဋီကာတွေ ဖွင့်နေရတာလဲ၊
သြော် ဂလိုဗျ…
“ ရိုးရိုးမြင် မှန်မှန်ပြော၏” ဆိုတဲ့ပို့စ်တွင် “ ကုလသမဂ္ဂတွင် စစ်အစိုးရအား တရားမ၀င် အစိုးရဟု အဆိုတခု တင်သွင်းခဲ့ပါသည်။ သို့ဗေမဲ့ တချို့သော နိုင်ငံရေးကို လုပ်နေသူများက ပါဝင် ထောက်ခံခြင်းမရှိသဖြင့် ပြသာနာများစွာ ကြုံတွေ့ရပြီး ကိုယ့်ရည်မှန်းချက် မရောက်ပဲ ကိုယ့်အချင်းချင်းပဲ သဘောထား ကွဲလွဲခဲ့ရပါသည်။ ”

ဟု ရေးသားခဲ့ပါတယ်။

ထိုကဲ့သို့ ရေးသားခဲ့ခြင်းသည်လည်း ဥစ္စာပျောက်လို့ ငရဲရောက် နေတာမဟုတ်ပါဘူး။ ဘယ်မှာလဲ အချက်အလက် မေးရင်တော့

(မေး) ဒေါ်စန်းစန်းအနေနဲ့ တခြားဘာများ ဖြည့်စွက်ပြောစရာရှိပါသေးလဲခင်ဗျ။

(ဖြေ) ဒီကိစ္စတွေကို နားလည်သဘောပေါက်ပြီးတော့ စက်တင်ဘာ (၉) ရက်နေ့မှာ တင်မယ်ဆိုတော့ (၈) ရက်နေ့မှာ လက်မှတ် ထိုးတာပါ။ လက်မှတ်မထိုးတဲ့လူတွေက မထိုးဘူးပေါ့နော်။ ကျမလက်မှတ်ထိုးလိုက်ခြင်းအားဖြင့် ကျမကတော့ ဒီကိစ္စကို ယုံယုံကြည်ကြည်နဲ့ ဆောင်ရွက်တယ်။ အခုပြောစရာဖြစ်နေတာက ကျမလက်မှတ်ထိုးလိုက်တဲ့ အတွက်ကြောင့်မို့လို့ အမ်ပီယူထဲမှာလည်း လုပ်ချင်တဲ့လူ မလုပ်ချင်တဲ့လူ၊ အန်စီဂျီယူဘီနဲ့ ကျမတို့နဲ့လည်း ကွဲတယ် ဘာညာဆိုတာတွေက တခါတလေကျတော့ ကျမအပေါ်မှာ ရိုက်ခတ်လာပါတယ်။ ဒါပေမယ့်လို့ ကျမကို ပြည်တွင်းထဲမှာရှိတဲ့ ကျမတို့ရဲ့ ရဲဘော်ရဲဘက်တွေက နည်းအမျိုးမျိုးနဲ့ ကျေးဇူးတင်တယ် ထောက်ခံတယ် ဆိုတာတွေ ပြောပါတယ်။ ကျမအနေနဲ့ကတော့ ဒါကိုလုပ်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ဆက်လက်ပြီး အမ်ပီယူကနေ ဆောင်ရွက်မှာပါ။




လူတယောက်ဟာ ဆုံးဖြတ်ချက်တခုအပေါ် လက်မှတ် မထိုးခြင်းဆိုသည့် သဘောထားက မထောက်ခံသည်ဟု ထင်စရာပဲလေ။ ထင်သာမြင်သာကို သုံးသပ် ရေးသားပြီး ထောက်ပံ ပြုတာပါ။
ချောဆီလောင်းသည့် သဘောမဟုတ်။
တော်လှန်နေသော မည်သည် အမှုကိစ္စမဆို အားပေးစမြဲပါ။ ထောက်ခံစမြဲပါ။
***

ကြုံတွေလာသည့် အခြေအနေများမှ သတိအဖြင့် ဆင်ခြင်ရရင်ဖြင့် “ နံရံတိုင်းမှာ နားရှိ၊ သစ်ပင်တိုင်းမှာ မျက်စီရှိ” ဆိုသလို ကိုယ့်ဖက်က ဘာလုပ်လုပ် ရန်သူ့ စစ်အစိုးရက ခြေတလှမ်းဦးနေတာ တကယ်ပဲ၊ ဆိုလိုတာက ကိုယ်က ကြံစည် စိုင်းပြင်းနေယုံပဲသေး ရန်သူမှာက ကိုယ့်ကြံစည်နေတာကို အားလုံး ပြင်ဆင်ပြီးနေပြီလေ။ အားလုံးသော အကြံအစည်ကို မဆိုလိုပါ။
အခုလို ရေးသားသည်ကလည်း ထောက်ပြ ဝေဖန်ရင်မှုကို ပြုလျှင် ထိုသူသည် ရန်သူ ထောက်လှမ်းရေးဟု တံဆိပ်ကပ်ကြ မလား၊
ထိုကဲ့သို့ ဝေဖန်ရေးသားလိုက်ခြင်းဖြင့် ရန်သူ့ထောက်လှမ်းရေး၊ စစ်အာဏာရှင် အလိုတော်ရိတယောက် မဟုတ်ပါဘူးလို့ သတိချပ်စေချင်ပါတယ်။

ဝေဖန်ရာတွင်လည်း အကြောင်းအရာ တစ်ခုလုံးအား ခြုံငြုံသုံးသပ်၍ မိမိထင်မြင်သည့် အကျိုးတရားကို ထိန်းညှိသည့်သဘောဖြင့် လွတ်လပ်စွာ ဝေဖန်ခဲ့ခြင်းဖြစ်သည်။ လွတ်လပ်စွာ ရေးသားခြင်းဟူသော အခွင့်အရေးအပေါ် အခွင့်ကောင်းယူပြီး ရေးသားနေခြင်းမဟုတ်ပါ၊
ငါသည် ရပ်တည်မှုတခု အသင့်အတင့် ရှိနေသော နေရာတခုကို ရောက်နေပါသည်။ တော်လှန်ရေး လာမပြောပါနဲ့ ငါ့နှင့်မဆိုင်တော့ဘူး စိတ်ထားရရင်တော့ ကောင်းသား။
ဤသို့ ထောက်ရှု့ ဝေဖန်သည်ကလည်း ဖန်တီးမှု၏ အားနည်းချက် သိုမဟုတ် လိုချင်သည့် အဖြေတခုကို အနည်းဆုံး ဆိုက်ရောက်လိမ့်မည် ဟူသော ဆန္ဒတခုသာ ဖြစ်တယ်လေ။

ခင်မင်ရတဲ့ မိတ်ဆွေတွေကလဲ ကိုယ်ပေါင်ကို ကိုယ် လှန်ပြီးထောင်းရင် သက်သက်ညာညာ လုပ်ပါလို့ အကြံပေးပါတယ်။ တကယ်ပြောတာ နစ်နာစေလိုတဲ့ စိတ်ဖြင့် တွေးခြင်း ရေးခြင်း မဟုတ်ပါဘူး။ အပေါ်ယံ ပါးပါးလေးပဲ။ သည်လို အကွဲအပြဲများကို ကြုံဖူးသမျှ ပြောလိုက်ရရင် စစ်နှင့် ငြိမ်းချမ်းရေး ရေးတဲ့ တော်စတွိုင်းတောင် ထိုင် ငို သွားမှာ၊ ရှည်လွန်းလို့။

“ မတူတာကို ခွဲလုပ်၊ တူတာတွေကို ပေါင်းလုပ်”
အင်း… ဘယ်သူက ထွင်လိုက်သနည်း၊
၎င်း စကားလုံးကိုက စည်းလုံးညီညွှတ်ရေးကို အရောင်မှိန် သွားပါတယ် ဟု ထင်မြင်မိ၏။ မည်သည့်အဖွဲ့မဆို တပေါင်းတစည်းတည်း ရှိနေသင့်သည့် အနေအထားလေ၊ မြန်မာ့နိုင်ငံရေးအတွင်း ကျစ်ကျစ်လစ်လစ် ရှိသော ညီညီညွှတ်ညွှတ်အဖွဲ့ဆို စစ်တပ်ပဲ ရှိတယ်။ စစ်တပ်က ဒါကို အခွင့်အကောင်းယူပြီးတော့ နိုင်ငံကို လိုသလို ပုံစံချ ဖိနှိပ်၊ ကြိုက်သလို ချယ်လှယ်နေတယ်လေ။
စဉ်းစားကြည့်ပါ၊ ကရင်က တမျိုး၊ ရှမ်းက တဖုံ ပြုလုပ်နေမယ်ဆိုလျှင် လွတ်လပ်ရေးဟာ ဘယ်တော့မှ ရနိုင်မှာ မဟုတ်ဘူးလို့ သမိုင်းဝင် စကားတခွန်းက သက်သေပြနေတယ်လေ။

သြော် ကြုံလို့ .. တူတာ ပေါင်းလုပ်မယ် ဆိုတာက ကျွန်နော်တို့အတွေ့အကြုံပေါ့
ABSDF ကွဲပြီး ဘက်မလိုက်၊ ကိုနိုင်အောင်၊ ကိုမိုးသီးဇွန် စတဲ့ အဖွဲ့တွေ အစိတ်စိတ် အမွှာမွှာ ကွဲခဲ့တယ်။ လုပ်ငန်းများကို ပူးပေါင်း မလုပ်တော့ပါဘူး။ တခုတော့ရှိတယ် အရက်သောက်တဲ့အခါများဆိုရင် ကြုံရင် ကြုံသလို ပူးပေါင်းပြီး သောက်ကြတယ်။ ဒါတခုပဲ စည်းစည်းလုံးလုံး ရှိတာလေ။

ဖြတ်သန်းမှုအရ ဦးနှောက်ထဲမှာ စွဲမြဲစွာဖြင့် ညီညွတ်ရေး စည်းလုံးရေးဆိုတာကြီးက စိတ္တဇလို စိုးမိုးနေပါတယ်။ ရေကူးသင်စ ရေနစ်ဖူးခဲ့တဲ့ လူတယောက်လို ရေနစ်တာကို ကြောက်လှန့်နေတဲ့သူပါ။ နောက်လာမဲ့ မျိုးဆက်သစ်တွေအတွက် ခေါက်ရိုးကြိုးနေတဲ့ ဇတ်မျောကြီးတခုမှာ ဆက်ပြီး မကစေချင်တဲ့ သဘောပါ။ ဒါကိုက ဆိုးမွေ ဖြစ်နေတယ်လေ။ ၎င်းဆိုးမွေကြီးထဲမှာ သားကောင်အဖြစ် နောက်မျိုးဆက်သစ်တွေကို မမြင်စေချင်ပါဘူး။ အထိအတွေ့လည်း မပေးချင်၊ မခံစားစေချင်ပါဘူး။
ကိုယ်တို့ ခံစားလာခဲ့ပြီးပြီလေ။ တခါသေဖူးခဲ့တော့ ပျဉ်ဖိုးနားလည်ခဲ့လို့၊ နောက်ထပ် ပျဉ် ဈေးမတက်အောင် ကာကွယ် ရေးသားနေတာလေ။ အရှုံးဆိုတာ ပေးဆပ်လိုက်တာက အများကြီးဗျ၊
***

အကွဲအပြဲ ဇာတ်လမ်းကို အကယ်ဒမီပေးရမလား၊
မညီညွှတ်သော ဇာတ်မျောကို အရောင်တင့်သွားအောင် ရွှေချပေးရမှာလား၊
စစ်အစိုးရ မကောင်းကြောင်းပြောပြီး ကိုယ့်ဖက်သား ကောင်းကြောင်းပြောမှ တော်လှန်ရေး လုပ်တာလား၊
ဒါဗေမဲ့ ၀ါဒဖြန့်ချီရေးအရတော့ ကိုယ့်ဖက်သားတွေ အားတက်စေသော စာပေ အတွေးအမြင်များကို ဆန့်ကျင်ရေးသားနေခြင်း မဟုတ်ပါ၊
ဒါကြီးတွေရှိနေလို့ ရည်မှန်းချက်များ မှုန်ဝါးနေတယ် ဆိုပြီး ထောက်ပြတာပါ၊

တိုက်ရင်း စည်းလုံးမှသာ ကောင်းပါတယ်။ တိုက်၍ ရည်မှန်းချက် အောင်မြင်ပြီးမှ စည်းလုံးညီညွှတ်ရေးကို လုပ်မယ်ဆိုသည်လည်း မဖြစ်နိုင်၊ အက်ကြောင်းတွေများ ရှိနေသာလျှင်ပင် ဆုံးရှုံးမှုတခု တဖန်ပြန်တွေ့ရမည်။
ငယ်ငယ်တုန်းက သူငယ်တန်းဖတ်စာမှာ “ နွံထဲ၌ လှည်းဘီး ကျွံနေသည် ကူ၍ တွန်းပေးကြပါ” လို့  မှတ်သားဖူးတယ်လေ၊ ကဲ ဘယ်လို တွန်းရမလဲ..

မြောက် တွန်းရမလား..
ပင့် တွန်းရမလား..
နစ် တွန်းရမလား..

တွေးတောရင်းဖြင့်

သက္ကရာဇ် ၁၁၄၃ ခုနှစ်၊ ဘိုးတော်မင်းလက်ထက်မှာ ပေါ်ပေါက်လာသည့် ပုခန်းမင်းသား၏

“ တောင်ချောင်မှာ မောင်အိပ်လို့၊ တောထိပ်မှာ ကွေး။
တောင်မြင့် ဂန္ဒာမာက၊ ကြာတိုင်းမွေး။
ရေကန်သာ ကြာတိုင်းအေး၊ ရွှေပြည်တော် မျှော်လေတိုင်းဝေး ..”

ဆိုတဲ့ ပတ်ပျိုးထဲက ကဗျာတပုဒ်ကို ကူးချ ခံစားလိုက်ပါ၏။


လူလ
ရွှင်လန်းချမ်းမြေ့ပါစေ…

3 comments:

Unknown said...

ကိုလူလရေ..... အာဏာရှင်ကို တိုက်မယ့်လူတွေက ကိုယ့်အချင်းချင်း အာဏာလု၊ နေရာလု၊
ကိုယ့်တပ်ကို ကိုယ်ပြန်နင်းတဲ့ ကိစ္စတွေက
ရန်သူတွေက သတ်စရာမလို
ကိုယ့်အချင်းချင်း သတ်ကြ၊
ကိုယ့်အချင်းချင်း ပေါင်လှန်ထောင်းကြ၊
ကိုယ့်အချင်းချင်း ခေါင်းပုံဖြတ်ကြ၊
တွေးကြည့်ရင် နိုင်ငံတော်ကို အသက်နဲ့ရင်းပြီး ပေးဆပ်သူတွေအတွက် နှမြောတသ ယူကြုံးမရ ဖြစ်မိတယ်ဗျာ။
အမိမြေအတွက် ပေးဆပ်သူ အညတရ သူရဲကောင်းတွေကို ရိုသေလေးစားလျှက်

ကလူသစ် said...

ကိုလူလရေ...သေချာတော့ဖတ်သွားပါတယ်။ ဒါပေမဲ့ ဘာပြန်ပြောရမှန်းကို မသိဘူးဗျာ။ ကလူသစ်လိုက်မှီတဲ့အကြောင်းအရာတွေ မဟုတ်လို့လဲဖြစ်ချင်ဖြစ်မှာပေါ့။

စကားမစပ်၊ HM နင့်ဘလော့ဂ်ကို ကလူသစ်ဝင်လို့မရဘူး။ ဘာဖြစ်နေလဲမသိ

ဒူကဘာ said...

သိပြီးသားအကြောင်း ပြန်ဖတ်ယင်း အနာများရင်းသလို နင်နင် သွားတယ် ... ဘာပြောရမှန်းတောင် မသိဖူးဖြစ်သွားတယ် .. အရင်က ဒီစကားပြောရဲယင် ခင်ဗျားနောက်က ကျွန်းပင်ကြီး ပြေးပြေးမြင် နေမိတော့တာပါပဲ...ဟဲဟဲ...