Monday, November 17, 2008

သို့.. ပေးဆပ်သူများ

.
.
.
ကျုပ်လက်များက ပေးဆပ်ခဲ့သူတွေရဲ့ အလောင်းကို မြုတ်နှံဖူးတယ်
ကျုပ် မျက်လုံးမှာ ပေးဆပ်သူအတွက် မျက်ရည်တွဲခိုဖူးတယ်
ကျုပ် ဦးနှောက်မှာ ပေးဆပ်ခဲ့သူတွေရဲ့  ပုံရိပ်တွေဟာ စွဲမြဲနေတယ်
ကျုပ် အိပ်မက်မှာ ပေးဆပ်သူတွေကို တခါတလ မြင်မက်တယ်
ကျုပ် စိတ်သဏ္ဍာန်က ပေးဆပ်သူတွေအတွက် ရှိနေတယ်..

ပေးဆပ်ခဲ့သူတွေကို ကျုပ်ပေးချင်တာက ရုပ်ဝတ္တုမဟုတ်
ဖောက်ပြန်နေသူတွေကို ကျုပ်လက်ပေါ်က စာသားဖြင့် ထိုးနှက်တိုက်ချင်တယ်
ပေးဆပ်သူများ ကျုပ်လက်များက ခင်ဗျားတို့ရဲ အလောင်းကို မြုတ်ခဲ့သလို
ခင်ဗျားတို့၏ ပေးဆပ်ခဲ့တာ မတန်လွန်းလို့ ကျုပ် စာရေးနေတယ်
ကျုပ် ပညာတတ်လွန်းလို့ စာရေးနေတာ မဟုတ်ဘူး
ပေးဆပ်သူရေ ခင်ဗျားတို့အတွက် ယူကြုံးမရ ဖြစ်လွန်းလို့ပါ..

ခင်ဗျားတို့နှင့် ကျုပ်တို့အတူ အသိုင်းအ၀ိုင်းကွဲ အငတ်အပြတ်
မိုးလေဆောင်းဒဏ် ကြံကြံခံပြီး တိုက်ခဲ့တဲ့အချိန်
ဒီမိုကရေစီ ထိုင်ယူတဲ့သူ နိုင်ငံအရေး ဘူဇွါတွေက
ဇက်ရက်မင်းလို စည်းစိမ်များနှင့် ယူတဲ့အချိန်ပေါ့
ပေးဆပ်သူ ခင်ဗျား သေတွင်းက ထကြည့်လိုက်ပါ
ခင်ဗျား သေရင်းနဲ့ ထိုင်ရယ်(ရီ) နေမယ်ဗျ ကျုပ် တပ်ပြောရဲတယ်
မင့် သေစောတယ်၊ တချို့ လူတွေလုပ်ပုံ သင့်သေခြင်းက မရေရာသလို
အနေချောင်ဖို့ မိုးလုံးလေထွား ဒီမိုတရားတွေ
ပြောပြတတ်တယ် သူတို့၊ ချွဲပြတတ်တယ် သူတို့၊
အာဏာရှင်အပါး ကပ်စားဖူးတော့
ဒါလေးများကွာ ရိုးနေပြီပေါ့ ပေးဆပ်သူရေ..

ဂဂျိုးဂဂျောင် နိုင်ငံရေး ဘူဇွါရှိသေး
ဒို့လူငယ်များ ဆိုကြလေ၀ယ် မပြုတ်ဝန်ကြီး ရှိမြဲပါပဲ
နဖူးထိပ်မှာ မွေးရာလို့ပါ သက်လုံစားမဲ့ ၀န်ကြီးအုပ်များ
ဘာမလုပ်တာ့ မရှုပ်ဖြစ်ပေါ့ ငါတို့ညံလို သူကိုမြဲစေ..

အာဏာရှင်မကောင်း နေစဉ်ပြောပြီး
ဒီမိုတရား ဋီကာပွား၍ ကိုယ်တိုင်ကလည်း ဘာမှမလုပ်
အချောင်တရားနဲ့ တကိုယ်ကောင်းဝါး ကယ်ပါမျိုးစား လက်မှတ်ကိုင်ပြီး
ထမင်းဝနေတဲ့ပုဂ္ဂိုလ်များက တသက်မရဘူး ဒီမိုကရေစီတဲ့..
အသက်စွန့်ပြီး ဘ၀စွန့်လွတ် ပြုနေသူတွေ ဖင်ယားသလို..

နိုင်ငံအရေး ပရောဟိတ်ကလဲ လုပ်သေးချင်ရဲ့
ညီညွတ်ဖွဲ့မှ ဒီမိုရမယ်တဲ့ သူပြောမှလား
ဗမာပြည်မှာ ညီညွတ်တာက ဘယ်အဖွဲ့များ ရှိခဲ့လို့လဲ
ပြောတဲ့သူက ဘာကိုမှလုပ် အချောင်စိတ်နဲ့
အပြောင်ရိတ်ပြီး ထမင်းမှန်တဲ့ ဘ၀တခုကို လုပ်ယူတဲ့သူ
အဆာခံတော့ သူတို့ကပဲ ဗမာပြည်ကြီးကို ကယ်တင်သလို
မုသားအပြည့်နှင့် လုပ်ဇာတ်တွေက
ပြန်ပို့ခံရရင် အကျဉ်းထောင်မှာ စံရမယ်တဲ့
ထမင်းငတ်မှာ ထည့်မပြောဘူး
ဒီလိုလူမျိုး ယောက်တရာထက် ကိုယ့်ဆန်ကျင်ဖက်
ရန်ဖက်တစ်ယောက်ကို လေးစားလိုက်ပါရဲ့ 
သြော် .. သခင်သန်းထွန်း မသိလို့ပေါ့
ပြင်ဆင်ရေးလား ဖြုတ်ထုတ်သတ်လား
သန့်စဉ်ရေးလား ခေါင်းစဉ်တခုမှာ ပါသွားမယ့်လူတွေပဲ..

ပေးဆပ်သူရေ ခင်ဗျား စွန့်လွတ်မှုကို ရင်နာတယ်
ခင်ဗျားရဲ့ ပေးဆပ်မှု၏ ဈေးကွက်မှာ ဈေးပျက်အောင်
လုပ်တဲ့သူများနေလို့ ခင်ဗျားအတွက် ကျုပ် စာရေးနေတယ်…

လူလ
ရွှင်လန်းချမ်းမြေ့ပါစေ…

မှတ်ချက်။ ။ လွန်ခဲ့သော နှစ်များက တောတွင်းတနေရာ၌ အတူတူတိုက်ရင်း လွင့်ကြွေသွားသည့် သူငယ်ချင်းများ ဖြစ်သော ကိုအောင်နိုင်၊ ၀င်းမြင့်လေး၊ တ၀မ်းကွဲအကို ဖိုးတုတ်ကြီး၊ ကျောင်းနေဖက်များဖြစ်သော မြင့်ဇော်၊ အောင်ဆန်းနှင့် ABSDF တပ်ရင်း ( ၂၀၁ ) မှ ကျဆုံးခဲ့တဲ့ ရဲဘော် ရဲဘက်များကို သတိရခြင်းများစွာဖြင့် လွင့်မျောခြင်းတခု ဖြစ်သည်။
“ မည်သူ့ ကိုမျှ မရည်ရွယ်ပါ...
တိုက်ဆိုင်မှုရှိလျှင် ထိုသူတို့ကိုပင် ရည်ညွှန်းခြင်းစစ်စစ်
ဖြစ်ပါကြောင်း”....

9 comments:

လင်းထက် said...

ပေးဆပ်သူတွေ ကို လာဖတ်သွားပါတယ် အမှန် တရား စစ်စစ် တွေ ပါပဲ ကိုလူလ ရေ..။

ယောနသံစင်ရော် said...

ဖတ်ပြီးတော့ ကြေကွဲမိပါတယ်။

Unknown said...

ခံစားရတယ်ဗျာ။ .......
တောကြောင်တွေ လက်ခမောင်း ခတ်နေကြတာ မြင်နေ၊ကြားနေ၊ တွေ့နေ၊သိနေ တော့လည်း...........
ကိုလူလရေ ပေးဆပ်သူ အညတရ သူရဲကောင်းတွေကို အားနာသနားပြီး ဒေါမနဿတွေ ပွားမိပြီ။

ဒူကဘာ said...

ဒါမျိုး များများ ရေးပေးရမှာ အားပေးတယ် ဘယ့်နှယ်ဗျာ ကြွက်ချေးက ဘယ်နေရာ ရောက်ရောက် ကြွက်ချေးပါပဲ၊ သတိထားရမှာက ကြွက်ချေးတွေကလဲ အုပ်ဖွဲ့ ဝိုင်းကိုက်တတ်တယ်နော့၊ ကျုပ်တို့လဲ သိထားတာတွေ ရေးဦးမှ ... ဟုတ်တာတွေပေါ့လေ။

ကလူသစ် said...

စိတ်ထိန်း ကိုယ့်ဆရာ စိတ်ထိန်း..... (ရေးသင့်တာတော့ ရေးသာရေးပေါ့ဗျာ ဟဲ)

ဆောင်းယွန်းလ said...

လာဖတ်တယ်ကိုလူလရေ..ပြီးတော့ကြေကွဲတယ်..

သစ်နက်ဆူး said...

ကိုလူလရေ...
ရေးသင့်သော အမှန်တရားတွေပေါ့ဗျာ....
အားပေးပါတယ်...
စာကလဲတန်ဘိုးရှိပါတယ်...
ကျနော်လဲ တစ်ခုတော့ ဖြည့်ပြောချင်ပါတယ်....

“ မည်သူ့ ကိုမျှ မရည်ရွယ်ပါ...
တိုက်ဆိုင်မှုရှိလျှင် ထိုသူတို့ ကိုပင်ရည်ညွှန်းခြင်းစစ်စစ်
ဖြစ်ပါကြောင်း”......။။

လူလ said...

မင်္ဂလာပါ ကိုသစ်ဆူး

ဖြည့်ပေးတဲ့ အကြံကို ကြိုက်၏။ ကျွန်နော် ပြောင်းလိုက်မယ်။

ကျွန်နော်က မြောက်ပေးရင် -. အောင် က တတ်တယ် ဟဲဟဲ နောက်တာပါ

ရွှင်လန်းချမ်းမြေ့ပါစေ...

တက်လူငယ် said...

ကိုလူလှရေ..
ကောင်းတယ်ဗျာ။ ဒါမျိုးတွေများများရေးပါဗျာ။