တပတ်အတွင်း သတင်းမှတ်စု
မတ်လ ၉ ရက်
ရက်သတ္တပတ် ၁၁ ၊ ၂၀၀၉
မြန်မာသတင်း
မော်လမြိုင်မြို့တွင် ဆူပူဆန္ဒပြပွဲ
လျှပ်စစ်မီး လုံးဝ မရသလောက် ဖြစ်နေသည်ကို အကြောင်းပြုပြီး မတ်လ (၆) ရက်နေ့ညက မော်လမြိုင်မြို့တွင် ဆူပူဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ကြောင်း ကိုယ်တိုင်ပါဝင်ဆန္ဒပြခဲ့သူ ကျောင်းသားတဦးနှင့် မြို့ခံများက ပြောပြသည်။ မြို့ခံများ၏ ပြောပြချက်အရ ကျောင်းသားများသည် ဆိုင်ကယ်ကိုယ်စီ စီးပြီး ညဦးပိုင်းမှ ညနက်သည်အထိ မန္တလေးရပ် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ ငန်းတေးရပ် မီးစက်နှင့် အခြားမြို့တွင်းနေရာ အတော်များများကို လှည့်လည်ဆန္ဒပြခဲ့ကြသည်။
စိတ်ဝင်စားသူ လူအုပ်ကြီးကလည်း ဆိုင်ကယ်များဖြင့် ဝင်ရောက်ပူးပေါင်းခဲ့ကြသည်။ နောက်ပိုင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဘက်သို့ ဆိုင်ကယ်အုပ်ကြီး ချီတက်သွားသည့်အခါ လျှပ်စစ်မီး ထိန်ထိန်လင်းနေသည့် တိုင်းစစ်ဌာနချုပ် အဆောက်အဦ ဘားတိုက်များကို မြင်ရသည့်အခါ ပိုမို ဒေါသထွက်လာကြကြောင်း၊ သို့သော် စစ်တပ်ပတ်ဝန်းကျင်ဖြစ်သည့်အတွက် အော်ဟစ်ခြင်းသာ လုပ်ပြီး ပြန်လှည့်လာကြကြောင်း ပြောပြသည်။
ယခုကဲ့သို့ ဆူပူဆန္ဒပြပွဲ ဖြစ်ပွားပြီးနောက် မတ်လ (၇) ရက်နေ့ နံနက်မှ စတင်ကာ ထူးထူးဆန်းဆန်း တမြို့လုံး လျှပ်စစ်မီးရနေခြင်း ကြုံရကြောင်း မြို့ခံများက ပြောပြကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် ) မတ်လ(၈) ရက်၊ ၂၀၀၉
+++++
တရုတ်ပညာရှင် သေဆုံး
ချင်းမိုင် (မဇ္ဈိမ)။ ။ တရုတ်နိုင်ငံ ပီကင်း တက္ကသိုလ်မှ ပညာရှင်တဦးသည် မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ပြုလုပ်သော နူကလီးယားဌာန ဆွေးနွေးပွဲသို့ တက်ရောက်နေရင်း ရန်ကုန်မြို့ ရှိ စင်ထရယ် ဟိုတယ်တွင် သေဆုံးသွားခဲ့သည်။
မစ္စတာ Zhang Peixin (အသက် ၄၇) သည် အစည်းအဝေးနောက်ဆုံးနေ့မှာပင် ဟိုတယ် အိပ်ခန်းအတွင်း မှောက်ရက် အနေအထားဖြင့် သေဆုံးနေခြင်း ဖြစ်သည်။
Zhang သည် ဖေဖော်ဝါရီ ၂၂ ရက်နေ့က မြန်မာနိုင်ငံသို့ စတင်ရောက်ရှိခဲ့ပြီး ငှင်းပြန်မည့် မတ်လ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် အစည်းအဝေးခန်းသို့ ရောက်လာခြင်းမရှိ၍ ၀န်ကြီးဌာန တာဝန်ရှိသူများနှင် ဟိုတယ်ဒုတိယမန်နေဂျာက အခန်းတံခါးကို ဖွင့်ပြီး ၀င်ရောက်ရာတွင် မှောက်လျက် အနေအထားဖြင့် တွေ့ရှိခဲ့ကြသည်။ ဟိုတယ်၏ အကြောင်းကြားချက်အရ ရဲနှင့် ဆေးဘက်ဆိုင်ရာတို့က ရောက်ရှိစစ်ဆေးရာတွင် သူ၏ခန္ဓာကိုယ်၌ ဒဏ်ရာတစုံတခု မတွေ့ရဘဲ သေဆုံးပြီး ဖြစ်သည်ဟု အတည်ပြုခဲ့ကြသည်။
ရန်ကုန်ဆေးရုံကြီးရှိ မှုခင်းဆရာဝန်များက ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးရာ ပင်မနှလုံးသွေးကြောများကျဉ်းနေသည်ကို တွေ့ရှိခဲ့သည်ဟု ရဲသတင်းရပ်ကွက်က ပြောသည်။
စုံစမ်းစစ်ဆေးသူများ၏ သတင်းရပ်ကွက်အရ အခင်းဖြစ်ပွားချိန်တွင် သေဆုံးသူသည် တဦးတည်းသာ ရှိနေခဲ့သည်ဟု သိရသည်။
သူ၏ဇနီးနှင့် သမီးဖြစ်သူတို့ မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ပြီး ရုပ်အလောင်းကို မတ်လ ၆ ရက်နေ့ ၄ နာရီ မိနစ် ၂၀ တွင် ရေဝေးသုသာန်တွင် မီးသဂြိုလ်၍ ကြွင်းကျန်သော အရိုးပြာကို တရုတ်နိုင်ငံသို့ ပြန်လည်ယူဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
လူငယ် အကူအညီပေးရေးအဖွဲ့များကို တိုးချဲ့ဖွဲ့စည်းသွားမည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ဖော်ဆောင်ရေးအဖွဲ့ (ဗဟို) နှင့် တိုင်းနှင့်ပြည်နယ်များမှ လူငယ်အကူအညီ ပေးရေးအဖွဲ့တို့ ယခုလ (၂၆) ရက်တွင် တွေ့ဆုံညှိနှိုင်းပြီး လူငယ်ရေးရာများကို ပိုမိုလုပ်ဆောင်သွားနိုင်ရန် လူငယ် အကူအညီပေးရေးအဖွဲ့များကို တိုးချဲ့ဖွဲ့စည်းသွားမည်ဟု အဖွဲ့ချုပ်လူငယ်ဖော်ဆောင်ရေးတာဝန်ခံ ကိုအေးထွန်းက ပြောသည်။ သို့သော် ဖွဲ့စည်းသည့်အချိန်တွင် အနှောင့်အယှက် ကြုံရမှုမျိုးရှိကြောင်း၊ ပြီးခဲ့သည့် စနေ၌ လူငယ် တာဝန်ခံတယောက်နှင့် အထက်မြန်မာပြည်က တာဝန်ခံတဦးဖြစ်သည့် ကိုလှဦးတို့ စစ်ကိုင်းတိုင်း ရွှေဘိုသို့ သွားရာ၌ အာဏာပိုင်များက ဆိုင်ကယ်များဖြင့် လိုက်လံကြည့်ရှုခဲ့ကြောင်း ကိုအေးထွန်းက ဆက်လက် ပြောသည်။
ယခုကဲ့သို့ နှောင့်ယှက်မှုများကို ဧရာဝတီတိုင်းအတွင်း၌လည်း ပြုလုပ်လျက်ရှိပြီး လူငယ်တာဝန်ခံ ကိုဆပ်ခင်ဇော်လင်း လာရောက်ပါက သတင်းပေးရန် အာဏာပိုင်များက ဒေသတွင်း ရယကများကို ဖိအားပေးထားကြောင်း သိရသည်။
ယင်းအခက်အခဲများကြားမှပင် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်(၃) ခုတွင် လူငယ်အဖွဲ့များ ဖွဲ့စည်းထားနိုင်ခဲ့ပြီး ယခုလကုန်တွင် (၇) မြို့နယ်၌ ထပ်မံဖွဲ့စည်းနိုင်မည်ဖြစ်ကြောင်း ကိုအေးထွန်းက ပြောသည်။ အဖွဲ့ချုပ်အနေဖြင့် လူငယ်ရေးရာများကို ပိုမိုလုပ်ဆောင်လျက်ရှိရာ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင်လည်း လူငယ်အကူအညီပေးရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
နိုင်ငံတကာ ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ်များ အစည်းအဝေး ပြီးဆုံး
ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်ကိုင်းတောင်ရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်၌ ကျင်းပနေသော နိုင်ငံပေါင်း ၂၁ နိုင်ငံမှ သံဃာတော်များ တက်ရောက်ခဲ့သည့် နိုင်ငံတကာ ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ်များ၏ အစည်းအဝေးကြီး ယမန်နေ့က ပြီးဆုံးသွားသည်။
ယခုလ ၆-၇-၈ သုံးရက်တွင် ပါဋ္ဌိစာပေသည် ဗုဒ္ဓဘာသာအတွက် အဘယ်ကြောင့် အရေးကြီးပုံ၊ ပါဌိစာပေ ဆက်လက် ထိန်းသိမ်းခြင်းသည် အရေးပါမှုရှိကြောင်းနှင့် ဗုဒ္ဓဘာသာနှင့် လူမှုအကျိုးပြုလုပ်ငန်းများ စသည်တို့ကို အုပ်စု ၄ စုခွဲ၍ အမေးအဖြေများဖြင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည့် အစည်းအဝေးကြီးဖြစ်သည်။
အစည်းအဝေးသည် ယမန်နေ့က ပြီးဆုံးခဲ့ပြီးနောက် ယနေ့တွင်မူ သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရ၏ သက်တော် ၇၂ နှစ်ပြည့် ၇၃ နှစ်မြောက် မွေးနေ့အကြို အထိန်းအမှတ်အဖြစ် ပင့်ဖိတ်စာရင်းရှိ သံဃာတော် အပါး တထောင်၊ သီလရှင် အပါး တထောင်ကို ခဲဘွယ်ဘောဇဉ် အလှူအတန်းများ ပြုလုပ်ခဲ့ကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မူများ ပုံမှန်အနေအထား ပြန်ရောက်လာ
(၃) ရက်ကြာ ပိတ်ထားသည့် မဲဆောက်-မြ၀တီချစ်ကြည်ရေးတံတားကို ယမန်နေ့က ပြန်ဖွင့်လိုက်သောကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မူများ ပုံမှန်အနေအထား ပြန်ရောက်လာပြီး နှစ်နိုင်ငံကုန်စည်များ အပြန်အလှန်တင်သွင်းလျက်ရှိသည်။
ထိုသို့ပိတ်ခဲ့သဖြင့် မြန်မာဘက်ကလည်း ထိုင်းကားများကို အ၀င်မခံသောကြောင့် တံတားမှတဆင့် အပြန်အလှန်တင်သွင်းနေသည့် ကုန်စည်များ (၃) ရက်ကြာ ရပ်နားခဲ့သဖြင့် နှစ်နိုင်ငံကုန်သွယ်မူများ ထိခိုက်ကျဆင်းခဲ့ရသည်။ ချစ်ကြည်ရေးတံတား တရက်ပိတ်လျှင် ထိုင်းဘက်မှ ဘတ်သန်း (၄၀) ခန့် နစ်နာမူရှိသည်ဟု တာ့ခ်ခရိုင်ကုန်သည်ကြီးများအသင်း၏ မှတ်တမ်းတွင် ဖော်ပြသည်။
တာ့ခ်ခရိုင်ကုန်သည်ကြီးများအသင်း၏ ဆောင်ရွက်မူဖြင့် ယမန်နေ့နံနက်မှ စတင်ကာ မြန်မာကားများကို ထိုင်းဘက်က ပြန်လည်ပြေးဆွဲခွင့် ပြုလိုက်သောကြောင့် နှစ်ဖက်ကားများ အပြန်အလှန် ပြေးဆွဲခြင်း ဖြစ်သည်။
ယခု မြန်မာကားများကို ပြန်လည်ပြေးဆွဲခွင့်ပြုသော်လည်း အမျိုးအစား (၃) မျိုးခွဲပြီး အမှတ်အသားတံဆိပ်များ ပြုလုပ်ပေးမည်ဖြစ်သည်။ ခရီးသည်တင်ကား၊ ကုန်တင်ကား၊ ကိုယ်ပိုင်ကားဟူ၍ သတ်မှတ်ပေးမည်ဖြစ်ပြီး ခရီးသည်တင်ကားတစီးလျှင် (၈) ဦးခန့်သာ ခွင့်ပြုမည်ဟု တာ့ခ်ခရိုင်ကုန်သည်ကြီးများအသင်းက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကိုးကန့်အဖွဲ့ နှစ် ၂၀ ပြည့် အခမ်းအနား လုပ်မည်
ရွှေလီ (မဇ္ဈိမ) ။ ။ ရှမ်းပြည် (မြောက်ပိုင်း)ရှိ ကိုးကန့် ငြိမ်းချမ်းရေးအဖွဲ့သည် အဖွဲ့တည်ထောင်မှု နှစ် ၂၀ ပြည့် အခမ်းအနားကို ယခုလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဌာနချုပ်နေရာတွင် ကျင်းပသွားမည်။
ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်နှင့် ချင်းရွှေဟော် ဒေသများတွင် အခြေပြုထားသည့် မြန်မာ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (ခေါ်) MNDAA သည် ကိုးကန့် အထူးဒေသ (၁) ဌာနချုပ်တွင် အခမ်းအနား ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။
MNDAA သည် ၁၉၈၉ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီ - ဗကပ မှ ခွဲထွက်ကာ၊ နောက်နှစ်ရက်အကြာတွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ - န၀တ အမည်ရှိ စစ်အစိုးရနှင့် အပစ်ရပ်ကာ တရားဝင် ရပ်တည်ဖွဲ့စည်းခဲ့သည်။ အခမ်းအနားသို့ နအဖ ဒေသဆိုင်ရာ စစ်ဖက်ခေါင်းဆောင်များလည်း တက်ရောက်လာမည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မြင်းခြံမှာ မီး အိမ်ခြေ နှစ်ရာခန့်ဆုံးရှုံး
ချင်းမိုင် (မဇ္ဈိမ)။ ။ မန္တလေးတိုင်း မြင်းခြံမြို့မြောက်ဘက်ရှိ မြို့သစ်ရပ်ကွက်၌ ယနေ့ မီးလောင်ရာ လူနေအိမ်ခြေနှစ်ရာခန့်နှင့် နည်းပညာကောလိပ် ကျောင်းဆောင်အချို့ လောင်ကျွမ်းမှုတွင် ပါသွားသည်ဟု ဒေသခံများအပြောအရ သိရသည်။
မွန်းလွဲပိုင်း ၂ နာရီကျော်မှ စတင်လိုက်သည့် အဆိုပါ မီးလောင်မှုသည် တနာရီခန့် ကြာမြင့်ခဲ့ပြီး မြင်းခြံ၊ တောင်သာနှင့် နွားထိုးမြို့များမှ မီးသတ်ကားများ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရသည်။ ပြီးခဲ့သည့် လအတွင်းကလည်း မြင်းခြံ အမှတ် ၂ ရဲစခန်းရှေ့ သစ်ဆိုင်တဆိုင် မီးလောင်ခဲ့သေးသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နိုင်ငံရေး အကျဉ်းသားဟောင်း ဖမ်းဆီးခံရ
ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်ရှိ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုစိန်လှိုင်ကို ယခုလ ၆ ရက်နေ့တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။
စန်းချောင်းမြို့ ကျိုက်လတ်လမ်းပေါ်ရှိ စမ်းချောင်း တရားရုံးအနီး နေထိုင်သူ ကိုစိန်လှိုင် (အသက် ၄၄ နှစ်အရွယ်) ထံ မြို့နယ်ကောင်စီ ဥက္ကဋ္ဌနှင့်အတူ သတင်းရဲတပ်ဖွဲ့ (အက်စ်ဘီ) ၆ ဦးက ည ၁ နာရီခန့်တွင် လာရောက်ကာ မေးမြန်းရန်ဟု ပြောဆိုပြီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်။ ကိုစိန်လှိုင်သည် ထောင်မှထွက်လာပြီး အန်အယ်ဒီ တွင် ဖွဲ့ထားသည့် လူမှုအထောက်အကူပြုတွင် လုပ်ကိုင်ခဲ့ပြီး၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအား အားပေးကူညီခဲ့သည်ဟု အန်အယ်ဒီ လူငယ်တဦးက ပြောသည်။
၁၉၈၉ ခုနှစ်တွင် ဖမ်းဆီးခဲ့ရာ ၁၉၉ဝ ခုနှစ်တွင် စစ်ခုံရုံးမှ နိုင်ငံရေးပုဒ်မအဖြစ် လူသိများသည့် အရေးပေါ် စီမံမှု ဥပဒေ ပုဒ်မ ၅ (ည)ဖြင့် ထောင်ဒဏ် ၁၄ နှစ် ချခဲ့သည်။ ၂ဝဝ၂ ခုနှစ်တွင် သာယာဝတီထောင်မှ ပြန်လွတ်လာသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မတ်လ ၁၀ ရက်
ရက်သတ္တပတ် ၁၁ ၊ ၂၀၀၉
မြန်မာသတင်း
ဗိုလ်ခင်ညွန့် ရွေးကောက်ပွဲ မ၀င်ဟု ငြင်းဆို
နေအိမ်အကျယ်ချုပ်ကျနေသည့် ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်ထံ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရန် ဆန္ဒရှိမရှိ နအဖခေါင်းဆောင်တဦး မကြာခင်က လာရောက် ညှိနှိုင်းခဲ့သော်လည်း ဗိုလ်ချုပ်ကြီး ခင်ညွန့်က လက်မခံကြောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။
အဆိုပါ သတင်းကို ခေတ်ပြိုင်မှ သီးခြားအတည်ပြုချက် မရသေးသော်လည်း ဗိုလ်ချုပ်ကြီး ခင်ညွန့်အား စောင့်ကြပ်နေသည့် အနီးကပ်လုံခြုံရေး တပ်ဖွဲ့ဝင်များကို အရေးပေါ် ပြောင်းလိုက်သည်ဟု စုံစမ်းသိရသည်။ မည်သည့်အကြောင်းကြောင့် အနီးကပ်လုံခြုံရေး တပ်ဖွဲ့ဝင်များကို လဲကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။
( ခေတ်ပြိုင်မှ ကောက်နှုတ်ချက် )
+++++
သတင်းသင်တန်းတွင် အမေရိကန်စင်တာမှ သင်တန်းဆရာ ပထမဆုံး ပို့ချ
နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ ရန်ကုန်တွင် ပြုလုပ်သည့် ပွဲဦးထွက် သတင်းမီဒီယာသင်တန်းတွင် အမေရိကန်စင်တာမှ သင်တန်းဆရာတဦးက ပထမဆုံးအကြိမ် ပါဝင်ပို့ချနေသည်။
မြန်မာစစ်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဆက်ဆံရေး ကောင်းမွန်သည့် စာနယ်ဇင်းအဖွဲ့က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ ၂ လကျော်ကြာ ပြုလုပ်မည့် သင်တန်းတွင် ရန်ကုန်ရှိ အမေရိကန်စင်တာမှ သင်တန်းဆရာ မစ္စတာ Dough Cosper နှင့်အတူ အခြား နိုင်ငံခြားသားတဦး ပို့ချနေခြင်းဖြစ်သည်။
ရန်ကုန်မြို့ရှိ အမေရိကန် စင်တာတွင် ပြုလုပ်သည့် မည်သည့်သင်တန်းမျိုးကိုမဆို အရပ်ဝတ် အထူးရဲသတင်း တပ်ဖွဲ့က အနီးကပ် စောင့်ကြည့်လေ့ရှိသော်လည်း ယခု သင်တန်းတွင်မူ အမေရိကန်စင်တာမှ ဆရာတဦး ပါဝင်နေခြင်းလည်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မိုတယ် ဟိုတယ်များ ဟော်တည်ဇုံသို့ မောင်းထုတ်
နေပြည်တော် ပေါင်းလောင်းကွက်သစ် ဥပ္ပါတသန္တိစေတီရှေ့တည့်တည့် ကွက်သစ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီး စိုးရှိန်း ပိုင်ဆိုင်သည့် မြင့်မိုရ်နန်း ဟိုတယ်ကြီးအား (၅) ထပ်ထိ သီးသန့်ဆောက်ခွင့် ပြုထားသော်လည်း အခြားဟိုတယ်၊ မိုတယ်များကိုမူ လူမရှိသည့် နေပြည်တော် ဟိုတယ်ဇုန်၌သာ ဆောက်ခွင့်ပြု ထားသည့်အတွက် လုပ်ငန်းရှင်များ မကျေမနပ်ဖြစ်နေသည်ဟု စုံစမ်းသိရသည်။ ဗိုလ်မှူးကြီး စိုးရှိန်း ပိုင်ဆိုင်သည့် မြင့်မိုရ်နန်း ဟိုတယ်ကြီးရှိရာနေရာကို နေပြည်တော်တည်စက (၂) ထပ်ထက်ပို၍ ဆောက်ခွင့်မပေးသော်လည်း ဗိုလ်မှူးကြီး စိုးရှိန်းကိုမူ (၅) ထပ်ထိ ဆောက်ခွင့်ပေးထားခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ရွေးကောက်ပွဲသည် လူမျိုးများ အခွင့်အရေး မပါရှိဟု ပအိုဝ့်ခေါင်းဆောင် ပြော
ချင်းမိုင် (မဇ္ဈိမ)။ ။ ၂၀၁၀ ခုနှစ်တွင် ကျင်းပမည့် မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲသည် လူမျိုးပေါင်းစုံ၏ အခွင့်အရေးအတွက် မဟုတ်ကြောင်း ယနေ့ကျရောက်သော ပအိုဝ့်အမျိုးသားနေ့တွင် ပအိုဝ့်ခေါင်းဆောင်တဦးက ပြောသည်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ ဘုန်းကြီးကျောင်းတွင် ကျင်းပသည့် ၅၈ ကြိမ်မြောက် ပအိုဝ့်အမျိုးသားနေ့ အခမ်းအနားတွင် ပအိုဝ့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ - PPLO ဥက္ကဋ္ဌက ပြောဆိုခြင်းဖြစ်သည်။ PPLO သည် မြန်မာစစ်အစိုးရကို လက်နက်ကိုင် တော်လှန်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခု ဖြစ်သည်။ ၁၉၄၇ ခုနှစ် မတ်လ ၁၀ ရက်နေ့မှ စတင်ကာ ပအိုဝ့်အမျိုးသား သူရိယ စန္ဒာဘုရင်မင်းကြီးမွေးနေ့တွင် အမျိုးသားနေ့ ကျင်းပလာရာမှ၊ ၁၉၅၁ ခုနှစ်တွင် ပြည်သူ့ညီလာခံမှ ပအိုဝ့်အမျိုးသားနေ့အဖြစ် တရားဝင် သတ်မှတ်ပေးခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နယူးဒေလီ မြန်မာ စစ်သံမှူး၊ ၀ါရှင်တန် ယာယီသံရုံး တာဝန်ခံ ဖြစ်ဖို့များ
အိန္ဒိယနိုင်ငံ နယူးဒေလီမှ မြန်မာစစ်သံမှူး ဗိုလ်မှူးကြီး နေ၀င်း (DSA အပတ်စဉ် ၂၀) ကို အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့ မြန်မာသံရုံး သံရုံးယာယီတာဝန်ခံအဖြစ် ပြောင်းရွှေ့ရန် အလားအလာရှိသည်ဟု သံတမန် အသိုင်းအ၀ိုင်းတွင် ပြောဆိုနေသည်။ မြန်မာစစ်သံမှူး ဗိုလ်မှူးကြီး နေ၀င်းသည် စစ်ဦးစီး ဗိုလ်မှူးကြီး (လေ) ဖြစ်ပြီးမှ စစ်ဦးစီး အရာရှိချုပ် (လေ) မဖြစ်တော့ဘဲ စစ်သံမှူးအဖြစ် လွင့်သွားခြင်း ဖြစ်သည်ဟု ၎င်းနှင့် တပတ်စဉ်တည်းဆင်း အရာရှိဟောင်းတဦးက ပြောသည်။ ၀ါရှင်တန်ဒီစီ မြန်မာသံရုံးတွင်ရှိသည့် ယခင် မဆလ အတွင်းရေးမှူး ဦးထွေးဟန်၏ သမက် ဦးကျော်ဝင်း ကို ထိန်းရန်အတွက် ဗိုလ်မှူးကြီး နေ၀င်းကို သံရုံးယာယီတာဝန်ခံပေးရန် ရွေးချယ်ခြင်း ဖြစ်နိုင်ကြောင်းလည်း ထင်မြင်ချက်ပေးသည်။
ဒု-ဗိုလ်မှူးကြီး မြင့်လွင်မှာ နှစ်ကြာလာပြီး အင်္ဂလိပ်စာ မကျွမ်းကျင်ဘဲ ဖြစ်နေသည့်အတွက် အင်္ဂလိပ်စာ ကျွမ်းကျင်သည့် ဗိုလ်မှူးကြီး နေ၀င်းကို သံအမတ်ဟောင်း ဦးလင်းမြိုင်နှင့်တွဲပြီး Lobby လုပ်ချင်စေလိုသည့် အတွက်ကြောင့် ပြောင်းလဲရန် ဖြစ်နိုင်ကြောင်း သံတမန်သတင်းရပ်ကွက်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့
ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက် အမှတ် ၆၂၃ အောက်ကြည့်မြင်တိုင် လမ်းမတွင် မတ်လ ၄ ရက်နေ့၌ ခြင်ဆေးခွေ ထွန်းရာမှ တစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မီးလောင်မှု ဖြစ်စဉ်မှာ ညနေ ၄ နာရီ ၃၅ မိနစ်အချိန်တွင် စတင် လောင်ကျွမ်းခဲ့ပြီး ၄ နာရီ ၄၇ မိနစ်၌ မီးထိန်းနိုင်ခဲ့ကာ ၄ နာရီ မိနစ် ၅၀ တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
( ၀ိကလီးအဲလဲဗင်းမှ ကောက်နှုတ်ချက် )
+++++
နာရေးအသင်း နိဗ္ဗာန်ယာဉ်များ ရွှေ့ရလျှင် လုပ်ငန်း ထက်ဝက် ကျဆင်းနိုင်
ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ နာရေးကူညီမှုအသင်းပိုင် နိဗ္ဗာန်ယာဉ်များကို အာဏာပိုင်များက မြို့ပြင်သုသာန်များသို့ ပြောင်းရွှေ့ရမည်ဆိုသဖြင့် အကူအညီပေးရေး လုပ်ငန်းများ ထက်ဝက်ခန့် ကျနိုင်ကြောင်း အဆိုပါ အသင်းက ပြောသည်။
ပြီးခဲ့သည့်လ ၂၈ ရက်နေ့တွင် နောက်ဆုံးထားကာ သင်္ဃန်းကျွန်းမြို့နယ် ဗြမ္မာ့ဝိဟာပရိယတ္တိ စာသင်တိုက်ရှိ အသင်းရုံးခန်း နေရာတွင် ထားရှိသော နိဗ္ဗာန်ယာဉ် ၁၀ စီးကျော်ကို ကျောက်တံတားမြို့နယ် စည်ပင်သာယာက မြို့ပြင်သုသာန်များသို့ ပြောင်းခိုင်းသဖြင့် မူလနေရာမှ ဝေးလံသောကြောင့် လုပ်ငန်းများ ထက်ဝက်ခန့် ကျဆင်းဖွယ်ရှိကြောင်း ပြောဆိုခြင်းဖြစ်သည်။
အသင်းပိုင် နိဗ္ဗာန်ယာဉ် ၁၆ စီးအနက် ၁၀ စီးကျော်ကို စာသင်တိုက်တွင် ထားရှိကာ၊ ကျန်ရှိသည်များကို ရေဝေးသုသာန်၌ ထားရှိသည်။
ပြီးခဲ့သည့်လ ၂၇ ရက် ညနေပိုင်းက ၂၄ ရက်နေ့ရက်စွဲပါ အကြောင်းကြားစာကို အာဏာပိုင်များက ပေးပို့ရာတွင်၊ စာထဲ၌ မြို့တော်သာယာရေးနှင့် မညီညွတ်သဖြင့် ၂၈ ရက်နေ့ နောက်ဆုံးထား ရွှေ့ခိုင်းခဲ့သည့်အပေါ် နာရေးအသင်းက လက်မခံကြောင်း ဦးကျော်သူက ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မြိတ်မြို့နယ်၊ သကန်ကရင်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွား
မြိတ်မြို့နယ်၊ မဇောကျေးရွာ အုပ်စုရှိ သကန်ကရင်ရွာ၌ မတ်လ ၄ ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။ ဖြစ်ပွားပုံမှာ သကန်ကရင်ရွာရှိ ဦးစံနွဲ့၏ နေအိမ်တွင် ထမင်းအိုး တည်ရာမှ ပေါ့ဆမီးလောင်ကျွမ်း ရာ အဆိုပါမီးလောင်မှုကြောင့် အိမ် ခြေ ၂၅ အိမ်မီးလောင်ကျွမ်းခံခဲ့ရ ကြောင်း သိရသည်။ လောင်ကျွမ်းမှုမှာ ညနေ ၄း၃၀ နာရီမှစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် ပြီး ညနေ ၅း၅၀ နာရီတွင် မီးငြှိမ်း သတ်နိုင်ခဲ့ကြောင်း သိရသည်။မီးလောင်ကျွမ်းမှုကြောင့် အိမ် ထောင်စု ၂၅ စု၊ မီးဘေးဒုက္ခသည် ၁၆၁ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။
( ၀ိကလီးအဲလဲဗင်းမှ ကောက်နှုတ်ချက် )
+++++
ပိဿာစနစ်ဖြင့်သာ ရောင်းဝယ်ရတော့မည်
ရန်ကုန်။ ။ နိုင်ငံတ၀ှမ်း ကုန်စည်ရောင်းဝယ်ရေး လောကတွင် ဧပြီလဆန်းမှ စတင်၍ အလေးချိန် ချိန်တွယ်ရာ၌ ပိဿာစနစ်ဖြင့်သာ တပြေးညီ လုပ်ဆောင်ရတော့မည်ဟု ကုန်သည်ကြီးများအသင်းက ထုတ်ပြန်လိုက်သည်။
ကုန်စည်ဒိုင်များသည် ရောင်းဝယ် ဖောက်ကားရာတွင် အလေးချိန်ကို နေရာဒေသအလိုက် ပိဿာ၊ တင်း၊ တောင်း များဖြင့် ချိန်တွယ်နေရာမှ ပိဿာစနစ်ဖြင့် တူညီစွာ ဆောင်ရွက်ကြရန် ရန်ကုန်ရှိ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ သတ်မှတ်ပေးလိုက်ခြင်း ဖြစ်သည်။
ဤအကြောင်းကို UMFCCI မှ အထွေထွေ အတွင်းရေးမှူး ဦးစိန်ဝင်းလှိုင်က ပြောပြသည်။
လက်ရှိတွင် စပါး၊ ပဲ၊ နှမ်း၊ ကြက်သွန် စသည့် ကုန်စည်များ အဓိက အရောင်းအ၀ယ်လုပ်ရာ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူနှင့် မုံရွာမြို့တွင် ကုန်စည်ဒိုင်ကြီး ၁၁ ခုနှင့် ဒိုင်ငယ်ပေါင်း မြောက်မြားစွာ ရှိနေသည်။
သူတို့သည် ပိဿာ၊ တင်း၊ တောင်းစနစ် စသည့် ပုံစံအမျိုးမျိုးဖြင့် ရောင်းဝယ်လျက် ရှိသည်။
တနိုင်ငံလုံး ပိဿာစနစ်သို့ ပြောင်းလိုက်သော်လည်း ထိုစနစ်မှာ နိုင်ငံတကာတွင် အသုံးပြုသည့် ပုံစံမျိုး မဟုတ်သေးကြောင်း ရန်ကုန်ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်မှ ပဲကုန်သည်တဦးက ယခုလို ပြောသည်။
"နိုင်ငံတကာမှာတော့ တန်နဲ့ပဲ အရောင်းအ၀ယ် လုပ်ပါတယ်။ ကုန်စည် အရောင်းအ၀ယ်တွေ ထိုင်းနေတဲ့အချိန်မှာ ကုန်သည်တွေ အနေနဲ့ကတော့ အခုလို အလေးချိန် တနေရာနဲ့ တနေရာ ကွာဟမှုကနေပြီး အမြတ်အစွန်း ရတာမျိုးတွေလည်း ရှိပါတယ်'' ဟု သူက ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အဝေးပြေး ကုန်တင်ယာဉ်ကြီးများ ကုန်တင်တန်ဆာခများ ထပ်မံကျဆင်း
အဝေးပြေး ကုန်တင်ယာဉ်ကြီးများ လောင်စာဆီနှင့် အခြား ကုန်ကျစရိတ် ကျဆင်းလာသောကြောင့် ကုန်တင်တန်ဆာခများ ထပ်မံ ကျဆင်းနေကြောင်း မန္တလေးမြို့ ကျွဲဆည်ကန် ကားကြီးဝင်းမှ ကုန်တင်ယာဉ် ပိုင်ရှင်များထံမှ သိရှိရသည်။
အခြားကုန်တင်ကား ပစ္စည်းနဲ့ အင်ဂျင်ဝိုင်၊ တာယာ၊ အခြားအပိုပစ္စည်းဈေးတွေလည်း ကျဆင်းလာလို့ တန်ဆာခတွေ လျော့ချလို့ရတာပါ။ အရင် ခြောက်ဘီးကားရဲ့အပေါ်ကုန်ဖြစ်တဲ့ တီဗွီဆိုရင် တန်ဆာခ ကျပ် ၁၅၀၀ ကနေ ကျပ် ၁၀၀၀ ၀န်းကျင်ထိ၊ ရေခဲသေတ္တာက ကျပ် ၅၈၀၀ ကနေ ကျပ် ၄၀၀၀ ၀န်းကျင်ထိ၊ လျပ်စစ်ပစ္စည်းတွေဆိုရင် ကျပ် ၁၅၀၀ ကနေ ကျပ် ၇၀၀ ၀န်းကျင်အထိ လျော့ချခဲ့ပါ တယ်။ အောက်ကုန်ဖြစ်တဲ့ ဘိလပ်မြေ၊ သံထည်ပစ္စည်းတွေနဲ့ စားသောက်ကုန်တွေဆိုရင် ယခင် တစ်ပိဿာ ကျပ် ၄၅ ကနေ၊ ကျပ် ၅၀ ထိရှိတယ်။ အခုတစ်ပိဿာ ကျပ် ၃၅ ၀န်းကျင်လောက်ပဲရှိတော့တာပါ''ဟု မန္တလေး-ရန်ကုန်ပြေးဆွဲလျက်ရှိ သောကားပိုင်ရှင်တစ်ဦးကပြောကြား ခဲ့သည်။
( ၀ိကလီးအဲလဲဗင်းမှ ကောက်နှုတ်ချက် )
+++++
မတ်လ ၁၁ ရက်
ရက်သတ္တပတ် ၁၁ ၊ ၂၀၀၉
မြန်မာသတင်း
ပြည်ထဲရေးဝန်ကြီး ဗိုလ်မောင်ဦး အီးယူ- အာဆီယံ အစည်းအဝေး တက်ခွင့်မရ
ဥရောပတိုက်တွင် မကြာခင် ကျင်းပမည့် မူးယစ်ဆိုင်ရာ အီးယူ-အာဆီယံ အစည်းအဝေး (အာဆမ်) သို့ တက်ရောက်ရန် ပြည်ထဲရေးဝန်ကြီး သို့မဟုတ် ပြည်ထဲရေး ဒု-၀န်ကြီးကို မြန်မာစစ်အစိုးရက စေလွှတ်လိုသော် လည်း အဆိုပါပုဂ္ဂိုလ်များအား အီးယူက ဒဏ်ခတ်ပိတ်ဆို့ထားသည့်အတွက် လာရောက်ခွင့်မရဟု နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ထမ်းတဦးက ပြောသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ ဥရောပကော်မရှင်ရုံး ပြောခွင့်ရပုဂ္ဂိုလ်ထံ အတည်ပြုချက်ရရန် အီးမေးလ်ဖြင့် မေးမြန်းထားသော်လည်း အကြောင်းပြန်ကြားချက် မရသေးပေ။ အလားတူ အစည်းအဝေးများသို့ ယခင်က ရဲမှူးကြီး စစ်အေး တက်ရောက်လေ့ရှိသော်လည်း ယခုနှစ်တွင် ရဲမှူးကြီး ခမ်းအောင် တက်ရောက်ရန် များသည်ဟု သံတမန်တဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဆယ်တန်း စာမေးပွဲ လုံခြုံရေး တင်းကြပ်
ရန်ကုန်မြို့တွင် ၂ဝဝ၈-၂ဝဝ၉ စာသင်နှစ်အတွက် ကျင်းပသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို လုံခြုံရေး တင်းတင်းကျပ်ကျပ်ချပြီး ကျင်းပနေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
အလားတူ ကျောင်းသားမိဘတဦးကလည်း ၎င်း၏သမီး စာမေးပွဲဖြေသည့်ကျောင်းထဲသို့ မဝင်ခင် ကျောင်းအပြင် မှာကတည်းက ကြိုးတန်းတွေတန်းပြီး တန်းစီဝင်ခိုင်းကြောင်း၊ (၃) နေရာခန့်တွင် ရှာဖွေ စစ်ဆေးမှုများ လုပ်ကြောင်း ပြောသည်။ ယခုကဲ့သို့ စာမေးပွဲအကြိုကာလ လျှပ်စစ်မီး မရသည်ကို အကြောင်းပြုပြီး မော်လမြိုင်မြို့တွင် ကျောင်းသားများ ဦးဆောင်သည့် ဆူပူဆန္ဒပြမှုတရပ်ဖြစ်ခဲ့ပြီး အလားတူ တွံတေးမြို့တွင်လည်း ဖြစ်ပွားခဲ့သေးကြောင်း၊ ထိုကြောင့် ဆူပူမှု တစုံတရာ မဖြစ်ရအောင်နှင့် ဖြစ်လာပါက အမြန်တားဆီးနိုင်ရန် ယခုကဲ့သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ချထားခြင်းဖြစ်နိုင်ကြောင်း မြို့ခံများက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဂဠုန်ဦးစောရဲ့ မိသားစုက စာရေးဆရာအား တောင်းပန်ခိုင်း
နိုင်ငံတော်လုပ်ကြံမှုတရားခံ ဂဠုန်ဦးစောရဲ့ နောက်ဆုံးနေ့များ စာအုပ်ရေးသားသူကို ဂဠုန်ဦးစော၏ မြေးများက အချက်အလက်များ မှားယွင်းကြောင်းနှင့် ထုတ်ဝေခွင့် တောင်းခံမှုမပြုခဲ့ခြင်းတို့ကြောင့် တောင်းပန်ခိုင်းသည့် စာတစောင်ပေးခဲ့ကြောင်း သိရသည်။
စာရေးဆရာသန်းဝင်းလှိုင် ရေးသားသော ယင်းစာအုပ်အတွက် တောင်းပန်ခိုင်းသည့်စာကို အင်ကြင်းစာပေမှတဆင့် ဂဠုန်ဦးစော၏မြေး ဒေါ်ခေမာရင် ပေးပို့ခဲ့ရာ ယမန်နေ့၌ လက်ခံရရှိခဲ့ကြောင်း စာရေးဆရာက အတည်ပြု ပြောဆိုသည်။
အဆိုပါစာတွင် မိသားစု၏ ခွင့်ပြုချက်မရဘဲ စီးပွားရေးအတွက် ထုတ်ဝေခြင်းနှင့် ပုဂ္ဂိုလ်ရေးထိခိုက်နစ်နာစေသော အချက်များပါခြင်းတို့ကြောင့် စာရေးသူမှ တောင်းပန်ရမည်ဟု ဖော်ပြထားကြောင်း သိရသည်။ အဆိုပါ စာမူအား စာပေစိစစ်ရေးအပြင် သမိုင်းသုတေသနဌာနသို့လည်း တင်ပြခဲ့ရကြောင်း၊ ယင်းဌာနတို့မှ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလအတွင်း ထုတ်ဝေခွင့် ချပေးခဲ့ရာ ယခုနှစ် ဇန်န၀ါရီ (၂၅) ရက်တွင် စာအုပ်ဖြန့်ချိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထိုစာအုပ်ထွက်ရှိလာပြီးနောက် ဦးညီညီရင်နှင့် ဒေါ်ဘေဘီစောတို့၏ သားသမီးများက စာရေးဆရာထံ တောင်းပန်ရန်စာ ပေးပို့ထားခြင်းဖြစ်ကြောင်း၊ ယင်းစာပေးပို့မှုမှာ ပုဂ္ဂလိက တောင်းဆိုမှုတခုသာဖြစ်ကြောင်း စာရေးသူဘက်မှ ကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေ ဒေါ်ခင်ခင်အေးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မတ်လ ၁၂ ရက်
ရက်သတ္တပတ် ၁၁ ၊ ၂၀၀၉
မြန်မာသတင်း
သမတ ဘုရှ် သက်တမ်းမကုန်ခင်ကတည်းက စဉ်းစားနေ
မြန်မာနိုင်ငံအပေါ် အမေရိကန် ပေါ်လစီပြောင်းလဲရေးကိစ္စကို ၂၀၀၈ ခု အမေရိကန်သမ္မတဟောင်း ဂျော့ဘွတ်ရှ် သက်တမ်းကုန်ကာနီးကတည်းက ပေါ်လစီကိုင်တွယ်သည့် အရာရှိများ စဉ်းစားခဲ့ကြောင်း အမေရိကန်ကွန်ဂရက်သို့ တင်သွင်းသည့် အစီရင်ခံစာတစောင်တွင် ဖော်ပြထားသည်။
ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် မြန်မာနိုင်ငံနှင့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများဆိုင်ရာ အဆိုပါအစီရင်ခံစာကို နိုင်ငံခြားရေးရာ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးဌာနခွဲမှ ကွန်ဂရက်သို့ ၂၀၀၈ ခု သြဂုတ် (၂၁) ရက်နေ့စွဲဖြင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ဘိန်းအထွက်နှုန်း ကျဆင်းလာသည့်တိုင် မြန်မာနိုင်ငံမှ ပေါ်ထွက်လာသည့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများကို စစ်အစိုးရဘက်က နှိမ်နင်းမှုအပေါ် အမေရိကန်ပေါ်လစီများက သိသိသာသာ သြဇာသက်ရောက် ခြင်းမရှိဟု ကျွမ်းကျင်သူများက ယူဆကြောင်း အစီရင်ခံစာတွင် ထောက်ပြထားသည်။ အထူးသဖြင့် ၂၀၀၇ ခု သံဃာ့အရေးအခင်းတွင် မြန်မာစစ်အစိုးရ၏ အကြမ်းဖက် နှိမ်နင်းမှုများ ဖြစ်ပေါ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံအပေါ် အမေရိကန်ပေါ်လစီ ပြန်လည်သုံးသပ်စေလိုသည့် အစိတ်အပိုင်းများ တိုးတက်လာသည်ဟုဆို၏။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဗိုလ်သိန်းစိန် အင်ဒိုနှင့် စင်္ကာပူတို့သို့ အလည်အပတ် သွားမည်
နယူးဒေလီ (မဇ္ဈိမ)။ ။ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် အင်ဒိုနီးရှားနှင့် စင်္ကာပူတို့သို့ သွားရောက် လည်ပတ်မည် ဖြစ်သည်ဟု နေပြည်တော် သတင်းရပ်ကွက်များအရ သိရသည်။
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာသို့ မတ်လ ၁၅ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး သိန်းစိန် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိမှာဖြစ်ပြီး ခရီးစဉ်အတွင်း အင်ဒိုနီးရှားသမတ ဆူဆီလို ဘမ်ဘန်း ယူဒ်ဟိုရိုနိ Susilo Bambang Yudhoyono နှင့် တွေ့ဆုံမှာဖြစ်သည်။
အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးဌာနက အရာထမ်းတဦးက မဇ္ဈိမသို့ ခရီးစဉ်နှင့် ပတ်သက်၍ အတည်ပြု ပြောကြားခဲ့သည်။
နေပြည်တော် သတင်းရပ်ကွက်အရ ၀န်ကြီးများ၊ ဒုဝန်ကြီးများပါ လိုက်ပါပြီး အဖွဲ့ဝင် ၅၀ ခန့်ရှိမည့် ကိုယ်စားလှယ်အဖွဲ့သည် စင်္ကာပူနိုင်ငံကိုပါ သွားရောက် လည်ပတ်မည်ဟု သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ထုတ်ပယ်ထားသည့် ဗိုလ် ၃ ဦး၊ ခွဲထွက်အဖွဲ့နဲ့ ပူးပေါင်း
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်ကြီးအဆင့်ရှိ တပ်ဖွဲ့ဝင် (၃) ဦးသည် ယခုလဆန်းပိုင်းက ကရင်ခွဲထွက် အဖွဲ့တဖွဲ့ဖြစ်သည့် ဗိုလ်ဌေးမောင်၏ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် သွားရောက်ပူးပေါင်းလိုက်သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်ကြီးစောနေစိုးမြ၊ ဗိုလ်ကြီးမဟာဆွေနှင့် ဗိုလ်ကြီးသဲခီး တို့သည် ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် သွားရောက်ပူးပေါင်းသည်မှာ မှန်ကန်ကြောင်း ကေအန်အယ်လ်အေ ကာကွယ်ရေးဌာနမှ ဗိုလ်မှူးရှီးလေက ခေတ်ပြိုင်သို့ အတည်ပြုပြောကြားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ပြင်သစ်ဝန်ကြီး မြန်မာ ဒုက္ခသည်စခန်းသို့ သွားမည်
နယူးဒေလီ။ ။ ပြင်သစ် နိုင်ငံခြားရေးနှင့် လူ့အခွင့်အရေးဝန်ကြီး ရာမာရာဒီသည် ၃ ရက်ကြာ အလည်အပတ် ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ယနေ့ ရောက်လာပြီး၊ မြန်မာ့အရေး အပါအဝင် အခြားရပ်များ ဆွေးနွေးမည် ဖြစ်သည်။
မစ္စစ် ရာမာရာဒီ (Rama Yade) သည် ထိုင်းနိုင်ငံတွင် ၁၄ ရက်နေ့အထိ နေထိုင်ကာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ဖိရူမ်း (Kasit Piromya) နှင့် တွေ့ဆုံ၍ ‘စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် မြန်မာနိုင်ငံတွင်း အခြေအနေများ အပါအဝင် ဒေသတွင်း ပြဿနာများကို ဆွေးနွေးမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ ကြေညာချက်တွင် ဖော်ပြထားခြင်း ဖြစ်သည်။
ပြင်သစ်ဝန်ကြီးသည် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မြန်မာဒုက္ခသည်များ ခိုလှုံရာ ဘန့်မိုင်နားဆွိုင် (Ban Mai Nai Soi) ဒုက္ခသည်စခန်းသို့ သွားရောက်ကာ ဆက်လက်၍ ကူညီနိုင်ရေးအတွက် အဓိက အလှူရှင်များနှင့် ထိုင်းနိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးသွားမည် ဖြစ်သည်။
( မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++
မြန်မာအမျိုးသမီး ဒုက္ခသည်များ၏ အခြေအနေ
မလေးရှားရောက် မြန်မာအမျိုးသမီး ဒုက္ခသည်များသည် အိမ်မှထွက်တိုင်း အဖမ်းခံရရန် များနေသကဲ့သို့ အလုပ်လုပ်ရန် အခွင့်အလမ်းမှာလည်း အလွန်နည်းပါးနေကြောင်း အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့အခြေစိုက် ဒုက္ခသည် အမျိုးသမီးနှင့် ကလေးများအတွက် အမျိုးသမီးရေးရာကော်မရှင် (WCRWC) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မလေးရှားနိုင်ငံတွင် ဒုက္ခသည်နှင့် ခိုလှုံခွင့်လျှောက်ထားသူပေါင်း (၁၀၀,၀၀၀) ခန့် ရှိသည့်အနက် အများစုမှာ မြန်မာများဖြစ်ပြီး UNHCR တွင် မှတ်ပုံတင်ထားသူပေါင်း (၄၀,၀၀၀) ရှိသည်။ ထိုမှတ်ပုံတင်ထားသူများထဲမှ (၁၄,၀၀၀) မှာ ရိုဟင်ဂျာများဖြစ်သည်ဟု အစီရင်ခံစာတွင် ရေးထားသည်။
မလေးရှားတွင် နေစရိတ်ကြီးသည့်အတွက် တလကို မလေးရှား ရင်းဂစ် (၁,၅၀၀) (ဒေါ်လာ ၄၅၀) ခန့် ပေးရသော်လည်း ဒုက္ခသည်အများစုမှာ တလကို မလေးရှားရင်းဂစ် (၄၀၀ မှ ၆၀၀) ကြားသာ ရကြသည်။ ထို့ကြောင့် ဒုက္ခသည်များ စုပြီး အခန်းငှားနေရသည်။
လေ့လာချက်များအရ ဒုက္ခသည်အမျိုးသမီးများမှာ
-အိမ်ကထွက်တိုင်း အဖမ်းခံရမည့် အန္တရာယ်ရှိနေခြင်း၊
-လုပ်ကိုင်စားရန် အခွင့်အလမ်း အကန့်အသတ်နှင့်သာရှိခြင်း၊
-ရသည့်ငွေကို အာဏာပိုင်များကို လာဘ်ထိုးရသည့်အတွက် အဂတိလိုက်စားမှုဒဏ်ခံရခြင်း၊
-နယ်စပ် ပြန်အပို့ခံရလျှင် ရောင်းစားခံရမည့် အန္တရယ်ရှိခြင်း၊
-နေအိမ်နှင့်အလုပ်ခွင်၌ အကြမ်းဖက်ခံရခြင်း စသည့်အခြေအနေများ ကြုံတွေ့နေရသည်ဟု အစီရင်ခံစာတွင် ထောက်ပြထားသည်။
အစီရင်ခံစာ နိဂုံးပိုင်းတွင် မလေးရှားအစိုးရအနေဖြင့် ဒုက္ခသည်များအား တရားဝင်နေခွင့်ရရန် ဆောင်ရွက် ပေးသင့်ကြောင်း၊ UNHCR မှ လက်မှတ်ထုတ်ပေးထားသူများအား အသိအမှတ်ပြုပြီး မှတ်ပုံတင်ထားသူများအား အဖမ်းအဆီးရပ်သင့်ကြောင်း၊ UNHCR နှင့်တကွ ၎င်းနှင့် တွဲလုပ်နေသည့် အန်ဂျီအိုများဘက်ကလည်း အမျိုးသမီး ဒုက္ခသည်များအတွက် သက်မွေးဝမ်းကျောင်းကိစ္စများ ဆောင်ရွက်ပေးသင့်ကြောင်း အကျယ်တ၀င့် ထောက်ခံ ရေးထားသည်။
( ခေတ်ပြိုင်မှ ကောက်နှုတ်ချက် )
+++++
ဆိုမာလီ ပင်လယ် ဓားပြလက်မှ လွတ်လာသူများ လျော်ကြေးရ
ချင်းမိုင် (မဇ္ဈိမ)။ ။ ပင်လယ်ဓားပြများ လက်အောက် ၃၇ ရက်ကြာ နေခဲ့ရသည့် မြန်မာသင်္ဘောသား ၁၂ ဦးကို ဗြိတိန်နိုင်ငံရှိ အသက်အာမခံ ကုမ္ပဏီတခုမှ ယမန်နေ့က လျော်ကြေးငွေများ ပေးအပ်လိုက်သည်။
ဗြိတိန်အခြေစိုက် Protection and Indemnity Club ကုမ္ပဏီက ရန်ကုန်တိုင်း ကျောက်တံတားမြို့ရှိ မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများအသင်း ခန်းမတွင် နစ်နာကြေးများ ပေးအပ်လိုက်ခြင်း ဖြစ်သည်။
ပြန်ပေးဆွဲခံရသူ မြန်မာများသည် အလုပ်သက်တမ်းပေါ် မူတည်ကာ အမေရိကန် ဒေါ်လာ အနိမ့်ဆုံး ၇၉၅ မှ အမြင့်ဆုံး ၁၅၂၄ ထိ ရရှိသည်။
၂၀၀၈ ခု စက်တင်ဘာ ၁၀ ရက်နေ့တွင် တောင်ကိုရီးမှ MV Bright Ruby ဓာတ်မြေသြဇာတင် သင်္ဘောသည် ယူကရိန်းမှ သီရိလင်္ကာသို့ ထွက်ခွာလာရာ ပင်လယ်နီရှိ ဆိုမာလီ ကမ်းစပ်အရောက် မော်တော်ဘုတ်နှင့် ဓားပြများက သင်္ဘောကို စီးနင်းခဲ့ခြင်းဖြစ်သည်။ ဓားပြများ တောင်းဆိုသည့်ငွေကို သင်္ဘောကုမ္ပဏီက ပေးခဲ့ရာမှ သင်္ဘောသားများ ပြန်လွတ်လာခြင်းဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ရောဂါဖြစ်ပွားမှ မြို့ပြင်ထုတ်မည်
ကြက်ငှက်တုပ်ကွေး မဖြစ်မချင်း ရန်ကုန်တွင်ရှိသော ကြက်ဈေးများကို မြို့ပြင်သို့ ထုတ်မည် မဟုတ်ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက စုံစမ်းသိရှိရသည်။
ရန်ကုန်သို့ ၀င်ရောက်လာသော်လည်း ကြက်၊ဘဲ နှင့် ဥများ တင်သည့်ယာဉ်များကို ဆေးဖြန်းမှုများ ပြုလုပ်ကြောင်း ပြည်တွင်းထုတ် သတင်းဂျာနယ်များတွင် ရေးသားဖော်ပြကြသည်။
၂၀၀၉ ခု ဇန်န၀ါရီလဆန်းတွင် ပဲခူးတိုင်း၌ ဖြစ်ပွားသော ကြက်လည်လိမ်ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း ရန်ကုန် စည်ပင်၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနတို့က ဆေးဖြန်းခြင်းဖြစ်သည်ဟု အဆိုပါ ဂျာနယ်များက ရေးသားကြသည်။
ပြည်မြို့တွင် ကြက်လည်လိမ်ရောဂါဖြစ်၍ ကြက်သားရောင်းချမှုများကို ပြင်းပြင်းထန်ထန် ပိတ်ထားကြောင်း၊ သို့သော် အချို့ ခိုး၍ ရောင်းချကြောင်း ပြည်မြို့ခံတဦးက ပြောသည်။
ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားပါက ကြက်ဥ၊ ကြက်မွေး၊ ကြက်ချေး၊ ကြက်သား တို့မှာ လူအတွက် အန္တရာယ်ရှိသည်ဟု မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက အမည်မဖော်လိုသူတဦးက ပြောသည်။
(ခေတ်ပြိုင်သတင်းမှကောက်နှုတ်ချက်)
+++++
မလေးပြန် ကူညီတတ်သူ ( ဘလော့ဂါ သီဟ ) ထောင်ဒဏ် ၁၇ နှစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ ဧရာဝတီတိုင်းမှ နာဂစ်မုန်တိုင်းသင့် ဒုက္ခသည်များကို ကူညီနေစဉ် အဖမ်းခံခဲ့ရသူကို ၈ လကြာမျှ ရန်ကုန် အင်းစိန်ထောင်တွင် ထိန်းသိမ်းထားရာမှ ယမန်နေ့က ထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက်သည်။
တောင်ဥက္ကလာပမြို့နယ်မှ ဦးထွန်းအောင်နှင့် ဒေါ်သိန်းသိန်း၏ သားဖြစ်သူဟု သိရသူ ကိုမင်းသိန်းထွန်း ခေါ် ကိုသီဟသည် ဧရာဝတီတိုင်းမှ လေဘေးဒုက္ခသည်များကို ကူညီနေရင်း ၂၀၀၈ ခုနှစ် ဇူလိုင်လအတွင်း အဖမ်းခံရကာ တရားမ၀င် အသင်းနှင့် ဆက်သွယ်ခြင်းနှင့် နယ်စပ်ကို တရားမ၀င်ဖြတ်ကျော်မှု အပါအ၀င် ပုဒ်မ ၃ ခုဖြင့် ယခုလို ပြစ်ဒဏ်ကျခံရခြင်း ဖြစ်သည်။
ကိုမင်းသိန်းထွန်းသည် မလေးရှားနိုင်ငံသို့ တရားဝင် ပတ်စ်ပို့ဖြင့် ၂၀၀၅ ခုနှစ်မှ စတင်ကာ သွားရောက် အလုပ်လုပ်နေခဲ့ပြီး၊ ၂၀၀၈ ခုနှစ် မေလတွင် နာဂစ်မုန်တိုင်းကြောင့် အတိဒုက္ခရောက်နေသူများကို ကူညီရန်အတွက် သူ၏ အွန်လိုင်းဘလော့ဂ်မှတဆင့် အလှူငွေနှင့် ပစ္စည်းများ တောင်းခံခဲ့သူဖြစ်သည်။
သူ၏ ဘလော့ဂ်မှာ ယခုအခါတွင် ဖတ်ရှု၍ မရနိုင်တော့ပဲ ဖြစ်နေသည်။
အကူအညီများကို ဧရာဝတီတိုင်းမှ မုန်တိုင်းသင့် ဘိုကလေး၊ လပွတ္တာ၊ ဒေးဒရဲမြို့များသို့ ကိုယ်တိုင် သွားရောက်ပို့ဆောင်နေရင်း ၃ ကြိမ်မြောက် ခရီးစဉ်ဖြစ်သည့် ၂၀၀၈ ခုနှစ် ဇူလိုင်လအတွင်းက အဖမ်းဆီးခံခဲ့ရသည်။
ဇူလိုင်လ ၁၁ ရက်နေ့တွင် အာဏာပိုင်များက နေအိမ်သို့ လာရောက်ရှိဖွေမှုများ ပြုလုပ်ခဲ့သလို အောင်သပြေ စစ်ကြောရေးစခန်း၌ နှစ်လကြာ စစ်ဆေးပြီးနောက် စက်တင်ဘာလ ၁၆ ရက်နေ့တွင် အင်းစိန်ထောင်သို့ ပို့ဆောင်ခံခဲ့ရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မတ်လ ၁၃ ရက်
ရက်သတ္တပတ် ၁၁ ၊ ၂၀၀၉
မြန်မာသတင်း
စစ်ဗိုလ်တွေ ဦးစီးမည့် စစ်တပ်ပိုင် သတင်းစာ ထုတ်ရန် ပြင်ဆင်
နအဖစစ်အစိုးရက စစ်တပ်ပိုင် မြဝတီသတင်းစာတစောင် ထုတ်ရန် စီစဉ်နေကြောင်း အဆိုပါသတင်းစာအတွက် အကြံဉာဏ်ပေးနေသူ အငြိမ်းစား အစိုးရသတင်းစာ စာတည်းမှူးတဦးက ပြောသည်။
အဆိုပါ သတင်းစာထုတ်ဝေရေးနှင့် ပတ်သက်၍ မြဝတီသတင်းစာတိုက် ဖွဲ့စည်းပုံ၊ လက်ရှိ အင်အားနှင့် လိုအပ်ချက်၊ လစာပေးစနစ်၊ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာများနှင့် နှိုင်းယှဉ်ချက် စသည့်စာတမ်းများအပြင် ၂ဝဝ၈ ဒီဇင်ဘာ (၁၉) ရက်နေ့က ပြုလုပ်သည့် မြဝတီသတင်းစာတိုက် ပုံနှိပ်ဖြန့်ချိရေးလုပ်ငန်းအတွက် သတင်းစာဆရာကြီးများနှင့် တွေ့ဆုံပွဲမှတ်တမ်းများကိုလည်း ခေတ်ပြိုင်က ဖတ်ရှုခွင့်ရရှိခဲ့သည်။
ခေတ်ပြိုင်က ဖတ်ရသည့် မှတ်တမ်းများအရ မြဝတီသတင်းစာတိုက်ကို စာတည်းမှူးချုပ် ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်၊ အုပ်ချုပ်မှုဌာန ဗိုလ်ကြီးဇော်လှိုင်မြင့်နှင့် အခြားအဆင့် (၂၈) ဦး၊ စာတည်းဌာန (မြန်မာ) တာဝန်ခံ ဗိုလ်မှူးအောင်နေထွန်း၊ ဗိုလ်ကြီးအောင်ဆန်းဦးနဲ့ တပ်သား (၃) ဦး၊ သုတေသနမှူး ဗိုလ်ကြီး လှိုင်မြင့်ထွန်း စသဖြင့် ဖွဲ့စည်းထားပြီ ဖြစ်ကြောင်း သိရသည်။
မြဝတီသတင်းစာတိုက်သည် အရာရှိနှင့် အခြားအဆင့် စုစုပေါင်း ဝန်ထမ်း (၁၅ဝ) ဦးရှိသည့် မြန်မာ့အလင်းသတင်း စာတိုက်နည်းတူ ဝန်ထမ်းအင်အား စုစုပေါင်း (၁၄၁) ယောက်ဖြင့် လုပ်ကိုင်ရန် လျာထားသည်ကို တွေ့ရသည်။ သို့သော် တပ်မတော်သား အရာရှိ အရာခံ အကြပ် တပ်သား ဝန်ထမ်း စုစုပေါင်း (၄၅) ဦးသာ ခန့်ထားနိုင်သေးပြီး အခြားလိုအပ်သည့် အရာရှိ၊ အခြားအဆင့် ကျွမ်းကျင်ဝန်ထမ်းများ ရရှိရန် ရှာဖွေနေကြောင်း သိရသည်။
( ခေတ်ပြိုင်မှ ကောက်နှုတ်ချက် )
+++++
ကလင်တန်က ဒေါ်စုကို ‘မျှော်လင့်ချက်ရောင်ခြည်’ အဖြစ် ချီးကျူးပြောဆို
နယူးဒေလီ (မဇ္ဈိမ) – အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန်က မြန်မာ့ထိန်းသိမ်းခံနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာတဝှမ်းမှပြည်သူများအတွက် ‘မျှော်လင့်ချက်လင်းရောင်ခြည်’ ဖြစ်သည်ဟု ကြာသပတေးနေ့က ခေါ်ဆိုလိုက်ပါသည်။
ကြာသပတေးနေ့ကကျင်းပသည့် အမျိုးသမီများ၏သမိုင်းတလတာ ( Women's History Month ) အစီအစဉ်တွင် နိုင်ငံခြားရေးဌာန၌ မိန့်ခွန်းပြောကြားရာတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကမ္ဘာတဝှမ်းမှ သတ္တိရှိလှသည့် အမျိုးသမီးများကို အတုယူကာလုပ်ဆောင်ကြရန် အမျိုးသမီးများကို တိုက်တွန်းပြော ကြားသွားခဲ့သည်။
မစ္စကလင်တန်သည်လည်း အခြားအမေရိကန်အစိုးရ အဆက်ဆက်ကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကိုလွှတ်ပေးရန်၊ အားလုံးပါဝင်ပြီး အဓိပ္ပါယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲတရပ်ကို စတင် ပြုလုပ်ပါရန် မြန်မာစစ်အစိုးရကို မကြာခဏ တောင်းဆိုခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကြံ့ဖွတ် အမတ်လောင်း ဗိုလ်အောင်သိန်းလင်း မဲဆွယ်ဖို့ ကတ္တရာခင်း
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်ရှိ လမ်းအချို့အား ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးအသင်းမှ နိုင်လွန်ကတ္တရာ လမ်းခင်းခြင်းလုပ်ငန်းကို မတ် (၇) ရက်နေ့ကတည်းက စတင်ခဲ့သော်လည်း မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းသည် တောင်ဥက္ကလာပမြို့နယ် ကိုယ်စားပြု ပြည်ခိုင်ဖြိုးအသင်းမှ ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် မဲဆွယ်ဖို့အတွက် ကြိုတင်ပြင်ဆင်ခြင်းသာဖြစ်သည်ဟု စုံစမ်းသိရသည်။
၁၉၈၈ ခုနှစ် တပ်မတော်မှ နိုင်ငံတော်ကို တာဝန်ယူချိန် မြို့တော်ဝန် ဦးကိုလေးလက်ထက် (၁၀ နှစ်ကျော်) နှင့် မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း လက်ထက် (၈ နှစ်ခန့်) အတွင်း တောင်ဥက္ကလာပမြို့နယ်တွင် သည်တကြိမ်တာဝန်ယူ ခင်းပေးခြင်းဖြစ်ကြောင်း၊ နှစ်ပေါင်း (၂၀) ကျော် ပြည်သူ့အကျိုးအတွက် ဘာတခုမှ လုပ်ပေးခြင်းမျိုးမရှိကြောင်း၊ တောင်ဥက္ကလာပမြို့နယ်၏ အနိမ့်ပိုင်းနေရာများဖြစ်သော ရဲစခန်းရှေ့၊ မြို့နယ် မီးသတ်ရှေ့၊ (၆-၉-၁၀) ရပ်ကွက်၊ မြို့နယ် မ၀တရုံးရှေ့တို့တွင် မိုးတွင်းကာလ အစဉ်အမြဲ ရေကြီးနေမှုကို မည်သို့မျှ တာဝန်ယူ လမ်းခင်းပေးခဲ့ခြင်းမရှိဖူးကြောင်း၊ ရွေးကောက်ပွဲဝင်မည့် ပါတီတို့သည် နယ်မြို့၊ ကျေးလက်ဒေသများ အထိ မဲဆွယ်စည်းရုံးစဉ် ယခုလိုကာလကျမှ ပြည်ခိုင်ဖြိုးမှ အစီအစဉ်တကျ လမ်းခင်းပေးခြင်းသည် သိသာထင်ရှား သော မဲဆွယ်စည်းရုံးမှုသာဖြစ်ကြောင်း နိုင်ငံရေးအကဲဖြတ် တဦးကသုံးသပ်သည်။
( ခေတ်ပြိုင်မှ ကောက်နှုတ်ချက်)
+++++
ဦးဂန္ဘီရက အင်တာနက်ကို တမ်းတ
ချင်းမိုင်(မဇ္ဈိမ) ။ ။ နိုင်ငံရေးယုံကြည်ချက်ကြောင့် ထောင်ဒဏ် ၆၈ နှစ် ကျခံနေရသူ သံဃာတော် ဦးဂန္ဘီရက အင်တာနက်နှင့် လက်ဖက်ရည်ကို တမ်းတကြောင်း သူ၏ မိခင်အပြောအရ သိရသည်။
စစ်ကိုင်းတိုင်း ခန္တီးထောင်သို့ မတ်လ ၉ ရက်နေ့က ထောင်ဝင်စာသွားတွေ့ခဲ့သော အသက် ၆၀ ၀န်းကျင် မိခင် ဒေါ်ရေးက အရှင်ဂန္ဘီရသည် ကျန်းမာရေးကောင်းမွန်နေ သည်ဟု ပြောသည်။ ဓမ္မာစရိယတန်းစာ ၀ါလိုက်နေရင်းမှ ၂၀၀၇ ခုနှစ် မေတ္တာသုတ်ရွတ်ဆိုကာ လမ်းပေါ်ဆန္ဒပြမှုများကို ဦးဆောင်ခဲ့၍ အဖမ်းခံရသော အသက် ၂၉ နှစ်အရွယ်ရဟန်းကို စစ်အစိုးရက အင်တာနက်အသုံးပြုခြင်းနှင့်ဆက်ဆိုင်သော အီလက်ထရောနစ်ဥပဒေဖြင့်ပါ ထောင်ချထားခြင်းဖြစ်သည်။
မိသးစုအနေဖြင့် ခန္တီးထောင်တွင် ထောင်ဝင်စာ တွေ့သည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး လမ်းစရိတ် ကျပ်ငွေ ၆ သိန်းခွဲခန့် ကုန်ကျသည်ဟု သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဆယ်တန်း စာမေးပွဲ ရက်များအတွင်း ရန်ကုန်တွင် စစ်ကားများ ကင်းလှည့်
ရန်ကုန်မှာ ဆယ်တန်းစာမေးပွဲရက်အတွင်း မီးမလာသော်လည်း သံချပ်ကာအပြည့်နှင့် ရဲအပြည့်တင်ထားသော စစ်ကားကြီးများ ရန်ကုန်မြို့တွင် လှည့်နေကြောင်း မျက်မြင်သက်သေများက ပြောသည်။ နဂိုပေးနေကျ မြို့ပေါ်တွင် A, B, C, H နှင့် မြို့ပြင် က, ခ, H ဟူ၍ အပိုင်းလိုက် မီးပေးမှု စနစ်ကို ဆယ်တန်းစာမေးပွဲ ရှိနေသော်လည်း မီးပေးချိန် တိုးမြှင့်ပေးမည့် အစီအစဉ် လုံးဝမရှိကြောင်း ရန်ကုန်လျှပ်စစ်ပေးဝေရေးအဖွဲ့က အမည်မဖော်လိုသူတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ရှစ်နှစ်အတွင်း ယဉ်တိုက်မှုကြောင့် လူသေမှု အများဆုံးဖြစ်
ရန်ကုန် (မဇ္ဈိမ)။ ။ ယဉ်တိုက်မှုကြောင့် ယမန်နှစ်အတွင်း သေဆုံးသူအရေအတွက်မှာ ၈ နှစ်အတွင်း အများဆုံးဖြစ်ခဲ့သည်ဟု ရန်ကုန်တိုင်းကြိုးမဲ့ကြေးနန်းယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက ပြောသည်။
၂၀၀၈ ခုနှစ်အတွင်း ရန်ကုန်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၂ မြို့နယ်အတွင်း ယာဉ်တိုက်မှု ၆၆၈ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၅၃ ဦးနှင့် ဒဏ်ရာရသူစုစုပေါင်း ၁၁၈၅ ဦးရှိခဲ့သည်ဟု ရန်ကုန်တိုင်းယာဉ်ထိန်းရုံးက ထုတ်ပြန်ချက်အရ သိရသည်။
အာဏာပိုင်များက ယာဉ်တိုက်မှု ကင်းမဲ့ဇုန်အဖြစ် ကြေညာထားခဲ့သော ရန်ကုန်မြို့တွင်း ၆ မြို့နယ်အတွင်း ယာဉ်တိုက်မှု ၆၇ မှု ဖြစ်ပွားခဲ့ပြီး ၁၃ ဦးသေဆုံးခဲ့ကာ ၇၅ ဦးဒဏ်ရာရရှိခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင် နိုင်ငံများတွင် မြန်မာနိုင်ငံသည် ယဉ်တိုက်မှုကြောင့် သေဆုံးမှု အမြင့်ဆုံးဖြစ်သည်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုးဦးစီးဌာန ညွှန်ကြားရေးမှုးတဦးက သတိပေးလိုက်သည်။
အခြားသော အာဆီယံမြို့ကြီးများရှိ ကားအစီးရေနှင့် ယဉ်တိုက်မှုပမာဏကို အချိုးချကြည့်ကာ သူက ပြောဆိုသွားခြင်းဖြစ်သည်။
ဆိုးဆိုးရွားရွားပျက်စီးနေသော လမ်းမကျယ်ကြီးများဖြစ်သော သင်္ဃန်းကျွန်းနှင့် တောင်ဥက္ကလာမြို့နယ်ကြားရှိ သံသုမာလမ်းမကြီး၊ မြောက်ဥက္ကလာ ခေမာသီလမ်းမကြီး၊ အင်းစိန်လမ်းမကြီး၊ ဘုရင့်နောင်လမ်းမကြီး၊ သာကေတ ရှုခင်းသာလမ်းမကြီးနှင့် ဝေဇယန္တာ လမ်းမကြီးတို့တွင် မကြာခဏ ယာဉ်တိုက်မှု ဖြစ်ပွားလေ့ရှိသည်ဟု ယာဉ်ထိန်းရုံးက ကောက်ယူထားသော ယာဉ်တိုက်မှု စစ်တမ်းများတွင် ဖော်ပြထားပါသည်။
ရန်ကုန်မြို့တွင် နေ့စဉ်သွားလာနေသော ခရီးသွားပြည်သူပေါင်း ၃ သန်းကျော်ရှိပြီး ခရီးသည်တင်ယာဉ်ပေါင်း ၆၅၀၀ ခန့် နေ့စဉ် ပြေးဆွဲပေးလျက်ရှိသည်ဟု ကုန်လမ်းပို့ဆောင်ရေး၏ စာရင်းဇယားများအရ သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှု
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုတရပ်ကို ယနေ့ နိုင်ငံပေါင်း (၁၀) နိုင်ငံတွင် စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ဦးဆောင်စီစဉ်သူ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB) နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တို့မှ တာဝန်ရှိသူများက ပြောသည်။
အဆိုပါလှုပ်ရှားမှုတွင် နိုင်ငံပေါင်း (၂၄) နိုင်ငံမှ အဖွဲ့အစည်းပေါင်း (၁၆၇) ခုက ပူးပေါင်းပါဝင်ရန် လက်မှတ်ရေးထိုး ထားပြီး ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ချခံထားရမှု (၆) နှစ်ပြည့်မြောက်မည့် မေလ (၂၄) ရက်အထိ (၇၃) ရက်တိုင်တိုင် ပြုလုပ်သွားမည်ဖြစ်ကာ လက်မှတ်ပေါင်း (၈၈၈၈၈၈) ရအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း FDB မှ ဒေါက်တာနိုင်အောင်က ပြောသည်။
နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လက်မှတ်ရေးထိုးတောင်းဆိုမှုများကို ပြည်ပရောက် မြန်မာနိုင်ငံသားများ သာမကဘဲ နိုင်ငံခြားသားများလည်း ပါဝင်တောင်းဆိုနိုင်မည်ဖြစ်ပြီး ကောက်ခံရရှိသည့် လက်မှတ်များကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
( ခေတ်ပြိုင်မှ ကောက်နှုတ်ချက် )
+++++
Sunday, March 15, 2009
Sunday, March 8, 2009
သတင်း မှတ်စု ( ၁၀ )
တပတ်အတွင်း သတင်းမှတ်စု
မတ်လ ၂ ရက်
ရက်သတ္တပတ် ၁၀ ၊ ၂၀၀၉
မြန်မာသတင်း
မြန်မာနိုင်ငံမှာ မက်တာအဖက်တမင်း စိတ်ကြွဆေးပြား အများဆုံးထုတ်
မြန်မာနိုင်ငံသည် မက်တာအဖက်တမင်း စိတ်ကြွဆေးပြား အများဆုံးထုတ်လုပ်ရာ နိုင်ငံဖြစ်ပြီး မူးယစ်ဆေး ထုတ်လုပ်မှု မှောင်ခိုရောင်းချမှု လုပ်ငန်းကို အမေရိကန်အစိုးရ အလိုရှိနေသည့် ရာဇ၀တ်ကောင်များ ဦးဆောင်သည့် UWSA ၀သွေးစည်းညီညွတ်ရေးအဖွဲ့က လုပ်ကိုင်နေသည်ဟု လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ထုတ်ပြန်သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ မူးယစ် ၂၀၀၉ အစီရင်ခံစာမှာ ဖော်ပြထားသည်။
မြန်မာ စစ်အစိုးရသည် UWSA ၀သွေးစည်းညီညွတ်ရေးအဖွဲ့အား အရေးယူနိုင်ရန်အတွက် လိုက်လျောညီထွေရှိမည့် မူးယစ်ဆေးနှိမ်နင်းရေး ဥပဒေကို ပြဋ္ဌာန်းနိုင်ခြင်း မရှိသည့်ပြင် UWSA အဖွဲ့အား မက်တာအဖက်တမင်း စိတ်ကြွဆေးပြားများ ဆက်လက်ထုတ်လုပ် မှောင်ခိုရောင်းချနိုင်ရန် ခွင့်ပြုထားသည်ဟုပါ အဆိုပါ အစီရင်ခံစာ၌ အတိအကျ စွပ်စွဲထားသည်။
ထို့ပြင် မြန်မာနိုင်ငံသည် မူးယစ်ဆေးကို တဆင့်ခံဖြတ်သန်း သယ်ဆောင်ရာ နိုင်ငံ (၂၀) တွင် ပါဝင်သည့်ပြင် မြန်မာနိုင်ငံသည် လွန်ခဲ့သည့် (၁၂) လအတွင်း နိုင်ငံတကာမူးယစ်ဆေး သဘောတူညီချက်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သည်ဟု အမေရိကန် သမ္မတက သတ်မှတ်ခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ မူးယစ် ၂၀၀၉ အစီရင်ခံစာပါ မူးယစ်ဆေး မှောင်ခိုလုပ်ငန်းမှ ရငွေများကို ငွေဖြူဖြစ်အောင် ခ၀ါချသည့် နိုင်ငံစာရင်းမှာလည်း မြန်မာနိုင်ငံကို ထည့်သွင်းဖော်ပြထားသည်။
၂၀၀၈ ခု အမေရိကန်သမ္မတ ဘွတ်ရှ်လက်ထက် အမေရိကန် ကွန်ဂရက်သို့ တင်သွင်းသည့် အစီရင်ခံစာမှာလည်း မူးယစ်ဆေး မှောင်ခိုရောင်းချမှုမှရသည့် မြန်မာနိုင်ငံ၏ ၀င်ငွေမှာ တနှစ်ကို ဒေါ်လာသန်း (၁,၀၀၀) မှ ဒေါ်လာ သန်း (၂,၀၀၀) ကြားရှိသည့်ပြင် မြန်မာစစ်ထောက်လှမ်းရေး အရာရှိများနှင့် ၀ခေါင်းဆောင်းများကြား နားလည်မှု ယူထားရာ၌ ဘိန်းကိုသာ အထွက်လျော့အောင်လုပ်ပေးလျင် ၀တွေ မက်တာအဖက်တမင်း စိတ်ကြွဆေးပြား ထုတ်လုပ်မှုကို ကြိုက်သလောက် တိုးချဲ့ထုတ်လုပ်ခွင့် ပေးထားသည်ဟုပါ အစီရင်ခံစာမှာ ဖော်ပြထားသည်။
၁၉၉၈ ခုမှစပြီး မြန်မာနိုင်ငံတွင်း ဘိန်းထုတ်လုပ်မှု ကျဆင်းလာသည့် အချိန်တည်းမှာပင် စိတ်ကြွဆေး ထုတ်လုပ်တင်ပို့မှုက သိသိသာသာ တိုးတက်လာသည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင်းမှ ပုံဆောင်ခဲ မက်တာအဖက်တမင်း ခေါ် အိုက်စ် စိတ်ကြွဆေး ထုတ်လုပ်သည့် အုပ်စုများ တိုးတက်လာသည်ဟု အစီရင်ခံစာက သုံးသပ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
တောင်သူလယ်သမား အခွင့်အရေး ချိုးဖောက်ခံရဟု ၈၈ ကျောင်းသားများက ပြောဆို
ချင်းမိုင် (မဇ္ဈိမ)။ ။ အတန်ကြာ ကွယ်ပျောက်နေသည့် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ယနေ့တွင် ကြေညာချက်တရပ် ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့်နှစ် သြဂုတ် လဆန်းပိုင်းက ၈၈ ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်၏ ပြည်ပ မီဒီယာများနှင့် ပြောဆိုပြီးနောက်ပိုင်း ၇ လခန့်အကြာ၌ တဖန် ပေါ်ထွက်လာခြင်း ဖြစ်သည်။
၈၈ ကျောင်းသားအဖွဲ့က တောင်သူလယ်သမားများ အခွင့်အရေးကို မြန်မာစစ်အစိုးရ ချိုးဖောက်နေသည့်အတွက် အပြင်းအထန် ရှုတ်ချကြောင်း ယနေ့ ကျရောက်သည့် ၄၇ နှစ်မြောက် တောင်သူလယ်သမားနေ့တွင် ထုတ်ဖော် ပြောဆိုခြင်းလည်း ဖြစ်သည်။ ဘိုးဘွားခေတ်ကတည်းက ဓားမဦးချ လယ်ယာမြေများတွင် လုပ်ကိုင်စားသောက်ခဲ့သည့် တောင်သူလယ်သမားများသည် နည်းအမျိုးမျိုးနှင့် စစ်အစိုးရ၏ ဖိနှိပ်မှုဒဏ်ကို ခါးသီးစွာ ခံစားနေရသည့်အပြင် မတရား ဖိနှိပ်ခံနေရမှုများလည်း ခံစားနေရသည်ဟု ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ဆိုသည်။
ထို့အပြင် ၁၉၆၄ ခုနှစ် မတ်လ ၂ဝ ရက်နေ့ အရောက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်သည့် ဥပဒေဆိုသည်ကို ထုတ်ပြန်လိုက်ပြီး၊ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံး (ဗတလစ) အပါအဝင် သမဂ္ဂများ၊ နိုင်ငံရေး ပါတီများ ဖျက်သိမ်းပစ်ခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဝန်ကြီးဌာနများမှ အကြီးအကဲများအား ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် အရွေးခံဖို့လျာထား
ဝန်ကြီးဌာနပေါင်းစုံမှ ပင်စင်ယူကာနီး ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များအား ကြံ့ဖွံ့ပါတီ အတွက် လွှတ်တော်ကိုယ်စားလှယ် အရွေးခံရန် လျာထားပြီး ဖြစ်သည့်အတွက် ၄င်းတို့၏ သက်ဆိုင်ရာ ဇာတိမြေ၊ မြို့နယ်များသို့ စည်းရုံးရေး ဆင်းခိုင်းနေပြီ ဖြစ်သည်။
နေပြည်တော် စက်မှု (၁) ၀န်ကြီးဌာန လက်အောက်ဌာနများတွင် တာဝန်ထမ်းဆောင်နေသည့် ပင်စင်ယူတော့မည့် ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များအား ၂၀၁၀ ရွေးကောက်ပွဲအတွက် မည်သည့်မြို့နယ်များမှ လွှတ်တော် ကိုယ်စားလှယ် အဖြစ် အရွေးခံရမည်ဆိုသည်ကို သတ်မှတ်ထားပြီး ဖြစ်ကြောင်း ၀န်ကြီးဌာန အကြီးအကဲတဦးက ခေတ်ပြိုင်သို့ ပြောသည်။
ရွေးကောက်ပွဲ ဥပဒေ မထုတ်ပြန်သေးသဖြင့် ကြံ့ဖွံ့ပါတီကို တရားဝင် နိုင်ငံရေးပါတီ ပြောင်းကြောင်း မကြေငြာသေးသော်လည်း ကြံ့ဖွံ့ပါတီအတွက် စည်းရုံးရေး လုပ်ငန်းများကိုမူ သက်ဆိုင်ရာ ၀န်ကြီးများက တိုင်းအလိုက် စည်းရုံးရေး ဆင်းနေသည်မှာ ၂၀၀၈ ခုနှစ်ကတည်းက ဖြစ်သည်။ သဘောမှာ ရွေးကောက်ပွဲနီးမှ ကပ်ပြီး ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်သည့်အခ်ျိန် အခြားပါတီများ စည်းရုံးရေးစဖို့ ပြင်နေချိန်တွင် ကြံ့ဖွံ့ပါတီက တနိုင်ငံလုံး စည်းရုံးထားပြီး ဖြစ်နေအောင် ကြိုတင်လျို့ဝှက် အကွက်ရိုက်ထားသည် ဆိုသည့် သဘော ဖြစ်သည်ဟုပါ အဆိုပါ အရာရှိက ပြောသည်။ မန္တလေးတိုင်း ကြံ့ဖွံ့တာဝန်ခံ ၀န်ကြီးဦးအောင်သောင်းဆိုလျင် ၂၀၀၈ ခုမှစ၍ အပတ်စဉ် ကြာသာပတေးနေ့ နေပြည်တော် ကက်ဘိနက် အစည်းအဝေးပြီးတိုင်း မန္တလေးတိုင်းသို့ စည်းရုံးရေး ဆင်းလေ့ရှိသည်ဟု စုံစမ်းသိရသည်။
ထိုအတောအတွင်း အချို့တက္ကသိုလ်နှင့် ကောလိပ်များမှ ပါမောက္ခများ၊ ကျောင်းအုပ်ကြီးများ ကိုလည်း ကြံ့ဖွံ့ပါတီအတွက် လုပ်ကိုင်စည်းရုံးပေးရန် အာဏာပိုင်များက ကမ်းလှမ်းထားသည် ဟု ရန်ကုန် စာနယ်ဇင်းသမားတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဖွဲ့စည်းပုံ ပြန်သုံးသပ်ရန် အာဆီယံက တိုက်တွန်းသင့်ဟု အန်အယ်ဒီပြော
ချင်းမိုင် (မဇ္ဈိမ)။ ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်ကို ပြန်လည် သုံးသပ်ခြင်း မပြုဘဲ ရွေးကောက်ပွဲ ကျင်းပပါက မြန်မာပြည်သူများ အနေဖြင့် ယခုထက်ပို၍ ဒုက္ခရောက်ရန်သာ ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ ထပ်မံပြောဆိုသည်။
ထိုင်းနိုင်ငံတွင် ယခုလ ၁ ရက်နေ့က ပြီးစီးခဲ့သည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း - အာဆီယံ ထိပ်သီး အစည်းအဝေးက မြန်မာအစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ကို အခြား မြန်မာ့အရေးကိစ အချို့အတွက် တိုက်တွန်း ပြောကြားခဲ့သည်များ ရှိခဲ့သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိစ္စ ပါဝင်ခြင်း မရှိသည်နှင့် ပတ်သက်၍ အန်အယ်ဒီက ယခုလို ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ မြန်မာစစ်အစိုးရအနေဖြင့် လုပ်ငန်းစဉ် ၇ ဆင့်အား ဆက်လက် အကောင်အထည်ဖော်ရန်၊ ၂၀၁၀ ခု ရွေးကောက်ပွဲ ကျင်းပရာတွင်လည်း နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးပြီး၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီများ ကျယ်ပြန့်စွာ ပါဝင်နိုင်ရေး ဆောင်ရွက်ပေးရန် အာဆီယံ အစည်းအဝေးက တိုက်တွန်းခဲ့သည်။
အာဆီယံ ၏ ၁၄ ကြိမ်မြောက် ထိပ်သီး အစည်းအဝေးကို ထိုင်းနိုင်ငံအလယ်ပိုင်း ပရာချွတ်ခီရီခန် ပြည်နယ်ရှိ ဟွာဟင်မြို့၌ ပြီးခဲ့သည့်လ ၂၇ ရက်မှ ယခုလ ၁ ရက်နေ့အထိ ကျင်းပခဲ့ပြီး အစည်းအဝေး နောက်ဆုံးနေ့တွင် အာဆီယံ ခေါင်းဆောင်များက မြန်မာစစ်အစိုးရ ဝန်ကြီးချုပ်ကို ယင်းသို့ တိုက်တွန်းခဲ့ကြောင်း ထိုင်း ဝန်ကြီးချုပ် အဖိဆစ် ဝေ့ခ်ျချာချီဝက သတင်းထောက်များကို ပြောသည်။ အာဆီယံဟု အမည်တွင်လာမည့် အရှေ့တောင်အာရှအဖွဲ့ Association of Southeast Asia (ASA) ကို ၁၉၆၁ ခုတွင် ကွန်မြူနစ်များ၏ ရန်ကို ကာကွယ်ရန် ရည်ရွယ်၍ ဖိလစ်ပိုင်၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့က စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်း၌ အဖွဲ့ဝင်များ တိုးလာကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေးလာခဲ့သည်။
ယခုအခါ အာဆီယံဒေသ အတွင်း၌ လူဦးရေ သန်း ၅၀၀ ကျော်ရှိကြောင်း သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နှောပင် ရေနံပွဲစားတဦး ထပ်အဖမ်းခံရ
ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် နှောပင်ရေနံမှော်မှ ပွဲစား ကိုကျောက်ခဲကို လွန်ခဲ့သော လေးရက်ခန့်က မန္တလေးမြို့၌ ထပ်မံဖမ်းဆီးလိုက်ပြီး မှော်ပွဲစားများပိုင် ဖုန်းအချို့ကိုလည်း အာဏာပိုင်များက သိမ်းဆည်းထားသောကြောင့် အဆက်အသွယ်များ ပြတ်တောက် နေကြရကြောင်း ရေနံမှော်တွင်းပိုင်တဦးက ပြောသည်။
နှောပင်ရေနံမှော်အတွင်း မကွေးတိုင်းမှူး အစ်မပိုင် ကောင်းဇော်ဟိန်းကုမ္ပဏီ၏ ဈေးနှိမ် ၀ယ်ယူမှုများကြောင့် ကုမ္ပဏီနှင့် ဒေသခံ ရေနံမှော်သမားများအကြား ဇန်န၀ါရီ (၈) ရက်တွင် ပြဿနာ ဖြစ်ပွားခဲ့ပြီးနောက် ရေနံပွဲစား (၂၀) ဦးထက်မနည်းကို အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။
၎င်းတို့အား ယခုအခါ ပခုက္ကူထောင်သို့ ပြောင်းရွေ့လိုက်ပြီး မိသားစုများကိုလည်း ထောင်ဝင်စာ တွေ့ခွင့်မပြု ကြောင်း ဒေသခံများက ဆိုသည်။ အဖမ်းခံမိသားစုဝင်များက အဆိုပါဖြစ်ပွားခဲ့မှုသည် ကုမ္ပဏီ၏ မတရားခေါင်းပုံဖြတ်မှုကြောင့် ပေါ်ပေါက်ရသော ပြဿနာရပ်သာဖြစ်ကြောင်း၊ အာဏာပိုင်များက နိုင်ငံရေးနှင့် နီးနွယ်သော အခြားပုဒ်မများကို ပြောင်းတပ်ကာ အရေးယူမည်ကို စိုးရိမ်နေကြသည်ဟု ပြောဆိုကြကြောင်း တွင်းပိုင်က ပြောသည်။ နှောပင်ရေနံမှော်တွင် ရေနံမှော်သားများနှင့် ကောင်းဇော်ဟိန်း ကုမ္ပဏီတို့အကြား ဈေးနှုန်းညှိနှိုင်းမှုမှ အဆင်မပြေ ဖြစ်ကာ ကုမ္ပဏီဂိုဒေါင် မီးရှို့ခံရပြီးနောက် စစ်တပ်က ဒေသခံ ရေနံမှော်သားများအတွင်း ပစ်ခတ်ခဲ့သဖြင့် အမျိုးသမီးတဦး ပေါင်တွင် သေနတ်မှန်ခဲ့သည်။
ထို့နောက် အာဏာပိုင်များက မှော်အတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ကာ အုပ်ချုပ်ခဲ့သည်။ ယခုအခါ နှောပင်မှော် သာမက ကုမ္ပဏီဝင် အခြားမှော်များတွင်ပါ လုပ်ကိုင်သူ နည်းပါးနေပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
လိုင်ဇာတွင် မှတ်ပုံတင် ထုတ်ပေး
ရွှေလီ (မဇ္ဈိမ) ။ ။ မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ် ကချင်လွတ်လပ်ရေးအဖွဲ့ ထိန်းချုပ်ရာ လိုင်ဇာမြို့တွင် နိုင်ငံသားစိစစ်ရေး ကဒ်ပြားများကို ထုတ်ပေးနေသည်။
မြန်မာ လူဝင်မှုကြီးကြပ်ရေးဌာန (လ၀က) အရာရှိများနှင့် ကချင် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) လ၀က တို့ ပူးတွဲကာ လိုင်ဇာ မြို့တော်ခန်းမတွင် ပြီးခဲ့သည့်လ ၂၆ ရက်နေ့မှ စတင်၍ တလကြာ ထုတ်ပေးသွားမည်ဟု သိရခြင်း ဖြစ်သည်။
ယခုထိ လူဦးရေ ၁၀၀ ကျော်သာ မှတ်ပုံတင် လာလုပ်ခဲ့သေးကြောင်း သိရသည်။
၂၀၀၈ ခုနှစ် မေလ ဆန္ဒခံယူပွဲ မကျင်းပခင် မှတ်ပုံတင် မရှိသူများအား နိုင်ငံသားမှတ်ပုံတင် ကဒ်အဖြူရောင်များ ယာယီ ထုတ်ပေးခဲ့သည်။
သို့သော် ကေအိုင်အေ တပ်သားများကိုမူ ယခုထုတ်ပေးနေသည့် ပန်းရောင်အတိုင်း ထုတ်ပေးခဲ့ကာ၊ အရွယ်အစားမှာ အနည်းငယ် သေးငယ်ခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင် နယ်မြေကိုမှ မှတ်ပုံတင်ကဒ် ထုတ်ပေးခြင်းသည် စည်းရုံးရေးဆင်းသည်ဟု ယူဆကြောင်း ဒေသခံတချို့က ဆိုသည်။
ယခု အခြေအနေနှင့် ပတ်သက်ပြီး ကေအိုင်အေကို ဆက်သွယ်မေးမြန်းရာ မြို့နယ်အုပ်ချုပ်ရေးဌာနမှ တာဝန်ခံ ဖြေကြားမည့်သူ မရှိကြောင်း တုံ့ပြန်ပြောဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မုံရွာ အထက အာစရိယပူဇော်ပွဲကြေး ကျပ်(၅၀၀၀)အထိ ကောက်
မုံရွာမြို့မှ အထက်တန်းကျောင်းများတွင် အာစရိယပူဇော်ပွဲအတွက်ဟုဆိုကာ ဆရာများမှ ငွေကြေးများစွာ ကောက်ခံနေသည့်အတွက် ကျောင်းသားမိဘများ အခက်တွေ့ကြရသည်ဟု ကျောင်းသားမိဘအချို့က ပြောသည်။
၂၀၀၈ ခုနှစ် ပညာသင်နှစ်အဆုံးတွင် အာစရိယပူဇော်ပွဲကြေးအဖြစ် ကျောင်းသားတဦးလျှင် ကျပ် (၃,၀၀၀) မှ ကျပ် (၅,၀၀၀) အထိ မထည့်မနေရ ကောက်ခံခဲ့ကြောင်း မုံရွာ အထက (၃) မှ ကျောင်းသားမိဘတဦးက ပြောသည်။
အခြားအခန်းများကိုလည်း ကျပ် (၃,၀၀၀) အောက် ခံထားကောက်ယူခဲ့ကြောင်း၊ သီတင်းကျွတ်တွင် ကန်တော့ပွဲ တခုလုပ်ခိုင်းခဲ့သဖြင့် တနှစ်လျှင် ဆရာကန်တော့ပွဲ (၂) ပွဲ လုပ်ပေးနေကြရကြောင်း ၄င်းက ဆက်လက် ပြောဆိုသည်။
မုံရွာမြို့ပေါ်တွင် အထကကျောင်း (၄) ကျောင်းရှိပြီး အထက (၁) နှင့် (၃) တို့မှာ ငွေကြေးတောင်းခံမှုများသော ကျောင်းများဖြစ်ကြောင်း မြို့ခံများက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ရွှေည၀ါ ဆရာတော် တရားပွဲ အပိတ်ခံရ
ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်အတွင်း သာဓု ပရိယတ္တိ စာသင်တိုက်မှ ရွှေညဝါဆရာတော် ဟောကြားရန် စီစဉ်ခဲ့သော ယမန်နေ့က ဗုဒ္ဓဘာသာ တရားပွဲအား အကြောင်းပြချက်မရှိဘဲ အဖျက်သိမ်းခံခဲ့ရသည်။
ဤသည်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်နေ့က ရန်ကုန်တိုင်း၊ အလုံမြို့နယ် “လွတ်လပ်ရေး ရပ်ကွက်” ၌ “တကယ့် လွတ်လပ်ရေး” ခေါင်းစဉ်ဖြင့် ဆရာတော်က ဟောကြားခဲ့ပြီးနောက် ယခုတရားပွဲကို ပိတ်ပင်ခံရခြင်း ဖြစ်သည်။
မည်သူက မည်သည့် အကြောင်းကြောင့် ပိတ်ပင်ရသည်ကို အတိအကျ မပြောနိုင်သော်လည်း အလုံမြို့နယ်တရားပွဲနှင့် ဆက်စပ်နိုင်သည်ဟု သူက ခန့်မှန်းသည်။
ရွှေညဝါ ဆရာတော်သည် ဧရာဝတီတိုင်းရှိ နာဂစ်မုန်တိုင်းသင့် ဒေသများသို့ ကြွရောက်၍ ကယ်ဆယ်ရေး အကူပစ္စည်းများ ပေးလှူခြင်း၊ ရေသန့်ရရှိရေးနှင့် အခြားဝေယျဝစ္စ လုပ်ငန်းများ လုပ်ဆောင်ပေးခြင်း၊ မရှင်းလင်းရသေးသော လေဘေးဒဏ်သင့် ရုပ်အလောင်းများကို ရှင်းလင်းဖယ်ရှား သဂြုင်္ိဟ်ပေးခြင်းနှင့် မကျွတ်မလွတ်သေးသည့် မုန်တိုင်းအတွင်း သေဆုံးခဲ့သူများအတွက် အမျှအတန်းပေးခြင်းများကို လုပ်ဆောင်ပေးခဲ့သည့် ဆရာတော်တပါးဖြစ်သည်။
ဘွဲ့အမည်မှာ အရှင်ပညာသီဟ ဖြစ်ပြီး၊ နှစ်စဉ် မြန်မာတပြည်လုံးရှိ သံဃာပေါင်း ၁ဝဝဝ ကျော်ကို စိစစ်၍ အဘိဓမ္မာ သင်တန်းများ ပို့ချပေးသူဖြစ်သည်။ ပရိယတ္တိလုပ်ငန်းများကြောင့် ရွှေညဝါ ဆရာတော်အဖြစ် ကျော်ဇောထင်ရှားသူ ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အာဆီယံ ၁၄ ကြိမ်မြောက် ထိပ်သီး အစည်းအဝေး အဆုံးသတ်
ဟိုဟင်။ ။ ၁ဝ နိုင်ငံ ပါဝင်သော အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ - အာဆီယံ၏ ၁၄ ကြိမ်မြောက် ထိပ်သီး အစည်းအဝေးကို တနင်္ဂနွေနေ့က အဆုံးသတ်လိုက်ပြီး၊ ‘အိန္ဒိယ သမုဒ္ဒရာထဲရှိ ရွှေ့ပြောင်း နေထိုင်သူများ အရေး’ ကို မတ်လတွင် ကိုင်တွယ်ဖြေရှင်းသွားရန် သဘောတူညီခဲ့ကြသည်။
ထိုင်းနိုင်ငံ ပင်လယ်ကမ်းခြေ အပန်းဖြေမြို့ဖြစ်သော ဟိုဟင် (Hua Hin) တွင် ကျင်းပသည့် ဒေသဆိုင်ရာ ခေါင်းဆောင်ကြီးများ၏ ထိပ်သီး အစည်းအဝေးကို တနင်္ဂနွေနေ့က အဆုံးသတ်လိုက်ကြပြီး၊ အဖွဲ့ဝင် ၁ဝ နိုင်ငံမှ ခေါင်းဆောင်များသည် စစ်အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံ အရေးကိစ္စများ အပါအဝင် သဘောတူညီချက် အများအပြားကို သဘောတူညီမှု ရရှိခဲ့ကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မတ်လ ၃ ရက်
ရက်သတ္တပတ် ၁၀ ၊ ၂၀၀၉
မြန်မာသတင်း
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ဘိလပ်မြေစက်ရုံ
ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြန်မာနိုင်ငံတွင်း ပုဂ္ဂလိက ဘိလပ်မြေစက်ရုံ (၈) ရုံကို ၂၀၁၀ အမီ အပြီးတည်ရန် ညွှန်ကြားထားသည့်အတွက် စက်မှု(၁) ၀န်ကြီးဌာနမှ အပူတပြင်း အကောင်အထည်ဖော်နေသော်လည်း မပြီးစီးနိုင်ကြောင်း ဘိလပ်မြေစက်ရုံ တည်ဆောက်ရေးကုမ္ပဏီ ၀န်ထမ်းတဦးက ပြောသည်။
ကုမ္ပဏီအလိုက် ဘိလပ်မြေစက်ရုံတည်မည့်နေရာများမှာ မက်စ်မြန်မာကုမ္ပဏီက တောင်ဖီလာ(လယ်ဝေး)၊ ထူးကုမ္ပဏီက ပျဉ်ညောင်-သာစည်၊ အေးရှားဝါးကုမ္ပဏီက ပျဉ်ညောင်-သာစည် ၊ ရွှေတောင်ကုမ္ပဏီက ပျဉ်ညောင်-သာစည် ၊ ရွှေသံလွင်ကုမ္ပဏီ (နေရာမသတ်မှတ်ရသေး) ၊ ကမ္ဘောဇကုမ္ပဏီက ပင်းပက်-တောင်ကြီးနှင့် ပျဉ်ညောင်-သာစည်မှာ ရတနာသိင်္ဂီနှင့် Mother Trading ကုမ္ပဏီများက အသီးသီး တည်ဆောက်ရမည်ဖြစ်သည်ဟု စုံစမ်းသိရသည်။
ရတနာသိင်္ဂီနှင့် Mother Trading ကုမ္ပဏီများက တည်ဆောက်မည့် ဘိလပ်မြေစက်ရုံများအတွက် ၀န်ကြီး ဦးအောင်သောင်း၏ ရှယ်ယာပါသည်ဟု စက်မှု(၁) ၀န်ကြီးဌာနနှင့် ပုဂ္ဂလိက ကုမ္ပဏီများကြား ပြောဆိုနေသော်လည်း ခေတ်ပြိုင်မှ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါ စက်ရုံများကို ၂၀၁၀ ခုနှစ်အမီ အပြီးတည်ဆောက်ရန် ၀န်ကြီး ဦးအာင်သောင်းက ဖိအားပေးနေသော်လည်း မပြီးနိုင်ကြောင်း ပညာရှင်များက ပြောသည်။ ဘိလပ်မြေစက်ရုံများ တည်ဆောက်ရာတွင် ၀န်ကြီး ဦးအောင်သောင်းနှင့် ရင်းနှီးသည့် တရုတ်ကုမ္ပဏီများဖြစ်သည့် ဖုန်းဖေးတရုတ်ကုမ္ပဏီ (China JPG) (Jian Su Penf Gei) မှ စက်များကိုသာ ၀ယ်ယူတတ်ဆင်ရမည်ဟု ဦးအောင်သောင်းက ညွှန်ကြားထားသဖြင့် ကုမ္ပဏီများ မကျေမနပ်ဖြစ်နေသည်ဟု စုံစမ်းသိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
စမ်းချောင်းတွင် ပေါက်ကွဲမှုဖြစ်
ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ပဒုမ္မာကွင်း ပန်းခြံထဲတွင် အင်္ဂါနေ့ည ၉ နာရီ ခွဲခန့်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့သည်။
စိန်လ္ဘက်ရည်ဆိုင်အနီး လူသူဖြတ်သန်းမှု နည်းပါးသည့် နေရာတွင် ပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်ပြီး အသေအပျောက်မရှိဘဲ ကားတစီးသာလျှင် မှန်ကွဲသွားသည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။
” ညဘက်က လူလည်း မရှိပါဘူး။ အသံကတော့ အတော်ကို ကျယ်တယ်” ဟု သူက ပြောသည်။
( မဇ္ဈိမသတင်းဌာန မှ ကောက်နှုတ်ချက် )
+++++
အလုံ သစ်တောဝင်းအတွင်း မီးလောင်
ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း အလုံ သစ်တောဝင်းအတွင်း ယခုလ ၁ ရက်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့သည်။
နံနက် ၁၂ နာရီခွဲခန့်တွင် အလုံမြို့နယ် ဆင်မင်းဈေးအနီးရှိ မြန်မာ့သစ်လုပ်ငန်း အလုံ သစ်တောဝင်းအတွင်း မီးအားထိန်းညှိပေးသည့် Transformer ကို စတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
Transformer ထားရှိရာ သွပ်မိုး အုတ်ညှပ်အဆောက်အဦအတွင်း၌သာ လှိုက်၍ လောင်ကျွမ်းခဲ့ပြီး ပြင်ပသို့ ကူးစက်ခြင်း မရှိခဲ့ပေ။
ရန်ကုန် ဗဟိုမီးသတ်၊ အလုံမီးသတ်၊ စမ်းချောင်းနှင့် ကြည့်မြင်တိုင် မီးသတ်စခန်းများမှ မီးသတ်ကားများနှင့် ရေသယ်ယာဉ်များ လာရောက် ငြှိမ်းသတ်ကြရာ နံနက် ၁ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။
Transformer အပူရှိန် မြင့်မားလာမှုကြောင့် ရှော့ဖြစ်ကာ လောင်ရခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားကြောင်း သိရသည်။
( မဇ္ဈိမသတင်းဌာန မှ ကောက်နှုတ်ချက် )
+++++
ရန်ကုန်လက်ဝှေ့ပွဲ ဆူပူမှုဖြစ် ပြိုင်ပွဲမီးမှောင်ချပြီး ၀န်ကြီးကို ကာကွယ်ပေးရ
အားကစားဝန်ကြီး ဗိုလ်မှူးချုပ်သူရအေးမြင့် လက်ဝှေ့ပွဲ ကြည့်ရှုနေစဉ် ဆူပူမှုတရပ် ဖြစ်ပွားခဲ့ကြောင်း အဆိုပါပွဲကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူများက ပြောသည်။
မတ်လ (၁) ရက်က ရန်ကုန် သုဝဏ္ဏ အားကစားရုံတွင် ကျင်းပသည့် ဒဂုံရွှေအောင်လံ လက်ဝှေ့ပြိုင်ပွဲအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပရိသတ်များ ဆူပူလာသည့်အတွက် ခန်းမကို မီးမှောင်ချပြီး လက်ဝှေ့ပွဲကြည့်နေသည့် အားကစားဝန်ကြီး ဗိုလ်မှူးချုပ် သူရအေးမြင့်အား လုံခြုံရေးများက အကာအကွယ်ပေးခဲ့ရကြောင်း ကိုယ်တိုင်ကြုံ တွေ့ခဲ့ရသူတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
၂၀၁၀ ရွေးကောက်ပွဲအတွက် ကချင်အဖွဲ့ ပါတီထောင်
ချင်းမိုင်(မဇ္ဈိမ)။ ။ စစ်အစိုးရ ပြုလုပ်မည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ကချင်ပြည်နယ်တွင်း နိုင်ငံရေးပါတီအသစ် တခုကို ဖွဲ့စည်းရန် စိုင်းပြင်းနေကြသည်။
ကချင်ပြည်နယ် တိုးတက်သောပါတီ Kachin State Progressive Party (KSPP) ဟု အမည်ပေးထားပြီး အရပ်ဘက် လူများဖြင့်သာ ပါဝင်ဖွဲ့စည်းမည့် ထိုပါတီသည် တရားဝင်ပါတီ မဖြစ်သေးကြောင်း ကချင် ဒီမိုကရက်သစ် တပ်မတော်(အန်ဒီအေကေ)မှ ဥက္ကဌ ဇခုန်တင်ယိမ်းက ပြောသည်။ပါတီ၏ အဓိက ရည်ရွယ်ချက်သည် ကချင်ပြည်နယ်တွင် နေထိုင်ကြသည့် တိုင်းရင်းသားများ ကောင်းစားရေးအတွက် နိုင်ငံရေး လွတ်လွတ်လပ်လပ် ခံယူနိုင်ရေး၊ ဒေသ ဖွံ့ဖြိုးတိုးတက်လာရေးများကို အတူတကွ စည်းစည်းလုံးလုံး ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် ဖြစ်သည်ဟု သူက ပြောသည်။
ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၏ အဖွဲ့ခေါင်းဆောင်မှာ ကချင်လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အို)မှ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ တူးဂျာဖြစ်ပြီး ကချင် ဒီမိုကရက်သစ် တပ်မတော်(အန်ဒီအေကေ)မှ ဒုတိယ ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူး မန်ချန် သိန်းဆောင်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်မှ ခွဲထွက်သည့် လဆန်အောင်ဝါအဖွဲ့မှ ဗိုလ်မှူး ဖုန်းရမ်တို့ ပါဝင်သည်ဟု ပြောသည်။
အကယ်၍ အဆိုပါ ပုဂ္ဂိုလ်များသည် ပါတီတည်ထောင်ခွင့် ပြုလျှင် သက်ဆိုင်ရာ ၎င်းတို့ အဖွဲ့အစည်း အသီးသီးမှ နုတ်ထွက်ရမည်ဟု ဆက်ပြောသည်။
်(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မြန်မာငွေတန်ဖိုးမြင့် ထိုင်း-မြန်မာနယ်စပ်ဖြတ်ခ တိုးကောက်
ဘတ်စ်ကားဖြင့် ဘန်ကောက်မှပြန်လာသည့် မြန်မာအလုပ်သမားများအား နယ်စပ်ဖြတ်ကျော်ခကို ယခင်က တဦးလျှင် ဘတ် (၁,၂၀၀) နှုန်း တရားမ၀င် ကောက်ခံရာမှ ယခင်လမှစပြီး မြန်မာငွေတန်ဖိုး မြင့်တက်လာ သောကြောင့် ဘတ် (၁,၅၀၀) သို့ တိုးကောက်ရခြင်းဖြစ်သည်ဟု မြန်မာလူပွဲစားများက ပြောသည်။ ယခင်က ဘန်ကောက်မှကားဖြင့် ပြန်လာသူများကို ထိုင်းဘက်ခြမ်း ထာ့အာရွာရှိ အမှတ် (၁) ဂိတ်မှတဆင့် မြန်မာဘက်ခြမ်း ဒီကေဘီအေဂိတ်သို့ ပြန်ပို့သော်လည်း ယခုအခါ ဘန်ကောက်ပြန်များအား လက်ရှိပို့ဆောင် နေသည့်ဂိတ်မှ မြဝတီမြို့တောင်ဘက်ရှိ ထိုင်းဘက် အမှတ် (၁၆) ဂိတ်မှတဆင့် မြန်မာဘက်ကမ်း (၉၉၉) ဒီကေဘီအေ ဂိတ်အသစ်တည်ရှိရာ ကြံခင်းဘက်သို့ ယခင်လဆန်းမှစတင်ကာ ထိုင်းလဝကမှ ပြောင်းလဲပို့ဆောင်ပေးသည်။
ယခုကဲ့သို့ ဂိတ်ပြောင်းရွှေ့ရခြင်းမှာ ယမန်နှစ်ကုန်ပိုင်းက လူပွဲစားများနှင့် လူကယ်ရီများ ကျက်စားရာ (၉၉၉) ဒီကေဘီအေဂိတ်သို့ နေပြည်တော်မှ လာရောက်ဖမ်းဆီးမှု ဖြစ်ပွားခဲ့အပြီးတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ယခင်ဂိတ်ဟောင်းမှ ယခုဂိတ်သစ်သို့ ပြောင်းလဲလုပ်ကိုင်ခြင်းဖြစ်သည်ဟု သိရသည်။ဒီကေဘီအေတပ်ဖွဲ့မှ အရာရှိတဦးက ယခုရရှိသည့်ငွေများအား အဖွဲ့၏ရန်ပုံငွေအဖြစ် အသုံးပြုခြင်းဖြစ်ပြီး အဓိက လူမှုရေး၊ ဘာသာရေး၊ ကျန်းမာရေးအတွက် အသုံးပြုသည်ဟု ပြောသည်။
ဘန်ကောက်ရှိ မြန်မာအလုပ်သမားများမှာ မြန်မာပြည်ပြန်သည့်အခါ ဘန်ကောက် မော်ချိကားဂိတ်မှ မဲဆောက်သို့ ဘတ်စ်ကားကြီးများဖြင့် ပြန်လာကြပြီး မဲဆောက်မြို့အဝင်ရှိ ဟွေ့ဟင်ဖွန် စစ်ဆေးရေးဂိတ် အရောက်တွင် ထိုင်းလဝကများ၏ ဖမ်းဆီးခြင်း ခံကြရသည်။
အဖမ်းခံရသူများအား ထိုင်းလဝကမှ အချုပ်ကားဖြင့် မဲဆောက်ကမ်းနားရှိ လဝကရုံးသို့ ခေါ်ဆောင်သွားပြီး ကိုယ်ရေး အချက်အလက်နှင့် ဓာတ်ပုံရိုက်ယူပြီးနောက် မြန်မာဘက်ခြမ်းရှိ ဒီကေဘီအေ (၉၉၉) ဂိတ်သို့ လွှဲပြောင်း ပို့ဆောင်ပေးခြင်းဖြစ်သည်။
ရာနှင့်ချီပို့ဆောင်ခံရသူများမှာ ဒီကေဘီအေဂိတ်အရောက်တွင် လူပွဲစားများက တဦးလျှင် ဘတ် (၉၀၀) နှုန်းဖြင့် ဒီကေဘီအေထံမှ ဝယ်ယူပြီး ပွဲစားများက အသီးသီးခေါ်ဆောင်သွားကာ တဦးလျှင် ဘတ် (၁,၅၀၀) နှုန်းဖြင့် တဆင့် ထပ်တောင်းပြီးမှ လိုရာသွားခွင့်ပြုခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
နာဂစ်ဒုက္ခသည်များ သောက်သုံးရေ အရေးပေါ် လိုအပ်
နယူးဒေလီ (မဇ္စျိမ)။ ။ နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဧရာဝတီတိုင်း လပွတ္တာမြို့နယ်ရှိ ကျေးရွာသားများ သောက်သုံးရေ အရေးပေါ် လိုအပ်နေကြောင်း နာဂစ်လေဘေး ကယ်ဆယ်ရေး အဖွဲ့တခုက ယနေ့ ပြောသည်။
မြို့နယ်အတွင်းရှိ ကျေးရွာ ၃၅ ရွာကျော်တွင် သောက်သုံးရေ ပြတ်လပ်နေသဖြင့် ရွာသားများက ကူညီပါရန် ကယ်ဆယ်ရေး လုပ်နေသူများထံ လာတောင်းနေကြောင်း ထိုင်းအခြေစိုက် Emergency Assistance Team-EAT-Burma ခေါ် အရေးပေါ်ကူညီပေးရေးအဖွဲ့ (မြန်မာနိုင်ငံ) က ပြောဆိုခြင်းဖြစ်သည်။ ရေရှားပါးလာသဖြင့် ရွာသားအများစုက မြို့ပေါ်တက်၍ သောက်သုံးရေ ၀ယ်သုံးကြရသည်။ လက်တွန်းလှည်းဖြင့် သောက်သုံးရေ ရောင်းသူများက ၅ ဂါလံ တပုံးလျှင် ယခင်က ကျပ် ၃၀၀ ရှိရာမှာ ယခုအခါ ကျပ် ၅၀၀ အထိ မြင့်တက်သွားသည်။
နွေရာသီ ခြောက်သွေ့ကာလဖြစ်သည့် ဖေဖော်ဝါရီလလယ်ပိုင်းမှ မေလလယ်အထိ သောက်သုံးရေ ပြဿနာ ပိုမိုကြီးထွားလာနိုင်ကြောင်းလည်း EAT-Burma က ခန့်မှန်းပြောဆိုသည်။
အလားတူ ဒေးဒရဲမြို့နယ်၊ အုန်းပင်ရွာရှိ ရွာသားတဦးကလည်း သောက်သုံးရေကန်တချို့တွင် လက်ကျန်ရေ ရှိနေသေးသော်လည်း မိုးဦးကာလ ရောက်သည်အထိ လုံလောက်မှု မရှိနိုင်ကြောင်း ပြောသည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++
တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ရည်ရွယ်သူများ ကွန်ယက်ဖွဲ့
နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာစစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည့်သူ ၂၅ ယောက်က တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ကွန်ယက်တခု ဖွဲ့စည်းလိုက်သည်။
“၂၀၁၀ ကို မုချ ဖြတ်ကိုဖြတ်ရတော့မယ်။ ပါတီအနေနဲ့ ဖြတ်မလား၊ တသီးပုဂ္ဂလ အနေနဲ့ ဖြတ်မလား၊ ပါတီစုံအနေနဲ့ ဖြတ်မလားဆိုတာ စဉ်းစားတဲ့အခါမှာ၊ Individual ဖြတ်မယ်ပေါ့။ အဲလို ဖြတ်မယ်ဆိုလည်း အားနည်းတယ်ဆိုတာ ကျနော်တို့ မြင်တယ်။ အဲဒါကို ဘယ်လို အားကောင်းအောင် ဘယ်လို လုပ်မလဲဆိုတာ တွေ့တယ်။ ကျနော် အဆိုပြုတယ်။ ဒါပေမဲ့ အားလုံး ၀င်ရောက် ဆွေးနွေးတယ်” ဟု ကွန်ယက်ဖြစ်ပေါ်လာရေး အဆိုပြူသူနှင့် ကွန်ယက်ဝင်ဖြစ်သူ ဘိုကလေးမြို့သား ကိုနေမျိုးဝေက ပြောသည်။
သူသည် မြန်မာ အတိုက်အခံများ၏ ဒီမိုကရေစီရေး လှုပ်ရှားမှုများအား ဝေဖန်စာများ ရေးသားကာ မကြာခဏ ဆိုသလို အင်တာနက် စာမျက်နှာထက် ပေးပို့နေသူ ဖြစ်သည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ပြည်ပနိုင်ငံအသီးသီးမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာလုပ်သားဦးရေ
ကမ္ဘာတစ်ဝန်း ရင်ဆိုင်နေရသော ငွေကြေး အကျပ်အတည်းများကြောင့် ပြည်ပ နိုင်ငံအသီးသီးတွင် သွားရောက် အလုပ်လုပ်ကိုင်လျက် ရှိသည့် မြန်မာနိုင်ငံသားများ နိုင်ငံအသီးသီးမှ မိခင်နိုင်ငံသို့ ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ ပြန်လည် ရောက်ရှိလာကြရာ ယခုအခါ ၄င်းအရေအတွက်မှာ တစ်သောင်း နီးပါးခန့် ရှိနေပြီဖြစ်ကြောင်းနှင့် အဆိုပါ ပြန်လည် ၀င်ရောက်လာကြ သူများအတွက် နိုင်ငံအတွင်း သင့်လျော်သည့် အလုပ်အကိုင်များ ရှာဖွေပေးနိုင်ရန် စာရင်းများ ကောက်ယူလျက်ရှိကြောင်းလည်း သိရသည်။
နိုင်ငံတော်အနေဖြင့် နိုင်ငံ၏ ပြင်ပတွင် သွားရောက်အလုပ်လုပ် လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်း လုပ်သားအရေအတွက်ကို နှစ်သန်း ခန့်ရှိနိုင်သည်ဟု ခန့်မှန်းထားပြီး အဆိုပါ လုပ်သားများ ပြန်လည် ရောက်ရှိလာပါက ပြည်တွင်း၌ အလုပ်အကိုင်များ ပေးနိုင်ရန် စီစဉ်ထားပြီး ဖြစ်သည်ဟုလည်း သိရသည်။
( ၀ိကလီအဲလဲဗင်း ဂျာနယ်မှ ကောက်နှုတ်ချက် )

၈၈ ကျောင်းသားအဖွဲ့က တောင်သူလယ်သမားများ အခွင့်အရေးကို မြန်မာစစ်အစိုးရ ချိုးဖောက်နေသည့်အတွက် အပြင်းအထန် ရှုတ်ချကြောင်း ယနေ့ ကျရောက်သည့် ၄၇ နှစ်မြောက် တောင်သူလယ်သမားနေ့တွင် ထုတ်ဖော် ပြောဆိုခြင်းလည်း ဖြစ်သည်။
ဘိုးဘွားခေတ်ကတည်းက ဓားမဦးချ လယ်ယာမြေများတွင် လုပ်ကိုင်စားသောက်ခဲ့သည့် တောင်သူလယ်သမားများသည် နည်းအမျိုးမျိုးနှင့် စစ်အစိုးရ၏ ဖိနှိပ်မှုဒဏ်ကို ခါးသီးစွာ ခံစားနေရသည့်အပြင် မတရား ဖိနှိပ်ခံနေရမှုများလည်း ခံစားနေရသည်ဟု ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ဆိုသည်။
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေ၀င်းက တော်လှန်ကောင်စီ အမည်ဖြင့် တိုင်းပြည်အာဏာကို ရယူခဲ့သည့်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ခဲ့သည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++
လျှပ်စစ်မီး ပြသာနာကြောင့် ရေ ပြတ်တောက်
ရန်ကုန်မြို့တော်သို့ အဓိက ရေပေးဝေနေသော ရေ အရင်းအမြစ်များမှ ပုံမှန် ရေပေးဝေမှုများ ဆောင်ရွက်လျက်ရှိသော်လည်း လျှပ်စစ်မီး အခက်အခဲကြောင့် မြို့တွင်း ဧရိယာများသို့ ရေတွန်းပို့နေသော ရေတွန်းစက်ရုံများ လည်ပတ်နိုင်ခြင်းမရှိဘဲ အချို့သော မြို့နယ်များတွင် ရေ ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။
( ၀ိကလီအဲလဲဗင်း ဂျာနယ်မှ ကောက်နှုတ်ချက် )
+++++
ဆေးတပ်နှင့် သစ်တော ရန်ပွဲဖြင့် အဆုံးသတ်
ရွှေလီ (မဇျွိမ) ။ ။ ကချင်ပြည်နယ် ဗန်းမော်ခရိုင် ခယက ဥက္ကဋ္ဌ ဖလား ဘောလုံးပွဲ ကျင်းပရာ ယမန်နေ့က ပွဲစဉ်တွင် ဆေးတပ်အသင်းနှင့် ပြိုင်ဘက် သစ်တောအသင်း ကစားသမားများ ရန်ဖြစ်သဖြင့် ပွဲရပ်နားလိုက်ရသည်။
ဗန်းမော်မြို့ ဘောလုံးကွင်းအတွင်း ကျင်းပသည့် တတိယ နေရာလုပွဲအတွင်း ပထမပိုင်းတွင် သစ်တောဌာနက ၂ ဂိုး၊ ၁ ဂိုးဖြင့် အနိုင်ရထားပြီးနောက် ဒုတိယပိုင်းတွင် ခိုက်ရန် ဖြစ်ပွားခြင်းဖြစ်သည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မတ်လ ၃ ရက်
ရက်သတ္တပတ် ၁၀ ၊ ၂၀၀၉
မြန်မာသတင်း
ရန်ကုန်တွင် တညတည်း ဗုံးနှစ်ကြိမ်ကွဲ
ရန်ကုန်တွင် မတ်လ (၃) ရက်နေ့ ညက ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
မတ်လ (၃) ရက်နေ့ည (၉) နာရီခွဲအချိန်တွင် ပြည်လမ်းနှင့် ဗားကရာလမ်းထောင့်ရှိ ပဒုမ္မာပန်းခြံတွင် ပေါက်ကွဲကြောင်း စမ်းချောင်းမြို့နယ် နေထိုင်သူတဦးက ပြောသည်။
ပဒုမ္မာပန်းခြံတွင် နေ့လယ်ပိုင်း၌ အိမ်သာတက်သူအချို့နှင့် တောင်းရမ်းစားသောက်သူ ကလေးအချို့ ဆော့ကစားတတ်ကြောင်း၊ ရံဖန်ရံခါ စုံတွဲအချို့ ထိုင်တတ်ကြောင်း၊ ညဘက်တွင် မီးရရှိမှု တခါမှမရှိကြောင်း၊ မှောင်နေသည့်အတွက် တဦးတယောက်မှ အပန်းဖြေလေ့မရှိကြောင်း စမ်းချောင်းသားတဦးက ပြောသည်။ ဗုံးပေါက်မှု နှစ်ခုလုံးတွင် သေဆုံးသူမရှိကြောင်း၊ ထိခိုက်ဒဏ်ရာလည်း မရရှိကြောင်း သိရသည်။
ယခုဖြစ်စဉ်မှာ စစ်အစိုးရက ထောင်သားပေါင်း ခြောက်ထောင်ကျော်ကို (၂၁.၂.၂၀၀၉) ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးနောက်ပိုင်း ပထမဦးဆုံး ပေါက်ကွဲသော ဗုံးဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
၂၀၁၀ မတ်လတွင် ရွေးကောက်ပွဲလုပ်ရန် စစ်အစိုးရ လျာထား
နယူးဒေလီ (မဇ္ဈိမ)။ ။ ၂၀၁၀ ခုနှစ် မတ်လတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် စစ်အစိုးရက လျာထားကြောင်း နေပြည်တော် သတင်းရပ်ကွက်များ အပြောအရ သိရသည်။
နိုင်ငံရေးပါတီများ ဖွဲ့စည်းခွင့်ကို သတ်မှတ်ပေးမည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် အချိန်ဇယားကို စစ်အစိုးရက အများသိအောင် ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း လာမည့်နှစ် မတ်လအတွင်း ရွေးကောက်ပွဲ လုပ်သွားရန် ထိပ်တန်း စစ်ခေါင်းဆောင်များက စီစဉ်ထားသည်ဟု ဆိုသည်။
တရုတ်-မြန်မာ နယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကလည်း ၂၀၁၀ ခုနှစ် ပထမလေးလပတ်အတွင်း ရွေးကောက်ပွဲ ပြုလုပ်ဖွယ် ရှိသည်ဟု ပြောသည်။ မြန်မာ စစ်ခေါင်းဆောင်များသည် လေးလပတ် အစည်းအဝေးလုပ်ရန် စိုင်းပြင်းနေပြီး၊ ယခုလ ၆ ရက်နေ့မတိုင်မီ တိုင်းမှူးများ နေပြည်တော်သို့ ရောက်ကြောင်း သတင်းပို့ရန် မှာကြားထားသည်ဟု သတင်းရပ်ကွက်များက ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဥပ္ပါတသန္တိစေတီ ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲ နေပြည်တော် ၀န်ထမ်းများအတွက် ဆိုင်ကယ်သော့ကြဲမည်
မတ်လ (၇) ရက်နှင့် (၈) ရက်နေ့တို့တွင် ကျင်းပမည့် နေပြည်တော် ဥပ္ပါတသန္တိစေတီ အထက်ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတော် တင်ပွဲများသို့ နေပြည်တော်ဝန်ထမ်းအားလုံးကို မတက်မနေရ အမိန့်ထုတ်ထားပြီး မတက်ရောက် သည့်ဝန်ထမ်းအား အရေးယူရန် အာဏာပိုင်များက ညွှန်ကြားထားသည်။
ဥပ္ပါတသန္တိစေတီ အထက်ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲ များကို ၀န်ထမ်းများ တက်ချင်စိတ်ပေါ်လာရန် တရုတ်နိုင်ငံလုပ် တစီး (၁၂) သိန်းဝန်းကျင်တန်သည့် မော်တော်ဆိုင်ကယ်များကို မဲဖောက်ရန် အာဏာပိုင်များ က စီစဉ်ထားသည်ဟု ၀န်ထမ်းတဦးက ပြောသည်။
မော်တော်ဆိုင်ကယ် ဘယ်နှစီး မဲဖောက်မည် အတိအကျ မသိရသော်လည်း မော်တော်ဆိုင်ကယ်များကို မဲဖောက်ရာတွင် ဆိုင်ကယ်သော့ကို ပိုက်ဆံအကြွေကြဲသကဲ့သို့ ၀န်ထမ်းများကြား ကြဲမည်ဖြစ်သည့်အတွက် တဦးနှင့်တဦးတက်နင်းပြီး သေကုန်မည်ကို ၀န်ထမ်းများ စိုးရိမ်နေကြသည်။
ဥပ္ပါတသန္တိစေတီ အထက်ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲများကျင်းပမည့် မတ်လ (၇) ရက်နှင့် (၈) ရက်နေ့တို့ တွင် နေပြည်တော်ဝန်ထမ်းအားလုံး မည်သည့်ခွင့်မျှ မယူရန် ညွှန်ကြားထားသည့်ပြင် ခွင့်ယူထားပြီးသူများကို အမြန်ပြန်ခေါ်ရန် ညွှန်ကြားထားသည့်အတွက် ၀န်ထမ်းများ မကျေမနပ်ဖြစ်နေသည်ဟု စုံစမ်းသိရသည်။
ဥပ္ပါတသန္တိစေတီ အထက်ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲများ ကျင်းပမည့်နေရာကို ၀န်ကြီးဌာနပေါင်းစုံမှ ၀န်ထမ်းများအတွက် ကုလားထိုင်ခွဲတမ်းများ ချထားပေးပြီး လူစစ်မည်ဖြစ်သည်။ နေပူကျဲကျဲအောက်မှာ ၀န်ထမ်းများ ယူနီဖောင်းဝတ်စုံနှင့် တက်ရောက်ရမည်ဖြစ်သည့်အတွက် ပိုပြီး မကျေမနပ်ဖြစ်နေသည်ဟု ၀န်ကြီးရုံး အရာရှိတဦးကလည်း ပြောသည်။ ဥပ္ပါတသန္တိစေတီတော်ကြီး၏ ငှက်ပျောဖူးနှင့် ကြာမှောက် ကြာလှန် ရွဲတို့ကို ရွှေပြားကပ်မည်ဖြစ်သည့်အတွက် ငှက်ပျောဖူးအတွက် ရွှေသား (၉၆.၄၃) ပိဿာနှင့် ကြာမှောက် ကြာလှန် ရွဲတို့အတွက် ရွှေသား (၄၂) ပိဿာ စုစုပေါင်း ရွှေပိဿာချိန် (၁၃၈.၄၃) ပိဿာ ကုန်ကျမည်ဟု တာဝန်ရှိသူတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ခြစားမှု ဖော်ထုတ်သူ ဧည့်စာရင်းမှုဖြင့် ဖမ်းခံရ
ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း တွံတေးမြို့ရှိ ဈေးသစ်ရပ်ကွက်တွင် လူ ၉ ဦးကို ဧည့်စာရင်း မတိုင်ဟုဆိုကာ ယမန်နေ့ည ၁ နာရီခန့်တွင် ဒေသ အာဏာပိုင်များက ဖမ်းဆီးသွားသည်။
မိဘမေတ္တာ ငါးဒိုင် ပိုင်ရှင် ဦးခင်ဇော်နှင့် အတူ လုပ်သားများဖြစ်ကြသော ဦးအောင်ကိုလတ်၊ ဦးထွေးလှ၊ ကိုနိုင်လင်း၊ ကိုသန်းမြင့်၊ ကိုဇော်မျိုးလတ်၊ ကိုကျော်သူလင်း၊ ဒေါ်တင့်တင်လှနှင့် သူမ၏ အသက်တနှစ်ကျော် ကလေးငယ်ကိုပါ ရပ်ကွက် အေးချမ်းယာယာရေးကောင်စီ ဥက္ကဋ္ဌ၊ ရာအိမ်မှူး၊ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး၊ မီးသတ်နှင့် နယ်ထိန်းများက ဖမ်းဆီးသွားခြင်း ဖြစ်သည်။
ဦးခင်ဇော်သည် မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များနှင့် ပူးတွဲကာ အာဏာပိုင်များ၏ ဒေသတွင်း ခြစားမှုကို ဖော်ထုတ်နေသူဟု လူသိများပြီး ပြီးခဲ့သည့်လက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦး လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုတွင်လည်း လက်မှတ်ထိုး ပါဝင်ခဲ့သည်။ တွံတေးမြို့နယ် တရားရုံးတွင် သူတို့ အားလုံးကို ရယက ဥက္ကဋ္ဌ ဦးသန်းဦးမှ ဧည့်စာရင်းအမှုဖြင့် စွဲချက်တင်မည်ဟု သိရပြီး မြို့နယ် ဒီချုပ် ဥက္ကဌ ဗဟိုတရားရုံး ရှေ့နေ ဦးကြင်တိုးက တရားဆိုင်များအတွက် ရှေ့နေလိုက်ပါပေးနေသည်။
ပြီးခဲ့သည့်လ ၂၇ ရက်နေ့ ညသန်းခေါင်တွင် ရယက ဥက္ကဋ္ဌ ဦးသန်းဦး၊ အဖွဲ့ဝင်များနှင့် ရဲနှစ်ဦးက ဧည့်စာရင်း စစ်ဆေးခြင်း မပြုဘဲ၊ အလုပ်သမားများ၏ အိပ်ခန်းများသို့ ၀င်ရောက်ကာ အန်အယ်ဒီ အဖွဲ့ဝင်များအား ရှာဖွေသဖြင့် ဦးခင်ဇော်က ပိုင်နက်ကျူးလွန်မှုဖြင့် ရဲစခန်းတွင် တိုင်ကြားသော်လည်း စခန်းမှူးက ပယ်ချခဲ့သည်။
ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ပိုမိုသိရှိရန်အတွက် တွံတေးမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူ တဦးက ဖမ်းဆီးမှု မှန်ကန်ကြောင်း ပြောသော်လည်း မည်သည့်အတွက် ဖမ်းရသည်ကို ပြောပိုင်ခွင့် မရှိကြောင်း ဆိုကာ ဖုန်းချသွားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဦးကျော်တင့်ဆွေ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ဖို့များ
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးကျော်တင့်ဆွေအား ဒုတိယ၀န်ကြီးရာထူးပေးရန် အလားအလာရှိကြောင်း ရန်ကုန် သံတမန်အသိုင်းအ၀န်းက ပြောသည်။
ဦးကျော်တင့်ဆွေအား ဒုတိယ၀န်ကြီးရာထူးပေးမည့်ကိစ္စ သေချာသလောက်ရှိသည်ဟု ရန်ကုန် သံတမန်သတင်းရပ်ကွက်က ပြောသော်လည်း ခေတ်ပြိုင်မှ သီးခြားအတည်ပြုချက် မရသေးပေ။
သို့သော် ဦးကျော်တင့်ဆွေအား ဒုတိယ၀န်ကြီးရာထူးခန့်လျှင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပတ်သက်သည့် တာဝန်ပေးရန်များသည်ဟုလည်း သံတမန်အသိုင်းအ၀န်းတွင် ပြောဆို နေကြသည်။
အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့တွင် တာဝန်ထမ်းဆောင်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်တင့်ဆွေအား အသက် (၆၀) ပြည့်ပြီးနောက် (၂) ကြိမ်တိုင် သက်တမ်းတိုး တာဝန်ပေးထားခဲ့သည့်အတွက် စစ်အစိုးရက ပြန်ခေါ်ခဲ့သည်။
နယူးယော့ခ်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ရာထူးမှာ စစ်အစိုးရ သိက္ခာကို ကာကွယ်ပေးရသူဖြစ်သည့်အတွက် စစ်အစိုးရအတွက် အရေးပါသည့် သံတမန်စစ်မျက်နှာတခုဖြစ်ပြီး ဦးကျော်တင့်ဆွေ နေရာကို မည်သူနှင့် အစားထိုးမလဲ ဆိုသည်ကို သံတမန်အသိုင်းအ၀န်းက စိတ်ဝင်တစား ဖြစ်နေကြသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ် (၈) နှစ်ကြာ တာဝန်ယူခဲ့သည့် ဦးကျော်တင့်ဆွေသည် မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းက ယုံကြည်စွာအားထားရသည့် သံတမန်တဦးအဖြစ် ထင်ရှားသည်။
ဦးကျော်တင့်ဆွေကို ၂၀၀၁ ခုနှစ် ဧပြီလမှစပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်လည်း ဖြစ်သည်။ ၁၉၆၈ ခုနှစ်မှစပြီး နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဘိန်းဖြူမှောင်ခိုဂိုဏ်း နှိမ်နင်းရာမှ ၅ ဦး ထိန်းသိမ်း
ရန်ကုန် (မဇ္ဈိမသတင်း)။ ။ နိုင်ငံတကာ မူးယစ်မှောင်ခို ကုန်သွယ်မှု လုပ်ငန်းကြီးနှင့် ဆက်စပ်ပြီး အနည်းဆုံးလူ ၅ ဦးကို ဇန်နဝါရီလကတည်းက စတင် ဖမ်းဆီးထားခဲ့ကြောင်းဖြင့် စစ်ဘက် အသိုင်းအဝိုင်း သတင်းရပ်ကွက်များမှ ပြောကြားပါသည်။
စင်္ကာပူသို့ ထွက်ခွါမည့် သင်္ဘောပေါ်ရှိ ကွန်တိန်နာများအတွင်းမှ ဘိန်းဖြူဘလောက်တုံး ၈၃ တုံးကို ဇန်နဝါ၇ီလ ၂၅ ရက်နေ့က ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ အထက်တန်းလွှာ ရပ်ကွက်များအတွင်း ဝင်ရောက်စီးနင်း ရှာဖွေမှုများ ပြုလုပ်ခဲ့အပြီး ဖမ်းဆီးမှုများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
အကြီးဆုံး စီးပွါးရေးမြို့တော်၏ အလုံမြို့နယ်ရှိ အေးရှားဝေါလ်ဒ် (Asia World) ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် စင်္ကာပူသို့ ထွက်ခွါမည့် စင်္ကာပူအလံ လွှင့်တင်ထားသော Kota Tegap သင်္ဘောပေါ်မှ (Jewellery Lucky Company) JLC ကုမ္ပဏီပိုင် ကုန်သေတ္တာ ၃ လုံးအတွင်း ထည့်သွင်းထားသော သစ်လုံးများအတွင်းမှ ဘိန်းဖြူထုပ် များကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ဤဆိပ်ကမ်းမှာ ယခင်ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်၏သား ထွန်းမြင့်နိုင် ပိုင်ဆိုင်ပြီး အမေရိကန် ဘဏ္ဍာရေးဌာန၏ နာမည်ပျက်စာရင်း သွင်းထားခြင်းခံရသူ ဖြစ်သည်။
ဤသို့ ရန်ကုန်ဆိပ်ကမ်းတွင် စီးနင်း ရှာဖွေအပြီး၊ ရဲတပ်ဖွဲ့က လှိုင်သာယာမြို့နယ်ရှိ FMI City အတွင်း ရှာဖွေဖမ်းဆီးမှုများ ဆက်လက်ပြုလုပ်ခဲ့ကာ နောက်ထပ် ဘိန်းဖြူဘလောက်တုံး ၃၂ဝ ထပ်မံ ဖမ်းဆီးရမိခဲ့သည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောပါသည်။
ရဲတပ်ဖွဲ့က JLC ကုမ္ပဏီ၏ အကြီးအကဲဖြစ်ဖွယ်ရှိသော ကျော်စိန်ကို ယင်း၏ ယောက်ဖဖြစ်သူ ရှီအန်း၊ ပို့ကုန်တာဝန်ခံ ဦးဝင်းညွန့်၊ တရုတ် အမျိုးသမီးတဦး အပါအဝင် အခြား တရုတ်နိုင်ငံသား ၃ ဦးတို့နှင့်အတူ ဘိန်းဖြူမှုနှင့် ဖမ်းဆီးခဲ့သည်။ သူတို့ကို ယခုအခါ တရားမဝင် မူးယစ်ဆေးဝါး ထိန်းချုပ်မှု ဥပဒေများဖြင့် အရေးယူ တရားစွဲဆိုထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မတ်လ ၄ ရက်
ရက်သတ္တပတ် ၁၀ ၊ ၂၀၀၉
မြန်မာသတင်း
အာဏာရှင် ဦးနေ၀င်းသမီး ဒေါ်ခင်စန္ဒာဝင်း အထီးကျန်ဖြစ် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုကို စစ်အစိုးရပယ်ချ
အာဏာရှင် ဦးနေ၀င်း၏သမီး ဒေါက်တာ ဒေါ်ခင်စန္ဒာဝင်း နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော်လည်း အထီးကျန်နေပြီး ခရစ်ယာန်ဘာသာအတွင်း ၀င်ရန် ထုတ်ဖော်ပြောဆိုမှုများ ရှိသည်ဟု ၎င်းအား သွားရောက်တွေ့ဆုံခဲ့သည့် အမေတူအဖေကွဲ ညီမ ဒေါ်သော်တာဝင်းနှင့် နီးစပ်သူတဦးက ပြောသည်။ ယခင်က ကားကြီး ကားငယ်များ မပြတ်တမ်း ၀င်ထွက်သွားလာခဲ့သည့် ဒေါ်ခင်စန္ဒာဝင်း အိမ်ဝင်းထဲသို့ တနေကုန်၍မျှ ကားတစီးလာသည်ကို မတွေ့ရတော့ကြောင်း၊ ညနေစောင်းများတွင် အနီးရှိ ခရစ်ယာန် ဘုရားကျောင်းသွားကာ ဘုန်းတော်ကြီးများနှင့် စကားပြောနေသည်ကို တွေ့ရကြောင်း အိမ်နီးချင်းတဦးက ပြောသည်။
ဒေါ်ခင်စန္ဒာဝင်းက နိုင်ငံကူးလက်မှတ် လျှောက်ထားသော်လည်း နအဖအစိုးရက ချပေးခြင်းမရှိဟု အစိုးရနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။ ဒေါ်ခင်စန္ဒာဝင်းသည် နအဖစစ်အစိုးရ၏ (၆) နှစ်ကြာ နေအိမ်အကျယ်ချုပ်ချထားမှုမှ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် ပြန်လွတ်လာခဲ့သည်။
နအဖက ဦးအေးဇော်ဝင်း၊ ဒေါ်ခင်စန္ဒာဝင်းနှင့် သားသုံးဦးကို နိုင်ငံတော်အာဏာသိမ်း ရန်ကြံစည်မှုဖြင့် ၂၀၀၂ ခုနှစ်က အရေးယူခဲ့သည်။ ခင်ပွန်းနှင့် သားများကို သေဒဏ်ချမှတ်ခဲ့ပြီး ဒေါ်ခင်စန္ဒာဝင်းကို နေအိမ်အကျယ်ချုပ် ချခဲ့သည်။
( ခေတ်ပြိုင် သတင်းမှ ကောက်နှုတ်ချက် )
+++++
လူ့အခွင့်အရေးအဖွဲ့ အစီရင်ခံစာအတွက် မီဇိုများက အပြစ်တင်
နယူးဒေလီ (မဇ္ဈိမ) – လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ထုတ်ပြန်ခဲ့သော အစီရင်ခံစာ တရပ်အတွက် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ် မီဇိုရမ်မှ အရပ်ဘက် အဖွဲ့အစည်းတရပ်က ဤဒေသအတွင်း နေထိုင်သော ချင်းလူမျိုးများကို သူတို့အား တောင်းပန်ရန် တောင်းဆို လိုက်ကြပါသည်။
မီဇိုရမ်ပြည်နယ်ရှိ အရပ်ဘက် အဖွဲ့အစည်း တရပ်ဖြစ်သော မီဇိုလူငယ်အဖွဲ့ (YMA) က ချင်းအဖွဲ့အစည်း အနည်းဆုံး ၂၃ ခုကို အစည်းအဝေး တက်ရောက်ရန် ဆင့်ခေါ်ကာ ထိုလူ့အခွင့်အရေး အစီရင်ခံစာတွင် မီဇိုလူမျိုးများက ချင်းလူမျိုး များကို နှိပ်စက်သည်ဟူသော HRW ၏ စွပ်စွဲ ရေးသားမှုအတွက် ငြင်းဆိုပြောကြားပေးရန် သူတို့ကို တောင်းဆိုခဲ့ကြသည်။
မြန်မာနိုင်ငံမှ ထွက်ပြေး ရောက်ရှိလာသော ချင်းလူမျိုးများကို မီဇိုလူမျိုးများက နှိပ်စက်သည်ဟု HRW က စွပ်စွဲရေး သားခဲ့ခြင်းကို YMA ဗဟိုအဖွဲ့က အလွန် ဒေါသထွက်ခဲ့ကြောင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ချင်းလူမျိုး ကိုယ်စားလှယ်တဦးက မဇ္ဈိမကို ပြောသည်။
ပြည်နယ်အတွင်း ရောက်ရှိ နေထိုင်နေကြသော ချင်းလူမျိုး အသိုင်းအဝိုင်းကို YMA ၏ ဆက်ဆံပုံနှင့် ပတ်သက်၍ တလွဲ သတင်းပေးခဲ့သည်ဟု CYMA ၏ ဥက္ကဌ ဂျေအိပ်ခ်ျဇိုရမ်ထန်းငါ (J. H. Zoremthanga) က ချင်းခေါင်းဆောင်များ ကို စွပ်စွဲပြောကြားခဲ့သည်။
HRW ၏ ဇန်နဝါရီလအတွင်းက ထုတ်ပြန်ခဲ့သော ‘မေ့ပျောက်ခံ ပြည်သူတွေလိုပါဘဲ’ ဟူသော အစီရင်ခံစာတွင် မြန်မာနိုင်ငံ အနောက်ပိုင်း ချင်းပြည်နယ်တွင် နေထိုင်ကြသော ချင်းလူမျိုးများသည် စစ်အစိုးရ လက်အောက်တွင် ဆင်းရဲ ဒုက္ခများကို လူမသိသူမသိ တိတ်ဆိတ်စွာ ခံစားခဲ့ကြရကြောင်း၊ စနစ်တကျ နှိပ်စက် ညှဉ်းပန်းမှုများကြောင့် ထောင်ပေါင်းများစွာသည် အိမ်နီးချင်းနိုင်ငံ၊ အထူးသဖြင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ် မီဇိုရမ်သို့ ထွက်ပြေးရောက်ရှိ လာခဲ့ကြကြောင်း ရေးသားထားသည်။
ဤသို့ ရွှေ့ပြောင်းရောက်ရှိလာသော ချင်းလူမျိုးများသည် မီဇိုရမ်ပြည်နယ် အပါအဝင် အိန္ဒိယနိုင်ငံရှိ အိမ်ရှင်လူမျိုး အသိုင်းအဝိုင်းများ၏ ရန်လိုစွာ ဆက်ဆံမှုကို နောက်ထပ် ကြုံတွေ့ရပြန်ကြောင်းလည်း အစီရင်ခံစာတွင် ရေးသားထားသည်။ အထူးသဖြင့် YMA အကြောင်း ရေးသား ဖော်ပြထားပြီး၊ ချင်းလူမျိုးများသည် ဤအဖွဲ့၏ နှိပ်စက်မှုနှင့် အကြိမ်ပေါင်းများစွာ နှင်ထုတ်ခြင်းကို ခံခဲ့ရကြောင်း ရေးသားထားသည်။
( (မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++
်မြန်မာလိုင်းကား ဆန့်ကျင်ရေး မဲဆောက်ထိုင်းလိုင်းကားများ ဆန္ဒပြ
ယနေ့နံနက်က ထိုင်းဘက်ကမ်း ချစ်ကြည်ရေးတံတားမှ မဲဆောက်သို့ပြေးဆွဲသည့် ထိုင်းခရီးသည်တင် လိုင်းကားအသင်းက မဲဆောက်မြို့တွင်း မြန်မာခရီးသည်တင်ကား ပြေးဆွဲမှုကို ရပ်တန့်ရန် ဆန္ဒပြတောင်းဆိုကာ နှစ်နိုင်ငံချစ်ကြည်ရေးတံတားကို မော်တော်ယာဉ် အစီး (၁၅၀) ခန့်ဖြင့် ပိတ်ဆို့လိုက်သဖြင့် မဲဆောက်-မြဝတီ နယ်စပ် ကုန်သွယ်ရေးလုပ်ငန်း ရပ်တန့်သွားသည်။
မြန်မာနိုင်ငံ မြဝတီဘက်မှလာသည့် ခရီးသည်တင်ကား အစီး (၁၀၀) ခန့်သည် နေ့စဉ် မြဝတီမှမဲဆောက်သို့ ပြေးဆွဲရာတွင် ခရီးသည်များ သွားလိုရာသို့ အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးမှုကြောင့် မြန်မာကားများ ခရီးသည်ပိုမိုရရှိပြီး ထိုင်းလိုင်းကားစီးသူဦးရေ ကျဆင်းလာကာ ဝင်ငွေထိခိုက်မှုကြောင့် ယခုကဲ့သို့ ဆန္ဒပြခြင်းဖြစ်သည်ဟု မော်တော်ယာဉ် အစည်းအရုံးဥက္ကဋ္ဌ နိုင်စုံဘွန်းထဝီဖိုင်းဘွန်းစကွန် ကပြောသည်။
( ခေတ်ပြိုင်မှ ကောက်နှုတ်ချက် )
+++++
ဆန်းဆန်းပြားပြား ကုမ္ပဏီက ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်မည်မဟုတ်
ချင်းမိုင်(မဇ္ဈိမ)။ ။ ရန်ကုန်ရှိ မြန်မာ့ ဆန်းဆန်းပြားပြား ကုမ္ပဏီသည် ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ပြိုင်မည်ဟူသော သတင်းများ ပေါ်ထွက်နေသဖြင့် လူသားအရင်းအမြစ် စွမ်းဆောင်ရည် မြှင့်တင်ရေး အလုပ်များ လုပ်သည့် အဆိုပါ ကုမ္ပဏီက မဟုတ်မှန်ကြောင်း ယနေ့ ငြင်းဆိုသည်။
အဖွဲ့၏ အင်တာနက် ၀ဘ်ဆိုဒ်တွင် လစ်ဗင်းကာလာ မဂ္ဂဇင်းနှင့် The Voice ဂျာနယ် ထုတ်ဝေသူ ဦးနေ၀င်းမောင် အပါအ၀င် တတ်သိပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ ၇ ဦးဖြင့် ဖွဲ့စည်းထားသည်ဟု ဖော်ပြထားသည့် Myanmar Egress ခေါ် မြန်မာ့ ဆန်းဆန်းပြားပြား ကုမ္ပဏီက ငြင်းဆိုခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နေပြည်တော် ဥပ္ပါတသန္တိစေတီ စိန်ဖူးတင်ပွဲ အိုဘားမား ကျမ်းက်ျိန်ပွဲထက် လုံခြုံရေးပိုကျပ်
လာမည့် စနေနှင့် တနင်္ဂနွေနေ့တို့တွင် ကျင်းပမည့် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် အထက် ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲ တက်ရောက်မည့် နေပြည်တော်ဝန်ထမ်းများအား လုံခြုံရေးတင်းကျပ်သည့်အနေဖြင့် အောက်ပါ ပစ္စည်းများ မယူလာရန် အမိန့်ထုတ်ထားသည်။
တားမြစ်ထားသည့် ပစ္စည်းများမှာ
-ဘောလ်ပင်
-Laptop ကွန်ပျူတာ
-ပီဒီအေ
-လက်ပတ်နာရီ
-ဆွဲကြိုး၊ လက်ကောက် စသည့် လက်ဝတ်ရတနာများ။
-သော့တွဲ
-သောက်ရေဘူး
-ဦးထုတ် မဆောင်းရ
ဥပ္ပါတသန္တိစေတီတော် အထက် ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲ တက်ရောက်မည့် ၀န်ထမ်းများကို စနေနေ့ မနက်အစောကြီး (၃) နာရီခွဲ၌ ကားများဖြင့် လာခေါ်မည်ဖြစ်သော်လည်း ဌာပနာပိတ်ပွဲသည် မနက် (၇) နာရီမှ (၁၀) နာရီဖြစ်သည့်အတွက် နေပူထဲ ဆောင်းစရာမပါဘဲ ထိုင်နေရမှာဖြစ်သည်ဟုလည်း အဆိုပါဝန်ထမ်းက ပြောသည်။
( ခေတ်ပြိုင်မှ ကောက်နှုတ်ချက် )
+++++
ကေအင်ယူကို ထိုင်းနယ်မြေထဲမှ ထွက်ခွာသွားရန် ဖိအားပေးဟု ဆို
နယူးဒေလီ (မဇ္ဈိမ)။ ။ သူတို့၏ ပိုင်နက်နယ်မြေထဲတွင် အခြေမချရန် ထိုင်းနိုင်ငံက သတိပေးပြီးနောက် ကရင်အမျိုးသား အစည်းအရုံး - ကေအန်ယူ အဖွဲ့ဝင်များသည် မြန်မာနိုင်ငံအတွင်း ရွှေ့ပြောင်းနေပြီဟု အဖွဲ့နှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။
နယ်စပ်မြို့ မဲဆောက်ရှိ ထိုင်းအာဏာပိုင်များက ထိုင်းနိုင်ငံ နယ်မြေတွင် မနေဘဲ ထွက်ခွာသွားရန် အေအန်ယူ ခေါင်းဆောင်များကို မကြာမီက ပြောကြားခဲ့ခြင်း ဖြစ်သည်။

မတ်လ ၆ ရက်
ရက်သတ္တပတ် ၁၀ ၊ ၂၀၀၉
မြန်မာသတင်း
ဥပ္ပါတသန္တိစေတီ ပွဲတော်၌ ချားရဟတ်ကြီး ပြုတ်ကျ လူသေဆုံး
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ကြီး အထက်ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲများကို မတ်လ (၇) ရက်နှင့် (၈) ရက်တို့တွင် ကျင်းပမည်ဖြစ်သည့်အတွက် ဥပ္ပါတသန္တိစေတီရှေ့ကွင်းပြင်ရှိ ပျော်ပွဲရွှင်ပွဲများကျင်းပသည့်နေရာမှ ချားရဟတ်ကြီး ပြုတ်ကျသည့်အတွက် လူ (၂၀) ကျော် သေဆုံးသွားသည်ဟု မျက်မြင်သက်သေများက ပြောသည်။
ဥပ္ပါတသန္တိစေတီတော် တည်ဆောက်စဉ်ကာလကလည်း အလုပ်သမား (၁၈) ဦး လုပ်ငန်းခွင်ထိခိုက်ပြီး သေဆုံးခဲ့သည်။ ထို့ကြောင့် နေပြည်တော်ဝန်းကျင်ကျေးရွာများနှင့် ၀န်ထမ်းများက ဥပ္ပါတသန္တိစေတီတော်ကြီးအား ခိုက်သည်ဟု ပြောဆိုနေကြသည်။ မတ်လ (၁၀) ရက် တပေါင်းလပြည့်တွင် ဆွမ်းဆန်စိမ်းလောင်းပွဲနှင့် စာအောင်သံဃာများအား ဘွဲ့လက်မှတ် ဆက်ကပ်ပွဲကို ခါတိုင်း ရန်ကုန် ကမ္ဘာအေးတွင် ကျင်းပသော်လည်း ယခုနှစ်တွင် ဥပ္ပါတသန္တိစေတီ ထီးတင်ပွဲကျင်းပမည့် တပေါင်းလပြည့်မှာ ကျင်းပမည်ဖြစ်သည်။
သံဃာအပါး (၇၀၀) အား ပျဉ်းမနားမြို့တွင်းမြို့ပြင် ဘုန်းကြီးကျောင်းများတွင် တည်းခိုခွင့်၊ သွားလာခွင့် ပိတ်ပင်ထားသည်ဟုလည်း စုံစမ်းသိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
၂၀၁၀ ရွေးကောက်ပွဲ ၀င်မည့် ပါတီများ Joint Action ဖွဲ့မည်
နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာစစ်အစိုးရ၏ လမ်းပြမြေပုံ ၇ ဆင့်ကို ထောက်ခံသူများနှင့် ဖွဲ့စည်းထားသည့် ရန်ကုန်ရှိ နိုင်ငံရေး အင်အားစုတခုက ၂၀၁၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ပူးတွဲ ဆောင်ရွက်ရေးအဖွဲ့ - Joint Action ဖွဲ့စည်းမည့် အစည်းအဝေးကို ယခုလ ၁၅ ရက်နေ့တွင် ရန်ကုန်၌ ကျင်းပသွားမည်ဟု ဆိုသည်။
နိုင်ငံရေး အဖွဲ့အစည်း ၁၁ ဖွဲ့နှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အင်အားစုက တသီးပုဂ္ဂလ၊ ပါတီတခုချင်းစီ မဟုတ်ဘဲ စုပေါင်းကာ ရွေးကောက်ပွဲ ၀င်ရောက်ရေး ဆွေးနွေးရန် စီစဉ်ထားခြင်း ဖြစ်သည်။ ထိုအင်အားစုတွင် တသီးပုဂ္ဂလနှင့် ညီလာခံကိုယ်စားလှယ်များ၊ မျိုးချစ် အမျိုးသားနိုင်ငံရေး အစည်းအရုံး (တောင်တွင်းကြီး)၊ ၀ံဿနု NLD (မြန်မာနိုင်ငံ)၊ ဒီမို NLD (စစ်ကိုင်းတိုင်း)၊ အမျိုးသား နိုင်ငံရေး အင်အားစု (ရခိုင်ပြည်နယ်)နှင့် ခေတ်သစ်သိပံ္ပ နိုင်ငံရေးဘောဂဗေဒ လေ့လာရေး မျိုးဆက်သစ် ကျောင်းတော်သားစု အဖွဲ့ အပါအ၀င် အဖွဲ့ပေါင်း ၁၁ ဖွဲ့ ပါရှိသည်။
၂၀၀၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကာ၊ မြန်မာစစ်အစိုးရ၏ အခြေခံဥပဒေ ပေါ်ပေါက်ရေး၊ စီးပွားရေးပိတ်ဆို့မှု ဆန့်ကျင်ရေး ဟောပြောပွဲများအပြင် ၂၀၀၈ ဆန္ဒခံယူပွဲ အောင်မြင်ရေး စည်းရုံးလှုံ့ဆော်ခဲ့သည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++
လက်နက်ချရန် ပြောဆိုလာသည့် ကချင်ငြိမ်းအဖွဲ့
ရွေးကောက်ပွဲအပြီး ရုပ်သေးအရပ်သား အစိုးရတက်လာသည့်အချိန်တွင် လက်နက်ချရေး ပြောလာပါက လက်နက်ချရန် အသင့်ရှိကြောင်း ကချင်အပစ်အခတ်ရပ်စဲရေး အဖွဲ့ခေါင်းဆောင်တဦးက ခေတ်ပြိုင်သို့ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲဝင်ရောက်မည့် ကချင်နိုင်ငံရေးပါတီဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး ကချင်အပစ်အခတ် ရပ်စဲရေးအဖွဲ့တခုဖြစ်သည့် (အန်ဒီအေကေ) ကချင်ဒီမိုကရေစီသစ်တပ်မတော်-ကချင်အဖွဲ့ ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်း နှင့် ခေတ်ပြိုင် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် လက်နက်ချရန် အသင့်ရှိသည်ဟု အန်ဒီအေကေအဖွဲ့က ပထဆုံး ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ခြစားမှု ဖော်ထုတ်သူ အာမခံဖြင့် ပြန်လွှတ်လာ
ချင်းမိုင် (မဇ္ဈိမ)။ ။ ဧည့်စာရင်း မတိုင်ကြားဟုဆိုကာ ရန်ကုန်တိုင်း တွံတွေးမြို့ ဈေးသစ်ရပ်ကွက်တွင် နေထိုင်သူ ၉ ဦးကို ယခုလ ၃ ရက်နေ့က ဖမ်းဆီးခဲ့ရာမှ မြို့နယ်တရားရုံးက အာမခံကြေး ကျပ်ငွေ ၂၇ သိန်းဖြင့် ယမန်နေ့က ပြန်လွှတ်ပေးလိုက်သည်။
သူတို့ကို တွံတေးမြို့ အန်အယ်ဒီ လူငယ်တာဝန်ခံ ကိုရဲထွဋ်ခေါင်နှင့် ရပ်ကွက်လူကြီး ၅ ဦးက ကျပ် ၂၇ သိန်းနှင့်အတူ မြို့နယ်တရားရုံးတွင် အာမခံခဲ့ရခြင်း ဖြစ်သည်။
ဖမ်းဆီးခံခဲ့သူများအနက် မိဘမေတ္တာ ငါးဒိုင်ပိုင်ရှင် ဦးခင်ဇော်သည် မြို့နယ် အန်အယ်ဒီ အဖွဲ့ဝင်များနှင့် ပူးတွဲကာ ဒေသအာဏာပိုင်များ၏ ခြစားမှုကို ဖော်ထုတ်သူဟု လူသိများပြီး၊ ပြီးခဲ့သည့်လက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦး လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုတွင်လည်း လက်မှတ်ထိုး ပါဝင်ခဲ့သည်။
( မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++
ပြင်သစ်ယဉ်ကျေးမှုပွဲ သတင်းများ စီစစ်ရေးက ပိတ်
ပြင်သစ်သံရုံးလက်အောက်ရှိ ပြင်သစ်ယဉ်ကျေးမှုဌာနက ကျင်းပသောပွဲသတင်းများ မြန်မာစာနယ်ဇင်းများတွင် ထည့်သွင်းဖော်ပြခြင်းကို စိစစ်ရေးက ပိတ်ပင်ထားကြောင်း ရန်ကုန်စာနယ်ဇင်းသမားများက ပြောသည်။ပြင်သစ်ယဉ်ကျေးမှုဌာနမှ ပြင်သစ်စာပေ သင်ကြားပေးမှုအပြင် ယဉ်ကျေးမှုနှင့် ပတ်သက်သော ပြပွဲ၊ ပြိုင်ပွဲများ၊ ဆွေးနွေးပွဲများ၊ သင်တန်းများကို ပို့ချပေးနေသည်။ဌာနမှဖွင့်သော သင်တန်းအချို့တွင် သတင်းသမားများနှင့် ဆိုင်သော သင်တန်းများပါရှိ၍ တက်ရောက်ပါက အာဏာပိုင်များ၏ စောင့်ကြည့်မှုခံရသည်ဟု ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
နိုင်ငံတကာ ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ်များ၏ အစည်းအဝေး စစ်ကိုင်းတောင်မှာ ကျင်းပ
ချင်းမိုင် (မဇ္ဈိမ)။ ။ ၂၁ နိုင်ငံမှ ကိုယ်စားလှယ်များဖြင့် နိုင်ငံတကာ ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ်များ၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးကြီးကို စစ်ကိုင်းတောင်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်၌ ယမန်နေ့မှစ၍ ကျင်းပနေသည်။ ယမန်နေ့က အစည်းအဝေးဖွင့်ပွဲတွင် သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရကို အစည်းအဝေး တက်ရောက်လာသော ထိုင်းနိုင်ငံ မဟာမကုဋ် တက္ကသိုလ် ကိုယ်စားလှယ်များက ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ဆက်ကပ်ခဲ့သည်။
အစည်းအဝေးသို့ ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘာဒီးယား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကန်၊ တောင်အာဖရိက၊ မလေးရှား၊ အင်ဒိုနီးရှား အပါအဝင် ၂၁ နိုင်ငံရှိ ဗုဒ္ဓတက္ကသိုလ်များမှ ကိုယ်စားလှယ်များ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ ဧည့်သည်တော်များ စုစုပေါင်း ထောင်နှင့်ချီ တက်ရောက်နေကြခြင်းဖြစ်သည်။
မတ်လ ၁၀ ရက်နေ့၊ တပေါင်းလပြည့်နေ့တွင် ကျရောက်မည့် ဆရာတော်ကြီး၏ သက်တော် ၇၂ နှစ်ပြည့် ၇၃ နှစ်မြောက် မွေးနေ့ကိုလည်း ယနေ့အစည်းအဝေးနှင့် တိုက်ဆိုင်ပြီး ကြိုတင်ကျင်းပသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
ထို့အပြင် ဆရာတော် အရှင်ဉာဏိဿရ ဆောက်ထားသည့် သီတဂူတက္ကသိုလ်မှ သန္တိမဟာ သိမ်တော်ကြီး ဘွဲ့နှင်းသဘင် ခမ်းမကြီးကိုလည်း ပထမအကြိမ် ဘွဲ့နှင်းသဘင်ဖြင့် ကျင်းပဖွင့်လှစ်ခဲ့သေးသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နိုင်ငံရေး အမှုလိုက်ရှေ့နေ နှစ်ဦး ပြန်လွတ်လာ
နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၏ အမှုကို လိုက်လံ ဆောင်ရွက်ပေးသူ နှစ်ဦး ပြစ်ဒဏ်စေ့ပြီ ဖြစ်သဖြင့် ယနေ့ နံနက်ပိုင်းတွင် ပုသိမ်ထောင်မှ ပြန်လွတ်လာသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် အင်းစိန်ထောင်အတွင်း သီးသန့် တရားရုံးက တရားရုံးကို မထီမဲ့မြင်ပြုမှုဖြင့် ဗဟိုတရားရုံးရှေ့နေ ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့ကို ထောင်ဒဏ် ၄ လ ပြစ်ဒဏ်ချခဲ့ရာ ရက်စေ့ပြီဖြစ်သဖြင့် ပုသိမ်ထောင်မှ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မတ်လ ၇ ရက်
ရက်သတ္တပတ် ၁၀ ၊ ၂၀၀၉
မြန်မာသတင်း
ကားဝပ်ရှော့ဆိုလျှင် မြို့ပြင်ထွက်
ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်မြို့နယ် အတွင်းမှာ ရှိသော ကားဘော်ဒီပြင်လုပ်ငန်း၊ ကားဆေးမှုတ် လုပ်ငန်းနှင့် ကားအောက်ပိုင်း ပြင်ဆင်ရေး လုပ်ငန်းများ အားလုံး မြို့ပြင်သို့ ပြောင်းရွှေ့ရတော့မှာ ဖြစ်သည်။
လုပ်ငန်း လုပ်ကိုင်သူများကို သက်ဆိုင်ရာ ရပ်ကွက် အာဏာပိုင်များက ရုံးသို့ ဆင့်ခါ်၍ ရွှေ့ပြောင်းရေး အကြောင်းစာကို အသိပေးခဲ့ခြင်း ဖြစ်သည်။
ကားဝပ်ရှော့ ပိုင်ရှင်များက ပြောင်းရွှေ့ပါမည်၊ သို့မဟုတ် မပြောင်းပါက မြို့တွင်း လုပ်ကိုင်ခြင်း မပြုပါဟုဝန်ခံ ကတိရေးထိုးခဲ့ရသည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူတဦးက မဇ္ဈိမ သို့ ပြောသည်။
ပြောင်းရွှေ့မည့်နေရာများမှာ၊ တောင်ဒဂုံမြို့နယ်နှင့် မှော်ဘီ ၀ါးတရာကျေးရွာတို့ဖြစ်ပြီးပေ ၆၀ ပတ်လည်မြေတကွက်လျှင် ကျပ်သိန်း၆၀ ပေးသွင်းရမည်ဖြစ်သည်။
ပြောင်းရွှေ့ရန်အတွက် တိုင်းမှူးအမိန့်ဟု ဆိုကာ စည်ပင်က လာပေးသွားတာဖြစ်ကြောင်း၊ မည်သည့်နေ့ ရွှေ့ရမည်ဆိုတာတော့ မပါကြောင်း ရယက ဥက္ကဌတဦးက ပြောသည်။
ရန်ကုန်မြို့တွင်းတွင် ကားဝပ်ရှောပေါင်း အနည်းဆုံး ၃ ထောင်ခန့် ရှိမည်ဟု ခန့်မှန်းရပြီး အများစုမှာ တပိုင်တနိုင်အဖြစ် လုပ်ကိုင်နေကြခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
၂၀၁၀ ရွေးကောက်ပွဲ နိုးဆော်စာ ဖြန့်သည့်အတွက် ညောင်ဦးမြို့ခံများ။ မကျေနပ်ဖြစ်
် မန္တလေးတိုင်း ညောင်ဦးမြို့တွင် မတ်လ ၃ ရက်၌ ရွေးကောက်ပွဲအတွက် လူထုအား စည်းရုံးသည့် အနေဖြင့် ကိုအေးလွင် ဦးဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသားများ ပြည်ထောင်စု မြန်မာနိုင်ငံ ဆိုသော အဖွဲ့က နိုးဆော်စာများ ဖြန့်သွားရာ မြို့ခံလူထုက မကျေမနပ်ဖြစ်၍ ဆဲဆိုကြပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်ဟု သတင်း ရရှိသည်။
( အာအက်ဖ်အေသတင်းမှ ကောက်နှုတ်ချက် )
+++++
စာပေစိစစ်ရေး ဒစ်ဂျစ်တယ် ပြောင်းလဲမည်
ရန်ကုန် (မဇ္ဈိမ)။ ။ လာမည့် ဇွန်လဆန်းမှစတင်ကာ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက ဂျာနယ်များကို စိစစ်ရာတွင် ဒစ်ဂျစ်တယ် နည်းပညာကို ပြောင်းလဲ အသုံးပြုတော့မည်ဟု ဌာနမှ အရာရှိတဦး အပြောအရ သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ စာပေစိစစ်ရေးသို့ ပုံနှိပ်ဖြန့်ချီခြင်းမပြုမီ ခွင့်ပြုချက်တင်ပြရာတွင် လက်ရှိ ဂျာနယ်၊ မဂ္ဂဇင်းများ တင်ပြနေသည့် ပုံစံဖြစ်သော မူကြမ်းများကို စာရွက်များဖြင့် မိတ္တုကူးပြီး စိစစ်ရေးမှူးများထံ လိုက်လံ တင်ပြရသည့်ပုံစံမှ စီဒီ သို့မဟုတ် ဖိုင်သိမ်းဆည်းသော မန်မိုရီစတစ်ဖြင့် တင်ပြ၍ ရလာမည်ဖြစ်သည်။
အဆိုပါ စနစ်သစ်ကို ကနဦး အကောင်အထည်ဖော်သည့် အနေဖြင့် ဂျာနယ်များတွင် စတင်ကျင့်သုံးသွားမည်ဖြစ်ပြီး မဂ္ဂဇင်းနှင့် အခြားစာအုပ်စာတမ်းများကို တဖြည်းဖြည်း ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု သတင်းဂျာနယ် များကို စိစစ်တည်းဖြတ်ရသည့် စိစစ်ရေးမှူးတဦးက ပြောပါသည်။
၎င်းပုံစံသစ်အရ ဂျာနယ်များသည် စီဒီ သို့မဟုတ် မန်မိုရီစတစ်ဖြင့်သာ တင်ပြလိုသည့် မူကြမ်းကို စိစစ်ရေးရုံးသို့ ယူဆောင်လာရမည်ဖြစ်ပြီး စိစစ်ရေးရုံးအတွင်း ကူပြူတာများ တလုံးနှင့်တလုံး ကွန်ယက်ချိတ်ဆက်ကာ တည်းဖြတ်သွားမည်ဟု ၎င်းက ဆိုပါသည်။
တည်းဖြတ်ပြီးသွားပါက လတ်တလောတွင် ဂျာနယ်များသို့ ပရင့်ပြန်လည်ထုတ်ပေးသည့်ပုံစံဖြင့်သာ ကျင့်သုံးသွားဦးမည်ဖြစ်ပြီး နောက်ပိုင်းတွင် အွန်လိုင်းမှတဆင့် အပြန်အလှန်ပေးပို့သည့် ပုံစံအထိ ပြုလုပ်သွားဖို့ ရည်ရွယ်ထားသည်ဟု အဆိုပါ စိစစ်ရေးမှူးက ဆိုပါသည်။
လတ်တလောတွင်း စာပေစိစစ်ရေးရုံးတွင်းရှိ ကွန်ပြူတာများကို နက်ဝက်များချိန်စက်ထားပြီးဖြစ်ပြီး စမ်းသပ်အသုံးပြုနေပြီဟု အဆိုပါရုံးမှ ၀န်ထမ်းတဦးက ပြောပါသည်။
ထိုသို့ လက်တွေ့ကျင့်သုံးရန်မှာမူ မြန်မာနိုင်ငံ၏ အင်တာနက်မြန်နှုန်း အလွန်နှေးကွေးသဖြင့် လက်တွေ့အကောင်အထည်ဖော်ရန် မဖြစ်နိုင်ကြောင်း ပြည်တွင်းသတင်းဂျာနယ် အသိုင်းအ၀ိုင်းက သုံးသပ်ကြသည်။
သို့သော်လည်း ဂျာနယ်များမှ စိစစ်ရေးရုံးသို့ တင်ပြသည့်ပုံစံဖြစ်သည့် ဂျာနယ်စာမျက်နှာ၏ သုံးပုံနှစ်ပုံကို ဂျာနယ်ထွက်မည့်ရက်နှင့် တပတ်ခွာ၍ လည်းကောင်း၊ ကျန်သုံးပုံတပုံကို နောက်နှစ်ရက်နှင့် သုံးရက်အကြာတွင်လည်းကောင်း တင်ပြရမည့် ပုံစံများကို လတ်တလောပြောင်းလဲသွားရန် အစီအစဉ်မရှိသေးဟု အရာရှိကပြောသည်။

Monday, March 2, 2009
တလအတွင်း သတင်းများအပေါ် သုံးသပ်ချက် ( သို့ ) ဖြစ်ပုံစုံလင် ဤတလတွင် ( ဖေဖေါ်ဝါရီလ )

ကမ္ဘာ့ ရာသီဥတုသည် နေရာ အတော်များများတွင် နှစ်များစွာမှ တကြိမ်သာ ဖြစ်တတ်သော စံချိန်တင် အအေးဒဏ်ကို လူတွေ ခံစားလိုက်ရ၏။ သေသူသေ ကြေသူကြေနှင့် ဒုတိယ လပတ်လည်း စိတ်မကောင်းစရာတွေများနှင့် ဖြတ်သန်းခဲ့ရပါတယ်..
နှာစေးတဲ့ ကမ္ဘာကြီး အအေးလွန်ပြီး တုတ်ကွေးစွဲသလို ကြက်ညှာချောင်းဆိုး ဖြစ်နေရပြန် ။ နေပူ ညချမ်း တပေါင်းလဆန်းကဲ့သို့ ရာသီက မမျှတ၊ ရွာမှာနေတုန်းက လူကြီးသူမတွေ ပြောပြောနေသလိုပေါ့၊ မိုးလဲမမှန်၊ မင်းလဲ မမှန်၊ နောက်ဆုံး ငါ …လဲ မမှန်တော့ဘူး ဆိုသလိုပေါ့ဗျ၊
မမှန်တာတွေ များလွန်းတဲ့ ကမ္ဘာကြီးမှာ အယ်ဂိုးက ကမ္ဘာ့ကြီး ပူနွေးတာနဲ့ ပတ်သက်ပြီး တင်ပြခဲ့တဲ့အတွက် သူ့တင်ပြချက်ကို မှန်လွန်းလို့ လူတွေက လက်ခုတ် သြဘာပေးပြီး နိုဗယ်ဆုကြီးတောင် ပေးလိုက်ရတယ် ဆိုပဲ၊ ဒါဗေမဲ့ ကမ္ဘာ့ကြီးက အလွန်အေးလာတာကို သူ မတင်ပြနိုင်ခဲ့ဘူး။ သနားစရာပဲ… သူထက် သနားစရာကောင်းတာက အိုဘားမှား အဲ .. ယောင်လို့ အိုဘားမား သူခမျှ သူ့တိုင်းပြည်ကို ချစ်လွန်းလို့ နိုင်ငံခြားရေးကို ဒု သမ္မတပဲ လွဲထားပြီး၊ ကွန်ဂရက်မှာ ဖွလိုက် ဟလိုက် လုပ်နေတာလေ၊နောက်တော့ ဒီလ ၁၇ ရက်နေ့မှာ လူပေါင်း ၃.၈ သန်း အလုပ်ရရှိရန်အတွက် မဟာကူညီရေး စီမံကိန်းကြီး လက်မှတ်ထိုးလိုက်တယ်။ အမေရိကန်တွေ အလုပ်ရမှ ၀ယ်လိုအားတက်လာမယ်။ ဈေးကွက်က ပြန်ရှင်သန်လာမယ်ဆိုတော့ နိုင်ငံတကာလဲ ထုတ်လှုပ်မှုများ ပြန်လှည် ဖွံဖြိုးလာမှာပါ။ လာတော့လာမည် ကြာမည်သဘောပါပဲ..
ဦးနုတို့ခေတ်က ပြည်တော်သာ စီမံကိန်းလို ဖြစ်လာမလား ဒါမဟုတ် … စောင့်ကြည့်ရမှာလေ၊
အရှေ့လယ်ပိုင်းကတော့ အရင်တိုင်းပါပဲ အတ္တ၀ါဒီတွေဆိုတော့ ရှင်းလေ ရှုပ်လေပါပဲ၊ ရေးတဲ့သူက လက်ညောင်းရုံပဲ အဖတ်တင်မယ်၊ တော်ပြီ မရေးတော့ဘူး။
မြန်မာ စီးပွားရေးမှာ ဆန် ရေထွက် နှင့် တခြား ပစ္စည်းများ တင်ပို့မှု ကျဆင်းလာပြီ။ ကျလာတော့ ဘာဖြစ်မလဲ။ ရောင်းအားမရှိတော့ အ၀ယ်ဒိုင်တွေ ပွဲရုံတွေက မ၀ယ်ဖြစ်၊ ထုတ်လုပ်သူ ပင်ရင်းဖြစ်တဲ့ အခြေခံ ထုတ်လုပ်သူတွေ နစ်နာမယ်။ လူမှုရေး စီးပွားရေး အစစအရာရာ ကျဆင်းလာမယ်။ သတင်းတွေ တက်လာဦးမယ်။ အခြေခံ စက်မှုထုတ်ကုန်အဖြစ် တင်ပို့နေတဲ့ သတ္တု ရော်ဘာနှင့် ကွမ်းသီး လည်း တင်ပို့မှု ကျဆင်းလာမယ်။ ဒီလို အခြေခံ လူတန်းစားတွေအတွက် အကျိုးရလဒ် ဆုံးရှုံးလာ၊ အခုကြားနေရပြီ ကုန်စည်စီးဆင်းမှု တ၀က်လောက်ကျဆင်းနေပြီတဲ့။ အခု တ၀က်လောက် ကျဆင်းနေပြီဆိုတော့ နောက်နှစ်များ ရင်လေးစရာပါလား။
အနည်းအကျဉ်းတတ်နိုင်တဲ့ လူတွေအတွက်လဲ နိုင်ငံခြားထွက်ခွင့် ပိတ်၊ အလုပ်သမားလက်ခံတဲ့ နိုင်ငံတွေကလဲ မလို၊ အဖက်ဖက်က ထိုးကျလာပြီဆိုတော့ လူမှုရေး အုံကြွမှုတွေ ဖြစ်လာနိုင်မယ်လို့လဲ မဆိုလိုချင်၊ တော်ကြာ လူလ တယောက် ကွန်မြူနစ်တွေလို သွေးထိုး လှုံဆော်ပေးတယ်လို့ ထင်ခံရမှာ စိုးတယ်။ ဆရာ သိန်းဖေမြင့်စကားလို့ပေါ့၊ အက်ကြောင်းကို သပ်နပ်တာပါ၊
လူမှုရေး မညီမျှမှုတွေ ဖြစ်လာမဲ့ အကျိုးဆက်ဟာ အစိုးရဆိုတဲ့ အပိုင်းက ဖြေရှင်းမှုအပေါ်မှာပဲ မှုတည်ပါတယ်။ အစိုးရ ကောင်းရင် ဘာမှ မဖြစ်ဘူး၊ မကောင်းရင်တော့ ဖြစ်လာမှာပဲ၊ တကယ်လို့ ဖြစ်လာရင် ကိုယ်ညံဖျဉ်းတာကို မပြောပဲနဲ့၊ ဟိုလူ သွေးထိုး၊ ဒီအဖွဲ့က မြောက်ပင့် ပေးတယ်ဆိုပြီး ဟင်းရည်ပူ လျှာလွဲတဲ့ ဓလေ့ကလဲ ရှိနေပြန်တယ်လေ။ ဒီစီးပွားရေး ဂယက်ကိုလဲ သူတို့ အာဏာ တည်မြဲဖို့အတွက် ထွက်ပေါက်တခု အသုံးချလာနိုင်တယ်။ သဘောက လူထုတွေ ငတ်လာပြီး အုံကြွမှုတွေ ဖြစ်လာနိုင်တယ်။
ဒီလိုဖြစ်လာခဲ့ရင် ဒါကို အခွင့်ကောင်းယူ အသံကောင်းဟစ်ပြီး အဖက်ဖက်က ယိုယွင်းပျက်စီးလာသော နိုင်ငံတော် အာဏာကို ထိန်းသိမ်းရန် အလို့ငှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံမှ အာဏာကို ဗိုလ်ချုပ်ကြီး ++ က အာဏာသိမ်းလိုက်ကြောင်း၊ တည်ဆဲ ဥပဒေအရ စစ်ဥပဒေဖြင့် နောက်ထပ် အနှစ် ၂၀၊ ဆက်လက် အုပ်ချုပ်သွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို ရက်အကန့်သန့်မရှိ ရွေ့ဆိုင်းလိုက်ကြောင်း.. ဘလာ ဘာလာ တွေဖြင့်ပေါ့။ ဟုတ်တယ်လေ၊ ၈၈ တုန်းက ကြည့်ပါလား ငွေစက္ကူ ပြသာနာဖြစ်တော့ အစိုးရမှာလဲ ပြန်လှဲပေးဖို့ ဘဏ်တွေမှာ ငွေမရှိတော့ဘူး၊ ဆိုတော့ ပြည်သူတွေ ငတ်လာတယ်။ ငတ်တော့ ကြွတယ်။ ဒါက ကမ္ဘာ့နိုင်ငံရေး သီအိုရီပါပဲ။
ဆိုတော့လဲ တပွဲတိုး စိတ်ဖြေဆည်ရာ ထွက်ပေါက်ဖြစ်တဲ့ ဗေဒင်ဟောတမ်းထုတ်တဲ့သူနှင့် ဗေဒင်ဆရာတွေ ကောင်းစားတဲ့သတင်းကို ဒီဗွီဘီသတင်းမှာ ဖတ်လိုက်တယ်။ မြန်မာလူမျိုးတွေက တမျိုးပဲ၊ တချို့ကို ပြောတာပါ၊ အားလုံးတော့ မဟုတ်နိုင်ပါ။ ဗုဒ္ဓဘာသာလို့လဲ ခံယူသေးတယ်။ ဘေး ဒုက္ခတွေနှင့် ကြုံဆုံလာရင် အရင်ဆုံး သတိရ တမ်းတလိုက်တာက ဗေဒင်ဗျ၊ ဗေဒင် သရဏံ ဂစာမိ တောင် သရဏံဂုဏ်စာရင်းထဲမှာ ထည့်သွင်းရမလိုလို ဖြစ်နေပြီ၊ တချို့ ဗေဒင်ဆရာတွေက ဟောခကို နည်းနည်းယူပြီး ယတြာမှာ များများ ရိတ်တယ်တဲ့။
ယတြာဆိုလို့ ပြောရဦးမယ်။ လူတယောက်က အခြေအနေ မကောင်းလို့ ဗေဒင်ဆရာဆီကို သွားလိုက်ပြီ၊ ဗေဒင်ဆရာက လုပ်နေကျ “ မဟုတ်ပါ ” အဲ.. ယောင်လို့ “ မဟာဘုတ် ” တွေ ထောင်၊ နေ့နံတွေ မေး တောင်စဉ်းစား မြောက်စဉ်းစားပြီး၊ ဟိုဘုရားမှာ ဆီးမီး ပူဇော်လိုက်၊ ဒီဘုရားမှာ အုန်း၊ ငပျောပွဲ ပေးလိုက်၊ ဘယ်လမ်းထောက်က ဘုရားမှာ ငါးပါးသီလခံပြီး ဆွမ်းတော်တင်လိုက် ဟောလိုက်မယ်၊ ဒီတော့ အဟောခံရသူက ပြောတဲ့အတိုင်း လိုက်လုပ်မယ်၊ စဉ်းစားကြည့်နော်၊ ဘုရားသာ အသက်ထင်ရှား ရှိတော်မူနေမယ်ဆိုရင် ငါ ဘုရားကို ဗေဒင်ဆရာ ပြောမှ နင့်က ငါ့ကို လာပူဇော်တာပေါ့ ဆို၍.. ဂရုဏာဖြင့် ကြည့်တော်မူလိမ့်ထင်ပါ၏။
ခက်ပ၊ ကမ္ဘာလုံးဆိုင်ရာ လူမှု အသိုင်းအ၀ိုင်းတခုလုံး ပျက်စီးခြင်း ရောက်တဲ့ အနေအထားမှာ ဗေဒင်တွေက ကူညီ ဖြေရှင်း ပေးနိုင်လိမ့်မယ် မထင်၊ ဗုဒ္ဓဘာသာ အခြေခံသဘောတရားအရ ယုတိကျကျ ချဉ်းကပ်မှုဖြင့် ဥပမာဗျာ။ ။ ဒီနှစ်ကံမကောင်းဘူး။ ဆိုတော့ ဗေဒင် မေးမဲ့အစား လပြည့် လကွယ်အပတ်များမှာ နိုင်သလောက် ရက်လေးကို ဘုန်းကြီးကျောင်းသွားပြီး ဥပုသ်သီလယူပြီး ကုသိုလ် လုပ်မယ်။ သေခြာတာက အနည်းဆုံးတော့ ထမင်းတနပ် သက်သာမယ်။ ကုသိုလ်ရတဲ့ သဘောပါ၊ ပိုက်ဆံကုန်ခံပြီး ယတြာ ချေမဲ့အစား နိုင်သလောက်လေးကို ဘုန်းကြီးကျောင်းမှ ဘုန်းဘုန်းတွေကို လှူတန်းလိုက်ရင်ဖြင့် သံသရာကျိုးအတွက်လည်း ကောင်းလာမယ်။ မျက်နှာပန်းလှလှနှင့် ဘုန်းကြီးကျောင်းမှာ ဥပုသ်ဆောက်တည်ခွင့် ရမယ်။ လူလတော့ ဗေဒင်ပညာက ကမ္ဘာ့စီးပွားရေး ကျဆင်းနေမှုကို တိုက်ဖျက်ပေးနိုင်လိမ့်မယ်လို့ မမြင်ရိုး အမှန်၊
လွန်ခဲ့တဲ့ တလကျော်ကျော်က ဗေဒင် ဘလောဂ်ရေးနေတဲ့ ကိုတေးကိုတောင် သွား စ လိုက်သေးတယ်။ ဘလောဂ် လိုင်းပြောင်းတော့မယ်လို့။ သူက ပြန်မေးတယ်လေ ဘာလိုင်းလဲတဲ့ ။ ဗေဒင်လိုင်း ဟု ပြန်ဖြေလိုက်တာ ။ သူက အဟက်ဟက် ဆိုပြီး.. ပိုင်တယ်နော်ဆိုတဲ့ အထာ။
စကားမစပ် လူလတယောက် ပထမအကြိမ် ငရဲမှ လွတ်မြောက်နေတုန်း ကာလပေါ့၊ သိပ်မကြာဘူး ၂ လောက်ပါပဲ၊ အလုပ်ပြန်စတယ်၊ အဲဒါ ကိုယ်လို့ပဲ သူတယောက်.. အလုပ်ပြန်စတော့ အလုပ်အတူတူ သွားဖြစ်တယ်၊ သူက ကိုယ့်ကို ပြောတယ်၊ သူ ဘုန်းကြီးကျောင်းသွား အလှူတွေ လုပ် ကောင်းမှုတွေ လုပ်တာကြောင့် အလုပ်စောစော ပြန်ရတာတဲ့၊ ကြည့်စမ်း လူလနဲ့တွေ့တာပေါ့၊ ကျွန်တော်က ဘာကုသိုလ်မှ မလုပ်ရပဲနှင့် အလုပ်ပြန်ရတာလေဟု ပြောလိုက်တာ သူ့ခမျှ မျက်လုံးလေး ပေကလပ်၊ ပေကလယ်နဲ့… ဒီလိုဗျ တချို့များ အယူတိမ်းတာ၊ အခုလိုပြောတာ ဒိဌိတော့မဟုတ်ပါ လိုအပ်မှ ဘုရားတ နေလို့ပါ။
ဂန်ဘာရီကြီး ဗုံမဆင် ဆိုင်းမဆင့်နဲ့ ပေါက်ချလာတယ်။ အရင်အခေါက်တွေကဆို ကုလ သံတမန်တွေ ၀င်မယ်ဆိုရင် တလလောက်အကြာ သတင်းထွက်တယ်။ အခုလာတာက ထူးခြားနေသလိုပဲ၊ ဒီတပတ်ပဲ ကြားလိုက်ရပြီး ရုတ်တရက် ပေါက်ချနေပြီ။ သူ့အား အတိုက်အခံတွေကို အရင်တွေ့ပေးနေတယ်၊ စစ်အစိုးရက ဘာပဲ လုပ်လုပ် တော်တယ်ဗျ၊ အလုပ်တခုကို လုပ်လိုက်တိုင်းမှာ ရည်မှန်းချက် တခုတည်း မထားဘူး။ အနည်းဆုံး ရည်မှန်းချက် သုံးခု လောက်ရတယ်။
ဘီလိယက် စကားနဲ့ပြောရရင် တွိုင့်စ် ( ကာတင် ) ရိုက်သလိုပေါ့၊ ထိုးလုံး တလုံးတည်းနဲ့ ထိုးလိုက်ရင် ခံ လုံး နှစ်လုံး သို့မဟုတ် ထိုးလုံးရော ကျဉ်းထဲ ၀င်တယ်။ အဲဒီပုံစံပါပဲ လူတွေက ငတ်စ ပြုလာပြီ အစိုးရကလဲ သူ့မူကိုပဲ အီလည်လည် နှင့် ငါလှေ ငါထိုး ပဲခူးရောက်ရောက် ဆိုပြီး ခေါင်းမရွေ့ လုပ်နေတယ်၊ အစွန်းနှစ်ဖက်ကို ရောက်နေတဲ့ အနေအထား၊ ဒီတော့ စိတ်ဓါတ်စစ်ဆင်ရေးအရ လူထုအတွင်း တင်းကြပ်နေတာတွေကို ဖြေလျော့နိုင်တဲ့ နည်းလမ်းတွေ အသုံးပြုမယ်၊ ဒါကြောင့် ဂန်ဘာရီကြီးကို တိုးတိုးတိတ်တိတ် ခေါ်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံတွေကို အရင်တွေ့ပေးတယ်။ ဒါမှလဲ ကုလ နှင့် ဥရောပ တို့က ဆိုင်းငံထားတဲ့ နာဂစ်အတွက် ဒေါ်လာ သန်းပေါင်းများစွာ လာမယ်လေ၊ နောက်ပြီး အနောက်နိုင်ငံများက ပိတ်ဆို့ထားတဲ့ စီးပွားရေးကို အသည်းအသန် ပြန်ဖွင့်နိုးနိုး ပုံစံဖြစ်မယ်။
သူတို့က နာဂစ်အတွက် လာတဲ့ပိုက်ဆံတွေကို သူတို့အကျိုးအတွက်ပဲ၊ အသုံးပြုလိုက်တဲ့ အရာအားလုံးကလဲ သူတို့ကို ထောက်ခံ ခေါင်းညိတ် နေတဲ့ သူတွေအတွက်ပါပဲ၊ သိသလောက် နာဂစ်ဖြစ်စမှာ စစ်အစိုးရအတွက် အစိုးရ အချင်းချင်း ကူညီတာ တော်တော်လေးကို ရတာဗျ၊ တချို့မသိတဲ့ နိုင်ငံတွေက ပေးတာ အများကြီး၊ ဥပမာ တူရကီလိုနိုင်ငံမျိုးကလဲ နာဂစ်အတွက်ဆိုပြီး ဒေါ်လာ သိန်းချီပြီး ပေးတယ်လို့ ကိုယ်တို့ အလုပ်မှာ သန့်ရှင်းရေး လုပ်နေတဲ့ တူရကီ အဖိုးကြီးတယောက် ပြောပြလို့ သိတယ်။ ဆိုလိုတာက မြန်မာ စစ်အစိုးရနှင့် ဆက်သွယ်မိနေတဲ့ နိုင်ငံတိုင်း ပေးမှာပါ၊ ဘာလိုဆိုတော့ ကမ္ဘာပြည်သူ ပြည်သားတွေအတွက် နာဂစ်ဟာ ဒုတိယ ဆူနာမီငလျင်လိုပါပဲ။
ကိုယ်ချင်းစာပါတယ်။ ပေးတယ်၊ ပေးတော့ ရေစစ်သလို အဆင့်ဆင့်ခံ သောက်လာတော့ အမှန်အကန် ဒုကဖြစ်တဲ့ လူသားအတွက် အနည်းအကျဉ်းသာ ရောက်၏။ နောက်တော့လဲ ပေးတဲ့သူက ဘယ်လို ကြည်ဖြူတော့မှာလဲ၊
နောက်ပြီး နိုင်ငံတကာမှာ ပြန့်နှံနေထိုင်တဲ့ မြန်မာလူမျိုးတွေက ကိုယ်နိုင်ငံအကြောင်း ကိုယ်သိနေတယ်လေ၊ အစိုးရကို တိုက်ရိုက်မပေးချင်ဘူး၊ ပေးတဲ့သူတွေလဲ ရှိမှာပါ၊ သူ့အကြောင်းနဲ့သူပေါ့။ လူမှုရေးအဖွဲ့အစည်းတွေကိုပဲ ပေးချင်တာလေ။ အထူးသဖြင့် ကိုကျော်သူတို့ လုပ်ငန်းမျိုး၊ ကိုဇာဂနာတို့ လုပ်ငန်းမျိုး ဒါလဲ ခွင့်မပြုဘူးဆိုတော့ တကယ့်ကို အကျိုးရ ခံစားနိုင်တဲ့ အခြေခံ လူတန်းစားတွေအတွက် နစ်နာရပြန်၊
အခုလဲ စစ်အစိုးရက ဂန်ဘာရီကို ခေါ်ပြီး ဂွင်ဖမ်းတာလေ၊ အကျိုးကတော့ ဟ.. အတိုက်အခံတွေနဲ့ ဂန်ဘာရီတွေ့ပြီ ၊ နိုင်ငံရေး ရောင်ခြည်သန်းလာတော့မယ်လို့ ပြည်သူတွေက ရသေ့စိတ်ဖြေရ၊ နောက်ဆုံးတော့ ၂၀၁၀ ရွေးကောက်ပွဲက တစစနဲ့ နီးကပ်လာပြီး သူတို့ ရည်မှန်းချက်ကို ရောက်သွားမယ်။ တချက်ခုတ် နှစ်ချက်ပြတ်ပေါ့ဗျ၊ ကုလနှင့် နိုင်ငံတကာက ဆိုင်းထားထားတဲ့ အလှူငွေတွေ ရလိမ့်နိုးနိုး၊ ရွေးကောက်ပွဲအတွက် ရည်မှန်းချက် အောင်မြင်ဖို့အတွက် ပြည်သူကို မျက်လှည့်ပြမယ်။ အောင်မြင်ခဲ့ရင် စစ်အစိုးရအတွက် ဘဏ္ဍာလဲ ခိုင်၊ ပဏ္ဍင်လဲ ထိုင်ပေါ့..
အခုကြည့်ပါလား ဦးသိန်းစိန်က ဂန်ဘာရီနှင့် တွေ့ဆုံအချိန်မှာ အဓိကတောင်းဆိုတာက မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှု ဖွင့်ပေးရင် နိုင်ငံရေးက ပြေလည်မယ်တဲ့၊ ပြောနေပြန်ပြီ အရှက်မရှိဘူး။ အရင်တုန်းကတော့ ဘယ်လောက် ပိတ်ပိတ် ရပ်တည်နေနိုင်တယ်ဆို၊ စီးပွားရေး ဂယက်လဲ မခံရဘူးဆိုပြီးတော့ အခုတော့လဲ တမျိုး၊ အင်းပေါ့ ကမ္ဘာ့စီးပွားရေး ဂယက်က မြန်မာကို အမှန်အကန် ရိုက်ခတ်နေပြီလို့ ၀န်ခံနေသလိုလို၊ ဆိုတော့ ဦးသိန်းစီန်ရယ်.. ရှေ့တမျိုး၊ နောက်တမျိုး အရှက်ခံပြီး ပြောနေမဲ့အစား၊ စစ်တန်းလျားမှာပဲ နေပြီး တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေပါတော့။ ဒါမှ တကယ့် စစ်သားဆိုပြီး ပြည်သူတွေ ချစ်ကြမှာလေ။
နောက်ပြီး အမေရိကန်ကလဲ ဘင်္ဂလီတွေ မြောက်ပေးပြီး အုန်းစားနေတယ်၊ ပင်လယ် ရေပိုင်နက်နဲ့ ရိုဟင်ဂျာ ကိစ္စမျိုးတွေပေါ့၊ ဂျော့ဘုရှ်ကြီး သူ့နိုင်ငံ စီးပွားကျအောင်လုပ်၊ ဆင်ပိန်တော့ ကျွဲလောက် ကျန်ပါသေးတယ်။ အခုက ခြင်ပိန်တော့ မြူမှုန့်လေးတွေလောက်တောင် မရှိ ဘ၀ ဖြစ်နေပါပြီ ကြည့်ပါတော့၊ မြန်မာငွေတန်ဖိုးတက်လာတယ်။ တက်လာတော့ နိုင်ငံခြားငွေ လက်ဝယ်ထားသူများက အရင်တုန်းက ပေါက်ဈေးနှင့် ၀ယ်ထားတယ်။ အခုဈေးနဲ့ တွက်ကြည့်လိုက်ရင် လက်ဝယ်ထားသူတွေအတွက် ဆင်းရဲသွားတဲ့သဘော။ တွေးကြည့်တာပါ ဟုတ်မဟုတ်တော့မသိဘူး၊ လက်တွေ့တော့ ပြည်တွင်းဈေးကွက်ဟာ ဖုတ်လိုက်ဖုတ်လိုက် ကြုံနေရပါ၏။
ပြောချင်တာကတော့ မောင်အေးလွင်ဆိုတဲ့ လူတယောက်ကိုပဲ၊ ဂန်ဘာရီကြီးနှင့် တွေ့ရပြီ၊ ငါလဲ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တတန်းစားတဲ့ ဆိုက်ဂိုက်ဖမ်းပြီး ဖွနေတာလေ၊ ခက်ပ၊ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်က အများထောက်ခံထားတဲ့ ဆန္ဒကို လိုက်နာခြင်းမရှိဘူး .. တဲ့၊ နိုင်ငံတကာကလဲ ဘက်လိုက်ပြီး မြန်မာကို စီးပွားရေး ပိတ်တယ် ဘာလေး ညာလေးနဲ့ သူက လေတာပေါ့…။
ဝါးလုံးခေါင်းထဲကနေ လသာနေတာကို ဝေဖန်ရင် လမင်းကို ခွေးဟောင်တယ် ထင်မြင်မလား၊ စဉ်းစားနော်။ ပြသာနာက ၀ါးလုံးခေါင်းထဲက လ ဖြစ်နေတယ်လေ၊ အိမ်ပြင်ကမ္ဘာကို ခဏလောက် လှည့်ပတ်လိုက်ပါဦး၊ ကမ္ဘာကြီးဟာ ဘာတွေ ဖြစ်နေတယ်ဆိုတာ၊ ဒါမှ တကယ့် လ အစစ်၊ ကျုပ် ပြောပြမယ်၊ အိုကေ ကိုအေးလွင် ပြောသလို၊ ပြည်တွင်း အတိုက်အခံတွေက ပြည်သူ့ဆန္ဒကို လက်မခံဘူး။ ဟုတ်ပြီ ရှင်းပြမယ်၊ ပထမတချက် ၉၀ ရွေးကောက်ပွဲက ဘာကြီးတုန်း၊ သေချာတာက မသာအိမ်က ဖဲဝိုင်းတော့ မဟုတ်ဘူးနော်၊ နှစ် ၂၀ လောက် အချိန်ယူပြီး ပြိုင်ဖက်မရှိတဲ့ ဆန္ဒမဲဖြင့် ထောက်ခံတာကို ကြည့်ပြီး မပြောနဲ့လေ၊ နောက်ပြီး ခင်ဗျားက ထင်နေမယ်၊ နိုင်ငံတကာက အထူးသဖြင့် အနောက်နိုင်ငံ အသိုင်းအ၀ိုင်းများက အတိုက်ခံတွေ သွေးထိုးစကားကို နားယောင်ပြီးတော့ ဘက်လိုက်တယ်။ စီးပွားရေး ပိတ်ဆို့တယ်လို့ ပြောတယ်။
အင်း ၀ါးလုံးခေါင်းအတွေးအခေါ်ကို ရှင်းပြမယ်နော်၊ မူဝါဒတခုကို ဆုံးဖြတ်ချက်ချမယ်ဆိုရင် ဘယ်လူမျိုး၊ ဘယ်အသိုင်းအ၀ိုင်းဖြစ်ဖြစ် ပြသာနာရဲ့ အရင်းမြစ်ကို ယုတ္တိကျကျ ချဉ်းကပ်တယ်၊ မယောက်ရာ ဆီလူး ယောင်ဝါးဝါး အတွေးအခေါ်နဲ့ ဘယ်တော့မှ မလုပ်တတ်ဘူး၊ ကမ္ဘာ့ လူမှုအသိုင်းအ၀ိုင်းက မြန်မာပြည်မှာ တိုင်းပြည် အုပ်ချုပ် မင်းလုပ်နေတဲ့သူများဟာ အာဏာနှင့် ပတ်သက်လာရင် လူကို လူလိုမမြင်၊ လုပ်နေတာက လွဲနေတာတွေက လူ့အခွင့်ရေး ချိုးဖေါက်တယ်လို့ မြင်တယ်၊ ခင်ဗျားက ပြန်ငြင်းဦးမယ် ဘယ်မှာလဲ လူ့အခွင့်ရေး ချိုးဖောက်တာတွေ ဆိုပြီး၊ ကင်တာနားက မြန်မာပြည်မှာ ထမင်းလက်ဆုံ လာစားနေတာ မဟုတ်ဘူး သေချာတယ်။
နောက်တခု နိုင်ငံတကာက မြင်တဲ့ ၉၀ ရွေးကောက်ပွဲဟာ စစ်တပ်ရဲ့ ဘက်လိုက်မှု မရှိပဲ ကျင်းပခဲ့တာ သူတို့ သိတယ်လေ၊ ဒီရွေးကောက်ပွဲ ရလဒ်ကို သူတို့ လက်ခံတယ်၊ ဒါကို စစ်အစိုးရက ပြန်ပြီး မျက်ကွယ်ပြုလိုက်တယ်လို့ မြင်သွားတယ်လေ၊ မြင်တော့ သူတို့နိုင်ငံမှာ ရှိတဲ့ တက္ကသိုလ်တွေမှာ အကြောင်းအရာတခုကို တစိုက်မှတ်မှတ် ဘက်မလိုက်ပဲ ပြုစုလေ့လာနေတဲ့ ပညာရှင်တွေ၊ အစိုးရ မဟုတ်သော ၀ါသနာအရ ပြုစုနေတဲ့ အသိပညာရှင်တွေ ရှိတယ်ဗျ၊ ဥပမာ ။ ။ သစ်ပင်၊ တိရဆ္ဆန်၊ ရေမြေ လူ၊ နိုင်ငံနှင့် သဘာဝ အကြောင်းတွေပေါ့။ မြန်မာနိုင်ငံအကြောင်းကို လေ့လာနေတဲ့ ပညာရှင် တယောက် ဆိုပါစို့။ အဲသည်လူဟာ အတိုက်ခံလောကမှာ နာမည်ရနေတဲ့ မြန်မာအရေး ကျွမ်းကျင်သူတွေလောက်တော့ သိနိုင်တယ်ဗျ၊
ဒီ ပညာရှင်တွေက အကြောင်းအရာတခုကိုတက္ကသိုလ် စတက်ကဒဲက မေဂျာတခု ယူပြီး တသက်လုံး လုပ်နေတာလေ၊ မြန်မာနိုင်ငံအတွင်းက ပညာရှင်တွေလို မဟုတ်ဘူး၊ လုံးဝ လွတ်လပ်တယ် ဘယ်သူမှလဲ ထိန်းချုပ်လို့မရဘူး သူတို့ရဲ့ ကိုယ်ပိုင် လေ့လာချက်များကိုပေါ့၊ အဲဒီလို လေ့လာချက်များအပေါ် နှောင်ကြိုးမဲ့စွာ လွတ်လွတ်လပ်လပ် ဆွေးနွေးတင်ခွင့် သုံးသပ်ခွင့် ရရှိတယ်။ မြန်မာပြည်မှာလို့ စစ်အစိုးရ မူဝါဒ အောက်ကနေ ဆွေးနွေးတဲ့ ပုံစံ မဟုတ်ဘူး။ ဖုတ်ပူမီးတိုက်သလို ငေါက်ကနဲ့ ထ လုပ်တဲ့ မြန်မာအရေး ကျွမ်းကျင်သူတွေလိုလဲ မဟုတ်ဘူးဗျ၊ နှစ်ပေါင်းများစွာက စနစ်တကျ လေ့လာနေတဲ့ သူတွေပါ။
ဒီတော့လဲ အပေါ်က ပြောသလို ပြသာနာကို ချဉ်းကပ်ရန်အတွက် သတင်း အင်ဖေါ်မေးရှင်းတွေက အဲလို လူတွေမှ ရတယ်၊ ပြီးမှ သဘောအထားအမြင် အားလုံးကို သုံးသပ်ပြီး ဆုံးဖြတ်ချက် ချတယ်၊ နော်ဝေ ဒီန်းမတ်တို့ မြန်မာပြည်ကို စီးပွားရေး ပြန် ဖွင့်ပေးဖို့ စဉ်းစားနေပြီ၊ ကဲ .. ဘယ်လိုပြောမလဲ၊ သေချာတာက ခင်ဗျားတို့ ပြောလို့မဟုတ်ပါ၊ သူတို့ သိတယ်ဗျ အချဉ်တွေ မဟုတ်ဘူး၊ သူတို့က နိုင်ငံရေး ပြသာနာထက် လူသားချင်း စာနာတတ်တာက ယဉ်ကျေးမှုလို ဖြစ်နေပြီ အထူးသဖြင့် ကလေးနဲ့ မိန်းမကို ပထမကြည့်တယ်။ ကြုံရင်မေးကြည့်ပေါ့ အခုလက်ရှိ မြန်မာနိုင်ငံရေးကို ကြိုက်သလားလို့၊ တခု သတိပေးချင်တာက လိပ်ခေါင်းထွက်မတတ် ကုန်းပြီး အော်ပေးလို့ ဒီလိုဖြစ်လာတယ်ဆိုပြီး သွေးနထင် ရောက်မနေပါနဲ့၊
ဖြစ်နေတာက စစ်အစိုးရ အာဏာမက်လို့ပါ၊ ဗိုလ်စောမောင် စကားအတိုင်း စစ်တန်းလျားမှာ ပြန်နေမယ်ဆိုရင် အခုလောက်ဆို NLD လဲ အတိုက်ခံပါတီတခု ပုံစံနှင့် လူထု ကြိုက်ချင်မှ ကြိုက်မှာ၊ အနှစ် ၂၀ လုံးတော့ ဘယ်ပါတီမှ သူတို့ အာဏာကို ဆုပ်ကိုင်ထားလို့ မနိုင်ပါဘူး၊ လေးနှစ်တကြိမ် ပြည်သူ့ ဆန္ဒနဲ့ သွားနေတယ်ဆိုတော့။
နောက်ပြီး ကိုအေးလွင်ပြောသလို လူပိန်းစကား ပြောမယ်၊ အိုကေ ခင်ဗျားတို့ ထောက်ခံခဲ့တဲ့ အခြေခံ ဥပဒေ ထောက်ခံပွဲ အနိုင်ရခဲ့တယ်။ လက်ခံ၏။ ဒါဗေမဲ့ ၉၀ ရွေးကောက်ပွဲက အတိုက်အခံများဖက်က အနိုင်ရတဲ့ ပွဲပါ၊ ဘော်ပွဲစကားနဲ့ ပြောရရင် ၁း၁ နှင့် သရေပေါ့၊ ဟုတ်ပြီ … ဖမ်းထားတဲ့ နိုင်ငံရေးသမားတွေ၊ ကျောင်းသားခေါင်းဆောင်တွေ၊ လူမျိုးစု ခေါင်းဆောင်တွေကို လွတ်ထုတ်ပေးပါ၊ လွတ်လပ်စွာ စည်းရုံးပြောဆိုခွင့်ပြုပြီး နောက်ထပ် စစ်တမ်းတခု ထပ်ကောက်ပါ၊ စစ်တပ်ကို ခုံသမာဓိပုံစံနှင့် ဘက်မလိုက်ပဲ ထိန်းခိုင်း၊ ထိုင်းစစ်တပ်လိုပေါ့၊ ဟုတ်တယ်ဟုတ်၊ သဘောပေါက်လောက်တယ် ထင်တယ်။ သေချာပါတယ် ကိုအေးလွင် ဒီလိုသဘောထားမျိုး ရှိနိုင်မှာ မဟုတ်ဘူးလေ၊ ပြည်သူ ချစ်ခင် လက်ခံရလောက်အောင် ကိုယ်ပိုင် အရည်အချင်း၊ မူ မရှိပဲ စစ်အစိုးရက ဘက်လိုက် ကျောထောက်နောက်ခံပြု အားပေးနေတာကိုး၊ ဒါနဲ့ပဲ လူဖြစ်နေတာလေ။
ပြင်သစ်နှင့် ဗြိတိန်။ အိုက်စလန်။ ရှရှားနိုင်ငံတို့မှာ အစိုးရရဲ့ကိုင်တွယ်မှု ညံ့ဖျင်းလာတယ်ဆိုပြီး လူထုတချို့က ဆန္ဒတွေပြလာတယ်။ သူတို့မြင်တာက ဘဏ်တွေပဲ အကူအညီ လုပ်ပြီး၊ အလုပ်လက်မဲ့အတွက် ထိထိရောက်ရောက် မကူညီဘူးလို့ဆိုတယ်။ နောက်ပြီး အင်္ဂလန်မှာဆိုရင် နိုင်ငံခြားသား အထူးသဖြင့် အရှေ့ဥရောပနိုင်ငံသား အလုပ်သမားတွေ အလုပ်ရတယ်။ နိုင်ငံသား စစ်စစ်တွေက အလုပ်လက်မဲ့ဖြစ်တယ်လို အကြောင်းပြတယ်။ အစိုးရဆိုတာက တခုချင်းထက် တခုလုံးကို သုံးသပ်ပြီး အလုပ်တဲ့အတွက် အများနှင့် သက်ဆိုင်တဲ့ ဘဏ်တွေ မပြိုလဲသွားအောင် ကူညီပေးရမှာပဲလေ၊ စဉ်းစားကြည့်ပါ ပုဂ္ဂလိက ဘဏ်သေး ဘဏ်သိမ်လေးတွေကို မဆိုလိုဘူးနော်။ ဘဏ်ကြီးတခု ပြိုလဲသွားပြီဆိုရင် လူတန်းစားအသီးသီးက ဘဏ်မှာ သိမ်းဆည်းထားတဲ့ သူတို့ ပိုက်ဆံတွေ မရတော့ဘူးပေါ့၊ အကုန်ဆုံးမယ်လေ။ ဒီတော့ ဘာတွေ ဖြစ်လာမလဲ၊ မတွေးဝံပါဘူး၊ ရေးရင်းနဲ့တောင် ကျောချမ်းလာတယ်၊
အလုပ်လက်မဲ့တွေအတွက်ကတော့ အခု ဆန္ဒပြနေတဲ့ နိုင်ငံတွေမှာ ဥပဒေက ရှိပြီးသားပါ။ ၀င်ငွေ ထိုးကျသွားတဲ့အတွက် ညစ်ပြီး လုပ်မိလုပ်ရာတွေ လုပ်လိုက်တဲ့သဘောပါ၊ ဥပမာဗျာ အမေရိကန်ပြည်ထောင်စုရဲ့ အခြေခံလူတန်းစားတယောက်ရဲ့ အခြေခံလစာဟာ တလကို ဒေါ်လာ ၁၅၀၀ ပတ်ဝန်းကျင်ရတယ်ဆိုပါတော့ ၊ ဒီလူဟာ အလုပ်လက်မဲ့ဖြစ်ပြီး နောက်ပိုင်း အစိုးရက ထောက်ပံတာက ဒေါ်လာ ၄၀၀ ပတ်ဝန်းကျင် လောက်ပဲ ရတယ်လေ။ ဒီတော့လဲ ၀င်ငွေ ထွက်ငွေ မမျှတ ဖြစ်တာပေါ့။ အစိုးရကလဲ နေဖို့ စားဖို့လောက်ပဲ ထောက်ပံမှာလေ၊ ပြသာနာက အလုပ်ရှိနေတဲ့ အတောအတွင်းမှာ လူတွေက အိမ် ကား နှင့် ဇိမ်ခံပစည်းတွေ ၀ယ်သုံးရတယ်။ အများအားဖြင့် အကြွေးစနစ်ပေါ့ဗျ။ ဆိုတော့လဲ အစိုးရပေးတဲ့ ထောက်ပံလစာနဲ့ ဘယ်လို ရှင်သန် ရပ်တည်မှာလဲ၊ ဘယ်သူ့အမှားလဲ၊ ပိုင်ဆိုင်မှုများရဲ့  အနောက်လိုက်ရင်းပဲဆိုဆို၊ လိုအပ်ချက်အရပဲ ပြောပြော ကိုယ်ပဲ သားကောင်း ဖြစ်ရ၊ နောက်ဆုံးတော့လဲ ဘယ်သူမပြု မိမိမှုလို့ ပြောရတော့မယ်။
အခု အိုက်စလန်အစိုးရအဖွဲ့တော့ ပြောင်းလဲသွားပြီ၊ သူများနိုင်ငံတွေများ ပြည်သူ့ဆန္ဒကို လေးစားပါတယ်ဗျာ၊ အင်း ဒါကြောင့်လဲ လူလိုသူလို နေရတာပေါ့…နောက်တခုက အနောက် ဥရောပမှာ ရှိတဲ့ ချမ်းသာတဲ့ နိုင်ငံတွေမှာ မူရင်း နိုင်ငံသားတွေက တော်ယုံတန်ရုံအလုပ်ဆို သိပ်မလုပ်ချင်ကြဘူး၊ ဆိုတော့လဲ နိုင်ငံခြားသား အလုပ်သမားကို ဈေးပေါပေါနှင့် နိုင်ငံသားတွေ မလုပ်တဲ့ အလုပ်ကြမ်းတွေမှာ ခိုင်းတာပဲလေ။ အစိုးရကတော့ မှားလိမ့်မယ် မထင်၊ အလုပ်လက်မဲ့နှင့် ပတ်သက်ပြီး ဥပဒေက နှစ်ပေါင်းများစွား ကတည်းက ရှိနေပြီးသား ဖြစ်နေလို့ပါပဲ။ နောက်ပြီး အတိုက်ခံတွေကလည်း သူတို့ အာဏာ လိုချင်တယ်လေ၊ ဖွပေး ဟပေး မှာပါ၊ အမေရိကန်ပြည်ထောင်စုမှတော့ ဒီတနှစ်အတွင်းမှာ ဆန္ဒပြမှုတော့ ရှိနိုင်လိမ့်မည် မဟုတ်။ အစိုးရအသစ်လည်း ဖြစ်၊ အိုဘာမားက လူချစ်လူခင်များနေတယ်၊
တကယ့် ပြသာနာက စီးပွားရေး ဂယက်မှာ အာရှ တချို့နိုင်ငံတွေဟာ အလုပ်လက်မဲ့ ပြသာနာကို ဖြေရှင်းဖို့ ခက်ခဲလိမ့်မယ်လေ။ ဘာကြောင့်ဆိုတော့ အလုပ်လက်မဲ့ဥပဒေ၊ အလုပ်လက်မဲ့ အကျိုးခံစားခွင့် ရှိမှ မရှိတာ၊ ဆိုတော့လဲ ဒီလို အလုပ်မရှိတဲ့ လူတွေ အတွက် အရမ်းကို ခက်ခဲလာမယ်၊ တရုတ်နိုင်ငံတောင် အလုပ်မရှိတဲ့သူတွေ များလာလို့ တော်တော် ခေါင်းစားနေပြီ၊ ဒါတောင် သူတို့နိုင်ငံက အစိုးရ ဘဏ္ဍာ တောင့်တင်းတယ်နော်၊ မြန်မာနိုင်ငံလို နိုင်ငံအတွင်းမှာ မတွေးဝံနိုင်တဲ့ ဆိုးကျိုးတွေ ပေါ်လာလိမ့်မယ်၊ စကားပုံတောင် ရှိတယ်လေ ပြသာနာက တခုတည်း မလာတတ်ဘူး အပေါင်းဖေါ်နဲ့လာတတ်တယ်လို့.. သတိထားပေါ့ တိုင်းပြည် အုပ်ချုပ် မင်းလုပ်တဲ့သူတွေ..
အလုပ်လက်မဲ့ဥပဒေ အကျိုးခံစားခွင့်ဆိုတာက မြန်မာပြည်မှာ ကြားကို မကြားဖူးဘူးဗျ၊ ဒါလဲ အစိုးရ အဆက်ဆက် အားနည်းချက်လို့တော့ မထင်၊ အဓိက ပြသာနာက မြန်မာလူမျိုးတွေဟာ အခွန်ထမ်းစနစ်ကို အရမ်းကြောက်တယ်၊ ဒါလဲ ပဒေသရာဇ်စနစ်နှင့် ကိုလိုနီအုပ်ချုပ်ရေး စနစ်များမှဆိုးကျိုးတွေပါပဲ။ အခုလို အလုပ်လက်မဲ့ ပြသာနာကို ဖြေရှင်းနိုင်တဲ့ နိုင်ငံတွေမှာက လူတယောက်ဟာ လုပ်အားဖြင့်ရလာတဲ့ ပိုက်ဆံကို အချိုးကျ တွက်ချက်ပြီး အခွန် အဖြစ် နိုင်ငံတော် သို့မဟုတ် ပြည်နယ် ကို ပေးဆောင်ရတယ်လေ၊
အခုလို ပြည်သူတွေကနေ ပေးဆောင်လိုက်တဲ့ အခွန်ငွေတွေကလဲ၊ အုပ်ချုပ်သူတွေက အလွဲသုံးစား လုပ်လို့မရဘူး၊ တိုင်းပြည်အကျိုး အထူးသဖြင့် ကျန်းမာရေး လမ်းပန်းဆက်သွယ်ရေး လူမှုရေးတွေမှာ အသုံးပြုတယ်၊ အဲဒီ ဘဏ္ဍာဖြင့်ပဲ တကယ်လို့များ လူတယောက်က အလုပ်မလုပ်နိုင်စွမ်း မရှိလို့ ဖြစ်စေ၊ အခြေအနေ တခုအရ အလုပ်ပြုတ် သွားလျှင် ဖြစ်စေ၊ လူအများထံမှ ကောက်ယူထားတဲ့ အခွန်ငွေထဲကနေ ပြန်ပြီး ထောက်ပံမှုပေးရတယ်။ ဆိုတော့လဲ လူမှုရေးက ဆိုးဆိုးဝါးဝါး မဖြစ်သွားဘူးပေါ့။ ဒီအကြောင်းကို http://luula18.blogspot.com/2008/12/blog-post_20.html ဒီမှာ ရေးထားပါတယ်။
ရိုဟင်ဂျာ လှေစီးပြေးက တွေးထားတဲ့အတိုင်းပါပဲ၊ နောက်ကွယ်မှာ လူကုန်းကူးတွေနဲ့ ဆက်နွယ်နေတာလို့ ထိုင်း UNHCR က ပြောနေပြီ ကြည့်ပါတော့။ နေရာတခုကို စွန့်စားသွားတယ်ဆိုတာ အခြေအမြစ် လုံးဝ မသိပဲ မျက်ကန်းတစ္တေ မကြောက်ပုံစံတော့ ဘယ်လူသားက မလုပ်ဘူး၊ ဒီလို လှေစီးပြေးတာတွေ ခေတ်စားလာတာလဲ မူရင်းဒေသမှာ စီးပွားရေးတခုလို ဖြစ်နေလိမ့်မယ်လို့ ထင်မိတယ်။ အမှန်အကန် လှေစီးပြေးတယ်ဆိုတာ ကိုယ်ပိုင်လှေကလေးတွေမှာ မိသားစုအလိုက် ထွက်ပြေးတာဗျ။ အခုက ယောင်္ကျားတွေ ချည်းပဲတဲ့။ ဂွင်မခိုင်ရင် ဂွေပျောက်တဲ့ သဘောပါပဲ။
နောက်ပြီး လှေပိုင်တဲ့တွေက ကိုယ်အသိုင်းအ၀ိုင်းမဟုတ်ပဲနှင့် ဘယ်တော့မှ လှေပေါ် ခေါ်တင်မှာ မဟုတ်ဘူးလေ။ သူတို့က ထမင်းငတ်လို့ အလုပ်သစ်ရှာဖွေ စွန့်စားတာပါ၊ ရိုဟင်ဂျာများ လက်ခံရေးကို ထိုင်းပြည်သူတွေက လက်မခံတဲ့အတွက် ဆန္ဒတွေ ပြနေပြီ။ နောက်ထပ် ဒီလိုပဲ ထပ်ရောက်လာရင်လည်း မြန်မာပြည်ကို ပြန်ပို့မယ်လို့ ထိုင်းအစိုးရက တရားဝင် ထုတ်ပြန်တယ်၊ ကဲ ဘယ်လို ဆက်လုပ်မလဲ လှေစီးပြေးတွေ…
ကျွန်တော် ဖြစ်ချင်တာက သူများနိုင်ငံမှာ ရှုပ်ရှုပ်ယှက်ယှက်ဖြစ်နေတာ.. လူသားချင်း ကိုယ်ချင်းစာနာပါတယ်။ အခုလို လှေစီးပြ ပြီး၊ ထမင်းငတ်လို့ ထွက်ပြေးလာတယ်၊ ငါတို့ နယ်မြေမှာ ငတ်ပြတ်နေပြီ လူသားချင်းစာနာစွာဖြင့် အကူအညီပေးလှည့်ပါ လို ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ကို သနားခံလွှာတင်ပြီး တောင်းခံပေါ့ဗျ၊ လူလူချင်း ညာတာပြီး အကြံပေးတာ၊ အခုက ဘယ်သူမှ လက်မခံချင်တာကို ဇွတ်တိုးဝင်နေလို့ ပြောနေတာပါ၊ အင်း အခုတော့ အင်ဒိုက လက်ခံလိုက်တယ်ဆိုပဲ၊ ဘာသာတမျိုး ရိုကျိုးပါလို့ ဆိုသလို ဘာသာတူတွေကို လက်ခံလိုက်တယ် သဘောဖြစ်တယ် ထင်၏။ လမ်းကြောင်းပွင့်သွားပြီ။ ဒီလူမျိုးတွေက ပင်လယ်ရေကြောင်း ကျွမ်းကျင်၏။ ဒီတော့ ဆက်လက်ပြီး လက်ခံလိုက်ပါ လာဦးမယ် အုပ်နဲ့ကျင်းနဲ့၊ အနောက်နိုင်ငံတွေက သိပ်လက်ခံချင်ပုံမရဘူး၊ စီးပွားရေးလဲ ကျဆင်းနေပြီလေ၊ ဒီအပတ်မှာပဲ အင်္ဂလန်မှာ လူဝင်မှုကို ကြီးကြပ်နေပြီတဲ့ ဆိုလိုတာက နိုင်ငံခြားသား အခြေချခွင့် မလိုတော့တဲ့သဘော၊ ငုတ်တုတ်မိပြီး အစုတ်ပလုတ်ဖြစ်နေဦးမယ်၊ ကိုအင်ဒိုတို့ရေ။ ဒုက္ခနဲ့ပဲ ရည်ဖျော်သောက်ပါတော့၊
အကယ်လို့များ ဒီလှေစီးပြေးတွေဟာ တခြားဘာသာဝင်များဖြစ်မယ်ဆိုရင် အင်ဒိုအစိုးရလဲ မျက်ကွယ်ပြုနေမှာ သေချာတယ်လေ။ ထိုင်းက အခု ၀န်ခံလိုက်ပြီ၊ ဟုတ်တယ် နှင်ထုတ်ပစ်လိုက်ပြီတဲ့။ သူ့ အရာထမ်းတွေကို အရေးယူမယ်ဆိုပြီး အဘီစစ်က ပြောလိုက်ပြီ၊ နောက်ထပ်လာရင်တော့ သတင်း လုံးဝ မထွက်အောင် သတ်ပစ်မဲ့ပုံပဲ။ သြစီကလဲ အင်ဒိုအစိုးရနဲ့ ဆွေးနွေးနေပြီ၊ မလက်ခံနိုင်ဘူး သဘောပါပဲ။
ပင်လယ်အကြောင်းကို သိသလောက်ပေါ့၊ အခုလို လှေစီးပြေးတဲ့အချိန် ရာသီက ကွိုင် မရှိဘူး။ ဘေးရန်ကင်းတယ်။ ရာသီဥတု မဆိုးဝါးဘူး၊ အခုအချိန် ဇန်န၀ါရီ ဖေဖေါ်ဝါရီမှာ အရှေ့မြောက်ဖက်က တိုက်ခတ်လာတဲ့ မြောက်ပြန်လေဟာ ကုန်းမြေကို ဖြတ်သန်းခဲ့တဲ့အတွက် အရှိန်မရှိတော့ပဲ ပင်လယ်ဟာ ရေကန်ထဲ ရေပြင်တခုလိုဖြစ်နေတယ်၊ ပုံမှန်ရှိတဲ့ ပင်လယ် ဒီရေ၊ ရေတက် ရေကျ ရေစီးကြောင်းအတိုင်း ခုတ်မောင်းရတယ်။ လပြည့်တဲ့ညတွေဆို ၀ါသနာပါရင် ကဇာတ်ပွဲတောင် က ရတယ်ဗျ။ ဆိုတော့ ဒီအချိန်ကို ရွေးပြီး နေရပ်ကနေ စွန့်ခွာတဲ့ပုံစံ၊ မိုးသက် လေပြင်းများ ဖြစ်ပေါ်တတ်တဲ့ အနောက်တောင်လေ တိုက်ခတ်တဲ့အချိန်များမှာ အခုလို ဓါတ်ပုံတွေမှာ တွေ့နေရတဲ့ လှေငယ်လေး တစီးပေါ်မှာ လူ ၁၀၀ ပတ်ဝန်းကျင် ကြပ်သိပ် စီးနင်းခုတ်မောင်းကြည့်ပါလား၊ မော်တင်စွန်းကိုတောင် မကျော်နိုင်ပါဘူး။ အားလုံး ငါးစာ ဖြစ်သွားမယ်။ လူလက ပင်လယ်မှာ နှစ်တော်များများနေဖူးတယ်ဆိုတော့ ပြောပြနိုင်တယ်လေ။
ဆိုလိုနေတာက ဒုက္ခ အမှန်အကန်ဖြစ်လို့ ထွက်ပြေးရင် အချိန်အခါဆိုတာ မရှိပါဘူး။ နောက်ပြီး ထိုင်း ယူအင်က ပြောတာက တချို့ လှေစီးပြေးတွေမှာ ထိုင်းနီုင်ငံအတွင်း နေထိုင်နေသော လူတွေရဲ့ ဖုန်းနံပါတ်တွေ ရှိနေတယ်ဆိုပဲ၊ ဆိုတော့ ကဇာတ်ပုဒ်ကို ဇာတ်ညွှန်းရေးပြီး သရုပ်ဆောင်နေသလို ဖြစ်နေတယ်လေ။ နောက်ကွယ်မှာ ဘယ်သူတွေက ဒါရိုက်တာလုပ်နေတယ်ဆိုတာ ကာယကံရှင်တွေပဲ သိနိုင်လိမ့်မယ် ထင်ပါရဲ့…
အခုလို ပြသာနာတက်နေတဲ့အချိန်မှာ အိုင်ယာလန်နိုင်ငံက မြန်မာ - ဘင်္ဂလားဒေရှ့်နယ်စပ်မှာ ရှိတဲ့ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ မိသားစု အနည်းအကျဉ်းကို ခေါ်မည်ဟု ထုတ်ပြန်လိုက်တယ်၊ ကောင်းပါတယ်။ ဒီလမ်းကြောင်းပဲ လျှောက်ပေါ့ ...
နောက်ပြီး အွန်လိုင်းမှာ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးနေတာကို တချို့ သူများကို စစ်အစိုးရ အလိုကျ ဖြစ်သွားမယ်။ ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်သွားမယ်ဆိုပြီး၊ တဆိပ် တအိတ်လုပ်ပြီး ဖွနေတာ၊ ဖွတဲ့လူကလဲ အခုလို အမှန်မြင်တဲ့လူနဲ့ စစ်အစိုးရကို လှည့်တိုက်ပေးလိုက်တယ်၊ အမှန်တရားကို လူတွေ စိတ်ထဲ မရောက်သွားအောင် ကြိုပိတ်လိုက်တယ်လို့.. ရောထွေးလိုက်တဲ့သဘော.. ထင်မိတာပါ။
တိုက်ဆိုင်လို့ အငြင်းအပွား ဖြစ်တာပဲ ဆိုဆို အငြင်းပွားဖြစ်လို့ တိုက်ဆိုင်သွားတာပဲ ပြောပြော၊ ဧည်သည်တွေကို ခေါ်လာပြီး မြန်မာနိုင်ငံသား တိုင်းရေးသားတွေလို့ တချို့က တကြော်ကြော် အော်နေတာ ဒါကို အမှန်ကို လိုလားတဲ့၊ အမှန်ကို သိတဲ့ လူတွေက မချင့်မရဲ၊ ဆားငံရေ သောက်ရသလို ငံတန်တန်ကြီးဖြစ်တာလေ၊ ဟ .. ဟ ဘာတွေလဲပေါ့ လိမ်ဆင် ချွတ်ဆင် နဲ့ ဘလော်ဆိုင်း( ဘလိုင်း)ကြီးပါလားဆိုတဲ့ စိတ်တွေနဲ့လေ..
နောက်တခုက စော်ကားတာတော့မဟုတ်ဘူး မြန်မာပြည်မှာ အခြေခံလူတန်းစားတွေ အင်တာနက် သုံးပြု့လေ့မရှိပါဘူး။ အသုံးပြုတဲ့သူတွေကလဲ ဒီအကြောင်းကို မီးလောင်ရာ လေပင့် ဖွမဲ့လူ တယောက်မှ မရှိဘူး ထင်၏။ အမေရိကန်ပြည်ထောင်စုနိုင်ငံလို အင်တာနက်ကမှတဆင့် လူမှုအသိုင်းအ၀ိုင်း ပြောင်းလဲသွားသလို မလုပ်နိုင်ပါဘူး။ အွန်လိုင်းမှာ ဒီလောက် ငြင်းပွားလောက်ရုံဖြင့် ဗမာပြည်မှာ ပဋိပက္ခတော့ မဖြစ်နိုင်လောက်ပါ။
ပြောင်းလဲမှုဆိုတာ အခြေခံလူတန်းစားတွေမှ အစပျိုးတာပါ၊ စစ်အစိုးရလဲ ဘလောဂ်တွေကို လူတွေ အားလုံး မကြည့်နိုင်အောင် ပိတ်ထားတယ်။ နည်းပညာ ကျွမ်းကျင်တဲ့သူလောက်ပဲ ခြံကျော်နိုင်တာလေ၊ မပူပါနဲ့ စစ်အစိုးရ အခုအခြေအနေနဲ့ ဒီပြသာနာကို နိုင်ငံရေး ထွက်ပေါက်တခုပုံစံ မလုပ်ပါဘူး၊ စစ်အစိုးရက တနိုင်ငံလုံးကို လုံးဝ ချုပ်ထားနိုင်နေတဲ့ အနေအထား၊ ဒါဗေမဲ့ သူတို့ လုပ်မယ်ဆိုရင် ဖြစ်တယ်။ သူတို့က အရှေ့အလယ်ပိုင်းကို အခုမှ ထိုးဖောက်စပဲသေး။ အထူးသဖြင့် ကူဝိတ်မှာ သံရုံးဖွင့်တာတို့ စသော စသော .. သူ့အကျိုးတွေ အများကြီး ရမဲ့ အနေအထားပါ၊ ဒီလိုလုပ်လိုက်ရင် စားပေါက် ပိတ်သွားရမှာပေါ့၊ စိတ်ချ မလုပ်ဘူး၊ အပေါ်မှာ ရေးထားသလို အမှန်အကန် ငတ်ပြတ်ပြီး အုံကြွလာမှာကိုပဲ စစ်အစိုးရတို့က သေနတ် ကျည်ထိုးပြီး ထိုင်စောင့်နေတာဗျ၊ ဒီလို ငတ်ပြတ်ပြီး အုံကြွတဲ့အချိန်မှာပဲ နိုင်ငံရေး ထွက်ပေါက်ကို ဘာသာရေးနှင့် ရောသမှနိုင်တယ်.. ဒီအချိန်ကျမှပဲ ပူ၊ အယုံမရှိနဲ့ တကယ်လုပ်မှာ…
ညီညွတ်ရေးဇာတ်ပွဲက ပြန်ကြားရေးဝန်မင်းလဲ အသံတိတ် ရုပ်ရှင်ခေတ်ကလို မိုက်ကိုင်ပြီး ဇာတ်ညွန်းစကားတွေကို ဖွပေးနေတဲ့ သူလိုလို၊ ဗိုလ်ကျော်ဆန်းလိုလို ဂိုက်ဖမ်းနေတာ၊ လူတွေက မကြိုက်တော့ပြီ တော်ပါတော့ တန်ပါတော့ အော်နေတာ၊ သူ့ခမျှ မေတ္တာရပ်ခံပါတယ်။ ထိုင်ခံပါတယ် လိုက်လုပ်နေသေးတဲ့ဘ၀၊ သေနတ်များ ကိုင်ထားရင် ဝေဖန်တဲ့သူတွေကို လိုက်သတ်မဲ့ပုံ။ သြော်.. အသံတိတ်ခေတ်က ရုပ်ရှင်ဆိုတာက မကြုံဖူးပါဘူး ကြားဖူးတာ… ရုပ်ပဲမြင်ရတယ် အသံက ဇာတ်ဝင်ခန်းတီးလုံးက ဆိုင်းဝိုင်းသုံးတယ်။ စကားပြောခန်းဆို မိုက်ကိုင်ပြီး အပြင်လူတွေက အော်ပေးရတယ်။ ဗမာဇာတ်လမ်းက သိတဲ့အတိုင်းပဲ ထိုးခန်းကြိတ်ခန်းပါမှ ဇာတ်ဖြစ်တာလေ၊ ဒါဗလင်ဇာတ်ကားလိုပေါ့.. လူကြမ်းတွေက မင်းသားကို ထိုးကြိတ်နေတဲ့ အခန်းရောက်ရင် ပွဲကြည့်တဲ့ ပရိဿတ်က သိပ်မကြည်တော့ဘူး၊ အဖြူရောင်ပိတ်ကားကြီး စုတ်ပြတ်သွားမယ်လေ၊ ဒါကို ခံရများတော့ မိုက်ကို ကိုင်ပြီး ဖွနေတဲ့သူ “ မင်းသားက မကြာမှီအတွင်းမှာ ပြန်လှည်ထိုးသတ်မည်” လို့ ကြိုအော်ပေးရတယ်.. နိုမို့ရင် မနက်ဖြန်အတွက် အဖြူရောင်ပိတ်ကား အသုံးပြုလို့တောင် မရတော့ဘူး လို့ မှတ်ပေတော့၊ ဖြစ်ခဲ့တာတွေက တောမှာပါ၊ အခုလဲ ပြန်ကြားရေးဝန်မင်း ဒီပုံ ဒီပဲပါပဲ၊ တော်သေးတာပေါ့ အင်တာနက်အွန်လိုင်းဖြစ်နေလို့..
ဝန်မင်းအသစ်တယောက်က အားရစရာ.. အတိုက်အခံတွေအားလုံး ညီညွှတ်ရေးဇာတ်ဖွဲ့မှာ ပါဝင်နိုင်အောင် ကြိုးစားမည်၊ မရရင်တော့ ၀န်မင်းမလုပ်တော့ဘူးတဲ့၊ ဟုတ်ပါ့မလား မောင်ကာလူးရယ်၊ ပြောရင် မပီး တီးမမြည်၊ မပီးခင် ဗမာမပြနဲ့တဲ့၊ ဘာပြောပြော ဒီလိုပြောတော့လဲ ကြိုက်ပါ့၊ ကြိုဆိုပါ၏။ ဖြစ်လာရင်တော့ အကောင်းသား.. သေချာတာကတော့ နန်းရင်းဝန်က *“ အောင်ဒင်ကို ဒီလိုလာစမ်းလို့ ဘယ်ရမလဲ ” ငှဲငှဲ.. အထာဖြင့် ၄ နှစ်တော့ နပ်ပြီ ။ *( ဗိုလ်အောင်ဒင် ရုပ်ရှင်ဇာတ်လမ်းက စကား)၊
နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲပြီးလို့ အစိုးရတက်လာရင် စင်ပြိုင်အစိုးရက ဘယ်လိုနာမည်နဲ့ ဆက်သွားမလဲ မသိ၊
ကင်တားနား ၀င်စစ်ပြီ၊ ထုံးစံအတိုင်းပေါ့ ၊ ထောင်ကို မိတ်ကပ်ဖို့ထားမယ်၊ နောက် ကရင်ပြည်နယ်ဖက်ကို လိုက်ပြသတဲ့၊ ဒါလဲ သူတို့က ကရင့်ငြိမ်းအဖွဲ့များနှင့် ပိုင်နေပြီ၊ အေးချမ်းပါတယ်ဆိုပြီး ပြတဲ့သဘောပါပဲ၊ စစ်တဲ့သူကလဲ သံသယနှင့်ကြည့်တတ်တယ်လေ၊ သံသယဖြင့် ကြည့်တယ်ဆိုမှ ယုံကြည်လောက်တဲ့ အနေအထားက ရှိမှာ မထင်ပါဘူး။ နိုင်ငံရေးအကျဉ်းသားများကို အပြစ်ဒဏ်လျှောပေးလိုက်တာက ကောင်းပါတယ်လို့ မပြောချင်သေးပါဘူး၊ အတူတူလောက်ပါပဲ အရင် အပြစ်ဒဏ်က သေပြီးနောက် ထောင်ချခံနေရမဲ့ ကာလ၊ အခုက ထောင်ထဲမှာပဲ နာပြီး သေရမဲ့ ကာလပါ။ ထူးမခြားနား.. မထူးခြားနား ..
ကရင်ငြိမ်းအဖွဲ့ဆိုလို့ စစ်အစိုးရများ အကြံပိုင်လိုက်ပုံများ … DKBA နှင့် ဗိုလ်ထိန်မောင်အဖွဲ့ကို နယ်ခြားစောင့် တပ်တွေအဖြစ် လုပ်ပိုင်ခွင့်တွေ လွဲပေးလိုက်ပြီ၊ ဒီတော့ ဘာဖြစ်မလဲ၊ ပြောရမယ်ဆိုရင်.. ထိုင်းစစ်တပ် ဖွဲ့စည်းပုံတခုပေါ့၊ မြန်မာ ထိုင်း နယ်စပ်တွေမှာ ထိုင်းစစ်တပ်က မဟာဗျူဟာအရ တပ်စွဲထားတဲ့ နယ်ခြား စောင့်တပ် ( တောချောဒေါ ) မှာ ကရင်တိုင်းရင်းသားများ အတော်များများဟာ စစ်မှုထမ်းနေတာကို တွေ့ရတယ်။ ဒါလည်း ထိုင်းတောင်ပေါ်သားကဒ်ရထားတဲ့ မိသားစုများမှ ပေါက်ဖွားလာခဲ့တဲ့ လူငယ်တွေ ဖြစ်တယ်။
ဥပဒေအရ အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမယ်၊ နောက်ပြီး တောင်ပေါ်သား ခေါ်တဲ့ ဒုတိယနိုင်ငံသား အခွင့်အရေးကနေ နိုင်ငံသားစစ်စစ် အခွင့်အရေးရနိုင်တဲ့ အခွင့်အလမ်းဟာ ဒီနည်းလမ်းက အနီးဆုံးဖြစ်တဲ့အတွက် ထိုင်းနိုင်ငံဖွား ကရင် လူငယ် အတော်များများဟာ ထိုင်း နယ်ခြားစောင့် တပ်ဖွဲ့တွေမှာ ၀င်ရောက် အမှုထမ်းလာခဲ့ကြတယ်။ ဆိုတော့ ထိုင်း မြန်မာ နယ်ခြား ပြသာနာဖြစ်ပြီးဆိုရင် ကရင် ကရင်ချင်း တိုက်ခိုင်းလိုက်တဲ့ နည်းဗျူဟာ တရပ်ပါပဲ၊ ညီအစ်ကိုတော် ကရင် တိုင်းရင်းသားတွေခမျှ အိုးမဲသုတ်ခံရပြီး ခွတ်ရမဲ့သဘော။ လေးစားလောက်တဲ့အကြံအစည်ဗျ။
ပြည်ပရောက် ဒီမိုကရေစီ အင်အားတွေက တချို့များ ၂၀၁၀ ရွေးကောက်ပွဲကို ယှဉ်ပြိုင်မယ်ဆိုပြီး ဘသား ယောင်္ကျားတချို့က ပုဆိုး ခါးထောင်းကြိုက်၊ မသမီး မိန်းမအချို့လဲ ထမီကို ဆွဲပြီး သကာလ ဇာတ်လမ်းက မသန်း ရုပ်ရှင်ထဲက မို့မို့မြင့်အောင် စတိုင်နဲ့ ဟန်ရေးတပြပြ လုပ်နေကြပါပြီ၊ စစ်အစိုးရ လက်ခံလား မလက်ခံတော့မသိပါဘူး၊ ဒိုံ့များလဲ ပါပရစေ ဆိုပြီးတော့လေ၊ ဗုံသံ ဆိုင်းသံနှင့် တကြော်ကြော် အော်နေပါပြီ၊ ဦးနေ၀င်းလက်ထက် ဆိုရှယ်လစ်ခေတ်ပြောင်း တော်လှန်ရေးလို့ အော်လိုက်တာ တချို့အတိုက်ခံများ ခွေးကတက်ကပဲ အိပ်ရ အိပ်ရ ဆိုတဲ့ သမိုင်းဝင် နိုင်ငံရေးစကားက ပြနေတယ်ဆိုတော့ သြော် မြန်မာရယ်.. ဆိုပြီး သက်ပြင်းရယ် အခါခါ ချမိပါတယ်၊
အရင်တုန်းကတော့ “ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံကြ” ဆိုပြီး ထမင်းတောင်းစားကောင်းအောင် ဟိုပွဲ ဆိုလဲ ရွှေမိပါတယ်။ လူကုန်ထံ နိုင်ငံရေးသမား လုပ်ချင်တော့ ဒီပွဲဆိုလဲ ရွှေဘတွေ ပါချင်ဆိုသလိုပေါ့ဗျ၊ ဘာပဲပြောပြောဗျ အဝေးရောက်သားများအတွက်တော့ သို့လော.. သို့လော စိတ်တွေ ၀င်လာတာတော့ သေချာဗျ၊ ဒါလဲ စစ်အစိုးရ တိုက်စရာတောင်မလိုတော့တဲ့ ကိုယ့်ဖက် ညံ့ချက်တွေပေါ့၊ ဆည်ပေါက်ဝမှာ ထားတဲ့ မြုံးသကဲသို့ တန်းကနဲ့ လျောကနဲ့ မီးထွန်းစရာမလိုပဲ ၀င်သွားတာ၊ ဘဘကြေးမုံ ဦးသောင်းသာ ရှိရင် “ နင်လားဟဲ့ ၂၀၁၀ ရွေးကောက်ပွဲ” ဇာတ်လမ်းတွေကို ထမင်းမစား ဟင်းမစား ထိုင်ရေးနေမှာတော့ သေချာတယ်လေ။ ဘာကြောင့်ဆိုတော့ အကြောင်းသိ၊ ဓါတ်သိတွေမို့လို့ ပြောရပါ့မယ်။
ဒါတောင် အဝေးရောက် နန်းရင်းဝန်မင်းကလဲ တိုးတိုးလေး မှာကြားပါရစေ တို့လဲလေ လိုက်သချင်သမို့ ဆိုပြီး သတင်းတွေ တက်လာနေတယ်။ ဟုတ်မဟုတ်တော့ သေချာမသိ၊ ပြန်ကြားဝန် ဗိုလ်တင့် ငြိမ်နေတဲ့ပုံနှင့်ဆို မှန်ကန်လောက်တယ် ထင်ပါ၏။ ၀န်မင်းမဟုတ်တဲ့ ဒေါက်တာ သောင်းထွန်းကပဲ သိပ်နာမည်မကြီးတဲ့ ယနေ့မြန်မာ သတင်းမှာ အင်တာဗျူးလုပ်ပြီး ရှင်းနေရတယ်၊ “ ဒါမျိုးတွေဟာ ကျောင်းသားတပ်မတော်မှာလည်း ရှိခဲ့ဘူးပါတယ်” လို့ ပြောလိုက်တာ၊ စွပ်စွဲတဲ့သူလည်း ငြိမ်သွားတယ်၊ အင်း.. အကြောင်းသိတွေဆိုတော့ …
ဒီလိုနဲ့ နအဖ၏ ခေတ်မှီတိုးတက်သော နိုင်ငံတော်အသစ်ရဲ့ ခွေးကတက်မှာ အမှိုက်လှဲပေးမဲ့ သူတွေ ပေါ်လာပြန်ရော… ခက်သပ နော်၊ သြော် လူတွေလဲ အသက်တွေ ကြီးလာတယ်ဆိုတော့လဲ အောက်အီးလည်း မတွန်၊ စာလည်း မစား ဧကန်တ မြန်မာပြည်ကို လွမ်းတဲ့စိတ်လေးတွေ ၀င်လာ၊ စုမိ ဆောင်းမိတာလေးနဲ့ပဲ မွေးရပ်မှာပဲ ခေါင်းချတော့မယ် စိတ်များနှင့် နိုင်ငံရေး လျော့ဈေးတွေ ချပေးနေတယ်လို့ မြင်တယ်၊ ဒို့လူငယ်များ ဆိုသလေ ဝေလေလေတွေကလဲ အင်း… ၀ုတ်တယ် ၀ုတ်တယ် အဲ ၀ှန်တယ် ၀ှန်တယ်ဆိုပြီး အတွေးကြောင်တွေ ၀င်လာကြတာပေါ့၊ အတွေးကြောင်ဆိုလို့ ၁၉ရက်နေ့မှာ သီးလေးသီးအဖွဲ့က ကိုပန်းသီး အင်တာဗျူးတခု နားထောင်လိုက်ရတယ်။ သူက “ အမေရိကားမှာ ကပြသုံးတော်ခံတာ ၀မ်းမြောက်တဲ့အကြောင်း၊ တခုထူးခြားစွာ ကြားလိုက်တာ သူတို့ အငြိမ့်ဖွဲ့ကို သွားကြည့်ရမှာ ကြောက်တဲ့လူတွေ ရှိတယ်တဲ့ ” ဒါကိုပဲ စဉ်းစားပါတော့… သီလေးသီးတို့များ ဂျိုတကားကား အစွယ် တမျှားမျှားနှင့် က ပြ သုံးတော်ခံနေသလိုလို၊ မိုင်ထောင်ပေါင်းများစွာကနေ ကြောက်နေရတဲ့ ဘ၀များ ဘယ်လိုမှ တွေးလို့မထိတော့ဘူးဗျာ.. အဲလောက်ထိတောင် အာဏာစက်ကွင်းက ကြီးတာလေ။
ဂရောင်တွေးပြီး အတွေးကြောက်တယ်လို့ ဆိုရမလား၊ မီးများ မီးနိုင်၊ ရေများ ရေနိုင်ဆိုသလို မြောက်အမေရိကတိုက်မှာ အဲဒီအတွေးများနဲ့ ရှင်သန်နေတဲ့သူတွေ များနေတယ်။ နောက်တခုက နိုင်ငံရေးမှာ ဘယ်လိုမှ တိုးလို့မပေါက်တဲ့သူတွေက များလာတယ်၊ အတိုက်အခံတွေလဲ ယဉ်ကျေးမှုလိုဖြစ်နေတဲ့ တော်လှန်းရေးကို ဆင်နွဲပြီး မညီညွှတ်၊ နောက်ပိုင်း ဒုက္ခသည်အဖြစ်နဲ့ ၀င်ရောက်လာသူတွေလဲ ရန်ငါစည်းမပြတ်.. ဆိုတော့လဲ ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံရန် အတွေးက အမေရိကားနဲ့ ကနေဒါမှာ ပျံနှံနေတာက မဆန်းလောက်ပါဘူး။ အခုလို လုပ်တာကလဲ သေချာတာတခုက နိုင်ငံရေး ဗတ်မကြီး ထိုးဖေါက်လိုက်တဲ့ ပုံသဏ္ဍာန်ဆင်သွားပြန်ရော၊ မင်းသား မင်းသမီး မလုပ်ရလို့.. ဆိုပြီး တွေးမိသကာလ ၁၉၂၃ - ၁၉၃၇များကို ရောက်သွားလေသည်။
မြန်မာနိုင်ငံ အက်ဥပဒေ ၁၉၂၁ အရ၊ ဗြိတိသျှ အစိုးရ မြန်မာပြည်အတွက် ရေးဆွဲပေးခဲ့သည့် ဒိုင်အာခီ ( Dyarchy ) ဆိုတဲ့ အုပ်ချုပ်ရေးကို ပြေးသတိရမိလိုက်၏။ ဒိုင်အာခီ အုပ်ချုပ်ဆိုတာ ဗြိတိသျှအစိုးရ၏ ကိုယ်စားလှယ် ဖြစ်သည့် ဘုရင်ခံနှင့် ပြည်သူ့ ကိုယ်စားလှယ် ပူးတွဲ အုပ်ချုပ်တဲ့ စနစ်ပါပဲ၊ အခု နအဖ ရေးဆွဲတဲ့ ဖွဲ့စည်းပုံထဲမှာ လိုပေါ့ အာဏာရှိ စစ်တပ် ကိုယ်စားလှယ်များဖြစ်တဲ့ စစ်ဗိုလ်နှင့် ရွေးချယ်တင်မြောက်ခံတို့ ပူးတွဲမယ်လေ။
ထိုကဲ့သို့သော အုပ်ချုပ်ရေးကြောင့် မြန်မာလူမျိုးအတွင်း ဟုမ်းမရှုး ခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ဒိုင်အာခီဟုခေါ်သော အင်္ဂလိပ်အလိုကျ အုပ်ချုပ်ရေးဆိုသော အတွေးအခေါ်နှစ်ခု ကွဲပြားရ၍ ဂျီစီဘီအေအဖွဲ့ကြီးသည်လည်း သပိတ်မှောက် ဂျီစီဘီအေ ခေါ်သော ဦးချစ်လှိုင်နှင့် ၂၁ဦး ပါဝင်သော ဦးဘဖေ ဂျီစီဘီအေ ဟူ၍ နှစ်ချမ်းအထိ ဟက်တက်ကြီး ကွဲရလေသည်။ ထိုမှတဆင့် ဦးချစ်လှိုင် ဂျီစီဘီအေမှ ဦးစိုးသိမ်း ဂျီစီဘီအေ၊ ၎င်းမှ ဦးစု ဂျီစီဘီအေ စသော အစိတ်မွာမွာ ကွဲထွက်လာခဲ့သည်။ သြို့ဖစ် နယ်ချဲ့ဆန်ကျင်ရေးသည် အကြောင်းမညီညွှတ်မှုများဖြင့် ခတ္တ ငုတ်ရှိုး ပျောက်ကွယ်သွားရလေသည်။
ထိုကဲ့သို့ အခင်းအကျင်းကို စဉ်းစားတွေးခေါ်လိုက်တော့ သြော်… အခုလည်းလေ အဝေးရောက်တွေခမျှ အတွေးအဖုံဖုံဖြင့် အကွဲကွဲ အပြားပြား ဖြစ်နေသည့်အကြား တော်လှန်အစုအဖွဲ့ဆိုတဲ့ အစိုင်အခဲတခုသည် ၂၀၁၀ ရွေးကောက်ပွဲကြောင့် ငရုတ်ဆုံဖြင့် ထောင်းလိုက်သည်နှယ် ဖွတ်ဖွတ်ကို ကြေထွက်သွားရသည်။ ဆိုတော့ သမိုင်းတခေတ်ပြည်လည်နေပြီး လွတ်လပ်ရေး ရတာ ၁၉၄၈ ခုနှစ် ၁၉၂၁ နုတ်လိုက်ရင် အနှစ် ၂၇ နှစ်၊ အရှေ့က ဖြစ်ခဲ့တဲ့သမိုင်းကြောင်း နှစ်အရေအတွက်ဖြင့် မှန်းလိုက်ရင် ဒီမိုကရေစီရဖို့က အနှစ် ၃၀ ကြီးများတောင်ပ၊ အဲလေ … ကံပေါ့ ဦးသန်းရွှေ…
ဦးဦးရွှေကလဲ ငါမသေခင် လမ်းပြမြေပုံဇာတ်ကားကို ပြီးအောင် ရိုက်သွားချင်တယ်လို့ ချင်ခြင်းတက်နေတာ ဖြစ်မယ်၊ ကိုယ်ဝန်သည် အုတ်ခဲ ငတ်သလိုပေါ့၊ လျော့ပါတော့ဗျ အချင်းချင်းတွေပဲ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်ပေးပြီး ပြေရာပြေကြောင်းလေး လုပ်ပေးလိုက်ပေါ့၊ ကိုယ်ပဲ ဆင်ပဲ၊ ဒီထက်ကြီးတာ ဝေလငါးပဲ ကျန်ပြီ။ ဒါဆို မြန်မာ့သမိုင်းမှာ မသေခင် အလန်းလေး ဖြစ်သွားမှာပါ၊ မူဂါဘီကြီးတောင် ငါးသလောက်ပြုံးနဲ့ လက်ဆွဲနှုတ်ဆက်နေတာလေ၊
အဲသည်ခေတ်တုန်းက ဒိုင်အာခီကို လက်ခံခဲ့သော သူများကို ငါးထောင်စား ဟု ခေါ်ပါသည်၊ အခု ၂၀၁၀ ကို အဝေးရောက်သားများ လက်ခံယှဉ်ပြိုင်ရင် မြုံးမိငါးလို ငါးထောင် မျှား ပေါ့ ၊ ဒီမိုကရေစီ နိုင်ငံတော်အသစ်၏ ခွေးကတက်မှာ မအိပ်ရပဲ သက်ကြီးငယ်မနှင့် ခေါတောကုလားလို အမှိုက်လှဲရမည့် ကိန်းကြုံရမည်၊ သည်တော့ ဂျီစီဘီအေ နောက် ပေါ်လာတာက တို့ဗမာအစည်းရုံးတဲ့ ။ အခုလည်း သမိုင်းအဆင့်ဆင့် ပြောင်းလဲမှုအရ ကမ္ဘာလုံးဆိုင်ရာ တို့ဗမာအစည်းရုံးဆိုပြီး ဖွဲ့ချလိုက်လေ၊ ကြာသလားလို့ ..
သခင်နာကာမူရမောင်ချမ်း၊ သခင်ဒင်နီစံလင်း၊ သခင်အင်ဒရှုးသာခင်၊ သခင် လီထွန်းရွှေ၊ သခင်စောဖိုးခွား၊ သခင်ခွန်တာယာ။ သခင်စိုင်းနေ၊ သခင်မိုဟာမက်အေးသွင်၊ သခင်အာလီသန်းဝင်း၊ သခင်မ မာရီးယားခင်ပပ၊ သခင်မ ဂရေစီစိန်အေး၊ သခင်မ ယူကီစန္ဒီ.. စသော စသော သခင် နာမည်ခံ ၀ိုင်းဝန်း မှည့်ကြတာပေါ့… ဟ ဟ ပျော်စရာကြီး၊ ကဲ .. ၂၀၁၀ ရွေးကောက်ပွဲအား တန်ပြန် တွန်းလှန်ရန် ကမ္ဘာလုံးဆိုင်ရာ တို့ဗမာအစည်းအရုံးတခု လုပ်ပြီး အသံတည်း ထွက်ပါတော့ဗျ၊ လုပ်လိုက်လေ.. လက်သီးဆုတ်လား လက်ဝါးဖြန့်မလားပေါ့..
စကားမစပ် တို့ဗမာဆိုလို့ တိုင်းရေးသားတွေ ငါတို့လဲ မပါဘူးလို့ ရွှေစိတ်တော် မညှိးလိုက်ပါနဲ့၊ ရှင်းပြမယ်
“ မြန်မာဟူသော စကားမှာ “ မြန်သည်၊ မာသည်”ဟု အဓိပါယ်ဆောင်သော်လည်း နာသံပါ၍ ဘောင်ကျဉ်းသည်၊ အားနည်းသည်၊ ရှမ်း၊ ကရင်၊ ကချင်၊ မွန်၊ ရခိုင်၊ ပလောင်၊ တောင်သူ၊ ဆလုံ၊ နာဂ၊ မြန်မာစာသော ဗမာတိုင်းရင်းသားများ အားလုံးခြုံမိစေရန် ဗမာဟူသော စကားလုံးကို ရွေးသည်၊ ဘကုန်းနှင့် “ ဘမာ ” ဟု မရေးပဲ၊ ဗ အသံထွက်ဖြင့် ဗမာဟု ရေးခြင်းဖြစ်သည်။ ။ ကိုလိုနီခေတ် တို့ဗမာအစည်းအရုံး ရှင်းလင်းချက်တခု ဖြစ်သည်။ ( ကျောင်းသားလှုပ်ရှားမှုသမိုင်း ကိုအောင်ထွန်းမှ ကောက်နှုတ် ) ၊ မောင်ခင်ညွှန့်တို့များ ဘယ်စိတ်ကူးနဲ့ မြန်မာလို့ ပြောင်းလဲလိုက်သလဲမသိ၊ ဟိုတုန်းက လက်ခံတာက မြန်မာဆိုတာ လူမျိုးတမျိုး၊ ဗမာဆိုတာက အားလုံးကို ခြုံတဲ့သဘောဖြစ်လိမ့်မယ်။ ဒါကြောင့် အင်္ဂလိပ်တွေက Burma နိုင်ငံလို့ မည့်ထွင်ခဲ့တယ်လေ။ ”
အလွန်စွာ ထူးခြားသည့် ဖြစ်ရပ်တခုက အခုလို ကုလသမဂ္ဂက စစ်အစိုးရအား ဖြဲချောက်၊ ဆီဆွတ် အချောသပ်ပြီး တဖြည်းဖြည်းနှင့် သိမ်းသွင်းနေတဲ့အချိန်မှာ ဒေါက်တာ လွဏ်းဆွေ ဘလောဂ်တွင် အီးမေးမှ ရရှိတယ်ဆိုပြီး ဗိုလ်မှူး အောင်လင်းထွဋ်၏ " သန်းရွှေနှင့်မောင်အေးတို့ကို ဖြုတ်ချပြီး အခြားစစ်ခေါင်းဆောင်တဦးကို ခေါင်းဆောင်တင်ပြီး နောက် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပြီး… စသော အချက်များမှ…
(ဂ) စစ်ခေါင်းဆောင်ကြီးများ၏ မသမာမှုများကို တပ်မတော်သားများအား အသိပေးရေး
(ဃ) တိုင်းပြည်ဘဏ္ဍာများကို အလွဲသုံးစားပြုလုပ်နေသော စစ်ခေါင်းဆောင်ကြီးများ၏ လုပ်ရပ်ကို ဖေါ်ထုတ် ရေး ”
ဟူသော တင်ပြချက်တခုကို တွေ့လိုက်ရသည်။
စဉ်းစားစရာတာပါ ဘာရယ်မှ မဟုတ်ပါဘူး...
၈၈ နောက်ပိုင်း စစ်တပ်နှင့် နိုင်ငံရေးသမားတို့ မီးဝေးချိပ်သလို ဆက်ဆံရေး အေးခဲသွားရသည့် အကြောင်းတချက်က အကယ်လို့ ဒီမိုကရေစီရရှိခဲ့ရင် စစ်တပ်ခေါင်းဆောင်များ ရပ်တည်မှုက ဆိုးဝါးသည့် အနာဂါတ်ဖြစ်မည်ဟု လူထုအတွင်း တီးတိုးတဖုံ၊ ဗြောင်တကျကျ ကောလဟလတခု ထွက်ရှိလာခဲ့သည်။
မြန်မာပြည်တွင် အမှုအထမ်း ၈၀ ရာခိုင်နှုန်းသည် လာဒ်ပေး လာဒ်ယူ စနစ်ကို မည်သူမှ ကင်းလွတ်နေသည်မဟုတ် သေချာသည်။
နောက်တခုက ဗိုလ်မှူး အောင်လင်းထွဋ်ရေးသားသည့် စာမူများကို အရင်တုန်းက အတိုက်ခံ အင်တာနက် စာစောင်များ၊ ဘလောဂ်များတွင် တရားဝင် ဖေါ်ပြခဲ့သည်ကို အစဉ်မြဲတွေ့ဖူးခဲ့သည်။ ယခုမူ (ဘလော့ဂ်အီးမေးလ်သို့ ရောက်ရှိလာသည့် ပို့စ်ကို တင်ဆက်ပေးခြင်းဖြစ်ပါသည်။) ဆိုသော Fwd စီးဆင်းမှုဖြင့် ရေးသား ဖြန့်ချီလိုက်ခြင်းသည်က ဖြစ်ပေါ်တိုးတက်နေသော လမ်းကြောင်းတခုအား သွေဖယ်စေလိုသော စိတ်စေတနာဖြင့် ထုတ်လွင့်ခဲ့သလေား၊ ဒါမဟုတ် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်သည့် စိတ်ဖြင့် ဖြန့်ဝေခဲ့သလား၊ သို့တည်းမဟုတ် စစ်တပ်အတွင်း အာဏာသိမ်းမှု ပေါ်ပေါက်လာစေရန် လှုံဆော် တံလှန်တာလား၊ စတဲ့ ဘက်ပေါင်းစုံဖြင့် တွေးတော ဆင်ခြင်နေရပါတော့သည်။
အထက်ဖေါ်ပြပါ အကြောင်းအချက်အားလုံးတွင် ပါဝင်သော လူပုဂ္ဂိုလ်များအား လေးစားသည်။ သို့ဗေမဲ့ ဖြစ်ပွားခဲ့သော အကြောင်းအရာများအား ဆင်ခြင်စဉ်းစားခြင်းတခု ဖြစ်၏။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီယာရီ ကလင်တန်က အာရှမှာ လူဦးရေအများဆုံး နိုင်ငံတွေကို လှည့်ပတ်ပြီး မြန်မာအရေးကို ပြန်လှည် သုံးသတ်မည်ဟု ပြောလိုက်တော့ ဒေါ်လာစားတွေ ခမျှ မျက်ခုံးလှုပ် သွားတယ် ထင်ပါ၏။
ဖြစ်ပေါ်လာမည့် ကုလ ဆုံးဖြတ်ချက်ကို သုံးသပ်ရမည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်၏ အဓိက ခေါင်းစဉ်တခုဖြစ်တဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းအတွင်း ယခု ကုလသမဂ္ဂက လုပ်ဆောင်နေသည်ဟု မြင်မိ ထင်မိပါ၏။ ဖြစ်မဖြစ်သည်က အချိန်က စကားပြောမည်သာ၊ ထိုကဲ့သို ကုလက လုပ်ဆောင်ရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရ အလိုကျ နိုင်ငံရေး ချောက်အတွင်းသို့ ပို့ဆောင်ပေးလိမ့်မည်ဟု မထင်၊ ဒေါ်အောင်ဆန်းစုကြည်တွင် အရှေ့အနောက် အရပ်ဒေသများမှ ဒီမိုကရေစီကို မြတ်နိုးသော နိုင်ငံများမှ ချီးမြှင့်ထားသည့် ဆု၊ ဂုဏ်ထူးဆောင် စတဲ့ စတဲ့ အရာများဟာ တရုတ်နိုင်ငံလုပ် ကလေး ကစားစရာများ မဟုတ်ပါ။ ဆုများ၏ နောက်ကွယ်တွင် သိက္ခာဆိုသော အစိုင်အခဲတခု ရှိနေပါသည်။ ထို့ကြောင့် ကုလနှင့် အနောက်သည် စစ်အစိုးရ အလိုကျ လမ်းကြောင်းအတိုင်း လိုက်သွားမည်ဆိုလျှင် သူတို့ပေးထားသည့် ဆုများ၊ ဂုဏ်ထူးဆောင်များသည် ကလေး ကစားစရာအဖြစ်ကို ရောက်ရှိသွားလိမ့်မည်။ အခု အတိုက်အခံတွေ တကြော်ကြော် အော်နေသည်က စစ်အစိုးရ၏ လမ်းကြောင်းအတွင်း ကုလသည် အငိုက်မမိသွားစေရန် သတိပေးနေသည့် အကြောင်းတရပ်သာဟု အမှားအမှန်မသိသော ပုစ္ဆာတပုဒ်အား အဖြေရှာရင်းနဲ့ .. .. ..
အမိမြန်မာပြည်၌ အထင်ကရရှိသော လူသားများ အားလုံး ချစ်ကြည်စွာ လက်ဆွဲ နှုတ်ဆက်နိုင်ပါစေ..လို့ ဆန္ဒဖြစ်ရင်း.. ဤတလအတွင်း ဖြစ်ပွားခဲ့သည့် သတင်းများအပေါ် လူလ၏ သုံးသပ်ချက်အား ထိုမျှသာဖြင့် ရပ်နားပါရစေ…
လူလ
ရွှင်လန်းချမ်းမြေ့ပါစေ…
( ဓါတ်ပုံကို ရာဟူး ဓါတ်ပုံမှ ရှာယူထားသည်။)
Subscribe to:
Posts (Atom)