Sunday, January 3, 2010

note 52

28.12.2009

နယ်ခြားစောင့်တပ်ရင်းအနီး နအဖစစ်တပ် လာရောက်တပ်စွဲ

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလိုက်သည့် ကချင်အထူးဒေသ (၁)၊ ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) နယ်မြေအတွင်းရှိ နယ်ခြားစောင့်တပ်ရင်းအနီးတွင် မကြာသေးမီ ရက်ပိုင်းကစ၍ နအဖက တပ်စခန်းအသစ်တခု ဆောက်လုပ်ကာ တပ်စွဲနေသည်။

အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ခံ၊ ဧရာဝတီတိုင်း၊ အိမ်မဲမြို့ အခြေစိုက် ခလရ (၆၃) က တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီးကုန်သွယ်ရေးစခန်းအနီး စင်ကျိုင်တွင် ဖွင့်လှစ်ထားသည့် အမှတ် (၁ဝဝ၃) တပ်ရင်းအနီးတွင် အဆောက်အဦ တန်းလျားအသစ်များ ဆောက်ကာ တပ်ချထားသည်ဟု ကန်ပိုက်တီးမှ ပြန်လာသူ မြစ်ကြီးနားဒေသခံတဦးက ပြောသည်။
(NEJ)
+++++

အမေရိကန် သံရုံးက ကိုညီညီအောင်ကို ထောင်ဝင်စာတွေ့


နယူးဒေလီ(မဇ္ဈိမ)။ ။ ထောင်တွင်းမှ တရားဆိုင်နေရသူ အမေရိကန် နိုင်ငံသားဖြစ်သူ ကိုညီညီအောင်ကို ယနေ့တွင် အမေရိကန် သံရုံးမှ အရာရှိများက သွားရောက် တွေ့ဆုံခဲ့သည်။

အင်းစိန်ထောင်တွင်း အစာငတ်ခံ ဆန္ဒပြမှုအပြီး ပထမဆုံး အကြိမ်အဖြစ် ရန်ကုန်ရှိ သံရုံးမှ ဒုတိယ ကောင်စစ်ဝန်က တွေ့ဆုံပြီး အစားအသောက်များ ပေးပို့ခဲ့သည်။စက်တင်ဘာလ ၃ ရက်နေ့က တောခိုကျောင်းသား ကိုညီညီအောင်သည် ဘန်ကောက်မြို့မှတဆင့် ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်သို့ ဝင်ရောက်လာစဉ် ထောက်လှမ်းရေးများက ဖမ်းဆီးခဲ့သည်။

၁၉၈၈ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုင်းနယ်စပ်သို့ ထွက်ပြေး ခိုလှုံခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့ အခြေချခဲ့သော သူသည် မြန်မာနိုင်ငံသို့ ၈ ကြိမ် ဝင်ရောက်ခဲ့သည်။

သူ့ကို လိမ်လည်မှု - ပုဒ်မ ၄၂၀၊ မှတ်ပုံတင်အတု ကိုင်ဆောင်မှု - ပုဒ်မ ၄၆၈၊ နိုင်ငံခြား ငွေလဲလည်မှု - ပုဒ်မ ၂၄ တို့ဖြင့် စွဲဆိုထားသည်။
ီ(မဇ္ဈိမ)
+++++

အထူးဒေသ (၁) ပိုင် ကုမ္ပဏီအားလုံး ရပ်ဆိုင်းခံရ


ကချင်အထူးဒေသ (၁) ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်း ဒါရိုက်တာအဖြစ် ပါဝင်သည့် စီးပွားရေးကုမ္ပဏီအားလုံး နာမည်ပျက်စာရင်း အသွင်းခံရကာ လုပ်ငန်း အားလုံး ရပ်ဆိုင်းထားရကြောင်း ကုမ္ပဏီအရာရှိတဦးက ပြောသည်။၎င်းတို့၏ လုပ်ငန်းအားလုံး ရပ်ဆိုင်းထားရသော်လည်း သက်ဆိုင်ရာ ဌာနအသီးသီးနှင့် ဆက်သွယ်လုပ်ကိုင်ခြင်း၊ နေပြည်တော် အထိ သွားရောက် ဖြေရှင်းခြင်းများ လုပ်ကိုင်နေပြီး မကြာမီ ကုမ္ပဏီလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ခွင့်ရနိုင်မည်ဟု မျှော်လင့်ကြောင်း အဆိုပါ ကုမ္ပဏီအရာရှိက ပြောသည်။

ယခုကုမ္ပဏီများကို ပိတ်ပင်သည့်ကိစ္စမှာ နိုင်ငံရေးကိစ္စ ပါဝင်နိုင်ကြောင်း၊ ယခင် အန်ဒီအေ တပ်ဖွဲ့တွင် အဆင့်မြင့်တာဝန် ယူခဲ့ဖူးပြီး ၂ဝဝ၅ ခုနှစ်အကုန် အဖွဲ့အစည်းမှ ထွက်ခဲ့သူတဦးက ပြောသည်။
(NEJ)
+++++

ရဲက အန်အယ်ဒီတို့၏ ကိုယ်ရေးရာဇဝင်တောင်း

နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ၏ ကိုယ်ရေး ရာဇဝင်များကို သတင်း ရဲတပ်ဖွဲ့က ကောက်ခံလျှက် ရှိသည်ဟု ပါတီဝင်များက ပြောသည်။

အထက်မှ ညွှန်ကြားချက် အရဟု ဆိုကာ ရန်ကုန်မြို့၊ မန္တလေးမြို့မှ မြို့နယ်အချို့ အပါအဝင် ပဲခူး၊ အင်းတိုင်၊ စဥ့်ကူးနှင့် မိုးညှင်းမြို့များမှ အတိုက်အခံ ပါတီ အန်အယ်လ်ဒီ အဖွဲ့ဝင်များအကြောင်း ကောက်ခံနေခြင်း ဖြစ်သည်။
ကောက်ခံရာတွင် ရယကများ၊ ရဲတပ်ဖွဲ့ဝင်များက ပါတီဝင်များ၏ အမည်၊ မွေးသက္ကရာဇ်၊ အဖွဲ့ချုပ်တွင် ထမ်းဆောင်သည့် တာဝန်စသည့် ကိုယ်ရေး အချက်အလက် ဖြည့်စွက်ရသည့်ပုံစံ ၇ ခုကို ဖြည့်ခိုင်းပြီး ယူဆောင်သွားခြင်း ဖြစ်သည်။
(မဇ္ဈိမ)
+++++

စစ်အစိုးရက (၂) နှစ်သက်တမ်း ငွေတိုက်စာချုပ်များ ထပ်တိုးရောင်းချမည်


စစ်အစိုးရက ငွေစက္ကူသစ် (၅) ထောင်တန်များ ထုတ်လုပ်ပြီးနောက်ပိုင်း ငွေတိုက်စာချုပ်များ တိုးမြှင့်ရောင်းချရန် ယနေ့ ကြေညာလိုက်သည်။

လာမည့်နှစ်သစ် ၂၀၁၀ ဇန်န၀ါရီ (၁) ရက်နေ့မှစပြီး ငွေကျပ် (၁) သောင်းမှ (၁၀) သန်းအထိ (၂) နှစ်သက်တမ်း ငွေချေးစာချုပ် များကို စစ်အစိုးရက ထပ်တိုးရောင်းချမည်ဖြစ်သည်။ ယင်းမှာ ယခု (၅) ထောင်တန် ငွေစက္ကူသစ်များ ထုတ်ပြီးနောက်ပိုင်း ပြည်သူထံမှ ငွေချေးသည့်သဘောဖြင့် ငွေတိုက်စာချုပ်များ ရောင်းချရန် ကြေညာလိုက်ခြင်းဖြစ်သည်။

“အမှန်ကတော့ သူက ပြည်သူလူထုဆီက ငွေချေးတဲ့သဘော။ ဒီတော့ ထပ်ထုတ်တယ်ဆိုတော့ ပြည်သူလူထုဆီက ငွေထပ်ချေးတဲ့ သဘောပေါ့” ဟု စီးပွားရေးပညာရှင် ဦးခင်မောင်ညိုက ပြောသည်။
(NEJ)
-----------------

29.12.2009

ရုရှမှ တိုက်လေယာဉ် ရောင်းမည့်သတင်း ပြည်သူများစိတ်ဝင်စား

မြန်မာနိုင်ငံသို့ ရုရှနိုင်ငံမှ အမ်အိုင်ဂျီ (၂၉) အမျိုးအစား တိုက်လေယာဉ်များ ရောင်းချပေးပို့သွားရန် ရှိသည်ဟူသည့်သတင်းကို ရန်ကုန်ပြည်သူတို့ အလွန်စိတ်ဝင်စားနေကြကြောင်း ရန်ကုန်မြို့ သတင်းရပ်ကွက်များမှ သိရသည်။

အဆိုပါသတင်းကို ပြည်ပမီဒီယာများက အကျယ်တ၀င့် ဖော်ပြခဲ့ကြရာ ယခုအခါ မြန်မာတနိုင်ငံလုံးက သိရှိသွားပြီဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ၀ါရင့်သတင်းစာဆရာတဦးက ပြောသည်။
(NEJ)
+++++

အန်အယ်ဒီက CEC စုံညီ အစည်းအဝေး ကျင်းပလို

နယူးဒေလီ (မဇ္ဈိမ)။ ။ ပါတီ ဗဟို အလုပ် အမှုဆောင်အဖွဲ့ CEC တိုးချဲ့ ဖွဲ့စည်းရေး အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် CEC အဖွဲ့ဝင် ၁၁ ဦးလုံး ပါဝင်သည့် စုံညီ အစည်းအဝေး ကျင်းပရန် လိုအပ်နေကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသည်။လွန်ခဲ့သည့် နှစ် ၂၀ အတွင်း ၁၄ နှစ်ကျော် အချုပ်နှောင်ခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက အကျယ်ချုပ် ကျခံနေရသည့် ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် CEC အဖွဲ့ဝင် ၁၁ ဦးနှင့် တွေ့ဆုံခွင့်ပြုရန် စာရေးသား တောင်းဆိုခဲ့သော်လည်း ယခုထိ တွေ့ခွင့် မရသေးပါ။

အန်အယ်ဒီ CEC အဖွဲဝင်များအနေဖြင့် သဘောတူညီမှု ရရှိခဲ့သော်လည်း မျက်နှာစုံညီ အစည်းအဝေး မရှိသေးသဖြင့် အပြီးအပိုင် ဆုံးဖြတ်၍ မရသောကြောင့် စစ်အစိုးရ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်း နေရကြောင်း ဦးခင်မောင်ဆွေက ပြောသည်။
(မဇ္ဈိမ)။
+++++

(၁၀) တန်း ကျောင်းသားများ အခမဲ့ကျောင်းများကို အားထား


ရန်ကုန်မြို့တော်တွင် နေထိုင်သည့် (၁၀) တန်းကျောင်းသား (၃) ပုံ (၂) ပုံမှာ သင်ကြားမှု စရိတ်ကြီးမြင့်မှုကြောင့် အခမဲ့ပညာသင် ကျောင်းများကိုသာ အားကိုးနေရကြောင်း သိရသည်။

တနှစ်စာ ကျောင်းစရိတ်အပြင် ကျူရှင်စရိတ်မှာ (၁၀) သိန်းမှ သိန်း (၃၀) အထိ ရှိနေသောကြောင့် တက္ကသိုလ်ဝင်တန်း ကျောင်းသားအများစုမှာ အခမဲ့ပညာသင်ကျောင်းများ ဖွင့်ထားသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် အခမဲ့ပညာဒါန သင်တန်းများကို အဓိက အားထားနေရခြင်းဖြစ်သည်။ ရန်ကုန်မြို့တွင် ဘုန်းတော်ကြီးများ ဦးဆောင်ပြီး ပညာဒါန ကျောင်းအများအပြား ဖွင့်လှစ်ထားကာ ၀ါရင့်ဆရာဆရာမကြီးတို့က ပညာဒါနအဖြစ် အခမဲ့သင်ကြားပေးနေကြသည်။
(NEJ)
+++++

ဒီမိုကရက်တစ် ပါတီဝင် အမျိုးသမီးများ စည်းရုံးရေး ဆင်းနေပြီ

နယူးဒေလီ (မဇ္စျိမ)။ ။ ဒီမိုကရက်တစ် ပါတီ DP မှ အမျိုးသမီးတစုက ရန်ကုန်တိုင်းရှိ မြို့နယ်တချို့တွင် စည်းရုံးရေး လုပ်ငန်း စတင်နေပြီ ဖြစ်သည်။

တွံတေး၊ သုံးခွ၊ ဆိတ်ကြီးခနောင်တို၊ ကြည့်မြင်တိုင်၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ တောင်ဥက္ကလာ၊ ရန်ကင်း စသည့် မြို့နယ် ၈ ခုတွင် စည်းရုံးရေး စတင်နေပြီဖြစ်ကြောင်း DP ဗဟိုဌာနချုပ် အလုပ်အမှုဆောင်အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
လက်ရှိတွင် ၎င်းတို့ပါတီတွင် အမာခံ အမျိုးသမီး ဦးရေ ၂၀ ရှိနေပြီး၊ အများစုမှာ ရွေးကောက်ပွဲ စည်းမျဉ်း ဥပဒေကို စောင့်ဆိုင်းနေကြသဖြင့် အမည်စာရင်း ပေးသွင်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ယခုလို စည်းရုံးရေး လုပ်ဆောင်ရာတွင် ရန်ကုန် သတင်း ရဲတပ်ဖွဲ့ဝင် တချို့က လိုက်လံ စောင့်ကြည့်မှုများ ရှိသလို၊ စည်းရုံးရေး ဆင်းနေစဉ် နေအိမ်တချို့ကို လာရောက်၍ သတင်း မေးမြန်းစုံစမ်းခြင်း ပြုလုပ်နေကြောင်း သိရသည်။ သို့သော် တစုံတရာ လိုက်လံနှောင့်ယှက်ခြင်းမျိုး မရှိပေ။ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဗဟို အလုပ်အမှုဆောင် ၁၅ ဦးနှင့် ဖွဲ့စည်းခဲ့သည့် ဒီမိုကရက်တစ် ပါတီ DP တွင် ဦးသုဝေက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး နိုင်ငံရေး ခေါင်းဆောင်ဟောင်းများ၏ သမီးများဖြစ်သည့် ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်းနှင့် ဒေါ်နေရီဗဆွေတို့ဖြင့် ဦးဆောင် ဖွဲ့စည်းခဲ့သည်။
(မဇ္စျိမ)။
+++++

ကိုညီညီအောင်အား အမှုတခု စွဲချက်ထပ်တင်

မြန်မာလူမျိုး အမေရိကန်နိုင်ငံသား ကိုကျော်ဇောလွင်ခေါ် ကိုညီညီအောင်၏အမှုကို တရားရုံးက စွဲချက်တင်သင့် မတင်သင့် အမိန့်ချရန်အတွက် အင်းစိန်ထောင်တရားရုံးတွင် ကိုညီညီအောင်အား ယနေ့ ရုံးထုတ်သည်ဟု ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။

ယနေ့ရုံးထုတ်ရာတွင် ဦးဉာဏ်ဝင်းနှင့်ဦးကြည်ဝင်းတို့က ပူးတွဲလက်မှတ်ထိုး ရေးသားထားသည့် လျှောက်လဲချက်ကို တင်လိုက်ကြောင်း ဦးကြည်ဝင်းက ပြောသည်။မနက်ဖြန်တွင် ရှေ့နေကြီး ဦးဉာဏ်ဝင်းက တောင်ပိုင်းခရိုင်တရားရုံးသို့ သွားရောက်ကာ နောက်ထပ်စွဲချက်တင်သည့်အမှုကို လေ့လာဖတ်ရှုမည်ဖြစ်ကြောင်း ဦးကြည်ဝင်းက ပြောသည်။

ကိုညီညီအောင်အား စွဲချက်တင်ထားသည့် ပြစ်မှု (၂) ခုအပြင် ယခုစွဲချက်ထပ်တင်သည့်အမှုအတွက် ကြားနာရန် လာမည့် သောကြာနေ့တွင် ထပ်မံ၍ ရုံးချိန်းပေးလိုက်သည်။ ယနေ့ရုံးချိန်းတွင် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ ကောင်စစ်ဝန်လည်း လာရောက်ခဲ့ကြောင်း သိရသည်။
(NEJ)
+++++

မြန်မာ့အရေး ဆွေးနွေးပွဲ ရန်ကုန်တွင် ကျင်းပမည်


နယူးဒေလီ (မဇ္စျိမ) ။ ။ မြန်မာ့အရေး ဆွေးနွေးပွဲ တခုကို ရန်ကုန်မြို့တွင် ကျင်းပ ပြုလုပ်နိုင်ရန် ဒီမိုကရက်တစ် အင်အားစုတစုက ကြိုးပမ်းလျက် ရှိသည်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အစီအစဉ် အပေါ် မတူညီ ကွဲပြားသည့် ရှုထောင့် အမြင်များကို စုစည်းကာ ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး စသည့် အချက်များပေါ်တွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် အကြိုဆွေးနွေးပွဲကို ဇန်နဝါရီလအတွင်း ပြုလုပ်မည် ဖြစ်သည်။ ယခုနှစ်၊ နိုဝင်ဘာလအတွင်းက ဖွဲ့စည်းခဲ့သည့် မြန်မာ့အရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မတီကို ၈၈ ကျောင်းသားများ ဖြစ်သည့် ကိုသိန်းဌေး၊ ကိုသောင်းဝင်း၊ ကိုမင်းလွင်နှင့် ကိုသိန်းတင်အောင် တို့ ပါဝင် ဖွဲ့စည်းထားသည့် ၅ ဦး ကော်မတီအဖွဲ့ ဖြစ်သည်။

လာမည့် ဇန်နဝါရီလ ဒုတိယအပတ်အတွင်း ပြုလုပ်ရန် ရည်ရွယ်ထားပြီး၊ ယခုအခါတွင် ဝါရင့် နိုင်ငံရေး ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဒီမိုကရေစီ အင်အားစုများကို လိုက်လံတွေ့ဆုံမှု ပြုလုပ်နေသည်။ဆွေးနွေးပွဲ ကျင်းပမည့် သူများက ထုတ်ဖော် ပြောဆိုမှုတခုတွင် စစ်တပ်နှင့် တသားတည်းကျ လှုပ်ရှားနေသော အင်အားစုများကိုမူ ဆွေးနွေးပွဲသို့ ဖိတ်ကြားမည် မဟုတ်ဟု ပါရှိသည်။ (မဇ္စျိမ) ။
---------------

30.12.2009


ရွှေတွင်းများတွင် အလုပ်သမားများကို ဘိန်းပေးပြီး ခိုင်းစေ


ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းအထက်ပိုင်း၊ တနိုင်းမြို့နယ်အတွင်းရှိ အချို့သော ရွှေတွင်းများတွင် အလုပ်သမားများကို ဘိန်းပေးကာ ခိုင်းစေနေသည်။

တနိုင်းမြို့နယ်အတွင်းရှိ တုံပနီနှင့် တဂါးခဒေသ ရွှေတွင်းများတွင် အလုပ်သမားများကို ပုံမှန်အလုပ်ဆင်းနိုင်ရန်နှင့် အလုပ်သမားထွက်ပြေးမှုများ မရှိစေရန် ရည်ရွယ်ပြီး ဘိန်းသုံးစွဲသူများကို နေ့စဉ် ဘိန်းပေးကာ အလုပ်ခိုင်းစေနေသည်ဟု အဆိုပါဒေသမှ ပြန်လာသည့် ဒေသခံတဦးက ပြောသည်။ ဘိန်းစွဲနေသည့် အလုပ်သမားများအား မနက် အလုပ်ဆင်းခါနီးတကြိမ်၊ ညနေ အလုပ်သိမ်းချိန်တကြိမ် ဘိန်းပုံမှန်ပေးနေရပြီး အစားအသောက်နှင့် နေထိုင်စရာသာ ပေးထားရကြောင်း အဆိုပါဒေသခံက ပြောသည်။
(NEJ)
+++++

ဝ အရေး နောက်ဆုံးရက်နီးကပ်လာ၊ ဆွေးနွေးမှုမရှိသေး


ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရက အပစ်ရပ် ဝ အဖွဲ့ UWSA အား နယ်ခြားစောင့်တပ် ပြောင်းလဲရေးကို ယခုလကုန် နောက်ဆုံးထား ဆုံးဖြတ်ရန် ပြောထားသော်လည်း ယနေ့ထိ နှစ်ဖက် ဆွေးနွေးပွဲများ ထပ်မံပြုလုပ်ခြင်း မရှိသေးကြောင်း နီးစပ်သူများထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့ အခြေစိုက် ဗျူဟာမှူး ဗိုလ်မှူးကြီး ခိုင်ဇော်နှင့် စရဖ ဒု ဗိုလ်မှူးကြီး ထွန်းထွန်းရီတို့က ဝ နယ်မြေကို ဖြတ်၍ တရုတ်နယ်စပ် လန်ချန်းမြို့တွင် နှစ်နိုင်ငံ နယ်စပ်ကိစ္စများ ဆွေးနွေးရန် ထွက်ခွာမှုသာရှိသည်ဟု တရုတ်နယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော်က မဇ္ဈိမကို ပြောသည်။

ယခင်လ ၁၄ ရက်နေ့တွင် နအဖ စစ်ဘက်ရေးရာ လုံခြုံရေး အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၊ ရမခ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်၊ ကစထမှူး မင်းအောင်လှိုင်တို့ ပါဝင်သောအဖွဲ့နှင့် ဝ တပ် နိုင်ငံရေး ဦးဆောင်မှု ပါတီဖြစ်သော ဝ ပြည် သွေးစည်း ညီညွတ်ရေးပါတီ UWSP မှ ဒု- ဥက္ကဌ ပေါဝ်းယျိုလျှန်၊ ဒု-စစ်ဦးချုပ် တာ့အိုက်လွန်း ပါဝင်သောအဖွဲ့တို့ ဆွေးနွေးခဲ့ရာမှ သဘောတူညီချက်မရသဖြင့် တပ်တွင်း ထပ်မံ ဆွေးနွေးနိုင်ရန် ယခုလကုန်အထိ အချိန်ပေးခဲ့ခြင်း ဖြစ်သည်။
(မဇ္ဈိမ)
+++++

ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန်ဝန်ကြီးချုပ် စာပေးပို့

ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရဲစွမ်းသတ္တိကို ချီးမွမ်း ဂုဏ်ပြုလိုက်ကာ ဒီမိုကရေစီရေးအတွက် ဆက်လက်အားပေးထောက်ခံသွားမည့်အကြောင်း ပေးစာတစောင်ကို ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့လိုက်ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

မြန်မာစစ်ခေါင်းဆောင်များအားလည်း လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို ပေးထားသည့်ကတိအတိုင်း လွတ်လပ်၊ တရားမျှတသည့် ရွေးကောက်ပွဲအဖြစ် ကျင်းပပေးရန် တောင်းဆိုလိုက်ပြီး ယင်းသို့မဖြစ်ပါက ပြစ်တင်ရှုတ်ချမှုများကြောင့် မြန်မာနိုင်ငံသည် အကျပ်အတည်းနှင့် နိုင်ငံတကာ၏ ၀ိုင်းကျဉ်မှုကို ပိုမိုခံရလိမ့်မည်ဟုလည်း သတိပေးပြောကြားလိုက်သည်။

ယခုရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အတိုက်အခံခေါင်းဆောင်များ မပါဝင်ဘဲ၊ နိုင်ငံတကာ၏ စောင့်ကြည့်မှု အောက်တွင် မရှိဘဲ ရွေးကောက်ပွဲကို ကျင်းပမည်ဆိုပါက မြန်မာနိုင်ငံသည် သံတမန်အသိုင်းအ၀ိုင်းအလယ်တွင် အထီးကျန်ခြင်း၊ စီးပွားရေး တိုးတက်မှုမရှိခြင်းတို့ ပိုမိုဖြစ်ပေါ်လာကာ မြန်မာစစ်ခေါင်းဆောင်များသည် ပြစ်တင်ခံရလိမ့်မည်ဟုလည်း မစ္စတာ ဂေါ်ဒွန်ဘရောင်းက ယမန်နေ့က ထုတ်ပြန်သည့်စာတွင် ပြောကြားထားကြောင်း သိရသည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်မှန်သည့်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန်လည်း စစ်အစိုးရကို ဗြိတိန် ၀န်ကြီးချုပ်က တိုက်တွန်းထားသည်။
(NEJ)
---------------

31.12.2009

ကက်ဘိနက် အစည်းအဝေး နေပြည်တော်တွင် ပြုလုပ်


ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရ၏ ကက်ဘိနက်အဖွဲ့ဝင် ဝန်ကြီးများ အားလုံးကို နေပြည်တော်က ယနေ့တွင် ဆင့်ခေါ်ထားရာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကြီးမှူး ကျင်းပမည့် အစည်းအဝေးသည် မဟာဗျူဟာမြောက်ဖြစ်ဖွယ် ရှိသည်။

စစ်ဘက် သတင်းရပ်ကွက်တခု အဆိုအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယနေ့ အစည်းအဝေးတွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး သူ၏ အကြံအစည်များကို ရှင်းလင်း ပြောကြားသွားလိမ့်မည်ဟု သိရသည်။
(မဇ္ဈိမ)။
+++++

ပူးပေါင်း ဆောင်ရွက်ရေး ထောက်ခံမည်ဟု မြန်မာ့အရေး ကော်မတီပြော


ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံနှင့် ပူးပေါင်း ဆောင်ရွက်မည်ဟု ဆိုခြင်းကို ထောက်ခံကြောင်း မြန်မာ့အရေး ဆွေးနွေးပွဲ ကျင်းပရေး ကော်မတီက ပြောသည်။မြန်မာအရေး ဆွေးနွေးပွဲအား ယခုလကုန်တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ကော်မတီဝင်များ အနေဖြင့် ၈၈ ကျောင်းသားများ၊ ဝါရင့် နိုင်ငံရေးသမားများ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် နိုင်ငံရေး တက်ကြွသူများကို လိုက်လံ ဆွေးနွေးမှုများ မပြီးဆုံးသေးသဖြင့် လာမည့်လ ဒုတိယပတ်သို့ ပြောင်းရွှေ့ လိုက်သည်။

ဆွေးနွေးပွဲ ကျင်းပပြီးနောက် ရလဒ်များအား သတင်းမီဒီယာများထံသို့ ကြေငြာပေးမည်ဖြစ်ပြီး စတင် ကျင်းပသည့်နေ့မှာပင် ကော်မတီအား ဖျက်သိမ်းလိုက်မည်ဖြစ်ဟု ကိုဖြိုးမင်းသိန်းက ပြောသည်။
(မဇ္ဈိမ)
+++++

ဒုတိယ အကြိမ်မြောက် မြန်မာဘလော့ဂ် အကယ်ဒမီဆုပေးပွဲ ကျင်းပမည်


ဒုတိယ အကြိမ်မြောက် မြန်မာ ဘလော့ဂ် အကယ်ဒမီ ဆုပေးပွဲကို မြန်မာ ဘလော့ဂါများ အကြား ဘလော့ဂ္ဂင်း အရည်အသွေး တိုးတက် ခြင်းနှင့် မြန်မာ ဘလော့ဂ်လောက ပိုမို ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းမှု တရပ်အား အသိမှတ်ပြုသော အနေဖြင့် ၂၀၁၀ ခုနှစ် နှစ်ကူး ကာလတွင် အင်တာနက် ပေါ်မှတဆင့် အွန်လိုင်း မဲပေးစံနစ်ဖြင့် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မြန်မာဘလော့ဂ် အကယ်ဒမီ ရွေးချယ်ပွဲအား သတ္တမ နည်းပညာရပ်ဝန်း (Technical 7) မှ နည်းပညာနှင့် ဝဘ်ဆိုဒ် ပြင်ဆင်မှုများကို ကမကထပြု ပံ့ပိုးပေးခြင်းခြင်း ဖြစ်ကာ၊ မြန်မာဘလော်ဂါ လူငယ်တစု ၏ အားထုတ်မှု၊ မြန်မာ သတင်းသမဂ္ဂ၊ နယ်ခြားမဲ့ သတင်းထောက်များ အသင်း RSF တို့၏ ကူညီမှုများကြောင့် ဖြစ်သည်ဟု ဆိုသည်။

အွန်လိုင်းမှတဆင့် ဆန္ဒမဲပေးမှု ရလဒ်များအရ ကဏ္ဍ အသီးသီး၌ အကောင်းဆုံး ဘလော့ဂ်ဆု ရရှိသူများ အားလုံးကို MBAA 2009 ဂုဏ်ပြု မှတ်တမ်းတင်လွှာ တခုစီနှင့်၊ " မြန်မာ သတင်းသမဂ္ဂ " ၏ အမှတ်တရ လက်ဆောင် ပစ္စည်းတခုစီအား ဆုလက်ခံ ရရှိသူ ဘလော့ဂ်ဂါ နေထိုင်ရာ မြို့၊ ရွာ၊ နိုင်ငံ အရောက် MBAA 2009 လက်ဆောင်များအား အခမဲ့ အရောက် ပို့ဆောင် ပေးသွားမည် ဖြစ်ကြောင်း ၎င်းဝဘ်ဆိုဒ်တွင် ရေးသား ကြေငြာ ဖေါ်ပြထားသည်။

၂၀၀၉ ခုနှစ်အတွက် ချီးမြှင့်မည့် မြန်မာဘလော့ဂ် အကယ်ဒမီဆုများတွင်

* အကောင်းဆုံး သာသနာတော် အကျိုးပြု စာပေဘလော့ဂ်ဆု
* အကောင်းဆုံး နည်းပညာ အကျိုးပြု စာပေဘလော့ဂ်ဆု
* အကောင်းဆုံး နိုင်ငံ အကျိုးပြု သတင်းနှင့်စာပေ ဘလော့ဂ်ဆု
* အကောင်းဆုံး လူမှုအကျိုးပြု ပရဟိတ အသင်းအဖွဲ့ ဘလော့ဂ်ဆု
* အကောင်းဆုံး ပညာရေးနှင့် ပညာပေး စာပေ ဘလော့ဂ်ဆု
* အကောင်းဆုံး လူမှုဘ၀ သရုပ်ဖော်နှင့် ဘာသာပြန် ရသစာပေ ဘလော့ဂ်ဆု
* အကောင်းဆုံး ရင်တွင်းဖြစ် ခံစားမှု စာစုများနှင့် ရသကဗျာ စာပေဘလော့ဂ်ဆု

စသည်ဖြင့် သက်ဆိုင်ရာ ဘလော့ဂ် အမျိုးအစားများ အလိုက် ဆုပေါင်း ၇ ဆုအထိ ပါဝင်ပြီး၊ ဘလော့ဂ် ပိုင်ရှင်များကိုယ်တိုင် မိမိဝင်ရောက်လိုသည့် ဘလော့ဂ် အမျိုးအစားများ အလိုက် ဝင်ရောက် စာရင်းသွင်းရန် လိုအပ်မည် ဖြစ်ကာ၊ အွန်လိုင်းမှ မဲပေးသူများ အနေဖြင့် ကဏ္ဍတခုစီ အလိုက် မိမိတို့ ကြိုက်နှစ်သက်ရာ ဘလော့ဂ် တခုစီကို မဲပေးခွင့်ရမည်ဟု MBAA 2009 မှ အစီစဉ် ရေးဆွဲသော တာဝန်ရှိသူ တဦးမှ ပြောကြားသည်။မဲပေး ရွေးချယ်မှုကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ စတင်မည် ဖြစ်ပြီး မည်သူမဆို အွန်လိုင်းမှတဆင့် လွတ်လပ်စွာ ဝင်ရောက် မဲပေးနိုင်ကြ မည်ဖြစ်သလို၊ ခရစ် သက္ကရာဇ် ၂၀၁၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့၊ မြန်မာ စံတော်ချိန်ည (၁၂း ၀၀) တိတိတွင် ပိတ်သိမ်းမည် ဖြစ်ကြောင်းနှင့် ကဏ္ဍ အသီးသီးရှိ အကောင်းဆုံး ဘလော့ဂ်ဆု ရရှိသူများ စာရင်းကို ခရစ် သက္ကရာဇ် ၂၀၁၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် (၁၂း ၀၀) တိတိတွင် ဆုစာရင်းအား ဖွင့်လှစ် ကြေညာမည်ဟု သိရှိသည်။

ကဏ္ဍ အသီးသီးရှိ အကောင်းဆုံး ဘလော့ဂ်ဆု ရရှိသူများ အတွက် ဆုပေးပွဲ အခမ်းအနားကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ခရစ်သက္ကရာဇ် ၂၀၁၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့တွင် ကျင်းပ ပေးသွားမည် ဖြစ်ပြီး၊ ဘလော့ဂ်ဆု ရရှိသူများအတွက် နေထိုင် စားသောက်စရိတ် အတွက် MBAA 2009 အစီအစဉ်မှ တာဝန်ယူ သွားမည်ဖြစ်ကာ၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအတွင်းမှ ဆုရှင်များအတွက် ခရီးစရိတ်ပါ ထပ်မံကူညီ ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
http://www.mmblogpress.org/
(လူထုအသံ)

Monday, December 28, 2009

ဖြစ်မျိုးစုံလင် ဒီလတွင်




နှစ်တခု၏ နောက်ဆုံးလ ဖြစ်သောကြောင့် သည်နှစ်အတွင်း ထူးခြားစွာ ပေါ်ပေါက်လာသော နိုင်ငံတကာနှင့် မြန်မာ့ နိုင်ငံရေး အကြောင်းအရာ အနည်းအကျဉ်းကို တင်ပြချင်သည်။

ဤနှစ်အတွင်း ကမ္ဘာကြီးမှာ စီးပွားပျက်ပြီး နလံထူလာသော နောက်ပိုင်း အမေရိကန် ပြည်ထောင်စု၏ ဒု သမ္မတဟောင်း အယ်လ်ဂိုး၏ ကမ္ဘာကြီး ပူနွေးလာသော အကြောင်း အရင်းအမြစ် တင်ပြချက်သည် လူသန်းပေါင်း များစွာအတွက် မျိုးဆက် ပြဿနာတခုလို့ ထင်မြင်ယူဆ လာကြသည်။ သို့အတွက် သဘာဝ ပတ်ဝန်းကျင်ကို လွန်စွာ ထိန်းသိမ်းသော ဒိန်းမတ် နိုင်ငံမြို့တော် ကိုပင်ဟေဂင် တွင် အိမ်ရှင်အဖြစ် နိုင်ငံတကာနှင့် သက်ဆိုင်သော အဓိက အစည်းအဝေးကြီး တခုကို လက်ခံ ကျင်းပခဲ့ပါသည်။ ထို အစည်းအဝေး၏ အကျိုး ရလဒ်ဟာ ကမ္ဘာသူ ကမ္ဘာသား များအတွက် အကျိုးစုံတရာ ဖြစ်ထွန်း လာလိမ့်မည်လို့ မျှော်လင့်များစွာဖြင့် စောင့်မျှော်နေသူတွေ၊ ထိုပြဿနာဟာ ငါတို့နှင့်လည်း သက်ဆိုင်ပါသည် ဆိုသော အစိုးရ မဟုတ်သော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ တဖွဲဖွဲ ရောက်ရှိလာကြပြီး ကိုယ့်ရဲ့ ဆန္ဒကို ရဲဝံ့စွာလာရောက် ဖေါ်ထုတ်ကြသည်မှာ အားရဖွယ်ရာ ဖြစ်သည်။

သို့ပါသော်လည်း ကမ္ဘာ့ခေါင်းဆောင်များဟာ ကိုယ့်ကျိုးစီးပွား မူဝါဒ ကာကွယ်ရင်းနဲ့ သောင်တင် ရေမကျ ရလဒ်မျှသာ ရခဲ့ကြသည်။ ဒါကြောင့် ကွန်မြူနစ် အတွေးအခေါ်ရှိသော ဗင်နီဇွဲလား သမ္မတက

ဒီပြဿနာဟာ ချမ်းသာတဲ့ သူတွေရဲ့ ဘဏ်တိုက် ဖြစ်မယ်ဆိုရင် ၎င်း အစည်းအဝေးမှ အကျိုးရလဒ် တခု လွယ်ကူစွာ ချမှတ် နိုင်လိမ့်မယ်!!!

လို့ တင်စား ပြောဆိုခဲ့တယ်။ တဖက်အမြင်နဲ့ စဉ်းစားရမယ်ဆိုလျှင် နလံထ လာစ ကမ္ဘာ့စီးပွားရေး အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ် လျှော့ချမယ် ဆိုရင် စက်ရုံအလုပ်ရုံများ ပြန်ပိတ်ရမဲ့ အနေအထား ရောက်လာပြီး သန်းပေါင်း များစွာသော အခြေခံလူတန်းစား အလုပ်သမားများ အတွက် ရပ်တည်မှုဟာ လွန်စွာ ခက်ခဲတဲ့ အခြေအနေတခုကို သက်ရောက် လာနိုင်သည်။ သို့အတွက်ကြောင့် ထိုအစည်းအဝေးမှ ထွက်ပေါ်လာသော အကျိုးရလဒ်ဟာ မောင်ပိုလဲ မောင်ပိုနေရာပြန်သွား ကျားလဲ ကျားနေရာ ပြန်နေဆိုသော အနေအထားမျှသာ သက်ရောက်လိမ့်မည်။ ဒီပြဿနာဟာ ကိုယ့်ရှုး ကိုယ်ပတ်သလို ဆုပ်လဲစူး စားလဲရူးပါပဲ။ ထိုအစည်းအဝေး၏ ဘယ်သို့သော ရလဒ်ပဲ ထွက်လာထွက်လာ လက်ရှိ ဦးဆောင်နေတဲ့ ကမ္ဘာ့ ခေါင်းဆောင်များရဲ့ သူတို့ ဆုံးဖြတ်ခဲ့သော ရလဒ်အတွက် လက်သည် တရာခံ မဟုတ်တာတော့ သေခြာပါတယ်။

ထို အစည်းအဝေးကို မြန်မာနိုင်ငံက ၀န်ကြီးချုပ် ဗိုလ်သိန်းစိန် လာတက်မည်ဟု ပြည်ပ နာမည်ကြီး သတင်းဌာန များက တင်ကြိုစွာ သတင်း ထုတ်ပြန်ခဲ့တယ်။ ဒါကြောင့် နိုင်ငံတကာရောက် အတိုက်အခံ အင်အားစုများကလဲ ဒိန်းမတ် နိုင်ငံအတွင်း မြန်မာ့အရေးကို စိတ်ဝင်စားသော သူများဦးစီးပြီး ဗိုလ်သိန်းစိန်အား ပြင်းထန်စွာ ဆန္ဒပြရန် ဆော်သြခဲ့တယ်၊ ဒီတင် သတင်းဌာနများ၏ သတင်းမှားလား။ ဒါမဟုတ် ဗိုလ်သိန်းစိန်တို့ အဖွဲ့ကပဲ ကြိုတင် သတင်းရသွားလား မသိ။ ထိုဆန္ဒပြမည့် နေ့ရက်ကို သူတို့ ရောက်ရှိလာခြင်း မရှိပေ။ ထိုအချိန်တွင် ဗိုလ်သိန်းစိန်က လောနိုင်ငံတွင် ကျင်းပနေသော Sea Game ဖွင့်ပွဲ ကျင်းပသည့် နေရာသို့ ရောက်နေသည်။

ရက် အနည်းငယ်ကြာမှ နိုင်ငံခြားရေး ၀န်ကြီး ဦးဆောင်သော အဖွဲ့တဖွဲ့ ခပ်သုတ်သုတ် ရောက်ရှိလာသည်။ သို့အတွက် ဒိန်းမတ်ရောက် မြန်မာအရေး လှုပ်ရှားတဲ့သူ များအတွက် နောက်တခေါက် ထပ်သွားရန် အခြေအနေက ဖန်တီးလာခဲ့ပြန်သည်။ တချို့ အားလပ်ရက် ရှိသော သူများ အတွက်တော့ မထောင်းသာပေမဲ့ အလုပ် လုပ်နေတဲ့ သူများအတွက် နောက်တကြိမ် အလုပ်မှ ခွင့်ယူရန် အတွက် မဖြစ်နိုင်တဲ့ အနေအထား ရောက်လာသဖြင့် ထိုဆန္ဒပြပွဲ အတွက် အင်အား ယုတ်လျှော့သွားတာ အမှန်ပင် ဖြစ်သည်။ ဦးစွာတင်ပြ ပထမ ဖြစ်ချင်တဲ့ သတင်းဌာနများကို အပြစ်တင်ရမလား မသိတော့ချေ။

ကမ္ဘာကျော် စီးပွားရေး ပညာရှင် နိုဗယ်ဆုရ ပါမောက္ခ ဂျိုးဇက် စတက်ဂလစ်က မြန်မာနိုင်ငံကို လာရောက်ပြီး ဆင်းရဲ မွဲတေနေသော အခြေခံ လူတန်းစားများအတွက် လယ်ယာမြေ ပြုပြင်ပြောင်းလဲရေး ဆိုတဲ့ သီးစားချေးငွေ စနစ်ကို ပြောင်းလဲရန် အကြံပေးခဲ့တယ် ဆိုပါတယ်။ ဂျိုးဇက် စတက်ဂလစ် မသိလိုက်တဲ့အချက်က စစ်အုပ်စုဟာ စိုက်ပျိုးရေးကို အခြေခံပြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးမှုကို ၈၈ အာဏာသိမ်းအစိုးရက စတင်တာ ဟုတ်ပါဘူး ။ ၆၂ အာဏာသိမ်း ခေါင်းဆောင် ဦးနေ၀င်းလဲ စိုက်ပျိုးရေးကို အခြေခံပြီး ဘယ်ပန်းတိုင်ကို ဘာညာ တိုင်းပြည်ဖြစ်အောင် တိုးတက်ရမယ် တကြော်ကြော် အော်ခဲ့ဖူးပါတယ်။ သေချာတာကတော့ ချေးခွင့် ရရှိသွားတဲ့ လယ်သမားတွေ အတွက်တော့ ဂျိုးဇက် စကက်ဂလစ်ဟာ ခေတ်သစ် မြန်မာနိုင်ငံရဲ့ ရှင်အဇ္ဇဂေါဏ ဖြစ်သွားတာပေါ့။ ဘာဖြစ်ဖြစ် ကောင်းပါတယ်။

ရွေးကောက်ပွဲ အတွက် စည်းရုံးနေတာ လူတိုင်း သိပါတယ်။ ဗမာလူမျိုးအကြောင်း ကောင်းကောင်းသိတဲ့ စိတ်ဓါတ် စစ်ဆင်ရေးကို ကိုင်တွယ်လာတဲ့ ဗိုလ်သန်းရွှေရဲ့ ရိုက်ချက်တွေ ပါမှာပါ။ အာဏာဆက်လက် တည်မြဲဖို့ အတွက် ကြည့်နေမှာပါ ဂျိုးဇက် မလာလဲ သူတို့ ချေးမှာပါ။ပြန်ဆပ်တဲ့ အချိန်မှာ ပြဿနာကတော့ ကြီးကျယ် ခမ်းနားစွာ ပေါ်လာဦးမှာ သေချာတယ်။ ငွေပြန်ဆပ်နိုင် မဆပ်နိုင်တဲ့ ဂယက်ပေါ့။ ကြည့်စမ်း ဘယ်လောက် ကောင်းလိုက်တဲ့ မဲဆွယ်မှုလဲ ဆိုတာ ပြည်သူအပေါ် စေတနာ ရှိလိုက်ပုံများ။ တခြား ဒီမိုကရေစီ နိုင်ငံတွေမှာ မဲဆွယ်ကြရင် နိုင်ငံရေးအင်အားစုတွေက ပြည်သူများအပေါ် အပေးပဲရှိတာ ချေးငှားပြီး မဲဆွယ်တာ မကြားဖူးပါဘူး။ ထိုင်းနိုင်ငံ သက်ဆင် ခေတ်ကောင်းစဉ်က ကာလက သူတို့ မဲဆွယ်ရင် အနည်းဆုံး လူတယောက် ဘတ် ၅၀၀ ရသေးတယ်။ နောက်ပြီး ကျေးရွာများအတွက် လယ်ယာမြေ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပေးတယ်။ ဆည်မြောင်းများ အခမဲ့ ဖောက်ပေးတယ်။ ဒါကပ်နေတဲ့ နိုင်ငံတွေရဲ့ လူတိုင်းသိတဲ့ ပြယုဂ်။

နောက်တခုက စာရေးသူက စီးပွားရေး ပညာရှင်မဟုတ် ပေမဲ့ ကြုံလာတဲ့ အတွေ့အကြုံ တခုကို မျှဝေချင်ပါတယ်။ ပွင့်လင်းရာသီ ရောက်ပြီး စပါးတွေ ပေါ်လာပြီဆိုပါတော့။ လယ်သမားတွေ အတွက် ခေါင်းစားရတာက စစ်တပ်က စပါး လာဝယ်ခြင်း။ ဒီအပေါ်မှာ ရှင်းပြချင်တာတာက ဟုတ်ပါပီ စပါး စပေါ်ခြင်း လယ်ထဲကို စတင် ရောက်ရှိလာတာက လက်နက်ကိုင်ထားတဲ့ စစ်တပ်ပါပဲ။ သူကိုယ်သူ ရှေးခေတ် ချစ်တီးများလား အောက်မေ့နေသလား မသိ။ ကာလပေါက်ဈေး ဘာညာ သူတို့ နားမလည်ပါ၊ သူတို့ သတ်မှတ်လိုက်တဲ့ ဈေးနဲ့ ဆမတန် ဈေးနှိမ်ပြီး ၀ယ်သားကြတယ်။ လယ်သမားတွေ ခမျှာမှာ လက်ကျန် စပါးများကိုသာ ကုန်သည်ဆီ ကာလပေါက်ဈေးဖြင့် ရောင်းချရတယ်။ ဥပမာ လယ်သမားတယောက် စပါး အတင်း ၁၀၀ ထွက်သည်ဆိုပါစို့ ။ ကာလ ပေါက်ဈေးက တတင်းကို ၁၀၀၀ ကျပ် အဖြစ် ထားလိုက်ပါ။ စစ်တပ်က ခွဲတမ်း စနစ်အရ စပါးတွေကို သူတို့ သတ်မှတ်ထားတဲ့ တတင်း ၅၀၀ ကျပ်နှုန်းနဲ့ စပါး အတင်း ၃၀ အတင်းအကြပ် ၀ယ်ယူသွားတယ်။ နောက်ပြီး ကျွဲနွား ဋ္ဌားရမ်းခ၊ ကောက်စိုက် သမား ဋ္ဌားခ၊ လယ်သူရင်း ဋ္ဌားခ .. ဒီကြား အမတော်ကြေး ကလဲ ပြန်ဆပ်ရတာနဲ့ လယ်သမားတွေ ခမျှာ လက်ကျန် စပါးအတင်း ၇၀ ဟာ သူတို့ စားဖို့တောင် အနိုင်နိုင် ဖြစ်နေရတဲ့ ဘ၀ပါ။ ဒီအဖြစ်အပျက်တွေက မြန်မာ့ လယ်သမားတွေ ခံစားရခဲ့တာ ရာစုနှစ်နဲ့ ချီနေပါပြီလေ။

အခုလဲ ပိုက်ဆံတော့ ချေးပါတယ်။ အတိုးနည်းတယ်။ ဟုတ်ပါပြီ ကောင်းပါတယ်။ ဖြစ်ရမှာက နောက်တနှစ် စပါးပေါ်ရင် စစ်တပ်က ခွဲတမ်းချပြီး စပါးဝယ်တဲ့ အချိန်မှာ ကာလပေါက်ဈေး ဈေးပြိုင်စနစ်နဲ့ ၀ယ်မှသာ လယ်သမားများအတွက် အနည်းအကျဉ်း အမြတ်ရမှပေါ့။ အခုက အမြတ်ရမဲ့ စပါးတွေကို စစ်တပ်က အတင်းအကြပ် ကိုယ်လိုတဲ့ ဈေးနဲ့ လာဝယ်နေတယ် ဆိုတော့ .. လယ်သမားဘ၀ မြှင့်တင်ဖို့ ဆိုတာက အိပ်မက်ပါပဲ .. စိုက်ပျိုးရေးကို အခြေခံပြီး ဘာတွေညာတွေ၊ လယ်သမား လူတန်းစား မြင့်တင်ရန် ဘာတွေ ညာတွေ အော်နေတာက ကြာပါပြီ။ လယ်သမားများဘ၀ လယ်လုပ်ရင်း လယ်ဆုံးရခဲ့တဲ့ ဘ၀တွေ ဒုနဲ့ဒေးပါ။

၂၀၁၀ ရွေးကောက်ပွဲ အမှီ မြန်မာနိုင်ငံရေး လောကမှာ တစခန်း ထလာတာကတော့ တတိယလှိုင်း၊ တတိယအုပ်စု ဖြစ်တယ်။ ဒီ အာဂျင်တာက ပြည်တွင်း အတိုက်အခံ အုပ်စုမှာရော ၊ အဝေးရောက် အတိုက်အခံ မြန်မာအတွင်းမှာ ပွက်လောရိုက်သွားတဲ့ အခင်းအကျင်း တခုပါပဲ။ ဒီ အအတွေးအခေါ်ကို ဘယ်သူက စ ထွင်လိုက်သလဲတော့ မသိ။ ယုတ္တိကျကျ စဉ်းစားရမည် ဆိုလျှင် စစ်အုပ်စု အသိုင်းအ၀ိုင်းက ထုတ်လွှင့်လိုက်တဲ့ သပ်ရှိုဖြိုခွဲခြင်း တခုလို့ မှတ်ယူလို့ ရပါ့မယ်။ ဒီအတွေးအခေါ်ကို လက်ခံ ယူငင်ကြသော သူများကို အပိုင်း ၂ပိုင်းဖြင့် ခွဲခြားပြီး သတ်မှတ်ရမည်။ တပိုင်းက ပြည်ပရောက် မြန်မာ့များနှင့် နောက်တပိုင်းက ပြည်တွင်း အတိုက်အခံ ဆိုသော အုပ်စုများ ဖြစ်သည်။

ပြည်ပရောက် မြန်မာများအပေါ် ဒီ အယူအဆ လွှမ်းမိုးမှုရှိလာတာက ၈၈ နောက်ပိုင်း နိုင်ငံရပ်ခြား အခြေချခဲ့သော လက်နက်ကိုင် လမ်းစဉ်မှ စွန့်လွှတ်လာခဲ့ကြသော အတိုက်အခံများနှင့် တခြားသော အတိုက်အခံ အုပ်စုတွေ ကွဲလွဲမှု၊ ၈၈ အရေးတော်ပုံ နောက်ပိုင်း အထူးသဖြင့် ၈၈ မှ ၂၀၀၀ အတွင်း ပြည်ပတွင် အခြေချသူ အများစု နှင့် ၂၀၀၀ နောက်ပိုင်း ပြည်ပသို့ အခြေချလာသော မြန်မာလူမျိုးအတွင်း သဘောထားများ ကွဲလွဲမှုက စတင်ပြီလို့ အခြေခံရပါ့မယ်။ သဘောထား ကွဲလွဲမှုများ အခြေခံ အကြောင်းတရား မတူညီသော အချက်များဖြင့် တဦးကို တဦး ယုံကြည်မှု ကင်းမဲ့လာခြင်း၊ သိုမဟုတ် စစ်အုပ်စုမှ ပြည်ပသို့ လွတ်လိုက်သော သူလျှိုဒလန်များ၏ သပ်လျှိုမှုများက ထို တတိယလှိုင်း တတိယအုပ်စု ဖြစ်ပေါ်လာရခြင်း အကြောင်းအရင်းဟု ယေဘုယျ မှတ်ယူရမည်။ ဥပမာ။ ။ ၈၈ မှ ၂၀၀၀ အတွင်း ပြည်ပသို့ အကြောင်း အမျိုးမျိုးကြောင့် အခြေချလာသူများဟာ အများသော အားဖြင့် ရန်ငါစည်းပြတ်ခဲ့သော သူများဖြစ်သည်။

ထို့နောက် ၂၀၀၀ နောက်ပိုင်း လူသားခြင်း စာနာသော ပရိုဂရမ်နှင့် နိုင်ငံရပ်ခြား အခြေချနေထိုင်ရန် ထွက်ခွာခဲ့သော သူများအတွင်း ရန်ငါစည်းပြတ်မှုကို ကိုင်စွဲသော အရေအတွက်ဟာ ရာနှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်း ရှိခဲ့သော်ငြားလည်း ကျန် ရန်ငါစည်း မပြတ်နိုင်သော ၇၀ ရာနှုန်းလောက်ဟာ လှေကြုံစီး အခွင့်သာဖြင့် ရောက်လာသော သူများနှင့် စစ်အစိုးရက တာဝန် ပေးအပ်လိုက်သော ဒေါင်းယောင်ဆောင်သည့် ကျီးများ ဖြစ်သည်။ ဤသည်မှာ ရှေ့ရောက်နှင့်နေသော ရန်ငါစည်း ပြတ်သော သူများက ထို ၇၀ ရာနှုန်းလောက် ရှိသော အဝေးရောက် မြန်မာများစုအပေါ် အမြင်မကြည်လင် ခဲ့ကြပေ။ ထို အမြင် မကြည်လင်မှုမှ အစပြု၍ ၇၀ ရာခိုင်နှုန်းရှိ အချို့သော သူများအတွင်း နိုင်ငံရေး မူဝါဒအရ ရန်ငါစည်း ပြတ်ချင်သော်ငြားလည်း ၈၈ အရေးတော်ပုံမှ ထွက်ခွာလာသော ပထမဦးစွာ ရောက်ရှိနေသော သူများ၏ အမြင်မကြည်လင်မှု ဒဏ်၊ ပြည်တွင်း မိသားစုများ ထိခိုက်နိုင်မှာလား ဒဏ် စသော သို့လော သို့လော အတွေးအခေါ်များဖြင့် တတိယလှိုင်း ဆိုသော တတိယ အုပ်စု အယူအဆဟာ ပြည်ပရောက် မြန်မာလူမျိုးများ အတွင်း ခေတ်စားလာတော့ အမှန်ပင် ဖြစ်သည်။

နောက်တပိုင်း အားဖြင့် ပြည်တွင်း နိုင်ငံရေးအတွင်း ထိုအယူအဆကို လက်ခံသော သူများကို တချက် စောင်းငဲ့ကြည့်ပြီး သုံးသပ်ရရင်...ဖြင့် ထိုသူများဟာ မြန်မာ့နိုင်ငံအတွင်း အထင်ကရ အဓိက အတိုက်အခံများ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် နှင့် NLD အဖွဲ့၊ ကိုမင်းကိုနိုင်တို့ ဦးဆောင်သော ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှာ သဘောထား ကွဲလွဲပြီး ထွက်ခွာလာသော သူများ ၊ မူလ အစကတည်းက အမြင် မကြည်လင်သူများ ဖြစ်သည်။ ထိုသူများဟာ အဓိက အတိုက်ခံများနှင့် ကွဲလွဲပြီး သကာလ သူတို့ ရှေ့ဆက် လျှောက်လမ်းရမဲ့ နိုင်ငံရေးမှုဟာ မည်မည်ရရ မရှိခဲ့ပေ။ သို့ဖြစ်ပါ၍ ရုတ်တရက် ပေါ်ထွက်လာသော တတိယလှိုင်း သို့မဟုတ် တတိယ အုပ်စု ဆိုသော အတွေးအခေါ် အပေါ် ဆင်ခြင်သုံးသပ်ပြီး ၎င်းတို့၏ အနာဂတ် ရပ်တည်မှုနှင့် ပေါင်းစပ်ကာ ထိုအယူအဆကို တွင်တွင်ကျယ်ကျယ် လက်ခံယူငင် သုံးစွဲလာသည်ကို တွေ့ရှိရသည်။

တတိယလှိုင်း သို့မဟုတ် တတိယအုပ်စု၏ အတွေးအခေါ် အယူအဆဟာ ဘက်မလိုက် ကြားနေ ၀ါဒပါပဲ။ အမေရိကန် ဆိုဗီယက် စစ်အေးတိုက်ပွဲ ကာလကို ကြည့်လိုက်ပါ.. အရင်းရှင်စနစ် (ထိုစဉ်က နယ်ချဲ့ဝါဒကို မုန်းတီးနေ) ကို လက်မခံတဲ့ နိုင်ငံများ၊ ကွန်မြူနစ် စံနစ်အား လက်ခံတဲ့ နိုင်ငံများနှင့် ဟိုမရောက် ဒီမရောက် စံနစ်နှင့် အမျိုးသားရေးကို လက်ခံသော နိုင်ငံများက တတိယအုပ်စုကို ဖွဲ့စည်းခဲ့ပါတယ်။ သို့ပေမဲ့ ကြားနေ၀ါဒဟာ ဘက်မလိုက်ဘူး ဆိုသော်ငြားလည်း မမြင်နိုင်သော အပိုင်းက ဘက်တခုအတွင်း ရှိနေသည်ကို တွေ့ရသည်။

ဆိုခဲ့သော အပိုင်းကို ကျွန်ုပ်တို့ အတွေ့အကြုံအရ ထောက်ရှု့ ရလျှင် ABSDF အဖွဲ့အတွင်း နှစ်ခြမ်းကွဲခဲ့သော ကာလတခုကို သတိရ လိုက်မိပါရဲ့ ... ထိုစဉ်က တဖွဲ့လုံးကို မဆိုလိုပါ၊ စာရေးသူတို့ တောင်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော ကွဲပြဲမှု အနေအထားနှင့် ယခု မြန်မာနိုင်ငံရေး လောကအတွင်း ပေါ်ထွက်လာသည့် တတိယအုပ်စုနှင့် အခြေခံ တူညီနေကြောင်းကို သက်သေပြုလိုသောကြောင့် နှိုင်းယှဉ်ပြခြင်း ဖြစ်သည်။ ဟိုး ယခင် ဂျီစီဘီအေ၊ ဖဆပလ၊ ဗကပ အကွဲအပြဲကို ခဏ ထားလိုက်ပါ။ ABSDF ဗဟိုကွဲခဲ့ပြီး နောက်ပိုင်း တောင်ပိုင်း ABSDF တပ်ရင်းများသို့ အကွဲအပြဲ ဂယက် ရိုက်ခတ်ခဲ့လာသည်။ ထိုရိုက်ခတ်မှုများကြောင့် စုစုစည်းစည်း ရှိခဲ့သော တပ်ရင်းများဟာ ဒေါက်တာနိုင်အောင် အဖွဲ့ကို လက်ခံသော အဖွဲ့၊ မိုးသီးဇွန်အား လက်ခံသော အဖွဲ့နှင့် ဘက်မလိုက် ကြားနေအဖွဲ့ စသော အဖွဲ့ ၃ဖွဲ့ ပေါ်ပေါက်လာခဲ့သည်။

ထို ဘက်မလိုက် ကြားနေ၀ါဒကို လက်ခံခဲ့သော သူများသည် ဘက်မလိုက်ဘူးဟု တကြော်ကြော် အော်နေသော် ငြားလည်း အများအားဖြင့် မိုးသီးဇွန်အား လက်ခံနေသည်ကို တွေ့ရသည်။ သို့သော် သူတို့ အကြောင်းပြတာက အဖွဲ့နှစ်ဖွဲ့ ပြန်ပေါင်းစပ် နိုင်ရန်အတွက် ထိုဘက်မလိုက် အယူအဆကို လက်ခံခဲ့သည်ဟု ဆိုခဲ့သည်။ မည်သို့ပင် အကြောင်းပြ စေကာမူ ထို အတွေးအခေါ်ကို ထွင်လိုက်သော အဓိက လူများမှာ စခန်း ကိုယ်စားလှယ် ပြန်လည် မရွေးချယ် ခံရသောသူများနှင့် မိုးသီးဇွန်အား ပုဂ္ဂိုလ်ရေးအရ ခင်မင်လေးစား နေသူများ ဖြစ်သည်။ ဆိုလိုသည်မှာ ထို ABSDF အဖွဲ့ဝင်များကို အပြစ်မြင် ပုတ်ခတ်နေသည် မဟုတ်၊ ယခု ဖြစ်ပေါ်နေသော တတိယလှိုင်း (သို့) တတိယ အုပ်စုသည်လည်း ABSDF အဖွဲ့အတွင်း ဖြစ်ပွားသကဲ့သို့ ဘက်မလိုက် ကြားနေ တတိယ အတွေးအခေါ်သည် ဘက်တခုအား မျက်ကွယ်ပြု၍ တခြားသော ဘက်တခုကို အားပြုနေသောကြောင့် ဆင်ခြင် တွေးတောနိုင်ရန် နှိုင်းယှဉ် တင်ပြချက်မျှသာ ဖြစ်၏။

လွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာ့ နိုင်ငံရေးအတွင်း စစ်ဗျူရိုကရက် စနစ်ကို လက်ခံသူများ၊ ကွန်မြူနစ်များနှင့် အမျိုးသား ဆိုရှယ်လစ်ဝါဒကို လက်ခံသူများ နိုင်ငံကို ပဲ့ကိုင်ခဲ့ကြသည်။ တဦးကိုတဦး တိုက်ခိုက်ခဲ့သည်။ တဖွဲ့နှင့်တဖွဲ့ ပြိုင်ဆိုင်ခဲ့သည်။ သိုသော်လည်း ၆၂ ခုနှစ် နောက်ပိုင်းတွင် စစ်ဗျူရိုကရက်များက နိုင်ငံကို အကြွင်းမဲ့ ချုပ်ကိုင် နိုင်ခဲ့ကြလေသည်။ ဒါလည်း အထင်ကရ နိုင်ငံရေး သမားများသည် နိုင်ငံကောင်းကျိုး အမျိုးသား ကောင်းစားရေးကို အဓိကမထားပဲ၊ မိမိအဖွဲ့ အာဏာရရှိရေးကို လက်ကိုင်ပြု၍ အပြိုင်အဆိုင် ကွဲလွဲကြပြီးနောက် ပြိုင်ဆိုင်မှု ကာလများအတွင်း အမိန့်နှင့်စည်းကမ်း စနစ်တကျ အပြည့်အ၀ဖြင့် တည်ဆောက်ထားသည့် စစ်ဗျူရိုကရက် အုပ်စုမှ အနိုင်ရလာခဲ့သည်ဟု ပြောရင် မှားနိုင်မည်ဟု မထင်ပေ။

စစ်အေး တိုက်ပွဲအတွင်း အင်အားကြီး နိုင်ငံများ၏ ချမှတ်ခဲ့သော ၀ါဒကို အကြွင်းမဲ့ လက်မခံခဲ့လျှင် နိုင်ငံသည် ယခုလို ဆင်းရဲ မွဲတေရမည် မဟုတ်ပါ။ ယနေ့ ဖြစ်ပေါ်နေသည့် နိုင်ငံရေး ပြိုင်ဆိုင်မှုဟာ အာဏာရ စစ်ဗျူရိုကရက် အာဏာရှင်စနစ်နှင့် တဦးတယောက်အတွင်း အာဏာကို နှစ်ရှည်လများ ချုပ်ကိုင်ခွင့် မရှိသော ဒီမိုကရေစီဝါဒ သမားများ၏ တိုက်ပွဲသာ ဖြစ်သည်။ ထို့ကြောင့် တတိယလှိုင်းကို လက်ခံသော သူများဟာ ဘက်တဘက်တွင် ရပ်နေသော စစ်အာဏာရှင် ဗျူရိုကရက်တို့ကို အထူး သတိထားသင့်သည်။ အဘယ်ကြောင့် ဆိုသော် အာဏာ အကြွင်းမဲ့ဖြစ်အောင် ဆုပ်ကိုင်ထားသော စစ်ဗျူရိုကရက်များ၏ အချုပ်အခြာ အာဏာကို ထိပါးလာရင် ရက်စက်ဖို့ အဆင်အသင့် ရှိနေတတ်သည်။ ပြီးနောက် ထိုအတွေးအခေါ်(တတိယအုပ်စု) ရှိသူများကို ဘက်တဘက်မှ မူတခုအား အသေဆုပ်ကိုင်ပြီး ရပ်နေသော သူများက လုံးဝဥသုံ လက်မခံကြပေ။ သံသယ ရှိ၏။

ထို သံသယ၏ အကျိုးအဆက် အရ ခွပ်ဒေါင်း၊ ကဒေါင်း အမှတ်တံဆိပ်ရှိ အလံ အောက်ကသူ သို့တည်းမဟုတ် အရာဝတ္တု တခုခုကို မြင်လျှင် ကန့်လန့်တိုက်မည်၊ အကုန်ရိုက်မည် အယူအဆကို ရိုက်သွင်း ခံထားရသော ဘက်တဘက်မှ အညံစား လူတန်းစားများနှင့် တွေ့ဆုံခဲ့လျှင် မိမိတို့သာလျှင် ကိုယ်ကျိုးနဲရမည် ဖြစ်ပါကြောင်း...


လူလ

ရွှင်လန်းချမ်းမြေ့ပါစေ...

Sunday, December 27, 2009

note 51

21.12.2009



တရုတ်ဒု-သမ္မတ မြန်မာနိုင်ငံခရီးစဉ်အတွင်း
သဘောတူညီချက် (၁၆) ခု လက်မှတ်ရေးထိုး



တရုတ်ဒု-သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ (၂) ရက်ကြာ အလည်ပတ်ခရီးစဉ်အဖြစ် ယခုလ (၁၉) ရက်၌ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့စဉ် အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက် (၁၆) ခု လက်မှတ် ရေးထိုးခဲ့သည်။

စီးပွားရေးနှင့် ကုန်သွယ်ရေး၊ ပို့ဆောင်ရေး၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး၊ စက်ပစ္စည်းကိရိယာ ဝယ်ယူရေး စသည့်သဘောတူညီချက် (၅) ခု၊ ဘဏ္ဍာရေးဆိုင်ရာ သဘောတူညီ ချက် (၇) ခု၊ ရေအားလျှပ်စစ်ဆိုင်ရာ သဘောတူညီချက် (၃) ခု၊ စွမ်းအင်ကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသဘောတူ ညီချက် (၁) ခု စုစုပေါင်း သဘောတူညီချက် (၁၆) ခုနှင့် နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့သည်ဟု ယနေ့ထုတ် နအဖပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

တရုတ်ဒု-သမ္မတ၏ ခရီးစဉ်အား တရုတ်နိုင်ငံ ဗဟိုရုပ်မြင်သံကြားဌာန၊ ဆင်ဟွာသတင်းဌာနတို့က အကျယ်တဝင့် ဖော်ပြခဲ့ရာတွင် တရုတ်နှင့် မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်လုပ်ဆောင်သွားရန်၊ နှစ်နိုင်ငံ နယ်စပ်ဒေသတလျှောက် ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုနှင့် ငြိမ်းချမ်းရေးအား ထိန်းသိမ်းသွားရန်၊ ဒေသဆိုင်ရာနှင့် နိုင်ငံတကာအရေး နယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက်ရန်၊ အဆင့်မြင့်ခေါင်းဆောင်ပိုင်း အပြန်အလှန် လည်ပတ် အဆက်အသွယ်ရှိရန် စသည်တို့ကို ဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။
(NEJ)
+++++

ဒေါ်စုအမှု အယူခံ ဗဟိုတရားရုံး လက်ခံ

ချင်းမိုင်(မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက လွှတ်ပေးမည်ဟု ကောလာဟလများ ထွက်ပေါ်နေချိန်တွင် ဗဟို တရားရုံးချုပ်က သူမအပေါ် ချမှတ်ထားသော ပြစ်ဒဏ် ပြင်ဆင်ပေးရန်အတွက် အယူခံ တင်သွင်းခြင်းကို ယနေ့ လက်ခံ လိုက်သည်။

ယနေ့နံနက် ၁၁ နာရီခန့်တွင် လျှောက်လဲချက်ကို ဗဟို တရားရုံးချုပ်က ကြားနာခဲ့ပြီးနောက် အသက် ၆၄ နှစ် အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ၁၈ လဖြင့် ဆိုင်းငံ့ ပြစ်ဒဏ်ချထားသည်ကို ပြင်ဆင်ရန် လျှောက်လဲထားမှုအပေါ် လက်ခံကြားနာရန် ညနေ ၃ နာရီကျော်တွင် အမိန့် ချမှတ်လိုက်ခြင်း ဖြစ်သည်။
(မဇ္ဈိမ) ။
+++++

ရတနာပုံ သတင်းစာဝန်ထမ်းများ အလုပ်ပြုတ်

ဆူပူမှုဖြင့် ဒီမိုကရေစီရနိုင်ဟု ဖော်ပြလိုက်သည့် မန္တလေး ရတနာပုံသတင်းစာ တာဝန်ခံ အယ်ဒီတာအပါအ၀င် ထုတ်လုပ်မှုတွင် ပါဝင်သူအားလုံးကို အလုပ်ထုတ်လိုက်သည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ထုတ်ဝေသည့် ရတနာပုံ နေ့စဉ်သတင်းစာတွင် ပြီးခဲ့သည့် နိုဝင်ဘာ (၁၃) ရက်နေ့က စစ်အစိုးရ အာဘော် ဆူပူမှုဖြင့် ဒီမိုကရေစီမရနိုင် ဆိုသည့် စာသားကို မှားယွင်းဖော်ပြခြင်းကြောင့် ယင်းသို့ အလုပ်မှ ထုတ်ပစ်လိုက်ခြင်းဖြစ်ကြောင်း မန္တလေး စည်ပင်သာယာ အကြီးတန်းအရာရှိက အတည်ပြုပြောကြားသည်။
(NEJ)
+++++

အမေရိကန် သံရုံးနှင့် တွေ့လိုကြောင်း ညီညီအောင် ပြော


နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်ခွေးတိုက်တွင် နေနေရသော ကိုညီညီအောင်က အမေရိကန် သံရုံး ကိုယ်စားလှယ်နှင့် ရှေ့နေကို တွေ့ခွင့်ရလိုကြောင်း ပြောကြားလိုက်သည်ဟု မိသားစုဝင်တဦးက ပြောသည်။အကျဉ်းသား အခွင့်အရေးအတွက် ယခုလ ၄ ရက်နေ့က အင်းစိန် အကျဉ်းထောင်ထဲတွင် စတင် အစာငတ်ခံ ဆန္ဒပြရာ သုံးရက်အကြာတွင် စစ်ခွေးတိုက် အပို့ခံခဲ့ရသည်။ အောက်ထပ်တွင် စစ်ခွေးများ မွေးမြူထားရှိသည့် ၈ ပေ ပတ်လည်အခန်းတွင် တဦးတည်း ထားရှိသည်။အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌ Howard Berman ၊ Mr. Frank Wolf နှင့် လူ့အခွင့်အရေး ကော်မရှင် ပူးတွဲဥက္ကဋ္ဌ Mr. Tom Lantos အပါအဝင် အမတ် ၅၃ ဦးက တောခို ကျောင်းသားဟောင်း ကိုညီညီအောင် လွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုး၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ လိပ်မူထားသည့် ပေးစာကို အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးသို့ ယခုလ ၁၈ ရက်နေ့က ပေးပို့ခဲ့သည်။

ဖမ်းဆီးထားခြင်းသည် မြန်မာနိုင်ငံ ဥပဒေအရနှင့် နိုင်ငံတကာ ဥပဒေနှင့်ပါ အကျုံးမဝင်သည့် အပြင် ဗီယန်နာ ကွန်ဗင်းရှင်းကို ချိုးဖောက်ကြောင်းနှင့် လုံလောက်သည့် ဆေးဝါး ကုသမှု၊ အစားအသောက်၊ လုံလောက်သည့် အနားယူခွင့် မပေး၊ နှိပ်စက် ညှဉ်းပန်းခဲ့သည့်အပြင် လွတ်လပ်သည့် တရားစီရင်ခွင့် မရှိကြောင်း စာထဲတွင် ဖော်ပြထားသည်။

သူ၏ အမှုအကြောင်းသည် အမေရိကန် လွှတ်တော်အမတ်များအကြား အထူးစိတ်ဝင်စားစရာ အကြောင်းအရာတခုဖြစ်ပြီး အမေရိကန်နှင့် မြန်မာစစ်အစိုးရ ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရန် ကြိုးစားနေသည့်အပေါ် အဖုအထစ် ဖြစ်စေသည်ဟု ပေးစာထဲတွင် ပါရှိသည်။
(မဇ္ဈိမ)။
-----------------

22.12.2009


ရွေးကောက်ပွဲ စည်းရုံးရေးသမားများကို ကြံ့ဖွံ့က ရိုက်နှက်


နယူးဒေလီ (မဇ္ဈိမ) ။ ။ ၂၀၁၀ ရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းအတွင်း ယခုလ ၁၉ ရက်နေ့တွင် စည်းရုံးရေး ဆင်းနေစဉ် ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်များက ဝိုင်းဝန်း ရိုက်နှက်သဖြင့် ပါတီဝင် အနည်းဆုံး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံရေး ပါတီတခုက ပြောသည်။

ကြည့်မြင်တိုင် မြို့နယ်တဖက်ကမ်း အလတ်ချောင်းရွာတွင် ဟောပြောပွဲ ပြုလုပ်ရန် ပြင်နေစဉ် မြို့နယ်ကြံ့ခိုင်ဖွံ့ဖြိုးရေး အတွင်းရေးမှူး ဦးမြင့်လွင် ဦးဆောင်သည့် ကြံ့ဖွံ့ဦးရေ ၂၀ ခန့်နှင့် ကျေးရွာလူထု စုစုပေါင်း ၂၀၀ ခန့်က ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်က ဆိုသည်။ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်၏ အလံ၊ ပါတီတံဆိပ်၊ စာရွက်စာတမ်း၊ နိုင်ငံတော်အလံ၊ သုံးရောင်ချယ် နောက်ခံ ဒေါင်းအလံ၊ ၈၈ မျိုးဆက်သစ် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) အနီရောင်အောက်ခံ ခွပ်ဒေါင်းအလံများ မီးရှို့ ဖျက်ဆီးခံခဲ့ရကြောင်း အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုရဲထွန်းက မဇ္ဈိမကို ပြောသည်။
(မဇ္ဈိမ)
----------------

22.12.2009

ရုရှမှ MiG-29 တိုက်လေယာဉ် အစီး (၂၀) မြန်မာသို့ ပို့ရန်ရှိ

ရုရှနိုင်ငံက MiG-29 အမျိုးအစား တိုက်လေယာဉ် အစီး (၂၀) ကို မြန်မာနိုင်ငံသို့ တင်ပို့ရန် သဘောတူလက်မှတ် ရေးထိုး လိုက်ကြောင်း ယနေ့ထုတ် Kommersant သတင်းစာကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

အဆိုပါ သဘောတူညီချက်ကို ပြီးခဲ့သည့်သီတင်းပတ်များအတွင်း၌ လက်မှတ်ရေထိုးခြင်းဖြစ်ပြီး တန်ဖိုးငွေအားဖြင့် ယူရို သန်း (၄၀၀) နီးပါး အမေရိကန်ဒေါ်လာ သန်း (၅၇၀) ခန့်ရှိသည်ဟု Rosoboronexport ရုရှလက်နက်အရောင်းကုမ္ပဏီကို ကိုးကားပြီး သတင်းစာတွင် ဖော်ပြထားသည်။

၂၀၀၁ ခုနှစ်ကလည်း MiG-29 အမျိုးအစား လေယာဉ် (၁၂) စီးကို ရုရှက မြန်မာနိုင်ငံသို့ ပို့ပေးခဲ့ကြောင်း၊ ယခုတကြိမ် မြန်မာနိုင်ငံနှင့် သဘောတူညီမှုသည် ၂၀၀၇ ခုနှစ်တွင် အယ်ဂျီးရီးယားနိုင်ငံသို့ အလားတူ လေယာဉ်များ ပို့ဆောင်ခဲ့ပြီး နောက်ပိုင်း တန်ဖိုးအများဆုံးဖြစ်ကြောင်း Kommersant သတင်းစာတွင် ပါရှိသည်။
(NEJ)
+++++

ဒေါ်စု နေအိမ်ပြင်နေမှုကို အကိုရင်းဖြစ်သူက ကန့်ကွက်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ပြင်ဆင်နေမှုအား အကိုဖြစ်သူ ဦးအောင်ဆန်းဦး၏ ကိုယ်စားလှယ်က ရန်ကုန်တိုင်း မြို့တော် စည်ပင်သာယာတွင် ကန့်ကွက်ခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

တက္ကသိုလ် ရိပ်သာလမ်းရှိ နေအိမ်ကို ပြင်ဆင်နေခြင်းအား အကိုအရင်း ဖြစ်သူ၏ ကိုယ်စားလှယ် ဦးစိုးဝင်းနိုင်က ယခုလ ၁၅ ရက်နေ့၌ မြို့တော် စည်ပင်သာယာရေးတွင် နှုတ်ဖြင့် ကန့်ကွက်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
(မဇ္ဈိမ) ။
+++++

အထည်ချုပ်လုပ်ငန်း ထက်ဝက်ကျော် ပိတ်သိမ်းရဖွယ်ရှိ


အပ်ထည်ကုန် လျော့ကျလာခြင်းကြောင့် ယခုနှစ်ကုန်တွင် မြန်မာ့အထည်ချုပ် လုပ်ငန်း ထက်ဝက်ကျော် ပိတ်သိမ်းရဖွယ် ရှိကြောင်း အထည်ချုပ်လုပ်ငန်း အသိုင်းအ၀ိုင်းက ပြောဆိုသည်။

အော်ဒါချုပ်ထည်များကို လက်ခစားစနစ်ဖြင့် လုပ်ဆောင်နေသည့် အထည်ချုပ်လုပ်ငန်းများမှာ မြန်မာကျပ်ငွေလဲလှယ်နှုန်း မြင့်လာခြင်း၊ ကုန်ထုတ်လုပ်မှုစရိတ် တက်လာခြင်းတို့ကြောင့် ကမ္ဘာ့အထည်ချုပ် ဈေးကွက်ပေါက်ဈေးတွင် ဈေးနှုန်းမယှဉ်နိုင်ဘဲ အော်ဒါရရှိမှု လျော့နည်းလာခြင်းဖြစ်သည်။ယခု အခက်အခဲဖြစ်နေမှုကြောင့် ပုဂ္ဂလိက အထည်ချုပ်လုပ်ငန်းများ ပိုမိုထိခိုက်နိုင်ကြောင်း အထည်ချုပ်လုပ်သား (၂) သောင်းကျော်ခန့်ကို အလုပ်လက်မဲ့ဖြစ်စေနိုင်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များက သုံးသပ်ကြသည်။

မြန်မာ့အထည်ချုပ်လုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ဖက်စပ်နှင့် ပုဂ္ဂလိကပိုင် အထည်ချုပ်စက်ရုံပေါင်း (၁၃၀) ခန့်ရှိနေပြီး လုပ်သား (၄) သောင်းခွဲခန့်အတွက် အလုပ်အကိုင် ဖန်တီးပေးထားသည်။
(NEJ)
+++++

ရန်ကုန်တွင် မဲစာရင်း ကောက်ပြီ


နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း မြို့နယ်အချို့၌ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးနိုင်မည့် အသက် ၁၈ နှစ်နှင့် အထက် လူစာရင်းများ ကောက်ခံနေကြောင်း ဒေသခံများ အဆိုအရ သိရသည်။

အလုံ၊ အင်းစိန်၊ ရွှေပြည်သာ၊ တောင်ဒဂုံနှင့် သုံးခွမြို့နယ်များ၌ ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ရာအိမ်မှူးများ၊ ရယက ရပ်ကွက် ကောင်စီဝင်များက စာရင်းကောက်ခံခြင်း ဖြစ်သည်။
(မဇ္ဈိမ)။
-----------------

24.24.2009

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ထပ်မံတိုးချဲ့မည်

အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်းမည့်ကိစ္စနှင့်ပတ်သက်၍ အမှုဆောင်အဖွဲ့ဝင်များကို နောက်ထပ် တိုးချဲ့မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မျက်နှာစုံညီတွေ့ဆုံပြီးမှသာ အတည်ပြု ဆုံးဖြတ်နိုင်မည်ဟု ပါတီဗဟို အလုပ်အမှုဆောင်တဦးဖြစ်သူ ဦခင်မောင်ဆွေက ပြောသည်။ ၂၀၀၉ ခု အောက်တိုဘာ (၂၂) ရက်နေ့ အန်အယ်လ်ဒီ အထူးကြေညာချက်တွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တိုးချဲ့ရေးနှင့် ဗဟိုဦးစီးအဖွဲ့ ပြန်လည်ဖွဲ့စည်းရေးအတွက် ဆောင်ရွက်ရန်လိုအပ်နေကြောင်း၊ အဆိုပါကိစ္စကို အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ တွေ့ဆုံခွင့်ရသည့်အခါ ညှိနှိုင်းတိုင်ပင်၍ ဆုံးဖြတ်မည်ဟူ၍ လည်းကောင်း၊ ထိုသို့မဟုတ်ပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဥပဒေကို သက်ဆိုင်ရာမှ ထုတ်ပြန်ကြေညာသည့်အခါတွင် လိုအပ်သလိုဆောင်ရွက်မည်ဟူ၍လည်းကောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ပြီးဖြစ်ပါသည်ဟု ပါရှိသည်။
(NEJ)
+++++

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး စိုးရိမ်ကြောင်း အန်အယ်ဒီ ပြောဆို


ချင်းမိုင်(မဇ္ဈိမ)။ ။ နေအိမ် အကျယ်ချုပ် ခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ပြင်ဆင်နေမှုကို ရပ်ဆိုင်းထားရသဖြင့် သူမ၏ လုံခြုံရေးအတွက် စိုးရိမ်ရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ဖော် ပြောဆိုလိုက်သည်။

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်၏ နေအိမ် ပြင်ဆင်နေသည်ကို အကိုရင်း ဦးအောင်ဆန်းဦးက ကန့်ကွက်ခြင်းကြောင့် ပြင်ဆင်မှု ယမန်နေ့ကစ၍ ရပ်ထားရသည်။
ချင်းမိုင်(မဇ္ဈိမ)။
+++++

ပုဂ္ဂလိက ဆေးရုံဆေးခန်းများ ကြပ်မတ်ခံနေရ

ပုဂ္ဂလိက ဆေးရုံဆေးခန်းများတွင် အချိန်ပိုင်း၊ အချိန်ပြည့် တာဝန်ထမ်းဆောင်နေကြသော ဆရာဝန်များအတွက် နိုင်ငံတော် ၀န်ကြီးချုပ်ရုံးနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့က စည်းမျဉ်းသစ်ချမှတ်ကာ မြန်မာနိုင်ငံဆေးကောင်စီက စည်းကမ်းတင်းကျပ် လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၂၇) ရက်တွင် ရွှေခုံတိုင်အထူးကုဆေးခန်းတွင် ကွယ်လွန်ခဲ့သူ အသက် (၁၅) နှစ်အရွယ် (၉) တန်း ကျောင်းသူ မခိုင်ရွှန်းလဲ့ရည် ကိစ္စရပ်ကြောင့် ထိုသို့ စည်းကမ်းတင်းကျပ်ခြင်းဖြစ်ကြောင်း ခွဲစိတ်အထူးကု ဆရာဝန်ကြီးတဦးက ခေတ်ပြိုင်သို့ ပြောသည်။အဆိုပါ စည်းမျဉ်းများတွင် ဆရာဝန်ကျင့်ဝတ်သိက္ခာ ကျင့်စဉ်များကို လိုက်နာရေး၊ ရောဂါမှန်ကန်စွာရှာဖွေဆုံးဖြတ်ရေး၊ ခွဲစိတ်ကုသမှုများတွင် လူနာနှင့် လူနာရှင်များအား ကြိုတင်ရှင်းလင်းပြီး ကုသမှုပြီးဆုံးသည်ထိ တာဝန်ယူဆောင်ရွက်ရေးတို့ကို သိရှိလိုက်နာရေးအတွက် မိမိအုပ်ချုပ်ကွပ်ကဲမှုအောက်ရှိ ဆေးရုံများ၊ ဆေးခန်းများ၊ ဌာနကြီးများ၊ ပုဂ္ဂလိကဆေးရုံဆေးခန်း တာဝန်ခံများကို ထပ်ဆင့်ညွှန်ကြား ကြီးကြပ်ရန် စသည့်အချက်များ ပါရှိကြောင်း ထိုဆရာဝန်ကြီးက ပြောသည်။
(NEJ)
+++++

နိုင်ငံရေး အကျဉ်းသူ ထောင်တွင်း၌ ကွယ်လွန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ၂၀၀၇ ခုနှစ် သံဃာများ လမ်းလျှောက် မေတ္တာပို့ပွဲတွင် ပါဝင်ခဲ့သဖြင့် အကျဉ်းကျခံရသည့် နိုင်ငံရေး အကျဉ်းသူ မတင်တင်ထွေးသည် ယမန်နေ့က နှလုံး သွေးကြောပေါက်ပြီး အင်းစိန်ထောင် ဆေးရုံ၌ ကွယ်လွန်သွားကြောင်း သိရသည်။

ကွယ်လွန်သွားကြောင်းကို ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း - AAPP (B) က အတည်ပြု ထုတ်ပြန်သည်။
(မဇ္ဈိမ)။
--------------

24.12.2009

အန်ဒီအေ ရဲဘော်ဟောင်းများအား လက်နက်ဖြုတ်သိမ်းရန် ညွှန်ကြား

ဦးဆခုံတိန့်ယိန်း ဦးဆောင်သည့် အန်ဒီအေ (ကချင်) နယ်ခြားစောင့် တပ်ဖွဲ့တွင် မပါဝင်သည့် တပ်မှူး၊ တပ်သား၊ ပြည်သူ့စစ်များအား ၎င်းတို့၏ လက်နက်များကို ပြန်လည်အပ်နှံကြရန် ညွှန်ကြားထားကြောင်း တပ်မှူးဟောင်းတဦးက ပြောသည်။
(NEJ)
+++++

ဝဒေသအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ၀တပ်ဖွဲ့က ကာကွယ်သွားမည်

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့ ထိန်းချုပ်ရာဒေသအတွင်းရှိ တရုတ်ကုမ္ပဏီတို့၏ ရင်းနှီး မြှုပ်နှံမှုများ ပျောက်ပျက်ဆုံးရှုံးမှု မရှိရေးအတွက် ကာကွယ်သွားကြရန် ဝတပ်ဖွဲ့က ဆုံးဖြတ်ထားသည်။

ရှမ်းပြည်တောင်ပိုင်း၊ ထိုင်း-မြန်မာနယ်စပ်အနီးရှိ ဝမ်ဟုန်ဒေသအပါအဝင် ဝတပ်ဖွဲ့ထိန်းချုပ်ရာ နယ်မြေများအတွင်း ၁၉၉၅ ခုနှစ် ကတည်းကစ၍ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေး စီမံကိန်းအရ ရာဘာစိုက်ခင်း ဧက (၁) သိန်းဝန်းကျင်၊ လက်ဖက်စိုက်ခင်း ဧက (၃) သောင်းကျော် စိုက်ပျိုးထားပြီး အများစုကို တရုတ်ကုမ္ပဏီတို့က ရင်းနှီးမြှုပ်နှံထားသည်ဟု ဝသတင်း ရပ်ကွက်အရ သိရသည်။

ထို့အပြင် စုစုပေါင်း ကီလိုဝပ် (၁၃,၅၉ဝ) ထွက်ရှိသည့် ရေအားလျှပ်စက်ရုံ (၈) ခုရှိပြီး ရာဘာစက်ရုံ၊ သတ္တုမိုင်းများနှင့် သတ္တုသန့်စင် စက်ရုံများလည်းရှိရာ အများစုမှာ တရုတ်ကုမ္ပဏီများနှင့် ဝတပ်ဖွဲ့ အကြား အကျိုးတူဖက်စပ် လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

အဆိုပါ သဘောတူညီချက်စာချုပ်များ ဆက်လက်အကောင်အထည်ဖော်ရေးနှင့် တရုတ်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများကို လုံခြုံမှု အာမခံချက်ပေးရန်အတွက် ဝတပ်ဖွဲ့ခေါင်းဆောင်များက စစ်ဘက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ပြီးခဲ့သည့်လ တွေ့ဆုံစဉ်အတွင်း တောင်းဆိုထားသည်ဟု ဝတပ်ဖွဲ့ခေါင်းဆောင်များနှင့် နီးစပ်သူက ပြောသည်။
(NEJ)
--------------