Monday, December 28, 2009

ဖြစ်မျိုးစုံလင် ဒီလတွင်




နှစ်တခု၏ နောက်ဆုံးလ ဖြစ်သောကြောင့် သည်နှစ်အတွင်း ထူးခြားစွာ ပေါ်ပေါက်လာသော နိုင်ငံတကာနှင့် မြန်မာ့ နိုင်ငံရေး အကြောင်းအရာ အနည်းအကျဉ်းကို တင်ပြချင်သည်။

ဤနှစ်အတွင်း ကမ္ဘာကြီးမှာ စီးပွားပျက်ပြီး နလံထူလာသော နောက်ပိုင်း အမေရိကန် ပြည်ထောင်စု၏ ဒု သမ္မတဟောင်း အယ်လ်ဂိုး၏ ကမ္ဘာကြီး ပူနွေးလာသော အကြောင်း အရင်းအမြစ် တင်ပြချက်သည် လူသန်းပေါင်း များစွာအတွက် မျိုးဆက် ပြဿနာတခုလို့ ထင်မြင်ယူဆ လာကြသည်။ သို့အတွက် သဘာဝ ပတ်ဝန်းကျင်ကို လွန်စွာ ထိန်းသိမ်းသော ဒိန်းမတ် နိုင်ငံမြို့တော် ကိုပင်ဟေဂင် တွင် အိမ်ရှင်အဖြစ် နိုင်ငံတကာနှင့် သက်ဆိုင်သော အဓိက အစည်းအဝေးကြီး တခုကို လက်ခံ ကျင်းပခဲ့ပါသည်။ ထို အစည်းအဝေး၏ အကျိုး ရလဒ်ဟာ ကမ္ဘာသူ ကမ္ဘာသား များအတွက် အကျိုးစုံတရာ ဖြစ်ထွန်း လာလိမ့်မည်လို့ မျှော်လင့်များစွာဖြင့် စောင့်မျှော်နေသူတွေ၊ ထိုပြဿနာဟာ ငါတို့နှင့်လည်း သက်ဆိုင်ပါသည် ဆိုသော အစိုးရ မဟုတ်သော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ တဖွဲဖွဲ ရောက်ရှိလာကြပြီး ကိုယ့်ရဲ့ ဆန္ဒကို ရဲဝံ့စွာလာရောက် ဖေါ်ထုတ်ကြသည်မှာ အားရဖွယ်ရာ ဖြစ်သည်။

သို့ပါသော်လည်း ကမ္ဘာ့ခေါင်းဆောင်များဟာ ကိုယ့်ကျိုးစီးပွား မူဝါဒ ကာကွယ်ရင်းနဲ့ သောင်တင် ရေမကျ ရလဒ်မျှသာ ရခဲ့ကြသည်။ ဒါကြောင့် ကွန်မြူနစ် အတွေးအခေါ်ရှိသော ဗင်နီဇွဲလား သမ္မတက

ဒီပြဿနာဟာ ချမ်းသာတဲ့ သူတွေရဲ့ ဘဏ်တိုက် ဖြစ်မယ်ဆိုရင် ၎င်း အစည်းအဝေးမှ အကျိုးရလဒ် တခု လွယ်ကူစွာ ချမှတ် နိုင်လိမ့်မယ်!!!

လို့ တင်စား ပြောဆိုခဲ့တယ်။ တဖက်အမြင်နဲ့ စဉ်းစားရမယ်ဆိုလျှင် နလံထ လာစ ကမ္ဘာ့စီးပွားရေး အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ် လျှော့ချမယ် ဆိုရင် စက်ရုံအလုပ်ရုံများ ပြန်ပိတ်ရမဲ့ အနေအထား ရောက်လာပြီး သန်းပေါင်း များစွာသော အခြေခံလူတန်းစား အလုပ်သမားများ အတွက် ရပ်တည်မှုဟာ လွန်စွာ ခက်ခဲတဲ့ အခြေအနေတခုကို သက်ရောက် လာနိုင်သည်။ သို့အတွက်ကြောင့် ထိုအစည်းအဝေးမှ ထွက်ပေါ်လာသော အကျိုးရလဒ်ဟာ မောင်ပိုလဲ မောင်ပိုနေရာပြန်သွား ကျားလဲ ကျားနေရာ ပြန်နေဆိုသော အနေအထားမျှသာ သက်ရောက်လိမ့်မည်။ ဒီပြဿနာဟာ ကိုယ့်ရှုး ကိုယ်ပတ်သလို ဆုပ်လဲစူး စားလဲရူးပါပဲ။ ထိုအစည်းအဝေး၏ ဘယ်သို့သော ရလဒ်ပဲ ထွက်လာထွက်လာ လက်ရှိ ဦးဆောင်နေတဲ့ ကမ္ဘာ့ ခေါင်းဆောင်များရဲ့ သူတို့ ဆုံးဖြတ်ခဲ့သော ရလဒ်အတွက် လက်သည် တရာခံ မဟုတ်တာတော့ သေခြာပါတယ်။

ထို အစည်းအဝေးကို မြန်မာနိုင်ငံက ၀န်ကြီးချုပ် ဗိုလ်သိန်းစိန် လာတက်မည်ဟု ပြည်ပ နာမည်ကြီး သတင်းဌာန များက တင်ကြိုစွာ သတင်း ထုတ်ပြန်ခဲ့တယ်။ ဒါကြောင့် နိုင်ငံတကာရောက် အတိုက်အခံ အင်အားစုများကလဲ ဒိန်းမတ် နိုင်ငံအတွင်း မြန်မာ့အရေးကို စိတ်ဝင်စားသော သူများဦးစီးပြီး ဗိုလ်သိန်းစိန်အား ပြင်းထန်စွာ ဆန္ဒပြရန် ဆော်သြခဲ့တယ်၊ ဒီတင် သတင်းဌာနများ၏ သတင်းမှားလား။ ဒါမဟုတ် ဗိုလ်သိန်းစိန်တို့ အဖွဲ့ကပဲ ကြိုတင် သတင်းရသွားလား မသိ။ ထိုဆန္ဒပြမည့် နေ့ရက်ကို သူတို့ ရောက်ရှိလာခြင်း မရှိပေ။ ထိုအချိန်တွင် ဗိုလ်သိန်းစိန်က လောနိုင်ငံတွင် ကျင်းပနေသော Sea Game ဖွင့်ပွဲ ကျင်းပသည့် နေရာသို့ ရောက်နေသည်။

ရက် အနည်းငယ်ကြာမှ နိုင်ငံခြားရေး ၀န်ကြီး ဦးဆောင်သော အဖွဲ့တဖွဲ့ ခပ်သုတ်သုတ် ရောက်ရှိလာသည်။ သို့အတွက် ဒိန်းမတ်ရောက် မြန်မာအရေး လှုပ်ရှားတဲ့သူ များအတွက် နောက်တခေါက် ထပ်သွားရန် အခြေအနေက ဖန်တီးလာခဲ့ပြန်သည်။ တချို့ အားလပ်ရက် ရှိသော သူများ အတွက်တော့ မထောင်းသာပေမဲ့ အလုပ် လုပ်နေတဲ့ သူများအတွက် နောက်တကြိမ် အလုပ်မှ ခွင့်ယူရန် အတွက် မဖြစ်နိုင်တဲ့ အနေအထား ရောက်လာသဖြင့် ထိုဆန္ဒပြပွဲ အတွက် အင်အား ယုတ်လျှော့သွားတာ အမှန်ပင် ဖြစ်သည်။ ဦးစွာတင်ပြ ပထမ ဖြစ်ချင်တဲ့ သတင်းဌာနများကို အပြစ်တင်ရမလား မသိတော့ချေ။

ကမ္ဘာကျော် စီးပွားရေး ပညာရှင် နိုဗယ်ဆုရ ပါမောက္ခ ဂျိုးဇက် စတက်ဂလစ်က မြန်မာနိုင်ငံကို လာရောက်ပြီး ဆင်းရဲ မွဲတေနေသော အခြေခံ လူတန်းစားများအတွက် လယ်ယာမြေ ပြုပြင်ပြောင်းလဲရေး ဆိုတဲ့ သီးစားချေးငွေ စနစ်ကို ပြောင်းလဲရန် အကြံပေးခဲ့တယ် ဆိုပါတယ်။ ဂျိုးဇက် စတက်ဂလစ် မသိလိုက်တဲ့အချက်က စစ်အုပ်စုဟာ စိုက်ပျိုးရေးကို အခြေခံပြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးမှုကို ၈၈ အာဏာသိမ်းအစိုးရက စတင်တာ ဟုတ်ပါဘူး ။ ၆၂ အာဏာသိမ်း ခေါင်းဆောင် ဦးနေ၀င်းလဲ စိုက်ပျိုးရေးကို အခြေခံပြီး ဘယ်ပန်းတိုင်ကို ဘာညာ တိုင်းပြည်ဖြစ်အောင် တိုးတက်ရမယ် တကြော်ကြော် အော်ခဲ့ဖူးပါတယ်။ သေချာတာကတော့ ချေးခွင့် ရရှိသွားတဲ့ လယ်သမားတွေ အတွက်တော့ ဂျိုးဇက် စကက်ဂလစ်ဟာ ခေတ်သစ် မြန်မာနိုင်ငံရဲ့ ရှင်အဇ္ဇဂေါဏ ဖြစ်သွားတာပေါ့။ ဘာဖြစ်ဖြစ် ကောင်းပါတယ်။

ရွေးကောက်ပွဲ အတွက် စည်းရုံးနေတာ လူတိုင်း သိပါတယ်။ ဗမာလူမျိုးအကြောင်း ကောင်းကောင်းသိတဲ့ စိတ်ဓါတ် စစ်ဆင်ရေးကို ကိုင်တွယ်လာတဲ့ ဗိုလ်သန်းရွှေရဲ့ ရိုက်ချက်တွေ ပါမှာပါ။ အာဏာဆက်လက် တည်မြဲဖို့ အတွက် ကြည့်နေမှာပါ ဂျိုးဇက် မလာလဲ သူတို့ ချေးမှာပါ။ပြန်ဆပ်တဲ့ အချိန်မှာ ပြဿနာကတော့ ကြီးကျယ် ခမ်းနားစွာ ပေါ်လာဦးမှာ သေချာတယ်။ ငွေပြန်ဆပ်နိုင် မဆပ်နိုင်တဲ့ ဂယက်ပေါ့။ ကြည့်စမ်း ဘယ်လောက် ကောင်းလိုက်တဲ့ မဲဆွယ်မှုလဲ ဆိုတာ ပြည်သူအပေါ် စေတနာ ရှိလိုက်ပုံများ။ တခြား ဒီမိုကရေစီ နိုင်ငံတွေမှာ မဲဆွယ်ကြရင် နိုင်ငံရေးအင်အားစုတွေက ပြည်သူများအပေါ် အပေးပဲရှိတာ ချေးငှားပြီး မဲဆွယ်တာ မကြားဖူးပါဘူး။ ထိုင်းနိုင်ငံ သက်ဆင် ခေတ်ကောင်းစဉ်က ကာလက သူတို့ မဲဆွယ်ရင် အနည်းဆုံး လူတယောက် ဘတ် ၅၀၀ ရသေးတယ်။ နောက်ပြီး ကျေးရွာများအတွက် လယ်ယာမြေ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပေးတယ်။ ဆည်မြောင်းများ အခမဲ့ ဖောက်ပေးတယ်။ ဒါကပ်နေတဲ့ နိုင်ငံတွေရဲ့ လူတိုင်းသိတဲ့ ပြယုဂ်။

နောက်တခုက စာရေးသူက စီးပွားရေး ပညာရှင်မဟုတ် ပေမဲ့ ကြုံလာတဲ့ အတွေ့အကြုံ တခုကို မျှဝေချင်ပါတယ်။ ပွင့်လင်းရာသီ ရောက်ပြီး စပါးတွေ ပေါ်လာပြီဆိုပါတော့။ လယ်သမားတွေ အတွက် ခေါင်းစားရတာက စစ်တပ်က စပါး လာဝယ်ခြင်း။ ဒီအပေါ်မှာ ရှင်းပြချင်တာတာက ဟုတ်ပါပီ စပါး စပေါ်ခြင်း လယ်ထဲကို စတင် ရောက်ရှိလာတာက လက်နက်ကိုင်ထားတဲ့ စစ်တပ်ပါပဲ။ သူကိုယ်သူ ရှေးခေတ် ချစ်တီးများလား အောက်မေ့နေသလား မသိ။ ကာလပေါက်ဈေး ဘာညာ သူတို့ နားမလည်ပါ၊ သူတို့ သတ်မှတ်လိုက်တဲ့ ဈေးနဲ့ ဆမတန် ဈေးနှိမ်ပြီး ၀ယ်သားကြတယ်။ လယ်သမားတွေ ခမျှာမှာ လက်ကျန် စပါးများကိုသာ ကုန်သည်ဆီ ကာလပေါက်ဈေးဖြင့် ရောင်းချရတယ်။ ဥပမာ လယ်သမားတယောက် စပါး အတင်း ၁၀၀ ထွက်သည်ဆိုပါစို့ ။ ကာလ ပေါက်ဈေးက တတင်းကို ၁၀၀၀ ကျပ် အဖြစ် ထားလိုက်ပါ။ စစ်တပ်က ခွဲတမ်း စနစ်အရ စပါးတွေကို သူတို့ သတ်မှတ်ထားတဲ့ တတင်း ၅၀၀ ကျပ်နှုန်းနဲ့ စပါး အတင်း ၃၀ အတင်းအကြပ် ၀ယ်ယူသွားတယ်။ နောက်ပြီး ကျွဲနွား ဋ္ဌားရမ်းခ၊ ကောက်စိုက် သမား ဋ္ဌားခ၊ လယ်သူရင်း ဋ္ဌားခ .. ဒီကြား အမတော်ကြေး ကလဲ ပြန်ဆပ်ရတာနဲ့ လယ်သမားတွေ ခမျှာ လက်ကျန် စပါးအတင်း ၇၀ ဟာ သူတို့ စားဖို့တောင် အနိုင်နိုင် ဖြစ်နေရတဲ့ ဘ၀ပါ။ ဒီအဖြစ်အပျက်တွေက မြန်မာ့ လယ်သမားတွေ ခံစားရခဲ့တာ ရာစုနှစ်နဲ့ ချီနေပါပြီလေ။

အခုလဲ ပိုက်ဆံတော့ ချေးပါတယ်။ အတိုးနည်းတယ်။ ဟုတ်ပါပြီ ကောင်းပါတယ်။ ဖြစ်ရမှာက နောက်တနှစ် စပါးပေါ်ရင် စစ်တပ်က ခွဲတမ်းချပြီး စပါးဝယ်တဲ့ အချိန်မှာ ကာလပေါက်ဈေး ဈေးပြိုင်စနစ်နဲ့ ၀ယ်မှသာ လယ်သမားများအတွက် အနည်းအကျဉ်း အမြတ်ရမှပေါ့။ အခုက အမြတ်ရမဲ့ စပါးတွေကို စစ်တပ်က အတင်းအကြပ် ကိုယ်လိုတဲ့ ဈေးနဲ့ လာဝယ်နေတယ် ဆိုတော့ .. လယ်သမားဘ၀ မြှင့်တင်ဖို့ ဆိုတာက အိပ်မက်ပါပဲ .. စိုက်ပျိုးရေးကို အခြေခံပြီး ဘာတွေညာတွေ၊ လယ်သမား လူတန်းစား မြင့်တင်ရန် ဘာတွေ ညာတွေ အော်နေတာက ကြာပါပြီ။ လယ်သမားများဘ၀ လယ်လုပ်ရင်း လယ်ဆုံးရခဲ့တဲ့ ဘ၀တွေ ဒုနဲ့ဒေးပါ။

၂၀၁၀ ရွေးကောက်ပွဲ အမှီ မြန်မာနိုင်ငံရေး လောကမှာ တစခန်း ထလာတာကတော့ တတိယလှိုင်း၊ တတိယအုပ်စု ဖြစ်တယ်။ ဒီ အာဂျင်တာက ပြည်တွင်း အတိုက်အခံ အုပ်စုမှာရော ၊ အဝေးရောက် အတိုက်အခံ မြန်မာအတွင်းမှာ ပွက်လောရိုက်သွားတဲ့ အခင်းအကျင်း တခုပါပဲ။ ဒီ အအတွေးအခေါ်ကို ဘယ်သူက စ ထွင်လိုက်သလဲတော့ မသိ။ ယုတ္တိကျကျ စဉ်းစားရမည် ဆိုလျှင် စစ်အုပ်စု အသိုင်းအ၀ိုင်းက ထုတ်လွှင့်လိုက်တဲ့ သပ်ရှိုဖြိုခွဲခြင်း တခုလို့ မှတ်ယူလို့ ရပါ့မယ်။ ဒီအတွေးအခေါ်ကို လက်ခံ ယူငင်ကြသော သူများကို အပိုင်း ၂ပိုင်းဖြင့် ခွဲခြားပြီး သတ်မှတ်ရမည်။ တပိုင်းက ပြည်ပရောက် မြန်မာ့များနှင့် နောက်တပိုင်းက ပြည်တွင်း အတိုက်အခံ ဆိုသော အုပ်စုများ ဖြစ်သည်။

ပြည်ပရောက် မြန်မာများအပေါ် ဒီ အယူအဆ လွှမ်းမိုးမှုရှိလာတာက ၈၈ နောက်ပိုင်း နိုင်ငံရပ်ခြား အခြေချခဲ့သော လက်နက်ကိုင် လမ်းစဉ်မှ စွန့်လွှတ်လာခဲ့ကြသော အတိုက်အခံများနှင့် တခြားသော အတိုက်အခံ အုပ်စုတွေ ကွဲလွဲမှု၊ ၈၈ အရေးတော်ပုံ နောက်ပိုင်း အထူးသဖြင့် ၈၈ မှ ၂၀၀၀ အတွင်း ပြည်ပတွင် အခြေချသူ အများစု နှင့် ၂၀၀၀ နောက်ပိုင်း ပြည်ပသို့ အခြေချလာသော မြန်မာလူမျိုးအတွင်း သဘောထားများ ကွဲလွဲမှုက စတင်ပြီလို့ အခြေခံရပါ့မယ်။ သဘောထား ကွဲလွဲမှုများ အခြေခံ အကြောင်းတရား မတူညီသော အချက်များဖြင့် တဦးကို တဦး ယုံကြည်မှု ကင်းမဲ့လာခြင်း၊ သိုမဟုတ် စစ်အုပ်စုမှ ပြည်ပသို့ လွတ်လိုက်သော သူလျှိုဒလန်များ၏ သပ်လျှိုမှုများက ထို တတိယလှိုင်း တတိယအုပ်စု ဖြစ်ပေါ်လာရခြင်း အကြောင်းအရင်းဟု ယေဘုယျ မှတ်ယူရမည်။ ဥပမာ။ ။ ၈၈ မှ ၂၀၀၀ အတွင်း ပြည်ပသို့ အကြောင်း အမျိုးမျိုးကြောင့် အခြေချလာသူများဟာ အများသော အားဖြင့် ရန်ငါစည်းပြတ်ခဲ့သော သူများဖြစ်သည်။

ထို့နောက် ၂၀၀၀ နောက်ပိုင်း လူသားခြင်း စာနာသော ပရိုဂရမ်နှင့် နိုင်ငံရပ်ခြား အခြေချနေထိုင်ရန် ထွက်ခွာခဲ့သော သူများအတွင်း ရန်ငါစည်းပြတ်မှုကို ကိုင်စွဲသော အရေအတွက်ဟာ ရာနှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်း ရှိခဲ့သော်ငြားလည်း ကျန် ရန်ငါစည်း မပြတ်နိုင်သော ၇၀ ရာနှုန်းလောက်ဟာ လှေကြုံစီး အခွင့်သာဖြင့် ရောက်လာသော သူများနှင့် စစ်အစိုးရက တာဝန် ပေးအပ်လိုက်သော ဒေါင်းယောင်ဆောင်သည့် ကျီးများ ဖြစ်သည်။ ဤသည်မှာ ရှေ့ရောက်နှင့်နေသော ရန်ငါစည်း ပြတ်သော သူများက ထို ၇၀ ရာနှုန်းလောက် ရှိသော အဝေးရောက် မြန်မာများစုအပေါ် အမြင်မကြည်လင် ခဲ့ကြပေ။ ထို အမြင် မကြည်လင်မှုမှ အစပြု၍ ၇၀ ရာခိုင်နှုန်းရှိ အချို့သော သူများအတွင်း နိုင်ငံရေး မူဝါဒအရ ရန်ငါစည်း ပြတ်ချင်သော်ငြားလည်း ၈၈ အရေးတော်ပုံမှ ထွက်ခွာလာသော ပထမဦးစွာ ရောက်ရှိနေသော သူများ၏ အမြင်မကြည်လင်မှု ဒဏ်၊ ပြည်တွင်း မိသားစုများ ထိခိုက်နိုင်မှာလား ဒဏ် စသော သို့လော သို့လော အတွေးအခေါ်များဖြင့် တတိယလှိုင်း ဆိုသော တတိယ အုပ်စု အယူအဆဟာ ပြည်ပရောက် မြန်မာလူမျိုးများ အတွင်း ခေတ်စားလာတော့ အမှန်ပင် ဖြစ်သည်။

နောက်တပိုင်း အားဖြင့် ပြည်တွင်း နိုင်ငံရေးအတွင်း ထိုအယူအဆကို လက်ခံသော သူများကို တချက် စောင်းငဲ့ကြည့်ပြီး သုံးသပ်ရရင်...ဖြင့် ထိုသူများဟာ မြန်မာ့နိုင်ငံအတွင်း အထင်ကရ အဓိက အတိုက်အခံများ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် နှင့် NLD အဖွဲ့၊ ကိုမင်းကိုနိုင်တို့ ဦးဆောင်သော ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှာ သဘောထား ကွဲလွဲပြီး ထွက်ခွာလာသော သူများ ၊ မူလ အစကတည်းက အမြင် မကြည်လင်သူများ ဖြစ်သည်။ ထိုသူများဟာ အဓိက အတိုက်ခံများနှင့် ကွဲလွဲပြီး သကာလ သူတို့ ရှေ့ဆက် လျှောက်လမ်းရမဲ့ နိုင်ငံရေးမှုဟာ မည်မည်ရရ မရှိခဲ့ပေ။ သို့ဖြစ်ပါ၍ ရုတ်တရက် ပေါ်ထွက်လာသော တတိယလှိုင်း သို့မဟုတ် တတိယ အုပ်စု ဆိုသော အတွေးအခေါ် အပေါ် ဆင်ခြင်သုံးသပ်ပြီး ၎င်းတို့၏ အနာဂတ် ရပ်တည်မှုနှင့် ပေါင်းစပ်ကာ ထိုအယူအဆကို တွင်တွင်ကျယ်ကျယ် လက်ခံယူငင် သုံးစွဲလာသည်ကို တွေ့ရှိရသည်။

တတိယလှိုင်း သို့မဟုတ် တတိယအုပ်စု၏ အတွေးအခေါ် အယူအဆဟာ ဘက်မလိုက် ကြားနေ ၀ါဒပါပဲ။ အမေရိကန် ဆိုဗီယက် စစ်အေးတိုက်ပွဲ ကာလကို ကြည့်လိုက်ပါ.. အရင်းရှင်စနစ် (ထိုစဉ်က နယ်ချဲ့ဝါဒကို မုန်းတီးနေ) ကို လက်မခံတဲ့ နိုင်ငံများ၊ ကွန်မြူနစ် စံနစ်အား လက်ခံတဲ့ နိုင်ငံများနှင့် ဟိုမရောက် ဒီမရောက် စံနစ်နှင့် အမျိုးသားရေးကို လက်ခံသော နိုင်ငံများက တတိယအုပ်စုကို ဖွဲ့စည်းခဲ့ပါတယ်။ သို့ပေမဲ့ ကြားနေ၀ါဒဟာ ဘက်မလိုက်ဘူး ဆိုသော်ငြားလည်း မမြင်နိုင်သော အပိုင်းက ဘက်တခုအတွင်း ရှိနေသည်ကို တွေ့ရသည်။

ဆိုခဲ့သော အပိုင်းကို ကျွန်ုပ်တို့ အတွေ့အကြုံအရ ထောက်ရှု့ ရလျှင် ABSDF အဖွဲ့အတွင်း နှစ်ခြမ်းကွဲခဲ့သော ကာလတခုကို သတိရ လိုက်မိပါရဲ့ ... ထိုစဉ်က တဖွဲ့လုံးကို မဆိုလိုပါ၊ စာရေးသူတို့ တောင်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော ကွဲပြဲမှု အနေအထားနှင့် ယခု မြန်မာနိုင်ငံရေး လောကအတွင်း ပေါ်ထွက်လာသည့် တတိယအုပ်စုနှင့် အခြေခံ တူညီနေကြောင်းကို သက်သေပြုလိုသောကြောင့် နှိုင်းယှဉ်ပြခြင်း ဖြစ်သည်။ ဟိုး ယခင် ဂျီစီဘီအေ၊ ဖဆပလ၊ ဗကပ အကွဲအပြဲကို ခဏ ထားလိုက်ပါ။ ABSDF ဗဟိုကွဲခဲ့ပြီး နောက်ပိုင်း တောင်ပိုင်း ABSDF တပ်ရင်းများသို့ အကွဲအပြဲ ဂယက် ရိုက်ခတ်ခဲ့လာသည်။ ထိုရိုက်ခတ်မှုများကြောင့် စုစုစည်းစည်း ရှိခဲ့သော တပ်ရင်းများဟာ ဒေါက်တာနိုင်အောင် အဖွဲ့ကို လက်ခံသော အဖွဲ့၊ မိုးသီးဇွန်အား လက်ခံသော အဖွဲ့နှင့် ဘက်မလိုက် ကြားနေအဖွဲ့ စသော အဖွဲ့ ၃ဖွဲ့ ပေါ်ပေါက်လာခဲ့သည်။

ထို ဘက်မလိုက် ကြားနေ၀ါဒကို လက်ခံခဲ့သော သူများသည် ဘက်မလိုက်ဘူးဟု တကြော်ကြော် အော်နေသော် ငြားလည်း အများအားဖြင့် မိုးသီးဇွန်အား လက်ခံနေသည်ကို တွေ့ရသည်။ သို့သော် သူတို့ အကြောင်းပြတာက အဖွဲ့နှစ်ဖွဲ့ ပြန်ပေါင်းစပ် နိုင်ရန်အတွက် ထိုဘက်မလိုက် အယူအဆကို လက်ခံခဲ့သည်ဟု ဆိုခဲ့သည်။ မည်သို့ပင် အကြောင်းပြ စေကာမူ ထို အတွေးအခေါ်ကို ထွင်လိုက်သော အဓိက လူများမှာ စခန်း ကိုယ်စားလှယ် ပြန်လည် မရွေးချယ် ခံရသောသူများနှင့် မိုးသီးဇွန်အား ပုဂ္ဂိုလ်ရေးအရ ခင်မင်လေးစား နေသူများ ဖြစ်သည်။ ဆိုလိုသည်မှာ ထို ABSDF အဖွဲ့ဝင်များကို အပြစ်မြင် ပုတ်ခတ်နေသည် မဟုတ်၊ ယခု ဖြစ်ပေါ်နေသော တတိယလှိုင်း (သို့) တတိယ အုပ်စုသည်လည်း ABSDF အဖွဲ့အတွင်း ဖြစ်ပွားသကဲ့သို့ ဘက်မလိုက် ကြားနေ တတိယ အတွေးအခေါ်သည် ဘက်တခုအား မျက်ကွယ်ပြု၍ တခြားသော ဘက်တခုကို အားပြုနေသောကြောင့် ဆင်ခြင် တွေးတောနိုင်ရန် နှိုင်းယှဉ် တင်ပြချက်မျှသာ ဖြစ်၏။

လွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာ့ နိုင်ငံရေးအတွင်း စစ်ဗျူရိုကရက် စနစ်ကို လက်ခံသူများ၊ ကွန်မြူနစ်များနှင့် အမျိုးသား ဆိုရှယ်လစ်ဝါဒကို လက်ခံသူများ နိုင်ငံကို ပဲ့ကိုင်ခဲ့ကြသည်။ တဦးကိုတဦး တိုက်ခိုက်ခဲ့သည်။ တဖွဲ့နှင့်တဖွဲ့ ပြိုင်ဆိုင်ခဲ့သည်။ သိုသော်လည်း ၆၂ ခုနှစ် နောက်ပိုင်းတွင် စစ်ဗျူရိုကရက်များက နိုင်ငံကို အကြွင်းမဲ့ ချုပ်ကိုင် နိုင်ခဲ့ကြလေသည်။ ဒါလည်း အထင်ကရ နိုင်ငံရေး သမားများသည် နိုင်ငံကောင်းကျိုး အမျိုးသား ကောင်းစားရေးကို အဓိကမထားပဲ၊ မိမိအဖွဲ့ အာဏာရရှိရေးကို လက်ကိုင်ပြု၍ အပြိုင်အဆိုင် ကွဲလွဲကြပြီးနောက် ပြိုင်ဆိုင်မှု ကာလများအတွင်း အမိန့်နှင့်စည်းကမ်း စနစ်တကျ အပြည့်အ၀ဖြင့် တည်ဆောက်ထားသည့် စစ်ဗျူရိုကရက် အုပ်စုမှ အနိုင်ရလာခဲ့သည်ဟု ပြောရင် မှားနိုင်မည်ဟု မထင်ပေ။

စစ်အေး တိုက်ပွဲအတွင်း အင်အားကြီး နိုင်ငံများ၏ ချမှတ်ခဲ့သော ၀ါဒကို အကြွင်းမဲ့ လက်မခံခဲ့လျှင် နိုင်ငံသည် ယခုလို ဆင်းရဲ မွဲတေရမည် မဟုတ်ပါ။ ယနေ့ ဖြစ်ပေါ်နေသည့် နိုင်ငံရေး ပြိုင်ဆိုင်မှုဟာ အာဏာရ စစ်ဗျူရိုကရက် အာဏာရှင်စနစ်နှင့် တဦးတယောက်အတွင်း အာဏာကို နှစ်ရှည်လများ ချုပ်ကိုင်ခွင့် မရှိသော ဒီမိုကရေစီဝါဒ သမားများ၏ တိုက်ပွဲသာ ဖြစ်သည်။ ထို့ကြောင့် တတိယလှိုင်းကို လက်ခံသော သူများဟာ ဘက်တဘက်တွင် ရပ်နေသော စစ်အာဏာရှင် ဗျူရိုကရက်တို့ကို အထူး သတိထားသင့်သည်။ အဘယ်ကြောင့် ဆိုသော် အာဏာ အကြွင်းမဲ့ဖြစ်အောင် ဆုပ်ကိုင်ထားသော စစ်ဗျူရိုကရက်များ၏ အချုပ်အခြာ အာဏာကို ထိပါးလာရင် ရက်စက်ဖို့ အဆင်အသင့် ရှိနေတတ်သည်။ ပြီးနောက် ထိုအတွေးအခေါ်(တတိယအုပ်စု) ရှိသူများကို ဘက်တဘက်မှ မူတခုအား အသေဆုပ်ကိုင်ပြီး ရပ်နေသော သူများက လုံးဝဥသုံ လက်မခံကြပေ။ သံသယ ရှိ၏။

ထို သံသယ၏ အကျိုးအဆက် အရ ခွပ်ဒေါင်း၊ ကဒေါင်း အမှတ်တံဆိပ်ရှိ အလံ အောက်ကသူ သို့တည်းမဟုတ် အရာဝတ္တု တခုခုကို မြင်လျှင် ကန့်လန့်တိုက်မည်၊ အကုန်ရိုက်မည် အယူအဆကို ရိုက်သွင်း ခံထားရသော ဘက်တဘက်မှ အညံစား လူတန်းစားများနှင့် တွေ့ဆုံခဲ့လျှင် မိမိတို့သာလျှင် ကိုယ်ကျိုးနဲရမည် ဖြစ်ပါကြောင်း...


လူလ

ရွှင်လန်းချမ်းမြေ့ပါစေ...

8 comments:

Nge Naing said...

လူလရေ- ကမ္ဘာ့အရေး၊ မြန်မာ့အရေး အတော်လေး ပြည့်ပြည့်စုံစုံ သုံးသပ်တင်ပြထားတာ သိပ်ကို ကောင်းပါတယ်။ ဒါပေမဲ့ ABSDF တောင်ပိုင်းက ဘက်မလိုက် ညီညွတ်ရေး အဖွဲ့က ရပ်တည်ချက်ကိုတော့ လူလ ထင်သလို မဟုတ်ဘူး ဆိုတာ နည်းနည်း ဆွေးနွေးချင်တယ်။

ဘက်မလိုက်က လူလ ထင်သလို မိုးသီးဇွန်ကိုပဲ လက်ခံတာ မဟုတ် ဒေါက်တာနိုင်အောင်ကိုပါ လက်ခံပြီး ဗဟိုနှစ်ခု ပြန်ပေါင်းစည်းရေးကိုပဲ တောက်ရှောက် ဦးတည် ကြိုးစားခဲ့ပါတယ်။ လူတဦးချင်းစီရဲ့ ခေါင်းဆောင် နှစ်ဦးအပေါ် ယုံကြည်မှုအရကတော့ မိုးသီးဇွန်က ကျောင်းသားတယောက် ဖြစ်တယ်၊ ၈၈ အရေးတော်ပုံကို ဦးဆောင်ခဲ့တဲ့ ဗကသကို ဦးဆောင်ခဲ့သူအဖြစ် ပိုပြီး ယုံကြည်ခဲ့တယ်ဆိုတာတော့ မငြင်းပါဘူး။ ဒါပေမဲ့ ဘက်မလိုက်ဟာ ဘက်နှစ်ဘက်ကို ပါသွားသူတွေက ခေါင်းဆောင်နှစ်ဦးကို အမည်တပ်ထားတဲ့ မိုးသီးဇွန်က ကွန်မြူနစ်၊ ဒေါက်တာနိုင်အောင်က စေ့စပ်ကြေအေးရေးသမား ဆိုပြီး တဘက်နဲ့ တဘက် အပြန်အလှန် စွပ်စွဲနေကြတာမျိုး မရှိပဲ အဖွဲ့အစည်းကြီး ကွဲသွားတာကို မိဘနှစ်ဦးကွဲလို့ သားသမီးတွေ ခံစားရတဲ့ ခံစားမှုမျိုးသာ ရှိခဲ့ပါတယ်။ ဒီလို ဘက်မလိုက်မှာ ရပ်တည်တဲ့သူတွေရဲ့ ယူကျုံးမရ ခံစားရတဲ့ ခံစားမှုမျိုးကို တဘက်ကိုတဘက် ကိုက်စားလုမတတ် ရန်စောင်နေကြတဲ့ ဘက်နှစ်ဘက်ကို ပါသွားသူတွေ ခံစားနားလည် နိုင်မှာမဟုတ်ပါဘူး။

နောက်တခုက ဘက်မလိုက်မှာ ဦးဆောင်သူတွေဟာ စခန်းကိုယ်စားလှယ် ပြန်အရွေးမခံရသူများလို့ လူလပြောတာ မှားတယ်။ စခန်းကော်မတီ (၁၀) ယေက်မှာ ညီလာခံသွားတက်ရာမှာ ပါသွားတဲ့ ၆ ယောက်ကလွဲရင် လွဲရင်ဘက်မလိုက်မှာ ရပ်တည်ခဲ့တဲ့ ဦးဝင်းထိန်၊ ကိုကြီးဥာဏ်စိုး၊ ဆရာဟန်လင်းတို့တွေဟာ အဲဒီတုန်းက လက်ရှိစခန်းကော်မတီတွေ ဖြစ်ပြီး ညီလာခံသွားတက်ရာမှာ မပါခဲ့တဲ့ စခန်းကော်မတီတွေထဲက ဆရာအောင်မြင့်တယောက်ပဲ Dr နိုင်အောင်ဘက် ပါသွားတယ်။ ကျန်တဲ့ စခန်းကော်မီတီဝင်တွေက ညီလာခံကိုယ်စားလှယ်အဖြစ် ပါသွားကြပြီး ဘက်နှစ်ဘက်မှာ ရပ်ပြီး ပြန်လာကြပါတယ်။ တို့တပ်ရင်းဟာ ဘယ်လို စနစ်တကျ ကွဲခဲ့တယ်ဆိုတာ လူလတို့က အဲဒီအချိန်က ရှေ့တန်းမှာမို့ သိခဲ့မှာမဟုတ်ပဲ တဆင့် ပြန်ပြောပြတာကိုပဲ သိနိုင်လိမ့်မယ်။ ဘက်မလိုက်က ဘယ်ဘက်ကမှ မပါခဲ့ပါဘူး။ တပ်ရင်းကွဲတော့ အများစုဖြစ်တဲ့ ဘက်မလိုက်က စခန်းကိုယူမယ် သင်တန်းကျောင်းကို ဒေါက်တာနိုင်အောင်ဘက် ပါသွားသူတွေကိုပေးမယ်ဆိုတာ အကုန်လုံးဆုံးဖြတ်ချက်နဲ့ သဘောတူခဲ့ပါတယ်။

Nge Naing said...

ကွဲပြီးတဲ့ အချိန်မှာ ရှေ့တန်းကနေ တပ်ရင်းကို ပြန်တက်လာတဲ့ ရဲဘော်တွေဟာ ဘယ်ဘက်ကပဲ လာလာ မကွဲခင်က ရှိနေတဲ့ မြစ်ကမ်းနဘေးက မိခင်တပ်ရင်း ဘက်မလိုက်ကိုပဲ အရင်ရောက်လာပြီး ဘက်မလိုက်ကလည်း ဘယ်ဘက်က ရဲဘော်တွေပဲ ဖြစ်ဖြစ် လိုအပ်တဲ့ အကူအညီပေးခဲ့ပါတယ်။ ဒေါက်တာနိုင်အောင်ဘက်မှာ ယခင် သင်တန်းကွင်းကို တပ်ရင်းအဖြစ် အသုံးပြုလိုက်တော့ သူတို့မှာ နေစရာ တပ်ရင်းရှိလို့ ရောက်လာတဲ့ ရဲဘော်တွေကို ချက်ချင်းပဲ လာခေါ်သွားတယ်။ မိုးသီးဇွန်ဘက် ရှေ့တန်းက ပြန် ရောက်လာတဲ့ ရဲဘော်တွေကျတော့ သူတို့မှာ တပ်ရင်း နေရာ မရှိသေးလို့ မကွဲခင် ရှေ့တန်းမဆင်းခင်က ဘက်မလိုက်မှာ ရှိတဲ့ သူတို့ဗားတိုက်ကိုပဲ သူတို့ ပြန်လာကြရပြီး စခန်းတည်ဆောက်နေစဉ် ဘက်မလိုက်က ယာယီ လက်ခံထားရတာတွေ ရှိပါတယ်။ ဒါကို ဘက်မလိုက်က မိုးသီးဇွန်ဘက် ပါတယ်လို့ ပြောလို့မရပါဘူး။ ဘယ်ဘက်ကဖြစ်ဖြစ် အကူအညီလိုနေသူကို ဘက်မလိုက်က ကူညီတာသာ ဖြစ်တယ်။ အဲဒီတုန်းက ၂၀၁ တပ်ရင်းကမဟုတ်တဲ့ ဘုရားသုံးဆူစခန်းတွေ ဖြစ်တဲ့ ၁၀၁ (ဒေါက်တာနိုင်အာင်) က တယောက် နဲ့ ၁၀၂(မိုးသီးဇွန်) ကတယောက်လည်း နယ်စပ်ကနေ ငှက်ဖျားမိပြီး စခန်းကို ရောက်နေတာ လက်ခံထားခဲ့ပါတယ်။

ဘက်မလိုက်က ဗဟိုနှစ်ခု ပြန်ပေါင်းဖို့အတွက် မဟာမိတ်နဲ့ ပူးပေါင်းပြီး ဗဟိုနှစ်ခု ပြန်ပေါင်းနိုင်ဘို့အရေး အပြင်းအအထန် ကြိုးစားခဲ့ပါတယ်။ ဒီအတောအတွင်း ရှေတန်းဒေသတွေမှာလည်း ပြောက်ကျားတိုက်ပွဲတွေ လူထုစည်းရုံးရေးတွေ လုပ်ငန်းတွေ ဖေါ်ဆောင်နိုင်ခဲ့တယ်။ ဗဟိုနှစ်ခု ပြန်ပေါင်းစည်းနိုင်ဖို့ ဘက်မလိုက်က ဘယ်လိုပဲ ကြိုးစားခဲ့ပေမဲ့ မိုးသီးဇွန်ဘက်က မိုးသီးဇွန် ဥက္ကဌ မဖြစ်အောင် ဒေါက်တာနိုင်အောင်ဘက်က အုပ်စုအလိုက် အနိုင်ကျင့်ခဲ့လို့ မပေါင်းနိုင် ဒေါက်တာနိုင်အောင်ဘက်ကလည်း သူတို့ဟာ ဒီမိုကရေစီ ကျင့်စဉ်ဆိုတဲ့ မူဘောင်အတိုင်း ရွေးချယ်တင်မြောက်ထားတဲ့ ဗဟိုမို့ အလျှော့မပေးနိုင် ဖြစ်ပြီး ဘက်နှစ်ဘက်က ကြာလေတင်းမာလေ ဖြစ်လာတဲ့အချိန် ဘက်မလိုက် ရဲဘော်တွေ အတော်များများက စိတ်ဓါတ်ကျပြီး ထွက်တဲ့သူထွက် ဘက်နှစ်ဘက်ကို တသီးပုဂ္ဂလအနေနဲ့ ပြောင်းသူပြောင်း ဖြစ်လာခဲ့တယ်။ နောက်ဆုံးမှာ ဘက်မလိုက်ဟာ မိုးသီးဇွန်၊ ဒေါက်တာနိုင်အောင် ဆိုတဲ့ ပုဂ္ဂိုလ်စွဲထက် ညီလာခံက ချမှတ်ခဲ့တဲ့ စစ်ရေး၊ နိုင်ငံရေး လမ်းစဉ်တွေ မူတွေဘောင်တွေကို ဘယ်သူက ပိုလုပ်နိုင်လဲဆိုတာကိုပဲ ကြည့်ပြီး ပိုပြီး အကောင်အထည် ဖေါ်နိုင်တဲ့ ဒေါက်တာနိုင်အောင်ဘက်ကို စခန်းတခုလုံးအနေနဲ့ ရပ်တည်သွားခဲ့ပြီး ဘက်မလိုက် ညီညွတ်ရေးအဖွဲ့ကို ဖျက်သိမ်းပြီး ဒေါက်တာနိုင်အာင်ဘက် ရပ်တည်ကြောင်း တရားဝင် ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီတော့ လူလထင်တဲ့ မိုးသီးဇွန်ဘက်ကို လက်ခံတယ်ဆိုတာ မဟုတ်ဘူး တဘက်တည်းကို လက်မခံ နနှစ်ဘက်စလုံးကို လက်ခံတယ်ဆိုတယ် နောက်ဆုံး အားမတန်လို့ မာန်လျှော့ရတဲ့အခါမှာ မူနဲ့ဘောင်နဲ့ လက်တွေ့အကောင်အထည်ဖေါ်နေတဲ့ ဘက်ကို ရွေးလိုက်ရတယ် ဆိုတာ သဘောပေါက်လောက်ပြီထင်တယ်။

ကိုယ့်တပ်ရင်း ကိုယ့်အဖွဲ့အစည်း အစိတ်စိတ်အမွှာမွှာ ကွဲတဲ့အကြောင်းကို ကိုယ့်အပုပ်ကိုယ်ဖေါ်ပြီး ပြန်ပြောချင်တာတော့ မဟုတ်ပါဘူး။ နောက်ဆုံး စုစုစည်းစည်း ပြန်ဖြစ်ခဲ့ပါတယ်။ ပြီးသွားတာတွေ မပြောချင်ခဲ့ပါဘူး။ ဒါပေမဲ့ တပ်ရင်း (၂၀၁) မှာ မကဒတ ကွဲတုန်းက ဘက်မလိုက်ဆိုတာ ရှိခဲ့တယ်ဆိုတာကို လူလက အစဖေါ်ပေးပြီး မဆိုင်တာနဲ့ ဥပမာပေးထားတာ အပါအ၀င် ဘက်မလိုက်အပေါ် နားလည်မှု လွဲနေတဲ့အပေါ် ဘာရည်ရွယ်ချက်နဲ့ လုပ်ခဲ့ပြီး ဘယ်လို ရပ်တည်ခဲ့တယ်ဆိုတာ အမှန်တိုင်း သိအောင် ပြောဖို့လိုတယ် ယူဆလို့ ပြောရတာသာ ဖြစ်တယ်။

လူလ said...

အင်း ဒါက မငယ် အမြင်ပါ။ ရှေ့တန်းမှာ ဖြစ်ဖြစ်။ နောက်တန်းမှာ ဖြစ်ဖြစ် ကိုယ်ကြုံဆုံလာတဲ့ ညီအကိုများရဲ သဘော စိတ်ထားကို သိလို့ ရေးချတာပါ။ ကျွန်နော်ဆို တပ်ရင်းမှာ လူတိုင်းနဲ့ ခင်အောင်ပေါင်းတယ်။ အဓိကက ကွဲ (မူး)တယ်ပေါ့။ တပ်တွေ တကွဲတပြားဖြစ်လဲ ကျွန်နော်နဲ့ အားလုံး ခင်မင်မပျက်ခဲ့ပါဘူး။ အားလုံး ပုံမှန်ပါပဲ။ တခါတလေ ကွဲ(မူး)တဲ့အချိန်မှာ တယောက်နဲ့တယောက် ဖြစ်သွားတဲ့ အခြေအနေတွေကို ရင်ဖွင့်ရင်း အဲဒီအကြောင်းတွေကို သိခဲ့တာပါ။ အထူးသဖြင့် ဘက်မလိုက်မှာ ကျန်ခဲ့တဲ့ ရဲဘော် များများဟာ ကျွန်နော်နဲ့ ခင်မင်တဲ့သူတွေ များတယ်။ နောက်ပြီး ကွဲသွားတဲ့ အခိုက်အတန့်လေးကို ရေးပြတာမဟုတ်ပါဘူး။ ကွဲပြီးတဲ့နောက်ပိုင်း ရှေ့တန်းတွေမှာလဲ ဒီလိုပါပဲ အပြန်အလှန်ကူညီရင်း တခါတလေ နိုင်ငံရေးကို ရင်ဖွင့်ရင်းနဲ့ ပြောဆိုလို့ သိခဲ့တာတွေပါ။ ကိုယ်တွေ့တွေပေါ့။

တခုတော့ရှိတယ်။ ဗမာ့နိုင်ငံရေးမှာ ဖြစ်သွားတာတွေကို သူ့အမြင် ကိုယ့်အမြင် ရှိတာပေါ့။ တချို့က ကြုံခဲ့တယ်။ တချို့က လေသံကြား တရားနာတယ်။ တချို့က စာအုပ်တွေ ဖတ်ပြီး အမြင်တွေ ရှိနိုင်တယ်လေ။ ဒီအမြင်မျိုးမျိုးထဲက ကြုံဖူးတဲ့ သူတယောက်ရဲ့ အမြင်တခုကို အခု ဖြစ်နေတဲ့ တတိယ အုပ်စုနဲ့ အတူတူပါပဲ လို့  နှိုင်းယှဉ်ရေးတာက လွဲပြီး ဘာမှ မရှိပါဘူး။ အပုပ်ဖေါ်တာလဲမဟုတ်။ ဒီအပုဒ်ကို ရေးဖို့အတွက်လဲ သေသေချာချာ စဉ်းစားခဲ့ပါတယ်။ အပြစ်ပြောနေတာ မဟုတ်ပါဘူး။ တနိုင်ငံလုံး အရေးနဲ့ ယှဉ်ပြီး နှိုင်းယှဉ်ပြတဲ့ သဘောပါ။ နောက်တခုက မငယ် ပြောသလို လူနာမည်နဲ့ မပြောချင်ဗေမဲ့ ပြောရတော့မယ်။ ဘက်မလိုက်ကို အစပြုခဲ့တာ နတ်အိမ်တောင် စခန်းက ဒါကို မငယ် သိသလား။ အဓိကက အောင်သန်းဝင်းပါပဲ။ ဒီလောက်ဆို သဘောပေါက်လောက်ပါရဲ့...

ထားလိုက်ပါတော့ ဆွေးနွေးချင်ရင် ချက်တင် ဒါမဟုတ် အီးမေးမှာ ဆွေးနွေးလို့ရပါတယ်။ ဘာဖြစ်ဖြစ် ဒီမှတ်ချက်မှာလဲ ဆွေးနွေးလို့ရတယ်။ သမိုင်းအမှန်ကို လူတွေ သိအောင်ပေါ့။

တယောက်နဲ့တယောက် ကူညီတာက သောက်ဖေါ်သောက်ဖက် သေဖေါ်သေဖက်အတွက်တော့ ဒါတွေက အကင်း(ပေါ့ပေါ့ပါးပါး)လေးပါ။

ပြန်ပေါင်းတယ် ဘာညာက တော့ ကျွန်နော်လဲ မရေးခဲ့ပါဘူး။ ဆိုလိုတာက အဖွဲ့အစည်းတခု လူတယောက်မှာ အမှားဆိုတာ ရှိခဲ့တယ်။ ဒီအမှားဟာ ဘယ်လိုဖြစ်လို့ မှားခဲ့တာလဲ။ ဘာအတွက်လဲ။ ဘာကြောင့်လဲ။ အားလုံးသော အမှားတွေအတွက် ကြုံခဲ့သူများ အခုလို အမြင်ဖလှယ်ရအောင်။ နောက်လာ နောင်သားတွေအတွက်လဲ အမှန်ကို သိရအောင်။ သွားပုပ်လေလွင့်ပြောတဲ့ မဟုတ်တယုတ်တွေအတွက်လဲ ဖြေရှင်းနိုင်အောင်။ ကိုယ်အဖွဲ့အတွင်းမှာ ဖြစ်သွားတဲ့အမှားတွေကို နောက်ဖြစ်လာမဲ့ အနေထားတွေနဲ့ အမှားတွေ ထပ်မဖြစ်အောင် ရည်ရွယ်ချက်က လွဲလို့ ဘာမှမရှိပါ။

ကျွန်နော်ဆိုလိုတာကလဲ ဘက်မလိုက်တပ်ရင်းတရင်းလုံးကို မဆိုလိုပါဘူး။ စာဖတ်ပြီး နားလည်စေချင်တယ်။ အထူးသဖြင့် အခု တင်ပြချက်က ဘက်မလိုက်ကို တိုက်ခိုက်တာလဲမဟုတ်ပါ။ သဘောကတော့ ဒါပါပဲလို့ ကြားနေ၀ါဒ သဘာဝကို ထောက်ပြတာပါ။

ရွှင်လန်းချမ်းမြေ့ပါစေ...

Nge Naing said...

လူလရေ အမြင်မဟုတ်ဘူး ကိုယ်တိုင် လက်တွေ့ကြုံလာတာကိုပဲ ပြောတာဖြစ်တယ်။ တပ်ခွဲ (၂) ကစပြီး ဘက်မလိုက်မှာ ရပ်တည်ပေမဲ့ တပ်ရင်းမှာ ရှိနေတဲ့သူတွေက ကိုမီးသီးဇွန်ဘက်မှာ ရပ်ပြီး ပြန်လာတဲ့ ကိုအောင်သန်းဝင်း ပြောတဲ့အတိုင်း လိုက်လုပ်ရလောက်အောင် စဉ်းစားဆင်ခြင်ဥာဏ် မရှိတဲ့သူတွေလည်း မဟုတ်ပါဘူး။ တကယ်လို့ သူပြောလို့သာ ဘက်မလိုက်ကို လုပ်ခဲ့တယ်ဆိုရင် နောက်ဆုံး တဘက်ဘက်မှာ ရပ်တည်ရင် သူတို့ဘက်မှာ ရပ်တည်ရမှာပေါ့။ ကွဲတဲ့အချိန်မှာ လူလက ရှေ့တန်းမှာ ရောက်နေတယ် ပြီးတော့ လူလရှိတဲ့ တပ်ခွဲ (၃) က ကွဲတုန်းက ညီလာခံတက်ခဲ့ပြီး ဒေါက်တာနိုင်အောင်ဘက်က ရပ်ပြီးပြန်လာတဲ့ တပ်မှူးက ဦးဆောင်လို့ သူပြောပြသလောက်ပဲ လူလတို့ သိရမယ်။ တပ်ရင်းမှာ ရှိနေသူတွေကျတော့ ကွဲတဲ့အကြောင်းကို အိတ်သွန်ဖာမှောက် ပြန်လာရှင်းပြတဲ့ တပ်ရင်းက ကိုယ်စားလှယ် (၁၀) ဦးစလုံးရဲ့ တပတ်ကြာ ရှင်းလင်းချက် နှစ်ဘက် အပြန်အလှန် ငြင်းခုန်ချက်တွေကို အသေးစိတ် နားထောင်ပြီးမှ ဘယ်ဘက်မှာ ရပ်သင့်တယ်ဆိုတာကို တဦးစီက ရွေးချယ်ခဲ့တာ ဖြစ်တယ်။ တပ်ရင်းကွဲတုန်းက တပ်ခွဲ (၂) က တခွဲလုံး ဘက်မလိုက်ရပ်သလို ပင်လယ်ပြင် လှုပ်ရှားတပ်စု တစုလုံး မိုးသီးဇွန်ဘက်ရပ်တယ်၊ လူလတို့ ခွဲသုံးက တခွဲလုံး ဒေါက်တာနိုင်အောင်ဘက်က ရပ်တယ် ဒီလို အကုန်လုံး ရပ်ကြတဲ့ တပ်ခွဲ၊ တပ်စုတွေမှာ ဘာမှ ကွဲလွဲစရာ မရှိခဲ့ပေမဲ့ တပ်ခွဲ (၁) နဲ့ တပ်ရင်းမှာတော့ ဒေါက်တာနိုင်အောင်ဘက်နဲ့ ဘက်မလိုက်ဆိုပြီး နှစ်ခုကွဲလို့ ဘက်မလိုက်ကို မိုးသီးလူတွေလို့ ဒေါက်တာနိုင်အောင်ဘက်က မကျေမနပ်နဲ့ စွပ်စွဲကြတာသာ ဖြစ်တယ်။

Nge Naing said...

အဆက်

ကွဲတုန်းက တပ်ရင်းက ပိုင်ဆိုင်တဲ့ သေနတ်တို့၊ ဆက်သွယ်ရေးစက်တို့ ရုံးသုံးပစ္စည်းတွေကိုလည်း ကိုအောင်သန်းဝင်းက သူတို့ မိုးသီးဇွန်ဘက် ရပ်တဲ့သူတွေကို ဘာမှ ပေးစရာမလိုဘူး ပြောလို့ ဘက်မလိုက်နဲ့ ဒေါက်တာနိုင်အောင်ဘက်က လူဦးရေ အချိုးအစားအတိုင်း အစည်းအဝေးဆုံးဖြတ်ချက်နဲ့ အချိုးကျ ခွဲဝေယူခဲ့ပါတယ်။ စည်းရုံးရေး ဌာကလွဲရင် ကျန်တဲ့ Senior တပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာ အဖွဲ့ဝင်တွေ အားလုံးနီးပါး၊ ဆေးတပ်ဆွယ် တခုလုံးနဲ့ ဆက်သွယ်ရေးတပ်ဆွယ်တခုလုံး ဘက်မလိုက်မှာပဲ ကျန်ခဲ့တဲ့အတွက် ဒေါက်တာနိုင်အောင်ဘက် သင်တန်းကွင်းကို ပြောင်းသွားတဲ့ အဖွဲ့မှာ ဆေးနဲ့ ဆက်သွယ်ရေးအဖွဲ့ဝင်တွေ မရှိတဲ့ ပြဿနာကို ဘက်မလိုက်က ဆေးမှူးတွေ၊ ဆက်သွယ်ရေး အဖွဲ့ဝင်တွေ အကူအညီပေးထားခဲ့ရတယ်။ နောက်တန်းမှာတင်လားဆို မဟုတ်သေးဘူး။ ရှေ့တန်းဆင်းကြတော့လည်း ဒေါက်တာနိုင်အောင်ဘက်က တပ်ခွဲ (၁) မှာ အတွေ့အကြုံရှိတဲ့ ဆေးမှူး တယောက်မှ မပါလာလို့ တိုက်ပွဲဖြစ်လို့ ရဲဘော်တွေ ဒဏ်ရာရတိုင်း တို့အဖွဲ့တွေသွားပြီး လူနာကို တပ်ရင်းပြန်ပို့နိုင်လောက်အောင် အဆင်သင့်ဖြစ်တဲ့အထိ စစ်ကြောင်းထွက်မလိုက်ရပဲနဲ့ အကူအညီပေးပါတယ်။

မကဒတဟာ ဖွဲ့စည်းပုံရေးဆွဲပြီး ကိုယ်စားလှယ်တွေက ဒီမိုကရေစီ နည်းက မူဘောင်တွေကို နှစ်ဘက်စလုံး လက်ခံ အတည်ပြုထားပြီး ခေါင်းဆောင်ရွေးတဲ့အချိန်မှ ကွဲကြတာ ဖြစ်ပြီး အခု မြန်မာပြည်အရေးက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်ခံရေး လက်မခံရေးနဲ့ ဆိုင်တဲ့အတွက် မူဘောင်နဲ့ လုံးဝ သက်ဆိုင်နေလို့ ဒီနှစ်ခုကို ဥပမာပေးလို့ မရနိုင်ပါဘူး။ ကမ္ဘာမှာ အနောက်အုပ်စုနဲ့ အရှေ့အုပ်စု ကြားမှာ ဘက်မလိုက်နိုင်ငံအဖြစ် ဦးဆောင် လှုပ်ရှားခဲ့တဲ့ ဆွစ်ဇာလန်နိုင်ငံဟာ UN အဖွဲ့ဝင်နိုင်ငံ မဟုတ်ပဲနဲ့ အရေးကြီးတဲ့ UN ဌာနချုပ်တွေကို သူ့နိုင်ငံက Geneva မှာ ထားပြီး အဲဒီက ဆုံးဖြတ်ချက်တွေနဲ့ ကမ္ဘာကြီး ငြိမ်းချမ်းအောင် အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးခဲ့ပါတယ်။ အဲသည်လိုပဲ ဘက်မလိုက်က သူ့အတိုင်းအတာနဲ့ သူအဖွဲ့အစည်း ကောင်းကျိုးအတွက် လုပ်ဆောင်ခဲ့ပါတယ်။ ပြောခဲ့တဲ့ အကြောင်းအရာက လူလက ဘက်မလိုက်ကို ပုတ်ခပ်ပြောဆိုတယ်လို့ ဆိုလိုတာလည်း မဟုတ်ဘူး။ ဘက်မလိုက်က မိုးသီးဇွန်ဘက် ပါတယ်ဆိုတာနဲ့ တတိယအုပ်စုနဲ့ ဥပမာပေးထားတာကို ဘက်မလိုက်ဟာ ဘက်မလိုက်ပဲ ဖြစ်ခဲ့ပြီး ဘယ်ဘက်ကိုမှ မပါခဲ့ဘူး နှစ်ဘက်စလုံးကို အကူအညီပေးခဲ့တယ်ဆိုတာပဲ ပြန်ရှင်းပြခဲ့တာ ဖြစ်တယ်။

လူလ said...

ယခုလို လွတ်လပ်စွာ ကွဲလွဲတာ လက်ခံပါ၏။ မငယ် ကြုံတာကို စိတ်ထဲ ဖြစ်ပေါ်တာ ရေးသလို၊ ကျွန်နော်လဲ ကြုံခဲ့တာကို ရေးခဲ့ခြင်း ဖြစ်တယ်။ ကျွန်နော်အမြင်ကို မငယ်က မဟုတ်ဘူးဆိုလဲ ဘာမှတတ်မနိုင်ဘူး။ ကျွန်နော် ကြုံခဲ့သမျှအတွက် အဖြစ်အပျက်အားလုံးဟာ ဒီလိုပဲ ရှိခဲ့တယ်လို့ အခုအထိ ယုံကြည်နေတုန်းပဲ ဒါကြောင့်လဲ ရေးချဖြစ်တယ်။မှားတယ် မှန်တယ်ဆိုတာက ဘယ်သူမှန် ဆုံးဖြတ်နိုင်ပါဘူး။ ကိုယ်ရေးတဲ့အတွက်လည်း ကိုယ် တာဝန်ယူပါ၏။

လူတယောက်ယောက်မှာ အစွဲ ယုံကြည်ရာကို ဘုရားတောင်မှ ချွတ်လို့မရဘူး အဆိုရှိခဲ့တယ်လေ။ အခုလို အချိန်ပေးပြီး နွေးထွေးစွာ ကွဲလွဲခြင်းကို လေးပါတယ်။

ကျွန်နော်ရေးခဲ့တဲ့ (ထို ဘက်မလိုက် ကြားနေ၀ါဒကို လက်ခံခဲ့သော သူများသည် ဘက်မလိုက်ဘူးဟု တကြော်ကြော် အော်နေသော် ငြားလည်း အများအားဖြင့် မိုးသီးဇွန်အား လက်ခံနေသည်ကို တွေ့ရသည်။) မှာ.. ( အများအားဖြင့် ) ဆိုတာက တရာမှာ ခြောက်ဆယ်လဲ ဖြစ်နိုင်တယ်။ ခုနှစ်ဆယ်လဲ ဖြစ်နိုင်တယ်။ ဒါကိုဆိုလိုတာပါ။

ကျွန်နော်ကြုံခဲ့တဲ့ ရဲဘော် အတော်များများဟာ မိုးသီးဇွန်ကို ကြိုက် (လက်ခံ) နေတယ်။ ဒါဗေမဲ့ သူတို့ လက်မခံတာက ဗဟိုကွဲခြင်းပါပဲ။ ဒါကို ဆိုလိုပါတယ်။ သဘောပေါက်တယ် ဟုတ်။

ကူညီပေးတဲ့ ကိစ္စတွေကလဲ ဒီလူ ဒီလူတွေပဲလေ။ ကူညီပေးရမှာပေါ့။ လူမှုရေးဆိုတာရှိတယ်လေ။ ဒါက ကျန်းမာရေး။ ရုပ်ဝတ္တု တွေ ခွဲတာက လူဦးရေ အချိုးကျ ခွဲရမယ်။ ဘယ်သူမှ မပြောလဲ ။ ဒီအတိုင်းပဲ သွားရမှာပါ...

ဘာပြောပြော ကျွန်နော်ကတော့ ဘက်မလိုက် ကြားနေ၀ါဒဟာ ဘက်တခုမှ မမြင်နိုင်တဲ့အပိုင်းက ရှိနေတယ်ဆိုတာကို လက်ခံဆဲပါ။

ရွှင်လန်းချမ်းမြေ့ပါစေ...

ကလူသစ် said...

Happy New Year !!!!!!!!!!!

Unknown said...

ဘက်မလိုက်ဆိုလို့ ပြောမယ်ဗျာ။ ဘက်မလိုက်ဆိုတာ မရှိပါ... တဖက်ဖက်တော့ ကပ်ရစမြဲပါ။ ABSDF အကွဲအပြဲတော့ တော့ မသိဘူးဗျ.... ကျွန်တော်ပြောချင်တဲ့ ဘက်မလိုက်ကတော့ ကမ္ဘာမှာ ဘက်မလိုက်မူ စချတဲ့ အိန္ဒိယ၊တရုတ်၊ မြန်မာ၊ အင်ဒိုနီးရှား ကို ကြည့်ရအောင်ဗျာ....
အိန္ဒိယက ပါကစ္စတန်ကို တိုက်ဖို့ ဆိုဗီယက်ကို ကပ်တယ်။
အင်ဒိုက ပြည်တွင်းက ကွန်မြူနစ် သူပုန်တွေကို တိုက်ဖို့ ဆူဟာတိုဟာ အမေရိကန်ကို ကပ်တယ်။ မြန်မာကလဲ ကွန်မြူနစ်ကို တိုက်ဖို့ မူးယစ်ဆေးဝါး တိုက်ဖျက်မယ်ဆိုပြီး အမေရိကန် DEA က လက်နက်နဲ့ ငွေယူတယ်လေ။ နောက်ပြီး စစ်ထောက်လှန်းရေးကို အစ္စရေးလွှတ်ပြီး သင်တန်းတက် ခိုင်းတယ်လေဗျာ..... တဖက်ဖက်ကိုတော့ တနည်းနည်း ကပ်ကြတာပါပဲဗျာ... ကြားနေဆိုတာ မရှိပါ...
အဲ... တရုတ်ကြီး ကိုယ်နှိုက်ကလဲ ဆိုဗီယက်ကို အာခံဖို့ အမေရိကန်ကို မဟာမိတ်ဖွဲ့ခဲ့တာဟာ သံတမန်လောကမှာ ပင်ပေါင်ဒစ်ပလိုမေစီ ဆိုပြီး ပြောစမှတ် တွင်ခဲ့တယ်လေဗျာ။ မငယ်ပြောတဲ့ ဇွတ်ဇာလန်ဟာ နိုင်ငံကြီးတွေက ထားလို့ ကြားရောက် သွားရတာပါဗျာ။ ကျွန်းမဟုတ်ပဲ ဥရောပနဲ့ ကုန်းမြေ တဆက်ထဲရှိကြည့်ပါ့လား.... တနိုင်ငံထဲ နေလို့ ရမယ် မထင်ဘူးဗျ။ အခုကို ကြည့်ပါလေ...ကိုးကန့်နဲ့ ဝကို တိုက်ရာမှာ တရုတ်ကြီး ဝင်မပါအောင် စစ်အစိုးရက အမေရိကန်နဲ့ သံခင်းတမန်ခင်း ထွေခင်းပြနေလေရဲ့...
ပြောတာကတော့ နိုင်ငံခြားရေးမှာ လွတ်လပ်တက်ကြွပြီး ဘက်မလိုက် ကြားနေရေးမူ လေဗျာ။ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဗွီတိုပေးဖို့ ရခိုင်က ရေနံ့တွင်းတွေကို အိန္ဒိယကို မရောင်းပဲ အောက်ကြေးနဲ့ တရုတ်ကို ထိုးအပ်ခဲ့ရတာက သမိုင်းတကွေ့ရဲ့ သက်သေပါပဲလေ......