မေလ ၁၁ ရက်
ရက်သတ္တပတ် ၂၀ ၊ ၂၀၀၉
မြန်မာသတင်း
ဒေါက်တာ တင်မျိုးဝင်းအား ထိန်းသိမ်းထားသည့် နေရာ မသိရသေး
ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းအား မည်သည့်နေရာတွင် ထိန်းသိမ်းထား သည်ကို ယခုအချိန်အထိ မသိရသေးကြောင်း အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။
ဒေါက်တာတင်မျိုးဝင်းသည် မေ (၇) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ပုံမှန်ဆေးစစ်မှုများ ပြုလုပ်ရန် သွားရောက်ခဲ့သော်လည်း တွေ့ဆုံခွင့်မရခဲ့ဘဲ ညနေပိုင်းအိမ်သို့ ပြန်အရောက် အာဏာပိုင်များက လာရောက်ခေါ်ဆောင် ထိန်းသိမ်းသွားခဲ့သည်။
ဒေါက်တာတင်မျိုးဝင်းကို ခေါ်ဆောင်သွားပြီးနောက် ၎င်းနေ့စဉ်သုံးစွဲသည့် ဆေးဝါးနှင့်အ၀တ်အစားများကို အာဏာပိုင်များက နှစ်ကြိမ်တိုင်တိုင် လာရောက်ယူဆောင်သွားကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကျူးကျော် ဝင်ရောက်သူ၏ ဓာတ်ပုံ ဖော်ပြခွင့် စောင့်ဆိုင်းနေကြ
ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း အမေရိကန် နိုင်ငံခြားသားတဦး ဝင်ရောက်မှု သတင်းနှင့်အတူ သူ၏ ဓာတ်ပုံကို ဖော်ပြခွင့် ရရေးအတွက် ပြည်တွင်းရှိ သတင်းတိုက်များ စောင့်ဆိုင်းနေသည်။
John William Yeattaw ဆိုသူသည် ရန်ကုန် အင်းယားကန်ဘေးရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း ယခုလ ၃ ရက်နေ့ ညပိုင်းက ရေကူး၍ တိတ်တဆိတ် ဝင်ရောက်ခဲ့ကြောင်း ၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ အချက်အလက်များကိုသာ ဖော်ပြပြီး၊ ကျူးကျော်သူ၏ ဓာတ်ပုံကိုပါ စာပေစိစစ်ရေးသို့ တင်ထားကာ ထည့်သွင်းခွင့် ရ၊ မရ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
ကျူးကျော်ဝင်ရောက်ခဲ့သူသည် ဗဟန်းမြို့နယ် တက္ကသိုလ် ရိပ်သာလမ်းရှိ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်၏ နေအိမ်အတွင်း ၂ ရက်ကြာ နေထိုင်ခဲ့ပြီးနောက်၊ မေလ ၅ ရက်နေ့ ညနေတွင် ပြန်ထွက်လာခဲ့ပြီး၊ ၆ ရက်နေ့တွင် အင်းယားကန်အတွင်း ရေကူးနေစဉ် အဖမ်းခံခဲ့ရသည်ဟု မြန်မာ့အလင်းက ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ပြည်တွင်း ဆားလုပ်ငန်းများ နာလန်မထူနိုင်
ပြည်တွင်းဆားထုတ်လုပ်မှုကျဆင်းမှုကြောင့် ထိုင်းနိုင်ငံမှဆားများကို မဲဆောက်-မြ၀တီနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် နေ့စဉ် ဆားတန်ချိန် (၅၀၀) ခန့် တင်သွင်းနေရသည်။
မြန်မာနိုင်ငံ၏ ဆားထွက်ရာဒေသဖြစ်သည့် လပွတ္တာ၊ ဘိုကလေး၊ ငပုတော စသည့် ဒေသများရှိ ဆားကွင်းများမှာ ယမန်နှစ်က တိုက်ခိုက်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ရာ ယနေ့ထိ နာလန်မထူနိုင်သေးဘဲ ယခင်ထုတ်ကုန်၏ (၂၅) ရာခိုင်းနှုန်းသာ ထွက်ရှိသောကြောင့် ပြည်ပမှဆားများ တင်သွင်းရခြင်းဖြစ်သည်ဟု မြန်မာကုန်သည်များက ပြောသည်။
မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတားအပါအ၀င် တံတား၏တောင်ဘက်ရှိ တရားမ၀င် ဂိတ်များဖြစ်သည့် သုံည ဂိတ်၊ နှစ်ဂိတ်၊ (၉၉၉) ဂိတ်သစ်၊ တစ်ဂိတ်၊ ဆယ့်ခြောက်ဂိတ်၊ ဆယ့်ခုနှစ်ဂိတ်တို့မှ ဆားအိတ်ရေ (၁) သောင်း ခန့်ကို မြန်မာနိုင်ငံဘက်သို့ ထိုင်းဘက်မှ နေ့စဉ် တင်ပို့ရသည်ဟု ဆားတင်သွင်းသည့် ထိုင်းကုန်သည်တဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဆွမ်းလောင်းလှူသူ အန်အယ်ဒီ လူငယ်များ စုံစမ်းမေးမြန်းခံရ
နယူးဒေလီ(မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ယခုလ ၅ ရက်နေ့က ဆွမ်းလောင်းလှူခဲ့သည့် ရန်ကုန်တိုင်း တွံတေးမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် လူငယ် ၃ ဦး၏ နေအိမ်များသို့ အာဏာပိုင်များက စုံစမ်းမေးမြန်းမှုများ ယနေ့ ပြုလုပ်ခဲ့သည်။
ဤသည်မှာ ၅ ရက်နေ့က အတူတကွ ဆွမ်းလောင်းခဲ့သည့် မြို့နယ် အန်အယ်ဒီ လူငယ်တာဝန်ခံ ကိုရဲထွဋ်ခေါင် ကို ချဲစာရွက် လက်ဝယ်တွေ့ရှိသည်ဟု စွပ်စွဲကာ ယခုလ ၇ ရက်နေ့တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီးနောက်၊ ကျန်ရှိနေသည့် လူငယ် ၃ ဦးထံ လာရောက်၍ စုံစမ်းမှုများ ပြုလုပ်ခြင်းဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဂျောက်ဂျက် သီချင်းဆိုခွင့် ရပြီ
ဆင်ဆာမဲ့ ညစ်ညမ်း Under Ground သီချင်းများ ညစ်ညမ်းစာသားများ သီဆိုမှု၊ ညစ်ညမ်းပုံများနှင့်အတူ ဗီစီဒီ ထွက်ရှိမှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဂီတအစည်းအရုံးက Show သီဆိုမှု၊ စီးရီးထုတ်မှုများကို ခေတ္တရပ်ဆိုင်း ခံရကာ နောင်မသီဆိုရန် ၀န်ခံကတိထိုးခဲ့ရသူ ဟစ်ဟော့ အဆိုရှင် ဂျောက်ဂျက် သီချင်းပြန်လည် သီဆိုခွင့်ရပြီဖြစ် ကြောင်း ၎င်းက ပြောသည်။
၎င်း၏ Show ကို လာမည့် မေလ (၂၃) ရက်နေ့တွင် မျှော်စင်ကျွန်း၌ ဖျော်ဖြေမည်ဟု အလင်းတန်းဂျာနယ်တွင် ရေးသားဖော်ပြသည်။
အဆိုတော် ဂျောက်ဂျက်အား ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်းက စာပေစီစစ်ရေးနှင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးက ခေါ်ယူ၍ ခံဝန်ဂတိ လတ်မှတ်ထိုးခိုင်းခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
၇ နှစ်အရွယ် မိန်းကလေးငယ် အဓမ္မ ပြုကျင့်ခံရ
ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် မောင်တောမြို့အပိုင် ကျောက်လဲကျေးရွာမှ ၇ နှစ်သမီးအရွယ် မိန်းကလေးတဦး ယခုလ ၇ ရက်နေ့က အဓမ္မ ပြုကျင့်ခံခဲ့ရသည်။
မောင်တောမြို့ မြောက်ဘက် ၆ မိုင်ခန့်အကွာရှိ ကျောက်လဲရွာတွင် နေထိုင်သူ မိန်းကလေးသည် ဆေးဝယ်ရန်အတွက် နေအိမ်မှ ည ၇ နာရီကျော်တွင် အပြင်ထွက်စဉ် ယခုလို အဖြစ်မျိုး ကြုံတွေ့ရကြောင်း ဒေသခံများက ပြောဆိုကြခြင်း ဖြစ်သည်။
ဆွေမျိုးသားချင်းများက ကလေးငယ်ကို လိုက်လံရှာဖွေရာ၌ ကျေးရွာ စာသင်ကျောင်းနှင့် ကိုက် ၃ဝဝ ခန့်အကွာရှိ တောအုပ်အတွင်းမှ ထိုနေ့ ည ၂ နာရီခန့်တွင် တွေ့ရှိခဲ့ကြောင်း ဆွေးမျိုး တော်စပ်သူ တဦးက ပြောသည်။ မိန်းကလေးကို မောင်တောဆေးရုံတွင် တင်ထားရပြီး ယနေ့ထိ ဆေးကုသမှု ခံယူနေရသည်။
ကလေးငယ်၏ ပြောဆိုချက်အရ ကျေးရွာ စာသင်ကျောင်းတွင် အခြေချထားသည့် ဆောက်လုပ်ရေးတပ်ဖွဲ့မှ တပ်သားတဦး ဖြစ်နိုင်ကြောင်း ဆွေမျိုးတော်စပ်သူက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဝေဘာဂီ အထူးကုဆေးရုံကြီးမှ လူနာများ မင်္ဂလာဒုံ ဆေးရုံသစ်ကြိးသို့ ရှေ့လာအတွင်း ရွေ့ရမည်
HIV/ AIDS ဝေဒနာရှင်များကို ကုသပေးနေသည့် မြောက်ဥက္ကလာပမြို့နယ်၊ HIV/ AIDS အထူးကုဆေးရုံကြီးအား အစိုးရမှ ပြန်သိမ်းလိုက်ပြီး ဆေးရုံတက် လူနာများအား မင်္ဂလာဒုံ အထူးကု ဆေးရုံသစ်ကြီးသို့ ဇွန်လအတွင်း ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း ဝေဘာဂီမှ တာဝန်ကျဆရာဝန်တဦးက ပြောသည်။
မင်္ဂလာဒုံ ဆေးရုံဝင်းအတွင်း ခုတင် (၅၀) ဆံ့၊ အဆောင်သစ် (၂) ဆောင်ကို ကုမ္ပဏီတခုမှ တာဝန်ယူဆောက်လုပ် နေသည်မှာ မကြာမီ ပြီးစီးတော့မည်ဖြစ်ကြောင်း၊ မင်္ဂလာဒုံဆေးရုံကြီးသည် ဝေဘာဂီဆေးရုံကဲ့သို့မကြီးသော်လည်း ရွှေ့ပြောင်းလူနာများ ဆံ့နိုင်ကြောင်း အဆိုပါဆရာဝန်က ပြောသည်။
ကျိုက္ကလို့-ကျိုက္ကလဲ့ဘုရား အရှေ့ဘက် အထူးကုဆေးရုံ (မင်္ဂလာဒုံ) ဖွင့်လှစ်လိုက်သည်မှာ တနှစ်ကျော်ခန့်သာ ရှိသေးပြီး မင်္ဂလာဒုံ ဆေးရုံအုပ်ကြီးမှာ ဒေါက်တာ အောင်စန်း ဖြစ်သည်။ မြန်မာတနိုင်ငံလုံးမှ HIV/ AIDS ဝေဒနာရှင်များအား အဓိကကုသပေးနေသည့်ဆေးရုံနှစ်ခုမှာ ဝေဘာဂီနှင့် မင်္ဂလာဒုံ အထူးကုဆေးရုံတို့ဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မေလ ၁၂ ရက်
ရက်သတ္တပတ် ၂၀ ၊ ၂၀၀၉
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ကြွက်တက်ဝေဒနာ ခံစားနေရ
ချင်းမိုင်(မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အတွက်ယမန်နေ့က ဆေးကုသခွင့် ရရှိခဲ့ရာ ကြွက်တက်တတ်သည့် ရောဂါ၏ အကြောင်းရင်းခံကို ဆက်လက်ရှာဖွေစစ်ဆေးနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းကို စစ်အစိုးရက ဖမ်းဆီးခဲ့ပြီးနောက် ဒေါက်တာပြုံးမိုအိ သည် ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ၄နာရီကြာဆေးကုသခွင့် ရရှိခဲ့သည်။
နေအိမ်အကျယ်ချုပ်ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်အတွက် ဆေးကုသခွင့် လိုအပ်ပါက အာဏာပိုင်များကို အကြောင်းကြားရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
( ၂ ) ပတ်အတွင်း မွန်ပြည်သစ်ပါတီဝင် ( ၂ ) ဦးအား လုပ်ကြံမှု ဖြစ်ပွား
စစ်အစိုးရနှင့် အပစ်ရပ်ထားသည့် မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအတွင်း အင်အားအကြီးဆုံး ဖြစ်သော မွန်ပြည်သစ်ပါတီဝင် (၂) ဦးကို ရက်သတ္တ (၃) ပတ်အတွင်း လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း နယ်စပ်မှ လာသောသတင်းအရ သိရသည်။
ပြီးခဲ့သည့်ဧပြီ (၁၈) ရက်တွင် ခရိုင်ကော်မတီဝင် ဒေါက်တာနိုင်မင်းနောင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး ယခုလ မေ (၈) ရက်တွင် မြို့နယ်ကော်မတီဝင်တဦးဖြစ်သူ နိုင်ရာဇာ သေနတ်ဖြင့် (၆) ချက်တိတိ ပစ်ခတ်ခြင်းခဲ့ရသော်လည်း ဒဏ်ရာရရှိခြင်း မရှိဘဲ လွတ်မြောက်ခဲ့သည်ဟု သိရသည်။
လုပ်ကြံသတ်ဖြတ်မှု (၂) ခုစလုံးသည် စစ်အစိုးရနယ်မြေအတွင်းရှိ မော်လမြိုင်-ရေး အဝေးပြေးကားလမ်းမကြီး ပေါ်တွင် ဖြစ်ပြီး နိုင်ရာဇာအား သေနတ်ဖြင့်လှမ်းပစ်သည့် ကားအမျိုးအစားမှာလည်း တူညီနေသည်။
ယခု ဒုတိယအကြိမ် လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားအပြီး ယင်းလုပ်ကြံမှု၏ နောက်ကွယ်တွင် မည်သူတို့ ရှိနေသည်ဆို သည်မှာ မွန်တိုင်းရင်းသားတို့အတွက် ရတက်မအေးစရာ မီးပွားအစများဟု ပါတီခေါင်းဆောင်ပိုင်းတို့က သံသယရှိ နေကြကြောင်း မွန်နိုင်ငံရေးအသိုင်းအ၀န်းကြား ပြောဆိုနေကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
နိုင်ငံရေး အကျဉ်းသားများ အဆိုးဆုံး အခြေအနေ ကြုံနေရဟု AAPP ပြော
နယူးဒေလီ (မဇ္စျိမ)။ ။ နှစ် ၂ဝ ကျော်အတွင်း လက်ရှိ နိုင်ငံရေး အကျဉ်းသားများ၏ ကျန်းမာရေး အခြေအနေမှာ အဆိုးဆုံး အခြေအနေဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ယနေ့ ပြောဆိုလိုက်သည်။
၂ဝဝ၆ ခုနှစ်နောက်ပိုင်းမှ စတင်၍ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကို အကျဉ်းထောင်များအတွင်း လွတ်လပ်စွာ သွားလာခွင့်နှင့် အကူအညီ ပေးနေသည့်အပေါ် မြန်မာစစ်အစိုးရက ကန့်သတ်လိုက်ပြီးနောက်ပိုင်း နိုင်ငံရေး အကျဉ်းသားများ၏ ကျန်းမာရေး အခြေအနေမှာ လွန်ခဲ့သည့် နှစ် ၂ဝ ကျော်အတွင်း အဆိုးရွားဆုံး ဖြစ်နေရပုံကို ထိုင်းနိုင်ငံအခြေစိုက် AAPP ခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောဆိုခြင်း ဖြစ်သည်။
ယမန်နေ့က AAPP က ထုတ်ပြန်ခဲ့သည့် စာမျက်နှာ ၂ဝ ကျော် ပါရှိသော ‘Silent Killing Field’ အမည်ရှိ အစီရင်ခံစာတွင် အကျဉ်းသား ၁၂၇ ဦးသည် နာမကျန်းဖြစ်နေပြီး၊ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီး၊ လူရွှင်တော် ကိုဇာဂနာ၊ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၉ ဦးသည် အရေးတကြီး ဆေးဝါးကုသခံယူရန် လိုအပ်နေကြောင်း ရေးသားဖော်ပြထားသည်။
AAPP အစီရင်ခံစာတွင် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများကို ဝေးလံသည့် ဒေသများတွင် ထောင်ပြောင်းရွှေ့ခြင်း၊ အကျဉ်းထောင်များတွင် လုံလောက်သည့် ဆေးဝါးမရှိခြင်း၊ ကျန်းမာရေးအတွက် စနစ်တကျ ဆေးဝါးကုသခွင့် မပေးခြင်းသည် စနစ်တကျ ညှဉ်းပန်းနှိပ်စက်နေခြင်း ဖြစ်ပြီး၊ စစ်အစိုးရတွင် လုံးဝ တာဝန်အပြည့်အဝ ရှိကြောင်း ကိုအောင်ကျော်ဦးက ပြောသည်။
AAPP စာရင်းအရ လက်ရှိတွင် မြန်မာနိုင်ငံတဝှမ်းရှိ အကျဉ်းထောင်များတွင် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားများပေါင်း ၂၁၅၆ ဦး ရှိကြောင်း သိရသည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++
လျှပ်စစ်ဓါတ်အားပေးအဖွဲ့မှ ၀န်ထမ်းများ အရေးယူခံရ
လျှပ်စစ်ဓာတ်အား ဖြန့်ခွဲပေးရာတွင် လာဘ်ငွေယူခဲ့ကြောင်း တိုင်ကြားခံရသောကြောင့် ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ အရာရှိဝန်ထမ်းအချို့ အရေးယူခံရကြောင်း ဗိုလ်တစ်ထောင်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းတဦးက ပြောသည်။
ကြည့်မြင်တိုင်မြို့နယ်တွင် သတ်မှတ်ချိန်အတွင်း လျှပ်စစ်မီးမလာသည့်အတွက် မြို့နယ်အတွင်းရှိ ကုမ္ပဏီတခုက လျှပ်စစ်အင်ဂျင်နီယာရုံးသို့ အကြောင်းကြားမေးမြန်းရာတွင် မချေမငံပြန်လည်ဖြေဆိုမှုကြောင့် နေပြည်တော်အထိ တိုင်ကြားခံရခြင်းဖြစ်ကြောင်း အဆိုပါဝန်ထမ်းကပြောသည်။
သို့သော် အဆိုပါကိစ္စအား လာဘ်စားမှုဖြစ်သော်လည်း တာဝန်လျော့ပေါ့မှု ခေါင်းစဉ်ဖြင့်သာ အရေးယူလိုက်ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းတဦးက ပြောသည်။
လာဘ်စားမှုဖြင့်သာ အရေးယူပါက ထောင်ဒဏ်အထိ ချမှတ်ခံရမည်ဖြစ်သကဲ့သို့ လာဘ်ငွေပေးခဲ့သည့် စီးပွားရေး လုပ်ငန်းရှင်များကိုလည်း စစ်ဆေးအရေးယူမှုများ လုပ်ရမည်ဖြစ်သဖြင့် ဌာနတွင်း ကြိတ်ပြီးဖြေရှင်းခဲ့ကြောင်း ၎င်းကပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မြန်မာ့ ကျေးလက်စီးပွားရေး ပျက်စီးပြိုလဲလုနီးဟု စီးပွားရေး ပညာရှင်ပြော
နယူးဒေလီ။ ။ မြန်မာစစ်အစိုးရက ကျေးလက်ချေးငွေစနစ် အတွင်းသို့ ငွေများ ထည့်သွင်းပေးခြင်း မပြုလျှင် တိုင်းပြည်၏ ကျေးလက် စီးပွားရေးမှာ ပျက်စီးပြိုလဲဘွယ် ရှိနေသည်ဟု စီးပွားရေး ပညာရှင်တဦးက မဇ္ဈိမကို ပြောပါသည်။
ကျေးလက် ဒေသရှိ လယ်သမားများသည် ‘ရေရှည် ငွေသားချေးငွေ ချို့တဲ့မှု’ ကို ရင်ဆိုင်နေကြရခြင်းကြောင့် ဖြစ်သည်ဟု သူကဆို သည်။ မြန်မာ့ကျေးလက် စီးပွားရေးကို မြှင့်တင်ရန် ကောင်းမွန်သင့်တော်သည့် စီးပွားရေး မူဝါဒ ကင်းမဲ့ခြင်းကြောင့် ကျေးလက် ချေးငွေ စနစ်မှာ ‘လုံးလုံး ခန်းခြောက်သွားခဲ့ပြီး’ ငွေသား အကူအညီ လိုအပ်နေသည်ဟု သြစတြေလျနိုင်ငံ Macquarie တက္ကသိုလ် စီးပွားရေး ပါမောက္ခ ရှောင်တန်းနဲလ် (Sean Turnell) က ပြောသည်။
သဘာဝဓါတ်ငွေ့ ရောင်းချရငွေမှ ၂ဝဝ၇-ဝ၈ ဘဏ္ဍာရေးနှစ်အတွင်း စစ်အစိုးရသည် ခန့်မှန်းခြေ နိုင်ငံခြား အရံငွေ အမေရိကန်ဒေါ်လာ ၅ ဘီလျံ ရရှိခဲ့သည် ဟု တန်းနဲလ်က ပြောသည်။ သို့သော် ဤငွေကြေးကို ချေးငွေစနစ် ‘လုံးလုံး ခန်းခြောက်သွားခြင်း’ ကြောင့် ပြိုလဲပျက်စီးလုနီး ဖြစ်နေသည့် ကျေးလက် စီးပွားရေးစနစ် ဖွံ့ဖြိုး တိုးတက်မှုအတွက် သုံးစွဲခြင်း မပြုခဲ့ပါ။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နေပြည်တော်က ဈေးပြိုင်အိတ်ပိတ်တင်ဒါ ရိုးသားမှုမရှိ
နိုင်ငံပိုင်မြေနှင့် အဆောက်အဦ (၉၈) ခုကို ပုဂ္ဂလိကများထံ ရောင်းချရန် နအဖစစ်အစိုးရက ဈေးပြိုင်ချိပ်ပိတ်တင်ဒါ ခေါ်ယူခဲ့ရာ ပွင့်လင်းရိုးသားမှုမရှိကြောင်း တင်ဒါတင်သွင်းခဲ့သူ ကုန်သည်ကြီးတဦးက ပြောသည်။
နအဖစစ်အစိုးရ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က ဝန်ကြီးဌာန (၉) ခု၊ တရားရုံးချုပ် (မန္တလေး) နှင့် စာရင်းစစ်ချုပ်ရုံးပိုင် စီးပွားရေးလုပ်ငန်း (၉၈) ခုကို ချိပ်ပိတ်တင်ဒါစနစ်ဖြင့် ရောင်းချမည် ဖြစ်ကြောင်း ဧပြီ (၄) ရက်ထုတ် နိုင်ငံပိုင်သတင်းစာများမှ ကြေညာခဲ့သည်။
အဆိုပါ စီးပွားရေးလုပ်ငန်းများမှာ ရန်ကုန်၊ မန္တလေး အပါအဝင် အခြားမြို့နယ်များမှ မြေကွက်များ၊ ဆန်စက်များ၊ သိုလှောင်ရုံများ၊ တိုက်ခန်းတွဲများ၊ ရုပ်ရှင်ရုံများ၊ စက်ရုံများ စသည်တို့ပါဝင်ပြီး ကျပ်သိန်း ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ တန်ဖိုးရှိသည့် အဆောက်အဦ မြေကွက်များ ဖြစ်သည်။
ထိုသို့ ဖော်ပြပါ အဆောက်အဦ မြေကွက်များကို ယခုလ (၇) ရက်၌ နေပြည်တော်တွင် နအဖ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်ရုံးက ဈေးပြိုင်ချိပ်ပိတ်တင်ဒါ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
ယခင်ပြုလုပ်ခဲ့သည့် ချိပ်ပိတ်တင်ဒါပွဲများတွင်လည်း မြရိပ်ညိုဟိုတယ် ပါဝင်ခဲ့ပြီး ယင်းဟိုတယ်ကို မည်သူများက ဈေးမည်မျှစီ ပေးပြီး မည်သူက မည်သည့် ဈေးနှုန်းဖြင့် ဝယ်ယူရရှိသွားသည်ကို မည်သူမျှ မသိရကြောင်း၊ ထို့ကြောင့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်၏ အိတ်ပိတ်တင်ဒါစနစ် ပွင့်လင်းရိုးသားမှု မရှိဟု ပြောနိုင်ကြောင်း အခွန်ဦးစီး ဌာနရုံးမှ အရာရှိကြီးက ဆက်လက်ရှင်းပြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဒေါက်တာ တင်မျိုးဝင်း လုံခြုံရေးအတွက် အတိုက်အခံများ စိုးရိမ်နေ
ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်၏ ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း၏ လုံခြုံရေးမှာ စိုးရိမ်နေရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေက ပြောဆိုလိုက်သည်။
ဒေါက်တာ တင်မျိုးဝင်းသည် ယခုလ ၇ရက်နေ့က ဖမ်းဆီးခံရပြီး ယမန်နေ့က ၁၄ရက် ရမန်ဖြင့် ချုပ်နှောင်ခံနေရသည်။
ဒေါက်တာ တင်မျိုးဝင်း ဖမ်းဆီးခံထားရမှုကို ပြည်ပရောက် ဒီမိုကရေစီ အင်အားစုများက ယခုလ ၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု ဆရာဝန် ဖြစ်သူ လက်ရှိ ဖမ်းဆီးခံထားရသည့် ဒေါက်တာ တင်မျိုးဝင်း၏ လုံခြုံရေးနှင့် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေများကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်း ဖြစ်သည်။
သတင်းစာ ရှင်းလင်းပွဲကို NCGUB, NCUB, ENC, SYCB, NY Forum, FDB, NLD-LA တို့ ပူးပေါင်းပြုလုပ်မည် ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မေလ ၁၃ ရက်
ရက်သတ္တပတ် ၂၀ ၊ ၂၀၀၉
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး စစ်ဆေးရန် လိုအပ်၊ ဆေးကုသခွင့်ရှိဟု အန်အယ်လ်ဒီက ပြော
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ တိုးတက်လာပြီး စိုးရိမ်စရာ မရှိသော်လည်း ဆက်လက် စမ်းသပ်စစ်ဆေးရန် လိုအပ်ကြောင်း အန်အယ်လ်ဒီပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား ဒေါက်တာပြုံးမိုအိက ဒုတိယအကြိမ်အဖြစ် တနင်္လာနေ့တွင် နေအိမ်သို့ သွားရောက်ဆေးကုသခွင့်ရရှိခဲ့ပြီးနောက် ဦးဉာဏ်ဝင်းက ထိုကဲ့သို့ ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။
ဒေါက်တာပြုံးမိုအိက ဒေါ်အောင်ဆန်းစုကြည်အား ပြီးခဲ့သည့်သောကြာနေ့၌ သွားရောက်ဆေးစစ်ခွင့်ရခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် သွေးပေါင်ကျနေပြီး အားနည်းနေကြောင်း၊ ထို့ပြင် အရေပြားခန်းခြောက်သည့် လက္ခဏာရှိနေကြောင်း တွေ့ရှိရသည်ဟု ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရှေ့ဆက်လက်၍ ကျန်းမာရေး စမ်းသပ်စစ်ဆေးရန် လိုအပ်နေသည့်အတွက် ဆေးကုသခွင့်ရရေးနှင့်ပတ်သက်၍ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က မေ (၁၂) ရက် နေ့စွဲဖြင့် ကြေညာချက်တစောင်ထုတ်ပြန်ခဲ့သည်။
အဆိုပါကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်တွင်ထိန်းသိမ်းကြောင်း တားဆီးမိန့်ချစဉ်က ပထမအချက်အနေဖြင့် သံရုံးများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးပါတီများနှင့်ဆက်နွှယ်နေသူများနှင့် မဆက်သွယ်ရန်၊ ဒုတိယအချက်အနေဖြင့် နေအိမ်မှပြင်ပသို့ ထွက်ခွာခွင့် လုံးဝမပြုရန်နှင့် အခြားသို့စာဖြင့်သော်လည်းကောင်း၊ စကားပြော ကြေးနန်းဖြင့်သော်လည်းကောင်း ဆက်သွယ်ခြင်းမပြုရန်တို့ကိုသာ တားမြစ်ထားသည်ဟု ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် ဆေးကုသခွင့်ကို ကန့်သတ်ပိတ်ပင်ခြင်း အလျဉ်းမရှိကြောင်း၊ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ထိန်းသိမ်းထားသည့် ဥပဒေ၏ ပုဒ်မ ၉ (စ) အရ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို အပြည့်အ၀ ပေးရမည်ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
နယ်ခြားစောင့်တပ်အရေး ကချင်က ဘယ်လို သဘောထားလဲ
ချင်းမိုင် (မဇ္ဈိမ)။ ။ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းကာ တိုင်းပြည်တွင် တခုတည်းသော တပ်မတော်အဖြစ် မြန်မာစစ်တပ်နှင့် ပူးပေါင်းရေးအတွက် ကချင်လူထုထံ သဘောထား ရယူရန် လိုအပ်သည်ဟု ကချင် လွတ်မြောက်ရေးအဖွဲ့ - KIO က ပြောဆိုသည်။
မြန်မာစစ်အစိုးရ၏ ပြီးခဲ့သည့်လ ၂၈ ရက်နေ့က ကမ်းလှမ်းချက်အပေါ် ကချင်ပြည်နယ် အသွင်ကူးပြောင်းရေး ကာလ အမှုဆောင် ဥက္ကဋ္ဌ၊ KIO ၏ ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာ တူးဂျာက ယခုလို တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။
ယခုအခါ အဆိုပါ နယ်ခြားစောင့်တပ် အရေးကိစ္စအတွက် KIO အနေဖြင့် ဗဟိုကော်မတီ အစည်းအဝေး ကျင်းပကာ ဆွေးနွေးညှိနှိုင်းလျက် ရှိကြောင်းလည်း သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကြံ့ဖွံ့အသွင်ပြောင်း နိုင်ငံရေးပါတီဖွဲ့စည်းရန် မွန်ပြည်နယ်တွင် စတင်လှုပ်ရှား
ကြံ့ဖွံ့အသွင်ပြောင်း နိုင်ငံရေးပါတီဖွဲ့စည်းရန် မွန်ပြည်နယ်တွင် စတင်လှုပ်ရှား၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဝင်မည့် ပြည်နယ်၊ တိုင်းများတွင် ကြံ့ဖွံ့အသွင်ပြောင်း နိုင်ငံရေးပါတီ ဖွဲ့စည်းရန် နေပြည်တော် ဝန်ကြီးအချို့အား ရာထူးမှ နုတ်ထွက်ခိုင်းပြီး နိုင်ငံရေးလိုင်းဝင်ရမည့် ဝန်ကြီးများစာရင်းတွင် သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ် အုန်းမြင့်လည်း ပါဝင်ကြောင်း စုံစမ်းသိရှိရသည်။
အသက် (၆၀) ကျော်ပြီးဖြစ်သည့် လက်ရှိဝန်ကြီးများကို သက်ဆိုင်ရာ ဇာတိမြေအလိုက် ပြည်နယ်ကိုယ်စားပြု ကြံ့ဖွံ့နိုင်ငံရေးပါတီ ဖွဲ့ရန် ဗိုလ်မှူးချုပ် အုန်းမြင့်အား မွန်ပြည်နယ်တွင် တာဝန်ပေးထားကြောင်း ဝန်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောကြားသည်။
အငြိမ်းစားပေးခံရတော့မည့် ဝန်ကြီးအချို့တို့သည် အရပ်ဝတ်ဖြင့် နိုင်ငံရေး လိုင်းဘက်ဝင်ရန် ဆန္ဒမရှိကြ၍ ဝန်လေးနေကြသော်လည်း ၎င်းတို့၏ လူယုံတပည့်များကို နိုင်ငံရေးပါတီတွင် ဝင်ရောက်နိုင်ရန် စီစဉ်ညွှန်ကြားထား ကြောင်း လုံခြုံရေးကြောင့် အမည်မဖော်လိုသူ အရာရှိတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
KNU နှင့် တိုက်ပွဲတွင် ဗိုလ်မှူးချုပ်အဆင့်ရှိသူ တဦး ကျဆုံးဟု ဆို
ချင်းမိုင် (မဇ္ဈိမ)။ ။ ကရင်အမျိုးသား အစည်းအရုံးနှင့် တိုက်ပွဲတွင် ကျဆုံးသွားသည်ဟု ဆိုသော မြန်မာစစ်တပ်မှ အဆင့်မြင့် အရာရှိတဦး၏ ရုပ်အလောင်းကို ယနေ့တွင် သင်္ဂြိုဟ်မည် ဖြစ်သည်။
ပဲခူးတိုင်း သံတောင်မြို့နယ် ဘောကလိကျေးရွာ အုပ်စုမှ အမှတ် ၅ စစ်ဆင်ရေးနှင့် ကွပ်ကဲရေး ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကောင်းမြတ်သည် မေလ ၁၁ ရက်နေ့က ကရင်လွတ်မြောက်ရေးတပ်နှင့် ဖြစ်ပွားသော တိုက်ပွဲတွင် ကွယ်လွန်သွားခြင်း ဖြစ်သည်ဟု ကေအန်ယူက ထုတ်ဖော်ပြောဆိုထားသည်။
ကေအန်ယူမှ အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ဗိုလ်မှူးချုပ် ကောင်းမြတ်သည် ၎င်းတို့ တပ်နှင့် တိုက်ပွဲတွင် ကျဆုံးသွားခြင်း ဖြစ်သည်ဟု ဆိုသည်။
မြန်မာစစ်အစိုးရက တိုက်ပွဲသတင်းနှင့် ပတ်သက်၍ ထုတ်ပြန်သေးခြင်း မရှိသေးဘဲ ဗိုလ်မှူးချုပ် ကောင်းမြတ်၏ နာရေးကြော်ငြာကိုသာ ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ သတင်းစာက မည်သည့် နေရာတွင် သဂြုင်္ိဟ်မည်ကို ဖော်ပြခြင်း မရှိသော်လည်း သင်္ဃန်းကျွန်းမြို့နယ် အိမ်တွင် ဆွမ်းကျွေးမည်ဟု သိရသည်။
ကြည်း-၂၆၈၀၁ စစ်တက္ကသိုလ် အမှတ်စဉ် ၂၃ ဆင်း အသက် ၄၉ နှစ် အရွယ် ဗိုလ်မှူးချုပ် ကောင်းမြတ်သည် မန္တလေးမြို့နေ ဗိုလ်ကြီးခင်လှ၏ တတိယမြောက် သားဖြစ်ပြီး၊ ကလေး ၂ ဦး၏ ဖခင်ဖြစ်သည်။
လက်ရှိတွင် သင်္ကန်းကျွန်းမြို့နယ် ကံ့ကော်ရိပ်သာလမ်း အမှတ် ၂၀၉ တွင် နေထိုင်သည့် ဇနီးသည် ဒေါ်ခင်ထွေးနှင့် သားဖြစ်သူ မောင်ကောင်းကျော်မြတ်၊ သမီး မလှမြတ်နိုးတို့ ကျန်ရစ်ခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဆင်းရဲသည့် အေအိုင်ဒီအက်စ် ဝေဒနာရှင်များ ARV ဆေး မလောက်င
မြန်မာနိုင်ငံ၌ အေအိုင်ဒီအက်စ် ဖြစ်ပွားမှုနှုန်း တိုးတက်လျက်ရှိရာ ယခုအခါ အိပ်ခ်ျအိုင်ဗွီကူးစက်နေသူ (၅) သိန်းခွဲခန့် ရှိပြီး ဝေဒနာခံစားနေရသူ ဆင်းရဲလူနာများအတွက် နိုင်ငံတော်၏ ARV ဆေးဝါးထောက်ပံ့မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှု အနိမ့်ဆုံးအခြေအနေရောက်နေကြောင်း လေ့လာဆန်းစစ်သူများက ပြောသည်။
UNAIDS/ WHO တို့မှ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်းကျင်းပသည့် ၂၀၀၅ စက်တင်ဘာ အလုပ်ရုံဆွေးနွေးပွဲ စစ်တမ်းများအရ မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီရောဂါ ကူးစက်နေသူ (၃၃၈,၉၁၁) ဦးရှိကြောင်း၊ ARV ဆေးဝါးရရှိသူ (၁၁,၁၇၁) ဦးရှိပြီး ၎င်းတို့အနက် အမျိုးသား (၅၈) ရာခိုင်နှုန်း၊ အမျိုးသမီး (၄၂) ရာခိုင်နှုန်းနှင့် (၁၃) နှစ်အောက် ကလေး (၈) ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ARV ဆေးထောက်ပံ့မှု၏ (၁၄) ရာခိုင်နှုန်းမှာ နိုင်ငံတော်မှဖြစ်ကြောင်း သိရသည်။
ARV ဆေးဝါး ၀ယ်ယူမသောက်သုံးနိုင်သူ လူနာများအတွက် အများဆုံးပံ့ပိုးနေသော အဖွဲ့အစည်းမှာ ဟော်လန်အခြေစိုက် အန်ဂျီအိုတခု၏ အထောက်အပံ့ခံ သဇင်ဆေးခန်း (AZC) ဖြစ်ပြီး လူနာဟောင်း (၆,၀၀၀) ကျော်ကို လစဉ်ဆေးဝါးပံ့ပိုးနေသော်လည်း ၂၀၀၆ ခုနှစ်ကတည်းက လူနာသစ်လက်မခံတော့ဘဲ အိပ်ခ်ျအိုင်ဗွီ သွေးစစ်ဆေးပေးမှုကိုသာ ပြုလုပ်နိုင်တော့ကြောင်း သိရသည်။
ပြည်တွင်း၌ ARV ဆေးဝါးဖြန့်ဖြူးဝေငှနေသူ အန်ဂျီအို (၁၀၀) ခန့်ရှိပြီး ထိထိရောက်ရောက် ဆောင်ရွက်နေသူ လေးငါးဦးခန့်သာ ရှိကြောင်း၊ ယခုအခါ အဆိုပါ အန်ဂျီအိုတို့သည် ဆေးဝါးပြတ်လပ်မှု အခက်အခဲ ကြုံတွေ့နေရပြီး ရန်ကုန်မြို့ရှိ ဆေးရုံကြီးနှစ်ရုံ၌ လူနာ (၂၀၀) ခန့်ကိုသာ လစဉ်ဆေးဝါးပံ့ပိုးပေးနိုင်ကြောင်း၊ ယနေ့အခြေအနေသည် ဝေဒနာရှင်တို့အတွက် အလွန်ဆိုးဝါးသော အနေအထားရောက်ရှိနေကြောင်း အန်ဂျီအိုတခုက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အမေရိကန် စာနယ်ဇင်းသမား နှစ်ဦး မြန်မာနိုင်ငံမှ နှင်ထုတ်
နယူးဒေလီ။ ။ မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ မန္တလေးတွင် ဆောင်းပါး ရေးသားနည်းနှင့် ဓာတ်ပုံပညာ သင်ကြားပို့ချနေသည့် အမေရိကန် စာနယ်ဇင်းသမား နှစ်ဦးကို အာဏာပိုင်များက မြန်မာနိုင်ငံအတွင်းမှ မကြာသေးခင်က နှင်ထုတ်ခဲ့သည်။
ယခုလ ၆ ရက်နေ့ ညနေပိုင်းက ဂျယ်ရီရက်ဒ်ဖန်းမ်နှင့် ကယ်ရင်ကုတ်စ်ကို မန္တလေးရှိ သူတို့ နေထိုင်သည့် တည်းခိုခန်းမှ ဖမ်းဆီးခဲ့၍ ရန်ကုန်သို့ ရထားဖြင့် ပို့ဆောင်ကာ၊ နောက်တရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်သို့ လေယာဉ်ဖြင့် တင်ပို့ခဲ့ခြင်း ဖြစ်သည်။
ယခုလ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည့် သူတို့နှစ်ဦး၏ ကြေညာချက်ထဲ၌ မြန်မာ သင်တန်းသားများအား ဖြစ်ရပ်မှန် ဆောင်းပါးများ ရေးသားနည်းနှင့် ဓာတ်ပုံပညာ သင်ကြားပေးခြင်းကို ရန်ကုန်မြို့ရှိ အမေရိကန်စင်တာမှ စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံ စာပေစိစစ်ရေးအဖွဲ့ (ဆင်ဆာဘုတ်) ကလည်း ခွင့်ပြုထားပြီးဖြစ်သည်ဟု ဆိုထားသည်။ လူဝင်မှုကြီးကြပ်ရေး အရာရှိများသည် ဟိုတယ်ဧည့်ခန်းသို့ ၆ ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိလာပြီး၊ သူတို့၏ ပစ္စည်းများကို သိမ်းဆည်းခိုင်းကာ ဖမ်းဆီးခဲ့ကြောင်းနှင့် နောက်ဆုံးတွင် သူတို့နှစ်ဦးအား ညနေပိုင်း ရထားဖြင့် အရာရှိနှစ်ဦးက လိုက်ပါကာ ရန်ကုန်သို့ ပို့ဆောင်ခဲ့သည်။
မြန်မာအာဏာပိုင်များက ယခုအချိန်အထိ ဖမ်းဆီးနှင်ထုတ်မှုနှင့် ပတ်သက်၍ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသလို၊ ရန်ကုန်ရှိ အမေရိကန် စင်တာကလည်း ထိုကိစ္စကို မှတ်ချက်ပေးရန် ငြင်းဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နာဂစ်ဒုက္ခသည်များအတွက် အရေးပေါ်အကူငွေ လိုအပ်
မြန်မာနိုင်ငံတွင် မုတ်သုန်ရာသီကျရောက်တော့မည်ဖြစ်သည့်အတွက် နာဂစ် မုန်တိုင်းသင့်ဒေသမှဒုက္ခသည်များ နောက်ထပ် အသေအပျောက် မဖြစ်စေရန် နိုင်ငံတကာမှ အကူအညီများ တိုးမြှင့်ပေးအပ်ရန် လိုအပ်နေကြောင်း ကုလသမဂ္ဂက ပြောကြားလိုက်သည်။
ယခုအချိန်တွင် ဒုက္ခသည်များ အမိုးအဖြစ်အသုံးပြုနေကြသည့် တာပေါ်လင်စများ၊ သက်ကယ်အမိုးများသည် ဆွေးမြည့်ပျက်စီးကုန်သဖြင့် မိုးရာသီမကျမီ အမြန်ဆုံး အမိုးအကာသစ်များ လဲပေးရန် အရေးပေါ်လိုအပ်နေသည်ဟု လည်း ၎င်းကပြောသည်။
နာဂစ်မုန်တိုင်းကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာသို့ တောင်းခံထားသည့်အကူငွေ အမေရိကန်ဒေါ်လာ (၄၅၉) သန်းအနက် သုံးပုံနှစ်ပုံခန့်ဖြစ်သည့် ဒေါ်လာ(၃၁၅) သန်းသာ ယမန်နှစ်က ရရှိသေးသည့်အတွက် ကျန်းမာရေး၊ စားနပ်ရိက္ခာနှင့် ပညာရေးအတွက်သာ သုံးစွဲနိုင်ခဲ့သည်ဟု သိရသည်။
အိုးအိမ်တည်ဆောက်ရေးအတွက် ငွေကြေးမလုံမလောက်ရှိနေသည့်အတွက် အလှူရှင်နိုင်ငံများအနေဖြင့် မိုးမကျခင် ငွေကြေးအကူအညီများ ထည့်ဝင်ကြရန် အရေးတကြီးလိုအပ်နေကြောင်း မစ္စ ပါရာဂျူလီက တင်ပြသွားကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မေလ ၁၄ ရက်
ရက်သတ္တပတ် ၂၀ ၊ ၂၀၀၉
မြန်မာသတင်း
အမှုစစ်ဆေးမီ ဒေါ်အောင်န်းစုကြည်ကို အင်းစိန်ထောင်အတွင်းထား
ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးလိုသော ဘေးအန္တရာယ် ပုဒ်မ (၂၂) ရာဇသတ်ကြီးပုဒ်မ (၁၀၉) ဖြင့် နအဖစစ်အစိုးရက အင်းစိန်အထူးတရားရုံးတွင် တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း အမှုကိုင်ရှေ့နေတဦးဖြစ်သူ ဦးအောင်သိန်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့နံနက် (၇) နာရီခန့်တွင် နေအိမ်မှ အင်းစိန်ထောင်ရှိ အထူးတရားရုံးသို့ ခေါ်ဆောင်သွားခဲ့ရာ အတူနေ ဒေါ်ခင်ခင်ဝင်းတို့သားအမိလည်း လိုက်ပါသွားခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ချထားခွင့်ကုန်ဆုံးရန် (၂၁) ရက်အလိုတွင် ယင်းကိစ္စ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ထို့နောက်ပိုင်း ယနေ့နံနက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်အထူးတရားရုံးသို့ ခေါ်ဆောင်သွားပြီး တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
“ကျမ ပြစ်မှု မကျူးလွန်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ချင်းမိုင် (မဇ္ဈိမ)။ ။ အကျယ်ချုပ်မှ အင်းစိန်ထောင်သွင်းသို့ ယနေ့ ပြောင်းရွှေ့ကာ ချုပ်နှောင်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်က မြန်မာစစ်အစိုးရက ယနေ့ စွဲတင်လိုက်သည့် အမှုကို မကျူးလွန်ကြောင်း သူ၏ ရှေ့နေမှတဆင့် ပြောကြားလိုက်သည်။
အင်းစိန်ထောင်တွင်းရှိ အနောက်ပိုင်းခရိုင် တရားရုံးသို့ ရုံးထုတ်ရာတွင် ရှေ့နေ ဦးကြည်ဝင်းနှင့် တွေ့ဆုံသည့်အခါ ဒေါ်အောင်ဆန်းစုကြည်က ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ကျမ ပြစ်မှု မကျူးလွန်ဘူး” ဟု ပြောဆိုခဲ့ကြောင်း ရှေ့နေ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။
သူက ဆက်ပြီး “မကျူးလွန်ဘူး ဆိုတာကိုလည်း သူက ဘလိုင်းပြောတာ မဟုတ်ဘူး။ သူက သူ့ကိုစွဲတဲ့ ပုဒ်မကို သိတယ်။ ဖတ်ပြီးပြီ” ဟု ပြောသည်။
စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရေးအတွက် တားဆီး ကန့်သတ်ထားသည့် အမိန့်ကို ချိုးဖောက်ခြင်း၊ မလိုက်နာခြင်းတို့ဖြင့် တရားစွဲထားသည်။
ယင်း ဥပဒေ ပြဌာန်းချက်အရ ထောင်ဒဏ်အားဖြင့် အနည်းဆုံး ၃ နှစ်မှ ၅ နှစ်ထိ ကျခံနိုင်ပြီး၊ ငွေဒဏ် ၅၀၀၀ ကျပ်၊ သို့မဟုတ် ပြစ်ဒဏ် နှစ်ခုစလုံးလည်း ချမှတ်နိုင်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်အထူးတရားရုံးသို့ ခေါ်ထုတ်
ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့နံနက် (၇) နာရီခန့်တွင် အင်းစိန်အထူးတရားရုံးသို့ ခေါ်ဆောင်သွားပြီဖြစ်ကြောင်း အန်အယ်လ်ဒီလူငယ်အဖွဲ့ဝင် ကိုအေးထွန်းက ခေတ်ပြိုင်သို့ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား မည်သည့်အကြောင်းကြောင့် အင်းစိန်အထူးတရားရုံးသို့ ခေါ်ဆောင်သည်ကို မသိရကြောင်း အာဏာပိုင်များဘက်မှ လာရောက်အကြောင်းကြားသဖြင့်သာ လိုက်ပါလာခဲ့ကြရခြင်းဖြစ်ကြောင်း အဆိုပါလူငယ်အဖွဲ့ဝင်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ထိန်းသိမ်းခံ အမေရိကန် လူမျိုးအတွက် အကျိုးဆောင် လိုက်ပါခွင့်ရရေး သံရုံးမှ ကြိုးစားနေ
နယူးဒေလီ။ ။ ရန်ကုန်မြို့ အင်စိန်ထောင် တရားရုံးတွင် အမှု ရင်ဆိုင်နေရသော ထိန်းသိမ်းခံ အမေရိကန်လူမျိုး John William Yettaw အတွက် အကျိုးဆောင် ငှါးရမ်း ကာကွယ်ခွင့်ရရန် မိမိတို့သံရုံးမှ ကောင်စစ် တွေ့ဆုံမှုရရှိရေး ဆက်လက် ကြိုးစားသွားမည်ဟု ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ ပြောသည်။
ကောင်စစ်အရာရှိ မစ္စတာ ကောလင်းပီဖတ်စ်တ် (Colin P. Furst) သည် အင်းစိန် အကျဉ်းထောင် တရားရုံးတွင် အမှုရင်ဆိုင် နေရသော မစ္စတာ ယက်တော နှင့် ကြာသပတေးနေ့က ဒုတိယအကြိမ် တွေ့ဆုံခွင့်ရခဲ့သည်ဟု ရန်ကုန်ရှိ အမေရိကန်သံရုံး ပြောရေးဆိုခွင့်ရှိသူ ရစ်ချတ်မေး (Richard Mei) က ပြောသည်။
ကျနော်တို့ကတော့ ကောင်စစ်တွေ့ဆုံမှုရဘို့ ဆက်လုပ်သွားမယ်။ သူ့ဥပဒေ အကျိုးဆောင် ငှါးရမ်း ကာကွယ်ခွင့်ရရေး အတွက် သေချာအောင် လုပ်သွားမယ် ဟု မေးက မဇ္ဈိမကို ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
တပ်ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို အန်ဒီအေ( ကချင် ) မူအရ သဘောတူ
နယ်ခြားစောင့်တပ်အဖြစ် တပ်ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စကို မူအားဖြင့် သဘောတူသော်လည်း လာမည့် ၂၀၁၀ ရွေးကောက်ပွဲအပြီးတက်လာမည့် အစိုးရလက်ထက်ကျမှသာ လက်တွေ့ အကောင်အထည် ဖော်လိုကြောင်း အန်ဒီအေ (ကချင်) တပ်ဖွဲ့က စစ်အစိုးရထံ တင်ပြမည်ဟု သိရသည်။
လာမည့်မေ (၁၈) ရက်တွင် နအဖစစ်ခေါင်းဆောင်များနှင့် ကချင်ပြည်နယ်အထူးဒေသ(၁) မှ အန်ဒီအေ (ကချင်) ခေါင်းဆောင်များ တွေ့ဆုံသည့်အခါ အဆိုပါကိစ္စကို တင်ပြရန်ရှိသည်ဟု အန်ဒီအေ (ကချင်) ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။ နအဖစစ်အစိုးရ၏ ညွှန်ကြားချက်များအနက် ရွေးကောက်ပွဲဝင်ရန်ကိစ္စကိုမူ နဂိုဆုံးဖြတ်ချက်အတိုင်း တပ်ဖွဲ့အနေဖြင့် ပါတီထောင်ပြီး ၀င်ပြိုင်မည် မဟုတ်ဘဲ ကေအိုင်အေ၊ အခြားကချင်ခေါင်းဆောင်များနှင့်အတူ ပူးပေါင်းဆောင်ရွက် သွားမည်ဟု သိရသည်။
အန်ဒီအေ (ကချင်) တပ်ဖွဲ့သည် ၁၉၈၉ ခု ဒီဇင်ဘာတွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး ဒေသဖွံ့ဖြိုးရေးအတွက် သစ်ထုတ်လုပ်ခြင်း၊ ကျောက်မျက်ရတနာတူးဖော်ခြင်း လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ အဖွဲ့၏ လက်ရှိဥက္ကဋ္ဌသည် ဆခုံတိန့်ယိန်းဖြစ်ပြီး ဌာနချုပ်ပန်ဝါနှင့် ဌာနခွဲ ကမ်ပိုင်တီတွင် စစ်အစိုးရတပ်ရင်းတရင်းစီ တပ်စွဲထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဦးရဲထွန်း စင်္ကာပူတွင် ဆေးကုသမှုခံယူ
ချင်းမိုင် (မဇ္ဈိမ)။ ။ ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီ ထောင်လိုသူ တဦးဖြစ်သော ဦးရဲထွန်းသည် စင်္ကာပူနိုင်ငံတွင် ဆေးကုသမှု ခံယူလျက် ရှိသည်။
Pancytopenia ခေါ် သွေးဖြူဥ၊ သွေးနီဥ လျော့ပါးကျဆင်းသော ဝေဒနာ ခံစားနေရ၍ အသက် ၇၃ နှစ်အရွယ် ဦးရဲထွန်းသည် စင်္ကာပူနိုင်ငံသို့ မေလ ၃ ရက်နေ့က ရောက်ရှိကာ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ပြသနေရသည်ဟု သူက မဇ္ဈိမသို့ ဆက်သွယ် ပြောကြားခဲ့သည်။
ထို့အပြင် ယူဒီပီ ခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ၏ ခေါင်းဆောင်တဦးဖြစ်သော ကနေဒါ အခြေစိုက် ဦးကျော်မြင့်၏ အထောက်အပံ့ဖြင့် သူသည် ဆေးကုသမှု ခံယူနေသည်ဟု ကောလာဟလများ ထွက်နေကြောင်းနှင့် လုံးဝ အခြေအမြစ်မရှိဟုလည်း ယတိပြတ် ငြင်းဆိုလိုက်သည်။
ဦးကျော်မြင့်နှင့် ဆက်ဆံရေး အခြေအနေကို မေးမြန်းရာ ယတိပြတ်ပြောဆိုရန် ရှောင်လွှဲခဲ့ပြီး လမ်းခွဲလျှင် ”မေတ္တာနဲ့ ကွဲချင်တယ်။ ရန်သူအဖြစ် မကွဲချင်ဘူး” ဟု သူက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဗီးစပ်ရွက် သောက်သုံးသည့် AIDS ဝေဒနာရှင်များ အသက်အန္တရာယ် ကြီးမား
ရောဂါ၏ နောက်ဆုံးအခြေအနေဖြင့် ဆေးရုံသို့ ရောက်ရှိလာသော အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်တို့တွင် ဆေးမြီးတို ဗီးစပ်ရွက်အလွန်အကျွံသောက်သုံးထားသည့် လက္ခဏာများကို တွေ့ရှိရကြောင်း အိပ်ခ်ျအိုင်ဗွီ အထူးကုဆေးရုံကြီး (မင်္ဂလာဒုံ) မှ ဆရာဝန်တဦးက ပြောကြားသည်။
ဗီးစပ်ရွက် သောက်သုံးလာသူ ပုပ္ပားဘက်မှ ဝေဒနာရှင် တဦးသည် ARV ဆေးသောက်သုံးသဖြင့် အသက်ရှင်ခွင့်ရလိုက်သော်လည်း အဆက်မပြတ် သွေးသွင်းနေရကြောင်း၊ သွေးသွင်းရသည့် အကြောင်းရင်း ရောဂါဇစ်မြစ်ကို ဆရာဝန်ကြီးများ ရှာမရဖြစ်နေကြောင်း၊ အိပ်ခ်ျအိုင်ဗွီပိုးတွေ့ရှိ သက်တမ်းထက် ဝေဒနာဆိုးဝါးနေပြီး အသားအရေတွေ ကွဲအက်လန်ထွက်နေတာကို သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မေလ ၁၅ ရက်
ရက်သတ္တပတ် ၂၀ ၊ ၂၀၀၉
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် သတင်း ရုပ်သံအစီအစဉ် မဲဆောက်ရောက် မြန်မာများ အထူးစိတ်ဝင်စား
နော်ဝေးနိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်များကို မဲဆောက်အခြေစိုက် STV ရုပ်မြင်သံကြားလိုင်းမှ ထပ်ဆင့်ထုတ်လွှင့်ပေးသဖြင့် ယခုအခါ မဲဆောက်ဒေသတွင်းရောက် သိန်းနှင့်ချီသည့် မြန်မာနိုင်ငံသားများ အားပေးကြည့်ရှုကြသည်။
ယမန်နေ့က စတင်ထုတ်လွင့်ခဲ့သည့် အစီအစဉ်တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအာဏာပိုင်များက တရားစွဲဆိုရန် အင်းစိန်ထောင်သို့ ဖမ်းဆီးခေါ်ဆောင်သွားသည့်သတင်းကို ထုတ်လွှင့်ပြသခဲ့သဖြင့် မဲဆောက်ဒေသအတွင်း ကြည့်ရှုသူ အထူးများပြားခြင်းဖြစ်သည်။မဲဆောက်ဒေသအတွင်း ယခုကဲ့သို့ ဒီမိုကရက်တစ်ရုပ်မြင်သံကြားလိုင်း ထပ်ဆင့်ထုတ်လွှင့်မှုနှင့် ပတ်သက်၍ မြန်မာအာဏာပိုင်များနှင့် ထိုင်း-မြန်မာနယ်ခြားကော်မတီအဖွဲ့များက လောလောဆယ် ကန့်ကွက်အရေးယူမှုများ မရှိသေးကြောင်း သိရသည်။
ယခင်က မဲဆောက်မြို့အခြေစိုက် FM ရေဒီယိုအသံလွှင့်ဌာနတခုမှ မြန်မာဘာသာဖြင့် ထုတ်လွှင့်သည့် အမေရိကန် အသံ VOA သတင်းဌာန၏ အသံလွင့်ချက်များကို ရိုးရိုးသာမန် ရေဒီယိုဖြင့်နားထောင်နိုင်ရန် ထပ်ဆင့်ထုတ်လွှင့်ပေးခဲ့ သဖြင့် မဲဆောက်ဒေသတွင်းအပါအ၀င် မဲဆောက်တဖက်ကမ်း မြ၀တီခရိုင်အတွင်း အသံကြည်လင်ပြတ်သားစွာဖြင့် လူအများ နားထောင်နိုင်သဖြင့် မြ၀တီခရိုင်အာဏာပိုင်များနှင့် နယ်ခြားကော်မတီ အဖွဲ့က ထိုင်းဘက်သို့ ကန့်ကွက် ခဲ့သဖြင့် ထိုင်းဘက်မှ ယင်းအစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မြန်မာနှင့် နယ်စပ်အနီး ဘင်္ဂလားဒေ့ရှ် စစ်ရေးလေ့ကျင့်
ဒါကာ (မဇ္ဈိမ) ။ ။ ဘင်္ဂလားဒေ့ရှ် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များသည် ယခုလ ၈ ရက်နေ့မှ စတင်ကာ နှစ်နိုင်ငံ ရေပိုင်နက်အနီး ဘင်္ဂလားပင်လယ်အော်အတွင်း ပူးတွဲ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေကြောင်းနှင့် မြန်မာစစ်တပ်ကလည်း စောင့်ကြည့်လျှက် ရှိသည်။
ဘင်္ဂလား-မြန်မာ နှစ်နိုင်ငံနယ်စပ်နှင့် ကီလိုမီတာ ၈ဝ ခန့် အကွာရှိ ကော့စ်ဘာဇာမြို့တွင် ပြုလုပ်သော လေ့ကျင့်မှုအပါအဝင် လေ့ကျင့်မှုနှစ်ခုကို မေလ ၈ ရက်နေ့နှင့် ၁၃ ရက်နေ့များတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“ကြည်း၊ ရေ၊ လေ အင်အား ၅ဝဝ လောက်နဲ့ လုပ်တာ” ဟု ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး သတင်းရပ်ကွက် တခုက မဇ္ဈိမကို ပြောသည်။
စစ်ရေး လေ့ကျင့်သည့် ရည်ရွယ်ချက်ကို ဘင်္ဂလားဒေ့ရှ်က ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း နှစ်နိုင်ငံ နယ်စပ်တွင် မြန်မာက ခြံစည်းရိုးကာနေသော အချိန်နှင့် တိုက်ဆိုင်နေသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး မလေးရျား မြန်မာ သံရုံးရှေ့ ဆန္ဒပြ
မလေးရှားရောက် အန်အယ်လ်ဒီပါတီဝင်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များနှင့် BWRPC အဖွဲ့ဝင်များပူးပေါင်း၍ မြန်မာသံရုံးနှင့် အမေရိကန်သံရုံးတို့ရှေ့တွင် ဆန္ဒဖော်ထုတ်တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြကြောင်း ပါတီဝင်များက ပြောသည်။
အဆိုပါဆန္ဒပြပွဲသို့ မြန်မာရှစ်ဆယ်ကျော်တက်ရောက်ခဲ့ပြီး မြန်မာသံရုံးသို့ ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံး လွှတ်ပေးရေးပါဝင်သည့် တောင်းဆိုချက်စာတစောင်ကို စာတိုက်ပုံးမှတဆင့် ပေးအပ်ခဲ့သည်ဟု သိရသည်။
မြန်မာသံရုံးရှေ့သို့ အန်အယ်လ်ဒီပါတီဝင်များ ဦးဆောင်ဆန္ဒပြနေစဉ်မှာပင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဝင် အင်အားသုံးဆယ်ကျော်ကလည်း မလေးရှားအမေရိကန်သံရုံးရှေ့တွင် တောင်းဆိုမှုများပြုလုပ်ခဲ့ကြသည်။
အလားတူ တောင်ကိုရီးယားနှင့် ဂျပန်နိုင်တို့ရှိ မြန်မာသံရုံများတွင်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် တောင်းဆိုဆန္ဒပြခဲ့ကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ရမည်းသင်းရွှေဆိုင် လုယက်မှု တပ်ထွက်တဦး ပါဝင်
ချင်းမိုင် (မဇ္ဈိမ)။ ။ မန္တလေးတိုင်း ရမည်းသင်းမြို့ ဈေးအတွင်းရှိ ဒေါ်အေးကြည်နှင့် တူမများ ရွှေဆိုင်မှ ရွှေများကို လုယက်ရာတွင် တပ်မတော်သားဟောင်း တဦး ပါဝင်ကြောင်း သိရသည်။
ယခုလ ၆ ရက်နေ့က ရွှေဆိုင်အတွင်းသို့ လုယက်သူ ၃ ဦးက လက်နက်ဖြင့် ဝင်ရောက်ကာ ရွှေပိဿာချိန် ၇ ပိဿာခန့် လုယူရာတွင် ပါဝင်ခဲ့သည့် ပျော်ဘွယ် ဇာတိဖြစ်ပြီး၊ အသက် ၃၂ နှစ် အရွယ် တပ်ထွက် ကိုညီညီနိုင် အား ယခုလ ၁၃ ရက်နေ့ နေ့လယ်က ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ မော်ဟစ်ကျေးရွာတွင် ဖမ်းဆီးရမိခြင်း ဖြစ်သည်။
ညီညီနိုင်သည် ရွှေဆိုင်ကို လုယက်ပြီးနောက် မန္တလေးမြို့တွင် ရွှေ ၄၉ ကျပ်သား၊ လားရှိုးတွင် ရွှေ ၂ ပိဿာ ရောင်းချခဲ့သလို၊ ကွတ်ခိုင်မြို့သို့ သွားရောက်ရာ လမ်းတလျှောက်ရှိ ကျေးရွာများမှ အသိမိတ်ဆွေများကိုလည်း ရွှေအချို့ ခွဲဝေပေးခဲ့သေးသည်။
လုယက်သူ ၃ ဦးအနက် ရမည်းသင်း ဒေသခံ ၂ ဦးကို အခင်းဖြစ်ပြီး နောက်တရက်တွင် ရဲက ဖမ်းဆီးနိုင်ခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
တယ်လီဖုန်း ၀န်ဆောင်မှုပေးသူများကို ၀င်ရောက် စစ်ဆေး
တာချီလိတ်မြို့တွင် ထိုင်းနှင့်မြန်မာနိုင်ငံအကြား တယ်လီဖုန်းဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများကို မြန်မာအာဏာပိုင်တို့က ဝင်ရောက်စစ်ဆေးကာ အချို့ဖုန်းလိုင်းများကို ဖြတ်တောက်ခဲ့ကြောင်း အဆိုပါလုပ်ငန်း လုပ်ကိုင်နေသူတို့ထံမှ သိရသည်။
နအဖစစ်အစိုးရက တယ်လီဖုန်းလိုင်းများကို ပုံမှန် ကြားဖြတ်နားထောင်လေ့ရှိခြင်းကြောင့် နိုင်ငံခြားနှင့် ဆက်သွယ် ဝန်ဆောင်မှုပေးသည့် ဖုန်းနံပါတ်မှတဆင့် နေအိမ်များကို သိရှိပြီး လိုက်လံ စစ်ဆေး အရေးယူခြင်းဖြစ်ကြောင်း၊ ထိုသို့ စစ်ဆေး အရေးယူရာတွင် ဂျီအက်စ်အမ် ဖုန်းကဲ့သို့ မိုဘိုင်းဖုန်းဖြင့် လုပ်ကိုင်သူများကို ဖမ်းဆီးရန် ခက်ခဲသည့်အတွက် လိုင်းကို ပိတ်ပစ်ခြင်းဖြင့် အရေးယူလေ့ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံမှ နိုင်ငံခြားသို့လည်းကောင်း၊ ပြည်ပမှ မြန်မာနိုင်ငံသို့လည်းကောင်း တယ်လီဖုန်းခေါ်ခ ဈေးနှုန်း အလွန်ကြီးမြင့်သည့်အတွက် ထိုင်း-မြန်မာ နယ်စပ်တို့တွင် နေထိုင်သူအချို့က မြန်မာဖုန်းနှင့် ထိုင်းနိုင်ငံက ဖုန်းကို ကွန်ပျူတာဖြင့် ချိတ်ဆက်ကာ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းကို လုပ်ကိုင်ကြခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ရွှေလီ ရေအားလျှပ်စစ် ဖွင့်လှစ်တော့မည်
ရွှေလီ (မဇ္ဈိမ) ။ ။ ရှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မန်တပ်ကျေးရွာအနီး တည်ဆောက်နေသည့် ရွှေလီ အမှတ် ၁ ရေအားလျှပ်စစ် စီမံကိန်း ဖွင့်ပွဲအခမ်းအနားကို မနက်ဖြန်တွင် ပြုလုပ်မည် ဖြစ်သည်။
အခမ်းအနားသို့ စစ်ဖက် ထိပ်တန်း ခေါင်းဆောင်များနှင့်ဝန်ကြီးများ တက်ရောက်မည်ဟု သိရှိရပြီး၊ ယခုအခါ လုံခြုံရေးလည်း ထူထပ်စွာ ချထားသည်။
ရွှေလီ အမှတ် ၁ ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ရာတွင် အဓိက ပါဝင်သည့် တရုတ်ကုမ္ပဏီ YMEC (yunnan machinery & equipment import & export co.ltd) က ရေအားလျှပ်စစ် စီမံကိန်းသည် ယခုနှစ် ဇွန်လ ၃ဝ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ကာ၊ သြဂုတ်လကုန်ပိုင်းတွင် လျှပ်စစ်မီး စတင် ဖြန့်ဝေနိုင်မည်ဟု ခန့်မှန်းခဲ့ကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဥရောပ-မြန်မာရုံး ကိုယ်စားလှယ် မြန်မာနိုင်ငံ အလည်အပတ် မသွားပါ
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဥရောပ-မြန်မာရုံးမှ မည်သူ တဦးတယောက်မှ မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ခြင်း မရှိဟုဆိုကာ ဘလော့ဂ်တခုက ရေးသားထားမှုကို အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဦးဟန် ယောင်ဟွေက ငြင်းဆိုလိုက်သည်။
ဥရောပ-မြန်မာရုံး ကိုယ်စားလှယ်များ အနေဖြင့် မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေပြီး စစ်အစိုးရနှင့် “တတိယအင်အားစု” များကို တွေ့ရှိမည်ဆိုသော အင်တာနက် ဘလော့ဂ်တခုတွင် ရေးသားချက်ကြောင့် စုံစမ်းမေးမြန်းမှုများ လက်ခံရရှိ၍ ရှင်းချက် ထုတ်ရခြင်း ဖြစ်သည်ဟု ဥရောပ-မြန်မာရုံးက မဇ္ဈိမသို့ ပေးပို့သော ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အတိုက်အခံ အင်အားစုအတွင်း အရေးပါသော အဖွဲ့တခုဖြစ်သည့် ဥရောပ-မြန်မာရုံး၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ အရေးသည် တပ်မတော်နှင့် ပြည်သူ ပြဿနာသာဖြစ်၍ “တတိယ အင်အားစု” ဆိုသော အယူအဆကို လက်သင့်မခံဟု ပါရှိသည်။
သို့သော် ဥရောပ-မြန်မာရုံး အနေဖြင့် ၁၉၉၉၊ ၂ဝဝ၅ နှင့် ၂ဝဝ၆ ခုနှစ်များတွင် စစ်အစိုးရ ကိုယ်စားလှယ်များဖြင့် တွေ့ဆုံပြီး နအဖနှင့် စစ်အစိုးရအကြား တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန်နှင့် ဒီမိုကရေစီသို့ အကူးအပြောင်းအတွက် နအဖအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ညှိနှိုင်း ဆွေးနွေးမှုလုပ်ရန် တိုက်တွန်းခဲ့သည်ဟု ပါရှိသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အကျဉ်းသား ၂ ဦး ထောင်ဖောက် လွတ်မြောက်
ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်မှ အကျဉ်းသားနှစ်ဦးသည် ယခုလ (၈) ရက်နေ့ညက ထောင်ဖောက် ထွက်ပြေးလွတ်မြောက်သွားပြီး ယခုအချိန်ထိ ဖမ်းမမိသေးကြောင်း ထောင်ဝန်ထမ်း မိသားစုဝင်တဦးက ပြောသည်။
ထောင်အနီးနေထိုင်သည့် မြစ်ကြီးနားမြို့ခံတဦးကလည်း နှစ်ကြီး အကျဉ်းသားတဦး ထောင်ဖောက် ထွက်ပြေးသွား သည့်အကြောင်း ကြားရကြောင်း၊ အကျဉ်းသား ဘယ်နှယောက် လွတ်မြောက်သွားသည်ကိုမူ အတိအကျ မသိကြောင်း၊ ယင်းသတင်းကြားရသည့်နေ့က စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် မြစ်ကြီးနားမြို့ကို ရောက်ရှိနေချိန်နှင့်တိုက်ဆိုင်နေပြီး လုံခြုံရေးများ အကြီးအကျယ်ချထားကြောင်း၊ တရားခံဖမ်းမိရေး သက်ဆိုင်ရာက ကြိုးစားနေဆဲဖြစ်ကြောင်း ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မေလ ၁၅ ရက်
ရက်သတ္တပတ် ၂၀ ၊ ၂၀၀၉
မြန်မာသတင်း
မြန်မာ အပေါ် အမေရိကန် စီးပွားရေး ပိတ်ဆို့မှု အား အိုဘားမား သက်တမ်းတိုး
အမေရိကန်နိုင်ငံ ၏ သောကြာနေ့ မေလ ၁၅ ရက် ၂၀၀၉ မှာ အမေရိကန် သမ္မတ ဘားရက် အိုဘားမား က မြန်မာ နိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့အရေးယူ ထားတာကို နောက်ထပ် တစ်နှစ် သက်တမ်း တိုးလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
အမေရိကန် နိုင်ငံ သည် မြန်မာ နိုင်ငံ အား သမ္မတ ဘီလ်ကလင်တန် လက်ထက်မှ စ၍ မြန်မာ စစ်အစိုးရ အပေါ် ပိတ်ဆို့ အရေးယူမှုများကို စတင်ချမှတ် ခဲ့ပြီး၊ နှစ်စဉ် မြန်မာ နိုင်ငံ အခြေအနေ တိုးတတ်မှု ဖွံဖြိုးမှု ကို လိုက် ၍ ပယ်ဖျက်ခြင်း၊ သက်တမ်းတိုး ခြင်းများ စီစစ် လုပ်ဆောင်လျှက်ရှိရာ သမ္မတ ဂျော့ဘုရ့် လက်ထက်၊ ဒီပဲယင်း အရေးအခင်း အပြီးတွင် လည်း တင်းကျပ်ထိရောက် သည့် အရေးယူမှု ထပ်မံ တိုးမြှင့် ကန်သတ်ခြင်း ကို ခံ ခဲ့သည်။
( လူထုအသံမှ ကောက်နှုတ်ချက် )
+++++
ဒေါက်တာတင်မျိုးဝင်း ပြန်လွတ်လာ
ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်းကို စစ်အစိုးရက စနေနေ့ညက ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။
( မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++
မန္တလေးမြို့ နှစ် (၁၅၀) ပြည့် အခမ်းအနား ကျင်းပ
မြန်မာ နိုင်ငံ၏ အထင်ကရ မြို့တော် တခု ဖြစ်သော မန္တလေးမြို့ တည်ထောင်သည့် နှစ်ပေါင်း (၁၅၀) ပြည့် အခမ်းအနား ကို မေလ (၁၄) ရက်နေ့က မန္တလေး မြို့တော် ခန်းမ ရှေ့တွင်ကျင်းပ ပြုလုပ်ခဲ့သည်။ ပွဲတော်တွင် ဈေးပွဲတော် နှင့် အခြား ဖျော်ဖြေရေး အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ပြီး မေလ (၁၆) ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။
နှစ်ပတ်လည် ပွဲတော်နေ့ အခမ်းအနား အား (၁၁၃) စတုရန်း ကီလိုမီတာ ကျယ်ဝန်းသော နန်းမြို့ဟောင်း အတွင်း၌ပါ ကျင်းပသွားမည် ဖြစ်သည်။
ရတနာပုံဟု အမည် တွင်သော မန္တလေး မြို့တော်ကို မင်းတုန်းမင်း တရားကြီးက တည်ထား ခဲ့ခြင်းဖြစ်ပြီး ယနေ့တိုင် မြန်မာမှု အငွေ့အသက်များ ထင်ဟပ်နေသည့် မြို့တော် တခုအဖြစ် ရပ်တည် နေဆဲဖြစ်ကာ၊ မန္တလေးမြို့ တည်ထောင်သည့် နှစ်ပေါင်း (၁၀၀) ပြည့် အခမ်းအနား ကို နိုင်ငံတော် အဆင့်အနေဖြင့် ကျင်းပ ပြုလုပ်ခဲ့ပြီး၊ နှစ်ပေါင်း ၁၅၀ ပြည့် အခမ်းအနား ကို တိုင်း အဆင့် အခမ်းအနားဖြစ်သာ ကျင်းပ ပြုလုပ်ခဲ့ကြသည်။
( လူထုအသံမှ ကောက်နှုတ်ချက် )
+++++
ဒေါ်အောင်ဆန်းစုကြည် အမှုလိုက်ရန် ပြင်နေသူ ရှေ့နေကြီး နှစ်ဦး လိုင်စင်ရုတ်သိမ်းခံရ
ချင်းမိုင် (မဇ္ဈိမ)။ ။ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအမှုများ၊ ၈၈ မျိုးဆက် ကျောင်းသား အမှုများကို အားနှင့်မာန်နှင့် စိတ်ပါလက်ပါ လိုက်ပါ ဆောင်ရွက် ပေးနေသော တရားရုံးချုပ်ရှေ့နေကြီး နှစ်ဦးဖြစ်သည့် ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန် တို့၏ ရှေ့နေလုပ်ပိုင်ခွင့် လိုင်စင်များအား နအဖ အာဏာပိုင်များက ယမန်နေ့က ရုတ်သိမ်းလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်အား စွပ်စွဲထားသည့် အမှုတွင် ဥပဒေ အကျိုးဆောင်အဖြစ် ဆောင်ရွက်ပေးနိုင်ရန် ပြင်ဆင်နေသည့် အတွက်လည်း ရှေ့နေလိုင်စင် ရုတ်သိမ်းခံရသည့် အကြောင်းရင်းတခု ဖြစ်သည်ဟု ဦးအောင်သိန်းက ပြောသည်။
ယင်းသို့ ပြုမှုခြင်းသည် လူတယောက်အား အကြောင်းချင်းရာ တခုနှင့် ပြစ်ဒဏ် (၂) ကြိမ် မပေးရဆိုသည့် ကျင့်ထုံးအား တရားရုံးချုပ်က ဆန့်ကျင်ရာ ရောက်နေသည်ဟုလည်း ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စောဌေးမောင်သည် KNU ဟောင်းမဟုတ်
ကရင်အမျိုးသား အစည်းအရုံး (KNU)တွင် ပြီးခဲ့သည့် မေလ ၁၃ရက်က စောထိန်မောင်နှင့် စောနေစိုးမြတို့ အဖွဲ့များ တည်ရှိရာ ထိုးကော်ထိုး ကျေးရွာသိှု့ ပူးပေါင်းသွားသည် ဆိုသည့် ဗိုလ်ကြီး စောစိန်မောင်ဌေး ဆိုသူမရှိကြောင်း KNU က ပြောဆိုလိုက်သည်။
ဗိုလ်ကြီးအဆင့်ရှိ စောစိန်မောင်ဌေး ဆိုသူသည် ကေအန်ယူ တပ်ရင်း ၂ဝ၁တွင် မရှိကြောင်း ကေအန်ယူမှ အတွင်းရေးမှူး(၁) ပဒိုစောလှငွေက ပြောသည်။
ကေအန်ယူ ဗဟိုတပ်ရင်း ၂ဝ၁မှ ဗိုလ်ကြီးအဆင့်ရှိ စောစိန်မောင်ဌေး ဦးစီးသည့် တပ်ရင်း ၂ဝ၁နှင့် တပ်ရင်း ၁၆မှ အဖွဲ့အင်အား ၁၄ဦး မိသားစုဝင် ၂၃ဦး စုစုပေါင်း ၃၇ဦး၊ လက်နက်ငယ် ၁ဝလက်နှင့် ခဲယမ်းမျိုးစုံနှင့်အတူ ပြီးခဲ့သည့် မေလ ၁၃ရက်နေ့က လက်နက်နှင့်အတူ ထို့ကော်ထိုးကျေးရွာသို့ ပူးပေါင်းသွားသည်ဟု ယနေ့ထုတ် စစ်အစိုးရ သတင်းတွင် ဖော်ပြထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဒုတိယ ဗိုလ်ချုပ်ကြီးမောင်ဘို ကွယ်လွန်
ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရ ကောင်စီဝင်ဟောင်း အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး မောင်ဘို သည် စင်္ကာပူ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ယမန်နေ့ ည ၉ နာရီ ၄၅ မိနစ်တွင် အသဲရောဂါဖြင့် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ် ရှိပြီဖြစ်သည်။
သူသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၁၊ ကိုယ်ပိုင်အမှတ် ကြည်း ၁၀၃၃၇ ဖြစ်သည်။
တပ်မတော် စစ်ဆေးရေး အရာရှိချုပ် ကြည်း၊ ရေ၊ လေ၊ အဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီး မောင်ဘိုကို ဇွန်လ ၂၀ ရက်၊ ၂၀၀၈တွင် တပ်မှ အငြိမ်းစား ပေးလိုက်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
Saturday, May 16, 2009
Sunday, May 10, 2009
သတင်းမှတ်စု ( ၁၈ )
မေလ ၄ ရက်
ရက်သတ္တပတ် ၁၉ ၊ ၂၀၀၉
မြန်မာသတင်း
အန်အယ်လ်ဒီ ကြေညာချက်အပေါ် အကောင်းမြင် ရေးသားမှု၊ ပြည်တွင်း မီဒီယာမှ ဖေါ်ပြခွင့်ရ
ဧပြီ (၂၉) တွင် ကျင်းပပြီးစီးခဲ့သည့် အန်အယ်လ်ဒီ စုံညီအစည်းအဝေးအပြီး ထုတ်ပြန်ကြေညာခဲ့သည့် ရွှေဂုံတိုင် ကြေညာစာတမ်းနှင့်ပတ်သက်၍ အလာအလာကောင်းများရှိသည်ဟု ယူဆရကြောင်း ပြည်တွင်းထုတ် ဂျာနယ် တစောင်၏ အယ်ဒီတာ့အာဘော်တွင် ဖော်ပြထားသည်။
ယနေ့ထွက်သည့် ၀ီးကလီးအလဲဗင်းဂျာနယ် စာမျက်နှာ (၂) တွင် ဖော်ပြထားခြင်းဖြစ်ပြီး အန်အယ်လ်ဒီပါတီ၏ လုပ်ရပ်နှင့်ပတ်သက်ပြီး အကောင်းမြင်ရေးသားမှု ပထမဦးဆုံး ဖော်ပြခွင့်ရခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ အဆိုပါ ရွှေဂုံတိုင်ကြေညာချက်တွင် နအဖစစ်အစိုးရအနေဖြင့် ၎င်းတို့တောင်းဆိုသည့် အချက် (၃) ချက်ကို လိုက်လျောပါက လာမည့် ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် စဉ်းစားမည်ဟု ဖော်ပြထားသည်။
အဆိုပါ အချက် (၃) ချက်အနက် အချက် (၂) ချက်မှာမူ စစ်အစိုးရက တလျှောက်လုံး ငြင်းဆိုထားသည့် အချက်ဖြစ်သည်။ ၀ီးကလီးအလဲဗင်း အယ်ဒီတာ့အာဘော်တွင်မူ “တူတာတွေတွဲလုပ်၊ မတူတာတွေ ညှိနှိုင်းဖြေရှင်း” ဟု ခေါင်းစဉ်တပ်ထားပြီး စစ်ခေါင်းဆောင်များနှင့် အန်အယ်လ်ဒီ အပါအ၀င် နိုင်ငံရေးခေါင်းဆောင်များ ညှိနှိုင်းတိုင်ပင် အဖြေရှာပြီး ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပသွားရန် တိုက်တွန်းထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မန္တလေး မြို့တည် နန်းတည် နှစ်ပတ်လည်ပွဲတော် ကျင်းပ
ချင်းမိုင် (မဇ္ဈိမ)။ ။ မန္တလေး မြို့တည် နန်းတည် နှစ် ၁၅၀ ပြည့် “မန္တလေး အနုပညာပုံရိပ် ပွဲတော်” ကို ပြီးခဲ့သည့်လ ၃၀ ရက်နေ့မှ ယမန်နေ့အထိ ပန်ထျာ ကျောင်းဝင်းအတွင်းရှိ အမျိုးသား ကဇာတ်ရုံကြီးတွင် ကျင်းပခဲ့သည်။
ယခုလ ၁၄ ရက်မှ ၁၈ ရက်အထိ မန္တလေးစည်ပင်မှ ဦးစီးပြုလုပ်မည့် နှစ် ၁၅၀ ပြည့် ဈေးရောင်းပွဲတော်ကြီးအတွက် အကြို လှုံ့ဆော်ပွဲလည်းဖြစ်ပြီး၊ မန္တလေးမှ စာပေ၊ အနုပညာရှင် ၁၀၀ ကျော်က အခကြေးမယူဘဲ မေတ္တာဖြင့် ပါဝင်ပူးပေါင်းခဲ့ကာ၊ ၅ ရက်ကြာ ကျင်းပခဲ့ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စိစစ်ရေးက ပြည်တွင်း ဂျာနယ်များအား သတင်းပိတ်ပင်၊ ဆိုးဆေးသုံး ငါးပိသတင်း ကြိုတင် ဖေါ်ပြခွင့်မပြု
ပြည်တွင်းဂျာနယ်များက သတင်းများကြိုတင်ရရှိ၍ သတင်းဖော်ပြရေးသားလိုသော်လည်း စာပေစိစစ်ရေးက သတင်းထုတ်ပြန်ခွင့်မပြုခဲ့ကြောင်း ပြည်တွင်းမှ ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။
ငါးပိများတွင် စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော Rhodamine-B ပါရှိကြောင်း သတင်းရေးသားမှု ကို စာပေစိစစ်ရေးက ပိတ်ပင်ခဲ့ကြောင်း အဆိုပါ ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။
FDA က ငါးပိအမျိုးအစားပေါင်း (၁၀၀) ကျော်ကို စမ်းသပ်စစ်ဆေးခဲ့ကြောင်းနှင့် ထိုအထဲမှ အမျိုးအစား (၈၀) ခန့်တွင် ကျန်းမာရေးကို ထိခိုက်စေနိုင်သော Rhodamine-B ပါရှိကြောင်း ကြေညာချက် သတင်းစာတွင် ပါပြီးမှသာ စာပေစိစစ်ရေးက ဂျာနယ်များအား သတင်းဖော်ပြခွင့်ပြုခဲ့ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ထိုင်းဘက်မှ သယ်လာသည့် လက်နက်များ ဖမ်းဆီးရမိ
ချင်းမိုင် (မဇ္ဈိမ)။ ။ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသားပိုင် ကားတစီးပေါ်မှ လက်နက်များအား မြန်မာနယ်စပ် အာဏာပိုင်များက ယနေ့ မွန်းလွဲပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်။
ထိုင်းနိုင်ငံ နယ်စပ်မြို့ မယ်ဆိုင်သို့ ကျောင်းသွားတက်သည့် မြန်မာကလေးများကို ပြန်ကြိုလာသည့် တိုယိုတာကား (နံပါတ် ၄၃၄၆၊ အဖြူရောင်) သည် နှစ်နိုင်ငံ တံတားထိပ် တာချီလိတ်သို့ ဝင်ရောက်လာစဉ် မသင်္ကာသဖြင့် ရှာဖွေရာမှ လက်နက် ၃ လက်နှင့် ကျည်ဆံများကို ဖမ်းဆီးရမိကြောင်း ဒေသခံများ အဆိုအရ သိရခြင်း ဖြစ်သည်။
ဖမ်းဆီးမိသည့် လက်နက်များမှာ ပွိုင့် ၃၈ - ၁ လက်၊ အေကေ ၄၇ တလက် ၎င်းကျည်အချို့၊ ပွိုင့် ၂၂ တလက်၊ စနိုက်ဘာ မှန်ပြောင်းတလက်၊ ကျည်ကာအင်္ကျီ တထည်၊ ပွိုင့် ၃၈ ကျည်အတောင့် ၃ဝဝ ၊ ပွိုင့် ၂၂ ကျည် ၅ဝ တောင့်၊ အေကေ ကျည်ဘောက်များလည်း ပါဝင်သည်ဟု မြို့ခံက ဆိုသည်။
ပြီးခဲ့သည့် နှစ်ကလည်း အဆိုပါ တံတားအောက်မှ လက်နက်များ ရှာဖွေတွေ့ရှိမှု တခု ဖြစ်ပွားခဲ့သေးသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
တပတ်ရစ် ဖော်ကာလေယာဉ်များ ၀ယ်ရန် မြန်မာအစိုးရ စီစဉ်နေ
နယ်သာလန်နိုင်ငံ အစိုးရပိုင် KLM လေကြောင်းလိုင်းမှ လက်ရှိ ပျံသန်းနေသော Fokker-100 အမျိုးအစား တပတ်ရစ် လေယာဉ် ၁၅ စီး ၀ယ်ရန် မြန်မာအစိုးရ ပို့ဆောင်ရေးဝန်ကြီးဌာနက စီစဉ်နေပြီး အင်္ဂလန်နိုင်ငံ Focus Aviation ကုပဏီအား ကြားပွဲစားအဖြစ် ဆောင်ရွက်ပေးရန် KLM လေကြောင်းလိုင်းက တာဝန်ပေးထားသည်ဟု သိရသည်။
( အာအက်ဖ်အေသတင်းမှ ကောက်နှုတ်ချက် )
+++++
ပြည်သူ့ပြည်ချစ်ပါတီ ဒု-ဥက္ကဋ္ဌနှင့်အဖွဲ့ နအဖထံ သွားရောက် ပူးပေါင်း
ပြည်သူ့ပြည်ချစ်ပါတီ (ပီပီပီ) အဖွဲ့၏ ဒု-ဥက္ကဋ္ဌ ဦးအုန်းသော်သည် အဖွဲ့ဝင် (၂၀) နှင့်အတူ မြဝတီတပ်စခန်းမှတဆင့် နအဖထံ သွားရောက်ခဲ့သည်ဟု အဖွဲ့၏ဥက္ကဋ္ဌ ဦးသန်းစိန်က ပြောသည်။
ပြီးခဲ့သည့် ကြာသပတေးနေ့က မဲဆောက်မှတဆင့် မြဝတီသို့ လက်နက်မဲ့သွားရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ အဖွဲ့၏အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးအောင်မြင့်လည်း လိုက်ပါသွားခဲ့သည်ဟု ဦးသန်းစိန်က ပြောသည်။
ဦးအုန်းသော်နှင့်အဖွဲ့ကို မြန်မာအာဏာပိုင်များက လက်ခံထားသော်လည်း ၎င်းတို့အား မြ၀တီမြို့ပြင်တွင် ထားရှိကာ တဦးချင်းစီကို စစ်ကြောရေးဝင်နေသည်ဟု အာဏာပိုင်များနှင့်နီးစပ်သည့် မြ၀တီမြို့ခံတဦးက ပြောသည်။
စစ်တပ်၏ အာဏာသိမ်းခံရသည့် မြန်မာနိုင်ငံဝန်ကြီးချုပ်ဟောင်းဦးနုသည် ၁၉၆၉ ခု စက်တင်ဘာ (၂၇) ရက်တွင် ပါလီမန်ဒီမိုကရေစီပါတီ (ပီဒီပီ) ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ထိုင်း-
မြန်မာနယ်စပ်တွင် တပ်အင်အား အလုံးအရင်းဖြင့် အခြေချကာ ထိုစဉ်က အာဏာသိမ်းစစ်အစိုးရကို တော်လှန်တိုက်ပွဲဝင်ခဲ့သည်။
ဦးနုမရှိတော့သည့်နောက်ပိုင်း ပီဒီပီ ပါတီကို ဖျက်သိမ်းကာ ပြည်သူ့ပြည်ချစ်ပါတီ (ပီပီပီ) ကို ၁၉၇၄ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့ကာ ဥက္ကဋ္ဌမှာ ဗိုလ်လက်ျာဖြစ်ပြီး နောက်ပိုင်း ဦးသွင်၊ ဦးသန့်ဇင်တို့က အဆင့်ဆင့် ဆက်လက်ဆောင်ရွက်ခဲ့ကာ ၁၉၉၇ ခုနှစ်တွင် ပါတီဥက္ကဋ္ဌ အဖြစ် ဦးသန်းစိန်ကို ရွေးချယ်ခဲ့သည်မှာ ယနေ့ထိဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် စစ်အစိုးရ တွေ့ဆုံရာမှာ မွန်ပြည်သစ်မပါသေး
စစ်အစိုးရသည် ၀ပြည် သွေးစည်းညီညွတ်ရေးပါတီ အပါအ၀င် မြန်မာပြည် မြောက်ပိုင်းက အပစ်အခတ်ရပ်စဲရေး လုပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ဧပြီလ ၂၈ ရက်နေ့က ခေါ်ယူတွေ့ဆုံခဲ့သော်လည်း တောင်ပိုင်းရှိ မွန်ပြည်သစ်အဖွဲ့အား ခေါ်ယူတွေ့ဆုံခြင်း မရှိသေးဘူးဟု သိရသည်။
သို့သော် ပြီးခဲ့သည့် မတ်လအတွင်းက မွန်ပြည်သစ် ခေါင်းဆောင်တချို့နှင့် နအဖ ခေါင်းဆောင်တဦးဖြစ်သော ဗိုလ်ချုပ်ရဲမြင့် တွေ့ဆုံခဲ့ခြင်း ရှိသည်။ မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်ဟု မသိရပေ၊
( အာအက်ဖ်အေသတင်းမှ ကောက်နှုတ်ချက် )
+++++
မေလ ၅ ရက်
ရက်သတ္တပတ် ၁၉ ၊ ၂၀၀၉
မြန်မာသတင်း
အယူခံပိုင်ခွင့် အခွင့်အရေး မရရှိ
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်အမှုအယူခံကို နအဖစစ်အစိုးရက ပယ်ချလိုက်ပြီဖြစ်သည်။
အယူခံပယ်ဖျက်မှုကို ဧပြီ (၃၀) ရက်တွင် တွဲဖက်ရှေ့နေ ဦးလှမျိုးမြင့်ကိုယ်တိုင် နေပြည်တော်သို့ သွားယူခဲ့ရ ကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက သတင်းဌာနများသို့ ပြောသည်။
နေအိမ်အကျယ်ချုပ်အယူခံမှုကို ၂၀၀၈ ခုနှစ် အောက်တိုဘာလ (၉) ရက်ကတည်းက တင်သွင်းခဲ့သော်လည်း နအဖ၀န်ကြီးချုပ်က တစုံတရာအကြောင်းပြန်ကြားခြင်း မရှိခဲ့ရာ ဧပြီ (၂၈) ရက်တွင် နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ထပ်မံတင်ပြခဲ့ရာတွင် အယူခံမှုကို ပလပ်လိုက်ကြောင်း နအဖဘက်က တရားဝင် အကြောင်းကြားလိုက်ခြင်းဖြစ်သည်။
တည်ဆဲဥပဒေ (၁၉၇၅) အရ နိုင်ငံတော်နှောင့်ယှက်ဖျက်ဆီးသူများမှ ကာကွယ်သည့်ဥပဒေတွင် (၅) နှစ်အထိသာ ချုပ်နှောင်ထားပိုင်ခွင့်ရှိသော်လည်း တနှစ်ထပ်မံတိုးချုပ်ခဲ့ခြင်းသည်ပင်လျှင် နအဖစစ်အစိုးရအနေဖြင့် ကိုယ့်ဥပဒေ ကိုယ်ချိုးဖောက်နေခြင်း ဖြစ်သည်ဟုလည်း ၎င်းက ထောက်ပြပြောဆိုသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
လွတ်လပ်စွာ သတင်းယူနိုင်ကြောင်း ငါး အဖွဲ့ချုပ်က ပြောဆို
ချင်းမိုင် (မဇ္ဈိမ)။ ။ သတင်းမီဒီယာများ သိလိုသည်များကို မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တွင် လွတ်လပ်စွာ မေးမြန်းနိုင်ကြောင်း ယနေ့ ကျင်းပသည့် ငါးလုပ်ငန်း ပုံမှန်အစည်းအဝေး၌ အဖွဲ့ချုပ် အမှုဆောင်တဦးက ပြောဆိုလိုက်သည်။
မကြာသေးခင်က ပြည်ပမီဒီယာ တခုက ငါးလုပ်ငန်း အဖွဲ့ချုပ်က သတင်းဌာနများကို လွတ်လပ်စွာ ရေးသားခွင့် ပိတ်ပင်သည်ဆိုသည့် သတင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ကြို့ကုန်းရှိ ငါးလုပ်ငန်းခန်းမတွင် အင်္ဂါနေ့တိုင်း ငါးလုပ်ငန်း အဖွဲ့ချုပ် ပုံမှန်အစည်းအဝေးတွင် ပြည်တွင်း သတင်းဌာနများသို့ တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။ သို့သော် သတင်းမီဒီယာများအနေဖြင့် ငါးလုပ်ငန်း သတင်းများကို ဖော်ပြရာတွင် ပြည်သူသို့ မထုတ်ပြန်သင့်သည့် သတင်းအချက်အလက်များ ပါရှိနိုင်သဖြင့် အဖွဲ့ချုပ်သို့ ပြန်လည်တိုင်ပင်စိစစ်ရန် လိုကြောင်း အမှုဆောင်ဖြစ်သူက ပြောဆိုသည်ခဲ့သည်ဟု သိရသည်။
ထို့အပြင် ငါးလုပ်ငန်း အဖွဲ့ချုပ်က လွတ်လပ်စွာ ရေးသားခွင့်ပေးခဲ့သည့်အတွက် ပြည်တွင်း မီဒီယာများတွင် ၂ ကြိမ် မှားယွင်းခဲ့ခြင်းကြောင့် ယခုလို ပြန်လည်စိစစ်ရန် လိုအပ်ခြင်းဖြစ်ကြောင်း သူက ဆိုခဲ့သည်။
သတင်းမီဒီယာကဏ္ဍတွင် ငါးလုပ်ငန်း အဖွဲ့ချုပ်သည် ပွင့်လင်းကြောင်း ပြည်တွင်းသတင်း ဌာနများက ဆိုသည်။
သို့သော် ပြည်တွင်း သတင်းဌာနတခုမှ တာဝန်ရှိသူတဦးက ယခုလို ဖြည့်စွက်ပြောဆိုသည်။
သူက “မေးသမျှအကုန် ဖြေတယ်။ ဒါပေမဲ့ တချို့သတင်းတွေကိုကျတော့ သတင်းမရေးပါနဲ့လို့ တခါထဲ ပြောတယ်” ဟု ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
တပ်ဖွဲ့ အင်အားလျှော့ချမည့်ကိစ္စ ဒီကေဘီအေအတွင်း သဘောထားကွဲ
တိုးတက်သောကရင်ဗုဒ္စဘာသာအဖွဲ့ (ဒီကေဘီအေ) ကို နယ်ခြားစောင့်တပ်အဖြစ် မြန်မာစစ်အစိုးရက ပြင်ဆင်ဖွဲ့စည်းပေးမည်ကို သဘောတူလက်ခံသော်လည်း တပ်ဖွဲ့ဝင်အင်အားလျှော့ချမည့် ကိစ္စနှင့်ပတ်သက်၍ ဒီကေဘီအေအတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသည်ဟု အဖွဲ့၏အဆင့်မြင့်အရာရှိတဦးက ပြောသည်။
ဒေသတခုတွင် ရှိသည့် တပ်ရင်းတရင်းကို တပ်ဖွဲ့ဝင် (၃၀၀) သာ ကန့်သတ်ထားကာ တပ်ရင်းမှူးနဲ့ ဒု-ရင်းမှူးမှာ ဒီကေဘီအေက အရာရှိဖြစ်သော်လည်း ကျန်သည့် အထက်အဆင့်နှင့် အောက်ခြေအဆင့်များကို တပ်မတော်က အဆင့်ဆင့်ကွပ်ကဲအုပ်ချုပ်သွားမည် ဖြစ်သည့်အတွက် အစည်းအဝေးထိုင်ရခြင်းဖြစ်ကြောင်း ဒီကေဘီအေမှ အဆိုပါ အဆင့်မြင့်အရာရှိက ပြောသည်။
ဒီကေဘီအေအနေဖြင့် နိုင်ငံတော်နှင့်ငြိမ်းချမ်းရေးရယူထားသည့် အဖွဲ့အချို့ကဲ့သို့ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရန် လုံးဝအစီအစဉ်မရှိကြောင်း၊ နအဖစစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့် ပြောကြားခဲ့သည့်အတိုင်း နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည်ကို သဘောတူညီခဲ့သော်လည်း ယခုကဲ့သို့ တပ်အင်အားအဆပေါင်းများစွာ လျှော့ချမည့်ကိစ္စကို ဒီကေဘီအေ ခေါင်းဆောင်အချို့က သဘောမတူကြဟု သိရသည်။
နအဖသတ်မှတ်ထားသည့်အတိုင်း တပ်အင်အားလျှော့ချမည်ဆိုပါက တပ်ဖွဲ့ဝင်အင်အား (၉၀၀) ခန့်သာ ကျန်ရှိမည်ဖြစ်သည်ဟု သိရှိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဝတ်ပြု ဆုတောင်းသူများကို သာသနာရေးဌာနက တရားစွဲ
ချင်းမိုင် (မဇ္ဈိမ)။ ။ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲကြောင့် အဖမ်းခံရသူ ရန်ကုန်တိုင်း တွံတေးမြို့မှ အန်အယ်ဒီ ပါတီဝင် နှစ်ဦးအမှုကို မြို့နယ်တရားရုံးက ယနေ့ စစ်ဆေးရာ သာသနာရေး ဦးစီးဌာနမှ ပါဝင် အစစ်ဆေးခံခဲ့သည်။
မြို့နယ်အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးချစ်ဖေနှင့် စည်းအဖွဲ့ဝင် ဦးအောင်စိုးဝေကို သာသနာတော် ညှိုးနွမ်းစေရန် ပြုလုပ်မှုဖြင့် တရားစွဲဆိုခဲ့ပြီး ယနေ့ ဒုတိယအကြိမ် ရုံးထုတ်ရာ သံလျင်ခရိုင် သာသနာရေး ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ကိုယ်တိုင် တရားလိုအဖြစ် အစစ်ဆေးခံခဲ့ခြင်း ဖြစ်သည်။
သာသနာရေး အလံတွင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်ပါစေ၊ ကျန်းမာပါစေ ဆိုသည့် စာတန်းများ ရေးခြင်းသည် သာသနာရေးကို ညစ်ထေးစေသည်ဟု ဦးဉာဏ်ဋ္ဌေးက တရားရုံးတွင် ထွက်ဆိုကြောင်း အန်အယ်ဒီ အမှုသည်များအတွက် ဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးကျင်တိုးက ပြောသည်။
တရားစွဲဆိုခံရသူ နှစ်ဦးသည် ပြီးခဲ့သည့်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ဇီးဖြူကုန်းရွာ ပါတီဝင် လူငယ်များနှင့် နာဂစ်မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ရွာသားများ စုစုပေါင်း ၅ဝ ခန့်နှင့်အတူ တွံတေးမြို့နယ် ဇီးဖြူကုန်းကျေးရွာရှိ ဖက်တရာ စေတီတော်ကြီး၌ သာသနာ့အလံနှင့် သပြေပန်းများကို ဂြိုဟ်တိုင်များတွင် စိုက်ထူပြီး ဝတ်ပြုဆုတောင်းခဲ့သည်။
ယခု စွဲဆိုထားသည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မသည် ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ်ပါ ကျခံရနိုင်သည့် ပုဒ်မဖြစ်ကြောင်း သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နာဂစ် လေဘေး ဒုက္ခသည် ( ၅ ) သိန်းအတွက် နေအိမ်များ လိုအပ်ဆဲ
မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး (၁) နှစ်ပြည့်ပြီးသော်လည်း မုန်တိုင်းဒဏ်ခံရသူများအတွက် အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း ကမ္ဘာ့အကူအညီပေးရေးအဖွဲ့များက ပြောသည်။
လေဘေးဒုက္ခသည် (၅) သိန်းခန့်အတွက် နေစရာအိမ်များ အမြန်ဆုံးလိုအပ်နေကြောင်း လူသားချင်းစာနာ ထောက်ထားမှု အကူအညီများပေးနေသည့် Inter-Agency Standing Committee( IASC) အဖွဲ့ကြီးက ပြောကြားသည်။
ကုလသမဂ္ဂက နာဂစ်ဘေးသင့်သူများအား ကူညီနိုင်ရေးအတွက် နိုင်ငံတကာသို့ တောင်းခံထားသည့် လိုအပ်ငွေမှာ အမေရိကန် ဒေါ်လာ (၄၇၇) သန်းဖြစ်ပြီး ယင်းငွေ၏ (၆၆) ရာခိုင်နှုန်းဖြစ်သည့် ဒေါ်လာ (၃၁၅) သန်းရရှိခဲ့သည်။
နောက်လာမည့် (၃) နှစ်အတွက် အမေရိကန်ဒေါ်လာ (၆၉၁) သန်း တောင်းခံထားသည်ဟု (OCHAFTS) တွင် ဖော်ပြသည်။ ၂၀၀၈ ခု မေ (၁-၂) ရက်တို့တွင် တိုက်သည့်နာဂစ်မုန်တိုင်းကြောင့် လူပေါင်း (၂) သန်း (၄) သိန်းခန့် မုန်တိုင်းဒဏ် ခံခဲ့ကြရပြီး သေဆုံးသူပေါင်း (၁) သိန်း (၄) သောင်းခန့်ရှိကာ စာသင်ကျောင်းပေါင်း (၄) ထောင်ခန့် ဆုံးရှုံးပျက်စီး ခဲ့ကြောင်း၊ လူပေါင်း (၁) သန်းကျော်အတွက် စားနပ်ရိက္ခာများ ထောက်ပံပေးခဲ့ကာ၊ ကလေး (၅) သိန်းကျော် အတွက် ပညာရေး ထောက်ပံ့မှုများ ပေးနိုင်ခဲ့ပြီး ကျောင်းပေါင်း (၁,၄၀၀) ပြင်ဆင်ပေးနိုင်ခဲ့ကြောင်း ကယ်ဆယ်ရေး ၀က်ဆိုဒ် များတွင် ဖော်ပြထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဖမ်းဆီးရမိ သစ်ကားများ ဗန်းမော်သို့ ပို့ဆောင်
ရွှေလီ (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ် မန်စီမြို့နယ်ရှိ သစ်တောများအတွင်းမှ ဖမ်းဆီးရမိသည့် တရားမဝင် သစ်ကယ်ရီ ကားများအား လွန်ခဲ့သည့် ၂ ရက်ခန့်မှ စတင်၍ ဗန်းမော်မြို့သို့ မောင်းနှင် ပို့ဆောင်နေပြီ ဖြစ်သည်။
မန်စီမြို့နယ်အတွင်းရှိ တောင်ပေါ်နှင့် တောတွင်းများမှ ဖမ်းဆီးရမိခဲ့သည့် သစ်ကယ်ရီယာဉ် အစီးရေ ၂ဝဝ ခန့်ကို မြို့အနီး ကိုက်ထိပ်ရွာသို့ ပို့ဆောင်ခဲ့ကာ၊ ထိုမှတဆင့် မန်စီ-ဗန်းမော် လမ်းကြောင်းအတိုင်း ဗန်းမော်မြို့အရောက် မောင်းနှင် သယ်ယူသွားကြောင်း သိရခြင်း ဖြစ်သည်။
ဗန်းမော်သို့ ရောက်နှင့်ပြီဖြစ်သည့် ကားများအား ဗန်းမော်အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးနှင့် ကွပ်ကဲမှု ဌာနချုပ် - စကခ ၂၁ ဝန်းအတွင်း စုပုံထားရှိသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မေလ ၆ ရက်
ရက်သတ္တပတ် ၁၉ ၊ ၂၀၀၉
မြန်မာသတင်း
သတင်းဌာနနှင့် ဆက်သွယ်သူများကို လဝက အမှုဖြင့် ထောင်ဒဏ်ချ
ဒါကာ (မဇ္ဈိမ) ။ ။ ပြည်ပသတင်းဌာနများနှင့် ဆက်သွယ်သူများအား နယ်စပ်ဖြတ်ကျော်မှုနှင့် ချိတ်ဆက် အမှုဆင်ပြီး ထောင်ဒဏ်ချမှတ်ရန် ရခိုင်ပြည်နယ် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ညွှန်ကြားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ပြည်ပသတင်းဌာနများဖြင့် ဆက်သွယ်သူများကို လူဝင်မှုကြီးကြပ်ရေး - လဝက ပုဒ်မ တပ်ကာ ထောင်ဒဏ် ချမှတ်ရန် ယခုနှစ် ဖေဖော်ဝါရီလအတွင်းမှ စတင်ကာ ညွှန်ကြားထားခြင်း ဖြစ်သည်။
နိုင်ငံရေး ပုဒ်မတပ်ကာ တရားစွဲနိုင်သော အမှုများကို လဝက ပုဒ်မတပ်ပြီး ပြစ်ဒဏ် ချမှတ်ခြင်းသည် မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား မရှိကြောင်း မြန်မာအစိုးရက ပြသချင်၍ ဖြစ်ကြောင်း သူက ပြောသည်။
ပြီးခဲ့သည့်လ နောက်ဆုံးပတ်အတွင်းက ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ သဝန်ချောင်း ကျေးရွာသား ဦးမြတ်ထွန်း (ရဲဝန်ထမ်းဟောင်း) အား ပြည်ပ သတင်းဌာနများသို့ သတင်းပေးသည်ဟုဆိုကာ ဘင်္ဂလားဒေ့ရှ်မှ အပြန် ဘူးသီးတောင် အခြေစိုက် အမှတ် (၂) ဗျူဟာရှေ့တွင် စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ - စရဖ က ဖမ်းဆီးခဲ့သည်။
ယခုနှစ် ဖေဖော်ဝါရီ လအတွင်းကလည်း တောင်ကုတ်မြို့မှ ကိုစန်းလွင်နှင့် စစ်တွေမြို့ ပါတလိတ်ချိတ် ရပ်ကွက်နေ ကိုသာထွန်း ကို ဘင်္ဂလားဒေ့ရှ် အခြေစိုက် နိရိဉ္စရာ သတင်းဌာနနှင့် ဆက်သွယ်သည့် အထောက်အထားများ ရရှိပါလျက်နှင့် မရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့်ပင် ထောင်ဒဏ် ၅ နှစ်စီ ပြစ်ဒဏ်ချခဲ့သေးကြောင်း နိရိဉ္စရာ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရန် နအဖပြော၊ ၀ တပ်ဖွဲ့ မကျေမနပ်ဖြစ်နေ
တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ နအဖနှင့်အပစ်ခတ်ရပ်စဲရေး ပြုလုပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် နအဖစစ်ဘက်အရာရှိများက ဧပြီ (၂၈) တွင် သီးခြားစီတွေ့ဆုံခဲ့ရာ အင်အားအဆမတန်လျှော့ချခံရမည့် ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (ယူဒဗလျူအက်စ်အေ) က မကျေမနပ်ဖြစ်နေသည်။
ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့တွင် စစ်ဘက်ရေးရာအရာရှိချုပ် ဗိုလ်ချုပ်ရဲမြင့်က ၀ခေါင်းဆောင်များအား ခေါ်ယူတွေ့ဆုံပြီး ၀ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရန်နှင့် အင်အား (၃) ထောင်အထိ လျှော့ချပြီး နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် ပြောဆိုမှုအပေါ် ၀ခေါင်းဆောင်များ အနေဖြင့် လက်ခံမည်မဟုတ်ကြောင်း ၀တပ်မှူးတဦးက ပြောသည်၊
ဝတပ်မဟာ (၁၇၁) အခြေစိုက်ရာ ၀ပြည်တောင်ပိုင်းနယ်မြေကိုလည်း ၀ဒေသအတွင်း မထည့်ဘဲ ခွဲထုတ်လိုက်သည့် အပေါ် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က လက်ခံမည်မဟုတ်ကြောင်း အဆိုပါ ၀တပ်မှူးက ပြောသည်။
အလားတူ ကိုးကန့်အဖွဲ့၊ ရှမ်းပြည်အရှေ့ပိုင်းအထူးဒေသ (၄)၊ ဦးစိုင်းလင်း ဦးဆောင်သည့် မိုင်းလားအဖွဲ့၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့၊ ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော်နှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ များအား ကျိုင်းတုံ၊ တန်ယန်း၊ မြစ်ကြီးနားတို့တွင် စစ်တိုင်မှူးများနှင့် စစ်ဘက်အရာရှိများက ဧပြီ (၂၈) ရက်၌ သီးခြားစီ ခေါ်ယူတွေ့ဆုံပြီး နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ပြောဆိုခဲ့သည်။
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) မှ ဥက္ကဋ္ဌ ဦးဇောင်းဟရား ဦးဆောင်သည့်အဖွဲ့နှင့် မပခတိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်းတို့ မေ (၂၈) ရက်၌ မြစ်ကြီးနားတွင် တွေ့ဆုံခဲ့ပြီး ၎င်းတို့အနေဖြင့် မေလကုန်ပိုင်းတွင် မြစ်ကြီးနားသို့ ကိုယ်စားလှယ်လွှတ်ကာ ထပ်မံဆွေးနွေးရန် ရှိကြောင်း ကေအိုင်အို ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ဂွမ်မော်က ပြောဆိုပြီး အသေးစိတ်ပြောဆိုရန်ကိုမူ ငြင်းဆိုသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
နိုင်ငံတကာ ရာဇဝတ်ခုံရုံးတွင် တရားစွဲသင့်ဟု BLC ပြောကြား
နယူးဒေလီ (မဇ္ဈိမ) ။ ။ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုများ အပါအဝင် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် မြန်မာ စစ်ဗိုလ်ချုပ်များအား နိုင်ငံတကာ ရာဇဝတ်ခုံရုံးတွင် တရားစွဲနိုင်ရန်အတွက် အထောက်အထားနှင့် အချက်အလက်များကို စုဆောင်းနေပြီဟု မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီက ပြောသည်။
စစ်အစိုးရမှ တိုင်းသူပြည်သားများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် အမှုဖွင့်၍ တရားစွဲရန် လမ်းစများ ရှာဖွေနေကြောင်း ယနေ့ ပြောကြားခြင်း ဖြစ်သည်။ BLC ကို ပြည်ပရောက် မြန်မာရှေ့နေများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
စစ်အစိုးရအား နိုင်ငံတကာ ရာဇဝတ်ခုံရုံး - ICC တင်ရန် နည်းလမ်းရှာဖွေသည့် အဆင့်တဆင့် အနေဖြင့်၊ BLC သည် IFDH ခေါ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့ကြီးနှင့်အတူ နိုင်ငံတကာရေးရာ ကျွမ်းကျင်သူများ၊ မြန်မာ့အရေး တက်ကြွစွာ လှုပ်ရှားသူများနှင့် အခြား သူများကို ဖိတ်ခေါ်ပြီး ၂ ရက်ကြာ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည်။
သို့ရာတွင် မြန်မာနိုင်ငံသည် ၂ဝဝ၂ ခုနှစ် ဇူလိုင်လတွင် ICC ကို တည်ထောင်ပေးခဲ့သည့် သဘောတူ စာချုပ်ဖြစ်သော ရောမ ဥပဒေကို သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်း မရှိသည့်အတွက်၊ ICC အနေဖြင့် မြန်မာပြည်အပေါ် စီရင်ဆုံးဖြတ်ပိုင်ခွင့် မရှိပေ။
မည်သို့ပင်ဆိုစေ၊ သဘောတူစာချုပ်၏ ပိုင်နက်နယ်မြေဆိုင်ရာ တရားစီရင်ပိုင်ခွင့်နှင့် သက်ဆိုင်သည့် ဥပဒေအပိုဒ် တခုအရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ထိုသို့ ဆောင်ရွက်ရန် လွှဲအပ်ထားမှုအပေါ် အခြေခံပါက ICC အနေဖြင့် တရားစီရင်ပိုင်ခွင့် ရှိကြောင်း စာချုပ်က ခွင့်ပြုထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နယ်စပ်ရှိ မွန်ပြည်သစ်ပါတီ နယ်မြေတွင် နိုင်ငံသားကပ်ပြား စတင်ထုတ်ပေး
စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် မွန်ပြည်သစ်ပါတီ အုပ်ချုပ်ရေးနယ်မြေများအနက် ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ မွန်တိုင်းရင်းသားများကို စစ်အစိုးရ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) အရာရှိများက နိုင်ငံသားကတ်များ ကွင်းဆင်းပြုလုပ်ပေးနေကြောင်း ဒေသခံများက ပြောသည်။
လူထုဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် ယမန်နှစ် ဖေဖော်ဝါရီလက အသက် (၁၈) နှစ် ပြည့်ပြီးသူများအား ပြုလုပ်ပေးထားသော ယာယီမှတ်ပုံတင်ကတ်ပြားရှိသူများကို နိုင်ငံသားကတ်များဖြင့် ယမန်နေ့က တရက်တည်း ပြန်လည်ပြုလုပ်ပေးခြင်းဖြစ်သည်။ ယခုပြုလုပ်ကြသူများအနက် မွန်ပြည်သစ်ပါတီမှ ပါတီဝင်များလည်း ပါဝင်သည်။
သို့သော် ယင်းသို့သွားရောက်လုပ်ကိုင်ကြသူများမှာ ၂၀၁၀ ရွေးကောက်ပွဲ မဲဆန္ဒထည့်ရန်အတွက် မဟုတ်ကြ ကြောင်းနှင့် ခရီးသွားလာရာတွင် လွယ်ကူချောမွေ့စေရန်အတွက်သာ ပြုလုပ်ကြခြင်းဖြစ်ကြောင်း နိုင်အောင်မငေးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကိုရီးယား လွှတ်တော်အမတ် ၂ ဦး မြန်မာပြည် သွားမည်
ချင်းမိုင် (မဇ္ဈိမ)။ ။ တောင်ကိုရီးယား သမတ၏ သဝဏ်လွှာ ပေးပို့ရန်နှင့် အာဆီယံ အထူး ထိပ်သီးဆွေးနွေးပွဲ ဖိတ်ကြားရန် ကိုရီးယား လွှတ်တော်အမတ် ၂ ဦးသည် ယခုလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်မည်။
Mr. Huh Tae Yeol နှင့် Mr. Cho Hae Jin တို့သည် ယခုလ ၈ ရက်မှ စတင်ကာ နှစ်ရက်ကြာ နေထိုင်သွားမည်ဖြစ်ပြီး၊ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် တွေ့ဆုံမည့်အကြောင်း မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံရုံးက ပြောဆိုခြင်းဖြစ်သည်။
၈ ရက်နေ့တွင် နေပြည်တော်သို့ သွားရောက်ကာ၊ ၉ ရက်နေ့တွင် ရန်ကုန်သို့ ပြန်ရောက်မည် ဖြစ်သည်။
ကိုရီးယား-အာဆီယံ အထူး ထိပ်သီးဆွေးနွေးပွဲသည် ဇွန်လ ၁ ရက်နှင့် ၂ ရက်နေ့တွင် ဂျဲဂျူကျွန်း၌ ကျင်းပမည်ဖြစ်ရာ ယင်းအတွက် တောင်ကိုရီးယား သမ္မတက အာဆီယံနိုင်ငံများသို့ အထူးကိုယ်စားလှယ် ၁ဝ ဦး စေလွှတ်ခြင်းဖြစ်သည်ဟု ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
“ ဆန်ရှင် ” မထိရောက်ဟု စာရေးဆရာ ကျော်ဝင်း ပြော
လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အမေရိကန်အစိုးရက မြန်မာစစ်အစိုးရအပေါ် ချမှတ်ထားသည့် ဆန်ရှင် (sanction) ကို သိပ်ထိရောက်သည်ဟု မထင်ကြောင်း ဘာသာပြန် စာရေးဆရာကျော်ဝင်းက ထုတ်ဖော် ပြောဆိုသည်။
ပြည်တွင်း၌ ယနေ့ထုတ်ဝေသည့် ရန်ကုန်တိုင်းမ် ပုဂ္ဂလိကဂျာနယ်တွင် ဖော်ပြထားသည့် မြန်မာ- အမေရိကန် ဆက်ဆံရေးဆိုသည့် ဆောင်းပါးတွင် ဆရာကျော်ဝင်းက ပြောဆိုခြင်းဖြစ်သည်။
ယင်းဆောင်းပါးတွင် sanction နှင့်ပတ်သက်ပြီး အမေရိကန်သံရုံး ယာယီတာဝန်ခံ Larry Dinger ၊ စာရေးဆရာ ကျော်ဝင်းနှင့် ဗိုလ်မှူးဟောင်း ဦးကိုကိုလှိုင်တို့၏ ဆွေးနွေးချက်များကို ဖော်ပြထားသည်။
စာရေးဆရာကျော်ဝင်းက sanction နှင့်ပတ်သက်၍ ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုမှုသည် မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် တရားဝင်ပြောဆိုခြင်းဖြစ်သည်။
ယခင်က ကျော်ဝင်းနာမည်နှင့် မြန်မာ့နိုင်ငံရေးစာတမ်းများ ထွက်ပေါ်ခဲ့၊ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ဖူးသော်လည်း သူမဟုတ်ကြောင်း၊ မည်သည့်ထင်မြင်ချက်မှ မပေးနိုင်ကြောင်း တရားဝင် စာမျက်နှာထက်မှ ထုတ်ဖော်ခဲ့သူဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အလုပ်ရှင်နှင့် သဘောတူညီမှုရ၊ မဲဆောက် ဆန္ဒပြပွဲ ပြီးဆုံး
ချင်းမိုင် (မဇ္ဈိမ)။ ။ အလုပ်ရှင်နှင့် အလုပ်သမားများအကြား သဘောတူညီမှု လက်မှတ်ရေးပြီးနောက် လုပ်အားခ ၂ လစာ ရရှိရေး ဆန္ဒပြပွဲသည် ၆ နာရီခန့်အကြာတွင် ရပ်ဆိုင်းခဲ့ပြီ ဖြစ်သည်။
စက်ရုံပိုင်ရှင်၏ ဇနီးဖြစ်သူ နောင့်စောင် ထံနဖွန်ဆိုထနာဒေချာဖွန်က ပိုင်ရှင် ကိုယ်စားလှယ်အဖြစ် လည်းကောင်း၊ အလုပ်သမားအရေး ဆောင်ရွက်နေသည့် MAP Foundation အဖွဲ့မှ ထိုင်းရှေ့နေ ဖိနိန်၊ မဲဆောက်မြို့ရှိ အလုပ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် လူမှုဖူလုံရေးရုံး တာဝန်ခံ ခွန်စွန်ဖွန်နှင့် အလုပ်သမား ကိုယ်စားလှယ် ၉ ဦးအကြား ယခုလ ၂ဝ ရက်နေ့တွင် ငွေရှင်းပေးရန် သဘောတူ လက်မှတ်ထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။
လုပ်အားခ မရသည့် ကိစ္စနှင့် ပတ်သက်၍ အလုပ်သမားများက ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ထံ လာရောက်တိုင်ကြားရာ အလုပ်သမားရုံးနှင့် ညှိပေးရန် စီစဉ်ပေးခဲ့သည်။ သို့သော် အလုပ်သမားရုံးမှ အရာရှိနှင့် လုပ်ငန်းရှင် ဇနီးမောင်နှံက ရှောင်တိမ်းနေခဲ့သဖြင့် ယခုကဲ့သို့ အလုပ်သမားရုံး (ဆဝါဒီကန်) ရှေ့သို့ သွားရောက် ဆန္ဒပြရခြင်း ဖြစ်သည်။
အလုပ်ရှင်ဘက်က ရှောင်တိမ်းခဲ့သဖြင့် အလုပ်သမားများက ပြီးခဲ့သည့်လ ၂၈ ရက်နေ့ကတည်းက အလုပ်လုပ်ကိုင်ခြင်းကို ရပ်ဆိုင်းထားခဲ့ပြီး၊ လုပ်အားခ ပြန်ရမှသာ လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်မည်ဟု အလုပ်သမားများက တောင်းဆိုခဲ့သည်။
ထို့အပြင် ယခင်က ယင်းကဲ့သို့ ဆန္ဒပြတောင်းဆိုလျှင် အလုပ်ရှင်များက ရဲအချို့နှင့် ပူးပေါင်း၍ ဆန္ဒပြခေါင်းဆောင်များကို ရိုက်နှက်ဖမ်းဆီးမှုများ ဖြစ်ပွားခဲ့ဖူးသော်လည်း ယနေ့ ဆန္ဒပြအလုပ်သမားများအပေါ် တစုံတရာ နှောင့်ယှက်ဟန့်တားခြင်း မရှိခဲ့ပါ။
ပြည်တွင်း၌ စီးပွားရေး အဆင်မပြေသဖြင့် မြန်မာနိုင်ငံသား ဦးရေ သန်းနှင့်ချီရှိပြီး ထိုင်းနိုင်ငံနေရာအနှံ့သို့ ထွက်လာသည့်အနက် မဲဆောက်မြို့၌လည်း ဈေးဆိုင်၊ စားသောက်ဆိုင်၊ အိမ်အကူ၊ အထည်ချုပ်စက်ရုံနှင့် သိုးမွှေးစက်ရုံတို့၌ ဝင်ရောက်လုပ်ကိုင်လျက် ရှိကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မေလ ၇ ရက်
ရက်သတ္တပတ် ၁၉ ၊ ၂၀၀၉
မြန်မာသတင်း
အမေရိကန်နိုင်ငံသား၊ ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ လျှို့ဝှက် ၀င်ရောက်
အမေရိကန်ပတ်စ်ပို့ (PP.NO-4397677222/28.4.2008) ကိုင်ဆောင်ထားသော Mr.John Willian Yeattaw ဆိုသူသည် မေလ (၆) ရက် နံနက် (၅) နာရီခွဲတွင် (၅) လီတာဝင် ရေသန့်ဘူးအကူအညီဖြင့် အင်းလျားကန်အတွင်း ကူးခတ်နေစဉ် စစ်ဆေးမေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်မှ ပြန်ထွက်လာခြင်းဖြစ်သည်ဟု နအဖသတင်းစာများတွင် ယနေ့ဖော်ပြထားသည်။
အဆိုပါ အမေရိကန်နိုင်ငံသားသည် ကမ္ဘာလှည့်ခရီးသွားဗီဇာဖြင့် မေ (၂) ရက်တွင် ၀င်ရောက်လာခြင်းဖြစ်ပြီး ဗျူးတီးလဲန်း (၂) ဟိုတယ်တွင် တည်းခိုခဲ့ကာ မေ (၃) ရက်ညပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံသို့ အင်းလျားကန်မှတဆင့် ရေကူးသွားရောက်ခဲ့ကာ နေအိမ်အတွင်း လျှို့ဝှက်နေထိုင်ခဲ့ကြောင်း သတင်းစာများက ဖော်ပြသည်။
ထို့နောက် မေ (၅) ရက် ညပိုင်းအချိန်တွင် အင်းလျားကန်အတွင်းမှ ရေကူး၍ ပြန်ထွက်လာစဉ် လုံခြုံရေးများက ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးစဉ် ၎င်းနှင့်အတူ နိုင်ငံကူးလက်မှတ်တခု၊ အနက်ရောင်ကျောပိုးအိတ်တလုံး၊ ဓာတ်မီး တလက်၊ ခေါက်ပလာယာတလက်၊ ကင်နွန်ကင်မရာတလုံး၊ အမေရိကန်ဒေါ်လာ (၁၀၀) တန် နှစ်ရွက်နှင့် မြန်မာငွေ (၁,၀၀၀) တန် (၉၃) ရွက်တို့ကိုပါ သိမ်းဆည်းရမိကြောင်း ဖော်ပြထားပြီး ဆက်လက်စစ်ဆေးဖော်ထုတ်သွားမည် ဟုလည်း ရေးသားထားသည်။
ထိုသို့ နအဖသတင်းစာများ၏ ဖော်ပြချက်တွင် အဆိုပါ အမေရိကန် နိုင်ငံသားအား တွေ့ရှိချိန်ကို မေ (၆) ရက် နံနက်ပိုင်း (၅) နာရီခွဲ နှင့် မေ (၅) ရက် ညပိုင်း ဟူ၍ ကွဲလွဲစွာဖော်ပြထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဂုဏ်သိက္ခာ ကျဆင်းစေရန် ဖန်တီးလာနိုင်ဟု NLD (L/A) ပြောဆို
ချင်းမိုင် (မဇ္ဈိမ)။ ။ အကျယ်ချုပ် ကျခံနေသည့် နေအိမ်အတွင်း အမေရိကန် နိုင်ငံသား တဦး တိတ်တဆိတ် ဝင်ရောက်ခဲ့မှုကို ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာ ကျဆင်းစေရန် ဖန်တီးလာနိုင်ကြောင်း ပြည်ပအခြေစိုက် အန်အယ်ဒီ (လွတ်မြောက်နယ်မြေ) က ပြောသည်။
ပါတီခေါင်းဆောင်၏ နေအိမ်၌ ၂ ရက်ကြာနေခဲ့ပြီး၊ ယခုလ ၅ ရက်နေ့ ညနေတွင် ပြန်လည် ထွက်ခွာလာကာ၊ ၆ ရက်နေ့တွင် အင်းယားကန်အတွင်း ရေကူးနေစဉ် အဖမ်းခံခဲ့ရကြောင်း မြန်မာစစ်အစိုးရ သတင်းစာများတွင် သတင်း ထုတ်ပြန်ချက်အပေါ် NLD (L/A) ခေါ် အန်အယ်ဒီ (လွတ်မြောက်နယ်မြေ) က တုံ့ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ထို့အပြင် နေအိမ်အကျယ်ချုပ် ကျခံနေသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဝင်းသို့ စစ်အစိုးရ အဆိုအရ အမေရိကန် နိုင်ငံသားတဦး ခိုးဝင်ခဲ့ခြင်းကို လုံခြုံရေး အားနည်း၍ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း မြန်မာပြည်တွင်းရှိ NLD က ဆိုသည်။
ယခုကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အတွက် အထူးစိုးရိမ်ဖွယ်ရာပင် ဖြစ်ကြောင်း NLD က သုံးသပ်သည်။
ယနေ့ထုတ်ပြန်သည့် AP သတင်းတရပ်တွင် ယနေ့ နေ့ခင်းပိုင်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရသည့် နေအိမ်အတွင်း ရဲတပ်သား ၂ဝ ဦးခန့် ဝင်ရောက်သွားခဲ့ကြောင်း အိမ်နီးနားချင်းများ၏ ပြောဆိုချက်ကို ကိုးကားဖော်ပြထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကလေးငယ်များ အဓမ္မလုပ်အားစေခိုင်းခံရ၊ မွန်လူ့အခွင့်အရေးအဖွဲ့ အစီရင်ခံစာ ထုတ်ပြန်
မြန်မာနိုင်ငံ တောင်ပိုင်းရှိ မိုင်ပေါင်း (၁၈၀) ရှည်လျားသော ကန်ဘောက်-မြိုင်ကလေး ဂတ်စ်ပိုက်လိုင်း သွယ်တန်းထားရာတလျှောက်ရှိ ရွာသူရွာသားများအား အဓမ္မလုပ်အားပေး ခိုင်းစေရာတွင် (၁၂) နှစ်အရွယ် ကလေးငယ်များလည်း ပါဝင်ကြောင်း လူ့အခွင့်အရေးမြှင့်တင်ရေးအဖွဲ့ (မွန်ပြည်) (HURFOM) က ပြောကြားသည်။
ယမန်နေ့က ထုတ်ဝေသည့် စာမျက်နှာပေါင်း (၉၀) ကျော်ပါ “Laid Waste” “အလုံးစုံပျက်သုဉ်းခြင်း” ဟု အမည်ပေးထားသည့် ယင်းအစီရင်ခံစာတွင် ပိုက်လိုင်းသွယ်တန်းခြင်းကြောင့် ပြည်သူတို့သည် မြေခြံလယ်ယာများ၊ သဘာဝသယံဇာတများ ဆုံးရှုံးရသည်သာမက နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဖော်ပြထားပြီး စစ်အစိုးရ အတွက်သာ အကျိုးစီးပွားဖြစ်ထွန်းနေကြောင်း တင်ပြထားသည်။
အစီရင်ခံစာတွင် ကလေးငယ်များအား ကင်းစောင့်ခိုင်းခြင်း၊ ပစ္စည်းသယ်ပို့ခိုင်းခြင်း၊ အဓမ္မ လုပ်အားပေး ခိုင်းစေရာတွင် မိဘကိုယ်စား ကျောင်းမတက်ရဘဲ အလုပ်လုပ်ပေးနေရခြင်း အပါအဝင် ပိုက်လိုင်း လုံခြုံရေးစောင့် တပ်သားများ၏ အနိုင်ကျင့်၊ ခြိမ်းခြောက်၊ ရိုက်နှက်ခံရမှုများလည်း ရှိကြောင်း ယင်းအစီရင်ခံစာ ပြုစုသူ နိုင်အဲမွန်က ပြောသည်။ တနင်္သာရီတိုင်းမှ မွန်ပြည်နယ်ကို ဖြတ်၍ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မြိုင်ကလေးဘိလပ်မြေစက်ရုံအထိ သွယ်တန်းထားသော ဂတ်စ်ပိုက်လိုင်းတလျှောက်တွင် စစ်တပ်တည်ဆောက်ရန်နှင့် ပိုက်လိုင်းလုံခြုံရေးအတွက် သိမ်းပိုက်ခံရသည့် မြေဧကပေါင်း (၁) သောင်း (၅) ထောင်ကျော် ရှိပြီး လုံခြုံရေးအတွက် တပ်စခန်းပေါင်း (၃၀) ကို တည်ဆောက်ထားသည်။
ခိုင်ခံ့မှု မရှိ၍ ဂတ်စ်ပိုက်လိုင်း ယိုစိမ့်နေသည်ဖြစ်စေ၊ ပေါက်ကွဲနေသည်ဖြစ်စေ အနီးအနား ရွာသားများအား အဓမ္မ လုပ်အားပေး ခိုင်းစေမှုများနှင့် ရွာအပြောင်းအရွှေ့များကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသူ အယောက် (၁၀၀) ကျော်တို့နှင့် တွေ့ဆုံမေးမြန်းထားမှုများကိုလည်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ မိုင်ပေါင်း (၁,၂၀၀) ရှည်သော ဂတ်စ်ပိုက်လိုင်းသွယ်တန်းရန်အတွက် စစ်အစိုးရနှင့် တရုတ်နိုင်ငံအကြား သဘောတူညီမှု ရယူထားပြီး လတ်တလော ပိုက်လိုင်းသွယ်တန်းခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများကို နိုင်ငံတကာက အာရုံစိုက်လာစေရန် ယခု အစီရင်ခံစာကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း မွန်ပြည် လူ့အခွင့်အရေး မြှင့်တင်ရေး ဖောင်ဒေးရှင်း၏ ဒါရိုက်တာ နိုင်ကစောက်မွန်က အစီရင်ခံစာတွင် ပြောကြားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ချဲအမှုဖြင့် စွပ်စွဲကာ တွံတေးမြို့နယ် အန်အယ်ဒီ လူငယ်ခေါင်းဆောင် အဖမ်းခံရ
ချင်းမိုင် (မဇ္ဈိမ)။ ။ ချဲစာရွက် လက်ဝယ်တွေ့သည်ဟု စွပ်စွဲကာ တွံတေးမြို့နယ် အန်အယ်ဒီ လူငယ်တာဝန်ခံ (၁) ကိုရဲထွဋ်ခေါင်အား တွံတေးမြို့နယ် ရဲများက ယနေ့၌ နေအိမ်တွင် လာရောက် ဖမ်းဆီးသွားကြောင်း တွံတေးမြို့နယ် အန်အယ်ဒီ တာဝန်ခံများက ပြောသည်။
နံနက် ၁၁ နာရီခန့်တွင် ရဲနယ်ထိန်း ဝင်းထွဋ်ထွဋ်ဦး ဦးဆောင်သည့် အဖွဲ့က ကိုရဲထွဋ်ခေါင်ကို ချဲစာရွက်များ တွေ့သည်ဟု အကြောင်းပြ၍ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း မြို့နယ် အန်အယ်ဒီ ပါတီ တာဝန်ရှိသူများက ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ကိုရဲထွဋ်ခေါင်က သူသည် ချဲနှင့် မပတ်သက်သည့်အပြင် ချဲစာရွက်များလည်း လက်ဝယ်မရှိခြင်းကြောင့် လက်မှတ်ထိုးရန် ငြင်းဆိုခဲ့ကြောင်းနှင့် သူ့အား ခေါ်ဆောင်သွားသည့် ရဲစခန်းသို့ ထမင်းပို့ဆောင်ခြင်း၊ သွားရောက်တွေ့ဆုံခြင်းတို့ကို စခန်းမှူးဦးမြင့်ကျော်က ပိတ်ပင်ထားကြောင်း သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကရင်ခွဲထွက်များ ပျောက်ကွယ်သွားစေရန် နအဖ လုပ်ဆောင်ဟု ငြိမ်းချမ်းရေးကောင်စီ ပြောကြား
မြန်မာစစ်အစိုးရကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲပြီးလျှင် ကရင်ခွဲထွက်များအားလုံး အလိုအလျောက် ပျောက်ကွယ် သွားမည့်အစီအစဉ်ကို နအဖမှ စနစ်တကျလုပ်ဆောင်နေသည်ဟု ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီအဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိသူတဦးက ပြောသည်။
စောဌေးမောင် ဦးဆောင်သည့် ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီကို တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့က ခေါ်ယူကာ အနုနည်းဖြင့် အကြပ်ကိုင်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဆက်စပ်ပြောကြားခြင်းဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ စောဌေးမောင်က အဖွဲ့ဝင်များအား ယနေ့ထိ ပြန်လည်ရှင်းလင်း ပြောဆိုခြင်း မရှိသည့် အပေါ် အဖွဲ့ဝင်များက စိုးရိမ်နေပြီး ၎င်းတို့အားလုံးကို နအဖလက်ထဲ ဝကွက်အပ်မည်ကို စိုးရိမ်နေကြသည်။
ကရင်ခွဲထွက်များ၏ အခြေအနေနှင့်ပတ်သက်၍ ရွေးကောက်ပွဲပြီးလျှင် ခွဲထွက်အဖွဲ့အားလုံးကို နယ်ခြားစောင့်အဖြစ် အသွင်ပြောင်းပြီး ကာကွယ်ရေးဦးစီးချုပ်၏ အကန့်အသတ်အောက်တွင် ရပ်တည်ရမည်ဖြစ်သောကြောင့် ကရင်ခွဲထွက်အဖွဲ့များအားလုံး အလိုအလျောက် လုံးပါးပါးပြီး ပျောက်ကွယ်သွားမည် ဖြစ်သည်ဟုလည်း စောလေးမူးက ပြောသည်။
ငြိမ်းချမ်းရေးအဖွဲ့များထံမှ ရရှိသောအချက်အလက်များအရ နအဖ ဖွဲ့စည်းပေးမည့် နယ်ခြားစောင့်တပ်တတပ်တွင် ငြိမ်းချမ်းရေးအဖွဲ့ဘက်မှ အရာရှိ (၁၅) ယောက်အပါအဝင် အင်အား (၂၉၆) ယောက်နှင့် နအဖဘက်မှ အရာရှိ (၃) ဦး အပါအဝင် အင်အား (၃၀)၊ စုစုပေါင်းအင်အား (၃၂၆) ယောက်ပါဝင်မည်ဖြစ်ကာ လစာနှင့် အခြားခံစားခွင့်များကို နအဖမှ ထုတ်ပေးမည်ဖြစ်ပြီး စစ်သင်တန်းကိုလည်း နအဖက ပေးမည်ဟုသိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ရမည်းသင်း ရွှေဆိုင် လုယက်မှု တဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ
ချင်းမိုင် (မဇ္ဈိမ)။ ။ မန္တလေးတိုင်း ရမည်းသင်းမြို့ ဈေးကြီးရှိ ဒေါ်အေးကြည်နှင့် သားများ ရွှေဆိုင်ကို ယမန်နေ့ ညနေပိုင်းတွင် သေနတ်သမား ၃ ဦးက သေနတ် ၁၁ ချက် ပစ်ခတ်ပြီးနောက် ရွှေများကို လုယက်ခဲ့ရာ ဆိုင်ရှင် မိသားစုဝင် ၂ ဦး ဒဏ်ရာရရှိပြီး ဒေသခံတဦး သေဆုံးခဲ့သည်။
ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် လုယက်သူ ၃ ဦးက ရွှေဆိုင်အတွင်းမှ ရွှေဆွဲကြိုး အကုံး ၃ဝဝ (အလေးချိန် ၅ ပိဿာခန့်) နှင့် လက်ကောက်များ (၂ ပိဿာခန့်) ယူဆောင်ကာ အသင့်ပါလာသော ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားကြောင်း မိသားစုဝင်က ဆိုသည်။
ဆိုင်ကယ်ဆီပြတ်ကာ ထိုးရပ်သွားသဖြင့် လုယက်သူများက လမ်းတွင် ရပ်ထားသော ဆိုင်ကယ်တစီးကို ဝင်ရောက် လုယက်ရာ၊ ပိုင်ရှင်ဖြစ်သူ စစ်မှုထမ်းဟောင်းက တားမြစ်သဖြင့် သေနတ်ဖြင့် ပစ်ခတ်ရာ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟုလည်း သူက ပြောသည်။
ယခုအခါ ဒေါ်ချိုပြုံးကို မန္တလေး ဆေးရုံကြီးသို့ တင်ထားပြီး၊ အကိုဖြစ်သူ ဦးမျိုးသန်းမှာ ရမည်းသင်းဆေးရုံ၌ပင် ဆေးကုသမှု ခံယူနေသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မြန်မာကုန်ပစ္စည်းများကို ဘင်္ဂလားဒေ့ရှ်က အခွန်တိုးကောက်
ဒါကာ (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံဘက်မှ တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် ဘင်္ဂလားဒေ့ရှ် ဒေသအာဏာပိုင်များက ပြီးခဲ့သည့် လကုန်ပိုင်းမှ စတင်၍ အခွန်ငွေ တိုးမြှင့်ကောက်ခံလာသည်။
မြန်မာ-ဘင်္ဂလား နှစ်နိုင်ငံနယ်စပ် တက္ကနာမြို့နယ် လွှတ်တော်အမတ် အာဒူ ရာမန် ဘော်ဒီ - Adu Ramen Body နှင့် ကုန်သွယ်ရေး ဆိပ်ကမ်းအား ဘင်္ဂလား အစိုးရထံမှ ၅ နှစ် စာချုပ်ဖြင့် ကန်ထရိုက်ယူထားသူ ယာကူ - Yaku တို့ ပူးတွဲကာ ကုန်ပစ္စည်း တတန်လျှင် တာကာငွေ ၁၅၀၀ တိုးမြှင့်ကောက်ခံနေခြင်းဖြစ်သည်။
အခွန်တိုးမြှင့်ခြင်းသည် အစိုးရမှ တရားဝင် ကောက်ခံခိုင်းခြင်း၊ သို့မဟုတ် ဒေသဆိုင်ရာ လွှတ်တော်အမတ် အာဒူ ရာမန် ဘော်ဒီနှင့် ကန်ထရိုက်ရှင်က သူတို့သဘောနှင့် သူတို့ ကောက်ခံနေခြင်း ဟုတ်၊ မဟုတ်ကို သဲကွဲစွာ မသိရသေးပါ။
တိုးမြှင့်တောင်းခံသည့် သတ်မှတ်အခွန်အတိုင်း ပေးဆောင်ခြင်း မရှိပါက ဘင်္ဂလားဒေ့ရှ် ကုန်သည်များအနေဖြင့် မြန်မာကုန်ပစ္စည်းများ ၀ယ်ယူခြင်း မပြုရန်လည်း လွှတ်တော်အမတ်က ပြောဆိုထားကြောင်း စစ်တွေမှ ဇီးယိုထုတ် ကုန်သည်တဦးက ပြောသည်။
အမြန်အစွန်း ကောင်းသဖြင့် တပိုင်တနိုင်သော်လည်းကောင်း၊ သင်္ဘော-စက်လှေများဖြင့်လည်းကောင်း ရခိုင်ကုန်သည်များက သယ်ယူလာလေ့ ရှိသော်လည်း လက်ရှိ အခွန်နှုန်းထားကြောင့် ၀င်ရောက်လာမှု နည်းပါးသွားသည်။
ယခုလို အခွန်တိုးကောက်သည်ကို ရခိုင်ပြည်နယ် ကုန်သည်ကြီးများ အသင်းသို့ အသိပေး တိုင်ကြားသွားမည်ဟု ရခိုင်ကုန်သည်များက ဆိုကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မေလ ၈ ရက်
ရက်သတ္တပတ် ၁၉ ၊ ၂၀၀၉
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ဆေးကုသမှုလိုအပ်၊ မိသားစုဆရာဝန် အဖမ်းခံရ
ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်သည် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေပြီး၊ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်း အဖမ်းခံနေရကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောဆိုသည်။
ယခုလ ၇ ရက်နေ့ ညနေ ၃ နာရီခန့်က ဒေါက်တာ တင်မျိုးဝင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဝင်းအတွင်း ပုံမှန်ဆေးကုသရန် သွားရောက်သည့်အခါ ဝင်ခွင့်မရရှိဘဲ၊ နေအိမ်သို့ ပြန်လာပြီးနောက် အာဏာပိုင်များက သူ့ကို လာရောက် ခေါ်ဆောင်သွားကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း၏ ပြောဆိုချက်ကို ပြည်တွင်း သတင်းထောက်တဦးက မဇ္ဈိမကို ပြန်လည်ပြောပြခြင်း ဖြစ်သည်။
သို့သော် ဆရာဝန်၏ ဆေးအကူ မပြုံးမိုးအိ ကို အာဏာပိုင်များက ယမန်နေ့ နေ့လယ်ပိုင်းတွင် အကြောင်းကြားသဖြင့်၊ ဒေါ်အောင်ဆန်းစုကြည်ကို ၃ နာရီခန့်အကြာ ကျန်းမာရေး စစ်ဆေးခွင့် ရရှိခဲ့ပြီး၊ အကြောဆေးလည်း သွင်းပေးခဲ့ကြောင်း သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကေအိုင်အို နိုင်ငံရေးပါတီ ဖွဲ့မည်မဟုတ်၊ နယ်ခြားစောင့် တပ်ဖွဲ့စည်းရေး နအဖနှင့် ထပ်မံ ဆွေးနွေးမည်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အဖွဲ့ပြီးလျှင် ဒုတိယ အင်အား အကြီးဆုံးဖြစ်သည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို) အနေဖြင့် နိုင်ငံရေးပါတီ ထူထောင်မှု မရှိကြောင်း ယင်းအဖွဲ့က ပြောသည်။
ကချင်အတိုင်ပင်ခံကောင်စီကဲ့သို့ ကချင်ပြည်နယ် ပြည်သူလူထုအကြီးအကဲများနှင့် ညှိနှိုင်းဆွေးနွေးသည့် လုပ်ငန်းကော်မတီသာရှိပြီး ထိုကော်မတီတွင် ကိုယ်စားလှယ်အနေဖြင့်ပါရှိကာ နိုင်ငံရေးပါတီမဖွဲ့ကြောင်း ကေအိုင်အို ဗဟိုကော်မတီဝင် ဒေါက်တာ လဂျာက ပြောသည်။
အခြားသော အပစ်ခတ်ရပ်အဖွဲ့များကဲ့သို့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို နအဖဘက်က ပြောဆိုထားသော်လည်း ကေအိုင်အိုအနေဖြင့် အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း၊ ထို့ပြင် လူအင်အားသတ်မှတ်ပေးခြင်း၊ စာရင်း တောင်းခြင်းလည်း မရှိသေးဘဲ ယခုလအတွင်း ၎င်းတို့ဘက်မှ အဆင်သင့်ဖြစ်ပါက နအဖနှင့် ထပ်မံဆွေးနွေးရန် ရှိကြောင်း ဒေါက်တာလဂျာက ပြောသည်။
ကေအိုင်အိုအဖွဲ့သည် ၁၉၆၂ ခုမှစ၍ လက်နက်ကိုင်တော်လှန်ရေးစတင်ခဲ့ပြီး ၁၉၉၄ ခု၊ ဖေဖော်ဝါရီ (၂၄) ရက်တွင် မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ခြံဝင်းအတွင်း ကျူကျော်ဝင်ရောက်သူနှင့် တွေ့ခွင့်ရရန် သံရုံးက စောင့်ဆိုင်းနေ
နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း တရားမဝင် ဝင်ရောက်ခဲ့၍ ဖမ်းဆီးခံခဲ့ရသူ အမေရိကန် လူမျိုးတဦးနှင့် မိမိတို့ တွေ့ဆုံခွင့် မရသေးကြောင်း ရန်ကုန်ရှိ အမေရိကန်သံရုံးက ပြောသည်။
မြန်မာအာဏာပိုင်များက John William Yeattaw ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုထားသူ အထိန်းသိမ်းခံ အမေရိကန် လူမျိုးနှင့် တွေ့ခွင့်တောင်းထားသည့် မိမိတို့၏ မေတ္တာ ရပ်ခံချက်ကို မြန်မာအစိုးရက တုံ့ပြန်မည်ကို စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း ရန်ကုန်ရှိ အမေရိကန်သံရုံး၏ ပြောရေးဆိုခွင့်ရှိသူ ရစ်ချတ်မေး (Richard Mei) က ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သုခ ကုသိုလ်ဖြစ် ဆေးခန်းကို ရွှေ့ပြောင်းခိုင်း
ရန်ကုန်စည်ပင်သာယာရေးကော်မတီ၏ ဖိအားပေးမှုကြောင့် နာရေးကူညီမှုအသင်းက လုပ်ကိုင်နေသည့် သုခကုသိုလ်ဖြစ်ဆေးခန်းကို သင်္ဃန်းကျွန်းမြို့နယ်မှ မြောက်ဒဂုံမြို့နယ်သို့ ရွှေ့ပြောင်း ပေးရတော့မည် ဖြစ်သည်။
သုခဆေးခန်းတွင် မျက်စိ၊ အရိုးအကြော၊ သားဖွားမီးယပ်၊ အရေပြား၊ ကလေးအထူးကု စသည့် ဌာနခွဲများရှိရာ နေ့စဉ်လူနာ (၁၀၀) ကျော် လာရောက် ဆေးကုသခံလေ့ရှိသည်။
နာရေးကူညီမှုအသင်းကို ကွယ်လွန်သူ ဒါရိုက်တာကြီး ဦးသုခ၏ ဦးဆောင်မှုဖြင့် ၂၀၀၁ ခု ဇန်န၀ါရီလအတွင်း ထူထောင်ခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
လေတပ်ဦးစီးချုပ်၏သား ယာဉ်တိုက်မှုဖြစ်၊ တဦးသေဆုံး
ရန်ကုန် (မဇ္ဈိမ)။ ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း၏ သားဖြစ်သူ မောင်းနှင်လာသော ကားနှင့် အခြား ကားတစီးတို့ မေလ(၆)ရက်နေ့ ညဦးပိုင်းတွင် တိုက်မှုဖြစ်ပွားခဲ့ပြီး ယင်းယာဉ်တိုက်မှုကြောင့် အသက်(၅ဝ)နှစ်ခန့် လမ်းသွားလမ်းလာတဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဗဟန်းမြို့နယ် ကန်ပတ်လမ်းနှင့် ဝင်္ကဘာလမ်းထောင့် (စာပေစီစစ်ရေးရုံး အနီး) တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း၏ သားဖြစ်သူကိုယ်တိုင် မောင်းနှင်လာသော တိုယိုတာ Mark2 နှင့် ဂျစ်ကားတစီးတို့ အရှိန်ပြင်းစွာ တိုက်မိခဲ့ပြီး တိုယိုတာ Mark2 ကားမှ ခြေကျင်လျှောက်သူ လမ်းသွားလမ်းလာ အမျိုးသားတဦးကို ထပ်မံ တိုက်မိခဲ့သည်။
အသက်(၅ဝ)ခန့် ရှိသည့် အမျိုးသားကြီးမှာ ဒဏ်ရာ ပြင်းထန်သောကြောင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဂြိုလ်တုစလောင်းများ ပုံမှန်ပြန်ဖြစ်နေ
နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်မြို့တိုက်ခေါင်မိုးများပေါ်ရှိ ကြပ်ညှပ်နေသည့် ဂြိုဟ်တုစလောင်းများ အားလုံးနီးပါး ပျက်စီးခဲ့ရာမှ ယခုအခါ နဂိုရှိပြီးသားအရေအတွက်၏ (၈၀) ရာခိုင်နှုန်းခန့် ပြန်လည်တပ်ဆင်ပြီးနေကြောင်း မြို့ခံများက ပြောသည်။
ဂြိုဟ်တုစလောင်းရောင်းချမှုကို တရားမ၀င်ကြောင်း နအဖစစ်အစိုးရက တားမြစ်ထားသော်လည်း ရန်ကုန်ဈေးကွက် အတွင်း ပုံမှန်ရောင်းချမှုများရှိနေပြီး စလောင်းများ ပုံမှန်တပ်ဆင်သူများလည်း ရှိနေကြောင်း သိရသည်။
ရန်ကုန်မြို့တွင် အဓိကတပ်ဆင်ကြသည့် ဂြိုဟ်တုစလောင်းမှာ (၈) ပေစလောင်းခေါ် ဒီဂျစ်တယ်စလောင်းများ ဖြစ်ကြောင်း၊ ထိုစလောင်းဖြင့် ကမ္ဘာတ၀န်းအစိုးရနှင့် ပုဂ္ဂလိကရုပ်သံထုတ်လွှင့်ရေးဌာနများက ထုတ်လွှင့်သည့် ချယ်နယ်ပေါင်း (၂၀၀) ကျော်ကို ကြည့်ရှုနိုင်သည်ဟု ဂြိုဟ်တုစလောင်း လိုက်လံတပ်ဆင်ပြုပြင်သူ တဦးက ပြောသည်။
နအဖစစ်အစိုးရက ယခင်က နှစ်စဉ်ကြေးယူပြီး ဂြိုဟ်တုစလောင်းများကို မှတ်ပုံတင်ပေးခဲ့သော်လည်း ပြီးခဲ့သည့် နှစ်ဆန်းပိုင်းကစပြီး မှတ်ပုံတင်ခွင့်ပိတ်ပင်ခဲ့သည်။
သို့သော် ဂြိုဟ်တုစလောင်းဖမ်းစက်နှင့်ပတ်သက်သည့် ပစ္စည်းများအား မည်သည့်အခါကမှ တရားဝင် တင်သွင်းခွင့်မပြုခဲ့ပေ။ တရုတ်နှင့်ထိုင်းနယ်စပ်မှ မှောင်ခိုတင်သွင်းရောင်းဝယ်နေကြခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မြန်မာအပေါ် R2P ကျင့်သုံးရန် ဗြိတိသျှအမတ်များ တောင်းဆို
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာစစ်အစိုးရက လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသော ရာဇဝတ်မှုများကို ကော်မရှင်ဖွဲ့၍ စုံစမ်း စစ်ဆေးရန်နှင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကျပ်အတည်းနှင့် စပ်လျဉ်းသည့် ကိစ္စကို ‘ကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိမှု’ - R2P မူ ချမှတ်ကျင့်သုံးရန် ဗြိတိသျှပါလီမန်အမတ် ၆ဝ ကျော်က ကုလသမဂ္ဂကို တောင်းဆိုလိုက်သည်။
နိုင်ငံခြားရေး ဝန်ကြီးဟောင်းများ ဖြစ်ကြသော Ian McCartney, Keith Vaz အပါအဝင် အမတ်များက မြန်မာ နိုင်ငံဆိုင်ရာ ပါတီပေါင်းစုံ ဒီမိုကရေစီရေးအဖွဲ့ ပူးတွဲဥက္ကဋ္ဌ Joh Becrow အဆိုတင်သွင်းသည့် Early Day Motion (EDM) တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော အကျပ်အတည်းများနှင့် စပ်လျဉ်း၍ ကာကွယ်ရန် တာဝန်ရှိမှု R2P မူကို ချမှတ်ကျင့်သုံးပါရန်လည်း ကုလကို တိုက်တွန်းထားသည်။
R2P အယူအဆကို ကမ္ဘာ့ခေါင်းဆောင်များ၏ ၂ဝဝ၅ ခုနှစ် ထိပ်သီးအစည်းအဝေးက ချမှတ်ခဲ့သည်။ သက်ဆိုင်ရာ အစိုးရတရပ်ရပ်က သူ့နိုင်ငံသားများအပေါ် ကျူးလွန်လျက်ရှိသော မျိုးဖြုတ်သတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ လူမျိုးတုံး စစ်ဆင်မှုများ စသည်တို့မှ ကာကွယ်ရန် မတတ်နိုင်လျှင်သော်လည်းကောင်း၊ ကာကွယ်ပေးလိုစိတ် မရှိလျှင်သော်လည်းကောင်း၊ ထိုသူများအတွက် အကာအကွယ်ပေးရန် တာဝန်ရှိသည်ဟူသော အယူအဆကို ကမ္ဘာ့ခေါင်းဆောင်များနှင့် အစိုးရများက သဘောတူညီခဲ့ကြသည်။

Monday, May 4, 2009
တပတ်အတွင်း သတင်းမှတ်စု ( ၁၇ )
ဧပြီလ ၂၇ ရက်
ရက်သတ္တပတ် ၁၈ ၊ ၂၀၀၉
မြန်မာသတင်း
ကေအင်ယူကို ဒီကေဘီအေ ထိုင်းမြေအတွင်းမှ ၀င်တိုက်၊ ထိုင်းစစ်တပ်နှင့် ဒီကေဘီအေ ရင်ဆိုင်တိုက်ပွဲဖြစ်
တိုးတက်သောကရင်ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) မှ တပ်ဖွဲ့ဝင်များ ယနေ့ နံနက်က ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ပစ်ခတ်သဖြင့် ထိုင်းစစ်သား (၂) ဦး ဒဏ်ရာပြင်းထန်စွာရရှိပြီး ထိုင်းရွာသား (၃၀၀) ခန့် ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) နယ်မြေအတွင်းရှိ တပ်ရင်း (၂၀၁) ဝေါလေခီး တပ်စခန်းအား သိမ်းပိုက်နိုင်ရေးအတွက် ဒီကေဘီအေတပ်ရင်း (၉၀၇) မှ အင်အား (၅၀) ခန့်သည် ယနေ့နံနက် (၁၀) နာရီခန့်၌ ထိုင်းနိုင်ငံအတွင်းမှ ပတ်၍ဝင်တိုက်ရန် ထိုင်းနယ်မြေထဲဝင်ရောက်စဉ် ထိုင်းစစ်တပ်နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်။
အဆိုပါတိုက်ပွဲတွင် ထိုင်းစစ်သည် (၂) ဦး ဒဏ်ရာရပြီး မြန်မာဘက်ခြမ်းရှိ ဘုရင့်နောင်တောင်ကုန်းရှိ နအဖစစ်တပ်မှ လက်နက်ကြီးများဖြင့် ကူပစ်ပေးရာ ထိုင်းဘက်ခြမ်းရှိ ဖားဒီးထိုင်းရွာအတွင်း လက်နက်ကြီး (၄) လုံး ကျရောက်ပေါက်ကွဲပြီး ရွာသားတဦး ဒဏ်ရာရရှိသွားကာ ရွာသား (၃၀၀) ခန့်မှာ ရွာပြင်ရှိ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရသည်။
မဲဆောက်မြို့တောင်ဘက် ကီလိုမီတာ (၅၀) ခန့်အကွာ မြန်မာဘက်ခြမ်းတွင်တည်ရှိသည့် တပ်ရင်း (၂၀၁) စခန်းသည် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး တည်ရှိပြီး ကပ်လျက်ထိုင်းဘက်ခြမ်းတွင် ဖားဒီးရွာတည်ရှိသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အန်အယ်ဒီ အစည်းအဝေးသို့ လုံခြုံရေးများ စောင့်ကြည့်
ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံး၌ မနက်ဖြန် ကျင်းပမည့် တိုင်းနဲ့ ပြည်နယ် စုံညီအစည်းအဝေးအတွက် ကြိုတင်ညှိနှိုင်းပွဲတရပ်ကို ယနေ့ ကျင်းပရာ အာဏာပိုင်များက ရုံးပတ်ဝန်းကျင်တွင် လုံခြုံရေးများ ချထားခဲ့သည်။
စုံညီအစည်းအဝေးအတွက် ရန်ကုန်တွင် ရောက်ရှိနေပြီဖြစ်သည့် ပြည်နယ်နှင့် တိုင်းများမှ အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်၊ လူငယ်နှင့် အမျိုးသမီး ခေါင်းဆောင်များ စုစုပေါင်း ၁၄၈ ဦးဖြင့် ယနေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အကြိုညှိနှိုင်းပွဲ ကျင်းပရာ ရုံးအနီးတဝိုက်တွင် လုံခြုံရေးများ ချထားခဲ့ခြင်း ဖြစ်သည်။
လုံထိန်းများနှင့် ယာဉ်ထိန်းရဲများသည် ဆိုင်ကယ်နှင့် ကားများဖြင့် လာရောက်ကြပြီး ပါတီဝင်များကို ဗီဒီယိုမှတ်တမ်း ရိုက်ကူးခြင်း၊ ဓာတ်ပုံရိုက်ခြင်းများ လုပ်ခဲ့သည်။
ဗဟန်းမြို့နယ်နှင့် ကပ်လျက်တည်ရှိသည့် တာမွေမြို့နယ်ဘက်တွင်လည်း လုံခြုံရေးများ ချထားခဲ့ကြောင်း သိရသည်။
ယနေ့ ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံရေးနှင့် စည်းရုံးရေး အခြေအနေနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာများ ဆွေးနွေးခဲ့သည်။
မနက်ဖြန်တွင် ရုံးချုပ်၌ ကျင်းပမည့် အစည်းအဝေးသည် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ အန်အယ်ဒီ၏ စတုတ္ထအကြိမ်မြောက် ပြည်နယ်နှင့် တိုင်းပေါင်းစုံ စုံညီ အစည်းအဝေးကြီး ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကိုဇာဂနာ ထောင်ပြင်ထုတ် ဆေးစစ်ခွင့်ရ
ယနေ့မွန်းလွဲပိုင်းက သရုပ်ဆောင် ဒါရိုက်တာ မောင်သူရခေါ် လူရွှင်တော်ဇာဂနာကို မြစ်ကြီးနားအကျဉ်းထောင်မှ ထောင်ပြင်ဆေးရုံသို့ ထုတ်လာပြီး ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မိသားစုဝင်တဦးက ပြောသည်။
မိသားစုဝင်တဦးက “မွန်းလွဲပိုင်းမှာ ထောင်ထဲကနေ ဗင်ကားတစီးနဲ့ မြစ်ကြီးနားဆေးရုံကို ခေါ်ထုတ်လာတယ်။ နောက် အထူးကုဆရာဝန်တွေနဲ့ ဆေးစစ်တာခံတယ်။ နောက် သိပ်မကြာဘူး။ ထောင်ထဲကို ပြန်ခေါ်သွားတယ်။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အဖြေကိုတော့ မကြာခင်သိရလိမ့်မယ်” ဟု ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မန္တလေးထောင်ရှိ နိုင်ငံရေး အကျဉ်းသားတချို့ ထောင်ပြောင်းခံရ
ချင်းမိုင် (မဇ္ဈိမ)။ ။ မန္တလေး အိုးဘိုထောင်ထဲတွင် ကိုယ်ဝန်ပျက်ကျခဲ့သူ မကေသီအောင်နှင့် မန္တလေး တိုင်းစည်း အဖွဲ့ဝင် ၂ ဦးအား အာဏာပိုင်များက ပြီးခဲ့သည့် လနှောင်းပိုင်းနှင့် ယခုလဆန်းအတွင်း နယ်ထောင်များဆီ ပြောင်းရွှေ့ခဲ့သည်။
မကေသီအောင်ကို တနင်္သာရီတိုင်း ထားဝယ်ထောင်၊ မန္တလေး တိုင်းစည်းအဖွဲ့ဝင် ဒေါ်ဝင်းမြမြကို ကချင်ပြည်နယ် ပူတာအိုထောင်နှင့် မတ္တရာအမတ် ဦးသန်းလွင်ကို ကယားပြည်နယ် လွိုင်ကော်ထောင်သို့ ရွှေ့ပြောင်းပစ်ခဲ့ခြင်း ဖြစ်သည်။ ထောင်ဒဏ် ၁၂ နှစ်ကျခံနေရသူ မန္တလေး အန်အယ်ဒီ စည်းအဖွဲ့ဝင် ဒေါ်ဝင်းမြမြလည်း ပြီးခဲ့သည့် လအတွင်းက ကချင်ပြည်နယ် ပူတာအိုထောင်သို့ ပြောင်းရွှေ့ခံရသည်။
သူနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် မန္တလေး တိုင်းစည်းဝင်များဖြစ်သည့် ဦးကံထွန်း (တိုင်း အတွင်းရေးမှူး) ၁၂ နှစ်၊ ကိုတင်ကိုကို (မိတ္ထီလာမြို့နယ်စည်း အဖွဲ့ဝင်) ၂ နှစ်၊ ကိုမင်းသူ (မိုးကုတ်) ၁၃ နှစ်နှင့် ကိုဝင်းရွှေ (ကျောက်ပန်းတောင်း) ၁၁ နှစ်သည် အိုးဘိုထောင်ထဲတွင် ဆက်လက်၍ ပြစ်ဒဏ်များ ကျခံနေရဆဲ ဖြစ်သည်။
သူတို့ ၅ ဦးနှင့်အတူ အဖမ်းခံခဲ့ရပြီး ပြစ်ဒဏ် ၈ နှစ်ကျခံနေရသူ မတ္တရာအမတ် ဦးသန်းလွင် (မန္တလေးတိုင်း အန်အယ်ဒီ ဒု-ဥက္ကဋ္ဌ) ကိုလည်း ယခုလဆန်းပိုင်းတွင် အိုးဘိုထောင်မှ ကယားပြည်နယ် လွိုင်ကော်ထောင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း မိသားစုဝင်တဦးက ပြောသည်။
လွိုင်ကော်ထောင်တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ လူ့အခွင့်အရေး မြှင့်တင်သူများ ကွန်ယက်မှ ဦးမြင့်အေး အပါအဝင် နိုင်ငံရေး အကျဉ်းသား ၆ ဦး ရှိနေကြောင်း သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အီးယူက မြန်မာကို ပိတ်ဆို့မှု သက်တမ်းတိုးမည်
မန်မာနိုင်ငံတွင် ဒီမိုကရေစီရေးပြောင်းလဲမှုများ ဖြစ်ပေါ်စေရန်အတွက် ဥရောပသမဂ္ဂ (အီးယူ) က မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းတိုးရန် ယနေ့စီစဉ်နေသည်။
မြန်မာစစ်အစိုးရသည် ၂၀၁၀ ပြည့်နှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါတီစုံအားလုံးပါဝင်နိုင်ရေးနှင့် အမှန်အကန် ဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများက ပြောဆိုလိုက်ကြောင်း ဘရပ်ဆဲလ်ကလာသည့် အေပီသတင်းတွင် ဖော်ပြသည်။
မြန်မာ့ဒီမိုကရေစီရေး အပြောင်းအလဲဖြစ်စေရန် တွန်းအားပေးသည့်အနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုကို အီးယူက နောက်ထပ် သက်တမ်း (၁) နှစ် ထပ်မံတိုးမြှင့်ရန်ရှိသည်ဟု သတင်းများတွင် ဖော်ပြသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်လည်း အီးယူက ထပ်မံတောင်းဆိုလိုက်သည်။
သက်တမ်းတိုးမြှင့်မည့် ဒဏ်ခတ်ပိတ်ဆို့မှုများတွင် ဥရောပနိုင်ငံများအတွင်း မြန်မာစစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် ဆွေမျိုးသားချင်းများအား ခရီးသွားခွင့်ပိတ်ပင်ခြင်း၊ ၎င်းတို့၏ပိုင်ဆိုင်မှုများကို ထိန်းသိမ်း ထားခြင်းနှင့် မြန်မာစစ်အစိုးရအား လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းတို့ပါဝင်သည်။
စစ်အစိုးရက ဒီမိုကရေစီရေး လှုပ်ရှားမှုများကို နှိမ်နင်းခဲ့သဖြင့် အဆိုပါပိတ်ဆို့မှုများကို အီးယူက ၂၀၀၆ ခုမှ စတင်ချမှတ်ခဲ့ပြီး ၂၀၀၇ ခုတွင် သစ်တင်သွင်းမှုအပါအ၀င် တွင်းထွက်ကျောက်မျက်ရတနာများနှင့် ဓာတ်သတ္တု တင်သွင်းမှုများကိုပါ ပိတ်ဆို့မှုများ ထပ်မံချမှတ်ခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
စိုင်းခမ်းလိတ် အသက် ၆ဝ ပြည့် မွေးနေ့ပွဲ ကျင်းပ
ချင်းမိုင် (မဇ္ဈိမ )။ ။ ရှမ်းအမျိုးသား တေးရေးဆရာ ဒေါက်တာ စိုင်းခမ်းလိတ်၏ အသက် ၆ဝ ပြည့် မွေးနေ့ပွဲကို မန္တလေးတိုင်း ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ယမန်နေ့က ကျင်းပခဲ့သည်။
ယနေ့ ကျရောက်မည့် မွေးနေ့ပွဲကို တရက် ကြိုတင်ကာ ကျင်းပခဲ့ကြခြင်း ဖြစ်သည်။ အလားတူ ယနေ့နံနက်ပိုင်းက ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ ဝပ်ကူတောက် ဘုန်းကြီးကျောင်း၌ ဆရာ စိုင်းခမ်းလိတ် ၆ဝ နှစ်ပြည့် မွေးနေ့အဖြစ် သူ၏ မိတ်ဆွေများ၊ တပည့်များနှင့် ရှမ်းလူငယ်များ စုပေါင်းကာ အလှူပွဲ ပြုလုပ်ခဲ့သည်။
ညပိုင်းတွင် ချင်းမိုင်မြို့ ကျောက်ဝ် နဝရတ်လမ်းရှိ မက်ကောမစ်ခ် ဆေးရုံ မျက်နှာချင်းဆိုင်ရှိ ဖယပ် Payap တက္ကသိုလ်၌ ဆရာ စိုင်းခမ်းလိတ် ရေးသားခဲ့သည့် တေးသီချင်းများကို သီဆို ဖျော်ဖြေသွားမည် ဖြစ်သည်။
၁၉၆၅ ခုနှစ်မှ စတင်ကာ ရှမ်းသီချင်းများ ရေးသားခဲ့သည့် ဒေါက်တာ စိုင်းခမ်းလိတ်သည် ၁၉၇၃ ခုနှစ်တွင် မြန်မာကိုယ်ပိုင်သံစဉ် သီချင်းများ စတင်ရေးခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ယခုနှစ် သင်္ကြန်တွင် စီးပွားရေး ဂယက် ထင်ဟပ်
အများပြည်သူများ၏ စီးပွားရေးရိုက်ခတ်မှုကို ယခုနှစ်ရန်ကုန်မြို့သင်္ကြန်တွင် ထင်ရှားစွာမြင်ရကြောင်း
မြို့ခံများက ပြောသည်။
ယခုနှစ် ရန်ကုန်သင်္ကြန် မဏ္ဍပ်တည်ဆောက်မှုမှာ ယခင်နှစ်များထက် သုံးပုံနှစ်ပုံခန့် လျော့ကျသွားကြောင်း၊
ယခင်နှစ်က ရန်ကုန်တွင် မဏ္ဍပ်ပါမစ်လာလျှောက်သူများပြီး လျှောက်သောပါမစ်အတိုင်း တည်ဆောက် ကြသော်လည်း ယခုနှစ်တွင် ပါမစ်လျှောက်လွှာများကို လာရောက်ထုတ်ယူခြင်း မရှိကြသည်ထိ ဖြစ်ရပ်များ ကြုံတွေ့ ခဲ့ရကြောင်း ရန်ကုန်မြို့တော်စည်ပင်မှ အရာထမ်းတဦးက ပြောသည်။
ပြီးခဲ့သည့်နှစ်က ရန်ကုန်တမြို့လုံးတွင် မဏ္ဍပ်ပေါင်း (၂၃၀) ခန့် ရှိခဲ့သော်လည်း ယခုနှစ်တွင် မဏ္ဍပ်ပေါင်း (၁၀၀) ကျော်သာ ရှိကြောင်း၊ ပါမစ်လာလျှောက်သည့် အရေအတွက်မှာ (၁၃၀) ခန့် ရှိခဲ့ကြောင်း စည်ပင်သာယာ စာရင်း များအရ သိရသည်။
မဏ္ဍပ်တည်ဆောက်ရန် လိုအပ်သောငွေမှာ သိန်း (၅၀) နှင့် (၁၀၀) ကြားရှိကြောင်း မဏ္ဍပ်တည်ဆောက်ခဲ့သူ တဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် အရာရှိတဦး တိုက်ပွဲတွင် ကျဆုံး
မဲဆောက် (မဇ္ဈိမ)။ ။ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ ဝါးလေခီး စခန်းကို တိုက်ခိုက်နေသည့် ၂ ပတ်ကြာ တိုက်ပွဲအတွင်း ယခုနောက်ဆုံး ကျဆုံးခဲ့သူများမှာ မြန်မာစစ်တပ်မှ တပ်သား ၂ ဦးနှင့် ကရင်တပ်မတော်မှ ဗိုလ်မှူးကြီး စောဂျေး ဖြစ်သည်။
၃ ဦးလုံးမှာ စနေနေ့ညက ကျဆုံးခဲ့ကြခြင်း ဖြစ်သည်။
KNLA ဗိုလ်မှူးကြီးစောဂျေးမှာ တောနက်ထဲတွင် ထောင်ထားသော တိုက်မိုင်းကြိုးကို နင်းမိ၍ ကျဆုံးသွားခဲ့ပြီး၊ မြန်မာစစ်သား ၂ ဦး သေဆုံးရသည့် အကြောင်းရင်းကိုမူ ယခုချက်ချင်း မသိရသေးပါ။
ဝါးလေခီးစခန်း တိုက်ပွဲမှာ ကြာမြင့်လှပြီဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာ သေဆုံးမှုများမှာ နယ်မြေစိုးမိုးရေး တိုက်ပွဲအတွင်း လက်နက်ကိုင် ပစ်ခတ် တိုက်ခိုက်မှုများကြောင့် မဟုတ်ဘဲ အဓိကအားဖြင့် မြေမြှုပ်မိုင်းနှင့် ထောက်ချောက် ဗုံးများကြောင့် သေဆုံး ဒဏ်ရာရခဲ့ကြခြင်း ဖြစ်ပြီး စိတ်ဓာတ်ရေးရာအရ တုန်လှုပ်ချောက်ချားအောင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
H1N1 ၀က်တုတ်ကွေး မြန်မာနိုင်ငံတွင် မရှိသေး
H1N1 အမျိုးအစား ၀တ်တုတ်ကွေး ဗိုင်းရပ်စ်ရောဂါပိုး မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွားမှု မရှိသေးဟု မြန်မာစစ်အစိုးရ ကျန်းမာရေးဝန်ကြီးဌာန အရာရှိတဦးက RFA ကို ထုတ်ဖေါ်ပြောခဲ့သည်။
ပြည်သူများအတွက် ၀က်တုတ်ကွေးရောဂါနှင့် ဆိုင်သော အသိပညာပေး အချက်အလက်များ မကြာခင် ထုတ်ပြန်သွားရန် ရှိသည်ဟု ဒု- ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကြီးမြင်းက ပြောသည်။ နေပြည်တော်တွင် ၀က်တုတ်ကွေး ကြက်တုတ်ကွေးတို့နှင့် သက်ဆိုင်သည့် အစည်းအဝေး ပြုလုပ်နေသည်ဟု အမည်မဖေါ်လိုသော ကျန်းမာရေး အရာရှိတဦးက ပြောသည်။
မြန်မာနိုင်ငံတွင် လောလောဆယ်၌ H1N1 အမျိုးအစား ၀က်တုတ်ကွေးရောဂါ ဖြစ်ပွားမှု မရှိသေးဗေမဲ့ လွန်ခဲ့သည့်နှစ်များအတွင်း H5N1 အမျိုးအစား ကြက်ငှက်တုတ်ကွေးရောဂါ သုံးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့၍ လူတဦး သေဆုံးခဲ့သည်ဟု သိရသည်။
( အာအက်ဖ်အေသတင်းမှ ကောက်နှုတ်ချက် )
+++++
ဧပြီလ ၂၈ ရက်
ရက်သတ္တပတ် ၁၈ ၊ ၂၀၀၉
မြန်မာသတင်း
လူသတ်မှု ကျူးလွန်သူ လေတပ်ဗိုလ်ကြီးကို ဖမ်းဆီးမိ
ပြီးခဲ့သည့် ဧပြီလဆန်းက ဗိုလ်တစ်ထောင်မြို့နယ် ဗိုလ်တစ်ထောင်လမ်းသွယ် (၄) လမ်း တိုက်အမှတ် (၆-၈)၊ (၄) လွှာ ယာဘက်ခြမ်းအခန်းတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ တရားခံ (၂) ဦးအနက် တဦးဖြစ်သူ လေတပ်ဗိုလ်ကြီး ဖုန်းဇော်အေးကို ဖမ်းဆီးရမိခဲ့ကြောင်း ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ ကမာရွတ်ရဲစခန်းမှ အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တဦးက ပြောသည်။
အသတ်ခံရသူများမှာ အသက် (၄၆) နှစ်အရွယ် သင်္ဘောအရာရှိ ဦးခင်မောင်လေးနှင့် ရွှေပြည်သာတွင်နေထိုင်သည့် အငြိမ်းစားဗိုလ်မှူးချုပ် ကျော်ဝင်း၏သမီး အသက် (၄၄) နှစ်အရွယ် ဒေါ်အေးအေးဝင်း ခေါ် ဒေါ်မြတ်သီရိခင် ဖြစ်ပြီး မတ်လ (၃၀) ရက် ညက အသတ်ခံရကြောင်း သိရသည်။
ဖမ်းဆီးမိသူ ဗိုလ်ကြီးဖုန်းဇော်အေးသည် ဦးခင်မောင်လေး၏ တူတော်သူဖြစ်ပြီး မကြာခဏ ဦးလေးဖြစ်သူထံ လာရောက်လေ့ရှိကြောင်း၊ အခင်းဖြစ်ပွားသည့်နေ့က ငွေချေးရာမှ အချင်းများကြပြီး အဖော်တယောက်နှင့်အတူ သတ်သွားသည်ဟု ယူဆရကြောင်း အိမ်နီးနားချင်းများက ပြောကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မြန်မာစစ်တပ်က ဝေါလေခီး စခန်းကို သိမ်းပိုက်
မဲဆောက် (မဇ္ဈိမ)။ ။ မြန်မာစစ်တပ်က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ အခြေခံစခန်း တခုဖြစ်သော ဝေါလေခီး စခန်းကို သိမ်းပိုက်လိုက်ပြီ ဖြစ်သည်။
ဧပြီလ ၁၂ ရက်နေ့ကတဲက ဝိုင်းဝန်းတိုက်ခိုက်၍ အဝိုင်းခံထားရသော KNLA ၏ တပ်မဟာ ၆ တပ်ရင်း ၂ဝ၁ ၏ စခန်းကို ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေသော ကရင်အမျိုးသား အစည်းအရုံး၏ တပ်က စွန့်လွှတ်လိုက်ရသည်၊
KNLA တပ်ဖွဲ့များက စခန်း ပတ်ဝန်းကျင်တခုလုံးကို မြေမြှုပ်မိုင်းများ၊ တိုက်မိုင်းများဆင်၍ ထောင်ထားရာ (နအဖ-ဒီကေဘီအေ) ပူးပေါင်းတပ်ဖွဲ့ဝင်များ ယနေ့ အလွန်အထိအခိုက် များခဲ့သည်။
ဤစခန်းကို နောက်ဆုံးအကြိမ် သဲသဲမဲမဲ အတင်း ဝင်ရောက်တိုက်ခိုက်မှုတွင် SPDC/DKBA ပူးပေါင်းအင်အား ၄ဝဝ မှ ၅ဝဝ အထိ ပါဝင်ခဲ့သည်။ KNLA တပ်ဖွဲ့ဝင်များမှာ အင်အား ၅ဝ မှ ၆ဝ ခန့်သာရှိပြီး အင်အားချင်း မမျှ၍ နောက်ဆုံးတွင် စခန်းမှ ထွက်ခွါခဲ့ရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အန်အယ်လ်ဒီ စုံညီ အစည်းအဝေး ပြည်နယ်နှင့်တိုင်း (၄) ခုက ဆွေးနွေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီစုံညီအစည်းအဝေးကို ယနေ့စတင်ပြီး ကချင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ စသည့် ပြည်နယ်နှင့်တိုင်းတို့မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က တင်ပြသော စာတမ်းကို ပြန်လည်ဆွေး နွေးသွားကြကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။
ယနေ့ဆွေးနွေးခဲ့ကြသော ပြည်နယ်နှင့်တိုင်းများသည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ တင်ပြသော အစီရင်ခံစာ (၃) ရပ်အပေါ်တွင် ပြန်လည်တုံ့ပြန် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲမစတင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ သဘောထားအစီရင်ခံစာကို ဦးသိန်းညွန့် ကလည်းကောင်း၊ ပါတီစည်းရုံးရေးဆိုင်ရာ အစီအရင်ခံစာကို ဦးအုံးကြိုင်ကလည်းကောင်း၊ နိုင်ငံရေးဆိုင်ရာ အစီရင်ခံစာကို ဒေါက်တာသန်းငြိမ်းကလည်းကောင်း အသီးသီးဖတ်ကြားတင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါ အန်အယ်လ်ဒီပါတီ စုံညီအစည်းအဝေးသို့ ပြည်နယ်နှင့်တိုင်းများမှ စည်းရုံးရေးအဖွဲ့ဝင် (၆၃) ဦး၊ လွှတ်တော်ကိုယ်စားလှယ် (၉၃) ဦး၊ ဗဟိုလူငယ် (၃) ဦးနှင့် ဗဟိုအမျိုးသမီး (၃) ဦးတို့အပြင် စီအာပီပီ ကိုယ်စား လှယ်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများနှင့် သံတမန်များပါ တက်ရောက်ခဲ့ကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မုံရွာတွင် ဝမ်းရောဂါ ဖြစ်နေ
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ မြို့နယ်တချို့တွင် ဝမ်းရောဂါဖြစ်နေစဉ် စစ်ကိုင်းတိုင်း မုံရွာတွင်လည်း ဝမ်းပျက်ဝမ်းလျှော ဖြစ်နေသည်။
ယခုရက်ပိုင်းအတွင်း မုံရွာတွင် ဝမ်းရောဂါများ ဖြစ်ပွားနေကြောင်း ဒေသခံများနှင့် ပုဂ္ဂလိက ဆေးခန်းများ အဆိုအရ သိရခြင်း ဖြစ်သည်။
မုံရွာမြို့နယ် ကျန်းမာရေးဦးစီး ဌာနက ယမန်နေ့ ညနေပိုင်းမှ စတင်ကာ မြို့တွင်း၌ ကားဖြင့် လှည့်လည်ကာ အသံချဲ့စက်ဖြင့် ဝမ်းရောဂါ သတိပေးချက်များ ပြုလုပ်ခဲ့သည်။
ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ပိုမို သိရှိနိုင်ရန်အတွက် မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ဝန်ထမ်းက ပြန်လည်ဖြေကြားခြင်း မရှိဘဲ ဖုန်းချသွားသည်။
ယခုလအတွင်း ရန်ကုန်၊ မန္တလေးနှင့် မကွေးတိုင်းရှိ မြို့ကြီးအချို့တွင် ဝမ်းရောဂါဖြစ်ရာ သေဆုံးမှုများပါ ရှိခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ရန်ကုန်တွင် လုံခြုံရေး တိုးမြှင့်ချထား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က စုံညီအစည်းအဝေးကို ရွှေ္ဂဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံးတွင် ယနေ့စတင်ကျင်းပသောကြောင့် ရန်ကုန်မြို့တွင် လုံခြုံရေးအတွက် ရဲများကို အင်အားပြ ချထားကြောင်း မြို့ခံများက ပြောသည်။
ရန်ကုန်မြို့၊ ဗဟန်းရွှေဂုံတိုင်၊ စမ်းချောင်းနှင့်တာမွေတို့တွင် ရဲတပ်ဖွဲ့ဝင်များ၊ ရဲကားများ၊ ဒိုင်းနှင့်တုတ်များ တင်ထားသောကားများ၊ ဆက်သွယ်ရေးကိရိယာများ တင်ဆောင်သည့်ကားများ စုစုပေါင်း (၁၀) စီးခန့်သည် ရွှေဂုံတိုင်၊ တော်ဝင်နှင်းဆီခြံအရှေ့ ဓမ္မာရုံဝင်းအတွင်း အရန်သင့် စောင့်ဆိုင်းလျက်ရှိကြောင်း မြို့ခံများက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဝက်တုပ်ကွေး ကုသရန် ရန်ကုန်ရှိ ဆေးရုံ နှစ်ရုံ ပြင်ဆင်နေ
ချင်းမိုင်၊ ရွှေလီ (မဇ္ဈိမ)။ ။ ၀က်တုပ်ကွေး သံသယ လူနာများကို ရန်ကုန် ဆေးရုံ နှစ်ရုံတွင် ကုသနိုင်ရန် စီစဉ်နေသည်။
ရန်ကုန် ဆေးရုံကြီးနှင့် ဝေဘာဂီ ဆေးရုံတို့တွင် ဖြစ်ကြောင်း ရန်ကုန်ရှိ ဆေးရုံကြီး တရုံမှ တာဝန်ကျ ဆရာဝန်တဦးထံမှ ကြားသိရခြင်း ဖြစ်သည်။
ကျန်းမာရေး ၀န်ကြီးဌာနက ၀က်တုပ်ကွေးနှင့် ပတ်သက်၍ ပြည်သူလူထုသို့ ကမ္ဘာ့ လူတုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်များကို ယမန်နေ့က အသိပေး ထုတ်ပြန်ထားသည်။
ဝက်တုပ်ကွေးအတွက် မွေးမြူရေးနှင့် ကုသရေး ၀န်ကြီးဌာနက အသိပေးခြင်းသာ ရှိသေးပြီး၊ ၀က်မွေးမြူရေး လုပ်ငန်းများကို စောင့်ကြည့်စစ်ဆေးရန် အစီအစဉ်များ မရှိသေးကြောင်း သိရသည်။
ယနေ့လည်း ကျန်းမာရေး ၀န်ကြီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက လူကို ရောဂါကူးစက်ခြင်း မရှိစေရန်နှင့် ၀က်များတွင် သံသယဖြစ်ဖွယ် တွေ့ရှိပါက အကြောင်းကြားရန် အစိုးရပိုင် သတင်းဌာနများမှတဆင့် သတင်းထုတ်ခဲ့သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ တိရစ္ဆာန် ဆေးကုသရေးနှင့် သားသတ်ဌာန အနေဖြင့်မူ ၀က်တုပ်ကွေးအတွက် အထူးအထွေ စီမံကိန်းမရှိသေးကြောင်း သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စစ်သားများကို ပြည်သုံးလုံး အစီအစဉ်ဖြင့် ပြောင်းရွေ့မည်
ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်ဗိုလ် များပြားလွန်းနေသည့် မြန်မာ့ တပ်မတော်အတွင်း နေရာအပြောင်းအရွှေ့ ချောမွေ့စေရန် ပြည် ၃ လုံး အစီအစဉ်တခုကို စစ်အစိုးရက မကြာမီတွင် လုပ်ဆောင်လာမည်ဟု တပ်တွင်း သတင်းရပ်ကွက်များအရ သိရသည်။
အသက် ၃၆ နှစ်အထိ ဗိုလ်ကြီးအဆင့်သာ ရှိသေးသော အရာရှိငယ်များကို ပြည် ၃ လုံး အစီအစဉ်အရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ ပြည်စောင့်ရဲနှင့် ပြည်ထဲရေး ဝန်ကြီးဌာနအောက်သို့ လွှဲပို့မည် ဖြစ်သည်။
စစ်တပ်မှ ကြံ့ခိုင်ရေးသို့ ပြောင်းရွှေ့လာသူများ အနေဖြင့် မြို့နယ်အဆင့် အရာရှိရမည် ဖြစ်ပြီး ပြည်စောင့် ရဲဘက်သို့ ပြောင်းရွှေ့လာသူများကို ပါလီမန် အဆောက်အဦများ၊ အစိုးရ ရုံးများကဲ့သို့သော လုံခြုံရေးအတွက် ရဲအရာရှိများ ဖြစ်လာမည် ဖြစ်သည်။ ပြည်ထဲရေး ဝန်ကြီးဌာနအောက်တွင်တော့ ရဲဖွဲ့စည်းပုံအတိုင်း ကူးပြောင်းပေးမည် ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မြန်မာ့တပ်မတော်သို့ ၀င်ရောက်သူနည်းပါး၊ တံဆိပ်တုန်းအတုဖြင့် ပညာရေး ထောက်ခံချက် လုပ်ပေးနေ
စစ်အစိုးရ တပ်မတော်တွင် အခြေခံတပ်သားသစ် စုဆောင်းရာ၌ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း စစ်သားစုဆောင်းရေးရုံးမှ အရာထမ်းတဦးက ပြောသည်။
စစ်သားစုဆောင်းရေး ရုံးခန်းငယ်များ မြို့တိုင်းတွင် ချထားသော်လည်း တပ်သားသစ် စုဆောင်းရရှိမှု မရှိသလောက်နည်းပြီး ခရိုင်အဆင့်၊ တိုင်းအဆင့် တပ်သားသစ်စုဆောင်းရေးရုံးများတွင်သာ တလ တဦး၊ နှစ်ဦးမျှ အ၀င်ရှိကြောင်း စစ်သားစုဆောင်းရေးရုံးတခုမှ တပ်ကြပ်ကြီးတဦးက ပြောသည်။
ထိုသို့ တဦးစ နှစ်ဦးစ စုဆောင်းရရှိခြင်းမှာလည်း တပ်သားသစ်အဖြစ် လာရောက်သွင်းပေးသူကို ငွေထုတ်ပေးသော ကြောင့်ဟု အဆိုပါ တပ်ကြပ်ကြီးက ပြောသည်။
ခမရ တခုမှ တပ်ကြပ်ကြီးတဦးကလည်း တပ်မတော်အတွင်းတွင် စစ်ဗိုလ်များပြီး တပ်သားအလွန်နည်းနေကြောင်း၊ ခြေမြန်တပ်ရင်းများ၌ ဖွဲ့စည်းပုံမပြည့်ဖြစ်နေကြောင်း ပြောသည်။ တပ်မတော် (ရေ) တွင် တပ်သားသစ်များအား ဆယ်တန်းအောင်၊ ဘွဲ့ရကို A အုပ်စု၊ ရှစ်တန်းအောင်ကို B အုပ်စု၊ မူလတန်းအောင်ကို C အုပ်စု စသဖြင့် အုပ်စု သုံးစုခွဲ လက်ခံကြောင်း သိရသည်။
C အုပ်စုဝင် တပ်သားသစ်များသည် စာဖတ်တတ်ပြီး လိုအပ်သည့်ကိုယ်ခန္ဓာရှိကာ စကားပြောပီသရန်သာ လိုအပ်ကြောင်း၊ မှတ်ပုံတင်၊ ရပ်ကွက်ထောက်ခံချက်၊ ပညာရေး စသည်တို့ မလိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
တပ်ရင်းတပ်ဖွဲ့များ၌ ပညာရေးထောက်ခံချက် တံဆိပ်တုံးအတုများ ပြုလုပ်ထားရှိကြောင်း၊ C အုပ်စုဆိုပါက ဘယ်မြို့နယ်၊ ဘယ်ကျောင်းတွင် (၇) တန်းအောင်အထိ တက်ရောက် ပညာသင်ကြားခဲ့ကြောင်းကို ကျောင်းတံဆိပ်တုံး၊ ကျောင်းအုပ်ကြီး တံဆိပ်တုံး အတုတို့အပြင် ကျောင်းအုပ်ကြီးလက်မှတ်တုတို့ဖြင့် ထုရိုက်ရေးထိုးကာ သင်တန်းသို့ ပို့လိုက်ကြောင်း အဆိုပါ တပ်မတော် (ရေ) တပ်မှူးဟောင်းက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဘင်္ဂလား-မြန်မာနယ်စပ်တွင် ဝက်တုပ်ကွေး စောင့်ကြည့်မှု မရှိသေး
ဒါကာ (မဇ္ဈိမ) ။ ။ ကမ္ဘာတလွှားတွင် ဝက်တုပ်ကွေးရောဂါ တားဆီးကာကွယ်ရေးများ ပြုလုပ်နေသော်လည်း ဘင်္ဂလား-မြန်မာ နယ်စပ်တွင် စောင့်ကြည့်စစ်ဆေးမှု မရှိသေးကြောင်း သိရသည်။
နေ့စဉ်ဆိုသလို နှစ်နိုင်ငံ နယ်စပ်ဒေသခံများအကြား အပြန်အလှန် ကူးလူးဆက်ဆံမှု ရှိနေသည့် နယ်စပ်တွင် ဝက်တုပ်ကွေး ရောဂါကို လေ့လာစောင့်ကြည့်မှု မရှိသေးခြင်း ဖြစ်သည်။
နှစ်နိုင်ငံ နယ်စပ်ဒေသများဖြစ်တဲ့ ဘင်္ဂလာဘက်မှ တက္ကနာမြို့နယ်နှင့် မြန်မာဘက်မှ မောင်တောမြို့နယ်တွင် ဝက်များ ရောဂါဖြစ်ပွားနေပြီး သေဆုံးမှုများ ရှိနေကြောင်း မောင်းတောမှ ကိုခင်မောင်က ပြောဆိုသည်။
သို့သော်လည်း မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။ ဝက်တုပ်ကွေး လက္ခဏာများအဖြစ် ကိုယ်ပူခြင်း၊ နှာရည်ယိုခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ ကိုယ်လက် မအီမသာဖြစ်၍ ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူကြပ်ခြင်းတို့ ဖြစ်သည်။
ဘင်္ဂလားနယ်စပ်မြို့ တက္ကနာတွင် အဆိုပါ လက္ခဏာများ မတွေ့ရသော်လည်း ဝမ်းရောဂါများသာ ဖြစ်ပွားနေကြောင်း တက္ကနာမြို့ခံ မူဟာမက် ယူနွတ် (MD Unous) က မဇ္ဈိမကို ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဧပြီလ ၂၉ ရက်
ရက်သတ္တပတ် ၁၈ ၊ ၂၀၀၉
မြန်မာသတင်း
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စုံညီ အစည်းအဝေး ဆုံးဖြတ်ချက်များ
စုံညီ အစည်းအဝေးတွင် စည်းရုံးရေးဆိုင်ရာ စာတမ်းကို ဦးဆောင် ရေးဆွဲ တင်သွင်းသူ ဗဟို အလုပ်အမှုဆောင် အဖွဲ့၏ အတိုင်ပင်ခံ လုပ်ငန်းအဖွဲ့ဝင် ဦးအုံးကြိုင်က မဇ္ဈိမ ကို ဖတ်ကြားပြသွားခဲ့ရာ အောက်ပါအတိုင်း ဖြစ်သည်။
(၁) ဗဟို အလုပ်အမှုဆောင် အဖွဲ့က တင်ပြသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြမ်းအား သုံးသပ်ချက် အစီရင်ခံစာ၊ စည်းရုံးရေး အစီရင်ခံစာနှင့် နိုင်ငံရေး အစီရင်ခံစာများကို ဆွေးနွေး သုံးသပ်ကြပြီးနောက် အတည်ပြုကြောင်း သဘောတူ ဆုံးဖြတ်သည်။
(၂) အဖွဲ့ချုပ်၏ လက်ရှိ ရပ်တည်ချက် (၄) ရပ်ကို အခြေခံ၍ တင်ပြထားသော နိုင်ငံရေးရှေ့လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ရေး ဆက်လက်ကြိုးပမ်းရန် သဘောတူ ဆုံးဖြတ်သည်။
(၃) တိုင်းပြည်အကျိုးကို ရှေ့ရှုလျက် အဆုံးပေးနိုင်မည့် ခေါင်းဆောင်များ၏ ကြိုတင် စည်းကမ်းသတ်မှတ်ချက် မထားရှိသော တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံး ဖြစ်မြောက်ရေးအတွက် ဆက်လက် ကြိုးပမ်းသွားရန် သဘောတူ ဆုံးဖြတ်သည်။
(၄) အဖွဲ့ချုပ်၏ နိုင်ငံရေး ရည်ရွယ်ချက်ကို ပြည်သူလူထုက တစ်ခဲနက် ထောက်ခံမှု ရရှိရေးအတွက် စည်းရုံးရေး လုပ်ငန်းများအား အရှိန်မြှင့် ဆောင်ရွက်ရန် သဘောတူ ဆုံးဖြတ်သည်။
(၅) နောင်လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေး ကိစ္စကို နိုင်ငံရေး အစီရင်ခံစာတွင် ဖော်ပြထားသော ရပ်တည်ချက်များအတိုင်း ဆက်လက် ဆောင်ရွက်သွားရန် သဘောတူ ဆုံးဖြတ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဘိုကလေးတွင် စပါးများပိုးကျ နွေစပါး အထွက်နှုန်း ထက်ဝက် ကျဆင်း
ယခုနှစ်တွင် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၌ နွေစပါးအထွက်နှုန်း တ၀က်လျော့ကျကြောင်း ဘိုကလေးမြို့နယ်၊ ညီနောင်ဝကျေးရွာအုပ်စုရှိ လယ်သမားများက ပြောသည်။
ယခင်နှစ်က တဧကလျှင် တင်း (၁၀၀) ထွက်သော်လည်း ယခုနှစ်တွင် နွေစပါး အထွက်နှုန်းမှာ တင်း (၅၀) သာ ရှိကြောင်း ဒေသခံများက ပြောသည်။
ညီနောင်ဝကျေးရွာအုပ်စုတွင် ညီနောင်ဝရွာ၊ ရေနက်ချောင်းရွာ၊ ကဇင်ချောင်းရွာ၊ သဘော့ကုန်းရွာ၊ ညီနောင်လေးရွာ၊ ထုံးဘူးကွဲရွာ၊ ကျားရွာ၊ ဦးမှုန်စုရွာ၊ ဘုတ်တလုပ်ရွာ၊ ကျောင်းစုရွာ ဟုရှိပြီး ယင်းရွာများမှာ နွေစပါးအထွက်နှုန်းကို အားထား၍ လယ်ယာလုပ်ငန်း လုပ်ကိုင်ကြကြောင်း သိရသည်။
နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း ယခုနှစ်တွင်မှ မကြုံစဖူး စပါးများ ပိုးကျ၍ အထွက်နှုန်း လျော့ကျသည့်အတွက် လယ်သမားများ အရှုံးပေါ်ရသည်ဟုလည်း ဒေသခံလယ်သမားများက ပြောသည်။
လယ်သမားများသည် အရှုံးပေါ်သဖြင့် လယ်စိုက်ရန်အတွက် အတိုးဖြင့်ချေးထားသည့် ငွေများကို စပါးပေါ်ချိန်တွင် ပြန်မဆပ်နိုင် ဖြစ်နေကြသည်ဟုလည်း ကျောင်းစုရွာမှ လယ် (၁၀) ဧကကျော် ပိုင်သူ တဦးကပြောသည်။
အစိုးရအာဏာပိုင်များအနေဖြင့် ပိုးကျသော လယ်များအတွက် ပိုးသတ်ဆေး စီစဉ်ပေးခြင်းမရှိကြောင်း၊ မိုးစပါးရာသီအတွက် ပြင်ဆင်ကြရမည့် အချိန်ရောက်နေကြောင်း ညီနောင်ဝကျေးရွာအုပ်စုမှ လယ်သမားများက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
နာဂစ်သင့်ဒေသ ကျောင်းများ ဆောက်လုပ်ရေး သဘောကွဲလွဲ
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဆိုင်ကလုံး နာဂစ်ဒဏ်သင့် ဒေသများတွင် စာသင်ကျောင်းများ ပြန်လည် တည်ဆောက်ခွင့် ပြုရေးအပေါ် ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် အမှတ် ၁ အခြေခံပညာဦးစီးဌာန အရာရှိများအကြား သဘောထားကွဲလွဲမှု ဖြစ်ပေါ်လျက် ရှိသည်။
ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ပြန်လည် ထူထောင်ရေးအတွက် ကွပ်ကွဲရေးဝန်ကြီးများက ကုမ္ပဏီ ၄ဝ ကို စာသင်ကျောင်းပေါင်း ၆၈ဝ ကို ပြန်လည် တည်ဆောက်ခွင့် ခွဲတမ်း သတ်မှတ်ပေးထားသည့်အပေါ် အခြေခံပညာ အရာရှိများက လက်မခံဘဲ ခွဲတမ်းအသစ် ပြန်လည် ချထားမှုကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်ရန် ကုမ္ပဏီများနှင့် သဘောတူလက်မှတ် မရေးထိုးနိုင်သေးဘဲ ရှိနေသည်။ စုစုပေါင်း တန်ဖိုးငွေ ကျပ်သန်းပေါင်း ၁၂ဝဝဝ ကျော်ရှိ စာသင်ကျောင်းများ ဆောက်လုပ်ခွင့် ရရေးအတွက် လုပ်ငန်းရှင်များက သက်ဆိုင်ရာ အာဏာပိုင်များကို လာဘ်ထိုးမှုများ ရှိနေသည်ဟု အပြန်အလှန် စွပ်စွဲပြောဆိုမှုများလည်း ရှိနေသည်။
အမှတ် ၁ အခြေခံပညာ ဦးစီးဌာနနှင့် ဆောက်လုပ်ရေး ကုမ္ပဏီများသည် ယခုအချိန်အထိ သဘောတူညီမှု မရသေးသဖြင့် မိုးရာသီ ကျရောက်လာမည်ကို စိုးရိမ်မှုများ ရှိနေကြသည်။
ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်ဟု ဆိုကာ စစ်အစိုးရက ပုဂ္ဂလိက လုပ်ငန်းရှင်အချို့ကို ဒေသခွဲ ချမှတ်ပေးခဲ့သလို လုပ်ငန်းတိုးတက်မှုကို ကြီးကြပ်ရန် ဝန်ကြီးအချို့ကိုလည်း တာဝန်ပေးခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နာဂစ်သင့် ဒေသများ ကန်ရေ သုံးမရ သောက်သုံးရေ အခက်အခဲဖြစ်ဆဲ
လာမည့် မေလ (၂) ရက်တွင် နာဂစ်မုန်တိုင်းတိုက်ခတ်ခဲ့သည်မှာ (၁) နှစ် ပြည့်တော့မည်ဖြစ်သော်လည်း ဧရာဝတီတိုင်းအတွင်း သောက်သုံးရေအခက်အခဲနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။
သောက်သုံးရေ အခက်အခဲအတွက် မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရေကန်များကို စေတနာရှင်များက လာရောက် ရှင်းလင်းပေးခဲ့ကြသော်လည်း အဆိုပါရေကန်များမှ ရေကို သောက်သုံး၍မရကြောင်း ဘိုကလေးမြို့ နယ် ဘုရားကျောင်းကျေးရွာသားတဦးက ပြောသည်။
ဘိုကလေးမြို့နယ်၊ မစိမ်းရွာသားတဦးကလည်း သောက်သုံးရေ မရရှိသေးသည့်အတွက် ရေသန့်ဝယ်ယူ သောက်သုံးရသည့် စရိတ်က ပိုလာကြောင်း ပြောသည်။
ယမန်နှစ်မေလ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ဧရာဝတီတိုင်းရှိ လပွတ္တာ၊ မော်ကျွန်း၊ ဘိုကလေး၊ ဒေးဒရဲ၊ ဖျာပုံ၊ ဟိုင်းကြီးကျွန်း စသည့် မုန်တိုင်းဒဏ်ခံရသောဒေသများမှ သောက်သုံးရေကန်များ ရေငန်ဝင် ပျက်စီးမှုများ ရှိခဲ့သည်။ဧရာဝတီတိုင်း နာဂစ်သင့်ဒေသများတွင် ရေကန်များ မသန့်ရှင်းသည့်အတွက် သောက်သုံးရန်မသင့်ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လေ့လာချက်တွေ့ရှိချက်ကို ကိုးကားပြီး ဒေသခံ ကြက်ခြေနီအရာရှိတဦးက ပြောသည်။
နာဂစ်ဒဏ်ခံခဲ့ရသော ဒေးဒရဲမြို့နယ်အတွင်း ကံဆိပ်ကျေးရွာ၊ စွယ်တော်ကုန်းကျေးရွာ၊ ကံစုကျေးရွာ၊ ကျုံဇမင်းကျေးရွာ၊ ဖိုးချမ်းကြီးကျေးရွာ၊ သောကြာကျေးရွာ၊ ငပုတောမြို့နယ်တွင်းရှိ သက်ကယ်သောင်ကျေးရွာ၊ အုန်းချောင်း ကျေးရွာတို့တွင် ယခုအခါ သောက်ရေရှားပါးသည့် အခက်အခဲကို ရင်ဆိုင်နေရသည်။
နာဂစ်မုန်တိုင်းအပြီးတွင် နအဖစစ်အစိုးရက ရေကန်များကို ပြန်ပြုပြင်ပေးခြင်းမရှိဘဲ နယ်စည်းမခြား ဆရာဝန်များအဖွဲ့၊ မြန်မာ့ကြက်ခြေနီ၊ အိုင်စီအာစီ၊ ယူနီဆက်နှင့် ကုလသမဂ္ဂအဖွဲ့များ၊ ပုဂ္ဂလိကအလှူရှင်များက ရေသန့်စက်များ တပ်ဆင်ပေးကြောင်း ဒေသခံများက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကလေးများက နာဂစ်သင့်သူများအတွက် ငွေလှူဒါန်း
နယူးဒေလီ (မဇ္စျိမဌာန)။ ။ မလေးရှားရှိ မြန်မာဒုက္ခသည် ကလေးငယ်များက နာဂစ်တနှစ်ပြည့် အမှတ်တရ ရေးဆွဲထားသည့် ပန်းချီကားများနှင့် ပုံပြင် ၂ဝ ကျော်ကို စာအုပ်အဖြစ် ထုတ်ဝေရောင်းရငွေ မလေးရှားရင်းဂစ် ၂၅ဝဝဝ ကို ယမန်နေ့က လှူဒါန်းခဲ့သည်။
ကွာလမ်လာပူမြို့ စီတာပတ် (Setapak) အရပ်တွင် ကချင် တိုင်းရင်းသားများ ကိုယ်ထူကိုယ်ထ ဖွင့်ထားသည့် ကျောင်းမှ ကလေးငယ်များ ရေးဆွဲသည့် ရုပ်ပြပန်းချီများထဲမှ လက်ရွေးစင် ၂ဝ ကျော်ကို စာအုပ်ထုတ်ရောင်းရာမှ ရလာသည့်ငွေများကို မြန်မာပြည်တွင် မုန်တိုင်းဒဏ် ခံရသူများကို ကူညီနေသည့် မလေးရှားအခြေစိုက် အစိုးရမဟုတ်သည့် အဖွဲ့အစည်း world vision မှတဆင့် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
၂ဝဝ၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ထိုဒုက္ခသည် ကလေးကျောင်းတွင် ယခုအခါ ကျေင်းသား ၁၆ဝ ကျော်ရှိပြီး အများစုမှာ ကချင် ကလေးငယ်များဖြစ်ကာ အချိန်ပြည့် ကျောင်းဆရာ၊ ဆရာမ ၁ဝ ဦးနှင့် အချိန်ပိုင်း သင်ကြားပို့ချပေးသည့် ဆရာ၊ ဆရာမ ၆ ဦး ရှိနေသည်။
ထိုကျောင်းတွင် American Home School သင်ရိုးညွှန်းတမ်းကို အခြေခံသင်ကြားပေးပြီး၊ ကချင်စာပေ၊ အင်္ဂလိပ်စာ၊ သိပံ္ပ၊ ပထဝီ၊ Music notes စသည့် ဘာသာရပ်များကို သင်ကြားပေးသည့်အပြင် ပန်းချီရေးဆွဲနည်းလည်း သင်ကြားပေးသည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဆန်ဈေးနှုန်း တရိပ်ရိပ် မြင့်တက်လာ
နိုင်ငံခြားတင်ပို့ရန် ဆန်ဝယ်ယူနေမှုများကြောင့် ဆန်ဈေးနှုန်းများ တရိပ်ရိပ် မြင့်တက်လာနေကြောင်း ဘုရင့်နောင် ဆန်ပွဲရုံတခုမှ ကုန်သည်ကြီးတဦးက ပြောသည်။
၎င်းက “ဒီနေ့ ဧပြီ (၂၉) ရက်ဆို ဆန်ကြမ်းဈေးက တအိတ် ကျပ် (၁၃,ဝဝဝ) ကိုရောက်လာပြီ။ တချို့ တအိတ် (၁၃,၅ဝဝ) လောက်နဲ့ စရောင်းနေပြီ။ ဆန်ကြမ်းဈေးတက်တော့ ထုံးစံအတိုင်း ဆန်ချောဖြစ်တဲ့ ပေါ်ဆန်းမွှေး ဈေးနှုန်းလည်း တအိတ်ကို ကျပ် (၃,ဝဝဝ-၄,ဝဝဝ) အထိ လိုက်တက်လာတယ်။ အဓိကကတော့ ဆန်စပါးကုန်သည် ကြီးများအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက နိုင်ငံခြားပို့ဖို့ (၂၅) မှတ် ဆန်တွေ သိမ်းကျုံးဝယ်နေလို့ဖြစ်တယ်” ဟု ပြောသည်။
လက်တွေ့တွင်မူ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဦးတေဇပိုင် ထူးကုမ္ပဏီနှင့် ဆန်စပါး ကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌ ဦးအောင်သန်းဦးတို့ကဲ့သို့ စစ်အစိုးရ အာဏာပိုင်များနှင့် နီးစပ်သူများသာ ပါမစ် လွယ်လွယ်ကူကူရပြီး အလျင်အမြန် တင်ပို့နိုင်ကာ အကျိုးအမြတ် များစွာရရှိခဲ့ကြောင်း ဆန်ကုန်သည်များကပြောသည်။
နအဖစစ်အစိုးရ စီမံဘဏ္ဍာဌာန အရာရှိများကမူ လာမည့် ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာရေးနှစ်တွင် ဆန်တန်ချိန် (၁) သန်းခွဲအထိ တင်ပို့မည်ဟု ပြီးခဲ့သည့် ဧပြီ (၂၄)၊ ဆန်ကုန်သည်များနှင့် တွေ့ဆုံသည့် အစည်းအဝေးတခုတွင် ထုတ်ဖော်ပြောဆိုသည်။
ယခုကဲ့သို့ လက်ကားဈေးကွက်တွင် ဆန်ဈေးများ တက်လာသော်လည်း လက်လီဈေးကွက်တွင်မူ ပြည်သူများ ဝယ်မစားနိုင်လောက်သည့် အခြေအနေထိ ရောက်မလာသေးကြောင်း စုံစမ်းသိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အပစ်ရပ်အဖွဲ့ ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်ရဲမြင့် တွေ့ဆုံ
ရွှေလီ (မဇ္ဈိမ) ။ ။ တရုတ်-မြန်မာနယ်စပ် အခြေစိုက် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့မှ ခေါင်းဆောင်များနှင့် နအဖ စစ်အာဏာပိုင်များသည် ယမန်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့သည်။
နအဖ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် - စရဖ ဗိုလ်ချုပ်ရဲမြင့်နှင့် စစ်တိုင်းဌာနချုပ် တိုင်းမှူးများက ယမန်နေ့ တရက်ထဲ၌ပင် အပစ်ရပ် ၆ ဖွဲ့မှ ခေါင်းဆောင်များကို သက်ဆိုင်ရာ နယ်မြေများအလိုက် သီးခြားစီခွဲ၍ ခေါ်ယူတွေ့ဆုံခြင်း ဖြစ်သည်။
ကချင်ပြည်နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးအဖွဲ့ - KIO နှင့် ဒီမိုကရေစီသစ် တပ်မတော် (ကချင်) - NDAK အဖွဲ့ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မြစ်ကြီးနားတွင် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းက နံနက်ပိုင်းနှင့် ညနေပိုင်း အချိန်ခွဲကာ တွေ့ဆုံခဲ့သည်ဟု တရုတ်နယ်စပ်ရှိ စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက မဇ္ဈိမကို ပြောသည်။
ရှမ်းပြည် (မြောက်ပိုင်း) အတွင်းရှိ အပစ်ရပ်အဖွဲ့များဖြစ်သော ဝပြည် သွေးစည်းညီညွတ်ရေး ပါတီ - UWSP ၊ ရှမ်းပြည် အမျိုးသားတပ်မတော် (မြောက်ပိုင်း) – SSA (N)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် - MNDAA နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် - NDAA အဖွဲ့တို့ကို စရဖ အရာရှိ ချုပ်ဗိုလ်ချုပ်ရဲမြင့်နှင့် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် - ရမခ တိုင်းမှူးက သီးခြားစီ တွေ့ခဲ့သည်။
UWSP ကို ရှမ်းပြည် (မြောက်ပိုင်း) တန့်ယန်းမြို့နှင့် တောင်ပိုင်း အမှတ် ၁၇၁ စစ်ဒေသအဖွဲ့ကို ရှမ်းပြည် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တို့တွင် သီးခြားစီ တွေ့ခဲ့ခြင်းနှင့် မြောက်ပိုင်းအား ပုံမှန်တွေ့နေကျ လားရှိုးတွင် မတွေ့ဘဲ တန့်ယန်းမြို့တွင် တွေ့ဆုံခဲ့ခြင်းက ထူးခြားနေကြောင်း ဦးအောင်ကျော်ဇောက ပြောသည်။
နအဖနှင့် အပစ်ရပ်အဖွဲ့များသည် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တပ်နှင့် ပတ်သက်သည့် ကိစ္စများကို အဓိကထား ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် လက်ရှိ တွေ့ဆုံဆွေးနွေးပွဲများမှ တိကျခိုင်မာသည့် ရလဒ်မျိုး မထွက်ပေါ်နိုင်သေးဘဲ အပစ်ရပ်အဖွဲ့များကလည်း သူ့နည်းသူ့ဟန်နှင့် စဉ်းစား လုပ်ဆောင်ဖွယ်ရှိကြောင်း ဦးအောင်ကျော်ဇောက ဆိုသည်။
လက်ရှိ ဆွေးနွေးပွဲများသည် နှစ်ဖက်စလုံးအတွက် အကျပ်ရိုက်နေပုံကို ဖော်ပြပြီး နအဖ ဘက်က လက်နက်ကိုင် အဖွဲ့များ ကိစ္စသည် ခေါင်းခဲစရာဖြစ်နေသလို အပစ်ရပ်များဘက်ကလည်း စစ်တိုက်ရန် လက်တွေ့အားဖြင့် ချက်ချင်း မဖြစ်နိုင်ဘဲ လက်နက်ကိုင်တပ်များ ပြင်ဆင်ဖွဲ့ရေးကိုလည်း လက်မခံနိုင် ဖြစ်နေသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဧပြီလ ၃၀ ရက်
ရက်သတ္တပတ် ၁၈ ၊ ၂၀၀၉
မြန်မာသတင်း
အန်အယ်လ်ဒီ ပြုသာပြင်သာ မူဝါဒ ကိုင်စွဲ
တောင်းဆိုချက်သုံးရပ်ကို လိုက်လျောမည်ဆိုပါက အမျိုးသားစီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ကြောင်း အဖွဲ့ချုပ်၏ စုံညီအစည်းအဝေးအပြီး ယမန်နေ့ ထုတ်ပြန်ကြေညာစာတမ်းတွင် တင်ပြထားသည်။
တောင်းဆိုချက် (၃) ရပ်မှာ အဖွဲ့ချုပ်ခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသည့်အချက်များကို ပြင်ဆင်ပေးရေးနှင့် အားလုံးပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာ၏ စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုရေး စသည့်အချက်များကို တောင်းဆိုထားသည်။
ယင်းတောင်းဆိုချက်များကို လိုက်လျောပါက အန်အယ်လ်ဒီသည် ပေါ်ပေါက်လာမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်း ဥပဒေနှင့် ရွေးကောက်ပွဲနှင့်စပ်လျဉ်းသော ဥပဒေတို့ကို လေ့လာစဉ်းစားပြီး ရွေးကောက်ပွဲဝင်ရန် ရည်ရွယ်သည်ဟု ထုတ်ပြန်ကြေညာသည်။ နအဖစစ်အစိုးရဘက်မှ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုဉ်းရေး၊ မြန်မာနိုင်ငံ အား စီးပွားရေးအဆက်အသွယ် ဖြတ်တောက်ရေးအပါအ၀င် အလုံးစုံပိတ်ဆို့ရေးစသည်တို့ကို စွန့်လွှတ်ကြောင်း ကြေညာရန်နှင့် ယင်းသို့ကြေညာပါက ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးမည်ဟု တရားဝင်ကြေညာချက် ထုတ်ပြန်ထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
လွတ်လပ်စွာ ရေးသားခွင့်အပေါ် ငါးလုပ်ငန်းက ပိတ်ပင်
ရန်ကုန် (မဇ္ဈိမ) ။ ။ ပြည်တွင်းထုတ် စာနယ်ဇင်းများတွင် ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်သော ရေထွက်ပစ္စည်း တင်ပို့မှု ကိန်းဂဏန်းများကို အတည်ပြုချက် မယူဘဲ ဖော်ပြခြင်းကို ပိတ်ပင်တားမြစ်မှုများ ငါးလုပ်ငန်းအဖွဲ့ချုပ်က ပြုလုပ်လာသည်။
အပတ်စဉ်ထုတ် ဂျာနယ်တခုတွင် ၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာရေးနှစ်အတွက် ရေထွက်ပစ္စည်းတင်ပို့မှု လျာထားချက်ထက် တင်ပို့နိုင်မှုပမာဏ အလွန်အမင်း လျော့နည်းနေကြောင်း ရာခိုင်နှုန်းဖြင့် နှိုင်းယှဉ်ဖော်ပြ ရေးသားခဲ့ပြီးနောက် မှားယွင်းသည်ဟု ဆိုကာ ငါးလုပ်ငန်းဦးစီးဌာနက သတင်း အချက်အလက်များကို လွတ်လပ်စွာ ရေးသားခွင့် ပေးထားသည်ကို ပိတ်ပင်ခြင်း ဖြစ်သည်။
မကြာသေးခင်က ကျင်းပသည့် ငါးလုပ်ငန်းဆိုင်ရာ အစည်းအဝေး တခုတွင် မီဒီယာများကို တက်ရောက်ခွင့်ပြုပြီး အစည်းအဝေးအတွင်း ပြောကြားချက်များကို လွတ်လပ်စွာ ရေးသားခွင့် ပေးခဲ့ရာမှ ယခုအခါတွင် မိမိတို့၏ ထောက်ခံချက်ရမှ သတင်းထည့်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန F.I.Q.C ဌာနခွဲအရာရှိက ပြောဆိုခဲ့သည်ဟု စုံစမ်းသိရှိရခြင်းလည်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အုန်းဖျန်စခန်းကို ဒီကေဘီအေ ၀င်စီးမည့်သတင်းကြောင့် ဒုက္ခသည်များ ပုန်းခိုကျင်းတူးနေ
အုန်းဖျန်ဒုက္ခသည်စခန်းကို တိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) မှ ၀င်ရောက်စီးနင်း မီးရှို့ဖျက်ဆီးမည်ဟူသော သတင်းများထွက်ပေါ်နေသောကြောင့် စခန်းတွင်းနေထိုင်သူ (၂၅,၀၀၀) ခန့်မှာ ကျီးလန့်စာစားဖြစ်နေကြသည်။
ဒီကေဘီအေအဖွဲ့မှ အုန်းဖျန်စခန်းအတွင်း ၀င်ရောက်မီးရှို့ဖျက်ဆီးပြီး အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မည်ဆိုသည့် သတင်းတရပ်ကြောင့် စခန်းတွင်းနေထိုင်သူများမှာ ယခု ရက်ပိုင်းအတွင်း အထုပ်အပိုးများ ထုပ်ပိုးထားကြကာ ရပ်ကွက်များတွင်လည်း ပုန်းခိုကျင်းများ တူးထားကြပြီး အချို့စခန်းအနီးရှိ တောင်ပေါ်တွင် တက်ရောက်ပုန်းရှောင်ကြသည်။
အုန်းဖျန်စခန်းနှင့် ဒီကေဘီအေ (၉၀၇) အခြေစိုက်ရာ ဒေသသည် ကီလိုမီတာ (၄၀) ခန့်သာ ကွာဝေးသောကြောင့် ဒုက္ခသည်များ စိုးရိမ်ပူပန်ကြခြင်းဖြစ်သည်။
ယခင်က ဖျက်သိမ်းလိုက်သည့် တာ့ခ်ခရိုင်အတွင်းရှိ ဟွေ့ကလုပ်၊ ရှိုးကလိုး၊ ဘောနော် စသည့် ဒုက္ခသည်စခန်း သုံးခုကို ဒီကေဘီအေအဖွဲ့က ထိုင်းနိုင်ငံအတွင်း ၀င်ရောက်ကာ မီးရှို့တိုက်ခိုက်ဖျက်ဆီးမှုများ လုပ်ခဲ့သဖြင့် ဒုက္ခသည်အချို့သေဆုံး ဒဏ်ရာရမှုများ ဖြစ်ခဲ့ပြီး အိုးအိမ်နှင့် ပစ္စည်းများ ဆုံးရှုံးခဲ့ရသည်။ အုန်းဖျန်ဒုက္ခသည်စခန်း၏ တဘက်ခြမ်း မြန်မာနိုင်ငံဘက်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တည်ရှိပြီး မြန်မာဘက် နယ်စပ်မျဉ်းအနီးတွင် ဒီကေဘီအေ တပ်ရင်း (၉၀၇) အခြေချသည့် ကလို့ထူးဘော ဒေသဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မေ ၁ ရက်
ရက်သတ္တပတ် ၁၈ ၊ ၂၀၀၉
မြန်မာသတင်း
အခွန်တော်အရ အောင်ဘာလေထီ အက္ခရာ အတိုးအလျှော့ လုပ်
အောင်ဘာလေထီ အက္ခရာနံပါတ်များ ထပ်မံတိုးမြင့်ကြောင်း အောင်ဘာလေထီလုပ်ငန်းဌာနမှ ညွှန်ကြားရေးမှူး
ဦးတင်နိုင်ရွှေက ယနေ့ ပြုလုပ်သော (၂၄၄) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် ပြောသည်။
(၂၄၄) ကြိမ်မြောက်တွင် အက္ခရာ (၂၂) လုံး ပါဝင်ရာမှ ယနေ့ မေလ (၁) ရက်နေ့ စတင်ရောင်းချသည့် (၂၄၅) ကြိမ်မြောက်တွင် အက္ခရာ (၂၄) လုံး ရောင်းချမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ပြီးခဲ့သည့် (၂၄၂) ကြိမ်မြောက်တွင် အက္ခရာ (၂၆) လုံးထုတ်ခဲ့ရာမှ အစိုးရက လျှော့ချခဲ့ကာ ယခုတဖန် ပြန်လည် တိုးမြှင့်ထုတ်ဝေခြင်းဖြစ်သည်။
အောင်ဘာလေ သိန်းဆုဌာနမှ အမည်မဖော်လိုသူ အရာရှိတဦးကမူ အစိုးရအနေဖြင့် လောလောဆယ် ထီအက္ခရာတခု လျှော့ထုတ်တိုင်း ကျပ် (၆၅) သန်းကျော် အခွန်ငွေ လျော့ကျသည်ဟု ပြောသည်။
ကျပ် (၂ဝဝ) တန် ထီလက်မှတ် စတင်ထုတ်ဝေသည့် (၂၄ဝ) ကြိမ်မြောက်အောင်ဘာလေထီဖွင့်ပွဲမှစ၍ အကြိမ်တိုင်း ထီအက္ခရာများကို လျှော့ချခဲ့ရာမှ ယခုမေလ (၁) ရက်တွင် ပြန်လည်တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။
ထီလက်မှတ်များကို တစောင်လျှင် (၂ဝဝ) ကျပ်ဖြင့် ရောင်းချပြီး (၂၄) စောင်ပါ ထီတအုပ်ကို (၄,၀၀၀) ကျပ်ဖြင့် ထီဈေးကွက်အတွင်း ရောင်းချနေကြသည်။
အောင်ဘာလေထီကို လစဉ် လဆန်း (၁) ရက်နေ့တွင် ဖွင့်လှစ်ပေးလျက်ရှိသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မုန်တိုင်းသင့်ဒေသ ဘုန်းကြီးကျောင်း အလှူအတန်း ထက်ထက်ကျော် လျော့ကျ
ချင်းမိုင် (မဇ္ဈိမ)။ ။ မုန်တိုင်းသင့် တနှစ်ပြည့်ချိန်တွင် ဧရာဝတီတိုင်း မြို့နယ်အချို့ရှိ ဘုန်းကြီးကျောင်းများသို့ အလှူအတန်းများမှာ ထက်ဝက်ကျော် လျော့ကျနေသည်။
ဤသည်မှာ နာဂစ်သင့် ဒကာ၊ ဒါယိကာမများ၏ စီးပွားရေး ပျက်စီးခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဒေသတွင်းရှိ ဘုန်းကြီးကျောင်းများမှ သံဃာတော်များက ပြောဆိုကြခြင်းဖြစ်သည်။ လပွတ္တာမြို့နယ် ပြင်စလူခရိုင်ရှိ လေယာဉ်ကွင်းရွာမှ ဘုန်းကြီးကျောင်းတွင် ကျင်းပသည့် ပြီးခဲ့သည့်လ သင်္ကြန်ကာလအတွင်း အလှူအတန်းများမှာ ယခင် မုန်တိုင်းမကျခင်ကထက် အများအပြား ကျဆင်းသွားခဲ့သည်။
ဘိုကလေးမြို့ ဇေယျမေဒနီ ကျောင်းတိုက်မှ ဦးဇင်း ဦးဉာဏဝံသ ကလည်း တနှစ်ကျော်ခဲ့သည့် ဘာသာရေးနှင့် ပတ်သက်ပြီး ဖွံ့ဖြိုးမှုများ လျော့နည်းနေသော်လည်း ယခင်ကလို တိုးတက်လာအောင် ကြိုးစားလျက်ရှိသည်ဟု မိန့်ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အဖမ်းအဆီးကြောင့် အလုပ်သမားနေ့ တက်ရောက်သူ နည်းပါး
ဒေသတွင်း၌ အဖမ်းအဆီးများကြောင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ကျင်းပသည့် (၁၁၉) ကြိမ်မြောက် နိုင်ငံတကာ အလုပ်သမားနေ့ (မေဒေး) အခမ်းအနားများသို့ တက်ရောက်သည့် မြန်မာအလုပ်သမားများ နည်းပါးသွားသည်။
ယနေ့ကျရောက်သည့် နိုင်ငံတကာအလုပ်သမားနေ့ အခမ်းအနားများကို မြန်မာနိုင်ငံ အလုပ်သမားသွေးစည်း ညီညွတ်ရေးအဖွဲ့၊ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့နှင့် အခြားမြန်မာအလုပ်သမားအဖွဲ့များ စုပေါင်းကာ မဲဆောက်မြို့တွင် နေရာ သုံးနေရာခွဲ၍ ကျင်းပခဲ့သည်။
နိုင်ငံတကာအလုပ်သမားနေ့အထိမ်းအမှတ်အဖြစ် အခမ်းအနားတက်ရောက်လာကြသည့် မြန်မာအလုပ်သမား (၂၀၀) ခန့်က မယ်တော်ဆေးခန်းနှင့် မဲဆောက်ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။
ကမ္ဘာ့အလုပ်သမား လှုပ်ရှားမှုသမိုင်းတွင် အလုပ်ချိန် (၈) နာရီသတ်မှတ်ပေးရေးအတွက် သွေးမြေကျ တိုက်ပွဲဝင်ခဲ့ ကြသည့် အလုပ်သမားတို့၏ အထင်ရှားဆုံးနှင့် သမိုင်းဝင်နေ့ထူးနေ့မြတ်တခုဖြစ်သည့် မေဒေးနေ့သည် ယနေ့ဆိုလျှင် (၁၁၉) ကြိမ်မြောက်ဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
တနှစ်ပြည့်သော်လည်း မုန်တိုင်း အကူအညီ မလုံလောက်သေး
နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာပြည် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ နာဂစ်ဆိုင်ကလုံး ဖျက်ဆီးခဲ့သည်မှာ တနှစ်တာကြာမြင့်သွားပြီ ဖြစ်သော်လည်း၊ ထိုဒေသတွင် ဆိုင်ကလုံးသင့် ဘဝများ ပြန်လည် ထူထောင်ရေးနှင့် အဆောက်အဦများ ပြန်လည် တည်ဆောက်ရေးသည် များစွာ လိုအပ်နေသေးကြောင်း ကုလသမဂ္ဂ အကူအညီပေးရေး အေဂျင်စီများ အပါအဝင် ကူညီထောက်ပံ့ရေး အဖွဲ့အစည်းများက ထောက်ပြပြောဆိုကြသည်။
မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသ ဧရာဝတီနှင့် ရန်ကုန်တိုင်းတွင် နာဂစ်မုန်တိုင်း မွှေနှောက်ခဲ့သည်မှာ မေလ ၂ ရက်နေ့တွင် တနှစ်ပြည့်မြောက်မည်ဖြစ်သော်လည်း မုန်တိုင်းကြောင့် အသက်မသေဘဲ ရှင်ကျန်ရစ်ခဲ့သူများသည် သူတို့၏ ဘဝများ ပြန်လည်တည်ဆောက်ရန်နှင့် ယခင်အတိုင်း ပုံမှန်နေထိုင်နိုင်သည့် ဘဝသို့ ပြန်ရောက်ရန် မဆိုထားနှင့်၊ ယခုထိတိုင် စားနပ်ရိက္ခာ လုံလောက်မှု မရှိခြင်း ဟူသော ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရဆဲ ရှိနေသေးသည်ဟု၊ အကူအညီပေးရေး အေဂျင်စီများက ပြောဆိုကြခြင်းဖြစ်သည်။
နေရာအတော်များများရှိ မုန်တိုင်းဒဏ်ခံရသူများ၏ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ သောက်သုံးရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးတို့ကို ထောက်ပံ့ရန် ဆက်လက် လိုအပ်နေသေးကြောင်း ရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံး ဆက်သွယ်ရေးအရာရှိ အက်စ်ထရစ် ဆီဟဲလ် Astrid Sehl က မဇ္ဈိမကို ပြောပြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နာဂစ် ထောက်ပံ့ရေး ပစ္စည်းများ ညောင်ငူကျေးရွာ ဥက္ကဌ အလွဲသုံးစားလုပ်
ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့မှ ကွမ်းခြံကုန်းမြို့ ရွာစဉ်တကြောရှိ နာဂစ်မုန်တိုင်းသင့် ညောင်ငူကျေးရွာတွင် ဆောက်လုပ်လျက်ရှိသော မေတ္တာအိမ်ရာ စီမံကိန်းသို့ ပေးပို့သည့် နာဂစ်ထောက်ပံ့ရေးပစ္စည်းများကို အလွဲသုံးစားလုပ်သည့် ကျေးရွာဥက္ကဋ္ဌ တာဝန်မှ နုတ်ထွက်လိုက်ရကြောင်း ဒေသခံရွာသားတဦးက ပြောသည်။
ယခု အလွဲသုံးစားလုပ်သည့် အလှူပစ္စည်းပုံးတပုံးလျှင် (မီးဖိုချောင်သုံးပစ္စည်းများ၊ ငွေ (၅,၀၀၀) ကျပ်ပါ စာတအိတ်နှင့် ကလေးကစားစရာအရုပ်များ) ပါဝင်ကြောင်း၊ အဆိုပါ ပုံး (၂၄) ပုံးကို ဥက္ကဋ္ဌက လှည်းနှင့် တိုက်ထုတ်စဉ် ကျေးရွာလူထုမှ ၀ိုင်းဝန်းဖမ်းဆီးလိုက်ကြခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ခိုင်ဖြိုးအဖွဲ့မှာ တာဝန်ရှိသူက ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်ကို ရာထူးမှဖယ်ပေးမည်ဟု ပြောမှ ရွာသားများက ကျေနပ်သွားပြီး အတွင်းရေးမှူး ဦးညီညီမောင်အား ပူးတွဲ ဥက္ကဋ္ဌအဖြစ် ယာယီခန့်ထားကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မေ ၂ ရက်
ရက်သတ္တပတ် ၁၈ ၊ ၂၀၀၉
မြန်မာသတင်း
သောက်သုံးရေ ရှားပါးမှုအတွက် ရေရှည် အဖြေရှာရန်လို
နယူးဒေလီ (မဇ္ဈိမ)။ ။ လတ်တလော သောက်ရေရှားပါးမှု ပြဿနာသည် နာဂစ် ဆိုင်ကလုံးမုန်တိုင်း ဒဏ်ခံခဲ့ရသော မြန်မာပြည် မြစ်ဝကျွန်းပေါ် ဒေသများတွင် အရေးတကြီး အာရုံစိုက် ဖြေရှင်းရမည့် အဓိက စိန်ခေါ်မှုတရပ် ဖြစ်သည်ဟု ကယ်ဆယ်ရေး လုပ်သားများက ပြောသည်။
ယမန်နှစ် မေလ ၂ ရက်နှင့် ၃ ရက်နေ့များက တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုံးမုန်တိုင်းကြောင့် မြန်မာနိုင်ငံ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ နေရာအများအပြား ဆားငံရေ ဖုံးလွှမ်းသွားခဲ့သည်။ ဤမုန်တိုင်းကြောင့် လူပေါင်း ၁၄၀၀၀၀ သေဆုံးခဲ့ပြီး၊ လူပေါင်း ၂.၄ သန်းခန့် အပြင်းအထန် မုန်တိုင်းဒဏ် ခံခဲ့ရသည်။
ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်ပြီးသည့်အခါ သောက်ရေရရှိရာ ရေအရင်းအမြစ်များဖြစ်သော ရေတွင်းရေကန်များတွင် တင်ကျန်ခဲ့သော အပျက်အစီးများကို ကောင်းစွာ မဖယ်ရှားရသေးဘဲ အဆိုပါ ရေကန်များမှာ ဆားငံရေများ ဝင်ရောက်ခြင်းလည်း ခံခဲ့ရသည်။
အဆိုးဝါးဆုံး ရင်ဆိုင်နေရသော ဒေသများမှာ ဧရာဝတီ မြစ်ဝကျွန်းပေါ်တောင်ပိုင်း လပွတ္တာမြို့နယ်ရှိ ပြင်ခရိုင်ကျေးရွာ အုပ်စုအတွင်းမှ ကျေးရွာများ ဖြစ်သည်။
ဤသောက်ရေ ရှားပါးမှု ပြဿနာ စိန်ခေါ်မှုသည် ခြောက်သွေ့ရာသီတွင် ပိုဆိုးလာသည်ဟု World Vision Asia Pacific အဖွဲ့၏ ဒေသဆိုင်ရာ ဆက်သွယ်ရေး အကြံပေးအရာရှိ ဂျိမ်းအိစ် (James East) ကလည်း ဤအတာအတွင်း ပြောဆိုလိုက်ပါသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မတရားအသင်း ကြေညာခြင်းမှာ တရားမဝင်ဟု BLC တုန့်ပြန်
ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ (Burma Lawyer’s Council- BLC) ကို စစ်အစိုးရက မတရား အသင်းအဖြစ် ကြေညာခြင်းမှာ နိုင်ငံတကာ ဥပဒေ အရသာမက ပြည်တွင်း ဥပဒေဖြင့်ပင် တရားမဝင်ဟု BLC က ပြောဆိုလိုက်သည်။
မြန်မာစစ်အစိုးရက ဧပြီလ ၃၀ ရက်နေ့က BLC ကို မတရားအသင်းများ အက်ဥပဒေ ပုဒ်မ ၁၆ အရ မတရားအသင်း အဖြစ်၊ BLC နှင့် ဆက်နွှယ်သည့် အသင်းအဖွဲ့များကို မတရားအသင်းများ အက်ဥပဒေ ပုဒ်မ ၁၅၊ ပုဒ်ခွဲ(၂) ပါ အဓိပ္ပါယ် ဖော်ပြချက်များနှင့် အညီ မတရား အသင်း ဖြစ်ကြောင်း ကြေညာခဲ့သည်။
မတရားအသင်း ဥပဒေ ပုဒ်မ ၁၆ မှာ သမတက ကြေညာခွင့် ရှိသော်လည်း ပုဒ်မ ၁၅(၂) မှာ ပြဌာန်းထားသည့် အသင်းဝင်များ အကြမ်းဖက်မှု ကျူးလွန်ခြင်း၊ ခြိမ်းခြောက်မှု ကျူးလွန်သည့် ပုဂ္ဂိုလ်များကို အားပေးခြင်းများကို လုပ်ဆောင်နေမှသာ မတရားအသင်းအဖြစ် ကြေညာနိုင်သည်။
အကြမ်းဖက်မှု ကိစ္စရပ်များ မကျူးလွန်ဘဲ ဥပဒေ ကိစ္စများကိုသာ လုပ်ကိုင်နေသည့် အဖွဲ့ကို မတရားအသင်း ကြေညာခြင်းသည် ဥပဒေနှင့် ဆန့်ကျင်ကြောင်းထောက်ပြပြောဆိုသွားသည်။ ယင်းကြေညာချက်ကြောင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်နေသော ပူးပေါင်းဆောင်ရွက်ရန် လုပ်ဆောင်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကိုပါ ခြိမ်းချောက်နေသော သဘော သက်ရောက်နေသည်ဟု ဆိုသည်။
စစ်အစိုးရ၏ ကြေညာချက်မှာ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ( BLC ) သာမက ၄င်းနှင့်တွဲဖက်ဆောင်ရွက်နေသည့် အဖွဲ့များကိုလည်း မတရား အသင်းအဖြစ်ကြေညာခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
တားမြစ် ငပိများ ဈေးကွက်အတွင်းမှ ပြန်သိမ်းရန် ခက်ခဲ
ချင်းမိုင် (မဇ္ဈိမ)။ ။ ကင်ဆာဖြစ်စေသော အနီရောင် ဆိုးဆေးကြောင့် စားသုံးခြင်း မပြုရန် မြန်မာ စစ်အစိုးရက တားမြစ်လိုက်သည့် ငပိများ ဈေးကွက်အတွင်းမှ ပြန်သိမ်းရန် ခက်ခဲနေကြောင်း သိရသည်။
ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန - FDA က ကင်ဆာ ဖြစ်စေသော အနီရောင် ဆိုးဆေး - Rhodamine B အသုံးပြုသည်ဟုဆိုကာ ငပိ အမှတ်တံဆိပ် အချို့ကို စားရန် မသင့်ကြောင်း ယခုလ ၁ ရက်နေ့တွင် သတင်းစာမှ ကြေညာခဲ့သော်လည်း လက်တွေ့တွင် ဈေးကွက်အတွင်းမှ ပြန်သိမ်းရန် ခက်ခဲရှိနေကြောင်း ငပိပွဲရုံများ အဆိုအရ သိရခြင်း ဖြစ်သည်။
FDA မှ တာဝန်ရှိသူတဦးဖြစ်သည့် ဒေါက်တာကျော်လင်းကမူ ဈေးကွက်အတွင်းမှ သိမ်းဆည်းခြင်း၊ ပြန်လည်ရောင်းချခွင့် ပြုခြင်းမှာ မြို့နယ်အလိုက် ဖွဲ့စည်းထားသော အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ကော်မတီများကသာ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုသည်။
FDA က စိမ်းစားငပိနှင့် အသင့်စား ငပိ အမျိုးအစားပေါင်း ၁၀၁ မျိုးထဲမှ ၇၉ မျိုးကို စားသုံးရန်မသင့်ကြောင်း အသိပေးခဲ့ပြီး ယင်းတို့ထဲတွင် အသင့်စား ငပိထောင်း အမှတ်တံဆိပ် ၂၀ နှင့် ငပိ အစိမ်း အမှတ်တံဆိပ် ၅၉ မျိုး ပါဝင်သည်။
အနီရောင်ဆိုးဆေးမှာ ချည်၊ သိုးမွှေး၊ ပိုးထည်၊ စက္ကူ၊ သားရေများကို အရောင်တင်ရာတွင် ထည့်သွင်းသုံးစွဲပြီး၊ ရောဂါရှာဖွေရာတွင် သုံးသော ဓာတ်ခွဲခန်းသုံး ဆိုးဆေးလည်း ဖြစ်သည်။
ယင်းဆိုးဆေးကြောင့် အစာအိမ် အူလမ်းကြောင်း ရောင်ယမ်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်းတို့ကို လတ်တလော ဖြစ်ပေါ်စေပြီး ရေရှည်တွင် ကင်ဆာရောဂါ ဖြစ်စေနိုင်ကြောင်း သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
လုပ်ငန်းခွင်အတွင်း စက်ရုံလုပ်သား သေဆုံးမှု လျော်ကြေး မရ
ချင်းမိုင် (မဇ္ဈိမ)။ ။ ပဲခူးမြို့ရှိ တရုတ်နှင့် မြန်မာစစ်အစိုးရ ဖက်စပ်လုပ်ကိုင်နေသည့် ချင်စု အထပ်သား စက်ရုံ၌ လုပ်ငန်းချိန်အတွင်း လုပ်သားတဦး သေဆုံးခဲ့ရာ ကျန်ရစ်သူ မိသားစုမှာ လျော်ကြေး မရကြောင်း သိရသည်။
ပြီးခဲ့သည့်လ ၂၉ ရက်နေ့က ချင်စု အထပ်သားစက်ရုံမှ အထပ်သားခွဲစက် စက်ကိုင်လုပ်သား ၂၅ နှစ်အရွယ် ကိုငြိမ်းချမ်းမှာ အလုပ်ချိန်အတွင်း စက်ရုံမီးသတ်ကန်တွင် သေဆုံးခဲ့သည်။
ညပိုင်း တာဝန်ချိန်အတွင်း သေဆုံးခြင်းဖြစ်ပြီး နံနက်မိုးလင်းမှသာ ရေခပ်သွားသည့် စက်ရုံလုပ်သားများက မီးသတ်ကန်အတွင်း သေဆုံးနေသည်ကို တွေ့ခဲ့ရခြင်း ဖြစ်သည်။
စက်ရုံတာဝန်ရှိသူများက ရုပ်အလောင်းအား ဆေးရုံသို့ စက်ရုံကားဖြင့် ပို့ပေးခဲ့သော်လည်း လျော်ကြေးပေးခြင်း မရှိကြောင်း ၎င်း အထပ်သား စက်ရုံမှ လုပ်သားများ အဆိုအရ သိရခြင်းဖြစ်သည်။ သစ်ခွဲစက်နှင့် လုပ်ကိုင်ရသူ လုပ်သားများမှာ မကြာခဏ ဆိုသလို ခြေ၊ လက် ပြတ်ခြင်းများ ဖြစ်တတ်သည်။ သို့သော် အလုပ်သမားများအား အသက်အာမခံ၊ ထိခိုက်မှု အာမခံ ပေးမထားကြောင်း ဆိုကြသည်။
စက်ရုံ လည်ပတ်နေသည့် အချိန်ကာလ ၁ဝ နှစ်ကျော်အတွင်း လူသေဆုံးမှု ၇ မှု ဖြစ်ပွားခဲ့သည်။
သစ်ခွဲသား၊ အထပ်သားများ အဓိက ထုတ်လုပ်သည့် ချင်းစု အထပ်သားစက်ရုံမှာ တရုတ်လူမျိုးများ ဦးစီးကာ လုပ်သား ၂ဝဝဝ ကျော်ခန့်နှင့် နေ့ဆိုင်း ညဆိုင်း လုပ်ကိုင်နေသည့် အစိုးရနှင့် ဖက်စပ် စက်ရုံ ဖြစ်သည်။

Subscribe to:
Posts (Atom)