Sunday, February 8, 2009

သတင်း မှတ်စု ( ၆ )


တပတ်အတွင်း သတင်း မှတ်စု




ဖေဖေါ်ဝါရီလ ၁ ရက်
ရက်သတ္တပတ် ၆ ၊ ၂၀၀၉၊
မြန်မာ သတင်း

၂၀၁၀ ခုနှစ်၊ ရွေးကောက်ပွဲကို ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြစ်တင် ပြောကြား


၂၀၁၀ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲသည် အရပ်သား အစိုးရအား မျက်နှာဗန်းပြ၍ နောက်ကွယ်မှ စစ်အုပ်ချုပ်ရေးကို အခိုင်အမာရှိအောင် ရေးဆွဲထားသည်ဟု ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးဋ္ဌာန ဒု ၀န်ကြီး Bill Rammell က မြန်မာ စစ်အစိုးရကို ပြင်းပြင်းထန်ထန် အပြစ်တင်လိုက်သည်။ ထိုကြေညာချက်ကို ဗြိတိန် အခြေစိုက် Burma Campaingn UK မှ ကြိုဆိုလိုက်သည်။
မြန်မာနိုင်ငံအတွင်း လက်ရှိ လိပ်ခဲတည်းဖြစ်နေသော အခြေအနေမှ ကျော်လွှားနိုင်ရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကြိုးပမ်းချက်များကိုလည်း ဆက်လက်၍ အပြည့်အ၀ ထောက်ခံသည်ဟု ဒု- ၀န်ကြီးက ပြောဆိုသည်။
( အာအက်ဖ်အေသတင်းမှ ကောက်နှုတ်ချက် )
*****

အကျဉ်းသား လွတ်မြောက်ရေး လူထု လှုပ်ရှားမှုကို ပြည်ပမှ အဖွဲ့များ ထောက်ခံ


NLD နှင့် တိုင်းရင်းသား ၇ ပါတီ၏ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးကို လူထု ပါဝင်ရန် တိုက်တွန်း ကြေညာချက်ကို ပြည်ပ အခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက် အင်အားစု FDB နှင့် ဗကသများ အဖွဲ့ချုပ် ( နိုင်ငံခြားရေးရာ ကော်မတီ ) များက ထောက်ခံကြောင့် ကြေညာလိုက်သည်။
( အာအက်ဖ်အေသတင်းမှ ကောက်နှုတ်ချက် )
*****
ဒုတိယအကြိမ် ပြင်ဆင် ဖြည့်စွက်ထားသည့် မြန်မာအဘိဓာန် ထုတ်ဝေ

မြန်မာစာအဖွဲ့ ဦးစီးဌာနမှ ဒုတိယအကြိမ် ပြင်ဆင် ဖြည့်စွက်ထားသည့် မြန်မာအဘိဓာန်ကို ဇန်န၀ါရီလ အတွင်းက စတင် ထုတ်ဝေခဲ့ကြောင်း သိရသည်။

ယခု ထုတ်ဝေသည့် မြန်မာအဘိဓာန်သည် မြန်မာအဘိဓာန် (က-အ) ကို ပြင်ဆင်တည်းဖြတ် မွမ်းမံ ထုတ်ဝေခြင်း ဖြစ်သည်။ မြန်မာ အဘိဓာန်စာအုပ်တွင် ဝေါဟာရပေါင်း ၁၈၀၀၀ကျော်၊ သရုပ်ဖော်ပုံပေါင်း ၄၀၀ ကျော် ပါဝင်ပြီး ကွန်ပျူတာ စီဒီတစ်ချပ်ပါ ထည့်သွင်း ပေးထားသည်။ မြန်မာစာအဖွဲ့သည် အဘိဓာန်ကျမ်းများ၊ မြန်မာ သဒ္ဒါကျမ်းများ အပါအ၀င် မြန်မာ စာလုံးပေါင်း သတ်ပုံကျမ်း၊ မြန်မာ စကားပုံ၊ မြန်မာစာ မြန်မာစကား၊ မြန်မာ ဆိုရိုးစကား၊ မြန်မာ ပင့်ရစ် ခွဲထားရကန်နှင့် မြန်မာစာ မြန်မာမှု၊ ပါဠိ၊ အဘိဓာန်များကိုပါ ပြုစုထုတ် ဝေနိုင်ခဲ့သည်။
အဆိုပါ စာအုပ်တွင် စာမျက်နှာ စုစုပေါင်း ၄၅၁ မျက်နှာပါရှိပြီး တန်ဖိုးမှာ ကျပ် ၇၀၀၀ ဖြစ်ကြောင်း သိရသည်။
( ၀ိကလီး အဲလဲဗင်းဂျာနယ်မှ ကောက်နှုတ်ချက် )
*****

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက် တည်ငြိမ်အေးချမ်းမှုအရှိန်အဟုန် မီဒီယာနည်းလမ်းဖြင့် ထက်မြက် သွက်လက်စွာ ဖော်ဆောင်


ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (၁၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး ခန်းမဆောင်၌ ဇန်နဝါရီလ ၂၉ရက်နေ့က ကျင်းပခဲ့ပေသည်။
ပြန်ကြားရေးဝန်ကြီး ဌာနအောက်ရှိ လုပ်ငန်းဌာနများ၏ နှစ်ပတ်လည် အခမ်းအနားများကို နှစ်စဉ် ကျင်းပရခြင်းသည် မိမိတို့ဌာနအတွက် သတ်မှတ်ပေးထားသည့် ရည်မှန်းချက် တာဝန်များအား အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသည့် အားသာချက်၊ အားနည်းချက်များအပေါ် ပြန်လည်သုံးသပ်ပြီး ပိုမို တိုးတက်သည်ထက် တိုးတက်ရန်၊ စီမံဆောင်ရွက်သွားနိုင်ရန်နှင့် ချီးမြှင့်ထိုက်သူအား ချီးမြှင့်ခြင်းဖြင့် ဌာနလုပ်ငန်း ပိုမိုတိုးတက် ထက်မြက်လာစေရန် ရည်ရွယ်၍ ကျင်းပနေခြင်းဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာနသည် နိုင်ငံတော်ကိုယ်စား နိုင်ငံတော်၏ မူဝါဒများကို ကိုင်တွယ်ချပြ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို တည်ဆောက် ပြင်ဆင်ပေးသော ဌာနကြီးတစ်ခုလည်း ဖြစ်ပေသည်။ ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများ၏ အဓိက တာဝန်သည် ပြည်သူများအားလုံးက နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက် တည်ငြိမ်အေးချမ်းမှု ပကတိ အခြေအနေမှန်များကို သိရှိနားလည်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပိုမို ပါဝင် ပူးပေါင်း ဆောင်ရွက်နိုင်စေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး နည်းလမ်းများဖြင့် ကြိုးပမ်းသွားကြရမည် ဖြစ်ပေသည်။

ယနေ့အချိန်အခါတွင် သတင်းနှင့်ဆက်သွယ်ရေးနည်းပညာများ အလျင်အမြန် တိုးတက်လျက် ရှိရာမှာ မိမိတို့၏ မီဒီယာများကို ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရန်ဆောင်ရွက်ပြီး ဆန့်ကျင်ဘက် အဖွဲ့အစည်းများ၏ မီဒီယာဖြင့် ထိုးနှက်ချက်များကိုလည်း ဟန့်တား တားဆီး၍ မီဒီယာထိုးစစ်ဖြင့် တန်ပြန် သွားကြရမည် ဖြစ်သည်။

မိမိတို့၏ မီဒီယာများသည် ပြည်တွင်း၌သာမက ပြည်ပသို့ပါ ထိုးဖောက်နိုင်စွမ်းရှိရန် စွမ်းဆောင်ကြရမည်ဖြစ်ပြီး မီဒီယာများသည် သွက်လက် ထက်မြက်၍ အရည်အသွေးပြည့်ဝရန် ဆောင်ရွက်သွားကြရမည် ဖြစ်သည်။ သို့ဖြစ်ပေရာ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းများသည် လုပ်ငန်းဌာနများကို အကောင်အထည်ဖော်ကြရာ၌ အသိစိတ်ဓာတ်ရှိရှိ၊ စိတ်ကောင်းစေတနာကောင်း ရှိရှိဖြင့် ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံတော်က အကောင်အထည်ဖော်လျက်ရှိသည့် မူဝါဒလမ်းစဉ် (၇)ရပ် အောင်မြင်ရေးအတွက် မီဒီယာနည်းဖြင့် ထက်မြက်သွက်လက်စွာ ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရသည်။
( မြန်မာ့အလင်းသတင်းစာမှ ကောက်နှုတ်ချက် )
*****
ဖေဖေါ်ဝါရီလ ၂ ရက်
ရက်သတ္တပတ် ၆ ၊ ၂၀၀၉၊
မြန်မာ သတင်း


ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ စီအီးစီတို့ကို
မစ္စတာဂမ်ဘာရီ တပြိုင်တည်း တွေ့ဆုံခဲ့

NEJ/ ၂ ဖေဖော်ဝါရီ ၂၀၀၉

မြန်မာနိုင်ငံရောက်ရှိနေသည့် ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီသည် ဒေါ်အောင်ဆန်းစုကြည် နှင့် အန်အယ်လ်ဒီ စီအီးစီတို့ကို ရန်ကုန်မြို့ အစိုးရဧည့်ဂေဟာ၌ တပြိုင်တည်းတွေ့ဆုံပြီး တနာရီကျော် ဆွေးနွေးခဲ့သည်။

မစ္စတာဂမ်ဘာရီနှင့် မတွေ့မီ ဒေါ်အောင်ဆန်းကြည်နှင့် အန်အယ်လ်ဒီ စီအီးစီ (၆) ဦးတို့ (၁၅) မိနစ်ခန့် သီးခြားတွေ့ဆုံခွင့်ရခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့ ပါဝင်ခြင်းမရှိ၊

မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံရာတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်သုံးသပ်ရေး၊ နအဖနှင့် အန်အယ်လ်ဒီ တွေ့ဆုံဆွေးနွေးရေး စသည့်အချက်များ ဆွေးနွေးခဲ့သည်ဟု ဦးဥာဏ်ဝင်းက ပြောသည်။ အဆိုပါအချက်များကို ဒေါ်အောင်ဆန်းစုကြည်နှင့် အစောပိုင်းတွင် သဘောတူပြီးမှ မစ္စတာ ဂမ်ဘာရီနှင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မစ္စတာ ဂမ်ဘာရီက စီးပွားရေး အကူအညီပေးရေးကိစ္စ ဆွေးနွေးရာတွင် အချက်အလက်များ ပြည့်ပြည့်စုံစုံ ရထားခြင်း မရှိသည့်အတွက် မဆွေးနွေးနိုင်ကြောင်း အန်အယ်လ်ဒီက တုံ့ပြန်ခဲ့သည်။
( ခေတ်ပြိုင်မှ ကောက်နှုတ်ချက် )
*****
စင်ပြိုင်အစိုးရ ပြန်ကြားရေး ၀န်ကြီးမှ ဖြေရှင်းချက်
၂ ဖေဖော်ဝါရီ ၂၀၀၉

အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်မြို့တော်အနီး၊ မာလာဟိုက်တွင် ကျင်းပပြီးစီးခဲ့ သည့် စတုတ္ထအကြိမ်မြောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့(MPU) ညီလာခံတွင် အကြိတ်အနယ် ဆွေးနွေးငြင်းခုံမှုများ ရှိခဲ့သည် မှန်သော်လည်း ကိုယ်စားလှယ်များ အားလုံးက လူကြီးလူကောင်းဆန်စွာ ပြုမူဆက်ဆံ ပြောဆိုခဲ့ကြပါသည်။ စစ်အစိုးရ၏ ကုလသမဂ္ဂနေရာစိန်ခေါ်ရေး Credential Challenge ကိစ္စ လုပ်သင့်-မသင့်ကို မဲခွဲဆုံးဖြတ်ပြီးမှသာလျှင် အစီအစဉ်အရ ၀န်ကြီးချုပ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ Credential Challenge ကိစ္စအတွက် မဲခွဲစဉ်သည့်အချိန်တွင် မည်သူသည် ၀န်ကြီးချုပ်ဖြစ်လာမည်ကို မည်သူမျှ ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။

ထို့နောက် လျှို့ဝှက်မဲဖြင့်အရွေးခံရသည့် ၀န်ကြီးချုပ်မှ ၀န်ကြီးအဖွဲ့စာရင်းကို လျာထားခဲ့ခြင်းသာ ဖြစ်ခြင်းကြောင့် Credential Challenge ကိစ္စအတွက် ၀န်ကြီး နေရာပေး၍ မဲဝယ်မဲဆွယ်မှု ဖြစ်စရာအကြောင်း လုံးဝမရှိပါ။ ၀န်ကြီးချုပ်မှ တင်သွင်းသည့် ၀န်ကြီးများအားလည်း လျှို့ဝှက်မဲဖြင့်သာ လုံးလုံးလျားလျား အများစုဆန္ဒမဲ Absolute majority ဖြင့် ညီလာခံမှ အတည်ပြုသည် ဖြစ်ခြင်းကြောင့် ဒီမိုကရေစီ ကျင့်စဉ်အတိုင်း အပြည့်အ၀ ရွက်ဆောင်ခြင်းဖြစ်ပါသည်။ ဒီမိုကရေစီနည်းကျ ရွေးချယ်ပြီးသည့် ၀န်ကြီးအဖွဲ့သည် အလှည့်ကျသဘာပတိ ဒေါ်စန်းစန်း၏ ရှေ့မှောက်တွင်ပင် ကတိသစ္စာ ဆိုခဲ့ကြသည်လည်း ဖြစ်ပါသည်။

ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ဒေါက်တာစိန်ဝင်းသည် (၂၂) မဲရရှိပြီး၊ Credential Challenge ကိစ္စ လုပ်လိုသည့်ဘက်မှ ၀န်ကြီးချုပ်လောင်း ဦးသိန်းဦးသည် (၁၀) မဲရရှိခဲ့ရာ၊ ကွာခြားသည်မှာ (၁၂) မဲဖြစ်၍ ၀န်ကြီးနေရာပေးပြီး မဲဝယ်သည်ဆိုသည့် စွပ်စွဲချက်မှာ လုံးဝ အခြေအမြစ်ကင်းမဲ့ပါသည်။

ဒေါက်တာတင့်ဆွေ
ပြန်ကြားရေးဝန်ကြီး ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****

တော်လှန်ရေးနယ်မြေမှာ နှစ် (၆၀) ပြည့် ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲများ ကျင်းပ
ခုခံစစ်ကို ဆက်ကိုင်စွဲမည်

NEJ/ ၂ ဖေဖော်ဝါရီ ၂၀၀၉

နအဖအနေဖြင့် နိုင်ငံရေးကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို လက်တွေ့မလုပ်ဆောင်နိုင် သေးသမျှ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) သည် ကရင် အမျိုးသားများ၏ ဆန္ဒနှင့်အညီ အုပ်စိုးသူစစ်အစိုးရကို ခုခံတော်လှန်စစ်ဖြင့် ဆက်လက် တိုက်ပွဲဆင်နွှဲနေရဦးမည်ဟု ကေအန်ယူ ဥက္ကဋ္ဌ စောတာမလာဘောက ပြောသည်။

ဇန်န၀ါရီ (၃၁) ရက်တွင် ကျရောက်သည့် နှစ် (၆၀) ပြည့် ကရင့်တော်လှန်ရေးနေ့တွင် ကေအန်ယူ ဥက္ကဋ္ဌ စောတာမလာဘောက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
( ခေတ်ပြိုင်မှ ကောက်နှုတ်ချက် )
*****
အိုင်တီပြပွဲ ပိတ်ပင်ခံရ
NEJ/ ၂ ဖေဖော်ဝါရီ ၂၀၀၉


ဇန်န၀ါရီ (၃၁) ရက်မှ ဖေဖော်ဝါရီ (၂) ရက်အထိ ရန်ကုန်မြို့ ပုဇွန်တောင် ချမ်းသာပလာဇာတွင် ပြုလုပ်မည့် Year 2009 One Stop IT Show ပွဲတော်ကို သက်ဆိုင်ရာ အာဏာပိုင်များက ခွင့်မပြုဘဲ ပိတ်ထားကြောင်း ပွဲစီစဉ်သူ ကုမ္ပဏီ တာဝန်ရှိသူတဦးက ပြောသည်။

အဆိုပါ ပြပွဲကို ချမ်းသာပလာဇာ ပထမထပ်နှင့် ဒုတိယထပ်တို့တွင် သတ်မှတ်ထားသည့် ရက်၌ ပြုလုပ်မည်ဖြစ်သည့်အကြောင်း၊ ကွန်ပျူတာကုမ္ပဏီပေါင်း (၂၈) ခု ပါဝင်ပြသမည်ဖြစ်ကြောင်း သက်ဆိုင်ရာကို တင်ပြသည့်အခါ ခွင့်ပြုချက်ရပြီးဖြစ်ကြောင်း သိရသည်။

ပြပွဲအတွက် အဖက်ဖက်က ပြင်ဆင်ပြီးစီး၊ ကြော်ငြာများ ထည့်သွင်းပြီး ဖိတ်စာများ ပေးပို့ပြီးမှ ယခုကဲ့သို့ ပိတ်ပင်ခံရခြင်းဖြစ်ကြောင်း သိရသည်။
( ခေတ်ပြိုင်မှ ကောက်နှုတ်ချက် )
*****
သံဃာတော်တပါး ထောင်တွင်း ပျံလွန်တော်မူ

နယူးဒေလီ (မဇ္ဈိမ)။ ။ မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြရာတွင် ပါဝင်သဖြင့် ထောင်ကျခံနေရသူ သက်တော် ၆၂ နှစ်ရှိ သံဃာတော် ဦးအာနန္ဒာသည် ပြီးခဲ့သည့်လအတွင်း ပျံလွန်တော်မူခဲ့သည်။

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် သစ္စာသရဖူ ကျောင်းတိုက်မှ ၀ါတော် ၄၀ ရှိ ဦးအာနန္ဒာ (ခ) ဦးအောင်ဇေယျမှာ ထောင်ဒဏ် ၄ နှစ်နှင့် ၃ လ ကျခံနေရစဉ် အင်းစိန်ထောင်တွင်း၌ပင် ပျံလွန်တော်မူခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) – AAPP မှ အကျဉ်းသားမှတ်တမ်း ပြုစုရေးအဖွဲ့မှ ကိုမင်းမင်းကလည်း ဦးဇင်း ပျံလွန်တော်မူသွားသည်ကို အတည်ပြုပြောဆိုသည်။
( မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
*****
ကလေး ၂၉ ယောက် ကြက်ဆူစေ့စားသဖြင့် အဆိပ်သင့်

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း သာကေတမြို့နယ်အတွင်းက မူလတန်းနှင့် အလယ်တန်းကျောင်းသား ၂၉ ယေက်သည် ကြက်ဆူစေ့စားမိ၍ အစာအဆိပ်သင့်ခဲ့ကြောင်း မြို့နယ်ပညာရေးရုံးအဆိုအရ သိရသည်။

အခြေခံပညာ မူလတန်းကျောင်း (အမက) အမှတ် ၄၁၊ ၂၂၊ အလယ်တန်းကျောင်း (အလက) အမှတ် ၁ နှင့် ၇ တို့မှ ကျောင်းသားဦးရေ ၃ဝ ခန့်သည် ပြီးခဲ့သည်လ ၂၈ ရက်နေ့ ညနေ ကျောင်းဆင်းချိန်၌ ကျောင်းဝန်းအတွင်း စိုက်ပျိုးထားသော ကြက်ဆူခင်းမှ ကြက်ဆူသီးခြောက်များကို အစေ့ထုတ်၍ အဆံလေးများကို ဝေမျှစားသုံးရာမှ မူးဝေအော့အန်ခဲ့ခြင်း ဖြစ်သည်။
( မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
******
ဒုတိယကမ္ဘာစစ် လက်ကျန် မပေါက်ကွဲသေးသော

(၂ဝဝ၈)ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅)ရက်နေ့က မီးလောင် ပျက်စီးခဲ့သော မန္တလေးမြို့၊ ချမ်းအေးသာစံ မြို့နယ် (၇၇နှင့်၇၈) လမ်းကြား၊ (၃၃နှင့်၃၄) လမ်းကြားရှိ ယခင် ရတနာပုံ ဈေးနေရာတွင် ရတနာပုံ စူပါစင်တာနှင့် ရတနာပုံ ဒိုင်းမွန်းပလာဇာ အမည်ဖြင့် အဆင့်မြင့် ဈေးအဆောက်အဦများ တည်ဆောင်လျက် ရှိသည်။ ယခင် ရတနာပုံ ဈေးအဟောင်း အဆောက်အဦ၏ ဖောင်ဒေးရှင်း မြေအနက်မှာ (၇)ပေခန့်သာ ရှိခဲ့သော်လည်း ယခု အဆောက်အဦ အသစ်မှာ မြေဝင် (၁၅)ပေ အနက်အထိ တူးယူရသည့် မြေတူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေခိုက် လုပ်ငန်းခွင်အတွင်း လုပ်ကွက် အမှတ်(ဃ)၊ (၇၇လမ်းနှင့် ၃၃လမ်း)ထောင့် နေရာ မြေအောက် (၁၂)ပေ အရောက်တွင် ဒုတိယကမ္ဘာစစ် လက်ကျန် မပေါက်ကွဲ သေးသော ဗုံးကြီးတစ်လုံး တွေ့ရှိကြောင်း သတင်း ရရှိသည်။ ယင်းဗုံးကြီးကို ဇန်နဝါရီ (၁၃)ရက်၊ ည(၁ဝ)နာရီ အချိန်ခန့်က မြေတူးဖော်စဉ် တွေ့ရှိခြင်း ဖြစ်ပြီး အရွယ်အစားမှာ လုံးပတ် (၂)ပေ (၉)လက်မ၊ အရှည် (၂)ပေ (၄)လက်မ အရှည်ရှိ တစ်ကျပ်လုံးခန့် စနက်တံတစ်ခု ပါရှိသည်။ အလေးချိန်မှာ ပေါင်(၅ဝဝ)ခန့် ရှိပြီး မပေါက်ကွဲသေးသော ဗုံးကြီး ဖြစ်သည်။
( လျှပ်တပြက်ဂျာနယ်မှ ကောက်နှုတ်ချက် )
*****
ကြက်ဥမှမြွေဆိပ်ဖြေဆေးထုတ်လုပ်မှုစမ်းသပ်အောင်မြင်

ကျန်းမာရေး ဝန်ကြီးဌာန၊ ဗဟို ကျန်းမာရေး ပညာဌာနမှ ကြီးမှူး ကျင်းပသော Health Communication Forum ခေါင်းစဉ်ဖြင့် ကျန်းမာရေး ပညာပေး ဆွေးနွေးပွဲကို ဇန်နဝါရီ (၁၃)ရက်၊ နံနက် (၁၁)နာရီခွဲ အချိန်က ရန်ကုန်မြို့ အမှတ် (၅)၊ သိရိမင်္ဂလာလမ်း၊ စမ်းချောင်း မြို့နယ်တွင် ကျင်းပရာ၊ (၁)ဒေါက်တာ ခင်မောင်လွင် (ညွှန်ကြားရေးမှူး၊ ဗဟို ကျန်းမာရေး ပညာဌာန) ကျန်းမာရေး ဝန်ကြီးဌာန (၂)ဒေါက်တာ ဒေါ်အေးအေးမြင့် (သုတေသနမှူး၊ ရောဂါ နည်းပညာ သုတေသန ဌာနခွဲ)'' ကြက်ဥမှ မြွေဆိပ်ပြေဆေး ထုတ်လုပ်ခြင်း ဆိုင်ရာ သုတေသန လုပ်ငန်း''(၃)ဒေါက်တာ ဦးဝင်းအောင် (ဒုတိယ ညွှန်ကြားရေးမှူး) အမျိုးသား ဆေးသုတေသန ဌာန (၄) ဒေါက်တာ ဦးဝင်းမော်ထွန်း (ဒုတိယ ညွှန်ကြားရေးမှူး၊ ဗက်တီးရီးယားဗေဒ သုတေသနဌာန) ''အသည်းရောင် အသားဝါ၊ ဆီးကာကွယ်ဆေး ထုတ်လုပ်မှု ဆိုင်ရာ သုတေသန လုပ်ငန်း'' (၅)ဒေါက်တာ ဒေါ်မေအေးသန်း (ဒုတိယ ညွှန်ကြားရေးမှူး) ဆေးဝါး သုတေသနဌာန ''ဗီးစပ်ပင်နဲ့ အသည်းရောဂါ ဆိုင်ရာ သုတေသန လုပ်ငန်း'' တို့က အသီးသီး ပညာပေး ဟောပြော ကြပါတယ်။
မြွေကိုက်ခံရသူ တစ်နှစ်လျှင် ရှစ်ထောင်ကျော်ရှိ
အဆိုပါ ဆေးပညာပေး ဟောပြောပွဲတွင် ဆရာကြီး ဒေါက်တာ ခင်မောင်လွင် (ညွှန်ကြားရေးမှူး)က အဖွင့်အမှာစကား ပြောကြားပြီး ဆရာမကြီး ဒေါက်တာ ဒေါ်အေးအေးမြင့် (သုတေသနမှူး)က ''ကြက်ဥမှ မြွေဆိပ်ပြေဆေး ထုတ်လုပ်ခြင်း ဆိုင်ရာ''မှ ပြောကြားရာတွင် မြန်မာနိုင်ငံ၌ တစ်နှစ်လျှင် မြွေမကိုက် ခံရသူပေါင်း (၈ဝဝဝ)ကျော် ရှိတဲ့ အထဲမှာ ရိုးရိုးမြွေ ကိုက်ခံရသူထက် မြွေပွေး ကိုက်ခံရသူက (၈၂)ရာခိုင်နှုန်း ရှိတယ်။ မြွေကိုက် ခံရသူ များနေတဲ့အတွက် မြွေဆိပ်ဖြေဆေး ကိုလည်း မြန်မာနိုင်ငံ ဆေးဝါး ထုတ်လုပ်ရေး စက်ရုံက နှစ်စဉ် ထုတ်လုပ် နေပါတယ်။ မြန်မာနိုင်ငံမှာ တစ်နှစ်ပတ်လုံး သီးထွက်သီးနှံ၊ သီးညှပ် စိုက်လာတဲ့ အခါကျတော့ မြွေကိုက်ခံရတာ များလာတဲ့ အခါမှာ ထုတ်လုပ်မှု ပမာဏနဲ့ လိုအပ်ချက် ပမာဏဟာ မညီမျှပါဘူး။ ဆေးဝါး ထုတ်လုပ်မှု ပမာဏနဲ့ လိုအပ်ချက် ပမာဏဟာ မညီမျှပါဘူး။ ဆေးဝါး ထုတ်လုပ်ရေးက ထုတ်နေတာက မြင်းကနေပဲ၊ မြွေဆိပ်ပြေဆေး ထုတ်နေတယ်။ အဲဒီ လိုအပ်ချက်ကို ပံ့ပိုး ပေးနိုင်မဲ့ နည်းလမ်းတွေကို စဉ်းစားလိုက်တဲ့ အခါမှာ မြင်းကလည်း ထုတ်လို့ရမယ်။ တခြားနည်းလည်း ထုတ်လုပ်ရမယ့် နည်းတွေ စဉ်းစားလိုက်တော့ လွယ်ကူလည်းလွယ်ကူရ မယ်။ အကုန်အကျလည်း သက်သာရမဲ့ ဥစား ကြက်မတွေက ထုတ်လုပ်နေတာ ပြည်ပ ဗီယက်နမ်၊ တရုတ် နိုင်ငံများမှာ ထုတ်လုပ် သုံးစွဲ နေကြတာ တွေ့ရတယ်။
( လျှပ်တပြက်ဂျာနယ်မှ ကောက်နှုတ်ချက် )
*****

ရန်ကုန်မြို့တွင်းရှိ အဆောက်အအုံ သုံးလုံးကို အန္တရာယ်ရှိအဖြစ် သတ်မှတ်


ရန်ကုန်မြို့တွင်းရှိ အဆောက် အအုံသုံးလုံးကို ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ၊ အဆောက်အအုံများ စစ်ဆေးရေးအဖွဲ့မှ စစ်ဆေး၍ အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ယခု သတ်မှတ်လိုက်သည့် အဆောက်အအုံ သုံးလုံးမှာ မြို့တွင်း (Down Town) မြို့နယ်များအတွင်း၌ပင် တည်ရှိနေပြီး ပုဇွန်တောင်မြို့နယ်တွင် နှစ်လုံးနှင့် ပန်းဘဲတန်းမြို့နယ်တွင် တစ်လုံးတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံများကို အသစ် ပြန်လည်ဆောက်လုပ်ရန် စီစဉ်နေ၍ မြေပိုင်ဆိုင်မှုရှိသူများသည် မြေပိုင်ဆိုင်သည့် အထောက်အထား များကိုမူရင်းတစ်စုံ၊ မိတ္တူနှစ် စုံတို့ ဖြင့်လာရောက်တင်ပြနိုင် မြေပိုင်ဆိုင် မှုနှင့်ပတ်သက်၍ကန့်ကွက်လိုသူများ မှာလည်း ခိုင်မာသည့် အထောက်အထားများဖြင့် တစ်လအတွင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
( ၀ိကလီး အဲလဲဗင်း ဂျာနယ်မှ ကောက်နှုတ်ချက် )
*****
ရာသီဥတုပြောင်းလဲလာမှု ဖြစ်၊ ခြောက်သွေ့သော မြန်မာနိုင်ငံ အလယ်ပိုင်းဒေသအပေါ် မြစ်ရေနှင့် မြေအောက်ရေ အရေးပါ

ရာသီဥတု ပြောင်းလဲလာမှု ဖြစ်စဉ်သည် ပူပြင်းခြောက်သွေ့သော မြန်မာနိုင်ငံ အလယ်ပိုင်းဒေသအပေါ် များစွာ သက်ရောက်မှု ရှိလာသဖြင့် မြစ်ရေနှင့် မြေအောက်ရေတို့မှာ ယင်း ဒေသအတွက် အရေးပါသောရေ အရင်းအမြစ်ဖြစ်လာကြောင်း ရေ အရင်းအမြစ် အသုံးချရေးဦးစီးဌာနမှ တင်ပြခဲ့သည့်စာတမ်းအရ သိရသည်။

ရာသီဥတု ပြောင်းလဲလာမှု ဖြစ်စဉ်ကြောင့် ပူပြင်းခြောက်သွေ့သော မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် ပြီးခဲ့သောနှစ်များအတွင်း မိုးရေချိန် လျော့နည်းမှုနှင့် ဆည်မြောင်းများ၌ လက်ခံရရှိသော ရေပမာဏလျော့နည်းမှု များဖြစ်ပွားလာကြောင်း သိရပါသည်။ ယင်းဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာသော ရေ အရင်းအမြစ် လျော့ကျမှုကို မြစ်ရေနှင့် မြေအောက်ရေတို့ဖြင့် အစားထိုး ဖြေရှင်း သွားနိုင်ဖွယ်ရှိသည်ဟု မြန်မာ အင်ဂျင်နီယာအသင်းတွင် ပြုလုပ်ခဲ့ သောစာတမ်းဖတ်ပွဲတစ်ရပ်၌ ဆည် မြောင်းပညာရှင်များက တင်ပြခဲ့ပါသည်။

မြန်မာနိုင်ငံတောင်ဘက်နှင့် အနောက်ဘက် ကမ်းရိုးတန်းဒေသများ တွင် မိုးရေချိန်လက်မ ၂၀၀၊ မြစ်ဝ ကျွန်းပေါ်ဒေသတွင် မိုးရေချိန်လက်မ ၈၀ မှ ၁၂၀ ထိ၊ မြောက်ဘက်နှင့် အရှေ့ဘက် တောင်တန်းဒေသများ တွင်မိုးရေချိန်လက်မ ၅၀ မှ ၁၂၀ ထိ ရရှိသော်လည်း မြန်မာနိုင်ငံအလယ် ပိုင်းတွင်မူ မိုးရေချိန်လက်မ ၃၀ အောက်သာရရှိကြောင်းသိရသည်။

ရေငွေ့ပြန်မှုကြောင့် ဆုံးရှုံးရသော ရေပမာဏမှာ လက်မ ၆၀ မှ ၈၀ ထိရှိနေကြောင်း ထပ်မံ သိရှိရပါသည်။ ရေအရင်းအမြစ်ရှားပါးမှုမှာ မြန်မာနိုင်ငံ အလယ်ပိုင်း အပါအ၀င် ဒေသ အများစုအတွက် အရေးပါလာကြောင်း သိရှိရပါသည်။
( ၀ိကလီ အဲလဲဗင်း ဂျာနယ်မှ ကောက်နှုတ်ချက် )
*****
ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအ ချို့ မလေးရှားသို့ စေလွှတ်မှု ရပ်ဆိုင်း၊ အနိမ့်ဈေးဖြင့် ခေါ်ယူသည့် ပုံစံသို့ ကျင့်သုံးလာ

မလေးရှားနိုင်ငံ လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာနမှ နိုင်ငံခြားလုပ်သားများ ခေါ်ယူခြင်းကို အကန့်အသတ်မရှိ ရပ်ဆိုင်းထားသည့် နောက် မြန်မာနိုင်ငံရှိ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ အနေဖြင့်လည်း မလေးရှားနိုင်ငံသို့ အလုပ်သမားသစ်များ စေလွှတ်ခြင်းကို စတင် ရပ်ဆိုင်းထားကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ အချို့မှ သိရှိရသည်။

လက်ရှိတွင် အေဂျင်စီများ အနေဖြင့် ၂၀၀၈ ခုနှစ်အတွင်းက မလေးရှားနိုင်ငံမှ ခေါ်ယူရန် သဘောတူထားသည့် အမှာစာများအတွက် သာ လုပ်သား စေလွှတ်မှုများ ရှိတော့ကြောင်း၊ အဆိုပါ လုပ်သားများ အပြီးသတ် စေလွှတ်ရေးကိုသာ လုပ်ဆောင်နေကြောင်းနှင့် အသစ် စေလွှတ်မှုများအတွက် လက်ခံ ဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရသည်။
( ၀ိကလီ အဲလဲဗင်း ဂျာနယ်မှ ကောက်နှုတ်ချက် )
*****
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ ကာလအတွင်း မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်စပ်သည့် အမှုပေါင်း ၈၂၉၂၃ ဖြစ်ပွားခဲ့ကြောင်းသိရ

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ ကာလအတွင်း ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွဆေး အစရှိသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများနှင့် ပတ်သက် ဆက်စပ်သည့် အမှုပေါင်း ၈၂၉၂၃ မှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဗဟိုကော်မတီမှ ထုတ်ပြန်သည့်အချက် အလက်များအရ သိရှိရသည်။
မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် တည်ဆဲဥပဒေအားလုံးသည် ဥပဒေဘောင်အတွင်း ၀င်ရောက်လာ သည့် ငြိမ်းချမ်းရေးရယူထားသော အဖွဲ့အစည်းများ အပါအ၀င် မည်သည့် အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကိုမျ ချန်လှပ် စဉ်းစားမည် မဟုတ်ဘဲ မူးယစ်ဆေးဝါးနှင့် တစ်နည်းတစ်ဖုံ ပါဝင်ပတ်သက်သူ အားလုံးသည် တရားဥပဒေ၏ အဆုံးအဖြတ်ကို ခံယူကြရမည် ဖြစ်သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ၂၀၀၆ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ကျင်းပခဲ့သည့် သတင်းစာ ရှင်းလင်းပွဲအမှတ် (၅/၂၀၀၆)တွင် ပြောကြားသွားခဲ့ကြောင်း သိရှိရပါသည်။
( ၀ိကလီး အဲလဲဗင်း ဂျာနယ်မှ ကောက်နှုတ်ချက် )
*****
ရေထွက်ကုန် ပြည်ပတင်ပို့မှု အမေရိကန် ဒေါ်လာ သန်း ၈၀ ၀န်းကျင် လျော့နည်းဖွယ် ရှိနေ

မြန်မာနိုင်ငံ၏ နိုင်ငံခြား ၀င်ငွေရှာဖွေမှုတွင် စတုတ္ထအဆင့်တွင် ရပ်တည်နေသည့် ရေထွက်ကုန် ပြည်ပ တင်ပို့မှုမှာ ယခုနှစ်တွင်မူ ယခင်နှစ်ကထက် အမေရိကန်ဒေါ်လာ သန်း ၈၀ ၀န်းကျင် လျော့နည်းမည့် အနေအထားရှိနေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် သားငါးကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ ပုံမှန် တွေ့ဆုံဆွေးနွေးပွဲမှ သတင်းရရှိသည်။
မြန်မာနိုင်ငံအနေဖြင့် ရေထွက်ကုန်တင်ပို့မှုမှ ၂၀၀၄ -၂၀၀၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၄၇ သန်းဝန်းကျင်၊၂၀၀၅-၂၀၀၆ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၃၅၉ သန်း ၀န်းကျင်၊ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေး နှစ်တွင် အမေရိကန်ဒေါ်လာ ၄၆၆ ဒသမ ၁၅၉ သန်း၊ ၂၀၀၇-၂၀၀၈ ခုနှစ်၌ အမေရိကန်ဒေါ်လာ ၅၆၁ သန်းဝန်းကျင် ရရှိခဲ့သည်။

သို့သော် ယခုနှစ်တွင်မူ ကမ္ဘာ့ စီးပွားရေးအကျပ်အတည်း၊ နာဂစ် မုန်တိုင်းနှင့် ငွေမာ လဲလှယ်ဈေးနှုန်းများ အပြောင်းအလဲ မြန်ဆန်မှုတို့ ကြောင့် ယခုကဲ့သို့ ကျဆင်းမည်ဟု ခန့်မှန်းရခြင်းဖြစ်ကြောင်း မြန်မာ နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူများ၊ ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူများက သုံးသပ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်ကုန်ရန် နှစ်လသာ ကျန်ရှိတော့သည့် အနေအထားတွင် အမေရိကန်ဒေါ်လာ ၄၀၅ သန်း ၀န်းကျင်သာ ရရှိကြောင်း သိရသည်။ ယခင်နှစ်က ယခုကဲ့သို့ ဘဏ္ဍာနှစ်မကုန်မီ နှစ်လ အလိုတွင် အမေရိကန်ဒေါ်လာ ၄၆၉ သန်းဝန်းကျင် ရရှိနေပြီ ဖြစ်ရာ ယခင်နှစ်နှင့် ယခုနှစ် နှိုင်းယှဉ်ပါက များစွာ လျော့ကျလျက် ရှိသည်။
( ၀ိကလီးအဲလဲဗင်း ဂျာနယ်မှ ကောက်နှုတ်ချက် )
*****
ကွန်တိန်နာများဖြင့် ပြည်ပတင်ပို့မည့် ကုန်စည်များအတွက် ပိုမို ကြပ်မတ် စိစစ်

မြန်မာ့ ကုန်စည်အမျိုးမျိုးအား ကွန်တိန်နာများဖြင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ ကုန်စည်စစ် ဆေးတင်ပို့သည့် မြန်မာ့ဆိပ်ကမ်း၌ ကွန်တိန်နာများကို X-Ray ဖြင့် လည်းကောင်း၊ သတ်မှတ်ထားသည့် စစ်ဆေးနည်းများဖြင့် လည်းကောင်း ကြပ်မတ် စိစစ် ပေးလျက်ရှိကြောင်း ပြည်ပပို့ ကုန်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

ယခုအခါ၌ စိစစ်ရာတွင် ပိုမို၍ တိကျစွာ စိစစ်နိုင်ရန် ပြည်ပ ပို့ကုန်အတွက် စိစစ် ခွင့်ပြုပေးသည့် သက်ဆိုင်ရာဌာနသို့ တင်ပို့မည့် ကုန်စည်၊ ကွန်တိန်နာနှင့် ပတ်သက်သည့် အချက်အလက်များကို ယခင်ကကဲ့သို့ မဟုတ်ဘဲ နှစ်ရက်၊ သုံးရက် စသည်ဖြင့် ရက်ကြို တင်ပေး ပြုလုပ်ရန် ညွှန်ကြားထားကြောင်း ပို့ကုန် လုပ်ငန်းရှင်များထံမှ သိရှိရသည်။
( ၀ိကလီးအဲလဲဗင်း ဂျာနယ်မှ ကောက်နှုတ်ချက် )
*****
အခြေခံ ကုန်ကြမ်း ဂျုံ ပါဝင် နိုင်ငံတကာ ဈေးနှုန်း ကျဆင်းခြင်း

မြန်မာနိုင်ငံတွင် ဆန်သည် လူအများ တိုက်ရိုက် ချက်ပြုတ် စားသောက်သည့် အဓိက ကောက်ပဲသီးနှံ ဖြစ်သော်လည်း စားသောက်ကုန် အမျိုးမျိုး ထုတ်လုပ်ရာတွင် အဓိက ကုန်ကြမ်းအဖြစ် အသုံးပြုရသည့် သီးနှံမှာ ဂျုံ ဖြစ်သည်။ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းနှင့်အတူ နိုင်ငံတကာ ဈေးကွက်တွင် ကုန်စည်ဈေးနှုန်း မျိုးစုံ ကျဆင်းလျက်ရှိရာ ဂျုံဈေးနှုန်းမှာလည်း အပါအ၀င် ဖြစ်သည်။ ပြည်တွင်း ဂျုံဈေးကွက်၌ ဈေးနှုန်း ကျဆင်းမှုအပြင် ပြည်တွင်း ဂျုံထုတ်လုပ်မှု တိုးတက်လာစေမည့် အနေအထား ဖြစ်ပေါ်နေကြောင်း ပြည်တွင်း ဂျုံဈေးကွက်အတွင်းမှ စုံစမ်း သိရှိရပါသည်။
ဂျုံဈေးနှုန်း ကျဆင်းမှုနှင့် ဈေးကွက် အနေအထားများကြောင့် ဂျုံကို အခြေခံ ထုတ်လုပ်သည့် စားသောက် ကုန်မျိုးစုံတို့၏ ဈေးနှုန်းမှာလည်း ပိုမို ကျဆင်းလာဖွယ်ရှိကြောင်း ထပ်မံ သိရှိရပါသည်။ ပြည်တွင်း ဂျုံဈေးကွက်၌ ဈေးနှုန်းများ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းလျက်ရှိကြောင်း အကြီးဆုံး ဂျုံစက်လုပ်ငန်းတစ်ခု ဖြစ်သည့် Diamond Star ကုမ္ပဏီမှတာဝန်ရှိသူ တစ်ဦးက Weekly Eleven News ဂျာနယ်သို့ ပြောကြားခဲ့ပါသည်။
(၀ိကလီး အဲလဲဗင်း ဂျာနယ်မှ ကောက်နှုတ်ချက် )
*****
ဖေဖေါ်ဝါရီလ ၃ ရက်
ရက်သတ္တပတ် ၆ ၊ ၂၀၀၉၊
မြန်မာ သတင်း

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်၊ တရားဥပဒေ စိုးမိုးရေး လိုလား

ချင်းမိုင် (မဇ္ဈိမ)။ ။ နေအိမ်အကျယ်ချုပ် ကျခံနေရဆဲ ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး နိုင်ငံတွင်း တရားဥပဒေ စိုးမိုးရေးသည် အဓိကအချက်ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။

ယမန်နေ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၅ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ရှိ အစိုးရဧည့်ဂေဟာ စိမ်းလဲ့ကန်သာတွင် ၁၅ မိနစ်အကြာ တွေ့ဆုံခွင့်ရချိန်၌ သူမက ပါတီခေါင်းဆောင်များကို ပြောဆိုခဲ့ခြင်းဖြစ်သည်။
(မဇ္ဈိမ သတင်းမှ ကောက်နှုတ်ချက်)
*****
ပရိသာတ် အားပေး၍ ဗေဒင်စီးပွား ပိုကောင်းလာ

စီးပွားရေး လုပ်ငန်းတွေ အဆင်မပြေသည့် အချိန်မှာ ဗေဒင်လုပ်ငန်းနှင့် ဗေဒင်စာအုပ် ထုတ်ဝေ ရောင်းချမှုများ အဆင်ပြေနေပါသည်။ ဆန် တင်ပို့ခွင့်ရရှိသော်လည်း ဈေးကောင်း မရ၊ ရေထွက် ကုန်ပစ္စည်းများ ဈေးကျနှင့် စီးပွားရေး လုပ်ငန်း လုပ်ကွက်များ အဆင်မပြေသော အချိန်တွင် အရေးအကြောင်းဖြစ်လျှင် အားကိုးရှာတတ်တဲ့ လူသဘာဝကြောင့် ဗေဒင်ဆရာများနှင့် ဗေဒင်နှင့် ပတ်သက် ဆက်နွယ်သော လုပ်ငန်းတွေ အခြေအနေ ကောင်းနေသည်ဟု ဆရာ ဇင်ယော်နီက ပြောပါသည်။ ဗေဒင်စာအုပ်ဟု ဆိုရာ၌ ပညာရပ်ဆိုင်ရာ ဗေဒင်စာအုပ်များ ရောင်းရခြင်း မဟုတ်ပဲ၊ ဈေးနှုန်းချို၍ ပေါ့ပေါ့ပါးပါး ရှိသည့် ဟောစာတမ်း စာအုပ်များ အရောင်း သွတ်သည်ဟု သိရသည်။
( ဒီဗွီဘီမှ ကောက်နှုတ်ချက် )
*****
ကေအိုင်အို ၄၈ နှစ်မြောက် တော်လှန်ရေးနေ့ ကျင်းပ

ချင်းမိုင်(မဇ္ဈိမ)။ ။ ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့၏ ၄၈ နှစ်မြောက် တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲနှင့် ကချင်ရိုးရာ မနောပွဲတော်ကို ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ်ရှိ လိုင်ဇာမြို့၌ ကျင်းပနေသည်။
ကချင်တော်လှန်ရေးနေ့သည် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကချင်တမျိုးသားလုံး တန်းတူအခွင့်အရေး ရရေးအတွက် ကချင်ကျောင်းသား ဇော်တူးနှင့် ဇော်ဆိုင်း ဦးဆောင်သည့် လက်နက်ကိုင် တော်လှန်ရေး စတင်ရာမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
(မဇ္ဈိမ သတင်းမှ ကောက်နှုတ်ချက်)
*****
အိန္ဒိယ ဒု- သမ္မတ မြန်မာနိုင်ငံသို့ မကြာမှီ သွားမည်

အိန္ဒိယနိုင်ငံ ဒုတိယ သမ္မတ မိုဟာမက် အမ်ဆာရီသည် ယခုအပတ်အတွင်း မြန်မာနိုင်ငံကို သွားရောက်မည်ဟု မြန်မာ စစ်အစိုးရ သတင်းက ထုတ်ပြန်ကြေညာသည်။ အိန္ဒိယ ဒု သမ္မတ ရုံး အကြီးတန်းအရှာရှိ က မြန်မာနိုင်ငံ ခရီးစဉ် အစအဆုံးကို အသေးစိတ်အား မြန်မာအစိုးရနှင့် ညှိနှိုင်းနေဆဲဟု ပြောပါသည်။ အိန္ဒိယ သတင်းဋ္ဌာနများမှာ ယင်းခရီးစဉ်သည် စွမ်းအင် ( ဓါတ်ငွေ့  ) ရရှိရေးအတွက် အဓိက ဖြစ်သည်ဟု လွန်ခဲ့သည့်လက ရေးသား ဖေါ်ပြခဲ့သည်။
( ဒီဗွီဘီမှ ကောက်နှုတ်ချက် )
*****
ဂမ်ဘာရီ မြန်မာပြည်ခရီးစဉ် အဆုံးသတ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ကုလသမဂ္ဂ အထူးသံတမန် အီဗရာဟင် ဂမ်ဘာရီသည် သူ၏ စစ်အစိုးရ အုပ်စိုးနေသော မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ၄ ရက်ကြာ ခရီးစဉ်ကို အင်္ဂါနေ့က အဆုံးသတ်လိုက်ပြီ ဖြစ်သည် ဟု သတင်းရပ်ကွက်များက ပြောကြားပါသည်။

မစ္စတာဂမ်ဘာရီ၏တာဝန်မှာ တွေ့ဆုံဆွေးနွေးမှုမှတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိရန် တွန်းဆော်ပေးရေး ဖြစ်သော်လည်း မြန်မာ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် တွေ့ဆုံအပြီးတွင် ဘာမှအကျိုးရလဒ်မရှိဘဲ လက်ဗလာသက်သက် ဖြင့် အင်္ဂါနေ့ကသူ၏ခရီးစဉ်ကို အဆုံးသတ်လိုက်ရပြီ ဖြစ်သည်ဟု အဆိုပါ သတင်းရပ်ကွက်က ဖြည့်စွက် ပြောကြားပါ သည်။
(မဇ္ဈိမ သတင်းမှ ကောက်နှုတ်ချက်)
*****
ရိုဟင်ဂျာ ဒုက္ခသည်စခန်း အစိအစဉ်ကို ရနောင်းမြို့ခံများ ကန့်ကွက်

ထိုင်းနိုင်ငံတောင်ပိုင်း မြန်မာနိုင်ငံနှင့် နယ်စပ်၊ ရနောင်းမြို့တွင် UNHCR မှ ရိုဟင်ဂျာ ဒုက္ခသည် စခန်း ဆောက်မည့် အစီအစဉ်နှင်ပ ပတ်သက်ပြီး ရနောင်း မြို့ခံများက ယနေ့၌ ဆန္ဒပြခဲ့ပါသည်။ လူအင်အား ၁၀၀၀ ခန့်က ရနောင်းမြို့ Amphoe အရပ်၊ ပန်းခြံအတွင်း ဆန္ဒခဲ့သည်။ ဆန္ဒပြကို ဦးဆောင်ခဲ့သော Sucheap က “ သူတို့နယ်အတွင်းမှာ ရိုဟင်ဂျာ ဒုက္ခသည်စခန်း ဖွင့်ရန် လက်မခံကြောင်း၊ အဓိက ဇစ်မြစ်လာသည့် မြန်မာနိုင်ငံမှာ ဖြေရှင်းစေလိုကြောင်းနှင့် ရိုဟင်ဂျာတို့ကို လက်ခံ ကျွေးမွေး စောင့်ရှောက်ခဲ့သည်မှာ ၅ နှစ်လောက်ရှိကြောင်း၊ သူတို့ ရောက်လာပြီး လူမှုရေး ပြသာနာဖြစ်တဲ့ အသေးစား လုယက်မှုနှင့် ရောဂါဘယရန်အတွက်လည်း စိုးရိမ်ခဲ့ရသည်” ဟု ပြောဆိုခဲ့သည်။
( အာအက်ဖ်အေသတင်းမှ ကောက်နှုတ်ချက် )
*****
နေရောင်ခြည် မုန်တိုင်း ဖြစ်ပေါ်ခြင်းနှင့် ဂြိုဟ် ၀င်တိုက်မှုကြောင့် ကမ္ဘာပျက်မည် ဆိုသည်မှာ ကောလာဟလသာ ဖြစ်ဟုဆို

၂၀၁၂ ခုနှစ်တွင် နေရောင်ခြည် မုန်တိုင်း ဖြစ်ပေါ်ခြင်းနှင့် ၂၀၁၅ ခုနှစ်တွင် ဂြိုဟ်တစ်ခုမှ ၀င်တိုက်ခြင်းကြောင့် ကမ္ဘာပျက်မည် ဟူသော ကိစ္စရပ်များမှာ ကောလာဟလ တစ်ခုသာဖြစ်ကြောင်း မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့ မြန်မာနိုင်ငံ နက္ခတ်ပညာရှင်များအဖွဲ့မှ သိရသည်။ ယင်းကဲ့သို့ ဖြေရှင်း ပြောကြားရာတွင် နေရောင်ခြည် မုန်တိုင်း ကောလာဟလမှာ သတင်းစာထဲတွင် ပါသော သိပ္ပံပညာရှင်များ၏ တွက်ချက်မှုကို လူတို့က ချဲ့ကားပြော ဆိုရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး ကမ္ဘာပျက်မည်ဆိုသော ကောလာဟလမှာ အင်တာနက်သတင်းတစ်ခုတွင် အခြေခံ၍ ပေါ်ထွက်လာခြင်းဖြစ်ကြောင်း သိရသည်။
( Yangon Media Group မှ ကောက်နှုတ်ချက် )
*****
ကမ္ဘာ့ရှားပါးမျိုးစိတ် ဧရာဝတီလင်းပိုင်များ ကာကွယ်စောင့်ရှောက်မှု ၂၀၁၀တွင် စတင်မည်

ဧရာဝတီတိုင်း မုန်တိုင်းဧရိယာ အတွင်းရှိသော ကမ္ဘာ့ရှားပါးမျိုးစိတ် ဧရာဝတီလင်းပိုင်များအား ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ခြင်းကို ၂၀၁၀ ပြည့်နှစ်တွင် စတင် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)မှ တာဝန်ခံ ဦးအောင်မျိုးချစ်က ပြောသည်။
ဧရာဝတီ လင်းပိုင်များသည် မြန်မာနိုင်ငံတွင် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း အနီးတစ်ဝိုက် ဧရာဝတီမြစ်အတွင်း တွေ့ရပြီး ဘိုကလေးမြို့နယ် အနီးတစ်ဝိုက်တွင် ကမ်းနီးရေပြင်၌ တွေ့ရသည်။ ရခိုင် ကမ်းရိုးတန်းအနီး၊ ဧရာဝတီတိုင်း ကမ်းနီးဒေသ တစ်လျှောက်တွင် လည်းကောင်း၊ တနင်္သာရီ ကမ်းခြေအနီးတွင် နေထိုင် ကျက်စားကြကာ ရေချို၊ ရေငန်စပ်ဒေသနှင့် ရေချိုဒေသများတွင် နေထိုင်ကြသည်။
( Yangon Media Group မှ ကောက်နှုတ်ချက် )
*****
ကိုရီးယားသွား အလုပ်လုပ်မည့်သူများ အယုံကြည်မလွယ်သင့်

ကိုရီးယားနိုင်ငံတွင် သွားရောက် လုပ်ကိုင်လိုသော မြန်မာ လုပ်သားများအနေဖြင့် ပွဲစားအချို့၏ ပြောစကားကို တစ်ဖက်သတ် မယုံကြည်သင့်ကြောင်း ပြည်တွင်း အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုအခါ အဆိုပါနိုင်ငံတွင် အလုပ်အကိုင်ရရှိမည်ဟု အာမခံချက်များ ပေးပြီး လုပ်သားများထံမှ ကြိုတင် ငွေတောင်းယူမှုများ ရှိနေပြီး လုပ်သားများ အနေဖြင့် တရားဝင် ပြည်တွင်းအေးဂျင့်များ အပါအ၀င် သိကျွမ်းနားလည်သောသူများနှင့် ဆက်သွယ်ကာ စုံစမ်း မေးမြန်းသင့်ကြောင်း သိရသည်။ ပြည်ပနိုင်ငံများသို့ လုပ်သားများ ပို့ဆောင်ပေးရာတွင် တရားမ၀င် ပွဲစားများ ရှိနေသည်ကို နားလည်ရန် လိုအပ်ပြီး တရားဝင် အေးဂျင့်များ အနေဖြင့် တာဝန်ယူ ပို့ဆောင်မည့် လုပ်သားတစ်ဦးကို သတ်မှတ်ကာလအတွင်း မပို့ဆောင်နိုင်ပါက ကြိုတင်ငွေကို ပြန်အမ်းခြင်းများ ရှိသော်လည်း တရားမ၀င်ပွဲစား အများစုမှာ သတ်မှတ် ကာလထက် ကျော်လွန်ခဲ့သော်လည်း ကြိုတင် ယူထားသော ငွေများကို ပြန်အမ်းခြင်း မရှိသဖြင့် လုပ်သားများအနေဖြင့် ငွေပေးရာတွင် အထူးသတိပြု သင့်သည်။
ယခုအခါ မြန်မာလုပ်သားများ အနေဖြင့် ကိုရီးယားနိုင်ငံတွင် အလုပ်အကိုင် အလွယ်တကူရ ရှိစေရန်အတွက် အလွန်အရေးပါသော ကိုရီးယား Eps စာမေးပွဲကို အောင်မြင်ထားသူ ဦးရေမှာ ၃၅၀၀ အထိ ရှိလာပြီ ဖြစ်ကြောင်း၊ ယင်း Eps စာမေးပွဲကို ပြည်တွင်းတွင် တစ်နှစ်လျှင် နှစ်ကြိမ် ဖြေဆိုခွင့်ကို ကိုရီးယား HRD အဖွဲ့က ကြီးမှူး ကျင်းပ ပေးလျက်ရှိကြောင်း သိရသည်။
( Yangon Media Group မှ ကောက်နှုတ်ချက် )
*****
ဖေဖေါ်ဝါရီလ ၄ ရက်
ရက်သတ္တပတ် ၆ ၊ ၂၀၀၉၊
မြန်မာ သတင်း

ထီစောင်ရေ ထပ်မံလျှော့ချ
ထီ အက္ခရာတလုံးလျော့တိုင်း အစိုးရအခွန် ကျပ် (၆၅) သန်းကျော် ထိခိုက်


ထီကိုယ်စားလှယ်များနှင့် ထီအရောင်းဆိုင်တို့ ရောင်းအားမကောင်းဘဲ လက်ကျန်ထီများနေကာ အရှုံးပေါ်နေသည့်အတွက် အစိုးရ အောင်ဘာလေ သိန်းဆုဌာနက (၂၄၂) ကြိမ်မြောက်အတွက် အက္ခရာ (၂၆) လုံးသာ ထုတ်ဝေကြောင်း ထီကိုယ်စားလှယ်များထံမှ စုံစမ်းသိရသည်။
အောင်ဘာလေ သိန်းဆုဌာနမှ အမည်မဖော်လိုသူ အရာရှိတဦးကမူ အစိုးရအနေဖြင့် လောလောဆယ် ထီအက္ခရာတခု လျော့ထုတ်တိုင်း ကျပ် (၆၅) သန်းကျော် အခွန်ငွေ လျော့ကျကြောင်း၊ ကျပ် (၂ဝဝ) တန် ထီလက်မှတ် စတင်ထုတ်ဝေသည့် (၂၄ဝ) ကြိမ်မြောက်တုန်းက အက္ခရာ အလုံး (၃ဝ)၊ (၂၄၁) ကြိမ်တွင် (၂၉) လုံး၊ ယခု (၂၄၂) ကြိမ်တွင်မူ (၂၆) လုံး (၂) လအတွင်း အက္ခရာ (၄) လုံးလျော့ပြီး ထုတ်ဝေရ၍ အခွန်ငွေ စုစုပေါင်း သန်း (၂၆ဝ) ခန့် လျော့ကျသွားကြောင်း ရှင်းပြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
နိုင်ငံရေးအကျဉ်းသား ကူညီသူများ ခြိမ်းခြောက်ခံရ


နိုင်ငံရေးမှုဖြင့် အကျဉ်းကျနေသူများကို ကူညီထောက်ပံ့မှုများ ပြုလုပ်ပါက ဖမ်းဆီးအရေးယူ ထောင်ချမှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်နေကြောင်း ခြိမ်းခြောက်ခံရသူ၏ ဇနီးတဦးက ပြောသည်။
အဆိုပါကိစ္စ ကိုသူရနှင့် ရင်းနှီးသည့် ရုပ်ရှင်ဗီဒီယိုနယ်မှ လုပ်ဖော်ကိုင်ဖက် အချို့ကို ဆက်သွယ်ကြည့်ရာ မှန်ကန်ကြောင်း ပြောပြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
စီးပွားရေးကျဆင်းလာမှုနှင့်အတူ အလုပ်သမားဦးရေ လျှော့ချခံရခြင်း၊

ငွေတန်ဖိုးလျော့ကျလာခြင်းတို့ကြောင့် ၀န်ထမ်းများ အခက်တွေ့နေကြရကြောင်း ပြည်တွင်းဝန်ထမ်းများက ပြောသည်။ ကနေဒါဖက်စပ် ကြေးထုတ်လုပ်ငန်း၊ မြန်မာ့ သြာဘာသ ဆေးကုမ္ပဏီလုပ်ငန်းများဖြစ်သော မြရိပ်၊ ရွာသာ၊ ဒုံးတော၊ ကံကုန်း၊ ရေသဘင်၊ ထန်းတောကြီး စသည့် ရွာဆယ်ရွာကျော်မှ ဒေသခံများက နေ့စားဝန်ထမ်းများအဖြစ် လုပ်ကိုင်နေကြရာ ယခုအခါ ၀န်ထမ်းလျှော့ချနေပြီဖြစ်သဖြင့် ဒေသခံ အများအပြား အလုပ်လက်မဲ့ဖြစ်နေရသည်။ ၀န်ထမ်းလျှော့ချခဲ့သည့် မြန်မာ့ သြဘာစိုက်ပျိုးရေး ဆေးကုမ္ပဏီကို ဆက်သွယ်မေးမြန်းရာ သုံးကြိမ်တိုင်တိုင် တာဝန်ယူ ပြန်ကြားခြင်းမပြုဘဲ အစည်းအဝေး ပြုလုပ်နေပါသည်ဟုသာ ပြန်ကြားခဲ့သည်။ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းမှ ၎င်းတို့၏ အရောင်း ကိုယ်စားလှယ်ကြီးများကမူ ထိုကဲ့သို့ လျှော့ချခဲ့သည်မှာ မှန်ကန်ကြောင်း အတည်ပြု ပြောဆိုသည်။
( အာအက်အေသတင်းမှ ကောက်နှုတ်ချက် )
******
ရိုဟင်ဂျာများ ထပ်လာရင် နေရပ်သို့ပင် ပြန်ပို့မည်ဟုဆို

ချင်းမိုင် (မဇ္ဈိမ)။ ။ ရိုဟင်ဂျာ လှေစီးဒုက္ခသည်များကို ထိုင်းနိုင်ငံ၌ ဒုက္ခသည်စခန်းဖွင့်၍ လက်ခံမည်မဟုတ်ဘဲ နေရပ်ရင်းသို့ ပြန်ပို့သည့် မူအတိုင်း ဆက်လက်ကိုင်စွဲသွားမည်ဟု ထိုင်းအစိုးရက ယနေ့ တရားဝင် ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် ဆူထပ့် သောင်ဆုဘန် Suthep Thaugsuban က သတင်းထောက်များအား ယခုလို ပြောကြားကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြခြင်းဖြစ်သည်။လူမှုရေးနှင့် စီးပွားရေး အခက်အခဲများကြောင့် ပင်လယ်ပြင်ကိုဖြတ်ကာ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရန် လှေစီး၍ မကြာခဏ ထွက်လာတတ်သော်လည်း ထိုင်းတောင်ပိုင်း ပင်လယ်ပြင်တွင် အဖမ်းခံရလေ့ ရှိသည်။

ထိုင်းအစိုးရ၏ စာရင်းထုတ်ပြန်ချက်အရ နိုင်ငံတွင်းသို့ လှေဖြင့် တရားမ၀င် ၀င်ရောက်လာသူ ရိုဟင်ဂျာ အရေအတွက်မှာ ၂၀၀၅-၂၀၀၆ ခုနှစ်အတွင်း ၁၂၂၅ ဦးသာ ရှိခဲ့ပြီး၊ ၂၀၀၇-၂၀၀၈ ခုနှစ်အတွင်း ၄၈၈၆ ဦး ရှိခဲ့ကြောင်း သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
*****

မြန်မာနိုင်ငံမှာ တည်ငြိမ်မှုတွေ့လိုလျှင် ဆန်ရှင် ရုပ်သိမ်း လိုက်ပါဟု ၀န်ကြီးချုပ်ပြော


နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင် နိုင်ငံရေးတည်ငြိမ်မှုကို ကမ္ဘာ့အသိုင်းအ၀ိုင်းက မြင်တွေ့လိုလျှင် စီးပွားရေးပိတ်ဆို့မှုကို ရုတ်သိမ်း ပေးရမည်ဟု ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ကုလသမဂ္ဂအထူးသံတမန် အီဘရာဟင် ဂမ်ဘာရီကို အင်္ဂါနေ့က ပြောကြားလိုက်သည်။

ဝန်ကြီးချုပ်က စီးပွားရေးပိတ်ဆို့မှုသည် လူ့အခွင့်အရေးနှင့် အလုပ်အကိုင်အခွင့်အရေးများကို ဆုံးရှုံးစေကြောင်း၊ ပြည်သူများ၏ စီးပွားရေး လူမှုရေး၊ ပညာရေးနှင့် လူနေမှုအဆင့်အတန်းများကို ထိခိုက်စေကြောင်း ဂမ်ဘာရီကို ပြောလိုက်သည်ဟု ဗုဒ္ဓဟူးနေ့ထုတ် မြန်မာ့အလင်း သတင်းစာက ရေးသားထားသည်။
(မဇ္ဈိမ သတင်းမှ ကောက်နှုတ်ချက်)
*****
အဲပုဂံလေယာဉ်များကို ငှားရမ်း

ချင်းမိုင် (မဇ္ဈိမ)။ ။ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် အဲပုဂံလေကြောင်းပိုင် လေယာဉ်များကို မလေးရှားရှိ လေကြောင်းပို့ဆောင်ရေး လုပ်ငန်းတခုက ငှားရမ်းကာ ရန်ကုန်-ကွာလာလမ်ပူ တိုက်ရိုက်ခရီးစဉ် ပြေးဆွဲရန် စီစဉ်လျှက်ရှိသည်။

မလေးရှားမှ စန်းဘူမိ (Sanbumi) ခရီးသွားလုပ်ငန်း ကုမ္ပဏီမှ စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်များ၏ လူယုံတော် ဦးတေဇပိုင် အဲပုဂံ လေကြောင်းလိုင်းမှ လေယာဉ်များကို ငှားရမ်းပြေးဆွဲခြင်းကို မတ်လတွင် စတင်နိုင်ဖွယ်ရှိသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
*****

ကုလအကြီးအကဲနှင့် ဂမ်ဘာရီ ဒေလီတွင် တွေ့ဆုံမည်


နယူးဒေလီ (မဇ္ဈိမ)။ ။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဘန်ကီမွန်းနှင့် မြန်မာနိုင်ငံသို့ မကြာသေးခင်က သွားရောက်လည်ပတ်ခဲ့သော သူ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီတို့သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကြာသာပတေးနေ့တွင် တွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း ကုလအရာရှိတဦးအပြောအရ သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
*****
ဖေဖေါ်ဝါရီလ ၅ ရက်
ရက်သတ္တပတ် ၆ ၊ ၂၀၀၉၊
မြန်မာ သတင်း

အိန္ဒိယ ဒု-သမ္မတ၏ မြန်မာနိုင်ငံသို့ ၄ ရက်ကြာခရီး

နယူးဒေလီ (မဇ္ဈိမ)။ ။ နှစ်နိုင်ငံ အကျိုးတူဆက်ဆံရေးကို အထောက်အကူဖြစ်ရေးအတွက် အိန္ဒိယ ဒုသမ္မတ အမ် ဟာမစ် အန်ဆာရီသည် မြန်မာနိုင်ငံသို့ ၄ ရက်ကြာ အလည်အပတ်ခရီးစဉ်အဖြစ် ကြာသပတေးနေ့တွင် စတင်ထွက်ခွာမည်ဖြစ်သည်။

ခရီးစဉ်နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ဗုဒ္ဓဟူးနေ့က ပြောပြခြင်းဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန (MEA) မှ ထုတ်ပြန်သော ကြေညာချက်အရ ဒုသမ္မတ M. Hamid Ansari သည် သူ့ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ မြန်မာ-အိန္ဒိယ စီးပွားရေးလုပ်ငန်း စွမ်းဆောင်ရှင်များ ဖွံ့ဖြိုးရေးဗဟိုဌာန (Entrepreneurship Development Centre - EDC) ကို ဖွင့်လှစ်ပေးသွားမည်။ MIEDC ကို တည်ထောင်ရန် အိန္ဒိယနှင့် မြန်မာတို့ ၂ဝဝ၄ ခုနှစ် ဇူလိုင်လအတွင်းက နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြသည်။

အန်ဆာရီသည် မန္တလေးတွင် အိန္ဒိယနိုင်ငံ ကြေးနန်းဆက်သွယ်ရေး အတိုင်ပင်ခံလီမိတက် (TCIL) က တည်ဆောက်ပေးထားသည့် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့နှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသမှ မဏိပူပြည်နယ် နယ်စပ်မြို့ မိုးရေးကို ဆက်သွယ်ထားသည့် ဖန်နန်းကြိုးမျှင် ဆက်သွယ်ရေးလိုင်းကိုလည်း ဖွင့်လှစ်သွားမည်။ စီမံကိန်းအတွက် ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၇ သန်းကို အိန္ဒိယက သူ၏ သွင်းကုန်ထုတ်ကုန် ဘဏ်မှတဆင့် မြန်မာနိုင်ငံသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာဘက်မှ မြန်မာ စာတိုက်နှင့် ကြေးနန်းဌာန (MPT) က အကောင်အထည်ဖော်ရေး ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ မြန်မာနိုင်ငံတဝှမ်း နေရာ အနည်းဆုံး ၈ဝ တွင် ADSL 2+2 အင်တာနက်လိုင်းများ ဆက်သွယ်တပ်ဆင်ပေးခဲ့သည်ဟု အဆိုပါ ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
******
ဗကသ ခေါင်းဆောင် ဒီငြိမ်းလင်း ထောင်ဒဏ် ၅ နှစ် ထပ်တိုး

ချင်းမိုင် (မဇ္ဈိမ)။ ။ ထောင်ဒဏ် ၁၀ နှစ်ကျော် ကျခံရသူ ဗကသ ခေါင်းဆောင် ဒီငြိမ်းလင်းကို တောင်ဒဂုံမြို့နယ် တရားရုံးက တရားမ၀င် အသင်းအဖွဲ့ ဖွဲ့စည်းမှုဖြင့် ယမန်နေ့က ထောင်ဒဏ် ၅ နှစ် ထပ်ချလိုက်သည်။

အသက် ၂၁ နှစ်အရွယ် သူ့ကို တောင်ဒဂုံမြို့နယ် ရဲစခန်းမှူး ဦးကျော်ဆန်းဌေးက တရားလိုအဖြစ် တရားစွဲ ထားရာမှ ယမန်နေ့ကမူ တရားလိုပြောင်းကာ မတရားအသင်းဖွဲ့မှု ပုဒ်မ ၆ ဖြင့် ထောင်ဒဏ် ၅ နှစ် ထပ်ချခြင်း ဖြစ်သည်။ ယခင်က သူ့ကို ထောင်ဒဏ် ၁၀ နှစ်ခွဲ ချခဲ့ပြီးဖြစ်သဖြင့်၊ နောက်တိုးနှင့်ဆိုလျှင် ၁၅ နှစ်ခွဲ ကျခံရတော့မည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
*****
ကိုအေးလွင်အဖွဲ့က ဒုဥက္ကဋ္ဌ နုတ်ထွက်တော့မည်

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်ဒီပါတီကို ဝေဖန်ထိုးနှက်လေ့ရှိပြီး ၂၀၁၀ ရွေးကောက်ပွဲ ၀င်မည့် ပြည်တွင်းရှိ ကျောင်းသားလူငယ်များအဖွဲ့မှ ဒုတိယခေါင်းဆောင် နုတ်ထွက်တော့မည်။

စစ်အစိုးရကို လိုလားသူအဖြစ် စွပ်စွဲခံရလေ့ရှိသည့် ကိုအေးလွင် ဦးဆောင်သော ၈၈ မျိုးဆက် ကျောင်းသား လူငယ်များအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) မှ ဒု-ဥက္ကဋ္ဌ ကိုသိန်းတင်အောင်က နုတ်ထွက်စာ တင်ထားခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
*****
အန်အယ်လ်ဒီကို စစ်အစိုးရ ရာဇသံပေး
လူထုအတွက် အကောင်းဆုံးကို အန်အယ်လ်ဒီ တောင်းဆို


ပြည်သူလူထု၏ဆန္ဒကို အမှန်တကယ်လေးစားပါက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို အသိအမှတ်ပြုရမည်ဟု အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ပြည်သူလူထု ထောက်ခံထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပျက်ပြားအောင်၊ ထိခိုက်အောင် လုပ်ဆောင် လာမှု မှန်သမျှကို ဆန့်ကျင်ဖယ်ရှားသွားမည်ဟု ဗိုလ်မှူးချုပ်ကျော်ဆန်းက ဂမ်ဘာရီအား ခပ်တင်းတင်း ပြောဆိုခဲ့ခြင်းနှင့် ပတ်သက်ပြီး ခေတ်ပြိုင်က မေးမြန်းရာ ပြည်သူလူထု၏ဆန္ဒကို အမှန်တကယ်လေးစားလျှင် ပြည်သူများ တခဲနက်မဲပေး ရွေးချယ်ခဲ့သော ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အဘယ့်ကြောင့် အသိအမှတ် မပြုသနည်းဟု အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေကို နအဖစစ်အစိုးရက နာဂစ်ဖြစ်ပြီးစအချိန် ၂၀၀၈ မေလအတွင်း နိုင်ငံတကာ စောင့်ကြည့် လေ့လာသူများကို လက်မခံဘဲ ကျင်းပခဲ့ခြင်းဖြစ်ပြီး (၉၂.၄၈) ရာခိုင်နှုန်း ထောက်ခံခဲ့ကြောင်း ကြေညာခဲ့သည်။ သို့သော် အန်အယ်လ်ဒီက အဆိုပါအခြေခံဥပဒေကို ပြန်သုံးသပ်ပေးရန် စစ်အစိုးရထံ တောင်းဆိုထားသည်။
( ခေတ်ပြိုင်မှ ကောက်နှုတ်ချက် )
*****
အဖမ်းခံရသော အယ်ဒီတာနှင့်သတင်းထောက် ပြန်လွတ်

ပြည်တွင်းဂျာနယ်တခုဖြစ်သည့် News Watch ဂျာနယ် အယ်ဒီတာ ဦးခင်မောင်အေးနှင့် သတင်းထောက် မနောထွန်းတို့ နှစ်ဦး ဖေဖော်ဝါရီ (၄) ရက်နေ့က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးကို ပြီးခဲ့သည့် နိုဝင်ဘာ (၆) ရက်နေ့၌ အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လအတွင်းက ထုတ်ဝေခဲ့သော News Watch ဂျာနယ်ပါ တရားရုံးဝန်ထမ်းများ လာဘ်ပေး လာဘ်ယူမှုနှင့် ပတ်သက်သည့် သတင်းတပုဒ်ကြောင့် ၎င်းတို့နှစ်ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်း သတင်းရပ်ကွက်က သိရသည်။ အဆိုပါ သတင်းမှာလည်း စစ်အစိုးရ၏ သတင်းစာတွင်ပါသော သတင်းအား မှီငြမ်းပြီး ရေးသားခဲ့ခြင်းသာ ဖြစ်ကြောင်း၊ သို့သော် ရေးသားသည့် သတင်းထောက်က ဗဟိုတရားရုံး၏ တာဝန်ရှိသူတဦးက ပြောကြား သည်ဟု ရေးသားခဲ့ကြောင်း သိရသည်။

အဆိုပါသတင်း ရေးသားသူ သတင်းထောက် မနောထွန်း၏ အမည်ရင်းမှာ ကိုထွန်းထွန်းသိန်းဖြစ်ပြီး ရွှေကူမြို့နယ်မှဖြစ်ကြောင်း၊ မိုးထက်နေ ကလောင်အမည်များဖြင့်လည်း ရေးသားသူဖြစ်ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
ဖေဖေါ်ဝါရီလ ၆ ရက်
ရက်သတ္တပတ် ၆ ၊ ၂၀၀၉၊
မြန်မာ သတင်း


ဝန်ကြီးဌာနများ ပူးတွဲကိုင်လာ


နယူးဒေလီ (မဇ္ဈိမ)။ ။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကိုလည်း တွဲကိုင်လိုက်ပြီး အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်သည် ဆောက်လုပ်ရေးဝန်ကြီးဌာနကိုပါ ပူးတွဲတာဝန်ယူလာကြသည်။

သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ ယခင်ဝန်ကြီးများဖြစ်ကြသော ဗိုလ်ချုပ်စောလွင်နှင့် ဗိုလ်ချုပ်စောထွန်းတို့သည် မကြာသေးမီကမှ တာဝန်မှအနားယူသွားပြီးဖြစ်သည်။ စစ်ဘက်သတင်းရပ်ကွက်များအဆိုအရ လျထားသည့် ၂၀၁၀ ရွေးကောက်ပွဲအစီအစဉ်အတိုင်း စပ်ကူးမတ်ကူးကာလအတွင်း ၀န်ကြီးအချို့ကို ရာထူးမှနှုတ်ထွက်စေကာ ကက်ဘိနက်အဖွဲ့တွင်း လူလျော့ထားရေးကြောင့် ဖြစ်သည်ဟု ဆိုသည်။ စစ်အစိုးရထိန်းချုပ်ထားသော မီဒီယာများက သတင်းထုတ်ပြန်ခြင်းမရှိသေးပါ။
( မဇ္ဈီမသတင်းမှ ကောက်နှုတ်ချက် )
*****

KIA ထိန်းချုပ်ရာမြို့ လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံရ


ရွှေလီ (မဇျွိမ) ။ ။ ကချင် လွတ်မြောက်ရေး တပ်မတော် KIA ထိန်းချုပ်ရာ တရုတ်နယ်စပ်ရှိ မိုင်ဂျာယန်မြို့သည် ယမန်နေ့ကစ၍ လျှပ်စစ်မီးနှင့် ဖုန်းလိုင်းအချို့ ပြတ်တောက်နေသည်။ ယခင်က ကျေးလက်တောရွာလေး အဖြစ်မှ ယခုအခါ မြို့ငယ်အဆင့်အထိ ဖွံ့ဖြိုးလာခဲ့သည့် KIA တပ်မဟာ (၃) ဌာနချုပ် ထိန်းချုပ်ရာ မိုင်ဂျာယန်သည် တရုတ်ပြည် ယူနန်ပြည်နယ် ကျန်းဖုန်းမြို့နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိပြီး တရုတ်ဘက်မှ လျှပ်စစ်မီးကို ရယူသုံးစွဲနေခြင်း ဖြစ်သည်။

မကြာသေးခင်က ၎င်းမြို့တွင် ဖွင့်ထားသည့် လောင်းကစားဝိုင်းများသို့ လာရောက်ခဲ့သည့် တရုတ်နိုင်ငံသား လူငယ်များအား ပြန်ပေးဆွဲ ခံထားရကြောင်း သတင်းများ ထွက်လာအပြီး ယခုလို ဖြတ်တောက်ခံရခြင်း ဖြစ်သည်။ အပိတ်ခံထားရသည့် ဖုန်းလိုင်းအချို့ဆိုသည်မှာ လောင်းကစားရုံများနှင့် ဆက်စပ်နေသည့် တရုတ်ပြည်တွင်းပြော နံပတ် ၁၁ လုံးပါ လက်ကိုင်ဖုန်းအချို့ဖြစ်သည်။
( မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
*****
လက်နက်မှောင်ခို ၃ ဦး သေနတ် ၁၈ လက်နှင့် ဖမ်းမိ

ချင်းမိုင် (မဇ္ဈိမ) ။ ။ လက်နက်မှောင်ခိုသမား ၃ ဦးအား သေနတ် ၁၈ လက်နှင့်အတူ ထိုင်း-မြန်မာ နယ်စပ်မြို့များဖြစ်သည့် တာချီလိတ်နှင့် မယ်ဆိုင်တွင် လွန်ခဲ့သည့် သီတင်းပတ်အတွင်း ဖမ်းမိခဲ့ကြောင်း သတင်းရပ်ကွက်များအရ သိရသည်။
စစ်တပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ တာချီလိတ်မြို့ခံတဦးကမူ အဆိုပါလက်နက်များ ဖမ်းဆီးရမှုနှင့်ပတ်သက်၍ မြန်မာစစ်တပ် ပါဝင် ပတ်သက်နေသောကြောင့် သတင်း တင်းကျပ်ထားသည်ဟု ဆိုသည်။
အဆိုပါ လက်နက်များသည် မိုင်းကိုး၊ မိုင်းဖြတ် ဒေသအခြေပြု လှုပ်ရှားနေသော မူးယစ်ဂိုဏ်းတခုထံမှ မူးယစ်ဆေးများနှင့် လဲလှယ် ရန်ဖြစ်နိုင်သည်ဟု နှစ်နိုင်ငံ တာဝန်ရှိသူများက သံသယရှိနေသည်။
( မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
*****
ဒေါက်တာစိန်ဝင်း စင်ပြိုင်အစိုးရကို လူထုမထောက်ခံ
စင်ပြိုင်အစိုးရတဖွဲ့လုံးနဲ့ အမတ်တွေပြည်တွင်းဝင်ပြီး အစိုးရဖွဲ့ဖို့လို


ဒေါက်တာစိန်ဝင်းခေါင်းဆောင်သည့် စင်ပြိုင်အစိုးရအနေဖြင့် ထိရောက်သည့် ခေါင်းဆောင်မှု မပေးနိုင်ဟု ယူဆသည့်အတွက် ပြည်ပတွင် စင်ပြိုင်အစိုးရဖွဲ့မည့်အစား ပြည်တွင်း၌သွားပြီး စင်ပြိုင်အစိုးရဖွဲ့ရန်လိုသည်ဟု သံဃာ့တပ်ပေါင်းစု ခေါင်းဆောင်တဦးက အကြံပေးမိန့်ကြားသည်။ အဝေးရောက် စင်ပြိုင်အစိုးရ၏လုပ်ရပ်ကို မြန်မာပြည်တွင်းက ပြည်သူများ မသိသည့်အတွက် လူထု ထောက်ခံမှုမရှိဟု ယုံကြည်ကြောင်း အမေရိကန်နိုင်ငံရောက် ရခိုင်ပြည်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ရှင်ပညာသာမိက ခေတ်ပြိုင်နှင့် သီးခြားဆက်သွယ်မေးမြန်း ခန်းတွင် မိန့်ကြားလိုက်ခြင်းဖြစ်သည်။ ဒေါက်တာစိန်ဝင်း စင်ပြိုင်အစိုးရ အပါအ၀င် ပြည်ပရောက် အမတ်များအားလုံး ပြည်တွင်းဝင်ပြီး အစိုးရဖွဲ့၍ အဖမ်းခံရပါက ပြည်သူများ၏ စာနာမှု၊ ထောက်ထားမှု အပြည့်ရနိုင်ပြီး သံဃာထု၏ ထောက်ခံမှုပါ တခဲနက် ရနိုင်မည်ဟုလည်း ဆရာတော် ရှင်ပညာသာမိက ယူဆသည်။
ဒေါက်တာစိန်ဝင်း စင်ပြိုင်အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် အမတ်များ ပြည်တွင်းဝင်မည်ဆိုလျှင် ပြည်ပရောက် သံဃာများပါ လိုက်ဝင်မည်ဖြစ်ကြောင်း ရှင်ပညာသာမိက အာမခံသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း
အမ်ပီယူ ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းကို လစာမပေးဘဲထား


ဘဏ္ဍာရေးဝန်ကြီးတာဝန်ယူထားသည့် ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့ (အမ်ပီယူ) ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းအား ယခုလအတွက် လစာမပေးဘဲ ရပ်ဆိုင်းထားသည်ဟု ခေတ်ပြိုင်က စုံစမ်းသိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ သြစတြေးလျနိုင်ငံသို့ ခေတ္တရောက်နေသည့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းအား မေးမြန်းရာ လစာမပေးဘဲထားသည်မှာ မှန်ကန်ကြောင်းနှင့် မည်သည့်အတွက် ယခုကဲ့သို့ လစာမပေးဘဲထားသည်ကို မသိပါကြောင်း ခေတ်ပြိုင်သို့ ပြောသည်။ ထိုအတောအတွင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်း၏ သားဖြစ်သူ ကိုကျော်သိန်းက အမ်ပီယူရုံးသို့ သွားရောက်မေးမြန်းရာ ဒေါ်စန်းစန်းနုတ်ထွက်လွှာတင်သွားသည့်အတွက် လစာဖြတ်တောက်ခြင်းဖြစ်ကြောင်း ရုံးအုပ်က ဖြေကြားသည်ဟု ပြောသော်လည်း နုတ်ထွက်စာတင်ကြောင်း သက်သေမပြနိုင်ဟု ပြောသည်။

သို့သော် နုတ်ထွက်ကြောင်း ဟုတ်မဟုတ် ဒေါ်စန်းစန်းကို ခေတ်ပြိုင်က မေးမြန်းရာ အမ်ပီယူ ဒု-ဥက္ကဋ္ဌရာထူးမှ မိမိ နုတ်ထွက်စာတင်သည်ဟု ပြောဆိုခြင်းမှာ မမှန်မကန်ပြောဆိုခြင်းဖြစ်ကြောင်း၊ နုတ်ထွက်ရန်လည်း မလိုကြောင်းနှင့် မိမိတာဝန်ကို ဆက်လက်ထမ်းဆောင်မည်ဖြစ်ကြောင်း ခေတ်ပြိုင်သို့ ပြန်လည်ဖြေကြားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
နေပြည်တော်ညွှန်မှူးပေါင်းစုံကို ရွေးကောက်ပွဲစည်းရုံးခိုင်းရန် ပြင်ဆင်

နေပြည်တော် ၀န်ကြီးဌာနပေါင်းစုံမှ ညွှန်ကြားရေးမှူးနှင့် အထွေထွေမန်နေဂျာအဆင့်များအား ၂၀၁၀ ရွေးကောက်ပွဲ စည်းရုံးရေးလုပ်ငန်းများတွင် အသုံးချရန်အတွက် ၎င်းတို့၏ ကိုယ်ရေးရာဇ၀င် အချက်အလက် အသေးစိတ်ပေးရန် နိုင်ငံတော်အေးချမ်းသာယာရေးရုံးမှ တောင်းထားသည်။

ဝန်ကြီးဌာနပေါင်းစုံမှ ညွှန်ကြားရေးမှူးနှင့် အထွေထွေမန်နေဂျာအဆင့်များ၏ ကိုယ်ရေးရာဇ၀င် အချက်အလက်ပေါင်း (၄၀)၊ မိသားစုပါသည့် ကိုယ်ရေးအချက်အလက်ပေါင်း (၄၀) နှင့် ညွှန်ကြားရေးမှူးနှင့် အထွေထွေမန်နေဂျာအဆင့်များ၏ ငယ်စဉ်မှစသည့် ပညာရေးဆိုင်ရာ အချက်အလက်ပေါင်း (၁၃) ချက် စသည်တို့ကို အမြန်ပို့ပေးရန် တောင်းခံထားခြင်းဖြစ်သည်ဟု ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓမ္မအတည်ပြုနိုင်ရေးအတွက် အဆိုပါ နေပြည်တော် အရာထမ်းများအား အသုံးချခဲ့သည့်နည်းတူ လာမည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ညွှန်ကြားရေးမှူး သို့မဟုတ် အထွေထွေ မန်နေဂျာတဦး၏ လက်အောက်ခံ ၀န်ထမ်းတဦးဦးက သတ်မှတ်ထားသည့် စစ်အစိုးရလိုလားသူ အမတ်အား မဲမပေးလျှင် ခေါင်းဆောင် ညွှန်ကြားရေးမှူး သို့မဟုတ် အထွေထွေမန်နေဂျာအား ပြင်းပြင်းထန်ထန် အရေးယူမည်ဟု နေပြည်တော် အရာရှိတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
ရိုဟင်ဂျာ မြန်မာမဟုတ်ဟု ဘန်ကောက်မြန်မာသံရုံးပြော


ပင်လယ်ပြင်မှတဆင့် အင်ဒိုနီးရှားနိုင်ငံတွင် သောင်တင်နေသည့် ရိုဟင်ဂျာ (၄၀၀) ကျော်ကို ဒုက္ခသည်အဖြစ် ခိုလှုံခွင့် ပေးတော့မည်ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ သို့သော် ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသားဟု မသတ်မှတ်နိုင်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက် မြန်မာသံရုံး ယာယီသံရုံးတာဝန်ခံ ဒေါ်အေးအေးမူက ပြောလိုက်သည့်အပြင် ဘန်ကောက် ဘင်္ဂလားဒေ့ရှ်သံရုံး ယာယီတာဝန်ခံကလည်း ရိုဟင်ဂျာသည် ဘင်္ဂလားဒေ့ရှ်လူမျိုးမဟုတ်ဟု ပြောလိုက်သည့်အတွက်
ထိုင်းနိုင်ငံတွင် သောင်တင်နေသည့် ရိုဟင်ဂျာများ၏အရေးမှာ အခြေအနေပိုဆိုးသွားသည်။ ရိုဟင်ဂျာများကို ဒုက္ခသည်အဖြစ် လက်ခံရန် ထိုင်းနိုင်ငံကို ဖိအားပေးမှုများရှိနေသော်လည်း ထိုင်းနိုင်ငံက ရိုဟင်ဂျာကို ပြဿနာဖြစ်အောင် လုပ်သည့်နိုင်ငံမဟုတ်သည့်အတွက် တာဝန်မယူနိုင်ဟု ထိုင်းဝန်ကြီးချုပ်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
၈၈ မျိုးဆက် ၁၃ ဦးအား နယ်ဝေး ထောင်များသို့ ရွေ့ပြောင်း

အင်းစိန်ထောင်အတွင်း ကျန်ခဲ့သော ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ၁၃ဦးကို ဖေဖေါ်ဝါရီ ၆ရက်၌ နယ်ဝေး ထောင်များသို့ အသီးသီး ရွေ့ပြောင်းခဲ့ပါသည်။
ယခု ထပ်မံ ပြောင်းရွေ့လိုက်သည့် ၁၂ ဦး စာရင်းမှာ မသရဖီသိမ့်သိမ့်ထွန်းအား ပြည်၊ မနိုဘယ်အေးအား မုံရွာ၊ မနိုးနိုးအား မအူပင်၊ မအေးသီတာအား ဟင်္သာတ၊ မလေးလေးမွန်အား ရွှေဘို၊ ဒေါ်စမ်းစမ်းတင်အား မိတ္တိလာ၊ ကိုဇော်ထက်ကိုကိုအား ကျောက်ဖြူ၊ စောမျိုးမင်းလှိုင်အား သထုံ၊ သော်ဇင်ထွန်းအား ရမည်းသင်း၊ အောင်သိုက်စိုးအား မန္တလေး၊ ချစ်ကိုလင်းအား ပခုက္ကူ၊ ကိုကြည်သန်းအား ဖျာပုံ စသော ထောင်များကို ယနေ့ နေလည်ပိုင်းတွင် ပြောင်းရွေ့ခဲ့ပါသည်။
( အာအက်ဖ်အေသတင်းမှ ကောက်နှုတ်ချက် )
*****
စင်ပြိုင်အစိုးရကို တိုင်းရင်းသား ခေါင်းဆောင်များဖြင့် တိုးချဲ ဖွဲ့စည်းမည်

ပြည်ပရောက် ပြန်သူ့လွတ်တော် ကိုယ်စားလှယ်များ၏ ဒပ်ဘလင်ညီလာခံတွင် ပြည်ထောင်စု မြန်မာနိုင်ငံ ညွှန်ပေါင်းအစိုးရ ( NCGUB ) ကို ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းခဲ့သော်လည်း ၂၀၀၈ ဖေဖေါ်ဝါရီ ပြည်သူ့ လွတ်တော် ကိုယ်စားလှယ်များ၏ စတုတ္တအကြိမ် ညီလာခံ ဆုံးဖြတ်ချက်အရ တိုင်းရင်းသားများအတွက် နိုင်ငံရေး အာမခံချက် ရရှိနိုင်ရန်၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ဒီမိုကရေစီ အင်အားစုများနှင့် ညွှန်ပေါင်းအစိုးရအား ဆက်လက် တိုးချဲ့ ဖွဲ့စည်းရန် ပြင်ဆင်နေပြီ ဖြစ်ကြောင့် ၀န်ကြီးအသစ် ဦးခွန်မြင့်ထွန်းက ပြောသည်။ ထိုလုပ်ငန်းစဉ်အတွက် ဆက်စပ် ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်းထားပြီး သတ်မှတ်ကာလအတွင်း မဆောင်ရွက်နိုင်လျှင် လက်ရှိ ယူထားသည့် ၀န်ကြီးတာဝန်အား ပြန်အပ်မည်ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
( အာအက်ဖ်အေသတင်းမှ ကောက်နှုတ်ချက် )
*****
ရွှေကျင်ဂိုဏ်းလုံးကျွတ် သံဃာ့အစည်းအဝေး ကျင်းပ

ချင်းမိုင် (မဇ္ဈိမ)။ ။ သုံးရက်ကြာကျင်းပမည့် ရွှေကျင်နိကာယ ဂိုဏ်းလုံးကျွတ် သံဃာ့အစည်းအဝေးကြီး မန္တလေးမြို့တွင် ယနေ့ စတင်နေပြီဖြစ်သည်။

၁၇ ကြိမ်မြောက် အစည်းအဝေးကြီးကို ရွှေကျင်ဂိုဏ်းဝန်ဆောင်သံဃာတော်များ၊ ဆရာတော်ကြီးများဖြင့် မန္တလေးတောင်ခြေရှိ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီးတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။ အစည်းအဝေးသို့ သီတဂူ ဆရာတော် အရှင် ဉာဏိဿရလည်း တက်ရောက်လာရာ ရွှေကျင်ဂိုဏ်းနှင့် နိုင်ငံတော်အား အကျိုးပြုသဖြင့် ဂုဏ်ထူးဆောင် ဘွဲ့လက်မှတ်တခု ချီးမြှင့်မည်ဟု ဦးဇင်းတပါးက မိန့်သည်။ အစည်းအဝေးကျင်းပရာသို့ သွားရာလမ်းမရှိ မုခ်ဦးနံဘေးတွင် " သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းတောက်ပါစေ" ဟု ရေးသားဖော်ပြထားသည်။ ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်သူ လူများစုနေထိုင်သည့် မြန်မာနိုင်ငံ၌ မြန်မာသက္ကရာဇ် ၁၂၂၂ ခုနှစ် (၁၈၆၀)တွင် ပထမ ရွှေကျင်ဆရာတော် ဥုးဇာဂရ အမှူးရှိသည့် ရွှေကျင်တိုက် ၅ တိုက် သံဃာများကို ပဉ္စမ သင်္ဂါယနာတင်သည့် မင်းတုန်းမင်းကြီးက သီးခြား သံဃာဂိုဏ်းအဖြစ် စတင်အသိအမှတ်ပြု ကိုးကွယ်ခဲ့သည်။

၁၂၈၂ (၁၉၂၀)ခုနှစ်တွင် ပထမဆုံးအကြိမ် ရွှေကျင်ဂိုဏ်းလုံးဆိုင်ရာ အစည်းအဝေးကို ကျင်းပခဲ့သည်။ ရွှေကျင်ဂိုဏ်းသည် ပြည်နယ်နှင့် တိုင်းအချို့ရှိ မြို့နယ် ၁၇၃ မြို့နယ်တွင် ကျောင်းပေါင်း ၃၁၈၁ ကျောင်းရှိပြီး ရဟန်းတော် ၂၂ဝ၄ဝ ပါးနှင့် ကိုရင်ပေါင်း ၂၇၃၂၅ ပါး ရှိကြောင်း ရွှေကျင်ဂိုဏ်းဗဟိုဌာနချုပ် မဟာဝိသုဒ္ဓါရုံတိုက်သစ်မှ ဝါဆိုသံဃာစာရင်းအရ သိရသည်။
( မဇ္ဈီမသတင်းမှ ကောက်နှုတ်ချက် )
*****
အန်အယ်ဒီ ရုံးချုပ်အနီး မီးလောင်မှု ဖြစ်ပွား

နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးအနီး ဖွင့်လှစ်ထားသည့် ဓာတ်ဆီဆိုင် တဆိုင်တွင် ယနေ့မွန်းလွဲပိုင်းက မီးလောင်ခဲ့သည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းပေါ်တွင် တည်ရှိသည့် အန်အယ်ဒီ ရုံးချုပ်အနီး လမ်းဘေးမှောင်ခို ဓာတ်ဆီဆိုင်တွင် လောင်ကျွမ်းခြင်းဖြစ်သည်။ မီးလောင်ကျွမ်းမှု မည်ကဲ့သို့ စတင်ခဲ့သည်ကို မီးသတ်ဌာနက ပြောဆိုနိုင်ခြင်း မရှိဘဲ၊ စုံစမ်းနေဆဲဟု ဆိုသည်။ မီးသတ်ဖွဲ့ဝင်များက မိနစ်အနီးငယ်အတွင်း မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု မီးသတ်အရာရှိက ဆိုသည်။

မီးသင့်သော ဓာတ်ဆီဆိုင်အနီးတ၀ိုက်တွင် အန်အယ်ဒီ ပါတီဝင်များ၏ လှုပ်ရှားမှုကို မျက်ခြေမပြတ် စောင့်ကြည့်နေသော ထောက်လှမ်းရေးများအမြဲတစေ ရှိနေသည်။
( မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
*****
စပိန်နိုင်ငံ၊ ဘာစီလိုနားတွင် မြန်မာ့ အရေး လှုပ်ရှားသူများ၏ ဆွေးနွေးပွဲ


ဖေဖေါ်ဝါရီ ၆ ရက်နေ့ တွင် ဘားမား ကမ်ပိန်း (စပိန်) မှ ဦးဆောင်၍ ကမကထ ပြုကာ စပိန်နိုင်ငံ မြို့တော် ဘာစီလိုနား တွင် “မြန်မာ တိုင်းရင်းသားများ နှင့် ငြိမ်းချမ်းရေး” အစီစဉ် ဟူသော ခေါင်းစဉ်အောက်တွင်

မြန်မာနိုင်ငံ၏ အနာဂါတ် အရေးများ ဆွေးနွေးကြသည်ဟု သိရှိရပြီး ကမ္ဘာတဝှမ်းမှ ဖိတ်ကြားထားသော မြန်မာ့တိုင်းရင်းသား အဖွဲ့စည်း အသီးသီးမှ ပုဂ္ဂိုလ်များ ၃၀ ကျော် တက်ရောက်သည်ဟု လူထုအသံမှ သတင်းရရှိသည်။

ဖေဖေါ်ဝါရီလ (၆)ရက် ယနေ့နံနက် ၁၀ နာရီခွဲတွင် စပိန်နိုင်ငံ ကတ်သလိုနီးယားပြည်နယ် လွှတ်တော် ဥက္ကဌ မစ္စတာ ဧနက် ဘယ်နဟ် ( Honorable Ernest Benach ) က မြန်မာ့ တိုင်းရင်းသား ခေါင်းဆောင်များ နှင့် တွေ့ဆုံ၍ မြန်မာ့အရေး အတွက် ၁ နာရီကျော်ကြာ ဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။

ထို အခမ်းအနားတွင် ကတ်သလိုနီးယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံစကားပြောခွင့် ရခဲ့သူ များထဲမှ ခရမ်းမြို့နယ် လွှတ်တော်အမတ် ဦးကျော်သွင် အား လူထုအသံမှ မေးမြန်းရာတွင် “ကတ်သလိုနီးယား ပြည်နယ်အစိုးရ အနေနှင့် စပိန်အစိုးရမှ တဆင့် ဥရောပ သမဂ္ဂ နှင့် ဆက်စပ်ပြီး မြန်မာ့အရေး အတွက် ပိုဆောင် လုပ်ဆောင်လာနိုင်ဖို့၊ မြန်မာ ပြည်သူများအား ထိရောက်သော အကူအညီများ တိုက်ရိုက် မြန်ဆန်စွာပိုမို ပေး နိုင်စေဖို့၊ မြန်မာ စစ်အစိုးရအား ပြစ်ဒါဏ်ခတ် အရေးယူမှုကို ဆက်လက် လုပ်ဆောင်နိုင်စေဖို့၊ ၂၀၁၀ ရွှေးကောက်ပွဲ ဟာ စစ်တပ်အလိုကျ ရေးဆွဲထားတဲ့ အခြေခံဥပဒေကို အသိအမှတ်ပြု ဆောင်ရွက်မယ့် အစီအစဉ် တခု ဖြစ်တာကြောင့် စပိန်အစိုးရအား ကတ်သလိုနီးယား ပြည်နယ် အစိုးရ အနေနဲ့ ဆောင်ရွက်လာနိုင်မယ့် စတဲ့ အချက်အလက်တွေကို အပြန်အလှန် ဇောင်းပေး ဆွေးနွေးခဲ့ပါတယ်” လို့ ပြန်လည် ဖြေကြားခဲ့ပါသည်။
( လူထုအသံမှ ကောက်နှုတ်ချက် )
*****
တွေ့ဆုံ ဆွေးနွေးရေး အမြန်စရန် ကုလ အတွင်းရေးမှူးချုပ် မေတ္တာ ရပ်ခံ

၇ ကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ် ပြီးဆုံးခဲ့သော အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီသည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ရောက်ရှိနေသော ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် မစ္စတာ ဘန်ကီမွန်း၏ မေတ္တာရပ်ခံချက် ပေါ်ထွက်လာခဲ့သည်။ အမျိုးသား ရင်ကြားစေ့ရေး တိုးတက် ဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း၊ စစ်အစိုးရနှင့် ဒီမိုကရေစီ အတိုက်အခံတို့ကို အမြန်ဆုံး တွေ့ဆုံဆွေးနွေးကြရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မေတ္တာရပ်ခံသည်။
( အာအက်ဖ်အေသတင်းမှ ကောက်နှုတ်ချက် )
*****
မြန်မာ့ အကယ်ဒမီ ၂၀၀၉

၂။ ဒါရိုက်တာဆု - မောင်ယဉ်အောင် ( ကိုးဆယ်ဆ သာလိမ့်မယ် ဇာတ်ကား )

၃။ အမျိုးသားသရုပ်ဆောင်ဆု - ကျော်ရဲအောင် ( ကိုးဆယ်ဆ သာလိမ့်မယ် ဇာတ်ကား )


၎။ အမျိုးသားဇာတ်ပို့ဆု - မိုးဒီ ( ကိုးဆယ်ဆ သာလိမ့်မယ် ဇာတ်ကား )


၅။ ရုပ်ရှင်တေးဂီတဆု - စိန်မွတ်တား ( ကိုးဆယ်ဆ သာလိမ့်မယ် ဇာတ်ကား )


၆။ ရုပ်ရှင်ဓါတ်ပုံဆု - ကျောက်ဖြူ (ပဒေသာ) ( ငါ့ဓားငါ့သွေး ငါ့ဧရာဝတီဇာတ်ကားမှဖြစ်သည်။ )

( မခင်ဦးမေ ဘလောဂ်မှ )
***** ***** *****

ဖေဖေါ်ဝါရီလ ၁ ရက်
ရက်သတ္တပတ် ၆ ၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း

မီးလောင်၊ လူ ၂၃ ယောက် သေဆုံး

မြောက်ပိုင်း ရှရှားနိုင်ငံ Komi Republic နယ်အတွင်း အသက်ကြီးရွယ်အိုများ နေထိုင်သည့် ဖိုးဖွားရိပ်သာ အဆောက်အဦးတခုတွင် မီးလောင်ကြွမ်းပြီး ရိပ်သာအတွင်း နေထိုင်ကြသော လူပေါင်း ၂၃ ယောက် မီးလောင်ကြွမ်းပြီး သေဆုံးခဲ့ရသည်။ ရိပ်သာ အောက်ထပ် သစ်လုပ်ငန်းတခုမှ မီးလောင်ခဲ့သည်ဟု သိရသည်။ ကိုမီပြည်နယ်သည် ကီလီုမီတာ ၄၁၅.၉၀၀ ကျယ်ဝန်းပြီး၊ လူဦးရေ ၁.၃ သန်းခန့် နေထိုင်လျက် ရှိသည်။
*****
အနိမ့်ဆုံး သေဆုံးမှု

အီရတ်နိုင်ငံတွင် ယခုနှစ် ဇန်န၀ါရီလ စစ်တမ်းအရ အီရတ်လူမျိုး လူပေါင်း ၁၄၀ ယောက်သာ သေဆုံးခဲ့သည်။ ၂၀၀၃ ခုနှစ်က ဆာဒမ် ဟူစိန်အား ဖြုတ်ချ၍ အမေရိကန်နှင့် နိုင်ငံတကာတပ်များ ၀င်ရောက်ခဲ့ပြီးနောက် ၂၀၀၉ ဇန်န၀ါရီအတွင်း သေဆုံးမှု အနည်းဆုံး ကာလဟု အီရတ် ကာကွယ်ရေးတပ်၊ ပြည်ထဲရေးဋ္ဌာနနှင့် ကျန်းမာရေးဋ္ဌာနများမှ ထုတ်ပြန်သည့် သတင်းမှ သိရသည်။
သေဆုံးသူ ၂၇ ယောက်သည် အီရတ် လုံခြုံရေးတပ်မှ ဖြစ်သည်။
*****
ဆီတင်သည့် ကား ပေါက်ကွဲပြီး လူအများအပြား သေဆုံး

ကင်ညာနိုင်တွင် ဓါတ်ဆီသယ် လော်ရီကားတစီး မီးလောင် ပေါက်ကွဲသဖြင့် လူ ၁၀၀ ခန့် သေဆုံးခဲ့ရသည်။ မိုလီမြို့အတွင်း ဓါတ်ဆီသယ် လော်ရီကား တိမ်းမှောက်ခဲ့သဖြင့် ဆီများ ယိုစိပ့်ခဲ့ပြီး ရာပေါင်းများစွာသော လူအများ စုံရုံး လာရောက်၍ ဖိတ်စင်ခဲ့သော ရေနံကို ယူငင်နေစဉ် ရုတ်တရက် မီးတောက်လောင်သည့်အတွက် သေဆုံးခဲ့ရပြီး ၁၁၇ ဦးသည် မီးလောင်ဒဏ်ရာ အပြင်းထန် ခံစားခဲ့ရသည်ဟု ကင်ညာ ကြက်ခြေနီအသင်းမှ သတင်းရရှိပါသည်။ ဒဏ်ရာရသူတဦးက “ ရုတ်တရက် ပေါက်ကွဲအသံတခု ကြားရပြီး လူအများ မီးလောင်ကျွမ်းနေသည်၊ အားလုံး လူ ၂၀၀ ခန့် ရှိသည် ” ဟု ဆိုသည်။
( TV2.dk မှ ကောက်နှုတ်ချက် )
*****
ကမ်းခြေစောင့်များ လှေစီးပြေးများကို ကယ်ဆယ်

အီတလီ ကမ်းခြေစောင့် တပ်ဖွဲ့သည် လှေစီးပြေး ဒုက္ခသည် ၂၂၆ ယောက်အား မြေထဲပင်လယ်အတွင်းရှိ စစ္စလီကျွန်း ကမ်းခြေ အနီးတွင် ၁. ၂. ၂၀၀၉ ၌ တွေ့ရှိ ကယ်တင်နိုင်ခဲ့သည်။ ထိုလှေစီးပြေးတို့သည် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ပင်လယ်ရေကြောင်းကို ခက်ခဲစွာ ရှာဖွေ မောင်းနှင်သည့် အချိန်တွင် တွေ့ရှိရသည်ဟု ကမ်းခြေစောင့် တပ်ဖွဲ့များ၏ သတင်းအရ သိရှိရသည်။ ယောကျာင်္း ၁၉၈ ယောက်နှင့် မိန်းမ ၂၈ အား ဖမ်းဆီးပြီး လှေစီးပြေးများ လက်ခံသည့် ဋ္ဌာနသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။ လှေစီးပြေးများ လက်ခံသည့် လမ်ပီဒူစာ( Lampedusa ) ကျွန်းသည် အီတလီနိုင်ငံ၏ တောင်ဖက်စွန်းကျသော နေရာတွင် တည်ရှိပြီး ထိုကျွန်းပေါ် ထိန်းသိန်းရေး စခန်း ဖွင့်လှစ်ထားရာ အထူးသဖြင့် မြောက် အာဖရိကဖက်မှ ထွက်ပြေးလာသည့် လှေစီးပြေးများ ထိန်းသိမ်းထားသည်။ ၎င်းတို့သည် ဥရောပနိုင်ငံများသို့ ဘ၀အသစ်တခု အခြေချနိုင်ရန်အတွက် ထွက်ခွာလာသူများ ဖြစ်သည်။ ၁၀၊ ၁၊ ၂၀၀၉ နေ့တွင်လည်း လှေစီးပြေး ၅၀၀ ကျော်ကို တွေ့ရှိ ဖမ်းဆီးပြီး ထိန်းသိမ်းရေး စခန်းရှိရာ လမ်ပီဒူစာကျွန်းသို့ ပို့ဆောင်ခဲ့သည်။ ၂၀၀၈ နှစ်အတွင်းမှာပင် လှေစီးပြေးပေါင်း ၃၆.၉၀၀ ဦး၊ တွေ့ရှိ ဖမ်းဆီးခဲ့ကြောင်း အီတလီ ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ပြောဆိုခဲ့သည်။
( TV2.dk မှ ကောက်နှုတ်ချက် )
*****
အစ္စရေးတို့ တိုက်ခိုက်ပြန်

လွန်ခဲ့သည့် အပတ်က ပါလက်စတိုင်းတို့ဖက်က ပစ်ခတ်လိုက်သည့် ဒုံးကျည် ကျရောက်သည်ကို တုန့်ပြန်သည့်အနေဖြင့် အစ္စရေး၏ တိုက်လေယာဉ်များက ပါလက်စတိုင်း ပုလိပ်ဋ္ဌာန တခုဖြစ်သော ဟားမစ်တို့၏ ဋ္ဌာနချုပ်ကို ယနေ့ ညနေတွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို လေကြောင်းတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းတို့ဖက်မှ အသေအပျောက် မသိရသေးပါ။ အစ္စရေး သမ္မတ အိုမတ်က “ ကျွန်ုပ်တို့ ပြောခဲ့ပြီးပြီပဲ တကယ်လို့ ပါလက်စတိုင်းတို့၏ ဒုံးကျည်တိုက်ခိုက်မှုဟာ တောင်ပိုင်း အစ္စရေးနိုင်ငံအတွင်း ကျရောက်ရင် အလွန်ဆိုးဝါးသော တုန့်ပြန်မှုတခု သက်ရောက်လိမ့်မည် ” ဟု သူ့အစိုးရအဖွဲ့ အစည်းအဝေးတခုတွင် ပြောဆိုခဲ့သည်။ အစ္စရေး ရွေးကောက်ပွဲသည် ယခုလ ၁၀ ရက်နေ့တွင် ကျင်းပလိမ့်မည် ဖြစ်သည်။
( JV.dk မှ ကောက်နှုတ်ချက် )
*****
ဖေဖေါ်ဝါရီလ ၂ ရက်
ရက်သတ္တပတ် ၆ ၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း

အသေခံ ဗုံခွဲ

ပုလိပ် ယူနီဖောင်းဝတ်ဆင်၍ ပုလိပ်ယောင်ဆောင်ထားသော အသေခံ ဗုံးခွဲ တိုက်ခိုက်ရေးသမားတယောက်သည် ၂၊ ၂၊ ၀၉ ရက်နေ့တွင် အာဖဂန်နစ္စတန်နိုင်ငံ Uruzgan ပြည်နယ် တောင်ပိုင်းဒေသရှိ ရဲစခန်းတခုအတွင်းသို့ ၀င်ရောက်ခဲ့ပြီး အသေခံ ဗုံးခွဲခဲ့သည်ဖြင့် အနည်းဆုံး ပုလိပ်တပ်သား ၁၈ ယောက် သေဆုံးခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာ ရရှိခဲ့သည်။
*****
ဆေရုံးဝင်းအတွင်း ဗုံးကျ

သီရီလင်္ကာနိုင်ငံ ဆေးရုံတရုံပေါ်သို့ အမြောက်ဆံ ကျရောက်ပြီး ပေါက်ကွဲသဖြင့် လူ ၈ ယောက်ခန့် သေဆုံးခဲ့သည်။ တိုက်ခိုက်မှုသည် ဆေးရုံ၏ ကလေးဌာန ပျက်စီးခဲ့ပြီး ကလေး ၂၀ ကျော် ဒဏ်ရာ ရရှိခဲ့သည်။ ဆေးရုံကို တိုက်ခိုက်ခြင်းသည် နှစ်ကြိမ်မြောက် ဖြစ်သည်၊ “ ကျွန်နော် အရမ်းအံသြသွားတယ်။ ဆေးရုံကို တိုက်ခိုက်ခဲ့တာ အခုတကြိမ်ဆို ၂ ကြိမ် ဖြစ်ပြီ ” ဟု ICRC ခေါင်းဆောင် Paul Castella က ပြောဆိုခဲ့သည်။
( TV2 .dk )
*****
ခရီးသည်တင် လေယာဉ် ပျက်ကျ

ရှရှား လေကြောင်းကုပဏီ ( AER ) ပိုင် ၇၃၇ ဘိုးရင်း ခရီးသည်တင် လေယာဉ်တစီးသည် Ural တောင်တန်းအပေါ်သို့ လေယာဉ် စက်အင်ဂျင် ချွတ်ယွင်းခဲ့ပြီး ထိုးကျ ခဲ့သည်။ ထိုအပြင် လေယာဉ်မှူးသည်လည်း အရက်မူးပြီး လေယာဉ်ကို မောင်းနှင်ခဲ့သည်ဟု သိရသည်။ ယင်း လေယာဉ်ပျက်ကျရာတွင် စီးနင်းလိုက်ပါလာသည့် လူပေါင်း ၈၂ ယောက် သေဆုံးခဲ့သည်။
( eb.dk )
*****
အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှု မရှိ

မနေက တိုက်ခိုက်ခဲ့သော လေကြောင်းတိုက်လိုက်မှုအတွင်း ပါလက်စတိုင်း လူမျိုး ၄ ယောက် ထိမှန်ခဲ့သည်ဟု ဆေးဝန်ထမ်းတွေက ပြောကြားသည်။
*****
ရုတ်တရက် ကျရောက်လာသော လေဆင်နှာမောင်း

စပိန်နိုင်ငံတောင်ပိုင်း မာလာဂါမြို့အနီး လေဆင်နှမောင်းတခု ကျရောက် တိုက်ခတ်အပြီး တိုက်ခတ်ရာ လမ်းကြောင်း တခုလုံး ပျက်စီးများစွာ ရှိသည်ဟု သိရသည်။ အလွန်ပြင်းထန်သဖြင့် သစ်ပင်များ အမြစ်ပါကျွတ်၊ ကားထားသည့် နေရာမှ ကားများနှင့် ပရိဘောဂ ပစ္စည်းတို့သည် လေဆင်နှာမောင်းနှင့်အတူ လေထဲ လွင့်ပါခဲ့သည်။ လူ ၂၅ ယောက်ခန့် အနည်းအကျဉ်း ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံတွင် ဆေးကုသမှု ခံနေရသည်ဟု သိရသည်။ လေဆင်နှာမောင်းသည် နေလည်ပိုင်း၌ အစ်စတာပိုနာမြို့တွင် ကျရောက်ပြီး တဆက်တည်းမှာပင် ညနေပိုင်းအချိန်တွင်း မာလာဂါမြို့သို့ တိုက်ခတ်ခဲ့သည်ဟု သိရသည်။
*****
ဘုန်းတော်ကြီး ဒလိုင်းလားမား

၇၃ နှစ်အရွယ် တိဘက် ဘုန်းတော်ကြီး ဒလိုင်း လာမားသည် နယူးဒေလီ ဆေးရုံတရုံ၌ တက်ရောက် ဆေးကုသနေကြောင်း သိရသည်။ “ သူကို စမ်းသပ်စစ်ဆေးနေသည်။ မည်သည့် ရောဂါဖြစ်ကြောင်း မပြောနိုင်သေးပါ” ဟု ပြောခွင့်ရ လူတယောက်က ပြောဆိုခဲ့သည်။
*****
တောင်အာဖရိကနိုင်ငံ Johannesburg မြို့ အနီးတွင် ရထားနှစ်စီး တိုက်မိသဖြင့် လူ ၂၅၀ ဒဏ်ရာ အပြင်းအထန် ရရှိသွားသည်။
*****
ဝမ်ကျားပေါင် ဖိနပ်ဖြင့် ပေါက်ခံရ

တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင်က အင်္ဂလန်နိုင်ငံ Cambridge တက္ကသိုလ်၌ ကမ္ဘာ့စီးပွားရေးအကြောင်း ဟောပြောနေစဉ် ဆန္ဒပြသူတယောက်၏ ဖိနပ်ဖြင့် ပစ်ခတ်ခြင်း ခံရသည်။ ထိုခရီးစဉ်သည် ၅ ရက်အကြာ ဥရောပသို့ လည်ပတ်စဉ် ထိုခရီးစဉ်၏ နောက်ဆုံးအနေဖြင့် အင်္ဂလန်နိုင်ငံသို့ လည်ပတ်ရောက်ရှိခြင်းဖြစ်သည်။
http://galleri.tv2.dk/index.php/category-Nyhederne/id-20185945/page-7.html
*****
ဖေဖေါ်ဝါရီလ ၃ ရက်
ရက်သတ္တပတ် ၆ ၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း

ပထမဦးဆုံးသော ဂြိုလ်တု

အီရန်နိုင်ငံသည် ယနေ့ညတွင် ၎င်းတို့အတွက် ပထမဦးဆုံးသော ဂြိုလ်တုတလုံးကို မြေပြင်ကနေ အာကာသအတွင်းသို့ အောင်မြင်စွာ လွတ်တင်နိုင်ခဲ့သည်။ ရှားဘုရင်ကို ဖြုတ်ချခဲ့သည့် အနှစ် ၃၀ မြောက် အစ္စလာမ်တော်လှန်ရေးနေ့နှင့် တိုက်ဆိုက်ပြီး ဂြိုလ်တုအား လွတ်တင်ခဲ့သည်။ ဂြိုလ်တုသည် Omid အမည်ရပြီး ပါရှန်းဘာသာစကား ဖြစ်၍ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းသူဟု အဓိပ္ပာယ် ရသည်။
*****

သမုဒ္ဒရာ ရေအောက် ကမ္ဘာအား မြင်နိုင်ပြီ


ပင်လယ် ကြမ်းပြင်အား ကြည့်ရှု့နိုင်သည့် Google Earth ကို တိုးတက် ထုတ်လုပ်လိုက်သည်။ ယခင်က Google Earth သည် မြေပြင်ကို သာ ကြည့်ရှု့နိုင်ပြီး၊ အခု အသစ် ထုတ်လိုက်သည့် Google Earth အမျိုးအစားသည် ပင်လယ် ကြမ်းပြင်အတွက်ဖြစ်သော်လည်း မြေပြင်အား ကြည်လင်ပြတ်သွားစွာမြင်နိုင်သည်ဟု ဆိုသည်။
http://earth.google.com/ocean/
*****
ဂွာတာနာမို အကျဉ်းစခမ်းမှ အကြမ်းဖက်သမား (၂)ဦး မလေးရှား လွှဲပြောင်းယူ

ဂွာတီနာမို စစ်အကျဉ်းထောင်ကြီးအား ပိတ်သိမ်း ပြီးပါက လက်ရှိ ထိန်းသိမ်းထားသော အကျဉ်းသားများကို ခွဲဝေ တာဝန်ယူသွားမည်ဟု မလေးရှား ၀န်ကြီးချုပ် အက်ဘဒူလာ အာမက် ဘာဒါဝီက ဇန်န၀ါရီလ (၃၁) ရက်နေ့တွင် ကြေငြာခဲ့သည်။
( လူထုအသံမှ ကောက်နှုတ်ချက် )
*****
အရှေ့တီမောက မြန်မာ့လေဘေးသင့် ပြည်သူများ အတွက် ငွေကြေး လှူဒါန်း


အရှေ့တီမောနိုင်ငံက မြန်မာနိုင်ငံ အတွင်း နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြီး တိုက်ခတ်မှုမှ အသက်မသေဘဲ ကျန်ရစ်ခဲ့သူများ အတွက် အမေရိကန်ဒေါ်လာ (၅၀၀၀၀၀) ထောက်ပံ့ လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။

ဇန်န၀ါရီလ (၂၉) ရက်နေ့က အရှေ့တီမော အစိုးရသည် မြန်မာ့လေဘေး ဒုက္ခသည်များ အတွက် ထောက်ပံငွေကို အာဆီယံ လူသားချင်း စာနာမှု တရားဝင်အဖွဲ့ အစည်းတခု မှတဆင့် ပေးအပ် လှူဒါန်းခြင်း ဖြစ်သည်။
( လူထုအသံမှ ကောက်နှုတ်ချက် )
****** *******
ဖေဖေါ်ဝါရီလ ၄ ရက်
ရက်သတ္တပတ် ၆ ၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း

ထိုင်းတက္ကသိုလ်ကျောင်းသူ (၇၀) ရာနှုန်း
အချိန်ပိုင်း အွန်လိုင်း ပြည့်တန်ဆာဖြစ်နေ


ထိုင်းတက္ကသိုလ်ကျောင်းသူ (၇၀) ရာနှုန်းသည် အင်တာနက်ပြည့်တန်ဆာခန်း ၀ဂ်ဆိုက်များသို့ ခန္ဓာကိုယ် အချိန်ပိုင်း ရောင်းစားရန် ဆက်သွယ်ခဲ့ကြသည်ဟု တက္ကသိုလ် လူထုဆန္ဒစစ်တမ်းကို ကိုးကားပြီး ထိုင်းသတင်းစာများတွင် ဖော်ပြထားသည်။

ဆူအမ်ဒူးဆစ် ရာဇဘတ် တက္ကသိုလ်မှ ထုတ်ပြန်သည့် ဆူအမ်ဒူးဆစ် လူထုဆန္ဒစစ်တမ်းတွင် ယခုကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။ ထိုင်းတက္ကသိုလ်ကျောင်းသူများကို ပျော်ပါးရန်ဆက်သွယ်နိုင်သည့် အင်တာနက်ဝဂ်ဆိုက်ပေါင်း (၁,၀၀၀) ကျော်ရှိကြောင်း ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာန၏ အစီရင်ခံချက်ကို မအံ့သြမိကြောင်း စစ်တမ်းကောက်ရေးအဖွဲ့ လက်ထောက်ပါမောက္ခ ဆူခွန်ချာလိုဆက်က ပြောသည်။

၂၀၀၂ ခုနှစ်ကပင် မလေးရှား ထိုင်းနယ်စပ်ရှိ ဟတ်ယိုင်မြို့တွင် နိုင်ငံခြားသားများအတွက် အငှားမယား လုပ်စားပြီး ကျောင်းတက်နေသည့် တက္ကသိုလ်ကျောင်းသူများရှိနေကြောင်း Bangkok Post သတင်းစာက အကျယ်တ၀င့် ဖော်ထုတ်ရေးသားခဲ့သည်။

ထိုင်းတက္ကသိုလ်ကျောင်းသူများ အချိန်ပိုင်း အွန်လိုင်း ပြည့်တန်ဆာဖြစ်နေရခြင်းအနက် ကျဆင်းနေသည့် ထိုင်းစီးပွားရေးကြောင့် ငွေပိုရအောင် ကျောင်းသူများ ရှာရခြင်းဖြစ်သည်ဟု လက်ထောက်ပါမောက္ခ ဆူခွန်ချာလိုဆက်က ယူဆသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
*****
ကမ္ဘာ့၏ အလေးချိန်

ကျွနိုပ်တို့ နေတိုင်သော ကမ္ဘာ့မြေ၏ အလေးချိန်သည်။ ကီလို ၆.၀၀၀.၀၀၀.၀၀၀.၀၀၀.၀၀၀.၀၀၀.၀၀၀.၀၀၀ ခန့် ရှိသည်ဟု ကမ္ဘာမြေဆွဲအား ရွေ့လျား လှည့်ပတ်လှုပ်ရှားမှုမှ တွက်ချက်တိုင်းထွာထားသည်။
(http://www.howstuffworks.com/ မှ ကောက်နှုတ်ချက် )
*****
အမေရိကန် အီဗော်လူးရှင်း

လူသည် မျောက်ကနေ အဆင့်ဆင့် တိုးတက်လာ ပြောင်းလဲလာသည် ဟူသော အဆိုပြုချက်ကို မှားသလား ? ၊ မှန်သလား ? ဟု စစ်တမ်း ပြန်လည်ကောက်ယူသည့်အခါ အမေရိကန်လူမျိုး၏ ၃၉ ရာခိုင်နှုန်းက အဓိပ္ပာယ်မရှိသော သီအိုရီတခုဟု မှတ်ချက်ပေးခဲ့သည်။
(http://www.metroxpress.dk/dk/nyheder/dagens_avis/ မှ ကောက်နှုတ်ချက်)
*****
သေမင်းတမန် ဒေါက်တာ သေဆုံး

ဂျာမန် အာဏာရှင် အဒေါ့ ဟစ်တလာ၏ နာဇီပါတီ အဖွဲ့ဝင် ဒေါက်တာ Aribert Heim သည် နာဇီ ထိပ်တိန်းအဖွဲ့ဝင် စစ်ရာဇ၀တ်ကောင် စာရင်းဖြင့် ရှာဖွေနေသည့် နောက်ဆုံး ပုဂ္ဂိုလ်တယောက် ဖြစ်သည်။ ဘယ်တော့မှ ရှာဖွေ ဖမ်းဆီးနိုင်ခြင်း မရှိခဲ့သော Heim သည် သြဂုတ် ၁၀ ရက်၊ ၁၉၉၂ ခုနှစ်၌ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် သေဆုံးခဲ့သည်ဟု ဂျာမဏီသတင်းဌာန ZDF သတင်းမှ သိရသည်။ သူသည် ကေဇက် နာဇီအကျဉ်းစခန်းဖြစ်သည့် Sachsenhausen, Buchenwald နှင့် Mauthausen များတွင် ၁၉၄၀ မှ ၁၉၄၂ အထိ တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သူ၏ အဆိုးဝါးဆုံး လုပ်ရပ်က ကေဇက် အကျဉ်းသားများအား နှလုံးအတွင်းသို့ ဓါတ်ဆီ ထိုးသွင်းခြင်းဖြင့် သေစေသော လုပ်ငန်းကို စတင် ဆောင်ရွက် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ သူအား သြစတေးလျားနိုင်ငံတွင် ၁၉၁၄ ခုနှစ်က မွေးဖွားခဲ့ပြီး၊ ၁၉၆၂ ခုနှစ်၌ နိုင်ငံတကာ စစ်ခုံရုံးက ဖမ်းဝရမ်းထုတ်ခဲ့သည်။ သူသည် တောင်အမေရိကရှိ အာဂျင်တီးနားနှင့် ချီလီနိုင်ငံတွင် ပုံးအောင်း နေထိုင်ခဲ့သည်။
( TV2.dk မှ ကောက်နှုတ်ချက် )
*****
အစ္စရေး သံအမတ် ဖိနပ်ဖြင့် ပေါက်ခံရ

အစ္စရေး သံအမတ် Benny Dagan သည် ဆွီဒင်နိုင်ငံ စတောဟုမ်း တက္ကသိုလ်တွင် များမကြာမှီတွင် ကျင်းပမည့်ဖြစ်သော အစ္စရေး ရွေးကောက်ပွဲအကြောင်းကို ဟောပြော ပို့ချနေစဉ် လူနှစ်ယောက်၏ ဖိနပ်ဖြင့် ပစ်ပေါက်ခြင်းကို ခံရသည်။ လူ ၅၀ ခန့် ဟောပြောချက်ကို နားထောင်နေစဉ် ၎င်းတို့အတွင်းမှ လူ ၂ ယောက်က သံအမတ်ကြီးအား ပစ်ခတ်ခဲ့သဖြင့် စာအုပ်များနှင့် ဖိနပ်တဖက် ထိမှန်ခဲ့ပြီး၊ ထို ပစ်ခတ်သူ ၂ ယောက်သည် အသက် ၃၅ နှစ်ခန့် ရှိသော ယောင်္ကျားတယောက်နှင့် ၂၅ အရွယ်ရှိ မိန်းမတယောက်ဖြစ်၍ ဖမ်းဆီး ထိန်းသိမ်းခဲ့သည်ဟု ပုလိပ်သတင်းအရ သိရသည်။
( TV2.dk မှ ကောက်နှုတ်ချက် )
*****
ဖေဖေါ်ဝါရီလ ၅ ရက်
ရက်သတ္တပတ် ၆ ၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း

ဘီလျံနှင့်ချီ အလွဲသုံးစားမှု

ကြီးမားသော လုပ်ငန်းတခုမှ အမှုဆောင် အရာရှိချုပ်တယောက်သည် ငွေပမာဏ ၈.၂ ဘီလျံ ခရိုနာ ( ၁ ဘီလျံကျော် ယူရို ) ရှိသော လိမ်လည်မှုတခုဖြင့် ဂျပန် ပုလိပ်အဖွဲ့က ဖမ်းဆီးလိုက်သည်။ ထိုအမှုဖြင့် ဖမ်းဆီးခံရသည့် Kazutsugi Nami သည် ဘာသာရေး ဆက်နွယ်သော ခေါင်းဆောင်တယောက်အဖြစ် အောင်မြင်သောသူ ဖြစ်သည်။ သူ၏ လုပ်ငန်းအတွင်း ရင်းနှီးမြှပ်နှံသူများအား ၃၈ ရာခိုင်နှုန်း အကျိုးအမြတ်ခံစားရမည်ဟု ကတိပေး စည်းရုံးခဲ့သည်။ သို့ရာတွင် ၇၃နှစ်အရွယ်ရှိ Namiသည် ရင်းနှီးမြှပ်နှံသူ ၃၇.၀၀၀ ထံမှ ငွေပေါင်း ဘီလျံ ၁၂၆ ယန်း လိမ်လည်ခဲ့သည်ကို တွေ့ရှိခဲ့သောကြောင့် ဖမ်းဆီးလိုက်သည်ဟု Jiji သတင်းဌာမှ ကိုးကား ဖေါ်ပြထားသည်။
( TV2.dk သတင်းမှ ကောက်နှုတ်ချက် )
*****
ရေလွှမ်းမှုကြောင့် တားမြစ် သတိပေး

သြစတေးလျနိုင်ငံ ကွီးစ်လန်းပြည်နယ် Cairnsမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ဒေသများ ရေဖုံးလွှမ်းခဲ့သည်။ ထို ရေလွှမ်းမှုကြောင့် မွေးမြူထားသည့် မီးကျောင်းများနှင့် မြွေများ လွတ်မြောက်နေသည်ကို မြို့နေ လူထုအား သက်ဆိုင်ရာဋ္ဌာနာများက သတိပေး ကြေညာထားသည်။ ထိုဒေသအတွင်းရှိ ခွေး အမြောက်အများ ပျောက်ဆုံးနေသည်ကို တွေ့ရှိရသဖြင့် အထူးသဖြင့် ကလေးငယ်များ ရေပေါ်တွင် ဆော့မကစားရန် တားမြစ်ထားသည်။
( TV2.dk မှ ကောက်နှုတ်ချက် )
*****
မော်စကိုတွင် တုန်လှုပ်သွားသော ကြေးစား လူသတ်မှု

မော်စကိုမြို့တွင် လူ ၂ ယောက် ယနေ့ညတွင် ချောင်းမြောင်း လုပ်ကြံခံရခဲ့သည်။ ချင်ချေညာပြည်နယ် Grosnij မြို့တော်ဝန်ဟောင်းဖြစ်သူ Gilani Sjepijeva ဆိုသူသည် သူ၏ နေအိမ် အပြင်ဖက်တွင် လုပ်ကြံခံရသဖြင့် ဦးခေါင်း၌ သေနတ် ဒဏ်ရာ ၃ ချက် ထိမှန် သေဆုံးနေသည်ကို တွေ့ရသည်။ မော်စကိုမြို့၏ တခြားနေရာတွင်လည်း ဂျော်ဂျီယာ ရေနံကုန်သည်တယောက်သည် သူ၏ ခွေးနှင့် လမ်းလျှောက်နေစဉ် လုပ်ကြံခံရသည်ဟု သိရသည်။
( TV2.dk မှ ကောက်နှုတ်ချက် )
*****
ယူကရိန်း စစ်ပစ္စည်းတင် သင်္ဘော ပြန်လွတ်

ဆိုမားလီးယား ပင်လယ် ဒမြများသည် ယူကရိန်း စစ်ပစ္စည်းများတင်ဆောင်ထားသည့် သင်္ဘောအား လွန်ခဲ့သည့် နှစ်၊ စက်တင်ဘာက တိုက်ခိုက်ဖမ်းဆီးခဲ့ပြီး ယနေ့တွင် ပြန်လည် လွတ်ပေးလိုက်ကြောင်း ယူကရန်းသတင်းဌာနမှာ ပြောဆိုလိုက်သည်။ သင်္ဘောပေါ်တွင် T72 တင့်ကား ၃၃ စီးနှင့် တခြားသော လက်နက်များ တင်ဆောင်ပြီး တောင်ပိုင်း ဆူဒန်သို့ ရောင်းချရန် တင်ဆောင်လာစဉ် ဆိုမားလီးယား ပင်လယ်ဒမြများ၏ တိုက်ခိုက် ဖမ်းဆီးခြင်း တိုက်ခိုက်ခြင်း ခံရသည်။ ၎င်းသင်္ဘောအတွက် အမေရိကန်ဒေါ်လာ ၃.၂ သန်းဖြင့် ဈေးတည့်ခဲ့သဖြင့် ပင်လယ်ဒမြများက လွတ်ပေးခဲ့သည်။
( TV2.dk မှ ကောက်နှုတ်ချက် )
*****
ဟားမစ် ခေါင်ဆောင်တယောက် ဖမ်းဆီးခံရ

အီဂျစ်နိုင်ငံတွင် ဟားမတ်ခေါင်းဆောင်တယောက် အမေရိကန်ဒေါ်လာ ၁၁ သန်းနှင့်အတူ ဖမ်းဆီးခံရသည်ဟု AP သတင်းတွင် ရေးသားထားသည်။ ဟားမတ်စ် အဆင့်မြင့် ခေါင်းဆောင် အဖွဲ့ဝင်ဖြစ်သည့် Ayman Taha သည် ကိုင်ရိုင်တွင် နေထိုင်ပြီး နိုင်ငံတကာမှ ဟားမတ်စ်တို့အား ထောက်ပံ့ပေးသည့် ငွေအများကို လက်ခံယူခြင်း၊ နိုင်ငံတာကာမှ ထောက်ခံသည့် အဆက်အသွယ်များကို လက်ခံ ဆုံတွေ့ခြင်းတို့ ပြုလုပ်နေသူ ဖြစ်သည်။ သူအပါအ၀င် အဆက်သွယ်တချို့နှင့်အတူ ဂါဇာသို့ ပြန်အ၀င်တွင် ဖမ်းဆီးခဲ့သည်ဟု သိရသည်။
( TV2.dk မှ ကောက်နှုတ်ချက် )
*****
ဇာကိုဇီ၏ အစီအစဉ်သစ်

ပြင်သစ်နိုင်ငံသည် လုပ်ငန်းအခွန်ငွေအား နောက်တနှစ်တွင် လျော့ချပေးမည်ဟု သမ္မတ ဇာကိုဇီ က အင်တာဗျူးတခုတွင် ပြောဆိုခဲ့သည်။ ယူရို ဘီလျံ ၈ တန်ဖိုးရှိသည့် အခွန်လျော့ပေါ့ရေး အစီအစဉ်သည် လုပ်ငန်း ကော်ပိုရေးရှင်းများ ကမ္ဘာ့စီးပွားရေး ဂယက် ခံစားနေရသည့် ဒဏ်မှ ဟန့်တား ကာကွယ်ပေးနိုင်ရန် ဖြစ်သည်ဟု သူက ပြောဆိုခဲ့သည်။
( TV2.dk မှ ကောက်နှုတ်ချက် )
*****
ဗလီတခုအနီး ဗုံးပေါက်ကွဲ

ပါကစ္စတန်နိုင်ငံ ပူဂျပ် ပြည်နယ် ဒီလာ ဂဟာဇီမြို့ရှိ Shiamuslim ဗလီအနီးတွင် ဗုံးတလုံး ပေါက်ကွဲပြီး လူ ၁၅ ဦး၊ သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာ ရရှိခဲ့သည်။ ပေါက်ကွဲမှုသည် လူ တယောက်က အသေခံ ဗုံးခွဲ တိုက်ခိုက်ခြင်းဖြစ်သည်ဟု ထင်မြင်ယူဆနေသည်။
( MetroXpress.dk )

*****
ဖေဖေါ်ဝါရီလ ၆ရက်
ရက်သတ္တပတ် ၆ ၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း

ကဒ်သူပုန်များ အခြေစိုက် ဒေသအား ဗုံကြဲ

တူရကီ တိုက်လေယာဉ်မျာသည် ကဒ်သူပုန်များ အခြေပြုနေသည့် အီရတ်နိုင်ငံ မြောက်ပိုင်းဒေသများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဗုဒ္ဒဟူးနေ့နှင့် ကြသပတေးနေ့တွင် အီရတ်မြောက်ပိုင်းရှိ Khakurk ဒေသအတွင်းသို့ လေကြောင်းဖြင့် ၀င်ရောက်တိုက်ခိုက်ခဲ့သည်။ KKP ကဒ်သူပုန်များ ၂၀၀၀ ခန့် အီရတ်မြောက်ပိုင်းရှိ တောင်တန်းဒေသများတွင် ပုံးအောင်းပြီး တူရကီနိုင်ငံအတွင်း တိုင်းပြည်တခုရရှိရန်အတွက် တော်လှန်တိုက်ခိုက်နေသည်။
*****
ဒေသတွင်း တိုက်ပွဲများကြောင့် ဒေသခံ သီရိလင်္ကာများ ထွက်ပြေး တိမ်းရှောင်နေကြရ


သီရိလင်္ကာနိုင်ငံ မြောက်ပိုင်းတွင် တမီးလ်ကျား သူပုန်များ၏ ပုန်းခိုနေရာ နေရာဒေသ အသီးသီးကို အစိုးရ တပ်များက ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိရာ အနီးအနားမှ ဒေသခံ ရွာသူ ရွာသားများ ထွက်ပြေး တိမ်းရှောင် နေကြရသည်ဟု သိရှိရသည်။

အစိုးရ စစ်တပ်က ဒေသခံ ရာနှင့်ချီပြီး ပြောင်းရွှေ့သွားကြောင်း အတည်ပြု ပြောကြားခဲ့သလို ကုလသမဂ္ဂ ကလည်း တိုက်ပွဲ ဧရိယာအတွင်း နေထိုင်သူ ဦးရေ (၂၅၀၀၀၀) ခန့်မှာ နှစ်ဖက် စစ်တပ်များ အကြား ပိတ်မိနေကြောင်း သတင်းထုတ်ပြန် ပြောကြားခဲ့သည်။
( လူထုအသံမှ ကောက်နှုတ်ချက် )
*****
မိုဘိုင်းလ်ဖုန်း သုံးသူ အချင်းချင်း ဘယ်ရောက်နေလဲ! သိနိုင်မည့် Google ဝန်ဆောင်မှု အသစ်

Googleသည် မိုဘိုင်းလ်ဖုန်း အသုံးပြုသူ အချင်းချင်း မည်သည့် နေရာတွင် ရှိနေကြသည်ကို အတိအကျ သိရှိစေမည့် ၀န်ဆောင်မှု တမျိုးကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

ဗြိတိန် နှင့် အမေရိကန်တို့ အပြင် အခြားသော နိုင်ငံပေါင်း (၂၄)ခုတွင် အသုံးပြုနိုင်မည့် အဆိုပါ ၀န်ဆောင်မှုသည် အခမဲ့ ဖြစ်သော်လည်း ဖုန်း အမျိုးအစား ကန့်သတ်မှု အချို့ ရှိမည်ဟုလည်း သိရသည်။

Google ၏ အဆိုအရ ယခု ၀န်ဆောင်မှု အသစ်ကြောင့် လူတဦးချင်းစီသည် မိမိ ရှိနေသည့် နေရာကို မညွှန်းတတ်လျှင်လည်း ပြဿနာ တခု မဟုတ်တော့ဟု သိရှိရသည်။
( လူထုအသံမှ ကောက်နှုတ်ချက် )
*****
ဖေဖေါ်ဝါရီလ ၇ ရက်
ရက်သတ္တပတ် ၆ ၊ ၂၀၀၉၊
နိုင်ငံတကာ သတင်း

တံငါသည်များအား ကယ်တင်နိုင်ခဲ့


တံငါသည် ၁၅၀ ကျော်အား Erie ရေကန်အတွင်း ကြီးမားသည့် ရေခဲမျောပေါ်မှ သောင်တင် ဒုက္ခရောက်နေရာမှ မနေ့က ကယ်တင်နိုင်ခဲ့သည်။ အိုဟိုင်းဝိုးပြည်နယ် မြောက်ဖက် Lake Erie ရေကန်၏ အနေက်ဖက်ကမ်းခြေအတွင်း တံငါသည်များ ရေခဲမျောပေါ်တွင် သောင်တင်နေစဉ် လှုံခြုံရေးအဖွဲ့ဝင်များသည် ဟော်လီကော်ပတာနှင့် အသက်ကယ်လှေငယ် ( ဟောဗါးယဉ် ) အသုံးပြုပြီး တံငါသည်ပေါင်း ၁၅၀ ကျော်ကို ကယ်တင်ပေးခဲ့သည်ဟု ကမ်းခြေစောင့် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောခဲ့သည်။
( TV2.dk )
*****
ပစ်ခတ် လုပ်ကြံ

အာဖဂန်နစ္စတန် တောင်ပိုင်း Helmand ပြည်နယ်၌ ယနေ့တွင် အဝေးက ပစ်ခတ်လိုက်သည့် ဗုံးဆံတခု ပေါက်ကွဲသဖြင့် အမေရိကန် အကြံပေးအဖွဲ့ဝင် ၂ ယောက်၊ ဘာသာပြန် တယောက်နှင့် အာဖဂန် ပုလိပ်တယောက် သေဆုံးခဲ့သည်ဟု Helmand ပြည်နယ် ပုလိပ်အရာရှိ Kamalodin Khan က ပြောသည်။ အခု တိုက်လိုက်မှုသည် ဗြိတိသျှ စစ်တပ် ထိန်းချုပ်မှု အောက်တွင် ရှိသော နေရာဖြစ်ပြီး ဒီန်းမတ် စစ်သား ၇၀၀ ကျော် တာဝန်ကျ နေသည်။
( TV2.dk )
*****
တာလီဘန်အဖွဲ့နှင့် ဆွေးနွေးလို

အာဖဂန်နစ္စတန် သမ္မတ Hamid Karzai သည် နိုင်ငံ ငြိမ်းချမ်းမှု ရရှိစေရန် အယ်ခိုင်လ်ဒါအဖွဲ့ မပါပဲ တာလီဘန် သူပုန်များနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း ဂျာမဏီနိုင်ငံ မြူးနစ်မြို့တွင် ကျင်းပနေသော နိုင်ငံတကာ လုံခြုံရေး ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
( TV2.dk )
*****
သစ်တောမီးလောင်မှု သမိုင်းတွင်း အဆိုးဝါးဆုံး

သြစတေလျနိုင်ငံ ဗစ်တိုရီးယားပြည်နယ်အတွင်း လွန်ခဲ့သည့် အပတ်မှ စတင်ပြီး သစ်တောများ မီးလောင်ကျွမ်းနေသဖြင့် လူပေါင်း ၉၆ ယောက်အထိ သေဆုံးခဲ့၍ ရာပေါင်းများစွာသော အိမ်များ မီးလောင်ကျွမ်းခဲ့ပါသည်။
“ ယခုနှစ် မီးလောင်မှုသည် ဗစ်တိုးရီးယား သစ်တော မီးလောင်မှု သမိုင်းတွင် အကြီးမားဆုံးနှင့် အဆုံးဝါးဆုံး ဖြစ်သည် ” ဟု သြစတေလျနိုင်ငံဆိုင်ရာ ဒီန်းမတ် သံအမတ်က တီဗွီ ၂ သတင်းဋ္ဌာနသို့ ပြောကြားခဲ့သည်။ ယခုအခါ အပူချိန်သည် ၄၇ ဒီဂရီ စင်တီဂရိတ် အပေါ်သို့ တိုးလျှက် ရှိနေကြောင်း သိရသည်။ ထို သစ်တော မီးလောင်မှုကြောင့် ၁၉၈၀ ခုနှစ်တွင် ၆၅ ဦး၊ ၁၉၈၃ ခုနှစ်တွင် ၇၅ ဦး သေခဲ့သည်။
( TV2.dk )

No comments: