Tuesday, December 30, 2008

ကြောင်ကို ရေချိုးပေးခြင်း

*
**




တနေ့သော ခရစ္စမတ်ပိတ်ရက်ရှည်အတွင်း ကျွန်ုပ်မောင်လူလသည် ခရီးထွက်ရန် အကြောင်းမဖန်လာသဖြင့် စိတ်ထဲ ညှီစိစိနှင့် စားခြင်း အိပ်ခြင်းအမှုမျှသာပြုပြီး ကျန်သည့်အချိန်များတွင် အမှိုက်ပုံက ကောက်ယူထားသည့် ဂျာမဏီလုပ် MEDION အမျိုးအစား ကွန်ပြူတာ အစုတ်လေးဖြင့် ဘလောဂ်လည်ပတ်ခြင်းသမှုကိုပဲ ပြုနေရတဲ့ဘ၀၊ ဆောင်းလေကြမ်းက အသိတရား လွတ်ကင်းနေသော အမူးသမားတယောက်လို ရှစ်ခွင့်တိုင် အရပ်တကာကို ကလူကမြူပြုသဖြင့် အေးချမ်းသည့်ဒဏ် မခံနိုင်၊ အမြဲတမ်းလည်း အပြင်သို့ မထွက်ချင်၊ ကျန်းမာရေးအရ လမ်းလျှောက်ခြင်း၊ ဈေးထွက်ခြင်းပါပဲ။ သည်လိုနှင့် အကာလအချိန်တချိန်တွင် မောင်မင်းကြီးသားတယောက်က ကျွန်ုပ်နှင့် ပတ်သက်ပြီး ရေးဖွဲ့ထားသည်ကို ဖတ်ရှု့လိုက်ရပါ၏။ ဖတ်ရှု့ပြီးသကာလ ကျွန်တော်မျိုးမောင်လူလသည် မောင်မင်းကြီးကို ဂျီတော့မှာ သွားချက်လေတော့သည်။ *( ချက်ထားသည်ကို စာလုံးအမဲဖြင့် ပြထားသည်)
ချက်တင်နှောပြီး သကာလ ဤစာကို ရေးသင့် မရေးသင့်ဆိုပြီး အတန်တန် စဉ်းစားရတယ်၊ ရေးလာသူကလဲ သက်ကြီးဝါကြီးဆိုတော့လည်း စော်ကားရာ ရောက်မလားပေါ့။ ဒါဗေမဲ့ဗျ တော်လှန်တဲ့အတွေး ရှိတဲ့သူဆိုတော့လဲ ဟုတ်သည် မမှန်သည် ပြန်ရှင်းရမှာပေါ့။ **( မောင်မင်းကြီး တင်ထားသည့် သူ့၏ ဘလောဂ်မှ စာစုများကို စာလုံး အစောင်းဖြင့် ပြထားသည်)

တကယ်ကို စဉ်းစားတယ်ဗျ။ ကြီးသူရိုသေ ငယ်သူလေးစား ဆိုသလို ဂါရ၀တရားတွေနဲ့ ယှဉ်ပြီးတော့ ရေးသင့်သလား မရေးသင့်ဘူးလားဟု ဇဝေဇ၀ါ ဖြစ်ခဲ့၏။ နောက်ဆုံးတော့ လူဆိုတာ ကောင်းစိတ်နှင့် မကောင်းစိတ်က အစဉ်တွဲရှိနေသမို့ အကောင်းဘယ်လောက် တွေးတွေး၊ မောဟသဘောအရ အဆိုးဖက်ပဲ မဲအများဆုံးပေးလိုက်ခြင်းဖြင့် ရေးမယ်လို့ ဆုံးဖြတ်ချက် ချလိုက်တာပဲလေ။ အခုလို ပြန်လှည်ရေးချင်းသည်လည်း ကျွန်တော်မျိုးကြီးက အစပြုခြင်းမဟုတ်ပါ။ တဖက်သားက အစပြုခြင်းဖြင့် တုန့်ပြန်မှုတခုသာ ဖြစ်၏။ ( ဤကား စကားချပ်)



လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က ရာဟူး(Yahoo Messenger)မှာ စိအက်ဖ် ( CF )ဆိုတဲ့ ကွန်ဖရင်း ( Conference )တွေ အလွန်တရာ စည်ကားလှပါသည်။ အရှေ့အနောက် မြန်မာတွေ ခင်ရာ မင်ရာ စိအက်လုပ် အတင်းချ၊ ၀ါဒပြိုင်၊ ဟာသတွေပြော၊ ဆရာကြီးတွေလုပ် ရောင်တော်တွေပြန်၊ တယောက်နဲ့တယောက် မခံချင်အောင် စရင်းဖြင့် ၂၄နာရီ မပြတ် စိအက်ဖ်က ရှိပါ၏။ ရန်ပွဲလည်း နေ့တိုင်းလိုလို ရှိတယ်။ မြစ်ကမ်းနဘေးက ငါးဈေးလိုပါ့ဗျ၊ သေခြာတာကတော့ အေးဆေးဆေးဆေး နားထောင်ပြီး သူများကိုလည်း ပြသာနာမရှာရင် စိအက်ဆိုတာက မပျင်းဘူးဗျ။
တခု ထူးထူးခြားခြား ကြုံဖူးလိုက်တာက ကြူခြင်းဆိုတဲ့ ပြသာနာပါ။ ကောင်လေးတွေနဲ့ ကောင်မလေးတွေ ချစ်တင်နှီးနှောဖလှယ်၍ ကြူပြီးသကာလ အချစ်ရည်ပြယ်သောအခါဝယ် စိအက်ဖ်ထဲလာပြီး ဘယ်ကောင်မလေးက ဘယ်လိုပြတယ်။ဘယ်အကောင်က အကျင့်က ဘယ်လိုဆိုပြီး အတင်းအဖျင်းတွေ အပြန်အလှန် လူသိရှင်ကြား ထုတ်ဖေါ်တာပဲ။ အများတော့မဟုတ်ပါ တယောက်စ နှစ်ယောက်စ ဤကိစ္စများ ကြားဖူး၏။ ကျွန်တော်မျိုးက နားထောင်သမားဆိုတော့ သူများပြောတာတွေကို နားထောင်ရတဲ့ဘ၀ပါ။ နားထောင်ရင်းနဲ့ သြော် လူတွေ တမျိုးကြီးပါလားပေါ့။ အထူးသဖြင့် တချို့ လူတွေက နှမချင်းမစာနာတတ်ပဲ သွားပုပ်လေလွင့်တွေ လူသိရှင်ကြားဖြစ်အောင် ဖွတတ်တယ်။ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မိန်းကလေးတယောက်ကို ဒီလိုမပြောသင့်ဘူးလို့ ထင်ပါတယ်။ တဆက်တည်းပဲ တွေးမိလိုက်တာက အတွင်းစကား အပြင်စကား ဆိုတဲ့ဟာကို သွားသတိရမိလိုက်လို့ပါ။

မိတ္တဗလတွေ၊ မိတ္တသစ္စာတွေတော့ မသိဘူးဗျ၊ ကိုယ်တွေ့အရတော့ ပြောနိုင်သည်။ “ အတွင်းစကားဆိုတာ တယောက်နှင့်တယောက် ယုံကြည်မှုတခုအရ ပြောဆိုလိုက်တာကို ထင်ပါ၏။ အပြင်စကားဆိုတာကတော့ တစ်ယောက်စကား တယောက်နားမှာ မခါးရအောင်ဆိုပြီး စကားလုံးများကို သကာလူးပြီး လူ့ယဉ်ကျေးမှုအရ ပြောဆိုတာ ဖြစ်နိုင်လိမ့်မယ်။” ဘယ်နေရာဖြစ်ဖြစ်ပေါ့ဗျာ ပြောသင့် မပြောသင့်ဆိုတာက လူစည်း ဘီးလူးစည်းခြားပြီး သိတတ်မြင်တတ်ဖို့ လိုအပ်ပါ၏။ ဒါကိုပြောနေတာလဲ လက်ညောင်းရုံပဲ ထင်တယ်။ ဆရာကြီးတဆူကို ပြောနေရတော့လည်း ဘုန်းကြီးတစ္ဆေကို အရဟံဂုဏ်တော်ပွားပြီး သွား ခြောက်နေသလို ဖြစ်နေတယ်။ တတ်မနိုင်ပါဘု ပြောမှသိ ထိမှနာတဲ့အစားမျိုးပုံစံက ရှိတယ်ဆိုတော့ လက်ညောင်းခံပြီး ရေးနေရတဲ့ဘ၀ပါ။ (ဤကား စကားတရပ်)
***
* မောင်လူလ: သြော် အခုမှ ဖတ်မိတယ်
ဂလိုလား

ဦးဘိုးတော်: ဟုတ်ပါတယ်ဗျာ

မောင်လူလ: နာမည်အရင်း ရေးလိုက်ပေါ့ဗျ
နာမည်ကြီးသွားအောင်

ဦးဘိုးတော်: မလုပ်ကောင်းပါဘူး


ဒီနေရာမှာ ကျွန်တော်မျိုး ပြောချင်တာကတော့ လုပ်ပြီးမှတော့ အဆုံးအောင် လုပ်စေချင်ပါတယ်။ ဘုန်းကြီးခေါင်း ခေါက်ပြီးမှ ၀န္ဒာမိ လုပ်တဲ့ ပုံစံဖြစ်နေတယ်။ ဒါလဲ မရေးရဲပြန်၊ ၀ါးလုံးခေါင်းထဲ သာတဲ လ ဖြစ်နေပြီ။


* မောင်လူလ: သြော်၊ တ တစ် စားလဲ ကြက်သွန်ဖြူပါပဲ

ဦးဘိုးတော်: တစ်တက်စားလည်း ကြက်သွန်။

မောင်လူလ: ဒါက private ပရိုက်ဗိတ်လေ။ စာအုပ်ဖတ်ခိုင်းနေတာမဟုတ်တာ
တဖက်လူ နားလည်ရင် ပီးတာပဲ


ဒါကိုပဲ ကြည့်ပါတော့ ပရိုက်ဗိတ် private ချက်မှာ လူအချင်းချင်း စာရိုက်တာ အများအားဖြင့် ပြီးစလွယ်ရိုက်တာများတယ်လေ။ အားလုံးလည်း ကြုံဖူးမှာပါ။
သူ့နှင့် စာရိုက်လျှင် မြန်မာစာသတ်ပုံကျမ်းကို နဘေးမှာ ချပြီး စာရိုက်ရမလိုလို ဖြစ်နေပြီ မှားပ။
ဖြစ်ပုံက အပေါ်ကိုပဲ ကြည့်ပါတော့ အရပ်ကတို့ရေ..
ပြောနေတဲ့အကြောင်းက တခု၊ သူပြောလာတာက စာလုံးပေါင်း၊
ဒါဆို မောင်မင်းကြီး၏ စိတ်တော်နေ သဘောထားကို ခန့်မှန်းလို့ရနေပြီ။
ဘယ်အကြောင်းအရာဖြစ်ဖြစ် ပြောဆိုဆွေးနွေးနေရာဝယ် ဘာမဟုတ်တဲ့ စာလုံးပေါင်းအမှားကို လာပြောနေလျှင် လိုရင်းပြောနေတာက ပျောက်သွားတယ်လေ။ အခုလဲ ကြည့်ပါ ကျွန်တော်မျိုး ရေးလိုက်တာ တ တစ်စားလဲ ကြက်သွန် လို့ ရိုက်လိုက်တာ စာလုံး လာပြင်နေပြန်ပြီ။ နေပါဦး ဒီလောက်ပြင်ချင်သပဆိုရင် ကျွန်တော်မျိုး ပုံနှိပ်တိုက်ဖွင့်မှပဲ စာစီစာရိုက် အလုပ်ခန့်ပေးမယ်။

“ကဒဲက” ဆိုတာကလည်း အပေါ်က ဖြစ်စဉ်အတိုင်းပဲဗျ။ တနေ့သ၌ ကြုံခဲ့တယ် ဆိုပါတော့၊ ပြောနေတာက တတိယ အင်္ဂလိပ် မြန်မာစစ်ပွဲမှာ အင်္ဂလိပ်တွေက ကုန်းဘောင်မင်းသားတယောက်ဆိုပြီး အရပ်သား ဦးဘသန်းကို သင်္ဘောပေါ်တင်လာတဲ့ အကြောင်းအရာတခုကနေ မြင်းကွန်း မြင်းခုံတိုင်မင်းသားရောက်သွားတယ်။ ကျွန်တော်မျိုးက သိသလောက် မြင်ကွန်းမင်းသားက ကနောင်ကို လုပ်ကြံပြီးတော့ ထိုင်းကို ထွက်ပြေးလာခဲ့တဲ့အကြောင်းကို ပြောတယ်။ ဆက်လက်ပြီးတော့ မောင်မင်းကြီသားကပဲ ဗီယက်နမ်မှာ နေတယ်လို့ ပြောလာတယ်လေ။ ဆရာရွှေဥဒေါင်းရဲ့ လက်ထက်တော်ကြီးစာအုပ်မှာ “ ကျွန်ုပ်ဖို့ကား နေရကျလှပါ၏။ သို့သော် အရှင်နှစ်ပါးတို့၏ နိုင်ငံရေး အခြေအနေမူကား မဟန်လှချေ၊ ၀ဇီယာဘုရင်သည် ကိုယ်တော်ကြီး၏ ကိစ္စကို ရီးတီးယားတားလုပ်၍ အချိန်ဆွဲထားရာ၊ နောက်ဆုံးတွင် စိတ်မြန်သော ကိုယ်တော်ကြီးသည် ယိုးဒယားပြည်မှ စွန်ခွာ၍ ပြင်သစ်ပိုင် အင်ဒိုချိုင်းနားနယ်ဖက်သို့ ကူးသွားတော်မူလေသည်။” လို့ အဆုံးသတ် နိဂုံးအပိုင်းမှာ ရေးထားတာကို ဖတ်ဖူးသဖြင့် ကျွန်တော်မျိုးကြီး မငြင်းခဲ့ပါဘူး။ ဤကာလတွင် http://en.wikipedia.org/wiki/French_Indochina ပြင်သစ်ပိုင် အင်ဒိုချိုင်းနားဆိုသည်မှာ လော ကမ်ပူးချား ဗီယက်နမ်ဟု ဖတ်မှတ်ဖူး၏။ မြင်ကွန်းမင်းသားကြီးက ဘယ်မှာ သေသွားသလဲဆိုတာ အခုအထိ ကျွန်တော်မျိုးကြီး မဖတ်ဖူးသေးသဖြင့်၊ မြင်းကွန်းမင်းသား ထွက်သွားသည်ကား ဗီယက်နမ်တော့ မဟုတ်တန်ရာဟု အထင်ရှိကြောင်း ပြန်လှည်ဆွေးနွေးနေစဉ်၊ လာပြီး ထောက်နေတာက မြန်မာစာ သတ်ပုံ၊ ဆိုတော့လဲ အမြင်ကပ်ကပ်နဲ့ ပြန်ပြောလိုက်ပါသည်။ ပြောတာလဲ စဉ်းစားနိုင်ပါတယ်။ စကာပြေသုံး စကားပြောသုံးလို့ ခွဲခြားရနိုင်တယ် ထင်ပါ၏။

မြန်မာစကားက တခါတလေ ပုံသေမရဘူးဗျ။ ဗြိတိသျှကို တော်လှန်တဲ့ခေတ်မှ သခင်တွေလဲ စာလုံးအသုံးအနှုံးတွေဖြင့် ကွဲလွဲကြတာပဲ။ မယုံရင် ကာနယ်ချစ်ကောင်း စာအုပ်မှာ သွားဖတ်နိုင်ပါတယ်။ “ ဒို့ ” သုံးမလား “ တို့ ” သုံမလားဆိုပြီး အချေအတင် ဖြစ်ခဲ့တာတွေပေါ့။ နောက်ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် လက်ထက်မှာ “ တ ” နှင့် “ တစ်” ပြသာနာကို ဦးနေ၀င်းအာဏာဖြင့် သင်ရိုးတခုလုံးကို ပြင်လိုက်တယ်လေ ကျွန်တော်မျိုးကြီးကလဲ အခုအထိ “ တ” လို့ ယောင်နေတုန်း၊ နောက် “ အမ၊ အကို” နှင့် “ အစ်မ၊ အစ်ကို”၊ ပြီးနောက် “ဖြည်းဖြည်း နှင့် ဖြေးဖြေး” စ တာတွေပါ၊ ဆိုလိုတာကလည်း မရှင်းနိုင်သေးတဲ့ စကားလုံးတွေကို ပြချင်လို့ပါ။ ကျွန်တော်မျိုး (၈)တန်း ပညာသင်နှစ်တွင် အင်္ဂလိပ်ဘာသာပြ ဆရာက since ကို ကဒဲက သင်ပြခဲ့ပါတယ်။ (၉)တန်း ပညာသင်နှစ် အစမှာ သင်ရိုးသစ်တွင် ၀ိဇ္ဇာသိပ္ပံခွဲတော့ “ ကတည်းက” ဖြစ်လာခဲ့သည်ကို ကောင်းကောင်း မှတ်မိပါ၏။ ဤသို့မှတ်မိရခြင်း အကြောင်းကား ကျွန်တော်မျိုးကြီး နေထိုင်သော မြို့သို့ ကဒဲကျေးရွာမှ မိန်းကလေးတယောက် အထက်တန်းပညာကို လာရောက်ဆည်းပူးပါသည်။ ကျွန်တော်မျိုးကြီးနှင့် အတန်းတူသဖြင့် သူမအား မsince ဟု နာမည်ပြောင်းခေါ်ပြီး နောက်ပြောင်ခဲ့သောကြောင့် ဖြစ်လေသည်။
တခန်းရပ်တော့မယ်၊ ပြောမဲ့အကြောင်း ပျောက်သွား၏။

ပြောတဲ့သူကလည်း မောင်မင်းကြီးသား၏ အရင် တန်းပလိတ်အဟောင်းမှာ သတင်းဝစ်ဆိုက်တွေကို ညွှန်းထားတာ ရှိတယ်ဗျ၊ မှတ်မိတဲ့သူတွေ သိနိုင်မည် ဖြစ်၏။ ခေတ်ပြိုင် ဧရာဝတီ မဇ္ဈိမ ဆိုပြီး၊ ဒါဗေမဲ့ သူရေးထားတာက မဈွိမတဲ့ ..
မောင့်မင်းကြီးသားရဲ့ လွဲချက်က အရပ်တကာ ကြော်ငြာပြီးမှ လွဲတာ၊ ဆရာကြီးဆိုတာ ဒါမျိုးခေါ်သလားတော့မသိ၊ သည်လိုဖြင့် မဇျွီမကို “ ဇ ” နှင့်ပေါင်းသလား၊ “ စ ” ဖြင့်လားလို့ သွားမေးပြန်တော့ ဟိုလို ဒီလို လုပ်လိုက်ပြန်၊ ကျွန်တော်မျိုး သိသလောက် မဇ္ဈီမက “ ဇ ” ဖြင့်သာ မြင်ဖူးပါ၏။ အင်းလေ ဟိုလို ဒီလိုတွေများတော့လဲ အနာဂါတ် မြန်မာပြည်ကြီးက ရင်လေးစရာ။


* ဦးဘိုးတော်: ဟုတ်ကဲ့
ဟုတ်ကဲ့

မောင်လူလ: နာမည်အရင်းရေးလေ။
ဒါမှ အဖြေအမှန်ထွက်မှာပေါ့
ဟိုလို ဒီလိုဆိုတော့လဲ

ဦးဘိုးတော်: ရေးတာမရေးတာ ကျနော့်အလုပ်ပါခင်ဗျာ

လူလ: ဒါတော့ ဟုတ်ပါတယ်။ ဒီလောက်ရေးပြီးမှတော့


ဒါလဲ ဆိတ်လဂွေ့သဏ္ဍာန် ဟိုဖက်ရမ်း ဒီဖက်ရမ်း လုပ်နေတာ ကြည့်ပေတော့ အရပ်ကတို့ရေ..



* ဦးဘိုးတော်: စိတ်မဆိုးပါနဲ့ ဗျာ
အခင်အမင်လည်း မပျက်ပါနဲ့ 
ပြီးတာပြီးပါစေ
သိက္ခာကျပါစေဆိုတဲ့
ရည်ရွယ်ချက်
စာထဲမှာ တကြောင်းမှ
မပါပါဘူးဗျာ

မောင်လူလ: မဆိုးပါဘူး။ အမှန်ကို မြင်စေချင်တဲ့သဘောပါ။ နာမည်အရင်းကို ရေးစေချင်ပါ၏


** “ကျွန်ုပ်။ ။ ကျုပ်တို့ စကားရပ်လိုက် ကြရင် ကောင်းမယ်မောင် ရယ်။ ကျုပ် ငြင်းတာ ခုံတာတွေကို စိတ်ကုန်လွန်းလို့ ပါ။ ဆက်လည်း မပြောပါရစေနဲ့ တော့ ။ နိုင်တာ ရှုံးတာတွေ ကျုပ်မကြုံချင်တော့လို့ ပါမောင်။”

အကြောင်းအရာတခုကို လူကြီးတယောက်ဆိုပြီး သူလည်း သိနိုင်မှာပဲ သွားဆွေးနွေးဖို့ ပြောလိုက်တိုင်းကို ငြင်းတာ ခုံတာအဖြစ် မြင်တတ်တဲ့ မောင်မင်းကြီးနှင့် ကျွန်တော်မျိုးတို့ တခုခု လွဲနေသလိုပဲ။
ကျွန်တော်မျိုး အမြင်ပြောရရင် လွတ်လပ်စွာ ကွဲလွဲခွင့်ကို သူ နားမလည်ဘူး ထင်တယ်။ ဥပမာဆိုပါစို့ဗျ ဆွေးနွေးချက်တခုကို တဖက်သူက အချက်အလက်ကျကျ ထောက်ပြလာရင် လက်ခံရမှာပဲ။ အစုအဝေးဖြင့် ဆွေးနွေးခြင်းဖြင့် အမှန်ကို ရှာခြင်းနှင့် တယောက်နှင့်တယောက် ဆွေးနွေးခြင်းဖြင့် အမှန်ကို ရှာခြင်းဆိုတဲ့ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ဆိုတာကို နားမလည်သော သူတယောက်ပဲ လို့ ကောက်ချက်ချရမယ်လေ။
အင်း ဒါလဲ အပြစ်မဟုတ်ပါဘူး မြန်မာပြည်အတွင်း ကြီးလာတယ်ဆိုတော့ အထူးသဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်မှာ လူ ဖြစ်၊ န၀တခေတ်မှာ သူ ဖြစ်လာတယ်ဆိုတော့လဲ။ နအဖခေတ်မှာတော့ လူ သူ မကျ ဖြစ်လာတာပေါ့။

** “စကားနည်း ရန်စဲကြပါရန် မေတ္တာရပ်ခံပါသော်လည်း လူရွယ်မှာ ကဒဲက တည်းဟူသော စကားလုံးကို မြန်မာစာပေလောကတွင် အတင်း အဓမ္မ သွတ်သွင်းရန် ဆက်လက်ကြိုးပမ်းနေလေရာ .. ကျွန်ုပ်ဖက်မှ ၎င်းအား မြန်မာစာတတ်မတတ် သံသယဖြစ်ဖွယ်ရှိကြောင်း၊"ကဒဲက " မှတဆင့် "ကဓဲက " "ကဌဲက" "ကဋဲက"စသည်တို့  အပြင် "ခင်ဗျာ" အစား "ခင်ဘြာ"စသည်တို့ ပါ နောက်ဆက်တွဲပေါ်လာနိုင်သည်ကို ပူပင်မိလေ သောကြောင့် မြန်မာစာကို ဆက်လက် လေ့လာစေလိုကြောင်း အစ ရှိသည်ဖြင့် နှုတ်လွန် ကျွံမိလေရာ ငြင်းခုံပွဲတို့  ထုံးစံအတိုင်း အရုပ်ဆိုး လှစွာဖြင့် နိဂုံးချုပ်ခဲ့ ရပေ တော့ သည်။”

မေးလိုက်ချင်တယ်။ သိက္ခာ မကျစေချင်ရင် ဘာလို့လူသိရှင်ကြား စာတကြောင်း ပေတထုပ်လုပ်ပြီး ရေးစရာလား။ ပြောကတမျိုး လုပ်တော့တခြား၊ ကိုယ်တိုင်ကရော မြန်မာစာ သတ်ပုံကို ဘယ်လောက် ပိုင်နိုင်တာလဲ၊ မဇ္ဈိမကိုတောင် အမှန် မရေးနိုင်တာကိုများ လာပြောနေသေးပါရဲ့..
ပရီဗိတ် private ချက်မှာ ပြောတာကို မြန်မာစာပေလောကလို့ အတင်းအဓမ္မဆိုပြီး လုပ်ချလိုက်ပြန်ပြီ။ ပြောတတ်လိုက်ပ၊ မှားပါတယ်။



* မောင်လူလ: ဒါမှလဲ တဖက်လူက ဖြေရှင်းချက်တွေ ထွက်ရတာ ကောင်းတယ်လေ
အခုက ဟိုလို ဒီလိုနဲ့ စာဖတ်သူတွေ အုန်းစားမှာစိုးလို့ပါ

ဦးဘိုးတော်: ကိုလူလက ကိုယ့်ဖာသာ ကိုယ် ကိုယ်ပိုင်ဘလော့မှာ ရဲဇော်ဆိုတာ ကျနော်ပါဆိုပြီး ရေးလည်း ရတာပဲဗျာ
မေ့လိုက်တာကောင်းပါတယ်

မောင်လူလ: အင်း ကျွန်နော်က ဒါကိစ္စတွေနဲ့ သိပ်မတွေးတတ်ဘူး အထူးသဖြင့် အွန်လိုင်းမှာပေါ့
ဒါဗေမဲ့ ရဲဇော်က ကျွန်နော်ပါဆိုပြီး ရေးရင် ကျွန်နော်ကပဲ အလုပ်မရှိ ကြောင်ရေးချိုး ဖြစ်နေတာလေ
လိုချင်တာကတော့ နာမည်အရင်းပါပဲ

ဦးဘိုးတော်: မေ့လိုက်ပါတော့ ဆရာရယ်
မေ့ပစ်လိုက်တော့

မောင်လူလ: ပြောပြီးပြီလေ။ ဦးနှောက်ထဲမှာ သိပ်မထားတတ်ပါဘူးလို့။ ဒါဗေမဲ့ ပြန်လှည် ဖြေရှင်းခြင်းဆိုတဲ့ ဥာဏ်က ရှိတယ်ဆိုတော့လဲ။ ပြောနေရတာပါ၊ ဒီလောက်တော့ သဘောထားကြီးနိုင်ပါတယ်။ အကြောင်းအရာကတော့ မှန်ပါတယ်။ လူနာမည်က လွဲနေတယ်ဆိုတော့လဲ
Sent at 3:43 PM on Monday

ကိုယ်ပြုခဲ့သော လူ့စည်းကမ်း၊ မိတ်ဆွေကျင့်ဝတ်ကို ကိုယ်ကပဲ စပြီး ဖေါက်ဖျက် အမှားပြုတာကို မ၀န်ခံပြန်၊
ဒါကြောင့် ဒေါ်အောင်းဆန်းစုကြည်က “ မှားတဲ့ဟာကို မှားတယ်လို့ ၀န်ခံရဲတဲ့ သတ္တိရှိရမယ် ” လို့ ပြောခဲ့တာပေါ့။


** “အချိန်ကာလကို နှစ်၊လ၊ရက်၊ နေ့ စွဲ ၊ အတိအကျ မမှတ်မိလင့်ကစား ကျွန်ုပ်မှာ မှတ်ဥာဏ် ကောင်းသူ စာရင်းတွင် ပါဝင်သူဖြစ်သည့် အလျောက် လွန်ခဲ့ သော ရက်ပေါင်း သုံးဆယ် ဝန်းကျင် ဖြစ်သည်ကိုမူ ကောင်းစွာမှတ်မိလျက်ရှိပေသည်။”
ဒါလေးကို မှတ်စရာဖြစ်နေတာပေါ့။ ပြောပြလိုက်မယ် အုန်းစားခံပြီး မမှတ်ပါနဲ့။ ဂျီမေးကို ၀င်လိုက်ရင် chat ကို ကလစ်လိုက်ပါ။ အကုန်ရှိတယ်။ ဘယ်သူနဲ့ ဘယ်နေ့က ဘယ်ဝါ လုပ်ထားတယ်ဆိုတာ ရှိတယ်ဗျ။


** “ထိုနေ့ နေ့ လည် နှစ်နာရီခန့် က ကျွန်ုပ်နှင့် ဥရောပတိုက်ရောက် မြန်မာ့ဒီမိုကရေစီ ဘက်တော်သား၊ တော်လှန်ရေး ရဲဘော်ဟောင်း၊ ရဲဇော် ဆိုသူ လူရွယ် တဦးနှင့် ကွန်ပြူတာ ကြေးမုံပြင်တွင် မြန်မာစာ အရေးအသားနှင့် ပါတ်သက်၍ အမှတ်မထင်၊ အချေအတင် အချီအချ ငြင်းခုံ မိကြသော အကြောင်း အရာကား အောက်ပါ အတိုင်း ဖြစ်လေ၏။”


အင်း.. ကျွန်တော်မျိုးကိုတော့ ဒီမို ဘက်တော်သားတဲ့။ မေးတဲ့လူရော ဘာ ဘယ် ဘက်တော်သားပါလိမ့်၊
တခုတော့ရှိတယ်။ ကျွန်ုပ်၏ လွင့်မျောခြင်းကို ကြည့်ပါ။ အုပ်ချုပ်ခံ ပြည်သူတယောက်အနေဖြင့် မှားနေတာကို ထောက်ရှု့ ရေးနေပါ၏။ ကွန်မြူနစ် မှားလဲ ကွန်မြူနစ်ကို ရေးမယ်။ ဆိုရှယ်လစ်မှားလဲ ဆိုရှယ်လစ်ကို ရေးမယ်၊ ဒီမိုကရေစီလို့ အော်နေတဲ့ သူတွေလဲ သူတို့မှားရင် ရေးရမှာပဲ၊ နောက်ဆုံး ကိုယ်မှားခဲ့လည်း ၀န်ခံရေးမှာပဲ။ မှားနေတာသိလို့ တော်လှန်တယ်။ လွတ်လပ်စွာ ကွဲလွဲခြင်းကို မြတ်နိုးတယ်ဗျ။ ဘယ်အကြောင်းအရာအဖြစ်ဖြစ် အနည်းဆုံး အမှန်တခုရောက်အောင် ဆွေးနွေးချင်၏။ ဒါဗေမဲ့ ဆွေးနွေးတာကို ငါသိတယ် ငါတတ်တယ် ဒေါသနဲ့ လာဟောက်တာကတမျိုး၊ private ချက်တင်မှာ စာလုံးပေါင်းမှားတာကို ထောက်တာကတဖုံ အကြောင်းအရာ အမှန်ကို ဘယ်တော့ ရောက်မှာလဲ၊ လက်မခံနိုင်ပါဘူး။ ဒါမျိုးက ခေတ်ကုန်သွားပါပြီ ငါက လူကြီး ငါပြောတာပဲ မှန်တယ်၊ ငါပြောတာ နားထောင် ပုံစံတွေလေ။ ဒါကိုများ နအဖအဖွဲ့ကို အပြစ်လို့ ရေးနေသေးတယ်။ ငါလဲ ဒီအစားထဲမှာပါဆိုပြီး ငြိမ်နေပါလား။ အတ္တများနေရင် မြို့တွင်းလမ်း တောလမ်းတွေမှာပဲ ပတ် မောင်းပါ။ ဟိုင်းဝေးမှာ တက်လာ မမောင်းပါနဲ့ ..ယာဉ်ပိတ်ဆို့မှုတွေ ဖြစ်တတ်တယ်လေ။

အချုပ်ကို ဖွင့်ရရင် မောင်သာရ စကားလိုပေါ့ “ရေးတတ်ရင် ၀တ္တု ဖြစ်တယ်” တဲ့။ အထူးသဖြင့် အခုလို အင်တာနက်ခေတ်ကြီးမှာ မြန်မာစာ ရိုက်တတ်ရင်၊ ကိုယ်ပိုင် ဘလောဂ်ကို လုပ်တတ်ဖို နေသာသာ ကိုယ်ရေးလိုက်တဲ့စာကို ဘလောဂ်မျက်နှာပြင်မှာ မြင်အောင် လုပ်တတ်ရင်နှင့် ကွန်ပြူတာတလုံး ရှိရင်ပေါ့ စာတပုဒ်
ဖြစ်ပါတယ်။ အခုလို ပုဂ္ဂိုလ်ရေးပုံစံကို ရေးတာဟာလည်း ရေးတတ်ပါတယ်လို့ ပြတဲ့သဘောပါပဲ။ ထူးထူးခြားခြား ဘာမှ မရှိပါကြောင်း..


* လူလ: တခုတော့ရှိတယ်လေ။ အတွင်းစကား အပြင်စကားဆိုတာပေါ့
ဥပမာပေးတာပါ
ကျွန်နော်ကတော့ အိုးပင်းမိုင်းပဲဗျ။ ကျွန်နော်စိတ်ထဲမှာရှိရင် ဘယ်သူဖြစ်ဖြစ် ဗြောင်ရေးတယ်။ ကျွန်နော်ကိုလဲ ဗြောင်ရေးစေချင်တယ်
ဒါပဲလေ
စိတ်ထဲမှာ ရှိလိုပြောနေတာမဟုတ်ဘူး၊
အွန်လိုင်းကို စိတ်ထဲမှာ ထားလိုက်ရင် ရှုးသွားမှာပေါ့
ပါးပါးလေးပါပဲ..


ဤကား.. အတွင်းအပြင်ဆိုသော သဘောတရားကို နားမလည်သော၊
ထိုအရာကား.. မိမိ အစပျိုး မမိခဲ့သော ပြန်တမ်း၊
သို့ဖြစ်၍ကား.. “ပါးပါးလေးပါပဲ ဦးဘိုးတော်ရယ်” ဟု တွေးတောနေမိပါလေသတည်း။ ။

လူလ
ရွှင်လန်းချမ်းမြေ့ပါစေ...

မှတ်ချက်။ ။ မောင်မင်းကြီးက ကျွန်တော်မျိုးအား ရဲဇော်လို့ အမည်ထွင်သောကြောင့်၊ တဖန်ပြန်လည်ပြီး မောင်မင်းကြီးနာမည်ကို ဦးဘိုးတော် ဟု အမည်ထွင် အသုံးပြုခဲ့ပါသည်။ ဘလောဂ်လည်ပတ်ကြကုန်သော ဝေနေယျများ သိကြကုန်လော့...
ဓါတ်ပုံကို Yahoo Images မှ ရှာယူပြီး အသုံးပြုထားပါသည်။

1 comment:

မင်းဒင် said...

ကိုလူလ ခင်ဗျား

ဒီမနက်တောင် နှစ်သစ်ဦးနှုတ်ဆက်စာလေး ပို့ လိုက်ပါသေးတယ်။ညနေတော့ ဒီစာကိုဖတ်မိပါတယ်။ အာဃာတတရား ဆိုတာ ပူလောင်တတ်တာမို့  ချေဖျက်နှိုင်အောင် အားထုတ်ဘို့ လိုတာကြောင့် ကျနော့်ကိုယ် ကျနော် အထပ်ထပ် ဆုံးမစိစစ်နေပါတယ်။ တောင်းပန်ဘို့ ဆိုတာလည်း ကျနော့်စာမှာ လွန်လွန်ကျူးကျူး အရေးအသား မတွေ့ မိတာကြောင့် အရွဲ့ တိုက်တယ် ထင်မှာ စိုးရပြန်ပါတယ်။
ကျနော်လည်း ကိုလူလလို မိသားစုနဲ့ ဝေးရာ ရေမြေခြားမှာ ရောက်နေရတဲ့ ဘဝတူပါ။ ညီညွတ်ချစ်ကြည်တဲ့ နိဒါန်းတခု ကို ပြန်လည် စတင်ကြပါစို့ ဗျာ။

ချမ်းမြေ့ပါစေ။

မင်းဒင်