Sunday, December 14, 2008

“မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်”

*
**
***

ကဲ.. ဘယ်လိုတွန်းမလဲ ဆိုတဲ့ ပို့စ်ကို တင်ပြီးနောက် စီဘောက်၌ ကိုငရဲလား မငရဲလားတော့ မသိပါဘူး။ အိုင်ပိကို ကြည့်တော့ တမျိုးစားတဲ့ ယိုးဒယားက တက်လာသော မိတ်ဆွေတယောက်က စီဘောက်မှာ “ အဲလိုမျိုး ရေးလိုက်လို့ တော်လှန်ရေး အောင်မလား၊ အမှန်တိုင်းပြောရရင် မင့်ကရော ဘာလုပ်နေသလဲ” လို့ အော်သွားတယ်။ ခန့်မှန်းရသလောက် မဲဆောက်ဖက်က တက်လာတဲ့သူ ဖြစ်နိုင်သည်
ဝေဖန်ခြင်းကို နှက်သက်တဲ့ လူတယောက်အတွက် ဒါတွေဟာ စိတ်ဆိုးစရာလည်း မမြင်သလို၊ ၀မ်းနည်းခြင်းလည်း မဖြစ်ခဲ့ပါ၊ ထိုသူအား မိတ်ဆွေအစစ်အဖြစ်သာ ကျွန်ုပ် မှတ်ယူ၏။

အခုလို ဝေဖန်အကြံပြုပြောဆိုသွားတဲ့ ပုဂ္ဂိုလ်မျိုးကို ကျွန်ုပ် လေးစား၏။ နို့မို့ရင် အဖြေမလာ အသွင်ဗလာဖြင့် အခက်များ တွေ့ရပြီး ရှုပ်ကုန်နေမှာလေ။ စာရေးတာ ကောင်းလိုက်တာ ၊ ကဗျာလေးကို ခံစားသွားတယ် စသော စကားနည်း ရန်စဲ ဝေဖန်မှုများထက် သာ၍ အခုလို ဝေဖန်သွားခြင်းကို အလွန်စွာ နှက်သက်ပါ၏။

ကျွန်ုပ်၏ လွင့်မျောခြင်း ဆိုသည့်အပိုင်းတွင် စိတ်ကူးယဉ်ခြင်း၊ လက်တွေ့ဖြစ်ခဲ့ခြင်း၊ စိတ်ကူးမှတဆင့် လက်တွေ့ကို မျှော်ရမ်းခြင်းနှင့်၊ လက်တွေ့ဖြစ်ပွားမှုမှတဆင့် အားနည်း အားသာချက်များကို စိတ်ကူးဖြင့် လွင့်မျောခြင်း စသော စသော စိတ်ခံစားမှုများကို ရေးသားနေခြင်းသာ ဖြစ်သည်။

ဝေဖန်ခြင်းတွင်..
ကွိုင်ခြင်းဆိုသော ကိုယ့်တဖက်သတ် အမုန်းပွားနေသည့် ဒါမဟုတ် ကိုယ့်ရန်သူက
မည်သည့် အကြောင်းကိစ္စ ပြုပြု၊ တဖက်စောင်းနင်းပြီး ဆန့်ကျင် တိုက်ခိုက်ခြင်းကို ကွိုင်မှု ပြုသည်ဟု သတ်မှတ်ရမည်။ လက်ဖ၀ါးတဖက်ကို ထောင်၍ မြင်သည့်ဖက်မှ ကိုယ်လိုရာကို ဆွဲတွေးပြီး သူ့ဖက် ကိုယ့်ဖက်မြင်သလို အမြင်များက ဘယ်တော့မှ မတူနိုင်သည့် အနေအထားကို ရန်ဖက်ဆောင်သည့် ဝေဖန်မှုဟု ကောက်ချက်ချနိုင်သည်။

နောက်တမျိုးက မိတ်ဖက်ဆောင်ပြီး အကြံပြု ထောက်ပြခြင်းကို အပြုသဘောဆောင်သော ဝေဖန်ခြင်းဟု သတ်မှတ်ရမည် ဖြစ်သည်။ ဤကဲ့သို့ ပြုမှုခြင်းသည်လည်း အာဂတ အငြိုးဖြင့် ရန်ဖွဲ့ခြင်း၊ စောင်းမြောင်းတိုက်ခိုက်ခြင်း မဟုတ်ပေ၊ ရှိခဲ့ပြီးသော အဖြစ်အပျက်များကို ကြုံတွေ့ရပြီး အမြင်ကို အပြုအသွင်ဆောင်ပြီး အကြံပြုခြင်းသာ ဖြစ်၏။



ကျွန်ုပ်တို့ ငယ်ငယ်တုန်းက အထက်တန်းကျောင်းများတွင်

“မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်။
မိမိအတန်းကို ကောင်းအောင် ကြိုးစားမည်။
မိမိကျောင်းကို ကောင်းအောင် ကြိုးစားမည်။
မိမိတိုင်းပြည်ကို ကောင်းအောင် ကြိုးစားမည်။ ” ဟု၍
ကျောင်းတက်သည့် အချိန်များတွင် သစ္စာ အဓိဋ္ဌာန် ဆိုရခြင်းကို ပြုရသည်။


ထိုကဲ့သို့ ဘ၀၏ အစ လူမှန်းသိက ဆိုလိုက်ရသည့် ပထမဦးဆုံး သစ္စာတခု ဖြစ်သည်။ တစုံတရာ၏ တိုက်တွန်းမှုအရ ဆိုသည်ဖြစ်စေ၊ စိတ်ပါ လက်ပါ ဆိုသည်ဖြစ်စေ သစ္စာသည် သစ္စာတခု ဖြစ်သဖြင့် မသိစိတ်များကို လွမ်းမိုးခဲ့ပါသည်။ ဆိုခဲ့ရသည့် သစ္စာ သဘောအရ ဘ၀၏ ဆုံးဖြတ်ချက်များတွင်လည်း ၎င်းသစ္စာက လွမ်းမိုးနေသည်။

ထိုသစ္စာ၏ ပထမအချက်အရ
မိမိကိုယ်ကို ကောင်းအောင် ကြိုးစားနေသည်ဟု ဆိုရမလားမသိ။
အမှန်တိုင်း ပြောရရင် မိမိရပ်တည်မှုကို ရိုးသားစွာ ဖြတ်သန်း ရှာဖွေနေပါသည်။ သူတပါး၏ ပေးကမ်းခြင်း စောင်မခြင်း လှူခြင်းမှ ကင်းပြီး ကိုယ့်၏ လုပ်အားဖြင့် အသက်မွေးမြူနေပါသည်။ ဒါတောင် လူဆိုသည်မှာ လူ့ဘောင်အတွင်း နေထိုင်ရသဖြင့် သူများကို ဒုက္ခမပေးပဲ အေးဆေးစွာ နေထိုင် အသက်မွေးမြူနေသည်ကိုပင် အပြစ်တခုလို စောင်းမြောင်း ဝေဖန်ခြင်း ခံနေရသည်။ သူများ ထောက်ပံဖြင့် အသက်မွေးမြူနေလျှင် ပို၍ ဝေဖန်မှုကို ခံရတတ်သည်။ ကဲ့ရဲ့ခြင်း ခံရတတ်သည်။ ဤကား လောက၏ ဒဏ်များ ဖြစ်၏။ မည်သူမဆို ကြုံတွေ့ရမည် ဖြစ်သည်။

အသက်မွေးမြူသည့် အပိုင်းတွင် နှစ်မျိုး ရှိပါ၏။ တမျိုးစားက
ရဟန်း ရသေ့ သူတော်စဉ်များ၊ နိုင်ငံအရေးကို ပြုသူများဖြစ်သည့် နိုင်ငံရေးသမားများ၊ တော်လှန်ရေးသမားများ၊ စစ်တပ်တွင် အမှုထမ်းနေသူများက အများ ပြည်သူနှင့်ဆိုင်သော ကိစ္စရပ်များကို ပြုလုပ် ဆောင်ရွက်နေသော သူများဖြစ်သဖြင့် အများနှင့်ဆိုင်သော ပုဂ္ဂိုလ်များ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ထိုသူများသည် သူတပါး၏ အထောက်အပံကို မှီခိုပြီး လောကီ၊ လောကုတ္တရာများကို ပြုနေသောသူများ ဖြစ်သည့်လျှောက် အများဆိုသည့် လူပရိဿတ်၏ အသံကို ဂရုပြုမှသာလျှင် ကောင်းပါသည်ဟု ထင်မြင်ပါသည်။

ထိုကဲ့သို့သော ပြည့်သူ တုန့်ပြန်သည့် အသံ၊ သဘောထားများကို ဇွတ်အတင်း လုပ်ယူခြင်းမဟုတ်ပဲ စစ်မှန်သော ပြည်သူ့ဆန္ဒကို နားထောင် တတ်ဖို့ လိုအပ်ပါသည်။ ထိုမှသာလျှင် မိမိ လုပ်ဆောင်နေသည့် လုပ်ငန်းများ အောင်မြင်ပြီး မှန်ကန်သော လူ့ဘောင်တခု ပေါ်ပေါက်လာမည် ဖြစ်သည်။ သို့ဗေမဲ့ လူဆိုသည်မှာ အတ္တများသည့် သတ္တ၀ါဖြစ်သည့်လျှောက် သူတပါး အမြင်များကို မမြင်၊ မိမိကိုယ် မိမိ မှန်ကန်နေသည် ဟု ထင်နေရတတ်သည်။ ထို့ကြောင့် ဝေဖန်ခြင်းများဖြင့် ထိန်းညှိပေးရ၏။

လောက၌ မိမိကိုယ်အား ကောင်းအောင် ကြိုးစားရသလို မိမိအသင်းအဖွဲ့ကိုလည်းကောင်း မိမိလူ့အသိုင်းအ၀ိုင်းကို လည်းကောင်း၊ မိမိ နိုင်ငံအတွက် လည်းကောင်း တိုးတက်အောင် ဆောင်ရွက်နေရသည့် သူသည် အကောင်းဆုံးသော လူသားအမျိုးအစား ဖြစ်သည်။

လူမှန်းသိတတ်ကနေ စပြီးတော့ တောခို၍ လက်နက်ကိုင် လမ်းစဉ်ကို စွဲကိုင်ပြီး တိုင်းပြည်အတွက် လုပ်လာတယ်ဆိုတော့ သူများ ထောက်ပံဖြင့် စားသောက်နေရတယ်လေ။ အများနှင့်ဆိုင်သော လုပ်ငန်းများကို လုပ်ဆောင်ရတွင် ကိုယ့်စီးပွားကို ထုတ်နှုတ်သုံးစွဲပြီး ပြုလုပ်နေရသည်မဟုတ်၊ ကိုယ့်ရဲ့ ရပ်တည်ချက်ကို ပြည်သူများ သို့မဟုတ် ထောက်ခံသူများ၏ အထောက်ပံ့ဖြင့်သာ ပြုလုပ်ဆောင်ရွက်ရသည်။ ပြည်သူများ ဒါမဟုတ် ထောက်ခံသူများက ထောက်ပံလိုက်သည့် မည်သည့်အရာမဆို နိုင်ငံအရေးကို ပြူသူများအတွက် ပေးချင်သာဖြစ်ပြီး မောင်ဖြူ မောင်နီ မောင်မဲ လူပုဂ္ဂိုလ်ကို ပေးချင်းမဟုတ်ပါ။ ထင်သလိုလုပ်လိုလည်း မရပါ၊ ကိုယ်ကျိုးပြု၍လည်း မရ၊ အလွဲသုံးစားမှု သက်ရောက်နိုင်သည်။ ၎င်းသည်လည်း ဘ၀အပေးအသိရ မြင်လာခဲ့သည့် အတွေ့အကြုံတခု ဖြစ်သည်။

ဥပမာအားဖြင့် စိန်စီသောညများ ဗွီဒီယိုခွေ ထွက်လာပြီးနောက်ပိုင်း ဗိုလ်သန်းရွှေသည် မြန်မာ ပြည်သူများ၏ ဝေဖန်သော ဒဏ်ကို အပြင်းအထန် ခံစားခဲ့ရသည်။ သူသည် အမှုထမ်းတယောက်သာ ဖြစ်၍ သူ့၏ ပိုင်ဆိုင်မှုများသည် အုပ်ချုပ်ခံ လူတန်းစားများအတွက် အငြင်းပွားဖွယ်ရာ ဖြစ်လာခဲ့သည်။ သူသည် အောင်မြင်သော စီးပွားရေးသမား မဟုတ်ပါ၊ အမှုထမ်းသည့် လူတယောက်သာဖြစ်သဖြင့် သူ့၏ အမှုထမ်းတသက်အတွင်း လစာကို ထွက်ချက်ခြင်းဖြင့် သူ့ ပိုင်ဆိုင်မှုများကို သိနိုင်မည် ဖြစ်၏။ သို့သော် သူ၏ ပိုင်ဆိုင်မှုက ထင်ထားသည်ထက် ပိုမို၍ ရှိနေသဖြင့် ထို ပိုင်ဆိုင်မှုများကို ဘ ခြောက်လုံးဖြင့် မေးခွန်း ထုတ်လာရသည်။ ထို့အတူ တခြားခြားသော တိုင်းပြည်များတွင် နိုင်ငံရေးကို ပြုလုပ်သူများ၏ ပိုင်ဆိုင်မှုကို စစ်တမ်များ ထုတ်ခဲ့သည်။ သို့မှသာ ပြည်သူများ၏ ယုံကြည်အားထားမှုကို ရရှိမည်။

ယနေ့ ဖြစ်ပွားနေသည့် နိုင်ငံရေးအတွင်း မည်သည့်နိုင်ငံမဆို တချို့ နိုင်ငံရေးသမားများသည် ကိုယ်မှန်သည်ဟု ထင်ရသည့်အပိုင်းကို လက်ကိုင်ပြုပြီး တခြား ဆန္ဒများကို မျက်ကွယ်ပြုသလို ပြုလုပ်မရပါ။ ကောင်းမွန်နေသည့် လူအသိုင်းအ၀ိုင်းတခု ဗရမ်းပတာဖြစ်ပြီး ပျက်စီးရတတ်သည်။
ထို့ကြောင့် ပြည်သူ့အသံကို အမြဲတစေ နားစွင့်ပြီး ပြည်သူအကျိုး ဆန့်ကျင်သည့် အပြုအမှုများကို မပြုမိအောင် အဖွဲ့အစည်း အနေဖြင့်လည်းကောင်း။ တစ်ဦးတစ်ယောက်သော် လည်းကောင်း ထိန်းချုပ်မှုများ ပြုလုပ်နေရသည်။ သူ့ ဆန်စားနေသရွေ့တော့ သူ့စကားပဲ မြေ၀ယ်မကျတော့ မဟုတ်ပါ ကောင်းသည် သင့်သည်များကို ယူငင်ရပါ၏။ ယူငင်ရသည့်အပိုင်းတွင်လည်း ပြည်သူထဲတွင်လည်း မိမိအကျိုးကို လိုလားသူ၊ မလိုလားသူ ဟူ၍ ခွဲခြားသတ်မှတ်ပြီး အကြံအဥာဏ်များကို လက်ခံရပါသည်။

လွန်ခဲ့သော သုံးနှစ်ခန့်က ထိုင်းနိုင်ငံသို့ အလည်တခေါက် ရောက်ခဲ့သည်၊ ဘန်ကောက် နှစ်ပတ်၊ မဲဆောက်တပတ်၊ ချင်းမိုင် နှစ်ပတ် အချိန်ရပါ၏။ ဆွေမျိုးများကိုတောင် မတွေ့ဖြစ်ပဲ တချိန်က အတူတူ လုပ်ဖူးလာခဲ့တဲ့ ရဲဘော်ရဲဘက်များကို တွေ့ဆုံခဲ့ပါတယ်။
ကြုံဆုံလိုက်ရတဲ့ အခြေအနေများတွင် အားလုံးက ရပ်တည်မှုဆိုသည့်အပိုင်းနှင့် လုံးပန်းနေရသည်။ ရပ်တည်မှုဆိုရတွင် အဖွဲ့အစည်း ရပ်တည်မှုနှင့် တသီးပုဂ္ဂလ ကိုယ်ကျိုးရပ်တည်မှုဟု နှစ်ပိုင်းရှိသည်။ အဖွဲ့အစည်းများ၏ ရပ်တည်မှုကို မဆိုလိုပါ၊ ဒါဗေမဲ့ တချို့သော တသီးပုဂ္ဂလ ရပ်တည်မှုများကို ဖေါ်ဆောင်နေသော သူများကို တွေ့မြင်ရပြီး၊ တချိန်တုန်းက မြိတ်ခရိုင် ကွန်မြူနစ်ပါတီ ထိန်းချုပ်ရာ ဒေသအတွင်း မိမိတို့ တပ်ရင်းမှ သွားရောက် လှုပ်ရှားစဉ် ထားဝယ်ခရိုင် ကွန်မြူနစ်ပါတီက ကိုသန်းထွန်းဆိုသော ဆက်သွယ်ရေးသမားတယောက်နှင့် ခင်မင်မိပါသည်။
သူ အမြဲပြောသည့် တော်လှန်စဉ်အတွင်း ဖြစ်တည်မှု ဟာသလေးတခုက ထိုတသက် မေ့နိုင်မယ်လို့ မထင်၊ နောက်တန်း လုံခြုံသည် ဒေသအတွင်း အသင်းအဖွဲ့တိုင်းသည် မိမိတို့၏ အလံ အရှေ့တွင် တန်းစီ သစ္စာဆို အလေးပြု တာဝန်ခွဲဝေခြင်းများ နေ့စဉ် ပြုလုပ်ရသည်။ မြိတ်ခရိုင် ကွန်မြူနစ် စခန်းတခုအတွင်း တန်းစီ အလေးပြုသည့် အချိန်ကို ကိုသန်းထွန်း၏ ဟာသက “ ပစ္စည်းမဲ့ အလံတော်အား အလေးပြု” အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် အလေးပြုသည့် လက်များတွေ ရွှေတွဲလွဲ ငွေတွဲလွဲ လက်တွေဖြင့် အလံအား အလေးပြုနေသည်ကို တွေ့ရသည်ဟု သူ အမြဲပြောပါသည်။ ထားဝယ်ခရိုင် ကွန်မြူနစ်များသည် အလွန်ဆင်းရဲပြီး ကိုယ်ကျိုးရှာမှု နည်းသည်။ တချို့တလေတော့ ရှိပါ၏။

လူဆိုတာ အတ္တဖြင့် အသက်ရှင်နေထိုင်တာကိုတော့ လက်ခံပါတယ်။ ပိုင်ဆိုင်မှုများနောက် လိုက်ရင်းဖြင့် မူလဘူတဆိုသော ရည်မှန်းချက်များ မသိမသာ ဆုတ်လျှော့လာသည်ကို တွေ့ရသည်။ အဖွဲ့အစည်းဆိုသည့် အနေအထားသည်လည်း တဦးတယောက်ဖြင့် မရ၊ မ တထောင်သားများဖြင့်သာ ပြုလုပ်ရသည်။ ပြုလုပ်နေသည့်အတောအတွင်း တဦးတယောက်က ပိုင်ဆိုင်မှုများကို ဖြစ်သည့်ပုံစံဖြင့် ကြံဆောင်ခြင်း၊ တော်လှန်သည့်အချိန်တွင် မွေးနေ့ပွဲများကို ကြေးရေတတ်လူတယောက် မွေးနေ့ပြုလုပ်သလို ဆင်နွဲခြင်းတို့က ဂုဏ်ပဿနကို ဖေါ်ဆောင်နေခြင်း သက်သက်သာဖြစ်သဖြင့် မပြုလုပ်နိုင်သည့် တိုက်ဖေါ် တိုက်ဖက်ဖြစ်သော တခြားသူများအပေါ် သက်ရောက်မှု တစုံတရာ ရရှိသွားနိုင်သည်။ ထို သက်ရောက်မှုသည်လည်း ကောင်းရာသို့ လားခြင်းမဟုတ်ပါ။

အထက်ပါအခြေအနေများကို တွေ့မြင်ပြီးလျှင် “ မြို့ပေါ် ( ပြည်တွင်းမဟုတ်) မှာ တော်လှန်ရေး လုပ်ရမည်ဆိုလျှင် တသက်လုံး လုပ်နိုင်သည်ဟု ကောက်ချက်ချ ရေးသားခြင်းသာ ဖြစ်၏။ အားလုံးကို မဆိုလိုပါ တချို့ သော နိုင်ငံရေး ဘူဇွါများကို ထောက်ရှု့ခြင်းသာ ဖြစ်သည်။


“ဒီလိုရေးလို့ တော်လှန်ရေး အောင်မြင်မည်လား” ကို ပြန်လှည် ရှင်းပြလျှင် ပြည်သူတယောက်အနေ့ဖြင့် အတွေ့က အရှိဖြစ်လာပြီး၊ အရှိကနေ အသိတခုအဖြစ် ရေးသားခြင်း ဖြစ်သည်။ အောင်မြင်ခြင်း ရှုံးနိပ်ခြင်းဆိုသည်မှာ ပြုလုပ်နေသူ၏ လုပ်ဆောင်မှုများမှ ထွက်ပေါ်လာသည့် ရလဒ်သာ ဖြစ်သည်။

သို့ဖြစ်ပါ၍ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွတ်လာပြီးနောက် ဆုံးဖြတ်ချက်များတွင် မိမိ ဘယ်လို ဘ၀ကို ဖြတ်သန်းမလဲဟူသည့် အပိုင်းလည်း အဓိက စဉ်းစားရသည်။ ဆိုလိုသည်က မိမိ ရပ်တည်မှုကို ဘယ်လို သွားမည်နည်း မေးခွန်းပါ။ နောက်ဆုံး အဖြေတခုက ဘ၀ကို ကောင်းမွန်စွာ အသက်မွေးမြူခြင်းဆိုသော ဆုံးဖြတ်ချက်တခု ရရှိပါသည်။ ထိုကြောင့် မင့်ရော ဘာလုပ်နေသနည်းဟု မေးလာလျှင် “မိမိကိုယ်ကို ကောင်းအောင် ကြိုးစားနေသည်” ဟု ဖြေဆိုရမည် ဖြစ်သည်။


လူလ
ရွှင်လန်းချမ်းမြေ့ပါစေ…

4 comments:

Unknown said...

ကိုလူလရေ ရောက်တယ်ဗျာ သေချာစဉ်းစာမိတယ် လေ ဖတ်ပြီးတော့ ကျနော်ကိုယ် ကို ကျနော်အရင်ကောင်းအောင်လုပ်ရမှာ ပိုသိလာသလိုဗျ

မသက်ဇင် said...

ကိုလူလ ရေ---

“မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်။
မိမိအတန်းကို ကောင်းအောင် ကြိုးစားမည်။
မိမိကျောင်းကို ကောင်းအောင် ကြိုးစားမည်။
မိမိတိုင်းပြည်ကို ကောင်းအောင် ကြိုးစားမည်။ ”
ငယ်စဉ်က ဆိုခဲ့တဲ့အတိုင်း ကျမတို့ ဆက်လက်
ကြိုးစားနေရဆဲပါ---
အရေးအသားတွေအတွက်---လေးစားလျက်ပါ--

ယောနသံစင်ရော် said...

ကိုလူလရေ... သေချာပြန်ဖတ်တယ် အခေါက်ခေါက်ဖတ်တယ်။ မိမိကိုယ်ကို ကောင်းအောင်ကြိုးစားရမှာက အလိုအပ်ဆုံးနဲ့ အထိရောက်ဆုံး ကိစ္စပဲနော်။ (ကိုပီတိရဲ့ နောက်ဆုံးပို့စ်လေးလည်းဖတ်ကြည့်ပါဦး... ဒီလိုပို့စ်မျိုးလေးတွေများများတင်နိုင်ကြပါစေ)

သစ်နက်ဆူး said...

ကိုလူလရေ..
လေးလေးစားစားနဲ့ ကို လာဖတ်သွားပါတယ်...မိမိကိုယ်ကို လူတိုင်း ပြန်ဆန်းစစ်သင့်တဲ့ 
စာပါ...။
ပစ္စည်းမဲ့ အလံတော်အလေးပြုပုံကိုတော့
တွေးပြီးသဘောကျတယ်..။
ကိုလူလ စာတွေအများကြီးရေးနိုင်ပါစေ...
ကျနော်ဘဲ အမြဲမလာဖြစ်တာကိုတောင်းပန်ရမှာ...။