22-2-10
ဗဟိုဦးစီးအဖွဲ့ရွေးချယ်ရေး အန်အယ်ဒီဗဟိုစတင်
ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဦးစီးအဖွဲ့ CC အဖွဲ့ဝင်များကို စီစစ်ရွေးချယ်ရေး လုပ်ငန်းများ အဖွဲ့ချုပ် ရုံးချုပ်၌ ယနေ့စတင်ဆောင်ရွက်နေပြီဖြစ်သည်။
ဗဟိုအလုပ်မှူဆောင်အဖွဲ့ CEC အစည်းအဝေးကျင်းပ ရွေးချယ်ကြခြင်းဖြစ်ပြီး ယနေ့ ပြီးပြတ်ခြင်း မရှိသော် လည်း လာမည့်အပတ် တနင်္လာနေ့တွင် အတည်ပြုနိုင်ဘွယ်ရှိကြောင်း အန်အယ်ဒီက ပြောသည်။
။။။။။။
ဘိန်းကုန်ကူးသူများ ပစ်ခတ်၍ ဒဏ်ရာရသူ ရဲ ၂ ဦး ရန်ကုန်ပို့
ချင်းမိုင် (မဇ္ဈိမ)။ ။ ဘိန်းရာဇာအဖွဲ့က ခြုံခိုတိုက်ခိုက်ခံ၍ ဒဏ်ရာရရှိသော ရဲ ၂ ဦးကို ယနေ့နေ့လည်တွင် တာချီလိတ်ဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ လေယာဉ်ဖြင့် ပို့ဆောင်လိုက်သည်။
ယခုလ ၂ဝ ရက်နေ့တွင် မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံဆုံရာ ရွှေတြိဂံဒေသ၌ လှည့်လည်လှုပ်ရှားနေသော နော်ခမ်း၏ ဘိန်းအဖွဲ့က ပုံမှန်ကင်းလှည့်မှု ပြုလုပ်နေသော တာချီလိတ်ခရိုင် ဝမ်ပုံမြို့နယ်ရဲစခန်းမှ ရဲများနှင့် မူးယစ် အထူးတပ်ဖွဲ့မှ ရဲများကို တိုက်ခိုက်ရာ ၁၄ ဦး သေဆုံး သို့မဟုတ် ပျောက်ဆုံးပြီး ၂ ဦး ဒဏ်ရာရ လွတ်မြောက်လာခဲ့သည်။
သေနတ်ကျည်ဆံ ကိုယ်ထဲတွင် ရှိနေသော ဒုရဲအပ်စိန်လှိုင်နှင့် လက်နှင့်ခြေထောက်တွင် ဒဏ်ရာရထားသော တပ်သားကီးမူတို့ကို မြန်မာ့လေကြောင်းဖြင့် ရန်ကုန်သို့ ပို့ဆောင်ခဲ့ရသည်။
။။။။။
ဦးတင်ဦးကို သူရဲကောင်း ဆုချီးမြှင့်
နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးကို ပြည်တွင်းရှိ တိုင်းရင်းသား ပါတီများဖြင့် ဖွဲ့စည်းထားသည့် UNA နှင့် ဝါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်များက ယခုလ ၂ဝ ရက်နေ့တွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆုကို ချီးမြှင့်လိုက်သည်။
အကျယ်ချုပ်မှ ၆ နှစ်ကြာ ကျခံရပြီးနောက် ယခုလ ၁၃ ရက်နေ့တွင် ပြန်လွတ်လာသည့် NLD ဒုဥက္ကဋ္ဌကို ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်ရှိ သခင်သိန်းဖေ နေအိမ်၌ ၎င်းတို့က အခမ်းအနားတရပ် ကျင်းပကာ အမျိုးသား ပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆု မှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်လိုက်ခြင်း ဖြစ်သည်။
။။။။။
23.2.10
အန်အယ်လ်ဒီ ဗဟိုဦးစီးအဖွဲ့ ဖွဲ့စည်းရေး ပဏာမ လျာထားချက်
အောင်မြင်စွာပြီးစီး
(NEJ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဗဟိုဦးစီးအဖွဲ့ ဖွဲ့စည်းရေးအတွက် ပြည်နယ်နှင့်တိုင်း စည်းရုံးရေးအဖွဲ့များမှ တင်သွင်းသည့် အဖွဲ့ချုပ်ဝင်များကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ယမန်နေ့၌ ပြန်လည်စိစစ်ခဲ့ပြီး မကြာမီ ထုတ်ပြန်ကြေညာတော့မည်ဖြစ်ကြောင်း အန်အယ်လ်ဒီက ပြောကြားသည်။ဗဟိုဦးစီးအဖွဲ့ဝင်များကို ရွေးချယ်ရာတွင် အန်အယ်လ်ဒီက ထုတ်ပြန်ထားသည့် ကြေညာချက်ပါ မူ (၅) ချက်နှင့်အညီ ပြည်နယ်နှင့်တိုင်းများက ရွေးချယ်အဆိုပြုမှုများကို စိစစ်ခြင်းဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်က ချမှတ်ပေးသည့် မူများကိုလည်း ထည့်သွင်းစဉ်းစားခဲ့ကြောင်း ဦးအုန်းကြိုင်က ပြောသည်။ယမန်နေ့အစည်းဝေးတွင် အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက သဘာပတိအဖြစ် ဦးဆောင်ဆွေးနွေးခဲ့ကြောင်း၊ ဗဟိုဦးစီးအဖွဲ့ကို ပါတီဖွဲ့စည်းပုံလမ်းညွှန်တွင် ပါရှိသည့်အတိုင်း အဖွဲ့ဝင်ဦးရေ (၉၀) မှ (၁၂၀) အတွင်း လုပ်ငန်းအတွက် လိုအပ်သလို ပြင်ဆင် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
။။။။။။
နိုင်ငံရေး အကျဉ်းသား ၆ ဦး ထောင်တွင်း အစာငတ်ခံ ဆန္ဒပြ
နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန် အင်းစိန်ထောင်တွင်း အကျဉ်းသား အခွင့်အရေး ရရှိရန် နိုင်ငံရေးအကျဉ်းသား ၆ ဦး ယမန်နေ့မှ စတင်၍ အစာငတ်ခံ ဆန္ဒပြနေကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည် ဂွမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီပုက ဦးဆောင်ပြီး၊ ရန်ကုန်တိုင်း တာမွေမြို့နယ် အဖွဲ့ချုပ် လူငယ်တာဝန်ခံ ကိုကျော်မျိုးနိုင်၊ ကိုညီညီအောင် (မုံရွာ)၊ ကိုနေမိုးအောင် (မုံရွာ)၊ ရခိုင်ကျောင်းသားလူငယ်များ အမှုတွဲမှ ကိုအောင်နိုင်မြင့်နှင့် ကိုအောင်နိုင်တို့က ထောင်တွင်း အစားအသောက်နှင့် ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုကောင်းမွန်ရန် အပါအဝင် အကျဉ်းသား အခွင့်အရေးများကို ထောင်အာဏာပိုင်များထံ အစာငတ်ခံ တောင်းဆိုနေကြသည်။
။။။။။။
ဗိုလ်ချုပ်အောင်ဆန်းအကြောင်းစာအုပ် သုတစွယ်စုံစာပေဆုရရှိ
(NEJ) ။ ။ ယခုနှစ် သုတစွယ်စုံစာပေဆုတွင် “မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်းများနှင့် ဗိုလ်ချုပ်အောင်ဆန်း” စာအုပ်ကို ရွေးချယ် ပေးသွားမည်ဖြစ်ကြောင်း စစ်အစိုးရပိုင်သတင်းစာတွင် ဖော်ပြသည်။
ယင်းစာအုပ်ကို တက္ကသိုလ်စိန်တင် ရေးသားခြင်းဖြစ်ပြီး သုတစွယ်စုံစာပေဆု ပေးရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် Swesone Media Group ၏ သုတစွယ်စုံစာအုပ်တိုက်က ချီးမြှင့်မည်ဟု သိရသည်။ယခုနှစ်ပေးသည့် သုတစွယ်စုံစာပေဆုများမှာ သုတစွယ်စုံဝိဇ္ဇာဘာသာရပ်အတွက် တက္ကသိုလ်စိန်တင်၏ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုမှတ်တမ်းများနှင့်ဗိုလ်ချုပ်အောင်ဆန်း၊ စာပဒေသာဘာသာရပ်အတွက် ကိုကို(စက်မှုတက္ကသိုလ်) ၏ အွန်စောတို့ဌာနေ ကိုယ်တွေ့ ကိုရီးယားခရီးသွား ဆောင်းပါးများ၊ လူမှုစီးပွားဘာသာရပ်အတွက် ဒေါက်တာချစ်၏ လူမှုဆက်ဆံရေးဆိုင်ရာ ကမ္ဘာ့ထုံးတမ်းစဉ်လာများ၊ ဘာသာပြန်ဘာသာရပ်အတွက် ကြည်မင်း၏ ဦးဆောင်စွန့်စား စီးပွားတည်ဆောက်ခြင်း၊ ရည်ညွှန်းစာပေဘာသာရပ်အတွက် ကျော်ဝင်း၏ စာအုပ်များဖြင့်နှစ်ပေါင်းများစွာ၊ လူငယ်စာပေဘာသာရပ်အတွက် ပါမောက္ခ ဒေါက်တာတင်စိုး၏ ဘာလဲဟဲ့ဒေါက်တာဘွဲ့၊ နိုင်ငံတကာရေးရာဘာသာရပ်အတွက် ရဲထွဋ်၏ သမိုင်းစာမျက်နှာပေါ်က အင်ပါယာနိုင်ငံများနှင့် နီယိုကွန်တိုနေ၀င်ချိန်၊ အသုံးချသိပ္ပံဘာသာရပ်အတွက် ဒေါက်တာစိုးလွင်၏ လူနာဖြစ်သွားသော ဆရာဝန်နှင့် ဆေးလောကဇာတ်ခုံပေါ်က အတွေ့အကြုံများ တို့ဖြစ်ကြကာ သုတစွယ်စုံတသက်တာစာပေဆုကို စာရေးဆရာ ချစ်စံဝင်းက ရရှိသွားကြောင်း သတင်းတွင် ဖော်ပြထားသည်။
။။။။။။
ငြိမ်းချမ်းရေး မနောပွဲတော် KIO ကျင်းပ
ရွှေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရနှင့် အပစ်ရပ် ၁၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နင်ဂွန်ထင်ရန် မနောပွဲတော်ကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ကချင်ပြည်နယ် မိုးကောင်းမြို့၌ ယနေ့မှစ၍ ၄ ရက်ကြာ ကျင်းပနေပြီဖြစ်သည်။
မိုးကောင်းမြို့နယ် ကဆုန်းကျေးရွာရှိ KIO တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၁ နယ်မြေ၌ နင်ဂွန်ထင်ရန် မနောပွဲကို ယနေ့ စတင်လိုက်ပြီဖြစ်ကြောင်းနှင့် ပွဲတော်သို့ ဧည့်ပရိသတ် ၄ သောင်းကျော် တက်ရောက်လာဖွယ်ရှိကြောင်း ပွဲဖြစ်မြောက်ရေး ဆပ်ကော်မတီက ပြောဆိုခြင်း ဖြစ်သည်။
။။။။။။
24.2.10
သတ္တမ အကြိမ်မြောက် မြန်မာ့မီဒီယာ ညီလာခံကျင်းပ
(NEJ) ။ ။ မြန်မာသတင်းစာဆရာများ အပါအ၀င် စာပေနယ်ပယ်၊ လူထုဆက်သွယ်ရေးနယ်ပယ်မှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည့် မြန်မာ သတင်းသမဂ္ဂက ကြီးမှူးပြီး သတ္တမအကြိမ်မြောက် မြန်မာ့မီဒီယာညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ စတင် ကျင်းပသည်။
မြန်မာစစ်အစိုးရက ယခုနှစ် ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲအား လေ့လာစောင့်ကြည့်ရေး၊ အွန်လိုင်း လုံခြုံရေးတို့ အပါအ၀င် မြန်မာသတင်းကဏ္ဍ အခြေအနေများနှင့် ပတ်သက်ပြီး အတွေ့အကြုံရှိ သတင်းစာဆရာများနှင့် ပြည်ပအခြေစိုက် သတင်းအဖွဲ့အစည်းတို့က ဦးဆောင်ဆွေးနွေးကြသည်။
။။။။။။
အန်အယ်ဒီ ဗဟိုဦးစီး ဖွဲ့စည်းသည့်အပေါ် ဒေါ်စု အားရကျေနပ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဦးစီးအဖွဲ့ CC ဖွဲ့စည်းသည့်အပေါ် အားရကျေနပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။
မကြာမီက နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သူ ဦးတင်ဦးကိုလည်း လွတ်လာသည်နှင့် ပါတီတာဝန်များကို အချိန်မဆိုင်း ထမ်းဆောင်သောကြောင့် ကျေးဇူးတင်ရှိကြောင်းလည်း ဒီမိုကရေစီ ခေါင်းဆောင်က ပြောသည်။
နေအိမ်ပြင်ဆင်မှုကိစ္စအတွက် ရှေ့နေ ဦးဥာဏ်ဝင်း၊ ရှေ့နေ ဦးကြည်ဝင်းတို့ တက္ကသိုလ်ရိပ်သာလမ်းရှိ သူမ၏နေအိမ်၌ မွန်းလွဲ ၁ နာရီမှ ၂ နာရီကြာ ယနေ့ တွေ့ဆုံစဉ် ယင်းသို့ ပြောဆို လိုက်ခြင်းဖြစ်သည်။
။။။။။
ရွှေ့ပြောင်းအလုပ်သမားများ၏ အန္တရာယ်အကြောင်း အစီရင်ခံစာထုတ်ပြန်
(NEJ) ။ ။ ထိုင်းနိုင်ငံတွင်း လာရောက်အလုပ်လုပ်နေကြသော ရွှေ့ပြောင်းအလုပ်သမားများအပေါ် ထိုင်းအာဏာပိုင်တို့၏ အကြမ်းဖက်ဖိနှိပ် ကန့်သတ်မှုလုပ်ရပ်များကို တင်ပြထားသည့် အစီရင်ခံစာတစောင်ကို အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ထုတ်ပြန်လိုက်သည်။
“ကျားလွတ်ရာမှ မိကျောင်းအန္တရာယ်တွင်းသို့” ဟု အမည်ပေးထားသော အဆိုပါအစီရင်ခံစာကို မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံသား (၈၂) ဦး၏ အဖြစ်အပျက်ကို အခြေခံရေးသားထားပြီး ဖေဖော်ဝါရီ (၂၂) ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ရွှေ့ပြောင်းအလုပ်သမားများသည် သတ်ဖြတ်ခံရခြင်း၊ ထိန်းသိမ်းရေးစခန်းများ၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း၊ ရိုက်နှက်ညှဉ်းဆဲခံရခြင်း၊ လူကုန်ကူးခံရခြင်း၊ အဓမ္မလုပ်အားခိုင်းစေခံရခြင်း၊ ကန့်သတ်တားမြစ်ခံရခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံစားနေရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
။။။။။။
ဆန္ဒပြ မြန်မာဒုက္ခသည် ၁၀၆ ဦး လွှတ်ပေး
နယူးဒေလီ (မဇ္ဈိမ)။ ။ မလေးရှားနိုင်ငံရှိ လန်ဂျန်း (Lang Geng) ထိန်းသိမ်းရေး စခန်းမှ မြန်မာဒုက္ခသည် ၁၀၆ ဦးအား လွှတ်ပေးရန်အတွက် ယမန်နေ့ နံနက်တွင် UNHCR ကုလဒုက္ခသည်ရုံးက လာရောက် ခေါ်ဆောင်သွားကြောင်း ဒုက္ခသည်များ အဆိုအရ သိရသည်။
၂ လတိုင်အောင် UNHCR အရာရှိများ မလာရောက်သဖြင့် ယခုလ ၂၂ ရက်နေ့တွင် မြန်မာဒုက္ခသည်များ အစာငတ်ခံ ဆန္ဒပြတောင်းဆိုခဲ့ရာ စခန်းအာဏာပိုင်များက ကတိပေးပြီး နောက်တရက်တွင် UNHCR က အင်တာဗျူး အောင်ပြီးသူ ဒုက္ခသည် ၃ဝဝ အနက် ၁ဝ၆ ဦးအား ပြန်လွှတ်ပေးရန် ခေါ်ထုတ်သွားခြင်း ဖြစ်သည်။ မလေးရှားနိုင်ငံ အနောက်တောင်ဘက် နီဂီရီ ဆမ်ပီလန် (Negeri Sempilan) ပြည်နယ်အတွင်း တည်ရှိသည့် လန်ဂျန်း (Lang Geng) ဒုက္ခစခန်းကို မလေးရှား လူဝင်မှုကြီးကြပ်ရေး (လဝက) က ဖွင့်လှစ်ထားခြင်းဖြစ်ပြီး မြန်မာဒုက္ခသည် ၆ဝဝ ကျော်အပါအဝင် အာဖရိက၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ခ်ျနှင့် ပါကစ္စတန် နိုင်ငံများမှ ဒုက္ခသည် စုစုပေါင်း ၁၄ဝဝ ကျော် ရှိနေသည်။
။။။။။။။။။။။။။။။။။
25.2.10
ဒေါ်စုအမှု မနက်ဖြန် စီရင်ချက်ချမည်
ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ၁၈ လ ချမှတ်ထားမှုကို ပြစ်ဒဏ် ပြင်ဆင်မှု တင်သွင်းထားခြင်း အပေါ် မနက်ဖြန်တွင် ဗဟိုတရားရုံးချုပ်က အမိန့်ချမည်ဟု ရှေ့နေ ဦးဥာဏ်ဝင်းက ပြောဆိုသည်။
။။။။။
ရွေးကောက်ပွဲသည် စစ်တပ်က စနစ်တကျ တပ်ဆုတ်ခြင်းဖြစ်ဟု ဦးသုဝေ သုံးသပ်
(NEJ) ။ ။ စစ်အစိုးရက ယခု ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲသည် စစ်တပ်က မြန်မာ့နိုင်ငံရေးတွင် ရှေ့တိုးဝင်ရောက် စွက်ဖက်လာခြင်း မဟုတ်ဘဲ နောက်တလှမ်းဆုတ်ခြင်းသာဖြစ်ကြောင်း ၀ါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေက သုံးသပ်လိုက်သည်။
ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပသည့် သတ္တမအကြိမ်မြောက် မြန်မာသတင်းသမဂ္ဂ၏ မီဒီယာညီလာခံတွင် ဗွီအိုအေအသံလွှင့်ဌာနမှ ပြုလုပ်သော မြန်မာ့နိုင်ငံရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲအစီအစဉ်၌ ပြောကြားသွားခြင်းဖြစ်သည်။
။။။။။
စစ်တပ်က ပစ်ခတ်သဖြင့် ကရင်ကျောင်းသားငယ် သေဆုံး
နယူးဒေလီ (မဇ္ဈိမ)။ ။ ကရင်ပြည်နယ်တွင်း ကျေးရွာတရွာရှိ မူလတန်းကျောင်းကို စစ်အစိုးရတပ်များက ယခုလ ၁၉ ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကျောင်းသားတဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကရင်ကျောင်းသားအဖွဲ့ အဆိုအရ သိရသည်။
နံနက် ၉ နာရီခန့်တွင် ဖာပွန်ခရိုင် ခေးပူကျေးနယ် တူထားရွာရှိ မူလတန်းကျောင်းသို့ နည်းဗျူဟာတပ်ဖွဲ့ စကခ ၂၁၊ ခြေမြန်တပ်ရင်း ခမရ ၃၈၇ တို့က လက်နက်ကြီး ကျည် ၁ လုံးဖြင့် ပစ်ခတ်လိုက်သဖြင့် ကလေးငယ် ၃ ဦး ဒဏ်ရာ ရရှိပြီးနောက် ၂၁ ရက်နေ့တွင် တဦး သေဆုံးသွားကြောင်း သိရခြင်း ဖြစ်သည်။
။။။။။။
ဝခေါင်းဆောင် ပေါက်ယူချန်း နအဖကိုယ်စားလှယ်နှင့် တွေ့တော့မည်
(NEJ) ။ ။ နအဖ၏ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းမှုအား အကြိမ်ကြိမ်ငြင်းပယ်နေသည့် ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချန်းသည် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) အရာရှိချုပ် ဒု-ဗိုလ်ချုပ်ြကီး ရဲမြင့်နှင့် တွေ့ဆုံရန် ယနေ့နံနက် ဗဟိုဌာနချုပ် ပန်ဆန်းမြို့မှ ထွက်ခွာသွားသည်။
ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့၌ ယနေ့ နံနက်ပိုင်းတွင် တွေ့ဆုံရန် စီစဉ်ထားသော်လည်း ယနေ့နံနက်မှ ထွက်ခွာသွားသည် ဖြစ်၍ တန့်ယန်းသို့ မွန်းလွဲပိုင်းတွင် ရောက်ရှိမည်ဖြစ်ပြီး ယနေ့ဆွေးနွေးပွဲ လုပ်ဖြစ်မည်မဟုတ်ဘဲ မနက်ဖြန်မှသာ လုပ်မည် ဖြစ်ကြောင်း ဝခေါင်းဆောင်များနှင့် နီးစပ်သူ ဒေသခံတဦးက ပြောသည်။
။။။။။
ဗဟိုဦးစီးအဖွဲ့ဝင် ၁၀၀ ဦးကို အန်အယ်ဒီ CEC အတည်ပြု
ချင်းမိုင် (မဇ္ဈိမ)။ ။ ပါတီဗဟိုဦးစီးအဖွဲ့ (CC) အဖွဲ့ဝင် ဦးရေ ၁ဝဝ ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ CEC က ယနေ့ အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
ပြည်နယ်နှင့် တိုင်းများမှ ရွေးချယ်ပေးပို့သည့် ဗဟိုဦးစီးအဖွဲ့ဝင် လျာထားစာရင်းများကို CEC အဖွဲ့က ပါတီစည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီသူများ ဖြစ်စေရန် ယခုလ ၂၂ ရက်နေ့မှ စတင်၍ စိစစ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယနေ့တွင် အတည်ပြုလိုက်ခြင်းဖြစ်သည်။
သို့သော် အဆိုပါ CC အဖွဲ့ဝင် အမည်စာရင်းများကို ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေထံသို့ မနက်ဖြန်တွင် ပို့ပေးပြီး အတည်ပြုချက် ရယူပြီးနောက် လာမည့်လ ပထမပတ်တွင် အပြီးသတ်စာရင်း ထုတ်ပြန်နိုင်မည်ဟု အဖွဲ့ချုပ် ဗဟိုသတင်းနှင့် ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးခင်မောင်ဆွေက ဆိုသည်။
။။။။။။
26.2.10
ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှုကို ဗဟိုတရားရုံးချုပ်မှ ပယ်ချ
(NEJ) ။ ။ နေအိမ်အကျယ်ချုပ်ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်အထူးတရားရုံးမှ ပြစ်ဒဏ်ချမှတ်မှုကို အယူခံတင်သွင်းထားသော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက်အား ဗဟိုတရားရုံးချုပ်မှ ယနေ့ ပယ်ချလိုက်ကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။
။။။။။
မြန်မာ့ကာတွန်းလောက ဆင်ဆာရှစ် (၃) ခုကို ဖြတ်သန်းနေရ
(NEJ) ။ ။ မြန်မာစာပေနယ်ပယ်မှ ကာတွန်းဆရာများသည် ဆင်ဆာရှစ် (၃) ခုကို ဖြတ်သန်းနေရကြောင်း ဆရာ ရဲခေါင်မဲမောင်က အာဏာရှင်အောက်က မြန်မာ့ကာတွန်းလောက စာတမ်းကို ယနေ့ ဖတ်ကြားတင်သွင်းသည်။
မြန်မာသတင်းသမဂ္ဂက ကြီးမှူးကျင်းပသည့် (၇) ကြိမ်မြောက် မြန်မာသတင်းသမဂ္ဂ မီဒီယာညီလာခံတွင် စာပေ၊ ကာတွန်းနှင့် ကဗျာ အကြောင်း စာတမ်း (၃) စောင်ဖတ်ကြားတင်သွင်းရာ၌ ပါဝင် ဖတ်ကြားခြင်း ဖြစ်သည်။
မြန်မာ ကာတွန်းဆရာများအနေဖြင့် အစိုးရ၏ ဆင်ဆာရှစ်၊ သက်ဆိုင်ရာ မဂ္ဂဇင်းတိုက် အယ်ဒီတာများ၏ ဆင်ဆာတည်းဖြတ်မှု အပြင် နောက်ဆုံး ထိုသို့ တင်းကျပ်လာသည့် ဆင်ဆာရှစ် (၂) ခုကို ကျော်လွန်ရန်အတွက် ကိုယ်တိုင် ဆင်ဆာတည်းဖြတ်မှုများ ရှိလာရခြင်းကြောင့် ကာတွန်းဆရာ တယောက်အနေဖြင့် ဆင်ဆာရှစ် (၃) ခုကို ဖြတ်သန်းနေရသည်ဟု ဆရာ ရဲခေါင် မဲမောင်က ပြောကြားသည်။
။။။။။
Sunday, February 28, 2010
Sunday, February 21, 2010
7-2010
15.2.10
ကုလအထူးသံ ကွင်တားနား မြန်မာနိုင်ငံသို့ ရောက်ရှိ
ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးသံတမန် မစ္စတာ သောမတ်စ် ကွင်တားနားသည် ယနေ့နံနက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိပြီဟု ရန်ကုန် ကုလသမဂ္ဂရုံးမှ အတည်ပြု ပြောကြားခဲ့သည်။
မစ္စတာ ကွင်တားနားသည် ယနေ့နံနက် ၉ နာရီတွင် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး ရန်ကုန် ကုလသမဂ္ဂရုံးမှ တာဝန်ရှိသူအချို့က သွားရောက် ကြိုဆိုခဲ့ကြသည်။
။။။။။
ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ပါတီတာဝန် စတင်ထမ်းဆောင်
(NEJ) ။ ။ အန်အယ်လ်ဒီပါတီက ယနေ့ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး တက်ရောက်ကာ အစည်းအဝေး သဘာပတိအဖြစ် စတင်ဆောင်ရွက်သည်ဟု သိရသည်။
။။။။။
ဒေါ်နော်အုံးလှတို့ကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် ဒေါ်နော်အုန်းလှ အပါအဝင် အမျိုးသမီး ၄ ဦးကို အင်းစိန်ထောင် ခရိုင်တရားရုံးက အသင်းအဖွဲ့ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ယနေ့တွင် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်ပြီဖြစ်သည်။
အရှေ့ပိုင်းခရိုင် တရားရုံးက ၎င်းတို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်စီ ကျခံရန် ဆုံးဖြတ်လိုက်ခြင်းဖြင့် ၄ လခွဲမျှ ကြာမြင့်ခဲ့ပြီဖြစ်သော ဘုန်းကြီးကျောင်း ဆွမ်းကပ်အပြန် အဖမ်းခံခဲ့ရသူများ၏ အမှု အဖြေထွက်သွားခြင်း ဖြစ်သည်။
။။။။။
နအဖ၏ ထပ်မံကမ်းလှမ်းချက် ဝခေါင်းဆောင် ပယ်ချပြန်
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချန်းအား ရှမ်းပြည်မြောက်ပိုင်း၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ယခုလ (၁၄) ရက်တွင် လားရှိုးမြို့၌် တွေ့ဆုံရန် ကမ်းလှမ်းမှုအား ဝတပ်ဖွဲ့က ထပ်မံပယ်ချလိုက်သည်။ဇန်နဝါရီ (၅) ရက်နှင့် ယခုလ (၆) ရက်ကလည်း လားရှိုးမြို့သို့ လာရောက်ရန် ဝတပ်ဖွဲ့ဥက္ကဋ္ဌ ပေါက်ယူချန်းအား ကမ်းလှမ်းခဲ့ပြီး ဝတပ်ဖွဲ့ကမူ ပေါက်ယူချန်း ကျန်းမာရေးမကောင်းသဖြင့် မလာရောက်နိုင်ကြောင်း ငြင်းဆိုခဲ့သည်။
ဥက္ကဋ္ဌ ပေါက်ယူချန်းအား ဆက်တိုက်ဆိုသလို လာရောက်ရန် ကမ်းလှမ်းနေမှုမှာ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စ ဆွေးနွေးရန်မျိုး မဟုတ်တော့ဘဲ အခြားအကြောင်းများလည်း ရှိနိုင်ကြောင်း စစ်ရေးအကဲခတ်တဦးက ခန့်မှန်းသည်။
၎င်းက “ကိုးကန့်အဖွဲ့က ဖုန်ကျားရှင် မိသားစုကို လားရှိုးရဲစခန်းက ဆင့်ခေါ်သလိုမျိုး ဝ ကို သွားလုပ်လို့မရဘူး။ လားရှိုးသွားလိုက်လို့ တကယ်လို့ ပေါက်ယူချန်းကို ဖမ်းထားလိုက်ရင် နအဖ အသာစီးရပြီ။ အမေရိကန်က မူးယစ်ဆေးဝါးကိစ္စနဲ့ ဝရမ်းထုတ်ထားတာလည်း ရှိတော့ အမေရိကန်နဲ့ ဆက်ဆံရေးပြေလည်ချင်လို့ ထိုးအပ်လိုက်ရင် ဘယ်သူတွေက ကန့်ကွက်ကြမလဲ။ ဟိုတချိန် လိုအပ်နေတုန်းကတော့ ဖုန်းကျားရှင်ကို တိုင်းရင်းသား ခေါင်းဆောင်ဆိုပြီး ကင်ပွန်းတပ်ထားရာ ကနေ မလိုအပ်တော့ မူးယစ်ဆေးဝါး တရားခံပြေးဆိုပြီး တံဆိပ်ကပ်ခဲ့သေးတာပဲ။ အခုအချိန်မှာ တိုင်းရင်းသားခေါင်းဆောင် ဆိုတာမျိုး နအဖက မလိုအပ်လို့လည်း သူတို့အောက်မှာ နယ်ခြားစောင့်တပ် လာလုပ်ခိုင်းနေတာ” ဟု ပြောသည်။
။။။။။
မန္တလေး ကုန်သည်အသင်း နိုင်ငံရေး လုပ်ဖို့ပြင်
မဇ္စျိမ (ချင်းမိုင်) ။ ။ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်သည့်အနေဖြင့် မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း MDCCI က အဖွဲ့ဝင်များအနေဖြင့် နိုင်ငံရေးကင်းရှင်းရမည်ဆိုသည့် စည်းကမ်းချက်ကို ဖျက်သိမ်းလိုက်သည်။
စစ်အစိုးရက စီးပွားရေးသမားများကို ရွေးကောက်ပွဲဝင်စေလိုသည့် ခြေလှမ်းကို အကောင်အထည် ဖော်သည့်အနေဖြင့် ယခုလ ၇ ရက်တွင် ပြုလုပ်သည့် နှစ်ပတ်လည်အစည်းအဝေးတွင် သဘောတူ ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ တိုင်းနှင့် ပြည်နယ် အသင်းခွဲများတွင် ဒုတိယအင်အားအကြီးဆုံးဖြစ်သော Mandalay Division Chambers of Commerce and Industry (MDCCI) တွင် အသင်းသားပေါင်း ၁၂၄ဝ ကျော်ရှိသည်။
“၂၃ ပုဒ်မတခု နှစ်ပတ်လည်နေ့မှာ အတည်ပြု ဖြုတ်လိုက်တယ်။ အရင်တုန်းကတော့ အမှုဆောင် တွေကို နိုင်ငံရေးနဲ့ ကင်းရှင်းမှ ခန့်မယ်လို့ ပြောတယ်လေ။ အခုဟာ ပြန်ဖွင့်ပေးတဲ့ သဘော” ဟု MDCCI မှ အဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။
။။။။။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများနှင့် ကင်တားနား တွေ့ဆုံ
(NEJ) ။ ။ မြန်မာနိုင်ငံသို့ ယနေ့ရောက်ရှိလာသော ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနားသည် ၎င်း၏ ပထမနေ့ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများနှင့် ယနေ့ညနေပိုင်းတွင် (၁) နာရီကြာ တွေ့ဆုံခဲ့ကြသည်။ရန်ကုန်မြို့ မြရိပ်ညိုရွိုင်ရယ်ဟိုတယ်၌ မစ္စတာ ကင်တားနားနှင့် ယနေ့ ညနေ (၃) နာရီတွင် တွေ့ဆုံခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများမှာ ရှေ့နေကြီး ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့ (၄) ဦး ဖြစ်သည်။
။။။။။။။။။။။။။။။။
16.2.10
စစ်အစိုးရက တိုင်းရင်းသားများကို ပိုမိုဖိနှိပ်လာကြောင်း
လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ထုတ်ပြန်
(NEJ) ။ ။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူနည်းစုအပေါ် စစ်အစိုးရက လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများ ယခင်ကထက် ပိုမိုဆိုးဝါးစွာ ပြုလုပ်နေကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ပြောကြားလိုက်သည်။စာမျက်နှာ (၆၅) မျက်နှာပါသော ထိုအစီရင်ခံစာတွင် ၂၀၀၇ ခုနှစ်မှစ၍ (၂) နှစ်အတွင်း ရခိုင်၊ ရှမ်း၊ ကချင်၊ ချင်း၊ ကရင်၊ ကရင်နီနှင့် မွန် စသည့် တိုင်းရင်းသားဒေသတို့မှ တက်ကြွလှုပ်ရှားသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် မြန်မာစစ်အစိုးရ အာဏာပိုင်တို့၏ ဖိနှိပ်မှုခံခဲ့ရသူ (၇၀၀) ကျော်တို့ထံမှ အချက်အလက်များကို စုဆောင်းဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာတွင် ရွှေဝါရောင် တော်လှန်ရေးကာလ၊ ၂၀၀၈ လူထုဆန္ဒခံယူပွဲကာလနှင့် ၂၀၁၀ ခုနှစ်အတွင်း စစ်အစိုးရအား ဆန့်ကျင်ရေးလှုပ်ရှားသူများအား ဖမ်းဆီးသတ်ဖြတ်မှုအပါအ၀င် တိုက်ပွဲဖြစ်ပွားရာဒေသတို့တွင် နှိပ်စက်ညှဉ်းပန်းမှု၊ အပြစ်မဲ့သူ များအား အကြောင်းမဲ့သတ်ဖြတ်မှုနှင့် အမျိုးသမီးများအား အဓမ္မပြုကျင့်မှုများကို ရေးသားထားသည်။
။။။။။
ကရင်ဒုက္ခသည် ၉၀၀ ကျော် မြန်မာပြည် ပြန်သွား
ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ အူးသူးထ ယာယီ ဒုက္ခသည် စခန်းမှ မြန်မာနိုင်ငံသို့ ပြန်သွားကြသည့် ကရင်ဒုက္ခသည် ၉၀၀ ကျော်ပြီဖြစ်ကြောင်း စခန်း တာဝန်ရှိသူ တဦးက ပြောသည်။
ယင်းမြို့နယ်အတွင်းရှိ နို့ဘိုးနှင့် အူးသူးထ စခန်းမှ ကရင် ဒုက္ခသည်များကို ထိုင်းဒေသခံ အာဏာပိုင်များက ယခုလဆန်းပိုင်းက ပြန်ပို့ရန် စီစဉ်ခဲ့သော်လည်း ဒုက္ခသည်များ၏ လုံခြုံရေး စိုးရိမ်ရကြောင်း လူ့အခွင့်အရေး အဖွဲ့များက ထောက်ပြ ကန့်ကွက်မှုများရှိသဖြင့် ခေတ္တရပ်ဆိုင်းထားခဲ့သည်။
သို့သော် ထိုင်းစစ်တပ်က အူးသူးထ စခန်းအတွင်း စည်းကမ်း တင်းကျပ်လိုက်ပြီး ဌာနေပြန်ရန် ဖိအားပေး ပြောဆိုမှုများကြောင့် ယခုလဆန်းမှ စ၍ တဖွဲဖွဲ ပြန်နေကြကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။
“ဒါ နင်တို့နိုင်ငံ မဟုတ်ဘူး။ နင်တို့ရွာတွေဘက်မှာလည်း တိုက်ပွဲတွေ ဘာတွေ မရှိတော့ဘူး ဆိုပြီး သူတို့ လာလာပြီး ပြောတယ်လေ။ စခန်းထဲက လူတွေလည်း တို့စရာတောင် သွားရှာလို့ မရဘူးလေ။ အခု စခန်းမှာ (လုံခြုံရေးတပ်ဖွဲ့ဝင်) အယောက် ၄၀ ကျော် ချထားတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။
အူးသူးထ စခန်းတွင် ဒုက္ခသည် အိမ်ထောင်စု ၃၀၄ စုရှိပြီး လူဦးရေ ၁၉၉၈ ဦးရှိကာ ယခုလ ၁၂ ရက်နေ့ တွင် စာရင်းပြန်စီစစ်ရာ ၁၀၇၀ ဦးသာ ကျန်ရှိတော့သည်ဟု ဆိုသည်။
။။။။။
ကိုးကန့်ဒေသ လောက်ကိုင်မြို့တွင် ဗုံးပေါက်ကွဲ
(NEJ) ။ ။ ယခင် ရှမ်းပြည်နယ် အထူးဒေသ (၁) ကိုးကန့်ဒေသမြို့တော် လောက်ကိုင်မြို့တွင် ယမန်နေ့က ဗုံး (၁) လုံး ပေါက်ကွဲခဲ့သည်။
လောက်ကိုင်မြို့၊ မြို့သစ်ရပ်ကွက်ရှိ မူးယစ်ဆေးဝါးပြတိုက်အနီးတွင် ယမန်နေ့ နံနက် (၇) နာရီခန့်၌ ဗုံး (၁) လုံး ပေါက်ကွဲခဲ့ရာ တရုတ်အမျိုးသား (၁) ဦး သေဆုံးပြီး လူအချို့ ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု လောက်ကိုင်ဒေသခံတဦးက ပြောသည်။ယမန်နှစ် အောက်တိုဘာ (၂၄) ရက် ညပိုင်းကလည်း လောက်ကိုင်မြို့တွင် ဗုံး (၁၀) လုံးထက်မနည်း ပေါက်ကွဲခဲ့ရာ ကိုးကန့်ရုပ်မြင်သံကြား ထုတ်လွှင့်နေသည့် အဆောက်အဦနှင့် လက်ကျန် ကိုးကန့်တပ်ဖွဲ့၏ဥက္ကဋ္ဌ တာဝန်ယူထားသူ ပိုင်စုံချိန်၏ လောင်းကစားရုံတို့လည်း ဆိုးဆိုးဝါးဝါး ပျက်စီးသွားခဲ့ပြီး လူထိခိုက်သေကျေမှုများ ရှိခဲ့သည်။ဗုံးဖောက်ခွဲသူများသည် ကိုးကန့်အရေးအခင်းတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဖုန်ကျားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့ဝင်များလည်း ဖြစ်နိုင်သကဲ့သို့ နအဖစစ်တပ်ကလည်း ယခုကဲ့သို့ ဖောက်ခွဲနိုင်ကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။
၎င်းက “ဖုန်ကျားရှင်တို့ကို နာမည်ဖျက်တဲ့အနေနဲ့ သူတို့ကိုယ်တိုင်လည်း ဖောက်ခွဲနိုင်တာပဲ။ ပြီးခဲ့တဲ့ (၄၊ ၅) ရက်လောက်ကစလို့ ဗုံးဖောက်ခွဲမယ့် သတင်းရတယ်ဆိုပြီး ဟိုစစ်ဆေး ဒီစစ်ဆေးလုပ်နေတာ။ ဒီလိုအချိန်မှာ မနေ့က ဗုံးပေါက်တယ်ဆိုတာ စဉ်းစားစရာဖြစ်တာပေါ့။ နောက်တခုက ဒေသခံလူထုကလည်း တပ်ကို အမြင်မကြည်တာတွေ ရှိတယ်။ ကိုးကန့် အရေးအခင်းတုန်းက ဒေသခံလူထုတွေရဲ့ ပစ္စည်းတွေယူ၊ အိမ်တွေဖျက်ဆီး၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့် အဲလိုလုပ်ထားတော့ သူတို့လည်း ဖောက်ခွဲနိုင်တာပဲ” ဟု ပြောသည်။
။။။။။။
၁၉၇၅ ဥပဒေကို ကုလသံတမန်ဝေဖန်
ချင်းမိုင်(မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူခဲ့သော ဥပဒေသည် နိုင်ငံတကာ အဆင့်အတန်းနှင့် မကိုက်ညီကြောင်း ကုလလူ့အခွင့်အရေး အထူးသံ မစ္စတာ သောမတ်စ် အိုဂျေး ကွင်တားနားက ပြောဆိုလိုက်သည်။
လူထုခေါင်းဆောင်အား စွဲဆို ထားသည့် ၁၉၇၅ ခု “နိုင်ငံတော်အား နှောက်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ” သည် အပြည်ပြည်ဆိုင်ရာ အဆင့်အတန်းနှင့်လည်း ကိုက်ညီမှုမရှိ သူမ၏ ရှေ့နေ ၄ ဦးနှင့် ယမန်နေ့က တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
တရားရုံး၏ အမိန့်၊ တရား ဥပဒေ စစ်ဆေးမှုမပါဘဲ ချုပ်နှောင်ထားခွင့်ကို အဆိုပါ ဥပဒေက ခွင့်ပြုထားခြင်းကြောင့် ဖြစ်သည်ဟု ရည်ညွှန်း ပြောဆိုသွားကြောင်း ကုလအထူးသံနှင့် တွေ့ရာတွင် ပါဝင်သော ဦးဥာဏ်ဝင်းက ပြောသည်။
။။။။။
သမိုင်းဝင် အင်းစိန် ဂျီတီအိုင်ကျောင်း ကြံ့ဖွံ့ အပိုင်သိမ်း
(NEJ) ။ ။ နှစ်ပေါင်း (၁၀၀) ကျော်သက်တမ်းရှိ အင်းစိန် ဂျီတီအိုင် (စက်မှုလက်မှု သိပ္ပံ) ကို ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက ဖြိုးစေတနာဆေးရုံအဖြစ် အသွင်ပြောင်းတော့မည်ဖြစ်သည်။
ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း တာဝန်ခံ၊ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက လာမည့်မတ်လတွင် (၂၄) နာရီဖွင့်လှစ်မည့် ဆေးရုံအဖြစ် ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြည်တွင်းသတင်းဌာနများကို တရားဝင် ပြောကြားသည်။
။။။။။
နယ်ခြားစောင့်ပေါ်လစီ လက်နက်ကိုင် ပဋိပက္ခသို့ ပြန်သွားနိုင်
မဇ္ဈိမသတင်းဌာန ။ ။ မြန်မာစစ်အစိုးရအနေဖြင့် ငြိမ်းအဖွဲ့များ၏ စစ်တပ်များကို မြန်မာ့ တပ်မတော် အောက်သို့ အဓမ္မ သွတ်သွင်းနေမှု မအောင်မြင်လျှင် ပြည်တွင်းစစ် တကျော့ပြန် ဖြစ်ပွားလာနိုင်ဖွယ် ရှိနေကြောင်း ထိပ်တန်း လူ့အခွင့်အရေးအဖွဲ့တခုက ပြောဆိုလိုက်သည်။
အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး စစ်အစိုးရက ကြိုးပမ်းနေမှုမှာ ခရီးမတွင်ဘဲ ရှိနေစဉ် အင်အားသုံး လုပ်ဆောင်လာလျှင် ဖြစ်နိုင်ချေနှင့် ပတ်သက်၍ မဇ္ဈိမက မေးမြန်းရာ လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ - AI မှ မြန်မာနိုင်ငံဆိုင်ရာ သုတေသနမှူး Benjamin Zawacki က ''သိပ်ဖြစ်နိုင်တာပေါ့။ ဒါကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအနေနဲ့ရော၊ လူ့အခွင့်အရေးရှု့ထောင့်ကအနေနဲ့ရော အာရုံပြုသင့်တယ်'' ဟု ဖြေကြားခဲ့သည်။
တပ်မတော်မှ ဦးစီးပြီး အင်အားချုံ့ကာ နယ်ခြားစောင့်တပ်အဖြစ် ယခုနှစ်အတွင်း ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲမတိုင်မီ အသွင်ပြောင်းရန် ကြိုးစားနေသော်လည်း ဝ၊ ကချင်၊ ရှမ်းနှင့် မွန်၊ ကိုးကန့် တိုင်းရင်းသားများထဲမှ ငြိမ်းအဖွဲ့များက လက်မခံဘဲ ပယ်ချထားသည်။
အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်စဉ်က နောင်တက်လာသော အရပ်သား အစိုးရလက်ထက်တွင် နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန်ဟု ကတိစကား ရှိထားခဲ့သော်လည်း ကိုးကန့်အဖွဲ့တခုဖြစ်သော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်က နယ်ခြားစောင့်အဖြစ် တပ်ကို မဖျက်သိမ်းလိုသောအခါ တိုက်ခိုက်ချေမှုန်းခြင်း ခံခဲ့ရသည်။
။။။။။။။။။။။။။။။။
17.2.10
လူ့အခွင့်အရေးကိုယ်စားလှယ် နိုင်ငံရေးအကျဉ်းသားအချို့နှင့် တွေ့ဆုံခွင့်ရ
(NEJ) ။ ။ မြန်မာနိုင်ငံသို့ (၅) ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားသည် ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းရှိ စစ်တွေအကျဉ်းထောင်သို့ သွားရောက်လေ့လာခွင့် ရရှိခဲ့ပြီး နိုင်ငံရေး အကျဉ်းသားအချို့နှင့် တွေ့ဆုံခွင့်ရရှိခဲ့ကြောင်း သိရသည်။စစ်တွေထောင်တွင် တွေ့ခွင့်ရခဲ့သူ ဦးကြည်သန်း (ခေါ်) ဦးသန်းတင်သည် အစာအိမ် အချဉ်ပေါက်သည့်ဝေဒနာ၊ အရေပြား ယားယံသည့်ဝေဒနာ ခံစားနေရသူတဦးဖြစ်ပြီး အသေးလေး (ခေါ်) ပြည့်ဖြိုးလှိုင်သည်လည်း တီဘီရောဂါကြောင့် ဆေးရုံတင်ခဲ့ရဖူးသူဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPPB က ဆိုသည်။
။။။။။
အန်အယ်ဒီဗဟိုဦးစီး လျာထားချက် တင်သွင်းမှု ပြီးဆုံး
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဗဟိုဦးစီးအဖွဲ့ CC အဖွဲ့ဝင်များ ရွေးချယ်ရန် တိုင်း/ပြည်နယ်များမှ ပေးပို့ခဲ့သည့် လျာထား စာရင်းများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်၌ လက်ခံနေရာ ယနေ့ အပြီးသတ်ခဲ့ပြီး ဖြစ်သည်။
ပြည်နယ်/တိုင်း အသီးသီးမှ စုစုပေါင်း လျာထားစာရင်းမှာ ၈၁ ဦးဖြစ်ပြီး စာရင်းများကို သက်ဆိုင်ရာ တိုင်း/ပြည်နယ် ဥက္ကဌများနှင့် အတွင်းရေးမှူးများက တပါတည်း ယူဆောင်လာကာ ပေးအပ်၍ အပြန်အလှန် ဆွေးနွေးကြသည်။
ရွေးချယ်ကောက်ယူရာတွင် ဒီမိုကရေစီပုံစံ မကျခြင်း၊ လစ်ဟာနေသည့် ခရိုင်များတွင် ဗဟိုဦးစီးများ ကျန်ခဲ့မည်ကို စိုးရိမ်ခြင်း၊ ပြန်ရွေးချယ်ပေးရန် တောင်းဆို ထောက်ပြနေခြင်းများ ရှိကြောင်းလည်း ဦးခင်မောင်ဆွေက ဆက်ပြောသည်။
။။။။။
မြစ်ကြီးနားတွင် ကြံ့ဖွံ့အဖွဲ့ ပေါ်ပေါ်တင်တင် စည်းရုံးနေ
(NEJ) ။ ။ လာမည့်ရွေးကောက်ပွဲတွင် ၎င်းတို့၏ပါတီမှ ကိုယ်စားလှယ်များကို မဲပေးကြရန် ကြံ့ဖွံ့အဖွဲ့က မြစ်ကြီးနားမြို့၌ ပေါ်ပေါ်တင်တင် စည်းရုံးနေကြောင်း အန်ဒီအေ (ကချင်) မှ တပ်မှူးဟောင်းတဦးက ပြောသည်။၎င်း၏ ပြောပြချက်အရ ကြံ့ဖွံ့အဖွဲ့သည် မြစ်ကြီးနား မြို့ပေါ်သာမက တနိုင်းအပါအဝင် ဆော့လော်၊ မန်ကျီ မြို့နယ်များကိုလည်း အဖွဲ့လိုက် စည်းရုံးရေးဆင်းနေကြောင်း သိရသည်။
အခြား အန်ဒီအေ (ကချင်) တပ်မှူးဟောင်းတဦးကလည်း နိုင်ငံရေးပါတီများ လာရောက်စည်းရုံးရေး ဆင်းနေကြကြောင်း အတည်ပြုပြောကြားသည်။
။။။။။
အထည်ချုပ် စက်ရုံ ဆန္ဒပြပွဲ ရပ်ဆိုင်း
နယူးဒေလီ (မဇ္ဈိမ)။ ။ အင်းစိန်မြို့နယ် ဆန်စက်လမ်းရှိ Lion City အထည်ချုပ်စက်ရုံ၌ ယမန်နေ့ ညနေပိုင်းတွင် အလုပ်သမား ၁ဝဝ ခန့် ဆန္ဒပြခဲ့ပြီးနောက် ယနေ့တွင် အလုပ်သမား ၈ဝ ခန့် လုပ်ခတိုးမြှင့်ပေးရေး ဒုတိယမြောက်နေ့ ယနေ့ ဆန္ဒပြပွဲသည် စက်ရုံပိုင်ရှင်နှင့် ပြေလည်မှုမရဘဲ ရပ်ဆိုင်းသွားခြင်း ဖြစ်သည်။Lion City ကို ကိုရီးယားနိုင်ငံသားတဦး ပိုင်ဆိုင်သည်ဟု ရပ်ကွက်အတွင်း နေထိုင်သူများက ခန့်မှန်းပြောဆိုကြသည်။
။။။။။
18.2.10
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးသင့်ကြောင်း
အန်အယ်လ်ဒီ ဗဟိုအမှုဆောင်များ ကင်တားနားထံ တင်ပြ
(NEJ) ။ ။ မြန်မာနိုင်ငံသို့ (၅) ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေသော ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနားသည် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် (၅) ဦးနှင့် ရန်ကုန်မြို့ မြရိပ်ညိုဟိုတယ်၌ ယနေ့ညနေ (၄) နာရီခွဲတွင် တွေ့ဆုံခဲ့သည်။
အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်များမှာ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးသန်းထွန်းနှင့် ဦးညွန့်ဝေတို့ ဖြစ်သည်။
ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက မစ္စတာကင်တားနားနှင့်တွေ့ဆုံရာတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးသင့်ကြောင်း ပြောကြားသည်ဟု ဦးခင်မောင်ဆွေက ပြောသည်။ဗဟိုအလုပ်အမှုဆောင် (၅) ဦးအနေဖြင့် အဓိကဆွေးနွေးသည်မှာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းဖြင့် ဖော်ဆောင်နိုင်မှသာလျှင် ရှေ့နိုင်ငံရေးဆက်လျှောက်၍ဖြစ်မည်ဟု ပြောဆိုကြကြောင်း ဦးခင်မောင်ဆွေက ပြောသည်။
။။။။။
ငါးထပ်ကြီး ဆရာတော်၊ ထောင် ၇ နှစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ နာဂစ်မုန်တိုင်း ဒုက္ခသည်များကို ကူညီခဲ့သူ ငါးထပ်ကြီးကျောင်းတိုက်မှ သံဃာတော် တပါးကို ယမန်နေ့ အင်းစိန်ထောင်တွင်း အထူးတရားရုံက ထောင်ဒဏ် ၇ နှစ်ဖြင့် ချမှတ်လိုက်သည်။
ရန်ကုန်မြို့ ငါးထပ်ကြီးကျောင်းတိုက်မှ ဆရာတော် ဦးဃောသိတကို လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာပုဒ်မ၊ နိုင်ငံခြားငွေ ကိုင်ဆောင်မှုနှင့် တရားမဝင် အသင်းအဖွဲ့ဖွဲ့စည်းမှုတို့ဖြင့် အနောက်ပိုင်းခရိုင်တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။
။။။။။
အင်းစိန်ထောင်အတွင်း အကျဉ်းသားများ အခွင့်အရေး တောင်းဆို
(NEJ) ။ ။ ရန်ကုန်မြို့ အင်းစိန်အကျဉ်းစခန်းအတွင်းရှိ အကျဉ်းသားတို့က ဆုံးရှုံးနေသော အကျဉ်းသားအခွင့်အရေးများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ထောင်အာဏာပိုင်တို့ထံ အချက် (၅) ချက်ကို ယမန်နေ့က တင်ပြတောင်းဆိုခဲ့သည်။
အဆိုပါတောင်းဆိုချက်များမှာ (၁) သတင်းစာအပါအဝင် စာပေဖတ်ရှုခွင့် ပြည့်ပြည့်ဝဝရရှိရေး၊ (၂) ကျန်းမာရေး စောင့်ရှောက်မှု ပြည့်ပြည့်ဝဝ ရရှိရေး၊ (၃) အကျဉ်းသားအားလုံး ပိုမိုကောင်းမွန်သော အစားအသောက် ရရှိရေး၊ (၄) နိုင်ငံရေးအကျဉ်းသားများ အဆောင်ပရဝဏ်အတွင်း ထောင်ပိတ်ချိန်မှအပ အချိန်ပြည့်သွားလာနိုင်ရေး၊ (၅) စာပေရေးသားလေ့ကျင့်ခွင့် ရရှိရေးတို့ ဖြစ်သည်။ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနားသည် ယနေ့ နေ့လယ် (၁၂) နာရီတွင် နိုင်ငံရေးအကျဉ်းသား (၃၀၀) ခန့်ရှိသည့် အင်းစိန်အကျဉ်းစခန်းသို့ သွားရောက်ခဲ့ကြောင်း ကုလသမဂ္ဂရုံးမှ သိရသည်။
။။။။။
ပင်လုံ ဗုံးကွဲ လေးဦး ဒဏ်ရာရ
ချင်းမိုင် (မဇ္ဈိမ) ။ ။ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားရာ လူ ၄ ဦး ဒဏ်ရာရရှိသွားသည်။
ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပွဲ ကျင်းပနေစဉ် မြို့နယ်ဘောလုံးကွင်းအတွင်း အောင်မာဃဇာတ်ရုံအနီး ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများမှာ မြို့နယ်ဆေးရုံတွင် ကုသမှု ခံယူနေရသည်။
ဗိုလ်မှူးကြီး ယွက်ဆစ်ဦးဆောင်သည့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA-S အဖွဲ့၏ လက်ချက်ဟု စစ်အစိုးရ၏ စွပ်စွဲချက်ကို ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
။။။။
ကိုးကန့်ဒေသ ဗုံးပေါက်ကွဲမှုများ ဖုန်ကျားရှင်ကို နအဖစွပ်စွဲ
(NEJ) ။ ။ မကြာသေးမီရက်ပိုင်းက ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့တွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မပေါက်ကွဲသေးသော ဗုံးများလည်း ရှာဖွေသိမ်းဆည်းမိခဲ့ရာတွင် ဖုန်ကျားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း ယနေ့ထုတ် နအဖပိုင်သတင်းစာများက စွပ်စွဲလိုက်သည်။
မိုင်းဖောက်ခွဲမှုနှင့် ပတ်သက်၍ တရားခံတဦးကို ဖော်ထုတ်ဖမ်းဆီးရမိထားပြီးဖြစ်ကာ ပေါက်ကွဲမှုတွင် ပါဝင်ခဲ့သူများမှာ တရားခံပြေးများဖြစ်သော ဖုန်းကျားရှင်၊ ဖုန်ကျားဖု၊ ဖုန်တာ့ရွှင်၊ ဖုန်တာ့လီတို့၏ ယခင် မြန်မာပြည် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (ကိုးကန့်အဖွဲ့) မှဖြစ်ကြောင်း ယနေ့ထုတ် နအဖ သတင်းစာများတွင် ဖော်ပြထားသည်။
။။။။။
Lion City အလုပ်သမားသပိတ် သဘောတူညီချက်ရ
နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်ရှိ Lion City အထည်ချုပ်စက်ရုံ လုပ်သားများက လုပ်ခတိုးရန် ဆန္ဒပြသည်ကို စက်ရုံက လိုက်လျောသဖြင့် ဆန္ဒပြပွဲကို ယနေ့ ရပ်ဆိုင်းလိုက်သည်။
၃ ရက်ဆက်တိုက် ထိုင်သပိတ်မှောက် ဆန္ဒပြလာသည့် အင်းစိန်မြို့နယ် Lion City အလုပ်သမားများက ၎င်းတို့၏ တောင်းဆိုချက်ကို ပိုင်ရှင်ဘက်က လိုက်လျောမှုများ ပြသဖြင့် နံနက် ၁ဝ နာရီခွဲတွင် ရပ်ဆိုင်းခြင်း ဖြစ်သည်။
။။။။။။။။။။။။။။။။။
19.2.10
ကင်တားနား၏ အစီရင်ခံစာ ပြည့်စုံမည်မဟုတ်ဟု
တိုင်းရင်းသားများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ ဝေဖန်
(NEJ) ။ ။ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စာလှယ် မစ္စတာ ကင်တားနားသည် မြန်မာနိုင်ငံ (၅) ရက်ကြာခရီးစဉ်အတွင်း တိုင်းရင်းသားခေါင်းဆောင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် တွေ့ဆုံခွင့် မရရှိခဲ့သည့်အတွက် ကုလသမဂ္ဂသို့ တင်ပြမည့်
၎င်း၏အစီရင်ခံစာသည် ပြည့်စုံမှုရှိမည်မဟုတ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ပြောကြားသည်။
စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲအပေါ် တိုင်းရင်းသားတို့၏ အမြင်သဘောထားများကို မစ္စတာ ကင်တားနား သိခွင့်မရလိုက်သည့်အတွက် ဝမ်းနည်းမိကြောင်း မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြောသည်။မစ္စတာ ကင်တားနားသည် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော စီအာပီပီ ခေါ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီနှင့်လည်း တွေ့ဆုံခွင့် မရရှိခဲ့ပေ။မြန်မာနိုင်ငံသို့ မစ္စတာ ကင်တားနား၏ ယခု (၃) ကြိမ်မြောက် ခရီးစဉ်အတွင်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် တောင်းဆိုထားသော်လည်း စစ်အစိုးရက ခွင့်မပြုခဲ့ကြောင်း သိရသည်။
လူ့အခွင့်အရေး ကိုယ်စားလှယ်သည် ၎င်း၏ နောက်ဆုံးနေ့ ယနေ့ခရီးစဉ်တွင် နေပြည်တော်ရှိ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးနှင့် လူ့အခွင့်အရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ် မောင်ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ၊ စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်ချို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
မစ္စတာ ကင်တားနားသည် လူ့အခွင့်အရေးအခြေအနေနှင့် ပတ်သက်၍ မြန်မာနိုင်ငံသို့ တနှစ်လျှင် (၂) ကြိမ် လာရောက်လေ့လာခွင့်အတွက် စစ်အစိုးရနှင့် သဘောတူညီမှု ရရှိထားကြောင်း သိရသည်။
။။။။။
စစ်တွေ အင်တာနက်ဆိုင်များ တင်းကျပ်ထား
ချင်းမိုင် (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိသည့် အင်တာနက်ဆိုင်များကို အာဏာပိုင်များက ယခုနှစ်ဦးပိုင်းမှစ၍ နှောင့်ယှက် တင်းကျပ်မှုများ ပြုလုပ်လာကြောင်း အင်တာနက် ဆိုင်ရှင်များက ပြောသည်။
မြို့ခံအာဏာပိုင်များက အင်တာနက်သုံးစွဲသူနှင့် ၎င်းတို့အသုံးပြုသည့် ဝက်ဘ်ဆိုဒ်၊ အီးမေးဆက်သွယ်မှုနှင့် ချက်တင် chatting များကို မှတ်တမ်းများ ပြုလုပ်ခိုင်းခဲ့သည်ဟု ဆိုကြသည်။
ယခုလို တင်းကျပ်မှုများ ပြုလုပ်လာခြင်းမှာ ထိုဒေသတွင်း အဖြစ်အပျက်များကို အင်တာနက်ဆိုင်များမှ တဆင့် ပြည်ပအခြေစိုက် အဖွဲ့အစည်းများနှင့် သတင်းဌာနများသို့ ပေါက်ကြားခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

Sunday, February 14, 2010
6-2010
8.2.10
A (H1N1) တုပ်ကွေး တကျော့ပြန် ခေါင်းထောင်
ရန်ကုန်မှာ ကလေးငယ်များ အစုအပြုံလိုက်ဖြစ်ပွား
(NEJ) ။ ။ မြန်မာနိုင်ငံတ၀ှမ်း ယခု ဖေဖော်ဝါရီလအတွင်း A (H1N1) တုပ်ကွေး လူနာသစ် (၁၂) ဦး ထပ်မံတွေ့ရှိရကြောင်း ကျန်းမာရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ချင်းပြည်နယ် ဖလမ်းမြို့နယ် ကျေးရွာတခုတွင် (၄) ဦးနှင့် ရန်ကုန်မြို့ မြောက်ဒဂုံတွင် (၈) ဦး စုစုပေါင်း (၁၂) ဦး ယခု (၁) လ အတွင်း တွေ့ရှိရခြင်းဖြစ်သည်။ A (H1N1) တုပ်ကွေးကို အများစုက ၀က်တုပ်ကွေးဟု အသိများသော်လည်း စစ်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ကမ္ဘာ့လူတုပ်ကွေးကူးစက်ရောဂါဟု အမည်ပေးထားသည်။
ရန်ကုန်မြို့တွင် အဆိုပါ A (H1N1) တုပ်ကွေး ဖြစ်ပွားသည့် ကလေးငယ်များမှာ ဒဂုံမြို့သစ်မြောက်ပိုင်း၊ (၄၃) ရပ်ကွက်မှ ကျောင်းသားငယ်လေးများ ဖြစ်ကြကြောင်း သိရသည်။
။။။။။
အင်တာနက်သုံးသူ မှတ်တမ်းပြုစုရန် အာဏာပိုင်များညွှန်ကြား
ချင်းမိုင် (မဇ္ဈိမ)။ ။ အင်တာနက်ဆိုင်များတွင် လာရောက် အသုံးပြုသူများ၏ ကိုယ်ရေး အချက်အလက်များကို မှတ်တမ်း တင်ထားရမည်ဟု ပဲခူးမြို့နယ်ဥက္ကဌက ညွန်ကြားခဲ့ကြောင်း ပဲခူးမြို့ အင်တာနက် ဆိုင်ပိုင်ရှင်များက ပြောသည်။
ယခုလ ၅ ရက်နေ့က မယက ဥက္ကဌ ဦးအောင်ဆွေမြင့် က အင်တာနက် ဆိုင်ပိုင်ရှင်များကို ခေါ်ယူကာ အထက်က အမိန့်အရဟု ဆို၍ အင်တာနက်အသုံးပြုသူများ၏ နာမည်နှင့် နေရပ်လိပ်စာ အပြည့်အစုံကို စာရင်း ပြုစုထားခိုင်းခြင်း ဖြစ်သည်။
။။။။။
9.2.10
ရှမ်းငြိမ်းအဖွဲ့ ခေါင်းဆောင်များအား ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် ထပ်မံ ဖိအားပေး
(NEJ) ။ ။ အပစ်ရပ် ရှမ်းပြည်တပ်မတော်မှ ခေါင်းဆောင်များအား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် အဓိက တာဝန်ယူဆောင်ရွက်နေသည့် စစ်ဖက်ရေးရာ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ယခုလ (၆) ရက်တွင် ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့၌ တွေ့ဆုံခဲ့ပြီး ပြည်သူ့စစ် အသွင်ပြောင်းရေး အတွက် ထပ်မံဖိအားပေး ပြောဆိုခဲ့သည်။
ရှမ်းပြည်တပ်မတော် ဥက္ကဋ္ဌ ဦးလွယ်မောင်၊ ဒု-ဥက္ကဋ္ဌ ဦးကိုင်ဖတို့ (၂) ဦးနှင့် တွေ့ဆုံရာတွင် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ပြည်သူ့စစ်အသွင်ပြောင်းရေးအတွက် ပြင်းပြင်းထန်ထန် ပြောဆိုခဲ့ကြောင်း ရှမ်းခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “ဗိုလ်ရဲမြင့် ပြောတဲ့သဘောကတော့ အသွင်ပြောင်းတာ ပြတ်ပြတ်သားသားလုပ်၊ ဒီလမကုန်ခင် အသွင်ပြောင်းရင် ပြောင်း၊ မပြောင်းရင်တော့ ပြန်ပြီး စစ်တိုက်ကြတာပေါ့ ပုံစံမျိုးအထိ ပြောနေတယ်။ အခုတခေါက် သူတို့တွေ့တာ ဗိုလ်ရဲမြင့်က တင်းတင်းမာမာနဲ့ ပြောခဲ့တယ်” ဟု ပြောသည်။
။။။။။
လှိုင်သာယာ အလုပ်သမားများ ဆက်လက်ဆန္ဒပြ၊ လုံခြုံရေး တင်းကျပ်
နယူးဒေလီ (မဇ္ဈိမ)။ ။ လှိုင်သာယာ စက်မှုဇုန် ၃ ရှိ အလုပ်သမား ၂၀၀၀ ခန့်က လုပ်ခ တိုးမြှင့်ပေးရန် အတွက် ဒုတိယမြောက်နေ့အဖြစ် ယနေ့ ဆက်လက်ဆန္ဒပြရာ အဓိကရုဏ်းနှိမ်နင်းရေး တပ်ဖွဲ့ဝင်များ ရောက်ရှိလာကြောင်း သိရသည်။
အနည်းဆုံး စက်ရုံ ၃ ရုံမှ အလုပ်သမားများက ယနေ့ နေ့လည်ပိုင်းမှစတင်၍ ဆန္ဒပြခြင်းဖြစ်ပြီး၊ အခင်းဖြစ်ရာသို့ မီးသတ်ကားများ၊ အချုပ်ကားများနှင့် လုံထိန်းရဲ စုစုပေါင်း ရာနှင့်ချီ၍ ရောက်ရှိနေခြင်း ဖြစ်သည်။ ဆန္ဒပြပွဲရှိရာသို့ ရဲချုပ် ဗိုလ်ချုပ်ခင်ရီကိုယ်တိုင် ရောက်ရှိလာကြောင်း ဒေသခံများအကြား ပြောဆိုမှုများလည်း ရှိနေသည်။
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းကြည့်ရာ တာဝန်ကျ ရဲအရာရှိက ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။
အလုပ်သမားများက လစာကို ကျပ်တသောင်း ထပ်ဆောင်းပေးရန်၊ လက်ရှိ လုပ်နေရသည့် နံနက် ၇ နာရီမှ ည ၁၁ နာရီ သတ်မှတ်ထားသည့် အလုပ်ချိန်ကို လျှော့ပေးရန်နှင့် အလုပ်သမားများ စားသောက် နေထိုင်သည့် နေရာများ သန့်ရှင်းရန်တို့ကို တောင်းဆိုနေခြင်း ဖြစ်သည်။
။။။။။
အန်အယ်ဒီ ဗဟိုဦးစီးအတွက် တိုင်းနှင့် ပြည်နယ်များမှ စာရင်းသွင်း
ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင်- CC အတွက် ရွေးချယ်နိုင်ရန် တိုင်းနှစ်တိုင်းနှင့် ပြည်နယ်တခုမှ လျာထားစာရင်းအား အဖွဲ့ချုပ် ရန်ကုန်ဗဟိုဌာနချုပ်သို့ တင်သွင်းလာပြီ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့မှ ကိုယ်စားပြု ၇ ဦးစီနှင့် မွန်ပြည်နယ်မှ ၅ ဦး စာရင်းအား ယမန်နေ့က ပို့လာပြီ ဖြစ်ကြောင်း အန်အယ်ဒီ ဗဟို အလုပ်မှုဆောင် ကော်မတီဝင် တဦးက ပြောသည်။ CC ရွေးချယ်ရာတွင် တိုင်းတတိုင်းလျင် ၇ ဦး၊ ပြည်နယ်တခုလျင် ၅ ဦး အထိသာ ရွေးချယ်ကြရမည်ဟု ဗဟို အလုပ်အမှုဆောင် ကော်မတီက ပြည်နယ်နှင့်တိုင်း စည်းရုံးရေး အဖွဲ့များထံ ယခင်လက စာထုတ်ပြန်ခဲ့ သည်။
်။။။။။
UWSP ဥက္ကဋ္ဌက စရဖ အကြီးအကဲနှင့် တွေ့ရန် ထပ်မံ ငြင်းဆို
ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်ဖက်ရေးရာလုံခြုံရေး အကြီးအကဲ ဒုဗိုလ်ချုပ်ကြီးရဲမြင့်က နယ်ခြားစောင့်တပ် ကိစ္စအတွက် တွေ့ဆုံလိုသည်ကို ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP ဥက္ကဋ္ဌ ပေါင်ယူချန်းက ဒုတိယအကြိမ် ငြင်းဆိုလိုက်ကြောင်း နီးစပ်သူများထံမှ သိရသည်။
ယခုလ ၃ ရက်နေ့တွင် နအဖ စစ်ဖက်ရေးရာ လုံခြုံရေးအကြီးအကဲက နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စ ဆွေးနွေးရန် ဖုန်းဖြင့် ဆက်သွယ်ပြောဆိုလာသည်ကို ကျန်းမာရေး အကြောင်းပြချက်ဖြင့် ငြင်းပယ်လိုက်ကြောင်း တရုတ်-မြန်မာနယ်စပ်မှ မြန်မာ့အရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။
။။။။။
10.2.10
အန်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င် မ၀င် ဆုံးဖြတ်ရန် အချိန်မရောက်သေးဟု
ဒေါ်အောင်ဆန်းစုကြည် ပြောကြား
(NEJ) ။ ။ မြန်မာနိုင်ငံတွင် ယခုနှစ်ကျင်းပမည့် ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါဝင်ယှဉ်ပြိုင်ရန်၊ မယှဉ်ပြိုင်ရန် ဆိုသည်ကို ဆုံးဖြတ်ရန် အချိန်စောလွန်းသေးကြောင်း နေအိမ်အကျယ်ချုပ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့က ထုတ်ဖော်ပြောဆိုခဲ့ကြောင်း အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောကြားသည်။
။။။။။
ကိုညီညီအောင် ထောင်သုံးနှစ်
ချင်းမိုင်(မဇ္ဈိမ)။ ။ မြန်မာနိုင်ငံသို့ အလည်ပတ် သွားရောက်ခဲ့သော အမေရိကန် နိုင်ငံသား ခံယူထားသူ ကိုညီညီအောင်ကို အင်းစိန်ထောင်တွင်း တရားရုံးက ထောင်ဒဏ် ၃ နှစ် ယနေ့ချမှတ်လိုက်သည်။
ကိုညီညီအောင် (ခ) ကိုကျော်ဇောလွင် (၄ဝ နှစ်) အား အင်းစိန်ထောင်တွင်း တောင်ပိုင်းခရိုင် တရားရုံးက ယနေ့နံနက်က ပြုလုပ်သော တရားခွင်တွင် မှတ်ပုံတင်အတု ကိုင်ဆောင်မှု ပုဒ်မ ၄၆၈၊ နိုင်ငံခြားငွေ လဲလှယ်မှု ပုဒ်မ ၂၄ (၁) ၊ မှတ်ပုံတင် ဥပဒေ ၆ (၃) တို့ဖြင့် စီရင်ချက်ချလိုက်ခြင်း ဖြစ်သည်။
တပါးသူတဦး၏ မှတ်ပုံတင်တွင် ဓာတ်ပုံ ပြောင်းလဲကပ်သည် ဆိုသော ပုဒ်မ ၄၆၈ အမှုအရ ထောင် ၃ နှစ် ချလိုက်ပြီး ကျန်အမှုများကို ၁ နှစ်စီ ချမှတ်ခဲ့သည်။ သို့သော် တပေါင်းတည်း ကျခံရမည်ဟု တရားသူကြီးက ဆုံးဖြတ်ပေးခဲ့သည်။
။။။။။
အန်အယ်ဒီ ပါတီဝင် နှစ်ဦး ထောင်ပြောင်းရွှေ့
ချင်းမိုင် (မဇ္ဈိမ)။ ။ တရားမဝင် အသင်းနှင့် ဆက်သွယ်မှုဖြင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၂ ဦးကို ရန်ကုန် အင်းစိန်ထောင်မှ နယ်ထောင်များသို့ မကြာသေးခင်က ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်မှ ၅၄ နှစ်အရွယ် ဦးစိန်လှိုင်ကို ယခုလ ၂ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားထောင်နှင့် အလုံမြို့နယ် အန်အယ်ဒီ ဗဟိုလူမှုအထောက်အကူပြု အဖွဲ့ဝင် မချို ခေါ် ဒေါ်မြင့်မြင့်စိုးကို စစ်ကိုင်းတိုင်း ကသာထောင်သို့ ပြောင်းရွှေ့ ချထားကြောင်း မိသားစုဝင်များ အဆိုအရ သိရခြင်း ဖြစ်သည်။
။။။။။
မြန်မာဘာသာပြန်စာအုပ် ပြုံယန်းက စိစစ်နေ
(NEJ) ။ ။ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုထားသည့် မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအီ အတ္ထုပ္ပတ္တိစာအုပ်ကို မြန်မာနိုင်ငံ စာပေစိစစ်ရေးအဖွဲ့သာမက ပြုံယန်းအစိုးရကပါ စစ်ဆေးနေကြောင်း စာပေစိစစ်ရေး အဖွဲ့ဝင်တဦးထံမှ သိရှိရသည်။
အမည်မဖော်လိုသူ စာပေစိစစ်ရေးမှူးတဦးက “ဘာသာပြန်သူ ဦးဟိန်းလတ်၊ ထုတ်ဝေသူကိုတော့ ကျနော်မသိဘူး၊ ကင်ဂျုံအီ အတ္ထုပ္ပတ္တိစာအုပ် လာတင်ပြတယ်။ ကျနော်တို့ စာပေစိစစ်ရေးက စိစစ်ပြီး အတော်များများ ဖြုတ်ခိုင်းလိုက်ပြီ။ ဒါပေမယ့် နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ဒီစာအုပ်ကို ထုတ်ဝေခွင့်မပြုပါနဲ့ဦး၊ ကိုယ့်ဘာသာကိုယ် ထုတ်ဝေခွင့်ပြုလိုက်ရင် နှစ်နိုင်ငံ ချစ်ကြည်ရေး ထိခိုက်နိုင်တယ်ဆိုပြီး ညွှန်ကြားလာတယ်” ဟု ပြောသည်။
။။။။။။။။။။။။။။။။။
11.2.10
ကေအန်ယူ တပ်မဟာ (၃) ဒေသမှ ကျေးရွာများကို နအဖတပ်များ မီးရှို့ဖျက်ဆီး
(NEJ) ။ ။ မြန်မာစစ်တပ်မှ နယ်မြေစိုးမိုးရေးအတွက် ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများမှ အိမ်ခြေ (၇၀) ကျော်ကို မီးရှို့ဖျက်ဆီးလိုက်သည့်အတွက် ရွာသားများ တောထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကေအန်ယူက ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ၏ တွဲဖက်အတွင်းရေးမှူး (၁) ပဒိုစောလှငွေက “တပ်မဟာ (၃) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် ထဲမှာ ဒီလ (၇) ရက်နဲ့ (၉) ရက်က အဲဒီမှာ တာဝန်ကျတဲ့ နအဖတပ်တွေ ဟီဒိုထာရွာက အိမ် (၄၆) လုံးနဲ့ ကတီးမူးရွာက အိမ် (၂၈) လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
အဆိုပါဖြစ်ရပ်အပြင် ယခုလ (၂) ရက်နေ့က ဖာပွန်ခရိုင် ဗူးသော်မြို့နယ်ရှိ မြန်မာစစ်တပ်စခန်းထိုင်ရာ ကျောက်ညှပ်စခန်းတွင် သံလွင်မြစ်ကြောအတိုင်း သွားလာနေသည့် လှေများကိုလည်း ခြိမ်းခြောက်ရပ်တန့်ခိုင်း၍ ဓားပြဆန်ဆန် ငွေများသိမ်းယူခဲ့ပြီး ရပ်တန့်မပေးသည့်လှေများကို သေနတ်များဖြင့် ပစ်ခတ်ခဲ့ရာ လှေမောင်းသူတဦး ဒဏ်ရာရရှိခဲ့ပြီး ရွာသားတဦးဖြစ်သည့် စောလော်လေထူး သေဆုံးခဲ့သည်ဟုလည်း ၎င်းက ပြောသည်။
ရွာများ မီးရှို့ခံရသဖြင့် စာသင်ကျောင်း (၂) ကျောင်းနှင့် ဆေးခန်း (၁) ခု မီးထဲပါသွားပြီး ကလေးငယ်များအပါအ၀င် ရွာသား (၅၀၀) ကျော်သည် တောထဲတွင် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်မှ ကျောင်းဆရာတဦးက ပြောသည်။
။။။။။
တိုင်းရင်းသားပါတီအချို့ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေ
ချင်းမိုင်(မဇ္ဈိမ)။ ။ စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် တိုင်းရင်းသား အဖွဲ့အစည်းအချို့နှင့် နိုင်ငံရေးသမားအချို့ အင်အားတိုးချဲ့ခြင်း၊ စည်းရုံးခြင်း လုပ်ငန်းများ ပြုလုပ်ကာ ပြင်ဆင်နေကြောင်း သိရသည်။
ကချင်တိုးတက်ရေးပါတီ KSPP သည် ပါတီ အင်အားတိုးချဲ့ရန် စိုင်းပြင်းနေပြီး၊ ချင်းနိုင်ငံရေးသမားအချို့လည်း တိတ်တဆိတ် စည်းရုံးရေး လုပ်ငန်းများ ပြုလုပ်နေကာ မွန်ဒီမိုကရေစီ ပါတီမှာမူ ရွေးကောက်ပွဲ ဝင်ရောက်ရန် စစ်အစိုးရ ထုတ်ပြန်မည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ မော်လမြိုင် အခြေစိုက် မွန်ဒီမိုကရေစီပါတီမှာမူ ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးကို မဆုံးဖြတ် ရသေးသော်လည်း ပါတီ မူဝါဒလမ်းစဉ်များကို လစဉ်ဆွေးနွေးနေပြီး ရွေးကောက်ပွဲ ဥပဒေကို စောင့်နေကြောင်း ပါတီ ပြောခွင့်ရသူ နိုင်တင်အောင်က မဇ္ဈိမကို ပြောသည်။
။။။။။
နာဂစ်ဒုက္ခသည်များ အကျပ်အတည်းကြားမှ ရုန်းကန်နေကြရဆဲ
(NEJ) ။ ။ နာဂစ်မုန်တိုင်းသင့်ဒေသဖြစ်သော ဧရာဝတီတိုင်းတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော်လည်း လေဘေးသင့်ဒုက္ခသည်အများစုမှာ ရွက်ဖျင်တဲများဖြင့်သာ နေထိုင်ရဆဲဖြစ်ကြောင်း ဧရာဝတီတိုင်း လပွတ္တာမြို့နယ် အကူအညီပေးရေးအဖွဲ့မှ ဝန်ထမ်းတဦးက ပြောသည်။နာဂစ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အလှူငွေ အမေရိကန်ဒေါ်လာ (၈၈) သန်းထဲမှ အိုးအိမ်သစ် တည်ဆောက်ရေး အတွက် ဒေါ်လာ (၂) သိန်းခွဲသာ အသုံးပြုခဲ့ကြောင်း အာဆီယံ၊ ကုလသမဂ္ဂနှင့် မြန်မာအစိုးရတို့ ပူးပေါင်းပါဝင်သည့် သုံးပွင့်ဆိုင်ဗဟိုအဖွဲ့၏ ပြီးခဲ့သည့်နိုဝင်ဘာ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။
။။။။။။။။။။။။။။။။
12.2.10
စစ်အစိုးရအား ပိုမိုဖိအားပေးရန် တရုတ်၊ ရုရှနှင့် အိန္ဒိယကို
ဥရောပပါလီမန် တောင်းဆို
(NEJ) ။ ။ မြန်မာစစ်အစိုးရထံ စစ်လက်နက်ပစ္စည်းများ မရောင်းချရန်နှင့် လူ့အခွင့်အရေး တိုးတက်ကောင်းမွန်လာစေရေးအတွက် အင်အားကြီးနိုင်ငံများအနေဖြင့် စစ်အစိုးရအား ဖိအားပေးသွားရန် ဥရောပပါလီမန်အမတ်များက တရုတ်၊ ရုရှနှင့် အိန္ဒိယနိုင်ငံ တို့အား တောင်းဆိုလိုက်သည်။
အဆိုပါ နိုင်ငံကြီးများအနေဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအပေါ် ထင်သာမြင်သာသည့် တိုးတက်ဖြစ်ထွန်းမှုများ ရှိလာစေရန်အတွက် နိုင်ငံရေး၊ စီးပွားရေးအရ မြန်မာစစ်အစိုးရ ခေါင်းဆောင်တို့၏ အကျိုးစီးပွားအပေါ် အခြေခံကာ အခွင့်ကောင်းယူ၍ ပိုမိုဖိအားပေးသွားရန် ဥရောပပါလီမန်က “ယတိပြတ် ဆုံးဖြတ်ချက်တရပ်အတွက် အဆိုပြုချက်” ဟူသော အစီရင်ခံစာတစောင် ထုတ်ပြန်ကာ ဖေဖော်ဝါရီ (၁၁) ရက်နေ့က တောင်းဆိုလိုက်ခြင်းဖြစ်သည်။
ဥရောပပါလီမန်သည် ဥရောပတိုက်တဝန်းရှိ ရွေးကောက်ခံ အမတ် (၇၃၆) ဦးဖြင့် ဖွဲ့စည်းထားသော သြဇာအရှိဆုံး ပါလီမန် အဖွဲ့အစည်းတရပ်ဖြစ်ပြီး ဥရောပပါလီမန်က မြန်မာ့အရေးနှင့်ပတ်သက်၍ ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ စထရစ္စဘွန်း (Strasbourg) မြို့တွင် ယင်းကဲ့သို့ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။
မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်နေမှု အခြေအနေ ပိုမိုဆိုးဝါးလာခြင်းအပေါ် ဆန့်ကျင်သွားမည်ဖြစ်ကြောင်း၊ မြန်မာပြည်သူတို့နှင့်အတူ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ဥရောပပါလီမန်အဖွဲ့က ဆုံးဖြတ်လိုက်သည်။
။။။။။
ဦးတင်ဦး ပြန်လွတ်မည့် မျှော်လင့်ချက် ပိုမိုပေါ်ထွက်
နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦး အကျယ်ချုပ် ကျခံရသည့် ၆ နှစ်ပြည့် မနက်ဖြန်တွင် ပြန်လွှတ်ပေးလိမ့်မည် ဟူသော မျှော်လင့်ချက်များ ပိုမိုပေါ်ထွက်လာနေသည်။
၈၄ နှစ်အရွယ် ဦးတင်ဦးသည် ရန်ကုန်ရှိ အမေရိကန် ဗီးရှင်း မျက်စိအထူးကု ဆေးခန်းတခန်းတွင် ပြီးခဲ့သည့် တပတ်အတွင်း မျက်စိ ခွဲစိတ်ခဲ့ကြောင်း သိရပြီးနောက် NLD ပါတီခေါင်းဆောင်များနှင့် ဂျပန်တွင် နေထိုင်သည့် သားဖြစ်သူ ဦးသန့်ဇင်ဦးတို့က ၎င်းကို ပြန်လွှတ်ပေးလိမ့်မည်ဟူ၍ ပိုမို မျှော်လင့်နေကြခြင်း ဖြစ်သည်။
။။။။။
တိုင်းနှင့်ပြည်နယ် (၁၅) ခုရှိဟု နအဖစစ်အစိုးရ ဖော်ပြ
(NEJ) ။ ။ နအဖစစ်အစိုးရက မြန်မာနိုင်ငံတွင် တိုင်းနှင့်ပြည်နယ် (၁၅) ခုရှိကြောင်း အမျိုးသားအထိမ်းအမှတ်ဥယျာဉ်ဖွင့်ပွဲတွင် ဖော်ပြထားသည်။
အဆိုပါ အမျိုးသားအထိမ်းအမှတ် ဥယျာဉ် (national land mark) ကို နေပြည်တော်တွင် ဖေဖော်ဝါရီ (၁၁) ရက်နေ့၌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး တက်ရောက် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
။။။။။
A (H1N1) ပိုးရှိသူ ကျောင်းသား ၁၄ ဦး တွေ့ရှိ
နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ရှိ မူလတန်းကျောင်းနှင့် အထက်ကျောင်းအတွင်း ကျောင်းသား ၁၄ ဦးတွင် ကမ္ဘာ့လူတုပ်ကွေးခေါ် A (H1N1) ပိုး တွေ့ရှိခဲ့ကြောင်း ကျောင်းဆရာမများက ပြောဆိုကြသည်။
ကျန်းမာရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများက ယခုလ ၈ - ၉ ရက်နေ့များတွင် ဆေးစစ်ခဲ့ရာ မြောက်ဒဂုံမြို့နယ် အမှတ် ၂၃ မူလတန်းကျောင်းမှ ကျောင်းသား ၈ ဦးနှင့် အမှတ် ၄ အထက်တန်းကျောင်းမှ ကျောင်းသား ၆ ဦးတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
။။။။။
မိုင်းလားတပ်ဖွဲ့ခေါင်းဆောင် လုပ်ကြံသူ ဖမ်းမိရေးအတွက် ဆုတော်ငွေ ထုတ်ပြန်ထား
(NEJ) ။ ။ ယခုလ (၂၇) ရက်က ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းလားမြို့တွင် လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည့် ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် ခေါ် မိုင်းလားတပ်ဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဦးမင်းအိမ်ကို လုပ်ကြံ သတ်ဖြတ်သူအား သတင်းပေးနိုင်လျှင် တရုတ်ငွေ သိန်း (၂ဝ)၊ မြန်မာငွေအားဖြင့် ကျပ်သိန်း (၃၀၀) ခန့် ဆုတော်ငွေ ထုတ်ပြန်ထားသည်။
ဦးမင်းအိမ်အား လုပ်ကြံသတ်ဖြတ်သွားသူကို ဖမ်းဆီးမိနိုင်ရေးအတွက် သတင်းပေးနိုင်ပါက ဆုတော်ငွေအဖြစ် ပေးသွားမည်ဟု မိုင်းလားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပြီး ယနေ့အချိန်အထိ တရားခံများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း မိုင်းလားဒေသခံ တဦးက ပြောသည်။
။။။။။။။။။။။။။။။။
13.2.10
အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်
(NEJ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဒု-ဥက္ကဋ္ဌ ဦးတင်ဦးသည် ယနေ့ ည (၈ ) နာရီခွဲကျော်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီဖြစ်သည်။
နေအိမ်အကျယ်ချုပ် သက်တမ်း (၆) နှစ်ပြည့်သည့် ဖေဖော်ဝါရီ (၁၃ ) ရက်နေ့တွင်လွတ်မြောက်လာခြင်းဖြစ်သည်။
ဦးတင်ဦး လွတ်မြောက်လာသည်ကို သားဖြစ်သူ ဦးသန့်ဇင်ဦး (ဥက္ကဋ္ဌ၊ အန်အယ်လ်ဒီ လွတ်မြောက်နယ်မြေ -ဂျပန်ဌာနခွဲ) မှ အတည်ပြုပြောကြားသည်။
။။။။။
ညီညီအောင်ကို ပြည်ထောင်သို့ ပြောင်းရွှေ့
ချင်းမိုင် (မဇ္ဈိမ)။ ။ ပုဒ်မ ၃ ခုဖြင့် ထောင်ဒဏ် ၃ နှစ်ချခံရသူ ကိုညီညီအောင် (ခ) ကိုကျော်ဇောလွင်ကို အင်းစိန်ထောင်မှ ပဲခူးတိုင်း ပြည်ထောင်သို့ ယခုလ ၁၁ ရက်နေ့တွင် ပြောင်းရွှေ့လိုက်ကြောင်း အဒေါ်ဖြစ်သူ ဒေါ်စုစုကြည်က ပြောသည်။
ယခုလ ၁ဝ ရက်နေ့တွင် တောင်ပိုင်းခရိုင် တရားရုံးက အမေရိကန် နိုင်ငံသား ကိုညီညီအောင်ကို အင်းစိန်ထောင်တွင်း၌ ထောင်ဒဏ်ချမှတ်လိုက်ပြီး နောက်တနေ့ နံနက်တွင် ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။
။။။။။။။။။။။။။။။။။။။

Subscribe to:
Posts (Atom)