Sunday, January 31, 2010

4-2010

25.1.10

ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာလတွင် လွှတ်ပေးမည်ဟု
နအဖပြည်ထဲရေးဝန်ကြီး ပြောကြား



မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လာမည့်နိုဝင်ဘာလကုန် နေအိမ်အကျယ်ချုပ်သက်တမ်းစေ့ပါက ပြန်လွှတ်ပေးမည်ဟု မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့ကြောင်း ယနေ့ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ယခုလ (၂၁) ရက်တွင် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၌ မြို့ခံအစိုးရ၀န်ထမ်းများနှင့် တွေ့ဆုံစကားပြောကြားရာတွင် ဗိုလ်ချုပ်မောင်ဦးက ယင်းသို့ပြောကြားခဲ့ကြောင်း မြို့ခံမျက်မြင်များကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားခြင်းဖြစ်သည်။

နေအိမ်တွင် ထိန်းသိမ်းခြင်းခံနေရသည့် အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးအားလည်း လာမည့် ဖေဖော်ဝါရီ (၁၃) ရက်တွင် လွှတ်ပေးမည်ဟု ဗိုလ်ချုပ်မောင်ဦးက ပြောဆိုခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။
(NEJ)
။။။။။

ဒေါ်စုကို လွှတ်မည်ဆိုခြင်းမှာ တရားမဝင်ဟု အန်အယ်ဒီ ပြော



ချင်းမိုင် (မဇ္ဈိမ)။ ။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟု ပြောဆိုခြင်းမှာ တရားမဝင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ယခုနှစ် နိုဝင်ဘာတွင် ပြန်လွှတ်ပေးမည်ဟု မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၌ ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့မှုအပေါ် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်ဆွေက သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။

“ပါးစပ်နဲ့ ဒီလိုပြောတာက တရားဝင်လို့ ယူဆလို့တော့ မရဘူးပေါ့။ ဥပဒေအရ အထမမြောက်ဘူးလေ။ တရားဝင် သတင်းစာ ရှင်းလင်းပွဲတို့၊ သတင်းထုတ်ပြန်ချက်တို့၊ အမိန့်တို့ ထွက်မှသာ ခိုင်မာတဲ့ အချက်လို့ ခံယူရမှာပေါ့” ဟု သူက မဇ္ဈိမကို ပြောသည်။
။။။။။

ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို သုံးခွင့်မပေးတော့


ဒေါ်အောင်ဆန်းစုကြည်၏ဓာတ်ပုံများကို ဂျာနယ်တိုက်များတွင် အသုံးပြုရန် သတင်းနှင့်ပြန်ကြားရေးဌာနက ပေးလေ့ရှိ သော်လည်း ယခုနောက်ဆုံး ဦးအောင်ကြည်နှင့် တွေ့ဆုံသည့်ပုံမှစ၍ မပေးတော့ကြောင်း ဂျာနယ်တိုက်များထံမှ စုံစမ်းသိရသည်။
(NEJ)
။။။။။။

ဦးအောင်ဆန်းဦးကို သံဃာတော်များ သတိပေး


ချင်းမိုင် (မဇ္ဈိမ)။ ။ အိမ်အမွေကိစ္စကို အကြောင်းပြု၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုရန် ကြိုးစားနေသော အကိုဖြစ်သူ ဦးအောင်ဆန်းဦးကို ပြည်တွင်း၊ ပြည်ပရှိ သံဃာတော်များက ဗုဒ္ဓဘာသာဝင် အဖြစ်မှ ဖယ်ကြဉ်မည်ဟု သတိပေးလိုက်သည်။

နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ညီမဖြစ်သူကို အကြောင်းမဲ့ နှောင့်ယှက်တရားစွဲဆိုရန် ကြိုးစားနေခြင်းများကို ယခုလကုန် ၃၁ ရက်နေ့ နောက်ဆုံးထား၍ ရုတ်သိမ်းပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီး အပါအဝင် ပြည်တွင်း၊ ပြည်ပ သံဃာတော်များက တောင်းဆိုလိုက်ကာ၊ မလိုက်နာပါက ပတ္တနိက္ကုဇ္ဇန ကံဆောင်မည်ဟု ဆရာတော်များက မိန့်ကြားသည်။
။။။။။။

ရှေ့တန်းစခန်းမှ ထွက်ပြေးသူ တပ်ပြေးများအား ပစ်သတ်မှုရှိ


ရှမ်းပြည်မြောက်ပိုင်း၊ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့ထိန်းချုပ်ရာ နယ်မြေအနီး တပ်စွဲထားသည့် နအဖစစ်တပ်ရှေ့တန်းစခန်းများမှ စစ်သည်များ ထွက်ပြေးမှု များပြားလာနေပြီး တပ်ပြေးများအား ပစ်သတ်သည်အထိ ရှိလာနေသည်။

ယမန်နှစ် သြဂုတ်လကုန်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသ အရေးအခင်းကာလကတည်းက ဝမြောက်ဒေသအနီး ဟိုပန်မြို့နယ်အတွင်း လာရောက်တပ်စွဲနေသည့် မိတ္တီလာအခြေစိုက် တပ်မ (၉၉) လက်အောက်ခံတပ်များမှ စစ်သည်များ ထွက်ပြေးနေကြသည်ဟု စစ်တပ်နှင့်နီးစပ်သူ တရုတ်-မြန်မာနယ်စပ်ဒေသခံတဦးက ပြောသည်။စစ်တပ်အတွင်း တပ်ပြေးမှု များပြားလာနေ၍ စစ်ကြောင်းရှိ ကျန်စစ်သည်များ အလားတူ ထွက်မပြေးရဲအောင် ရှေ့တန်း စစ်မျက်နှာများတွင် ပစ်သတ်ပြနေခြင်းဖြစ်သည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။
။။။။။

မြန်မာနယ်ခြားစောင့် တပ်ဖွဲ့မှူးများ နေရာပြောင်းရွှေ့


ဒါကာ (မဇ္ဈိမ)။ ။ မြန်မာ-ဘင်္ဂလားဒေ့ခ်ျနယ်စပ်ရှိ နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေး နယ်မြေမှ နယ်မြေမှူး ၉ ဦး နေရာ အပြောင်းအရွှေ့များ ယခုလ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ ယခုပြောင်းရွှေ့သော နယ်မြေမှူးများမှာ နစက နယ်မြေ ၁ တွင် ဗိုလ်မှူးကျော်အောင်၊ ၂ တွင် ဗိုလ်မှူး သူရိန်ဇော်၊ ၃ တွင် ဗိုလ်မှူးသန်းနိုင်၊ ၄ တွင် ဗိုလ်မှူးအောင်ဟိန်းဇော်၊ ၅ တွင် ဗိုလ်မှူးစံဝင်းခိုင်၊ ၆ တွင် ဗိုလ်မှူးစိန်ဝင်း၊ ၇ တွင် ဗိုလ်မှူးနေမျိုး၊ ၈ တွင် ဗိုလ်မှူးသန်းဌေးနှင့် ၉ တွင် ဗိုလ်မှူးကြည်လှိုင်တို့ ဖြစ်သည်။

ယခင်က နယ်မြေ ၁ တွင် ဗိုလ်မှူးစံဝင်းခိုင်၊ ၂ တွင် ဗိုလ်မှူးတင်ထွန်အောင်၊ ၃ တွင် ဗိုလ်မှူးကြည်လှိုင်၊ ၄ တွင် ဗိုလ်မှူးသန်းဌေး၊ ၅ တွင် ဗိုလ်မှူးသူရိန်ဇော်၊ ၆ တွင် ဗိုလ်မှူးနေမျိုး၊ ၇ တွင် ဗိုလ်မှူးကျော်အောင်၊ ၈ တွင် ဗိုလ်မှူးစိန်ဝင်း၊ ၉ တွင် ဗိုလ်မှူးသန်းနိုင်တို့ ဖြစ်သည်။
။။။။။

ကဗျာစောဝေကို ပြန်လွှတ်ပေးရန် AAPP ပြောကြား


နယူးဒေလီ (မဇ္ဈိမ)။ ။ ကဗျာဆရာ ကိုစောဝေ ယခုလ ၂၁ ရက်နေ့တွင် လွတ်ရက်စေ့ခဲ့သော်လည်း ယနေ့တိုင် ပြန်လွတ်မလာသဖြင့် အမြန်ဆုံး ပြန်လွှတ်ပေးရန် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP-B က ပြောဆိုသည်။
။။။။။

26.1.10

ပလောင်ဒေသတွင် ဘိန်းစိုက်ပျိုးမှု (၅) ဆခန့်များလာဟု
ပလောင်အမျိုးသမီးအဖွဲ့ ထုတ်ပြန်


မြန်မာစစ်အစိုးရ ထိန်းချုပ်မှုအောက်ရှိ ရှမ်းပြည်မြောက်ပိုင်း ပလောင်ဒေသတွင် လွန်ခဲ့သည့် (၃) နှစ်တာကာလအတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု (၅) ဆနီးပါး မြင့်တက်လာသည်ဟု ဒေသတွင်းဘိန်းစိုက်ပျိုးမှုများကို (၂) နှစ်ကြာ သုတေသန ပြုခဲ့သည့် ပလောင်အမျိုးသမီးအစည်းအရုံး (PWO) က ပြောကြားလိုက်သည်။

ယနေ့စတင်ဖြန့်ဝေသည့် PWO အဖွဲ့၏ “အဆိပ်သင့်တောင်တန်းများ” အမည်ရှိ အစီရင်ခံစာတွင် ၂၀၀၆ မှ၂၀၀၉ ခုနှစ်အတွင်း ပလောင်ဒေသ မန်တုန်နှင့်နမ့်ခမ်းမြို့နယ်တို့တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်သည့် နေရာ (၅) ဆနီးပါးများပြားလာပြီး လက်ရှိတွင် ဘိန်းစိုက်ဧရိယာ (၄,၅၀၀) ဟက်တာခန့် ရှိသည်ဟု ဖော်ပြထားသည်။

အစီရင်ခံစာကို ဦးဆောင်သုတေသနပြုခဲ့သည့် PWO မှ လိုည်းနွေနှောင်းက “ပလောင်ဒေသမှာ ဘိန်းစိုက်နှုန်းက ၂၀၀၆-၀၇ ဆိုရင် (၉၆၃) ဟက်တာပဲရှိတယ်၊ ၂၀၀၈-၀၉ မှာကျတော့ (၄,၅၄၅) ဟက်တာဖြစ်လာတယ်။ အခုလို တနှစ်ထက် တနှစ် များပြားလာရတာကတော့ နအဖရဲ့ အုပ်ချုပ်ရေးစနစ်ကြောင့်ဖြစ်တယ်။ ဘိန်းကြေးကောက်တာက စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်တွေ ဖြစ်တယ်။ မန်တုန်မှာဆိုရင် ခလရ (၁၃၀)၊ နမ့်ခမ်းမှာဆိုရင် ခမရ (၄၅)၊ ခမရ (၁၄၄) တို့ လာကောက်တာတွေရှိတယ်။ ၂၀၀၇-၀၈ ဘိန်းစိုက်ရာသီကဆိုရင် မန်တုန်မြို့နယ်တခုတည်းမှာပဲ ကျပ် (၃၇) သန်းပေးရတယ်။ ဒီလိုဖြစ်ရတာက နအဖတွေကိုယ်တိုင်က အားပေးအားမြှောက်လုပ်တာကြောင့်ဖြစ်တယ်” ဟု ပြောသည်။
(NEJ)
။။။။။

နယ်မြေနှင့် ရွေးကောက်ပွဲအတွက် ရွာများ ဖျက်ဆီးခံရဟု KNU ပြော


ချင်းမိုင် (မဇ္ဈိမ)။ ။ ကရင်ရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသားတွေကို သတ်ဖြတ်နေခြင်းသည် နယ်မြေ စိုးမိုးလိုခြင်းနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲကို အာရုံမစိုက်နိုင်အောင် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ပြောသည်။

ယခုလ ၁၇ ရက်နေ့က ပဲခူးတိုင်းအရှေ့ပိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်တွင်းရှိ ခဲဒဲကျေးရွာတွင် စစ်ကြောင်း ကွပ်ကဲရေးဌာနချုပ် (စကခ) လက်အောက်ခံတပ်ရင်း ခမရ ၃၆၇ မှ နေအိမ် ၁၃ လုံး မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသား ၂ ဦးကို ပစ်သတ်ခဲ့သည့်လုပ်ရပ်ကို KNU က သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။
ခဲဒဲရွာ အပါအဝင် ခေါ်တော့ခီး၊ တီကော့ဒဲ၊ သောဝါးဒဲ၊ ခေါ်ထာ့၊ လယ်တော်လု၊ ဒေးဘော်ခီး၊ မူခီး၊ ထီးကော်ခီး၊ ခိုးလု စသည့် ကျေးရွာ ၁ဝ ရွာမှ ကရင်ရွာသား တထောင်ကျော်သည် တောထဲ၌ ပုန်းအောင်းနေရသည်ဟု သူက ပြောဆိုသည်။
။။။။။

ကြံ့ဖွံ့က အခမဲ့ကျုရှင်ကျောင်းများဖွင့်ကာ စည်းရုံး


ရန်ကုန်မြို့ရှိ ကျောင်းသားများ စာသင်ကြားမှုစရိတ် မြင့်သည့်အတွက် အပြင်ကျုရှင်များတွင် တက်ရောက်နိုင်မှုမရှိသည်ကို ကြံ့ဖွံ့က အခွင့်အရေးယူကာ စည်းရုံးမှု ပိုလုပ်လာကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ယခုနှစ်တက္ကသိုလ် ၀င်ခွင့်စာမေးပွဲဖြေဆိုမည့် ကျောင်းသား (၇၅) ရာခိုင်နှုန်းသည် သင်ကြားမှုစရိတ် ကြီးမြင့်မှုကြောင့် ပညာဒါန ကျုရှင်ကျောင်းများကို အားထားနေရသည့် အခြေအနေအပေါ် ကြံ့ဖွံ့က ပညာဒါန အခမဲ့ကျုရှင်ကျောင်းများကို ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်တွင်းရှိ မြို့နယ်တို့တွင် နေရာအနှံ့လိုက်ဖွင့်နေကြောင်း ကြည့်မြင်တိုင်မြို့နယ်မှ အငြိမ်းစား အထက်တန်းပြ ဆရာမတဦးက ပြောသည်။
(NEJ)
။။။။။

တိုက်လေယာဉ် ပျက်ကျမှု လေတပ်က စုံစမ်းစစ်ဆေးနေ


နယူးဒေလီ (မဇ္ဈိမ)။ ။ လေသူရဲတဦး သေဆုံးခဲ့ရသော ယခုလ ၂၂ ရက်နေ့က F-7 အမျိုးအစား ဂျက်တိုက်လေယာဉ် ပျက်ကျမှုကို စုံစမ်းစစ်ဆေးရန် မြန်မာလေတပ်က စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းခဲ့သည်ဟု လေတပ် သတင်းရပ်ကွက်များက ပြောသည်။

ဤစုံစမ်းရေး အဖွဲ့တွင် လေတပ် အင်ဂျင်နီယာဌာနမှ အင်ဂျင်နီယာအရာရှိ (EO) တဦးနှင့် ရန်ကုန် မင်္ဂလာဒုံ လေတပ်စခန်းမှ တပ်မှူးအပါအဝင် အရာရှိများ ပါဝင်မည်ဖြစ်သည်။

စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေရာတွင် ယခုအခါ အကြို လေ့လာစုံစမ်းမှု အဆင့်ကို ရောက်ရှိနေပြီဟု လက်တုံ့ပြန်ခံရမည်ကို စိုးရွံ့၍ အမည်မဖော်လိုသူ အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

ယခုအထိ ရရှိထားသော တွေ့ရှိချက်များအရ လေသူရဲ ဗိုလ်ကြီး ပြည့်ဖြိုးမျိုးသည် တရုတ်လုပ် F-7 ဂျက်တိုက်လေယာဉ်ကို စမ်းသပ် မောင်းနှင်နေစဉ် လေယာဉ်ဘီးများ ချမထားဘဲ ဆင်းသက်စဉ် ပျက်ကျသွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
။။။။။

လောင်စာဆီကဏ္ဍ ပုဂ္ဂလိကသို့လွှဲပြောင်းရန် စီစဉ်


စစ်အစိုးရက နှစ်ပေါင်းများစွာ ချုပ်ကိုင်ထားသည့် လောင်စာဆီ ရောင်းဝယ်မှုကဏ္ဍကို ပုဂ္ဂလိကသို့ လုံးဝလွှဲပြောင်းပေးရန် စီစဉ်နေသည်။

နိုင်ငံတ၀န်းရှိ လောင်စာဆီ အရောင်းဆိုင် (၂၅၀) ကျော်ကို ယခုနှစ် မတ်လတွင် ပုဂ္ဂလိကသို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန အရာရှိတဦးကို ကိုးကားပြီး ယနေ့ ရိုက်တာသတင်းတွင် ဖော်ပြသည်။

လောင်စာဆီကဏ္ဍ ပုဂ္ဂလိကပိုင်ပြောင်းရေး လုပ်ငန်းစဉ်တွင် နိုင်ငံခြားငွေလဲနှုန်းနှင့် ဈေးနှုန်းကြီးကြပ်ရေးကိစ္စ အကျေအလည် ညှိနှိုင်းနေကြောင်း သိရသည်။

နေ့စဉ် အပြောင်းအလဲရှိသည့် နိုင်ငံတကာပေါက်ဈေးဖြင့် ၀ယ်ယူ ဖြန့်ဖြူးရမည့် လောင်စာဆီ ရောင်းဝယ်ရေးကဏ္ဍတွင် တရားဝင် ငွေလဲလှယ်နှုန်း အနိမ့်အမြင့်အလိုက် ဈေးနှုန်းတည်ငြိမ်မှု မရှိမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။
(NEJ)
။။။။။

လျှို့ဝှက်ချက် ပေါက်ကြားသူ ၃ ဦး ထောင်ပြောင်းရွှေ့


ချင်းမိုင် (မဇ္ဈိမ)။ ။ နိုင်ငံတော် လျှို့ဝှက်ပေါက်ကြားမှုဖြင့် သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ် ခံထားရသူ ၃ ဦးကို ရန်ကုန် အင်းစိန်ထောင်မှ နယ်ထောင်များသို့ ပြောင်းရွှေ့ လိုက်ကြောင်း သိရသည်။

အငြိမ်းစား ဗိုလ်မှူးဝင်းနိုင်ကျော်ကို ပဲခူးတိုင်း သာယာဝတီထောင်၊ နိုင်ငံခြားရေးရုံး ဥရောပရေးရာဌာနမှ အကြီးတန်းစာရေး ကိုသူရကျော် (ခ) အောင်အောင်ကို ရှမ်းပြည်နယ် တောင်ငူထောင်နှင့် ဂိုပျံစိန် (ခ) အစီးကို မန္တလေးထောင်သို့ ယခုလ ၂၃ ရက်နေ့တွင် ပို့ဆောင်လိုက်ကြောင်း ထောင်အသိုင်းအဝိုင်းထံမှ သိရခြင်း ဖြစ်သည်။
။။။။။
27.1.10

မွန်ပြည်သစ် ထိန်းချုပ်နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်မှု ဆက်တိုက်ဖြစ်ပွား

မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသအတွင်းသို့ နအဖစစ်တပ်က စစ်ရေးအရ ဝင်ရောက်ကျူးကျော်နေမှုများ ယခုတလော၌ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။

မွန်ပြည်သစ် ဗဟိုဌာနချုပ်နှင့် (၃) မိုင်ခန့် ကွာဝေးသည့် ကျေးရွာတရွာအတွင်းသို့ နအဖစစ်တပ် အင်အား (၃၀) ကျော်တို့က ဇန်နဝါရီ (၁၀) ရက်နေ့တွင် ဝင်ရောက်လာပြီးနောက် (၃) နာရီကြာ စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မွန်ပြည်သစ် ထိပ်ပိုင်းခေါင်းဆောင်တဦးက “အပစ်ရပ်တုန်းက သဘောတူချက် (၁၃) ချက်ထဲမှာ မွန်ပြည်သစ်ရဲ့ အပစ်ရပ် ဒေသအဖြစ် ပင်းပွိုင့်အနေနဲ့ သတ်မှတ်ထားတဲ့ (၁၂) နေရာထဲကို နအဖတပ်က ဝင်ရောက်ကျူးကျော်ခွင့် မရှိရဘူးဆိုတဲ့ အချက်လည်း ပါတယ်။ ဝင်လာရင် အပစ်ရပ်စဲရေး ပျက်ပြီဆိုတဲ့ အဓိပ္ပာယ်ပေါ့။ နအဖဘက်က အခုလို လာစမ်းသလိုလို ကျူးကျော်ဝင်ရောက်လာနေတာ အပစ်ရပ်တုန်းက သဘောတူညီထားချက်ကို ချိုးဖောက်ရာရောက်တယ်။ ကျနော်တို့ဘက် ကတော့ ရရှိထားပြီးသား ငြိမ်းချမ်းရေးကိုတော့ တတ်နိုင်သလောက် ထိန်းသိမ်းသွားမယ်” ဟု ပြောသည်။
(NEJ)
။။။။။

ကိုညီညီအောင်အမှု အမိန့်ချမည့်ရက် ရွှေ့ဆိုင်း

မဇ္ဈိမ)။ ။ အမေရိကန်နိုင်ငံသား ကိုညီညီအောင် (ခ) ကိုကျော်ဇောလွင် အမှုနှင့်ပတ်သက်၍ ယနေ့ အမိန့်ချရန် ချိန်းဆိုခဲ့သော်လည်း လာမည့်လ ၁၀ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ကိုညီညီအောင် (၄၀ နှစ်) ၏ အမှုကို အသေးစိတ်လေ့လာရန် လိုအပ်သေးသဖြင့် အင်းစိန်ထောင်တွင်း တောင်ပိုင်းခရိုင် တရားရုံး တရားသူကြီး ဦးညိုထွန်းက ယမန်တပတ် ထပ်ပေးလိုက်ခြင်းဖြစ်သည်။
။။။။။

နိုင်ဝင်းဆွေ ဝတ္ထု (၂) အုပ် ပြန်လည်ထုတ်ဝေခွင့်ပြု


ဗမာပြည်ကွန်မြူနစ်ပါတီသို့ တောခိုသွားခဲ့ကာ ကရင့်တော်လှန်ရေးနယ်မြေတွင် ကျဆုံးသွားသည့် နာမည်ကြီးစာရေးဆရာ နိုင်ဝင်းဆွေ၏ ဝတ္ထု (၂) အုပ်ကို ပြန်လည်ထုတ်ဝေခွင့်ပြုလိုက်ကြောင်း စာပေစိစစ်ရေးရုံးမှ စုံစမ်းသိရသည်။စာရေးဆရာ နိုင်ဝင်းဆွေ၏ စာအုပ်အဟောင်းများ ထုတ်ဝေခွင့်ကို နှစ်ပေါင်းများစွာ ပိတ်ပင်ထားရာ သူသေလွန်ပြီးချိန် အနှစ် (၂ဝ) နီးပါးကြာ ယခုနှစ်မှ ပြန်လည်ထုတ်ဝေခွင့်ရခြင်းဖြစ်သည်။
(NEJ)
။။။။။။

အပစ်ရပ် မိုင်းလားအဖွဲ့ အတွင်းရေးမှူး လုပ်ကြံခံရ


ရွှေလီ (မဇ္ဈိမ)။ ။ ရှမ်းပြည် (အရှေ့ပိုင်း) အထူးဒေသ ၄ ရှိ စစ်အစိုးရနှင့် အပစ်ရပ်ထားသည့် မိုင်းလားအဖွဲ့ ခေါ် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် NDAA အတွင်းရေးမှူးသည် အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ယနေ့နံနက်ပိုင်းတွင် မိုင်းလားမြို့တွင် သေဆုံးသွားသည်။

NDAA – National Democratic Alliance Army အတွင်းရေးမှူး ဦးမင်းအိမ် (ခေါ်) Lin Hongshen သည် ယနေ့နံနက် ၆ နာရီခွဲခန့်က အဖော်တဦးနှင့်အတူ မိုင်းလားမြို့တွင်း လမ်းလျှောက်စဉ် သေနတ်သမားများက ပစ်ခတ်သဖြင့် သေနတ်ဒဏ်ရာ ၇ ချက်ခန့် ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်သည်။

အဖော်ဖြစ်သူလည်း ဒဏ်ရာပြင်းထန်စွာ ရရှိသဖြင့် တရုတ်နယ်စပ် ဆေးရုံတွင် ယခုအခါ ဆေးကုသမှု ခံယူနေရသည်။

ယခုလုပ်ကြံမှုကြောင့် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် အဆိုပြုချက်ကို ငြင်းဆန်နေသည့် NDAA အဖွဲ့တွင်း အခြေအနေများ ရှုပ်ထွေးနေပြီး၊ အောက်ခြေတပ်သားထု အသိုင်းအဝိုင်းက နအဖ စစ်တပ်နှင့် နီးစပ်သူများကို မလိုလား၍ လုပ်ကြံခြင်းလည်း ဖြစ်နိုင်ကြောင်း NDAA နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။
။။။။။။

သတင်းပေးအဖြစ် လူငယ်များကို ကြံ့ဖွံ့စည်းရုံး

မြန်မာနိုင်ငံအနှံ့ရှိ မြို့နယ်တို့တွင် စစ်အစိုးရအား ဆန့်ကျင်မည့် ရည်ရွယ်လှုပ်ရှားမှုများ ရှိမရှိ သတင်းပေးရန်အတွက် လူငယ်အချို့အား ကြံ့ဖွံ့က စည်းရုံးလျက်ရှိကြောင်း သိရသည်။

သတင်းပေးနိုင်မည့် လူငယ်များ ရရှိနိုင်ရန် ယခုနှစ်ဆန်းပိုင်းက စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ကြံ့ဖွံ့ အသင်း ၀င်ထားရသည့် (၁၀) တန်းအောင် ကျောင်းသားတဦးက ပြောသည်။ထိုသို့လုပ်ဆောင်ချက်မှာ (၁၀) တန်းအောင် ကျောင်းသားအရွယ်များနှင့် ကြံ့ဖွံ့ဘက်သို့ ပါနိုင်သောသူများကို ရွေးချယ်ကာ စွမ်းရည်မြှင့်တင်ရေးနှင့် စည်းရုံးရေးသင်တန်းကို မြို့နယ်အသီးသီးတွင်ပေးရန် ၂၀၀၉ ခု နှစ်လယ်ပိုင်းက ချမှတ်ခဲ့သည့် စီမံချက်ကြောင့်ဖြစ်ကြောင်း ရန်ကုန်တိုင်းကြံ့ဖွံ့အဖွဲ့မှ အလုပ်အမှုဆောင်တဦးက ပြောသည်။

အဆိုပါသင်တန်းကို သက်ဆိုင်ရာမြို့နယ်အလိုက် ကြံ့ဖွံ့အသင်းဝင်များ၊ စည်းရုံးရရှိသည့် လူငယ်များနှင့် ဖွင့်လှစ်ခဲ့ရာ နယ်မြေခံ စစ်တပ်အရာရှိ (၁) ဦး၊ မြို့နယ်ရဲတပ်ဖွဲ့ အရာရှိ (၁) ဦးနှင့် ကြံ့ဖွံ့မှ (၃) ဦးတို့က ပတ်ဝန်းကျင်တွင် သတင်းစုံစမ်းတတ်ရန်နှင့် လူမှုပေါင်းသင်းဆက်ဆံရေးကို သင်ကြားပေးခဲ့ကြောင်း သိရသည်။
(NEJ)
။။။။။

လားရှိုးတွင် စစ်တပ်ကို စည်းရုံးသည့် စာများကပ်

ချင်းမိုင် (မဇ္ဈိမ)။ ။ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ လူထုစားဝတ်နေရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲတွင် စစ်တပ်ပါ ပူးတွဲဖြေရှင်းစေလိုသည့် စည်းရုံးရေး စာများအား မကြာသေးခင်က ဓာတ်တိုင်နှင့် သစ်ပင်များတွင်ကပ်၍ လှုံ့ဆော်ခဲ့ကြောင်း နယ်မြေခံ ရဲစခန်းနှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယခုလ ၂၄ ရက်ညနှင့် ၂၅ ရက်နံနက်တွင် လားရှိုးမြို့ တိုင်းရုံးလမ်း၊ ဗျူဟာလမ်းနှင့် ဘူတာလမ်းတို့တွင် ကပ်သွားကြောင်း ရပ်ကွက် ၂ ရှိ အမှတ် (၁) ရဲစခန်းက မဇ္ဈိမကို ပြောသည်။
“တပ်နဲ့ပြည်သူ ဘဝတူ၊ အတူလက်တွဲ ဒို့အောင်ပွဲ” ၊ “စားဝတ်နေရေး ဖူလုံရေး၊ ချက်ချင်း ဖြေရှင်းပေး” “တွေ့ဆုံဆွေးနွေးအဖြေရှာရေး၊ လက်တွေ့ဦးစားပေး” စသည့် လှုံ့ဆော်စာများဖြစ်ကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။
(NEJ)
။။။။။

ကင်ဂျိ နာဂါအိ အမှတ်တရဆု အကျဉ်းကျ သတင်းထောက် (၂) ဦးရရှိ


ပြည်တွင်းသတင်းရယူမှုဖြင့် စစ်အစိုးရ၏ နှစ်ရှည် ထောင်ဒဏ်ချခံထားရသည့် သတင်းထောက် မလှလှဝင်းနှင့် ကိုဝင်းမော်တို့ (၂) ဦးကို ယမန်နေ့က ကင်ဂျိ နာဂါအိ အမှတ်တရဆု ရွေးချယ်ပေးအပ်လိုက်သည်။

၂၀၀၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုတွင် စစ်အစိုးရ သတ်ဖြတ်ခြင်းခံလိုက်ရသည့် ဂျပန်သတင်းထောက် မစ္စတာ ကင်ဂျိ နာဂါအိ အမှတ်တရအဖြစ် ဂျပန်အခြေစိုက် သတင်းဌာန အေပီအက်ဖ်နှင့် မြန်မာသတင်းသမဂ္ဂတို့ ပူးပေါင်းပြီး ယခုဆုကို ပေးအပ်ခြင်းဖြစ်သည်။

ဆုချီးမြှင့်ခြင်းခံရသူ သတင်းထောက် (၂) ဦးမှာ စစ်အစိုးရ အကျဉ်းထောင်ထဲတွင် နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရဆဲဖြစ်သည်။

အသက် (၂၆) နှစ်အရွယ် သတင်းထောက် မလှလှဝင်းသည် ပခုက္ကူမြို့ သံဃာတော်များအား တွေ့ဆုံမေးမြန်း သတင်းရယူခဲ့ သောကြောင့် ပြီးခဲ့သည့် ၂၀၀၉ ဒီဇင်ဘာလတွင် စစ်အစိုးရ၏ ထောင်ဒဏ် (၂၇) နှစ် ချမှတ်ခြင်းခံရသည်။

ဗီဒီယိုနှင့် ဓာတ်ပုံသတင်းထောက် ကိုဝင်းမော်ကိုလည်း စစ်အစိုးရက ၂၀၀၇ ခုနှစ်တွင် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် (၁၇) နှစ် ချမှတ်ခဲ့သည်။
(NEJ)
။။။။။

28.1.10

အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့များ စတင်ဖွဲ့စည်း

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ရဲတပ်ရင်းများသည် အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့များ ဖွဲ့စည်းပြီး လက်နက်စုဆောင်း မှုများ စတင်လုပ်ဆောင်နေကြောင်း သိရသည်။

၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော စက်တင်ဘာသံဃာ့လှုပ်ရှားမှုတွင် အဓိကရုဏ်းနှိမ်နင်းရေးတပ်များ အသုံးမပြုဘဲ စစ်သားများ အသုံးပြုပစ်ခတ်ခဲ့ပြီး နိုင်ငံတကာမှ ၀ိုင်းဝန်းရှုတ်ချမှုများ ရှိခဲ့ပြီးနောက်ပိုင်း ရွေးကောက်ပွဲ ပြုလုပ်မည်ဟု ပြောဆိုထားသည့် ယခုနှစ်တွင် ရဲတပ်ဖွဲ့ကို အဓိကရုဏ်း နှိမ်နင်းရေးတပ်များ ဖွဲ့စည်းထားရန် ပြည်ထဲရေးဝန်ကြီးဌာနက ယခုလ (၁၄) ရက်နေ့၌ ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ညွှန်ကြားလွှာတွင် အဆိုပါအဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့တခုတွင် ရဲမှူး (၁) ဦး၊ ဒုရဲမှူး (၁) ဦး၊ ရဲအုပ် သို့မဟုတ် ဒုရဲအုပ် (၂) ဦး၊ ရဲတပ်ကြပ်ကြီး၊ ရဲတပ်ကြပ်၊ ဒုရဲတပ်ကြပ် (၆) ဦးစီနှင့် ရဲတပ်သား (၇၈) ဦးပါဝင် ဖွဲ့စည်းရမည်ဟု ဖော်ပြထားသည်။

လက်နက်များအနေဖြင့် တပ်ဖွဲတဖွဲ့လျှင် မီးခိုးဗုံး (၂) လုံးစီနှင့် ပစ္စတို (၄) လက်၊ ရိုင်ဖယ် (၁၂) လက်၊ အမ် (၇၉) လောင်ချာ (၄) လက်၊ ရှဲဂန်း (၂) လက်စီ စီစဉ်ပေးထားပြီး ရဲတပ်သားများအနေဖြင့် တုတ်၊ ဒိုင်းနှင့် လေးခွများကို အဓိကအသုံးပြုရန် ညွှန်ကြားထားသည်။
(NEJ)
။။။။။

ဝန်ကြီးပြောဆိုချက် တရားရုံး လုပ်ပိုင်ခွင့်ကို ထိပါးဟု ဒေါ်စု ပြော


ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာတွင် ပြန်လွှတ်ပေးမည်ဟု ပြောခြင်းသည် တရားရုံး၏ လုပ်ပိုင်ခွင့်ကို ထိပါးရာရောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၌ ဗိုလ်ချုပ်မောင်ဦးက ယင်းသို့ ပြောဆိုခဲ့ခြင်းမှာ မပြောဆိုသင့်သော စကားဖြစ်သည်ဟု ယနေ့ သူမ၏ ရှေ့နေများနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
။။။။။

မီးပျက်မှု ကေအန်ပီပီကို အပြစ်တင်

နအဖစစ်အစိုးရသည် ပိတောက်မြေ အသံလွှင့်ဌာနမှတဆင့် လက်ရှိ ရန်ကုန်မြို့တွင် လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်နေမှုနှင့် ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) အဖွဲ့ကို ပြစ်တင် ရှုတ်ချမှုများ လုပ်နေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်မြို့ခံတဦးက “ပိတောက်မြေ အသံလွှင့်ဌာနကနေ လက်ရှိ ရန်ကုန်မြို့မှာ လျှပ်စစ်မီး ပျက်နေတာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ (၂၃) ရက်နေ့က ကယားပြည်နယ် ဒီမောဆိုမြို့နယ် လိုတာခု ကျေးရွာနားက လျှပ်စစ်ဓာတ်အား ပို့လွှတ်တဲ့ (၂၃ဝ) ကေဗွီအေ ဓာတ်အားလိုင်းက တာဝါတိုင်အမှတ် (၁၃၄) ကို ကေအန်ပီပီက မိုင်းထောင် ဖောက်ခွဲလိုက်လို့ ဖြစ်တယ်။ ကေအန်ပီပီဟာ အလားတူ ဇန်နဝါရီလ (၉) ရက်နေ့ကလည်း တာဝါတိုင်အမှတ် (၁၉၉) ကို မိုင်းထောင် ဖျက်ဆီးခဲ့သေးတယ်။ ခုလို လုပ်တာဟာ ကေအန်ပီပီအနေနဲ့ ပြည်သူတွေ လျှပ်စစ်မီး အပြည့်အဝရပြီး ပျော်ရွှင်ချမ်းမြေ့နေတာကို မနာလို မရှုစိမ့်လို့ လုပ်တာဖြစ်တယ် ဆိုပြီး အသံလွှင့်သွားတယ်။ အဲဒါကိုပဲ တနာရီ တကြိမ်လောက် လွှင့်နေတယ်။ မသိရင် မီးပျက်တာ စစ်အစိုးရကြောင့် မဟုတ်ဘူး၊ ကေအန်ပီပီကြောင့် ဆိုပြီး တလွဲအပြစ်ပုံချနေတယ်” ဟု ပြောသည်။
(NEJ)
။။။။။

ဒုက္ခသည် ပြန်ပို့လျှင် လုံခြုံရေး တာဝန်မယူဟု DKBA ပြော


ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းရှိ ယာယီ ဒုက္ခသည်စခန်း နှစ်ခုမှ ကရင် ဒုက္ခသည်များကို ပြန်ပို့လျှင် လုံခြုံရေး တာဝန်မယူနိုင်ကြောင်း တိုးတက်သော ဗုဒ္ဓဘာသာကရင် တပ်မတော် - DKBA က ပြောသည်။

နို့ဘိုးနှင့် အူးသူးထ စခန်းနှစ်ခုရှိ ဒုက္ခသည် ၂ဝဝဝ ကျော်အား ပြန်လက်ခံနိုင်သော်လည်း ပြန်လည် နေရာချထားမည့် နယ်မြေအတွင်း၌ ထောင်ထားသော မြေမြှုပ်မိုင်း အန္တရာယ်မှ အကာအကွယ် မပေးနိုင်ခြင်း ဖြစ်ကြောင်း DKBA မှ တပ်မှူးတဦးက ပြောဆိုခြင်း ဖြစ်သည်။
။။။။။

ဖောက်ခွဲရေးသမား (၁၁) ဦးကို ဖမ်းဆီးကြောင်း စစ်အစိုးရ ကြေညာ

ပြည်တွင်း ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ဆောင်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်အစိုးရက ဖောက်ခွဲရေးပစ္စည်းများဖြင့် လူ (၁၁) ယောက်ကို ဖမ်းဆီးရမိကြောင်း ယနေ့ နိုင်ငံပိုင် သတင်းစာများတွင် ကြေညာချက်ထုတ်ပြန်သည်။

စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမည်ဆိုသည့် ယခုနှစ်စတွင် နိုင်ငံအနှံ့ ဖောက်ခွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် ယမန်နေ့က ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် (၁) ဦး လုပ်ကြံခံရအပြီး ယခု ထပ်မံ၍ နိုင်ငံအတွင်း ဖောက်ခွဲဖျက်ဆီးရန် လုပ်ဆောင်နေသူများ ဆိုသူ (၁၁) ဦးကို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ယခု ဖမ်းဆီးရမိသူများသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် စက်တင်ဘာလအတွင်း ရန်ကုန်တိုင်း စက်မှုဇုန်အတွင်း ကမ္ဘာ့ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်) ၏ ကုန်သိုလှောင်ရုံ အပါအ၀င် နေရာ (၇) ခုကို ဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု စစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဌာနက ပြောကြားသည်။

ယခု ဇန်န၀ါရီလ (၂၂) ရက်မှ (၂၄) ရက်အတွင်း ခေါင်းဆောင်ဖြစ်သူဟု စွပ်စွဲခံရသူ ကိုကျော်ဇေလင်း အပါအ၀င် (၁၁) ဦးနှင့် လက်လုပ်မိုင်း (၃) လုံး၊ ပြုလုပ်ဆဲ လက်လုပ်မိုင်း (၅) လုံး၊ ဒီတိုနေတာ (၄၃) ခု၊ စပိန်နိုင်ငံလုပ် Astra MOD 3000 အမျိုးအစား ဒဿမ (၃၂) ပစ္စတိုတလက်၊ ကျည်ကတ်တခု၊ ကျည် (၃၃) တောင့်၊ ဂြိုဟ်တုဖုန်း (၁) လုံး၊ ၀ိုင်ယာကြိုးခွေ (၂) ခွေ၊ ဖြတ်စ (၆) စည်း၊ ယမ်းကြိုး (၃) ခွေနှင့် အဝေးထိန်းစနစ်သုံး ပစ္စည်းများကို သိမ်းဆည်းရမိသည်ဟုလည်း ပြည်ထဲရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ထို့အပြင် ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး ဆက်လက်လုပ်ကိုင်ရန် ကြံစည်နေသူဟု စွပ်စွဲခံရသူ ကိုကျော်ဇေလင်း (ခေါ်) ကိုဆိုင်းမှာ ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (ဘီအယ်လ်စီ) ထောက်ပံ့မှုဖြင့် ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ခဲ့ကြောင်း ဖော်ပြပါရှိသည်။

ယင်းသို့ ဖော်ပြမှုနှင့်ပတ်သက်ပြီး စစ်အစိုးရ စွပ်စွဲပြောဆိုနေသော သူမှာ ၎င်းတို့နှင့် မည်သို့မျှ ပတ်သက်မှုမရှိကြောင်း မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ငြင်းဆိုသည်။
(NEJ)
။။။။။

ရွေးကောက်ပွဲမတိုင်မီ ဒေါ်စုကို လွှတ်ရန် အတိုက်အခံများ ပြော


နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးရန် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီ လွှတ်ပေးသင့်ကြောင်း ပြည်တွင်းရှိ အတိုက်အခံ နိုင်ငံရေးသမားများက ပြောဆိုလိုက်သည်။

ထိုအထဲတွင် ဝါရင့်အတိုက်အခံ နှစ်ဦးနှင့် နိုင်ငံရေးပါတီတရပ်မှ ခေါင်းဆောင်တဦး ပါဝင်သည်။
။။။။။

ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့နှင့် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ တွေ့မည်


ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) မှ ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ မနက်ြဖန်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ တွေ့ဆုံရန်ရှိသည်။

အပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအတွက် အဓိကတာဝန်ယူထားသူ ဒု- ဗိုလ်ချုပ်ကြီး ရဲမြင့်အား ဥက္ကဋ္ဌ ဦးဇောင်းဟရားအပါအဝင် ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ် ဂေါ်ရီဇော်ဆိုင်း ဦးဆောင်သည့် ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့က မနက်ဖြန်တွင် မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တွင် တွေ့ဆုံရန်ရှိသည်ဟု ကေအိုင်အို ခေါင်းဆောင်များနှင့်နီးစပ်သူ မြစ်ကြီးနားဒေသခံတဦးက ပြောသည်။
(NEJ)
။။။။။

ဒီဗီဘီ သတင်းထောက် ထောင်ဒဏ် ၁၃ နှစ် ကျခံရ


ချင်းမိုင် (မဇ္ဈိမ)။ ။ အတိုက်အခံ သတင်းဌာနတခုဖြစ်သည့် နော်ဝေနိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ - ဒီဗီဘီ သတင်းထောက် ကိုငွေစိုးလင်းကို အင်းစိန်ထောင် အနောက်ပိုင်းခရိုင် တရားရုံးက ယမန်နေ့တွင် ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်ကြောင်း ၎င်းနှင့် နီးစပ်သူများ အဆိုအရ သိရသည်။

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်နေ ၂၈ နှစ်အရွယ် ကိုငွေစိုးလင်းကို အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃၃ (က) ဖြင့် ၁ဝ နှစ်နှင့် လဝက အရေးပေါ် ပြဋ္ဌာန်းချက် ဥပဒေ ပုဒ်မ ၁၃ (၁) ဖြင့် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်ကြောင်း ၎င်းတို့က ပြောဆိုခြင်း ဖြစ်သည်။
။။။။။

29.1.10

ပြည်ထဲရေးဝန်ကြီးပြောကြားချက် ဒေါ်အောင်ဆန်းစုကြည်တုံ့ပြန်


ဒေါ်အောင်ဆန်းစုကြည်အား လာမည့်နိုဝင်ဘာလတွင် ပြန်လွှတ်ပေးမည်ဟု နအဖပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၏ ပြောကြားချက်ကို ဒေါ်အောင်ဆန်းစုကြည်က မတရားသည့် ပြောဆိုချက်ဖြစ်ကြောင်း ပြန်လည်တုံ့ပြန်လိုက်သည်။

ယမန်နေ့က ရှေ့နေကြီး ဦးဉာဏ်ဝင်းနှင့် နေအိမ်တွင်တွေ့ဆုံခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးဉာဏ်ဝင်းက “နိုဝင်ဘာမှာ ဒေါ်စုကိုလွှတ်ပေးမယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောကြားတာနဲ့ပတ်သက်ပြီး ဒေါ်စုက ဒါမတရားတဲ့ ပြောကြားချက်ပဲတဲ့။ ဘာလို့လည်းဆိုတော့ သူ့ကိုအပြစ်ချထားတဲ့ ပြစ်မှုနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်တရားရုံးချုပ်က အမိန့်မချရသေးဘူး၊ မပြီးပြတ်သေးဘူး၊ မပြီးပြတ်ခင်အတွင်းမှာ ဒီလိုပြောတာဟာ တရားရုံးရဲ့ လုပ်ငန်းကို လွှမ်းမိုးပြောဆိုရာ ရောက်တယ်လို့ အဲလိုပြောပါတယ်” ဟု ပြောသည်။
(NEJ)
။။။။။

နိုင်ငံရေး အကျဉ်းသား ပိုများလာနိုင်ကြောင်း AAPP သုံးသပ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင် လှုပ်ရှားမှုများ ပိုမို များပြားလာနိုင်သဖြင့် ယခုနှစ်တွင် နိုင်ငံရေး အကျဉ်းသား အရေအတွက် ပိုများလာနိုင်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP-B က ပြောသည်။

၂၀၀၉ ခုနှစ်တွင် ရွေးကောက်ပွဲ ဆန့်ကျင်သူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး၊ ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်အစိုးရ ကြေညာထားသော ယခုနှစ်တွင်မူ ပြီးခဲ့သည့်နှစ်ထက် ပိုမိုသည့် ဆန့်ကျင်ကန့်ကွက်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ထိုင်းနိုင်ငံအခြေစိုက် AAPP-B က ထိုကဲ့သို့ သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။
။။။။။

ထိုင်း-မြန်မာနယ်စပ်ရောက် မြန်မာရဲအရာရှိတဦး
ရဲတပ်သားများဘ၀ ရင်ဖွင့်ပြောကြား


မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွင်း ကြီးနိုင်ငယ်ညှဉ်း မတရားဖိနှိပ်မှုဒဏ်များကို မခံနိုင်တော့သဖြင့် ကရင်ပြည်နယ်မှ ရဲအရာရှိတဦး ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးရောက်ရှိလာသည်။

ယခုရက်ပိုင်းအတွင်း ရောက်ရှိလာသည့် အဆိုပါ ဒု-ရဲအုပ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် စစ်အာဏာပိုင်များ၏ စေခိုင်းချက်အတိုင်း လှုပ်ရှားနေရပြီး ရဲတပ်ဖွဲ့အတွင်း၌လည်း အထက်မှ အောက်ခြေတပ်ဖွဲ့ဝင်များကို နေ့စဉ်ဖိအားပေးမှုများရှိနေသည့်အတွက် တပ်ဖွဲ့ဝင်များ စိတ်ဓာတ်ကျဆင်းနေသည်ဟု ပြောသည်။
(NEJ)
။။။။။

ပြည်သူထိခိုက်ရန် မိုင်းခွဲခြင်းမဟုတ် ဟု KNPP တုံ့ပြန်ချေပ

နယူးဒေလီ (မဇ္ဈိမ)။ ။ လျှပ်စစ်တာဝါတိုင် မိုင်းခွဲ ဖျက်ဆီးမှုတွင် တာဝန်ရှိသော်လည်း စစ်အစိုးရကို တိုက်ခိုက်ခြင်းသာဖြစ်ပြီး၊ ပြည်သူလူထု လျှပ်စစ်မီး မရရှိစေရန် မရည်ရွယ်ပါကြောင်း ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP က ပြောဆိုသည်။

ရန်ကုန်၌ လျှပ်စစ်မီးများ ဆိုးရွားစွာ ပြတ်တောက်နေခြင်းသည် ယခုလ ၂၃ ရက်နေ့တွင် ကယားပြည်နယ်ရှိ လျှပ်စစ်တာဝါတိုင် တခုကို KNPP က မိုင်းထောင် ဖျက်ဆီးခဲ့ခြင်းကြောင့်ဟု စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှ ထုတ်လွှင့်နေသည့် ပိတောက်မြေ FM က ယခုတပတ်အတွင်း စွပ်စွဲ ပြောကြားနေသည်များအပေါ် KNPP က တုံ့ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ကယားပြည်နယ် ဒီမောဆိုမြို့နယ် လိုတာခု ကျေးရွာအနီးရှိ လောပိတမှ တောင်ငူသို့ ဓာတ်အားပို့လွှတ်သည့် ၂၃၀ ကေဗွီအေ ဓာတ်အားလိုင်းမှ လျှပ်စစ်တာဝါတိုင် အမှတ် ၁၃၄ ပျက်စီးကာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ကြောင်းနှင့် ထိုအဖွဲ့က ယခုလ ၉ ရက်နေ့တွင် တာဝါတိုင်အမှတ် ၁၉၉ ကိုပါ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။

သို့သော် KNPP က တာဝါတိုင်အမှတ် ၁၃၄ ကိုသာ ၎င်းတို့လက်ချက်ဟု ဝန်ခံခဲ့ပြီး၊ တိုင်အမှတ် ၁၉၉ ကိုမူ ၎င်းတို့ လက်ချက် မဟုတ်ကြောင်း ငြင်းဆိုသည်။
။။။။။

ရွေးကောက်ပွဲ ဆန့်ကျင်သူ ရဟန်းပျို ချုပ်နှောင်သည့်နေရာ သိခွင့်မရသေး

၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိမှုဖြင့် နအဖအာဏာပိုင်တို့က ဖမ်းဆီးသွားသည့် မွန်ရဟန်းပျိုကို ရန်ကုန်မြို့သို့ ပို့ဆောင်လိုက်ပြီးနောက် ရက်သတ္တ (၃) ပတ်ကျော် ကြာမြင့်သော်လည်း မည်သည့်နေရာ၌ ချုပ်နှောင်ထားသည်ကို မသိရသေးကြောင်း ၎င်း၏ဆွေမျိုးများက ပြောသည်။အသက် (၂၈) နှစ်အရွယ် အရှင်ဥက္ကံသ ခေါ် ဦးဇင်း ဇော်လတ်သည် သံဖြူဇရပ်မြို့၌ ယခုလ (၇) ရက်တွင် ဒေသခံရဲတပ်ဖွဲ့၏ ဖမ်းဆီးလူဝတ်လဲခြင်းခံရပြီး ရိုက်နှက်စစ်ဆေးထားသည့်ဒဏ်ရာဖြင့် မော်လမြိုင်ဆေးရုံသို့ ရောက်ရှိလာကာ ရန်ကုန်သို့ ပို့ဆောင်ခဲ့ပြီးနောက် အစပျောက်သွားခြင်းဖြစ်ကြောင်း ဆွေမျိုးအသိုင်းအဝိုင်းထံမှ သိရသည်။မွန်ပြည်နယ် ချောင်းဆုံ (ဘီလူးကျွန်း) မြို့နယ် မုဒွန်းကျေးရွာဇာတိ အရှင်ဥက္ကံသအား ဖမ်းဆီးသွားပြီးနောက် ၎င်း၏ တကာတဦးဖြစ်သူ မုဒွန်းရွာသား လူငယ်တဦးကိုလည်း အာဏာပိုင်တို့က ဇန်နဝါရီ (၁၂) ရက်နေ့တွင် ထပ်မံဖမ်းဆီးခဲ့သည်။
(NEJ)
။။။။။

တန်းတူရေး လက်ခံလျှင် တော်လှန်ရေး စွန့်မည်ဟု KIO ထပ်ပြော

ချင်းမိုင် (မဇ္ဈိမ)။ ။ တိုင်းရင်းသားလူမျိုးများ တန်းတူရေးကို စစ်အစိုးရဘက်က လက်ခံလျှင် လက်နက်ကိုင် တော်လှန်ရေးကို စွန့်လွှတ်မည်ဟု ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ KIO က နအဖ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ယနေ့ တွေ့ဆုံရာတွင် ထပ်မံပြောဆိုလိုက်ပြန်သည်။

နအဖ အနေဖြင့် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ပါ တန်းတူအခွင့်အရေးကို လက်ခံပါက KIO သည် စစ်အစိုးရ အဆိုပြုထားသည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် မလိုအပ်ဘဲ တော်လှန်ရေးကိုပင် စွန့်လွှတ်မည်ဟု ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် - မပခ ရုံးတွင် တွေ့ဆုံကြရာ၌ KIO က ယခုလို ထပ်မံပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဤပြောဆိုချက်မှာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်းနှင့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များသည် တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်ရေးကို အခြေခံပြီး တိုင်းရင်းသားလူမျိုးများ တန်းတူညီမျှ အခွင့်အရေး အာမခံသည့် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့်အပေါ် ရည်ညွှန်း၍ ပြောဆိုခြင်းလည်း ဖြစ်သည်။
။။။။။

Sunday, January 24, 2010

3-2010

18.1.10

ဒေါ်စု လွတ်လာလိမ့်မည်ဟု ရှေ့နေများ မျှော်လင့်


ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်သည် အမှုနိုင်ပြီး လုံးဝ လွတ်မြောက် လာလိမ့်မည်ဟု အကောင်းဘက်ကို မျှော်လင့်ကြောင်း သူ၏ ရှေ့နေများက ပြောသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ခဲ့သည့် နေအိမ်တွင် ကန့်သတ် ချုပ်နှောင်ထားသည့် ပြစ်ဒဏ်ကို ပြင်ဆင်ရန် တင်သွင်းထားသည့်အပေါ် နှစ်ဖက်ရှေ့နေများက အပြီးသတ် လျှောက်လဲမှု ၃ နာရီကြာ ယနေ့ပြုလုပ်ခဲ့အပြီး ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ပျက်ပယ်ပြီးဖြစ်သော ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို အခြေခံထားသည့် ၁၉၇၅ ခုနှစ် ဥပဒေအရ စီရင်ခဲ့သည်ဟု ဆိုကာ တရားရုံး ဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက လက်မခံဘဲ ငြင်းပယ် ခဲ့ကြသည်။

တရားလို စစ်အစိုးရဘက်ကမူ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေသည် ရပ်ဆိုင်းသွားသော်လည်း ဖွဲ့စည်းပုံ ဥပဒေနှင့် သက်ဆိုင်သည့် ပုဒ်မများ ဆက်လက် တည်ရှိသည်ဟု တုံ့ပြန်ထားသည်။
။။။။။

ပေါက်ယူချန်း၏ စစ်ရေးသတိရှိရန် မိန့်ခွန်း ဝတပ်ဖွဲ့တီဗွီမှ ထုတ်လွှင့်


ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချန်း၏ မိန့်ခွန်းတိုအား ဝတပ်ဖွဲ့၏ ရုပ်မြင်သံကြားဌာနမှတဆင့် ဒေသအတွင်း ထုတ်လွှင့်ပြသနေသည်။

တရုတ်နှင့် ဝဘာသာဖြင့် ပြောကြားချက်တွင် ဝတပ်ဖွဲ့အနေဖြင့် ပါတီ၏ ဦးဆောင်မှုဖြင့် ဝဒေသအား စွမ်းစွမ်းတမံ ကာကွယ်သွားရန်အတွက် စစ်ရေးသတိရှိရန် ပြောဆိုခြင်းဖြစ်ပြီး ဝရုပ်မြင်သံကြားဌာန (WSTV) က နံနက်ပိုင်းနှင့် ညနေပိုင်းများတွင် ရက်ခြားဆိုသလို ထုတ်လွှင့်ပြသနေသည်ဟု ပန်ဆန်းမြို့မှ ဝတပ်ဖွဲ့ဝင်တဦးက ပြောသည်။
(NEJ)
။။။။။

နိုင်ငံရေးသမား ၂၀ ကျော် အမှု တလအတွင်း စီရင်ဖွယ်ရှိ


နယူးဒေလီ (မဇ္ဈိမ)။ ။ အင်းစိန်ထောင်တွင်း အထူးတရားရုံးများက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးရေ ၂၀ ကျော်၏ အမှုများအား ယခုလအတွင်း အပြီးသတ် စစ်ဆေးစီရင်ရန် စီစဉ်နေကြောင်း ရန်ကုန် ရှေ့နေ အသိုင်းအဝိုင်း အဆိုအရ သိရသည်။
နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၏ အမှုများကို အင်းစိန်ထောင်တွင်း၌ ယခုလို မြန်ဆန်စွာ စစ်ဆေးနေခြင်းသည် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်နေနိုင်ကြောင်း ရန်ကုန်ရှိ ဗဟိုတရားရုံးချုပ် ရှေ့နေတဦးဖြစ်သူ ဦးကြည်ဝင်းက ထင်မြင်ချက်ပေးသည်။
။။။။။

လာဘ်ပေးလာဘ်ယူကိစ္စ အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားချက်ထုတ်

လာဘ်ပေးလာဘ်ယူကိစ္စနှင့်ပတ်သက်ပြီး ဌာနဆိုင်ရာအကြီးအကဲများက မိမိလက်အောက်ဝန်ထမ်းများကို ပညာပေးရန် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားချက်တစောင် ထုတ်ပြန်ထားကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာရှိကြီးတဦးက ပြောသည်။အစိုးရ ဝန်ကြီးဌာန အသီးသီးတွင် လာဘ်ပေးလာဘ်ယူမှုသည် ခိုင်မာစွာ အမြစ်တွယ်နေပြီး အရာရှိမှ အထက်ဆင့် အားလုံးလိုလို အစိုးရပေးသည့် လစာ (၅-၆) သောင်းမှ (၁) သိန်းကျော်ကို မည်သူမှ ဂရုမစိုက်ကြောင်း၊ ယင်းငွေဖြင့်လည်း လူတန်းမစေ့ ကြောင်း၊ လာဘ်ယူမှုမှရသည့် ဝင်ငွေသည်သာ အဓိကဝင်ငွေဖြစ်ကြောင်း၊ ဌာနတွင်း ရာထူးတက်ချင်ရင်၊ နေရာပြောင်းချင်ရင် ကိုယ်ကိုယ်တိုင် လာဘ်ပြန်ပေးရကြောင်း ပြည်တွင်းအခွန်ဦးစီးဌာန ကုမ္ပဏီများ မှတ်ပုံတင်ရုံးမှ ဦးစီးအရာရှိတဦးက ပြောသည်။
(NEJ)
။။။။။

နိုင်ငံရေး အကျဉ်းသား ထောင်ဝင်စာ အပိတ်ခံရ

နယူးဒေလီ (မဇ္ဈိမ)။ ။ ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် အင်းစိန်ထောင်တွင် ၉ နှစ် ကျခံနေရသည့် လှိုင်သာယာမြို့နယ် အန်အယ်ဒီ မြို့နယ်စည်း အဖွဲ့ဝင် ဦးတင်ယုအား ထောင်ဝင်စာတွေ့ခွင့် တလပိတ်ကြောင်း သမီးဖြစ်သူက ပြောသည်။
။။။။။

အန်အယ်ဒီနှင့် အမေရိကန် ပညာရှင်အဖွဲ့ တွေ့ဆုံ


ချင်းမိုင် (မဇ္ဈိမ) ။ ။ အမေရိကန်နိုင်ငံ ဂျွန်ဟော့ပ်ကင်းစ် John Hopkins တက္ကသိုလ်မှ အရှေ့တောင် အာရှ လေ့လာရေးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ကားလ် ဒီ ဂျက်ဆင် (Karl D Jakson) ဦးဆောင်သော အဖွဲ့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်အချို့နှင့် တွေ့ဆုံခဲ့သည်။

ပါမောက္ခ ကားလ် ဒီ ဂျက်ဆင် ဦးဆောင်သော ၃ ဦးအဖွဲ့သည် ဇန်နဝါရီလ ၁၁ ရက်နေ့က ရန်ကုန်ရှိ အန်အယ်ဒီ ရုံးချုပ်သို့လာရောက်ပြီး ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဥာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးအုန်းကြိုင်တို့နှင့် ယခုလ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲမှ ၅ နာရီခွဲအထိ တနာရီကြာ တွေ့ဆုံခဲ့သည်။
။။။။။။။။။။။။။။။။။။။
19.1.10

အန်အယ်ဒီက ဗဟိုဦးစီးအဖွဲ့ကိုလည်း ပြန်ဖွဲ့ရန် ပြင်ဆင်


နယူးဒေလီ (မဇ္ဈိမ)။ ။ဗဟို အလုပ်မှုဆောင် အဖွဲ့ကို တိုးချဲ့လိုက်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နောက်ထပ် ခြေလှမ်းတရပ်အဖြစ် ၁၃ နှစ်ခန့် သက်ဝင်လှုပ်ရှားမှု မရှိတော့သည့် ပါတီ ဗဟိုဦးစီးအဖွဲ့ (CC) ကို ပြင်လည် ဖွဲ့စည်းသွားရန် ယမန်နေ့က ဆုံးဖြတ်လိုက်သည်။

ယမန်နေ့က ရန်ကုန်တိုင်း ရွှေဂုံတိုင်ရှိ ပါတီရုံးချုပ်တွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ် ဗဟို အလုပ်အမှုဆောင် ကော်မတီသစ် (CEC) အစည်းအဝေးက ရှေ့လုပ်ငန်းစဉ်အဖြစ် ဗဟိုဦးစီးအဖွဲ့သစ် (CC) ကို ပြင်လည် ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြောင်း ပါတီ ပြောခွင့်ရပုဂ္ဂိုလ်များ အဆိုအရ သိရခြင်း ဖြစ်သည်။၁၉၉၀ ခုနှစ်အတွင်းမှ စတင်၍ တိုင်းနှင့် ပြည်နယ် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့သည့် CC အဖွဲ့ဝင် ဦးရေသည် ၈၀ ရှိခဲ့သော်လည်း ၁၉၉၇ ခုနှစ်တွင် အာဏာပိုင်များက အဆိုပါ အဖွဲ့ဝင် အများအပြားကို ဖမ်းဆီး ထိန်းသိမ်းခဲ့သဖြင့် ဖျက်သိမ်းခဲ့သည့် သဘောမျိုး ဖြစ်ခဲ့ရကြောင်း သိရသည်။
။။။။။

ကချင်အထူးဒေသ (၁) အစည်းအဝေး သဘောတူညီချက်မရဘဲ ပြီးဆုံး


ဇန်နဝါရီ (၁၃) ရက်မှ (၁၆) ရက်အထိ မြစ်ကြီးနားမြို့တွင် ကျင်းပခဲ့သည့် ကချင်အထူးဒေသ (၁) အထူးအစည်းအဝေးပွဲ၌ မည်သည့်အရေးပါသော ဆုံးဖြတ်ချက်မှ မချနိုင်ဘဲ ပြီးဆုံးခဲ့ကြောင်း အစည်းအဝေးတက်ရောက်သည့် ကိုယ်စားလှယ်များက ပြောသည်။အစည်းအဝေးတွင် ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များက တပ်မှထွက်ပြီးဖြစ်သည့် တော်လှန်ရေး ရဲဘော်ဟောင်းများကို ကြည့်ရှုထောက်ပံ့ရေး၊ နယ်ခြားစောင့်တပ်တွင် တပ်ပြေးများနေသည့်အတွက် တပ်သားများကို ဒေသတွင်းမှ ပြောင်းရွှေ့ခြင်း မပြုရန် စစ်အစိုးရထံ တောင်းဆိုရေး၊ ကချင်အထူးဒေ (၁) ၏ စီးပွားရေးလုပ်ငန်းများကို ရှင်းပြရေး၊ လက်ရှိ ငြိမ်းချမ်းရေး ကောင်စီကို ကြားကာလ အုပ်ချုပ်ရေးအဖွဲ့အဖြစ် ပီပီပြင်ပြင် ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး၊ လုပ်ငန်းစဉ်အသစ်များ ချမှတ်ရေးနှင့် ဒေသက ထောက်ပံ့နေသည့် ကျောင်းဆရာများ၏လစာကိစ္စ စသည့်ကိစ္စရပ်များကို ဆုံးဖြတ်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။
(NEJ)
။။။။။

ဦးဝင်းတင် မန္တလေးသို့ ခရီးထွက်

နယူးဒေလီ (မဇ္ဈိမ)။ ။ အာဏာပိုင်များ၏ မျက်ခြေမပြတ် စောင့်ကြည့်ခံရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးဝင်းတင်သည် နိုင်ငံ့အလယ်ပိုင်းရှိ မန္တလေးမြို့သို့ ယမန်နေ့မှ စတင်၍ ခရီးထွက်လာသည်။

၁၉ နှစ်ကျော် အကျဉ်းကျခဲ့ရာမှ ပြန်လွတ်လာပြီးနောက် တနှစ်နှင့် ၄ လခန့်အတွင်း သွားလေရာနောက်သို့ အာဏာပိုင်များက သတိကြီးစွာ စောင့်ကြည့်နေခဲ့ရာမှ ယခုအခါ ရန်ကုန်မြောက်ပိုင်း ၄၃ဝ ခန့်မိုင်အကွာရှိ မန္တလေးသို့ ထွက်ခွာလာခြင်း ဖြစ်သည်။ မှတ်ပုံတင်ရပြီးနောက် နှလုံးခွဲစိတ်ကုသမှု ခံယူခဲ့ရသဖြင့် ကျန်းမာရေး အခြေအေနေအရ ခရီးမထွက်နိုင်ဘဲ ယခုမှ စတင်၍ ရန်ကုန်ပြင်ပ ခရီးရှည်ထွက်ခြင်း ဖြစ်သည်။
OoWinTinsယမန်နေ့ ညနေတွင် စတင်မည့် ခရီးစဉ်အတွက် ဘတ်စ်ကားလက်မှတ် ဝယ်ယူရာနှင့် ခရီးတလျှောက်၌ အနှောင့်အယှက် တစုံတရာ မရှိဘဲ မန္တလေးသို့ ယနေ့နံနက်ပိုင်းတွင် ရောက်လာခဲ့သည်။

ယနေ့ ကျင်းပသော နိုင်ငံကျော် သတင်းစာဆရာကြီး လူထုဦးလှ (ကွယ်လွန်) နှစ် ၁၀၀ ပြည့် အခန်းအနားသို့ တက်ရောက်ရန် ဦးဝင်းတင်နှင့်အတူ ဦးအုန်းကြိုင် (အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်ဝင်)၊ ကဗျာဆရာ ဖျာပုံနီလုံဦး (ခေါ်) ဦးအောင်မြင့်နှင့် စာရေးဆရာ မုံရွာအောင်ရှင်တို့လည်း လိုက်ပါလာကြသည်။
။။။။။

လူထုဦးလှ ရာပြည့်အခမ်းအနား ကျင်းပ


သတင်းစာဆရာနှင့် စာရေးဆရာကြီး လူထုဦးလှ၏ ရာပြည့်အခမ်းအနားကို မန္တလေးမြို့ မဏိရတနာရာမ မြတောင်တိုက်၌ ယနေ့နံနက်တွင် ကျင်းပပြုလုပ်သည်။

လူထုဦးလှ၏ အသက်တရာပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် သံဃာတော် (၅၅) ပါးကို နေ့ဆွမ်းကပ်လှူခဲ့ကာ အခမ်းအနားသို့ တက်ရောက်လာသည့် ပရိသတ်များကိုလည်း နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရသည်။

လူထုဦးလှ၏ ရာပြည့်အခမ်းအနားအတွက် ဆရာကြီး ဒဂုံတာရာ၊ ဦးသော်ကောင်း၊ ဆရာမကြီး ကလျာ (၀ိဇ္ဇာသိပ္ပံ) နှင့် ဦးဝင်းငြိမ်းတို့က ပေးပို့သော မွေးနေ့သ၀ဏ်လွှာများကိုလည်း ဖတ်ကြားခဲ့ကြောင်း လူထုဦးလှ၏သားဖြစ်သူ စာရေးဆရာ ညီပုလေးက ပြောသည်။

ထို့အပြင် စာရေးဆရာကြီး လူထုစိန်ဝင်း၊ ဆရာမ ခင်နှင်းဦးနှင့် စောနိုင် (မန္တလေးတက္ကသိုလ်) တို့ ရေးသားကြသော စာတမ်း (၄) စောင်ကိုလည်း အခမ်းအနားတွင် ဖတ်ကြားခဲ့သည်ဟု စာရေးဆရာ ညီပုလေးက ပြောသည်။

ဆရာကြီး လူထုဦးလှ ရာပြည့်အခမ်းအနားသို့ ရန်ကုန်မှ စာပေလောကသား (၅၀) ကျော် တက်ရောက်ခဲ့ကြောင်း အခမ်းအနား တက်ရောက်ခဲ့သူ ရန်ကုန်အခြေစိုက် သတင်းဂျာနယ်တစောင်မှ သတင်းထောက်တဦးက ပြောသည်။
(NEJ)
။။။။။

စစ်အစိုးရအလိုကျ ဆောင်းပါးများ ဖော်ပြရန် ဂျာနယ်များကို ညွှန်ကြား


ချင်းမိုင် (မဇ္ဈိမ) ။ ။ စာပေစိစစ်ရေးက ပြည်တွင်းအခြေစိုက် သတင်းဂျာနယ်အချို့အား သတင်းတပုဒ်နှင့် ဆောင်းပါးတပုဒ်ကို ပြီးခဲ့သည့် ရက်ပတ်က ဖိအားပေးကာ ထည့်ခိုင်းသည်ဟု ပြည်တွင်းအယ်ဒီတာများက ပြောသည်။

ဂျော်ဒန်နိုင်ငံရောက် မြန်မာနှင့် ဘင်္ဂလားဒေ့ခ်ျ လုပ်သားများအကြား အုပ်စုလိုက် ရန်ပွဲဖြစ်ပွားပြီးနောက် အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်က ကြားဝင်ဖြေရှင်းပေးမှုဖြင့် ပြဿနာ ပြေလည် သွားစေခဲ့သည် ဆိုသော သတင်းနှင့် ပဲခူးတိုင်း သဲကုန်း မြို့နယ် အင်းမကျေးရွာမှ တပ်မ ၆၆ နှင့် စစ်ထောက်လှမ်းရေး အကြား ပြဿနာ ပေါ်ပေါက်မှု ကောလာဟလ မဟုတ်မှန်ဟူသော ဆောင်းပါးတို့ကို မထည့်မနေရ ထည့်သွင်း ဖော်ပြခိုင်းလာခြင်း ဖြစ်သည်။
။။။။။။။။။။။။။။။။။
20.1.10


မြန်မာနှင့်ဆက်ဆံရေး စိတ်ရှည်မည် မဟုတ်ဟု
အမေရိကန်အစိုးရ ထိပ်တန်းအရာရှိ ပြောကြား


အမေရိကန်အစိုးရက မြန်မာစစ်အစိုးရနှင့် ဆက်ဆံရာတွင် စိတ်ရှည်ရှည်ထားရန် လိုအပ်သော်လည်း အကန့်အသတ်မရှိ သည်းခံနေမည်မဟုတ်ကြောင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်ဘဲလ်က ပြောကြားလိုက်သည်။

၎င်းက “ဒီနေရာမှာ စိတ်ရှည်ဖို့ လိုအပ်တယ် ဆိုပေမယ့် ကျနော်တို့ဟာ အဆုံးမရှိ စိတ်ရှည်သည်းခံသွားမှာ မဟုတ်ပါဘူး။ ဖြစ်သင့်တဲ့ အချိန်အတွင်းမှာ တိုးတက်မှု အဆင့်တချို့ရှိဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

ဝါရှင်တန်ရှိ အမေရိကန်နိုင်ငံခြားရေးဌာနတွင် ယမန်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များအား ပြောဆိုသွားခြင်းဖြစ်သည်။

အမေရိကန်အစိုးရနှင့် ပြောဆိုဆက်ဆံနေမှုများအရ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ရှိမရှိ သိရှိနိုင်ရန်အတွက် အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာစစ်အစိုးရ အာဏာပိုင်များနှင့် မကြာမီအတွင်း တွေ့ဆုံရန် စီစဉ်နေကြောင်းလည်း မစ္စတာ ကာ့တ်ကမ်ဘဲလ်က ပြောသည်။
(NEJ)
။။။။။

ကိုညီညီအောင်ကို ဒုတိယအကြိမ် တိုက်ပိတ်

ချင်းမိုင်(မဇ္ဈိမ)။ ။ အင်းစိန်ထောင်တွင်းမှ အမှုရင်ဆိုင်နေရသော အမေရိကန် နိုင်ငံသား ကိုညီညီအောင်သည် ဇန်နဝါရီ ၁၂ ရက်နေ့မှစ၍ ဒုတိယအကြိမ် တိုက်ပိတ်ခံနေရပြန်ကြောင်း အတိုက်အခံ နိုင်ငံရေး သတင်းရပ်ကွက်က ပြောသည်။
ယခုလ ၁၈ ရက်နေ့တွင် ကိုညီညီအောင်၏ အဒေါ်များဖြစ်သည့် ဒေါ်စုစုကြည်နှင့် ဒေါ်ခင်ခင်ဆွေတို့ နှစ်ဦး အင်းစိန်ထောင်၌ ထောင်ဝင်စာ တွေ့ခွင့်မရခဲ့ဘဲ ပြန်သွားကြရသည်။

ပုံမှန်အားဖြင့် နှစ်ပတ်တကြိမ် တွေ့ခွင့်ပြုထားသော်လည်း ယခုမူ ၃ ပတ်တကြိမ်သာ ခွင့်ပြုတော့သည်ဟု ဆိုပြီး ထောင်အာဏာပိုင်များက မိသားစုဝင်များကို အကြောင်းပြန်ခဲ့သည်။

ကိုညီညီအောင် တိုက်ပိတ်ခံထားရသည်ဟု ကြားသိရကြောင်း ရှေ့နေ ဦးဥာဏ်ဝင်းကလည်း ပြောသည်။
။။။။။

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ လုပ်ပိုင်ခွင့် တနှစ်သက်တမ်းတိုး


မြန်မာနိုင်ငံတွင်း အဓမ္မခိုင်းစေမှု တိုင်ကြားချက်များ ဆောင်ရွက်နေသည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (အိုင်အယ်လ်အို) က နောက်ထပ် (၁) နှစ် သက်တမ်းတိုးလုပ်ဆောင်ရန် ယခုလ (၁၉) ရက်တွင် စစ်အစိုးရနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးလိုက်သည်။
(NEJ)
။။။။။

စစ်အစိုးရနှင့် ငြိမ်းအဖွဲ့များကြား ရင်မအေးဖွယ် ကြုံနေ


နယူးဒေလီ (မဇ္ဈိမ)။ ။ ငြိမ်းအဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် အသွင်ပြောင်းရန် စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို အဆိုပါအဖွဲ့များက ငြင်းဆန်ခဲ့အပြီး နှစ်ဖက်ကြား တင်းမာနေကြသော်လည်း အေးဆေး ငြိမ်သက်လျက် ရှိသည်ဟု အကဲခတ်များ၏ အပြောအရ သိရသည်။

စစ်အစိုးရနှင့် လက်နက်ကိုင် အပစ်ရပ်အဖွဲ့များအကြား မြင်သာထင်သာရှိသော တင်းမာမှုများ ရှိမနေသော်လည်း စစ်အစိုးရက နောက်တလှမ်း လှမ်းရန်အတွက် ဆက်လက်ပြီး လျှို့ဝှက် ပြင်ဆင်နေသည်ဟု တရုတ်-မြန်မာနယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ယမန်နေ့က မဇ္ဈိမကို ပြောသည်။ဒီမိုကရေစီသစ်တပ်မတော် - ကချင် (NDA-K) အပါအဝင် ငြိမ်းအဖွဲ့အနည်းငယ်က အဆိုပါ ကမ်းလှမ်းချက်ကို လက်ခံခဲ့ကြသော်လည်း ပိုမိုအင်အားကြီးမားသော ဝ'ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) ကဲ့သို့သော အဖွဲ့ကြီးများက လက်မခံ ငြင်းဆန်ခဲ့ကြသဖြင့် စစ်အစိုးရ၏ အစီအစဉ် ရပ်တန့်သွားခဲ့ရသည်။

အပစ်ရပ်အဖွဲ့အားလုံး လိုအပ်သော အပြောင်းအလဲများ ပြုလုပ်ထားကြရန် နောက်ဆုံးရက်အဖြစ် ၂ဝဝ၉ ခုနှစ် အောက်တိုဘာလကို စစ်အစိုးရက အစောပိုင်းတွင် သတ်မှတ်ထားခဲ့သော်လည်း အဖွဲ့ အများအပြားက အဆိုပါ အစီအစဉ်ကို ငြင်းဆန်ခဲ့ကြပြီးနောက်ပိုင်းတွင် နောက်ဆုံးရက်ကို ၂ဝဝ၉ ခုနှစ်ကုန်အထိ ရွှေ့ဆိုင်းပေးခဲ့ရသည်။
။။။။။

အပစ်ရပ် ရှမ်းပြည်တပ်မတော် ပြည်သူ့စစ်အသွင်ပြောင်းရန် အခက်ခဲဖြစ်နေ

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ စိန်ကျော့အခြေစိုက် ရှမ်းပြည် တပ်မတော်အား ပြည်သူ့စစ်အသွင်ပြောင်းရန် အောက်ခြေတပ်ရင်းများက သဘောမတူသည့်အတွက် နအဖထံ အကြောင်းပြန်ရန် အဖွဲ့ခေါင်းဆောင်များ အခက်တွေ့နေသည်။

ဥက္ကဋ္ဌ ဦးလွယ်မောင်၊ ဒု-ဥက္ကဋ္ဌ ဦးကိုင်ဖ အပါအဝင် အဖွဲ့ခေါင်းဆောင်များကို ပြည်သူ့စစ်အသွင်ပြောင်းရန် နအဖဘက်က ဖိအားပေးတောင်းဆိုနေ သော်လည်း ဗိုလ်မှူးကြီး ပန်ဖ ဦးဆောင်သည့် ဝမ်ဟိုင်းအခြေစိုက် တပ်မဟာ (၁) နှင့် အောက်ခြေ တပ်ရင်း တပ်ဖွဲ့များက လက်မခံနိုင်သည့်အတွက် ယခုကဲ့သို့ အခက်တွေ့နေခြင်းဖြစ်သည်ဟု ရှမ်းတပ်ဖွဲ့နှင့်နီးစပ်သူ ဒေသခံတဦးက ပြောသည်။
(NEJ)
။။။။။

ငြိမ်းအဖွဲ့ နာယက ရိုက်မှု ကြေအေး

ရွှေလီ (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်ရှိ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းထားသည့် ကချင်လက်နက်ကိုင် အဖွဲ့တဖွဲ့မှ နာယက တဦးကို မူးယစ်ရဲအရာရှိက ယခုလ ၁၆ ရက်နေ့တွင် ရိုက်နှက်မှု ဖြစ်ပွားခဲ့ရာ ယခုအခါ နှစ်ဖက်ညှိနှိုင်း၍ ကြေအေးခဲ့ကြပြီ ဖြစ်သည်။

ဦးလဆန်အောင်ဝါအဖွဲ့မှ နာယကတဦးဖြစ်သူ ဦးအူဒီနော်ထွဲကို မူးယစ်ရဲအရာရှိက ရိုက်နှက်သဖြင့် မျက်စိ၌ ဒဏ်ရာရခဲ့သော်လည်း ၂ ရက်အကြာတွင် မူးယစ်ရဲတပ်ဖွဲ့က လာရောက်တောင်းပန်ရာမှ ပြေလည်မှု ရရှိသွားခြင်း ဖြစ်သည်။
။။။။။။။။။။။။။။။။။။
21.1-10

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲမတိုင်ခင် လူ့အခွင့်အရေးအခြေအနေများ ဆိုးဝါးခဲ့


မြန်မာနိုင်ငံတွင် ကျင်းပရန်ကြေညာထားသည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများမှာ ဆက်လက်ဆိုးဝါးနေခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) ကြီးက ပြောကြားလိုက်သည်။

ဇန်န၀ါရီလ (၂၀) ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် ၂၀၁၀ နိုင်ငံတကာလူ့အခွင့်အရေး အစီရင်ခံစာတွင် ယင်းသို့ ဖော်ပြထားခြင်း ဖြစ်သည်။

မြန်မာနအဖစစ်အစိုးရက ပြည်သူများ၏ အခြေခံအခွင့်အရေးများဖြစ်သော လွတ်လပ်စွာဖော်ထုတ်ခွင့်၊ လွတ်လပ်စွာစုဝေးခွင့်နှင့် အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့် စသည်တို့ကို စနစ်တကျ ပိတ်ပင်ထားသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံရေးအကျဉ်းသား (၂,၁၀၀) ကျော် အကျဉ်းထောင်များအတွင်း ရှိနေခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် (၁၈) လ ချမှတ်လိုက်ခြင်းသည် ရွေးကောက်ပွဲတွင် နိုင်ငံရေးအရ စစ်မှန်သည့် ပါဝင်ယှဉ်ပြိုင်ခွင့် မပေးလိုခြင်းကို စစ်အစိုးရက ပြသလိုက်ခြင်းဖြစ်သည်ဟုလည်း ထောက်ပြထားသည်။
(NEJ)
။။။။။

ပြည်ထဲရေးဝန်ကြီးစကား လူ့အခွင့်အရေးသမားများ လက်မခံ


ချင်းမိုင် (မဇ္ဈိမ)။ ။ မဲခေါင်ဒေသသည် လူကုန်ကူးသူများအတွက် လုံခြုံသည့်နေရာ မဟုတ်ကြောင်း မြန်မာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောသော်လည်း စစ်အစိုးရအနေဖြင့် လူကုန်ကူးမှု တိုက်ဖျက်ရေး အားနည်းနေသေးကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။

ယမန်နေ့က ပုဂံမြို့တွင် စတင်ကျင်ပေးသော သတ္တမ အကြိမ်မြောက် မဲခေါင်ဒေသတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေး၌ ဗိုလ်ချုပ်မောင်ဦးက “လူကုန်ကူးသူများသည် ကွန်ယက်များ ထူထောင်၍ ဂိုဏ်းဖွဲ့ ကျူးလွန်နေကြကြောင်း၊ ယင်း ကွန်ယက်များကို မဲခေါင်ဒေသတွင်းနိုင်ငံများက ကောင်းစွာ တုံ့ပြန်နိုင်သည့် အတွက် မိမိတို့ မဲခေါင်ဒေသသည် လူကုန်ကူးသူများအတွက် Safe Heaven မဟုတ်တော့ကြောင်း” ဟူ၍ ပြောကြားသွားသည်။

သို့သော် မြန်မာနိုင်ငံတွင် လူကုန်ကူးမှု ဥပဒေကို လက်တွေ့ အကောင်အထည် ဖော်ရာတွင် အားနည်းနေသည်ဟု ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့အစည်း (HREIB) မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဝေဖန် လိုက်သည်။
ထိုင်းနိုင်ငံအတွင်း၌ လူကုန်ကူးခံသူများ၏ ၅ဝ ရာခိုင်နှုန်းကျော်မှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း ထိုင်းနိုင်ငံ မြောက်ပိုင်း အခြေစိုက် လူကုန်ကူးမှု ကာကွယ်တားဆီးရေး NGO တခုဖြစ်သည့် TRAFCORD က ပြောသည်။
။။။။။

ထိုင်းအရာရှိက မြန်မာလူမှုရေးအဖွဲ့များအား သတိပေး


(ချင်းမိုင်) မဇ္ဈိမ။ ။မြန်မာလူမှုအဖွဲ့အစည်းများကို စိစစ်အရေးယူသွားမည်ဟု ထိုင်းအရာရှိတဦးက သတိပေး ပြောကြားလိုက်သည်။

ယခုလ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် တာ့ခ်မြို့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တခုတွင် တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး ဆမာ့တ်လွိုင်ဖာ က လူမှုရေးဘန်းပြပြီး နိုင်ငံရေး လုပ်နေသည့် အဖွဲ့အစည်းများကို အရေးယူသွားမည်ဟု ပြောကြားသွားခဲ့သည်။

မြန်မာအတိုက်အခံအဖွဲ့အစည်းများကို ဖိတ်ကြားခြင်း မရှိသည့် သတင်းစာရှင်းပွဲ၌ ခရိုင် အုပ်ချုပ်ရေးမှူးက ပညာရေး၊ ကျန်းမာရေးကိစ္စများ လုပ်ကိုင်နေသည့် အဖွဲ့များကိုမူ ဆက်လက် ခွင့်ပြုမည်ဟု အသိပေးခဲ့သည်။
။။။။။

ကိုဇာဂနာအမှု အယူခံ ကြားနာမည်


ချင်းမိုင် (မဇ္ဈိမ) ။ ။ ဟာသ သရုပ်ဆောင်နှင့် ဒါရိုက်တာ ကိုဇာဂနာ ခေါ် ကိုသူရ၏ အထူးအယူခံ လျှောက်လဲချက်ကို ဗဟို တရားရုံးချုပ်တွင် ယခုလ ၂၅ ရက်နေ့တွင် ကြားနာမည် ဖြစ်သည်။

ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသူ ကိုဇာဂနာ၏ ရှေ့နေများက ပြီးခဲ့သည့် နှစ်လခန့်က အယူခံစာ တင်သွင်းခဲ့ရာ လျှောက်လဲချက် ကြားနာမှုကို လက်ခံကြောင်း ဗဟို တရားရုံးချုပ် က ထုတ်ပြန်ထားသည်။
။။။။။
22.1.10

ဒေါ်အောင်ဆန်းစုကြည်နေအိမ် ပြင်ဆင်မှုရပ်တန့်ရန် တရားဝင် ကန့်ကွက်


ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့် နေအိမ်ပြင်ဆင်မှုကို ရပ်တန့်ပေးရန် ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ၎င်း၏ရှေ့နေ ဦးဟန်တိုးမှတဆင့် တားဝရမ်း လျှောက်ထားလိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေ ဦးဉာဏ်ဝင်းက ပြောကြားသည်။

ယမန်နေ့ ဇန်န၀ါရီ (၂၁) ရက်တွင် ရန်ကုန်တိုင်းတွဲဖက် (၂) တရားရုံး၌ ရှေ့နေ ဦးဟန်တိုးက ယင်းသို့ တားဝရမ်း လျှောက်ထားခဲ့ခြင်းဖြစ်ပြီး လာမည့်ဖေဖော်ဝါရီ (၄) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရှေ့နေများက ပြန်လည်လျှောက်ထား ကန့်ကွက်သွားမည်ဟု သိရသည်။
(NEJ)
။။။။။

ဦးဝင်းတင် ရန်ကုန်ပြန်ရောက်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဆယ်စုနှစ် ၂ ခုနီးပါး အကျဉ်းကျခဲ့ရာမှ ပြန်လွတ်လာပြီးနောက် နယ်သို့ ပထမဆုံး အကြိမ် ခရီးထွက်သွားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးဝင်းတင်သည် ယနေ့တွင် ရန်ကုန်သို့ ပြန်လည်ရောက်ပြီ ဖြစ်သည်။

၃ ရက်ကြာ မန္တလေး-မေမြို့ ခရီးစဉ်တွင် မန္တလေးတိုင်း မြို့နယ် ၃၀ မှ ပါတီဝင်များကို ပါတီ ဗဟိုအလုပ်အမှုဆောင် တိုးချဲ့ပြင်ဆင်ခြင်းနှင့် ရွှေဂုံတိုင်စာတမ်း ရပ်တည်ချက်တို့ကို အလေးထား ရှင်းပြခဲ့ကြောင်း သိရသည်။
။။။။။

ကိုညီညီအောင်အမှု အပြီးသတ်လျှောက်လဲချက် တင်သွင်း

အမေရိကန်နိုင်ငံသား ခံယူထားသူ ကိုကျော်ဇောလွင် (ခေါ်) ကိုညီညီအောင်အား စွဲချက်တင်ထားသည့်အမှု (၃) မှုကို အင်းစိန်အထူးတရားရုံးတွင် ယနေ့ နှစ်ဘက်ရှေ့နေများက အပြီးသတ်လျှောက်လဲချက် တင်သွင်းကြပြီး လာမည့် (၂၇) ရက် နံနက် (၁၀) နာရီတွင် အမိန့်ချမှတ်မည်ဟု ကိုညီညီအောင်၏ အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောကြားသည်။

ကိုညီညီအောင်အား အစိုးရဘက်မှ စွဲချက်တင်ထားသည့် အမှုများမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားအတု ကိုင်ဆောင်မှု၊ နိုင်ငံခြားငွေစက္ကူကိုင်ဆောင်မှုနှင့် မြန်မာနိုင်ငံတွင်း နေထိုင်သူများ မှတ်ပုံတင်ဥပဒေအရ အရေးယူသည့်အမှုတို့ဖြစ်သည်။
(NEJ)
။။။။။

တိုက်လေယာဉ်ပျက်ကျ ပိုင်းလော့ သေဆုံး


ချင်းမိုင် (မဇ္ဈိမ)။ ။ တရုတ်နိုင်ငံလုပ် အက်ဖ်-၇ အမျိုးအစား ဂျက်တိုက်လေယာဉ် တစီးသည် ယနေ့ နံနက်တွင် ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်တွင် ပျက်ကျရာ လေသူရဲသေဆုံးကြောင်း လေတပ် သတင်းရပ်ကွက် တခုက ပြောသည်။

သေဆုံးသူ လေသူရဲမှာ ဗိုလ်ကြီး ပြည့်ဖြိုးမျိုး ဖြစ်သည်ဟု သတင်းတွင် ပါရှိသည်။
။။။။။

အန်ဒီအေ (ကချင်) အဖွဲ့ ဗဟိုကော်မတီဝင်များကို
လက်နက်နှင့် ကားပါမစ်လဲရန် စီစဉ်ပေး


စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကို လက်ခံလိုက်သည့် အန်ဒီအေ (ကချင်) အဖွဲ့ ဗဟိုကော်မတီဝင်များကို ကားပါမစ်တစောင်စီ ထုတ်ပေးလိုက်ခြင်းသည် ဒေသတွင်း လက်နက်အပ်ရန် ကျန်နေသည့်ကိစ္စ အဆင်ပြေစေရေး ရည်ရွယ်ပုံရကြောင်း မြစ်ကြီးနားမြို့မှ အန်ဒီအေ တပ်ဖွဲ့ဝင်ဟောင်းတဦးက ပြောသည်။
။။။။။

Sunday, January 17, 2010

Note 2-2010

အန်အယ်လ်ဒီ လုပ်ငန်းတာဝန်များလုပ်ဆောင်ရန် အားသစ်လောင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်သစ် (၉) ဦးကို ထပ်မံတိုးချဲ့ရန် ယနေ့အစည်းအဝေးတွင် သဘောတူဆုံးဖြတ်ပြီးဖြစ်သော်လည်း အမည်စာရင်းအတိအကျကို လာမည့်တနင်္လာနေ့တွင်မှ ထုတ်ပြန်သွားမည်ဟု အန်အယ်လ်ဒီ ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ဆွေက ပြောသည်။ ရန်ကုန်မြို့၊ အန်အယ်လ်ဒီအဖွဲ့ချုပ်ရုံး၌ ယနေ့ ကျင်းပသည့်အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၇) ဦးနှင့် ဗဟိုအလုပ်အမှုဆောင် အရန်အထောက်အကူအဖွဲ့ (၁၄) ဦးတို့ တက်ရောက်ကြောင်းလည်း ၎င်းက ပြောသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ယခုကဲ့သို့ ရွေးချယ်ရာတွင် အောက်ခြေ အန်အယ်လ်ဒီအဖွဲ့ဝင်များ တောင်းဆိုသကဲ့သို့ ညီလာခံတရပ် ခေါ်ယူကျင်းပပေးရန် လက်တွေ့အခြေအနေတွင် မဖြစ်နိုင်သည့်အတွက် ယခုကဲ့သို့လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်သည့် ဦးဝင်းတင်က ပြောသည်။
(NEJ)
။။။။။

ဓါးစာခံ ရှာပြီး သေဒဏ်ပေးခြင်းဟု လုပ်ဖော် ကိုင်ဖက်ဟောင်းက ပြော

ချင်းမိုင်(မဇ္ဈိမ)။ ။ ၂၀၀၁ ခုနှစ်ကအငြင်းပွါးဖွယ် ရဟတ်ယာဉ် ပျက်ကျ သေဆုံးသွားခဲ့သော နအဖ အတွင်းရေးမှူး ၂ ဗိုလ်ချုပ်ကြီးတင်ဦးနှင့် ပတ်သက်သည့် အတိတ်က လျှို့ဝှက်ချက်များကို အစ ဖျောက်လိုသဖြင့် အရာရှိ နှစ်ဦးကိုလွန်ခဲ့သော သောကြာနေ့က သေဒဏ်ပေးခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ထမ်းဟောင်းတဦးက မြန်မာ စစ်အစိုးရကို စွပ်စွဲ ပြောကြားလိုက်ပါသည်။

ထိုသူနှစ်ဦးကို စစ်အစိုးရ ဝန်ကြီး နှစ်ဦး၏ နိုင်ငံခြား ခရီးစဉ်များနှင့် မြန်မာနိုင်ငံတွင် တည်ဆောက် နေသော မြေအောက် ဥမင်ကွန်ရက်များ အကြောင်း အသေးစိတ် အချက်အလက်များ ပေါက်ကြားစေခဲ့မှုဖြင့် စွပ်စွဲ အပြစ်ပေးခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော သောကြာနေ့က သေဒဏ်ပေးခံခဲ့ရသူ နှစ်ဦးက မြန်မာ စစ်အစိုးရ စွပ်စွဲသည့်အတိုင်း လျှို့ဝှက်ချက်များ ပေါက်ကြားစေခဲ့သည် ဆိုသည်ကို သူ မယုံကြည်ကြောင်းဖြင့် ကမ္ဘောဒီးယား နိုင်ငံ မြန်မာသံရုံးမှ သံအမှုထမ်းဟောင်း တဦးဖြစ်သူ ဦးစိန်လွင်က မဇ္ဈိမနှင့် ပြုလုပ်ခဲ့သော တွေ့ဆုံ မေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။
။။။။။

ဒုက္ခသည်များ ဂျပန်ရောက်လျှင် ၆ လသင်တန်း တက်ရမည်


ချင်းမိုင် (မဇ္ဈိမ) ။ ။ ဂျပန်နိုင်ငံက ပထမဆုံး လက်ခံမည့် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည် ဦးရေ ၃၀ သည် ဂျပန်နိုင်ငံ ရောက်လျှင် နိုင်ငံတကာ ရွှေ့ပြောင်း အခြေချ နေထိုင်သူများရုံး IOM ၏ ၆ လကြာ သင်တန်းကို တက်ရမည်ဟု သိရသည်။

အာရှတိုက် နိုင်ငံတခု၏ ဒုက္ခသည်လက်ခံမှု ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံက ထိုင်း-မြန်မာနယ်စပ်မှ ဒုက္ခသည်များကို ၃ နှစ် စီမံကိန်းဖြင့် တနှစ်လျှင် ၃၀ ဦး နှုန်းဖြင့် ခေါ်ယူသွားရန် သတ်မှတ်ထားရာတွင် ပထမ အသုတ်အနေဖြင့် မယ်လစခန်းမှ ခေါ်ယူရန် စီစဉ်နေစဉ် ဂျပန်ရှိ မြန်မာ လုပ်သားများအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းတခုက ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။
မဇ္ဈိမသတင်းမှကောက်နှုတ်ချက်
။။။။။

နှစ်နိုင်ငံ ရေပိုင်နက် ဆွေးနွေးပွဲကို ဧပြီလတွင် ထပ်မံကျင်းပမည်


ဒါကာ (မဇ္ဈိမ)။ ။ နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားနေမှု အဆုံးသတ်ရန် ကြိုးပမ်းနေသော မြန်မာနှင့် ဘင်္ဂလားဒေ့ခ်ျ နှစ်နိုင်ငံတို့သည် ဧပြီလတွင် နောက်ထပ် တွေ့ဆုံ ဆွေးနွေးရန် ယခုလ ၉ ရက်နေ့တွင် သဘောတူလိုက်ကြသည်။

ဘင်္ဂလားဒေ့ခ်ျနှင့် မြန်မာ ကိုယ်စားလှယ်များသည် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ စစ်တကောင်းမြို့ အာဂရာဘ အရပ်ရှိ အာဂရာဘ ဟိုတယ်တွင် ၂ ရက်ကြာ အစည်းအဝေးတခုကို ပြုလုပ်ပြီးနောက် ယခုလို ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။

ဆွေးနွေးပွဲသို့ မြန်မာဘက်မှ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သည့် ၁၃ ဦးပါအဖွဲ့နှင့် ဘင်္ဂလားဒေ့ခ်ျဘက်မှ ပင်လယ်ရေပြင် ပိုင်နက်ဥပဒေ ကုလသမဂ္ဂ ကွန်ဗင်းရှင်း၏ တွဲဖက် နိုင်ငံခြားရေး ဝန်ကြီး အငြိမ်းစား ရေတပ်ဗိုလ်ချုပ် Md Khurshed Alam ဦးဆောင်သည့် ၁၅ ဦးပါ အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။
။။။။။။။။။။။။။။

12.1.10

အွန်လိုင်းလုံခြုံမှု သက်သေခံလက်မှတ် စနစ်သုံးရန် စစ်အစိုးရစီစဉ်


နအဖစစ်အစိုးရ၏ ရုရှနှင့် မြောက်ကိုရီးယားခရီးစဉ် လျှို့ဝှက်မှတ်တမ်းများ၊ လျှို့ဝှက်စီမံကိန်းများ ပေါက်ကြားခဲ့ပြီးနောက် စစ်အစိုးရက သတင်းအချက်အလက် လုံခြုံရေးအတွက် အွန်လိုင်းလုံခြုံမှု သက်သေခံလက်မှတ်စနစ် အသုံးပြုရန် အပူတပြင်း စီစဉ်နေသည်။

ယခုလ (၉) ရက်နေ့တွင် လှိုင်မြို့နယ် မြန်မာအင်ဖိုတက်တွင် စစ်အစိုးရ ဆက်သွယ်ရေး ဒု-၀န်ကြီးကို ကွန်ပျူတာ ပညာရှင်များက အွန်လိုင်းလုံခြုံမှု သက်သေခံလက်မှတ်စနစ် အကောင်အထည်ဖော်ရေး၊ နည်းဥပဒေပိုင်းဆိုင်ရာ လိုအပ်ချက်များကို အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ယင်း အွန်လိုင်းလုံခြုံမှုစနစ်ကို အစ္စရေးမှ လာရောက်ပြသ မိတ်ဆက်ခဲ့ဖူးသော်လည်း မြန်မာစစ်အစိုးရက စိတ်ဝင်စားမှု မရှိခဲ့ကြောင်း၊ ယခုအချိန်မှ အွန်လိုင်း လုံခြုံရေးစနစ်ကို အပူတပြင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကွန်ပျူတာပညာရှင် အသိုင်းအ၀ိုင်းက ပြောကြားသည်။
(NEJ)
။။။။။

အယူခံအရေး ဒေါ်စု ရှေ့နေများနှင့် တွေ့

ချင်းမိုင် (မဇ္ဈိမ)။ ။ နေအိမ်အချုပ် ပြစ်ဒဏ် အပေါ် ပြင်ဆင်ရေး အယူခံအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေများ ယနေ့ နှစ်နာရီကြာ တွေ့ဆုံ ဆွေးနွေးကြသည်။

လာမည့် ၁၈ ရက်နေ့၌ ဗဟိုတရားရုံးတွင် အယူခံ အပြီးသတ် လျှောက်လဲချက် ပေးရေး အတွက် ရှေ့နေ ဦးဥာဏ်ဝင်း၊ ဦးကြည်ဝင်းတို့ နှစ်ဦးဖြင့် မွန်းလွဲပိုင်းမှစ၍ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ဆွေးနွေးကြခြင်း ဖြစ်သည်။

သို့သော် ယခင်က ပါဝင် ဆွေးနွေးခွင့်ရခဲ့သော ရှေ့နေ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့ကိုမူ ရဲသတင်းတပ်ဖွဲ့က ကန့်သတ် တားမြစ်လိုက်သည်။
။။။။။

သေဒဏ်ကျ နိုင်ငံ့ဝန်ထမ်း (၂) ဦးကို လွှတ်ပေးရန် သံဃာ့တပ်ပေါင်းစု တောင်းဆို


နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် ပြီးခဲ့သည့် ဇန်န၀ါရီ (၇) ရက်တွင် မြန်မာစစ်အစိုးရ၏ သေဒဏ်ချမှတ်ခြင်း ခံခဲ့ရသည့် အဆင့်မြင့် နိုင်ငံ့ဝန်ထမ်း(၂) ဦးကို နှစ်သစ်အခါသမယ၌ အမြန်ဆုံးပြန်လွှတ်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးက ယနေ့ တောင်းဆိုလိုက်သည်။သေဒဏ်အပြစ်ပေးခံရသူများမှာ အငြိမ်းစားဗိုလ်မှူး ဝင်းနိုင်ကျော်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းစာရေး ဦးသူရကျော်တို့ ဖြစ်ကြပြီး စစ်အစိုးရ၏ ထိပ်တန်းလျှို့ဝှက် စီမံကိန်းများဖြစ်သည့် နျူကလီးယား ဓာတ်ပေါင်းဖို ဆောက်လုပ်ရေး စီမံကိန်း၊ မြေအောက် လှိုဏ်ခေါင်းများ စီမံကိန်း၊ နိုင်ငံခြားတိုင်းပြည်များမှ စစ်လက်နက်ပစ္စည်း တင်သွင်းမှုဆိုင်ရာ မှတ်တမ်းများ ပြည်ပမီဒီယာများသို့ ပေါက်ကြားခဲ့ပြီးနောက် အစွပ်စွဲခံရပြီး သေဒဏ်အပြစ်ပေးခံရခြင်း ဖြစ်သည်။

သေဒဏ်ကျ ဗိုလ်မှူး ဝင်းနိုင်ကျော်သည် ၂၀၀၁ ခုနှစ်က ရဟတ်ယာဉ် ပျက်ကျ၍ ကွယ်လွန်သွားသူ နဝတ အတွင်းရေးမှူး (၂) ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦး၏ ကိုယ်ရေးအရာရှိတဦးဖြစ်၍ ထိုစဉ်က ထိပ်ပိုင်းခေါင်းဆောင်အချင်းချင်း လုပ်ကြံခဲ့မှုကို နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဖျောက်ဖျက်နိုင်ရန် ယခုကဲ့သို့ သေဒဏ်ပေးလိုက်ခြင်းဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး သုံးသပ်သူတို့က ပြောဆိုနေကြသည်။
(NEJ)
။။။။။

ကိုညီညီအောင် အမှု ကြားနာခြင်း အဆုံးသတ်


နယူးဒေလီ (မဇ္ဈိမ)။ ။တရားလိုပြ သက်သေတဦးကို စစ်ဆေးပြီးနောက် ရန်ကုန် တောင်ပိုင်းခရိုင် တရားရုံးသည် မြန်မာနိုင်ငံဖွား အမေရိကန် လူမျိုး ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်၏အမှု သက်သေများ ကြားနာ စစ်ဆေးခြင်းကို အင်္ဂါနေ့က အဆုံးသတ် လိုက်ပါသည်။

`နှစ်ဘက် ရှေ့နေတွေက ဇန်နဝါရီလ ၂၂ ရက်နေ့မှာ နောက်ဆုံး လျှောက်လဲချက် ပေးရပါမယ်။ ဒါပြီးရင် ရုံးက စီရင်ချက်ချပါမယ်´ ဟု ရှေ့နေတဦးဖြစ်သူ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

နိုင်ငံသား ခံယူထားသူ အမေရိကန် လူမျိုးသည် စာရွက်စာတန်း အတုပြုလုပ်မှု၊ နိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်မှုတို့ဖြင့် အမှု ရင်ဆိုင်နေရသည်။
။။။။။

အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး တည်ဆောက်ပြီးကြောင်း စစ်အစိုးရပြော

မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန၀န်ကြီး ဦးသောင်းက ပြောကြားလိုက်သည်။

အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆွေးနွေးပွဲများ မစတင်နိုင်သေးဘဲ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နယ်ခြားစောင့်အရေး ဆွေးနွေးမှုများ အပြီးမသတ်သေးသည့်အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက်ဆင်နွှဲနေသည့် စစ်အစိုးရက ယမန်နေ့က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
ယင်းပြောဆိုချက်နှင့်ပတ်သက်၍ တိုင်းရင်းသားခေါင်းဆောင်များကမူ နအဖစစ်အစိုးရသည် နိုင်ငံတွင်း အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိုင်သေးကြောင်း ထောက်ပြပြောဆိုသည်။

အပစ်ရပ် တိုင်းရင်းသားအဖွဲ့များက နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး လက်မခံခြင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲများ မစတင်နိုင်ခြင်း၊ နယ်စပ်ဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေခြင်း၊ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို မပြင်ဆင်နိုင်ခြင်း၊ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်များကို ဖမ်းဆီးချုပ်နှောင်ထားခြင်းတို့မှာ ထင်ရှားသည့်အချက်များ ဖြစ်သည်ဟု ၎င်းတို့က ပြောသည်။
(NEJ)
။။။။။။

၃ မျိုးသုံး ဖိုင်ဘာဆက်ကြောင်း ရန်ကုန်တွင် စတင်တော့မည်


ရန်ကုန် (မဇ္ဈိမ)။ ။ ဖိုင်ဘာဆက်ကြောင်း တခုတည်းဖြင့် အင်တာနက်၊ ကေဘယ်တီဗီနှင့် တယ်လီဖုန်း ၃ မျိုးစလုံးအတွက် ရန်ကုန်တွင် မကြာခင် စတင် သုံးစွဲနိုင်တော့မည် ဖြစ်သည်။

ဝန်ဆောင်မှုကို ပုဂ္ဂလိက လုပ်ငန်းရှင်များ လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ပြီး၊ ကနဦး တပ်ဆင်ကြေး မသိရသေးသော်လည်း လစဉ်ကြေးအဖြစ် FEC ၅၀ ခန့်ကို သုံးစွဲလိုသူများက ပေးဆောင်ရမည်ဟု သိရသည်။

ဖိုင်ဘာဆက်ကြောင်းများကို ရန်ကုန်မြို့လည်ရှိ ကျောက်တံတား၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ပန်းဘဲတန်းနှင့် လသာမြို့နယ်တို့တွင် အသုံးပြုနိုင်ရန် တပ်ဆင်ပြီး ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း သတင်းရပ်ကွက်များက ဆိုသည်။

ယခု ဆက်သွယ်ရေး စနစ်တွင် ဒေသတွင်း အသုံးပြုရန်အတွက် မြန်နှုန်းမြင့် ကွန်နက်ရှင်ကို တစက္ကန့်လျှင် ၂.၅ ဂီဂါဘိုက် (GBPS) အဖြစ် ထားရှိပြီး၊ ထိုအမြန်နှုန်းမှာ ရုပ်သံလိုင်းများကို ကောင်းမွန်စွာ ကြည့်ရှုနိုင်မည်။
။။။။။။။။။။။။။။။။

13.1.10

တပ်မ ၆၆ တပ်နှင့် ထောက်လှမ်းရေးတပ် တင်းမာမှုဖြစ်ပွား

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင် အင်းမကျေးရွာ အခြေစိုက်သည့် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတရင်းနှင့် ထောက်လှမ်းရေးတပ်တို့အကြား ပြီးခဲ့သည့်ရက်သတ္တပတ်မှစ၍ တင်းမာမှု ဖြစ်ပွားနေသည်။

သဲကုန်းမြို့နယ် အင်းမကျေးရွာရှိ ခမရ ၈၀ နှင့် ခမရ ၅ သို့ ရန်ကုန်မှရောက်လာသည့် ထောက်လှမ်းရေး တပ်ဖွဲ့အကြား တင်းမာမှုများ ရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသလို ဒေသခံများကလည်း ပြောကြားကြသည်။ဘီဘီစီ မြန်မာပိုင်း ယမန်နေ့ ညပိုင်း အစီအစဉ်ကမူ တပ်မ ၆၆ လက်အောက်ခံ အာဏာဖီဆန်သည့် ခမရ ၈၀ တပ်က ပြီးခဲ့သည့် တနင်္ဂနွေညက ပစ်ခတ်မှုများရှိခဲ့ရာ ဒဏ်ရာပြင်းထန်သည့် ခမရ ၅ မှ ထောက်လှမ်းရေး တပ်ကြပ်ကြီးတဦး အင်းမရွာနှင့် ရွာတောင်ကြားရှိ စစ်ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း ထုတ်လွှင့်ခဲ့သည်။
။။။။။

ဥက္ကဋ္ဌ ပေါက်ယူချန်းနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း
နအဖကမ်းလှမ်းမှုကို ဝတပ်ဖွဲ့ပယ်ချ


ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ပေါက်ယူချန်းအား တွေ့ဆုံ ဆွေးနွေးလိုကြောင်း စစ်ဘက်ရေးရာလုံခြုံရေးဌာန (စရဖ) အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၏ မကြာသေးမီရက်ပိုင်းက ကမ်းလှမ်းလာမှုကို ဝတပ်ဖွဲ့က ပယ်ချထားသည်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ သို့မဟုတ် တန့်ယန်းမြို့သို့ ဝတပ်ဖွဲ့ဥက္ကဋ္ဌ ပေါက်ယူချန်း လာရောက်ပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စရပ်များအား ဆွေးနွေးရန် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ကမ်းလှမ်းထားသည်ကို မဖြစ်နိုင်သည့်အကြောင်း ပြန်လည်ပြောဆိုထားသည်ဟု အမည်မဖော်လိုသည့် ဝအရာရှိတဦးက ပြောသည်။
(NEJ)
။။။။။

အတိုက်အခံ အမျိုးသမီးများ ၂၂ မြို့နယ် ဖြန့်ကျက်


နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မြို့နယ်အမျိုးသမီးအဖွဲ့များကို လွန်ခဲ့သည့် ၇ လအတွင်း တိုးချဲ့ဖွဲ့စည်းခဲ့ရာ မြို့နယ် ၂၂ မြို့နယ်တွင် ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

ပါတီ စည်းရုံးရေး လုပ်ငန်းများ ပြုလုပ်ရန်အတွက် ပြီးခဲ့သည့်နှစ် ဇွန်လမှစတင်၍ ရန်ကုန်၊ မန္တလေးနှင့် တနင်္သာရီတိုင်းတွင် အန်အယ်ဒီ အမျိုးသမီးလုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ (ဗဟို) က ကြီးမှူး ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်တိုင်းတွင် ကော့မှူး၊ မရမ်းကုန်း၊ လှိုင်၊ သံလျင်၊ အင်းစိန်၊ လှိုင်သာယာ၊ ရန်ကင်း၊ ဗဟန်း၊ ခရမ်း၊ သာကေတ၊ ဒဂုံမြို့သစ် အပါအဝင် မြို့နယ် ၁၂ မြို့နယ်၊ တနင်္သာရီတိုင်းတွင် ၈ မြို့နယ်နှင့် မန္တလေးတိုင်းတွင်မူ ၂ မြို့နယ်တို့ ဖြစ်သည်။
။။။။။။။။။။။။။။။။။။

14.1.10

ကချင်အထူးဒေသ (၁) အထူးအစည်းအဝေးပွဲ ကျင်းပ

ဦးဆခုံတိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ (၁) ၏ အထူး အစည်းအဝေးပွဲတရပ်ကို ဇန်နဝါရီ (၁၃) ရက်နေ့မှစပြီး မြစ်ကြီးနားမြို့တွင် ကျင်းပနေကြောင်း တက်ရောက်နေသည့် ကိုယ်စားလှယ်များက ပြောသည်။အစည်းအဝေး ပထမနေ့ နံနက်ပိုင်းတွင် ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းက နယ်ခြားစောင့်တပ် ဖွဲ့စည်းပြီးဖြစ်၍ တပ်တွင်ပါဝင်ခြင်း မရှိတော့သည့် ယခင်ခေါင်းဆောင်အသီးသီးသည် လက်နက်ကိုင်ဆောင်ခွင့် မရှိတော့သဖြင့် မိမိတို့၏လက်နက်များကို သက်ဆိုင်ရာထံ သွားရောက်သတင်းပို့ အပ်နှံကြရန် နှိုးဆော်သည်။

ထို့နောက် တက်ရောက်လာကြသည့် ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင် ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များကို ရှေ့ဆက် ဘာလုပ်သင့်သလဲ ဆိုသည်နှင့် ပတ်သက်ပြီး တင်ပြစရာ ရှိသည်များကို တင်ပြကြရန် ခွင့်ပြုသည်။အစည်းအဝေးကို လာမည့် ဇန်နဝါရီ (၁၆) ရက်အထိ နေ့စဉ် ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိ ငြိမ်းချမ်းရေးကောင်စီအနေဖြင့် ပါတီဖွဲ့စည်းသင့်မသင့်၊ ကချင်အထူးဒေသ (၁) ၏ စီးပွားရေးလုပ်ငန်းများ မည်ကဲ့သို့ ဆက်လက်လုပ်ကိုင်မည် စသည့်ကိစ္စရပ်များကို ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
(NEJ)
။။။။။

တပ်မ ၆၆ ပြဿနာ မဟုတ်မှန်ဟု ငြင်းဆန်

ချင်းမိုင် (မဇ္ဈိမ)။ ။ တပ်မ ၆၆ လက်အောက်ခံ တပ်များနှင့် ထောက်လှမ်းရေးတပ်များ အကြား တင်းမာမှု ဖြစ်ပွားနေသည်ဆိုခြင်းကို နေပြည်တော်ရှိ စစ်ဘက် သတင်းရပ်ကွက်တခုက မဟုတ်မှန်ကြောင်း ငြင်းဆို လိုက်သည်။

စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) သည် သီးခြား ဖွဲ့စည်းထားခြင်းဖြစ်ပြီး ခြေမြန်တပ်ရင်း ၅ သို့လည်း ပို့ဆောင်ထားခြင်း မရှိကြောင်းနှင့် ရှေ့တန်း စစ်မျက်နှာပြင် မဟုတ်သည့် အခြေစိုက် တပ်ရင်းစခန်းများတွင် ဗဟိုကင်းအဖွဲ့များနှင့် ကိုယ်ရံတော် တပ်ဖွဲ့ဝင်များမှအပ လက်နက်တပ်ဆင် ပေးထားခြင်း မရှိသဖြင့် ပစ်ခတ်မှု ဖြစ်ပွားဖွယ်မရှိဟု သတင်းရပ်ကွက်က ပြောသည်။
။။။။။

ယခုနှစ်အတွင်း ရွေးကောက်ပွဲလုပ်မည်ဟု နအဖနိုင်ငံခြားရေးဝန်ကြီး ပြောကြားပြန်


နအဖစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ကတိပြုထားသည့်အတိုင်း ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဖြစ်ပြီး တရားမျှတမှုရှိစေရမည်ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ပြောဆိုကြောင်း အာဆီယံအထွေထွေ အတွင်းရေးမှူး ဆူရင်ပစ်စ၀မ်က ယမန်နေ့က ပြောကြားသည်။

ဗီယက်နမ်နိုင်ငံတွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်နေသည့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအား ယမန်နေ့ ညစာစားပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း မစ္စတာ စူရင်ပစ်စ၀မ်က ပြောသည်။
(NEJ)
။။။။။

တွေ့ဆုံ ဆွေးနွေးရန် ဝ ဥက္ကဋ္ဌ ငြင်းဆို

ချင်းမိုင်(မဇ္ဈိမ)။ ။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စ ထပ်မံ ဆွေးနွေးရန် နအဖ ဒုဗိုလ်ချုပ်ကြီးရဲမြင့်က တွေ့ဆုံလိုသည်ကို ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ - UWSP ဥက္ကဋ္ဌ ပေါက်ယူချန်းက ကျန်းမာရေး အကြောင်းပြချက်ဖြင့် မကြာသေးခင်က ငြင်းဆိုလိုက်သည်။

ယခုလဆန်းပိုင်းတွင် စစ်ဘက်ရေးရာ လုံခြုံရေးဌာန - စရဖ အကြီးအကဲ ဗိုလ်ချုပ်ကြီးရဲမြင့်က ဖုန်းဖြင့် ပြောဆိုလာခြင်းဖြစ်ကြောင်း UWSP ပါတီ လက်အောက်ခံဖြစ်သည့် ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် - UWSA မှ ဗိုလ်မှူးတဦးက မဇ္ဈိမကို ပြောဆိုသည်။မည်သည့်နေရာတွင် တွေ့ဆုံသည်ဖြစ်စေ ဝ’ တပ်ဖွဲ့အနေဖြင့် ဗိုလ်ချုပ်ကြီးရဲမြင့်ထံ နိုဝင်ဘာလက တင်ပြခဲ့သော အချက် ၉ ချက်ကို ဆက်လက်ကိုင်စွဲသွားမည်ဟု အဆိုပါအရာရှိက ပြောသည်။
။။။။။

ဗဟိုအလုပ်အမှုဆောင်သစ် (၉) ဦး၏အမည် အန်အယ်လ်ဒီ ကြေညာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို အဖွဲ့ဝင်သစ် (၉) ဦးတို့ဖြင့် တိုးချဲ့ တာဝန်ပေးအပ်လိုက်သည်။

ဗဟိုအလုပ်အမှုဆောင်များအဖြစ် တာဝန်ပေးခြင်းခံရသူများမှာ (၁) ဒေါက်တာ သန်းငြိမ်း၊ (၂) ဦးအုန်းကြိုင်၊ (၃) ဦးဝင်းမြင့်၊ (၄) ဦးထွန်းထွန်းဟိန်၊ (၅) ဒေါက်တာဝင်းနိုင်၊ (၆) ဦးဉာဏ်ဝင်း၊ (၇) ဦးဟံသာမြင့်၊ (၈) ဦးသိန်းညွန့်၊ (၉) ဒေါက်တာမေ၀င်းမြင့်တို့ ဖြစ်ကြပြီး ဇန်န၀ါရီ (၁၄) ရက် ယနေ့ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ယခုကဲ့သို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များကို တိုးချဲ့လိုက်ခြင်းအားဖြင့် အန်အယ်လ်ဒီအတွင်း အားသစ်များ၊ တာဝန်သစ်များ လုပ်ငန်းသစ်များ ထွက်ပေါ်လာနိုင်မည်ဟု အလုပ်အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်သည့် ဦးဝင်းတင်က ပြောသည်။

အန်အယ်လ်ဒီဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ အပါအ၀င် ယခင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၁၁) ဦးရှိရာမှ ယခု (၉) ဦး ထပ်မံတိုးချဲ့လိုက် သဖြင့် စုစုပေါင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၂၀) ဦး ရှိပြီဖြစ်သည်။

ယခင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များမှာ ဦးအောင်ရွှေ (ဥက္ကဋ္ဌ)၊ ဦးတင်ဦး (ဒု- ဥက္ကဋ္ဌ)၊ ဒေါ်အောင်ဆန်းစုကြည် (အထွေထွေ အတွင်းရေးမှူး)၊ ဦးလွင် (အတွင်းရေးမှူး)နှင့် အဖွဲ့ဝင်များမှာ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးလွန်းတင်၊ ဦးညွန့်ဝေ၊ ဦးခင်မောင်ဆွေတို့ဖြစ်သည်။
(NEJ)
။။။။။။။။။။။။။။။။။။။

15.1.10

နအဖ ကျင်းပမည့်ရွေးကောက်ပွဲ တရားမျှတမှု မရှိနိုင်ဟု
ဥပဒေအတိုင်ပင်ခံတဦး ထောက်ပြပြောဆို


နအဖစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ယခုနှစ်အတွင်း လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ပြောဆိုခဲ့မှုသည် မည်သို့မျှမဖြစ်နိုင်ကြောင်း ရန်ကုန်မြို့မှ တရားရုံးချုပ် ရှေ့နေဟောင်းတဦးက ပြောသည်။

ဗီယက်နမ်နိုင်ငံတွင် ပြုလုပ်နေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်နေသည့် မြန်မာနိုင်ငံခြားရေး ၀န်ကြီးက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအား ယခုလ (၁၃) ရက်တွင် ပြောကြား ခဲ့ကြောင်း အာဆီယံအတွင်းရေးမှူး စူရင်ပစ်စ၀မ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဦးဉာဏ်ဝင်းပြောကြားချက်နှင့်ပတ်သက်၍ ယခင်က တရားရုံးချုပ်ရှေ့နေဟောင်းတဦးဖြစ်ပြီး ယခု ဥပဒေအတိုင်ပင်ခံ တဦးဖြစ်သည့် ဦးအောင်သိန်းက ယခုကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတသည့် လုပ်ထုံးလုပ်နည်းများနှင့် မညီကြောင်း ထောက်ပြပြောဆိုသည်။ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ ကော်မရှင်အနေဖြင့် မည်သူများ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရှိမည်၊ မည်သူများ ပါတီထူထောင်နိုင်မည့် အနေအထားရှိမည်၊ ရွေးကောက်ပွဲပြီးပါက မည်သည့်အချိန် လွှတ်တော်ခေါ်ယူကာ မည်သည့်အချိန် အာဏာလွှဲပေးမည် စသည့် အသေးစိတ်အချက်အလက်များလည်း ကော်မရှင်အနေဖြင့် ထုတ်ပြန်ခြင်း မရှိသေးကြောင်းလည်း ရှင်းပြသည်။
(NEJ)
။။။။။

ကြံ့ဖွံ့က လူထုစည်းရုံးရေး တိုးမြှင့် လုပ်ဆောင်လာ


ရန်ကုန်၊ နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရ ကျောထောက်နောက်ခံပြု ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းက ၂ဝ၁ဝ နှစ်ဦးပိုင်းမှ စတင်၍ ရန်ကုန်တွင် လူထုစည်ရုံးရေး လုပ်ငန်းများ ပိုမိုလုပ်ဆောင်လာကြောင်း မြို့ခံများက ပြောဆိုကြသည်။

၂ဝဝ၉ ခုနှစ်တွင် လမ်းများကို ကွန်ကရစ်ခင်းခြင်း၊ မြို့နယ်များတွင် နာရေးကူညီမှုအသင်းများ ထူထောင်ခြင်း၊ အခမဲ့ မျက်စိနှင့် မျက်မှန် စမ်းသပ်ခြင်း၊ အခမဲ့ ဆေးပေးခန်းနှင့် ကျူရှင်သင်တန်းများ ဖွင့်လှစ်ခြင်း၊ ငွေချေးခြင်း၊ ရေမြောင်းများ တူးဖော်ခြင်းအပြင် ရန်ကုန်ကို နေ့စဉ်ပေးဝေသည့် သောက်သုံးရေ လုံလောက်စေရန် မြို့လည်ဧရိယာတဝိုက် အဝီစိတွင်းများ တူးဖော်ပေးခဲ့သည်ဟု ဆိုသည်။

ထိုသို့သော စည်းရုံးရေး လုပ်ငန်းများအပြင် ယခုနှစ်တွင် ရန်ကုန် ဆင်ခြေဖုံး ၁ဝ မြို့နယ်ရှိ ဆင်းရဲသားများ၏ နေအိမ်ချို့ယွင်းနေမှုများကိုပါ ပြန်လည်၍ ပြုပြင်တည်ဆောက်ပေးနေကြောင်း သိရသည်။

ဒဂုံမြို့သစ်တောင်ပိုင်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒေါပုံ၊ သာကေတ၊ ကြည့်မြင်တိုင်နှင့် မရမ်းကုန်းတို့တွင် တမြို့နယ်လျှင် အိမ်ခြေ ၁ဝ လုံးနှုန်းဖြင့် တည်ဆောက်ပေးခြင်း ဖြစ်သည်။
။။။။။

၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြရန် ရှေ့နေများကောင်စီ တိုက်တွန်း

၂၀၁၀ ရွေးကောက်ပွဲတွင် မဲရုံများသို့ သွားရောက်မဲမထည့်ဘဲ လူထုပါဝင်ပတ်သက်မှုမရှိသော မတရားသည့် ရွေးကောက်ပွဲအဖြစ် ပြည်သူလူထုအနေဖြင့် ဆန့်ကျင်သွားကြရန် မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ယနေ့ ကြေညာချက် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ စသည့် ဥပဒေများကို ယခုအထိ ထုတ်ပြန်ပေးခြင်း မရှိသေးသော်လည်း နအဖစစ်အစိုးရနှင့် ၎င်းတို့၏ လက်ဝေခံများက ရွေးကောက်ပွဲအတွက် လက်ဦးမှုရယူကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြခြင်း၊ အတိုက်အခံ နိုင်ငံရေးပါတီများကို အမျိုးမျိုးဖိနှိပ်ကာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေးကိုသာ လုပ်ဆောင်နေခြင်းကြောင့် ၂၀၁၀ ရွေးကောက်ပွဲသည် တရားမျှတမှုနှင့် လွတ်လပ်မှုမရှိသည့် ရွေးကောက်ပွဲသာဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
(NEJ)
။။။။။

ဒေါ်စုနှင့် ဆက်ဆံရေးဝန်ကြီး တွေ့ဆုံ

နယူးဒေလီ။ ။ စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်သည် ၂၀၁၀ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ နေအိမ်တွင် ယနေ့ တွေ့ဆုံခဲ့ကြောင်း သူမပါတီမှ ခေါင်းဆောင်များက ပြောသည်။ သို့သော် အသေးစိတ် အချက်အလက်များကို ပြောပြခြင်း မရှိခဲ့ပါ။

ဒီချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဆွေက မဇ္ဈိမကို ယနေ့ ပြောကြားရာတွင်လည်း သတင်းရပ်ကွက်များမှတဆင့် ထိုသို့ တွေ့ဆုံသည်ဆိုသည်ကို သူလည်း ကြားသိရကြောင်းနှင့် သို့သော်လည်း သူတို့နှစ်ဦး မည်သည့် ကိစ္စရပ်များ ဆွေးနွေးသည်ဆိုသည့် သတင်းအချက်အလက် အသေးစိတ်ကိုမူ မရရှိသေးကြောင်း ပြောသည်။
။။။။။

နအဖ ကကကြည်းရုံးချုပ်မှ တပ်မှူးများကို နည်းဗျူဟာမှူးအဖြစ် ပြောင်းရွှေ့

မကြာသေးမီက နေပြည်တော်၊ ကာကွယ်ရေးဝန်ကြီးဌာန ရုံးချုပ်ရှိ အလယ်အလတ်အဆင့်ရှိ တပ်မှူးများကို နည်းဗျူဟာမှူး ရာထူးဖြင့် နယ်ဘက်သို့ ပြောင်းရွှေ့ခဲ့သည်။

ပထမတန်း စစ်ဦးစီးမှူးများဖြစ်ကြသည့် ဒု-ဗိုလ်မှူးကြီး အောင်ဇော်အေးအား ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်အခြေစိုက် အမှတ် (၁၄) စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ် (စကခ) ၏ ယာယီနည်းဗျူဟာမှူးအဖြစ်လည်းကောင်း၊ ဒု-ဗိုလ်မှူး သိုက်စိုးအား မိတ္ထီလာအခြေစိုက် တပ်မ (၉၉) ၏ အမှတ် (၃) နည်းဗျူဟာ၏ ယာယီနည်းဗျူဟာမှူးအဖြစ်လည်းကောင်း၊ ဒု-ဗိုလ်မှူးကြီး သန်းထွန်းဦးအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ကွမ်းလုံ စစ်ဗျူဟာမှူးအဖြစ်လည်းကောင်း၊ ဒု-ဗိုလ်မှူးကြီး အောင်ဇော်ဦးအား ရခိုင်ပြည်နယ်၊ အမ်းအခြေစိုက် အမှတ် (၅)၊ စကခ၏ ယာယီနည်းဗျူဟာမှူးအဖြစ်လည်းကောင်း၊ ကြည်း၊ ရေ၊ လေ ညှိနှိုင်းရေးမှူးရုံး စစ်ဦးစီး ဗိုလ်မှူးကြီး ဝင်းသိန်းအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒု-တိုင်းမှူးအဖြစ်လည်းကောင်း ပြောင်းရွှေ့နေရာချထားခဲ့သည်ဟု စစ်ရုံးချုပ်နှင့်နီးစပ်သည့် သတင်းရပ်ကွက်အရ သိရသည်။

မိုးမိတ်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်မော်အား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီးဗိုလ်မှူးကြီးအဖြစ် နေရာပြောင်းရွှေ့ခဲ့ပြီး အလားတူ ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီးများကို နေရာပြောင်းရွှေ့မှု ပြုလုပ်ခဲ့သည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

ယခုပြောင်းရွှေ့မှုတွင် ယခင်ရှိနေပြီးသည့် ဗျူဟာမှူးများကို မည်သည့်နေရာတွင် အစားထိုးခန့်အပ်ခဲ့သည်ကို မသိရဘဲဖြစ်နေသကဲ့သို့ မကြာသေးမီက နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်က ဆင်းသည့် ဒု-ဗိုလ်မှူးကြီးများနှင့် ဗိုလ်မှူးကြီးများထဲမှ အချို့ကို မူလတာဝန် ပြန်ပေးနေသည့်အတွက် တပ်မတော်အတွင်း ရာထူးတာဝန်ပေးမှုနှင့်ပတ်သက်၍ လုပ်ရိုးလုပ်စဉ် ပုံမှန်မျိုးမဟုတ်ဘဲ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် စစ်တပ်၏ အမတ်နေရာများအတွက် ပြင်ဆင်နေသည်ဟု ယူဆရကြောင်း စစ်ရေးအကဲခတ်များက ပြောသည်။
(NEJ)
။။။။။