Sunday, June 28, 2009

ဖြစ်ပုံစုံလင် သည်လတွင် ( ဇွန် )





လူ့သမိုင်းတလျှောက်တွင် လူမျိုးစုများသည် သီးခြားနေထိုင်ခြင်းမရှိပဲ ၎င်းတို့၏ လိုအပ်ချက်အရ ကုန်ပစ္စည်းများ ဖလှယ်ခြင်း၊ ရောင်းဝယ်ခြင်းဟုသော ကူးသန်းရောင်းဝယ်ရေး ယဉ်ကျေးမှုတရပ် ထွန်းကားခဲ့သည်။ ၎င်းယဉ်ကျေးမှု ထွန်းကားလာသည့်နှင့်အမျှ တရုတ်ပြည်နှင့် ဥရောပ ဆက်သွယ်သည့် ပိုးလမ်းမဟု ခေါ်ထွင်သော အာရှမိုင်းနား ကုန်တွင်း ကုန်သည် လမ်းကြောင်းတွင် ကုန်သည်များ ကုန်စည်ကူးသန်း ရောင်းဝယ်ခြင်း ပြုလုပ်ခဲ့သည်။ သို့သော် အာရှ အလယ်ပိုင်းဒေသများတွင် ကုန်းတွင်း ဒမြများ ကြီးထွားလာခဲ့သဖြင့် လမ်းကြောင်းသစ်တခုဖြစ်သော ပင်လယ် ရေကြောင်း လမ်းခရီးကို ရှာဖွေ၍ ကုန်စည် ကူးသန်းရောင်းဝယ် လာခဲ့ကြသည်။

ရှေးခေတ်တုန်းကပင် လူဦးရေ ထူထပ်ပြီး ကြီးမားသည့် ဈေးကွက်ရှိသည့် အိန္ဒိယနှင့် တရုတ်ပြည်သို့ ကုန်စည် စီးဆင်းနိုင်ရန်အတွက် အာရပ်ကုန်သည်များက ရေလမ်းတခုအား ရှာဖွေနိုင်ပြီး အာရှဒေသနှင့် ကူးသန်း ရောင်းဝယ်ခြင်းဖြင့် အကျိုးအမြတ်များစွာ ရရှိခဲ့သည်။ ကုန်စည် ၀န်စလှယ် အများအပြား သည်ဆောင်ရန် လွယ်ကူပြီး ကုန်ကျ သက်သာသော ကုန်စည်စီးဆင်းရန် ရေလမ်းကြောင်းသစ်တခုကို တွေ့ရှိရင်း အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အာရှတိုက်အား ဆက်သွယ်သည့် ကုန်သည် လမ်းကြောင်းတွင် ကြားခံ ကုန်စည်ဖလှယ်သည့် နေရာများမှာ အထူး ဖွံ့ဖြိုး တိုးတက်လာခဲ့သည်။

ထိုဒေသများအနက် သက္ကရာဇ် ၂၄၉ ခုနှစ် မတိုင်မှီများအတွင်း ရခိုင်ပြည် ဓည၀တီမြို့တော်အား စိုးစံခဲ့သော စန္ဒသူရိယမင်းဆက်များ အုပ်ချုပ်စဉ် ကာလများ၊ ဘီစီ-၁၇- ရာစုအတွင်း သုဝဏ္ဏဘုံမိအား စိုးစံခဲ့သော သီဟရာ မင်းဆက်များ အုပ်ချုပ်စဉ်ကာလများတွင် ကန်းရိုးတန်းဒေသတွင် အခြေချခဲ့သည့် ရခိုင်နှင့် မွန်ဒေသများတွင် ပင်လယ် ဆိပ်ကမ်းကောင်းများ တည်ရှိသဖြင့် ထိုလူမျိုးများသည် စီးပွားရေး တိုးတက်ကောင်းမွန်ပြီး လူနေမှုအဆင့်အတန်း မြင့်မားလာခဲ့သည်။

သို့သော် အာရပ်များနှင့် တူရကီလူမျိုးတို့ အာရှမိုင်းနားဒေသတွင် အင်အားကြီးထွား ချုပ်ကိုင်လာနိုင်သောကြောင့် ဥရောပတိုက်သားများအတွက် အာရှတိုက်နှင့် ကုန်စည် ကူးသန်း ရောင်းဝယ်ရာတွင် အဟန်အတားများ ဖြစ်လာခဲ့သည်။ ထိုအခါ ဥရောပတိုက်မှ ပေါ်တူဂီ စပိန် ဒတ်ခ်ျ လူမျိုးက ရေကြောင်းလမ်းများ ရှာဖွေလာပြန်သည်။ ဥရောပတိုက်သားထဲမှ အာရှတိုက်သို့ ရေကြောင်းလမ်းဖြင့် ပထမဦးဆုံး ရှာဖွေရှိသည့် သူမှာ ဒက်စကိုဒဂါးမားဟု သမိုင်းဆရာများက ဆိုသည်။

သို့အတွက် ဥရောပတိုက်သားများသည် အရှေ့အလယ်ပိုင်းသားများ ကြီးစိုးနေခဲ့သော မြေထဲပင်လယ်လမ်းကြောင်းအား အသုံးမပြုတော့ပဲ အာဖရိကတိုက်ကို ကွေ့ပတ်၍ အိန္ဒိယနှင့် တရုတ်ပြည်သို့ ကုန်စည် ကူးသန်းရောင်းဝယ်ခဲ့ကြသည်။ တရုတ်ပြည်လမ်းကြောင်းအတွက် ကုန်စည်ဖလှယ်ရာ ဆိပ်ကမ်းဒေသများဖြင့် ရခိုင်နှင့် တနင်္သာရီ ကန်းရိုးတန်းများကို အသုံးပြုခဲ့ကြသည်။ ထိုအချိန်ကလာများသည် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ရခိုင်နှင့် မွန် တိုင်းရင်းသား လူမျိုးများ ရွှေခေတ်ဟု ခေါ်ဆိုရလျှင် မှားနိုင်ပေ။

ယခုအခါ ကမ္ဘာ့ကုန်သွယ်ရေးတွင် စီးပွားရေးကောင်းမွန်သော တရုတ်ပြည်သည် ကုန်စည်များ ဈေးနှုန်းသက်သာစွာဖြင့် ကူးသန်း တင်ပို့နိုင်ရန်အတွက် လမ်းကြောင်းတခု ရှာဖွေလာသည်။ ထိုလမ်းကြောင်းသည် တိုးတက်လာသော တရုတ်ပြည်၏ အထူးလိုအပ်နေသော လျှပ်စစ်စွမ်းအင်အတွက် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ကို သယ်ယူရန်နှင့် တရုတ်ကုန်စည်များကို အိန္ဒိယ ဘင်္ဂလာဒေရှ့် အာဖရိကနိုင်ငံများသို့ တင်ပို့ရန်အတွက် ပေါချောင်ကောင်းသော လမ်းကြောင်းကို ဖောက်လုပ်မည့် စီမံကိန်း ဖြစ်သည်။

သို့အတွက် ၎င်းလမ်းကြောင်းတွင် တည်ရှိသော ဒေသများ၊ နိုင်ငံများအတွင်း တည်ငြိမ်အေးချမ်းမှုသည် တရုတ်ပြည် အစိုးရမှ ဖောက်လုပ်မည့်လမ်းကြောင်းအတွက် အခရာ ဖြစ်လာသည်။ ထို့အပြင် တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း ရခိုင်ကမ်းလွန်ဒေသမှ သဘာဝဓါတ်ငွေ့ကို သွယ်ယူရန်နှင့် အရှေ့အလယ်ပိုင်းဒေသမှ ရေနံကို သင်္ဘောများဖြင့် မလက္ကာရေလက်ကြားကို ဖြတ်သန်းပြီး သယ်ယူရန်မလိုပဲ သက်သာစွာဖြင့် အလွယ်တကူ သယ်ယူနိုင်လိမ့်မည်။ ထိုလမ်းကြောင်းသည် ရခိုင်ပြည်နယ်မှတဆင့် Guizhou ပြည်နယ်ကို ဖြတ်သန်းကာ Guangxi ဒေသ၏ မြို့တော်ဖြစ်သည့် Nanning မြို့တွင် အဆုံးသတ်သဖြင့် ကုန်သွယ် လမ်းကြောင်းအတွင်းရှိ တရုတ်ပြည် ကုန်းတွင်းဒေသများ ဖွံ့ဖြိုးစည်ပင်လာရန် တရုတ်အစိုးရက ရည်ရွယ်ဟန်ရှိသည်။ ထို့ကြောင့် တရုတ်အစိုးရအနေဖြင့် ထိုလမ်းကြောင်းကို ဖြစ်မနေ တည်ဆောက်လာမည်။

ယနေ့ ကမ္ဘာ့ခေတ်သစ် ပင်လယ်ကုန်စည်ကူးသန်းရာတွင် အသုံးပြုသည့် ပင်မ လမ်းကြောင်းသည် အိန္ဒိယ သမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာမ၏ တခါးပေါက်ဖြစ်သော မလက္ကာရေလက်ကြား ဒေသများ တိုးတက်ဖွံ့ဖြိုးခဲ့သည်။ အကယ်၍ တရုတ်ပြည်၏ အသစ်ဖောက်လုပ်မည့် ကုန်သွယ်လမ်းကြောင်း ဖြစ်တည်လာလျှင် စင်္ကာပူ စီးပွားရေး ထိခိုက်လာမည်ကို စိုးရိမ်သော စင်္ကာပူအစိုးရအနေဖြင့် မျက်ခုံးလှုပ်စရာ ဖြစ်လာခဲ့သည်။ သံတမန်လောကတွင် လိုအပ်သူက သွားရောက် လိုအင်မှုများကို တောင်းခြင်းဖြင့်သာ တရားဝင် လည်ပတ်ခြင်းအမှု ပြုသည် မဟုတ်လား။ ထို့ကြောင့် ဇွန်လ ၇ ရက်၊ ၈ ရက်အတွင်း စင်္ကာပူ ၀န်ကြီးချုပ်ဟောင်းနှင့် လက်ရှိ ၀ါရင့် ၀န်ကြီးဟောင်း ဂိုချုပ်ထောင်သည် မြန်မာအာဏာပိုင်များကို လမ်းကြောင်းသစ်အား တီးခေါက်ရန် လာရောက် လည်ပတ်သည်ဟု ထင်မှတ်စရာ ဖြစ်လာသည်။

သီရိလင်္ကာမြောက်ပိုင်း ခွဲထွက်ရေး တမီလ်ကျားသူပုန် LTTE တပ်ဖွဲ့သည် သီရိလင်္ကာ အစိုးရအား တော်လှန် ပုန်ကန်နေသည်မှာ နှစ်ပေါင်း ၂၀ ကြာမြင့်ခဲ့ပါသည်။ အစိုးရအနေဖြင့် တမီလ် သူပုန်များအား အမြစ်ပြတ်ချေမှုန်းရန် ခက်ခဲ့သည့် အနေအထားမှ တနှစ်အတွင်း အပြုတ်တိုက် ချေမှုန်းနိုင်ခဲ့သည်။ ထိုသည်မှာ သီရိလင်္ကာအစိုးရ၏ စွမ်းပကားကြောင့် မဖြစ်တန်ရာဟု ကောက်ချက်ဆွဲရမည်။ အဘယ်ကြောင့်ဆိုသော် တရုတ်ပြည်အတွက် ကုန်သွယ်ရေး လမ်းကြောင်းအသစ်အတွင်း တမီလ် သူပုန်က ယခု ခေတ်စားနေသော ဆိုမားလီးယား ပင်လယ်ဓမြကဲ့သို့ ပြုလုပ် ဆောင်ရွက်မည်ကို တရုတ်အစိုးရက အထူးစိုးရိမ်လိမ့်မည်။ ထို့ကြောင့် သူပုန်တပ်ဖွဲ့အား အမြစ်ပြတ်ချေမှုန်းရန်အတွက် တရုတ်အစိုးရက သီရိလင်္ကာအစိုးရအား ဘဏ္ဍာနှင့် လက်နက်များ ထောက်ပံအားပေးခဲ့သဖြင့် ယခုလို မြန်မြန်ဆန်ဆန်နှင့် ပွဲသိမ်းခဲ့ရခြင်း ဖြစ်သည်။ ပြည်တွင်းစစ်အတွင်း သူပုန်အား အပြီးသတ် ချေမှုန်းပြီးသည့်နောက် သီရိလင်္ကာ သမတသည် သီရိလင်္ကာ စစ်တပ်၏ ဗိုလ်ချုပ်များနှင့်အတူ ပထမဦးဆုံး ပြည်ပ တရားဝင် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာ၏။ ထိုသည်မှာ လမ်းကြောင်းအသစ်အတွင်း အကျိုးတူ စီးပွားရေး ဖက်စပ် လုပ်ငန်းများအတွက် မြန်မာနိုင်ငံအား လာရောက် လည်ပတ်သည်ဟု ဆိုသည်။ တခြားသော သုံးသပ်သူများကမူ အမြစ်ပြတ်ချေမှုန်းသည့် နည်းဗျူဟာကို မြန်မာ စစ်တပ်အား ချပြဆွေးနွေးရန် ရောက်လာသည်ဟု ဆို၏။ သို့အတွက်ကြောင့်လည်း ဘင်္ဂလား ပင်လယ်အော် အတွင်းသို့ ထိုးဖောက်နိုင်မည့် ကရင်သူပုန်များအား အမြစ်ပြတ် သို့မဟုတ် လုံးဝ နလံမထူတိုင်သည့်အောင် တိုက်ခိုက်နေသည်ကို တွေ့ရသည်။ ပုံမှန်အားဖြင့် နအဖအနေဖြင့် ကရင်သူပုန်များကို နွေဦးပေါက် ပွင့်လင်းရာသီများ၌သာ ထိုးစစ်ဆင်လေ့ရှိသည်။

တရုတ် ဗီယက်နမ် နှင့် မြောက်ကိုးရီးယားနိုင်ငံများတွင် တပါတီ အာဏာရှင် စနစ်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေသော်လည်း မြန်မာ စစ်တပ်ကမူ တိုင်းပြည်အား အာဏာသိမ်းပြီး အုပ်ချုပ်နေသည်။ ထို့ကြောင့် ပြည်သူနှင့် အုပ်ချုပ်သူတို့၏ သဘောထား ကွဲလွဲမှုသည် နက်ရှိုင်းစွာ တည်ရှိခဲ့သည်။ မြန်မာစစ်တပ်သည် စနစ်တခုကို တစိုက်မတ်မတ် ခေါင်းစဉ်တပ်ပြီး ပြုလုပ်နိုင်ခဲ့သေးပါ၊ အနောက်တိုင်းနိုင်ငံများ၏ ကိုလိုနီဘ၀မှ လွတ်လပ်ရေး ရယူချင်း အချိန်တူတူပင်သော်ငြားလည်း တခြားနိုင်ငံများ၌ နိုင်ငံရေးစနစ် တံဆိပ်တခုကို တပ်ပြီး တိုင်းပြည်ကို တစိုက်မတ်မတ် ဦးဆောင် အုပ်ချုပ်နေသည်။ ခေါင်းစဉ်တခု တပ်ရန်လည်း နအဖဖြစ်တလဲ စစ်တပ်တွင် သတ်သတ်မှတ်မှတ် ရှိလိမ့်မည် မထင်၊ လက်တလုံးခြား လမ်းစဉ်များကို ဘန်းပြပြီး တိုင်းပြည်ကို ချောက်ထဲ ကျလုလုမှ ကယ်တင်နေ သယောင်ယောင် အသံကောင်းဟစ်နေသည်။ သေချာတာက တိုင်းပြည် ဆင်းရဲတွင်းနက်အောင် လုပ်ခဲ့သည်မှ သူတို့ဖြစ်ကြောင်း မ၀န်ခံသေးပေ။

ဥပမေယျကို ထောက်ပြရမည်ဆိုလျှင် နိုင်ငံရေးစနစ်တခု မဟုတ်သေးပါ၊ မည်သည့်အရာမဆို ပြည်သူများအား စည်းကမ်းမရှိဟု ပုတ်ခတ်ပြောဆိုခြင်းကို ထောက်ရှု့ခြင်း ဖြစ်သည်။ ရန်ကုန်မြို့အတွင်း မိုးရာသီ၌ မိုးသည်းထန်စွာ ရွာသွန်း၍ ရေနုတ်မြောင်းများ ပိတ်ဆို့ပြီး လမ်းများအပေါ် ရေလျှံလေ့ရှိသည်။ ထိုအရာကို အာဏာပိုင်များက ပြည်သူတွေ အမှိုက်ပစ်ရာ စည်းကမ်းမရှိဟု ကောက်ချက်ဆွဲ ပြောဆိုနေသည်။ ပြည်သူနဲ့ အုပ်ချုပ်သူဆိုသည်မှာ မိဘနဲ့ သားသမီး၊ ဆရာနှင့် တပည့် ပုံသဏ္ဍာန်ကဲသို့ ကျင့်တန်ရာ၏။ အာဏာပိုင်သည့် သက်ဆိုင်ရာများက စနစ်တကျ ပြုပြင်တည်ဆောက် ထိန်းသိမ်း ကြပ်မတ်မှသာလျှင် မြို့ရွာစည်ပင်သန့်ရှင်း လာမည်ဖြစ်သည်။ ဟိုကြေး ဒီကြေး ကောက်ခံရန်လောက်သာ တွေးတောနေရင် ခက်ပါ့မလား၊ ကိုယ်အပြစ်ကို ပြည်သူအပြစ်ဟု လက်ညိုးထိုးချ စွပ်စွဲနေသည်မှာ ၀မ်းနည်းဖွယ်ရာ မြင်ရ ကြားရ နေပါသည်။ ထိုအထူ ဖြတ်သန်းလာသော ခေတ်စနစ်များကို လက်ရှိအာဏာရနေသော စစ်တပ်က တီတွင်ကျင့်သုံးပြီးနောက် မအောင်မြင်ပဲ ပျက်စီးရခဲ့သည်ကို ပြည်သူများ၏ အပြစ်ဟု ပြောဆိုခဲ့သည် မဟုတ်လား။

အတူတူ မတူကွဲပြားသည့်သဘောထားများကို လက်မခံပဲ မိမိ သဘောထားသာလျှင် အမြဲတစေ မှန်ကန်သည့်ဟု ထင်မြင်ချက်ရှိသော နအဖ၏ အတွေးခေါ်သည် ဒေသဆိုင်ရာ အကြမ်းဖက်မှုကို လက်ယပ်ခေါ်နေသလို ဖြစ်နေပါသည်။ သို့အတွက် နိုင်ငံရေး တည်ငြိမ်မှုသည် တရုတ်နိုင်ငံလို မရရှိခဲ့သဖြင့် မြန်မာ စစ်အစိုးရအပေါ် အားမလို အားမရ ဖြစ်နေမှာ အမှန် ဖြစ်၏။ နိုင်ငံရေး တည်ငြိမ်မှုကို လမ်းပြမြေပုံဖြင့် ဆောင်ရွက်နေသည်ဟု နအဖအနေဖြင့် တရုတ်အစိုးရအား အကြောင်းပြ နေပါသည်။ သို့ဗေမဲ့ တရုတ်နိုင်ငံသည် တပါတီစနစ်ဖြင့် သွားနေသော်လည်း နအဖ၏ စည်းကမ်းရှိသော ဒီမိုကရေစီ လမ်းပြမြေပုံကို နိုင်ငံတကာ အမြင်ဘက်က ကြည့်ရှု့သဖြင့် နအဖ၏ လမ်းပြပုံသည် အခုဆောက်လုပ်မည့် ကုန်သွယ်ရေး လမ်းကြောင်းသစ်အတွက် ခလုတ်ကန်သင်းတခု ဖြစ်နေ၏။

တရုတ်အာဏာပိုင်အနေဖြင့်လည်း သူတို့နိုင်ငံလို နိုင်ငံရေးပုံစံ ပုံသွင်းလို့မရသည့်အတွက် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရာတွင် စည်းကမ်းပြည်ဝသော ဒီမိုကရေစီထက် လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီစနစ်တခုကို မြန်မာပြည်တွင် တည်ဆောက်စေချင်သည့် သဘောထား ရှိနေမှာပါ။ သမိုင်းကြောင်းကို ထောက်ရှူ့လျှင်လည်း မြန်မာ့နည်း မြန်မာဟန် ဆိုရှယ်လစ်စနစ်ကို နအဖ ဖြစ်တလဲ စစ်တပ်က ဇွတ်အတင်း သွတ်သွင်းခဲ့သဖြင့် တိုင်းပြည်သည် မကြေလည်မှုများနှင့် အဆုံးသတ်ခဲ့သည်ကို တွေ့ရသည်။ တဖက်က ပြန်ကြည့်မည်ဆိုလျှင် တရုတ်အနေဖြင့် အခုလို ကမ္ဘာ့စီးပွားရေး ကျဆင်းနေသည့်အချိန်တွင် လမ်းကြောင်းသစ် ဖေါက်လုပ်မှုအား ဈေးပေါပေါဖြင့် ပြီးစီးအောင် ဆောင်ရွက်ချင်သည့် အာသီသ ရှိခဲ့သည်။ ထို့ကြောင့် လမ်းကြောင်းအသစ်အတွင်း အရေးကြီးဆုံးဒေသ ဖြစ်သော မြန်မာနိုင်ငံအတွင်း ဒေသအတွင်း မတည်ငြိမ်မှုများ၊ နိုင်ငံရေး မတည်ငြိမ်မှုများသည် တရုတ်အစိုးရအတွက် စိတ်ငြီးငြူစရာများ ဖြစ်နေသည်။

တရုတ်နိုင်ငံနှင့် နယ်နမိတ်ခြင်း ထိစပ်နေသော ဒေသများအတွင်း လူမျိုးစု သူပုန်အရေး၊ အထူးသဖြင့် ကုန်သွယ်ရေး လမ်းကြောင်းအသစ် ဖြတ်သန်းတည်ရှိနိုင်မည်ဟု ယူဆသော လူမျိုးစုသူပုန်များ ထိန်းချုပ်ထားသည့် နယ်မြေနှင့် ၎င်းတို့၏ လက်နက်ကိုင်တပ် အနာဂါတ်သည် မရေရာ သေချာမှုနှင့် စခန်းသွားနေရ၏။ နယ်ခြားစောင့်မှုကို လက်မခံသည့်အနေဖြင့် တပ်များ တိုးချဲစုစည်း အင်အားပြလျက်၊ ရွေးကောက်ပွဲအပြီး နောက်တက်လာမည့် အစိုးရနှင့်သာ နယ်ခြားစောင့် တပ်ဖွဲမူကို ဆွေးနွေးမည်ဟု အချိန်ဆွဲ အလျှော့အတင်း လုပ်နေရပါသည်။ သို့သော် နအဖ၏ နယ်ခြားစောင့်မူကို ပြတ်ပြတ်သားသား ဆန့်ကျင်မနိုင်ခဲ့ပေ။

အကယ်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နယ်ခြားစောင့်မူကို လက်ခံပြီးနောက် မည်သို့ မည်ပုံ ဆက်ဖြစ်လာနိုင်မည်နည်း…

လွတ်လပ်ရေးရစ မြန်မာ့တပ်မတော်တွင် ကရင်သေနတ်ကိုင်တပ်ရင်း၊ ကချင်သေနတ်ကိုင် တပ်ရင်းနှင့် ချင်းသေနတ်ကိုင် တပ်ရင်းများ ရှိခဲ့သည်။ ၄၇ အခြေခံဥပဒေအရ ပြည်နယ်စစ်တပ် ထားရှိရေးမူအရ ဖွဲ့စည်းပြီး ၀န်ကြီးချုပ် လက်အောက်တွင် ထားရှိခဲ့သည်။ သို့သော် ဦးနေ၀င်း တက်လာပြီးနောက် ထို တပ်ရင်းအားလုံးကို ရောသမှမွေလိုက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနသို့ ပြောင်းရွေ့ပြီး တစုတစည်း ထားလိုက်သည်။ နောက်ဆုံး တပ်ရင်း နာမည်တောင် ပျောက်ဆုံးရတဲ့ ဘ၀သို့ ဆိုက်ရောက် သွားလေတော့သည်။ ထို့နောက် ပြည်တွင်းစစ်အတွင်း မူရင်း တပ်ရင်းများသည် ကိုယ်ပိုင်ဒေသများတွင် အမှုထမ်းရခြင်းမရှိပဲ၊ အနယ်နယ်ရပ်ရပ်သို့ ပြောင်းရွေ့ ပစ်ခဲ့သည်။

ယခုလည်း မြန်မာစစ်တပ်၏ အိမ်နီးနားခြင်း နိုင်ငံများပေါ် သဘောထားသည့် နိုင်ငံခြားရေး မူဝါဒမှာ ပြင်းထန်လွန်းသဖြင့် ထိုင်းနှင့် ဘင်္ဂလားဒေရှ် နိုင်ငံများနှင့် အမြဲတစေလိုလို ပြသာနာများ ဖြစ်ပွားနေရသည်။ သို့သော် အင်းအားကြီးသော တရုတ်နှင့်အိန္ဒိယနိုင်ငံများအပေါ် ပျော့ပြောင်းသော မူဝါဒများ ကျင်းသုံးနေ၏။ နယ်ခြားစောင့်တပ်ဖွဲ့ရေးမူအား လက်ခံပြီးနောက်ပိုင်း တကယ်လို့ ထိုနိုင်ငံများနှင့် ပြသာနာများ ဖြစ်ပွားလာလျှင် နယ်ခြားစောင့်တပ်များ ဖြစ်ပွားရာဒေသများသို့ ပို့လွတ်ခြင်းခံရမည်။ ထိုအခါ နယ်ခြားတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ထိုဒေသများတွင် သက်ထက်ဆုံး အမှုထမ်း နေရလိမ့်မည်။ အထူးသဖြင့် နအဖအနေဖြင့်လည်း နယ်ခြားစောင့်တပ်ဖွဲ့များကို မူရင်းဒေသတွင် မထားလိုသဖြင့် ပြည်ပ အရေးတခုခုကို မလွဲမသေ ဖန်တီးလာနိုင်ပြီး နယ်ခြားတပ်ရင်းများကို ၎င်းတို့ဒေသနှင့် ဝေးရာကို ပို့လွတ်သည့် နည်းဗျူဟာကို ကျင့်သုံးလာမည် ဖြစ်သည်။


တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒု-သမ္မတ မစ္စတာ ရှီကျင်းဖျင်၏ ဖိတ်ကြားချက်အရ ဇွန်(၁၅) ရက်နေ့မှ (၂ဝ) ရက်အထိ (၆) ရက်ကြာ ခရီးထွက်နေသည့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ခရီးစဉ်အတွင်း ဖြစ်ပေါ်လာမည့် အကျိုးရလဒ်သည် မြန်မာပြည် အရှေ့မြောင်ဖက်တွင် လှုပ်ရှားနေသည့် လူမျိုးစု သူပုန်တို့၏ အနာဂါတ်ဟု ပြောရမည်ဆိုလျှင် မမှားနိုင်ပေ။ ဗိုလ်မောင်အေးအနေဖြင့် သူတို့၏ လမ်းပြမြေပုံသည် ဒေသ တည်ငြိမ်မှု ရရှိစေမည်ဟု တရုတ်အစိုးရအား အာမခံချက် ပေးလိမ့်မည် ဖြစ်သည်။ တကယ်လို့ ခရီးစဉ်အတွင်း မြန်မာပြည်ဘက်က ဗိုလ်မောင်အေး၏ တင်ပြမှု၊ ဆောင်ရွက်မှုများ အောင်မြင်သွားလျှင် အရှေ့မြောက်ဖက် လှုပ်ရှားနေသော လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့များသည် တရုတ်အစိုးရ၏ ဖိအားကို မလွဲမသွေ ခံရပြီး လက်နက်စွန့် သို့မဟုတ် နယ်ခြားစောင့်မူကို လက်ခံရမည်။

ဒီနေရာတွင် သုံးသပ်ရမည်ဆိုလျှင် နအဖ၏ နယ်ခြားစောင့်မူအတွင်းသို့ မဖြစ်မနေ ဇွတ်အတင်း သွတ်သွင်းခံရမှီ ကချင်သူပုန်အနေဖြင့် အယ်ခိုင်းဒါလို မြေအောက် ကလပ်စည်းတခုကို ခိုင်ခိုင်မာမာ တည်ဆောက်သင့်သော အချိန်အခါ ဖြစ်သည်ဟု ယူဆ၏။ အင်အားကြီးသော အဖွဲ့များကို ယှဉ်ဆိုင်ရသည့်အချိန်တွင် မိမိ အင်အားက မမျှတ ဖြစ်နေလျှင် ထိုနည်းလမ်းသည် အကောင်းဆုံး ဖြစ်သည်။ အကြမ်းဖက်တိုက်ခိုက်ရန်အတွက် မဆိုလိုပါ။ ကချင် KIO သဘောထားအရ ရွေးကောက်ပွဲအပြီး တက်လာသည့် အစိုးရနှင့် ဆွေးနွေးခွင့်ရရင်လည်း ကချင် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ဒင်းပြည့်ကျပ်ပြည့် အခွင့်ရေးရနိုင်မည် မဟုတ်ပါ။ သို့ဗေမဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်အခံ၊ တိုင်းရင်းသားများနှင့် စစ်တပ်တို့ တွေ့ဆုံဆွေးနွေးပြီး ဖြစ်ပေါ်လာသည့် အကျိုးရလဒ်သာလျှင် တိုင်းရင်းသားတို့၏ အကောင်းဆုံး အနေအထား ဖြစ်လာနိုင်သည်။

နောက်ပြီး တရုတ်မြန်မာ နယ်စပ်တလျှောက် အခြေပြုလှုပ်ရှားနေသာ လက်နက်ကိုင်များ၏ တစုတစည်းတည်း ရှိမှသာ နယ်ခြားစောင့်မူအား ဆန်ကျင်နိုင်မည်။ သူတလူ ငါတဖွဲ့ပုံစံဖြင့် ဆန်ကျင့်နေမည်ဆိုလျှင် နအဖ၏ လုပ်ရပ်အတွင်း ကျရောက်မည်သာ ဖြစ်၏။ အခုလည်း ဗမာပြည်ကွန်မြူနစ်ပါတီ - ဗကပ ၏ ၁ဝ၁ စစ်ဒေသအဖြစ် ပါဝင်လှုပ်ရှားခဲ့ကာ ဗကပမှ ခွဲထွက်လာသော ဦးဆခုန်တိန့်ယိင်း ဦးဆောင်သည့် NDAK သည် နအဖ၏ နယ်ခြားစောင့်မူကို လက်ခံလိုက်သည်။ ထိုသည်မှာ အင်အားသေးငယ်သည့် အဖွဲကွဲများကို ဖဲ့ထုတ် စည်းရုံးပြီး တရုတ်အာဏာပိုင်များကို အကြောင်းပြနိုင်လိမ့်မည်။ တကယ်၍ နအဖ၏ အကြောင်းပြချက်ကို တရုတ်အစိုးရက လက်ခံလိုက်လျှင် တရုတ် မြန်မာ နယ်စပ်အတွင်း လှုပ်ရှားနေသော လက်ကျန် အဖွဲ့များ အားလုံးကို တရုတ်နိုင်ငံအား ဖိအားဖြင့် နအဖ အကြပ်ကိုင်လာနိုင်သည်။ မြန်မာစစ်တပ်အား တော်လှန်ခဲ့သော ပြည်တွင်း လက်နက်ကိုင်အဖွဲ့များသည် သက်ဆိုင်နီးစပ်ရာ နိုင်ငံများကို ကျောထောက်နောက်ခံ ပြုပြီးမှသာ ဆန်ကျင့်မှု ပြုခဲ့ရသည်။ အရှေ့မြောက်ဖက် ဒေသများတွင် တည်ရှိသော တိုင်းရင်းသား လက်နက်ကိုင်များ၏ အနာဂါတ်သည် တရုတ်အစိုးရပေါ်တွင်သာ မူတည်သည်။ ၎င်းအချက်ကို ကောင်းကောင်းသိနေသော နအဖအတွက် ဗိုလ်မောင်အေး၏ ယခုအခေါက် တရုတ်ပြည်ခရီးစဉ်တွင် ထိုအကြောင်းအား အဓိကအနေဖြင့် တင်ပြဆွေးနွေး လာလိမ့်မည် ဖြစ်သည်။


ထို့ကြောင့် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ၀မ်ကျားပေါင်က မြန်မာပြည် ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုကို မျှော်လင့်နေသည်ဟု ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကို ထုတ်ဖော်ပြောဆိုခဲ့သည်။ တရုတ်အစိုးရ၏ မျှော်လင့်သော မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြောင်းလဲမှုသည်လည်း လမ်းပြမြေပုံသာ ဖြစ်ရမည်ဟု ဗိုလ်မောင်အေးက သဘောထားပေးမည် ဖြစ်၏။

သို့ဖြစ်ပါ၍ တရုတ်အာဏာပိုင်များ လိုလားသော မြန်မာပြည် ပြောင်းလဲမှုသည် လမ်းပြမြေပုံဟု ၎င်းတို့က မှတ်ချက် ပေးလိုက်လျှင် အရှေ့မြောက်ပိုင်း ဒေသအတွင်း တိုင်းရင်းသားများ၏ တုံပြန်ချက်သည် … ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် သေနတ်ဖေါက်မလား… ဒါမဟုတ် လည်စင်းခံဆပ်မည်လော… ဟု လွင့်မျောရင်းဖြင့် ဤတလအတွင်း ဖြစ်ပွားခဲ့သည့် သတင်းများအပေါ် သုံးသပ်ချက်အား ထိုမျှသာဖြင့် ရပ်နားပါရစေ…



လူလ
ရွှင်လန်းချမ်းမြေ့ပါစေ...

သတင်းမှတ်စု ( ၂၅ )

ဇွန်လ ၂၂ ရက်
ရက်သတ္တပတ် ၂၆၊ ၂၀၀၉
မြန်မာသတင်း

မြန်မာကိုသွားမည့် မြောက်ကိုရီးယား သင်္ဘောကို အမေရိကန် ဖျက်သင်္ဘော နောက်ယောင်ခံ

ချင်းမိုင် (မဇ္ဈိမ)။ ။ တန်ချိန် ၂၀၀၀ ရှိ ကန်နမ် အမည်ရ သင်္ဘောသည် မြောက်ကိုရီးယားမြို့တော် ပြုံယမ်းအနီး နန်ပိုဆိပ်ကမ်းမှ ဗုဒ္ဓဟူးနေ့က စတင် ထွက်ခွာခဲ့ကြောင်း အမေရိကန် အရာရှိများက ပြောကြားထားသော်လည်း သင်္ဘောသည် မည်သည့်အရပ်သို့ ဦးတည် ခုတ်မောင်းနေပြီး မည်သည့် ကုန်ပစ္စည်းများ တင်ဆောင်သွားသည်ကို ပြောကြားရန်ကိုမူ ငြင်းဆန်ထားသည်ဟု နယူးယောက်တိုင်းမ် သတင်းစာ၏ ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

တောင်ကိုရီးယား၏ YTN သတင်းဌာန၏ တနင်္ဂနွေနေ့က ထုတ်ပြန်ချက်တွင် သင်္ဘောသည် မြန်မာနိုင်ငံသို့ ဦးတည်နေသည် ဟုဆိုသည်။ မြန်မာနိုင်ငံသည် မြောက်ကိုရီးယားထံမှ လက်နက်များ ဝယ်ယူနေသော နိုင်ငံတခုဖြစ်သလို မြောက်ကိုရီးယား သင်္ဘောများ တရားမဝင် ကုန်သွယ်မှု လုပ်ငန်းများ လုပ်ရာတွင် ခရီးတထောက်နားသည့် အရပ်လည်း ဖြစ်သည်။ သင်္ဘောပေါ်တွင် ဒုံးကျည်များ သို့မဟုတ် ဒုံးကျည် အပိုပစ္စည်းများ တင်ဆောင်ထားဖွယ် ရှိသည်ဟု အမေရိကန် အာဏာပိုင်များက သံသယရှိနေကြောင်း အမည်မဖော်ပြထားသော ထောက်လှမ်းရေး သတင်းရပ်ကွက် တခုကို ကိုးကား ဖော်ပြထားသည်။

ယခုဖြစ်ရပ်သည် မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂ၏ လက်နက်ရောင်းချမှု ပိတ်ပင်ရေးအသစ် ပြုလုပ်ပြီးနောက် အမေရိကန်နှင့် မဟာမိတ်များအတွက် ဗွေဆော်ဦး စမ်းသပ်ချက်တခု ဖြစ်လာသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ကရင်စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ခိုင်းမည်ကို စိုးရိမ်နေကြ


ကရင်စစ်ပြေးဒုက္ခသည်များအား ထိုင်းအာဏာပိုင်များက နေရပ်ပြန်ပို့မည့်အခြေအနေရှိကြောင်း ဒုက္ခသည်များနှင့် ဒုက္ခသည်အရေးဆောင်ရွက်နေသူများက ပြောသည်။ ယခုရက်ပိုင်းအတွင်း ထိုင်းဘက်သို့ဝင်ခွင့်မရသည့် ၀ါးမီကလားရွာသားအချို့ ရွာသို့အပြန် လမ်းခရီးတွင် မြေမြှုပ်မိုင်း နင်းမိ၍ ရွာသားများ အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု စစ်ပြေးဒုက္ခသည်များကို ကူညီနေသူတဦးက ပြောသည်။

နောင်ဘိုးရွာမှ ဒုက္ခသည်များအတွက် အစားအသောက် အဆင်ပြေသော်လည်း သောက်ရေသန့်ရရှိရန် ခက်ခဲသဖြင့် လယ်ကွင်းထဲ ရေသွင်းသည့်မြောင်းမှ ရေကိုသာ သောက်သုံးနေရသဖြင့် ၀မ်းရောဂါဖြစ်ပွားမည်ကို စိုးရိမ်ရကြောင်း ဒေသတွင်းမှ ထိုင်းအစိုးရ၀န်ထမ်းတဦးက ပြောသည်။ ထိုင်းအာဏာပိုင်များဘက်ကလည်း စစ်ပြေးဒုက္ခသည်များကို နယ်မြေအေးချမ်းမှသာ ပြန်ပို့မည်ဖြစ်ပြီး အတင်းအဓမ္မ ပို့ဆောင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

သပိတ်ကျင်းမှာ စစ်တပ်က ပေါ်တာဆွဲ


ချင်းမိုင် (မဇ္ဈိမ)။ ။ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ရွှေတွင်းဒေသများတွင် စစ်တပ်က အရွယ်ရောက် လူငယ် ၅၀ ကျော်ကို ယခုလ ၁ ရက်နေ့က ပေါ်တာ ဆွဲသွားသည်ဟု ဒေသခံများ အပြောအရ သိရသည်။

လိပ်ကျ၊ ရွှေတော၊ ကွင်းသုံးဆယ်၊ ချောင်းကြီး၊ အရိုးတောင် ခေါ် မျောက်တောင်၊ ကျောက်လှည်းဘီး၊ ဇရပ်ကွင်း ကျေးရွာတို့မှ လူငယ် ၅၀ ကျော်ကို ယင်းနေ့ ညပိုင်းတွင် စစ်တပ်က ခေါ်ယူသွားခဲ့ခြင်း ဖြစ်သည်။
ပေါ်တာဆွဲခံရသည့် ဒေသများမှာ ရွှေထွက်ရှိရာ ဒေသခံကျေးရွာသားများအပြင် စစ်ကိုင်းတိုင်းအတွင်းမှ ရွှေဘို၊ ဝက်လက်၊ အရာတော်၊ တန့်ဆည်မြို့များမှ လုပ်သားများလည်း ပုဂ္ဂလိက ရွှေတူးခြင်း လုပ်ငန်းကို ရွှေ့ပြောင်းလုပ်ကိုင်ရာ ဒေသလည်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

အောင်ဆန်းကွင်းမှာ ဘောလုံးကစားခွင့် ပိတ်ပင်


ဇွန် (၂) ရက်၌ ဦးတေဇပိုင် ရန်ကုန်အသင်းနှင့် ဥသာယူနိုက်တက်အသင်းတို့ ကန်ရာတွင် ဒိုင်က ပင်နယ်တီ ပေးရာတွင် မှားသည်ဟု ပရိသတ်က ဆူဆဲကြရာမှ ပလတ်စတစ်ခုံများ ရိုက်ချိုးသည်အထိ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်းလုံခြုံရေးအခြေအနေကြောင့် လက်ရှိကျင်းပနေသည့် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ၏ ဘောလုံးပြိုင်ပွဲ များကို အောင်ဆန်းကွင်း၌ ကျင်းပခွင့် ပိတ်ပင်လိုက်ကြောင်း အားကစားဝန်ကြီးဌာနမှ အရာရှိတဦးက ပြောသည်။

ဘောလုံးအဖွဲ့ချုပ်က မြက်များပျက်စီးနေသည့်အတွက်ဟု အကြောင်းပြကာ နှစ်ပတ်နားကြောင်း ကြေညာခဲ့ပြီး ယခုနောက်ပိုင်း ပွဲစဉ်အားလုံး အောင်ဆန်းကွင်းတွင် မကန်တော့ကြောင်း ကြေညာလိုက်ပြီဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ကုလအကြီးအကဲ မတိုင်မှီ ဂမ်ဘာရီ ရန်ကုန်သို့ သွားမည်


ဘန်ကောက် (မဇ္ဈိမ)။ ။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ဇူလိုင်လ အစောပိုင်းတွင် သွားရောက်နိုင်ရေးအတွက် ကုလ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီသည် မြန်မာနိုင်ငံသို့ ယခုသီတင်းပတ်အတွင်း ရောက်ရှိပြီး စီစဉ်ထားမှာဖြစ်သည်။

ကုလသမဂ္ဂ အရာရှိများကို ဆက်သွယ်မေးမြန်းရာ ခရီးစဉ်နှင့်ပတ်သက်ပြီး လောလောဆယ်တွင် အတည်ပြု၍ မရသေးဟု ဆိုသည်။ အခြားသော သတင်းရပ်ကွက်များကတော့ မစ္စတာဂန်ဘာရီ၏ ခရီးစဉ်ကို စီစဉ်ထားပြီးပြီဖြစ်ကာ သတ်မှတ်ချိန်အတိုင်း သွားဖြစ်ရန် များပါသည်ဟု ဆိုသည်။

ရန်ကုန်ရှိ သံတမန်အများက မဇ္ဈိမကို ပြောကြားရာတွင် ခရီးစဉ်ကို အတည်ပြု၍ မရနိုင်သေးသော်လည်း ယခုသတင်းပတ်အကုန်တွင် ကုလကိုယ်စားလှယ် လည်ပတ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်ဟု ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဇွန်လ ၂၃ ရက်
ရက်သတ္တပတ် ၂၆၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်စုနှင့် ရှေ့နေ ၄ ဦး တွေ့ဆုံဆွေးနွေး


ချင်းမိုင်။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က သူ၏ ရှေ့နေ ၄ ဦးနှင့် ၂ နာရီကြာ အမှုနှင့် ပတ်သက်ပြီး နွေးဆွေးခွင့် ရခဲ့သည်။

အင်းစိန်ထောင်အတွင်း ရှေ့နေ ဦးဥာဏ်ဝင်း၊ ဦးကြည်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့နှင့် တွေ့ကာ လက်ရှိ အမှုနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် သူ၏ ၆၄ နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုပေးခဲ့ကြသူများ အားလုံးကိုလည်း ကျေးဇူးတင် စကားပါးလိုက်သည်ဟု သိရသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးနှင့် ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်တို့က ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ ထွက်ဆိုခွင့်ပြုရေးနှင့် ပတ်သက်၍ ဗဟိုတရားရုံးသို့ ပြင်ဆင်မှု တင်သွင်းရန် ဗဟိုတရားရုံးက ဇွန်လ ၂၄ ရက်နေ့သို့ ရုံးချိန်းပေးလိုက်သည်။

အမှုတွင် တရားဆိုင်ဘက်က တင်သွင်းသော သက်သေ ၄ ဦးအနက် တဦးသက်သေ ထွက်ဆိုခဲ့ပြီး ဖြစ်ပြီး နောက်တဦးဖြစ်သူ ဥပဒေရေးရာ ကျွမ်းကျင်သူ ဒေါ်ခင်မို့မို့မှာ ဇွန်လ ၂၆ ရက်နေ့တွင် ထွက်ဆိုရမှာ ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

NLD က စည်းရုံးရေး သင်တန်းပေး၊ ကြံ့ဖွံ့က လက်တွေ့စည်းရုံးရေးဆင်း

လူထုအကြားစည်းရုံးရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပါတီဝင်များ စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းတရပ်ကို ယမန်နေ့က စတင်ပို့ချပေးနေသကဲ့သို့ အစိုးရအာဏာပိုင်များဘက်မှလည်း စည်းရုံးရေးဆင်းလျက်ရှိသည်။

ယခုသင်တန်းသည် ပါတီသက်တမ်းတလျှောက်အတွင်း ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့သည့်သင်တန်းဖြစ်ပြီး နောက်လများတွင်လည်း ဆက်လက်ဖွင့်လှစ်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းကို (၂၂-၆-၂၀၀၉) မှ (၂၆-၆-၂၀၀၉) ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကာ အဓိကအားဖြင့် အန်အယ်လ်ဒီသမိုင်း၊ ဒီမိုကရေစီနှင့် အယူအဆကွဲပြားခြားနားမှုများ၊ အန်အယ်လ်ဒီအမျိုးသမီးအဖွဲ့ လှုပ်ရှားမှုသမိုင်း၊ ခေတ်သစ်သိပ္ပံနည်းပညာများ လူ့အဖွဲ့အစည်းအပေါ် ဂယက်ရိုက်ခတ်မှု၊ တိုင်းပြည်စီးပွားရေး တည်ဆောက်မှု ပုံသဏ္ဌာန်များ စသည့် ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်သည်။

ပြီးခဲ့သည့် တနင်္ဂနွေ၌လည်း ရွှေပြည်သာမြို့နယ် တ/၁၂ ရပ်ကွက်နှင့် တ/၁၃ ရပ်ကွက်တို့၌ နိုင်ငံရေးစကားဝိုင်း ဆိုကာ ကြံ့ဖွံ့စည်းရုံးရေးမှူးများက ရပ်ကွက်ရယကရုံးတွင် ရပ်မိရပ်ဖများကို ဆင့်ခေါ်ကာ စည်းရုံးရေးဆင်းသွားကြ ကြောင်း သိရသည်။

ထိုသို့ နိုင်ငံရေးစကားဝိုင်းဆိုသည့် ကြံ့ဖွံ့အသင်း၏ စည်းရုံးပွဲများကို အခြားသော မြို့နယ်များတွင်လည်း ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အမျိုးသမီး နိုင်ငံရေး အကျဉ်းသူတချို့ ကျန်းမာရေး ချို့ယွင်း

နယူးဒေလီ (မဇ္စျိမ)။ ။ အကျဉ်းထောင်များအတွင်း ကျန်းမာရေး စောင့်ရှောက်မှုနှင့် တကိုယ်ရည် သန့်ရှင်းမှု အခြေအနေ မကောင်းသဖြင့် အမျိုးသမီး နိုင်ငံရေးအကျဉ်းသူတချို့ ကျန်းမာရေး ချို့ယွင်းနေကြောင်း ထိုင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ပြောသည်။

အစားအသောက်၊ သောက်သုံးရေ သန့်ရှင်းမှု မရှိခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ချို့တဲ့ခြင်းနှင့် တကိုယ်ရည် သန့်ရှင်းမှု အခြေအနေများ ဆိုးရွားနေသဖြင့် ကျန်းမာရေးမှာ ချို့ယွင်းနေရကြောင်း AAPP (B) က ပြောဆိုခြင်း ဖြစ်သည်။

အသက် ၆၁ နှစ်ရွယ် ထောင် ၅ နှစ် ချမှတ်ခံထားရသော ဒေါ်စန်းစန်းတင်၊ ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်ခံရသူ မလှလှမော် ( လှိုင်သာယာ )၊ ထောင်ဒဏ် ၁၃ လ ကျခံနေရသည့် မစန္ဒာ ( တံတွေး )နှင့် ထောင်ဒဏ် ၆၅ နှစ်၊ ၈၈ မျိုးဆက်ကျောင်းသူ မသက်သက်အောင် ( ရန်ကုန် ) တို့ ဖြစ်သည်။

AAPP (B) စာရင်းအရ မြန်မာအကျဉ်းထောင်များ၌ နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၅၇ ဦး ရှိသည့်အနက်၊ အမျိုးသမီး နိုင်ငံရေးအကျဉ်းသား ၁၉ဝ ဦးရှိကြောင်း သိရသည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ကျပ်နှင့်ဘတ် ငွေလဲလှယ်မှု မြ၀တီတွင် ပြုလုပ်၊ မြန်မာကုန်သည်များ အကျိုးအမြတ်ပိုရ

ထိုင်း-မြန်မာနယ်စပ်မှ မြန်မာကုန်သည်များသည် မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေ လဲလှယ်ရာတွင် ထိုင်းဘက်ခြမ်း မဲဆောက်မြို့တွင် နစ်နာမှုရှိသဖြင့် မြန်မာဘက် မြ၀တီမြို့တွင်သာ ငွေလဲလှယ်မှုပြုလုပ်၍ ထိုင်းကုန်ပစ္စည်းများ ၀ယ်ယူနေကြသည်။

ယင်းသို့ မြဝတီမြို့တွင်သာ မြန်မာငွေကို ဘတ်ငွေဖြင့်လဲလှယ်ပြီး ထိုင်းကုန်ပစ္စည်းများ ဝယ်ယူကြသဖြင့် အကျိုးအမြတ် ပိုမိုရရှိကြသည်ဟု မြန်မာကုန်သည်များက ပြောသည်။
မြဝတီမြို့ချစ်ကြည်ရေးတံတားထိပ်တွင် တရားမဝင်ငွေလဲလုပ်ငန်း လုပ်ကိုင်နေသည့် ငွေလဲခုံ (၃၀) ခန့်ရှိသည်ဟု ငွေလဲလုပ်ကိုင်သူတဦးက ပြောသည်။

ငွေလဲခုံဖွင့်ထားသူများထဲတွင် နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်သူများ အများစုပါဝင်ပြီး မြန်မာနိုင်ငံမှထွက်ရှိသည့် ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ လယ်ယာထွက်ကုန်၊ ရှေးဟောင်းပစ္စည်းများနှင့် ကျောက်မျက်ရတနာများကို ထိုင်းဘက်သို့ ဘတ်ငွေဖြင့် ရောင်းချကြပြီး ရရှိသည့်ငွေများဖြင့် မြန်မာကုန်သည်များကို တဆင့်ပြန်လဲလှယ်ပေးခြင်း ဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

စာပေနှင့် စာနယ်ဇင်း ရုံးအဖွဲ့မှူး ကိုယ်တိုင် အဆုံးစီရင်သွား

ချင်းမိုင်(မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းဌာန ရုံးအဖွဲ့မှူး ဦးမြင့်လွင်သည် ရန်ကုန်ရှိ ရုံးခန်းတည်ရှိရာ သုံးထပ်တိုက်ပေါ်မှ ယနေ့ နံနက်ပိုင်းက ခုန်ချကာ အဆုံးစီရင်သွားကြောင်း အဖွဲ့ဝင်များ အဆိုအရ သိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ ဦးမြင့်လွင် (၆၅ နှစ်) သည် ကျောက်တံတားမြို့ ကုန်သည်လမ်းပေါ်ရှိ စာပေဗိမာန် အပေါ်ထပ်၌ ဖွင့်လှစ်ထားသော မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ချုပ် ရုံးခန်းတည်ရှိရာ သုံးထပ်တိုက်ပေါ်မှ ခုန်ချကာ သေဆုံးသွားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ စာနယ်နှင့် စာနယ်ဇင်းအဖွဲ့သည် မြန်မာစစ်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်တွင် ဖွင့်လှစ်ထားသည့် စာပေအဖွဲ့အစည်းတရပ် ဖြစ်သည်။

ယခုအခါ ဦးမြင့်လွင်၏ ရုပ်အလောင်းအား ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ ထားရှိကြောင်းနှင့် သေဆုံးချိန်တွင် ဇနီးသည်၊ သားနှင့် သမီး ကျန်ရစ်ခဲ့ကြောင်း သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

လုပ်ငန်းလည်ပတ်ခြင်းမရှိသည့် ပြည်တွင်းဂျာနယ်များ ထုတ်ဝေခွင့် သိမ်းမည်

(၆) လကျော်ကြာ လုပ်ငန်းရပ်နားထားသော ဆက်တိုက် ထုတ်ဝေနိုင်ခြင်း မရှိသည့် ပြည်တွင်းဂျာနယ်များသည် ဇွန်လကုန်နောက်ဆုံးထား၍ လုပ်ငန်းပြန်လည်လုပ်ကိုင်ရန် လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားခြင်း မပြုသည့် ဂျာနယ်များ ရှေ့လမှစတင်ကာ ထုတ်ဝေခွင့် ဖျက်သိမ်းတော့မည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာသည်။

၂၀၀၉ ခု ဇွန်လ (၃၀) ရက် သတ်မှတ်ကာလအတွင်း လျှောက်လွှာတင်ခြင်း မရှိသည့် ဂျာနယ်များအား လုပ်ထုံးလုပ်နည်း ဥပဒေအရ စာရင်းမှ ဖျက်သိမ်းမည်ဟု သိရသည်။

ပြည်တွင်းဂျာနယ်များသည် ၂၀၀၈ ခု နာဂစ်မုန်တိုင်း ဝင်ရောက်ပြီးနောက်ပိုင်း စီးပွားရေးကျဆင်းလာသည်နှင့်အမျှ အပတ်စဉ် ထုတ်ဝေဖြန့်ချိနိုင်ရန် ရုန်းကန်နေရကြောင်း၊ ထုတ်ဝေခွင့်လိုင်စင် ငှားရမ်းလုပ်ကိုင်သည့် ဂျာနယ် အများစုမှာလည်း ၂၀၀၈ ခုနှစ်ကုန်ပိုင်းတွင် လုပ်ငန်းရပ်နားကြောင်း ပြည်တွင်းဂျာနယ်တစောင်မှ မန်နေဂျာတဦးက ပြောသည်။

စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနတွင် ၂၀၀၈ ခုနှစ်ကုန်ပိုင်းအထိ တရားဝင် မှတ်ပုံတင်ထားသည့် ဂျာနယ်ပေါင်း (၁၈၇) စောင်ရှိကြောင်း ပြီးခဲ့သည့် သောကြာနေ့ထုတ် မြန်မာတိုင်း(မ်) တွင် ဖော်ပြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ရှေ့နေပင် ငှားရမ်းခွင့် မရဟု တွံတေး အန်အယ်ဒီ ပြော

ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း တွံတေးမြို့နယ် တရားရုံးက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆုတောင်းသူ တွံတေးမြို့နယ် အန်အယ်ဒီ လူငယ်ခေါင်းဆောင်ကို မတရား ချုပ်နှောင်ခဲ့သလို၊ ရှေ့နေပင် ငှားရမ်းခွင့် မရကြောင်း ယင်းမြို့နယ် ပါတီ ခေါင်းဆောင်တဦးက ပြောသည်။

ရန်ကုန်တိုင်း တွံတေးမြို့နယ် အန်အယ်ဒီ လူငယ်တာဝန်ခံ ကိုရဲထွဋ်ခေါင်အား လောင်းကစားမှုဖြင့် စွပ်စွဲ၍ ပြီးခဲ့သည့်လ ၇ ရက်နေ့က နေအိမ်၌ လာရောက် ဖမ်းဆီးသွားခဲ့ပြီး ရန်ကုန်မြို့ အင်းစိန်ထောင် အတွင်း၌ ချုပ်နှောင်ထား၍ တွံတေးမြို့နယ် တရားရုံးသို့ ရုံးထုတ် စစ်ဆေးနေရာ၌ အမှုအတွက် ရှေ့နေ လိုက်ပါခွင့် မပြုသည့်အပေါ် သူက ပြောဆိုခြင်း ဖြစ်သည်။

ပြစ်မှု ကျူးလွန်သည်ဖြစ်စေ၊ မကျူးလွန်သည်ဖြစ်စေ နိုင်ငံရေးသမားများကို “နှိပ်ကွပ်” နေချိန်ဖြစ်သောကြောင့် ပုဒ်မတပ် လိုက်သည်နှင့် ထောင်ချမည်သာ ဖြစ်ကြောင်း ပါတီ တွဲဘက်အတွင်းရေးမှူး ကိုဇော်မင်းထွန်းက ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မန္တလေးစည်ပင် ငွေရှာသဖြင့် ကျောက်ပွဲစားများ မကျေနပ်

မန္တလေးကျောက်မျက်ဈေးရှိ ကျောက်ပွဲစားများကို မြို့တော်စည်ပင်က မှတ်ပုံတင် လုပ်ခိုင်းနေသည့်အတွက် ပွဲစားများ က မကျေမနပ်ဖြစ်နေကြသည်။

မန္တလေးမြို့တော်စည်ပင်က တနှစ်စာအတွက် ပွဲစားတဦးလျှင် ငွေကျပ် (၃,၅၀၀) ကောက်ခံကာ မှတ်ပုံတင် ကတ်များလုပ်ရမည်ဟု ပြောသဖြင့် ပွဲစားများက စည်ပင်က ငွေလှည့်သုံးရန် ဖန်တီးခြင်းဖြစ်သည်ဟု ပြောဆိုနေ ကြသည်။

ကျောက်မျက်ဈေးဖြစ်ပေါ်လာကတည်းက ကျောက်ပွဲစားလုပ်လာသူ ကိုသက်နိုင်က “ပေးရတဲ့ငွေက များတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လုံးဝအရောင်းအ၀ယ်မဖြစ်တဲ့နှစ်မှာမှ အခုလို မှတ်ပုံတင်ကတ်ပြားတွေ လုပ်ပေးတာကတော့ စိတ်ထဲမှာ ဘ၀င်မကျ ဖြစ်ကြတာချည်းပဲ။ အမှန်ပြောရရင် မန္တလေးစည်ပင်က ပိုက်ဆံကို လှည့်နည်းသုံးပြီးတော့ ရှာတာဗျ။ အခုလည်း တယောက်ကို (၃,၅၀၀) ကျပ်၊ လူပေါင်း သောင်းနဲ့ချီရှိတယ်။ အလကားနေရင်း ငွေရတာပေါ့ ဗျာ” ဟု ပြောသည်။

မန္တလေးကျောက်မျက်အရောင်းဈေးတွင် နေ့စဉ် အရောင်းအ၀ယ်ပြုလုပ်နေသော လူဦးရေမှာ (၃) သောင်းခန့် ရှိနေပြီး မှတ်ပုံတင်ပြုလုပ်ပြီးသည့် ပွဲစားအရေအတွက်မှာ (၃) ထောင်ကျော်ခန့်ရှိသွားပြီဟု သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
.+++++
ဇွန်လ ၂၄ ရက်
ရက်သတ္တပတ် ၂၆၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် တရားခွင် ရွေ့ဆိုင်းရဦးမည်

ဗဟိုတရားရုံးချုပ်သို့ တင်ပြထားသော သက်သေထွက်ဆိုခွင့်အယူခံအတွက် နှစ်ဘက်ရှေ့နေများ၏ လျှောက်လဲ ချက်ကို ယနေ့ကြားနာခဲ့ပြီး တရားရုံးက စီရင်ချက်မချမှတ်သေးသဖြင့် အင်းစိန်တရားခွင် ရုံးချိန်းမှာ အလိုအလျောက် ရွှေ့ဆိုင်းပေးရလိမ့်မည်ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

ကျန်သက်သေ (၂) ဦးဖြစ်သည့် ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ကို ထွက်ဆိုခွင့်မပြုခဲ့ခြင်းကြောင့် ဗဟိုတရားရုံးသို့ ထပ်မံအယူခံဝင်ထားခြင်းဖြစ်သည်။

ယခုကဲ့သို့ သက်သေထွက်ဆိုခွင့်အယူခံ ပြင်ဆင်ခွင့် တင်ရခြင်းမှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၂၅၇ (၁) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန်နှင့် အောက်ရုံးများက ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ခဲ့ခြင်း မရှိသဖြင့် တင်ပြရခြင်းဖြစ်ကြောင်း လျှောက်ထားခဲ့သည်ဟု သိရသည်။

ဦးဝင်းတင် အင်တာဗျူးပေးခြင်းနှင့် စပ်လျဉ်း၍လည်း ၎င်း၏ တသီးပုဂ္ဂလပြောဆိုခွင့်ဖြစ်ကြောင်း၊ တရားရုံးအား အနှောင့်အယှက်ပြုနေသည်မဟုတ်ကြောင်း ပြန်လည်လျှောက်ထားခဲ့သည်ဟု ၎င်းက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဆံပင် လှူဒါန်းပြီး ရရှိသည့်ငွေဖြင့် လမ်း-တံတားများ ပြုပြင်နေ

နယူးဒေလီ (မဇ္ဈိမ)။ ။ မန္တလေးမြို့မှ စေတနာရှင် ၆ သောင်းကျော်က ဆံပင်ဖြတ်၍ လှူဒါန်းသည့် ပိဿာချိန် ၁၂၃၁ ကို ရောင်းချ၍ ရရှိငွေဖြင့် စစ်ကိုင်းတိုင်းအတွင်းရှိ အလောင်းတော်ကဿဖ ဘုရားကြီးသို့ သွားရာလမ်းနှင့် လမ်းတလျှောက် ပျက်စီးနေသော တံတားများ ပြုပြင်ရန် ယခုလ ၇ ရက်နေ့က လှူဒါန်းခဲ့သည်။

မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်ရှိ နဂါး ပရိယတ္တိစာသင်တိုက်မှ ရွှေဆံနွယ် အကျိုးတော်ဆောင် ဆရာတော် အရှင်ဝါယမ နန္ဒ (B.A Buddhism) ၏ ဦးဆောင်မှုဖြင့် မြို့သူမြို့သားများ လှူဒါန်းသည့် ဆံပင်များကို ဘုရားကြီးသို့ သွားရောက်ရာ ယင်းမာပင်နှင့် ပုလဲမြို့နယ်ကြား လယ်ငေါက်-ချင်ပင်လမ်းနှင့် ၎င်းလမ်းတွင် ပျက်စီးယိုယွင်းနေသည့် တံတားများကို ပြုပြင်ရန် လှူဒါန်းလိုက်ခြင်း ဖြစ်သည်။

တရုတ်ဈေးကွက်၌ ဆံပင်များကို ရသမျှ ဝယ်ယူနေရာတွင် ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့၌ပင် အရည်အသွေး ရှိသည့် ဆံပင်တပိဿာလျှင် ကျပ်ငွေ ၂ သိန်းခန့်ဖြင့် ပေါက်ဈေးရှိရာ ယခု ရရှိခဲ့သည့် ဆံပင် ပိဿာချိန် ၁၂၃၁ အတွက် ကျပ်သိန်းပေါင်း ၁၈ဝဝ ကျော် ရရှိနိုင်ကြောင်း ကိုမင်းထက်ငြိမ်းချမ်းက ခန့်မှန်းပြောဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

နောင်တက်လာမည့် အစိုးရနှင့်သာ အသွင်ပြောင်းရေး ကိစ္စ KIO ဆွေးနွေးမည်

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က နောင်တက်လာမည့် အရပ်သားအစိုးရနှင့်သာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စ ဆွေးနွေးမည်ဟု မြစ်ကြီးနားရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ နှစ်ဘက် တွေ့ဆုံစဉ် အကြောင်းပြန်ခဲ့သည်။

ယခုကဲ့သို့ ပြောဆိုမှုအပေါ် မပခတိုင်းမှူးက နောင်တက်လာမည့် အစိုးရအဖွဲ့အား မည်မျှအထိ ယုံကြည်မှုထားပါ သလဲဟု ပြန်လည်မေးခွန်းထုတ်ခဲ့ကြောင်း၊ ကေအိုင်အိုဘက်က ယခုကဲ့သို့ တုံ့ပြန်မှုအပေါ် ဘ၀င်မကျသည့်အတွက် ဆက်လက်ပြီး ဆွေးနွေးသွားမည်ဟု ပြောဆိုကာ နှစ်ဘက်ဆွေးနွေးပွဲ အဆုံးသတ်ခဲ့ကြောင်း ဇွန် (၂၀) ရက်နေ့ တွေ့ဆုံစဉ်အတွင်း ကေအိုင်အိုဘက်က ပြောဆိုခဲ့ကြောင်း ကေအိုင်အိုခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ရန်ကုန်မှာ လုံခြုံရေး ကားများ လှည့်ပတ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ လက်နက်အပြည့်အစုံနှင့် ယူနီဖောင်းဝတ် လုံထိန်းရဲများ တင်ဆောင်ထားသည့် စစ်ကား အစီးရေ ၃ဝ ခန့်ထက် မနည်းသည် ယနေ့ တနေ့လုံးနီးပါး ရန်ကုန်တိုင်းအတွင်း လှည့်ပတ်သွားလာနေခဲ့ကြောင်း ဒေသခံများ အဆိုအရ သိရသည်။

တရုတ်ပြည်ထုတ် FAW ကား တစီးလျှင် လုံထိန်းရဲ ဦးရေ ၂၀ ခန့် လိုက်ပါလာကြသည်။ လုံထိန်း ရဲတပ်ရင်း အမှတ် ၈ သည် အင်းစိန်ထောင်ရှေ့၌ လုံခြုံရေး ယူထားသလို၊ ထောင်အတွင်း၌လည်း အထူးလုံထိန်း ရဲတပ်ဖွဲ့ဝင်များ ချထားကြောင်း သိရသည်။

အလားတူပင် မြေနီကုန်း၊ စမ်းချောင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း အပါအဝင် မြို့နယ်အချို့၌လည်း လုံထိန်းကားများ လှည့်ပတ်သွားလာခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ကရင်ဒုက္ခသည်များကို တစုတစည်းတည်းထားမည်

စစ်ပွဲဂယက်များကြောင့် ထိုင်းဘက်ထွက်ပြေးလာသည့် ကရင်စစ်ပြေးဒုက္ခသည်များအား ခိုလှုံခွင့်တခုတည်းတွင် စုစည်းထားရှိသွားမည်ဟု ကရင်ဒုက္ခသည်ကော်မတီ (KRC) အဖွဲ့ဥက္ကဋ္ဌ ရောဘတ်ထွေးက ပြောသည်။

ထိုင်းအာဏာပိုင်များ၊ UNHCR, KRC, TBBC, IRC နှင့် အခြားအစိုးရမဟုတ်သောအဖွဲ့များကလည်း ယာယီခိုလှုံရေး စခန်း (၃) ခုမှ စစ်ပြေးဒုက္ခသည်များကို အူးသူးထာ့ စခန်းတခုတည်းတွင်သာ စုပေါင်းထားရှိရန် စီစဉ်နေသည်ဟု သိရသည်။

စစ်ပြေးဒုက္ခသည်များတွင် နယ်မြေအေးချမ်းသွားပါက ပြန်မည့်သူများ ရှိသကဲ့သို့ လယ်ပေါ်ဟဲပြည်တွင်း ဒုက္ခသည်စခန်းမှ ဒုက္ခသည်များကမူ ၎င်းတို့စခန်းသို့ ပြန်နေထိုင်ရန် မဖြစ်နိုင်ကြောင်း ပြောသည်။ ယင်း စစ်ပြေးဒုက္ခသည်များကို ထိုင်းနိုင်ငံရှိ နောင်ဘိုး၊ အူးသူးထာ့၊ မဲ့စလေ စသည့်နေရာ (၃) ခုတွင် ယာယီခိုလှုံခွင့် စခန်းများ ဖွင့်လှစ်စောင့်ရှောက်ထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဇွန်လ ၂၅ ရက်
ရက်သတ္တပတ် ၂၆၊ ၂၀၀၉
မြန်မာသတင်း

မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံသို့ ထွက်ခွာ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂကို ကိုးကား၍ နိုင်ငံတကာ သတင်းမီဒီယာများတွင် ဖော်ပြသည်။

မစ္စတာဂမ်ဘာရီသည် ယမန်နေ့က အမေရိကန်နိုင်ငံ နယူးယောခ့်မြို့မှ မြန်မာနိုင်ငံ သို့ ထွက်ခွာသွားခြင်းဖြစ်ပြီး ၎င်း၏ ခရီးစဉ်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ခရီးစဉ်မတိုင်မီ အကြိုသွားရောက်ခြင်း ဖြစ်နိုင်သည်ဟုလည်း ကုလသမဂ္ဂသံတမန်များက ထင်မြင်ယူဆနေကြသည်။

မစ္စတာဘန်ကီမွန်းက မြန်မာနိုင်ငံသို့သွားရောက်ရန် သင့်တော်သောအချိန်ကို စောင့်ဆိုင်းနေကြောင်း အေပီသတင်း ဌာနသို့ ပြောကြားခဲ့သည်။ ၎င်းသည် ဇွန်လ (၃၀) မှ ဇူလိုင် (၂) ရက်အထိ ဂျပန်နိုင်ငံသို့ သွားရောက်ရန်အစီအစဉ် ရှိပြီး ထို့နောက် မြန်မာနိုင်ငံသို့ သွားရောက်နိုင်သည်ဟုလည်း သတင်းတွင်ဖော်ပြသည်။
မစ္စတာဂမ်ဘာရီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက မြန်မာနိုင်ငံသို့ နောက်ဆုံးလာရောက်ခဲ့ပြီး ယခုအကြိမ် သည် (၈) ကြိမ်မြောက်လာရောက်ခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

NDAK ကချင်လက်နက်ကိုင်အဖွဲ့က နယ်ခြားစောင့်တပ်ဖွဲ့ရေး လက်ခံ

ချင်းမိုင်၊ ရွှေလီ (မဇ္ဈိမ)။ ။ မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် ကချင် ဒီမိုကရက်တစ် တပ်မတော်က နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းရန် သဘောတူလိုက်ကြောင်း အဖွဲ့ ဥက္ကဋ္ဌက ယနေ့ ပြောဆိုသည်။

ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် - မပခ တိုင်းမှူး ဗိုလ်မှူးချုပ်စိုးဝင်းနှင့် ကချင် ဒီမိုကရက်တစ် တပ်မတော် - NDAK ခေါင်းဆောင်များအကြား မြန်မာစစ်အစိုးရ သတ်မှတ်ပေးထားပြီး တရုတ်နယ်စပ်အနီး တည်ရှိသော ကချင်အထူးဒေသ (၁) ပန်ဝါမြို့၌ ယခုလ ၂၄ ရက်နေ့က တွေ့ဆုံဆွေးနွေးရာ၌ သဘောတူကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲသို့ မပခ တိုင်းမှူးနှင့် ဌာနဆိုင်ရာ ဦးစီးအရာရှိများ၊ NDAK မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဦးဆခုန်တိန့်ယိင်းနှင့် အရာရှိများ တက်ရောက်ခဲ့ကြသည်။

နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲသွားမည့် အစီအစဉ်များနှင့်အတူ ရွေးကောက်ပွဲ ဝင်ရောက်နိုင်ရန် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ကချင်တိုင်းရင်းသား အခွင့်အရေးကို ကချင် ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် နေထိုင်နိုင်ရန် တောင်းဆိုထားကြောင်း ဦးဆခုန်တိန့်ယိင်းက ဆိုသည်။ KIO နှင့် UWSA နှစ်ဖွဲ့စလုံးက စစ်အစိုးရ၏ နယ်ခြားတပ်အရေး လက်မခံသော်လည်း နောက်တက်လာမည့် အစိုးရသစ်နှင့် ဆက်လက်ဆွေးနွေးမည်ဟု ဆိုခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ရန်ကုန်တွင် A/H1 N1 တုပ်ကွေးဖြစ်ပွားနေဟု သတင်းများ ပျံ့နှံ့

မန်မာနိုင်ငံ ရန်ကုန်မြို့တွင် A/H1 N1 တုပ်ကွေးရောဂါ ဖြစ်ပွားနေသည်ဟူသော သတင်းများ ယမန်နေ့ကစ၍ ပျံ့နှံ့လျက်ရှိကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

A/H1 N1 တုပ်ကွေးရောဂါ သံသယဖြစ်ဖွယ် ဝေဒနာရှင်တဦးကို တွေ့ရှိရပြီးသည့်နောက် သတင်းစတင်ပေါက်ကြား ရာမှ ပြည်သူများကြား ယင်းသို့ သတင်းများ ပျံ့နှံ့နေခြင်းဖြစ်သည်။

အဆိုပါဝေဒနာရှင်သည် ရန်ကုန်ဆေးရုံကြီး၊ ရောဂါထိန်းချုပ်ရေးသီးသန့် လူနာခန်းတွင် ဇွန် (၂၂) ရက်၌ ဆေးကုသမှု ခံယူခဲ့ကြောင်း ဆေးရုံကြီးမှ တာဝန်ကျ ဆရာဝန်တဦးက ပြောသည်။

ရောဂါဖြစ်သည်ဟု သံသယဖြစ်ခံရသူမှာ အိန္ဒိယနိုင်ငံသား အမျိုးသားတဦးဖြစ်ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ (၂) နှစ်စာချုပ်ဖြင့် ခေါ်ယူထားသော ပညာရှင်တဦးဖြစ်ကာ မြန်မာနိုင်ငံသို့ မလာရောက်မီ A/H1 N1 တုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိသော ထိုင်းနိုင်ငံတွင် ရက်ပိုင်းမျှ နေထိုင်ခဲ့သူဖြစ်ကြောင်း ဇွန်(၂၆) ရက်နေ့စွဲဖြင့် ယနေ့
ကြာသပတေးနေ့တွင် ဖြန့်ချိသည့် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ယက်တောအမှု ဒေါ်စုတွင် တာဝန်ရှိဟု ရဲချုပ်က အပြစ်တင်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ဝင်ရောက်မှုနှင့် ပတ်သက်၍ သူမတွင်သာ တာဝန်ရှိကြောင်း မြန်မာနိုင်ငံ ရဲချုပ်က ယနေ့ ပြောသည်။

ပထမအကြိမ် လာရောက်စဉ်ကတည်းက တာဝန်ရှိသူများကို သတင်းပြည့်စုံစွာ မပို့ခဲ့ဘဲ ထိန်ချန်ထားခဲ့သည်ဟူ၍ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ရန်ကုန်ရှိ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးပြတိုက်၌ ယနေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောသွားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ရိုက်သတင်းမပို့ဘဲ ၄ ရက်အကြာ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ကျမှ သူမအား ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသော ဒေါက်တာတင်မျိုးဝင်းကတဆင့် သတင်းပို့ခဲ့သဖြင့် သဲလွန်စရရန် ခက်ခဲပြီး အဖြစ်မှန် မဖော်ထုတ်နိုင်ခဲ့ကြောင်း ရဲချုပ်က ဆိုသည်။

မစ္စတာယက်တောသည် ဉာဏ်ရည်ဉာဏ်သွေး ကောင်းမွန်ပြီး၊ ဝေဖန်သုံးသပ် ဆင်ခြင်နိုင်စွမ်း မြင့်မားသည့် ပုဂ္ဂိုလ်တဦးဖြစ်ကြောင်းနှင့် စိတ်ဝေဒနာရှင် ကျပ်မပြည့်သူတဦးဆိုတာ မဟုတ်မှန်ကြောင်းလည်း ထည့်သွင်းပြောဆိုသွားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

Kang Nam သင်္ဘောသတင်း မရရှိသေးဟု မြန်မာအစိုးရက မီဒီယာများမှ ကြေညာ

နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်ခြင်းခံရသော Kang Nam မြောက်ကိုရီးသားသင်္ဘောသည် မြန်မာနိုင်ငံသို့ ဆိုက်ကပ်မည့် သတင်းတစုံတရာ မရရှိသေးကြောင်း ယနေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။ နိုင်ငံတကာသတင်းများတွင် စစ်လက်နက် ပစ္စည်းများ သယ်ဆောင်လာသည်ဟု ယူဆရသော မြောက်ကိုရီးယား သင်္ဘော Kang Nam သည် မြန်မာနိုင်ငံသို့ ဦးတည်နေသည်ဟု ဖော်ပြနေကြသော်လည်း မြန်မာဆိပ်ကမ်းသို့ ဆန်တန်ချိန် (၈,၀၀၀) ကျော် လာရောက်တင်ဆောင်မည့် အိန္ဒိယနိုင်ငံ ကာလကတ္တားမှ MV Dumangang သင်္ဘောသာလျှင် ဇွန်လ (၂၇) ရက် ပတ်ဝန်းကျင်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်း စစ်အစိုးရက ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

ပြည်ပသတင်းဌာနများက ထုတ်လွှင့်လျက်ရှိသည့် Kang Nam ကုန်တင်သင်္ဘောနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ သတင်းတစုံတရာရရှိခြင်း မရှိကြောင်း ဆက်လက်ဖော်ပြထားသည်။ မြောက်ကိုရီးယားမှ Kang Nam ကုန်တင်သင်္ဘောသည် ဒုံးလက်နက်နှင့်ဆက်စပ်ပစ္စည်းများ တင်ဆောင်လာသည်ဟု တောင်ကိုရီးယား ထောက်လှမ်းရေး အပါအ၀င် နိုင်ငံတကာစောင့်ကြည့်လေ့လာသူများက ယူဆထားကြပြီး အမေရိကန် ရေတပ်ဖျက်သင်္ဘော USS John S. McCain က နောက်ယောင်ခံ စောင့်ကြည့်လျက်ရှိသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

မြောက်ကိုရီးယား သဘောင်္သတင်း ဖော်ပြခွင့် ပိတ်ပင်

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံသို့ ဦးတည် လာနေသည်ဟု ဆိုသော မြောက်ကိုရီးယား သဘောင်္ ကန်နမ်နှင့် ပတ်သက်ပြီး ပြည်တွင်း ဂျာနယ်များတွင် သတင်းဖော်ပြခွင့်ကို စစ်အစိုးရက ပိတ်ပင်ထားသည်။

အပတ်စဉ် ကြာသပတေးနေ့ထုတ် ပြည်မြန်မာ သတင်းဂျာနယ်က နိုင်ငံတကာ သတင်းအနေဖြင့် အေပီ သတင်းဌာနကို ကိုးကား ရေးသားထားသော သတင်းပါလာပြီးနောက် အခြား သတင်းဂျာနယ်များတွင် ဖော်ပြခွင့် ပိတ်ပင်ခံရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဘေးကြားမျိုးစပါးများ တစေ့မှ အပင်ပေါက်ဟု ဘိုကလေးဒေသခံ လယ်သမားများပြော

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်အတွင်း ဖြန့်ဝေသော မျိုးစပါးများ အပင်မပေါက်သဖြင့် တိရစ္ဆာန်အစာအဖြစ်သာ အသုံးပြုနေရကြောင်း ဒေသခံလယ်သမားများက ပြောသည်။

ဘိုကလေးမြို့နယ် ထော်ပိုင်-ရွှေပြည်အေးဒိုင်နယ်၊ စက်စု- စက်ဆန်း ဒိုင်နယ်များမှ (၁၀) ဧကနှင့်အောက် လုပ်ကိုင်နေသော လယ်သမားများအား တဦးလျှင် မျိုးစပါး (၈) တင်းနှုန်းဖြင့် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ The UN Refugee Agency ၏ German Agro Action (GAA) အဖွဲ့က ယခုလဆန်းပိုင်းတွင် ဖြန့်ဝေခဲ့သည်။

အဆိုပါ မျိုးစပါးများကို ယခုစိုက်ပျိုးရာသီ၌ ကြဲပက်စိုက်ပျိုးရာ တစေ့မှ အပင်မပေါက်သဖြင့် တိရစ္ဆာန်အစာအဖြစ် သုံးနေကြရသည်။

အဆိုပါစပါးများမှာ သက်ကြီးစပါး ဘေးကြားမျိုးများ ဖြစ်ပြီး မအူပင်မြို့မှ မှာယူခဲ့ခြင်းဖြစ်ကာ ဒေသအရောက် (၁) တင်း (၈,၁၀၀) ကျပ်နှင့် စပါးတင်း (၁၀၀) ကို (၈) သိန်းကျော်တန်ဖိုးရှိကြောင်း UNHCR မှ တာဝန်ရှိသူတဦးက ပြောသည်။

(၁) ဧက (၁၀) တင်းခန့်သာ ထွက်ရှိသော အဆိုပါ အခြေအနေတွင် ဒေသခံတို့အနေဖြင့် သီးသန့်မျိုးစပါး မစုဆောင်းနိုင်ဘဲ ၀မ်းစာပင် လုံလောက်စွာ မထားရှိနိုင်ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်စု ဓာတ်ပုံများ ပဲခူးတိုင်းအတွင်း ဖြန့်ဝေ

နယူးဒေလီ (မဇ္ဈိမ) ။ ။ ပဲခူးတိုင်းအတွင်း မြို့နယ်အချို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများကို အန်အယ်ဒီ လူငယ်များသည် ယမန်နေ့က လိုက်လံဝေငှခဲ့ကြောင်း သိရသည်။

လူစည်ကားရာ ပဲခူးမြို့ပေါ်နေရာများ၊ တိုင်းအတွင်းရှိ မြို့နယ်အချို့၌ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ် အောင်ဆန်းနှင့် သမီးဖြစ်သူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံပေါင်း ၃ဝဝဝ ဖြန့်ဝေခြင်း ဖြစ်သည်။
ဓာတ်ပုံများ ဝေငှရာများအနီး၌ အရပ်ဝတ်နှင့် အာဏာပိုင်များက စောင့်ကြည့်မှုများ ရှိခဲ့သော်လည်း အနှောင့်အယှက် တစုံတရာပေးခြင်း မရှိကြောင်း သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဇွန်လ ၂၆ ရက်
ရက်သတ္တပတ် ၂၆၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်အမှု ဇူလိုင် ၃ ရက်သို့ ရွေ့

ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲတင်စစ်ဆေးနေသော အင်းစိန်ထောင်အထူးတရားရုံး တရားခွင်ကို ဇူလိုင်လ (၃) ရက်သို့ ပြောင်းရွှေ့လိုက်ပြီဖြစ်သည်။

ဗဟိုတရားရုံးသို့ အယူခံတင်ပြထားသော သက်သေခေါ်ယူခွင့် ပြင်ဆင်မှု ပြီးပြတ်ခြင်းမရှိသေးသဖြင့် ယင်းကဲ့သို့ ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်သည်။
ယင်းကဲ့သို့ သက်သေ (၁) ဦးသာ ထွက်ဆိုခွင့်ရခြင်းမှာ တရားမျှတမှုမရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ရန်ကုန်တိုင်းတရားရုံးသို့ ထပ်မံတင်ပြရာ နောက်သက်သေအဖြစ် ရှေ့နေဒေါ်ခင်မိုးမိုးကို ရန်ကုန်တိုင်းတရားရုံးက ခွင့်ပြုပေးခဲ့ပြီး ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ကို ထပ်မံပယ်ချထားသည့်အတွက် ဗဟိုတရားရုံးသို့ အယူခံထားခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဦးဂမ္ဘီရ ထောင်ဒဏ် ငါးနှစ် လျော့

ချင်းမိုင်(မဇ္ဈိမ)။ ။ စစ်အစိုးရကို ဆန့်ကျင် ဆန္ဒပြရာတွင် ဦးဆောင်ခဲ့သူ အရှင်ဂမ္ဘီရအား အနောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၅နှစ် ယမန်နေ့က လျော့ချပေးလိုက်သည်။

သံဃာတပ်ပေါင်းစုခေါင်းဆောင် ဦးဂမ္ဘီရအား စွဲဆိုခဲ့သော အမှု ၁၆ ခုအနက် အီလက်ထရောနစ် ဥပဒေကို ချိုးဖောက်သည့်အမှုမှ ထောင်ဒဏ်ကို လျော့လိုက်ခြင်း ဖြစ်သည်။ သို့သော် သူသည် ထောင်ဒဏ် ၆၃ နှစ် ကျခံရန် ကျန်သေးသည်။

လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်း ကလေးထောင်ထဲတွင် အကျဉ်းကျခံနေရသူ အသက် ၂၉ နှစ်အရွယ် ဦးဂမ္ဘီရ၏ ရှေ့နေများက အမှုများကို ပြန်လည်စစ်ကြောရန် ခရိုင်တရားရုံးကို အယူခံတင်သွင်းခဲ့ရာ ၇ မှု အပယ်ခံရသည်။ အယူခံတင်ချိန် နောက်ကျ၍ ပယ်ချရခြင်းဖြစ်သည်ဟု တရားရုံးက ပြန်ကြားကြောင်း မိသားစုဝင်များက ပြောသည်။

ကျန်သော ၉ မှုကို တရားရုံးက စိစစ်နေဆဲဖြစ်ပြီး ၂၉ ရက်နေ့ ရုံးချိန်းပေးထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဝါဆိုမည့်သံဃာများကို ကိုယ်ရေးအတ္ထုပ္ပတ္တိ တောင်းယူ

ယခုနှစ် ရန်ကုန်၌ ၀ါဆိုမည့်သံဃာတော်များအနေဖြင့် ဓာတ်ပုံနှင့်တကွ ကိုယ်ရေးအတ္ထုပ္ပတ္တိများကို ပုံစံတွင် ဖြည့်စွက်ကြရပြီး ကျောင်းထိုင်ဆရာတော်များက တာဝန်ခံလက်မှတ်ထိုးပေးကာ သာသနာရေးဦးစီးဌာနသို့ ပေးအပ်ကြရကြောင်း သိရသည်။

ယခုလအစောပိုင်းကလည်း သာသနာရေးဝန်ကြီးဌာနက သံဃာတော်များ ပြည်ပထွက်ခွာခွင့်အတွက် ထောက်ခံစာ ပေးမှုများကို ရပ်တန့်ထားခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဂမ်ဘာရီက ကုလ အတွင်းရေးမှူးချုပ်ထံ တိုက်ရိုက် အစီရင်ခံမည်

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် မစ္စတာ အီဘရာဟင် ဂမ်ဘာရီသည် သူ၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ ယခုသီတင်းပတ်ကုန်တွင် အထွေထွေအတွင်းရေးမှူးချုပ်ထံ အစီရင်ခံရမည်ဖြစ်ကြောင်း ကုလအဆင့်မြင့် အရာရှိတဦးက ပြောဆိုလိုက်သည်။

ယနေ့နံနက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာသော အထူး ကိုယ်စားလှယ်၏ ခရီးစဉ်အပေါ် နယူးယောက်ရှိ ကုလဌာနချုပ်က တိုက်ရိုက် ကိုင်တွယ်၍ သတင်းထုတ်ပြန်မှုကိုလည်း တင်းကျပ်ထားကြောင်း ရန်ကုန်ရှိ ကုလ အသိုင်းအဝိုင်းက ပြောဆိုနေသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

DKBA ၉၉၉ တပ်ရင်းမှူး ချုံခိုတိုက်ခိုက်ခံရသဖြင့် သေဆုံး

ယနေ့နံနက်ပိုင်းက တိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) ၉၉၉ တပ်ရင်း (၇) မှ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး အဆင့်ရှိသူ စောစံပြုံး (ခေါ်) ဗိုလ်ဆန်ပြုတ်နှင့်အဖွဲ့သည် တပ်မဟာ (၇) ဒေသအား ထိုးစစ်ဆင်အပြီး ၉၉၉ အထူးတပ်ရင်းတည်ရှိရာ မြဝတီခရိုင် ရွှေကုက္ကိုရွာသို့ တပ်မဟာ (၇) ဒေသမှတဆင့် စက်လှေဖြင့် သောင်ရင်းမြစ်အတိုင်း ဆန်တက်ရာ မယ်တန်နှင့် မယ်လအကြားရှိ မောင်ကလာဝဲဟုခေါ်သည့် နေရာအရောက် တွင် မြန်မာနိုင်ငံဘက်အခြမ်းမှ အမည်မသိ လက်နက်ကိုင်အဖွဲ့ တဖွဲ့၏ ချုံခိုတိုက်ခိုက်မှုကြောင့် ဗိုလ်ဆန်ပြုတ် အပါအဝင် တပ်ဖွဲ့ဝင် (၁၀) ဦး သေဆုံးသွားသည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

ယခုသေဆုံးသွားသူ ဗိုလ်ဆန်ပြုတ်သည် ၂၀၀၈ ခု ဖေဖော်ဝါရီလက မဲဆောက်မြို့တွင် လုပ်ကြံခံရသည့် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းအား လုပ်ကြံခဲ့ရာတွင် အဓိကဦးဆောင်သူဟု ကရင်အမျိုးသားထုအတွင်း သင်္ကာမကင်းခံရသူဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဆလိုင်းတင်မောင်ဦး ဂုဏ်ပြုဆန္ဒပြပွဲ ကျင်းပ

ချင်းမိုင် (မဇ္ဈိမ)။ ။ အာဏာရှင်ဟောင်း ဦးနေဝင်း၏ အစိုးရမှ ပထမဆုံး ကြိုးမိန့်ပေးခဲ့သူ ချင်းကျောင်းသား ခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးသည့် ၃၃ နှစ်မြောက်နေ့ ယနေ့တွင် တောင်ကိုရီးယား ဆိုးလ်မြို့ရှိ မြန်မာသံရုံးရှေ့၌ ချင်းလူမျိုးများ စုပေါင်း ဆန္ဒပြခဲ့သည်။

ဗိုလ်ချုပ်ကြီး နေဝင်း၏ တော်လှန်ရေးကောင်စီ အစိုးရအဖြစ်မှ ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအဖြစ် အသွင်ပြောင်း ဖွဲ့စည်းစ၌ ကျောင်းသား လှုပ်ရှားမှုများဖြင့် ဆက်လက် ဆန့်ကျင်ခဲ့ရာ၌ ဦးဆောင်ပါဝင်သဖြင့် ဖမ်းဆီးကြိုးမိန့်ပေးခံရသူ ဆလိုင်းတင်မောင်ဦးအား ဂုဏ်ပြုအောက်မေ့ဖွယ်အဖြစ် စုပေါင်းဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

နအဖ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး စီမံကိန်း မအောင်မြင်ဟု ရှမ်းမူးယစ်စောင့်ကြည့်အဖွဲ့ ပြော

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုပပျောက်ရေး စီမံကိန်းကာလ (၁၅) နှစ်ချမှတ်ထားပြီး ၂၀၀၉ ခုနှစ်အထိ (၁၀) နှစ်တာအတွင်း မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း၌ စစ်အစိုးရ လျာထားသည့် (၄၄) မြို့နယ်အနက် (၂၉) မြို့နယ်တွင် ဘိန်းစိုက်ပျိုးမှု ဆက်လက်ကျန်ရှိနေသေးသဖြင့် အဆိုပါစီမံကိန်း အောင်မြင်မှုမရှိကြောင်း ရှမ်းပြည် မူးယစ်စောင့်ကြည့်ရေးအဖွဲ့က ယနေ့ပြောကြားသည်။

ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး ဒုတိယ (၅) နှစ်စီမံကိန်း (၂၀၀၄-၂၀၀၉) တွင် ဘိန်းစိုက်ပျိုးမှု ဆက်လက် ကျန်ရှိနေသည့် ဒေသအများစုမှာ နအဖစစ်အစိုးရ ထိန်းချုပ်မှုအောက်မှ မြို့နယ်များဖြစ်ကြောင်း ရှမ်းပြည် မူးယစ် စောင့်ကြည့်ရေးအဖွဲ့တာဝန်ခံဖြစ်သူ ဦးခွန်ဆိုင်းက ခေတ်ပြိုင်သို့ ပြောသည်။ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ ၂၀၀၇-၂၀၀၈ အတွက် ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုသည် (၃၆) ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြထားပြီး အထူးသဖြင့် ရှမ်းပြည်အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် ဖြစ်သည်ဟု ဖော်ပြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

တနင်္သာရီ ရေအားလျှပ်စစ် စီမံကိန်းအတွက် ကွင်းဆင်း လေ့လာနေ

ချင်းမိုင်။ ။ စင်္ကာပူနှင့် ထိုင်းသို့ လျှပ်စစ် တင်ပို့နိုင်ရန် အလားအလာရှိသော ရေကာတာတခု ဆောက်လုပ်နိုင်ရန် အတွက် မြန်မာနိုင်ငံ တောင်ဘက် အစွန်းပိုင်းရှိ တနင်္သာရီမြစ်ကို မြန်မာ အာဏာပိုင်များနှင့် ထိုင်းပညာရှင်များက ဂရုစိုက် လေ့လာနေကြသည်။

ထိုင်းအာဏာပိုင်များမှ တနင်္သာရီတိုင်းတွင် နွေရာသီနှင့်မိုးရာသီများတွင် မြစ်၏ ရေမျက်နှာပြင် အမြင့်များကို လေ့လာမှတ်သားနိုင်ရန်လူတဦး ထားပေးထားသည် ဟု ဒေသခံများက ဆိုသည်။ မြန်မာနိုင်ငံသည် စွမ်းအင် လိုအပ်နေသော နိုင်ငံများဖြစ်သည့် ထိုင်းနှင့် စင်္ကာပူနှစ်နိုင်ငံ တို့အား ရေအားလျှပ်စစ် စီမံကိန်းမှ ရရှိသော လျှပ်စစ်များ ပံ့ပိုးပေးသွားမည်ဟု သဘောတူစာချုပ်တွင် လက်မှတ်ထိုးထားပါသည်။

အစိုးရအာဘော် သတင်းစာတခုဖြစ်သော နယူးလိုက်အော့ဖ်မြန်မာ၏ ဖော်ပြချက်အရ ထိုင်းနိုင်ငံ အီတလီ-ထိုင်း ဖွံဖြိုးရေး ပြည်သူ့ကုမ္မဏီ လီမီတက်၊ စင်္ကာပူနိုင်ငံ ဝင်းဖောစွမ်းအင် ဝန်ဆောင်မှု လီမီတက် (ဗြိတိသျှ ဗားဂျင်းကျွန်းမှ) တို့နှင့် မြန်မာ့လျှပ်စစ် စွမ်းအားဝန်ကြီးဌာန (၁) တို့ အကြား တနင်္သာရီ ရေအား လျှပ်စစ်စီမံကိန်း အတွက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က ကျင်းပခဲ့ကြသည်ဟု သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)

Sunday, June 21, 2009

သတင်းမှတ်စု ( ၂၄ )

ဇွန်လ ၁၅ ရက်
ရက်သတ္တပတ် ၂၅ ၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်စုကို ပြန်လွှတ်ရန် နိုင်ငံရေး အကျဉ်းသားဟောင်း ၁၀၀ ကျော် တောင်းဆို

နယူးဒေလီ။ ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကြေညာချက်တွင် ကမ္ဘာတဝှမ်းမှ နိုင်ငံရေးအကျဉ်းသားဟောင်း ၁ဝဝ ကျော်က စုပေါင်းလက်မှတ် ရေးထိုးကာ တောင်းဆိုလိုက်ကြသည်။

ဒေါ်စု လွတ်မြောက်ရေးလှုပ်ရှားမှုအတွက် စာသား၊ ဗီဒီယို၊ ဓာတ်ပုံ စသည်တို့ ပေးပို့နိုင်သော 64forsuu.org ´ဒေါ်အောင်ဆန်းစုကြည်အတွက် စာလုံး ၆၄ လုံး´ အမည်ရှိ အထူးဝဘ်ဆိုဒ်တွင် အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် ဥရောပရှိ နိုင်ငံပေါင်း ၂ဝ ကျော်မှ နိုင်ငံရေး အကျဉ်းသားဟောင်းများက လက်မှတ်ရေးထိုးခြင်း ဖြစ်သည်။

ဤ ဝဘ်ဆိုဒ်ကို ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်၏ ၆၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကင်ပိန်းလှုပ်ရှားသူများက ပြုလုပ်ထားကြခြင်း ဖြစ်သည်။

သူတို့က မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့မှု ပိတ်ဆို့ရေး ပြုလုပ်ပါရန် သူတို့က ကုလသမဂ္ဂ လုံခြုံရေးကောက်စီကို တိုက်တွန်းလိုက်ကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး တရုတ်ပြည် ခရီး စတင်

မြန်မာနအဖ ဒု-ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးသည် တရုတ်ဒု-သမ္မတ မစ္စတာရှီကျင်းဖျင်၏ ဖိတ်ကြားချက်အရ (၆) ရက်ကြာခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ထွက်ခွာလာပြီဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ယနေ့ဖော်ပြသည်။

ယင်းခရီးစဉ်သည် (၆) နှစ်တာကာလအတွင်း ဒု-ဗိုလ်ချုပ်ကြီးမောင်အေး၏ တတိယမြောက် ခရီးစဉ်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တို့အတွက်ဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။

အဆိုပါသတင်းတွင် နအဖစစ်ခေါင်းဆောင်များနှင့် တရုတ်ခေါင်းဆောင်များ၏ ယခင်ခရီးစဉ်များကို ပြန်လည်ဖော်ပြ ထားပြီး တရုတ်နှင့် မြန်မာစီးပွားရေးဆိုင်ရာ စပ်ယှက်မှုအချို့ကို ထည့်သွင်းဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေပြဇယားတွင် တရုတ်သည် အဆင့် (၆) နေရာမှ အဆင့် (၄) သို့ မြင့်တက်ရောက်ရှိလာသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အီးယူ ကြေညာချက် အခြေအမြစ်မရှိဟု စစ်အစိုးရက ပြောဆို

နယူးဒေလီ (မဇ္စျိမ)။ ။ ကရင်လူမျိုးများအား အစိုးရတပ်က ထိုးစစ်ဆင်နွှဲနေကြောင်း ဥရောပသမဂ္ဂက ထုတ်ပြန်ကြေညာသည့်အပေါ် မှန်ကန်မှုမရှိဘဲ၊ အခြေအမြစ်မရှိသော ထုတ်ပြန်ချက် ဖြစ်သည်ဟု မြန်မာစစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက ယမန်နေ့ထုတ် အစိုးရ သတင်းစာမှတဆင့် တုံ့ပြန်ပြောဆိုလိုက်သည်။

ယခုလ ၁၁ ရက်နေ့ထုတ် ဥရောပသမဂ္ဂ - အီးယူ ကြေညာချက်တွင် စစ်အစိုးရတပ်နှင့် ၎င်း၏ မဟာမိတ်တပ်က ကရင်များအပေါ် ထိုးစစ်ဆင်နေသဖြင့် စိုးရိမ်မိကြောင်း ထုတ်ပြန်ခဲ့သည့်အပေါ် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကားအရောင်းအ၀ယ် လေခံဈေးကွက်ဖွင့် ဦးပိုင်မှ ကားများ ရောင်းချရန်ရည်ရွယ်

မြန်မာနိုင်ငံ၏ ပထမဆုံး ပုံမှန်ကားလေလံဈေးကွက်တခုကို ဆာကူရာကုမ္ပဏီက တောင်ဥက္ကလာ ယခင်သေနတ်ပစ် ကွင်းဟောင်းတွင် ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့သည်။

ဆာကူရာကုမ္ပဏီသည် ဦးပိုင်ကုမ္ပဏီနှင့် စစ်အစိုးရ ထိပ်ပိုင်းအာဏာပိုင်များအတွက် ဂျပန်မှရန်ကုန်ဆိပ်ကမ်း အရောက် ကားတင်သွင်းပေးနေသည့် ကုမ္ပဏီဖြစ်သည်။

လေလံမဆွဲခင် အဆင်သင့် ရောင်းချမည့် ဂျပန်နိုင်ငံမှ တင်သွင်းသည့် တပတ်ရစ်ကား အစီးရေ (၁၀၀) နီးပါးနှင့် ဆိုင်ကယ်များကို ၀င်းအတွင်း ပြသထားကြောင်း ကားရောင်းပွဲသို့ သွားခဲ့သည့် မျက်မြင်တဦးက ပြောသည်။

ကားအမျိုးအစားနှင့် မော်ဒယ်အလိုက် ဈေးနှုန်းအမျိုးမျိုးသတ်မှတ်ထားပြီး လေလံကြမ်းခင်းဈေး ကျပ်သိန်း (၁၀၀) တန် ပါဗလေကာမှအစ တိုယိုတာ အက်စ်တီမာနှင့် ကင်မရေကဲ့သို့ ကားတစီးကို ကျပ်သိန်း (၂,၀၀၀)၊ တိုယိုတာ လင်ခရူဆာကားများကိုမူ ကျပ်သိန်း (၃,၀၀၀) မှ (၃,၇၀၀) အထိ ကြမ်းခင်းဈေးများ သတ်မှတ်ထားသည်။

စင်တာတွင် ပြထားသည့်ကားများကို လေလံဆွဲဝယ်ယူနိုင်သည့်အပြင် အခြားကြိုက်ရာ အမျိုးအစားနှင့် မော်ဒယ်များကို မှာကြားလိုပါက နိုင်ငံခြားမှ တင်သွင်းပေးနိုင်ကြောင်း၊ ကားရောင်းချလိုပါကလည်း သတ်မှတ် ထားသည့် စည်းကမ်းချက်များနှင့်အညီ လာရောက် ရောင်းချနိုင်ကြောင်း ဆာကူရာကုမ္ပဏီက ကြေညာထားသည်။

အဆိုပါ စင်တာဖွင့်ပွဲသို့ လာသည့် ကားဝယ်ရောင်းလုပ်သူတဦးက နအဖအာဏာပိုင်များအနေဖြင့် ကားတင်သွင်းခွင့် လိုင်စင် ကိုင်ထားရုံမျှနှင့် အကျိုးအမြတ်ရနေကြောင်း၊ နောက်ပိုင်း ၀ယ်လက်နည်းသွားသဖြင့် ယခုကဲ့သို့ လေလံစင်တာဖွင့်ခြင်းဖြစ်ကြောင်း ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဇွန်လ ၁၆ ရက်
ရက်သတ္တပတ် ၂၅ ၊ ၂၀၀၉
မြန်မာသတင်း

လေယာဉ်ခရီးစဉ်မရှိ၍ ထောင်ဝင်စာ မတွေ့နိုင်

မိုးတွင်းတွင် လေယာဉ်ခရီးစဉ်များ မရှိသဖြင့် မိုင်းဆတ်ထောင်ရှိ (၈၈) ကျောင်းသားခေါင်းဆောင် ကိုကိုကြီးအား ထောင်ဝင်စာမတွေ့နိုင်သည်မှာ (၄) လခန့်ရှိနေပြီဖြစ်ကြောင်း ညီဖြစ်သူ ကိုအောင်ထွန်းက ခေတ်ပြိုင်သို့ ပြောသည်။

ထို့ပြင် ယခင်ကရှိခဲ့သော ဂရင်ဂျီနာလည်း ပြန်ပေါ်နေပြီး အစာအိမ်လည်းမကောင်းကြောင်း ကိုကိုကြီးက ၎င်း၏ မိသားစုထံ ပေးပို့သည့်စာတွင် ထည့်သွင်းရေးထားကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဘူးသီးတောင်ထောင် အရာရှိ ၄ ဦး အလုပ်ဖြုတ်ခံရ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ရှိ အကျဉ်းထောင်မှ ထောင်ပိုင် ဦးတင်ထွန်း၊ ထောင်ဆရာဝန် ဦးဌေးဝင်း၊ ထောင်မှူး ဝင်းမောင်၊ အခြားအရာရှိ တဦးဖြစ်သည့် ဦးသိန်းကျော် တို့ကို ဇွန်လ ၇ ရက်နေ့က အလုပ်ဖြုတ်လိုက်ကြောင်း ပြည်ထဲရေး သတင်းရပ်ကွက်က မဇ္ဈိမသို့ ပြောသည်။

ပြီးခဲ့သည့် မေလ နောက်ဆုံးအပတ်အတွင်းက ထောင်တွင်း အခြေအနေများကို ရိုက်ကူထားသော ဗီဒီယို ခွေကို ဘူးသီးတောင် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က ဖမ်းဆီး ရမိခဲ့သည်။ ရိုက်ကူးထားသော မှတ်တမ်းတင် ဗီဒီယိုခွေတခု ပြင်ပတွင် ဖမ်းမိခဲ့ခြင်းနှင့် ဆက်စပ်မှု ရှိနေမည်ဟု ယုံကြည်ရသည်။

ဖမ်းဆီးခံရသူမှာ ဘူးသီးတောင်မြို့နေ ကိုသိန်းဦးဖြစ်သည်။

အကျဉ်းထောင်အတွင်း သံဃာတော် ဦးအိသရိယ၊ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် နှင့် မနီနီမေမြင့်တို့ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၃၀ ဦးခန့် ရှိသည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဒေါ်အောင်ဆန်းစုကြည်အိမ်ကို လွတ်လပ်ခွင့်ပေး

နေအိမ်အကျယ်ချုပ်အမိန့် ရုပ်သိမ်းပြီးသော်လည်း အာဏာပိုင်များက ဆက်လက်ထိန်းသိမ်းထားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ပြီးခဲ့သည့် စနေနေ့တွင် လွတ်လပ်စွာဝင်ထွက်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

မေ (၂၆) တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အမိန့် ရုပ်သိမ်းကြောင်း နအဖ ရဲချုပ်က အကြောင်းကြားခဲ့ပြီးသည့်နောက် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏နေအိမ်ရှင်းလင်းပေးရန် စေလွှတ်သူများ၏ နေအိမ်အ၀င်အထွက်ကို အာဏာပိုင်များက မေးမြန်းစစ်ဆေး ကန့်သတ်တားဆီးမှုများ ပြုလုပ်ခဲ့သည်။

ထို့ကြောင့် ယင်းလုပ်ရပ်မှာ ဥပဒေနှင့်မညီသည့် လုပ်ရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေများကို ပြောကြားခဲ့ခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ခွဲထွက်အဖွဲ့ ပြန်ပူးပေါင်းရန် SSA (တောင်ပိုင်း) က ပြော

ရွှေလီ (မဇ္ဈိမ) ။ ။ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တပ်ဖွဲ့က ၎င်းထံမှ ခွဲထွက်ခဲ့သည့် တပ်ဖွဲ့တဖွဲ့အား မိခင် အဖွဲ့အစည်းနှင့် ပြန်လည် ပူးပေါင်းပါရန် မကြာသေးခင်က တိုက်တွန်းလိုက်သည်။

၂၀၀၆ ခုနှစ်အတွင်း အင်အား ၁၀၀ ကျော်ဖြင့် မြန်မာစစ်အစိုးရထံ လက်နက်ချခဲ့သည့် တပ်မဟာမှူး ဗိုလ်မှူးကြီး မိန်းစင်၏ ၇၅၈ တပ်ဖွဲ့အား ဇွန်လဆန်းပိုင်းကစ၍ စတင်ကာ SSA (S) က တိုက်တွန်းလိုက်ကာ၊ ယခုလကုန်တွင် နောက်ဆုံးထား ပူးပေါင်းရန် ဖိတ်ခေါ်ထားသည်။

ဤသည်မှာ ပြီးခဲ့သည့်လ ၂၄ ရက်နေ့က ၇၅၈ တပ်မဟာမှူး ဗိုလ်မှူးကြီးမိန်းစင်သည် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) – SSA (S) တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့အပြီး ကျန်ရှိသည့် တပ်ဖွဲ့ဝင်များကို ပြန်လည်ကြိုဆိုကြောင်း အဖွဲ့ပိုင် Taifreedom ဝဘ်ဆိုဒ်တွင် ကြေညာထားခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မှတ်ပုံမတင်သော ဆေးဝါးများ မရောင်းရန် ဆေးဆိုင်များအား သတိပေး

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနတွင် မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများနှင့် အာနိသင်မရှိသော ဆေးဝါးအတု အမည်စာရင်းများကို ဆေးဆိုင်များသို့ ဖြန့်ဝေထားပြီး ဆက်လက် မရောင်းရန် သတိပေးသွားကြောင်း တာမွေမြို့နယ် ဆေးဆိုင်ကြီးတဆိုင်မှ ဝန်ထမ်းတဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ၌လည်း သက်ဆိုင်ရာမှ ရောင်းချခွင့် တားမြစ်ခဲ့သည့် ပြည်တွင်းပြည်ပ ဆေးဝါးအချို့ရှိသော်လည်း ရောင်းချနေသည့်ဆေးဆိုင်များ ရှိနေသဖြင့် စစ်ဆေးတွေ့ရှိပါက ဆေးဝါးများကို သိမ်းဆည်းသွားသည်မှအပ ဆေးဆိုင်များအား အရေးယူခြင်း မရှိခဲ့ကြောင်း သိရသည်။

သို့သော် ယခုအပတ် လာရောက်သတိပေးရာတွင် တားမြစ်ဆေးဝါးများအား ဆေးဆိုင်တွင် တွေ့ရှိပါက ဆေးဆိုင်လိုင်စင်ကိုပါ သိမ်းဆည်းမည်ဟု သက်ဆိုင်ရာက ပြောကြားထားကြောင်း အဆိုပါဆေးဆိုင် ဝန်ထမ်းက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ရခိုင်ပြည်နယ် ပထမဆုံး ရထားလမ်း မိုးရွာ၍ ပျက်စီး

ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်အတွင်း ပထမဆုံး ဖောက်လုပ်သော စစ်တွေ-ရေချမ်းပြင် ရထားလမ်းသည် မိုးသည်းထန်စွာ ရွာသဖြင့် လမ်း၏ အစိတ်အပိုင်းအချို့ ပျက်စီးပြီး ရထားပြေးဆွဲမှုကို ပြီးခဲ့သည့် တပတ်အတွင်း ၂ ရက်ကြာ ရပ်ဆိုင်းခဲ့ရသည်။

၁၂ မိုင်အရှည်ရှိသော စစ်တွေ-ရေချမ်းပြင် ရထားလမ်းတွင် ရေချမ်းပြင်နှင့် မဲဇလီ ဘူတာအကြားနှင့် နေရာအချို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေဖို့ထားသော ရထားလမ်းအောက်ခံ မြေများ ချိုင့်ဝင်သွားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ပထမဆုံး ရထားလမ်းဖြစ်သည့် ၁၂ မိုင်ရှည်လျားသော စစ်တွေ-ရေချမ်းပြင် ရထားလမ်းကို ၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖောက်လုပ်ခဲ့ပြီး မေလ ၁၉ ရက်နေ့တွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ကိုယ်တိုင် လာရောက်ဖွင့်လှစ်ပေးခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဘန်တောင်ယန် ဒုက္ခသည်စခန်းတွင် ၀မ်ရောဂါ ဖြစ်ပွား (၄)ဦး ထက်မနည်း သေဆုံး

ထိုင်း-မြန်မာနယ်စပ် စံခရဘူရီခရိုင် နယ်မြေမှ ဘန်တောင်ယန် (Ban Tong Yang) ကရင်ဒုက္ခသည်စခန်းတွင် ဝမ်းရောဂါ ကူးစက်ပြန့်ပွားခဲ့သဖြင့် လူ (၄) ဦး သေဆုံးခဲ့သည်။

ဝမ်းပျက်ရောဂါကြောင့် စခန်းထဲမှ ကလေးငယ် (၁) ဦး လွန်ခဲ့သည့်သောကြာနေ့က စတင်သေဆုံးခဲ့ပြီး ယနေ့ ဇွန်လ (၁၆) ရက်နေ့အထိ ကလေး (၄) ဦး သေဆုံးကာ အခြားဒုက္ခသည် (၃) ဦးကိုလည်း နီးစပ်ရာ ခရစ်ယာန်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ထိုစခန်းတွင် ကျန်းမာရေးဆိုင်ရာ အကူအညီပေးနေသည့် အေအာစီ (American Relief Committee) မှ ကျန်းမာရေးဝန်ထမ်းတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
တောင်တွင်းကြီးတွင် ဝမ်းရောဂါများ ဖြစ်ပွား

ချင်းမိုင်(မဇ္ဈိမ)။ ။ တောင်တွင်းကြီးတွင် ဝမ်းရောဂါများဖြစ်ပွားနေသည်မှာ သီတင်းတပတ်ကျော်ကြာမြင့်သွားပြီဖြစ်ပြီး မြို့နယ်ဆေးရုံတွင်ပင် တက်ရောက်ကုသသူ ၃၀ ဦး ရှိနေသည်။

မြို့နယ်ဆေးရုံ တာဝန်ရှိသူ တဦးက ပြောပြရာတွင် သောက်သုံးရေ မသန့်ရှင်းမှုက ဖြစ်ရာမှ ဝမ်းရောဂါ ဖြစ်ပွားမှု စတင်ခဲ့သည်ဟု ဆိုသည်။ ဝမ်းရောဂါကြောင့် ပြီးခဲ့သည့် တပတ်အတွင်း ၃ နှစ်မှ ၅ နှစ်ကြားရှိ ကလေး ၂ ဦးနှင့် အမျိုးသား အသက် ၅၀ နှစ် အရွယ်တဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဇွန်လ ၁၇ ရက်
ရက်သတ္တပတ် ၂၅ ၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်အမှု သက်သေခေါ်ဆိုခွင့် အယူခံ ဗဟိုတရားရုံးက လက်ခံ

ဒေါ်အောင်ဆန်းစုကြည်အတွက် သက်သေခေါ်ယူခွင့် ပြင်ဆင်ရေး လျှောက်လဲချက်ကို ဗဟိုတရားရုံးက ယနေ့ကြားနာခဲ့ပြီး အမှုကို လက်ခံရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။

ရန်ကုန်တိုင်းတရားရုံး၏ ဆုံးဖြတ်မှုကို ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ကျေနပ်မှုမရှိသဖြင့် ဗဟိုတရားရုံးသို့ အယူခံထပ်မံတင်သွင်းခဲ့ရာ ဗဟိုတရားရုံးက ယနေ့ လက်ခံလိုက်ခြင်းဖြစ်သည်။

ယနေ့ဗဟိုတရားရုံး အနီးတ၀ိုက်တွင် လုံခြုံရေးတင်းကျပ်စွာချထားကြောင်း ရန်ကုန်မြို့ခံအချို့က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကန့်သတ်ချက်ကြောင့် အွန်လိုင်း ဆိုက်ရောက်ဗီဇာ ခွင့်ပြုမှု နည်းပါး

ရန်ကုန် (မဇ္ဈိမ)။ ။ နိုင်ငံခြား ခရီးသွားများအား ပိုမိုလာရောက်နိုင်ရန် ဆွဲဆောင်သည့်အနေဖြင့် online မှတဆင့် ဆိုက်ရောက်ဗီဇာ လျှောက်ထားခွင့် ပေးသော်လည်း အကန့်အသတ်များ ရှိသောကြောင့် လွန်ခဲ့သည့် ၈ လအတွင်း လျှောက်ထားသူ ဦးရေ၏ ၂၅ ရာခိုင်နှုန်းခန့်သာ ဝင်ရောက်ခွင့်ရကြောင်း သိရသည်။

ဆိုက်ရောက်ဗီဇာ (On arrival visa) ထုတ်ပေးမှုကို ခရီးသွားလုပ်ငန်း ကုမ္ပဏီ Diamond Palace Travel and Tour Co., Ltd မှ ဆောင်ရွက်ပေးသော်လည်း မြန်မာစစ်အစိုးရ ချမှတ်ပေးသည့် အကန့်အသတ်များကြောင့် လွန်ခဲ့သည့် စမ်းသပ်ကာလ ၈ လအတွင်း အရေအတွက် နည်းပါးစွာ ခွင့်ပြုနိုင်ခဲ့ကြောင်း ကုမ္ပဏီ တာဝန်ရှိသူနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဝန်ထမ်း အဆိုအရ သိရခြင်းဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ရေးထိုး တောင်းဆိုမှု ကုလသမဂ္ဂသို့ ပေးပို့

မြန်မာ့နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP-B)နှင့် မြန်မာ့ဒီမိုကရက်တစ်အင်အားစုအဖွဲ့ (FDB) တို့က ဦးဆောင်၍ မတ်လ (၁၃) ရက်တွင် စတင်ခဲ့ကြပြီး ဇွန် (၁၅) ရက်၌ ကမ္ဘာတ၀ှမ်းမှ လူပေါင်း (၆၇၀,၀၀၀) ကျော် စုပေါင်း လက်မှတ်ရေးထိုးတောင်းဆိုချက်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းထံ ပေးပို့ခဲ့ကြခြင်းဖြစ်သည်။

ယင်းတောင်းဆိုချက်ကို ကုလအတွင်းရေးမှူးချုပ်ရုံးမှ အရာရှိတဦးက လက်ခံရယူခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီကလည်း ယမန်နေ့ကပင် လက်ခံရယူခဲ့ပြီဖြစ်ကြောင်း ကုလပြောရေးဆိုခွင့် ရှိသူ မိုက်ကယ်မွန်တက်စ်က ပြောသည်။

အဆိုပါတောင်းဆိုချက်တွင် နိုင်ငံရေးအကျဉ်းသားများ လွတ်ပေးရေးသည် မြန်မာ့ဒီမိုကရေစီရေးနှင့် လွတ်လပ်ခွင့်အတွက် အဓိကကျသော ခြေလှမ်းတရပ်ဖြစ်ကြောင်း၊ ယင်းကိစ္စကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အနေဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဦးစားပေးမှုအဖြစ်သတ်မှတ်ကာ မြန်မာစစ်အစိုးရကို တွန်းအားပေးသင့်ကြောင်း ဖော်ပြထားသည်။

ကမ္ဘာ့နိုင်ငံပေါင်း (၂၂၀) မှ လူပေါင်း (၆၇၀,၀၀၀) ကျော် စုပေါင်းလက်မှတ်ရေးထိုးခဲ့သော မြန်မာ့နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုမှုတွင် ချက်နိုင်ငံသမ္မတဟောင်း ဗားကလတ်ဗ် ဟာဗဲလ် (Valclac Havel) ကဲ့သို့သော ထင်ရှားသူများလည်း ပါဝင်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မြစ်ကြီးနားတွင် အိမ်ယာမြေဂရမ်ကို ပြည်နယ်ရုံးကသာ ထုတ်ပေးမည်

ရွှေလီ (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ် မြစ်ကြီးနားတွင် ပုံစံ ၁၀၅ ဟု ခေါ်သော အိမ်ယာမြေ ပိုင်ဆိုင်ခွင့် ဂရမ်များ လျှောက်ထားခွင့်ကို ယခင် ခရိုင်ကောင်စီရုံးမှ မဟုတ်ဘဲ ပြည်နယ်ကောင်စီရုံးကသာ ပြုလုပ်ပေးတော့မှာ ဖြစ်သည်။

အိမ်မြေဂရမ် လျှောက်ထားခွင့်ကိုလည်း ပြည်နယ်ရုံးကသာ တိုက်ရိုက် ဆောင်ရွက်သွားမည့်အကြောင်း မြစ်ကြီးနားမြို့ ခရိုင်နှင့် မြို့နယ် ကောင်စီရုံးများနှင့် မြေစာရင်းဦးစီးဋ္ဌာန ရုံးများတွင် ယခုလဆန်းပိုင်းက ပြန်တမ်းတရပ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဒေါ်စုအမှု လွတ်လပ်ပြီး တရားမျှတမှုရှိရန် ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်များ တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်၏အမှုတွင် လွတ်လပ်ပြီးတရားမျှတမှုရှိရန် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် (၅) ဦးက ဇွန်လ (၁၆) ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။

ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်သည့် အထူးကိုယ်စားလှယ် (၅) ဦးမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ်ကင်တားနား၊ တရားမဲ့ဖမ်းဆီးချုပ်နှောင်မှု များဆိုင်ရာ ကုလသမဂ္ဂအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် အထူးကိုယ်စားလှယ် မစ္စ မန်နျူးလား ကင်မင်နာ ကက်စ်တရီလို၊ ကုလသမဂ္ဂတရားသူကြီးများနှင့်ရှေ့နေများ လွတ်လပ်ခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ လီယင်ထရို ဒက်စ်ပွိုင်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စမာဂရက် ဆာကာဂရာနှင့် လွတ်လပ်စွာဖော်ထုတ်ခွင့်နှင့် အခွင့်အရေးကာကွယ်မှုဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဖရင့် လာရူးတို့ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်တို့အမှုသည် အမှန်အကန်မဖြစ်ဘဲ တရားဥပဒေလုပ်ထုံး လုပ်နည်းများကို ဗြောင်ကျကျ ချိုးဖောက်ခြင်းခံနေရသည်ဟု မစ္စတာ လီယင်ထရို ဒက်စ်ပွိုင်က ကြေညာချက်တွင် ပြောကြားထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
သမပိုင် စက်လှေ ဓားပြတိုက်ခံရ

ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် မြို့နယ်များရှိ အစိုးရဝန်ထမ်း သက်သာဆိုင်များအတွက် စားသောက်ကုန်များ တင်ဆောင်လာသော စက်လှေတစီးကို ၁၃ ရက်နေ့က ပေါက်တောမြို့မှ ရသေ့တောင်သို့အသွား ကုလားတန် မြစ်ဝအရောက်တွင် ဓားပြများက ပစ္စည်းယူကာ စက်လှေပေါ်ပါ လုပ်သား ၆ ဦးကိုမူ ရေထဲခုန်ချခိုင်းခဲ့ပြီး စက်လှေကို နှစ်မြုတ်ပစ်လိုက်ကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စစ်ပြေးကရင် ဒုက္ခသည်များတွင် ကလေးငယ် (၈၀၀) ကျော် ပါဝင်

နအဖစစ်အစိုးရ၏ ထိုးစစ်ဆင်မှုကြောင့် ကရင်ပြည်နယ်မှ ထိုင်းနယ်စပ်သို့ ရောက်ရှိနေသော စစ်ပြေးဒုက္ခသည်များ တွင် ကျောင်းနေအရွယ် အသက် (၁၃) နှစ်အောက် ကလေးငယ် (၈၀၀) ကျော် ပါဝင်ကြောင်း ကရင်အမျိုးသမီးအဖွဲ့ (ကေဒဗလျူအို) က ထုတ်ပြန်သည့် ယမန်နေ့ ကြေညာချက်တွင် ဖော်ပြထားသည်။ နယ်စပ်သို့ ထွက်ပြေးလွတ်မြောက်လာသူများထဲတွင် နို့စို့အရွယ် ကလေးငယ်များအပါအဝင် ကိုယ်ဝန်ဆောင်မိခင် အယောက် (၂၀) ခန့် ပါဝင်နေ၍ မြန်မာနအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့တို့၏ ထိုးစစ်ဆင်တိုက်ခိုက်နေမှုအား ချက်ချင်း ရပ်တန့်ရန် နိုင်ငံတကာအနေဖြင့် မြန်မာစစ်အစိုးရကို ဖိအားပေးကြရန် ကေဒဗလျူအိုက တောင်းဆို ထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဇွန်လ ၁၈ ရက်
ရက်သတ္တပတ် ၂၅ ၊ ၂၀၀၉
မြန်မာသတင်း

ကျောင်းသားခေါင်းဆောင် ကိုလှမျိုးနောင် မျက်စိအန္တရာယ် ကြုံတွေ့နေရ

နယူးဒေလီ။ ။ ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ ၈၈ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင် ကိုလှမျိုးနောင်မှာ လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရရှိသဖြင့် မျက်စိကွယ်မည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ထောင်ဒဏ် ၆၅ နှစ် ကျခံနေသူ ကိုလှမျိုးနောင်သည် ဖမ်းဆီးခံရစဉ်က မျက်စိတဖက်မှာ ဝေဒနာခံစားနေရသဖြင့် ခွဲစိတ်ကုသရာ မအောင်မြင်သဖြင့် မျက်လုံးတဖက် ဆုံးရှုံးခဲ့ရပြီး ယခုတဖန် ကျန်ရှိသော မျက်စိတဖက်မှာလည်း လုံလောက်သော ဆေးဝါးကုသမှုမရသဖြင့် အခြေအနေ ဆိုးဝါးလျက်ရှိကြောင်း သိရခြင်း ဖြစ်သည်။

ကိုလှမျိုးနောင်သည် ၂၀၀၇ ခုနှစ် သြဂုတ်လအတွင်းက လောင်စာဆီဈေးနှုန်းကျဆင်းရေး ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်လှုပ်ရှားခဲ့သည့်အတွက် အာဏာပိုင်များ၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးခရီးစဉ်တွင် တရုတ်နယ်စပ်နှင့် ဆက်စပ်သော ကစထမှူးများ လိုက်သွား

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒု-သမ္မတ မစ္စတာ ရှီကျင်းဖျင်၏ ဖိတ်ကြားချက်အရ ဇွန်(၁၅) ရက်နေ့မှ (၂ဝ) ရက်အထိ (၆) ရက်ကြာ ခရီးထွက်နေသည့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏အဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထမှူး) များဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီး သာအေးနှင့် ဗိုလ်ချုပ် မင်းအောင်လှိုင်တို့ လိုက်ပါသွားသည်။

ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး၏ ခရီးစဉ်အတွင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ အမှတ် (၁) လျှပ်စစ်ဝန်ကြီး၊ စွမ်းအင်ဝန်ကြီးတို့လည်း လိုက်ပါသွားသည်။

ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး၏ ခရီးစဉ်နှင့် ပတ်သက်၍ တရုတ်ရုပ်မြင်သံကြားဌာနက (၁၆) ရက်နေ့ ညပိုင်းသတင်း တွင်သာ ထုတ်လွှင့်ခဲ့သည့်အတွက် ခရီးစဉ်အတွင်း မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကို မသိရသေး ကြောင်း တရုတ်နယ်စပ်ရှိ ဒေသခံများက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မြန်မာနိုင်ငံတွင် တည်ငြိမ်မှု ရှိစေချင်သည်ဟု တရုတ်ဒုသမ္မတ ရှီက ပြော

နယူးဒေလီ (မဇ္ဈိမ)။ ။ မိမိတို့နိုင်ငံ အနေဖြင့် စစ်အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် တည်ငြိမ်မှုနှင့် သာယာဝပြောမှု ရှိစေရန် ကူညီ ဆောင်ရွက်ပေးလိုကြောင်း အလည်အပတ် ရောက်ရှိနေသော ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးကို တရုတ်ဒုသမ္မတ ရှီကျင်းဖင်းက ပြောကြားလိုက်သည်ဟု တရုတ်နိုင်ငံအစိုးရ မီဒီယာက ဖော်ပြ ရေးသားထားသည်။

တနင်္လာနေ့ထုတ် တရုတ်စတော့ရှယ်ယာ ဈေးကွက်ဂျာနယ်တွင် ဖော်ပြထားချက်အရ မြန်မာနိုင်ငံ အနောက်ဘက် ဆိပ်ကမ်းမြို့နှင့် တရုတ်နိုင်ငံ တောင်ပိုင်းဒေသတို့ကို ဆက်သွယ်ဖောက်လုပ်မည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို စက်တင်ဘာလတွင် စတင်တည်ဆောက်တော့မည် ဖြစ်သည်။

အဆိုပါ အမေရိကန်ဒေါ်လာ ၂ ဘီလျံတန် စီမံကိန်းသည် အရှေ့အလယ်ပိုင်းနှင့် အာဖရိကတိုက်မှ ရေနံထွက်ပစ္စည်းများနှင့် အရှေ့တောင်အာရှနိုင်ငံမှ ဓာတ်ငွေ့တို့ကို တရုတ်နိုင်ငံသို့ သယ်ပို့ပေးနိုင်မည်ဟု အဆိုပါ သတင်းက ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ပြည်ပ သတင်းစီးဆင်းနေမှုကို ထိန်းချုပ်ရန် မြန်မာစစ်အစိုးရ ကြိုးပမ်း

Family Entertainment မှ ထုတ်လွှင့်ပေးနေသော နိုင်ငံတကာ ရုပ်သံလိုင်းအစီအစဉ် လိုင်း (၂၀) အနက် အီရန်နိုင်ငံ ရွေးကောက်ပွဲ ရလဒ်အား မကျေနပ်ကြသဖြင့် ပြည်သူလူထုက ဆန္ဒပြသည့်အစီအစဉ်အား နေ့စဉ် ထုတ်လွှင့်နေသည့် စီအန်အန် (CNN) ရုပ်သံလိုင်းကို ပိတ်ပစ်လိုက်ခြင်း ဖြစ်ကြောင်း ပြည်တွင်းထုတ် အပတ်စဉ် ဂျာနယ်တစောင်မှ နိုင်ငံတကာ သတင်းထောက်တဦးက ပြောသည်။

အဆိုပါ Family Entertainment သည် တနှစ်စာအတွက် ကျပ်ငွေ (၃) သိန်းဝန်းကျင် အခွန်ဆောင်ပြီးမှ ကြည့်ရှုရပြီး မြန်မာစစ်အစိုးရနှင့် နီးစပ်သည့် Foverer Group ကုမ္ပဏီက ပိုင်ဆိုင်သည်။
အများပြည်သူကို ခြိမ်းခြောက်ရန်နှင့် ပြည်ပမှ နည်းအမျိုးမျိုးဖြင့် သတင်းအချက်အလက် စီးဆင်းနေမှုကို ထိန်းချုပ်ထားနိုင်ရန်အတွက် ပြည်ပအခြေစိုက် မြန်မာအသံလွှင့်ဌာနများ နားထောင်သူတို့ကို စစ်အစိုးရ အာဏာပိုင်တို့က သတိပေးမှုများ ရှိသည်ဟု မြန်မာ့သတင်းသမဂ္ဂ အတွင်းရေးမှူး ကိုစံမိုးဝေက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကရင်တပ်များ ဆုတ်ခွာနေရ

မဲဆောက် (မဇ္ဈိမ)။ ။ အစိုးရတပ်နှင့် သူတို့၏ ပြိုင်ဘက် ပြောက်ကျား တပ်များအကြား အလွန်ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံ၏ အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်ရှိ ၎င်းတို့၏ အမာခံစခန်းများကို စွန့်ခွာနေရပြီ ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး - KNU ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA သည် ယခုအခါ မြန်မာနိုင်ငံအရှေ့ပိုင်းရှိ သူတို့၏ အခြေခံစခန်းများကို အသက်ပေါင်းများစွာ စတေး၍ ခုခံကာကွယ်နေသည်ထက် ပြောက်ကျားနည်းဗျူဟာသို့ ပြောင်းလဲတိုက်ပွဲဝင်သွားမည်ဟု KNLA တပ်မှူး ဂျော်နီက ကြာသပတေးနေ့က ပြောသည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မြန်မာစစ်တပ်သည် KNU ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော KNLA ကို ထိုးစစ်အရှိန်မြှင့် ပြုလုပ်ခဲ့ရာ ယင်း၏ အားအကောင်းဆုံး တပ်ဖွဲ့ဖြစ်သော တပ်မဟာ ၇ ကို အဓိကထား တိုက်ခိုက်ခဲ့သည်။ သို့သော် လေ့လာသုံးသပ်သူ အများအပြားကမူ ယင်းသည် မြန်မာအစိုးရကို လွတ်လပ်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် နှစ်ပေါင်း ၆၀ မျှ တိုက်ပွဲဝင်လာခဲ့သော KNLA အတွက် နိဂုံး၏ နိဒါန်းဖြစ်နိုင်ကြောင်း ပြောဆိုနေကြသည်။

မည်သို့ပင်ဖြစ်စေ KNU နှင့် KNLA ခေါင်းဆောင်များကမူ တိုက်ပွဲ အဆုံးသတ်သွားရန် အဝေးကြီး လိုသေးကြောင်း ပြောကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ငွေ(၅)သိန်း ပေးပါက စစ်တပ်ကျောင်းတွင် ကျောင်းမတက်ဘဲ စာမေးပွဲဖြေဆိုနိုင်

မန္တလေးမြို့(နန်းမြို့)၊ အမှတ် (၁၈) တပ်မတော် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းတက်ရန်မလိုဘဲ စာမေးပွဲဝင်ဖြေနိုင်ပြီး စာမေးပွဲဖြေဆိုသော ကျောင်းသားများအတွက် စာမေးပွဲဖြေဆိုရာတွင် အခက်အခဲမရှိ ဖြေဆိုနိုင်ရန် ငွေကျပ် (၅) သိန်း ပေးရကြောင်း၊ ငွေပေးရသော်လည်း ကျောင်းအပ်သူ များကြောင်း ထိုကျောင်းတွင် ကျောင်းအပ်ဖူးသော ကျောင်းသားမိဘတဦးက ပြောသည်။

အဆိုပါကျောင်းတွင် ကျောင်းအပ်ထားသူများသည် မိမိသင်လိုသောနေရာတွင် သွားရောက် သင်ကြားနိုင်ပြီး စာမေးပွဲ ဖြေဆိုရန်အတွက်သာ သီးသန့် ကျောင်းအပ်နှံကြကြောင်း မန္တလေးမြို့ခံများက ပြောသည်။ ထိုကျောင်းတွင် ဆရာ၊ ဆရာမပေါင်း (၂၀) ကျော်ခန့်ရှိပြီး ကျောင်းသားကျောင်းသူပေါင်း စာရင်းမှာ သောင်းနှင့် ချီရှိကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
KIO က တပ်ကို ပြန်လည် မွမ်းမံနေ

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာစစ်တပ်နှင့် စစ်ဖြစ်လာတော့မည့် အရေးအတွက် ပြင်ဆင်သည့် အနေဖြင့် ကချင်လွတ်မြောက်ရေး အဖွဲ့သည် သူ၏ လက်နက်ကိုင်တပ်ဖွဲ့ကို ပြင်ဆင် မွမ်းမံမှုများ ပြုလုပ်နေသည်။

တရုတ်-မြန်မာနယ်စပ် သတင်းရပ်ကွက်များ အဆိုအရ KIO သည် သူ၏ လက်နက်ကိုင်အဖွဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် - KIA ကို ပြန်လည်စုဖွဲ့မှုများ ပြုလုပ်နေပြီး တပ်သားသစ်များလည်း စုဆောင်းနေသည်ဟု သိရခြင်း ဖြစ်သည်။

ကေအိုင်အေ ကေဒါများ မိမိတို့၏ တောတွင်းစခန်းများသို့ ပြန်လည် ဆုတ်ခွာသွားနေကြပြီး၊ မိမိတို့ ထိန်းချုပ်ရာ နယ်မြေတဝိုက်တွင် လုံခြုံရေးများ တိုးမြှင့် ချထားနေသည်ကို တွေ့မြင်ခဲ့ရကြောင်းဖြင့် ကချင်ပြည်နယ်အတွင်း လုပ်ငန်းများ လုပ်ကိုင်နေသည့် ကချင်ဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့ - KNDG ၏ ဥက္ကဋ္ဌ ဦးအောင်ဝါက ပြောသည်။

ကေအိုင်အေသည် ယင်း၏ တပ်ဖွဲ့ဝင်ဟောင်းများကို ပြန်လည် ခေါ်ယူနေပြီး၊ တပ်သားသစ်များလည်း စုဆောင်းနေကာ သင်တန်းများ အပြင်းအထန် ပေးနေသည်ဟု သူက ဆက်ပြောသည်။

ဤသို့ ကေအိုင်အိုက ပြင်ဆင်မှုများ ပြုလုပ်နေသည်ဆိုသည့် သတင်းသည် မြန်မာစစ်အစိုးရက ဧပြီလကုန်ပိုင်းက အခြား အပစ်ရပ်အဖွဲ့များနှင့်အတူ မိမိတို့၏ တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန် အဆိုပြုအပြီး ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
လယ်သမားများကို ချေးငွေများ ထုတ်ချေးနေ

နအဖစစ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဓနုဖြူ မြို့နယ်တွင် Gold Delta ကုမ္ပဏီက ဦးစီးပြီး လယ်သမားများအား ယခုမိုးတွင်း စပါးစိုက်ရာသီအတွက် ပျမ်းမျှ တဧက ငွေကျပ် (၅ဝ,ဝဝဝ) ချေးပေးနေကြောင်း ကိုယ်တိုင်ချေးငွေရယူခဲ့သူ လယ်သမားကြီးတဦးက ပြောသည်။

Gold Delta ကုမ္ပဏီသည် ဧဒင် ကုမ္ပဏီပိုင်ရှင် နာမည်ကြီး လုပ်ငန်းရှင် ဦးချစ်ခိုင်က လယ်သမားများကို ငွေထုတ်ချေး၊ စပါးပေါ်ချိန် စပါးဝယ်ပြီး နိုင်ငံခြားတင်ပို့ရန်အတွက် ပြီးခဲ့သည့် ဧပြီလကမှ ခွင့်ပြုချက် ရယူ တည်ထောင်ထားသည့် ကုမ္ပဏီဖြစ်သည်။

ရေလုပ်ငန်းရှင် သူဌေးကြီးများဖြစ်သည့် ဦးဌေးမြင့်နှင့် ဦးလှမောင်ရွှေတို့ကလည်း ဖျာပုံမြို့နယ်အတွင်း၌ တောင်သူများကို ချေးငွေ ထုတ်ပေးနေကြောင်း သိရသည်။ ၎င်းတို့က လယ်သမားများအား တဧက ကျပ် (၆) သောင်းနှုန်းကို အရစ်ကျစနစ်နှင့် တလ (၂) ကျပ်၊ တနှစ် (၂၄) ရာခိုင်နှုန်းအတိုးဖြင့် ထုတ်ချေးမည်ဟု သိရသည်။

ဘိုကလေးမြို့နယ်အတွင်း၌လည်း ဦးတေဇ၏ ထူးကုမ္ပဏီ လက်အောက်ခံ ဧရာဒယ်လ်တာ ကုမ္ပဏီက တဧက ကျပ် (၅) သောင်းနှုန်း သတ်မှတ်ပြီး ငွေထုတ်ချေးပေးလျက်ရှိသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
တောင်ကုတ်တွင် လုံခြုံရေး တိုးမြှင့်

ဒါကာ (မဇ္ဈိမ)။ ။ မနက်ဖြန်တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့ မတိုင်မီ တရက်အလိုတွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့ပေါ်၌ လုံခြုံရေးများ တင်းကျပ်စွာ ချထားကြောင်း ဒေသခံများ အဆိုအရ သိရသည်။

ဈေးကြီးနှင့် ဖောင်တော်ဦးဘုရား ပတ်ဝန်းကျင် အပါအဝင် မြို့ပေါ်ရပ်ကွက် အများအပြားတွင် ရဲများနှင့် စရဖ ခေါ် စစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် အရပ်ဝတ်များဖြင့် စောင့်ကြပ်နေခြင်း ဖြစ်သည်။
တောင်ကုတ်မြို့တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို မြို့နယ် အန်အယ်ဒီ အဖွဲ့ချုပ်က နှစ်စဉ်နီးပါး ဦးဆောင်ကျင်းပလေ့ရှိသည်။

ရခိုင်ပြည်နယ်အတွင်းရှိ အခြား မြို့နယ်များတွင် လုံခြုံရေးတင်းကျပ်ထားခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ပါတီလူငယ် ၃ ဦးကို ဖောက်ခွဲမှုဖြင့် အမှုဖွင့်

နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်မှ အန်အယ်ဒီ လူငယ်ခေါင်းဆောင် ၃ ဦးအား ယခုလ ၁၂ ရက်နေ့တွင် ရဲများက ဖမ်းဆီးသွားပြီး ယခုအခါ ဖောက်ခွဲရေးပုဒ်မများဖြင့် အမှုဖွင့်ကာ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားကြောင်း သိရသည်။

ဖမ်းဆီးပြီး ၂ ရက်အကြာ ယခုလ ၁၅ ရက်နေ့တွင် ဗဟန်းရဲစခန်း၌ ဖောက်ခွဲရေး ပုဒ်မများဖြင့် မြို့နယ်တရုံးတွင် အမှုဖွင့်ကာ ယမန်ယူပြီးနောက် အင်းစိန်ထောင်သို့ ပို့လိုက်ကြောင်း၊ ဖောက်ခွဲရေးနဲ့ ယမန်ယူထားကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း၏ ပြောဆိုချက်အရ သိရခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဇွန်လ ၁၉ ရက်
ရက်သတ္တပတ် ၂၅ ၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်စု မွေးနေ့ သံရုံးရှေ့ ဆန္ဒပြသူများ အဖမ်းခံရ

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် ဆန္ဒပြပွဲအဖြစ် နယူးဒေလီရှိ မြန်မာသံရုံးရှေ့တွင် သွားရောက်ဆန္ဒပြသည့် တက်ကြွလှုပ်ရှားသူ မြန်မာ ၃၁ ဦးကို ဒေလီရဲများက ခေတ္တ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အိန္ဒိယနှင့် မြန်မာနိုင်ငံသား ဦးရေ ၂၇၄ဝဝ က လက်မှတ်ရေးထိုး တောင်းဆိုထားသည့် စာချွန်လွှာကို တက်ကြွလှုပ်ရှားသူများက မြန်မာသံရုံးသို့ ပေးအပ်ခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် (၅)ဦး တိုက်တွန်းချက် နအဖ ပယ်ချ

ဒေါ်အောင်ဆန်းစုကြည်၏အမှုတွင် လွတ်လပ်ပြီး တရားမျှတမှုရှိရန် ယခုလ (၁၆) ရက် နေ့စွဲဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် (၅) ဦး၏ ကြေညာချက်ထုတ်ပြန်တောင်းဆိုမှုကို မြန်မာနိုင်ငံ လူ့အခွင့် အရေးအဖွဲ့က ပယ်ချလိုက်သည်။

ထိုသို့ ပယ်ချကြောင်း ကြေညာချက်ကို ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

အဆိုပါ ကြေညာချက်တွင် မြန်မာစစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အမှုအပေါ် အပြည်ပြည်ဆိုင်ရာ စံနှုန်းများ၊ ပြည်တွင်းဥပဒေများနှင့်အညီ စစ်ဆေးဆောင်ရွက်နေသည်ဟု ဦးစွာဖော်ပြထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဒေါ်စုမွေးနေ့ ချီတက်ဆန္ဒပြပွဲ ခွင့်ပြုချက် ရုပ်သိမ်းခံရ

နယူးဒေလီ (မဇ္စျိမ)။ ။ အိန္ဒိယ-မြန်မာနယ်စပ် မိုးရေးမြို့တွင် ပြုလုပ်မည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ချီတက်ဆန္ဒပြပွဲကို အာဏာပိုင်များ၏ ပွဲမိန့်ရပြီးဖြစ်သော်လည်း ပြန်လည်၍ အစီအစဉ် ဖျက်လိုက်ရကြောင်း မိုးရေးအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ပြောသည်။

မဏိပူရပြည်နယ် လက်ထောက်ကော်မရှင်နာ Tengnoupal ဌာနခွဲ၏ ခွင့်ပြုချက် ပွဲမိန့် ရပြီးဖြစ်သော်လည်း ပွဲမိန့်ပေးခဲ့သည့် အရာရှိအပေါ် ဖိအားပေးမှုများ ရှိနေသည့်အတွက် မနက်ဖြန် ပြုလုပ်မည့် ၆၄ နှစ်မြောက် ဒေါ်စုမွေးနေ့ ချီတက်ဆန္ဒပြပွဲကို ဖျက်သိမ်းလိုက်ကြောင်း WLB ၏ ဥက္ကဋ္ဌဘုတ်အဖွဲ့ဝင် တဦးဖြစ်သည့် မငိုင်ငိုင်း၏ ပြောဆိုချက်အရ သိရခြင်း ဖြစ်သည်။

မိုးရေးမြို့ရှိ ဘောလုံးကွင်း၌ ဒီမိုကရေစီအင်အားစုများနှင့် ဒေသခံများစုရုံး ချီတက်ဆန္ဒပြရန် စီစဉ်ထားသော်လည်း ယခုလို ပွဲမိန့်ဖျက်သိမ်းလိုက်ခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို ကိတ်မုန့်ခွဲပြီး အစီအစဉ်ကို အကျဉ်းချုံး ပြုလုပ်သွားမည် ဖြစ်သည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ပြည်တွင်း သတင်းထောက်တဦး ထောင်ဒဏ် (၂)နှစ် ချမှတ်ခံရ

ဒေါ်အောင်ဆန်းစုကြည် အိမ်အနီးသွားခဲ့သူ News Watch ဂျာနယ်သတင်းထောက်ချုပ်ဟောင်း ကိုဇော်ထွန်းခေါ် ၀င်းဦးကို ယမန်နေ့တွင် ဗဟန်းတရားရုံးက ထောင်ဒဏ် (၂) နှစ် ပြစ်ဒဏ်ချမှတ်လိုက်သည်။

ကိုဇော်ထွန်းသည် News Watch ဂျာနယ်၌ တာဝန်ထမ်းဆောင်နေစဉ် ယမန်နှစ် စက်တင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည်အိမ်ရှိရာ တက္ကသိုလ်ရိပ်သာလမ်းထိပ်တွင် လုံခြုံရေးရဲများ၏ စစ်ဆေးမေးမြန်းမှုခံခဲ့ရသည်။

ထိုသို့ စစ်ဆေးမေးမြန်းရာတွင် သတင်းထောက် ကိုဇော်ထွန်းက မချေမငံပြောဆိုခဲ့သည်ဟုဆိုကာ လုံခြုံရေးရဲများက ဗဟန်းမြို့နယ်ရဲစခန်းသို့ အပ်နှံခဲ့ပြီးနောက် တရားရုံးတွင် ၀တ္တရားနှောင့်ယှက်မှုဖြင့် စွဲဆိုခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဒေါ်စုမွေးနေ့ အထိမ်းအမှတ် အလံ ဆုငွေ ၂ သောင်း ပေးမည်

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် သူမ၏ ပါတီ အန်အယ်ဒီက မိုးပျံပူပေါင်းများနှင့် လွှတ်တင်လိုက်သော ပါတီအလံကို လာရောက်အပ်နှံပါက ဆုငွေ ကျပ် ၂ သောင်း ချီးမြှင့်မည် ဖြစ်သည်။

ပါတီခေါင်းဆောင်၏ ၆၄ နှစ်မြောက် မွေးနေ့ကို ရန်ကုန်မြို့ရှိ ပါတီရုံးချုပ်၌ ယနေ့နံနက် ၇ နာရီခန့်က ပြုလုပ်ခဲ့ရာ အထိမ်းအမှတ်အဖြစ် ပူပေါင်းများ၊ ငှက်များနှင့်အတူ ဆုငွေချီးမြှင့်မည့်အလံကို လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ပလက်စတစ် အသုံးမပြုရ စီမံချက်ကြောင့် မန္တလေး စက်ရုံများ ပိတ်ထားရ

မန္တလေးမြို့၌ ဇွန် (၂၁) ရက် နောက်ပိုင်းတွင် ပလတ်စတစ်အသုံးမပြုရဟု စီမံချက်ချထားသောကြောင့် ပလတ်စတစ်စက်ရုံများ ပိတ်လိုက်ရကြောင်း မန္တလေးမြို့ခံ ပလတ်စတစ်ထုတ်လုပ်ငန်းရှင်များက ပြောသည်။
မည်သည့်အကြောင်းကြောင့် ပလတ်စတစ်အသုံးပြုမှုကို တားမြစ်ကြောင်း အတိအကျမသိရသော်လည်း မြန်မာတိုင်းမ်သတင်းဂျာနယ်အမှတ် (၄၁၈) တွင် မိုးတွင်းချိန်၌ ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများ သန့်ရှင်းရေးလုပ်ရာတွင် ပလတ်စတစ်ကြွပ်ကြွပ်အိတ်များကြောင့် အဓိက မြောင်းပိတ်ဆို့မှုဖြစ်ရကြောင်း ဖော်ပြထားသည်။

ပလတ်စတစ်အသုံးမပြုရ စီမံချက် အောင်မြင်မည်၊ မအောင်မြင်မည် မသိရသေးသော်လည်း လောလောဆယ်တွင်မူ မန္တလေး၌ ပလတ်စတစ်ထုတ်လုပ်ငန်းများ ထိခိုက်နေကြကြောင်း လုပ်ငန်းရှင်များက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )