8.3. 10
ဘားမားဗီဂျေဇာတ်ကား ဆန်ခါတင်စာရင်းဖြင့်သာ ကျေနပ်ခဲ့ရ
(NEJ) ။ ။အကောင်းဆုံး မှတ်တမ်းရုပ်ရှင် အော်စကာဆုအတွက် လျာထားခြင်းခံရသော ဘားမားဗီဂျေ ဇာတ်ကားသည် အော်စကာဆုပေးပွဲတွင် ဆန်ခါတင်စာရင်းဝင် အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသော်လည်း အဆိုပါအခမ်းအနားသို့ မြန်မာသံဃာတော် (၂) ပါး တက်ရောက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။
။။။။။
ရွေးကောက်ပွဲဥပဒေ အသေးစိတ် မနက်ဖြန် ထွက်မည်
အများတကာ စိတ်ဝင်စားနေသော ရွေးကောက်ပွဲဥပေဒ မနက်ဖြန် နိုင်ငံပိုင် မီဒီယာများမှတဆင့် ထုတ်ပြန်မည်ဖြစ်ကြောင်း စစ်အစိုးရက ယနေ့ ကြေညာလိုက်သည်။
မြန်မာ့ရုပ်မြင်က တင်္နလာနေ့ညနေ ၄ နာရီသတင်းထုတ်ပြန်မှုတွင်ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း၊ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများကို အင်္ဂါနေ့ထုတ် သတင်းစာများတွင် ထဲ့သွင်းဖော်ပြသွားမှာဖြစ်သည်ဟု ကြေညာသွားသည်။
မည်သည့်နေ့ရက်တွင် ရွေးကောက်ပွဲလုပ်မည်ကို ထဲ့သွင်း ပြောဆိုသွားခြင်း မရှိပါ။
။။။။။
နအဖ ရွေးကောက်ပွဲ ဟန်ပြသာဖြစ်ဟု
ထိုင်းအထက်လွှတ်တော်အမတ် ပြောကြား
(NEJ) ။ ။ မြန်မာနိုင်ငံတွင် ကျင်းပတော့မည့် ရွေးကောက်ပွဲသည် နိုင်ငံ၏ ပြည်တွင်းရေးပြဿနာများကို ပြေလည်အောင် ဖြေရှင်းနိုင်မည် မဟုတ်ဘဲ ဒီမိုကရေစီကို သွေဖည်သည့် ဟန်ပြရွေးကောက်ပွဲသာဖြစ်မည်ဟု ထိုင်းအထက်လွှတ်တော်အမတ် နိုင်ကရိုင်ဆတ် ချွန်ဟာဗန်က မဲဆောက်မြို့၌ သတင်းထောက်များကို ပြောကြားသည်။
ထိုင်းလွှတ်တော်အမတ်နှင့် အာဆီယံ မြန်မာ့အရေးဆိုင်ရာ ပါလီမန် အမတ်များအဖွဲ့ (AIPMC) ဥက္ကဋ္ဌဖြစ်သူ နိုင်ကရိုင်ဆတ် ချွန်ဟာဗန်သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းသို့ ရောက်ရှိစဉ် ပြောကြားခြင်းဖြစ်သည်။
။။။။။
တောင်ဒဂုံစက်ရုံ အလုပ်သမား ဆန္ဒပြပွဲ ပြေလည်မှု ရရှိ
ချင်းမိုင် (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့ တောင်ဒဂုံ စက်မှုဇုန် ၁ ရှိ SGI အထည်ချုပ်စက်ရုံ၌ အလုပ်သမား ၄၀၀၀ ခန့်က လုပ်ခတိုးပေးရေးအတွက် ပြီးခဲ့သည့် စနေနေ့တွင် အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ရာ နာရီပိုင်းအကြာတွင် အလုပ်ရှင်က လိုက်လျောသဖြင့် ပြေလည်မှု ရရှိခဲ့သည်။
Silk Garment Industrial (SGI) အလုပ်သမားများသည် လုပ်အားခ တိုးရန်နှင့် အချိန်ပိုကြေး အပြည့်ပေးရန် စက်ရုံအပြင်၌ ဆန္ဒပြခဲ့ရာ ဒေသအာဏာပိုင်များ၏ ကြားဝင်ညှိနှိုင်းမှုအရ နေ့လည် ၁၂ နာရီခန့်တွင် ပြေလည်မှု ရသဖြင့် ဆန္ဒပြပွဲကို လူစုခွဲခဲ့ကြသည်။
။။။။။
ရွေးကောက်ပွဲမတိုင်မီ နိုင်ငံပိုင်စီမံကိန်းများ လက်စသတ်ရန်
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ညွှန်ကြား
(NEJ) ။ ။ တည်ဆောက်ဆဲ နိုင်ငံပိုင် အထူးစီမံကိန်းများကို အမြန်ဆုံး လုပ်ငန်းသိမ်း လက်စသတ်ကြရန်နှင့် အရှုံးပေါ်နေသည့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ အမြတ်ထွက်ရေးအတွက် စီစဉ်ရန် စစ်အစိုးရ ခေါင်းဆောင်ဖြစ်သူက ၀န်ကြီးများကို ညွှန်ကြားလိုက်သည်။
နေပြည်တော်တွင် ယခုလ (၅) ရက်၌ ပြုလုပ်သည့် အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ အစည်းအဝေးတွင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောကြားလိုက်ခြင်းဖြစ်သည်။
။။။။။
နေပြည်တော်တွင် ငလျင်လှုပ်
ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် မတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းက ငလျင်တခု လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒဌာနက ပြောကြားသည်။
။။။။။
နယ်ခြားစောင့်တပ် လက်မခံသည့် အပစ်ရပ်အဖွဲ့များ
မတရားအသင်း ကြေညာခံရဖွယ်ရှိ
(NEJ) ၊။ ။ ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA-ESS) အဖွဲ့ခေါ် မိုင်းလားတပ်ဖွဲ့အား နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ပျက်ကွက်လျှင် မတရားအသင်း ကြေညာသွားမည်ဟု နအဖဘက်က သတိပေးထားသည်။
ပြီးခဲ့သည့်လ (၂၅) ရက်က ကျိုင်းတုံမြို့တွင် နေပြည်တော်ရှိ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) ၏ စစ်ဦးစီး ပထမတန်း အရာရှိ ဒု-ဗိုလ်မှူးကြီး သန်းထွဋ်သိန်းက မိုင်းလားတပ်ဖွဲ့ ဒု-ဥက္ကဋ္ဌများဖြစ်သည့် ဦးစံပေ၊ ဦးဆန်လူတို့နှင့် တွေ့ဆုံစဉ်အတွင်း နယ်ခြားစောင့်တပ် လက်မခံပါက မတရားအသင်း ဖြစ်သွားမည်ဟု ပြောဆိုခဲ့ကြောင်း မိုင်းလားတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။
။။။။။
9.3.10
နအဖ၏ ရွေးကောက်ပွဲကော်မရှင်ဥပဒေ ထုတ်ပြန်
(NEJ) ။ ။ နအဖစစ်အစိုးရက မတ်လ (၈) ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေ ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ပါရှိသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေတွင် အခန်း (၄) ခန်းပါရှိပြီး အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ ဖွဲ့စည်းခြင်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ကော်မရှင်နှင့်ပတ်သက်၍ အထွေထွေလုပ်ဆောင်ရမည့်အချက်များကို ဖော်ပြထားသည်။
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်များတွင် လွှတ်တော်ကိုယ်စားလှယ်ဆိုသည်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တရပ်ရပ်သို့ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်တင်သွင်းသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်လည်း ပါဝင်ကြောင်း ထည့်သွင်းဖော်ပြထားသည်။
ရွေးကောက်ပွဲကော်မရှင်အောက် ကော်မရှင်အဖွဲ့ခွဲ ဖွဲ့စည်းရာတွင် နေပြည်တော်ကော်မရှင်အဖွဲ့ခွဲ အပါအ၀င် တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် စသဖြင့် အဆင့်ဆင့် (၆) ဖွဲ့ ပါရှိသည်။
ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့် နိုင်ငံရေးပါတီများကို ကြီးကြပ်နိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းခြင်းဖြစ်ပြီး ယင်းသို့ဖွဲ့စည်းရာတွင် ကော်မရှင်ဥက္ကဋ္ဌအပါအ၀င် အနည်းဆုံး အဖွဲ့ဝင် (၅) ဦးကို ခန့်အပ်တာဝန်ပေးနိုင်သည်ဟု ပါရှိသည်။
ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အသက် (၅၀) ပြည့်ပြီးသူများ ဖြစ်ရမည်ဖြစ်ပြီး ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် နအဖကောင်စီက ယူဆသူဖြစ်ရမည်ဟု ပါရှိသည်။
ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ဖော်ပြထားရာတွင် လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပခြင်း၊ လွှတ်တော်ရွေးကောက်ပွဲများကို ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း၊ မဲဆန္ဒနယ်များ သတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း၊ မဲစာရင်းများပြုစုခြင်းနှင့် ပြင်ဆင်စေခြင်း၊ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းခြင်းနှင့်ပယ်ဖျက်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုလွှာ ထုတ်ပေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုကို စစ်ဆေးနိုင်ရေးအတွက် ရွေးကောက်ပွဲခုံအဖွဲ့များ ဖွဲ့စည်းခြင်း၊ ကော်မရှင်အဖွဲ့ခွဲများအတွက် ရန်ပုံငွေ ခွဲဝေချထားပေးခြင်း၊ အသုံးစရိတ်များ ကြီးကြပ်ခြင်း၊ နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် ကြီးကြပ်ခြင်း စသည်တို့ ပါဝင်သည်။
ထို့အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ရွေးချယ်ခန့်ထားရာ၌ ယင်းသို့ရွေးချယ်ခန့်ထားသည့် ပုဂ္ဂိုလ်နှင့်ပတ်သက်၍ ကန့်ကွက်ချက်များရှိပါက ယင်းကန့်ကွက်ချက်များကို စစ်ဆေးဆုံးဖြတ်ပေးနိုင်ရန် ရွေးကောက်ပွဲခုံအဖွဲ့များကို ဖွဲ့စည်းခွင့်ရှိသည်ဟု ဖော်ပြပါရှိသည်။
ရွေးကောက်ပွဲတင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများ၊ ရွေးကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့်စပ်လျဉ်းသည့် အယူခံမှုများနှင့်ပြင်ဆင်မှုများ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ဆောင်ရွက်ချက်များ စသည်တို့နှင့်စပ်လျဉ်း၍လည်း ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့်ဆောင်ရွက်ချက်များသည် အပြီးအပြတ်ဖြစ်စေရမည်ဟု ဖော်ပြထားသည်။
။။။။။
ရွှေဂုံတိုင် ကြေညာစာတမ်းကိုပင် ဆုပ်ကိုင်မည်ဟု ဦးဝင်းတင်ပြော
ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲအတွက် ဥပဒေများကို ထုတ်ပြန်လိုက်သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ရွှေဂုံတိုင် ကြေညာစာတမ်းကိုပင် ဆက်လက် ဆုပ်ကိုင်သွားမည်ဟု အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောသည်။
။။။။။
ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်း စတင်၊ ရွာများစွာ ရွှေ့ပြောင်းခံရဖွယ်ရှိ
မြန်မာနိုင်ငံမှတဆင့် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများ အကောင်အထည်ဖော်ဆောင်ရေးတွင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့အနီးရှိ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း ဆောက်လုပ်ရေးလုပ်ငန်းကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။
ရေနက်ဆိပ်ကမ်း တည်နေရာကို ထားဝယ်မြို့ မောင်းမကန်ကမ်းခြေ အထက်ပိုင်း နဘူးလယ်ကျေးရွာနှင့် ပင်လယ်ဘက် ဟိန်းဇဲကျွန်းစုအကြားတွင်ဖြစ်ပြီး ဆောက်လုပ်မည့် အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း (၁) ဒါဇင်ကျော်တို့ကို စတင်ပြောင်းရွှေ့ ခိုင်းနေကြောင်း ကိုယ်တိုင် သွားရောက်လေ့လာခဲ့သူတဦးက ပြောကြားသည်။
။။။။။
ဗကသ ခေါင်းဆောင် ကျော်ကိုကို တမှုထပ်တိုး
နယူးဒေလီ (မဇ္ဈိမ)။ ။ ထောင်ဒဏ် ၃ နှစ် ကျခံနေရသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသ ခေါင်းဆောင်တဦးဖြစ်သူ ကိုကျော်ကိုကိုသည် နောက်တိုးအမှုတမှုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ယခုလ ၄ ရက်နေ့တွင် ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် တရားရုံးတွင် အမှုသစ်တမှုနှင့် ရုံးထုတ်ခံခဲ့ရသည်ကို အင်းစိန်ထောင်သို့ ၅ ရက်နေ့တွင် ထောင်ဝင်စာ သွားတွေ့ခဲ့သည့် မိခင်ဖြစ်သူက သိခဲ့ရခြင်း ဖြစ်သည်။
။။။။။
10.1.10
အန်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးထက်
ပါတီရပ်တည်ရေး ဆုံးဖြတ်ရန်လိုဟု ဦးဝင်းတင်ပြောကြား
(NEJ) ။ ။ နအဖထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသည် အန်အယ်လ်ဒီပါတီကို ရပ်တည်ခွင့်မပေးသည့် သဘောဆောင်နေကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဦးဝင်းတင်က ခေတ်ပြိုင်သို့ ပြောကြားသည်။
“အခု မှတ်ပုံတင် ဥပဒေအရ ကြည့်မယ်ဆိုရင် ကန့်သတ်ချုပ်ချယ်မှုတွေက အများကြီးပဲ။ အထူးသဖြင့်ကတော့ ထောင်ကျနေတဲ့လူများနဲ့ ပတ်သက်တဲ့ဟာ ပါလာတဲ့အတွက် ဒီတချက်တည်းနဲ့ကို ကျနော်တို့မှာ ခက်ခဲတဲ့အနေအထားမှာ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ကိုယ်တိုင်က ထောင်ကျနေတဲ့သူတွေကို ပါတီတာဝန် ထမ်းဆောင်နေတယ်လို့ သဘောထားပြီးတော့ ဗဟိုကော်မတီတို့ ဖွဲ့တဲ့အခါ ထည့်သွင်းဖွဲ့စည်းထားတယ်။ နောက်တခါ ကျနော်တို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောင်ကျနေတယ်။ ဒါပေမယ့် စီအီးစီထဲမှာ ထည့်သွင်းသတ်မှတ်ထားတယ်။ အခု ဥပဒေအရဆို ဒီပုဂ္ဂိုလ်များကို ထည့်သွင်းထားမယ်ဆိုရင်တောင်မှ ကျနော်တို့ရဲ့ပါတီရပ်တည်ရေးကို မပေးဘူးဆိုတဲ့ သဘောမျိုး ဆောင်နေပါတယ်။ တော်တော်ကြီးကျယ်တဲ့ ဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်လာပါတယ်” ဟု ပြောသည်။
။။။။။
ဒေါ်စုကို ပထုတ်သည့်အပေါ် အမေရိကန် ဝေဖန်
မဇ္ဈိမသတင်းဌာန
ချင်းမိုင် ။ ။ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ မဝင်နိုင်ရန် ရွေးကောက်ပွဲဥပဒေ ထုတ်၍ တားဆီးလိုက်ခြင်းသည် လက်ခံနိုင်စရာ မရှိကြောင်း အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် Mr. Kurt Campbell က ပြောသည်။
။။။။။
စက်မှုဇုန်အရေး မပြေလည်သေး
(NEJ) ။ ။ စက်မှုဇုန်များနှင့် ပတ်သက်သော ပြဿနာများကို ဖြေရှင်းပေးကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေက ပြောကြားခဲ့သော်လည်း အလုပ်ရှင်နှင့်မပြေလည်သေးသည့် စက်ရုံများ ရှိနေသေးကြောင်း သိရသည်။
“တလကိုတခါ ပြုလုပ်နေကျ စက်မှုဇုန်ကော်မတီအစည်းအဝေးမှာ စက်မှုဇုန်တွေရဲ့ ပြဿနာတွေ၊ လိုအပ်ချက်တွေကို တောင်းဆိုမှုတွေလုပ်လာရင် ဖြေရှင်းပေးပါတယ်။ ကိုယ်တိုင်ကွင်းဆင်းပြီးတော့ အဲဒီလိုစက်မှုဇုန်နဲ့ ပတ်သက်တာတွေကို ရှင်းပေးပါတယ်” ဟု ဒု-ဗိုလ်ချုပ်ကြီးမြင့်ဆွေက ယခုလ ( ၆ ) ရက်၊ ရန်ကုန်မြို့ UMFCCI တွင်ပြုလုပ်သော မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၏ (၁၆) ကြိမ်မြောက် အစည်းအဝေး၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။ရန်ကုန်တိုင်း စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ၏ တာဝန်ရှိသူတဦး ပြောပြချက်အရ အလုပ်သမားများက လုပ်အားခကို တောင်းဆိုကြရာတွင် အလုပ်ရှင်နှင့် မပြေလည်သေးသော စက်ရုံများ ရှိနေသေးကြောင်း သိရသည်။
။။။။။
ဒီဗီဘီ သတင်းထောက် မလှလှဝင်း အမှု အယူခံလွှာ တင်သွင်း
နယူးဒေလီ (မဇ္ဈိမ)။ ။ ထောင်ဒဏ် နှစ် ၂၇ ကျခံနေရသည့် အတိုက်အခံ သတင်းဌာန ဒီဗီဘီ သတင်းထောက် မလှလှဝင်း အမှုအတွက် မကွေးတိုင်း တရားရုံးတွင် ယခုလ ၈ ရက်နေ့ အယူခံလွှာတင်ခဲ့ကြောင်း ရှေ့နေက ပြောသည်။
နော်ဝေးအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗီဘီ) သတင်းထောက်ကို မကွေးတိုင်း ပခုက္ကူခရိုင် တရားရုံးက အီလက်ထောနစ်အက်၊ ဗီဒီယိုအက် အပါအဝင် ပုဒ်မ ၃ ခုဖြင့် ပြစ်ဒဏ်ချခဲ့သည့် အနှစ် ၂၀ အတွက် ပြင်ဆင်ခွင့် အယူခံလွှာ တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ကျန် ပြစ်ဒဏ် ၇ နှစ်မှာမူ တရားမဝင် ဆိုင်ကယ် စီးနင်းမှုဖြင့် ချမှတ်ခံထားရခြင်း ဖြစ်သည်။
။။။။။
11.3.10
အန်အယ်လ်ဒီ ပါတီရုံးခွဲများ ပြန်ဖွင့်ခွင့်ရ
NEJ
မြန်မာနိုင်ငံတ၀န်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရုံးခွဲများကို ယမန်နေ့ မတ် (၁၀) ရက်နေ့မှစတင်၍ စစ်အစိုးရက ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်ကြောင်း အန်အယ်လ်ဒီပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။
။။။။။
ရွေးကောက်ပွဲ ကော်မရှင်စာရင်း ထုတ်ပြန်
မဇ္ဈိမသတင်းဌာန ။ ။မြန်မာ့စစ်အစိုးရက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်လူကြီးများ စာရင်းကို ထုတ်ပြန်လိုက်ကြောင်း ယနေ့ ညနေ ၄ နာရီက မြန်မာ့ရုပ်မြင်သံကြားက ကြေညာသွားသည်။
၁၇ ဦးပါ ကော်မရှင်အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဦးသိန်းစိုးကို ခန့်အပ်လိုက်သည်။ အဖွဲ့ဝင်များမှာ ဦးအင်ဇော်နော်၊ ဦးခင်မောင်နု၊ ဦးစိုးဘလှိုင်၊ ဒေါက်တာဘမောင်၊ ဦးညွှန့်တင်၊ ဦးမောင်သာလှ၊ ဦးစိုင်းခုမ်လှိုင်၊ ဦးအောင်မြင့်၊ ဦးမြင့်နိုင်၊ ဒေါက်တာတင်အောင်အေး၊ ဒေါက်တာဒေါ်မြင့်ကြည်၊ ဒေါ်ခင်လှမြင့်၊ ဦးသာဦး၊ ဒေါက်တာမောင်ထူး၊ ဦးသာဌေး၊ ဦးဝင်းကြည်တို့ ဖြစ်ကြသည်။
။။။။။
စစ်တပ်ကြောင့် နေရပ်စွန့်ခွာလာသူ (၂၀၀) ခန့်ရှိ
ဒေသခံ မြန်မာစစ်တပ်၏ဒဏ်ကို မခံနိုင်၍ မွန်ပြည်နယ် တောင်ပိုင်းနှင့် တနင်္သာရီတိုင်း မြောက်ပိုင်းရှိ ကျေးရွာများမှ ရွာသား (၂၀၀) ခန့်သည် နေရပ်စွန့်ခွာကာ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသသို့ လာရောက်ခိုလှုံနေကြကြောင်း ပါတီမြို့နယ် ကော်မတီဝင်တဦးက ပြောသည်။
။။။။။
11.3.10
သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ယနေ့ကျရောက်သည့် အသက် (၈၀) နှစ် ပြည့် မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် ဆရာကြီးထောင်မှလွတ်ပြီး ပထမဆုံး ရေးသားထုတ်ဝေသော ဆောင်းပါးများကို စုစည်းထားသည့် ဘာလဲဟဲ့လူ့ငရဲ စာအုပ်ကို ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဘီဗွီ) က ယနေ့ စတင်ထုတ်ဝေဖြန့်ချိလိုက်သည်။
၁၉၈၉ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ နအဖ၏ မတရားဖမ်းဆီး ထောင်ချခံရသည့်ကာလအတွင်း ထောင်တွင်းအတွေ့အကြုံများကို စုစည်းရေးသားထားသည့် စာအုပ်ဖြစ်ပြီး စာရေးသူ၏ အမှာစာ ပါရှိသည်။
(NEJ)
။။။။။
ရွေးကောက်ပွဲ ဥပဒေက ပြည်ပနေ မြန်မာများအတွက် ပီပြင်မှု မရှိ
ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက စီးပွားရေးနှင့် နိုင်ငံရေးကြောင့် ပြည်ပတွင် ပြန့်နှံ့ရောက်ရှိနေသော မြန်မာသန်းပေါင်းများစွာ၏ အခြေခံအခွင့်အရေးကို ဖြည့်ဆည်းပေးရန် ပျက်ကွက်နေသည်။
”ရွှေ့ပြောင်းလုပ်သား အများအပြားက သူတို့နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်နေကြတာ။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သူတို့ ရွှေ့ပြောင်းလုပ်သားဘဝ ရောက်လာရစေတဲ့ အကြောင်းတချက်ဖြစ်လို့” ဟု စင်ပြိုင်အာဆီယံအဖွဲ့မှ ဒယ်ဘီစတော့ဟတ်က ပြောသည်။
ဥပဒေက ရေရေရာရာမရှိလှဘဲ နိုင်ငံ့ပြင်ပတွင် နေထိုင်နေသူများ ကြိုတင်မဲထည့်ခွင့်ရရန် နိုင်ငံခြားရေးဝန်ကြီးဌာနက လုပ်ဆောင်ရမည်ဟုသာ ရေးသားထားသည်။
။။။။။
မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန်
ရတခတိုင်းမှူး အကြောင်းကြား
မွန်ပြည်သစ်ပါတီဥက္ကဋ္ဌကြီးအပါအဝင် ထိပ်ပိုင်းခေါင်းဆောင် (၉) ဦးနှင့် မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် ယခုလအတွင်း တွေ့ဆုံနိုင်ရန် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းက တောင်းဆိုထားကြောင်း မွန်ပြည်သစ်ပါတီမှ သိရသည်။
(NEJ)
။။။။။
ရွေးကောက်ပွဲ ဝင်လိုသူများလည်း ဆင်ဆာမလွတ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲဝင်လိုသော နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲ ဥပဒေအပေါ် ဆန်းစစ်ပြောကြားချက်ကို ပြည်တွင်း ဂျာနယ်များတွင် မဖော်ပြရန် ဆင်ဆာဘုတ်က ဖြတ်တောက်နေသည်။
ယခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဟု တရားဝင် ကြေညာထားသော ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေ၊ ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့မှ ခေါင်းဆောင် ဦးရွှေအုန်းနှင့် အဖွဲ့ဝင် ကိုနေမျိုးဝေတို့က ရွေးကောက်ပွဲဥပဒေအပေါ် သုံးသပ်ပြောဆိုထားသည်ကို စာပေစိစစ်ရေးက ဖြုတ်လိုက်ခြင်း ဖြစ်သည်။
စာပေစိစစ်ရေးဌာန အကြီးအကဲ ဗိုလ်မှူးတင့်ဆွေမှာ နေပြည်တော်သို့ သွားရောက်နေရချိန်လည်း ဖြစ်သောကြောင့် ဆင်ဆာဖြတ်တောက်မှု ပိုကြမ်းနေခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန် စာပေအသိုင်းအဝိုင်းက ပြောသည်။
။။။။။
နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန်
ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ
(NEJ) ။ ။ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး လက်ခံ မခံ အဖြေပေးရမည့် တွေ့ဆုံဆွေးနွေးပွဲအား မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌ ယနေ့ပြုလုပ်သည်။
ကေအိုင်အိုအဖွဲ့မှ ဗိုလ်ချုပ်ဂေါ်ရီဇော်ဆိုင်း ဦးဆောင်သည့် (၈) ဦးပါ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ တရုတ်-မြန်မာနယ်စပ်ရှိ ဗဟိုဌာနချုပ် လိုင်ဇာမြို့မှ ယမန်နေ့က ထွက်ခွာသွားပြီး ယနေ့ ဆွေးနွေးနေသည်ဟု အမည်မဖော်လိုသည့် ကေအိုင်အိုအရာရှိက အတည်ပြုပြောသည်။
(NEJ)
။။။။။
Sunday, March 14, 2010
Monday, March 8, 2010
9-2010
1.3.10
နအဖ ငြင်းပယ်ထားသည့် တောင်းဆိုချက်များ ထပ်မံတင်ပြ၍ ဝတပ်ဖွဲ့ တုံ့ပြန်
(NEJ) ။ ။ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့က ၎င်းတို့၏တောင်းဆိုချက် (၉) ချက်ကို နအဖက ပယ်ချနေသည့်ကြားကပင် လိုက်လျောပေးရန် ယမန်နေ့က ထပ်မံတောင်းဆိုလိုက်သည်။မိုင်းပေါက်နှင့် မိုင်းဖြန်အား မိုင်းပေါက်မြို့နယ်အဖြစ် သတ်မှတ်ကာ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီးအတွင်း (၆) မြို့နယ် အစား (၇) မြို့နယ်အဖြစ် ဖွဲ့စည်းသွားရေး၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဝတပ်ဖွဲ့များအခြေစိုက်ရာ ဝမ်ဟုန်စစ်ဒေသအား ဝအုပ်ချုပ်ခွင့်ရဒေသ ဖွဲ့စည်းရေး၊ ဝမ်ဟုန်နှင့် ပန်ဆန်းဟူ၍ စစ်ဒေသခွဲ (၂) ခု သတ်မှတ်ကာ စစ်ဒေသမှူးနှင့် စစ်ဦးစီးမှူးကို ဝတပ်ဖွဲ့က တာဝန်ယူရေး၊ ဒု-စစ်ဒေသမှူးနှင့် ဒု-စစ်ဦးစီးမှူးဟူ၍ (၂) ဦးစီ ထားရှိမည်ဖြစ်ပြီး (၁) ဦးစီကို နအဖဘက်က တာဝန်ယူရေး၊ တပ်ရင်းအဆင့်တွင် ဝတပ်ဖွဲ့ဝင်များဖြင့်သာ ဖွဲ့စည်းရေးဟူ၍ တောင်းဆိုထားသည်။
ထို့အပြင် ကျန်းမာရေး၊ သင်တန်းနှင့် ထောက်ပံ့ရေးကိစ္စအား နအဖဘက်က တာဝန်ယူရေး၊ နယ်ခြားစောင့်တပ်ဖွဲ့တွင် မပါဝင်တော့သည့် တပ်ဖွဲ့ဝင်များအား ပင်စင်လစာ (၅) နှစ်စာအတွက် တလုံးတခဲတည်း ပေးရေး၊ မိဘမဲ့ကလေးများနှင့် စစ်ပွဲများကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသည့် ဒုက္ခိတများအား နအဖဘက်က ကူညီထောက်ပံ့ရေး၊ အသွင်ကူးပြောင်းပြီး နောက်ပိုင်း တရားဥပဒေချိုးဖောက်ခြင်း မရှိတော့လျှင် ယခင်က ဥပဒေချိုးဖောက်ခဲ့သူများနှင့် မည်သည့်အဖွဲ့တွင် ပါဝင်ခဲ့သူများကိုမဆို လွတ်ငြိမ်းချမ်းသာခွင့်နှင့် ၎င်းတို့၏အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံမှုအာမခံချက်ပေးရန် စသည့်အချက်များကို ထည့်သွင်းတောင်းဆိုထားသည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝတပ်ဖွဲ့၏ နယ်မြေများတောင်းဆိုမှုမှာ မဖြစ်နိုင်တော့ကြောင်း ယမန်နှစ် နိုဝင်ဘာနှင့် ယခုနှစ် ဖေဖော်ဝါရီတွင် တွေ့ဆုံစဉ်၌ နအဖဘက်က ပြောဆိုထားခဲ့သည်ဟု အဆိုပါ ဝခေါင်းဆောင်များနှင့် နီးစပ်သူက ပြောသည်။
။။။။။
ထိုင်း-မြန်မာ ကုန်သွယ်ရေးဇုံ အသစ် ဖွင့်လှစ်မည်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်း၊ မြန်မာ နယ်စပ်တခုဖြစ်သော မယ်ဟောင်ဆောင်ခရိုင်တွင် ကုန်သွယ်ရေး ဇုံအသစ်တခု ဖွင့်လှစ်မည် ဟု ချင်းမိုင်ကုန်သည်ကြီးများအသင်းမှ သိရသည်။ယင်း ကုန်သွယ်စခန်းသည် ကုန်းကြောင်း ကုန်သွယ်မှုအပြင် လေကြောင်းဖြင့်ပါ ထိုင်းနိုင်ငံနှင့် မြန်မာ နိုင်ငံကို ကုန်သွယ်မှုပေးမည်ဖြစ်သည်။အဆိုပါ ကားလမ်းသည် မယ်ဟောင်ဆောင်ခရိုင်မှတဆင့် လွိုင်ကော်၊ နေပြည်တော်၊ တောင်ကြီးနှင့် တောင်ငူ၊ ပြည်၊ သံတွဲ တို့ကို ဆက်သွယ် ဖောက်လုပ်ပေးမည်ဖြစ်သည်။
။။။။။
အဓမ္မခိုင်းစေခံရသည့် ရွာသား (၄၀၀) ကျော်တို့က အိုင်အယ်လ်အိုသို့ တိုင်တန်း
(NEJ) ။ ။ အဓမ္မလုပ်အား ခိုင်းစေခြင်းခံရသည့် တောင်ငူခရိုင်မှ ရွာသား (၄၇၀) တို့က ၎င်းတို့ အဓမ္မစေခိုင်းခံရမှုကို စုံစမ်း အရေးယူမှုပြုလုပ်ပေးရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (အိုင်အယ်လ်အို) သို့ ယနေ့တိုင်ကြားစာ ပေးပို့လိုက်သည်။
ထိုသို့ အစီရင်ခံစာ ပေးပို့မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (အက်ဖ်တီယူဘီ) နှင့် ကော်သူးလေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (အက်ဖ်တီယူကေ) တို့မှ တာဝန်ရှိသူများက ထိုင်း-မြန်မာနယ်စပ်တွင် သတင်းစာရှင်းလင်းပွဲတရပ် ယမန်နေ့ညနေက ကျင်းပခဲ့သည်။
မြန်မာနိုင်ငံတွင် အိုင်အယ်လ်အိုက ရုံးဖွင့်လှစ်ထားသော်လည်း အဓမ္မလုပ်အားခိုင်းစေမှုနှင့်ပတ်သက်၍ ထိရောက်သည့် အရေးယူမှု မပြုလုပ်နိုင်သည့်အတွက် အချိန်ကြာလာသည်နှင့်အမျှ လူထုမှာ ပိုမိုဒုက္ခရောက်နေသဖြင့် ၎င်းတို့ကိုယ်စား အိုင်အယ်လ်အိုမှတဆင့် တင်ပြပေးခြင်းဖြစ်သည်ဟု အက်ဖ်တီယူကေအဖွဲ့က ပြောသည်။
။။။။။။
ဦးပိုင်ကတိဖျက်အပြီး ဆားဈေးထိုးကျ
ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္မဏီက ဆားလုပ်ငန်းရှင်များထံမှ ဆားတန်ချိန် တသိန်း ဝယ်ယူမည့် အစီ အစဉ် ဖျက်လိုက်ပြီးနောက် ဆားဈေးများ တဟုန်ထိုး ကျဆင်းသွားသည်။
ကော့စတစ်စက်ရုံဆောက်လုပ်မည်ဖြစ်၍ ဆားများကို ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း စက်ရုံ မတည်ဆောက်ရသေးသဖြင့် အစီအစဉ် ဖျက်သိမ်းလိုက်ကြောင်း ယခင်လ ၇ ရက်နေ့က ဆားလုပ်ငန်းရှင်များကို တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းဖြစ်သော ဦးပိုင်မှ အကြီးအကဲများက နေပြည်တော်တွင် တွေ့ဆုံပြောကြားခဲ့သည်။
နောက်ဆက်တွဲအကျိုးဆက်အနေဖြင့် ဆားထွက်ရှိရာ ဒေသတခုဖြစ်သော ဧရာဝတီတိုင်း လပွတ္တာမြို့တွင် ဆားကြမ်းဈေးသည် ယခင်လက ၁ ပိဿာ ၇ဝ ကျပ်ရှိနေရာမှ ယနေ့တွင် ၄ဝ ကျပ်ထိ ဈေးကျသွားသည်။
။။။။။
2.3.10
ဒေါ်အောင်ဆန်းစုကြည်၏အယူခံ ပယ်ချခံရမှု ဥရောပသမဂ္ဂ ကြေညာချက်ထုတ်
(NEJ) ။ ။ နေအိမ်အကျယ်ချုပ်ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အယူခံတင်သွင်းထားသော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက်အား ဗဟိုတရားရုံးချုပ်မှ ပယ်ချလိုက်သည့်အပေါ် အထူးစိတ်မကောင်းဖြစ်မိကြောင်း ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံခြားရေးရာဌာန၏ ပြောခွင့်ရသူ ကက်သရင်း အက်ရှ်တန်က ပြောကြားလိုက်သည်။
ထိုသို့ တရားရုံးချုပ်မှ ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအားပယ်ချခဲ့ခြင်းသည် အစိုးရနှင့် အတိုက်အခံပါတီတို့အကြား အလျင်အမြန်လိုအပ်နေသည့် အမျိုးသားရင်ကြားစေ့ရေးနှင့် ရေရှည် တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံရေးအရ အားလုံးပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးမှုဖြစ်မြောက်ရေး အလားအလာများကို ပျက်စီးသွားစေသည်ဟု ကက်သရင်း အက်ရှ်တန်က ယမန်နေ့၌ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ ယခုနှစ်အတွင်း ရွေးကောက်ပွဲလုပ်ရန် စီစဉ်ထားရာတွင် အာဏာပိုင်များအနေဖြင့် နိုင်ငံတကာက တောင်းဆို ထားသည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ပေးရန် လိုအပ်ကြောင်းလည်း ဥရောပကော်မရှင်၏ ဒုတိယအကြီးအကဲလည်းဖြစ်သူ ကက်သရင်း အက်ရှ်တန်က တောင်းဆိုလိုက်သည်။
။။။။။
ကေအိုင်အိုက စစ်ရေးအသင့်ပြင်
ချင်းမိုင် (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေး ဖိအားပေးခြင်းခံနေရသော ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) အနေဖြင့် စစ်ရေးအတွက်လည်း ပြင်ဆင်ထားကြောင်း စုံစမ်းသိရှိရသည်။
ရွေးကောက်ပွဲမတိုင်မီ တပ်မတော်လက်အောက်သို့သွတ်သွင်းမည့် အစီအစဉ်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အကြောင်းပြန်ရင် အပစ်ခတ်ရပ်ကချင်အဖွဲ့ကြီးသို့ စစ်အစိုးရ၏ ညှိနှိုင်းရေးသမား စစ်ဘက်ရေးရာလုံခြုံရေး အကြီးအကဲ ဒု ဗိုလ်ချုပ်ကြီးရဲမြင့်က သတ်မှတ်ထားခဲ့သော်လည်း ကေအိုင်အိုက တုံ့ပြန်မှုမပြုဘဲ ရှိနေသည်။
နအဖ အား မည်သို့တုန့်ပြန် ဖြေကြားမည်ကို ဆုံးဖြတ်နိုင်ရန် KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ယမန်နေ့မှ စ၍ ဗဟိုအလုပ်အမှုဆောင်အပါအဝင် စုစုပေါင်း ၃ဝ ဦးဖြင့် အစည်းအဝေး ကျင်းပနေသည်။
။။။။။
3.3.10
ရှေ့နေ ကိုဖိုးဖြူကို ထောင်ဒဏ်လျှော့
(NEJ) ။ ။ အဓမ္မလုပ်အားပေး စေခိုင်းခံရသည့် အမှုများကို ရှေ့နေလိုက်ပေးခြင်းကြောင့် ပြီးခဲ့သည့်နှစ်တွင် ဖမ်းဆီးခံရပြီး ထောင်ဒဏ် (၄) နှစ် ကျခံနေရသည့် ရှေ့နေ ကိုဖိုးဖြူကို စစ်အစိုးရ တရားရုံးချုပ်က ထောင်ဒဏ် (၃) နှစ် လျှော့လိုက်ပြီး (၁) နှစ်သာကျခံရန် ယခုလ (၁) ရက်နေ့က အမိန့်ချမှတ်လိုက်သည်။
။။။။။
ဒေါ်မြင့်မြင့်အေးကို တာဝန်မှဖယ်ရှားမှု ပြန်ပြင်ရန် တောင်းဆို
နယူးဒေလီ (မဇ္ဈိမ)။ ။ မိတ္ထီလာမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်မြင်မြင့်အေးကို စည်းကမ်းဖောက်ဖျက်မှုဖြင့် တာဝန်မှ တနှစ်ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်ကို ပြန်လည်ပြင်ဆင်မှုပြုရန် မြို့နယ်အဆင့် ပါတီခေါင်းဆောင် နှစ်ဦးက ဗဟိုကို တောင်းဆိုလိုက်ကြသည်။
စည်းကမ်း ဖောက်ဖျက်သည်ဟုဆိုကာ အတိုက်အခံပါတီ၏ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က အရေးယူခဲ့သည့်အပေါ် ဝမ်းတွင်းမြို့နယ် အတွင်းရေးမှူး ဦးထွန်းထွန်းနှင့် မိတ္ထီလာမြို့နယ် ဒုဥက္ကဋ္ဌ ဦးသိန်းအောင်က ကန့်ကွက်ထားသည်။
။။။။။
လူမှုရေးအကူအညီ ယူရို (၁၇) သန်း မြန်မာနိုင်ငံကို အီးယူက ပေးမည်
(NEJ) ။ ။ မြန်မာနိုင်ငံမှ ဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ (၂၃) သန်းကျော်နှင့်ညီမျှသည့် ယူရိုငွေ (၁၇.၂၅) သန်းကို လူသားချင်းစာနာမှု အကူအညီအဖြစ် ဥရောပသမဂ္ဂ (အီးယူ) က ယခုနှစ်တွင် ပေးသွားမည်ဟု ယမန်နေ့က ကြေညာလိုက်သည်။
အကူအညီများကို အီးယူကော်မရှင်၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့ (ECHO) မှတဆင့် မြန်မာနိုင်ငံ နယ်စပ်ဒေသတို့ရှိ တိုင်းရင်းသားလူမျိုးစုများနှင့် ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသည့် ဒုက္ခသည်များကို ပေးအပ်သွားမည်ဟု ဘန်ကောက်ရှိ အီးယူရုံးခွဲက ပြောကြားသည်
။။။။။
အရက်ချက်စက်ရုံ လုပ်သားများ လုပ်ခတိုးတောင်းဆို
နယူးဒေလီ (မဇ္ဈိမ)။ ။ လုပ်ခလစာ တိုးမြှင့်ရေးအတွက် ပုဂ္ဂလိပိုင်စက်ရုံ အလုပ်ရုံများတွင် အလုပ်သမား ဆန္ဒပြမှုများ ခပ်စိတ်စိတ် ဖြစ်နေခဲ့သော ရန်ကုန်မြို့တွင် ယနေ့နံနက်တွင်လည်း အရက်ချက်စက်ရုံ လုပ်သားများက တောင်းဆိုမှု ဖြစ်နေပြန်သည်။
ရွှေပြည်သာမြို့နယ် ဦးရွှေရိုးလမ်းရှိ Grand Royal မှ အလုပ်သမား ၁၀၀၀ ကျော်က လစာတိုးပေးရန်၊ အများပြည်သူ ရုံးပိတ်ရက်များတွင် ပိတ်ပေးရန်နှင့် အချိန်ပိုကြေးပေးရန် တောင်းဆိုထားသည်။
International Beverages Trading Co., Ltd. (IBTC) ကုမ္ပဏီ တာဝန်ရှိသူများက အရက်ချက်စက်ရုံ သို့သွားရောက်၍ ညှိနှိုင်းဖြေရှင်းလျှက်ရှိသည်ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းချက်ကို ဝန်ထမ်းတဦးက ဖြေကြားသည်။
Grand Royal စက်ရုံတွင် အလုပ်သမား ၁၅၀၀ ကျော် အလုပ်လုပ်နေကြောင်း သိရသည်။
။။။။။
4.5.10
အလုပ်သမားဆန္ဒပြမှုများကို ပြည်သူများအားပေး
(NEJ) ။ ။ ရန်ကုန်ရှိ စက်ရုံလုပ်သားများသာမက အခြားအလုပ်သမားများပါ အလုပ်ရှင်အပေါ် မကျေနပ်သည်များကို ဆန္ဒပြလာနိုင်ကြောင်း နေပြည်တော်အလုပ်သမားရေးဝန်ကြီးဌာနမှ အရာရှိကြီးတဦးက ပြောသည်။၂၀၁၀ ပြည့်နှစ်အတွင်း အလုပ်သမားများ ဆန္ဒပြမှုစိပ်လာသည်ကို ရန်ကုန်လူထု အလွန်စိတ်ဝင်စားလာကာ ဆန္ဒပြအလုပ်သမားများဘက်မှ အားပေးလာကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
။။။။။
ဝန်ထမ်းလစာများ ထပ်တိုးမည်ဟု သတင်းထွက်
ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရက လာမည့် ဘဏ္ဍာရေးနှစ်သစ်မှ စတင်ကာ အစိုးရဝန်ထမ်းအားလုံး၏ လစာများကို ထပ်တိုးမြှင့် ပေးမည်ဟု သတင်းများထွက်နေကြောင်း ရန်ကုန်မြို့နေ အစိုးရ ဝန်ထမ်းများထံမှ သိရသည်။
ဧပြီလ လစာမှစတင်၍ ကျပ်ငွေ ၂ သောင်းစီတိုးမြှင့်ပေးရန် အစီအစဉ်ရှိကြောင်း ဝန်ကြီးဌာနအသီးသီး၏ လက်အောက်ခံ ဝန်ထမ်းများကို အရာရှိများက နှုတ်ဖြင့် ပြောဆိုထားမှုများရှိကြောင်း မဇ္ဈိမက စုံစမ်း သိရှိရသည်။
။။။။။
အန်အယ်လ်ဒီ ရှေ့လုပ်ငန်းစဉ်များလုပ်ဆောင်ရန် ဗဟိုဦးစီးအဖွဲ့ ဖွဲ့ပြီး
(NEJ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဗဟိုဦးစီးအဖွဲ့ဝင်စာရင်းကို ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။
အသစ်ထပ်မံတိုးချဲ့ဖွဲ့စည်းလိုက်သည့် ဗဟိုဦးစီးအဖွဲ့တွင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် (၂၀) ဦး၊ တိုင်းနှင့်ပြည်နယ် အသီးသီးတို့မှ (၁၀၀) ဦးနှင့် အရန်ဗဟိုဦးစီးအဖွဲ့ဝင် (၈) ဦးတို့အပါအ၀င် စုစုပေါင်း (၁၂၈) ဦး ပါဝင်သည်။
ဗဟိုဦးစီးအဖွဲ့ဝင်များအဖြစ် အကျဉ်းကျနေသည့် အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၇) ဦး၊ တိုင်းစည်းရုံးရေး အဖွဲ့ဝင်(၁) ဦးနှင့် ပြည်နယ်စည်းရုံးရေးအဖွဲ့ဝင် (၁) ဦးတို့ကိုလည်း ကြေညာချက်တွင် ထည့်သွင်းထားသည်။
။။။။။
ရွှေပြည်သာဆန္ဒပြပွဲ သဘောတူညီမှုရရှိ
နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန် ရွှေပြည်သာမြို့နယ် စက်မှုဇုန်များရှိ စက်ရုံ ၃ ရုံတွင် လုပ်ခလစာ တိုးရေးနှင့် အခြားရပိုင်ခွင့်များအတွက် ယမန်နေ့တွင် အလုပ်သမားများ တောင်းဆိုဆန္ဒပြခဲ့ရာ အလုပ်ရှင်များက လိုက်လျောမှုများ ပြသဖြင့် ယနေ့တွင် လုပ်ငန်းခွင်သို့ ပြန်ဝင်နေကြကြောင်း သိရသည်။
စက်မှုဇုန် ၃ ရှိ Grand Royal အရက်ချက်စက်ရုံ၊ စက်မှုဇုန် ၁ ရှိ Super Garment နှင့် ကောင်းချီးမင်္ဂလာ အထည်ချုပ်စက်ရုံများတွင် လုပ်သားများ ဆန္ဒပြခဲ့ရာမှ ယမန်နေ့ နေလည်ပိုင်းတွင် လိုက်လျောမှုများ ရရှိသဖြင့် ပြန်လည်အလုပ်ဆင်းနေကြောင်း အလုပ်သမား အသိုင်းအဝိုင်းနှင့် ဒေသခံများက ပြောဆိုသည်။
။။။။။
5.3.10
ဥပဒေထောက်ကူ ဥက္ကဋ္ဌ အဖြစ် ဦးတင်ဦး ပြန်လည်တာဝန်ယူ
နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးသည် ပါတီ ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ တာဝန်ကို ယမန်နေ့မှ စတင်၍ ပြန်လည်ထမ်းဆောင်ပြီဖြစ်သည်။
။။။။။
ကြံ့ဖွံ့ဦးရေ ရန်ကုန်လူဦးရေ ထက်ဝက်ကျော်ရှိ
ရန်ကုန်တိုင်းအတွင်း ကြံ့ဖွံ့အဖွဲ့ဝင်အရေအတွက်မှာ ရန်ကုန်လူဦးရေ၏ တ၀က်ကျော်လွန်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့အဖွဲ့ အကြီးအကဲတဦးက ပြောသည်။လာမည့်ရွေးကောက်ပွဲအတွက် အသင်းသားများကို လိုက်၍စုဆောင်းနေခြင်းဖြစ်ရာ အသင်းဝင်အရေအတွက် ပိုများလာစေရန် ပြုလုပ်သွားဦးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် ကြံ့ဖွံ့ခေါင်းဆောင်တဦး ပြောပြချက်အရ ယခုအသင်းဝင်စာရင်းမှာ မဲပေးရန်အတွက် စာရင်းအတည်ဖြစ်မည်ဟု သိရသည်။၁၉၈၈ ခုနှစ် အရေးအခင်းတွင် ပါဝင်ခဲ့သူ အသက် (၄၀) နှစ်ခန့်အရွယ် လူလတ်ပိုင်းတဦးက ယခုကြံ့ဖွံ့အသင်းကို ၀င်နေသူများမှာ ယခင်က ၁၉၈၈ အရေးအခင်းတွင် ဆန္ဒပါဝင်ပြသခဲ့သူ အများစုဖြစ်ကြောင်း ပြောသည်။ရန်ကုန်ရှိ လူဦးရေ (၆) သန်းခန့်တွင် ရန်ကုန်တိုင်း ကြံ့ဖွံအသင်း၏ အသင်းသားဦးရေမှာ (၃) သန်းခွဲကျော်ရှိနေပြီဖြစ်ကြောင်း ယင်းအသင်း၏ တရားဝင်စာရင်းများအရ သိရသည်။
(NEJ)
။။။။။
ဥရောပ ၄ နိုင်ငံ သံအမတ်များနှင့် ပဒမဖ တွေ့ဆုံ
နယူးဒေလီ (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့ ပဒမဖ ဖြစ်မြောက်ရေး ကော်မတီဝင် ၄ ဦးကို ဥရောပနိုင်ငံ ၄ နိုင်ငံမှ သံအမတ်များက ရန်ကုန်ရှိ ဂျာမဏီသံရုံးတွင် ယနေ့ ခေါ်ယူတွေ့ဆုံခဲ့သည်။
“အဖွဲ့ရဲ့ ရပ်တည်ချက်ကို ပြောပြတယ်။ သူတို့က သိချင်တာတွေကို မေးတယ်။ ဖြေလို့ မရတဲ့ မေးခွန်းမျိုးတွေကို မေးတယ်။ ပြောလို့မရတဲ့ ဟာဆိုတာက အဖွဲ့ဝင်အင်အား ဘယ်လောက်ရှိလဲ။ ဒါက လက်တွေ့မကျဘူး။ ပါတီထောင်ခွင့် ဥပဒေတောင် မထွက်သေးဘူး။ ဖြစ်မြောက်ရေးကော်မတီ ဖွဲ့ထားရတယ်။ ဒါတောင်မှ တရားဝင် မဟုတ်သေးဘူး။ ဒီအင်အားတွေ ဘယ်ရှိဦးမလဲ။ ဒီနေ့ တွေ့ဆုံပွဲကို ကျနော်တို့အနေနဲ့ အားမရဘူး” ဟု ပဒမဖ မှ ကော်မတီဝင် ဝါရင့် ရှမ်းအမျိုးသား နိုင်ငံရေးသမား ဦးရွှေအုံးက မဇ္ဈိမကို ပြောသည်။
ရွေးကောက်ပွဲ ဥပဒေမထွက်သေး၍ တရားဝင် မှတ်ပုံတင်ရခြင်း မရှိသေးသော ပဒမဖ အဖွဲ့မှ ကော်မတီဝင်များ ဖြစ်သည့် ဦးရွှေအုံး၊ ဦးသိန်းတင်အောင်၊ ဦးနေမျိုးဝေနှင့် ဦးကိုကိုကြီးတို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့သည်။
။။။။။
စစ်တပ် အကြမ်းဖက်ခံ မြန်မာအမျိုးသမီးများအရေး ဘန်ကီမွန်းထံ တင်ပြ
စစ်တပ်က မြန်မာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှတဆင့် နိုင်ငံတကာ ခုံရုံးတင် စစ်ဆေးနိုင်ရန် အမျိုးသမီးနိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်များနှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တို့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ ယမန်နေ့က တင်ပြလိုက်သည်။ယခုကဲ့သို့ အမျိုးသမီးများအပေါ် စစ်တပ်၏ အကြမ်းဖက်မှုများကို ဖော်ထုတ်တင်ပြနိုင်ရန် ၂၀၀၈ ခုနှစ်ကတည်းက အဖွဲ့ဝင်အမျိုးသမီး (၁၃) ဖွဲ့ အကူအညီဖြင့် အချက်အလက်များ စုဆောင်းရယူခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
(NEJ)
။။။။။
ကိုဖိုးဖြူ လွတ်လာပြီ
နယူးဒေလီ (မဇ္ဈိမ)။ ။ လယ်သိမ်းခံရသည့် တောင်သူများကို ကူညီပေးနေသူအတွက် အမှုလိုက်ပေးရင်း ထောင်ကျခံခဲ့ရသော ရှေ့နေ ကိုဖိုးဖြူမှာ ယနေ့တွင် သရက်ထောင်မှ လွတ်မြောက်လာပြီဖြစ်သည်။
ထောင်ဒဏ် ၄ နှစ် ချမှတ်ခံရသည့် အတိုက်အခံ ရှေ့နေကို နေပြည်တော် တရားရုံးချုပ်က ယခုလ ၁ ရက်နေ့တွင် ပြစ်ဒဏ်လျှော့ပေးအပြီး ၄ ရက်အကြာ သောကြာနေ့နေ့လည်ပိုင်းတွင် လွှတ်ပေးတာဖြစ်သည်။
။။။။။
ပြည်သူ့စစ်မလုပ်လို၍ မွန်ပြည်သစ်လက်အောက်သို့ ရွှေ့ပြောင်း
ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရက ပြည်သူ့စစ်လုပ်ရန် ဖိအားပေးမှုများရှိသဖြင့် မွန် ၁ဝဝ ခန့်သည် အပစ်ခတ်ရပ် မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ နယ်မြေအောက်သို့ ဝင်ရောက်ခိုလှုံလာခဲ့သည်ဟု မွန်ကယ်ဆယ်ရေးအဖွဲ့က ပြောသည်။
“နယ်မြေ နအဖ စစ်တပ်က ပြည်သူ့စစ်လုပ်ခိုင်းတယ်။ မလုပ်နိုင်တဲ့ လူတွေက တလကို လစဉ်ကြေး ၇ ထောင်စီပေးရမယ်။ အဲဒါသူတို့မခံနိုင်တော့ ပြေးလာကြတာ” ဟု မွန်ကယ်ဆယ်ရေးအဖွဲ့အတွင်းရေးမှူး ကိုဇော်မင်းဦးက မဇ္ဈိမကိုပြေသည်။
ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့မှ မွန်ပြည်သစ်ပါတီနယ်မြေ ထားဝယ်ခရိုင် အဒေသ တွင်းသို့ ယနေ့ချိန်ထိ တဖွဲဖွဲ လာရောက်ခိုလှုံကြခြင်းဖြစ်သည်ဟု ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ကယ်ဆယ်ရေးအဖွဲ့က ပြောသည်။
။။။။။
ဧပြီလအတွင်း ပတ်စ်ပို့ သက်တမ်းတိုးခွင့် မပြု
ချင်းမိုင် (မဇ္ဈိမ)။ ။ ကွန်ပြူတာစက်ဖြင့် ဖတ်၍ စစ်ဆေးနိုင်သော ဘားကုဒ်စနစ်ပါ နိုင်ငံကူး လက်မှတ်သစ်များ ထုတ်ပေးမည့် အစီအစဉ်ကြောင့် နိုင်ငံရပ်ခြားရှိ မြန်မာသံရုံးများတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း၊ အသစ်ပြုလုပ်ပေးခြင်းတို့ကို ဧပြီတလလုံး ရပ်ဆိုင်းထားမှာဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

Sunday, February 28, 2010
8-2010
22-2-10
ဗဟိုဦးစီးအဖွဲ့ရွေးချယ်ရေး အန်အယ်ဒီဗဟိုစတင်
ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဦးစီးအဖွဲ့ CC အဖွဲ့ဝင်များကို စီစစ်ရွေးချယ်ရေး လုပ်ငန်းများ အဖွဲ့ချုပ် ရုံးချုပ်၌ ယနေ့စတင်ဆောင်ရွက်နေပြီဖြစ်သည်။
ဗဟိုအလုပ်မှူဆောင်အဖွဲ့ CEC အစည်းအဝေးကျင်းပ ရွေးချယ်ကြခြင်းဖြစ်ပြီး ယနေ့ ပြီးပြတ်ခြင်း မရှိသော် လည်း လာမည့်အပတ် တနင်္လာနေ့တွင် အတည်ပြုနိုင်ဘွယ်ရှိကြောင်း အန်အယ်ဒီက ပြောသည်။
။။။။။။
ဘိန်းကုန်ကူးသူများ ပစ်ခတ်၍ ဒဏ်ရာရသူ ရဲ ၂ ဦး ရန်ကုန်ပို့
ချင်းမိုင် (မဇ္ဈိမ)။ ။ ဘိန်းရာဇာအဖွဲ့က ခြုံခိုတိုက်ခိုက်ခံ၍ ဒဏ်ရာရရှိသော ရဲ ၂ ဦးကို ယနေ့နေ့လည်တွင် တာချီလိတ်ဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ လေယာဉ်ဖြင့် ပို့ဆောင်လိုက်သည်။
ယခုလ ၂ဝ ရက်နေ့တွင် မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံဆုံရာ ရွှေတြိဂံဒေသ၌ လှည့်လည်လှုပ်ရှားနေသော နော်ခမ်း၏ ဘိန်းအဖွဲ့က ပုံမှန်ကင်းလှည့်မှု ပြုလုပ်နေသော တာချီလိတ်ခရိုင် ဝမ်ပုံမြို့နယ်ရဲစခန်းမှ ရဲများနှင့် မူးယစ် အထူးတပ်ဖွဲ့မှ ရဲများကို တိုက်ခိုက်ရာ ၁၄ ဦး သေဆုံး သို့မဟုတ် ပျောက်ဆုံးပြီး ၂ ဦး ဒဏ်ရာရ လွတ်မြောက်လာခဲ့သည်။
သေနတ်ကျည်ဆံ ကိုယ်ထဲတွင် ရှိနေသော ဒုရဲအပ်စိန်လှိုင်နှင့် လက်နှင့်ခြေထောက်တွင် ဒဏ်ရာရထားသော တပ်သားကီးမူတို့ကို မြန်မာ့လေကြောင်းဖြင့် ရန်ကုန်သို့ ပို့ဆောင်ခဲ့ရသည်။
။။။။။
ဦးတင်ဦးကို သူရဲကောင်း ဆုချီးမြှင့်
နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးကို ပြည်တွင်းရှိ တိုင်းရင်းသား ပါတီများဖြင့် ဖွဲ့စည်းထားသည့် UNA နှင့် ဝါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်များက ယခုလ ၂ဝ ရက်နေ့တွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆုကို ချီးမြှင့်လိုက်သည်။
အကျယ်ချုပ်မှ ၆ နှစ်ကြာ ကျခံရပြီးနောက် ယခုလ ၁၃ ရက်နေ့တွင် ပြန်လွတ်လာသည့် NLD ဒုဥက္ကဋ္ဌကို ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်ရှိ သခင်သိန်းဖေ နေအိမ်၌ ၎င်းတို့က အခမ်းအနားတရပ် ကျင်းပကာ အမျိုးသား ပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆု မှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်လိုက်ခြင်း ဖြစ်သည်။
။။။။။
23.2.10
အန်အယ်လ်ဒီ ဗဟိုဦးစီးအဖွဲ့ ဖွဲ့စည်းရေး ပဏာမ လျာထားချက်
အောင်မြင်စွာပြီးစီး
(NEJ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဗဟိုဦးစီးအဖွဲ့ ဖွဲ့စည်းရေးအတွက် ပြည်နယ်နှင့်တိုင်း စည်းရုံးရေးအဖွဲ့များမှ တင်သွင်းသည့် အဖွဲ့ချုပ်ဝင်များကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ယမန်နေ့၌ ပြန်လည်စိစစ်ခဲ့ပြီး မကြာမီ ထုတ်ပြန်ကြေညာတော့မည်ဖြစ်ကြောင်း အန်အယ်လ်ဒီက ပြောကြားသည်။ဗဟိုဦးစီးအဖွဲ့ဝင်များကို ရွေးချယ်ရာတွင် အန်အယ်လ်ဒီက ထုတ်ပြန်ထားသည့် ကြေညာချက်ပါ မူ (၅) ချက်နှင့်အညီ ပြည်နယ်နှင့်တိုင်းများက ရွေးချယ်အဆိုပြုမှုများကို စိစစ်ခြင်းဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်က ချမှတ်ပေးသည့် မူများကိုလည်း ထည့်သွင်းစဉ်းစားခဲ့ကြောင်း ဦးအုန်းကြိုင်က ပြောသည်။ယမန်နေ့အစည်းဝေးတွင် အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက သဘာပတိအဖြစ် ဦးဆောင်ဆွေးနွေးခဲ့ကြောင်း၊ ဗဟိုဦးစီးအဖွဲ့ကို ပါတီဖွဲ့စည်းပုံလမ်းညွှန်တွင် ပါရှိသည့်အတိုင်း အဖွဲ့ဝင်ဦးရေ (၉၀) မှ (၁၂၀) အတွင်း လုပ်ငန်းအတွက် လိုအပ်သလို ပြင်ဆင် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
။။။။။။
နိုင်ငံရေး အကျဉ်းသား ၆ ဦး ထောင်တွင်း အစာငတ်ခံ ဆန္ဒပြ
နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန် အင်းစိန်ထောင်တွင်း အကျဉ်းသား အခွင့်အရေး ရရှိရန် နိုင်ငံရေးအကျဉ်းသား ၆ ဦး ယမန်နေ့မှ စတင်၍ အစာငတ်ခံ ဆန္ဒပြနေကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည် ဂွမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီပုက ဦးဆောင်ပြီး၊ ရန်ကုန်တိုင်း တာမွေမြို့နယ် အဖွဲ့ချုပ် လူငယ်တာဝန်ခံ ကိုကျော်မျိုးနိုင်၊ ကိုညီညီအောင် (မုံရွာ)၊ ကိုနေမိုးအောင် (မုံရွာ)၊ ရခိုင်ကျောင်းသားလူငယ်များ အမှုတွဲမှ ကိုအောင်နိုင်မြင့်နှင့် ကိုအောင်နိုင်တို့က ထောင်တွင်း အစားအသောက်နှင့် ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုကောင်းမွန်ရန် အပါအဝင် အကျဉ်းသား အခွင့်အရေးများကို ထောင်အာဏာပိုင်များထံ အစာငတ်ခံ တောင်းဆိုနေကြသည်။
။။။။။။
ဗိုလ်ချုပ်အောင်ဆန်းအကြောင်းစာအုပ် သုတစွယ်စုံစာပေဆုရရှိ
(NEJ) ။ ။ ယခုနှစ် သုတစွယ်စုံစာပေဆုတွင် “မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်းများနှင့် ဗိုလ်ချုပ်အောင်ဆန်း” စာအုပ်ကို ရွေးချယ် ပေးသွားမည်ဖြစ်ကြောင်း စစ်အစိုးရပိုင်သတင်းစာတွင် ဖော်ပြသည်။
ယင်းစာအုပ်ကို တက္ကသိုလ်စိန်တင် ရေးသားခြင်းဖြစ်ပြီး သုတစွယ်စုံစာပေဆု ပေးရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် Swesone Media Group ၏ သုတစွယ်စုံစာအုပ်တိုက်က ချီးမြှင့်မည်ဟု သိရသည်။ယခုနှစ်ပေးသည့် သုတစွယ်စုံစာပေဆုများမှာ သုတစွယ်စုံဝိဇ္ဇာဘာသာရပ်အတွက် တက္ကသိုလ်စိန်တင်၏ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုမှတ်တမ်းများနှင့်ဗိုလ်ချုပ်အောင်ဆန်း၊ စာပဒေသာဘာသာရပ်အတွက် ကိုကို(စက်မှုတက္ကသိုလ်) ၏ အွန်စောတို့ဌာနေ ကိုယ်တွေ့ ကိုရီးယားခရီးသွား ဆောင်းပါးများ၊ လူမှုစီးပွားဘာသာရပ်အတွက် ဒေါက်တာချစ်၏ လူမှုဆက်ဆံရေးဆိုင်ရာ ကမ္ဘာ့ထုံးတမ်းစဉ်လာများ၊ ဘာသာပြန်ဘာသာရပ်အတွက် ကြည်မင်း၏ ဦးဆောင်စွန့်စား စီးပွားတည်ဆောက်ခြင်း၊ ရည်ညွှန်းစာပေဘာသာရပ်အတွက် ကျော်ဝင်း၏ စာအုပ်များဖြင့်နှစ်ပေါင်းများစွာ၊ လူငယ်စာပေဘာသာရပ်အတွက် ပါမောက္ခ ဒေါက်တာတင်စိုး၏ ဘာလဲဟဲ့ဒေါက်တာဘွဲ့၊ နိုင်ငံတကာရေးရာဘာသာရပ်အတွက် ရဲထွဋ်၏ သမိုင်းစာမျက်နှာပေါ်က အင်ပါယာနိုင်ငံများနှင့် နီယိုကွန်တိုနေ၀င်ချိန်၊ အသုံးချသိပ္ပံဘာသာရပ်အတွက် ဒေါက်တာစိုးလွင်၏ လူနာဖြစ်သွားသော ဆရာဝန်နှင့် ဆေးလောကဇာတ်ခုံပေါ်က အတွေ့အကြုံများ တို့ဖြစ်ကြကာ သုတစွယ်စုံတသက်တာစာပေဆုကို စာရေးဆရာ ချစ်စံဝင်းက ရရှိသွားကြောင်း သတင်းတွင် ဖော်ပြထားသည်။
။။။။။။
ငြိမ်းချမ်းရေး မနောပွဲတော် KIO ကျင်းပ
ရွှေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရနှင့် အပစ်ရပ် ၁၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နင်ဂွန်ထင်ရန် မနောပွဲတော်ကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ကချင်ပြည်နယ် မိုးကောင်းမြို့၌ ယနေ့မှစ၍ ၄ ရက်ကြာ ကျင်းပနေပြီဖြစ်သည်။
မိုးကောင်းမြို့နယ် ကဆုန်းကျေးရွာရှိ KIO တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၁ နယ်မြေ၌ နင်ဂွန်ထင်ရန် မနောပွဲကို ယနေ့ စတင်လိုက်ပြီဖြစ်ကြောင်းနှင့် ပွဲတော်သို့ ဧည့်ပရိသတ် ၄ သောင်းကျော် တက်ရောက်လာဖွယ်ရှိကြောင်း ပွဲဖြစ်မြောက်ရေး ဆပ်ကော်မတီက ပြောဆိုခြင်း ဖြစ်သည်။
။။။။။။
24.2.10
သတ္တမ အကြိမ်မြောက် မြန်မာ့မီဒီယာ ညီလာခံကျင်းပ
(NEJ) ။ ။ မြန်မာသတင်းစာဆရာများ အပါအ၀င် စာပေနယ်ပယ်၊ လူထုဆက်သွယ်ရေးနယ်ပယ်မှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည့် မြန်မာ သတင်းသမဂ္ဂက ကြီးမှူးပြီး သတ္တမအကြိမ်မြောက် မြန်မာ့မီဒီယာညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ စတင် ကျင်းပသည်။
မြန်မာစစ်အစိုးရက ယခုနှစ် ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲအား လေ့လာစောင့်ကြည့်ရေး၊ အွန်လိုင်း လုံခြုံရေးတို့ အပါအ၀င် မြန်မာသတင်းကဏ္ဍ အခြေအနေများနှင့် ပတ်သက်ပြီး အတွေ့အကြုံရှိ သတင်းစာဆရာများနှင့် ပြည်ပအခြေစိုက် သတင်းအဖွဲ့အစည်းတို့က ဦးဆောင်ဆွေးနွေးကြသည်။
။။။။။။
အန်အယ်ဒီ ဗဟိုဦးစီး ဖွဲ့စည်းသည့်အပေါ် ဒေါ်စု အားရကျေနပ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဦးစီးအဖွဲ့ CC ဖွဲ့စည်းသည့်အပေါ် အားရကျေနပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။
မကြာမီက နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သူ ဦးတင်ဦးကိုလည်း လွတ်လာသည်နှင့် ပါတီတာဝန်များကို အချိန်မဆိုင်း ထမ်းဆောင်သောကြောင့် ကျေးဇူးတင်ရှိကြောင်းလည်း ဒီမိုကရေစီ ခေါင်းဆောင်က ပြောသည်။
နေအိမ်ပြင်ဆင်မှုကိစ္စအတွက် ရှေ့နေ ဦးဥာဏ်ဝင်း၊ ရှေ့နေ ဦးကြည်ဝင်းတို့ တက္ကသိုလ်ရိပ်သာလမ်းရှိ သူမ၏နေအိမ်၌ မွန်းလွဲ ၁ နာရီမှ ၂ နာရီကြာ ယနေ့ တွေ့ဆုံစဉ် ယင်းသို့ ပြောဆို လိုက်ခြင်းဖြစ်သည်။
။။။။။
ရွှေ့ပြောင်းအလုပ်သမားများ၏ အန္တရာယ်အကြောင်း အစီရင်ခံစာထုတ်ပြန်
(NEJ) ။ ။ ထိုင်းနိုင်ငံတွင်း လာရောက်အလုပ်လုပ်နေကြသော ရွှေ့ပြောင်းအလုပ်သမားများအပေါ် ထိုင်းအာဏာပိုင်တို့၏ အကြမ်းဖက်ဖိနှိပ် ကန့်သတ်မှုလုပ်ရပ်များကို တင်ပြထားသည့် အစီရင်ခံစာတစောင်ကို အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ထုတ်ပြန်လိုက်သည်။
“ကျားလွတ်ရာမှ မိကျောင်းအန္တရာယ်တွင်းသို့” ဟု အမည်ပေးထားသော အဆိုပါအစီရင်ခံစာကို မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံသား (၈၂) ဦး၏ အဖြစ်အပျက်ကို အခြေခံရေးသားထားပြီး ဖေဖော်ဝါရီ (၂၂) ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ရွှေ့ပြောင်းအလုပ်သမားများသည် သတ်ဖြတ်ခံရခြင်း၊ ထိန်းသိမ်းရေးစခန်းများ၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း၊ ရိုက်နှက်ညှဉ်းဆဲခံရခြင်း၊ လူကုန်ကူးခံရခြင်း၊ အဓမ္မလုပ်အားခိုင်းစေခံရခြင်း၊ ကန့်သတ်တားမြစ်ခံရခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံစားနေရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
။။။။။။
ဆန္ဒပြ မြန်မာဒုက္ခသည် ၁၀၆ ဦး လွှတ်ပေး
နယူးဒေလီ (မဇ္ဈိမ)။ ။ မလေးရှားနိုင်ငံရှိ လန်ဂျန်း (Lang Geng) ထိန်းသိမ်းရေး စခန်းမှ မြန်မာဒုက္ခသည် ၁၀၆ ဦးအား လွှတ်ပေးရန်အတွက် ယမန်နေ့ နံနက်တွင် UNHCR ကုလဒုက္ခသည်ရုံးက လာရောက် ခေါ်ဆောင်သွားကြောင်း ဒုက္ခသည်များ အဆိုအရ သိရသည်။
၂ လတိုင်အောင် UNHCR အရာရှိများ မလာရောက်သဖြင့် ယခုလ ၂၂ ရက်နေ့တွင် မြန်မာဒုက္ခသည်များ အစာငတ်ခံ ဆန္ဒပြတောင်းဆိုခဲ့ရာ စခန်းအာဏာပိုင်များက ကတိပေးပြီး နောက်တရက်တွင် UNHCR က အင်တာဗျူး အောင်ပြီးသူ ဒုက္ခသည် ၃ဝဝ အနက် ၁ဝ၆ ဦးအား ပြန်လွှတ်ပေးရန် ခေါ်ထုတ်သွားခြင်း ဖြစ်သည်။ မလေးရှားနိုင်ငံ အနောက်တောင်ဘက် နီဂီရီ ဆမ်ပီလန် (Negeri Sempilan) ပြည်နယ်အတွင်း တည်ရှိသည့် လန်ဂျန်း (Lang Geng) ဒုက္ခစခန်းကို မလေးရှား လူဝင်မှုကြီးကြပ်ရေး (လဝက) က ဖွင့်လှစ်ထားခြင်းဖြစ်ပြီး မြန်မာဒုက္ခသည် ၆ဝဝ ကျော်အပါအဝင် အာဖရိက၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ခ်ျနှင့် ပါကစ္စတန် နိုင်ငံများမှ ဒုက္ခသည် စုစုပေါင်း ၁၄ဝဝ ကျော် ရှိနေသည်။
။။။။။။။။။။။။။။။။။
25.2.10
ဒေါ်စုအမှု မနက်ဖြန် စီရင်ချက်ချမည်
ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ၁၈ လ ချမှတ်ထားမှုကို ပြစ်ဒဏ် ပြင်ဆင်မှု တင်သွင်းထားခြင်း အပေါ် မနက်ဖြန်တွင် ဗဟိုတရားရုံးချုပ်က အမိန့်ချမည်ဟု ရှေ့နေ ဦးဥာဏ်ဝင်းက ပြောဆိုသည်။
။။။။။
ရွေးကောက်ပွဲသည် စစ်တပ်က စနစ်တကျ တပ်ဆုတ်ခြင်းဖြစ်ဟု ဦးသုဝေ သုံးသပ်
(NEJ) ။ ။ စစ်အစိုးရက ယခု ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲသည် စစ်တပ်က မြန်မာ့နိုင်ငံရေးတွင် ရှေ့တိုးဝင်ရောက် စွက်ဖက်လာခြင်း မဟုတ်ဘဲ နောက်တလှမ်းဆုတ်ခြင်းသာဖြစ်ကြောင်း ၀ါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေက သုံးသပ်လိုက်သည်။
ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပသည့် သတ္တမအကြိမ်မြောက် မြန်မာသတင်းသမဂ္ဂ၏ မီဒီယာညီလာခံတွင် ဗွီအိုအေအသံလွှင့်ဌာနမှ ပြုလုပ်သော မြန်မာ့နိုင်ငံရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲအစီအစဉ်၌ ပြောကြားသွားခြင်းဖြစ်သည်။
။။။။။
စစ်တပ်က ပစ်ခတ်သဖြင့် ကရင်ကျောင်းသားငယ် သေဆုံး
နယူးဒေလီ (မဇ္ဈိမ)။ ။ ကရင်ပြည်နယ်တွင်း ကျေးရွာတရွာရှိ မူလတန်းကျောင်းကို စစ်အစိုးရတပ်များက ယခုလ ၁၉ ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကျောင်းသားတဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကရင်ကျောင်းသားအဖွဲ့ အဆိုအရ သိရသည်။
နံနက် ၉ နာရီခန့်တွင် ဖာပွန်ခရိုင် ခေးပူကျေးနယ် တူထားရွာရှိ မူလတန်းကျောင်းသို့ နည်းဗျူဟာတပ်ဖွဲ့ စကခ ၂၁၊ ခြေမြန်တပ်ရင်း ခမရ ၃၈၇ တို့က လက်နက်ကြီး ကျည် ၁ လုံးဖြင့် ပစ်ခတ်လိုက်သဖြင့် ကလေးငယ် ၃ ဦး ဒဏ်ရာ ရရှိပြီးနောက် ၂၁ ရက်နေ့တွင် တဦး သေဆုံးသွားကြောင်း သိရခြင်း ဖြစ်သည်။
။။။။။။
ဝခေါင်းဆောင် ပေါက်ယူချန်း နအဖကိုယ်စားလှယ်နှင့် တွေ့တော့မည်
(NEJ) ။ ။ နအဖ၏ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းမှုအား အကြိမ်ကြိမ်ငြင်းပယ်နေသည့် ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချန်းသည် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) အရာရှိချုပ် ဒု-ဗိုလ်ချုပ်ြကီး ရဲမြင့်နှင့် တွေ့ဆုံရန် ယနေ့နံနက် ဗဟိုဌာနချုပ် ပန်ဆန်းမြို့မှ ထွက်ခွာသွားသည်။
ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့၌ ယနေ့ နံနက်ပိုင်းတွင် တွေ့ဆုံရန် စီစဉ်ထားသော်လည်း ယနေ့နံနက်မှ ထွက်ခွာသွားသည် ဖြစ်၍ တန့်ယန်းသို့ မွန်းလွဲပိုင်းတွင် ရောက်ရှိမည်ဖြစ်ပြီး ယနေ့ဆွေးနွေးပွဲ လုပ်ဖြစ်မည်မဟုတ်ဘဲ မနက်ဖြန်မှသာ လုပ်မည် ဖြစ်ကြောင်း ဝခေါင်းဆောင်များနှင့် နီးစပ်သူ ဒေသခံတဦးက ပြောသည်။
။။။။။
ဗဟိုဦးစီးအဖွဲ့ဝင် ၁၀၀ ဦးကို အန်အယ်ဒီ CEC အတည်ပြု
ချင်းမိုင် (မဇ္ဈိမ)။ ။ ပါတီဗဟိုဦးစီးအဖွဲ့ (CC) အဖွဲ့ဝင် ဦးရေ ၁ဝဝ ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ CEC က ယနေ့ အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
ပြည်နယ်နှင့် တိုင်းများမှ ရွေးချယ်ပေးပို့သည့် ဗဟိုဦးစီးအဖွဲ့ဝင် လျာထားစာရင်းများကို CEC အဖွဲ့က ပါတီစည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီသူများ ဖြစ်စေရန် ယခုလ ၂၂ ရက်နေ့မှ စတင်၍ စိစစ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယနေ့တွင် အတည်ပြုလိုက်ခြင်းဖြစ်သည်။
သို့သော် အဆိုပါ CC အဖွဲ့ဝင် အမည်စာရင်းများကို ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေထံသို့ မနက်ဖြန်တွင် ပို့ပေးပြီး အတည်ပြုချက် ရယူပြီးနောက် လာမည့်လ ပထမပတ်တွင် အပြီးသတ်စာရင်း ထုတ်ပြန်နိုင်မည်ဟု အဖွဲ့ချုပ် ဗဟိုသတင်းနှင့် ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးခင်မောင်ဆွေက ဆိုသည်။
။။။။။။
26.2.10
ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှုကို ဗဟိုတရားရုံးချုပ်မှ ပယ်ချ
(NEJ) ။ ။ နေအိမ်အကျယ်ချုပ်ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်အထူးတရားရုံးမှ ပြစ်ဒဏ်ချမှတ်မှုကို အယူခံတင်သွင်းထားသော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက်အား ဗဟိုတရားရုံးချုပ်မှ ယနေ့ ပယ်ချလိုက်ကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။
။။။။။
မြန်မာ့ကာတွန်းလောက ဆင်ဆာရှစ် (၃) ခုကို ဖြတ်သန်းနေရ
(NEJ) ။ ။ မြန်မာစာပေနယ်ပယ်မှ ကာတွန်းဆရာများသည် ဆင်ဆာရှစ် (၃) ခုကို ဖြတ်သန်းနေရကြောင်း ဆရာ ရဲခေါင်မဲမောင်က အာဏာရှင်အောက်က မြန်မာ့ကာတွန်းလောက စာတမ်းကို ယနေ့ ဖတ်ကြားတင်သွင်းသည်။
မြန်မာသတင်းသမဂ္ဂက ကြီးမှူးကျင်းပသည့် (၇) ကြိမ်မြောက် မြန်မာသတင်းသမဂ္ဂ မီဒီယာညီလာခံတွင် စာပေ၊ ကာတွန်းနှင့် ကဗျာ အကြောင်း စာတမ်း (၃) စောင်ဖတ်ကြားတင်သွင်းရာ၌ ပါဝင် ဖတ်ကြားခြင်း ဖြစ်သည်။
မြန်မာ ကာတွန်းဆရာများအနေဖြင့် အစိုးရ၏ ဆင်ဆာရှစ်၊ သက်ဆိုင်ရာ မဂ္ဂဇင်းတိုက် အယ်ဒီတာများ၏ ဆင်ဆာတည်းဖြတ်မှု အပြင် နောက်ဆုံး ထိုသို့ တင်းကျပ်လာသည့် ဆင်ဆာရှစ် (၂) ခုကို ကျော်လွန်ရန်အတွက် ကိုယ်တိုင် ဆင်ဆာတည်းဖြတ်မှုများ ရှိလာရခြင်းကြောင့် ကာတွန်းဆရာ တယောက်အနေဖြင့် ဆင်ဆာရှစ် (၃) ခုကို ဖြတ်သန်းနေရသည်ဟု ဆရာ ရဲခေါင် မဲမောင်က ပြောကြားသည်။

Subscribe to:
Posts (Atom)