Sunday, January 24, 2010

3-2010

18.1.10

ဒေါ်စု လွတ်လာလိမ့်မည်ဟု ရှေ့နေများ မျှော်လင့်


ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်သည် အမှုနိုင်ပြီး လုံးဝ လွတ်မြောက် လာလိမ့်မည်ဟု အကောင်းဘက်ကို မျှော်လင့်ကြောင်း သူ၏ ရှေ့နေများက ပြောသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ခဲ့သည့် နေအိမ်တွင် ကန့်သတ် ချုပ်နှောင်ထားသည့် ပြစ်ဒဏ်ကို ပြင်ဆင်ရန် တင်သွင်းထားသည့်အပေါ် နှစ်ဖက်ရှေ့နေများက အပြီးသတ် လျှောက်လဲမှု ၃ နာရီကြာ ယနေ့ပြုလုပ်ခဲ့အပြီး ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ပျက်ပယ်ပြီးဖြစ်သော ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို အခြေခံထားသည့် ၁၉၇၅ ခုနှစ် ဥပဒေအရ စီရင်ခဲ့သည်ဟု ဆိုကာ တရားရုံး ဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက လက်မခံဘဲ ငြင်းပယ် ခဲ့ကြသည်။

တရားလို စစ်အစိုးရဘက်ကမူ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေသည် ရပ်ဆိုင်းသွားသော်လည်း ဖွဲ့စည်းပုံ ဥပဒေနှင့် သက်ဆိုင်သည့် ပုဒ်မများ ဆက်လက် တည်ရှိသည်ဟု တုံ့ပြန်ထားသည်။
။။။။။

ပေါက်ယူချန်း၏ စစ်ရေးသတိရှိရန် မိန့်ခွန်း ဝတပ်ဖွဲ့တီဗွီမှ ထုတ်လွှင့်


ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချန်း၏ မိန့်ခွန်းတိုအား ဝတပ်ဖွဲ့၏ ရုပ်မြင်သံကြားဌာနမှတဆင့် ဒေသအတွင်း ထုတ်လွှင့်ပြသနေသည်။

တရုတ်နှင့် ဝဘာသာဖြင့် ပြောကြားချက်တွင် ဝတပ်ဖွဲ့အနေဖြင့် ပါတီ၏ ဦးဆောင်မှုဖြင့် ဝဒေသအား စွမ်းစွမ်းတမံ ကာကွယ်သွားရန်အတွက် စစ်ရေးသတိရှိရန် ပြောဆိုခြင်းဖြစ်ပြီး ဝရုပ်မြင်သံကြားဌာန (WSTV) က နံနက်ပိုင်းနှင့် ညနေပိုင်းများတွင် ရက်ခြားဆိုသလို ထုတ်လွှင့်ပြသနေသည်ဟု ပန်ဆန်းမြို့မှ ဝတပ်ဖွဲ့ဝင်တဦးက ပြောသည်။
(NEJ)
။။။။။

နိုင်ငံရေးသမား ၂၀ ကျော် အမှု တလအတွင်း စီရင်ဖွယ်ရှိ


နယူးဒေလီ (မဇ္ဈိမ)။ ။ အင်းစိန်ထောင်တွင်း အထူးတရားရုံးများက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးရေ ၂၀ ကျော်၏ အမှုများအား ယခုလအတွင်း အပြီးသတ် စစ်ဆေးစီရင်ရန် စီစဉ်နေကြောင်း ရန်ကုန် ရှေ့နေ အသိုင်းအဝိုင်း အဆိုအရ သိရသည်။
နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၏ အမှုများကို အင်းစိန်ထောင်တွင်း၌ ယခုလို မြန်ဆန်စွာ စစ်ဆေးနေခြင်းသည် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်နေနိုင်ကြောင်း ရန်ကုန်ရှိ ဗဟိုတရားရုံးချုပ် ရှေ့နေတဦးဖြစ်သူ ဦးကြည်ဝင်းက ထင်မြင်ချက်ပေးသည်။
။။။။။

လာဘ်ပေးလာဘ်ယူကိစ္စ အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားချက်ထုတ်

လာဘ်ပေးလာဘ်ယူကိစ္စနှင့်ပတ်သက်ပြီး ဌာနဆိုင်ရာအကြီးအကဲများက မိမိလက်အောက်ဝန်ထမ်းများကို ပညာပေးရန် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားချက်တစောင် ထုတ်ပြန်ထားကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာရှိကြီးတဦးက ပြောသည်။အစိုးရ ဝန်ကြီးဌာန အသီးသီးတွင် လာဘ်ပေးလာဘ်ယူမှုသည် ခိုင်မာစွာ အမြစ်တွယ်နေပြီး အရာရှိမှ အထက်ဆင့် အားလုံးလိုလို အစိုးရပေးသည့် လစာ (၅-၆) သောင်းမှ (၁) သိန်းကျော်ကို မည်သူမှ ဂရုမစိုက်ကြောင်း၊ ယင်းငွေဖြင့်လည်း လူတန်းမစေ့ ကြောင်း၊ လာဘ်ယူမှုမှရသည့် ဝင်ငွေသည်သာ အဓိကဝင်ငွေဖြစ်ကြောင်း၊ ဌာနတွင်း ရာထူးတက်ချင်ရင်၊ နေရာပြောင်းချင်ရင် ကိုယ်ကိုယ်တိုင် လာဘ်ပြန်ပေးရကြောင်း ပြည်တွင်းအခွန်ဦးစီးဌာန ကုမ္ပဏီများ မှတ်ပုံတင်ရုံးမှ ဦးစီးအရာရှိတဦးက ပြောသည်။
(NEJ)
။။။။။

နိုင်ငံရေး အကျဉ်းသား ထောင်ဝင်စာ အပိတ်ခံရ

နယူးဒေလီ (မဇ္ဈိမ)။ ။ ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် အင်းစိန်ထောင်တွင် ၉ နှစ် ကျခံနေရသည့် လှိုင်သာယာမြို့နယ် အန်အယ်ဒီ မြို့နယ်စည်း အဖွဲ့ဝင် ဦးတင်ယုအား ထောင်ဝင်စာတွေ့ခွင့် တလပိတ်ကြောင်း သမီးဖြစ်သူက ပြောသည်။
။။။။။

အန်အယ်ဒီနှင့် အမေရိကန် ပညာရှင်အဖွဲ့ တွေ့ဆုံ


ချင်းမိုင် (မဇ္ဈိမ) ။ ။ အမေရိကန်နိုင်ငံ ဂျွန်ဟော့ပ်ကင်းစ် John Hopkins တက္ကသိုလ်မှ အရှေ့တောင် အာရှ လေ့လာရေးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ကားလ် ဒီ ဂျက်ဆင် (Karl D Jakson) ဦးဆောင်သော အဖွဲ့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်အချို့နှင့် တွေ့ဆုံခဲ့သည်။

ပါမောက္ခ ကားလ် ဒီ ဂျက်ဆင် ဦးဆောင်သော ၃ ဦးအဖွဲ့သည် ဇန်နဝါရီလ ၁၁ ရက်နေ့က ရန်ကုန်ရှိ အန်အယ်ဒီ ရုံးချုပ်သို့လာရောက်ပြီး ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဥာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးအုန်းကြိုင်တို့နှင့် ယခုလ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲမှ ၅ နာရီခွဲအထိ တနာရီကြာ တွေ့ဆုံခဲ့သည်။
။။။။။။။။။။။။။။။။။။။
19.1.10

အန်အယ်ဒီက ဗဟိုဦးစီးအဖွဲ့ကိုလည်း ပြန်ဖွဲ့ရန် ပြင်ဆင်


နယူးဒေလီ (မဇ္ဈိမ)။ ။ဗဟို အလုပ်မှုဆောင် အဖွဲ့ကို တိုးချဲ့လိုက်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နောက်ထပ် ခြေလှမ်းတရပ်အဖြစ် ၁၃ နှစ်ခန့် သက်ဝင်လှုပ်ရှားမှု မရှိတော့သည့် ပါတီ ဗဟိုဦးစီးအဖွဲ့ (CC) ကို ပြင်လည် ဖွဲ့စည်းသွားရန် ယမန်နေ့က ဆုံးဖြတ်လိုက်သည်။

ယမန်နေ့က ရန်ကုန်တိုင်း ရွှေဂုံတိုင်ရှိ ပါတီရုံးချုပ်တွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ် ဗဟို အလုပ်အမှုဆောင် ကော်မတီသစ် (CEC) အစည်းအဝေးက ရှေ့လုပ်ငန်းစဉ်အဖြစ် ဗဟိုဦးစီးအဖွဲ့သစ် (CC) ကို ပြင်လည် ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြောင်း ပါတီ ပြောခွင့်ရပုဂ္ဂိုလ်များ အဆိုအရ သိရခြင်း ဖြစ်သည်။၁၉၉၀ ခုနှစ်အတွင်းမှ စတင်၍ တိုင်းနှင့် ပြည်နယ် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့သည့် CC အဖွဲ့ဝင် ဦးရေသည် ၈၀ ရှိခဲ့သော်လည်း ၁၉၉၇ ခုနှစ်တွင် အာဏာပိုင်များက အဆိုပါ အဖွဲ့ဝင် အများအပြားကို ဖမ်းဆီး ထိန်းသိမ်းခဲ့သဖြင့် ဖျက်သိမ်းခဲ့သည့် သဘောမျိုး ဖြစ်ခဲ့ရကြောင်း သိရသည်။
။။။။။

ကချင်အထူးဒေသ (၁) အစည်းအဝေး သဘောတူညီချက်မရဘဲ ပြီးဆုံး


ဇန်နဝါရီ (၁၃) ရက်မှ (၁၆) ရက်အထိ မြစ်ကြီးနားမြို့တွင် ကျင်းပခဲ့သည့် ကချင်အထူးဒေသ (၁) အထူးအစည်းအဝေးပွဲ၌ မည်သည့်အရေးပါသော ဆုံးဖြတ်ချက်မှ မချနိုင်ဘဲ ပြီးဆုံးခဲ့ကြောင်း အစည်းအဝေးတက်ရောက်သည့် ကိုယ်စားလှယ်များက ပြောသည်။အစည်းအဝေးတွင် ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များက တပ်မှထွက်ပြီးဖြစ်သည့် တော်လှန်ရေး ရဲဘော်ဟောင်းများကို ကြည့်ရှုထောက်ပံ့ရေး၊ နယ်ခြားစောင့်တပ်တွင် တပ်ပြေးများနေသည့်အတွက် တပ်သားများကို ဒေသတွင်းမှ ပြောင်းရွှေ့ခြင်း မပြုရန် စစ်အစိုးရထံ တောင်းဆိုရေး၊ ကချင်အထူးဒေ (၁) ၏ စီးပွားရေးလုပ်ငန်းများကို ရှင်းပြရေး၊ လက်ရှိ ငြိမ်းချမ်းရေး ကောင်စီကို ကြားကာလ အုပ်ချုပ်ရေးအဖွဲ့အဖြစ် ပီပီပြင်ပြင် ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး၊ လုပ်ငန်းစဉ်အသစ်များ ချမှတ်ရေးနှင့် ဒေသက ထောက်ပံ့နေသည့် ကျောင်းဆရာများ၏လစာကိစ္စ စသည့်ကိစ္စရပ်များကို ဆုံးဖြတ်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။
(NEJ)
။။။။။

ဦးဝင်းတင် မန္တလေးသို့ ခရီးထွက်

နယူးဒေလီ (မဇ္ဈိမ)။ ။ အာဏာပိုင်များ၏ မျက်ခြေမပြတ် စောင့်ကြည့်ခံရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးဝင်းတင်သည် နိုင်ငံ့အလယ်ပိုင်းရှိ မန္တလေးမြို့သို့ ယမန်နေ့မှ စတင်၍ ခရီးထွက်လာသည်။

၁၉ နှစ်ကျော် အကျဉ်းကျခဲ့ရာမှ ပြန်လွတ်လာပြီးနောက် တနှစ်နှင့် ၄ လခန့်အတွင်း သွားလေရာနောက်သို့ အာဏာပိုင်များက သတိကြီးစွာ စောင့်ကြည့်နေခဲ့ရာမှ ယခုအခါ ရန်ကုန်မြောက်ပိုင်း ၄၃ဝ ခန့်မိုင်အကွာရှိ မန္တလေးသို့ ထွက်ခွာလာခြင်း ဖြစ်သည်။ မှတ်ပုံတင်ရပြီးနောက် နှလုံးခွဲစိတ်ကုသမှု ခံယူခဲ့ရသဖြင့် ကျန်းမာရေး အခြေအေနေအရ ခရီးမထွက်နိုင်ဘဲ ယခုမှ စတင်၍ ရန်ကုန်ပြင်ပ ခရီးရှည်ထွက်ခြင်း ဖြစ်သည်။
OoWinTinsယမန်နေ့ ညနေတွင် စတင်မည့် ခရီးစဉ်အတွက် ဘတ်စ်ကားလက်မှတ် ဝယ်ယူရာနှင့် ခရီးတလျှောက်၌ အနှောင့်အယှက် တစုံတရာ မရှိဘဲ မန္တလေးသို့ ယနေ့နံနက်ပိုင်းတွင် ရောက်လာခဲ့သည်။

ယနေ့ ကျင်းပသော နိုင်ငံကျော် သတင်းစာဆရာကြီး လူထုဦးလှ (ကွယ်လွန်) နှစ် ၁၀၀ ပြည့် အခန်းအနားသို့ တက်ရောက်ရန် ဦးဝင်းတင်နှင့်အတူ ဦးအုန်းကြိုင် (အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်ဝင်)၊ ကဗျာဆရာ ဖျာပုံနီလုံဦး (ခေါ်) ဦးအောင်မြင့်နှင့် စာရေးဆရာ မုံရွာအောင်ရှင်တို့လည်း လိုက်ပါလာကြသည်။
။။။။။

လူထုဦးလှ ရာပြည့်အခမ်းအနား ကျင်းပ


သတင်းစာဆရာနှင့် စာရေးဆရာကြီး လူထုဦးလှ၏ ရာပြည့်အခမ်းအနားကို မန္တလေးမြို့ မဏိရတနာရာမ မြတောင်တိုက်၌ ယနေ့နံနက်တွင် ကျင်းပပြုလုပ်သည်။

လူထုဦးလှ၏ အသက်တရာပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် သံဃာတော် (၅၅) ပါးကို နေ့ဆွမ်းကပ်လှူခဲ့ကာ အခမ်းအနားသို့ တက်ရောက်လာသည့် ပရိသတ်များကိုလည်း နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရသည်။

လူထုဦးလှ၏ ရာပြည့်အခမ်းအနားအတွက် ဆရာကြီး ဒဂုံတာရာ၊ ဦးသော်ကောင်း၊ ဆရာမကြီး ကလျာ (၀ိဇ္ဇာသိပ္ပံ) နှင့် ဦးဝင်းငြိမ်းတို့က ပေးပို့သော မွေးနေ့သ၀ဏ်လွှာများကိုလည်း ဖတ်ကြားခဲ့ကြောင်း လူထုဦးလှ၏သားဖြစ်သူ စာရေးဆရာ ညီပုလေးက ပြောသည်။

ထို့အပြင် စာရေးဆရာကြီး လူထုစိန်ဝင်း၊ ဆရာမ ခင်နှင်းဦးနှင့် စောနိုင် (မန္တလေးတက္ကသိုလ်) တို့ ရေးသားကြသော စာတမ်း (၄) စောင်ကိုလည်း အခမ်းအနားတွင် ဖတ်ကြားခဲ့သည်ဟု စာရေးဆရာ ညီပုလေးက ပြောသည်။

ဆရာကြီး လူထုဦးလှ ရာပြည့်အခမ်းအနားသို့ ရန်ကုန်မှ စာပေလောကသား (၅၀) ကျော် တက်ရောက်ခဲ့ကြောင်း အခမ်းအနား တက်ရောက်ခဲ့သူ ရန်ကုန်အခြေစိုက် သတင်းဂျာနယ်တစောင်မှ သတင်းထောက်တဦးက ပြောသည်။
(NEJ)
။။။။။

စစ်အစိုးရအလိုကျ ဆောင်းပါးများ ဖော်ပြရန် ဂျာနယ်များကို ညွှန်ကြား


ချင်းမိုင် (မဇ္ဈိမ) ။ ။ စာပေစိစစ်ရေးက ပြည်တွင်းအခြေစိုက် သတင်းဂျာနယ်အချို့အား သတင်းတပုဒ်နှင့် ဆောင်းပါးတပုဒ်ကို ပြီးခဲ့သည့် ရက်ပတ်က ဖိအားပေးကာ ထည့်ခိုင်းသည်ဟု ပြည်တွင်းအယ်ဒီတာများက ပြောသည်။

ဂျော်ဒန်နိုင်ငံရောက် မြန်မာနှင့် ဘင်္ဂလားဒေ့ခ်ျ လုပ်သားများအကြား အုပ်စုလိုက် ရန်ပွဲဖြစ်ပွားပြီးနောက် အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်က ကြားဝင်ဖြေရှင်းပေးမှုဖြင့် ပြဿနာ ပြေလည် သွားစေခဲ့သည် ဆိုသော သတင်းနှင့် ပဲခူးတိုင်း သဲကုန်း မြို့နယ် အင်းမကျေးရွာမှ တပ်မ ၆၆ နှင့် စစ်ထောက်လှမ်းရေး အကြား ပြဿနာ ပေါ်ပေါက်မှု ကောလာဟလ မဟုတ်မှန်ဟူသော ဆောင်းပါးတို့ကို မထည့်မနေရ ထည့်သွင်း ဖော်ပြခိုင်းလာခြင်း ဖြစ်သည်။
။။။။။။။။။။။။။။။။။
20.1.10


မြန်မာနှင့်ဆက်ဆံရေး စိတ်ရှည်မည် မဟုတ်ဟု
အမေရိကန်အစိုးရ ထိပ်တန်းအရာရှိ ပြောကြား


အမေရိကန်အစိုးရက မြန်မာစစ်အစိုးရနှင့် ဆက်ဆံရာတွင် စိတ်ရှည်ရှည်ထားရန် လိုအပ်သော်လည်း အကန့်အသတ်မရှိ သည်းခံနေမည်မဟုတ်ကြောင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်ဘဲလ်က ပြောကြားလိုက်သည်။

၎င်းက “ဒီနေရာမှာ စိတ်ရှည်ဖို့ လိုအပ်တယ် ဆိုပေမယ့် ကျနော်တို့ဟာ အဆုံးမရှိ စိတ်ရှည်သည်းခံသွားမှာ မဟုတ်ပါဘူး။ ဖြစ်သင့်တဲ့ အချိန်အတွင်းမှာ တိုးတက်မှု အဆင့်တချို့ရှိဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

ဝါရှင်တန်ရှိ အမေရိကန်နိုင်ငံခြားရေးဌာနတွင် ယမန်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များအား ပြောဆိုသွားခြင်းဖြစ်သည်။

အမေရိကန်အစိုးရနှင့် ပြောဆိုဆက်ဆံနေမှုများအရ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ရှိမရှိ သိရှိနိုင်ရန်အတွက် အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာစစ်အစိုးရ အာဏာပိုင်များနှင့် မကြာမီအတွင်း တွေ့ဆုံရန် စီစဉ်နေကြောင်းလည်း မစ္စတာ ကာ့တ်ကမ်ဘဲလ်က ပြောသည်။
(NEJ)
။။။။။

ကိုညီညီအောင်ကို ဒုတိယအကြိမ် တိုက်ပိတ်

ချင်းမိုင်(မဇ္ဈိမ)။ ။ အင်းစိန်ထောင်တွင်းမှ အမှုရင်ဆိုင်နေရသော အမေရိကန် နိုင်ငံသား ကိုညီညီအောင်သည် ဇန်နဝါရီ ၁၂ ရက်နေ့မှစ၍ ဒုတိယအကြိမ် တိုက်ပိတ်ခံနေရပြန်ကြောင်း အတိုက်အခံ နိုင်ငံရေး သတင်းရပ်ကွက်က ပြောသည်။
ယခုလ ၁၈ ရက်နေ့တွင် ကိုညီညီအောင်၏ အဒေါ်များဖြစ်သည့် ဒေါ်စုစုကြည်နှင့် ဒေါ်ခင်ခင်ဆွေတို့ နှစ်ဦး အင်းစိန်ထောင်၌ ထောင်ဝင်စာ တွေ့ခွင့်မရခဲ့ဘဲ ပြန်သွားကြရသည်။

ပုံမှန်အားဖြင့် နှစ်ပတ်တကြိမ် တွေ့ခွင့်ပြုထားသော်လည်း ယခုမူ ၃ ပတ်တကြိမ်သာ ခွင့်ပြုတော့သည်ဟု ဆိုပြီး ထောင်အာဏာပိုင်များက မိသားစုဝင်များကို အကြောင်းပြန်ခဲ့သည်။

ကိုညီညီအောင် တိုက်ပိတ်ခံထားရသည်ဟု ကြားသိရကြောင်း ရှေ့နေ ဦးဥာဏ်ဝင်းကလည်း ပြောသည်။
။။။။။

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ လုပ်ပိုင်ခွင့် တနှစ်သက်တမ်းတိုး


မြန်မာနိုင်ငံတွင်း အဓမ္မခိုင်းစေမှု တိုင်ကြားချက်များ ဆောင်ရွက်နေသည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (အိုင်အယ်လ်အို) က နောက်ထပ် (၁) နှစ် သက်တမ်းတိုးလုပ်ဆောင်ရန် ယခုလ (၁၉) ရက်တွင် စစ်အစိုးရနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးလိုက်သည်။
(NEJ)
။။။။။

စစ်အစိုးရနှင့် ငြိမ်းအဖွဲ့များကြား ရင်မအေးဖွယ် ကြုံနေ


နယူးဒေလီ (မဇ္ဈိမ)။ ။ ငြိမ်းအဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် အသွင်ပြောင်းရန် စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို အဆိုပါအဖွဲ့များက ငြင်းဆန်ခဲ့အပြီး နှစ်ဖက်ကြား တင်းမာနေကြသော်လည်း အေးဆေး ငြိမ်သက်လျက် ရှိသည်ဟု အကဲခတ်များ၏ အပြောအရ သိရသည်။

စစ်အစိုးရနှင့် လက်နက်ကိုင် အပစ်ရပ်အဖွဲ့များအကြား မြင်သာထင်သာရှိသော တင်းမာမှုများ ရှိမနေသော်လည်း စစ်အစိုးရက နောက်တလှမ်း လှမ်းရန်အတွက် ဆက်လက်ပြီး လျှို့ဝှက် ပြင်ဆင်နေသည်ဟု တရုတ်-မြန်မာနယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ယမန်နေ့က မဇ္ဈိမကို ပြောသည်။ဒီမိုကရေစီသစ်တပ်မတော် - ကချင် (NDA-K) အပါအဝင် ငြိမ်းအဖွဲ့အနည်းငယ်က အဆိုပါ ကမ်းလှမ်းချက်ကို လက်ခံခဲ့ကြသော်လည်း ပိုမိုအင်အားကြီးမားသော ဝ'ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) ကဲ့သို့သော အဖွဲ့ကြီးများက လက်မခံ ငြင်းဆန်ခဲ့ကြသဖြင့် စစ်အစိုးရ၏ အစီအစဉ် ရပ်တန့်သွားခဲ့ရသည်။

အပစ်ရပ်အဖွဲ့အားလုံး လိုအပ်သော အပြောင်းအလဲများ ပြုလုပ်ထားကြရန် နောက်ဆုံးရက်အဖြစ် ၂ဝဝ၉ ခုနှစ် အောက်တိုဘာလကို စစ်အစိုးရက အစောပိုင်းတွင် သတ်မှတ်ထားခဲ့သော်လည်း အဖွဲ့ အများအပြားက အဆိုပါ အစီအစဉ်ကို ငြင်းဆန်ခဲ့ကြပြီးနောက်ပိုင်းတွင် နောက်ဆုံးရက်ကို ၂ဝဝ၉ ခုနှစ်ကုန်အထိ ရွှေ့ဆိုင်းပေးခဲ့ရသည်။
။။။။။

အပစ်ရပ် ရှမ်းပြည်တပ်မတော် ပြည်သူ့စစ်အသွင်ပြောင်းရန် အခက်ခဲဖြစ်နေ

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ စိန်ကျော့အခြေစိုက် ရှမ်းပြည် တပ်မတော်အား ပြည်သူ့စစ်အသွင်ပြောင်းရန် အောက်ခြေတပ်ရင်းများက သဘောမတူသည့်အတွက် နအဖထံ အကြောင်းပြန်ရန် အဖွဲ့ခေါင်းဆောင်များ အခက်တွေ့နေသည်။

ဥက္ကဋ္ဌ ဦးလွယ်မောင်၊ ဒု-ဥက္ကဋ္ဌ ဦးကိုင်ဖ အပါအဝင် အဖွဲ့ခေါင်းဆောင်များကို ပြည်သူ့စစ်အသွင်ပြောင်းရန် နအဖဘက်က ဖိအားပေးတောင်းဆိုနေ သော်လည်း ဗိုလ်မှူးကြီး ပန်ဖ ဦးဆောင်သည့် ဝမ်ဟိုင်းအခြေစိုက် တပ်မဟာ (၁) နှင့် အောက်ခြေ တပ်ရင်း တပ်ဖွဲ့များက လက်မခံနိုင်သည့်အတွက် ယခုကဲ့သို့ အခက်တွေ့နေခြင်းဖြစ်သည်ဟု ရှမ်းတပ်ဖွဲ့နှင့်နီးစပ်သူ ဒေသခံတဦးက ပြောသည်။
(NEJ)
။။။။။

ငြိမ်းအဖွဲ့ နာယက ရိုက်မှု ကြေအေး

ရွှေလီ (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်ရှိ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းထားသည့် ကချင်လက်နက်ကိုင် အဖွဲ့တဖွဲ့မှ နာယက တဦးကို မူးယစ်ရဲအရာရှိက ယခုလ ၁၆ ရက်နေ့တွင် ရိုက်နှက်မှု ဖြစ်ပွားခဲ့ရာ ယခုအခါ နှစ်ဖက်ညှိနှိုင်း၍ ကြေအေးခဲ့ကြပြီ ဖြစ်သည်။

ဦးလဆန်အောင်ဝါအဖွဲ့မှ နာယကတဦးဖြစ်သူ ဦးအူဒီနော်ထွဲကို မူးယစ်ရဲအရာရှိက ရိုက်နှက်သဖြင့် မျက်စိ၌ ဒဏ်ရာရခဲ့သော်လည်း ၂ ရက်အကြာတွင် မူးယစ်ရဲတပ်ဖွဲ့က လာရောက်တောင်းပန်ရာမှ ပြေလည်မှု ရရှိသွားခြင်း ဖြစ်သည်။
။။။။။။။။။။။။။။။။။။
21.1-10

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲမတိုင်ခင် လူ့အခွင့်အရေးအခြေအနေများ ဆိုးဝါးခဲ့


မြန်မာနိုင်ငံတွင် ကျင်းပရန်ကြေညာထားသည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများမှာ ဆက်လက်ဆိုးဝါးနေခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) ကြီးက ပြောကြားလိုက်သည်။

ဇန်န၀ါရီလ (၂၀) ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် ၂၀၁၀ နိုင်ငံတကာလူ့အခွင့်အရေး အစီရင်ခံစာတွင် ယင်းသို့ ဖော်ပြထားခြင်း ဖြစ်သည်။

မြန်မာနအဖစစ်အစိုးရက ပြည်သူများ၏ အခြေခံအခွင့်အရေးများဖြစ်သော လွတ်လပ်စွာဖော်ထုတ်ခွင့်၊ လွတ်လပ်စွာစုဝေးခွင့်နှင့် အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့် စသည်တို့ကို စနစ်တကျ ပိတ်ပင်ထားသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံရေးအကျဉ်းသား (၂,၁၀၀) ကျော် အကျဉ်းထောင်များအတွင်း ရှိနေခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် (၁၈) လ ချမှတ်လိုက်ခြင်းသည် ရွေးကောက်ပွဲတွင် နိုင်ငံရေးအရ စစ်မှန်သည့် ပါဝင်ယှဉ်ပြိုင်ခွင့် မပေးလိုခြင်းကို စစ်အစိုးရက ပြသလိုက်ခြင်းဖြစ်သည်ဟုလည်း ထောက်ပြထားသည်။
(NEJ)
။။။။။

ပြည်ထဲရေးဝန်ကြီးစကား လူ့အခွင့်အရေးသမားများ လက်မခံ


ချင်းမိုင် (မဇ္ဈိမ)။ ။ မဲခေါင်ဒေသသည် လူကုန်ကူးသူများအတွက် လုံခြုံသည့်နေရာ မဟုတ်ကြောင်း မြန်မာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောသော်လည်း စစ်အစိုးရအနေဖြင့် လူကုန်ကူးမှု တိုက်ဖျက်ရေး အားနည်းနေသေးကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။

ယမန်နေ့က ပုဂံမြို့တွင် စတင်ကျင်ပေးသော သတ္တမ အကြိမ်မြောက် မဲခေါင်ဒေသတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေး၌ ဗိုလ်ချုပ်မောင်ဦးက “လူကုန်ကူးသူများသည် ကွန်ယက်များ ထူထောင်၍ ဂိုဏ်းဖွဲ့ ကျူးလွန်နေကြကြောင်း၊ ယင်း ကွန်ယက်များကို မဲခေါင်ဒေသတွင်းနိုင်ငံများက ကောင်းစွာ တုံ့ပြန်နိုင်သည့် အတွက် မိမိတို့ မဲခေါင်ဒေသသည် လူကုန်ကူးသူများအတွက် Safe Heaven မဟုတ်တော့ကြောင်း” ဟူ၍ ပြောကြားသွားသည်။

သို့သော် မြန်မာနိုင်ငံတွင် လူကုန်ကူးမှု ဥပဒေကို လက်တွေ့ အကောင်အထည် ဖော်ရာတွင် အားနည်းနေသည်ဟု ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့အစည်း (HREIB) မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဝေဖန် လိုက်သည်။
ထိုင်းနိုင်ငံအတွင်း၌ လူကုန်ကူးခံသူများ၏ ၅ဝ ရာခိုင်နှုန်းကျော်မှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း ထိုင်းနိုင်ငံ မြောက်ပိုင်း အခြေစိုက် လူကုန်ကူးမှု ကာကွယ်တားဆီးရေး NGO တခုဖြစ်သည့် TRAFCORD က ပြောသည်။
။။။။။

ထိုင်းအရာရှိက မြန်မာလူမှုရေးအဖွဲ့များအား သတိပေး


(ချင်းမိုင်) မဇ္ဈိမ။ ။မြန်မာလူမှုအဖွဲ့အစည်းများကို စိစစ်အရေးယူသွားမည်ဟု ထိုင်းအရာရှိတဦးက သတိပေး ပြောကြားလိုက်သည်။

ယခုလ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် တာ့ခ်မြို့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တခုတွင် တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး ဆမာ့တ်လွိုင်ဖာ က လူမှုရေးဘန်းပြပြီး နိုင်ငံရေး လုပ်နေသည့် အဖွဲ့အစည်းများကို အရေးယူသွားမည်ဟု ပြောကြားသွားခဲ့သည်။

မြန်မာအတိုက်အခံအဖွဲ့အစည်းများကို ဖိတ်ကြားခြင်း မရှိသည့် သတင်းစာရှင်းပွဲ၌ ခရိုင် အုပ်ချုပ်ရေးမှူးက ပညာရေး၊ ကျန်းမာရေးကိစ္စများ လုပ်ကိုင်နေသည့် အဖွဲ့များကိုမူ ဆက်လက် ခွင့်ပြုမည်ဟု အသိပေးခဲ့သည်။
။။။။။

ကိုဇာဂနာအမှု အယူခံ ကြားနာမည်


ချင်းမိုင် (မဇ္ဈိမ) ။ ။ ဟာသ သရုပ်ဆောင်နှင့် ဒါရိုက်တာ ကိုဇာဂနာ ခေါ် ကိုသူရ၏ အထူးအယူခံ လျှောက်လဲချက်ကို ဗဟို တရားရုံးချုပ်တွင် ယခုလ ၂၅ ရက်နေ့တွင် ကြားနာမည် ဖြစ်သည်။

ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသူ ကိုဇာဂနာ၏ ရှေ့နေများက ပြီးခဲ့သည့် နှစ်လခန့်က အယူခံစာ တင်သွင်းခဲ့ရာ လျှောက်လဲချက် ကြားနာမှုကို လက်ခံကြောင်း ဗဟို တရားရုံးချုပ် က ထုတ်ပြန်ထားသည်။
။။။။။
22.1.10

ဒေါ်အောင်ဆန်းစုကြည်နေအိမ် ပြင်ဆင်မှုရပ်တန့်ရန် တရားဝင် ကန့်ကွက်


ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့် နေအိမ်ပြင်ဆင်မှုကို ရပ်တန့်ပေးရန် ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ၎င်း၏ရှေ့နေ ဦးဟန်တိုးမှတဆင့် တားဝရမ်း လျှောက်ထားလိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေ ဦးဉာဏ်ဝင်းက ပြောကြားသည်။

ယမန်နေ့ ဇန်န၀ါရီ (၂၁) ရက်တွင် ရန်ကုန်တိုင်းတွဲဖက် (၂) တရားရုံး၌ ရှေ့နေ ဦးဟန်တိုးက ယင်းသို့ တားဝရမ်း လျှောက်ထားခဲ့ခြင်းဖြစ်ပြီး လာမည့်ဖေဖော်ဝါရီ (၄) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရှေ့နေများက ပြန်လည်လျှောက်ထား ကန့်ကွက်သွားမည်ဟု သိရသည်။
(NEJ)
။။။။။

ဦးဝင်းတင် ရန်ကုန်ပြန်ရောက်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဆယ်စုနှစ် ၂ ခုနီးပါး အကျဉ်းကျခဲ့ရာမှ ပြန်လွတ်လာပြီးနောက် နယ်သို့ ပထမဆုံး အကြိမ် ခရီးထွက်သွားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးဝင်းတင်သည် ယနေ့တွင် ရန်ကုန်သို့ ပြန်လည်ရောက်ပြီ ဖြစ်သည်။

၃ ရက်ကြာ မန္တလေး-မေမြို့ ခရီးစဉ်တွင် မန္တလေးတိုင်း မြို့နယ် ၃၀ မှ ပါတီဝင်များကို ပါတီ ဗဟိုအလုပ်အမှုဆောင် တိုးချဲ့ပြင်ဆင်ခြင်းနှင့် ရွှေဂုံတိုင်စာတမ်း ရပ်တည်ချက်တို့ကို အလေးထား ရှင်းပြခဲ့ကြောင်း သိရသည်။
။။။။။

ကိုညီညီအောင်အမှု အပြီးသတ်လျှောက်လဲချက် တင်သွင်း

အမေရိကန်နိုင်ငံသား ခံယူထားသူ ကိုကျော်ဇောလွင် (ခေါ်) ကိုညီညီအောင်အား စွဲချက်တင်ထားသည့်အမှု (၃) မှုကို အင်းစိန်အထူးတရားရုံးတွင် ယနေ့ နှစ်ဘက်ရှေ့နေများက အပြီးသတ်လျှောက်လဲချက် တင်သွင်းကြပြီး လာမည့် (၂၇) ရက် နံနက် (၁၀) နာရီတွင် အမိန့်ချမှတ်မည်ဟု ကိုညီညီအောင်၏ အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောကြားသည်။

ကိုညီညီအောင်အား အစိုးရဘက်မှ စွဲချက်တင်ထားသည့် အမှုများမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားအတု ကိုင်ဆောင်မှု၊ နိုင်ငံခြားငွေစက္ကူကိုင်ဆောင်မှုနှင့် မြန်မာနိုင်ငံတွင်း နေထိုင်သူများ မှတ်ပုံတင်ဥပဒေအရ အရေးယူသည့်အမှုတို့ဖြစ်သည်။
(NEJ)
။။။။။

တိုက်လေယာဉ်ပျက်ကျ ပိုင်းလော့ သေဆုံး


ချင်းမိုင် (မဇ္ဈိမ)။ ။ တရုတ်နိုင်ငံလုပ် အက်ဖ်-၇ အမျိုးအစား ဂျက်တိုက်လေယာဉ် တစီးသည် ယနေ့ နံနက်တွင် ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်တွင် ပျက်ကျရာ လေသူရဲသေဆုံးကြောင်း လေတပ် သတင်းရပ်ကွက် တခုက ပြောသည်။

သေဆုံးသူ လေသူရဲမှာ ဗိုလ်ကြီး ပြည့်ဖြိုးမျိုး ဖြစ်သည်ဟု သတင်းတွင် ပါရှိသည်။
။။။။။

အန်ဒီအေ (ကချင်) အဖွဲ့ ဗဟိုကော်မတီဝင်များကို
လက်နက်နှင့် ကားပါမစ်လဲရန် စီစဉ်ပေး


စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကို လက်ခံလိုက်သည့် အန်ဒီအေ (ကချင်) အဖွဲ့ ဗဟိုကော်မတီဝင်များကို ကားပါမစ်တစောင်စီ ထုတ်ပေးလိုက်ခြင်းသည် ဒေသတွင်း လက်နက်အပ်ရန် ကျန်နေသည့်ကိစ္စ အဆင်ပြေစေရေး ရည်ရွယ်ပုံရကြောင်း မြစ်ကြီးနားမြို့မှ အန်ဒီအေ တပ်ဖွဲ့ဝင်ဟောင်းတဦးက ပြောသည်။
။။။။။

Sunday, January 17, 2010

Note 2-2010

အန်အယ်လ်ဒီ လုပ်ငန်းတာဝန်များလုပ်ဆောင်ရန် အားသစ်လောင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်သစ် (၉) ဦးကို ထပ်မံတိုးချဲ့ရန် ယနေ့အစည်းအဝေးတွင် သဘောတူဆုံးဖြတ်ပြီးဖြစ်သော်လည်း အမည်စာရင်းအတိအကျကို လာမည့်တနင်္လာနေ့တွင်မှ ထုတ်ပြန်သွားမည်ဟု အန်အယ်လ်ဒီ ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ဆွေက ပြောသည်။ ရန်ကုန်မြို့၊ အန်အယ်လ်ဒီအဖွဲ့ချုပ်ရုံး၌ ယနေ့ ကျင်းပသည့်အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၇) ဦးနှင့် ဗဟိုအလုပ်အမှုဆောင် အရန်အထောက်အကူအဖွဲ့ (၁၄) ဦးတို့ တက်ရောက်ကြောင်းလည်း ၎င်းက ပြောသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ယခုကဲ့သို့ ရွေးချယ်ရာတွင် အောက်ခြေ အန်အယ်လ်ဒီအဖွဲ့ဝင်များ တောင်းဆိုသကဲ့သို့ ညီလာခံတရပ် ခေါ်ယူကျင်းပပေးရန် လက်တွေ့အခြေအနေတွင် မဖြစ်နိုင်သည့်အတွက် ယခုကဲ့သို့လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်သည့် ဦးဝင်းတင်က ပြောသည်။
(NEJ)
။။။။။

ဓါးစာခံ ရှာပြီး သေဒဏ်ပေးခြင်းဟု လုပ်ဖော် ကိုင်ဖက်ဟောင်းက ပြော

ချင်းမိုင်(မဇ္ဈိမ)။ ။ ၂၀၀၁ ခုနှစ်ကအငြင်းပွါးဖွယ် ရဟတ်ယာဉ် ပျက်ကျ သေဆုံးသွားခဲ့သော နအဖ အတွင်းရေးမှူး ၂ ဗိုလ်ချုပ်ကြီးတင်ဦးနှင့် ပတ်သက်သည့် အတိတ်က လျှို့ဝှက်ချက်များကို အစ ဖျောက်လိုသဖြင့် အရာရှိ နှစ်ဦးကိုလွန်ခဲ့သော သောကြာနေ့က သေဒဏ်ပေးခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ထမ်းဟောင်းတဦးက မြန်မာ စစ်အစိုးရကို စွပ်စွဲ ပြောကြားလိုက်ပါသည်။

ထိုသူနှစ်ဦးကို စစ်အစိုးရ ဝန်ကြီး နှစ်ဦး၏ နိုင်ငံခြား ခရီးစဉ်များနှင့် မြန်မာနိုင်ငံတွင် တည်ဆောက် နေသော မြေအောက် ဥမင်ကွန်ရက်များ အကြောင်း အသေးစိတ် အချက်အလက်များ ပေါက်ကြားစေခဲ့မှုဖြင့် စွပ်စွဲ အပြစ်ပေးခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော သောကြာနေ့က သေဒဏ်ပေးခံခဲ့ရသူ နှစ်ဦးက မြန်မာ စစ်အစိုးရ စွပ်စွဲသည့်အတိုင်း လျှို့ဝှက်ချက်များ ပေါက်ကြားစေခဲ့သည် ဆိုသည်ကို သူ မယုံကြည်ကြောင်းဖြင့် ကမ္ဘောဒီးယား နိုင်ငံ မြန်မာသံရုံးမှ သံအမှုထမ်းဟောင်း တဦးဖြစ်သူ ဦးစိန်လွင်က မဇ္ဈိမနှင့် ပြုလုပ်ခဲ့သော တွေ့ဆုံ မေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။
။။။။။

ဒုက္ခသည်များ ဂျပန်ရောက်လျှင် ၆ လသင်တန်း တက်ရမည်


ချင်းမိုင် (မဇ္ဈိမ) ။ ။ ဂျပန်နိုင်ငံက ပထမဆုံး လက်ခံမည့် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည် ဦးရေ ၃၀ သည် ဂျပန်နိုင်ငံ ရောက်လျှင် နိုင်ငံတကာ ရွှေ့ပြောင်း အခြေချ နေထိုင်သူများရုံး IOM ၏ ၆ လကြာ သင်တန်းကို တက်ရမည်ဟု သိရသည်။

အာရှတိုက် နိုင်ငံတခု၏ ဒုက္ခသည်လက်ခံမှု ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံက ထိုင်း-မြန်မာနယ်စပ်မှ ဒုက္ခသည်များကို ၃ နှစ် စီမံကိန်းဖြင့် တနှစ်လျှင် ၃၀ ဦး နှုန်းဖြင့် ခေါ်ယူသွားရန် သတ်မှတ်ထားရာတွင် ပထမ အသုတ်အနေဖြင့် မယ်လစခန်းမှ ခေါ်ယူရန် စီစဉ်နေစဉ် ဂျပန်ရှိ မြန်မာ လုပ်သားများအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းတခုက ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။
မဇ္ဈိမသတင်းမှကောက်နှုတ်ချက်
။။။။။

နှစ်နိုင်ငံ ရေပိုင်နက် ဆွေးနွေးပွဲကို ဧပြီလတွင် ထပ်မံကျင်းပမည်


ဒါကာ (မဇ္ဈိမ)။ ။ နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားနေမှု အဆုံးသတ်ရန် ကြိုးပမ်းနေသော မြန်မာနှင့် ဘင်္ဂလားဒေ့ခ်ျ နှစ်နိုင်ငံတို့သည် ဧပြီလတွင် နောက်ထပ် တွေ့ဆုံ ဆွေးနွေးရန် ယခုလ ၉ ရက်နေ့တွင် သဘောတူလိုက်ကြသည်။

ဘင်္ဂလားဒေ့ခ်ျနှင့် မြန်မာ ကိုယ်စားလှယ်များသည် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ စစ်တကောင်းမြို့ အာဂရာဘ အရပ်ရှိ အာဂရာဘ ဟိုတယ်တွင် ၂ ရက်ကြာ အစည်းအဝေးတခုကို ပြုလုပ်ပြီးနောက် ယခုလို ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။

ဆွေးနွေးပွဲသို့ မြန်မာဘက်မှ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သည့် ၁၃ ဦးပါအဖွဲ့နှင့် ဘင်္ဂလားဒေ့ခ်ျဘက်မှ ပင်လယ်ရေပြင် ပိုင်နက်ဥပဒေ ကုလသမဂ္ဂ ကွန်ဗင်းရှင်း၏ တွဲဖက် နိုင်ငံခြားရေး ဝန်ကြီး အငြိမ်းစား ရေတပ်ဗိုလ်ချုပ် Md Khurshed Alam ဦးဆောင်သည့် ၁၅ ဦးပါ အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။
။။။။။။။။။။။။။။

12.1.10

အွန်လိုင်းလုံခြုံမှု သက်သေခံလက်မှတ် စနစ်သုံးရန် စစ်အစိုးရစီစဉ်


နအဖစစ်အစိုးရ၏ ရုရှနှင့် မြောက်ကိုရီးယားခရီးစဉ် လျှို့ဝှက်မှတ်တမ်းများ၊ လျှို့ဝှက်စီမံကိန်းများ ပေါက်ကြားခဲ့ပြီးနောက် စစ်အစိုးရက သတင်းအချက်အလက် လုံခြုံရေးအတွက် အွန်လိုင်းလုံခြုံမှု သက်သေခံလက်မှတ်စနစ် အသုံးပြုရန် အပူတပြင်း စီစဉ်နေသည်။

ယခုလ (၉) ရက်နေ့တွင် လှိုင်မြို့နယ် မြန်မာအင်ဖိုတက်တွင် စစ်အစိုးရ ဆက်သွယ်ရေး ဒု-၀န်ကြီးကို ကွန်ပျူတာ ပညာရှင်များက အွန်လိုင်းလုံခြုံမှု သက်သေခံလက်မှတ်စနစ် အကောင်အထည်ဖော်ရေး၊ နည်းဥပဒေပိုင်းဆိုင်ရာ လိုအပ်ချက်များကို အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ယင်း အွန်လိုင်းလုံခြုံမှုစနစ်ကို အစ္စရေးမှ လာရောက်ပြသ မိတ်ဆက်ခဲ့ဖူးသော်လည်း မြန်မာစစ်အစိုးရက စိတ်ဝင်စားမှု မရှိခဲ့ကြောင်း၊ ယခုအချိန်မှ အွန်လိုင်း လုံခြုံရေးစနစ်ကို အပူတပြင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကွန်ပျူတာပညာရှင် အသိုင်းအ၀ိုင်းက ပြောကြားသည်။
(NEJ)
။။။။။

အယူခံအရေး ဒေါ်စု ရှေ့နေများနှင့် တွေ့

ချင်းမိုင် (မဇ္ဈိမ)။ ။ နေအိမ်အချုပ် ပြစ်ဒဏ် အပေါ် ပြင်ဆင်ရေး အယူခံအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေများ ယနေ့ နှစ်နာရီကြာ တွေ့ဆုံ ဆွေးနွေးကြသည်။

လာမည့် ၁၈ ရက်နေ့၌ ဗဟိုတရားရုံးတွင် အယူခံ အပြီးသတ် လျှောက်လဲချက် ပေးရေး အတွက် ရှေ့နေ ဦးဥာဏ်ဝင်း၊ ဦးကြည်ဝင်းတို့ နှစ်ဦးဖြင့် မွန်းလွဲပိုင်းမှစ၍ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ဆွေးနွေးကြခြင်း ဖြစ်သည်။

သို့သော် ယခင်က ပါဝင် ဆွေးနွေးခွင့်ရခဲ့သော ရှေ့နေ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့ကိုမူ ရဲသတင်းတပ်ဖွဲ့က ကန့်သတ် တားမြစ်လိုက်သည်။
။။။။။

သေဒဏ်ကျ နိုင်ငံ့ဝန်ထမ်း (၂) ဦးကို လွှတ်ပေးရန် သံဃာ့တပ်ပေါင်းစု တောင်းဆို


နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် ပြီးခဲ့သည့် ဇန်န၀ါရီ (၇) ရက်တွင် မြန်မာစစ်အစိုးရ၏ သေဒဏ်ချမှတ်ခြင်း ခံခဲ့ရသည့် အဆင့်မြင့် နိုင်ငံ့ဝန်ထမ်း(၂) ဦးကို နှစ်သစ်အခါသမယ၌ အမြန်ဆုံးပြန်လွှတ်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးက ယနေ့ တောင်းဆိုလိုက်သည်။သေဒဏ်အပြစ်ပေးခံရသူများမှာ အငြိမ်းစားဗိုလ်မှူး ဝင်းနိုင်ကျော်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းစာရေး ဦးသူရကျော်တို့ ဖြစ်ကြပြီး စစ်အစိုးရ၏ ထိပ်တန်းလျှို့ဝှက် စီမံကိန်းများဖြစ်သည့် နျူကလီးယား ဓာတ်ပေါင်းဖို ဆောက်လုပ်ရေး စီမံကိန်း၊ မြေအောက် လှိုဏ်ခေါင်းများ စီမံကိန်း၊ နိုင်ငံခြားတိုင်းပြည်များမှ စစ်လက်နက်ပစ္စည်း တင်သွင်းမှုဆိုင်ရာ မှတ်တမ်းများ ပြည်ပမီဒီယာများသို့ ပေါက်ကြားခဲ့ပြီးနောက် အစွပ်စွဲခံရပြီး သေဒဏ်အပြစ်ပေးခံရခြင်း ဖြစ်သည်။

သေဒဏ်ကျ ဗိုလ်မှူး ဝင်းနိုင်ကျော်သည် ၂၀၀၁ ခုနှစ်က ရဟတ်ယာဉ် ပျက်ကျ၍ ကွယ်လွန်သွားသူ နဝတ အတွင်းရေးမှူး (၂) ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦး၏ ကိုယ်ရေးအရာရှိတဦးဖြစ်၍ ထိုစဉ်က ထိပ်ပိုင်းခေါင်းဆောင်အချင်းချင်း လုပ်ကြံခဲ့မှုကို နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဖျောက်ဖျက်နိုင်ရန် ယခုကဲ့သို့ သေဒဏ်ပေးလိုက်ခြင်းဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး သုံးသပ်သူတို့က ပြောဆိုနေကြသည်။
(NEJ)
။။။။။

ကိုညီညီအောင် အမှု ကြားနာခြင်း အဆုံးသတ်


နယူးဒေလီ (မဇ္ဈိမ)။ ။တရားလိုပြ သက်သေတဦးကို စစ်ဆေးပြီးနောက် ရန်ကုန် တောင်ပိုင်းခရိုင် တရားရုံးသည် မြန်မာနိုင်ငံဖွား အမေရိကန် လူမျိုး ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်၏အမှု သက်သေများ ကြားနာ စစ်ဆေးခြင်းကို အင်္ဂါနေ့က အဆုံးသတ် လိုက်ပါသည်။

`နှစ်ဘက် ရှေ့နေတွေက ဇန်နဝါရီလ ၂၂ ရက်နေ့မှာ နောက်ဆုံး လျှောက်လဲချက် ပေးရပါမယ်။ ဒါပြီးရင် ရုံးက စီရင်ချက်ချပါမယ်´ ဟု ရှေ့နေတဦးဖြစ်သူ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

နိုင်ငံသား ခံယူထားသူ အမေရိကန် လူမျိုးသည် စာရွက်စာတန်း အတုပြုလုပ်မှု၊ နိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်မှုတို့ဖြင့် အမှု ရင်ဆိုင်နေရသည်။
။။။။။

အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး တည်ဆောက်ပြီးကြောင်း စစ်အစိုးရပြော

မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန၀န်ကြီး ဦးသောင်းက ပြောကြားလိုက်သည်။

အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆွေးနွေးပွဲများ မစတင်နိုင်သေးဘဲ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နယ်ခြားစောင့်အရေး ဆွေးနွေးမှုများ အပြီးမသတ်သေးသည့်အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက်ဆင်နွှဲနေသည့် စစ်အစိုးရက ယမန်နေ့က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
ယင်းပြောဆိုချက်နှင့်ပတ်သက်၍ တိုင်းရင်းသားခေါင်းဆောင်များကမူ နအဖစစ်အစိုးရသည် နိုင်ငံတွင်း အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိုင်သေးကြောင်း ထောက်ပြပြောဆိုသည်။

အပစ်ရပ် တိုင်းရင်းသားအဖွဲ့များက နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး လက်မခံခြင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲများ မစတင်နိုင်ခြင်း၊ နယ်စပ်ဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေခြင်း၊ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို မပြင်ဆင်နိုင်ခြင်း၊ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်များကို ဖမ်းဆီးချုပ်နှောင်ထားခြင်းတို့မှာ ထင်ရှားသည့်အချက်များ ဖြစ်သည်ဟု ၎င်းတို့က ပြောသည်။
(NEJ)
။။။။။။

၃ မျိုးသုံး ဖိုင်ဘာဆက်ကြောင်း ရန်ကုန်တွင် စတင်တော့မည်


ရန်ကုန် (မဇ္ဈိမ)။ ။ ဖိုင်ဘာဆက်ကြောင်း တခုတည်းဖြင့် အင်တာနက်၊ ကေဘယ်တီဗီနှင့် တယ်လီဖုန်း ၃ မျိုးစလုံးအတွက် ရန်ကုန်တွင် မကြာခင် စတင် သုံးစွဲနိုင်တော့မည် ဖြစ်သည်။

ဝန်ဆောင်မှုကို ပုဂ္ဂလိက လုပ်ငန်းရှင်များ လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ပြီး၊ ကနဦး တပ်ဆင်ကြေး မသိရသေးသော်လည်း လစဉ်ကြေးအဖြစ် FEC ၅၀ ခန့်ကို သုံးစွဲလိုသူများက ပေးဆောင်ရမည်ဟု သိရသည်။

ဖိုင်ဘာဆက်ကြောင်းများကို ရန်ကုန်မြို့လည်ရှိ ကျောက်တံတား၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ပန်းဘဲတန်းနှင့် လသာမြို့နယ်တို့တွင် အသုံးပြုနိုင်ရန် တပ်ဆင်ပြီး ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း သတင်းရပ်ကွက်များက ဆိုသည်။

ယခု ဆက်သွယ်ရေး စနစ်တွင် ဒေသတွင်း အသုံးပြုရန်အတွက် မြန်နှုန်းမြင့် ကွန်နက်ရှင်ကို တစက္ကန့်လျှင် ၂.၅ ဂီဂါဘိုက် (GBPS) အဖြစ် ထားရှိပြီး၊ ထိုအမြန်နှုန်းမှာ ရုပ်သံလိုင်းများကို ကောင်းမွန်စွာ ကြည့်ရှုနိုင်မည်။
။။။။။။။။။။။။။။။။

13.1.10

တပ်မ ၆၆ တပ်နှင့် ထောက်လှမ်းရေးတပ် တင်းမာမှုဖြစ်ပွား

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင် အင်းမကျေးရွာ အခြေစိုက်သည့် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတရင်းနှင့် ထောက်လှမ်းရေးတပ်တို့အကြား ပြီးခဲ့သည့်ရက်သတ္တပတ်မှစ၍ တင်းမာမှု ဖြစ်ပွားနေသည်။

သဲကုန်းမြို့နယ် အင်းမကျေးရွာရှိ ခမရ ၈၀ နှင့် ခမရ ၅ သို့ ရန်ကုန်မှရောက်လာသည့် ထောက်လှမ်းရေး တပ်ဖွဲ့အကြား တင်းမာမှုများ ရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသလို ဒေသခံများကလည်း ပြောကြားကြသည်။ဘီဘီစီ မြန်မာပိုင်း ယမန်နေ့ ညပိုင်း အစီအစဉ်ကမူ တပ်မ ၆၆ လက်အောက်ခံ အာဏာဖီဆန်သည့် ခမရ ၈၀ တပ်က ပြီးခဲ့သည့် တနင်္ဂနွေညက ပစ်ခတ်မှုများရှိခဲ့ရာ ဒဏ်ရာပြင်းထန်သည့် ခမရ ၅ မှ ထောက်လှမ်းရေး တပ်ကြပ်ကြီးတဦး အင်းမရွာနှင့် ရွာတောင်ကြားရှိ စစ်ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း ထုတ်လွှင့်ခဲ့သည်။
။။။။။

ဥက္ကဋ္ဌ ပေါက်ယူချန်းနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း
နအဖကမ်းလှမ်းမှုကို ဝတပ်ဖွဲ့ပယ်ချ


ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ပေါက်ယူချန်းအား တွေ့ဆုံ ဆွေးနွေးလိုကြောင်း စစ်ဘက်ရေးရာလုံခြုံရေးဌာန (စရဖ) အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၏ မကြာသေးမီရက်ပိုင်းက ကမ်းလှမ်းလာမှုကို ဝတပ်ဖွဲ့က ပယ်ချထားသည်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ သို့မဟုတ် တန့်ယန်းမြို့သို့ ဝတပ်ဖွဲ့ဥက္ကဋ္ဌ ပေါက်ယူချန်း လာရောက်ပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စရပ်များအား ဆွေးနွေးရန် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ကမ်းလှမ်းထားသည်ကို မဖြစ်နိုင်သည့်အကြောင်း ပြန်လည်ပြောဆိုထားသည်ဟု အမည်မဖော်လိုသည့် ဝအရာရှိတဦးက ပြောသည်။
(NEJ)
။။။။။

အတိုက်အခံ အမျိုးသမီးများ ၂၂ မြို့နယ် ဖြန့်ကျက်


နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မြို့နယ်အမျိုးသမီးအဖွဲ့များကို လွန်ခဲ့သည့် ၇ လအတွင်း တိုးချဲ့ဖွဲ့စည်းခဲ့ရာ မြို့နယ် ၂၂ မြို့နယ်တွင် ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

ပါတီ စည်းရုံးရေး လုပ်ငန်းများ ပြုလုပ်ရန်အတွက် ပြီးခဲ့သည့်နှစ် ဇွန်လမှစတင်၍ ရန်ကုန်၊ မန္တလေးနှင့် တနင်္သာရီတိုင်းတွင် အန်အယ်ဒီ အမျိုးသမီးလုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ (ဗဟို) က ကြီးမှူး ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်တိုင်းတွင် ကော့မှူး၊ မရမ်းကုန်း၊ လှိုင်၊ သံလျင်၊ အင်းစိန်၊ လှိုင်သာယာ၊ ရန်ကင်း၊ ဗဟန်း၊ ခရမ်း၊ သာကေတ၊ ဒဂုံမြို့သစ် အပါအဝင် မြို့နယ် ၁၂ မြို့နယ်၊ တနင်္သာရီတိုင်းတွင် ၈ မြို့နယ်နှင့် မန္တလေးတိုင်းတွင်မူ ၂ မြို့နယ်တို့ ဖြစ်သည်။
။။။။။။။။။။။။။။။။။။

14.1.10

ကချင်အထူးဒေသ (၁) အထူးအစည်းအဝေးပွဲ ကျင်းပ

ဦးဆခုံတိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ (၁) ၏ အထူး အစည်းအဝေးပွဲတရပ်ကို ဇန်နဝါရီ (၁၃) ရက်နေ့မှစပြီး မြစ်ကြီးနားမြို့တွင် ကျင်းပနေကြောင်း တက်ရောက်နေသည့် ကိုယ်စားလှယ်များက ပြောသည်။အစည်းအဝေး ပထမနေ့ နံနက်ပိုင်းတွင် ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းက နယ်ခြားစောင့်တပ် ဖွဲ့စည်းပြီးဖြစ်၍ တပ်တွင်ပါဝင်ခြင်း မရှိတော့သည့် ယခင်ခေါင်းဆောင်အသီးသီးသည် လက်နက်ကိုင်ဆောင်ခွင့် မရှိတော့သဖြင့် မိမိတို့၏လက်နက်များကို သက်ဆိုင်ရာထံ သွားရောက်သတင်းပို့ အပ်နှံကြရန် နှိုးဆော်သည်။

ထို့နောက် တက်ရောက်လာကြသည့် ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင် ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များကို ရှေ့ဆက် ဘာလုပ်သင့်သလဲ ဆိုသည်နှင့် ပတ်သက်ပြီး တင်ပြစရာ ရှိသည်များကို တင်ပြကြရန် ခွင့်ပြုသည်။အစည်းအဝေးကို လာမည့် ဇန်နဝါရီ (၁၆) ရက်အထိ နေ့စဉ် ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိ ငြိမ်းချမ်းရေးကောင်စီအနေဖြင့် ပါတီဖွဲ့စည်းသင့်မသင့်၊ ကချင်အထူးဒေသ (၁) ၏ စီးပွားရေးလုပ်ငန်းများ မည်ကဲ့သို့ ဆက်လက်လုပ်ကိုင်မည် စသည့်ကိစ္စရပ်များကို ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
(NEJ)
။။။။။

တပ်မ ၆၆ ပြဿနာ မဟုတ်မှန်ဟု ငြင်းဆန်

ချင်းမိုင် (မဇ္ဈိမ)။ ။ တပ်မ ၆၆ လက်အောက်ခံ တပ်များနှင့် ထောက်လှမ်းရေးတပ်များ အကြား တင်းမာမှု ဖြစ်ပွားနေသည်ဆိုခြင်းကို နေပြည်တော်ရှိ စစ်ဘက် သတင်းရပ်ကွက်တခုက မဟုတ်မှန်ကြောင်း ငြင်းဆို လိုက်သည်။

စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) သည် သီးခြား ဖွဲ့စည်းထားခြင်းဖြစ်ပြီး ခြေမြန်တပ်ရင်း ၅ သို့လည်း ပို့ဆောင်ထားခြင်း မရှိကြောင်းနှင့် ရှေ့တန်း စစ်မျက်နှာပြင် မဟုတ်သည့် အခြေစိုက် တပ်ရင်းစခန်းများတွင် ဗဟိုကင်းအဖွဲ့များနှင့် ကိုယ်ရံတော် တပ်ဖွဲ့ဝင်များမှအပ လက်နက်တပ်ဆင် ပေးထားခြင်း မရှိသဖြင့် ပစ်ခတ်မှု ဖြစ်ပွားဖွယ်မရှိဟု သတင်းရပ်ကွက်က ပြောသည်။
။။။။။

ယခုနှစ်အတွင်း ရွေးကောက်ပွဲလုပ်မည်ဟု နအဖနိုင်ငံခြားရေးဝန်ကြီး ပြောကြားပြန်


နအဖစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ကတိပြုထားသည့်အတိုင်း ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဖြစ်ပြီး တရားမျှတမှုရှိစေရမည်ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ပြောဆိုကြောင်း အာဆီယံအထွေထွေ အတွင်းရေးမှူး ဆူရင်ပစ်စ၀မ်က ယမန်နေ့က ပြောကြားသည်။

ဗီယက်နမ်နိုင်ငံတွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်နေသည့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအား ယမန်နေ့ ညစာစားပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း မစ္စတာ စူရင်ပစ်စ၀မ်က ပြောသည်။
(NEJ)
။။။။။

တွေ့ဆုံ ဆွေးနွေးရန် ဝ ဥက္ကဋ္ဌ ငြင်းဆို

ချင်းမိုင်(မဇ္ဈိမ)။ ။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စ ထပ်မံ ဆွေးနွေးရန် နအဖ ဒုဗိုလ်ချုပ်ကြီးရဲမြင့်က တွေ့ဆုံလိုသည်ကို ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ - UWSP ဥက္ကဋ္ဌ ပေါက်ယူချန်းက ကျန်းမာရေး အကြောင်းပြချက်ဖြင့် မကြာသေးခင်က ငြင်းဆိုလိုက်သည်။

ယခုလဆန်းပိုင်းတွင် စစ်ဘက်ရေးရာ လုံခြုံရေးဌာန - စရဖ အကြီးအကဲ ဗိုလ်ချုပ်ကြီးရဲမြင့်က ဖုန်းဖြင့် ပြောဆိုလာခြင်းဖြစ်ကြောင်း UWSP ပါတီ လက်အောက်ခံဖြစ်သည့် ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် - UWSA မှ ဗိုလ်မှူးတဦးက မဇ္ဈိမကို ပြောဆိုသည်။မည်သည့်နေရာတွင် တွေ့ဆုံသည်ဖြစ်စေ ဝ’ တပ်ဖွဲ့အနေဖြင့် ဗိုလ်ချုပ်ကြီးရဲမြင့်ထံ နိုဝင်ဘာလက တင်ပြခဲ့သော အချက် ၉ ချက်ကို ဆက်လက်ကိုင်စွဲသွားမည်ဟု အဆိုပါအရာရှိက ပြောသည်။
။။။။။

ဗဟိုအလုပ်အမှုဆောင်သစ် (၉) ဦး၏အမည် အန်အယ်လ်ဒီ ကြေညာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို အဖွဲ့ဝင်သစ် (၉) ဦးတို့ဖြင့် တိုးချဲ့ တာဝန်ပေးအပ်လိုက်သည်။

ဗဟိုအလုပ်အမှုဆောင်များအဖြစ် တာဝန်ပေးခြင်းခံရသူများမှာ (၁) ဒေါက်တာ သန်းငြိမ်း၊ (၂) ဦးအုန်းကြိုင်၊ (၃) ဦးဝင်းမြင့်၊ (၄) ဦးထွန်းထွန်းဟိန်၊ (၅) ဒေါက်တာဝင်းနိုင်၊ (၆) ဦးဉာဏ်ဝင်း၊ (၇) ဦးဟံသာမြင့်၊ (၈) ဦးသိန်းညွန့်၊ (၉) ဒေါက်တာမေ၀င်းမြင့်တို့ ဖြစ်ကြပြီး ဇန်န၀ါရီ (၁၄) ရက် ယနေ့ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ယခုကဲ့သို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များကို တိုးချဲ့လိုက်ခြင်းအားဖြင့် အန်အယ်လ်ဒီအတွင်း အားသစ်များ၊ တာဝန်သစ်များ လုပ်ငန်းသစ်များ ထွက်ပေါ်လာနိုင်မည်ဟု အလုပ်အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်သည့် ဦးဝင်းတင်က ပြောသည်။

အန်အယ်လ်ဒီဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ အပါအ၀င် ယခင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၁၁) ဦးရှိရာမှ ယခု (၉) ဦး ထပ်မံတိုးချဲ့လိုက် သဖြင့် စုစုပေါင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၂၀) ဦး ရှိပြီဖြစ်သည်။

ယခင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များမှာ ဦးအောင်ရွှေ (ဥက္ကဋ္ဌ)၊ ဦးတင်ဦး (ဒု- ဥက္ကဋ္ဌ)၊ ဒေါ်အောင်ဆန်းစုကြည် (အထွေထွေ အတွင်းရေးမှူး)၊ ဦးလွင် (အတွင်းရေးမှူး)နှင့် အဖွဲ့ဝင်များမှာ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးလွန်းတင်၊ ဦးညွန့်ဝေ၊ ဦးခင်မောင်ဆွေတို့ဖြစ်သည်။
(NEJ)
။။။။။။။။။။။။။။။။။။။

15.1.10

နအဖ ကျင်းပမည့်ရွေးကောက်ပွဲ တရားမျှတမှု မရှိနိုင်ဟု
ဥပဒေအတိုင်ပင်ခံတဦး ထောက်ပြပြောဆို


နအဖစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ယခုနှစ်အတွင်း လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ပြောဆိုခဲ့မှုသည် မည်သို့မျှမဖြစ်နိုင်ကြောင်း ရန်ကုန်မြို့မှ တရားရုံးချုပ် ရှေ့နေဟောင်းတဦးက ပြောသည်။

ဗီယက်နမ်နိုင်ငံတွင် ပြုလုပ်နေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်နေသည့် မြန်မာနိုင်ငံခြားရေး ၀န်ကြီးက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအား ယခုလ (၁၃) ရက်တွင် ပြောကြား ခဲ့ကြောင်း အာဆီယံအတွင်းရေးမှူး စူရင်ပစ်စ၀မ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဦးဉာဏ်ဝင်းပြောကြားချက်နှင့်ပတ်သက်၍ ယခင်က တရားရုံးချုပ်ရှေ့နေဟောင်းတဦးဖြစ်ပြီး ယခု ဥပဒေအတိုင်ပင်ခံ တဦးဖြစ်သည့် ဦးအောင်သိန်းက ယခုကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတသည့် လုပ်ထုံးလုပ်နည်းများနှင့် မညီကြောင်း ထောက်ပြပြောဆိုသည်။ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ ကော်မရှင်အနေဖြင့် မည်သူများ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရှိမည်၊ မည်သူများ ပါတီထူထောင်နိုင်မည့် အနေအထားရှိမည်၊ ရွေးကောက်ပွဲပြီးပါက မည်သည့်အချိန် လွှတ်တော်ခေါ်ယူကာ မည်သည့်အချိန် အာဏာလွှဲပေးမည် စသည့် အသေးစိတ်အချက်အလက်များလည်း ကော်မရှင်အနေဖြင့် ထုတ်ပြန်ခြင်း မရှိသေးကြောင်းလည်း ရှင်းပြသည်။
(NEJ)
။။။။။

ကြံ့ဖွံ့က လူထုစည်းရုံးရေး တိုးမြှင့် လုပ်ဆောင်လာ


ရန်ကုန်၊ နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရ ကျောထောက်နောက်ခံပြု ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းက ၂ဝ၁ဝ နှစ်ဦးပိုင်းမှ စတင်၍ ရန်ကုန်တွင် လူထုစည်ရုံးရေး လုပ်ငန်းများ ပိုမိုလုပ်ဆောင်လာကြောင်း မြို့ခံများက ပြောဆိုကြသည်။

၂ဝဝ၉ ခုနှစ်တွင် လမ်းများကို ကွန်ကရစ်ခင်းခြင်း၊ မြို့နယ်များတွင် နာရေးကူညီမှုအသင်းများ ထူထောင်ခြင်း၊ အခမဲ့ မျက်စိနှင့် မျက်မှန် စမ်းသပ်ခြင်း၊ အခမဲ့ ဆေးပေးခန်းနှင့် ကျူရှင်သင်တန်းများ ဖွင့်လှစ်ခြင်း၊ ငွေချေးခြင်း၊ ရေမြောင်းများ တူးဖော်ခြင်းအပြင် ရန်ကုန်ကို နေ့စဉ်ပေးဝေသည့် သောက်သုံးရေ လုံလောက်စေရန် မြို့လည်ဧရိယာတဝိုက် အဝီစိတွင်းများ တူးဖော်ပေးခဲ့သည်ဟု ဆိုသည်။

ထိုသို့သော စည်းရုံးရေး လုပ်ငန်းများအပြင် ယခုနှစ်တွင် ရန်ကုန် ဆင်ခြေဖုံး ၁ဝ မြို့နယ်ရှိ ဆင်းရဲသားများ၏ နေအိမ်ချို့ယွင်းနေမှုများကိုပါ ပြန်လည်၍ ပြုပြင်တည်ဆောက်ပေးနေကြောင်း သိရသည်။

ဒဂုံမြို့သစ်တောင်ပိုင်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒေါပုံ၊ သာကေတ၊ ကြည့်မြင်တိုင်နှင့် မရမ်းကုန်းတို့တွင် တမြို့နယ်လျှင် အိမ်ခြေ ၁ဝ လုံးနှုန်းဖြင့် တည်ဆောက်ပေးခြင်း ဖြစ်သည်။
။။။။။

၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြရန် ရှေ့နေများကောင်စီ တိုက်တွန်း

၂၀၁၀ ရွေးကောက်ပွဲတွင် မဲရုံများသို့ သွားရောက်မဲမထည့်ဘဲ လူထုပါဝင်ပတ်သက်မှုမရှိသော မတရားသည့် ရွေးကောက်ပွဲအဖြစ် ပြည်သူလူထုအနေဖြင့် ဆန့်ကျင်သွားကြရန် မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ယနေ့ ကြေညာချက် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ စသည့် ဥပဒေများကို ယခုအထိ ထုတ်ပြန်ပေးခြင်း မရှိသေးသော်လည်း နအဖစစ်အစိုးရနှင့် ၎င်းတို့၏ လက်ဝေခံများက ရွေးကောက်ပွဲအတွက် လက်ဦးမှုရယူကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြခြင်း၊ အတိုက်အခံ နိုင်ငံရေးပါတီများကို အမျိုးမျိုးဖိနှိပ်ကာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေးကိုသာ လုပ်ဆောင်နေခြင်းကြောင့် ၂၀၁၀ ရွေးကောက်ပွဲသည် တရားမျှတမှုနှင့် လွတ်လပ်မှုမရှိသည့် ရွေးကောက်ပွဲသာဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
(NEJ)
။။။။။

ဒေါ်စုနှင့် ဆက်ဆံရေးဝန်ကြီး တွေ့ဆုံ

နယူးဒေလီ။ ။ စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်သည် ၂၀၁၀ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ နေအိမ်တွင် ယနေ့ တွေ့ဆုံခဲ့ကြောင်း သူမပါတီမှ ခေါင်းဆောင်များက ပြောသည်။ သို့သော် အသေးစိတ် အချက်အလက်များကို ပြောပြခြင်း မရှိခဲ့ပါ။

ဒီချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဆွေက မဇ္ဈိမကို ယနေ့ ပြောကြားရာတွင်လည်း သတင်းရပ်ကွက်များမှတဆင့် ထိုသို့ တွေ့ဆုံသည်ဆိုသည်ကို သူလည်း ကြားသိရကြောင်းနှင့် သို့သော်လည်း သူတို့နှစ်ဦး မည်သည့် ကိစ္စရပ်များ ဆွေးနွေးသည်ဆိုသည့် သတင်းအချက်အလက် အသေးစိတ်ကိုမူ မရရှိသေးကြောင်း ပြောသည်။
။။။။။

နအဖ ကကကြည်းရုံးချုပ်မှ တပ်မှူးများကို နည်းဗျူဟာမှူးအဖြစ် ပြောင်းရွှေ့

မကြာသေးမီက နေပြည်တော်၊ ကာကွယ်ရေးဝန်ကြီးဌာန ရုံးချုပ်ရှိ အလယ်အလတ်အဆင့်ရှိ တပ်မှူးများကို နည်းဗျူဟာမှူး ရာထူးဖြင့် နယ်ဘက်သို့ ပြောင်းရွှေ့ခဲ့သည်။

ပထမတန်း စစ်ဦးစီးမှူးများဖြစ်ကြသည့် ဒု-ဗိုလ်မှူးကြီး အောင်ဇော်အေးအား ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်အခြေစိုက် အမှတ် (၁၄) စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ် (စကခ) ၏ ယာယီနည်းဗျူဟာမှူးအဖြစ်လည်းကောင်း၊ ဒု-ဗိုလ်မှူး သိုက်စိုးအား မိတ္ထီလာအခြေစိုက် တပ်မ (၉၉) ၏ အမှတ် (၃) နည်းဗျူဟာ၏ ယာယီနည်းဗျူဟာမှူးအဖြစ်လည်းကောင်း၊ ဒု-ဗိုလ်မှူးကြီး သန်းထွန်းဦးအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ကွမ်းလုံ စစ်ဗျူဟာမှူးအဖြစ်လည်းကောင်း၊ ဒု-ဗိုလ်မှူးကြီး အောင်ဇော်ဦးအား ရခိုင်ပြည်နယ်၊ အမ်းအခြေစိုက် အမှတ် (၅)၊ စကခ၏ ယာယီနည်းဗျူဟာမှူးအဖြစ်လည်းကောင်း၊ ကြည်း၊ ရေ၊ လေ ညှိနှိုင်းရေးမှူးရုံး စစ်ဦးစီး ဗိုလ်မှူးကြီး ဝင်းသိန်းအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒု-တိုင်းမှူးအဖြစ်လည်းကောင်း ပြောင်းရွှေ့နေရာချထားခဲ့သည်ဟု စစ်ရုံးချုပ်နှင့်နီးစပ်သည့် သတင်းရပ်ကွက်အရ သိရသည်။

မိုးမိတ်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်မော်အား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီးဗိုလ်မှူးကြီးအဖြစ် နေရာပြောင်းရွှေ့ခဲ့ပြီး အလားတူ ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီးများကို နေရာပြောင်းရွှေ့မှု ပြုလုပ်ခဲ့သည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

ယခုပြောင်းရွှေ့မှုတွင် ယခင်ရှိနေပြီးသည့် ဗျူဟာမှူးများကို မည်သည့်နေရာတွင် အစားထိုးခန့်အပ်ခဲ့သည်ကို မသိရဘဲဖြစ်နေသကဲ့သို့ မကြာသေးမီက နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်က ဆင်းသည့် ဒု-ဗိုလ်မှူးကြီးများနှင့် ဗိုလ်မှူးကြီးများထဲမှ အချို့ကို မူလတာဝန် ပြန်ပေးနေသည့်အတွက် တပ်မတော်အတွင်း ရာထူးတာဝန်ပေးမှုနှင့်ပတ်သက်၍ လုပ်ရိုးလုပ်စဉ် ပုံမှန်မျိုးမဟုတ်ဘဲ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် စစ်တပ်၏ အမတ်နေရာများအတွက် ပြင်ဆင်နေသည်ဟု ယူဆရကြောင်း စစ်ရေးအကဲခတ်များက ပြောသည်။
(NEJ)
။။။။။

Sunday, January 10, 2010

Note 1-2010

04.01/10

အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိရန် အရေးကြီးကြောင်း အန်အယ်လ်ဒီ ပြောကြား

ယနေ့ကျရောက်သည့် (၆၂) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးချုပ်တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတရပ် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် လွတ်လပ်ရေးနေ့ ကြေညာချက်စာတမ်းကို အန်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ဖတ်ကြားသည်။

ကြေညာချက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အဓိကထားဖော်ပြထားကြောင်း အခမ်းအနား သဘာပတိအဖြစ်ဆောင်ရွက်သည့် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေက ပြောကြားသည်။

တိုင်းရင်းသားများအားလုံး အချင်းချင်း နားလည်မှုရှိရှိနှင့် ပူးပေါင်းလက်တွဲပြီး အမျိုးသားစည်းလုံးညီညွတ်မှုနှင့်သာ လွတ်လပ်ရေးကို ရယူခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းကို စံနမူနာယူပြီး မြန်မာနိုင်ငံကို ပြန်လည်ထူထောင်ရန်အတွက်
အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိရန် အရေးကြီးကြောင်း ကြေညာချက်တွင် ပါရှိသည်ဟု သိရသည်။
(NEJ)
+++++

အအေးဓါတ် လွန်ကဲသဖြင့် အကျဉ်းသားများအတွက် စိုးရိမ်နေ


နယူးဒေလီ (မဇ္ဈိမ)။ ။မြန်မာ့ နယ်စွန်နယ်ဖျား ဒေသများတွင် ဆောင်းတွင်း အအေးဓါတ် လွန်ကဲနေသဖြင့် ထိုဒေသများရှိ နိုင်ငံရေး အကျဉ်းသားများ၏ ကျန်းမာရေးအတွက် စိုးရိမ် ပူပန်နေကြောင်း နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်းနှင့် မိသားစုဝင်များ ပြောဆိုကြသည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေး လှုပ်ရှား တက်ကြွသူများ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ နိုင်ငံရေး ပါတီဝင်များနှင့် လူ့အခွင့်အရေးသမားများအတွက် စိုးရိမ်ပူပန်နေကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် အကျဉ်းထောင် ၄၂ ထောင်နှင့် ရဲဘက်စခန်း ၁ဝ၉ ခုတွင် အကျဉ်းသားနှင့် အချူပ်သား ဦးရေ ၂ သိန်းခွဲခန့်ရှိပြီး ၎င်းတို့ကို ကျန်းမာရေး စောင့်ရှောက်ရန် အကျဉ်း ဦးစီးဌာနတွင် ဆရာဝန် ၃၄ ဦး၊ ကျန်းမာရေးမှူး ၁၉ ဦး၊ သူနာပြုဝန်ထမ်း ၂၂ ဦး ရှိကြောင်း အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးဇော်ဝင်းက ပြီးခဲ့သည့် နိုဝင်ဘာလ နှောင်းပိုင်းတွင် အင်းစိန်ထောင်၌ ကျင်းပခဲ့သည့် အကျဉ်းသား ကျန်းမာရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ထုတ်ဖော် ပြောကြားခဲ့သည်။
(နယူးဒေလီ (မဇ္ဈိမ))
+++++

၂၀၁၀ တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု နအဖစစ်ခေါင်းဆောင် အတည်ပြု


စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယခုနှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု လွတ်လပ်ရေးနေ့ သ၀ဏ်လွှာတွင် အတည်ပြုပြောကြားသည်။

ဆယ်စုနှစ် (၂) ခုကျော်ကြာ နိုင်ငံအာဏာကို ရယူထားသော စစ်အစိုးရက ၂၀၀၈ ခုနှစ်တွင် အတင်းအကျပ် အတည်ပြုခဲ့သော အခြေခံဥပဒေဖြင့် ယခု ၂၀၁၀ တွင် ရွေးကောက်ပွဲ ပြုလုပ်ပြီး စစ်သား (၂၅) ရာခိုင်နှုန်းပါသော စစ်သားနှင့် အရပ်သားအစိုးရ တရပ် ဖွဲ့စည်းပေးမည်ဟု ကတိပြုခဲ့ပြီးနောက် ယခုထပ်မံ အတည်ပြုလိုက်ခြင်းဖြစ်သည်။
(NEJ)
+++++

လမ်းပြမြေပုံအတွက် ဘွဲ့နှင့် ဆုများ ချီးမြှင့်မည်


နယူးဒေလီ (မဇ္ဈိမ)။ ။ ချမှတ်ထားသည့် လမ်းပြ မြေပုံအတိုင်း စွမ်းစွမ်းတမံ ပါဝင်သူများအား စစ်အစိုးရက ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဆုတံဆိပ်များ ၃၈ မျိုး ချီးမြှင့်သွားမည်ဟု ဆိုသည်။

ဂုဏ်ထူးဆောင်ဘွဲ့ ၁၆ မျိုးနှင့် ဆုတံဆိပ် ၂၂ မျိုးကို ချီးမြှင့်သွားမည့်အကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာက ထုတ်ပြန် ရေးသားလိုက်ခြင်း ဖြစ်သည်။

၁၉၄၈ ခုနှစ်တွင် ဖဆပလအစိုးရက ပြဋ္ဌာန်းခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့ ၁၃ မျိုးနှင့် ဆုတံဆိပ် ၁၂ မျိုး ချီးမြှင့်ခဲ့သည့် အထဲမှ ဘွဲ့အားလုံးနှင့် ဆုတံဆိပ် ၉ မျိုး ပြန်လည်ပါဝင်သည်ဟု ဆိုထားသည်။

ထို့ပြင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ မဆလခေတ်တွင် ပြဋ္ဌာန်းခဲ့သည့် ဆုတံဆိပ်များအပြင် စစ်အစိုးရက အသစ်ထပ်မံ ပြဋ္ဌာန်းလိုက်သည့် နိုင်ငံတော် စစ်မှုထမ်း သင်္ဂဟ တံဆိပ်နှင့် နိုင်ငံတော် အေးချမ်းသာယာရေး တံဆိပ်တို့လည်း ပါဝင်သည်။ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ခံရပါက သားစဉ်မြေးဆက် ဆက်လက် ထိန်းသိမ်းခွင့် ရရှိမည်ဖြစ်ပြီး ယခင်က ချီးမြှင့်ခဲ့သည့် ဘွဲ့များနှင့် ဆုများအတွက်လည်း ခံစားခွင့်များ ဆက်လက် ပေးအပ်သွားမည်ဟု သတင်းစာတွင် ဖော်ပြထားသည်။
(နယူးဒေလီ (မဇ္ဈိမ)
+++++

ကချင်တိုင်းရင်းသားတို့၏ ရပိုင်ခွင့်များ ကေအိုင်အို တင်ပြမည်

ဒီဇင်ဘာ (၂၉) ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူးနှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း နအဖဘက်က တောင်းဆိုမှုအရ ကချင်တိုင်းရင်းသားများ၏ ရပိုင်ခွင့်အခွင့်ရေးများကို ကေအိုင်အိုအဖွဲ့က တင်ပြရန်ရှိသည်။

၁၉၄၇ ခုနှစ်၊ ပင်လုံသဘောတူညီချက်အရ တိုင်းရင်းသားများ၏ တန်းတူညီမျှမှုကို မြန်မာစစ်အစိုးရဘက်က လက်ခံမည်ဆိုလျှင် ကေအိုင်အိုအဖွဲ့အနေဖြင့် လက်နက်ကိုင်တော်လှန်ရေး စွန့်လွှတ်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပြီးခဲ့သည့်နှစ်၊ အောက်တိုဘာအတွင်း စာရေးသားပေးပို့ပြီး နောက်ပိုင်း နှစ်ဖက် ပြန်လည်တွေ့ဆုံမှု ပြုလုပ်စဉ် ကချင်တိုင်းရင်းသားများ၏ ရပိုင်ခွင့် အခွင့်အရေးများကို အသေးစိတ် စာရေးတင်ပြရန် နအဖဘက်က တောင်းဆိုထားသည်ဟု အဆင့်မြင့် ကေအိုင်အိုအရာရှိတဦးက ပြောသည်။
(NEJ)
------------------

5.01.10

၂၀၁၀ ရွေးကောက်ပွဲအတွက် အငြိမ်းစားဝန်ထမ်းများစာရင်း စတင်ကောက်ခံ


စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပင်စင်ယူထားသည့် အငြိမ်းစားအစိုးရ၀န်ထမ်းများ၏ အိမ်ထောင်စု စာရင်းများကို စတင်ကောက်ခံနေပြီဖြစ်သည်။

အစိုးရက သက်ဆိုင်ရာဌာနအလိုက် ရန်ကုန်တိုင်းအတွင်း နေထိုင်ကြသော အငြိမ်းစားအစိုးရ၀န်ထမ်းများ နေအိမ်သို့ တအိမ်ဝင် တအိမ်ထွက် လိုက်လံစာရင်းကောက်ခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အငြိမ်းစား အရာထမ်းတဦးက ပြောသည်။
(NEJ)
+++++

မြန်မာအတွက် ဆက်သွယ်ရေးစက်များ သြစတြေးလျက ရောင်းချ


ချင်းမိုင် (မဇ္ဈိမ)။ ။ သြစတြေးလျ အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီတခုက မြန်မာအတွက် အသုံးပြုရန် အဆင့်မြင့် ရေဒီယို ဆက်သွယ်ရေးစက် အလုံး ၅၀ ကို ပြီးခဲ့သည့်နှစ် အတွင်း ရောင်းချခဲ့သည်။

Berrett 2050 အမျိုးအစား ကြားဖြတ် ဖမ်းယူနိုင်စွမ်း ကောင်းသော ရေဒီယို အသံဖမ်းစက် အလုံး ၅၀ ကို ၂၀၀၉ ခုနှစ် အတွင်းမှာပင် ရောင်းချခဲ့ပြီး ယခင်ကလည်း နှစ်ကြိမ် ရောင်းချဖူးခဲ့သေးကြောင်း Perth မြို့ရှိ Barrett Communications ကုမ္ပဏီက ပြောဆိုခြင်း ဖြစ်သည်။
သို့သော် ယခင်အကြိမ်များက အရေအတွက် မည်မျှ ရောင်းချခဲ့သည်ကိုမူ ပြောကြားရန် ငြင်းဆန်လိုက်သလို စစ်တပ်သုံး ပစ္စည်းအနေဖြင့် ရောင်းချခဲ့ခြင်း မဟုတ်ဟု သူက ငြင်းချက်ထုတ်သည်။ယမန်နေ့ထုတ် The Sydney Morning Herald အွန်လိုင်း သတင်းစာတွင် သြစတြေးလျနိုင်ငံ ပါ့သ်မြို့အခြေစိုက် Barrett Communications ကုမ္ပဏီက မြန်မာစစ်တပ်နှင့် ဆက်သွယ်၍ မကြာသေးမီ လအနည်းငယ် အတွင်းက အဆင့်မြင့် ရေဒီယို အသံဖမ်း စက်များကို ပို့ဆောင်ပေးခဲ့သည်ဟု ဖော်ပြထားသည်။
+++++

တောင်သူများထံမှ မြေဆီကြွေး ကြံ့ဖွံ့ အာဏာသုံးတောင်းခံ


တောင်သူများကို အကြွေးစနစ်ဖြင့် ထုတ်ပေးထားသည့် မြေဆီကြွေးများကို စစ်ခေါင်းဆောင်များ ဦးဆောင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက အာဏာသုံး တောင်းခံနေသည်။

မကွေးတိုင်း မြို့သစ်မြို့နယ်အတွင်း ကျေးရွာ အုပ်စု (၅၀) ကျော်ကို ယမန်နှစ် သြဂုတ်လက စတင်ပြီး (၈) လဆိုင်း အကြွေးစနစ်ဖြင့် အတင်းအကျပ် မ၀ယ်မနေရ ရောင်းချထားပြီး (၅) လအကြာ ယခုလတွင် မြေဆီကြွေးတောင်းခံနေခြင်း ဖြစ်သည်။

“စရောင်းတုန်းက မြေဆီ (၁) အိတ်ကို ကာလပေါက်ဈေးက (၁၃,၀၀၀) ကျပ်ပဲ ရှိတာကို ကြံ့ဖွံ့အသင်းက တအိတ် (၂၀,၀၀၀) ကျပ်နဲ့ မ၀ယ်မနေရ ရယက ဥက္ကဋ္ဌတွေက တဆင့် ရောင်းတယ်ခင်ဗျ။ အကြွေး (၈) လဆိုင်းဆိုပြီး ရောင်းပေမယ့် အခု (၅) လလောက်ပဲ ရှိသေးတယ် ပြန်တောင်းတော့ အားလုံး အခက်တွေ့ကုန်တာ” ဟု မြို့သစ်မြို့နယ် ဒေသခံက ပြောသည်။

တောင်သူများက မြေဆီကြွေး မပေးချေနိုင်မှုကြောင့် တာဝန်ယူ ရောင်းချပေးထားသော ကျေးရွာ ဥက္ကဋ္ဌ (၂ ) ဦးကို ပြီးခဲ့သည့် အပတ်က ဖမ်းဆီးပြီး တောင်သူများထံမှ မြေဆီကြွေး အကြေပေးချေရန် ယခုတပတ်အတွင်း တောင်းပါမည်ဟူသည့် အာမခံဖြင့် ပြန်လွှတ်ထားကြောင်း သိရသည်။

၎င်းတို့ (၂) ဦးကို မြို့သစ်ရဲစခန်းက ဖမ်းဆီးခြင်းမဟုတ်ဘဲ မြို့သစ်မြို့နယ် မယက ဥက္ကဋ္ဌက အာဏာသုံး၍ ဖမ်းဆီးတောင်းခံ နေခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူများနှင့် နီးစပ်သူများက ပြောသည်။

မကွေးတိုင်း မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၀) ကျော်မှ တောင်သူများအားလုံးသည် မြေဆီ (၁) အိတ် အနည်းဆုံး ၀ယ်ယူထားရပြီး အများစုမှာ လယ်ဧက အနည်း အများအလိုက် (၃) အိတ်အထိ ၀ယ်ယူခဲ့ကြရသည်။
(NEJ)
+++++

သတင်းထောက် မလှလှဝင်းကို ထောင်ဒဏ် ၂၀ နှစ်တိုး


ချင်းမိုင် (မဇ္ဈိမ) ။ ။ သတင်းလိုက်ရင်း ဖမ်းဆီးခံရသော အမျိုးသမီး သတင်းထောက် တဦးကို ပခုက္ကူခရိုင် တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ထပ်တိုး ချမှတ်လိုက်ကြောင်း တရားရေးသတင်း ရပ်ကွက်တခုက ပြောသည်။

ပခုက္ကူထောင်တွင်း ထိန်းသိမ်းခံနေရသည့် ပြည်ပအခြေစိုက် သတင်းဌာနတခုအတွက် သတင်းပေးပို့ခဲ့သည်ဟု ယုံကြည်ရသော မလှလှဝင်းနှင့် သူ၏ အမှုတွဲဖြစ်သူ ကိုမြင့်နိုင်တို့အား ဒီဇင်ဘာ ၃၁ ရက်နေ့က ထောင်ဒဏ် အနှစ် ၂၀ နှင့် ၂၅ နှစ် အသီးသီး ထပ်ဆောင်းလိုက်ခြင်း ဖြစ်သည်။

အီလက်ထရောနစ် ဥပဒေနှင့် အခြား နိုင်ငံရေး ပုဒ်မတခုဖြင့် စွဲချက်တင် ထောင်ဒဏ် တိုးချခဲ့ခြင်းဟု သိရှိရသော်လည်း အသေးစိတ်ကို မသိရနိုင်သေးဘဲ ရှိနေသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် မလှလှဝင်းသည် မကွေးတိုင်း ပခုက္ကူမြို့ရှိ သာသနာ့ ဝိပုလာရာမ ပါဠိတက္ကသိုလ် (အနောက်တိုက်) မှ သံဃာတော်များကို တွေ့ဆုံ မေးမြန်းခဲ့ပြီး အပြန်လမ်းတွင် သူတည်းခိုသည့် အိမ်ရှင် ကိုမြင့်နိုင်နှင့်အတူ ဖမ်းဆီးခံခဲ့ရသည်။

တရားမဝင် ဆိုင်ကယ်စီးသည်ဟုဆို၍ ၎င်းတို့နှစ်ဦးကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် သွင်းကုန် ထွက်ကုန် အက်ဥပဒေ ပုဒ်မ ၅၁ ဖြင့် ပခုက္ကူမြို့နယ် တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။
+++++

စစ်ဦးကျိုးစေရန် နအဖ တပ်ရိက္ခာများကို ကေအန်ယူ သိမ်းဆည်း


လာမည့် ပွင့်လင်းရာသီတွင် ကေအန်ယူ တပ်မဟာ (၆) ကို ထိုးစစ်ဆင်ရန် နအဖစစ်တပ်ဘက်မှ တပ်ရိက္ခာဖြည့်တင်းနေမှုကို စစ်ဦးကျိုးသွားစေရန် ရည်ရွယ်၍ ကေအန်ယူက သိမ်းဆည်းခဲ့သည်။နအဖဘက်မှ တပ်ရိက္ခာ ဖြည့်တင်းနေမှုမှာ ယခင်နှစ်ကထက် (၄) ဆခန့် များပြားလာကြောင်း၊ စကခ (၈) သာမက စကခ (၁၉) နှင့် စကခ (၁၂) လက်အောက်ခံ တပ်ရင်းတို့ကိုလည်း ယခုနှစ် ထိုးစစ်တွင် အသုံးပြုဖွယ်ရှိ၍ စစ်ဦးကျိုးသွားစေရန် ရန်သူ့တပ်ရိက္ခာတို့ကို ယင်းကဲ့သို့ သိမ်းဆည်းရခြင်းဖြစ်ကြောင်း ဗိုလ်ကြီး ထွဲနေက ပြောသည်။

နအဖတပ်ရိက္ခာများကို ကေအန်ယူက သံဖြူဇရပ်၊ ဘုရားသုံးဆူနယ်စပ်မြို့အကြား လမ်းခရီးတွင် ဒီဇင်ဘာ (၂၇) ရက်နေ့မှ စတင် သိမ်းဆည်းလိုက်ခြင်းဖြစ်ပြီး ထိုတပ်ရိက္ခာ တင်ဆောင်လာသည့် ချောဆွဲလိုင်းကားများကို နအဖစစ်တပ်က အတင်းအဓမ္မ ပြန်လျော်ခိုင်းခဲ့ကြောင်း သိရသည်။
(NEJ)
+++++

6.01.10

ကရင်မိန်းကလေးငယ်များကို နအဖစစ်တပ် ပေါ်တာဆွဲ


မြန်မာပြည်တောင်ပိုင်း၊ တနင်္သာရီတိုင်းရှိ နအဖစစ်တပ်က ရှေ့တန်းစစ်မျက်နှာ၌ ရိက္ခာသယ်ရန် ဒေသခံ ကရင်ရွာသားများကို ပေါ်တာဆွဲရာတွင် မိန်းကလေးငယ်များကိုလည်း ခေါ်ဆောင်နေကြောင်း မွန်လူ့အခွင့်အရေးဖောင်းဒေးရှင်း (HURFOM) က ပြောသည်။ပေါ်တာအထမ်းသမားအတွက် ကရင်ရွာသားများကို ပြီးခဲ့သည့် ဒီဇင်ဘာ (၂၉) ရက်၌ ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ထီးချောင်းဝနှင့် ကင်းနီးခြံကျေးရွာမှ မိန်းကလေးများကိုလည်း ခေါ်ဆောင်သွားကြောင်း၊ တပတ်ပြည့်မြောက်ပြီးဖြစ်သော်လည်း ရွာသားအများစုမှာ နေအိမ်များသို့ ပြန်မရောက်ကြသေးကြောင်း သိရသည်။
(NEJ)
+++++

ကချင် သတင်းစာကို အစိုးရတပ်က တည်းဖြတ်


ချင်းမိုင် (မဇ္ဈိမ)။ ။ ကချင်ဘာသာဖြင့် နှစ်စဉ် ထုတ်ဝေလာခဲ့သော “JInghpaw Mungdaw Nsen” (ဂျိန်းဖော သတင်းစာ) စာစောင်ကို ယခုနှစ်တွင် အစိုးရတပ်က ဦးဆောင် တည်းဖြတ်မှုများ ပြုလုပ်နေသည်။

ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲ ကျင်းပရေး ကော်မတီက ထုတ်ဝေသော သတင်းစာတွင် ပါရှိသော သတင်း၊ ဆောင်းပါးများ အားလုံးကို ဗမာလို ပြန်ဆိုပေးရပြီး တည်းဖြတ်မှုကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်သားများလက်သို့ အပ်ထားကြရသည်။စစ်တိုင်းဌာနချုပ် လိုချင်သည့်အတိုင်း မလိုက်နာလျှင် စာစောင် ထုတ်ခွင့်မပေး.
+++++

ပုဂ္ဂလိက စာပေဆုများကို စာပေစာနယ်ဇင်းမှ သတိပေး


ပုဂ္ဂလိက စာပေဆုများ၊ စာမူဆုများ ပေးအပ်ခြင်း၊ ရွေးချယ်ခြင်းအားလုံးကို မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့က စိစစ် ကြပ်မတ်တော့မည်ဖြစ်သည်။

ပုဂ္ဂလိက စာပေဆုနှင့် စာမူဆုများမှာ များသောအားဖြင့် ကိုယ်ပိုင်ရွေးချယ်ရေး မူဝါဒ၊ စံတို့ဖြင့် စိစစ်ရွေးချယ်လေ့ရှိသော်လည်း ယခုနှစ်တွင်မူ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့က ယင်းသို့ ရွေးချယ်မှုများကို အဖွဲ့သို့ အသိပေးအကြောင်းကြားပြီးမှသာ လုပ်ဆောင်ရန် သတိပေးလိုက်ခြင်းဖြစ်သည်။
(NEJ)
+++++

အလွမ်းများနှစ် ဧရာဝတီ ရိုက်ကူး

နယူးဒေလီ (မဇ္ဈိမ) ။ ။ နာဂစ် မုန်တိုင်းသင့် ဒေသအတွက် ရန်ပုံငွေ ရှာဖွေမည့်အနေဖြင့် “အလွမ်းများနှစ် ဧရာဝတီ” အမည်ရ ဒီဗီဒီ ဇာတ်ကားကို ဂျပန်နိုင်ငံရောက် မြန်မာများ ရိုက်ကူးနေကြောင်း သိရသည်။

၂၀၀၈ မေလတွင် ဧရာဝတီတိုင်းအတွင်း နာဂစ် မုန်တိုင်း တိုက်ခတ်သည့် ဖြစ်ရပ်များကို နောက်ခံ ဇာတ်အိမ်ဖွဲ့ကာ ဂျပန်ရောက် မြန်မာနိုင်ငံသား ၅၀ နီးပါးဖြင့် ရိုက်ကူးနေခြင်း ဖြစ်ပြီး၊ ယခုနှစ် မေလထဲတွင် နိုင်ငံတကာသို့ ဖြန့်ချီရောင်းချကာ ရန်ပုံငွေ ရှာသွားမည် ဖြစ်သည်။

မုန်တိုင်းသင့် မိသားစုဝင်များကို နိုင်ငံတကာမှ မမေ့ကြရန် ရည်ရွယ် ရိုက်ကူးခြင်းဖြစ်ပြီး ပြသချိန် ၁ နာရီခွဲ ကြာမြင့်မည်ဖြစ်ကာ မြန်မာစကားပြော၊ ဂျပန် အင်္ဂလိပ် ဘာသာတို့ဖြင့် စာတမ်းထိုးမည်ဖြစ်သည်။
+++++

ပုဂံဒေသ ကျေးရွာများသို့ ကမ္ဘာလှည့်ခရီးသွားများကို ပိတ်ပင်


ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံဒေသရှိကျေးရွာများသို့ ကမ္ဘာလှည့်ခရီးသွားများ သွားရောက်လေ့လာခွင့်ကို စစ်အစိုးရက ယခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ပိတ်လိုက်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက ပြောသည်။

ယင်းသို့ပိတ်ထားသည်မှာ မှန်ကန်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက အတည်ပြုပြောဆိုသော်လည်း မည်သည့်အတွက် ပိတ်သည်ကို ပြောဆိုခြင်းမရှိပေ။
(NEJ)
----------------

7.01.10

သတင်းထောက် မလှလှဝင်းကို ပြစ်ဒဏ်ချမှတ်မှု


သတင်းထောက် မလှလှဝင်းကို ထောင်ဒဏ် (၂၇) နှစ် ချမှတ်လိုက်ခြင်းသည် ၂၀၁၀ ရွေးကောက်ပွဲကာလအတွင်း သတင်းရယူခွင့်ကို ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်ဟု ၀ါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်က သုံးသပ်ပြောကြားလိုက်သည်။
(NEJ)
+++++

ထောင်တွင်း လွတ်လပ်ရေး အခမ်းအနား ပျက်ပြားသွား


ချင်းမိုင် (မဇ္ဈိမ)။ ။ မြစ်ကြီးနားထောင်တွင်း လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပရန် နိုင်ငံရေး အကျဉ်းသားများက စီစဉ်ခြင်းကို အာဏာပိုင်များက တားမြစ်သဖြင့် ပျက်ပြားသွားခဲ့ရသည်။

အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်ခဲ့သည့် ၆၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို နာမည်ကျော် ဟာသသရုပ်ဆောင် ဇာဂနာ အပါအဝင် အတိုက်အခံ နိုင်ငံရေးသမားများက ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျင်းပလိုသော်လည်း အကျဉ်းဦးစီး ဝန်ထမ်းများက တားမြစ်ခဲ့သည်။
+++++

မယ်လစခန်းမှ ပထမအသုတ်ဒုက္ခသည်များ ဂျပန်သို့သွားရန် လူတွေ့စစ်ဆေးမည်


ဂျပန်နိုင်ငံက ပထမဦးဆုံးလက်ခံမည့် မယ်လဒုက္ခသည်စခန်းမှ မြန်မာဒုက္ခသည် (၃၀) သည် လာမည့်စက်တင်ဘာတွင် ဂျပန်နိုင်ငံသို့ စတင်ထွက်ခွာကြမည်ဖြစ်သည်။

ဂျပန်နိုင်ငံ၏ မြန်မာဒုက္ခသည်များအတွက် စမ်းသပ်မည့် (၃) နှစ်စီမံကိန်းအရ ဂျပန်အစိုးရကိုယ်စားလှယ်အဖွဲ့သည် ယမန်နှစ်ကုန်ပိုင်းက ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းသို့ လာရောက်လေ့လာခဲ့ပြီးနောက် ဒုက္ခသည်များ လက်ခံမည့်အစီအစဉ် စတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းအရ ထိုင်းနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းများထဲမှ တနှစ်လျှင် ဒုက္ခသည် (၃၀) ကို (၃) နှစ် စီမံကိန်းဖြင့် ဂျပန်နိုင်ငံက ခေါ်ယူခြင်းဖြစ်သည်။

မြန်မာဒုက္ခအများစုမှာ လူဦးရေ အကန့်အသတ်မရှိ ခေါ်ယူသည့် နိုင်ငံများသို့သာ သွားရောက်အခြေချလိုကြပြီး ဂျပန်နိုင်ငံသို့ သွားရောက်အခြေချလိုမှုကို စိတ်ဝင်စားသူ အလွန်နည်းပါးသည်ဟု မယ်လဒုက္ခသည်စခန်း၏ ဒု-ဥက္ကဋ္ဌစောထွန်းထွန်းက ပြောသည်။
(NEJ)
----------------

8.01.10

အန်အယ်လ်ဒီက ဗဟိုအလုပ်အမှုဆောင်များ ထပ်တိုး


အဓိက နိုင်ငံရေးပါတီကြီးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်သစ် (၇) ဦးမှ (၉) ဦးအထိ ထပ်တိုးဖွဲ့စည်းမည်ဖြစ်သည်။

နှစ်ပေါင်း (၂၀) ကျော် နိုင်ငံအာဏာကို သိမ်းယူထားသည့် စစ်အစိုးရက စစ်သား (၄) ပုံ (၁) ပုံ ပါသည့် အစိုးရသစ်ကို အာဏာလွှဲပြောင်းမည်ဆိုသည့် ယခုနှစ်တွင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီ အန်အယ်လ်ဒီက ပါတီလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ထပ်တိုးဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

“စီအီးစီ (၇) ဦး၊ ဒါမှမဟုတ် (၉) ဦး ထပ်တိုးဖွဲ့စည်းမှာ ဖြစ်ပါတယ်။ လာမယ့် တနင်္လာနေ့ အစည်းအဝေးမှာ အတည်ပြု ခန့်အပ်မှာပါ” ဟု အန်အယ်လ်ဒီ ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ဆွေက အတည်ပြုပြောကြားသည်။

ယခင် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ အပါအ၀င် ဗဟိုအလုပ်အမှုဆောင် (စီအီးစီ) အဖွဲ့ဝင် (၁၁) ဦးရှိရာမှ ယခု (၇) ဦးမှ (၉) ဦးအထိ ထပ်မံတိုးချဲ့မည်ဖြစ်ရာ စီအီးစီအဖွဲ့ဝင် (၁၈) ဦးမှ (၂၀) အထိ ရှိလာမည်ဖြစ်သည်။

ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်သစ်များစာရင်းကို လာမည့် တနင်္လာနေ့ အဖွဲ့ချုပ်အစည်းအဝေးတွင် တင်သွင်းအတည်ပြု သတင်းထုတ်ပြန်မည်ဖြစ်သည်။
(NEJ)
+++++

ကချင်မနောပွဲ စည်းကမ်းများ ကြိုတင်သတ်မှတ်


ရွှေလီ (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် ကျင်းပနေသည့် ၆၂ နှစ်မြောက် ပြည်နယ်နေ့ မနောပွဲတော် ကျင်းပရန် အာဏာပိုင်များက စည်းကမ်းချက်များကို ကြိုတင် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

စည်းကမ်းထဲတွင် မနောပွဲအတွင်း ငြိမ်းချမ်းရေး အဖွဲ့များမှ ယူနီဖောင်းနှင့် လက်နက်ခဲယမ်းများ မယူဆောင်ရန်၊ ဂေါ်ရခါးလူမျိုးများ ကပြဖျော်ဖြေခြင်း မပြုရန်၊ သတင်းလွှာနှင့် မှတ်တမ်းတင် ဗီဒီယိုရိုက်ရာတွင် အာဏာပိုင်များထံ ခွင့်ပြုချက်ယူရန် ပါဝင်သည်ဟု ပွဲတော် ဖြစ်မြောက်ရေး ကော်မတီနှင့် နီးစပ်သူတဦးက ပြောသည်။

ထို့ပြင် တူမီးများ ဒူးလေးများဖြင့် ဆန်းသစ်စွာ မကရန်၊ နိုင်ငံခြားသားများကို တွေ့ဆုံရာတွင် တံခါးပိတ် မတွေ့ရန်၊ အစီအစဉ် ကြေညာခြင်းများနှင့် အရေးကြီး ပုဂ္ဂိုလ်များ၏ မိန့်ခွန်းများကို စစ်ဖက်ဆိုင်ရာ လုံခြုံရေး - စရဖ သို့ ကြိုတင်တင်ပြရန် ပါဝင်သော အချက် ၁၃ ချက်ဖြစ်သည်။
+++++

မွန်အမျိုးသားနေ့ ပိုစတာပါ စာသား ဖြုတ်ခိုင်းမှု နအဖအား မွန်အမျိုးသားများ ဝေဖန်

လာမည့် ဇန်နဝါရီ (၃၀) ရက်တွင် ကျရောက်မည့် (၆၃) ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာပါ စာသားများအား နအဖအာဏာပိုင်တို့က ဖြုတ်ခိုင်းခြင်းသည် တိုင်းရင်းသားတို့၏ အခြေခံရပိုင်ခွင့် အခွင့်အရေးတို့ကို လျစ်လျူရှုလိုက်ခြင်းဖြစ်ကြောင်း ဝါရင့် မွန်နိုင်ငံရေးသမားတဦးက ပြောကြားသည်။မွန်အမျိုးသားနေ့ပိုစတာ၌ ပါသည့် သက္ကရာဇ် ၁၀၅၇ ခုနှစ်သည် မြန်မာဘုရင် အနော်ရထာက သုဝဏ္ဏဘူမိ သထုံပြည် မွန်နိုင်ငံတော်ကို သိမ်းပိုက်ကာ မွန်ဘုရင် မနူဟာမင်းနှင့်တကွ ပိဋကတ်သုံးပုံနှင့် ပညာရှင်များပါမကျန် ရှေ့ဟောင်းအမွေအနှစ် အားလုံးကို ပုဂံသို့ ဆောင်ယူသွားခဲ့သည့်ခုနှစ် ဖြစ်သောကြောင့် ယင်းကဲ့သို့ မဖော်ပြရန် အာဏာပိုင်တို့က ခေါ်ယူသတိပေးခဲ့ခြင်း ဖြစ်နိုင်ကြောင်း အဆိုပါ ဝါရင့် မွန်နိုင်ငံရေးသမားက ဆက်လက်ပြောကြားသည်။
(NEJ)
+++++

လျှို့ဝှက် မှတ်တမ်းကြောင့် သေဒဏ်ကျသူများ အယူခံဝင်မည်


ချင်းမိုင် (မဇ္ဈိမ)။ ။ နအဖ စစ်ခေါင်းဆောင် နှစ်ဦး၏ ရုရှားနှင့် မြောက်ကိုရီးယား ခရီးစဉ် လျှို့ဝှက် မှတ်တမ်းများ ပေါက်ကြားမှုဖြင့် အင်းစိန်ထောင် အထူးတရားရုံးက ယမန်နေ့တွင် သေဒဏ်ချမှတ်ခဲ့သူ နှစ်ဦးအတွက် အယူခံဝင်ရန် ရှေ့နေများ ပြင်ဆင်နေကြောင်း သိရသည်။

အငြိမ်းစား ဗိုလ်မှူး ဝင်းနိုင်ကျော်နှင့် နိုင်ငံခြားရေးရုံး ဥရောပရေးရာ ဌာနမှ အကြီးတန်းစာရေး ကိုသူရကျော် တို့အတွက် အယူခံဝင်ရန် ၄င်းတို့၏ ရှေ့နေများက ယနေ့မှ စတင်၍ ပြင်ဆင်နေပြီဟု အင်းစိန်ထောင် အသိုင်းအဝိုင်းမှ တဆင့် စုံစမ်းသိရှိရခြင်း ဖြစ်သည်။
+++++

ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်အတွင်း ယူနီဖောင်းဝတ်ခွင့် ပိတ်

ယခုလ (၅) ရက်မှ (၁၁) ရက်အထိ မြစ်ကြီးနားမြို့တွင် ကျင်းပနေသည့် (၆၂) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော်အတွင်း ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) အား ၎င်းတို့၏စစ်ယူနီဖောင်းဝတ်ခွင့် နအဖဘက်က တားမြစ်ပိတ်ပင်ထားသည်။

ယမန်နှစ်က ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်၊ မနောပွဲများတွင် စစ်ယူနီဖောင်းဝတ်ဆင်ထားသည့် ကေအိုင်အိုတပ်ဖွဲ့ဝင် (၁,ဝဝဝ) ကျော် ပါဝင်ဆင်နွှဲနိုင်ခဲ့သော်လည်း ၂၀၁၀ ခုနှစ်တွင် ယခုကဲ့သို့ပိတ်ပင်ထားသဖြင့် လူအင်အား (၁ဝဝ) ခန့်သာ တက်ရောက်မည်ဟု ကေအိုင်အိုအဖွဲ့နှင့် နီးစပ်သူ မြစ်ကြီးနားဒေသခံတဦးက ပြောသည်။
(NEJ)
+++++

တက်ကြွသူများ ထောင်ဒဏ် ၇၁ နှစ်အထိ အမြင့်ဆုံး ကျခံရ

နယူးဒေလီ (မဇ္ဈိမ)။ ။ မန္တလေး အိုးဖိုထောင်တွင် ၃ လခန့် အချုပ်ခံထားရသည့် မန္တလေးတိုင်း မြို့နယ် ၃ မြို့နယ်မှ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၁၅ ဦးကို ထောင်တွင်း တရားရုံးက ပြီးခဲ့သည့်လ ၃၀ ရက်နေ့တွင် အနိမ့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၂ နှစ်မှ အမြင့်ဆုံး ၇၁ နှစ်အထိ အသီးသီး ချမှတ်ခဲ့သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း မြင်းခြံ၊ ညောင်ဦးနှင့် ကျောက်ပန်းတောင်းမြို့တွင် အထူး ရဲသတင်းတပ်ဖွဲ့က အကြောင်းပြချက်မရှိ သူတို့ကို ဖမ်းဆီးသွားခဲ့သလို၊ မိသားစုများနှင့်ပါ တွေ့ဆုံခွင့်မပြုဘဲ ယခုလို ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း ယခုလ ၆ ရက်နေ့တွင် ထောင်ဝင်စာ စတင်တွေ့ခွင့်ရခဲ့သူ မိသားစုဝင်တဦးက ပြောပြခြင်း ဖြစ်သည်။
ကိုမျိုးဟန်ကို အီလက်ထရောနစ် အက်ဥပဒေဖြင့် ၁၅ နှစ်၊ မတရားအသင်း ၃ မှုဖြင့် ၉ နှစ်၊ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ရန် လှုံ့ဆော်မှုဖြင့် ၂ နှစ်၊ ပုံနှိပ်အက်ဥပဒေ ၂ မှုဖြင့် ၁၄ နှစ်၊ အသင်းအဖွဲ့ပုဒ်မ ၂ ခုဖြင့် ၈ နှစ်၊ ရုပ်မြင်သံကြား ဥပဒေဖြင့် ၃ နှစ် စသဖြင့် စုစုပေါင်း ၅၁ နှစ် ချမှတ်ခဲ့ကြောင်း ရှေ့နေ ဦးမြင့်သွင်ထံမှ အသေးစိတ် သိရသည်ဟု သူက ပြောဆိုသည်။

ကျန်ရှိသည့် မြင်းခြံမြို့မှ ဖြစ်ကြသည့် ဦးနန္ဒဝံသ ခေါ် ကိုအောင်နိုင်ဦးကို ၇၁ နှစ်၊ ဒေါက်တာဝင့်သူ ၂၈ နှစ်၊ ကိုကြည်စိုး ၂၂ နှစ်၊ ကိုစိုးရာဇာဖြိုး ၁၄ နှစ်၊ ကိုလှမျိုးကျော် ၁၄ နှစ်၊ ကိုကိုနိုင် ၂၈ နှစ်၊ ကိုသန်းထိုက်အောင် ၃၅ နှစ်၊ ကိုဝေဖြိုး ၁၁ နှစ် ချခဲ့သည်။ ၎င်းတို့သည် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ဖြစ်သည့်အပြင် နာဂစ် မုန်တိုင်းသင့် ဒုက္ခသည်များကို ကူညီခဲ့သူများလည်း ဖြစ်သည်။

ညောင်ဦးမှ ကိုမျိုးမင်းသန့် ၁၅ နှစ်၊ ဦးဇော်ဇော် ၅ နှစ်၊ ကိုကျော်ထွန်းလင်း ၅၂ နှစ်၊ ကျောက်ပန်းတောင်းမှ ကိုရဲခေါင် ၁၉ နှစ်နှင့် မချိုချိုသန်း ၈ နှစ် ပြစ်ဒဏ်ချသည့်အပြင် ကျောက်ပန်းတောင်းမြို့ သုခဝတီ ကျောင်းတိုက်တွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း ဖမ်းဆီးခံခဲ့ရသည့် ဦးဇောတိကကို ပြီးခဲ့သည့်လ ၁၀ ရက်နေ့က နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ရန် လှုံ့ဆော်မှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

၎င်းတို့ကို ထိုင်းနိုင်ငံရှိ မြန်မာ့အရေး လှုပ်ရှားသူများနှင့် ဆက်သွယ် လုပ်ကိုင်သည်ဟု စွပ်စွဲကာ ပုဒ်မ အမျိုးမျိုးဖြင့် စွဲချက်တင်၍ ပြစ်ဒဏ်ပေးခဲ့ခြင်း ဖြစ်သည်။
-------------------