Sunday, December 20, 2009

note 50

14.12.2009

ဒေါ်အောင်ဆန်းစုကြည်၏ ဂါရ၀ပြုရေးအစီအစဉ်
ဦးအောင်ရွှေထံ နအဖရဲချုပ် လာရောက်တွေ့ဆုံ


ဒေါ်အောင်ဆန်းစုကြည်က ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင်တို့သုံးဦးအား လာရောက်ဂါရ၀ပြုရန် အစီအစဉ်ရှိကြောင်း နအဖစစ်အစိုးရ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဦးအောင်ရွှေနေအိမ်သို့ ယနေ့လာရောက်ပြောဆိုသည်ဟု သိရသည်။

ယနေ့နံနက် (၁၀) နာရီခန့်တွင် ဗိုလ်မှူးချုပ်ခင်ရီက ဦးအောင်ရွှေထံ လာရောက်၍ သဘောထားမေးမြန်းကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောသည်။
(NEJ)
+++++

မြန်မာ့ဘိန်းထုတ်လုပ်မှု ကြောက်စရာကောင်းလောက်အောင် တိုးပွါးလာဟု ကုလပြော

ဘန်ကောက် (မဇ္ဈိမ)။ ။ မြန်မာ့ ဘိန်းထုတ်လုပ်မှုသည် ၂၀၀၆ ကတဲကစ၍ ၅၀%နီးပါး မြင့်တက်လာခဲ့သည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုရုံး (UNODC) အစီရင်ခံစာကဆိုသည်။

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ၃ နှစ်ဆက်တိုက် တိုးပွါးလာခဲ့သည်ဟု ကုလသမဂ္ဂ မူးယစ်တိုက်ဖျက်ရေး အေဂျင်စီက ပြောသည်။ လေ့လာချက်အရ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ဘိန်းစိုက်ပျိုးသောမြေမှာ ဟက်တာပေါင်း ၃၁၀၀၀ ရှိပြီး ယင်းသည် ယမန်နှစ်ကနှင့် နှိုင်းစာလျှင် ၁၁% တိုးတက်လာခြင်း ဖြစ်သည်။ ယမန်နှစ်ကနှင့် နှိုင်းစာလျှင် ဘိန်းထုတ်လုပ်မှုသည် မြင့်တက်လာသည်ဟု အစီရင်ခံစာက ဆိုသည်။ကုလအေဂျင်စီ က ဤဒေသသည် ကမ္ဘာ့အကြီးဆုံး အက်ဖီတမင်း (amphetamines) ကဲ့သို့သော လူလုပ် မူးယစ်ဆေးဝါးများကို ကမ္ဘာပေါ်တွင် အများဆုံးထုတ်လုပ်သည့် နေရာဖြစ်လာသည်ဟု မကြာမီက သတိပေး ပြောကြားခဲ့သည်။ ဤဒေသတွင် မြန်မာနိုင်ငံသည် အဓိကထုတ်လုပ်သူ နိုင်ငံတနိုင်ငံ ဖြစ်သည်။
(မဇ္ဈိမ)။
+++++


မြန်မာ့ကြယ်ငါးပွင့်ကို ဦးပိုင်လီမိတက် လွှဲပြောင်းယူရန် ညှိနိုင်း


နိုင်ငံပိုင် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းကို ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်မှ လွှဲပြောင်းလုပ်ကိုင်ရန် ညှိနှိုင်းနေသည်။

နိုင်ငံပိုင် လုပ်ငန်းတခုဖြစ်သည့် မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်းကို ဦးပိုင်လီမိတက်က ၂၀၁၀ မတိုင်မီ လွှဲပြောင်းလုပ်ကိုင်နိုင်ရေး ညှိနှိုင်းနေခြင်းဖြစ်သည်။ စစ်တပ်ကျောထောက်နောက်ခံ စီးပွားရေးအုပ်စုဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်က ၂၀၁၀ မတိုင်မီ အကျိုးအမြတ်များသည့် နိုင်ငံပိုင် စီးပွားရေးတခုဖြစ်သော မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းကို နှစ်ရှည် ငှားယမ်းလုပ်ကိုင်ခွင့်ရရန် စီစဉ်နေခြင်းဖြစ်သည်။
(NEJ)
+++++

စစ်တွေမြို့ သမိုင်းဝင် သင်္ချိုင်း နေရာပြောင်းရွှေ့ရမည်

ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှ ၂၂၅ နှစ် သက်တမ်းရှိ အာကျိတ်တော်ကုန်းရှိ သင်္ချိုင်းကို နေရာသစ်သို့ ပြောင်းရွှေ့ရန် အာဏာပိုင်များက အမိန့်ထုတ်ပြန်ထားသည်။

စစ်တွေမြောက်ဘက် ၂ မိုင်ခန့်အကွာမှ ၁၀ မိုင်ခန့်ဝေးသည့် မန်ဇီအရပ်သို့ လာမည့်လကုန်တွင် အပြီးသတ်ရွှေ့ရန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်သည့် အမ်းမြို့ရှိ ကျောက်ဖြူခရိုင် အေးချမ်းသာယာရေးရုံးက ယခုလဆန်းတွင် ထုတ်ပြန်ထားသည်။ ယင်းနေရာတွင် မိုးလေဝသစခန်းတခု တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း အမည်မဖော်လိုသည့် စစ်တွေမြို့ မယက မြို့နယ်ရုံးမှ ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။
ဒါကာ (မဇ္ဈိမ)။
+++++

အနုပညာကြေး မြင့်မားသောကြောင့် မိုက်ကယ်လန်း ဂီတပွဲ ပျက်

နာဂစ်ရန်ပုံငွေအတွက် ထူးကုမ္ပဏီက အဆိုပါဂီတပွဲကို ယခုလ (၁၈) ရက်နေ့တွင် ကျင်းပရန် စီစဉ်ညှိနှိုင်းခဲ့သော်လည်း အနုပညာကြေး မြင့်မားလွန်းသည့်အတွက် ငှားရမ်းရန် မတတ်နိုင်ခြင်းကြောင့် ယခုကဲ့သို့ ပွဲပျက်ခဲ့ခြင်းဖြစ်သည်။

မိုက်ကယ်လန်း တေးဂီတအဖွဲ့က ယခုလ (၁၂) ရက်နေ့က မလေးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ၎င်းတို့၏ဂီတပွဲတွင် ယခုနှစ်အတွက် ကမ္ဘာလှည့်ဂီတပွဲ နောက်ဆုံးပွဲစဉ်ဖြစ်ကြောင်း တရားဝင်ပြောကြားခဲ့သည်။

မိုက်ကယ်လန်း ဂီတအဖွဲ့၏ ဂီတပွဲလက်မှတ် တစောင်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၉၀) ခန့်ရှိနေရာ မြန်မာလူထုအတွက် ဈေးနှုန်း အဆမတန်များနေသည်ဟု သိရသည်။ပြည်တွင်း ပြည်ပ သတင်းဂျာနယ်များတွင် နာဂစ်ရန်ပုံငွေအတွက် မိုက်ကယ်လန်း တေးဂီတအဖွဲ့ ရန်ကုန်တွင် လာရောက်ဖျော်ဖြေမည် ဆိုသည်ကို ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇသား ပြည့်ဖြိုးတေဇ၏ ပြောကြားချက်ကို သတင်းရေးသားခဲ့ပြီးနောက် ဂီတပွဲလက်မှတ် စုံစမ်းသူများ အလုပ်ရှုပ်ခဲ့ကြကြောင်း သိရသည်။ သို့သော် မိုက်ကယ်လန်း ဂီတပွဲ ပျက်သည်ဆိုသည်ကိုမူ အသိပေးထုတ်ပြန်ခဲ့ခြင်း မရှိပေ။
(NEJ)
+++++

တိုင်းပြည်တည်ငြိမ်အေးချမ်းမှ ဘိန်းစိုက်ပျိုးမှု ကျဆင်းမည်ဟု
မူးယစ်လေ့လာသူများ ထောက်ပြ


မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားဒေသများ၌ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းရေး အကောင်အထည်ဖော်ရာတွင် နအဖ စစ်အစိုးရသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးကို အရင်ဦးဆုံး လုပ်ဆောင်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ဒေသခံ မူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာသူများက ပြောဆိုသည်။

အဓိကမှာ နိုင်ငံရေးအခြေအနေနှင့် အခင်းအကျင်းများကို နအဖစစ်အစိုးရက ပြောင်းလဲရန်လိုအပ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့မှ တာဝန်ခံ ဦးခွန်ဆိုင်းက ပြောသည်။လွန်ခဲ့သည့် (၂) နှစ်မှစ၍ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း တိုင်းရင်းသားဒေသများတွင် ဘိန်းစိုက်ပျိုးမှု (၂) ဆ တိုးပွားလာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ အစီရင်ခံစာ ယမန်နေ့က ထုတ်ပြန်ခဲ့ပြီးနောက် ဦးခွန်ဆိုင်းက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က လက်နက်ဝယ်ယူရန် ဘိန်းစိုက်ပျိုးလာသည်ဟူသော ကုလသမဂ္ဂ၏ စွပ်စွဲချက်မှာ မမှန်ကန်ကြောင်း ရှင်းပြသည်။နအဖ စစ်အစိုးရက အပြုသဘောမဆောင်ဘဲ အမိန့်အာဏာဖြင့် အတင်းအကျပ် စိုက်ခိုင်းနေသော ဘိန်းအစားထိုးသီးနှံ စီမံကိန်းမှာ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြောင့် အဟန့်အတားဖြစ်လာက တောင်သူများက ၎င်းတို့ဘ၀ ရပ်တည်နိုင်ရေး အတွက် ဘိန်းပြန်လည်စိုက်ပျိုးလာခြင်းဖြစ်ကြောင်း၊ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေ၏ မသေချာ၊ မရေရာမှုများကလည်း ဘိန်းစိုက်ပျိုးမှု ပိုမိုများပြားလာအောင် ဒေသခံတို့အား တွန်းပို့နေသကဲ့သို့ ဖြစ်နေကြောင်း မူးယစ်စောင့်ကြည့်လေ့လာသူတို့က ပြောဆိုကြသည်။
(NEJ)
++++


ဒေါ်စုနှင့် ရှေ့နေများ ဆွေးနွေး


ချင်းမိုင်(မဇ္ဈိမ)။ ။ နေအိမ်တွင် အချုပ်အနှောင် ကျခံနေရသော အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေ ၄ ဦးတို့ ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ရှေ့နေများဖြစ်သည့် ဦးဥာဏ်ဝင်း၊ ဦးကြည်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့သည် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ အတိုက်အခံခေါင်းဆောင်၏ နေအိမ်ခြံဝင်းဆီသို့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် ရောက်ရှိခဲ့ကြပြီး ၂၅ မိနစ်ခန့်အကြာတွင် နေအိမ်ဝင်းအတွင်း ဝင်ခွင့်ရခဲ့သည်။

၎ နာရီ ၃၅ မိနစ်တွင် ဆွေးနွေးမှု ပြီးဆုံးသွားခဲ့သော်လည်း သတင်းရဲတပ်ဖွဲ့က စောင့်ကြည့်နေခဲ့သော ခြံအတွင်းမှ နောက်ထပ်မိနစ် ၂၀ ခန့်အကြာတွင် ပြန်ထွက်လာကြသည်။
်(မဇ္ဈိမ)။
+++++

ကိုကိုးကျွန်းသို့ ဒုတိယခရီးစဉ် ထပ်မံပြေးဆွဲမည်

အများပြည်သူတို့အား သွားလာခွင့် ပိတ်ပင်ထားသည့် ကိုကိုးကျွန်းကို ဒုတိယအကြိမ်အဖြစ် လေ့လာရေးခရီးစဉ် သွားရောက်နိုင်ရန် စစ်အစိုးရက ထပ်မံခွင့်ပြုလိုက်ကြောင်း ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့်ဖွံ့ ဖြိုးရေးကောင်စီ (တယက) က ပြောကြားသည်။

အဆိုပါခရီးစဉ်ကို ယခုလ (၂၄) ရက်တွင် မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်းမှ သံလွင်သင်္ဘောဖြင့် သွားရောက်မည်ဖြစ်ကြောင်း တယကမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

သွားရောက်မည့်ကာလမှာ (၃) ညအိပ် (၄) ရက် ခရီးဖြစ်ပြီး သင်္ဘောတွင် (၂) ယောက် အိပ်ခန်း တခန်းလျှင် ကျပ် (၅) သောင်း၊ (၄) ယောက်အိပ်ခန်း တခန်းလျှင် ကျပ် (၄) သောင်းနှင့် ရိုးရိုးတန်းကို ကျပ် (၃) သောင်းခွဲ သတ်မှတ်ရောင်းချမည်ဟု ၎င်းက ပြောသည်။

အဆိုပါ သံလွင်သင်္ဘောဖြင့်ပင် ပြီးခဲ့သည့်နိုဝင်ဘာ (၂၀) ရက်တွင် ပထမအကြိမ်အဖြစ် ကိုကိုးကျွန်းသို့ ခရီးသည် (၄၀၀) ကျော် သွားရောက်ခဲ့ပြီးဖြစ်သည်။

ခရီးသည်အများစုမှာ အစိုးရဝန်ထမ်းများဖြစ်ကြပြီး အနုပညာသည်များ ပါဝင်ကြကာ နိုင်ငံပိုင် မီဒီယာများကို အသွားအပြန် ခရီးစရိတ်ငြိမ်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
(NEJ)
+++++


စီးပွားရေး နိုဘယ်လ်ဆုရှင် နေပြည်တော်ရောက်


(ချင်းမဇ္ဈိမ မိုင်) ။ ။စီးပွားရေး နိုဘယ်လ်ဆုရှင် ကိုလံဘီယာတက္ကသိုလ် ပါမောက္ခ ဂျိုးဇက်စတစ်လဇ်သည် မြန်မာနိုင်ငံ နေပြည်တော်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု ကျဆင်းရေး နဲ့ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ မူဝါဒအတွက် စစ်အစိုးရအရာရှိများနှင့် ဆွေးနွေးရန် အမေရိကန်နိုင်ငံသား ပညာရှင်သည် ရောက်လာခဲ့ခြင်း ဖြစ်သည်။

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် နေပြည်တော်၌ ဗိုလ်ချုပ်သိန်းစိန်က ကုလသမဂ္ဂ Under Secretary General နှင့် အာရှ နှင့် ပစိဖိတ်ဆိုင်ရာ စီးပွားရေး နှင့် လူမှု ရေးကော်မရှင် (ESCAP) ၏ အမှုဆောင် အတွင်းရေးမှူးချုပ် Dr. Noeleen Heyzer ခေါင်းဆောင်သော အဖွဲ့အား တွေ့ဆုံသည်ဟု ပါရှိသည်။ သို့သော် ဂျိုးဇက် စတစ်လဇ် ၏ ခရီးစဉ်ကိုတော့ ဖော်ပြခြင်းမပြုပေ။
(မဇ္ဈိမ)
+++++

16.12.2009

အန်အယ်လ်ဒီခေါင်းဆောင် (၃) ဦးကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဂါရ၀ပြု


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဦးအောင်ရွှေအပါအ၀င် ဗဟိုအလုပ်အမှုဆောင် (၃) ဦးကို ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နံနက်ပိုင်း၌ စိမ်းလဲ့ကန်သာဧည့်ရိပ်သာတွင် တွေ့ဆုံဂါရ၀ပြုခဲ့သည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

ဒီဇင်ဘာ (၁၄) ရက်တွင် နအဖစစ်အစိုးရ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးအောင်ရွှေနေအိမ်သို့ သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည်အား ဂါရ၀ပြုရေးအစီအစဉ်နှင့်ပတ်သက်၍ သဘောထားမေးမြန်းခဲ့ပြီးနောက် ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင်တို့ (၃) ဦးကို တနေရာတည်းတွင် စုစည်း၍ ဒေါ်အောင်ဆန်းစုကြည်က ဂါရ၀ပြုခွင့် ရရှိခြင်းဖြစ်သည်။

အန်အယ်လ်ဒီမှ ခေါင်းဆောင်ကြီး (၃) ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် သီးခြားတွေ့ဆုံစကားပြောကြားခွင့် ရသည်ဟုလည်း ဦးဉာဏ်ဝင်းက ပြောသည်။
(NEJ)
+++++

ပါတီတွင်း ပြုပြင်ပြောင်းလဲမှုလုပ်ရန် အန်အယ်ဒီ ခေါင်းဆောင်ကြီးများ သဘောတူ

ချင်းမိုင်(မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား ပြုပြင်ပြောင်းလဲရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီဗဟို အလုပ်အမှုဆောင် သက်ကြီးခေါင်းဆောင်များအကြား ယနေ့ သဘောတူလိုက်ကြသည်။

ဥက္ကဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးလွန်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စစ်အစိုးရ အစီအစဉ်ဖြင့် စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် ၁ နာရီကြာ တွေ့ဆုံစဉ် စစ်အစိုးရ၏ စိန်ခေါ်မှုကို ခံနေရသော ပါတီတွင်း ပြုပြင်ပြောင်းလဲမှု လုပ်ရန်လိုအပ်နေသည်ကို သဘောတူညီမှု ရခဲ့ကြသည်။ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး ရပ်တည်ချက်၊ နိုင်ငံရေး လုပ်ဆောင်ချက်များအား ဆက်လက် ထောက်ခံသွားမည်ဟု ဦးလွန်းတင်က ပြောကြားသွားသည်ဟုလည်း သူက ကိုးကားပြောသည်။

ပါတီခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဘက်စလုံးက ယနေ့ တွေ့ဆုံမှုအပေါ် ဝမ်းသာအားရ ကျေနပ်ခဲ့ကြဟန်ရှိသည်ဟု ပါတီသတင်းရပ်ကွက်များက ပြောသည်။

၂၀၀၇ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ရွှေတို့ တွေ့ဆုံခွင့် ရခဲ့သည်။
ချင်းမိုင်(မဇ္ဈိမ)။
+++++

သရော်စာဆရာ အီကြာကွေးကွယ်လွန်


သောကြာစာစောင်တွင် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော စာရေးဆရာဂုရုကြီး အီကြာကွေး အသက် (၇၂) နှစ်သည် ယမန်နေ့ ညနေက ရန်ကုန်ဆေးရုံကြီးတွင် လူကြီးရောဂါဖြင့် ကွယ်လွန်ကြောင်း မိသားစုဝင်တဦးက ပြောသည်။

စာစတင်ရေးသားစဉ်ကစ၍ စာပေလုပ်ငန်းများတွင်သာ တစိုက်မတ်မတ် အခြေချလုပ်ကိုင်ခဲ့ပြီး စာရေးခြင်းသက်သက်ဖြင့် ဘ၀ရပ်တည်ခဲ့ကာ အိမ်ထောင်မပြုဘဲ လူပျိုကြီးဘ၀ဖြင့် နေထိုင်ခဲ့သူဖြစ်သည်။

၎င်းနေထိုင်သော တောင်ဥက္ကလာပ (၁၂ ) ရပ်ကွက်ရှိ နေအိမ်နှင့်ခြံဝင်းကို ကြိုတင်လှူဒါန်း ထားပြီးဖြစ်ကြောင်း စာပေအသိုင်းအ၀ိုင်းနှင့် နီးစပ်သူများက ပြောသည်။
(NEJ)
+++++

စတစ်ဂ်လဇ်၏ လယ်ယာဖွံ့ဖြိုးမှုအကြံပြုချက် အန်အယ်ဒီကြိုဆို

ချင်းမိုင် (မဇ္ဈိမ)။ ။ ဘောဂဗေဒ နိုဘယ်လ်ဆုရှင် ဂျိုးဇက် စတစ်ဂ်လဇ်၏ မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အကြံပြုချက်ကို ကြိုဆိုလိုက်သော်လည်း ထိုအစီအစဉ်အတိုင်း ပြုပြင်ပြောင်းလဲမှု လုပ်လျှင်တောင်မှ စီးပွားရေး ဖွံဖြိုးတိုးတက်မှု လမ်းစတွေ့ရန် ဆယ်စုနှစ်ထက်ဝက်ကြာမြင့်နိုင်ဖွယ်ရှိသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးက သတိပေး ပြောကြားလိုက်သည်။

မနေ့က နေပြည်တော်တွင် ပြုလုပ်သော စစ်အစိုးရ အထက်ပိုင်း နှင့် တွေ့ဆုံ ဆွေးနွေးပွဲ၌ အမေရိကန် နိုင်ငံသား ကိုလံဘီယာ တက္ကသိုလ် ပါမောက္ခ မစ္စတာ စတစ်ဂ်လဇ်၏ “နိုင်ငံရေး နဲ့ စီးပွားရေး ခွဲ၍မရ” ဟူသော စကားကို သူက မီးမောင်းထိုး ပြောသွားသည်။

လက်ရှိတွင် စစ်အစိုးရအနေနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်နိုင်ရန် အခြေအနေမရှိကြောင်း ဦးခင်မောင်ဆွေက သုံးသပ်သည်။
ချင်းမိုင် (မဇ္ဈိမ)။
++++

17.12.2009

ကေအန်ယူ ထိန်းချုပ်ဒေသမှသစ်များ ခုတ်ခွင့် ပိုပေးနေ


ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ ဒေသတဝိုက်ရှိ ကေအန်ယူ တပ်မဟာ (၆) ထိန်းချုပ်ထားရာ မဲကသာခွင်အတွင်း သစ်ထုတ်လုပ်ခွင့်ကို ကေအန်ယူက ယမန်နှစ်ကထက် ပိုမိုလုပ်ကိုင်ခွင့်ပြုလိုက်ကြောင်း ဘုရားသုံးဆူမြို့မှ သစ်လုပ်ငန်းရှင်တဦးက ပြောသည်။နအဖစစ်တပ်၊ ဒီကေဘီအေ ပူးပေါင်းတပ်တို့နှင့် ကေအန်ယူအကြား (၁) လနီးပါး တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့သည့် အဆိုပါ တပ်မဟာ (၆) ဒေသကို ယခု ပွင့်လင်းရာသီတွင် နအဖနှင့် ဒီကေဘီအေတို့ဘက်က စစ်ဆင်ရေး ပြန်လည်စတင်ရန်ရှိပြီး ထိုဒေသကို ကေအန်ယူတို့ လက်လွှတ်ရနိုင်ကြောင်း ဒီကေဘီအေနှင့် နီးစပ်သူ စီးပွားရေးသမားတဦးက ပြောသည်။
(NEJ)
+++++

ဒေါ်စု ပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံခြင်းကို အမေရိကန်က ကြိုဆို


နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ စစ်အစိုးရက နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD မှ အသက်အရွယ် ကြီးရင့်ပြီး နာမကျန်း ဖြစ်နေသည့် ခေါင်းဆောင် ၃ ဦးနှင့် တွေ့ဆုံခွင့် ပြုခဲ့ခြင်းကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ယမန်နေ့က ကြိုဆိုလိုက်သည်။

အထိန်းသိမ်းခံ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အသက် ၉၂ နှစ်အရွယ်ရှိ NLD ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ၈၈ နှစ်အရွယ်ရှိ ဗဟိုအလုပ်အမှုဆောင် CEC ကော်မတီဝင် ဦးလွန်းတင်၊ ပါတီ အတွင်းရေးမှူး ဦးလွင်တို့နှင့် ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာ၌ ယမန်နေ့က တနာရီခန့်ကြာ တွေ့ဆုံခွင့်ပြုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီ CEC အဖွဲ့ဝင် လူကြီး ၃ ဦးနှင့် တွေ့ဆုံခွင့်ပြုရန် စစ်အစိုးရက ခွင့်ပြုခဲ့ခြင်းအပေါ် အမေရိကန်က ကြိုဆိုပါကြောင်း ယမန်နေ့က ကျင်းပသော နေ့စဉ်သတင်းစာရှင်းပွဲတွင် အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ အီယန် ကယ်လီ (Ian Kelly) က ပြောကြားခဲ့သည်။
နယူးဒေလီ (မဇ္ဈိမ)။
+++++

ကိုယ့်ဥပဒေ ကိုယ်ချိုးဖောက်ဟု ဒိန်းမတ်ရောက် မြန်မာများက EU ကို စွပ်စွဲ


နယူးဒေလီ (မဇ္ဈိမ)။ ။ ဥရောပသမဂ္ဂ EU က မြန်မာ စစ်အစိုးရကို ပြည်ဝင်ခွင့် ပိတ်ဆို့ အရေးယူဆဲ ဖြစ်သော်လည်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီးကို ဒိန်းမတ်နိုင်ငံသို့ ပြည်ဝင်ခွင့်ပြုခြင်းသည် မိမိဥပဒေကို မိမိ ချိုးဖောက်ခြင်းဖြစ်ကြောင်း ဒိန်းမတ်ရောက် မြန်မာ အတိုက်အခံများက ပြောဆို လိုက်ကြသည်။

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တွင် ကျင်းပနေသည့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ညီလာခံသို့ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းနှင့်အဖွဲ့ကို တက်ရောက်ခွင့်ပြုခဲ့သည့် EU ကို မြန်မာများက ထိုကဲ့သို့ စွပ်စွဲ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
(မဇ္ဈိမ)။
++++

18.12.2009

ကရင်နှစ်သစ်ကူးပွဲတော် ဗုံးပေါက်ကွဲမှု ကေအန်ယူ ဖြေရှင်း

ကရင်ပြည်နယ် ဖာပွန်မြို့တွင် ဗုဒ္ဓဟူးနေ့က ကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲတော်ည၌ ဗုံးပေါက်ကွဲခဲ့သဖြင့် လူအများ သေကျေဒဏ်ရာရရှိခဲ့သည့် ဖြစ်ရပ်သည် နအဖက ကေအန်ယူကို ချောက်တွန်းရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောက ပြောကြားလိုက်သည်။ နအဖသည် ၂၀၁၀ ရွေးကောက်ပွဲအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ပြဿနာရှာခြင်းဖြစ်ကြောင်း၊ မိမိတို့ တပ်ဖွဲ့အနေဖြင့် ဖာပွန်မြို့အနီးပတ်ဝန်းကျင်တွင်ပင် စစ်ရေးလှုပ်ရှားမှုများ လုံးဝမရှိကြောင်း၊ မိမိတို့အမျိုးသား ကရင်နှစ်သစ်ကူး ပွဲတော်ကို နအဖက ဖျက်ဆီးခြင်းသာဖြစ်သည်ဟု ပဒိုဒေးဗစ်သကဘောက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုတွင် အရပ်သား (၇) ဦးသေဆုံးပြီး (၁၁) ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ ယင်းဖြစ်ရပ်သည် ကေအန်ယူ၏ လုပ်ရပ်ဖြစ်ကြောင်း ယနေ့ထုတ် စစ်အစိုးပိုင် မြန်မာ့အလင်းသတင်းစာတွင် စွပ်စွဲထားသည်။
(NEJ)
+++++

ကိုညီညီအောင် အစာငတ်ခံ ဆန္ဒပြမှု ရပ်ဆိုင်း


နယူးဒေလီ (အိန္ဒိယ) ။ ။ အင်းစိန်ထောင်တွင်း အစာငတ်ခံ နေခဲ့သော အမေရိကန် နိုင်ငံသားဖြစ်သူ ကိုညီညီအောင်သည် ဆန္ဒပြမှု ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း သူ၏ ရှေ့နေက ပြောသည်။ အသက် ၄၀ အရွယ် ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်က အကျဉ်းသား အခွင့်အရေးပေးရန် ယခုလ ၄ ရက်နေ့မှ စတင်ကာ တောင်းဆိုခဲ့သည်။

အာဏာပိုင်များဘက်က လိုက်လျောမှု ရှိ၊ မရှိနှင့် မည်သည့်နေ့ရက်က ဆန္ဒပြမှု ပြီးဆုံးခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရဘဲ ရှိသည်။

ယနေ့တွင် အင်းစိန် တောင်ပိုင်းခရိုင် တရားရုံးက စွဲချက်နှစ်ခုအတွက် ရဲအရာရှိ သက်သေတဦးစီကို စစ်ဆေးခဲ့သည်။ လာမည့် ၂၉ ရက်နေ့တွင် အမှုတင်သင့်၊ မတင်သင့်ကို လျှောက်လဲချက် ပေးရမှာဖြစ်သည်။
(မဇ္ဈိမ)
+++++

ညစ်ညမ်းစီဒီနှင့်ဗွီဒီယိုခွေ (၅) သိန်းနီးပါး ဖျက်ဆီး


ဆင်ဆာမဲ့နှင့် ညစ်ညမ်းစီဒီနှင့် ဗွီဒီယိုအရေအတွက် (၅) သိန်းခန့်ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာ့ရုပ်ရှင်မြှင့်တင်ရေး လုပ်ငန်းက ဖျက်ဆီးလိုက်ကြောင်း အဆိုပါဌာနမှ ပြောခွင့်ရသူတဦးက ပြောသည်။

အဆိုပါအခွေနှင့် ဓာတ်ပြားများမှာ၂၀၀၄ ခုနှစ်နောက်ပိုင်း ဖမ်းဆီးရမိထားခြင်းဖြစ်ပြီး ယနေ့နံနက် (၇) နာရီခန့်တွင် မီးရှို့ခြင်း၊ လမ်းကြိတ်စက်ဖြင့် ကြိတ်နင်းဖျက်စီးခြင်းတို့ လုပ်ခဲ့ခြင်းဖြစ်သည်။

၂၀၀၄ ခုမှ ၂၀၀၉ ခု နိုဝင်ဘာလထိ ရန်ကုန်တိုင်းနှင့် မြန်မာတနိုင်ငံလုံးရှိ ပြည်နယ်နှင့်တိုင်းများမှ ဖမ်းဆီးရမိသော ဆင်ဆာမဲ့နှင့် ညစ်ညမ်းအခွေနှင့်ဓာတ်ပြားများ အရေအတွက်မှာ (၄၉၅,၃၇၅) ရှိကြောင်း၊ ၎င်းတို့အနက် ရန်ကုန်တိုင်းအတွင်းရှိ ရဲတပ်ဖွဲ့ စခန်းများမှ ဖမ်းဆီးရမိမှုမှာ အရေအတွက် (၂၅၉,၈၁၈) ရှိကြောင်း အဆိုပါဌာနက တရားဝင်ထုတ်ပြန်သည်။

အဆိုပါ စီဒီနှင့်ဗွီဒီယိုများတွင် တရားမ၀င် ဆင်ဆာမဲ့မြန်မာဗွီဒီယိုတိတ်ခွေ၊ နိုင်ငံခြားခွေ၊ ဗွီဒီယိုလေဆာဓာတ်ပြားများမှာ မြန်မာကာရာအိုကေ၊ မြန်မာဇာတ်ကား၊ နိုင်ငံခြားဇာတ်ကားနှင့် ညစ်ညမ်းကားများပါဝင်ကာ စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် (၂,၄၇၆) သိန်းကျော်တန်ဖိုးရှိကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ၀န်ထမ်းတဦးက ပြောသည်။
(NEJ)
+++++

ဝ တပ်များ အရေးပေါ် တိုးချဲ့နေဟုဆို

ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရက နယ်ခြားစောင့် တပ်အဖြစ် ပြောင်းလဲရန် ဖိအားပေး ခံနေရသော ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA က အရေးပေါ် တပ်တိုးချဲ့ ပြင်ဆင်မှုများ ရှိနေသည်ဟု လေ့လာသူများက ပြောသည်။

ယခင်က ဝ တပ်အတွင်း တာဝန် ထမ်းဆောင်ဖူးပြီး တရုတ်ပြည်တွင်း သွားရောက် အခြေချ နေထိုင်နေသည့် တပ်ဖွဲ့ဝင်ဟောင်းများကို ပြန်လည်ခေါ်ယူလိုက်ခြင်းဖြစ်သည်။ အင်အား မည်မျှတိုးလာခဲ့သည်ကိုမူ အသေးစိတ် ပြောပြနိုင်ခြင်း မရှိသော်လည်း UWSA တွင် စစ်သည် အင်အား ၃ သောင်းခန့် ရှိမည်ဟု ယခင်က ခန့်မှန်းကြသည်။
ချင်းမိုင် (မဇ္ဈိမ)။
+++++

နာဂစ် ပြန်လည်ထူထောင်ရေး ဂျပန်က (၅.၆) သန်း ကူညီ


နာဂစ်ဒဏ်သင့် ဒေသများထဲမှ ကမ်းရိုးတန်းဒေသများတွင် စာသင်ကျောင်း (၂၀) တည်ဆောက်ရန်အတွက် ဂျပန်အစိုးရက ထောက်ပံ့ငွေ ဂျပန်ယန်း သန်း ၅၈၀ (ကန်ဒေါ်လာ ၅.၆ သန်း) ပေးအပ်ရန် သဘောတူလိုက်ပြီဖြစ်သည်။

ဘိုကလေးနှင့် လပွတ္တာတွင် မုန်တိုင်းဒဏ်ခံ စာသင်ကျောင်း (၂၀) တည်ဆောက်ရန်အတွက် စစ်အစိုးရနှင့် ဂျပန်အစိုးရတို့ နေပြည်တော်တွင် ယခုလပထမပတ်အတွင်း၌ သဘောတူလက်မှတ်ရေးထိုးကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံးက သတင်း ထုတ်ပြန်သည်။

ယင်းထောက်ပံ့ငွေကို မည်သို့ စီမံခန့်ခွဲမည်ကို အသေးစိတ်မထုတ်ပြန်သော်လည်း ပုံမှန် လုပ်ထုံးလုပ်စဉ်အရမူ အန်ဂျီအိုများမှ တဆင့် စီမံခန့်ခွဲနေသည်ဟု လပွတ္တာအခြေစိုက် အန်ဂျီအိုဝန်ထမ်းများက ပြောသည်။
(NEJ)
+++++

ရွှေ့ပြောင်းမြန်မာလုပ်သားများ ဆန္ဒပြပွဲရပ်



ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံရှိ ကြက်သားစက်ရုံတခုမှ မြန်မာလုပ်သားများက တရားဝင်အလုပ်ချိန် သတ်မှတ်ပေးရန်နှင့် အချိန်ပို လုပ်အားခ တိုးတောင်းသည်ကို အလုပ်ရှင်က သဘောတူသဖြင့် ဆန္ဒပြပွဲ ပြီးဆုံးသွားပြီ ဖြစ်သည်။

ဘန်ကောက်မြို့ Pepchaburi ခရိုင် စမုန်ဒေါအရပ်ရှိ Sahafarm ကြက်သားစက်ရုံ၌ မြန်မာလုပ်သား ၄၀၀၀ ခန့်က ယနေ့ အလုပ်မဆင်းဘဲ နေခဲ့ကြသည်။

မွန်းလွဲ ၂ နာရီခန့်တွင် အလုပ်ချိန် ၈ နာရီ သတ်မှတ်ပေးရန်၊ အချိန်ပိုကြေးကို တနာရီ ဘတ် ၂၀ မှ ၃၀ ဘတ်သို့ တိုးပေးရန် အပါအဝင် အချက် ၅ ချက်ကို အလုပ်ရှင်နှင့် အလုပ်သမားများအကြား သဘောတူခဲ့သည်။
ချင်းမိုင် (မဇ္ဈိမ)
+++++

သတင်းစာပညာသင်တန်းများ ထပ်မံပေးသွားဦးမည်


၂၀၁၀ ပြည့်နှစ်အတွင်းတွင် သတင်းစာပညာသင်တန်းများကို မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းက ပို့ချပေးသွားဦးမည် ဖြစ်ကြောင်း စာပေနှင့်စာနယ်ဇင်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတဦးထံမှ သိရသည်။

စာနယ်ဇင်းသင်တန်းများကို ပြန်ကြားရေးဝန်ကြီးက ချမှတ်သောမူအရ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းက ကြီးမှူး၍ ပို့ချရခြင်းဖြစ်ကြောင်း ၂၀၀၉ ခုနှစ်အတွင်း ၃/၂၀၀၉ စာနယ်ဇင်းသတင်း သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့ရုပ်ရှင်လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။စာပေနှင့်စာနယ်ဇင်းကလည်း ပြန်ကြားရေးဝန်ကြီးကိုပဲ အရာရာတင်ပြနေရသဖြင့် သတင်းစာပညာသင်တန်းများ မည်မျှပေးနေစေကာမူ ပြည်တွင်း၌ ပြောင်းလဲမှုတခုခု မရမချင်း မြန်မာမီဒီယာလောက အဆင့်မြင့်လာနိုင်စရာမရှိကြောင်း ပြည်တွင်းမီဒီယာအသိုင်းအ၀ိုင်းက ယူဆကြသည်။
(NEJ)
-----------------

Sunday, December 13, 2009

note 49

7.12.2009

ကိုညီညီအောင် အင်းစိန်ထောင်အတွင်း အစာငတ်ခံဆန္ဒပြ

စစ်အစိုးရ၏ ဖမ်းဆီးခြင်းခံနေရသည့် ကိုညီညီအောင်သည် သောကြာနေ့ ညနေပိုင်းမှစတင်ကာ အင်းစိန်ထောင်အတွင်း၌ အစာငတ်ခံဆန္ဒပြနေကြောင်း ၎င်း၏အဒေါ်ဖြစ်သူ ဒေါ်စုစုကြည်က ပြောသည်။

ဘန်ကောက်မြန်မာသံရုံး၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သော မြန်မာလူမျိုး အမေရိကန်နိုင်ငံသား ကိုညီညီအောင် (ခ) ကိုကျော်ဇောလွင်ကို နအဖစစ်အစိုးရက ဖမ်းဆီးခဲ့ပြီးနောက် အောက်တိုဘာ (၁၄) ရက်နေ့၌ အင်းစိန်ထောင်တရားရုံးတွင် အမှုစွဲတင်ခဲ့သည်။
(NEJ)
+++++

ဒေါက်တာဝင့်သူနှင့် တက်ကြွသူများ အမှုအတွက် ရှေ့နေပါဝါ တောင်းခံ

အိန္ဒိယ (မဇ္ဈိမ)။ ။ မန္တလေးတိုင်း မြင်းခြံမြို့မှ ဒေါက်တာဝင့်သူ အပါအဝင် နာဂစ်မုန်တိုင်းသင့်များကို ကူညီခဲ့သူ ၁၃ ဦး အမှုကို လိုက်ပါဆောင်ရွက်ရန်အတွက် ရှေ့နေ ၄ ဦးက ယနေ့တွင် မန္တလေး အုတ်ဖိုထောင်တွင်းသို့ ကိုယ်စားလှယ်လွှဲစာများ ပေးပို့လိုက်ကြပြီ ဖြစ်သည်။

မန္တလေးမြို့မှ ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးရွှေလှ အပါအဝင် ရှေ့နေ ၄ ဦးက ကိုယ်စားလှယ်လွှဲစာ (ရှေ့နေပါဝါ) ရရှိရန်အတွက် အုတ်ဖိုထောင် ဝန်ထမ်းမှတဆင့် ဒေါက်တာဝင့်သူတို့ထံ ပေးပို့လိုက်ခြင်း ဖြစ်သည်။

ရှေ့နေ ဦးရွှေလှနှင့်အတူ ဦးမြင့်သွင်၊ ဦးမျိုးဆွေနှင့် ဦးကျော်စိုးဟိန်း အစရှိသည့် ရှေ့နေများက လိုက်ပါဆောင်ရွက်ပေးမည်ဖြစ်ကာ၊ အမှုနှင့်ပတ်သက်၍ မည်သည့်ပုဒ်မဖြင့် တရားစွဲမည်၊ မည်သည့်တရားရုံးတွင် တရားစွဲမည်ကို အမှုသည် ကာယကံရှင်များနှင့် မတွေ့ရသေးသဖြင့် ရှေ့နေများအနေဖြင့် မသိကြသေးပါ။

ယနေ့တွင် ဒေါက်တာဝင့်သူ အမှုတွဲထဲမှ အချို့ကို တရားရုံးထုတ်ရန်အတွက် အုတ်ဖိုထောင်မှ ခေါ်သွားခဲ့ကြောင်း ရှေ့နေ ဦးမြင့်သွင်က ပြောသည်။
(မဇ္ဈိမ)
+++++

သေဆုံးခဲ့သူ ကျောင်းသူလေး၏ မိသားစုအား
အထူးကုဆေးခန်းက တောင်းပန်ပြီ


ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကုဆေးခန်း SSC ၌ ဆေးကုသရာမှ သေဆုံးခဲ့ရသော မခိုင်ရွှန်းလဲ့ရည်နှင့်ပတ်သက်၍ ၎င်း၏မိဘများအား ဆေးခန်းမှ မန်နေးဂျင်းဒါရိုက်တာနှင့် ဒါရိုက်တာအဖွဲ့ဝင် စုစုပေါင်း (၄) ဦးက လာရောက်တောင်းပန်ကြပြီ ဖြစ်ကြောင်း ယနေ့ထုတ် ၀ီးကလီးအယ်လဲဗင်းဂျာနယ်တွင် ရေးသားဖော်ပြသည်။

အဆိုပါ သတင်းမှန်ကန်ကြောင်း၊ ၎င်းတို့ကို ကျေနပ်အောင် တောင်းပန်သွားကြောင်းနှင့် (၂) နာရီခန့် စကားပြောဆိုသွားကြောင်း မိသားစုက ပြောသည်။
(NEJ)
+++++

ကျပ်သိန်း ၅၀၀၀ တန်ဖိုးရှိ ရွှေထည်များ ခိုးယူမှု တရားခံ မမိသေး

နယူးဒေလီ (မဇ္ဈိမ) ။ ။ နေပြည်တော်တိုင်း ပျဉ်းမနားမြို့ရှိ မြမြင့်မိုရ်ရွှေဆိုင်မှ သိန်းပေါင်း ၅၀၀၀ နီးပါး တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ယခုလ ၃ ရက်နေ့တွင် ပျောက်ဆုံးခဲ့ရာ တရားခံကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ရဲသတင်းရပ်ကွက်က ဆိုသည်။

ရွှေချီရပ်ကွက် ဗိုလ်ချုပ်လမ်းတွင် ရွှေဆိုင်ဖွင့်ထားသည့် မြမြင့်မိုရ်ပိုင်ရှင်များသည် ယခုလ ၃ နေ့တွင် ရွှေထည်များ ပျောက်ဆုံးနေသည်ကို သိရှိရာမှ တိုင်တန်းလာသဖြင့် မြို့နယ် ရဲစခန်းက နေအိမ် အဆောက်အဦအတွင်း ခိုးမှု - ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ကာ စုံစမ်း ဖော်ထုတ်နေဆဲ ဖြစ်သည်။ စိန်လက်စွပ် ၃၆ ကွင်း၊ ရွှေလက်ကောက် အကွင်း ၃၀၀၊ ၂ ကျပ်သား ရွှေဆွဲကြိုး ၂၀၀ ကုံး၊ ၄ ကျပ်သား ရွှေဆွဲကြိုး ၂၅ ကုံး အပါအဝင် ကာလတန်ဖိုး သိန်းပေါင်း ၄ ထောင် ၉ ရာ ၇၅ သိန်း ၂ သောင်း ရှိကြောင်း ပိုင်ရှင်များက ၃ ရက်နေ့ကမှာပင် တိုင်ချက်ဖွင့်ခဲ့သည်။
(မဇ္ဈိမ)
+++++

ဗိုလ်ချုပ်ကြီးရွှေမန်းသား ဝိုင်ဖိုင်အင်တာနက်လုပ်ငန်း လုပ်ကိုင်ခွင့်ရ

ဗိုလ်ချုပ်ကြီးရွှေမန်း၏သား ဦးတိုးနိုင်မန်းနှင့်၎င်း၏ဇနီး ဇေဇင်လတ် (ဇေကမ္ဘာဦးခင်ရွှေ၏ သမီး) တို့ပိုင်ဆိုင်သည့် Red Link Communications Ltd ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ ပထမဦးဆုံး ဝိုင်ဖိုင်စနစ်ဖြင့် အခပေး အင်တာနက်လုပ်ငန်း လုပ်ကိုင်ခွင့်ရသွားကြောင်း အိုင်တီကုမ္ပဏီအသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။

အဆိုပါကိစ္စ ဇေကမ္ဘာကုမ္ပဏီပိုင် မြရိပ်ညိုဟိုတယ်ကို ဖုန်းဆက်မေးမြန်းရာ တာဝန်ရှိသူတဦးက အဆိုပါ Net now ခေါ် ပရီပေးကတ်များကို ဒီဇင်ဘာ (၁) ရက်နေ့မှ စတင်ရောင်းချနေပြီဖြစ်ကြောင်း၊ လောလောဆယ် ဝိုင်ဖိုင်စနစ် တပ်ဆင်ထားသည့် မြရိပ်ညိုဟိုတယ်၊ ကရဝိတ်ဥယျာဉ်နှင့် စိမ်းလန်းစိုပြေ အပန်းဖြေဥယျာဉ်တို့တွင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း၊ အင်တာနက်
(၁၅) နာရီ အသုံးပြုနိုင်သည့် ကတ်တခုကို ကျပ် (၅,ဝဝဝ) ဖြင့် ရောင်းချနေပြီး ကုန်တိုက်အချို့နှင့် အရောင်းကိုယ်စားလှယ် ဆိုင်အချို့တွင် ဝယ်ယူနိုင်ကြောင်း ရှင်းပြသည်။
(NEJ)
+++++

CDMA ဖုန်းအသစ်ကို လူအများ စိတ်ဝင်စား

ရန်ကုန် (မဇ္ဈိမ)။ ။ အထိုင်ဖုန်း Hand Set နှင့် လက်ကိုင် Hand Set နှစ်မျိုးလုံးနှင့် တွဲဖက်သုံးစွဲနိုင်မည့် ကျပ် ၅ သိန်းတန် CDMA တယ်လီဖုန်းအသစ်များ ထပ်မံချပေးမည် ဟူသည့် သတင်းကြောင့် ရန်ကုန်နှင့် မန္တလေးမြို့များတွင် လူအများ စိတ်ဝင်စားနေကြသည်။

CDMA-800ရွှေဂုံတိုင် ဆက်သွယ်ရေးရုံးနှင့် နေပြည်တော် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းရုံးသို့ လိပ်မူထားသော ဖုန်းလျှောက်လွှာများကို ဝယ်ယူလျှောက်ထားသူ များပြားနေပြီး တယ်လီဖုန်းလျှောက်လွှာ ရောင်းချသူများလည်း အလုပ်ဖြစ်နေသည်။

သို့သော် ရန်ကုန်နှင့် မန္တလေးတွင် CDMA ၈၀၀ မီဂါဟတ်ဇ် ဖုန်းအလုံးရေ တသိန်းခွဲ ချပေးမည်ဟူသော သတင်းကို ရန်ကုန်အခြေစိုက် ဂျာနယ်များတွင် ဖော်ပြခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင်မူ တရားဝင် ညွှန်ကြားစာ ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း ရွှေဂုံတိုင်ဆက်သွယ်ရေးရုံးမှ တာဝန်ရှိသူတဦးက ဆိုသည်။ ဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ကျပ် ၅ သိန်းဟူသည့် ဈေးနှုန်းကို လူအများ စိတ်ဝင်စားနေသကဲ့သို့ နေ့စဉ် လျှောက်လွှာတင်သူ များပြားကြောင်း ပန်းဆိုးတန်း မြန်မာ့ဆက်သွယ်ရေးရုံး အနီးဝန်းကျင်မှ လျှောက်လွှာရောင်းချသူများကပါ ပြောဆိုကြသည်။ယခုရောင်းချမည့် CDMA ၈၀၀ ဖုန်းများမှာ SIM card ထည့်သွင်းအသုံးပြုရသည့် အမျိုးအစားဖြစ်ပြီး၊ မြို့နယ်အလိုက် ပမာဏများ အသီးသီး သတ်မှတ်ရောင်းချပေးမည်ဖြစ်ကာ သက်ဆိုင်ရာ မြို့နယ်ဧရိယာထက် ကျော်လွန်သယ်ဆောင်သွားနိုင်ခြင်း မရှိကြောင်း သိရသည်။
(မဇ္ဈိမ)
----------------
8.12.2009

ဝတပ်ဖွဲ့ဗဟို၏ အရေးပေါ် အစည်းအဝေးဆုံးဖြတ်ချက်
အောက်ခြေအထိ ချပြဆွေးနွေးနေပြီ



နိုဝင်ဘာ (၂၆) ရက်မှ (၂၈) ရက်အထိ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) ဝတပ်ဖွဲ့ဌာနချုပ် ပန်ဆန်းမြို့တွင်ပြုလုပ်ခဲ့သည့် ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေး၏ ဆွေးနွေးဆုံးဖြတ်ချက်များကို ခရိုင်၊ မြို့နယ်နှင့် တိုက်နယ်အဆင့်အထိ ချပြဆွေးနွေးနေသည်။

ဝတပ်ဖွဲ့၏ လက်နက်တလက်၊ နယ်မြေတလက်မကိုမျှ အဆုံးရှုံးမခံရေး အတွက် မိမိဒေသကို မိမိကာကွယ်သွားမည်၊ ဝတောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများကို ခွဲထုတ်သည့် အစီစဉ်ကိုလည်း လက်မခံကြောင်းနှင့် ဝတပ်ဖွဲ့၏ စည်းလုံးညီညွတ်မှုကို ပြိုကွဲစေမည့် သွေးထိုးလှုံ့ဆော် သပ်လျှိုမှုများကို ကာကွယ်သွားမည်၊ ဝပြည်နယ်လူထု၏ အကျိုးစီးပွား အတွက် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ၏ ဦးဆောင်လမ်းညွှန်မှု အောက်တွင် ဝတပ်မတော်က လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ပြီး စစ်ရေးအသင့် ပြင်ဆင်ထားရမည်ဟု ၀တပ်ဖွဲ့ဗဟိုက ဆုံးဖြတ်ထားသည်ဟု ဝတပ်ဖွဲ့ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။

ထို့အပြင် နိုဝင်ဘာ (၁) ရက်နေ့က ထုတ်ပြန်ထားသည့် ဒေသအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများကို အကောင်ထည်ဖော် လုပ်ဆောင်သွားမည်၊ အိမ်နီးချင်း တရုတ်နှင့်ထိုင်းနိုင်ငံ နယ်စပ်ဒေသအာဏာပိုင်များနှင့် ပူးပေါင်းကာ မူးယစ်ဆေးဝါးကို တိုက်ဖျက်သွားမည်ဟုလည်း ဆုံးဖြတ်ချက်တွင်ပါရှိသည်ဟု အဆိုပါနီးစပ်သူက ပြောသည်။
(NEJ)
++++++

ဆီးဂိမ်းရောက် မြန်မာဘောလုံးအသင်းများ ဗိုလ်စွဲရန် အခွင့်အလမ်းနည်း

ချင်းမိုင် (မဇ္ဈိမ)။ ။ လာအိုနိုင်ငံတွင် ကျင်းပနေသည့် Sea Game ပြိုင်ပွဲတွင် ယှဉ်ပြိုင်နေသော မြန်မာအမျိုးသမီးနှင့် အမျိုးသား ဘောလုံး ၂ သင်းလုံး ဗိုလ်စွဲနိုင်ရန် အခွင့်အလမ်း နည်းနေကြောင်း သိရသည်။

မြို့တော် ဗီယန်ကျင်းတွင် ကျင်းပနေသော ၂၅ ကြိမ်မြောက် ဆီးဂိမ်း ခေါ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှ ဘောလုံးပြိုင်ပွဲများတွင် မြန်မာ့အမျိုးသမီး လက်ရွေးစင်အသင်းနှင့် အသက် ၂၃ နှစ်အောက် အမျိုးသားအသင်းတို့ သွားရောက်၍ ယှဉ်ပြိုင်လျက်ရှိသည်။

ဆီးဂိမ်းကို ၁၉၅၉ ခုနှစ်မှစတင်၍ အရှေ့တောင်အာရှ ကျွန်းဆွယ်ပြိုင်ပွဲ အမည်ဖြင့် ၂ နှစ် တကြိမ် ကျင်းပလာခဲ့ပြီး၊ ၁၉၇၇ ခုနှစ်တွင် ကျင်းပသည့် ၉ ကြိမ်မြောက် ပြိုင်ပွဲမှစတင်၍ ဆီးဂိမ်းအဖြစ်သို့ ပြောင်းလဲခေါ်ဝေါ်ခဲ့သည်
(မဇ္ဈိမ)
++++++

ဘိုကလေးမြို့ ကျေးရွာ (၂) ရွာ၌
အန်အယ်လ်ဒီ အ၀ီစိတွင်း တူးဖော်လှူဒါန်းမည်


နာဂစ်လေမုန်တိုင်း ကျရောက်ခဲ့သည့် မြစ်ဝကျွန်းပေါ်ဒေသ ဘိုကလေးမြို့နယ်အတွင်းရှိ ကျေးရွာ (၂) ရွာတွင် အ၀ီစိတွင်း
(၂) တွင်းကို လာမည့် ဒီဇင်ဘာ (၁၅) ရက်၌ စတင်တူးဖော်မည်ဖြစ်ကြောင်း အန်အယ်လ်ဒီ နာဂစ်လေဘေးကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်က ပြောကြားသည်။

အ၀ီစိတွင်းများကို ရေရှည်ထိန်းသိမ်းနိုင်မည့် ကျေးရွာအပေါ် သြဇာညောင်းသော ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ထားရှိမည်ဖြစ်ပြီး စက်စု-စက်ဆန်းဒိုင်နယ်အနီး ကျုံကဒွန်းချောင်းနံဘေး ကနီကြီးကျေးရွာနှင့် အထက်ဖိုးညို ကျေးရွာတို့တွင် တူးဖော်မည်ဖြစ်သည်။

ဘိုကလေးမြို့နယ် အန်အယ်လ်ဒီ စည်းရုံးရေးကော်မတီ အတွင်းရေးမှူး ဦးခင်မောင်ချစ်၊ ဦးအောင်မြင့်တို့က ဒေသတွင်း သောက်သုံးရေ တူးဖော်သင့်သည့် နေရာတို့ကို ကွင်းဆင်းလေ့လာကာ အန်အယ်လ်ဒီ နာဂစ်ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် အထက်ပါ အ၀ီစိတွင်းများ တူးဖော်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
(NEJ)
---------------
9.12.2009


မီဒီယာဖြင့် ရှုပ်ထွေးအောင် မပြုလုပ်ဟု အန်အယ်ဒီ ပြောဆို

မဇ္ဈိမ (ချင်းမိုင်)။ ။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ပမီဒီယာများကို အသုံးချပြီး အခြေအနေ ရှုပ်ထွေးစေရန် ဖန်တီးခဲ့သည်ဟူ၍ စစ်အစိုးရသတင်းစာက စွပ်စွဲခြင်းသည် မမှန်ကန်ကြောင်း အန်အယ်ဒီက ယနေ့ တုံ့ပြန်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေသို့ ပေးပို့သည့် စာများ ကာယကံရှင်ထံ မရောက်မီ ပြည်ပမီဒီယာများ၌ ပျံ့နှံ့စေရန် ကြိုပြီး “ဖွ” ခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ‘ချမ်းမြအေး’ ဆိုသည့် ကလောင်ရှင်က စွပ်စွဲရေးသားထားခြင်းကို တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မရိုးသားသည့် သဘောထားနှင့် မီဒီယာကို လက်ဦးအောင်ဖွပြီး အသုံးချခြင်း မဟုတ်ဘဲ ဒီမိုကရေစီ လုပ်ထုံးအရ ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောသည်။
(မဇ္ဈိမ)
+++++

Facebook အဖွဲ့ဝင်အတွက် ဒေါ်စုလွတ်မြောက်ရေးကန်ပိန်း
Chryler ကားကုမ္ပဏီက စီစဉ်ပေးမည်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ထောက်ခံအားပေးသည့်အနေဖြင့် Facebook အဖွဲ့ဝင်တို့၏ ကိုယ်ရေးဓာတ်ပုံအစား ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံဖြင့် ဒီဇင်ဘာ (၁၀) ရက်နေ့တွင် အလိုအလျောက် အစားထိုးပေးမည်ဖြစ်၍ ပါဝင်ဆင်နွှဲကြရန် အမေရိကန်ကားကုမ္ပဏီ chrysler က ၎င်းတို့၏ ဝက်ဘ်ဆိုက် စာမျက်နှာများတွင် ကြော်ငြာထားသည်။
(NEJ)
+++++

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး တွေ့ဆုံ

နယူးဒေလီ (မဇ္ဈိမ)။ ။ အထိန်းသိမ်းခံ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ၏ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် ရန်ကုန်ရှိ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာတွင် ယနေ့တွင် ၄၅ မိနစ်ကြာ တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံခဲ့သည်ကို သူ့ကို အကြောင်းကြားခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ဆွေးနွေးသည့် အကြောင်းအရာ အသေးစိတ်ကို မသိရသေးသော်လည်း ''ဒါ … ဒေါ်အောင်ဆန်းစုကြည်က ဦးသန်းရွှေဆီ ပို့ထားတဲ့ စာနှစ်စောင်နဲ့ ပတ်သက်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်'' ဟု ဦးဥာဏ်ဝင်းက ပြောသည်။
(မဇ္ဈိမ)
+++++

ရွေးကောက်ပွဲအတွက် နအဖ ဆွဲဆောင်မှုလုပ်
ပြည်သူတို့ကို အနိုင်မကျင့်ရန် ညွှန်ကြား


ရန်ကုန်မြို့နယ် အသီးသီးရှိ ရပ်ကွက်ပြည်သူတို့အား အာဏာဖြင့် အနိုင်ယူခြင်း မပြုလုပ်ရန် ရပ်ကွက်ရုံးမှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များကို နအဖက ညွှန်ကြားထားကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ (၂၃ မှ ၂၈) ရက်နေ့အထိ နေပြည်တော်တွင် ပြုလုပ်ခဲ့သော အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အဖွဲ့ ညှိနှိုင်းအစည်းအဝေး (လေးလပတ် အစည်းအဝေး) ပြီးသည့်နောက်ပိုင်း ယင်းသို့ ညွှန်ကြားမှု ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ရန်ကင်းမြို့နယ်မှ ရယက အဖွဲ့ဝင်တဦးက ပြောသည်။

ထိုသို့ပြုလုပ်ရခြင်းမှာ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြည်သူတို့အပေါ် ဆွဲဆောင်မှုတခု ပြုလုပ်ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
(NEJ)
+++++

ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေသည် CEC များဖြစ်ကြောင်း အန်အယ်ဒီ ကြေညာ

နယူးဒေလီ (မဇ္ဈိမ)။ ။ ဆွေးနွေးပွဲများ ဖိတ်ကြားသည့်အခါ စစ်အစိုးရက ဗဟိုအလုပ်အမှုဆောင် ကော်မတီ CEC အဖွဲ့ဝင် နှစ်ဦးကို ထည့်သွင်းဖိတ်ကြားခြင်း မရှိသဖြင့် အဖွဲ့ဝင် ၁၁ ဦး ပါရှိသည့် CEC အမည်စာရင်းကို အန်အယ်ဒီက ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

ထို CEC အဖွဲ့ဝင် နှစ်ဦးမှာ သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့ဖြစ်ပြီး၊ ယခု CEC စာရင်းကို အန်အယ်ဒီက ရွေးကောက်ပွဲ ကော်မရှင်နှင့် နအဖ ဥက္ကဋ္ဌ ထံ ပေးပို့အသိပေးခဲ့ပြီး ဖြစ်သည်။

CEC အဖွဲ့ဝင် ၁၁ ဦးမှာ ဦးအောင်ရွှေ (ဥက္ကဋ္ဌ)၊ ဦးတင်ဦး (ဒုဥက္ကဋ္ဌ) ၊ ဒေါ်ဆောင်ဆန်းစုကြည် (အထွေထွေ အတွင်းရေးမှူး) ၊ ဦးလွင် (အတွင်းရေးမှူး) ၊ အဖွဲ့ဝင်များအဖြစ် ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးလွန်းတင်၊ ဦးညွှန့်ဝေနှင့် ဦးခင်မောင်ဆွေတို့ဖြစ်ကြောင်း ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့မှာ ၂ဝဝ၈ ခုနှစ် စက်တင်ဘာလအတွင်း အကျဉ်းသားပေါင်း ၉ဝဝ၂ ဦးကို စစ်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ပေးရာတွင် ပြန်လည်လွတ်မြောက်လာသူများ ဖြစ်သည်။ သတင်းစာဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ) မှာမူ အကျဉ်းထောင်အတွင်း ထောင်ဒဏ် ၁၉ နှစ် ကျခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။
(မဇ္ဈိမ)
+++++
10.12.2009

ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ၀န်ကြီးတွေ့ဆုံမှု
အန်အယ်လ်ဒီမှ သတိထားကြိုဆို


ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ယမန်နေ့က တွေ့ဆုံခဲ့မှုအပေါ် အန်အယ်လ်ဒီအနေဖြင့် သတိထားကြိုဆိုရမည်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှု ဆက်လက်ဖြစ်ပေါ်လိမ့်မည်ဟု မျှော်လင့်ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောကြားသည်။

အလုပ်သမားဝန်ကြီးဌာန ၀န်ကြီးလည်းဖြစ်၊ ဆက်ဆံရေးဝန်ကြီးလည်းဖြစ်သည့် ဦးအောင်ကြည်သည် ယမန်နေ့က အစိုးရဧည့်ဂေဟာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် (၄၅) မိနစ်ကြာ တွေ့ဆုံခဲ့သည်။

ယခုကဲ့သို့ ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်းသည် ယခုနှစ်အတွင်း (၃) ကြိမ်မြောက်ဖြစ်ပြီး တွေ့ဆုံသည့်ကိစ္စကို တစုံတရာထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။
(NEJ)
+++++

ရာသီဥတုပြောင်းလဲမှုကြောင့် ဒုတိယ အထိခိုက်ဆုံးမှာ မြန်မာဟု အစီရင်ခံစာက ဆို

နယူးဒေလီ (မဇ္ဈိမ)။ ။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုများကို ဆယ်စုနှစ် ၂ စုကြာ လေ့လာထားသည့် ဘာလင်အခြေစိုက် ကမ္ဘာ့ရာသီဥတု စောင့်ကြည့်ရေး အဖွဲ့ကြီး၏ အစီရင်ခံစာသစ် တစောင်က ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် ဆိုးရွားလှသော ရာသီဥတုဒဏ် ခံခဲ့ရသော တိုင်းပြည်များတွင် မြန်မာနိုင်ငံက ဒုတိယ အဆိုးဆုံးဟု ရေးသား ဖော်ပြထားသည်။

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တွင် ကျင်းပနေသည့် ကုလသမဂ္ဂ ရာသီဥတု ကွန်ဖရင့်တွင် အင်္ဂါနေ့က ထုတ်ပြန်လိုက်သော Germanwatch အဖွဲ့၏ `ကမ္ဘာ့ရာသီဥတု အန္တရာယ်အညွှန်းကိန်း´ (Global Climate Risk Index) ဆိုသည့် အစီရင်ခံစာသစ် တစောင်တွင် ၁၉၉၀ မှ ၂၀၀၈ ခုနှစ်အတွင်း အလွန်ဆိုးရွားသော ရာသီဥတုကြောင့် အဆိုးရွားဆုံး ထိခိုက်ခဲ့ရသော နိုင်ငံများတွင် ဘင်္ဂလာဒေ့ရှ်၊ မြန်မာနှင့် ဟွန် ဒူးရပ်စ် နိုင်ငံတို့ ပါဝင်သည်ဟု ရေးသားထားသည်။
(မဇ္ဈိမ)
+++++

ယုတ္တိရှိသည့် ရွေးကောက်ပွဲ ဖြစ်ရမည်ဟု
ဂျပန်ဝန်ကြီးချုပ် ယတိပြတ်ပြောဆို


စစ်အစိုးရက ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲသည် နိုင်ငံတကာက လက်ခံနိုင်မည့် ယုတ္တိရှိသည့် ရွေးကောက်ပွဲ ဖြစ်ရမည်ဟု ဂျပန်ဝန်ကြီးချုပ် ယူကီအို ဟတိုယာမ က ယနေ့ ယတိပြတ်ပြောဆိုသည်။

အဆိုပါပြောကြားချက်ကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပနေသည့် ဒုတိယအကြိမ် ဘာလီ ဒီမိုကရေစီဖိုရမ်တွင် အဖွင့်မိန့်ခွန်းအဖြစ် ပြောကြားရာ၌ ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။

ယနေ့ စတင်ဖွင့်လှစ်ပြီး (၂) ရက်ကြာ ကျင်းပမည့် ဒုတိယအကြိမ် ဘာလီ ဒီမိုကရေစီ ဖိုရမ်ကို အင်ဒိုနီးရှား သမ္မတ၊ ဂျပန်ဝန်ကြီးချုပ်၊ အရှေ့တီမော သမ္မတနှင့် ဘရူနိုင်း ဒါရုဆလင် ဘုရင်တို့က သဘာပတိအဖြစ် ဆောင်ရွက်သည်။
(NEJ)
+++++

လူ့အခွင့်အရေးနေ့တွင် လူ့အခွင့်အရေး မြှင့်တင်သူများ နှောင့်ယှက်ခံရ

ချင်းမိုင် (မဇ္ဈိမ)။ ။ ယနေ့ကျရောက်သည့် ၆၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့၌ ပဲခူးတိုင်း ပြည်မြို့တွင် အခမ်းအနား ကျင်းပခွင့် မရကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။

ပုသိမ်မြို့တွင်မူ တားမြစ်ထားသည့်ကြားမှ အခမ်းအနား ကျင်းပနိုင်ခဲ့သော်လည်း လက်မှတ်ထိုးရပြီး ခြိမ်းခြောက်မှုများလည်း ရှိနေကြောင်း သိရသည်။

ပြည်မြို့၌ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက် HRDP ခေါင်းဆောင်တဦးဖြစ်သူ၏ အိမ် တွင် ယနေ့ကျင်းပမည့် ပွဲ မဖြစ်မြောက်စေရန် ယနေ့နံနက် အစောပိုင်းတွင် အိမ်ရှင်ဖြစ်သူအား မယက ဥက္ကဌရုံး၌ မေးမြန်းစရာ ရှိသည်ဆို၍ ခေတ္တခေါ်ယူ ထိန်းသိမ်းခဲ့ကြောင်း သိရသည်။ ပြည်မြို့တွင် ပြုလုပ်မည့်ပွဲကို HRDP စုံညီ လူ့အခွင့်အရေးနေ့ အထိန်းအမှတ် အခမ်းအနားအဖြစ် ကျင်းပရန် စီစဉ်ထားသောကြောင့် ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်းတို့မှ HRDP အဖွဲ့ဝင် ၈၀ ဦးခန့် ရောက်ရှိနေချိန်လည်း ဖြစ်သည်။

ကြံ့ဖွံ့၊ မီးသတ်နှင့် စွမ်းအားရှင်များကလည်း အိမ်ရှေ့နှင့် အနီးတဝိုက်တွင် တုတ်များ ကိုင်ဆောင်၍ အင်အားပြ စောင့်ကြည်မှုများရှိခဲ့သည်။ အခမ်းအနားအတွက် ငှားရမ်းထားသည့် ထိုင်ခုံများနှင့် စားပွဲ များကိုလည်း ထောက်လှမ်းရေးက မူလပိုင်ရှင်များအား ဖိအားပေး၍ ပြန်လည် သိမ်းယူစေခဲ့ကြောင်း လည်း သိရသည်။

ပဲခူးတိုင်း ပြည်မြို့နှင့် အနီးတဝိုက်တွင် လုပ်အားပေး ခိုင်းစေခြင်း၊ လယ်ယာ သိမ်းခံရခြင်း၊ ညဘက် အိမ်ပြန်နောက်ကျလျင် မှောင်ရိပ်ခိုမှုဖြင့် မတရား ဖမ်းခံရခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေကြောင်း ကိုမင်းမင်းက ဆက်ပြောသည်။
(မဇ္ဈိမ)
--------------
11.12.2009

ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း စတင်ကောက်ယူ

ရန်ကုန်တိုင်းအတွင်း မြို့နယ်အချို့တွင် လာမည့် ရွေးကောက်ပွဲအတွက် အသက် (၁၈) နှစ် ပြည့်ပြီးသူ မဲဆန္ဒရှင်စာရင်းများ စတင်ကောက်ခံနေပြီဖြစ်ကြောင်း မြို့ခံများက ပြောသည်။

နအဖစစ်အစိုးရသည် ယခုကဲ့သို့ အောက်ခြေ လူစာရင်း ပြုစုခိုင်းခြင်းတို့ လုပ်နေသော်လည်း နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့်ဆိုင်ရာ၊ ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ ဥပဒေများကိုမူ တရားဝင် ထုတ်ပြန်ခြင်း မပြုလုပ်သေးပေ။

ယခုကိစ္စ ရန်ကုန်မြို့မှ ဝါရင့်သတင်းစာဆရာတဦးက နအဖစစ်အစိုးရသည် ပြီးခဲ့သည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒပေးပွဲတုန်းကဲ့သို့ လုပ်လာခြင်းဖြစ်ကြောင်း၊ အဆိုပါအချိန်က ဆန္ဒမဲပေးပွဲ အဆင့်ဆင့်တွင် မည်သူကိုမှ ပါဝင်ခွင့် မပြုဘဲ ၎င်းတို့အာဏာပိုင် အဆင့်ဆင့်ကသာ လုပ်ချင်သလို လုပ်သွားခဲ့ကြောင်း ပြောသည်။\
(NEJ)
+++++

အစာငတ်ခံ ဆန္ဒပြနေသည့် ကိုညီညီအောင်၏ ရုံးချိန်း ရက်ရွှေ့ပြောင်း

ချင်းမိုင် (မဇ္ဈိမ) ။ ။ အင်းစိန်ထောင်တွင်း၌ အစာငတ်ခံ ဆန္ဒပြနေသူ အမေရိကန်နိုင်ငံသား ကိုညီညီအောင်၏ ယနေ့ အမှုရုံးချိန်းကို လာမည့် အပတ်သို့ ပြောင်းရွှေ့လိုက်ကြောင်း မိသားစုနှင့် ရှေ့နေက ပြောသည်။

ကိုညီညီအောင်သည် ကျန်းမာရေး မကောင်းသဖြင့် ယနေ့ ရုံးမထွက်နိုင်ကြောင်းနှင့် သူ့ကို အင်းစိန်ထောင်တွင်း၌ ရုံးထိုင် စစ်ဆေးနေသော တောင်ပိုင်းခရိုင် တရားရုံး တရားသူကြီးက ပြောဆိုကြောင်း ရုံးချိန်းသို့ သွားရောက်ခဲ့သည့် အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေနှင့် ရှေ့နေဖြစ်သူ ဦးဥာဏ်ဝင်းတို့က ပြောဆိုကြခြင်း ဖြစ်သည်။
(မဇ္ဈိမ)
+++++

ဝတပ်ဖွဲ့၏ မြို့နယ်တောင်းဆိုချက် ကန့်ကွက်စာများ
လျှို့ဝှက်ဖြန့်ဝေ


ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့၏ တောင်းဆိုချက်ကို ကန့်ကွက်သည့်လှုံ့ဆော်စာများ ၀တပ်ဖွဲ့ထိန်းချုပ်ရာ မိုင်းပေါက်နှင့် မိုင်းဖျန်ဒေသအတွင်း ဖြန့်ဝေမှုများ ရှိနေသည်။

မိုင်းပေါက်နှင့် မိုင်းဖျန်မြို့အား မိုင်းပေါက်မြို့နယ်အဖြစ် သတ်မှတ်ကာ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအတွင်း ထည့်သွင်းရန် နိုဝင်ဘာ (၁၄) ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့၌ စစ်ဘက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် ဦးဆောင်သည့် နအဖကိုယ်စားလှယ်အဖွဲ့နှင့် ဒု-ဥက္ကဋ္ဌ ဦးရှောက်မီလျှံ ဦးဆောင်သည့် ဝကိုယ်စားလှယ်တို့ တွေ့ဆုံစဉ် ဝတပ်ဖွဲ့၏ တောင်းဆိုမှုကို နအဖဘက်က ပယ်ချခဲ့သည်။

ထို့နောက်ပိုင်း အဆိုပါမြို့များတွင် ဝတပ်ဖွဲ့၏တောင်းဆိုချက်ကို ကန့်ကွက်သည့်စာများ လျှို့ဝှက် ဖြန့်ဝေလာခြင်းဖြစ်သည်ဟု ဝတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။ ၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ် (၆) မြို့နယ်တို့ကို ခရိုင်(၂) ခုဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဟု ဖော်ပြသတ်မှတ်ထားသည်။
(NEJ)
+++++

A(H1N1) တုပ်ကွေးကြောင့် တရုတ်-မြန်မာနယ်စပ် ကျောင်းများ ပိတ်လိုက်ရပြီ

ရွှေလီ (မဇ္ဈိမ) ။ ။ တရုတ်နိုင်ငံတဝှန်း A (H1N1) တုတ်ကွေး ဖြစ်ပွားနေစဉ် မြန်မာနိုင်ငံသား သောင်းချီ၍ နေထိုင်သော ရှမ်းပြည်မြောက်ပိုင်း မူဆယ် တဖက်ကမ်းရှိ တရုတ်နယ်စပ်မြို့ ရွှေလီတွင် ကျောင်းအားလုံးကို ယနေ့ ပိတ်လိုက်သည်။

မူကြို အပါအဝင် ကျောင်းများတွင် ဖျားနာသူ ကျောင်းသားဦးရေ တိုးပွားလာသဖြင့် ကျောင်းအားလုံးကို ယနေ့မှစတင်၍ ၁၀ ရက်ကြာ ပိတ်လိုက်ကြောင်း ကျောင်းအာဏာပိုင်များက မိဘများကို ခေါ်ယူ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
(မဇ္ဈိမ)
+++++

ရန်ကုန်မြို့ ဘုန်းကြီးကျောင်းများတွင် ကင်းပုန်းများချထား


ရန်ကုန်မြို့ရှိ မြို့နယ် ရပ်ကွက်တို့တွင်ရှိသော ဘုန်းတော်ကြီးကျောင်းများနှင့် အနီးပတ်ဝန်းကျင်တွင် ယခုလဆန်းပိုင်းမှစ၍ ကင်းပုန်းများ ချထားနေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းမပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတကျောင်းတွင် ပြီးခဲ့သည့်တပတ်ခန့်ကစပြီး ယူနီဖောင်းအပြည့်ဖြင့် လည်စီးအနီပတ်ထားသော သေနတ်ကိုင် ရဲ (၅) ဦးတို့သည် ညအချိန်တွင် လာရောက်စောင့်ဆိုင်း နေကြကြောင်း ရပ်ကွက်အတွင်းရှိ မျက်မြင်တဦးက ပြောသည်။

ရွှေဂုံတိုင်လမ်းမပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များ၏အရှေ့ အုတ်တံတိုင်းများဘေးတွင်လည်း ယူနီဖောင်းဝတ် သေနတ်ကိုင် ရဲ (၄) ဦးက ညအချိန်ရောက်တိုင်း လာရောက်စောင့်ကြည့်နေကြောင်း ကျောင်းတိုက်တခုမှ သံဃာတော်တပါးက ပြောသည်။ ရန်ကုန်တွင် လုံခြုံရေးများတင်းကျပ်ကာ ကင်းများလှည့်လည်နေသည်ကို ရန်ကုန်ပြည်သူတို့က အထူးအဆန်းမဖြစ်ကြတော့ သော်လည်း ယခုကဲ့သို့ ဘုန်းတော်ကြီးကျောင်းများအနီးတွင် ကင်းပုန်းများလာချ စောင့်ကြပ်သည်ကို သံဃာအချို့နှင့် ဒကာများက မကျေနပ်ကြကြောင်း သိရသည်။
(NEJ)
+++++

ဒဂုံအရှေ့မြို့နယ် ရပ်ကွက်တခုတွင် ဒေသခံများကို ဦးပိုင်လီမိတက်က ဖယ်ခိုင်းနေ

ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ ရပ်ကွက်အမှတ် ၁၅၇ ၌ နေထိုင်သူများကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က နေရာမှ တလအတွင်း ဖယ်ခိုင်းနေကြောင်း ဒေသခံများအဆိုအရ သိရသည်။

ယင်းနေရာတွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်အပိုင် မြဝတီ စိုက်ပျိုးရေး ဝန်ဆောင်မှုလုပ်ငန်း ကုမ္ပဏီက စပါးစိုက်ပျိုးမည် ဖြစ်သောကြောင့် ပြောင်းရွှေ့ခိုင်းခြင်း ဖြစ်ကြောင်းနှင့် လာမည့်နှစ် ဇန်နဝါရီလအတွင်း အပြီးပြောင်းရွှေ့ရမည်ဖြစ်ကြောင်း ရပ်ကွက်နေ အငြိမ်းစားဝန်ထမ်း ၁၄ ဦးကို ကုမ္ပဏီက ယနေ့ ပထမဆုံးအကြိမ် ခေါ်ယူပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းရပ်ကွက်နေ အငြိမ်းစားဝန်ထမ်းအိမ်ထောင်စု ၁၆ စု၊ လယ်သမားမိသားစု ၁၉ စု၊ ကျူးကျော်နေထိုင်သူ အိမ်ထောင်စု ၃၄ စုတို့အား ရွှေ့ပြောင်းခိုင်းနေခြင်းဖြစ်သည်။ လယ်သမားများထဲမှ မြဝတီ စိုက်ပျိုးရေးကုမ္ပဏီနှင့် ဆက်လက်တွဲလုပ်လိုသူများမှာမူ ပြောင်းရွှေ့ရန်မလိုကြောင်း သိရသည်။

ကျူးကျော်အိမ်ထောင်စုများမှာမူ ယခုလ ၁၆ ရက်နေ့၊ ကုမ္ပဏီနှင့် မပူးပေါင်းလိုသည့် လယ်သမားများမှာ ယခုလ ၁၄ ရက်နေ့ ပြောင်းရမည်ဖြစ်ပြီး၊ အငြိမ်းစားဝန်ထမ်းများမှာမူ လာမည့်နှစ် ဇန်နဝါရီလအတွင်း နောက်ဆုံးထား၍ ပြောင်းရမည်။
(မဇ္ဈိမ)။
-----------------

Sunday, December 6, 2009

note 48

30.11.2009

အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်ရန်
ဝါရင့်နိုင်ငံရေးသမားကြီးများ တိုက်တွန်း


ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ပေးပို့ထားသည့်စာကို အခြေခံကာ ၀ါရင့်နိုင်ငံရေးသမားကြီးများက ၎င်းတို့၏ သဘောထားတရပ်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ နိုဝင်ဘာ (၂၈) ရက်တွင် ပေးပို့ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကို ရုပ်သိမ်းရေးကိစ္စ နောက်ဆက်တွဲဟူသောပေးစာ နိုဝင်ဘာ (၁၁) ရက်တွင် နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့ခဲ့ပြီး သူ့အနေဖြင့် နိုင်ငံအကျိုးရှိစေမည့် ကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်လည်း တွေ့ဆုံဆွေးနွေးလိုပါကြောင်း အဆိုပါစာတွင် ဖော်ပြထားသည်။

သို့ရာတွင် အဆိုပါစာနှင့်စပ်လျဉ်း၍ နအဖစစ်အစိုးရဘက်မှ သီတင်း (၂) ပတ်ကျော်အကြာ တုံ့ပြန်မှုတစုံတရာ မရှိခဲ့သည့်နောက် ၀ါရင့်နိုင်ငံရေးသမားကြီးများက ၎င်းတို့၏ သဘောထားကို ထုတ်ဖော်ပြောကြားလိုက်ကြခြင်းဖြစ်သည်။

ဝါရင့်နိုင်ငံရေးသမားကြီးများ၏စာတွင် ၀ါရင့်အဖွဲ့အနေဖြင့် ၁၉၉၅ ခုနှစ်မှစ၍ ယနေ့အထိ (၁၄) နှစ်တိုင်တိုင် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အကြံပေးခြင်း၊ ပန်ကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယခုလည်း ဒေါ်အောင်ဆန်းစုကြည်၏ ပေးစာသည် အမျိုးသားပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ပေးနိုင်မည့် စာတစောင်ဖြစ်နေကြောင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေဖြင့်လည်း ဗုဒ္ဓအဆုံးအမများနှင့်အညီ မေတ္တာတရားရှေးရှုပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားသင့်ကြောင်းတို့ကို ရေးသားထားကြောင်း ဦးသာဘန်းက ပြောသည်။
(NEJ)
+++++


မြန်မာပရိတ်သတ်များ ဆီးဂိမ်းပြိုင်ပွဲ LIVE ကြည့်ရှုခွင့် မရ


မဇ္ဈိမ (ချင်းမိုင်)။ ။ လာအိုနိုင်ငံတွင် ကျင်းပမည့် ၂၅ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲများကို မြန်မာပရိတ်သတ်များအနေဖြင့် တိုက်ရိုက်ကြည့်ရှုခွင့်ရရှိမည် မဟုတ်ကြောင်း သိရသည်။

ဗီယန်ကျင်းမြို့တော်၌ လာမည့်လ ၅ ရက်နေ့တွင် စတင်ယှဉ်ပြိုင်ကစားကြတော့မည့် ဆီးဂိမ်း SEA Game ၌ မြန်မာနိုင်ငံမှ ဘောလုံးနှင့် အခြားအားကစားများဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သော်လည်း မြန်မာ့ အသံ၊ မြဝတီအသံလွှင့်ဌာနနှင့် MRTV 4 တို့မှ ပြသနိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။ မြဝတီရုပ်မြင်သံကြားမှ တာဝန်ရှိသူတဦးက SEA Game မှ ဘောလုံးအပါအဝင် အခြားအားကစားပြိုင်ပွဲ အစီအစဉ်များကို တိုက်ရိုတ်ပြသမည် မဟုတ်ကြောင်း၊ နိုင်သည့်ပွဲများကို ပြိုင်ပွဲများအပြီးမှသာ ပြန်လည် ပြသနိုင်ဘွယ်ရှိကြောင်း ပြောသည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနမှလည်း တိုက်ရိုက်ပြသနိုင်ရန် ညွှန်ကြားချက်များမရှိကြောင်း ယင်း ဌာန အဆင့်မြင့်အရာရှိတဦးက ပြောသည်။
(မဇ္ဈိမ)
+++++

ခွဲစိတ်ခံပြီး သေဆုံးခဲ့သည့် ကျောင်းသူလေးကိစ္စ
စုံစမ်းရေးအဖွဲ့က စုံစမ်းဖော်ထုတ်မည်


ရန်ကုန်တွင် ပြီးခဲ့သည့် အောက်တိုဘာလ (၂၇) ရက်နေ့က ရွှေ့ဂုံတိုင်ရှိ S S C အထူးကုဆေးခန်းတွင် အူအတက်ရောင်သည်ကို ခွဲစိတ်ပြီးနောက် ကွယ်လွန်သွားခဲ့သော အသက် (၁၅) နှစ်အရွယ် (၉) တန်းကျောင်းသူကလေး မခိုင်ရွှန်းလဲ့ရည်နှင့် ပတ်သက်၍ စုံစမ်းရေးအဖွဲ့ဖွဲ့ကာ တပတ်အတွင်း စုံစမ်းဖော်ထုတ်မည်ဟု ယနေ့ထုတ် ကျန်းမာရေးဂျာနယ်ဖြစ်သော Health Digest ဂျာနယ်တွင် ပါရှိသည်။

ယင်းစုံစမ်းရေးအဖွဲ့ကို မြန်မာနိုင်ငံဆေးကောင်စီက အရေးပေါ်ဖွဲ့လိုက်ခြင်းဖြစ်ပြီး သေဆုံးသွားသော ကျောင်းသူလေး၏ မိသားစုဝင်များကို နိုဝင်ဘာ (၂၆) ရက်နေ့တွင် ခေါ်ယူကာ အစည်းအဝေးတခုပြုလုပ်ခဲ့သေးကြောင်း ဆေးကောင်စီအဖွဲ့ဝင် ဆရာဝန်တဦးက ပြောသည်။

ယင်းစုံစမ်းရေးအဖွဲ့တွင် စီမံခန့်ခွဲမှုဆိုင်ရာ ဆရာဝန်ကြီးများ၊ ခွဲစိတ်အထူးကု ဆရာဝန်ကြီးများ၊ ကလေးအထူးကု ဆရာဝန်ကြီးများနှင့် မှုခင်းဆိုင်ရာဆရာဝန်ကြီးများ ပါဝင်ကြောင်း အဆိုပါဂျာနယ်တွင် ပါရှိသည်။

ပြီးခဲ့သည့် တပတ်ကစ၍ အဆိုပါကျောင်းသူကလေးနှင့်ပတ်သက်သော သတင်းများအား ဂျာနယ်များတွင် ဖော်ပြခြင်းကို စာပေစိစစ်ရေးက တားမြစ်ထားကြောင်း ရန်ကုန်စာနယ်ဇင်းအသိုင်းအ၀ိုင်းမှ သိရသည်။
(NEJ)
+++++

မယ်တော် ဆေးခန်းအတွက် အရေးပေါ် ရံပုံငွေ လိုအပ်နေ

နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာနိုင်ငံသားများကို အခမဲ့ ဆေးကုသပေးနေသည့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းသို့ နှစ်စဉ် လူနာဦးရေ ၂၀ ရာခိုင်နှုန်းခန့် တိုးမြင့်ပြသလာသဖြင့် အရေးပေါ် ရံပုံငွေ လိုအပ်နေကြောင်း ဆေးခန်းကို ဦးဆောင်လုပ်ကိုင်သူ ဒေါက်တာစင်သီယာမောင် ပြောဆိုချက်အရ သိရသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် နယ်စပ်ဖြတ်ကျော် လာရောက်သည့် မြန်မာပြည်တွင်းမှ လူနာများ ထိုကဲ့သို့ တိုးပွားနေသဖြင့် ကျန်းမာရေးနှင့် ပညာရေး ဝန်ဆောင်မှု လုပ်ငန်းများတွင် ယခုလို အရေးပေါ် ရန်ပုံငွေများ လိုအပ်နေကြောင်း သိရခြင်း ဖြစ်သည်။
နိုင်ငံတကာ အဖွဲ့အစည်းများက ပုံမှန်ပေးလှူနေကျ ငွေကြေးများကို ဖြတ်တောက်ခြင်း မရှိသေးသော်လည်း သက်ဆိုင်ရာ စီမံကိန်းသက်တမ်းများ ကုန်ဆုံးသွားသဖြင့် ရန်ပုံငွေ အတိုးအလျှော့ ပြုလုပ်သည်များ ရှိသည်။

ထိုသို့ ပြုလုပ်စဉ် နှစ်စဉ်တိုးမြင့်လာသည့် လူနာဦးရေနှင့် သက်ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများအတွက် ရန်ပုံငွေ လုံလောက်ခြင်း မရှိသည့် အခက်အခဲနှင့် ကြုံတွေ့နေရခြင်း ဖြစ်သည်။
(မဇ္စျိမ)
-------------------
1.12. 2009


တောင်အာရှ အမျိုးသမီးများနေ့ အခမ်းအနားသို့ WLB တက်ရောက်

နယူးဒေလီ။ ။ တောင်အာရှ အမျိုးသမီးများနေ့ အခမ်းအနားတရပ်ကို အိန္ဒိယနိုင်ငံ နယူးဒေလီရှိ ဒေလီတက္ကသိုလ်တွင် ယမန်နေ့က ကျင်းပရာ မြန်မာအမျိုးသမီးများလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

Sangat (a network of South Asian Network of Feminists) ဦးဆောင်ကျင်းပသည့် အဆိုပါ အခမ်းအနားသို့ ထိုင်း၊ နီပေါ၊ ဘင်္ဂလားဒေ့ရှှ််၊ သီရိလင်္ကာ၊ တိဘက်နှင့်အတူ မြန်မာအမျိုးသမီး အခွင့်အရေးလှုပ်ရှားသည့် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB ကပါ တက်ရောက်၍ သွေးစည်းညီညွတ်မှု ပြသခဲ့ခြင်း ဖြစ်သည်။

ကိုယ်စားလှယ်ပေါင်း ၃ဝဝ ကျော် တက်ရောက်ခဲ့ရာ ၎င်းတို့နိုင်ငံတွင် ဖြစ်ပွားနေသော အမျိုးသမီး အခွင့်အရေး အခြေအနေများ တင်ပြဆွေးနွေးခဲ့ကြပြီး၊ ယဉ်ကျေးမှု အကများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကာ တောင်အာရှတွင် ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ ဒီမိုကရေစီရေး ထွန်းကားနိုင်ရန် ရည်ရွယ်၍ ဖယောင်းတိုင်မီးများ ထွန်းညှိခဲ့ကြသည်။
(မဇ္ဈိမ)
+++++

ခုခံအားကျဆင်းမှုတိုက်ဖျက်ရေး
လွတ်လပ်စွာဆောင်ရွက်ခွင့်မရသေး


မြန်မာနိုင်ငံအတွင်း ခုခံအားကျဆင်းမှုရောဂါ (AIDS) နှင့် စပ်လျဉ်းသည့် အသိပညာပေးမှုများကို တွင်ကျယ်စွာ ဆောင်ရွက်နိုင်ခွင့် မရသေးကြောင်း အန်အယ်လ်ဒီ အေ့စ်ရောဂါသည် အကူအညီပေးရေးအဖွဲ့မှ မဖြူဖြူသင်းက ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေးနေ့တွင် ပြောသည်။ မြန်မာနိုင်ငံသို့ Global Fun မှ အကူအညီများ ၀င်ရောက်လာတော့မည့်အပေါ်ကိုလည်း သူမက ကြိုဆိုလိုက်ပြီး အန်ဂျီအိုအဖွဲ့များအနေဖြင့် လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်၊ ပညာပေးခွင့် ရနိုင်မှုရှိမရှိကိုမူ စိုးရိမ်မိသည်ဟု ပြောသည်။

မြန်မာစစ်အစိုးရထုတ် မြန်မာ့အလင်းသတင်းစာတွင် မြန်မာနိုင်ငံ၌ AIDS ရောဂါဖြစ်ပွားမှုမှာ ၂၀၀၀ ပြည့်နှစ်တွင် (၀.၉၄) ရာခိုင်နှုန်းရှိရာမှ ၂၀၀၇ ခုနှစ်တွင် (၀.၆၇) ရာနှုန်းသို့ ကျဆင်းခဲ့သည်ဟု ဖော်ပြထားသော်လည်း လက်ရှိဖြစ်ပွားမှုနှုန်းကို ဖော်ပြထားခြင်းမရှိပေ။ မြန်မာနိုင်ငံတွင် ခုခံအားကျဆင်းမှုရောဂါသည်များအား အသိပညာဖြန့်ဝေခြင်း၊ အကူအညီပေးခြင်းတို့ ပြုလုပ်သော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများကို အာဏာပိုင်အဆင့်ဆင့်က အနှောင့်ယှက်ပေးလေ့ရှိသည့် သတင်းများ မကြာခဏပေါ်ထွက်လေ့ရှိပြီး ၂၀၀၇ ခုနှစ်အတွင်းက နယ်မှ ခုခံအားကျဆင်းမှုရောဂါသည်များကို လက်ခံကုသပေးနေသည့် မဂ္ဂင်ကျောင်းတိုက်ကို အာဏာပိုင်များက ချိပ်ပိတ်ခဲ့သည်။
(NEJ)
+++++

နှစ်ဖက်အကြား ညှိနှိုင်းဖြေရှင်းမည်ဟု SSA နှင့် PNLO ပြောဆို

မဇ္ဈိမ (ချင်းမိုင်) ။ ။ ရှမ်းပြည်တောင်ပိုင်း တပ်မတော် SSA နှင့် ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပတ်သက်၍ ညှိနှိုင်းဖြေရှင်းသွားမည်ဟု နှစ်ဘက် ခေါင်းဆောင်များက ပြောသည်။

နိုဝင်ဘာလ နောက်ဆုံးအပါတ်က PNLO အဖွဲ့ဝင်အချို့အား SSA တပ်ရင်း အမှတ် ၃၆၁ မှ တပ်ဖွဲ့ဝင်များ က ပစ်ခတ်ခဲ့ပြီးနောက် ခေါင်းဆောင်များက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

ယခုပစ်ခတ်မှုသည်လည်း SSA ဗဟို၏ သဘောထား မဟုတ်ကြောင်း၊ နောင်တွင် အောက်ခြေတပ် အချင်းချင်း နားလည်မှုပိုရရှိစေရန် ပူးပေါင်းဆောင်ရွက်မှု မြင့်တင်သွားကြမည်ဖြစ်ကြောင်း သူက ဆိုသည်။

PNLO အဖွဲ့၏ ဒေသဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်း ခရီးစဉ်တခုအတွင်း ရှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ်ရှိ သံလွင်မြစ်နှင့် နမ့်ပွန်ချောင်းအကြား တနေရာ၌ ခေတ္တနားနေစဉ် SSA တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် PNLO ဆေးမှူးတဦး ကျဆုံးခဲ့သည်။

ယင်းသို့ဖြစ်ပွားသွားသည့် ပစ်ခတ်မှုနှင့်ပတ်သက်၍ SSA တပ်ဖွဲ့၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သော ရှမ်းပြည်ပြန်လည် တည်ဆောက်ရေး ကော်မတီ RCSS ကလည်း တောင်းပန်ကြောင်း PNLO ပြောရေးဆိုခွင့်ရသူ ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။
(မဇ္ဈိမ)
+++++

၂၀၁၂ ကမ္ဘာပျက်မည့် ရုပ်ရှင်ကား
မြန်မာပရိသတ်အကြား ရေပန်းစား


သဘာဝဘေးအန္တရာယ် ကပ်ဆိုးကြောင့် ကမ္ဘာပေါ်ရှိ လူသားမျိုးနွယ်တရပ်လုံး ပျက်စီးကိန်းဆိုက်သွားရမည့် ၂၀၁၂ အမည်ရှိ ဟောလီးဝုဒ် ရုပ်ရှင်ကားသည် မြန်မာပြည်သူများအကြား အထူးရေပန်းစားနေပြီး စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပွားနေကြောင်း သိရှိရသည်။ ၂၀၁၂ ရုပ်ရှင်ကားကို နိုဝင်ဘာ (၂၇) ရက်တွင် ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံတို့တွင် စတင်ပြသခဲ့ပြီး လူငယ်များသာမက ရန်ကုန်ပရိသတ်၏ အားပေးကြည့်ရှုခြင်း ခံရသည့် ဟောလီးဝုဒ် ရုပ်ရှင်ကားတကား ဖြစ်သည်။

ဗုဒ္ဓဘာသာဝင် အများစုဖြစ်သည့် မြန်မာပြည်သူတို့က ထိုရုပ်ရှင်နှင့်ပတ်သက်၍ မဖြစ်နိုင်ကြောင်း၊ မယုံကြည်ကြောင်း ပြောဆိုသူ နည်းပါးပြီး အများစုက နောက်နောင် ယင်းကဲ့သို့ သဘာဝဘေးဆိုးများနှင့် ရင်ဆိုင်ရနိုင်ကြောင်း ယူဆထားကြသည်။
အဆိုပါရုပ်ရှင်ကို လူငယ်များသာမက သက်ကြီးရွယ်အိုများလည်း သွားရောက်ကြည့်ရှုကြကြောင်း ပြည်တွင်း လူငယ်ဒါရိုက်တာတဦးက ပြောသည်။
(NEJ)
+++++

အတိုက်အခံ အမျိုးသမီး ၄ ဦးကို စွဲချက်တင်

နယူးဒေလီ (မဇ္ဈိမ)။ ။ သံဃာတော်များကို ဆွမ်းကပ်ပြီးအပြန် အာဏာပိုင်များက ဖမ်းဆီးခဲ့သည့် ရန်ကုန်မှ အတိုက်အခံ အမျိုးသမီး ၄ ဦးကို နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှုဖြင့် တရားရုံးက ယမန်နေ့တွင် စွဲချက်တင်လိုက်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက် (သီတင်းကျွတ် လပြည့်နေ့) တွင် ဒဂုံမြို့သစ်ရှိ မကွေး ပရိယတ္တိ စာသင်တိုက်တွင် ဆွမ်းကပ်ပြီး ပြန်လာခဲ့သည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှ အပါအဝင် အမျိုးသမီး ၄ ဦးကို အင်းစိန်ထောင်တွင်းရှိ အရှေ့ပိုင်းခရိုင် တရားရုံးက ယခုလို စွဲဆိုလိုက်ခြင်း ဖြစ်သည်။ အတိုက်အခံ အမျိုးသမီး ၄ ဦး၏ အမှုရက်ချိန်းကို ယခုလ ၇ ရက်နေ့သို့ တရားရုံး တရားသူကြီး ဦးအောင်သိန်းက ထပ်မံ ချိန်းဆိုလိုက်သည်။
(မဇ္ဈိမ)
-----------------
2.12.2009


ပြည်သူ့စစ်ဖွဲ့ရန် လက်ခံထားသည့် ရာမညတပ်ဖွဲ့ခေါင်းဆောင်
စစ်အစိုးရတပ်တွင် အကျယ်ချုပ်ချထားခံရ


ဌာနေပြည်သူ့စစ်ဖွဲ့စည်းရန် သဘာတူထားသည့် ရာမည မွန်တပ်ဖွဲ့၏ ခေါင်းဆောင်ကို မွန်ပြည်နယ် တောင်ပိုင်း၊ ရေးမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁၉) ၌ အကျယ်ချုပ်ထားရှိကြောင်း စုံစမ်းသိရှိရသည်။

ရာမညတပ်ဖွဲ့ခေါင်းဆောင် နိုင်ရှောင်ကို စကခ (၁၉) အတွင်းရှိ အရာရှိတန်းလျားတွင် မိသားစုနှင့်အတူ ထားရှိခြင်းဖြစ်ပြီး ပြင်ပဧည့်သည်နှင့်တွေ့နိုင်ရန် စစ်တပ်တာဝန်ရှိသူတို့ထံ ခွင့်တောင်းရကြောင်း၊ တပ်အပြင်ဘက်သို့ ထွက်ခွင့်မရှိကြောင်း နိုင်ရှောင်နှင့် သွားရောက်တွေ့ဆုံခဲ့သူတဦးက ပြောသည်။ ပြည်သူ့စစ် ဖွဲ့စည်းရာတွင် တပ်တည်နေရာ ရွေးချယ်ခွင့်နှင့် မိမိတပ်ဖွဲ့ဖြင့်သာ ဖွဲ့စည်းလိုကြောင်း အောက်တိုဘာလအတွင်း အရှေ့တောင်တိုင်း စစ်ဌာနချုပ် တာဝန်ရှိသူတို့နှင့် တွေ့ဆုံခဲ့ချိန်၌ နိုင်ရှောင်က တောင်းဆိုပြီးနောက်ပိုင်း ၎င်း၏ သွားလာလှုပ်ရှားခွင့်ကို တားမြစ်လိုက်ပြီး ယခုကဲ့သို့ တပ်တွင်းတွင် အကျယ်ချုပ်ချလိုက်ခြင်းဖြစ်သည်။
(NEJ)
+++++

ကမ္ဘာ့ထိပ်တန်းတွေးခေါ်ရှင် ၁၀၀ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်

နယူးဒေလီ (မဇ္ဈိမ)။ ။ ကမ္ဘာ့ခေါင်းဆောင်များနှင့် ဥာဏ်ကြီးရှင် အဖွဲ့များ၏ ဆောင်းပါးများ ထည့်သွင်း ဖော်ပြလေ့ရှိသည့် ကမ္ဘာတဝှန်းတွင် သြဇာကြီးမားသော အမေရိကန်အခြေစိုက် ‘Foreign Policy’ မဂ္ဂဇင်းကြီးက ကမ္ဘာ့ထိပ်တန်းတွေးခေါ်ရှင် ၁၀၀ စာရင်းတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်နှင့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်း ဖော်ပြလိုက်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို `အမှောင်တိုက်ထဲမှ သက်ရှိထင်ရှား မျှော်လင့်ချက် သင်္ကေတ´ အဖြစ် ယခုလထုတ် မဂ္ဂဇင်းတွင် Foreign Policy က `ကမ္ဘာ့ထိပ်တန်း တွေးခေါ်ရှင် ၁၀၀´ စာရင်း၌ ထည့်သွင်း ရွေးချယ်ဖော်ပြလိုက်ခြင်း ဖြစ်သည်။ ယင်းသည် ဤမဂ္ဂဇင်း၏ ပထမဆုံး နှစ်စဉ် ထုတ်ပြန်သော စာရင်းဖြစ်သည်။
(မဇ္ဈိမ)
+++++

လူငယ်အယ်ဒီတာ ပြန်လည်လွတ်မြောက်
မူလ အလုပ်ပြန်ရရန် မသေချာသေး



ပြီးခဲ့သည့် အောက်တိုဘာ (၂၇) ရက်နေ့ညက ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော် အိမ်ရာတွင် အတူနေ လူငယ်သူငယ်ချင်း (၇) ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် Foreign Affair ဂျာနယ် အယ်ဒီတာ ကိုသန့်ဇင်စိုးသည် ဒီဇင်ဘာ (၁) ရက် နေ့၌ ပြန်လည်လွတ်မြောက်လာကြောင်း ၎င်းနှင့် နီးစပ်သူများက ပြောသည်။

ယခုအခါ ကိုသန့်ဇင်စိုးသည် အပြစ်လုံးဝ မရှိ၍ ပြန်လည်လွတ်မြောက်လာပြီး ၎င်း၏ မိခင်ဂျာနယ်တိုက်ကို ပြန်လည် ရောက်ရှိလာပြီ ဖြစ်သော်လည်း မူလ အယ်ဒီတာအလုပ်ကို စာပေစိစစ်ရေးက လုပ်ကိုင်ခွင့် ပြု မပြုဆိုသည်ကိုမူ မသိရသေးပေ။

ပြီးခဲ့သည့်လပိုင်းက ပြန်လည်လွတ်မြောက်လာသည့် အီကိုဗီးရှင်း ဂျာနယ်မှ မအိမ့်ခိုင်ဦး၊ Weekly Eleven ဂျာနယ်မှ ကိုကျော်ကျော်သန့်တို့မှာလည်း ၎င်းတို့ မိခင် မီဒီယာဂျာနယ်တို့တွင် ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း မရှိကြကြောင်း စုံစမ်းသိရသည်။
(NEJ)
+++++

မြစ်ဆုံ ရေကာတာလုပ်ငန်း ပြန်လည် စတင်တော့မည်

မဇ္ဈိမ (ချင်းမိုင်)။ ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြောက်ဘက်ရှိ မြစ်ဆုံရေကာတာစီမံကိန်း လုပ်ငန်းများကို ယခုလ လယ်တွင် ပြန်လည် စတင်မည်ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

၂၀၀၇ ခုနှစ်အတွင်း စတင်ခဲ့သည့် မြစ်ကြီးနားမြောက်ဘက် ၂၇ မိုင်အကွာရှိ မြစ်ဆုံရေကာတာ စီမံကိန်းလုပ်ငန်းများကို ယခုနှစ် မိုးတွင်းပိုင်း၌ ခေတ္တရပ်နားခဲ့ရာမှ ပြန်လည်စတင်ရန် သိရခြင်း ဖြစ်သည်။ ရေအားလျှပ်စစ် မီဂါဝပ် ၃၆၀၀ ထုတ်ပေးနိုင်မည့် “မြစ်ဆုံရေကာတာစီမံကိန်း” အရ မေခမြစ်တွင် တာ ၅ ခု၊ မလိခမြစ်တွင် ၂ ခုဖြင့် ရေပိတ်ထားမည်ဖြစ်သည်။

မြစ်ဆုံရေကာတာ စီမံကိန်းအတွက် ယခုအခါ အလုပ်သမား အိမ်ယာများ ဆောက်လုပ်ခြင်းနှင့် ဧရာဝတီ မြစ်ရေအောက်ပိုင်း စမ်းသပ်ခြင်းများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

စီမံကိန်း အထက်ပိုင်းရှိ တန်ဖရဲ၊ မြစ်ဆုံ၊ ကျိန်ခရန်၊ ဒေါင်ပန်၊ ခန်းဘူး စသည့် ကျေးရွာများ အပါအဝင် ရွာပေါင်း ၆၀ ကျော်မှ ဒေသခံ ၁၀၀၀၀ ကျော်သည် မြစ်ဆုံအောက်ဘက် လုန်ကာဇွပ်ကျေးရွာအနီးရှိ နေရာအသစ်သို့ ပြောင်းရွှေ့ရမည်ဟု သိရသည်။ ဤစီမံကိန်း အကောင်အထည်ဖော်ရန် စစ်အစိုးရ အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (China Power Investment Corporation - CPI) တို့အကြား ၂၀၀၆ ခုနှစ်တွင် သဘောတူခဲ့ခြင်း ဖြစ်သည်။
(မဇ္ဈိမ)
-----------------
3.12.2009

စစ်အစိုးရ၏ ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် ဗြိတိန်အမတ်များ တောင်းဆို

နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရ ကျူးလွန်ခဲ့သည့် လူသားဖြစ်မှုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် ကော်မရှင်တရပ် ဖွဲ့စည်းရေးအတွက် သူတို့၏ နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် ကုလသမဂ္ဂထံ တောင်းဆိုနေမှုများကို ထောက်ခံပေးရန် ဗြိတိန်ပါလီမန်အမတ်များက သူတို့အစိုးရထံ အင်္ဂါနေ့က တိုက်တွန်းတောင်းဆိုလိုက်ကြသည်။

ဤတောင်းဆိုချက်ကို မြန်မာ့ဒီမိုကရေစီအရေး ပါတီစုံအမတ်များအဖွဲ့ (APG Burma) က ဗြိတိသျှ ပါလီမန်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံရှိ လူသားဖြစ်မှုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင် တောင်းဆိုလိုက်ကြခြင်း ဖြစ်သည်။

အတင်းအကျပ် နေရာရွှေ့ပြောင်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပြုလုပ်ခြင်း၊ တရားဥပဒေပြင်ပမှ သတ်ဖြတ်ခြင်းများနှင့် အဓမ္မလုပ်အားပေး ခိုင်းစေခြင်း အပါအဝင် စစ်အစိုးရ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို သေချာစွာ မှတ်တမ်းတင်ထားပြီးဖြစ်၍ ယခုအချိန်သည် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အရေးယူ ဆောင်ရွက်ရမည့် အချိန်ဖြစ်သည်။ ထိုသို့ အရေးယူ ဆောင်ရွက်ချက်များ မပြုလုပ်ဘဲ ဆုံးဖြတ်ချက်များသာ တခုပြီးတခု ချမှတ်နေရမည့် အချိန်မဟုတ်ဟု လန်ဒန်အခြေစိုက် မြန်မာ့တရားမျှတမှု ကော်မတီ (BJC) ဥက္ကဋ္ဌဖြစ်သူ Sappho Dias က ပြောသည်။
(မဇ္ဈိမ)
+++++

တပ်မတော်သားများ ပြည်သူကို ရန်သူလို သဘောမထားရန်
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော တိုက်တွန်း


ယနေ့ကျရောက်သည့် ၎င်း၏ အသက် (၉ဝ) ပြည့်မွေးနေ့ အမှာစကားပြောကြားရာတွင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက တပ်မတော်သားများအနေဖြင့် ပြည်သူကို ရန်သူလို သဘောမထားရန် ထည့်သွင်းပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ မြန်မာ့တပ်မတော်ကို တည်ထောင်ခဲ့သည့် ရဲဘော်သုံးကျိပ်ဝင်တဦးဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက “ပြည်သူသာ အမိ၊ ပြည်သူသာ အဖပါ။ ပြည်သူ့မျက်နှာပဲ ကြည့်ပါ။ ပြည်သူကို ရန်သူလို သဘောမထားကြပါနဲ့လို့ မှာကြားလိုပါတယ်” ဟုလည်း နအဖ တပ်မတော်သားများကို ပြောကြားသည်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် နယ်ချဲ့အင်္ဂလိပ်အား တော်လှန်ရေးအတွက် စစ်ပညာသင်ယူရန် ဂျပန်ပြည်သို့ သွားရောက်ခဲ့ရာမှ ရဲဘော်သုံးကျိပ်ဝင် တဦးဖြစ်လာခဲ့ပြီး မြန်မာ့တပ်မတော်ကို ဖွဲ့စည်းတည်ထောင်ရာတွင် ပါဝင်ခဲ့သူဖြစ်သည်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် လွတ်လပ်ရေး ရပြီးနောက်ပိုင်း မြန်မာ့တပ်မတော်တွင် ဗိုလ်မှူးချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး တရုတ်ဖြူကျူးကျော်ဝင်ရောက်လာမှုအား တိုက်ထုတ် မောင်းထုတ်ရေးအတွက် ဆင်နွှဲခဲ့ရသော မြန်မာ့တပ်မတော်သမိုင်းတွင် ထင်ရှားသည့် ဘုရင့်နောင် စစ်ဆင်ရေး၊ ရန်ကြီးအောင် စစ်ဆင်ရေးတို့အား ဦးဆောင်ခဲ့သူဖြစ်သည်။

တပ်မတော်အတွင်း တာဝန်ထမ်းဆောင်နေစဉ် ၁၉၅၇ ခုနှစ်၌ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဆက်သွယ်သည်ဟု စွပ်စွဲချက်ဖြင့် တပ်မတော်မှ အငြိမ်းစားပေးခံခဲ့ရပြီး ၁၉၇၆ ခုနှစ်၊ ဇူလိုင်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ရှိရာ တရုတ်-မြန်မာနယ်စပ်သို့ တောခိုလာခဲ့သည်။ ၁၉၈၉ ခုနှစ်၊ တိုင်ရင်းသားအဖွဲ့များက ဗကပကို အာဏာသိမ်းပြီးနောက်ပိုင်းကတည်းကစ၍ တရုတ်ပြည်တွင် ခိုလှုံနေထိုင်လျက်ရှိသည်။
(NEJ)
+++++

တန်းတူအခွင့်အရေးရှိသည့် ဒီမိုကရေစီနိုင်ငံကို တည်ဆောက်မည်ဟု ကချင်ပါတီပြော

မဇ္ဈိမ(ချင်းမိုင်)။ ။ အပစ်ရပ်တိုင်းရင်းသားအဖွဲ့အချို့၏ ခေါင်းဆောင်ဟောင်းများဖြင့် ဖွဲ့စည်းထားသော ကချင်ပြည်နယ် တိုးတက်ရေးပါတီ KSPP သည် ကချင်ပြည်နယ်ရှိ မြို့နယ်အများစုသို့ စည်းရုံးရေးဆင်းနေပြီ ဖြစ် ကြောင်း ပါတီ ဥက္ကဌ ဒေါက်တာတူးဂျာက ပြောသည်။

မြစ်ကြီးနားမြို့ရှိ ရပ်ကွက်များသာမက မြို့နယ်များဖြစ်သည့် ဝိုင်းမော်၊ ပူတာအို၊ နောင်မွန်း၊ မချမ်းဘော၊ ခေါင်လန်ဖူး၊ အင်ဂျန်းယန်၊ ဖားကန့်၊ တနိုင်း၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ မိုးမောက်၊ ရွှေဂူ စသည့်မြို့နယ်များသို့ သွားရောက် စည်းရုံးခဲ့ခြင်းဖြစ်သည်။
ပါတီယာယီရုံးကို မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက်၌ ယခင်လ နိုဝင်ဘာ ၁၈ ရက်က ဖွင့်လှစ်ခဲ့သည်။ ပါတီဆိုင်းဘုတ်ကိုမူ တပ်ဆင်ထားခြင်း မရှိသေးကြောင်း သိရသည်။

စစ်အစိုးရ၏ “လမ်းပြမြေပုံ” ကို လိုက်နာခြင်းဖြစ်သောကြောင့် စည်းရုံးရေးခရီးစဉ်များတွင် သက်ဆိုင် ရာ စစ်အစိုးရ အာဏာပိုင်များ၏ နှောက်ယှက်ခြင်း မကြုံရကြောင်း ဒေါက်တာတူးဂျာက ပြောသည်။

၎င်းတို့ ပါတီက လူမျိုး ဘာသာ မခွဲခြားပဲ ပါတီဝင်များ လက်ခံသွားမည်ဖြစ်ပြီး တိုင်းရင်းသားအားလုံး တန်းတူ အခွင့်အရေးရရှိသည့် ဒီမိုကရေစီနိုင်ငံအား ငြိမ်းချမ်းစွာ တည်ဆောက်သွားရန် ရည်ရွယ်ထား ကြောင်း သိရသည်။
(မဇ္ဈိမ)
+++++

ကျောင်းသူလေးကို ခွဲစိတ်သည့်ဆရာဝန်ကြီး
ဆေးကုသခွင့် (၅) နှစ်ရပ်စဲ


ရန်ကုန်မြို့ ရွှေဂုံတိုင်အထူးကုဆေးခန်းတွင် အသက် (၁၅) နှစ်အရွယ် (၉) တန်း ကျောင်းသူလေး မခိုင်ရွှန်းလဲ့ရည် သေဆုံးခြင်းနှင့်ပတ်သက်၍ ခွဲစိတ်အထူးကုဆရာဝန်ကြီးကို ဆေးကုသခွင့်လိုင်စင် (၅) နှစ်ရပ်စဲရန် မြန်မာနိုင်ငံဆေးကောင်စီ အဖွဲ့က ဆုံးဖြတ်လိုက်ကြောင်း ဒီဇင်ဘာ (၂) ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်သည်။

ခွဲစိတ်အထူးကုဆရာဝန်ကြီးကို လုပ်မှားကိုင်မှား ဆုံးဖြတ်ချက်မှားခြင်း၊ လူနာလုံခြုံမှုအတွက် မခွဲစိတ်ခင်နှင့်ခွဲစိတ်ပြီး လုံလောက်သောဆောင်ရွက်ချက် အားနည်းခြင်း၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုအားနည်းခြင်းတို့ကြောင့် ယခုကဲ့သို့ ဆေးကုသခွင့် (၅) နှစ်ရပ်စဲလိုက်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်တွင် ပူးတွဲတာဝန်ရှိခဲ့သော မေ့ဆေးဆရာဝန်၊ ပထမလက်ထောက်ခွဲစိတ်ဆရာဝန်၊ သမားတော်ကြီးတို့အား မြန်မာနိုင်ငံဆေးကောင်စီက ပြင်းထန်စွာ သတိပေးရန်ဆုံးဖြတ်ထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
(NEJ)
+++++

ဗီဒီယိုပြသခွင့် လိုင်စင်ကြောင့် ရန်ကုန် လက်ဖက်ရည်ဆိုင်များ တီဗီဖြုတ်သိမ်း

နယူးဒေလီ (မဇ္ဈိမ)။ ။ ဆိုင်ထဲတွင် တီဗီထားရှိပါက တနှစ်စာအတွက် ဗီဒီယိုပြသခွင့် လိုင်စင်ကြေး ကျပ် ၄ သောင်းခွဲ ပေးရမည်ဟု မြို့နယ် ဗီဒီယိုအခြေခံအဖွဲ့က ပြောဆိုသဖြင့် ရန်ကုန်ရှိ လက်ဖက်ရည်ဆိုင် အများအပြား တီဗီများကို ဖြုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဆိုင် ၃ မျိုးဖြစ်သည့် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် အလှပြင်ဆိုင်များသို့ မြို့နယ် ဗီဒီယိုအခြေခံအဖွဲ့က ပေးပို့ခဲ့သော အကြောင်းကြားစာတွင် ၇ ရက်အတွင်း ဗီဒီယို ပြသခွင့်လိုင်စင် မပြုလုပ်ပါက အရေးယူမည်ဆိုသဖြင့် အမြတ်ငွေ နည်းပါးသည့် လက်ဖက်ရည်ဆိုင် အများအပြားအနေဖြင့် တီဗီများကို ဖြုတ်သိမ်းလိုက်ခြင်း ဖြစ်သည်။
(မဇ္ဈိမ)
---------------
4.12.2009

ဒေါ်အောင်ဆန်းစုကြည်အယူခံပြင်ဆင်ခွင့်
လျှောက်လဲချက်အတွက် ရုံးချိန်းပေး


ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံပြင်ဆင်ခွင့်အတွက် လျှောက်လဲချက်ကြားနာမည့် ရုံးချိန်ကို ယနေ့ ဗဟိုတရားရုံးက ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

“ကျနော်တို့ အယူခံပြင်ဆင်ခွင့်အတွက် ဒီလ (၂၁) ရက်နေ့ ဗဟိုတရားရုံးမှာ လျှောက်လဲချက် ပေးရမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
+++++

ကဗျာဆရာ ခန့်မင်းထက် ပြန်လွတ်လာ

နယူးဒေလီ (မဇ္စျိမ)။ ။ ရန်ကုန်တိုင်း အထူးရဲသတင်းတပ်ဖွဲ့က ဖမ်းဆီးပြီး ရက် ၄၀ နီးပါး ပျောက်ဆုံးနေသော အလင်္ကာဝတ်ရည်ဂျာနယ် ဒီဇိုင်းဆရာနှင့် ကဗျာဆရာ ခန့်မင်းထက် ပြန်လွတ်လာပြီဟု မိသားစုက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည့် ကဗျာဆရာ ခန့်မင်းထက်ကို အောင်သပြေ စစ်ကြောရေးစခန်းတွင် စစ်ဆေးမေးမြန်းခဲ့ရာမှ ယခုလ ၁ ရက်နေ့တွင် မိသားစုက သွားရောက်ခေါ်ယူခဲ့ရကြောင်း ဖခင်ဖြစ်သူ ကဗျာဆရာ မောင်စိမ်းနီ (အယ်ဒီတာချုပ်၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်း) က ပြောဆိုခြင်း ဖြစ်သည်။ အလားတူ အလွတ်သတင်းထောက် ကိုပိုင်စိုးဦး ခေါ် ဂျေပိုင်၊ Foreign Affair ဂျာနယ်မှ အယ်ဒီတာ ကိုသန့်ဇင်စိုးနှင့် လင်းလက်ကြယ် နာဂစ်လေဘေးကူညီသူ ၁၅ ဦးထက်မနည်း ထိုနေ့တွင် ပြန်လွတ်လာကြသည်။ အာဏာပိုင်များက သက်ဆိုင်ရာ အုပ်ထိမ်းသူများကို အကြောင်းကြားခေါ်ယူကာ အပ်နှံခဲ့ခြင်း ဖြစ်သည်။
(မဇ္စျိမ)
-----------------