23.11.2009
နယ်ခြားစောင့်တပ်အသွင်ပြောင်း ကချင်အထူးဒေသ(၁)
ရွှေတူးဖော်နေပြီ
နယ်ခြားစောင့် ကချင်အထူးဒေသ(၁) သည် အောက်တိုဘာ လကုန်ပိုင်းမှစ၍ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း လိမ္မော်ခြံနှင့် ဥယျာဉ်ခြံမြေများ ဝယ်ယူပြီး စက်ယန္တယားများအသုံးပြုကာ ရွှေတူးဖော်မှု အကြီးအကျယ် လုပ်ကိုင်နေသည်။
ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းကြောင့် ရေဝပ်ဧရိယာအတွင်း ကျရောက်မည်ဆိုသည့် ဝိုင်းမော်မြို့နယ်၊ မံတောင် ကျေးရွာရှိ လိမ္မော်ခြံနှင့် ဥယျာဉ်ခြံမြေ ဧက (၁ဝဝ) ခန့်ကို ကချင်အထူးဒေသ (၁) အဖွဲ့မှ ဥက္ကဌ ဦးဆခုံ တိန့်ယိန်း ဦးဆောင်သည့်အဖွဲ့က အောက်တိုဘာ (၂၉) ရက်တွင် ကျပ်သိန်း (၅ဝဝ) ကျော်ဖြင့် မံတောင်ကျေးရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ရယက) မှတဆင့် ဝယ်ယူခဲ့ပြီး ယခုအခါ စက်ယန္တယားများဖြင့် ရွှေရှာဖွှေ လုပ်ကိုင်နေသည်ဟု ဝိုင်းမော်ဒေသခံတဦးက ပြောသည်။ နအဖ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ကမ်းလှမ်းချက်ကို လက်ခံလိုက်သည့် ကချင်အထူးဒေသ (၁) အား ယခုကဲ့သို့ ရွှေလုပ်ခွင့် တရားဝင်ချပေးလိုက်ခြင်းသည် အခြားသော အပစ်ရပ်အဖွဲ့များကို ဆွဲဆောင်ခြင်းတခု ဖြစ်နိုင်သည်ဟု စစ်ရေးအကဲခတ်များက သုံးသပ်နေသည်။
(NEJ)
+++++
ရှေ့နေကြီး ဦးကြည်ဝင်းကို ဥပဒေအဖွဲ့တွင် ဒုဥက္ကဋ္ဌ ခန့်အပ်
နယူးဒေလီ (မဇ္ဈိမ)။ ။ အဖွဲ့လုပ်ငန်းများ ပိုမိုထိရောက်စွာ လုပ်ကိုင်ရေးအတွက် ရှေ့နေကြီး ဦးကြည်ဝင်းကို ဗဟို ဥပဒေအထောက်အကူပြုအဖွဲ့ ဒု-ဥက္ကဋ္ဌအဖြစ် ခန့်အပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောဆိုသည်။
အဖွဲ့ချုပ် ဥပဒေအထောက်အကူပြု အဖွဲ့ခေါင်းဆောင်များ နေရာတွင် အကြောင်းကြောင်းကြောင့်အရ လစ်ဟာမှု ရှိနေပြီး၊ နိုင်ငံရေးအမှုပေါင်း ၃ဝ ကျော်ကို လတ်တလော ဆောင်ရွက်ရန် ရှိသောကြောင့် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့မှ စတင်၍ ခန့်အပ်လိုက်ကြောင်း ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောသည်။
ဒုဥက္ကဋ္ဌနေရာ ဖန်တီး၍ ရှေ့နေကြီး ဦးကြည်ဝင်းကို ခန့်အပ်ရန် ယခုလ ၁၁ ရက်နေ့က အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့စဉ်က ညွန်ကြားခဲ့ခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။
ပါတီဝင် မဟုတ်သော်လည်း ၁ဝ စုနှစ်တခုကျော်ကြာ အဖွဲ့ချုပ် ဥပဒေရေးရာ ကိစ္စများတွင် ပါဝင်ဆောင်ရွက်ခဲ့သူ ရှေ့နေကြီး ဦးကြည်ဝင်းက “ဒီလို ခန့်အပ်ခြင်းခံခဲ့ရတဲ့အတွက် ဂုဏ်ယူပါတယ်။ တာဝန်ပေးလာတော့ ကျေပွန်အောင် ထမ်းဆောင်သွားမှာပါ” ဟု မဇ္ဈိမကို ပြောသည်။
ဥပဒေပြု အထောက်အကူပြု အဖွဲ့ကို လွန်ခဲ့သည့် ဆယ်စုနှစ်တခုကျော်က ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၏ အဆိုပြုချက်အရ ဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းကတည်းက ဦးတင်ဦးသည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရပြီးနောက် ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေက ယာယီဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။
ယခုအခါ ဗဟို ဥပဒေအထောက်အကူပြု အဖွဲ့တွင် ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်း၊ ဦးသိန်းညွန့်၊ ဦးအောင်သိန်း၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်း၊ ဦးမြင့်သောင်းနှင့် ဒေါ်ခင်ဌေးကြွယ် အပါအဝင် အဖွဲ့ဝင် ၁ဝ ဦး ပါဝင်သည်။
(မဇ္ဈိမ)
+++++
ခရီးသည်တင် နှစ်ထပ်သင်္ဘော ပြစ်ခတ်မှု
ဒီကေဘီအေ လက်ချက်ဟု ဒေသခံ ပြော
ခရီးသည်တင် နှစ်ထပ်သင်္ဘောကို ယခင်လအတွင်းမှ ပစ်ခတ်ခဲ့မှုဖြစ်ပွားခဲ့ရာတွင် တိုးတက်သောဗုဒ္ဒဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (ဒီကေဘီအေ) က ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံ တကောင်ဘိုးရွာသားတဦးက ပြောသည်။
ဖားအံမြို့နှင့် ရွှေဂွန်းကျေးရွာသို့ ပြေးဆွဲသည့် ပြည်တွင်းရေကြောင်းဌာနပိုင် စောဥမ္မာ အမည်ရှိ ခရီးသည်တင်နှစ်ထပ်သင်္ဘောကို ဖားအံမြို့နယ် တကောင်ဘိုးကျေးရွာတွင် ယခင်လ (၁၀) ရက်တွင် လက်နက်ကိုင်အဖွဲ့တခု က ကမ်းစပ်မှ ချောင်းမြောင်းပစ်ခတ် သဖြင့် ခရီးသည်(၃) ဦး သေဆုံးခဲ့သည်။
အဆိုပါ ပစ်ခတ်မှုအပြီး နောက်တနေ့တွင် စစ်အစိုးရပိုင် သတင်းဌာနများက ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အဖွဲ့၏ လက်ချက်ဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ မျက်မြင်တဦးဖြစ်သည့် ဒေသခံ တကောင်ဘိုးရွာသားတဦးက “မနက် (၇) နာရီ မထိုးသေးဘူး တကောင်ဘိုးရွာ လှေဆိပ်မှာထိုင်တဲ့ ဒီကေဘီအေက အကောက်မှူး ဗိုလ်ဂျပုကို သူတို့အဖွဲ့ကလူတွေပဲ လာပစ်သတ်သွားတယ်။ သစ်ကိစ္စလို့ပြောတယ်၊ အဲဒါပြီးတာနဲ့ ရွှေဂွန်းကနေ ဖားအံကိုဆင်းမယ့် သင်္ဘောရဲ့အပေါ်ထပ် ဦးပိုင်းမှာရှိတဲ့ သင်္ဘောလုံခြုံရေး ရဲတွေကို သူတို့ပဲ အရင်ပစ်တယ်၊ ရဲကလည်းပြန်ပစ်တော့ နှစ်ဖက်အပြန်အလှန် ပစ်ကြပြီး ခရီးသည် (၃) ယောက်သေသွားတယ်၊ ကျနော်တို့ရွာမှာ ငပွေး (ကေအန်ယူ) တွေ မလာတာ အနှစ် (၂၀) ကျော်ပြီ” ဟု ပြောသည်။
(NEJ)
+++++
မြန်မာစစ်တိုင်းမှူးတို့ လေးလပတ်အစည်းအဝေးအတွက် နေပြည်တော်သို့ရောက်ရှိ
နယူးဒေလီ (မဇ္စျိမ)။ ။မြန်မာနိုင်ငံ စစ်ဒေသအသီးသီးမှ စစ်တိုင်းမှူးများသည် ယခုနှစ်ကုန် လေးလပတ် အစည်းအဝေး တက်ရောက်ရန်အတွက် မြို့တော်သစ် နေပြည်တော်သို့ ရောက်ရှိလာကြသည်။
နေပြည်တော်ရှိ စစ်ဘက်နှင့်နီးစပ်သော အသိုင်းအဝိုင်း၏ အဆိုအရ ဤအစည်းအဝေးအတွင်း အစိုးရအဖွဲ့အတွင်း ဝန်ကြီးနေရာများ ပြန်လည် ခန့်ထားရေး၊ လာမည့် ၂၀၁၀ ရွေးကောက်ပွဲ တွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန်အတွက် အနားပေးရေး အပါအဝင် စစ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များအတွင်း အပြောင်းအရွေ့ကိစ္စများကို ဆွေးနွေးမည်ဟု မဇ္ဈိမမှ သိရှိရသည်။
(မဇ္စျိမ)
-----------------
24.11.2009
မြန်မာပြည်အထက်ပိုင်း ဘိန်းစိုက်မှု များပြားလာ
တရုတ်လုပ်ငန်းရှင်များ ငွေကြေးစိုက်ထုတ်ပေးမှုရှိ
မြန်မာပြည်အထက်ပိုင်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း နယ်စပ်တလျှောက်၌ ယခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ပိုမိုများပြားလာနေပြီး အချို့ဒေသတွင် တရုတ်နိုင်ငံဘက်မှ လုပ်ငန်းရှင်များက ငွေကြေးစိုက်ထုတ်ပေးနေကြောင်း ဒေသခံများက ပြောသည်။
ကချင်ပြည်နယ် မိုးကောင်း၊ နမ္မတီးမြို့နယ်အတွင်းမှ အချို့သော ဒေသခံများကို တရုတ်လုပ်ငန်းရှင်များက ငွေကြေးများ စိုက်ထုတ်ပေးကာ တနိုင်းမြို့အနောက်ဘက်ဒေသရှိ တနိုင်းခချောင်းနှင့် တဂါးခချောင်းတလျှောက် စစ်ကိုင်းတိုင်းနယ်စပ်နှင့် တနိုင်းမြို့၏ တောင်ပိုင်းဒေသတလျှောက်တွင် စိုက်ပျိုးနေကြသည်ဟု မကြာသေးမီက အဆိုပါဒေသသို့ သွားရောက် ကွင်းဆင်းလေ့လာခဲ့သည့် ကချင် အန်ဂျီအိုအဖွဲ့ဝင်တဦးက ပြောသည်။
ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ၏ အကူအညီဖြင့် မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ပပျောက်ရေးဆောင်ရွက်နေ၍ ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ကျဆင်းလာသည်ဟု ပြောဆိုနေချိန်တွင် ယခင်က ဘိန်းစိုက်ပျိုးမှု နည်းပါးသည့် ကချင်ပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှု များပြားလာခြင်းဖြစ်သည်။
(NEJ)
+++++
ပိတ်ဆို့မှုထက် ရွေးကောက်ပွဲက ပိုအရေးကြီးနေဟု ဦးဝင်းတင် ပြောဆို
နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရအတွက် ၂၀၁၀ ရွေးကောက်ပွဲသည် စီးပွားရေးပိတ်ဆို့မှု အခန်းကဏ္ဍထက် ပိုမိုအရေးပါနေသဖြင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန် ရာခိုင်နှုန်းအားဖြင့် နည်းပါးကြောင်း အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ပြောဆိုလိုက်သည်။
အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နအဖ ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း ယခုလ ၁၁ ရက်နေ့တွင် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာရေးတင်ပြခဲ့ပြီးနောက် ရက်သတ္တ နှစ်ပတ်ခန့် ကြာမြင့်လာသော်လည်း တစုံတရာ တုံ့ပြန်မှု မပြသသည့်အပေါ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
(မဇ္ဈိမ)
+++++
မယ်လဒုက္ခသည်စခန်းသို့
အလှူရှင်များ သွားရောက်လေ့လာ
ထိုင်းနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းတွင် ၎င်းတို့လှူဒါန်းထားမှုအနေအထားများ သိနိုင်ရန် ဥရောပသမဂ္ဂအဖွဲ့ဝင် (၁၄) နိုင်ငံမှ သံတမန်များ မယ်လဒုက္ခသည်စခန်းသို့ ယမန်နေ့၌ သွားရောက်လေ့လာခဲ့ကြသည်။
ဥရောပသမဂ္ဂ၏ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားဆိုင်ရာသံအမတ် မစ္စတာဒေးဗစ်လစ်မင်း ဦးဆောင်သည့် အဖွဲ့ဝင် (၂၇) ဦးပါ သံတမန်များအဖွဲ့သည် မယ်လစခန်း၏ စီမံခန့်ခွဲမှုဌာနကြီး (၅) ခုဖြစ်သည့် ကျန်းမာရေးဌာန၊ ရေပေးဝေရေးနှင့် သန့်ရှင်းရေးဌာန၊ ပညာရေးဌာန၊ ဥပဒေအကြံပေးဌာန၊ ရိက္ခာထုတ်ပေးရေးဌာနတို့ကို စစ်ဆေးခဲ့ကြသည်။
အလှူရှင်နိုင်ငံတို့မှ ယခုကဲ့သို့ ကွင်းဆင်းလာရောက်ခြင်းသည် ဒုက္ခသည်စခန်းများတွင် အဂတိလိုက်စားမှုများ တိုးပွားလာခြင်းနှင့် ဆက်စပ်မှုရှိကြောင်း ဒုက္ခသည်အရေး ဆောင်ရွက်နေသည့် အစိုးရမဟုတ်သောအဖွဲ့တခုမှ ဌာနေ၀န်ထမ်းတဦးက ပြောသည်။
( NEJ )
+++++
လူ့အခွင့်အရေး ချိုးဖောက်မှု အခိုင်အမာ ရှိနေဟု NCGUB ပြော
နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ လျော့ကျမသွားသည့်အပြင် အခိုင်အမာ တည်ရှိနေဆဲဖြစ်ကြောင်း NCGUB ခေါ် အဝေးရောက် ညွန့်ပေါင်းအစိုးရက ယခုနှစ်တွင် ထုတ်ပြန်သည့် လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာက ဆိုသည်။
အမေရိကန်နိုင်ငံ နယူးယောက်တွင် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ နှစ်စဉ် တင်သွင်းလေ့ရှိရာ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်အတွက် ပြုစုထားသည့် ၁၂ ကြိမ်မြောက် မြန်မာနိုင်ငံ လူ့အခွင့်အရေး အစီရင်ခံစာကို မကြာသေးခင်က ကျင်းပခဲ့သည့် ၆၄ ကြိမ်မြောက် ကုလ ညီလာခံသို့ တင်သွင်းခဲ့သေးသည်။
အစီရင်ခံစာတွင် ပါရှိသည့် လူ့အခွင့်အရေးဆိုင်ရာ သတင်းများ၊ မှတ်တမ်းများနှင့် အချက်အလက်များသည် မြန်မာနိုင်ငံနှင့် ဆက်သွယ်ရေး လွယ်ကူသည့် ထိုင်း-မြန်မာ နယ်စပ်မှတဆင့် NCGUB လက်အောက်ရှိ လူ့အခွင့်အရေး မှတ်တမ်းဌာန - HRDU က ရယူစုဆောင်းခြင်း ဖြစ်သည်။
(မဇ္စျိမ)
-------------------
25.11.2009
ကိုမင်းကိုနိုင် ကျန်းမာရေးမကောင်း
ကျိုင်းတုံအကျဉ်းထောင်တွင် ထောင်ဒဏ် (၆၅) နှစ်ကျခံနေရသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကျန်းမာရေးမကောင်းဟု မိသားစုမှ ထုတ်ဖော်ပြောဆိုလိုက်ကြောင်း သိရသည်။ အန်အယ်လ်ဒီပါတီမှ ဦးခင်မောင်ဆွေ၊ ဒေါက်တာဝင်းနိုင်၊ ဒေါက်တာသန်းငြိမ်းနှင့် ဦးစိန်လှဦးတို့ သင်္ဃန်းကျွန်းမြို့နယ် အန်အယ်လ်ဒီပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် အိမ်မှအပြန် ကိုမင်းကိုနိုင်၏ မိဘများထံ ၀င်ရောက်တွေ့ဆုံစဉ် မိသားစုက ကိုမင်းကိုနိုင်၏ ကျန်းမာရေးအခြေအနေကို ပြောပြခြင်းဖြစ်သည်။
(NEJ)
+++++
ဒေါ်စုနေအိမ် ပြုပြင်ခွင့်ရပြီ
နယူးဒေလီ (မဇ္စျိမ)။ ။ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို အာဏာပိုင်များက ပြုပြင်ခွင့် ပေးလိုက်ပြီဖြစ်ကြောင်း သူမ၏ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။
ရန်ကုန်တိုင်း၊ မြို့တော်စည်ပင်က နေအိမ် အပေါ်ထပ်ရှိ ဝရံတာတွင် အုတ်စီ အခန်းဖွဲ့၊ ပြင်ဆင်ခွင့် ပေးလိုက်ခြင်း ဖြစ်သည်။ နေအိမ် ပြုပြင်ရေးကို ၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အပြီးသတ် ပြုပြင်ရန် အာဏာပိုင်များက သတ်မှတ်ပေးထားကြောင်း သိရသည်။
(မဇ္စျိမ)
+++++
မွန်ပြည်သစ်ဌာနချုပ်အနီး
မြန်မာစစ်တပ် (၃) ရင်း ဝင်ရောက်လှုပ်ရှားနေ
နအဖ စစ်တပ်အင်အား (၃၀၀) ကျော် ပါသည့်တပ်ရင်း (၃) ရင်းတို့က မွန်ပြည်သစ် ဗဟိုဌာနချုပ်နှင့် (၈) မိုင်သာသာ ဝေးသည့်နေရာအထိ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာ၍ ဒေသခံပြည်သူတို့ စိုးရိမ်ထိတ်လန့်နေကြသည်။ ယခု နအဖစစ်တပ်တို့ စစ်ရေးလှုပ်ရှားသည့်နယ်မြေသည် မွန်ခွဲထွက်အဖွဲ့တို့ လှုပ်ရှားနေသည့် ရေးမြို့နယ် တောင်ပိုင်း၊ ရေဖြူမြို့နယ်တို့နှင့် ဆက်စပ်ဒေသများဖြစ်၍ ယင်းခွဲထွက်အဖွဲ့ငယ်များအား စစ်ဆင်ရေး ပြုလုပ်နေသည်ဟု မြန်မာ အာဏာပိုင်တို့က အကြောင်းပြထားကြောင်း အဆိုပါဗဟိုကော်မတီဝင်က ဆိုသည်။
ယင်းကိစ္စကို အထက်တာဝန်ရှိသူတို့အား အကြောင်းကြားထားပြီး အခြေအနေအား ဆက်လက်စောင့်ကြည့်နေကြောင်း၊ ယခုကဲ့သို့ မွန်ပြည်သစ်နယ်မြေအတွင်း တိုးဝင်လာပါက ပစ်ခတ်ရလိမ့်မည်ဟု အဆိုပါခရိုင်ကော်မတီဝင်က ပြောသည်။
(NEJ)
+++++
၂၀၀၈ ဖွဲ့စည်းပုံက အမျိုးသမီးများ ဘဝလုံခြုံမှု ခြိမ်းခြောက်နေဟု WLB ပြော
မဇ္ဈိမ(ချင်းမိုင်) ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒတွင် စစ်အစိုးရ ခေါင်းဆောင်များ ကျူးလွန်ထားသော ပြစ်မှုများကို ကင်းလွတ်ခွင့်ပေးထားသဖြင့် ထိုအခြေခံဥပဒေအရ ပြုလုပ်မည့် ရွေးကောက်ပွဲကို အပြင်းအထန် ကန့်ကွက်သည်ဟု အမျိုးသမီးအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB က ယနေ့ ပြောဆိုလိုက်သည်။
လက်ရှိ အုပ်ချုပ်နေသည့် စစ်ဗိုလ်ချုပ်ကြီးများက ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှုများအား သွယ်ဝိုက်သော နည်းဖြင့် ပိုမိုခွင့်ပြုထားရာ အမျိုးသမီးများ၏ ဘဝလုံခြုံရေးကို ပိုမို ခြိမ်းခြောက်နေကြောင်း ယနေ့ ကျရောက်သည့် နိုင်ငံတကာ အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေးနေ့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
(မဇ္စျိမ)
-----------------
26.11.2009
ပြည်တွင်းဂျာနယ်များ ပိုမိုအရေးပါလာနိုင်
မဇ္ဈိမ (ချင်းမိုင်)။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပြည်တွင်း သတင်းဂျာနယ်များ ပိုမို အရေးပါလာမှာဖြစ်သော်လည်း လွတ်လပ်စွာ သတင်းရေးသားဖော်ပြခွင့်မှာမူ အခွင့်အလမ်း နည်းနေဆဲဖြစ်သည်ဟု အယ်ဒီတာများနှင့် မြန်မာ သတင်းသဂ္ဂအဖွဲ့တို့က ပြောသည်။
မဲဆွယ်စည်းရုံးမှု၊ နိုင်ငံရေးပါတီများအကြောင်း ဖော်ပြခွင့်ရနိုင်မည်ဟု မျှော်လင့်သော်လည်း မဲပေးခြင်း၊ မဲရုံများတွင် အလုပ်လုပ်မှု အသေးစိတ်ကိုမူ ရေးသားဖော်ပြခွင့် ရနိုင်ဖွယ်မမြင်ကြောင်း သူက ဆက်ပြောသည်။ ယခု ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး စာပေစိစစ်ရေးက အကန့်အသတ်ဖြင့် ရွေးကောက်ပွဲ သတင်းများ ဆိုင်ရာမူတခု ချမှတ်ပေးမည်ဟုလည်း ခန့်မှန်းထားသည်။
အလားတူ အခြားအယ်ဒီတာ တဦးကလည်း ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင် မီဒီယာကဏ္ဍအနေဖြင့် လွတ်လပ်စွာ ရေးသားဖော်ပြခွင့် မရနိုင်ကြောင်း တွက်ဆထားသည်။
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါရှိသည့် အပိုက် ၃၅၄ အရ ကိုယ့် ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားခွင့် ရှိသည်ဟု ဖော်ပြထားသည်။
သို့သော် နိုင်ငံသူနိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် ဆန့်ကျင်သည်ဟု ပါရှိသည်။
(မဇ္ဈိမ)
+++++
နာဂစ်ဒုက္ခသည်များ ဆေးဝါးအထောက်အပံ့ လိုအပ်ဆဲ
ချင်းမိုင် (မဇ္ဈိမ) ။ ။ နာဂစ်မုန်တိုင်းသင့် ဧရာဝတီတိုင်းသည် ၁၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း လေဘေး ဒုက္ခသည်များအတွက် ဆေးဝါးအထောက်အပံ့များ လိုအပ်နေဆဲဖြစ်ကြောင်း အတိုက်အခံ လွှတ်တော်အမတ် ဒေါက်တာအေးကြူက ပြောသည်။
မုန်တိုင်းတိုက်ခတ်မှုအတွင်း လူဦးရေ ၁ သိန်း ၄ သောင်းထက်မနည်း သေဆုံးခဲ့ရကာ လူပေါင်း ၂ သန်းခွဲခန့်ရှိ လေဘေးဒုက္ခသည်များအတွက် စောင့်ရှောက်သည့် အဖွဲ့အစည်းများ ရှိနေသော်လည်း အများအားဖြင့် ကျန်းမာရေးအတွက် လိုအပ်ချက်များ ရှိနေခြင်းဖြစ်သည်။
နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့ (NGO) များက အစားအသောက်နှင့် ပညာရေးအထောက်အပံ့များ ဆက်လက် ထောက်ပံ့ပေးနေသော်လည်း၊ အချို့က ပရောဂျက်များကို ယာယီ ရပ်ဆိုင်းထားကြောင်း သိရသည်။
နိုင်ငံတကာ အလှူရှင်များအနေနှင့် နာဂစ်ဒုက္ခသည်များအတွက် ဇူလိုင်လအထိ အမေရိကန်ဒေါ်လာ ၈၈ သန်းကို လှူဒါန်းမည်ဟု သဘောတူညီထားကြသည်။ သြစတြေးလျား၊ ဒိန်းမတ်၊ ဂျာမဏီ၊ ဂျပန်၊ နယူးဇီလန်၊ နော်ဝေ၊ နယ်သာလန်၊ ဥရောပကော်မရှင်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ စင်္ကာပူ၊ ထိုင်း၊ အင်္ဂလန်နှင့် အမေရိကန် ပြည်ထောင်စုက အဆိုပါ ငွေပမာဏကို နာဂစ်ဒေသ ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းရန် သဘောတူညီခဲ့သည်။
(မဇ္ဈိမ)
+++++
ဝ' နယ်မြေအတွင်း စစ်ဖြစ်မည်ကို ဒေသခံများ တကျော့ပြန် စိုးရိမ်
မဇ္ဈိမ (ချင်းမိုင်) ။ ။ နေပြည်တော်နှင့် ဝ' တပ်မတော်ကြား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဆွေးနွေးပွဲတွင် နှစ်ဖက် သဘောတူညီမှု မရသေးသဖြင့် စစ်မက်ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်မကင်း ဖြစ်နေသည်။
ယခုလ ၁၄ ရက်နေ့တွင် နေပြည်တော်မှ စေလွှတ်သည့် စစ်ဘက်ဆိုင်ရာ အကြီးအကဲနှင့် ဝ' တပ်မတော် ခေါင်းဆောင်များကြား ၃ ကြိမ်မြောက် ဆွေးနွေးရာ ပြေလည်မှု မရဘဲ ပြီးဆုံးခဲ့သဖြင့် စစ်ဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်နေပြီး ဝ' ဒေသတွင်းရှိ ကုန်သည်အချို့က လှောင်ကုန်များကို အမြန်ထုတ်ရောင်းနေသည်။
ယခုလ ၁၄ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းတွင် စစ်ဘက်ရေးရာ လုံခြုံရေး အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၊ ရမခ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်၊ ကစထမှူး မင်းအောင်လှိုင်တို့ ပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ၏ နိုင်ငံရေး ဦးဆောင်မှုပါတီ UWSP မှ ဒု-ဥက္ကဋ္ဌ ပေါဝ်းယျိုလျှန်၊ ဒု-စစ်ဦးချုပ် တာ့အိုက်လွန်း အဖွဲ့နှင့် ဆွေးနွေးခဲ့သည်။
၎င်းဆွေးနွေးပွဲအပြီး နောက်တပတ်ဖြစ်သည့် ၂၁ ရက်နေ့တွင် လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် စစ်ကားများ ရှမ်းပြည်မြို့တော် တောင်ကြီးဘက်မှ သံလွင်မြစ်အရှေ့ဘက်သို့ မောင်းနှင်သွားကြောင်း ရှမ်းသံတော်ဆင့် သတင်းဌာန လက်ထောက် အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။
(မဇ္ဈိမ)
-----------------
27.11.2009
လက်ခုပ်ကုန်း Cyclone Shelter
ဒေသခံတို့အတွက် လက်တွေ့အကျိုးမရှိနိုင်
ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ် လက်ခုပ်ကုန်းကျေးရွာတွင် တည်ဆောက်လျက်ရှိသည့် Cyclone Shelter မှာ ၂၀၁၀ မတ်လ တွင် ပြီးစီးမည်ဟု နိုင်ငံပိုင်ရုပ်သံတွင် ဖော်ပြနေသော်လည်း မျက်မြင်အခြေအနေအရ ရှေ့နှစ် ဒီဇင်ဘာပြီးစီးရန်ပင် မဖြစ်နိုင်ကြောင်း Asia World ဆောက်လုပ်ရေးမှ တာဝန်ရှိသူတဦးက ပြောသည်။
မူလက ဆယ်အိမ်တန်းကျေးရွာတွင် Cyclone Shelter တည်ဆောက်ရန် လျာထားသော်လည်း အဆောက်အအုံ ခံနိုင်ဝန်အားအရ လက်ခုပ်ကုန်းကျေးရွာတွင် ၂၀၀၉ ခု ဖေဖော်ဝါရီလ၌ စတင်တည်ဆောက်ခဲ့သည်။
ယင်း Shelter သည် လေပြင်းဒဏ်ခံနိုင်ရန် အခုံးပုံသဏ္ဌာန် ခြေတံရှည် (၂) ထပ်ဖြစ်ပြီး (၆) ဧကအကျယ်မြေနေရာ၌ အဆောက်အအုံအကျယ်အ၀န်း (၁၃၅) ပေ ပတ်လည် တည်ဆောက်နေခြင်းဖြစ်သည်။
ဘေးအကာနံရံ (၃) ပေထုနှင့် အဆောက်အအုံအပေါ်ထပ်၌ သောက်ရေကန် (၂) ကန်ထားရှိမည်ဖြစ်ကြောင်း၊ ရေကန် (၂) ခုကြား ရဟတ်ယာဉ်ဆင်းသက်ရန် ကွင်းတခုပါရှိမည်ဖြစ်ပြီး (၂၄) နာရီ မီးပေးစနစ် ကျင့်သုံးမည်ဖြစ်ကြောင်း၊ အသက်ကယ်ကုန်း တည်ဆောက်မှုမှာ (၅၀) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း Asia World ဆောက်လုပ်ရေးမှ တာဝန်ရှိသူတဦးက ပြောသည်။
တည်ဆောက်ရန် ထိုသို့ အစီအစဉ်ရှိသော်လည်း ယနေ့အထိ (၁၀) ပေခန့် အောက်ခံဖောင်ဒေးရှင်းနှင့် ကွန်ကရစ်တိုင် ထူသည့်အဆင့်သာ ပြီးစီးသေးသည်။
ထို့ပြင် လက်ခုပ်ကုန်း Cyclone Shelter တည်ဆောက်မှုသည် ဒေသခံအချို့အား အလုပ်အကိုင် အခွင့်အလမ်း အနည်းငယ်ပေးနိုင်ရုံကလွဲ၍ ဒေသအကျိုး၊ ပြည်သူအကျိုး လက်တွေ့မဖြစ်နိုင်ဟု ကျေးရွာ ရယကအဖွဲ့ဝင်တဦးက ဆိုသည်။
(NEJ)
+++++
ကိုကိုးကျွန်း လေ့လာရေး ခရီးစဉ်စတင်
ရန်ကုန် (မဇ္ဈိမ)။ ။ အများပြည်သူ သွားလာခွင့် ပိတ်ပင်ထားသော ကိုကိုးကျွန်းကို လေ့လာရေးခရီးစဉ်အဖြစ် စစ်အစိုးရက ခွင့်ပြုလာခဲ့သည်။
ရန်ကုန်တိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့်၏ စီမံမှုဖြင့် မြန်မာ့ကြယ်ငါးပွင့် လုပ်ငန်းပိုင် သံလွင်သဘောင်္ဖြင့် နိုဝင်ဘာ ၂၀ ရက်နေ့တွင် စတင်သာ လေးရက်ကြာ ရန်ကုန်-ကိုကိုးကျွန်း ခရီးစဉ်တွင် ခရီးသည် ၄၀၀ ကျော် လိုက်ပါသွားခဲ့သည်။
ခရီးသည်အများစုမှ အစိုးရဝန်ထမ်းများဖြစ်ကြပြီး အနုပညာသည်များ၊ နိုင်ငံပိုင် မီဒီယာများလည်း ပါသည်။
လက်မှတ်တစောင် ၂ သောင်း ၅ ထောင်ကျပ်ပေးရသည့် ခရီးစဉ်သည် ကိုကိုးကျွန်းစုများကို မြန်မာနိုင်ငံက ပိုင်ဆိုင်မှုကို ပြသလိုခြင်းကြောင့် ဖြစ်သည်ဟု လိုက်ပါပို့ဆောင်သည့် အရာရှိတဦးက ပြောသည်။
(မဇ္ဈိမ)
+++++
ဒေါ်လာဈေး ကျဆင်းမှုကြောင့် အန်ဂျီအိုများ အခက်ကြုံ
ဒေါ်လာအပါအဝင် နိုင်ငံခြားငွေဈေးများ ကျဆင်းနေ၍ အန်ဂျီအိုလုပ်ငန်း လုပ်ကိုင်နေသူများ အထူးထိခိုက်နစ်နာနေရကြောင်း နာဂစ်ဒေသ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် အန်ဂျီအိုတခုမှ ဆရာဝန်တဦးက ပြောသည်။
အလားတူ ပြည်တွင်းရှိ အန်ဂျီအိုအဖွဲ့တွင် အလုပ်လုပ်နေသူများ၊ သံရုံးတို့၌ အလုပ်လုပ်နေသူများမှာလည်း ဒေါ်လာဈေးကြောင့် ၎င်းတို့ဝင်ငွေများ (၁ဝ) ရာခိုင်နှုန်းကျော် လျော့ကျသွားကြောင်း အဆိုပါဆရာဝန်က ပြောသည်။
နိုင်ငံခြားတွင် အလုပ်လုပ်ပြီး မြန်မာပြည်တွင်းသို့ ငွေပြန်ပို့သည့် သန်းနှင့်ချီရှိသည့် မြန်မာနိုင်ငံသားတို့၏ ဝင်ငွေများလည်း အလားတူ လျော့ကျသွားပြီး အထွေထွေ ကုန်ဈေးနှုန်းများက မကျခြင်းကြောင့် မိသားစုဝင်များ အခက်အခဲ ကြုံရကြောင်း သိရသည်။
နိုင်ငံခြားငွေဖြင့် လစာရနေသူများ၊ နိုင်ငံခြားမှ ငွေပေးပို့မှုကို လက်ခံနေထိုင်စားသောက်သူများသာမက နိုင်ငံခြားသို့ ပို့ကုန်တင်ပို့နေသည့် ပို့ကုန်လုပ်ငန်းများလည်း ထိခိုက်လာနေကြောင်း သိရသည်။
(NEJ)
+++++
ရွှေဈေး ၆ သိန်းအောက် မဆင်းနိုင်တော့
ချင်းမိုင် ။ ။ ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ လိုက်တက်လာခဲ့သော မြန်မာ့ရွှေဈေးသည် ပြီးခဲ့သည့် သောကြာနေ့က မြန်မာနိုင်ငံ သမိုင်းတလျှောက် စံချိန်တင် ဈေးနှုန်းဖြစ်သည့် ၆ သိန်း ၁ သောင်း ၃ ထောင်ကျော် သို့ ရောက်ရှိခဲ့ပြီး ယခုအခါ ၆ သိန်း ၉ ထောင်သို့ ရောက်ရှိသွားခဲ့သည်။ ကမ္ဘာ့ရွှေဈေး စံချိန်တင် မြင့်တက်နေသော်လည်း အမေရိကန် ဒေါ်လာနှင့် မြန်မာငွေ လဲလှယ်နှုန်းမှာ ၇ နှစ်တာ ကာလအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိနေသဖြင့် ရွှေဈေးတက်ရခြင်းမှာ ပြည်တွင်းဝယ်လိုအား များသောကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
(မဇ္ဈိမ)
-----------------
Sunday, November 29, 2009
Saturday, November 21, 2009
Note 46
16.11.2009
ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို
တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းထား
ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ နိုဝင်ဘာ (၁၁) ရက်နေ့စွဲဖြင့် တွေ့ဆုံဆွေးနွေးရေးအတွက် ကမ်းလှမ်းသည့် စာတစောင်ပေးပို့ခဲ့သည်မှာ မှန်ကန်ကြောင်း အန်အယ်လ်ဒီက ယနေ့ထုတ်ဖော်ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကို ရုပ်သိမ်းရေးကိစ္စ နောက်ဆက်တွဲဟူသောပေးစာ ပြည်ပမီဒီယာများတွင် နိုဝင်ဘာ (၁၄) ရက်နေ့က ပေါက်ကြားခဲ့ပြီးနောက် အန်အယ်လ်ဒီပါတီက ယနေ့ အတည်ပြု ပြောဆိုလိုက်ခြင်းဖြစ်သည်။
(NEJ)
+++++
UWSA ကို နယ်ခြားစောင့်တပ်ပြောင်းရေး သဘောတူညီမှုမရ
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး စစ်အစိုးရက ဆက်လက်ကြိုးပမ်းနေသော်လည်း ယခုချိန်ထိ သဘောတူညီမှု မရနိုင်သေးဘဲ ဖြစ်နေသည်ဟု အကဲခတ်များက ပြောသည်။
ယခုလ ၁၄ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်းရှိ တန့်ယန်းမြို့တွင် စစ်ဘက်ရေးရာ လုံခြုံရေး အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၊ ရမခ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်၊ ကစထမှူး မင်းအောင်လှိုင်တို့ ပါဝင်သော စစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် ဝ' တပ်၏ နိုင်ငံရေး ဦးဆောင်မှုပါတီဖြစ်သော ဝ' ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP မှ ဒု- ဥက္ကဌ ပေါဝ်းယျိုလျှန်၊ ဒု-စစ်ဦးချုပ် တာ့အိုက်လွန်း ပါဝင်သောအဖွဲ့တို့ ဆွေးနွေးခဲ့ရာ ဆုံးဖြတ်ချက်မကျနိုင်ဘဲ ဖြစ်နေသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့် မပျက်ပြယ်လိုသော ဝ' တို့ဘက်က နယ်ခြားစောင့်တပ်ပြောင်းရန် မူအားဖြင့် လက်ခံသော်လည်း တဖြည်းဖြည်းချင်းမှ ပြောင်းလဲလိုပြီး ယခုနှစ်အတွင်း မဖြစ်နိုင်သေးကြောင်း အကြောင်းပြန်ထားသည်။
စစ်အစိုးရကတော့ ဒီဇင်ဘာလ နောက်ဆုံးထား၍ အကြောင်းပြန်ရန် ပြောကြားထားခဲ့သည်။
အလားတူပင် စစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့က တရက်ထဲမှာပင် ဆက်လက်၍ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့တွင် SSA (မြောက်ပိုင်း) ဥက္ကဌ စဝ်လွယ်မောဝ်း၊ ဒု-ဥက္ကဌက စဝ်ကိုင်ဖ နှင့် စဝ်ကောင်တိုင်း တို့နှင့် နယ်ခြားစောင့် အသွင်းပြောင်းရေး ဆွေးနွေးရာတွင်လည်း အဖြေမထွက်ဘဲ ရှိခဲ့သည်ဟု သိရသည်။
SSA မြောက်ပိုင်းအဖွဲ့အတွင်း နယ်ခြားစောင့်တပ် ပြောင်းလဲလိုသူများ၏ ဆန္ဒကောက်ခံရာ အနည်းစုကသာ သဘောတူကြသည်။
(မဇ္ဈိမ)
----------------------------------
17.11.2009
ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန်
အမေရိကန်သမ္မတ အိုဘားမားတောင်းဆို
စင်ကာပူနိုင်ငံတွင် နိုဝင်ဘာ (၁၅) ရက်၌ ကျင်းပသည့် ပထမအကြိမ်အာဆီယံ အမေရိကန် ထိပ်သီးညီလာခံတွင် အမေရိကန်သမ္မတ ဘာရက် အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။
မြန်မာစစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်အပါအ၀င် အာဆီယံ (၁၀) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်သည့် ညီလာခံတွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာမူဝါဒကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြောကြားခဲ့သည့်အတိုင်း မြန်မာနှင့်အမေရိကန် နိုင်ငံတို့အကြား ကောင်းမွန်သည့်ဆက်ဆံရေးများ ထူထောင်သွားရန် ကမ်းလှမ်းထားကြောင်း၊ ဆက်ဆံရေးဖြစ်မြောက်ရန်အတွက် မြန်မာနိုင်ငံတွင် စစ်မှန်သည့်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ရန်လိုအပ်ကြောင်းလည်း သမ္မတအိုဘားမားက ညီလာခံတွင် ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။
(NEJ)
+++++
ရွေးကောက်ပွဲ ဥပဒေထုတ်ရန် ဦးသုဝေက ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာရေး
မဇ္ဈိမ(ချင်းမိုင်)။ ။ ရွေးကောက်ပွဲ ဥပဒေ အချိန်မီ ထုတ်ပြန်ပေးရန် ပါဝင်ယှဉ်ပြိုင်ရန် ဟန်ပြင်နေသော ပါတီတခုဖြစ်သည့် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေက စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ယခုလ ၁၃ ရက်နေ့က စာတစောင် ရေးပို့လိုက်သည်။
ပါတီဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေကို ယနေ့အထိ ထုတ်ပြန်ခြင်း မရှိသေးသောကြောင့် အချိန်နောက်ကျနေသည်ဟု ယူဆကြောင်းနှင့် ပုဂ္ဂလိက အနေဖြင့်သာ တောင်းဆိုခြင်း ဖြစ်သည်ဟု ဦးသုဝေက ပြောသည်။ အသက် ၇၇ နှစ်အရွယ် ဦးသုဝေသည် ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဗဟို အလုပ်အမှုဆောင် ၁၅ ဦးနှင့် ဖွဲ့စည်းခဲ့သည့် ဒီမိုကရက်တစ်ပါတီ-ဒီပီတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပါလီမန်ခေတ် ဝန်ကြီးချုပ်ဟောင်းများ၏ သမီးများဖြစ်သည့် ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဗဆွေ ဦးဆောင်ပါဝင်သည်။
(NEJ)
+++++
ဗိုလ်ချုပ် မောင်ဦး ရုရှားသွားမည်
ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ ပြည်ထဲရေး ဗိုလ်ချုပ်မောင်ဦးသည် ဘန်ကောက်မြို့တွင် ရောက်ရှိနေပြီး ရုရှားနိုင်ငံသို့ မနက်ဖြန်တွင် သွားရောက်မည်ဟု ပြည်ထဲရေး သတင်းရပ်ကွက်များက ပြောသည်။
ရဲတပ်ဖွဲ့ အကြီးတန်းအရာရှိများပါ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်က ထိုင်းနိုင်ငံမြို့တော်သို့ ရောက်ရှိနေခဲ့ပြီး ရုရှားသို့ ခရီးဆက်မှာ ဖြစ်သည်။
(မဇ္ဈိမ)
-----------------------------------
18. 11. 2009
စစ်အစိုးရက ဖေ့ဘွတ်ကို ပိတ်လိုက်
မြန်မာပြည်သူလူထု အင်တာနက်အသုံးပြုမှုကို နည်းမျိုးစုံဖြင့် ထိန်းချုပ်နေသော စစ်အစိုးရက ပြီးခဲ့သည့် (၃) ရက်မှစပြီး လူထုအတွင်း အသုံးများနေသည့် ဆက်သွယ်ရေးကွန်ရက်တခုဖြစ်သည့် ဖေ့ဘွတ် (Face Book) ကို ပိတ်လိုက်သည်။
မူလလုပ်နေကျအတိုင်း ဖေ့ဘွတ်ကို ပိတ်ပစ်လိုက်ခြင်းမဟုတ်ဘဲ ဆက်သွယ်မှု အမှားအယွင်းပုံစံ အသစ်တမျိုးဖြင့် ပိတ်လိုက်ခြင်းဖြစ်ကြောင်း ပြည်တွင်း အိုင်တီအသိုင်းအ၀ိုင်းက ပြောသည်။
လက်တလော အခြေအနေအရ ဖေ့ဘွတ် အသုံးပြုနေသူများသည် စစ်အစိုးရက ပိတ်ပင်ထားသည့် သတင်းဝက်ဘ်ဆိုက်များကဲ့သို့ ပရော့ဇီများဖြင့်ကျော်ပြီး ခက်ခက်ခဲခဲ အသုံးပြုနေရကြောင်း သိရသည်။
(NEJ)
+++++
ရွှေဂုံတိုင်ကြေညာချက်ကို ဆုပ်ကိုင်ရန် အန်အယ်ဒီ-အယ်အေ ဆုံးဖြတ်
မဇ္ဈိမ (ချင်းမိုင်)။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လွတ်မြောက်နယ်မြေက ညီလာခံကို ထိုင်း-မြန်မာနယ်စပ် တနေရာ၌ မကြာ သေးမီက ကျင်းပပြီးစီးပြီး ရွှေဂုံတိုင်ကြေညာချက်ကို ဆက်လက်ဆုပ်ကိုင်သွားမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပခဲ့သည့် ညီလာခံ၌ ၂ဝ၁ဝ ရွေးကောက်ပွဲကာလ အတွက် လုပ်ငန်းစဉ်များ ချမှတ်ခဲ့ပြီး မိခင်အဖွဲ့အစည်းဖြစ်သော အန်အယ်ဒီ၏ ကြေညာစာတမ်းပါ ရပ်တည်ချက်များကို ဆက်လက် ဆုတ်ကိုင်သွားမည်ဟု ဆုံးဖြတ်ကြောင်း အဖွဲ့အထွေထွေအတွင်းရေးမှူးကပြောသည်။
(မဇ္ဈိမ)
+++++
ကိုကိုးကျွန်းလက်မှတ် သာမန်ပြည်သူများကို မရောင်း
နိုဝင်ဘာ (၂ဝ) ရက်နေ့ ရန်ကုန်မှ ကိုကိုးကျွန်းသို့ ထွက်ခွာမည့် သံလွင်သင်္ဘော ခရီးစဉ်လက်မှတ်များကို သာမန်ပြည်သူတို့အား ရောင်းချခြင်းမရှိဘဲ ဌာနဆိုင်ရာများကိုသာ ရောင်းချပေးနေသည်။
လက်မှတ်များကို ရန်ကုန်အရှေ့ပိုင်းနှင့် အနောက်ပိုင်းခရိုင်ရုံးများ၊ ရန်ကုန်တိုင်း ခယက ရုံးများမှတဆင့် ရောင်းချနေခြင်း ဖြစ်သည်။ အဆိုပါလက်မှတ်များကို ဌာနဆိုင်ရာထောက်ခံစာဖြင့်သာ ရောင်းမည်ဆိုပါက ကြိုတင်ကြေညာထားသင့်ကြောင်း ကိုယ်တိုင်လက်မှတ်ဝယ်ခဲ့သူ ရန်ကုန်မြို့ခံတဦးက ပြောသည်။
(NEJ)
+++++
ရတနာပုံအမှား လူထုအကြား ရေပန်းစား
မဇ္ဈိမ(ချင်းမိုင်) ။ ။စစ်အစိုးရအာဘော်သတင်းစာ တခုဖြစ်သော မန္တလေးထုတ် ရတနာပုံ သတင်းစာ၏ နိုဝင်ဘာ ၁၃ ရက်နေ့ထုတ် စာစောင်တွင် ပါရှိသော ဝါဒဖြန့်ကြွေးကြော်သံက စာဖတ်သူများအကြား လူပြောအများဆုံး ဖြစ်သွားခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ယူထုတ်ဝေသော သတင်းစာတွင် ပုံမှန်အားဖြင့် ပါရှိသော” ဆူပူမှုဖြင့် ဒီမိုကရေစီမရနိုင်” ဟူသော စာသားအစား ထိုနေ့က ” ဆူပူမှုဖြင့် ဒီမိုကရေစီ” ရနိုင်ဟု ပါရှိခဲ့၍ ဖြစ်သည်။ သတင်းစာ၏ စာတည်းမှူးချုပ်သည် ဗိုလ်မှူးမင်းကြိုင် ဖြစ်သည်။
ထိုမှားယွင်းဖော်ပြမှုကြောင့် တာဝန်ရှိသူအချို့ကို အလုပ်ထုတ်ခဲ့သည်ဟု အရပ်သားများအကြား ပြောဆိုနေကြသော်လည်း သတင်းစာတိုက် ကြော်ငြာတာဝန်ခံ ဗိုလ်ကြီးသန်းအောင်ကတော့ ” မရှိပါဘူးဗျာ။ သတင်းပုံမှန်ထုတ်ပါတယ်” ဟု မဇ္ဈိမ သို့ ပြောသည်။
(မဇ္ဈိမ)
+++++
သတင်းထောက်များ လွတ်မြောက်ရေး
စစ်အစိုးရကို ဖိအားပေးမည်
စစ်အစိုးရ ဖမ်းဆီးထားသော သတင်းထောက်များကို နိုင်ငံတကာ မီဒီယာများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ သိရှိအောင်ပြုလုပ်ပြီး ၎င်းတို့အား ပြန်လွှတ်ပေးရန် ဖိအားပေးတောင်းဆိုသွားမည်ဟု နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့ (BNI) က ပြောကြားလိုက်သည်။
စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ သတင်းများအပါအ၀င် သတင်းထောက်များကို မတရားဖမ်းဆီးမှုများ၊ နိုင်ငံတ၀ှမ်း ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ပဋိပက္ခများကို ဖော်ထုတ်ပြီး နိုင်ငံတကာမှ သိရှိစေရန် BNI က ဖော်ထုတ်တင်ပြသွားမည်ဖြစ်သည်။
(NEJ)
-----------------------
19.11.2009
နေ့စဉ်ထုတ်သတင်းစာ (၂) စောင် ပြောင်းရွှေ့
စစ်အစိုးရချုပ်ကိုင်ထားသည့် နေ့စဉ်ထုတ်သတင်းစာ (၂) စောင်မှ အကြီးတန်းအရာရှိကြီးများနှင့် အယ်ဒီတာအဖွဲ့ကို ယခုလဆန်းပိုင်းမှ စတင်ကာ နေပြည်တော်သို့ ပြောင်းရွှေ့ရုံးထိုင်စေပြီဖြစ်ကြောင်း ရန်ကုန်စာနယ်ဇင်းအသိုင်းအ၀ိုင်းက ပြောသည်။ ကြေးမုံသတင်းစာအယ်ဒီတာအဖွဲ့သည် ယခုလ (၂) ရက်တွင် နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ရပြီး မြန်မာ့အလင်း အယ်ဒီတာအဖွဲ့သည်လည်း (၉) ရက်နေ့တွင် ပြောင်းရွှေ့ရုံးထိုင်ခဲ့ရကြောင်း သိရသည်။
(NEJ)
+++++
အစိုးရပိုင် သားရေ ပစ္စည်းစက်ရုံ မီးလောင်
မဇ္ဈိမသတင်းဌာန
နယူးဒေလီ။ ။ ရန်ကုန်တိုင်း လှိုင်မြို့နယ် ၁၂ ရပ်ကွက်အတွင်း တည်ရှိကာ သမိုင်းလမ်းဆုံ အနီးတွင် ဆောက်လုပ်ထားသည့် အစိုးရပိုင် သားရေ ပစ္စည်းစက်ရုံတွင် ယနေ့နံနက်ပိုင်းက မီးလောင်မှုတရပ် ဖြစ်ပွားခဲ့သည်။
သို့သော် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ အဆိုအရ ပျက်စီးမှု အနည်းငယ်သာ ရှိခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ် မီးသတ်တပ်ဖွဲ့မှ အရာရှိတဦးက မီးလောင်မှုသည် ၁၀ မိနစ်ခန့်သာ ဖြစ်ပွားခဲ့ပြီး၊ အခင်းဖြစ်ရာသို့ မီးသတ်ကား ၈ စီး လာရောက် ငြှိမ်းသတ်နိုင်ခဲ့သည်ဟု ဆိုသည်။
(မဇ္ဈိမ)
+++++
အခွန်ဦးစီးဌာန လာဘ်စားငွေ တနှစ် ကျပ်ဘီလီယံ (၂ဝဝ) ကျော်ရှိ
ဘဏ္ဍာအခွန်ဝန်ကြီးဌာန လက်အောက် ပြည်တွင်းအခွန်ဦးစီးဌာန တခုတည်း၏ တနှစ် လာဘ်စားမှုပမာဏမှာ ကျပ်ငွေ ဘီလီယံ (၂ဝဝ) ကျော်ရှိကြောင်း အမည်မဖော်လိုသည့် မြို့နယ်အခွန်ဦးစီးအရာရှိဟောင်းတဦးက ထုတ်ဖော်ပြောဆိုသည်။
၎င်းတို့ ဌာနအနေဖြင့် အခွန်ထမ်းပြည်သူများထံမှ လာဘ်ငွေ ရယူပုံ (၃) မျိုးရှိကြောင်း၊ တမျိုးက အခွန်ထမ်းမည့် ဝင်ငွေ၊ ဖွင့်လှစ်ထားသည့်ဆိုင်၊ အိမ် သို့မဟုတ် ကားအရောင်းအဝယ် စသည်တို့ကို ရုံးတွင် လုံးဝ စာရင်းမပေါက်စေဘဲ ရာခိုင်နှုန်းပြည့် လာဘ်ငွေယူသည့်နည်း၊ အခွန်ထမ်းကိစ္စအတွက် လာဘ်ငွေကို ပမာဏများများနှင့် အဓိကထား ရယူပြီး အစိုးရ အခွန်ထဲသို့ ပမာဏ နည်းနည်းခန့်သာ စာရင်းတင်သွင်းသည့်နည်း၊ အခွန်ကို အဓိကထား ကောက်ခံသော်လည်း အခွန်နှုန်းထား သက်သာစေရန်နှင့် လုပ်ငန်းလွယ်ကူချောမွေ့စေရန် အခွန်ပမာဏ၏ ရာခိုင်နှုန်းအချို့ကို လာဘ်ငွေယူသည့်နည်း စသည်တို့ဖြစ်ကြောင်း ရှင်းပြသည်။
ယခုကဲ့သို့ လာဘ်စားမှုပုံစံ အမျိုးမျိုးကို တွက်ချက်ကြည့်လိုက်သည့်အခါ အစိုးရ ဘဏ္ဍာထဲသို့ တရားဝင် အခွန်ငွေအဖြစ် ရောက်ရှိသွားသည့် ငွေပမာဏ၏ အနည်းဆုံး လေးပုံတပုံခန့် ရှိကြောင်း အဆိုပါအခွန်မှူးက ရှင်းပြသည်။
(NEJ)
+++++
မိုက်ကယ်လန်းစ် တေးဂီတအဖွဲ့ မြန်မာပြည် လာမည်
နယူးဒေလီ (မဇ္ဈိမ)။ ။ ကမ္ဘာ့နာမည်ကြီး ဂီတအဖွဲ့ တခုဖြစ်သည့် မိုက်ကယ်လန်းစ်တူရော့ခ် (Michael Learns to Rock) သည် စီးပွါးရေး လုပ်ငန်းကြီးတခုဖြစ်သည့် ထူးထရေဒင်း၏ ကမကထပြုမှုဖြင့် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက် ဖျော်ဖြေမည် ဖြစ်သည်။
၂၀၀၈ ခုနှစ် မေလအတွင်း ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသအတွင်း တိုက်ခတ် ဖျက်ဆီးသွားခဲ့သည့် နာဂစ်ဆိုင်ကလုံး မုန်တိုင်းကြီး၏ မုန်တိုင်း ဒုက္ခသည်များအတွက် ရန်ပုံငွေ တေးဂီတပွဲအတွက် စီစဉ်ပြီး ဖြစ်ကြောင်းနှင့် အာဏာပိုင်များ၏ ခွင့်ပြုချက် ရရှိရန် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ရန်ကုန်ရှိ ထူးထရေဒင်း ကုမ္ပဏီမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ဗုဒ္ဓဟူးနေ့က ပြောသည်။
ဤကမ္ဘာ့နာမည်ကြီး ပေါ့ဂီတအဖွဲ့သည် မြန်မာနိုင်ငံသို့ ပထမဆုံးလာ ရောက်ဖျော်ဖြေမည့် ဂီတအဖွဲ့ ဖြစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂီတအစည်းအရုံး အတွင်းရေးမှူး မောင်သစ်မင်းက ပြောသည်။
(မဇ္ဈိမ)
+++++
ကျပ် (၅) ထောင်တန်များ ရွေးကောက်ပွဲကာလအတွက် လျာထား
မြန်မာငွေ ကျပ် (၅) ထောင်တန်များ ပြည်တွင်းဈေးကွက်တို့တွင် သုံးစွဲလည်ပတ်မှု မရှိသလောက်ရှားပါးရခြင်းမှာ မြန်မာစစ်အစိုးရက ၎င်းတို့အာဏာတည်မြဲရေးအတွက် အသုံးချရန် လာမည့်ရွေးကောက်ပွဲကာလတွင်မှ အလုံးအရင်းဖြင့် ထုတ်ဝေရန်ရှိသည်ဟု မြန်မာ့စီးပွားရေးဘဏ်မှ တိုင်းအဆင့် အရာရှိတဦးက ပြောသည်။
(NEJ)
+++++
ချင်းလူမျိုးများ ဒုတိယအကြိမ် ချင်းအမျိုးသား ညီလာခံအတွက် စုရုံးရောက်ရှိ
နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲအတွက် စိုင်းပြင်းနေချိန်တွင် ကမ္ဘာတဝှန်းမှ ချင်းတိုင်းရင်းသား ခေါင်းဆောင်များကလည်း ချင်းအမျိုးသားတို့၏ အနာဂတ်နိုင်ငံရေး လမ်းကြောင်းကို ဆွေးနွေးရန် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ် မီဇိုရမ်၏ မြို့တော် အိုက်ဇောတွင် စုရုံးရောက်ရှိနေသည်။
နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့၊ ကျောင်းသားများ၊ ပညာရှင်များ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် ဖွဲ့စည်းထားသော ချင်းအမျိုးသားကောင်စီ (CNC) ၏ ပြောရေးဆိုခွင့်ရှိသူ ရာလ်နှင်းက သူတို့သည် ချင်းအမျိုးသားတို့၏ အနာဂတ်နိုင်ငံရေး လမ်းကြောင်းကို ဆွေးနွေးနိုင်ရန် ဒုတိယအကြိမ်မြောက် ချင်းအမျိုးသားညီလာခံတွင် စုရုံးရောက်ရှိနေကြပြီဟု ပြောဆိုလိုက်သည်။
ဤဒုတိယအကြိမ်မြောက် ချင်းအမျိုးသားညီလာခံသို့ CNC အဖွဲ့ဝင်များနှင့် အကြံပေးများကိုသာ ဖိတ်ကြားကြောင်း သူက ပြောသည်။ ညီလာခံသို့ တက်ရောက်သည့် CNC အကြံပေးတဦးမှာ ဟန်ညောင်ရွှေ ဖြစ်သည်။ သူသည် ရှမ်းတိုင်းရင်းသားတဦးဖြစ်ပြီး၊ မြန်မာနိုင်ငံ ပထမဆုံးသမ္မတကြီး စဝ်ရွှေသိုက်၏ သားဖြစ်ကာ ဘရပ်ဆဲလ်ရှိ ယူရိုဘားမားရုံး (EBO) ညွှန်ကြားရေးမှူးလည်း ဖြစ်သည်။
ဤသို့ CNC အဖွဲ့ဝင်များနှင့် အကြံပေးများကိုသာ ဖိတ်ကြားသဖြင့် ချင်းအမျိုးသားများကြား၌ စိတ်ဝမ်းကွဲပြားမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။ တက်ကြွလှုပ်ရှားသူ အများအပြားက ဤညီလာခံသည် တရားမဝင်ကြောင်းနှင့် ဤညီလာခံက သူတို့၏ နိုင်ငံရေးကံကြမ္မာကို ဆုံးဖြတ်မည်ကိုလည်း ခွင့်မပြုနိုင်ကြောင်း ပြောဆိုကြသည်။
(မဇ္ဈိမ)
-------------------------------
20.11.2009
အပစ်ရပ်အသွင်ပြောင်း ပြည်သူ့စစ်တပ်ဖွဲ့များအား
သုံးမျိုးသုံးစား ဖွဲ့ပေးမည်
နယ်စပ်တွင်ရှိနေသည့် အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်ရင်းများ ဖွဲ့ပေးမည် ဖြစ်သကဲ့သို့ နယ်စပ်နှင့်အလှမ်းဝေးသည့် အပစ်ရပ်အဖွဲ့များကို ပြည်သူ့စစ်တပ်ဖွဲ့များအဖြစ် လူအင်အားပေါ်မူတည်၍ (၃) မျိုး ဖွဲ့စည်းရန်ရှိနေသည်။
ပြည်သူ့စစ်တပ်ဖွဲ့များကို လူအင်အားအလိုက် သုံးမျိုးသုံးစား ခွဲခြားထား ကြောင်း၊ ပြည်သူ့စစ် တပ်ဖွဲ့ကြီးတွင် လူအင်အား(၉ဝ) ဖြင့်ဖွဲ့စည်းပြီး လူအင်အား(၆ဝ) ကို လက်နက်များတပ်ဆင်ပေးကာ ကျန်(၃ဝ) ကို အရံအင်အားအဖြစ်လည်းကောင်း၊ ပြည်သူ့စစ်တပ်ဖွဲ့ အလတ်အား လူအင်အား (၆ဝ) ဖြင့် ဖွဲ့ပေးမည်ဖြစ်ပြီး (၄ဝ) အား လက်နက်တပ်ဆင် ပေးကာ ကျန်(၂ဝ) အား အရံအင်အားအဖြစ် လည်းကောင်း၊ ပြည်သူ့စစ် အဖွဲ့ငယ်ကို အင်အား (၃ဝ) ဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး လူအင်အား(၂ဝ) ကို လက်နက်တပ်ဆင်ကာ ကျန်(၁ဝ) ကို အရံအင်အားအနေဖြင့် လည်းကောင်း ဖွဲ့စည်းသွားရန် ရှိသည်ဟု အပစ်ရပ်အဖွဲ့များနှင့် နီးစပ်သူတဦးက ပြောသည်။ အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ်ရင်းနှင့် ပြည်သူ့စစ် တပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ရာတွင် တရုတ်-မြန်မာနယ်စပ် အခြေစိုက် ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော်အား နယ်ခြားစောင့်တပ်ရင်း (၃) ရင်းဖြင့် လည်းကောင်း၊ ထိုင်းနယ်စပ်အနီး ကယားပြည်နယ်၊ အထူးဒေသ(၂)၊ ကလလတအဖွဲ့အား နယ်ခြားစောင့် တပ်ရင်း(၂) ရင်းဖြင့် လည်းကောင်း၊ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့မှ ခွဲထွက်ခဲ့သည့် ဦးလဆန်အောင်ဝါ ဦးဆောင်သည့် ဝိုင်းမော်မြို့နယ်၊ ဂွေထူကျေးရွာ အခြေစိုက်၊ ကချင်ငြိမ်းချမ်းရေးအဖွဲ့အား အင်အား(၃ဝ) စီ ပါဝင်သည့် ကဝါးယန်ပြည်သူ့တပ်ဖွဲ့နှင့် ဂွေထူပြည်သူ့စစ်အဖြစ် လည်းကောင်း မကြာသေးမီက မြန်မာစစ်အစိုးရက ဖွဲ့စည်း ပေးထားသည်။
(NEJ)
+++++
အကြမ်းမဖက်နည်းသာ အကိုက်ညီဆုံးဟု အဝေးရောက် ဝန်ကြီး ပြောကြား
နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာ့အရေး လှုပ်ရှားမှုတွင် အကြမ်းမဖက် နည်းလမ်းသည်သာ အကိုက်ညီဆုံးဖြစ်ကြောင်း အဝေးရောက် ညွန့်ပေါင်းအစိုးရ NCGUB ဝန်ကြီး ဒေါက်တာတင့်ဆွေက ပြောသည်။
အိန္ဒိယ၊ ဂျပန်၊ ထိုင်းနှင့် ပါလက်စတိုင်း အပါအဝင် နိုင်ငံအများအပြားမှ အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်း ခေါင်းဆောင် ၁၀၀ ကျော်ဖြင့် နယူးဒေလီတွင် ၄ ရက်ကြာ ကျင်းပနေသည့် အိန္ဒိယ ငြိမ်းချမ်းရေးဖခင် မဟတ္တမဂန္ဓီ ရေးသားခဲ့သည့် Hind Swaraj (self-rule) ခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေးစာအုပ် ဖြန့်ချီသည့် နှစ် ၁၀၀ ပြည့်နေ့ အခမ်းအနား၌ ပြောသွားခြင်း ဖြစ်သည်။
(မဇ္စျိမ)
+++++
၂၀၁၀ အမီ အင်တာနက်အသုံးပြုခွင့် ပိတ်ပင်နိုင်ဟု
အိုင်တီလောက သုံးသပ်
၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံတကာနှင့် အင်တာနက် ချိတ်ဆက်အသုံးပြုမှုကို မြန်မာဘာသာသုံး အခမဲ့အီးမေးလ်စနစ်ဖြင့် စစ်အစိုးရက ပိတ်ပင်နိုင်သည်ဟု အိုင်တီပညာရှင် အသိုင်းအ၀ိုင်းက သုံးသပ်သည်။
မြန်မာဘာသာသုံး အီးမေးလ်စနစ်ကို စစ်အစိုးရ၏ ရတနာပုံတယ်လီပို့က တည်ဆောက်နေပြီး ပြည်တွင်း Bandwith ဖြင့် အသုံးပြုရမည်ဖြစ်ကြောင်း ဖော်ပြသည့် ပြည်တွင်းထုတ် Flower News ဂျာနယ်သတင်းကို ကိုးကားပြီး သုံးသပ်ကြခြင်း ဖြစ်သည်။ ပြည်တွင်း Bandwith ဖြင့် အင်ထရာနက်အဖြစ် လုပ်ဆောင်လိုက်ပါက အများပြည်သူအတွင်း သတင်းအချက်အလက် စီးဆင်းမှုကို ပိတ်ပင်ခြင်း၊ ဖြတ်တောက်ခြင်းများ ပြုလုပ်လာမည်ဟု ခန့်မှန်းကြသည်။

Sunday, October 18, 2009
သတင်းမှတ်စု ( ၄၁ )
အောက်တိုဘာ ၁၂ ရက်
ရက်သတ္တပတ် ၄၁၊ ၂၀၀၉
မြန်မာသတင်း
ပင်စင်ယူမည့် အန်ဒီအေကေ တပ်ဖွဲ့ဝင်များအား
အလှူငွေဖြင့် အိမ်ဆောက်ပေးမည်
နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် လက်ခံထားသည့် ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော် (အန်ဒီအေကေ) မှ ပင်စင်ယူမည့်သူများအတွက် အိမ်ယာမြေ ချပေးရန်ရှိနေပြီး လိုအပ်သည့် ငွေကြေးရန်ပုံငွေကို ကချင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ပယက) က ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များထံမှ အလှူငွေ ကောက်ခံနေသည်။
ယခုလ (၆) ရက်နေ့က အင်ဂျန်းယန်၊ မိုးမောက်၊ တနိုင်း စသည့်မြို့နယ်တို့အတွင်း ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင် (၅ဝ) ခန့်ကို ကချင်ပြည်နယ် ပယက က ရုံးသို့ဆင့်ခေါ်ပြီး အန်ဒီအေကေ မှ အသက်အရွယ်အရ တပ်မှ အနားယူ ပင်စင်ပေးခံရမည့်သူများအတွက် အိမ်များဆောက်လုပ်ရန် အလှူငွေကောက်ခံခဲ့သည်ဟု အစည်းဝေးတက်ရောက်ခဲ့သူတဦးက ပြောသည်။
ဖားကန့်ဒေသတွင်လည်း ကျောက်လုပ်ငန်း၊ ရွှေလုပ်ငန်းရှင်များထံမှ အလှူငွေများကောက်ခံပြီး နေအိမ်များ ဆောက်လုပ်ပေး မည်ဖြစ်သလို အခြားနေရာတွင်လည်း သစ်လုပ်ငန်း၊ ရွှေလုပ်ငန်းရှင်များနှင့် နယ်စပ်ကုန်သည်များထံက အလားတူ ငွေကောက်ခံသွားမည်ဟု အဆိုပါ ရွှေလုပ်ငန်းရှင်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
++++++
သားအတွက် သတင်းမေးသွားသူ ဖခင်ကို ရဲက ရိုက်နှက်လို့ သေဆုံး
မဇ္ဈိမ(ချင်းမိုင်) ။ ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လက်မှတ်ထိုး ကန်ပိန်းလှုပ်ရှားသော သားငယ် ဖမ်းဆီးခံထားရ၍ သတင်းမေးသွားသူ ဖခင်ကို ရဲက ရိုက်နှက်၍ သေဆုံးမှုတခု မြောက်ဥက္ကလာပ မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သေသူ၏ မိသားစုဝင်များက ပြောသည်။
ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းတွင် ဖမ်းခံထားရသူ မောင်သက်ဦးမောင်အတွက် သွားရောက်စုံစမ်းသူ အမှတ် ၂ ရပ်ကွက်နေ ဦးကျော့မောင် (အသက် ၅၆ နှစ်)ကို ရဲတပ်သား ပန်းသီးနှင့် ရယက ရာအိမ်မှူးဟောင်း ကိုဝင်းချိုတို့က သုမာလာလမ်းဆုံအနီးတွင် အောက်တို ဘာလ ၈ ရက်နေ့ မွန်းလွဲတွင် ဝိုင်းရိုက်ခဲ့ရာမှ သေဆုံး သွားခဲ့ခြင်း ဖြစ်သည်ဟု မိသားစုဝင်က ပြောသည်။
အာဏာပိုင်များက ရန်မူမှာစိုး၍ မဇ္ဈိမနှင့် ဆက်သွယ်ရရှိသူ ဆွေမျိုးရင်းတဦးက အမည်မသုံးရန် မေတ္တာရပ်ခံခဲ့သည်။
ဦးကျော့မောင်သည် ကိုယ်ပိုင်ကားဖြင့် ကျောင်းကားပြေးဆွဲနေသူဖြစ်ပြီး သူ၏ မောင်သက်ဦးမောင် သည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် အင်္ဂါနေ့ ဆုတောင်းမှုတွင် ပါဝင်ခဲ့ဖူးသူလည်းဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
++++++
မြန်မာပြည်တောင်ပိုင်းသို့ မူးယစ်ဆေးဝါး ပျံ့နှံ့မှု ပိုမိုများပြားလာ
ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံ တောင်ဘက်ပိုင်း မြို့ကြီးများနှင့် နယ်စပ်ဒေသတို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု သိသာစွာ ကျယ်ပြန့်လာကြောင်း စုံစမ်းသိရှိရသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအများအပြား အခြေချသည့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့သည် ထိုင်းနိုင်ငံသို့ မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရာတွင် အဓိက လမ်းကြောင်းတရပ်အဖြစ် ပြန်လည်အသုံးပြုလာကြကြောင်း သိရသည်။
မွန်ပြည်နယ်ဘက်သို့ အများဆုံး ရောက်ရှိလာသည့် မူးယစ်ဆေးဝါးများသည် ပဲခူးတိုင်းအထက်ပိုင်းနှင့် နယ်စပ်ဒေသများမှ သယ်ဆောင်လာခြင်းဖြစ်ပြီး လောင်းကစားဝိုင်းများနှင့် လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေရေးလုပ်ငန်းများတွင်ပါ သုံးစွဲမှု ကျယ်ပြန့်လာကြောင်းနှင့် ယခုအခါ လူငယ်များသာမက အိမ်ထောင်သည်ယောက်ျားများလည်း သုံးစွဲလာကြသည်ကို တွေ့ရှိရကြောင်း မွန်ပြည်သစ်၏ အစီရင်ခံစာတွင် ရေးသားထားပြီး ထိုကဲ့သို့ဖြန့်ဖြူးရာတွင် အပစ်ရပ်တိုင်းရင်းသား အဖွဲ့အစည်းမှ အဖွဲ့ဝင်အဖြစ် အမည်ခံထားသူ လူငယ်အများစုက တာဝန်ယူကြခြင်းဖြစ်ကြောင်း ပါရှိသည်။
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတို့အား နအဖစစ်အစိုးရက ထိထိရောက်ရောက် မနှိမ်နင်းသည့်အကြောင်းမှာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် လက်မခံသည့်အပစ်ရပ်အဖွဲ့တို့အား လိုအပ်သည့်အချိန်တွင် မူးယစ်ဆေးဝါးအမှုဖြင့် အကြောင်းပြကာ စစ်ရေးအရ ဖိအားပေးနိုင်ရန်ဖြစ်ကြောင်း လေ့လာအကဲခတ်သူများက ယူဆကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
++++++
SSA အကြီးအကဲ စဝ်စိုင်းနောင့် ကွယ်လွန်
နယူးဒေလီ။ ။ စစ်အစိုးရနှင့် အပစ်ရပ် ရှမ်းပြည်တပ်မတော် SSA ၏ ခေါင်းဆောင်တဦးဖြစ်သူ ၆၉ နှစ်အရွယ် စဝ်စိုင်းနောင့်သည် ယမန်နေ့က ကွယ်လွန်သွားကြောင်း သိရသည်။
SSA နာယက (၂) စဝ်စိုင်းနောင့်သည် ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့ရှိ နေအိမ်၌ ကွယ်လွန်သွားကြောင်း ထိုင်း-မြန်မာနယ်စပ် သတင်းရပ်ကွက်များကို ကိုးကား၍ ထိုင်းအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနက သတင်း ထုတ်ပြန်ခြင်း ဖြစ်သည်။
ယခုလို သတင်းပေါ်ထွက်နေသော်လည်း မည်သည့်ရောဂါဖြင့် ကွယ်လွန်ရသည်ကို မသိရသေးဘဲ၊ သူကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်မေရီသည် ရန်ကုန်တွင် ရောက်ရှိနေကြောင်းနှင့် ဒေါ်မေရီသည် SSA ၏ ကွယ်လွန်သွားပြီး ဖြစ်သည့် စဝ်ရာပီး ၏ ညီမ ဖြစ်ကြောင်း သိရသည်။
စဝ်စိုင်းနောင့် (ခေါ်) ဦးဖေသိန်းသည် ကချင်-ရှမ်း ကပြားတဦး ဖြစ်ပြီး သိန္နီမြို့ ဇာတိဖြစ်သည်။ သူသည် ၁၉၇၅ ခုနှစ်တွင် အမှတ် ၂၄ တပ်ရင်း အရာရှိတဦး ဖြစ်ခဲ့ပြီးနောက် ၁၉၉၆ ခုနှစ်တွင် စစ်တပ်မှ အနားယူကာ SSA နာယက (၁) ဖြစ်သွားသည့် စဝ်ဆေထဲန့်၏ SSA (မြောက်ပိုင်းတပ်)ကို ဦးစီးကွပ်ကဲ ခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
++++++
အောက်တိုဘာ ၁၃ ရက်
ရက်သတ္တပတ် ၄၁၊ ၂၀၀၉
မြန်မာသတင်း
အကျဉ်းကျ ၈၈ ကျောင်းသူ ခွဲစိတ်ကုသရန် လိုအပ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြင်းခြံထောင်တွင် ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသူ ၈၈ မျိုးဆက်ကျောင်းသူ မသက်သက်အောင်အား နှလုံးသွေး ကြောကျဉ်း ရောဂါကို ခွဲစိတ်ရန် လိုအပ်နေကြောင်း သိရသည်။
မြင်းခြံထောင် ဆရာဝန်က ကျန်းမာရေး အခြေအနေကို စစ်ဆေးပြီးနောက် နှလုံးရှိ သွေးကြော အသေးနှစ်ခုကို ခွဲစိတ်ရန် လိုအပ်နေသည်ဟု ပြောဆိုကြောင်း ယခုလ ၆ ရက်နေ့တွင် ထောင်ဝင်စာ သွားရောက်တွေ့ဆုံသည့် မိသားစုဝင်များထံ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ခွဲစိတ်မည်ဆိုပါက ကျပ်ငွေ ၇ သိန်းခန့် ကုန်ကျမည်ဟု ထောင်ဆရာဝန်က ပြောဆိုရာ၊ ခွဲစိတ်ကုသရေးအတွက် ဆွေမျိုးသားချင်းများအပြင် ပြသနေကျ သမားတော်ကြီးနှင့်လည်း တိုင်ပင်နေဆဲဖြစ်သည်ဟု သူက ဆိုသည်။
နှလုံးခုန်နှုန်း မကျဆင်းရန်အတွက် အဆက်မပြတ် ဆေးထိုးဆေးသွင်းမှုများ လတ်တလော ပြုလုပ်နေကာ၊ ခွဲစိတ်မည်ဆိုပါက ရန်ကုန်သို့ ပြောင်းရွှေ့နိုင်ရေး ဆွေမျိုးများက ကြိုးပမ်းသွားမည်ဟု သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
++++++
ပါတီညီလာခံခေါ်ယူရေး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အလေးထားစဉ်းစား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အဖွဲ့များက တင်ပြထားသည့် ပါတီညီလာခံခေါ်ယူရေးကိစ္စရပ်ကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့က လက်ခံရရှိထားပြီး အလေးအနက် စဉ်းစားနေပြီဖြစ်ကြောင်း ....
“အခုချိန်မှာ ဘယ်သူနုတ်ထွက်ပါ ဘာညာပြောနေတာမျိုးထက် ကျနော့်သဘောကတော့ ထပ်တိုးချဲ့ဖွဲ့စည်းဖို့ကိုပဲ စဉ်းစားစေချင်တယ်။ ကျနော်အပါအ၀င် ဦးအောင်ရွှေ၊ ဦးလွင် စတဲ့ပုဂ္ဂိုလ်တွေဟာ အသက်အားဖြင့် (၈၀) ကျော်၊ (၉၀) ကျော်တွေ ဖြစ်နေကြပြီဆိုတော့ လူငယ်လူလတ်ပိုင်းထဲက အများလက်ခံတဲ့ ဦးဆောင်မှုပေးနိုင်တဲ့ လူတွေနဲ့ တိုးချဲ့ဖွဲ့စည်းဖို့ လိုအပ်ပါတယ်။ မူဝါဒနဲ့ပတ်သက်လာရင်လည်း ပြောင်းခြင်း ပြင်ခြင်းကို မလိုလားဘူး။ အားဖြည့်တာမျိုးကို လိုလားတယ်။ အလားတူပဲ လူနဲ့ ပတ်သက်လာရင်လည်း တိုးဖြည့်တာကိုပဲ လိုလားတယ်” ဟု ဦးဝင်းတင်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပါတီသက်တမ်း အနှစ် (၂၀) ကျော်အတွင်း ၁၉၉၇ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ အောက်ခြေပါတီအဖွဲ့ဝင်များ ပါဝင်သော အစည်းအဝေးကြီးတခုနှင့် ယခုနှစ် ဧပြီလအတွင်းကျင်းပခဲ့သော တိုင်းနှင့်ပြည်နယ် စုံညီအစည်းအဝေးကြီးတခု၊ စုစုပေါင်းအစည်းအဝေးကြီး (၂) ခုကိုသာ ကျင်းပနိုင်ခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
++++++
အမေရိကန်နိုင်ငံသား မြန်မာလူမျိုးအမှု မနက်ဖြန် တရားခွင်စတင်မည်
မဇ္ဈိမ(ချင်းမိုင်)။ ။ လေဆိပ်တွင် အဖမ်းခံရသော အမေရိကန် နိုင်ငံသား မြန်မာလူမျိုး ကိုညီညီအောင်၏ အမှုအပေါ် တရားစီရင်ခြင်းကို မနက်ဖြန် နံနက်တွင် စတင်မှာ ဖြစ်သည်။
လိမ်လည်မှု၊ စာရွက်စာတမ်းအတု ပြုမှုတို့ဖြင့် ရဲက စွဲချက်တင်ထားသည့် ဒီမိုကရေစီရေး လှုပ်ရှားသူ ကိုညီညီအောင် (ခေါ်) ကိုကျော်ဇောလွင်၏ အကျိုးဆောင် ရှေ့နေများနှင့် တွေ့ဆုံခွင့်ရပြီး ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
++++++
ဗန်းမော်မြို့မှ ပိတ်ထားသည့်အနှိပ်ခန်းများ
အာဏာပိုင်များကို အလကားအကျိုးဆောင်ပေးရ
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင်၏ အမှုကိစ္စပေါ်ပေါက်ပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ အနှိပ်ခန်းများကို ဒေသခံအာဏာပိုင်များက ပိတ်ထားခိုင်းခဲ့သော်လည်း ၎င်းတို့အတွက် အလကားအကျိုးဆောင်ပေးနေရသည်။
ဗန်းမော်မြို့တွင်ရှိသည့် အနှိပ်ခန်း (၈) ခန်းကို မကြာသေးမီရက်ပိုင်းကစ၍ ပိတ်ထားခဲ့ရသော်လည်း ဒေသခံ ခယက၊ မယက၊ စစ်တပ်နှင့်ရဲ အာဏာပိုင်များက လာရောက်ကာ အလကား အနှိပ်ခံနေကြခြင်းဖြစ်သည်ဟု ဗန်းမော်ဒေသခံက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
စစ်အစိုးရကို လက်နက်ရောင်းချမှု ပိတ်ဆို့ရေး အရှေ့တီမော ပါဝင်လာ
နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရအပေါ် လက်နက်ရောင်းချမှု ပိတ်ဆို့ရေး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ချမှတ် အရေးယူရေးအတွက် အရှေ့တီမောနိုင်ငံ သမတ ဒေါက်တာ ဂျို့စ်ရာမို့စ်ဟော်တာ Jose Ramos Horta က ယမန်နေ့က တောင်းဆိုလိုက်ပြီး အခြားသော နိုင်ငံများနှင့်အတူ ဤလှုပ်ရှားမှုတွင် ပါဝင်လာသည်။
စစ်အစိုးရက နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို သြဂုတ်လအတွင်းက ထောင်ဒဏ်ချမှတ်ရန် ဆုံးဖြတ်လိုက်ခြင်းသည် သူတို့၏ အထူးတလည် လူမဆန်သော၊ ခေါင်းမာသော သဘောထားကို ထုတ်ဖော်ပြသနေခြင်းပင် ဖြစ်သည်ဟု အရှေ့တီမော ဒီမိုကရက်တစ် သမတနိုင်ငံ သမတကြီးက ကြေညာချက်တရပ် ထုတ်ပြန်၍ ပြောကြားလိုက်ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား တင်းမာမှု ကြီးထွားလာ
နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား တင်းမာမှု ကြီးထွားလာနေချိန်တွင် ကြည်းတပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး အဗ္ဗဒူမူဘင် (Abdul Mubin) သည် မြန်မာနယ်စပ်အနီး ဘန်ဒါဘင်ခရိုင် အလီကာဒမ် ဒေသသို့ ယမန်နေ့က လာရောက်ပြီး နယ်စပ် နောက်ဆုံးအခြေအနေများကို လာရောက်ကြည့်ရှုခဲ့သည်ဟု နယ်စပ် သတင်းရပ်ကွက်များက ပြောသည်။
ကြည်းတပ် ဦးစီးချုပ်သည် အဆိုပါဒေသသို့ ညနေ ၃ နာရီအချိန်တွင် ရှောင်တခင် လာရောက်၍ စစ်တပ်အရာရှိများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည် ဟု ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် သတင်းရပ်ကွက်တခုက ပြောသည်။ မြန်မာဘက်က တင့်ကားများ၊ အမြောက်ကြီးများ၊ ဖရီးဂိတ် စစ်သင်္ဘောတစင်းနှင့် အခြား စစ်သင်္ဘော ၁၃ စင်း ထပ်မံနေရာယူ ချထားခဲ့ခြင်း ကြောင့် နှစ်နိုင်ငံကြား တင်းမာမှု အခြေအနေမှာ ပိုဆိုးလာခဲ့ကြောင်း ကာကွယ်ရေးဌာန သတင်းရပ်ကွက်များကို ကိုးကားပြီး ဒါကာ အခြေစိုက် ဒေးလီးစတား သတင်းစာက ယမန်နေ့က ရေးသားခဲ့သည်။ သီးခြား သတင်းရပ်ကွက်တခု အဆိုအရ ဘင်္ဂလားဒေ့ရှ် စစ်သား ၇၀၀ ခန့်သည် နှစ်နိုင်ငံနယ်စပ်သို့ အခြေစိုက်ရန် ယမန်နေ့က ရောက်ရှိလာကြောင်း သိရသည်။
ထိုအတောအတွင်း မြန်မာစစ်တပ်သည် ရခိုင်ပြည်နယ် နယ်စပ်မြို့ မောင်တောတွင် နယ်စပ် ခြံစည်းရိုး ကာရံမှုများကို စတင်ပြုလုပ်နေသည်ဟု သတင်းရပ်ကွက်များက ဆိုသည်။
သို့သော်လည်း ယခုလို နှစ်ဖက်စစ်တပ်များ နယ်စပ်ဒေသတွင်း တင်းမာမှု ဖြစ်ပွားနေခြင်းသည် ရေပိုင်နက် ကိစ္စကြောင့် သော်လည်းကောင်း၊ နယ်စပ်ခြံစည်းရိုး ကိစ္စဖြင့် သော်လည်းကောင်း မည်သည့်ကိစ္စကြောင့်ဟူ၍ ပြောဆိုရန် ရှင်းလင်းစွာ မသိရသေးပါ။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
++++++
အောက်တိုဘာ ၁၄ ရက်
ရက်သတ္တပတ် ၄၁၊ ၂၀၀၉
မြန်မာသတင်း
EU သံတမန်များ ဒီချုပ် ခေါင်းဆောင်များနှင့် တွေ့၊ ရွေးကောက်ပွဲ သဘောထားစုံစမ်း
နယူးဒေလီ (မဇ္ဈိမ)။ ။ဥရောပသမဂ္ဂမှ သံတမန်များ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ သည် မြန်မာနိုင်ငံ အတိုက်အခံ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ခေါင်းဆောင်များနှင့် တွေ့ဆုံကာ စစ်အစိုးရက ၂၀၁၀ ခုနှစ်တွင် ကျင်းပရန် ပြင်ဆင်ထားသည့် အထွေထွေ ရွေးကောက်ပွဲအပေါ် ပါတီ၏ ရပ်တည်ချက် သဘောထားကို လာရောက် မေးမြန်းကြသည်။
သံတမန် ၂၀ ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အနောက် ရွှေဂုံတိုင်လမ်းရှိ ပါတီရုံးသို့ လာရောက်ကာ ဒေါ်အောင်ဆန်းစုကြည်က ပိတ်ဆို့မှုများ လျော့ပါးရေးအတွက် ပူးပေါင်း ဆောင်ရွက်နေမှုများ အပေါ် ဒီချုပ်က မည်သို့ မြင်ပါသလဲ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို ပြန်လည် ပြင်ဆင်ပေးရန် စစ်အစိုးရကို တောင်းဆိုခြင်းဖြင့် စစ်အစိုးရနှင့် အာဏာခွဲဝေယူရေးကို ဒီချုပ်က လုပ်ဆောင်နေပါသလား စသည်ဖြင့် လာရောက် မေးမြန်း စုံစမ်းခဲ့ကြကြောင်း အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဦးခင်မောင်ဆွေကပြောသည်။
`အာဏာခွဲဝေရေးကို လိုချင်လို့မဟုတ်ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကိုဘဲ ကျယ်ကျယ်ပြန့်ပြန့် အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တရပ် ပေါ်ပေါက် လာရေးအတွက် ပြင်ဆင်ပေးဖို့ တောင်းဆိုနေတာလို့ ကျနော်တို့ပြန်ဖြေခဲ့ပါတယ်´ ဟု ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကရင်ငြိမ်းချမ်းရေးအဖွဲ့အချင်းချင်း ပြဿနာဖြစ်ပွား
တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) အဖွဲ့က ကရင်အမျိုးသားအလံတော်နှင့် အလံတိုင်ကို ရိုက်ချိုးဖျက်ဆီးပြီး မြစ်ထဲမြောလိုက်သဖြင့် ကရင်ငြိမ်းချမ်းရေးအဖွဲ့များကြားတွင် အခြေအနေတင်းမာလျက်ရှိသည်။
ပြီးခဲ့သည့်တနင်္ဂနွေနေ့ နံနက်ပိုင်းက မြ၀တီမြို့မှ (၂) မိုင်အကွာ မဲ့ထော့တလေးကမ်းနားရှိ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့၏ လုံခြုံရေးဂိတ်ကို ဒီကေဘီအေတပ်ရင်း (၉၀၇) မှ ဗိုလ်ရှိန်ဦးဆောင်သည့်အဖွဲ့က ၀င်ရောက်စီးနင်းပြီး တပ်ဖွဲ့ဝင် (၁၃) ဦးကို ဖမ်းဆီးကာ အဖွဲ့ဆိုင်းဘုတ်နှင့်အလံတိုင် (၂) ခုကို ရိုက်ချိုးဖျက်ဆီးပြီး သောင်ရင်းမြစ်တွင်း ပစ်ချလိုက်ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဖမ်းထားသူများကို ပြန်လွှတ်ပေးကာ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင်များကို စခန်းမှထွက်ခွာသွားစေပြီး ယင်းနေရာတွင် ဒီကေဘီကေအဖွဲ့က စခန်းထိုင်ပြီး လုံခြုံရေးယူလိုက်သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ငြိမ်းချမ်းရေးကောင်စီမှ ဗဟိုအဆင့်ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်ချုပ် ယဉ်နုက ဒီကေဘီအေ နာယကဆရာတော် ဦးသုဇနထံသို့ အကြောင်းကြားစာ ပေးပို့ကန့်ကွက်မည်ဟု ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကရင်နှစ်ဖွဲ့ ပေါင်းစည်းရေး မြိုင်ကြီးငူ ဦးဆောင်ရန် ကမ်းလှမ်း
မဇ္ဈိမ (ချင်းမိုင်) ။ ။ အသေအကြေ တိုက်ခိုက်နေကြသော အဓိက ကရင်အဖွဲ့ကြီး နှစ်ခုအတွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် မြိုင်ကြီးငူ ဆရာတော် ဦးသုဇနအနေဖြင့် ဦးဆောင်ဦးရွက်ပြုပါရန် ကမ်းလှမ်း လိုက်ကြသည်။
လာမည့် နှစ်သစ်ကူးမတိုင်မီ “အပစ်အခတ် ရပ်ဆဲကာ ငြိမ်းချမ်းသာယာမှု” ကို တည်ဆောက်ကြရန် ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) နှင့် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသော ဒီမိုကရက်တစ် ဗုဒ္ဓဘာသာ ကရင် အစည်းအရုံး (ဒီကေဘီအေ) တို့အား ဆရာတော် ဦးသုဇနက ယခင် လ ၂၉ ရက်နေ့တွင် တိုက်တွန်း ရေးသားခဲ့ခြင်းအပေါ် ကေအန်ယူ တပ်မဟာ ၆ ဒူးပလာယာခရိုင်ဥက္ကဌ စောရွှေမောင်းက ပြန်လည်ရေးသား လျှောက်ထားလိုက်ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ရန်ကုန်တွင် ဆက်ကြေးပေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်
ရန်ကုန်တိုင်းရဲမှူးကြီး အပြောင်းအလဲကြောင့် ခေတ္တရပ်ဆိုင်းခဲ့သည့် နယ်မြေခံရဲများနှင့် အာဏာပိုင်အသီးသီးတို့အား ဆက်ကြေးပေး လုပ်ကိုင်ရသည့် ရန်ကုန်မြို့တ၀န်းရှိ ဗီစီဒီ၊ ဒီဗွီဒီအရောင်းဆိုင်များ၊ အနှိပ်ခန်းများ၊ ကာရာအိုကေခန်းများနှင့် ပြည့်တန်ဆာ လုပ်ငန်းအားလုံး ပုံမှန်ပြန်လည်ဖွင့်နေပြီဖြစ်သည်။
ခုအခါ ရန်ကုန်မှ တနိုင်ငံလုံးသို့ ဗီစီဒီ၊ ဒီဗွီဒီ လက်ကားဖြန့်နေသည့် ယုဇနပလာဇာ မြေညီထပ်မှ ဆိုင်ခန်းများအားလုံး၊ (၃၅) လမ်း အထက်ဘလောက် ရုပ်ရှင်ရုံနဘေးမှ လက်ကားဆိုင်များအားလုံး၊ ဗိုလ်ချုပ်လမ်း ရုပ်ရှင်ရုံအောက်မှ ဆိုင်များအားလုံး ပြန်လည်ဖွင့်လှစ်နေပြီဟု အဆိုပါဆိုင်ပိုင်ရှင်က ပြောသည်။
စီမံချက်ကာလအတွင်း သက်ဆိုင်ရာမြို့နယ်ရဲစခန်း အပိုင်အလိုက် ဒီဗွီဒီရောင်းသည့် လမ်းဘေးဆိုင်အချို့ကို ဖမ်းဆီးခဲ့ပြီး
အဆိုပါ အောက်ခြေလမ်းဘေးဈေးသည် တရားခံများကို တရားရုံးများမှ ထောင်ဒဏ် (၁) နှစ်မှ (၃) နှစ်ထိ ချမှတ်ပြီး ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
အလားတူ စီမံချက်ကာလအတွင်း ခေတ္တရပ်နားထားရသည့် အနှိပ်ခန်းများလည်း ပုံမှန်ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့ ရွှေ္ဂဂုံတိုင်မီးပွိုင့်အနီး excel တာဝါရှိ အနှိပ်ခန်းသို့ သွားခဲ့သူတဦးက ပြောသည်။
ရန်ကုန် ပန်းပဲတန်းမြို့နယ် ကမ်းနားလမ်းတွင် စားသောက်ဆိုင်နှင့်တွဲ၍ ဖွင့်ထားသည့် ကာရာအိုကေဆိုင်တွင်လည်း သီချင်းအကူဆိုသည့် မိန်းကလေးငယ်လေးများဖြင့် ပုံမှန်ဆိုင်ပြန်ဖွင့်နေပြီဖြစ်ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
စစ်ခေါင်းဆောင်ကို သရော်သူ ကဗျာဆရာ နိုင်ငံတကာ ဆုရ
နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရ ခေါင်းဆောင်ကို အာဏာရူးဟူ၍ ကဗျာဖြင့် သရော်ခဲ့သူ အကျဉ်းထောင်တွင်းရှိ ကဗျာဆရာ ကိုစောဝေကို နယူးယောက် အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ -HRW က ဆုချီးမြှင့်လိုက်သည်။
HRW က ဖိနှိပ် ချုပ်ချယ်ခံ ဒေသများတွင် ရဲဝံ့စွာ ထုတ်ဖော်ရေးသားသူများကို Hellman/Hammet ဆုချီးမြင့်လေ့ရှိပြီး ၂၀၀၉ ခုနှစ်အတွက် နိုင်ငံတကာမှ စာရေးဆရာ ၃၇ ဦးအား ရွေးချယ်ခဲ့ရာ မြန်မာနိုင်ငံက ကိုစောဝေလည်း ပါဝင်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကိုညီညီအောင် အမှု စတင် ကြားနာ
နယူးဒေလီ (မဇ္ဈိမ)။ ။ ထိန်းသိမ်းထားခြင်း ခံရသော မြန်မာပြည်တွင် မွေးဖွားသည့် အမေရိကန် နိုင်ငံသား ကိုကျော်ဇောလွင် (ခေါ်) ကိုညီညီအောင်၏ အမှုကို မင်္ဂလာဒုံမြို့နယ်တရားရုံးက ရန်ကုန်မြို့ရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန်အကျဉ်းထောင်တွင် ဗုဒ္ဓဟူးနေ့က စတင် ကြားနာသည်။
ရဲတပ်ဖွဲ့က တရားလို ပြုလုပ်ကာ စွဲချက်ဖတ်ပြခြင်းကို ကြားနာပြီးနောက် ယနေ့စစ်ဆေးမှုကို ရပ်နားလိုက်ပြီး နောက်တကြိမ် ရုံးချိန်းကို အောက်တိုဘာလ ၂၃ ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း တရားဆိုင်၏ ရှေ့နေတဦး ဖြစ်သူ ဦးကြည်ဝင်း က မဇ္ဈိမကိုပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဂျပန် ဒု-နိုင်ငံခြားရေး ဝန်ကြီးက မြန်မာတက်ကြွ လှုပ်ရှားသူများကို တွေ့ဆုံ
မဇ္ဈိမ (နယူးဒေလီ)။ ။ ဂျပန်အစိုးရက မြန်မာနိုင်ငံ အပေါ် အသစ်တဖန် စိတ်ဝင်စားလာပုံ အနေဖြင့် ဂျပန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး တီဆူရိုဖူကူယာမာ (Tesuro Fukuyama) က ဗုဒ္ဓဟူးနေ့က မြန်မာတက်ကြွ လှုပ်ရှားသူများနှင့် မြန်မာပြည် ဆိုင်ရာ ဂျပန်မူဝါဒအကြောင်း ဆွေးနွေးခဲ့သည်။
ဂျပန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက ပြည်ပရောက် ဒီမိုကရေစီ အဖွဲ့အစည်းများ၏ ညွန့်ပေါင်း အဖွဲ့ဖြစ်သော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်ကို ဗုဒ္ဓဟူးနေ့က ဖိတ်ခေါ် တွေ့ဆုံခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အောက်တိုဘာ ၁၅ ရက်
ရက်သတ္တပတ် ၄၁၊ ၂၀၀၉
မြန်မာသတင်း
အငြင်းပွား ရေပိုင်နက်အနီး နှစ်နိုင်ငံ စစ်သင်္ဘောများ ရောက်ရှိ
ဒါကာ (မဇ္ဈိမ)။ ။ ဘင်္ဂလား-မြန်မာ နှစ်နိုင်ငံအကြား အငြင်းပွားနေသော ပင်လယ်ရေပြင်အနီးသို့ နှစ်ဖက် စစ်သင်္ဘောများ မကြာသေးခင်က ရောက်ရှိလာသည်။
ဘင်္ဂလားဒေ့ရှ်ပိုင် St. Martin’s ကျွန်း၏ အနောက်တောင်ဘက် ရေမိုင် ၅၀ အကွာအနီးသို့ ယခုလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူ အခြေစိုက် ရေတပ်စခန်းဌာနချုပ်မှ စစ်သင်္ဘော ၅ စီးနှင့် ၁၃ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် စစ်တကောင်း အခြေစိုက် စစ်သင်္ဘော ၄ စီး ရောက်ရှိလာခြင်း ဖြစ်သည်။
မကြာသေးခင်က ဘင်္ဂလားအစိုးရနှင့် တူးဖော်ခွင့် ကန်ထရိုက် ရထားသော အမေရိကန် ကုမ္ပဏီ ConocoPhillips က ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေသဖြင့် ထိုသို့မလုပ်ရန် မြန်မာဘက်က သတိပေး ကန့်ကွက်ခဲ့သေးသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကေအိုင်အိုခေါင်းဆောင် မန္တလေးဆေးရုံတွင် ကုသမှုခံယူ
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဥက္ကဋ္ဌ ဦးဇောင်းဟရားသည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း မန္တလေးမြို့သို့ သွားရောက်၍ ဆေးကုသမှု ခံယူနေသည်။
အသက် (၇ဝ) ကျော်နေသည့် ဦးဇောင်းဟရားသည် အသည်းအားနည်းသည့်ရောဂါနှင့် အခြားလူကြီးရောဂါများ ဖြစ်ပွားလာ၍ တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ရှိ ကေအိုင်အို စစ်ဆေးရုံတွင် တက်ရောက်ကုသနေရာမှ မန္တလေးသို့ ဆေးစစ်မှုခံယူရန် သွားရောက်ခြင်းဖြစ်သည်ဟု ကေအိုင်အို သတင်းရပ်ကွက်က အတည်ပြုပြောသည်။
ကေအိုင်အိုအဖွဲ့မှ ခေါင်းဆောင်များသည် အပစ်ခတ်ရပ်စဲရေး ကာလတလျှောက်လုံး တရုတ်ပြည်အတွင်းရှိ ဆေးရုံများတွင်သာ တက်ရောက်ကုသမှုခံယူနေရာမှ ယခုကဲ့သို့ မန္တလေးမြို့တွင် မြန်မာသမားတော်များနှင့် ဆေးကုသမှု ခံယူလာခြင်းမှာ
ပထမဆုံးအကြိမ်လည်း ဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ရဲက ရိုက်နှက်လို့ သေသူ၏ အမှု စုံစမ်းစစ်ဆေးမှုများ ပြုလုပ်
မဇ္ဈိမ(ချင်းမိုင်) ။ ။ မြောက်ဥက္ကလာ ရဲက ရိုက်နှက်ရာမှ သေဆုံးသွားသည်ဆိုသော ဦးကျော့မောင်၏ အမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု များ ပြုနေပြီ ဖြစ်သည်။
မြို့နယ် ရဲစခန်းနှင့် ရန်ကုန် တိုင်းကျန်းမာရေးရုံးတို့တွင် မြောက်ဥက္ကလာ ရဲစခန်းမှူး၊ တိုင်းကျန်းမာရေး ရုံးအုပ်ကြီး၊ အမှတ် ၂ ရပ်ကွက် ရယက ဥက္ကဌတို့က ကွယ်လွန်သူ၏ ဇနီးအပါအဝင် သက်သေ ၉ ဦးကို စစ်ဆေးပြီး ဖြစ်သည်ဟု မိသားစုဝင် တဦးက ပြောသည်။
အမှုနှင့် ပတ်သက်၍ ရာအိမ်မှူးဟောင်းကို ဖမ်းဆီးထားသော်လည်း ရဲတပ်သားမှာမူ လွတ်မြောက်နေဆဲ ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အောက်တိုဘာ ၁၆ ရက်
ရက်သတ္တပတ် ၄၁၊ ၂၀၀၉
မြန်မာသတင်း
ရွေးကောက်ပွဲ သပိတ်မှောက် ဆန့်ကျင်မှုများ ပေါ်ပေါက်နိုင်ဟု
ဦးဝင်းတင် ပြောကြား
ရွေးကောက်ပွဲအကြိုကာလနှင့် ရွေးကောက်ပွဲလွန်ကာလများတွင် နအဖအနေဖြင့် လုပ်ဆောင်ရမည့်ကိစ္စများကို မလုပ်ဆောင်ပါက ရွေးကောက်ပွဲဆန့်ကျင်မှုများ ပေါ်ပေါက်လာနိုင်သည်ဟု ဥရောပသံတမန်အဖွဲ့ကို အန်အယ်လ်ဒီက ပြောကြားခဲ့ကြောင်း သိရသည်။
အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင် (၆) ဦးနှင့် ဥရောပသမဂ္ဂ (အီးယူ) မှ ကိုယ်စားလှယ် (၂၀) ခန့် ပါဝင်သည့် ဥရောပသံတမန်အဖွဲ့တို့ အောက်တိုဘာ (၁၄) ရက်တွင် ရန်ကုန်မြို့ အန်အယ်လ်ဒီရုံးချုပ်၌ တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်တဦးဖြစ်သူ ဦးဝင်းတင်က ခေတ်ပြိုင်သို့ ပြောသည်။
ဥရောပသံတမန်အဖွဲ့က အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင်များနှင့်တွေ့ဆုံကာ လက်ရှိမြန်မာနိုင်ငံ အခြေအနေနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင် အန်အယ်လ်ဒီပါတီအနေဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲကာလအတွက် ရှေ့ဘာဆက်လုပ်မည် ဆိုသည်ကိုလည်း ထည့်သွင်းမေးမြန်းခဲ့ကြောင်း ဦးဝင်းတင်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ အယူခံကိစ္စအတွက် တွေ့ဆုံဆွေးနွေး
နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဗဟိုတရားရုံးချုပ်တွင် သူ၏ အမှု အယူခံဝင်ရေး အတွက် ရှေ့နေများနှင့် ယနေ့ နေ့လည်ပိုင်းတွင် နေအိမ်၌ တွေ့ဆုံခွင့် ရရှိခဲ့သည်။
နေအိမ်အကျယ်ချုပ် စည်းကမ်း ဖောက်ဖျက်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသည်ကို ဗဟိုတရားရုံးချုပ်တွင် ဆက်လက်၍ အယူခံ ဝင်ရောက်နိုင်ရန် မူကြမ်း ရေးဆွဲရေးအတွက် သူ၏ ရှေ့နေ ၄ ဦးအနက် ဦးဥာဏ်ဝင်းနှင့် ဒေါ်ခင်ဋ္ဌေးကြွယ် တို့ကို ဒေါ်အောင်ဆန်းစုကြည်က ၁ နာရီကျော်ကြာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ သူ၏ နေအိမ်၌ ဆွေးနွေးခဲ့ကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၏မွေးနေ့
အကြိုဟောပြောပွဲ ပြုလုပ်
ကျောင်းသားစိတ်ဓာတ်နှင့် ကျောင်းသားသမဂ္ဂစိတ်ဓာတ်ကို မျိုးဆက်သစ်ကျောင်းသားလူငယ်များ သိရှိစေရန်အတွက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၏ (၄၇) နှစ်ပြည့်မွေးနေ့ အကြိုဟောပြောပွဲများကို မဲဆောက်ရှိ မြန်မာရွှေ့ပြောင်း ကျောင်းများတွင် ယနေ့ကျင်းပပြုလုပ်သည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) နှင့် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ ကမကထပြု၍ မြန်မာရွှေ့ပြောင်းကျောင်း (၇) ကျောင်းမှ ကျောင်းသားကျောင်းသူများကို ဟောပြောခဲ့ခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကေဒီအေ ခေါင်းဆောင် ဦးမထုနော် ဆေးရုံတက်ရ
မဇ္ဈိမ (ချင်းမိုင်) ။ ။ ကချင်အမျိုးသား တိုးတက်ရေးနှင့် လုံခြုံရေးတပ်မတော် - ကေဒီအေ အဖွဲ့ ဥက္ကဌ ဦးမထုနော်သည် ကိုယ်တခြမ်းသေကာ စကားပြောဆို၍ မရသဖြင့် မန္တလေးဆေးရုံတခုတွင် ဆေးကုသခံနေကြောင်း ကေအိုင်အို သတင်းရပ်ကွက်မှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကောင်းခါးမြို့ အခြေစိုက် ကေဒီအေ ဥက္ကဌ ဦးမထုနော် (၆၀ နှစ်ကျော်) သည် ယခုလဆန်းမှစ၍ လားရှိုးမြို့ဆေးရုံ၌ ကုသနေရာမှ မန္တလေးမြို့သို့ ပြောင်းရွှေ့ကုသနေခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အန်အယ်လ်ဒီနှင့်ပေါင်းလျှင် ကျောင်းပါပြောင်းမည်ဟု
ဒေသအာဏာပိုင်တို့ ခြိမ်းခြောက်
ဧရာဝတီတိုင်း မြောင်းမြခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌက ပဒေါ်ချောင်းကျေးရွာမှ တောင်သူလယ်သမားများအနေဖြင့် အန်အယ်လ်ဒီအဖွဲ့ဝင်များကို လက်ခံပါက အိမ်ရှင်ကို အရေးယူမည့်အပြင် ရွာရှိ အလယ်တန်းကျောင်းကို အခြားရွာသို့ ပြောင်းရွှေ့ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုတောင်သူလယ်သမားကော်မတီမှ ဦးမောင်မောင်ကြီးနှင့် မြောင်းမြမြို့နယ် အန်အယ်လ်ဒီ အဖွဲ့ဝင် (၂) ဦးတို့သည် တောင်သူလယ်သမားရေးရာများ လေ့လာရန် ဒေသခံကရင်လူမျိုးစုတို့၏ ဖိတ်ကြားချက်အရ အောက်တိုဘာ (၈) ရက်နေ့က ပတ္တမြားကျေးရွာအုပ်စု ပဒေါ်ချောင်းကျေးရွာသို့ သွားရောက်စဉ် တွေ့ကြုံခဲ့ကြရခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
စစ်အစိုးရသို့ ချဉ်းကပ်ကာ UDP ပါတီ ပြန်လည်အသက်သွင်းရန် ခြေလှမ်း
နယူးဒေလီ (မဇ္ဈိမ)။ ။ ၂၀၁၀ ရွေးကောက်ပွဲဝင်ရေး ဦးစွာကြေညာခဲ့ပြီး ပါတီတွင်း အခြေအနေကြောင့် ငြိမ်သက်ခဲ့သည့် ကနေဒါအခြေစိုက် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ - UDP ကို မြန်မာပြည်တွင်း၌ ပြန်လည်အသက်သွင်းရန် ပါတီအဖွဲ့ဝင်တချို့က ကြိုးပမ်းနေသည်။
ပါတီထူထောင်စဉ်က ပါဝင်ခဲ့သူများဖြစ်သည့် ၀ါရင့်နိုင်ငံရေးသမား ဦးသုဝေ အပါအ၀င် အချို့က ဒီမိုကရက်တစ်ပါတီ - DP အမည်ဖြင့် သီးခြားဖွဲ့ပြီးနောက် UDP အသံမှာ ပျောက်သွားခဲ့ရာက နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနသို့ပေးစာတစောင်ဖြင့် စစ်အစိုးရထံ ချဉ်းကပ်လိုက်သည်။
အငြင်းပွားဖွယ်ရာ UDP ဒုဥက္ကဋ္ဌ ဦးကျော်မြင့်က စစ်အစိုးရ နှစ်သက်လက်ခံဖွယ်ရှိသည့် ပြည်ပရှိ လုပ်ဆောင်ချက်များကို ပြည်တွင်းရှိ UDP အဖွဲ့ဝင် ဦးလှမြင့်မှတဆင့် ယခုလ ၈ ရက်နေ့ ရက်စွဲဖြင့် စာရေးသားအစီရင်ခံခဲ့ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။
ကနေဒါတွင် နေထိုင်သူ UDP ဗဟိုကော်မတီဝင် အထွေထွေအတွင်းရေးမှူး ဦးကျော်မိုးက ယခုလဆန်း ၂ ရက်နေ့တွင် တရုတ်ပြည်အတွင်း ပြုလုပ်ခဲ့သည့် ဗဟိုကော်မတီအစည်းအဝေးအပြီး၊ UDP - တွဲဘက် အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဦးလှမြင့်က ပြန်ကြားရေးဝန်ကြီးဌာနကို ပေးပို့ခဲ့သည့် စာဖြစ်ကြောင်း အတည်ပြု ပြောဆိုခဲ့သည်။

Subscribe to:
Posts (Atom)