Saturday, September 19, 2009

သတင်းမှတ်စု ( ၃၇ )

စင်တင်ဘာ ၁၄ ရက်
ရက်သတ္တပတ် ၃၆၊ ၂၀၀၉
မြန်မာသတင်း

ပါတီရုံးများ ဖွင့်ခွင့်မရသော်လည်း အန်အယ်လ်ဒီ စည်းရုံးရေးဆင်း

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နယ်ရုံးခွဲများ ပြန်လည်ဖွင့်လှစ်ခွင့် မရသေးသော်လည်း ပါတီစည်းရုံးရေးလုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်လျက်ရှိကြောင်း ပါတီပြောခွင့်ရ ဦးအုံးကြိုင်က ပြောသည်။

၂၀၀၃ ခု မေလတွင် စည်းရုံးရေးဆင်းသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီပါတီဝင်များ စစ်ကိုင်းတိုင်း ဒီပဲယင်းဒေသ၌ အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီးနောက် ယနေ့အချိန်ထိ တရားဝင်ပါတီအဖြစ် ရပ်တည်နေဆဲဖြစ်သည့် အန်အယ်လ်ဒီပါတီရုံးခွဲများကို ဒေသအာဏာပိုင်အသီးသီးက ပိတ်ပစ်ခဲ့သည်။

သို့ရာတွင် အန်အယ်လ်ဒီပါတီအနေဖြင့် လုပ်ဆောင်ရန်ရှိသည်များကို လုပ်ဆောင်နေပြီး တိုင်းနှင့်ပြည်နယ်များတွင် လူငယ်အထောက်အကူပြုအဖွဲ့များ ပြန်လည်ဖွဲ့စည်းလျက်ရှိသည်ဟု အန်အယ်လ်ဒီဗဟိုလူငယ်မှ ကိုမြင့်ဌေးက ပြောသည်။ ပြီးခဲ့သည့်လနှောင်းပိုင်းတွင် ကချင်ပြည်နယ်၌ ပြည်နယ်စည်းရုံးရေးအဖွဲ့နှင့် မြို့နယ်စည်းရုံးရေးအဖွဲ့တို့၏ အစည်းအဝေးများ ကျင်းပခွင့်ပေးခဲ့သော်လည်း အမျိုးသမီးနှင့် လူငယ်အထောက်အကူပြုဖွဲ့စည်းရေးကို အာဏာပိုင်များက ခွင့်မပြုခဲ့ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အာဏာ ၄၀ ရာခိုင်နှုန်း ခွဲပေးရန် စစ်အစိုးရကို တကျော့ပြန် ဦးဝင်းနိုင် အဆိုပြု

နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရ အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ၌ အုပ်ချုပ်ရေး အာဏာ၏ ၄၀ ရာခိုင်နှုန်းကို ခွဲဝေပေးရန် ဝါရင့် နိုင်ငံရေးသမား အမျိုးသားရေး ဦးဝင်းနိုင်က တောင်းဆိုလိုက်သည်။

‘၂၀၁၀ မြန်မာ့နိုင်ငံရေး သုံးသပ် ဆွေးနွေးပွဲ’ အမည်ရ ဆွေးနွေးပွဲကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ဒေါ်လ်ဖင် စားသောက်ဆိုင်၌ ယနေ့ ကျင်းပရာ ပြည်တွင်းပြည်ပမှ သတင်းထောက် ၃၀ ဦးခန့် ရှေ့မှောက်တွင် သူက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲ၌ ဦးဆောင်ဆွေးနွေးခဲ့သူ နောက်တဦးဖြစ်သည့် ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသော ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေကမူ ဦးဝင်းနိုင်၏ အဆိုပြုချက်အပေါ် သဘောမတူကြောင်း ပြောသည်။

ဆွေးနွေးပွဲတွင် အဆိုပါ နိုင်ငံရေးသမားကြီး နှစ်ဦး၏ သဘောထားအမြင်များ ခင်းကျင်း ပြသခဲ့မှုအပေါ် အားရကျေနပ်ကြောင်း တက်ရောက်ခဲ့သူ တချို့က ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ရန်ကုန်တမြို့လုံး နေရာမလပ် လုံခြုံရေးများ တိုးမြှင့်ချထား


စက်တင်ဘာတလလုံးကို အရေးပေါ်ကာလဟု သတ်မှတ်ထားပြီးဖြစ်ကာ ယခုအခါ နအဖအာဏာပိုင်များက လုံခြုံရေးများကို နေရာမလပ် ချထားလျက်ရှိကြောင်း ရန်ကုန်မြိုခံများက ပြောသည်။

ပြီးခဲ့သည့် သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့တို့၌ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံနှင့် တက္ကသိုလ်ရိပ်သာလမ်း အပါအ၀င် အခြားအိမ်ရာများတွင် လျှပ်စစ်မီးများ ဖြတ်တောက်အမှောင်ချကာ လုံခြုံရေးရဲများ ကင်းပုန်းလှည့်နေကြကြောင်း ကမာရွတ်မြို့နယ်တွင်း နေထိုင်သူတဦးက ပြောသည်။

ရန်ကုန်ရှိ အထင်ကရနေရာများဖြစ်သော ဘူတာကြီးဝန်းကျင်၊ ဆူးလေလမ်းမ၊ ကမ္ဘာအေးစေတီလမ်း၊ ပြည်လမ်း၊ အင်းစိန်လမ်း စသည်တို့တွင် လုံခြုံရေးချထားမှုများ အရေအတွက် ပိုများလာကြောင်း မျက်မြင်များက ပြောသည်။

ယခုရက်ပိုင်းတွင် လုံခြုံရေး ပိုမိုချထားသည်ကို ရန်ကုန်ပြည်သူတို့က အထူးအဆန်းပုံစံဖြင့် မမြင်ကြတော့ကြောင်း မဟာဗန္ဓုလ လမ်းပေါ်ရှိ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်တဆိုင်၏ မန်နေဂျာက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
စင်တင်ဘာ ၁၅ ရက်
ရက်သတ္တပတ် ၃၆၊ ၂၀၀၉
မြန်မာသတင်း

အထက်မြန်မာပြည် မြို့အချို့တွင် အဖြူရောင်လှုပ်ရှားမှု ပြုလုပ်

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး လှုပ်ရှားမှုများကို အထက်မြန်မာပြည် မြို့နယ်တို့တွင် ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ရေနံချောင်းမြို့နယ် အန်အယ်လ်ဒီပါတီ စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်စောဌေးက ပြောသည်။
ရေနံချောင်း အန်အယ်လ်ဒီပါတီဝင်များနှင့် တက်ကြွလှုပ်ရှားသည့်မြို့ခံများ ပူးပေါင်းကာ အဖြူရောင်ဝတ်စုံများဖြင့် သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ အန်အယ်လ်ဒီပါတီဝင်များ၏ လှုပ်ရှားမှုများကို အာဏာပိုင်များက အနှောင့်အယှက် မပေးခဲ့သော်လည်း စောင့်ကြည့်မှုများ ရှိကြောင်း၊ ၀တ်ပြုဆုတောင်းမည့် အန်အယ်လ်ဒီပါတီဝင်များ မ၀င်နိုင်စေရန် မြို့နယ်တွင်းရှိ တန်ခိုးကြီးဘုရားများကို အင်္ဂါနေ့တွင် သော့ခတ်ထားလေ့ရှိကြောင်း သိရသည်။

မိတ္ထီလာ၊ ရေနံချောင်း၊ မြင်းခြံ မြို့နယ်တို့ရှိ အန်အယ်လ်ဒီအဖွဲ့ဝင်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်နေရစဉ် ကာလအတွင်း၌လည်း ၀တ်ပြုဆုတောင်းမှုများ၊ ဓာတ်ပုံဖြန့်ဝေလှုပ်ရှားမှုများ၊ အ၀ါရောင်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည် ကြားနာခွင့် မရ

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏အမှု အယူခံ လျှောက်လဲချက်ကို တရားရုံး၌ တက်ရောက်၍ ကြားနာခွင့်ပြုရန် ရန်ကုန်တိုင်း အထူးရဲသတင်း တပ်ဖွဲ့ထံ တောင်းဆိုခဲ့သော်လည်း ပယ်ချခံလိုက်ရသည်။

ယခုလ ၁၈ ရက်နေ့တွင် တိုင်းရုံး၌ အယူခံ လျှောက်လဲမည် ဖြစ်သဖြင့် ကိုယ်တိုင် တက်ရောက် ကြားနာလိုသဖြင့် ၁၁ ရက်နေ့က အထူး ရဲသတင်းတပ်ဖွဲ့ထံ စာရေး အကြောင်းကြားခဲ့ပြီး၊ နောက်တရက်တွင် ခွင့်မပြုနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများထံ အကြောင်းပြန်ကြားခဲ့ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

အန်အယ်ဒီ လူငယ်လုပ်ငန်းအဖွဲ့ ၆၉ မြို့နယ်တွင် ပြီးစီးဟုဆို

နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် လူငယ်နှင့် အမျိုးသမီးထု စုစည်းမှုရှိစေရန် နယ်ဆင်း၍ ပြန်လည် ဖွဲ့စည်းမှုများ ပြုလုပ်ခဲ့ရာ ၆ လခန့်အကြာတွင် မြို့နယ် ၆၉ မြို့နယ်တွင် လူငယ်လုပ်ငန်း အဖွဲ့များ ဖွဲ့စည်းပြီး ဖြစ်သည်ဟု သိရသည်။

ဗဟိုလူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့က ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူးနှင့် တနင်္သာရီတိုင်း၊ ကချင်၊ ရခိုင်နှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်ပေါင်း ၆၉ မြို့နယ်တွင် ဖွဲ့စည်းပေးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

မြို့နယ်လူဦးရေအလိုက် မြို့နယ်လူငယ်အဖွဲ့တွင် ဦးဆောင်သူ ၅ ဦးမှ ၁၄ ဦးအထိ ဖွဲ့စည်းပေးခဲ့သည့်အပြင် ထိုလူငယ်များအား ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ဆွေးနွေးသင်ကြားမှုများ ကွင်းဆင်း၍ ပြုလုပ်နေသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဝန်ကြီးချုပ် ကုလအထွေထွေ ညီလာခံသို့ တက်ရောက်မည်

ရန်ကုန် (မဇ္ဈိမ) ။ ။ စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် နယူးယောက်တွင် ပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်မှာ ဖြစ်သည်။

ဗိုလ်ချုပ်ကြီးသိန်းစိန်သည် အဖွဲ့ဝင် ၁၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မှာဖြစ်ပြီး ၁၄ နှစ်တာ ကာလအတွင်း ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်သော အဆင့်မြင့်ဆုံး မြန်မာကိုယ်စားလှယ် ဖြစ်လာမည်။ ၁၉၉၅ ခုနှစ်က ဒုတိယဗိုလ်ချုပ်မှုးကြီး မောင်အေး တက်ရောက် ခဲ့ဖူးသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စင်တင်ဘာ ၁၆ ရက်
ရက်သတ္တပတ် ၃၆၊ ၂၀၀၉
မြန်မာသတင်း

ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ အထမြောက်စေရမည်ဟု
သံဃာ့အဖွဲ့ချုပ်မှ မိန့်ကြား


ယခုရက်ပိုင်းများအတွင်း သံဃာတော်များအား ဖမ်းဆီးစစ်မေးခြင်း၊ ဘုန်းကြီးကျောင်းတိုက်များအား လုံခြုံရေးချ စောင့်ကြည့်ခြင်းများ လုပ်နေသော်လည်း လာမည့်သီတင်းကျွတ်လပြည့်နေ့မှစကာ ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲဖြစ်မြောက်အောင် လုပ်ဆောင်သွားမည်ဟု သံဃာ့အဖွဲ့ချုပ် (မြန်မာနိုင်ငံ) နိုင်ငံခြားရေးရာတာဝန်ခံ ဆရာတော် အရှင်ပါရမီခန္တီက ခေတ်ပြိုင်သို့ မိန့်ကြားသည်။

တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့၏ ကြေညာချက် ထွက်လာပြီးနောက် နအဖစစ်အစိုးရက သံဃာတော်များအား မျက်ခြည်မပြတ် စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း ဒေသခံများက ပြောသည်။
ယခုလပိုင်းအတွင်း ခေါ်ယူစစ်မေးခံရသော သံဃာတော် (၈) ပါးရှိနေပြီဟု သတင်းရထား ကြောင်း သံဃာ့အဖွဲ့ချုပ်မှ အရှင်ပါရမီခန္တီက မိန့်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

လှုပ်ရှားမှုတွင် ပြည်သူများ ပါဝင်ရန် ကျောင်းသားအဖွဲ့များ တိုက်တွန်း

နယူးဒေလီ (မဇ္ဈိမ)။ ။ ရွှေဝါရောင် လှုပ်ရှားမှုမျိုး ထပ်မံ ပေါ်ပေါက်လာပါက ပြည်သူများအနေဖြင့် ပါဝင်ပူးပေါင်းရန် ပြည်တွင်းရှိ ကျောင်းသားအဖွဲ့ နှစ်ဖွဲ့က တိုက်တွန်း လိုက်သည်။

ဗကသ ခေါ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ပူးတွဲ၍ ကြေညာချက် ထုတ်ပြန်ကာ တိုက်တွန်းလိုက်ကြခြင်းဖြစ်သည်။

ကျောင်းသားနှစ်ဖွဲ့က ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုတွင် သံဃာတော်များအပေါ်အာဏာပိုင်များက ဖမ်းဆီး နှိပ်စက်ရုံသာမက ဆက်လက်၍ ထိုသို့လုပ်ဆောင်နေသဖြင့် ရပ်တန်းက ရပ်ရန်၊ သံဃာတော်များအပေါ် အမှားအယွင်း များအတွက် ပြန်လည် တောင်းပန်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး လွှတ်ပေးရန် ကြေညာချက်ထဲတွင် တောင်းဆိုထားသည်။

အာဏာပိုင်များက ယခုလို ဆက်လက်လုပ်ကိုင်ပါက သီးခံမည်မဟုတ်ကြောင်းနှင့် ပြည်သူများအနေဖြင့် သူတို့နှင့် ပူးပေါင်းရန် တိုက်တွန်းထားခြင်း ဖြစ်သည်။

ကြေညာချက်ကို ရန်ကုန်၊ မန္တလေး၊ မတ္ထီလာ၊ မကွေး၊ မြင်းခြံ၊ တောင်ကြီး၊ စစ်ကိုင်း၊စစ်တွေ၊ မော်လမြိုင် အစရှိသည့် မြို့များ၌ လူစည်ကားသော နေရာများတွင် လိုက်လံဝေငှနေပြီး၊ ရန်ကုန်ရှိ တာမွေဈေး၊ နန္ဒဝင်ဈေး၊ အင်းစိန်ဈေး၊
မြေနီကုန်း (မနက်ပိုင်းဈေး)၊ မြောက်ဥက္ကာလာပ အစရှိသောမြို့များတွင်လိုက်ဝေနေသည်ဟု ကိုဇာနည်က ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စင်တင်ဘာ ၁၇ ရက်
ရက်သတ္တပတ် ၃၆၊ ၂၀၀၉
မြန်မာသတင်း

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ
အစည်းအဝေးကျင်းပမည်


ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) ၏ ရှေ့လုပ်ငန်းစဉ်များအတွက် မနက်ဖြန်တွင် အန်အယ်လ်ဒီရုံးချုပ်၌ အစည်းအဝေးတရပ်ပြုလုပ်သွားမည်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးချုပ်၌ မနက်ဖြန်ကျင်းပမည့် အစည်းအဝေးသို့ အကျဉ်းကျနေသော ပါတီခေါင်းဆောင်များနှင့် ကျန်းမာရေးမကောင်းသည့် ပါတီခေါင်းဆောင်များမှလွဲ၍ ကျန်ပါတီခေါင်းဆောင်များ တက်ရောက်ကြ မည်ဖြစ်ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဦးသုဝေ နှင့် ဦးဝင်းနိုင်ကို အာဏာပိုင်က သတိပေး

ချင်းမိုင် (မဇ္ဈိမ)။ ။ ပူပူနွေးနွေး နိုင်ငံရေးပါတီတခုဖြစ်သော ဒီမိုကရက်တစ်ပါတီကို ထူထောင်သူတဦးဖြစ်သည့် ဦးသုဝေနှင့် အမျိုးသားရေး ဦးဝင်းနိုင်တို့အား ကြိုတင်အကြောင်းမကြားဘဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သဖြင့် အာဏာပိုင်များက ယနေ့ ခေါ်ယူသတိပေးလိုက်သည်။


ယခုလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သော ၀ါရင့်နိုင်ငံရေးသမား နှစ်ဦး၏ သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်၍ မြို့နယ် အာဏာပိုင်ထံမှ ခွင့်ပြုချက် မယူခဲ့သဖြင့် ဥပဒေချိုးဖောက်သည်ဟုဆို၍ သတိပေး လက်မှတ်ရေးထိုးခိုင်းခြင်း ဖြစ်သည်။

၅ ဦးထက်ကျော်၍ စုဝေးမည်ဆိုလျှင် ကြိုတင်အကြောင်းကြားမည် ဖြစ်ကြောင်းနှင့် အမိန့်ကြိုတင် ရထားမှသာ စုဝေးမှုများပြုလုပ်မည်ဖြစ်ကြောင်း လက်မှတ်ထိုးခဲ့ရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ရန်ကုန်မြို့၌ အချိန် (၂) နာရီအတွင်း ဗုံးပေါက်ကွဲမှု (၆) ခုဖြစ်ပွား

ရန်ကုန်မြို့တွင် အချိန် (၂) နာရီခန့်အတွင်း ဗုံးပေါက်ကွဲမှု (၆) ခု ဆက်တိုက်ဖြစ်ပွားကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

ပေါက်ကွဲမှု ဖြစ်ပွားရာနေရာများမှာ လှိုင်သာယာမြို့နယ်နှင့် ရွှေပေါက်ကံမြို့နယ်တို့ရှိ စက်မှုဇုန်များတွင်ဖြစ်ကြောင်း စက်မှု လုပ်ငန်းရှင်တဦးက ပြောသည်။

ဖြစ်ပွားမှုနှင့် ပတ်သက်၍ လှိုင်သာယာ မြို့နယ်ရဲစခန်းသို့ ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲအရာရှိတဦးက ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

လှိုင်သာယာမြို့နယ် စက်မှုဇုန် အမှတ် (၃) ရှိ ပုဂ္ဂလိက ကားဝင်းနှင့် ကားနှင့်ဆက်စပ်ပစ္စည်းများ သိုလှေင်ရာဝင်းတို့တွင် စက်တင်ဘာ (၁၆) ရက်နေ့ (၁၁) နာရီ (၅၀) မိနစ်ခန့်နှင့် ည (၁၂) နာရီခန့်တို့တွင် ဆက်တိုက်ပေါက်ကွဲကြောင်း၊ ယင်းအချိန်၌ပင် ရွှေပေါက်ကံ စက်မှုဇုန်ရှိ ဂျိုနာအထည်ချုပ်စက်ရုံ ၀င်းအတွင်းတွင်လည်း စက်တင်ဘာ (၁၇) ရက်နေ့အကူး ည (၁၂) နာရီခွဲကျော်တွင် ပေါက်ကွဲမှုဖြစ်ကြောင်း လှိုင်သာယာ ရဲစခန်းနှင့် ရွှေပေါက်ကံ ရဲစခန်းမှတ်တမ်းများအရ သိရသည်။ ထို့အပြင် လှိုင်သာယာ စက်မှုဇုန်ရှိ ပုဂ္ဂလိက သစ်အချောထည်စက်ရုံ ဘေးလမ်းနှင့် အမှတ် (၅) ရဲကင်းဘေးလမ်းတို့တွင်လည်း ပေါက်ကွဲမှု တချိန်တည်းဖြစ်ခဲ့ကြောင်း၊ နောက်ဆုံးပေါက်ကွဲသောဗုံးမှာ စက်တင်ဘာ (၁၇) ရက် (ယနေ့) နံနက် (၁) နာရီခွဲ၌ အိုင်အန်ဂျီအိုတခု၏ ရုံးခန်းဘေးတွင် ပေါက်ကွဲခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

လှိုင်သာယာစက်မှုဇုန်၏ တာဝန်ရှိသူက အဆိုပါ ဗုံးပေါက်ကွဲမှုများအပေါ် အစိုးရက သံသယဖြစ်ဖွယ်လူများကို လိုက်လံ စစ်ဆေးနေပြီဖြစ်ကြောင်း ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အကျဉ်းသား ၇၁၁၄ ဦး လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်

နယူးဒေလီ။ ။ နိုင်ငံတဝှန်းရှိ အကျဉ်းသား ၇၁၁၄ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟူ၍ စစ်အစိုးရ သတင်းဌာနများက ယနေ့ ညပိုင်းတွင် ကြေညာလိုက်သည်။

မြဝတီ ရုပ်မြင်သံကြား အစီအစဉ်မှ မြန်မာစံတော်ချိန် ည ၇ နာရီတွင် စတင်ပြသသည့် ကိုရီးယား ဇာတ်လမ်းတွဲ ပြသနေချိန်အတွင်း အောက်ခြေရှိ စာတန်းပြေး နေရာတွင် အကျဉ်းချုံးဖော်ပြခဲ့သလို၊ မြန်မာ့ရုပ်မြင်သံကြား၏ ည ၈ နာရီ သတင်းအစီအစဉ်တွင် ထပ်မံ၍ ထုတ်ဖော်ကြေညာလိုက်ခြင်း ဖြစ်သည်။ ၂၀၀၈ ခုနှစ် စက်တင်ဘာလအတွင်းက လွတ်ငြိမ်းချမ်းသာခွင့်အတွင်း ပြန်လွတ်လာခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးဌာနမှ အဖွဲ့ဝင်တဦးဖြစ်သူ ဦးအုန်းကြိုင်က နိုင်ငံရေး အကျဉ်းသားများ ပြန်လွတ်လာရန် မျှော်လင့်နေကြောင်း ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မြန်မာနိုင်ငံမှ အမေ့ခံအကျဉ်းသားများ အစီရင်ခံစာထုတ်ပြန်

ပြီးခဲ့သည့် (၂) နှစ်တာကာလအတွင်း မြန်မာစစ်အစိုးရက နိုင်ငံရေးအကျဉ်းသားများကို နှစ်ဆတိုးဖမ်းဆီးနေကြောင်း အမေရိကန်အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောကြားလိုက်သည်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က စက်တင်ဘာ (၁၆) ရက်တွင် ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် ယင်းသို့ ပြောကြားထားခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှ အမေ့ခံအကျဉ်းသားများ” ဟု အမည်ပေးထားသည့် စာမျက်နှာ (၃၅) မျက်နှာပါ အဆိုပါအစီရင်ခံစာတွင် ၂၀၀၇ ခုနှစ်မှစ၍ ဖမ်းဆီးခံရသည့် ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသားများအကြောင်း ရေးသားတင်ပြထားပြီး ယခုအခါ နိုင်ငံရေးအကျဉ်းသား (၂,၂၀၀) ကျော်ရှိနေပြီဟုလည်း ဖော်ပြထားသည်။ ယမန်နေ့က ထုတ်ပြန်လိုက်သည့် “မြန်မာနိုင်ငံမှ အမေ့ခံအကျဉ်းသားများ” အစီရင်ခံစာတွင် စစ်အစိုးရ၏ မတရားဖမ်းဆီး ထောင်ချခြင်းခံနေရသည့် နာမည်ကြီး လူရွှင်တော် ဇာဂနာ၊ ၈၈ မျိုးဆက်ကျောင်းသားဖြစ်သည့် ကိုမင်းကိုနိုင်၊ မစုစုနွေးနှင့် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုတွင် ဦးဆောင်ခဲ့သည့် ဆရာတော်အရှင်ဂမ္ဘီရတို့ အပါအ၀င် အဖမ်းဆီးခံနေရသည့် နိုင်ငံရေး အကျဉ်းသားများ၏အကြောင်းကို ဓာတ်ပုံများနှင့်တကွ တင်ပြထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

မြင်းခြံမှ တက်ကြွလှုပ်ရှားသူ ၅ ဦး အဖမ်းခံရ

ချင်းမိုင်(မဇ္ဈိမ)။ ။ မန္တလေးတိုင်း မြင်းခြံမြို့မှ လှုပ်ရှားတက်ကြွသူ ၅ ဦးအား မန္တလေးတိုင်း အထူးရဲသတင်း တပ်ဖွဲ့က ယခုလ ၁၅ ရက်နေ့ ညပိုင်းတွင် နေအိမ်မှ ဖမ်းဆီးခဲ့သည်ဟု နီးစပ်သူတဦးက ပြောသည်။

အသက် ၃၀ ကျော် အရွယ်များဖြစ်သည့် ဒေါက်တာဝင့်သူ၊ ကိုမျိုးဟန်၊ ကိုစိုးရာဇာဖြူ၊ ကိုအောင်မျိုးလတ်၊ ကိုလှမျိုးကျော် ခေါ် အီးတီနှင့် ဦးကြည်ဝင်းတို့ ဖမ်းဆီးခေါ်ဆောင်ခံရခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စင်တင်ဘာ ၁၈ ရက်
ရက်သတ္တပတ် ၃၆၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် အယူခံ အောက်တိုဘာ ၂ ရက် အမိန့်ချမည်

နယူးဒေလီ။ ။ ဒေါ်အောင်ဆန်းဆုကြည်၏ အမှု အယူခံကို ရန်ကုန်တိုင်း တရားရုံး၌ နှစ်ဖက်လျှောက်လဲချက် ပေးရာ ယနေ့ ပြီးဆုံးပြီ ဖြစ်သဖြင့် အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီတွင် အမိန့်ချမည်ဟူ၍ ရုံးတော်က ချိန်းဆို လိုက်သည်။
(မဇ္မျိမသတင်းမှ ကောက်နှုတ်ချက်)
+++++

နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်

စစ်အစိုးရက ယနေ့နေ့လယ်၌ စတင်လွှတ်ပေးလိုက်သည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအမှုတို့ဖြင့် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား (၂၅၀) ကို ပြန်လည်လွှတ်ပေးလိုက်ကြောင်း ရန်ကုန်တိုင်းအကျဉ်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ပြည်တွင်းပြည်ပ သတင်းထောက်များကို ပြောကြားသည်။

၁၉၈၈ ခုနှစ် စက်တင်ဘာ (၁၈) ရက်နေ့ အာဏာရယူခဲ့သော စစ်အစိုးရ၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ယင်းသို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းဖြစ်ကြောင်း ၎င်းက ယနေ့ကျင်းပသော အကျဉ်းသားများအား ပြန်လွှတ်ပေးလိုက်သော အခမ်းအနားတွင် ပြောကြားသည်။

ယနေ့ပြန်လည်လွတ်မြောက်လာသူများတွင် သင်္ကန်းကျွန်းမြို့နယ် အန်အယ်လ်ဒီအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြ၊ ပုဇွန်တောင်မြို့နယ် အန်အယ်လ်ဒီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်းနိုင်း၊ မုံရွာအန်အယ်လ်ဒီမှ ဦးအောင်ရှင် စသည့်ပုဂ္ဂိုလ်များ ပါဝင်ကြသည်။ ယနေ့လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်အကြိမ်မှာ ဒဿမအကြိမ်ဖြစ်ပြီး ယနေ့ထိ လွှတ်ပေးသော အကျဉ်းသားပေါင်း (၁) သိန်း ကျော်ရှိပြီဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ပြောသည်။
-------------------
သတင်းထောက် ၂ ဦး လွတ်မြောက်လာ

ချင်းမိုင်(မဇ္ဈိမ)။ ။ နာဂစ်ဒုက္ခသည်များ အရေး သတင်းယူခဲ့သူ သတင်းထောက် မအိမ့်ခိုင်ဦး နှင့်အယ်ဒီတာ ဟောင်း ကိုကျော်ကျော်သန့်တို့ အင်းစိန်ထောင်မှ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ယနေ့ လွတ်မြောက် လာသည်။

သူတို့နှစ်ဦးစလုံးအား နိုင်ငံတော် ဆူပူမှုဖြင့် ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်ပြီး Weekly Eleven အယ်ဒီတာ ဟောင်း ကိုကျော်ကျော်သန့် (၃၀ နှစ်) ကို ၇ နှစ်၊ Ecovision ဂျာနယ်မှ သတင်းထောက် မအိမ့်ခိုင်ဦး (၂၄ နှစ်) ကို ထောင်ဒဏ် ၂ နှစ် အသီးသီး ချမှတ်ခဲ့ခြင်း ဖြစ်သည်။
( ခေတ်ပြိုင် + မဇ္ဈိမသတင်းများမှ ကောက်နှုတ်ချက် )

Sunday, September 13, 2009

သတင်းမှတ်စု ( ၃၆ )

စင်တင်ဘာ ၇ ရက်
ရက်သတ္တပတ် ၃၅၊ ၂၀၀၉
မြန်မာသတင်း

သတင်းထောက်များကို လောက်ကိုင်သို့ ဖိတ်ခေါ်


နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရက လောလောလတ်လတ် အောင်ပွဲခံထားသည့် ကိုးကန့်ဒေသ လောက်ကိုင်သို့ ပြည်တွင်းရှိ သတင်းထောက် ၆ ယောက်ကို ပြသရန် ယနေ့ ခေါ်ဆောင်သွားသည်ဟု စုံစမ်းသိရှိရသည်။

ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထောက်များကို လားရှိုးမှတဆင့် မနက်ဖြန်တွင် လောက်ကိုင်သို့ ပြသမည့် အစီအစဉ်အတွက် လိုက်ပါလိုသူများအနက်မှ မဲနှိုက် ခေါ်ယူခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်အဖွဲ့ကို ၂ ရက်ကြာ စစ်ဆင်နွှဲပြီး စစ်အစိုးရ လိုလားသော ယခင်ဒုဥက္ကဋ္ဌ
ပိုင်စိုချိန် ဦးဆောင်သော အုပ်စုကို မြှောက်စားပေးခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ကေအိုင်အိုကို ကချင်ဒေသကိုယ်ပိုင်အုပ်ချုပ်ရေးတပ်အဖြစ် ပြောင်းရန်
ကချင်လူထု ဆုံးဖြတ်


ကေအိုင်အိုအား နယ်ခြားစောင့်တပ် (BGF) အစား ကချင်ဒေသကိုယ်ပိုင်အုပ်ချုပ်ရေးတပ် (KRGF) အဖြစ် အသွင်ပြောင်းရန် ကချင်ပြည်နယ်ဒေသအသီးသီးမှ လူထုကိုယ်စားလှယ်များနှင့် ကေအိုင်အိုတို့ တွေ့ဆုံဆွေးနွေးကာ သဘောတူ ဆုံးဖြတ်လိုက်သည်။

ယခုလ (၅) ရက်တွင် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ထိန်းချုပ်ရာ တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့တွင် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ ဗန်းမော်၊ ဖားကန့် စသည့် ဒေသအသီးသီးမှ ဘာသာရေးခေါင်းဆောင်များ၊ ဒေသဆိုင်ရာယဉ်ကျေးမှုအဖွဲ့၊ လူမှုရေးအဖွဲ့အသီးသီးမှကိုယ်စားလှယ် စုစုပေါင်း (၃၂၄) ဦးနှင့် ကေအိုင်အိုအဖွဲ့မှ ခေါင်းဆောင်များ တွေ့ဆုံစည်းဝေးပွဲတရပ်ကျင်းပခဲ့ပြီး ယင်းသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ရွေးကောက်ပွဲ ဝင်မည်ဟု ဆိုသော ကေအိုင်အို ထိပ်သီးများ ရာထူးမှ ဖယ်ရှားခံရ

စက်တင်ဘာလ (၂)ရက် နေ့ကလည်း ကချင် လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) ၏ ထိပ်သီးအရာရှိ ၆ဦး ရာထူးမှ ဖယ်ရှားခံရကြောင်း သတင်းများ ထပ်မံ ထွက်ပေါ် လာခဲ့သေးသည်။

လိုင်ဇာ အခြေပြု ကေအိုင်အို ထိပ်သီးပိုင်း ရာထူးမှ ဖယ်ရှားခြင်း ခံရသော အရာရှိများမှာ ကေအိုင်အို နံပါတ်၂ ရာထူး ရယူထားသော ဒု-ဥက္ကဋ္ဌ ဒေါက်တာ မနန်တူးဂျာ၊ ဒုတိယ အထွေထွေ အတွင်းရေးမှူး အင်ဂျာနော်ရစ်၊ ဒူကဘာ မှုန်ခေါင်၊ ဒူကဘာ ပေါင်ရှီဇော်ဖန်း၊ ဒူကဘာ နှုတ်လဲ့ ၊ ဆလန်ကဘာ ဇဘော် ကရန် တို့ ဖြစ်ကြသည်။

ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) မှ ဗိုလ်မှူးချုပ် ဆွန်လွတ် ဂွမ်မော်က Kachin State Progressive Party (KSPP) ကချင်ပြည်နယ် တိုးတက်ရေးပါတီ အနေနဲ့ ၂၀၁၀ မှာ စစ်အစိုးရ ဦးစီး ကျင်းပတဲ့ ရွေးကောက်ပွဲဝင်မှာ ဖြစ်တဲ့အတွက် အခုလို ဒီအဖွဲ့ ရာထူးက နှုတ်ထွက်တာလို့ ပြောဆိုပေမဲ့၊ " မြန်မာ စစ်အစိုးရ အလိုကျ ယိမ်းလွန်းတဲ့ ကေအိုင်အေ ခေါင်းဆောင်ပိုင်းတွေ လုပ်ဆောင်မှုဟာ ပြည်သူတွေကို ကေအိုင်အိုဟာ ကိုယ်စားပြု မလား၊ စစ် အစိုးရဖက်များ ယိမ်းလွန်း သွားမလား၊ စောင့်ကြည့် ရဦးမယ် " လို့ မြစ်ကြီးနား၊ ဒူကထောင် ရပ်ကွက်က အမည် မဖေါ်လိုတဲ့ ကချင် တက္ကသိုလ် ကျောင်းသားတဦးက လူထုအသံအား ယခုလို သုံးသပ် ပြောကြားသွားခဲ့သည်။
( လူထုအသံမှ ကောက်နှုတ်ချက် )
+++++

ဒေါက်တာ တူးဂျာ ဘာလို့ နုတ်ထွက်လဲ


ဒေါက်တာ တူးဂျာအနေနဲ့ ကေအိုင်အိုအဖွဲ့ကနေ ဘယ်လိုအကြောင်းများကြောင့် နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်သလဲရှင်။


ဒါကတော့ မြို့ပေါ် နိုင်ငံရေးကို ပိုပြီး အာရုံစိုက် လုပ်ကိုင်နိုင်ဖို့ ကေအိုင်အိုကနေ နုတ်ထွက်လိုက်တာပါ။ မြို့ပေါ် နိုင်ငံရေး လုပ်မယ်ဆိုရင် အဖွဲ့အစည်းကနေ နုတ်ထွက်ရမယ်။ ပါတီနိုင်ငံရေး ထောင်မယ်ဆိုရင် လွတ်လွတ်လပ်လပ် ပြည်သူတယောက် အနေနဲ့ မြို့နိုင်ငံ နိုင်ငံရေး လုပ်ဆောင်နိုင်ဖို့ မိမိအဖွဲ့ကနေ ထွက်လိုက်တာပါ။


ပါတီထဲမှာ ဘယ်လို အဖွဲ့အစည်းတွေ ပါဝင်ပါသလဲရှင်။


ပါတီထဲမှာ ဦးဇခုန်တင်ယိမ်းအဖွဲ့ ကချင်အမျိုးသားဒီမိုကရက်သစ် တပ်မတော် (NDAK) အဖွဲ့က တချို့ပါလာမယ်။ ကေအိုင်အိုခွဲထွက်အဖွဲ့ လဆန်အောင်ဝါ အဖွဲ့လည်း ပါတယ်။ နောက်ကချင် အတိုင်ပင်ခံအဖွဲ့နဲ့ ကေအိုင်အို အဖွဲ့အချို့လည်း ပါမယ်။ အများစုက အရပ်သားတွေ ပိုများမယ်။ လူထုဘက်က ဖြစ်လာမယ်။ နိုင်ငံရေး စိတ်ပါဝင်စားတဲ့ လူတွေ အားလုံးပါလာနိုင်တယ်။
((မဇ္ဈိမသတင်းထောက် ဖနိဒါ၏ အင်တာဗျူးမှ ကောက်နှုတ်ချက်)
+++++

ထိုင်းနှင့်တရုတ်ထက် သဘာဝဓာတ်ငွေ့ထွက် မြန်မာ
လျှပ်စစ်သုံးစွဲခွင့် လျော့နည်း


မြန်မာနိုင်ငံသည် ကမ္ဘာ့သဘာဝဓာတ်ငွေ့ အရင်းအမြစ်ပိုင်ဆိုင်သော နိုင်ငံများစာရင်းတွင် အဆင့် (၁၀) အဖြစ် ပါဝင်နေသော်လည်း မြန်မာနိုင်ငံသားတဦး၏ လျှပ်စစ်သုံးစွဲမှု ပမာဏသည် အိမ်နီးချင်း ထိုင်းနှင့် တရုတ်နိုင်ငံသားတဦး၏ လျှပ်စစ်သုံးစွဲမှု ပမာဏအောက် (၅) ရာခိုင်နှုန်း လျော့နည်းနေကြောင်း အာဏာစင်္ကြန် အစီရင်ခံစာတွင် ထောက်ပြထားသည်။

အဆိုပါအစီရင်ခံစာကို တရုတ်နိုင်ငံမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းတော့မည့် အခြေအနေနှင့် စပ်လျဉ်း၍ မြန်မာ့သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး စောင့်ကြည့်နေသည့် ရွှေဂက်စ်အဖွဲ့က ယနေ့ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

မလေးရှားတွင် အဖမ်းခံနေရသူများကို ပြန်လည်လက်ခံ

ချင်းမိုင် (မဇ္ဈိမ) ။ ။ တရားမ၀င် နေထိုင်မှုဖြင့် မလေးရှားတွင် ဖမ်းဆီး ခံနေခဲ့ရသော မြန်မာလုပ်သားများအနက် လမ်းစရိတ် တတ်နိုင်သူများကို ပြန်လည် ပို့ဆောင်ခြင်း ပြုလုပ်လျက် ရှိသည်။

မြန်မာနိုင်ငံသားအဖြစ် အထောက်ပြနိုင်သူများဖြစ်ပြီး တဦးလျှင် အပြန်လမ်းစရိတ် လေယာဉ် လက်မှတ်ဖိုး အပါအ၀င် မလေးရှားငွေ ရင်းဂစ် ၁၆၀၀ (ကျပ်ငွေ ၅ သိန်းခန့်) ကုန်ကျခံနိုင်သူများကို ရန်ကုန်မြို့သို့ တိုက်ရိုက် ပြန်လည် ပို့ဆောင်ခြင်း ဖြစ်သည်။

ပထမဆုံး အသုတ်အနေဖြင့် ၄၉ ဦး ပြန်လည် ရောက်ရှိလာကြောင်း စက်တင်ဘာလ ၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာက ရေးသားသည်။

ပြန်လိုသူများသည် သန်းခေါင်စာရင်းမိတ္တူ၊ ရဲစခန်း ထောက်ခံစာ၊ မှတ်ပုံတင် မိတ္တူတို့ဖြင့် မလေးရှားဆိုင်ရာ မြန်မာသံရုံးသို့ ကိုယ်စားလှယ်မှတဆင့် လျှောက်ထားကြရသည်ဟု စုံစမ်း သိရှိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စင်တင်ဘာ ၈ ရက်
ရက်သတ္တပတ် ၃၅၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် ရှေ့နေများတောင်းဆို

အယူခံအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် သူမ၏ရှေ့နေများက အာဏာပိုင်များထံ ယနေ့ စာရေးတောင်းဆိုလိုက်သည်။ “ကျနော်တို့ ဒီတပတ်ထဲမှာ တွေ့ခွင့်ရဖို့ တောင်းထားပါတယ်။ အာဏာပိုင်တွေဘက်က ဘယ်လိုတုံ့ပြန်မယ်ဆိုတာတော့ မသိပါဘူး” ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

UWSA နာယကကြီး ကျောက်ညီလှိုင် ကွယ်လွန်

နယူးဒေလီ။ ။ ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ၏ နာယက ဦးကျောက်ညီလှိုင်သည် ယနေ့ နံနက်ပိုင်းတွင် အသက် ၇၀ နှစ်အရွယ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားပြီ ဖြစ်သည်။

ရှမ်းပြည် အရှေ့မြောက်ပိုင်းတွင် တည်ရှိသည့် ဝ' အထူးဒေသ (၂) တဖက်ကမ်းရှိ တရုတ်နိုင်ငံ လန်ချားခရိုင် ဆေးရုံ၌ ဆုံးပါးသွားခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

တာဝန်မှအပ ဒေသတွင်းလာရောက်နေထိုင်သူများအား
ဝတပ်ဖွဲ့က လက်မခံ


ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဌာနချုပ်ရှိရာ ရှမ်းပြည်နယ် အထူးဒေသ (၂) ပန်ဆန်းမြို့အပါအ၀င် ၀ဒေသအတွင်း ၀င်ရောက်အခြေချ နေထိုင်ကြသည့် တရုတ်နှင့်မြန်မာနိုင်ငံသား အားလုံးအား နေရပ်သို့ ခေတ္တပြန်ကြရန် ၀တပ်ဖွဲ့က အမိန့်ထုတ်ပြန်ထားသည်။

နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ၀န်ကြီးဌာန (နတလ) ၀န်ထမ်းများ၊ ကုလသမဂ္ဂလက်အောက်ခံ ၀န်ထမ်းများ၊ နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ၀န်ထမ်းများမှအပ ကုန်သည်များ၊ ကျပန်းအလုပ်သမားများ၊ အလုပ်အကိုင်မရှိသူများအား နေရပ်သို့ပြန်ကြရန် ၀တပ်ဖွဲ့မှ ယခုလ (၅) ရက်တွင် ကြေညာချက် ထုတ်ပြန်ထားသည်ဟု ပန်ဆန်းမြို့ရှိ ၀တပ်ဖွဲ့မှ အရာရှိတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ရခိုင်ပြည်နယ်မှာ သံဃာတော်တွေ စောင့်ကြည့်ခံရ

ဒါကာ (မဇ္ဈိမ)။ ။ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်နေ့ နီးကပ်လာသည်နှင့်အမျှ ရခိုင်ပြည်နယ် စစ်တွေနှင့် တောင်ကုတ်ရှိ ဘုန်းကြီးကျောင်းများနှင့် သံဃာတော်များအား စစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက အနီးကပ် စောင့်ကြည့်နေကြောင်း ဒေသခံများက ဆိုသည်။

စစ်တွေမြို့ပေါ်တွင်မူ ဘုရားကြီး၊ လောကနန္ဒာဘုရား စသော နေရာများနှင့် နာမည်ကြီး ဘုန်းတော်ကြီး ကျောင်းများဖြစ်သည့် ပုသိမ်၊ စိတ္တသုခ၊ မန္နိရတနာ၊ ဒက္ခိတရာမ၊ ရွှေစေတီ၊ ရဲကျော်သူ အပါအဝင် ဘုန်းကြီးကျောင်း အများအပြား အနီးတွင် စစ်ဖက်လုံခြုံရေး - စရဖများက အလှည့်ကျ စောင့်ကြည့်နေသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ပြည်တွင်းထုတ် တိုင်းရင်းဆေးအားလုံးကို စစ်ဆေးရန် ကော်မတီဖွဲ့


ပြည်တွင်း နယ်မြို့အသီးသီးတွင် ဖော်စပ်ရောင်းချနေသည့် တိုင်းရင်းဆေးမျိုးစုံတို့အား တပြည်လုံးအတိုင်းအတာအနေဖြင့် စစ်ဆေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်၍ ပြည်နယ်နှင့် တိုင်းအလိုက် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှု ကော်မတီ ဖွဲ့စည်းနေကြောင်း သိရသည်။ ယခုအခါ ပြည်နယ်အဆင့်ကော်မတီကို ဖွဲ့စည်းပြီးဖြစ်၍ မြို့နယ်အဆင့်ကော်မတီများ ဆင့်ပွားဖွဲ့စည်းသွားရန် ပြင်ဆင်လျက်ရှိကြောင်း၊ အဆိုပါ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှုကော်မတီတွင် မြို့နယ်ဆရာဝန်၊ ကျန်းမာရေး ဦးစီးဌာနမှူး၊ အထွေထွေအုပ်ချုပ်ရေးဌာန၊ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပါဝင်မည်ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၃) ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနက ပိတ်ပင်လိုက်သည့် တိုင်းရင်းဆေးဝါး အမှတ်တံဆိပ် (၁၄) မျိုးမှာ မှတ်ပုံတင်ထားခြင်း မရှိသောကြောင့်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာန (FDA) မှ တာဝန်ရှိသူတဦးက ပြောသည်။

၂၀၀၉ ခု မေလမှစ၍ သုံးစွဲရန် မသင့်ကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားသည့် တိုင်းရင်းဆေးဝါး အမှတ်တံဆိပ် အမျိုးပေါင်း (၃၀) ကျော်အနက် တဝက်ကျော်မှာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် အခြားနယ်မြို့အချို့မှ ဖော်စပ်ထုတ်လုပ်ခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ထိုင်ဝမ်ပြန် ဓမ္မာစရိယ ဆရာတော် လေဆိပ်တွင် အဖမ်းခံရ

ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်ဝမ်မှ ပြန်လာသူ ငါးထပ်ကြီးဘုရားဝင်း လိပ်ပြာကန် ကျောင်းတိုက်ဆရာတော် ဦးဃောသိတ ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက မင်္ဂလာဒုံ လေဆိပ်တွင် ဖမ်းဆီးလိုက်သည်။

ထိုင်ဝမ်ကျွန်းသို့ အလည်အပတ်သွားပြီး ပြန်အလာ သြဂုတ်လ ၂၉ ရက်နေ့က ထောက်လှမ်းရေးများနှင့် ရဲများက ဖဖ်းဆီးသွားခြင်း ဖြစ်သည်။ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ငါးထပ်ကြီး ဘုရားဝင်း လိပ်ပြာကန် ကျောင်းဝင်းတွင် ကျောင်းဆောင်ပေါင်း ၂၄ တိုက် ရှိနေပြီး ယခု ဖမ်းဆီးခံ ဆရာတော်က စာသင်သား ရဟန်း ၃၀ ကို စာချ စာသင်ပေးနေသူဟု သိရသည်။

မည်သည့်အတွက် မည်သည့်နေရာတွင် ဖမ်းဆီး ချုပ်နှောင်ထားသည်ကို ကျောင်းတိုက်နေ ရဟန်းတော်များပင် တိတိပပ မသိနိုင်ဘဲ ဖြစ်နေသည်။ ကွမ်းခြံကုန်းဇာတိသား ဦးဃောသိတ သည် နာဂစ်ဒဏ်သင့် ဒေသများ ပြန်လည် ထူထောင်ရေးတွင် ပါဝင် လုပ်ဆောင်နေသူ ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စင်တင်ဘာ ၉ ရက်
ရက်သတ္တပတ် ၃၅၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရေး အကြောင်းမပြန်

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံကိစ္စ ဆွေးနွေးရန် ရှေ့နေများက အာဏာပိုင်များထံ တွေ့ဆုံခွင့်ပြုရေးအတွက် ယမန်နေ့က တောင်းဆိုခဲ့ရာ ယခုတိုင် အကြောင်း မပြန်သေးကြောင်း သိရသည်။

ယခုလ ၁၈ ရက်နေ့တွင် ရန်ကုန်တိုင်း တရားရုံး၌ အယူခံအတွက် လျှောက်လဲချက် ပေးရမည်ဖြစ်သဖြင့် ထိုနေ့မတိုင်မီ အမှုသည်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ အတူနေ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူ မဝင်းပပ ထံ သွားရောက်ခွင့်ပြုရန် ရှေ့နေများက တောင်းဆိုခဲ့ရာ အကြောင်းမပြန်သေးခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ပြည်တွင်း၌ ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားများပြုလုပ်


အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီး အကောင်အထည်ဖော်ဆောင်ရေး ကော်မတီကို ဦးဆောင်ဖွဲ့စည်းထားသည့် သံဃာ့အဖွဲ့ချုပ် မြန်မာနိုင်ငံက ကြီးမှူး၍ ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားများ ပြည်တွင်း၌ ယနေ့ကျင်းပခဲ့ကြောင်း သိရသည်။ သံဃာတော်များအနေဖြင့် လုံခြုံရေးစောင့်ကြပ်နေမှုများကြားမှ အခမ်းအနားကျင်းပခဲ့ကြရခြင်းဖြစ်ပြီး ရန်ကင်းတောင်တွင် သံဃာတော် (၁၅) ပါးနှင့် လူပုဂ္ဂိုလ် (၃၀) ဦးတို့က ဆရာတော်ဦးဥတ္တမအတွက် မေတ္တာပို့ အမျှဝေခဲ့ကြခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

စစ်ပွဲသစ်များ မကြာမီ ဖြစ်ပွားလာနိုင်ဟု အကဲခတ်များ ပြောဆို

ချင်းမိုင် (မဇ္ဈိမ)။ ။ MNDAA ကိုးကန့်တပ်ကို တိုက်ခိုက်ပြီးနောက် ဒေသတွင်းသို့ စစ်အစိုးရ တပ်ဖွဲ့များ ပိုမို ဖြည့်တင်းထားသဖြင့် တရုတ်-မြန်မာ နယ်စပ်တွင် နောက်ထပ်စစ်ပွဲများ မကြာမီ ဖြစ်ပွားလာဖွယ် ရှိသည်ဟု စစ်ရေး အကဲခတ်များက ပြောသည်။

စစ်အစိုးရ တပ်များသည် ဝ' တို့ အမာခံ တပ်စွဲထားသည့် ဝ' နယ်မြေမြောက်ပိုင်း ဟိုပန်းမြို့မှ မိုင် ၂၀ ခန့်ဝေးသော သံတုံးမြို့နယ် မိုင်းဆတ်မြို့အနီးတဝိုက်၊ ဝ' နယ်မြေအလယ်ပိုင်း ကျိုင်းတုံအရှေ့မြောက်တွင် အာပီဂျီ လောင်ချာ၊ မော်တာနှင့် သံချပ်ကာ ကားများ အပါအဝင်ဖြင့် လွန်ခဲ့သည့် သီတင်းပတ်ကတည်းက တပ်စွဲလာခဲ့သည်ဟု ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) သတင်းရပ်ကွက်များအရ သိရသည်။ နေပြည်တော်စစ်ရုံးနှင့်နီးစပ်သော သတင်းရပ်ကွက်တခုက စစ်အစိုးရအနေဖြင့် စစ်ပွဲများအတွက် ပြင်ဆင်မှုများ ရှိနေသည်ဟု ဆိုသည်။

အရှေ့တောင်တိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်သည် ကိုးကန့်ဒေသ လောက်ကိုင်တွင် အခြေစိုက်ပြီး၊ တပ်များကို ကွပ်ကဲလျက်ရှိပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ် မင်းအောင်လှိုင်သည်လည်း ဒေသတွင်းသို့ လှည့်လည်လျက် ရှိသည်။

စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များက လူအများ စစ်ပွဲကို အာရုံစိုက်နေခြင်းသည် ၂၀၁၀ ရွေးကောက်ပွဲကို မှေးမှိန်သွားစေပြီး၊ လုပ်ကိုင်ခွင့် အခွင့်လမ်း သာစေသည်ဟု ယူဆနေကြောင်း အဆိုပါသတင်းရပ်ကွက်က ပြောသည်။

အပစ်အခတ်ရပ် ဝ' ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် - UWSA ကလည်း နယ်မြေအတွင်း တပ်လှန့်မှုများ ပြုလုပ်ထားပြီး၊ စစ်သားဟောင်းများကို ပြန်လည်ခေါ်ယူခြင်းနှင့် လိုအပ်လျှင် တအိမ်တယောက်နှုန်း စစ်သားစုဆောင်းမည်ဟု မှာကြားထားကြောင်း သတင်းများ ထွက်ပေါ်နေသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ၀တပ်ဖွဲ့ခေါင်းဆောင်များ တွေ့ဆုံမည်


စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ခေါင်းဆောင်များ မကြာမီရက်ပိုင်း အတွင်း ၀တပ်ဖွဲ့ဌာနချုပ်ရှိရာ ပန်ဆန်းမြို့တွင် တွေ့ဆုံဆွေးနွေးရန်ရှိသည်။

ဒေသအတွင်း စစ်မက်ဖြစ်ပွားပြီး တရုတ်နယ်စပ်တွင် မတည်မငြိမ်ဖြစ်လာမည်ကို စိုးရိမ်သည့် တရုတ်အစိုးရ၏ ကြားဝင်စေ့စပ် ပေးမှုဖြင့် နှစ်ဖက်တွေ့ဆုံမည်ဖြစ်သည်ဟု ၀အရာရှိတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

မွန်ပြည်သစ် ခေါင်းဆောင်ဟောင်းများ ပါတီဖွဲ့၊ ရွေးကောက်ပွဲ ဝင်မည်

မဇ္ဈိမ (ချင်းမိုင်)။ ။ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးပါတီ အသစ်တခုဖွဲ့ရန် မွန်တိုင်းရင်းသား ခေါင်းဆောင်များ စုပေါင်း စီစဉ်လျှက် ရှိသည်။

မွန်ပြည်သစ်ပါတီ ဗဟို ကော်မတီဝင်ဟောင်းများ ဖြစ်ကြသော နိုင်တင်အောင်၊ နိုင်စိုးမြင့်တို့နှင့် မွန်အမျိုးသား ဒီမိုကရေစီ ပါတီဝင်ဟောင်းများ မော်လမြိုင်မြို့၌ ယခုနှစ် ဇွန်လ၂၉ ရက်တွင် တွေ့ဆုံ၍ ပါတီဖွဲ့ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းတွေ့ဆုံပွဲမှ ပါတီထူထောင်ရန် ၁၅ ဦးပါ ကော်မတီတခုကို ဖွဲ့စည်းလိုက်ကာ စည်းရုံးရေး လုပ်ငန်းများအတွက် တစ်လတကြိမ် အစည်းအဝေးပွဲ ပြုလုပ်ကြောင်း သိရသည်။

အသစ်ဖွဲ့မည့် ပါတီသည် “ကြားနေလမ်းစဉ်” ကို အခြေခံမည် ဖြစ်ပြီး ပါတီမူဝါဒ၊ မွန်အမျိုးသားများ၏ လိုအပ်ချက်များနှင့် ကိုက်ညီခြင်း မရှိသော နအဖ ၏ ၂၀၀၈ ခု ဖွဲ့စည်းပုံပါ အချက်အလက်များကို ပါလီမန်၌ တရားဝင်တင်ပြ ဆွေးနွေးနိုင်ရန် ရည်ရွယ်ကြောင်း ယင်းကော်မတီဝင် တဦးက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

တရားဝင်နိုင်ငံရေးပါတီများ စည်းရုံးလှုပ်ရှားခွင့်ပြုရေး
အန်အယ်လ်ဒီက ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံစာပို့


တရားဝင်ရပ်တည်နေသော နိုင်ငံရေးပါတီများအား စည်းရုံးလှုပ်ရှားခွင့်ပြုရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌက နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စက်တင်ဘာ (၄) ရက်တွင် စာရေးသားပေးပို့ခဲ့သည့် စာပါအချက်အလက် များကို အန်အယ်လ်ဒီမှ ယမန်နေ့ရက်စွဲဖြင့် ကြေညာချက်တစောင်ထုတ်ပြန်သည်။

အန်အယ်လ်ဒီပါတီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ တရားဝင်ရပ်တည်နေသော နိုင်ငံရေးပါတီ အဖွဲ့အစည်းတခုဖြစ်ကြောင်း၊ ပါတီ၏အဆင့်ဆင့်သော ရုံးခွဲများကို အာဏာပိုင်တို့က ခေတ္တဟုပြောဆိုကာ ယနေ့တိုင်ချိတ်ပိတ် ထားကြောင်း၊ နိုင်ငံရေးပါတီတခု၏ လုပ်ပိုင်ခွင့်များဖြစ်သော စုဝေးခြင်း၊ စည်းဝေးခြင်း၊ စည်းရုံးခြင်း၊ ဆိုင်းဘုတ်တင်ခြင်း စသည့်လုပ်ငန်းများကိုလည်း ကန့်သတ်ပိတ်ပင်ထားခြင်းခံနေရကြောင်း စင်တင်ဘာ (၈) ရက်ထုတ် ကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ မှတ်ပုံတင်ထားခြင်းမရှိသော အဖွဲ့အစည်းများ ဥပမာ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဆိုသည့်အဖွဲ့အစည်းက ၁၉-၈-၂၀၀၉ နေ့တွင် ပခုက္ကူမြို့၌ ဆိုင်းဘုတ်တင်ခြင်း၊ အစည်းအဝေးကျင်းပခြင်းတို့ ပြုလုပ်ခွင့်ရသည့်အတွက် တရားမျှတခြင်းမရှိကြောင်း ထောက်ပြထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အာဏာရအောင် ကြိုးစားသင့်ဟု ဦးသုဝေ ပြော

နယူးဒေလီ (မဇ္စျိမ)။ ။ စစ်အစိုးရပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အရပ်သား ပါတီများအနေဖြင့် အုပ်ချုပ်ရေးအာဏာကို ရယူနိုင်ရန် ကြိုးစားသင့်ကြောင်း ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌက ပြောဆိုလိုက်သည်။

“နိုင်ငံရေး ပါတီတွေရယ်၊ ပြည်သူတွေရယ်က တက်တက်ကြွကြွနဲ့ တကယ်ပဲ ကြိုးစားပြီး လုပ်မယ်ဆိုရင် ၇၅ ရာခိုင်နှုန်းကနေ အများကြီး လုပ်နိုင်တာပေါ့။ အများကြီးလုပ်နိုင်ရင် ဘာဖြစ်လို့ အုပ်ချုပ်မှု အာဏာအချိုးကို မရရမှာလဲ၊ ရနိုင်တာပေါ့။ မကြိုးစားရင် မရဘူးပေါ့” ဟု ဒီပီ - ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဗဟို အလုပ်အမှုဆောင် ၁၅ ဦးနှင့် ဖွဲ့စည်းခဲ့သည့် ဒီမိုကရက်တစ်ပါတီ - ဒီပီတွင် ဦးသုဝေက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဗဆွေတို့ဖြင့် ဦးဆောင် ဖွဲ့စည်းခဲ့သည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++

စစ်အစိုးရက မွန်ပြည်သစ်၏လုပ်ငန်းစဉ်အပေါ် ကန့်သတ်မှုရှိလာ

နယ်ခြားစောင့်တပ် အသွင်ပြောင်းမည်မဟုတ်ဟု ငြင်းဆိုထားသည့် အပစ်ရပ် မွန်ပြည်သစ်ပါတီ၏ အုပ်ချုပ်ရေးဆိုင်ရာ တရားစီရင်ရေးနှင့် အခြားအရေးပါသည့် လုပ်ငန်းစဉ်များအား နအဖစစ်အစိုးရက ကန့်သတ်ချုပ်ချယ်လာကြောင်း သိရသည်။

ပါတီ ဒု-ဥက္ကဋ္ဌ နိုင်ရော့စနှင့်အဖွဲ့အား အရှေ့တောင်ပိုင်း စစ်ဌာနချုပ် တိုင်းမှူးက ပြီးခဲ့သည့် သြဂုတ် (၂၈) ရက်၌ တွေ့ဆုံခဲ့ရာတွင် ကန့်သတ်ချက်များကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။

တရားစီရင်ရေးနှင့်ပတ်သက်၍ နအဖစစ်အစိုးရ သြဇာအာဏာ သက်ရောက်မှုအောက်ရှိ ကျေးရွာများ၏ အမှုကိစ္စရပ်များအား မွန်ပြည်သစ်ပါတီက ဝင်ရောက်ဖြေရှင်းပေးနေသည်ကို ရပ်တန့်ပေးရန် တောင်းဆိုထားသည်။

မွန်ပြည်သစ်၏ အုပ်ချုပ်နယ်မြေ ခရိုင် (၃) ခုမှ ကျေးရွာပေါင်း (၃၀၀) ကျော်အနက် စစ်အစိုးရနှင့် မွန်ပြည်သစ်တို့ ပူးတွဲအုပ်ချုပ်သည့် ကျေးရွာပေါင်း (၉၀) နီးပါးရှိပြီး မွန်ပြည်သစ်၏ သီးသန့်အုပ်ချုပ်မှုအောက်ရှိ ရွာပေါင်း (၉၀) ကျော် ရှိသည်ဟု မွန်ပြည်သစ်ပါတီ၏ စာရင်းဇယားအရ သိရသည်။

ကျန်ရှိသည့် ကျေးရွာ (၁၀၀) ကျော်မှာ စစ်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ဖြစ်သော်လည်း အမှန်တရားကို ကာကွယ်ရန်အတွက် ဖြေရှင်းခဲ့ဖူးသည်များရှိပြီး ပါတီအနေဖြင့် ဝင်ရောက်စွက်ဖက်မှုမျိုး မရှိကြောင်း အဆိုပါ ဗဟိုကော်မတီဝင်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
စင်တင်ဘာ ၁၀ ရက်
ရက်သတ္တပတ် ၃၅၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ တွေ့ခွင့်ရ

ဒေါ်အောင်ဆန်းစုကြည်အား ၎င်း၏ရှေ့နေများ ယနေ့တွေ့ဆုံခွင့်ရရှိသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အယူခံနှင့် စပ်လျဉ်း၍ ညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန် ရှေ့နေများက စက်တင်ဘာ (၈) ရက်တွင် စာရေးသားတောင်းဆိုမှုကြောင့် ယနေ့တွေ့ခွင့်ရခဲ့ကြခြင်းဖြစ်သည်။

အယူခံမတင်မီ ဒေါ်အောင်ဆန်းစုကြည်နှင့် သဘောတူညီမှုရထားသော အယူခံအကြောင်းပြချက် (၁၁) ချက်ကို ထပ်မံ၍ ဆွေးနွေးညှိနှိုင်းခဲ့ကြခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ထုတ်နုတ်ခြင်း၊ ထပ်တိုးခြင်းမပြုခဲ့ကြောင်း သိရသည်။

ယနေ့တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးကိစ္စအချို့ကို ဆောင်ရွက်ရန် ပြောဆိုခဲ့သော်လည်း အသေးစိတ်ကို ဖွင့်ဟမပြောနိုင်သေးကြောင်း ဦးဉာဏ်ဝင်းက ရှင်းလင်းပြောဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးကောင်းလျက်ရှိသည်ကို တွေ့ရှိခဲ့ရပြီး ဒေါက်တာတင်မျိုးဝင်းနှင့် ကုသခွင့်ရရေး မရရေးမှာမူ အာဏာပိုင်များဘက်မှ ယနေ့အထိ အကြောင်းပြန်ကြားမှုမရှိသေးဟု ဦးဉာဏ်ဝင်းက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

မြန်မာနိုင်ငံတွင် ဖမ်းဆီးခံရသော အမေရိကန်နိုင်ငံသားအတွက် သံရုံးက စုံစမ်း

နယူးဒေလီ (မဇ္ဈိမ) ။ ။ မင်္ဂလာဒုံလေဆိပ်တွင် ဖမ်းဆီးခြင်း ခံလိုက်ရသော အမေရိကန်နိုင်ငံသားဖြစ်သူ ကိုကျော်ဇောလွင်အတွက် ရန်ကုန်ရှိ အမေရိကန်သံရုံးက မြန်မာအစိုးရနှင့် ပြောဆိုဆွေးနွေးလျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မွေးဖွားပြီး အမေရိကန်နိုင်ငံသားဖြစ်နေသူ ကိုကျော်ဇောလွင် (ခ) ကိုညီညီအောင်သည် စက်တင်ဘာလ ၃ ရက်နေ့က ဘန်ကောက်မှ ထိုင်းလေကြောင်း တီဂျီဖြင့် ဆိုက်ရောက်လာစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အဖမ်းခံလိုက်ရသည်။

သံရုံးအရာထမ်းတဦးက မဇ္ဈိမသို့ ဗုဒ္ဓဟူးနေ့က ပြောကြားရာတွင် မြန်မာအာဏာပိုင်များနှင့် ပြောဆိုလျက်ရှိသည်ဟု ဆိုသည်။ သို့သော် သံခင်းတမန်ခင်း ထုံးစံအရဟုဆိုကာ အသေးစိတ်ကို ပြောကြားရန် ငြင်းဆန်သွားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မြန်မာပြည်သူများအတွက် ရွေးကောက်ပွဲမလိုအပ်ဟု ဦးဝင်းတင်ပြော

စက်တင်ဘာ (၉) ရက်နေ့စွဲဖြင့် အမေရိကန်ပြည်ထောင်စုတွင် ထုတ်ဝေသည့် ၀ါရှင်တန်ပို့စ် သတင်းစာတွင် မြန်မာလူထု မလိုအပ်သည့် ရွေးကောက်ပွဲတခု ဟူသည့် ခေါင်းစဉ်ဖြင့် အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တဦးဖြစ်သည့် သတင်းစာဆရာကြီး ဦးဝင်းတင်က ဆောင်းပါးတပုဒ် ရေးသားခဲ့သည်။

ယင်းဆောင်းပါးတွင် အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့တားမြစ်မှုများ ချမှတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုအောက်ရောက်သွားနိုင်သည်ဟု ပြောဆိုခဲ့မှုနှင့် အန်အယ်လ်ဒီပါတီအား လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားသင့်သည်ဆိုသည့် အဆိုပြုချက်များနှင့် ပတ်သက်၍ ပြန်လည်တုံ့ပြန်ရေးသားထားခြင်းဖြစ်သည်။ ယင်းဆောင်းပါးတွင် ဦးဝင်းတင်က နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် အဓိပ္ပာယ်ရှိရှိ ဆောင်ရွက်ကြမည်ဆိုရာတွင် ပထမဆုံး မစ္စတာ ၀က်ဘ်ကဲ့သို့ အရာရှိများသည် တရုတ်နိုင်ငံနှင့်ပတ်သက်ပြီး အကြောက်တရားပြ ပြောဆိုမှုများကို ရပ်တန့်သင့်သည်ဟု ဆိုထားသည်။ မစ္စတာဝက်ဘ်ပြောသည့် တရုတ်ကို ကာကွယ်တားဆီးနိုင်ရေးအတွက် မြန်မာစစ်အစိုးရနှင့်အတူ ပူးတွဲလုပ်ဆောင်ကြရမည်ဆိုသည့် ပြောဆိုမှုများသည် ခေတ်နောက်ကျနေပြီး လက်တွေ့မကျသည့် အတွေးအခေါ်များဖြစ်ကာ ယင်းကဲ့သို့ အတွေးအခေါ်မျိုးကို ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်မခံကြောင်း ရေးသားဖော်ပြထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဓာတ်ငွေ့ ရောင်းရငွေ ဒေါ်လာသန်း ငါးထောင်နီးပါး မြန်မာဗိုလ်ချုပ်များ ခိုးဖွက်ထား

ချင်းမိုင်။ ။ စစ်အစိုးရသည် သဘာဝဓာတ်ငွေ့ ရောင်းရငွေမှ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၈၀၁ သန်းကို စာရင်းဖျောက်ပြီး စင်္ကာပူရှိ ဘဏ်နှစ်ခုတွင် လျှို့ဝှက်သိမ်းဆည်းထားသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့က ပြောဆိုလိုက်သည်။ ထိုင်းနိုင်ငံ အခြေစိုက် Earth Rights International အဖွဲ့က ထုတ်ပြန်သော စာမျက်နှာ ၁၁၀ ပါ Total Impact: The Human Rights, Environmental, and Financial Impacts of Total and Chevron’s Yadana Gas Project in Military-Ruled Burma (Myanmar) အစီရင်ခံစာက မြန်မာစစ်အစိုးရသည် ဓာတ်ငွေ့ရောင်းချရငွေများကို စာရင်းလျော့ပြပြီး စင်္ကာပူနိုင်ငံ Overseas Chinese Banking Corporation (OCBC) ဘဏ်နှင့် DBS Group တို့တွင် အပ်နှံထားသည်ဟု ဆိုသည်။

ရတနာသဘာဝဓာတ်ငွေ့လုပ်ငန်းက မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၄.၈၃ ဘီလီယံ (ကျပ်ငွေ သန်းပေါင်း ၄.၅၆ သန်းခန့်) ရရှိပြီးဖြစ်သော်လည်း စစ်အစိုးရက နိုင်ငံတော်ဘဏ္ဍာ ဝင်ငွေစာရင်းပြသရာတွင် ဒေါ်လာ ၂၉ သန်းသာ ပြထားသည် အစီရင်ခံစာတွင် ပါရှိသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မြေမြှုပ်မိုင်းကြောင့် နေရပ်ပြန်ရန် ဒုက္ခသည်များ ကြောက်ရွံ့နေကြ

စစ်အစိုးရတပ်နှင့် ပူးပေါင်းတပ်ဖြစ်သည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တို့အပြင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တို့၏ မြေမြှုပ်မိုင်းထောင်မှုများ ဆက်လက်တည်ရှိ နေသောကြောင့် စစ်ပြေးကရင်ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် ကြီးမားသည့် အဟန့်အတားတရပ် ဖြစ်နေသည်။ ဇွန်လဆန်းပိုင်းမှစ၍ တပ်မဟာ (၇) ထိုးစစ်ကြောင့် နေရပ်စွန့်ခွာပြီး ထိုင်းဘက်ကမ်း ထာ့ဆောင်ရမ်းမြို့နယ်သို့ ထွက်ပြေးခိုလှုံလာသည့် ကရင်စစ်ပြေးဒုက္ခသည် (၅) ထောင်ခန့်အား ထိုင်းအာဏာပိုင်နှင့် ဒုက္ခသည်ကူညီရေးအဖွဲ့တို့၏ သဘောတူညီချက်အရ မိုးရာသီ ကုန်ဆုံးချိန်အထိသာ ထိုင်းဘက်ကမ်းတွင် ဆက်လက်ထားရှိမည်ဟု သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

တွံတေးအန်အယ်ဒီလူငယ် ချဲမှုဖြင့် ထောင် ၃ နှစ်ချခံရ

ချင်းမိုင် (မဇ္ဈိမ)။ ။ တွံတေးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံ ကိုရဲထွဋ်ခေါင်ကို မြို့နယ်တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၃ နှစ် ချမှတ် လိုက်သည်။

တရားရုံးအနီး လုံခြုံရေးများ ထူးကဲစွာ ချထားခဲ့ပြီး၊ နံနက် ၁၁ နာရီကျော်က ကိုရဲထွဋ်ခေါင်သည် တရားမဝင် လောင်းကစားဒိုင်အဖြစ် ကျူးလွန်သည်ဟုဆိုကာ အမိန့်ချလိုက်ခြင်း ဖြစ်သည်။

အန်အယ်ဒီလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ခဲ့သော ကိုရဲထွဋ်ခေါင်အတွက် ရှေ့နေငှားခွင့်မရရန် တရားသူကြီးများက ဖိအားပေးခဲ့သည်ဟု သူ၏ ဇနီးဖြစ်သူ ဒေါ်မေမျိုးစုက ပြောသည်။

ပုံမှန်အားဖြင့် လောင်းကစားမှု ပုဒ်မ ၁၅ (က) စွဲဆိုခံရသူအတွက် အာမခံပေးလေ့ရှိသော်လည်း အတိုက်အခံပါတီဝင်အတွက် အာမခံ မရခဲ့ဘဲ အင်းစိန်ထောင်တွင်းတွင် ချုပ်နှောင်ခံခဲ့ရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စင်တင်ဘာ ၁၁ ရက်
ရက်သတ္တပတ် ၃၅၊ ၂၀၀၉
မြန်မာသတင်း

ကိုလိုနီခေတ် မြန်မာနိုင်ငံသမိုင်း စာအုပ်
ပြန်လည်ပုံနှိပ်ထုတ်ဝေခွင့်မရ


ဗန်းမော်တင်အောင်ရေးသားခဲ့သော ကိုလိုနီခေတ် မြန်မာနိုင်ငံသမိုင်းစာအုပ်ကို ပြန်လည်ထုတ်ဝေခွင့် မပြုကြောင်း အဆိုပါစာအုပ်ထုတ်ဝေမည့်သူက ပြောသည်။ အဆိုပါစာအုပ်မှာ ဗိုလ်ချုပ်ကြီး ဗန္ဓုလ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်ကျော်ဇော တို့ ဦးဆာင်တိုက်ခိုက်ခြင်းပြုခဲ့ကြသော ဗြိတိန်-မြန်မာ၊ ဂျပန်-မြန်မာနှင့် မြန်မာ-တရုတ်ဖြူ စစ်ပွဲများအကြောင်းကို ပုံပြင်များသဖွယ် ပြောလေ့ပြောထရှိတတ်သော ဗဟိန်းအောင်နှင့် ကျော်ဇောအောင်တို့ ညီအစ်ကိုနှစ်ယောက်အတွက် ရည်ညွှန်းထားကြောင်း ဗန်းမော်တင်အောင်က ရေးသား ထားသည်။ အဆိုပါစာအုပ်ကို ၁၉၆၄ ခုနှစ် ဇူလိုင်လတွင် ပြည်သူ့အလင်း စာပေတိုက်က ပထမအကြိမ်အဖြစ် ပုံနှိပ်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ယင်းနှစ် စက်တင်ဘာလတွင်ပင် ဒုတိယအကြိမ်အဖြစ် ထုတ်ဝေခဲ့ရသည်ဟု ဗန်းမော်တင်အောင်စာအုပ်များ မှတ်တမ်းအရ သိရသည်။

အဆိုပါစာအုပ်တွင် ကိုလိုနီခေတ်မတိုင်မီ မြန်မာနိုင်ငံ၊ အရင်းရှင်စနစ်၊ နယ်ချဲ့စနစ်နှင့် ကိုလိုနီဝါဒ၊ ကိုလိုနီခေတ်မြန်မာနိုင်ငံ၊ ခေတ်သစ် ကိုလိုနီဝါဒနှင့် မြန်မာနိုင်ငံ စသောအပိုင်းများ ပါဝင်သည်။

ယင်းစာအုပ်ကို ရန်ကုန်စာအုပ်တိုက်များတွင် ၀ယ်ယူမရသည့်အတွက် နိုင်ငံရေးစာပေများကို လေ့လာဖတ်ရှုလိုသူများအတွက် ထုတ်ဝေရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဝေမည့် အမည်မဖော်လိုသူက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဦးဝင်းတင် ပြန်လွတ်လာပြီ

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်ကို ညနေ ၄ နာရီတွင်ပင် သတင်းရဲတပ်ဖွဲ့က ပြန်လည် လွှတ်ပေးလိုက်ပြီ ဖြစ်သည်ဟု စုံစမ်း သိရှိရသည်။

မနက်က လာရောက်ဖမ်းဆီးသွားခဲ့သော ရန်ကင်းမြို့နယ် ကျောက်ကုန်းရပ်ကွက် တပင်ရွှေထီလမ်းရှိ နေအိမ်သို့ပင် ရဲက ပြန်လည် ပို့ဆောင်ပေးခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း သတင်းရဲတပ်ဖွဲ့က နံနက် ၁၀ နာရီခန့်တွင် အသက် ၈၀ အရွယ် သြဇာတိက္ကမရှိ အန်အယ်ဒီ ခေါင်းဆောင် လက်ရှိနေထိုင်ရာ ငယ်သူငယ်ချင်း ဦးအုန်းထွန်း၏ နေအိမ်သို့ လာရောက်၍ ”အနည်းငယ် မေးမြန်းစရာ ရှိသည်” ဆိုကာ အောင်သပြေ စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

လာရောက် ခေါ်ဆောင်သည့်အချိန်တွင် ဦးဝင်းတင်၊ အိမ်ရှင် ဦးအုန်းထွန်းနှင့် အခြား မိတ်ဆွေ တဦးတို့ ရှိနေကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ကေအိုင်အိုက လူထုထံမှ ရန်ပုံငွေကောက်ခံ
ဒေသခံလူထု ပိုမိုစိုးရိမ်မှု ဖြစ်ပွား


ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့နယ်မြေများအတွင်း မကြာသေးမီရက်ပိုင်းကစ၍ လူထုထံမှ စစ်စရိတ် ရန်ပုံငွေ (ဆက်ကြေး) ကောက်ခံနေသကဲ့သို့ မြို့ပေါ်နေ တပ်ဖွဲ့ဝင်မိသားစုများ နေရာရွှေ့ပြောင်းမှု ရှိနေ၍ ကေအိုင်အိုနှင့် နအဖအကြား စစ်ဖြစ်တော့မလားဆိုသည့် စိုးရိမ်မှုများ တိုးလာနေသည်။

၁၉၉၄ ခုနှစ် ဖေဖော်ဝါရီ (၂၄) ရက်တွင် စစ်အစိုးရနှင့် ကေအိုင်အိုအကြား အပစ်ခတ်ရပ်စဲရေး ပြုလုပ်ပြီးနောက်ပိုင်း ကေအိုင်အို တပ်ရင်းတပ်ဖွဲ့များက ဒေသအတွင်း စစ်စရိတ်ရန်ပုံငွေများ ကောက်ခံခြင်း မပြုတော့ဘဲ နေခဲ့ရာမှ ယခုမှစတင်ကောက်ခံလာ ခြင်းဖြစ်သည်ဟု ကေအိုင်အိုအဖွဲ့နှင့် နီးစပ်သူ ဖားကန့်ဒေသခံတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

Sunday, September 6, 2009

သတင်းမှတ်စု ( ၃၅ )

သြဂုတ်လ ၃၁ ရက်
ရက်သတ္တပတ် ၃၄၊ ၂၀၀၉
မြန်မာသတင်း

ကိုးကန့်တပ်ဖွဲ့ဝင်များ တရုတ်ပြည်ဘက်သို့ ခိုလှုံ
တိုက်ပွဲများ ပြီးဆုံး


ယခုလ (၂၉) ရက်တွင် ကိုးကန့်တပ်ဖွဲ့ဝင် (၇၀၀) ခန့် တရုတ်ပြည်ဘက်သို့ ခိုလှုံသွားခဲ့ပြီးသည့်နောက် ရှမ်းပြည်နယ်၊ အရှေ့မြောက်ပိုင်း၊ ကိုးကန့်အထူးဒေသ (၁) နယ်မြေအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများရပ်တန့်သွားခဲ့သည်။

ကိုးကန့်တပ်ဖွဲ့ ဥက္ကဋ္ဌ ဖုန်းကျားရှင်အပါအ၀င် ဖုန်အမျိုးအနွယ် ခေါင်းဆောင် (၄) ဦးအား လက်နက်ထုတ်လုပ်နေသော စက်ရုံအမှုဖြင့် ဖမ်းဆီးရန် ကြိုးစားရာမှ နအဖနှင့် ကိုးကန့်တပ်ဖွဲ့အကြား အခြေအနေတင်းမာနေကြစဉ် ယခုလ (၂၇) ရက် မနက်ပိုင်းက တရုတ်-မြန်မာနယ်စပ် ရန်လုံကျိုက်နယ်စပ် ဂိတ် ရဲစခန်းအား ကိုးကန့်တပ်ဖွဲ့ဝင်များ ၀င်ရောက်တိုက်ခိုက်ရာမှ အစပြုခဲ့သည့် တိုက်ပွဲများ ယခုလ (၂၈) ရက်နေ့ ညပိုင်းအထိ ကိုးကန့်နယ်မြေ အနှံ့အပြားတွင် ဖြစ်ပွားနေခဲ့ရာ ယခုလ (၂၉) ရက်တွင် ပြီးဆုံးသွားသည်။

ယခုတိုက်ပွဲအတွင်း မြန်မာစစ်တပ်နှင့်ရဲတပ်ဖွဲ့အင်အား (၂၆) ဦး ကျဆုံးကာ (၄၇) ဦး ဒဏ်ရာရရှိပြီး ကိုးကန့်တပ်ဖွဲ့မှ အလောင်း (၈) လောင်း တွေ့ရှိကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ် (၆၀၀) ကျော် သိမ်းဆည်းရမိကြောင်း ယနေ့ထုတ် နအဖပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

တရုတ်ပြည်ဘက်သို့ စစ်ပြေးဒုက္ခသည် (၃၇,၀၀၀) ထွက်ပြေးလာခဲ့ပြီး တရုတ်ပြည်အတွင်း အမြောက်ကျည် (၃) လုံးပေါက်ကွဲခဲ့ကာ တရုတ်နိုင်ငံသား (၁) ဦး သေဆုံး၍ (၂) ဦး ဒဏ်ရာရရှိပြီး မြန်မာဘက်ခြမ်းတွင် တရုတ်နိုင်ငံသား (၁) ဦးသေဆုံးပြီး (၁၃) ဦး ဒဏ်ရာရရှိခဲ့သည်ဟု တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရဲအရာရှိချုပ် Meng Sutie က ယမန်နေ့က ပြောကြားကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းတွင် ဖော်ပြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++


သံဃာတော်များအား စောင့်ကြပ်ဖမ်းဆီးမှုများ ပြုလုပ်နေ


နယူးဒေလီ။ ။ သံဃာတော်များ ဦးဆောင်လှုပ်ရှားသည့် နှစ်ပတ်လည်ကာလ နီးကပ်လာသည်နှင့်အမျှ မြန်မာနိုင်ငံ မြို့နယ်အချို့တွင် အာဏာပိုင်များက ဘုန်းကြီးကျောင်းများအတွင်း ဝင်ရောက်ရှာဖွေမှု၊ သံဃာတော်များအား စောင့်ကြည့်မှုနှင့် ဖမ်းဆီးမှုများ ပြုလုပ်လာသည်။

မကွေးတိုင်း ချောက်မြို့ရှိ အနောက်ငွေတောင် ကျောင်းတိုက်သို့ ယမန်နေ့ ညနေပိုင်းတွင် အရပ်ဝတ်ရဲ အရာရှိ ၃ ဦးနှင့် မကွေးတိုင်း သာသနာရေး ဦးစီးဌာနမှ တာဝန်ရှိသူတဦး ပါဝင်သည့် အဖွဲ့က ကျောင်းတိုက် ဆရာတော် ဦးရေဝတ သတင်းသုံးနေထိုင်သည့် အခန်းထဲသို့ ဝင်ရောက်၍ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ မကွေးတိုင်း ရေနံချောင်းမြို့ရှိ ရွှေစေတီ ပါဋ္ဌိတက္ကသိုလ် ကျောင်းတိုက် လက်ထောက်ဆရာတော်နှင့် ပခုက္ကူမြို့ရှိ မန္တလေးကျောင်းတိုက် ဦးဇင်းတပါးတို့ကို အာဏာပိုင်များက ယခုလ ၂၇ ရက်နှင့် ၂၈ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းမှု ရှိခဲ့သည်။

ပခုက္ကူမြို့ မန္တလေးကျောင်းတိုက် (ခေါ်) အနောက်ကျောင်းတိုက်မှ သက်တော် ၂၄ နှစ်အရွယ်ရှိ ဦးဇင်း ဦးဝိသုဒ္ဓကို ပခုက္ကူခရိုင်မှ ဒုရဲအုပ် ဇော်ဝင်းနှင့် ဒုတပ်ကြပ် ကြံ့ခိုင်အောင် (ခေါ်) ကရင် တို့ လာရောက်ကာ ခေါ်ယူသွားကြောင်း အနီးရှိကျောင်းတိုက်များ၏ အဆိုအရ သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မြန်မာအမျိုးသမီးများအား လိင်ကုန်ကူးမှုကြီးထွားလာကြောင်း
အစီရင်ခံစာတစောင် ထွက်ပေါ်


မြန်မာအမျိုးသမီးများ လိင်ကုန်ကူးမှု ပြဿနာ ကြီးထွားလာရခြင်းမှာ မြန်မာစစ်အစိုးရ၏ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့်ဖြစ်ကြောင်း ယနေ့ထုတ်ဝေသည့် ပြေးစရာ မြေမရှိ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမျိုးသမီးနှင့် ကလေးအခွင့်အရေး အစီအစဉ် (Women and Child Right Program - WCRP) က ထုတ်ဝေသည့် ယင်းအစီရင်ခံစာတွင် လိင်ကုန်ကူးခံရသည့် အမျိုးသမီးတို့ ဖြတ်သန်းခဲ့ရသည့် ဘဝအတွေ့အကြုံ ခရီးကြမ်းကို လေ့လာတင်ပြထားပြီး လိင်ကုန်ကူးမှုစနစ်၏ အကြောင်းအရင်းများကို သုတေသနပြုထားခြင်းဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် စာမျက်နှာ (၉၀) ပါ ယင်းအစီရင်ခံစာတွင် မူးယစ်ဆေးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့၏ သတ်မှတ်စံညွှန်းဖြစ်သည့် အဖြစ်အပျက်၊ နည်းလမ်းနှင့် အကြောင်းအရင်းခံ ဆိုသည့် မူ (၃) ရပ်ကို အခြေခံ၍ ၂၀၀၄ ခုမှ ၂၀၀၉ ခုအတွင်း လိင်ကုန်ကူးခံရသူများ၏ ဖြစ်စဉ် (၄၀) ကို ၎င်းတို့ဖမ်းဆီးခံရသည့်အချိန်မှစ၍ ရောင်းစားခံရသည့် အချိန်အထိ စော်ကားခံရပုံကိုလည်း မှတ်တမ်းတင်ထားသည်ဟု မိကျရိုင်နွန်က ပြောသည်။

ယခုအစီရင်ခံစာတွင် မွန်၊ ကရင်၊ တနင်္သာရီတိုင်း၊ ရန်ကုန်၊ မန္တလေးတို့မှ လိင်ကုန်ကူးခံရသည့် အဖြစ်အပျက်များအပြင် ပဲခူးတိုင်းမှ အခြားအရပ်သို့ လိင်ကုန်ကူးခံရသည့် အဖြစ်အပျက်များ အများဆုံးပါဝင်သည်ဟု မိကျရိုင်နွန်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ကိုးကန့်စစ်အကြောင်း စစ်အစိုးရက KIO ကို ရှင်းပြ

ချင်းမိုင် (မဇ္ဈိမ)။ ။ မူးယစ်ဆေးဝါးနှင့် လက်နက်ထုတ်လုပ်မှုကြောင့် ကိုးကန့်အဖွဲ့ကို တိုက်ခိုက်ရခြင်းဖြစ်ကြောင်း စစ်အစိုးရက ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အား ရှင်းပြခဲ့သည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) ဗိုလ်မှူးကြီး သက်ပုံ ဦးဆောင်သော စစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့က KIO ဌာနချုပ်ရှိရာ တရုတ်အနီး လိုင်ဇာမြို့တွင် ယခုလ ၂၉ ရက်နေ့က ကချင်ခေါင်းဆောင်များကို လာရောက်တွေ့ဆုံပြီး ဖုန်ကြားရှင် ဦးဆောင်သော အဖွဲ့သည် လက်နက်ထုတ်လုပ်ပြီး မူးယစ်ဆေးဝါး ရောင်းချသည်ဟု ပြောဆိုသွားခဲ့သည်။

လိုင်ဇာဟိုတယ်တွင် ပြုလုပ်သော ဆွေးနွေးပွဲသို့ KIO စစ်ဗျူဟာမှူး ဗိုလ်မှူးချုပ် အင်ဘန်လ၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဂွမ်မော်နှင့် အတွင်းရေးမှူး ဒေါက်တာလဂျာတို့ တက်ရောက်ခဲ့သည်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကလည်း လုံခြုံရေးဟုဆိုကာ ကန့်သတ်မှုများ တိုးမြှင့်လိုက်သည်။

ယခုလ ၂၉ ရက်နေ့မှ စတင်ကာ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ဗလမင်းထိန်တံတား အနီးတဝိုက်တွင် ညပိုင်း သွားလာမှု မပြုရန် တားမြစ်ထားပြီး အကယ်၍ သွားလာသူများ တွေ့ရှိပါက ဖမ်းဆီးအရေးယူမှုများ ပြုလုပ်မည်ဟု ရပ်ကွက်အတွင်း အသိပေးထားသည်။

အလားတူ မြစ်ကြီးနားမြို့ပေါ်ရှိ ညဈေးတွင်လည်း ည ၁၀ နာရီထက် ပိုပြီး ဈေးမရောင်းရန် အမိန့်ပေးထားသည်ဟု သိရသည်။
( (မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++
စင်တင်ဘာ ၁ ရက်
ရက်သတ္တပတ် ၃၄၊ ၂၀၀၉
မြန်မာသတင်း

ရန်ကုန်တွင် စက်တင်ဘာတလလုံး အရေးပေါ်ကာလ သတ်မှတ်ထား


သြဂုတ် (၂၉) ရက်နေ့မှစ၍ ရန်ကုန်တွင် အရေးပေါ်ကာလ သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ အရာထမ်းတဦးက ပြောသည်။

အင်အားပြ ရဲကားများကို စက်တင်ဘာတလလုံး အင်အားပြသွားမည်ဖြစ်ပြီး နေရာအနှံ့တွင် လုံခြုံရေးများ ပိုမိုတင်းကျပ်စွာ ချထားမည်ဖြစ်ကြောင်း အဆိုပါ ရဲအရာထမ်းက ပြောသည်။
ယခုရက်များအတွင်း ရန်ကုန်မြို့ရှိ မြို့နယ်များအလိုက် လုံခြုံရေးကားများ စီတန်းလှည့်လည်နေသည်ကိုတွေ့ရကြောင်း ရန်ကုန် မြို့ခံများက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အလုပ်သမား လယ်သမားတို့အရေး ရှေ့ဆောင်ပေးမည့် အဖွဲ့တခုထပ်တိုး

ချင်းမိုင် (မဇ္ဈိမ)။ ။ အလုပ်သမားနှင့် လယ်သမား အခွင့်အရေးများ ရရှိစေရေး ကူညီပေးမည့် အဖွဲ့အစည်းတခုကို တက်ကြွလှုပ်ရှားသူတစ်စုက မြန်မာပြည်တွင်း၌ လျှို့ဝှက် ထူထောင်လိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အလုပ်သမားများနှင့် လယ်သမားများ သွေးစည်းညီညွတ်ရေး အဖွဲ့ချုပ် Workers and Farmers Solidarity league of Burma (WFSLB) အား ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနှင့် ပဲခူးတိုင်းမှ အလုပ်သမားများနှင့် လယ်သမားများ၏ အခွင့်အရေး ဆုံးရှုံးမှုများအား ကူညီဖြေရှင်းနိုင်ရန်အတွက် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း အဖွဲ့၏ ပြောခွင့်ရသူ ကိုမိုးဦးက မဇ္ဈိမသို့ ဆက်သွယ်ပြောကြားသည်။

ယခုကဲ့သို့ အဖွဲ့အစည်း ဖွဲ့စည်းခြင်းအပေါ် အလားတူ အဖွဲ့တခုဖြစ်သော ပဲခူးမြို့အခြေစိုက် လမ်းပြကြယ်အဖွဲ့မှ ဦးအေးမြင့်က ကြိုဆိုလိုက်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မြန်မာ ဘလောဂ်ဂါများ၏ တွေ့ဆုံပွဲနှင့် လေ့လာရေး ခရီးစဉ် အောင်မြင်စွာ ကျင်းပ ပြီးစီး


မန်မာ ဘလော့ဂ္ဂါများ ၏ တွေ့ဆုံပွဲ နှင့် စုပေါင်း လေ့လာရေး ခရီးကို အောင်မြင် စွာ ကျင်းပပြုလုပ် နိုင်ခဲ့ကြောင်းသတင်း ရရှိသည်။

မြန်မာ ဘလော့ဂ္ဂါများ ၏ ဒုတိယ အကြိမ်မြောက် တွေ့ဆုံပွဲကို ရန်ကုန်မြို့ ကန်တော်ကြီး ကလေး ကစားကွင်း အနီးတွင် သြဂုတ်လ (၂၉) ရက် (စနေနေ့) နံနက် (၁၀) နာရီမှ ညနေ (၄) နာရီ အထိ ကျင်းပခဲ့ပြီး၊ ဘလော့ဂ္ဂါ အချင်းချင်း မိတ်ဆက်ခြင်း၊ ဂိမ်းဆော့ခြင်း၊ Debate လုပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်မှ ဘလော့ဂ္ဂါ တဦးမှ ဆိုသည်။

ထို အလွတ် တွေ့ဆုံပွဲ အခမ်းအနားတွင် ဘလော့ဂ်ဂါများ၏ နာမည်ကို လက်ဟန် ခြေဟန် အမူအရာတွေနဲ့ ဖွက်ပြီး အမည်ဖော်ရသော Blogger ဖွက်တမ်းဟု အမည်ပေးထားသော ဂိမ်းဆော့ကစားနည်း အပြင်၊

* Blogger မှာ ရေးရတာ ကောင်းတယ် နဲ့ WordPress မှာ ရေးရတာ ကောင်းတယ်
* Blogger ဖြစ်ရတာ ကောင်းတယ်၊ Blogger ဖြစ်ရတာ မကောင်းဘူး

ဆိုသော Debate လေးများလဲ ဆန္ဒခံယူကြသည်ဟု သိရှိရသည်။

အခြားသော အစီစဉ်အဖြစ် မြန်မာ ဘလော့ဂ်ဂါများ ၏ စုပေါင်း လေ့လာခရီးကို သြဂုတ်လ (၂၉) ရက် (စနေနေ့) ည ၁၀ နာရီတွင် ရန်ကုန်မြို့ မှ ပြည်မြို့ သရေခေတ္တရာ မြို့ဟောင်းအား လေ့လာရေး ခရီး ထွက်ခွာခဲ့ကြပြီး၊ သြဂုတ်လ ၃၁ ရက် မနက်၊ ကမ္ဘာ့ဘလောဂ့် နေ့တွင် ရန်ကုန် မြို့ သို့ ပြန်လည် ရောက်ရှိကာ၊ အဆိုပါ ခရီးစဉ်ကို Shrikittaya 2.0 ဟု တင်စားခေါ်ဝေါ် သည်ဟု သိရှိရသည်။ ထိုအစီစဉ်အား Myanmar Blogger Society မှ Blog Day အထိမ်းအမှတ် အဖြစ် ဦးဆောင် ကျင်းပခဲ့ကြောင်း သိရသည်။
( လူထုအသံမှ ကောက်နှုတ်ချက် )
+++++
စင်တင်ဘာ ၂ ရက်
ရက်သတ္တပတ် ၃၄၊ ၂၀၀၉
မြန်မာသတင်း

ကိုးကန့် စစ်ပြေး ၆ ထောင်ခန့် နေရပ်ပြန်

ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရ တပ်များနှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ကိုးကန့်တပ်ဖွဲ့တို့ ဖြစ်ပွားသော စစ်ကြောင့် တရုတ်နိုင်ငံဘက် ထွက်ပြေးရသူ ကိုးကန့် စစ်ပြေးဒုက္ခသည် ၆ ထောင်နီးပါး နေရပ်ပြန်လာပြီ ဖြစ်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင် အခြေစိုက် အထူးဒေသ ၁ အဖွဲ့အပေါ် ထိုးစစ်ကြောင့် ကိုးကန့်ဒေသခံ ၃ သောင်းခန့် အိမ်နီးချင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲသို့ ထွက်ပြေးခဲ့ပြီးနောက် အချို့က အရဲစွန့်ပြန်လာကြခြင်း ဖြစ်သည်။

စစ်ပြေးဒုက္ခသည်များ ရန်လုံကျိုင်းနှင့် ချင်းရွှေဟော် နယ်စပ်ဂိတ်များမှတဆင့် ကိုးကန့်မြို့တော် လောက်ကိုင်သို့ ၅၈၁၁ ဦး ပြန်လည်ဝင်ရောက်လာကြောင်း ယနေ့ထုတ် စစ်အစိုးရအာဘော် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာက ရေးသားထားသည်။

ဒုက္ခသည် တချို့တဝက်သာ နေရပ်တွင် ကျန်ရှိသည့် အိုးအိမ်၊ လုပ်ငန်းတို့ အခြေအနေကို ကြည့်ရှုရန် ပြန်ဝင်ခြင်း ဖြစ်ကြောင်းနှင့် လုံခြုံရေး စိုးရိမ်မှုကမူ ရှိနေဆဲဖြစ်ကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော် နယ်မြေအတွင်း
နယ်ခြားစောင့်တပ်ရင်းအတွက် မြေနေရာတိုင်း


သြဂုတ် (၂၉) ရက်မှစ၍ ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော် (အန်ဒီအေ-ကေ) ဌာနချုပ်ရှိရာ တရုတ်-မြန်မာနယ်စပ် ပန်ဝါမြို့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ဘက်အရာရှိများနှင့် မြေစာရင်းဌာနမှ ဦးစီးအရာရှိများ ပါဝင်သည့် အဖွဲ့တဖွဲ့ ရောက်ရှိနေပြီး နယ်ခြားစောင့်တပ်ရင်းများ တည်ဆောက်နိုင်ရေးအတွက် မြေတိုင်းတာမှုများ စတင်လုပ်ဆောင်နေသည်။

ပန်ဝါဌာနချုပ်တွင် နယ်ခြားစောင့်တပ်တခု ထားရှိမည်ဖြစ်သကဲ့သို့ ပန်ဝါမြို့အနီးတွင် တပ်သစ်တည်မည် ဖြစ်သည်ဟု အန်ဒီအေ-ကေ အရာရှိတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

မွန်ပြည်သစ်နှင့် စစ်တိုင်းမှူး ထပ်မံတွေ့ဆုံ

ချင်းမိုင် (မဇ္ဈိမ)။ ။ အပစ်အခတ်ရပ် မွန်ပြည်သစ်ပါတီ၏ တပ်များကို နယ်ခြားစောင့်အဖြစ် ပြောင်းလဲရေး ဖိအားပေးမှုအပေါ် စစ်အစိုးရ ကိုယ်စားလှယ်နှင့် မွန်ခေါင်းဆောင်များ ထပ်မံ ဆွေးနွေးကြသည်။

အရှေ့တောင်ပိုင်းတိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းက မွန်ပြည်သစ်ပါတီမှ ဒုတိယ ဥက္ကဋ္ဌ နိုင်ရော့စ၊ တွဲဘက်အတွင်းရေးမှူး နိုင်ချမ်းတွဲ့၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်ဒလညီတို့ကို ရတခ စစ်ဌာနချုပ်ရုံးတွင် သြဂုတ်လ ၂၈ ရက်မှ စတင်၍ တွေ့ဆုံဆွေးနွေးခြင်း ဖြစ်သည်။

ဆွေးနွေးပွဲသွားသည့် မွန်ခေါင်းဆောင်များ နေရင်းသို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးသည့်အတွက် စစ်အစိုးရဘက်၏ တုံ့ပြန်ချက်ကို မသိရသေးကြောင်း သူက ဆက်ပြောသည်။

ပါတီဌာနချုပ်ရှိရာ ရေးမြို့နယ် ရေးချောင်းဖျားတွင် ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၁ ရက်နေ့အထိ ၆ ရက်ကြာ ကျင်းပခဲ့သည့် ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်များကို ဗိုလ်ချုပ် သက်နိုင်ဝင်းထံ ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်နေ့က ပေးပို့ခဲ့ပြီးနောက် ယခုလို ထပ်မံ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ကိုးကန့် စစ်ပြေး ၆ ထောင်ခန့် နေရပ်ပြန်

ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရ တပ်များနှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ကိုးကန့်တပ်ဖွဲ့တို့ ဖြစ်ပွားသော စစ်ကြောင့် တရုတ်နိုင်ငံဘက် ထွက်ပြေးရသူ ကိုးကန့် စစ်ပြေးဒုက္ခသည် ၆ ထောင်နီးပါး နေရပ်ပြန်လာပြီ ဖြစ်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင် အခြေစိုက် အထူးဒေသ ၁ အဖွဲ့အပေါ် ထိုးစစ်ကြောင့် ကိုးကန့်ဒေသခံ ၃ သောင်းခန့် အိမ်နီးချင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲသို့ ထွက်ပြေးခဲ့ပြီးနောက် အချို့က အရဲစွန့်ပြန်လာကြခြင်း ဖြစ်သည်။

စစ်ပြေးဒုက္ခသည်များ ရန်လုံကျိုင်းနှင့် ချင်းရွှေဟော် နယ်စပ်ဂိတ်များမှတဆင့် ကိုးကန့်မြို့တော် လောက်ကိုင်သို့ ၅၈၁၁ ဦး ပြန်လည်ဝင်ရောက်လာကြောင်း ယနေ့ထုတ် စစ်အစိုးရအာဘော် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာက ရေးသားထားသည်။

ဒုက္ခသည် တချို့တဝက်သာ နေရပ်တွင် ကျန်ရှိသည့် အိုးအိမ်၊ လုပ်ငန်းတို့ အခြေအနေကို ကြည့်ရှုရန် ပြန်ဝင်ခြင်း ဖြစ်ကြောင်းနှင့် လုံခြုံရေး စိုးရိမ်မှုကမူ ရှိနေဆဲဖြစ်ကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စင်တင်ဘာ ၃ ရက်
ရက်သတ္တပတ် ၃၄၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် အယူခံလွှာ တင်သွင်း

နယူးဒေလီ ။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသည့် စီရင်ချက်ကို ပြင်ဆင်ပေးရန်အတွက် အယူခံဝင်ခွင့်ပြုရန် သူမ၏ ရှေ့နေများက ရန်ကုန်တိုင်း တရားရုံးသို့ ယနေ့ အယူခံလွှာ တင်သွင်းခဲ့ရာ၊ မနက်ဖြန်တွင် လျှောက်လဲချက်ပေးရမည်ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဝဒေသမြောက်ပိုင်းသို့ နအဖစစ်တပ် လာရောက်တပ်စွဲ
ဒေသခံလူထု ထွက်ပြေးတိမ်းရှောင်


သြဂုတ်လကုန်ပိုင်းမှစ၍ မိတ္ထီလာအခြေစိုက် တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းများ ဝဒေသမြောက်ပိုင်း၊ ဟိုပန်မြို့နယ် အတွင်းရှိ ကျေးရွာများနှင့် တပ်စခန်းများတွင် အင်အားဖြည့်တင်း တပ်ချထားသဖြင့် ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်နှင့် နအဖတပ်များအကြား တိုက်ပွဲဖြစ်မည်ကို စိုးရိမ်ကာ ဒေသခံလူထု ထွက်ပြေးတိမ်းရှောင်မှုများရှိလာပြီး ဝနယ်မြေအတွင်း စီးပွားရေးလုပ်နေကြသည့် တရုတ်နိုင်ငံသားများလည်း ပြန်လည်ထွက်ခွာနေကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

မိမိကိုယ်ကို မီးရှို့ရန် ကြံစည်သည်ဟု စွပ်စွဲခံထားရသူကို ရုံးထုတ်

ချင်းမိုင် (မဇ္ဈိမ)။ ။ မိမိကိုယ်ကို မီးရှို့ရန် ကြံစည်သည်ဟု ရဲကစွပ်စွဲခံထားရသော ရဟန်းတော် အရှင်စန္ဒာဓိကအား ယနေ့တွင် ထပ်မံရုံးထုတ်ခဲ့သည်ဟု တရားရုံးနှင့် အတိုက်အခံ သတင်းရပ်ကွက်များအရ သိရသည်။

အင်းစိန်ထောင်တွင်း လက်ရှိထိန်းသိမ်းခံနေရသော သက်တော် ၃၆ နှစ်အရွယ် အရှင်စန္ဒာဓိကအား ရဟန်းဝတ်ချွတ်စေပြီး ရုံးထုတ်နေခြင်း ဖြစ်သည်။ ပဲခူးတိုင်း လေးကျွန်းမဏ္ဍိုင် ကျောင်းတိုက် ဒေးစွန်းဘုရားတွင် သီတင်းသုံးခဲ့သည့်သူ့ကို ရဲအုပ်ဇော်ဘုန်းဝင်းက တရာလိုပြုလုပ်ပြီး ဘာသာတရားကို ညှိုးနွမ်းအောင်လုပ်မှု ပုဒ်မ ၂၉၅ (က) ဖြင့် ဗဟန်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဂြိုဟ်တုစလောင်းမတပ်ရန် ပြည်သူများကို တားမြစ်

ရန်ကုန်တိုင်းအတွင်းရှိ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် တည်းခိုခန်းများတွင် ရှစ်ပေ၊ ဆယ်ပေ ဂြိုဟ်တု စလောင်းများ တပ်ဆင်ကြည့်ရှုခြင်းမပြုရန် အာဏာပိုင်များက တားဆီးနေသော်လည်း ကြံ့ဖွံ့လုပ်ငန်းရှင်များအား တပ်ဆင်ခွင့် ပေးထားကြောင်း သိရသည်။

စလောင်းများကို အာဏာပိုင်တို့၏ နေအိမ်များ၊ အစိုးရနှင့်ပုဂ္ဂလိကဘဏ်များ၊ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများ၊ သံရုံးများ၊ အစိုးရရုံးအဖွဲ့အစည်းများ၊ ဟိုတယ်များနှင့် တက္ကသိုလ်များတွင်သာ တရားဝင်လိုင်စင်ဖြင့် စိစစ်ခွင့်ပြုထားကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရုံးချုပ်၏ ပြောခွင့်ရသူ အရာရှိကြီးတဦးက ခေတ်ပြိုင်သို့ ပြောသည်။
(ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက်)
+++++
စင်တင်ဘာ ၄ ရက်
ရက်သတ္တပတ် ၃၄၊ ၂၀၀၉
မြန်မာသတင်း

ကေအိုင်အို ကိုယ်စားလှယ်များ ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့်တွေ့မည်


နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို အဓိကတာဝန်ယူထားသည့် စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) မှ ကိုယ်စားလှယ်များ ယခုလ (၆) ရက်တွင် မြစ်ကြီးနားမြို့၌ တွေ့ဆုံရန်ရှိသည်။

ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့သည် မနက်ဖန် လိုင်ဇာမြို့တွင် ကချင်ပြည်နယ်အတွင်းရှိ ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစည်းဝေးပြီးနောက်ပိုင်း မြစ်ကြီးနားသို့ သွားရောက်ရန်ရှိကြောင်း ကေအိုင်အိုအဖွဲ့နှင့် နီးစပ်သူက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

တိုက်ပွဲများ ဖြစ်လာနိုင်ကြောင်း KNU ပြောဆို

မဇ္ဈိမ (ချင်းမိုင်)။ ။ DKBA တပ်နှင့် နအဖ စစ်အစိုးရတပ်များနေရာချဲ့ထွင်လာပြီး KNU တပ်မဟာ ၆ နယ်မြေ၌ အခိုင်အမာနေရာချရန် စီစဉ်နေခြင်းကြောင့် တိုက်ပွဲများဖြစ်လာနိုင်ကြောင်း KNU အဆိုအရ သိရသည်။

ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းရှိ မဲ့ကသာရွာတွင် ယခုလ ၂ ရက်နေ့က ဗိုလ်အေဝမ်းနှင့် ဗိုလ်စိုးမိုး ခေါင်းဆောင်သည့် အင်အား ၄ဝ ကျော်ရှိ DKBAတပ်များ ဝင်ရောက်နေရာယူခဲ့ကြပြီး ၎င်းတို့ကို ထောက်ကူရန် ဗိုလ်မှူးမြတ်ထွန်းအေး ဦးဆောင်သည့် အင်အား ၅ဝ ခန့်ရှိ ခလရ ၂၈၃ လည်း လိုက်ပါလာကြောင်း သိရခြင်း ဖြစ်သည်။ ဗိုလ်အေဝမ်း ခေါင်းဆောင်သည့် DKBA တပ်ဖွဲ့ဝင်များသည် မဲ့ကသာရွာသို့ ရောက်ရှိလာပြီး ရွာသားများအား လုပ်အားပေး ခေါ်ဆောင်၍ စစ်တိုက်ရာတွင် အသုံးပြုသည့် ခံတုတ်ကျင်းများ တူးခိုင်းနေသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

တကိုယ်တော်ဆန္ဒပြ ဗိုလ်ကြီးဟောင်း ထောင်ဒဏ် ၂ နှစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်နေစဉ်အတွင်း သူမကို လွှတ်ပေးရန် တကိုယ်တော် ဆန္ဒပြခဲ့သူ လေတပ်အငြိမ်းစား ဗိုလ်ကြီးဇော်ညွန့်ကို အင်းစိန်မြို့နယ် တရားရုံးက ယနေ့ ထောင်ဒဏ် ၂ နှစ် ချလိုက်သည်။

“Saving Suu is Saving Burma” ဟူသည့် စာတမ်းပါ ဆိုင်းဘုတ်အား ကိုင်ဆောင်ကာ အင်းစိန်ထောင်ရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့သည် ၅၆ နှစ်အရွယ် ဦးဇော်ညွန့်အား နိုင်ငံတော် ဆူပူမှုဖြစ်စေရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) အရ ကျုးလွန်သည်ဟုဆိုကာ ယနေ့ ပြစ်ဒဏ်ချလိုက်ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ရန်ကုန်တိုင်းတရားရုံး ဒေါ်စုအမှု အယူခံလက်ခံ

ရန်ကုန်တိုင်းတရားရုံးတွင် ယမန်နေ့က တင်သွင်းထားသော ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံကို တရားရုံးက လက်ခံကြားနာရန် ယနေ့ ဆုံးဖြတ်လိုက်ကြောင်း အန်အယ်လ်ဒီပြောခွင့်ရ ဦးအုံးကြိုင်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )