Saturday, August 15, 2009

သတင်းမှတ်စု ( ၃၂ )

သြဂုတ်လ ၁၀ ရက်
ရက်သတ္တပတ် ၃၂၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်စုနေအိမ်ကို ပြုပြင်မည်

နယူးဒေလီ (မဇ္ဈိမ) ။ ။ နေအိမ်အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်မှုဖြင့် အင်းစိန်ထောင်တွင်း တရားစွဲ ခံနေရသူ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ပြင်ဆင်ရန် စီစဉ်နေပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်အရ ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်ကို ပြင်ဆင်ရန် ဗိသုကာ ပညာရှင်များက စတင်နေကြောင်း သိရခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ကို ပြင်ဆင်ပေးရန် ယခုလဆန်းမှစတင်ကာ မှာကြားခဲ့သည်။

၂၀၀၈ ခု မေလဆန်းတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ဒေါ်စု၏ နေအိမ်ခေါင်မိုး အုတ်ကြွတ်ပြားများ ကျိုးပဲ့ ပျက်စီးခဲ့သည်ကို ပြုပြင်ခဲ့ပြီးနောက်၊ ယခုတဖန် နေအိမ်ကို ပြန်ပြင်ရန် စီစဉ်နေခြင်း ဖြစ်သည်။

ပြန်လည်ပြုပြင်မည့် နေအိမ်တည်ရှိရာ မြေကွက်ဖြစ်သည့် တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ ခြံဝင်းအတွင်းရှိ မြေကွက်တချို့ ရောင်းချပြီးဖြစ်သဖြင့် ၇ ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ပြီးခဲ့သည့်လ ၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် အထက်တန်းရှေ့နေ ဒေါ်ချိုသဲမေနှင့် ဒေါ်ဝေဝေအောင်တို့က ကြေညာခဲ့သည်။ ဦးခင်မောင်အေးမှာ ကွယ်လွန်လေပြီးသော သခင်သန်းထွန်း၊ ဒေါ်ခင်ကြီးတို့၏ မွေးစားသားဖြစ်ပြီး တပ်မတော် အရာရှိဟောင်းနှင့် စာရေးဆရာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်နှင့် ဒေါ်ခင်ကြီးတို့မှာ ညီမအရင်း ဖြစ်ကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မြေမြှုပ်မိုင်း အသုံးပြုဆဲ ကမ္ဘာ့နိုင်ငံ (၂) နိုင်ငံတွင် မြန်မာ ပါဝင်

မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်း ထုတ်လုပ်သည့် ကမ္ဘာ့နိုင်ငံ အနည်းငယ်တွင် ပါဝင်နေပြီး ယခုအချိန်အထိ မြေမြှုပ်မိုင်းများကို တွင်ကျယ်စွာ အသုံးပြုနေဆဲ ကမ္ဘာ့နိုင်ငံ (၂) နိုင်ငံသာ ကျန်ရှိသည့်စာရင်းတွင် မြန်မာနိုင်ငံ ပါဝင်သည်ဟု အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းအသုံးပြုမှု ပိတ်ပင်ရေးလှုပ်ရှားမှုအဖွဲ့ (ICBL) က ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ပတ်သက်သည့် ပြဿနာရပ်များအား ပိုမို၍ ကိုင်တွယ်ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ မြေမြှုပ်မိုင်းကြောင့် အသက်အန္တရာယ် ခြိမ်းခြောက်နေမှုနှင့် သေကျေပျက်စီးမှုများအား ညွှန်ပြသည့် မြေပုံတပုံကို ICBL က ယမန်နေ့ သြဂုတ်လ (၇) ရက်က ထုတ်ဝေခဲ့သည်။ အဆိုပါမြေပုံကို ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်မှ မြန်မာနိုင်ငံ သတင်းစီမံခန့်ခွဲရေး ယူနစ်က မြေမြှုပ်မိုင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့၏ အချက်အလက်အပေါ်တွင် အခြေခံ၍ ရေးဆွဲပြသထားခြင်းဖြစ်သည်။ မြေမြှုပ်မိုင်း တင်သွင်း၊ ထုတ်လုပ်၊ သုံးစွဲခြင်းကို ပိတ်ပင်ရန် နိုင်ငံတကာ သဘောတူညီချက်ဖြစ်သည့် ၁၉၉၇ အော်တိုဝါ (Ottawa) စာချုပ်တွင် လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် နိုင်ငံ (၃၀) ကျော်တွင် မြန်မာနိုင်ငံလည်း ပါဝင်သည်။

နိုင်ငံတကာမှ ဆောင်ရွက်နေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မြေမြှုပ်မိုင်း ကင်းစင်ရေး အစီအစဉ်များကိုလည်း မြန်မာစစ်အစိုးရက ပါဝင်ခြင်းမရှိသေးကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းကြောင့် သေကျေ၊ ထိခိုက်ဒဏ်ရာရရှိမှု အများဆုံးနိုင်ငံတို့တွင် ပါဝင်ပြီး ICBL ၏ စာရင်းအရ မြေမြှုပ်မိုင်း ပေါက်ကွဲမှုသည် တနေ့လျှင် အနည်းဆုံး တကြိမ်ကျ ဖြစ်ပွားနေကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

NLD အမတ် ထောင်ပြောင်းခံရ

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အန်အယ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ခိုင် အား သံတွဲထောင်မှ နေရပ်နှင့် ပိုမို ဝေးလံသည့် မကွေးတိုင်း သရက်ထောင်သို့ ယမန်နေ့က ပြောင်းရွှေ့ခံရသည်။

တောင်ကုတ်မြို့နယ် အန်အယ်ဒီ စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌနှင့် ပြည်နယ် စည်းရုံးရေးကော်မတီ ဒု ဥက္ကဋ္ဌလည်း ဖြစ်သူ ၈၇ နှစ်အရွယ် ဦးကျော်ခိုင် ပြီးခဲ့သည့်လ ၁၃ ရက်နေ့တွင် အသရေဖျက်မှုဖြင့် မြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်ချထားရာမှ ယခုလို ထောင်ပြောင်းရွှေ့မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဒီကေဘီအေနှင့် နအဖတပ်တို့ ပစ်ခတ်မှုဖြစ်ပွား နအဖဘက်မှ (၃) ဦး သေဆုံး

ယနေ့နံနက်တွင် နအဖစစ်သား (၂) ဦးနှင့် ရဲ (၁) ဦးကို ပစ်သတ်သွားသည့် ဒီကေဘီအေတပ်ဖွဲ့ဝင် (၃) ဦးအား နအဖနှင့် ဒီကေဘီအေတို့ ပူးပေါင်းကာ အပူတပြင်းတောနင်းရှာဖွေလျက်ရှိသည်။

တိုးတက်သောဗုဒ္ဒဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တပ်မဟာ (၅) မှ အရာရှိတဦးဖြစ်သူ ဗိုလ်စောဖာထောနှင့်တပ်သား (၂) ဦးသည် မြ၀တီမှ ကားဖြင့် ကော့ကရိတ်သို့အဆင်း အောက်ဘိုတဲအရောက်တွင် နအဖစစ်တပ်ဂိတ်မှ ၎င်းတို့ကားကို ရပ်တန့်ခိုင်းရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး နအဖတပ်သားနှင့်ရဲတို့ သေဆုံးခြင်းဖြစ်သည်။

၎င်းတို့စီးလာသည့်ကားကိုထား၍ တောထဲဝင်ပြေးသွားသည့် စောဖာထောနှင့်အဖွဲ့နောက်သို့ နအဖနှင့်ဒီကေဘီအေ တပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေလျက်ရှိသော်လည်း ဖမ်းဆီးရမိခြင်းမရှိသေးဟု ဒီကေဘီအေဘက်က ပြောသည်။ ဒီကေဘီအေတပ်မဟာ (၅) မှူး ဗိုလ်မှူးချုပ်စောလားပွယ်အနေဖြင့် နအဖနှင့် ပြဿနာအဖြစ်မခံနိုင်ကြောင်း၊ သေသေရှင်ရှင် အမိဖမ်းရန်နှင့် ကေအန်ယူထံ လုံးဝအရောက်မခံနိုင်ကြောင်း၊ ၎င်း၏ လက်အောက်ခံတပ်ရင်းများနှင့် ဒီကေဘီအေ (၉၉၉) တပ်မဟာကိုလည်း ကြေးနန်းပို့ထားကြောင်း ထိုအရာရှိက ပြောသည်။

မြ၀တီတွင် ဒီကေဘီအေအချင်းချင်း ပိုက်ဆံကိစ္စကြောင့် ပြဿနာစတင်ဖြစ်ပွားရာမှ ကော့ကရိတ်အဆင်းတွင် ယခုကဲ့သို့ နအဖတပ်နှင့် ပစ်ခတ်မှုဆက်လက်ဖြစ်ပွားခြင်းဖြစ်သည်ဟု သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ကေအိုင်အိုက ကချင်အာဇာနည်နေ့ အခမ်းအနား ကျင်းပ

ရွှေလီ (မဇ္ဈိမ) ။ ။ ၃၄ နှစ်မြောက် ကချင်အာဇာနည်နေ့ အခမ်းအနားတရပ်ကို ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ထိန်းချုပ်ရာ ဗဟိုဌာနချုပ် လိုင်ဇာမြို့၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ကေအိုင်အို ဥက္ကဋ္ဌ လထော်ဇော်ဆိုင်းအပါအဝင် ခေါင်းဆောင် ၃ ဦး လုပ်ကြံခံခဲ့ရသည့် နေ့ရက်ကို အစွဲပြုကာ ကချင်ဘာသာဖြင့် ShaReShaGam Nine Htoi ဟု ခေါ်ဆိုသည့် အာဇာနည်နေ့ အခမ်းအနားကို လိုင်ဇာမြို့ရှိ ကေအိုင်အေ စစ်တပ်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံများဟူ၍ အဖွဲ့များခွဲ၍ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ၁၉၇၅ နှစ် သြဂုတ်လ ၁၀ ရက်နေ့တွင် အေအိုင်အို ဥက္ကဋ္ဌ လထော်ဇော်ဆိုင်း (Lahtaw Zau Seng) နှင့်အတူ အတွင်းရေးမှူး ဖုန်ရွှေ ဇော်ဆိုင်း (Pungshwe Zau Seng) ၊ စစ်ရေးတာဝန်ခံ လထော်ဇော်တူး (Lattaw Zau Tu) တို့သည် ထိုင်း-မြန်မာနယ်စပ် BP1 အနီးရှိ ကူမင်တန် စစ်စခန်းဟောင်းအနီး Thang Ngawk Bum နယ်စပ်တနေရာတွင် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသည်။

၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကေအိုင်အို လက်နက်ကိုင် တော်လှန်ရေး စတင်ချိန်တွင် ပါဝင်ခဲ့သည့် ခေါင်းဆောင် ၇ ဦးတွင် ယခု ကျဆုံးသူများ ပါဝင်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဝါဒဖြန့်ဆောင်ပုဒ်များ အတင်းအကျပ် ထည့်ခိုင်း

နအဖစစ်အစိုးရ စာပေစိစစ်ရေးဌာနက ပုဂ္ဂလိကဂျာနယ်များကို ဝါဒဖြန့်ဆောင်းပါး အရှည်သာမက ဝါဒဖြန့်ဆောင်ပုဒ် များကိုလည်း အတင်းအကျပ် ထည့်သွင်းခိုင်းနေကြောင်း ပြည်တွင်းမှ သတင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

၎င်း၏ပြောပြချက်အရ မဖြစ်မနေ ထည့်သွင်းပေးရသည့် ဝါဒဖြန့် ဆောင်ပုဒ်များမှာ “ဒီမိုကရေစီခေတ် အနာဂတ်သစ်၊ ဖျက်ပစ်လိုသူများ သတိထား၊ ဆူပူသူများ မလိုလား၊ မစားရတဲ့အမဲ သဲနဲ့ပက်၊ ဆူပူသူတွေ ချောင်းတဲ့အကွက်၊ တွဲလက်ညီလာ တားဆီးပါ၊ ရွှေပြည်တော်က အနီးမှာ” စသည့်ဆောင်ပုဒ်များဖြစ်ကြောင်း သိရသည်။

ယခု ဝါဒဖြန့်ဆောင်ပုဒ်များကို ဂျာနယ်များက ကိုယ့်သဘောဖြင့်ကိုယ် ထည့်ခြင်းမဟုတ်ဘဲ စစ်အစိုးရက အတင်းအကျပ် ထည့်ခိုင်း၍ ထည့်ရခြင်းဖြစ်ကြာင်း အားလုံးသိကြသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

တပ်မတော် သမိုင်းကြောင်း ရုပ်ရှင် စတင်ရိုက်ကူး

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ့လွတ်လပ်ရေး တိုက်ပွဲဝင် ရဲဘော်သုံးကျိပ်မှစ၍ လက်ရှိ စစ်အစိုးရအထိ တပ်မတော် သမိုင်းကြောင်း ပေါ်လစီ ရုပ်ရှင်ဇာတ်ကားကို ကြယ်စင်မော်ကွန်း အမည်ဖြင့် ရုပ်ရှင်ဇာတ်ကားကြီးကို ရုပ်ရှင် ထုတ်လုပ်ရေး မိုးဆန်းပန်း ကုမ္ပဏီက စတင်ရိုက်ကူးနေပြီ ဖြစ်သည်။

ဗိုလ်ကြီးတဦးဖြစ်သူ စာရေးဆရာ တင်အောင်စိုး (ပန်းမြို့တော်) ရေးသားသည့် စာမူကို ငြိမ်းမင်းက ဇာတ်ညွှန်းခွဲပြီး၊ ဒါရိုက်တာ ပန်းချီ စိုးမိုးက ယခုလအတွင်းမှ စတင်ကာ ရိုက်ကူးနေခြင်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း လက်ထက် ရဲဘော်သုံးကျိပ် ခေတ်မှစ၍ ယနေ့ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအထိ သမိုင်းကြောင်းကို ယင်းခေတ်ကို သိမီခဲ့သူများနှင့် မြန်မာ့သမိုင်း စာအုပ်များကိုသာ အခြေခံ၍ ဇာတ်လမ်းပုံစံ ဖော်ထားသည်။

ယင်းဇာတ်ကားကို လူမင်း၊ နေတိုး၊ ဝေဠုကျော်၊ ထွန်းထွန်း၊ သူထူးစံ၊ ပန်းဖြူ၊ တင့်တင့်ထွန်း၊ အိန္ဒြာကျော်ဇင်၊ သက်မွန်မြင့်တို့ ပါဝင်သရုပ်ဆောင်ကြမည် ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

စစ်ကိုင်းတိုင်းနှင့်အထက်ပိုင်းတွင် မိုးခေါင်
စိုက်ပျိုးရေ မရရှိသဖြင့် စပါးမစိုက်နိုင်

စစ်ကိုင်းတိုင်းနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း စပါးအဓိကထွက်ရာ ရွှေဘို၊ ကောလင်း၊ မိုးညှင်းခရိုင်တို့အတွင်း မိုးခေါင်နေသောကြောင့် စိုက်ပျိုးရေအခက်ခဲဖြစ်ကာ စပါးမစိုက်နိုင်ဘဲ ဖြစ်နေသည်။

သဖန်းဆိပ်နှင့် ကာဘိုးဆည် အနီးတ၀ိုက်တွင်သာ စက်များဖြင့် ရေသွင်းစိုက်ပျိုးနေကြပြီး မန္တလေးမှ မိုးညှင်းအထိ မီးရထားသံလမ်းတလျှောက် ဒေသအတော်များများတွင် လယ်ထွန်ပြီးစီးနေသော်လည်း မိုးမရွာသဖြင့် ရေမရရှိဘဲ စပါးစိုက်ပျိုးရန် အခက်အခဲများနှင့် ကြုံနေရကြောင်း ကောလင်းနယ်သားတဦးက ပြောသည်။ ရွှေဘို၊ ကောလင်းနှင့် မိုညှင်းဒေသတို့သည် စပါးအထွက်များသဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားသို့ ဆန်စပါး တင်ပို့ရောင်းချ နေရသော်လည်း ယခုအခါ မိုးခေါင်နေသဖြင့် ဆန်စပါး အခက်အခဲကြုံတွေ့ရမည်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ဒေသခံ အာဏာပိုင်များက ဆန်စပါးတင်ပို့ရောင်းချခွင့်ကို ပိတ်ပင်ထားသည်ဟု အဆိုပါကောလင်းမြို့သားက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ယက်တော ကျန်းမာရေး ကောင်းမွန်လာ

နယူးဒေလီ (မဇ္စျိမ)။ ။ ဒေါ်စုနေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သူ မစ္စတာ ဂျွန်ယက်တောသည် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရာမှ သက်သာလာပြီ ဖြစ်သည်။

အင်းစိန်ထောင်အတွင်း ပြီးခဲ့သည့်တပတ် တနင်္လာနေ့တွင် မူးလဲခဲ့သဖြင့် ဆေးရုံ တက်ရောက် ကုသနေခဲ့ရသည်။ မစ္စတာယက်တောသည် ဆီးချို၊ သွေးတိုးအပြင် ယခုနောက်ဆုံး ဝက်ရူးပြန်ရောဂါတို့ဖြင့် ဆေးရုံတက်ရခြင်း ဖြစ်သည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သြဂုတ်လ ၁၁ ရက်
ရက်သတ္တပတ် ၃၂၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်

တက္ကသိုလ်ရိပ်သာလမ်းကို ပြန်လည် ပိတ်လိုက်ပြီ

ဒေါ်အောင်ဆန်းစုကြည်ကို ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လဖြင့် နေအိမ်သို့ ပြန်လည် ပို့ဆောင်ရန် အင်းစိန်ထောင်တွင်းရှိ အထူး တရားရုံးက ဆုံးဖြတ်ခဲ့မှုနှင့် တိုက်ဆိုင်စွာ သူမ၏ နေအိမ်တည်ရှိရာ တက္ကသိုလ် ရိပ်သာလမ်းကို နေအိမ် အကျယ်ချုပ် ကျစဉ်ကာလကဲ့သို့ အများပြည်သူ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်သည်။

-----------------------------------

အင်းစိန်ထောင်တွင်းရှိ အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်လိုက်သော်လည်း ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲကာ နေအိမ်တွင် ပြန်နေခွင့် ပြုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းပပတို့ကို ပြစ်မှု ကျူးလွန်သည်ဟု တရားရုံးတော်က ဆုံးဖြတ်ပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ သို့သော် မြန်မာ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ခြင်းအတွက် လျော့ပေါ့ပြစ်ဒဏ်အဖြစ် ထက်ဝက်လျော့ချကာ ထောင်ဒဏ် ၁ နှစ်ခွဲကျခံ၇န် ဒေါ်စုအပေါ် ဆုံးဖြတ်ချက်ခဲ့သည်။ ထို့နောက် ဆိုင်းငံ့ ပြစ်ဒဏ် ပေးလိုက်သည်။

အမေရိကန်နိုင်ငံသား ဂျွန်ယက်တောကိုမူ ထောင်ဒဏ် ၇ နှစ် အပြစ်ပေးလိုက်သည်။
----------------------------------

တရားရုံးတော်က စီရင်ချက် ချပြီးချိန်တွင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ရောက်ရှိလာပြီး နံပါတ်တစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ယမန်နေ့က နေ့စွဲ ရေးထိုးထားသော အမိန့်ကြေညာစာကို ဖတ်ပြသည်။

အကယ်၍ ပြစ်ဒဏ်ချမှတ်ခံရလျှင် သတ်မှတ်ပြစ်ဒဏ်ရဲ့ ထက်ဝက်ကိုသာ ကျခံစေရန်နှင့် ကောင်းမွန်စွာ နေထိုင်ခဲ့လျှင် လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟုလည်း ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေအိမ်တွင် ကန့်သတ်ချက်များဖြင့် နေထိုင်ရမှာ ဖြစ်သည်။ ကန့်သတ်ချက်များတွင် ကြိုတင်ခွင့်ပြုချက် တောင်းခံပြီး ဧည့်သည်တွေ့ရန်၊ အခြားသော အခွင့်အရေးများအတွက် စာရေးသား တောင်းခံရန်နှင့် သတင်းစာ ဂျာနယ်ဖတ်ခွင့်၊ တီဗီကြည့်ခွင့်တို့ ရသည်။
-----------------------------------

လမ်းများနှင့် အင်းစိန်ဈေး ပြန်ပိတ်ပြီ

ရန်ကုန် အင်းစိန်ထောင် ပတ်ဝန်းကျင်ရှိ ကားလမ်းများကို နံနက်ပိုင်းက လူအများသွားလာနိုင်ရန် ဖွင့်လှစ်ပေးခဲ့သော်လည်း နေ့လည် ၁၂ နာရီခန့်တွင် အဆိုပါ လမ်းများနှင့် အင်းစိန်ဈေးကို အာဏာပိုင်များက ပိတ်ပစ်လိုက်ပြီဖြစ်သည်။

အင်းစိန်ကုန်းတံတားတွင် ရဲကား ၁၀ စီးခန့် အင်အားအပြည့်ဖြင့် ရှိနေသလို၊ မီးရထားဝင်းများ၊ လမ်းများပေါ်တွင် ကား ၇ စီးခန့် ရပ်ထားကာ အရပ်ဝတ်များ မြောက်မြားစွာ ချထားသည်။
----------------------
ပြည်နယ်နှင့် တိုင်း ပါတီဝင်များ စုရုံးရောက်ရှိ

ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချမည့် ယနေ့တွင် ပြည်နယ်နှင့်တိုင်း အန်အယ်ဒီ ပါတီဝင်များနှင့် ထောက်ခံအားပေးသူ ဦးရေ တထောင်ကျော် ရောက်ရှိနေသည်။

“ဒီနေ့က တော်တော်ကို များတယ်။ လူတော်တော်စုံပြီးတော့ များတယ်။ ခန့်မှန်းခြေက ထောင်ကျော်မယ်။ ဟိုဘက်ကုန်းထိပ်ဘက်မှာရော၊ ဒီဘက်မှာလည်းဆိုတော့ ထောင်ကျော်ကတော့ သေချာတယ်” ဟု အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ အန်အယ်ဒီ ခေါင်းဆောင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

“ဒီတခါ ထူးတာက ပထမ စီရင်ချက်ချမယ်ဆိုတဲ့ နေ့လိုမျိုးပဲ လမ်းမပိတ်ဘူး။ ကုန်းတံတားကနေ ကျော်ပြီးတော့ ဝင်လို့ရတယ်။ အင်းစိန်ဈေးရဲ့ အလယ်ပေါက်လောက်ကနေ အဲဒီနေရာမှာ လူတွေ စုနေတယ်။ ဝင်လို့ရတယ်” ဟု အန်အယ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။

ရန်ကုန်တိုင်း ခရမ်း၊ သုံးခွ၊ မင်းလှ စသည့် မြို့နယ်များမှ အန်အယ်ဒီ လူငယ်များသည် အုပ်စုလိုက်လာကြပြီး အဝါရောင်ဆွဲကြိုး၊ အချို့လူငယ်များသည် အနီရောင်၊ အနက်ရောင် ဆွဲကြိုးများ ဝတ်ဆင်လာကြသည်။

မန္တလေးတိုင်း အန်အယ်ဒီ ဥက္ကဋ္ဌ ဦးသိန်းတန်၊ လွှတ်တော်အမတ်များဖြစ်သည့် ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာမျိုးအောင်၊ ဦးလှဦး၊ ဒေါက်တာမေဝင်းမြင့်တို့အပြင် နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာဝင်းနိုင်၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်နှင့် လွှတ်တော်ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အတွင်းရေးမှူး ဦးအေးသာအောင်၊ ဗိုလ်ချုပ်အောင်ဆန်း၏ အကိုဖြစ်သူ ဦးအောင်သန်း၏ သား ဦးချိုအောင်သန်းတို့လည်း ရောက်ရှိနေသည်။
--------------------
ရှေ့နေများနှင့် သံတမန်များ ထောင်တွင်းသို့ ဝင်ရောက်

ဒေါ်စု၏ ရှေ့နေများဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်၊ ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် နိုင်ငံခြား သံတမန်ကား ၇ စီးခန့် အင်းစိန်ထောင်အတွင်း နံနက် ၁၀ နာရီကျော်တွင် ဝင်ရောက်သွားသည်။
---------------------
ပါတီခေါင်းဆောင်များ တရားခွင်သို့ ဝင်ခွင့်ရရေး ကြိုးပမ်း

ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ တရားခွင်သို့ ဝင်ရောက်လေ့လာခွင့် ရရှိရန် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့သည် စစ်အစိုးရထံ ယမန်နေ့က တောင်းဆိုခဲ့သော်လည်း ယခုထိ ဝင်ခွင့် မပေးခဲ့ပါ။

ကျန်းမာရေး မကောင်းသော အန်အယ်ဒီ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးဝင်းတင်တို့ အပါအဝင် ဗဟို အလုပ်အမှုဆောင် အဖွဲ့များ ဝင်ရောက်ခွင့်ရရှိရေး ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

နအဖစစ်တပ်နှင့် ကိုးကန့်တပ်ဖွဲ့အကြား နှစ်ဘက် ပစ်ခတ်လုနီးပါး အခြေအနေဖြစ်

ယခုလ (၈) ရက်တွင် ရှမ်းပြည်အရှေ့မြောက်ပိုင်း၊ ကိုးကန့်ဒေသအတွင်း နအဖနှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ထားသည့် မြန်မာနိုင်ငံ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နှင့် ဒေသခံစစ်တပ်အကြား နှစ်ဘက် ပစ်ခတ်လုနီးပါးအထိ ပြဿနာဖြစ်ခဲ့သည်။

လောက်ကိုင်ဒေသကွပ်ကဲရေးစစ်ဌာနချုပ်မှ ကင်းတပ်ခွဲတခွဲ၊ မူးယစ်အဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့ စုစုပေါင်း လူအင်အား (၇၀) ခန့်ဖြင့် ကိုးကန့်တပ်ဖွဲ့ ဥက္ကဋ္ဌ ဖုန်ကျားရှင်၏ နေအိမ်သို့ ၀င်ရောက်ရှာဖွေရန် သွားရောက်စဉ် ကြိုတင်သတင်းရထားသည့် ကိုးကန့်တပ်ဖွဲ့မှ လက်ဦးမှုယူကာ ၀ိုင်းဝန်းပိတ်ဆို့ခဲ့ရသည်ဟု ကိုးကန့်တပ်ဖွဲ့ ခေါင်းဆောင်များနှင့်နီးစပ်သူ ဒေသခံတဦးက ပြောသည်။ ထိုသို့ ပိတ်ဆို့ထားစဉ် ကိုးကန့်တပ်ဖွဲ့ဥက္ကဋ္ဌ ဖုန်ကျားရှင် နေ့လယ်ပိုင်း (၂) နာရီခွဲ၌ ရောက်ရှိသွားပြီး ဂိုဒေါင်သို့ စစ်ဆေးလိုက စစ်ဆေးနိုင်ကြောင်း၊ သို့သော်လည်း လက်နက်ယူဆောင်ခွင့်မပြုဟု ပြောဆိုခဲ့ပြီးနောက်ပိုင်း အဆိုပါတပ်ဖွဲ့မှာ ပြန်လည်ဆုတ်ခွာ သွားခဲ့သည်ဟု ယင်းဒေသခံက ဆက်လက်ပြောသည်။

အခင်းဖြစ်ပြီးနောက်တနေ့တွင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် လောက်ကိုင်ဒေသ ကွပ်ကဲရေးစစ်ဌာနချုပ်သို့ ရောက်ရှိလာပြီး ဥက္ကဋ္ဌ ဖုန်ကျားရှင်အား တွေ့ဆုံတောင်းပန်လိုကြောင်း ပြောဆိုခဲ့ရာ ဥက္ကဋ္ဌ ဖုန်ကျားရှင်က တွေ့ဆုံရန် ငြင်းဆိုလိုက်ပြီး ညနေပိုင်းတွင် သာမန်ခေါင်းဆောင်အချို့နှင့် တွေ့ခဲ့သည်ဟု ကိုးကန့်တပ်ဖွဲ့ ခေါင်းဆောင်များနှင့်နီးစပ်သူ ဒေသခံက ပြောသည်။

ယခုကဲ့သို့ နှစ်ဖက်အကြား အခြေအနေတင်းမာနေစဉ်အတွင်း ဒေသခံအရပ်သား (၁) သောင်းကျော်ခန့် တရုတ်ပြည်ဘက် ခြမ်းသို့ တိမ်းရှောင်ခဲ့သဖြင့် ဒေသတည်ငြိမ်မှု ပျက်ပြားသွားခဲ့ရသည်ဟု တရုတ်-မြန်မာနယ်စပ်ရှိ စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ လျှော့ပေါ့ပြောင်းလဲခြင်း၊ ဆိုင်းငံ့ခြင်းနှင့် ကောင်းမွန်စွာ နေထိုင်ပါက လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း

အပိုဒ် ၁ ။ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးတွင် ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၄၇/၂ဝဝ၉ ဖြင့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ တားဆီးကာကွယ်သည့် ဥပဒေ ၂၂ ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည် (ဘ) ဦးအောင်ဆန်းအပေါ် တာဝန်ရှိသူများက မလွှဲမရှောင်သာဘဲ တရားစွဲဆိုခြင်း ပြုခဲ့ရခြင်းကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအနေဖြင့် စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ခဲ့ပါသည်။

အပိုဒ် ၂ ။ သို့ရာတွင် တရားဥပဒေ စိုးမိုးရေးအတွက် တည်ဆဲဥပဒေနှင့်အညီ မှန်ကန်မျှတစွာ တရားစီရင်မှုကို နိုင်ငံသား အားလုံးက လေးစားလိုက်နာ ခံယူကြရမည် ဖြစ်သည်။

အပိုဒ် ၃ ။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို အသက်ပေး၍ ရယူပေးခဲ့သည့် နိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်ခြင်းကြောင့်လည်းကောင်း၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍လည်းကောင်း၊ တဦးအပေါ်တဦး အာဃာတများ မရှိစေရေး အတွက်လည်းကောင်း၊ ဒီမိုကရေစီလမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေး အတွက်လည်းကောင်း ရှေးရှု၍ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အနေဖြင့် မိမိ၏ လုပ်ပိုင်ခွင့် အာဏာအတွင်းမှ သူမကို စာနာထောက်ထား ညှာတာမှု ပြုလိုပါသည်။

အပိုဒ် ၄ ။ သို့ပါ၍ ဒေါ်အောင်ဆန်းစုကြည်အား တရားရုံးအနေဖြင့် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတွေ့ရှိရပြီး ပြစ်ဒဏ်ချမှတ်ပါက မည်သို့ပင် ပြစ်ဒဏ်ချမှတ်ထားသည်ဖြစ်စေ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄ဝ၁ ပုဒ်မခွဲ ၅ အရ တရားရုံးက ချမှတ်ထားသော ပြစ်ဒဏ်များအနက် ပြစ်ဒဏ်၏ ထက်ဝက်ကိုသာ ကျခံစေရန် လျှော့ပေါ့ ပြောင်းလဲလိုက်ပြီး ကျန်ရှိသော ပြစ်ဒဏ်ကိုလည်း ဆိုင်းငံ့လိုက်သည်။

အပိုဒ် ၅ ။ အထက် အပိုဒ် ၄ ပါ ပြစ်ဒဏ် ဆိုင်းငံ့ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ နေအိမ်ဖြစ်သော ဗဟန်းမြို့နယ် ရွှေတောင်ကြား ၁ ရပ်ကွက် တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ် (၅၄/၅၆) နေအိမ်၌ ပူးတွဲပါ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ နေထိုင်ခွင့် ပြုလိုက်သည်။

အပိုဒ် ၆ ။ ဒေါ်အောင်ဆန်းစုကြည်သည် လျှော့ပေါ့ပြောင်းလဲလိုက်သော ပြစ်ဒဏ်ကျခံရမည့် အချိန်ကာလထက် မကျော်လွန်သော အချိန်ကာလအတွင်း ပူးတွဲပါ သတ်မှတ်ပေးထားသော စည်းကမ်းချက်များနှင့်အညီ ကောင်းမွန်စွာ နေထိုင်ပါက ဆိုင်းငံ့ထားသော ပြစ်ဒဏ်အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဖြစ်ကြောင်း အကြောင်းကြားလိုက်သည်။

ဥက္ကဋ္ဌ
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ

(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

လှိုင်သာယာစက်မှုဇုန်လုပ်ငန်း လည်ပတ်မှုကျဆင်း ပြည့်တန်ဆာလုပ်ကိုင်သူများပြားလာ

ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန်ရှိ၊ ဘုရင့်နောင်တံတားထိပ်၊ စက်မှုဇုန်မှတ်တိုင်တာဝါရှေ့နှင့် ကျန်စစ်သားလမ်းဆုံတို့၌ ပြည့်တန်ဆာအလုပ်ဖြင့် အသက်မွေးသူ အမျိုးသမီးငယ်များ ယခင်ထက် ပိုမိုများပြားလာသည်ကို တွေ့လာရကြောင်း ဒေသခံတို့က ပြောသည်။

ဈေးကွက်ဝယ်လိုအား ကျဆင်းလာမှု၊ ဈေးကွက်လိုအပ်ချက် လျော့နည်းလာမှုတို့ကြောင့် လှိုင်သာယာစက်မှုဇုန် စက်ရုံအများစု သည် ပြီးခဲ့သည့်ဧပြီလနောက်ပိုင်း၌ အလုပ်သမားလျှော့ချခြင်း၊ အချိန်ပိုမထားရှိတော့ခြင်း၊ လုပ်ငန်းလည်ပတ်မှု အားနည်းလာ၍ ငှားရမ်းစက်ရုံများအား ပြန်လည်အပ်နှံခြင်းတို့ ရှိလာကြသည်။

ဒေသတွင်း အလုပ်အကိုင်ရှားပါးလာ၍ နယ်အသီးသီးမှ ရောက်လာကြသော စက်ရုံအလုပ်သမအချို့သည် အဆိုပါအခြေအနေ များကြောင့် ငွေအရလွယ်သည့် ပြည့်တန်ဆာလုပ်ငန်းများသို့ တိုးဝင်လာနေကြသည်ဟု ဒေသခံများက ပြောသည်။ စက်မှုဇုန်မှတ်တိုင်တဖက်ခြမ်း၌ ညမွှေးပန်း၊ ဆက်၊ သုခစံရာဧည့်ရိပ်မွန်၊ စင်းဂါးမာဆတ်၊ စက်မှုဇုန် (၃) တဖက်ခြမ်း၌ လင်းလက်ဟိန်းမာဆတ်၊ အချစ်တော် KTV၊ ကျန်စစ်သားဈေးရပ်ကွက်၌ စိန်ပန်းမြိုင်၊ ရွှေဧည့်သည်၊ SWEET တည်းခိုခန်း အပါအ၀င် တည်းခိုခန်းများစွာရှိသည်။ ၀န်ဆောင်မှုအနေဖြင့် (လူနေမှုအဆင့်အလိုက်) နှစ်ယောက်အိပ်ခန်းကို (၂,၅၀၀) ကျပ်မှ (၆,၀၀၀) ကျပ် တန်ဖိုးသတ်မှတ်ထားသည်။

ပြည့်တန်ဆာမလေးများမှာ အသက် (၁၈) နှစ်မှ (၂၅) နှစ်ဝန်းကျင်ခန့်သာရှိကြပြီး နေ့ညအချိန်မရွေးခေါ်ယူ၍ရကာ (၁) သောင်းဝန်းကျင်သာ တန်ကြေးပေးရကြောင်း စက်မှုဇုန်အနှေးယာဉ်လုပ်သား (ဆိုက်ကားသမား) များက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အင်အားပြင်း ငလျင်တခု မြန်မာပြည်တွင် လှုပ်ခတ်

ချင်းမိုင်။ ။ အင်အား ရစ်ခ်ျတာ စကေး ၇ ဒဿမ ၇ ရှိ အင်အားပြင်း ငလျင်တခု ယနေ့ နံနက် ၂ နာရီ ၂၅ မိနစ်ခန့်တွင် လှုပ်ခတ်သွားခဲ့သည်။

“ရစ်ခ်ျတာ စကေးက ၇ ဒဿမ ၇ ဆိုတဲ့ အတွက်ကြောင့် အင်အား အလွန်ပြင်းတဲ့ ငလျင်လို့ သတ်မှတ်ပါတယ်” ဟု ရန်ကုန်ရှိ မိုးဇလ ဦးစီးဌာန တာဝန်ခံက ဖြေကြားသည်။

“တိုက်တွေဆို လှုပ်နေတာ ကြောက်စရာကြီး။ တချို့ဆို တိုက်ပေါ်က ဆင်းပြေးကြတယ်။ ငလျင်လှုပ်ချိန်က ၃ မိနစ် ကနေ ၅ မိနစ်အတွင်း ရှိမယ်။ အားလုံးက သော့တွေ ဖွင့်ပြီး စောင့်နေကြတာ” ဟု ရန်ကုန်မြို့ခံက ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သြဂုတ်လ ၁၂ ရက်
ရက်သတ္တပတ် ၃၂၊ ၂၀၀၉
မြန်မာသတင်း

၁၉၇၄ ခုနှစ် အခြေခံဥပဒေသုံး၍ ဒေါ်စုအား တရားစီရင်ခြင်း
အန်အယ်လ်ဒီ ပြင်းထန်စွာကန့်ကွက်

နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲဆို စီရင်ချက်ချခြင်းသည် အာဏာသက်ဝင်မှုမရှိတော့သည့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို အသုံးပြုခဲ့ခြင်းဖြစ်၍ အန်အယ်လ်ဒီက ပြင်းထန်စွာ ကန့်ကွက်ကြောင်း ယနေ့ကြေညာချက်ထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျပ်ချုပ် (၁) နှစ်ခွဲ ထပ်မံချထားခြင်းခံရပြီးနောက် အန်အယ်လ်ဒီ ဗဟိုအလုပ် အမှုဆောင်များက ယနေ့ ဆွေးနွေးညှိနှိုင်းပြီး ကြေညာချက် (၂) စောင်ထုတ်ပြန်ခဲ့သည်။

ယခုကဲ့သို့ ကြေညာချက် (၂) ခု ထုတ်ပြန်ရခြင်းမှာ နိုင်ငံရေးနှင့် တရားစီရင်ရေးကို ခွဲခြားဖော်ပြလို၍ဖြစ်ကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဝင်းနိုင်က ပြောသည်။ အန်အယ်လ်ဒီကထုတ်ပြန်ခဲ့သော ကြေညာချက် (၂) ခုအနက် ကြေညာချက်အမှတ် (၂၅/၀၈/၀၉) တွင် ဒေါ်အောင်ဆန်းစုကြည်အား ၁၉၇၄ ခုနှစ် အခြေခံဥပဒေတွင်ပါရှိသော မူလအခွင့်အရေးကို အခြေပြု၍ ကန့်သတ်မိန့်နှင့် တားဆီးမိန့်အား ဖောက်ဖျက်သည်ဟု အာဏာပိုင်တို့က တရားစွဲဆိုခဲ့သော အမှုဖြစ်ကြောင်း၊ ထိုဖွဲ့စည်းပုံအခြေခံဥပဒေမှာ တရားဝင်ရပ်စဲပြီးဖြစ်၍ အာဏာ သက်ရောက်ခြင်း မရှိတော့ကြောင်း၊ ဥပဒေအာနိသင် လုံးဝမရှိတော့သည့် ဥပဒေအပေါ် မူတည်ကာ တရားစွဲဆိုခြင်းသည် မူလကတည်းက ပျက်ပြယ်ပြီးဖြစ်ကြောင်း၊ သို့ပါလျက် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အား အလုပ်နှင့်ထောင်ဒဏ် (၃) နှစ်ကျခံစေရန် စီရင်ချက်ချမှတ်ခဲ့သည်မှာ ဥပဒေနှင့်ညီညွတ်ခြင်း မရှိသည့်အပြင် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်၍ ပြင်းထန်စွာကန့်ကွက်ကြောင်း ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တရားစွဲစကပင် ၁၉၇၄ ခုနှစ် အခြေခံဥပဒေသည် အာဏာသက်ဝင်မှုမရှိကြောင်း တရားရုံးသို့ လျှောက်လဲတင်ပြခဲ့ကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ပြည်ပမီဒီယာများအပေါ် စစ်အစိုးရ မီဒီယာစစ်ပွဲ ဆက်လုပ်နေ

နယူးဒေလီ (မဇ္စျိမ)။ ။ စစ်အစိုးရအာဏာပိုင်များ ပြည်ပအခြေစိုက် မြန်မာမီဒီယာများအပေါ် ရန်သူသဖွယ် ဆက်ဆံခြင်းသည် ဆက်ရှိမည့်အပြင် ပျောက်ကွယ်မည် မဟုတ်ကြောင်း ပြည်တွင်းအခြေစိုက် စာနယ်ဇင်းသမားများက ဆိုသည်။

သတင်းလွတ်လပ်ခွင့်၊ မိမိဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ခွင့် ဆိတ်သုန်းနေသည့် စစ်အစိုးရလက်ထက်တွင် ပြည်ပသတင်းဌာနများနှင့် အဆက်အသွယ်ရှိသည်ဟု သံသယရှိသည့် သတင်းထောက်များ၊ ဂျာနယ်တိုက်များကို အာဏာပိုင်များက အနီးကပ်စောင့်ကြည့်ခြင်းများ ပြုလုပ်နေသည်ဟု သူက ဆိုသည်။

ပြည်ပသတင်းဌာနများနှင့် ဆက်သွယ်သည်ဟု စွပ်စွဲပြောဆိုကာ ရန်ကုန်အခြေစိုက် နာမည်ရ အပတ်စဉ်ထုတ် ဂျာနယ်တခုမှ သတင်းထောက်တဦးကို အလုပ်မှထုတ်ပယ်ခဲ့သည့်အပြင်၊ အချို့ကို စောင့်ကြည့်ကာလ ၂ လ သတ်မှတ်ကာ စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++

အပစ်ရပ်တိုင်းရင်းသားအဖွဲ့ (၄) ဖွဲ့ စစ်ရေးမဟာမိတ်အဖွဲ့ ဖွဲ့စည်း

နအဖစစ်အစိုးရ၏ တပ်ဖွဲ့အသွင်ပြောင်းရေး ကမ်းလှမ်းချက်ကို ငြင်းဆန်နေသည့် မြန်မာပြည်မြောက်ပိုင်း အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၄) ဖွဲ့တို့ နအဖက စစ်ရေးအရ ပိုမိုဖိအားပေးလာလျှင် အတူတကွ စစ်ဆင်ရေးဆင်နွှဲနိုင်ရန် ရည်ရွယ်၍ စစ်ရေးပူးတွဲ မဟာမိတ်အဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

စစ်ရေးမဟာမိတ်အဖွဲ့တွင် ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KIO)၊ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ကိုးကန့်အဖွဲ့နှင့် မိုင်းလားအဖွဲ့ ခေါ် မြန်မာနိုင်ငံ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA-ESS) တို့ ပါဝင်သည် ဟု ကချင်သတင်းဌာနက ယမန်နေ့တွင် ဖော်ပြထားသည်။

အဆိုပါအဖွဲ့ (၄) ဖွဲ့အနက် (၁) ဖွဲ့က နအဖနှင့်အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပါက ကျန်ရှိသည့်အဖွဲ့ (၃) ဖွဲ့ကလည်း အပစ်အခတ်ရပ်စဲမှု ပျက်ပြယ်သွားမည်ဖြစ်ကြောင်း မဟာမိတ်အဖွဲ့၏ သဘောတူညီချက်တွင် ပါရှိကြောင်း ကချင်သတင်းဌာနမှ အယ်ဒီတာ ကိုနော်ဒင်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
သြဂုတ်လ ၁၃ ရက်
ရက်သတ္တပတ် ၃၂၊ ၂၀၀၉
မြန်မာသတင်း


မြန်မာနိုင်ငံအပေါ် အီးယူ၏ ပိတ်ဆို့မှုအသစ်တွင်
တိုတယ် (Total) ပူးပေါင်းပါဝင်ရန် ဖိအားပေးခံရ

မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်ချမှတ်လိုက် သည့်အပေါ် တုံ့ပြန်သည့်အနေဖြင့် ဥရောပသမဂ္ဂ (အီးယူ) မှ မြန်မာစစ်အစိုးရအပေါ် နောက်ထပ်ပိတ်ဆို့အရေးယူမှုတွင် မြန်မာစစ်အစိုးရအား ဒေါ်လာသန်းပေါင်းများစွာ ၀င်ငွေ ရရှိစေသည့် ပြင်သစ်နိုင်ငံမှ တိုတယ်ရေနံကုမ္ပဏီသည် အငြင်းပွားဖွယ် ပစ်မှတ်တခုအဖြစ် ရောက်ရှိနေသည်။

ပြင်သစ်သမ္မတ နီကိုလတ် ဆာကိုဇီက မြန်မာစစ်အစိုးရအပေါ် အီးယူ၏ နောက်ထပ်အရေးယူပိတ်ဆို့မှုကို မြန်မာနိုင်ငံမှ သစ်နှင့်ကျောက်မျက်ရတနာများ ၀ယ်ယူရာတွင် ပစ်မှတ်ထားအရေးယူသင့်ကြောင်း အကြံပြုထားပြီး မြန်မာ့ကမ်းလွန်ထွက် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံနေသည့် တိုတယ်ကုမ္ပဏီအား ချန်လှပ်ပြောဆိုခဲ့သဖြင့် လူ့အခွင့်အရေးအဖွဲ့များ နှင့် အတိုက်အခံပါတီတို့က ကန့်ကွက်ရှုတ်ချလိုက်ခြင်းဖြစ်သည်။ မြန်မာစစ်အစိုးရအတွက် အမြတ်တော်ခွန် အများအပြား ရရှိစေသော တိုတယ်ကုမ္ပဏီနှင့် ပွင့်လင်းပြတ်သားစွာ ဆွေးနွေးသင့်ကြောင်းလည်း အတိုက်အခံ နိုင်ငံရေးပါတီတို့က ပြင်သစ်အစိုးရအား တောင်းဆိုလိုက်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ကုလ လုံခြုံရေးကောင်စီ အစည်းအဝေး မြန်မာ့အရေး မဆုံးဖြတ်နိုင်

မဇ္ဈိမ (ချင်းမိုင်)။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ၁၈ လ တိုးမြှင့်လိုက်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးနေသော ကုလလုံခြုံရေး ကောင်စီ၏ ပြီးခဲ့သည့် အင်္ဂါနေ့က တံခါးပိတ် အစည်းအဝေးသည် ဆုံးဖြတ်ချက် တစုံတရာ ချမှတ်နိုင်ခြင်းမရှိဘဲ ရပ်ဆိုင်းခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်သော တရားရုံးဆုံးဖြတ်ချက်ကို ရှုတ်ချပြီး နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန် တောင်းဆိုသည့် အဆိုပြုချက်မူကြမ်းကို အမေရိကန်က ရေးဆွဲပြီး လုံခြုံရေးကောင်စီသို့ တင်သွင်းခဲ့သော်လည်း ဆုံးဖြတ်ချက် ချမှတ်နိုင်ခြင်း မရှိဘဲ ရပ်ဆိုင်းခဲ့ရခြင်းဖြစ်သည်။

ထောင်တွင်းတရားရုံးက ဒေါ်အောင်ဆန်းစုကြည်အား အမိန့်ချမှတ်သော ယခုလ ၁၁ ရက်၊ အင်္ဂါနေ့၌ပင် ယင်းကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရန် ပြင်သစ်နိုင်ငံ၏ တောင်းဆိုချက်အရ အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်သည့် လုံခြုံရေးကောင်စီ အစည်းအဝေးအား ကျင်းပခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြသည်။

ဗီဒိုအာဏာရှိသော တရုတ်၊ ရုရှ အပါအဝင် နိုင်ငံအချို့က လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် တစုံတရာမချမှတ်မီ ၎င်းတို့၏ အစိုးရများနှင့် ပြန်လည်ဆွေးနွေးရန် လိုအပ်သည်ဟု တင်ပြခဲ့ကြသည်။

ထို့အပြင် တရုတ်အစိုးရက မြန်မာနိုင်ငံ၏ တရားရေးစနစ်ကို အသိအမှတ်ပြု လေးစားရန်နှင့် အင်းအားကြီးနိုင်ငံများ အနေဖြင့် မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ယမန်နေ့က သတိပေး ပြောကြားခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ကချင်တိုင်းရင်းသား ဝန်ထမ်းများအား
ကိုယ်ရေးရာဇဝင် အချက်အလက် ကောက်ယူ

ယခုအပတ်အတွင်းမှစ၍ ကချင်ပြည်နယ်အတွင်းရှိ အစိုးရဌာနများတွင် ၀န်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသည့် ကချင်တိုင်းရင်းသားများ၏ ကိုယ်ရေးရာဇဝင် အချက်အလက်များကို သက်ဆိုင်ရာ မြို့နယ် မယက အာဏာပိုင်များက မြို့နယ်တွင်းရှိ ဌာနအသီးသီးထံမှ ကောက်ယူနေသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အပါအဝင် ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ ကြေးနန်းနှင့်စာတိုက်၊ မြေစာရင်း၊ စည်ပင်သာယာ စသည့်ဌာနများတွင် လုပ်နေကြသည့် ကချင်တိုင်းရင်းသားများကို ဌာနဆိုင်ရာအရာရှိများက ကိုယ်ရေးရာဇဝင် အချက်အလက် ကောက်ယူနေခြင်းဖြစ်သည်ဟု ဗန်းမော်ဒေသခံတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

A (H1N1) ကူးစက်ခံရသူ မြန်မာကျောင်းသား ပြန်လည်သက်သာ

နယူးဒေလီ (မဇ္စျိမ)။ ။ အိန္ဒိယတွင် A (H1N1) တုပ်ကွေးရောဂါကြောင့် သေဆုံးသူ အများဆုံးဖြစ်ပွားသည့် Maharashtra ပြည်နယ်တွင် ပညာသင်ကြားနေသူ မြန်မာကျောင်းသားတဦး A (H1N1) ကူးစက်ခံခဲ့ရာမှ ယခုအခါ ပြန်လည်သက်သာလာပြီ ဖြစ်သည်။

အိန္ဒိယနိုင်ငံအနောက်ပိုင်း Maharashtra ပြည်နယ် Pune မြို့ရှိ ခရစ်ယာန် ဘာသာရေး အသင်းပိုင် Spicer Memorial ကောလိပ်တွင် ပညာသင်နေသူ ၂၃ နှစ်အရွယ် ထိုကျောင်းသားသည် ဆေးရုံတွင် ၅ ရက်ကြာ ဆေးကုသခံယူမှုအပြီး ဆေးရုံမှ ဆင်းခွင့်ပေးလိုက်ခြင်း ဖြစ်သည်။

A (H1N1) ကူးစက်ခံရသူသည် ယခုလ ၃ ရက်နေ့တွင် အမေရိကားရှိ ဆွေမျိုးများထံ အလည်အပတ်သွားရာမှ ပြန်ရောက်လာခဲ့ပြီး နောက်တရက်တွင် အဖျားကြီးသဖြင့် ဆေးရုံတွင် အစစ်အဆေး ခံယူခဲ့ရာ A (H1N1) ကူးစက်ခံထားရကြောင်း အတည်ပြုနိုင်ခဲ့သည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မြန်မာအလုပ်သမားများအတွက် အသံလွှင့်ဌာနတခု
မဲဆောက်တွင် ထုတ်လွှင့်မည်

ဒေသတွင်းရောက် မြန်မာအလုပ်သမားများအတွက် (FM) ရေဒီယိုအသံလွှင့်ဌာန တခုကို မဲဆောက်မြို့တွင် လာမည့်သီတင်းပတ်မှ စတင်ထုတ်လွှင့်မည်ဖြစ်သည်။

မဲဆောက်ဒေသအတွင်း (၁) သိန်းခွဲခန့်ရှိသည့် မြန်မာများအတွက် ထိုင်းဖောင်ဒေးရှင်းတခုဖြစ်သည့် MIGRANT ASSITANCE PROGRAN (MAP) အဖွဲ့၏ တိုင်းရင်းသားအလုပ်သမား ကျန်းမာရေးနှင့် ပညာရေးအစီအစဉ်မှ ကမကထပြု၍ ထုထ်လွှင့်မည် ဖြစ်သည်။

အလုပ်သမားအခွင့်အရေး၊ ထိုင်းအလုပ်သမားဥပဒေ၊ အိပ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်ပညာပေးနှင့် ပညာရေး၊ လူမှုရေးများအပြင် ဖျော်ဖြေရေးကဏ္ဍများ ပါဝင်ပြီး ကြာသပတေးနှင့် သောကြာ (၂) ရက်နား၍ နေ့စဉ် တနေ့ (၈) နာရီ ထုတ်လွှင့်မည်ဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

သြစတြေးလျားတွင် မြန်မာပိုင်း အစီအစဉ်သစ် ထုတ်လွှင့်ရန်ရှိ

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာပြည်သူအား သတင်းအချက်အလက်များ ပံ့ပိုးပေးနိုင်ရန်နှင့် သတင်းနှင့်စာနယ်ဇင်း လွတ်လပ်ခွင့်ကို အားပေး မြှင့်တင်နိုင်ရန် ကြိုးစားသည့် အနေနှင့် သြစတြေးလျား ရေဒီယိုမှ မြန်မာပိုင်း အစီအစဉ်တခု ထုတ်လွှင့်လိမ့်မည် ဖြစ်သည်။

ရေဒီယို အစီအစဉ်သစ်သည် မြန်မာပြည်သို့ သြစတြေးလျား ရေဒီယိုမှ ထုတ်လွှင့်နေသော အစီအစဉ်များကို ပြန်လည်စတင်ရန် မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက်ကို ဖြည့်ဆည်းပေးရန်အတွက် သြစတြေးလျားအစိုးရနှင့် သြစတြေးလျား အသံလွှင့်ကော်ပိုရေးရှင်းတို့၏ စတင်ခဲ့မှု၏ အစိတ်အပိုင်းတခုပင် ဖြစ်သည်ဟု ဟမ်မက်စဘာဂျာက ပြောသည်။

မြန်မာနိုင်ငံအတွက် အစီအစဉ်အသစ်သည် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကိစ္စများအပေါ်တွင် သြစတြေးလျား၏ အမြင်နှင့် သဘောထားများကို ထုတ်လွှင့်ပေးလေ့ရှိခဲ့သည့် ABC ရေဒီယိုအနေနှင့် ဆက်စပ် လုပ်ကိုင်လိမ့်မည် ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

အဆိုတော်ရုပ်ရှင်သရုပ်ဆောင် ဇော်ဝမ်း ကွယ်လွန်

သင်္ကြန်မိုးရုပ်ရှင်ဇာတ်ကားဖြင့် နာမည်ကြီးသော သင်္ကြန်မင်းသားကြီး ဇော်ဝမ်း အသက် (၆၄) နှစ်သည် ယမန်နေ့ သြဂုတ် (၁၂) ရက် ည (၈) နာရီခွဲခန့်အချိန်က အင်းစိန်မြို့နယ် သီရိစန္ဒာဆေးခန်းတွင် ကွယ်လွန်သွားကြောင်း ၎င်း၏ မိသားစုဝင်တဦးက ပြောသည်
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ရေနံချောင်း အန်အယ်ဒီ အဖွဲ့ဝင် ၅ ဦး ပြန်လွတ်လာ

ချင်းမိုင်။ ။ ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချမည့်နေ့ ယခုလ ၁၁ ရက်နေ့ နံနက်တွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည့် မကွေးတိုင်း ရေနံချောင်းမြို့မှ အန်အယ်ဒီအဖွဲ့ဝင် ၅ ဦး ပြန်လွတ်လာပြီဖြစ်သည်။

ရေနံချောင်းမြို့နေ အန်အယ်ဒီခေါင်းဆောင်များဖြစ်သည့် မကွေးတိုင်း အန်အယ်ဒီ အမျိုးသမီးတာဝန်ခံ ဒေါ်ခင်စောဌေးနှင့် ပါတီအဖွဲ့ဝင်များဖြစ်သော ဦးသန်းအောင်၊ ဦးတင့်လွင်၊ ဦးကျော်ငြိမ်း၊ ဦးအေးကိုတို့ကို တရက်ကြာ ထိန်းသိမ်းပြီးနောက် နေ့တွင်းချင်းနှင့် နောက်တရက်တို့တွင် နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်ချမှတ်သည့်နေ့က ရန်ကုန်၊ ပဲခူးမြို့တို့မှ အန်အယ်ဒီ အဖွဲ့ဝင်များနှင့် ထောက်ခံသူများကို အာဏာပိုင်များက ခေတ္တထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သြဂုတ်လ ၁၄ ရက်
ရက်သတ္တပတ် ၃၂၊ ၂၀၀၉
မြန်မာသတင်း

ကိုးကန့်တပ်ဖွဲ့အကျဉ်းထောင် ထောင်ခါ ဒေသအတွင်း စစ်ရေးပြင်ဆင်မှုများ ရှိနေ

ရှမ်းပြည်အရှေ့မြောက်ပိုင်းအခြေစိုက် မြန်မာနိုင်ငံ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့က ၎င်းဒေသအတွင်း ရာဇ၀တ်မှု၊ မူးယစ်ဆေးဝါးအမှုများဖြင့် ကိုးကန့်တပ်ဖွဲ့၏ အကျဉ်းထောင်အတွင်း ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးလိုက်သဖြင့် ဒေသအတွင်း စစ်ဖြစ်တော့မလားဆိုသည့် စိုးရိမ်ပူပန်မှုများ ပိုမိုတိုးပွားလာနေသည်။

ကိုးကန့်ဒေသအတွင်း ပြစ်မှုတခုခု ကျူးလွန်၍ ကိုးကန့်တပ်ဖွဲ့၏ အချုပ်ထောင်အတွင်း ပြစ်ဒဏ်ကျခံနေရသူအားလုံးကို ယခုလ (၁၂) ရက်က ပြန်လွှတ်ပေးလိုက်ပြီး လွှတ်ပေးသူများထဲမှ တပ်ဖွဲ့ဝင်ဟောင်းများအား ပြန်လည်စစ်မှုထမ်းခိုင်းနေသည်ဟု ရှမ်းပြည်အရှေ့မြောက်ပိုင်း လောက်ကိုင်မြို့မှ ကုန်သည်တဦးက ပြောသည်။

အခင်းဖြစ်ပွားပြီး နောက်တနေ့တွင် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် လောက်ကိုင်မြို့သို့ လာရောက်ကာ ကိုးကန့်တပ်ဖွဲ့ ဥက္ကဋ္ဌ ဖုန်ကျားရှင်အား တောင်းပန်ရာ ထွက်မတွေ့သဖြင့် နှစ်ဖက်အကြား တင်းမာမှု ကြီးထွားလာနေပြီး တရုတ်ဘက်က အာဏာပိုင်များကလည်း လာရောက် စေ့စပ်ပေးမှုများ လုပ်ခဲ့ရသည်ဟု ကိုးကန့်ခေါင်းဆောင်များနှင့် နီးစပ်သည့် ကုန်သည်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဂျွန်ယက်တောကို မနက်ဖြန် ပြန်ပို့မည်

နယူးဒေလီ။ ။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ ယခုနှစ် မေလဆန်းတွင် တိတ်တဆိတ် ဝင်ရောက်ခဲ့သဖြင့် ပြီးခဲ့သည့် အင်္ဂါနေ့က ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသူ မစ္စတာ ဂျွန်ယက်တောအား လူသားချင်း စာနာသည့် အနေဖြင့် မနက်ဖြန်တွင် အမေရိကန်နိုင်ငံသို့ ပြန်ပို့တော့မည် ဖြစ်သည်။

သူ၏ ကျန်းမာရေး အခြေအနေအရ မြန်မာနိုင်ငံတွင် ထောင်ဒဏ် ၇ နှစ် ကျခံရမည့်အစား အမေရိကန်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးရန် အာဏာပိုင်များက အမိန့်ထုတ်ပြန်ခဲ့ကြောင်း တပ်တွင်း သတင်းရပ်ကွက်များ အဆိုအရ သိရခြင်း ဖြစ်သည်။ မစ္စတာဝက်ဘ်၏ ခရီးစဉ် မတိုင်ခင်ကတည်းက အာဏာပိုင်များ အနေဖြင့် လွှဲပြောင်းပေးရန် ဆုံးဖြတ်ပြီး ဖြစ်သော်လည်း မစ္စတာဝက်ဘ်နှင့် မြန်မာအာဏာပိုင်များ တွေ့ဆုံမှုအတွင်း ထိုကဲ့သို့ သဘောတူဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှု ထပ်တိုး

နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ပြစ်ဒဏ်ချမှတ်လိုက်ပြီး သူ့၏အခြေခံအခွင့်အရေးများကို ချိုးဖောက်လိုက်သည့်အပေါ် တုံ့ပြန်အရေးယူသည့်အနေဖြင့် ဥရောပသမဂ္ဂ( အီးယူ) က မြန်မာစစ်အစိုးရကို ယမန်နေ့က ပိတ်ဆို့ဒဏ်ခတ်မှုအသစ်တရပ် တိုးချဲ့ချမှတ်လိုက်သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ဒေါ်အောင်ဆန်းစုကြည်၏အမှုကို စီရင်ချက်ချသည့် တရားသူကြီးများ၏ အမည်များကိုပါ အီးယူနိုင်ငံများသို့ ခရီးသွားလာခွင့်ဗီဇာပိတ်ပင်လိုက်ပြီး ၎င်းတို့၏ပိုင်ဆိုင်မှုများကိုပါ ပိတ်ဆို့ဟန့်တားလိုက်ခြင်းဖြစ်သည်။

မြန်မာစစ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့နှင့်ဆက်နွှယ်သူများ ပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများ၊ ပိုင်ဆိုင်မှုများကိုလည်း ထပ်တိုးပိတ်ဆို့ဒဏ်ခတ်ခြင်းဖြစ်ကြောင်း ဥရောပသမဂ္ဂမှ သြဂုတ် (၃) ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အမေရိကန် ဆီးနိတ် လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

နယူးဒေလီ (မဇ္ဈိမ)။ ။ အာဆီယံအသင်းဝင် နိုင်ငံ ၅ နိုင်ငံ ခရီးစဉ်၏ အစိတ်အပိုင်းတခုအဖြစ် မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် အမေရိကန်နိုင်ငံ အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်သည် ပြီးခဲ့သည့် အပတ်အတွင်းက စစ်အစိုးရမှ အလုပ်နှင့် ထောင်ဒဏ် ၁၈ လ ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ တွေ့ဆုံခဲ့ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

အမေရိကန် အထက်လွှတ်တော်အမတ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်တွေ့မည်

အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ်သည် ယနေ့မြန်မာနိုင်ငံသို့ ရောက်ရှိပြီးသည့်နောက်ပိုင်း မြန်မာစစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံရန်စီစဉ် ထားကြောင်း ၀ါရှင်တန် အေအန်အိုင် သတင်းတွင် ဖော်ပြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အမေရိကန် ကွန်ဂရက် လွှတ်တော်အမတ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့်တွေ့ဆုံ

ချင်းမိုင် (မဇ္ဈိမ)။ ။ အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်(Jim Webb) သည် ယနေ့ နံနက် ၁၁ နာရီခွဲခန့်က နေပြည်တော်ကို ရောက်ရှိလာပြီဖြစ်တယ်လို့ ခိုင်လုံသော သတင်းရပ်ကွက်အရ သိရသည်။ နေပြည်တော်တွင် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးလျှက် ရှိသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မွန်ပြည်သစ်အား ခွဲထုတ်ရန် စစ်အစိုးရ ပြင်ဆင်

နအဖကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ငြင်းဆန်ခဲ့သည့် မွန်ပြည်သစ်ပါတီ ခေါင်းဆောင်အချို့အား နအဖအာဏာပိုင်တို့က သွေးခွဲစည်းရုံးရန် ပြင်ဆင်နေပြီး ပါတီဝင်ဟောင်းများကိုလည်း ရွေးကောက်ပွဲ ဝင်ရောက်ရန် ပြင်ဆင်ခိုင်းနေကြောင်း စုံစမ်းသိရှိရသည်။

နအဖအာဏာပိုင်တို့က မွန်ပြည်သစ်ပါတီ၏ တပ်အင်အားနှင့် မွန်ပြည်သူများအကြား အရှိန်အ၀ါရှိသည့် မွန်ခေါင်းဆောင်များနှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း ကျေးရွာဥက္ကဋ္ဌမှတဆင့် ကောက်ခံခိုင်းနေကြောင်း အဆိုပါကော်မတီဝင်က ပြောသည်။

အသက် (၄၀) နှင့် (၅၀) အကြား လူလတ်ပိုင်း မွန်ပြည်သစ် ပါတီဝင်ဟောင်းများကိုလည်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကမ်းလှမ်းနေကြောင်း မော်လမြိုင်ခရိုင်မှ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ကေအိုင်အိုက ဝန်ထမ်းများအား စစ်သင်တန်းပေး

ရွှေလီ (မဇ္ဈိမ)။ ။ နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရေးကို ငြင်းဆန်နေသည့် ကချင် လွတ်လပ်ရေးအဖွဲ့ KIOက ၄င်းအဖွဲ့ ထိန်းချုပ်ရာ ဒေသတွင် အရပ်ဘက် အုပ်ချုပ်ရေး တာဝန် ထမ်းဆောင်နေသော ဌာနဆိုင်ရာ ဝန်ထမ်းများကို ရက်တို စစ်သင်တန်း ပေးလျှက်ရှိသည်။

အဆိုပါ စစ်သင်တန်းဆင်းပြီး အရပ်ဘက် ဝန်ထမ်းများအား ကိုယ်စီ လက်နက်ငယ်များပါ တပ်ဆင်ပေးထားကြောင်း သိရသည် ။

ကေအိုင်အို ထိန်းချုပ်ရာ လိုင်ဇာမြို့နှင့် သိပ်မဝေးသည့် ဒုံဖုန်းယန်နှင့် နမ့်ဆန်ယန် ကျေးရွာအနီးနားထိ မြန်မာ့ တပ်မတော် စစ်အင်အားများ တိုးချလာခြင်းများ ရှိနေသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မယ်လစခန်းတွင် A (H1N1) သံသယရှိသူများကို စစ်ဆေး

မယ်လဒုက္ခသည်စခန်းတွင် A (H1N1) တုပ်ကွေးဖြစ်ပွားသူများ တွေ့ရှိပြီးနောက် အဆိုပါရောဂါလက္ခဏာဟု သံသယရှိသူ ဒုက္ခသည် (၂၅) ဦးကို စစ်ဆေးကုသမှုများ လုပ်ဆောင်နေသည်ဟု စခန်းဆေးရုံတာဝန်ခံက ပြောသည်။ အဆိုပါဒုက္ခသည် (၂၅) ဦးတွင် လူကြီး (၄) ဦးသာပါရှိပြီး ကလေးငယ်အများစုပါဝင်ကာ အပူချိန်တက်ခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်းနှင့် အဆုတ်ပွခြင်း စသည့် A (H1N1) ဖြစ်နိုင်ခြေရှိသည့် လက္ခဏာများကို တွေ့ရှိရသည်ဟု ဆရာစောနေဆဲက ပြောသည်။

ယခုလောလောဆယ် မယ်လစခန်းတွင် အဆုတ်ပွ၍ ဆေးကုသမှု လာရောက်ခံယူသူ လူနာပေါင်း နေ့စဉ် (၁၀၀) ခန့်ရှိသည်ဟု သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ရှမ်းကျေးရွာများ မီးရှို့ဖျက်ဆီး ပြောင်းရွှေ့ခံရ

နယူးဒေလီ။ ။ ရှမ်းပြည် (အလယ်ပိုင်း) ရှိ ကျေးရွာပေါင်း ၄၀ ခန့်အား ပြီးခဲ့သည့် လကုန်ပိုင်းတွင် ဒေသတွင်း အခြေစိုက် စစ်တပ်များက မီးရှို့ခြင်း၊ ပြောင်းရွှေ့ခိုင်းခြင်းကြောင့် ဒေသခံ ရွာသား တသောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြောင်း သိရသည်။

ပြီးခဲ့သည့်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ လဲချား၊ မိုင်းကိုင်နှင့် ကျေးသီးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာမှ အိမ်ခြေ ၅၀၀ ကျော်အား မီးရှို့ဖျက်ဆီးခြင်း၊ ရွာ ၃၀ ခန့်အား အဓမ္မ ရွှေ့ပြောင်းခြင်းကြောင့် ရွာသားပေါင်း ထောင်ချီ၍ အိုးအိမ်မဲ့ဖြစ်သွားခြင်း ဖြစ်သည်။

ယခုလုပ်ရပ်သည် ပြီးခဲ့သည့် မေလ ၂၁ ရက်မှ ဇူလိုင်လ ၁၅ ရက်အတွင်း ဖြစ်ပွားခဲ့သော SSA (တောင်ပိုင်း) နှင့် မြန်မာစစ်တပ်၏ တိုက်ပွဲများတွင် စစ်တပ်မှ ဗိုလ်ကြီး၊ ဗိုလ်မှူး အဆင့်ရှိသူများ အပါအဝင် တပ်သား ၂၀ ကျော် သေဆုံးခဲ့သည့် ဒေသတွင်း၌ ဖြစ်ပွားခဲ့သည်။

ရှမ်းပြည်သူများအား ယခုလို ဒုက္ခပေးခြင်းသည် 'ကြွက်မနိုင် ကျီမီးရှို့' သဘောဖြင့် ပြန်လည်တုံ့ပြန်ခြင်း ဖြစ်နိုင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက ပြောဆိုသည်။

ပြီးခဲ့သည့်လ ၂၂ ရက်နေ့က မိုင်းနန်မြို့နယ် အခြေစိုက် စဗခ (စစ်ဗျူဟာ ကွပ်ကဲရေးဌာနချုပ်) ၂ တွင် တပ်ခေါင်းဆောင်များ အစည်းအဝေးလုပ်ခဲ့ပြီးနောက် ယခုလို ဖြစ်ရပ်မျိုး ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)

Sunday, August 9, 2009

သတင်းမှတ်စု ( ၃၁ )

သြဂုတ် ၃ ရက်
ရက်သတ္တပတ် ၃၁၊ ၂၀၀၉
မြန်မာသတင်း

သင်္ဘောပေါက်ကွဲမှုဖြစ်ပွား၊ လူ (၃) ဦး ပွဲချင်းပြီးသေဆုံး (၁၁) ဦး အတွင်းလူနာအဖြစ် ကုသနေရ

ယနေ့နံနက် (၄) နာရီခန့်က ရန်ကုန်နှင့် ဧရာဝတီတိုင်းသို့ ပြေးဆွဲနေသော စိန်ရွှေမိုး တထပ်သင်္ဘောတွင် စက်သုံးဆီ ပေါက်ကွဲမှုတခုဖြစ်ပွားသောကြောင့် လူ (၃) ဦး ပွဲချင်းပြီး သေဆုံးကာ (၁၁) ဦးမှာ အတွင်းလူနာအဖြစ် ရန်ကုန် ဆေးရုံကြီးတွင် တင်ထားရကြောင်း သိရသည်။

အဆိုပါသင်္ဘောမှာ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်အနီးရှိ ဆိပ်ကမ်းတခုတွင် ဆိုက်ကပ်ထားကြောင်း သိရသည်။ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ သတင်းများအရ အဆိုပါသင်္ဘော ပေါက်ကွဲမှုဖြစ်ပွားသည့်အတွက် သင်္ဘောမှာ (၃) ပိုင်း ပိုင်းသွားကြောင်း၊ အနီးရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ဌာနပိုင် ကြံ့ (၁၄) အုပ်စုပိုင် ရေယာဉ်တစီးရှိ ရေယဉ်မှူးနှင့် ၀န်ထမ်းများ ၀င်ရောက်ကူညီမှုများကြောင့် အဆိုပါ (၁၄) အုပ်စုမှ ရေယာဉ်မှူးတဦးမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။ ဒဏ်ရာရသော လူ (၁၁) ဦးတွင်လည်း အသက် (၁၆) နှစ်အရွယ် ကလေးတဦးပါကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။

စိန်ရွှေမိုးသင်္ဘော၏ ဒုတိယ ရေယာဉ်မှူးအသက် (၃၄) နှစ်အရွယ် ကိုဇော်လတ် (ခေါ်) ကိုအောင်သူရကို အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ငွေစက္ကူအကြွေများ လဲလှယ်သူ မရှိ

ယနေ့မှစ၍ စစ်အစိုးရ မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် ဟောင်းနွမ်းနေသည့် ငွေစက္ကူအကြွေများကို လဲလှယ်ပေးနေသော်လည်း လာရောက်လဲလှယ်သူ အလွန်နည်းပါးကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ငွေစက္ကူအကြွေရှားပါးမှုများကြောင့် ငွေစက္ကူ (၅) ကျပ်တန်မှ (၂၀၀) တန်အထိ တမျိုးကို (၁၀) ရွက်အထိ အစိုးရဘဏ်များတွင် လဲလှယ်ပေးနေခြင်းဖြစ်သည်။

ပန်းဆိုးတန်းလမ်းဘက်ရှိ ဘဏ်ခွဲများတွင် နေ့လယ် (၁၂) နာရီရောက်သည်အထိ ငွေလဲကောင်တာ ဖွင့်ထားသော်လည်း လာရောက်လဲလှယ်သူ မရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ငွေလည်ပတ်သုံးစွဲရာတွင် ငွေစက္ကူအကြွေများ ရှားပါးရုံသာမက ဟောင်းနွမ်းစုတ်ပြဲနေပြီး ယင်းငွေဟောင်းများမှာ သာမန်ပြည်သူများလက်ထဲတွင် အမြောက်အမြားရှိနေကြခြင်းမဟုတ်သည့်အတွက် ယခုကဲ့သို့ ငွေစက္ကူဆယ်ရွက်လောက်နှင့် ဘဏ်မှာလာလဲကြမည်မဟုတ်ကြောင်း စာရေးဆရာစီးပွားရေးပညာရှင်တဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ထိုင်းအစိုးရက နယ်စပ်ထောက်ပံ့ အုပ်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးရေးလုပ်လို

ချင်းမိုင် (မဇ္ဈိမ)။ ။ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် နယ်စပ်ဂိတ်များ အထူးသဖြင့် မြန်မာနိုင်ငံ မြဝတီနှင့်တဖက်ကမ်း မဲဆောက်တွင် အုပ်ချုပ်ထောက်ပံ့မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုင်းအစိုးရ ကူးသန်းရောင်းဝယ်ရေးဌာန ဒု-ဝန်ကြီး Alongkorn Polbut သည် ထိုင်းနယ်စပ် စီးပွားရေုးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးသည့်အနေနှင့် မဲဆောက်နှင့် မြဝတီမြို့များသို့ ဇူလိုင်လ ၃၁ ရက်နှင့် သြဂုတ်လ ၁ ရက်နေ့များက သွားရောက်လည်ပတ်ခဲ့သည်။

သူ၏ ဝန်ကြီးဌာနက `အုပ်ချုပ်ထောက်ပံ့ ဗဟိုချက်မ စီမံကိန်း´ “Logistics Hubs Project” ကို ဆောင်ရွက်သွားမည်ဟု မဲဆောက်တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ဒုဝန်ကြီး Alongkorn က ပြောကြားသွားသည်။ ဤလုပ်ငန်းသည် အာဆီယံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ်တွင် အကောင်အထည်ဖော်မည့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ်အတွက်ပါ အထောက်အကူပြုမည်ဟု ဆိုသည်။ စီမံကိန်းအတွက် ထိုင်းစီးပွားရေး လုပ်ငန်းများမှ မြန်မာနိုင်ငံရှိ အလုပ်သမားများကို ငှားရမ်းရာတွင် မှတ်ပုံတင်ခနှင့် အခွန်နှုန်း အထူးသက်သာသော နှုန်းထားဖြင့် ရရှိရေးတို့ကဲ့သို့သော ဥပဒေအရ အထူးအခွင့်အရေးတို့ကိုပါ ရရှိမည်ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းသစ် ကန်ပိုက်တီးတွင် ဖွင့်လှစ်


သြဂုတ် (၁) ရက်နေ့က ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်၊ ကန်ပိုက်တီးကျေးရွာတွင် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းကို တရားဝင်ဖွင့်လှစ်လိုက်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများအခြေချကာ စတင် တာဝန် ထမ်းဆောင်နေသည်။

ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ သစ်တောဌာန၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့ စသည့် ဦးစီးအရာရှိများနှင့်အတူ တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများသည် သြဂုတ် (၁) ရက်နေ့ မနက်အစောပိုင်းက ကန်ပိုက်တီးသို့ သွားရောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ မိုင် (၆ဝ) နီးပါး ရှည်လျားသည့် ကန်ပိုက်တီး-ဝိုင်းမော်လမ်းကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် အသုံးပြုရန် တရုတ်ဘက်မှ ကုမ္ပဏီတခုက ၂ဝဝ၆ ခုနှစ်တွင် ပြုပြင်ဖောက်လုပ်ခဲ့ရာ လမ်းကောင်းမွန်နေသော်လည်း ကုန်သွယ်ရေးအတွက် အရေးမပါလှသောကြောင့် အသွားအလာနည်းပါးကြောင်း အဆိုပါ မြစ်ကြီးနားမြို့ခံက ပြောသည်။

ကုန်သွယ်ရေးအရ အချက်အချာမကျသည့် ကန်ပိုက်တီးကျေးရွာတွင် နယ်စပ်ကုန်သွယ်ရေး ဖွင့်လှစ်လိုက်ခြင်းမှာ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ ထိန်းချုပ်ရာ လိုင်ဇာမြို့ကို ဖြတ်သန်းရသည့် လိုင်ဇာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ရုပ်သိမ်းချင်ပုံရသည်ဟု လိုင်ဇာဒေသခံတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

KNU တပ်မဟာ ၆ ကို ပူးပေါင်းတပ် ထိုးစစ်ဆင်မည်


မဇ္ဈိမ (ချင်းမိုင်)။ ။ နအဖစစ်တပ်နှင့် DKBA ပူးပေါင်းတပ်များသည် KNU တပ်မဟာ ၆ ကို ထိုးစစ်ဆင်ရန်အတွက် နယ်မြေအတွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ ကျုံဒိုး၊ ကော့ကရိတ်မြို့နယ်များ အပါအဝင် တပ်မဟာ ၆ အခြေစိုက် လှုပ်ရှားနယ်မြေအတွင်း နအဖ တပ်မ ၂၂ နှင့် ၇၇ လက်အောက်ခံ တပ်ရင်း ၃ ရင်း၊ ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်သော DKBA တပ်သား ၁၂၀ တို့နှင်အတူ ဝင်ရောက်လာကာ ထိုးစစ်အတွက် ပြင်ဆင်နေခြင်း ဖြစ်သည်။

မိုးတွင်းကာလ ဖြစ်သောကြောင့် မိုးတွင်းနှင့် လျော်ညီသည့် အနေအထားများဖြင့် လွန်ခဲ့သည့် တလခန့်ကပင် KNU က ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်ဟု ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

နာဂစ်မုန်တိုင်းသင့်ဒေသ ရေသန့်ဖူလုံတော့မည်

နာဂစ်လေမုန်တိုင်းသင့်ဒေသတွင် လာမည့်ခြောက်သွေ့ရာသီအတွင်း ရေကောင်းရေသန့် အလုံအလောက် ရရှိနိုင်တော့မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများကို ကိုးကားပြီး IRIN သတင်းတွင် ဖော်ပြသည်။

နိုင်ငံတကာကယ်ဆယ်ရေးဧဂျင်စီများ၊ အာဏာပိုင်များနှင့် ဒေသဆိုင်ရာတို့ ပူးပေါင်းလုပ်ဆောင်မှုကြောင့် ရေကောင်းရေသန့် ရရှိမှုအခြေအနေ တိုးတက်လာနေသည်ဟု သိရသည်။

နာဂစ်မုန်တိုင်းသင့်ဒေသများတွင် ညစ်ညမ်းနေသောရေကန်များအား ပြန်လည်ပြုပြင်ခြင်းနှင့် ရေကန်အသစ်များ တူးဖော်ခြင်းတို့ကြောင့် လေဘေးဒုက္ခသည်များအနေဖြင့် ရေအလုံအလောက်ရရှိတော့မည်ဖြစ်ကြောင်း ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့မှ ရေနှင့်ကျန်းမာရေးဆိုင်ရာအရာရှိ Waldemar Pickardt က ပြောသည်။

ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့မှ ကွမ်းခြံကုန်း၊ ဒေးဒရဲနှင့် ဘိုကလေးမြို့နယ်တို့တွင် ရေကန်ပေါင်း (၄၀) တူးဖော်ခဲ့ပြီး မုန်တိုင်းဒဏ်အဆိုးဆုံးခံခဲ့ရသည့် လပွတ္တာမြို့နယ်အတွင်း ရေကန်ပေါင်း (၅၀) ကျော် တူးဖော်နေဆဲဖြစ် သည်ဟု သတင်းတွင် ဖော်ပြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဘောလုံး ကလပ်များ ဒေါ်လာ ၇ သောင်းတန် ကားပါမစ် လျှောက်ခွင့်ရ

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ပုဂ္ဂလိက ဘောလုံးအသင်းများကို တသင်းလျှင် အမေရိကန် ဒေါ်လာ ၇ သောင်းတန် ကားပါမစ် လျှောက်ထားခွင့်ပြုမည်ဟု ဘောလုံးအဖွဲ့ချုပ်က ပြောသည်။

အသင်း တသင်းစီအလိုက် ဘောလုံးအသင်းများ အသုံးပြုရန် ကားတင်သွင်းခွင့် မလျှောက်ထားဘဲ ဘောလုံးအသင်းများ စုပေါင်း၍ လျှောက်ထားရန် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောဆိုထားသည်ဟု သိရသည်။

ယင်းအစီအစဉ်အရ ကလပ်အသင်း ၈ သင်းမှ ဘောလုံးအဖွဲ့ချုပ်သို့ သွင်းကုန် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် လိုအပ်မည့် ကား၂ စီးကို ကန်ဒေါ်လာ ၇ သောင်းထက် မပိုစေဘဲ အဆိုပြုရမည်။ ကား ၂ စီးကို ပြည်ပ ပေါက်ဈေးအတိုင်း တင်သွင်းခွင့်ရရန် အဖွဲ့ချုပ်က စီစဉ်ပေးမည် ဖြစ်သည်။ မည်သို့သော ကားအမျိးအစားကို တင်သွင်းခွင့်ပြုမည်ကို လောလောဆယ် သဲသဲကွဲကွဲ မသိရသေးသော်လည်း ဘတ်စ်တစင်းနှင့် စိတ်ကြိုက်ကား တစင်း ဖြစ်မည်ဟု အဖွဲ့ချုပ် အသိုင်းအဝိုင်းက ပြောကြသည်။

မြန်မာပြည်၏ ကားတင်သွင်းခွင့်ကို စစ်တပ်၏ ကျောထောက်နောက်ခံ စီးပွားရေးအုပ်စုဖြစ်သော စီးပွားရေး ဦးပိုင်လိမိတက်က တင်သွင်းခွင့်ကို ချုပ်ကိုင်ထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သြဂုတ်လ ၄ ရက်
ရက်သတ္တပတ် ၃၁၊ ၂၀၀၉
မြန်မာသတင်း

ဝ ငြိမ်းချမ်းရေး အဖွဲ့နယ်မြေအနီးသို့ နအဖ တပ်ရင်း ၃ ခု လာရောက် တပ်စွဲထား

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ ဝဒေသမြောက်ပိုင်းရှိ ဟိုပန်မြို့နယ်၊ နမ့်တင်းတွင် ရှမ်းပြည်မြောက်ပိုင်း၊ သိန္ဒီအခြေစိုက် အမှတ် (၁၆) စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံ တပ်ရင်း (၃) ရင်း ယခုလ (၂) ရက်မှစတင်၍ လာရောက်တပ်စွဲထားသည်၊၊

နအဖစစ်သားများ ဝမြောက်ပိုင်းဒေသအနီးသို့ လာရောက်တပ်စွဲလှုပ်ရှားမှုအပေါ် ဝတပ်ဖွဲ့စောင့်ကြည့်နေပြီး ယနေအချိန်အထိ အခြေအနေငြိမ်သက်နေသေးကြောင်း ဝတပ်မှူးတဦးက ပြောသည်။ ယခုကဲ့သို့ တပ်အင်အားများ ငြိမ်းအဖွဲ့နယ်မြေအနားတွင် လာရောက်လှုပ်ရှားလာမှုမှာ ငြိမ်းအဖွဲ့များအပေါ် ခြိမ်းခြောက် ဖိအားပေးနည်းတမျိုးသာဖြစ်ပြီး တိုက်ခိုက်ရန်အဆင့်အထိ မရောက်နိုင်သေးကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

၎င်းက “တပ်တွေကို အဲဒီနားကိုပို့ပြီး ခြိမ်းခြောက်ဖိအားပေးတာသက်သက်ပါ။ ဒေသခံလူထုတွေ ကြောက်လန့်၊ အထိတ်တလန့်ဖြစ်ပြီး လူထုက စစ်မတိုက်ပါနဲ့တော့လို့ ပြောလာအောင် ဖိအားပေးတာမျိုးပါ။ အခု ဝနယ်ဘက်ကပ်လာတဲ့ တပ်ရင်းသုံးရင်းမှာ တရင်းက (၁၄၂) ယောက်၊ နောက်တခု (၁၄၆) ယောက်၊ နောက်တရင်းက (၁၅၃)၊ အားလုံးအင်အား (၄ဝဝ) ကျော်ပဲ။ ဝကိုတိုက်ဖို့ ဒီလောက်အင်အားလေးနဲ့ သွားလုပ်လို့မရပါဘူး။ အခုအချိန်မှာ သူတို့မတိုက်နိုင်သေးပါဘူး” ဟု ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ရွေးကောက်ပွဲဝင်မည့် အဖွဲ့ခေါင်းဆောင် လိုင်စင်မဲ့ကားကြောင့် တရားစွဲခံရ

နယူးဒေလီ (မဇ္ဈိမ)။ ။ ၂၀၁၀ ရွေးကောက်ပွဲ ဝင်မည်ဟု ဆိုထားသည့် ၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များ အဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) မှ ခေါင်းဆောင်တဦး လိုင်စင်မဲ့ကား တင်သွင်းမှုဖြင့် တရားစွဲခံနေရသည်။

အထွေထွေအတွင်းရေးမှူးဖြစ်သူ ကိုသန်းဦးသည် ထိုင်းနယ်စပ်မှ တရားမဝင် လိုင်စင်မဲ့ကား တင်သွင်းသည်ဟု စွပ်စွဲခံရကာ ရန်ကုန်တိုင်း မြောက်ဥက္ကလာပ မြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေရခြင်း ဖြစ်သည်။

ယခု နှစ်ဆန်းပိုင်းတွင် ကိုသန်းဦး မောင်းနှင်လာသည့် ကားဖြင့် မြောက်ဥက္ကလာပ မြို့ခံတဦးကို ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ကာယကံရှင်နှင့် ညှိနှိုင်းကာ လျော်ကြေးငွေပေးကာ ကျေအေးခဲ့သော်လည်း ကားကိုမူ လိုင်စင်မဲ့ကား ဖြစ်နေသဖြင့် မြောက်ဥက္ကလာမြို့နယ်ရှိ ကျောက်ရေတွင်း ယာဉ်ကြော ထိန်းသိမ်းရေး ရဲတပ်ဖွဲ့မှ ထိန်းသိမ်းထားပြီး မြို့နယ် တရားရုံးတွင် တရားစွဲခံထားရခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။

နီးစပ်သူက ယခုလို ပြောဆိုသော်လည်း အဖွဲ့ဥက္ကဋ္ဌဖြစ်သူ ကိုအေးလွင်ကမူ ကားတိုက်မှုရော၊ တရားစွဲခံရမှုပါ မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

တပ်ဖွဲ့အသွင်ပြောင်းရေး နအဖ၏ကမ်းလှမ်းချက် မွန်ပြည်သစ်ပါတီက ပယ်ဖျက်

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် နအဖစစ်အစိုးရ၏ ကမ်းလှမ်းချက်ကို မွန်ပြည်သစ်ပါတီက ပယ်ချလိုက်ပြီး မွန်အမျိုးသားတို့အတွက် မြင်သာသည့်အခွင့်အရေး တစုံတရာ မတွေ့ရသမျှ ၎င်း၏တပ်ဖွဲ့အား မည်သည့်အခါမျှ အသွင်ပြောင်းလိမ့်မည်မဟုတ်ဟု ပြောဆိုလိုက်သည်။

အဆိုပါဆုံးဖြတ်ချက်များအား ဇူလိုင် (၂၇) ရက်မှစ၍ ပါတီဗဟိုဌာနချုပ်တွင် (၆) ရက်ကြာ ကျင်းပခဲ့သည့် ပါတီဗဟိုကော်မတီဝင်များ၏ အရေးပေါ်အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်အား လက်ရှိတည်နေရာအတိုင်း ဆက်လက်ထားရှိသွားမည်ဟုလည်း ထိုအလုပ်အမှုဆောင်ကော်မတီဝင်က ပြောသည်။

တိုင်းရင်းသားလူမျိုးပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးနှင့် ပြည်သူလူထု၏အကျိုးကို ရှေးရှုသောအားဖြင့် လက်ရှိဖြစ်တည်နေသည့် ငြိမ်းချမ်းရေးအတိုင်း ဆက်လက်တည်မြဲစေလိုသော်လည်း အပစ်အခတ်ရပ်စဲရေးသည် နအဖအပေါ်တွင်သာ မူတည်ကြောင်း မွန်ပြည်သစ်ပါတီက သတိပေးထားသည်။

တပ်ဖွဲ့အသွင်ပြောင်းရန် အခြားအပစ်ရပ်အဖွဲ့များအား နအဖက စစ်ရေးအရ ဖိအားပေးမှုများ ရှိသော်လည်း မွန်ပြည်သစ်ပါတီအား ယခုအချိန်အထိ အလားတူ ဖိအားပေးမှုမျိုး မရှိသေးကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ငွေကြေး အရှုပ်တော်ပုံကြောင့် ရွေးကောက်ပွဲဝင်မည့် အဖွဲ့ကွဲ

နယူးဒေလီ (မဇ္ဈိမ) ။ ။ အဖွဲ့အတွင်း ငွေကြေး အရှုပ်တော်ပုံကြောင့်ဟုဆိုကာ ရွေးကောက်ပွဲဝင်ရန် ရည်ရွယ် ဖွဲ့စည်းထားသော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်မှ ပခုက္ကူမြို့နယ် တာဝန်ခံသည် အဖွဲ့မှ နုတ်ထွက်သွားပြီ ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲချုပ်အပါအဝင် အတိုက်အခံများက ပယ်ချထားသော အခြေခံဥပဒေကို ကျင့်သုံးမည့် ၂၀၁၀ ခုနှစ်တွင် ပြုလုပ်မည်ဆိုသော ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခြင်းသာလျှင် နိုင်ငံရေး ထွက်ပေါက်ဟု ယူဆထားသူ အနည်းစုတွင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်လည်း ပါဝင်သည်။

နုတ်ထွက်သူ တိုးလာနေသည့် အဖွဲ့၏ ပခုက္ကူခရိုင် - မြို့နယ် ဆိုင်းဘုတ် ၂ ခုကို ယခုအခါ ပြန်လည် ဖြုတ်ချလိုက်ကာ တသီးပုဂ္ဂလအဖြစ် ရပ်တည်သွားမည်ဟု ကိုမျိုးသန့်က ပြောသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် (ပခုက္ကူခရိုင်- မြို့နယ်) ၏ ဆိုင်းဘုတ် ၂ ခုကို ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၁ ရက်နေ့ကမှ တင်ခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

စားဆီကိစ္စ ဗိုလ်မှူးချုပ်အောင်သိန်းလင်း ထင်ရာစိုင်းနေ ဈေးရောင်းသူများ မကျေမနပ်ဖြစ်

ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းသည် ပြည်တွင်း၌ တွင်တွင်ကျယ်ကျယ် သုံးစွဲနေသည့် စားသုံးဆီ (၇) မျိုးကို ကိုယ့်သဘောဖြင့်ကိုယ် ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ကြေညာပြီး ရန်ကုန်တိုင်း စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ဈေးဆိုင်များ၊ ဈေးများနှင့် စူပါမားကက်တို့တွင် လိုက်လံဖမ်းဆီးသိမ်းဆည်းနေကြောင်း ဈေးရောင်းသူများက ပြောသည်။

ပြီးခဲ့သည့်လ (၂၅) ရက်ထုတ် အစိုးရသတင်းစာများတွင် စားသုံးဆီ (၄) မျိုးကို စားသုံးရန်မသင့်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထိုသို့ထုတ်ပြန်ပြီး (၃-၄) ရက်အကြာတွင် ရန်ကုန်တိုင်းစည်ပင်သာယာရေးအဖွဲ့က ထိုင်းနိုင်ငံမှ တင်သွင်းသည့် ပုစွန်တစ်ကောင်၊ ပုစွန်နှစ်ကောင်တံဆိပ် စားဆီပုံးများကို ကျန်းမာရေးနှင့်မညီညွတ်ဟုဆိုကာ ရန်ကုန်မြို့ဈေးကွက်အချို့တွင် ၀င်ရောက်သိမ်းဆည်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့်သီတင်းပတ်က ဗိုလ်မှူးချုပ်အောင်သိန်းလင်းက စာနယ်ဇင်းသတင်းထောက်များနှင့် တွေ့ဆုံရာတွင် နောက်ထပ်စားဆီ တံဆိပ် (၇) မျိုးကို စားသုံးရန် မသင့်၍ ဖမ်းဆီးခဲ့ပြီး စုစုပေါင်း ပိဿာချိန် (၂,ဝဝဝ) ကျော်ရှိကာ နောက်ထပ်လည်း ဖမ်းဆီးရန် ရှိနေသေးသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က လက်ဝါးကြီးအုပ် တင်သွင်းနေသည့် မလေးရှားကန်ဆီများသည် အဆင့်အတန်းနိမ့်ပြီး ကျန်းမာရေးနှင့် ညီညွတ်ခြင်းမရှိကြောင်း အသည်းရောဂါကု ဆရာဝန် ဒေါက်တာခင်မောင်ဝင်းနှင့် ပြည်တွင်းဆရာဝန်များက ထောက်ပြကြသည်။

အဆိုပါဆီများကို ငွေမတတ်နိုင်သည့် ဆင်းရဲသားပြည်သူများက ဈေးပေါပေါဖြင့် ဝယ်ယူသုံးစွဲကြသည်။ ယခုကဲ့သို့ ဦးပိုင်ကသွင်းသည့် ညစ်ညမ်းနေသည့် ကန်ဆီများကို ဘာမှမပြောဘဲ၊ ကျန်းမာရေးဝန်ကြီးဌာနကလည်း ဘာမှ ကြေညာခြင်းမရှိသည့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် စားသုံးနေသည့် စားဆီများကို ရောင်းချမှုပိတ်ပင်ခြင်း၊ ဈေးများ၌ လိုက်လံခြိမ်းခြောက် သိမ်းဆည်းနေခြင်းတို့ကြောင့် ပြည်သူများ မကျေမနပ်ဖြစ်နေကြကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ပြည်ပရောက် အတိုက်အခံအဖွဲ့များက ချဉ်းကပ်မှုအသစ်ကို တွန်းအားပေး တင်ပြမည်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ပြည်သူကို ဆင်းရဲတွင်းထဲ ကျစေပြီး၊ တိုင်းပြည်ကို လုံးဝ ပျက်စီးစေခဲ့သည့် နိုင်ငံရေး အရှုပ်အထွေးမှ လွတ်မြောက်နိုင်ရေးအတွက် အဆိုပြုချက် အသစ်တရပ် ရှိနေပြီဟု မြန်မာအတိုက်အခံ အဖွဲ့များက ပြောဆိုလိုက်ကြသည်။

အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာတွင် ယခုလ ၁၂-၁၃ ရက်နေ့များတွင် ကျင်းပရန် စီစဉ်ထားသည့် အစည်းအဝေးသို့ တက်ရောက်မည့် နိုင်ငံရေးပါတီများ၊ အမျိုးသမီးအဖွဲ့များ၊ ကျောင်းသား အဖွဲ့အစည်းများ စုံညီစွာ ပါဝင်မည့် မဟာမိတ် ၇ ဖွဲ့က သူတို့သည် `အမျိုးသား ပြန်လည်သင့်မြတ်ရေး အဆိုပြုချက်´ ဟု အမည်ပေးထားသည့် အဆိုပြုချက်ကို ဆွေးနွေး၍ အချောသတ် အတည်ပြုကြမည်ဖြစ်ပြီး၊ ဤစာတမ်းကို မြန်မာစစ်အစိုးရထံသို့ ပေးပို့မည်ဖြစ်သည်ဟု ပြောဆိုသည်။

ဤအစည်းအဝေး (ကွန်ဗင်းရှင်း) သည် ပထမဆုံးအကြိမ်အဖြစ် တိုင်းရင်းသားလူမျိုးစုများ၊ ကျောင်းသားများ၊ အမျိုးသမီးအဖွဲ့များအပါအဝင် ကျယ်ပြန့်စုံလင်လှသော အတိုက်အခံအဖွဲ့များကို စုစည်းပေးနိုင်မည်ဖြစ်ကာ ပြည်ပရောက်အစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းက ယနေ့ ပြောသည်။ ကွန်ဖရင့်သို့ မဟာမိတ်အဖွဲ့ ၇ ဖွဲ့ဖြစ်ကြသော ထီးရိပ်အဖွဲ့အစည်းများဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB)၊ တိုင်းရင်းသား လူမျိုးစုများကောင်စီ (ENC)၊ မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့ချုပ် (WLB)၊ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက် (SYCB)၊ တိုင်းရင်းသားလူငယ်များ ဆုံရပ် (NYF)၊ မြန်မာနိုင်ငံ ဒီမိုကရေစီဖိုရမ် (FDB) တို့ တက်ရောက်ကြမည်။

အဆိုပါ အဆိုပြုချက်စာတမ်းတွင် အရပ်သားကဏ္ဍထောက်ခံမှု၊ ရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ၊ စစ်တပ်မှ ထွက်ခွင့်ပြုခြင်း၊ တိုင်းရင်းသား လူမျိုးများဆက်ဆံရေး၊ လူမှုအဆောက်အအုံ စသည့် အဓိကကျသော ပြဿနာ အမြောက်အမြားကို တင်ပြထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ထိုင်းဆီများ ပိတ်ပင်လိုက်သော်လည်း တင်သွင်းနေဆဲ

စားသုံးရန်အန္တရာယ်ရှိသည်ဟုဆိုကာ ထိုင်းဘက်မှတင်သွင်းသည့် စားသုံးဆီများကို မြန်မာဘက်မှတင်သွင်းခွင့် ပိတ်ပင်လိုက်သော်လည်း ထိုင်းဆီများကို မြန်မာကုန်သည်များက အာဏာပိုင်များနှင့် နားလည်မှုယူကာ ပုံမှန်တင်သွင်းလျက် ရှိသည်။ ယခုကဲ့သို့ ထိုင်းစားသုံးဆီများ ပိတ်ပင်ရခြင်းမှာ ရန်ကုန်မြို့တွင် ဦးပိုင်လီမိတက်မှ တင်သွင်းသည့် ကန်ဆီများ အရောင်းထိုင်း၍ ပိုလျှံနေသောကြောင့် ယခုကဲ့သို့ နယ်စပ်မှတင်သွင်းသည့်ဆီများကို ပြဿနာရှာခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ မြန်မာဘက်မှ တင်သွင်းခွင့် ပိတ်ပင်လိုက်သည့် ထိုင်းစားသုံးဆီများမှာ ထိုင်းအစားအစာနှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (အောရော) ၏ ခွင့်ပြုချက်ဖြင့် လက်ရှိ ထိုင်းနိုင်ငံတွင် တရားဝင်ရောင်းချနေသည့် စားသုံးဆီများဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ယက်တော ဆေးရုံတင်ထားရ

မဇ္ဈိမ (ချင်းမိုင်)။ ။ ဒေါ်အောင်ဆန်းစုကြည် အမှုတွဲ အမေရိကန် နိုင်ငံသား မစ္စတာယက်တော အင်းစိန်ထောင် အတွင်း၌ မူးလဲသဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ တင်ထားရကြောင်း သိရသည်။

မစ္စတာယက်တော မူးလဲသဖြင့် ယမန်နေ့ညက ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ သက်ဆိုင်ရာက ပို့ထားရကြောင်း သူ၏ ရှေ့နေ ကလည်း ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သြဂုတ်လ ၅ ရက်
ရက်သတ္တပတ် ၃၁၊ ၂၀၀၉
မြန်မာသတင်း

ရှစ်လေးလုံး မမေ့ရန် လှုံ့ဆော်စာများ ပဲခူးတွင် ဖြန့်ကျဲ

ချင်းမိုင် ။ ။ ပဲခူးမြို့တွင် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လှုံ့ဆော်စာများကို ယနေ့နံနက်ပိုင်းက ဖြန့်ကျဲခဲ့ကြောင်း ဒေသခံများအဆိုအရ သိရသည်။

A4 အရွယ်အစား စာရွက် ထက်ဝက်ခန့်တွင် '၆ ရက်၊ ၈ လ၊ ၈၈' ခေါင်းစဉ်ဖြင့် စာ ၄ ကြောင်းခန့် ရေးသားထားသည့် စာရွက်များကို မြို့တွင်း ကားလမ်းမများ၊ ဈေးများနှင့် လူစည်ကားရာ နေရာများတွင် မြို့ခံများအနေဖြင့် တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

ယနေ့နံနက်အစောပိုင်းတွင် ရွှေမော်တော ဘုရားလမ်းမကြီးနှင့် သနပ္ပင်လမ်းမပေါ်၌ အဆိုပါ စာရွက်များ တွေ့ရှိခဲ့သည်ဟု အခြား မြို့ခံတဦးကလည်း ပြောသည်။

နောက်ပိုင်းတွင် ၎င်းစာရွက်များကို ရဲများက လိုက်လံရှာဖွေမှုများ၊ သိမ်းဆည်းမှုများ ရှိခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ


သံလွင်မြစ်တလျှောက် ရေကာတာတည်ဆောက်ရေးစီမံကိန်းကြောင့် ဒေသခံပြည်သူ တို့အပေါ် သက်ရောက်စေမည့် ဆိုးကျိုးများကို ထိုင်းလူ့အခွင့်အရေး အဖွဲ့အစည်းများ နှင့် အန်ဂျီအိုတို့ထံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများမှ ယမန်နေ့က ဘန်ကောက်တွင် ဆွေးနွေးတင်ပြခဲ့သည်။

ထိုဆွေးနွေးပွဲတွင် တိုင်းရင်းသားဒေသများ၌ တည်ဆောက်မည့် သံလွင်မြစ်တလျှောက် ရေကာတာစီမံကိန်းများမှ စွမ်းအင်ထုတ်လုပ်ရာတွင် ကျရောက်မည့် ဆိုးကျိုးသက်ရောက်မှုများကြောင့် ထိုင်းအစိုးရအနေဖြင့် စီမံကိန်းအား ရပ်ဆိုင်းထားသင့်ကြောင်း တောင်းဆိုထားသည်။

အကယ်၍ တားဆီး၍ မရတော့လျှင်လည်း နေရာပြောင်းရွှေ့ခံရသည့် ပြည်သူများအတွက် ကျေနပ်လောက်သော ထောက်ပံ့မှုများ ဦးစားပေးလုပ်ဆောင်သင့်ကြောင်း သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့များက ပန်ကြားထားသည်။

သံလွင်မြစ်ရေကာတာ စီမံကိန်းများမှ ရလာမည့် လျှပ်စစ်စွမ်းအင်ကို ထိုင်း-မြန်မာနှစ်နိုင်ငံ သဘောတူညီချက်အရ ထိုင်းနိုင်ငံက အများဆုံးဝယ်ယူမည်ဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ

ချင်းမိုင်(မဇ္ဈိမ) ။ ။ မွန်အမျိုးသားများအတွက် ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက် မရှိဘဲ ပါတီနှင့် တပ်ခွဲထားခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းကို လက်ခံမှာ မဟုတ်ကြောင်း မွန်ပြည်သစ်ပါတီ NMSP က ပြောဆိုလိုက်သည်။

စစ်အစိုးရ ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးအား လက်မခံ ကြောင်း ယနေ့ကျရောက်သည့် (၆၂) ကြိမ်မြောက် “မွန်အမျိုးသား တော်လှန်ရေးနေ့” တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ပါတီဌာနချုပ်ရှိရာ ရေးမြို့နယ် ရေးချောင်းဖျားဒေသတွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်မှ သြဂုတ် ၁ ရက်နေ့အထိ ၆ ရက်ကြာ ကျင်းပခဲ့သော ဗဟိုအလုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးမှ အဆို ပါ သဘောထားများအား ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဆုံးဖြတ်ချက်များကို မွန်ပြည်သစ်ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် နိုင်ဒလညီက နအဖ အရှေ့ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းထံ ယနေ့ တရားဝင် ပေးပို့လိုက်ခြင်းဖြစ်သည်။

ဆုံးဖြတ်ချက်အတွင်း၌ အပစ်အခတ်ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းသွားမည်ဖြစ်ကာ တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် နိုင်ငံရေးပြဿနာကို ဖြေရှင်းသွားရန် လက်ရှိအစိုးရနှင့် နောင်တက်လာမည့် အစိုးရအား တောင်းဆိုသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်

နအဖစစ်အစိုးရ အာဏာပိုင်များက မြန်မာနိုင်ငံတဝန်းလုံး၌ ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေးများ လုပ်ဆောင်နေကြောင်း ဒေသအသီးသီးမှ စုံစမ်းသိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်တွင် သာမန်ပြည်သူများကို ဆိုင်ကယ်စီးခွင့် လုံးဝပိတ်ပင်ထားပြီး စစ်တပ်၊ ရဲနှင့် ဌာနဆိုင်ရာ ဝန်းထမ်းအချို့ကိုသာ အကန့်အသတ်ဖြင့် စီးနင်းခွင့်ပြုထားပြီး ယခုနောက်ပိုင်း အဆိုပါ စီးနင်းခွင့် ရှိသူများကိုလည်း အမျိုးမျိုးကန့်သတ်လာခြင်းဖြစ်သည်။

ရန်ကုန်တိုင်းအတွင်းရှိ အချို့မြို့နယ်တို့တွင် ဆိုင်ကယ်စီးနင်းခွင့် မရှိသော်လည်း မြို့လယ် စည်ပင်သာယာနယ်နိမိတ်နှင့် ဝေးကွာသည့်အတွက် ပြည်သူအများအပြား နယ်ကျော်ဆိုင်ကယ် စီးနင်းကြကာ အချို့က လိုင်စင်မဲ့ဆိုင်ကယ်များစီးကြပြီး အဆိုပါမြို့နယ်တို့တွင် ဌာနပေါင်းစုံပါ စစ်ဆေးရေးအဖွဲ့များက လမ်းဆုံလမ်းခွတို့တွင် စစ်ဆေးဖမ်းဆီးနေကြကြောင်းသိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

စိစစ်ရေးက ဂျာနယ်များအပေါ် အချိန်ကန့်သတ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ပြန်ကြားရေး ဝန်ကြီးဌာနလက်အောက် စာပေစိစစ်ရေးက အပတ်စဉ်ထုတ် ဂျာနယ်တိုက်များအပေါ် စာမူကြမ်း တင်ပြရာတွင် အချိန်ကန့်သတ်မှု ပြုလိုက်သည်။

ယခုလဆန်း တရက်နေ့မှစတင်ကာ အပတ်စဉ်ထုတ် ဂျာနယ်များ၏ စာမူကြမ်းများကို စီဒီဖြင့် တင်ပြရာတွင် နေ့လည် ၁၂ နာရီ နောက်ဆုံးထား တင်ပြရန် ညွှန်ကြားလာခဲ့သည်။

ရောင်းအားကောင်း အပတ်စဉ်ထုတ်ဂျာနယ်မှ တာဝန်ခံအယ်ဒီတာတဦးကမူ ပုံစံသစ်ကို ကြိုဆိုလိုက်သည်။

“ဒီပုံစံမျိုးက ဖြစ်သင့်တာ ကြာလှပါပြီ။ ဂျာနယ်သမားတွေအတွက် အရမ်းကို အဆင်ပြေလာပါတယ်။ လောလောဆယ်တော့ ကြိုးစားလုပ်ရတာပေါ့ဗျာ။ ဘယ်တော့လောက် အဆင်မပြေ ဖြစ်လာမလဲတော့ မသိဘူး” ဟု သူက ပြောသည်။

ဂျာနယ်တိုက်များ၏ စာမူကြမ်းများကို ယခင်က A3 ၊ A4 အရွယ်အစား စက္ကူများအသုံးပြုကာ စိစစ်ရေးတွင် တင်ပြခဲ့ရပြီး ပြီးခဲ့သည့်လမှ စတင်ကာ စာမူကြမ်းကို PDF ဖိုင်အသွင်ပြောင်း၍ စီဒီချပ်နှင့်အတူ စက္ကူစာမူကြမ်းဖြင့် ပူးတွဲတင်ပြခဲ့ကြသည်။

သို့သော် ယခုလဆန်းမှ စတင်ကာ စီဒီတခုတည်းဖြင့်သာ စိစစ်ရေးကို တင်ပြရန် ညွှန်ကြားခဲ့သည်။

ထို့အပြင် စာပေစိစစ်ခအတွက် ဂျာနယ်များအား ခွင့်ပြုထားသည့် စာမျက်နှာ အရေအတွက်အတိုင်း တမျက်နှာလျှင် ကျပ် ၂ဝဝ နှုန်းဖြင့် စိစစ်ရေးရုံးကို ပေးသွင်းရန်လည်း ညွှန်ကြားချက်တွင် ဖော်ပြရေးသားထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သြဂုတ်လ ၆ ရက်
ရက်သတ္တပတ် ၃၁၊ ၂၀၀၉
မြန်မာသတင်း

မြန်မာနိုင်ငံအခြေအနေ ကုလအတွင်းရေးမှူးချုပ် ရှင်းလင်း

မြန်မာစစ်အစိုးရအာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးမှု ရှိမရှိဆိုသည်ကို နိုင်ငံတကာအသိုင်းအ၀န်းက အသေအချာစောင့်ကြည့်နေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ပြောကြားသည်။

မြန်မာနိုင်ငံ တိုးတက်မှုအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံပေါင်း (၁၄) နိုင်ငံနှင့် ဒေသတွင်းအုပ်စုတခု ပါဝင်သည့် မြန်မာ့မိတ်ဆွေများအဖွဲ့နှင့် နယူးယောက်၊ ကုလသမဂ္ဂရုံးချုပ်တွင် ပြုလုပ်သည့် ယမန်နေ့အစည်းအဝေးတွင် ယင်းသို့ပြောကြားလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနာဂတ်တွင် အရေးကြီးသည့် အခြေခံကိစ္စရပ်များအတွက် နိုင်ငံတကာအသိုင်းအ၀န်း၏ စိုးရိမ်ပူပန်မှုများ၊ မျှော်လင့်ချက်များ တိုက်တွန်းအားပေးမှုများကို မြန်မာအစိုးရအနေဖြင့် အပြုသဘောဖြင့် အချိန်မီတုံ့ပြန်သည်ကို မြန်မာ့မိတ်ဆွေနိုင်ငံများက မြင်လိုကြကြောင်း မစ္စတာဘန်ကီမွန်းက သတင်းထောက်များကို ပြောကြားခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
သတင်းစာပါ ဖက်ဒရယ်မူ အဓိပ္ပာယ်ဖွင့်ဆိုချက် ဦးရွှေအုံး ကန့်ကွက်

နယူးဒေလီ (မဇ္စျိမ)။ ။ ဖက်ဒရယ်မူသည် စည်းလုံးညီညွတ်မှု ပျက်ပြားအောင် သွေးထိုးလှုံ့ဆော်ခြင်းဟု မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့ခြင်းအပေါ် ပင်လုံညီလာခံတွင် တက်ရောက်ခဲ့သူ ရှမ်းပြည် ဝါရင့် နိုင်ငံရေးသမားကြီး ဦးရွှေအုံးက ပြင်းထန်စွာ ကန့်ကွက်လိုက်သည်။

မြန်မာ့အလင်း အယ်ဒီတာထံ ပြီးခဲ့သည့်လ ၂၇ ရက်နေ့က ရေးသား လိပ်မူထားသော စာမျက်နှာ ၃ မျက်နှာပါ ပြန်လည် ဖြေရှင်းရေး တောင်းဆိုစာ မိတ္တူကို မဇ္ဈိမက လက်ခံ ရရှိခဲ့သည်။ ဦးရွှေအုံးက စာရေးသူ ကိုသာယာ အနေဖြင့် ဖယ်ဒရယ်မူနှင့် ပတ်သက်၍ မသိနားမလည်ခြင်း မဖြစ်နိုင်ကြောင်းနှင့် သူ၏ အာဘော်ဖြစ်သော်လည်း နောက်ကွယ်တွင် တစုံတရာ ရှိနေကြောင်း ဦးရွှေအုံးက သုံးသပ်သည်။ ၈၆ နှစ်အရွယ် ဦးရွှေအုန်းသည် ၁၉၉၃ ခုနှစ်တွင် “တတိယ ပြည်ထောင်စု ဘယ်သို့ဘယ်ပုံ” အမည်ရှိ စာအုပ်ကို ရေးသား ထုတ်ဝေခဲ့ဖူးသည်။ ထိုနှစ်တွင် သူသည် စစ်အစိုးရ၏ အမျိုးသားညီလာခံသို့ ၈ ပြည်နယ် ပြည်ထောင်စုမူ စာတမ်းကို တင်ပြခဲ့သဖြင့် အာဏာပိုင်များက ထောင်ဒဏ် တနှစ် ချမှတ်ခဲ့သည်။

သူသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စုကို အခြေခံ၍ ဒီမိုကရေစီစနစ်ကို အခြေခံမည့် “ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့” အမည်ဖြင့် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် နှစ်ဦးပိုင်းတွင် ဖွဲ့စည်းခဲ့သည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ကေအန်ယူကို ထိုးစစ်ဆင်ရန် ဒီကေဘီအေတပ်များ ဘုရားသုံးဆူသို့ ရောက်ရှိ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) ဒူးပလာယာခရိုင်ဒေသကို ထိုးစစ်ဆင်ရန်အတွက် ဒီကေဘီအေတပ်မဟာ (၅) အဖွဲ့ ယမန်နေ့က ဘုရားသုံးဆူနယ်ခြားမြို့သို့ ရောက်ရှိလာပြီဟု တပ်မှူးတဦးက ခေတ်ပြိုင်သို့ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဘားအံခရိုင်ဒေသကို ၂၀၁၀ ခုနှစ် မတိုင်မီ တိုက်ခိုက်သိမ်းပိုက်ရန် နအဖက ဒီကေဘီအေ (၉၉၉) တပ်မဟာကို အမိန့်ပေးထားပြီး တပ်မဟာ (၆) ဒူးပလာယာခရိုင်ကို သိမ်းပိုက်ရန် ဒီိကေဘီအေတပ်မဟာ (၅) အဖွဲ့ကို စေခိုင်းထားသည်ဟု ဒီကေဘီအေ စာပေနှင့်ယဉ်ကျေးမှုတာဝန်ရှိသူတဦးက ပြောသည်။

တလကြာဖြစ်ပွားခဲ့သည့် တပ်မဟာ (၇) ဒေသတိုက်ပွဲတွင် တဖက်နှင့်တဖက် အနိုင်အရှုံးမပေါ်ဘဲ ကရင်များသာ သေကျေခဲ့သည့်အတွက် ယခုစတင်မည့် တပ်မဟာ (၆) ဒေသ ထိုးစစ်တွင်လည်း အလားတူအခြေအနေများ ထပ်မံမဖြစ်ပွားရန် တိုက်တွန်းလိုသည်ဟု ကေအန်ယူက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

နေအိမ်ခြံဝင်း ကိစ္စအတွက် ဒေါ်စုနှင့် ရှေ့နေများ တွေ့ဆုံ

ချင်းမိုင် (မဇ္ဈိမ)။ ။ အိမ်ခြံဝင်းအတွင်းမှ မြေကွက်တခုကို ရောင်းချမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ ရှေ့နေ ၄ ဦးနှင့် ယနေ့ မွန်းလွဲပိုင်းက ဆွေးနွေးခွင့်ရခဲ့သည်။

ရှေ့နေများဖြစ်သည့် ဦးကြည်ဝင်း၊ ဦဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့နှင့် အင်းစိန်ထောင်အတွင်း၌ ၂ နာရီခွဲကြာ တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က သူမ နေထိုင်ခဲ့သည့် နေအိမ်ခြံဝင်းနှင့် သက်ဆိုင်ရာ နောက်ခံ အကြောင်းအရာများကို ရှင်းပြခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လ ၃၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က ခြံရောင်းချခြင်းသည် တရားမဝင်ကြောင်း “လွှဲအပ်ညွှန်ကြားချက်အရ” ဆိုသည့် အထက်တန်း အမျိုးသမီးရှေ့နေ ဒေါ်ချိုသဲမေနှင့် ဒေါ်ဝေဝေအောင် တို့ နှစ်ဦးထံ ကန့်ကွက်စာ ပို့ခဲ့သည်။ သို့သော် ယနေ့ထိ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ ခြံဝင်းအတွင်းရှိ မြေကွက်တချို့အား ရောင်းလိုက်ပြီးဖြစ်သဖြင့် ၇ ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ပြီးခဲ့သည့်လ ၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မလေးရှားမှ မြန်မာ (၆) ဦး သေဒဏ်ပေးခံရ

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား (၆) ဦးကို ဂိုဏ်းဖွဲ့ကာ လူသတ်မှုကျူးလွန်ခဲ့သည့်အတွက် မလေးရှားတရားရုံးချုပ်က ယနေ့ သေဒဏ်ပေးလိုက်သည်။

၎င်းတို့ (၆) ဦးသည် ၂၀၀၅ ခုနှစ်၊ ဇွန်လအတွင်း မြန်မာ-မွတ်စလင်တဦးဖြစ်သည့် ဆာဒစ်ဟူစိန်ကို ဂိုဏ်းဖွဲ့သတ်ဖြတ်ခဲ့ခြင်း အတွက် သေဒဏ်ပေးခံကြရခြင်းဖြစ်ကြောင်း မလေးရှားနိုင်ငံရှိ မြန်မာတဦးက ပြောသည်။ မလေးရှားတရားရုံးချုပ်က သေဒဏ်ချမှတ်လိုက်သူများမှာ အောင်စိုးဦး (ခ) စလမ်၊ ၀င်းနိုင် (ခ) ကာစင်၊ နဂုရာရှစ်၊ မွန်ဂျီ (ခ) အက်ကာရင်ဟာရှင်း၊ ဆိုင်ဒူလဒ် (ခ) စိုးစိုးနှင့် ဇော်ဦးတို့ဖြစ်ကာ ၎င်းတို့သည် မြန်မာ-မွတ်စလင်များဖြစ်ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
သြဂုတ်လ ၇ ရက်
ရက်သတ္တပတ် ၃၁၊ ၂၀၀၉
မြန်မာသတင်း

လူထုကိုမျက်နှာမူသည့် နိုင်ငံရေးလုပ်ဆောင်ရန်လိုအပ်ဟု
မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများ ပြောကြား

ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ပွားခဲ့သည်မှာ ၈-၈-၀၉ တွင် (၂၁) နှစ်ပြည့်ပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးများ မရရှိသေးသည့်အတွက် မြန်မာ့ဒီမိုကရေစီအင်အားစုများအနေဖြင့် လူထုကိုမျက်နှာမူသည့် နိုင်ငံရေးလုပ်ဆောင်ရန်လိုအပ်ကြောင်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ကိုအောင်မိုးဇော်က ပြောသည်။

ရှစ်လေးလုံးအရေးတော်ပုံကြီးမှ ခေါင်းဆောင်ကောင်းများ၊ နိုင်ငံရေးအဖွဲ့အစည်းကြီးများကို မွေးထုတ်ပေးလိုက်သော်လည်း ဒီမိုကရေစီလှုပ်ရှားမှုကြီးအတွင်း အမှန်တကယ်ညီညွတ်သည့် ခေါင်းဆောင်မှုကို မတည်ဆောက်နိုင်သေးကြောင်း ကိုအောင်မိုးဇော်က ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ ဥက္ကဋ္ဌ ကိုသံခဲကလည်း
ရှစ်လေးလုံးအရေးတော်ပုံကြီးသည် မြန်မာနိုင်ငံသမိုင်းတွင် ဒီမိုကရေစီအုတ်မြစ်ကို ချပေးခဲ့သည့် မှတ်တိုင်တခုဖြစ်ပြီး ယခုအချိန်အထိ ဆက်လက်ရှင်သန်ဆဲဖြစ်သည်ဟု ပြောသည်။

ရှစ်လေးလုံးအရေးတော်ပုံကြီးသည် ဒီမိုကရေစီအုပ်မြစ်ကို ချပေးသည့်မှတ်တိုင်တခုဖြစ်ပြီး ဆက်လက်အကောင်အထည် ဖော်ရန်အတွက် ဒီမိုကရေစီအင်အားစုများအနေဖြင့် အားနည်းချက်များကို ပြင်ဆင်ရန်လိုအပ်ကြောင်း၊ ယနေ့ မြန်မာနိုင်ငံ အခြေအနေသည် နိုင်ငံရေး အကျပ်အတည်းဖြင့် ရင်ဆိုင်နေရပြီး ယင်းပြဿနာကိုဖြေရှင်းရန်မှာ နအဖစစ်အစိုးရတွင် အဓိကတာဝန်ရှိကြောင်း ကိုသံခဲက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အန်အယ်ဒီ မြို့နယ်စည်း ထောင်ထဲတွင် ကျန်းမာရေးဆိုးရွား

ချင်းမိုင် ။ ။ ထောင်ဒဏ် ၇ နှစ်ခွဲ ကျခံနေရသည့် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှ အန်အယ်ဒီ မြို့နယ်စည်း ဦးတင်ယုသည် အင်းစိန်ထောင်အတွင်း ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြောင်း သိရသည်။

သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ထောင်ဒဏ်ကျခံနေရသူ အသက် ၅၂ နှစ်အရွယ် ဦးတင်ယုသည် အစာမစားနိုင်ဘဲ ထောင်ဆေးရုံ၌ တင်ထားရပုံကို ယမန်နေ့က ထောင်ဝင်စာ သွားတွေ့ခဲ့သည့် သမီးဖြစ်သူ မသင်းသင်းယု အပြောအရ သိရခြင်း ဖြစ်သည်။ သူသည် ၂၀၀၇ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ကုန်ဈေးနှုန်း ကျဆင်းရေးနှင့် သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ၄၃ ရက်ကြာ စစ်ကြောထိန်းသိမ်းခံရာမှ ပြန်လွတ်လာခဲ့သူ ဖြစ်သည်။

၂၀၀၈ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် အမည်မသိ လူတစုက တံတားဖြူမှတ်တိုင်၌ ဝိုင်းဝန်းရိုက်နှက်သဖြင့် ဦးခေါင်းတွင် ၂၃ ချက် ချုပ်ရကာ၊ မျက်စိ၌ ထိခိုက်မှု ဖြစ်ခဲ့သေးသည်။

ထိုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် အာဏာပိုင်များက နေအိမ်သို့ လာရောက်ဖမ်းဆီးပြီး၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အင်းစိန်ထောင်တွင်း တံခါးပိတ် တရားခွင်က နိုင်ငံတော်လုံခြုံရေးအား ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်မှု အပါအဝင် ပုဒ်မ ၄ ခုဖြင့် ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်ခဲ့သည်။ ယခုအခါ ပုဒ်မ ၃၅၃ - တာဝန်ဝတ္တတရား နှောင့်ယှက်မှု ကျန်ရှိနေသေးသည်။

ယခုလ ၄ ရက်နေ့တွင် သူနှင့်အတူ အမှုတွဲတူသူများအား ရုံးထုတ်၍ စီရင်ချက်ချမှု ရှိခဲ့သော်လည်း ဦးတင်ယုမှာ ကျန်းမာရေး အခြေအနေကြောင့် တရားရုံးသို့ မသွားနိုင်ဘဲ တဦးတည်း ကျန်ရစ်ခဲ့ပြီးနောက် ယခုလ ၁၄ ရက်နေ့သို့ ရုံးချိန်းရက် ရွှေ့ဆိုင်းပေးခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ရန်ကုန်တွင် လုံခြုံရေးများ တိုးမြှင့်ချထား

မနက်ဖြန်သည် ရှစ်လေးလုံးအရေးတော်ပုံကြီး (၈-၈-၈၈) ဖြစ်ပွားခဲ့သည်မှာ (၂၁) နှစ်ပြည့်မြောက်သောနေ့ဖြစ်သည့်အတွက် ရန်ကုန်မြို့တွင် လုံခြုံရေးများ တိုးမြှင့်ချထားကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်မြို့၏ အထင်ကရဖြစ်သော ရွှေတိဂုံဘုရား၊ အန်အယ်လ်ဒီရုံးချုပ်ရှိရာ ရွှေဂုံတိုင်ဝန်းကျင်၊ မြေနီကုန်းမီးပွိုင့်၊ လှည်းတန်း မီးပွိုင့်၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် ရန်ကုန်မြို့တွင်းရှိ မြို့နယ်များတွင် ယနေ့နံနက်မှစ၍ ရဲများကို တနေရာလျှင် (၂) ဦး၊ (၃) ဦးခန့်ချထားကြောင်း မျက်မြင်တွေ့သူများက ပြောသည်။

ယခုနှစ် ရှစ်လေးလုံးနေ့တွင် ပြည်သူများမဆူပူရန် အစိုးရက မည်သို့လုံခြုံရေး တင်းကျပ်မည်ဆိုသည်ထက် ယခုလ (၁၁) ရက်နေ့တွင် အမိန့်ချမှတ်မည့် ဒေါ်အောင်ဆန်းစုကြည်၏အမှုကိစ္စကို ရန်ကုန်မြို့ခံများက အလွန်စိတ်ဝင်စားနေကြသည်ဟု သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ယက်တော အမှု မဖန်တီးခဲ့ဟု စစ်အစိုးရ ငြင်းဆို

ရန်ကုန် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းသို့ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ဝီလီယံ ယက်တော ရေကူးဝင်ခဲ့ခြင်းမှာ အစိုးရက ပူးပေါင်းကြံစည်ခဲ့ခြင်းမဟုတ်ပါဟု စစ်အစိုးရက ငြင်းဆိုလိုက်သည်။

ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ယနေ့ နေ့လည် ၂ နာရီက မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ပြတိုက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခြင်းဖြစ်ပြီး ပြည်ပရောက် အတိုက်အခံများ လက်ချက်ဟု တန်ပြန်စွပ်စွဲလိုက်သည်။

မစ္စတာယက်တောသည် ပြည်ပရှိ အတိုက်ခံ အဖွဲ့အစည်းများနှင့် ကြိမ်ဖန်များစွာ ဆက်သွယ်ခဲ့ဖူးသူ ဖြစ်သဖြင့် အတိုက်အခံ အဖွဲ့အစည်းများကသာ ကြိုးကိုင် လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ပြည်တွင်းအရက်ချက်စက်ရုံများအား စစ်ဆေးသင့်ဟု
ဆရာဝန်များက ရှုမြင်

ပြည်ပနိုင်ငံများမှ တင်သွင်းနေသည့် စားသုံးကုန်စည်များအား စားသုံးရန်မသင့်ဟု အကြောင်းပြပြီး တားမြစ်အရေးယူနေမည့် အစား မြန်မာ့အာဏာပိုင်များအနေဖြင့် ပြည်တွင်း၌ ချက်လုပ်ရောင်းချနေသည့် အရက်သေစာများအား လိုက်လံစစ်ဆေးကာ စံချိန်အဆင့် ပြည့်မီခြင်းမရှိသည့် အရက်ထုပ်လုပ်သူများကို အရေးယူကာ ပြည်သူများအား အသိပေးသင့်ကြောင်း ပြည်တွင်းဆရာဝန်များက ရှုမြင်သည်။

မြန်မာနိုင်ငံတွင် အဆင့်ပြည့်မီခြင်းမရှိသည့် အရက်သေစာ သောက်သုံးခြင်းကြောင့် သက်တမ်းမပြည့်ခင် သေဆုံးသူဦးရေ နှစ်စဉ် များပြားလာနေကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

အဆိုပါဆရာဝန်သည် လွန်ခဲ့သည့် (၁၀) နှစ်ခန့်မှစ၍ ပြည်တွင်းထုတ်အရက်များနှင့် ပတ်သက်၍ လေ့လာဆန်းစစ်ချက်များအား သုတေသနပြုလုပ်နေသည့် ဆရာဝန်တဦးဖြစ်သည်။

စာရင်းဇယား အတိအကျကောက်ယူထားခြင်းမရှိသော်လည်း အရက်ကြောင့် သေဆုံးသူဦးရေ နှစ်စဉ်များပြားလာနေသည်ကို ဆရာဝန်တိုင်းက လက်ခံကြောင်း ယင်းဆရာဝန်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဒေါ်စုနေအိမ် လုံခြုံရေး တာဝန်ကျ ရဲများအား အရေးယူဟု ရဲချုပ်ပြော

ရန်ကုန် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်းသို့ မစ္စတာ ဝီလျံယက်တော ကျူးကျော် ဝင်ရောက်ခဲ့သော အမှုနှင့် စပ်လျဉ်း၍ တာဝန်ကျနေသော ရဲများကို အရေးယူခဲ့ကြောင်း ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ပြောသည်။
ပထမအကြိမ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်က လုံခြုံရေး တာဝန်ရှိသူများအား စစ်ဆေးနေကြောင်း၊ အပြစ်ရှိပါက အရေးယူမည် ဖြစ်ကြောင်း ရဲချုပ်၏ ပြောကြားချက်အပေါ် ပြည်တွင်း မီဒီယာတခုက မေးမြန်းခဲ့ခြင်းကို ယခုကဲ့သို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေဖြင့် အရေးယူခံရသူ ၂၀ ဦးကျော် ရှိသည်ဟု ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

နာဂစ်အလှူပစ္စည်းများ ဂိုဒေါင်အတွင်းပျက်စီးနေ

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် (သမိုင်းလမ်းဆုံအနီး) ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဦးစီးမှူးရုံး၌ ဖွင့်လှစ်ထားသည့် သာသနာရေးဝန်ကြီးဌာနပိုင် ဂိုဒေါင်တခုအတွင်း သောင်းနှင့်ချီသော သွပ်ပြားများ၊ ပျက်စီးစ ပြုနေပြီဖြစ်သော သင်္ကန်းအုပ်များ၊ ကော်ဇောအုပ်များ များစွာကျန်ရှိနေကြာင်း ဂိုဒေါင်ဝန်ထမ်းများက ပြောသည်။

ဂိုဒေါင်အတွင်းရှိ ယင်းပစ္စည်းများသည် နာဂစ်လေဘေးသင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များသို့ ပေးဝေ၍ ပြည်တွင်းပြည်ပအလှူရှင်များက သာသနာရေးဝန်ကြီးဌာနသို့ လှူဒါန်းထားသည့် အလှူခံပစ္စည်း များဖြစ်ကြသည်။

သာသနာရေးဝန်ကြီးဌာနသည် စင်ကာပူ၊ ထိုင်းတို့မှ အလှူရှင်များ၊ အန်ဂျီအိုများ၏ အလှူပစ္စည်းများ အများဆုံးလက်ခံရရှိပြီး သွပ်ပြားများ၊ သင်္ကန်းအုပ်များ၊ ကော်ဇော၊ တာလပတ်စများ၊ အ၀တ်အထည်၊ မုန့်ပုံးများ၊ မီးဖိုချောင်သုံး ပစ္စည်းများအထိ ပါဝင်သည်။

၎င်းအလှူပစ္စည်းများကို မြန်မာပြည်၏ ထိခိုက်မှုအများဆုံး လေဘေးသင့်ဒေသများရှိ ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းပြီး ရန်ကုန်တိုင်းအတွင်း လေဘေးသင့် ဘုန်းတော်ကြီးကျောင်းများ တစုံတရာ ရရှိခြင်းမရှိဟု သံဃာတော်အသိုင်းအ၀န်းက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အမေရိကန် အထက်လွှတ်တော်အမတ် မြန်မာနိုင်ငံသို့ လာရောက်မည်

နယူးဒေလီ။ ။ ဗာဂျီးနီးယားပြည်နယ် ကိုယ်စားပြု အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်သည် ယခုလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံနှင့် ဒေသတွင်း၌ အမေရိကန်၏ အကျိုးစီးပွား တိုးတက်လာစေရန်အတွက် အခွင့်အလမ်းများ ရှာဖွေနိုင်ရန် ဖြစ်သည်ဟု သူ၏ ရုံးမှ ယခုလ ၆ ရက်နေ့တွင် ပြောကြားလိုက်သည်။

အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ၏ အရှေ့အာရှနှင့် ပစိဖိတ်အရေးဆိုင်ရာ ကော်မတီခွဲ ဥက္ကဋ္ဌအဖြစ် လာရောက်မည့် အထက်လွှတ်တော်အမတ် ဝက်ဘ်သည် လက်ရှိတွင် အမေရိကန်မှ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုကို ဆယ်စုနှစ်တခုမျှ ခံနေရသော မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ပထမဆုံး အမေရိကန် အထက်လွှတ်တော်အမတ် ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)

Saturday, August 1, 2009

သတင်းမှတ်စု ( ၃၀ )

ဇူလိုင် ၂၇ ရက်
ရက်သတ္တပတ် ၃၀၊ ၂၀၀၉
မြန်မာသတင်း


ဒေါ်အောင်ဆန်းစုကြည်အမှု မနက်ဖြန်ထပ်မံရုံးချိန်း အစိုးရရှေ့နေများ လျှောက်လဲချက်မပြီး


ဒေါ်အောင်ဆန်းစုကြည်အမှု ယနေ့တရားခွင်တွင် အစိုးရရှေ့နေများက လျှောက်လဲချက် ပေးခဲ့သော်လည်း ပြီးပြတ်ခြင်းမရှိသဖြင့် မနက်ဖြန်သို့ ထပ်မံရုံးချိန်းလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲနေသော အင်းစိန်အထူးတရားခွင်ကို ယနေ့နံနက် (၁၀) နာရီတွင် စတင်ခဲ့ပြီး အမှုတွဲပါ (၃) ဦး အတွက် အပြီးသတ်လျှောက်လဲချက်များကို သက်ဆိုင်ရာရှေ့နေများက လျှောက်လဲခဲ့ကြသည်။

ယနေ့တရားခွင်တွင် အမှုတွဲပါ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူနေ ဒေါ်ခင်ဝင်းနှင့် မ၀င်းမမတို့အတွက် အပြီးသတ် လျှောက်လဲချက်ကို ရှေ့နေဦးလှမျိုးမြင့်ကလည်းကောင်း၊ နေအိမ်သို့ ရေကူးဝင်ရောက်ခဲ့သူ မစ္စတာ ယက်တောအတွက် ရှေ့နေ ဦးခင်မောင်ဦး ကလည်းကောင်း အပြီးသတ်လျှောက်လဲချက်များ ပေးခဲ့ပြီး မွန်းတည့် (၁၂) နာရီခန့်တွင် တရားခွင်ရပ်နားသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းကလည်း နအဖစစ်အစိုးရ၏ ဇူလိုင်လ (၂၃) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်မှုကျူးလွန်ခဲ့သည့်အတွက် အမှုတင်စစ်ဆေးနေ ကြောင်း ဖော်ပြထားခြင်းမှာ တရားဥပဒေကို မထီမဲ့မြင်ပြုရာရောက်သဖြင့် စစ်ဆေးစီရင်ပေးပါရန် ထပ်မံလျှောက်ထားခဲ့ကြောင်း သိရသည်။

ထို့နောက် မွန်းလွဲ (၁) နာရီခွဲခန့်တွင် တရားခွင်ကို ပြန်လည်စတင်ရာ အစိုးရရှေ့နေများက လျှောက်လဲချက် တင်သွင်းခဲ့သော်လည်း ပြီးဆုံးခြင်းမရှိသဖြင့် မနက်ဖြန်နံနက် (၁၀) နာရီသို့ ထပ်မံချိန်းဆိုသည်။
့( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဒေါ်စုအမှု တရားခွင်သို့ မြန်မာ့အလင်းသာ ဝင်ရောက်ခွင့်ရ

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် အပြီးသတ် လျှောက်လဲသည့် ဒုတိယမြောက် ယနေ့ တရားခွင်သို့ မြန်မာစစ်အစိုးရ ထိန်းချုပ်ထားသည့် သတင်းဌာနတခုဖြစ်သည့် မြန်မာ့အလင်း သတင်းစာမှ သတင်းထောက်များမှအပ ပုဂ္ဂလိက စာနယ်ဇင်းသမားများ တက်ရောက်ခွင့် မရခဲ့ကြောင်း သိရသည်။

အင်းစိန်ထောင်တွင်း တရားခွင်သို့ ယခင်အပတ် သောကြာနေ့က လာရောက်ခွင့် ရရှိခဲ့သည့် သံရုံး ၅ ရုံး မပါဝင်ဘဲ ကျန်သည့် သံရုံးအချို့မှ သံတမန်များ တက်ရောက်ခွင့်ရခဲ့ပြီး၊ မြန်မာစစ်အစိုးရ၏ သတင်းဌာန မြန်မာ့အလင်းကိုသာ တက်ရောက်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

လူထုအုံကြွမှုတိုက်ပွဲသာ အဓိကကျဟု လူ့ဘောင်သစ်ပါတီက ပြောကြား

နအဖစစ်အုပ်စုဖြုတ်ချရေးအတွက် လူထုအုံကြွမှုတိုက်ပွဲသာလျှင် အဓိကကျသည်ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပြောသည်။

ယခုရက်ပိုင်းအတွင်း ကျင်းပပြီးစီးသွားသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီ အထူးအစည်းအဝေးတွင် လက်ရှိနိုင်ငံရေးအခြေအနေများအပေါ် သုံးသပ်ဆွေးနွေးကြပြီးသည့်နောက် ထုတ်ပြန်သည့်ကြေညာချက်နှင့်ပတ်သက်၍ ပြောကြားခြင်းဖြစ်သည်။
ယနေ့တည်ရှိနေသည့် အခြေအနေတွင် ပိုင်းဖြတ်ချက်ရှိရှိ ပြင်ဆင်ထားခြင်းမရှိပါက ရှေ့အနာဂတ်တွင် စိမ်ခေါ်မှုအသစ်များဖြင့် ရင်ဆိုင်ရလိမ့်မည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

နောက်ပိုင်းတွင် ဖြစ်ပေါ်လာမည့် နိုင်ငံရေးနှင့်ပတ်သက်ပြီး ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ၊ ဒီမိုကရေစီရေးကို သွေဖည်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တိုက်ဖျက်ရေးနှင့် သက်ဆိုင်သည့် တိုက်ပွဲများအားလုံးကို ပြင်ဆင်သွားရေးမှာ အရေးကြီးကိစ္စတရပ်ဖြစ်သည်ဟုလည်း ဦးခင်မောင်တင့်က ပြောသည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဗဟိုကော်မတီအထူးအစည်းဝေးကို ယခုလ (၂၀) ရက်မှ (၂၄) ရက်အထိ ကျင်းပခဲ့ပြီး ဗဟိုဦးဆောင်ကော်မတီဖွဲ့စည်းခြင်းနှင့် ပါတီဖွဲ့စည်းပုံစည်းမျဉ်းတွင် ပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိခဲ့သည့် လုပ်ငန်းစဉ်များကို ပြန်လည်ဆောင်ရွက်နိုင်ရန် ပြည်ပတွင်ရှိသည့်ပါတီဝင်များနှင့် ဆက်စပ်ရေးအပြင် ပါတီဝင်မျိုးဆက်သစ် စည်းရုံးသိမ်းသွင်း လေ့ကျင့်တည်ဆောက်ရေးအတွက် အစည်းဝေးတွင် အတည်ပြုဆုံးဖြတ်ခဲ့ကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့်

မဇ္ဈိမ (ချင်းမိုင်)။ ။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ - AI က အင်းစိန်ထောင်အတွင်း ထိန်းသိမ်းခံနေရသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အမှန်တရားနှင့် လွတ်လပ်စွာ ယုံကြည်ခွင့်ကို ကိုယ်စားပြုသူ တဦးအဖြစ် ယနေ့ ဂုဏ်ပြုဆု ပေးအပ်လိုက်သည်။

AI ၏ အမြင့်ဆုံးဆုတခုဖြစ်သော Ambassador of Conscience ဆုကို ၂၀၀၉ ခုအတွက် ပေးအပ်ခြင်းဖြစ်သည်။

AI အထွေထွေအတွင်းရေးမှူး Irene Khan က အကျဉ်းကျနေသည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာအတွက် အားကျဖွယ်၊ အတုယူဖွယ် ခေါင်းဆောင်တဦးဖြစ်ကြောင်း ပြောသည်။

ဆုကို ၂၀၀၃ ခုနှစ်တွင် စတင်ပေးအပ်လာခြင်းဖြစ်ပြီး၊ ယင်းနှစ်အတွက် ချက်သမ္မတနိုင်ငံ သမ္မတဟောင်း ဗားကလဗ် ဟာဗေးက ရရှိခဲ့သည်။

၂၀၀၄ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မေရီရောဘင်ဆန်နှင့် ဂွာတီမာလာနိုင်ငံ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ Hilda Morales Trujillo ၊
U2 အဖွဲ့က ၂၀၀၅၊ ၂၀၀၆ ခုနှစ်အတွက် တောင်အာဖရိက လူဖြူလူမဲ တိုက်ဖျက်ရေးခေါင်းဆောင် နယ်ဆန်မန်ဒဲလား၊ ၂၀၀၈ ခုနှစ်အတွက် ဂီတပညာရှင် Peter Gabriel ကို ပေးအပ်ခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ပြည်တွင်းဖြစ် ညစ်ညမ်းဗီဒီယိုများ ပေါများနေ


မြန်မာပြည်တွင်းတွင် နည်းအမျိုးမျိုးဖြင့် ဖမ်းယူရိုက်ကူးထားသည့် ညစ်ညမ်းဗီဒီယိုအခွေများ လူငယ်များအကြား ပျံ့နှံ့နေပြီး ဈေးကွက်တွင်း ရောင်းအားကောင်းနေကြောင်း သိရသည်။

အဆိုပါ ညစ်ညမ်းခွေများသည် မည်သည့်နေရာတို့၌ ရိုက်ကူးထားသည်ကို မသိရသော်လည်း ရန်ကုန်မြို့တွင်း လမ်းဘေးရှိ ခိုးကူးခွေ ရောင်းချသည့်နေရာများတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သည်ဟု ဗဟန်းမြို့နယ်မှ ကျောင်းဆရာတဦးကပြောသည်။ IPod၊ MP4 သို့ တိုက်ရိုက်ကူးသွားနိုင်ရန် အဆိုပါညစ်ညမ်းခွေ ရောင်းချသူအချို့တွင် ကွန်ပျူတာလည်းရှိကြောင်း သိရသည်။

IPod၊ MP3၊ MP4 ကဲ့သို့ ခေတ်ပေါ်ပစ္စည်းအသေးစားများကို အလွယ်တကူ ဝယ်ယူအသုံးချနိုင်သဖြင့် ကျောင်းသားလူငယ် အများစုမှာ မအပ်စပ်သည့် အခြင်းအရာများကို ကျောင်းသို့ သယ်ဆောင်လာသောကြောင့် မလိုလားအပ်သည့်ပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း အဆိုပါကျောင်းဆရာက ပြောသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်တွင် နာမည်ကြီး မြန်မာအမျိုးသမီးအဆိုရှင်တဦးနှင့် ရုပ်ချင်းဆင်သော မိန်းကလေးတဦးဖြင့် ရိုက်ကူးထားသည့် ညစ်ညမ်းခွေမှာ လူငယ်များအကြားတွင် ပျံ့နှံ့ခဲ့ပြီးနောက်ပိုင်း အဆိုပါပြည်တွင်းဖြစ် ညစ်ညမ်းခွေများ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ပြည်တွင်းဂျာနယ်တစောင်မှ လူငယ်သတင်းထောက်တဦးက ပြောသည်။

လမ်းဘေးဈေးဆိုင်များတွင် ညစ်ညမ်းခွေများ တွင်ကျယ်စွာ ရောင်းချနေသော်လည်း အာဏာပိုင်တို့က ဖမ်းဆီးအရေးယူသည်ကို မကြားမိသေးကြောင်း ထိုလူငယ်က ပြောသည်။
(ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက်)
+++++

သံတမန်ကားများ အင်းစိန်ထောင် တရားခွင်မှ ပြန်လည်ထွက်ခွာ

မဇ္ဈိမ (ချင်းမိုင်)။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် အင်းစိန်ထောင်အတွင်း နှစ်ဖက် ရှေ့နေများ အပြီးသတ် လျှောက်လဲချက်ကို တင်သွင်းနေသည့်အနက် ယနေ့ ဒုတိယမြောက် တရားခွင်သို့ လာရောက်ကြသည့် သံတမန်ကား ၅ စီးခန့် ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။

ထောင်အတွင်းသို့ နံနက် ၁၀ နာရီမှ စတင်ကာ သံတမန်များ ဝင်ခွင့်ရခဲ့ပြီး နေ့လည် ၁၂ နာရီ မထိုးမီတွင် ပြန်လည် ထွက်ခွာသွားခြင်း ဖြစ်ကာ၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများမှာမူ ထောင်ထဲမှ ပြန်လည် ထွက်ခွာလာခြင်း မရှိသေးကြောင်း အင်းစိန်ထောင်ရှေ့ ရောက်ရှိနေသူများ အပြောအရ သိရခြင်း ဖြစ်သည်။
ပြီးခဲ့သည့် သောကြာနေ့တွင် အပြီးသတ် လျှောက်လဲချက်ကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက စတင်တင်သွင်းရာ၊ တရားခွင်သို့ ၅ နိုင်ငံထက်မနည်း နိုင်ငံခြား သံတမန်များ ဝင်ရောက်ခွင့် ပြုခဲ့သေးသည်။ အဆိုပါ တရားခွင်တွင် ရှေ့နေ ဦးကြည်ဝင်းက ဦးဆောင်ကာ ဒေါ်အောင်ဆန်းစုကြည်အတွက် လျှောက်လဲချက် ပေးခဲ့သည်။

ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမှုတွဲဖြစ်သူ ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူ မဝင်းမမတို့အတွက် ရှေ့နေဦးလှမျိုးမြင့်က အပြီးသတ် လျှောက်လဲမည်ဖြစ်ပြီး အမေရိကန်နိုင်ငံသား ဂျွန်ယက်တော၏ အမှုအတွက် သူ၏ ရှေ့နေ ဦးခင်မောင်ဦးက လျှောက်လဲမည်။
(မဇ္ဈိမ သတင်းမှ ကောက်နှုတ်ချက်)
+++++

ရန်ကုန်တွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး စာရွက်များ ဖြန့်ကြဲ

ဒေါ်အောင်ဆန်းစုကြည်အမှုပါ စွပ်စွဲခံများအတွက် အပြီးသတ် လျှောက်လဲရက်ပေးနေသည့်အချိန်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုစာ များ ရန်ကုန်မြို့၌ ယနေ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့လူစည်ကားရာနေရာများဖြစ်သည့် လမ်းမတော်သံဈေး၊ ညောင်ပင်လေးဈေး၊ မင်္ဂလာဈေး၊ ယုဇနပလာဇာနှင့် လှည်းတန်း တို့တွင် မျိုးဆက်သစ်လူငယ်များအစည်းအရုံး (GW) အဖွဲ့ဝင်များ က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး တောင်းဆိုစာများကို ဖြန့်ဝေခဲ့ကြခြင်းဖြစ်သည်။

မျိုးဆက်သစ်လူငယ်အစည်းအရုံးမှ ဖြန့်ဝေခဲ့သော လက်ကမ်းစာစောင်များတွင် FREE BURMA၊ FREE AUNG SAN SU KYI နှင့် နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ်ဆိုသော စာသားများရေးသားထားပြီး ကားမှတ်တိုင်များတွင် ဖြန့်ဝေခြင်း၊ ယာဉ်ရပ်နားစခန်းများမှ ကြဲချခြင်းများ ပြုလုပ်ခဲ့ကြသည်။
(ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက်)
+++++
ဇူလိုင်လ ၂၈ ရက်
ရက်သတ္တပတ် ၃၀၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်စုအမှု ၃၁ ရက်နေ့ အမိန့်ချမည်၊ အဆိုးဆုံးအတွက် ပြင်ထားဟု ဒေါ်စုပြော

နယူးဒေလီ။ ။ ဒေါ်အောင်ဆန်းစုကြည်အမှုကို လာမည့်သောကြာနေ့တွင် စီရင်ချက်ချမှာဖြစ်ပြီး၊ အဆိုးဆုံး အခြေအနေကို ပြင်ဆင်ထားကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က ပြောကြားလိုက်သည်။

အင်းစိန်ထောင်တွင်း အထူးတရားရုံးက အပြီးသတ် လျှောက်လဲချက်ကို နောက်ဆုံး ကြားနာအပြီး ယခုလ ၃၁ ရက်နေ့တွင် စီရင်ချက်ချမည်ဟု ကြေညာလိုက်သလို၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုးဆုံးအတွက် ပြင်ဆင်ထားကြောင်း ပြောကြားလိုက်သည်ဟု သူမရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ရဲက တရားလိုပြုလုပ်စွဲဆိုထားသော ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် သူ၏ ရှေ့နေများက ပြန်လည်၍ ရှင်းလင်းချေပခြင်းကို ယနေ့တွင် ပြုလုပ်ခဲ့သည်။ သူမ၏ ရှေ့နေများက အမေရိကန်နိုင်ငံသားကို သူမက ဖိတ်ခေါ်ခဲ့ခြင်း မဟုတ်သောကြောင့် အပြစ်မရှိကြောင်းနှင့် နေအိမ်ပတ်ဝန်းကျင်တွင် စောင့်ကြပ်နေသည့် လုံခြုံရေးများသည်သာ ထိုသူကို တားဆီးနိုင်ခြင်း မရှိဘဲ တာဝန်လစ်ဟင်းခဲ့သဖြင့် ထိုသူတို့တွင်သာ တာဝန်ရှိကြောင်း ပြောဆိုခဲ့သည်။

သို့သော်လည်း စွပ်စွဲသူ တရားဆိုင်များဘက်က အထိန်းသိမ်းခံထားရစဉ်အတွင်း မည်သူတဦးတယောက်နှင့်မျှ ဆက်သွယ်ခြင်း၊ တွေ့ဆုံခြင်း မပြုလုပ်ရဟူသော တားမြစ်ချက်ကို ချိုးဖောက်သည်ဟုဆိုကာ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်ကို ချိုးဖောက်ခဲ့သည်ဟု လျှောက်လဲခဲ့သည်။

တရားရုံး၏ စီရင်ချက်သည် မည်သို့ဖြစ်မည်ကို မသိရသေးသော်လည်း အကဲခတ်အများကမူ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်၍ ဖမ်းဆီးချုပ်နှောင်ရန်အတွက် ထိုဖြစ်ရပ်ကို အသုံးချကာ အကွက်ဆင်ခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်သုံးသပ်ကြသည်။

(မဇ္ဈိမ သတင်းမှ ကောက်နှုတ်ချက်)
+++++

မန္တလေးမြို့အတွင်း စစ်တပ်များ နေရာယူထား


မန္တလေးမြို့အတွင်းရှိ ရယကရုံးတို့တွင် စစ်တပ်များ တပ်စွဲနေရာယူထားကြကြောင်း မန္တလေးမြို့ခံများက ပြောသည်။
ယခုကဲ့သို့ မန္တလေးမြို့ပေါ်တွင် တပ်စွဲနေရာယူထားခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချခဲ့ပါက လူထုအုံကြွမှု ပေါ်ပေါက်လာနိုင်သဖြင့် လက်ဦးမှုရယူ နှိမ်နင်းနိုင်ရန်ဖြစ်သည်ဟု မန္တလေးမြို့ခံများက ယူဆနေကြသည်။
မန္တလေးမြို့သည် သံဃာဦးရေအများဆုံးရှိသည့် မြို့ဖြစ်နေခြင်းကြောင့်လည်း ဒေသအာဏာပိုင်များက ပိုမိုစောင့်ကြည့်နေပြီး ဘုန်းကြီးကျောင်းတိုက်များအတွင်း လူအ၀င်အထွက်ကိုလည်း စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း မြို့ခံစာနယ်ဇင်းဆရာက ပြောသည်။

မန္တလေးမြို့တွင်း တပ်လုံခြုံရေးများ ရယူထားသကဲ့သို့ မန္တလေးတိုင်း အန်အယ်လ်ဒီအဖွဲ့ဝင်များကိုလည်း သတင်းတပ်ဖွဲ့မှ စောင့်ကြည့်မှုများ ပိုမိုပြုလုပ်နေသည်ဟု မန္တလေးတိုင်း အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်တဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ငွေစက္ကူအဟောင်းများ အသစ်နှင့် လဲပေးတော့မည်


ချင်းမိုင် (မဇ္ဈိမ)။ ။ ပြည်သူများအကြား လှည့်လည်သုံးစွဲနေသော ဟောင်းနွမ်းနေသည့် ငွေစက္ကူများကို မြန်မာ့စီးပွားရေးဘဏ်များ၌ ငွေစက္ကူအသစ်များဖြင့် လဲလှယ်နိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲက ကြေညာလိုက်သည်။
သို့သော် မည်သည့် သတ်မှတ်ချက်များနှင့် ပြည့်စုံရမည်ကိုမူ သတင်းအတွင်း၌ ရှင်းလင်းဖော်ပြထားခြင်း မရှိပေ။

လာမည့်လ ၃ ရက်နေ့မှ စတင်၍ အဆိုပါနေရာများ၌ပင် ငွေစက္ကူ ၁ဝ ကျပ်တန်မှ ကျပ် ၂ဝဝ တန်အထိကို တန်ဘိုးတူချင်း အဟောင်းနှင့် အသစ် လဲပေးရန် စီစဉ်ထားသည်ဟုလည်း ဖတ်ရှုရသည်။

ထို့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီများနှင့် မြိုကတော်စည်ပင်သာယာရေးကော်မတီများ၏ ဈေးဌာနများသို့လည်း “တန်ဘိုးငယ်” ငွေစက္ကူ ကို အပတ်စဉ် တိုက်ရိုက်ဖြန့်ဖြူးပေးလျက်ရှိသည်ဟုလည်း ယနေ့မြန်မာ့အလင်းက ရေးသားသည်။

မြန်မာနိုင်ငံတွင် ငွေစက္ကူရှားပါးသည့် ပြဿနာနှင့် ရင်ဆိုင်နေရပြီး ရောင်းဝယ်ခြင်း၊ ဈေးသုံးခြင်းတို့၌ ငွေပြန်မအမ်းနိုင်သဖြင့် သကြားလုံး၊ ဆေးလိတ်နှင့် ချိုချင်ထုတ်များဖြင့်သာ ကြားခံသုံးနေသည်မှာ ကြာမြင့်ပြီဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မြန်မာအစိုးရ တောင်းဆိုမှုကြောင့် ထိုင်းဝန်ကြီးချုပ်ခရီးစဉ် ရွှေ့ဆိုင်း

ထိုင်းဝန်ကြီးချုပ် အဖိဆစ် ၀စ်ချာချီဝ၏ သောကြာနေ့ မြန်မာနိုင်ငံသို့ သွားရောက်မည့်ခရီးစဉ်ကို မြန်မာစစ်အစိုးရ၏ မေတ္တာရပ်ခံချက်အရ ရွှေ့ဆိုင်းလိုက်ကြောင်း ထိုင်းအစိုးရက ယနေ့ ထုတ်ပြန်ပြောကြားသည်။

ထိုသို့ ရက်ရွှေ့ဆိုင်းရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏အမှု စီရင်ချက်ချတော့မည်ဖြစ်သောကြောင့်ဟု အကြောင်းပြကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။

မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် အရေးကြီးသည့်ကိစ္စ လုပ်ဆောင်ရန်ရှိသည့်အတွက် ယင်းသို့ရက်ရွှေ့ဆိုင်းရန် တောင်းဆိုခြင်းဖြစ်ကြောင်း ထိုင်းအစိုးရ ပြောခွင့်ရသူ ပင်နစ်တန် ၀တ်ထနာရာဂွန်က သတင်းထောက်များကို ပြောကြားသည်။

ထိုင်းဝန်ကြီးချုပ်သည် လာမည့်သြဂုတ်လ တတိယပတ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်နိုင်သည်ဟုလည်း သတင်းတွင် ဖော်ပြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဇူလိုင် ၂၉ ရက်
ရက်သတ္တပတ် ၃၀၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ထောင်ကျလိမ့်မည်ဟု ဦးဝင်းတင် ထင်မြင်ယူဆ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ကျမည့် အလားအလာရှိသည်ဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဦးဝင်းတင်က “ထောင်ကျနိုင်မယ်ဆိုတာက နဂိုကတည်းက ထောင်ချချင်လို့ လုပ်တာပဲ။ ထောင်ချချင်လို့ လုပ်တာမဟုတ်ရင် ဒီကိစ္စပေါ်စရာ အကြောင်းမရှိဘူး။ တရားဥပဒေအရပဲ ကြည့်ကြည့်၊ နိုင်ငံရေးအရပဲ ကြည့်ကြည့် ပေါ်စရာအကြောင်းမရှိဘူး” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား သာမန်အားဖြင့် လာမည့်နိုဝင်ဘာ (၂၇) တွင် လွှတ်ပေးရမည်ဖြစ်သည့်အတွက် ယင်းအချိန်ထိ မစောင့်ဘဲ ပြီးခဲ့သည့်မေလကပင် လုပ်ကြံအမှုဆင်ဖမ်းခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ကကကြည်းက တရုတ်ခရီးသွားများ ပြည်ဝင်ခွင့် ထိန်းချုပ်

ရွှေလီ (မဇျွိမ) ။ ။ မြန်မာနိုင်ငံသို့ နယ်စပ်မှတဆင့် လာရောက်လည်ပတ်မည့် တရုတ် နိုင်ငံသားများသည် ကာကွယ်ရေး ဦးစီးဌာန (ကြည်း) - ကကကြည်း၏ ခွင့်ပြုချက်ဖြင့်သာ ပြည်ဝင်ခွင့် ရရှိတော့သည်။

ယခုလ ၁၆ ရက်နေ့မှ စတင်၍ မြန်မာပြည်တွင်း ခရီးသွားမည့် တရုတ်နိုင်ငံသားများသည် ကကကြည်းသို့ အကြောင်းကြားကာ ခွင့်ပြုချက် ယူရသည်။

တရုတ်နိုင်ငံသားများသည် မြန်မာနယ်စပ်ရှိ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) မှတဆင့် နေပြည်တော်ရှိ ကကကြည်းထံသို့ စာရင်းပေးပို့ ပြသရပြီးနောက် ခွင့်ပြုချက်ရမှသာ ဝင်ရောက်ခွင့် ရရှိမည်။ ယခင်ကမူ နှစ်နိုင်ငံ နယ်စပ်ရှိ ခရီးသွားစင်တာများ ပူးပေါင်းဆောင်ရွက်မှုဖြင့် သွားလာနိုင်ခဲ့သည်။

ပြည်ဝင်ခွင့် တင်းကျပ်လာခြင်းမှာ အလည်အပတ် ခရီးသွားဗီဇာဖြင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်သွားသည့် တရုတ်နိုင်ငံသားအချို့သည် တားမြစ်နယ်မြေများကို သွားလာမှုများ ရှိနေခြင်းကြောင့် ဖြစ်သည်ဟု တရုတ်ကုန်သည်များနှင့် နီးစပ်သူက ဆိုသည်။
(မဇျွိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းကို စိတ်ပိုင်း ရောင်းချထား

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းရှိမြေ စိတ်ပိုင်းရောင်းချထားခြင်းကို ဒေါ်အောင်ဆန်းစုကြည် သိရှိထားပြီး သူ့ရှေ့နေများကို လိုအပ်သလို ဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ရှေ့နေဦးဉာဏ်ဝင်းက ပြောသည်။ ရောင်းချလိုက်သူမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် မောင်နှမ၀မ်းကွဲတော်စပ်သူ ဦးခင်မောင်အေးဆိုသူဖြစ်ပြီး ထိုနေရာတွင် နေထိုင်သွားခဲ့ဖူးကြောင်း အန်အယ်လ်ဒီလူငယ်တဦးက ပြောသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုခံနေရစဉ်အတွင်း အိမ်ခြံမြေကို စိတ်ပိုင်းရောင်းချခြင်းမှာ နအဖစစ်အစိုးရ၏ ဖိနှိပ်ချက်တခုဖြစ်သည်ဟု ရန်ကုန်နိုင်ငံရေးအသိုင်းအ၀ိုင်းက ယူဆကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူ ဦးအောင်ဆန်းဦးကလည်း အမွေရယူထိုက် သည်ဟုဆိုကာ ၁၉၉၀ ခုနှစ်ဝန်းကျင်က တရားစွဲဆိုခဲ့ဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်၏အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ယင်းကဲ့သို့ တရားစွဲဆိုနိုင်ရန် နအဖစစ်အစိုးရက စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖျက်သိမ်းခံလိုက်ရသည့် တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ကော့သောင်းနယ်စပ် ညအချိန် ကူးဖြတ်မှု ပိတ်ပင်

ချင်းမိုင် (မဇ္ဈိမ)။ ။ ကော့သောင်းရှိ နယ်စပ် ရွာလေးရွာတွင် ညအချိန် နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံဘက်သို့ ကူးသန်းသွားလာမှု့ ပိတ်ပင်လိုက်သည်။

ဖော့တုတ်၊ မာဒမ်း၊ ခမောက်ကြီး၊ အေးချမ်းသာရွာများတွင် ညနေ ၆ နာရီနောက်ပိုင်း ထိုင်းနိုင်ငံဘက်သို့ ဖြတ်ကူးခွင့်မရှိဟု တင်္နသာရီတိုင်း ကော့သောင်းခရိုင်မှုးက မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးအရ အမိန့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ထို့အပြင် မနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း ရနှောင်းသို့ ကူးလိုပါက ကျေးရွာအာဏာပိုင် ထောက်ခံစာ လိုသည်။

ဒေသခံများမှာ နယ်စပ်မြစ် ပါရှန် ကို ဖြတ်၍ တဖက်နိုင်ငံ ထိုင်းနယ်စပ်မြို့ ရနောင်းသို့ ကူးသန်းသွားလာမှု ပြုလေ့ရှိသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဇူလိုင်လ ၃၀ ရက်
ရက်သတ္တပတ် ၃၀၊ ၂၀၀၉
မြန်မာသတင်း

အတိုက်အခံရှေ့နေကို အာဏာပိုင်များ နှောင့်ယှက်

နယူးဒေလီ (မဇ္ဈိမ)။ ။ ထောင်မှ ပြန်လွတ်လာပြီးနောက် ဝမ်းရေးအတွက် အောင်ဘာလေထီ ရောင်းချမှု မလုပ်နိုင်အောင် အာဏာပိုင်များက နှောင့်ယှက်ထားသည်ဟု ပဲခူးမြို့မှ ရှေ့နေ ကိုညီညီထွေးက ပြောသည်။

အကျဉ်းချပြီး ရှေ့နေလိုင်စင်ပါ အသိမ်းခံရသည့် အသက် ၃၃ နှစ်အရွယ် ကိုညီညီထွေးသည် အောင်ဘာလေထီ လက်လီ ရောင်းချနေရာ ထီဆိုင်များ အနေဖြင့် သူ့ကို အကြွေးမပေးရန်နှင့် ထီရောင်းကား မငှားရမ်းရန် ဒေသအာဏာပိုင်များက လိုက်လံပိတ်ပင်မှုများ ရှိနေသည်ဟုဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းသူ ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် အန်အယ်ဒီအဖွဲ့ဝင် ကိုရန်နိုင်ထွန်း အပါအဝင် ၃ ဦးအတွက် ရန်ကုန် မြောက်ပိုင်းခရိုင် တရားခွင်တွင် ခုခံကာကွယ်ပေးနေရင်း ရုံးတော်ကို မထီမဲ့မြင်မှုဖြင့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထောင်ဒဏ် ၆လ ချခံခဲ့ရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မြန်မာနိုင်ငံတွင် A(H1N1) တုပ်ကွေးဖြစ်သူ (၁၀) ဦးရှိပြီ

မြန်မာနိုင်ငံတွင် A(H1N1) တုပ်ကွေးရောဂါဝေဒရှင် (၁၀) ဦးရှိပြီဟု ယနေ့ထုတ် စစ်အစိုးရပိုင် သတင်းမီဒီယာများက ဖော်ပြသည်။

(၁၀) ဦးမြောက် ရောဂါဖြစ်ပွားသူမှာ ဇူလိုင် (၂၀) ရက်တွင် MI-512 ဖြင့် ရောက်ရှိလာသူ အသက် (၅၇) နှစ်အရွယ် အမျိုးသား ဖြစ်ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

မြောက်ပိုင်းတိုင်းမှူးနှင့် ဘာသာရေးခေါင်းဆောင်များ ကချင်တပ်အရေး ဆွေးနွေး

ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရနှင့် ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့အကြား နယ်ခြားစောင့်တပ်အရေး သဘောကွဲလွဲမှုအပေါ် ညှိနှိုင်းရန်အတွက် မြောက်ပိုင်းစစ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် ကချင်ခရစ်ယာန် ဂိုဏ်းပေါင်းစုံတို့ ယမန်နေ့က ဆွေးနွေးခဲ့ကြသည်။

မြစ်ကြီးနား အောင်နန်းရိပ်သာရပ်ကွက်ရှိ ကာသိုလိပ် St. Columban ဘုရားရှိခိုးကျောင်းဓမ္မာရုံတွင် ဆွေးနွေးပွဲ ကျင်းပရာ ဗိုလ်ချုပ်စိုးဝင်းနှင့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ မြစ်ကြီးနားမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ (Myitkyina Christian Council - MCC) ခေါင်းဆောင်များ၊ ကေအိုင်အို ဒုဥက္ကဋ္ဌ-၂ ဒေါက်တာတူးဂျာတို့ ပါဝင်ကာ ၃ နာရီကြာ တွေ့ဆုံခဲ့ကြသည်။

မြောက်ပိုင်းတိုင်းမှူးက ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်ကိုကိုင်ကာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်း နယ်ခြားစောင့်တပ်ပြောင်းလဲခြင်းမရှိသော ငြိမ်းချမ်းရေးအဖွဲ့များ၏ စစ်တပ်များသည် တရားဝင်တော့မည် မဟုတ်ကြောင်း ပြောဆိုသွားသည်။

နအဖက ကချင်အထူးဒေသ (၂) ကေအိုင်အို၏ စစ်တပ်ဖြစ်သော ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ကို မြန်မာ့တပ်မတော် ကိုယ်စားလှယ်များ အုပ်ချုပ်မှုတွင် ပါဝင်စွက်ဖက်မည့် နယ်ခြားစောင့် တပ်အဖြစ် အသွင်းပြောင်းကာ အင်အားကိုလည်း လျော့ချစေလိုသည်။ သို့သော် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လက်ရှိအင်အားအတိုင်းထားရှိလိုသော ကချင်ဒေသ၏အကြီးမားဆုံးအဖွဲ့က “ကချင်ဒေသ လုံခြုံရေးတပ်“ (Kachin Regional Guard Force - KRGF) အဖြစ်သာ လုပ်လိုကြောင်း တုံ့ပြန်ထားသည့်နောက် ယခု တွေ့ဆုံမှု ဖြစ်ပေါ်လာခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

စာပေဟောပြောပွဲတက်ရန် ရပ်ကွက်လူထုကို ဖိအားပေး

ရန်ကုန်တိုင်း၌ ယခုရက်ပိုင်းအတွင်း စာပေဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ သက်ဆိုင်ရာရယကများက စာပေဟောပြောပွဲသို့ တက်ရောက်ရန် ရပ်ကွက်လူထုအား ဖိအားပေးမှုများရှိသည်ဟု ရန်ကုန်မြို့ခံအချို့က ပြောသည်။ အဆိုပါ စာပေဟောပြောပွဲများကို ရန်ကုန်တိုင်း တယကရုံး၏ ညွှန်ကြားမှုအရ စာပေနှင့်စာနယ်ဇင်းအဖွဲ့က စီစဉ်ပေးခဲ့ရကာ ရန်ကုန်တိုင်း (၁၁) မြို့နယ်အတွင်း စာပေဟောပြောပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း စာနယ်ဇင်းဆရာတဦးက ပြောသည်။

၎င်းက “စာပေစာနယ်ဇင်းကို ခေါင်းတပ်တယ်။ တကယ်တမ်းလုပ်တာက စစ်ဌာနချုပ်ရဲ့ ညွှန်ကြားမှုအရ ရန်ကုန် တယက ကလုပ်တာလို့ သိထားရတယ်။ ဟောရမယ့် စာရေးဆရာတွေကိုလည်း ဘယ်မြို့နယ်မှာ ဘယ်သူ့ကိုဖိတ်ပြီး ဟောခိုင်းရမယ်ဆိုတာ သူတို့ကပဲ ရှာပေးပြီးသား။ ချစ်နိုင် (စိတ်ပညာ)၊ ကောင်းသန့်၊ ချစ်ဦးညို၊ လယ်တွင်းသားစောချစ်၊ ဒေါက်တာမတင်ဝင်း၊ ချစ်စံဝင်း အဲလိုမျိုး သူတို့လိုချင်တဲ့ စာရေးဆရာတွေကို စာပေစာနယ်ဇင်းအဖွဲ့ကတဆင့် ခေါ်ခိုင်းထားပြီးသား” ဟု ရှင်းပြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဇူလိုင်လ ၃၁ ရက်
ရက်သတ္တပတ် ၃၀၊ ၂၀၀၉
မြန်မာသတင်း

အဖွဲ့ချုပ်ဝင် ၆ ဦး ပြန်လွတ်လာ

ချင်းမိုင် (မဇ္ဈိမ)။ ။ ယမန်နေ့ညက ဖမ်းဆီးခံခဲ့ကြရသူများ အနက်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၆ ဦး ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း သိရသည်။

ရန်ကုန် ဒဂုံမြို့သစ်မှ မသက်သက်အောင်၊ တောင်ဒဂုံမြို့နယ်မှ ကိုထိန်ဝင်းနှင့် ဒေါ်ခင်ဝင်းကြည်၊ စမ်းချောင်းမြို့နယ်နေ အောင်လံအမတ် ဦးညွန့်လှိုင်၊ ဒေါ်နော်အုန်းလှ၊ မခင်မြတ်သူတို့ ပြန်လွတ်လာကြောင်း အဖွဲ့ချုပ် ဗဟို ပြန်ကြားရေးဌာနမှ ဦးအုန်းကြိုင်က ပြောသည်။

ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက် ချမည်ဟု ယနေ့တွင် လျာထားခဲ့ရာမှ ဆူပူအုံကြွမည်ကို စိုးရိမ်ပြီး လက်ဦးမှု ရယူသည့် အနေဖြင့် အနယ်နယ်အရပ်ရပ်မှ အန်အယ်ဒီအဖွဲ့ဝင်အချို့ကို ယမန်နေ့ညက ဖမ်းဆီးခဲ့ရာ စုစုပေါင်း ၃၀ ဦးခန့်ရှိမည်ဟု ခန့်မှန်းရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မြောက်ပိုင်းတိုင်း တိုင်းမှူး ကေအိုင်အိုနယ်မြေရောက်ရှိ စစ်ဆေးရုံသို့ သွားရောက်လေ့လာ


မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ထိန်းချုပ်ရာ တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့သို့ ယနေ့ရောက်ရှိလာကာ လိုင်ဇာဟိုတယ်တွင် ကေအိုင်အိုခေါင်းဆောင်များနှင့် တွေ့ဆုံပြီးနောက် ကေအိုင်အို စစ်ဆေးရုံသို့ သွားရောက်ကြည့်ရှုခဲ့သည်။

အင်အား (၁ဝဝ) ဝန်းကျင်ရှိ နအဖစစ်သားများက လုံခြုံရေးအဖြစ် လိုက်ပါလာသည့် ဗိုလ်ချုပ်စိုးဝင်းသည် ယနေ့ နံနက် (၁ဝ) နာရီခန့်တွင် ကေအိုင်အို ခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံခဲ့ပြီးနောက် လိုင်ဇာမြို့မြောက်ဘက်၊ နှစ်မိုင်ခန့်အကွာ ဝယ်ကျိုင်ကျေးရွာရှိ ကေအိုင်အို စစ်ဆေးရုံသို့ သွားရောက်ခဲ့သည်ဟု လိုင်ဇာဒေသခံတဦးက ပြောသည်။ ကေအိုင်အိုအဖွဲ့အား နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရေး နအဖဘက်က ကမ်းလှမ်းထားမှုအပေါ် ကေအိုင်အိုအဖွဲ့က ကချင်ဒေသလုံခြုံရေးတပ်ဖွဲ့ကို မိမိစစ်သားများဖြင့်သာ ဖွဲ့စည်းလိုပြီး အနာဂတ် ကချင်ပြည်နယ် အစိုးရအဖွဲ့တွင် ကေအိုင်အိုက အာဏာရရှိရေး တောင်းဆိုခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဗီဇာပိတ် စာရင်းဝင်သူများကို စိစစ်ရန် ဝန်ကြီးဌာန ညွှန်ကြား

နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာနိုင်ငံသို့ ခရီးသွားလုပ်ငန်း ကုမ္ပဏီများမှတဆင့် Arrival Visa ခေါ် ဆိုက်ရောက်ဗီဇာ လျှောက်သည့် နိုင်ငံခြားသား ခရီးသွားများအနက် ဗီဇာပိတ်ပင် စာရင်းဝင်သူများ ပါဝင်ခြင်း ရှိမရှိ စိစစ်သွားရန် ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာနက ညွှန်ကြားထားသည်။

လဝက ၏ ဗီဇာ ပိတ်ပင်ခံရသူများ ဖြစ်နေပါက Arrival Visa ရရှိနိုင်မည် မဟုတ်သဖြင့် ခရီးသွား ကုမ္ပဏီများက လဝက ထုတ်ပေးထားသည့် Arrival Visa ပုံစံ ၃ စုံအနက် လျှောက်လွှာတစုံကို ရန်ကုန်ရှိ လဝက ရုံးသို့ ၆ ရက် ကြိုတင်၍ ပေးပို့်ရမည်ဖြစ်ကြောင်း ညွန်ကြားစာတွင် ဖော်ပြထားသည်။

Arrival Visa လျှောက်သည့် ခရီးသွားများကို စိစစ်ခြင်းမှာ အဓိကအားဖြင့် နိုင်ငံရေးနှင့် ကင်းရှင်းသူ ဟုတ်မဟုတ် စစ်ဆေးခြင်းသာဖြစ်ကြောင်း Arrival Visa ဝန်ဆောင်မှုပေးနေသည့် ရန်ကုန်ရှိ နာမည်ကြီး ခရီးသွားကုမ္ပဏီ တခု၏ ဦးဆောင်ညွှန်ကြားရေးမှူး မဇ္စျိမကို ပြောသည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချမည့်ရက် ရွှေ့ဆိုင်း

ဒေါ်အောင်ဆန်းစုကြည်တို့အား စီရင်ချက်ချမည့်ရက်ကို သြဂုတ် (၁၁) ရက်သို့ ပြောင်းရွှေ့လိုက်ကြောင်း အန်အယ်လ်ဒီပါတီ ပြောခွင့်ရ ဦးအုံးကြိုင်က ပြောသည်။

အင်းစိန်အထူးတရားရုံးတွင် ယနေ့နံနက် (၁၀) နာရီတွင် ရုံးချိန်းစတင်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လာသူများ ယခင်ရက်များကထက် ပိုမိုများပြားခဲ့ကြောင်း အန်အယ်လ်ဒီအဖွဲ့ဝင်တဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )