Sunday, March 25, 2012

ABSDF မြောက်ပိုင်း၌ ၁၉၉၁ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်များ၌ ဖြစ်ပွားခဲ့သော ဖမ်းဆီးအရေးယူမှုများနှင့် ပတ်သက်၍ ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်၏ ရှင်းလင်းချက်




လတ်တလောကာလအတွင်း ၁၉၉၁ ခုနှစ်၊ ၁၉၉၂ ခုနှစ်များ၌ မကဒတ မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သော ဖမ်းဆီး အရေးယူမှုများနှင့် ပါတ်သက်၍ ပြောဆိုရေးသားမှုများကို ကြားသိတွေ့မြင်နေရပါသည်။

မိမိအနေဖြင့် လက်ရှိကာလတွင်
`မကဒတ´အတွက် ပြောရေးဆိုခွင့်ရှိသူတယောက် မဟုတ်သော်လည်း ထိုအချိန်ကာလအတွင်း တာဝန်ရှိခဲ့သူ တဦးအနေဖြင့် ကာယကံရှင်များနှင့် စိတ်ဝင်စားသူများ သိရှိ နားလည်စေရန်အတွက် အချက်အလက်မှန်များကို ရှင်းလင်းတင်ပြ အပ်ပါသည်။

မိမိအနေဖြင့် စိတ်ဝင်စားသူအားလုံး နားလည်သဘောပေါက်စေရန် မိမိ ရင်ဆိုင်ကြုံတွေ့ ဖြတ်သန်းခဲ့ရသော အဖြစ်မှန်များကို မခြွင်းမချန် တင်ပြခြင်းသာဖြစ်၍ မည်သူ တစ်ဦးတယောက်၊ တသင်းတဖွဲ့ကိုမျှ နစ်နာစော်ကားလိုသော စိတ်ဆန္ဒမရှိပါ ကြောင်း
ရိုးသားစွာဖြင့် ကနဦး မေတ္တာရပ်ခံ တင်ပြလိုပါသည်။

၎င်းအချိန်၌ ရှိနေသော မကဒတ၏ နောက်ခံအခြေအနေ

(က) `မကဒတ´ ဗဟိုနှင့် စခန်းများအခြေအနေ
`မကဒတ´ တွင် ဖြတ်သန်းလာသူများ အားလုံး `မကဒတ´အား မည်သို့ တည်ဆောက်ခဲ့ကြသည်ကို အားလုံး ကြုံဖူးခဲ့ကြမည် ဖြစ်သည်။ နယ်မြေ အသီးသီးမှ ရောက်ရှိလာသော ရှစ်လေးလုံး သပိတ် တိုက်ပွဲဝင်ကျောင်းသား၊ လူငယ်၊ လူကြီးအပေါင်းဖြင့် သက်ဆိုင်ရာ တိုင်းရင်းသားနယ်မြေများတွင် စခန်းများကို တည်ထောင်ခဲ့ကြခြင်း ဖြစ်ပါသည်။ ဤသို့ နယ်မြေအလိုက် စုစည်းထားသော စခန်းများကို အခြေခံ၍ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (NDF) ၏ ကမကထပြုမှုဖြင့် မကဒတကို ၁၉၈၈ ခုနှစ်
နိုဝင်ဘာလ (၁)ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။ ကိုထွန်းအောင်ကျော်မှာ ပထမဆုံးဥက္ကဌအဖြစ် အရွေးချယ်ခံခဲ့ရပါသည်။

၈၈ ကျောင်းသား လှုပ်ရှားမှုအတွင်း တည်ရှိခဲ့သော ကျောင်းသားအုပ်စု အသီးသီး၏ အမြင်၊ အစွဲနှင့် ဒေသနောက်ခံ မတူညီမှုများအပေါ်တွင် ဖြစ်တည်ခဲ့ကြသော ပဋိပက္ခတချို့ကို `မကဒတ´ ဗဟိုကော်မတီအတွင်း ဖြေရှင်း မနိုင်ဖြစ်ခဲ့သဖြင့် တိုတောင်းလှသော သက်တမ်းအတွင်း အရေးပေါ် ညီလာခံတရပ်ကို ခေါ်ယူကျင်းပကာ ဗဟိုကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့ကြရပါသည်။ စခန်းအများစုမှာ ကိုယ်ထူကိုယ်ထ ရပ်တည်နေခြင်း၊ ဗဟိုအပေါ်တွင် ယုံကြည်လေးစားမှုမရှိခြင်း
တို့ကြောင့် ပထမအကြိမ်ညီလာခံသက်တမ်း ဗဟိုကော်မတီမှာ သြဇာသက်ရောက်မှု မရှိလှပါ။ ဤကာလအတွင်း ကျောင်းသားတပ်မတော်ဟူ၍ စတင် ဖွဲ့စည်းခဲ့သလို ကျောင်းသား အမြောက်အများ မြန်မာပြည်သို့ပြန်ခြင်း၊ ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်
သွားခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။

ထိုအချိန်ကာလတွင် ကိုမိုးသီးဇွန်သည်လည်း လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာခဲ့ပြီး တပ်ရင်း၊ စခန်း၊ အကွဲအပြဲများလည်း အကြောင်းအမျိုးမျိုးဖြင့် စတင်ပေါ်ပေါက်ခဲ့ပါသည်။
`မကဒတ´ ကို တဆင့်ပိုမို ကျစ်လစ် ခိုင်မာစေသော ဒုတိယအကြိမ် ညီလာခံကို ၁၉၈၉ ခုနှစ်တွင် မင်းသမီးစခန်း၌ ကျင်းပခဲ့ပါသည်။ ထိုညီလာခံတွင် ကိုမိုးသီးဇွန်က ဥက္ကဌ၊ မိမိက ဒု-ဥက္ကဌ(စီမံ)၊ ကိုကျော်ကျော်က အထွေထွေအတွင်းရေးမှူး အဖြစ် တာဝန်ပေးအပ်ခံခဲ့ရပါသည်။ ယခင် ပထမအကြိမ်ညီလာခံသက်တမ်း ဗဟိုကော်မတီဝင်အများစုမှာ ပြန်လည် ရွေးချယ်
မခံရတော့ပါ။ တစ်ချို့ ဘန်ကောက်သို. ရောက်ရှိသွားကြသလို၊ တချို့လည်း မိခင်စခန်းများသို့ ပြန်လည်ရောက်ရှိသွားခဲ့ကြပါသည်။ ဤကာလအတွင်း ဗဟိုနှင့်စခန်း များ၏ အာဏာခွဲဝေမှု၊ ကျောင်းသားတပ်မတော်အတွင်း ဗဟိုဦးစီးအမိန့် ရရှိနိုင်ရန်
ကြိုးပမ်းတည်ဆောက်နေရသောကာလဖြစ်ပြီး စခန်းများအနေဖြင့် ဗဟိုကော်မတီကို နိုင်ငံရေးအရ တစုံတရာ အသိအမှတ်ပြုလာသော ကာလလည်းဖြစ်ပါသည်။

၁၉၉၀ ရွေးကောက်ပွဲ၊ ဘုရားသုံးဆူ၊ မယ်သဝေါထိုးစစ်နှင့် န၀တ မှ ကမ်းလှမ်းလာသော အပစ်အခတ်ရပ်စဲရေးကိစ္စများနှင့် ကြုံတွေ့ခဲ့ရသော ကာလဖြစ်ပြီး၊ `မကဒတ´ရဲဘော်များအနေဖြင့်လည်း မဟာမိတ်များနှင့်ပူးတွဲ၍ ရှေ.တန်းစစ်မြေပြင် မြန်မာပြည် နိုင်ငံရေးဇတ်ခုံနှင့် နိုင်ငံတကာ စင်မြင့်များတွင် ပေါ်လွင်ထင်ရှားစွာ လှုပ်ရှားနိုင်ခဲ့သော ကာလလည်းဖြစ်ပါသည်။

တချိန်တည်းမှာပင် `မကဒတ´အတွင်းတွင်လည်း အတွေးအခေါ် တိုက်ပွဲသဏ္ဍန်ဖြင့် ပုံဖေါ်လာသော ခေါင်းဆောင်မှု တိုက်ပွဲများလည်း ထင်ရှားလာခဲ့ပါသည်။ မကဒတ ဗဟိုကော်မတီ ဌာနချုပ်ကို “ယာယီတော်လှန်ကော်မတီ” ဟူသောဂိုဏ်းကွဲ အုပ်စုမှ လက်နက်နှင့် ၀ိုင်းခဲ့သည့် ဖြစ်ရပ်မျိုးအထိ ပေါ်ပေါက်ခဲ့ရပါသည်။ ဤညီလာခံ သက်တမ်းကာလအတွင်း မိမိမှ
၁၉၉၀ ရွေးကောက်ပွဲကာလ စစ်ရေးလှုပ်ရှားမှုများတွင် မဲရုံများအား စစ်ရေးအရ မတိုက်ခိုက်ရဟု ပြောဆိုခဲ့ သည့်အပေါ်မိမိအား စေ့စပ် ကြေအေးရေး အတွေးအခေါ်ရှိသူဟု အုပ်စုဖွဲ့ စွပ်စွဲ တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ပါသည်။ မိမိအနေဖြင့် ဗဟိုကော်မတီ အကွဲအပြဲ မဖြစ်စေလို၍ တာဝန်မှ နှုတ်ထွက်ပေးခဲ့ပြီး မိခင်တပ်ရင်း အခြေပြုရာ ဘုရားသုံးဆူ စခန်းသို့ ပြန်ခဲ့ပါသည်။

(ခ) မကဒတ တတိယအကြိမ် ညီလာခံတွင် တိုင်းရင်းသား မဟာမိတ် အဖွဲ့အစည်းများ န၀တစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုများ ပြုလုပ်နေသည့်အခြေအနေ၊ NLD ရွေးကောက်ပွဲ နိုင်သွားသည့်အခြေအနေ၊ စစ်အစိုးရက ကရင် နယ်မြေတခုတည်းသို့ ထိုးစစ်ကြီးများ အကြီးအကျယ် ဆင်နွဲနေသော အခြေအနေအောက်တွင်၊ တတိယအကြိမ်ညီလာခံကို ကျင်းပခဲ့ရခြင်းဖြစ်ပါသည်။

တချိန်တည်းမှာပင် `မကဒတ´ဗဟိုကော်မတီအတွင်း၌ စေ့စပ် ကြေအေးရေး အတွေးအခေါ်သမားများ
လွှမ်းမိုးနေသည် ဟူသော စွပ်စွဲ တိုက်ခိုက်မှုဖြင့် ယာယီ တော်လှန်ကော်မတီ ဆိုသည့် ဗဟိုကော်မတီအား ဆန့် ကျင်သည့် စင်ပြိုင် လှုပ်ရှားမှုများလည်း ရှိနေသကဲ့သို့ ၎င်းကော်မတီမှ မကဒတ ဗဟိုဌာနချုပ်ကို လက်နက်နှင့် ၀ိုင်းခဲ့သည့် ကိစ္စကိုလည်း ညီလာခံတွင် ဖြေရှင်းအရေးယူရန် ကျန်စခန်းများမှ တောင်းဆိုထားသည့် အခြေအနေများလည်း ရှိနေပါသည်။

ဤယာယီ တော်လှန်ကော်မတီကို တပ်ရင်း ၂၀၈ တပ်ရင်းမှူး ကိုမျိုးသန့်နှင့် ကိုဇော်ထွန်း (၂ ယောက်စလုံး ပျောက်ဆုံး) တို့က ဦးဆောင်ခဲ့ပါသည်။
သံလွင်စခန်းတွင် စတင် ကျင်းပ ပြုလုပ်ခဲ့သော မကဒတ တတိယ အကြိမ်ညီလာခံ၏ (၁၆၊ ၈၊ ၁၉၉၁) တတိယမြောက်နေ့ (နေ့လည်ပိုင်း) အစည်းအဝေးတွင် တပ်ရင်း(၂၀၈) ယာယီ တော်လှန်ကော်မတီ၏ အယူခံလွာကိစ္စကို စတင်ဆွေးနွေးရာ တပ်ရင်းမှူး ကိုမျိုးသန်.က ယာယီ တော်လှန်ကော်မတီ၏ နောက်ကွယ်တွင် ဥက္ကဌဖြစ်သူ ကိုမိုးသီးဇွန် ကိုယ်တိုင်
ပါဝင်ပတ်သက်မှု ရှိခဲ့ကြောင်း၊ ထုတ်ဖေါ်ပြောဆိုသွား ခဲ့ပါသည်။

ဤအခြေအနေများအောက်တွင် ကျင်းပခဲ့ရသော ထိုညီလာခံ၌ မိမိအနေဖြင့် တပ်ရင်း(၁၀၁)မှ သာမန် ညီလာခံ ကိုယ်စားလှယ် တစ်ဦးအနေဖြင့်သာ တက်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။ နောက်ပိုင်းတွင် ဖမ်းဆီး ထိမ်းသိမ်းခံခဲ့ရသည့် ကိုနေ၀င်းအောင် (သံလွင်စခန်းကိုယ်စားလှယ်)နှင့် ကိုစိုးလင်း (မြောက်ပိုင်း ကော်မတီ ကိုယ်စားလှယ်) တို့လည်း ယင်းညီလာခံသို့ တက်ရောက်ခဲ့ကြပါသည်။ မကဒတ၏ ဖွဲ.စည်းပုံ အခြေခံဥပဒေအရ ညီလာခံတွင် အသစ် ရွေးချယ် တင်မြောက်ခံရသည့် ဗဟိုကော်မတီသစ်မှ ကျမ်းသစ္စာ ကျိန်ဆိုပြီး တရားဝင် အာဏာ လွဲပြောင်းရယူသည့် အချိန်အထိ ယခင် ဗဟို ကော်မတီဟောင်းတွင် တာဝန်နှင့် လုပ်ပိုင်ခွင့် အပြည့်အ၀ ရှိပါသည်၊
မြောက်ပိုင်းကိစ္စနှင့် တတိယ အကြိမ်ညီလာခံ ( သြဂုတ်လ ၁၄ ရက်နေ့ မှ အောက်တိုဘာလ ၂၅ရက်နေ့
၁၉၉၁ခုနှစ်) သံလွင် စခန်းညီလာခံအတွင်း တင်းမာမှုများေ ပ်ါပေါက်နေစဉ် တရက်၌ ဥက္ကဌ ကိုမိုးသီးဇွန်က မြောက်ပိုင်းဗဟို၌ ရန်သူသူလျှိုများကို ဖေါ်ထုတ် ဖမ်းဆီး ရမိထားကြောင်း၊ ထိုသူများထဲတွင် ဗဟို ကော်မတီဝင်များလည်း ပါဝင်သည်ဟု ကြေးနန်းရရှိကြောင်း
ညီလာခံ ခန်းမအတွင်း၌ ထုတ်ဖေါ် ပြောဆိုခဲ့ပါသည်။ ကိုမိုးသီးဇွန်၏ ထိုပြောဆိုချက်အပေါ် မြောက်ပိုင်း ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ကိုစိုးလင်း အပါအ၀င် ကိုယ်စားလှယ်တချို့က အပြင်းအထန် ကန်.ကွက် ဆွေးနွေးခဲ့ကြပါသည်၊ ညီလာခံအတွင်း တင်းမာမူများလည်း ပိုမို ကြီးထွားလာခဲ့ပါသည်။
မကဒတ၏ ဖွဲ.စည်းပုံ အခြေခံဥပဒေအရ ညီလာခံတွင် အသစ် ရွေးချယ် တင်မြောက်ခံရသည်. ဗဟိုကော်မတီသစ်မှ ကျမ်းသစ္စာ ကျိန်ဆိုပြီး တရားဝင် အာဏာ လွဲပြောင်းရယူသည့် အချိန်အထိ ယခင် ဗဟိုကော်မတီဟောင်းတွင် တာဝန်နှင့်လုပ်ပိုင်ခွင့် အပြည့်အ၀ ရှိပါသည်။ သို့ဖြစ်၍ မြောက်ပိုင်းဗဟို၏ ထိုကြေးနန်းအပေါ် ကိုမိုးသီးဇွန် ခေါင်းဆောင်သော ဗဟိုကော်မတီဟောင်း
အနေဖြင့် မည်ကဲ့သို. ပြန်လည် ညွန်ကြားခဲ့ကြောင်းကို ထိုအချိန်က သာမန် ညီလာခံ ကိုယ်စားလှယ် တဦးသာဖြစ်သည့် မိမိအနေဖြင့် အတိအကျ မသိရှိခဲ့ပါ။ ထိုကိစ္စနှင့် ပတ်သက်ပြီး ကိုမိုးသီးဇွန်က မြောက်ပိုင်း ဗဟိုကို ကြေးနန်း တစောင် ပြန်ကြားခဲ့သည်ဟုသာ
မိမိအနေဖြင့် နောက်ပိုင်းတွင် ပြန်လည် ကြားသိခဲ့ရပါသည်။

စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဖွဲ.စည်းပုံ ရေးဆွဲရေး အဖွဲ့၊ ရှေ့လုပ်ငန်းစဉ် ရေးဆွဲရေး အဖွဲ.နှင့် စစ်ရေး လမ်းစဉ် ရေးဆွဲရေး အဖွဲ့ဆိုသည့် အလုပ်အဖွဲ့ (၃)ဖွဲ့ကို ဖွဲ့စည်းပေးပြီး ညီလာခံကို ခေတ္တ ရပ်နားခဲ့ပါသည်။ လုံခြုံရေး အခြေအနေအရ (၁၃)ရက်နေ့တွင် မဟာမိတ် ကေအင်န်ယူနှင့် ညီလာခံ ကောင်မရှင်တို့၏ ညှိနှိုင်းမှုဖြင့် မာနာပလောကို စတင်ပြောင်းရွေ့ခဲ့ပြီး (၁၆)ရက်တွင်
မာနာပလော၌ ညီလာခံကို ဆက်လက် ကျင်းပခဲ့ပါသည်။
မာနာပလောတွင်လည်း  ညီလာခံအတွင်း၌ တင်းမာမှုများ ဆက်လက် ပေါ်ပေါက်ခဲ့သဖြင့် ညီလာခံကို မကြာခဏ ရပ်နားလိုက် ပြန်စလိုက်ဖြင့် စခန်းသွားခဲ့ရပါသည်။ ရွေးချယ် တင်မြှောက်ပွဲပြုလုပ်မည့် စက်တင်္ဘာ(၂၈) ရက်နေ့တွင် ကိုမိုးသီးဇွန်တို့ဘက်က အများစု၏ လျို.၀ှက် ဆန္ဒမဲဖြင့် ရွေးချယ်မည့် အစီအစဉ်ကို လက်မခံနိုင်ကြောင်း ငြင်းဆိုခဲ့ရာမှ အခြေအနေ အတင်းမာဆုံးကို
ရောက်ရှိခဲ့ရပြီး ညီလာခံကို တဖန် ရပ်နားခဲ့ရပြန်ပါသည်။ ကေအင်န်ယူ အပါအ၀င် ဒီအေဘီ တပ်ပေါင်းစု ခေါင်းဆောင်များ၏ ကြားဝင်ပေးမှုဖြင့် စခန်းအသီးသီးမှ ကိုယ်စားလှယ် တဦးစီ ပါဝင်သော အဖွဲ့က ညှိနှိုင်းမှုများ ဆက်လက် ပြုလုပ်ခဲ့ကြပါသည်။

ညီလာခံကို အောက်တိုဘာလ ၈ ရက်နေ့တွင် ပြန်လည် ကျင်းပပြီး ၃ ရက်အကြာ အောက်တိုဘာလ ၁၁ ရက်နေ့တွင် မြောက်ပိုင်းမှ စပိုင်ဟု စွပ်စွဲ ဖမ်းဆီးခံရပြီး ထွက်ပြေး လွတ်မြောက်လာသူ ၃ ဦးနှင့် ပြုလုပ်သော နဝတ၏ သတင်းစာ ရှင်းလင်းပွဲကို ကြားသိရပါသည်။ မကဒတ (မြောက်ပိုင်း)တွင် စပိုင်ဟု စွပ်စွဲပြီး ဖမ်းဆီးထားသူ (၄၀)ကျော်ရှိကြောင်း၊ ဥက္ကဌ ထွန်းအောင်ကျော်
အပါအ၀င် ဗဟိုကော်မတီဝင် (၅)ဦး ပါဝင်ကြောင်း၊ ရက်ရက်စက်စက် နှိပ်စက် စစ်ဆေးခံရတဲ့အတွက် ယခုအခါ (၅)ဦး ခန့် သေဆုံးသွားပြီး ဖြစ်ကြောင်း၊ အဆိုပါ ထွက်ပြေးလာသူ (၃)ဦးက ပြောဆိုခဲ့သည်ကို စစ်အစိုးရ ရေဒီယိုမှ တဆင့် ညီလာခံ ကိုယ်စားလှယ်တချို့ ကြားသိ ခဲ့ရပါသည်။
မဟာမိတ်များမှလည်း မိမိတို့၏ အခြေအနေကို ညှိနှိုင်းပေးရင်း လက်ပမ်းကြလာပြီး သံလွင်စခန်းတွင် ပြန်လည် ပြုလုပ်ကြရန် ပြောသဖြင့် အောက်တိုဘာလ ၁၉ ရက်နေ့တွင် မိမိတို့ ကျောင်းသားစခန်း၌ ဆက်လက် ကျင်းပခဲ့ကြပါသည်။ `မကဒတ´တတိယအကြိမ် ညီလာခံကြီး အနေဖြင့် ပြဿနာများ ဖြေရှင်းရင်းနှင့်အကွဲအပြဲ ဖြစ်သည်အထိ ရောက်ရှိသွားသောကြောင့် မြောက်ပိုင်းကိစ္စကိုအလေးအနက် မဆွေးနွေးနိုင်ခဲ့ပါ။ ဆွေးနွေးရန်လည်း ထိုအချိန်က တာဝန်ရှိသူများ အနေဖြင့် ညီလာခံသို. တင်ပြခဲ့ခြင်း မရှိပါ။


မိမိတို့ အနေဖြင့် ညီလာခံ ဆက်လက် ကျင်းပပြီး ဗဟိုကော်မတီသစ်ကို ဒီမိုကရေစီ နည်းကျ ရွေးချယ် တင်မြှောက်မည်ဟု ဆုံးဖြတ်နေချိန်တွင် ကိုမိုးသီးဇွန်တို့ ဦးဆောင်သော အဖွဲ့က ညီလာခံကို လုံးဝ မတက်ရောက်တော့ပါ။ ဘုရားသုံးဆူ စခန်းမှ ခွဲထွက်သွားသော အဖွဲ့များ၊ ယာယီ တော်လှန်ကော်မတီ အဖွဲ့များနှင့် ပထမအကြိမ် ညီလာခံ သက်တမ်းမှ ဗဟိုကော်မတီဝင်ဟောင်းတချို့ ကိုမိုးသီးဇွန်ဘက်သို. လိုက်ပါသွားကြပြီး ၎င်းတို့ဖာသာ သီးသန့် ညီလာခံတခုကို စင်ပြိုင် ကျင်းပပြု လုပ်ခဲ့ပါသည်။
မိမိတို့ကလည်း ကျန်ရှိနေသော ညီလာခံ ကိုယ်စားလှယ် အများစုနှင့် ညီလာခံကို ဆက်လက် ကျင်းပပြီး တတိယအကြိမ် ညီလာခံ သက်တမ်း ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ကြပါသည်။ အောက်တိုဘာ ၂၅ ရက်နေ့တွင် ညီလာခံ ပြီးဆုံးခဲ့ပါ သည်။

ဤဗဟိုကော်မတီကို`မကဒတ´မြောက်ပိုင်းမှ ထောက်ခံခဲ့ပြီး ဖွဲ့စည်းမှုထဲတွင် ပါဝင်လာခဲ့ပါသည်။ ညီလာခံ ပြီးလျှင်ပြီးချင်း `န၀တ´ထိုးစစ်များကြောင့် မာနယ်ပလော တစ်ဝိုက်ရှိ စခန်းများ ထိုင်းဖက်ကမ်းသို့  ရွှေ့ပြောင်းနေရပြီး၊ ယနေ့ DKBAဟု ဖြစ်လာမည့် ပြဿနာအစကို မဟာမိတ်များနှင့် ၀ိုင်းဝန်း ကူညီ ဖြေရှင်းနေချိန်မှာပင် မိမိတို့ ဗဟိုကော်မတီမှ မြောက်ပိုင်း ကိုယ်စားလှယ်တစ်ဦးဖြစ်သော ကျော်ကျော်(ကချင်)ကို ၁၉၉၂ ခုနှစ် ဇန္နဝါရီလတွင် `မကဒတ´မြောက်ပိုင်းသို့ ပြန်လည် စေလွှတ်လိုက်ပါသည်။ ၎င်းနှင့်အတူ မိမိတို့ထံသို့ စစ်ဆေး တွေ့ရှိချက်များ အမြန်ဆုံး ပေးပို့ပါရန်နှင့် မိမိတို့ ဗဟိုကော်မတီ၏ ဗဟို ဆုံးဖြတ်ချက် မပါဘဲ မည်သည့် အရေးယူမှုကိုမျှ မလုပ်ရန်၊ ဗဟိုနှင့် ဆက်သွယ်ရေးစနစ်ကို တိုက်ရိုက် ထူထောင်ရန် ညွှန်ကြားချက်များ ပေးလိုက်ပါသည်။

၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့ထုတ် The Nation သတင်းစာတွင် မကဒတ မြောက်ပိုင်း၌
စပိုင်များကို သတ်ဖြတ် အရေးယူလိုက်သည်ဆိုသော ကိစ္စပါလာကြောင်း မိမိတို့ ဘန်ကောက်ရုံးမှ ပေးပို့သည့် ကြေးနန်း မိမိတို့တောတွင်း ဌာနချုပ်သို့ ရောက်ရှိလာချိန်မှာ ဤကိစ္စကို မိမိတို့ သိရှိရခြင်း ဖြစ်သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ၁၉၉၂ ခုနှစ် မတ်လ ၁
ရက်နေ့ ရက်စွဲဖြင့် ဘန်ကောက် နိုင်ငံခြားရေးရုံးမှ ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ မိမိတို့လည်း မြောက်ပိုင်းသို့ မဟာမိတ် KIO ထံမှတဆင့် ကြေးနန်းဖြင့် ထပ်မံမေးမြန်းပြီး မတ်လ (၁၇)ရက်နေ့တွင် ကြေငြာချက် တစ်စောင် ထပ်မံ ထုတ်ပြန်ခဲ့ပါသည်။ မိမိတို့ တောင်ပိုင်း ဗဟိုအနေနှင့် ဤသို့ အရေးယူ ဆောင်ရွက်လိုက်ခြင်းကို လုံးဝ မသိရှိရကြောင်း၊ ဆက်သွယ်မှုမှာလည်း
အလှမ်းဝေးကြောင်းနှင့် ဤကိစ္စကို ဖြေရှင်းရာ၌လည်း နိုင်ငံတကာမှ ဝိုင်းဝန်း ကူညီဖြေရှင်း ပေးကြပါရန် တောင်းခံ ရှင်းလင်းခဲ့ပါသည်။

၎င်းနောက်တွင် မြောက်ပိုင်းမှ ၎င်းတို့ ဖေါ်ထုတ်တွေ.ရှိချက်များအရ တောင်ပိုင်းတွင်လည်း ရန်သူ့လူများ စိမ့်ဝင်နေကြောင်း၊`မကဒတ´ကို ဖြိုခွဲရန်အတွက် စီမံချက်ဖြင့် လှုပ်ရှားနေကြောင်း၊ ဗဟိုကော်မတီ တခုလုံးအား ယုံကြည်ရန် ခက်ခဲနေခြင်းကြောင့် ၎င်းတို့၏ ထုတ်ဖော်ရရှိမှုများကို မပေးပို့နိုင်ကြောင်း၊ ၎င်းတို့ မြောက်ပိုင်း၌ စစ်ဆေး တွေ့ရှိချက်များအရ မကဒတ မြောက်ပိုင်း ကိုယ်စားလှယ် ကိုစိုးလင်းကို ထိန်းသိမ်းထားရန် တပြိုင်နက်တည်း အကြောင်းကြားခဲ့သဖြင့် ထိန်းသိမ်းပေးခဲ့သည်။
မြောက်ပိုင်း၏ ဤအရေးယူမှုများကြောင့် `မကဒတ´ အပေါ် ပြည်တွင်း ပြည်ပမှ ရိုက်ခတ် သက်ရောက်မှုများ ရှိနေကြောင်း၊ မြောက်ပိုင်းမှ လက်ခံနိုင်သည့် ကိုယ်စားလှယ်တစ်ဦးကို မိမိတို့ဗဟိုမှ စေလွှတ်ပေးမည်ဖြစ်ကြောင်း၊ ထိုကာလအတွင်း မည်သည့် အရေးယူ ဆောင်ရွက်မှုကိုမှ လုံးဝ (လုံးဝ) ထပ်မံ မလုပ်ရန် အကြောင်းပြန်ခဲ့ပါသည်။

မိမိတို့ ဗဟိုကော်မတီအနေဖြင့် မြောက်ပိုင်း၌ ဖမ်းထားသူများမှာ ရန်သူ့စပိုင် ဟုတ်၊မဟုတ် အသေအချာ
မသိရသေးသော်လည်း မကဒတ အကွဲအပြဲနှင့် ရန်သူ့ သူလျှိုလုပ်ရပ်ဟု ဆက်စပ်ထားသောကြောင့် အလွန် သတိကြီးစွာဖြင့် ကိုင်တွယ်ခဲ့ရပါသည်။ မိမိအနေဖြင့်လည်း စေ့စပ် ကြေအေးရေးသမားဟု တချိန်လုံး စွပ်စွဲ တိုက်ခိုက်ခံနေရသဖြင့် ပိုမို သတိထားရပါသည်။ ဗဟို ဦးဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်အရ အဖမ်းခံနေရသူများသည် မည်သူပင်ဖြစ်စေ သေဒဏ်ပေးခြင်းမျိုး
မလုပ်သင့်ကြောင်း၊ ရန်သူ့သူလျှို ဖြစ်သည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ၊ `မကဒတ´အတွင်းတွင် နေထိုင်ရန် ခက်ခဲသွားပြီဖြစ်သဖြင့် လုံခြုံစွာ အိမ်ပြန်နိုင်ရေးအတွက် စီစဉ်ရန်နှင့် မြောက်ပိုင်းသို့သွားရောက်ရန် မိမိအား တာဝန်ပေးခဲ့ပါသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် မိမိတို့`မကဒတ´အား စိတ်ဓါတ်ထက်သန်စွာ ကူညီနေသည့် USB မှ ဦးစိုင်းထွန်းက မြောက်ပိုင်းတွင် သူ့တူမဖြစ်သူတစ်ဦး (ယခု သြစတြေးလျတွင်ရောက်ရှိနေသော နန်းအောင်ထွေးကြည်)ပါ အဖမ်းခံနေရကြောင်း၊ သူ့အနေဖြင့် အာမခံဖြင့် ခေါ်ထုတ်လိုကြောင်း၊ ကုန်ကျမှုများအတွက် တာဝန်ယူပေးမည်ဟု ပြောကြား ကမ်းလှမ်းလာသောကြောင့်
မိမိအနေဖြင့် သူနှင့်အတူ မြောက်ပိုင်းသို့သွားရောက်ရန် စီစဉ်ခဲ့ပါသည်။

ဤကာလမတိုင်မီ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊အပြင် သံရုံးတချို့နှင့်ပါ တွေ့ဆုံဆွေးနွေးခဲ့ ပြီး စစ်သုံ့ပမ်း(သို့မဟုတ်) အခြား သင့်တော်ရာ ပုံစံတခုဖြင့် လက်ခံပြီး မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင် ပေးနိုင်ရေးအတွက် မေးမြန်း အကူအညီတောင်းခံခဲ့သော်လည်း အိမ်ရှင် တရုတ်နိုင်ငံ၏ သဘောဆန္ဒ မပါဘဲ မဆောင်ရွက်နိုင်ကြောင်း၊ စစ်သုံ့ပန်းများ မဟုတ်၍
ကိုင်တွယ် ဆောင်ရွက်ရန် ခက်ခဲကြောင်း တုံ့ပြန်ခဲ့ကြပါသည်။

 နိုင်ငံတကာအနေဖြင့် တရုတ်ပြည်ကို ဖြတ်၍ ကြားဝင် ဆောင်ရွက်ရန် မဖြစ်နိုင်ကြောင်း သိရှိခဲ့ရပြီးနောက် မကဒတ အနေဖြင့်သာ တာဝန်ခံ ဖြေရှင်းရတော့မည်ဟူသော အသိဖြင့် မိမိသည် ဦးစိုင်းထွန်း၊
ဗိုလ်မှူကြီး စိုင်းလိတ် (SSPP ဥက္ကဌဟောင်း-ကျဆုံး) တို့နှင့်အတူ တရုတ်ပြည်သို့ သွားရောက်ခဲ့ရာ ၁၉၉၂ ခုနှစ် ဧပြီလ ၁၉ရက်နေ့တွင် ပါဂျောင်သို့ ရောက်ရှိခဲ့ပါသည်။

ကချင် ပါဂျောင်ဒေသ၌ မြောက်ပိုင်းကိစ္စကို ဖြေရှင်းခြင်း

KIO နှင့် `မကဒတ´(မပ)ရှိရာဒေသသို့ ဦးစိုင်းထွန်းနှင့်အတူ ၁၉၉၂ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့က ရောက်ရှိခဲ့ပါသည်။ မိမိအနေဖြင့် `မကဒတ´(မြောက်ပိုင်း) ဗဟိုကော်မတီဝင်များ၊ တပ်မှူးများ (ရှေ့တန်းရောက်နေသော ကိုမျိုးဝင်းနှင့် တပ်မှူး အချို့မပါ)နှင့် တောက်လျှောက် ဆွေးနွေးရင်း ယုံကြည်မှု တည်ဆောက်ခဲ့ရပါသည်။


မကဒတ မြောက်ပိုင်း၌ သေဒဏ်ပေး အရေးယူမှုကြောင့် `မကဒတ´(ဗဟို) အပေါ်သို့ သက်ရောက်လာသည့် အဖွဲ့တွင်းနှင့် ပြည်တွင်း ပြည်ပမှ ရိုက်ခတ် သက်ရောက်မှုများ၊ တောင်ပိုင်း ဗဟိုကော်မတီ၏ အခြေအနေနှင့် တည်ဆောက်မှုများ၊အခက်အခဲများကို နားလည် လက်ခံလာအောင် ခက်ခက်ခဲခဲ ရှင်းလင်း ဆွေးနွေးပြခဲ့ရပါသည်။ မြောက်ပိုင်းမှလည်း မိမိတို့၏အခက်အခဲများ အပေါ် နားလည်မှု ရှိလာသည်နှင့်အတူ စစ်ဆေးချက်များ၊ သက်သေခံ ပစ္စည်းများ ထုတ်ပြခဲ့ပါသည်။
မိမိအနေဖြင့် မြောက်ပိုင်းတွင် ဖမ်းဆီးခံနေရသူများအနက် နန်းအောင်ထွေးကြည် အပါအ၀င် မြောက်ပိုင်းမှ ရဲဘော်တချို.နှင့် မြောက်ပိုင်း စစ်ဒေသတွင် တပ်ရင်းသစ်များ ဖွဲ့စည်းထူထောင်ရန် မကဒတ တောင်ပိုင်း (ဗဟို)မှ တာဝန်ပေး စေလွတ်ခဲ့သော ရဲဘော်များအနက် ဖမ်းဆီးခံရသူ တချို့တို့ကို မြောက်ပိုင်း တာဝန်ခံ ရဲဘော် တချို့ရှေ့မှောက်တွင် မေးမြန်းခွင့် ရရှိခဲ့ပါသည်။ ထို့နောက် မိမိမှ မြောက်ပိုင်း ဗဟိုကော်မတီနှင့် အခြေအနေ တစ်ခုလုံးအပေါ် သုံးသပ် ဆွေးနွေးခဲ့ပါသည်။

- မကဒတ(မြောက်ပိုင်း)၏ ဖေါ်ထုတ်တွေ့ရှိချက်များအရ ရန်သူ့လူများ ထိုးဖေါက်ဝင်ရောက်ပြီး ဖြိုခွဲရန် ကြိုးစားသည်ဆိုသည်မှာ ဖြစ်နိုင်ကြောင်း၊
- သို့သော်လည်း ဤမျှ များပြားသည့် အရေအတွက်ဖြင့် ထိုးဖေါက် ၀င်ရောက်သည်ဆိုသည့် အချက်မှာလည်း လောဂျစ်အရ မဖြစ်နိုင်ကြောင်း၊
- ရန်သူ၏ စီမံချက်များကို သိသင့်သလောက်လည်း သိပြီးဖြစ်၍ `မကဒတ´အတွက် အကောင်းဆုံး နည်းလမ်းမှာ ဖမ်းဆီး ခံထားရသူများအား ဘေးကင်းရာ နေရာတခုသို. ပို.ဆောင်ပေးရေးပင်ဖြစ်ကြောင်း
ဆွေးနွေးတင်ပြခဲ့ပါသည်။

မြောက်ပိုင်းမှ လုံခြုံရေး အနေအထားအရ ချက်ခြင်း လွှတ်ပေးရန် မဖြစ်နိုင်ကြောင်းနှင့် တနှစ်ပြည့်လျှင် မိဘများထံ ပြန်လည် အပ်နှံပေးမည်ဖြစ်ကြောင်း သဘောတူညီမှု ရရှိခဲ့ပါသည်။ သို့ဖြစ်၍ မဟာမိတ် KIO ခေါင်းဆောင်များနှင့်လည်း မကဒတ အပေါ် နားလည်မှု မလွဲစေရန် ဆက်လက် ဆွေးနွေးခဲ့ပါသည်။ ဖမ်းဆီးခံ ရဲဘော်များအား သံခြေကျင်းများ မခတ်ရန်၊ စားသောက်မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို အခြား ရဲဘော်များနည်းတူ ခံစားခွင့်ရှိစေရန် ညှိနှိုင်းခဲ့ပါသည်။

ဦးစိုင်းထွန်း၏ မေတ္တာရပ်ခံချက်အရ ၄င်း၏ တူမဖြစ်သူ နန်းအောင်ထွေးကြည်ကို ပြန်လွတ်ပေးပြီး ၄င်းနှင့်အတူတပါတည်း ထည့်ပေးလိုက်ရန် မြောက်ပိုင်းဗေဟိုကော်မတီနှင့် ညှိနှိုင်းပေးခဲ့ပါသည်။
မိမိလည်း `မကဒတ´(ဗဟို)နှင့် မြောက်ပိုင်းအကြား ပုံစံတကျ ဆက်ဆံမှုရှိရေး၊ မြောက်ပိုင်းတွင် နိုင်ငံရေး သင်တန်းများ ပို့ချပေးရေး၊ တိုက်ရိုက် ဆက်သွယ်ရေးလမ်းကြောင်း ထူထောင်ရန် ကိစ္စများကို ဆွေးနွေးခဲ့ပါသည်။

၎င်းနောက် မိမိလည်း ဗဟိုမှ တာဝန်ရှိသူများအား ဗဟိုကော်မတီကို အချိန်မှီ တင်ပြရန်နှင့် လိုအပ်သည်များ ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် ၁၉၉၂ ခုနှစ်
မေလ ၁၈ ရက်ခန့်တွင် ပြန်လည်ထွက်ခွာလာခဲ့ရာ မေလ ၃၁ ရက်နေ့တွင် ထိုင်းနိုင်ငံသို့် ရောက်ရှိခဲ့ပါသည်။

မိမိ ပြန်လည်ထွက်ခွာပြီး (၃/၄) ရက် အကြာ မေလ၂၁ရက်နေ့တွင် ဖမ်းဆီးခံ နေရသူအားလုံး ထွက်ပြေး လွတ်မြောက်သွားပြီဖြစ်ကြောင်း ကြားသိရပါသည်။သို့ဖြစ်၍ ထိုင်းနိုင်ငံသို့ ရောက်လျှင်ရောက်ချင်း ၁၉၉၂ ခုနှစ် မေလ ၃၁ ရက် နေ့စွဲဖြင့် မိမိကြုံတွေ့ခဲ့ရသော အခြေအနေကို သဘောထား ထုတ်ပြန်ခဲ့ပါသည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီသို့ အခြေအနေများကို ဆက်လက်တင်ပြ အစီရင်ခံခဲ့ပါသည်။

 မြောက်ပိုင်းကော်မတီမှ ရန်သူ၏ ထိုးဖေါက်ဖြိုခွဲရေး စီမံချက်ဖြစ်သည့် ရေလှိုင်း စီမံချက်ကို စစ်ဆေး ဖော်ထုတ်ခဲ့ကြောင်း၊ ၎င်းတို့၏ တွေ့ရှိချက်များကို အခြေခံ၍ ၎င်းတို့ ထုတ်ပြန်ထားသည့်  တည်ဆဲဥပဒေအရ မိမိတို့ဗဟိုကော်မတီ၏ သဘောထားမပါဘဲ အရေးယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း မိမိတို့ ဗဟိုကော်မတီအနေဖြင့် နိုင်ငံရေးအရ
တာဝန်ခံပြီး ဦးဆောင် ကိုင်တွယ်ဖြေရှင်းသွားရန်၊ တောင်ပိုင်းတွင်လည်း ဆက်လက် စုံစမ်းစစ်ဆေး ဖေါ်ထုတ်ရန်၊ မြောက်ပိုင်းကိစ္စကို အတွေ့အကြုံယူ၍ `မကဒတ´အတွင်း လူ့အခွင့်အရေးများအပေါ် ပြည့်စုံစွာ နားလည်နိုင်ရေးအတွက် ရဲဘော်များအား အသိ
ပညာပေးမူများ ဆောင်ရွက်ရန်၊ ပြစ်မှုပြစ်ဒဏ်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း နှင့် သီးသန့် ကင်းလွတ်သော တရားစီရင်ရေး စံနစ်တစ်ရပ် ဖော်ထုတ် ကျင့်သုံးရန်တို့ကို ဆုံးဖြတ်ခဲ့ကြပါသည်။

မိမိ မှတ်မိသလောက်ဆိုလျှင် ကိုခင်မောင်ဝင်း၊ ကိုဝင်းမင်းတို့နှင့်တကြိမ်၊ ကိုခင်မောင်ဝင်း၊ ကိုအောင်သူငြိမ်းတို့နှင့် တကြိမ်။ မြောက်ပိုင်းသို့ နိုင်ငံရေးနှင့် လူ့အခွင့်အရေး၊ နိုင်ငံရေး အံတုမှု သင်တန်းများ သွားရောက် ပို့ချပေးနိုင်ခဲ့ပါသည်။မြောက်ပိုင်းမှ ရဲဘော်များကိုလည်း တောင်ပိုင်းတွင် ဖွင့်လှစ်သော ကေဒါ သင်တန်းများနှင့် အခြား သင်တန်းများတွင် ပါဝင် တက်ရောက် စေခဲ့ပါသည်။

မြောက်ပိုင်းကိစ္စနှင့် ဆက်နွယ်၍ ကိုစိုးလင်းမှတစ်ဆင့် ကိုနေ၀င်းအောင်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ ၎င်းတို့ နှစ်ဦးမှ တပ်ဖွဲ့ဝင် အများအပြား ထပ်မံ အဖမ်းခံရစေရန် လုပ်ကြံ ထွက်ဆိုချက်များကို အသေအချာ သတိထား စီစစ်ခဲ့ပြီး ၎င်းတို့  ၂ဦးအပေါ် မှန်ကန် မျှတသော တရားစီရင်မှုနှင့် အကျဉ်းသား အခွင့်အရေးများကို ပေးခဲ့ပါသည်။ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် လွတ်လပ်စွာ တွေ့ဆုံခွင့် ပေးခဲ့ပါသည်။

ကျန်ရှိနေသော မေးခွန်းများ
၁။ မြောက်ပိုင်းတွင် ရန်သူသူလျှိုများ ၀င်ရောက်ထိုးဖေါက်မှုရှိမရှိ၊
မြောက်ပိုင်း က်ာမတီ၏ တွေ့ရှိချက်များကို မှန်ကန်မှု ရှိမရှိ၊ စစ်ဆေးနိုင်ရန် အခြေအနေ၊ အချိန်အခါနှင့် ယန္တရား မိမိတို့ဗဟို ကော်မတီတွင် မရှိပါ။ သို့သော်လည်း ၎င်းတို့ ပြသထားသော အထောက်အထားများ (ဥပမာ - ရန်သူ့ စစ်တပ်တွင်သာ အသုံးပြုသော လက်နက်၊ ဆက်သွယ်ရေး ကိရိယာများနှင့် ဆက်သွယ်ရေး ဝှက်စာများ)မှာ တစ်ယောက်ချင်း ခွဲခြားစစ်ဆေးထားခြင်း ဖြစ်သော်လည်း အတော်များများ တူညီနေသည်ကို အံ့သြဘွယ် တွေ.ရှိခဲ့ရပါသည်။ ဤကိစ္စ စတင်ပေါ်ပေါက်ရခြင်းမှာလည်း မကဒတ မြောက်ပိုင်းတပ်မှ ထွက်ပြေးသော တပ်ပြေး တယောက်ကို မြောက်ပိုင်း ကော်မတီက ပြန်လည် ဖမ်းမိရာမှ အစပြု ပေါ်လာခြင်း ဖြစ်ပါသည်။

တချို့ရေးသား ပြောဆို နေကြသကဲ့သို့ မြောက်ပိုင်း ကော်မတီအတွင်း အာဏာလုရင်း ဖြုတ်၊ ထုတ်၊ သတ်လုပ်ခြင်းတော့ မဟုတ်ပါ။ ရန်သူ့ ထောက်လှမ်းရေး အဖွဲ့ အသီးသီးမှ စေလွတ်ထားသော ထောက်လှမ်းရေးသမားများကို
အချင်းချင်း ချိတ်ဆက်ပေးရမည့် မိမိတာဝန် အောင်မြင် ပြီးဆုံးပြီ ဖြစ်သဖြင့် ပြည်တွင်းသို့ ပြန်ဝင်ရန် ထွက်ပြေးရာမှ အဖမ်းခံရခြင်းဖြစ်ကြောင်း တပ်ပြေး ရဲဘော်က ၀န်ခံထွက်ဆိုရာမှ ဆက်လက် ဖေါ်ထုတ် အရေးယူမူများ ပေါ်ပေါက်ခဲ့ရခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရပါသည်။

ဤသို့ အမြောက်အများ ထိုးဖေါက် ၀င်ရောက်ခြင်းမှာလည်း မဖြစ်နိုင်ဟု ယူဆနိုင်သကဲ့သို့ ရန်သူက အသုံးချ ထိုးဖေါက်ဝင်ရောက်ခြင်း မရှိနိုင်ဘူးလားဟု မေးလျှင် ဖြစ်နိုင်မှန်း လူတိုင်း နားလည်နိုင်ပါသည်။

ဤသို့ အမြောက်အများ ထိုးဖေါက် ၀င်ရောက်ခြင်းမှာ မဖြစ်နိုင်ဟု ယူဆနိုင်သကဲ့သို. တော်လှန်ရေး အင်အားစုများ၊ အတိုက်အခံ အင်အားစုများကို ဖြိုခွဲရန်၊ ရန်သူက လေ့ကျင့် သင်တန်းပေးထားသူများကို တာဝန်ပေး စေလွတ်ခြင်းများလည်း မရှိနိုင်ဘူးလားဟု မေးမြန်းလာလျှင် ရှိနိုင်မှန်း
စစ်အာဏာရှင် စနစ်အောက်တွင် ရှင်သန် ရပ်တည်ခဲ့ကြရသော မြန်မာနိုင်ငံသားတိုင်း နားလည်သဘောပေါက်ကြပါလိမ့်မည်။ ရှစ်လေးလုံး လူထု အရေးတော်ပုံ ကာလအတွင်း ထောက်လှမ်းရေးများနှင့် သတင်းပေးများသည် လူထု လူတန်းစား
အလွှာ အသီးသီးအတွင်းသို. အသွင်သဏ္ဍန်မျိုးစုံဖြင့် ထိုးဖေါက် ၀င်ရောက်ခဲ့ကြပြီး အဖျက်အမှောင့် လုပ်ငန်းများကို အောင်မြင်စွာ ပြုလုပ်ခဲ့ကြသည့် သာဓကများလည်း အများအပြား ရှိခဲ့ကြပါသည်။

 မဆလ စစ်အစိုးရ ခေတ်ကတည်းက ကျောင်းသားထုအတွင်း ထောက်လှမ်းရေးများနှင့် သတင်းပေးများကို စနစ် တကျ မွေးမြူမြှပ်နှံထားခဲ့သဖြင့် ၄င်းတို့ကို ခွဲခြားသိရှိနိုင်ရန် အလွန် ခက်ခဲမည်ကို တွေးတော ဆင်ခြင်ကြည့်နိုင်ပါသည်၊
(မှတ်ချက် ။ ။ မြောက်ပိုင်းကော်မတီမှ ပေးပို့သော စစ်ချက်များ၊ ကိုနေ၀င်းအောင်နှင့် ကိုစိုးလင်းတို့၏ ထွက်ဆိုချက်များကို သင့်တော်သော အခြေအနေတွင် အများပြည်သူ သိရှိအောင် ထုတ်ပြနိုင်ရန်အတွက် လုံခြုံစွာ သိမ်းဆည်းထားပါသည်။၎င်းတို့ ထုတ်ဖေါ်ပြောဆိုခဲ့သော နာမည်များသည် ယနေ့တိုင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်နေဆဲ ဖြစ်သောကြောင့် မသင့်တော်ဟု ယူဆသဖြင့် မထုတ်ပြန်ပေးခြင်း ဖြစ်ပါသည်။)

၂။ မြောက်ပိုင်း ကော်မတီမှ စစ်ဆေးသောအခါ ညှင်းပမ်းနှိပ်စက်သည်များကို တောင်ပိုင်းဗဟိုမှ မသိဘူးလား၊
ခေါင်းဖြတ် သတ်လိုက်သည်များကို အရေးမယူဘူးလား၊
မြောက်ပိုင်း ကိုယ်စားလှယ်များ၊ ဗဟိုသို့ ရောက်လာခြင်းများ ရှိခဲ့ကြသော်လည်း မိမိတို့ တောင်ပိုင်း ဗဟိုမှ ၎င်းတို့ထံ ရောက်ရှိခဲ့ခြင်း မရှိပါ။ ပလောင်ဒေသတွင် `မကဒတ´တပ်ရင်း (၄၀၁) ဖွဲ့စည်းရန် စေလွတ်လိုက်သော ကိုသိုက်ထွန်းဦးတို့အဖွဲ့သာလမ်းချော်၍ ရောက်သွားခဲ့ခြင်း ရှိခဲ့ဘူးပါသည်။ တတိယအကြိမ် ညီလာခံအထိ မြောက်ပိုင်းသည် `မကဒတ´နာမည်ကို ခံယူထားသော်လည်း သီးခြားဖွဲ့စည်းပုံဥပဒေနှင့် လွတ်လပ်သော အုပ်ချုပ်ပုံဖြစ်ပြီး တောင်ပိုင်းဗဟို၏ အမိန့်ပေးမှုနှင့် စီမံခန့်ခွဲမှုအောက်တွင် မရှိပါ။ ၎င်းတို့၏ စည်းမျဉ်းဥပဒေနှင့်
အုပ်ချုပ်နေခြင်း ဖြစ်ပါသည်။

 မြောက်ပိုင်း ကိုယ်စားလှယ်များ တောင်ပိုင်း ဗဟိုသို့ ရောက်ရှိ လာခြင်းများ ရှိသော်လည်း တောင်ပိုင်း ဗဟိုကော်မတီဝင်တွင် ပါဝင်ခြင်းမရှိပါ။ `မကဒတ´မြောက်ပိုင်းသည် မဟာမိတ် KIO ထံတွင် စစ်ပညာများကို သင်ကြားခဲ့ကြပြီး မဟာမိတ်တပ်ကဲ့သို့ စစ်တပ်ပုံစံဖြင့် စည်းကမ်း တင်းကြပ်စွာ အုပ်ချုပ် ခဲ့ပါသည်။ အထက်အမိန့်များကိုလည်း ဦးလည်းမသုံ ခံယူရမည်ဟု လက်ခံထားသော စခန်း ဖြစ်ပါသည်။ ရန်သူကိုလည်း ထူးထူး ချွန်ချွန် ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့သူများ ဖြစ်ပါသည်။

မိမိ ဧပြီလ ပထမဆုံးအကြိမ် ရောက်ရှိစဉ်က ဖမ်းဆီးခံထားရသူများရော၊ ကျန်ရဲဘော်များပါ မည်သည့် နှိပ်စက်မှုကိုမှ ထုတ်ဖေါ် မပြောခဲ့ကြပါ။ မိမိအနေဖြင့် နဝတ သတင်းစာရှင်းလင်းပွဲမှ ကြားသိရမှုများကို ယုံတချက်၊ မယုံတချက် ဖြစ်ရပါသည်။ နောက်ပိုင်းတွင်မှ တစစဖြင့် စိတ်မကောင်းဖွယ်ရာများ သိလာကြရခြင်း ဖြစ်ပါသည်။

မိမိအနေဖြင့် ရှင်းပြလိုသည်မှာ အခင်းဖြစ်ပွားချိန်က ဤမျှအထိ ဖြစ်ခြင်းကို မသိခဲ့ကြပါ။ ၎င်းအပြင် မိမိတို့ ဗဟိုအနေဖြင့် မြောက်ပိုင်း ကော်မတီမှ ထုတ်ဖေါ်တွေ့ရှိမှုများ မှန် မမှန်၊ ၎င်းတို့လုပ်နည်း မှန် မမှန် ဆိုသည်ကို စစ်ဆေးနိုင်သည့် အနေအထားမရှိခဲ့ဘဲ၊ ဖြစ်ပြီးခဲ့သည်များကိုသာ နိုင်ငံရေးအရ ၀င်ရောက် တာဝန်ယူ ထိန်းသိမ်း ခဲ့ရခြင်း ဖြစ်သည်။ မိမိတို့ အကောင်းဆုံး လုပ်နိုင်ရန် ကြိုးစားသည်မှာ ဖမ်းဆီးခံများ ထပ်မံ အသတ်မခံရရေး၊ ဖမ်းဆီးမှုများ ရပ်တန့်ရေး၊ ဖမ်းဆီးခံထားရသူများ လွှတ်ပေးရေးနှင့်
`မကဒတ´ မြောက်ပိုင်းကို တောင်ပိုင်း ဗဟိုအောက်တွင် ပါဝင်၍ ဗဟို၏ လမ်းညွှန်မှုကို ခံယူနိုင်ရေးကိုသာ အဓိက ကြိုးစားခဲ့ပါသည်။

ဤကဲ့သို့ဝင်ရောက် ဆောင်ရွက်ခဲ့သည့်အတွက်ထင်သာ မြင်သာ ဆောင်ရွက်နိုင်သော အခြေအနေ အချိန်အခါတွင် ဤကိစ္စများ ပြန်လည်ဖြေရှင်းကြရမည်ဟု မိမိတို့ ဗဟို ကော်မတီနှင့် မြောက်ပိုင်း ကော်မတီ တို့အနေဖြင့် သိရှိ ခံယူထားပြီး ဖြစ်ပါသည်။

၃။ မတရားနစ်နာခဲ့သူတွေအတွက် မည်သို့ လုပ်ဆောင်ပေးမည်နည်း။

မကဒတ မြောက်ပိုင်း ကိစ္စတွင် ၀င်ရောက် သွေးခွဲသည့် လုပ်ရပ်များကို လုပ်ဆောင်ခဲ့သူများ ရှိသကဲ့သို့ မဟုတ်မမှန် စွပ်စွဲခံရ၍ နစ်နာခဲ့ရသူများလည်း ရှိနိုင်ပါသည်။ ရန်သူ စပိုင်ဖြစ်စေကာမူ အတွေးအခေါ် မတူသူသာဖြစ်၍ ခန္ဓာကိုယ် နာကျင်စေသည့်နည်းဖြင့် ဖြေရှင်းအဆုံးသတ်ရမည်ဟု မိမိတစ်ယောက်တည်းအနေဖြင့် မယုံကြည်ပါ။ သို့သော်လည်း အမှားများကို ပုံဖေါ်ရင်း အမှန်ကို မေ့သွား ဖုန်းကွယ်သွားသည့်များလည်း မဖြစ်သင့်ပါ။ ယုံကြည်မှုဖြင့် အသက်စွန့်လွတ်၍ တိုက်ပွဲဝင်ခဲ့ကြသော မကဒတနှင့် ကျောင်းသားတပ်မတော် ဟူသော အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်မှုကို မှေးမှိန် ပပျောက်ရန်အထိ မတိုက်ခိုက်သင့်ပါ။
မိမိတို့ အားလုံးသည် ပေးဆပ်ရပုံခြင်း မတူသော်လည်း စစ်အာဏာရှင် စံနစ်၏ သားကောင်များ ဖြစ်နေပါသည်။ မိမိတို့အဖိနှိပ်ခံ ပြည်သူများ အချင်းချင်း ဆန့်ကျင်ဖက် ပုံစံဖြင့် ပြုမူ ဆက်ဆံနေကြသမျှ၊ စစ်အာဏာရှင်စံနစ်၏ အကျိုး စီးပွားအတွက် အမြဲ ဖြစ်နေပါလိမ့်မည်။

 ထို့ကြောင့် ...
(၁) `မကဒတ´ထဲတွင် စစ်အစိုးရမှ စပိုင်များ ထည့်၍ ဖြိုခွဲရန် ကြံစည်ခြင်း ရှိ မရှိ စုံစမ်း စစ်ဆေး သင့်ပါသည်။
(၂) `မကဒတ´ထဲတွင် ဖမ်းဆီးစစ်ဆေးခံရမှုများ၌ လူသားဆန်မှု ကင်းမဲ့စေသည့် လူ့အခွင့်အရေး ချိုးဖေါက်မှုများ ရှိမရှိ၊သီးခြား လွတ်လပ်သူများဖြင့် ဖွဲ့စည်း စစ်ဆေးသင့်ပါသည်။
(၃) ဆုံးရှုံး နစ်နာမှုများ တွေ့ရှိပါက တာဝန်ရှိသူများကို နစ်နာသူများ၏ ဆန္ဒအရသော်၎င်း၊ ဥပဒေအရသော်၎င်း အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သင့်ပါသည်။
မြောက်ပိုင်း သူလျိုများအား ဖမ်းဆီး အရေးယူသည့် ကိစ္စရပ်တွင် မှားယွင်းစွာ ဖမ်းဆီးနှိပ်စက်ခံခဲ့ရသော ရဲဘော်၊ ရဲမေများ အားလုံးကို မကဒတ ဥက္ကဋ္ဌဟောင်း တယောက်အနေဖြင့် အနူးအညွတ် တောင်းပန်အပ်ပါသည်။

အဖြစ်မှန် ဖေါ်ထုတ်ရေးကိစ္စ ဆောင်ရွက်ကြလျှင် မိမိသိသမျှ ပါဝင်ခဲ့ရသမျှကို ထိန်ချန်မထားဘဲ ပူးပေါင်း ဆောင်ရွက်ပေးပါမည်။

မှန်သည် ဖြစ်စေ၊ မှားသည် ဖြစ်စေ အမှန်တကယ် သူလျှိုဖြစ်သည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ၊ အသက်ဆုံးရှုံးသွားသူများ၏ မိဘဆွေမျိုးအားလုံးကိုလည်း မဖြစ်သင့်မဖြစ်ထိုက်သည့် ဆုံးရှုံးမှုဖြစ်သည့်အတွက် ကိုယ်ချင်းစာမှုအခြေခံဖြင့်လေးနက်စွာ တောင်းပန်အပ်ပါသည်။
မိမိဆောင်ရွက်ပေးနိုင်သည်များကိုလည်း ဆောင်ရွက်ပေးသွားပါမည်။



လေးစားစွာဖြင့်
နိုင်အောင်
မတ်လ ၂၅ ရက်နေ့၊ ၂၀၁၂ ခုနှစ်

Sunday, December 4, 2011

ဒွိဟ



အမျိုးသား ပြန်လှည် သင့်မြတ်ရေးသည် တိုင်းပြည်အတွက် အလွန်ကောင်းမွန်သော်လည်း ဒေသအတွင်း ချိန်ခွင်လျှာညှိဖို့အတွက် နိုင်ငံခြားရေးမူဝါဒ၏ စစ်မှန်သည့် အဖြေတခု မဟုတ်...

ဦးသန်းရွှေ၏ ဒေသအတွင်း ချိန်ခွင်လျှာ ထိန်းညှိဖို့အတွက် တာတို တာလတ်ပစ် ဒုံးကျည်များ၊ ညူကလီးယား ပိုင်ဆိုင်ရေး စီမံကိန်းကို လက်ခံတယ်။ သို့သော် တရားမ၀င်တဲ့ နည်းလမ်းတွေနဲ့ ၀ိုးတ၀ါး ဖြတ်သန်းနေရတယ်။ တိုင်းပြည် ဘဏ္ဍာလဲ ဖြုန်းတီးမှုဖြစ်၊ လက်ဝယ် ပိုင်ဆိုင်လာရင်လည်း ကမ္ဘာ့အသိုင်းအ၀ိုင်းနှင့် ငြင်းပွားဖွယ်ရာဖြင့် ကြုံတွေ့လာရမည် ဖြစ်၏။ ( အီရန်ကို ရှု့ )

ဖြစ်သင့်တာကတော့ ဤလက်နက်ပိုင်ဆိုင်မှုကို တရားဝင် လမ်းကြောင်းက ယူသင့်တယ်။ ခန့်မသင့်ရင် အလကားတောင် ရနိုင်တယ်။ ဒါလဲ မိတ်ဆွေ ပီသဖို့ လိုအပ်တယ်လို့ ထင်၏။ ဒါကြောင့် လိုလိုလားလား လက်ကမ်းနေသူကို ပုတ်ထုတ် မသင့်ပါ၊ မိုးရွာတုန်း ရေခံသင့်...

ပထန် ( ပါကစ္စတန် ) တွေမှာ ဘယ်လို ပိုင်ဆိုင်ခဲ့သလဲ အနေအထားကို လေ့လာသင့်တယ်။
ဘင်လာဒင် ကိစ္စနှင့် ဆက်ဆံရေး ကျဲသွားတောင်မှ အီရတ်လို့ ရန်ရှာ မခံရဘူးလေ။ သူ့မှာ အစွယ်ရှိနေလို့ပေါ့။ တခုတော့ရှိတယ်၊ မိတ်ဆွေဖွဲ့တယ်ဆိုတာ သစ္စာရှိဖို့လိုအပ်တယ်။ မလိုတမျိုး လိုတမျိုး လုပ်ရင်တော့ မိတ်ပျက်တာပေါ့.. ယခု ရရှိနေတဲ့ အကျိုးစီးပွား ဆုံးရှုံးခဲ့ရတဲ့ အဖြစ်...

နောက်တခုက ဆာဒမ်ဟူစိန်လို မပေါင်းချင်သလိုလို ပေါင်းချင်သလိုလို မလုပ်တာ အကောင်းဆုံးပါ။ ကိုယ့်မှာ အစွယ်မရှိပဲနှင့် သူများ လိုက်ဟောင်တော့ ကိုယ်ပဲ အကျိုးယှတ်တာပေါ့...

အခု ဟီလာရီ ကလင်တန် လာခဲ့တာ တရုတ်ပြည် ကွန်မြူနစ်က အကောင်းမြင်တာပဲ ဆိုဆို၊ သူတို့မှာ ရာဇ၀င်အရ ထမင်းလုံး တစ္တေ ခြောက်ခံနေရတယ်။ အကြောင်းကတော့ ဗြိတိသျှတွေ တပြည်လုံးကို သိမ်းပိုက်ခဲ့တဲ့ သော့ချက်တခု ( အားလုံးမဟုတ် )က မြန်မာပြည်၊ အထူးသဖြင့် ရှမ်းပြည်ဒေသ၊ ဒါဟာ ဘိန်းစစ်ပွဲ ဖြစ်တယ်။ လူမျိုးတစုလုံးကို ဘိန်းအလကားကျွေးပြီး အညွန့်တုန်းအောင် လုပ်ပြီးမှ အဖက်ဖက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကို ခေတ်သစ် တရုတ် ကွန်မြူနစ်တွေ မေ့လောက်စရာ မရှိသေးပါ။ ဒါကြောင့် တရုတ် ကွန်မြူနစ်ကို လိုလားတဲ့သူတွေ ကြားနေရေးမူဝါဒကို လက်ခံနေတယ်လို့ ယေဘုယျ ကောက်ချက်ဆွဲလို့ရတယ်...

အမေရိကန်နဲ့ အီးယူအတွက် အဓိက ပြသာနာက ဘိန်းလမ်းကြောင်းဟာ သူတို့ဆီပဲ ဈေးကွက်ဖြစ်နေတာကို မနှက်သက်ဘူး။ ဒါကို ထိန်းချုပ်ဖို့အတွက် မြန်မာအစိုးရအနေနှင့် တိတိကျကျ ပူးပေါင်းသင့်တယ်။ လူပိန်းစကားနဲ့ ပြောရရင် ဘိန်းပေးပြီး လက်နက်ယူပေါ့၊ ကြိုဆိုလိုက်စမ်းပါ.. ထိုင်းလေတပ်နှင့် ဘင်္ဂလီ ရေတပ်လောက်တော့ အိပ်မက်ထဲတောင် မက်စရာမလိုတော့ဘူးလေ...

တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အား ရှိသည် မူကို ချမှတ်ပြီး ဦးသန်းရွှေတို့ လိုက်နေတဲ့ လမ်းကြောင်းကို ကြည့်ပါ။ ရုရှားနဲ့ ပေါင်းတယ် မပိုမစို့ ပညာလေးပဲ ရ၊ ထမင်းငတ်နေတဲ့ မြောက်ကိုးရီးယားဆီက ဆန်ပေး လက်နက်ယူ လုပ်နေတာ ( သဘောကို ပြောတာပါ.. ပိုက်ဆံလဲ ပေးရမှာပါ့ ) တိုင်းပြည်မှာ ဘာရှိမှန်းတောင် မသိ၊ တာတို ဒုံးကျည်တခု ပိုင်သလိုလို ဖြစ်လာတာနဲ့ ထိုင်းက ဒီ့ထက်သာတဲ့ဟာတွေ အကုန်ထုတ်ပြလိုက်တယ်။ နောက်ပြီး ထိုင်းနိုင်ငံ၏ F 16 တွေကို ယှဉ်ပြိုင်ချင်လို့ တရုတ်နှင့် ရုရှားကနေ တင်သွင်းတယ်။ တလောတုန်းကဆို ပျံသန်းလေ့ကျင့်ရင်းနဲ့ ပျက်ကျ သေခဲ့ပြီး အရည်အချင်းရှိတဲ့ တပ်မတော်သားများ ဆုံးရှုံးခဲ့ရတာ ဘယ်လောက် နမျောဖို့ကောင်းသလဲ၊ ကြည့်ပါလား သူတို့ရဲ့ စေတနာ...
စစ်အစိုးရ တက်လာပြီး နောက်ပိုင်း လက်နက်ပိုင်ဆိုင်ရန် သွားခဲ့တဲ့အချိန် အတောအတွင်း ဘာမှလဲ လက်ဆုပ် လက်ကိုင် မပြနိုင်၊ ပတ်ဝန်းကျင် တိုင်းပြည်ကလဲ လူမလေး ခွေးမခန့် ပုံစံ ဖြစ်နေ၏။ နောက်ဆုံးတော့ အခု အစိုးရအသစ်အတွက် တိုင်းပြည် ဘဏ္ဍာ လိုငွေ ပြနေဆဲ...
 
ဖြတ်သန်းလာခဲ့တဲ့ အနှစ် ၆၀အတွင်း မြန်မာပြည်၏ ကြားနေရေးမူဟာ အဖက်ဖက်က နိပ်ကျမှုတွေနဲ့ ဖြတ်သန်းနေရဆဲ... ဒါကြောင့် တခုခုကို ဆုံးဖြတ်ရန် လိုအပ်နေတယ်လို့ ထင်ပါတယ်။ တိုင်းပြည်၏ ကောင်းကျိုးအတွက်ဆိုရင် ပေါင်းသင့်တဲ့သူကို ဆက်ဆံပြီး မိမိအကျိုးစီးပွား ဖြစ်ထွန်းအောင် လုပ်နိုင်မှ တော်ယုံကြပါမည်။ အမေရိကန်နောက်မှီးဆွဲဆိုတဲ့စကားလုံးဟာ ရာဇ၀င်ထဲမှာ ထားရစ်ပါ။ တိုင်းပြည်၏ ပညာတတ်များလည်း အမေရိကန် နောက်မှီးဆွဲထားသော နိုင်ငံများတွင် မတန်မရာ အသက်မွေးနေရတယ် မဟုတ်လား။ စနစ်၊  ခေတ်ရဲ့ သားကောင် ဖြစ်ခဲ့ရပြီး ဆင်းရဲခဲ့ရတဲ့ မိမိတို့ တိုင်းပြည်အတွက် အတိတ်က အမှား၊ အဆိုးများကို မှန်မှန်ကန်ကန်သုံးသပ်ပြီး ဖြစ်သင့်တာကိုပဲ လုပ်သင့်ကြောင်း တင်ပြတယ်... ခင်ဗျား
 
လူလ
ရွှင်လန်းချမ်းမြေ့ပါစေ...

Thursday, December 1, 2011

မဟာ လမ်းခွ - ဗျူဟာ လမ်းဆုံ

-------------------------------





မြန်မာနိုင်ငံရဲ့ မူဝါဒကလည်း လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံရေးမူဝါဒကို ကျင့်သုံးတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး ငါးချက်ပေါ်မှာ အခြေခံ ချမှတ်ခဲ့တဲ့ နိုင်ငံခြားရေး မူဝါဒ ဖြစ်တယ်.. လို့ အာဏာပိုင်တွေက အခုအထိ ပြောဆိုနေတုန်း....
**( ဟီလာရီ ကလင်တန်၏ မြန်မာနိုင်ငံ ပထမဦးဆုံး ခရီးစဉ်အပေါ် ပြည်ပ သတင်းထောက်တဦး မေးမြန်းခဲ့တဲ့ မေးခွန်းအပေါ် ပြည်သူ့ လွတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းရဲ့ အဖြေ )


လွတ်လပ်ရေး ရပြီးတဲ့ အချိန်ကနေ ယခုအထိ အစဉ်သဖြင့် ဤမူဝါဒကို ကျင့်သုံး လာခဲ့သောကြောင့် တိုင်းပြည်ဟာ ဆင်းရဲခဲ့ရတဲ့ (( အကြောင်းတချက် )) ..

ဆင်းရဲရခြင်း အကြောင်း အားလုံးကို မဆိုလိုပါ။

ဝန်ကြီးချုပ် ဦးနု လက်ထက်က မြန်မာနိုင်ငံမှ တောင်ကိုးရီးယားနိုင်ငံသို့ လူသားချင်းစာနာစွာဖြင့် ဆန်အကူအညီ ပေးခဲ့ရတဲ့ အနေအထား...

ထို့အတူ လက်ခံကျင့်သုံးခဲ့သော နိုင်ငံ အတော်များများလည်း တိုင်းပြည် မွဲခြုံကျသွားတာပဲ အဖတ်တင် ကျန်ရစ်တယ်...

ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူဟာ မိမိတို့ တိုင်းပြည် အင်အား မရှိသေရွေ့ တပါးသော အင်အားရှိ နိုင်ငံများ၏ တဖက်စောင်းနင်း ဆက်ဆံခြင်းကို ခံရမှာပါ။

သခင်စိတ်ကို ထားရှိသင့်သော်ငြားလည်း မိမိတို့ ကိုယ်တိုင်က ကမ္ဘာ့အလည်မှာ သခင် အဆင့်အတန်း ရှိနေပြီလား.. ဒါတွေ စဉ်းစားရမှာ ဖြစ်တယ်။
(( မည်သူမျှ သခင်နှစ်ဦး အစေကို မခံနိုင်။ --- မဿဲ ၆း၂၄ ))

စစ်အေးတိုက်ပွဲအတွင်း လွတ်လပ်စနိုင်ငံများ စုပေါင်း၍ ထိုမူဝါဒကို အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့တွင် ညီလာခံ ခေါ်ယူဆွေးနွေးအပြီး မူ ၅ ချက် ချမှတ် လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဘန်ဒေါင်း ညီလာခံဟု ကမ္ဘာ့သမိုင်းမှာ ထင်ရှား ရှိခဲ့ပါတယ်။

သို့သော်... ထိုစဉ်က တက်တက်ကြွကြွ ဦးဆောင်ပြုခဲ့သော အိမ်ရှင်နိုင်ငံဟာ တိုင်းပြည်အကျိုး အထူးသဖြင့် ပြည်သူ့ဘ၀ တိုးတက်ဖွံ့ဖြိုးရေးအတွက် ဤမူဝါဒကို ပြောင်းလဲ ကျင့်သုံး နေပါတယ်လို့ ယေဘူယ မှတ်ယူရလိမ့်မည်။

ယနေ့ ဖြစ်ပေါ်နေတဲ့ ဒေသဆိုင်ရာ အားပြိုင်မှုဟာ လွန်ခဲ့တဲ့နှစ်များမှ စစ်အေးတိုက်ပွဲလို သဏ္ဍာန်မရှိသော်လည်း အခင်းအကျင်းက မြန်မာနိုင်ငံဟာ ကံဆိုးစွာ လမ်းဆုံ လမ်းခွ ရောက်ရှိလာပြန်တော့သည်။

ထို့ကြောင့် ယနေ့ မြန်မာနိုင်ငံသားများ၊ အထူးသဖြင့် လွတ်တော်အတွင်း ရောက်ရှိသော အမတ်များ၊ ဖြစ်လာလတ္တံမည့် အမတ်များ အနေဖြင့်  လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံရေးမူဝါဒနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး ငါးချက်ပေါ်မှာ အခြေခံ ချမှတ်ခဲ့တဲ့ နိုင်ငံခြားရေး မူဝါဒကို ပြန်လှည် ဆင်ခြင် ပြင်ဆင်နိုင်အောင် သုံးသပ် တင်ပြလိုက်ပါ၏။


လူလ
ရွှင်လန်းချမ်းမြေ့ပါစေ...



( ဓါတ်ပုံကို businesspresentationsolutions.com မှ ယူ၏။ )

Wednesday, November 2, 2011

အိမ်ရှင် တမ်းချင်း



ဧည့်သည်ဆိုတာ အိမ်ရှင် လက်ခံနေရွေ့တော့ တည်းခိုခွင့်ရမှာပါ။ ဧည့်သည်လည်း ဧည့်သည် ၀တ္တရားအရ နေထိုင်သင့်သလို၊  အိမ်ရှင်၏ အကျိုးအစီးပွား ထိခိုက်လာရင်တော့ ဧည်သည်ကို နှင်ချပိုင်ခွင့်ရှိတဲ့ အခွင့်အရေးက ကမ္ဘာဦးလူသားတွေရဲ့ ဓလေ့ ဥပဒေ ဖြစ်တယ်။ ဒီသဘောတရားဟာ အခုအထိ မှန်ကန်နေဆဲ...

လူမျိုးစုအုပ်စုများ တွန်းတိုက်ခြင်း

ကမ္ဘာတွင် လူမျိုးစု အုပ်စုကြီးကို  အခြေခံအားဖြင့် ဖြူနီဝါညိုမဲနက် စသဖြင့် အသားအရာင်အရ ခွဲခြားသိမြင်မှာပါ။ အင်ဒိုချိုင်းနား ကျွန်းဆွယ်အစ ဗမာပြည်ကဆိုသလို အရှေ့မြောက်ဖက် လူမျိုးအုပ်စုကြီးနှင့် အနောက်မြောက်ဖက် လူမျိုးစုအုပ်စု အကြားဒေသ ဖြစ်ခဲ့လို့ လူမျိုးပေါက်ကွဲမှုအရ လွင့်စင်လာတဲ့ ဧည့်လူမျိုးတွေဟာ ကြားဒေသဖြစ်တဲ့ ဗမာ့ပိုင်နက် ဒေသများကို ပုံစံအမျိုးမျိုးဖြင့် အခြေချနေထိုင်လာသည်ကို တွေ့ရတယ်။ ဥပမာပြုအရ ဗမာပြည်အရှေ့မြောက်ဖက် ဒေသ ၊ အနောက်ဖက်ဒေသများနှင့် ( ခြွင်းချက် ) တောင်ပိုင်းဒေသများတွင် အများဆုံးတွေ့နိုင်၏။

ဖြစ်လာရသည့် အနေအထား

ဗမာပြည်ဟာ ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်၊ လွတ်လပ်ရေး ရပြီး နောက်ပိုင်းခေတ်များတွင် စစ်ပွဲတွေများနှင့် ယှဉ်ဆိုင်ကြုံတွေ့နေရပါတယ်။ ဘဇာကြောင့်ကြုံတွေနေသလဲ တွေးရင် အားလုံး သိနိုင်၏။

ဖြစ်နေခဲ့တာကို သိခဲ့ဗေမဲ့ ... ကိုယ့်အခွင့်အရေး သူ့အခွင့်အရေး အမျိုးမျိုး အဖုံဖုံ အတ္တအမြင်များနှင့် ဆွဲကိုင်ပြုပြီး မူရင်းဌာနေ လူမျိုးများဟာ တဖက် တအုပ်စု ရန်စောင်နေရင်း  ဘင်္ဂါလီ (သူတို့အခေါ် ရိုဟင်ဂျာ) တရုတ် ပသျှူးလူမျိုးများ တစစ နေထိုင်ခွင့် ရရှိလာပါတယ်။

၁၉၇၀ - ၈၀ ပတ်ဝန်းကျင်အထိ ဗမာ့ပိုင်နက် ကုန်းမြေ၊ ကျွန်း တချို့မှာ မြေရိုင်းမြေလွတ် အများအပြားရှိနေဆဲ၊ ထိုမြေလွတ်ဒေသများကို အဆိုပါ လူမျိုးများ တစစ ၀င်ရောက်လာခဲ့တယ်။ ပြည်ထောင်စုဖွားများ အချင်းချင်း တိုက်ရင်းခိုက်ရင်း ဤကိစ္စကို အာဏာရ စစ်တပ်ရော တန်းတူရေးအတွေက် ဆန့်ကျင်တိုက်ခိုက်နေတဲ့ လူမျိုးစုများပါ ဧည့်လူမျိုးများ အခြေချမှုကို အာရုံစိုက်ပြီး မဖြေရှင်းခဲ့ပါ။ ဒီ့အတွက် အပြစ်တခုလို့ ပြောနေတာ မဟုတ်။ စစ်တိုက်နေပြီဆိုပါမှ စစ်ရေးအရ အရေးပါတဲ့ လူသားများ နေထိုင်ရဒေသများကို  ထိန်းချုပ်နိုင်ရေးအတွက် တစိုက်မတ်မတ် ပြုလုပ်နေသဖြင့် တခြားတဖက် နှစ်ဦးနှစ်ဖက် လက်လှမ်းမမှီတဲ့ မြေလွတ်ဒေသများကို ဧည့်လူမျိုးများ အလွယ်တကူ အခြေချနိုင်ခဲ့တယ်လို့ ကောက်ချက်ချ ပြောဆိုခြင်း ဖြစ်တယ်။

ကိုယ်တွေ့အရ ဘုတ်ပြင်းမြို့နယ်အတွင်း ကျွန်းစုများအတွင်း ပသျှူး (မလေး)လူမျိုးများ အခြေချနေထိုင်မှု။

ပြသာနာများကို ချည်းကပ်ခြင်း

ဘယ်အရာဆို တခုခြင်းထက် တခုလုံးကို မြင်တတ်ရ၏။
( မင်းကြီးများ ဖ၇ား အော်ပြီး သံတော်ဦးတင်နေတဲ့ ပုံစံလေးဖြင့် ပြောနေသည့် သဏ္ဍာန်ကို နှလုံးသွင်းပါလော့..)
ဘိုးစဉ်ဘောင်ဆက် ဖြစ်ပွားခဲ့တဲ့ ပြသာနာများကို အကောင်းဆုံး မဟုတ်ရင်တောင် ကျေနပ်လောက်အထိ ဖြေရှင်းနိုင်သည့် အခွင့်အရေးကို ပြုနိုင်တဲ့ ယုံကြည်ရဆုံး သူများဟာ ခေတ်သစ် ဗမာ့သမိုင်းမှာ ၂ ကြိမ် ဖြစ်ပေါ်ခဲ့ ပေါ်ဆဲ..
ပထမ အခွင့်အရေးက ဗိုလ်ချုပ်အောင်ဆန်း
ဒုတိယအခွင့်အရေးကို လက်ညိုးထိုးပြမည်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်

ယနေ့ ဗမာ့နိုင်ငံရေး စင်မြင့်တွင် နိုင်ငံကို ချစ်မြတ်နိုးစွာဖြင့် ပြည်ထောင်စုဖွားတွေဟာ တိုင်းပြည် ကောင်းကျိုးအတွက် ဖြေရှင်းနေသည်မှာ နှစ်ထောင်းအားရလှပါ၏။ ခေတ်ဆိုး အမွေများကို မကြိုက်လွန်းလို့ အကောင်းဆုံးကို  ပြောင်းလဲခြင်းတခုအဖြစ် နိုင်ငံသားတိုင်း လုပ်ဆောင်နေပါတယ်လို့ ယူဆပါတယ်။

သို့ဖြစ် အကောင်းဆုံးကို ပြုနိုင်မဲ့ သူဟာ စစ်တပ်ပါပဲ။ စစ်တပ်အား ပြောင်းလဲမှုများဖြစ်အောင် ဖိအား (သို့) စေ့ဆော်တိုက်တွန်းမှု ပြုနိုင်အောင် ဒေါ်စုကို အဓိက ၀န်းရံပြီး လိုချင်တဲ့ အပြောင်းအလဲကို လက်မလွတ်သင့်ပါဘူး၊ ထိုမှတဆင့် အားရလောက်တဲ့ အနေအထားတခု တိုင်းပြည်တွင် ဖြစ်ပေါ်လာခဲ့ရင်ဖြင့် အခု ဖြစ်ပွားနေတဲ့ ဧည့်လူမျိုးတို့ ပြသာနာကို လွယ်ကူစွာ ဖြေနိုင်းနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း....

ပြသာနာကို ဖြေရှင်းခြင်း

ဒီမိုကရေစီ နိုင်ငံများတွင် ကျင့်သုံးနေတဲ့ လူထု စစ်တမ်းကာက်ယူခြင်း နည်းလမ်းဖြင့် ထိုထိုအကြောင်းများကို ဖြေရှင်းနိုင်၏။ တကယ်လို့များ  အချုပ်အခြာ အာဏာကို ပြည်သူများထံ လက်တွေ့ ဆင်းသက်လာခဲ့ရင် ပြည်သူ့ ဆန္ဒဖြင့် ဥပဒေပြုအပြီး ဧည်လူမျိုးများ အလိုက်ကမ်း ဆိုးမှုများကို နှိပ်ကွပ်၊ နှင်ထုတ်ခြင်းဖြင့် လုပ်ဆောင်နိုင်ခွင့် ရှိကြောင်း စိတ်ကူးရင်း......


အချုပ်ဆိုရသော် ... လိုချင်ဇောဖြင့် ဒဏ္ဍာရီလိုလို အရောင်တင် မဆလာပဲဖြူးဖြူး၊ ပုံပြင်လိုပဲ ထုံးသုတ်ချင်လဲ သုတ်ပါလေ။ အိမ်ရှင်တို့... ရန်မဖြစ်ရင်တော့ ဧည်သည်တွေဟာ ဟိုတဖက်ကမ်းကနေ လှမ်းအော်နေရမဲ့ အနေအထား ရောက်လာမှာလေ...




 လူလ
ရွှင်လန်းချမ်းမြေ့ပါစေ....


( ဗမာပြည်လို့ သုံးနုန်းခြင်းကို မကြိုက်ရင်လဲ မြန်မာပြည်လို့ ပြင်ဆင် ဖတ်ရှု့ရန် )
ဓါတ်ပုံကို Act20070161's Blog မှ ယူသုံး

Sunday, October 9, 2011

မျှော်လင့်သော တိုင်းပြည်

၁၉၆၂ ခုနှစ်မှ ယနေ့အထိ တိုင်းပြည် အာဏာကို တစိုက်မတ်မတ် ထိန်းသိမ်းထားနိုင်တဲ့ စစ်တပ် ဖြစ်တလဲ ယနေ့ အာဏာရ အစိုးရအထိ တိုင်းရေးသားများအပေါ် ထားရှိခဲ့တဲ့ သဘောထားက လမ်းအဟောင်းအတိုင်းပဲ ဆက်သွားနေတုန်း....



အမှတ်မမှားခဲ့ဘူးဆိုရင်..

၁၉၅၂ ခုနှစ် ဖဆပလအစိုးရ လက်ထက်က ထိုင်ဝမ် အခြေစိုက် ချန်ကေရှိတ် တရုတ်ဖြူတပ် ၀င်ရောက် ကျူးကျော်လာအချိန်အတွင်း ဗမာပြည်ကွန်မြူနစ်မှ အဆိုပြုသည့် ငြိမ်းချမ်းရေး တကြိမ်၊

၁၉၅၆ ခုနှစ် သခင်ကိုယ်တောင်မှိုင်း၏ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှု တကြိမ်၊

၁၉၅၈ ခုနှစ် ဇွန်လ ၀န်ကြီးချုပ် ဦးနု၏ မိန့်ခွန်းအရ တကြိမ်၊

ဦးနေ၀င်း၏ အိမ်စောင့်အစိုးရ ခေတ်က ၁၉၆၃ ခုနှစ် ဇွန်လမှာ စ တင်ပြီး နိုဝင်ဘာလအထိ ပြည်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ တကြိမ်၊

၁၉၉၀နှစ် ပတ်ဝန်းကျင်အတွင်း တိုင်းရေးသား လက်နက်ကိုင် ၁၇ အဖွဲ့နှင့် စစ်တပ်အစိုးရ အပစ်အခတ်ရပ်စဲသည့် ငြိမ်းချမ်းရေးကို ဦးသန်းရွှေ လက်ထက်မှာ တကြိမ် လုပ်ဆောင်ခဲ့ပါတယ်။

ထူးခြားတာက စစ်တပ် တခုတည်း ဖြစ်သွားရင် တိုင်းပြည်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတခု ပေါ်ထွက်လာမယ်လို့ ဦးသန်းရွှေတို့ စစ်ရေးအမြင်ဖြင့် ယူဆခဲ့ပုံရတယ်။




နေရာတိုင်းမှာ အရာရာတိုင်းကို ဗျူဟာကျကျ တောင်ကုန်းတခုအား တက်သိမ်းရတဲ့ တိုက်ပွဲအမြင် စစ်ရေးအမြင် တခုတည်းနှင့် စံထားပြီး ကြည့်လို့မရ၊ တခုတော့ ရှိတာပေါ့ တိုင်းပြည်တပြည်မှာ နိုင်ငံသားတိုင်းဟာ စစ်သားချည်း ဖြစ်နေခဲ့မယ်ဆိုရင် ထိုအယူအဆဟာ မှန်ကန်ကောင်း မှန်ကန်နိုင်လိမ့်ပါရဲ့ ....



သူတို့အပြော နိုင်ငံတော်ရဲ့ စေတနာဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးကို အစဉ်တစိုက် လုပ်ဆောင်ခဲ့ပါတယ်လို့ ဆိုပါတယ်။ တဖက်မှာလည်း တိုင်းရင်းသားများ လက်နက်ကိုင်များ စွဲကိုင်ထားသော ပြည်နယ်တန်းတူရေးမှုဟာလည်း ခေတ်အဆက်ဆက် အာဏာရခဲ့သော အစိုးရများ လက်မခံနိုင်သည့် အနေအထား ၊( ဥပမာ။ ။ ၈ ပြည်နယ် ပြည်ထောင်စုမူ )


လက်နက်ကိုင် လူမျိုးစုများလည်း မထူးမခြားနား မှုတခုကို စွဲကိုင်ပြီး အလျော့အတင်း မလုပ်ပဲ ဆက်သွားနေရင်လည်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် လမ်းစ မမြင်၊ ထိုအခြေအနေများကြောင့် ယနေ့အတိုင် သပွတ်အူ သကဲ့သို့ရှုပ်ထွေးနေပြီး အဖြေမှန်တခု မရရှိပဲ ပြည်တွင်းစစ်ဟာ ဖွဲ့မီးပမာ တစစ်တစ်စစ် တောင်လောင်နေဆဲ....




ပြောပြောနေတဲ့ နိုင်ငံတော် စေတနာ ဆိုသည်မှာ လို့ တွေးလိုက်တိုင်း စဉ်းစားမရ ဖြစ်နေရ၏။ တကယ်တော့ မိမိ၏ ဖြူစင်တဲ့ စိတ်နှင့် ယှဉ်ပြီး သူတပါးအား ငဲ့ညာတဲ့စိတ်ထားတို့ ပေါင်းစပ်ပြီး ပေးလိုက်တဲ့ အရာ၊ တခြားတဖက် ရယူခံရသူလဲ ပေးသူ၏ တန်ဖိုးကို သေချာနားလည် သဘာပေါက်မှသာလျှင် မူမှန်တဲ့ စေတနာတခု ပေါက်ပေါက်လာစမြဲပါ....



တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုရမလား၊ ပြည်တွင်း ငြိမ်းချမ်းရေးဆိုမလား၊ ဒီ့အတွက် အာဏာရ ပါတီက ဦးအောင်သောင်း အုပ်စုက ၀၊ မိုင်းလားလူမျိုးစသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်း ဆွေးနွေးနေပါတယ်။ တခြားတဖက်မှာလည်း ကရင် ကချင် ရှမ်း တို့နှင့် စစ်ပွဲတွေအတွင်း စစ်ဒဏ်ခံနေရတဲ့ ပြည်သူပြည်သားများရဲ့ ထိတ်လန့်တဲ့ အော်သံတွေ...

ရှမ်းပြည် တောင်ပိုင်းအဖွဲ့နှင့်တော့ အပြန်အလှန် ကမ်းလှမ်းဆဲ၊

မွန် လက်နက်ကိုင်အဖွဲ့နှင့် ပြည်နယ် အာဏာပိုင်များနှင့် ဆွေးနွေးလျက် စသော စသော ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် သင့်တော်သလို့ ဆွေးနွေးကြေ၏။




တိုင်းပြည်၏ အနာဂါတ်၊ တိုင်းပြည်ရဲ့ အလွန်အမင်း အရေးကြီး လိုအပ်နေတဲ့ ကိစ္စရပ်တခုကို လက်ရှိ အာဏာရပါတီတခုတည်းနှင့် ဆွေးနွေးယုံဖြင့် လုပ်ဆောင်နေလို့ တိုင်းပြည် သာယာဝပြောရေးအတွက် ထာဝရ ငြိမ်းချမ်းရေးက ရေရှည် အာမခံချက် ရှိနိုင်မလား?



တိုင်းပြည်အတွက်ဆိုဆို၊ ပြည်တွင်းစစ်ဟာ တိုင်းပြည် ဖွံဖြိုးမှုကို ဆုတ်ယုတ်စေတယ်လို့ ပြောပြော လက်ရှိ အခုအချိန်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကို တရေးတကြီး လုပ်ဆောင်ရမဲ့ အချိန်ကာလ၊ အခွင့်အခါတခု၊ ဒါမှမဟုတ် လက်ရှိ အာဏာရအစိုးရ၏ နိုင်ငံရေး ထွက်ပေါက်တခု၊ အောင်မြင်စွာ ဆုတ်ခွာရမဲ့ လမ်းကြောင်း ဖြစ်နေတဲ့ အနေအထားပါ၊ တကယ်၍ အသွင်ပြောင်းအစိုးရဟာ ဒါတွေကို အထူးတလည် မစဉ်းစားပဲ လမ်းဟောင်းအတိုင်း လုပ်သွားမည်ဆိုလျှင် ခေတ်မှီတိုးတက်တဲ့ နိုင်ငံတခုအဖြစ်သို့ တက်လှမ်းနိုင်လိမ့်မည်မဟုတ်၊ ၎င်းတို့အတွက်လည်း ကိုယ့်ထွက်ပေါက်ကို ကိုယ်ပိတ်၍ သွားတဲ့ လမ်းကြောင်းအပေါ် ရောက်ရှိနေပြီး အာဏာကို ရာသက်ပန် ဆုပ်ကိုင်ထားနိုင်သော်လည်း ပြောင်းလဲ သန့်ရှင်းတဲ့ အစိုးရလို့ သမုတ်ခံရမည်မဟုတ်ပေ။


*ဖြစ်ရမှာက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်စက ပြောခဲ့သော ဒုတိယာအကြိမ် ပင်လုံညီလာခံဆိုတဲ့ အခင်းအကျင်းမျိုး၊ ဘာသာရေးခေါင်းဆောင်များ၊ တပ်မတော် ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီ အားလုံး ( လွတ်တော်အပြင် ပါတီများ အပါအ၀င် ) ၊ လက်နက်မကိုင်သည့် လူမျိုးစုအဖွဲ့များ၊ တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ပြည်ပ အတိုက်အခံများ၊ တတ်သိပညာရှင်များနှင့် စိတ်ဝင်စား လေ့လာသူများ အားလုံး စုပေါင်းပြီး လွတ်တော်ပြင်ပတွင် လက်ရှိ အာဏာရ ဦးသိန်းစိန် အစိုးအရက ကမကထ လုပ်၍ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ခေါင်းစဉ်ဖြင့် ညီလာခံတခု ခေါ်ယူသင့်ပါတယ်။

ထိုမှသာ မြစ်ဆုံ ရပ်ဆိုင်းသည့် ဆုံးဖြတ်ချက်အတွက် ပြည်သူများ ချီးကျူးသကဲ့သို့၊ ဦးသိန်းစိန်အစိုးရအား တိုင်းပြည်အတွက် တကယ်လုပ်ခဲ့ပါလားလို့ သမိုင်းမျက်နှာစာတွင် ချီးကျူးထောပမာပြုခံရလိမ့်မည် အမှန်...




ယနေ့ တပ်မတော်အစိုးရ ကြွေးကျော်နေတဲ့ စကားတခွန်းအရ ဥပဒေဘောင်ဝင်လာ လွတ်တော်ထဲမှာ လာပြီး ဆွေးနွေးရပါတယ်လို့ မူချထားဗေမဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးက လမ်းစ ပျောက်နေဆဲ။ ဆိုရသော် တဦးနှင့်တဦး နှစ်ပေါင်းများစွာ မယုံကြည်မှုများနှင့် သံသယဖြင့် ကြည့်နေသောကြောင့် တိုင်းရင်းသား လက်နက်ကိုင်များ ချက်ခြင်း လက်ငင်း ဘယ်သူမှလည်း သူတို့ လက်နက်ကို စွန့်ပစ်မှာမဟုတ်....


ယုံကြည့်မှုတခု အတိုင်းအတာတခုအထိ ရရှိမှသာလျှင် လူမျိုးစု လက်နက်ကိုင်များအနေဖြင့် လက်နက်စွန့်မည်ဟု ထင်မြင်၏။


၁၉၄၇ ခုနှစ် ပင်လုံစာချုပ် မတိုင်မှီ ဗိုလ်ချုပ်နှင့် တိုင်းရေးသား ခေါင်းဆောင်များ ကတိက၀က်ပြုခဲ့တဲ့ ၁၀ နှစ်အပြီး မကြိုက်ရင် ခွဲထွက်လိုက ခွဲထွက်ခွင့် မူတခု ကဲ့သို့ ငါးနှစ် သို့မဟုတ် အချိန်ကာလ တခုအား ဖြစ်သန်းပြီး တဦးအပေါ်တဦး အပြည့်အ၀ ယုံကြည်မှုများ ရရှိလျှင် လုံးဝ လက်နက်စွန်ရမည်ဟု ကတိတခုရသည်အထိ အပေးအယူတခု လုပ်သင့်တယ်။ ( ဒီအတွေးအခေါ်သည် တိုင်းရင်းသားများဖက်က လက်ခံနိုင်စွမ်း ရှိသော်ငြားလည်း လက်ရှိ အာဏာရအစိုးရ လွယ်လွယ် လက်ခံနိုင်မည် မဟုတ်ပါ )

သို့တည်းမဟုတ် အထက်ပါ *ညီလာခံအတွင်း စစ်မှန်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် မူတခု ရရှိပြီး လုံးဝ စွန့်မည်ဟု ဆုံးဖြတ်ခဲ့ရင်လည်း တိုင်းပြည်အတွက် ပိုကောင်းတာပေါ့။

ဒါက တိုင်းရင်းသား လက်နက်ကိုင်များ လက်နက်စွန့်ရေး အတွက် စာရေးသူရဲ့ အမြင်၊


ပြည်နယ်၊ ဒေသ သတ်မှတ်ရေး၊ လုပ်ပိုင်ခွင့် အာဏာခွဲဝေမှု စတဲ့ တခြား အကြောင်းကိစ္စများလည်း ရှိဦးမည် မိမိ ဥာဏ်စွမ်းနှင့် မမှီနိုင်သဖြင့် ဆက်လက် မရေးသားတော့ပါ...... ။




လူလ
ရွှင်လန်းချမ်းမြေ့ပါစေ...

( မှတ်ချက် ။ ။ ဓါတ်ပုံများကို ရာဟူး ဓါတ်ပုံတွင် ရှာယူထား )

Monday, September 19, 2011

အကျိုးရလဒ်




ဥပဒေ ၅ ( ခ ) အရ လုပ်ပိုင်ခွင့်ကာလ အနှစ် ( ၅၀ ) နှင့် BOT ကာလ ပြီးဆုံးအချိန်တွင် စက်ရုံက အခမဲ့ လွဲပြောင်းခွင့် ရှိပါတယ် ( ဦးကြီးစိုး )



မြန်မာဖက်မှ ရရှိမည့် အမေရိကန် ဒေါ်လာ( ၁၇.၆၇ ) သန်းထောင်၊ တရုတ်ဖက်မှ ရရှိမည့် အမေရိကန် ဒေါ်လာ ( ၁၁.၆၇ ) သန်းထောင်၊ ကွာဟချက် အကျိုးက မြန်မာဖက် အမေရိကန် ဒေါ်လာ ( ၆ ) သန်းထောင် ရရှိမှာလို့ ဆိုပါတယ်။


အနှစ် ( ၅၀ ) ကြာပြီးသကာလ ပျက်စီး ယိုယွင်းတတ်သည့် သဘောတရားအရ ထိုရေကာတာ၏ ဆိုးကျိုးများကို ပြုပြင်ထိန်းထိမ်းရမည့် တာဝန်က မျိုးဆက်သစ်အပေါ်သို့ ပုံချခဲ့သလို ဖြစ်နေ၏။ အလွန့်လွန် အန္တာရယ်များလှသော ဆိုးကျိုးများ ဖြစ်သည်ဟု သတိချပ်သင့်။


မြန်မာဖက်က ရရှိလာမဲ့ အကျိုးအမြတ် စုစုပေါင်း အမေရိကန် ဒေါ်လာ ( ၂၃.၆၇ ) သန်းထောင်ပေါင်းနှင့် ဧရာဝတီမြစ်အတွင်း မှီတင်းနေထိုင်လာမည့် နောက်လာ နောင်သားများ၏ တန်းဖိုး၊ ထိုအကျိုးရလဒ် တွက်ချက်ပြီး မည့်သည့်အရာက တန်ဖိုး ရှိသနည်း ? ..



အနှစ် ငါးဆယ်လွန်သော် ဤဆည်ကြီးကို ပြုပြင်ရန် တန်ဖိုး၊ မြစ်ကြောင်း သဘာဝထိန်းသိမ်း ရမည့် တန်ဖိုးနှင့် မှီတင်းနေထိုင်ကြသော လူသားများ၏ ထွက်ရှိလာမည့် ကုန်ထုတ်တန်ဖိုးများကို အခုအစိုးရအဖွဲ့အနေဖြင့် သေသေချာချာ စဉ်းစားဖို့ လိုလိမ့်မည်။


တရုတ်နိုင်ငံကလည်း ဧရာဝတီဆိုတဲ့ ငါ့တို့ ရာဇ၀င်ထဲက သတိုးသမီး၏ အပျိုရည် ပျက်သည်အထိ ခြေတော်တင်သည့် အထာဖြင့် စိတ်လိုကိုယ်ရ စားသုံးအပြီး ထားရစ်မှာ သေချာသည်။


တိုင်းပြည်ကို ချစ်လှပါတယ်ဆိုသော ခေါင်းဆောင်များဟာ မိမိတိုင်းပြည်၏ အနာဂါတ် နှစ်ပေါင်း ၁၀၀ သို့ စဉ်းစားတွေးခေါ်တတ်မှသာ တိုင်းပြုပြည်ပြု ခေါင်းဆောင်ကောင်းရယ်လို့ အသိအမှတ်ပြု ရလိမ့်မည်။ သို့တည်းမဟုတ်လျှင်.....



လူလ
ရွှင်လန်းချမ်းမြေ့ပါစေ...

( မှတ်ချက်။ ။ ဓါတ်ပုံကို Travel Pros နှင့် marinesciencetoday.com မှ ယူသုံးသည် )

Thursday, August 18, 2011

Facebook မှာ တွေ့လိုက်ရတဲ့ တချို့က.. စကားလုံးများ..



တချို့က သတင်းကောင်း
တချို့က လူကြားကောင်း

တချို့က တိုင်းပြည်ကောင်းစားတာ မမြင်ချင်တဲ့သူတွေ မပြန်ဘူးတဲ့..
တချို့က မမြင်တတ်ရင် အမုန်းတရားတွေ ကြီးထွားတတ်တယ်တဲ့..
တချို့က သူတို့အပြစ်တွေကို အခြေခံဥပဒေနဲ့တောင် ကာကွယ်ထားတယ်တဲ့..
တချို့က ကိုယ်မျက်လုံးမှာ မျက်ချေးပိတ်နေသဖြင့် သူများ မျက်လုံးမှ မျက်ချေး လိုက်ရှာနေတယ်တဲ့

တချို့က နိုင်ငံရေးအကျဉ်းသားတွေ အရင်လွတ်...
တချို့က စီးပွားရေးကြပ်ပြီး အိမ်နီးတိုင်းပြည်မှာ အလုပ်လုပ်နေတဲ့ အခြေခံအလုပ်သမားအတွက် အလုပ်ကိုင် ရှာပေး...
တချို့က ပြည်တွင်းငြိမ်းချမ်းရေး အရင် အဖြေရှာတွေး..
တချို့က ပြည်တွင်းရှိ ထောင်များ မွန်းမံပြင်ဆင်ပြီးလို့ ထောင်ထဲမှာ ပြန်မဆုံချင်ဘူးလား....

တချို့က သံရုံးအခွန်ရှောင်အမှု..
တချို့က တိုင်းပြည်က ခိုးထွက်တဲ့အမှု
တချို့က ရာဇ၀တ်အမှု..
တချို့က ...... အမှုတွေနဲ့ စွပ်စွဲအပြစ်ရှာခံရရင် ဘာထူးမှာလဲ


တချို့က ပါးစပ်နဲ့ ပြောတိုင်း ယုံရမလား တဲ့..
တချို့က ဥပဒေတခု တိတိကျကျ ရှိစေချင်တဲ့..
တချို့က ဂျူတီ ဖရီးလဲ ၀ယ်သွားရတယ်တဲ့...
တချို့က ၈၈ တွေ ထောင်ထဲမှာ ပြန်ဆုံရတာပေါ့ တဲ့...
တချို့က ဒုတိယလူအဖြစ်နဲ့ တိုင်းပြည်ကို ချစ်နေရမယ်တဲ့..
တချို့က တော်လှန်ရေးကို ခုတုံးလုပ်ပြီး ရပ်တည်ရေးလုပ်နေသော အချောင်သမားတွေ စဉ်းစားရမယ်တဲ့..
တချို့က တတိယအုပ်စုက တတိယတန်းမှာ မျောက်ဥစုတ်ရတာပဲ ကံကောင်းတဲ့..
တချို့က ပြည်ပ ဒီမိုကရေစီ အင်အားစုကို ဦးသိန်းစိန် တုန်လှုပ်ပုံရတယ်တဲ့..
တချို့က ပြန်ချင်ရင် ပြန်ကြ၊ ကောင်းမွန် တော်လှန်တဲ့ အုပ်စုက ကျစ်လစ်လာမယ်တဲ့..
တချို့က ပြန်သွားရင် ဖုန်းကောင်းကောင်း မကိုင်ရဘူးတဲ့...


တချို့က ဦးနု လက်ထက်က ဒီပုံ..
တချို့က ဦးနေ၀င်းလက်ထက်လည်း ဒီပဲ...
တချို့က ဦးသိန်းစိန်ရေ.. ငါတို့ဟာ ကလေးမဟုတ်ဘူးတဲ့...
တချို့က ရောက်နေတဲ့ နိုင်ငံမှာလဲ ဆင်းရဲတာပဲ ဒါဗေမဲ့ စစ်မှန်တဲ့ လူ့အခွင့်ရေးမရသရွေ့ ယုံကြည်ချက်နဲ့ ဆက်လျှောက်မယ်တဲ့..
တချို့က လာချင်ရင် လာပါ၊ အကျွမ်းအကျင်ဆုံးအလုပ်က ထောင်ဝင်စာတဲ့..
တချို့က မဲဆောက် ချင်းမိုင် ရေပေါ်ဆီတွေဟာ တီကောင်ကို ဆားတို့လိုက်သလိုပဲတဲ့..
တချို့က အပြင်ကလူတွေ အထဲဝင်တာထက် အထဲက ကတိမတည်တဲ့သူတွေ အပြင်ထွက်တာ ကောင်းပါတယ်တဲ့..


တချို့ က ဧည်နိုင်ငံသား လျှောက်မယ်
တချို့က အထဲရောက်မှ ၀န်ခံချက်တွေ ထိုးရမယ်
တချို့က အောက်ကျို့ သွားဖြဲ မြောက်ပြော အချိုးနဲ့ ချောတိုင်တက်ရမယ်တဲ့...
တချို့က အပြစ်ကြီးကြီးတွေ လုပ်ထားတာက ဗိုလ်ချုပ်ကြီးတွေတဲ့..
တချို့က တဖြည်းဖြည်း အကောင်းဖက်ရောက်တဲ့အချိန်အထိ စောင့်ကြည့်တာပေါ့ဗျ..တဲ့
တချို့က ခေါ်ရစ်သားနဲ့ ငြင်းနေတာက မရိုးသားဘူးလို့ ထင်ခံမှာစိုးရတယ်တဲ့
တချို့က အဘတို့ လက်ထက်ကတည်းက အဆိုးတွေပဲ ခံရလာတယ်ဆိုတော့ ဘာပြောပြော မယုံချင်ဘူးတဲ့..
တချို့က အဘပြောင်ရဲ့ ကြောင်ချက်တွေကို မလှောင်ရစ်ဘူးတဲ့...

တချို့က တိုင်းပြည်ကို လက်ညိုးထိုးရောင်းစားတဲ့ကောင်တွေ ပြန်မလာလဲ ရတယ်တဲ့..
တချို့က ဧရာဝတီမြစ်ကြီး ရောင်းစားထားတာ ခွဲတမ်းရဦးမယ်တဲ့..
တချို့က ချင်းမိုင်အခြေစိုက် သတင်းစာတိုက်လဲ စဉ်းစားနေပြီတဲ့..
တချို့က ငွေပေး ဘိုင်အိုရေး ဒုက္ခသည်လုပ်စားတဲ့ သူတွေ ပြန်တဲ့..
တချို့က တိုင်းပြည် တိုးတက်ရေးအတွက် သူတို့ချည်း မလုပ်နိုင်ဘူးလို့ ၀န်ခံလိုက်တာပဲတဲ့..
တချို့က ထောင်ထဲမှာ အမျိုးသားပြန်လှည် သင့်မြတ်ရေး လုပ်ရအောင်တဲ့..
တချို့က အော်တိုမက် သမတက ဖော်လို စကားတွေ ပြောတတ်တယ်တဲ့
တချို့က အချိန်မှန်တွန်တဲ့ အပြင်က ကြက်ကို အတွင်းခြံထဲ ထည့်ပြီး ထိန်းချုပ်နိုင်တာပေါ့တဲ့..


တချို့က နိုင်ငံတော် စေတနာတဲ့..
တချို့က စစ်မှန်တဲ့ ဒီမိုကရေစီတဲ့..
တချို့က အကောင်းမမြင်ကြဘူးတဲ့..
တချို့က ဆွေပြ မျိုးပြတဲ့..;)
တချို့က လိုအပ်သည်များကို comments များဖြင့် ဖြည့်နိုင်သည် :P


( မှီငြမ်း ။ ။ Facebook မှ add ထားသော friends ထံမှ )

Sunday, August 7, 2011

၈၈ ကျိန်စာ

ငါသည် ၈၈၈၈ ၏ အသီးအပွင့် တချို့ကို
ခံစားရသော စံစားနေသော သူတယောက် ဖြစ်သည်။

ထိုအသီးအပွင့်များက အရေးတော်ပုံ တလျှောက်
ကျဆုံးခဲ့သော သူရဲကောင်းများရဲ့ သွေးတုံးသွေးခဲများသာ ဖြစ်၏။


ထို မှန်သော သစ္စာစကားကြောင့်

နောက်ဘ၀များ.....

တော်လှန်စစ်ပွဲတရပ်ကို ဆင်နွဲခွင့်ရလျှင်

အမြော်အမြင်နည်းပါး ညီညွတ်တရား

ခေါင်းပါးသောခေါင်းဆောင်များနှင့်

မတွေ့ရပါလို၏။......




( ကျောင်းသားတပ်မတော်မှ ကျဆုံးခဲ့သော ရဲဘော်များအား အစဉ် ဦးညွှတ်လျှက် )

Sunday, April 25, 2010

16-2010

19.4.10


ကရင်အမျိုးသားအလံ အသုံးပြု ရွေးကောက်ပွဲဝင်မှု ကေအန်ယူ ကန့်ကွက်


(NEJ) ကရင်အမျိုးသားအလံတော်ကို ပါတီအလံအဖြစ်အသုံးပြု၍ နအဖကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်မည့် မည်သည့် ကရင်ပါတီကိုမဆို ကန့်ကွက်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နှင့် နိုင်ငံတကာသို့ ရောက်ရှိနေကြသည့် ကရင်အမျိုးသားများက ပြောသည်။

ကေအန်ယူအဖွဲ့၏ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က “ကရင်အမျိုးသားအလံတော်ဟာ ကရင်အမျိုးသားထု တရပ်လုံးရဲ့ အလံဖြစ်တယ်။ အမျိုးသားအလံတော်ကို ပါတီအလံအဖြစ် အသုံးပြုပြီး နအဖလုပ်မယ့် ရွေးကောက်ပွဲကို ၀င်မယ်ဆိုတာက တကယ်မလုပ်သင့်တဲ့ကိစ္စပါ။ အဲဒါကြောင့် ကန့်ကွက်ရတာပါ။ ဒီလိုလုပ်တာဟာ နအဖနဲ့ပေါင်းပြီး ကရင်တမျိုးသားလုံးကို စော်ကားလိုက်တာဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ကရင်ပြည်သူ့ပါတီ (ကေပီပီ) သည် နအဖပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲဝင်ရောက်ရန် ကရင်အမျိုးသားအလံကို ပါတီအလံအဖြစ် အသုံးပြုပြီး ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ပါတီ၏ ဒု-ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာစိုင်မွန်သာက ပြည်တွင်းအပတ်စဉ်ထုတ် ဂျာနယ်များတွင် မကြာသေးမီရက်ပိုင်းအတွင်းက ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံးက သောကြာနေ့တွင် ကြေညာချက်ထုတ်ပြန် ကန့်ကွက်ထားသည်။
။။။။။

ဗုံးကွဲမှုတွင် တိုင်းစစ်ဒေသမှူး ပြင်းထန်စွာ ဒဏ်ရာရ

နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ ကန်တော်ကြီးရှိ X2O ရေပက်မဏ္ဍပ်တွင် ယခုလ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့) က ဗုံး ၃ လုံး ဆက်တိုက်ပေါက်ကွဲမှုတွင် တိုင်းစစ်ဒေသမှူးတဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှုးကြီးပြုံးချိုသည် လုံခြုံရေးအရ မဏ္ဍပ်များကို လိုက်လံစစ်ဆေးနေစဉ် X2O မဏ္ဍပ်အရောက် ဒုတိယဗုံး ပေါက်ကွဲသဖြင့် ဝမ်းဗိုက်တွင် ဗုံးဆံများ ထိမှန်သွားရာ မင်္ဂလာဒုံ စစ်ဆေးရုံတွင် ကုသမှု ခံယူနေရသည်။ ဒဏ်ရာပြင်းထန်မှုရှိသည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။

ပေါက်ကွဲမှုများကြောင့် လူ ၈ ဦး သေဆုံးပြီး လူဦးရေ ၁၇ဝ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း စစ်အစိုးရက အစောပိုင်းက ထုတ်ပြန်ကြေညာခဲ့သော်လည်း သေဆုံးသူဦးရေ တိုးလာသည်ဟု ရဲအချို့က ပြောသည်။

ရဲမှူးကြီးတဦးနှင့် ဒုရဲအုပ်အဆင့်ရှိသူတဦးတို့လည်း သေဆုံးသွားပြီး မင်္ဂလာတောင်ညွန့်မြို့နယ် မယက ဥက္ကဋ္ဌမှာမူ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ယခုအခါ ရန်ကုန်ဆေးရုံကြီးတွင် ဒဏ်ရာရရှိသူများအနက် ၄၄ ဦးသည် ဆက်လက်၍ ဆေးဝါးကုသမှု ခံယူနေရကာ၊ ဒဏ်ရာပြင်းထန်သူမှာ ဦးရေ ၂ဝ ခန့် ရှိနေသေးကြောင်း သိရသည်။

ဗုံးကွဲအပြီး ၂ ရက်အကြာတွင် စာရေးဆရာ လင်းယုန်မောင်မောင် (ကွယ်လွန်) ၏ သားဖြစ်သူ ဦးဇေယျနှင့် သူ၏ သားဖြစ်သူ စည်သူဇေယျအား ရဲက မေးမြန်းရန် ခေါ်ဆောင်သွားကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတဦးက ပြောသည်။
။။။။။

နယ်ခြားစောင့်တပ် လက်မခံရသည့်အကြောင်း
ကေအိုင်အို လူထုအား အသိပေးပြောကြား


(NEJ) နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စများနှင့်ပတ်သက်၍ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က လူထုအား အသိပေးရှင်းလင်းသည့် အခမ်းအနားတခုကို ကေအိုင်အို ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ယခုလ (၁၆) ရက်၌ ပြုလုပ်ခဲ့သည်။

ကေအိုင်အိုနှင့်နအဖအကြား နှစ်ဘက်တွေ့ဆုံဆွေးနွေးချက်များ၊ ကေအိုင်အိုဘက်က တင်ပြထားချက်များ၊ နအဖဘက်က ကမ်းလှမ်းထားချက်များနှင့် အပစ်ခတ်ရပ်စဲရေး စာချုပ်တို့ကို နံရံကပ်စာစောင်ဖြင့် ပြသထားသကဲ့သို့ ကေအိုင်အို အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာက ကချင်ဘာသာဖြင့်ပြောကြားပြီး တွဲဖက်အတွင်းရေးမှူးက မြန်မာဘာသာပြန်၍လည်းကောင်း၊ ကေအိုင်အို ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က မြန်မာ၊ ကချင် နှစ်ဘာသာဖြင့် လည်းကောင်း နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းသွားခဲ့သည်ဟု အခမ်းအနား တက်ရောက်ခဲ့သူ ကေအိုင်အို အုပ်ချုပ်ရေး အရာရှိတဦးက ပြောသည်။
။။။။။

မြို ခေါ် ခမီ ပါတီမှတ်ပုံတင်


နယူးဒေလီ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားပါတီတခုဖြစ်သော မြို ခေါ် ခမီ အမျိုးသားညီညွတ်ရေးပါတီသည် နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ပါတီအဖြစ် မှတ်ပုံတင်ပြီးကြောင်း ဥက္ကဋ္ဌ ဦးစံသာအောင်က ပြောသည်။မြိုခေါ် ခမီ အမျိုးသား ညီညွတ်ရေးပါတီအနေဖြင့် ၎င်းတို့လူမျိုးများ အများဆုံးရှိရာ ကျောက်တော်၊ ပလက်ဝ၊ မြောက်ဦးနှင့် ပေါက်တောမြို့နယ်များတွင် ဝင်ရောက်အရွေးခံသွားမည်ဟု သိရသည်။

လာမည့် ရွေးကောက်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်ရန် ပါတီဝင်အင်အား ဦးရေ ၂ဝ ကျော် စုစည်းပြီးဖြစ်ရာ ၉ဝ ရွေးကောက်ပွဲ၌ ပါဝင်ခဲ့သူများမှာ ၇ဝ ရာခိုင်နှုန်း ပါဝင်ကြောင်းနှင့် ရခိုင်ပြည်နယ်တွင် မြို ခေါ် ခမီ လူမျိုးမှာ လူဦးရေအားဖြင့် တသိန်း နှစ်သောင်းခန့် ရှိကြောင်း ဦးစံသာအောင်က ပြောသည်။

ပါတီဒုဥက္ကဋ္ဌများအဖြစ် ဦးကျော်ထွန်းခိုင်၊ ဦးအေးဟောင်နှင့် အတွင်းရေးမှူးအဖြစ် ဦးလာဘွေတို့က တာဝန်ယူထားသည်။
။။။။။

20.4.10

ဗုံးပေါက်ကွဲသတင်း ကျယ်ပြန့်ရန် နအဖ လုပ်ဆောင်နေ
NEJ

နအဖစစ်အစိုးရသည် လူ (၈) ဦး သေဆုံးပြီး (၁၇ဝ) ကျော် ဒဏ်ရာရခဲ့သည့် ဧပြီ (၁၅) သင်္ကြန်ဗုံးကွဲမှု သတင်းကို ကျယ်ပြန့်သည်ထက် ကျယ်ပြန့်အောင် လုပ်ဆောင်နေပြီး ယင်းကဲ့သို့ လုပ်ဆောင်ချက် နောက်ကွယ်တွင် ရည်ရွယ်ချက် တစုံတရာ ရှိနိုင်ကြောင်း ပြည်တွင်း စာနယ်ဇင်းအသိုင်းအဝိုင်းနှင့် ရန်ကုန်မြို့ခံများက သုံးသပ်နေကြသည်။
။။။။။

ကေအိုင်အိုက အရေးပေါ် စစ်သင်တန်းပေး


ချင်းမိုင် (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ငြင်းဆိုနေသည့် ကချင်လွတ်မြောက်ရေး အဖွဲ့ KIO သည် ကချင်လူထုအား စစ်သင်တန်းများ ပေးနေကြောင်း ဒေသခံများနှင့် KIO အရာရှိများထံမှ သိရသည်။

ယနေ့မှ စ၍ ၁၈ ရက် ကြာမည့် အရေးပေါ် စစ်သင်တန်း၌ KIO တပ်မဟာ ၃ ဌာနချုပ်ရှိရာ တရုတ် နယ်စပ် မိုင်ဂျာယန်မြို့နှင့် အနီးအနားရှိ ကျေးရွာများမှ KIA စစ်မှုထမ်းဟောင်းများ၊ စစ်သင်တန်း တက်ဖူးသူများအား တအိမ်တယောက်နှုန်း မတက်မနေရ သင်ပေးနေခြင်းဖြစ်သည်။

ကချင်ဒေသခံများအနေဖြင့် မိမိကိုယ်မိမိ ကာကွယ်နိုင်ရန် သေနတ်ပစ်ခြင်းနှင့် ကျည်ကွယ် မျက်ကွယ် နည်းများကို ပို့ချပေးကြောင်း KIO အရာရှိတဦးက ပြောသည်။
။။။။။

တအောင်း (ပလောင်) ဒေသရှိ ကလေးငယ်များ
ပညာသင်ကြားမှုအခြေအနေ ဆိုးဝါး



(NEJ) ။ ။ စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်တွင် ဆိုးဝါးနိမ့်ကျနေသော တအောင်း (ပလောင်) ဒေသရှိ ပညာရေးစနစ်နှင့်ပတ်သက်၍ တအောင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံး (တီအက်စ်ဝိုင်အို) က “အလင်းမဲ့ဘ၀” အမည်ရှိ ပညာရေး အစီရင်ခံစာတစောင်ကို ယနေ့စတင်ဖြန့်ချိသည်။

ယခုအစီရင်ခံစာကို ရှမ်းပြည်မြောက်ပိုင်းရှိ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန် မြို့(၃) မြို့ရှိ ကျေးရွာ (၆၁) ရွာမှ လူဦးရေ (၁၇၅) ဦးကို မေးမြန်းထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း တီအက်စ်ဝိုင်အို၏ အထွေထွေအတွင်းရေးမှူး မိုင်းအောင်ကိုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
။။။။။

ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ကာတင်ပုဂ္ဂိုလ်များ ဝမ်းမြောက်


နယူးဒေလီ (မဇ္ဈိမ)။ ။ အမေရိကားရောက် မြန်မာမိသားစုများက ချီးမြှင့်မည့် ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ကာတင် စာရင်းတွင် ပါဝင်သဖြင့် ဝမ်းသာဂုဏ်ယူမိကြောင်း ဆန်ကာတင် အရွေးခံရသူ လူမှုဝန်ထမ်းများက ပြောသည်။

ဆုအတွက် ဆန်ကာတင် ၅ ဦးမှာ သီတဂူဆရာတော် ဦးဥာဏိဿရ၊ ကိုဇာဂနာ၊ ကိုကျော်သူ၊ မဖြူဖြူသင်းနှင့် ရှေ့နေဦးအေးမြင့်တို့ဖြစ်ကြောင်း ဆုပေးအပ်မည့် Citizen of Burma Award အဖွဲ့က ယခုလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။
။။။။။

ရွေးကောက်ပွဲ မှတ်ပုံမတင်သေးသည့် ကြံ့ဖွံ့ အကြီးအကျယ် စည်းရုံးရေးလုပ်

(NEJ) ။ ။ သင်္ကြန်ရက်အတွင်း၌ ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေကြောင်း ရန်ကုန်ရှိ အစိုးရဌာနဆိုင်ရာ သတင်းရပ်ကွက်များမှ သိရသည်။

၂၀၁၀ ရွေးကောက်ပွဲကို မည်သည့်နေ့ရက်တွင် ကျင်းပမည်ဟု မကြေညာသေးသည့် စစ်အစိုးရက ရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်သေးသည့် ၎င်းတို့၏ဒေါက်တိုင်အဖွဲ့အစည်းဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့) က ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးမူကို အင်တိုက်အားတိုက် ပြုလုပ်နေကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ အရာထမ်းတဦးက ပြောသည်။
။။။။။

ဘုန်းကြီးကျောင်း ဂရမ်များ လိုက်လံစစ်ဆေး


နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ ဘုန်းကြီးကျောင်းအချို့အား ရပ်ကွက်အာဏာပိုင်များက ကျောင်းပိုင်မြေ ဂရမ်အထောက်အထားများကို ယခုတပတ်မှ စတင်၍ လိုက်လံစစ်ဆေးနေကြောင်း ကျောင်းတိုက်အချို့ အဆိုအရ သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားချက်ဖြင့် မြို့နယ်အလိုက် ရယက အဖွဲ့ဝင်များက လိုက်လံစစ်ဆေးနေကြောင်း သိရခြင်း ဖြစ်သည်။
။။။။။

21.4.10

ဗုံးပေါက်ကွဲမှုအကြောင်း Documentary ထုတ်လွှင့်


(NEJ) ။ ။ ဗုံးပေါက်ကွဲသည့်နေ့မှ ဧပြီ (၁၈) ရက်နေ့အထိ ရိုက်ကူးထားသည့် ရုပ်သံ Documentary အစီအစဉ်တခုကို ဧပြီ (၂ဝ) ရက် ည (၈) နာရီကျော်တွင် MRTV-4 ချယ်နယ်မှ ထုတ်လွှင့်သွားကြောင်း ရန်ကုန်မြို့ခံများက ပြောကြားသည်။

ဗုံးပေါက်ကွဲမှုကဲ့သို့ မှုခင်းကြီးတခုကို ယခုကဲ့သို့ ရုပ်သံချယ်နယ်တခုမှ Documentary အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့်သွားခြင်းသည် ဆယ်စုနှစ်တခုအတွင်း ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း ရန်ကုန်မြို့ခံ သတင်းအယ်ဒီတာတဦးက ပြောသည်။
။။။။

မတရားလည်း အခွင့်အရေးအတွက် ရွေးကောက်ပွဲ ဝင်ရမည်ဟု CPP ပြော


နယူးဒေလီ (မဇ္ဈိမ) ။ ။ စစ်အစိုးရက ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု မရှိသော်လည်း ချင်းတိုင်းရင်းသားများ အခွင့်အရေးအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် လိုအပ်သည်ဟု မနက်ဖြန်တွင် ပါတီမှတ်ပုံတင်မည့် ချင်းအဖွဲ့တခုက ပြောသည်။

“အများက တရားမျှတမှု မရှိဘူးလို့ ရွေးကောက်ပွဲကို ပြောနေကြတယ်။ ကျနော်တို့ ဆင်းရဲချို့တဲ့တဲ့ ချင်းတိုင်းရင်းသားတွေအတွက် အခုထွက်လာတဲ့ အခွင့်အရေးက ကြီးကြီး၊ သေးသေး အဆုံးရှုံး မခံနိုင်ဘူး။ အပြည့်အဝတော့ လုံးဝ မရဘူးဆိုတာ သေချာတယ်။ free & Fair လုံးဝ မဖြစ်နိုင်ဘူးဆိုတာလည်း သေချာတယ်။ ဒါပေမဲ့ အခုရလာတဲ့ အခွင့်အရေးကို အဆုံးမခံနိုင်ဘူး'' ဟု Chin Progressive Party ခေါ် ချင်းတိုးတက်ရေးပါတီမှ Pu No Than Kap က ပြောသည်။

ချင်းတိုးတက်ရေးပါတီကို မနက်ဖြန်တွင် နေပြည်တော်ရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လျှောက်ထားမည်ဖြစ်သည်။
။။။။။

စစ်ရေးဖြင့် ဖြေရှင်းမှုမလုပ်ရန် ကေအိုင်အိုက နအဖကို သတိပေး


နယူးဒေလီ (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ငြင်းဆိုထားသော အပစ်ခတ် ရပ်စဲထားသည့် တိုင်းရင်းသားအဖွဲ့များကို စစ်ရေးဖြင့် နှိမ်နင်းးဖို့ မကြိုးစားရန် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က စစ်အစိုးရကို သတိပေးလိုက်သည်။KIO လက်အောက်ခံတပ် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးအတွက် KIO နှင့် စစ်အစိုးရအကြား တနှစ်အတွင်း ၁၅ ကြိမ်ခန့် တွေ့ဆုံဆွေးနွေးသော်လည်း သဘောတူညီချက်မရနိုင်ဘဲရှိနေချိန်တွင် ပြောလိုက်ခြင်းဖြစ်သည်။
။။။။။

22.4.10

ခေတ်သစ်ပြည်သူ့ပါတီကို နောက်ကွယ်မှ ကြံ့ဖွံ့အကူအညီပေး


(NEJ) ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် လျှောက်ထားသည့် ခေတ်သစ်ပြည်သူ့ပါတီသည် ကြံ့ဖွံ့၏အကူအညီကို ရယူထားကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့အဖွဲ့ဝင်တဦးက အခိုင်အမာ ပြောဆိုလိုက်သည်။

ခေတ်သစ်ပြည်သူ့ပါတီသည် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်း ဗိုလ်ချုပ်လမ်းမ (၃၉ လမ်းနှင့် လမ်း ၄၀ ကြား) တိုက်အမှတ် ၂၅၅၊ ၆ လွှာတွင် ရုံးခန်းဖွင့်လှစ်ထားပြီး ထိုရုံးခန်းသည် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ကြံ့ဖွံ့အမည်ဖြင့် အကူအညီပေးထားသော အခန်းဖြစ်ကြောင်း အဆိုပါ ကြံ့ဖွံ့အဖွဲ့ဝင်က ပြောသည်။
။။။။။

နယ်ခြားစောင့် လက်မခံဟု နောက်ဆုံးရက်မှာ KIO တုံ့ပြန်


ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရရာဇသံ၏ နောက်ဆုံးရက်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရေးကို လက်မခံနိုင်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ထပ်လောင်း တုံ့ပြန်လိုက်သည်။

မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းနှင့် စစ်ဘက် ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)မှ ဗိုလ်မှူးကြီး သက်ပုံတို့ ဦးဆောင်သော ၄ ဦးပါအဖွဲ့နှင့် KIO ဥက္ကဌ ဦးလရောက် ဇောင်းဟရား၊ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာ၊ ဒုစစ်ဦးစီးမှူး ဗိုလ်မှူးကြီး ဂွမ်းမော်တို့ပါဝင်သော ၈ ဦးပါအဖွဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ယနေ့နံနက်က ၁ နာရီခွဲကြာ တွေ့ဆုံဆွေးနွေးကြစဉ် KIO ၏ လက်နက်ကိုင်တပ်များကို နယ်ခြားစောင့်အဖြစ် အသွင်မပြောင်းဟု ငြင်းဆန်လိုက်ခြင်း ဖြစ်သည်။
။။။။။

ဗုံးပေါက်ကွဲမှု အဓိကတာဝန်ရှိသူ နအဖဟု ဆိုနေကြ

(NEJ) ဧပြီ (၁၅) ရက် (သင်္ကြန်အကြတ်နေ့)၊ ကန်တော်ကြီးပတ်လမ်း X20 မဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှုတွင် အဓိကတာဝန်ရှိသူမှာ နအဖသာလျှင်ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သူတို့က ဝေဖန်ပြောဆိုကြသည်။မင်္ဂလာတောင်ညွန့်မြို့နယ်သည် အရှေ့ပိုင်းခရိုင် စစ်ဒေသမှူး၏ အုပ်ချုပ်မှုအောက်တွင် ရှိသော်လည်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ စီစဉ်ညွှန်ကြားမှုဖြင့် တောင်ပိုင်းခရိုင် အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချိုက လာရောက် တွဲဖက်လုပ်ဆောင်ရကြောင်း သိရသည်။“စစ်ဒေသမှူးမှာ သား (၁) ယောက်၊ သမီး (၂) ယောက်ရှိတယ်။ သူက ဗုံးပေါက်ကွဲမယ့်သတင်း ကြိုရထားပုံရတယ်။ ကလေးတွေကို သင်္ကြန်တွင်း ဘယ်မှ ထွက်မလည်ကြဖို့ သူ့ဇနီးကို မှာတယ်” ဟူသော သတင်းစကားများ စစ်ဒေသမှူးနေထိုင်ရာ ဝေဠုဝန်အိမ်ရာတွင် ပျံ့နှံ့နေသည်။
။။။။။

နောက်ဆုံးနေ့အထိ ဒေါ်စုအပေါ် သစ္စာရှိမည်ဟု ဦးခင်မောင်ဆွေ ပြော


နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် သဘောကွဲ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေက ပါတီများမှတ်ပုံတင်ရမည့် နောက်ဆုံးရက်အထိ ဒေါ်အောင်ဆန်းစုကြည်အပေါ် သစ္စာရှိမှုကို ပြသသွားမည်ဟု ပြောကြားလိုက်သည်။

''NLD ရွေးကောက်ပွဲ မှတ်ပုံတင်ရက် မကျော်မချင်း ဘာမှ လုပ်မှာမဟုတ်ပါဘူး။ NLD အပေါ်မှာ သစ္စာရှိတဲ့အနေနဲ့၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် သစ္စာရှိတဲ့အနေနဲ့ နောက်ဆုံး မေလ ၆ ရက် မရောက်မချင်း၊ မကျော်မချင်း ဘာဆိုဘာမှ ဆုံးဖြတ်မှာ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။
။။။။။

23.4.10

ဗုံးဖောက်ခွဲသူကို ဖမ်းမိထားကြောင်း ပြည်တွင်းထုတ်ဂျာနယ်တွင် ဖော်ပြ

(NEJ) ပြီးခဲ့သည့် ဧပြီ (၁၅) ရက်နေ့က ကန်တော်ကြီး X20 မဏ္ဍပ်စင်အနီး ဗုံး (၃) လုံးပေါက်ကွဲမှု ဖြစ်ပွားရာ ဗုံးဖြင့်ပစ်သူကို အာဏာပိုင်များက ဖမ်းမိထားကြောင်း ယနေ့ထုတ် လျှပ်တစ်ပြက်ဂျာနယ် စာမျက်နှာ (၅) တွင် ဖော်ပြထားသည်ဟု ဖတ်ရှုရသူ ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်မြို့ခံတဦးက “လျှပ်တစ်ပြက်မှာ ဗုံးခွဲသူကို ချက်ချင်း ဖမ်းမိတယ်လို့ ရေးထားတယ်။ ဒါပေမယ့် အစိုးရက ဗုံးခွဲသူ (၂) ယောက်ကို တွေ့ရင် သတင်းပေး၊ ဆုငွေ (၁ဝ) သိန်းပေးမယ် ဆိုပြီးလည်း နေရာတကာမှာ ကြေညာထားတယ်။ နောက် ဗုံးခွဲသူကို မိထားပါလျက်နဲ့ ဘာသတင်း ထုတ်ပြန်တာမှ မလုပ်ဘူး။ ဒါတင်မက သတင်းစာထဲကနေ အတိုက်အခံ အင်အားစုတွေကို ဗုံးခွဲမှုနဲ့ပဲ ဆက်စပ် ပတ်သက်သယောင်ယောင် အမျိုးမျိုး လျှောက်ရေးနေတယ်။ သေချာတာကတော့ အစိုးရဟာ အခုဗုံးခွဲမှုနဲ့ ပတ်သက်ပြီး လုံးဝရိုးသားမှုမရှိဘူး” ဟု ပြောသည်။
။။။။။

NLD လူငယ်ခေါင်းဆောင်များ စည်းရုံးရေးကွင်းဆင်း

နယူးဒေလီ (မဇ္ဈိမ)။ ။ ပါတီသက်တမ်းကုန်ကာလအတွက် ကြိုတင်ပြင်ဆင်သောအနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်ခေါင်းဆောင်များက မြို့နယ် ၆ဝ တွင် ကွင်းဆင်းရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။

လူထုအကြား လူမှုရေးလုပ်ငန်းများ လုပ်ကိုင်မည့် စီမံကိန်းအတွက် လူငယ်လုပ်ငန်း ဖော်ဆောင်ရေး အဖွဲ့ဝင်များက လွန်ခဲ့သည့် သီတင်းပတ်နှစ်ပတ်အတွင်း ကချင်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းများတို့ လှည့်လည်ပြီး ဆွေးနွေးမှုပြုကြသည်။
။။။။။

နိုင်ငံရေးပါတီ (၂) ခုကို ပါတီတည်ထောင်ခွင့် စတင်ချပေး


(NEJ) နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပထမဆုံး လျှောက်ထားသည့် ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်တို့ကို ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်က ယမန်နေ့တွင် ပါတီတည်ထောင်ခွင့်ပြုလိုက်သည်။

မတ်လ (၂၂ ) ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် တပြိုင်တည်း အစောဆုံး မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သည့် ယင်းပါတီ (၂) ခုအား လျှောက်ထားပြီး (၁) လအကြာတွင် ပါတီတည်ထောင်ခွင့် ပေးလိုက်ခြင်းဖြစ်သည်။
။။။။။

ပြည်သူ့စစ်ပြောင်းရန် မွန်ပြည်သစ် ငြင်းဆို

ချင်းမိုင် (မဇ္ဈိမ)။ ။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆိုနေသော မွန်ပြည်သစ်ပါတီ New Mon State Party (NMSP) က ပြည်သူ့စစ်အဖြစ် ပြောင်းလဲရေးကိုလည်း လက်မခံကြောင်း ပါတီတာဝန်ရှိသူက ယနေ့ ပြောဆိုလိုက်သည်။

ယခင်က နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး ဖိအားပေးနေရာမှ ယခုလ ၇ ရက်နေ့ ၌ စရဖ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က NMSP ဒုဥက္ကဌနိုင်ရော့စ ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် မော်လမြိုင် မြို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၌ တွေ့ဆုံခဲ့စဉ် နယ်ခြားစောင့်တပ် မပြောင်းလိုပါက ပြည်သူ့စစ် အသွင်ပြောင်းရန် ပြောဆိုခဲ့သည်ဟု NMSP ပြောခွင့်ရ နိုင်ခြေးမွန်က ဆိုသည်။
။။။။။

ကေအိုင်အိုတပ်ဖွဲ့၏ တိုက်နယ်ရုံး စစ်ဆေးခံရ
နှစ်ဖက်စစ်ရေး တင်းမာ


(NEJ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ ဖားကန့်-ဆိုင်းတောင် တိုက်နယ်ရုံးအား နယ်မြေခံအာဏာပိုင်များက ယမန်နေ့ညပိုင်း ဝင်ရောက်ရှာဖွေမှုများ လုပ်ခဲ့သည်။

ယခင်က စစ်ဆေးခြင်းမျိုးမရှိဘဲ ယခုကျမှသာ ဧည့်စာရင်းစစ်ရန် အကြောင်းပြပြီး စစ်တပ်၊ ရဲ၊ ကျေးရွာအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ရယက)၊ မီးသတ်တပ်ဖွဲ့ စသည့် ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ကေအိုင်အိုတပ်ဖွဲ့နှင့် နီးစပ်သူ တဦးက ပြောသည်။
။။။။။

အမတ်တနေရာရလျှင်ပင် အကျိုးရှိမည်ဟု ရှမ်းပါတီသစ် ပြောဆို

နယူးဒေလီ (မဇ္ဈိမ)။ ။ လွှတ်တော်အတွင်း နေရာတနေရာ ရရှိလျှင်ပင် ပြည်နယ်အကျိုးရှိမည်ဟု ယုံကြည်သဖြင့် ရွေးကောက်ပွဲဝင်ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်မှ ပါတီအသစ်တခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ပြောဆိုသည်။

ယခုလ ၈ ရက်နေ့က နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်၌ ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ရှမ်းပြည်နယ်ရှိ ၅၅ မြို့နယ်အနက် မြို့နယ် ၄ဝ ခန့်နှင့် အခြား ပြည်နယ်/တိုင်း မြို့နယ်တချို့တွင်ပါ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ဆိုသည်။
။။။။။

နယ်ခြားစောင့်တပ်ကိစ္စကြောင့် ဒီကေဘီအေအတွင်း ပေါက်ကွဲမှု ဖြစ်ပေါ်နိုင်

(NEJ) လာမည့် ဧပြီ (၂၄) တွင် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) အဖွဲ့သည် နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းမည်ကို တရားဝင် အသိပေးကြေညာတော့မည် ဖြစ်သောကြောင့် တပ်ဖွဲ့ဝင်များအတွင်း လက်ခံသူနှင့် လက်မခံသူတို့အကြား သွေးထွက်သံယိုမှုများ ဖြစ်ပွားနိုင်သည်ဟု အဖွဲ့ခေါင်းဆောင်တဦးက ပြောသည်။
။။။။။

ပလောင်ပါတီ မှတ်ပုံတင်


ချင်းမိုင် (မဇ္ဈိမ) ။ ။ တောခိုလက်နက်ကိုင် အဖွဲ့ဟောင်း ပလောင်အမျိုးသားပါတီက နိုင်ငံရေးပါတီ ထူထောင်ခွင့် လျှောက်ထားလိုက်ရာ မှတ်ပုံတင်ခွင့်လျှောက်သော တိုင်းရင်းသားအခြေပြုပါတီ ၉ ဖွဲ့ ရှိသွားပြီဖြစ်သည်။

ပါတီထူထောင်ခွင့် လျှောက်ထားသော စုစုပေါင်း ၁၉ ဖွဲ့တွင် ကရင်၊ ပအိုဝ့်၊ ကချင်၊ ချင်း၊ မြို ခေါ် ခမီ၊ ရှမ်း၊ ပလောင်၊ ဝ’ စသည့် တိုင်းရင်းသားများမှ ၉ ပါတီ ဖြစ်သည်။

ယခုလ ၈ ရက်နေ့က ပလောင်အမျိုးသားပါတီက လျှောက်လွှာတင်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကျောက်မဲ၊ ကွတ်ခိုင် မြို့နယ်များမှ ဝင်ပြိုင်မည်ဟု သိရသည်။
။။။။။

Sunday, April 18, 2010

15-2010

12.4.10

ဒေါ်စု ဆေးရုံတွင် ကျန်းမာရေး စစ်ဆေးမှု ခံယူ


နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ ညပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးစစ်ဆေးမှု ခံယူခဲ့ရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင်များက ပြောသည်။ ယမန်နေ့ ည ၉ နာရီ ၁၅ မိနစ်မှ ၉ နာရီ ၃၀ မိနစ်အထိ ဆေးရုံကြီးတွင် အီးစီဂျီရိုက်ခြင်း အပါအဝင် ဆေးစစ်ပြီး နေအိမ်သို့ ၉ နာရီ ၄၅ မိနစ်တွင် ပြန်ရောက်ခဲ့သည်။
။။။။။

15.4.10

ကန်တော်ကြီး ဗုံးပေါက်၊ အနည်းဆုံး ၉ ဦး သေဆုံး


မဇ္ဈိမသတင်းဌာန

နယူးဒေလီ ။ ။ သင်္ကြန်ပွဲတော်ရက်အတွင်း ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၌ ဗုံးများ ပေါက်ကွဲသဖြင့် အနည်းဆုံး လူ ၉ ဦး သေဆုံးကာ၊ ဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့သည်ဟု သတင်းဌာနများအရ သိရသည်။

သင်္ကြန်ပွဲ ဆင်နွှဲသူများဖြင့် လူစည်ကားလှသော မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး၌ ယနေ့ မွန်းလွဲ ၃ bomb-blast-ygn4sနာရီခန့်က အနည်းဆုံး ဗုံး ၃ လုံး ပေါက်ကွဲခဲ့ရာမှ ထိုသို့ သေဆုံးဒဏ်ရာ ရရှိမှုများ ဖြစ်ပွားခဲ့ကြောင်း သိရခြင်း ဖြစ်သည်။

သတင်းဌာနများက ရဲဌာနကို ကိုးကား၍ ဖော်ပြရာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၄ ဦး သေဆုံးခဲ့ပြီး၊ ၆၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြခဲ့ကြသော်လည်း အမှန်တကယ် သေဆုံးသူနှင့် ဒဏ်ရာရသူ ဦးရေမှာ ယခုဖော်ပြသည်ထက်ပင် ပိုမိုများပြားနိုင်ကြောင်း သိရသည်။
။။။။။

Sunday, April 11, 2010

14-2010

5.4.10

နိုင်ငံရေးပြဿနာကို ရွေးကောက်ပွဲဖြင့် ဖြေရှင်းမရဟု
ဇိုမီးအမျိုးသားကွန်ဂရက် ပြောကြား


(NEJ) ။ ။၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းပေးနိုင်မည်မဟုတ်သကဲ့သို့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး အတွက်လည်း အပြောင်းအလဲ ပြုလုပ်ပေးနိုင်မည်မဟုတ်ကြောင်း ဇိုမီးအမျိုးသားကွန်ဂရက် (Zomi National Congress - ZNC) က ထောက်ပြပြောဆို လိုက်သည်။ဇိုမီးအမျိုးသားကွန်ဂရက်အနေဖြင့် လာမည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီအဖြစ် ထပ်မံ၍ မှတ်ပုံတင်မည် မဟုတ်ကြောင်း ပြီးခဲ့သည့် ဧပြီ (၃) ရက် ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် အဖွဲ့၏ အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
။။။။။

အပစ်ရပ်အဖွဲ့များကို ရာဇသံပေး

ချင်းမိုင် (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ယခုလအတွင်း နောက်ဆုံးထား ဆုံးဖြတ်ရန် တိုင်းရင်းသား အပစ်ရပ် အဖွဲ့အစည်း ၃ ဖွဲ့ကို စစ်အစိုးရက ညွှန်ကြားလိုက်သည်။

ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)၊ ဝ' ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) ၊ ရှမ်းပြည် အရှေ့ပိုင်း အထူးဒေသ ၄ ခေါ် မိုင်းလားအဖွဲ့တို့ကို ယခုလ ၂၂ ရက်နှင့် ၂၈ ရက်နေ့ နောက်ဆုံးထား အကြောင်းပြန်ရန် နေပြည်တော်၏ ကိုယ်စားလှယ်ဖြစ်သော စစ်ဘက်ရေးရာလုံခြုံရေးမှ ဒုဗိုလ်ချုပ်ကြီးရဲမြင့်က အသိပေးသွားသည်။
။။။။။

စစ်လက်နက် တင်ဆောင်ထားသည့် ကားများ ကေအိုင်အိုနယ်မြေအနီး ဖြတ်သန်း


(NEJ) ။ ။ စစ်လက်နက်ပစ္စည်းများ တင်ဆောင်ထားသည့် စစ်ကား အစီး (၁ဝဝ) ခန့် ကချင်ပြည်နယ် ဗန်းမော်မြို့မှ မြစ်ကြီးနားမြို့သို့ ယနေ့ နံနက်ပိုင်းက သွားရောက်ခဲ့သည်။

အဆိုပါ စစ်ကားများသည် ယမန်နေ့ ညနေပိုင်းက မန္တလေး-ဗန်းမော်လမ်းကြောင်းမှတဆင့် ဗန်းမော်မြို့သို့ ရောက်ရှိကာ ညအိပ်ရပ်နားခဲ့ပြီး ယနေ့ နံနက်ပိုင်း ပြန်လည်ထွက်ခွာလာခဲ့ရာ နံနက် (၁၁) နာရီခန့်တွင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ထိန်းချုပ်ရာ လိုင်ဇာမြို့နှင့် မလှမ်းမကမ်းရှိ မိုးမောက်မြို့နယ်၊ လဂျားယန်ဂိတ်ကို ဖြတ်ကျော်ကာ မြစ်ကြီးနားမြို့ဘက်သို့ ဦးတည်မောင်းသွားခဲ့ကြောင်း လိုင်ဇာဒေသခံတဦးက ပြောသည်။
။။။။။

၂၀၁၀ ရွေးကောက်ပွဲကို တိုက်ဖျက်ရန် လူထုတိုက်ပွဲကော်မတီ ဖွဲ့စည်း


(NEJ) ။ ။ နအဖစစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲကို တိုက်ဖျက်ရန် လူထုတိုက်ပွဲအပါအ၀င် တိုက်ပွဲနည်းလမ်းပေါင်းစုံဖြင့် လှုပ်ရှားနေပြီဖြစ်သောကြောင့် လူထုတရပ်လုံး ပါဝင်ဆန့်ကျင်ကြရန် နယ်စပ်တွင် ဖွဲ့စည်းလိုက်သည့် လူထုတိုက်ပွဲကော်မတီ-၂၀၁၀ က ယနေ့ပြောကြားသည်။
။။။။။

6.4.10

နိုင်ငံရေးပါတီအဖြစ် လျှောက်ထားသည့်ပါတီ (၁၁) ခု ရှိပြီ

(NEJ) ။ ။ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားပြီးသော အဖွဲ့များ
(၁) ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)
(၂) ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်
(၃) အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့
(၄) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)
(၅) ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)
(၆) ကရင်ပြည်သူ့ပါတီ (ကေပီပီ)
(၇) ရခိုင်ပြည် အမျိုးသားနိုင်ငံရေး အင်အားစု
(၈) ပြည်ထောင်စု ဒီမိုကရေစီပါတီ
(၉) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပီအန်အို)
(၁၀) ကချင်ပြည်နယ် တိုးတက်ရေးပါတီ
(၁၁) မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ဥပဒေ အမှတ်(၄/၈၈) အရ တည်ရှိနေသော
နိုင်ငံရေးပါတီ (၁၀) ခု
(၁) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)
(၂) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)
(၃) ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ)
(၄) ပြည်ထောင်စု ပအိုဝ်းအမျိုးသားများအဖွဲ့ချုပ် (ယူပီအန်အို)
(၅) ကိုးကန့်ဒီမိုကရက်တစ်ပါတီ (ရှမ်းပြည်)
(၆) မြို ခေါ် ခမီအမျိုးသားညီညွတ်ရေးအဖွဲ့ (မခမညဖ)
(၇) လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (အယ်လ်အန်ဒီပီ)
(၈) ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ် (ယူကေအယ်လ်)
(၉) ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (ကေဒီယူပီ)
(၁၀) ဝအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒဗလျူအန်ဒီပီ)
။။။။။

NLD က တိုင်းပြည်သို့ တောင်းပန်၊ အရေးတော်ပုံအတွက် ကတိပြု

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိအောင် နှစ် ၂ဝ အတွင်း အောင်မြင်အောင် မစွမ်းဆောင်နိုင်ခြင်းအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းပြည်သို့ တောင်းပန်စကား ပြောကြားလိုက်သည်။

”ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဇွနပဲကြီးကြီးဖြင့် ကြိုးပမ်းခဲ့ပါသော်လည်း တဖက်သပ် ဖိနှိပ်ချေမှုန်းမှုအောက်တွင် အကျိုးမဖြစ်၊ အရာမထင်ဖြစ်ခဲ့သည့်အတွက် ပြည်သူလူထုအပေါင်းအား အနူးအညွတ် တောင်းပန်အပ်ပါသည်” ဟု ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်သော အတိုက်အခံပါတီကြီး၏ ပြည်သူသို့ ပန်ကြားချက်တွင် ပါရှိသည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေများသည် တရားမျှတမှု မရှိသဖြင့် နိုင်ငံရေးပါတီအဖြစ် ထပ်မံ မှတ်ပုံမတင်ရန် ဆုံးဖြတ်လိုက်ကြပြီးနောက် ပြည်သူလူထုသို့ ရှင်းလင်းပြောကြားသော ကြေညာချက်တွင် NLD အနေဖြင့် ပြည်သူလူထုနှင့် ဒီမိုကရေစီအရေးတော်ပုံကို စွန့်ခွာသွားမည်မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို ခံယူ၍ အကြမ်းမဖက် ငြိမ်းချမ်းသောနည်းဖြင့် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ကတိကဝတ်ပြုလိုက်သည်။
။။။။။

ကြံ့ဖွံ့အမာခံ အင်အားစုများ ရွေးချယ်


(NEJ) ။ ။ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေးမြို့နယ်တို့ရှိ ကြံ့ဖွံ့အသင်းဝင်များထဲမှ သီးသန့်အမာခံအင်အားစုများကို ရွေးချယ်စုဆောင်းနေကြောင်း သိရသည်။

ရွေးချယ်ပြီးသူတို့၏ ကိုယ်ရေးမှတ်တမ်းများကို ယခုရက်ပိုင်းအတွင်း မြို့နယ်ကြံ့ဖွံ့ရုံးသို့ တင်ပြနေရသော်လည်း မည်သည့်အတွက်ကြောင့် ယင်းသို့ အမာခံ ကြံ့ဖွံ့အင်အားစာရင်း စုဆောင်းခိုင်းသည်ကိုမူ မြို့နယ်က တစုံတရာပြောဆိုခြင်း မရှိကြောင်း ကွမ်းခြံကုန်းမြို့နယ်၊ ဒေးဒနောကျေးရွာမှ ကြံ့ဖွံ့လူငယ်တဦးက ပြောသည်။ရန်ကုန် တောင်ပိုင်းခရိုင်ရှိ ကျေးလက်ဒေသများတွင် ကြံ့ဖွံ့အသင်းဝင်များ တိုးချဲ့ဖွဲ့စည်းခြင်း၊ စစ်သင်တန်းများ ပေးခြင်းနှင့် ယခုကဲ့သို့ ကြံ့ဖွံ့အမာခံအင်အားစုများ ရွေးချယ်ခြင်းတို့ကို စီမံချက်အသွင် စနစ်တကျ ပြုလုပ်လေ့ရှိသည်ဟု သိရသည်။
။။။။။

ဦးအောင်ဆန်းဦး တရားရှုံး

ချင်းမိုင်(မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ပြင်ဆင်နေမှုအား အကိုဖြစ်သူ ဦးအောင်ဆန်းဦးက တားဝရမ်း လျှောက်ထားမှုအား ရန်ကုန်တိုင်း တရားရုံးက ပယ်ချလိုက်သည်ဟု စုံစမ်းသိရှိရသည်။

တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်နေသည့် အိမ်ပြင်ဆင်နေခြင်းအား အကိုရင်းဖြစ်သူ ဦးအောင်ဆန်းဦးက သူ၏ ခွင့်ပြုချက် မပါရှိဘဲ အိမ်ပြင်ဆင်နေမှုကို ရပ်ဆိုင်းပေးရန် တိုင်းတရားရုံးသို့ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် လျှောက်ထားခဲ့သည်ကို တိုင်းရုံးက ပယ်ချလိုက်ခြင်း ဖြစ်သည်
။။။။။

7.4.10

အမျိုးသားပြန်လည်သင့်မြတ်ရေး တောင်းဆိုချက်များ မရပါက
ယူအန်အေ ရွေးကောက်ပွဲမ၀င်


(NEJ) ။ ။ ကုလသမဂ္ဂမှ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တောင်းဆိုထားသည့် ဆုံးဖြတ်ချက်များကို ထောက်ခံကာ နအဖထံ တင်ပြတောင်းဆိုထားသည်ကို အကြောင်းမပြန်ကြားပါက ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း စည်လုံးညီညွတ်သော တိုင်းရင်းသားများမဟာမိတ်အဖွဲ့ (ယူအန်အေ) က ယနေ့ကြေညာချက် ထုတ်ပြန်လိုက်သည်။
။။။။။

တိုင်းရင်းသား ၃ ဖွဲ့ ပါတီမှတ်ပုံတင်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲ ကော်မရှင်တွင် ယမန်နေ့ကအထိ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်သော တိုင်းရင်းသားအဖွဲ့ ၃ ဖွဲ့ ရှိသွားပြီဖြစ်သည်။

ဒေါက်တာစိုင်မွန်သာ ဦးစီးသော ကရင်ပြည်သူ့ပါတီ၊ ဒေါက်တာတူးဂျာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူသော ကချင်ပြည်နယ် တိုးတက်ရေးပါတီ၊ ဦးအောင်ခမ်းထီ ခေါင်းဆောင်သော အပစ်ခတ်ရပ်အဖွဲ့ ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်တို့ ဖြစ်သည်။
။။။။။

ပါတီမှတ်ပုံမတင်ရေး ဆုံးဖြတ်ချက်အပေါ် ဒေါ်စု ဝမ်းမြောက်

နယူးဒေလီ (မဇ္ဈိမ)။ ။ ကန့်ကွက်သူမရှိ ပါတီအား ပြန်လည်၍ မှတ်ပုံမတင်မည့် ဆုံးဖြတ်ချက်အပေါ် ဝမ်းမြောက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုသည်။

နေအိမ်တွင် ထိန်းသိမ်းခံထားရသည့် အမှုအတွက် အထူးအယူခံဝင်ရေးကိစ္စနှင့် ပတ်သက်၍ သူမ၏ ရှေ့နေများနှင့် နေ့လည်ပိုင်းတွင် နေအိမ်၌ တွေ့ဆုံခွင့် ရရှိစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။
။။။။။

8.7.10

တရားဥပဒေကြောင်းနှင့်အညီ ဆောင်ရွက်ပေးရန်
တရားသူကြီးချုပ်ကို အန်အယ်လ်ဒီ အကြောင်းကြား


မြန်မာ့အဓိက နိုင်ငံရေးပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က စစ်အစိုးရပေါ် တရားစွဲဆိုခဲ့ခြင်းကို တရားရုံးချုပ်က အကြောင်းပြချက်မပေးဘဲ ငြင်းဆန်ခဲ့သည်အတွက် တရားဥပဒေနှင့်အညီ ဆောင်ရွက်ပေးပါရန် တရားရုံးချုပ် တရားသူကြီးထံ ယနေ့ အကြောင်းကြားစာ ပေးပို့လိုက်သည်။
။။။။။

အာဆီယံဝန်ကြီးများ မြန်မာနိုင်ငံအရေး ဆွေးနွေး
NEJ

ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့တွင် ယနေ့ကျင်းပသည့် (၁၆) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲတက်ရောက်နေသည့် နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံမှ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မေးမြန်းပြောဆိုမှုများ ပြုလုပ်ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အာဆီယံဝန်ကြီးများက မေးခွန်းထုတ်မှုများရှိသော်လည်း တစုံတရာဝေဖန်ပြောဆိုမှုမျိုးမရှိကြောင်း ဟနွိုင်မှလာသည့် အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

ယနေ့ပြုလုပ်မည့် ဆွေးနွေးပွဲမတိုင်မီ ယမန်နေ့ညနေပိုင်း၌ အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ဆိုင်သည့် လွတ်လပ်တရားမျှတမှုကိစ္စရပ်များကို မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းအား မေးမြန်းခဲ့ကြသည်ဟု သိရသည်။
။။။။။

9.4.10


ဒေါ်စု ဒုတိယအကြိမ် ကျန်းမာရေး စစ်ဆေးမှု ခံယူ


နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းသည် ယခုလအတွင်း ဒုတိယအကြိမ်အဖြစ် ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ထပ်မံသွားရောက်၍ ကျန်းမာရေး စစ်ဆေးခဲ့ရကြောင်း သိရသည်။
။။။။။

နအဖက ကရင်အပစ်ရပ်အဖွဲ့ကို ခြိမ်းခြောက်

(NEJ) ။ ။ နအဖနှင့်ပူးပေါင်းထားသည့် ကရင်အဖွဲ့များအားလုံး ယခုနှစ်လည်မတိုင်မီ နယ်ခြားစောင့်တပ်အသွင်ပြောင်းမှုကို လက်မခံပါက အခြေအနေဆိုးများနှင့် ရင်ဆိုင်ရမည်ဟု နအဖက ပြောဆိုကြောင်း ကရင်အပစ်ရပ်အဖွဲ့တခု၏ အဆင့်မြင့်ခေါင်းဆောင်တဦးက ပြောသည်။နအဖ၏ တပ်မတော်စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်က အဆိုပါကိစ္စနှင့် ပတ်သက်၍ ဗိုလ်ဌေးမောင်ကို ယခုရက်ပိုင်းအတွင်း လာရောက်တွေ့ဆုံရန် ဆင့်ခေါ်သည်ကို ဗိုလ်ဌေးမောင်က လက်မခံဘဲ ကျန်းမာရေး အကြောင်းပြကာ ငြင်းပယ်ခဲ့သည့်အတွက် နအဖဘက်မှ ယခုကဲ့သို့ ခြိမ်းခြောက်မှု ပြုလုပ်လာခြင်းဖြစ်သည်ဟု အဆိုပါခေါင်းဆောင်က ဆက်ပြောသည်။

နအဖတာဝန်ရှိသူများနှင့် နယ်ခြားစောင့်တပ်ကိစ္စ ဆက်လက်ဆွေးနွေးရန် ဆန္ဒမရှိတော့သဖြင့် ဗိုလ်ဌေးမောင်သည် ၎င်း၏အဖွဲ့အခြေချရာ ကော့ကရိတ်မြို့နယ် ထော့ကိုကိုးရွာတွင် မနေတော့ဘဲ ယခင်နေထိုင်ခဲ့သည့် ထိုင်း-မြန်မာနယ်စပ် မျဉ်းအနီးရှိ မယ်လစခန်းတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည်ဟု သိရသည်။

ဒီကေဘီအေ အပါအ၀င် ကရင်ခွဲထွက်အဖွဲ့ (၆) ဖွဲ့ရှိသည့်အနက် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်ကိစ္စကို ဗိုလ်ဌေးမောင်၏ အဖွဲ့တဖွဲ့တည်းကသာ ငြင်းဆန်ခဲ့ပြီး ကျန်အဖွဲ့များက လက်ခံသဘောတူခဲ့ကြသည်။
။။။။။

ကြံ့ဖွံ့ထံမှ ငွေမယူဟု ခေတ်သစ် ပြည်သူ့ပါတီ ငြင်းဆို

ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ခေတ်သစ် ပြည်သူ့ပါတီသည် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းထံမှ ငွေကြေး အထောက်အပံ့ ရယူခြင်း မရှိကြောင်း ပါတီ ခေါင်းဆောင်များက ငြင်းဆိုလိုက်ကြသည်။

ကြံ့ဖွံ့နှင့် ခေတ်သစ်ပြည်သူ့ပါတီ အလွန်သင့်မြတ်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌဖြစ်သူ မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းနှင့်အတူ လူမှုရေးလုပ်ငန်းများတွင် ပါဝင်နေသဖြင့် ကြံ့ဖွံ့ထံမှ ငွေကြေးအကူ ရနေသည်ဟု ပြောဆိုချက်များအပေါ် ငြင်းဆိုခြင်း ဖြစ်သည်။
။။။။

သံဃာတော်များအား ကန့်သတ်တားမြစ်ရန် စစ်အစိုးရ ပြင်ဆင်


(NEJ) ။ ။ နအဖစစ်အစိုးရက မြန်မာတနိုင်ငံလုံးရှိ သံဃာတော်များ လက်ကိုင်ဖုန်းကိုင်ဆောင်ခြင်း၊ ကွန်ပျူတာနှင့် ပရင်တာစာကူးစက်များ၊ ဆက်စပ်ပစ္စည်းများ သုံးခြင်း၊ ပြည်ပနိုင်ငံများသို့ သွားလာခြင်း၊ ကျောင်းတိုက်ပြင်ပသို့ ထွက်ခြင်း စသည်တို့ကို ကန့်သတ်တားမြစ်မှုများ လုပ်ဆောင်တော့မည်ဖြစ်ကြောင်း သံဃာ့မဟာနာယကအဖွဲ့ဝင် ဆရာတော်တပါးက မိန့်ကြားသည်။

ယင်းဆရာတော်က “အစိုးရက သံဃာ့မဟာနာယကအဖွဲ့မှတဆင့် အဲဒီအမိန့်ကို ထုတ်ပြန်မှာပါ။ သံဃာ့မဟာနာယကအဖွဲ့က တာဝန်ယူ ထုတ်ပြန်ရမှာဖြစ်တယ်” ဟု မိန့်ကြားသည်။

အဆိုပါအမိန့် မည်သည့်အတွက်ကြောင့် ထုတ်ပြန်သည်ဆိုသည်နှင့် ထုတ်ပြန်မည့်နေ့ရက်ကို အတိအကျမသိသော်လည်း လာမည့်မေလခန့်တွင် ထုတ်ပြန်နိုင်ကြောင်း အဆိုပါဆရာတော်က ခန့်မှန်းသည်။
။။။။။

ဘိုကလေး NLD ခေါင်းဆောင်နှစ်ဦး ပြန်လွတ်လာ


နယူးဒေလီ (မဇ္ဈိမ) ။ ။ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ခင်ဗိုလ်နှင့် တွဲဘက်အတွင်းရေးမှူး ဒေါ်မိမိစိန်အား အကျဉ်းထောင်များမှ ယနေ့နံနက်တွင် ပြန်လွှတ်ပေးလိုက်သည်။

ဥက္ကဋ္ဌ ဦးအောင်ခင်ဗိုလ်အား သရက်ထောင်မှ လွှတ်ပေးလိုက်ခြင်းဖြစ်ပြီး၊ ဒေါ်မိမိစိန်အား အင်းစိန်ထောင်မှ လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
။။။။။

Monday, April 5, 2010

13-2010

29.3.10

အန်အယ်လ်ဒီသည် ပါတီအဖြစ် ထပ်မံမှတ်ပုံတင်မည်မဟုတ်ကြောင်း ကြေညာ


(NEJ) ။ ။ ၂၀၁၀ ခုနှစ် နအဖကောင်စီက ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု လုံးဝမရှိသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) သည် ပါတီအဖြစ် ထပ်မံ မှတ်ပုံတင်တော့မည်မဟုတ်ကြောင်း ဆုံးဖြတ်လိုက်သည်။

အန်အယ်လ်ဒီရုံးချုပ်တွင် ယနေ့ပြုလုပ်သည့် ဗဟိုဦးစီးအဖွဲ့ဝင်များ၏ ဆွေးနွေးချက်အရ ကန့်ကွက်သူမရှိ အများသဘောတူ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

အစည်းအဝေးကို ဥက္ကဋ္ဌ ဦးအောင်ရွှေက ကျန်းမာရေးမကောင်းသဖြင့် မတက်ရောက်နိုင်သည့်အတွက် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက သဘာပတိဆောင်ရွက်ပြီး ပြည်နယ်တိုင်းအသီးသီးမှ တက်ရောက်ရန်ရှိသည့် ဗဟိုဦးစီးအဖွဲ့ဝင် (၁၂၈) ဦးအနက် ထောင်ကျနေသည့် သူများမှအပ၊ ကျန်းမာရေးမကောင်း၍ မလာရောက်နိုင်သူများမှအပ စုစုပေါင်း (၁၁၃) ဦး အစည်းအဝေးတက်ရောက်ကြကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဦးအုန်းကြိုင်က ပြောသည်။
။။။။။

ကြံ့ဖွံ့အသင်းမှ ကြံ့ဖွံ့ပါတီအဖြစ် ပြောင်းလဲ

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရ ဖွဲ့စည်းထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့) က နာမည်တူဖြင့်ပင် ပါတီအဖြစ် အသွင်ပြောင်းကာ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း အသင်းမှ ထိပ်တန်းခေါင်းဆောင်တဦးက ပြောသည်။

ကြံ့ဖွံ့အသင်းကို ကြံ့ဖွံ့ပါတီဟု အမည်ပြောင်းလိုက်ပြီး အသက် ၂၅ နှစ်အောက် လူငယ်၊ ကျောင်းသားများနှင့် အစိုးရဝန်ထမ်းများကို ထုတ်ပယ်လိုက်ကာ ပါတီဝင်ကဒ်များ လွန်ခဲ့သည့် သီတင်းပတ်မှစတင်ကာ ထုတ်ပေးလျက်ရှိသည်ဟု အဆိုပါ ထိပ်တန်းခေါင်းဆောင်က ဆိုသည်။
။။။။။

ကော်မရှင်ကြောင့် ပါတီမှတ်ပုံတင်မည့်သူများ ဒုက္ခရောက်

(NEJ) ။ ။စစ်အစိုးရထုတ်ပြန်ထားသည့် ရွေးကောက်ပွဲ နည်းဥပဒေများနှင့် ပတ်သက်ပြီး မေးမြန်းမှုများကို ရွေးကောက်ပွဲကော်မရှင်က ပြန်လည်ရှင်းလင်းဖြေကြားခြင်း မရှိသဖြင့် ပါတီမှတ်ပုံတင်မည့်သူများ အခက်အခဲ ကြုံနေရကြောင်း စုံစမ်းသိရသည်။

ပြည်နယ်တခုကို အခြေခံကာ နိုင်ငံရေးပါတီဖွဲ့စည်းရန် ပြင်ဆင်နေသူတဦးက စစ်အစိုးရ ထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေတို့တွင် ပါတီသစ်များအနေဖြင့် မည်သည့်နေ့ နောက်ဆုံးထား မှတ်ပုံတင်လျှောက်ထားရမည် ဆိုသည့်အချက် မပါရှိသည့်အတွက် မေးမြန်းရာတွင် ပြန်လည်ဖြေဆိုခြင်းမရှိကြောင်း ပြောဆိုသည်။
။။။။။

30.3.10

ရွေးကောက်ပွဲ ပုန်ကန်မှုများ ကာကွယ်ရန် လုံခြုံရေးများ တိုးမြှင့်တော့မည်


(NEJ) ။ ။ ရန်ကုန်တွင် ယနေ့မှစ၍ လုံခြုံရေးတိုးမြှင့်တော့မည်ဖြစ်ကြောင်း အာဏာပိုင်အဖွဲ့တခုဖြစ်သော တယကမှ အရာရှိကြီးတဦးက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့အနေဖြင့် ပါတီမှတ်ပုံမတင်ကြောင်းနှင့် ရွေးကောက်ပွဲမ၀င်ကြောင်း ယမန်နေ့က အတိအလင်း ကြေညာလိုက်ပြီးနောက် ယင်းသို့ လုံခြုံရေးတိုးမြှင့်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
။။။။။

ဖြိုခွင်းမှုအသစ်များ လုပ်လာနိုင်ကြောင်း ဦးဝင်းတင် သတိပေး


ချင်းမိုင် (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ရန် ဆုံးဖြတ်လိုက်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် စစ်အစိုးရက ဖြိုခွင်းမှုအသစ်များ ပြုလုပ်လာနိုင်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က သတိပေးလိုက်သည်။
။။။။။

မဟာပါသဏ လိုဏ်ဂူတော်ဝင်းအတွင်း ၀င်ထွက်သွားလာခွင့် ကန့်သတ်


(NEJ) ။ ။ လမ်းလျှောက်၊ အပန်းဖြေ၊ အနားယူသူများနှင့် စည်ကားလေ့ရှိသော ကမ္ဘာအေးဘုရားလမ်း၊ မဟာပါသဏလိုဏ်ဂူတော် ဘေးပတ်လမ်း ဧရိယာအတွင်း ၀င်ထွက်သွားလာခွင့်ကို ရန်ကုန်တိုင်း တိုင်းမှူးက ကန့်သတ်ပိတ်ပင်လိုက်ကြောင်း သာသနာရေးဝန်ကြီးဌာနမှ သိရသည်။ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၏ညွှန်ကြားချက်၊ အမှတ် (၁) စစ်ဒေသမှူး၏ အနီးကပ် ကြီးကြပ်ကွပ်ကဲမှုဖြင့် ထိုသို့ လုံခြုံရေး တင်းကျပ်လိုက်သည့်အပေါ် ပြည်သူများက သို့လော သို့လော သံသယဖြစ်နေကြသည်။
။။။။။

သူရရွှေမန်း ကချင်ပြည်နယ်သို့ သွားရောက်


ချင်းမိုင် (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် စစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ သောင်မတင်ရေမကျ ဖြစ်နေချိန်တွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် ကချင်ပြည်နယ်သို့ လွန်ခဲ့သည့် သီတင်းပတ်အတွင်း ၂ ရက်ကြာ ခရီးစဉ်တခု သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခြင်းမရှိသော စစ်အစိုးရ နံပါတ် ၃ ခေါင်းဆောင်၏ မတ်လ ၂၄ ရက်နေ့ကစတင်သော ခရီးစဉ်အတွင်း ကချင်ပြည်နယ် မြစ်ကြီးနားရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ သွားရောက်ခဲ့သည်။ ထို့အပြင် ဟူပင်၊ တနိုင်း၊ ပူတာအိုမြို့များသို့လည်း သွားရောက်ခဲ့ကာ မတ်လ ၂၅ ရက်နေ့တွင် နေပြည်တော်သို့ ပြန်သွားခဲ့သည်။
တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့်အတူ ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူးများဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီး သာအေး၊ ဗိုလ်ချုပ် မင်းအောင်လှိုင်တို့နှင့် အခြားအရာရှိ ၁ဝ ဦးခန့် လိုက်ပါခဲ့ကြောင်း သူက ပြောသည်။
။။။။။

31.3.10

နိုင်ငံရေးပါတီများ ရေးသားထုတ်ဝေခွင့်ကို စည်းကမ်းချက်များဖြင့် ကန့်သတ်ထား


ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအနေဖြင့် ပါတီမူဝါဒ သဘောထားနှင့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ စာအုပ်နှင့် လက်ကမ်းစာစောင်များကို ပြည်တွင်း၌ ထုတ်ဝေနေသည့် အပတ်စဉ်ထုတ် ပုဂ္ဂလိက ဂျာနယ်များကဲ့သို့ သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်းသာ ထုတ်ဝေရမည်ဖြစ်ကြောင်း စာပေစိစစ် ကြီးကြပ်မှုဗဟိုအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
။။။။။

ရခိုင်ပါတီအသစ် ရွေးကောက်ပွဲ မှတ်ပုံတင်မည်


နယူးဒေလီ (မဇ္ဈိမ) ။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်ပါတီအသစ်ကို လာမည့်လတွင် မှတ်ပုံတင်သွားမည်ဟု ပါတီ ဥက္ကဋ္ဌ ဖြစ်သူ၏ ပြောဆိုချက်အရ သိရသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအင်အားစု (ရခိုင်ပြည်နယ်) ဟု အမည်ပေးထားသည့် ပါတီကို မှတ်ပုံတင်ရန် ခေါင်းဆောင်ပိုင်း ဆွေးနွေးမှုများ ပြုလုပ်နေပြီး လာမည့်လအတွင်း မှတ်ပုံတင်သွားမည်ဟု ပြောဆိုခြင်း ဖြစ်သည်။
။။။။။

နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိစ္စ
နအဖနှင့် ၀တပ်ဖွဲ့ မနက်ဖြန် တွေ့ဆုံမည်


(NEJ) ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဝတပ်ဖွဲ့ ကိုယ်စားလှယ်များနှင့် နအဖစစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ မနက်ဖြန်တွင် ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့၌ တွေ့ဆုံကြမည်။

ဝတပ်ဖွဲ့မှ ဒု-ဥက္ကဋ္ဌ ပေါက်ယိုယိ ဦးဆောင်သည့်အဖွဲ့နှင့် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ တွေ့ဆုံကြမည်ဖြစ်ပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် နောက်ဆုံးရက် သတ်မှတ်ပေးဖွယ်ရှိသည်ဟု အပစ်ရပ်ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။
။။။။။

NLD မြို့နယ် လူငယ်ခေါင်းဆောင် ထောင်ဒဏ် ၂ နှစ် တိုး

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ခေါင်းဆောင် တဦးအား တာမွေမြို့နယ် တရားရုံးက တရားမဝင် အသင်းအဖွဲ့နှင့် ဆက်သွယ်မှုဖြင့် ယမန်နေ့တွင် ထောင်ဒဏ် ၂ နှစ် ထပ်မံ၍ ချမှတ်လိုက်ပြန်သည်။

မြို့နယ်လူငယ်တာဝန်ခံ ၂ ကိုကျော်မျိုးနိုင်အား ပြီးခဲ့သည့်နှစ်ထဲတွင် ဗဟန်းမြို့နယ် တရားရုံးက ပြစ်ဒဏ် ၂ နှစ် ချမှတ်ခဲ့ရာမှ ယခုတဖန် တာမွေ တရားရုံးကပါ နောက်ထပ် ပြစ်ဒဏ် ၂ နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။
။။။။။

1.4.10

မွန် (၁၅) ဦးကော်မတီ ပါတီမဖွဲ့၊ ရွေးကောက်ပွဲမ၀င်ဟု ဆုံးဖြတ်


(NEJ) ။ ။ မွန်ပြည်သူတို့အား ကိုယ်စားပြု၍ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး ဆုံးဖြတ်ချက်ချမှတ်နိုင်ရန် ဖွဲ့စည်းထားသော မွန် (၁၅) ဦး ကော်မတီတို့က ရွေးကောက်ပွဲကို ပါတီဖွဲ့၍ ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ယမန်နေ့က ဆုံးဖြတ်လိုက်သည်။

“ဒါ နောက်ဆုံး ဆုံးဖြတ်ချက်ဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲကို မဝင်ရောက်ဖို့ မနေ့က အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တယ်။ ပါတီမဖွဲ့တော့ဘူး။ မှတ်ပုံတင်တာလည်း မလုပ်တော့ဘူး” ဟု (၁၅) ဦး ကော်မတီဝင်တဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

မတ်လ (၃၁) ရက်က မော်လမြိုင်မြို့တွင် ကျင်းပခဲ့သော အဆိုပါ (၁၅) ဦး ကော်မတီ အစည်းအဝေးသို့ ကော်မတီ၏ နာယကအဖွဲ့ဝင် ဆရာတော်များနှင့် ဝါရင့်နိုင်ငံရေးသမားများဖြစ်သည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အမ်အန်ဒီအက်ဖ်) ဥက္ကဋ္ဌ နိုင်ထွန်းသိန်းနှင့် ဒု-ဥက္ကဋ္ဌ နိုင်ငွေသိမ်းတို့လည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
။။။။။

ဝ’ နှင့် ဆွေးနွေးပြန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ငြင်းဆိုနေသည့် ဝ’ ပြည် သွေးစည်းညီညွှတ်ရေး ပါတီ UWSP နှင့် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိ ဒုဗိုလ်ချုပ်ကြီးရဲမြင့်တို့ ယနေ့ တွေ့ဆုံကြောင်း သိရသည်။

ဝ’ ဘက်မှ ဒုဥက္ကဋ္ဌ ပေါက်ယုယိ ဦးဆောင်သည့် အဖွဲ့နှင့် နေပြည်တော်၏ ညှိနှိုင်းရေးကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်တို့ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့၌ ထပ်မံတွေ့ဆုံကြခြင်း ဖြစ်သည်။

“ဒီမနက် သွားလိုက်ပြီ။ မနက် ၅ နာရီကျော် ၆ နာရီလောက်မှာ (ဝ' ဘက်မှ ကိုယ်စားလှယ်များ) ထွက်သွားတယ်လို့ ပြောတယ်” ဟု ဝ’ အရာရှိများနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။
။။။။။

နောက်ဆုံးအသုတ် ကရင်စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်

(NEJ) ။ ။ ထိုင်းဘက်မှမြန်မာဘက်သို့ ပြန်ပို့ရန် နောက်ဆုံးအသုတ်အဖြစ် ကျန်ရှိနေသည့် ကရင်စစ်ပြေးဒုက္ခသည် (၆၅၃) ဦးကို ယမန်နေ့က မြန်မာဘက်ခြမ်းသို့ ပြန်ပို့လိုက်သည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရန်းမြို့နယ်ရှိ ယာယီဒုက္ခသည်စခန်းများဖြစ်သည့် နောင်ဘိုးရွာမှ (၁၀၃) ဦးနှင့် မဲ့အူးစူရွာမှ (၅၅၀) ဦးတို့ကို ထိုင်းအာဏာပိုင်များနှင့် အစိုးရမဟုတ်သောအဖွဲ့များ၏ စီစဉ်ပေးမှုဖြင့် ပြန်ပို့ခဲ့ခြင်းဖြစ်သည်။

နေရပ်ပြန်သည့်ဒုက္ခသည်များ မြန်မာဘက်ခြမ်းတွင် စားသောက်ရန်အတွက် ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေးညွန့်ပေါင်းအသင်း (တီဘီဘီစီ) အဖွဲ့က (၃) လစာ စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးပြီး ကျန်အလှူရှင်အဖွဲ့များက အိုးခွက်ပန်းကန်၊ စောင်၊ ခြင်ထောင်နှင့် ဖျာများ ပေးဝေကြသည်။
။။။။။

2.3.10

ထိုင်းနိုင်ငံက မြန်မာစစ်အစိုးရကို ဖိအားပေးမည်
NEJ

မြန်မာနိုင်ငံ၌ ပြုလုပ်မည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးအတိုက်အခံအားလုံးနှင့် တိုင်းရင်းသားလူမျိုးစုများကိုပါ ပါဝင်ခွင့်ပေးရေးအတွက် ထိုင်းနိုင်ငံအနေဖြင့် မြန်မာစစ်အစိုးရအား ဖိအားပေးပြောဆိုသွားမည်ဟု ထိုင်းနိုင်ငံခြားရေး ၀န်ကြီးက ပြောကြားလိုက်သည်။

မြန်မာနိုင်ငံမှ ရွေးကောက်ပွဲတွင် ပါဝင်သင့်သူအားလုံး ပါဝင်နိုင်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စတို့အတွက် စိုးရိမ်ပူပန်ဖြစ်မိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်ဖိရုန်က အေပီသတင်းဌာနသို့ ယမန်နေ့က ပြောကြားခဲ့သည်။
။။။။။

လူမှုရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်ရန် NLD လျာထား


နယူးဒေလီ (မဇ္ဈိမ)။ ။ မှတ်ပုံမတင်ရန် ဆုံးဖြတ်ပြီးနောက် ပါတီရှေ့လုပ်ငန်းစဉ်တွင် လူထုနှင့် ထိတွေ့မည့် လူမှုရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်ပြီး ဆက်လက်ရပ်တည်သွားရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နည်းလမ်းများ ရှာဖွေနေသည်။
။။။။။

ဟိုတယ်လုပ်ငန်းရှင်များ ရွေးကောက်ပွဲဝင်ကြရန် ဝန်ကြီး တိုက်တွန်း


(NEJ) ။ ။ လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြရန် ဟိုတယ်လုပ်ငန်းရှင်များအား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဗိုလ်ချုပ် စိုးနိုင်က စည်းရုံးနေကြောင်း ရန်ကုန်မြို့မှ ဟိုတယ်လုပ်ငန်းရှင်တဦးက ပြောကြားသည်။

၎င်းက “ဝန်ကြီးက ခင်ဗျားတို့အနေနဲ့ ထိပ်တန်းစီးပွားရေးသမားတွေလည်း ဖြစ်တယ်။ အောင်မြင်ကျော်ကြားသူ၊ သြဇာရှိသူတွေ ဖြစ်ကြတယ်။ ဒါကြောင့် နိုင်ငံရေးရဲ့ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါနေပြီးသားလူတွေ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းတယ်။ အဲဒီလို ပြောပြီးတာနဲ့ အစည်းအဝေး အာဂျင်တာ (Agenda) နဲ့ ဘာမှမဆိုင်တဲ့ ပါတီ၊ နိုင်ငံရေးအကြောင်း၊ ရွေးကောက်ပွဲအကြောင်း၊ အမတ်လောင်းတွေအကြောင်း ပြောတော့တာပါ” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဗိုလ်ချုပ် စိုးနိုင်က ပြီးခဲ့သည့် မတ် (၂၁) ရက် မင်္ဂလာဒုံဥယျာဉ်မြို့တော်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း၏ (၄) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး၌ ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
။။။။။

ကော်မရှင် ဥက္ကဋ္ဌကို ဥရောပသမဂ္ဂ နာမည်ပျက်စာရင်းသွင်း
မဇ္ဈိမသတင်းဌာန

ချင်းမိုင်။ ။ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တဦးသည် ဥရောပ သမဂ္ဂ EU ၏ နာမည်ပျက် စာရင်းတွင်ပါရှိကြောင်း မဇ္ဈိမက စုံစမ်းသိရသည်။

၎င်းတို့မှာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော် ဒုတိယ တရားသူကြီးချုပ် ဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင် တရားရုံးချုပ် တရားသူကြီး ဒေါက်တာတင်အောင်အေးတို့ဖြစ်ကြောင်း ဖြစ်သည်။
။။။။။

Saturday, March 27, 2010

11.12-2010

15.3.10 ( 11-2010 )

ကြားဖြတ်အစိုးရဖွဲ့ရန် အမ်ပီယူ တောင်းဆို

(NEJ) ပြည်သူလူထုတရပ်လုံး လက်ခံနိုင်သည့် ရွေးကောက်ပွဲဖြစ်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) က ကြားဖြတ်အစိုးရ ဖွဲ့စည်းမှသာ နိုင်ငံတကာနှင့်အများက လက်ခံနိုင်မည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (အမ်ပီယူ) က ပြောကြားလိုက်သည်။
။။။။။

ကချင်ပါတီ ရွေးကောက်ပွဲဝင်ရန် အသင့်ဖြစ်ပြီ

နယူးဒေလီ (မဇ္ဈိမ) ။ ။၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါတီ မှတ်ပုံတင်ရန် လိုအပ်သော ဗဟိုကော်မတီဝင် ၁၅ ဦးနှင့် ပါတီဝင်အင်အား ၅ဝဝ ကျော် အရန်သင့်ရှိနေပြီး ပါတီကို မကြာမီ မှတ်ပုံတင်ကာ ရွေးကောက်ပွဲ ဝင်ရောက်မည်ဟု ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) က ဆိုသည်။
ဒေါက်တာတူးဂျာသည် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တွင် ဒု-ဥက္ကဋ္ဌ ၂ အဖြစ် ၁၉၇၅ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အထိ ၃၅ နှစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပါတီထောင်ရန် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၃ ရက်နေ့က KIO မှ တရားဝင် နုတ်ထွက်ခဲ့သည်။
။။။။။

ရွေးကောက်ပွဲဥပဒေထုတ်ပြီး ရန်ကုန်လုံခြုံရေးတိုးမြှင့်


(NEJ) ။ ။ ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ပြီးနောက် ရန်ကုန်မြို့တွင်း မြို့နယ်များနှင့် စည်ပင်ဧရိယာအတွင်းရှိ အခြားမြို့နယ်တို့တွင် လုံခြုံရေးတိုးမြှင့်ချထားကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။နအဖအစိုးရအနေဖြင့် ရွေးကောက်ပွဲဥပဒေများ ချမှတ်ထုတ်ပြန်ချိန်တွင် လူထုအုံကြွမှုများ တစုံတရာ မဖြစ်ပေါ်စေရန်၊ ကောလာဟလသတင်းများကို မယုံကြည်ကြရန်နှင့် ကောလာဟလသတင်းများ ပြောနေသူကို တွေ့ပါက အကြောင်းကြားပေးရန် မတ်လ (၁၁) ရက်နေ့ထုတ် နအဖသတင်းစာတွင် ရေးသားထားသည်။
။။။။။

ဦးသုဝေပါတီ ရွေးကောက်ပွဲဝင်ရန် အဆင်သင့်ဖြစ်


နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံ့ခေါင်းဆောင်ဟောင်းများ၏ သမီးများ ပါဝင်ပြီး ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေ ဦးဆောင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) DPM က ရွေးကောက်၌ ဝင်ရောက် ယှဉ်ပြိုင်မည်ဟု သိရသည်။တနိုင်လုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲဝင်ပါက ပါတီများ မှတ်ပုံတင်လျှင် ပါတီဝင်အင်အား ၁၀၀၀ ဦး ရှိရမည်ဟု ပါတီမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွင် ဆိုထားသည်။

ဦးသုဝေကမူ ရွေးကောက်ပွဲဥပဒေ မထွက်မီ မူဝါဒတူသူများဖြင့် ကြိုတင်ဖွဲ့စည်းခဲ့သဖြင့် ယခုအခါ ရန်ကုန်နှင့် မန္တလေးတိုင်းတို့တွင် ပါတီရုံးခွဲများ၊ အမျိုးသမီး၊ လူငယ် အဖွဲ့များရှိနေပြီ ဖြစ်သောကြောင့် ယင်းဥပဒေနှင့် အညီ ဆောင်ရွက်နိုင်သည်ဟု ဆိုသည်။
။။။။။

ပါတီနိုင်ငံရေးကိစ္စ အဆုံးဖြတ်ပေးရန် လာမည့် (၂၉) ရက်တွင်
အန်အယ်လ်ဒီ ဆွေးနွေးမည်


(NEJ) ။ ။ ယခုလတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံရေးပြဿနာများနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးတွင် ဗဟိုအလုပ်အမှုဆောင်များ ယနေ့ဆွေးနွေးကြကြောင်း သိရသည်။

အန်အယ်လ်ဒီပါတီအနေဖြင့် ဆက်လက်မှတ်ပုံတင်ရေးကိစ္စနှင့် ရွေးကောက်ပွဲ ၀င်မ၀င် စသည့်ကိစ္စတို့ကို ဆွေးနွေးကြကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။
။။။။။။

စစ်ရာဇဝတ်မှုများအတွက် ကော်မရှင်ဖွဲ့ရန် ကွင်တားနား အကြံပြု


ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရက ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် ကော်မရှင်တခုဖွဲ့၍ စုံစမ်းစစ်ဆေးသွားရန် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးသံတမန် မစ္စတာကွင်တားနားက ကုလသမဂ္ဂကို အကြံပြုလိုက်သည်။

ချိုးဖောက်မှုဖြစ်စဉ်အချို့ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ “လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် စစ်ရာဇဝတ်မှုများ” အဖြစ် သတ်မှတ်နိုင်ကြောင်း အစီရင်ခံစာတွင် ဆိုထားသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများသည် “စနစ်တကျ” ကျူးလွန်နေသည့် ပုံစံဖြစ်နေပြီး ရပ်တံ့စေရန် အားထုတ်တားဆီးမှု မရှိဘဲ၊ အစိုးရအရာရှိများ၊ စစ်အာဏာပိုင်များနှင့် တရားရေးဌာနများကပါ ကျူးလွန်နေကြသည်ဟုလည်း အစီရင်ခံစာက ဆိုသည်။

လိုအပ်သည့် အသေးစိတ်အချက်အလက်များကို စစ်ဆေးစုဆောင်းနိုင်သည့် အခွင့်အရေးရှိသော ကော်မရှင်တခုကို ကုလသမဂ္ဂအဖွဲ့ကြီးမှ ဖွဲ့စည်းပေးရန် စဉ်းစားသင့်သည်ဟု ထောက်ပြထားသေးသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကုလအထူးသံအဖြစ် ၂ဝဝ၈ ခုနှစ် မေလမှ စတင်၍ တာဝန်ပေးခံရသည့် မစ္စတာ ကွင်တားနား၏ တတိယအကြိမ်မြောက် မြန်မာခရီးစဉ်အပြီးတွင် ကုလသမဂ္ဂသို့ ထိုသို့အကြံပြုလိုက်ခြင်း ဖြစ်သည်။
။။။။။

16.3.10

ပါတီမှတ်ပုံတင်မတင် NLD လူငယ်များ ဆွေးနွေးမည်


ချုင်းမိုင်(မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ပါတီမှတ်ပုံပြန်တင်သင့်၊ မတင်သင့်ကို ဆွေးနွေးရန် ပြည်နယ်နှင့် တိုင်းများမှ အဖွဲ့ဝင် လူငယ်ခေါင်းဆောင်များကို ယခုလ ၂၆ ရက်နေ့၌ ရန်ကုန် ပါတီဌာနချုပ်သို့ ခေါ်ယူထားကြောင်း သိရသည်။
။။။။။

ဒုက္ခသည်များ အမေရိကန်သို့ ပြန်လည်လက်ခံမည်


(NEJ) ။ ။ မယ်လဒုက္ခသည်စခန်းမှတဆင့် အမေရိကန်နိုင်ငံသို့ မရိုးသားသောနည်းလမ်းများဖြင့် ထွက်ခွာမှုများကြောင့် (၆) လနီးပါး ပိတ်ပင်ထားသည့် အမေရိကန်သို့ ထွက်ခွာခွင့်ကို လာမည့်သောကြာနေ့တွင် ပြန်လည်ခွင့်ပြုတော့မည်ဖြစ်သည်။

မယ်လစခန်းဥက္ကဋ္ဌ မန်းထွန်းထွန်းက “မရိုးသားမှုနဲ့ အဂတိလိုက်စားမှုတွေကြောင့် အမေရိကန်ကို ထွက်ခွင့်ပိတ်ထားရာကနေ လာမယ့် (၁၉) ရက်နေ့ကစပြီး ဒုက္ခသည်တွေကို ပြန်လည်လက်ခံတော့မှာဖြစ်တယ်။ လာမယ့် သောကြာနေ့တိုင်း ဘယ်သူမဆို လျှောက်လွှာပြန်တင်လို့ရပြီ” ဟု ခေတ်ပြိုင်သို့ ပြောသည်။

မယ်လဒုက္ခသည်စခန်းတွင် တရားဝင်ဒုက္ခသည် (၂၈,၀၀၀) ခန့်နှင့်အတူ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်း မခံရသေးသည့် လူသစ် (၂၁,၀၀၀) ခန့် နေထိုင်လျက်ရှိပြီး လူသစ်များထဲမှ (၉,၀၀၀) ခန့်ကို ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေးညွန့်ပေါင်းအသင်း (တီဘီဘီစီ) အဖွဲ့က စားနပ်ရိက္ခာများ ထောက်ပံ့ပေးထားသည်။
။။။။။

KIA ကို ကချင်တပ်မတော်အဖြစ် ထားလိုကြောင်း KIO ပြောဆို


ချင်းမိုင် (မဇ္ဈိမ)။ ။ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကို နယ်ခြားစောင့်တပ် BGF အစား ကချင်တပ်မတော်အဖြစ် ထားလိုကြောင်း ယခုလ ၁၂ ရက်နေ့တွင် မြောက်ပိုင်းတိုင်းမှူးထံ တင်ပြခဲ့သည်ဟု KIO ဗဟိုကော်မတီဝင်တဦး အဆိုအရ သိရသည်။

မြစ်ကြီးနားအခြေစိုက် မပခ စစ်ဌာနချုပ်တွင် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် KIO မှ ဒု-ဥက္ကဋ္ဌ ဂေါင်ရီ ဇော်ဆိုင်း ဦးဆောင်ကာ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာ၊ ဗိုလ်မှူးကြီး ဆွမ်းလွတ် ဂွမ်မော် အပါအဝင် ၈ ဦးတို့ ယခုလ ၁၂-၁၃ ရက်များတွင် တွေ့ဆုံခဲ့စဉ် ထိုသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။

နအဖ စစ်တပ်အောက်သို့ KIA အား သွတ်သွင်းမည့် BGF ကိစ္စနဲ့ ပတ်သက်ပြီး ဌာနချုပ်လိုင်ဇာမြို့၌ KIO ဗဟိုကော်မတီဝင်များအကြား ယခုလဆန်းမှစ၍ ၆ ရက်ကြာ ဆွေးနွေးပြီးနောက် ကချင်တပ်မတော်အဖြစ် ထားရှိရေး ဆုံးဖြတ်ခဲ့ကြသည်။
။။။။။

17.3.10

စစ်အစိုးရကို ဖိအားပေးရန် ယူအန်အေက ဘန်ကီမွန်းထံ စာပေးပို့


(NEJ) ။ ။ မြန်မာစစ်အစိုးရက တဖက်သတ်ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် မြန်မာပြည်သူတို့၏ ဆန္ဒသဘောထားများနှင့် ကွဲလွဲနေသည်သာမက နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂ၏ အကြံပြုချက်များနှင့်လည်း ဆန့်ကျင်နေသည့်အတွက် ကုလသမဂ္ဂအနေဖြင့် မြန်မာစစ်အစိုးရအား ပိုမိုဖိအားပေး သွားရန် ယူအန်အေ ခေါ် ညီညွတ်သောတိုင်းရင်းသားများမဟာမိတ်အဖွဲ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းထံ ယမန်နေ့က စာရေးသား ပေးပို့ခဲ့သည်။

ယူအန်အေမှ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒု-ဥက္ကဋ္ဌလည်းဖြစ်သူ နိုင်ငွေသိန်းက “၂၀၁၀ ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်ဖို့နဲ့ လွတ်လပ်ပြီး တရားမျှတဖို့ မစ္စတာ ဘန်ကီမွန်းက စစ်အစိုးရကို ယခင်က တောင်းဆိုထားပါတယ်။ ဒါပေမယ့် စစ်အစိုးရဘက်က ရွေးကောက်ပွဲဥပဒေဟာ နိုင်ငံတကာက ယူဆထားသလိုမဟုတ်ဘဲ သူတို့ထင်သလို ရေးဆွဲထားတယ်။ နိုင်ငံရေးသမားတိုင်း မပါဝင်နိုင်အောင် ကန့်သတ်ထားတယ်။ မတရားသဖြင့် ရေးဆွဲထားတဲ့ ဥပဒေတွေကို ပြင်ဆင်နိုင်ဖို့ ကျနော်တို့ ယူအန်အေအနေနဲ့ ကုလအတွင်းရေးမှူးချုပ်ထံ အခုလို စာရေးသားရတာ ဖြစ်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
။။။။။။

ပါတီတခု ၃ သိန်း စပေါ်တင်ရမည်


နယူးဒေလီ(မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီတခုသည် ကျပ်ငွေ ၃ သိန်း ကော်မရှင်သို့ ပေးသွင်းရမှာဖြစ်ပြီး ကိုယ်စားလှယ်လောင်းတဦးသည် ကျပ်ငွေ သိန်း ၁ဝဝ အထိ သုံးစွဲခွင့် ပြုထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မတ်လ ၁၇ ရက်နေ့စွဲတပ် ထုတ်ပြန်လိုက်ပြီး မနက်ဖြန်တွင် နိုင်ငံပိုင် သတင်းစာများမှတဆင့် ပုံနှိပ်ဖော်ပြမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေတွင် ပါတီတည်ထောင်လိုလျှင် ငွေကျပ် ၃ သိန်းပေးသွင်းရမည်ဟု ပါရှိသည်။

နည်းဥပဒေအရ ကိုယ်စားလှယ်လောင်းတဦးစီသည် ရွေးကောက်ပွဲဆိုင်ရာ အသုံးစားရိတ်ကို ကျပ်ငွေ သိန်း ၁ဝဝ အထိ အမြင့်ဆုံး အသုံးပြုနိုင်သည်ဟုပါရှိသည်။

ထို့အပြင် ပါတီမှတ်ပုံတင်ရာတွင် ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့က လက်မှတ်ရေးထိုး လျှောက်ထားရမှာဖြစ်သည်။

မှတ်ပုံတင်ပြီးသည့်နေ့မှစ၍ ရက်ပေါင်း ၉ဝ အတွင်း ပါတီဝင်ဦးရေကို နိုင်ငံအဝှမ်းယှဉ်ပြိုင်မည့်ပါတီဖြစ်လျှင် အနည်းဆုံး ၁ဝဝဝ ၊ ဒေသဆိုင်ရာပါတီဖြစ်လျှင် အနည်းဆုံး ၅ဝဝ ပြည့်မှီအောင် ဖြည့်သွင်းရမှာဖြစ်သည်။

ပါတီတခုသည် အနည်းဆုံး သတ်မှတ်ထားသော ပါတီဝင်အရေအတွက် လျော့နည်းသွားလျှင် ကော်မရှင်ထံ အကြောင်းကြားရမှာဖြစ်ပြီး အကြောင်းကြားသည့်နေ့မှစ၍ ရက် ၉ဝအတွင်း ပြန်လည်ပြည့်မီအောင် စည်းရုံးရမှာဖြစ်သည်။
။။။။။

ကျိုင်းတုံတွင် MIG (29) များရောက်ရှိကာ နအဖ စစ်ရေးပြ


(NEJ) ။ ။ ယခုလ (၁၃) ရက်နေ့က ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့လေဆိပ်တွင် ရုရှနိုင်ငံလုပ် MIG (29) တိုက်လေယာဉ်များ ရောက်ရှိကာ ညအိပ်ရပ်နားခဲ့သည်။

ကျိုင်းတုံတွင် MIG (29) တိုက်လေယာဉ် အဆင်းအတက်များ ယခုလအစောပိုင်းက လုပ်ခဲ့ပြီး ယခုလ (၁၃) ရက်နေ့က ညအိပ်ရပ်နားသည်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မိုင်းလားဒေသခံတဦးက ပြောသည်။
။။။။။

ရခိုင်ဒီချုပ်လူငယ်များ ရွှေဂုံတိုင် သန္နိဋ္ဌာန်ပြု

ချင်းမိုင် (မဇ္ဈိမ)။ ။ ရွေးကောက်ပွဲ ဥပဒေ ထွက်လာချိန်တွင် ရခိုင်ပြည်နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များက ရွှေဂုံတိုင်ကြေညာချက်ကို ဆက်လက် ဆုပ်ကိုင်သွားမည် ဖြစ်ကြောင်း သန္နိဋ္ဌာန် ပြုလိုက်ကြသည်။

တောင်ကုတ်မြို့နယ် အန်အယ်ဒီ တွဲဘက်အတွင်းရေးမှူး ဦးထွန်းကြည်နေအိမ်တွင် ယနေ့မွန်းလွဲက ပြုလုပ်သည့် အစည်းအဝေးကို ပြည်နယ်အတွင်းမှ လူငယ်ကိုယ်စားလှယ် ၁၂ ဦး တက်ရောက်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်အတိုင်း ပြည်သူနှင့် ပါတီအကျိုးကို ယှဉ်လျှင် ပါတီအကျိုးကို မကြည့်ရှုဘဲ ပြည်သူ့အကျိုးကိုသာ ကြည့်ရှုရန်၊ ပြည်နယ်နှင့် တိုင်းရုံးများတွင် ရုံးပစ္စည်းများ၊ စာရွက် စာတမ်းများ ပျောက်ဆုံးမှုသည် အစိုးရ အာဏာပိုင်များ၌သာ တာဝန်ရှိကြောင်း၊ နိုင်ငံရေးအကျဉ်းသား အားလုံးကို အမြန်ဆုံးလွှတ်ပေးရန် စသည့်အချက်များလည်း ပါဝင်သည်။

တောင်ကုတ်မြို့နယ် ဒုရဲအုပ်မောင်ဆန်း၊ စရဖနှင့် အထူးစုံစမ်းစစ်ဆေးရေး ပူးတွဲအဖွဲ့က “လူကြီး” ခရီးစဉ်ရှိသည်ဟု အကြောင်းပြကာ အစည်းအဝေးမကျင်းပရန် တားမြစ်သေးသည်။
။။။။။

စုံစမ်းစစ်ဆေးရေးအဖွဲ့ အမြန်ဖွဲ့သင့်ကြောင်း လူ့အခွင့်အရေးအဖွဲ့ အကြံပေး


(NEJ) ။ ။ မြန်မာနိုင်ငံတွင် လူသားများအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုနှင့် စစ်ရာဇ၀တ်မှု မြောက်နိုင်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စစ်ဆေးနိုင်ရန် နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့ကို အချိန်မဆွဲဘဲ ဖွဲ့စည်းသွားသင့်ကြောင်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ယမန်နေ့က ပြောကြားလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားက မြန်မာနိုင်ငံနှင့်ပတ်သက်သည့် လူ့အခွင့်အရေးအစီရင်ခံစာကို မတ်လ (၁၅) ရက်တွင် ဂျနီဗာရှိ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ တင်သွင်းရာတွင် တင်ပြထားသည့် အကြံပြုတောင်းဆိုချက်ကို လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ထောက်ခံလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ မတရားပြုကျင့်ခံရသူများအတွက် တရားဥပဒေစိုးမိုးမှုရှိစေရန် ကုလသမဂ္ဂအနေဖြင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ကို အချိန်ဆွဲမနေဘဲ ပထမအဆင့်အနေဖြင့် အရေးတကြီး ဖွဲ့စည်းသင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ Kenneth Roth က ပြောကြားလိုက်သည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်းမှ ရာဇ၀တ်မှုမြောက်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးသွားနိုင်ရန် ကုလသမဂ္ဂအနေဖြင့် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ် ဖွဲ့စည်းရေးကို သဘောတူထောက်ခံကြောင်း သြစတြေးလျအစိုးရက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ကြားနာပွဲတွင် ပြောကြားလိုက်သည်။
။။။။။

18.3.10

ရွေးကောက်ပွဲ နည်းဥပဒေတွင် စစ်သား လွှတ်တော်အမတ်များ အကျုံးမ၀င်

ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနှင့် လွှတ်တော်အသီးသီးအတွက် နည်းဥပဒေများ ထုတ်ပြန်လိုက်သည့်ထဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအရ ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ရွေးကောက်တင်မြှောက်မည့် စစ်သားလွှတ်တော်အမတ်များ အကျုံးမ၀င်ကြောင်း သိရသည်။

ယခုလ (၁၁) ရက်နေ့က စစ်အစိုးရ ရွေးချယ်ဖွဲ့စည်းလိုက်သည့် ဗိုလ်ချုပ်ဟောင်းတဦး ဦးဆောင်သည့် အဖွဲ့ဝင် (၁၇) ဦးပါ ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်များနှင့် နိုင်ငံရေးပါတီများအတွက် နည်းဥပဒေကို မတ်လ (၁၇) ရက်တွင် ထုတ်ပြန်လိုက်သည်။အရပ်သား လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများအနေဖြင့် ယခုထုတ်ပြန်သည့် နည်းဥပဒေများအရ ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင်ခွင့် လျှောက်ထားရန် လိုအပ်ပြီး စစ်သား လွှတ်တော်အမတ်များအတွက် မှတ်ပုံတင်ရန် မလိုအပ်ခြင်း ဖြစ်သည်။
။။။။။

၂ဝ၁ဝ ရွေးကောက်ပွဲကို ရှုတ်ချသည့် စာစောင်များ ဖြန့်ဝေ

နယူးဒေလီ (မဇ္ဈိမ)။ ။ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲအကြောင်း ဝေဖန်ရှုတ်ချထားသည့် လက်ကမ်းစာစောင်များ ရန်ကုန်မြို့ လူစည်ကားရာ နေရာများတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိတ်တဆိတ် ဖြန့်ဝေမှုများ ရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ လူစည်ကားရာ မှတ်တိုင်များ၊ လမ်းဆုံလမ်းခွများတွင် အဆိုပါ စာရွက်များကို လူအချို့က ရှောင်တခင် လိုက်လံဝေငှခဲ့ခြင်း ဖြစ်သည်။
။။။။။

ကရင်ငြိမ်းအဖွဲ့များ ရွေးကောက်ပွဲဝင်ခွင့် မရှိ


(NEJ) ။ ။ နအဖကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် နအဖနှင့် ငြိမ်းချမ်းရေး ယူထားသည့် ကရင်အဖွဲ့အစည်းများ ရွေးကောက်ပွဲဝင်ခွင့် မရှိဟု တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ၏ အဆင့်မြင့်အရာရှိတဦးက ခေတ်ပြိုင်သို့ ပြောသည်။
။။။။။

ကိုညီညီအောင် လွတ်ပြီ


( မဇ္ဈိမသတင်းဌာန )။ ။ ထောင်ဒဏ် ၃ နှစ်ချခံထားရသည့် အမေရိကန်နိုင်ငံသား ကိုညီညီအောင်ကို စစ်အစိုးရက ယနေ့ မနက်တွင် ပြည်တော်ပြန်ခွင့် ပြုလိုက်ပြီဟု အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေက မဇ္ဈိမကို ပြောသည်။

သူ့အား ပြည်ထောင်မှ အင်းစိန်ထောင်သို့ ယမန်နေ့ညကတည်းက ပြန်ခေါ်လာခြင်းဖြစ်ပြီး ယနေ့ ၁၂ နာရီတွင် အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေနှင့် တွေ့ဆုံခဲ့သည်။

ကိုညီညီအောင် လွတ်ပြီဖြစ်ကြောင်း အမေရိကန်သံရုံးက အဒေါ်ဖြစ်သူကို ယမန်နေ့က အသိပေးခဲ့သည်။

ယခုအခါ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာလာနေပြီ ဖြစ်သည်။
။။။။။

ရွေးကောက်ပွဲကို ပြည်သူများ မယုံကြည်

(NEJ) ။ ။ နအဖစစ်အစိုးရအနေဖြင့် ယခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပပေး၍ အနိုင်ရပါတီတခုခုအား အာဏာလွှဲပြောင်းပေးပြီး အစိုးရ အပြောင်းအလဲ ဖြစ်မည်ဆိုခြင်းကို ပြည်သူအများစုက ယုံကြည်မှုမရှိကြောင်း စုံစမ်းသိရသည်။

ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ မော်လမြိုင်၊ ထားဝယ်မြို့တို့တွင် ခေတ်ပြိုင်မှ စုံစမ်းမေးမြန်းချက်များအရ နအဖက ရွေးကောက်ပွဲ ဥပဒေထုတ်ပြန်ထားပြီး ယခုနှစ်အတွင်း ပြုလုပ်မည့် ရွေးကောက်ပွဲသည် စစ်အစိုးရ၏ အာဏာတည်မြဲရေး လုပ်ရိုးလုပ်စဉ် လုပ်ငန်းစဉ်တခုအဖြစ်သာ အောက်ခြေ သာမန်ပြည်သူအများစုက ရှုမြင်ကြပြီး မည်သည့်အပြောင်းအလဲမှ ဖြစ်ပေါ်လာလိမ့်မည်မဟုတ်ဟု ထင်မြင်ယူဆနေကြသည်။
။။။။။။။။


22.3.10 ( 12-2010)

ဒေါ်စုနှင့် တွေ့ဆုံခွင့်ပြုရန် NLD ထပ်မံတောင်းဆို


နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တွေ့ဆုံခွင့်ပြုရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စစ်အစိုးရထံသို့ ယခုလ ၁၇ ရက်နေ့တွင် ထပ်မံတောင်းဆိုခဲ့ကြောင်း ယနေ့ ထုတ်ဖော်ပြောဆိုသည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် NLD ရုံးချုပ်၌ ဗဟိုအလုပ်အမှုဆောင် CEC အဖွဲ့ဝင် ၁၇ ဦး တက်ရောက်သည့် ယနေ့ အစည်းအဝေးတွင် စစ်အစိုးရထံ ထိုသို့သော ထပ်မံတောင်းဆိုချက်နှင့် ပတ်သက်၍ အများပြည်သူ သိရှိရန် သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
။။။။။။


အန်အယ်လ်ဒီ လူထုအခြေပြုတိုက်ပွဲဝင်ရန်
ဒီမိုကရက်တစ်အင်အားစု တိုက်တွန်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်မည်ဆိုပါက ၁၉၈၈ ခုနှစ်တွင် ပြည်သူတရပ်လုံးက ပေးအပ်လိုက်သည့် သမိုင်းပေးတာဝန်ကို ငြင်းပယ်ရာကျမည်ဟု မြန်မာနိုင်ငံဒီ မိုကရက်တစ်အင်အားစု (အက်ဖ်ဒီဘီ) အဖွဲ့က ပြောကြားသည်။

လာမည့် (၂၉) ရက်နေ့တွင် အန်အယ်လ်ဒီမှ ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးအတွက် မှတ်ပုံတင်ရေး မတင်ရေး ဆုံးဖြတ်ချက် ချရေးနှင့်ပတ်သက်၍ အက်ဖ်ဒီဘီက ၎င်းတို့၏အမြင်များကို ယမန်နေ့က ကြေညာချက်ထုတ်ပြန် အကြံပြုထားသည်။

အက်ဖ်ဒီဘီ၏ အကြံပြုချက်တွင် အဖွဲ့ချုပ်အတွင်း ညီညွတ်ရေးကို ခိုင်မာစွာတည်ဆောက်ရန်နှင့် အခြားမဟာမိတ် အင်အားစုများအကြား၌လည်း ညီညွတ်ရေးကို တည်ဆောက်ရန် လိုအပ်ကြောင်း၊ မူလချမှတ်ထားသည့် ရွှေဂုံတိုင် ကြေညာစာတမ်းနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အခိုင်အမာသစ္စာရှိစွာရပ်တည်ရန် လိုအပ်ကြောင်း တင်ပြထားသည်။ွင် စစ်အစိုးရထံ ထိုသို့သော ထပ်မံတောင်းဆိုချက်နှင့် ပတ်သက်၍ အများပြည်သူ သိရှိရန် သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
။။။။။။

23.3.10

နအဖကို တရားစွဲမှု အန်အယ်လ်ဒီ ပယ်ချခံရ
ဒေါ်စုက မတရားသည့်ဥပဒေဖြင့် မှတ်ပုံတင်ခြင်းကို လက်မခံဟု ပြောကြား


(NEJ) ။ ။ နအဖစစ်အစိုးရက ထုတ်ပြန်သည့် ရွေးကောက်ပွဲဥပဒေသည် တရားမျှတမှု လုံးဝမရှိသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ယနေ့မတ်လ (၂၃) ရက်တွင် ရန်ကုန်မြို့တရားရုံးချုပ်၌ တရားစွဲဆိုလိုက်သည်။ယင်းသို့ တရားစွဲဆိုမှုကို တရားရုံး တရားမဌာနမှ တာဝန်ရှိသူက အမှုတွဲကို လက်မခံဘဲ ပြန်လည်ပေးအပ်ခဲ့ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က မတ် (၂၃) ရက် နေ့စွဲဖြင့် အထူးကြေညာချက်ထုတ်ပြန်သည်။

အဆိုပါကြေညာချက်တွင် အန်အယ်လ်ဒီဥက္ကဋ္ဌက နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌအပေါ် ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေးဥပဒေပုဒ်မ ၅ (က) (ခ) (ည) နှင့် ၁၈၈၇ ခုနှစ် သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ (၄၅) နှင့် (၅၄) တို့အရ တရားရုံးချုပ်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပြီး တရားရုံး တရားမဌာနမှ တာဝန်ရှိသူက “ကျမတို့၌ စီရင်ပိုင်ခွင့်မရှိ” ဟု ပြောဆိုကာ အမှုတွဲကို နေ့လယ် (၁၂) နာရီခွဲခန့်တွင် ပြန်လည်ပေးအပ်လိုက်ကြောင်း ဖော်ပြထားသည်။ယနေ့ မွန်းလွဲပိုင်းတွင်လည်း ရှေ့နေကြီး ဦးဉာဏ်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့ပြီး ယင်းတွေ့ဆုံမှုကို အန်အယ်လ်ဒီရုံးချုပ်တွင် ပြန်လည်ရှင်းလင်းပြောပြခဲ့ကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်က “မတရားတဲ့ ဥပဒေနဲ့ မှတ်ပုံတင်ခြင်းကို ကျမ ဘယ်တော့မှ လက်မခံဘူး။ ဒါပေမယ့် ဒီလိုပြောတာဟာ အဖွဲ့ချုပ်ကို အမိန့်ပေးတာလည်း မဟုတ်ဘူး၊ ညွှန်ကြားတာလည်း မဟုတ်ဘူး။ အဖွဲ့ချုပ် အနေနဲ့ကတော့ ဒီမိုကရေစီ နည်းလမ်းနဲ့အညီ ဆုံးဖြတ်ကြပါ” ဟု ပြောဆိုကြောင်း ဦးဉာဏ်ဝင်းက ပြန်လည်ပြောပြသည်။
။။။။။

ပါတီ မှတ်ပုံတင်မည်ကို ဒေါ်စု လက်မခံ


နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည်မှတ်ပုံတင်မည့်အပေါ် ပါတီအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က လုံးဝလက်မခံကြောင်း သူမ၏ ရှေ့နေမှတဆင့် ယနေ့ ထုတ်ဖော်ပြောဆိုလိုက်သည်။
။။။။။

အရှင်ဥက္ကံသကို အင်းစိန်ထောင်တွင် ထိန်းသိမ်းထား


(NEJ) ။ ။ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိ၍ နအဖအာဏာပိုင်တို့ ဖမ်းဆီးသွားသည့် မွန်ရဟန်းပျို အရှင်ဥက္ကံသ ခေါ် ဦးဇင်းဇော်လတ်ကို မွန်ပြည်နယ်မှ ရန်ကုန်မြို့သို့ ပို့ဆောင်လိုက်ပြီးနောက် သတင်းအစအန ပျောက်နေရာမှ ယခုအခါ အင်းစိန်ထောင်အတွင်း၌ ထိန်းသိမ်းထားကြောင်း စုံစမ်းသိရှိရသည်။

အရှင်ဥက္ကံသကို အင်းစိန်ထောင် တိုက်အမှတ် (၂) အခန်း (၁) တွင် ထိန်းသိမ်းထားကြောင်း အင်းစိန်ထောင်ရှိ ဝန်ထမ်းတဦးထံမှ သိရသည်။
။။။။။

24.3.10

မြန်မာ့အရေး လုံခြုံရေးကောင်စီတွင် ဆွေးနွေးမည်
NEJ/

မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး မတ်လ (၂၄) ရက်နေ့ ယနေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ဆွေးနွေးပွဲတရပ် ပြုလုပ်မည်ဟု သိရသည်။

မြန်မာ့အရေးဆွေးနွေးရန်ကိစ္စကို မတ် (၂၃) ရက်တွင် ကျင်းပသည့်အစည်းဝေးတွင် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ယမန်နေ့၌ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ဒီဇင်ဘာတွင် ရာထူးပြောင်းသွားသည့် ကုလသမဂ္ဂ အထူးသံတမန် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ၏နေရာတွင် ယာယီတာဝန်ယူထားသည့် မစ္စတာဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး မစ္စတာ ဗီဂျေးနာဘီယားက မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီအဖွဲ့ဝင်များကို အစီရင်ခံရန်ရှိသည်ဟု သိရသည်။

ယခုကဲ့သို့ အစီရင်ခံတင်ပြခြင်းသည် ၂၀၀၉ ခုနှစ် သြဂုတ်လနောက်ပိုင်း လုံခြုံရေးကောင်စီတွင် ပထမဆုံးအကြိမ် ကြားနာခြင်း ဖြစ်သည်။
။။။။။

ပါတီမှတ်ပုံတင်လျှင် ၂၄ မြို့နယ် ကန့်ကွက်မည်

ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ တိုင်း ၃ တိုင်းမှ ၂၄ မြို့နယ်က ပါတီမှတ်ပုံတင်မည်ဆိုလျှင် ကန့်ကွက်ရန် ဆုံးဖြတ်ထားကြောင်း သိရသည်။

ရန်ကုန်တိုင်းမှ အင်းစိန်၊ ပဲခူးတိုင်းမှ ၁၉ မြို့နယ်နှင့် မန္တလေးတိုင်းမှ ၄ မြို့နယ်တို့က မှတ်ပုံတင်မည်ဆိုလျှင် ကန့်ကွက်သွားမည်ဖြစ်ကြောင်းနှင့် “ရွှေဂုံတိုင် ကြေညာစာတမ်း” ကိုသာ ဆက်လက်၍ ဆုပ်ကိုင်သွားရန် တိုက်တွန်းကြောင်း မြို့နယ်စည်း တာဝန်ရှိသူများထံမှ သိရခြင်း ဖြစ်သည်။
။။။။။

ဝ ဒေသရှိ နတလ ဝန်ထမ်းများကို ခွင့်ရက်ရှည်ပေး ခေါ်ယူ


ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ ရှမ်းပြည်နယ်၊ အထူးဒေသ (၂) ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဝန်ကြီးဌာန (နတလ) လက်အောက်ခံ ဝန်ထမ်းများအား ခွင့်ရက်ရှည်ပေးကာ နအဖက ပြန်လည်ခေါ်ယူနေသည်။

ပညာရေးဝန်ထမ်းများအား ခွင့် (၃) လ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျန်းမာရေးဝန်ထမ်းများအား ခွင့် (၁) လဖြင့် လစာမပျက် ခွင့်များပေးကာ မတ် (၂၂) ရက်တွင် အကြောင်းကြား ပြန်လည်ခေါ်ယူနေသဖြင့် ယမန်နေ့မှစတင်၍ နယ်စပ်မှ ထွက်ခွာနေကြကြောင်း ပန်ဆန်းဒေသခံတဦးက ပြောသည်။ယခုကဲ့သို့ ဝဒေသထဲက နတလဝန်ထမ်းများအား ခွင့်ရက်ရှည်ပေးခြင်းမှာ ယခင်နှစ်များက မရှိခဲ့ဘဲ နယ်ခြားစောင့်တပ် လက်မခံသည့် ဝတပ်ဖွဲ့အား ထိုးစစ်ဆင်တိုက်ခိုက်နိုင်ရန် ပြင်ဆင်သည့်အနေဖြင့် ဝန်ထမ်းများ၏ လုံခြုံရေးအတွက် ကြိုတင်ခေါ်ယူသည်ဆိုသည့် ဝေဖန်၊ ယူဆမှုများ ရှိလာနေသဖြင့် ဒေသခံလူထုလည်း စိုးရိမ်ပူပန်မှုများ ရှိနေသည်ဟု အဆိုပါ ပန်ဆန်းဒေသခံက ပြောသည်။
။။။။။

DVB သတင်းထောက် မလှလှဝင်းအမှု အယူခံတက်

နယူးဒေလီ (မဇ္ဈိမ)။ ။ ပြစ်ဒဏ် ၂၇ နှစ် ကျခံနေသည့် DVB သတင်းထောက် မလှလှဝင်း အမှုအယူခံအတွက် လာမည့်လ ၅ ရက်နေ့တွင် မကွေးတိုင်း တရားရုံး၌ နှစ်ဖက်ရှေ့နေများ အပြီးသတ် လျှောက်လဲမည်ဖြစ်သည်။

ယခုလ ၈ ရက်နေ့တွင် ပြစ်ဒဏ်ပြင်ဆင်ပေးရန် အယူခံလွှာအတွက် ၂၂ ရက်နေ့တွင် တရားရုံးက ကြားနာလက်ခံခဲ့ပြီးနောက် အပြီးသတ် လျှောက်လဲချက်ရန် ရှေ့နေများကို လာမည့်လ ၅ ရက်နေ့သို့ ချိန်းဆိုခဲ့ခြင်း ဖြစ်သည်။
။။။။။

25.3.10

မြန်မာနိုင်ငံအရေး လုံခြုံရေးကောင်စီတွင် တံခါးပိတ်ဆွေးနွေး
NEJ

စစ်အစိုးရက ပြုလုပ်မည့် ရွေးကောက်ပွဲဆိုင်ရာကိစ္စများအပါအ၀င် မြန်မာ့နိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ မတ် (၂၄) ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ တံခါးပိတ် အစည်းအဝေးတရပ် ပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးကို မစ္စတာဘန်ကီမွန်းနှင့် မြန်မာ့အရေး မိတ်ဆွေနိုင်ငံများအဖွဲ့တို့ အစည်းအဝေးမတိုင်မီ တရက်စောပြီး အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မစ္စတာ မတ်ဂရန့်က မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေသစ်နှင့်ပတ်သက်၍ လုံခြုံရေးကောင်စီအဖွဲ့ဝင် အတော်များများက စိုးရိမ်မကင်းဖြစ်ကြသည်ဟု ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

ရွေးကောက်ပွဲဥပဒေများသည် နိုင်ငံတကာအသိုင်းအ၀ိုင်းက မျှော်လင့်ထားသည့် လွတ်လပ်တရားမျှတသည့် ဖြစ်စဉ်များနှင့် ကင်းကွာနေပြီး ယခင်လုံခြုံရေးကောင်စီက ထုတ်ပြန်ထားသည့် ကြေညာချက်များအတိုင်း ဖြစ်ပေါ်လာခြင်းမရှိဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ယခင် ထုတ်ပြန်ချက်များတွင် လုံခြုံရေးကောင်စီအဖွဲ့ဝင်များက မြန်မာနိုင်ငံ၌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရန်နှင့် အခြေအနေကောင်းများ ဖန်တီးပေးရန် တောင်းဆိုတင်ပြခဲ့သည်။
။။။။။

ကျောင်းသားခေါင်းဆောင်ဟောင်းက ပါတီထောင်ရန်ပြင်


ချင်းမိုင် (မဇ္ဈိမ) ။ ။ ကျောင်းသား ခေါင်းဆောင်ဟောင်းတဦးဖြစ်ဖူးသူ ကိုဖြိုးမင်းသိန်းက ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေရာ အသစ်ထူထောင်မည့် ပါတီကို ” လူထုဒီမိုကရေစီပါတီ” ဟု အမည်ပေးထားသည်။
၁၉၈၈ ခု၌ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဌဖြစ်ခဲ့ဖူးသူ ကိုညိုထွန်းလည်း ပါတီ၏ ဖွဲ့စည်းရေးလုပ်ငန်းကော်မတီတွင် ပါဝင်မည်ဟု သိရသည်။

ပါတီအလံသည် အပြာ၊ အနီ၊ အဝါ သုံးရောင်ခြယ်ဖြစ်ပြီး ဖွဲ့စည်းရေးလုပ်ငန်းကော်မတီကို ကိုညိုထွန်း၊ ကိုဖြိုးမင်းသိန်း၊ ကိုသိန်းတင်အောင်၊ ကိုမင်းလွင်၊ ကိုလူသစ်၊ ကိုသိန်းဌေး၊ ကိုမျိုးမင်းထွန်း စသည့် ၇ ဦးဖြင့် ဖွဲ့စည်းထားသည်ဟု ဆိုသည်။ ပါတီ၏ ဆောင်ပုဒ်မှာ လွတ်လပ်၊ ညီမျှ၊ ချစ်ကြည်၊ လူထုဒီမိုကရေစီပါတီ ဟုလည်းဆက်ပြောသည်။
။။။။။

ဒဏ်ခတ်ပိတ်ဆို့ရေး တိုးမြှင့်ရန် တောင်းဆိုမည်ဟု
လွှတ်တော်ကိုယ်စားလှယ် (၂) ဦး ပြောကြား


(NEJ) ။ ။ မြန်မာစစ်အုပ်စုကို ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု တိုးမြှင့်လုပ်ဆောင်သွားရန် ဥရောပသမဂ္ဂအပါအ၀င် မိမိတို့အစိုးရကို တင်ပြတောင်းဆိုသွားမည်ဟု ထိုင်းနယ်စပ်သို့ရောက်ရှိနေသည့် ဘယ်လ်ဂျီယံနိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ် (၂) ဦးက ပြောကြားသည်။

ဘားမားကမ်ပိန်း ဘယ်လ်ဂျီယံအဖွဲ့ဝင်အချို့နှင့် လွှတ်တော်ကိုယ်စားလှယ် (၂) ဦးဖြစ်သည့် ဆိုရှယ်လစ်ပါတီမှ Ms. Karin Lalieux နှင့် Green ပါတီမှ Ms. Juliette Boulet တို့သည် လက်ရှိမြန်မာ့အရေးနှင့်ပတ်သက်၍ ထိုင်း-မြန်မာနယ်စပ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (အန်စီယူဘီ) အဖွဲ့နှင့် ယနေ့တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခြင်းဖြစ်သည်။
။။။။။

26.3.10

ပွင့်လင်းမြင်သာမှုရှိသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ်ဟု
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောကြား

NEJ/

မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်းကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံရေးအရ ပါဝင်သင့်သူအားလုံး ပါဝင်ပြီး ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဖြစ်ရမည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ယမန်နေ့က ပြောကြားလိုက်သည်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် မတ်လ (၂၅) ရက်၌ ကျင်းပသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာ့အရေးမိတ်ဆွေနိုင်ငံများ အစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံရာတွင် မစ္စတာဘန်ကီမွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
။။။။။

ရွေးကောက်ပွဲကို အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာတွင် လုပ်ရန်ပြင်

ချင်းမိုင် (မဇ္ဈိမ)။ ။ ယခုတလော လူအများ အာရုံစိုက်လာကြသည့် အငြင်းပွါးဖွယ်ရာ အထွေထွေ ရွေးကောက်ပွဲအား စစ်အစိုးရမှ အောက်တိုဘာလ နောက်ဆုံးအပတ် (သို့ မဟုတ်) နိုဝင်ဘာလ အစောပိုင်းတွင် ကျင်းပပေးဖွယ်ရာ ရှိကြောင်း စနေနေ့ တွင်ထုတ်ပြန်သည့် AFP သတင်းတပုဒ်အရ သိရသည်။
။။။။။

နယ်ခြားစောင့်တပ် လက်မခံကြောင်း မွန်ပြည်သစ် ထပ်မံဆုံးဖြတ်

နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် မြန်မာစစ်အစိုးရက တောင်းဆိုထားသည့်ကိစ္စကို မွန်ပြည်သစ်ပါတီက ယခင်ဆုံးဖြတ်ချက် အတိုင်း လက်မခံဘဲ ပယ်ချရန် ထပ်မံဆုံးဖြတ်လိုက်ကြောင်း သိရသည်။
။။။။

အန်အယ်ဒီ လူငယ်များ ပါတီ မှတ်ပုံမတင်ရန် ဆုံးဖြတ်

ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရွေးကောက်ပွဲနှင့် ပတ်သက်သော ရပ်တည်ချက်ကို လွှမ်းမိုးစေနိုင်သော ဖြစ်ရပ်တခုမှာ ယနေ့ပြုလုပ်သော ပါတီလူငယ် အစည်းအဝေးက ရွေးကောက်ပွဲ ဥပဒေကို လက်သင့်မခံနိုင်ဘဲ ပါတီကို မှတ်ပုံတင်ခြင်း မပြုရန် ဆုံးဖြတ်လိုက်ကြသည်။

အတိုက်အခံပါတီ၏ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး၊ ပြည်နယ်/တိုင်း အဆင့် လူငယ်လုပ်ငန်း ဖော်ဆောင်ရေးနှင့် အကူအညီပေးရေး အဖွဲ့ဝင် ၆၀ ဦးခန့် တက်ရောက်သော ဆွေးနွေးပွဲက ရွေးကောက်ပွဲ ကော်မရှင်ဥပဒေများကို လုံးဝ လက်မခံနိုင်ဟုဆိုကာ ပါတီအနေနှင့် မှတ်ပုံမတင်ရန် ဆုံးဖြတ်လိုက်သည်။
။။။။။