Sunday, January 31, 2010

4-2010

25.1.10

ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာလတွင် လွှတ်ပေးမည်ဟု
နအဖပြည်ထဲရေးဝန်ကြီး ပြောကြား



မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လာမည့်နိုဝင်ဘာလကုန် နေအိမ်အကျယ်ချုပ်သက်တမ်းစေ့ပါက ပြန်လွှတ်ပေးမည်ဟု မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့ကြောင်း ယနေ့ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ယခုလ (၂၁) ရက်တွင် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၌ မြို့ခံအစိုးရ၀န်ထမ်းများနှင့် တွေ့ဆုံစကားပြောကြားရာတွင် ဗိုလ်ချုပ်မောင်ဦးက ယင်းသို့ပြောကြားခဲ့ကြောင်း မြို့ခံမျက်မြင်များကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားခြင်းဖြစ်သည်။

နေအိမ်တွင် ထိန်းသိမ်းခြင်းခံနေရသည့် အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးအားလည်း လာမည့် ဖေဖော်ဝါရီ (၁၃) ရက်တွင် လွှတ်ပေးမည်ဟု ဗိုလ်ချုပ်မောင်ဦးက ပြောဆိုခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။
(NEJ)
။။။။။

ဒေါ်စုကို လွှတ်မည်ဆိုခြင်းမှာ တရားမဝင်ဟု အန်အယ်ဒီ ပြော



ချင်းမိုင် (မဇ္ဈိမ)။ ။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟု ပြောဆိုခြင်းမှာ တရားမဝင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ယခုနှစ် နိုဝင်ဘာတွင် ပြန်လွှတ်ပေးမည်ဟု မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၌ ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့မှုအပေါ် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်ဆွေက သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။

“ပါးစပ်နဲ့ ဒီလိုပြောတာက တရားဝင်လို့ ယူဆလို့တော့ မရဘူးပေါ့။ ဥပဒေအရ အထမမြောက်ဘူးလေ။ တရားဝင် သတင်းစာ ရှင်းလင်းပွဲတို့၊ သတင်းထုတ်ပြန်ချက်တို့၊ အမိန့်တို့ ထွက်မှသာ ခိုင်မာတဲ့ အချက်လို့ ခံယူရမှာပေါ့” ဟု သူက မဇ္ဈိမကို ပြောသည်။
။။။။။

ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို သုံးခွင့်မပေးတော့


ဒေါ်အောင်ဆန်းစုကြည်၏ဓာတ်ပုံများကို ဂျာနယ်တိုက်များတွင် အသုံးပြုရန် သတင်းနှင့်ပြန်ကြားရေးဌာနက ပေးလေ့ရှိ သော်လည်း ယခုနောက်ဆုံး ဦးအောင်ကြည်နှင့် တွေ့ဆုံသည့်ပုံမှစ၍ မပေးတော့ကြောင်း ဂျာနယ်တိုက်များထံမှ စုံစမ်းသိရသည်။
(NEJ)
။။။။။။

ဦးအောင်ဆန်းဦးကို သံဃာတော်များ သတိပေး


ချင်းမိုင် (မဇ္ဈိမ)။ ။ အိမ်အမွေကိစ္စကို အကြောင်းပြု၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုရန် ကြိုးစားနေသော အကိုဖြစ်သူ ဦးအောင်ဆန်းဦးကို ပြည်တွင်း၊ ပြည်ပရှိ သံဃာတော်များက ဗုဒ္ဓဘာသာဝင် အဖြစ်မှ ဖယ်ကြဉ်မည်ဟု သတိပေးလိုက်သည်။

နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ညီမဖြစ်သူကို အကြောင်းမဲ့ နှောင့်ယှက်တရားစွဲဆိုရန် ကြိုးစားနေခြင်းများကို ယခုလကုန် ၃၁ ရက်နေ့ နောက်ဆုံးထား၍ ရုတ်သိမ်းပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီး အပါအဝင် ပြည်တွင်း၊ ပြည်ပ သံဃာတော်များက တောင်းဆိုလိုက်ကာ၊ မလိုက်နာပါက ပတ္တနိက္ကုဇ္ဇန ကံဆောင်မည်ဟု ဆရာတော်များက မိန့်ကြားသည်။
။။။။။။

ရှေ့တန်းစခန်းမှ ထွက်ပြေးသူ တပ်ပြေးများအား ပစ်သတ်မှုရှိ


ရှမ်းပြည်မြောက်ပိုင်း၊ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့ထိန်းချုပ်ရာ နယ်မြေအနီး တပ်စွဲထားသည့် နအဖစစ်တပ်ရှေ့တန်းစခန်းများမှ စစ်သည်များ ထွက်ပြေးမှု များပြားလာနေပြီး တပ်ပြေးများအား ပစ်သတ်သည်အထိ ရှိလာနေသည်။

ယမန်နှစ် သြဂုတ်လကုန်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသ အရေးအခင်းကာလကတည်းက ဝမြောက်ဒေသအနီး ဟိုပန်မြို့နယ်အတွင်း လာရောက်တပ်စွဲနေသည့် မိတ္တီလာအခြေစိုက် တပ်မ (၉၉) လက်အောက်ခံတပ်များမှ စစ်သည်များ ထွက်ပြေးနေကြသည်ဟု စစ်တပ်နှင့်နီးစပ်သူ တရုတ်-မြန်မာနယ်စပ်ဒေသခံတဦးက ပြောသည်။စစ်တပ်အတွင်း တပ်ပြေးမှု များပြားလာနေ၍ စစ်ကြောင်းရှိ ကျန်စစ်သည်များ အလားတူ ထွက်မပြေးရဲအောင် ရှေ့တန်း စစ်မျက်နှာများတွင် ပစ်သတ်ပြနေခြင်းဖြစ်သည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။
။။။။။

မြန်မာနယ်ခြားစောင့် တပ်ဖွဲ့မှူးများ နေရာပြောင်းရွှေ့


ဒါကာ (မဇ္ဈိမ)။ ။ မြန်မာ-ဘင်္ဂလားဒေ့ခ်ျနယ်စပ်ရှိ နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေး နယ်မြေမှ နယ်မြေမှူး ၉ ဦး နေရာ အပြောင်းအရွှေ့များ ယခုလ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ ယခုပြောင်းရွှေ့သော နယ်မြေမှူးများမှာ နစက နယ်မြေ ၁ တွင် ဗိုလ်မှူးကျော်အောင်၊ ၂ တွင် ဗိုလ်မှူး သူရိန်ဇော်၊ ၃ တွင် ဗိုလ်မှူးသန်းနိုင်၊ ၄ တွင် ဗိုလ်မှူးအောင်ဟိန်းဇော်၊ ၅ တွင် ဗိုလ်မှူးစံဝင်းခိုင်၊ ၆ တွင် ဗိုလ်မှူးစိန်ဝင်း၊ ၇ တွင် ဗိုလ်မှူးနေမျိုး၊ ၈ တွင် ဗိုလ်မှူးသန်းဌေးနှင့် ၉ တွင် ဗိုလ်မှူးကြည်လှိုင်တို့ ဖြစ်သည်။

ယခင်က နယ်မြေ ၁ တွင် ဗိုလ်မှူးစံဝင်းခိုင်၊ ၂ တွင် ဗိုလ်မှူးတင်ထွန်အောင်၊ ၃ တွင် ဗိုလ်မှူးကြည်လှိုင်၊ ၄ တွင် ဗိုလ်မှူးသန်းဌေး၊ ၅ တွင် ဗိုလ်မှူးသူရိန်ဇော်၊ ၆ တွင် ဗိုလ်မှူးနေမျိုး၊ ၇ တွင် ဗိုလ်မှူးကျော်အောင်၊ ၈ တွင် ဗိုလ်မှူးစိန်ဝင်း၊ ၉ တွင် ဗိုလ်မှူးသန်းနိုင်တို့ ဖြစ်သည်။
။။။။။

ကဗျာစောဝေကို ပြန်လွှတ်ပေးရန် AAPP ပြောကြား


နယူးဒေလီ (မဇ္ဈိမ)။ ။ ကဗျာဆရာ ကိုစောဝေ ယခုလ ၂၁ ရက်နေ့တွင် လွတ်ရက်စေ့ခဲ့သော်လည်း ယနေ့တိုင် ပြန်လွတ်မလာသဖြင့် အမြန်ဆုံး ပြန်လွှတ်ပေးရန် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP-B က ပြောဆိုသည်။
။။။။။

26.1.10

ပလောင်ဒေသတွင် ဘိန်းစိုက်ပျိုးမှု (၅) ဆခန့်များလာဟု
ပလောင်အမျိုးသမီးအဖွဲ့ ထုတ်ပြန်


မြန်မာစစ်အစိုးရ ထိန်းချုပ်မှုအောက်ရှိ ရှမ်းပြည်မြောက်ပိုင်း ပလောင်ဒေသတွင် လွန်ခဲ့သည့် (၃) နှစ်တာကာလအတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု (၅) ဆနီးပါး မြင့်တက်လာသည်ဟု ဒေသတွင်းဘိန်းစိုက်ပျိုးမှုများကို (၂) နှစ်ကြာ သုတေသန ပြုခဲ့သည့် ပလောင်အမျိုးသမီးအစည်းအရုံး (PWO) က ပြောကြားလိုက်သည်။

ယနေ့စတင်ဖြန့်ဝေသည့် PWO အဖွဲ့၏ “အဆိပ်သင့်တောင်တန်းများ” အမည်ရှိ အစီရင်ခံစာတွင် ၂၀၀၆ မှ၂၀၀၉ ခုနှစ်အတွင်း ပလောင်ဒေသ မန်တုန်နှင့်နမ့်ခမ်းမြို့နယ်တို့တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်သည့် နေရာ (၅) ဆနီးပါးများပြားလာပြီး လက်ရှိတွင် ဘိန်းစိုက်ဧရိယာ (၄,၅၀၀) ဟက်တာခန့် ရှိသည်ဟု ဖော်ပြထားသည်။

အစီရင်ခံစာကို ဦးဆောင်သုတေသနပြုခဲ့သည့် PWO မှ လိုည်းနွေနှောင်းက “ပလောင်ဒေသမှာ ဘိန်းစိုက်နှုန်းက ၂၀၀၆-၀၇ ဆိုရင် (၉၆၃) ဟက်တာပဲရှိတယ်၊ ၂၀၀၈-၀၉ မှာကျတော့ (၄,၅၄၅) ဟက်တာဖြစ်လာတယ်။ အခုလို တနှစ်ထက် တနှစ် များပြားလာရတာကတော့ နအဖရဲ့ အုပ်ချုပ်ရေးစနစ်ကြောင့်ဖြစ်တယ်။ ဘိန်းကြေးကောက်တာက စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်တွေ ဖြစ်တယ်။ မန်တုန်မှာဆိုရင် ခလရ (၁၃၀)၊ နမ့်ခမ်းမှာဆိုရင် ခမရ (၄၅)၊ ခမရ (၁၄၄) တို့ လာကောက်တာတွေရှိတယ်။ ၂၀၀၇-၀၈ ဘိန်းစိုက်ရာသီကဆိုရင် မန်တုန်မြို့နယ်တခုတည်းမှာပဲ ကျပ် (၃၇) သန်းပေးရတယ်။ ဒီလိုဖြစ်ရတာက နအဖတွေကိုယ်တိုင်က အားပေးအားမြှောက်လုပ်တာကြောင့်ဖြစ်တယ်” ဟု ပြောသည်။
(NEJ)
။။။။။

နယ်မြေနှင့် ရွေးကောက်ပွဲအတွက် ရွာများ ဖျက်ဆီးခံရဟု KNU ပြော


ချင်းမိုင် (မဇ္ဈိမ)။ ။ ကရင်ရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသားတွေကို သတ်ဖြတ်နေခြင်းသည် နယ်မြေ စိုးမိုးလိုခြင်းနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲကို အာရုံမစိုက်နိုင်အောင် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ပြောသည်။

ယခုလ ၁၇ ရက်နေ့က ပဲခူးတိုင်းအရှေ့ပိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်တွင်းရှိ ခဲဒဲကျေးရွာတွင် စစ်ကြောင်း ကွပ်ကဲရေးဌာနချုပ် (စကခ) လက်အောက်ခံတပ်ရင်း ခမရ ၃၆၇ မှ နေအိမ် ၁၃ လုံး မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသား ၂ ဦးကို ပစ်သတ်ခဲ့သည့်လုပ်ရပ်ကို KNU က သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။
ခဲဒဲရွာ အပါအဝင် ခေါ်တော့ခီး၊ တီကော့ဒဲ၊ သောဝါးဒဲ၊ ခေါ်ထာ့၊ လယ်တော်လု၊ ဒေးဘော်ခီး၊ မူခီး၊ ထီးကော်ခီး၊ ခိုးလု စသည့် ကျေးရွာ ၁ဝ ရွာမှ ကရင်ရွာသား တထောင်ကျော်သည် တောထဲ၌ ပုန်းအောင်းနေရသည်ဟု သူက ပြောဆိုသည်။
။။။။။

ကြံ့ဖွံ့က အခမဲ့ကျုရှင်ကျောင်းများဖွင့်ကာ စည်းရုံး


ရန်ကုန်မြို့ရှိ ကျောင်းသားများ စာသင်ကြားမှုစရိတ် မြင့်သည့်အတွက် အပြင်ကျုရှင်များတွင် တက်ရောက်နိုင်မှုမရှိသည်ကို ကြံ့ဖွံ့က အခွင့်အရေးယူကာ စည်းရုံးမှု ပိုလုပ်လာကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ယခုနှစ်တက္ကသိုလ် ၀င်ခွင့်စာမေးပွဲဖြေဆိုမည့် ကျောင်းသား (၇၅) ရာခိုင်နှုန်းသည် သင်ကြားမှုစရိတ် ကြီးမြင့်မှုကြောင့် ပညာဒါန ကျုရှင်ကျောင်းများကို အားထားနေရသည့် အခြေအနေအပေါ် ကြံ့ဖွံ့က ပညာဒါန အခမဲ့ကျုရှင်ကျောင်းများကို ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်တွင်းရှိ မြို့နယ်တို့တွင် နေရာအနှံ့လိုက်ဖွင့်နေကြောင်း ကြည့်မြင်တိုင်မြို့နယ်မှ အငြိမ်းစား အထက်တန်းပြ ဆရာမတဦးက ပြောသည်။
(NEJ)
။။။။။

တိုက်လေယာဉ် ပျက်ကျမှု လေတပ်က စုံစမ်းစစ်ဆေးနေ


နယူးဒေလီ (မဇ္ဈိမ)။ ။ လေသူရဲတဦး သေဆုံးခဲ့ရသော ယခုလ ၂၂ ရက်နေ့က F-7 အမျိုးအစား ဂျက်တိုက်လေယာဉ် ပျက်ကျမှုကို စုံစမ်းစစ်ဆေးရန် မြန်မာလေတပ်က စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းခဲ့သည်ဟု လေတပ် သတင်းရပ်ကွက်များက ပြောသည်။

ဤစုံစမ်းရေး အဖွဲ့တွင် လေတပ် အင်ဂျင်နီယာဌာနမှ အင်ဂျင်နီယာအရာရှိ (EO) တဦးနှင့် ရန်ကုန် မင်္ဂလာဒုံ လေတပ်စခန်းမှ တပ်မှူးအပါအဝင် အရာရှိများ ပါဝင်မည်ဖြစ်သည်။

စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေရာတွင် ယခုအခါ အကြို လေ့လာစုံစမ်းမှု အဆင့်ကို ရောက်ရှိနေပြီဟု လက်တုံ့ပြန်ခံရမည်ကို စိုးရွံ့၍ အမည်မဖော်လိုသူ အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

ယခုအထိ ရရှိထားသော တွေ့ရှိချက်များအရ လေသူရဲ ဗိုလ်ကြီး ပြည့်ဖြိုးမျိုးသည် တရုတ်လုပ် F-7 ဂျက်တိုက်လေယာဉ်ကို စမ်းသပ် မောင်းနှင်နေစဉ် လေယာဉ်ဘီးများ ချမထားဘဲ ဆင်းသက်စဉ် ပျက်ကျသွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
။။။။။

လောင်စာဆီကဏ္ဍ ပုဂ္ဂလိကသို့လွှဲပြောင်းရန် စီစဉ်


စစ်အစိုးရက နှစ်ပေါင်းများစွာ ချုပ်ကိုင်ထားသည့် လောင်စာဆီ ရောင်းဝယ်မှုကဏ္ဍကို ပုဂ္ဂလိကသို့ လုံးဝလွှဲပြောင်းပေးရန် စီစဉ်နေသည်။

နိုင်ငံတ၀န်းရှိ လောင်စာဆီ အရောင်းဆိုင် (၂၅၀) ကျော်ကို ယခုနှစ် မတ်လတွင် ပုဂ္ဂလိကသို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန အရာရှိတဦးကို ကိုးကားပြီး ယနေ့ ရိုက်တာသတင်းတွင် ဖော်ပြသည်။

လောင်စာဆီကဏ္ဍ ပုဂ္ဂလိကပိုင်ပြောင်းရေး လုပ်ငန်းစဉ်တွင် နိုင်ငံခြားငွေလဲနှုန်းနှင့် ဈေးနှုန်းကြီးကြပ်ရေးကိစ္စ အကျေအလည် ညှိနှိုင်းနေကြောင်း သိရသည်။

နေ့စဉ် အပြောင်းအလဲရှိသည့် နိုင်ငံတကာပေါက်ဈေးဖြင့် ၀ယ်ယူ ဖြန့်ဖြူးရမည့် လောင်စာဆီ ရောင်းဝယ်ရေးကဏ္ဍတွင် တရားဝင် ငွေလဲလှယ်နှုန်း အနိမ့်အမြင့်အလိုက် ဈေးနှုန်းတည်ငြိမ်မှု မရှိမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။
(NEJ)
။။။။။

လျှို့ဝှက်ချက် ပေါက်ကြားသူ ၃ ဦး ထောင်ပြောင်းရွှေ့


ချင်းမိုင် (မဇ္ဈိမ)။ ။ နိုင်ငံတော် လျှို့ဝှက်ပေါက်ကြားမှုဖြင့် သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ် ခံထားရသူ ၃ ဦးကို ရန်ကုန် အင်းစိန်ထောင်မှ နယ်ထောင်များသို့ ပြောင်းရွှေ့ လိုက်ကြောင်း သိရသည်။

အငြိမ်းစား ဗိုလ်မှူးဝင်းနိုင်ကျော်ကို ပဲခူးတိုင်း သာယာဝတီထောင်၊ နိုင်ငံခြားရေးရုံး ဥရောပရေးရာဌာနမှ အကြီးတန်းစာရေး ကိုသူရကျော် (ခ) အောင်အောင်ကို ရှမ်းပြည်နယ် တောင်ငူထောင်နှင့် ဂိုပျံစိန် (ခ) အစီးကို မန္တလေးထောင်သို့ ယခုလ ၂၃ ရက်နေ့တွင် ပို့ဆောင်လိုက်ကြောင်း ထောင်အသိုင်းအဝိုင်းထံမှ သိရခြင်း ဖြစ်သည်။
။။။။။
27.1.10

မွန်ပြည်သစ် ထိန်းချုပ်နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်မှု ဆက်တိုက်ဖြစ်ပွား

မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသအတွင်းသို့ နအဖစစ်တပ်က စစ်ရေးအရ ဝင်ရောက်ကျူးကျော်နေမှုများ ယခုတလော၌ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။

မွန်ပြည်သစ် ဗဟိုဌာနချုပ်နှင့် (၃) မိုင်ခန့် ကွာဝေးသည့် ကျေးရွာတရွာအတွင်းသို့ နအဖစစ်တပ် အင်အား (၃၀) ကျော်တို့က ဇန်နဝါရီ (၁၀) ရက်နေ့တွင် ဝင်ရောက်လာပြီးနောက် (၃) နာရီကြာ စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မွန်ပြည်သစ် ထိပ်ပိုင်းခေါင်းဆောင်တဦးက “အပစ်ရပ်တုန်းက သဘောတူချက် (၁၃) ချက်ထဲမှာ မွန်ပြည်သစ်ရဲ့ အပစ်ရပ် ဒေသအဖြစ် ပင်းပွိုင့်အနေနဲ့ သတ်မှတ်ထားတဲ့ (၁၂) နေရာထဲကို နအဖတပ်က ဝင်ရောက်ကျူးကျော်ခွင့် မရှိရဘူးဆိုတဲ့ အချက်လည်း ပါတယ်။ ဝင်လာရင် အပစ်ရပ်စဲရေး ပျက်ပြီဆိုတဲ့ အဓိပ္ပာယ်ပေါ့။ နအဖဘက်က အခုလို လာစမ်းသလိုလို ကျူးကျော်ဝင်ရောက်လာနေတာ အပစ်ရပ်တုန်းက သဘောတူညီထားချက်ကို ချိုးဖောက်ရာရောက်တယ်။ ကျနော်တို့ဘက် ကတော့ ရရှိထားပြီးသား ငြိမ်းချမ်းရေးကိုတော့ တတ်နိုင်သလောက် ထိန်းသိမ်းသွားမယ်” ဟု ပြောသည်။
(NEJ)
။။။။။

ကိုညီညီအောင်အမှု အမိန့်ချမည့်ရက် ရွှေ့ဆိုင်း

မဇ္ဈိမ)။ ။ အမေရိကန်နိုင်ငံသား ကိုညီညီအောင် (ခ) ကိုကျော်ဇောလွင် အမှုနှင့်ပတ်သက်၍ ယနေ့ အမိန့်ချရန် ချိန်းဆိုခဲ့သော်လည်း လာမည့်လ ၁၀ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ကိုညီညီအောင် (၄၀ နှစ်) ၏ အမှုကို အသေးစိတ်လေ့လာရန် လိုအပ်သေးသဖြင့် အင်းစိန်ထောင်တွင်း တောင်ပိုင်းခရိုင် တရားရုံး တရားသူကြီး ဦးညိုထွန်းက ယမန်တပတ် ထပ်ပေးလိုက်ခြင်းဖြစ်သည်။
။။။။။

နိုင်ဝင်းဆွေ ဝတ္ထု (၂) အုပ် ပြန်လည်ထုတ်ဝေခွင့်ပြု


ဗမာပြည်ကွန်မြူနစ်ပါတီသို့ တောခိုသွားခဲ့ကာ ကရင့်တော်လှန်ရေးနယ်မြေတွင် ကျဆုံးသွားသည့် နာမည်ကြီးစာရေးဆရာ နိုင်ဝင်းဆွေ၏ ဝတ္ထု (၂) အုပ်ကို ပြန်လည်ထုတ်ဝေခွင့်ပြုလိုက်ကြောင်း စာပေစိစစ်ရေးရုံးမှ စုံစမ်းသိရသည်။စာရေးဆရာ နိုင်ဝင်းဆွေ၏ စာအုပ်အဟောင်းများ ထုတ်ဝေခွင့်ကို နှစ်ပေါင်းများစွာ ပိတ်ပင်ထားရာ သူသေလွန်ပြီးချိန် အနှစ် (၂ဝ) နီးပါးကြာ ယခုနှစ်မှ ပြန်လည်ထုတ်ဝေခွင့်ရခြင်းဖြစ်သည်။
(NEJ)
။။။။။။

အပစ်ရပ် မိုင်းလားအဖွဲ့ အတွင်းရေးမှူး လုပ်ကြံခံရ


ရွှေလီ (မဇ္ဈိမ)။ ။ ရှမ်းပြည် (အရှေ့ပိုင်း) အထူးဒေသ ၄ ရှိ စစ်အစိုးရနှင့် အပစ်ရပ်ထားသည့် မိုင်းလားအဖွဲ့ ခေါ် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် NDAA အတွင်းရေးမှူးသည် အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ယနေ့နံနက်ပိုင်းတွင် မိုင်းလားမြို့တွင် သေဆုံးသွားသည်။

NDAA – National Democratic Alliance Army အတွင်းရေးမှူး ဦးမင်းအိမ် (ခေါ်) Lin Hongshen သည် ယနေ့နံနက် ၆ နာရီခွဲခန့်က အဖော်တဦးနှင့်အတူ မိုင်းလားမြို့တွင်း လမ်းလျှောက်စဉ် သေနတ်သမားများက ပစ်ခတ်သဖြင့် သေနတ်ဒဏ်ရာ ၇ ချက်ခန့် ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်သည်။

အဖော်ဖြစ်သူလည်း ဒဏ်ရာပြင်းထန်စွာ ရရှိသဖြင့် တရုတ်နယ်စပ် ဆေးရုံတွင် ယခုအခါ ဆေးကုသမှု ခံယူနေရသည်။

ယခုလုပ်ကြံမှုကြောင့် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် အဆိုပြုချက်ကို ငြင်းဆန်နေသည့် NDAA အဖွဲ့တွင်း အခြေအနေများ ရှုပ်ထွေးနေပြီး၊ အောက်ခြေတပ်သားထု အသိုင်းအဝိုင်းက နအဖ စစ်တပ်နှင့် နီးစပ်သူများကို မလိုလား၍ လုပ်ကြံခြင်းလည်း ဖြစ်နိုင်ကြောင်း NDAA နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။
။။။။။။

သတင်းပေးအဖြစ် လူငယ်များကို ကြံ့ဖွံ့စည်းရုံး

မြန်မာနိုင်ငံအနှံ့ရှိ မြို့နယ်တို့တွင် စစ်အစိုးရအား ဆန့်ကျင်မည့် ရည်ရွယ်လှုပ်ရှားမှုများ ရှိမရှိ သတင်းပေးရန်အတွက် လူငယ်အချို့အား ကြံ့ဖွံ့က စည်းရုံးလျက်ရှိကြောင်း သိရသည်။

သတင်းပေးနိုင်မည့် လူငယ်များ ရရှိနိုင်ရန် ယခုနှစ်ဆန်းပိုင်းက စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ကြံ့ဖွံ့ အသင်း ၀င်ထားရသည့် (၁၀) တန်းအောင် ကျောင်းသားတဦးက ပြောသည်။ထိုသို့လုပ်ဆောင်ချက်မှာ (၁၀) တန်းအောင် ကျောင်းသားအရွယ်များနှင့် ကြံ့ဖွံ့ဘက်သို့ ပါနိုင်သောသူများကို ရွေးချယ်ကာ စွမ်းရည်မြှင့်တင်ရေးနှင့် စည်းရုံးရေးသင်တန်းကို မြို့နယ်အသီးသီးတွင်ပေးရန် ၂၀၀၉ ခု နှစ်လယ်ပိုင်းက ချမှတ်ခဲ့သည့် စီမံချက်ကြောင့်ဖြစ်ကြောင်း ရန်ကုန်တိုင်းကြံ့ဖွံ့အဖွဲ့မှ အလုပ်အမှုဆောင်တဦးက ပြောသည်။

အဆိုပါသင်တန်းကို သက်ဆိုင်ရာမြို့နယ်အလိုက် ကြံ့ဖွံ့အသင်းဝင်များ၊ စည်းရုံးရရှိသည့် လူငယ်များနှင့် ဖွင့်လှစ်ခဲ့ရာ နယ်မြေခံ စစ်တပ်အရာရှိ (၁) ဦး၊ မြို့နယ်ရဲတပ်ဖွဲ့ အရာရှိ (၁) ဦးနှင့် ကြံ့ဖွံ့မှ (၃) ဦးတို့က ပတ်ဝန်းကျင်တွင် သတင်းစုံစမ်းတတ်ရန်နှင့် လူမှုပေါင်းသင်းဆက်ဆံရေးကို သင်ကြားပေးခဲ့ကြောင်း သိရသည်။
(NEJ)
။။။။။

လားရှိုးတွင် စစ်တပ်ကို စည်းရုံးသည့် စာများကပ်

ချင်းမိုင် (မဇ္ဈိမ)။ ။ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ လူထုစားဝတ်နေရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲတွင် စစ်တပ်ပါ ပူးတွဲဖြေရှင်းစေလိုသည့် စည်းရုံးရေး စာများအား မကြာသေးခင်က ဓာတ်တိုင်နှင့် သစ်ပင်များတွင်ကပ်၍ လှုံ့ဆော်ခဲ့ကြောင်း နယ်မြေခံ ရဲစခန်းနှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယခုလ ၂၄ ရက်ညနှင့် ၂၅ ရက်နံနက်တွင် လားရှိုးမြို့ တိုင်းရုံးလမ်း၊ ဗျူဟာလမ်းနှင့် ဘူတာလမ်းတို့တွင် ကပ်သွားကြောင်း ရပ်ကွက် ၂ ရှိ အမှတ် (၁) ရဲစခန်းက မဇ္ဈိမကို ပြောသည်။
“တပ်နဲ့ပြည်သူ ဘဝတူ၊ အတူလက်တွဲ ဒို့အောင်ပွဲ” ၊ “စားဝတ်နေရေး ဖူလုံရေး၊ ချက်ချင်း ဖြေရှင်းပေး” “တွေ့ဆုံဆွေးနွေးအဖြေရှာရေး၊ လက်တွေ့ဦးစားပေး” စသည့် လှုံ့ဆော်စာများဖြစ်ကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။
(NEJ)
။။။။။

ကင်ဂျိ နာဂါအိ အမှတ်တရဆု အကျဉ်းကျ သတင်းထောက် (၂) ဦးရရှိ


ပြည်တွင်းသတင်းရယူမှုဖြင့် စစ်အစိုးရ၏ နှစ်ရှည် ထောင်ဒဏ်ချခံထားရသည့် သတင်းထောက် မလှလှဝင်းနှင့် ကိုဝင်းမော်တို့ (၂) ဦးကို ယမန်နေ့က ကင်ဂျိ နာဂါအိ အမှတ်တရဆု ရွေးချယ်ပေးအပ်လိုက်သည်။

၂၀၀၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုတွင် စစ်အစိုးရ သတ်ဖြတ်ခြင်းခံလိုက်ရသည့် ဂျပန်သတင်းထောက် မစ္စတာ ကင်ဂျိ နာဂါအိ အမှတ်တရအဖြစ် ဂျပန်အခြေစိုက် သတင်းဌာန အေပီအက်ဖ်နှင့် မြန်မာသတင်းသမဂ္ဂတို့ ပူးပေါင်းပြီး ယခုဆုကို ပေးအပ်ခြင်းဖြစ်သည်။

ဆုချီးမြှင့်ခြင်းခံရသူ သတင်းထောက် (၂) ဦးမှာ စစ်အစိုးရ အကျဉ်းထောင်ထဲတွင် နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရဆဲဖြစ်သည်။

အသက် (၂၆) နှစ်အရွယ် သတင်းထောက် မလှလှဝင်းသည် ပခုက္ကူမြို့ သံဃာတော်များအား တွေ့ဆုံမေးမြန်း သတင်းရယူခဲ့ သောကြောင့် ပြီးခဲ့သည့် ၂၀၀၉ ဒီဇင်ဘာလတွင် စစ်အစိုးရ၏ ထောင်ဒဏ် (၂၇) နှစ် ချမှတ်ခြင်းခံရသည်။

ဗီဒီယိုနှင့် ဓာတ်ပုံသတင်းထောက် ကိုဝင်းမော်ကိုလည်း စစ်အစိုးရက ၂၀၀၇ ခုနှစ်တွင် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် (၁၇) နှစ် ချမှတ်ခဲ့သည်။
(NEJ)
။။။။။

28.1.10

အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့များ စတင်ဖွဲ့စည်း

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ရဲတပ်ရင်းများသည် အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့များ ဖွဲ့စည်းပြီး လက်နက်စုဆောင်း မှုများ စတင်လုပ်ဆောင်နေကြောင်း သိရသည်။

၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော စက်တင်ဘာသံဃာ့လှုပ်ရှားမှုတွင် အဓိကရုဏ်းနှိမ်နင်းရေးတပ်များ အသုံးမပြုဘဲ စစ်သားများ အသုံးပြုပစ်ခတ်ခဲ့ပြီး နိုင်ငံတကာမှ ၀ိုင်းဝန်းရှုတ်ချမှုများ ရှိခဲ့ပြီးနောက်ပိုင်း ရွေးကောက်ပွဲ ပြုလုပ်မည်ဟု ပြောဆိုထားသည့် ယခုနှစ်တွင် ရဲတပ်ဖွဲ့ကို အဓိကရုဏ်း နှိမ်နင်းရေးတပ်များ ဖွဲ့စည်းထားရန် ပြည်ထဲရေးဝန်ကြီးဌာနက ယခုလ (၁၄) ရက်နေ့၌ ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ညွှန်ကြားလွှာတွင် အဆိုပါအဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့တခုတွင် ရဲမှူး (၁) ဦး၊ ဒုရဲမှူး (၁) ဦး၊ ရဲအုပ် သို့မဟုတ် ဒုရဲအုပ် (၂) ဦး၊ ရဲတပ်ကြပ်ကြီး၊ ရဲတပ်ကြပ်၊ ဒုရဲတပ်ကြပ် (၆) ဦးစီနှင့် ရဲတပ်သား (၇၈) ဦးပါဝင် ဖွဲ့စည်းရမည်ဟု ဖော်ပြထားသည်။

လက်နက်များအနေဖြင့် တပ်ဖွဲတဖွဲ့လျှင် မီးခိုးဗုံး (၂) လုံးစီနှင့် ပစ္စတို (၄) လက်၊ ရိုင်ဖယ် (၁၂) လက်၊ အမ် (၇၉) လောင်ချာ (၄) လက်၊ ရှဲဂန်း (၂) လက်စီ စီစဉ်ပေးထားပြီး ရဲတပ်သားများအနေဖြင့် တုတ်၊ ဒိုင်းနှင့် လေးခွများကို အဓိကအသုံးပြုရန် ညွှန်ကြားထားသည်။
(NEJ)
။။။။။

ဝန်ကြီးပြောဆိုချက် တရားရုံး လုပ်ပိုင်ခွင့်ကို ထိပါးဟု ဒေါ်စု ပြော


ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာတွင် ပြန်လွှတ်ပေးမည်ဟု ပြောခြင်းသည် တရားရုံး၏ လုပ်ပိုင်ခွင့်ကို ထိပါးရာရောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၌ ဗိုလ်ချုပ်မောင်ဦးက ယင်းသို့ ပြောဆိုခဲ့ခြင်းမှာ မပြောဆိုသင့်သော စကားဖြစ်သည်ဟု ယနေ့ သူမ၏ ရှေ့နေများနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
။။။။။

မီးပျက်မှု ကေအန်ပီပီကို အပြစ်တင်

နအဖစစ်အစိုးရသည် ပိတောက်မြေ အသံလွှင့်ဌာနမှတဆင့် လက်ရှိ ရန်ကုန်မြို့တွင် လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်နေမှုနှင့် ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) အဖွဲ့ကို ပြစ်တင် ရှုတ်ချမှုများ လုပ်နေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်မြို့ခံတဦးက “ပိတောက်မြေ အသံလွှင့်ဌာနကနေ လက်ရှိ ရန်ကုန်မြို့မှာ လျှပ်စစ်မီး ပျက်နေတာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ (၂၃) ရက်နေ့က ကယားပြည်နယ် ဒီမောဆိုမြို့နယ် လိုတာခု ကျေးရွာနားက လျှပ်စစ်ဓာတ်အား ပို့လွှတ်တဲ့ (၂၃ဝ) ကေဗွီအေ ဓာတ်အားလိုင်းက တာဝါတိုင်အမှတ် (၁၃၄) ကို ကေအန်ပီပီက မိုင်းထောင် ဖောက်ခွဲလိုက်လို့ ဖြစ်တယ်။ ကေအန်ပီပီဟာ အလားတူ ဇန်နဝါရီလ (၉) ရက်နေ့ကလည်း တာဝါတိုင်အမှတ် (၁၉၉) ကို မိုင်းထောင် ဖျက်ဆီးခဲ့သေးတယ်။ ခုလို လုပ်တာဟာ ကေအန်ပီပီအနေနဲ့ ပြည်သူတွေ လျှပ်စစ်မီး အပြည့်အဝရပြီး ပျော်ရွှင်ချမ်းမြေ့နေတာကို မနာလို မရှုစိမ့်လို့ လုပ်တာဖြစ်တယ် ဆိုပြီး အသံလွှင့်သွားတယ်။ အဲဒါကိုပဲ တနာရီ တကြိမ်လောက် လွှင့်နေတယ်။ မသိရင် မီးပျက်တာ စစ်အစိုးရကြောင့် မဟုတ်ဘူး၊ ကေအန်ပီပီကြောင့် ဆိုပြီး တလွဲအပြစ်ပုံချနေတယ်” ဟု ပြောသည်။
(NEJ)
။။။။။

ဒုက္ခသည် ပြန်ပို့လျှင် လုံခြုံရေး တာဝန်မယူဟု DKBA ပြော


ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းရှိ ယာယီ ဒုက္ခသည်စခန်း နှစ်ခုမှ ကရင် ဒုက္ခသည်များကို ပြန်ပို့လျှင် လုံခြုံရေး တာဝန်မယူနိုင်ကြောင်း တိုးတက်သော ဗုဒ္ဓဘာသာကရင် တပ်မတော် - DKBA က ပြောသည်။

နို့ဘိုးနှင့် အူးသူးထ စခန်းနှစ်ခုရှိ ဒုက္ခသည် ၂ဝဝဝ ကျော်အား ပြန်လက်ခံနိုင်သော်လည်း ပြန်လည် နေရာချထားမည့် နယ်မြေအတွင်း၌ ထောင်ထားသော မြေမြှုပ်မိုင်း အန္တရာယ်မှ အကာအကွယ် မပေးနိုင်ခြင်း ဖြစ်ကြောင်း DKBA မှ တပ်မှူးတဦးက ပြောဆိုခြင်း ဖြစ်သည်။
။။။။။

ဖောက်ခွဲရေးသမား (၁၁) ဦးကို ဖမ်းဆီးကြောင်း စစ်အစိုးရ ကြေညာ

ပြည်တွင်း ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ဆောင်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်အစိုးရက ဖောက်ခွဲရေးပစ္စည်းများဖြင့် လူ (၁၁) ယောက်ကို ဖမ်းဆီးရမိကြောင်း ယနေ့ နိုင်ငံပိုင် သတင်းစာများတွင် ကြေညာချက်ထုတ်ပြန်သည်။

စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမည်ဆိုသည့် ယခုနှစ်စတွင် နိုင်ငံအနှံ့ ဖောက်ခွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် ယမန်နေ့က ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် (၁) ဦး လုပ်ကြံခံရအပြီး ယခု ထပ်မံ၍ နိုင်ငံအတွင်း ဖောက်ခွဲဖျက်ဆီးရန် လုပ်ဆောင်နေသူများ ဆိုသူ (၁၁) ဦးကို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ယခု ဖမ်းဆီးရမိသူများသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် စက်တင်ဘာလအတွင်း ရန်ကုန်တိုင်း စက်မှုဇုန်အတွင်း ကမ္ဘာ့ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်) ၏ ကုန်သိုလှောင်ရုံ အပါအ၀င် နေရာ (၇) ခုကို ဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု စစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဌာနက ပြောကြားသည်။

ယခု ဇန်န၀ါရီလ (၂၂) ရက်မှ (၂၄) ရက်အတွင်း ခေါင်းဆောင်ဖြစ်သူဟု စွပ်စွဲခံရသူ ကိုကျော်ဇေလင်း အပါအ၀င် (၁၁) ဦးနှင့် လက်လုပ်မိုင်း (၃) လုံး၊ ပြုလုပ်ဆဲ လက်လုပ်မိုင်း (၅) လုံး၊ ဒီတိုနေတာ (၄၃) ခု၊ စပိန်နိုင်ငံလုပ် Astra MOD 3000 အမျိုးအစား ဒဿမ (၃၂) ပစ္စတိုတလက်၊ ကျည်ကတ်တခု၊ ကျည် (၃၃) တောင့်၊ ဂြိုဟ်တုဖုန်း (၁) လုံး၊ ၀ိုင်ယာကြိုးခွေ (၂) ခွေ၊ ဖြတ်စ (၆) စည်း၊ ယမ်းကြိုး (၃) ခွေနှင့် အဝေးထိန်းစနစ်သုံး ပစ္စည်းများကို သိမ်းဆည်းရမိသည်ဟုလည်း ပြည်ထဲရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ထို့အပြင် ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး ဆက်လက်လုပ်ကိုင်ရန် ကြံစည်နေသူဟု စွပ်စွဲခံရသူ ကိုကျော်ဇေလင်း (ခေါ်) ကိုဆိုင်းမှာ ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (ဘီအယ်လ်စီ) ထောက်ပံ့မှုဖြင့် ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ခဲ့ကြောင်း ဖော်ပြပါရှိသည်။

ယင်းသို့ ဖော်ပြမှုနှင့်ပတ်သက်ပြီး စစ်အစိုးရ စွပ်စွဲပြောဆိုနေသော သူမှာ ၎င်းတို့နှင့် မည်သို့မျှ ပတ်သက်မှုမရှိကြောင်း မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ငြင်းဆိုသည်။
(NEJ)
။။။။။

ရွေးကောက်ပွဲမတိုင်မီ ဒေါ်စုကို လွှတ်ရန် အတိုက်အခံများ ပြော


နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးရန် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီ လွှတ်ပေးသင့်ကြောင်း ပြည်တွင်းရှိ အတိုက်အခံ နိုင်ငံရေးသမားများက ပြောဆိုလိုက်သည်။

ထိုအထဲတွင် ဝါရင့်အတိုက်အခံ နှစ်ဦးနှင့် နိုင်ငံရေးပါတီတရပ်မှ ခေါင်းဆောင်တဦး ပါဝင်သည်။
။။။။။

ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့နှင့် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ တွေ့မည်


ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) မှ ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ မနက်ြဖန်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ တွေ့ဆုံရန်ရှိသည်။

အပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအတွက် အဓိကတာဝန်ယူထားသူ ဒု- ဗိုလ်ချုပ်ကြီး ရဲမြင့်အား ဥက္ကဋ္ဌ ဦးဇောင်းဟရားအပါအဝင် ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ် ဂေါ်ရီဇော်ဆိုင်း ဦးဆောင်သည့် ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့က မနက်ဖြန်တွင် မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တွင် တွေ့ဆုံရန်ရှိသည်ဟု ကေအိုင်အို ခေါင်းဆောင်များနှင့်နီးစပ်သူ မြစ်ကြီးနားဒေသခံတဦးက ပြောသည်။
(NEJ)
။။။။။

ဒီဗီဘီ သတင်းထောက် ထောင်ဒဏ် ၁၃ နှစ် ကျခံရ


ချင်းမိုင် (မဇ္ဈိမ)။ ။ အတိုက်အခံ သတင်းဌာနတခုဖြစ်သည့် နော်ဝေနိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ - ဒီဗီဘီ သတင်းထောက် ကိုငွေစိုးလင်းကို အင်းစိန်ထောင် အနောက်ပိုင်းခရိုင် တရားရုံးက ယမန်နေ့တွင် ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်ကြောင်း ၎င်းနှင့် နီးစပ်သူများ အဆိုအရ သိရသည်။

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်နေ ၂၈ နှစ်အရွယ် ကိုငွေစိုးလင်းကို အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃၃ (က) ဖြင့် ၁ဝ နှစ်နှင့် လဝက အရေးပေါ် ပြဋ္ဌာန်းချက် ဥပဒေ ပုဒ်မ ၁၃ (၁) ဖြင့် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်ကြောင်း ၎င်းတို့က ပြောဆိုခြင်း ဖြစ်သည်။
။။။။။

29.1.10

ပြည်ထဲရေးဝန်ကြီးပြောကြားချက် ဒေါ်အောင်ဆန်းစုကြည်တုံ့ပြန်


ဒေါ်အောင်ဆန်းစုကြည်အား လာမည့်နိုဝင်ဘာလတွင် ပြန်လွှတ်ပေးမည်ဟု နအဖပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၏ ပြောကြားချက်ကို ဒေါ်အောင်ဆန်းစုကြည်က မတရားသည့် ပြောဆိုချက်ဖြစ်ကြောင်း ပြန်လည်တုံ့ပြန်လိုက်သည်။

ယမန်နေ့က ရှေ့နေကြီး ဦးဉာဏ်ဝင်းနှင့် နေအိမ်တွင်တွေ့ဆုံခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးဉာဏ်ဝင်းက “နိုဝင်ဘာမှာ ဒေါ်စုကိုလွှတ်ပေးမယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောကြားတာနဲ့ပတ်သက်ပြီး ဒေါ်စုက ဒါမတရားတဲ့ ပြောကြားချက်ပဲတဲ့။ ဘာလို့လည်းဆိုတော့ သူ့ကိုအပြစ်ချထားတဲ့ ပြစ်မှုနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်တရားရုံးချုပ်က အမိန့်မချရသေးဘူး၊ မပြီးပြတ်သေးဘူး၊ မပြီးပြတ်ခင်အတွင်းမှာ ဒီလိုပြောတာဟာ တရားရုံးရဲ့ လုပ်ငန်းကို လွှမ်းမိုးပြောဆိုရာ ရောက်တယ်လို့ အဲလိုပြောပါတယ်” ဟု ပြောသည်။
(NEJ)
။။။။။

နိုင်ငံရေး အကျဉ်းသား ပိုများလာနိုင်ကြောင်း AAPP သုံးသပ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင် လှုပ်ရှားမှုများ ပိုမို များပြားလာနိုင်သဖြင့် ယခုနှစ်တွင် နိုင်ငံရေး အကျဉ်းသား အရေအတွက် ပိုများလာနိုင်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP-B က ပြောသည်။

၂၀၀၉ ခုနှစ်တွင် ရွေးကောက်ပွဲ ဆန့်ကျင်သူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး၊ ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်အစိုးရ ကြေညာထားသော ယခုနှစ်တွင်မူ ပြီးခဲ့သည့်နှစ်ထက် ပိုမိုသည့် ဆန့်ကျင်ကန့်ကွက်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ထိုင်းနိုင်ငံအခြေစိုက် AAPP-B က ထိုကဲ့သို့ သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။
။။။။။

ထိုင်း-မြန်မာနယ်စပ်ရောက် မြန်မာရဲအရာရှိတဦး
ရဲတပ်သားများဘ၀ ရင်ဖွင့်ပြောကြား


မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွင်း ကြီးနိုင်ငယ်ညှဉ်း မတရားဖိနှိပ်မှုဒဏ်များကို မခံနိုင်တော့သဖြင့် ကရင်ပြည်နယ်မှ ရဲအရာရှိတဦး ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးရောက်ရှိလာသည်။

ယခုရက်ပိုင်းအတွင်း ရောက်ရှိလာသည့် အဆိုပါ ဒု-ရဲအုပ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် စစ်အာဏာပိုင်များ၏ စေခိုင်းချက်အတိုင်း လှုပ်ရှားနေရပြီး ရဲတပ်ဖွဲ့အတွင်း၌လည်း အထက်မှ အောက်ခြေတပ်ဖွဲ့ဝင်များကို နေ့စဉ်ဖိအားပေးမှုများရှိနေသည့်အတွက် တပ်ဖွဲ့ဝင်များ စိတ်ဓာတ်ကျဆင်းနေသည်ဟု ပြောသည်။
(NEJ)
။။။။။

ပြည်သူထိခိုက်ရန် မိုင်းခွဲခြင်းမဟုတ် ဟု KNPP တုံ့ပြန်ချေပ

နယူးဒေလီ (မဇ္ဈိမ)။ ။ လျှပ်စစ်တာဝါတိုင် မိုင်းခွဲ ဖျက်ဆီးမှုတွင် တာဝန်ရှိသော်လည်း စစ်အစိုးရကို တိုက်ခိုက်ခြင်းသာဖြစ်ပြီး၊ ပြည်သူလူထု လျှပ်စစ်မီး မရရှိစေရန် မရည်ရွယ်ပါကြောင်း ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP က ပြောဆိုသည်။

ရန်ကုန်၌ လျှပ်စစ်မီးများ ဆိုးရွားစွာ ပြတ်တောက်နေခြင်းသည် ယခုလ ၂၃ ရက်နေ့တွင် ကယားပြည်နယ်ရှိ လျှပ်စစ်တာဝါတိုင် တခုကို KNPP က မိုင်းထောင် ဖျက်ဆီးခဲ့ခြင်းကြောင့်ဟု စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှ ထုတ်လွှင့်နေသည့် ပိတောက်မြေ FM က ယခုတပတ်အတွင်း စွပ်စွဲ ပြောကြားနေသည်များအပေါ် KNPP က တုံ့ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ကယားပြည်နယ် ဒီမောဆိုမြို့နယ် လိုတာခု ကျေးရွာအနီးရှိ လောပိတမှ တောင်ငူသို့ ဓာတ်အားပို့လွှတ်သည့် ၂၃၀ ကေဗွီအေ ဓာတ်အားလိုင်းမှ လျှပ်စစ်တာဝါတိုင် အမှတ် ၁၃၄ ပျက်စီးကာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ကြောင်းနှင့် ထိုအဖွဲ့က ယခုလ ၉ ရက်နေ့တွင် တာဝါတိုင်အမှတ် ၁၉၉ ကိုပါ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။

သို့သော် KNPP က တာဝါတိုင်အမှတ် ၁၃၄ ကိုသာ ၎င်းတို့လက်ချက်ဟု ဝန်ခံခဲ့ပြီး၊ တိုင်အမှတ် ၁၉၉ ကိုမူ ၎င်းတို့ လက်ချက် မဟုတ်ကြောင်း ငြင်းဆိုသည်။
။။။။။

ရွေးကောက်ပွဲ ဆန့်ကျင်သူ ရဟန်းပျို ချုပ်နှောင်သည့်နေရာ သိခွင့်မရသေး

၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိမှုဖြင့် နအဖအာဏာပိုင်တို့က ဖမ်းဆီးသွားသည့် မွန်ရဟန်းပျိုကို ရန်ကုန်မြို့သို့ ပို့ဆောင်လိုက်ပြီးနောက် ရက်သတ္တ (၃) ပတ်ကျော် ကြာမြင့်သော်လည်း မည်သည့်နေရာ၌ ချုပ်နှောင်ထားသည်ကို မသိရသေးကြောင်း ၎င်း၏ဆွေမျိုးများက ပြောသည်။အသက် (၂၈) နှစ်အရွယ် အရှင်ဥက္ကံသ ခေါ် ဦးဇင်း ဇော်လတ်သည် သံဖြူဇရပ်မြို့၌ ယခုလ (၇) ရက်တွင် ဒေသခံရဲတပ်ဖွဲ့၏ ဖမ်းဆီးလူဝတ်လဲခြင်းခံရပြီး ရိုက်နှက်စစ်ဆေးထားသည့်ဒဏ်ရာဖြင့် မော်လမြိုင်ဆေးရုံသို့ ရောက်ရှိလာကာ ရန်ကုန်သို့ ပို့ဆောင်ခဲ့ပြီးနောက် အစပျောက်သွားခြင်းဖြစ်ကြောင်း ဆွေမျိုးအသိုင်းအဝိုင်းထံမှ သိရသည်။မွန်ပြည်နယ် ချောင်းဆုံ (ဘီလူးကျွန်း) မြို့နယ် မုဒွန်းကျေးရွာဇာတိ အရှင်ဥက္ကံသအား ဖမ်းဆီးသွားပြီးနောက် ၎င်း၏ တကာတဦးဖြစ်သူ မုဒွန်းရွာသား လူငယ်တဦးကိုလည်း အာဏာပိုင်တို့က ဇန်နဝါရီ (၁၂) ရက်နေ့တွင် ထပ်မံဖမ်းဆီးခဲ့သည်။
(NEJ)
။။။။။

တန်းတူရေး လက်ခံလျှင် တော်လှန်ရေး စွန့်မည်ဟု KIO ထပ်ပြော

ချင်းမိုင် (မဇ္ဈိမ)။ ။ တိုင်းရင်းသားလူမျိုးများ တန်းတူရေးကို စစ်အစိုးရဘက်က လက်ခံလျှင် လက်နက်ကိုင် တော်လှန်ရေးကို စွန့်လွှတ်မည်ဟု ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ KIO က နအဖ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ယနေ့ တွေ့ဆုံရာတွင် ထပ်မံပြောဆိုလိုက်ပြန်သည်။

နအဖ အနေဖြင့် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ပါ တန်းတူအခွင့်အရေးကို လက်ခံပါက KIO သည် စစ်အစိုးရ အဆိုပြုထားသည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် မလိုအပ်ဘဲ တော်လှန်ရေးကိုပင် စွန့်လွှတ်မည်ဟု ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် - မပခ ရုံးတွင် တွေ့ဆုံကြရာ၌ KIO က ယခုလို ထပ်မံပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဤပြောဆိုချက်မှာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်းနှင့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များသည် တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်ရေးကို အခြေခံပြီး တိုင်းရင်းသားလူမျိုးများ တန်းတူညီမျှ အခွင့်အရေး အာမခံသည့် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့်အပေါ် ရည်ညွှန်း၍ ပြောဆိုခြင်းလည်း ဖြစ်သည်။
။။။။။

No comments: