Sunday, January 17, 2010

Note 2-2010

အန်အယ်လ်ဒီ လုပ်ငန်းတာဝန်များလုပ်ဆောင်ရန် အားသစ်လောင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်သစ် (၉) ဦးကို ထပ်မံတိုးချဲ့ရန် ယနေ့အစည်းအဝေးတွင် သဘောတူဆုံးဖြတ်ပြီးဖြစ်သော်လည်း အမည်စာရင်းအတိအကျကို လာမည့်တနင်္လာနေ့တွင်မှ ထုတ်ပြန်သွားမည်ဟု အန်အယ်လ်ဒီ ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ဆွေက ပြောသည်။ ရန်ကုန်မြို့၊ အန်အယ်လ်ဒီအဖွဲ့ချုပ်ရုံး၌ ယနေ့ ကျင်းပသည့်အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၇) ဦးနှင့် ဗဟိုအလုပ်အမှုဆောင် အရန်အထောက်အကူအဖွဲ့ (၁၄) ဦးတို့ တက်ရောက်ကြောင်းလည်း ၎င်းက ပြောသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ယခုကဲ့သို့ ရွေးချယ်ရာတွင် အောက်ခြေ အန်အယ်လ်ဒီအဖွဲ့ဝင်များ တောင်းဆိုသကဲ့သို့ ညီလာခံတရပ် ခေါ်ယူကျင်းပပေးရန် လက်တွေ့အခြေအနေတွင် မဖြစ်နိုင်သည့်အတွက် ယခုကဲ့သို့လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်သည့် ဦးဝင်းတင်က ပြောသည်။
(NEJ)
။။။။။

ဓါးစာခံ ရှာပြီး သေဒဏ်ပေးခြင်းဟု လုပ်ဖော် ကိုင်ဖက်ဟောင်းက ပြော

ချင်းမိုင်(မဇ္ဈိမ)။ ။ ၂၀၀၁ ခုနှစ်ကအငြင်းပွါးဖွယ် ရဟတ်ယာဉ် ပျက်ကျ သေဆုံးသွားခဲ့သော နအဖ အတွင်းရေးမှူး ၂ ဗိုလ်ချုပ်ကြီးတင်ဦးနှင့် ပတ်သက်သည့် အတိတ်က လျှို့ဝှက်ချက်များကို အစ ဖျောက်လိုသဖြင့် အရာရှိ နှစ်ဦးကိုလွန်ခဲ့သော သောကြာနေ့က သေဒဏ်ပေးခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ထမ်းဟောင်းတဦးက မြန်မာ စစ်အစိုးရကို စွပ်စွဲ ပြောကြားလိုက်ပါသည်။

ထိုသူနှစ်ဦးကို စစ်အစိုးရ ဝန်ကြီး နှစ်ဦး၏ နိုင်ငံခြား ခရီးစဉ်များနှင့် မြန်မာနိုင်ငံတွင် တည်ဆောက် နေသော မြေအောက် ဥမင်ကွန်ရက်များ အကြောင်း အသေးစိတ် အချက်အလက်များ ပေါက်ကြားစေခဲ့မှုဖြင့် စွပ်စွဲ အပြစ်ပေးခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော သောကြာနေ့က သေဒဏ်ပေးခံခဲ့ရသူ နှစ်ဦးက မြန်မာ စစ်အစိုးရ စွပ်စွဲသည့်အတိုင်း လျှို့ဝှက်ချက်များ ပေါက်ကြားစေခဲ့သည် ဆိုသည်ကို သူ မယုံကြည်ကြောင်းဖြင့် ကမ္ဘောဒီးယား နိုင်ငံ မြန်မာသံရုံးမှ သံအမှုထမ်းဟောင်း တဦးဖြစ်သူ ဦးစိန်လွင်က မဇ္ဈိမနှင့် ပြုလုပ်ခဲ့သော တွေ့ဆုံ မေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။
။။။။။

ဒုက္ခသည်များ ဂျပန်ရောက်လျှင် ၆ လသင်တန်း တက်ရမည်


ချင်းမိုင် (မဇ္ဈိမ) ။ ။ ဂျပန်နိုင်ငံက ပထမဆုံး လက်ခံမည့် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည် ဦးရေ ၃၀ သည် ဂျပန်နိုင်ငံ ရောက်လျှင် နိုင်ငံတကာ ရွှေ့ပြောင်း အခြေချ နေထိုင်သူများရုံး IOM ၏ ၆ လကြာ သင်တန်းကို တက်ရမည်ဟု သိရသည်။

အာရှတိုက် နိုင်ငံတခု၏ ဒုက္ခသည်လက်ခံမှု ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံက ထိုင်း-မြန်မာနယ်စပ်မှ ဒုက္ခသည်များကို ၃ နှစ် စီမံကိန်းဖြင့် တနှစ်လျှင် ၃၀ ဦး နှုန်းဖြင့် ခေါ်ယူသွားရန် သတ်မှတ်ထားရာတွင် ပထမ အသုတ်အနေဖြင့် မယ်လစခန်းမှ ခေါ်ယူရန် စီစဉ်နေစဉ် ဂျပန်ရှိ မြန်မာ လုပ်သားများအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းတခုက ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။
မဇ္ဈိမသတင်းမှကောက်နှုတ်ချက်
။။။။။

နှစ်နိုင်ငံ ရေပိုင်နက် ဆွေးနွေးပွဲကို ဧပြီလတွင် ထပ်မံကျင်းပမည်


ဒါကာ (မဇ္ဈိမ)။ ။ နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားနေမှု အဆုံးသတ်ရန် ကြိုးပမ်းနေသော မြန်မာနှင့် ဘင်္ဂလားဒေ့ခ်ျ နှစ်နိုင်ငံတို့သည် ဧပြီလတွင် နောက်ထပ် တွေ့ဆုံ ဆွေးနွေးရန် ယခုလ ၉ ရက်နေ့တွင် သဘောတူလိုက်ကြသည်။

ဘင်္ဂလားဒေ့ခ်ျနှင့် မြန်မာ ကိုယ်စားလှယ်များသည် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ စစ်တကောင်းမြို့ အာဂရာဘ အရပ်ရှိ အာဂရာဘ ဟိုတယ်တွင် ၂ ရက်ကြာ အစည်းအဝေးတခုကို ပြုလုပ်ပြီးနောက် ယခုလို ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။

ဆွေးနွေးပွဲသို့ မြန်မာဘက်မှ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သည့် ၁၃ ဦးပါအဖွဲ့နှင့် ဘင်္ဂလားဒေ့ခ်ျဘက်မှ ပင်လယ်ရေပြင် ပိုင်နက်ဥပဒေ ကုလသမဂ္ဂ ကွန်ဗင်းရှင်း၏ တွဲဖက် နိုင်ငံခြားရေး ဝန်ကြီး အငြိမ်းစား ရေတပ်ဗိုလ်ချုပ် Md Khurshed Alam ဦးဆောင်သည့် ၁၅ ဦးပါ အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။
။။။။။။။။။။။။။။

12.1.10

အွန်လိုင်းလုံခြုံမှု သက်သေခံလက်မှတ် စနစ်သုံးရန် စစ်အစိုးရစီစဉ်


နအဖစစ်အစိုးရ၏ ရုရှနှင့် မြောက်ကိုရီးယားခရီးစဉ် လျှို့ဝှက်မှတ်တမ်းများ၊ လျှို့ဝှက်စီမံကိန်းများ ပေါက်ကြားခဲ့ပြီးနောက် စစ်အစိုးရက သတင်းအချက်အလက် လုံခြုံရေးအတွက် အွန်လိုင်းလုံခြုံမှု သက်သေခံလက်မှတ်စနစ် အသုံးပြုရန် အပူတပြင်း စီစဉ်နေသည်။

ယခုလ (၉) ရက်နေ့တွင် လှိုင်မြို့နယ် မြန်မာအင်ဖိုတက်တွင် စစ်အစိုးရ ဆက်သွယ်ရေး ဒု-၀န်ကြီးကို ကွန်ပျူတာ ပညာရှင်များက အွန်လိုင်းလုံခြုံမှု သက်သေခံလက်မှတ်စနစ် အကောင်အထည်ဖော်ရေး၊ နည်းဥပဒေပိုင်းဆိုင်ရာ လိုအပ်ချက်များကို အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ယင်း အွန်လိုင်းလုံခြုံမှုစနစ်ကို အစ္စရေးမှ လာရောက်ပြသ မိတ်ဆက်ခဲ့ဖူးသော်လည်း မြန်မာစစ်အစိုးရက စိတ်ဝင်စားမှု မရှိခဲ့ကြောင်း၊ ယခုအချိန်မှ အွန်လိုင်း လုံခြုံရေးစနစ်ကို အပူတပြင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကွန်ပျူတာပညာရှင် အသိုင်းအ၀ိုင်းက ပြောကြားသည်။
(NEJ)
။။။။။

အယူခံအရေး ဒေါ်စု ရှေ့နေများနှင့် တွေ့

ချင်းမိုင် (မဇ္ဈိမ)။ ။ နေအိမ်အချုပ် ပြစ်ဒဏ် အပေါ် ပြင်ဆင်ရေး အယူခံအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေများ ယနေ့ နှစ်နာရီကြာ တွေ့ဆုံ ဆွေးနွေးကြသည်။

လာမည့် ၁၈ ရက်နေ့၌ ဗဟိုတရားရုံးတွင် အယူခံ အပြီးသတ် လျှောက်လဲချက် ပေးရေး အတွက် ရှေ့နေ ဦးဥာဏ်ဝင်း၊ ဦးကြည်ဝင်းတို့ နှစ်ဦးဖြင့် မွန်းလွဲပိုင်းမှစ၍ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ဆွေးနွေးကြခြင်း ဖြစ်သည်။

သို့သော် ယခင်က ပါဝင် ဆွေးနွေးခွင့်ရခဲ့သော ရှေ့နေ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့ကိုမူ ရဲသတင်းတပ်ဖွဲ့က ကန့်သတ် တားမြစ်လိုက်သည်။
။။။။။

သေဒဏ်ကျ နိုင်ငံ့ဝန်ထမ်း (၂) ဦးကို လွှတ်ပေးရန် သံဃာ့တပ်ပေါင်းစု တောင်းဆို


နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် ပြီးခဲ့သည့် ဇန်န၀ါရီ (၇) ရက်တွင် မြန်မာစစ်အစိုးရ၏ သေဒဏ်ချမှတ်ခြင်း ခံခဲ့ရသည့် အဆင့်မြင့် နိုင်ငံ့ဝန်ထမ်း(၂) ဦးကို နှစ်သစ်အခါသမယ၌ အမြန်ဆုံးပြန်လွှတ်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးက ယနေ့ တောင်းဆိုလိုက်သည်။သေဒဏ်အပြစ်ပေးခံရသူများမှာ အငြိမ်းစားဗိုလ်မှူး ဝင်းနိုင်ကျော်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းစာရေး ဦးသူရကျော်တို့ ဖြစ်ကြပြီး စစ်အစိုးရ၏ ထိပ်တန်းလျှို့ဝှက် စီမံကိန်းများဖြစ်သည့် နျူကလီးယား ဓာတ်ပေါင်းဖို ဆောက်လုပ်ရေး စီမံကိန်း၊ မြေအောက် လှိုဏ်ခေါင်းများ စီမံကိန်း၊ နိုင်ငံခြားတိုင်းပြည်များမှ စစ်လက်နက်ပစ္စည်း တင်သွင်းမှုဆိုင်ရာ မှတ်တမ်းများ ပြည်ပမီဒီယာများသို့ ပေါက်ကြားခဲ့ပြီးနောက် အစွပ်စွဲခံရပြီး သေဒဏ်အပြစ်ပေးခံရခြင်း ဖြစ်သည်။

သေဒဏ်ကျ ဗိုလ်မှူး ဝင်းနိုင်ကျော်သည် ၂၀၀၁ ခုနှစ်က ရဟတ်ယာဉ် ပျက်ကျ၍ ကွယ်လွန်သွားသူ နဝတ အတွင်းရေးမှူး (၂) ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦး၏ ကိုယ်ရေးအရာရှိတဦးဖြစ်၍ ထိုစဉ်က ထိပ်ပိုင်းခေါင်းဆောင်အချင်းချင်း လုပ်ကြံခဲ့မှုကို နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဖျောက်ဖျက်နိုင်ရန် ယခုကဲ့သို့ သေဒဏ်ပေးလိုက်ခြင်းဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး သုံးသပ်သူတို့က ပြောဆိုနေကြသည်။
(NEJ)
။။။။။

ကိုညီညီအောင် အမှု ကြားနာခြင်း အဆုံးသတ်


နယူးဒေလီ (မဇ္ဈိမ)။ ။တရားလိုပြ သက်သေတဦးကို စစ်ဆေးပြီးနောက် ရန်ကုန် တောင်ပိုင်းခရိုင် တရားရုံးသည် မြန်မာနိုင်ငံဖွား အမေရိကန် လူမျိုး ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်၏အမှု သက်သေများ ကြားနာ စစ်ဆေးခြင်းကို အင်္ဂါနေ့က အဆုံးသတ် လိုက်ပါသည်။

`နှစ်ဘက် ရှေ့နေတွေက ဇန်နဝါရီလ ၂၂ ရက်နေ့မှာ နောက်ဆုံး လျှောက်လဲချက် ပေးရပါမယ်။ ဒါပြီးရင် ရုံးက စီရင်ချက်ချပါမယ်´ ဟု ရှေ့နေတဦးဖြစ်သူ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

နိုင်ငံသား ခံယူထားသူ အမေရိကန် လူမျိုးသည် စာရွက်စာတန်း အတုပြုလုပ်မှု၊ နိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်မှုတို့ဖြင့် အမှု ရင်ဆိုင်နေရသည်။
။။။။။

အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး တည်ဆောက်ပြီးကြောင်း စစ်အစိုးရပြော

မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန၀န်ကြီး ဦးသောင်းက ပြောကြားလိုက်သည်။

အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆွေးနွေးပွဲများ မစတင်နိုင်သေးဘဲ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နယ်ခြားစောင့်အရေး ဆွေးနွေးမှုများ အပြီးမသတ်သေးသည့်အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက်ဆင်နွှဲနေသည့် စစ်အစိုးရက ယမန်နေ့က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
ယင်းပြောဆိုချက်နှင့်ပတ်သက်၍ တိုင်းရင်းသားခေါင်းဆောင်များကမူ နအဖစစ်အစိုးရသည် နိုင်ငံတွင်း အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိုင်သေးကြောင်း ထောက်ပြပြောဆိုသည်။

အပစ်ရပ် တိုင်းရင်းသားအဖွဲ့များက နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး လက်မခံခြင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲများ မစတင်နိုင်ခြင်း၊ နယ်စပ်ဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေခြင်း၊ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို မပြင်ဆင်နိုင်ခြင်း၊ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်များကို ဖမ်းဆီးချုပ်နှောင်ထားခြင်းတို့မှာ ထင်ရှားသည့်အချက်များ ဖြစ်သည်ဟု ၎င်းတို့က ပြောသည်။
(NEJ)
။။။။။။

၃ မျိုးသုံး ဖိုင်ဘာဆက်ကြောင်း ရန်ကုန်တွင် စတင်တော့မည်


ရန်ကုန် (မဇ္ဈိမ)။ ။ ဖိုင်ဘာဆက်ကြောင်း တခုတည်းဖြင့် အင်တာနက်၊ ကေဘယ်တီဗီနှင့် တယ်လီဖုန်း ၃ မျိုးစလုံးအတွက် ရန်ကုန်တွင် မကြာခင် စတင် သုံးစွဲနိုင်တော့မည် ဖြစ်သည်။

ဝန်ဆောင်မှုကို ပုဂ္ဂလိက လုပ်ငန်းရှင်များ လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ပြီး၊ ကနဦး တပ်ဆင်ကြေး မသိရသေးသော်လည်း လစဉ်ကြေးအဖြစ် FEC ၅၀ ခန့်ကို သုံးစွဲလိုသူများက ပေးဆောင်ရမည်ဟု သိရသည်။

ဖိုင်ဘာဆက်ကြောင်းများကို ရန်ကုန်မြို့လည်ရှိ ကျောက်တံတား၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ပန်းဘဲတန်းနှင့် လသာမြို့နယ်တို့တွင် အသုံးပြုနိုင်ရန် တပ်ဆင်ပြီး ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း သတင်းရပ်ကွက်များက ဆိုသည်။

ယခု ဆက်သွယ်ရေး စနစ်တွင် ဒေသတွင်း အသုံးပြုရန်အတွက် မြန်နှုန်းမြင့် ကွန်နက်ရှင်ကို တစက္ကန့်လျှင် ၂.၅ ဂီဂါဘိုက် (GBPS) အဖြစ် ထားရှိပြီး၊ ထိုအမြန်နှုန်းမှာ ရုပ်သံလိုင်းများကို ကောင်းမွန်စွာ ကြည့်ရှုနိုင်မည်။
။။။။။။။။။။။။။။။။

13.1.10

တပ်မ ၆၆ တပ်နှင့် ထောက်လှမ်းရေးတပ် တင်းမာမှုဖြစ်ပွား

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင် အင်းမကျေးရွာ အခြေစိုက်သည့် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတရင်းနှင့် ထောက်လှမ်းရေးတပ်တို့အကြား ပြီးခဲ့သည့်ရက်သတ္တပတ်မှစ၍ တင်းမာမှု ဖြစ်ပွားနေသည်။

သဲကုန်းမြို့နယ် အင်းမကျေးရွာရှိ ခမရ ၈၀ နှင့် ခမရ ၅ သို့ ရန်ကုန်မှရောက်လာသည့် ထောက်လှမ်းရေး တပ်ဖွဲ့အကြား တင်းမာမှုများ ရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသလို ဒေသခံများကလည်း ပြောကြားကြသည်။ဘီဘီစီ မြန်မာပိုင်း ယမန်နေ့ ညပိုင်း အစီအစဉ်ကမူ တပ်မ ၆၆ လက်အောက်ခံ အာဏာဖီဆန်သည့် ခမရ ၈၀ တပ်က ပြီးခဲ့သည့် တနင်္ဂနွေညက ပစ်ခတ်မှုများရှိခဲ့ရာ ဒဏ်ရာပြင်းထန်သည့် ခမရ ၅ မှ ထောက်လှမ်းရေး တပ်ကြပ်ကြီးတဦး အင်းမရွာနှင့် ရွာတောင်ကြားရှိ စစ်ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း ထုတ်လွှင့်ခဲ့သည်။
။။။။။

ဥက္ကဋ္ဌ ပေါက်ယူချန်းနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း
နအဖကမ်းလှမ်းမှုကို ဝတပ်ဖွဲ့ပယ်ချ


ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ပေါက်ယူချန်းအား တွေ့ဆုံ ဆွေးနွေးလိုကြောင်း စစ်ဘက်ရေးရာလုံခြုံရေးဌာန (စရဖ) အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၏ မကြာသေးမီရက်ပိုင်းက ကမ်းလှမ်းလာမှုကို ဝတပ်ဖွဲ့က ပယ်ချထားသည်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ သို့မဟုတ် တန့်ယန်းမြို့သို့ ဝတပ်ဖွဲ့ဥက္ကဋ္ဌ ပေါက်ယူချန်း လာရောက်ပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စရပ်များအား ဆွေးနွေးရန် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ကမ်းလှမ်းထားသည်ကို မဖြစ်နိုင်သည့်အကြောင်း ပြန်လည်ပြောဆိုထားသည်ဟု အမည်မဖော်လိုသည့် ဝအရာရှိတဦးက ပြောသည်။
(NEJ)
။။။။။

အတိုက်အခံ အမျိုးသမီးများ ၂၂ မြို့နယ် ဖြန့်ကျက်


နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မြို့နယ်အမျိုးသမီးအဖွဲ့များကို လွန်ခဲ့သည့် ၇ လအတွင်း တိုးချဲ့ဖွဲ့စည်းခဲ့ရာ မြို့နယ် ၂၂ မြို့နယ်တွင် ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

ပါတီ စည်းရုံးရေး လုပ်ငန်းများ ပြုလုပ်ရန်အတွက် ပြီးခဲ့သည့်နှစ် ဇွန်လမှစတင်၍ ရန်ကုန်၊ မန္တလေးနှင့် တနင်္သာရီတိုင်းတွင် အန်အယ်ဒီ အမျိုးသမီးလုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ (ဗဟို) က ကြီးမှူး ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်တိုင်းတွင် ကော့မှူး၊ မရမ်းကုန်း၊ လှိုင်၊ သံလျင်၊ အင်းစိန်၊ လှိုင်သာယာ၊ ရန်ကင်း၊ ဗဟန်း၊ ခရမ်း၊ သာကေတ၊ ဒဂုံမြို့သစ် အပါအဝင် မြို့နယ် ၁၂ မြို့နယ်၊ တနင်္သာရီတိုင်းတွင် ၈ မြို့နယ်နှင့် မန္တလေးတိုင်းတွင်မူ ၂ မြို့နယ်တို့ ဖြစ်သည်။
။။။။။။။။။။။။။။။။။။

14.1.10

ကချင်အထူးဒေသ (၁) အထူးအစည်းအဝေးပွဲ ကျင်းပ

ဦးဆခုံတိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ (၁) ၏ အထူး အစည်းအဝေးပွဲတရပ်ကို ဇန်နဝါရီ (၁၃) ရက်နေ့မှစပြီး မြစ်ကြီးနားမြို့တွင် ကျင်းပနေကြောင်း တက်ရောက်နေသည့် ကိုယ်စားလှယ်များက ပြောသည်။အစည်းအဝေး ပထမနေ့ နံနက်ပိုင်းတွင် ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းက နယ်ခြားစောင့်တပ် ဖွဲ့စည်းပြီးဖြစ်၍ တပ်တွင်ပါဝင်ခြင်း မရှိတော့သည့် ယခင်ခေါင်းဆောင်အသီးသီးသည် လက်နက်ကိုင်ဆောင်ခွင့် မရှိတော့သဖြင့် မိမိတို့၏လက်နက်များကို သက်ဆိုင်ရာထံ သွားရောက်သတင်းပို့ အပ်နှံကြရန် နှိုးဆော်သည်။

ထို့နောက် တက်ရောက်လာကြသည့် ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင် ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များကို ရှေ့ဆက် ဘာလုပ်သင့်သလဲ ဆိုသည်နှင့် ပတ်သက်ပြီး တင်ပြစရာ ရှိသည်များကို တင်ပြကြရန် ခွင့်ပြုသည်။အစည်းအဝေးကို လာမည့် ဇန်နဝါရီ (၁၆) ရက်အထိ နေ့စဉ် ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိ ငြိမ်းချမ်းရေးကောင်စီအနေဖြင့် ပါတီဖွဲ့စည်းသင့်မသင့်၊ ကချင်အထူးဒေသ (၁) ၏ စီးပွားရေးလုပ်ငန်းများ မည်ကဲ့သို့ ဆက်လက်လုပ်ကိုင်မည် စသည့်ကိစ္စရပ်များကို ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
(NEJ)
။။။။။

တပ်မ ၆၆ ပြဿနာ မဟုတ်မှန်ဟု ငြင်းဆန်

ချင်းမိုင် (မဇ္ဈိမ)။ ။ တပ်မ ၆၆ လက်အောက်ခံ တပ်များနှင့် ထောက်လှမ်းရေးတပ်များ အကြား တင်းမာမှု ဖြစ်ပွားနေသည်ဆိုခြင်းကို နေပြည်တော်ရှိ စစ်ဘက် သတင်းရပ်ကွက်တခုက မဟုတ်မှန်ကြောင်း ငြင်းဆို လိုက်သည်။

စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) သည် သီးခြား ဖွဲ့စည်းထားခြင်းဖြစ်ပြီး ခြေမြန်တပ်ရင်း ၅ သို့လည်း ပို့ဆောင်ထားခြင်း မရှိကြောင်းနှင့် ရှေ့တန်း စစ်မျက်နှာပြင် မဟုတ်သည့် အခြေစိုက် တပ်ရင်းစခန်းများတွင် ဗဟိုကင်းအဖွဲ့များနှင့် ကိုယ်ရံတော် တပ်ဖွဲ့ဝင်များမှအပ လက်နက်တပ်ဆင် ပေးထားခြင်း မရှိသဖြင့် ပစ်ခတ်မှု ဖြစ်ပွားဖွယ်မရှိဟု သတင်းရပ်ကွက်က ပြောသည်။
။။။။။

ယခုနှစ်အတွင်း ရွေးကောက်ပွဲလုပ်မည်ဟု နအဖနိုင်ငံခြားရေးဝန်ကြီး ပြောကြားပြန်


နအဖစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ကတိပြုထားသည့်အတိုင်း ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဖြစ်ပြီး တရားမျှတမှုရှိစေရမည်ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ပြောဆိုကြောင်း အာဆီယံအထွေထွေ အတွင်းရေးမှူး ဆူရင်ပစ်စ၀မ်က ယမန်နေ့က ပြောကြားသည်။

ဗီယက်နမ်နိုင်ငံတွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်နေသည့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအား ယမန်နေ့ ညစာစားပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း မစ္စတာ စူရင်ပစ်စ၀မ်က ပြောသည်။
(NEJ)
။။။။။

တွေ့ဆုံ ဆွေးနွေးရန် ဝ ဥက္ကဋ္ဌ ငြင်းဆို

ချင်းမိုင်(မဇ္ဈိမ)။ ။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စ ထပ်မံ ဆွေးနွေးရန် နအဖ ဒုဗိုလ်ချုပ်ကြီးရဲမြင့်က တွေ့ဆုံလိုသည်ကို ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ - UWSP ဥက္ကဋ္ဌ ပေါက်ယူချန်းက ကျန်းမာရေး အကြောင်းပြချက်ဖြင့် မကြာသေးခင်က ငြင်းဆိုလိုက်သည်။

ယခုလဆန်းပိုင်းတွင် စစ်ဘက်ရေးရာ လုံခြုံရေးဌာန - စရဖ အကြီးအကဲ ဗိုလ်ချုပ်ကြီးရဲမြင့်က ဖုန်းဖြင့် ပြောဆိုလာခြင်းဖြစ်ကြောင်း UWSP ပါတီ လက်အောက်ခံဖြစ်သည့် ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် - UWSA မှ ဗိုလ်မှူးတဦးက မဇ္ဈိမကို ပြောဆိုသည်။မည်သည့်နေရာတွင် တွေ့ဆုံသည်ဖြစ်စေ ဝ’ တပ်ဖွဲ့အနေဖြင့် ဗိုလ်ချုပ်ကြီးရဲမြင့်ထံ နိုဝင်ဘာလက တင်ပြခဲ့သော အချက် ၉ ချက်ကို ဆက်လက်ကိုင်စွဲသွားမည်ဟု အဆိုပါအရာရှိက ပြောသည်။
။။။။။

ဗဟိုအလုပ်အမှုဆောင်သစ် (၉) ဦး၏အမည် အန်အယ်လ်ဒီ ကြေညာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို အဖွဲ့ဝင်သစ် (၉) ဦးတို့ဖြင့် တိုးချဲ့ တာဝန်ပေးအပ်လိုက်သည်။

ဗဟိုအလုပ်အမှုဆောင်များအဖြစ် တာဝန်ပေးခြင်းခံရသူများမှာ (၁) ဒေါက်တာ သန်းငြိမ်း၊ (၂) ဦးအုန်းကြိုင်၊ (၃) ဦးဝင်းမြင့်၊ (၄) ဦးထွန်းထွန်းဟိန်၊ (၅) ဒေါက်တာဝင်းနိုင်၊ (၆) ဦးဉာဏ်ဝင်း၊ (၇) ဦးဟံသာမြင့်၊ (၈) ဦးသိန်းညွန့်၊ (၉) ဒေါက်တာမေ၀င်းမြင့်တို့ ဖြစ်ကြပြီး ဇန်န၀ါရီ (၁၄) ရက် ယနေ့ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ယခုကဲ့သို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များကို တိုးချဲ့လိုက်ခြင်းအားဖြင့် အန်အယ်လ်ဒီအတွင်း အားသစ်များ၊ တာဝန်သစ်များ လုပ်ငန်းသစ်များ ထွက်ပေါ်လာနိုင်မည်ဟု အလုပ်အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်သည့် ဦးဝင်းတင်က ပြောသည်။

အန်အယ်လ်ဒီဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ အပါအ၀င် ယခင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၁၁) ဦးရှိရာမှ ယခု (၉) ဦး ထပ်မံတိုးချဲ့လိုက် သဖြင့် စုစုပေါင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၂၀) ဦး ရှိပြီဖြစ်သည်။

ယခင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များမှာ ဦးအောင်ရွှေ (ဥက္ကဋ္ဌ)၊ ဦးတင်ဦး (ဒု- ဥက္ကဋ္ဌ)၊ ဒေါ်အောင်ဆန်းစုကြည် (အထွေထွေ အတွင်းရေးမှူး)၊ ဦးလွင် (အတွင်းရေးမှူး)နှင့် အဖွဲ့ဝင်များမှာ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးလွန်းတင်၊ ဦးညွန့်ဝေ၊ ဦးခင်မောင်ဆွေတို့ဖြစ်သည်။
(NEJ)
။။။။။။။။။။။။။။။။။။။

15.1.10

နအဖ ကျင်းပမည့်ရွေးကောက်ပွဲ တရားမျှတမှု မရှိနိုင်ဟု
ဥပဒေအတိုင်ပင်ခံတဦး ထောက်ပြပြောဆို


နအဖစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ယခုနှစ်အတွင်း လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ပြောဆိုခဲ့မှုသည် မည်သို့မျှမဖြစ်နိုင်ကြောင်း ရန်ကုန်မြို့မှ တရားရုံးချုပ် ရှေ့နေဟောင်းတဦးက ပြောသည်။

ဗီယက်နမ်နိုင်ငံတွင် ပြုလုပ်နေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်နေသည့် မြန်မာနိုင်ငံခြားရေး ၀န်ကြီးက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအား ယခုလ (၁၃) ရက်တွင် ပြောကြား ခဲ့ကြောင်း အာဆီယံအတွင်းရေးမှူး စူရင်ပစ်စ၀မ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဦးဉာဏ်ဝင်းပြောကြားချက်နှင့်ပတ်သက်၍ ယခင်က တရားရုံးချုပ်ရှေ့နေဟောင်းတဦးဖြစ်ပြီး ယခု ဥပဒေအတိုင်ပင်ခံ တဦးဖြစ်သည့် ဦးအောင်သိန်းက ယခုကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတသည့် လုပ်ထုံးလုပ်နည်းများနှင့် မညီကြောင်း ထောက်ပြပြောဆိုသည်။ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ ကော်မရှင်အနေဖြင့် မည်သူများ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရှိမည်၊ မည်သူများ ပါတီထူထောင်နိုင်မည့် အနေအထားရှိမည်၊ ရွေးကောက်ပွဲပြီးပါက မည်သည့်အချိန် လွှတ်တော်ခေါ်ယူကာ မည်သည့်အချိန် အာဏာလွှဲပေးမည် စသည့် အသေးစိတ်အချက်အလက်များလည်း ကော်မရှင်အနေဖြင့် ထုတ်ပြန်ခြင်း မရှိသေးကြောင်းလည်း ရှင်းပြသည်။
(NEJ)
။။။။။

ကြံ့ဖွံ့က လူထုစည်းရုံးရေး တိုးမြှင့် လုပ်ဆောင်လာ


ရန်ကုန်၊ နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရ ကျောထောက်နောက်ခံပြု ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းက ၂ဝ၁ဝ နှစ်ဦးပိုင်းမှ စတင်၍ ရန်ကုန်တွင် လူထုစည်ရုံးရေး လုပ်ငန်းများ ပိုမိုလုပ်ဆောင်လာကြောင်း မြို့ခံများက ပြောဆိုကြသည်။

၂ဝဝ၉ ခုနှစ်တွင် လမ်းများကို ကွန်ကရစ်ခင်းခြင်း၊ မြို့နယ်များတွင် နာရေးကူညီမှုအသင်းများ ထူထောင်ခြင်း၊ အခမဲ့ မျက်စိနှင့် မျက်မှန် စမ်းသပ်ခြင်း၊ အခမဲ့ ဆေးပေးခန်းနှင့် ကျူရှင်သင်တန်းများ ဖွင့်လှစ်ခြင်း၊ ငွေချေးခြင်း၊ ရေမြောင်းများ တူးဖော်ခြင်းအပြင် ရန်ကုန်ကို နေ့စဉ်ပေးဝေသည့် သောက်သုံးရေ လုံလောက်စေရန် မြို့လည်ဧရိယာတဝိုက် အဝီစိတွင်းများ တူးဖော်ပေးခဲ့သည်ဟု ဆိုသည်။

ထိုသို့သော စည်းရုံးရေး လုပ်ငန်းများအပြင် ယခုနှစ်တွင် ရန်ကုန် ဆင်ခြေဖုံး ၁ဝ မြို့နယ်ရှိ ဆင်းရဲသားများ၏ နေအိမ်ချို့ယွင်းနေမှုများကိုပါ ပြန်လည်၍ ပြုပြင်တည်ဆောက်ပေးနေကြောင်း သိရသည်။

ဒဂုံမြို့သစ်တောင်ပိုင်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒေါပုံ၊ သာကေတ၊ ကြည့်မြင်တိုင်နှင့် မရမ်းကုန်းတို့တွင် တမြို့နယ်လျှင် အိမ်ခြေ ၁ဝ လုံးနှုန်းဖြင့် တည်ဆောက်ပေးခြင်း ဖြစ်သည်။
။။။။။

၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြရန် ရှေ့နေများကောင်စီ တိုက်တွန်း

၂၀၁၀ ရွေးကောက်ပွဲတွင် မဲရုံများသို့ သွားရောက်မဲမထည့်ဘဲ လူထုပါဝင်ပတ်သက်မှုမရှိသော မတရားသည့် ရွေးကောက်ပွဲအဖြစ် ပြည်သူလူထုအနေဖြင့် ဆန့်ကျင်သွားကြရန် မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ယနေ့ ကြေညာချက် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ စသည့် ဥပဒေများကို ယခုအထိ ထုတ်ပြန်ပေးခြင်း မရှိသေးသော်လည်း နအဖစစ်အစိုးရနှင့် ၎င်းတို့၏ လက်ဝေခံများက ရွေးကောက်ပွဲအတွက် လက်ဦးမှုရယူကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြခြင်း၊ အတိုက်အခံ နိုင်ငံရေးပါတီများကို အမျိုးမျိုးဖိနှိပ်ကာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေးကိုသာ လုပ်ဆောင်နေခြင်းကြောင့် ၂၀၁၀ ရွေးကောက်ပွဲသည် တရားမျှတမှုနှင့် လွတ်လပ်မှုမရှိသည့် ရွေးကောက်ပွဲသာဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
(NEJ)
။။။။။

ဒေါ်စုနှင့် ဆက်ဆံရေးဝန်ကြီး တွေ့ဆုံ

နယူးဒေလီ။ ။ စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်သည် ၂၀၁၀ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ နေအိမ်တွင် ယနေ့ တွေ့ဆုံခဲ့ကြောင်း သူမပါတီမှ ခေါင်းဆောင်များက ပြောသည်။ သို့သော် အသေးစိတ် အချက်အလက်များကို ပြောပြခြင်း မရှိခဲ့ပါ။

ဒီချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဆွေက မဇ္ဈိမကို ယနေ့ ပြောကြားရာတွင်လည်း သတင်းရပ်ကွက်များမှတဆင့် ထိုသို့ တွေ့ဆုံသည်ဆိုသည်ကို သူလည်း ကြားသိရကြောင်းနှင့် သို့သော်လည်း သူတို့နှစ်ဦး မည်သည့် ကိစ္စရပ်များ ဆွေးနွေးသည်ဆိုသည့် သတင်းအချက်အလက် အသေးစိတ်ကိုမူ မရရှိသေးကြောင်း ပြောသည်။
။။။။။

နအဖ ကကကြည်းရုံးချုပ်မှ တပ်မှူးများကို နည်းဗျူဟာမှူးအဖြစ် ပြောင်းရွှေ့

မကြာသေးမီက နေပြည်တော်၊ ကာကွယ်ရေးဝန်ကြီးဌာန ရုံးချုပ်ရှိ အလယ်အလတ်အဆင့်ရှိ တပ်မှူးများကို နည်းဗျူဟာမှူး ရာထူးဖြင့် နယ်ဘက်သို့ ပြောင်းရွှေ့ခဲ့သည်။

ပထမတန်း စစ်ဦးစီးမှူးများဖြစ်ကြသည့် ဒု-ဗိုလ်မှူးကြီး အောင်ဇော်အေးအား ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်အခြေစိုက် အမှတ် (၁၄) စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ် (စကခ) ၏ ယာယီနည်းဗျူဟာမှူးအဖြစ်လည်းကောင်း၊ ဒု-ဗိုလ်မှူး သိုက်စိုးအား မိတ္ထီလာအခြေစိုက် တပ်မ (၉၉) ၏ အမှတ် (၃) နည်းဗျူဟာ၏ ယာယီနည်းဗျူဟာမှူးအဖြစ်လည်းကောင်း၊ ဒု-ဗိုလ်မှူးကြီး သန်းထွန်းဦးအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ကွမ်းလုံ စစ်ဗျူဟာမှူးအဖြစ်လည်းကောင်း၊ ဒု-ဗိုလ်မှူးကြီး အောင်ဇော်ဦးအား ရခိုင်ပြည်နယ်၊ အမ်းအခြေစိုက် အမှတ် (၅)၊ စကခ၏ ယာယီနည်းဗျူဟာမှူးအဖြစ်လည်းကောင်း၊ ကြည်း၊ ရေ၊ လေ ညှိနှိုင်းရေးမှူးရုံး စစ်ဦးစီး ဗိုလ်မှူးကြီး ဝင်းသိန်းအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒု-တိုင်းမှူးအဖြစ်လည်းကောင်း ပြောင်းရွှေ့နေရာချထားခဲ့သည်ဟု စစ်ရုံးချုပ်နှင့်နီးစပ်သည့် သတင်းရပ်ကွက်အရ သိရသည်။

မိုးမိတ်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်မော်အား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီးဗိုလ်မှူးကြီးအဖြစ် နေရာပြောင်းရွှေ့ခဲ့ပြီး အလားတူ ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီးများကို နေရာပြောင်းရွှေ့မှု ပြုလုပ်ခဲ့သည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

ယခုပြောင်းရွှေ့မှုတွင် ယခင်ရှိနေပြီးသည့် ဗျူဟာမှူးများကို မည်သည့်နေရာတွင် အစားထိုးခန့်အပ်ခဲ့သည်ကို မသိရဘဲဖြစ်နေသကဲ့သို့ မကြာသေးမီက နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်က ဆင်းသည့် ဒု-ဗိုလ်မှူးကြီးများနှင့် ဗိုလ်မှူးကြီးများထဲမှ အချို့ကို မူလတာဝန် ပြန်ပေးနေသည့်အတွက် တပ်မတော်အတွင်း ရာထူးတာဝန်ပေးမှုနှင့်ပတ်သက်၍ လုပ်ရိုးလုပ်စဉ် ပုံမှန်မျိုးမဟုတ်ဘဲ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် စစ်တပ်၏ အမတ်နေရာများအတွက် ပြင်ဆင်နေသည်ဟု ယူဆရကြောင်း စစ်ရေးအကဲခတ်များက ပြောသည်။
(NEJ)
။။။။။

No comments: