Sunday, January 24, 2010

3-2010

18.1.10

ဒေါ်စု လွတ်လာလိမ့်မည်ဟု ရှေ့နေများ မျှော်လင့်


ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်သည် အမှုနိုင်ပြီး လုံးဝ လွတ်မြောက် လာလိမ့်မည်ဟု အကောင်းဘက်ကို မျှော်လင့်ကြောင်း သူ၏ ရှေ့နေများက ပြောသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ခဲ့သည့် နေအိမ်တွင် ကန့်သတ် ချုပ်နှောင်ထားသည့် ပြစ်ဒဏ်ကို ပြင်ဆင်ရန် တင်သွင်းထားသည့်အပေါ် နှစ်ဖက်ရှေ့နေများက အပြီးသတ် လျှောက်လဲမှု ၃ နာရီကြာ ယနေ့ပြုလုပ်ခဲ့အပြီး ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ပျက်ပယ်ပြီးဖြစ်သော ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို အခြေခံထားသည့် ၁၉၇၅ ခုနှစ် ဥပဒေအရ စီရင်ခဲ့သည်ဟု ဆိုကာ တရားရုံး ဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက လက်မခံဘဲ ငြင်းပယ် ခဲ့ကြသည်။

တရားလို စစ်အစိုးရဘက်ကမူ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေသည် ရပ်ဆိုင်းသွားသော်လည်း ဖွဲ့စည်းပုံ ဥပဒေနှင့် သက်ဆိုင်သည့် ပုဒ်မများ ဆက်လက် တည်ရှိသည်ဟု တုံ့ပြန်ထားသည်။
။။။။။

ပေါက်ယူချန်း၏ စစ်ရေးသတိရှိရန် မိန့်ခွန်း ဝတပ်ဖွဲ့တီဗွီမှ ထုတ်လွှင့်


ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချန်း၏ မိန့်ခွန်းတိုအား ဝတပ်ဖွဲ့၏ ရုပ်မြင်သံကြားဌာနမှတဆင့် ဒေသအတွင်း ထုတ်လွှင့်ပြသနေသည်။

တရုတ်နှင့် ဝဘာသာဖြင့် ပြောကြားချက်တွင် ဝတပ်ဖွဲ့အနေဖြင့် ပါတီ၏ ဦးဆောင်မှုဖြင့် ဝဒေသအား စွမ်းစွမ်းတမံ ကာကွယ်သွားရန်အတွက် စစ်ရေးသတိရှိရန် ပြောဆိုခြင်းဖြစ်ပြီး ဝရုပ်မြင်သံကြားဌာန (WSTV) က နံနက်ပိုင်းနှင့် ညနေပိုင်းများတွင် ရက်ခြားဆိုသလို ထုတ်လွှင့်ပြသနေသည်ဟု ပန်ဆန်းမြို့မှ ဝတပ်ဖွဲ့ဝင်တဦးက ပြောသည်။
(NEJ)
။။။။။

နိုင်ငံရေးသမား ၂၀ ကျော် အမှု တလအတွင်း စီရင်ဖွယ်ရှိ


နယူးဒေလီ (မဇ္ဈိမ)။ ။ အင်းစိန်ထောင်တွင်း အထူးတရားရုံးများက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးရေ ၂၀ ကျော်၏ အမှုများအား ယခုလအတွင်း အပြီးသတ် စစ်ဆေးစီရင်ရန် စီစဉ်နေကြောင်း ရန်ကုန် ရှေ့နေ အသိုင်းအဝိုင်း အဆိုအရ သိရသည်။
နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၏ အမှုများကို အင်းစိန်ထောင်တွင်း၌ ယခုလို မြန်ဆန်စွာ စစ်ဆေးနေခြင်းသည် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်နေနိုင်ကြောင်း ရန်ကုန်ရှိ ဗဟိုတရားရုံးချုပ် ရှေ့နေတဦးဖြစ်သူ ဦးကြည်ဝင်းက ထင်မြင်ချက်ပေးသည်။
။။။။။

လာဘ်ပေးလာဘ်ယူကိစ္စ အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားချက်ထုတ်

လာဘ်ပေးလာဘ်ယူကိစ္စနှင့်ပတ်သက်ပြီး ဌာနဆိုင်ရာအကြီးအကဲများက မိမိလက်အောက်ဝန်ထမ်းများကို ပညာပေးရန် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားချက်တစောင် ထုတ်ပြန်ထားကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာရှိကြီးတဦးက ပြောသည်။အစိုးရ ဝန်ကြီးဌာန အသီးသီးတွင် လာဘ်ပေးလာဘ်ယူမှုသည် ခိုင်မာစွာ အမြစ်တွယ်နေပြီး အရာရှိမှ အထက်ဆင့် အားလုံးလိုလို အစိုးရပေးသည့် လစာ (၅-၆) သောင်းမှ (၁) သိန်းကျော်ကို မည်သူမှ ဂရုမစိုက်ကြောင်း၊ ယင်းငွေဖြင့်လည်း လူတန်းမစေ့ ကြောင်း၊ လာဘ်ယူမှုမှရသည့် ဝင်ငွေသည်သာ အဓိကဝင်ငွေဖြစ်ကြောင်း၊ ဌာနတွင်း ရာထူးတက်ချင်ရင်၊ နေရာပြောင်းချင်ရင် ကိုယ်ကိုယ်တိုင် လာဘ်ပြန်ပေးရကြောင်း ပြည်တွင်းအခွန်ဦးစီးဌာန ကုမ္ပဏီများ မှတ်ပုံတင်ရုံးမှ ဦးစီးအရာရှိတဦးက ပြောသည်။
(NEJ)
။။။။။

နိုင်ငံရေး အကျဉ်းသား ထောင်ဝင်စာ အပိတ်ခံရ

နယူးဒေလီ (မဇ္ဈိမ)။ ။ ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် အင်းစိန်ထောင်တွင် ၉ နှစ် ကျခံနေရသည့် လှိုင်သာယာမြို့နယ် အန်အယ်ဒီ မြို့နယ်စည်း အဖွဲ့ဝင် ဦးတင်ယုအား ထောင်ဝင်စာတွေ့ခွင့် တလပိတ်ကြောင်း သမီးဖြစ်သူက ပြောသည်။
။။။။။

အန်အယ်ဒီနှင့် အမေရိကန် ပညာရှင်အဖွဲ့ တွေ့ဆုံ


ချင်းမိုင် (မဇ္ဈိမ) ။ ။ အမေရိကန်နိုင်ငံ ဂျွန်ဟော့ပ်ကင်းစ် John Hopkins တက္ကသိုလ်မှ အရှေ့တောင် အာရှ လေ့လာရေးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ကားလ် ဒီ ဂျက်ဆင် (Karl D Jakson) ဦးဆောင်သော အဖွဲ့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်အချို့နှင့် တွေ့ဆုံခဲ့သည်။

ပါမောက္ခ ကားလ် ဒီ ဂျက်ဆင် ဦးဆောင်သော ၃ ဦးအဖွဲ့သည် ဇန်နဝါရီလ ၁၁ ရက်နေ့က ရန်ကုန်ရှိ အန်အယ်ဒီ ရုံးချုပ်သို့လာရောက်ပြီး ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဥာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးအုန်းကြိုင်တို့နှင့် ယခုလ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲမှ ၅ နာရီခွဲအထိ တနာရီကြာ တွေ့ဆုံခဲ့သည်။
။။။။။။။။။။။။။။။။။။။
19.1.10

အန်အယ်ဒီက ဗဟိုဦးစီးအဖွဲ့ကိုလည်း ပြန်ဖွဲ့ရန် ပြင်ဆင်


နယူးဒေလီ (မဇ္ဈိမ)။ ။ဗဟို အလုပ်မှုဆောင် အဖွဲ့ကို တိုးချဲ့လိုက်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နောက်ထပ် ခြေလှမ်းတရပ်အဖြစ် ၁၃ နှစ်ခန့် သက်ဝင်လှုပ်ရှားမှု မရှိတော့သည့် ပါတီ ဗဟိုဦးစီးအဖွဲ့ (CC) ကို ပြင်လည် ဖွဲ့စည်းသွားရန် ယမန်နေ့က ဆုံးဖြတ်လိုက်သည်။

ယမန်နေ့က ရန်ကုန်တိုင်း ရွှေဂုံတိုင်ရှိ ပါတီရုံးချုပ်တွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ် ဗဟို အလုပ်အမှုဆောင် ကော်မတီသစ် (CEC) အစည်းအဝေးက ရှေ့လုပ်ငန်းစဉ်အဖြစ် ဗဟိုဦးစီးအဖွဲ့သစ် (CC) ကို ပြင်လည် ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြောင်း ပါတီ ပြောခွင့်ရပုဂ္ဂိုလ်များ အဆိုအရ သိရခြင်း ဖြစ်သည်။၁၉၉၀ ခုနှစ်အတွင်းမှ စတင်၍ တိုင်းနှင့် ပြည်နယ် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့သည့် CC အဖွဲ့ဝင် ဦးရေသည် ၈၀ ရှိခဲ့သော်လည်း ၁၉၉၇ ခုနှစ်တွင် အာဏာပိုင်များက အဆိုပါ အဖွဲ့ဝင် အများအပြားကို ဖမ်းဆီး ထိန်းသိမ်းခဲ့သဖြင့် ဖျက်သိမ်းခဲ့သည့် သဘောမျိုး ဖြစ်ခဲ့ရကြောင်း သိရသည်။
။။။။။

ကချင်အထူးဒေသ (၁) အစည်းအဝေး သဘောတူညီချက်မရဘဲ ပြီးဆုံး


ဇန်နဝါရီ (၁၃) ရက်မှ (၁၆) ရက်အထိ မြစ်ကြီးနားမြို့တွင် ကျင်းပခဲ့သည့် ကချင်အထူးဒေသ (၁) အထူးအစည်းအဝေးပွဲ၌ မည်သည့်အရေးပါသော ဆုံးဖြတ်ချက်မှ မချနိုင်ဘဲ ပြီးဆုံးခဲ့ကြောင်း အစည်းအဝေးတက်ရောက်သည့် ကိုယ်စားလှယ်များက ပြောသည်။အစည်းအဝေးတွင် ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များက တပ်မှထွက်ပြီးဖြစ်သည့် တော်လှန်ရေး ရဲဘော်ဟောင်းများကို ကြည့်ရှုထောက်ပံ့ရေး၊ နယ်ခြားစောင့်တပ်တွင် တပ်ပြေးများနေသည့်အတွက် တပ်သားများကို ဒေသတွင်းမှ ပြောင်းရွှေ့ခြင်း မပြုရန် စစ်အစိုးရထံ တောင်းဆိုရေး၊ ကချင်အထူးဒေ (၁) ၏ စီးပွားရေးလုပ်ငန်းများကို ရှင်းပြရေး၊ လက်ရှိ ငြိမ်းချမ်းရေး ကောင်စီကို ကြားကာလ အုပ်ချုပ်ရေးအဖွဲ့အဖြစ် ပီပီပြင်ပြင် ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး၊ လုပ်ငန်းစဉ်အသစ်များ ချမှတ်ရေးနှင့် ဒေသက ထောက်ပံ့နေသည့် ကျောင်းဆရာများ၏လစာကိစ္စ စသည့်ကိစ္စရပ်များကို ဆုံးဖြတ်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။
(NEJ)
။။။။။

ဦးဝင်းတင် မန္တလေးသို့ ခရီးထွက်

နယူးဒေလီ (မဇ္ဈိမ)။ ။ အာဏာပိုင်များ၏ မျက်ခြေမပြတ် စောင့်ကြည့်ခံရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးဝင်းတင်သည် နိုင်ငံ့အလယ်ပိုင်းရှိ မန္တလေးမြို့သို့ ယမန်နေ့မှ စတင်၍ ခရီးထွက်လာသည်။

၁၉ နှစ်ကျော် အကျဉ်းကျခဲ့ရာမှ ပြန်လွတ်လာပြီးနောက် တနှစ်နှင့် ၄ လခန့်အတွင်း သွားလေရာနောက်သို့ အာဏာပိုင်များက သတိကြီးစွာ စောင့်ကြည့်နေခဲ့ရာမှ ယခုအခါ ရန်ကုန်မြောက်ပိုင်း ၄၃ဝ ခန့်မိုင်အကွာရှိ မန္တလေးသို့ ထွက်ခွာလာခြင်း ဖြစ်သည်။ မှတ်ပုံတင်ရပြီးနောက် နှလုံးခွဲစိတ်ကုသမှု ခံယူခဲ့ရသဖြင့် ကျန်းမာရေး အခြေအေနေအရ ခရီးမထွက်နိုင်ဘဲ ယခုမှ စတင်၍ ရန်ကုန်ပြင်ပ ခရီးရှည်ထွက်ခြင်း ဖြစ်သည်။
OoWinTinsယမန်နေ့ ညနေတွင် စတင်မည့် ခရီးစဉ်အတွက် ဘတ်စ်ကားလက်မှတ် ဝယ်ယူရာနှင့် ခရီးတလျှောက်၌ အနှောင့်အယှက် တစုံတရာ မရှိဘဲ မန္တလေးသို့ ယနေ့နံနက်ပိုင်းတွင် ရောက်လာခဲ့သည်။

ယနေ့ ကျင်းပသော နိုင်ငံကျော် သတင်းစာဆရာကြီး လူထုဦးလှ (ကွယ်လွန်) နှစ် ၁၀၀ ပြည့် အခန်းအနားသို့ တက်ရောက်ရန် ဦးဝင်းတင်နှင့်အတူ ဦးအုန်းကြိုင် (အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်ဝင်)၊ ကဗျာဆရာ ဖျာပုံနီလုံဦး (ခေါ်) ဦးအောင်မြင့်နှင့် စာရေးဆရာ မုံရွာအောင်ရှင်တို့လည်း လိုက်ပါလာကြသည်။
။။။။။

လူထုဦးလှ ရာပြည့်အခမ်းအနား ကျင်းပ


သတင်းစာဆရာနှင့် စာရေးဆရာကြီး လူထုဦးလှ၏ ရာပြည့်အခမ်းအနားကို မန္တလေးမြို့ မဏိရတနာရာမ မြတောင်တိုက်၌ ယနေ့နံနက်တွင် ကျင်းပပြုလုပ်သည်။

လူထုဦးလှ၏ အသက်တရာပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် သံဃာတော် (၅၅) ပါးကို နေ့ဆွမ်းကပ်လှူခဲ့ကာ အခမ်းအနားသို့ တက်ရောက်လာသည့် ပရိသတ်များကိုလည်း နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရသည်။

လူထုဦးလှ၏ ရာပြည့်အခမ်းအနားအတွက် ဆရာကြီး ဒဂုံတာရာ၊ ဦးသော်ကောင်း၊ ဆရာမကြီး ကလျာ (၀ိဇ္ဇာသိပ္ပံ) နှင့် ဦးဝင်းငြိမ်းတို့က ပေးပို့သော မွေးနေ့သ၀ဏ်လွှာများကိုလည်း ဖတ်ကြားခဲ့ကြောင်း လူထုဦးလှ၏သားဖြစ်သူ စာရေးဆရာ ညီပုလေးက ပြောသည်။

ထို့အပြင် စာရေးဆရာကြီး လူထုစိန်ဝင်း၊ ဆရာမ ခင်နှင်းဦးနှင့် စောနိုင် (မန္တလေးတက္ကသိုလ်) တို့ ရေးသားကြသော စာတမ်း (၄) စောင်ကိုလည်း အခမ်းအနားတွင် ဖတ်ကြားခဲ့သည်ဟု စာရေးဆရာ ညီပုလေးက ပြောသည်။

ဆရာကြီး လူထုဦးလှ ရာပြည့်အခမ်းအနားသို့ ရန်ကုန်မှ စာပေလောကသား (၅၀) ကျော် တက်ရောက်ခဲ့ကြောင်း အခမ်းအနား တက်ရောက်ခဲ့သူ ရန်ကုန်အခြေစိုက် သတင်းဂျာနယ်တစောင်မှ သတင်းထောက်တဦးက ပြောသည်။
(NEJ)
။။။။။

စစ်အစိုးရအလိုကျ ဆောင်းပါးများ ဖော်ပြရန် ဂျာနယ်များကို ညွှန်ကြား


ချင်းမိုင် (မဇ္ဈိမ) ။ ။ စာပေစိစစ်ရေးက ပြည်တွင်းအခြေစိုက် သတင်းဂျာနယ်အချို့အား သတင်းတပုဒ်နှင့် ဆောင်းပါးတပုဒ်ကို ပြီးခဲ့သည့် ရက်ပတ်က ဖိအားပေးကာ ထည့်ခိုင်းသည်ဟု ပြည်တွင်းအယ်ဒီတာများက ပြောသည်။

ဂျော်ဒန်နိုင်ငံရောက် မြန်မာနှင့် ဘင်္ဂလားဒေ့ခ်ျ လုပ်သားများအကြား အုပ်စုလိုက် ရန်ပွဲဖြစ်ပွားပြီးနောက် အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်က ကြားဝင်ဖြေရှင်းပေးမှုဖြင့် ပြဿနာ ပြေလည် သွားစေခဲ့သည် ဆိုသော သတင်းနှင့် ပဲခူးတိုင်း သဲကုန်း မြို့နယ် အင်းမကျေးရွာမှ တပ်မ ၆၆ နှင့် စစ်ထောက်လှမ်းရေး အကြား ပြဿနာ ပေါ်ပေါက်မှု ကောလာဟလ မဟုတ်မှန်ဟူသော ဆောင်းပါးတို့ကို မထည့်မနေရ ထည့်သွင်း ဖော်ပြခိုင်းလာခြင်း ဖြစ်သည်။
။။။။။။။။။။။။။။။။။
20.1.10


မြန်မာနှင့်ဆက်ဆံရေး စိတ်ရှည်မည် မဟုတ်ဟု
အမေရိကန်အစိုးရ ထိပ်တန်းအရာရှိ ပြောကြား


အမေရိကန်အစိုးရက မြန်မာစစ်အစိုးရနှင့် ဆက်ဆံရာတွင် စိတ်ရှည်ရှည်ထားရန် လိုအပ်သော်လည်း အကန့်အသတ်မရှိ သည်းခံနေမည်မဟုတ်ကြောင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်ဘဲလ်က ပြောကြားလိုက်သည်။

၎င်းက “ဒီနေရာမှာ စိတ်ရှည်ဖို့ လိုအပ်တယ် ဆိုပေမယ့် ကျနော်တို့ဟာ အဆုံးမရှိ စိတ်ရှည်သည်းခံသွားမှာ မဟုတ်ပါဘူး။ ဖြစ်သင့်တဲ့ အချိန်အတွင်းမှာ တိုးတက်မှု အဆင့်တချို့ရှိဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

ဝါရှင်တန်ရှိ အမေရိကန်နိုင်ငံခြားရေးဌာနတွင် ယမန်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များအား ပြောဆိုသွားခြင်းဖြစ်သည်။

အမေရိကန်အစိုးရနှင့် ပြောဆိုဆက်ဆံနေမှုများအရ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ရှိမရှိ သိရှိနိုင်ရန်အတွက် အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာစစ်အစိုးရ အာဏာပိုင်များနှင့် မကြာမီအတွင်း တွေ့ဆုံရန် စီစဉ်နေကြောင်းလည်း မစ္စတာ ကာ့တ်ကမ်ဘဲလ်က ပြောသည်။
(NEJ)
။။။။။

ကိုညီညီအောင်ကို ဒုတိယအကြိမ် တိုက်ပိတ်

ချင်းမိုင်(မဇ္ဈိမ)။ ။ အင်းစိန်ထောင်တွင်းမှ အမှုရင်ဆိုင်နေရသော အမေရိကန် နိုင်ငံသား ကိုညီညီအောင်သည် ဇန်နဝါရီ ၁၂ ရက်နေ့မှစ၍ ဒုတိယအကြိမ် တိုက်ပိတ်ခံနေရပြန်ကြောင်း အတိုက်အခံ နိုင်ငံရေး သတင်းရပ်ကွက်က ပြောသည်။
ယခုလ ၁၈ ရက်နေ့တွင် ကိုညီညီအောင်၏ အဒေါ်များဖြစ်သည့် ဒေါ်စုစုကြည်နှင့် ဒေါ်ခင်ခင်ဆွေတို့ နှစ်ဦး အင်းစိန်ထောင်၌ ထောင်ဝင်စာ တွေ့ခွင့်မရခဲ့ဘဲ ပြန်သွားကြရသည်။

ပုံမှန်အားဖြင့် နှစ်ပတ်တကြိမ် တွေ့ခွင့်ပြုထားသော်လည်း ယခုမူ ၃ ပတ်တကြိမ်သာ ခွင့်ပြုတော့သည်ဟု ဆိုပြီး ထောင်အာဏာပိုင်များက မိသားစုဝင်များကို အကြောင်းပြန်ခဲ့သည်။

ကိုညီညီအောင် တိုက်ပိတ်ခံထားရသည်ဟု ကြားသိရကြောင်း ရှေ့နေ ဦးဥာဏ်ဝင်းကလည်း ပြောသည်။
။။။။။

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ လုပ်ပိုင်ခွင့် တနှစ်သက်တမ်းတိုး


မြန်မာနိုင်ငံတွင်း အဓမ္မခိုင်းစေမှု တိုင်ကြားချက်များ ဆောင်ရွက်နေသည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (အိုင်အယ်လ်အို) က နောက်ထပ် (၁) နှစ် သက်တမ်းတိုးလုပ်ဆောင်ရန် ယခုလ (၁၉) ရက်တွင် စစ်အစိုးရနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးလိုက်သည်။
(NEJ)
။။။။။

စစ်အစိုးရနှင့် ငြိမ်းအဖွဲ့များကြား ရင်မအေးဖွယ် ကြုံနေ


နယူးဒေလီ (မဇ္ဈိမ)။ ။ ငြိမ်းအဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် အသွင်ပြောင်းရန် စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို အဆိုပါအဖွဲ့များက ငြင်းဆန်ခဲ့အပြီး နှစ်ဖက်ကြား တင်းမာနေကြသော်လည်း အေးဆေး ငြိမ်သက်လျက် ရှိသည်ဟု အကဲခတ်များ၏ အပြောအရ သိရသည်။

စစ်အစိုးရနှင့် လက်နက်ကိုင် အပစ်ရပ်အဖွဲ့များအကြား မြင်သာထင်သာရှိသော တင်းမာမှုများ ရှိမနေသော်လည်း စစ်အစိုးရက နောက်တလှမ်း လှမ်းရန်အတွက် ဆက်လက်ပြီး လျှို့ဝှက် ပြင်ဆင်နေသည်ဟု တရုတ်-မြန်မာနယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ယမန်နေ့က မဇ္ဈိမကို ပြောသည်။ဒီမိုကရေစီသစ်တပ်မတော် - ကချင် (NDA-K) အပါအဝင် ငြိမ်းအဖွဲ့အနည်းငယ်က အဆိုပါ ကမ်းလှမ်းချက်ကို လက်ခံခဲ့ကြသော်လည်း ပိုမိုအင်အားကြီးမားသော ဝ'ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) ကဲ့သို့သော အဖွဲ့ကြီးများက လက်မခံ ငြင်းဆန်ခဲ့ကြသဖြင့် စစ်အစိုးရ၏ အစီအစဉ် ရပ်တန့်သွားခဲ့ရသည်။

အပစ်ရပ်အဖွဲ့အားလုံး လိုအပ်သော အပြောင်းအလဲများ ပြုလုပ်ထားကြရန် နောက်ဆုံးရက်အဖြစ် ၂ဝဝ၉ ခုနှစ် အောက်တိုဘာလကို စစ်အစိုးရက အစောပိုင်းတွင် သတ်မှတ်ထားခဲ့သော်လည်း အဖွဲ့ အများအပြားက အဆိုပါ အစီအစဉ်ကို ငြင်းဆန်ခဲ့ကြပြီးနောက်ပိုင်းတွင် နောက်ဆုံးရက်ကို ၂ဝဝ၉ ခုနှစ်ကုန်အထိ ရွှေ့ဆိုင်းပေးခဲ့ရသည်။
။။။။။

အပစ်ရပ် ရှမ်းပြည်တပ်မတော် ပြည်သူ့စစ်အသွင်ပြောင်းရန် အခက်ခဲဖြစ်နေ

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ စိန်ကျော့အခြေစိုက် ရှမ်းပြည် တပ်မတော်အား ပြည်သူ့စစ်အသွင်ပြောင်းရန် အောက်ခြေတပ်ရင်းများက သဘောမတူသည့်အတွက် နအဖထံ အကြောင်းပြန်ရန် အဖွဲ့ခေါင်းဆောင်များ အခက်တွေ့နေသည်။

ဥက္ကဋ္ဌ ဦးလွယ်မောင်၊ ဒု-ဥက္ကဋ္ဌ ဦးကိုင်ဖ အပါအဝင် အဖွဲ့ခေါင်းဆောင်များကို ပြည်သူ့စစ်အသွင်ပြောင်းရန် နအဖဘက်က ဖိအားပေးတောင်းဆိုနေ သော်လည်း ဗိုလ်မှူးကြီး ပန်ဖ ဦးဆောင်သည့် ဝမ်ဟိုင်းအခြေစိုက် တပ်မဟာ (၁) နှင့် အောက်ခြေ တပ်ရင်း တပ်ဖွဲ့များက လက်မခံနိုင်သည့်အတွက် ယခုကဲ့သို့ အခက်တွေ့နေခြင်းဖြစ်သည်ဟု ရှမ်းတပ်ဖွဲ့နှင့်နီးစပ်သူ ဒေသခံတဦးက ပြောသည်။
(NEJ)
။။။။။

ငြိမ်းအဖွဲ့ နာယက ရိုက်မှု ကြေအေး

ရွှေလီ (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်ရှိ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းထားသည့် ကချင်လက်နက်ကိုင် အဖွဲ့တဖွဲ့မှ နာယက တဦးကို မူးယစ်ရဲအရာရှိက ယခုလ ၁၆ ရက်နေ့တွင် ရိုက်နှက်မှု ဖြစ်ပွားခဲ့ရာ ယခုအခါ နှစ်ဖက်ညှိနှိုင်း၍ ကြေအေးခဲ့ကြပြီ ဖြစ်သည်။

ဦးလဆန်အောင်ဝါအဖွဲ့မှ နာယကတဦးဖြစ်သူ ဦးအူဒီနော်ထွဲကို မူးယစ်ရဲအရာရှိက ရိုက်နှက်သဖြင့် မျက်စိ၌ ဒဏ်ရာရခဲ့သော်လည်း ၂ ရက်အကြာတွင် မူးယစ်ရဲတပ်ဖွဲ့က လာရောက်တောင်းပန်ရာမှ ပြေလည်မှု ရရှိသွားခြင်း ဖြစ်သည်။
။။။။။။။။။။။။။။။။။။
21.1-10

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲမတိုင်ခင် လူ့အခွင့်အရေးအခြေအနေများ ဆိုးဝါးခဲ့


မြန်မာနိုင်ငံတွင် ကျင်းပရန်ကြေညာထားသည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများမှာ ဆက်လက်ဆိုးဝါးနေခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) ကြီးက ပြောကြားလိုက်သည်။

ဇန်န၀ါရီလ (၂၀) ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် ၂၀၁၀ နိုင်ငံတကာလူ့အခွင့်အရေး အစီရင်ခံစာတွင် ယင်းသို့ ဖော်ပြထားခြင်း ဖြစ်သည်။

မြန်မာနအဖစစ်အစိုးရက ပြည်သူများ၏ အခြေခံအခွင့်အရေးများဖြစ်သော လွတ်လပ်စွာဖော်ထုတ်ခွင့်၊ လွတ်လပ်စွာစုဝေးခွင့်နှင့် အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့် စသည်တို့ကို စနစ်တကျ ပိတ်ပင်ထားသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံရေးအကျဉ်းသား (၂,၁၀၀) ကျော် အကျဉ်းထောင်များအတွင်း ရှိနေခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် (၁၈) လ ချမှတ်လိုက်ခြင်းသည် ရွေးကောက်ပွဲတွင် နိုင်ငံရေးအရ စစ်မှန်သည့် ပါဝင်ယှဉ်ပြိုင်ခွင့် မပေးလိုခြင်းကို စစ်အစိုးရက ပြသလိုက်ခြင်းဖြစ်သည်ဟုလည်း ထောက်ပြထားသည်။
(NEJ)
။။။။။

ပြည်ထဲရေးဝန်ကြီးစကား လူ့အခွင့်အရေးသမားများ လက်မခံ


ချင်းမိုင် (မဇ္ဈိမ)။ ။ မဲခေါင်ဒေသသည် လူကုန်ကူးသူများအတွက် လုံခြုံသည့်နေရာ မဟုတ်ကြောင်း မြန်မာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောသော်လည်း စစ်အစိုးရအနေဖြင့် လူကုန်ကူးမှု တိုက်ဖျက်ရေး အားနည်းနေသေးကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။

ယမန်နေ့က ပုဂံမြို့တွင် စတင်ကျင်ပေးသော သတ္တမ အကြိမ်မြောက် မဲခေါင်ဒေသတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေး၌ ဗိုလ်ချုပ်မောင်ဦးက “လူကုန်ကူးသူများသည် ကွန်ယက်များ ထူထောင်၍ ဂိုဏ်းဖွဲ့ ကျူးလွန်နေကြကြောင်း၊ ယင်း ကွန်ယက်များကို မဲခေါင်ဒေသတွင်းနိုင်ငံများက ကောင်းစွာ တုံ့ပြန်နိုင်သည့် အတွက် မိမိတို့ မဲခေါင်ဒေသသည် လူကုန်ကူးသူများအတွက် Safe Heaven မဟုတ်တော့ကြောင်း” ဟူ၍ ပြောကြားသွားသည်။

သို့သော် မြန်မာနိုင်ငံတွင် လူကုန်ကူးမှု ဥပဒေကို လက်တွေ့ အကောင်အထည် ဖော်ရာတွင် အားနည်းနေသည်ဟု ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့အစည်း (HREIB) မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဝေဖန် လိုက်သည်။
ထိုင်းနိုင်ငံအတွင်း၌ လူကုန်ကူးခံသူများ၏ ၅ဝ ရာခိုင်နှုန်းကျော်မှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း ထိုင်းနိုင်ငံ မြောက်ပိုင်း အခြေစိုက် လူကုန်ကူးမှု ကာကွယ်တားဆီးရေး NGO တခုဖြစ်သည့် TRAFCORD က ပြောသည်။
။။။။။

ထိုင်းအရာရှိက မြန်မာလူမှုရေးအဖွဲ့များအား သတိပေး


(ချင်းမိုင်) မဇ္ဈိမ။ ။မြန်မာလူမှုအဖွဲ့အစည်းများကို စိစစ်အရေးယူသွားမည်ဟု ထိုင်းအရာရှိတဦးက သတိပေး ပြောကြားလိုက်သည်။

ယခုလ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် တာ့ခ်မြို့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တခုတွင် တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး ဆမာ့တ်လွိုင်ဖာ က လူမှုရေးဘန်းပြပြီး နိုင်ငံရေး လုပ်နေသည့် အဖွဲ့အစည်းများကို အရေးယူသွားမည်ဟု ပြောကြားသွားခဲ့သည်။

မြန်မာအတိုက်အခံအဖွဲ့အစည်းများကို ဖိတ်ကြားခြင်း မရှိသည့် သတင်းစာရှင်းပွဲ၌ ခရိုင် အုပ်ချုပ်ရေးမှူးက ပညာရေး၊ ကျန်းမာရေးကိစ္စများ လုပ်ကိုင်နေသည့် အဖွဲ့များကိုမူ ဆက်လက် ခွင့်ပြုမည်ဟု အသိပေးခဲ့သည်။
။။။။။

ကိုဇာဂနာအမှု အယူခံ ကြားနာမည်


ချင်းမိုင် (မဇ္ဈိမ) ။ ။ ဟာသ သရုပ်ဆောင်နှင့် ဒါရိုက်တာ ကိုဇာဂနာ ခေါ် ကိုသူရ၏ အထူးအယူခံ လျှောက်လဲချက်ကို ဗဟို တရားရုံးချုပ်တွင် ယခုလ ၂၅ ရက်နေ့တွင် ကြားနာမည် ဖြစ်သည်။

ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသူ ကိုဇာဂနာ၏ ရှေ့နေများက ပြီးခဲ့သည့် နှစ်လခန့်က အယူခံစာ တင်သွင်းခဲ့ရာ လျှောက်လဲချက် ကြားနာမှုကို လက်ခံကြောင်း ဗဟို တရားရုံးချုပ် က ထုတ်ပြန်ထားသည်။
။။။။။
22.1.10

ဒေါ်အောင်ဆန်းစုကြည်နေအိမ် ပြင်ဆင်မှုရပ်တန့်ရန် တရားဝင် ကန့်ကွက်


ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့် နေအိမ်ပြင်ဆင်မှုကို ရပ်တန့်ပေးရန် ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ၎င်း၏ရှေ့နေ ဦးဟန်တိုးမှတဆင့် တားဝရမ်း လျှောက်ထားလိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေ ဦးဉာဏ်ဝင်းက ပြောကြားသည်။

ယမန်နေ့ ဇန်န၀ါရီ (၂၁) ရက်တွင် ရန်ကုန်တိုင်းတွဲဖက် (၂) တရားရုံး၌ ရှေ့နေ ဦးဟန်တိုးက ယင်းသို့ တားဝရမ်း လျှောက်ထားခဲ့ခြင်းဖြစ်ပြီး လာမည့်ဖေဖော်ဝါရီ (၄) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရှေ့နေများက ပြန်လည်လျှောက်ထား ကန့်ကွက်သွားမည်ဟု သိရသည်။
(NEJ)
။။။။။

ဦးဝင်းတင် ရန်ကုန်ပြန်ရောက်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဆယ်စုနှစ် ၂ ခုနီးပါး အကျဉ်းကျခဲ့ရာမှ ပြန်လွတ်လာပြီးနောက် နယ်သို့ ပထမဆုံး အကြိမ် ခရီးထွက်သွားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးဝင်းတင်သည် ယနေ့တွင် ရန်ကုန်သို့ ပြန်လည်ရောက်ပြီ ဖြစ်သည်။

၃ ရက်ကြာ မန္တလေး-မေမြို့ ခရီးစဉ်တွင် မန္တလေးတိုင်း မြို့နယ် ၃၀ မှ ပါတီဝင်များကို ပါတီ ဗဟိုအလုပ်အမှုဆောင် တိုးချဲ့ပြင်ဆင်ခြင်းနှင့် ရွှေဂုံတိုင်စာတမ်း ရပ်တည်ချက်တို့ကို အလေးထား ရှင်းပြခဲ့ကြောင်း သိရသည်။
။။။။။

ကိုညီညီအောင်အမှု အပြီးသတ်လျှောက်လဲချက် တင်သွင်း

အမေရိကန်နိုင်ငံသား ခံယူထားသူ ကိုကျော်ဇောလွင် (ခေါ်) ကိုညီညီအောင်အား စွဲချက်တင်ထားသည့်အမှု (၃) မှုကို အင်းစိန်အထူးတရားရုံးတွင် ယနေ့ နှစ်ဘက်ရှေ့နေများက အပြီးသတ်လျှောက်လဲချက် တင်သွင်းကြပြီး လာမည့် (၂၇) ရက် နံနက် (၁၀) နာရီတွင် အမိန့်ချမှတ်မည်ဟု ကိုညီညီအောင်၏ အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောကြားသည်။

ကိုညီညီအောင်အား အစိုးရဘက်မှ စွဲချက်တင်ထားသည့် အမှုများမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားအတု ကိုင်ဆောင်မှု၊ နိုင်ငံခြားငွေစက္ကူကိုင်ဆောင်မှုနှင့် မြန်မာနိုင်ငံတွင်း နေထိုင်သူများ မှတ်ပုံတင်ဥပဒေအရ အရေးယူသည့်အမှုတို့ဖြစ်သည်။
(NEJ)
။။။။။

တိုက်လေယာဉ်ပျက်ကျ ပိုင်းလော့ သေဆုံး


ချင်းမိုင် (မဇ္ဈိမ)။ ။ တရုတ်နိုင်ငံလုပ် အက်ဖ်-၇ အမျိုးအစား ဂျက်တိုက်လေယာဉ် တစီးသည် ယနေ့ နံနက်တွင် ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်တွင် ပျက်ကျရာ လေသူရဲသေဆုံးကြောင်း လေတပ် သတင်းရပ်ကွက် တခုက ပြောသည်။

သေဆုံးသူ လေသူရဲမှာ ဗိုလ်ကြီး ပြည့်ဖြိုးမျိုး ဖြစ်သည်ဟု သတင်းတွင် ပါရှိသည်။
။။။။။

အန်ဒီအေ (ကချင်) အဖွဲ့ ဗဟိုကော်မတီဝင်များကို
လက်နက်နှင့် ကားပါမစ်လဲရန် စီစဉ်ပေး


စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကို လက်ခံလိုက်သည့် အန်ဒီအေ (ကချင်) အဖွဲ့ ဗဟိုကော်မတီဝင်များကို ကားပါမစ်တစောင်စီ ထုတ်ပေးလိုက်ခြင်းသည် ဒေသတွင်း လက်နက်အပ်ရန် ကျန်နေသည့်ကိစ္စ အဆင်ပြေစေရေး ရည်ရွယ်ပုံရကြောင်း မြစ်ကြီးနားမြို့မှ အန်ဒီအေ တပ်ဖွဲ့ဝင်ဟောင်းတဦးက ပြောသည်။
။။။။။

No comments: