Sunday, January 10, 2010

Note 1-2010

04.01/10

အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိရန် အရေးကြီးကြောင်း အန်အယ်လ်ဒီ ပြောကြား

ယနေ့ကျရောက်သည့် (၆၂) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးချုပ်တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတရပ် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် လွတ်လပ်ရေးနေ့ ကြေညာချက်စာတမ်းကို အန်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ဖတ်ကြားသည်။

ကြေညာချက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အဓိကထားဖော်ပြထားကြောင်း အခမ်းအနား သဘာပတိအဖြစ်ဆောင်ရွက်သည့် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေက ပြောကြားသည်။

တိုင်းရင်းသားများအားလုံး အချင်းချင်း နားလည်မှုရှိရှိနှင့် ပူးပေါင်းလက်တွဲပြီး အမျိုးသားစည်းလုံးညီညွတ်မှုနှင့်သာ လွတ်လပ်ရေးကို ရယူခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းကို စံနမူနာယူပြီး မြန်မာနိုင်ငံကို ပြန်လည်ထူထောင်ရန်အတွက်
အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိရန် အရေးကြီးကြောင်း ကြေညာချက်တွင် ပါရှိသည်ဟု သိရသည်။
(NEJ)
+++++

အအေးဓါတ် လွန်ကဲသဖြင့် အကျဉ်းသားများအတွက် စိုးရိမ်နေ


နယူးဒေလီ (မဇ္ဈိမ)။ ။မြန်မာ့ နယ်စွန်နယ်ဖျား ဒေသများတွင် ဆောင်းတွင်း အအေးဓါတ် လွန်ကဲနေသဖြင့် ထိုဒေသများရှိ နိုင်ငံရေး အကျဉ်းသားများ၏ ကျန်းမာရေးအတွက် စိုးရိမ် ပူပန်နေကြောင်း နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်းနှင့် မိသားစုဝင်များ ပြောဆိုကြသည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေး လှုပ်ရှား တက်ကြွသူများ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ နိုင်ငံရေး ပါတီဝင်များနှင့် လူ့အခွင့်အရေးသမားများအတွက် စိုးရိမ်ပူပန်နေကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် အကျဉ်းထောင် ၄၂ ထောင်နှင့် ရဲဘက်စခန်း ၁ဝ၉ ခုတွင် အကျဉ်းသားနှင့် အချူပ်သား ဦးရေ ၂ သိန်းခွဲခန့်ရှိပြီး ၎င်းတို့ကို ကျန်းမာရေး စောင့်ရှောက်ရန် အကျဉ်း ဦးစီးဌာနတွင် ဆရာဝန် ၃၄ ဦး၊ ကျန်းမာရေးမှူး ၁၉ ဦး၊ သူနာပြုဝန်ထမ်း ၂၂ ဦး ရှိကြောင်း အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးဇော်ဝင်းက ပြီးခဲ့သည့် နိုဝင်ဘာလ နှောင်းပိုင်းတွင် အင်းစိန်ထောင်၌ ကျင်းပခဲ့သည့် အကျဉ်းသား ကျန်းမာရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ထုတ်ဖော် ပြောကြားခဲ့သည်။
(နယူးဒေလီ (မဇ္ဈိမ))
+++++

၂၀၁၀ တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု နအဖစစ်ခေါင်းဆောင် အတည်ပြု


စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယခုနှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု လွတ်လပ်ရေးနေ့ သ၀ဏ်လွှာတွင် အတည်ပြုပြောကြားသည်။

ဆယ်စုနှစ် (၂) ခုကျော်ကြာ နိုင်ငံအာဏာကို ရယူထားသော စစ်အစိုးရက ၂၀၀၈ ခုနှစ်တွင် အတင်းအကျပ် အတည်ပြုခဲ့သော အခြေခံဥပဒေဖြင့် ယခု ၂၀၁၀ တွင် ရွေးကောက်ပွဲ ပြုလုပ်ပြီး စစ်သား (၂၅) ရာခိုင်နှုန်းပါသော စစ်သားနှင့် အရပ်သားအစိုးရ တရပ် ဖွဲ့စည်းပေးမည်ဟု ကတိပြုခဲ့ပြီးနောက် ယခုထပ်မံ အတည်ပြုလိုက်ခြင်းဖြစ်သည်။
(NEJ)
+++++

လမ်းပြမြေပုံအတွက် ဘွဲ့နှင့် ဆုများ ချီးမြှင့်မည်


နယူးဒေလီ (မဇ္ဈိမ)။ ။ ချမှတ်ထားသည့် လမ်းပြ မြေပုံအတိုင်း စွမ်းစွမ်းတမံ ပါဝင်သူများအား စစ်အစိုးရက ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဆုတံဆိပ်များ ၃၈ မျိုး ချီးမြှင့်သွားမည်ဟု ဆိုသည်။

ဂုဏ်ထူးဆောင်ဘွဲ့ ၁၆ မျိုးနှင့် ဆုတံဆိပ် ၂၂ မျိုးကို ချီးမြှင့်သွားမည့်အကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာက ထုတ်ပြန် ရေးသားလိုက်ခြင်း ဖြစ်သည်။

၁၉၄၈ ခုနှစ်တွင် ဖဆပလအစိုးရက ပြဋ္ဌာန်းခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့ ၁၃ မျိုးနှင့် ဆုတံဆိပ် ၁၂ မျိုး ချီးမြှင့်ခဲ့သည့် အထဲမှ ဘွဲ့အားလုံးနှင့် ဆုတံဆိပ် ၉ မျိုး ပြန်လည်ပါဝင်သည်ဟု ဆိုထားသည်။

ထို့ပြင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ မဆလခေတ်တွင် ပြဋ္ဌာန်းခဲ့သည့် ဆုတံဆိပ်များအပြင် စစ်အစိုးရက အသစ်ထပ်မံ ပြဋ္ဌာန်းလိုက်သည့် နိုင်ငံတော် စစ်မှုထမ်း သင်္ဂဟ တံဆိပ်နှင့် နိုင်ငံတော် အေးချမ်းသာယာရေး တံဆိပ်တို့လည်း ပါဝင်သည်။ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ခံရပါက သားစဉ်မြေးဆက် ဆက်လက် ထိန်းသိမ်းခွင့် ရရှိမည်ဖြစ်ပြီး ယခင်က ချီးမြှင့်ခဲ့သည့် ဘွဲ့များနှင့် ဆုများအတွက်လည်း ခံစားခွင့်များ ဆက်လက် ပေးအပ်သွားမည်ဟု သတင်းစာတွင် ဖော်ပြထားသည်။
(နယူးဒေလီ (မဇ္ဈိမ)
+++++

ကချင်တိုင်းရင်းသားတို့၏ ရပိုင်ခွင့်များ ကေအိုင်အို တင်ပြမည်

ဒီဇင်ဘာ (၂၉) ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူးနှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း နအဖဘက်က တောင်းဆိုမှုအရ ကချင်တိုင်းရင်းသားများ၏ ရပိုင်ခွင့်အခွင့်ရေးများကို ကေအိုင်အိုအဖွဲ့က တင်ပြရန်ရှိသည်။

၁၉၄၇ ခုနှစ်၊ ပင်လုံသဘောတူညီချက်အရ တိုင်းရင်းသားများ၏ တန်းတူညီမျှမှုကို မြန်မာစစ်အစိုးရဘက်က လက်ခံမည်ဆိုလျှင် ကေအိုင်အိုအဖွဲ့အနေဖြင့် လက်နက်ကိုင်တော်လှန်ရေး စွန့်လွှတ်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပြီးခဲ့သည့်နှစ်၊ အောက်တိုဘာအတွင်း စာရေးသားပေးပို့ပြီး နောက်ပိုင်း နှစ်ဖက် ပြန်လည်တွေ့ဆုံမှု ပြုလုပ်စဉ် ကချင်တိုင်းရင်းသားများ၏ ရပိုင်ခွင့် အခွင့်အရေးများကို အသေးစိတ် စာရေးတင်ပြရန် နအဖဘက်က တောင်းဆိုထားသည်ဟု အဆင့်မြင့် ကေအိုင်အိုအရာရှိတဦးက ပြောသည်။
(NEJ)
------------------

5.01.10

၂၀၁၀ ရွေးကောက်ပွဲအတွက် အငြိမ်းစားဝန်ထမ်းများစာရင်း စတင်ကောက်ခံ


စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပင်စင်ယူထားသည့် အငြိမ်းစားအစိုးရ၀န်ထမ်းများ၏ အိမ်ထောင်စု စာရင်းများကို စတင်ကောက်ခံနေပြီဖြစ်သည်။

အစိုးရက သက်ဆိုင်ရာဌာနအလိုက် ရန်ကုန်တိုင်းအတွင်း နေထိုင်ကြသော အငြိမ်းစားအစိုးရ၀န်ထမ်းများ နေအိမ်သို့ တအိမ်ဝင် တအိမ်ထွက် လိုက်လံစာရင်းကောက်ခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အငြိမ်းစား အရာထမ်းတဦးက ပြောသည်။
(NEJ)
+++++

မြန်မာအတွက် ဆက်သွယ်ရေးစက်များ သြစတြေးလျက ရောင်းချ


ချင်းမိုင် (မဇ္ဈိမ)။ ။ သြစတြေးလျ အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီတခုက မြန်မာအတွက် အသုံးပြုရန် အဆင့်မြင့် ရေဒီယို ဆက်သွယ်ရေးစက် အလုံး ၅၀ ကို ပြီးခဲ့သည့်နှစ် အတွင်း ရောင်းချခဲ့သည်။

Berrett 2050 အမျိုးအစား ကြားဖြတ် ဖမ်းယူနိုင်စွမ်း ကောင်းသော ရေဒီယို အသံဖမ်းစက် အလုံး ၅၀ ကို ၂၀၀၉ ခုနှစ် အတွင်းမှာပင် ရောင်းချခဲ့ပြီး ယခင်ကလည်း နှစ်ကြိမ် ရောင်းချဖူးခဲ့သေးကြောင်း Perth မြို့ရှိ Barrett Communications ကုမ္ပဏီက ပြောဆိုခြင်း ဖြစ်သည်။
သို့သော် ယခင်အကြိမ်များက အရေအတွက် မည်မျှ ရောင်းချခဲ့သည်ကိုမူ ပြောကြားရန် ငြင်းဆန်လိုက်သလို စစ်တပ်သုံး ပစ္စည်းအနေဖြင့် ရောင်းချခဲ့ခြင်း မဟုတ်ဟု သူက ငြင်းချက်ထုတ်သည်။ယမန်နေ့ထုတ် The Sydney Morning Herald အွန်လိုင်း သတင်းစာတွင် သြစတြေးလျနိုင်ငံ ပါ့သ်မြို့အခြေစိုက် Barrett Communications ကုမ္ပဏီက မြန်မာစစ်တပ်နှင့် ဆက်သွယ်၍ မကြာသေးမီ လအနည်းငယ် အတွင်းက အဆင့်မြင့် ရေဒီယို အသံဖမ်း စက်များကို ပို့ဆောင်ပေးခဲ့သည်ဟု ဖော်ပြထားသည်။
+++++

တောင်သူများထံမှ မြေဆီကြွေး ကြံ့ဖွံ့ အာဏာသုံးတောင်းခံ


တောင်သူများကို အကြွေးစနစ်ဖြင့် ထုတ်ပေးထားသည့် မြေဆီကြွေးများကို စစ်ခေါင်းဆောင်များ ဦးဆောင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက အာဏာသုံး တောင်းခံနေသည်။

မကွေးတိုင်း မြို့သစ်မြို့နယ်အတွင်း ကျေးရွာ အုပ်စု (၅၀) ကျော်ကို ယမန်နှစ် သြဂုတ်လက စတင်ပြီး (၈) လဆိုင်း အကြွေးစနစ်ဖြင့် အတင်းအကျပ် မ၀ယ်မနေရ ရောင်းချထားပြီး (၅) လအကြာ ယခုလတွင် မြေဆီကြွေးတောင်းခံနေခြင်း ဖြစ်သည်။

“စရောင်းတုန်းက မြေဆီ (၁) အိတ်ကို ကာလပေါက်ဈေးက (၁၃,၀၀၀) ကျပ်ပဲ ရှိတာကို ကြံ့ဖွံ့အသင်းက တအိတ် (၂၀,၀၀၀) ကျပ်နဲ့ မ၀ယ်မနေရ ရယက ဥက္ကဋ္ဌတွေက တဆင့် ရောင်းတယ်ခင်ဗျ။ အကြွေး (၈) လဆိုင်းဆိုပြီး ရောင်းပေမယ့် အခု (၅) လလောက်ပဲ ရှိသေးတယ် ပြန်တောင်းတော့ အားလုံး အခက်တွေ့ကုန်တာ” ဟု မြို့သစ်မြို့နယ် ဒေသခံက ပြောသည်။

တောင်သူများက မြေဆီကြွေး မပေးချေနိုင်မှုကြောင့် တာဝန်ယူ ရောင်းချပေးထားသော ကျေးရွာ ဥက္ကဋ္ဌ (၂ ) ဦးကို ပြီးခဲ့သည့် အပတ်က ဖမ်းဆီးပြီး တောင်သူများထံမှ မြေဆီကြွေး အကြေပေးချေရန် ယခုတပတ်အတွင်း တောင်းပါမည်ဟူသည့် အာမခံဖြင့် ပြန်လွှတ်ထားကြောင်း သိရသည်။

၎င်းတို့ (၂) ဦးကို မြို့သစ်ရဲစခန်းက ဖမ်းဆီးခြင်းမဟုတ်ဘဲ မြို့သစ်မြို့နယ် မယက ဥက္ကဋ္ဌက အာဏာသုံး၍ ဖမ်းဆီးတောင်းခံ နေခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူများနှင့် နီးစပ်သူများက ပြောသည်။

မကွေးတိုင်း မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၀) ကျော်မှ တောင်သူများအားလုံးသည် မြေဆီ (၁) အိတ် အနည်းဆုံး ၀ယ်ယူထားရပြီး အများစုမှာ လယ်ဧက အနည်း အများအလိုက် (၃) အိတ်အထိ ၀ယ်ယူခဲ့ကြရသည်။
(NEJ)
+++++

သတင်းထောက် မလှလှဝင်းကို ထောင်ဒဏ် ၂၀ နှစ်တိုး


ချင်းမိုင် (မဇ္ဈိမ) ။ ။ သတင်းလိုက်ရင်း ဖမ်းဆီးခံရသော အမျိုးသမီး သတင်းထောက် တဦးကို ပခုက္ကူခရိုင် တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ထပ်တိုး ချမှတ်လိုက်ကြောင်း တရားရေးသတင်း ရပ်ကွက်တခုက ပြောသည်။

ပခုက္ကူထောင်တွင်း ထိန်းသိမ်းခံနေရသည့် ပြည်ပအခြေစိုက် သတင်းဌာနတခုအတွက် သတင်းပေးပို့ခဲ့သည်ဟု ယုံကြည်ရသော မလှလှဝင်းနှင့် သူ၏ အမှုတွဲဖြစ်သူ ကိုမြင့်နိုင်တို့အား ဒီဇင်ဘာ ၃၁ ရက်နေ့က ထောင်ဒဏ် အနှစ် ၂၀ နှင့် ၂၅ နှစ် အသီးသီး ထပ်ဆောင်းလိုက်ခြင်း ဖြစ်သည်။

အီလက်ထရောနစ် ဥပဒေနှင့် အခြား နိုင်ငံရေး ပုဒ်မတခုဖြင့် စွဲချက်တင် ထောင်ဒဏ် တိုးချခဲ့ခြင်းဟု သိရှိရသော်လည်း အသေးစိတ်ကို မသိရနိုင်သေးဘဲ ရှိနေသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် မလှလှဝင်းသည် မကွေးတိုင်း ပခုက္ကူမြို့ရှိ သာသနာ့ ဝိပုလာရာမ ပါဠိတက္ကသိုလ် (အနောက်တိုက်) မှ သံဃာတော်များကို တွေ့ဆုံ မေးမြန်းခဲ့ပြီး အပြန်လမ်းတွင် သူတည်းခိုသည့် အိမ်ရှင် ကိုမြင့်နိုင်နှင့်အတူ ဖမ်းဆီးခံခဲ့ရသည်။

တရားမဝင် ဆိုင်ကယ်စီးသည်ဟုဆို၍ ၎င်းတို့နှစ်ဦးကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် သွင်းကုန် ထွက်ကုန် အက်ဥပဒေ ပုဒ်မ ၅၁ ဖြင့် ပခုက္ကူမြို့နယ် တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။
+++++

စစ်ဦးကျိုးစေရန် နအဖ တပ်ရိက္ခာများကို ကေအန်ယူ သိမ်းဆည်း


လာမည့် ပွင့်လင်းရာသီတွင် ကေအန်ယူ တပ်မဟာ (၆) ကို ထိုးစစ်ဆင်ရန် နအဖစစ်တပ်ဘက်မှ တပ်ရိက္ခာဖြည့်တင်းနေမှုကို စစ်ဦးကျိုးသွားစေရန် ရည်ရွယ်၍ ကေအန်ယူက သိမ်းဆည်းခဲ့သည်။နအဖဘက်မှ တပ်ရိက္ခာ ဖြည့်တင်းနေမှုမှာ ယခင်နှစ်ကထက် (၄) ဆခန့် များပြားလာကြောင်း၊ စကခ (၈) သာမက စကခ (၁၉) နှင့် စကခ (၁၂) လက်အောက်ခံ တပ်ရင်းတို့ကိုလည်း ယခုနှစ် ထိုးစစ်တွင် အသုံးပြုဖွယ်ရှိ၍ စစ်ဦးကျိုးသွားစေရန် ရန်သူ့တပ်ရိက္ခာတို့ကို ယင်းကဲ့သို့ သိမ်းဆည်းရခြင်းဖြစ်ကြောင်း ဗိုလ်ကြီး ထွဲနေက ပြောသည်။

နအဖတပ်ရိက္ခာများကို ကေအန်ယူက သံဖြူဇရပ်၊ ဘုရားသုံးဆူနယ်စပ်မြို့အကြား လမ်းခရီးတွင် ဒီဇင်ဘာ (၂၇) ရက်နေ့မှ စတင် သိမ်းဆည်းလိုက်ခြင်းဖြစ်ပြီး ထိုတပ်ရိက္ခာ တင်ဆောင်လာသည့် ချောဆွဲလိုင်းကားများကို နအဖစစ်တပ်က အတင်းအဓမ္မ ပြန်လျော်ခိုင်းခဲ့ကြောင်း သိရသည်။
(NEJ)
+++++

6.01.10

ကရင်မိန်းကလေးငယ်များကို နအဖစစ်တပ် ပေါ်တာဆွဲ


မြန်မာပြည်တောင်ပိုင်း၊ တနင်္သာရီတိုင်းရှိ နအဖစစ်တပ်က ရှေ့တန်းစစ်မျက်နှာ၌ ရိက္ခာသယ်ရန် ဒေသခံ ကရင်ရွာသားများကို ပေါ်တာဆွဲရာတွင် မိန်းကလေးငယ်များကိုလည်း ခေါ်ဆောင်နေကြောင်း မွန်လူ့အခွင့်အရေးဖောင်းဒေးရှင်း (HURFOM) က ပြောသည်။ပေါ်တာအထမ်းသမားအတွက် ကရင်ရွာသားများကို ပြီးခဲ့သည့် ဒီဇင်ဘာ (၂၉) ရက်၌ ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ထီးချောင်းဝနှင့် ကင်းနီးခြံကျေးရွာမှ မိန်းကလေးများကိုလည်း ခေါ်ဆောင်သွားကြောင်း၊ တပတ်ပြည့်မြောက်ပြီးဖြစ်သော်လည်း ရွာသားအများစုမှာ နေအိမ်များသို့ ပြန်မရောက်ကြသေးကြောင်း သိရသည်။
(NEJ)
+++++

ကချင် သတင်းစာကို အစိုးရတပ်က တည်းဖြတ်


ချင်းမိုင် (မဇ္ဈိမ)။ ။ ကချင်ဘာသာဖြင့် နှစ်စဉ် ထုတ်ဝေလာခဲ့သော “JInghpaw Mungdaw Nsen” (ဂျိန်းဖော သတင်းစာ) စာစောင်ကို ယခုနှစ်တွင် အစိုးရတပ်က ဦးဆောင် တည်းဖြတ်မှုများ ပြုလုပ်နေသည်။

ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲ ကျင်းပရေး ကော်မတီက ထုတ်ဝေသော သတင်းစာတွင် ပါရှိသော သတင်း၊ ဆောင်းပါးများ အားလုံးကို ဗမာလို ပြန်ဆိုပေးရပြီး တည်းဖြတ်မှုကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်သားများလက်သို့ အပ်ထားကြရသည်။စစ်တိုင်းဌာနချုပ် လိုချင်သည့်အတိုင်း မလိုက်နာလျှင် စာစောင် ထုတ်ခွင့်မပေး.
+++++

ပုဂ္ဂလိက စာပေဆုများကို စာပေစာနယ်ဇင်းမှ သတိပေး


ပုဂ္ဂလိက စာပေဆုများ၊ စာမူဆုများ ပေးအပ်ခြင်း၊ ရွေးချယ်ခြင်းအားလုံးကို မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့က စိစစ် ကြပ်မတ်တော့မည်ဖြစ်သည်။

ပုဂ္ဂလိက စာပေဆုနှင့် စာမူဆုများမှာ များသောအားဖြင့် ကိုယ်ပိုင်ရွေးချယ်ရေး မူဝါဒ၊ စံတို့ဖြင့် စိစစ်ရွေးချယ်လေ့ရှိသော်လည်း ယခုနှစ်တွင်မူ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့က ယင်းသို့ ရွေးချယ်မှုများကို အဖွဲ့သို့ အသိပေးအကြောင်းကြားပြီးမှသာ လုပ်ဆောင်ရန် သတိပေးလိုက်ခြင်းဖြစ်သည်။
(NEJ)
+++++

အလွမ်းများနှစ် ဧရာဝတီ ရိုက်ကူး

နယူးဒေလီ (မဇ္ဈိမ) ။ ။ နာဂစ် မုန်တိုင်းသင့် ဒေသအတွက် ရန်ပုံငွေ ရှာဖွေမည့်အနေဖြင့် “အလွမ်းများနှစ် ဧရာဝတီ” အမည်ရ ဒီဗီဒီ ဇာတ်ကားကို ဂျပန်နိုင်ငံရောက် မြန်မာများ ရိုက်ကူးနေကြောင်း သိရသည်။

၂၀၀၈ မေလတွင် ဧရာဝတီတိုင်းအတွင်း နာဂစ် မုန်တိုင်း တိုက်ခတ်သည့် ဖြစ်ရပ်များကို နောက်ခံ ဇာတ်အိမ်ဖွဲ့ကာ ဂျပန်ရောက် မြန်မာနိုင်ငံသား ၅၀ နီးပါးဖြင့် ရိုက်ကူးနေခြင်း ဖြစ်ပြီး၊ ယခုနှစ် မေလထဲတွင် နိုင်ငံတကာသို့ ဖြန့်ချီရောင်းချကာ ရန်ပုံငွေ ရှာသွားမည် ဖြစ်သည်။

မုန်တိုင်းသင့် မိသားစုဝင်များကို နိုင်ငံတကာမှ မမေ့ကြရန် ရည်ရွယ် ရိုက်ကူးခြင်းဖြစ်ပြီး ပြသချိန် ၁ နာရီခွဲ ကြာမြင့်မည်ဖြစ်ကာ မြန်မာစကားပြော၊ ဂျပန် အင်္ဂလိပ် ဘာသာတို့ဖြင့် စာတမ်းထိုးမည်ဖြစ်သည်။
+++++

ပုဂံဒေသ ကျေးရွာများသို့ ကမ္ဘာလှည့်ခရီးသွားများကို ပိတ်ပင်


ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံဒေသရှိကျေးရွာများသို့ ကမ္ဘာလှည့်ခရီးသွားများ သွားရောက်လေ့လာခွင့်ကို စစ်အစိုးရက ယခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ပိတ်လိုက်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက ပြောသည်။

ယင်းသို့ပိတ်ထားသည်မှာ မှန်ကန်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက အတည်ပြုပြောဆိုသော်လည်း မည်သည့်အတွက် ပိတ်သည်ကို ပြောဆိုခြင်းမရှိပေ။
(NEJ)
----------------

7.01.10

သတင်းထောက် မလှလှဝင်းကို ပြစ်ဒဏ်ချမှတ်မှု


သတင်းထောက် မလှလှဝင်းကို ထောင်ဒဏ် (၂၇) နှစ် ချမှတ်လိုက်ခြင်းသည် ၂၀၁၀ ရွေးကောက်ပွဲကာလအတွင်း သတင်းရယူခွင့်ကို ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်ဟု ၀ါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်က သုံးသပ်ပြောကြားလိုက်သည်။
(NEJ)
+++++

ထောင်တွင်း လွတ်လပ်ရေး အခမ်းအနား ပျက်ပြားသွား


ချင်းမိုင် (မဇ္ဈိမ)။ ။ မြစ်ကြီးနားထောင်တွင်း လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပရန် နိုင်ငံရေး အကျဉ်းသားများက စီစဉ်ခြင်းကို အာဏာပိုင်များက တားမြစ်သဖြင့် ပျက်ပြားသွားခဲ့ရသည်။

အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်ခဲ့သည့် ၆၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို နာမည်ကျော် ဟာသသရုပ်ဆောင် ဇာဂနာ အပါအဝင် အတိုက်အခံ နိုင်ငံရေးသမားများက ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျင်းပလိုသော်လည်း အကျဉ်းဦးစီး ဝန်ထမ်းများက တားမြစ်ခဲ့သည်။
+++++

မယ်လစခန်းမှ ပထမအသုတ်ဒုက္ခသည်များ ဂျပန်သို့သွားရန် လူတွေ့စစ်ဆေးမည်


ဂျပန်နိုင်ငံက ပထမဦးဆုံးလက်ခံမည့် မယ်လဒုက္ခသည်စခန်းမှ မြန်မာဒုက္ခသည် (၃၀) သည် လာမည့်စက်တင်ဘာတွင် ဂျပန်နိုင်ငံသို့ စတင်ထွက်ခွာကြမည်ဖြစ်သည်။

ဂျပန်နိုင်ငံ၏ မြန်မာဒုက္ခသည်များအတွက် စမ်းသပ်မည့် (၃) နှစ်စီမံကိန်းအရ ဂျပန်အစိုးရကိုယ်စားလှယ်အဖွဲ့သည် ယမန်နှစ်ကုန်ပိုင်းက ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းသို့ လာရောက်လေ့လာခဲ့ပြီးနောက် ဒုက္ခသည်များ လက်ခံမည့်အစီအစဉ် စတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းအရ ထိုင်းနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းများထဲမှ တနှစ်လျှင် ဒုက္ခသည် (၃၀) ကို (၃) နှစ် စီမံကိန်းဖြင့် ဂျပန်နိုင်ငံက ခေါ်ယူခြင်းဖြစ်သည်။

မြန်မာဒုက္ခအများစုမှာ လူဦးရေ အကန့်အသတ်မရှိ ခေါ်ယူသည့် နိုင်ငံများသို့သာ သွားရောက်အခြေချလိုကြပြီး ဂျပန်နိုင်ငံသို့ သွားရောက်အခြေချလိုမှုကို စိတ်ဝင်စားသူ အလွန်နည်းပါးသည်ဟု မယ်လဒုက္ခသည်စခန်း၏ ဒု-ဥက္ကဋ္ဌစောထွန်းထွန်းက ပြောသည်။
(NEJ)
----------------

8.01.10

အန်အယ်လ်ဒီက ဗဟိုအလုပ်အမှုဆောင်များ ထပ်တိုး


အဓိက နိုင်ငံရေးပါတီကြီးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်သစ် (၇) ဦးမှ (၉) ဦးအထိ ထပ်တိုးဖွဲ့စည်းမည်ဖြစ်သည်။

နှစ်ပေါင်း (၂၀) ကျော် နိုင်ငံအာဏာကို သိမ်းယူထားသည့် စစ်အစိုးရက စစ်သား (၄) ပုံ (၁) ပုံ ပါသည့် အစိုးရသစ်ကို အာဏာလွှဲပြောင်းမည်ဆိုသည့် ယခုနှစ်တွင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီ အန်အယ်လ်ဒီက ပါတီလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ထပ်တိုးဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

“စီအီးစီ (၇) ဦး၊ ဒါမှမဟုတ် (၉) ဦး ထပ်တိုးဖွဲ့စည်းမှာ ဖြစ်ပါတယ်။ လာမယ့် တနင်္လာနေ့ အစည်းအဝေးမှာ အတည်ပြု ခန့်အပ်မှာပါ” ဟု အန်အယ်လ်ဒီ ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ဆွေက အတည်ပြုပြောကြားသည်။

ယခင် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ အပါအ၀င် ဗဟိုအလုပ်အမှုဆောင် (စီအီးစီ) အဖွဲ့ဝင် (၁၁) ဦးရှိရာမှ ယခု (၇) ဦးမှ (၉) ဦးအထိ ထပ်မံတိုးချဲ့မည်ဖြစ်ရာ စီအီးစီအဖွဲ့ဝင် (၁၈) ဦးမှ (၂၀) အထိ ရှိလာမည်ဖြစ်သည်။

ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်သစ်များစာရင်းကို လာမည့် တနင်္လာနေ့ အဖွဲ့ချုပ်အစည်းအဝေးတွင် တင်သွင်းအတည်ပြု သတင်းထုတ်ပြန်မည်ဖြစ်သည်။
(NEJ)
+++++

ကချင်မနောပွဲ စည်းကမ်းများ ကြိုတင်သတ်မှတ်


ရွှေလီ (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် ကျင်းပနေသည့် ၆၂ နှစ်မြောက် ပြည်နယ်နေ့ မနောပွဲတော် ကျင်းပရန် အာဏာပိုင်များက စည်းကမ်းချက်များကို ကြိုတင် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

စည်းကမ်းထဲတွင် မနောပွဲအတွင်း ငြိမ်းချမ်းရေး အဖွဲ့များမှ ယူနီဖောင်းနှင့် လက်နက်ခဲယမ်းများ မယူဆောင်ရန်၊ ဂေါ်ရခါးလူမျိုးများ ကပြဖျော်ဖြေခြင်း မပြုရန်၊ သတင်းလွှာနှင့် မှတ်တမ်းတင် ဗီဒီယိုရိုက်ရာတွင် အာဏာပိုင်များထံ ခွင့်ပြုချက်ယူရန် ပါဝင်သည်ဟု ပွဲတော် ဖြစ်မြောက်ရေး ကော်မတီနှင့် နီးစပ်သူတဦးက ပြောသည်။

ထို့ပြင် တူမီးများ ဒူးလေးများဖြင့် ဆန်းသစ်စွာ မကရန်၊ နိုင်ငံခြားသားများကို တွေ့ဆုံရာတွင် တံခါးပိတ် မတွေ့ရန်၊ အစီအစဉ် ကြေညာခြင်းများနှင့် အရေးကြီး ပုဂ္ဂိုလ်များ၏ မိန့်ခွန်းများကို စစ်ဖက်ဆိုင်ရာ လုံခြုံရေး - စရဖ သို့ ကြိုတင်တင်ပြရန် ပါဝင်သော အချက် ၁၃ ချက်ဖြစ်သည်။
+++++

မွန်အမျိုးသားနေ့ ပိုစတာပါ စာသား ဖြုတ်ခိုင်းမှု နအဖအား မွန်အမျိုးသားများ ဝေဖန်

လာမည့် ဇန်နဝါရီ (၃၀) ရက်တွင် ကျရောက်မည့် (၆၃) ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာပါ စာသားများအား နအဖအာဏာပိုင်တို့က ဖြုတ်ခိုင်းခြင်းသည် တိုင်းရင်းသားတို့၏ အခြေခံရပိုင်ခွင့် အခွင့်အရေးတို့ကို လျစ်လျူရှုလိုက်ခြင်းဖြစ်ကြောင်း ဝါရင့် မွန်နိုင်ငံရေးသမားတဦးက ပြောကြားသည်။မွန်အမျိုးသားနေ့ပိုစတာ၌ ပါသည့် သက္ကရာဇ် ၁၀၅၇ ခုနှစ်သည် မြန်မာဘုရင် အနော်ရထာက သုဝဏ္ဏဘူမိ သထုံပြည် မွန်နိုင်ငံတော်ကို သိမ်းပိုက်ကာ မွန်ဘုရင် မနူဟာမင်းနှင့်တကွ ပိဋကတ်သုံးပုံနှင့် ပညာရှင်များပါမကျန် ရှေ့ဟောင်းအမွေအနှစ် အားလုံးကို ပုဂံသို့ ဆောင်ယူသွားခဲ့သည့်ခုနှစ် ဖြစ်သောကြောင့် ယင်းကဲ့သို့ မဖော်ပြရန် အာဏာပိုင်တို့က ခေါ်ယူသတိပေးခဲ့ခြင်း ဖြစ်နိုင်ကြောင်း အဆိုပါ ဝါရင့် မွန်နိုင်ငံရေးသမားက ဆက်လက်ပြောကြားသည်။
(NEJ)
+++++

လျှို့ဝှက် မှတ်တမ်းကြောင့် သေဒဏ်ကျသူများ အယူခံဝင်မည်


ချင်းမိုင် (မဇ္ဈိမ)။ ။ နအဖ စစ်ခေါင်းဆောင် နှစ်ဦး၏ ရုရှားနှင့် မြောက်ကိုရီးယား ခရီးစဉ် လျှို့ဝှက် မှတ်တမ်းများ ပေါက်ကြားမှုဖြင့် အင်းစိန်ထောင် အထူးတရားရုံးက ယမန်နေ့တွင် သေဒဏ်ချမှတ်ခဲ့သူ နှစ်ဦးအတွက် အယူခံဝင်ရန် ရှေ့နေများ ပြင်ဆင်နေကြောင်း သိရသည်။

အငြိမ်းစား ဗိုလ်မှူး ဝင်းနိုင်ကျော်နှင့် နိုင်ငံခြားရေးရုံး ဥရောပရေးရာ ဌာနမှ အကြီးတန်းစာရေး ကိုသူရကျော် တို့အတွက် အယူခံဝင်ရန် ၄င်းတို့၏ ရှေ့နေများက ယနေ့မှ စတင်၍ ပြင်ဆင်နေပြီဟု အင်းစိန်ထောင် အသိုင်းအဝိုင်းမှ တဆင့် စုံစမ်းသိရှိရခြင်း ဖြစ်သည်။
+++++

ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်အတွင်း ယူနီဖောင်းဝတ်ခွင့် ပိတ်

ယခုလ (၅) ရက်မှ (၁၁) ရက်အထိ မြစ်ကြီးနားမြို့တွင် ကျင်းပနေသည့် (၆၂) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော်အတွင်း ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) အား ၎င်းတို့၏စစ်ယူနီဖောင်းဝတ်ခွင့် နအဖဘက်က တားမြစ်ပိတ်ပင်ထားသည်။

ယမန်နှစ်က ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်၊ မနောပွဲများတွင် စစ်ယူနီဖောင်းဝတ်ဆင်ထားသည့် ကေအိုင်အိုတပ်ဖွဲ့ဝင် (၁,ဝဝဝ) ကျော် ပါဝင်ဆင်နွှဲနိုင်ခဲ့သော်လည်း ၂၀၁၀ ခုနှစ်တွင် ယခုကဲ့သို့ပိတ်ပင်ထားသဖြင့် လူအင်အား (၁ဝဝ) ခန့်သာ တက်ရောက်မည်ဟု ကေအိုင်အိုအဖွဲ့နှင့် နီးစပ်သူ မြစ်ကြီးနားဒေသခံတဦးက ပြောသည်။
(NEJ)
+++++

တက်ကြွသူများ ထောင်ဒဏ် ၇၁ နှစ်အထိ အမြင့်ဆုံး ကျခံရ

နယူးဒေလီ (မဇ္ဈိမ)။ ။ မန္တလေး အိုးဖိုထောင်တွင် ၃ လခန့် အချုပ်ခံထားရသည့် မန္တလေးတိုင်း မြို့နယ် ၃ မြို့နယ်မှ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၁၅ ဦးကို ထောင်တွင်း တရားရုံးက ပြီးခဲ့သည့်လ ၃၀ ရက်နေ့တွင် အနိမ့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၂ နှစ်မှ အမြင့်ဆုံး ၇၁ နှစ်အထိ အသီးသီး ချမှတ်ခဲ့သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း မြင်းခြံ၊ ညောင်ဦးနှင့် ကျောက်ပန်းတောင်းမြို့တွင် အထူး ရဲသတင်းတပ်ဖွဲ့က အကြောင်းပြချက်မရှိ သူတို့ကို ဖမ်းဆီးသွားခဲ့သလို၊ မိသားစုများနှင့်ပါ တွေ့ဆုံခွင့်မပြုဘဲ ယခုလို ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း ယခုလ ၆ ရက်နေ့တွင် ထောင်ဝင်စာ စတင်တွေ့ခွင့်ရခဲ့သူ မိသားစုဝင်တဦးက ပြောပြခြင်း ဖြစ်သည်။
ကိုမျိုးဟန်ကို အီလက်ထရောနစ် အက်ဥပဒေဖြင့် ၁၅ နှစ်၊ မတရားအသင်း ၃ မှုဖြင့် ၉ နှစ်၊ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ရန် လှုံ့ဆော်မှုဖြင့် ၂ နှစ်၊ ပုံနှိပ်အက်ဥပဒေ ၂ မှုဖြင့် ၁၄ နှစ်၊ အသင်းအဖွဲ့ပုဒ်မ ၂ ခုဖြင့် ၈ နှစ်၊ ရုပ်မြင်သံကြား ဥပဒေဖြင့် ၃ နှစ် စသဖြင့် စုစုပေါင်း ၅၁ နှစ် ချမှတ်ခဲ့ကြောင်း ရှေ့နေ ဦးမြင့်သွင်ထံမှ အသေးစိတ် သိရသည်ဟု သူက ပြောဆိုသည်။

ကျန်ရှိသည့် မြင်းခြံမြို့မှ ဖြစ်ကြသည့် ဦးနန္ဒဝံသ ခေါ် ကိုအောင်နိုင်ဦးကို ၇၁ နှစ်၊ ဒေါက်တာဝင့်သူ ၂၈ နှစ်၊ ကိုကြည်စိုး ၂၂ နှစ်၊ ကိုစိုးရာဇာဖြိုး ၁၄ နှစ်၊ ကိုလှမျိုးကျော် ၁၄ နှစ်၊ ကိုကိုနိုင် ၂၈ နှစ်၊ ကိုသန်းထိုက်အောင် ၃၅ နှစ်၊ ကိုဝေဖြိုး ၁၁ နှစ် ချခဲ့သည်။ ၎င်းတို့သည် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ဖြစ်သည့်အပြင် နာဂစ် မုန်တိုင်းသင့် ဒုက္ခသည်များကို ကူညီခဲ့သူများလည်း ဖြစ်သည်။

ညောင်ဦးမှ ကိုမျိုးမင်းသန့် ၁၅ နှစ်၊ ဦးဇော်ဇော် ၅ နှစ်၊ ကိုကျော်ထွန်းလင်း ၅၂ နှစ်၊ ကျောက်ပန်းတောင်းမှ ကိုရဲခေါင် ၁၉ နှစ်နှင့် မချိုချိုသန်း ၈ နှစ် ပြစ်ဒဏ်ချသည့်အပြင် ကျောက်ပန်းတောင်းမြို့ သုခဝတီ ကျောင်းတိုက်တွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း ဖမ်းဆီးခံခဲ့ရသည့် ဦးဇောတိကကို ပြီးခဲ့သည့်လ ၁၀ ရက်နေ့က နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ရန် လှုံ့ဆော်မှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

၎င်းတို့ကို ထိုင်းနိုင်ငံရှိ မြန်မာ့အရေး လှုပ်ရှားသူများနှင့် ဆက်သွယ် လုပ်ကိုင်သည်ဟု စွပ်စွဲကာ ပုဒ်မ အမျိုးမျိုးဖြင့် စွဲချက်တင်၍ ပြစ်ဒဏ်ပေးခဲ့ခြင်း ဖြစ်သည်။
-------------------

No comments: