Sunday, February 7, 2010

5-2010

1.2.10

အပစ်ခတ်ရပ်စဲရေး ဆက်ထိန်းသွားလိုကြောင်း မွန်ပြည်သစ် ပြောကြား


နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံသည့်နောက်ပိုင်း နအဖစစ်အစိုးရနှင့် တင်းမာမှု ပိုများလာခဲ့ပြီး ရရှိထားသည့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းသွားရန် နအဖစစ်အစိုးရ၌ တာဝန်ရှိကြောင်း မွန်ပြည်သစ်ပါတီက ပြောကြားလိုက်သည်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းရင်းသားတို့၏ လိုလားချက်အတိုင်း ပြန်လည်ပြင်ဆင်သုံးသပ်ခြင်းမရှိဘဲ ရွေးကောက်ပွဲကို တဖက်သတ် ကျင်းပခဲ့ပါက လွတ်လပ်မှုနှင့် တရားမျှတမှု ရှိမည်မဟုတ်၍ ဆန့်ကျင်သွားမည်ဖြစ်ကြောင်းလည်း မွန်အမျိုးသားနေ့ အခမ်းအနားတွင် နိုင်ထောမွန်က ပြောကြားလိုက်သည်။
(NEJ)
။။။။။

ဂီတစာဆို ဦးဘသိန်း ကွယ်လွန်
မဇ္ဈိမသတင်းဌာန

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ ဂီတအစည်းအရုံး နာယကတဦးဖြစ်သူ ဂီတစာဆိုနှင့် ဂီတမှူး ဦးဘသိန်းသည် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အောင်နန်းရိပ်သာအနောက်ရပ်၊ မလွန်ခဲလန်တန်းရပ် နေအိမ်တွင် ယမန်နေ့က လူကြီးရောဂါဖြင့် အသက် ၁၀၀ နှစ်အရွယ်တွင် မန္တလေးမြို့နေအိမ်၌ ကွယ်လွန်သွားသည်။
။။။။။

ဂျပန်သွားမည့် ဒုက္ခသည်များကို လူတွေ့စစ်ဆေးတော့မည်


ဂျပန်နိုင်ငံက ပထမအသုတ်ခေါ်ယူမည့် မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည် (၃၀) ကို မနက်ဖြန်တွင် ဂျပန်နိုင်ငံအစိုးရ ကိုယ်စားလှယ်အဖွဲ့က လူတွေ့စစ်ဆေးမှု ပြုလုပ်မည်ဖြစ်သည်။

ဂျပန်အစိုးရ တရားရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဌာနမှ တာဝန်ရှိသူများက မယ်လစခန်းတွင် ယခုလ (၂) ရက်မှ (၅) ရက်နေ့ အထိ (၄) ရက်ကြာ လူတွေ့စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်။ဂျပန်နိုင်ငံက (၃) နှစ်စီမံကိန်းဖြင့် တနှစ်လျှင်ဒုက္ခသည် (၃၀) ကို ခေါ်ယူမည်ဖြစ်ပြီး မယ်လစခန်းတွင် လျှောက်ထားသူ (၆၀) ခန့် ရှိသော်လည်း မိသားစု (၃) စု နုတ်ထွက်သွားသဖြင့် သတ်မှတ်လူဦးရေ (၃၀) ပြည့်မီရန် အခက်အခဲရှိနိုင်သည်ဟုလည်း ၎င်းက ပြောသည်။
(NEJ)
။။။။။

မီးပျက်ချိန် (၃) ဆပိုလာမည့် အချိန်ဇယားသစ် ထုတ်ပြန်

ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ဇန်နဝါရီ လကုန်ပိုင်းမှစပြီး ထုတ်ပြန်လိုက်သည့် လျှပ်စစ်မီးပေးချိန် အချိန်ဇယားသစ်အရ ရုံးချိန် (၈) နာရီအတွင်း တနေ့ ပျမ်းမျှ (၂) နာရီ (၄ဝ) မိနစ်သာ လျှပ်စစ်မီးရရှိနိုင်တော့မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ပြီးခဲ့သည့် ဒီဇင်ဘာ (၃) ရက်နေ့က စတင်သည့် အလှည့်ကျမီးပေးစနစ် အချိန်ဇယားမှာမူ (၃) ရက်အတွက် မီးလာချိန် နာရီ (၆ဝ) နှင့် မီးပျက်ချိန် (၁၂) နာရီရှိပြီး ယခု အချိန်ဇယားမှာ (၃) ရက်အတွက် မီးလာချိန် (၄၂) နာရီရှိပြီး မီးပျက်ချိန် နာရီ (၃ဝ) ရှိသည်။အစိုးရက ဝါဒဖြန့်သကဲ့သို့ ဘီလူးချောင်း ရေအားလျှပ်စစ်ဓာတ်အားပေးရုံက ပို့လွှတ်သည့် တာဝါတိုင် ပြိုလဲခဲ့၍ လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပျက်ခြင်းမဖြစ်နိုင်ကြောင်း၊ ဘီလူးချောင်း အမှတ် (၂) ရေအားလျှပ်စစ်စက်ရုံသည် စက်တပ်ဆင်အား (၁၆၈) မီဂ္ဂါဝပ်သာရှိကြောင်း၊ ၁၉၇၄ ခုနှစ်ကတည်းက စက်တပ်ဆင်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်း စက်စွမ်းအားအပြည့် မလည်ပတ်နိုင်သည်မှာ ကြာပြီဖြစ်ကြောင်း ရန်ကုန်မြို့မှ လျှပ်စစ်ဝန်ထမ်းဟောင်းတဦးက ပြောသည်။
(NEJ)
။။။။။

2.2.10

ဦးအောင်ဆန်းဦးတို့ ဇနီးမောင်နှံ ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ခံရ


ဗိုလ်ချုပ်အောင်ဆန်း၏ အကြီးဆုံးသား အမေရိကန်နိုင်ငံနေ ဦးအောင်ဆန်းဦးနှင့် ဇနီး ဒေါ်လဲ့လဲ့နွယ်သိန်းတို့ နှစ်ဦးအား နအဖ စစ်အစိုးရနှင့် နောက်လိုက်များနည်းတူ သပိတ်မှောက်ကံဆောင်၍ ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ယနေ့ ကြေညာချက်ထုတ်ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်မှု၊ ပိုင်ဆိုင်မှုတို့နှင့် ပတ်သက်သည့် တားမြစ်ကန့်ကွက်ခြင်း၊ တရားစွဲဆို နှောင့်ယှက်ခြင်းတို့ကို ပယ်ဖျက်ပေးရန် အကြောင်းကြားထားသည်ကို သတ်မှတ်ရက်တိုင်အောင် အကြောင်းပြန်ကြားခြင်း မရှိသည့်အတွက် ဦးအောင်ဆန်းဦးတို့အား ယခုကဲ့သို့ ပတ္တနိက္ကုဇ္ဇနကံဆောင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
(NEJ)
။။။။။

ရန်ကုန်မှာ အင်တာနက်လိုင်းတွေ နှေးကွေး၊ ပြတ်တောက်


နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်တွင် ယမန်နေ့မှ စတင်၍ အင်တာနက်လိုင်းများ နှေးကွေးခြင်း၊ ပြတ်တောက်ခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။

တိုင်းအတွင်းရှိ မြို့နယ် အများအပြားတွင် အင်တာနက်လိုင်းများ ထိုသို့ဖြစ်နေခြင်းကြောင့် အင်တာနက်ဆိုင်အချို့ ပိတ်ထားလိုက်ရသလို၊ သုံးစွဲသူများလည်း အခက်ကြုံနေရသည်။
အလားတူပင် ကချင်ပြည်နယ် မြစ်ကြီးနား၊ ကရင်ပြည်နယ် ဘားအံ၊ တနင်္သာရီတိုင်း မြိတ်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ အင်တာနက်ဆိုင်များလည်း ဝဘ်ဆိုဒ်များ ဖွင့်မရဘဲ နှေးကွေးနေသည်။
။။။။။

ဖမ်းဆီးထားသူများအား ညှဉ်းပန်း၍ ဖြောင့်ချက်ရယူမှု
ရှေ့နေများကောင်စီက စုံစမ်းသွားမည်



မြန်မာပြည်တွင်း၌ ဖမ်းဆီးခံရသူများအား စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်သူများဖြစ်သည့် မြန်မာနိုင်ငံ ရဲချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတို့အား ထိရောက်စွာ အပြစ်ပေး အရေးယူနိုင်ရန်အတွက် မှတ်တမ်းထားရှိကာ အမှုမှန်ပေါ်ပေါက်ရေးကို ဆက်လက် စုံစမ်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ထုတ်ပြန်ကြေညာ လိုက်သည်။မြန်မာအကျဉ်းစခန်းများနှင့် စစ်ကြောရေးစခန်းများတွင် နှိပ်စက်မှု အမျိုးမျိုးအနက် အိပ်စက်အနားယူခွင့်မပေးဘဲ နေ့ရက်ဆက်တိုက် မတ်တပ်ရပ်ခိုင်း၍ စစ်ဆေးမေးမြန်းခြင်း၊ ချွန်ထက်သည့် ကျောက်စရစ်ခဲများပေါ်တွင် ဒူးထောက်ထိုင်စေပြီး အပေါ်မှ လူတက်ဖိ၍ စစ်ဆေးခြင်း၊ မျဉ်းလုံးဖြင့် ရိုက်နှက်ခြင်း၊ ရေနှင့်အစားအသောက် ကျွေးမွေးမှု မရှိခြင်း၊ ခြေဖျားထောက်ခိုင်း၍ ခြေဖနှောင့်အောက်၌ ချွန်ထက်သည့်အရာ ထားရှိ၍ စစ်ဆေးခြင်းတို့ပြုလုပ် ဖြောင့်ချက်ရယူခဲ့ကြောင်း လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသမားဟောင်းများထံမှ သိရသည်။

မြန်မာနိုင်ငံတွင် တပြည်လုံးအနှံ့ အကျဉ်းထောင်ပေါင်း (၄၂) ခု၊ ရဲဘက်စခန်း (၁၀၉) ခုရှိပြီး အကျဉ်းသား/အချုပ်သား ဦးရေစုစုပေါင်း (၂၄၈,၆၆၄) ဦးရှိကြောင်း အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက တရားဝင် ထုတ်ဖော် ပြောကြားခဲ့သည်။
(NEJ)
။။။။။

ဒေါ်နော်အုန်းလှတို့ကို ၁၅ ရက်နေ့ စီရင်ချက်ချမည်


နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှုဖြင့် တရားစွဲခံနေရသည့် ဒေါ်နော်အုန်းလှ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ အမျိုးသမီး ၄ ဦး အမှုကို အင်းစိန်ထောင် ခရိုင် တရားရုံးက ယခုလ ၁၅ ရက်နေ့တွင် စီရင်ချက်ချတော့မှာဖြစ်သည်။
။။။။။

မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ဒုက္ခသည်များ ပြန်မပို့ရေး
ကရင်အမျိုးသမီးအဖွဲ့ အသနားခံ


စစ်အစိုးရနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ကြောင့် ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်လာရသော ကရင်ဒုက္ခသည် (၃,၀၀၀) ကျော်ကို မြေမြှုပ်မိုင်း အန္တရာယ်ရှိနေသော နေရပ်သို့ အတင်းအကျပ် ပြန်မပို့ရေးအတွက် ကရင်အမျိုးသမီးအဖွဲ့က ယနေ့ ထိုင်းအစိုးရသို့ အသနားခံစာ ရေးသားပေးပို့လိုက်သည်။

ထိုင်းစစ်တပ်က ယခုလ (၅) ရက်နေ့မှ (၁၅) ရက်နေ့အတွင်း အဆိုပါ အမျိုးသမီးနှင့်ကလေးငယ် အများစုပါဝင်သော ကရင်ဒုက္ခသည် (၃,၀၀၀) ကို နေရပ်ပြန်ရန် ပြောကြားထားပြီးဖြစ်သည်။
(NEJ)
။။။။။

3.2.10

ဒုက္ခသည်များ တရားဝင် နေထိုင်ခွင့်ကတ်ပြား မလေးရှားက ထုတ်ပေးမည်



မလေးရှားနိုင်ငံ၌ ကုလသမဂ္ဂဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံထားရသူများကို တတိယနိုင်ငံ အခြေမချနိုင်ခင် စပ်ကြားကာလတွင် အသုံးပြုနိုင်ရန် မလေးရှားအစိုးရက တရားဝင်နေထိုင်ခွင့် ကတ်ပြားတမျိုးကို ထုတ်ပေးသွားရန် စီစဉ်နေကြောင်း သိရသည်။

မလေးရှားရောက် တရားမဝင် နိုင်ငံခြားသားအလုပ်သမားများကို ဖမ်းဆီးရာတွင် ဒုက္ခသည်အသိအမှတ်ပြုလက်မှတ် ကိုင်ဆောင်ထားသူတို့ကိုလည်း သက်ဆိုင်ရာက ဖမ်းဆီးမှု များပြားလာနေခြင်း၊ လက်ရှိ ဒုက္ခသည်ဦးရေနှင့် တတိယနိုင်ငံသို့ ထွက်ခွာခွင့် ရရှိသူတို့၏ အချိုးအစား ကွာဟနေခြင်းတို့ကြောင့် ယင်းကဲ့သို့စီစဉ်ရန် အစိုးရနှင့် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်ကြောင်း ကွာလာလမ်ပူအခြေစိုက် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) ရုံး ပြောခွင့်ရပုဂ္ဂိုလ် မစ္စစ် ယန်တီး အစ္စမေးလ်က သတင်းစာရှင်းလင်းပွဲတရပ်တွင် ပြောကြားသည်။

အသစ်ထုတ်ပေးမည့် တရားဝင်နေထိုင်ခွင့် ကတ်ပြားကို မည်သည့်အချိန် စတင်ထုတ်ပေးမည်ကို မပြောကြားသေးသော်လည်း အဆိုပါကတ်ပြား ကိုင်ဆောင်ထားသူသည် သက်ဆိုင်ရာ အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းမှ ကင်းလွတ်မည်ဖြစ်ပြီး မလေးရှားတွင် ရှိနေစဉ်အတွင်း အလုပ်လုပ်ကိုင်ခွင့်လည်း ရရှိမည်ဖြစ်သည်။

အဆိုပါကတ်ပြား၏ သက်တမ်း သတ်မှတ်ရေးအပါအဝင် အသေးစိတ်အစီအစဉ်ကို ယူအန်အိပ်ခ်ျစီအာနှင့် မလေးရှား ပြည်ထဲရေးဝန်ကြီးတို့က ဆက်လက် ဆွေးနွေးသွားရန်ရှိသည်။
(NEJ)
။။။။။

ရှေ့နေ ကိုဖိုးဖြူ လွတ်မြောက်ဖွယ်ရှိ


ချင်းမိုင် (မဇ္ဈိမ)။ ။ တောင်သူများအတွက် အကျိုးဆောင်ရှေ့နေလိုက်ပေးမှုကြောင့် ထောင်ကျခံနေရသူ လူငယ်ရှေ့နေ ကိုဖိုးဖြူကို အာဏာပိုင်များက လွှတ်ပေးဖွယ်ရှိကြောင်း သူ၏အမှုကို ကိုင်တွယ်နေသည့် ရှေ့နေ ဦးမြင့်သွင်က ပြောသည်။
။။။။။

ကေအိုင်အိုတော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲတော် စတင်ကျင်းပ


ဖေဖော်ဝါရီ (၅) ရက်တွင် ကျရောက်မည့် (၄၉) နှစ်မြောက် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲတော်အဖြစ် ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ် အတွင်းရှိ ကေအိုင်အို တပ်မဟာ (၁) ၌ ယနေ့ စတင်ကျင်းပသည်။

ဧရာဝတီမြစ်ဆုံ အထက်ပိုင်း၊ မေခနှင့်မလိမြစ်အကြား ကေအိုင်အိုတပ်မဟာ (၁) ဌာနချုပ်ရှိရာ အင်ဂျန်းယန်မြို့နယ်၊ အင်ဂွန်းလကျေးရွာတွင် မနောပွဲဖြင့် ယနေ့နံနက်ပိုင်းက စတင်ခဲ့ပြီး တော်လှန်ရေးနေ့တွင် စစ်ရေးပြ ချီတက်အခမ်းအနားနှင့် လူထုစည်းဝေးပွဲများ ကျင်းပရန်ရှိသည်ဟု ကေအိုင်အို ဆက်ဆံရေးရုံးနှင့် နီးစပ်သူ မြစ်ကြီးနားမြို့ခံက ပြောသည်။
(NEJ)
။။။။။

စိတ်ကြွဆေးပြား လေးသန်းသည် UWSA လုပ်ဟု ထိုင်းကပြော


ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ယခင် လကုန်ပိုင်းနှင့် ယခုလဆန်းအတွင်း ဖမ်းဆီးရမိသည့် စိတ်ကြွဆေး လေးသန်းခန့်နှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့၏ လက်ချက်ဟု ထိုင်း အာဏာပိုင်များက စွပ်စွဲလိုက်သည်။

ယခင်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစ၍ ယခင်လ ၂၉ ရက်နေ့အကြား ဖမ်းမိခြင်းဖြစ်သည့် မူးယစ်ဆေးဝါး များနှင့်ပတ်သက်၍ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဗဟိုအဖွဲ့ မြောက်ပိုင်းရုံးက ပြောဆိုခြင်းဖြစ်ကြောင်း ယနေ့ ထုတ် ဘန်ကောက်ပို့စ် သတင်းစာ၌ ဖော်ပြသည်။

ဝ တပ်ဖွဲ့ UWSA ခေါင်းဆောင် ဝေဆူခန်းသည် ထိုင်းနိုင်အတွင်း ဖြန့်ဖြူးနေသောမူးယစ်ဆေးဝါးအများစု အတွက် တာဝန်ရှိသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် စစ်အစိုးရကို တိုက်ခိုက်ရန် လက်နက်ဝယ်ယူရေး အတွက် ငွေရလွယ်သည့် မူးယစ်ဆေးဝါးလုပ်ငန်းကို လုပ်ကိုင်နေကြကြောင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဗဟိုအဖွဲ့ ဘန်ကောက်ရုံးချုပ်မှ လက်ထောက်ညွှန်မှူး ပမ်ပွန် ချောင်ဗာလစ် Permpong Chaovalit က ပြောသည်။

ထို့အပြင် ၂ဝ၁ဝ ရွေးကောက်ပွဲကာလတွင် နအဖစစ်တပ်၏ တိုင်းရင်းသားများအပေါ် ထိုးစစ်ဆင်များ တိုး မြင့်လာနိုင်မည်ဟုလည်း တွက်ဆကြောင်း သူကပြောသည်။
။။။။။

ဇောတိကစီမံကိန်း အမြန်ဆုံးရောင်းချနိုင်ရန် ညွှန်ကြား


မုတ္တမကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့ လုပ်ကွက်တခုဖြစ်သော ဇောတိက စီမံကိန်းမှ ယခုနှစ် ပွင့်လင်းရာသီအတွင်း သဘာဝဓာတ်ငွေ့ စီးပွားဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေး အမြန်ဆုံးဆောင်ရွက်ကြရန် စစ်အစိုးရ စွမ်းအင်ဝန်ကြီးက ပြောကြားလိုက်သည်။

ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းကို ထိုင်းစွမ်းအင်ကုမ္ပဏီ PTTEP နှင့် အမေရိကန်ဒေါ်လာ သန်း (၁) ထောင်တန်ဖိုးရှိ ဓာတ်ငွေ့ရောင်းချရန် နားလည်မှုစာချွန်လွှာ ချုပ်ဆိုထားပြီး အမြန်ဆုံး စတင်ရောင်းချ အကောင်အထည်ဖော်ရန် စစ်အစိုးရ ၀န်ကြီးက အဆိုပါစီမံကိန်းသို့ ယခုလ (၁) ရက်တွင် သွားရောက် ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၀၅ ခုနှစ်ကတည်းက ယခုချိန်ထိ ဇောတိကစီမံကိန်းတွင် သဘာဝဓာတ်ငွေ့ ရှာဖွေရေးနှင့် အကဲဖြတ်ရေး တွင်းပေါင်း (၁၈) တွင်း တူးဖော်ပြီး ဓာတ်ငွေ့ထွက်ရှိမှုပမာဏကို ခန့်မှန်းတွက်ချက်မှု လုပ်ငန်းစဉ်များ လုပ်ဆောင်နေခြင်းဖြစ်သည်။

စစ်အစိုးရ တရားဝင် နိုင်ငံခြားငွေ လဲလှယ်နှုန်းအရ နိုင်ငံမှ သဘာဝဓာတ်ငွေ့ ရောင်းချရငွေများကို စစ်ဗိုလ်ချုပ်ကြီးများ ရရှိနေဦးမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်တဦးက သုံးသပ်သည်။

“(၁) ဒေါ်လာကို တရားဝင် (၆) ကျပ်။ တကယ့် အရှိ ငွေလဲနှုန်းက (၁) ထောင်ကျပ်။ အဲတော့ အစိုးရက ဓာတ်ငွေ့ရောင်းရငွေ ဒေါ်လာသန်း (၁) ထောင်ဆိုရင် ပြည်သူ့ဘဏ္ဍာထဲ ၀င်လာမှာက ဒေါ်လာ သန်း (၆၀)။ ကျန်တဲ့ ဒေါ်လာ သန်း (၉၄၀) က ဘယ်သူယူမယ်ဆိုတာ မသိနိုင်ဘူး” ဟု ပြည်တွင်း စီးပွားရေးပညာရှင်တဦးက ပြောဆိုသည်။
(NEJ)
။။။။။

မြန်မာအတွက် ဒေါ်လာ ၃၄.၈ သန်း အိုဘားမား အဆိုပြု


နယူးဒေလီ။ ။ အမေရိကန် သမ္မတ ဘားရတ် အိုဘားမား၏ ၂ဝ၁၁ ခုနှစ်အတွက် ဘတ်ဂျတ် အဆိုပြုချက်တွင် မြန်မာ့ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးကဏ္ဍအတွက် ထောက်ပံ့ရန် အမေရိကန်ဒေါ်လာ ၃၄.၈ သန်း အဆိုပြုထားသည်။

အဆိုပြုထားသော ဘတ်ဂျတ်အား လူ့အခွင့်အရေးကိစ္စ၊ လူထုပူးပေါင်းပါဝင်ရေးနှင့် ပြည်တွင်း၌ သတင်းအချက်အလက်များ ရရှိနိုင်ရေးအတွက်အပြင် ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်များ၊ နယ်စပ်ဖြတ်ကျော် ဒုက္ခသည်များနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းအလုပ်သမားများ၏ အရေးကို ကူညီရန်အတွက် အသုံးပြုမည်ဖြစ်သည်။
။။။။။။။။။။။။။။။။
4.2.10

ဒု-ဥက္ကဋ္ဌ ပြန်လည်လွတ်မြောက်ရမည်ဟု အန်အယ်လ်ဒီ မျှော်လင့်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဒု-ဥက္ကဋ္ဌ ဦးတင်ဦးအား လာမည့်သီတင်းပတ်အတွင်း လွှတ်ပေးသင့်ကြောင်း အန်အယ်လ်ဒီက ပြောကြားလိုက်သည်။

ရှေ့လာမည့် သီတင်းပတ်တွင် ဦးတင်ဦးအား နေအိမ်အကျယ်ချုပ် ချုပ်နှောင်ထားသည့်သက်တမ်း ကုန်ဆုံးပြီဖြစ်သဖြင့် စစ်အစိုးရအနေဖြင့် ပြန်လည်လွှတ်ပေးရမည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် စောင့်ကြည့်နေကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောသည်။
(NEJ)
။။။။။

ကရင်သတင်းဌာနကို ထိုင်းလုံခြုံရေးများ ဝင်မွှေ

ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံ နယ်စပ်မြို့ မဲဆောက်တွင် အခြေစိုက်သော ကရင်သတင်းဌာနကို ထိုင်းရဲနှင့်စစ်သားများက ယနေ့နံနက်က ရုတ်တရက် ဝင်ရောက် ရှာဖွေမှုပြုလုပ်သွားခဲ့သည်။

မြန်မာနိုင်ငံ မြဝတီမြို့ တဖက်ကမ်းရှိ မဲဆောက်အခြေစိုက် စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ လက်နက်အပြည့်အစုံဖြင့် တပ်ဖွဲ့ဝင် ၂၀ ဦးခန့်က မနက် ၆ နာရီခန့်မှစ၍ တနာရီကျော် ဝင်ရောက် ရှာဖွေပြီး မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ယူသွားခဲ့သည်။ထိုင်းလုံခြုံရေးများက သတင်းဌာနကို ဝင်ရောက်ရှာဖွေခြင်းမပြုမီ ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင်တဦး ဖြစ်သော ဒေးဗစ်သာကပေါ၏ နေအိမ်ကိုလည်း ဝင်ရောက်စစ်ဆေးခဲ့သေးသည်။
ကရင်ဒေသနှင့် ကရင်လူမျိုးများအရေး အဓိကထား သတင်းထုတ်ပြန်နေသော သတင်းဌာနကို ပထမဆုံးအကြိမ် ဝင်ရောက်ရှာဖွေခံရခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးနှင့် လက်နက်ရှိ မရှိ လာရောက် စစ်ဆေးခြင်း ဖြစ်သည်ဟု စစ်ဆေးသူများက ပြောသွားခဲ့ကြောင်း အယ်ဒီတာ နန်းဖော့ဂေက ပြောသည်။
။။။။။

မြင်းခြံမှ နိုင်ငံရေးအကျဉ်းသားအချို့ပျောက်ဆုံး


မြင်းခြံမြို့နယ်မှ ဒေါက်တာဝင့်သူ အမှုတွဲတွင် ပါဝင်သည့် နိုင်ငံရေးအကျဉ်းသားများကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် စီရင်ချက်ချပြီး မည်သည့်ထောင်တွင် ထားသည်ကို မိသားစုက စုံစမ်းမရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

မြင်းခြံနှင့် ကျောက်ပန်းတောင်း မြို့နယ်တို့မှ မတရားအသင်း၊ အီလက်ထရောနစ် အက်ဥပဒေတို့ဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရသည့် နိုင်ငံရေးအကျဉ်းသားများထဲမှ အချို့မှာ စီရင်ချက်ချပြီး (၁) လကျော်အထိ မည်သည့်ထောင်တွင် ထိန်းသိမ်းထားသည်ကို မသိရှိရခြင်းဖြစ်သည်။ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း မြင်းခြံမြို့က ဒေါက်တာဝင့်သူ အပါအ၀င် (၉) ဦးကို သံဃာ့သမဂ္ဂီ ဖွဲ့စည်းမှု ပြုလုပ်သည် ဆိုကာ စွဲချက်တင်ခဲ့ပြီး အီလက်ထရောနစ် အက်ဥပဒေ၊ ပုံနှိပ် အက်ဥပဒေ စသည်တို့ဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ကို မန္တလေးတိုင်း အိုးဘိုထောင်တွင် ထိန်းသိမ်းထားခဲ့ပြီး အိုးဘိုထောင်တွင်ပင် ရုံးထုတ် စီရင်ချက်ချခဲ့ခြင်းဖြစ်သည်။ သို့သော် အိုးဘိုထောင်ကလည်း မည်သည့်ထောင်သို့ ပြောင်းရွှေ့သည် ဆိုသည်ကို မပြောကြားဟု သိရသည်။
(NEJ)
။။။။။

ဒေါ်စုက ဗဟိုတရားရုံးချုပ်တွင် ကန့်ကွက်စာတင်


ချင်းမိုင်(မဇ္ဈိမ)။ ။ နေအိမ်ပြုပြင်မှုကို ဦးအောင်ဆန်းဦးက တားဝရမ်းထုတ်ခြင်းအပေါ် ပြန်လည် ကန့်ကွက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဗဟိုတရားရုံးချုပ်တွင် ယနေ့ စတင်လိုက်သည်။

နေအိမ်အချုပ်ကျနေစဉ် နှစ်ပေါင်းများစွာ မပြုမပြင်သဖြင့် ယိုယွင်းလာနေသော နေအိမ်ကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်က ပြုပြင်နေခိုက် အကိုရင်းဖြစ်သူ ဦးအောင်ဆန်းဦးက အမွေပိုင်သည်ဆိုကာ တားမြစ်ခဲ့သဖြင့် ရှေ့နေများမှတဆင့် ကန့်ကွက်လိုက်သည်။
။။။။။။။။။။။။။။။။

5.2.10


မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်တော့မည်

မြန်မာနိုင်ငံကိုဖြတ်၍ တရုတ်နိုင်ငံသို့ သွယ်တန်းနေသော ပိုက်လိုင်း (၂) လိုင်းမှ ရေနံနှင့် သဘာဝဓာတ်ငွေ့တို့ကို တရုတ်နိုင်ငံသို့ မကြာမီ တင်သွင်းတော့မည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံက အရှေ့အလယ်ပိုင်းနှင့် အာဖရိကတိုက်မှ ၀ယ်ယူမည့် ရေနံကို ရခိုင်ပြည်နယ် ပင်လယ်ဆိပ်ကမ်းရှိ သိုလှောင်ကန်များမှတဆင့် မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းသို့ဖြတ်၍ တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းနိုင်ရန် ပိုက်လိုင်း သွယ်တန်းရေး လုပ်ငန်းများနှင့် သိုလှောင်ကန်များ ဆောက်လုပ်ရေး စီမံကိန်းများကို ၂၀၁၀ ခု ပွင့်လင်းရာသီတွင် အပြီးသတ် တည်ဆောက်သွားမည်ဖြစ်သည်။
(NEJ)
။။။။။

နယ်ခြားစောင့်တပ် မပြောင်းဟု KIO ထပ်မံပြော

ရွှေလီ (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ်အဖြစ် အသွင်မပြောင်းဘဲ ငြင်းဆန်နေသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က တိုင်းရင်းသား တန်းတူရေးကို ဆက်လက်တောင်းဆိုသွားမည်ဟု ယနေ့ကျရောက်သော ၄၉ နှစ်မြောက် ကချင်တော်လှန်ရေးနေ့တွင် ပြောဆိုလိုက်သည်။

ကချင်ပြည်နယ် လိုင်ဇာမြို့၌ ယနေ့နံနက် ကျင်းပသည့် တော်လှန်ရေးနေ့ အခမ်းအနားသို့ ပေးပို့သော KIO ဥက္ကဋ္ဌ ဦးဇောင်းခရား၏ မိန့်ခွန်းတွင် ကိုလိုနီချယ်ချဲ့ လက်အောက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေး ရယူစဉ်က ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ပါအတိုင်း တိုင်းရင်းသား တန်းတူအခွင့်အရေးကို လိုလားကြောင်း ဖော်ပြပါရှိခြင်း ဖြစ်သည်။
။။။။။

မြန်မာနိုင်ငံတွင် ငှက်ဖျားဆေးမတိုးမှု ဖြစ်ပေါ်နေဟု
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး


မြန်မာနိုင်ငံ၌ ငှက်ဖျားရောဂါကုသရာတွင် အာနိသင်အထက်ဆုံးဖြစ်သည့် အာတီမစ်စင်နင် ငှက်ဖျားကာကွယ်ဆေး မတိုးတော့သည့် အခြေအနေဖြစ်ပေါ်နေပြီး ဒေသတွင်း၌ ငှက်ဖျားရောဂါထိန်းချုပ်ရန် အဓိက စိမ်ခေါ်မှုတရပ်အဖြစ် ရင်ဆိုင်ရနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ယမန်နေ့က ထုတ်ဖော်ပြောဆိုလိုက်သည်။

ဆေးမတိုးတော့သည့် ငှက်ဖျားပိုးတမျိုး ကူးစက်ပျံ့နှံ့နေသည်ကို ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တလျှောက်တွင် တွေ့ရှိရသဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထိန်းချုပ်နိုင်ရန် ကြိုးစားလျက်ရှိသည်။

အဆိုပါ ဆေးမတိုးသည့် ငှက်ဖျားပိုးကြောင့် ရောဂါဖြစ်သူသည် အသက်သေဆုံးနိုင်သည့် အခြေအနေအထိ ရှိသည်ဟုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လေ့လာတင်ပြထားသည်။

၂၀၀၈ -၂၀၀၉ ကနဦးစမ်းသပ်စစ်ဆေးမှုများအရ မဲခေါင်မြစ်ဝှမ်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့တွင် အာတီမစ်စင်နင်ဆေး မတိုးတော့သည့် ငှက်ဖျားပိုးတွေ့ရှိမှု ပိုမိုများပြားလာနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆိုသည်။

၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ တင်ပြခဲ့သည့် လေ့လာတွေ့ရှိချက်များအရ အဆိုပါ ဆေးယဉ်နေသည့် ငှက်ဖျားပိုးကူးစက်မှုသည် ယခုအခါ မြန်မာ-ထိုင်းနယ်စပ်၊ မြန်မာ-တရုတ်နယ်စပ်နှင့် ကမ္ဘောဒီးယား-ဗီယက်နမ်နယ်စပ်တို့တွင် ပျံ့နှံ့နေသည်ဟု သိရသည်။
(NEJ)
။။။။။

ဒုက္ခသည် အချို့ကို ထိုင်းတို့ပြန်ပို့ပြီ

ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ နိုဘိုးဒုက္ခသည်စခန်းမှ အိမ်ထောင်စု ၃ ခုကို ယနေ့ ပြန်ပို့လိုက်ပြီ ဖြစ်ကြောင်း ဒုက္ခသည်ကော်မတီကပြောသည်။

လူ့အခွင့်အရေးအဖွဲ့များနှင့် လူမှုရေးအဖွဲ့များက ဒုက္ခသည်များကို ပြန်ပို့မည့်နေရာသည် အသက်လုံခြုံရေး စိတ်မချရသဖြင့် ထိုင်းနိုင်ငံအတွင်း ခိုလှုံနေထိုင်ခွင့် ဆက်လက်ပေးထားရန် တင်ပြတောင်းဆိုနေသည့် ကြားမှ ပြန်ပို့ခြင်းဖြစ်သည်။

တဘက်ကမ်းသို့ပြန်သွားသူများမှာ အမျိုးသမီးနှင့် ကလေး စုစုပေါင်း ခုနှစ်ယောက် ဖြစ်ပြီး ၄င်းတို့ကို ထိုင်းစစ်တပ်မှ တာဝန်ယူကာ ပြန်လည်ပို့ဆောင်ခဲ့သည်ဟု ကရင်ဒုက္ခသည်ကော်မတီ တာဝန်ရှိသူတဦး ထံမှ သိရသည်။

ပြန်သွားသည့် အမျိုးသမီးများ၏ ခင်ပွန်းများမှာမူ စခန်းတွင်း၌ပင် ကျန်ခဲ့သည်ဟုလည်း ဆိုသည်။

နို့ဘိုးယာယီဒုက္ခသည်စခန်း၏ လူဦးရေ ၉ဝဝ ကျော်အနက် အိမ်ထောင်စု ၃ဝ ကို ယနေ့ ပြန်ပို့ဆောင်ရန် မူလက စီစဉ်ထားသော်လည်း ယနေ့တွင် အိမ်ထောင်စု ၃ ခုသာ ပို့ဖြစ်ခြင်းဖြစ်သည်။

ပြန်ပို့ခံရသော ဒုက္ခသည်များကို UNHCR မှ မေးမြန်းရာတွင် ၄င်းတို့မှာ ၄င်းတို့ဆန္ဒအလျောက် ပြန်ခြင်း ဖြစ်သည်ဟု ဖြေကြားသွားခဲ့ကြောင်းလည်း သိရသည်။
။။။။။

ဖမ်းမိ စိတ်ကြွဆေးများ နအဖ လက်ဝေခံများထံမှဖြစ်ဟု
ဒေသတွင်း မူးယစ်လေ့လာသူတို့ ပြောကြား


ဘန်ကောက်မြို့နှင့် စမွတ်ပရာခန်ခရိုင်အတွင်း သယ်ဆောင်လာစဉ် ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွဆေး (၃.၆၆) သန်းသည် ထိုင်းအာဏာပိုင်တို့ စွပ်စွဲထားသကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့မှမဟုတ်ဘဲ မြန်မာစစ်အစိုးရ အုပ်ချုပ်သည့် နယ်မြေအတွင်းရှိ ပြည်သူ့စစ်နှင့် ၎င်းတို့၏ လက်ဝေခံအဖွဲ့တို့မှ ပစ္စည်းများဖြစ်ကြောင်း ဒေသတွင်း မူးယစ်ဆေးဝါး လေ့လာစောင့်ကြည့်သူများက ပြောကြားသည်။

အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတို့သည် ၎င်းတို့အတွက် မျှော်လင့်ချက်မဲ့လာနေသည့် မြန်မာနိုင်ငံ အခြေအနေကြောင့် လက်နက်ဝယ်ယူဖြည့်ဆည်းနိုင်ရန် မူးယစ်ဆေးဝါးထုတ်လုပ်မှုကို အရှိန်မြှင့် လုပ်ကိုင်နေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က အစီရင်ခံခဲ့သည့်အတိုင်း ထိုင်းအာဏာပိုင်တို့ကလည်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် Office of the Narcotics Control Board (ONCB) မှ ဒါရိုက်တာ Pornthep Eamprapai ကလည်း အဆိုပါရောင်းဝယ်ဖောက်ကားမှုမှာ မြန်မာစစ်အစိုးရ လက်ဝေခံ လူမျိုးစုငယ်များလည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။
။။။။။

ယူနီဆက်ဖ်က ကျောင်းပြင်ပ မူလတန်း ပညာရေး


မဇ္ဈိမ (ချင်းမိုင်) ။ ။ ကျောင်းမတက်နိုင်သော ကလေးများအတွက် ကျောင်းပြင်ပ မူလတန်း ပညာသင်ကြားရေးကို ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) နှင့် ပညာရေးဝန်ကြီးဌာနတို့က မြို့နယ် ၁၂ မြို့နယ်တွင် လုပ်ဆောင်လျှက်ရှိသည်။

ယင်းပူးတွဲအစီစဉ်ကို ၂ဝဝ၉-၂ဝ၁ဝ ပညာသင်နှစ်အတွက် ပဲခူး၊ ပြည်၊ ကျိုက်ထို၊ စစ်တွေ၊ ပုသိမ်၊ လပွတ္တာ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ သပိတ်ကျင်း၊ ပေါက် တို့တွင် အကောင်အထည် ဖော်နေပြီး ၂ နှစ် ကြာမည် ဖြစ်သည်။ ကျောင်းပြင်ပ အစီအစဉ်မှ အောင်မြင်သော ကလေးငယ်များကို အစိုးရကျောင်းများတွင် အလယ်တန်းပညာ ဆက်လက်သင်ယူခွင့် ပြုမှာဖြစ်သည်။

မြန်မာနိုင်ငံတွင် စာတတ်မြောက်သူ ဦးရေ ၈၈ ရာခိုင်နှုန်း ရှိသည်ဟု ဆိုသော်လည်း မူလတန်းအဆင့် တပိုင်းတဆဖြင့် ကျောင်းထွက်သွားသူ အနည်းဆုံး ၅၅ ရခိုင်နှုန်း ရှိသည်ဟု UNICEF အစီရင်ခံစာ တခုက ဖော်ပြထားသည်။
။။။။

ဒီချုပ် ၃ ဦးကို ထောင်ပြောင်း


မဇ္ဈိမ (ချင်းမိုင်)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ၃ ဦးကို ယခုလ ၂ ရက် နေ့က အင်းစိန်ထောင်မှ နယ်ထောင်များသို့ ပြောင်းရွှေ့လိုက်ကြောင်း သူတို့၏ မိသားစုဝင်များကပြောသည်။

မန္တလေးထောင်တွင် တညအိပ်သာကြာပြီး မည်သည့်ထောင်သို့ ထပ်မံပြောင်းရွှေ့သွားသည်ကိုလည်း မသိကြရကြောင်းဆိုသည်။

ရန်ကုန်တိုင်း လှိုင်မြို့နယ်နေ ဦးရွှေဂျိုး (၅၅ နှစ်) ခေါ် ဦးမြစိုး၊ စမ်းချောင်းမြို့နယ်မှ ဦးစိန်လှိုင်နှင့် အလုံမြို့နယ် မချို ခေါ် ဒေါ်မြင့်မြင့်စိုး ကို မိသားစုဝင်များက ယနေ့ ထောင်ဝင်စာသွားတွေ့ရာမှ ယင်းသို့ သိခဲ့ကြရခြင်း ဖြစ်သည်။
။။။။။။။။။။။။။။။။။။

1 comment:

victorOway said...

(က) အကယ်၍ နောက်ဆုံး NLDမှာ မှတ်ပုံတင်ရေး/မတင်ရေးကိစ္စနဲ့ပါတ်သက်လို့ NLDပါတီကြီးကွဲမည့်အနေအထားသို့ ဦးတည်လာလျှင် NLD ပါတီကိုတော့နိုင်ငံရေးအရ အကွဲခံလို့ မရပါဘူး။
(၁)ပါတီမှတ်ပုံတင်သင့်သည်ဟု အဆိုပြုသော ပုဂ္ဂိုလ်များကို NLD ပါတီအဖြစ်မှ နှုတ်ထွက်စေပြီး သီးခြားပါတီထောင်ခွင့်ပြုစေပြီး မှတ်ပုံတင်လျှင်တင်ပါစေ။
(၂)NLD ပါတီကြီးအနေဖြင့်၁၉၉၀ခုနှစ်ရလဒ်၊ ရွှေဂုံတိုင်ကြေခြာချက်နှင့် မတရားသည့်ဥပဒေကို ဥပဒေအရ တိုက်ပွဲဝင်သွားဘို့ ဆက်လက်ရှိသင့်သည်။
(၃)ထိုမတရားသည့်ဥပဒေကို တရားနည်းလမ်းကျသည့် ဥပဒေဖြစ်လာပါမှ NLD မှတ်ပုံတင်ရေး၊ မတင်ရေးနှင့် ရွေးကောက်ပွဲဝင်ရေးမ၀င်ရေးကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။

(ခ)။ အကယ်လို့  မဖြစ်သာသည့်အဆုံး NLD ပါတီအနေဖြင့် မှတ်ပုံတင်ဘို့ ဆုံးဖြတ်မည်ဆိုလျှင်-(၁)အမျိုးသားညီလာခံမှ စွန့်ခွာခဲ့တာမှားသည်ဟု လူထုကိုဝန်ခံရမည်

(၂)၁၉၉၀ခုနှစ်ရွေးကောက်ပွဲအနိုင်ရခဲ့တာကိုစွန့်လွတ်ပါသည်ဟု လူထုကိုဝန်ခံရမည်

(၃)ရွှေဂုံးတိုင်ကြေညာချက်ကိုစွန့် လွတ်ပြီး၂၀၀၈ဖွဲ့ စည်းပုံကိုစောက်ရှောက်ပါမည်ဟု လူထုကိုထုတ်ပြန်ပေးရမည်။