Sunday, December 6, 2009

note 48

30.11.2009

အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်ရန်
ဝါရင့်နိုင်ငံရေးသမားကြီးများ တိုက်တွန်း


ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ပေးပို့ထားသည့်စာကို အခြေခံကာ ၀ါရင့်နိုင်ငံရေးသမားကြီးများက ၎င်းတို့၏ သဘောထားတရပ်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ နိုဝင်ဘာ (၂၈) ရက်တွင် ပေးပို့ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကို ရုပ်သိမ်းရေးကိစ္စ နောက်ဆက်တွဲဟူသောပေးစာ နိုဝင်ဘာ (၁၁) ရက်တွင် နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့ခဲ့ပြီး သူ့အနေဖြင့် နိုင်ငံအကျိုးရှိစေမည့် ကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်လည်း တွေ့ဆုံဆွေးနွေးလိုပါကြောင်း အဆိုပါစာတွင် ဖော်ပြထားသည်။

သို့ရာတွင် အဆိုပါစာနှင့်စပ်လျဉ်း၍ နအဖစစ်အစိုးရဘက်မှ သီတင်း (၂) ပတ်ကျော်အကြာ တုံ့ပြန်မှုတစုံတရာ မရှိခဲ့သည့်နောက် ၀ါရင့်နိုင်ငံရေးသမားကြီးများက ၎င်းတို့၏ သဘောထားကို ထုတ်ဖော်ပြောကြားလိုက်ကြခြင်းဖြစ်သည်။

ဝါရင့်နိုင်ငံရေးသမားကြီးများ၏စာတွင် ၀ါရင့်အဖွဲ့အနေဖြင့် ၁၉၉၅ ခုနှစ်မှစ၍ ယနေ့အထိ (၁၄) နှစ်တိုင်တိုင် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အကြံပေးခြင်း၊ ပန်ကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယခုလည်း ဒေါ်အောင်ဆန်းစုကြည်၏ ပေးစာသည် အမျိုးသားပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ပေးနိုင်မည့် စာတစောင်ဖြစ်နေကြောင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေဖြင့်လည်း ဗုဒ္ဓအဆုံးအမများနှင့်အညီ မေတ္တာတရားရှေးရှုပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားသင့်ကြောင်းတို့ကို ရေးသားထားကြောင်း ဦးသာဘန်းက ပြောသည်။
(NEJ)
+++++


မြန်မာပရိတ်သတ်များ ဆီးဂိမ်းပြိုင်ပွဲ LIVE ကြည့်ရှုခွင့် မရ


မဇ္ဈိမ (ချင်းမိုင်)။ ။ လာအိုနိုင်ငံတွင် ကျင်းပမည့် ၂၅ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲများကို မြန်မာပရိတ်သတ်များအနေဖြင့် တိုက်ရိုက်ကြည့်ရှုခွင့်ရရှိမည် မဟုတ်ကြောင်း သိရသည်။

ဗီယန်ကျင်းမြို့တော်၌ လာမည့်လ ၅ ရက်နေ့တွင် စတင်ယှဉ်ပြိုင်ကစားကြတော့မည့် ဆီးဂိမ်း SEA Game ၌ မြန်မာနိုင်ငံမှ ဘောလုံးနှင့် အခြားအားကစားများဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သော်လည်း မြန်မာ့ အသံ၊ မြဝတီအသံလွှင့်ဌာနနှင့် MRTV 4 တို့မှ ပြသနိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။ မြဝတီရုပ်မြင်သံကြားမှ တာဝန်ရှိသူတဦးက SEA Game မှ ဘောလုံးအပါအဝင် အခြားအားကစားပြိုင်ပွဲ အစီအစဉ်များကို တိုက်ရိုတ်ပြသမည် မဟုတ်ကြောင်း၊ နိုင်သည့်ပွဲများကို ပြိုင်ပွဲများအပြီးမှသာ ပြန်လည် ပြသနိုင်ဘွယ်ရှိကြောင်း ပြောသည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနမှလည်း တိုက်ရိုက်ပြသနိုင်ရန် ညွှန်ကြားချက်များမရှိကြောင်း ယင်း ဌာန အဆင့်မြင့်အရာရှိတဦးက ပြောသည်။
(မဇ္ဈိမ)
+++++

ခွဲစိတ်ခံပြီး သေဆုံးခဲ့သည့် ကျောင်းသူလေးကိစ္စ
စုံစမ်းရေးအဖွဲ့က စုံစမ်းဖော်ထုတ်မည်


ရန်ကုန်တွင် ပြီးခဲ့သည့် အောက်တိုဘာလ (၂၇) ရက်နေ့က ရွှေ့ဂုံတိုင်ရှိ S S C အထူးကုဆေးခန်းတွင် အူအတက်ရောင်သည်ကို ခွဲစိတ်ပြီးနောက် ကွယ်လွန်သွားခဲ့သော အသက် (၁၅) နှစ်အရွယ် (၉) တန်းကျောင်းသူကလေး မခိုင်ရွှန်းလဲ့ရည်နှင့် ပတ်သက်၍ စုံစမ်းရေးအဖွဲ့ဖွဲ့ကာ တပတ်အတွင်း စုံစမ်းဖော်ထုတ်မည်ဟု ယနေ့ထုတ် ကျန်းမာရေးဂျာနယ်ဖြစ်သော Health Digest ဂျာနယ်တွင် ပါရှိသည်။

ယင်းစုံစမ်းရေးအဖွဲ့ကို မြန်မာနိုင်ငံဆေးကောင်စီက အရေးပေါ်ဖွဲ့လိုက်ခြင်းဖြစ်ပြီး သေဆုံးသွားသော ကျောင်းသူလေး၏ မိသားစုဝင်များကို နိုဝင်ဘာ (၂၆) ရက်နေ့တွင် ခေါ်ယူကာ အစည်းအဝေးတခုပြုလုပ်ခဲ့သေးကြောင်း ဆေးကောင်စီအဖွဲ့ဝင် ဆရာဝန်တဦးက ပြောသည်။

ယင်းစုံစမ်းရေးအဖွဲ့တွင် စီမံခန့်ခွဲမှုဆိုင်ရာ ဆရာဝန်ကြီးများ၊ ခွဲစိတ်အထူးကု ဆရာဝန်ကြီးများ၊ ကလေးအထူးကု ဆရာဝန်ကြီးများနှင့် မှုခင်းဆိုင်ရာဆရာဝန်ကြီးများ ပါဝင်ကြောင်း အဆိုပါဂျာနယ်တွင် ပါရှိသည်။

ပြီးခဲ့သည့် တပတ်ကစ၍ အဆိုပါကျောင်းသူကလေးနှင့်ပတ်သက်သော သတင်းများအား ဂျာနယ်များတွင် ဖော်ပြခြင်းကို စာပေစိစစ်ရေးက တားမြစ်ထားကြောင်း ရန်ကုန်စာနယ်ဇင်းအသိုင်းအ၀ိုင်းမှ သိရသည်။
(NEJ)
+++++

မယ်တော် ဆေးခန်းအတွက် အရေးပေါ် ရံပုံငွေ လိုအပ်နေ

နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာနိုင်ငံသားများကို အခမဲ့ ဆေးကုသပေးနေသည့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းသို့ နှစ်စဉ် လူနာဦးရေ ၂၀ ရာခိုင်နှုန်းခန့် တိုးမြင့်ပြသလာသဖြင့် အရေးပေါ် ရံပုံငွေ လိုအပ်နေကြောင်း ဆေးခန်းကို ဦးဆောင်လုပ်ကိုင်သူ ဒေါက်တာစင်သီယာမောင် ပြောဆိုချက်အရ သိရသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် နယ်စပ်ဖြတ်ကျော် လာရောက်သည့် မြန်မာပြည်တွင်းမှ လူနာများ ထိုကဲ့သို့ တိုးပွားနေသဖြင့် ကျန်းမာရေးနှင့် ပညာရေး ဝန်ဆောင်မှု လုပ်ငန်းများတွင် ယခုလို အရေးပေါ် ရန်ပုံငွေများ လိုအပ်နေကြောင်း သိရခြင်း ဖြစ်သည်။
နိုင်ငံတကာ အဖွဲ့အစည်းများက ပုံမှန်ပေးလှူနေကျ ငွေကြေးများကို ဖြတ်တောက်ခြင်း မရှိသေးသော်လည်း သက်ဆိုင်ရာ စီမံကိန်းသက်တမ်းများ ကုန်ဆုံးသွားသဖြင့် ရန်ပုံငွေ အတိုးအလျှော့ ပြုလုပ်သည်များ ရှိသည်။

ထိုသို့ ပြုလုပ်စဉ် နှစ်စဉ်တိုးမြင့်လာသည့် လူနာဦးရေနှင့် သက်ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများအတွက် ရန်ပုံငွေ လုံလောက်ခြင်း မရှိသည့် အခက်အခဲနှင့် ကြုံတွေ့နေရခြင်း ဖြစ်သည်။
(မဇ္စျိမ)
-------------------
1.12. 2009


တောင်အာရှ အမျိုးသမီးများနေ့ အခမ်းအနားသို့ WLB တက်ရောက်

နယူးဒေလီ။ ။ တောင်အာရှ အမျိုးသမီးများနေ့ အခမ်းအနားတရပ်ကို အိန္ဒိယနိုင်ငံ နယူးဒေလီရှိ ဒေလီတက္ကသိုလ်တွင် ယမန်နေ့က ကျင်းပရာ မြန်မာအမျိုးသမီးများလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

Sangat (a network of South Asian Network of Feminists) ဦးဆောင်ကျင်းပသည့် အဆိုပါ အခမ်းအနားသို့ ထိုင်း၊ နီပေါ၊ ဘင်္ဂလားဒေ့ရှှ််၊ သီရိလင်္ကာ၊ တိဘက်နှင့်အတူ မြန်မာအမျိုးသမီး အခွင့်အရေးလှုပ်ရှားသည့် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB ကပါ တက်ရောက်၍ သွေးစည်းညီညွတ်မှု ပြသခဲ့ခြင်း ဖြစ်သည်။

ကိုယ်စားလှယ်ပေါင်း ၃ဝဝ ကျော် တက်ရောက်ခဲ့ရာ ၎င်းတို့နိုင်ငံတွင် ဖြစ်ပွားနေသော အမျိုးသမီး အခွင့်အရေး အခြေအနေများ တင်ပြဆွေးနွေးခဲ့ကြပြီး၊ ယဉ်ကျေးမှု အကများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကာ တောင်အာရှတွင် ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ ဒီမိုကရေစီရေး ထွန်းကားနိုင်ရန် ရည်ရွယ်၍ ဖယောင်းတိုင်မီးများ ထွန်းညှိခဲ့ကြသည်။
(မဇ္ဈိမ)
+++++

ခုခံအားကျဆင်းမှုတိုက်ဖျက်ရေး
လွတ်လပ်စွာဆောင်ရွက်ခွင့်မရသေး


မြန်မာနိုင်ငံအတွင်း ခုခံအားကျဆင်းမှုရောဂါ (AIDS) နှင့် စပ်လျဉ်းသည့် အသိပညာပေးမှုများကို တွင်ကျယ်စွာ ဆောင်ရွက်နိုင်ခွင့် မရသေးကြောင်း အန်အယ်လ်ဒီ အေ့စ်ရောဂါသည် အကူအညီပေးရေးအဖွဲ့မှ မဖြူဖြူသင်းက ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေးနေ့တွင် ပြောသည်။ မြန်မာနိုင်ငံသို့ Global Fun မှ အကူအညီများ ၀င်ရောက်လာတော့မည့်အပေါ်ကိုလည်း သူမက ကြိုဆိုလိုက်ပြီး အန်ဂျီအိုအဖွဲ့များအနေဖြင့် လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်၊ ပညာပေးခွင့် ရနိုင်မှုရှိမရှိကိုမူ စိုးရိမ်မိသည်ဟု ပြောသည်။

မြန်မာစစ်အစိုးရထုတ် မြန်မာ့အလင်းသတင်းစာတွင် မြန်မာနိုင်ငံ၌ AIDS ရောဂါဖြစ်ပွားမှုမှာ ၂၀၀၀ ပြည့်နှစ်တွင် (၀.၉၄) ရာခိုင်နှုန်းရှိရာမှ ၂၀၀၇ ခုနှစ်တွင် (၀.၆၇) ရာနှုန်းသို့ ကျဆင်းခဲ့သည်ဟု ဖော်ပြထားသော်လည်း လက်ရှိဖြစ်ပွားမှုနှုန်းကို ဖော်ပြထားခြင်းမရှိပေ။ မြန်မာနိုင်ငံတွင် ခုခံအားကျဆင်းမှုရောဂါသည်များအား အသိပညာဖြန့်ဝေခြင်း၊ အကူအညီပေးခြင်းတို့ ပြုလုပ်သော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများကို အာဏာပိုင်အဆင့်ဆင့်က အနှောင့်ယှက်ပေးလေ့ရှိသည့် သတင်းများ မကြာခဏပေါ်ထွက်လေ့ရှိပြီး ၂၀၀၇ ခုနှစ်အတွင်းက နယ်မှ ခုခံအားကျဆင်းမှုရောဂါသည်များကို လက်ခံကုသပေးနေသည့် မဂ္ဂင်ကျောင်းတိုက်ကို အာဏာပိုင်များက ချိပ်ပိတ်ခဲ့သည်။
(NEJ)
+++++

နှစ်ဖက်အကြား ညှိနှိုင်းဖြေရှင်းမည်ဟု SSA နှင့် PNLO ပြောဆို

မဇ္ဈိမ (ချင်းမိုင်) ။ ။ ရှမ်းပြည်တောင်ပိုင်း တပ်မတော် SSA နှင့် ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပတ်သက်၍ ညှိနှိုင်းဖြေရှင်းသွားမည်ဟု နှစ်ဘက် ခေါင်းဆောင်များက ပြောသည်။

နိုဝင်ဘာလ နောက်ဆုံးအပါတ်က PNLO အဖွဲ့ဝင်အချို့အား SSA တပ်ရင်း အမှတ် ၃၆၁ မှ တပ်ဖွဲ့ဝင်များ က ပစ်ခတ်ခဲ့ပြီးနောက် ခေါင်းဆောင်များက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

ယခုပစ်ခတ်မှုသည်လည်း SSA ဗဟို၏ သဘောထား မဟုတ်ကြောင်း၊ နောင်တွင် အောက်ခြေတပ် အချင်းချင်း နားလည်မှုပိုရရှိစေရန် ပူးပေါင်းဆောင်ရွက်မှု မြင့်တင်သွားကြမည်ဖြစ်ကြောင်း သူက ဆိုသည်။

PNLO အဖွဲ့၏ ဒေသဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်း ခရီးစဉ်တခုအတွင်း ရှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ်ရှိ သံလွင်မြစ်နှင့် နမ့်ပွန်ချောင်းအကြား တနေရာ၌ ခေတ္တနားနေစဉ် SSA တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် PNLO ဆေးမှူးတဦး ကျဆုံးခဲ့သည်။

ယင်းသို့ဖြစ်ပွားသွားသည့် ပစ်ခတ်မှုနှင့်ပတ်သက်၍ SSA တပ်ဖွဲ့၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သော ရှမ်းပြည်ပြန်လည် တည်ဆောက်ရေး ကော်မတီ RCSS ကလည်း တောင်းပန်ကြောင်း PNLO ပြောရေးဆိုခွင့်ရသူ ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။
(မဇ္ဈိမ)
+++++

၂၀၁၂ ကမ္ဘာပျက်မည့် ရုပ်ရှင်ကား
မြန်မာပရိသတ်အကြား ရေပန်းစား


သဘာဝဘေးအန္တရာယ် ကပ်ဆိုးကြောင့် ကမ္ဘာပေါ်ရှိ လူသားမျိုးနွယ်တရပ်လုံး ပျက်စီးကိန်းဆိုက်သွားရမည့် ၂၀၁၂ အမည်ရှိ ဟောလီးဝုဒ် ရုပ်ရှင်ကားသည် မြန်မာပြည်သူများအကြား အထူးရေပန်းစားနေပြီး စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပွားနေကြောင်း သိရှိရသည်။ ၂၀၁၂ ရုပ်ရှင်ကားကို နိုဝင်ဘာ (၂၇) ရက်တွင် ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံတို့တွင် စတင်ပြသခဲ့ပြီး လူငယ်များသာမက ရန်ကုန်ပရိသတ်၏ အားပေးကြည့်ရှုခြင်း ခံရသည့် ဟောလီးဝုဒ် ရုပ်ရှင်ကားတကား ဖြစ်သည်။

ဗုဒ္ဓဘာသာဝင် အများစုဖြစ်သည့် မြန်မာပြည်သူတို့က ထိုရုပ်ရှင်နှင့်ပတ်သက်၍ မဖြစ်နိုင်ကြောင်း၊ မယုံကြည်ကြောင်း ပြောဆိုသူ နည်းပါးပြီး အများစုက နောက်နောင် ယင်းကဲ့သို့ သဘာဝဘေးဆိုးများနှင့် ရင်ဆိုင်ရနိုင်ကြောင်း ယူဆထားကြသည်။
အဆိုပါရုပ်ရှင်ကို လူငယ်များသာမက သက်ကြီးရွယ်အိုများလည်း သွားရောက်ကြည့်ရှုကြကြောင်း ပြည်တွင်း လူငယ်ဒါရိုက်တာတဦးက ပြောသည်။
(NEJ)
+++++

အတိုက်အခံ အမျိုးသမီး ၄ ဦးကို စွဲချက်တင်

နယူးဒေလီ (မဇ္ဈိမ)။ ။ သံဃာတော်များကို ဆွမ်းကပ်ပြီးအပြန် အာဏာပိုင်များက ဖမ်းဆီးခဲ့သည့် ရန်ကုန်မှ အတိုက်အခံ အမျိုးသမီး ၄ ဦးကို နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှုဖြင့် တရားရုံးက ယမန်နေ့တွင် စွဲချက်တင်လိုက်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက် (သီတင်းကျွတ် လပြည့်နေ့) တွင် ဒဂုံမြို့သစ်ရှိ မကွေး ပရိယတ္တိ စာသင်တိုက်တွင် ဆွမ်းကပ်ပြီး ပြန်လာခဲ့သည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှ အပါအဝင် အမျိုးသမီး ၄ ဦးကို အင်းစိန်ထောင်တွင်းရှိ အရှေ့ပိုင်းခရိုင် တရားရုံးက ယခုလို စွဲဆိုလိုက်ခြင်း ဖြစ်သည်။ အတိုက်အခံ အမျိုးသမီး ၄ ဦး၏ အမှုရက်ချိန်းကို ယခုလ ၇ ရက်နေ့သို့ တရားရုံး တရားသူကြီး ဦးအောင်သိန်းက ထပ်မံ ချိန်းဆိုလိုက်သည်။
(မဇ္ဈိမ)
-----------------
2.12.2009


ပြည်သူ့စစ်ဖွဲ့ရန် လက်ခံထားသည့် ရာမညတပ်ဖွဲ့ခေါင်းဆောင်
စစ်အစိုးရတပ်တွင် အကျယ်ချုပ်ချထားခံရ


ဌာနေပြည်သူ့စစ်ဖွဲ့စည်းရန် သဘာတူထားသည့် ရာမည မွန်တပ်ဖွဲ့၏ ခေါင်းဆောင်ကို မွန်ပြည်နယ် တောင်ပိုင်း၊ ရေးမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁၉) ၌ အကျယ်ချုပ်ထားရှိကြောင်း စုံစမ်းသိရှိရသည်။

ရာမညတပ်ဖွဲ့ခေါင်းဆောင် နိုင်ရှောင်ကို စကခ (၁၉) အတွင်းရှိ အရာရှိတန်းလျားတွင် မိသားစုနှင့်အတူ ထားရှိခြင်းဖြစ်ပြီး ပြင်ပဧည့်သည်နှင့်တွေ့နိုင်ရန် စစ်တပ်တာဝန်ရှိသူတို့ထံ ခွင့်တောင်းရကြောင်း၊ တပ်အပြင်ဘက်သို့ ထွက်ခွင့်မရှိကြောင်း နိုင်ရှောင်နှင့် သွားရောက်တွေ့ဆုံခဲ့သူတဦးက ပြောသည်။ ပြည်သူ့စစ် ဖွဲ့စည်းရာတွင် တပ်တည်နေရာ ရွေးချယ်ခွင့်နှင့် မိမိတပ်ဖွဲ့ဖြင့်သာ ဖွဲ့စည်းလိုကြောင်း အောက်တိုဘာလအတွင်း အရှေ့တောင်တိုင်း စစ်ဌာနချုပ် တာဝန်ရှိသူတို့နှင့် တွေ့ဆုံခဲ့ချိန်၌ နိုင်ရှောင်က တောင်းဆိုပြီးနောက်ပိုင်း ၎င်း၏ သွားလာလှုပ်ရှားခွင့်ကို တားမြစ်လိုက်ပြီး ယခုကဲ့သို့ တပ်တွင်းတွင် အကျယ်ချုပ်ချလိုက်ခြင်းဖြစ်သည်။
(NEJ)
+++++

ကမ္ဘာ့ထိပ်တန်းတွေးခေါ်ရှင် ၁၀၀ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်

နယူးဒေလီ (မဇ္ဈိမ)။ ။ ကမ္ဘာ့ခေါင်းဆောင်များနှင့် ဥာဏ်ကြီးရှင် အဖွဲ့များ၏ ဆောင်းပါးများ ထည့်သွင်း ဖော်ပြလေ့ရှိသည့် ကမ္ဘာတဝှန်းတွင် သြဇာကြီးမားသော အမေရိကန်အခြေစိုက် ‘Foreign Policy’ မဂ္ဂဇင်းကြီးက ကမ္ဘာ့ထိပ်တန်းတွေးခေါ်ရှင် ၁၀၀ စာရင်းတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်နှင့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်း ဖော်ပြလိုက်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို `အမှောင်တိုက်ထဲမှ သက်ရှိထင်ရှား မျှော်လင့်ချက် သင်္ကေတ´ အဖြစ် ယခုလထုတ် မဂ္ဂဇင်းတွင် Foreign Policy က `ကမ္ဘာ့ထိပ်တန်း တွေးခေါ်ရှင် ၁၀၀´ စာရင်း၌ ထည့်သွင်း ရွေးချယ်ဖော်ပြလိုက်ခြင်း ဖြစ်သည်။ ယင်းသည် ဤမဂ္ဂဇင်း၏ ပထမဆုံး နှစ်စဉ် ထုတ်ပြန်သော စာရင်းဖြစ်သည်။
(မဇ္ဈိမ)
+++++

လူငယ်အယ်ဒီတာ ပြန်လည်လွတ်မြောက်
မူလ အလုပ်ပြန်ရရန် မသေချာသေး



ပြီးခဲ့သည့် အောက်တိုဘာ (၂၇) ရက်နေ့ညက ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော် အိမ်ရာတွင် အတူနေ လူငယ်သူငယ်ချင်း (၇) ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် Foreign Affair ဂျာနယ် အယ်ဒီတာ ကိုသန့်ဇင်စိုးသည် ဒီဇင်ဘာ (၁) ရက် နေ့၌ ပြန်လည်လွတ်မြောက်လာကြောင်း ၎င်းနှင့် နီးစပ်သူများက ပြောသည်။

ယခုအခါ ကိုသန့်ဇင်စိုးသည် အပြစ်လုံးဝ မရှိ၍ ပြန်လည်လွတ်မြောက်လာပြီး ၎င်း၏ မိခင်ဂျာနယ်တိုက်ကို ပြန်လည် ရောက်ရှိလာပြီ ဖြစ်သော်လည်း မူလ အယ်ဒီတာအလုပ်ကို စာပေစိစစ်ရေးက လုပ်ကိုင်ခွင့် ပြု မပြုဆိုသည်ကိုမူ မသိရသေးပေ။

ပြီးခဲ့သည့်လပိုင်းက ပြန်လည်လွတ်မြောက်လာသည့် အီကိုဗီးရှင်း ဂျာနယ်မှ မအိမ့်ခိုင်ဦး၊ Weekly Eleven ဂျာနယ်မှ ကိုကျော်ကျော်သန့်တို့မှာလည်း ၎င်းတို့ မိခင် မီဒီယာဂျာနယ်တို့တွင် ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း မရှိကြကြောင်း စုံစမ်းသိရသည်။
(NEJ)
+++++

မြစ်ဆုံ ရေကာတာလုပ်ငန်း ပြန်လည် စတင်တော့မည်

မဇ္ဈိမ (ချင်းမိုင်)။ ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြောက်ဘက်ရှိ မြစ်ဆုံရေကာတာစီမံကိန်း လုပ်ငန်းများကို ယခုလ လယ်တွင် ပြန်လည် စတင်မည်ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

၂၀၀၇ ခုနှစ်အတွင်း စတင်ခဲ့သည့် မြစ်ကြီးနားမြောက်ဘက် ၂၇ မိုင်အကွာရှိ မြစ်ဆုံရေကာတာ စီမံကိန်းလုပ်ငန်းများကို ယခုနှစ် မိုးတွင်းပိုင်း၌ ခေတ္တရပ်နားခဲ့ရာမှ ပြန်လည်စတင်ရန် သိရခြင်း ဖြစ်သည်။ ရေအားလျှပ်စစ် မီဂါဝပ် ၃၆၀၀ ထုတ်ပေးနိုင်မည့် “မြစ်ဆုံရေကာတာစီမံကိန်း” အရ မေခမြစ်တွင် တာ ၅ ခု၊ မလိခမြစ်တွင် ၂ ခုဖြင့် ရေပိတ်ထားမည်ဖြစ်သည်။

မြစ်ဆုံရေကာတာ စီမံကိန်းအတွက် ယခုအခါ အလုပ်သမား အိမ်ယာများ ဆောက်လုပ်ခြင်းနှင့် ဧရာဝတီ မြစ်ရေအောက်ပိုင်း စမ်းသပ်ခြင်းများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

စီမံကိန်း အထက်ပိုင်းရှိ တန်ဖရဲ၊ မြစ်ဆုံ၊ ကျိန်ခရန်၊ ဒေါင်ပန်၊ ခန်းဘူး စသည့် ကျေးရွာများ အပါအဝင် ရွာပေါင်း ၆၀ ကျော်မှ ဒေသခံ ၁၀၀၀၀ ကျော်သည် မြစ်ဆုံအောက်ဘက် လုန်ကာဇွပ်ကျေးရွာအနီးရှိ နေရာအသစ်သို့ ပြောင်းရွှေ့ရမည်ဟု သိရသည်။ ဤစီမံကိန်း အကောင်အထည်ဖော်ရန် စစ်အစိုးရ အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (China Power Investment Corporation - CPI) တို့အကြား ၂၀၀၆ ခုနှစ်တွင် သဘောတူခဲ့ခြင်း ဖြစ်သည်။
(မဇ္ဈိမ)
-----------------
3.12.2009

စစ်အစိုးရ၏ ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် ဗြိတိန်အမတ်များ တောင်းဆို

နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရ ကျူးလွန်ခဲ့သည့် လူသားဖြစ်မှုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် ကော်မရှင်တရပ် ဖွဲ့စည်းရေးအတွက် သူတို့၏ နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် ကုလသမဂ္ဂထံ တောင်းဆိုနေမှုများကို ထောက်ခံပေးရန် ဗြိတိန်ပါလီမန်အမတ်များက သူတို့အစိုးရထံ အင်္ဂါနေ့က တိုက်တွန်းတောင်းဆိုလိုက်ကြသည်။

ဤတောင်းဆိုချက်ကို မြန်မာ့ဒီမိုကရေစီအရေး ပါတီစုံအမတ်များအဖွဲ့ (APG Burma) က ဗြိတိသျှ ပါလီမန်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံရှိ လူသားဖြစ်မှုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင် တောင်းဆိုလိုက်ကြခြင်း ဖြစ်သည်။

အတင်းအကျပ် နေရာရွှေ့ပြောင်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပြုလုပ်ခြင်း၊ တရားဥပဒေပြင်ပမှ သတ်ဖြတ်ခြင်းများနှင့် အဓမ္မလုပ်အားပေး ခိုင်းစေခြင်း အပါအဝင် စစ်အစိုးရ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို သေချာစွာ မှတ်တမ်းတင်ထားပြီးဖြစ်၍ ယခုအချိန်သည် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အရေးယူ ဆောင်ရွက်ရမည့် အချိန်ဖြစ်သည်။ ထိုသို့ အရေးယူ ဆောင်ရွက်ချက်များ မပြုလုပ်ဘဲ ဆုံးဖြတ်ချက်များသာ တခုပြီးတခု ချမှတ်နေရမည့် အချိန်မဟုတ်ဟု လန်ဒန်အခြေစိုက် မြန်မာ့တရားမျှတမှု ကော်မတီ (BJC) ဥက္ကဋ္ဌဖြစ်သူ Sappho Dias က ပြောသည်။
(မဇ္ဈိမ)
+++++

တပ်မတော်သားများ ပြည်သူကို ရန်သူလို သဘောမထားရန်
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော တိုက်တွန်း


ယနေ့ကျရောက်သည့် ၎င်း၏ အသက် (၉ဝ) ပြည့်မွေးနေ့ အမှာစကားပြောကြားရာတွင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက တပ်မတော်သားများအနေဖြင့် ပြည်သူကို ရန်သူလို သဘောမထားရန် ထည့်သွင်းပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ မြန်မာ့တပ်မတော်ကို တည်ထောင်ခဲ့သည့် ရဲဘော်သုံးကျိပ်ဝင်တဦးဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက “ပြည်သူသာ အမိ၊ ပြည်သူသာ အဖပါ။ ပြည်သူ့မျက်နှာပဲ ကြည့်ပါ။ ပြည်သူကို ရန်သူလို သဘောမထားကြပါနဲ့လို့ မှာကြားလိုပါတယ်” ဟုလည်း နအဖ တပ်မတော်သားများကို ပြောကြားသည်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် နယ်ချဲ့အင်္ဂလိပ်အား တော်လှန်ရေးအတွက် စစ်ပညာသင်ယူရန် ဂျပန်ပြည်သို့ သွားရောက်ခဲ့ရာမှ ရဲဘော်သုံးကျိပ်ဝင် တဦးဖြစ်လာခဲ့ပြီး မြန်မာ့တပ်မတော်ကို ဖွဲ့စည်းတည်ထောင်ရာတွင် ပါဝင်ခဲ့သူဖြစ်သည်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် လွတ်လပ်ရေး ရပြီးနောက်ပိုင်း မြန်မာ့တပ်မတော်တွင် ဗိုလ်မှူးချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး တရုတ်ဖြူကျူးကျော်ဝင်ရောက်လာမှုအား တိုက်ထုတ် မောင်းထုတ်ရေးအတွက် ဆင်နွှဲခဲ့ရသော မြန်မာ့တပ်မတော်သမိုင်းတွင် ထင်ရှားသည့် ဘုရင့်နောင် စစ်ဆင်ရေး၊ ရန်ကြီးအောင် စစ်ဆင်ရေးတို့အား ဦးဆောင်ခဲ့သူဖြစ်သည်။

တပ်မတော်အတွင်း တာဝန်ထမ်းဆောင်နေစဉ် ၁၉၅၇ ခုနှစ်၌ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဆက်သွယ်သည်ဟု စွပ်စွဲချက်ဖြင့် တပ်မတော်မှ အငြိမ်းစားပေးခံခဲ့ရပြီး ၁၉၇၆ ခုနှစ်၊ ဇူလိုင်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ရှိရာ တရုတ်-မြန်မာနယ်စပ်သို့ တောခိုလာခဲ့သည်။ ၁၉၈၉ ခုနှစ်၊ တိုင်ရင်းသားအဖွဲ့များက ဗကပကို အာဏာသိမ်းပြီးနောက်ပိုင်းကတည်းကစ၍ တရုတ်ပြည်တွင် ခိုလှုံနေထိုင်လျက်ရှိသည်။
(NEJ)
+++++

တန်းတူအခွင့်အရေးရှိသည့် ဒီမိုကရေစီနိုင်ငံကို တည်ဆောက်မည်ဟု ကချင်ပါတီပြော

မဇ္ဈိမ(ချင်းမိုင်)။ ။ အပစ်ရပ်တိုင်းရင်းသားအဖွဲ့အချို့၏ ခေါင်းဆောင်ဟောင်းများဖြင့် ဖွဲ့စည်းထားသော ကချင်ပြည်နယ် တိုးတက်ရေးပါတီ KSPP သည် ကချင်ပြည်နယ်ရှိ မြို့နယ်အများစုသို့ စည်းရုံးရေးဆင်းနေပြီ ဖြစ် ကြောင်း ပါတီ ဥက္ကဌ ဒေါက်တာတူးဂျာက ပြောသည်။

မြစ်ကြီးနားမြို့ရှိ ရပ်ကွက်များသာမက မြို့နယ်များဖြစ်သည့် ဝိုင်းမော်၊ ပူတာအို၊ နောင်မွန်း၊ မချမ်းဘော၊ ခေါင်လန်ဖူး၊ အင်ဂျန်းယန်၊ ဖားကန့်၊ တနိုင်း၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ မိုးမောက်၊ ရွှေဂူ စသည့်မြို့နယ်များသို့ သွားရောက် စည်းရုံးခဲ့ခြင်းဖြစ်သည်။
ပါတီယာယီရုံးကို မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက်၌ ယခင်လ နိုဝင်ဘာ ၁၈ ရက်က ဖွင့်လှစ်ခဲ့သည်။ ပါတီဆိုင်းဘုတ်ကိုမူ တပ်ဆင်ထားခြင်း မရှိသေးကြောင်း သိရသည်။

စစ်အစိုးရ၏ “လမ်းပြမြေပုံ” ကို လိုက်နာခြင်းဖြစ်သောကြောင့် စည်းရုံးရေးခရီးစဉ်များတွင် သက်ဆိုင် ရာ စစ်အစိုးရ အာဏာပိုင်များ၏ နှောက်ယှက်ခြင်း မကြုံရကြောင်း ဒေါက်တာတူးဂျာက ပြောသည်။

၎င်းတို့ ပါတီက လူမျိုး ဘာသာ မခွဲခြားပဲ ပါတီဝင်များ လက်ခံသွားမည်ဖြစ်ပြီး တိုင်းရင်းသားအားလုံး တန်းတူ အခွင့်အရေးရရှိသည့် ဒီမိုကရေစီနိုင်ငံအား ငြိမ်းချမ်းစွာ တည်ဆောက်သွားရန် ရည်ရွယ်ထား ကြောင်း သိရသည်။
(မဇ္ဈိမ)
+++++

ကျောင်းသူလေးကို ခွဲစိတ်သည့်ဆရာဝန်ကြီး
ဆေးကုသခွင့် (၅) နှစ်ရပ်စဲ


ရန်ကုန်မြို့ ရွှေဂုံတိုင်အထူးကုဆေးခန်းတွင် အသက် (၁၅) နှစ်အရွယ် (၉) တန်း ကျောင်းသူလေး မခိုင်ရွှန်းလဲ့ရည် သေဆုံးခြင်းနှင့်ပတ်သက်၍ ခွဲစိတ်အထူးကုဆရာဝန်ကြီးကို ဆေးကုသခွင့်လိုင်စင် (၅) နှစ်ရပ်စဲရန် မြန်မာနိုင်ငံဆေးကောင်စီ အဖွဲ့က ဆုံးဖြတ်လိုက်ကြောင်း ဒီဇင်ဘာ (၂) ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်သည်။

ခွဲစိတ်အထူးကုဆရာဝန်ကြီးကို လုပ်မှားကိုင်မှား ဆုံးဖြတ်ချက်မှားခြင်း၊ လူနာလုံခြုံမှုအတွက် မခွဲစိတ်ခင်နှင့်ခွဲစိတ်ပြီး လုံလောက်သောဆောင်ရွက်ချက် အားနည်းခြင်း၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုအားနည်းခြင်းတို့ကြောင့် ယခုကဲ့သို့ ဆေးကုသခွင့် (၅) နှစ်ရပ်စဲလိုက်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်တွင် ပူးတွဲတာဝန်ရှိခဲ့သော မေ့ဆေးဆရာဝန်၊ ပထမလက်ထောက်ခွဲစိတ်ဆရာဝန်၊ သမားတော်ကြီးတို့အား မြန်မာနိုင်ငံဆေးကောင်စီက ပြင်းထန်စွာ သတိပေးရန်ဆုံးဖြတ်ထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
(NEJ)
+++++

ဗီဒီယိုပြသခွင့် လိုင်စင်ကြောင့် ရန်ကုန် လက်ဖက်ရည်ဆိုင်များ တီဗီဖြုတ်သိမ်း

နယူးဒေလီ (မဇ္ဈိမ)။ ။ ဆိုင်ထဲတွင် တီဗီထားရှိပါက တနှစ်စာအတွက် ဗီဒီယိုပြသခွင့် လိုင်စင်ကြေး ကျပ် ၄ သောင်းခွဲ ပေးရမည်ဟု မြို့နယ် ဗီဒီယိုအခြေခံအဖွဲ့က ပြောဆိုသဖြင့် ရန်ကုန်ရှိ လက်ဖက်ရည်ဆိုင် အများအပြား တီဗီများကို ဖြုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဆိုင် ၃ မျိုးဖြစ်သည့် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် အလှပြင်ဆိုင်များသို့ မြို့နယ် ဗီဒီယိုအခြေခံအဖွဲ့က ပေးပို့ခဲ့သော အကြောင်းကြားစာတွင် ၇ ရက်အတွင်း ဗီဒီယို ပြသခွင့်လိုင်စင် မပြုလုပ်ပါက အရေးယူမည်ဆိုသဖြင့် အမြတ်ငွေ နည်းပါးသည့် လက်ဖက်ရည်ဆိုင် အများအပြားအနေဖြင့် တီဗီများကို ဖြုတ်သိမ်းလိုက်ခြင်း ဖြစ်သည်။
(မဇ္ဈိမ)
---------------
4.12.2009

ဒေါ်အောင်ဆန်းစုကြည်အယူခံပြင်ဆင်ခွင့်
လျှောက်လဲချက်အတွက် ရုံးချိန်းပေး


ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံပြင်ဆင်ခွင့်အတွက် လျှောက်လဲချက်ကြားနာမည့် ရုံးချိန်ကို ယနေ့ ဗဟိုတရားရုံးက ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

“ကျနော်တို့ အယူခံပြင်ဆင်ခွင့်အတွက် ဒီလ (၂၁) ရက်နေ့ ဗဟိုတရားရုံးမှာ လျှောက်လဲချက် ပေးရမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
+++++

ကဗျာဆရာ ခန့်မင်းထက် ပြန်လွတ်လာ

နယူးဒေလီ (မဇ္စျိမ)။ ။ ရန်ကုန်တိုင်း အထူးရဲသတင်းတပ်ဖွဲ့က ဖမ်းဆီးပြီး ရက် ၄၀ နီးပါး ပျောက်ဆုံးနေသော အလင်္ကာဝတ်ရည်ဂျာနယ် ဒီဇိုင်းဆရာနှင့် ကဗျာဆရာ ခန့်မင်းထက် ပြန်လွတ်လာပြီဟု မိသားစုက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည့် ကဗျာဆရာ ခန့်မင်းထက်ကို အောင်သပြေ စစ်ကြောရေးစခန်းတွင် စစ်ဆေးမေးမြန်းခဲ့ရာမှ ယခုလ ၁ ရက်နေ့တွင် မိသားစုက သွားရောက်ခေါ်ယူခဲ့ရကြောင်း ဖခင်ဖြစ်သူ ကဗျာဆရာ မောင်စိမ်းနီ (အယ်ဒီတာချုပ်၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်း) က ပြောဆိုခြင်း ဖြစ်သည်။ အလားတူ အလွတ်သတင်းထောက် ကိုပိုင်စိုးဦး ခေါ် ဂျေပိုင်၊ Foreign Affair ဂျာနယ်မှ အယ်ဒီတာ ကိုသန့်ဇင်စိုးနှင့် လင်းလက်ကြယ် နာဂစ်လေဘေးကူညီသူ ၁၅ ဦးထက်မနည်း ထိုနေ့တွင် ပြန်လွတ်လာကြသည်။ အာဏာပိုင်များက သက်ဆိုင်ရာ အုပ်ထိမ်းသူများကို အကြောင်းကြားခေါ်ယူကာ အပ်နှံခဲ့ခြင်း ဖြစ်သည်။
(မဇ္စျိမ)
-----------------

No comments: