Sunday, November 29, 2009

Note 47

23.11.2009

နယ်ခြားစောင့်တပ်အသွင်ပြောင်း ကချင်အထူးဒေသ(၁)
ရွှေတူးဖော်နေပြီ


နယ်ခြားစောင့် ကချင်အထူးဒေသ(၁) သည် အောက်တိုဘာ လကုန်ပိုင်းမှစ၍ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း လိမ္မော်ခြံနှင့် ဥယျာဉ်ခြံမြေများ ဝယ်ယူပြီး စက်ယန္တယားများအသုံးပြုကာ ရွှေတူးဖော်မှု အကြီးအကျယ် လုပ်ကိုင်နေသည်။

ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းကြောင့် ရေဝပ်ဧရိယာအတွင်း ကျရောက်မည်ဆိုသည့် ဝိုင်းမော်မြို့နယ်၊ မံတောင် ကျေးရွာရှိ လိမ္မော်ခြံနှင့် ဥယျာဉ်ခြံမြေ ဧက (၁ဝဝ) ခန့်ကို ကချင်အထူးဒေသ (၁) အဖွဲ့မှ ဥက္ကဌ ဦးဆခုံ တိန့်ယိန်း ဦးဆောင်သည့်အဖွဲ့က အောက်တိုဘာ (၂၉) ရက်တွင် ကျပ်သိန်း (၅ဝဝ) ကျော်ဖြင့် မံတောင်ကျေးရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ရယက) မှတဆင့် ဝယ်ယူခဲ့ပြီး ယခုအခါ စက်ယန္တယားများဖြင့် ရွှေရှာဖွှေ လုပ်ကိုင်နေသည်ဟု ဝိုင်းမော်ဒေသခံတဦးက ပြောသည်။ နအဖ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ကမ်းလှမ်းချက်ကို လက်ခံလိုက်သည့် ကချင်အထူးဒေသ (၁) အား ယခုကဲ့သို့ ရွှေလုပ်ခွင့် တရားဝင်ချပေးလိုက်ခြင်းသည် အခြားသော အပစ်ရပ်အဖွဲ့များကို ဆွဲဆောင်ခြင်းတခု ဖြစ်နိုင်သည်ဟု စစ်ရေးအကဲခတ်များက သုံးသပ်နေသည်။
(NEJ)
+++++

ရှေ့နေကြီး ဦးကြည်ဝင်းကို ဥပဒေအဖွဲ့တွင် ဒုဥက္ကဋ္ဌ ခန့်အပ်


နယူးဒေလီ (မဇ္ဈိမ)။ ။ အဖွဲ့လုပ်ငန်းများ ပိုမိုထိရောက်စွာ လုပ်ကိုင်ရေးအတွက် ရှေ့နေကြီး ဦးကြည်ဝင်းကို ဗဟို ဥပဒေအထောက်အကူပြုအဖွဲ့ ဒု-ဥက္ကဋ္ဌအဖြစ် ခန့်အပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောဆိုသည်။

အဖွဲ့ချုပ် ဥပဒေအထောက်အကူပြု အဖွဲ့ခေါင်းဆောင်များ နေရာတွင် အကြောင်းကြောင်းကြောင့်အရ လစ်ဟာမှု ရှိနေပြီး၊ နိုင်ငံရေးအမှုပေါင်း ၃ဝ ကျော်ကို လတ်တလော ဆောင်ရွက်ရန် ရှိသောကြောင့် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့မှ စတင်၍ ခန့်အပ်လိုက်ကြောင်း ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောသည်။
ဒုဥက္ကဋ္ဌနေရာ ဖန်တီး၍ ရှေ့နေကြီး ဦးကြည်ဝင်းကို ခန့်အပ်ရန် ယခုလ ၁၁ ရက်နေ့က အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့စဉ်က ညွန်ကြားခဲ့ခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

ပါတီဝင် မဟုတ်သော်လည်း ၁ဝ စုနှစ်တခုကျော်ကြာ အဖွဲ့ချုပ် ဥပဒေရေးရာ ကိစ္စများတွင် ပါဝင်ဆောင်ရွက်ခဲ့သူ ရှေ့နေကြီး ဦးကြည်ဝင်းက “ဒီလို ခန့်အပ်ခြင်းခံခဲ့ရတဲ့အတွက် ဂုဏ်ယူပါတယ်။ တာဝန်ပေးလာတော့ ကျေပွန်အောင် ထမ်းဆောင်သွားမှာပါ” ဟု မဇ္ဈိမကို ပြောသည်။

ဥပဒေပြု အထောက်အကူပြု အဖွဲ့ကို လွန်ခဲ့သည့် ဆယ်စုနှစ်တခုကျော်က ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၏ အဆိုပြုချက်အရ ဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းကတည်းက ဦးတင်ဦးသည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရပြီးနောက် ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေက ယာယီဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။

ယခုအခါ ဗဟို ဥပဒေအထောက်အကူပြု အဖွဲ့တွင် ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်း၊ ဦးသိန်းညွန့်၊ ဦးအောင်သိန်း၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်း၊ ဦးမြင့်သောင်းနှင့် ဒေါ်ခင်ဌေးကြွယ် အပါအဝင် အဖွဲ့ဝင် ၁ဝ ဦး ပါဝင်သည်။
(မဇ္ဈိမ)
+++++

ခရီးသည်တင် နှစ်ထပ်သင်္ဘော ပြစ်ခတ်မှု
ဒီကေဘီအေ လက်ချက်ဟု ဒေသခံ ပြော


ခရီးသည်တင် နှစ်ထပ်သင်္ဘောကို ယခင်လအတွင်းမှ ပစ်ခတ်ခဲ့မှုဖြစ်ပွားခဲ့ရာတွင် တိုးတက်သောဗုဒ္ဒဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (ဒီကေဘီအေ) က ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံ တကောင်ဘိုးရွာသားတဦးက ပြောသည်။

ဖားအံမြို့နှင့် ရွှေဂွန်းကျေးရွာသို့ ပြေးဆွဲသည့် ပြည်တွင်းရေကြောင်းဌာနပိုင် စောဥမ္မာ အမည်ရှိ ခရီးသည်တင်နှစ်ထပ်သင်္ဘောကို ဖားအံမြို့နယ် တကောင်ဘိုးကျေးရွာတွင် ယခင်လ (၁၀) ရက်တွင် လက်နက်ကိုင်အဖွဲ့တခု က ကမ်းစပ်မှ ချောင်းမြောင်းပစ်ခတ် သဖြင့် ခရီးသည်(၃) ဦး သေဆုံးခဲ့သည်။

အဆိုပါ ပစ်ခတ်မှုအပြီး နောက်တနေ့တွင် စစ်အစိုးရပိုင် သတင်းဌာနများက ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အဖွဲ့၏ လက်ချက်ဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မျက်မြင်တဦးဖြစ်သည့် ဒေသခံ တကောင်ဘိုးရွာသားတဦးက “မနက် (၇) နာရီ မထိုးသေးဘူး တကောင်ဘိုးရွာ လှေဆိပ်မှာထိုင်တဲ့ ဒီကေဘီအေက အကောက်မှူး ဗိုလ်ဂျပုကို သူတို့အဖွဲ့ကလူတွေပဲ လာပစ်သတ်သွားတယ်။ သစ်ကိစ္စလို့ပြောတယ်၊ အဲဒါပြီးတာနဲ့ ရွှေဂွန်းကနေ ဖားအံကိုဆင်းမယ့် သင်္ဘောရဲ့အပေါ်ထပ် ဦးပိုင်းမှာရှိတဲ့ သင်္ဘောလုံခြုံရေး ရဲတွေကို သူတို့ပဲ အရင်ပစ်တယ်၊ ရဲကလည်းပြန်ပစ်တော့ နှစ်ဖက်အပြန်အလှန် ပစ်ကြပြီး ခရီးသည် (၃) ယောက်သေသွားတယ်၊ ကျနော်တို့ရွာမှာ ငပွေး (ကေအန်ယူ) တွေ မလာတာ အနှစ် (၂၀) ကျော်ပြီ” ဟု ပြောသည်။
(NEJ)
+++++

မြန်မာစစ်တိုင်းမှူးတို့ လေးလပတ်အစည်းအဝေးအတွက် နေပြည်တော်သို့ရောက်ရှိ


နယူးဒေလီ (မဇ္စျိမ)။ ။မြန်မာနိုင်ငံ စစ်ဒေသအသီးသီးမှ စစ်တိုင်းမှူးများသည် ယခုနှစ်ကုန် လေးလပတ် အစည်းအဝေး တက်ရောက်ရန်အတွက် မြို့တော်သစ် နေပြည်တော်သို့ ရောက်ရှိလာကြသည်။

နေပြည်တော်ရှိ စစ်ဘက်နှင့်နီးစပ်သော အသိုင်းအဝိုင်း၏ အဆိုအရ ဤအစည်းအဝေးအတွင်း အစိုးရအဖွဲ့အတွင်း ဝန်ကြီးနေရာများ ပြန်လည် ခန့်ထားရေး၊ လာမည့် ၂၀၁၀ ရွေးကောက်ပွဲ တွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန်အတွက် အနားပေးရေး အပါအဝင် စစ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များအတွင်း အပြောင်းအရွေ့ကိစ္စများကို ဆွေးနွေးမည်ဟု မဇ္ဈိမမှ သိရှိရသည်။
(မဇ္စျိမ)
-----------------
24.11.2009

မြန်မာပြည်အထက်ပိုင်း ဘိန်းစိုက်မှု များပြားလာ
တရုတ်လုပ်ငန်းရှင်များ ငွေကြေးစိုက်ထုတ်ပေးမှုရှိ


မြန်မာပြည်အထက်ပိုင်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း နယ်စပ်တလျှောက်၌ ယခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ပိုမိုများပြားလာနေပြီး အချို့ဒေသတွင် တရုတ်နိုင်ငံဘက်မှ လုပ်ငန်းရှင်များက ငွေကြေးစိုက်ထုတ်ပေးနေကြောင်း ဒေသခံများက ပြောသည်။

ကချင်ပြည်နယ် မိုးကောင်း၊ နမ္မတီးမြို့နယ်အတွင်းမှ အချို့သော ဒေသခံများကို တရုတ်လုပ်ငန်းရှင်များက ငွေကြေးများ စိုက်ထုတ်ပေးကာ တနိုင်းမြို့အနောက်ဘက်ဒေသရှိ တနိုင်းခချောင်းနှင့် တဂါးခချောင်းတလျှောက် စစ်ကိုင်းတိုင်းနယ်စပ်နှင့် တနိုင်းမြို့၏ တောင်ပိုင်းဒေသတလျှောက်တွင် စိုက်ပျိုးနေကြသည်ဟု မကြာသေးမီက အဆိုပါဒေသသို့ သွားရောက် ကွင်းဆင်းလေ့လာခဲ့သည့် ကချင် အန်ဂျီအိုအဖွဲ့ဝင်တဦးက ပြောသည်။

ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ၏ အကူအညီဖြင့် မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ပပျောက်ရေးဆောင်ရွက်နေ၍ ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ကျဆင်းလာသည်ဟု ပြောဆိုနေချိန်တွင် ယခင်က ဘိန်းစိုက်ပျိုးမှု နည်းပါးသည့် ကချင်ပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှု များပြားလာခြင်းဖြစ်သည်။
(NEJ)
+++++

ပိတ်ဆို့မှုထက် ရွေးကောက်ပွဲက ပိုအရေးကြီးနေဟု ဦးဝင်းတင် ပြောဆို

နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရအတွက် ၂၀၁၀ ရွေးကောက်ပွဲသည် စီးပွားရေးပိတ်ဆို့မှု အခန်းကဏ္ဍထက် ပိုမိုအရေးပါနေသဖြင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန် ရာခိုင်နှုန်းအားဖြင့် နည်းပါးကြောင်း အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ပြောဆိုလိုက်သည်။

အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နအဖ ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း ယခုလ ၁၁ ရက်နေ့တွင် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာရေးတင်ပြခဲ့ပြီးနောက် ရက်သတ္တ နှစ်ပတ်ခန့် ကြာမြင့်လာသော်လည်း တစုံတရာ တုံ့ပြန်မှု မပြသသည့်အပေါ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
(မဇ္ဈိမ)
+++++

မယ်လဒုက္ခသည်စခန်းသို့
အလှူရှင်များ သွားရောက်လေ့လာ


ထိုင်းနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းတွင် ၎င်းတို့လှူဒါန်းထားမှုအနေအထားများ သိနိုင်ရန် ဥရောပသမဂ္ဂအဖွဲ့ဝင် (၁၄) နိုင်ငံမှ သံတမန်များ မယ်လဒုက္ခသည်စခန်းသို့ ယမန်နေ့၌ သွားရောက်လေ့လာခဲ့ကြသည်။

ဥရောပသမဂ္ဂ၏ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားဆိုင်ရာသံအမတ် မစ္စတာဒေးဗစ်လစ်မင်း ဦးဆောင်သည့် အဖွဲ့ဝင် (၂၇) ဦးပါ သံတမန်များအဖွဲ့သည် မယ်လစခန်း၏ စီမံခန့်ခွဲမှုဌာနကြီး (၅) ခုဖြစ်သည့် ကျန်းမာရေးဌာန၊ ရေပေးဝေရေးနှင့် သန့်ရှင်းရေးဌာန၊ ပညာရေးဌာန၊ ဥပဒေအကြံပေးဌာန၊ ရိက္ခာထုတ်ပေးရေးဌာနတို့ကို စစ်ဆေးခဲ့ကြသည်။

အလှူရှင်နိုင်ငံတို့မှ ယခုကဲ့သို့ ကွင်းဆင်းလာရောက်ခြင်းသည် ဒုက္ခသည်စခန်းများတွင် အဂတိလိုက်စားမှုများ တိုးပွားလာခြင်းနှင့် ဆက်စပ်မှုရှိကြောင်း ဒုက္ခသည်အရေး ဆောင်ရွက်နေသည့် အစိုးရမဟုတ်သောအဖွဲ့တခုမှ ဌာနေ၀န်ထမ်းတဦးက ပြောသည်။
( NEJ )
+++++

လူ့အခွင့်အရေး ချိုးဖောက်မှု အခိုင်အမာ ရှိနေဟု NCGUB ပြော

နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ လျော့ကျမသွားသည့်အပြင် အခိုင်အမာ တည်ရှိနေဆဲဖြစ်ကြောင်း NCGUB ခေါ် အဝေးရောက် ညွန့်ပေါင်းအစိုးရက ယခုနှစ်တွင် ထုတ်ပြန်သည့် လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာက ဆိုသည်။

အမေရိကန်နိုင်ငံ နယူးယောက်တွင် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ နှစ်စဉ် တင်သွင်းလေ့ရှိရာ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်အတွက် ပြုစုထားသည့် ၁၂ ကြိမ်မြောက် မြန်မာနိုင်ငံ လူ့အခွင့်အရေး အစီရင်ခံစာကို မကြာသေးခင်က ကျင်းပခဲ့သည့် ၆၄ ကြိမ်မြောက် ကုလ ညီလာခံသို့ တင်သွင်းခဲ့သေးသည်။

အစီရင်ခံစာတွင် ပါရှိသည့် လူ့အခွင့်အရေးဆိုင်ရာ သတင်းများ၊ မှတ်တမ်းများနှင့် အချက်အလက်များသည် မြန်မာနိုင်ငံနှင့် ဆက်သွယ်ရေး လွယ်ကူသည့် ထိုင်း-မြန်မာ နယ်စပ်မှတဆင့် NCGUB လက်အောက်ရှိ လူ့အခွင့်အရေး မှတ်တမ်းဌာန - HRDU က ရယူစုဆောင်းခြင်း ဖြစ်သည်။
(မဇ္စျိမ)
-------------------
25.11.2009

ကိုမင်းကိုနိုင် ကျန်းမာရေးမကောင်း


ကျိုင်းတုံအကျဉ်းထောင်တွင် ထောင်ဒဏ် (၆၅) နှစ်ကျခံနေရသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကျန်းမာရေးမကောင်းဟု မိသားစုမှ ထုတ်ဖော်ပြောဆိုလိုက်ကြောင်း သိရသည်။ အန်အယ်လ်ဒီပါတီမှ ဦးခင်မောင်ဆွေ၊ ဒေါက်တာဝင်းနိုင်၊ ဒေါက်တာသန်းငြိမ်းနှင့် ဦးစိန်လှဦးတို့ သင်္ဃန်းကျွန်းမြို့နယ် အန်အယ်လ်ဒီပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် အိမ်မှအပြန် ကိုမင်းကိုနိုင်၏ မိဘများထံ ၀င်ရောက်တွေ့ဆုံစဉ် မိသားစုက ကိုမင်းကိုနိုင်၏ ကျန်းမာရေးအခြေအနေကို ပြောပြခြင်းဖြစ်သည်။
(NEJ)
+++++

ဒေါ်စုနေအိမ် ပြုပြင်ခွင့်ရပြီ

နယူးဒေလီ (မဇ္စျိမ)။ ။ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို အာဏာပိုင်များက ပြုပြင်ခွင့် ပေးလိုက်ပြီဖြစ်ကြောင်း သူမ၏ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

ရန်ကုန်တိုင်း၊ မြို့တော်စည်ပင်က နေအိမ် အပေါ်ထပ်ရှိ ဝရံတာတွင် အုတ်စီ အခန်းဖွဲ့၊ ပြင်ဆင်ခွင့် ပေးလိုက်ခြင်း ဖြစ်သည်။ နေအိမ် ပြုပြင်ရေးကို ၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အပြီးသတ် ပြုပြင်ရန် အာဏာပိုင်များက သတ်မှတ်ပေးထားကြောင်း သိရသည်။
(မဇ္စျိမ)
+++++

မွန်ပြည်သစ်ဌာနချုပ်အနီး
မြန်မာစစ်တပ် (၃) ရင်း ဝင်ရောက်လှုပ်ရှားနေ


နအဖ စစ်တပ်အင်အား (၃၀၀) ကျော် ပါသည့်တပ်ရင်း (၃) ရင်းတို့က မွန်ပြည်သစ် ဗဟိုဌာနချုပ်နှင့် (၈) မိုင်သာသာ ဝေးသည့်နေရာအထိ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာ၍ ဒေသခံပြည်သူတို့ စိုးရိမ်ထိတ်လန့်နေကြသည်။ ယခု နအဖစစ်တပ်တို့ စစ်ရေးလှုပ်ရှားသည့်နယ်မြေသည် မွန်ခွဲထွက်အဖွဲ့တို့ လှုပ်ရှားနေသည့် ရေးမြို့နယ် တောင်ပိုင်း၊ ရေဖြူမြို့နယ်တို့နှင့် ဆက်စပ်ဒေသများဖြစ်၍ ယင်းခွဲထွက်အဖွဲ့ငယ်များအား စစ်ဆင်ရေး ပြုလုပ်နေသည်ဟု မြန်မာ အာဏာပိုင်တို့က အကြောင်းပြထားကြောင်း အဆိုပါဗဟိုကော်မတီဝင်က ဆိုသည်။

ယင်းကိစ္စကို အထက်တာဝန်ရှိသူတို့အား အကြောင်းကြားထားပြီး အခြေအနေအား ဆက်လက်စောင့်ကြည့်နေကြောင်း၊ ယခုကဲ့သို့ မွန်ပြည်သစ်နယ်မြေအတွင်း တိုးဝင်လာပါက ပစ်ခတ်ရလိမ့်မည်ဟု အဆိုပါခရိုင်ကော်မတီဝင်က ပြောသည်။
(NEJ)
+++++

၂၀၀၈ ဖွဲ့စည်းပုံက အမျိုးသမီးများ ဘဝလုံခြုံမှု ခြိမ်းခြောက်နေဟု WLB ပြော


မဇ္ဈိမ(ချင်းမိုင်) ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒတွင် စစ်အစိုးရ ခေါင်းဆောင်များ ကျူးလွန်ထားသော ပြစ်မှုများကို ကင်းလွတ်ခွင့်ပေးထားသဖြင့် ထိုအခြေခံဥပဒေအရ ပြုလုပ်မည့် ရွေးကောက်ပွဲကို အပြင်းအထန် ကန့်ကွက်သည်ဟု အမျိုးသမီးအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB က ယနေ့ ပြောဆိုလိုက်သည်။

လက်ရှိ အုပ်ချုပ်နေသည့် စစ်ဗိုလ်ချုပ်ကြီးများက ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှုများအား သွယ်ဝိုက်သော နည်းဖြင့် ပိုမိုခွင့်ပြုထားရာ အမျိုးသမီးများ၏ ဘဝလုံခြုံရေးကို ပိုမို ခြိမ်းခြောက်နေကြောင်း ယနေ့ ကျရောက်သည့် နိုင်ငံတကာ အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေးနေ့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
(မဇ္စျိမ)
-----------------
26.11.2009

ပြည်တွင်းဂျာနယ်များ ပိုမိုအရေးပါလာနိုင်

မဇ္ဈိမ (ချင်းမိုင်)။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပြည်တွင်း သတင်းဂျာနယ်များ ပိုမို အရေးပါလာမှာဖြစ်သော်လည်း လွတ်လပ်စွာ သတင်းရေးသားဖော်ပြခွင့်မှာမူ အခွင့်အလမ်း နည်းနေဆဲဖြစ်သည်ဟု အယ်ဒီတာများနှင့် မြန်မာ သတင်းသဂ္ဂအဖွဲ့တို့က ပြောသည်။
မဲဆွယ်စည်းရုံးမှု၊ နိုင်ငံရေးပါတီများအကြောင်း ဖော်ပြခွင့်ရနိုင်မည်ဟု မျှော်လင့်သော်လည်း မဲပေးခြင်း၊ မဲရုံများတွင် အလုပ်လုပ်မှု အသေးစိတ်ကိုမူ ရေးသားဖော်ပြခွင့် ရနိုင်ဖွယ်မမြင်ကြောင်း သူက ဆက်ပြောသည်။ ယခု ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး စာပေစိစစ်ရေးက အကန့်အသတ်ဖြင့် ရွေးကောက်ပွဲ သတင်းများ ဆိုင်ရာမူတခု ချမှတ်ပေးမည်ဟုလည်း ခန့်မှန်းထားသည်။

အလားတူ အခြားအယ်ဒီတာ တဦးကလည်း ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင် မီဒီယာကဏ္ဍအနေဖြင့် လွတ်လပ်စွာ ရေးသားဖော်ပြခွင့် မရနိုင်ကြောင်း တွက်ဆထားသည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါရှိသည့် အပိုက် ၃၅၄ အရ ကိုယ့် ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားခွင့် ရှိသည်ဟု ဖော်ပြထားသည်။

သို့သော် နိုင်ငံသူနိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် ဆန့်ကျင်သည်ဟု ပါရှိသည်။
(မဇ္ဈိမ)
+++++

နာဂစ်ဒုက္ခသည်များ ဆေးဝါးအထောက်အပံ့ လိုအပ်ဆဲ


ချင်းမိုင် (မဇ္ဈိမ) ။ ။ နာဂစ်မုန်တိုင်းသင့် ဧရာဝတီတိုင်းသည် ၁၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း လေဘေး ဒုက္ခသည်များအတွက် ဆေးဝါးအထောက်အပံ့များ လိုအပ်နေဆဲဖြစ်ကြောင်း အတိုက်အခံ လွှတ်တော်အမတ် ဒေါက်တာအေးကြူက ပြောသည်။

မုန်တိုင်းတိုက်ခတ်မှုအတွင်း လူဦးရေ ၁ သိန်း ၄ သောင်းထက်မနည်း သေဆုံးခဲ့ရကာ လူပေါင်း ၂ သန်းခွဲခန့်ရှိ လေဘေးဒုက္ခသည်များအတွက် စောင့်ရှောက်သည့် အဖွဲ့အစည်းများ ရှိနေသော်လည်း အများအားဖြင့် ကျန်းမာရေးအတွက် လိုအပ်ချက်များ ရှိနေခြင်းဖြစ်သည်။

နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့ (NGO) များက အစားအသောက်နှင့် ပညာရေးအထောက်အပံ့များ ဆက်လက် ထောက်ပံ့ပေးနေသော်လည်း၊ အချို့က ပရောဂျက်များကို ယာယီ ရပ်ဆိုင်းထားကြောင်း သိရသည်။

နိုင်ငံတကာ အလှူရှင်များအနေနှင့် နာဂစ်ဒုက္ခသည်များအတွက် ဇူလိုင်လအထိ အမေရိကန်ဒေါ်လာ ၈၈ သန်းကို လှူဒါန်းမည်ဟု သဘောတူညီထားကြသည်။ သြစတြေးလျား၊ ဒိန်းမတ်၊ ဂျာမဏီ၊ ဂျပန်၊ နယူးဇီလန်၊ နော်ဝေ၊ နယ်သာလန်၊ ဥရောပကော်မရှင်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ စင်္ကာပူ၊ ထိုင်း၊ အင်္ဂလန်နှင့် အမေရိကန် ပြည်ထောင်စုက အဆိုပါ ငွေပမာဏကို နာဂစ်ဒေသ ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းရန် သဘောတူညီခဲ့သည်။
(မဇ္ဈိမ)
+++++

ဝ' နယ်မြေအတွင်း စစ်ဖြစ်မည်ကို ဒေသခံများ တကျော့ပြန် စိုးရိမ်

မဇ္ဈိမ (ချင်းမိုင်) ။ ။ နေပြည်တော်နှင့် ဝ' တပ်မတော်ကြား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဆွေးနွေးပွဲတွင် နှစ်ဖက် သဘောတူညီမှု မရသေးသဖြင့် စစ်မက်ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်မကင်း ဖြစ်နေသည်။

ယခုလ ၁၄ ရက်နေ့တွင် နေပြည်တော်မှ စေလွှတ်သည့် စစ်ဘက်ဆိုင်ရာ အကြီးအကဲနှင့် ဝ' တပ်မတော် ခေါင်းဆောင်များကြား ၃ ကြိမ်မြောက် ဆွေးနွေးရာ ပြေလည်မှု မရဘဲ ပြီးဆုံးခဲ့သဖြင့် စစ်ဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်နေပြီး ဝ' ဒေသတွင်းရှိ ကုန်သည်အချို့က လှောင်ကုန်များကို အမြန်ထုတ်ရောင်းနေသည်။

ယခုလ ၁၄ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းတွင် စစ်ဘက်ရေးရာ လုံခြုံရေး အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၊ ရမခ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်၊ ကစထမှူး မင်းအောင်လှိုင်တို့ ပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ၏ နိုင်ငံရေး ဦးဆောင်မှုပါတီ UWSP မှ ဒု-ဥက္ကဋ္ဌ ပေါဝ်းယျိုလျှန်၊ ဒု-စစ်ဦးချုပ် တာ့အိုက်လွန်း အဖွဲ့နှင့် ဆွေးနွေးခဲ့သည်။

၎င်းဆွေးနွေးပွဲအပြီး နောက်တပတ်ဖြစ်သည့် ၂၁ ရက်နေ့တွင် လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် စစ်ကားများ ရှမ်းပြည်မြို့တော် တောင်ကြီးဘက်မှ သံလွင်မြစ်အရှေ့ဘက်သို့ မောင်းနှင်သွားကြောင်း ရှမ်းသံတော်ဆင့် သတင်းဌာန လက်ထောက် အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။
(မဇ္ဈိမ)
-----------------
27.11.2009

လက်ခုပ်ကုန်း Cyclone Shelter
ဒေသခံတို့အတွက် လက်တွေ့အကျိုးမရှိနိုင်


ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ် လက်ခုပ်ကုန်းကျေးရွာတွင် တည်ဆောက်လျက်ရှိသည့် Cyclone Shelter မှာ ၂၀၁၀ မတ်လ တွင် ပြီးစီးမည်ဟု နိုင်ငံပိုင်ရုပ်သံတွင် ဖော်ပြနေသော်လည်း မျက်မြင်အခြေအနေအရ ရှေ့နှစ် ဒီဇင်ဘာပြီးစီးရန်ပင် မဖြစ်နိုင်ကြောင်း Asia World ဆောက်လုပ်ရေးမှ တာဝန်ရှိသူတဦးက ပြောသည်။

မူလက ဆယ်အိမ်တန်းကျေးရွာတွင် Cyclone Shelter တည်ဆောက်ရန် လျာထားသော်လည်း အဆောက်အအုံ ခံနိုင်ဝန်အားအရ လက်ခုပ်ကုန်းကျေးရွာတွင် ၂၀၀၉ ခု ဖေဖော်ဝါရီလ၌ စတင်တည်ဆောက်ခဲ့သည်။

ယင်း Shelter သည် လေပြင်းဒဏ်ခံနိုင်ရန် အခုံးပုံသဏ္ဌာန် ခြေတံရှည် (၂) ထပ်ဖြစ်ပြီး (၆) ဧကအကျယ်မြေနေရာ၌ အဆောက်အအုံအကျယ်အ၀န်း (၁၃၅) ပေ ပတ်လည် တည်ဆောက်နေခြင်းဖြစ်သည်။

ဘေးအကာနံရံ (၃) ပေထုနှင့် အဆောက်အအုံအပေါ်ထပ်၌ သောက်ရေကန် (၂) ကန်ထားရှိမည်ဖြစ်ကြောင်း၊ ရေကန် (၂) ခုကြား ရဟတ်ယာဉ်ဆင်းသက်ရန် ကွင်းတခုပါရှိမည်ဖြစ်ပြီး (၂၄) နာရီ မီးပေးစနစ် ကျင့်သုံးမည်ဖြစ်ကြောင်း၊ အသက်ကယ်ကုန်း တည်ဆောက်မှုမှာ (၅၀) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း Asia World ဆောက်လုပ်ရေးမှ တာဝန်ရှိသူတဦးက ပြောသည်။

တည်ဆောက်ရန် ထိုသို့ အစီအစဉ်ရှိသော်လည်း ယနေ့အထိ (၁၀) ပေခန့် အောက်ခံဖောင်ဒေးရှင်းနှင့် ကွန်ကရစ်တိုင် ထူသည့်အဆင့်သာ ပြီးစီးသေးသည်။

ထို့ပြင် လက်ခုပ်ကုန်း Cyclone Shelter တည်ဆောက်မှုသည် ဒေသခံအချို့အား အလုပ်အကိုင် အခွင့်အလမ်း အနည်းငယ်ပေးနိုင်ရုံကလွဲ၍ ဒေသအကျိုး၊ ပြည်သူအကျိုး လက်တွေ့မဖြစ်နိုင်ဟု ကျေးရွာ ရယကအဖွဲ့ဝင်တဦးက ဆိုသည်။
(NEJ)
+++++
ကိုကိုးကျွန်း လေ့လာရေး ခရီးစဉ်စတင်

ရန်ကုန် (မဇ္ဈိမ)။ ။ အများပြည်သူ သွားလာခွင့် ပိတ်ပင်ထားသော ကိုကိုးကျွန်းကို လေ့လာရေးခရီးစဉ်အဖြစ် စစ်အစိုးရက ခွင့်ပြုလာခဲ့သည်။

ရန်ကုန်တိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့်၏ စီမံမှုဖြင့် မြန်မာ့ကြယ်ငါးပွင့် လုပ်ငန်းပိုင် သံလွင်သဘောင်္ဖြင့် နိုဝင်ဘာ ၂၀ ရက်နေ့တွင် စတင်သာ လေးရက်ကြာ ရန်ကုန်-ကိုကိုးကျွန်း ခရီးစဉ်တွင် ခရီးသည် ၄၀၀ ကျော် လိုက်ပါသွားခဲ့သည်။

ခရီးသည်အများစုမှ အစိုးရဝန်ထမ်းများဖြစ်ကြပြီး အနုပညာသည်များ၊ နိုင်ငံပိုင် မီဒီယာများလည်း ပါသည်။

လက်မှတ်တစောင် ၂ သောင်း ၅ ထောင်ကျပ်ပေးရသည့် ခရီးစဉ်သည် ကိုကိုးကျွန်းစုများကို မြန်မာနိုင်ငံက ပိုင်ဆိုင်မှုကို ပြသလိုခြင်းကြောင့် ဖြစ်သည်ဟု လိုက်ပါပို့ဆောင်သည့် အရာရှိတဦးက ပြောသည်။
(မဇ္ဈိမ)
+++++

ဒေါ်လာဈေး ကျဆင်းမှုကြောင့် အန်ဂျီအိုများ အခက်ကြုံ

ဒေါ်လာအပါအဝင် နိုင်ငံခြားငွေဈေးများ ကျဆင်းနေ၍ အန်ဂျီအိုလုပ်ငန်း လုပ်ကိုင်နေသူများ အထူးထိခိုက်နစ်နာနေရကြောင်း နာဂစ်ဒေသ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် အန်ဂျီအိုတခုမှ ဆရာဝန်တဦးက ပြောသည်။

အလားတူ ပြည်တွင်းရှိ အန်ဂျီအိုအဖွဲ့တွင် အလုပ်လုပ်နေသူများ၊ သံရုံးတို့၌ အလုပ်လုပ်နေသူများမှာလည်း ဒေါ်လာဈေးကြောင့် ၎င်းတို့ဝင်ငွေများ (၁ဝ) ရာခိုင်နှုန်းကျော် လျော့ကျသွားကြောင်း အဆိုပါဆရာဝန်က ပြောသည်။

နိုင်ငံခြားတွင် အလုပ်လုပ်ပြီး မြန်မာပြည်တွင်းသို့ ငွေပြန်ပို့သည့် သန်းနှင့်ချီရှိသည့် မြန်မာနိုင်ငံသားတို့၏ ဝင်ငွေများလည်း အလားတူ လျော့ကျသွားပြီး အထွေထွေ ကုန်ဈေးနှုန်းများက မကျခြင်းကြောင့် မိသားစုဝင်များ အခက်အခဲ ကြုံရကြောင်း သိရသည်။

နိုင်ငံခြားငွေဖြင့် လစာရနေသူများ၊ နိုင်ငံခြားမှ ငွေပေးပို့မှုကို လက်ခံနေထိုင်စားသောက်သူများသာမက နိုင်ငံခြားသို့ ပို့ကုန်တင်ပို့နေသည့် ပို့ကုန်လုပ်ငန်းများလည်း ထိခိုက်လာနေကြောင်း သိရသည်။
(NEJ)
+++++

ရွှေဈေး ၆ သိန်းအောက် မဆင်းနိုင်တော့

ချင်းမိုင် ။ ။ ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ လိုက်တက်လာခဲ့သော မြန်မာ့ရွှေဈေးသည် ပြီးခဲ့သည့် သောကြာနေ့က မြန်မာနိုင်ငံ သမိုင်းတလျှောက် စံချိန်တင် ဈေးနှုန်းဖြစ်သည့် ၆ သိန်း ၁ သောင်း ၃ ထောင်ကျော် သို့ ရောက်ရှိခဲ့ပြီး ယခုအခါ ၆ သိန်း ၉ ထောင်သို့ ရောက်ရှိသွားခဲ့သည်။ ကမ္ဘာ့ရွှေဈေး စံချိန်တင် မြင့်တက်နေသော်လည်း အမေရိကန် ဒေါ်လာနှင့် မြန်မာငွေ လဲလှယ်နှုန်းမှာ ၇ နှစ်တာ ကာလအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိနေသဖြင့် ရွှေဈေးတက်ရခြင်းမှာ ပြည်တွင်းဝယ်လိုအား များသောကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
(မဇ္ဈိမ)
-----------------

2 comments:

Anonymous said...

သတင်း စုံလာဖတ်တယ်သိလား
ဝိုင်းဒမော် မှာရွှေထွက်နေတယ်ပေါ့လေ အဲ့လိုမှန်းသိရင်
ပြည်ပထွက်မလာပါဘူး မြစ်ကြီးနား မှာပဲနေခဲ့မှာသေခြာတယ်
အဟင့် ခုတော့

လူလ said...

မင်္ဂလာပါ ညီမ

ညီမ ဘလောဂ် ပိတ်တုန်းက ။ မေးမလိုပဲ။ ဘယ်မှာ ရေးလဲမရဘူး။

စိတ်မကောင်းပါဘူး။ ဘလောဂ်ပိတ်လိုက်တာ။

အခုလဲ ကွန်မင်းကို သတိထားမိလိုက်ဘူး။ ဒီနေ့ ပိုစ့် သတင်းမှတ်စု တင်ဖို့အတွက် ၀င်လိုက်တာ မြင်လို့။ ညီမ ကွန်မင်း ပေးထားတာ မြင်တယ်။

ရွှင်လန်းချမ်းမြေ့ပါစေ...