Sunday, February 28, 2010

8-2010

22-2-10

ဗဟိုဦးစီးအဖွဲ့ရွေးချယ်ရေး အန်အယ်ဒီဗဟိုစတင်


ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဦးစီးအဖွဲ့ CC အဖွဲ့ဝင်များကို စီစစ်ရွေးချယ်ရေး လုပ်ငန်းများ အဖွဲ့ချုပ် ရုံးချုပ်၌ ယနေ့စတင်ဆောင်ရွက်နေပြီဖြစ်သည်။

ဗဟိုအလုပ်မှူဆောင်အဖွဲ့ CEC အစည်းအဝေးကျင်းပ ရွေးချယ်ကြခြင်းဖြစ်ပြီး ယနေ့ ပြီးပြတ်ခြင်း မရှိသော် လည်း လာမည့်အပတ် တနင်္လာနေ့တွင် အတည်ပြုနိုင်ဘွယ်ရှိကြောင်း အန်အယ်ဒီက ပြောသည်။
။။။။။။

ဘိန်းကုန်ကူးသူများ ပစ်ခတ်၍ ဒဏ်ရာရသူ ရဲ ၂ ဦး ရန်ကုန်ပို့

ချင်းမိုင် (မဇ္ဈိမ)။ ။ ဘိန်းရာဇာအဖွဲ့က ခြုံခိုတိုက်ခိုက်ခံ၍ ဒဏ်ရာရရှိသော ရဲ ၂ ဦးကို ယနေ့နေ့လည်တွင် တာချီလိတ်ဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ လေယာဉ်ဖြင့် ပို့ဆောင်လိုက်သည်။

ယခုလ ၂ဝ ရက်နေ့တွင် မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံဆုံရာ ရွှေတြိဂံဒေသ၌ လှည့်လည်လှုပ်ရှားနေသော နော်ခမ်း၏ ဘိန်းအဖွဲ့က ပုံမှန်ကင်းလှည့်မှု ပြုလုပ်နေသော တာချီလိတ်ခရိုင် ဝမ်ပုံမြို့နယ်ရဲစခန်းမှ ရဲများနှင့် မူးယစ် အထူးတပ်ဖွဲ့မှ ရဲများကို တိုက်ခိုက်ရာ ၁၄ ဦး သေဆုံး သို့မဟုတ် ပျောက်ဆုံးပြီး ၂ ဦး ဒဏ်ရာရ လွတ်မြောက်လာခဲ့သည်။

သေနတ်ကျည်ဆံ ကိုယ်ထဲတွင် ရှိနေသော ဒုရဲအပ်စိန်လှိုင်နှင့် လက်နှင့်ခြေထောက်တွင် ဒဏ်ရာရထားသော တပ်သားကီးမူတို့ကို မြန်မာ့လေကြောင်းဖြင့် ရန်ကုန်သို့ ပို့ဆောင်ခဲ့ရသည်။
။။။။။

ဦးတင်ဦးကို သူရဲကောင်း ဆုချီးမြှင့်


နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးကို ပြည်တွင်းရှိ တိုင်းရင်းသား ပါတီများဖြင့် ဖွဲ့စည်းထားသည့် UNA နှင့် ဝါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်များက ယခုလ ၂ဝ ရက်နေ့တွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆုကို ချီးမြှင့်လိုက်သည်။

အကျယ်ချုပ်မှ ၆ နှစ်ကြာ ကျခံရပြီးနောက် ယခုလ ၁၃ ရက်နေ့တွင် ပြန်လွတ်လာသည့် NLD ဒုဥက္ကဋ္ဌကို ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်ရှိ သခင်သိန်းဖေ နေအိမ်၌ ၎င်းတို့က အခမ်းအနားတရပ် ကျင်းပကာ အမျိုးသား ပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆု မှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်လိုက်ခြင်း ဖြစ်သည်။
။။။။။

23.2.10

အန်အယ်လ်ဒီ ဗဟိုဦးစီးအဖွဲ့ ဖွဲ့စည်းရေး ပဏာမ လျာထားချက်
အောင်မြင်စွာပြီးစီး


(NEJ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဗဟိုဦးစီးအဖွဲ့ ဖွဲ့စည်းရေးအတွက် ပြည်နယ်နှင့်တိုင်း စည်းရုံးရေးအဖွဲ့များမှ တင်သွင်းသည့် အဖွဲ့ချုပ်ဝင်များကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ယမန်နေ့၌ ပြန်လည်စိစစ်ခဲ့ပြီး မကြာမီ ထုတ်ပြန်ကြေညာတော့မည်ဖြစ်ကြောင်း အန်အယ်လ်ဒီက ပြောကြားသည်။ဗဟိုဦးစီးအဖွဲ့ဝင်များကို ရွေးချယ်ရာတွင် အန်အယ်လ်ဒီက ထုတ်ပြန်ထားသည့် ကြေညာချက်ပါ မူ (၅) ချက်နှင့်အညီ ပြည်နယ်နှင့်တိုင်းများက ရွေးချယ်အဆိုပြုမှုများကို စိစစ်ခြင်းဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်က ချမှတ်ပေးသည့် မူများကိုလည်း ထည့်သွင်းစဉ်းစားခဲ့ကြောင်း ဦးအုန်းကြိုင်က ပြောသည်။ယမန်နေ့အစည်းဝေးတွင် အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက သဘာပတိအဖြစ် ဦးဆောင်ဆွေးနွေးခဲ့ကြောင်း၊ ဗဟိုဦးစီးအဖွဲ့ကို ပါတီဖွဲ့စည်းပုံလမ်းညွှန်တွင် ပါရှိသည့်အတိုင်း အဖွဲ့ဝင်ဦးရေ (၉၀) မှ (၁၂၀) အတွင်း လုပ်ငန်းအတွက် လိုအပ်သလို ပြင်ဆင် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
။။။။။။

နိုင်ငံရေး အကျဉ်းသား ၆ ဦး ထောင်တွင်း အစာငတ်ခံ ဆန္ဒပြ


နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန် အင်းစိန်ထောင်တွင်း အကျဉ်းသား အခွင့်အရေး ရရှိရန် နိုင်ငံရေးအကျဉ်းသား ၆ ဦး ယမန်နေ့မှ စတင်၍ အစာငတ်ခံ ဆန္ဒပြနေကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည် ဂွမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီပုက ဦးဆောင်ပြီး၊ ရန်ကုန်တိုင်း တာမွေမြို့နယ် အဖွဲ့ချုပ် လူငယ်တာဝန်ခံ ကိုကျော်မျိုးနိုင်၊ ကိုညီညီအောင် (မုံရွာ)၊ ကိုနေမိုးအောင် (မုံရွာ)၊ ရခိုင်ကျောင်းသားလူငယ်များ အမှုတွဲမှ ကိုအောင်နိုင်မြင့်နှင့် ကိုအောင်နိုင်တို့က ထောင်တွင်း အစားအသောက်နှင့် ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုကောင်းမွန်ရန် အပါအဝင် အကျဉ်းသား အခွင့်အရေးများကို ထောင်အာဏာပိုင်များထံ အစာငတ်ခံ တောင်းဆိုနေကြသည်။
။။။။။။

ဗိုလ်ချုပ်အောင်ဆန်းအကြောင်းစာအုပ် သုတစွယ်စုံစာပေဆုရရှိ

(NEJ) ။ ။ ယခုနှစ် သုတစွယ်စုံစာပေဆုတွင် “မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်းများနှင့် ဗိုလ်ချုပ်အောင်ဆန်း” စာအုပ်ကို ရွေးချယ် ပေးသွားမည်ဖြစ်ကြောင်း စစ်အစိုးရပိုင်သတင်းစာတွင် ဖော်ပြသည်။

ယင်းစာအုပ်ကို တက္ကသိုလ်စိန်တင် ရေးသားခြင်းဖြစ်ပြီး သုတစွယ်စုံစာပေဆု ပေးရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် Swesone Media Group ၏ သုတစွယ်စုံစာအုပ်တိုက်က ချီးမြှင့်မည်ဟု သိရသည်။ယခုနှစ်ပေးသည့် သုတစွယ်စုံစာပေဆုများမှာ သုတစွယ်စုံဝိဇ္ဇာဘာသာရပ်အတွက် တက္ကသိုလ်စိန်တင်၏ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုမှတ်တမ်းများနှင့်ဗိုလ်ချုပ်အောင်ဆန်း၊ စာပဒေသာဘာသာရပ်အတွက် ကိုကို(စက်မှုတက္ကသိုလ်) ၏ အွန်စောတို့ဌာနေ ကိုယ်တွေ့ ကိုရီးယားခရီးသွား ဆောင်းပါးများ၊ လူမှုစီးပွားဘာသာရပ်အတွက် ဒေါက်တာချစ်၏ လူမှုဆက်ဆံရေးဆိုင်ရာ ကမ္ဘာ့ထုံးတမ်းစဉ်လာများ၊ ဘာသာပြန်ဘာသာရပ်အတွက် ကြည်မင်း၏ ဦးဆောင်စွန့်စား စီးပွားတည်ဆောက်ခြင်း၊ ရည်ညွှန်းစာပေဘာသာရပ်အတွက် ကျော်ဝင်း၏ စာအုပ်များဖြင့်နှစ်ပေါင်းများစွာ၊ လူငယ်စာပေဘာသာရပ်အတွက် ပါမောက္ခ ဒေါက်တာတင်စိုး၏ ဘာလဲဟဲ့ဒေါက်တာဘွဲ့၊ နိုင်ငံတကာရေးရာဘာသာရပ်အတွက် ရဲထွဋ်၏ သမိုင်းစာမျက်နှာပေါ်က အင်ပါယာနိုင်ငံများနှင့် နီယိုကွန်တိုနေ၀င်ချိန်၊ အသုံးချသိပ္ပံဘာသာရပ်အတွက် ဒေါက်တာစိုးလွင်၏ လူနာဖြစ်သွားသော ဆရာဝန်နှင့် ဆေးလောကဇာတ်ခုံပေါ်က အတွေ့အကြုံများ တို့ဖြစ်ကြကာ သုတစွယ်စုံတသက်တာစာပေဆုကို စာရေးဆရာ ချစ်စံဝင်းက ရရှိသွားကြောင်း သတင်းတွင် ဖော်ပြထားသည်။
။။။။။။

ငြိမ်းချမ်းရေး မနောပွဲတော် KIO ကျင်းပ


ရွှေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရနှင့် အပစ်ရပ် ၁၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နင်ဂွန်ထင်ရန် မနောပွဲတော်ကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ကချင်ပြည်နယ် မိုးကောင်းမြို့၌ ယနေ့မှစ၍ ၄ ရက်ကြာ ကျင်းပနေပြီဖြစ်သည်။

မိုးကောင်းမြို့နယ် ကဆုန်းကျေးရွာရှိ KIO တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၁ နယ်မြေ၌ နင်ဂွန်ထင်ရန် မနောပွဲကို ယနေ့ စတင်လိုက်ပြီဖြစ်ကြောင်းနှင့် ပွဲတော်သို့ ဧည့်ပရိသတ် ၄ သောင်းကျော် တက်ရောက်လာဖွယ်ရှိကြောင်း ပွဲဖြစ်မြောက်ရေး ဆပ်ကော်မတီက ပြောဆိုခြင်း ဖြစ်သည်။
။။။။။။

24.2.10

သတ္တမ အကြိမ်မြောက် မြန်မာ့မီဒီယာ ညီလာခံကျင်းပ

(NEJ) ။ ။ မြန်မာသတင်းစာဆရာများ အပါအ၀င် စာပေနယ်ပယ်၊ လူထုဆက်သွယ်ရေးနယ်ပယ်မှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည့် မြန်မာ သတင်းသမဂ္ဂက ကြီးမှူးပြီး သတ္တမအကြိမ်မြောက် မြန်မာ့မီဒီယာညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ စတင် ကျင်းပသည်။

မြန်မာစစ်အစိုးရက ယခုနှစ် ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲအား လေ့လာစောင့်ကြည့်ရေး၊ အွန်လိုင်း လုံခြုံရေးတို့ အပါအ၀င် မြန်မာသတင်းကဏ္ဍ အခြေအနေများနှင့် ပတ်သက်ပြီး အတွေ့အကြုံရှိ သတင်းစာဆရာများနှင့် ပြည်ပအခြေစိုက် သတင်းအဖွဲ့အစည်းတို့က ဦးဆောင်ဆွေးနွေးကြသည်။
။။။။။။

အန်အယ်ဒီ ဗဟိုဦးစီး ဖွဲ့စည်းသည့်အပေါ် ဒေါ်စု အားရကျေနပ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဦးစီးအဖွဲ့ CC ဖွဲ့စည်းသည့်အပေါ် အားရကျေနပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။

မကြာမီက နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သူ ဦးတင်ဦးကိုလည်း လွတ်လာသည်နှင့် ပါတီတာဝန်များကို အချိန်မဆိုင်း ထမ်းဆောင်သောကြောင့် ကျေးဇူးတင်ရှိကြောင်းလည်း ဒီမိုကရေစီ ခေါင်းဆောင်က ပြောသည်။

နေအိမ်ပြင်ဆင်မှုကိစ္စအတွက် ရှေ့နေ ဦးဥာဏ်ဝင်း၊ ရှေ့နေ ဦးကြည်ဝင်းတို့ တက္ကသိုလ်ရိပ်သာလမ်းရှိ သူမ၏နေအိမ်၌ မွန်းလွဲ ၁ နာရီမှ ၂ နာရီကြာ ယနေ့ တွေ့ဆုံစဉ် ယင်းသို့ ပြောဆို လိုက်ခြင်းဖြစ်သည်။
။။။။။

ရွှေ့ပြောင်းအလုပ်သမားများ၏ အန္တရာယ်အကြောင်း အစီရင်ခံစာထုတ်ပြန်


(NEJ) ။ ။ ထိုင်းနိုင်ငံတွင်း လာရောက်အလုပ်လုပ်နေကြသော ရွှေ့ပြောင်းအလုပ်သမားများအပေါ် ထိုင်းအာဏာပိုင်တို့၏ အကြမ်းဖက်ဖိနှိပ် ကန့်သတ်မှုလုပ်ရပ်များကို တင်ပြထားသည့် အစီရင်ခံစာတစောင်ကို အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ထုတ်ပြန်လိုက်သည်။

“ကျားလွတ်ရာမှ မိကျောင်းအန္တရာယ်တွင်းသို့” ဟု အမည်ပေးထားသော အဆိုပါအစီရင်ခံစာကို မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံသား (၈၂) ဦး၏ အဖြစ်အပျက်ကို အခြေခံရေးသားထားပြီး ဖေဖော်ဝါရီ (၂၂) ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများသည် သတ်ဖြတ်ခံရခြင်း၊ ထိန်းသိမ်းရေးစခန်းများ၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း၊ ရိုက်နှက်ညှဉ်းဆဲခံရခြင်း၊ လူကုန်ကူးခံရခြင်း၊ အဓမ္မလုပ်အားခိုင်းစေခံရခြင်း၊ ကန့်သတ်တားမြစ်ခံရခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံစားနေရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
။။။။။။

ဆန္ဒပြ မြန်မာဒုက္ခသည် ၁၀၆ ဦး လွှတ်ပေး


နယူးဒေလီ (မဇ္ဈိမ)။ ။ မလေးရှားနိုင်ငံရှိ လန်ဂျန်း (Lang Geng) ထိန်းသိမ်းရေး စခန်းမှ မြန်မာဒုက္ခသည် ၁၀၆ ဦးအား လွှတ်ပေးရန်အတွက် ယမန်နေ့ နံနက်တွင် UNHCR ကုလဒုက္ခသည်ရုံးက လာရောက် ခေါ်ဆောင်သွားကြောင်း ဒုက္ခသည်များ အဆိုအရ သိရသည်။

၂ လတိုင်အောင် UNHCR အရာရှိများ မလာရောက်သဖြင့် ယခုလ ၂၂ ရက်နေ့တွင် မြန်မာဒုက္ခသည်များ အစာငတ်ခံ ဆန္ဒပြတောင်းဆိုခဲ့ရာ စခန်းအာဏာပိုင်များက ကတိပေးပြီး နောက်တရက်တွင် UNHCR က အင်တာဗျူး အောင်ပြီးသူ ဒုက္ခသည် ၃ဝဝ အနက် ၁ဝ၆ ဦးအား ပြန်လွှတ်ပေးရန် ခေါ်ထုတ်သွားခြင်း ဖြစ်သည်။ မလေးရှားနိုင်ငံ အနောက်တောင်ဘက် နီဂီရီ ဆမ်ပီလန် (Negeri Sempilan) ပြည်နယ်အတွင်း တည်ရှိသည့် လန်ဂျန်း (Lang Geng) ဒုက္ခစခန်းကို မလေးရှား လူဝင်မှုကြီးကြပ်ရေး (လဝက) က ဖွင့်လှစ်ထားခြင်းဖြစ်ပြီး မြန်မာဒုက္ခသည် ၆ဝဝ ကျော်အပါအဝင် အာဖရိက၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ခ်ျနှင့် ပါကစ္စတန် နိုင်ငံများမှ ဒုက္ခသည် စုစုပေါင်း ၁၄ဝဝ ကျော် ရှိနေသည်။
။။။။။။။။။။။။။။။။။
25.2.10

ဒေါ်စုအမှု မနက်ဖြန် စီရင်ချက်ချမည်


ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ၁၈ လ ချမှတ်ထားမှုကို ပြစ်ဒဏ် ပြင်ဆင်မှု တင်သွင်းထားခြင်း အပေါ် မနက်ဖြန်တွင် ဗဟိုတရားရုံးချုပ်က အမိန့်ချမည်ဟု ရှေ့နေ ဦးဥာဏ်ဝင်းက ပြောဆိုသည်။
။။။။။

ရွေးကောက်ပွဲသည် စစ်တပ်က စနစ်တကျ တပ်ဆုတ်ခြင်းဖြစ်ဟု ဦးသုဝေ သုံးသပ်

(NEJ) ။ ။ စစ်အစိုးရက ယခု ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲသည် စစ်တပ်က မြန်မာ့နိုင်ငံရေးတွင် ရှေ့တိုးဝင်ရောက် စွက်ဖက်လာခြင်း မဟုတ်ဘဲ နောက်တလှမ်းဆုတ်ခြင်းသာဖြစ်ကြောင်း ၀ါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေက သုံးသပ်လိုက်သည်။

ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပသည့် သတ္တမအကြိမ်မြောက် မြန်မာသတင်းသမဂ္ဂ၏ မီဒီယာညီလာခံတွင် ဗွီအိုအေအသံလွှင့်ဌာနမှ ပြုလုပ်သော မြန်မာ့နိုင်ငံရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲအစီအစဉ်၌ ပြောကြားသွားခြင်းဖြစ်သည်။
။။။။။

စစ်တပ်က ပစ်ခတ်သဖြင့် ကရင်ကျောင်းသားငယ် သေဆုံး

နယူးဒေလီ (မဇ္ဈိမ)။ ။ ကရင်ပြည်နယ်တွင်း ကျေးရွာတရွာရှိ မူလတန်းကျောင်းကို စစ်အစိုးရတပ်များက ယခုလ ၁၉ ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကျောင်းသားတဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကရင်ကျောင်းသားအဖွဲ့ အဆိုအရ သိရသည်။

နံနက် ၉ နာရီခန့်တွင် ဖာပွန်ခရိုင် ခေးပူကျေးနယ် တူထားရွာရှိ မူလတန်းကျောင်းသို့ နည်းဗျူဟာတပ်ဖွဲ့ စကခ ၂၁၊ ခြေမြန်တပ်ရင်း ခမရ ၃၈၇ တို့က လက်နက်ကြီး ကျည် ၁ လုံးဖြင့် ပစ်ခတ်လိုက်သဖြင့် ကလေးငယ် ၃ ဦး ဒဏ်ရာ ရရှိပြီးနောက် ၂၁ ရက်နေ့တွင် တဦး သေဆုံးသွားကြောင်း သိရခြင်း ဖြစ်သည်။
။။။။။။

ဝခေါင်းဆောင် ပေါက်ယူချန်း နအဖကိုယ်စားလှယ်နှင့် တွေ့တော့မည်


(NEJ) ။ ။ နအဖ၏ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းမှုအား အကြိမ်ကြိမ်ငြင်းပယ်နေသည့် ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချန်းသည် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) အရာရှိချုပ် ဒု-ဗိုလ်ချုပ်ြကီး ရဲမြင့်နှင့် တွေ့ဆုံရန် ယနေ့နံနက် ဗဟိုဌာနချုပ် ပန်ဆန်းမြို့မှ ထွက်ခွာသွားသည်။

ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့၌ ယနေ့ နံနက်ပိုင်းတွင် တွေ့ဆုံရန် စီစဉ်ထားသော်လည်း ယနေ့နံနက်မှ ထွက်ခွာသွားသည် ဖြစ်၍ တန့်ယန်းသို့ မွန်းလွဲပိုင်းတွင် ရောက်ရှိမည်ဖြစ်ပြီး ယနေ့ဆွေးနွေးပွဲ လုပ်ဖြစ်မည်မဟုတ်ဘဲ မနက်ဖြန်မှသာ လုပ်မည် ဖြစ်ကြောင်း ဝခေါင်းဆောင်များနှင့် နီးစပ်သူ ဒေသခံတဦးက ပြောသည်။
။။။။။

ဗဟိုဦးစီးအဖွဲ့ဝင် ၁၀၀ ဦးကို အန်အယ်ဒီ CEC အတည်ပြု


ချင်းမိုင် (မဇ္ဈိမ)။ ။ ပါတီဗဟိုဦးစီးအဖွဲ့ (CC) အဖွဲ့ဝင် ဦးရေ ၁ဝဝ ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ CEC က ယနေ့ အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ပြည်နယ်နှင့် တိုင်းများမှ ရွေးချယ်ပေးပို့သည့် ဗဟိုဦးစီးအဖွဲ့ဝင် လျာထားစာရင်းများကို CEC အဖွဲ့က ပါတီစည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီသူများ ဖြစ်စေရန် ယခုလ ၂၂ ရက်နေ့မှ စတင်၍ စိစစ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယနေ့တွင် အတည်ပြုလိုက်ခြင်းဖြစ်သည်။

သို့သော် အဆိုပါ CC အဖွဲ့ဝင် အမည်စာရင်းများကို ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေထံသို့ မနက်ဖြန်တွင် ပို့ပေးပြီး အတည်ပြုချက် ရယူပြီးနောက် လာမည့်လ ပထမပတ်တွင် အပြီးသတ်စာရင်း ထုတ်ပြန်နိုင်မည်ဟု အဖွဲ့ချုပ် ဗဟိုသတင်းနှင့် ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးခင်မောင်ဆွေက ဆိုသည်။
။။။။။။

26.2.10

ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှုကို ဗဟိုတရားရုံးချုပ်မှ ပယ်ချ

(NEJ) ။ ။ နေအိမ်အကျယ်ချုပ်ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်အထူးတရားရုံးမှ ပြစ်ဒဏ်ချမှတ်မှုကို အယူခံတင်သွင်းထားသော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက်အား ဗဟိုတရားရုံးချုပ်မှ ယနေ့ ပယ်ချလိုက်ကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။
။။။။။

မြန်မာ့ကာတွန်းလောက ဆင်ဆာရှစ် (၃) ခုကို ဖြတ်သန်းနေရ


(NEJ) ။ ။ မြန်မာစာပေနယ်ပယ်မှ ကာတွန်းဆရာများသည် ဆင်ဆာရှစ် (၃) ခုကို ဖြတ်သန်းနေရကြောင်း ဆရာ ရဲခေါင်မဲမောင်က အာဏာရှင်အောက်က မြန်မာ့ကာတွန်းလောက စာတမ်းကို ယနေ့ ဖတ်ကြားတင်သွင်းသည်။

မြန်မာသတင်းသမဂ္ဂက ကြီးမှူးကျင်းပသည့် (၇) ကြိမ်မြောက် မြန်မာသတင်းသမဂ္ဂ မီဒီယာညီလာခံတွင် စာပေ၊ ကာတွန်းနှင့် ကဗျာ အကြောင်း စာတမ်း (၃) စောင်ဖတ်ကြားတင်သွင်းရာ၌ ပါဝင် ဖတ်ကြားခြင်း ဖြစ်သည်။

မြန်မာ ကာတွန်းဆရာများအနေဖြင့် အစိုးရ၏ ဆင်ဆာရှစ်၊ သက်ဆိုင်ရာ မဂ္ဂဇင်းတိုက် အယ်ဒီတာများ၏ ဆင်ဆာတည်းဖြတ်မှု အပြင် နောက်ဆုံး ထိုသို့ တင်းကျပ်လာသည့် ဆင်ဆာရှစ် (၂) ခုကို ကျော်လွန်ရန်အတွက် ကိုယ်တိုင် ဆင်ဆာတည်းဖြတ်မှုများ ရှိလာရခြင်းကြောင့် ကာတွန်းဆရာ တယောက်အနေဖြင့် ဆင်ဆာရှစ် (၃) ခုကို ဖြတ်သန်းနေရသည်ဟု ဆရာ ရဲခေါင် မဲမောင်က ပြောကြားသည်။
။။။။။

No comments: