Sunday, February 14, 2010

6-2010

8.2.10


A (H1N1) တုပ်ကွေး တကျော့ပြန် ခေါင်းထောင်
ရန်ကုန်မှာ ကလေးငယ်များ အစုအပြုံလိုက်ဖြစ်ပွား


(NEJ) ။ ။ မြန်မာနိုင်ငံတ၀ှမ်း ယခု ဖေဖော်ဝါရီလအတွင်း A (H1N1) တုပ်ကွေး လူနာသစ် (၁၂) ဦး ထပ်မံတွေ့ရှိရကြောင်း ကျန်းမာရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ် ကျေးရွာတခုတွင် (၄) ဦးနှင့် ရန်ကုန်မြို့ မြောက်ဒဂုံတွင် (၈) ဦး စုစုပေါင်း (၁၂) ဦး ယခု (၁) လ အတွင်း တွေ့ရှိရခြင်းဖြစ်သည်။ A (H1N1) တုပ်ကွေးကို အများစုက ၀က်တုပ်ကွေးဟု အသိများသော်လည်း စစ်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ကမ္ဘာ့လူတုပ်ကွေးကူးစက်ရောဂါဟု အမည်ပေးထားသည်။

ရန်ကုန်မြို့တွင် အဆိုပါ A (H1N1) တုပ်ကွေး ဖြစ်ပွားသည့် ကလေးငယ်များမှာ ဒဂုံမြို့သစ်မြောက်ပိုင်း၊ (၄၃) ရပ်ကွက်မှ ကျောင်းသားငယ်လေးများ ဖြစ်ကြကြောင်း သိရသည်။
။။။။။

အင်တာနက်သုံးသူ မှတ်တမ်းပြုစုရန် အာဏာပိုင်များညွှန်ကြား

ချင်းမိုင် (မဇ္ဈိမ)။ ။ အင်တာနက်ဆိုင်များတွင် လာရောက် အသုံးပြုသူများ၏ ကိုယ်ရေး အချက်အလက်များကို မှတ်တမ်း တင်ထားရမည်ဟု ပဲခူးမြို့နယ်ဥက္ကဌက ညွန်ကြားခဲ့ကြောင်း ပဲခူးမြို့ အင်တာနက် ဆိုင်ပိုင်ရှင်များက ပြောသည်။

ယခုလ ၅ ရက်နေ့က မယက ဥက္ကဌ ဦးအောင်ဆွေမြင့် က အင်တာနက် ဆိုင်ပိုင်ရှင်များကို ခေါ်ယူကာ အထက်က အမိန့်အရဟု ဆို၍ အင်တာနက်အသုံးပြုသူများ၏ နာမည်နှင့် နေရပ်လိပ်စာ အပြည့်အစုံကို စာရင်း ပြုစုထားခိုင်းခြင်း ဖြစ်သည်။
။။။။။

9.2.10

ရှမ်းငြိမ်းအဖွဲ့ ခေါင်းဆောင်များအား ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် ထပ်မံ ဖိအားပေး


(NEJ) ။ ။ အပစ်ရပ် ရှမ်းပြည်တပ်မတော်မှ ခေါင်းဆောင်များအား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် အဓိက တာဝန်ယူဆောင်ရွက်နေသည့် စစ်ဖက်ရေးရာ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ယခုလ (၆) ရက်တွင် ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့၌ တွေ့ဆုံခဲ့ပြီး ပြည်သူ့စစ် အသွင်ပြောင်းရေး အတွက် ထပ်မံဖိအားပေး ပြောဆိုခဲ့သည်။

ရှမ်းပြည်တပ်မတော် ဥက္ကဋ္ဌ ဦးလွယ်မောင်၊ ဒု-ဥက္ကဋ္ဌ ဦးကိုင်ဖတို့ (၂) ဦးနှင့် တွေ့ဆုံရာတွင် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ပြည်သူ့စစ်အသွင်ပြောင်းရေးအတွက် ပြင်းပြင်းထန်ထန် ပြောဆိုခဲ့ကြောင်း ရှမ်းခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ဗိုလ်ရဲမြင့် ပြောတဲ့သဘောကတော့ အသွင်ပြောင်းတာ ပြတ်ပြတ်သားသားလုပ်၊ ဒီလမကုန်ခင် အသွင်ပြောင်းရင် ပြောင်း၊ မပြောင်းရင်တော့ ပြန်ပြီး စစ်တိုက်ကြတာပေါ့ ပုံစံမျိုးအထိ ပြောနေတယ်။ အခုတခေါက် သူတို့တွေ့တာ ဗိုလ်ရဲမြင့်က တင်းတင်းမာမာနဲ့ ပြောခဲ့တယ်” ဟု ပြောသည်။
။။။။။

လှိုင်သာယာ အလုပ်သမားများ ဆက်လက်ဆန္ဒပြ၊ လုံခြုံရေး တင်းကျပ်


နယူးဒေလီ (မဇ္ဈိမ)။ ။ လှိုင်သာယာ စက်မှုဇုန် ၃ ရှိ အလုပ်သမား ၂၀၀၀ ခန့်က လုပ်ခ တိုးမြှင့်ပေးရန် အတွက် ဒုတိယမြောက်နေ့အဖြစ် ယနေ့ ဆက်လက်ဆန္ဒပြရာ အဓိကရုဏ်းနှိမ်နင်းရေး တပ်ဖွဲ့ဝင်များ ရောက်ရှိလာကြောင်း သိရသည်။

အနည်းဆုံး စက်ရုံ ၃ ရုံမှ အလုပ်သမားများက ယနေ့ နေ့လည်ပိုင်းမှစတင်၍ ဆန္ဒပြခြင်းဖြစ်ပြီး၊ အခင်းဖြစ်ရာသို့ မီးသတ်ကားများ၊ အချုပ်ကားများနှင့် လုံထိန်းရဲ စုစုပေါင်း ရာနှင့်ချီ၍ ရောက်ရှိနေခြင်း ဖြစ်သည်။ ဆန္ဒပြပွဲရှိရာသို့ ရဲချုပ် ဗိုလ်ချုပ်ခင်ရီကိုယ်တိုင် ရောက်ရှိလာကြောင်း ဒေသခံများအကြား ပြောဆိုမှုများလည်း ရှိနေသည်။
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းကြည့်ရာ တာဝန်ကျ ရဲအရာရှိက ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

အလုပ်သမားများက လစာကို ကျပ်တသောင်း ထပ်ဆောင်းပေးရန်၊ လက်ရှိ လုပ်နေရသည့် နံနက် ၇ နာရီမှ ည ၁၁ နာရီ သတ်မှတ်ထားသည့် အလုပ်ချိန်ကို လျှော့ပေးရန်နှင့် အလုပ်သမားများ စားသောက် နေထိုင်သည့် နေရာများ သန့်ရှင်းရန်တို့ကို တောင်းဆိုနေခြင်း ဖြစ်သည်။
။။။။။

အန်အယ်ဒီ ဗဟိုဦးစီးအတွက် တိုင်းနှင့် ပြည်နယ်များမှ စာရင်းသွင်း


ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင်- CC အတွက် ရွေးချယ်နိုင်ရန် တိုင်းနှစ်တိုင်းနှင့် ပြည်နယ်တခုမှ လျာထားစာရင်းအား အဖွဲ့ချုပ် ရန်ကုန်ဗဟိုဌာနချုပ်သို့ တင်သွင်းလာပြီ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့မှ ကိုယ်စားပြု ၇ ဦးစီနှင့် မွန်ပြည်နယ်မှ ၅ ဦး စာရင်းအား ယမန်နေ့က ပို့လာပြီ ဖြစ်ကြောင်း အန်အယ်ဒီ ဗဟို အလုပ်မှုဆောင် ကော်မတီဝင် တဦးက ပြောသည်။ CC ရွေးချယ်ရာတွင် တိုင်းတတိုင်းလျင် ၇ ဦး၊ ပြည်နယ်တခုလျင် ၅ ဦး အထိသာ ရွေးချယ်ကြရမည်ဟု ဗဟို အလုပ်အမှုဆောင် ကော်မတီက ပြည်နယ်နှင့်တိုင်း စည်းရုံးရေး အဖွဲ့များထံ ယခင်လက စာထုတ်ပြန်ခဲ့ သည်။
်။။။။။

UWSP ဥက္ကဋ္ဌက စရဖ အကြီးအကဲနှင့် တွေ့ရန် ထပ်မံ ငြင်းဆို

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်ဖက်ရေးရာလုံခြုံရေး အကြီးအကဲ ဒုဗိုလ်ချုပ်ကြီးရဲမြင့်က နယ်ခြားစောင့်တပ် ကိစ္စအတွက် တွေ့ဆုံလိုသည်ကို ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP ဥက္ကဋ္ဌ ပေါင်ယူချန်းက ဒုတိယအကြိမ် ငြင်းဆိုလိုက်ကြောင်း နီးစပ်သူများထံမှ သိရသည်။

ယခုလ ၃ ရက်နေ့တွင် နအဖ စစ်ဖက်ရေးရာ လုံခြုံရေးအကြီးအကဲက နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စ ဆွေးနွေးရန် ဖုန်းဖြင့် ဆက်သွယ်ပြောဆိုလာသည်ကို ကျန်းမာရေး အကြောင်းပြချက်ဖြင့် ငြင်းပယ်လိုက်ကြောင်း တရုတ်-မြန်မာနယ်စပ်မှ မြန်မာ့အရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။
။။။။။

10.2.10

အန်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င် မ၀င် ဆုံးဖြတ်ရန် အချိန်မရောက်သေးဟု
ဒေါ်အောင်ဆန်းစုကြည် ပြောကြား



(NEJ) ။ ။ မြန်မာနိုင်ငံတွင် ယခုနှစ်ကျင်းပမည့် ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါဝင်ယှဉ်ပြိုင်ရန်၊ မယှဉ်ပြိုင်ရန် ဆိုသည်ကို ဆုံးဖြတ်ရန် အချိန်စောလွန်းသေးကြောင်း နေအိမ်အကျယ်ချုပ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့က ထုတ်ဖော်ပြောဆိုခဲ့ကြောင်း အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောကြားသည်။
။။။။။

ကိုညီညီအောင် ထောင်သုံးနှစ်

ချင်းမိုင်(မဇ္ဈိမ)။ ။ မြန်မာနိုင်ငံသို့ အလည်ပတ် သွားရောက်ခဲ့သော အမေရိကန် နိုင်ငံသား ခံယူထားသူ ကိုညီညီအောင်ကို အင်းစိန်ထောင်တွင်း တရားရုံးက ထောင်ဒဏ် ၃ နှစ် ယနေ့ချမှတ်လိုက်သည်။

ကိုညီညီအောင် (ခ) ကိုကျော်ဇောလွင် (၄ဝ နှစ်) အား အင်းစိန်ထောင်တွင်း တောင်ပိုင်းခရိုင် တရားရုံးက ယနေ့နံနက်က ပြုလုပ်သော တရားခွင်တွင် မှတ်ပုံတင်အတု ကိုင်ဆောင်မှု ပုဒ်မ ၄၆၈၊ နိုင်ငံခြားငွေ လဲလှယ်မှု ပုဒ်မ ၂၄ (၁) ၊ မှတ်ပုံတင် ဥပဒေ ၆ (၃) တို့ဖြင့် စီရင်ချက်ချလိုက်ခြင်း ဖြစ်သည်။

တပါးသူတဦး၏ မှတ်ပုံတင်တွင် ဓာတ်ပုံ ပြောင်းလဲကပ်သည် ဆိုသော ပုဒ်မ ၄၆၈ အမှုအရ ထောင် ၃ နှစ် ချလိုက်ပြီး ကျန်အမှုများကို ၁ နှစ်စီ ချမှတ်ခဲ့သည်။ သို့သော် တပေါင်းတည်း ကျခံရမည်ဟု တရားသူကြီးက ဆုံးဖြတ်ပေးခဲ့သည်။
။။။။။

အန်အယ်ဒီ ပါတီဝင် နှစ်ဦး ထောင်ပြောင်းရွှေ့


ချင်းမိုင် (မဇ္ဈိမ)။ ။ တရားမဝင် အသင်းနှင့် ဆက်သွယ်မှုဖြင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၂ ဦးကို ရန်ကုန် အင်းစိန်ထောင်မှ နယ်ထောင်များသို့ မကြာသေးခင်က ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်မှ ၅၄ နှစ်အရွယ် ဦးစိန်လှိုင်ကို ယခုလ ၂ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားထောင်နှင့် အလုံမြို့နယ် အန်အယ်ဒီ ဗဟိုလူမှုအထောက်အကူပြု အဖွဲ့ဝင် မချို ခေါ် ဒေါ်မြင့်မြင့်စိုးကို စစ်ကိုင်းတိုင်း ကသာထောင်သို့ ပြောင်းရွှေ့ ချထားကြောင်း မိသားစုဝင်များ အဆိုအရ သိရခြင်း ဖြစ်သည်။
။။။။။

မြန်မာဘာသာပြန်စာအုပ် ပြုံယန်းက စိစစ်နေ
(NEJ) ။ ။ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုထားသည့် မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအီ အတ္ထုပ္ပတ္တိစာအုပ်ကို မြန်မာနိုင်ငံ စာပေစိစစ်ရေးအဖွဲ့သာမက ပြုံယန်းအစိုးရကပါ စစ်ဆေးနေကြောင်း စာပေစိစစ်ရေး အဖွဲ့ဝင်တဦးထံမှ သိရှိရသည်။

အမည်မဖော်လိုသူ စာပေစိစစ်ရေးမှူးတဦးက “ဘာသာပြန်သူ ဦးဟိန်းလတ်၊ ထုတ်ဝေသူကိုတော့ ကျနော်မသိဘူး၊ ကင်ဂျုံအီ အတ္ထုပ္ပတ္တိစာအုပ် လာတင်ပြတယ်။ ကျနော်တို့ စာပေစိစစ်ရေးက စိစစ်ပြီး အတော်များများ ဖြုတ်ခိုင်းလိုက်ပြီ။ ဒါပေမယ့် နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ဒီစာအုပ်ကို ထုတ်ဝေခွင့်မပြုပါနဲ့ဦး၊ ကိုယ့်ဘာသာကိုယ် ထုတ်ဝေခွင့်ပြုလိုက်ရင် နှစ်နိုင်ငံ ချစ်ကြည်ရေး ထိခိုက်နိုင်တယ်ဆိုပြီး ညွှန်ကြားလာတယ်” ဟု ပြောသည်။
။။။။။။။။။။။။။။။။။

11.2.10

ကေအန်ယူ တပ်မဟာ (၃) ဒေသမှ ကျေးရွာများကို နအဖတပ်များ မီးရှို့ဖျက်ဆီး

(NEJ) ။ ။ မြန်မာစစ်တပ်မှ နယ်မြေစိုးမိုးရေးအတွက် ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများမှ အိမ်ခြေ (၇၀) ကျော်ကို မီးရှို့ဖျက်ဆီးလိုက်သည့်အတွက် ရွာသားများ တောထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကေအန်ယူက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ၏ တွဲဖက်အတွင်းရေးမှူး (၁) ပဒိုစောလှငွေက “တပ်မဟာ (၃) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် ထဲမှာ ဒီလ (၇) ရက်နဲ့ (၉) ရက်က အဲဒီမှာ တာဝန်ကျတဲ့ နအဖတပ်တွေ ဟီဒိုထာရွာက အိမ် (၄၆) လုံးနဲ့ ကတီးမူးရွာက အိမ် (၂၈) လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

အဆိုပါဖြစ်ရပ်အပြင် ယခုလ (၂) ရက်နေ့က ဖာပွန်ခရိုင် ဗူးသော်မြို့နယ်ရှိ မြန်မာစစ်တပ်စခန်းထိုင်ရာ ကျောက်ညှပ်စခန်းတွင် သံလွင်မြစ်ကြောအတိုင်း သွားလာနေသည့် လှေများကိုလည်း ခြိမ်းခြောက်ရပ်တန့်ခိုင်း၍ ဓားပြဆန်ဆန် ငွေများသိမ်းယူခဲ့ပြီး ရပ်တန့်မပေးသည့်လှေများကို သေနတ်များဖြင့် ပစ်ခတ်ခဲ့ရာ လှေမောင်းသူတဦး ဒဏ်ရာရရှိခဲ့ပြီး ရွာသားတဦးဖြစ်သည့် စောလော်လေထူး သေဆုံးခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

ရွာများ မီးရှို့ခံရသဖြင့် စာသင်ကျောင်း (၂) ကျောင်းနှင့် ဆေးခန်း (၁) ခု မီးထဲပါသွားပြီး ကလေးငယ်များအပါအ၀င် ရွာသား (၅၀၀) ကျော်သည် တောထဲတွင် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်မှ ကျောင်းဆရာတဦးက ပြောသည်။
။။။။။

တိုင်းရင်းသားပါတီအချို့ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေ


ချင်းမိုင်(မဇ္ဈိမ)။ ။ စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် တိုင်းရင်းသား အဖွဲ့အစည်းအချို့နှင့် နိုင်ငံရေးသမားအချို့ အင်အားတိုးချဲ့ခြင်း၊ စည်းရုံးခြင်း လုပ်ငန်းများ ပြုလုပ်ကာ ပြင်ဆင်နေကြောင်း သိရသည်။

ကချင်တိုးတက်ရေးပါတီ KSPP သည် ပါတီ အင်အားတိုးချဲ့ရန် စိုင်းပြင်းနေပြီး၊ ချင်းနိုင်ငံရေးသမားအချို့လည်း တိတ်တဆိတ် စည်းရုံးရေး လုပ်ငန်းများ ပြုလုပ်နေကာ မွန်ဒီမိုကရေစီ ပါတီမှာမူ ရွေးကောက်ပွဲ ဝင်ရောက်ရန် စစ်အစိုးရ ထုတ်ပြန်မည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ မော်လမြိုင် အခြေစိုက် မွန်ဒီမိုကရေစီပါတီမှာမူ ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးကို မဆုံးဖြတ် ရသေးသော်လည်း ပါတီ မူဝါဒလမ်းစဉ်များကို လစဉ်ဆွေးနွေးနေပြီး ရွေးကောက်ပွဲ ဥပဒေကို စောင့်နေကြောင်း ပါတီ ပြောခွင့်ရသူ နိုင်တင်အောင်က မဇ္ဈိမကို ပြောသည်။
။။။။။

နာဂစ်ဒုက္ခသည်များ အကျပ်အတည်းကြားမှ ရုန်းကန်နေကြရဆဲ

(NEJ) ။ ။ နာဂစ်မုန်တိုင်းသင့်ဒေသဖြစ်သော ဧရာဝတီတိုင်းတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော်လည်း လေဘေးသင့်ဒုက္ခသည်အများစုမှာ ရွက်ဖျင်တဲများဖြင့်သာ နေထိုင်ရဆဲဖြစ်ကြောင်း ဧရာဝတီတိုင်း လပွတ္တာမြို့နယ် အကူအညီပေးရေးအဖွဲ့မှ ဝန်ထမ်းတဦးက ပြောသည်။နာဂစ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အလှူငွေ အမေရိကန်ဒေါ်လာ (၈၈) သန်းထဲမှ အိုးအိမ်သစ် တည်ဆောက်ရေး အတွက် ဒေါ်လာ (၂) သိန်းခွဲသာ အသုံးပြုခဲ့ကြောင်း အာဆီယံ၊ ကုလသမဂ္ဂနှင့် မြန်မာအစိုးရတို့ ပူးပေါင်းပါဝင်သည့် သုံးပွင့်ဆိုင်ဗဟိုအဖွဲ့၏ ပြီးခဲ့သည့်နိုဝင်ဘာ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။
။။။။။။။။။။။။။။။။
12.2.10

စစ်အစိုးရအား ပိုမိုဖိအားပေးရန် တရုတ်၊ ရုရှနှင့် အိန္ဒိယကို
ဥရောပပါလီမန် တောင်းဆို


(NEJ) ။ ။ မြန်မာစစ်အစိုးရထံ စစ်လက်နက်ပစ္စည်းများ မရောင်းချရန်နှင့် လူ့အခွင့်အရေး တိုးတက်ကောင်းမွန်လာစေရေးအတွက် အင်အားကြီးနိုင်ငံများအနေဖြင့် စစ်အစိုးရအား ဖိအားပေးသွားရန် ဥရောပပါလီမန်အမတ်များက တရုတ်၊ ရုရှနှင့် အိန္ဒိယနိုင်ငံ တို့အား တောင်းဆိုလိုက်သည်။

အဆိုပါ နိုင်ငံကြီးများအနေဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအပေါ် ထင်သာမြင်သာသည့် တိုးတက်ဖြစ်ထွန်းမှုများ ရှိလာစေရန်အတွက် နိုင်ငံရေး၊ စီးပွားရေးအရ မြန်မာစစ်အစိုးရ ခေါင်းဆောင်တို့၏ အကျိုးစီးပွားအပေါ် အခြေခံကာ အခွင့်ကောင်းယူ၍ ပိုမိုဖိအားပေးသွားရန် ဥရောပပါလီမန်က “ယတိပြတ် ဆုံးဖြတ်ချက်တရပ်အတွက် အဆိုပြုချက်” ဟူသော အစီရင်ခံစာတစောင် ထုတ်ပြန်ကာ ဖေဖော်ဝါရီ (၁၁) ရက်နေ့က တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ဥရောပပါလီမန်သည် ဥရောပတိုက်တဝန်းရှိ ရွေးကောက်ခံ အမတ် (၇၃၆) ဦးဖြင့် ဖွဲ့စည်းထားသော သြဇာအရှိဆုံး ပါလီမန် အဖွဲ့အစည်းတရပ်ဖြစ်ပြီး ဥရောပပါလီမန်က မြန်မာ့အရေးနှင့်ပတ်သက်၍ ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ စထရစ္စဘွန်း (Strasbourg) မြို့တွင် ယင်းကဲ့သို့ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်နေမှု အခြေအနေ ပိုမိုဆိုးဝါးလာခြင်းအပေါ် ဆန့်ကျင်သွားမည်ဖြစ်ကြောင်း၊ မြန်မာပြည်သူတို့နှင့်အတူ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ဥရောပပါလီမန်အဖွဲ့က ဆုံးဖြတ်လိုက်သည်။
။။။။။

ဦးတင်ဦး ပြန်လွတ်မည့် မျှော်လင့်ချက် ပိုမိုပေါ်ထွက်

နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦး အကျယ်ချုပ် ကျခံရသည့် ၆ နှစ်ပြည့် မနက်ဖြန်တွင် ပြန်လွှတ်ပေးလိမ့်မည် ဟူသော မျှော်လင့်ချက်များ ပိုမိုပေါ်ထွက်လာနေသည်။

၈၄ နှစ်အရွယ် ဦးတင်ဦးသည် ရန်ကုန်ရှိ အမေရိကန် ဗီးရှင်း မျက်စိအထူးကု ဆေးခန်းတခန်းတွင် ပြီးခဲ့သည့် တပတ်အတွင်း မျက်စိ ခွဲစိတ်ခဲ့ကြောင်း သိရပြီးနောက် NLD ပါတီခေါင်းဆောင်များနှင့် ဂျပန်တွင် နေထိုင်သည့် သားဖြစ်သူ ဦးသန့်ဇင်ဦးတို့က ၎င်းကို ပြန်လွှတ်ပေးလိမ့်မည်ဟူ၍ ပိုမို မျှော်လင့်နေကြခြင်း ဖြစ်သည်။
။။။။။

တိုင်းနှင့်ပြည်နယ် (၁၅) ခုရှိဟု နအဖစစ်အစိုးရ ဖော်ပြ

(NEJ) ။ ။ နအဖစစ်အစိုးရက မြန်မာနိုင်ငံတွင် တိုင်းနှင့်ပြည်နယ် (၁၅) ခုရှိကြောင်း အမျိုးသားအထိမ်းအမှတ်ဥယျာဉ်ဖွင့်ပွဲတွင် ဖော်ပြထားသည်။

အဆိုပါ အမျိုးသားအထိမ်းအမှတ် ဥယျာဉ် (national land mark) ကို နေပြည်တော်တွင် ဖေဖော်ဝါရီ (၁၁) ရက်နေ့၌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး တက်ရောက် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
။။။။။

A (H1N1) ပိုးရှိသူ ကျောင်းသား ၁၄ ဦး တွေ့ရှိ

နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ရှိ မူလတန်းကျောင်းနှင့် အထက်ကျောင်းအတွင်း ကျောင်းသား ၁၄ ဦးတွင် ကမ္ဘာ့လူတုပ်ကွေးခေါ် A (H1N1) ပိုး တွေ့ရှိခဲ့ကြောင်း ကျောင်းဆရာမများက ပြောဆိုကြသည်။

ကျန်းမာရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများက ယခုလ ၈ - ၉ ရက်နေ့များတွင် ဆေးစစ်ခဲ့ရာ မြောက်ဒဂုံမြို့နယ် အမှတ် ၂၃ မူလတန်းကျောင်းမှ ကျောင်းသား ၈ ဦးနှင့် အမှတ် ၄ အထက်တန်းကျောင်းမှ ကျောင်းသား ၆ ဦးတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
။။။။။

မိုင်းလားတပ်ဖွဲ့ခေါင်းဆောင် လုပ်ကြံသူ ဖမ်းမိရေးအတွက် ဆုတော်ငွေ ထုတ်ပြန်ထား

(NEJ) ။ ။ ယခုလ (၂၇) ရက်က ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းလားမြို့တွင် လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည့် ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် ခေါ် မိုင်းလားတပ်ဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဦးမင်းအိမ်ကို လုပ်ကြံ သတ်ဖြတ်သူအား သတင်းပေးနိုင်လျှင် တရုတ်ငွေ သိန်း (၂ဝ)၊ မြန်မာငွေအားဖြင့် ကျပ်သိန်း (၃၀၀) ခန့် ဆုတော်ငွေ ထုတ်ပြန်ထားသည်။

ဦးမင်းအိမ်အား လုပ်ကြံသတ်ဖြတ်သွားသူကို ဖမ်းဆီးမိနိုင်ရေးအတွက် သတင်းပေးနိုင်ပါက ဆုတော်ငွေအဖြစ် ပေးသွားမည်ဟု မိုင်းလားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပြီး ယနေ့အချိန်အထိ တရားခံများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း မိုင်းလားဒေသခံ တဦးက ပြောသည်။
။။။။။။။။။။။။။။။။

13.2.10

အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်

(NEJ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဒု-ဥက္ကဋ္ဌ ဦးတင်ဦးသည် ယနေ့ ည (၈ ) နာရီခွဲကျော်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီဖြစ်သည်။

နေအိမ်အကျယ်ချုပ် သက်တမ်း (၆) နှစ်ပြည့်သည့် ဖေဖော်ဝါရီ (၁၃ ) ရက်နေ့တွင်လွတ်မြောက်လာခြင်းဖြစ်သည်။

ဦးတင်ဦး လွတ်မြောက်လာသည်ကို သားဖြစ်သူ ဦးသန့်ဇင်ဦး (ဥက္ကဋ္ဌ၊ အန်အယ်လ်ဒီ လွတ်မြောက်နယ်မြေ -ဂျပန်ဌာနခွဲ) မှ အတည်ပြုပြောကြားသည်။
။။။။။

ညီညီအောင်ကို ပြည်ထောင်သို့ ပြောင်းရွှေ့

ချင်းမိုင် (မဇ္ဈိမ)။ ။ ပုဒ်မ ၃ ခုဖြင့် ထောင်ဒဏ် ၃ နှစ်ချခံရသူ ကိုညီညီအောင် (ခ) ကိုကျော်ဇောလွင်ကို အင်းစိန်ထောင်မှ ပဲခူးတိုင်း ပြည်ထောင်သို့ ယခုလ ၁၁ ရက်နေ့တွင် ပြောင်းရွှေ့လိုက်ကြောင်း အဒေါ်ဖြစ်သူ ဒေါ်စုစုကြည်က ပြောသည်။

ယခုလ ၁ဝ ရက်နေ့တွင် တောင်ပိုင်းခရိုင် တရားရုံးက အမေရိကန် နိုင်ငံသား ကိုညီညီအောင်ကို အင်းစိန်ထောင်တွင်း၌ ထောင်ဒဏ်ချမှတ်လိုက်ပြီး နောက်တနေ့ နံနက်တွင် ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။
။။။။။။။။။။။။။။။။။။။

No comments: