Sunday, March 29, 2009

သတင်း မှတ်စု ( ၁၃ )

တပတ်အတွင်း သတင်းမှတ်စု

မတ်လ ၂၃ ရက်
ရက်သတ္တပတ် ၁၃ ၊ ၂၀၀၉
မြန်မာသတင်း

UDP ပါတီနှင့် မပတ်သက်ဟု ဦးသုဝေ ငြင်းဆို

ကနေဒါနိုင်ငံရှိ (ကျုံယွမ်) ဦးကျော်မြင့်ဖွဲ့စည်းထားသော ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) သည် ၎င်းနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ခေတ်ပြိုင်နှင့် သီးသန့် ဆက်သွယ်မေးမြန်းရာတွင် ၀ါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေက ငြင်းဆိုလိုက်သည်။

သို့သော် ဦးသုဝေသည် အဆိုပါပါတီ၏ ဥက္ကဋ္ဌဖြစ်ကြောင်း ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ၏ ၀ဂ်ဆိုက်ဖြစ်သည့် http://udpmyanmar.blogspot.com/ တွင် ဦးသုဝေ၏ ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။ အဆိုပါ ၀ဂ်ဆိုက်တွင် UDP ပါတီမှ ဦးကျော်မြင့်၏ ရာထူးကို Ex Vice Chairman ဟု ဖော်ပြထားသည်။

ဦးကျော်မြင့်၏ UDP ပါတီနှင့် မပတ်သက်ကြောင်း ဦးသုဝေကငြင်းဆိုသော်လည်း UDP ပါတီက ထုတ်ပြန်ထားသော မူဝါဒသဘောထားနှင့် UDP ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းစာတမ်းများကို ဦးသုဝေကိုယ်တိုင် ရန်ကုန်တွင် ဖြန့်ဝေမှုများ ပြုခဲ့သည်ဟု ရန်ကုန်ရှိ ၀ါရင့်နိုင်ငံရေးသမားကြီးတဦးက ခေတ်ပြိုင်သို့ပြောသည်။

ထို့ပြင် ရန်ကုန်မြို့မှ ရှေ့နေဦးရဲထွန်းမှတဆင့် ဦးကျော်မြင့်နှင့် အဆက်အသွယ်ရခဲ့ကြောင်း၊ ပါတီဖွဲ့စည်းရေးကိစ္စ များ ဆွေးနွေးခဲ့ကြောင်းကိုမူ ဦးသုဝေက ၀န်ခံပြောဆိုသည်။

ရန်ကုန်ရှေ့နေ ဦးရဲထွန်းနှင့် ကနေဒါနိုင်ငံရောက် ဦးကျော်မြင့်တို့ မည်သို့အဆက်အသွယ်ရခဲ့ကြောင်းကိုမူ ဦးသုဝေက ရှင်းရှင်းလင်းလင်း ပြောဆိုမသွားပေ။ သို့သော် မြန်မာနိုင်ငံတွင် အဆိုပါပါတီ ထောင်သည့်အချိန်၌ ဦးကျော်မြင့်က ငွေကြေးထောက်ပံ့နိုင်ကြောင်း ပြောခဲ့သည်ဟု ဦးသုဝေက ပြောသည်။

လောလောဆယ်တွင်မူ ပါတီဖွဲ့စည်းရေးအတွက် ဦးရဲထွန်းနှင့် ၎င်းတို့ နှစ်ဦးသာ လှုပ်ရှားနေပြီး ပါတီဖွဲ့ဖြစ်ပါက ၀န်ကြီးချုပ်ဟောင်း ဦးနု သမီး ဒေါ်သန်းသန်းနု၊ ဦးကျော်ငြိမ်းသမီး ဒေါ်ချိုချိုကျော်ငြိမ်း၊ ဦးဘဆွေသမီး ဒေါ်နေရီဘဆွေတို့ ပါဝင်မည်ဟုလည်း ဦးသုဝေက အတိအလင်း ပြောဆိုသွားသည်။

ဦးသုဝေသည် ၂၀၀၅ ခုနှစ်မှစပြီး နိုင်ငံကူးလက်မှတ်ထုတ်မပေးရမည့် နာမည်ပျက်စာရင်း အသွင်းခံထားရ သော်လည်း ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) နှင့် ပတ်သက်ကြောင်း သတင်းများထွက်ပေါ်ပြီးမကြာခင် စစ်အစိုးရက ဦးသုဝေအား နိုင်ငံကူးလက်မှတ်ထုတ်ပေးခဲ့သည်။ မကြာခင် ထိုင်းနိုင်ငံသို့ ဆေးကုသွားမည်ဟု ဦးသုဝေက ပြောသည်။

ယင်းခရီးစဉ်ကို ဦးရဲထွန်းထံ အသိပေးသွားမည်ဖြစ်ရာ ဦးရဲထွန်း၏ ဆက်သွယ်မှုကြောင့် ဦးကျော်မြင့်နှင့်လည်း တွေ့ဆုံကောင်း တွေ့ဆုံနိုင်သည်ဟု အာဏာပိုင်များက ခေါ်ယူတွေ့ဆုံစဉ် ပြောကြားခဲ့ပြီးဖြစ်ကြောင်း ဦးသုဝေက ပြောသည်။

ဦးသုဝေ၏ ဇနီးမှာ ထိုင်းနိုင်ငံသားဖြစ်နေသည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစည်းမျဉ်းများနှင့် ကိုက်ညီမှု ရှိမရှိ ခေတ်ပြိုင်က မေးမြန်းရာ ရွေးကောက်ခံတဦး မဖြစ်နိုင်သော်လည်း နိုင်ငံအကျိုးအတွက် ဆက်လုပ်သွားမည်ဟု ဦးသုဝေက ပြောသည်။
+++++
မြင်းခြံမြို့ ကလေးငယ်အချို့ ဝမ်းပျက်ဝမ်းလျှောဖြစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ မန္တလေးတိုင်း မြင်းခြံမြို့ တိုးချဲ့ရပ်ကွက်တခုမှ ကလေးငယ် ၈ ဦး ဝမ်းပျက်ဝမ်းလျှော ဖြစ်သဖြင့် ဆေးရုံတက်နေရသည်။

ပြီးခဲ့သည့်အပတ် နှောင်းပိုင်းမှ စတင်ကာ တိုးချဲ့ကွက်သစ် ခေါ် အမှတ် ၁၈ ရပ်ကွက်မှ ကလေး ၁၅ ဦးခန့် ဝမ်းလျှောရာ ဆေးရုံတင်ခဲ့ရပြီး၊ ယခုအခါ ၈ ဦးခန့် ဆက်ရှိကြောင်း ဒေသခံများနှင့် ဆေးရုံဝန်ထမ်းက ပြောသည်။ ယခုလို ဖြစ်ရခြင်းသည် အိမ်ခြေ ၁၅ဝ-၂ဝဝ ခန့်မှ အရပ်သားများ သောက်သုံးနေသည့် ရေကန်အတွင်း ဝင်းသန့် ငပိစက်မှ မသန့်စင်သည့် ရေများ စီးဝင်နေရာမှ စတင်ခဲ့သည်ဟု ဒေသခံနှစ်ဦးက ဆိုသည်။

ငပိစက်မှ စွန့်ပစ်သည့် အညစ်အကြေးများမှာ စက်ရုံတောင်ဘက် ဗလပိုင် ဘုန်းကြီးကျောင်းရှိ ရေကန်တွင်းသို့ စီးဝင်နေသည်ဟု သူတို့က ပြောသည်။

ဆေးရုံတက် ကုသရာ ကိုယ့်စရိတ်နှင့်ကိုယ် ဖြစ်ပြီး ကျပ် ၂ သောင်းမှ ၃ သောင်းအထိ ကုန်ကျသည်။

ကလေးငယ်များ ဆေးရုံတက်ရပြီးနောက် မြို့နယ် ကျန်းမာရေးဌာနက ရေတွင်းများ၌ ပိုသတ်ဆေးများ ဖြန်းပေးခဲ့ရာ အနံ့ဆိုးသဖြင့် သောက်သုံးရန် ခက်ခဲနေသည်ဟု ဒေသခံများက ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စက်မှု ၁ ၀န်ကြီးဌာနမှ ကြံ့ဖွတ် အမတ်လောင်း ၃ ဦး လျာထား


ဝန်ကြီးဌာနပေါင်းစုံမှ ပင်စင်ယူကာနီး အကြီးတန်းအရာရှိများကို ကြံ့ဖွံ့အမတ်လောင်းအဖြစ် လျာထားရာ စက်မှု (၁) ၀န်ကြီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး (၃) ဦးပါဝင်သည်ဟု စက်မှု (၁) ၀န်ကြီးရုံး အရာရှိတဦးက ပြောသည်။

နေပြည်တော် စက်မှု (၁) ၀န်ကြီးဌာန လက်အောက်ရှိ အထည်အလိပ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးသိန်းမောင်အား ရခိုင် (ကြံ့ဖွံ့) လွှတ်တော်ကိုယ်စားလှယ်၊ ထွေထိန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမောက်အား မလှိုင် (ကြံ့ဖွံ့) လွှတ်တော်ကိုယ်စားလှယ်နှင့် စက္ကူဓာတုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးညွန့်အောင်အား မိုးညှင်း(ကြံ့ဖွံ့) လွှတ်တော်ကိုယ်စားလှယ်အဖြစ် လျာထားကြောင်း အဆိုပါ အရာရှိက ပြောသည်။

အဆိုပါ ဦးဆောင်ညွှန်ကြားရေးမှူး (၃) ဦးလုံး စစ်ဘက်အရာရှိများသာဖြစ်ပြီး ပင်စင်သွားတော့မည့်သူများ ဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဘူးသီးတောင်ထောင်မှ နိုင်ငံရေး အကျဉ်းသား လေဖြတ်

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာပြည်အနောက်ပိုင်း ဘူးသီးတောင်ထောင်မှ နိုင်ငံရေးအကျဉ်းသားတဦး ယခင်လက လေဖြတ်သွားကြောင်း ယင်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အသက် ၂ဝ နှစ်အရွယ် ကိုမောင်မောင်သက်သည် ခြေနှင့်လက်များ လှုပ်ရှား၍ မရဘဲ ဖြစ်သွားခြင်းဖြစ်သည်။

ထောင်တွင်းရှိ အကျဉ်းခန်းများမှာ အစဉ်ပင် စိုစွတ်အေးစက်နေသဖြင့် ယင်းသို့ လေဖြတ်ရခြင်း ဖြစ်နိုင်ကြောင်း ထောင်နှင့် နီးစပ်သူတဦးက ဆိုသည်။

လေဖြတ်သွားသူ အပါအဝင် အခြား နိုင်ငံရေးအကျဉ်းသားများဖြစ်သော ကိုမိုးနိုင်စိုး၊ ကိုချစ်မောင်မောင်၊ ကိုသန်းလွင်တို့သည် ပြီးခဲ့သည့် ပြည်ထောင်စုနေ့၌ သူတို့၏ အကျဉ်းခန်းများ အတွင်းမှနေ၍ တဦးနှင့်တဦး စကားလှမ်းပြောသဖြင့် ထောင်ဝါဒါ ဦးစိန်ထွန်း၏ ရိုက်နှက်မှုကို ခံခဲ့ကြရသေးသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) - အေအေပီပီ တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည်ကမူ သူတို့သည် တောင်ကုတ်မြို့နယ်မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများဖြစ်ပြီး ပုဒ်မ ၅ဝ၅ (ခ)၊ ၂၉၅ တို့ဖြင့် ထောင်ဒဏ် ၄ နှစ်ခွဲစီ ကျခံနေရသူများဖြစ်ကြောင်း မဇ္ဈိမကို ပြောသည်။

သို့သော် သူတို့၏ ကျန်းမာရေးအခြေအနေ ဆိုးရွားနေသည်ဟုသာ သိထားပြီး အသေးစိတ် မသိရသေးကြောင်း သူက ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဝင်းသူဇာ ဆိုင်များကို ရတနာမန်းက အေးဂျင့် ယူ


စက်မှု (၁) ၀န်ကြီးဌာနအောက်ရှိ ၀င်းသူဇာ အရောင်းဆိုင်များ အရှုံးပေါ်လွန်းသည့်အတွက် ပြင်ပ အရောင်းအေးဂျင့် များကို လွှဲပြောင်းရာ ရတနာမန်းကုမ္ပဏီက အရောင်းအေးဂျင့်တာဝန်ယူလိုက်သည်ဟု စုံစမ်းသိရသည်။ဝန်ကြီးဦးအောင်သောင်းက ၀င်းသူဇာဆိုင်များ၏ နေ့စဉ်ရောင်းရငွေကို သိန်းမည်မျှရှိရမည်ဟု သတ်မှတ်ထားရာ သတ်မှတ်ငွေမရသည့် ဆိုင်တာဝန်ခံများ အိတ်စိုက်သွင်းရခြင်း၊ အရောင်းစာရင်းလိမ်ပြရခြင်းတို့ကြောင့် ဆိုင်တာဝန်ခံအချို့ မိမိကိုယ်မိမိ သတ်သေသည်ထိ ဖြစ်ပွားခဲ့သည်။စက်မှု (၁) ဝန်ကြီးဌာန လက်အောက်ခံ ဝင်းသူဇာအရောင်းဆိုင်များ ငွေကြေးမသမာမှုများ မဖြစ်ရန်အတွက် သက်ဆိုင်ရာ ရယက ဥက္ကဋ္ဌများ၊ ကြံ့ဖွံ့အဖွဲ့ဝင်များက ဝိုင်းစောင့်ရှောက်ရမည်ဆိုပြီး စက်မှု (၁) ဝန်ကြီးဌာနမှ ညွှန်ကြားချက် ထုတ်ခဲ့သော်လည်း မအောင်မြင်ဟု ၀န်ထမ်းတဦးက ပြောသည်။

ဝင်းသူဇာအရောင်းဆိုင်များကို တပြည်လုံး မြို့ကြီးအတော်များများတွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး စက်မှု (၁) ဝန်ကြီးဌာန ထွက်ကုန်စည်များ ရောင်းချခြင်းဖြစ်သည်။ နိုင်ငံရေး ရည်မှန်းချက်၊ စီးပွားရေးရည်မှန်းချက်၊ အုပ်ချုပ် ရေးရည်မှန်းချက်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်း မကြာခဏ ပြောလေ့ ရှိသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံခရီးစဉ် စတင်

နယူးဒေလီ (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ဖိရူမ်းသည် မြန်မာနိုင်ငံသို့ ၂ ရက်ကြာခရီးစဉ်ကို ယမန်နေ့က စတင်လိုက်သည်။

ခရီးစဉ်အတွင်း မကြာခဏဆိုသလို ထိုင်းကမ်းခြေ ဒေသများသို့ ရောက်လာသော တရားမဝင် ရွှေ့ပြောင်း နေထိုင်သူများအရေး ဆွေးနွေးသွားမည်ဟု စနေနေ့က ထုတ်ပြန်ခဲ့သော တရားဝင် ကြေညာချက်တွင် ဖော်ပြထားသည်။

မစ္စတာ ကဆစ် (Kasit Piromya) သည် ခရီးစဉ်အတွင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနှင့်တွေ့ဆုံ၍၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကိုလည်း တွေ့မည်ဟု ကြေညာချက်တွင် ဆိုထားသည်။

မစ္စတာ ကဆစ်သည် ၁၄ ကြိမ်မြောက် အရှေ့တောင်အာရှ နိုင်ငံများအသင်း - အာဆီယံ ထိပ်သီး အစည်းအဝေးအတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၏ ဖိတ်ကြားခဲ့ချက်အရ မြန်မာနိုင်ငံသို့ လည်ပတ်ခြင်းဖြစ်သည်။

မစ္စတာ ကဆစ်သည် သူ၏ ခရီးစဉ်အတွင်း ‘တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများ ကိစ္စနှင့် လူမှောင်ခိုမှု ဆန့်ကျင် တားဆီးရေး ကိစ္စများ’ အပါအဝင် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များကို ဆွေးနွေးမည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ခေတ်ပြိုင် ပုံနှိပ်ဂျာနယ် ခေတ္တ ရပ်နားမည်၊ အွန်လိုင်း ဆက်ရှိနေမည်


လစဉ်ထုတ်ဝေသည့် ခေတ်ပြိုင်ပုံနှိပ်သတင်းဂျာနယ်ကို ၂၀၀၉ ခု မေလမှစ၍ ခေတ္တရပ်နားမည်ဖြစ်ကြောင်း ခေတ်ပြိုင်ပရိသတ်များအား ကြိုတင်အသိပေးအပ်ပါသည်။

၁၉၉၃ ခု ဇန်န၀ါရီ (၁) ရက်မှစ၍ ယခု ၂၀၀၉ ခု ဧပြီလအထိ (၁၆) နှစ်နှင့် (၃) လတိုင် အခက်အခဲ အမျိုးမျိုးကြားမှ ထုတ်ဝေခဲ့သည့် ခေတ်ပြိုင်ပုံနှိပ်သတင်းဂျာနယ်ကို ခေတ္တရပ်နားရသည့်အတွက် စာဖတ်ပရိသတ်များအား အနူးအညွတ် တောင်းပန်အပ်ပါသည်။

ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် မြန်မာပြည်သူလူထုဘက်မှ မားမားမတ်မတ်ရပ်တည်သွားမည့် အခြေခံမူဖြင့် ထုတ်ဝေသွားမည်ဟု ခေတ်ပြိုင်ဦးစီးတည်ထောင်သူ ဦးတင်မောင်ဝင်းက ခံယူခဲ့ပါသည်။ ထိုအခြေခံမူများအရ ပြည်သူဘက်မှ ခိုင်မာစွာရပ်တည်၍ အမှန်တရားကို ဖော်ထုတ်ရေးသားခဲ့ရာတွင် ခေတ်ပြိုင်သတင်းဂျာနယ်သည် မြန်မာ့ဒီမိုကရေစီရေး ဆန္ဒနှင့်ခံစားချက်များကို ရှေ့တန်းတင်ဖော်ပြသော “ဒီမိုကရေစီ တော်လှန်ရေးသတင်းဂျာနယ်” အဖြစ် စာဖတ်ပရိသတ်များ၏ ယုံကြည်မှုကို ခံယူရရှိခဲ့ပါသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားလူမျိုးစုများ နှင့် တိုင်းပြည်ကိုစိုးမိုးထားသော စစ်အုပ်စုတို့ ဆွေးနွေးအဖြေရှာမှသာ စစ်မှန်သည့် ဒီမိုကရေစီခေတ် ပြန်လည် ဖွံ့ဖြိုးနိုင်မည်ဟု ခေတ်ပြိုင်က ယုံကြည်သည်။ ဒီမိုကရေစီမဏ္ဍိုင်ပီသစွာဖြင့် အမှန်တရားကို စွမ်အားရှိသရွေ့ ခေတ်ပြိုင်က ဆက်လက်တင်ပြသွားမည်ဖြစ်သည်။

ခေတ်ပြိုင်အွန်လိုင်းကိုမူ ပုံမှန်အတိုင်း ဆက်လက် ထုတ်ဝေသွားမည်ဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
စစ်တပ် သိမ်းပိုက်လယ်ယာတွင် ပိုင်ရှင်များ ပြန်လုပ်ခွင့်ရ

ချင်းမိုင် (မဇ္ဈိမ)။ ။ မကွေးတိုင်း အောင်လံမြို့နယ်ရှိ မြန်မာ့ဦးပိုင်စီးပွားရေး ကော်ပိုရေးရှင်း ပိုင်ဆိုင်သည့် ရုံးဆိပ် သကြားစက် အာဏာပိုင်များက ဒေသခံ တောင်သူများထံမှ သိမ်းယူခဲ့သော လယ်ယာအချို့ကို ပိုင်ရှင်များ ပြန်လုပ်ခွင့် ပေးလိုက်သည်။

အဓမ္မသိမ်းယူခဲ့သည့် လယ်ယာမြေမှာ ဧက တသောင်းကျော် ရှိသော်လည်း လတ်တလော၌ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (အိုင်အယ်အို) အမှုအမှတ် ၆၆ တွင် အကျုံးဝင်သော လယ်ယာဧက ၂,ဝဝဝ ကျော်သာ ပြန်လည်လုပ်ပိုင်ခွင့် ရနေခြင်းဖြစ်သည်။

အိုင်အယ်အိုမှ Steve Marchall နှင့် နအဖ အလုပ်သမားဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဒုဗိုလ်မှူးကြီး ယုလွင်အောင် တို့ အောင်လံသို့ လာရောက်၍ ဖြေရှင်းပေးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အမှုအတွက် ကူညီဆောင်ရွက်နေသူ အောင်လံမြို့မှ ဦးအေးမြင့်က ပြောသည်။

အဆိုပါ အမှုများအတွက် အိုင်အယ်လ်အိုသို့ တိုင်ကြားရာတွင် ကူညီဆောင်ရွက်ပေးသူ အောင်လံမှ ကိုဇော်ဌေးကို စစ်အစိုးရက ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခဲ့ပြီး သရက်ထောင်သို့ ပို့ထားသည်။ ကိုဇော်ဌေးအတွက် မကွေးတိုင်းတရားရုံးတွင် အယူခံတင်မည် ဖြစ်ကြောင်း သိရသည်။

သူ၏ အကျိုးဆောင်ရှေ့နေ ကိုဖိုးဖြူကိုလည်း မကွေးတိုင်းတရားရုံးက ယခုလ အတွင်း ထောင်ဒဏ် ၄ နှစ်ချမှတ်လိုက်ပြီး သရက်ထောင်သို့ ပို့လိုက်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဘင်္ဂလားဒေ့ရှ်သို့ တရားမဝင် နယ်စပ်ကျော် မြန်မာများ အဖမ်းခံရမှု ပိုများလာ

ဒါကာ (မဇ္ဈိမ)။ ။ ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်တလျှောက်မှ တရားမဝင် ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာများကို ဖမ်းဆီးမှုမှာ ယခုတလော ပိုများလာကြောင်း နယ်စပ် သတင်းရပ်ကွက်များက ဆိုသည်။

လွန်ခဲ့သည့် ၇ ရက်အတွင်း နေရာ ၃ နေရာတွင် အဖမ်းအဆီး ၄ ကြိမ် ရှိခဲ့ရာ မြန်မာနိုင်ငံသား ၈ ဦးကို ဖမ်းဆီးပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် တရားရုံးတင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ဤအကြောင်းကို ဘန်တရိုဘန် ရဲစခန်းနှင့် နီးစပ်သူတဦးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလား ပင်လယ်အော်အတွင်း ဘင်္ဂလား-မြန်မာ ရေပိုင်နက် ပြဿနာ ဖြစ်ခဲ့သည့် ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလဆန်း နောက်ပိုင်းမှ စတင်၍ တရားမဝင် ဝင်လာသည့် မြန်မာများကို ဖမ်းဆီးရန် ဘန်တရိုဘန်ခရိုင်မှ ညွန်ကြားခဲ့ပြီး ဖြစ်သည်ဟု သူက ဆိုသည်။

နတ်ချောင်းမြို့ ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်းတဦးကလည်း “ကျနော်တို့ နယ်မြေထဲမှာ အရင်ကဆို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းတာ နည်းတယ်။ ပြီးခဲ့တဲ့လက တလအတွင်း မြန်မာ ၃ ယောက်ကို တရားမဝင် လက်နက် ကိုင်ဆောင်မှုနဲ့ ဖမ်းခဲ့တယ်။ တရားမဝင် နယ်စပ် ဖြတ်ကျော်မှုကတော့ မရှိခဲ့ဘူး” ဟု မဇ္ဈိမကို ပြောသည်။

နှစ်နိုင်ငံနယ်စပ်အတွင်း မြန်မာဘက်က ခြံစည်းရိုးကာရန်အတွက် စစ်အင်အား တိုးချဲ့လာချိန်တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်အနေဖြင့် နယ်စပ် အနီးတဝိုက်ကို မျက်ခြေမပြတ် စောင့်ကြည့်နေချိန်တွင် တရားမဝင် ဝင်လာသည့် မြန်မာများကို ဖမ်းဆီးမှု ပိုများလာခြင်း ဖြစ်သည်ဟု နတ်ကျောက်စရီမှ အမည်မဖော်လိုသည့် ထောက်လှမ်းရေးတဦးက ပြောသည်။

နှစ်နိုင်ငံ နယ်စပ်အခြေစိုက် ရခိုင်တော်လှန်ရေး အဖွဲ့အချို့က ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို မကြာသေးခင်က ပြန်ပေးဆွဲမှု လုပ်ခဲ့သည့် အချက်မှာလည်း အဖမ်းအဆီး များစေရသည့် အကြောင်းရင်းတရပ် ဖြစ်ကြောင်း တန်းဆိပ်ဒေသမှ ရွာလူကြီးတဦးက မဇ္ဈိမကို ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မတ်လ ၂၄ ရက်
ရက်သတ္တပတ် ၁၃ ၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားခြင်းသည် စစ်အစိုးရ ကိုယ့်ဥပဒေကိုယ် ချိုးဖောက်


ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထိန်းသိမ်းထားခြင်းသည် မြန်မာစစ်အစိုးရဘက်က ကိုယ့်ဥပဒေကို ကိုယ်ချိုးဖောက်ရာကျသကဲ့သို့ နိုင်ငံတကာဥပဒေကိုလည်း ချိုးဖောက်ရာကျကြောင်း ကုလသမဂ္ဂက ထုတ်ဖော် ပြောဆိုသည်။

တရားလက်လွတ် ဖမ်းဆီးမှုဆိုင်ရာ ကုလသမဂ္ဂလုပ်ငန်းအဖွဲ့၏ ဥပဒေရေးရာ သုံးသပ်ချက်တွင် ယခုကဲ့သို့ ဖော်ပြထားခြင်းဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံအား ကိုယ့်ဥပဒေကို ကိုယ်ချိုးဖောက်ကြောင်း ဝေဖန် သည်မှာ ပြောရိုးပြောစဉ်မဟုတ်ဟု ဆန်းစစ်သူများက ပြောသည်။

ယင်းသို့ ကုလသမဂ္ဂက ထုတ်ဖော်ပြောဆိုခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် ရုတ်တရက် လွတ်မည်ဟု မထင်သော်လည်း နအဖအား ကာကွယ်ပေးနေသည့် တရုတ်၊ ရုရှ စသည့် နိုင်ငံများအပေါ် ဖိအားပေးနိုင်ရန် ကုလသမဂ္ဂအပေါ် အရေးပါသည့် ဂယက်ဖြစ်နိုင်သည်ဟု ယူဆကြောင်း ဒေါ်အောင်ဆန်းစုကြည်အတွက် အခမဲ့ရှေ့နေလိုက်ပေးနေသူ ၀ါရှင်တန်ဒီစီမှ ရှေ့နေ ဂျရတ် ဂျင်ဆာက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်အမှုကို ဆောင်ရွက်ပေးနေသူ ရှေ့နေဦးကြည်ဝင်းကမူ ယခုလ (၁၃) ရက်တွင် အယူခံကိုကြားနာပေးပါရန် ၀န်ကြီးချုပ်ထံ မေတ္တာရပ်ခံစာကို ပေးပို့ထားသည်ဟု ပြောသည်။

အယူခံကို ၉-၁၀-၂၀၀၈ ခုနှစ်ကတည်းက တင်သွင်းခဲ့ခြင်းဖြစ်သော်လည်း နအဖစစ်အစိုးရဘက်က ကိုင်တွယ်ဆောင်ရွက်ခြင်း မရှိသဖြင့် မေတ္တာရပ်ခံစာများ ပေးပို့ခဲ့သည်မှာ လေးကြိမ်ထက်မနည်းရှိပြီ ဖြစ်သည်ဟုလည်း ပြောသည်။ “ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်သက်တမ်း ထပ်တိုးတုန်းက အစိုးရအဖွဲ့ တာဝန်ပေးမှုအရ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးနဲ့ သူ့အဖွဲ့ဝင်တွေချထားတဲ့ အမိန့်ကို ကျနော်တို့က ပြန်အယူခံတာဗျ။ အဲဒါကို သူက သူ့အောက်ကို ပြန်ရှင်းခိုင်းနေလို့ မဖြစ်ဘူးလေ။

တရားသူကြီးချုပ်ဆိုတာကလည်း ပုဒ်မ (၂၁) ကို ၁၉၉၁ ခုနှစ်မှာ ဖျက်သိမ်းလိုက်ကတည်းက တရားရုံးချုပ်ရဲ့ကဏ္ဍမပါတော့ဘူးဗျ။ တရားသူကြီးချုပ် ၀င်ရောက်ကိုင်တွယ်ရမယ့် အမှုမျိုးလည်း မဟုတ်တော့ဘူးဗျ။ အဲတော့ အဲလိုပြောဆိုခဲ့တယ်ဆိုရင်တော့ ပြောဆိုမှုတွေကိုက လွဲနေတယ်ဗျ” ဟု ဦးကြည်ဝင်းက ရှင်းလင်းပြောဆိုသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ပါတီခေါင်းဆောင်များ တွေ့ဆုံခွင့်ရရေး အန်အယ်ဒီက စစ်အစိုးရကို တောင်းဆို

နယူးဒေလီ (မဇ္ဈိမ)။ ။ အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပါတီခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခွင့်ရရန် ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီက မြန်မာစစ်အစိုးရထံ တောင်းဆိုလိုက်သည်။

နိုင်ငံရေးအရ အရေးကြီးချိန်ဖြစ်သဖြင့် ပါတီဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်အတွက် ယခုလ ၁၉ ရက်နေ့က နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ - နအဖ ဥက္ကဋ္ဌထံ လိပ်မူကာ စာရေးသား တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ယနေ့ ပြောဆိုသည်။ အကြောင်းကြားထားသော်လည်း ယခုအချိန်အထိ တုံ့ပြန်မှု တစုံတရာ မရှိသေးကြောင်း သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကေအင်ယူ လက်နက်ချရေး ထိုင်းကို စစ်အစိုးရ ဖိအားပေး


ထိုင်းနိုင်ငံသည် ဒီမိုကရေစီစနစ်ကို စံထားသည့် နိုင်ငံဖြစ်သည့်အတွက် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အပါအ၀င် တော်လှန်ရေးအဖွဲ့အစည်းများအား ဆိုးဆိုးဝါးဝါးအခြေအနေမျိုးရောက်အောင် တွန်းပို့မည့် နိုင်ငံမဟုတ် ဟု ယုံကြည်ကြောင်း ကေအန်ယူက ပြောသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စတွင် ထိုင်း-မြန်မာနယ်စပ်မှ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များပါဝင်ရန် ထိုင်းအစိုးရအား မြန်မာစစ်အစိုးရဘက်က အကူအညီတောင်းသည့်ကိစ္စနှင့် ပတ်သက်ပြီး ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောက ယခုကဲ့သို့ ခေတ်ပြိုင်သို့ ပြောခြင်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာဆစ်နှင့် မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းတို့ တွေ့ဆုံရာတွင် ကေအန်ယူအား နားချပေးရန် ဦးဉာဏ်ဝင်းက တောင်းဆိုခဲ့သည်။

ကာဆစ် မြန်မာနိုင်ငံသွားခြင်းသည် ထိုင်းတွင်သောင်တင်နေသည့် ရိုဟင်ဂျာ ဒုက္ခသည်များအရေးကို စစ်အစိုးရက မည်သို့ကူညီမည်ဆိုသည့်ကိစ္စ ဆွေးနွေးရန်ဖြစ်သည်။ ရိုဟင်ဂျာကိစ္စအတွက် မြန်မာဘက်က မည်သို့ ထိုင်းအား ကူညီမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ကေအန်ယူကို လက်နက်ချရေးကိစ္စအတွက် ထိုင်းအစိုးရက ဆွေးနွေးပေးရန် စစ်အစိုးရဘက်က တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ကေအန်ယူက မြန်မာစစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို မည်သည့်အတွက် လက်မခံနိုင်ကြောင်း မိမိကိုယ်တိုင် ကေအန်ယူပြောသည်ကို ကြားလိုသည်ဟုပါ ကာဆစ်က ပြောသည်။ ထိုင်းအာဏာပိုင်များသည် ကရင်အမျိုးသားအစည်းအရုံးမှ ခေါင်းဆောင်များကို ထိုင်းနိုင်ငံအတွင်းနေထိုင်ခွင့်မပြုဘဲ မိမိတို့တပ်စခန်းများတွင်သာ ပြန်လည်နေထိုင်ရန် ယခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက် နေ့စွဲဖြင့် အသိပေးအကြောင်း ကြားစာ ပေးပို့ခဲ့ပြီးဖြစ်သည်။

ကေအန်ယူ ဒု-ဥက္ကဋ္ဌက လက်ရှိအခြေအနေတွင် မိမိတို့အား ထိုင်းနယ်မြေထဲ လာရောက်ရန် ခွင့်မပြုသော်လည်း ဆေးဝါးကုသခွင့်၊ ခိုလူံခွင့်နှင့် အရေးပေါ်ကိစ္စများကို နိုင်ငံတကာစံအရ ထိုင်းနိုင်ငံက နားလည်ပေးမှုများရှိကြောင်း၊ ယခုကိစ္စတွင် ထိုင်းအမြင်နှင့် ကေအန်ယူအမြင် တူညီမူ မရှိနိုင်သော်လည်း ပဋိပက္ခဖြစ်နိုင်လောက်သည့် အခြေအ နေများ ဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိဟု ယုံကြည်ကြောင်း ဖြည့်စွက်ပြောကြားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မြန်မာ လက်နက်မှောင်ခို ၃ ဦးကို အိန္ဒိယ နယ်စပ်တွင် ဖမ်းမိ

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာလူမျိုး ၃ ဦးကို ဒုံးပစ်လောင်ချာ ၅ လက်နှင့်အတူ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ် တခုဖြစ်သော မီဇိုရမ်တွင် ပြီးခဲ့သည့် စနေနေ့က ဖမ်းမိခဲ့သည်ဟု မီဇို ရဲတပ်ဖွဲ့က ပြောသည်။

လက်နက်များနှင့်အတူ မြန်မာနှင့် နယ်စပ်မြို့ ကျန်ဖိုင်း (Champhai) တွင် ဖမ်းဆီးရမိခဲ့သည်ဟု ကျန်ဖိုင်းရဲစခန်းမှ ဒုရဲအုပ် အေဆိုင်လို (A. Sailo) က မဇ္ဈိမကို ယနေ့က ပြောဆိုခြင်း ဖြစ်သည်။

ကျန်ဖိုင်း ရဲတပ်ဖွဲ့သည် စီဇာချွန်းငါ (C. Zacchunga) ကို ဒုံးပစ်လောင်ချာ ၅ လက်နှင့်အတူ ပထမဦးဆုံး ဖမ်းမိခဲ့သည်။

အဆိုပါ လက်နက်များသည် ပြည်နယ်မြို့တော် အိုက်ဇော (Aizawl) သို့ ပို့ဆောင်ရန် ဖြစ်ပုံရကြောင်းနှင့် ဆက်လက်၍ စုံစမ်း ဖော်ထုတ်ရာ နောက်ထပ် မြန်မာလူမျိုး ၂ ဦးဖြစ်သော အယ်လ်ဘတ် ဒီ မောင်ငါ (Albert D. Muanga) နှင့် ထန်း စွမ်း လျန်နာ (Thang Suan Liana) တို့ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲအရာရှိ ဆိုင်လိုက ပြောသည်။

၂ဝဝ၈ ခုနှစ် ဇွန်လအတွင်းကလည်း အိုင်ဇောမြို့အနီး ဆီးဖား (Siphir) မြို့တွင် မီဇိုရမ် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ရှာဖွေခဲ့ရာ အေကေ ၄၇ ရိုင်ဖယ်သေနတ်များနှင့် ခဲယမ်းမီးကျောက်များကို သိမ်းဆည်းရမိခဲ့သေးသည်။

မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံအကြား ဝင်ရောက်လာနိုင်သော နှစ်နိုင်ငံ နယ်စပ်အရှည်မှာ ၄ဝ၄ ကီလိုမီတာ ရှည်လျားပြီး၊ ယင်းနယ်စပ်ကို မှောင်ခိုသမားများနှင့် စီးပွားရေးသမားများက လက်နက်များ၊ မူးယစ်ဆေးဝါးများ မှောင်ခိုသယ်ယူရန် မကြာခဏ အသုံးပြုကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကွန်နက်ရှင်ကြောင့် ရန်ကုန် အင်တာနက်ဆိုင် အများစု ပိတ်ထားရ


အင်တာနက် မြန်နှုန်းများ သုံး၍မရနိုင်သည်အထိ အလွန်နှေးကွေးနေခြင်းကြောင့် ရန်ကုန်မြို့တွင် အင်တာနက်ဆိုင် အများစု ပိတ်ထားကြောင်း မြို့ခံများက ပြောသည်။ အထူးသဖြင့် အင်တာနက်မှ နိုင်ငံခြားသို့ တယ်လီဖုန်းခေါ် ဝန်ဆောင်မှုပေးနေသည့်ဆိုင်များ လုံးဝပိတ်ထားကြကြောင်း သိရသည်။

လှိုင်တက္ကသိုလ်ဝင်းအတွင်း မြန်မာအင်ဖိုတက် အဆောက်အဦက ပုဂ္ဂလိက ကုမ္ပဏီတခုတွင် အလုပ်လုပ်နေသူ ကွန်ပျူတာ အင်တာနက် ကျွမ်းကျင်သူ အင်ဂျင်နီယာတဦးကမူ အစိုးရက နိုင်ငံတကာ ဆက်ကြောင်း ပြုပြင်ရန်အတွက် အင်တာနက် ဆက်သွယ်မှု (၅) ရက် ကွန်နက်ရှင် နှေးကွေးမည်ဟု ကြေညာထားသော်လည်း ကွန်ပျူတာ အင်တာနက် ကျွမ်းကျင်သူများက ယုံကြည်သူ မရှိသလောက် နည်းကြောင်း၊ အားလုံး ထင်မြင်ယူဆကြသည်က မကြာမီကျရောက်မည့် မတ်လ (၂၇) ရက် တပ်မတော်နေ့ မတိုင်မီ ပြည်တွင်းက သတင်းအချက်အလက်များ ပြည်ပသို့ စီးထွက်နေမှုကို ကြိုတင် တားဆီးလို၍ ဖြစ်နိုင်ကြောင်း ပြောသည်။

၎င်းက ဆက်လက်၍ ယခင်က ပြဿနာတစုံတခု ဖြစ်မှသာ ယခုကဲ့သို့ အင်တာနက်လိုင်းများ နှေးကွေးသွားရန်နှင့် ပြတ်တောက်သွားအောင် လုပ်လေ့ရှိကြောင်း၊ ဥပမာ ၂ဝဝ၇ စက်တင်ဘာ သံဃာ့အရေးအခင်းကာလ၊ နာဂစ် လေမုန်တိုင်းဘေး ရင်ဆိုင်ရစဉ် ကာလ စသဖြင့် ပြည်တွင်း၌ တစုံတခု ပြဿနာဖြစ်တိုင်း ရေအောက် ကေဘယ်လ် ပြတ်တောက်သွား၍ ပြင်ဆင်ရမည်ဆိုပြီး လိမ်လည်အကြောင်းပြခဲ့ကြောင်း၊ ယခုလည်း ကြိုတင်လက်ဦးမှုယူပြီး ကာကွယ်ခြင်းဖြစ်နိုင်ကြောင်း ရှင်းပြသည်။

နအဖစစ်အစိုးရက ပြီးခဲ့သည့် ဒီဇင်ဘာ ရတနာပုံ မြို့သစ် အိုင်စီတီ ပြပွဲ ပြုလုပ်ချိန်၌ မြန်မာပြည်နှင့် တရုတ်၊ အိန္ဒိယ၊ ထိုင်း စသဖြင့် ကုန်းတွင်း ဖိုင်ဘာအော့ပ်တစ် ဆက်ကြောင်းသစ်များ သွယ်တန်းပြီးစီးပြီဖြစ်သည့်အတွက် မကြာမီ အင်တာနက်လိုင်းများကို မြန်နှုန်းမြင့်မြင့်ဖြင့် သုံးစွဲရမည် ဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်ကိုယ်တိုင် တရားဝင် ကြေညာခဲ့ဖူးသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
၅ နှစ်ခန့်အတွင်း ကလေးစစ်သား ၂ဝ လွတ်မြောက်ဟု လှုပ်ရှားတက်ကြွသူက ပြောဆို

ချင်းမိုင် (မဇ္ဈိမ)။ ။ လွန်ခဲ့သည့် ၅ နှစ်ခန့် ကာလအတွင်း မြန်မာစစ်တပ်မှ ပြန်လွတ်လာသည့် ကလေးစစ်သား ၂ဝ ဦး ရှိကြောင်း ကလေးစစ်သားပပျောက်ရေး ဆောင်ရွက်နေသူ အန်အယ်ဒီ စမ်းချောင်းမြို့နယ် ဥက္ကဋ္ဌ ဦးသက်ဝေက ဆိုသည်။

ကလေးစစ်သား ပပျောက်ရေးအတွက် နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို)၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (အိုင်စီအာစီ) တို့နှင့် ဆက်သွယ်ဆောင်ရွက်နေသည့် သူမှတဆင့် ၂ဝဝ၃-ဝ၄ မှ ၂ဝဝ၈ ခုနှစ်အထိ အမှုပေါင်း ၃ဝ ကျော် တိုင်ကြားလာခဲ့ရာ၊ ၂ဝဝ၄ ခုနှစ်တွင် တပ်တွင်းမှ ပြန်လွတ်လာသည့် ကလေး ၁ဝ ဦးရှိပြီး၊ ၂ဝဝ၇-ဝ၈ ခုနှစ်တွင် ၁ဝ ဦး ရှိကြောင်း သူက ပြောသည်။

ကလေးစစ်သားများမှာ အသက် ၁၂ နှစ်မှ ၁၇ နှစ်အကြား အရွယ်များ ဖြစ်သည်။ ဦးသက်ဝေသည် ကလေးစစ်သား ပပျောက်ရေးအတွက် ၂ဝဝ၃-ဝ၄ ခုနှစ်အတွင်းမှ စတင်၍ အိုင်အယ်လ်အို၊ အိုင်စီအာစီ တို့နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

သူတို့ လက်လှမ်းမီသရွေ့ ကူညီခဲ့သည့် စစ်သားအဖြစ် အဓမ္မစုဆောင်းခံခဲ့ရသော ကလေးများမှာ ရန်ကုန်တိုင်း မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ တွံတေး၊ ဒလနှင့် မအူပင်မြို့နယ်တို့မှ ဖြစ်ကြပြီး ကျောင်းတက်နေဆဲ ကလေးများလည်း ပါဝင်ကြောင်း သိရသည်။
နအဖ စစ်အစိုးရတာဝန်ရှိသူများကမူ မြန်မာနိုင်ငံတွင် ကလေးစစ်သားနှင့် အဓမ္မလုပ်အားပေးခိုင်းစေမှု မရှိကြောင်း အစဉ် ငြင်းဆိုလေ့ရှိသည်။ နအဖအား လက်နက်ကိုင်၍ ဆန့်ကျင်တိုက်ပွဲဝင်နေသော အဖွဲ့အစည်းများကလည်း ၎င်းတို့ထံတွင် ကလေးစစ်သားမရှိကြောင်း ငြင်းဆိုလေ့ရှိသည်။

သို့သော် မြန်မာနိုင်ငံတွင် ကလေးစစ်သား ၇ သောင်းခန့်ရှိကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) က ခန့်မှန်းထားသကဲ့သို့ မြန်မာစစ်တပ်မှ ကလေးစစ်သား တပ်ပြေးများ နယ်စပ်ဒေသများသို့ ထွက်ပြေးလာသည့် သတင်းများလည်း ထွက်ပေါ်လေ့ရှိသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ကလေးများဆိုင်ရာ အခွင့်အရေးစာချုပ် CRC - Convention on the Rights of the Child ကို လက်မှတ်ထိုးထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကာတာမှ လူငယ်တယောက် ဗိုလ်သန်းရွှေအမျိုးဟု သံသယဖြစ်ခံရ


ကာတာနိုင်ငံ၏ ပုဂ္ဂလိကပိုင်ကလေးကစားကွင်း Operator အဖြစ်အမှုထမ်းနေသည့် တောင်တွင်းကြီးသား ၀င်းကိုကို ဆိုသူသည် ဆက်လက်နေထိုင်ခွင့်သက်တမ်း (၃) နှစ်တိုးရန် အီဂျစ်နိုင်ငံ၊ မြန်မာသံရုံးသို့ ကာတာဘဏ်မှ ငွေလွှဲစဉ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဆွေမျိုးတော်စပ်နေသည်ဟု ဘဏ်မှသံသယရှိသဖြင့် သက်တမ်းတိုးခွင့် ကြန့်ကြာခဲ့ကြောင်း စုံစမ်းသိရသည်။

ဝင်းကိုကိုနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မည်သို့မျှ အမျိုးတော်စပ်ခြင်း မရှိကြောင်း ကာတာဘဏ်သို့ ခိုင်လုံသော အထောက်အထားများ တင်ပြပြီးမှသာ ကာတာဘဏ်မှ ခွင့်ပြုသဖြင့် အီဂျစ်နိုင်ငံ မြန်မာသံရုံးသို့ သက်တမ်းတိုး ငွေလွှဲလိုက်နိုင်ကြောင်း သိရသည်။
ကာတာနိုင်ငံတွင် အမှုထမ်းနေသော မြန်မာအလုပ်သမားများသည် ဆက်လက်နေထိုင်လိုက သက်တမ်းတိုး (၃) နှစ်အတွက် အီဂျစ်သံရုံးသို့ ရီရဲ (၁၇၀၀) ပေးဆောင်ရကြောင်း၊ ကာတာတွင် မြန်မာသံရုံးမရှိသည့်အတွက် ကာတာဘဏ်သို့ ငွေသွင်းကာ အီဂျစ်ရှိ မြန်မာသံရုံးသို့ ငွေလွှဲရကြောင်း၊ ငွေလွှဲပြေစာနှင့် အတူ နိုင်ငံကူးလက်မှတ် ကို သံရုံးသို့ ပူးတွဲပို့ပေးရကြောင်း၊ ၀င်းကိုကိုသည် အထက်ပါအခက်အခဲများ ပြေလည်အောင် ဖြေရှင်းပြီးနောက် ဖေဖော်ဝါရီလအတွင်း မြန်မာပြည် ပြန်ရောက်နေပြီဖြစ်ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
လာဘ်ထိုးမှ နိုင်ငံရေး အကျဉ်းသားများကို ထောင်ဝင်စာ တွေ့ခွင့်ရ

ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင်ရှိ နိုင်ငံရေးအကျဉ်းသား နှစ်ဦးထံ ထောင်ဝင်စာ သွားတွေ့ရာ ထောင်မှူးကို ငွေပေးမှသာ အချိန်ကြာကြာနှင့် လွတ်လပ်စွာ တွေ့ခွင့်ရကြောင်း သက်ဆိုင်သူ ဆွေမျိုးများက မဇ္ဈိမကို ပြောသည်။

ထောင်ဒဏ် ၂ နှစ် ကျခံနေရသော ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ လှုပ်ရှားတက်ကြွသူ မနီနီနွယ်မြင့်နှင့် ကိုချစ်မောင်မောင် ကို မိခင်များက ပြီးခဲ့သည့်လအတွင်း ထောင်ဝင်စာ သွားတွေ့ရာ ဘူးသီးတောင်ထောင်မှူး ဦးတင်ထွန်းကို ငွေကျပ် ၅ သောင်း လာဘ်ထိုးခဲ့ရခြင်း ဖြစ်သည်။ မနီနီမေမြင့်၏ မိခင် ဒေါ်မြဦးနှင့် ကိုချစ်မောင်မောင်၏ မိခင် ဒေါ်မခင်မြင့်သည် ပြီးခဲ့သည့်လ ၂၁ ရက်နေ့က တောင်ကုတ်မှ ဘူးသီးတောင်သို့ ထွက်သွားသော်လည်း ၂၈ ရက်နေ့မှသာ တွေ့ခွင့်ရပြီး၊ ယခုလ ၂ ရက်နေ့ကျမှ နေအိမ်များသို့ ပြန်ရောက်ခဲ့ကြသည်။

ဘူးသီးတောင်သို့ မလိခ သင်္ဘောဖြင့် သွားရာ တဦးလျှင် အသွားအပြန်စရိတ် ကျပ် ၆ သောင်း၊ စားစရိတ်နှင့် တည်းခိုခန်းခ ၂ သောင်းကျော်၊ သမီးများအတွက် ငွေကြေး၊ ဆေးဝါး၊ အစားအသောက်နှင့် ထောင်မှူးအတွက် လာဘ်ငွေနှင့်ဆိုပါက တခေါက်လျှင် ကျပ် ၄ သိန်းခန့် လိုအပ်ကြောင်း ကိုချစ်မောင်မောင်၏ ဆွေမျိုးတဦးက ဆိုသည်။

ထောင်ဝင်စာတွေ့စဉ် အကျဉ်းဦးစီး အရာထမ်းက စောင့်ကြည့်နေသဖြင့် ထောင်အတွင်းမှ အခြားအနေများကို သိခွင့် မရသော်လည်း၊ အကျဉ်းသူ သမီးများသို့ ငွေနှင့် ဆေးဝါးများ ပေးသွင်းခွင့်ရကြောင်းနှင့် နှစ်ဦးစလုံး၏ ကျမ္မာရေး ကောင်းမွန်ကြောင်း သိရသည်။ သူတို့နှစ်ဦးကို သီးသန့်ဆောင်များတွင် ထားရှိသည်။ လှုပ်ရှားတက်ကြွသူ နှစ်ဦးသည် ရွှေဝါရောင်လှုပ်ရှားမှု နှစ်ပတ်လည် ၂ဝဝ၈ ခုနှစ် စက်တင်ဘာလအတွင်းက တောင်ကုတ်-ရန်ကုန်ကားလမ်း၊ တောင်ကုတ်-သံတွဲကားလမ်းနှင့် မြို့ပေါ်တွင် ကုန်ဈေးနှုန်း ကျဆင်းရေးနှင့် စစ်အစိုးရ ဆန့်ကျင်ရေး စာရွက်များ ဖြန့်ဝေခဲ့ကြသည်။

လှုပ်ရှားမှုအပြီး အာဏာပိုင်များက ဖမ်းဆီးခဲ့ကာ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေမှု - ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တောင်ကုတ်တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့သည်။ နောက်ပိုင်းတွင် သူတို့ကို ဘူးသီးတောင်ထောင်သို့ ပြောင်းရွှေ့ပစ်ခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
CNG 82 Model နှင့် အောက်အက္ခရာကားများ ကို တရားဝင်လုပ်ငန်းလိုင်စင် ဖျက်သိမ်းမည်


သင်္ကြန်အလွန် ဧပြီလကုန်ခန့်တွင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော CNG 82 Model နှင့် အောက်အက္ခရာကားများ ကို တရားဝင် လုပ်ငန်းလိုင်စင် ဖျက်သိမ်းမည်ဖြစ်ပြီး မကြာမီက ၎င်းတို့ဆင်ထားသော CNG ပစ္စည်းများပြန်သွင်းပါက ထူးထရေဒင်းကုမ္ပဏီမှ တလုံး (၇) သိန်းဖြင့် ဈေးဖြတ်ပေးမည်ဖြစ်ကြောင်း၊ (၂) သိန်းဦးစွာပေးပြီး ကျန် (၅) သိန်းကို တလ (၁) သိန်းနှုန်း ပေးမည်ဖြစ်ကြောင်း ကားဝယ်ရောင်းလောကအတွင်း ပြောဆိုနေကြသည်။ အဆိုပါ အစီအစဉ်မှာ ထူးထရေးဒင်းအပါအ၀င် လုပ်ငန်းရှင်ကြီးများနှင့် နအဖ ပုဂ္ဂိုလ်တို့၏ ကိုယ်ကျိုးစီးပွားအတွက် အကွက်ဆင်ထားခြင်းဖြစ်ကြောင်း၊ ဘောလုံးအသင်းဖွဲ့ထားသော ထူးထရေးဒင်းအပါအ၀င် လုပ်ငန်းရှင်ကြီး (၈) ဦးကို ကားပါမစ်ချပေးမည်ဖြစ်သည့်အတွက် ယခုကဲ့သို့ အသုံးပြုလက်စ CNG သုံးပစ္စည်းများကို အောက်ဈေးဖြင့် ၀ယ်ယူရခြင်းဖြစ်ကြောင်း၊ တင်သွင်းမည့် ဓာတ်ဆီ၊ ဒီဇယ်ကားများကို ယခုဝယ်ယူမည့် CNG သုံးပစ္စည်းများ တပ်ဆင်ဦးမည်ဖြစ်ကြောင်း ကားပွဲစားတဦးက ပြောသည်။

အတည်မပြုနိုင်သေးသည့် အဆိုပါသတင်းသာ မှန်ကန်ပါက လမ်းကြောပေါ်၌ ပြေးဆွဲနေသော CNG Taxi အားလုံး၏ တ၀က်ခန့်မှာ လုပ်ငန်းလိုင်စင်ဖျက်သိမ်းခံရမည်ဖြစ်ကြောင်း၊ သတင်း မှန် မမှန် ကုန်လမ်းညွှန်ကြားမှု ဦးစီးဌာန (မြင်သာလိုင်စင်ရုံး) သို့ မေးမြန်းသော်လည်း အထက်မှ ညွှန်ကြားချက် မလာသေးကြောင်းဟုသာ ဦးစီးဌာန အရာရှိတဦးက ဖြေသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ပုဂ္ဂလိကသတင်းဂျာနယ်မဂ္ဂဇင်းများအပေါ် ပြည်သူလူထု၏ ယုံကြည်အားထားမှု မြင့်တက်လာ


ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ပုံနှိပ်သတင်းမီဒီယာတို့၏ အခန်းကဏ္ဍ လျော့ကျလာသော်လည်း မြန်မာနိုင်ငံတွင်မူ ပုဂ္ဂလိက သတင်းဂျာနယ်၊ မဂ္ဂဇင်းများအပေါ် သတင်းအတွက် မှီခိုအားထားရမှုမှာ အံ့သြလောက်ဖွယ် မြင့်မားလျက်ရှိကြောင်း Weekly Eleven News Journal မှ ကောက်ယူခဲ့သော စစ်တမ်းအရ သိရှိရပါသည်။ Weekly Eleven News Journal မှ လွတ်လပ်စွာကောက်ယူခဲ့သော စစ်တမ်းများအရ နေ့စဉ်သတင်းရရှိရန် အားထားရမှုတွင် ပုဂ္ဂလိကဂျာနယ်၊ မဂ္ဂဇင်း (အထူးသဖြင့်သတင်းဂျာနယ်များ) သည် အခြား TV (ပြည်တွင်းမှ MRTV၊MWD၊MRTV 4၊ ပြည်ပမှ CNN ၊ BBC ၊ CNA ၊ DVB တို့အပါအ၀င်)၊ အင်တာနက်၊ သတင်းစာ၊ ရေဒီယို(မြန်မာ့ အသံ၊ RFA၊ BBC ၊ VOA) တို့ထက် လေး၊ ငါးဆသာလွန်ခဲ့ကြောင်းသိရှိရသည်။ လူပေါင်း ၁၆၀၀ ကျော်ကို ကောက်ယူခဲ့ သောစစ်တမ်းအရ လူ ၁၆၀၀ တွင် ၁၃၈၅ ဦး၊ ၈၆ ဒသမ ၅ ရာခိုင်နှုန်းက ဂျာနယ်မဂ္ဂဇင်းများကိုသတင်းအတွက် ဖတ်ရှုကြောင်းဖြေပေးခဲ့ကြပြီး ရုပ်သံမီဒီ ယာက ဒုတိယ၊ အင်တာနက်သတင်းက တတိယနေရာ၌ ရှိနေခဲ့သည်။ သတင်းစာ နှင့် ပြည်တွင်း၊ ပြည်ပရေဒီယိုတို့မှာ အဆင့်လေး၊ ငါး၌အတူတကွရှိနေခဲ့သည်။
( ၀ိကလီအဲလဲဗင်းမှ ကောက်နှုတ်ချက် )
+++++
မတ်လ ၂၅ ရက်
ရက်သတ္တပတ် ၁၃ ၊ ၂၀၀၉
မြန်မာသတင်း

မြန်မာဆန်ကို မြ၀တီ-မဲဆောက်နယ်စပ်ဂိတ်မှာ ထိုင်းသို့ တရားဝင် သွင်းခွင့်ပြု

ယခုလမှစပြီး ထိုင်းကုန်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ထိုင်း-မြန်မာနယ်စပ် မြ၀တီမှ မဲဆောက်ဘက်သို့ မြန်မာဆန်တင်သွင်းခွင့်ပြုလိုက်သဖြင့် ယခင်ကဲ့သို့ ညဘက် ဆန်များခိုးသွင်းရန် မလိုတော့ဟု မြန်မာဆန်ကုန်သည် များက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်း မြန်မာဆန်တန်ချိန် (၂၃,၀၀၀) ကို တင်သွင်းခွင့်ပြုလိုက်သဖြင့် မြန်မာဆန် များ မဲဆောက်သို့ တရက်ခြား တင်သွင်းလျက်ရှိသည်။

မြန်မာဆန် ဇီယာရှယ် အမျိုးအစားကို ထိုင်းကုန်သည်များနှင့် မြန်မာကုန်သည်များသည် ယခင်က ညဘက်တွင် တရားမ၀င်ခိုးသွင်းနေရသော်လည်း ထိုင်းဘက်မှ သတ်မှတ်ချက်ဖြင့် တရားဝင် တင်သွင်းခွင့်ပြုလိုက်သည့်အတွက် နှစ်ဘက်ကုန်သည်များ ပိုမိုအကျိုးရရှိကြသည်ဟု ကုန်သည်များက ပြောသည်။

ထိုင်းဆန်ကုန်သည်များသည် ဇီယာဆန်ကို တင်သွင်းရာတွင် မြန်မာတံဆိပ်ပါ အိတ်ခွံများနေရာတွင် ထိုင်းအိတ်ခွံ များဖြင့် အစားထိုးပြီး ထိုင်းနိုင်ငံတွင်းနှင့် ဆန်လုံလောက်မှုမရှိသည့် နိုင်ငံငယ်များသို့ တဆင့်ပြန်လည် ရောင်းချကြသည်ဟု ၎င်းလုပ်ငန်းတွင် လုပ်ကိုင်နေသည့် မြန်မာမန်နေဂျာတဦးက ပြောသည်။

မြန်မာဆန်သည် နိုင်ငံတကာရှိ ဆန်တင်ပို့သည့် နိုင်ငံများနှင့်ယှဉ်လျှင် အရည်အသွေးပိုင်းနှင့်ထုတ်လုပ်မှုပိုင်းတွင် ယှဉ်ပြိုင်နိုင်ခြင်းမရှိသေးဘဲ ဈေးနူန်းဖြင့်သာ ယှဉ်ပြိုင်နေရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
City FM လိုင်း ၄ လိုင်း မကြာမီ တိုးချဲ့ ထုတ်လွှင့်မည်

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းများတွင် City FM လိုင်း ၄ လိုင်းကို မကြာမီ တိုးချဲ့ထုတ်လွှင့်သွားမည်ဟု မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

လက်ရှိ ထုတ်လွှင့်နေသော ရန်ကုန် City FM နှင့် မန္တလေး City FM အပြင် အခြား ပြည်နယ်နှင့် တိုင်းဒေသများ၌ ဖမ်းယူရရှိနိုင်မည့် လိုင်း ၄ လိုင်းကို တိုးချဲ့ကာ မကြာမီ လပိုင်းအတွင်း ထုတ်လွှင့်နိုင်ရန် ပြင်ဆင်နေပြီဟု ဂီတအစည်းအရုံးမှ ထိပ်တန်း ဦးဆောင်သူတဦးက ပြောဆိုခြင်းဖြစ်သည်။

အခြေစိုက်မည့် အုပ်စု ၄ စုမှာ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းတွင် အုပ်စုတစု၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း မုံရွာမြို့တွင် တစု၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ် စစ်တွေတွင် တစု၊ တနသာင်္ရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း ပြည်မြို့တွင် တစု ခွဲခြားကာ ထုတ်လွှင့်မည်ဟု ပြည်တွင်းထုတ် ဂျာနယ်တခုကလည်း ဖော်ပြသည်။

ထုတ်လွှင့်ခွင့်အတွက် ကုမ္ပဏီများကို တာဝန်ယူ စေမည်ဖြစ်ကာ လက်ရှိတွင် ကမ္ဘောဇကုမ္ပဏီမှ ရှမ်းပြည်နယ် ဒေသများ၊ ငွေတောင်ကုမ္ပဏီမှ စစ်ကိုင်းတိုင်း မုံရွာနှင့် ကချင်ပြည်နယ် မြစ်ကြီးနားတွင် တာဝန်ယူကြောင်း သိရသည်။

အခြားဒေသများအတွက်မူ မည်သည့်ကုမ္ပဏီများက တာဝန်ယူမည်ကို မသိရသေးပါ။
လက်ရှိ ရန်ကုန်နှင့် မန္တလေး City FM နှစ်ခုသည် တေးသီချင်းများ၊ ရုပ်ရှင်-ဗီဒီယို သရုပ်ဆောင်များနှင့် အဆိုတော်များ၏ တွေ့ဆုံမေးမြန်းခန်းများ၊ ကျန်းမာရေး ပညာပေး ဗဟုသုတ အစီအစဉ်နှင့် နာမည်ကြီး နိုင်ငံခြား ရုပ်ရှင်သရုပ်ဆောင်များ၏ အကြောင်းအရာများကို အဓိကအားဖြင့် ထုတ်လွှင့်ပေးနေသည်။

လူစိတ်ဝင်စားမှု များပြားသဖြင့် ကြော်ငြာလုပ်ငန်းများကြောင့် ၀င်ငွေကောင်းသော မီဒီယာလုပ်ငန်းတခုလည်း ဖြစ်နေသည်။
၂ဝဝဝ ခုနှစ်မှ စတင်ကာ City FM ကို စမ်းသပ်ကြည့်ခဲ့ရာ ၂ဝဝ၂ ခုနှစ်တွင် ရန်ကုန် City FM နှင့် ၂၀၀၈ ခုနှစ် နှစ်လယ်ပိုင်းတွင် မန္တလေး City FM လိုင်းများကို စတင်မိတ်ဆက်ခဲ့ပြီး၊ သက်ဆိုင်ရာ မြို့နှစ်မြို့၏ မြို့တော် စည်ပင်သာယာရေး ကော်မတီများမှ ပိုင်ဆိုင်ကြသည်။

မန္တလေး City FM ကို Forever Group ကုမ္မဏီမှ တာဝန်ယူ ထုတ်လွှင့်ပေးသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
တပ်မတော်ခန်းမ အရောင်းပြပွဲ အစိုးရ သတင်းစာတွေ မဖေါ်ပြ


မတ်လ (၂ဝ) ရက်မှစပြီး ရန်ကုန် ဦးဝိစာရလမ်း တပ်မတော်ခန်းမတွင် Yangon Expo-၂ဝဝ၉ ဆိုသည့် ဈေးရောင်းပွဲ တခု ကျင်းပနေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

အဆိုပါဈေးရောင်းပွဲတွင် ပြည်တွင်းထုတ် ကုန်ပစ္စည်း အနည်းငယ်၊ နယ်စပ်သွင်းကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေး ပစ္စည်းများ စသဖြင့် အမျိုးအစားစုံ၊ ပစ္စည်းစုံ ပါဝင်ပြသရောင်းချလျက်ရှိသည်။

ပြည်တွင်းထွက် သနပ်ခါးအချောင်းများ၊ ပြည်တွင်းထုတ် အားဖြည့်အချိုရည်များ၊ ကော်ဖီမစ် အထုတ်များ၊ တိုင်းရင်းဆေးဝါးများ၊ ရှူဆေးများ၊ လက်ကိုင်အိတ်များ၊ ရှပ်အင်္ကျီများ၊ မိတ်ကပ် အပါအဝင် အလှကုန်ပစ္စည်းများ၊ အမျိုးသမီးဝတ် ဘော်လီများ၊ နိုင်ငံခြားမှ တင်သွင်းလာသည့် တီဗွီ၊ ဒီဗွီဒီ စက်များ၊ တရုတ်လုပ် အီးဗွီဒီ စက်များ၊ ကွန်ပျူတာများ၊ ပရိဘောဂများ၊ ဆေးဝါးများ၊ ကြွေပြားများ စသည်တို့အပြင် ကွန်ဒိုတိုက်ခန်း တခန်းဝယ်ပါက လက်ဖ်တော့ ကွန်ပျူတာတလုံး လက်ဆောင်ပေးမည့် ဆောက်လုပ်ရေးလုပ်ငန်းလည်း ပါဝင်သည်။

ကမ္ဘာ့စီးပွားရေး ကျဆင်းမှုနှင့်အတူ မြန်မာနိုင်ငံတွင်း၌လည်း စီးပွားရေး ကျဆင်းခဲ့ပြီး ကုန်ပစ္စည်း ရောင်းချရမှုများ လည်း နှေးကွေးလာသည့်အတွက် ကုမ္ပဏီများ စုပေါင်းပြုလုပ်သည့် ဈေးရောင်းပွဲများ ကုန်တိုက်များတွင် မကြာခဏ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့်လကလည်း ကုမ္ပဏီကြီးအချို့ စုပေါင်းပြီး မျှော်စင်ကျွန်းတွင် ဈေးရောင်းပွဲတခု ကျင်းပခဲ့သည်။ ယခု အဆိုပါ ဈေးရောင်းပွဲမျိုး တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်လာခြင်းဖြစ်သည်။ ယခင်က တပ်မတော်ခန်းမတွင် ပြပွဲပြုလုပ်ပါက အစိုးရပိုင် သတင်းစာများအပါအ၀င် ပုဂ္ဂလိက ဂျာနယ်များတွင် တခမ်းတနား သတင်းဖော်ပြခဲ့ကြ သော်လည်း ယခုပွဲနှင့် ပတ်သက်ပြီး မဖော်ပြသလောက်ပင် ဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ခြစားမှုကို ဖော်ထုတ်သူ ဧည့်စာရင်းဖြင့် ထောင် ၇ ရက် ကျခံရ

ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း တွံတွေးမြို့မှ ဒေသအာဏာပိုင်များ၏ ခြစားမှုကို ဖော်ထုတ်သူနှင့် အန်အယ်ဒီ လူငယ် ၃ ဦးကို ဧည့်စာရင်း မတိုင်ဟုဆိုကာ မြို့နယ်တရားရုံးက ထောင်ဒဏ် ၇ ရက် ယမန်နေ့က ချလိုက်သည်။

တွံတေးမြို့ ဈေးသစ်ရပ်ကွက်မှ မိဘမေတ္တာ ငါးဒိုင်ပိုင်ရှင် ဦးခင်ဇော်နှင့် သူ့အိမ်တွင် အလုပ်လုပ်သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ကိုဇော်မျိုးလတ်၊ ကိုကျော်သူလင်းနှင့် မောင်သန်းမြင့်တို့ကို ၁၉ဝ၇ ခုနှစ် မြို့ပြဥပဒေဖြင့် တရားသူကြီး ဦးအေးကိုကိုက ပြစ်ဒဏ်ချခြင်းဖြစ်သည်။ ၁၉ဝ၇ ခုနှစ် မြို့ပြဥပဒေမှာ အခြားဒေသမှ ဧည့်သည်များ လာရောက်လျှင် ဧည့်စာရင်း တိုင်ရမည်ဖြစ်ပြီး၊ မြို့တွင်း နေထိုင်သူဖြစ်ပါက တရပ်ကွက်နှင့် တရပ်ကွက် ပြောင်းရွှေ့တည်းခိုလျှင် တိုင်စရာ မလိုသည့် ဥပဒေဖြစ်သည်။

ပြီးခဲ့သည့် လနှောင်းတွင် အလုပ်သမားများအတွက် ရပ်ကွက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အေးချမ်းယာယာရေး ကောင်စီ - ရယက ထံ ဧည့်စာရင်း သွားတိုင်သော်လည်း အကြောင်းပြချက် မရှိ ငြင်းဆန်ခဲ့သည်။

ဧည့်စာရင်း တိုင်သည်ကို ရပ်ကွက်က လက်မခံကြောင်း မှတ်တမ်းတင်ပေးရန် မြို့နယ် ရဲစခန်းသို့ ထိုလ ၂၈ ရက်နေ့တွင် သွားပြောရာ တာဝန်ကျ ဒုရဲအုပ် အောင်နိုင်ဦးက ဧည့်စာရင်းတိုင်ကြောင်း မှတ်တမ်းတင်ခဲ့သည်။

မှတ်တမ်းစာရွက် မိတ္တူများကို မယက နှင့် အခြား အာဏာပိုင်အဖွဲ့များထံ ပေးပို့ခဲ့သည်။

သို့သော်လည်း ယခုလ ၃ ရက်နေ့ ညတွင် ရယကများ၊ ရာအိမ်မှူး၊ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး၊ မီးသတ်နှင့် နယ်ထိန်းများက ဦးခင်ဇော်၏ နေအိမ်သို့ လာရောက်ကာ ဧည့်စာရင်းမတိုင်ဟုဆိုပြီး ဖမ်းဆီး၍ မြို့နယ်ရဲစခန်းသို့ ပို့ခဲ့သည်။ မတရား ပြစ်ဒဏ်ကျခံရမှုနှင့် ပတ်သက်ပြီး တိုင်းတရားရုံးသို့ လျှောက်လွှာတင်မည်ဟုလည်း သူက ဆိုသည်။

ပြစ်ဒဏ်ကျခံရသူ ၄ ဦးစလုံးကို တွံတေးမြို့ ရဲစခန်း၌ပင် ချုပ်နှောင်ထားပြီး ယနေ့တွင် အင်းစိန်ထောင်သို့ ပို့မည်ဟု သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဒေါ်အောင်ဆန်းစုကြည်အား လွတ်ပေးလျှင် ဒဏ်ခပ်မှု ရုပ်သိမ်းရန် အီးယူ စဉ်းစားမည်


မြန်မာနိုင်ငံတွင်း ဒီမိုကရေစီရေးဆိုင်ရာ တိုးတက်မှုများရှိလာမည်ဆိုပါက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ထားမှုကို ရုပ်သိမ်းရန် အီးယူက စဉ်းစားနိုင်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အီးယူအကြီးတန်းအရာရှိတဦးက ပြောသည်။

မြန်မာစစ်အစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် အတိုက်အခံများအပေါ် တင်းကျပ်ထားမှုများ လျှော့ပေးလျှင် လာမည့်လ အစည်းအဝေး၌ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ထားမှုကို ရုပ်သိမ်းရန် ဥရောပကောင်စီက မဲပေးနိုင်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အီးယူအရာရှိ ပီယာရိုဖတ်ဆီနိုက သတင်းထောက်များကို ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်လို အတိုက်အခံခေါင်းဆောင် အကျဉ်းကျနေမယ်ဆိုရင် လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးပြီး မျှတတဲ့ ရွေးကောက်ပွဲဥပဒေမျိုး ထုတ်ပြန်ပေးမယ်ဆိုမှသာ ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲလို့ အီးယူက သတ်မှတ်မှာဖြစ်တယ်” ဟု ပီယာရိုဖတ်ဆီနိုက ပြောသည်။
( ခေတ်ပြိုင်မှ ကောက်နှုတ်ချက် )
+++++
ဖိအားပေးသည်ကို အလျှော့ပေးမည် မဟုတ်ဟု KNU ပြော

နယူးဒေလီ (မဇ္ဈိမ)။ ။ တောင်းဆိုထားသည့်အတိုင်း စစ်အစိုးရက လမ်းပြမြေပုံတွင် အပြောင်းအလဲများ မပြုလုပ်ပါက ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မည်သည့်ပုံစံဖြင့် ဖိအားပေးသည်ဖြစ်စေ လိုက်လျောမည် မဟုတ်ဟု ကရင်တိုင်းရင်းသား လက်နက်အဖွဲ့ ကရင်အမျိုးသား အစည်းအရုံးက ယနေ့ ပြောကြားသည်။

ကရင်အမျိုးသားအစည်းအရုံး - KNU က ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် တံခါးဖွင့်ထားသော်လည်း၊ စစ်အစိုးရ၏ ဖွဲ့စည်းပုံဥပဒေကို ပြန်လည်ပြင်ဆင်ရန် မိမိတို့၏ တောင်းဆိုချက်အပေါ် အခိုင်အမာ ဆက်၍ ရပ်တည်မည်ဟု KNU ၏ ဒု-ဥက္ကဋ္ဌ ဒေးဗစ်တာကပေါ က ပြောဆ်ုခြင်း ဖြစ်သည်။

KNU က အားလုံး ပါဝင်သည့် ဆွေးနွေးပွဲကို အခြေခံသော အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်ကို တောင်းဆိုထားပြီး စစ်အစိုးရ၏ အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံကို သပိတ်မှောက်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ စစ်အစိုးရက ဖြစ်ပွားဆဲ မြန်မာနိုင်ငံ၏ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည်ဟု ဆိုပါက KNU က မြန်မာစစ်အစိုးရနှင့် ဆွေးနွေးရန် အသင့်ရှိကြောင်း ပြောသည်။ သို့သော် သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို အရင်ဆုံး ခေါ်ယူရန်နှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် KNU က စစ်အစိုးရကို ဆက်လက် တောင်းဆိုကြောင်း သူက ဆက်ပြောသည်။

KNU နှင့် ယင်း၏ လက်နက်ကိုင်တပ်ဖွဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တို့သည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးအတွက် ၁၉၄၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် သက်တမ်းအရှည်ဆုံး ဆန့်ကျင် တိုက်ပွဲဝင်နေသည့် လက်နက်ကိုင် လူမျိုးစု တော်လှန်ရေးတပ်ဖွဲ့ ဖြစ်သည်။

ယခင်က KNU သည် မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သော်လည်း စစ်အစိုးရဝန်ကြီးချုပ် ခင်ညွန့်ကို ရုတ်တရက် ဖယ်ရှား ထုတ်ပယ်လိုက်ပြီးနောက် ဤကြိုးပမ်းမှုများ အားလုံး မအောင်မမြင် ဖြစ်ခဲ့ရသည်။

ဤအချိန်ကတည်းကစ၍ နှစ်ဘက်အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရပ်ဆိုင်းသွားခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သင်္ကြန်နားနီး လောင်စာဆီဈေး ပြန်တက်

ပည်တွင်းလောင်စာဆီဈေးနှုန်းများ ပြန်လည်မြင့်တက်လာနေကြောင်း ပြင်ပလောင်စာဆီပွဲစားတဦးက ပြောသည်။

ဖေဖော်ဝါရီလလယ်ပိုင်းတွင် ဒီဇယ်၊ ဓာတ်ဆီ တပေပါ ကျပ် (၉) သောင်းအောက်ရှိနေရာမှ မတ်လဆန်းတွင် ကျပ် (၉) သောင်းကျော်လာကာ ယနေ့ပေါက်ဈေး ကျပ် (၁) သိန်းကျော်သို့ ရောက်ရှိနေကြောင်း သိရသည်။

ယနေ့ပေါက်ဈေး ဓာတ်ဆီတပေပါ ကျပ် (၁၀၈,၀၀၀)နှင့် ဒီဇယ်တပေပါ ကျပ် (၁၀၄,၀၀၀) အထိ ရောက်ရှိလာ သည်။ ပြင်ပလောင်စာဆီဈေးနှုန်း မြင့်လာသော်လည်း အစိုးရထုတ်ဈေးထက် သက်သာနေဆဲဖြစ်ကြောင်း အဝေးပြေး ကားဂိတ်ပိုင်ရှင်တဦးက ပြောသည်။ ပုံမှန်ကုန် တန်ဆာခများ ဈေးမတက်သော်လည်း လောင်စာဆီပေပါတင်ခနှုန်းများ တက်သွားကာ ယခင် ဆီတပေပါ ရန်ကုန်-မန္တလေးတင်ခ (၆,၀၀၀) ကျပ်သာရှိရာမှ ယခု ကျပ် (၈,၀၀၀) သို့ ရောက်ရှိသွားသည်။

ပြင်ပလောင်စာဆီဈေး အတက်အကျရှိသော်လည်း အစိုးရလောင်စာဆီဈေးမှာ ကမ္ဘာ့လောင်စာဆီဈေးတက်စဉ်က လိုက်တက်ခဲ့သော်လည်း ပြန်ကျချိန်တွင် ပြန်ချမပေးကြောင်း ပြင်ပလောင်စာဆီပွဲစားက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မတ်လ ၂၆ ရက်
ရက်သတ္တပတ် ၁၃ ၊ ၂၀၀၉
မြန်မာသတင်း

ပေါ်လစီ မပြောင်းမခြင်း စစ်အစိုးရနဲ့ အတိုက်ခံ ဆွေးနွေးရေး အမေရိကန် အားပေးမည်


အမေရိကန်အရာရှိနှင့် မြန်မာစစ်အစိုးရ ရုတ်တရက်တွေ့ဆုံခြင်းသည် မြန်မာစစ်အစိုးရအပေါ် အမေရိကန် သဘောထား ပြောင်းလဲသွားသည့် သဘောမဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး စတီဖင်ဘလိပ်နှင့် မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းတို့ အင်္ဂါနေ့က နေပြည်တော်မှာတွေသည့်သတင်းကို စစ်အစိုးရ ဘက်က ထုတ်ပြန်ပြီး မကြာခင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယခုကဲ့သို့ ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

ရန်ကုန်-အမေရိကန်သံရုံးသဘောထား

မစ္စတာဘလိပ်၏ မြန်မာနိုင်ငံခရီးစဉ်သည် မြန်မာနိုင်ငံအပေါ် အမေရိကန်ပေါ်လစီပြောင်းလဲရေးနှင့် ဆက်စပ်မှုရှိမရှိ ရန်ကုန်-အမေရိကန်သံရုံးသို့ ခေတ်ပြိုင်က မေးမြန်းရာ “မစ္စတာဘလိပ် မြန်မာနိုင်ငံလာခြင်းဟာ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ် (၅) နိုင်ငံ ချစ်ကြည်ရေး ခရီးရဲ့ အစိတ်အပိုင်းအနေနဲ့ လာတာဖြစ်ပါ တယ်။ မြန်မာနိုင်ငံ လက်ရှိအခြေအနေနဲ့ စပ်လျဉ်းပြီး သဘောအထား အမြင်အမျိုးမျိုးရှိတဲ့သူတွေနဲ့ မစ္စတာဘလိပ်တွေ့ဆုံခဲ့ပါတယ်” ဟု လက်ထောက် လူထုဆက်ဆံရေးအရာရှိ ဒရိတ်ဝိုက်ဆတ်က ဖြေကြားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှရေးရာညွှန်ကြားရေးမှူး စတီဖင်ဘလိပ်နှင့် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် (၇) ဦး၊ ပြန်ကြားရေး တာဝန်ခံ (၃) ဦးတို့နှင့် ယမန်နေ့က အန်အယ်လ်ဒီပါတီရုံးချုပ်တွင် (၁) နာရီခန့်အကြာ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကလည်း ခေတ်ပြိုင်သို့ ပြောသည်။

မြန်မာစစ်အစိုးရအပေါ် အမေရိကန် စီးပွားရေးဒဏ်ခတ်မှု မအောင်မြင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်သည့်အတွက် မြန်မာနိုင်ငံအပေါ် အမေရိကန်ပေါ်လစီ အပြောင်းအလဲ ဖြစ်ရန်များသည်ဟု နိုင်ငံတကာ သတင်းများက သုံးသပ်သည်။

သို့သော် မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ထားသည့်ဥပဒေကို ရုပ်သိမ်းမည် သို့မဟုတ် မည်သည့်ပေါ်လစီနှင့် အစားထိုးမည်ဆိုသည်ကိုမူ နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်က တိတိကျကျ ပြောမသွားပေ။

မြန်မာအရေး မည်သို့ဖြေရှင်းရမလဲဆိုသည့်ကိစ္စနှင့် ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရနှင့်လည်း တိုင်ပင်ဆွေနွေး နေကြောင်း မစ္စကလင်တန်က အင်ဒိုနီးရှား သတင်းစာရှင်းလင်းပွဲတခုတွင် ပြောကြားသည်။ သို့သော် စီးပွားရေး ဒဏ်ခတ်မှုကို လျော့ပါးစေမည့်အချက်သည် အိုဘားမား အစိုးရ စဉ်းစားနေသည့်အထဲမှ တချက်ဖြစ်သည် ဆိုသည် ကိုမူ မစ္စကလင်တန်က ငြင်းဆိုခြင်း မရှိပေ။ သို့သော် အိုဘားမားအစိုးရဘက်က မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ထားမှုကို လျော့ပါးအောင် ကြိုးစားမှု မှန်သမျှ အမေရိကန်ကွန်ဂရက်မှာ အတိုက်အခံနှင့် ကြုံရနိုင်သည်ဟု ၀ါရှင်တန်ပိုစ်သတင်းစာကြီးက ထောက်ပြထားသည်။ လက်ရှိ အိုဘားမားအစိုးရ၏ ဒု-သမ္မတ ဘိုင်ဒန်သည်ပင် မြန်မာကျောက်မျက်ဥပဒေ ဖြစ်ပေါ်ရေးအတွက် တချိန်ကတွန်းအားပေးခဲ့သူ ဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
သင့်မြတ်ရေးအတွက် နိုင်ငံရေး အကျဉ်းသားများ လွှတ်ရန် ၈၈ ကျောင်းသားများ ပြောကြား

ချင်းမိုင် (မဇ္ဈိမ)။ ။ အနာဂတ်မြန်မာပြည်ကို စုပေါင်းဆောင်ရွက်နိုင်ရန် ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ရန် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မြန်မာစစ်အစိုးရကို ယနေ့ တောင်းဆိုလိုက်သည်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှ ဒီမိုကရေစီအင်အားစုများနှင့် နိုင်ငံတကာ မိသားစုတို့၏ အလေးအနက် တောင်းဆိုချက်ဖြစ်သော အားလုံး လက်ခံပါဝင်နိုင်မည့် နိုင်ငံရေးအခင်းအကျင်းတရပ် ဖန်တီးပေးနိုင်ရန်အတွက် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် လိုအပ်ခြင်းဖြစ်ကြောင်း ယနေ့ထုတ် ထုတ်ပြန်ချက် စာအမှတ် ၁/၂ဝဝ၉ (၈၈) တွင် ဖော်ပြထားခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် တပ်မတော်နှင့်အတူ နိုင်ငံရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသား ပြည်သူတရပ်လုံးက ညီညွတ်စွာ လက်တွဲခဲ့ပြီး နယ်ချဲ့နှင့် ဖက်ဆစ်တို့ကို တော်လှန်၍ လွတ်လပ်ရေးရခဲ့ခြင်း ဖြစ်သောကြောင့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်မည်ဆိုလျှင် တိုင်းရင်းသားများ၏ အခန်းကဏ္ဍကို အသိမှတ်ပြုရန်မှာ အရေးကြီးကြောင်းလည်း ဆိုထားသည်။

ထို့အပြင် နအဖ စစ်အစိုးရက တဖက်သတ် ပြဋ္ဌာန်းအတည်ပြုထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တိုင်းရင်းသားများ၏ အခွင့်အရေးများကို အာမခံထားခြင်း မရှိကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုစောထွန်းက ပြောသည်။ ယခုတောင်းဆိုချက်များသည် တိုင်းရင်းသားများနှင့် ဒီမိုကရေစီ နိုင်ငံရေးအင်အားစုအားလုံး၏ တောင်းဆိုချက်ပင်ဖြစ်၍ နအဖ က လက်ခံဆောင်ရွက်ခြင်း မရှိပါက တိုင်းရင်းသားစည်းလုံးညီညွတ်မှုများ ပြိုကွဲကာ တိုင်းပြည်၏ အနာဂတ် ပျက်သုန်းရန်သာရှိပြီး ငြိမ်းချမ်း၍ ခေတ်မီဖွံဖြိုးတိုးတက်သည့် နိုင်ငံတော်သို့ ချီတက်ရန်လည်း မဖြစ်နိုင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က အလေးအနက်ထား၍ ထုတ်ဖော်ပြောဆိုခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။
(မဇျွီမသတင်းမှ ကောက်နှုတ်ချက်)
+++++
ရန်ကုန် ရောက်ရှိနေသော အမေရိကန်အရာရှိ စီအာပီပီနှင့် တွေ့ဆုံ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး စတီဖင်ဘလိပ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် မတွေ့ဆုံမီ ပြည်သူ့လွှတ်တော်ကိုယ် စားပြုကော်မတီ (စီအာပီပီ) နှင့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ် (၃) ဦးနှင့်လည်း ရန်ကုန်မြို့တနေရာတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ရွေးကောက်ပွဲနှင့် ပတ်သက်သောကိစ္စများ၊ စီအာပီပီ၏ အကြောင်း၊ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုများနှင့် စပ်လျဉ်းသည့် အမေရိကန်သဘောထားနှင့် စီးပွားရေးပိတ်ဆို့မှု အပြောင်းအလဲ ရှိလာပါက တိုင်းရင်းသားအဖွဲ့များ၏ သဘောထားစသည်တို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ စီအာပီပီ အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင်က ခေတ်ပြိုင်သို့ ပြောသည်။

အမေရိကန် နိုင်ငံခြားရေးဌာန အရှေ့တောင်အာရှ ညွှန်ကြားရေးမှူး မစ္စတာစတီဖင်ဘလိပ်ဘက်မှ ဆွေးနွေးခဲ့မှုများ နှင့် စပ်လျဉ်း၍ “သူတို့က sanction နဲ့ ပတ်သက်လို့ ပေါ်လစီနည်းနည်းပြောင်းချင်တယ်လို့ပြောတယ်။ အဓိကက အစိုးရကိုသာ ထိခိုက်စေမယ်။ နောက် အစိုးရနဲ့ ပတ်သက်တဲ့ ကုမ္ပဏီကြီးတွေကိုသာ ထိခိုက်စေမယ်။ သာမန် ဆင်းရဲသား ပြည်သူတွေကို အကျိုးရှိမယ့် Sanction မျိုးလုပ်ခဲ့မယ်ဆိုရင် အဲဒါကို ဘယ်လိုသဘောထားလဲလို့ မေးတယ်။ ဆိုတော့ အန်ကယ်တို့က ဒီလိုဆိုရင်တော့ လက်ခံနိုင်တယ်လို့ပြောလိုက်တယ်” ဟု ဦးအေးသာအောင် က ပြောသည်။

အဆိုပါတွေ့ဆုံပွဲသို့ စီအာပီပီမှ ဦးအေးသာအောင်နှင့် အတူ ဦးနိုင်ငွေသိမ်း၊ ဦးနိုင်ထွန်းသိမ်းတို့ တက်ရောက်ခဲ့ကြ သော်လည်း ဦးပူကျင့်ရှင်းထန်မှာ ခရီးလွန်နေသဖြင့် မတက်ရောက်ခဲ့ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မဂ္ဂဇင်းထုတ်ပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်

ချင်းမိုင် (မဇ္ဈိမ)။ ။ မန္တလေးတိုင်း မြင်းခြံမြို့တွင် မြန်မာစစ်အစိုးရ ဝန်ကြီးတဦးနှင့် ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) တဦး ဦးဆောင်သည့် မဂ္ဂဇင်းတအုပ်ကို ပြီးခဲ့သည့်တပတ်မှ စတင်ကာ ထုတ်ဝေလိုက်သည်။

အမှတ် (၁) စက်မှုဝန်ကြီး ဦးအောင်သောင်းနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဦးကျော်ဆန်းက ၂ဝဝ၈-၂ဝဝ၉ ခုနှစ် မြင်းခြံမြို့နယ်အမည်ရှိ မဂ္ဂဇင်းကို ထုတ်ဝေခြင်းဖြစ်သည်။

စာအုပ်ထဲတွင် သူတို့၏ ဓာတ်ပုံများ၊ မြင်းခြံမြို့အကြောင်း၊ ဦးအောင်သောင်းမှ မြင်းခြံမြို့တွင် ပညာရည်ချွန် ဆုပေးပွဲ ပြုလုပ်ခြင်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နေသည်တို့ကို အသားပေး ဖော်ပြထားသည်။

မြင်းခြံမြို့သားဖြစ်သည့် ဦးကျော်ဆန်းသည် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ ဝင်ပြိုင်ရန်အတွက် ယခုကတည်းက ကြိုပြင်ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ရန်ကုန်-မြင်းခြံမြို့နယ်အသင်း ရန်ကုန် နာယကနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ဗဟို) အတွင်းရေးမှူး အမှတ် (၁) စက်မှုဝန်ကြီးဌာနဝန်ကြီး ဦးအောင်သောင်းနှင့် မြင်းခြံမြို့နယ် ဥက္ကဋ္ဌ ဦးကျော်ဆန်းဟု စာအုပ်ထဲတွင် ရေးသားဖော်ပြထားသည်။

မဂ္ဂဇင်းမှာ စာမျက်နှာပေါင်း ၂ဝ၉ မျက်နှာရှိပြီး စာရေးဆရာများသည် မြန်မာစစ်အစိုးရ သတင်းစာတွင် ရေးသားလေ့ရှိသည့် မြင်းခြံ မျိုးထွန်း၏ “မိဘနှစ်ပါးသို့ ပန်ကြားလွှာ” ၊ တက္ကသိုလ် မြတ်သူ၏ “တသက်မမေ့ရ ဇာတိချက်ကြွေ မွေးရပ်မြေသို့” အမည်ရ ဆောင်းပါးများလည်း ပါရှိသည်။

စာရေးဆရာ မြင်းခြံ မျိုးထွန်းသည် ယခင်က သစ်တောဝန်ကြီးဌာနမှ ဒုဝန်ကြီးဟောင်းဖြစ်သည့် ဗိုလ်မှူး သိုက်ထွန်း ဖြစ်သည်။

ဦးကျော်ဆန်းသည် ပြီးခဲ့သည့်လက ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အရပ်သား ညွှန်ကြားရေးမှူးချုပ် ရာထူးမှ အငြိမ်းစားယူခဲ့ကာ၊ သမီး ၅ ဦးအနက် သမီးကြီးမှာ စစ်ဗိုလ်တဦးနှင့် အိမ်ထောက်ကျပြီး၊ သမီး ၂ ဦးမှာလည်း အင်္ဂလန်တွင် ကျောင်းတက်နေသည်ဟု ဒုတိယ ဒေသခံက ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
( မဆလ ) ၀န်ကြီးဟောင်းအိမ် ဖောက်ထွင်းခံရ

ရန်ကုန် ရွှေတောင်ကြားလမ်းတွင် နေထိုင်သည့် မဆလခေတ်ဝန်ကြီးဟောင်း အငြိမ်းစားဗိုလ်မှူးကြီးစိန်ရ၏အိမ် ဖောက်ထွင်းခံရပြီး ကျပ်ငွေ သိန်းရာပေါင်းများစွာ တန်ကြေးရှိ စိန်ထည်ပစ္စည်းများ ဆုံးရှုံးသွားကြောင်း ဗဟန်း ရဲစခန်းမှ အမည်မဖော်လိုသူ ရဲဝန်ထမ်းတဦးက ပြောသည်။ စစ်ဆေးချက်အရ အဲယားကွန်း တပ်ဆင်ထားသည့်နေရာမှ ဖောက်ထွင်းဝင်ရောက်လာခြင်းဖြစ်ပြီး အိမ်ရှင်များ၏ တရားဝင် စာရင်းပေးချက်အရ (၄) ရတီ ရှိသည့် စိန်နားကပ်တရံအပါအဝင် အခြား စိန်ထည် (၁၇) မျိုး ခိုးယူခံရ ကြောင်း သိရသည်။ အဆိုပါစာရင်းသည် ရဲစခန်းကို ပေးသည့် စာရင်းသာဖြစ်ပြီး အခြား စာရင်းမပေးသည့် ငွေသား နှင့် ရတနာပစ္စည်းများလည်း ပါဝင်နိုင်ကြောင်း အဆိုပါ ရဲဝန်ထမ်းက ပြောသည်။

ယခု စာရင်းအရ ဖောက်ထွင်းခိုးယူခံရသည့် ပစ္စည်းများ မည်မျှတန်ကြေးရှိနိုင်သလဲ ဆိုပြီး ဗိုလ်ချုပ်ဈေးအတွင်းမှ စိန်အရောင်းဆိုင်တဆိုင်ကို စုံစမ်းရာ ၎င်းတို့ဆိုင်သို့ ယခု နေ့ခင်းပိုင်းကပဲ ရဲမှုခင်းသတင်းတပ်ဖွဲ့မှ တာဝန်ရှိသူများ လာရောက်စုံစမ်းသွားသည့်အတွက် ခိုးယူခံရသည့် ပစ္စည်း (၁၇) မျိုးစာရင်းကို ၎င်းတို့လည်း ဖတ်ရကြောင်း၊ စိန်နားကပ်တရံတည်းကို ပျမ်းမျှ ကျပ် သိန်း (၂ဝဝ) ဝန်းကျင်ခန့် တန်ကြေးရှိပြီး အခြား ရတနာပစ္စည်းများမှာမူ တန်ဖိုးမှန်းဆရန် ခက်ခဲကြောင်း၊ ရဲများက အကယ်၍ စာရင်းပါ စိန်ထည်များကို လာရောက်ရောင်းချသူ ရှိပါက ဆိုင်ထဲတွင် အချိန်ဆွဲထားပြီး ၎င်းတို့ထံ အမြန် တယ်လီဖုန်းဆက် အကြောင်းကြားရန် မှာကြားထားကြောင်း ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အမေရိကန် အရာရှိနှင့် တွေ့ဆုံမှုမှ အပြောင်းအလဲ မဖြစ်နိုင်ဟု အန်အယ်ဒီ ပြောကြား

ချင်းမိုင် (မဇ္ဈိမ)။ ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ စတီဖင် ဘလိတ်နှင့် ယမန်နေ့က တွေ့ဆုံမှုကြောင့် အပြောင်းအလဲကြီးတခု ဖြစ်ပေါ်လာနိုင်စရာ မရှိဟု အန်အယ်ဒီက ပြောဆိုသည်။

နိုင်ငံရေးဆိုင်ရာ အချက်အလက်များ စုဆောင်းရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော မစ္စတာ စတီဖင် ဘလိတ် Stephen Blake နှင့် အန်အယ်ဒီ တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ပါတီရုံးချုပ်၌ တနာရီကြာ တွေ့ဆုံဆွေးနွေးခဲ့မှုအပေါ် ယခုလို ပြောဆိုလိုက်ခြင်းဖြစ်သည်။ ယမန်နေ့က ဆွေးနွေးပွဲသို့ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးညွန့်ဝေ၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ သခင်စိုးမြင့် စသည့် ဗဟိုအလုပ်အမှုဆောင် ၆ ဦး အပါအဝင် ရန်ကုန်တိုင်း ဒုဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်း၊ ဗဟိုပြန်ကြားရေး ကော်မတီမှ ဦးဟံသာမြင့်၊ ဦးဉာဏ်ဝင်းတို့ တက်ရောက်ခဲ့သည်။

အခြား ဗဟိုအလုပ်အမှုဆောင်များဖြစ်သော ဦးလွန်းတင်၊ ဦးအောင်ရွှေနှင့် ဦးလွင်တို့သည် ကျန်းမာရေးအခြေအနေကြောင့် ဆွေးနွေးပွဲသို့ တက်ရောက်နိုင်ခြင်းမရှိကြောင်း သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အမေရိကန်ရောက် မြန်မာကလေးငယ်များ ခဲအဆိပ်သင့်မှု တိုင်းရင်းဆေး နှစ်မျိုးကို သံသယရှိ
-
မြန်မာအများစု အခြေချနေထိုင်သော အမေရိကန်ပြည်ထောင်စု အင်ဒီယားနာပြည်နယ် ဖို့တ်ဝိန်းမြို့မှာ ကလေးငယ်များအကြား ခဲ အဆိပ်သင့်သည်ကို တွေ့ရှိခဲ့ပြီးနောက် တားမြစ်ချက်များ ထုတ်ပြန်လာသည်ဟု ဖို့တ်ဝိန်းနေသော မြန်မာများက RFA ကို ပြောသည်။

ပြည်နယ် ကျန်းမာရေးဌာနမှ ဆေးတံဆိပ်နှင့်အတူ တားမြစ်လိုက်သည့် ကလေး ဆေးနှစ်မျိုးမှာ ဒေါ်တွေး၏ ဂေါမုတ္တဆေးနှင့် ဒေါ်ကျင် သူငယ်နာ ၀မ်းနှုတ်ဆေး ဖြစ်သည်။ ဒေါ်တွေး၏ ဂေါမုတ္တဆေးမှာ ခဲ ဓါတ် ပါဝင်မှုသည် အမေရိကန် ဆေးဝါးဌာနမှာ ခွင်ပြုသော ပမာဏထက် အဆ ၂၀၀ ကျော် ပါဝင်နေပြီး ဒေါ်ကျင် သူငယ်နာဆေးသည်လည်း စိန်ဖြူ ပမာဏ အမြောက်အများ ပါဝင်နေသည်ဟု ဖေါ်ပြသည်။

အမေရိကန်ပြည်ထောင်စု အင်ဒီယားနား၊ အီလီနွိုက်၊ ကင်တာကီ၊ အိုဟိုင်းအိုး၊ မစ်ချီဂန်၊ အစ္စဆူရီ စသော ပြည်နယ်မှ ဒုက္ခသည်များအကြား ခဲ အဆိပ်သင့် ကလေးသူငယ် အရေအတွက် ၁၂၀၀၀ ရှိသည်ဟု သိရသည်။
( အာအက်ဖ်အေသတင်းမှ ကောက်နှုတ်ချက် )
+++++
မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေး ထိုင်းထောက်ခံဟု အဖိဆစ် ပြော

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံးနှင့် တွေ့ဆုံဆွေးနွေးရေးကိစ္စမှာ မြန်မာစစ်အစိုးရနှင့် ကုလအပေါ်တွင်သာ တည်မှီကြောင်းနှင့် ထိုင်းနိုင်ငံအနေဖြင့်မူ မြန်မာပြည် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးအတွက် ထောက်ခံကြောင်း ထိုင်းဝန်ကြီးချုပ်က ထပ်လောင်းပြောဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး - KNU ကို ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်စေရန်နှင့် စစ်အစိုးရနှင့် ရင်ကြားစေ့ရေးအတွက် ဖျောင်းဖျပေးပါရန် မြန်မာစစ်အစိုးရ၏ တိုက်တွန်းချက်နှင့်ပတ်သက်၍ ထိုင်းဝန်ကြီးချုပ် အဖိဆစ်က ယမန်နေ့က ဤသို့ မှတ်ချက်ပေး ပြောကြားသွားခြင်းဖြစ်သည်။ မြန်မာစစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် သဘောမတူသော တိုင်းရင်းသားအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သဘောတူခဲ့သည်ဟု မိမိကို အကြောင်းကြားခြင်း မရှိသေးကြောင်း ထိုင်းဝန်ကြီးချုပ်က ဆက်ပြောသည်။

ထို့ပြင် သူက ဆက်ပြောရာ အာဆီယံ၏ ရပ်တည်ချက် သဘောထားမှာ အလွန်ပင် ရှင်းလင်းကြောင်းနှင့် လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် အဖွဲ့အစည်းအားလုံး ပါဝင်ယှဉ်ပြိုင်သည်ကို မြင်လိုကြောင်း ပြောသွားသည်။

သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်းအတွင်းမှ ထွက်လာသော အသံ အတော်များများက ၂ဝ၁ဝ ရွေးကောက်ပွဲတွင် အဖွဲ့အားလုံးကို မျှတစွာ ယှဉ်ပြိုင်ခွင့်ပေးမည်ဆိုသည်ကိုမူ သံသယဖြစ်ကြကြောင်း ထုတ်ဖော်ပြောဆိုကြသည်။

မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သော မိမိ၏ ခရီးစဉ်အတွင်း တိုင်းရင်းသားသူပုန်အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ မြန်မာစစ်အစိုးရ၏ ဒီမိုကရေစီ လမ်းပြမြေပုံတွင် ပူးပေါင်းပါဝင်ရေးအတွက် KNU ကို ဖျောင်းဖျနားချပေးပါရန် မြန်မာစစ်အစိုးရက မိမိအား အကူအညီတောင်းခဲ့ကြောင်းဖြင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာကာဆစ်က ထုတ်ဖော်ပြောကြားအပြီး ဤသို့ အဖိဆစ်၏ မှတ်ချက်ချ ပြောကြားချက် ပေါ်ထွက်လာခဲ့ခြင်းလည်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ရှေ့နေ ကိုဖိုးဖြူ သရက်ထောင်တွင် တိုက်ပိတ်ခံရ


နတ်မောက်မြို့ ယာသမားများအတွက် မြေကွက်အား စစ်တပ်က သိမ်းသည့် အမှုကို လိုက်ပါဆောင်ရွက်ပေးသူ ကိုဖိုးဖြူကို သရက်ထောင်တွင် ဖမ်းဆီးထားရာ၌ ယခုအခါ တိုက်ပိတ်ထားသည်ဟု သရက်ထောင် အသိုင်းအ၀ိုင်းနှင့် နီးစပ်သူများက ပြောဆိုသည်။

ကိုဖိုးဖြူ ဆောင်ရွက်ခဲ့သည့် အမှုသည် နတ်မောက်မြို့ ရွာမွန် အုပ်စု၏ လယ်သမား ၅၀ ကျော် ပိုင်ဆိုင်သော လယ်မြေဧက ၈၀၀၀ နီးပါးကို ပင်မ စက်လက်နက်တပ်က သိမ်းယူခဲ့ပြီး လယ်သမားများအား ပြန်လှည် ငှားရမ်းသည့် အမှု ဖြစ်သည်။ ထိုအမှုအတွင်း ဦးဆောင် တိုင်တန်းသူ ကိုဇော်ဌေးနှင့် သုံးဦးကို ဖမ်းဆီးခဲ့သည်။ တရားရုံးတင်သည့်အခါ ကိုဇော်ဌေးအား ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။

တိုင်တန်းသူ လယ်သမားများ ၅၀ဦးမှ ၃၀ဦးခန့်အား စစ်တပ်၏ ခြိမ်းခြောက်မှုနှင့်အတူ ILOအဖွဲ့ကို တိုင်းတန်းခြင်းမရှိကြောင်း လက်မှတ် ရေးထိုးခဲ့ရသည်။ ၎င်းအမှုနှင့် ပတ်သက်၍ ရှေ့နေကိုဖိုးဖြူအား မကွေးမြို့တွင် ဖမ်းဆီးလိုက်ပြီး တရားအသင်းဖွဲ့စည်းမှုဖြင့် တရားရုံးက ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့သည်။
( အာအက်ဖ်အေသတင်းမှ ကောက်နှုတ်ချက် )
+++++
မတ်လ ၂၇ ရက်
ရက်သတ္တပတ် ၁၃ ၊ ၂၀၀၉
မြန်မာသတင်း

ကုလပိုင် ပစ္စည်းများကို အစိုးရရုံးများနှင့် အင်ဂျီအိုများ အလွဲသုံးစားမှု ပေါ်ပေါက်


မြန်မာနိုင်ငံရှိ (UNHCR) ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးခွဲအပြင် အဆိုပါရုံးအတွက် အကောင်အထည်ဖော် လုပ်ကိုင်နေသည့် အန်ဂျီအိုရုံး (၃) ခုအား ကုလစာရင်းစစ်အဖွဲ့က စစ်ဆေးရာ ပိုလျှံဝန်ထမ်းခန့်ထားမှု၊ စာချုပ်မရှိဘဲ ငွေထုတ်ပေးမှု၊ လောင်စာဆီလက်ကျန်ကွာဟမှု စသည်တို့ တွေ့ရကြောင်း ကုလစာရင်းစစ်အဖွဲ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။

UNHCR ရုံးနှင့် ဆက်သွယ်လုပ်ကိုင်နေသည့် Bridge Asia-Japan (BAJ) အန်ဂျီအိုရုံးတွင် ၀န်ထမ်းများပိုလျှံစွာ ခန့်ထားသည်။ BAJ ရုံးသည် တနှစ်ကို ဒေါ်လာသန်းဝက်မျှသာ သုံးစွဲသည့်ရုံးဖြစ်သော်လည်း Program မန်နေဂျာ တဦး၊ လက်ထောက်တဦး၊ ဘဏ္ဍာရေးအရာရှိအပြင် စာရင်းစစ်နှစ်ဦး ခန့်ထားသည်ကို တွေ့ရကြောင်း ကုလစာရင်း စစ်အဖွဲ့ အစီရင်ခံစာမှာ ထောက်ပြထားသည်။ ထို့ပြင် BAJ အန်ဂျီအိုသို့ လွှဲပြောင်းပေးသည့် UNHCR ရုံးပိုင် ပစ္စည်းများ စာရင်းမှာလည်း မောင်းတောရှိ BAJ ရုံးစာရင်းနှင့်ကွာနေကြောင်း စာရင်းစစ်များက ဖော်ပြထားသည်။

မြန်မာစစ်အစိုးရ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဌာနက သုံးစွဲနေသည်ဆိုသည့် ရန်ကုန် UNHCR ရုံးပိုင်ဆိုင်သည့် တလုံး ဒေါ်လာ (၃,၀၀၀) နီးပါးတန်သည့် ကွန်ပျူတာ (၁၀) လုံးဆိုသည်ကိုလည်း ရှာမတွေ့ ခဲ့ကြောင်း အစီရင်ခံစာတွင် ရေးထားသည်။

၎င်းပြင် ရခိုင်ပြည်နယ် မောင်းတောအခြေစိုက် မြန်မာကြက်ခြေနီအဖွဲ့ရုံးအတွက် ပေးထားသည့် UNHCR ကားကိုလည်း ရန်ကုန် မြန်မာကြက်ခြေနီရုံးက အလုပ်အမှုဆောင်လူကြီးက သုံးနေကြောင်း တွေ့ရသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံ UNHCR ရုံးအတွက် လိုအပ်သည့် ၀န်ထမ်းများ (အဓိက လုံခြုံရေးဝန်ထမ်းများ) ကို ရန်ကုန်မှ A&A Natural Resources Development ကုမ္ပဏီက ရှာဖွေပေးသည်။ သို့သော် ၂၀၀၄ ခုနှစ်တွင် အဆိုပါ ကုမ္ပဏီနှင့် ရန်ကုန် UNHCR ရုံးတို့ စတင်လုပ်ကိုင်ခဲ့ပြီး ထိုကုမ္ပဏီကို UNHCR မှ ဒေါ်လာ (၁၀၅,၀၀၀) ပေးထားပြီးသည့်တိုင် UNHCR နှင့် A&A Natural Resources Development ကုမ္ပဏီတို့ကြား စာချုပ်စာတမ်း လက်မှတ်ရေးထိုးထားခြင်း မရှိသည်ကိုလည်း ကုလစာရင်းစစ်များက အပြစ်တင်ထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဖက်ဆစ် တော်လှန်ရေးနေ့သာဖြစ်ဟု အန်အယ်ဒီ ပြောကြား

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ၌ ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားများကို စစ်အစိုးရအဆက်ဆက်က တပ်မတော်နေ့အဖြစ် လွဲမှားစွာ ကျင်းပနေသည်ဟု အန်အယ်ဒီက ယနေ့ ပြောသည်။
ယနေ့ကျရောက်သည့် ၆၄ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို ရန်ကုန် အန်အယ်ဒီ ဌာနချုပ်တွင် ကျင်းပခဲ့အပြီး အဖွဲ့၏ ဗဟိုပြန်ကြားရေးကော်မတီ အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

“ဖက်ဆစ်တော်လှန်ရေးနေ့ဆိုတာ လွတ်လပ်ရေး ရကတည်းက တောက်လျှောက်ကျင်းပလာတာ။ မဆလ လက်ထက်ကျမှ တပ်မတော်နေ့ဆိုပြီး ဒီနေ့ကို သူတို့ ရွေးချယ်တယ်။ တကယ်တော့ ဒီနေ့ဟာ တပ်မတော်အတွက်နေ့ မဟုတ်ဘူး။ တပ်မတော်သားရော၊ တော်လှန်ရေး ရဲဘော်ရော၊ နိုင်ငံရေးသမားရော၊ ပြည်သူရော တော်လှန်ရေးမှာ အားလုံးပါဝင်တာ။ တပ်မတော်ကပဲ တော်လှန်တာ မဟုတ်ဘူး။ အားလုံးပါဝင်လာတဲ့အတွက် တော်လှန်ရေးနေ့ပါ။ တပ်မတော်နေ့လို့ ပြောတာဟာ ကျနော်တို့အမြင်ကတော့ နည်းနည်းလွဲတယ်လို့ထင်ပါတယ်။ ဒါကို သူတို့ ယူခဲ့တာတော့ကြာပြီ” ဟု သူက မဇ္ဈိမကို ပြောသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သခင်စိုးမြင့်က သဘာပတိအဖြစ် ဆောင်ရွက်သည့် ယနေ့ အခမ်းအနားသို့ ဗြိတိန်၊ အီတလီ၊ ပြင်သစ်၊ အမေရိကန် စသည့် အနောက်နိုင်ငံများမှ သံတမန်များ တက်ရောက်ကြသည်။

သို့သော် တရုတ်၊ ရုရှ၊ အိန္ဒိယ၊ ထိုင်း အပါအဝင် အာရှနိုင်ငံများမှ သံတမန်များကို ဖိတ်ကြားခဲ့သော်လည်း တက်ရောက်လာခြင်း မရှိကြောင်း သိရသည်။

အန်အယ်ဒီမှ ကျန်းမာရေးမကောင်းသည့် ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နှင့် ဦးလွန်းတင်တို့မှလွဲ၍ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အားလုံး၊ ဝါရင့်နိုင်ငံရေးသမားကြီးများ၊ အခြားနိုင်ငံရေးလောကသားများ အပါအဝင် ဧည့်ပရိသတ် ၅ဝဝ ကျော် တက်ရောက်ကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မြောက်ဥက္ကလာမှာ ဗုံးကွဲ တဦးသေ


မတ်လ (၂၆) ရက် ညနေ (၄) နာရီခန့်အချိန်က မြောက်ဥက္ကလာပမြို့ နယ် (၆) ကွေ့ရှိ တော်ဝင်နန်း တည်းခိုခန်းတွင် ဗုံးတလုံးပေါက်ကွဲရာ လူတဦး ပွဲချင်းပြီးသေဆုံးကာ နောက်တဦးမှာ လက်ဖျံတွင် ဒဏ်ရာရရှိသွားကြောင်း ရန်ကုန်ဒေသခံများက ပြောသည်။

ရန်ကုန်အေအက်ဖ်ပီသတင်းကမူ (၁) ဦးသေပြီး (၂) ဦးဒဏ်ရာရသည်ဟု ရေးထားသည်။ ယင်းသို့ ဖြစ်ပွားရခြင်းမှာ ဗုံးကို ဖောက်ခွဲရန်ကြံစည်နေစဉ် ပေါက်ကွဲခြင်းဖြစ်သည်ဟု ဒေသခံအာဏာပိုင်တဦးက ပြောသည်။

နေပြည်တော်တွင် စစ်အစိုးရအခေါ် တပ်မတော်နေ့မကျင်းပမီ တရက်အလို ရန်ကုန်၌ ယခုကဲ့သို့ ဗုံးပေါက်ကွဲခြင်း ဖြစ်ပြီး မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကို စစ်အစိုးရဘက်က မဖော်ထုတ်နိုင်သေးပေ။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
စစ်ကားက ခရီးသည်တင်ကားကို တိုက်

ချင်းမိုင် (မဇ္ဈိမ)။ ။ အရှိန်မထိန်းနိုင်သော စစ်သုံးထရပ်ကား တစီးက ခရီးသည်တင် ဘတ်စ်ကားတစီးကို ကန့်လန့်ဖြတ် ဝင်တိုက်မိပြီးနောက် ဆက်လက်၍ လမ်းလည်ရှိ လျှပ်စစ် ဓာတ်မီးတိုင်ကို ဝင်တိုက်မှု ယနေ့ မွန်းလွဲ ၂ နာရီကျော်က ရန်ကုန်မြို့လယ်တွင် ဖြစ်ပွားခဲ့သည်။

စစ်ကားက ခရီးသည်တင်ကားကို တိုက်လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းအတိုင်း ကမ်းနားလမ်းဘက်မှ အရှိန်ပြင်းစွာ မောင်းနှင်လာသော စစ်သုံးမော်တော် ယာဉ်အမှတ် (* ၄၁ဝ၁ ဗ ) မှ မဟာဗန္ဓုလ လမ်းအတိုင်း ဆူးလေဘုရားဘက်သို့
မောင်းနှင်လာသော ရွှေဧည့်သည်-၂ ယာဉ်လိုင်းမှ ခရီးသည်တင် ဘတ်စ်ကား ယာဉ်အမှတ် (၇ခ/၉၆၈ဝ) ကို ဘုန်းကြီးလမ်းမီးပွိုင့်သို့ အရောက်တွင် ကန့်လန့်ဖြတ် ဝင်ရောက် တိုက်မိခဲ့ခြင်း ဖြစ်သည်။

ဘတ်စ်ကား အတက်အဆင်းတံခါးအနီး လိုက်ပါလာသူ ယာဉ်နောက်လိုက်မှာ ဒဏ်ရာ ရရှိသွားပြီး “ရင်ဘတ်အောင့်သည်၊ ဆေးရုံပို့ပေးပါ” ဟု ပြောဆိုနေသည်ကို တွေ့မြင်ရကြောင်း မျက်မြင်သက်သေများက ပြောသည်။ ထို့အပြင် စစ်ကားတွင် လိုက်ပါလာသူတစ်ဦး လမ်းပေါ်သို့ လွင့်စင် ပြုတ်ကျသွားခဲ့ကြောင်း မျက်မြင်သက်သေများက ဆိုသည်။

ခရီးသည်တင်ယာဉ်၏ လူအတက်အဆင်း တံခါးပေါက် နေရာကို ဦးစွာ တိုက်မိခဲ့သဖြင့် ခရီးသည်တင် ဘတ်စ်ကားမှာ ယိမ်းခါသွားခဲ့စဉ် ကားနောက်ဘက် ယာဘက်ပိုင်းကို ထပ်မံ တိုက်မိခဲ့ရာ ဘတ်စ်ကားသည် ဘီးနှစ်ဘီး မြေပြင်မှ လွတ်သည်အထိ
တိမ်းစောင်းသွားခဲ့ပြီး အဆိုပါ အနေအထားအတိုင်း ဆယ့်ငါးပေခန့် ဆက်လက် ရွှေ့လျားသွားခဲ့သည်။

စစ်ကားက ခရီးသည်တင်ကားကို တိုက်ထို့နောက် စစ်ကားသည် လမ်းမတော် ရဲစခန်းအနီး စိုးမိုးကျော်နှင့် ဝိုင်းဝိုင်းလည် ထီဆိုင်ရှေ့ရှိ လမ်းမီးတိုင်ကို ထပ်မံဝင်တိုက်ပြီးမှ ရပ်တန့်သွားသည်.။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စည်ပင်ငွေနှင့် ကြံ့ဖွံ့အတွက် စည်းရုံး

ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းသည် အများပြည်သူထံမှ ကောက်ခံထားသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့ပိုင် ငွေများဖြင့် ကြံ့ဖွံ့အတွက် မဲဆွယ်စည်းရုံးမှုများ လုပ်နေကြောင်း အင်းစိန်မြို့နယ်အတွင်း နေထိုင်သူ မြို့ခံများက ပြောသည်။

ယခုကဲ့သို့ ဗိုလ်မှူးချုပ်အောင်သိန်းလင်း မဲဆွယ်စည်းရုံးမှု ပြီးသည့်နောက် စည်ပင်သာယာရေးအဖွဲ့များ လာရောက်ပြီး ကြံ့ဖွံ့ ဆိုင်းဘုတ်များ စိုက်ထူကာ လမ်းခင်းခြင်း၊ စာသင်ကျောင်းပြုပြင်ခြင်း စသည်တို့ကို လုပ်ကိုင်ခဲ့ကြောင်း၊ သို့သော် (၃-၄) ရက်မျှ ဟန်ပြ လုပ်ကိုင်ပြီးနောက် မပြီးစီးပဲ ရပ်တန့်နေသည်မှာ ယနေ့တိုင်ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

အင်းစိန်မြို့ခံ ပြည်သူများကမူ ဗိုလ်မှူးချုပ်အောင်သိန်းလင်း၏ ယခုလုပ်ရပ်သည် ၂ဝ၁ဝ ရွေးကောက်ပွဲကာလတွင် ကြံ့ဖွံ့က ဖွဲ့စည်းယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို မဲပေးရန် အကြိုမဲဆွယ်ပွဲ ပြုလုပ်နေခြင်းပင်ဖြစ်ကြောင်း၊ ပြည်သူများထံမှ ကောက်ခံရငွေဖြင့် ပြည်သူများကို ပြန်စည်းရုံး ငါးကြင်းဆီနှင့် ငါးကြင်းကြော်သည့်သဘောဖြစ်ကြောင်း၊ ပြည်သူအားလုံးကလည်း သိနားလည်ကြကြောင်း ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကဗျာဆရာကြည်အောင် ကွယ်လွန်

ချင်းမိုင်(မဇ္ဈိမ) ။ ။ နာမည်ကြီး ကဗျာဆရာ ကြည်အောင်သည် အသက် ၇၂ နှစ်အရွယ်တွင် နှလုံးရောဂါဖြင့် မန္တလေး ပြည်သူ့ဆေးရုံကြီး၌ ယနေ့ ညနေပိုင်းက ကွယ်လွန်သွားပြီဖြစ်သည်။

အမည်အရင်း ကြည်လင်နှင့် ကလောင်အမည် ကြည်အောင်သည် စာဖတ်ပရိသတ်က ချစ်ခင်လေးစား ခံရသူ ဖြစ်သည်။ ဆရာကြီးသည် ၁၉၆၃ ခုနှစ်တွင် သူ၏ “လမင်းတရာ ကဗျာများ” စာအုပ်ဖြင့် အမျိုးသား စာပေဆု ရရှိခဲ့ပြီး၊ “မိခင် မာရသွန်”၊ “သိစ္စာရှာဖို့ ငါ မြင်းရှာမယ်” ၊ “ဟေမန္တ ခြေမြန်တော်” စသည့် ကဗျာများဖြင့် ထင်ရှားကျော်ကြားသည်။ သူသည် မောင်ရူပ အမည်ဖြင့် ချင်းတွင်းဂျာနယ်များတွင် ယခင်ကတည်းက ကဗျာများ ရေးသားခဲ့သည်။

ကဗျာဆရာ ကြည်အောင်၏ ဈာပနကို နိုင်ငံတော် ဈာပနအဖြစ် ပြုလုပ်ပေးသင့်ကြောင်း ကိုလေး (အင်းဝ ဂုဏ်ရည်) က ဆိုသည်။

တနင်္ဂနွေနေ့ နံနက် ၁ဝ နာရီတွင် ပြည်သူ့ဆေးရုံ အအေးတိုက်မှ ကြာနီကန် (သုဿန်) တွင် သင်္ဂြိုဟ်မည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ပြောင်းရွေ့ မြေနေရာ အင်းစိန် မယက ပွဲစားလုပ်


အမှတ် (၃) သံမဏိစက်ရုံ ကုန်ကြမ်းသယ် ရထားလမ်းဖောက်လုပ်ရန်အတွက် နေရာရွှေ့ပြောင်းပေးခဲ့ကြရသော အင်းစိန်ဖော့ကန်ရပ်ကွက်မှ မိသားစုအချို့အိမ်မရရှိသေးမှုကို အထက်အာဏာပိုင်များထံ တိုင်ကြားထားသော်လည်း ဖြေရှင်းပေးခြင်းမပြုသည့်အပြင် အင်းစိန်မယကအဖွဲ့ဝင်တချို့က အိမ်ပွဲစားလုပ်နေကြကြောင်း ရွှေ့ပြောင်း ရပ်ကွက်သားတဦးက ပြောသည်။

ရွှေ့ပြောင်းခံအိမ်ခြေ (၄၀၀) ကျော်မှ အိမ်ထောင်စုအချို့ ရယကအဖွဲ့ဝင်များ၏ မသမာမှုများကြောင့် အိမ်မရရှိခဲ့ကြ ၍ အထက်တိုင်ကြားရာ မယက က ယခုကဲ့သို့ ဖြေရှင်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စများအတွက် မတ်လ (၈) ရက်တွင် ရွှေပြည်သာမြို့နယ်မှ မယကအဖွဲ့ဝင်များနှင့် စရဖများက ရပ်ကွက်သားအချို့အား လာရောက်စုံစမ်းမေးမြန်းမှုများပြုခဲ့သော်လည်း နောက်ပိုင်းတွင် အရေးယူခြင်း၊ ရှင်းပေးခြင်း မရှိဘဲ အင်းစိန်မယကမှသာ လာရောက်အိမ်ပွဲစားလုပ်နေသည်ဟု ရပ်ကွက်သားများက ဆိုသည်။
(ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက်)
+++++
တွံတေး ကျူရှင်ဆရာ ဆန္ဒပြပြန်ပြီ

နယူးဒေလီ။ ။ ရန်ကုန်တိုင်း တွံတေးမြို့မှ တကိုယ်တော် ဆန္ဒပြသမား ကျူရှင်ဆရာ ဦးအောင်ဖေသည် ယနေ့နံနက်ပိုင်းက ဆန္ဒပြရာ အာဏာပိုင်များက ဖမ်းဆီး ခေါ်ဆောင်သွားသည်။

အသက် ၅၂ နှစ်အရွယ် ဦးအောင်ဖေသည် တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် ယနေ့နံနက် ၆ နာရီခန့်မှ နေ့လယ် ၁၁ နာရီခွဲအထိ (၅ နာရီခွဲခန့်အကြာ) မတ်တပ်ရပ် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။ “သူက ဘာမှ မလုပ်ဘူး။ သူ့စာ သူ ဖတ်နေတာ။ စည်းဝိုင်းတားပြီး မတ်တပ်ရပ်တယ်။ တမနက်လုံး ရဲတွေ မတွေ့ဘူး။ တွေ့တော့မှ ဓာတ်ပုံရိုက်ပြီး ခေါ်သွားတာပဲ။ ရိုးရိုးရဲတွေ၊ ရဲသတင်းတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်လူကြီး (ရယက) တွေ ပါတယ်” ဟု မျက်မြင်သက်သေတဦးက မဇ္ဈိမကို ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

No comments: