Sunday, March 15, 2009

သတင်း မှတ်စု ( ၁၁ )

တပတ်အတွင်း သတင်းမှတ်စု


မတ်လ ၉ ရက်
ရက်သတ္တပတ် ၁၁ ၊ ၂၀၀၉
မြန်မာသတင်း


မော်လမြိုင်မြို့တွင် ဆူပူဆန္ဒပြပွဲ

လျှပ်စစ်မီး လုံးဝ မရသလောက် ဖြစ်နေသည်ကို အကြောင်းပြုပြီး မတ်လ (၆) ရက်နေ့ညက မော်လမြိုင်မြို့တွင် ဆူပူဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ကြောင်း ကိုယ်တိုင်ပါဝင်ဆန္ဒပြခဲ့သူ ကျောင်းသားတဦးနှင့် မြို့ခံများက ပြောပြသည်။ မြို့ခံများ၏ ပြောပြချက်အရ ကျောင်းသားများသည် ဆိုင်ကယ်ကိုယ်စီ စီးပြီး ညဦးပိုင်းမှ ညနက်သည်အထိ မန္တလေးရပ် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ ငန်းတေးရပ် မီးစက်နှင့် အခြားမြို့တွင်းနေရာ အတော်များများကို လှည့်လည်ဆန္ဒပြခဲ့ကြသည်။

စိတ်ဝင်စားသူ လူအုပ်ကြီးကလည်း ဆိုင်ကယ်များဖြင့် ဝင်ရောက်ပူးပေါင်းခဲ့ကြသည်။ နောက်ပိုင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဘက်သို့ ဆိုင်ကယ်အုပ်ကြီး ချီတက်သွားသည့်အခါ လျှပ်စစ်မီး ထိန်ထိန်လင်းနေသည့် တိုင်းစစ်ဌာနချုပ် အဆောက်အဦ ဘားတိုက်များကို မြင်ရသည့်အခါ ပိုမို ဒေါသထွက်လာကြကြောင်း၊ သို့သော် စစ်တပ်ပတ်ဝန်းကျင်ဖြစ်သည့်အတွက် အော်ဟစ်ခြင်းသာ လုပ်ပြီး ပြန်လှည့်လာကြကြောင်း ပြောပြသည်။

ယခုကဲ့သို့ ဆူပူဆန္ဒပြပွဲ ဖြစ်ပွားပြီးနောက် မတ်လ (၇) ရက်နေ့ နံနက်မှ စတင်ကာ ထူးထူးဆန်းဆန်း တမြို့လုံး လျှပ်စစ်မီးရနေခြင်း ကြုံရကြောင်း မြို့ခံများက ပြောပြကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် ) မတ်လ(၈) ရက်၊ ၂၀၀၉
+++++
တရုတ်ပညာရှင် သေဆုံး

ချင်းမိုင် (မဇ္ဈိမ)။ ။ တရုတ်နိုင်ငံ ပီကင်း တက္ကသိုလ်မှ ပညာရှင်တဦးသည် မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ပြုလုပ်သော နူကလီးယားဌာန ဆွေးနွေးပွဲသို့ တက်ရောက်နေရင်း ရန်ကုန်မြို့ ရှိ စင်ထရယ် ဟိုတယ်တွင် သေဆုံးသွားခဲ့သည်။

မစ္စတာ Zhang Peixin (အသက် ၄၇) သည် အစည်းအဝေးနောက်ဆုံးနေ့မှာပင် ဟိုတယ် အိပ်ခန်းအတွင်း မှောက်ရက် အနေအထားဖြင့် သေဆုံးနေခြင်း ဖြစ်သည်။

Zhang သည် ဖေဖော်ဝါရီ ၂၂ ရက်နေ့က မြန်မာနိုင်ငံသို့ စတင်ရောက်ရှိခဲ့ပြီး ငှင်းပြန်မည့် မတ်လ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် အစည်းအဝေးခန်းသို့ ရောက်လာခြင်းမရှိ၍ ၀န်ကြီးဌာန တာဝန်ရှိသူများနှင် ဟိုတယ်ဒုတိယမန်နေဂျာက အခန်းတံခါးကို ဖွင့်ပြီး ၀င်ရောက်ရာတွင် မှောက်လျက် အနေအထားဖြင့် တွေ့ရှိခဲ့ကြသည်။ ဟိုတယ်၏ အကြောင်းကြားချက်အရ ရဲနှင့် ဆေးဘက်ဆိုင်ရာတို့က ရောက်ရှိစစ်ဆေးရာတွင် သူ၏ခန္ဓာကိုယ်၌ ဒဏ်ရာတစုံတခု မတွေ့ရဘဲ သေဆုံးပြီး ဖြစ်သည်ဟု အတည်ပြုခဲ့ကြသည်။

ရန်ကုန်ဆေးရုံကြီးရှိ မှုခင်းဆရာဝန်များက ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးရာ ပင်မနှလုံးသွေးကြောများကျဉ်းနေသည်ကို တွေ့ရှိခဲ့သည်ဟု ရဲသတင်းရပ်ကွက်က ပြောသည်။

စုံစမ်းစစ်ဆေးသူများ၏ သတင်းရပ်ကွက်အရ အခင်းဖြစ်ပွားချိန်တွင် သေဆုံးသူသည် တဦးတည်းသာ ရှိနေခဲ့သည်ဟု သိရသည်။

သူ၏ဇနီးနှင့် သမီးဖြစ်သူတို့ မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ပြီး ရုပ်အလောင်းကို မတ်လ ၆ ရက်နေ့ ၄ နာရီ မိနစ် ၂၀ တွင် ရေဝေးသုသာန်တွင် မီးသဂြိုလ်၍ ကြွင်းကျန်သော အရိုးပြာကို တရုတ်နိုင်ငံသို့ ပြန်လည်ယူဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
လူငယ် အကူအညီပေးရေးအဖွဲ့များကို တိုးချဲ့ဖွဲ့စည်းသွားမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ဖော်ဆောင်ရေးအဖွဲ့ (ဗဟို) နှင့် တိုင်းနှင့်ပြည်နယ်များမှ လူငယ်အကူအညီ ပေးရေးအဖွဲ့တို့ ယခုလ (၂၆) ရက်တွင် တွေ့ဆုံညှိနှိုင်းပြီး လူငယ်ရေးရာများကို ပိုမိုလုပ်ဆောင်သွားနိုင်ရန် လူငယ် အကူအညီပေးရေးအဖွဲ့များကို တိုးချဲ့ဖွဲ့စည်းသွားမည်ဟု အဖွဲ့ချုပ်လူငယ်ဖော်ဆောင်ရေးတာဝန်ခံ ကိုအေးထွန်းက ပြောသည်။ သို့သော် ဖွဲ့စည်းသည့်အချိန်တွင် အနှောင့်အယှက် ကြုံရမှုမျိုးရှိကြောင်း၊ ပြီးခဲ့သည့် စနေ၌ လူငယ် တာဝန်ခံတယောက်နှင့် အထက်မြန်မာပြည်က တာဝန်ခံတဦးဖြစ်သည့် ကိုလှဦးတို့ စစ်ကိုင်းတိုင်း ရွှေဘိုသို့ သွားရာ၌ အာဏာပိုင်များက ဆိုင်ကယ်များဖြင့် လိုက်လံကြည့်ရှုခဲ့ကြောင်း ကိုအေးထွန်းက ဆက်လက် ပြောသည်။

ယခုကဲ့သို့ နှောင့်ယှက်မှုများကို ဧရာဝတီတိုင်းအတွင်း၌လည်း ပြုလုပ်လျက်ရှိပြီး လူငယ်တာဝန်ခံ ကိုဆပ်ခင်ဇော်လင်း လာရောက်ပါက သတင်းပေးရန် အာဏာပိုင်များက ဒေသတွင်း ရယကများကို ဖိအားပေးထားကြောင်း သိရသည်။

ယင်းအခက်အခဲများကြားမှပင် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်(၃) ခုတွင် လူငယ်အဖွဲ့များ ဖွဲ့စည်းထားနိုင်ခဲ့ပြီး ယခုလကုန်တွင် (၇) မြို့နယ်၌ ထပ်မံဖွဲ့စည်းနိုင်မည်ဖြစ်ကြောင်း ကိုအေးထွန်းက ပြောသည်။ အဖွဲ့ချုပ်အနေဖြင့် လူငယ်ရေးရာများကို ပိုမိုလုပ်ဆောင်လျက်ရှိရာ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင်လည်း လူငယ်အကူအညီပေးရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
နိုင်ငံတကာ ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ်များ အစည်းအဝေး ပြီးဆုံး

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်ကိုင်းတောင်ရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်၌ ကျင်းပနေသော နိုင်ငံပေါင်း ၂၁ နိုင်ငံမှ သံဃာတော်များ တက်ရောက်ခဲ့သည့် နိုင်ငံတကာ ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ်များ၏ အစည်းအဝေးကြီး ယမန်နေ့က ပြီးဆုံးသွားသည်။

ယခုလ ၆-၇-၈ သုံးရက်တွင် ပါဋ္ဌိစာပေသည် ဗုဒ္ဓဘာသာအတွက် အဘယ်ကြောင့် အရေးကြီးပုံ၊ ပါဌိစာပေ ဆက်လက် ထိန်းသိမ်းခြင်းသည် အရေးပါမှုရှိကြောင်းနှင့် ဗုဒ္ဓဘာသာနှင့် လူမှုအကျိုးပြုလုပ်ငန်းများ စသည်တို့ကို အုပ်စု ၄ စုခွဲ၍ အမေးအဖြေများဖြင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည့် အစည်းအဝေးကြီးဖြစ်သည်။

အစည်းအဝေးသည် ယမန်နေ့က ပြီးဆုံးခဲ့ပြီးနောက် ယနေ့တွင်မူ သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရ၏ သက်တော် ၇၂ နှစ်ပြည့် ၇၃ နှစ်မြောက် မွေးနေ့အကြို အထိန်းအမှတ်အဖြစ် ပင့်ဖိတ်စာရင်းရှိ သံဃာတော် အပါး တထောင်၊ သီလရှင် အပါး တထောင်ကို ခဲဘွယ်ဘောဇဉ် အလှူအတန်းများ ပြုလုပ်ခဲ့ကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မူများ ပုံမှန်အနေအထား ပြန်ရောက်လာ


(၃) ရက်ကြာ ပိတ်ထားသည့် မဲဆောက်-မြ၀တီချစ်ကြည်ရေးတံတားကို ယမန်နေ့က ပြန်ဖွင့်လိုက်သောကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မူများ ပုံမှန်အနေအထား ပြန်ရောက်လာပြီး နှစ်နိုင်ငံကုန်စည်များ အပြန်အလှန်တင်သွင်းလျက်ရှိသည်။

ထိုသို့ပိတ်ခဲ့သဖြင့် မြန်မာဘက်ကလည်း ထိုင်းကားများကို အ၀င်မခံသောကြောင့် တံတားမှတဆင့် အပြန်အလှန်တင်သွင်းနေသည့် ကုန်စည်များ (၃) ရက်ကြာ ရပ်နားခဲ့သဖြင့် နှစ်နိုင်ငံကုန်သွယ်မူများ ထိခိုက်ကျဆင်းခဲ့ရသည်။ ချစ်ကြည်ရေးတံတား တရက်ပိတ်လျှင် ထိုင်းဘက်မှ ဘတ်သန်း (၄၀) ခန့် နစ်နာမူရှိသည်ဟု တာ့ခ်ခရိုင်ကုန်သည်ကြီးများအသင်း၏ မှတ်တမ်းတွင် ဖော်ပြသည်။

တာ့ခ်ခရိုင်ကုန်သည်ကြီးများအသင်း၏ ဆောင်ရွက်မူဖြင့် ယမန်နေ့နံနက်မှ စတင်ကာ မြန်မာကားများကို ထိုင်းဘက်က ပြန်လည်ပြေးဆွဲခွင့် ပြုလိုက်သောကြောင့် နှစ်ဖက်ကားများ အပြန်အလှန် ပြေးဆွဲခြင်း ဖြစ်သည်။

ယခု မြန်မာကားများကို ပြန်လည်ပြေးဆွဲခွင့်ပြုသော်လည်း အမျိုးအစား (၃) မျိုးခွဲပြီး အမှတ်အသားတံဆိပ်များ ပြုလုပ်ပေးမည်ဖြစ်သည်။ ခရီးသည်တင်ကား၊ ကုန်တင်ကား၊ ကိုယ်ပိုင်ကားဟူ၍ သတ်မှတ်ပေးမည်ဖြစ်ပြီး ခရီးသည်တင်ကားတစီးလျှင် (၈) ဦးခန့်သာ ခွင့်ပြုမည်ဟု တာ့ခ်ခရိုင်ကုန်သည်ကြီးများအသင်းက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကိုးကန့်အဖွဲ့ နှစ် ၂၀ ပြည့် အခမ်းအနား လုပ်မည်

ရွှေလီ (မဇ္ဈိမ) ။ ။ ရှမ်းပြည် (မြောက်ပိုင်း)ရှိ ကိုးကန့် ငြိမ်းချမ်းရေးအဖွဲ့သည် အဖွဲ့တည်ထောင်မှု နှစ် ၂၀ ပြည့် အခမ်းအနားကို ယခုလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဌာနချုပ်နေရာတွင် ကျင်းပသွားမည်။

ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်နှင့် ချင်းရွှေဟော် ဒေသများတွင် အခြေပြုထားသည့် မြန်မာ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (ခေါ်) MNDAA သည် ကိုးကန့် အထူးဒေသ (၁) ဌာနချုပ်တွင် အခမ်းအနား ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။

MNDAA သည် ၁၉၈၉ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီ - ဗကပ မှ ခွဲထွက်ကာ၊ နောက်နှစ်ရက်အကြာတွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ - န၀တ အမည်ရှိ စစ်အစိုးရနှင့် အပစ်ရပ်ကာ တရားဝင် ရပ်တည်ဖွဲ့စည်းခဲ့သည်။ အခမ်းအနားသို့ နအဖ ဒေသဆိုင်ရာ စစ်ဖက်ခေါင်းဆောင်များလည်း တက်ရောက်လာမည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မြင်းခြံမှာ မီး အိမ်ခြေ နှစ်ရာခန့်ဆုံးရှုံး


ချင်းမိုင် (မဇ္ဈိမ)။ ။ မန္တလေးတိုင်း မြင်းခြံမြို့မြောက်ဘက်ရှိ မြို့သစ်ရပ်ကွက်၌ ယနေ့ မီးလောင်ရာ လူနေအိမ်ခြေနှစ်ရာခန့်နှင့် နည်းပညာကောလိပ် ကျောင်းဆောင်အချို့ လောင်ကျွမ်းမှုတွင် ပါသွားသည်ဟု ဒေသခံများအပြောအရ သိရသည်။

မွန်းလွဲပိုင်း ၂ နာရီကျော်မှ စတင်လိုက်သည့် အဆိုပါ မီးလောင်မှုသည် တနာရီခန့် ကြာမြင့်ခဲ့ပြီး မြင်းခြံ၊ တောင်သာနှင့် နွားထိုးမြို့များမှ မီးသတ်ကားများ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရသည်။ ပြီးခဲ့သည့် လအတွင်းကလည်း မြင်းခြံ အမှတ် ၂ ရဲစခန်းရှေ့ သစ်ဆိုင်တဆိုင် မီးလောင်ခဲ့သေးသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နိုင်ငံရေး အကျဉ်းသားဟောင်း ဖမ်းဆီးခံရ


ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်ရှိ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုစိန်လှိုင်ကို ယခုလ ၆ ရက်နေ့တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

စန်းချောင်းမြို့ ကျိုက်လတ်လမ်းပေါ်ရှိ စမ်းချောင်း တရားရုံးအနီး နေထိုင်သူ ကိုစိန်လှိုင် (အသက် ၄၄ နှစ်အရွယ်) ထံ မြို့နယ်ကောင်စီ ဥက္ကဋ္ဌနှင့်အတူ သတင်းရဲတပ်ဖွဲ့ (အက်စ်ဘီ) ၆ ဦးက ည ၁ နာရီခန့်တွင် လာရောက်ကာ မေးမြန်းရန်ဟု ပြောဆိုပြီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်။ ကိုစိန်လှိုင်သည် ထောင်မှထွက်လာပြီး အန်အယ်ဒီ တွင် ဖွဲ့ထားသည့် လူမှုအထောက်အကူပြုတွင် လုပ်ကိုင်ခဲ့ပြီး၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအား အားပေးကူညီခဲ့သည်ဟု အန်အယ်ဒီ လူငယ်တဦးက ပြောသည်။
၁၉၈၉ ခုနှစ်တွင် ဖမ်းဆီးခဲ့ရာ ၁၉၉ဝ ခုနှစ်တွင် စစ်ခုံရုံးမှ နိုင်ငံရေးပုဒ်မအဖြစ် လူသိများသည့် အရေးပေါ် စီမံမှု ဥပဒေ ပုဒ်မ ၅ (ည)ဖြင့် ထောင်ဒဏ် ၁၄ နှစ် ချခဲ့သည်။ ၂ဝဝ၂ ခုနှစ်တွင် သာယာဝတီထောင်မှ ပြန်လွတ်လာသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မတ်လ ၁၀ ရက်
ရက်သတ္တပတ် ၁၁ ၊ ၂၀၀၉
မြန်မာသတင်း

ဗိုလ်ခင်ညွန့် ရွေးကောက်ပွဲ မ၀င်ဟု ငြင်းဆို

နေအိမ်အကျယ်ချုပ်ကျနေသည့် ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်ထံ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရန် ဆန္ဒရှိမရှိ နအဖခေါင်းဆောင်တဦး မကြာခင်က လာရောက် ညှိနှိုင်းခဲ့သော်လည်း ဗိုလ်ချုပ်ကြီး ခင်ညွန့်က လက်မခံကြောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

အဆိုပါ သတင်းကို ခေတ်ပြိုင်မှ သီးခြားအတည်ပြုချက် မရသေးသော်လည်း ဗိုလ်ချုပ်ကြီး ခင်ညွန့်အား စောင့်ကြပ်နေသည့် အနီးကပ်လုံခြုံရေး တပ်ဖွဲ့ဝင်များကို အရေးပေါ် ပြောင်းလိုက်သည်ဟု စုံစမ်းသိရသည်။ မည်သည့်အကြောင်းကြောင့် အနီးကပ်လုံခြုံရေး တပ်ဖွဲ့ဝင်များကို လဲကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။
( ခေတ်ပြိုင်မှ ကောက်နှုတ်ချက် )
+++++
သတင်းသင်တန်းတွင် အမေရိကန်စင်တာမှ သင်တန်းဆရာ ပထမဆုံး ပို့ချ

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ ရန်ကုန်တွင် ပြုလုပ်သည့် ပွဲဦးထွက် သတင်းမီဒီယာသင်တန်းတွင် အမေရိကန်စင်တာမှ သင်တန်းဆရာတဦးက ပထမဆုံးအကြိမ် ပါဝင်ပို့ချနေသည်။

မြန်မာစစ်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဆက်ဆံရေး ကောင်းမွန်သည့် စာနယ်ဇင်းအဖွဲ့က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ ၂ လကျော်ကြာ ပြုလုပ်မည့် သင်တန်းတွင် ရန်ကုန်ရှိ အမေရိကန်စင်တာမှ သင်တန်းဆရာ မစ္စတာ Dough Cosper နှင့်အတူ အခြား နိုင်ငံခြားသားတဦး ပို့ချနေခြင်းဖြစ်သည်။

ရန်ကုန်မြို့ရှိ အမေရိကန် စင်တာတွင် ပြုလုပ်သည့် မည်သည့်သင်တန်းမျိုးကိုမဆို အရပ်ဝတ် အထူးရဲသတင်း တပ်ဖွဲ့က အနီးကပ် စောင့်ကြည့်လေ့ရှိသော်လည်း ယခု သင်တန်းတွင်မူ အမေရိကန်စင်တာမှ ဆရာတဦး ပါဝင်နေခြင်းလည်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မိုတယ် ဟိုတယ်များ ဟော်တည်ဇုံသို့ မောင်းထုတ်


နေပြည်တော် ပေါင်းလောင်းကွက်သစ် ဥပ္ပါတသန္တိစေတီရှေ့တည့်တည့် ကွက်သစ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီး စိုးရှိန်း ပိုင်ဆိုင်သည့် မြင့်မိုရ်နန်း ဟိုတယ်ကြီးအား (၅) ထပ်ထိ သီးသန့်ဆောက်ခွင့် ပြုထားသော်လည်း အခြားဟိုတယ်၊ မိုတယ်များကိုမူ လူမရှိသည့် နေပြည်တော် ဟိုတယ်ဇုန်၌သာ ဆောက်ခွင့်ပြု ထားသည့်အတွက် လုပ်ငန်းရှင်များ မကျေမနပ်ဖြစ်နေသည်ဟု စုံစမ်းသိရသည်။ ဗိုလ်မှူးကြီး စိုးရှိန်း ပိုင်ဆိုင်သည့် မြင့်မိုရ်နန်း ဟိုတယ်ကြီးရှိရာနေရာကို နေပြည်တော်တည်စက (၂) ထပ်ထက်ပို၍ ဆောက်ခွင့်မပေးသော်လည်း ဗိုလ်မှူးကြီး စိုးရှိန်းကိုမူ (၅) ထပ်ထိ ဆောက်ခွင့်ပေးထားခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ရွေးကောက်ပွဲသည် လူမျိုးများ အခွင့်အရေး မပါရှိဟု ပအိုဝ့်ခေါင်းဆောင် ပြော

ချင်းမိုင် (မဇ္ဈိမ)။ ။ ၂၀၁၀ ခုနှစ်တွင် ကျင်းပမည့် မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲသည် လူမျိုးပေါင်းစုံ၏ အခွင့်အရေးအတွက် မဟုတ်ကြောင်း ယနေ့ကျရောက်သော ပအိုဝ့်အမျိုးသားနေ့တွင် ပအိုဝ့်ခေါင်းဆောင်တဦးက ပြောသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ ဘုန်းကြီးကျောင်းတွင် ကျင်းပသည့် ၅၈ ကြိမ်မြောက် ပအိုဝ့်အမျိုးသားနေ့ အခမ်းအနားတွင် ပအိုဝ့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ - PPLO ဥက္ကဋ္ဌက ပြောဆိုခြင်းဖြစ်သည်။ PPLO သည် မြန်မာစစ်အစိုးရကို လက်နက်ကိုင် တော်လှန်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခု ဖြစ်သည်။ ၁၉၄၇ ခုနှစ် မတ်လ ၁၀ ရက်နေ့မှ စတင်ကာ ပအိုဝ့်အမျိုးသား သူရိယ စန္ဒာဘုရင်မင်းကြီးမွေးနေ့တွင် အမျိုးသားနေ့ ကျင်းပလာရာမှ၊ ၁၉၅၁ ခုနှစ်တွင် ပြည်သူ့ညီလာခံမှ ပအိုဝ့်အမျိုးသားနေ့အဖြစ် တရားဝင် သတ်မှတ်ပေးခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နယူးဒေလီ မြန်မာ စစ်သံမှူး၊ ၀ါရှင်တန် ယာယီသံရုံး တာဝန်ခံ ဖြစ်ဖို့များ


အိန္ဒိယနိုင်ငံ နယူးဒေလီမှ မြန်မာစစ်သံမှူး ဗိုလ်မှူးကြီး နေ၀င်း (DSA အပတ်စဉ် ၂၀) ကို အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့ မြန်မာသံရုံး သံရုံးယာယီတာဝန်ခံအဖြစ် ပြောင်းရွှေ့ရန် အလားအလာရှိသည်ဟု သံတမန် အသိုင်းအ၀ိုင်းတွင် ပြောဆိုနေသည်။ မြန်မာစစ်သံမှူး ဗိုလ်မှူးကြီး နေ၀င်းသည် စစ်ဦးစီး ဗိုလ်မှူးကြီး (လေ) ဖြစ်ပြီးမှ စစ်ဦးစီး အရာရှိချုပ် (လေ) မဖြစ်တော့ဘဲ စစ်သံမှူးအဖြစ် လွင့်သွားခြင်း ဖြစ်သည်ဟု ၎င်းနှင့် တပတ်စဉ်တည်းဆင်း အရာရှိဟောင်းတဦးက ပြောသည်။ ၀ါရှင်တန်ဒီစီ မြန်မာသံရုံးတွင်ရှိသည့် ယခင် မဆလ အတွင်းရေးမှူး ဦးထွေးဟန်၏ သမက် ဦးကျော်ဝင်း ကို ထိန်းရန်အတွက် ဗိုလ်မှူးကြီး နေ၀င်းကို သံရုံးယာယီတာဝန်ခံပေးရန် ရွေးချယ်ခြင်း ဖြစ်နိုင်ကြောင်းလည်း ထင်မြင်ချက်ပေးသည်။

ဒု-ဗိုလ်မှူးကြီး မြင့်လွင်မှာ နှစ်ကြာလာပြီး အင်္ဂလိပ်စာ မကျွမ်းကျင်ဘဲ ဖြစ်နေသည့်အတွက် အင်္ဂလိပ်စာ ကျွမ်းကျင်သည့် ဗိုလ်မှူးကြီး နေ၀င်းကို သံအမတ်ဟောင်း ဦးလင်းမြိုင်နှင့်တွဲပြီး Lobby လုပ်ချင်စေလိုသည့် အတွက်ကြောင့် ပြောင်းလဲရန် ဖြစ်နိုင်ကြောင်း သံတမန်သတင်းရပ်ကွက်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့


ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက် အမှတ် ၆၂၃ အောက်ကြည့်မြင်တိုင် လမ်းမတွင် မတ်လ ၄ ရက်နေ့၌ ခြင်ဆေးခွေ ထွန်းရာမှ တစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်စဉ်မှာ ညနေ ၄ နာရီ ၃၅ မိနစ်အချိန်တွင် စတင် လောင်ကျွမ်းခဲ့ပြီး ၄ နာရီ ၄၇ မိနစ်၌ မီးထိန်းနိုင်ခဲ့ကာ ၄ နာရီ မိနစ် ၅၀ တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
( ၀ိကလီးအဲလဲဗင်းမှ ကောက်နှုတ်ချက် )
+++++
နာရေးအသင်း နိဗ္ဗာန်ယာဉ်များ ရွှေ့ရလျှင် လုပ်ငန်း ထက်ဝက် ကျဆင်းနိုင်

ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ နာရေးကူညီမှုအသင်းပိုင် နိဗ္ဗာန်ယာဉ်များကို အာဏာပိုင်များက မြို့ပြင်သုသာန်များသို့ ပြောင်းရွှေ့ရမည်ဆိုသဖြင့် အကူအညီပေးရေး လုပ်ငန်းများ ထက်ဝက်ခန့် ကျနိုင်ကြောင်း အဆိုပါ အသင်းက ပြောသည်။

ပြီးခဲ့သည့်လ ၂၈ ရက်နေ့တွင် နောက်ဆုံးထားကာ သင်္ဃန်းကျွန်းမြို့နယ် ဗြမ္မာ့ဝိဟာပရိယတ္တိ စာသင်တိုက်ရှိ အသင်းရုံးခန်း နေရာတွင် ထားရှိသော နိဗ္ဗာန်ယာဉ် ၁၀ စီးကျော်ကို ကျောက်တံတားမြို့နယ် စည်ပင်သာယာက မြို့ပြင်သုသာန်များသို့ ပြောင်းခိုင်းသဖြင့် မူလနေရာမှ ဝေးလံသောကြောင့် လုပ်ငန်းများ ထက်ဝက်ခန့် ကျဆင်းဖွယ်ရှိကြောင်း ပြောဆိုခြင်းဖြစ်သည်။
အသင်းပိုင် နိဗ္ဗာန်ယာဉ် ၁၆ စီးအနက် ၁၀ စီးကျော်ကို စာသင်တိုက်တွင် ထားရှိကာ၊ ကျန်ရှိသည်များကို ရေဝေးသုသာန်၌ ထားရှိသည်။

ပြီးခဲ့သည့်လ ၂၇ ရက် ညနေပိုင်းက ၂၄ ရက်နေ့ရက်စွဲပါ အကြောင်းကြားစာကို အာဏာပိုင်များက ပေးပို့ရာတွင်၊ စာထဲ၌ မြို့တော်သာယာရေးနှင့် မညီညွတ်သဖြင့် ၂၈ ရက်နေ့ နောက်ဆုံးထား ရွှေ့ခိုင်းခဲ့သည့်အပေါ် နာရေးအသင်းက လက်မခံကြောင်း ဦးကျော်သူက ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မြိတ်မြို့နယ်၊ သကန်ကရင်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွား


မြိတ်မြို့နယ်၊ မဇောကျေးရွာ အုပ်စုရှိ သကန်ကရင်ရွာ၌ မတ်လ ၄ ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။ ဖြစ်ပွားပုံမှာ သကန်ကရင်ရွာရှိ ဦးစံနွဲ့၏ နေအိမ်တွင် ထမင်းအိုး တည်ရာမှ ပေါ့ဆမီးလောင်ကျွမ်း ရာ အဆိုပါမီးလောင်မှုကြောင့် အိမ် ခြေ ၂၅ အိမ်မီးလောင်ကျွမ်းခံခဲ့ရ ကြောင်း သိရသည်။ လောင်ကျွမ်းမှုမှာ ညနေ ၄း၃၀ နာရီမှစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် ပြီး ညနေ ၅း၅၀ နာရီတွင် မီးငြှိမ်း သတ်နိုင်ခဲ့ကြောင်း သိရသည်။မီးလောင်ကျွမ်းမှုကြောင့် အိမ် ထောင်စု ၂၅ စု၊ မီးဘေးဒုက္ခသည် ၁၆၁ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။
( ၀ိကလီးအဲလဲဗင်းမှ ကောက်နှုတ်ချက် )
+++++
ပိဿာစနစ်ဖြင့်သာ ရောင်းဝယ်ရတော့မည်


ရန်ကုန်။ ။ နိုင်ငံတ၀ှမ်း ကုန်စည်ရောင်းဝယ်ရေး လောကတွင် ဧပြီလဆန်းမှ စတင်၍ အလေးချိန် ချိန်တွယ်ရာ၌ ပိဿာစနစ်ဖြင့်သာ တပြေးညီ လုပ်ဆောင်ရတော့မည်ဟု ကုန်သည်ကြီးများအသင်းက ထုတ်ပြန်လိုက်သည်။

ကုန်စည်ဒိုင်များသည် ရောင်းဝယ် ဖောက်ကားရာတွင် အလေးချိန်ကို နေရာဒေသအလိုက် ပိဿာ၊ တင်း၊ တောင်း များဖြင့် ချိန်တွယ်နေရာမှ ပိဿာစနစ်ဖြင့် တူညီစွာ ဆောင်ရွက်ကြရန် ရန်ကုန်ရှိ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ သတ်မှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ဤအကြောင်းကို UMFCCI မှ အထွေထွေ အတွင်းရေးမှူး ဦးစိန်ဝင်းလှိုင်က ပြောပြသည်။

လက်ရှိတွင် စပါး၊ ပဲ၊ နှမ်း၊ ကြက်သွန် စသည့် ကုန်စည်များ အဓိက အရောင်းအ၀ယ်လုပ်ရာ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူနှင့် မုံရွာမြို့တွင် ကုန်စည်ဒိုင်ကြီး ၁၁ ခုနှင့် ဒိုင်ငယ်ပေါင်း မြောက်မြားစွာ ရှိနေသည်။

သူတို့သည် ပိဿာ၊ တင်း၊ တောင်းစနစ် စသည့် ပုံစံအမျိုးမျိုးဖြင့် ရောင်းဝယ်လျက် ရှိသည်။

တနိုင်ငံလုံး ပိဿာစနစ်သို့ ပြောင်းလိုက်သော်လည်း ထိုစနစ်မှာ နိုင်ငံတကာတွင် အသုံးပြုသည့် ပုံစံမျိုး မဟုတ်သေးကြောင်း ရန်ကုန်ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်မှ ပဲကုန်သည်တဦးက ယခုလို ပြောသည်။

"နိုင်ငံတကာမှာတော့ တန်နဲ့ပဲ အရောင်းအ၀ယ် လုပ်ပါတယ်။ ကုန်စည် အရောင်းအ၀ယ်တွေ ထိုင်းနေတဲ့အချိန်မှာ ကုန်သည်တွေ အနေနဲ့ကတော့ အခုလို အလေးချိန် တနေရာနဲ့ တနေရာ ကွာဟမှုကနေပြီး အမြတ်အစွန်း ရတာမျိုးတွေလည်း ရှိပါတယ်'' ဟု သူက ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အဝေးပြေး ကုန်တင်ယာဉ်ကြီးများ ကုန်တင်တန်ဆာခများ ထပ်မံကျဆင်း


အဝေးပြေး ကုန်တင်ယာဉ်ကြီးများ လောင်စာဆီနှင့် အခြား ကုန်ကျစရိတ် ကျဆင်းလာသောကြောင့် ကုန်တင်တန်ဆာခများ ထပ်မံ ကျဆင်းနေကြောင်း မန္တလေးမြို့ ကျွဲဆည်ကန် ကားကြီးဝင်းမှ ကုန်တင်ယာဉ် ပိုင်ရှင်များထံမှ သိရှိရသည်။
အခြားကုန်တင်ကား ပစ္စည်းနဲ့ အင်ဂျင်ဝိုင်၊ တာယာ၊ အခြားအပိုပစ္စည်းဈေးတွေလည်း ကျဆင်းလာလို့ တန်ဆာခတွေ လျော့ချလို့ရတာပါ။ အရင် ခြောက်ဘီးကားရဲ့အပေါ်ကုန်ဖြစ်တဲ့ တီဗွီဆိုရင် တန်ဆာခ ကျပ် ၁၅၀၀ ကနေ ကျပ် ၁၀၀၀ ၀န်းကျင်ထိ၊ ရေခဲသေတ္တာက ကျပ် ၅၈၀၀ ကနေ ကျပ် ၄၀၀၀ ၀န်းကျင်ထိ၊ လျပ်စစ်ပစ္စည်းတွေဆိုရင် ကျပ် ၁၅၀၀ ကနေ ကျပ် ၇၀၀ ၀န်းကျင်အထိ လျော့ချခဲ့ပါ တယ်။ အောက်ကုန်ဖြစ်တဲ့ ဘိလပ်မြေ၊ သံထည်ပစ္စည်းတွေနဲ့ စားသောက်ကုန်တွေဆိုရင် ယခင် တစ်ပိဿာ ကျပ် ၄၅ ကနေ၊ ကျပ် ၅၀ ထိရှိတယ်။ အခုတစ်ပိဿာ ကျပ် ၃၅ ၀န်းကျင်လောက်ပဲရှိတော့တာပါ''ဟု မန္တလေး-ရန်ကုန်ပြေးဆွဲလျက်ရှိ သောကားပိုင်ရှင်တစ်ဦးကပြောကြား ခဲ့သည်။
( ၀ိကလီးအဲလဲဗင်းမှ ကောက်နှုတ်ချက် )
+++++
မတ်လ ၁၁ ရက်
ရက်သတ္တပတ် ၁၁ ၊ ၂၀၀၉
မြန်မာသတင်း

ပြည်ထဲရေးဝန်ကြီး ဗိုလ်မောင်ဦး အီးယူ- အာဆီယံ အစည်းအဝေး တက်ခွင့်မရ


ဥရောပတိုက်တွင် မကြာခင် ကျင်းပမည့် မူးယစ်ဆိုင်ရာ အီးယူ-အာဆီယံ အစည်းအဝေး (အာဆမ်) သို့ တက်ရောက်ရန် ပြည်ထဲရေးဝန်ကြီး သို့မဟုတ် ပြည်ထဲရေး ဒု-၀န်ကြီးကို မြန်မာစစ်အစိုးရက စေလွှတ်လိုသော် လည်း အဆိုပါပုဂ္ဂိုလ်များအား အီးယူက ဒဏ်ခတ်ပိတ်ဆို့ထားသည့်အတွက် လာရောက်ခွင့်မရဟု နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ထမ်းတဦးက ပြောသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ ဥရောပကော်မရှင်ရုံး ပြောခွင့်ရပုဂ္ဂိုလ်ထံ အတည်ပြုချက်ရရန် အီးမေးလ်ဖြင့် မေးမြန်းထားသော်လည်း အကြောင်းပြန်ကြားချက် မရသေးပေ။ အလားတူ အစည်းအဝေးများသို့ ယခင်က ရဲမှူးကြီး စစ်အေး တက်ရောက်လေ့ရှိသော်လည်း ယခုနှစ်တွင် ရဲမှူးကြီး ခမ်းအောင် တက်ရောက်ရန် များသည်ဟု သံတမန်တဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဆယ်တန်း စာမေးပွဲ လုံခြုံရေး တင်းကြပ်


ရန်ကုန်မြို့တွင် ၂ဝဝ၈-၂ဝဝ၉ စာသင်နှစ်အတွက် ကျင်းပသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို လုံခြုံရေး တင်းတင်းကျပ်ကျပ်ချပြီး ကျင်းပနေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
အလားတူ ကျောင်းသားမိဘတဦးကလည်း ၎င်း၏သမီး စာမေးပွဲဖြေသည့်ကျောင်းထဲသို့ မဝင်ခင် ကျောင်းအပြင် မှာကတည်းက ကြိုးတန်းတွေတန်းပြီး တန်းစီဝင်ခိုင်းကြောင်း၊ (၃) နေရာခန့်တွင် ရှာဖွေ စစ်ဆေးမှုများ လုပ်ကြောင်း ပြောသည်။ ယခုကဲ့သို့ စာမေးပွဲအကြိုကာလ လျှပ်စစ်မီး မရသည်ကို အကြောင်းပြုပြီး မော်လမြိုင်မြို့တွင် ကျောင်းသားများ ဦးဆောင်သည့် ဆူပူဆန္ဒပြမှုတရပ်ဖြစ်ခဲ့ပြီး အလားတူ တွံတေးမြို့တွင်လည်း ဖြစ်ပွားခဲ့သေးကြောင်း၊ ထိုကြောင့် ဆူပူမှု တစုံတရာ မဖြစ်ရအောင်နှင့် ဖြစ်လာပါက အမြန်တားဆီးနိုင်ရန် ယခုကဲ့သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ချထားခြင်းဖြစ်နိုင်ကြောင်း မြို့ခံများက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဂဠုန်ဦးစောရဲ့ မိသားစုက စာရေးဆရာအား တောင်းပန်ခိုင်း


နိုင်ငံတော်လုပ်ကြံမှုတရားခံ ဂဠုန်ဦးစောရဲ့ နောက်ဆုံးနေ့များ စာအုပ်ရေးသားသူကို ဂဠုန်ဦးစော၏ မြေးများက အချက်အလက်များ မှားယွင်းကြောင်းနှင့် ထုတ်ဝေခွင့် တောင်းခံမှုမပြုခဲ့ခြင်းတို့ကြောင့် တောင်းပန်ခိုင်းသည့် စာတစောင်ပေးခဲ့ကြောင်း သိရသည်။

စာရေးဆရာသန်းဝင်းလှိုင် ရေးသားသော ယင်းစာအုပ်အတွက် တောင်းပန်ခိုင်းသည့်စာကို အင်ကြင်းစာပေမှတဆင့် ဂဠုန်ဦးစော၏မြေး ဒေါ်ခေမာရင် ပေးပို့ခဲ့ရာ ယမန်နေ့၌ လက်ခံရရှိခဲ့ကြောင်း စာရေးဆရာက အတည်ပြု ပြောဆိုသည်။

အဆိုပါစာတွင် မိသားစု၏ ခွင့်ပြုချက်မရဘဲ စီးပွားရေးအတွက် ထုတ်ဝေခြင်းနှင့် ပုဂ္ဂိုလ်ရေးထိခိုက်နစ်နာစေသော အချက်များပါခြင်းတို့ကြောင့် စာရေးသူမှ တောင်းပန်ရမည်ဟု ဖော်ပြထားကြောင်း သိရသည်။ အဆိုပါ စာမူအား စာပေစိစစ်ရေးအပြင် သမိုင်းသုတေသနဌာနသို့လည်း တင်ပြခဲ့ရကြောင်း၊ ယင်းဌာနတို့မှ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလအတွင်း ထုတ်ဝေခွင့် ချပေးခဲ့ရာ ယခုနှစ် ဇန်န၀ါရီ (၂၅) ရက်တွင် စာအုပ်ဖြန့်ချိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထိုစာအုပ်ထွက်ရှိလာပြီးနောက် ဦးညီညီရင်နှင့် ဒေါ်ဘေဘီစောတို့၏ သားသမီးများက စာရေးဆရာထံ တောင်းပန်ရန်စာ ပေးပို့ထားခြင်းဖြစ်ကြောင်း၊ ယင်းစာပေးပို့မှုမှာ ပုဂ္ဂလိက တောင်းဆိုမှုတခုသာဖြစ်ကြောင်း စာရေးသူဘက်မှ ကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေ ဒေါ်ခင်ခင်အေးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မတ်လ ၁၂ ရက်
ရက်သတ္တပတ် ၁၁ ၊ ၂၀၀၉
မြန်မာသတင်း

သမတ ဘုရှ် သက်တမ်းမကုန်ခင်ကတည်းက စဉ်းစားနေ


မြန်မာနိုင်ငံအပေါ် အမေရိကန် ပေါ်လစီပြောင်းလဲရေးကိစ္စကို ၂၀၀၈ ခု အမေရိကန်သမ္မတဟောင်း ဂျော့ဘွတ်ရှ် သက်တမ်းကုန်ကာနီးကတည်းက ပေါ်လစီကိုင်တွယ်သည့် အရာရှိများ စဉ်းစားခဲ့ကြောင်း အမေရိကန်ကွန်ဂရက်သို့ တင်သွင်းသည့် အစီရင်ခံစာတစောင်တွင် ဖော်ပြထားသည်။

ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် မြန်မာနိုင်ငံနှင့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများဆိုင်ရာ အဆိုပါအစီရင်ခံစာကို နိုင်ငံခြားရေးရာ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးဌာနခွဲမှ ကွန်ဂရက်သို့ ၂၀၀၈ ခု သြဂုတ် (၂၁) ရက်နေ့စွဲဖြင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဘိန်းအထွက်နှုန်း ကျဆင်းလာသည့်တိုင် မြန်မာနိုင်ငံမှ ပေါ်ထွက်လာသည့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများကို စစ်အစိုးရဘက်က နှိမ်နင်းမှုအပေါ် အမေရိကန်ပေါ်လစီများက သိသိသာသာ သြဇာသက်ရောက် ခြင်းမရှိဟု ကျွမ်းကျင်သူများက ယူဆကြောင်း အစီရင်ခံစာတွင် ထောက်ပြထားသည်။ အထူးသဖြင့် ၂၀၀၇ ခု သံဃာ့အရေးအခင်းတွင် မြန်မာစစ်အစိုးရ၏ အကြမ်းဖက် နှိမ်နင်းမှုများ ဖြစ်ပေါ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံအပေါ် အမေရိကန်ပေါ်လစီ ပြန်လည်သုံးသပ်စေလိုသည့် အစိတ်အပိုင်းများ တိုးတက်လာသည်ဟုဆို၏။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဗိုလ်သိန်းစိန် အင်ဒိုနှင့် စင်္ကာပူတို့သို့ အလည်အပတ် သွားမည်


နယူးဒေလီ (မဇ္ဈိမ)။ ။ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် အင်ဒိုနီးရှားနှင့် စင်္ကာပူတို့သို့ သွားရောက် လည်ပတ်မည် ဖြစ်သည်ဟု နေပြည်တော် သတင်းရပ်ကွက်များအရ သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာသို့ မတ်လ ၁၅ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး သိန်းစိန် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိမှာဖြစ်ပြီး ခရီးစဉ်အတွင်း အင်ဒိုနီးရှားသမတ ဆူဆီလို ဘမ်ဘန်း ယူဒ်ဟိုရိုနိ Susilo Bambang Yudhoyono နှင့် တွေ့ဆုံမှာဖြစ်သည်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးဌာနက အရာထမ်းတဦးက မဇ္ဈိမသို့ ခရီးစဉ်နှင့် ပတ်သက်၍ အတည်ပြု ပြောကြားခဲ့သည်။

နေပြည်တော် သတင်းရပ်ကွက်အရ ၀န်ကြီးများ၊ ဒုဝန်ကြီးများပါ လိုက်ပါပြီး အဖွဲ့ဝင် ၅၀ ခန့်ရှိမည့် ကိုယ်စားလှယ်အဖွဲ့သည် စင်္ကာပူနိုင်ငံကိုပါ သွားရောက် လည်ပတ်မည်ဟု သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ထုတ်ပယ်ထားသည့် ဗိုလ် ၃ ဦး၊ ခွဲထွက်အဖွဲ့နဲ့ ပူးပေါင်း


ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်ကြီးအဆင့်ရှိ တပ်ဖွဲ့ဝင် (၃) ဦးသည် ယခုလဆန်းပိုင်းက ကရင်ခွဲထွက် အဖွဲ့တဖွဲ့ဖြစ်သည့် ဗိုလ်ဌေးမောင်၏ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် သွားရောက်ပူးပေါင်းလိုက်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်ကြီးစောနေစိုးမြ၊ ဗိုလ်ကြီးမဟာဆွေနှင့် ဗိုလ်ကြီးသဲခီး တို့သည် ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် သွားရောက်ပူးပေါင်းသည်မှာ မှန်ကန်ကြောင်း ကေအန်အယ်လ်အေ ကာကွယ်ရေးဌာနမှ ဗိုလ်မှူးရှီးလေက ခေတ်ပြိုင်သို့ အတည်ပြုပြောကြားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ပြင်သစ်ဝန်ကြီး မြန်မာ ဒုက္ခသည်စခန်းသို့ သွားမည်

နယူးဒေလီ။ ။ ပြင်သစ် နိုင်ငံခြားရေးနှင့် လူ့အခွင့်အရေးဝန်ကြီး ရာမာရာဒီသည် ၃ ရက်ကြာ အလည်အပတ် ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ယနေ့ ရောက်လာပြီး၊ မြန်မာ့အရေး အပါအဝင် အခြားရပ်များ ဆွေးနွေးမည် ဖြစ်သည်။

မစ္စစ် ရာမာရာဒီ (Rama Yade) သည် ထိုင်းနိုင်ငံတွင် ၁၄ ရက်နေ့အထိ နေထိုင်ကာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ဖိရူမ်း (Kasit Piromya) နှင့် တွေ့ဆုံ၍ ‘စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် မြန်မာနိုင်ငံတွင်း အခြေအနေများ အပါအဝင် ဒေသတွင်း ပြဿနာများကို ဆွေးနွေးမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ ကြေညာချက်တွင် ဖော်ပြထားခြင်း ဖြစ်သည်။

ပြင်သစ်ဝန်ကြီးသည် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မြန်မာဒုက္ခသည်များ ခိုလှုံရာ ဘန့်မိုင်နားဆွိုင် (Ban Mai Nai Soi) ဒုက္ခသည်စခန်းသို့ သွားရောက်ကာ ဆက်လက်၍ ကူညီနိုင်ရေးအတွက် အဓိက အလှူရှင်များနှင့် ထိုင်းနိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးသွားမည် ဖြစ်သည်။
( မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++
မြန်မာအမျိုးသမီး ဒုက္ခသည်များ၏ အခြေအနေ


မလေးရှားရောက် မြန်မာအမျိုးသမီး ဒုက္ခသည်များသည် အိမ်မှထွက်တိုင်း အဖမ်းခံရရန် များနေသကဲ့သို့ အလုပ်လုပ်ရန် အခွင့်အလမ်းမှာလည်း အလွန်နည်းပါးနေကြောင်း အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့အခြေစိုက် ဒုက္ခသည် အမျိုးသမီးနှင့် ကလေးများအတွက် အမျိုးသမီးရေးရာကော်မရှင် (WCRWC) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံတွင် ဒုက္ခသည်နှင့် ခိုလှုံခွင့်လျှောက်ထားသူပေါင်း (၁၀၀,၀၀၀) ခန့် ရှိသည့်အနက် အများစုမှာ မြန်မာများဖြစ်ပြီး UNHCR တွင် မှတ်ပုံတင်ထားသူပေါင်း (၄၀,၀၀၀) ရှိသည်။ ထိုမှတ်ပုံတင်ထားသူများထဲမှ (၁၄,၀၀၀) မှာ ရိုဟင်ဂျာများဖြစ်သည်ဟု အစီရင်ခံစာတွင် ရေးထားသည်။
မလေးရှားတွင် နေစရိတ်ကြီးသည့်အတွက် တလကို မလေးရှား ရင်းဂစ် (၁,၅၀၀) (ဒေါ်လာ ၄၅၀) ခန့် ပေးရသော်လည်း ဒုက္ခသည်အများစုမှာ တလကို မလေးရှားရင်းဂစ် (၄၀၀ မှ ၆၀၀) ကြားသာ ရကြသည်။ ထို့ကြောင့် ဒုက္ခသည်များ စုပြီး အခန်းငှားနေရသည်။

လေ့လာချက်များအရ ဒုက္ခသည်အမျိုးသမီးများမှာ
-အိမ်ကထွက်တိုင်း အဖမ်းခံရမည့် အန္တရာယ်ရှိနေခြင်း၊
-လုပ်ကိုင်စားရန် အခွင့်အလမ်း အကန့်အသတ်နှင့်သာရှိခြင်း၊
-ရသည့်ငွေကို အာဏာပိုင်များကို လာဘ်ထိုးရသည့်အတွက် အဂတိလိုက်စားမှုဒဏ်ခံရခြင်း၊
-နယ်စပ် ပြန်အပို့ခံရလျှင် ရောင်းစားခံရမည့် အန္တရယ်ရှိခြင်း၊
-နေအိမ်နှင့်အလုပ်ခွင်၌ အကြမ်းဖက်ခံရခြင်း စသည့်အခြေအနေများ ကြုံတွေ့နေရသည်ဟု အစီရင်ခံစာတွင် ထောက်ပြထားသည်။

အစီရင်ခံစာ နိဂုံးပိုင်းတွင် မလေးရှားအစိုးရအနေဖြင့် ဒုက္ခသည်များအား တရားဝင်နေခွင့်ရရန် ဆောင်ရွက် ပေးသင့်ကြောင်း၊ UNHCR မှ လက်မှတ်ထုတ်ပေးထားသူများအား အသိအမှတ်ပြုပြီး မှတ်ပုံတင်ထားသူများအား အဖမ်းအဆီးရပ်သင့်ကြောင်း၊ UNHCR နှင့်တကွ ၎င်းနှင့် တွဲလုပ်နေသည့် အန်ဂျီအိုများဘက်ကလည်း အမျိုးသမီး ဒုက္ခသည်များအတွက် သက်မွေးဝမ်းကျောင်းကိစ္စများ ဆောင်ရွက်ပေးသင့်ကြောင်း အကျယ်တ၀င့် ထောက်ခံ ရေးထားသည်။
( ခေတ်ပြိုင်မှ ကောက်နှုတ်ချက် )
+++++
ဆိုမာလီ ပင်လယ် ဓားပြလက်မှ လွတ်လာသူများ လျော်ကြေးရ

ချင်းမိုင် (မဇ္ဈိမ)။ ။ ပင်လယ်ဓားပြများ လက်အောက် ၃၇ ရက်ကြာ နေခဲ့ရသည့် မြန်မာသင်္ဘောသား ၁၂ ဦးကို ဗြိတိန်နိုင်ငံရှိ အသက်အာမခံ ကုမ္ပဏီတခုမှ ယမန်နေ့က လျော်ကြေးငွေများ ပေးအပ်လိုက်သည်။

ဗြိတိန်အခြေစိုက် Protection and Indemnity Club ကုမ္ပဏီက ရန်ကုန်တိုင်း ကျောက်တံတားမြို့ရှိ မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများအသင်း ခန်းမတွင် နစ်နာကြေးများ ပေးအပ်လိုက်ခြင်း ဖြစ်သည်။
ပြန်ပေးဆွဲခံရသူ မြန်မာများသည် အလုပ်သက်တမ်းပေါ် မူတည်ကာ အမေရိကန် ဒေါ်လာ အနိမ့်ဆုံး ၇၉၅ မှ အမြင့်ဆုံး ၁၅၂၄ ထိ ရရှိသည်။

၂၀၀၈ ခု စက်တင်ဘာ ၁၀ ရက်နေ့တွင် တောင်ကိုရီးမှ MV Bright Ruby ဓာတ်မြေသြဇာတင် သင်္ဘောသည် ယူကရိန်းမှ သီရိလင်္ကာသို့ ထွက်ခွာလာရာ ပင်လယ်နီရှိ ဆိုမာလီ ကမ်းစပ်အရောက် မော်တော်ဘုတ်နှင့် ဓားပြများက သင်္ဘောကို စီးနင်းခဲ့ခြင်းဖြစ်သည်။ ဓားပြများ တောင်းဆိုသည့်ငွေကို သင်္ဘောကုမ္ပဏီက ပေးခဲ့ရာမှ သင်္ဘောသားများ ပြန်လွတ်လာခြင်းဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ရောဂါဖြစ်ပွားမှ မြို့ပြင်ထုတ်မည်

ကြက်ငှက်တုပ်ကွေး မဖြစ်မချင်း ရန်ကုန်တွင်ရှိသော ကြက်ဈေးများကို မြို့ပြင်သို့ ထုတ်မည် မဟုတ်ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက စုံစမ်းသိရှိရသည်။

ရန်ကုန်သို့ ၀င်ရောက်လာသော်လည်း ကြက်၊ဘဲ နှင့် ဥများ တင်သည့်ယာဉ်များကို ဆေးဖြန်းမှုများ ပြုလုပ်ကြောင်း ပြည်တွင်းထုတ် သတင်းဂျာနယ်များတွင် ရေးသားဖော်ပြကြသည်။

၂၀၀၉ ခု ဇန်န၀ါရီလဆန်းတွင် ပဲခူးတိုင်း၌ ဖြစ်ပွားသော ကြက်လည်လိမ်ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း ရန်ကုန် စည်ပင်၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနတို့က ဆေးဖြန်းခြင်းဖြစ်သည်ဟု အဆိုပါ ဂျာနယ်များက ရေးသားကြသည်။

ပြည်မြို့တွင် ကြက်လည်လိမ်ရောဂါဖြစ်၍ ကြက်သားရောင်းချမှုများကို ပြင်းပြင်းထန်ထန် ပိတ်ထားကြောင်း၊ သို့သော် အချို့ ခိုး၍ ရောင်းချကြောင်း ပြည်မြို့ခံတဦးက ပြောသည်။

ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားပါက ကြက်ဥ၊ ကြက်မွေး၊ ကြက်ချေး၊ ကြက်သား တို့မှာ လူအတွက် အန္တရာယ်ရှိသည်ဟု မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက အမည်မဖော်လိုသူတဦးက ပြောသည်။
(ခေတ်ပြိုင်သတင်းမှကောက်နှုတ်ချက်)
+++++
မလေးပြန် ကူညီတတ်သူ ( ဘလော့ဂါ သီဟ ) ထောင်ဒဏ် ၁၇ နှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဧရာဝတီတိုင်းမှ နာဂစ်မုန်တိုင်းသင့် ဒုက္ခသည်များကို ကူညီနေစဉ် အဖမ်းခံခဲ့ရသူကို ၈ လကြာမျှ ရန်ကုန် အင်းစိန်ထောင်တွင် ထိန်းသိမ်းထားရာမှ ယမန်နေ့က ထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက်သည်။

တောင်ဥက္ကလာပမြို့နယ်မှ ဦးထွန်းအောင်နှင့် ဒေါ်သိန်းသိန်း၏ သားဖြစ်သူဟု သိရသူ ကိုမင်းသိန်းထွန်း ခေါ် ကိုသီဟသည် ဧရာဝတီတိုင်းမှ လေဘေးဒုက္ခသည်များကို ကူညီနေရင်း ၂၀၀၈ ခုနှစ် ဇူလိုင်လအတွင်း အဖမ်းခံရကာ တရားမ၀င် အသင်းနှင့် ဆက်သွယ်ခြင်းနှင့် နယ်စပ်ကို တရားမ၀င်ဖြတ်ကျော်မှု အပါအ၀င် ပုဒ်မ ၃ ခုဖြင့် ယခုလို ပြစ်ဒဏ်ကျခံရခြင်း ဖြစ်သည်။
ကိုမင်းသိန်းထွန်းသည် မလေးရှားနိုင်ငံသို့ တရားဝင် ပတ်စ်ပို့ဖြင့် ၂၀၀၅ ခုနှစ်မှ စတင်ကာ သွားရောက် အလုပ်လုပ်နေခဲ့ပြီး၊ ၂၀၀၈ ခုနှစ် မေလတွင် နာဂစ်မုန်တိုင်းကြောင့် အတိဒုက္ခရောက်နေသူများကို ကူညီရန်အတွက် သူ၏ အွန်လိုင်းဘလော့ဂ်မှတဆင့် အလှူငွေနှင့် ပစ္စည်းများ တောင်းခံခဲ့သူဖြစ်သည်။

သူ၏ ဘလော့ဂ်မှာ ယခုအခါတွင် ဖတ်ရှု၍ မရနိုင်တော့ပဲ ဖြစ်နေသည်။

အကူအညီများကို ဧရာဝတီတိုင်းမှ မုန်တိုင်းသင့် ဘိုကလေး၊ လပွတ္တာ၊ ဒေးဒရဲမြို့များသို့ ကိုယ်တိုင် သွားရောက်ပို့ဆောင်နေရင်း ၃ ကြိမ်မြောက် ခရီးစဉ်ဖြစ်သည့် ၂၀၀၈ ခုနှစ် ဇူလိုင်လအတွင်းက အဖမ်းဆီးခံခဲ့ရသည်။

ဇူလိုင်လ ၁၁ ရက်နေ့တွင် အာဏာပိုင်များက နေအိမ်သို့ လာရောက်ရှိဖွေမှုများ ပြုလုပ်ခဲ့သလို အောင်သပြေ စစ်ကြောရေးစခန်း၌ နှစ်လကြာ စစ်ဆေးပြီးနောက် စက်တင်ဘာလ ၁၆ ရက်နေ့တွင် အင်းစိန်ထောင်သို့ ပို့ဆောင်ခံခဲ့ရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မတ်လ ၁၃ ရက်
ရက်သတ္တပတ် ၁၁ ၊ ၂၀၀၉
မြန်မာသတင်း

စစ်ဗိုလ်တွေ ဦးစီးမည့် စစ်တပ်ပိုင် သတင်းစာ ထုတ်ရန် ပြင်ဆင်


နအဖစစ်အစိုးရက စစ်တပ်ပိုင် မြဝတီသတင်းစာတစောင် ထုတ်ရန် စီစဉ်နေကြောင်း အဆိုပါသတင်းစာအတွက် အကြံဉာဏ်ပေးနေသူ အငြိမ်းစား အစိုးရသတင်းစာ စာတည်းမှူးတဦးက ပြောသည်။
အဆိုပါ သတင်းစာထုတ်ဝေရေးနှင့် ပတ်သက်၍ မြဝတီသတင်းစာတိုက် ဖွဲ့စည်းပုံ၊ လက်ရှိ အင်အားနှင့် လိုအပ်ချက်၊ လစာပေးစနစ်၊ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာများနှင့် နှိုင်းယှဉ်ချက် စသည့်စာတမ်းများအပြင် ၂ဝဝ၈ ဒီဇင်ဘာ (၁၉) ရက်နေ့က ပြုလုပ်သည့် မြဝတီသတင်းစာတိုက် ပုံနှိပ်ဖြန့်ချိရေးလုပ်ငန်းအတွက် သတင်းစာဆရာကြီးများနှင့် တွေ့ဆုံပွဲမှတ်တမ်းများကိုလည်း ခေတ်ပြိုင်က ဖတ်ရှုခွင့်ရရှိခဲ့သည်။

ခေတ်ပြိုင်က ဖတ်ရသည့် မှတ်တမ်းများအရ မြဝတီသတင်းစာတိုက်ကို စာတည်းမှူးချုပ် ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်၊ အုပ်ချုပ်မှုဌာန ဗိုလ်ကြီးဇော်လှိုင်မြင့်နှင့် အခြားအဆင့် (၂၈) ဦး၊ စာတည်းဌာန (မြန်မာ) တာဝန်ခံ ဗိုလ်မှူးအောင်နေထွန်း၊ ဗိုလ်ကြီးအောင်ဆန်းဦးနဲ့ တပ်သား (၃) ဦး၊ သုတေသနမှူး ဗိုလ်ကြီး လှိုင်မြင့်ထွန်း စသဖြင့် ဖွဲ့စည်းထားပြီ ဖြစ်ကြောင်း သိရသည်။

မြဝတီသတင်းစာတိုက်သည် အရာရှိနှင့် အခြားအဆင့် စုစုပေါင်း ဝန်ထမ်း (၁၅ဝ) ဦးရှိသည့် မြန်မာ့အလင်းသတင်း စာတိုက်နည်းတူ ဝန်ထမ်းအင်အား စုစုပေါင်း (၁၄၁) ယောက်ဖြင့် လုပ်ကိုင်ရန် လျာထားသည်ကို တွေ့ရသည်။ သို့သော် တပ်မတော်သား အရာရှိ အရာခံ အကြပ် တပ်သား ဝန်ထမ်း စုစုပေါင်း (၄၅) ဦးသာ ခန့်ထားနိုင်သေးပြီး အခြားလိုအပ်သည့် အရာရှိ၊ အခြားအဆင့် ကျွမ်းကျင်ဝန်ထမ်းများ ရရှိရန် ရှာဖွေနေကြောင်း သိရသည်။
( ခေတ်ပြိုင်မှ ကောက်နှုတ်ချက် )
+++++
ကလင်တန်က ဒေါ်စုကို ‘မျှော်လင့်ချက်ရောင်ခြည်’ အဖြစ် ချီးကျူးပြောဆို

နယူးဒေလီ (မဇ္ဈိမ) – အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန်က မြန်မာ့ထိန်းသိမ်းခံနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာတဝှမ်းမှပြည်သူများအတွက် ‘မျှော်လင့်ချက်လင်းရောင်ခြည်’ ဖြစ်သည်ဟု ကြာသပတေးနေ့က ခေါ်ဆိုလိုက်ပါသည်။

ကြာသပတေးနေ့ကကျင်းပသည့် အမျိုးသမီများ၏သမိုင်းတလတာ ( Women's History Month ) အစီအစဉ်တွင် နိုင်ငံခြားရေးဌာန၌ မိန့်ခွန်းပြောကြားရာတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကမ္ဘာတဝှမ်းမှ သတ္တိရှိလှသည့် အမျိုးသမီးများကို အတုယူကာလုပ်ဆောင်ကြရန် အမျိုးသမီးများကို တိုက်တွန်းပြော ကြားသွားခဲ့သည်။
မစ္စကလင်တန်သည်လည်း အခြားအမေရိကန်အစိုးရ အဆက်ဆက်ကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကိုလွှတ်ပေးရန်၊ အားလုံးပါဝင်ပြီး အဓိပ္ပါယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲတရပ်ကို စတင် ပြုလုပ်ပါရန် မြန်မာစစ်အစိုးရကို မကြာခဏ တောင်းဆိုခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကြံ့ဖွတ် အမတ်လောင်း ဗိုလ်အောင်သိန်းလင်း မဲဆွယ်ဖို့ ကတ္တရာခင်း


ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်ရှိ လမ်းအချို့အား ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးအသင်းမှ နိုင်လွန်ကတ္တရာ လမ်းခင်းခြင်းလုပ်ငန်းကို မတ် (၇) ရက်နေ့ကတည်းက စတင်ခဲ့သော်လည်း မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းသည် တောင်ဥက္ကလာပမြို့နယ် ကိုယ်စားပြု ပြည်ခိုင်ဖြိုးအသင်းမှ ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် မဲဆွယ်ဖို့အတွက် ကြိုတင်ပြင်ဆင်ခြင်းသာဖြစ်သည်ဟု စုံစမ်းသိရသည်။

၁၉၈၈ ခုနှစ် တပ်မတော်မှ နိုင်ငံတော်ကို တာဝန်ယူချိန် မြို့တော်ဝန် ဦးကိုလေးလက်ထက် (၁၀ နှစ်ကျော်) နှင့် မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း လက်ထက် (၈ နှစ်ခန့်) အတွင်း တောင်ဥက္ကလာပမြို့နယ်တွင် သည်တကြိမ်တာဝန်ယူ ခင်းပေးခြင်းဖြစ်ကြောင်း၊ နှစ်ပေါင်း (၂၀) ကျော် ပြည်သူ့အကျိုးအတွက် ဘာတခုမှ လုပ်ပေးခြင်းမျိုးမရှိကြောင်း၊ တောင်ဥက္ကလာပမြို့နယ်၏ အနိမ့်ပိုင်းနေရာများဖြစ်သော ရဲစခန်းရှေ့၊ မြို့နယ် မီးသတ်ရှေ့၊ (၆-၉-၁၀) ရပ်ကွက်၊ မြို့နယ် မ၀တရုံးရှေ့တို့တွင် မိုးတွင်းကာလ အစဉ်အမြဲ ရေကြီးနေမှုကို မည်သို့မျှ တာဝန်ယူ လမ်းခင်းပေးခဲ့ခြင်းမရှိဖူးကြောင်း၊ ရွေးကောက်ပွဲဝင်မည့် ပါတီတို့သည် နယ်မြို့၊ ကျေးလက်ဒေသများ အထိ မဲဆွယ်စည်းရုံးစဉ် ယခုလိုကာလကျမှ ပြည်ခိုင်ဖြိုးမှ အစီအစဉ်တကျ လမ်းခင်းပေးခြင်းသည် သိသာထင်ရှား သော မဲဆွယ်စည်းရုံးမှုသာဖြစ်ကြောင်း နိုင်ငံရေးအကဲဖြတ် တဦးကသုံးသပ်သည်။
( ခေတ်ပြိုင်မှ ကောက်နှုတ်ချက်)
+++++
ဦးဂန္ဘီရက အင်တာနက်ကို တမ်းတ

ချင်းမိုင်(မဇ္ဈိမ) ။ ။ နိုင်ငံရေးယုံကြည်ချက်ကြောင့် ထောင်ဒဏ် ၆၈ နှစ် ကျခံနေရသူ သံဃာတော် ဦးဂန္ဘီရက အင်တာနက်နှင့် လက်ဖက်ရည်ကို တမ်းတကြောင်း သူ၏ မိခင်အပြောအရ သိရသည်။

စစ်ကိုင်းတိုင်း ခန္တီးထောင်သို့ မတ်လ ၉ ရက်နေ့က ထောင်ဝင်စာသွားတွေ့ခဲ့သော အသက် ၆၀ ၀န်းကျင် မိခင် ဒေါ်ရေးက အရှင်ဂန္ဘီရသည် ကျန်းမာရေးကောင်းမွန်နေ သည်ဟု ပြောသည်။ ဓမ္မာစရိယတန်းစာ ၀ါလိုက်နေရင်းမှ ၂၀၀၇ ခုနှစ် မေတ္တာသုတ်ရွတ်ဆိုကာ လမ်းပေါ်ဆန္ဒပြမှုများကို ဦးဆောင်ခဲ့၍ အဖမ်းခံရသော အသက် ၂၉ နှစ်အရွယ်ရဟန်းကို စစ်အစိုးရက အင်တာနက်အသုံးပြုခြင်းနှင့်ဆက်ဆိုင်သော အီလက်ထရောနစ်ဥပဒေဖြင့်ပါ ထောင်ချထားခြင်းဖြစ်သည်။

မိသးစုအနေဖြင့် ခန္တီးထောင်တွင် ထောင်ဝင်စာ တွေ့သည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး လမ်းစရိတ် ကျပ်ငွေ ၆ သိန်းခွဲခန့် ကုန်ကျသည်ဟု သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဆယ်တန်း စာမေးပွဲ ရက်များအတွင်း ရန်ကုန်တွင် စစ်ကားများ ကင်းလှည့်


ရန်ကုန်မှာ ဆယ်တန်းစာမေးပွဲရက်အတွင်း မီးမလာသော်လည်း သံချပ်ကာအပြည့်နှင့် ရဲအပြည့်တင်ထားသော စစ်ကားကြီးများ ရန်ကုန်မြို့တွင် လှည့်နေကြောင်း မျက်မြင်သက်သေများက ပြောသည်။ နဂိုပေးနေကျ မြို့ပေါ်တွင် A, B, C, H နှင့် မြို့ပြင် က, ခ, H ဟူ၍ အပိုင်းလိုက် မီးပေးမှု စနစ်ကို ဆယ်တန်းစာမေးပွဲ ရှိနေသော်လည်း မီးပေးချိန် တိုးမြှင့်ပေးမည့် အစီအစဉ် လုံးဝမရှိကြောင်း ရန်ကုန်လျှပ်စစ်ပေးဝေရေးအဖွဲ့က အမည်မဖော်လိုသူတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ရှစ်နှစ်အတွင်း ယဉ်တိုက်မှုကြောင့် လူသေမှု အများဆုံးဖြစ်

ရန်ကုန် (မဇ္ဈိမ)။ ။ ယဉ်တိုက်မှုကြောင့် ယမန်နှစ်အတွင်း သေဆုံးသူအရေအတွက်မှာ ၈ နှစ်အတွင်း အများဆုံးဖြစ်ခဲ့သည်ဟု ရန်ကုန်တိုင်းကြိုးမဲ့ကြေးနန်းယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက ပြောသည်။

၂၀၀၈ ခုနှစ်အတွင်း ရန်ကုန်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၂ မြို့နယ်အတွင်း ယာဉ်တိုက်မှု ၆၆၈ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၅၃ ဦးနှင့် ဒဏ်ရာရသူစုစုပေါင်း ၁၁၈၅ ဦးရှိခဲ့သည်ဟု ရန်ကုန်တိုင်းယာဉ်ထိန်းရုံးက ထုတ်ပြန်ချက်အရ သိရသည်။

အာဏာပိုင်များက ယာဉ်တိုက်မှု ကင်းမဲ့ဇုန်အဖြစ် ကြေညာထားခဲ့သော ရန်ကုန်မြို့တွင်း ၆ မြို့နယ်အတွင်း ယာဉ်တိုက်မှု ၆၇ မှု ဖြစ်ပွားခဲ့ပြီး ၁၃ ဦးသေဆုံးခဲ့ကာ ၇၅ ဦးဒဏ်ရာရရှိခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင် နိုင်ငံများတွင် မြန်မာနိုင်ငံသည် ယဉ်တိုက်မှုကြောင့် သေဆုံးမှု အမြင့်ဆုံးဖြစ်သည်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုးဦးစီးဌာန ညွှန်ကြားရေးမှုးတဦးက သတိပေးလိုက်သည်။

အခြားသော အာဆီယံမြို့ကြီးများရှိ ကားအစီးရေနှင့် ယဉ်တိုက်မှုပမာဏကို အချိုးချကြည့်ကာ သူက ပြောဆိုသွားခြင်းဖြစ်သည်။

ဆိုးဆိုးရွားရွားပျက်စီးနေသော လမ်းမကျယ်ကြီးများဖြစ်သော သင်္ဃန်းကျွန်းနှင့် တောင်ဥက္ကလာမြို့နယ်ကြားရှိ သံသုမာလမ်းမကြီး၊ မြောက်ဥက္ကလာ ခေမာသီလမ်းမကြီး၊ အင်းစိန်လမ်းမကြီး၊ ဘုရင့်နောင်လမ်းမကြီး၊ သာကေတ ရှုခင်းသာလမ်းမကြီးနှင့် ဝေဇယန္တာ လမ်းမကြီးတို့တွင် မကြာခဏ ယာဉ်တိုက်မှု ဖြစ်ပွားလေ့ရှိသည်ဟု ယာဉ်ထိန်းရုံးက ကောက်ယူထားသော ယာဉ်တိုက်မှု စစ်တမ်းများတွင် ဖော်ပြထားပါသည်။

ရန်ကုန်မြို့တွင် နေ့စဉ်သွားလာနေသော ခရီးသွားပြည်သူပေါင်း ၃ သန်းကျော်ရှိပြီး ခရီးသည်တင်ယာဉ်ပေါင်း ၆၅၀၀ ခန့် နေ့စဉ် ပြေးဆွဲပေးလျက်ရှိသည်ဟု ကုန်လမ်းပို့ဆောင်ရေး၏ စာရင်းဇယားများအရ သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှု


ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုတရပ်ကို ယနေ့ နိုင်ငံပေါင်း (၁၀) နိုင်ငံတွင် စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ဦးဆောင်စီစဉ်သူ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB) နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တို့မှ တာဝန်ရှိသူများက ပြောသည်။

အဆိုပါလှုပ်ရှားမှုတွင် နိုင်ငံပေါင်း (၂၄) နိုင်ငံမှ အဖွဲ့အစည်းပေါင်း (၁၆၇) ခုက ပူးပေါင်းပါဝင်ရန် လက်မှတ်ရေးထိုး ထားပြီး ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ချခံထားရမှု (၆) နှစ်ပြည့်မြောက်မည့် မေလ (၂၄) ရက်အထိ (၇၃) ရက်တိုင်တိုင် ပြုလုပ်သွားမည်ဖြစ်ကာ လက်မှတ်ပေါင်း (၈၈၈၈၈၈) ရအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း FDB မှ ဒေါက်တာနိုင်အောင်က ပြောသည်။
နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လက်မှတ်ရေးထိုးတောင်းဆိုမှုများကို ပြည်ပရောက် မြန်မာနိုင်ငံသားများ သာမကဘဲ နိုင်ငံခြားသားများလည်း ပါဝင်တောင်းဆိုနိုင်မည်ဖြစ်ပြီး ကောက်ခံရရှိသည့် လက်မှတ်များကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
( ခေတ်ပြိုင်မှ ကောက်နှုတ်ချက် )
+++++

No comments: