Sunday, March 22, 2009

သတင်း မှတ်စု ( ၁၂ )

တပတ်အတွင်း သတင်းမှတ်စု


မတ်လ ၁၆ ရက်
ရက်သတ္တပတ် ၁၂ ၊ ၂၀၀၉
မြန်မာသတင်း

ရန်ကုန်တွင် အင်တာနက်ဖုန်းဆိုင်တွေ များလာ


ရန်ကုန်မြို့တွင် ယခုနောက်ပိုင်း အင်တာနက်မှတဆင့် နိုင်ငံတကာသို့ ဖုန်းခေါ်ရန် သီးသန့်ဝန်ဆောင်မှု
ပေးသည့်ဆိုင် များလာကြောင်း အသုံးပြုနေသူများထံမှ စုံစမ်းသိရသည်။
ယခု ပေါ်လာသည့် အင်တာနက်မှတဆင့် နိုင်ငံခြား ဖုန်းခေါ်သည့်ဆိုင်များတွင် စင်ကာပူကို တမိနစ် ကျပ် (၄ဝ)၊ ထိုင်း၊ တရုတ်နိုင်ငံတို့ကို တမိနစ် ကျပ် (၁ဝဝ)၊ ဟောင်ကောင်၊ ဂျပန်၊ အင်္ဂလန်၊ အမေရိကန် တမိနစ် ကျပ် (၁၅ဝ) စသဖြင့် ဈေးနှုန်း အလွန်ချိုသာခြင်းကြောင့် သွားရောက်သုံးစွဲသူများ အလွန်အဆင်ပြေကြောင်း သိရသည်။ စစ်အစိုးရ၏ ဥပဒေအရ မည်သည့်ပုဂ္ဂလိက တဦးတယောက်မျှ တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းကို အခကြေးငွေယူ လုပ်ကိုင်ခွင့်မရှိဘဲ လုပ်ကိုင်ပါက ထောင်ဒဏ် ချမှတ်နိုင်သည်အထိ ပြဋ္ဌာန်းထားသည်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့မှ မကြာခင်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ အင်တာနက်သုံးနိုင်သူ (၄၀,၀၀၀) သို့မဟုတ် စုစုပေါင်းလူဦးရေ၏ (၀.၁) ရာခိုင်နှုန်းသာကြောင်း ရေးထားသည်။ မြန်မာနိုင်ငံရှိ လူဦးရေ (၂,၀၀၀) တွင် အင်တာနက်သုံးနိုင်သူ (၂) ဦးထက်လျော့နည်းနေသည့်အတွက် ကမ္ဘာတွင် အင်တာနက်သုံးစွဲမှု နိမ့်ကျသည့်နိုင်ငံများထဲတွင် ပါဝင်သည်ဟု ထောက်ပြထားသည်။
+++++
ရွေးကောက်ပွဲဝင်မည့် အင်အားစုများအကြား သဘောထားကွဲလွဲ

ချင်းမိုင် (မဇ္ဈိမ)။ ။ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရေးအတွက် ပူးတွဲပြင်ဆင်နေသည့် ကိုအေးလွင်နှင့် ဦးအုန်းလွင် ဦးစီးသည့် နိုင်ငံရေးအင်အားစု နှစ်ခုအကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်း သက်ဆိုင်ရာ အဖွဲ့တာဝန်ရှိသူများ အဆိုအရ သိရသည်။

နိုင်ငံရေး အဖွဲ့အစည်းများ စုပေါင်းကာ တပ်ပေါင်းစု ဖွဲ့ရာတွင် အင်အားစုနှင့် အဖွဲ့ချုပ်ဟူသော အမည်နာမသာမက ရွေးကောက်ပွဲတွင် ကိုယ်ပိုင်ပါတီအင်အားစုဖြင့် ဝင်ရောက်ရေးနှင့် တပ်ပေါင်းစုသဏ္ဍာန်ဖြင့် ဝင်ရောက်ရေး စသည်တို့အပေါ်၌လည်း သဘောထား ကွဲလွဲနေကြခြင်းဖြစ်သည်။ ယမန်နေ့က ရန်ကုန်မြို့တွင် အမျိုးသားရေး တွေ့ဆုံပွဲကို ဦးအုန်းလွင်က ဦးစီးကျင်းပရာ ဖိတ်ကြားထားသူ တသီးပုဂ္ဂလ အပါအဝင် အဖွဲ့ပေါင်း ၁၈ ဖွဲ့အနက် ကိုအေးလွင်၏ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) က တက်ရောက်ခြင်း မရှိသလို၊ ခေတ်သစ်သိပ္ပံ နိုင်ငံရေးဘောဂဗေဒ လေ့လာရေး မျိုးဆက်သစ် ကျောင်းတော်သားစု အဖွဲ့ကလည်း သဝဏ်လွှာသာ ပေးပို့ခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မီးဘေး ကာကွယ်ရေးသတင်း ငွေမရှိသဖြင့် တီဗွီမှ မလွင့်နိုင်


မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ သိမှတ်ဖွယ်၊ ပြည်သူများ သတိပြုနိုင်ရန် အသိပေးမှုများကို ရုပ်မြင်သံကြား အစီအစဉ်များက ငွေမရ၍ ထုတ်လွှင့်မှု ဦးစားမပေးကြောင်း မီးသတ်ဦးစီးဌာန၏ အရာထမ်းတဦးက ပြောသည်။

မြန်မာတနိုင်ငံလုံးတွင် မီးလောင်မှုကြောင့် ၂၀၀၈ ခုတွင် ဆုံးရှုံးမှု ငွေကြေးပမာဏမှာ သိန်းပေါင်း (၄) သောင်းခန့် ရှိခဲ့ကြောင်း၊ ၂၀၀၇ ခုတွင် သိန်းပေါင်း ကိုးထောင်ခြောက်ရာကျော် ဆုံးရှုံးခဲ့ကြောင်း ပြည်တွင်းသတင်းမီဒီယာ များက ဖော်ပြကြသည်။

မီးသတ်အရာထမ်းတဦးက “ကျနော်တို့ လူမှုဝန်ထမ်းဌာနဟာ ငွေကြေးရှိတဲ့ ဌာနမဟုတ်ပါဘူး၊ ပိုက်ဆံပေးပြီးတော့လည်း မီးဘေးကြိုတင်မှု ပညာပေးလုပ်ငန်းတွေကို သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြား ထုတ်လွှင့်မှု စတဲ့မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် မထည့်နိုင်ဘူး” ဟု ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
စစ်တွေမြို့နယ် ကားလမ်းပြင် ဒေသခံများ လုပ်အားပေးရ

ဒါကာ (မဇ္ဈိမ)။ ။ စစ်တွေမြို့နယ်အတွင်း ကားလမ်းပြင်ရာသို့ နီးစပ်ရာ ရွာသားများအား ဒေသခံစစ်တပ်က ယခုလ ၁ဝ ရက်ခန့်မှ စတင် ဆင့်ခေါ်ကာ ယနေ့တိုင် လုပ်အားပေးခိုင်းနေသည်။

စစ်တွေမြို့မြောက်ဘက် ၆ မိုင်အကွာရှိ ရေချမ်းပြင်ရွာသို့ သွယ်တန်းထားသော ကားလမ်းတွင် ပျက်စီးနေသော လမ်းအပိုင်းကို မြေဖို့ရာ မောင်နီပြင်ကျေးရွာအုပ်စုအတွင်းမှ မောင်နီပြင်၊ အောင်မင်္ဂလာ၊ ဒုံးပြင်တောင်၊ ဒုံးပြင်မြောက်၊ သင်ပုန်းတန်း၊ ပျားလည်ချောင်းနှင့် ရေချမ်းပြင် ရွာသားများအား စစ်တွေအခြေစိုက် အမှတ် ၉ဝ၆ အမြောက်တပ်က ခိုင်းစေနေခြင်းဖြစ်သည်။ ပျက်စီးနေသော အလျား ပေ ၅ဝ၊ အနံ ပေ ၃ဝ၊ အမြင့် ၁ဝ ပေ အတွက် မြေဖို့ရန် မြေကောင်းရရှိနိုင်မည့် နေရာများမှ တူးဖော်သယ်ယူရပြီး၊ လုပ်အားပေး မလိုက်နိုင်သူများမှာ ဒဏ်ငွေအဖြစ် တရက်လျှင် ကျပ် ၁ဝဝဝ စီ စစ်တပ်သို့ ပေးဆောင်ရသည်။

ကျေးရွာတရွာမှ ရွာသား ဦးရေ ၁ဝဝ စီ ခေါ်ယူကာ တရက်စီ အလှည့်ကျ စေခိုင်းနေခြင်းဖြစ်သည်။

လမ်းတခုလုံးမှာ ကားသွားနိုင်သည့် ကတ္တရာလမ်းဖြစ်ပြီး၊ ရေချမ်းပြင်နှင့် စစ်တွေအကြား ကူသန်းရောင်းဝယ်ရေး အထောက်အကူပြုရာ လမ်းဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မြွေဆိပ်ဖြေဆေး မြေမြုပ်ပြီး အအေးခံရ


မြွေဆိုးပေါများရာ ပဲခူးတိုင်းအနောက်ခြမ်း အုတ်ဖိုမြို့နယ်နှင့် မိုးညိုမြို့နယ်တို့တွင် မြွေကိုက်ခံရပါက အသက်ကယ် မြွေဆိပ်ဖြေဆေးကို မိုးညိုမြို့၏ (၄) မိုင်ခန့်အကွာ ဘုံလုံးအိုင်ကျေးရွာတွင် အချိန်မရွေး ရရှိနိုင်ကြောင်း သတင်းရရှိသည်။

အဆိုပါ မြွေဆိပ်ဖြေဆေးမှာ ရန်ကုန်တွင် တလုံး (၅) သောင်းကျပ်ပေးရပြီး မြွေပွေးအဆိပ်ဖြေဆေး (၂) လုံး၊ မြွေဟောက် အဆိပ်ဖြေဆေး (၂) လုံး စုစုပေါင်း (၄) လုံးကို ဘုံလုံးအိုင် ကျေးရွာလူငယ်တို့မှ ငွေကြေးစိုက်ထုတ် ၀ယ်ယူထားကြကြောင်း၊ အဆိုပါ ဆေးတို့ကို ရေခဲဘူး (သို့မဟုတ်) ရေခဲသေတ္တာထဲ၌ နာရီမလပ် အအေးဓာတ် ပေးထားရကြောင်း ဒေသခံလူငယ်များက ရှင်းပြသည်။ ဘုံလုံးအိုင် ကျေးရွာသည် စိမ့်စမ်းပေါများသည်ကြောင့် စိမ့်ထွက်ရာ သဲမြေကို အတန်ငယ်ယက်၍ မြွေဆိပ်ဖြေဆေး ပုလင်းကို သဲတွင်းထဲသို့ အမှတ်အသားပြုထည့်ထားရကြောင်း၊ ဆေးပုလင်းများကို (၂၄) နာရီ အအေးပေးစနစ် ထားရှိနိုင်သည့် ပထ၀ီအနေအထား ရှိနေခြင်းကြောင့် မြွေကိုက်လူနာများ၏ အသက်ကို အချိန်မီကယ်တင်နိုင်ခြင်း ဖြစ်ကြောင်း ကျေးရွာလူကြီးတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ကန်ဒေါ်လာ ၃၅ ဘီလီယံတန် မြန်မာရေကာတာ စီမံကိန်းများ ရပ်ရန် တောင်းဆို


ချင်းမိုင်။ ။ ဒေသခံပြည်သူများကို ထိခိုက်စေပြီး စစ်အစိုးရအတွက် ဘဏ္ဍာရေး အထောက်အပံ့ ရစေသည့် ရေကာတာ တည်ဆောက်ရေး စီမံကိန်းများကို ရပ်ဆိုင်းကြပါရန် ကမ္ဘာတလွှားရှိ လှုပ်ရှားတက်ကြွသူများက မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများကို စနေနေ့က တောင်းဆို လိုက်ကြပါသည်။

နိုင်ငံတကာ မြစ်ချောင်းများအတွက် အရေးယူ ဆောင်ရွက်ရေးနေ့ အဖြစ် စနေနေ့က ကျင်းပသော ဆန္ဒပြပွဲများတွင် လှုပ်ရှား တက်ကြွသူများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီတို့က ထိုသို့ တောင်းဆိုလိုက်ကြခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နေကြသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်း အများအပြားနှင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ မြစ်ချောင်းများကွန်ရက် (Burma Rivers Network) က စနေနေ့က ထုတ်ပြန်သော ကြေငြာချက်တွင် ရေကာတာများ တည်ဆောက်ခြင်းဖြင့် မြန်မာနိုင်ငံ ဒေသခံပြည်သူများ အပေါ် ကျရောက်လာမည့် သက်ရောက်မှုများကို နားလည် သဘောပေါက်ကြပါရန် အဆိုပါ ရေကာတာ တည်ဆောက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နေသူများ ဖြစ်သည့် အိမ်နီးချင်းနိုင်ငံများ၊ ရေကာတာ တည်ဆောက်ရေး ကုမ္ပဏီများ၊ နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများကို တောင်းဆိုလိုက်ကြပါသည်။ မြန်မာ စစ်အစိုးရသည် မကြာသေးခင် နှစ်များက ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့နှင့် အနည်းဆုံး ရေကာတာ ၅ ခုတည် ဆောက်မည့် သံလွင်မြစ် အပါအဝင် မြန်မာနိုင်ငံ မြစ်ချောင်းများပေါ်တွင် ရေကာတာများ တည်ဆောက်ရန် သဘောတူ စာချုပ်များကို လက်မှတ် ရေးထိုးခဲ့သည်။ အဆိုပါ ရေကာတာများမှ စုစုပေါင်း လျှပ်စစ်စွမ်းအင် ၃၅ဝဝဝ မဂ္ဂါဝပ် ထွက်ရှိမည်ဖြစ်ပြီး တန်ဘိုးအားဖြင့် အမေရိကန် ဒေါ်လာ ၃၅ သန်း ကုန်ကျမည် ဖြစ်သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်း ပြောဆိုကြသည်။

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဝဲကြီးဒေသတွင် ဇီဝမျိုးစုံမှု (biodiversity) ကို လေ့လာချက်အရ ရေကာတာ တည်ဆောက်ခြင်းဖြင့် အပင် ၁၉၄ မျိုးနှင့် မျိုးတုံး ပျောက်ကွယ်တော့မည့် တိရိစ္ဆာန် မျိုးစိတ်ပေါင်း ၄၂ မျိုး အပါအဝင် ရှားပါးမျိုးစိတ်ပေါင်း ၂ဝဝ ကို အန္တရာယ် ကျရောက်စေလိမ့်မည် ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဆိုးဆေးကင်းကြောင်း ထောက်ခံချက်လို

အရီးတောင်း၊ ပင်ပျိုရွက်နု၊ ရွှေတုတ်၊ မွမွလေးတို့ အပါအ၀င် မြန်မာ့လက်ဖက်အသား (၄၃) မျိုးကို သက်ဆိုင်ရာ မြို့နယ်ဈေးများအလိုက် ရှင်းလင်းသုတ်သင်ရန် ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် မတ်လ (၁၂) ရက်နေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများတွင် အဆိုပါ လက်ဖက် (၄၃) မျိုးကို အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော အ၀ါရောင်ဆိုးဆေး (Auramine o) ပါဝင်နေကြောင်း စိစစ်တွေ့ရှိရ သည့်အတွက် စားသုံးရန် မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။ လက်ဖက်တွင် ဓာတ်ခွဲတွေ့ရှိရသည့် Auramine o သည် ချည်၊ သိုးမွေး၊ ပိုးထည်၊ စက္ကူ၊ သားရေများကို အရောင်ဆိုးသော ဓာတုပစ္စည်းဖြစ်ကြောင်း၊ စားသုံးသူအား လတ်တလော အဆိပ်အတောက် မဖြစ်သော်လည်း ရေရှည်တွင် အသည်းနှင့် ကျောက်ကပ်ရောဂါ ဖြစ်စေခြင်း၊ ခန္ဓာကိုယ်ကြီးထွားမှုကို ထိခိုက်စေခြင်း၊ ကင်ဆာရောဂါ ဖြစ်စေခြင်းတို့ကြောင့် စားသုံးရန် မသင့်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။ ဘုရင့်နောင်ပွဲရုံတန်းမှ ပင်ပျိုရွက်နုသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ မည်သို့စီမံရမည်ကို လာရောက်ညွှန်ကြားခြင်း မရှိသေးကြောင်း၊ ရောင်းချမှုရပ်ထားကြောင်း ဆိုသည်။

FDA ၏ ပြောရေးဆိုခွင့်ရှိသူက နောက်ရောင်းရမည့် လက်ဖက်များကို ဆိုးဆေးကင်းရှင်းကြောင်း ထောက်ခံချက် ပေးပြီးမှ ရောင်းရတော့မည်ဖြစ်သည်ဟု ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
လေဖြတ်နေသူ နိုင်ငံရေးသမား အဖမ်းခံရ


ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေး အဖွဲ့ဝင်ဟောင်း ဦးကြည်လွင်ကို ယမန်နေ့ညက အာဏာပိုင်များက ဖမ်းဆီးသွားသည်။

လေဖြတ်ထားဖြင့် လွန်ခဲ့သည့် တနှစ်ခွဲခန့်ကတည်းက မြို့နယ်စည်း အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ထားသူ အသက် ၅၃ နှစ်အရွယ် ဦးကြည်လွင်အား သတင်းရဲတပ်ဖွဲ့ (SB)၊ ရပ်ကွက်ကောင်စီဝင်များနှင့် စွမ်းအားရှင် စုစုပေါင်း ဦးရေ ၃ဝ ခန့်က မေးမြန်းရန်ဟုဆိုကာ နေအိမ်မှ ဖမ်းခေါ်သွားခြင်းဖြစ်သည်။ “အိမ်ပေါ်လာပြီးတော့ စာရွက်စာတမ်း အကုန်ရှာတယ်။ စမ်းချောင်းက ကိုပေါက်စနဲ့ ဘယ်လိုဆက်စပ်လဲ။ သူနဲ့ ပတ်သက်ပြီး မေးတယ်။ စမ်းချောင်းက ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ ခင်ဗျားကို မေးချင်လို့ပါဆိုပြီးပဲ ပြောသွားတယ်” ဟု ညီဖြစ်သူ ကိုသိန်းမြင့်ထွန်းက မဇ္ဈိမကို ပြောသည်။

ဦးပေါက်စ ခေါ် ဦးသက်ဝေ (ဥက္ကဋ္ဌ၊ စမ်းချောင်းမြို့နယ် အန်အယ်ဒီ) အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်အို) သို့ မြန်မာနိုင်ငံ ကလေးစစ်သား အသုံးပြုမှု တိုင်ကြားရန် ကြိုးစားသဖြင့် ၂ဝဝ၈ ခုနှစ် စက်တင်ဘာလအတွင်းက အင်းစိန်ထောင်တွင် ထောင်ဒဏ် ၂ နှစ် ကျခံခဲ့ရသူဖြစ်သည်။

သို့သော် ယခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် မြန်မာစစ်အစိုးရက အကျဉ်းသား ၆၃ဝဝ ကျော်အား လွတ်ငြိမ်းချမ်းသာခွင့် ပေးရာတွင် သူလည်း ပြန်လွတ်လာခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဆရာစံ အကျဉ်းစခန်းခွဲ မီးလောင်


စစ်ကိုင်းတိုင်း တမူးမြို့နယ်ရှိ ဆရာစံအကျဉ်းစခန်းခွဲ မတ်လ (၈) ရက် နေ့လယ် (၂) နာရီခန့်အချိန်က မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

အဆိုးပါအကျဉ်းစခန်းခွဲမှာ တမူးမြို့မှ (၁) မိုင်ခန့်ဝေးသော ဆရာစံကျေးရွာ အရှေ့ဘက်တွင်ရှိပြီး အကျဉ်းစခန်းခွဲ၏ အနောက်ဘက်ခြမ်းတွင် လောင်ကျွမ်းခြင်းဖြစ်သည်ဟု ကလေးမြို့နယ် မီးသတ်တပ်ဖွဲ့၏ တရားဝင်သတင်းထုတ် ပြန်ချက်အရ သိရသည်။

မီးလောင်မှုကြောင့် သိန်း (၉၀) ခန့် ဆုံးရှုံးသည်ဟု ခန့်မှန်းတွက်ချက်ထားကြောင်း ကလေးမီးသတ်ဌာန၏ ထုတ်ပြန်ချက်များတွင် ပါရှိကြောင်း သိရသည်။ “မီးစတင်ကူးတဲ့အခါ ထောင်မှူး ဦးတင်ဝင်းဆိုတဲ့သူအိမ်ကို အရင်ကူးစက်တယ်။ အဲဒီကစတာပါပဲ” ဟု အဆိုပါ မီးသတ်တပ်ဖွဲ့၏ အရာရှိတဦးက ပြောသည်။

မီးလောင်ခြင်းကြောင့် အရာရှိလုံးချင်းအိမ်များအပါအ၀င် ရဲအိပ်ဆောင်၊ ရဲဘက်အိပ်ဆောင်၊ မိန်းဂျေး၊ ဖိုကြီး၊ ဘူးဝ၊ စပါးဂိုဒေါင်၊ ရိက္ခာဂိုဒေါင်၊ ဧည့်တွေ့ဆောင် စသည်တို့အပါအ၀င် အဆောက်အအုံ (၂၆) လုံးနှင့် ကျွဲနွားတဲ၊ ထွန်စက်၊ စပါးချွေစက်၊ စပါးကြိတ်ခွဲစက်အင်ဂျင်၊ တရုတ်နီ (၂၂) ကောင်ဆိုင်ကယ်၊ စပါးတင်း (၂,၀၀၀) ကျော်၊ ဆန်အိတ်များ စသည်တို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့' သံချပ်ခွေ စတင်ဖြန့်ချိ

နယူးဒေလီ (မဇ္ဈိမ)။ ။ အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့ အမည်ရ ပွဲသိမ်းတိုက်ပွဲခေါ် သံချပ်ခွေကို အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက ယမန်နေ့က နယူးဒေလီမြို့တွင် စတင် ဖြန့်ချိလိုက်ပြီ ဖြစ်သည်။

၁၁ ကြိမ်မြောက်ဖြစ်သည့် ယခု မြန်မာ့ရိုးရာ အတာသင်္ကြန် သံချပ်ထဲတွင် မြန်မာ စစ်အစိုးရ သာမက ပြည်ပအခြေစိုက် အဝေးရောက် ညွန့်ပေါင်း အစိုးရကိုပါ ထည့်သွင်းဝေဖန်မှုများ ပြုလုပ်ထားသည်။

“ဒီနှစ် သံချပ်မှာက သင်ပုန်းကြီးကဏ္ဍထဲမှာ အဝေးရောက် ညွန့်ပေါင်းအစိုးရကို ဝေဖန်ထားတာလည်း ပါတယ်။ ကျနော်တို့ရဲ့ အစိုးရလည်း ဖြစ်တယ်။ သူတို့ကို လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေမှာ ပြတ်ပြတ်သားသား ဆောင်ရွက်စေချင်တယ်” ဟု သံချပ်ရေးသူ ကဗျာဆရာ မြတ်ထက်က မဇ္ဈိမကို ပြောသည်။ သံချပ်နှင့် သီချင်း ၁၁ ပုဒ် ပါဝင်ရာ အဖွင့်၊ နှုတ်ခွန်းဆက်၊ ကြံ့ဖွတ်၊ လူထုဘ၀အခြေအနေ၊ နာဂစ်(၁)၊ နာဂစ်(၂)၊ ဥပဒေ၊ ဆန္ဒခံယူပွဲ၊ စပ်မိစပ်ရာ၊ သင်ပုန်းကြီး၊ တိုက်ပွဲခေါ်သံ ခေါင်းစဉ်များဖြင့် တင်ဆက်ထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ရခိုင်ကမ်းလွန်မှ သဘာဝဓာတ်ငွေ့များအား တရုတ်နိုင်ငံသို့ ပိုက်လိုင်းဖြင့် ဓာတ်ငွေ့တင်ပို့မှုကို ၂၀၁၃ ခုနှစ်တွင် စတင်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရ


ရခိုင်ကမ်းလွန်မှ သဘာဝဓာတ်ငွေ့များအား တရုတ်နိုင်ငံသို့ ပိုက်လိုင်း ဖြင့် တင်ပို့မှုကို ၂၀၁၃ ခုနှစ်တွင်စတင်နိုင်မည်ဟုခန့်မှန်းထားကြောင်း သိ ရသည်။

ရခိုင်ကမ်းလွန်ဒေသလုပ်ကွက် A-1 နှင့် A-3 မှ ရရှိလာမည့် သဘာဝ ဓာတ်ငွေ့များကို ပိုက်လိုင်းဖြင့်သွယ်တန်းရယူရန်အတွက်လိုအပ်သော မြေမျက်နှာသွင်ပြင်မြေ ပုံရေးဆွဲခြင်း (topographic map) နှင့် မြေနမူနာ စစ်ဆေးခြင်း (soil test) လုပ်ငန်းများဆောင်ရွက်မှု ပြီး စီးခဲ့ပြီဖြစ်ကြောင်းလည်းသိရသည်။

အဆိုပါရေနံနှင့်သဘာဝဓာတ် ငွေ့ပိုက်လိုင်းသည် မြန်မာနိုင်ငံ ကျောက်ဖြူမြို့နှင့် တရုတ်နိုင်ငံ တောင်ပိုင်းမြို့တစ်မြို့ဖြစ်သည့် ကူ မင်းမြို့တို့ကို ဆက်သွယ်မည်ဖြစ်ကြောင်း သိရသည်။ ရေနံသယ်ယူရန်အတွက် အ မေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ တန်ဖိုးရှိသည့်ပိုက်လိုင်းနှင့် သဘာဝဓာတ်ငွေ့သယ်ယူရန် အမေရိကန် ဒေါ်လာ ၁ ဒသမ ၀၄ ဘီလျံ တန် ဖိုးရှိသည့် ပိုက်လိုင်းတို့ကို တည် ဆောက်သွားမည်ဖြစ်ကာ မြန်မာနိုင် ငံ ကျောက်ဖြူမြို့အနီးတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့သိုလှောင်ကန်များ ကိုတည်ဆောက်သွားမည်ဖြစ်သည်။အဆိုပါရေနံနှင့်သဘာဝဓာတ် ငွေ့ပိုက်လိုင်းစီမံကိန်းကိုChina Na-tional Petroleum Corp. နှင့် မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း တို့ကပူးပေါင်းအကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း သိရသည်။ ရခိုင်ကမ်းလွန်မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များအား တရုတ် နိုင်ငံသို့ ပိုက်လိုင်းသွယ်တန်းရောင်း ချရန် ဒေ၀ူးကုမ္ပဏီဦးဆောင်သည့် အဖွဲ့နှင့် တရုတ်နိုင်ငံတို့ သဘောတူ စာချုပ်ကို ရန်ကုန်မြို့ ဆီဒိုးနားဟို တယ်တွင် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ ကြောင်းနှင့် သဘောတူညီမှုအရ ကန်ထရိုက်စာချုပ်သက်တမ်းမှာ နှစ် ၃၀ ဖြစ်ကြောင်း သိရသည်။
( ၀ိကလီအဲလဲဗင်း ဂျာနယ်မှ ကောက်နှုတ်ချက် )
+++++
မတ်လ ၁၇ ရက်
ရက်သတ္တပတ် ၁၂ ၊ ၂၀၀၉
မြန်မာသတင်း

စက်မှု ( ၁ ) စားသောက်ကုန်လုပ်ငန်း အရှုံးပေါ်


စက်မှု (၁) ၀န်ကြီးဌာန လက်အောက်ခံ စားသောက်ကုန်လုပ်ငန်းဌာနကြီး အရှုံးပေါ်ပြီး တွက်ခြေမကိုက်တော့သည့် အတွက် အဆိုပါဌာန ဦးဆောင်ညွှန်ကြားရေးမှူးရာထူးကို စစ်ဗိုလ်မထားတော့ဘဲ အရပ်သားကိုသာ ၀န်ကြီး ဦးအောင်သောင်းက ရာထူးတိုးပေးထားသည်ဟု စုံစမ်းသိရသည်။

စက်မှု (၁) ဝန်ကြီးဌာနလက်အောက်ရှိ စားသောက်ကုန်လုပ်ငန်းမှ စီးကရက်စက်ရုံ၊ ဘီယာစက်ရုံနှင့် သကြားစက်ရုံ များကို ပုဂ္ဂလိကမှ လွှဲယူတော့မည်ဖြစ်သည်။ လက်ကျန် အခြားစက်ရုံသေးများမှာ စီးပွားရေးအရ တွက်ခြေမကိုက် သည့် စက်ရုံများသာဖြစ်သဖြင့် စားသောက်ကုန်လုပ်ငန်းဌာနကြီး ပြိုလဲလုနီးပါးဖြစ်နေသည်ဟု စက်ရုံမှူးတဦးက ပြောသည်။

ရန်ကုန်စီးကရက် စက်ရုံအမှတ် (၂) လှိုင်မြို့နယ်အား လက်ရှိဝန်ထမ်း (၆ဝဝ) ကျော်နှင့်အတူ ပုဂ္ဂလိကလက် လွှဲပြောင်းရာ ပုဂ္ဂလိကမှ ဝန်ထမ်း (၂ဝဝ) ကျော်သာ လက်ခံသည်ဟု ၀န်ကြီးဦးအောင်သောင်း၏ လက်ထောက် တဦးက ပြောသည်။ ကျန်ဝန်ထမ်း (၂ဝဝ) ကျော်ကို မြန်မာ့စားသောက်ကုန်လုပ်ငန်းလက်အောက်ရှိ စက်ရုံအချို့သို့ အရေးပေါ်ပြောင်းရွှေ့ပြီး ကျန် (၁၇ဝ) ခန့်မှာ အသက်ကြီးဝန်ထမ်းများဖြစ်သည့်အတွက် စက်မှု (၁) ရှိ အခြားစက်မှု လုပ်ငန်းများက လက်မခံလိုသဖြင့် အဆိုပါဝန်ထမ်းများ အလုပ်ပြုတ်လုနီးပါး ဖြစ်နေသည်ဟုလည်း ပြောသည်။

စားသောက်ကုန်လုပ်ငန်းဌာနကြီး ယခုကဲ့သို့ ယိမ်းယိုင်နေချိန်တွင် လစ်လပ်သည့် ဦးဆောင်ညွှန်ကြားရေးမှူး ရာထူးအား စစ်ဗိုလ်များကို မပေးတော့ဘဲ အရပ်သား ဓာတုအင်ဂျင်နီယာ ဒေါက်တာ ချိုဝင်းမော်အား ၀န်ကြီး ဦးအောင်သောင်းက ရာထူးတိုးပေးခဲ့သည်။ သဘောမှာ နောင်တက်မည့် အရပ်သားအစိုးရသို့ လွှဲချိန်တွင် အရပ်သား ဒေါက်တာ ချိုဝင်းမော်လက်ထက်ကျမှ စားသောက်ကုန်လုပ်ငန်းဌာနကြီး ပြိုလဲသွားရသည်ဆိုသည့် အဖြစ်မျိုးရောက်ရန် ဦးအောင်သောင်းက ကြံစည်ခြင်းဖြစ်သည်ဟု နေပြည်တော် ၀န်ကြီးဌာနတခုလုံးရှိ အရာထမ်းများ ပြောဆိုနေသည်။

ဝန်ကြီးဦးအောင်သောင်း ဆေးကုသမှုခံယူရန်အတွက် လောလောဆယ် စင်ကာပူနိုင်ငံသို့ ရောက်နေသည်ဟု ဦးအောင်သောင်း၏ လက်ထောက်တဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
စာမေးပွဲ စစ်ဆေးမှု ပုံမှန်ဟု မြင်းခြံဆရာမပြော

ချင်းမိုင် (မဇ္ဈိမ)။ ။ စာမေးပွဲအခန်းထဲသို့ စာရွက်စာတမ်းများ ခိုးဝှက် သယ်ယူလာခြင်း မရှိစေရန် ၁ဝ တန်း ကျောင်းသူ/သားများအား ခန္ဓာကိုယ်အနှံ့ အကြမ်းပတမ်း စစ်ဆေးနေသည်ဟု ပြောဆိုချက်များမှာ မဟုတ်မှန်ကြောင်း မန္တလေးတိုင်း မြင်းခြံမြို့ အထက ၃ မှ ဆရာမတဦးက ငြင်းဆိုသည်။

ကျောင်းဝင်းဂိတ်၊ စစ်ဆေးဆောင်နှင့် စာဖြေခန်း ဟူ၍ သုံးနေရာ ခွဲကာ နေ့စဉ် စစ်ဆေးရာ အထက ၁ နှင့် ၃ တွင် ရှာဖွေပုံမှာ ကြမ်းတမ်းလှသည်ဟု ကျောင်းသားများနှင့် မိဘများက မဇ္ဈိမကို ပြောဆိုသည့်အပေါ် ဆရာမက ငြင်းချက် ထုတ်လိုက်ခြင်း ဖြစ်သည်။
သို့သော် ဂိတ်ဝင်အဝ၌ သာမက သီးသန့်အခန်း၌လည်း ထပ်ရှာသေးသည်ဟု သူက အတည်ပြု ပြောဆိုသည်။ သီးသန့်ဆောင် ရှာဖွေမှု ပြီးသော်လည်း စာဖြေခန်းထဲ မဝင်ရသေးဘဲ ကျောင်းကစားကွင်းလယ် မြေကြီးပေါ်၌ ၈ နာရီခွဲ သံခေါင်းခေါက်သည်အထိ ထိုင်စောင့်ကြရသည်။ ထို့နောက် စာဖြေခန်းထဲတွင်လည်း ဘောပင်၊ ပေတံ၊ ပိုက်ဆံအိတ်များအား ထပ်မံစစ်ဆေးပြန်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မီးဘေး ကာကွယ်ရေးသတင်း ငွေမရှိ၊ တီဗွီက မလွင့်နိုင်


မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ သိမှတ်ဖွယ်၊ ပြည်သူများ သတိပြုနိုင်ရန် အသိပေးမှုများကို ရုပ်မြင်သံကြား အစီအစဉ်များက ငွေမရ၍ ထုတ်လွှင့်မှု ဦးစားမပေးကြောင်း မီးသတ်ဦးစီးဌာန၏ အရာထမ်းတဦးက ပြောသည်။

မြန်မာတနိုင်ငံလုံးတွင် မီးလောင်မှုကြောင့် ၂၀၀၈ ခုတွင် ဆုံးရှုံးမှု ငွေကြေးပမာဏမှာ သိန်းပေါင်း (၄) သောင်းခန့် ရှိခဲ့ကြောင်း၊ ၂၀၀၇ ခုတွင် သိန်းပေါင်း ကိုးထောင်ခြောက်ရာကျော် ဆုံးရှုံးခဲ့ကြောင်း ပြည်တွင်းသတင်းမီဒီယာ များက ဖော်ပြကြသည်။
ရန်ကုန်တိုင်း မီးသတ်ဦးစီး၏ တရားဝင်ထုတ်ပြန်မှု မီးလောင်မှုဖြစ်စဉ်များတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းက မြန်မာတနိုင်ငံလုံး မီးလောင်မှုအကြိမ်ပေါင်း (၁၀၀) ကျော် ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဂျပန်က မြန်မာကို ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပေး

နယူးဒေလီ (မဇ္ဈိမ)။ ။ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်သော မြန်မာက ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေချိန် ဂျပန်အစိုးရက မြန်မာအရာရှိများကို ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများ ပေးနေသည်ဟု သတင်းရပ်ကွက်များက ဆိုသည်။

မြန်မာစစ်အစိုးရ၏ အဆင့် ၇ ဆင့်ပါ ဒီမိုကရေစီသို့ ပြောင်းလဲရေး လမ်းပြမြေပုံကို ထောက်ခံသည့် အစိတ်အပိုင်းအဖြစ် မြန်မာအရာရှိ ၅ ဦးကို ရွေးကောက်ပွဲကျင်းပပုံနှင့် စပ်လျဉ်းသည့် သင်တန်းကို ဂျပန်က ပေးနေခြင်း ဖြစ်သည်။
“ရွေးကောက်ပွဲများကို ဘယ်လိုဘယ်ပုံ ကျင်းပရတယ်ဆိုတာနဲ့ ပတ်သက်တဲ့ သင်တန်းတရပ်ကို မြန်မာစစ်အစိုးရက စေလွှတ်တဲ့ အရာရှိ ၅ ဦးကို ပေးနေတယ်ဆိုတာ ကျမ သိပါတယ်” ဟု မြန်မာ့သတင်းကွန်ယက် (ဂျပန်) (Burma Information Network – Japan) ၏ ဂျပန်လူမျိုး လှုပ်ရှားတက်ကြွသူ ယူကီ အာကီမိုတို (Yuki Akimoto) က မဇ္ဈိမကို ပြောသည်။

ရွေးကောက်ပွဲကို ဂျပန်က အင်တိုက်အားတိုက် ထောက်ခံနေခြင်းကို တွေးမိသည့်အခါ အလွန်ဝမ်းနည်းရကြောင်း သူမက ဆက်ပြောသည်။

၂ဝ၁ဝ ရွေးကောက်ပွဲသည် မြန်မာစစ်အစိုးရ၏ လမ်းပြမြေပုံတွင် အဆင့် ၅ ဖြစ်သည်။

လမ်းပြမြေပုံကို ထောက်ခံသည့်မူဝါဒအား ဂျပန်က တလျှောက်လုံး ကိုင်စွဲလာခဲ့သဖြင့် ယခုလို လျှို့ဝှက်သင်တန်း ပေးနေသည့် သတင်းများ ပေါ်ထွက်လာသည့်အပေါ် မြန်မာ့အရေး အကဲခတ်များကမူ မအံ့သြကြပါ။

လွပ်လပ်မျှတသော ရွေးကောက်ပွဲများ ကျင်းပပေးရန် ဂျပန်က တိုက်တွန်းနေပြီး ထိုသို့ ကျင်းပပေးခြင်းဖြင့် မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်လာနိုင်ကြောင်း ယုံကြည်လျက်ရှိသည်ဟု အာကီမိုတိုက ပြောသည်။

သို့သော် အာရှတိုက်၏ ခိုင်မာတောင့်တင်းဆုံး ဒီမိုကရေစီ နိုင်ငံကြီးအနေဖြင့် စစ်အစိုးရ၏ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံကို သေချာစွာ အနီးကပ် လေ့လာသင့်ကြောင်းနှင့် အားလုံး ပါဝင်နိုင်သည့် ဖြစ်စဉ်တရပ် ပေါ်ထွန်းလာရေးအတွက် တိုက်တွန်းသင့်ကြောင်း သူမက ပြောဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ရှမ်းတဲကြီးရွာအနီး ရေနံထွက်ရှိခြင်း မမှန်ကန်


ရန်ကုန်တိုင်း လှည်းကူးမြို့နယ် လေးထောင့်ကန်အနီး ရှမ်းတဲကြီးကျေးရွာအပိုင် ဦးသန်းထွန်းပိုင် လယ်ကွက်တွင်းမှ သဘာဝဓာတ်ငွေ့များထွက်ရှိနေ၍ သက်ဆိုင်ရာမှ သွားရောက်တိုင်းတာစစ်ဆေးကာ ထိုလယ်မြေများကို သိမ်းယူလိုက်ခြင်းကြောင့် လယ်ပိုင်ရှင်မှာ ရူးနေကြောင်း၊ နစ်နာကြေး တဧက (၂) သောင်းနှုန်းသာပေးမည် ဖြစ်သည့်အတွက် လယ်သမားတဦးအပေါ် အခွင့်အာဏာနှင့် အဓမ္မအနိုင်ကျင့်နေကြောင်း ဖေဖော်ဝါရီလကုန်ပိုင်းက ပြည်တွင်း၊ ပြည်ပ မီဒီယာများတွင် ဖော်ပြပါရှိပြီးဖြစ်သည်။

အဆိုပါ သဘာဝဓာတ်ငွေ့ထွက်ရှိနေသည့် လယ်ကွက်သည် လေးထောင့်ကန်ကားလမ်းမကြီးမှ တမိုင်သာသာခန့်သာ ကွာဝေးကြောင်း၊ အောင်ကေဒါ ကြက်မွေးမြူရေးခြံနှင့် အင်ကြင်းမြိုင်ဘုန်းတော်ကြီးကျောင်း တို့ အနီးတွင် ရှိကြောင်း၊ တူးဖော်ရေးလုပ်ငန်းခွင်သို့ ၀င်ခွင့်မရဘဲ အပြင်မှ လေ့လာ၍တော့ရကြောင်း၊ လက်ရှိတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးဝန်ထမ်း အယောက် (၂၀) ခန့်ဖြင့် နေ့ဆိုင်း၊ ညဆိုင်း တာဝန်ထမ်း နေကြောင်း၊ တူးဖော်ရေးစက်ပစ္စည်းအတင်အချနှင့် ၀န်ထမ်းအသွားအလာများခြင်းကြောင့် လယ်ယာမြေတချို့ မြေသားလမ်းဖြစ်နေကြောင်းသိရသည်။ “တူးနေတုန်းပဲ။ သဘာဝဓာတ်ငွေ့ ထွက်မယ် မထွက်ဘူး။ စီမံကိန်းအဆင့်ရရှိမယ်လည်း မပြောနိုင်သေးဘူး။ ထွက်နိုင်တယ်လို့ စမ်းသပ်တွေ့ရှိရတာကိုး။ ဘယ်လိုစမ်းသပ်လဲဆိုတော့ (၂) မိုက်အနက်မြေကို တောက်လျှောက် တူးလိုက်တယ်။ အဲဒီမှာ ရှာဖွေရေးစက်ကလေး လွှတ်လိုက်တယ်။ သဘာဝဓာတ်ငွေ့ရှိနိုင်တဲ့နေရာကျတော့ အဲဒီ စက်က ရပ်သွားရော။ ဒီတော့ အဲဒီနေရာကို ကွင်းပြီး တူးနေတယ်။ စီးပွားဖြစ်ရနိုင်တယ် မရနိုင်ဘူး ခုအနေအထားမှာ ပြောမရသေးဘူး။ မရနိုင်ရင် ပြန်ဆုတ်သွားမှာပါ” ဟု ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး ၀န်ထမ်းတဦးကပြောကြားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ရမည်းသင်း မှောင်ခို ရွှေမှော် ပိတ်ပြီ


ဘန်ကောက် (မဇ္ဈိမ) ။ ။ ရမည်းသင်းမြို့ မိုးထိမိုးမိတောင် ရွှေမှော်တွင် ရွှေရှာခြင်းကို အာဏာပိုင်များက ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ပြန်လာသူ ရွှေမှော်သမားများက ပြောသည်။

“မိုးထိမိုးမိတောင် စီမံကိန်း” သည် ရမည်းသင်းမှ မိုင် ၃ဝ ခန့်ကွာဝေးပြီး ရွှေမှော်အတွင်းမှ တားမြစ်နယ်မြေအတွင်း တူးနေကြသူများကို ယခင်က ဒေသခံရဲနှင့် သတ္တုတွင်း ဝန်ကြီးဌာန ဝန်ထမ်းများက လာဘ်ငွေယူ၍ ခွင့်ပြုထားသော်လည်း ယခုအခါ တူးခွင့်မပေးတော့ခြင်းဖြစ်သည်။

“အရင်ကတော့ နားလည်မှုကို လုပ်လို့ရတယ်။ အခုဟာက အဲဒီလိုမျိုး မရတော့ဘဲနဲ့ အဲဒီအထဲမှာ နေထိုင် လုပ်ကိုင်နေတဲ့ လူအကုန်လုံး လုပ်ခွင့်မပေးတော့ဘဲနဲ့ မောင်းထုတ်တာ။ လူတွေရဲ့ တဲတွေဆိုလည်း မီးရှို့တယ်။ စက်ပစ္စည်းတွေဆိုလည်း သိမ်းတယ်ပေါ့။ တချို့လည်းဖမ်းတယ်။ တချို့လည်း ထောင်ချတယ်ဗျ” ဟု သူက မဇ္ဈိမကို ပြောသည်။

ကျင်းပိုင်ရှင်အချို့သည် ရွှေငါးမူးသားခန့်ပါ ဗြုန်းအိတ်ဖြင့် တနေ့လျှင် အိတ် ၅ဝ အထိပင် ရရှိကြပြီး ဗြုန်းတအိတ်ကို ငွေကျပ် ၉ သောင်းအထိ တန်သည်ဟု သိရသည်။

လာဘ်ငွေကို ရွှေထွက်နှုန်းပေါ် မူတည်၍ ရွှေကျင်းပိုင်ရှင် တဦးချင်းက တနေ့လျှင် (၅-၁ဝ) သိန်းအကြား ပေးကြရသည်။

သို့သော် ယခင်လဆန်းမှစ၍ မောင်းထုတ်ခံကြရသဖြင့် တရားဝင် တူးခွင့်ရသည့်နေရာသို့ ပြန်သွားသူ တချို့ရှိသော်လည်း အများစုမှာ မှော်အတွင်းမှ ပြန်လည်ထွက်ခွာနေကြသည်။

တားမြစ်နယ်မြေအတွင်း လာဘ်ငွေပေး၍ ခိုးတူးနေကြသည်မှာ တနိုင်တပိုးသမားများသာမက သူရိန်နိုင်၊ တိုးပွားမန်း၊ တစ်သုံးလုံး၊ မြန်မာစိုးမိုး၊ ချမ်းငြိမ်းရွှေစင်၊ အေးငြိမ်းမွန် စသည့် ကုမ္ပဏီများလည်း ပါဝင်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ပဲဈေး အေးစက်၊ ကုမ္ပဏီများ ဆက်လက်ဖွဲ့ခိုင်းနေ


ပြည်ပ၀ယ်လက်မရှိခြင်းကြောင့် ပြည်တွင်းပဲဈေးကွက် အေးနေပြီး နအဖအစိုးရက နယ်ကုန်စည်ဒိုင်များတွင် ပဲဝယ်ယူရေးဆိုင်ရာ ကုမ္ပဏီများ ဆက်လက်ဖွဲ့ခိုင်းနေကြောင်း အညာဒေသခံပွဲစားများက ပြောသည်။

လွန်ခဲ့သောနှစ် သြဂုတ်လအတွင်းက ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲကုန်သည်အချို့ ထွက်ပြေးတိမ်းရှောင်မှု ရှိခဲ့ပြီးနောက် ပဲဝယ်ယူတင်ပို့ရာတွင် ကုမ္ပဏီဖွဲ့လုပ်ကိုင်ရန် UMFCCI မှတဆင့် အစိုးရက ဖိအားပေးခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် တလပိုင်းက အိန္ဒိယမှ ပဲတန်ချိန်ရှစ်သောင်းဝယ်ယူမည့် သတင်းများ ပေါ်ထွက်ခဲ့သော်လည်း ယခုအချိန်ထိ အိတ်စ်ပို့ဆွဲလက်မရှိသေးဘဲ ပြည်တွင်းခွဲစက်သမားအနည်းအကျဉ်းသာ ၀ယ်ယူနေသေးကြောင်း အညာဒေသခံပွဲစားများက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ပြည်မြို့မှာ ကြက်သားကြက်ဥ ပြန်ရောင်းပြီ


ချင်းမိုင် (မဇ္ဈိမ)။ ။ ကြက်လည်လိမ် သေဆုံးမှုကြောင့် ကြက်သား၊ ကြက်ဥ ရောင်းဝယ်ခွင့်ကို ပဲခူးတိုင်း ပြည်မြို့တွင် တလခွဲခန့် ပိတ်ပင်ခဲ့ရာမှ ယခုလဆန်းတွင် ပြန်လည် ခွင့်ပြုလိုက်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ကာ အရောင်းအဝယ်များ တားမြစ်ခဲ့ရာမှ ယခုလ ၄ ရက်နေ့တွင် မြို့နယ် တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ပြန်ဖွင့်ပေးလိုက်ခြင်းဖြစ်သည်။

''မတ်လ ၁ ရက်နေ့မှာက ဥတွေ ပြန်ရောင်းခွင့် ပေးလိုက်တယ်။ ၄ ရက်နေ့က အသားတွေ ပြန်ရောင်းခွင့် ပြုလိုက်တယ်ပေါ့နော်။ ဇန်နဝါရီလကနေဆိုတော့ တလကျော်ကျော်ပေါ့နော်။ ဇန်နဝါရီ ၂၇ မှာက ရောင်းခွင့် ပိတ်လိုက်တယ်။ နယ်ကူးမှု၊ စားသုံးမှု နည်းနည်းလေး control လုပ်ကြည့်လိုက်တာ။ အခုတော့ ရောဂါကင်းသွားလို့ ရောင်းခွင့်ပြုလိုက်တာ'' ဟု မြို့နယ် တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒေါက်တာ အောင်သန်းဝင်းက မဇ္ဈိမကို ပြောသည်။

ဖေဖော်ဝါရီလထဲမှာ မြို့တွင်းရပ်ကွက်များနှင့် နီးစပ်ရာ ဒေသများရှိ ခြံ ၂၄ ခြံမှ ကြက်ကောင်ရေ ၉ဝဝဝ ကျော်နှင့် ငုံးကောင်ရေ တသောင်းကျော် သုတ်သင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မူယာပင်ရပ်ကွက်မှ ဒေသခံတဦးကလည်း “သူတို့ ပြောတာတော့ ပြင်းထန်တဲ့ ကြက်လည်လိမ်ပေါ့။ ဒါပေမဲ့ အပြင်မှာ ကြားတာက ကြက်ငှက်တုတ်ကွေးပေါ့။ အဲလိုဖြစ်လို့ ကြက်ခြံတွေမှာရော ကြက်တွေ သေလို့ အရောင်းအဝယ် ပိတ်ခဲ့တာ၊ အခု ပြန်ဖွင့်တာ မကြာသေးဘူး” ဟု ပြောသည်။

ကြက်သားဈေးမှာ မွေးမြူရေး၊ အသားစားကြက် (စီပီ) တပိဿာသည် ကျပ် ၃၅ဝဝ မှ ၅ဝဝဝ အထိရှိပြီး၊ တိုင်းရင်းကြက်ခေါ် အိမ်မွေးကြက် ဈေးနှုန်းမှာ ကျပ် ၇ဝဝဝ မှ ၈ဝဝဝ ဈေး ရှိသည်။ ကြက်ဥဖောက်သည်ဈေးမှာမူ တလုံးလျှင် ၈၅ ကျပ်နှင့် ရောင်းဈေးမှာ ကျပ် ၁ဝဝ ရှိသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ပျက်လုံးတွေအပေါ် အငြိမ်ကခွင့် မပေးသည်အထိ အငြိုးထား


မွန်ပြည်နယ် သဘင်ကောင်စီသည် ပြည်နယ်အာဏာပိုင် သဘင်ကောင်စီဗဟိုနှင့် ပေါင်းကာ ယခုနှစ်သဘင်ရာသီမှ စတင်၍ မော်လမြိုင်အခြေစိုက် ဇာတ်အဖွဲ့များ၊ ပဒေသာကပွဲများကို အငြိမ့်ကခွင့် ပိတ်ပင်ထားသည်ဟု ၀ါရင့်သဘင် ပညာရှင်တဦးက ပြောသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပြည်နယ်သဘင် ကောင်စီတာဝန်ရှိသူများနှင့်ငွေရှင်များက လူရွှင်တော်အသားပေး အငြိမ့်အဖွဲ့များသည် နိုင်ငံရေးပျက်လုံးများ၊ အဓိပ္ပာယ်နှစ်ခွထွက်သော ပြက်လုံးများကြောင့် မလိုလားအပ်သော ပြသာနာများဖြစ်လာနိုင်သဖြင့် အငြိမ့်ကခွင့် ပိတ်ပင်ပေးပါရန် ဗဟိုသို့တောင်းဆိုခြင်းကြောင့် အငြိမ့်ကခွင့် ပိတ်ပင်ခံ ရခြင်းဖြစ်သည်။
မော်လမြိုင်မှ ဇာတ်မင်းသားကြီးတဦးက “ရွှေဝါရောင်တော်လှန်ရေးဖြစ်တော့ မော်လမြိုင်မှာ ဘုန်းကြီးတွေ မေတ္တာပို့လမ်းလျှောက်ကြတော့ မော်လမြိုင်က နာမည်ကြီးလူရွှင်တော် (ပွင့်ကောင်း) ဟာ ဘုန်းကြီးတွေနဲ့ လိုက်ပြီး ၀တ်ကြီးဝတ်ငယ်ဖြည့်တယ်။ အဲ့ဒါကို ထောက်လှမ်းရေးတွေ ရိုက်ထားတဲ့မှတ်တမ်းမှာ သူ့ပုံပါလာတော့ တိုင်းမှူးသက်နိုင်ဝင်းက မွန်ပြည်နယ်သဘင်ကောင်စီဥက္ကဋ္ဌ ဦးတိုင်းကျော်ကိုခေါ်ပြီး ပွင့်ကောင်းကို ခင်ဗျားတို့သဘင် ကောင်စီကနေ ရာသက်ပန်ထုတ်မှာလား။ ဒါမှမဟုတ်ရင် မွန်ပြည်နယ်မှာရှိတဲ့ ဇာတ်အဖွဲ့တွေပွဲ ကခွင့်အပိတ်ခံမှာ လားဆိုပြီးပြောတော့ ပွင့်ကောင်းတယောက် လမ်းဘေးရောက်သွားခဲ့ရတယ်။ မော်လမြိုင်က နာမည်ကြီးမင်းသား တလက် သူများသမီးပျိုတဦးကို ဖျက်လိုဖျက်ဆီးလုပ်တာကို မော်လမြိုင်သဘင်ကောင်စီက ငွေနဲ့ညှိပြီး အဲ့ဒီ မင်းသားကို ပွဲကခွင့်ရာသီဝက်ပဲ ပိတ်လိုက်တယ်။ အခုသူပြန်ကနေပြီး ပွင့်ကောင်းကတော့ လမ်းဘေးမှာပဲ။ ဒါတွေဟာ လုံးဝမတရားမှုတွေပါ” ဟုပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဗိုလ်သိန်းစိန် စင်္ကာပူရောက်ရှိ


နယူးဒေလီ (မဇ္ဈိမ)။ ။ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် စင်္ကာပူနိုင်ငံသို့ ယနေ့တွင် အလည်အပတ် ရောက်ရှိနေကြောင်း စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာန အဆိုအရ သိရသည်။

စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာန အရာထမ်းတဦးက ပြောကြားရာတွင် နအဖဝန်ကြီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှ စင်္ကာပူသို့ အင်္ဂါနေ့က ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။

အသေးစိတ်ကို ပြောကြားရန် အရာရှိက ငြင်းဆန် လိုက်သော်လည်း ဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့် ယာယီ သမတ ဂျေ ဝိုင် ပီလေးကိုလည်း တွေ့ဆုံမှာ ဖြစ်သည်။

ထို့အပြင် စင်္ကာပူ၏ သြဇာရှိ ဝါရင့်ဝန်ကြီး ဂိုချုပ်တောင်နှင့်လည်း တွေ့ဆုံမှာ ဖြစ်သည်။

မြန်မာဝန်ကြီးချုပ်သည် ဝန်ကြီး ၅ ဦး၊ ဒုဝန်ကြီး ၂ ဦးနှင့် အခြားသော ဌာနဆိုင်ရာ အရာထမ်းများနှင့် စီးပွားရေး လုပ်ငန်းရှင်များ လိုက်ပါလျှက် တနင်္ဂနွေနေ့တွင် ခရီးထွက်ခဲ့ရာ အင်ဒိုနီးရှားသို့ ဦးစွာ သွားရောက် လည်ပတ်ခဲ့ပြီး သမတ ဆူဆီလို ဘန်ဘမ်း ယူဒ်ရိုယိုနိုနှင့် တွေ့ဆုံခဲ့သည်။

သတင်းများအဆိုအရ ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် ယူဒ်ရိုယိုနိုတို့သည် နှစ်နိုင်ငံ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ခိုလှုံခွင့် တောင်းခံသော ရိုဟင်ဂျာများ အကြောင်းလည်း ထဲ့သွင်း ဆွေးနွေးသွားခဲ့သည်ဟု သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မတ်လ ၁၈ ရက်
ရက်သတ္တပတ် ၁၂ ၊ ၂၀၀၉
မြန်မာသတင်း

ဗိုလ်သိန်းစိန်အား စင်္ကာပူ တိုက်တွန်း

အမျိုးသားပြန်လည်သင့်မြတ်ရေး မြှင့်တင်ရန်နှင့် နိုင်ငံတကာ အသိုင်းအ၀န်းနှင့် လက်တွဲလုပ်ကိုင်ရန် မြန်မာစစ် အစိုးရ ဗိုလ်ချုပ်ကြီးများ ရဲရင့်သည့်ခြေလှမ်းများ လှမ်းရန်လိုပြီဟု စင်ကာပူအစိုးရက တိုက်တွန်းလိုက်သည်။

စင်ကာပူနိုင်ငံ ရောက်ရှိနေသည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်အား ညစာဖြင့် တည်ခင်းဧည့်ခံရာတွင် အတိုက်အခံနှင့် သင့်မြတ်အောင်လုပ်ပြီး အနောက်နိုင်ငံများနှင့် ဆက်ဆံရန် စင်ကာပူဝန်ကြီးချုပ် လီဆန်လောင်းက ယခုကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

“အမေရိကန်အစိုးရသစ်က နောက်လာမယ့် (၄) နှစ်သက်တမ်းအတွက် နိုင်ငံခြားရေးပေါ်လစီ မဟာဗျူဟာတွေ ဦးစားပေးရမယ့် ကိစ္စတွေကို ပြင်ဆင်နေပြီး ကမ္ဘာ့အခြေအနေကို ပြန်သုံးသပ်နေတာနဲ့အတူ ကမ္ဘာ့အခင်းအကျင်း တွေ ပြောင်းနေပါပြီ။ ဥရောပကလည်း သူတို့နိုင်ငံခြားရေးပေါ်လစီကို ပြန်သုံးသပ်နေသလို စီးပွားကပ်ဒဏ်သင့်နေ တဲ့ နိုင်ငံတွေကလည်း ကမ္ဘာပေါ်ရှိ အခြားဒေသတွေက နိုင်ငံတွေနဲ့ ဘယ်လို ထိထိရောက်ရောက် ဆက်ဆံရမလဲ ရှာဖွေနေချိန်မှာ နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ဆက်ဆံဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ရှေးရှုတဲ့ ရဲရင့်တဲ့ ခြေလှမ်းတွေ လှမ်းဖို့လိုတဲ့အတွက် ဒီအခြေအနေအခွင့်ကောင်းတွေကို မြန်မာစစ်အစိုးရ ဆုပ်ကိုင်ထားဖို့ မျှော်လင့်ပါတယ်” ဟု လီဆန်လောင်းက ပြောသည်။ မြန်မာစစ်အစိုးရနှင့် အမေရိကန်-ဥရောပ ဆက်ဆံရေး ပြန်လည်ရှင်သန်ရေးအတွက် စင်ကာပူအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီသွားမည်ဟုလည်း စင်ကာပူဝန်ကြီးချုပ် လီဆန်လောင်းက ဗိုလ်ချုပ်ကြီးသိန်းစိန်အား ပြောသည်။

အမေရိကန်က အာဆီယံအား မြန်မာနိုင်ငံတွင် နိုင်ငံရေးပြောင်းလဲရန် ဖိအားပေးစေလိုသော်လည်း မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှုကို စင်ကာပူက ဆန့်ကျင်သည်။ သို့သော် စင်ကာပူသည် မြန်မာဗိုလ်ချုပ်ကြီးများ၏ လျှို့ဝှက် ဘဏ်စာရင်းများ လက်ခံထားသည့် အိမ်ရှင်နိုင်ငံဖြစ်သည်ဟု ရိုက်တာသတင်းက စွပ်စွဲသည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်အား ဂုဏ်ပြုသည့်အနေဖြင့် စင်ကာပူ ရုက္ခဗေဒဥယျာဉ်တွင် သစ်ခွကင်ပွန်းတပ်ပွဲ ကျင်းပရာ စင်ကာပူနိုင်ငံသား (၃) ဦးက ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်အား ဒေါ်အောင်ဆန်းစုကြည်အတွက် ပန်းစည်းတစည်း လက်ဆောင်ပေးရန် ကြိုးစားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး တောင်းဆိုခဲ့သည်။

သစ်ခွပန်းအား အမျိုးသားပန်းမြတ်အဖြစ် စင်ကာပူနိုင်ငံ၌ အထွတ်အမြတ်ထားသည်။ သစ်ခွကင်ပွန်းတပ်ပွဲ ဆိုသည်မှာ စင်ကာပူသို့ အလည်အပတ် လာရောက်သည့် နိုင်ငံတကာမှ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များအား ဂုဏ်ပြုသည့် အနေဖြင့် သစ်ခွအမည်နောက်တွင် အဆိုပါ ပုဂ္ဂိုလ်များအမည်ကို တပ်ပေးခြင်းဖြစ်သည်။

၂၀၀၄ ခုနှစ်က နာမည်ကျော် အိန္ဒိယ ရုပ်ရှင်မင်းသား အမီတာဘာချမ်း စင်ကာပူရောက်စဉ် ၎င်းအား ဂုဏ်ပြုသည့် အနေဖြင့် Dendrobium သစ်ခွမျိုးစပ်ပန်းကို ကင်ပွန်းတပ်ပွဲလုပ်ရာ ထိုပန်းအမည်မှာ Dendrobium အမီတာဘာချမ်း ဖြစ်သွားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
သိန်းစိန် သစ်ခွ ကို စင်္ကာပူ တက်ကြွလှုပ်ရှားသူတို့ လက်မခံ

ချင်းမိုင် (မဇ္ဈိမ)။ ။ စင်္ကာပူတွင် ဒင်ဒရိုဘီယမ်သစ်ခွ အမည်ရှိ သစ်ခွပန်းတမျိုးကို မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၏ အမည်ပေးသည်ကို ကန့်ကွက်ရန် စင်္ကာပူ လူ့အခွင့်အရေး လှုပ်ရှားသူများက ယနေ့ ကြိုးပမ်းခဲ့ကြသည်။

ကျွန်းနိုင်ငံ၏ သစ်ခွဥယျာဉ်တွင် ကျင်းပသည့် အဆိုပါ အမည်ပေးပွဲသို့ စင်္ကာပူမှ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစ္စတာ Seelan Palay ၊ မစ္စတာ Chia Tilik နှင့် ရုပ်ရှင်ထုတ်လုပ်သူ မစ္စတာ Ho Choon Hiong တို့က သွားရောက်ကာ ကန့်ကွက်ကြောင်း ပြသရန် ကြိုးစားခဲ့သော်လည်း ပွဲချိန်နှင့် လွဲခဲ့ကြရသည်။ မစ္စတာ Chia Tilik က ''ကျနော်တို့ ပန်းခြံကို ရောက်သွားတော့ ပွဲက ပြီးသွားပါပြီ။ သူတို့က အစီအစဉ်ထဲကအတိုင်း မဟုတ်ဘဲ အချိန်စောလုပ်တဲ့ သဘော ရှိပါတယ်။ အဲဒါနဲ့ ၉ နာရီရီကျော်လောက်မှာ မြန်မာသံရုံးကို သွားပေးတော့ တယောက်မှ ထွက်မယူပါဘူး။ အဲဒါကြောင့် ကျနော်တို့ ပန်းတွေနဲ့ စာကို သံရုံးရှေ့မှာပဲ ထားခဲ့ပြီး ပြန်လာခဲ့ကြပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

စင်္ကာပူနိုင်ငံ၏ အမှတ်လက္ခဏာတခုဖြစ်သော သစ်ခွပန်း၏ အမည်ကို ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့သော မြန်မာနိုင်ငံ၏ စစ်မှန်သည့် ခေါင်းဆောင်မျိုးကိုသာ ပေးသင့်ပြီး အာဏာရှင် စစ်ဗိုလ်ချုပ်တဦး၏ အမည်ကို မှည့်ခေါ်သည့်အပေါ် လက်မခံနိုင်ဟု လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေဖြစ်သူ မစ္စတာ Chia Tilik က ဆိုသည်။

သူတို့ ၃ ဦးက မြန်မာဝန်ကြီးချုပ်မှတဆင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံ သစ်ခွ ၈ ပွင့်နှင့် နှုတ်ခွန်းဆက်ကဒ်အား ပေးပို့နိုင်ရန် သစ်ခွဥယျာဉ်သို့ ယူဆောင် သွားခဲ့ကြသည်ဟု ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ရန်ကုန်တွင် အကြီးဆုံး ကုန်တိုက် ဖွင့်


ပြည်တွင်းစီးပွားရေး ကျဆင်းနေချိန်ဖြစ်သော်လည်း ရန်ကုန်မြို့တွင် East Point ဟု အမည်ရသည့် အကြီးဆုံး Shopping Center တခုကို မဟာဗန္ဓုလ တံတားအဆင်း ပုဇွန်တောင်မြို့နယ်၌ ဖွင့်လှစ်လိုက်ကြောင်း မြို့ခံများက ပြောသည်။ မြို့ခံတဦးက “ခုဖွင့်လိုက်တဲ့ ကုန်တိုက်က ပြည်လမ်းနဲ့ မင်းဓမ္မလမ်းဆုံမှာ ဖွင့်ထားတဲ့ North Point ကုန်တိုက်နဲ့ ကုမ္ပဏီတခုတည်းပဲ။ အထပ် (၃) ထပ်ပါတယ်။ တွန်းလှည်းနဲ့ တက်ဆင်းလို့ရတဲ့ စက်လှေကား (၂) စင်း၊ လူစီး စက်လှေကား (၄) စင်း ပါတယ်။ အဆောက်အဦအောက်မှာ ကားပါကင် လုပ်ထားတယ်။ အောက် နှစ်ထပ်ကတော့ နာမည်ကြီး စီးတီးမတ်အုပ်စုရဲ့ Ocean ကုန်ပဒေသာဆိုင်ကြီး၊ အပေါ်ဆုံးထပ်မှာတော့ စားသောက်ဆိုင်နဲ့ အခြား ကုမ္ပဏီတွေကို ဆိုင်ခန်းတွေ ဖွင့်ခွင့်ပေးထားတယ်။ နောက် ပွဲတွေ လုပ်လို့ရတဲ့ ဟောခန်းကြီးလည်း ပါတယ်။ ရောင်းတာကတော့ ပုဇွန်ခြောက် ငါးခြောက်ကအစ၊ လက်ဖ်တော့ ကွန်ပျူတာ အလယ်၊ စိန်ထည်အဆုံး ကုန်ပစ္စည်း အမျိုးအမည် စုံတယ်” ဟု ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဈေးထဲရောက် တားမြစ်လက်ဖက်များ ကုမ္ပဏီတွေ ပြန်သိမ်းယူရမည်

ရန်ကုန်။ ။ အန္တရာယ်ရှိသည့် တားမြစ်ဆိုးဆေး အသုံးပြုသည့် လက်ဖက်ကုမ္ပဏီများကို ဈေးများတွင် ပေးသွင်းပြီးဖြစ်သည့် လက်ဖက်များကို ပြန်သိမ်းရန် အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ယခုအခါ ညွှန်ကြားလိုက်သည်။

နာမည်ကြီး လက်ဖက်များဖြစ်သည့် အရီးတောင်း၊ ပင်ပျိုရွက်နု အပြင် အခြားလက်ဖက် အမှတ်တံဆိပ် စုစုပေါင်း ၄၃ မျိုးတွင် လူကို အန္တရာယ် ဖြစ်စေနိုင်သည့် အဝါရောင်ဆိုးဆေး Auramine O အသုံးပြုထားကြောင်း ယခုလ ၁၂ ရက်နေ့က တွေ့ရှိပြီးနောက် ယခုဌာန FDA က ယခုလို ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

“သူတို့ကို recall ပြန်လုပ်ခိုင်းထားတယ်။ ဒီ product တွေက မကောင်းဘူး။ recall လုပ်ပြီးတော့မှ သူတို့ brand တွေမှာ ဒါတွေ မပါရဘူးပေါ့နော်။ အဲဒါပြီးမှ ထုတ်ခွင့်ပြန်ပေးမယ်လို့ သူတို့ကို ပြောထားတယ်” ဟု FDA ၏ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာကျော်လင်းက ပြောသည်။

အဝါရောင် ဆိုးဆေးပါသည်ဟု သတ်မှတ် ကြေညာခံထားရသည့် အမည်မဖော်လိုသူ လက်ဖက်ကုမ္ပဏီတခုမှ ပိုင်ရှင်တဦးကလည်း လက်ဖက်များကို ပြန်သိမ်းခြင်း၊ ဖျက်ဆီးခြင်း လုပ်ပြီးမှ ပြန်လည် ရောင်းချခွင့်ပေးမည်ဟု ပြောဆိုကြောင်း ယခုလို ပြောသည်။
အဝါရောင်ဆိုးဆေး Auramine O သည် ချည်၊ သိုးမွှေး၊ ပိုးထည်၊ စက္ကူနှင့် သားရေများကို အရောင်ဆိုးရာတွင် အသုံးပြုသည့် ဆိုးဆေးဖြစ်သည့်အတွက် တာရှည်စားသုံးသူများကို အသည်းနှင့် ကျောက်ကပ်ရောဂါများ၊ ခန္ဓာကိုယ်ကြီးထွားမှုကို ထိခိုက်စေသည့်အပြင် ကင်ဆာရောဂါများ ဖြစ်ပွားစေကြောင်း သိရသည်။

“ဒီလက်ဖက်က ကျနော်တို့ မြန်မာနိုင်ငံမှာ မြန်မာ့ရိုးရာ အစားအစာဖြစ်တယ်။ လူအများကြီးက စားတယ်ဆိုတော့ Risk ကြီးတယ်ပေါ့ဗျာ” ဟု ဒေါက်တာ ကျော်လင်းက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
လေလံပစ် ယာဉ်များကြောင့် ကားဈေးကွက် ပျက်

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဗဟိုစက်ပစ္စည်းနှင့် စာရင်းအင်း ထိန်းသိမ်းမှု ဦးစီးဌာမှ ဖမ်းဆီးထိန်းသိမ်းထားသော လိုင်စင်မဲ့ Without ယာဉ်များ တဖက်နိုင်ငံခိုး ကားများကို လေလံတင်ရောင်းချနေသည့်အတွက် ပြင်ပကား အရောင်းအ၀ယ်ဈေးကွက် လုံးဝပျက်နေကြောင်း သိရသည်။

“အခုလေလံပစ်နေတယ်ဆိုတာ နယ်စပ်က အလကားနီးပါးရတဲ့ကားတွေ ပြန်ရောင်းတာကို စီးပွားရေးသမားတွေ ဆွဲကြမှာပဲ။ လေလံဝင်တဲ့သူတွေကလည်း နအဖပတ်သက်ရာပတ်သက်ကြောင်းတွေပဲ။ ကျသင့်ခွန် တခါတည်းပေး သွင်းရတော့ ငွေဖြူငွေမည်း ပြဿနာလည်း ကင်းသွားတယ်။ အခွန်၊ လိုင်စင်၊ ၀ှီးတက်၊ ကြိုက်တဲ့မြို့နယ် ဆီဖြည့် အားလုံးအပြီးအစီးရတယ်။ တခါတလေ သူတို့ လေလံဈေးတွေက အပြင်ပေါက်ဈေးထက်တောင် များနေသေး တယ်။ မများတောင် Level ရှိတယ်။ Toyota Mark II တို့။ Mitsubishi Pajero တို့ဆို အပြင်ဈေးထက် များနေ တယ်။ လားရှိုးလေလံပွဲတုန်းက…။ အခု စက်မှု (၂) က ပစ်တဲ့ Pajero (၄၇၀) သိန်းဆိုတာ ခု ကားဈေးတန်းမှာ လုံးဝမရှိတဲ့ဈေး။ ၂၀၀၈ Double Cap (တရုတ်ကား) ဆို လိုင်စင်ရုံး သိန်း (၇၀) ပေးလိုက် အကုန်အပြီးအစီး ရတယ်။ Hilux ပုံမျိုး တရုတ်ပြည်က ခိုးဝင်တာ” ဟု လေလံပွဲတက်ရောက်ခဲ့သူတဦးက ဆိုသည်။

လေလံပွဲများကို မန္တလေး၊ မုံရွာ၊ လားရှိုး၊ တောင်ကြီး၊ မော်လမြိုင်မြို့တို့တွင် အလှည့်ကျကျင်းပနေပြီးလျှင် ယခုအခါ ၁/ဂ (ဂငယ်) ယာဉ်များ လေလံတင်ပြီးစီးသွားပြီဖြစ်၍ ယာဉ်စီးရေ (၄,၀၀၀) ကျော်ရှိသွားပြီဖြစ်ကြောင်း၊ သက်ဆိုင် ရာဌာနကို ငွေ (၂) သောင်း ပေးလိုက်ပါက လိုချင်သည့် လိုင်စင်နံပါတ် ရနိုင်ကြောင်း၊ မပေးပါက ၎င်းတို့ချပေးသော နံပါတ်သာရကြောင်း၊ လေလံပွဲမစတင်မီ ကားများ ပြသထားသော်လည်း လေလံအောင်ပြီး ကားဆွဲယူပါက မူလပစ္စည်းအတော်များများ ပါလာသည်ကိုမတွေရကြောင်း၊ အပိုပစ္စည်း ပါမလာတော့ကြောင်းကိုလည်း မည်သူ့ကိုမှ မပြောရဲကြောင်း၊ မကြာမီရက်ပိုင်း ၂/ဂ (ဂငယ်) များ လေလံပစ်ဦးမည်ဖြစ်ကြောင်း လေလံကားတချို့ကို ၀ါယာရင်းကိုင်ပေးသူ ဆရာတဦးက ဆိုသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကျောက်မျက်ပြပွဲ ကွန်ဗင်းရှင်း စင်တာတွင် ကျင်းပ

နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲနှင့် ရောင်းချပွဲကို သီးသန့် ဖိတ်ကြားထားသည့် နိုင်ငံခြား ကျောက်မျက်ရတနာ ကုမ္ပဏီများမှ ကျောက်လုပ်ငန်းရှင်များနှင့် ရန်ကုန်တွင် ကျင်းပနေသည်။

မြန်မာ ကွန်ဗင်းရှင်းစင်တာတွင် ယခုလ ၈ ရက်နေ့မှ စတင်ကာ ၂ဝ ရက်နေ့အထိ ၁၂ ရက်ကြာ ကျင်းပမည့် ၄၆ ကြိမ်မြောက် ပြပွဲသို့ တက်ရောက်ကြမည့် ကျောက်ကုန်သည်များကို မြန်မာသံရုံးများမှ ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။
ပြပွဲသို့ တရုတ်၊ ထိုင်း၊ ဟောင်ကောင်တို့မှ ကုန်သည်များ အဓိက လာရောက်ကြသည်။

သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင် လှုပ်ရှားမှုကို အကြမ်းဖက် နှိပ်ကွပ်ခဲ့သဖြင့် ၂ဝဝ၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် အမေရိကန် အစိုးရက အမေရိကန်နှင့် ဥရောပနိုင်ငံများထံ ကျောက်မျက် တင်ပို့မှုနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများကို ပိတ်ဆို့ အရေးယူသည့် ဥပဒေ ပြဋ္ဌာန်းခဲ့ကြသည်။

ထိုပြဋ္ဌာန်းချက်ကို Block Burmese JADE (Junta’s Anti-Democratic Efforts) ခေါ် (စစ်အစိုးရက ဆန့်ကျင်သည့် ဒီမိုကရေစီနည်းလမ်းကျ အားထုတ်မှု) ဆန့်ကျင် ပိတ်ဆို့ခြင်းဟု ခေါ်သည်။

ကျောက်မျက်ရောင်းချပွဲမှ ရရှိသည့် မြန်မာနိုင်ငံ၏ တနှစ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃ဝဝ ကျော်ရှိသည်ဟု အမေရိကန်အစိုးရ စစ်တမ်းတွင် ပါရှိသည်။

ယခုအခါ ကမ္တာ့ငွေကြေးပြဿနာ ရိုက်ခတ်ကြောင့် မြန်မာနိုင်ငံ၏ ကျောက်မျက်ဈေးကွက်မှာ သိသာစွာ ရောင်းအား ကျဆင်းနေသည်ဆိုသော်လည်း ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သည့် ကျောက်မျက်ပြပွဲတွင် ယူရိုငွေ သန်းပေါင်း ၁၃ဝ (အမေရိကန်ဒေါ်လာ သန်း ၂၅ဝ) ကျော်ဖိုး ရောင်းချခဲ့ရကြောင်း စစ်အစိုးရပိုင် သတင်းစာတွင် ဖော်ပြထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကင်တားနား အစီရင်ခံစာအပေါ် မြန်မာအစိုးရ အပြစ်တင်

မန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများနှင့် ပတ်သက်သည့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် တောမတ်ကင်တားနား၏ အစီရင်ခံစာကို မတ်လ (၁၇) ရက်မနက်ပိုင်း၌ လူ့အခွင့်အရေးကောင်စီ၌ ဆွေးနွေးခဲ့ ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။

အဆိုပါသတင်း၌ မြန်မာနိုင်ငံတွင် ကင်တားနား တွေ့ရှိခဲ့သည့်အပိုင်း၊ မြန်မာစစ်အစိုးရကိုယ်စားလှယ်က ပြန်လှန် ဆွေးနွေးချက်နှင့် ကင်တားနားအစီရင်ခံစာအပေါ် (၂၂) နိုင်ငံ ကိုယ်စားလှယ်များက ပြန်လည်ဆွေးနွေးချက်တို့ကို အသေးစိတ်ဖော်ပြထားသည်။
မြန်မာနိုင်ငံကို သွားရခြင်းရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ ပြည်သူများ လူ့အခွင့်အရေးအခြေအနေ တိုးတက်စေရန် စစ်အစိုးရနှင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ လုပ်နိုင်ရန်ဖြစ်ကြောင်း ကင်တားနားက ပြောသည်။ ထို့ကြောင့် စစ်အစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ လူ့အခွင့်အရေးဆိုင်ရာ အဓိကအချက်လေးချက်ကို ပြုပြင်ပေးရန် တောင်းဆိုခဲ့ကြောင်း ဆက်ပြောသည်။

ကင်တားနားအစီရင်ခံစာနှင့် ပတ်သက်ပြီး သက်ဆိုင်သည့် မြန်မာနိုင်ငံကိုယ်စား သံအမတ်ကြီး ဦးဝဏ္ဏမောင်လွင်က ဖြေရှင်းရာတွင် ၎င်းအစီရင်ခံစာ၌ အစိုးရလုပ်သည့် တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများအကြောင်း မဖော်ပြဘဲ ဘက်လိုက်မှုရှိနေကြောင်း၊ အစီရင်ခံစာပါ စွပ်စွဲချက်များတွင်လည်း မြန်မာစစ်အစိုးရအား ဆန့်ကျင်နေသည့် သောင်းကျန်းသူ အကြွင်းအကျန်များ၊ အန်ဂျီအိုများလေသံနှင့် တထေရာတည်း ဖြစ်နေကြောင်း၊ ယုံကြည်ချက် ကြောင့် အကျဉ်းကျခံနေရသူ (၂,၀၀၀) ကျော်ရှိသည်ဟု အစီရင်ခံစာတွင် မကြာခဏဖော်ပြနေသော်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ တဦးမျှမရှိကြောင်း ချေပပြောဆိုသည်။

ကင်တားနား၏ အစီရင်ခံစာအပေါ် (၂၂) နိုင်ငံမှ ၀င်ရောက်ဆွေးနွေးရာ...
-မြန်မာနိုင်ငံတွင်း တရားလက်လွတ်ဖမ်းဆီးမှုအပေါ် စိုးရိမ်ကြောင်း၊
-မြန်မာနိုင်ငံမှာ မီဒီယာကို စိစစ်မှု၊
-၂၀၁၀ ရွေးကောက်ပွဲမှာ အဖွဲ့အစည်းအားလုံးပါဝင်ခွင့်ရရေး၊
-လူမျိုးစုများအား ခွဲခြားဆက်ဆံမှု စသည့်အချက်များကို ထောက်ပြဆွေးနွေးခဲ့သည်။

နိုင်ငံအတော်များများက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား (၂,၂၀၀) ကို အမြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုပြင် ၂၀၁၀ ရွေးကောက်ပွဲမှာ အဖွဲ့အစည်းအားလုံး ပါဝင်ခွင့်မရဘဲ စစ်အစိုးရကို တရားဝင် အောင် လုပ်ပေးသည့် ရွေးကောက်ပွဲဖြစ်သွားမည်ကို စိုးရိမ်ကြောင်းလည်း ထောက်ပြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်ကို မေလမှာ စတင်မည်

နယူးဒေလီ (မဇ္စျိမ)။ ။ ပရောက်ဖက်ရှင်နယ် ဘောလုံး ကလပ်အသင်းများ ထူထောင်ပြီး ပထမဆုံးပြိုင်ပွဲ ဖြစ်လာမည့် မြန်မာ နေရှင်နယ်လိဂ်၏ ဘောလုံးပွဲစဉ်များကို လာမည့် မေလတွင် ပထမဆုံး စတင် ကျင်းပသွားမည် ဖြစ်သည်။

၂ဝဝ၈ ခုနှစ်အတွင်းက မြန်မာနေရှင်နယ်လိဂ် MNL ကို ထူထောင်ခဲ့ပြီး၊ မြန်မာ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအကြောင်း တတ်သိ နားလည်သူများ စုပေါင်းကာ ဘောလုံးအသင်းများကို နိုင်ငံအဆင့် အသင်းများ ဖြစ်လာစေရန် စတင် လုပ်ဆောင်ခဲ့သည်။

ယမန်နေ့ကလည်း မြန်မာနေရှင်နယ်လိဂ်အသင်း ကစားသမားများကို ယခင်က သက်ဆိုင်ရာ ဝန်ကြီးဌာနများတွင် ကစားနေရာမှ ပုဂ္ဂလိက ဘောလုံးကလပ် အသင်းများသို့ ကူးပြောင်းသည့် တရားဝင် အပြောင်းအရွှေ့ဖြစ်ရေး အပြီးသတ် လက်မှတ်ရေးထိုးပွဲကို ပြုလုပ်ခဲ့သေးသည်။

ပြောင်းရွှေ့ကြေးအဖြစ် အမြင့်ဆုံး ကျပ် ၅ဝ သိန်းနှင့် တလ လစာအဖြစ် အမြင့်ဆုံး ကျပ် ၁ဝ သိန်းအထိ နာမည်ကြီး အားကစားသမား ၅ ဦးကို ပထမအသုတ်အဖြစ် ပေးခဲ့သည်ဟု ယနေ့ထုတ် မြန်မာစစ်အစိုးရထုတ် မြန်မာ့အလင်း သတင်းစာက ဖော်ပြခဲ့သည်။
ကလပ်အသင်း ကစားသမားများကို သင်ပေးရန် နိုင်ငံခြားသားများ ဌားရမ်းခွင့်နှင့် ကစားသမားများ အပါအဝင် တသင်းလျှင် နိုင်ငံခြားသား အများဆုံး ၅ ဦးအထိ ခေါ်ယူနိုင်သည်။ ဘောလုံးကလပ်များအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်းသည် အနာဂတ် မြန်မာဘောလုံး အလားအလာ ကောင်းရန် လုပ်သည့်အပြင် မြန်မာတမျိုးသားလုံး ဘောလုံးကစားလာရန် လုပ်ခြင်းဖြစ်ကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်က ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မတ်လ ၁၉ ရက်
ရက်သတ္တပတ် ၁၂ ၊ ၂၀၀၉
မြန်မာသတင်း

ဆောက်လုပ်ရေး ကဏ္ဍနှင့် ပတ်သက်ပြီး အစိုးရကို ဦးခင်ရွှေ ဝေဖန်

လက်ရှိ ဆောက်လုပ်ရေးကဏ္ဍတွင် ဖြစ်ပေါ်နေသည့် ပြဿနာများနှင့် ပတ်သက်ပြီး မတ်လ (၁၄) ရက်က ကျင်းပသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်း (၁၁) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး၌ ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးက ပြောသည်။

အစည်းအဝေးတွင် ဦးခင်ရွှေက ၁၉၉၆-၉၇ ထိုင်းနိုင်ငံ အိမ်ခြံမြေပြဿနာကစသည့် စီးပွားရေးအကျပ်အတည်းတွင် ပုဂ္ဂလိက ကဏ္ဍက ဆောက်လုပ်ထားပြီး ရောင်းမထွက်သည့် အဆောက်အဦများ၊ တိုက်ခန်းများကို အစိုးရပိုင်းက ယာယီ ဝယ်ယူပေးခြင်း၊ အမြတ်ခွန်နှင့် ဘဏ်တိုးနှုန်းများ လျှော့ပေးခြင်းအားဖြင့် ပြေလည်အောင် လုပ်ပေးခဲ့ ကြောင်း ဆိုသည်။

ထို့အပြင် ရန်ကုန်မြို့ပေါ်ရှိ အစိုးရနှင့် ဖက်စပ်သဘော လုပ်ထားသည့် လှည်းတန်းလမ်းမှ လေယာဉ်ကွင်းနားအထိ စီမံကိန်းဝင် အဆောက်အဦ (၆ဝ) ကျော်ကိုလည်း ၂ဝဝ၉ နှစ်ကုန်၌ အပြီးလုပ်ပါ့မည်ဟု အတင်းအကျပ် လက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းရှင် အားလုံးက လက်မှတ်ရေးထိုးပေးခဲ့သော်လည်း မည်သူမှ ပြီးမည်မဟုတ်ကြောင်း ဦးခင်ရွှေက ပြောသည်။

ဦးခင်ရွှေ၏ ပြောကြားချက်များကို ခြုံငုံကြည့်ပါက အခြားနိုင်ငံတို့တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များကို အစိုးရပိုင်းက နည်းလမ်းပေါင်းစုံသုံးပြီး အကူအညီပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင်မူ လုပ်ငန်းရှင်များကို လုံးဝညှာတာမှုမရှိဘဲ အစိုးရက သူ့ဘက်က သူရစရာရှိသည်များကို ယူနေခြင်းသာရှိကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ရှင်းပြကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အန်ဒီအေ-ကေ လက်နက်ချရန် အသင့်ရှိ


နယူးဒေလီ (မဇ္ဈိမ) ။ ။ ၂ဝ၁ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် အစိုးရအသစ်က လက်နက်ကိုင် တော်လှန်ရေးကို စွန့်လွှတ်ရန် ပြောလာပါက သူတို့အနေဖြင့် အဆင်သင့်ရှိကြောင်း တရုတ်မြန်မာအခြေစိုက် ကချင်တိုင်းရင်းသား သူပုန်အဖွဲ့တခုက ကြေညာလိုက်သည်။

သူတို့၏ တောင်းဆိုချက်များ ရရှိမည်ဟု သေချာပါက လက်နက်ချရန် အသင့်ရှိနေကြောင်းဖြင့် ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDA-K) ကို တည်ထောင်သူနှင့် ခေါင်းဆောင်ဖြစ်သူ စခုန်တိန်ယိမ်းက အင်္ဂါနေ့က ပြောဆိုလိုက်ခြင်းဖြစ်သည်။

NDA-K သည် ထိုအချိန်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (SLORC) နှင့် ပထမဆုံး အပစ်ရပ်ရေး သဘောတူညီချက် ရရှိခဲ့သော ကချင် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး၊ ၁၉၈၉ ခုနှစ်က သဘောတူခဲ့သည်။ သူပုန်ခေါင်းဆောင်သည် သူတို့၏ တောင်းဆိုချက်များကို ရွေးကောက်ခံ အစိုးရသစ်က ဖြည့်ဆည်းပေးနိုင်လိမ့်မည် ဟူသော လေသံဖြင့် ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။ မြန်မာစစ်အစိုးရသည် မကြာသေးခင်လများက အပစ်အခတ်ရပ် တိုင်းရင်းသားလက်နက်ကိုင် သူပုန်အဖွဲ့အားလုံးကို ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ လက်နက်ချရန် ဖိအားပေးမှုများ တိုးမြှင့်လုပ်ခဲ့သည်။ သူတို့တပ်ဖွဲ့များကို နိုင်ငံရေးပါတီများအဖြစ် အသွင်ပြောင်းလဲ၍ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်လည်း တိုက်တွန်းခဲ့သည်ဟု သတင်းရပ်ကွက်များက ပြောသည်။

သို့သော် စစ်အစိုးရသည် ယခုအထိ မည်သည့်ငြိမ်းချမ်းရေးအဖွဲ့ကိုမျှ လက်နက်ချရန် နားမချနိုင်သေးပါ။ တရုတ်-မြန်မာ နယ်စပ်တလျှောက် ကချင်ပြည်နယ် အရှေ့မြောက်နယ်မြေတွင် အခြေစိုက်သော NDA-K ကို ယခင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အရာရှိများဖြစ်သော စခုန်တိန်ယိမ်းနှင့် လယောက်ဇော်လွန်းက ၁၉၈၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကြသည်။

သို့သော် သတင်းရပ်ကွက်များကမူ NDA-K သည် အပစ်အခတ်ရပ် သဘောတူညီချက် ရရှိပြီးနောက် နိုင်ငံရေးထက် စီးပွားရေးကိုသာ ပိုမိုအာရုံစိုက် လုပ်ဆောင်ခဲ့ကြောင်းနှင့် အချိန်ပြည့် လက်နက်ကိုင် ကေဒါများကို ဆက်လက် ထိန်းသိမ်းထားရှိခြင်းမျိုး မရှိတော့ကြောင်း ပြောသည်။

NDA-K သည် စစ်ရေးနှင့် နိုင်ငံရေးတွင် အင်အားချည့်နဲ့သွားပြီ ဖြစ်ကြောင်းလည်း အဆိုပါ သတင်းရပ်ကွက်က ဖြည့်စွက်ပြောကြားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကိုဇာဂနာ ခဲအဆိပ်သင့် ဝေဒနာ ခံစားနေရ


မြစ်ကြီးနားထောင်တွင် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် သရုပ်ဆောင် ဒါရိုက်တာ မောင်သူရခေါ် လူရွှင်တော်ဇာဂနာသည် ထောင်တွင်း၌ ခဲဓာတ်ပါသည့်ရေကို သောက်သုံးနေရပြီး ခဲဆိပ်သင့်ဝေဒနာ ခံစားနေရကြောင်း မတ်လ (၁၁) ရက်က ထောင်ဝင်စာသွားတွေ့သည့် ခယ်မ မငြိမ်းက ပြောဆိုသည်ဟု မိသားစုဝင်တဦးက ပြောသည်။
အင်းစိန်ထောင်မှလွဲ၍ မြန်မာနိုင်ငံအနှံ့က စစ်အစိုးရအကျဉ်းထောင်များ သောက်ရေသန့် သောက်သုံးသည့် အလေ့အထမရှိဘဲ ထောင်တွင်းတူးဖော်ထားသည့် ရေတွင်းများမှ ရေကိုသာ သောက်သုံးလေ့ရှိသည်။ အကျဉ်း ထောင်အများစုကို မြန်မာနိုင်ငံအား ဗြိတိသျှ အစိုးရ အုပ်ချုပ်ခဲ့စဉ်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အကျဉ်းသားများ သောက်သုံးသည့်ရေထဲတွင် ခဲဓာတ်ပါဝင်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် သတင်းဖြစ်ပေါ်ခဲ့သော်လည်း အစိုးရ တာဝန်ရှိသူများက စစ်ဆေးခြင်း၊ ကျန်းမာရေးနှင့်ညီမညီ၊ သောက်သုံးရန် သင့်မသင့် စသဖြင့် သတင်းထုတ်ပြန်ခြင်း မျိုးလည်း မရှိဘူးဟု အကျဉ်းဦးစီးဌာန အရာရှိတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဝက်သားဟင်းရောင်းလို့ အရိုက်ခံရ

နယူးဒေလီ (မဇ္ဈိမ) ။ ။ ပဲခူးမြို့ ဥဿာမြို့သစ် ပင်စည်ယာယီဈေးအတွင်း လိုင်စင်မဲ့ ဝက်သား ဖမ်းဆီးရာ ဝက်သားဟင်းရောင်းသူ အမျိုးသမီးကို စစ်အရာရှိ၊ ဈေးစည်ပင်နှင့် ဝက်သားလိုင်စင် ယူထားသူများက ယခုလ ၅ ရက်နေ့တွင် ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်။

ပဲခူးအခြေစိုက် တပ်မ ၇၇ မှ စစ်ရေး ဦးစီးအရာရှိ ဗိုလ်ကြီးမျိုးမြင့်အောင် (အရပ်ခေါ် ဂျီသရီး) ၏ ကားနံပါတ် ဇ/၉၅၃၆ (စစ်ရောင် - Double Cup) ဖြင့် ဝက်သားလိုင်စင် ယူထားသူ ဦးတင်သိန်း၏ အလုပ်သမား ၇ ဦးခန့်သည် ညနေပိုင်းတွင် ဈေးသို့လာပြီး ဈေးစည်ပင်ဝန်ထမ်းနှင့်အတူ ဟင်းဆိုင်ကို ဖျက်သလို၊ ဆိုင်ရှင် မစန်စန်းလှကိုပါ ရိုက်နှက် ထိုးကြိတ်ခဲ့သည်။ ပဲခူးမြို့မှ ရှေ့နေ ဦးအေးမြင့်က “လာဖမ်းတဲ့ ဗိုလ်ကြီး မျိုးမြင့်အောင်နဲ့ စည်ပင်သာယာက စည်းကမ်း ထိန်းသိမ်းရေး ကိုသန်းဝင်း မူးနေတယ်။ ဘာမှ တာဝန်မရှိသူတွေက နင် လိုက်ခဲ့၊ ဖမ်းတယ်ဆိုပြီး ပြောတယ်။ ရှင်တို့ မူးရူးနေတာ ကျမ မလိုက်နိုင်ဘူး ပြောတော့ မစန်းစန်းလှကို ရိုက်နှက်တာ” ဟု ပြောသည်။

ဆိုင်ကိုဖျက်ရာတွင် ဗိုလ်ကြီးလည်း ပါဝင် ဖျက်ဆီးခဲ့ကြောင်းနှင့် လိုင်စင်မဲ့ ဝက်သား ဖမ်းရာ ဝက်သားအစိမ်းသာ ဖမ်းခွင့်ရှိပြီး၊ ချက်ထားသည်ကို ဖမ်းမရကြောင်း သူက ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဒေါ်လာဈေး ရုတ်တရက် မြှင့်တက်

မကြာခင်က တဒေါ်လာလျှင် မြန်မာငွေ (၁,၀၁၀) ကျပ် ခန့်သာရှိရာမှ မတ်လ (၁၈) ရက် ညနေပိုင်းတွင် တဒေါ်လာလျှင် မြန်မာငွေ (၁,၀၅၀) ကျပ်၊ (၁,၀၆၂) ကျပ်ထိ မြင့်တက်သွားသည့်အတွက် (၃) ရက်အတွင်း မြန်မာငွေ (၅) ရာခိုင်နှုန်း ကျသွားသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်ရှိ မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း) ရှိ ဒေါ်လာအရောင်းအ၀ယ်လုပ်သူများက ရုတ်တရက် အ၀ယ်လိုက် လာကာ ဈေးခုန်တက်ခြင်းဖြစ်သည်ဟုထင်ပြီး မည်သည့်အကြောင်းရင်းကြောင့် ဈေးတက်သည်ကို တိတိကျကျ မသိကြောင်း ပြောကြသည်။

ဘောဂဗေဒစီးပွားရေး ပညာရှင်တဦးက သုံးသပ်ရာတွင် သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းအတွက် Trading money ၀ယ်ယူသူများကြောင့် ဖြစ်နိုင်ကြောင်း ပြောသည်။ ဒေါ်လာဈေးတက်သည့်အတွက် ရန်ကုန် ရွှေဈေးကွက်တွင် ယမန်နေ့က အကယ်ဒမီအခေါက်ရွှေ တကျပ်သားလျှင် (၅) သိန်း (၂) သောင်းထိ တက်လာကြောင်း ရွှေဈေးကွက်အတွင်းက သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မိုးဖျက်၍ ဆားဈေး ခုန်တက်

နယူးဒေလီ (မဇ္ဈိမ)။ ။ ဧရာဝတီတိုင်းရှိ မြို့နယ်များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိမ်သုံးဆားဈေးများ နှစ်ဆခွဲအထိ ထိုးတက်သွားသည်။

လပ္ပတ္တာ၊ ဘိုကလေး၊ ဖျာပုံမြို့တို့အပြင် အခြားဒေသများတွင် ယခုလ ၁၅ ရက်နှင့် ၁၆ ရက်နေ့တွင် လေပြင်း ကျရောက်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် အိမ်သုံးဆားဈေးများမှာ ယခင် တပိဿာလျှင် ကျပ် ၈ဝ မှ ယခုအခါ ကျပ် ၂ဝဝ အထိ ဈေးတက်သွားခြင်း ဖြစ်သည်။
ယခုလို အဆမတန် ဈေးတက်သွားရခြင်းသည် ရာသီချိန်ခါ မဟုတ်ဘဲ မိုးရွာသွန်းခဲ့သဖြင့် ဧရာဝတီတိုင်းရှိ ဆားလုပ်ငန်းအချို့ ရုတ်တရက် ရပ်ဆိုင်းရသောကြောင့် ဖြစ်သည်ဟု ရန်ကုန် ဆားဒိုင်များကလည်း ဆိုသည်။

ပြီးခဲ့သည့် ၁ဝ ရက်ခန့်က ရန်ကုန်တိုင်းအတွင်း ဆားဒိုင်များက ကုန်ကြမ်းအဖြစ် ဆားတပိဿာလျှင် ၁ဝဝ ကျပ် ပေးဝယ်ခဲ့ရသော်လည်း ယခုအခါတွင် ၁၆ဝ ကျပ်အထိ မြှင့်တက်သွားပြီး၊ အိမ်သုံးစား တပိဿာလျှင် ကျပ် ၃ဝဝ ရောင်းဈေးရှိကြောင်း ဆားလုပ်ငန်းရှင်များက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မတ်လ ၂၀ ရက်
ရက်သတ္တပတ် ၁၂ ၊ ၂၀၀၉
မြန်မာသတင်း

ထိုင်းမြန်မာ စစ်ဖြစ်လျှင် မနိလာစာချုပ်အရ ထိုင်းဖက်က အမေရိကန် ၀င်တိုက်ပေးဖို့များ

အမေရိကန်အစိုးရသည် ထိုင်းနိုင်ငံ၏ စစ်ရေးမဟာမိတ်ဖြစ်သည့်အားလျော်စွာ မြန်မာနှင့်ဖြစ်နေသည့် ပြဿနာများ အပေါ် စိတ်ဝင်စားမှုအပြည့်ရှိသကဲ့သို့ ထိုင်း-မြန်မာနယ်စပ်တွင် စစ်ပွဲများဖြစ်လာပြီဆိုပါက ၁၉၅၄ ခုနှစ် မနီလာ စာချုပ်အရ အမေရိကန်အစိုးရ၏ တာဝန်ရှိမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာနိုင်သည်ဟု အမေရိကန် ကွန်ဂရက်ကို တင်သွင်းသည့် အစီရင်ခံစာတစောင်တွင် ထောက်ပြထားသည်။

အမေရိကန်နှင့်ထိုင်းသည် အရှေ့တောင်အာရှ စုပေါင်းကာကွယ်ရေးစာချုပ် (၁၉၅၄ ခုနှစ် မနီလာသဘော တူညီချက်) အရ စစ်ရေးမဟာမိတ်နိုင်ငံများဖြစ်ပြီး တနှစ်ကို ပူးတွဲစစ်ရေး လေ့ကျင့်မှု (၃၀) ခန့် လုပ်ကိုင်သည်ဟု ဖော်ပြထားသည်။ ပင်လယ်ကွေ့စစ်ပွဲကာလ၌ အမေရိကန်တပ်များကို ထိုင်းစစ်ရေးအခြေစိုက်စခန်းများ သုံးခွင့် ပေးခဲ့သည့်ပြင် အခြားကိစ္စများ၌လည်း ထိုင်းက အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသေးစိတ် ဖော်ပြထားသည်။
ထိုင်းနိုင်ငံ၏ ပြည်နယ် (၇၆) ခုအနက် ပြည်နယ် (၃၃) ခုသည် မြန်မာနယ်စပ်နှင့် နီးကပ်နေသည့်အတွက် မြန်မာနှင့်ဖြစ်သည့် ပြဿနာများသည် ထိုင်းလုံခြုံရေးကို ထိခိုက်နေသည်ဟု ဖော်ပြထားသည်။

ထိုင်း-မြန်မာနယ်စပ်တွင် စစ်ပွဲများဖြစ်လာပြီဆိုပါက ၁၉၅၄ ခုနှစ် မနီလာစာချုပ်အရ အမေရိကန်အစိုးရ၏ တာဝန်ရှိမှုအပေါ် မေးခွန်းထုတ်စရာဖြစ်လာနိုင်သည်ဟု ထောက်ပြထားသော်လည်း ထိုင်း-အမေရိကန် စစ်ရေးမဟာမိတ်စာချုပ်အရ အင်အားသုံးရလောက်အောင် ပြဿနာကြီးထွားမည့် အခြေအနေမျိုး ဖြစ်ပေါ်ရန် ထိုအချိန်က အခွင့်အလမ်းနည်းပါးသည်ဟု အစီရင်ခံစာ၌ သုံးသပ်ထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
တွံတေးတွင် အိုးအိမ်ဆောက်ပေးရေး ဆန္ဒပြ

နယူးဒေလီ (မဇ္ဈိမ)။ ။ ဆန္ဒပြသူများသည် တွံတေးမြို့နှင့် ၄ မိုင်ခန့် အကွာအဝေးရှိ တဘက်ကမ်း ရေတံကား၏ အနောက်ဘက် ဇီးဖြူကုန်းကျေးရွာမှ ကမ်းနားထိ လမ်းလျောက်ခဲ့ပြီး ကမ်းနားမှ တွံတွေးမြို့သို့ လှေနှင့် ဖြတ်ကူးကာ ကျောက်တံတားမြို့နယ် ဆိပ်ကမ်းမှ ကြက်ခြေနီရုံးသို့ မိနစ် ၃ဝ ခန့် လမ်းလျှောက် ချီတက်ခဲ့ကြခြင်း ဖြစ်သည်။

နာဂစ်လေဘေးသင့် ဒုက္ခသည်များအတွက် ကြက်ခြေနီအသင်းမှ နေအိမ်များ ဆောက်ပေးရာ ဒေသအာဏာပိုင်များက အလွဲသုံးစားလုပ်သဖြင့် ရန်ကုန်တိုင်း တွံတေးမြို့နယ် ဇီးဖြူကုန်းရွာသား ၂ဝ ခန့်သည် တွံတေးမြို့သို့ ယနေ့ ချီတက်ဆန္ဒပြကြသည်။

ကျောက်တံတား ကားလမ်းမကြီးတလျှောက် ချီတက်လာကြကာ တွံတေးမြို့နယ် အေးချမ်းသာရေး မယက ရုံးရှေ့ရှိ လေဘေး ပြန်လည်ထူထောင်ရေးဌာန တည်ရှိရာသို့ သောကြာနေ့ နံနက် ၁၁ နာရီခွဲခန့်က ဦးတည်ဆန္ဒပြခြင်းဖြစ်သည်။

ဇီးဖြူကုန်းကျေးရွာမှ ဆန္ဒပြသူများထဲတွင် ကိုအံသီး၊ ကိုမြင့်လွင်၊ ကိုဇော်ဝင်း၊ ဒေါ်ကြည်၊ ဦးမြင့်ဌေး၊ ဒေါ်တရုတ်မ၊ ဦးအောင်မိုးကျော်၊ ဒေါ်ဌေးဝင်း၊ ဒေါ်အေးသွယ်၊ ဦးအေးနိုင်၊ ဒေါ်ကြည်အေး၊ မောင်အေးစန်း (အညာသား)၊ ကိုအောင်ဝင်းနိုင်၊ ဒေါ်သာပင်၊ ဦးမျိုးထွန်း၊ မခင်မျိုးနွယ်၊ ဦးမောင်သန်းတို့ ပါဝင်သည်။

သူတို့ကို တွံတေးမြို့နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးချစ်ဖေက ဦးဆောင်လာခဲ့ခြင်းပြီး အတွင်းရေးမှူး ဦးဇော်မင်းထွန်း၊ မြို့နယ်စည်းအဖွဲ့ဝင် ကိုအောင်စိုးဝေနှင့် စည်းရုံးရေးအဖွဲ့ဝင်များက ဝန်းရံပေးထားသလို၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများကလည်း စောင့်ကြပ်ခဲ့သည်။

*
တွံတေး ဆန္ဒပြသူများ လူစုခွဲ


နယူးဒေလီ (မဇ္ဈိမ)။ ။ နာဂစ်မုန်တိုင်းကြောင့် အိုးအိမ် ပျက်စီးသွားခဲ့ရသူများက မြို့နယ်ကြက်ခြေနီရုံးရှေ့တွင် ၅ နာရီကျော် ဆန္ဒပြခဲ့ပြီးနောက် လူစုခွဲလိုက်ကြသည်။
*
တွံတေးဆန္ဒပြမှု နောက်ဆက်တွဲ


နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာစံတော်ချိန် ညနေ ၄ နာရီတွင် မဇ္ဈိမသတင်းထောက်က ဆက်သွယ် မေးမြန်းထားချက်အရ ရန်ကုန်တိုင်း တွံတေးမြို့မှ အိုးအိမ် ပြန်ဆောက်ပေးရေး ဆန္ဒပြနေသူများသည် မြို့နယ် ကြက်ခြေနီရုံးရှေ့တွင် ဆက်လက် ဆန္ဒပြနေကြသည်ဟု သိရှိရသည်။

ဒေါ်တရုတ်မ ဦးဆောင်သော ဆန္ဒပြသူ စုစုပေါင်း ၂၂ ဦးရှိလာပြီး ကြက်ခြေနီဝန်ထမ်း တဦးကတော့ ” သွားရင်သွား၊ မသွားရင် ဥပဒေအရ အရေးယူမည်” ဟု ပြောဆိုနေသည်ကို ကြားသိရသည်။ ဆန္ဒပြသူ နှစ်ဦးတိုးလာရာ ဦးကြာသိုက်နှင့် ဒေါ်အေးလူတို့ ဖြစ်သည်ဟု သိရသည်။

အစာငတ်ခံနေသည်ဆိုသော ဆန္ဒပြသူများက တောင်းဆိုချက်များကို ကြက်ခြေနီ ဝန်ထမ်းတဦးကို ပေးအပ်လိုက်ပြီး မြို့နယ်ဥက္ကဌ ဦးအောင်စံသာနှင့် တွေ့ဆုံ ဆွေးနွေးခွင့်ပြုရန် တောင်းဆိုထားသည်။ မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံး အဖွဲ့များ ဝင်ရောက် စွက်ဖက်မှုမရှိဘဲ ရုံးတွင်းမှ ဓာတ်ပုံရိုက် မှတ်တမ်းတင်နေပြီး ကြက်ခြေနီများကိုသာ ဆန္ဒပြသူများကို မောင်းထုတ်ရန် ညွှန်ကြားထားကြောင်း သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နာဂစ် သောင်တင် ဂျပန်သင်္ဘော၊ ကြယ်ငါးပွင့်က အလကားရ

နာဂစ်ကြောင့် ပုသိမ်မြို့အနီးက သမီးလှကျွန်း ကျောက်ဆောင်ပေါ်တွင် ကိုယ်ထည်အားလုံးတင်နေခဲ့သော ဂျပန် ECM ကုမ္ပဏီပိုင် သင်္ဘောကို ကြယ်ငါးပွင့်က အလကားရခဲ့ကြောင်း ကြယ်ငါးပွင့် အရာထမ်းတဦးက ပြောသည်။

သင်္ဘော၏ တန်ချိန်မှာ (၉,၈၀၁) တန်ရှိပြီး ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းတွင် အသုံးချမည်ဖြစ်ကြောင်း သိရသည်။

“ကျောက်ဆောင်ပေါ်ကို တင်သွားပြီးတဲ့နောက် ဂျပန်ကုမ္ပဏီက လာပြီး စစ်ဆေးတယ်၊ နောက်ပြီး စွန့်လွှတ်လိုက် တယ်ပေါ့။ ဒါနဲ့ ကြယ်ငါးပွင့်ကို လွှဲခဲ့တာပါ” ဟု ၎င်းအရာထမ်းက ပြောသည်။

ယခုကာလပေါက်ဈေးဖြင့် တွက်ချက်ပါက သင်္ဘောတန်ဖိုးမှာ အမေရိကန် ဒေါ်လာ (၁၀) သန်းနှင့် (၁၂) သန်းကြား ရှိမည်ဟု ရေကြောင်း အင်ဂျင်နီယာတဦးက ပြောသည်။

၎င်းသင်္ဘောကို ရန်ကုန်ဆင်မလိုက် သင်္ဘောကျင်းတွင် ဒေါက်တင်၍ ပြုပြင်မည်ဖြစ်ကြောင်း၊ ယင်းသင်္ဘောပြင်ဆင် ပြီးလျှင် ပြည်ပလိုင်းကို ပြေးဆွဲမည်ဟုဆိုသည်။ အဆိုပါသင်္ဘောကို ၁၉၉၁ ခုနှစ် မေလတွင် ဂျပန်ကုမ္ပဏီက စတင်အသုံးပြုခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံများကို ပြေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အင်းစိန်ထောင်တွင် ကလေးများကို ချုပ်နှောင်ထားမှု ရာဇဝတ်မှုဟု ရှေ့နေကောင်စီ ပြောဆို


ချင်းမိုင် (မဇ္ဈိမ)။ ။ အင်းစိန်ထောင်ကျ ကလေးများကို သီးသန့် သင်တန်းကျောင်းသို့ မပို့ဘဲ အင်းစိန်ထောင်မှာပင် ထားခြင်းအပေါ် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ဥက္ကဋ္ဌ က ရှုတ်ချ ပြောဆိုလိုက်သည်။

ရန်ကုန် အင်းစိန်ထောင်အတွင်း ရာဇဝတ်မှု အမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျနေသည့် အသက် ၁၄ နှစ်ကလေးငယ်များကို စာသင်ကြားပေးနေသည်ဟု အကျဉ်းဦးစီးဌာန တာဝန်ရှိသူတဦးက ထုတ်ဖော်ပြောဆိုပြီးနောက် နာမည်ဆိုးဖြင့် ကျော်ကြားလှသော ထောင်တွင်းကလေးများကို ချုပ်နှောင်မှုအပေါ် အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။

၂ဝဝ၅ ခု ဇန်နဝါရီ ၁၆ ရက်မှ စတင်ကာ အင်းစိန်ထောင်တွင်း အသက် ၁၄ နှစ်မှ ၂ဝ နှစ်ထိ အကျဉ်းသားကလေးများကို သူငယ်တန်းမှသည် စတုတ္တတန်းအထိ ပညာသင်ပေးခဲ့သည်ဟု အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်လက အင်းစိန်ထောင်မှ ပြန်လွတ်လာသူ စမ်းချောင်းမြို့နယ် အန်အယ်ဒီ ဥက္ကဋ္ဌ ဦးသက်ဝေကလည်း ထောင်တွင်း ကလေးများရှိနေကြောင်း ပြောသည်။ “အင်းစိန် ထောင်ထဲမှာ ကလေး အကျဉ်းထောင်ဆိုတာ ရှိတယ်။ စစ်ခွေးတိုက်နဲ့ အလုပ်ဘက်ဝင်း ကြားမှာပေါ့နော်။ မူလတန်းကျောင်းကနေ အလယ်တန်းထိလောက်။ သင်တဲ့ ဆရာတွေက အကျဉ်းကျနေတဲ့ ဘွဲ့ရ ပညာတတ်တွေ သင်ပေးနေတာ။ အသက်အရွယ်ကတော့ များသောအားဖြင့် ၁၃၊ ၁၄ နှစ်ကနေ ၁၉၊ ၂ဝ နှစ် အရွယ်ရှိတယ်” ဟု သူက ပြောသည်။

အကျဉ်းဦးစီးအရာရှိ အပြောအရ ကလေးအဆောင်များမှာ လူကြီးအဆောင်များနည်းတူ ဆောက်လုပ်ထားပြီး စိုက်ပျိုးရေး လုပ်ငန်းများတွင် ခိုင်းစေခြင်း၊ စာသင်ချင်သည့် ကလေးအကျဉ်းသားများကို စာသင်ခြင်းများ ပြုလုပ်နေသည်ဟု ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ရန်ကုန် ၀န်ထမ်း သက်သာဆိုင်များအား ဖျက်ခိုင်း၊ ငှားရမ်းဝယ်ယူသူများ နစ်နာ


ပြည်ထဲရေးလက်အောက်ခံမြို့နယ်အသီးသီး၏ ရဲစခန်းပတ်လည်ရှိ ၀န်ထမ်းသက်သာဆိုင်ခန်းများအား မတ်လကုန် အပြီး ဖျက်သိမ်းပေးရမည်ဆိုသော ညွှန်ကြားချက်ကြောင့် ဆိုင်ခန်းပိုင်ရှင်များ နစ်နာကြေး တစုံတရာမရရှိဘဲ ဆိုင်ခန်းသုံးပစ္စည်းများကို မတ်လ တတိယပတ်မတိုင်မီ စတင်ရွှေ့ပြောင်းနေကြကြောင်း သိရသည်။

ယင်းအတွက် သက်ဆိုင်ရာမြို့နယ်အလိုက် မြို့နယ်ရဲစခန်းတာဝန်ရှိသူတို့က ၀န်ထမ်းသက်သာ ဆိုင်ခန်းပိုင်ရှင်များ အား ဖေဖော်ဝါရီလကုန်ပိုင်းက အသိပေးပြောကြားခဲ့ပြီး မတ်လကုန်ရွှေ့ပြောင်းပေးရမည်ကို သိရှိကြောင်း ခေါ်ယူ လက်မှတ်ရေးထိုးစေခဲ့သည်။ အမှတ် (၁၇) တောင်ဥက္ကလာပမြို့နယ် ရဲစခန်းပတ်လည်တွင် ၀န်ထမ်းသက်သာဆိုင်ခန်းပေါင်း (၁၀၀) ကျော်ရှိပြီး ဖွင့်လှစ်ခဲ့သည်မှာ (၁၅) နှစ်ခန့် ရှိပြီဖြစ်ကြောင်း၊ ယခင်က မျက်နှာစာ (၉) ပေ၊ အရှည်ပေ (၃၀) ခန့် တခန်းကို သက်ဆိုင်ရာသို့ (၁) သိန်းခွဲသာ ရန်ပုံငွေသွင်းရကြောင်း၊ နားလည်းမှုဖြင့် လက်ဆင့်ကမ်းရောင်းချလာရင်း ယခုအခါ လူစည်ကားရာ သုမင်္ဂလာလမ်းမတန်း တခန်း သိန်း (၂၀) ၀န်းကျင်၊ သစ္စာလမ်းမပေါ် (၁၈) သိန်းခန့်၊ ဓမ္မရာဇာလမ်း တခန်း (၈) သိန်း ခန့်တို့ဖြင့် ရောင်းဝယ်ကာ ဆိုင်ခန်းများ ဖွင့်လှစ်ထားကြကြောင်း၊ တချို့ ငွေရှင်များက ဆိုင်ခန်းဝယ်ယူထားပြီး တလ နှစ်သောင်းခွဲမှ ငါးသောင်းအထိ လူစည်ကားရာ အချက်အချာ နေရာအလိုက် ငှားရမ်း ကြကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
စစ်ဆေးမှု ကြန့်ကြာရာမှ ရေထွက်ကုန်များ ဆုံးရှုံးနေကြောင်း လုပ်ငန်းရှင်များ ပြော


ရန်ကုန် (မဇ္ဈိမ) ။ ။ ပြည်ပတင်ပို့မည့် ရေထွက်ပစ္စည်း ကွန်တိန်နာများကို ဆိပ်ကမ်းတွင် အရည်အသွေး စစ်ဆေးရေးအဖွဲ့က စစ်ဆေးရာတွင် နှောင့်နှေးကြန့်ကြာမှု ဖြစ်လွန်းသဖြင့် ဆုံးရှုံးမှုများ ရှိနေသည်ဟု လုပ်ငန်းရှင်များက ပြောသည်။

အချိန်နှောင်းသဖြင့် ဝယ်လက်ကို လျော်ပေးရမှုများပင် ရှိနေသောကြောင့် စစ်ဆေးချိန်ကာလကို အလျင်အမြန် ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း ပြည်ပကို ရေထွက်ပစ္စည်း တင်ပို့နေသည့် လုပ်ငန်းရှင်တဦးက မဇ္စျိမကို ယခုလို ပြောသည်။ သို့သော် အရည်အသွေး စစ်ဆေးရေး ဌာနဘက်က ဝန်ထမ်း မလုံလောက်မှုနှင့် အာဏာရှိသူများ ဝင်ရောက်စွက်ဖက်မှု ရှိနေခြင်းက မြန်ခြင်း၊ နှေးခြင်း အကြောင်းအရာ ပေါ်ပေါက်လာစေသည်ဟု ဆိုသည်။

ဌာနမှ အရာထမ်းတဦးက " အထက်က ညွှန်ကြားချက် ပေးထားတယ်။ ပိုင်ရှင်တွေရဲ့ အာမခံချက်ရရင် X-Ray စက်ကို မဖြတ်နဲ့လို့ ပြောတာရှိတယ်။ လုပ်ထုံးလုပ်နည်းအရတော့ မပါဘူး” ဟု ဆိုသည်။

ပြည်ပသို့ ထွက်နေသည့် ရေထွက်ပစ္စည်းများတွင် အဖိုးတန် ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများ ခိုးဝှက်သယ်ဆောင်မှုများ ရှိနေသည်ဟု နယ်စပ်တာဝန်ကျ အငြိမ်းစား ဗိုလ်မှူးဟောင်းတဦးက ပြောသည်။ ပြည်ပ ရေထွက်ကုန် ပင်လယ်အစားအစာ တင်ပို့ရာတွင် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန လက်အောက်ရှိ ငါးလုပ်ငန်း ဦးစီးဌာနနှင့် အကောက်ခွန် ဦးစီးဌာတို့၏ စစ်ဆေးချက်များကို ယူရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဂုဏ၀ိသိဋ္ဌ ဂုဏ်ပြုပူဇော်ပွဲ ကြော်ငြာ ထည့်ခွင့်မပြု


ဥပ္ပါတသန္တိစေတေီ ထီးတင်ပွဲအပြီးတွင် ဘွဲ့တံဆိပ်တော်ဆက်ကပ်ခြင်းခံခဲ့ရသော သံဃာတော်များ၏ ဂုဏ၀ိသိဋ္ဌ ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနား ဖိတ်ကြားလွှာ ကြော်ငြာများကို အစိုးရပိုင်သတင်းစာများက ဖော်ပြခွင့်မပြုကြောင်း ရန်ကုန်သံဃာတော်တပါးက မိန့်ကြားသည်။

“ဦးဇင်းတို့ကျောင်းက ဆရာတော်တပါးက ဘွဲ့ရတယ်လေ။ အဲဒါပူဇော်ပွဲလုပ်ဖို့ ဒကာ၊ ဒကာမတွေကို ဖိတ်ကြားတဲ့ အကြောင်း သတင်းကြော်ငြာလေးသွားထည့်တာပေါ့။ လက်မခံဘူးတဲ့။ ထည့်လို့မရဘူးတဲ့။ မြန်မာ့အလင်းရော၊ ကြေးမုံမှာပါ ထည့်လို့မရဘူးတဲ့။ ၀န်ကြီးက ထည့်ခိုင်းမှ ထည့်လို့ရမယ်။ ၀န်ကြီးကိုသွားပြောလို့ ပြောတယ်။ ဦးဇင်းတို့ကတော့ အခုသူတို့ သတင်းစာတွေမှာ အပါယ်ရတနာဖြစ်နေတယ်လေ။ သူတို့ပင့်ချင်တဲ့အခါပင့် မလိုတဲ့ အခါ ပယ်ထားတဲ့ အပါယ်ရတနာ” ဟု သံဃာတော်က မိန့်သည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ သိမ်ဖြူလမ်းရှိ သတင်းစာနှင့် စာနယ်ဇင်းလုပ်ငန်းသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းကိုင်ဖြေကြားခြင်းမပြုပေ။

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်မှုများကို ယခင်က ကမ္ဘာအေးမဟာပါသဏလှိုဏ်ဂူအတွင်း ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် နေပြည်တော်ရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ပြောင်းရွေ့ကျင်းပခဲ့သည်။
+++++
ခံစည်းရိုးကာခြင်းသည် ရိုဟင်ဂျာများ၏ လှုပ်ရှားမှုကို ထိန်းချုပ်ရန် ဖြစ်သည်ဟု အကဲခတ်များပြော


နယူးဒေလီ (မဇ္ဈိမ)။ ။ အဆိုပြုထားသော မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် ခြံစည်းရိုး ကာရံရေးသည် ဒေသတွင်းရှိ ရိုဟင်ဂျာ လူနည်းစုများ၏ လှုပ်ရှားသွားလာမှုကို ထိန်းချုပ်ရန် စစ်အစိုးရ၏ အစီအစဉ် ဖြစ်နိုင်သည်ဟု အကဲခတ်များက ပြောသည်၊

မြန်မာ စစ်အာဏာပိုင်များသည် မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် ခြံစည်းရိုး ကာရေးအတွက် လိုအပ်သော ပစ္စည်းများကို ယူဆောင်လာခဲ့သည်ဟု နယ်စပ်အနီးတွင် နေထိုင်သော သတင်းရပ်ကွက်များက မဇ္ဈိမကို ပြောသည်။

အဆိုပါ သတင်းရပ်ကွက်၏ အပြောအရ မြန်မာ စစ်အစိုးရသည် ကီလိုမီတာ ၅ဝ ရှည်လျားသော ဘင်္ဂလားဒေ့ရှ်နယ်စပ် တလျှောက် သံဆူးကြိုးကာရံရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

ဤခြံစည်းရိုးသည် ရိုဟင်ဂျာများ၏ နယ်စပ် ဖြတ်ကျော်သွားလာမှုများကို တားဆီးရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်နိုင်သည် ဟု ဘင်္ဂလားဒေ့ရှ် အခြေစိုက် ကုလားတန် သတင်းကွန်ရက် မှ အယ်ဒီတာ ဦးတင်စိုးက ပြောသည်။ ဤရိုဟင်ဂျာများကို ထိုင်း၊ အိန္ဒိယနှင့် အင်ဒိုနီးရှား အာဏာပိုင်များက ပင်လယ်တွင်းမှ ကယ်ယူခဲ့ရပြီးနောက် မကြာသေးမီက ဒေသတွင်း စိုးရိမ်ပူပန်စရာ ကိစ္စတရပ် ဖြစ်လာခဲ့သည်။ ရိုဟင်ဂျာ မူဆလင် လူနည်းစုသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မောင်းတောမြို့နယ်တွင် အမျာစု နေထိုင်ကြပြီး၊ ပိုမိုလုံခြုံမှုရှိသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ မကြာခဏ ဖြတ်ကျော် ဝင်ရောက်ကြသည်ဟု သူက ဆက်လက် ပြောကြားသည်။

သို့သော် ဘင်္ဂလားဒေ့ရှ်အခြေစိုက် နေရဉ္စရာ သတင်းဌာနမှ လက်ထောက်အယ်ဒီတာ ဦးထွန်းကျော်ကမူ ဤခြံစည်းရိုးသည် ရိုဟင်ဂျာလူမျိုးများ၏ လှုပ်ရှားသွားလာမှုကို ကန့်သတ် ထိန်းချုပ်ရုံသာမဟုတ်၊ ဘင်္ဂလား ပင်လယ်အော်ထဲတွင် ပြုလုပ်မည့် အမေရိကန်နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးတွဲ ပင်လယ်ပြင် ကင်းလှည့်မှုနှင့်လည်း ဆက်စပ်နေနိုင်ကြောင်း ပြောသည်။ နယ်စပ်အနီး နေထိုင်သော သတင်းရပ်ကွက်များက ပြောရာတွင် အာဏာပိုင်များသည် မတ်လ ၁၄ ရက်နေ့မှစ၍ မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်မြို့ မောင်တောတွင် စစ်တပ်အင်အားများ တိုးမြှင့်ချထားသည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်စပ်တလျှောက် ခြံစည်းရိုးကာရံရာတွင် လုံခြုံရေး ယူပေးရန် ဤသို့ တိုးမြှင့်ချထားခြင်း ဖြစ်သည်ဟု ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မတ်လ ၂၀ ရက်
ရက်သတ္တပတ် ၁၂ ၊ ၂၀၀၉
မြန်မာသတင်း

ဇာဂနာ့ မိခင် ဒေါ်ကြည်ဦး ကွယ်လွန်


ချင်းမိုင် (မဇ္ဈိမ) ။ ။ နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များကို ကူညီမှုပြုရင်း အဖမ်းခံရသူ နိုင်ငံကျော် လူရွှင်တော် ကိုဇာဂနာ၏ မိခင် ဒေါ်ကြည်ဦးမှာ ယနေ့ညတွင် ကွယ်လွန်အနိစ္စ ရောက်သွားသည်။

ဇာဂနာ့ မိခင် ဒေါ်ကြည်ဦးသည်းခြေပြွန်လမ်းကြောင်းတွင် ကင်ဆာဖြစ်ပွား၍ ဝေဒနာခံစားနေရသူ အသက် ၈၃ နှစ်အရွယ် စာရေးဆရာမကြီးသည် သောကြာနေ့ည ၈ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့ နေအိမ်တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။
နိုင်ငံရေးစိတ်ပြင်းထန်သော သားဖြစ်သူကို စစ်အစိုးရက အကြိမ်ကြိမ် ထောင်ချခဲ့သော်လည်း ဆရာမကြီးသည် တွန့်ဆုတ်ခြင်းမရှိဘဲ သတင်း မီဒီယာများကို မေးသည်ကို ရဲဝံ့စွာ အစဉ်အမြဲ ဖြေကြားခဲ့သူ ဖြစ်သည်။

ဆရာမကြီး၏ ဆန္ဒအရ ရုပ်အလောင်းကို မနက်ဖြန် စနေနေ့တွင် သဂြိုလ်မည်ဟု မိသားစုဝင်များက ပြောသည်။

ကွယ်လွန်ချိန်တွင် ခင်ပွန်းဖြစ်သူ ဦးအောင်သိန်း ခေါ် စာရေးဆရာကြီး နန်းညွန့်ဆွေ၊ သားများဖြစ်သော ကိုတေဇ နှင် ကိုဇာဂနာတို့ ကျန်ရစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မြန်မာနိုင်ငံအတွင်းမှ အင်တာနက် အမြန်နှုန်းများ ယခုရက်ပိုင်း အတွင်း ကျဆင်းမည်


Myanmar Teleport သည် ပြည်တွင်းရှိ အင်တာနက် လိုင်းများ မြန်နှုန်း ကျဆင်းမှု ရက်ပိုင်းမျှ ဖြစ်ပေါ်နေမည် ဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန် လိုက်သည်။

မတ်လ (၂၁) ရက်နေ့မှ (၂၅) ရက်နေ့အထိ မြန်မာနိုင်ငံ အတွင်း အင်တာနက် ကြည့်ရှုမှုနှင့် Email အသုံးပြုမှုများ နှေးကွေး လေးလံနေမည်ဟု Myanmar Teleport ကဆိုသည်။

International Connection Backbone Fiber-Optic Cable ကြီးဖြစ်သည့် SEA-ME-WE3 အား ပြန်လည် မွမ်းမံမှုများ ပြုလုပ်မည် ဖြစ်သောကြောင့် ယခုလို မြန်နှုန်း ကျဆင်းရခြင်း ဖြစ်ကြောင်း Myanmar Teleport က အကြောင်းပြဆိုသည်။

ပြင်ဆင်မှုများ ပြုလုပ်နေချိန် အတွင်း မြန်မာနိုင်ငံ၏ အင်တာနက် ချိတ်ဆက်မှုကို အရံ ဆက်ကြောင်းဖြင့် အသုံးပြုနိုင်ရန် စီမံ ပေးထားမည် ဖြစ်ပြီး အရေးပါသည့် E-Mail ဆက်သွယ်မှုများ မနှောင့်နှေးစေရန် ဂရုတစိုက် ဆောင်ရွက်ပေးမည်ဟု Myanmar Teleport က ထပ်လောင်း ကြေငြာချက် ထုတ်ပြန်ထားသည်။
( လူထုအသံမှ ကောက်နှုတ်ချက် )
+++++
ကျန်းမာရေး အထောက်အကူ ချို့တဲ့မှုကြောင့် နိုင်ငံရေး အကျဉ်းသားများ အန္တရာယ်ရှိဟု AAPP-B ပြော

နယူးဒေလီ။ ။ သင့်တော်ကောင်းမွန်သည့် ကျန်းမာရေး စောင့်ရှောက်မှု ချို့တဲ့ခြင်းသည် မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားများ ကျန်းမာရေး ချွတ်ယွင်းရခြင်း၏ အဓိက အကြောင်းရင်းတရပ် ဖြစ်သည်ဟု တက်ကြွ လှုပ်ရှားသူ အဖွဲ့တခုက သောကြာနေ့က ပြောကြားလိုက်ပါသည်။

မနှစ်မြို့ဖွယ် အကျဉ်းထောင်တွင်း အခြေအနေများ၊ သင့်တော်ကောင်းမွန်သည့် ဆေးဝါးကုသမှု ချို့တဲ့ခြင်းတို့ကြောင့် မြန်မာနိုင်ငံရှိ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူများမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြသည်ဟု ‘နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအဖွဲ့ - မြန်မာပြည်’ (AAPP-B) ၏ တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။
နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုဝင်များကလည်း သွားရသည့်ခရီး ဝေးကွာလွန်းခြင်းနှင့် အချိန်နှင့်ငွေ အကုန်အကျ များလွန်းလှခြင်းကြောင့် အကျဉ်းထောင်များသို့ မကြာခဏ သွားရောက် တွေ့ဆုံရန် ခက်ခဲကြောင်း၊ မကြာခဏ ပြဿနာ ဖြစ်ရကြောင်း ပြောကြသည်။

“ဆေးဝါး ကုသဘို့ လိုနေတဲ့သူတွေကို ဆေးမကုပေးဘဲ ထားတာဟာ လူသတ်မှုဘဲ၊ သူတို့ (စစ်အစိုးရ) က နိုင်ငံရေး အကျဉ်းသားတွေကို တဖြေးဖြေးမျှဉ်းသတ်နေတာ” ဟု ဦးဘိုကြည်ကပြောသည်။

စာရင်းအရ မြန်မာနိုင်ငံ တဝှမ်းလုံးရှိ အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားပေါင်း အနည်းဆုံး ၂၁၂၈ ဦး ရှိသည်ဟု ပြောပါသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အာဆီယံ ရိုးရာအစားအသောက် အရောင်းပွဲတော် ကျင်းပမည်


ရန်ကုန်မြို့တွင် အာဆီယံဒေသတွင်း ဆိုင်ရာ ရိုးရာ အစားအသောက် အရောင်း ပွဲတော်တခု ကျင်းပသွားရန် ပြင်ဆင်နေကြောင်း Capital Hypermarket က ပြောကြားလိုက်သည်။

ယခင်မြို့တော်ဟောင်းတွင် ကျင်းပမည့် သင်္ကြန်အကြို အာဆီယံ ဈေးရောင်း ပွဲတော်တွင် အာဆီယံ ဒေသတွင်း (၁၀)နိုင်ငံမှ ရိုးရာ အစားအသောက်များအပြင် တရုတ်၊ ဂျပန်၊ တိုင်ပေ၊ အိန္ဒိယနှင့် တောင်ကိုရီးယား အစရှိသည့် အာရှနိုင်ငံများမှ ရိုးရာ အစားအသောက် များကိုလည်း ခင်းကျင်း ရောင်းချသွားမည်ဟု သိရသည်။

အစားအသောက် ဈေးရောင်း ပွဲတော်ကို Sponsor ပေးသူများက ယခုပွဲတော်ကြောင့် အရှေ့တိုင်း၏ ယဉ်ကျေးမှု အစဉ်အလာများ ပိုမိုခိုင်မြဲစွာ ဆက်ယှက် နီးကပ်လာစေမည်ဟု ယုံကြည်ထားကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြသည်။

ဈေးရောင်းပွဲတော်ကို မတ်လ (၂၇) ရက်နေ့မှ ဧပြီလ (၁၀) ရက်နေ့ထိ (၁၅)ရက် ကြာအောင် ပြုလုပ် သွားမည်ဟု သတင်းရရှိသည်။
( လူထုအသံမှ ကောက်နှုတ်ချက် )
+++++

No comments: