Thursday, February 5, 2009

ဒုတိယကြိမ်မြောက် လောကငရဲမှ ခဏ လွတ်မြောက်နေခြင်း




တူ .. တူ.. တူ ( လူလ၏ တယ်လီဖုန်း အသံ )

တယ်လီဖုန်းက ဖုန်းအသံကြောင့် အိပ်နေရာမှ လန့်နိုးလာတယ်၊ စိတ်ထဲမှာတော့ ဖုန်းဆက်လာတဲ့ လူကို စိတ်ထဲမှာ ဒေါသ ဖြစ်ပြီးသား၊ အလိုက်ကမ်း ဆိုးမသိတဲ့ လူပဲ ဆိုပြီး၊ နာရီကို ကြည့်လိုက်တော့ နံနက် ၁၀း ၃၀၊ အိပ်ရာဝင်တာက စောစော ၅ နာရီလေ၊ လူလ အလုပ်လုပ်တာက ညနေပိုင်း အလုပ်ဆိုတော့ အိမ်ကို ၁ နာရီလောက်ဆို ပြန်ရောက်တယ်။ ရေချိုးပြီး သတင်းတွေ လိုက်ဖတ်၊ ဘလောဂ်မှာ ရှိတဲ့ ကြည့်ဖြစ်နေတဲ့ ရင်ဘတ်များမှ အသစ်တွေကို ဖတ်ရင်းနဲ့ပဲ အချိန်က အလိုလို ကုန်သွားတာပါ၊ ဒီတော့လဲ အိပ်တဲ့အချိန်က အများအားဖြင့် မနက်ပိုင်း ဖြစ်တယ်။ တခါတလေ စာရေးတဲ့ နေ့များဆို မနက် ၇ နာရီ တောင် ဖြစ်သွားတတ်တယ်။

နိုးတ၀က် အိပ်ချင်မူးတူးနှင့် တယ်လီဖုန်းကို ကောက်ကိုင်ပြီး..

လူလး Hej.. Dat er luu la

ဖုန်းဆက်သူး ဟဲ့လို .. ကိုလူလ၊ ကျွန်နော် ကိုမိုက်ကယ်ပါ၊

လူလး အင်း ပြော၊ ဘာဖြစ်တာလဲ

ကိုမိုက်ကယ်း အလုပ်မှာ လူတွေ ဖြုတ်နေပြီ၊ ကျွန်နော်လဲ ပါတယ်

လူလး ဟုတ်လား ကောင်းတာပေါ့။

ကိုမိုက်ကယ်း ဒါလောက်ပဲနော်၊ ညနေမှ ဆုံမယ်။

လူလး အင်း …

ဂွပ် ( တယ်လီဖုန်း ပြန်ချတဲ့ အသံ )
*****

အဲလူက အဲလိုမျိုး ခံစားချက် ပြင်းထန်တတ်တယ်၊ သူလဲ သိသားပဲ လူလ အိပ်ချိန်ကိုလေ၊ သူစိတ်ထဲမှာ ဖြစ်ချင်တာပဲ ဦးစားပေးပြီး လုပ်တတ်တယ်။ သူတခုခု ဖြစ်လာရင် သူများ အနေအထားကို သူ သိမနိုင်တော့ဘူး၊ ဆိုတော့လည်း တဖက်လူအတွက် ဂဂျိုးဂဂျောင် ဖြစ်ရတာပေါ့ဗျ။

အလုပ်တွေ ပြန်ဖြုတ်မယ်ဆိုတာ လူလက ကြိုသိနှင့်ပြီးသား၊ အလုပ်မှာ ခင်တဲ့သူတွေကို ပြောပြတော့ မယုံကြဘူး၊ အခု ဒီလူ ဖုန်းဆက်လာတာကလဲ၊ လူလ ရဲ့ အင်ဖော်မေးရှင်းက မှန်တယ်သဘောနဲ့ ကွန်ဖန်း လုပ်တဲ့ သဘော ဖြစ်နိုင်တယ်။

နိုးလက်စနဲ့ပဲ အိပ်ယာက ထလိုက်တယ်။ လူလက အိပ်ယာက နိုးရင် ချက်ခြင်း ထလေ့မရှိဘူး ၁၀ မိနစ်လောက် နပ်တဲ့ အကျင့်ဆိုး ရှိတယ်လေ၊ အခုက ၀မ်းသာတဲ့ အထိမ်းအမှတ်နှင့် ချက်ခြင်း ထ လိုက်တဲ့ သဘော မှတ်ပါ။

စကားမစပ် မိုက်ကယ်ဆိုလို့ အနောက်နိုင်ငံသားလို့ မမှတ်ယူလိုက်ပါနဲ့…
မြန်မာပြည်မှာ မွေးပြီး၊ မြန်မာပြည်မှာ ချက်မြှုပ်ခဲ့တဲ့ သူရယ်ပါ။ လူ အတော်များများက အနောက်တိုင်းကို အခြေချတော့မယ်၊ စိတ်သစ် လူသစ် နာမည်အသစ်တွေနဲ့ အတွေးများဖြင့် ပေါ့ဗျာ၊ ဒီလိုပဲ မိုက်ကယ် ၀ီလျံ ဆိုင်မွန် ဒေးဗစ် အသီးသီး မှည့်ထွင်ကြတယ်လေ။ ဒီမှာက မိသားစု နာမည်တွေနဲ့ ပေါင်းပြီးမှ ရီဂျင်စတာ လုပ်ရတယ်လေ၊ ဆိုတော့လဲ မိုက်ကယ်အောင်ဘု၊ ၀ီလျံ ဘစိန်၊ ဒေးဗစ် တုတ်ကြီး၊ ဆိုင်မွန် ရွှေအေး အမျိုးမျိုးသော နာမည် အသစ်အဆန်းတွေ ပေါ်ထွက် လာရတယ်လေ။ လူလ ကတော့ အဖေအမေ ပေးလိုက်တဲ့ နာမည်ပဲ သုံးပါတယ်။ ဂျော့လူလ တော့ မဖြစ်ချင်တော့ပါ။ မြင်ရကြားရတော့လဲ ဦးဖိုးကျားရဲ့ အခမဲ့ ကူလီထမ်းခြင်းအကျိုး စာအုပ်ထဲက မြန်မာတွေ ဘိုနာမည် ထည့်တာကို ကြံဖန်ပြီး တွေးမိလိုက်ပါရဲ့…
*****

ဝမ်းပန်းတသာနဲ့ အိပ်ယာထပြီး ကိုယ်ခန္ဓာအတွက် ထုတ်စရာရှိတာ ထုတ်၊ သွင်းစရာရှိတာ သွင်း၊ ရှင်းစရာရှိတာ ရှင်းပြီး သကာလ၊ လုပ်စရာရှိတာတွေ လုပ်ပြီးမှ မနက်စာ ကော်ဖီလေးတခွက်ကို သောက်ရင်း သတင်းနားထောင်၊ ကိုယ့် ဘလောဂ်ကို ၀င်ကြည့်၊ ဒါက လူလရဲ့ နေ့စဉ် အလုပ်တခုပါပဲ။


ညနေ ၄နာရီ၊ အလုပ်ထဲရောက်တော့ စားသောက်ခန်းမမှာ အလုပ်သမားတွေကို စုပြီး ဘော့စ်က ပစ္စည်း ထုတ်လုပ်မှု နည်းတယ်အတွက် လူအနည်းအကျဉ်းကို လျှော့ချမယ်၊ ဘယ်တော့ပြန်စမယ်ဆိုတာကို သူ့အနေနဲ့ မပြောနိုင်ပါ၊ ၂ ပတ်လဲ ဖြစ်နိုင်လိမ့်မယ်၊ ၂ လ လဲ ဖြစ်နိုင်တယ်ဆိုပြီး သူ့လက်မှတ်ထိုးထားတဲ့ သင့်အား အသုံးမပြုနိုင်တော့သဖြင့် သင်သွားလိုရာ သွားနိုင်သည်ဆိုသော အဓိပ္ပာယ်ဆောင်သည့် ( ဒါက လူလ အပိုပြောတာ ) စာရွက်များကို အလုပ်ဖြုတ် နာမည်စာရင်းကို ခေါ်ပြီး ဝေပေးလိုက်တယ်။ ဟ .. ဘယ်လိုကြီးလဲ ငါလဲ မပါပါလား ဆိုပြီး စိတ်ထဲမှာ တွေးပြီး ညစ်နေတာ၊ လူတယောက်က ဘောစ့်ကို လူလ မပါဘူးလား ထမေးလိုက်တော့မှ စိတ်ထဲ ပျော်သွားတယ်၊ ဒီတော့ ဘောစ့်က ဘယ်လိုလဲ မလုပ်ဘူးလား မေးတော့၊ နားချင်တယ်လို့ ပြောလိုက်တယ်၊ ဆိုတော့ အစီအစဉ်တွေက တမျိုး ပြောင်းလဲသွားတယ်။ အလုပ်မှာက သက်တမ်းအနုအရင့်ကို ခွဲခြားပြီး အလုပ်ဖြုတ်တာတို့ လုပ်တတ်တာကိုး၊ လူလက သဘောထားတမျိုး ပေးလိုက်တော့ ဆွေးနွေးပွဲလေး တခု ဖြစ်ပြန်ရော၊ နောက်ပြီး လူလလိုပဲ နားချင်တဲ့ လူတယောက်လဲ ပေါ်လာတယ်။ နောက်တော့ အဖြုတ်ခံရတဲ့ သူတွေထဲမှ အလုပ်သမားအဖွဲ့အစည်း မ၀င်တဲ့သူနှင့် တချမ်းပဲ့ ( မိန်းမအလုပ်မရှိ ) ပါတယ်လေ၊ လူလလိုပဲ အဖြုတ်ခံချင်တဲ့ နောက်တယောက် ထပ်ပေါ်လာတယ်ဆိုတော့ အားလုံးကောင်းသွားတာပေါ့။

ရှင်းပြမယ် အတွေ့အကြုံတခု မျှဝေတယ်သဘော မှတ်လိုက်ပါ၊ လူလတို့ဆီမှာက အလုပ်သမားတိုင်း အလုပ်သမား ယူနီယံဆိုတဲ့ အဖွဲ့အစည်းကို ပိုက်ဆံပေးပြီး ၀င်ထားရတယ်၊ တချို့လည်း မ၀င်ပါဘူး၊ မြို့နယ် ( နိုင်ငံတော် ) အထောက်အပံ့က ရတဲ့ အလုပ်လက်မဲ့လစာပဲ ယူတယ်။ ဒါဗေမဲ့ လူအတော်တော်များများက အလုပ်သမားအဖွဲ့အစည်း ၀င်တယ်။ ဒီလိုအလုပ်သမား အဖွဲ့အစည်းဝင်ထားတော့ အခွင့်အရေးက သာမန်ထက် ပိုတဲ့ အခွင့်အရေးတွေ ရတယ်။ ဒီနေ့ အလုပ်ဖြုတ်ခံရရင် မနက်ဖြန် ပိုက်ဆံရတာပဲ၊ ရတဲ့ လစာက ၀င်ငွေရဲ့ ၉၀ ရာခိုင်နှုန်း၊တခြား အခွင့်အရေးလဲ အများကြီးပါပဲ။ ဒါတောင် ကိုယ်ဟာကိုယ် အလုပ်က ထွက်တာနဲ့ အလုပ်ရှင်၏ လိုအပ်ချက်တခုအရ ထွက်တာနဲ့ အခွင့်အရေး မတူသေးပြန်၊ ကိုယ်ဟာကိုယ် အလုပ်ထွက်တယ်ဆိုတော့
အလုပ်သမား အဖွဲ့အစည်းက ချက်ခြင်း ပြန်မထောက်ပံဘူး၊ တလ စောင့်ရတယ်။ ခန့်မသင့်ရင် တိုင်ပတ် နေရတတ်တယ်လေ၊ နောက်တခုက မြို့နယ်က ထောက်ပံတဲ့ အလုပ်လက်မဲ့ လစာလဲ ဒီအတိုင်းပါပဲ တလစောင့်ရတယ်။ နောက်ပြီး ရတဲ့ ပိုက်ဆံက ဒီငွေနှင့်ဆို ၄၀၀၀ ပေါ့၊ အိမ်လခ ၂၅၀၀ ပတ်ဝန်းကျင် စားဖို့ လောက်ပဲ ရမှာလေ၊ တချမ်းပဲ့အတွက်လဲ ဒီအတိုင်းပါပဲ ၊ နည်းနည်းတော့ အနေအထားတွေ ဂဂျိုးဂဂျောင် ဖြစ်သွားတာက လွဲပြီးပေါ့။ လုံးလုံး ငတ်ပြတ်သွားတာတော့ မဟုတ်ပါ။ ဒီအကြောင်းကို ဘလောဂ်အဟောင်းမှာ “ လောကငရဲမှ ခဏ လွတ်ကင်းရခြင်း ” ဆိုပြီး ရေးထားသေးတယ်။ ဘလောဂ်အဟောင်းကို လည်ပတ်ဖူးတဲ့သူတွေ သိနိုင်၏။ ( စကားချပ်။ ။ ကိုဆောင်းယွန်းလရေ… ယူနေပြီလို့ မှတ်ပါ )
*****

ကမ္ဘာ့ စီးပွားရေး ဂယက် ဒဏ်ကို လူတွေတွေ ခံစားရပြီး အလုပ်ဖြုတ်ခံရမှာ စိုးရွံနေတဲ့ လူမှုအသိုင်းအ၀ိုင်းတခုမှာ လူလ တယောက် ဆန့်ကျင်ပြီး လုပ်လိုက်တာကို ဒီကောင် ငကြောင်လို့ မတွက်လိုက်ပါနဲ့ဗျ။ စနစ်ကောင်းလို့ပါ။ တော်သေးတာပေါ့ လူလလို အလုပ်ဖြုတ်ခံချင်တဲ့ လူတယောက်ပါလာလို့၊ နို့မို့ရင်လား လူလကို အထင်ကြေးတွေ ပေးနေမှာလေ၊ ဒါဗေမဲ့ လူလ အနေအထားက အလုပ်ဖြုတ်ခံရလဲ ပုံမှန်ပဲ၊ ဘာကြောင့်ဆိုတော့ တကယ်လို့ နေ့အချိန်မှာ လုပ်ရမယ်ဆိုရင် နေ့အချိန် လစာက လူလတို့ အလုပ်သမားအဖွဲ့က ပြန်ထောက်ပံတဲ့ လစာနဲ့ အတူတူပါပဲ။ သဘောကတော့ အလုပ်လုပ်လဲ ဒီလောက်ရ၊ မလုပ်လဲ ဒီလောက်ပါပဲ၊ လုပ်တာပဲ ပင်ပန်းပြီး အဖတ်တင်မဲ့ သဘောပါ၊ ငပျင်းတော့မဟုတ်ပါ၊ အခုလို ငါမလုပ်ချင်ဘူးလို့ ပြောနိုင်တာလဲ၊ ပြောနိုင်တဲ့ အခွင့်အရေးရအောင် လူလတိုက ဖြဲတားတာလေ၊ နောက်ပြီး ဒီစက်ရုံ သက်တမ်းက လူလ အလုပ်သက်တမ်းထက် နည်းသေးတယ်။ သဘောကတော့ အရင့်ရင် စက်ရုံငယ်ငယ်လေးကတည်းက လူလတို့ လုပ်တာတယ်ဆိုတော့ မိသားစု ပုံစံလို ဖြစ်နေပြီလေ။ တခုတော့ ရှိတာပေါ့ အားလပ်ရက် ( ဗယ်ကေးရှင်း ) ပိုက်ဆံ နည်းမယ်။ သေချာတာတခုကတော့ ဘလောဂ်လည်ပတ်မှု များမယ်၊ သုတ တိုးမယ်။ ဒီတော့ ဘယ်လိုပြောရမလဲ ပြုသူအသစ် ဖြစ်သူအဟောင်းဆိုသလို အတိတ်ဘ၀က ရှေးကောင်းမှုတခုနှင့် ခဏတာလေးဖြင့် “ ကျူပ် သူတောင်းစား ကံကောင်းသည် ” ဆိုတာလေးကို ကံ ကံ၏ အကျိုး သဘောကို ဆင်ခြင်ပြီး မုဒိတာလေး ပွားများလိုက်ပေါ့နော်၊ ပြသာနာက ဖြစ်ပျက်သဘောကို နှောကျေအောင်သိနေတယ်ဆိုပြီး ပေတတန် စာတဖွဲ့ ရေးသားတဲ့ သူက ညာညှိ တန်းစီ ( တန်းညှိခြင်း )နေတာ ခက်တယ်ဗျ၊ ဆယ်အိမ်ကြား ကိုးအိမ်ကြား လိုက်အော်နေတာ မုဒီတာ သဘောတရားကို နားမလည်လို့လား၊ ဖြစ်နိုင်ပါတယ် ကိုယ်တိုင်မကြုံပဲ၊ စာအုပ်ထဲက ဖြစ်ပျက်တွေကို ကူးချပြီး လူရှိန်အောင် လုပ်နေတယ်ဆိုတော့၊ ဒီလိုပါပဲ လူ့ဘ၀ဆိုတာ သမုဒ္ဒရာထဲက ရေပွက်လေးနှင့် သဏ္ဍာန်တူတာကို လူလ ဆင်ခြင်တတ်ပါတယ်။ ဆိုးကျိုး ကောင်းကျိုး လောကဓံတရားလည်း နားလည်ပါတယ်။ တခုတော့ ရှိတယ်။ လူလက အေးဆေးပဲ နေတတ်တယ်။ သူများကို ဘယ်တောမှ မဖောင်းဘူးဗျ၊ ကိုယ့်ကို လာဖောင်းရင်လဲ ခွင့်မလွှတ်တတ်ဘူး၊ ဒါပါပဲ ပုထုစဉ် သဘောတရားက ခိုင်မြဲနေတယ်လေ။

ဘယ်ရောက်သွားပြန်လဲ၊ ရေးနေတာက လောကငရဲက လွတ်မြောက်ခြင်း၊ မှားပ။ လာလာ အရည်မရ အဖတ်မရတွေ လျှောက်မရေးနေပါနဲ့၊ အချိန်ကုန်တယ်၊ ဒီလိုနဲ့ပေါ့ဗျ၊ လူလတယောက် အလုပ်ဖြုတ်တဲ့ လက်မှတ်ကိုင်ပြီး Job centar ရုံးကို ယနေ့ ကြွသွားရ၏။ အင်ဖော်မေးရှင်းက စာရေးမက ဘာအကူအညီပေးရမလဲတဲ့။ ယဉ်ကျေးလိုက်တာနော်၊ အမိမြန်မာပြည်နှင့် ကွာသပ၊ ကိုယ်တို့ လူမျိုးမှာက လာမယ် ရုပ်က ရှစ်ခေါက်ချိုးထားတဲ့ပုံစံနှင့် သူ့တို့ ဆီမှာ အကြွေးလာတောင်းနေသလိုလိုလေ၊ ခန့်မသင့်ရင် စားပွဲအောက်က လက်ဖက်ရည်ဖိုး ထိုးပေးရမယ်။ ဒီက စာရေးမက ဘာမှ မပြောပါဘူး စာရွက်ကြည့်၍ လူလရဲ့ ကိုယ်ပိုင်နံပါတ် ( CPR ) ကို တောင်းပြီး ကွန်ပြူတာထဲ ဒေါက်ဒေါက် ရိုက်၍ အန်းတာ ( enter )ကို ဒေါက်ကနဲ့ ရိုက်ချလိုက်ပြီးသကာလ ပလင့်ထုတ်တဲ့ စက်ကနေ လူလအတွက် ဖောင်တွေ စာရွက်စာတမ်းတွေ ထွက်လာတယ်၊ သူက ရော့ … ဆို စာရွက်များကို ပေးပြီး အလုပ်သမားအဖွဲ့အစည်းကို သွားလိုက်ပါဦးဆိုပြီး ပြောလိုက်တယ်၊ ဟုတ် ကျေးဇူး၊ ပြောပြီး လူလတယောက် ကမ္ဘာ့အလုပ်လက်မဲ့ စာရင်းဝင် ဖြစ်သွားပြီး လောကငရဲမှ ခဏတာ ဒုတိယကြိမ်မြောက် လွတ်မြောက်နေလေသတည်း။ ။


လူလ
ရွှင်လန်းချမ်းမြေ့ပါစေ...

( မှတ်ချက် ။ ။ Yahoo Images မှ ဓါတ်ပုံကို ရှာပြီး သုံးထားသည်။ )

5 comments:

The Wild Rose said...

လောကငရဲမှ ခဏလွတ်မြောက်နေခြင်း တဲ့လား ကောင်းလေစွ .... များများ ဘလော့ဂ်နိုင်တော့မှာပေါ့
စီးပွါးရေးကပ်ဆိုဒ်နေတော့ အလုပ်တွေလဲ ရှေ့ကိုတည်မြဲနိုင်မဲ့ အာမခံချက်မရှိတော့ ရင်လေးမိပါရဲ့ .. အနားယူလို့ရတုန်း နားထားကိုလူလ .....
နောက်ပိုင်းပြန်လုပ်ရဦးမှာဘဲ ...........

Myo Win Zaw said...

ဝမ်းသာတယ်ဗျာ အလုပ်ပြုတ်လို့ ခေတ်မီသွားတာပေါ့ ကမ္ဘာလုံးဆိုင်ရာထဲ ကိုလူလရောက်သွားပြီ စနစ် ကောင်းတော့ စိတ်မညစ်ရဘူးပေါ့ မလေးရှား နဲ့ စင်ကာပူ မှာတော့မြန်မာတွေ ပြုတ်ကြတာဗျာ သနားဖို့ကောင်းတယ် နောက်မြန်မာမှာလည်း ကျွန်တော်သိတဲ့ နိုင်ငံခြား ကုမ္ပဏီမှာ လုပ်တဲ့ သူငယ်ချင်းအချို့ လစာမရတော့ဘူး ကိုယ့်ထမင်းကိုယ်စား အလုပ်ဆင်းနေရတယ် ဖြစ်ပုံက အလုပ်ဖြုတ်ရင် ဒါမှမဟုတ် ထွက်လိုက်ရင် ကုမ္ပဏီ အခြေအနေပြန်ကောင်းရင်ပြန်လျှောက်ရမယ် ဒါကြောင့် ကုမ္ပဏီက လစာလည်းမပေးဘူး အလုပ်လဲ မဖြုတ် ကိုယ့်ထမင်းချိုင့်ကိုယ်ဆွဲပြီး ရုံးတက် အလုပ်လဲ ရှိရင်လုပ် မရှိရင်လေပစ် အခြေအနေကောင်းကို စောင့်နေကြတယ် ဟဲဟဲ စတိုင်တမျိုးပေါ့ မကောင်းဘူးလား

လင်းထက် said...

ကိုလူလ ကြီး ဘလော့ ပြန်လုပ်နေတာ မသိဘူးဗျ ကျွန်တော်လဲ လောကငရဲက နှစ်လလောက် လွတ်နေတယ်ဗျို့ ပျော်လိုက်တာ ဟီး ဟီး

ဆောင်းယွန်းလ said...

အင်း...ကိုလူလတို့များ ကံကောင်းပြီးရင်း ကောင်းနေတော့တာပဲ
ပျော်ရွှင်နိုင်ပါစေဗျာ...

ကလူသစ် said...

မလွတ်မြောက်ရဲဘူးဗျ အဟင့် အဟင့် ဟီး ဟီး :(