Saturday, November 21, 2009

Note 46

16.11.2009

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို
တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းထား


ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ နိုဝင်ဘာ (၁၁) ရက်နေ့စွဲဖြင့် တွေ့ဆုံဆွေးနွေးရေးအတွက် ကမ်းလှမ်းသည့် စာတစောင်ပေးပို့ခဲ့သည်မှာ မှန်ကန်ကြောင်း အန်အယ်လ်ဒီက ယနေ့ထုတ်ဖော်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကို ရုပ်သိမ်းရေးကိစ္စ နောက်ဆက်တွဲဟူသောပေးစာ ပြည်ပမီဒီယာများတွင် နိုဝင်ဘာ (၁၄) ရက်နေ့က ပေါက်ကြားခဲ့ပြီးနောက် အန်အယ်လ်ဒီပါတီက ယနေ့ အတည်ပြု ပြောဆိုလိုက်ခြင်းဖြစ်သည်။
(NEJ)
+++++

UWSA ကို နယ်ခြားစောင့်တပ်ပြောင်းရေး သဘောတူညီမှုမရ

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး စစ်အစိုးရက ဆက်လက်ကြိုးပမ်းနေသော်လည်း ယခုချိန်ထိ သဘောတူညီမှု မရနိုင်သေးဘဲ ဖြစ်နေသည်ဟု အကဲခတ်များက ပြောသည်။

ယခုလ ၁၄ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်းရှိ တန့်ယန်းမြို့တွင် စစ်ဘက်ရေးရာ လုံခြုံရေး အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၊ ရမခ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်၊ ကစထမှူး မင်းအောင်လှိုင်တို့ ပါဝင်သော စစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် ဝ' တပ်၏ နိုင်ငံရေး ဦးဆောင်မှုပါတီဖြစ်သော ဝ' ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP မှ ဒု- ဥက္ကဌ ပေါဝ်းယျိုလျှန်၊ ဒု-စစ်ဦးချုပ် တာ့အိုက်လွန်း ပါဝင်သောအဖွဲ့တို့ ဆွေးနွေးခဲ့ရာ ဆုံးဖြတ်ချက်မကျနိုင်ဘဲ ဖြစ်နေသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့် မပျက်ပြယ်လိုသော ဝ' တို့ဘက်က နယ်ခြားစောင့်တပ်ပြောင်းရန် မူအားဖြင့် လက်ခံသော်လည်း တဖြည်းဖြည်းချင်းမှ ပြောင်းလဲလိုပြီး ယခုနှစ်အတွင်း မဖြစ်နိုင်သေးကြောင်း အကြောင်းပြန်ထားသည်။

စစ်အစိုးရကတော့ ဒီဇင်ဘာလ နောက်ဆုံးထား၍ အကြောင်းပြန်ရန် ပြောကြားထားခဲ့သည်။

အလားတူပင် စစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့က တရက်ထဲမှာပင် ဆက်လက်၍ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့တွင် SSA (မြောက်ပိုင်း) ဥက္ကဌ စဝ်လွယ်မောဝ်း၊ ဒု-ဥက္ကဌက စဝ်ကိုင်ဖ နှင့် စဝ်ကောင်တိုင်း တို့နှင့် နယ်ခြားစောင့် အသွင်းပြောင်းရေး ဆွေးနွေးရာတွင်လည်း အဖြေမထွက်ဘဲ ရှိခဲ့သည်ဟု သိရသည်။

SSA မြောက်ပိုင်းအဖွဲ့အတွင်း နယ်ခြားစောင့်တပ် ပြောင်းလဲလိုသူများ၏ ဆန္ဒကောက်ခံရာ အနည်းစုကသာ သဘောတူကြသည်။
(မဇ္ဈိမ)
----------------------------------
17.11.2009

ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန်
အမေရိကန်သမ္မတ အိုဘားမားတောင်းဆို


စင်ကာပူနိုင်ငံတွင် နိုဝင်ဘာ (၁၅) ရက်၌ ကျင်းပသည့် ပထမအကြိမ်အာဆီယံ အမေရိကန် ထိပ်သီးညီလာခံတွင် အမေရိကန်သမ္မတ ဘာရက် အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

မြန်မာစစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်အပါအ၀င် အာဆီယံ (၁၀) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်သည့် ညီလာခံတွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာမူဝါဒကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြောကြားခဲ့သည့်အတိုင်း မြန်မာနှင့်အမေရိကန် နိုင်ငံတို့အကြား ကောင်းမွန်သည့်ဆက်ဆံရေးများ ထူထောင်သွားရန် ကမ်းလှမ်းထားကြောင်း၊ ဆက်ဆံရေးဖြစ်မြောက်ရန်အတွက် မြန်မာနိုင်ငံတွင် စစ်မှန်သည့်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ရန်လိုအပ်ကြောင်းလည်း သမ္မတအိုဘားမားက ညီလာခံတွင် ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။
(NEJ)
+++++
ရွေးကောက်ပွဲ ဥပဒေထုတ်ရန် ဦးသုဝေက ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာရေး

မဇ္ဈိမ(ချင်းမိုင်)။ ။ ရွေးကောက်ပွဲ ဥပဒေ အချိန်မီ ထုတ်ပြန်ပေးရန် ပါဝင်ယှဉ်ပြိုင်ရန် ဟန်ပြင်နေသော ပါတီတခုဖြစ်သည့် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေက စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ယခုလ ၁၃ ရက်နေ့က စာတစောင် ရေးပို့လိုက်သည်။

ပါတီဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေကို ယနေ့အထိ ထုတ်ပြန်ခြင်း မရှိသေးသောကြောင့် အချိန်နောက်ကျနေသည်ဟု ယူဆကြောင်းနှင့် ပုဂ္ဂလိက အနေဖြင့်သာ တောင်းဆိုခြင်း ဖြစ်သည်ဟု ဦးသုဝေက ပြောသည်။ အသက် ၇၇ နှစ်အရွယ် ဦးသုဝေသည် ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဗဟို အလုပ်အမှုဆောင် ၁၅ ဦးနှင့် ဖွဲ့စည်းခဲ့သည့် ဒီမိုကရက်တစ်ပါတီ-ဒီပီတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပါလီမန်ခေတ် ဝန်ကြီးချုပ်ဟောင်းများ၏ သမီးများဖြစ်သည့် ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဗဆွေ ဦးဆောင်ပါဝင်သည်။
(NEJ)
+++++

ဗိုလ်ချုပ် မောင်ဦး ရုရှားသွားမည်

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ ပြည်ထဲရေး ဗိုလ်ချုပ်မောင်ဦးသည် ဘန်ကောက်မြို့တွင် ရောက်ရှိနေပြီး ရုရှားနိုင်ငံသို့ မနက်ဖြန်တွင် သွားရောက်မည်ဟု ပြည်ထဲရေး သတင်းရပ်ကွက်များက ပြောသည်။

ရဲတပ်ဖွဲ့ အကြီးတန်းအရာရှိများပါ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်က ထိုင်းနိုင်ငံမြို့တော်သို့ ရောက်ရှိနေခဲ့ပြီး ရုရှားသို့ ခရီးဆက်မှာ ဖြစ်သည်။
(မဇ္ဈိမ)
-----------------------------------
18. 11. 2009

စစ်အစိုးရက ဖေ့ဘွတ်ကို ပိတ်လိုက်


မြန်မာပြည်သူလူထု အင်တာနက်အသုံးပြုမှုကို နည်းမျိုးစုံဖြင့် ထိန်းချုပ်နေသော စစ်အစိုးရက ပြီးခဲ့သည့် (၃) ရက်မှစပြီး လူထုအတွင်း အသုံးများနေသည့် ဆက်သွယ်ရေးကွန်ရက်တခုဖြစ်သည့် ဖေ့ဘွတ် (Face Book) ကို ပိတ်လိုက်သည်။

မူလလုပ်နေကျအတိုင်း ဖေ့ဘွတ်ကို ပိတ်ပစ်လိုက်ခြင်းမဟုတ်ဘဲ ဆက်သွယ်မှု အမှားအယွင်းပုံစံ အသစ်တမျိုးဖြင့် ပိတ်လိုက်ခြင်းဖြစ်ကြောင်း ပြည်တွင်း အိုင်တီအသိုင်းအ၀ိုင်းက ပြောသည်။
လက်တလော အခြေအနေအရ ဖေ့ဘွတ် အသုံးပြုနေသူများသည် စစ်အစိုးရက ပိတ်ပင်ထားသည့် သတင်းဝက်ဘ်ဆိုက်များကဲ့သို့ ပရော့ဇီများဖြင့်ကျော်ပြီး ခက်ခက်ခဲခဲ အသုံးပြုနေရကြောင်း သိရသည်။
(NEJ)
+++++
ရွှေဂုံတိုင်ကြေညာချက်ကို ဆုပ်ကိုင်ရန် အန်အယ်ဒီ-အယ်အေ ဆုံးဖြတ်

မဇ္ဈိမ (ချင်းမိုင်)။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လွတ်မြောက်နယ်မြေက ညီလာခံကို ထိုင်း-မြန်မာနယ်စပ် တနေရာ၌ မကြာ သေးမီက ကျင်းပပြီးစီးပြီး ရွှေဂုံတိုင်ကြေညာချက်ကို ဆက်လက်ဆုပ်ကိုင်သွားမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပခဲ့သည့် ညီလာခံ၌ ၂ဝ၁ဝ ရွေးကောက်ပွဲကာလ အတွက် လုပ်ငန်းစဉ်များ ချမှတ်ခဲ့ပြီး မိခင်အဖွဲ့အစည်းဖြစ်သော အန်အယ်ဒီ၏ ကြေညာစာတမ်းပါ ရပ်တည်ချက်များကို ဆက်လက် ဆုတ်ကိုင်သွားမည်ဟု ဆုံးဖြတ်ကြောင်း အဖွဲ့အထွေထွေအတွင်းရေးမှူးကပြောသည်။
(မဇ္ဈိမ)
+++++

ကိုကိုးကျွန်းလက်မှတ် သာမန်ပြည်သူများကို မရောင်း


နိုဝင်ဘာ (၂ဝ) ရက်နေ့ ရန်ကုန်မှ ကိုကိုးကျွန်းသို့ ထွက်ခွာမည့် သံလွင်သင်္ဘော ခရီးစဉ်လက်မှတ်များကို သာမန်ပြည်သူတို့အား ရောင်းချခြင်းမရှိဘဲ ဌာနဆိုင်ရာများကိုသာ ရောင်းချပေးနေသည်။

လက်မှတ်များကို ရန်ကုန်အရှေ့ပိုင်းနှင့် အနောက်ပိုင်းခရိုင်ရုံးများ၊ ရန်ကုန်တိုင်း ခယက ရုံးများမှတဆင့် ရောင်းချနေခြင်း ဖြစ်သည်။ အဆိုပါလက်မှတ်များကို ဌာနဆိုင်ရာထောက်ခံစာဖြင့်သာ ရောင်းမည်ဆိုပါက ကြိုတင်ကြေညာထားသင့်ကြောင်း ကိုယ်တိုင်လက်မှတ်ဝယ်ခဲ့သူ ရန်ကုန်မြို့ခံတဦးက ပြောသည်။
(NEJ)
+++++

ရတနာပုံအမှား လူထုအကြား ရေပန်းစား

မဇ္ဈိမ(ချင်းမိုင်) ။ ။စစ်အစိုးရအာဘော်သတင်းစာ တခုဖြစ်သော မန္တလေးထုတ် ရတနာပုံ သတင်းစာ၏ နိုဝင်ဘာ ၁၃ ရက်နေ့ထုတ် စာစောင်တွင် ပါရှိသော ဝါဒဖြန့်ကြွေးကြော်သံက စာဖတ်သူများအကြား လူပြောအများဆုံး ဖြစ်သွားခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ယူထုတ်ဝေသော သတင်းစာတွင် ပုံမှန်အားဖြင့် ပါရှိသော” ဆူပူမှုဖြင့် ဒီမိုကရေစီမရနိုင်” ဟူသော စာသားအစား ထိုနေ့က ” ဆူပူမှုဖြင့် ဒီမိုကရေစီ” ရနိုင်ဟု ပါရှိခဲ့၍ ဖြစ်သည်။ သတင်းစာ၏ စာတည်းမှူးချုပ်သည် ဗိုလ်မှူးမင်းကြိုင် ဖြစ်သည်။
ထိုမှားယွင်းဖော်ပြမှုကြောင့် တာဝန်ရှိသူအချို့ကို အလုပ်ထုတ်ခဲ့သည်ဟု အရပ်သားများအကြား ပြောဆိုနေကြသော်လည်း သတင်းစာတိုက် ကြော်ငြာတာဝန်ခံ ဗိုလ်ကြီးသန်းအောင်ကတော့ ” မရှိပါဘူးဗျာ။ သတင်းပုံမှန်ထုတ်ပါတယ်” ဟု မဇ္ဈိမ သို့ ပြောသည်။
(မဇ္ဈိမ)
+++++

သတင်းထောက်များ လွတ်မြောက်ရေး
စစ်အစိုးရကို ဖိအားပေးမည်


စစ်အစိုးရ ဖမ်းဆီးထားသော သတင်းထောက်များကို နိုင်ငံတကာ မီဒီယာများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ သိရှိအောင်ပြုလုပ်ပြီး ၎င်းတို့အား ပြန်လွှတ်ပေးရန် ဖိအားပေးတောင်းဆိုသွားမည်ဟု နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့ (BNI) က ပြောကြားလိုက်သည်။

စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ သတင်းများအပါအ၀င် သတင်းထောက်များကို မတရားဖမ်းဆီးမှုများ၊ နိုင်ငံတ၀ှမ်း ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ပဋိပက္ခများကို ဖော်ထုတ်ပြီး နိုင်ငံတကာမှ သိရှိစေရန် BNI က ဖော်ထုတ်တင်ပြသွားမည်ဖြစ်သည်။
(NEJ)
-----------------------
19.11.2009

နေ့စဉ်ထုတ်သတင်းစာ (၂) စောင် ပြောင်းရွှေ့

စစ်အစိုးရချုပ်ကိုင်ထားသည့် နေ့စဉ်ထုတ်သတင်းစာ (၂) စောင်မှ အကြီးတန်းအရာရှိကြီးများနှင့် အယ်ဒီတာအဖွဲ့ကို ယခုလဆန်းပိုင်းမှ စတင်ကာ နေပြည်တော်သို့ ပြောင်းရွှေ့ရုံးထိုင်စေပြီဖြစ်ကြောင်း ရန်ကုန်စာနယ်ဇင်းအသိုင်းအ၀ိုင်းက ပြောသည်။ ကြေးမုံသတင်းစာအယ်ဒီတာအဖွဲ့သည် ယခုလ (၂) ရက်တွင် နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ရပြီး မြန်မာ့အလင်း အယ်ဒီတာအဖွဲ့သည်လည်း (၉) ရက်နေ့တွင် ပြောင်းရွှေ့ရုံးထိုင်ခဲ့ရကြောင်း သိရသည်။
(NEJ)
+++++

အစိုးရပိုင် သားရေ ပစ္စည်းစက်ရုံ မီးလောင်
မဇ္ဈိမသတင်းဌာန


နယူးဒေလီ။ ။ ရန်ကုန်တိုင်း လှိုင်မြို့နယ် ၁၂ ရပ်ကွက်အတွင်း တည်ရှိကာ သမိုင်းလမ်းဆုံ အနီးတွင် ဆောက်လုပ်ထားသည့် အစိုးရပိုင် သားရေ ပစ္စည်းစက်ရုံတွင် ယနေ့နံနက်ပိုင်းက မီးလောင်မှုတရပ် ဖြစ်ပွားခဲ့သည်။

သို့သော် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ အဆိုအရ ပျက်စီးမှု အနည်းငယ်သာ ရှိခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ် မီးသတ်တပ်ဖွဲ့မှ အရာရှိတဦးက မီးလောင်မှုသည် ၁၀ မိနစ်ခန့်သာ ဖြစ်ပွားခဲ့ပြီး၊ အခင်းဖြစ်ရာသို့ မီးသတ်ကား ၈ စီး လာရောက် ငြှိမ်းသတ်နိုင်ခဲ့သည်ဟု ဆိုသည်။
(မဇ္ဈိမ)
+++++

အခွန်ဦးစီးဌာန လာဘ်စားငွေ တနှစ် ကျပ်ဘီလီယံ (၂ဝဝ) ကျော်ရှိ


ဘဏ္ဍာအခွန်ဝန်ကြီးဌာန လက်အောက် ပြည်တွင်းအခွန်ဦးစီးဌာန တခုတည်း၏ တနှစ် လာဘ်စားမှုပမာဏမှာ ကျပ်ငွေ ဘီလီယံ (၂ဝဝ) ကျော်ရှိကြောင်း အမည်မဖော်လိုသည့် မြို့နယ်အခွန်ဦးစီးအရာရှိဟောင်းတဦးက ထုတ်ဖော်ပြောဆိုသည်။
၎င်းတို့ ဌာနအနေဖြင့် အခွန်ထမ်းပြည်သူများထံမှ လာဘ်ငွေ ရယူပုံ (၃) မျိုးရှိကြောင်း၊ တမျိုးက အခွန်ထမ်းမည့် ဝင်ငွေ၊ ဖွင့်လှစ်ထားသည့်ဆိုင်၊ အိမ် သို့မဟုတ် ကားအရောင်းအဝယ် စသည်တို့ကို ရုံးတွင် လုံးဝ စာရင်းမပေါက်စေဘဲ ရာခိုင်နှုန်းပြည့် လာဘ်ငွေယူသည့်နည်း၊ အခွန်ထမ်းကိစ္စအတွက် လာဘ်ငွေကို ပမာဏများများနှင့် အဓိကထား ရယူပြီး အစိုးရ အခွန်ထဲသို့ ပမာဏ နည်းနည်းခန့်သာ စာရင်းတင်သွင်းသည့်နည်း၊ အခွန်ကို အဓိကထား ကောက်ခံသော်လည်း အခွန်နှုန်းထား သက်သာစေရန်နှင့် လုပ်ငန်းလွယ်ကူချောမွေ့စေရန် အခွန်ပမာဏ၏ ရာခိုင်နှုန်းအချို့ကို လာဘ်ငွေယူသည့်နည်း စသည်တို့ဖြစ်ကြောင်း ရှင်းပြသည်။

ယခုကဲ့သို့ လာဘ်စားမှုပုံစံ အမျိုးမျိုးကို တွက်ချက်ကြည့်လိုက်သည့်အခါ အစိုးရ ဘဏ္ဍာထဲသို့ တရားဝင် အခွန်ငွေအဖြစ် ရောက်ရှိသွားသည့် ငွေပမာဏ၏ အနည်းဆုံး လေးပုံတပုံခန့် ရှိကြောင်း အဆိုပါအခွန်မှူးက ရှင်းပြသည်။
(NEJ)
+++++



မိုက်ကယ်လန်းစ် တေးဂီတအဖွဲ့ မြန်မာပြည် လာမည်


နယူးဒေလီ (မဇ္ဈိမ)။ ။ ကမ္ဘာ့နာမည်ကြီး ဂီတအဖွဲ့ တခုဖြစ်သည့် မိုက်ကယ်လန်းစ်တူရော့ခ် (Michael Learns to Rock) သည် စီးပွါးရေး လုပ်ငန်းကြီးတခုဖြစ်သည့် ထူးထရေဒင်း၏ ကမကထပြုမှုဖြင့် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက် ဖျော်ဖြေမည် ဖြစ်သည်။

၂၀၀၈ ခုနှစ် မေလအတွင်း ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသအတွင်း တိုက်ခတ် ဖျက်ဆီးသွားခဲ့သည့် နာဂစ်ဆိုင်ကလုံး မုန်တိုင်းကြီး၏ မုန်တိုင်း ဒုက္ခသည်များအတွက် ရန်ပုံငွေ တေးဂီတပွဲအတွက် စီစဉ်ပြီး ဖြစ်ကြောင်းနှင့် အာဏာပိုင်များ၏ ခွင့်ပြုချက် ရရှိရန် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ရန်ကုန်ရှိ ထူးထရေဒင်း ကုမ္ပဏီမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ဗုဒ္ဓဟူးနေ့က ပြောသည်။
ဤကမ္ဘာ့နာမည်ကြီး ပေါ့ဂီတအဖွဲ့သည် မြန်မာနိုင်ငံသို့ ပထမဆုံးလာ ရောက်ဖျော်ဖြေမည့် ဂီတအဖွဲ့ ဖြစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂီတအစည်းအရုံး အတွင်းရေးမှူး မောင်သစ်မင်းက ပြောသည်။
(မဇ္ဈိမ)
+++++

ကျပ် (၅) ထောင်တန်များ ရွေးကောက်ပွဲကာလအတွက် လျာထား

မြန်မာငွေ ကျပ် (၅) ထောင်တန်များ ပြည်တွင်းဈေးကွက်တို့တွင် သုံးစွဲလည်ပတ်မှု မရှိသလောက်ရှားပါးရခြင်းမှာ မြန်မာစစ်အစိုးရက ၎င်းတို့အာဏာတည်မြဲရေးအတွက် အသုံးချရန် လာမည့်ရွေးကောက်ပွဲကာလတွင်မှ အလုံးအရင်းဖြင့် ထုတ်ဝေရန်ရှိသည်ဟု မြန်မာ့စီးပွားရေးဘဏ်မှ တိုင်းအဆင့် အရာရှိတဦးက ပြောသည်။
(NEJ)
+++++

ချင်းလူမျိုးများ ဒုတိယအကြိမ် ချင်းအမျိုးသား ညီလာခံအတွက် စုရုံးရောက်ရှိ

နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲအတွက် စိုင်းပြင်းနေချိန်တွင် ကမ္ဘာတဝှန်းမှ ချင်းတိုင်းရင်းသား ခေါင်းဆောင်များကလည်း ချင်းအမျိုးသားတို့၏ အနာဂတ်နိုင်ငံရေး လမ်းကြောင်းကို ဆွေးနွေးရန် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ် မီဇိုရမ်၏ မြို့တော် အိုက်ဇောတွင် စုရုံးရောက်ရှိနေသည်။

နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့၊ ကျောင်းသားများ၊ ပညာရှင်များ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် ဖွဲ့စည်းထားသော ချင်းအမျိုးသားကောင်စီ (CNC) ၏ ပြောရေးဆိုခွင့်ရှိသူ ရာလ်နှင်းက သူတို့သည် ချင်းအမျိုးသားတို့၏ အနာဂတ်နိုင်ငံရေး လမ်းကြောင်းကို ဆွေးနွေးနိုင်ရန် ဒုတိယအကြိမ်မြောက် ချင်းအမျိုးသားညီလာခံတွင် စုရုံးရောက်ရှိနေကြပြီဟု ပြောဆိုလိုက်သည်။

ဤဒုတိယအကြိမ်မြောက် ချင်းအမျိုးသားညီလာခံသို့ CNC အဖွဲ့ဝင်များနှင့် အကြံပေးများကိုသာ ဖိတ်ကြားကြောင်း သူက ပြောသည်။ ညီလာခံသို့ တက်ရောက်သည့် CNC အကြံပေးတဦးမှာ ဟန်ညောင်ရွှေ ဖြစ်သည်။ သူသည် ရှမ်းတိုင်းရင်းသားတဦးဖြစ်ပြီး၊ မြန်မာနိုင်ငံ ပထမဆုံးသမ္မတကြီး စဝ်ရွှေသိုက်၏ သားဖြစ်ကာ ဘရပ်ဆဲလ်ရှိ ယူရိုဘားမားရုံး (EBO) ညွှန်ကြားရေးမှူးလည်း ဖြစ်သည်။

ဤသို့ CNC အဖွဲ့ဝင်များနှင့် အကြံပေးများကိုသာ ဖိတ်ကြားသဖြင့် ချင်းအမျိုးသားများကြား၌ စိတ်ဝမ်းကွဲပြားမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။ တက်ကြွလှုပ်ရှားသူ အများအပြားက ဤညီလာခံသည် တရားမဝင်ကြောင်းနှင့် ဤညီလာခံက သူတို့၏ နိုင်ငံရေးကံကြမ္မာကို ဆုံးဖြတ်မည်ကိုလည်း ခွင့်မပြုနိုင်ကြောင်း ပြောဆိုကြသည်။
(မဇ္ဈိမ)
-------------------------------
20.11.2009

အပစ်ရပ်အသွင်ပြောင်း ပြည်သူ့စစ်တပ်ဖွဲ့များအား
သုံးမျိုးသုံးစား ဖွဲ့ပေးမည်


နယ်စပ်တွင်ရှိနေသည့် အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်ရင်းများ ဖွဲ့ပေးမည် ဖြစ်သကဲ့သို့ နယ်စပ်နှင့်အလှမ်းဝေးသည့် အပစ်ရပ်အဖွဲ့များကို ပြည်သူ့စစ်တပ်ဖွဲ့များအဖြစ် လူအင်အားပေါ်မူတည်၍ (၃) မျိုး ဖွဲ့စည်းရန်ရှိနေသည်။

ပြည်သူ့စစ်တပ်ဖွဲ့များကို လူအင်အားအလိုက် သုံးမျိုးသုံးစား ခွဲခြားထား ကြောင်း၊ ပြည်သူ့စစ် တပ်ဖွဲ့ကြီးတွင် လူအင်အား(၉ဝ) ဖြင့်ဖွဲ့စည်းပြီး လူအင်အား(၆ဝ) ကို လက်နက်များတပ်ဆင်ပေးကာ ကျန်(၃ဝ) ကို အရံအင်အားအဖြစ်လည်းကောင်း၊ ပြည်သူ့စစ်တပ်ဖွဲ့ အလတ်အား လူအင်အား (၆ဝ) ဖြင့် ဖွဲ့ပေးမည်ဖြစ်ပြီး (၄ဝ) အား လက်နက်တပ်ဆင် ပေးကာ ကျန်(၂ဝ) အား အရံအင်အားအဖြစ် လည်းကောင်း၊ ပြည်သူ့စစ် အဖွဲ့ငယ်ကို အင်အား (၃ဝ) ဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး လူအင်အား(၂ဝ) ကို လက်နက်တပ်ဆင်ကာ ကျန်(၁ဝ) ကို အရံအင်အားအနေဖြင့် လည်းကောင်း ဖွဲ့စည်းသွားရန် ရှိသည်ဟု အပစ်ရပ်အဖွဲ့များနှင့် နီးစပ်သူတဦးက ပြောသည်။ အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ်ရင်းနှင့် ပြည်သူ့စစ် တပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ရာတွင် တရုတ်-မြန်မာနယ်စပ် အခြေစိုက် ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော်အား နယ်ခြားစောင့်တပ်ရင်း (၃) ရင်းဖြင့် လည်းကောင်း၊ ထိုင်းနယ်စပ်အနီး ကယားပြည်နယ်၊ အထူးဒေသ(၂)၊ ကလလတအဖွဲ့အား နယ်ခြားစောင့် တပ်ရင်း(၂) ရင်းဖြင့် လည်းကောင်း၊ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့မှ ခွဲထွက်ခဲ့သည့် ဦးလဆန်အောင်ဝါ ဦးဆောင်သည့် ဝိုင်းမော်မြို့နယ်၊ ဂွေထူကျေးရွာ အခြေစိုက်၊ ကချင်ငြိမ်းချမ်းရေးအဖွဲ့အား အင်အား(၃ဝ) စီ ပါဝင်သည့် ကဝါးယန်ပြည်သူ့တပ်ဖွဲ့နှင့် ဂွေထူပြည်သူ့စစ်အဖြစ် လည်းကောင်း မကြာသေးမီက မြန်မာစစ်အစိုးရက ဖွဲ့စည်း ပေးထားသည်။
(NEJ)
+++++

အကြမ်းမဖက်နည်းသာ အကိုက်ညီဆုံးဟု အဝေးရောက် ဝန်ကြီး ပြောကြား

နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာ့အရေး လှုပ်ရှားမှုတွင် အကြမ်းမဖက် နည်းလမ်းသည်သာ အကိုက်ညီဆုံးဖြစ်ကြောင်း အဝေးရောက် ညွန့်ပေါင်းအစိုးရ NCGUB ဝန်ကြီး ဒေါက်တာတင့်ဆွေက ပြောသည်။

အိန္ဒိယ၊ ဂျပန်၊ ထိုင်းနှင့် ပါလက်စတိုင်း အပါအဝင် နိုင်ငံအများအပြားမှ အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်း ခေါင်းဆောင် ၁၀၀ ကျော်ဖြင့် နယူးဒေလီတွင် ၄ ရက်ကြာ ကျင်းပနေသည့် အိန္ဒိယ ငြိမ်းချမ်းရေးဖခင် မဟတ္တမဂန္ဓီ ရေးသားခဲ့သည့် Hind Swaraj (self-rule) ခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေးစာအုပ် ဖြန့်ချီသည့် နှစ် ၁၀၀ ပြည့်နေ့ အခမ်းအနား၌ ပြောသွားခြင်း ဖြစ်သည်။
(မဇ္စျိမ)
+++++

၂၀၁၀ အမီ အင်တာနက်အသုံးပြုခွင့် ပိတ်ပင်နိုင်ဟု
အိုင်တီလောက သုံးသပ်


၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံတကာနှင့် အင်တာနက် ချိတ်ဆက်အသုံးပြုမှုကို မြန်မာဘာသာသုံး အခမဲ့အီးမေးလ်စနစ်ဖြင့် စစ်အစိုးရက ပိတ်ပင်နိုင်သည်ဟု အိုင်တီပညာရှင် အသိုင်းအ၀ိုင်းက သုံးသပ်သည်။

မြန်မာဘာသာသုံး အီးမေးလ်စနစ်ကို စစ်အစိုးရ၏ ရတနာပုံတယ်လီပို့က တည်ဆောက်နေပြီး ပြည်တွင်း Bandwith ဖြင့် အသုံးပြုရမည်ဖြစ်ကြောင်း ဖော်ပြသည့် ပြည်တွင်းထုတ် Flower News ဂျာနယ်သတင်းကို ကိုးကားပြီး သုံးသပ်ကြခြင်း ဖြစ်သည်။ ပြည်တွင်း Bandwith ဖြင့် အင်ထရာနက်အဖြစ် လုပ်ဆောင်လိုက်ပါက အများပြည်သူအတွင်း သတင်းအချက်အလက် စီးဆင်းမှုကို ပိတ်ပင်ခြင်း၊ ဖြတ်တောက်ခြင်းများ ပြုလုပ်လာမည်ဟု ခန့်မှန်းကြသည်။
(NEJ)
+++++

No comments: