Sunday, October 4, 2009

သတင်းမှတ်စု ( ၃၉ )

စင်တင်ဘာ ၂၈ ရက်
ရက်သတ္တပတ် ၃၈၊ ၂၀၀၉
မြန်မာသတင်း


မစ္စတာဂျင်မ်ဝက်ဘ် မြန်မာဝန်ကြီးချုပ်နှင့် တွေ့မည်

နယူးဒေလီ (မဇ္ဈိမ)။ ။ နယူးရောက်မြို့ ၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်နေသော မြန်မာဝန်ကြီးချုပ်သည် စစ်အစိုးရနှင့် ထိတွေ့ ဆက်ဆံရေးကို အခိုင်အမာ ထောက်ခံအားပေးသူ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်နှင့် တနင်္လာနေ့တွင် တွေ့ဆုံမည် ဖြစ်သည်။

မြန်မာဝန်ကြီးချုပ်နှင့် နယူးယောက်မြို့၌ တနင်္လာနေ့တွင် တွေ့ဆုံရန် ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် သံအမတ်ကြီး ဂျိုးဇက်ဗားနားရိဒ် (Joseph Verner Reed) ၏ ဖိတ်ကြားချက်ကို ဗားဂျီးနီးယားပြည်နယ် အထက်လွှတ်တော်အမတ်က လက်ခံခဲ့ပြီး ဖြစ်သည်ဟု မစ္စတာ ဝက်ဘ်၏ ရုံးက ထုတ်ဖော်ပြောဆိုသည်။

`ရိဒ်၏ ဤသို့ တွေ့ဆုံနိုင်ရန် စီစဉ်ပေးမှုကို ကျနော် ချီးကျူးပါသည်။ ပြီးခဲ့သောလက ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် တွေ့ဆုံစကားပြောခဲ့မှုကို ယခုဆက်လက်ပြုလုပ်ရန် ကျနော် မျှော်လင့်ပါသည်´ ဟု ဝက်ဘ်၏ ရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

မစ္စတာဝက်ဘ်သည် ယခင်အပတ်ကလည်း နယူးယောက်တွင် ကုလအထွေထွေညီလာခံ တက်ရောက်နေရာမှ ဝါရှင်တန်သို့ လာရောက်ခဲ့သော မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနှင့်လည်း တွေ့ဆုံခဲ့သေးပြီး မြန်မာ-အမေရိကန် ဆက်ဆံရေးအကြောင်း ဆွေးနွေးခဲ့သည်။

ဦးသိန်းစိန်သည် တနင်္လာနေ့တွင် ကုလအထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး၊ သူသည် ၁၄ နှစ်အတွင်း ကုလအထွေထွေညီလာခံသို့ လာရောက်သည့် အဆင့်အမြင့်ဆုံး မြန်မာအရာရှိကြီး ဖြစ်သည်။ မြန်မာ ဗိုလ်ချုပ်ကြီးတဦး နောက်ဆုံးအကြိမ် ကုလအထွေထွေ ညီလာခံသို့ တက်ရောက်ခဲ့သည်မှာ ၁၉၉၅ ခုနှစ်က ဖြစ်ပြီး၊ မြန်မာနိုင်ငံမှ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

မစ္စတာဝက်ဘ်သည် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီ၏ ဥက္ကဋ္ဌ ဖြစ်ပြီး အခြားနိုင်ငံများက လိုက်ပါ လုပ်ဆောင်ခြင်း မရှိသည့် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့အရေးယူမှု အပါအဝင် အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတခုလုံးကို ကွန်ဂရက် လွှတ်တော်က အလုံးစုံ ပြန်လည် ဆန်းစစ်ရန် ကြိုးပမ်းမှုကို ခေါင်းဆောင်ခဲ့သူလည်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

သံတမန်အချို့နှင့်တွေ့ဆုံခွင့် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို


နေအိမ်အကျယ်ချုပ်ကျခံနေရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဆိုင်ရာ အနောက်နိုင်ငံအချို့မှ သံတမန်များနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း စက်တင်ဘာ (၂၅) ရက်စွဲဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့ခဲ့သည့်စာတွင် ထည့်သွင်းတောင်းဆိုထားသည်။

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စနှင့် စပ်လျဉ်းသည့် အဆိုပါစာတွင် ထိုကဲ့သို့ သံတမန်များနှင့်တွေ့လိုကြောင်း ထည့်သွင်းတောင်းဆိုထားခြင်းဖြစ်သည်။

အဆိုပါတောင်းဆိုချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်အမှတ် ၆/၀၉/၀၉ အဖြစ် ယနေ့ တရားဝင်ထုတ်ပြန်လိုက်သည်။

နအဖဥက္ကဋ္ဌထံပေးပို့သော ဒေါ်အောင်ဆန်းစုကြည်၏စာတွင် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စကို သူ့အနေဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် စက်တင်ဘာ (၁၂) ရက်တွင် အထက်အာဏာပိုင်များထံ တင်ပြအသိပေးနိုင်ရန် သတင်းတပ်ဖွဲ့မှတဆင့် နှုတ်ဖြင့်ပြောကြားခဲ့ပြီးဖြစ်ကြောင်း ဦးစွာဖော်ပြထားသည်။

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှု ရုပ်သိမ်းပယ်ဖျက်ရေး ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံပေါ် အရေးယူပိတ်ဆို့ထားမှုများအားလုံး သိရှိနားလည်စေရေး၊ ပိတ်ဆို့မှုကြောင့် နစ်နာရမှု အတိုင်းအတာကို သိရှိနားလည်စေရန် ပိတ်ဆို့မှု ချမှတ်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံအစိုးရများ၏ သဘောထားများကို သိရှိနားလည်နိုင်ရေးတို့အတွက် အမေရိကန်သံမှူး၊ အီးယူသံအမတ်ကြီး၊ သြစတြေးလျ သံအမတ်ကြီးတို့နှင့် တွေ့ဆုံဆွေးနွေးခွင့်ပေးရန် မေတ္တာရပ်ခံကြောင်းနှင့် ပါတီ၏သဘောထားကို ညှိနှိုင်းရယူနိုင်ရေးကိုလည်း ခွင့်ပြုပေးရန် မေတ္တာရပ်ခံကြောင်း အဆိုပါစာတွင် ရေးသားထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အန်အယ်ဒီ ရုံးချုပ်တွင် စည်းရုံးရေးသင်တန်း ကျင်းပ

နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တိုင်းနှင့် ပြည်နယ် စည်းရုံးရေးမှူးများနှင့် စည်းအဖွဲ့ဝင်များ အရည်အချင်း မြှင့်တင်ရေးအတွက် စည်းရုံးရေး သင်တန်းတခုကို ရန်ကုန်ရုံးချုပ်၌ ယနေ့မှ စတင်ကာ ၅ ရက်ကြာ ပြုလုပ်သွားမည်ဟု သိရသည်။

ပါတီလုပ်ငန်းများတွင် အထောက်အကူဖြစ်ရန်၊ ပါတီလုပ်ငန်းများ အကျယ်အပြန့် လုပ်ကိုင်ရန်နှင့် အရည်အသွေး ကောင်းမွန်သည့် လူငယ်များ ပေါ်ပေါက်လာရန်အတွက် ဒုတိယအကြိမ်မြောက် ပြုလုပ်သည့် ယခုသင်တန်းသို့ တိုင်းနှင့် ပြည်နယ် ၁၁ ခုမှ စည်းရုံးရေးမှူးများ၊ စည်းအဖွဲ့ဝင်များ စုစုပေါင်း ဦးရေ ၄ဝ ကျော် တက်ရောက်နေခြင်း ဖြစ်သည်။ ပါတီ၏ သမိုင်းဖြတ်သန်းမှု၊ စည်းရုံးရေး၊ ဥပဒေရေးရာ၊ လူမှုကူညီရေးနှင့် HIV/AIDS ၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားလူမျိုးအရေး၊ စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် သတင်းစာပညာ အစရှိသည့် ပညာရပ်များကို ပါတီတွင်းရှိ တတ်သိနားလည်သူများက လာမည့်လ ၂ ရက်နေ့အထိ ဦးဆောင်ပို့ချသွားမည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ရွေးကောက်ပွဲဝင်မည့် တိုင်းရင်းသားများကို
မြန်မာအာဏာပိုင်တို့ ခေါ်ယူသတိပေး


လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် ကချင်နှင့် မွန်တိုင်းရင်းသားခေါင်းဆောင် အချို့တို့၏ နိုင်ငံရေးလှုပ်ရှားမှုများနှင့်ပတ်သက်၍ စစ်အစိုးရ အာဏာပိုင်တို့က ခေါ်ယူသတိပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ကချင်ပြည်နယ် တိုးတက်သောပါတီ (Kachin State Progressive Party - KSPP) ဖြစ်မြောက်ရေး ကော်မတီဝင် ဒေါက်တာ တူးဂျာနှင့် မွန်အမျိုးသားတို့အတွက် ရွေးကောက်ပွဲဝင်ပြိုင်မည့် ပါတီဖြစ်မြောက်ရေး (၁၅) ဦးကော်မတီတွင် ပါဝင်သူ နိုင်မင်းနွယ်စိုးတို့အား ယခုအချိန်သည် နိုင်ငံရေးလှုပ်ရှားမှု စတင်ရန် စောသေးသည်ဟု အကြောင်းပြကာ မီဒီယာများသို့ ဆက်သွယ်စကားပြောခြင်း မလုပ်ကြရန် စစ်အစိုးရအာဏာပိုင်တို့က လာရောက်သတိပေးခဲ့ကြောင်း ၎င်းတို့နှင့် နီးစပ်သူများက ပြောသည်။

ကချင်ပြည်နယ် တိုးတက်သောပါတီ ဖြစ်မြောက်ရေး ကော်မတီဝင် ဒေါက်တာတူးဂျာကိုလည်း အလားတူသတိပေးခဲ့ကြောင်းနှင့် ယခင်သီတင်းပတ်အတွင်း ပြည်တွင်းမီဒီယာများတွင် ဖော်ပြသည့် ၎င်း၏ တွေ့ဆုံမေးမြန်းချက်များနှင့် သက်ဆိုင်နိုင်ကြောင်း ကချင်ထိပ်ပိုင်းခေါင်းဆောင်တဦးက ပြောသည်။ ထိုသို့သတိပေးမှုကြောင့် ပါတီဖြစ်မြောက်ရေး (၁၅) ဦးကော်မတီ၏ လစဉ် ပုံမှန်အစည်းအဝေးကို ၂၀၀၉ ခုနှစ် စက်တင်ဘာ (၂၄) ရက်တွင် စီစဉ်ထားသော်လည်း ဖျက်သိမ်းလိုက်ရသည်ဟု သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ပြင်းထန်သည့် ပြည်တွင်းစစ် ပေါ်ပေါက်လာနိုင်ဟု သုံးသပ်သူများ ပြောဆို

နယူးဒေလီ (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ် အရှေ့မြောက် သံလွင်မြစ် အနောက်ဘက်တွင် တည်ရှိသော တရုတ်နိုင်ငံ ယူနန်ပြည်နယ် အတွင်း ဒုက္ခသည် စခန်းများ တည်ဆောက် နေခြင်းသည် ပြင်းထန်သည့် ပြည်တွင်းစစ်များ ထပ်မံ ဖြစ်ပွားမည့် လက္ခဏာ ဖြစ်နိုင်ကြောင်း ထိုင်းအခြေစိုက် စစ်ရေး ကျွမ်းကျင်သူ တချို့က ပြောဆိုလိုက်ကြသည်။

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အဆိုပြုချက်ကို လာမည့် လ ၂၄ ရက်နေ့ နောက်ဆုံးထား၍ အကြောင်းပြန် ကြားရန် စစ်အစိုးရက သတ်မှတ် ပေးထားသည်။ ယခုလ ၂၄ ရက်နေ့မှ စတင်ကာ တရုတ်အစိုးရ အကူအညီဖြင့် မြန်မာဘက်ခြမ်း မုန်းကိုး ဒေသနှင့် ကပ်လျက်တည်ရှိ သည့် ယူနန်ပြည်နယ် အတွင်း ဒုက္ခသည်စခန်း ၃ နေရာသတ်မှတ်၍ တည်ဆောက် နေကြောင်း ထိုင်းအခြေစိုက် ကချင် သတင်းဌာန KNG က ယခုလ ၂၅ ရက်နေ့တွင် မုန်းကိုး ဒေသခံ ဒုက္ခသည် အေဂျင်စီ ပြောဆိုချက်ကို ကိုးကား ဖော်ပြခဲ့သည်။

မုန်းကိုး ဒေသသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့ဖြစ်သည့် လောက်ကိုင်အခြေစိုက် ကချင် လွတ်မြောက် ရေး တပ်မတော် KIA တပ်မဟာနယ်မြေ အမှတ် ၄ နှင့် သံလွင်အရှေ့ဘက်ခြမ်းရှိ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် MNDAA တို့ အခြေစိုက်ထားသည့် ဒေသများအကြား တည်ရှိသည်။ ဆောက်လုပ်နေသည့် ဒုက္ခသည်စခန်း ၃ ခုကို ပလပ်စတစ် အထူစားဖြင့် ဆောက်လုပ်မည် ဖြစ်ပြီး၊ စခန်းတခုလျှင် ဒုက္ခသည် ၃၀၀၀ မှ ၆၀၀၀ အထိ လက်ခံနိုင်မည့် အဆောက်အဦးများ ဖြစ်ကြောင်း KNG က ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

တရားမဝင် ဝင်ရောက်နေသည့် တရုတ်နိုင်ငံသားများ
အမြန်ပြန်လာရန် တရုတ်က နှိုးဆော်ထား


မကြာသေးခင်က တိုက်ပွဲများဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသအပါအဝင် ရှမ်းပြည်နယ်ရှိ အပစ်ခတ်ရပ်ဒေသအတွင်း တရားမဝင် ဝင်ရောက်နေထိုင်ကြသည့် တရုတ်နိုင်ငံသားများ အမြန်ပြန်လာရန် သက်ဆိုင်ရာ နယ်စပ်ဒေသ တရုတ်အာဏာပိုင်များက နှိုးဆော်ထားသည်။

အပစ်ခတ်ရပ်အဖွဲ့များ ထိန်းချုပ်ရာဒေသအတွင်း တရားမဝင်နည်းလမ်းဖြင့် နယ်စပ်ဖြတ်ကျော်ပြီး စီးပွားရေး လုပ်ကိုင်နေကြ သူများနှင့် လောင်းကစားလုပ်ကြသူများအားလုံး ပြန်လာကြရန် အပစ်ခတ်ရပ်အဖွဲ့များမှတဆင့် တရုတ်အာဏာပိုင်များက ယခုလ (၂၅) ရက်တွင် နှိုးဆော်ထားသည်ဟု ကိုးကန့်ဒေသရှိ ချင်းရွှေဟော်မြို့မှ ကုန်သည်တဦးက ပြောသည်။ တရုတ်နိုင်ငံသားများ မြန်မာပြည်ဘက်သို့ ဝင်ထွက်သွားလာမှုအပေါ် နယ်စပ်ဒေသ တရုတ်အာဏာပိုင်များက ဝင်ထွက်ခွင့် လက်မှတ်ကို အစောပိုင်းကာလများကဲ့သို့ အလွယ်တကူ ထုတ်မပေးတော့ဘဲ တင်းကျပ်မှုများရှိနေသည်ဟု အဆိုပါဒေသခံက ပြောသည်။

တရုတ်အာဏာပိုင်များက တိုက်ပွဲများ တစုံတရာဖြစ်လျှင် တရုတ်နိုင်ငံသားများ တိုက်ပွဲဖြစ်ရာဒေသအတွင်း မည်ရွေ့မည်မျှ ရှိနေသည်သို သိရှိနိုင်ရန် ယခုကဲ့သို့ ကြိုတင်စာရင်းပြုစုချင်သကဲ့သို့ အပစ်ခတ်ရပ်အဖွဲ့နယ်မြေထဲ သွားရောက်ခွင့်ကိုလည်း ကန့်သတ်ထားချင်ပုံရကြောင်း တရုတ်-မြန်မာနယ်စပ် အကဲခတ်များက ယူဆနေကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း နယူးယောက်တွင် ရှုးဖိနပ်များဖြင့် ပစ်ပေါက်ခံရ

မဇ္ဈိမ (ချင်းမိုင်) ။ ။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရန် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ရောက်ရှိနေသည့် မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနှင့် ဝန်ကြီးချုပ် ဦးသိန်းစိန်တို့အား မြန်မာ့အရေး လှုပ်ရှားသူများက ယနေ့ ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက် နေသူ နိုင်ငံခြားရေး ဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့အား သူတို့ တည်းခိုနေသော နယူးယောက်မြို့ရှိ East Gate Hotel ရှေ့တွင် မြန်မာ့အရေး လှုပ်ရှားသူ ၃၀ ခန့်က ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စင်တင်ဘာ ၂၉ ရက်
ရက်သတ္တပတ် ၃၈၊ ၂၀၀၉
မြန်မာသတင်း

ရဲမှူးကြီးဝင်းနိုင် အချုပ်ခံထားရာမှ ထွက်ပြေးလွတ်မြောက်

အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားလုပ်မှု စသည့်စွဲချက်များဖြင့် သြဂုတ်လအတွင်း ရာထူးဖြုတ်ချခံရကာ ဖမ်းဆီးခံထားရသည့် ယခင် ရန်ကုန်တိုင်း၊ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင်သည် ပြီးခဲ့သည့်အပတ်အတွင်း ထွက်ပြေးလွတ်မြောက်သွားသည်။

ရဲမှူးကြီးဝင်းနိုင်အား ဖမ်းဆီးစစ်ဆေးနေစဉ်အတွင်း ရဲတပ်ဖွဲ့အတွင်း မမှန်မကန်လုပ်ရပ်များအား သက်သေထွက်ဆိုခဲ့သဖြင့် နေပြည်တော်တွင် အကျယ်ချုပ်ဖြင့် ဆက်လက်ချုပ်ထားရာမှ ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟု နေပြည်တော်ရှိ ရဲသတင်းတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

ရဲမှူးကြီး ဝင်းနိုင်သည် ရှမ်းပြည်မြောက်ပိုင်း ပြည်နယ်ရဲမှူးအဖြစ် လားရှိုးတွင် မကြာသေးမီနှစ်ပိုင်းများက တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်ရှိ စီးပွားရေးသမားများနှင့် ရင်းနှီးဆက်စပ်မူများလည်းရှိ၍ ၎င်းတို့၏ အကူအညီဖြင့် တရုတ်ပြည်ဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားခြင်း ဖြစ်သည်ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

တကျောင်းလျှင် ၂ ပါးသာ ဆွမ်းခံထွက်ရန် ကန့်သတ်

ဒါကာ (မဇ္ဈိမ)။ ။ သံဃာတော်များ စုဝေးမိမည်ကို စိုးရိမ်သဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့၌ လာမည့်လ ၃ ရက်နေ့ တွင် ပြုလုပ်မည့် သီတင်းကျွတ် လပြည့်နေ့ ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ ကျောင်းတိုက် တတိုက်လျှင် သံဃာ ၂ ပါး သာ ကြွရောက်ရန် မြို့နယ် အာဏာပိုင်များက ညွှန်ကြား ထားသည်။

စစ်တွေမြို့နယ်ရှိ ဘုန်းကြီးကျောင်းပေါင်း ၂၀၀ ကျော်မှ တကျောင်းလျှင် ကျောင်းထိုင်ဆရာတော် အပါအဝင် သံဃာ ၂ ပါးစီကိုသာ ကြွရောက်ခွင့် ပြုမည်ဟု အာဏာပိုင်များက လိုက်လံအကြောင်းကြားကာ ကြွရောက်မည့် သံဃာတော်များ ၏ ဘွဲ့အမည် စာရင်းကို တကျောင်းဝင် တကျောင်းထွက် ကောက်ခံနေခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မွန်ပြည်သစ် ကန့်သတ်နယ်မြေအတွင်း
တပ်စခန်းနှင့်ဂိတ်တည်ရန် နအဖပြင်ဆင်


အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ထားသည့် အဓိကကျသော နေရာအချို့တွင် မြန်မာစစ်အစိုးရက တပ်စခန်းနှင့် ဂိတ်သစ်များ တိုးချဲ့ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရှိရသည်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) ၏ လျှို့ဝှက်ညွှန်ကြားချက်ဖြင့် မွန်ပြည်သစ်ထိန်းချုပ်ရာ ဘုရားသုံးဆူ နယ်စပ်ဒေသ တနေရာနှင့် သထုံခရိုင်၊ ကျိုက်မရောနှင့် ကော့ကရိတ်မြို့နယ်တို့တွင် ရွေးချယ်ထားကြောင်း ရတခ လက်အောက်ခံ တပ်ရင်းတရင်းမှ နအဖဗိုလ်မှူးတဦးက ပြောကြားသည်။

မြန်မာစစ်အစိုးရက မွန်ပြည်သစ် ကန့်သတ်နယ်မြေအတွင်း တပ်တည်စခန်းနှင့် ဂိတ်သစ်တိုးချဲ့ရန် စီစဉ်နေသည်မှာ မှန်ကန်ကြောင်း မွန်ပြည်သစ် စစ်ဘက်အရာရှိတဦးကလည်း အတည်ပြုပြောကြားခဲ့ပြီး ထိုသို့ အမှန်တကယ် အကောင်အထည်ဖော်ခဲ့ပါက နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားနိုင်သည်ဟု ဆိုသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

စွမ်းအားရှင်များ တုတ်ရိုက် လေ့ကျင့်

ရွှေလီ (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ကြည့်မြင်တိုင် မြို့နယ်တွင် ယခုတလော ညပိုင်းတွင် လျှပ်စစ်မီး အမှောင်ချကာ လမ်းများပေါ်တွင် စွမ်းအားရှင်များ တုတ်ရိုက်နည်း လေ့ကျင့် နေကြောင်း သံဃာတပါးက မိန့်ဆိုသည်။ အဆိုပါ စစ်အစိုးရမှ ကျောထောက် နောက်ခံပြု၍ ဖွဲ့စည်း ပေးထားသည့် စွမ်းအားရှင် အဖွဲ့မှ အဖွဲ့ဝင်တဦးကို တရက် လျှင် ကျပ် ၃၀၀၀ ပေး၍ ခေါ်ယူ လေ့ကျင့် ခိုင်းကြောင်းနှင့် သံဃာ့ လှုပ်ရှားမှုများ ပေါ်ပေါက် ခဲ့သည်ရှိသော် တရက် လျှင် ကျပ် ၅၀၀၀ အထိ ပေးမည်ဟု ဒေသ အာဏာပိုင်များက ပြောဆိုထားကြောင်း ဦးဇင်းက ဆက်လက် မိန့်ဆို သည်။

ထို့အပြင် ရွှေဝါရောင် တော်လှန်ရေး ၂ နှစ်မြောက် နှစ်ပတ်လည် ကာလတွင် ရန်ကုန်ရှိ ဘုန်းကြီးကျောင်း များအား အာဏာပိုင်များက စောင့်ကြည့် နေကြောင်းနှင့် လုံခြုံရေးများ လှည့်လည် နေကြောင်း သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ကေအိုင်အိုနှင့် မြောက်ပိုင်းတိုင်းမှူးတို့ ထပ်မံတွေ့ဆုံ


နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးနှင့်ပတ်သက်၍ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယနေ့ထပ်မံဆွေးနွေးနေသည်။

ယခုလ (၉) ရက်နေ့က နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို အဓိကတာဝန်ယူထားသည့် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ကေအိုင်အို ကိုယ်စားလှယ်တို့ တွေ့ဆုံပြီး တလမပြည့်ခင် ယခုကဲ့သို့ မပခတိုင်းမှူးနှင့် ထပ်မံတွေ့ဆုံရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ယခုလ (၉) ရက်နေ့က မြစ်ကြီးနားမြို့၊ မပခဌာနချုပ်တွင် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က နယ်ခြားစောင့်တပ် (BGF) မှလွဲ၍ မည်သည့်အမည်ကိုမျှ ရွေးချယ်ရန် မလိုအပ်သည့်အကြောင်း ပြောဆိုခဲ့ပြီး ကေအိုင်အိုအဖွဲ့ကလည်း ကချင်ပြည်နယ်လူထု ကိုယ်စားလှယ်များ၏ ဆုံးဖြတ်ချက်အရ ကချင်ဒေသကာကွယ်ရေးတပ် (KRGF) သာ လိုလားကြောင်းကို ပြောဆိုခဲ့၍ ထပ်မံဆွေးနွေးရန် ဆုံးဖြတ်ခဲ့ရသည်ဟု ကေအိုင်အိုအဖွဲ့ ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

နေအိမ် ပြုပြင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် တောင်းဆို


နယူးဒေလီ (မဇ္ဈိမ)။ ။ နေအိမ် ပြုပြင်ရေး အတွက် ကိုယ်စားလှယ် လွှဲစာ ရယူရန် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခွင့် ရရှိရေးအတွက် အာဏာပိုင်များထံ ယမန်နေ့က ခွင့်ပြုချက် တောင်းထားကြောင်း ပါတီ ပြောခွင့်ရ ဦးဥာဏ်ဝင်းက ပြောသည်။

လုံခြုံမှု မရှိသည့် အပေါ်ထပ် ဝရံတာကို အခန်းဖွဲ့ရန် မြို့တော် စည်ပင်ထံမှ တင်ပြရမည် ဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည် ၏ ကိုယ်စားလှယ် လွှဲစာ လက်မှတ် ရယူရေးအတွက် ရန်ကုန်တိုင်း ရဲအထူးသတင်း တပ်ဖွဲ့ထံ တောင်းဆို ထားခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မြန်မာနှင့် အမေရိကန်ပြည်ထောင်စုက တိုက်ရိုက်ဆက်ဆံသွားမည်


အမေရိကန်အစိုးရက မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်ဆက်ဆံပြောဆိုမှုများ ပြုလုပ်သွားမည်ဖြစ်သကဲ့သို့ တဖက်၌လည်း ပိတ်ဆို့တားမြစ်မှုကို ဆက်လက်ထားရှိမည်ဟု အမေရိကန်အစိုးရက တရားဝင် ထုတ်ဖော်ပြောကြားလိုက်သည်။

အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်ဘဲလ်က မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ပေါ်လစီသစ်တရပ်ကို ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်အစိုးရအာဏာပိုင်များနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုများ စတင်ပြုလုပ်ရန် ရည်ရွယ်ကြောင်းလည်း မစ္စတာ ကမ်ဘဲလ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

နိုင်ငံတကာ ဒုက္ခသည်အဖွဲ့က အမေရိကန်၏ မြန်မာပြည်ဆိုင်ရာ မူဝါဒသစ်ကို ကြိုဆို


နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံခြားရေးဌာနက ကြေညာလိုက်သော မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသစ်တွင် မြန်မာပြည်သူများကို လူသားချင်းစာနာသည့် အကူအညီများ ပိုမိုပေးအပ်မည်ဟု ပါရှိသည့်အတွက် နိုင်ငံတကာ ဒုက္ခသည်များအဖွဲ့ Refugee International – RI က တနင်္လာနေ့တွင် အမေရိကန် နိုင်ငံကို ကြိုဆိုလိုက်သည်။

မြန်မာနိုင်ငံကို အကူအညီ ပေးနိုင်ရေးအတွက် လုံလောက်သော ဘဏ္ဍာရန်ပုံငွေများ ပေးအပ်ပါရန်လည်း ကွန်ဂရက် လွှတ်တော်ကို RI က တိုက်တွန်းလိုက်သေးသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စင်တင်ဘာ ၃၀ ရက်
ရက်သတ္တပတ် ၃၈၊ ၂၀၀၉
မြန်မာသတင်း

KIO က စစ်အစိုးရနှင့် ဌာနအချို့ ပူးပေါင်း ဆောင်ရွက်လို

မဇ္ဈိမ (ချင်းမိုင်)။ ။ ကချင်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ KIO က ၎င်းတို့၏ ဌာနအချို့ကို စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားလို ကြောင်း ယမန်နေ့က တောင်းဆို ခဲ့သည်။

နအဖ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းနှင့် KIO ကိုယ်စားလှယ်များသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး (BGF) နှင့် ပတ်သက်ပြီး ယမန်နေ့ နံနက် ၁၀ နာရီမှ ၁၂ နာရီထိ ဆွေးနွေးခဲ့ကြရာ KIO က ထိုကဲ့သို့ တောင်းဆို တင်ပြခဲ့ခြင်း ဖြစ်သည်။

မပခ စစ်ဌာနချုပ်၌ တွေ့ဆုံမှုတွင် KIO အဖွဲ့ကို ဒုဥက္ကဋ္ဌ ဂေါင်ရီဇော်ဆိုင်း ဦးဆောင်ပြီး စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် သစ်တော ထိန်းသိမ်းရေး၊ ဒေသ ဖွံ့ဖြိုးရေး ဌာနများမှ တာဝန်ခံများ အနည်းဆုံး ၁၀ ဦးခန့် တက်ရောက် ခဲ့သည်။ စစ်အစိုးရဘက်ကမူ မပခ တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) ဗိုလ်မှူးကြီး သက်ပုံ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။

ဌာနတချို့ ပူးပေါင်း ဆောင်ရွက်မည်ဟု KIOက တင်ပြခဲ့သော်လည်း တိုင်းမှူးက မည်သည့် တုံ့ပြန်ချက်မှ မပေးခဲ့ပါ။

KIO စစ်ဖက် ခေါင်းဆောင်များ အကြား လာမည့် ရက်ပိုင်းအတွင်း အစည်းအဝေး ပြုလုပ်ပြီးနောက် ဗိုလ်ချုပ်စိုးဝင်းနှင့် ထပ်မံ တွေ့ဆုံဦးမည်ဟု သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး
အာဆီယံ ဖိအားဆက်ပေးသင့်ဟု ဦးဝင်းတင်ပြော


အာဆီယံအသင်းကြီးအနေဖြင့် အနောက်နိုင်ငံများ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို သေချာလေ့လာသင့်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် မြန်မာစစ်အစိုးရကို ဆက်လက် ဖိအားပေးသင့်ကြောင်း အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဝင်းတင်က ပြောသည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာကဆစ်ပီရွန်းက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် မြန်မာစစ်အစိုးရထံ မေတ္တာရပ်ခံစာပေးပို့မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း နယူးယောက်မြို့တွင် ထုတ်ဖော်ပြောဆိုမှုအပေါ် ဦးဝင်းတင်က တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး မေတ္တာရပ်ခံစာပေးပို့မည့် အစီအစဉ်ဖျက်သိမ်းရခြင်းသည် ကုလသမဂ္ဂ၊ အမေရိကန်နှင့် အီးယူနိုင်ငံတို့က ၎င်းတို့၏မူဝါဒများကို ပြန်လည်သုံးသပ်နေကြပြီး မြန်မာနိုင်ငံနှင့် ပိုမိုထိတွေ့ဆက်ဆံမည့် အလားအလားများ ရှိနေသည့်အတွက်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက စက်တင်ဘာ (၂၈) ရက်တွင် နယူးယောက်မြို့၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအပေါ် ပိုပြီးပြင်းထန်သည့် ရပ်တည်ချက်များ ချမှတ်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အာဆီယံ နိုင်ငံများကို တိုက်တွန်းခဲ့ခြင်းမရှိဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်ပီရွန်းက ပြောဆိုခဲ့ကြောင်းလည်း ယမန်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုနေချိန်မှစ၍ တကမ္ဘာလုံးက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ၀ိုင်းဝန်းတောင်းဆိုနေချိန်တွင် အာဆီယံအသင်းကြီးက ပိုမိုဖိအားပေးသင့်သည်ဟု ဦးဝင်းတင်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
စင်တင်ဘာ ၁ ရက်
ရက်သတ္တပတ် ၃၈၊ ၂၀၀၉
မြန်မာသတင်း

ဗကသ က အဝါရောင် လှုပ်ရှားမှု စတင်

မဇ္ဈိမ (ချင်းမိုင်)။ ။ တတိယအကြိမ်မြောက် ပတ္တနိက္ကုဇ္ဇန ကံဆောင်မှုကို လှုံ့ဆော်သောအားဖြင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် - ဗကသ က အဝါရောင်လှုပ်ရှားမှုတခု ယနေ့ ပြုလုပ်လိုက်ကြောင်း လှုပ်ရှားမှုကို ဦးဆောင်သူ ကိုမင်းသွေးသစ်က ပြောသည်။

ဗကသ ဦးဆောင်မှု အောက်ရှိ ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂက ရန်ကုန်မြို့မှ ဗိုလ်ချုပ်ဈေး၊ သီရိမင်္ဂလာဈေး၊ တာမွေဈေး၊ တောင်ဥက္ကလာဈေး၊ မြောက်ဥက္ကလာဈေးစသည့် လူစည်ကားရာ နေရာများတွင် အဝါရောင် တီရှပ်အင်္ကျီ များ ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသော သံဃာတော်များကို အမြန်လွှတ်ပေးရန်၊ ၂၀၀၇ ခုနှစ် စက်တင်ဘာ မေတ္တာပို့ ဆုတောင်းပွဲ၌ သံဃာတော်များအား ဖမ်းဆီးသတ်ဖြတ်ထားမှုအတွက် ယခုလ ၂ ရက်နေ့ နောက်ဆုံးထား တောင်းပန်ရန် နအဖ စစ်အစိုးရအား သတိပေးသည့် မြန်မာနိုင်ငံ သံဃာ့ တပ်ပေါင်းစုအဖွဲ့၏ ယခင်လ ထုတ်ပြန်ချက်အား ထောက်ခံသည့် လှုပ်ရှားမှုတခုလည်း ဖြစ်ကြောင်း သိရသည်။

သံဃာတော်များ၏ ထုတ်ပြန်ချက်၌ အကယ်၍ နအဖ စစ်အစိုးရက သတိပေးချက်ကို မလိုက်နာပါက ယခုလ ၃ ရက်နေ့တွင် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++


(၅,ဝဝဝ) တန်ငွေစက္ကူ သတင်းဆောင်းပါးများ ပိတ်ဆို့ခံရ


(၅,ဝဝဝ) ကျပ်တန် ငွေစက္ကူ အသစ်ထုတ်ဝေမည့်အကြောင်း သတင်းဆောင်းပါးရေးသားချက်များကို ယခုတပတ်အတွင်း ထုတ်ဝေသောဂျာနယ်များတွင် စာပေစိစစ်ရေးက ဖော်ပြခွင့်မပြုဘဲ တားမြစ်ပိတ်ပင်ခဲ့ကြောင်း ပြည်တွင်း သတင်းဂျာနယ်များထံမှ သိရှိရသည်။ အခြားဂျာနယ် အယ်ဒီတာတဦးကလည်း ဂျာနယ်အားလုံးကို ကျပ် (၅,ဝဝဝ) တန်နှင့် ပတ်သက်သည့် ဝေဖန်သုံးသပ်ချက်များကို ပိတ်ပင်ခဲ့သော်လည်း Weekly Eleven နှင့် 7Days ဂျာနယ်တို့တွင်မူ ငွေကြေးနှင့် ဘဏ်လုပ်ငန်းပညာရှင် ဦးဝင့်ကျော်နှင့် တွေ့ဆုံခန်းအတို ဖော်ပြခွင့်ရခဲ့သည်ဟု ပြောဆိုသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အမေရိကန်က စစ်အစိုးရကို စတင်ပိုးပန်း

နယူးဒေလီ (မဇ္ဈိမ)။ ။ အမေရိကန်၏ မူဝါဒသစ်ကို ကြေညာခဲ့ပြီးနောက် အမေရိကန်က မြန်မာနိုင်ငံနှင့် ပထမဆုံး အစည်းအဝေးကို ယခု တပတ် အင်္ဂါနေ့တွင် ကျင်းပခဲ့သည်။

ဗာဂျီးနီးယားပြည်နယ် အထက် လွှတ်တော်အမတ် ဂျိမ်းစ်ဝက်ဘ်ကလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒသစ်နှင့် စပ်လျဉ်း၍ လွှတ်တော် ကြားနာပွဲ တရပ်ကို ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည်။ ယင်းတွင် မြန်မာနိုင်ငံတွင်း အပြောင်းအလဲများ ဖြစ်ပေါ်ရေးအတွက် အမေရိကန်က လုပ်ဆောင်နိုင်မည့် အခန်းကဏ္ဍကို ဆွေးနွေး ခဲ့ကြသည်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကတ်ကင်းဘဲလ် Kurt Campbell နှင့် မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဦးသောင်းတို့ နယူးယောက်တွင် ဗုဒ္ဓဟူးနေ့က တွေ့ဆုံကာ အကြောင်းအရာ ပေါင်းစုံကို အကျယ်အပြန့် ဆွေးနွေးခဲ့သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန လက်ထောက် ပြောရေးဆိုခွင့် ရှိသူ ဖိလစ်ဂျေခရိုလီ Philip J. Crowley က ပုံမှန် ကျင်းပသော ဗုဒ္ဓဟူးနေ့က သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနှင့် အမေရိကန် ကိုယ်စားလှယ်များသည် နိုင်ငံရေး အကျဉ်းသားကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသော ပဋိပက္ခများ၊ မြန်မာစစ်အစိုးရနှင့် တိုင်းရင်းသား အင်အားစုများအကြား တွေ့ဆုံ ဆွေးနွေးပွဲများ စသဖြင့် အကြောင်းအရာ ပေါင်းစုံကို အကျယ်အပြန့် ဆွေးနွေးခဲ့သည်ဟု ပြောဆိုသွားခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

တွေ့ဆုံစကားပြောဆိုမှု စတင်သော်လည်း
ပိတ်ဆို့အရေးယူမှု ရှိနေဆဲဟု အမေရိကန်အမတ်ပြော


မြန်မာစစ်အစိုးရအာဏာပိုင်များနှင့် တိုက်ရိုက်ဆက်ဆံမှုများ လုပ်ဆောင်သွားမည့်ပေါ်လစီသစ်ကို ချမှတ်ထားသော်လည်း မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများကိုမူ လျှော့ပေါ့ပေးလိမ့်မည် မဟုတ်ဟု အမေရိကန်အစိုးရက ယမန်နေ့က ပြောကြားလိုက်သည်။

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်ဘဲလ်သည် စက်တင်ဘာ (၂၉) ရက်တွင် နယူးယောက်မြို့၌ မြန်မာစစ်အစိုးရ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်းနှင့်တွေ့ဆုံခဲ့ပြီးနောက် ယင်းသို့ ပြောကြားခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
စင်တင်ဘာ ၂ ရက်
ရက်သတ္တပတ် ၃၈၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်အယူခံမှု ပယ်ချခံရ

နေအိမ်အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား ၀င်ရောက်ခဲ့မှုကြောင့် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် အင်းစိန်ခရိုင်အထူးတရားရုံးက ပြစ်ဒဏ်များချမှတ်ခဲ့မှုအပေါ် ရန်ကုန်တိုင်းတရားရုံးသို့ အယူခံတင်ခဲ့ရာ ယနေ့ တိုင်းတရားရုံးက အယူခံအမှုကို ပယ်ချလိုက်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ပြည်ပရောက် သံဃာများလည်း ကံဆောင်သပိတ် ဆင်နွှဲသွားမည်

နယူးဒေလီ (မဇ္ဈိမ)။ ။ ပြည်တွင်း သံဃာတော်များနှင့်အတူ နိုင်ငံတကာရောက် သံဃာတော်များကလည်း စစ်အာဏာပိုင်များအပေါ် သပိတ်မှောက်သည့် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲ လုပ်ဆောင်သွားမည်ဟု သိရသည်။

မြန်မာပြည်တွင်းရှိ ရဟန်းသံဃာများအား ပံပိုးသည့်အနေဖြင့် နိုင်ငံတကာရောက် ရဟန်းတော်များကပါ သပိတ်မှောက် ကံဆောင်ပွဲများ မနက်ဖြန်တွင် ပြုလုပ်သွားမည်ဟု သိရခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ချီဗွေတွင် နအဖ အခြေချတပ်စခန်းအသစ် တည်ဆောက်


ကချင်ပြည် ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ထိန်းချုပ်ရာ ပန်ဝါဒေသအနီး ချီဗွေမြို့နားတွင် နအဖ အခြေချတပ်စခန်းအသစ် တည်ဆောက်ရန် ပြင်ဆင်နေသည်။

ယခင်က ချီဗွေ ရဲစခန်းအနီးတွင် နအဖ ရှေ့တန်းတပ်စခန်းတခု ရှိခဲ့ရာမှ ချီဗွေမြို့ပြင်ရှိ တောင်ကုန်းပေါ်တွင် အမြဲတမ်း အခြေချသွားမည့် စစ်တပ်တည်ဆောက်ရန် စီစဉ်နေသည်ဟု စစ်တပ်နှင့်နီးစပ်သူ ဒေသခံတဦးက ပြောသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံ တပ်ရင်းများက အလှည့်ကျ ရှေ့တန်းစခန်းအဖြစ် လှုပ်ရှားနေရသည့် ချီဗွေအနီးတွင် အခြေချတပ်စခန်းသစ်အဖြစ် တည်တော့မည်ဖြစ်သော်လည်း တပ်၏အမည်ကိုမူ မသိရှိရသေးကြောင်း အဆိုပါ ဒေသခံက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ရေထွက်ကုန်နှင့် ပဲ ပြည်ပတင်ပို့မှု အခက်ကြုံ

မဇ္ဈိမ (ချင်းမိုင်)။ ။ ဒေါ်လာ ဈေးတက်သဖြင့် ငါး-ပုဇွန်၊ ပဲမျိုးစုံ လုပ်ငန်း၏ ပြည်ပတင်ပို့နေမှုနှင့် ပြည်တွင်းဝယ်ယူမှု တွင် အခက်အခဲများ ရင်ဆိုင်နေရကြောင်း ရန်ကုန်မြို့မှ ပို့ကုန် လုပ်ငန်းရှင်များက ပြောသည်။

၅၀၀၀ တန် ငွေစက္ကူအသစ် ထုတ်မည်ဟု စစ်အစိုးရက ကြေညာခဲ့ပြီးနောက် ဒေါ်လာဈေးနှုန်းမှာ ၁၀၆၀ ကျပ်မှ ယနေ့ ၁၁၈၅ ကျပ်သို့ မြင့်တက်လာခြင်းကြောင့် ပို့ကုန်ကုမ္ပဏီများသည် ပြည်တွင်းဝယ်ယူဈေး မြင့်တက်နေသော်လည်း ပြည်ပတင်ပို့မှုတွင်မူ ဈေးပိုမရသောကြောင့် အခက်အခဲကြုံနေခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)

No comments: