Monday, September 28, 2009

သတင်းမှတ်စု ( ၃၈ )

စင်တင်ဘာ ၂၁ ရက်
ရက်သတ္တပတ် ၃၇၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် သွေးပေါင်ချိန် ကျနေ

မဇ္ဈိမ (ချင်းမိုင်)။ ။ နေအိမ်၌ အကျယ်ချုပ် ကျခံထားရသူ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သွေးပေါင်ချိန် ကျနေကြောင်း အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်ထံ သူမ၏ ဆရာဝန် ဒေါက်တာတင်မျိုးဝင်း သွားရောက်၍ ကျန်းမာရေး စစ်ဆေးခွင့် ရရှိခဲ့ရာမှ သိလာရကြောင်း ပါတီပြောခွင့်ရ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောဆိုခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ကိုးကန့်အရေးအခင်းတွင် တာဝန်ရှိသည့်
နအဖစစ်တပ် ဗိုလ်မှူးချုပ်တဦးအား အရေးယူ


ပြီးခဲ့သည့်လကုန်ရက်များက ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်၊ အထူးဒေသ (၁) ကိုးကန့်နယ်မြေ အရေးအခင်းအတွင်း အဓိကတာဝန်ရှိသည့် လောက်ကိုင်ဒေသဆိုင်ရာ ကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သည် အရေးယူခြင်း ခံနေရသည်။

ကိုးကန့်တပ်ဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်၊ ဖုန်ကြားဖုတို့အား ဖမ်းဆီးပြီး ကိုးကန့်တပ်ဖွဲ့အတွင်း ဖုန်မိသားစုတို့နှင့် သဘောထားကွဲလွဲသည့် ပိုင်စုံချိန်ကို အာဏာသိမ်းခိုင်းရန် လောက်ကိုင်ဒကစမှူး ဗိုလ်မှူးချုပ် ဝင်းမောင်အား တာဝန်ပေးထားခဲ့ရာ အဆိုပါ တာဝန်မကျေပွန်သည့်အတွက် လာဘ်ငွေယူမှုစွဲချက်ဖြင့် အရေးယူထားသည်ဟု အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) နှင့် နီးစပ်သူ လားရှိုးကုန်သည်တဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အထိန်းသိမ်းခံ နိုင်ငံသားကို အမေရိကန်သံရုံး တွေ့ဆုံ

နယူးဒေလီ (မဇ္ဈိမ) ။ ။ အဖမ်းခံရပြီး ရက်သတ္တပတ် တချို့အကြာ ယမန်နေ့က အမေရိကန် နိုင်ငံသား ကိုကျော်ဇောလွင်အား သံအရာရှိများ တွေ့ဆုံခွင့် ရရှိခဲ့ကြောင်း ရန်ကုန်ရှိ အမေရိကန် သံရုံးက ပြောသည်။

''အမေရိကန် သံရုံးက အမေရိကန် နိုင်ငံသား ကိုကျော်ဇောလွင်အား တနင်္ဂနွေနေ့ ၂၀၀၉ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့တွင် သံအရာရှိများ တွေ့ဆုံမှု ပြုလုပ်ခွင့် ရခဲ့ပါတယ်'' ဟု ရန်ကုန်ရှိ အမေရိကန် သံရုံး ပြည်သူ့ရေးရာ အရာရှိ Drake Weisert က မဇ္ဈိမကို ပြောသည်။

ယခုလ ၃ ရက်နေ့တွင် ရန်ကုန် မင်္ဂလာဒုံ လေဆိပ်သို့အရောက် ကိုကျော်ဇောလွင်အား အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းထားခဲ့ကြောင်း Weisert က ယနေ့ အတည်ပြု ပြောကြားသည်။
ရွှေဝါရောင် တော်လှန်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့်အတွက် ကိုကျော်ဇောလွင်၏ ညီမ ၃၅ နှစ်အရွယ် မသက်သက်အောင်သည် ထောင်ဒဏ် ၆၅ နှစ်ကျခံနေရပြီး၊ မိခင်မှာ ထောင်ဒဏ် ၅ နှစ် ကျခံနေရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

စစ်အစိုးရနှင့် အန်ဒီအေ-ကေ အတွင်းရေးမှူးဟောင်း
လျှို့ဝှက်တွေ့ဆုံဆွေးနွေး


စစ်အစိုးရက လွန်ခဲ့သည့် (၄) နှစ် အာဏာသိမ်းပွဲတွင် မအောင်မြင်ခဲ့သည့် အန်ဒီအေ (ကချင်) အတွင်းရေးမှူးဟောင်း ဦးလယောက်ဇယ်လွန်းအဖွဲ့နှင့် လျှို့ဝှက်ဆွေးနွေးနေကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်အရာရှိတဦးက ပြောသည်။
အန်ဒီအေ (ကချင်) အဖွဲ့နှင့် နီးစပ်သူတဦးကလည်း ယခုကဲ့သို့ ဦးဇလွန်းအဖွဲ့နှင့် စစ်အစိုးရ လျှို့ဝှက်ဆွေးနွေးမှုများ ရှိနေကြောင်း အတည်ပြုပြောကြားသည်။ ယခုတကြိမ် ခေါ်ယူတွေ့ဆုံမှုမှာမူ ထူးခြားကြောင်း၊ ဦးလယောက်ဇယ်လွန်းနှင့်အဖွဲ့ကို သီးခြားအဖွဲ့တခုအဖြစ် ဖွဲ့စည်းပေးထားပြီး နယ်မြေတခု ပေးထားမည်ဖြစ်ကြောင်း၊ လက်ရှိ အန်ဒီအေ(ကချင်) ခေါင်းဆောင် ဦးဆခုံတိန့်ယိန်းနှင့် ပတ်သက်ပြီး စစ်အစိုးရ အနေဖြင့် အလိုမကျဖယ်ရှားလိုပါက ဒေသလူထု ထောက်ခံမှုရထားပြီး အဆိုပါဒေသကို နှစ် (၄ဝ) နီးပါး ခေါင်းဆောင်ခဲ့သည့် ဦးလယောက်ဇယ်လွန်းဖြင့် ချက်ချင်း အစားထိုးနိုင်ရန်ဖြစ်ကြောင်း အန်ဒီအေ (ကချင်) အဖွဲ့နှင့် နီးစပ်သူက ဆက်လက်ရှင်းပြသည်။

အတွင်းရေးမှူးဟောင်း ဦးလယောက်ဇယ်လွန်း၏ အဖွဲ့တွင် ဦးမန်ကျီခေါင်လွန်း၊ ဦးစံဝေခေါင်လွန်း၊ ဦးချန်းလန်း၊ ဦးဇုံးလန်း စသည့်ခေါင်းဆောင်များ ပါဝင်ကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အန်အယ်ဒီက နိုင်ငံရေး အကျဉ်းသားများကို ဆေးကုသပေး

နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူမှုအထောက်အကူပြု လုပ်ငန်းအဖွဲ့က ပြန်လွတ်လာသော နိုင်ငံရေး အကျဉ်းသားများကို ကျန်းမာရေး စစ်ဆေးကုသမှု ပေးနေကြောင်း သိရသည်။

ယခုလ ၁၈ ရက်နေ့မှစ၍ အကျဉ်းထောင်များမှ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွတ်လာသည့် သံဃာ၊ အမျိုးသမီး၊ လွှတ်တော်အမတ်နှင့် ပါတီဝင်များအား ကျန်းမာရေး ကုသမှုပေးနေရာ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အန်အယ်ဒီ ရုံးချုပ်သို့ ရောဂါသည် ၁၅ ဦး ထက်မနည်း လာရောက် ပြသခဲ့ပြီးဖြစ်ကြောင်း ပါတီ တာဝန်ရှိသူများက ပြောဆိုခြင်း ဖြစ်သည်။ ရုံးချုပ်တွင် ဆရာဝန်များက စစ်ဆေးပြီး၊ ရောဂါတွေ့လျှင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းထံ စေလွှတ်ကုသခြင်းနှင့် ဆေးဝါးလိုအပ်ပါက ငွေထောက်ပံ့ခြင်း ပြုလုပ်သည်။

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူးနှင့် တနင်္သာရီတိုင်း၊ ချင်း၊ ကချင်၊ ရခိုင်နှင့် မွန်ပြည်နယ်ရှိ အန်အယ်ဒီ လူမှုထောက်ကူ အဖွဲ့များကလည်း ၎င်းတို့ဒေသရှိ ထောင်များမှ ပြန်လွတ်သည့် နိုင်ငံရေး အကျဉ်းသားများ လမ်းစရိတ် မလုံလောက်လျှင် ထောက်ပံ့ကာ၊ ကျန်းမာရေးအတွက် ဆေးဝါး ကူညီနေသည်ဟု ဦးအုန်းကြိုင်က ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ထိုင်းနှင့်မြန်မာ ပူးတွဲမေတ္တာပို့လမ်းလျှောက်ပွဲ
မဲဆောက်မြို့တွင် ပြုလုပ်


မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိရန်အတွက် ထိုင်းနှင့်မြန်မာနိုင်ငံသားများ ပထမဆုံးအကြိမ်ပူးတွဲကာ ယနေ့နံနက်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့၌ မေတ္တာပို့လမ်းလျှောက်ပွဲ ပြုလုပ်ခဲ့သည်။

ယနေ့ကျရောက်သည့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် ထိုင်းအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် လမ်းလျှောက်ပွဲကို ကျင်းပခြင်းဖြစ်ပြီး မြန်မာ့အရေးဆောင်ရွက်နေကြသည့် ထိုင်းအစိုးရမဟုတ်သောအဖွဲ့ (၆) ဖွဲ့နှင့် မြန်မာပြည်ဒီမိုကရေစီရရှိရေးအဖွဲ့အချို့တို့ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။

လမ်းလျှောက်ပွဲ ဦးဆောင်သူတဦးဖြစ်သူ Forums-Asia အဖွဲ့မှ ခွန်ချာလီဒါဖားကျလိမ်းဆတ်က “ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ မြန်မာ့ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းမေတ္တာပို့ လမ်းလျှောက်ပွဲ ကျင်းပရခြင်းဖြစ်တယ်” ဟု ပြောသည်။

မေတ္တာပို့လမ်းလျှောက်ပွဲကို လူအင်အား (၂၀၀) ခန့်က မဲဆောက်မြို့ထိပ်ရှိ ထိုင်းသူရဲကောင်းကျောက်တိုင်မှ မဲဆောက်မြို့ကိုဖြတ်ကာ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအထိ (၁၀) ကီလိုမီတာအကွာအဝေးကို လမ်းလျှောက်ကြပြီး လမ်းခရီးတလျှောက်တွင် မြန်မာပြည်ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သည့် မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် ရေးသားထားသည့်ပိုစတာများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကြပြီး မြန်မာသံဃာတော်များက မေတ္တာသုတ်များ ရွတ်ဆိုပေးကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++


ရခိုင်ပြည်နယ်တွင် ဖမ်းဆီးမှုနှင့် စောင့်ကြပ်မှုများ ရှိနေ


ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် မြို့တော်စစ်တွေ၌ တက်ကြွလှုပ်ရှားသူ လူငယ်များအား ဖမ်းဆီးခြင်းနှင့် သံဃာတော်များအား အနီးကပ် စောင့်ကြပ်မှုများ ရှိနေကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ယခုလ ၁၃ ရက်နေ့တွင် တက်ကြွလှုပ်ရှားသူ လူငယ်များဖြစ်သည့် စစ်တွေမြို့ လမ်းမကြီးနေ တူတူချေ၊ မောင်သူ၊ ကုလားချေနှင့် မောင်တောဇာတိဖြစ်ပြီး စစ်တွေတွင် အင်္ဂလိပ်စကားပြောသင်တန်း သင်ပြနေသူ ၂၆ နှစ်အရွယ် ခိုင်ကျော်မိုးတို့ အဖမ်းခံရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++


နိုင်ငံမဲ့ဖြစ်နေသည့် လူငယ်လေး မောင်သောင်ဒီ
နိုင်ငံတကာ စက္ကူလေယာဉ်ပြိုင်ပွဲတွင် တတိယဆုရရှိ


နိုင်ငံမဲ့ဖြစ်နေသည့် အသက် (၁၂) နှစ်အရွယ် လူငယ်လေး မောင်သောင်ဒီသည် ထိုင်းငံကိုယ်စားပြုပါဝင်သော ဂျပန်နိုင်ငံ၌ ပြုလုပ်သည့် နိုင်ငံတကာစက္ကူအရုပ်ချိုး လေယာဉ်ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့ပြီး ယနေ့ ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

မောင်သောင်ဒီ၏ စက္ကူလေယာဉ်သည် လေထဲတွင် (၁၀.၅၃) စက္ကန့် ၀ဲပျံနိုင်ပြီး နိုင်ငံတကာမှ အသက် (၁၂) နှစ်အရွယ် လူငယ်လေးများပါဝင် သည့် တဦးချင်း စက္ကူလေယာဉ်လွှတ်ပြိုင်ပွဲတွင် တတိယဆု ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။

တဦးချင်း ပြိုင်ပွဲမတိုင်ခင် ပြီးခဲ့သည့်စနေနေ့က ပြုလုပ်သည့် ယှဉ်ပြိုင်သူ (၃) ဦးပါ အသင်းလိုက်ပြိုင်ပွဲတွင်လည်း မောင်သောင်ဒီ ပါဝင်သည့် အသင်းက ပထမဆုရရှိခဲ့ပြီး မောင်သောင်ဒီ၏ စက္ကူလေယာဉ်ပျံက (၁၁) စက္ကန့် ၀ဲပျံနိုင်ခဲ့သည်ဟု TNA သတင်းတွင် ဖော်ပြပါရှိသည်။

မောင်သောင်ဒီ၏ မိဘများသည် ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်သည့် ရွှေ့ပြောင်းအလုပ်သမား မြန်မာနိုင်ငံမှ ရှမ်းတိုင်းရင်းသားများဖြစ်ပြီး မောင်သောင်ဒီအား ချင်းမိုင်မြို့တွင် မွေးဖွားခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++


ဗန်းမော်ထောင်မှ နိုင်ငံရေးအကျဉ်းသား တဦး ပြန်လွတ်လာ


မဇ္ဈိမ (ရွှေလီ)။ ။ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွှတ်ပေးနေသည့် အကျဉ်းသားများအနက် ကချင်ပြည်နယ် ဗန်းမော် အကျဉ်းထောင်မှ နေ၍ နိုင်ငံရေး အကျဉ်းသားဖြစ်သူ ဗန်းမော်မြို့နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးဘမြင့် တဦးသာ ပြန်လွတ် လာသည်။

အကျဉ်းသားများ စတင်လွှတ်ပေးသည့် ယခုလ ၁၈ ရက်နေ့ ညပိုင်းတွင် ဗန်းမော်ထောင်မှ အကျဉ်းသားပေါင်း ၅၂ ဦး ပြန်လွှတ်ပေးရာ နိုင်ငံရေးအမှုဖြင့် ပြစ်ဒဏ်ကျခံ နေရသူများအနက် သူတဦးသာ အဆိုပါ ထောင်မှ ပြန်လွတ်လာခြင်း ဖြစ်သည်။
(မဇ္ဈိမ သတင်းမှ ကောက်နှုတ်ချက်)
+++++
စင်တင်ဘာ ၂၂ ရက်
ရက်သတ္တပတ် ၃၇၊ ၂၀၀၉
မြန်မာသတင်း


အန်အယ်လ်ဒီခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရပါက
ပါတီမူဝါဒများ ဆွေးနွေးမည်ဟု ဦးဝင်းတင်ပြော


အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေဖြင့် နေအိမ်အကျယ်ချုပ် ချထားခံရသည့် ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခွင့်ရပါက ပါတီရှေ့ဆက်ရမည့် မူဝါဒများကို အဓိကထားဆွေးနွေးကြမည်ဟု ပါတီဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဝင်းတင်က ပြောကြားသည်။

နေအိမ်အကျယ်ချုပ်ချထားခံရသည့် အန်အယ်လ်ဒီပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် တို့နှင့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် စက်တင်ဘာ (၁၆) ရက်၌ နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာပို့ထားသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ပါတီပြန်ကြားရေးအဖွဲ့က ယမန်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ယင်းသို့ နအဖဘက်မှ အကြောင်းပြန်ကြားခြင်း မရှိသေးသော်လည်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကို အခြေခံကာ ပါတီအတွက် ဆွေးနွေးသွားရန် လိုအပ်သည်ဟု ဦးဝင်းတင်က ပြောသည်။ ပါတီ၏အနာဂတ်မူဝါဒ ချမှတ်ရေးတွင် ဒေါ်အောင်ဆန်းစုကြည်သည် အရေးပါသော ပုဂ္ဂိုလ်ဖြစ်သည်ဟုလည်း ဦးဝင်းတင်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++


ကေအန်ယူနှင့် စစ်အစိုးရတပ်များ တိုက်ပွဲဖြစ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင် လွတ်မြောက်ရေး တပ်မတော်နှင့် တပ်မဟာ ၆ နယ်မြေအတွင်းသို့ တပ်အပြောင်းအလဲလုပ်ရန် ရောက်ရှိလာသည့် စစ်အစိုးရ တပ်တို့အကြား ယမန်နေ့မှစ၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသည်။

စစ်အစိုးရ၏ ခမရ ၃၅၅ ကို ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူ၏ လက်နက်ကိုင် အဖွဲ့ဖြစ်သော ကေအန်အယ်အေ တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက်နှင့် ယနေ့နံက်တို့၌ ကြိုကြားတိုက်ပွဲများ ဖြစ်နေခဲ့သည်။

ယမန်နေ့တိုက်ပွဲသည် ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ အဖလုံ (ပိုးကရင်ရွာ) နှင့် ကိုက် ၂၀၀၀ ခန့်တွင် ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများကြောင့် စစ်အစိုးရဘက်မှ တပ်ကြပ်ကြီးတဦး အပါအဝင် နှစ်ဦးကျဆုံးပြီး နှစ်ဦး ဒဏ်ရာရသွားကြောင်း တပ်မဟာ ၆ ပြောခွင့်ရသူက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်မလွတ်သေးဟု
ဦးဝင်းတင် ပြောကြား


ယခုအကြိမ် အကျဉ်းသားများ ပြန်လွှတ်ပေးမှုတွင် နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါဝင်သဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ်နှင့် ဝေးနေဆဲဖြစ်ပြီး ကုလသမဂ္ဂနှင့်နိုင်ငံတကာမှ တောင်းဆိုနေသော နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေးတောင်းဆိုချက်လည်း မပြည့်မြောက်သေးကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ပြောသည်။

နအဖစစ်အစိုးရက စက်တင်ဘာ (၁၇) ရက်တွင် နိုင်ငံသားအကျဉ်းသား (၇,၁၁၄) ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု ကြေညာခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်လာသူများတွင် နိုင်ငံရေးအကျဉ်းသား (၁၀၀) ကျော်သာပါသေးကြောင်း ရန်ကုန်နိုင်ငံရေးအသိုင်းအ၀ိုင်းက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

၈၈ ခေါင်းဆောင် ကိုလှမျိုးနောင် မျက်စိကုသရန် အရေးပေါ်လိုနေ

ချင်းမိုင်(မဇ္ဈိမ)။ ။ ကချင်ပြည်နယ် မြစ်ကြီးနားထောင်တွင် အကျဉ်းကျနေသော ၈၈ ကျောင်းသား ခေါင်းဆောင် ကိုလှမျိုးနောင်၏ အခြား မျက်စိတလုံးအား အမြန်ဆုံး ခွဲစိတ်ကုသရန် လိုအပ်နေကြောင်း ထောင်တွင်းအတူနေခဲ့သူ အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် မြို့နယ်ခေါင်းဆောင်တဦးက ပြောသည်။

၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်ခဲ့သူ ၈၈ မျိုးဆက်ကျောင်းသားအဖွဲမှ ကိုလှမျိုးနောင် သည် ထောင်ဒဏ် ၆၅ နှစ် ကျခံနေရပြီး ဖမ်းဆီးခံရစဉ်က မျက်စိ ခွဲစိတ်ကုသရာ မအောင်မြင်ဘဲ မျက်လုံးတဖက် ဆုံးရှုံးခဲ့ရသည်။ ကျန်ရှိသော မျက်စိတဖက်မှာလည်း လုံလောက်သော ဆေးဝါးကုသမှုမရသဖြင့် အမြန်ဆုံး ခွဲစိတ် ကုသရန် လိုအပ်နေခြင်း ဖြစ်သည်ဟု မကြာခင်က ထောင်မှ လွတ်လာသူ မြစ်ကြီးနားမြို့နယ် အန်အယ်ဒီ ဒုဥက္ကဌ (၁) ဦးနေဝင်းက ပြောသည်။
်(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စင်တင်ဘာ ၂၃ ရက်
ရက်သတ္တပတ် ၃၇၊ ၂၀၀၉
မြန်မာသတင်း

ကျောင်းသားသမိုင်းရေးသူ ကိုအောင်ထွန်း ပြန်လွတ်လာ

နယူးဒေလီ။ ။ မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှုသမိုင်း ရေးသားသဖြင့် ၁၁ နှစ်ကျော် အကျဉ်းချခံရပြီးနောက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင် ကိုအောင်ထွန်းသည် ပဲခူးတိုင်း သာယာဝတီထောင်မှ ယခုလ ၁၈ ရက်နေ့တွင် ပြန်လွတ်လာသည်။

စစ်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား ၇၁၁၄ ဦးကို နိုင်ငံတဝှန်း အကျဉ်းထောင်များမှ ပြန်လွှတ်ပေးရာတွင် သူလည်း ပါဝင်ခဲ့ခြင်း ဖြစ်သည်။

၁၉ဝ၃ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ၈၈ နှစ်တာ ကာလအတွင်း မြန်မာကျောင်းသားများ၏ လှုပ်ရှားမှုသမိုင်းကို ရေးသားပြုစုသဖြင့် နိုင်ငံရေးသမားများအား စွဲဆိုလေ့ရှိသည့် ပုဒ်မ ၅ (ည)၊ ၁၇/၂၀ တို့ တပ်ကာ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ထောင်ဒဏ် ၁၇ နှစ် ပြစ်ဒဏ် ချမှတ်ခံရကာ ၁၁ နှစ်ကျော် အကျဉ်းကျပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာခြင်း ဖြစ်သည်။

၄၂ နှစ်အရွယ် ကိုအောင်ထွန်းသည် ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ခေါင်းဆောင်တဦး ဖြစ်ပြီး၊ ၁၉၈၈-၈၉ ခုနှစ် တလျှောက် ပေါ်ပေါက်ခဲ့သော ကျောင်းသား လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူဖြစ်သည်။

၁၉၉၀ ခုနှစ် ဧပြီလအတွင်း ဗကသ (အောက်ဗမာပြည်) ဖွဲ့စည်းရာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဝတပ်ဖွဲ့နှင့် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် တွေ့ဆုံမည့်အစီစဉ်
နအဖဘက်က ရွှေ့ဆိုင်းထား


ရှမ်းပြည်နယ်၊ အထူးဒေသ (၂)၊ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှ ခေါင်းဆောင်များနှင့် စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ ယခုလ ဒုတိယပတ်အတွင်း ဝတပ်ဖွဲ့ဌာနချုပ် ပန်ဆန်းမြို့တွင် တွေ့ဆုံဆွေးနွေးမည့်အစီစဉ်ကို နအဖဘက်မှ ရွှေ့ဆိုင်းထားသည်။

အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စအတွက် တာဝန်ယူထားသည့် စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ဝခေါင်းဆောင်များအကြား ယနေ့အချိန်အထိ မတွေ့ဆုံနိုင်ဘဲ ဖြစ်နေသည်ဟု ပန်ဆန်းမြို့ရှိ ဝအရာရှိတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

နိုင်ငံရေးအကျဉ်းသား ၁၂၈ ဦးသာ လွတ်ငြိမ်းချမ်းသာခွင့်ရ

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရက လွတ်ငြိမ်း ချမ်းသားခွင့်ဖြင့် အကျဉ်းသား ၇၁၁၄ ဦး လွှတ်ပေးရာတွင် နိုင်ငံရေး အကျဉ်းသား ၁၂၈ ဦးသာ ပါဝင်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ထုတ်ပြန် ပြောဆိုလိုက်သည်။

စက်တင်ဘာလ ၁၈ ရက်နေ့က စတင်သည့် အကျဉ်းသား လွှတ်ပေးမှုတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - NLD အဖွဲ့ဝင် ၄၄ ဦး၊ လွှတ်တော် အမတ် ၃ ဦး၊ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ၅ ဦး၊ ရှေ့နေ ၁ ဦး၊ နိုင်ငံရေး အကျဉ်းသားဟောင်း ၁၁ ဦး၊ အမျိုးသမီး ၂၂ ဦးနှင့် သံဃာ ၄ ပါး၊ သတင်းထောက် ၄ ဦး၊ ကျောင်းသား ၁၃ ဦး၊ လူ့အခွင့်အရေး အဖွဲ့ဝင် ၁ဝ ဦး တို့ အပါအဝင် ဖြစ်သည်ဟု AAPP ကြေညာချက်က ဆိုသည်။

ထို့အပြင် သြဂုတ်လနှင့် စက်တင်ဘာလ နှစ်လအတွင်း နိုင်ငံရေး လှုပ်ရှားသူ လူဦးရေ ၃ဝ ဦးကျော် ဖမ်းဆီး ခံရကြောင်း ကိုတိတ်နိုင်က ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်
အဆင့်မြင့်သတင်းစာပညာသင်တန်း ပို့ချ


ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့က ပြည်တွင်းသတင်းဂျာနယ်အသီးသီးမှ သတင်းထောက်များ၊ အယ်ဒီတာများအား အဆင့်မြင့်သတင်းစာပညာ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

ယင်းသင်တန်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော အဆင့်မြင့်သတင်းစာပညာသင်တန်းဖြစ်ပြီး လာမည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ဦးစားပေးသင်ကြားပေးသော သင်တန်းဖြစ်ကြောင်း စာပေနှင့်စာနယ်ဇင်းအဖွဲ့ဝင်တဦးက ပြောသည်။
ယခု သင်တန်းအား အမေရိကန်နိုင်ငံသား သတင်းစာဆရာ Dr. Doug Cosper က သင်ကြားပေးမည်ဟု သိရသည်။

၎င်းသည် စာပေနှင့်စာနယ်ဇင်းက ကြီးမှူးဖွင့်လှစ်သော သတင်းစာသင်တန်း ၁/၂၀၀၉ နှင့် ဇွန်လအတွင်းက ဖွင့်လှစ်ခဲ့သော သတင်းစာသင်တန်း ၂/၂၀၀၉ တို့တွင် စတင်သင်ကြားခဲ့သူဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

တစည က တခြားပါတီများနှင့် ပူးပေါင်းရန် ဆန္ဒရှိ

နယူးဒေလီ (မဇ္ဈိမ)။ ။ ၂၀၁၀ ရွေးကောက်ပွဲကို မြန်မာ့ နိုင်ငံရေး အသွင် ကူးပြောင်းမှု အဖြစ် လက်ခံသည့် မည်သည့်ပါတီနှင့်မဆို ပူးပေါင်း လုပ်ဆောင်ရန် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီက ဆန္ဒရှိကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင်ဝင် တဦးက မဇ္ဈိမကို ပြောသည်။

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) သည် မြန်မာ့ နိုင်ငံရေး အသွင် ကူးပြောင်းရေးကို အမျိုးသားရေး တာဝန်အဖြစ် ခံယူထားသဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် အေးချမ်းစွာ ပါဝင် ယှဉ်ပြိုင်သွားမည့် မည်သည့် ပါတီများနှင့်မဆို လက်တွဲ လုပ်ဆောင်သွားရန် ဆုံးဖြတ်ထားကြောင်း ပြောဆိုခြင်း ဖြစ်သည်။
တစည-ပါတီသည် ယခင်က အာဏာရှင်ဟောင်း ဦးနေဝင်း တည်ထောင်ခဲ့သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီကို ၁၉၈၈ ခုနှစ်တွင် ဖျက်သိမ်းခံ ရပြီးနောက် အမည် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

ထိုပါတီက ၂၀၁၀ ရွေးကောက်ပွဲ အကြို ပါတီစည်းရုံးရေး လုပ်ငန်းများကို ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းအပြင် ကယားပြည်နယ်တွင် စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်ပြီး ဖြစ်ကြောင်း သိရသည်။ တစည သည် ၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၈၅ နေရာ ရှိသည့်အနက် ၁၀ နေရာတွင် အနိုင်ရရှိခဲ့ကာ စတုတ္ထ အများဆုံး လွှတ်တော် ကိုယ်စားလှယ် ရရှိခဲ့သည့် ပါတီဖြစ်သည်။

ထိုရွေးကောက်ပွဲတွင် ၉၃ ပါတီ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာ ဒုတိယ မဲအများဆုံး အနိုင်ရသည့် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂၃ နေရာ၊ တတိယ မဲအများဆုံး အနိုင်ရသည့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ၁၁ နေရာနှင့် အများဆုံး အနိုင် ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ၃၉၂ နေရာ (၈၀ ရာခိုင်နှုန်းကျော်) ရွေးကောက်ခံ ခဲ့ရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စင်တင်ဘာ ၂၄ ရက်
ရက်သတ္တပတ် ၃၇၊ ၂၀၀၉
မြန်မာသတင်း

ပတ္တနိက္ကုဇ္ဇနကံဆောင်ရန် ဆရာတော်ကြီးများတွင် တာဝန်ရှိဟု
သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက လျှောက်ထား


လာမည့်အောက်တိုဘာ (၃) ရက်၊ သီတင်းကျွတ်လပြည့် (၁၅) ရက်နေ့တွင် မြန်မာတနိုင်ငံလုံးရှိ သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက် ကမ္မ၀ါရွတ်ဆိုရာတွင် သံဃာ့နာယကဆရာတော်ကြီးများလည်း ပါဝင်ရန် တာဝန်ရှိသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ထုတ်ပြန်ကြေညာထားသည်။

သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက နအဖအနေဖြင့် ဖမ်းဆီးထားသည့်သံဃာတော်များအား ပြန်လွှတ်ပေးရန်နှင့် သာသနာတော်အပေါ် စော်ကားထားမှုများအား ၀န်ချတောင်းပန်ရန် တောင်းဆိုထားပြီး ယင်းသို့မလုပ်ဆောင်ပါက လာမည့် အောက်တိုဘာ (၃) ရက်တွင် နိုင်ငံတ၀န်းရှိ သံဃာတော်အားလုံး သပိတ်မှောက်ကံဆောင်ရန် နှိုးဆော်ထားသည်။ ယင်းသို့ ကံဆောင်ရာတွင် နိုင်ငံတော် သံဃာ့ မဟာနာယက ဆရာတော်ကြီးများလည်း သပိတ်မှောက်ကံဆောင်ပေးကြရန် စက်တင်ဘာ (၁၇) ရက်နေ့တွင် ထပ်မံလျှောက်ထားခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ရွှေဝါရောင်ကာလ ရန်ကုန်မှာ လုံခြုံရေး တိုးမြှင့်ထား

ချင်းမိုင် (မဇ္ဈိမ)။ ။ သံဃာတော်များ မေတ္တာပို့ လမ်းလျှောက်ချီတက်ပွဲ သွေးမြေကျ ၂ နှစ်မြောက်ကာလတွင် မြို့တော်ဟောင်း ရန်ကုန်ရှိ ရပ်ကွက်များတွင် ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက လုံခြုံရေးယူကာ စောင့်ကြည့်နေကြောင်း သံဃာ၊ ကျောင်းသားနှင့် ဒေသခံများက ဆိုသည်။

မြောက်ဥက္ကလာပမှ ဒေသခံတဦးက ''သူတို့တွေ နေရာတိုင်းမှာလို ရှိတယ်။ ရက်ကွက်ထဲ လက်ဖက်ရည်ဆိုင်မှာ၊ ကားဂိတ်မှာ၊ ကားပေါ်မှာ၊ နေရာတိုင်းမှာလိုလိုကို ရှိတယ်။ အခုဟာက လက်ဖက်ရည်ဆိုင်မှာ ထိုင်တာတောင် လွတ်လွတ်လပ်လပ် စကားမပြောရဲတော့ဘူး။ ရက်ကွက်ထဲက လူတွေကလည်း သူတို့ကို ချဉ်နေကြပြီ'' ဟု ပြောသည်။

ရွှေတိဂုံဘုရားနှင့် သင်္ဃန်းကျွန်း ကျိုက္ကဆံဘုရားတွင်လည်း ယူနီဖောင်းဝတ် ရဲလုံခြုံရေးများ စောင့်ကြပ်နေသည်။
သွားလာနေသည့် သံဃာတော်များနောက် အရပ်ဝတ်လုံခြုံရေးများ နောက်ရောင်ခံမှုများလည်း ရှိနေသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြသည့် သံဃာတော်များအား အာဏာပိုင်များက လက်နက်သုံး နှိမ်နင်းသည့် နှစ်ပတ်လည်လ ဖြစ်သဖြင့် ယခုလတွင် အလားတူ ဆန္ဒပြမှုမျိုး ပေါ်ပေါက်လာမည်ကို စိုးရိမ်သဖြင့် လုံခြုံရေး တင်းကျပ်ခြင်း ဖြစ်ကြောင်း သံဃာတော်များက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ကိုညီညီအောင်နှင့် AASYC မှ ယူဂျီအဖွဲ့ဝင်များကို
ဖမ်းဆီးထားဟု နအဖသတင်းထုတ်ပြန်


ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့သော အမေရိကန်နိုင်ငံသားခံယူထားသူ ကိုညီညီအောင်နှင့် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) မှ ယူဂျီများအား ဖမ်းဆီးရမိထားကြောင်း နအဖစစ်အစိုးရက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ယနေ့ထုတ် စစ်အစိုးရသတင်းစာများတွင် ၂၀၀၅ ခုနှစ်တွင် အမေရိကန်နိုင်ငံသားအဖြစ်ခံယူခဲ့သူ ကိုညီညီအောင် (ခ) ကိုကျော်ဇောလွင်ကို ၂၀၀၉ ခုနှစ် စက်တင်ဘာ (၃) ရက်တွင် ဘန်ကောက်မှတဆင့် မြန်မာနိုင်ငံသို့ ပြန်လာစဉ် လေယာဉ်ကွင်း၌ ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။

ကိုညီညီအောင်သည် ၂၀၀၅ ခုနှစ် နိုဝင်ဘာမှ ၂၀၀၉ ခုနှစ် စက်တင်ဘာအတွင်း (၈) ကြိမ်အထိ မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့ပြီး ၈၈ မျိုးဆက်ကျောင်းသားများနှင့်တွေ့ဆုံကာ သတင်းဖလှယ်ခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။

ထို့အပြင် အောက်တိုဘာ (၃) ရက်တွင် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်မည့်အစီအစဉ်ကိုလည်း ၎င်းက စီစဉ်ရေးဆွဲခဲ့ပြီး သံဃာ့လှုပ်ရှားမှုများကို အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် ကူညီပံ့ပိုးရေးအတွက် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB) အဖွဲ့ဝင်များနှင့် ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ တွေ့ဆုံခွင့်ရ

နယူးဒေလီ (မဇ္ဈိမ)။ ။ အမှု အယူခံ ကိစ္စနှင့် နေအိမ်တွင် ဆိုင်းငံ့ပြစ်ဒဏ်ဖြင့် ချုပ်နှောင်ထားစဉ် လိုက်နာရမည့် ကန့်သတ်မိန့်များနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေများ ယနေ့တွင် တွေ့ဆုံဆွေးနွေးခွင့် ရရှိခဲ့သည်။

ယခုလ ၁၈ ရက်နေ့တွင် ရန်ကုန်တိုင်း တရားရုံး၌ အမှုအယူခံ လျှောက်လဲချက်နှင့် နေအိမ်တွင် နေထိုင်စဉ် လိုက်နာရန် အာဏာပိုင်များက ထုတ်ပြန်ထားသည့် ကန့်သတ်မိန့် ၈ ချက်နှင့် ပတ်သက်၍ ယနေ့ ညနေပိုင်းတွင် ၂ နာရီကြာမျှ တွေ့ဆုံခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

ကန့်သတ်ချက် ၈ ချက်မှာ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ ပြန်လည်နေထိုင်ခွင့်ပြုခြင်း၊ ခြံဝင်းအတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုခြင်း၊ ကျန်းမာရေးအတွက် ဆရာဝန် သူနာပြုများ ပြသခွင့်ရှိခြင်း၊ သက်ဆိုင်ရာ၏ ခွင့်ပြုချက်နှင့် ဧည့်သည်တွေ့ခွင့်ပြုခြင်း၊ မြဝတီနှင့် မြန်မာ့ရုပ်မြင်သံကြား ကြည့်ခွင့်ရှိခြင်း၊ ပြည်တွင်း၌ တရားဝင် ခွင့်ပြုထားသော စာအုပ်စာစောင်နှင့် သတင်းစာများ ဖတ်ခွင့်ပြုခြင်း၊ မိမိ၏ လုပ်ဆောင်ရန် ရှိသည်များနှင့် လိုအပ်သည်များကို တာဝန်ရှိသူများထံ စာဖြင့် ရေးသားတောင်းဆိုနိုင်ခြင်းနှင့် အထက်ပါ ကိစ္စရပ်များကို သက်ဆိုင်ရာ ခွင့်ပြုချက် တောင်းခံလုပ်ဆောင်နိုင်ခြင်းတို့ ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ငါးထောင်တန် ငွေစက္ကူများ မြန်မာနိုင်ငံတွင် ထွက်ရှိ

အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ငါးထောင်ကျပ်တန် ငွေစက္ကူသစ်များ ထုတ်လုပ် ဖြန့်ဝေတော့မည် ဖြစ်ကြောင်း မြန်မာ့ ရုပ်မြင်သံကြားက ယနေ့ည သတင်းတွင် ကြေညာသွားသည်။

နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန် ကြေညာချက်ကို မြန်မာ့ရုပ်မြင်က ထုတ်လွှင့်သွားရာတွင် အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ ပြည်သူလူထုအတွင်း လည်ပတ် သုံးစွဲသွားမည် ဖြစ်ကြောင်းနှင့် ငွေစက္ကူတွင် ဆင်ဖြူ ရတနာပုံနှင့် နေပြည်တော်ကို နောက်ခံထားသည်။

ထင်မှတ်ထားခြင်း မရှိသော ကြေညာချက်ကြောင့် လူအများ အုတ်အော်သောင်းနင်း ဖြစ်ကုန်ပြီး ကုန်ဈေးနှုန်းများ အဆမတန် တက်တော့မည်ဟု စိုးရိမ် ကုန်ကြသည်ဟု ရန်ကုန်ရှိ မဇ္ဈိမ သတင်းထောက်က ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စင်တင်ဘာ ၂၅ ရက်
ရက်သတ္တပတ် ၃၇၊ ၂၀၀၉
မြန်မာသတင်း

ပါတီ လူငယ်များက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလို

မဇ္ဈိမ (ချင်းမိုင်)။ ။ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရေး စီစဉ်ပေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် ကိုယ်စားလှယ်များက ဗဟို အလုပ်အမှုဆောင် အဖွဲ့အား ယနေ့ တောင်းဆို လိုက်သည်။

ဗဟိုနှင့် ပြည်နယ် အန်အယ်ဒီ လူငယ် အကူအညီပေးရေး အဖွဲ့ ကိုယ်စားလှယ် ၆၀ ခန့် တက်ရောက်ပြီး ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အန်အယ်ဒီ ဗဟို ဌာနချုပ်ရုံးတွင် ယနေ့ ပြုလုပ်သည့် ပဉ္စမ အကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲမှ ယင်းသို့ ဆုံးဖြတ် တောင်းဆိုခြင်း ဖြစ်သည်။ သို့သော် လူငယ်များ၏ တောင်းဆိုချက်အပေါ် ဗဟို အမှုဆောင် အဖွဲ့အနေဖြင့် စီစဉ်ပေးရန် လက်ရှိ အခြေအနေအရ မဖြစ်နိုင်သေးကြောင်း အန်အယ်ဒီ ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ကျပ် (၅,ဝဝဝ) တန် ဂယက်ကြောင့် ရွှေဈေးကွက်ရပ်ဆိုင်း

နအဖစစ်အစိုးရက ကျပ် (၅,ဝဝဝ) တန် ငွေစက္ကူအသစ်ထုတ်ဝေမည်ဆိုသည့် သတင်းကြောင့် စီးပွားရေး ဈေးကွက်အတွင်း ကမောက်ကမ ဖြစ်ကုန်ပြီး ရွှေဈေးကွက်လည်း ဈေးပင် မဖွင့်နိုင်တော့ကြောင်း ရွှေကုန်သည်တဦးက ပြောသည်။အလားတူ ဒေါ်လာဈေးကွက်မှာလည်း ကြာသပတေးနေ့ ညနေ ဒေါ်လာပေါက်ဈေး တဒေါ်လာ (၁,ဝ၇၈) ကျပ် ရှိရာမှ ယနေ့ ပေါက်ဈေး (၁,၁၄ဝ) ခန့်အထိ တက်လာပြီး ရောင်းဈေးနှင့် ဝယ်ဈေးကိုမူ တဒေါ်လာ (၁၅) ကျပ်ခန့် ခွာထားကြောင်းသိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

မြန်မာ့အရေး ကျွမ်းကျင်သူများ ပါဝင်မည့် ဝက်ဘ်၏ ကြားနာမှု

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာပြည်နှင့် ဆက်ဆံရန် ပြင်းပြစွာ ထောက်ခံသူ အမေရိကန် ဆီးနိတ်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် ဦးစီးသော ယခုလ ၃၀ ရက်နေ့တွင် ပြုလုပ်မည့် အထက် လွှတ်တော် ကြားနာမှုတွင် မြန်မာနှင့် ဆက်ဆံရေး အရေးကြီးပုံကို ပြောဆိုရန် ပါမောက္ခ ဒေးဗစ်အိုင်စတိန်းဘတ် အပါအဝင် မြန်မာ့အရေး ကျွမ်းကျင်သူ ၄ ဦးကို ရှိနေသည်။မစ္စတာဝက်ဘ်၏ ရုံးမှ ထုတ်ပြန်သော ကြေညာချက်အရ ကြားနာမှုသည် အမေရိကန်၏ လက်ရှိစီးပွားရေး ပိတ်ဆို့မှု မူဝါဒကို ပြန်လည်သုံးသပ်ရန်နှင့် မြန်မာ့ ဒီမိုကရေစီရေး အပြောင်းအလဲတွင် ပံ့ပိုးမြှင့်တင်ရန်အတွက် အမေရိကန်၏ အခန်းကဏ္ဍကို ဆွေးနွေးရန် ဖြစ်သည်ဟု ဆိုသည်။

နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံအတွက် မူဝါဒနှင့် ပတ်သက်၍ အကြို ပြောကြားရာတွင် ပြန်လည်သုံးသပ်နေသည်မှာ ၆ လကျော်ပြီဖြစ်ကာ အမေရိကန်သည် မြန်မာအစိုးရနှင့် ပိတ်ဆို့မှုရော၊ ဆက်ဆံမှုပါ ပါရှိသော မူဝါဒအသစ်နှင့် ဆက်လက် လုပ်ဆောင်သွားမည်ဟု သူမက ပြောသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး ကူးပြောင်းမှု ရရှိလာစေရန် အခြေခံရည်ရွယ်ချက်များမှာမူ မပြောင်းလဲဘဲ အမေရိကန် အနေနှင့် အပြောင်းအလဲများ အတွက် အကျိုးရှိနိုင်မည့် ဆက်သွယ်ရေး လမ်းကြောင်းသစ်များ ရရှိလာစေရန် မြန်မာ ဗိုလ်ချုပ်များနှင့် တိုက်ရိုက် ဆက်ဆံမည်ဟု မစ္စစ်ကလင်တန်က ပြောကြားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

သရက်ထောင်မှ ပြန်လွတ်လာသူ နိုင်ငံရေးအကျဉ်းသား
ထောင်တွင်းအတွေ့အကြုံများ ပြောကြား


မြန်မာစစ်ကြောရေးက အဓမ္မပြုမူခြင်းများကြောင့် နိုင်ငံရေးအကျဉ်းသားများ ကြီးမားသောနစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့နေကြရသည်ဟု မကြာသေးခင်က သရက်ထောင်မှပြန်လွတ်လာသူ နိုင်ငံရေးအကျဉ်းသားတဦးက ပြောသည်။

ယခုလ (၁၈) ရက်တွင် သရက်အကျဉ်းထောင်မှ ပြန်လွတ်လာပြီး ယမန်နေ့က ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာသူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) အဖွဲ့ဝင်ဟောင်းတဦးဖြစ်သူ ကိုရန်အောင်ရွှေက ပြောကြားခြင်းဖြစ်သည်။

၎င်းက “၁၉၉၉ ခုနှစ်မှာ အဖမ်းခံရပြီး ထောင် (၁၅) နှစ်ကျတယ်။ အခု (၁၁) နှစ်ရှိတဲ့အချိန်မှာ သရက်ထောင်ကနေ နအဖက ပြန်လွှတ်ပေးတယ်။ ကျနော်က အေဘီအက်စ်ဒီအက်ဖ် တပ်ရင်း (၉၀၉) မိုးထောင်စခန်းကပါ။ ကျနော့်ကိုဖမ်းပြီး အမှတ် (၆) ထောက်လှမ်းရေး မရမ်းကုန်းမှာ စစ်ကြောရေးဝင်ပြီး စွဲချက် (၃) မှုနဲ့ ထောင် (၁၅) နှစ် ကျခံရပါတယ်။ အဲဒီအမှုတွေထဲမှာ ကျနော်နဲ့ လုံးဝပတ်သက်ခြင်း မရှိတဲ့ ၁၉-က အမှုဖြစ်တဲ့ လက်နက်ရောင်းဝယ် ဖောက်ကားမှုနဲ့ ကျနော့်ကို မတရားအကွက်ဆင်ခဲ့တယ်။ ထောက်လှမ်းရေးက ရိုက်နှက်ပြီး ထမင်းမကျွေး၊ ရေမတိုက်ဘဲ (၃) ရက်ဆက်တိုက် နှိပ်စက်ပြီး စစ်ချက်ကို ရယူခဲ့တယ်။ နိုင်ငံရေးမှုနဲ့ လူတွေအများစုဟာ ဒီလိုပုံစံမျိုးနဲ့ နှစ်ရှည်ပြစ်ဒဏ်တွေ ကျခံနေကြရတယ်” ဟု ပြောသည်။

နိုင်ငံရေးနှင့် ဆက်နွှယ်သည့်အမှုများကို ပြစ်မှုကြီးသထက်ကြီးစေရန်အတွက် မတရားဖမ်းဆီးနှိပ်စက်၍ မဟုတ်မမှန် စစ်ချက်များ ထွက်ဆိုရန် မြန်မာစစ်ကြောရေးက အဓမ္မပြုကျင့်သည်ဟုလည်း ၎င်းက ပြောသည်။

ထောင်ကျခံနေရစဉ်အတွင်း မိမိအပါအ၀င် နှစ်ရှည်အကျဉ်းသားအချို့မှာ မိသားစုဘ၀ပြိုလဲခဲ့ရကြောင်း၊ သာမန်ပြည်သူတဦး အဖြစ် နေထိုင်ရာမှာလည်း မလွယ်ကူတော့ကြောင်း၊ နိုင်ငံရေးအမှုဖြင့် ထောင်မှထွက်လာသူများသည် အာဏာပိုင်များ၏ စောင့်ကြည့်မှု နေ့စဉ်ခံနေရသဖြင့် ယခုကဲ့သို့ နယ်စပ်သို့ ထွက်ခွာလာရခြင်းဖြစ်ကြောင်း ကိုရန်အောင်ရွှေက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )

No comments: