Monday, October 12, 2009

သတင်းမှတ်စု ( ၄၀ )

အောက်တိုဘာ ၅ ရက်
ရက်သတ္တပတ် ၃၉၊ ၂၀၀၉
မြန်မာသတင်း



ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် တွေ့ဆုံ
၃ အောက်တိုဘာ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်ကို စက်တင်ဘာ (၃) ရက် ယနေ့ နေ့လယ်ပိုင်းတွင် နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်က စိမ်းလဲ့ကန်သာဧည့်ဂေဟာတွင် တွေ့ဆုံခဲ့ကြောင်း အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။ ယနေ့ နေ့လယ် (၁) နာရီခန့်တွင် တွေ့ဆုံခြင်းဖြစ်ပြီး (၄၅) မိနစ်ကြာခန့် တွေ့ဆုံခဲ့သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နာဂစ်ဒေသ သွားရန် စီစဉ်

ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နာဂစ် ဆိုင်ကလုံး မုန်တိုင်းဒဏ်သင့် မြစ်ဝကျွန်းပေါ် ဒေသသို့ ၂ ရက်တာခရီး သွားရောက်မှာ ဖြစ်သည်ဟု စစ်ဘက် သတင်းရပ်ကွက်အရ သိရသည်။

အောက်တိုဘာ ၆ ရက်နေ့တွင် ခရီးစဉ်စတင်မှာဖြစ်ပြီ ဖျာပုံမြို့နယ်ရှိ ဆိုင်ကလုံးမုန်တိုင်းဖြစ်လျှင် ခိုလှုံရာဖြစ်သော ယုဇန ဆိုင်ကလုံးခိုဇရပ် ဖွင့်ပွဲကို တက်ရောက်မှာ ဖြစ်သည်။ အခြားသော ဆိုင်ကလုံးခိုဇရပ်များမှာ သတ်မှတ်ချိန် ပြီးစီးခြင်းမရှိသေး၍ အချိန်မှီ ဖွင့်ပွဲ မလုပ်နိုင်ဘဲ ရှိသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ရန်ကုန်တွင် ရောက်ရှိနေပြီး သီတင်းကျွတ်ကာလ ဖြစ်သည့်အတွက် ဂါရဝ ပြုလိုသူ စစ်ဘက် အရာရှိကြီးများနှင့် စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် တွေ့ဆုံနေရသည်ဟုလည်း ဆိုသည်။

ထို့အပြင်နံပါတ် ၁ စစ်အစိုးရ ခေါင်းဆောင်သည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံကောင်း တွေ့ဆုံနိုင်ဖွယ်ရှိသည်ဟု စစ်ဘက် သတင်းရပ်ကွက်တွင် ထင်ကြေးပေးနေကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ကာ
မိစ္ဆာဒိဋ္ဌိအဖြစ် သံဃာ့တပ်ပေါင်းစု သတ်မှတ်


မြန်မာနိုင်ငံတွင် တာဝန်အရှိဆုံး ဦးသန်းရွှေအား ဗုဒ္ဓဘာသာအဖြစ်မှ ထုတ်ပယ်ကာ သာသနာဖျက် မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက အောက်တိုဘာ (၅) ရက် ယနေ့ နေ့စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။

ကြေညာချက်တွင် ယခုလ (၃) ရက်၊ သီတင်းကျွတ်လပြည့် ပ၀ါရဏာနေ့တွင် ပြည်တွင်းပြည်ပ သိမ်အသီးသီး၌ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာ ရွတ်ဆိုကာ အောင်မြင်စွာ သပိတ်မှောက်နိုင်ခဲ့ကြောင်းလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂနှင့် သံဃာသာမဂ္ဂီအဖွဲ့တို့က တင်ပြထားသည်။

ယင်းသို့ တတိယအကြိမ် သပိတ်မှောက်ကံဆောင်နိုင်ခဲ့သော်လည်း သံဃာတော်များ တောင်းဆိုထားသည့်အချက်ကို နအဖစစ်အုပ်စုတွင် တာဝန်အရှိဆုံးဖြစ်သည့် ဦးသန်းရွှေက မလိုက်နာသည့်အပြင် သံဃာတော်များအား ဆက်လက်ဖမ်းဆီး၊ ထောင်ချ၊ နှိပ်စက်၊ ညှဉ်းပန်းသတ်ဖြတ်နေသည့်အတွက် ဦးသန်းရွှေ၊ ဒေါ်ကြိုင်ကြိုင်နှင့် ၎င်း၏မိသားစုတစုလုံးအား ဗုဒ္ဓဘာသာအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း၊ ဦးသန်းရွှေအား သာသနာကို ဖျက်ဆီးနေသည့် မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်လိုက်ကြောင်း၊ ဦးသန်းရွှေသည် ဗုဒ္ဓဘာသာဝင်မှန်ပါက သံဃာတော်များ တောင်းဆိုချက်ကို လိုက်နာရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

သံဃာတော်များအပေါ် ကျူးလွန်မှုများနှင့် သာသနာအပေါ် စော်ကားမှုများကို တတိယအကြိမ် သပိတ်မှောက်ကံဆောင်မည့် သီတင်းကျွတ်လပြည့်နေ့မတိုင်မီ အောက်တိုဘာ (၂) ရက် နောက်ဆုံးထား၍ ၀န်ချတောင်းပန်ရန် နအဖစစ်အစိုးရအား မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက နှိုးဆော်ထားခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အောက်တိုဘာ ၆ ရက်
ရက်သတ္တပတ် ၃၉၊ ၂၀၀၉
မြန်မာသတင်း

နအဖအကျဉ်းထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုများ
ပြန်လည်လွတ်မြောက်သူတဦး ဖော်ထုတ်


အမေရိကန်နိုင်ငံသားတဦးအပါအ၀င် ရဟန်းရှင်လူများကို စစ်ကြောရေးစခန်းတွင် ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်နေသည်ဟု မကြာခင်က ပြန်လွတ်လာသူတဦးက ပြောသည်။

ယခင်လကုန်ပိုင်းက ရန်ကုန်မရမ်းကုန်းရှိ အောင်သပြေစစ်ကြောရေးစခန်းမှ ပြန်လည်လွတ်မြောက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) လူငယ်အဖွဲ့ဝင်တဦးဖြစ်သူ ကိုတိုးအောင်က ပြောကြားသည်။

ကိုတိုးအောင်သည် လွန်ခဲ့သည့် တနင်္ဂနွေနေ့က ထိုင်း-မြန်မာနယ်စပ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ရုံးသို့ရောက်ရှိလာပြီး ၎င်းကြုံတွေ့ခဲ့သည့် အနေအထားများကို ဒေသခံသတင်းထောက်များအား ယနေ့နံနက်တွင် ပြောကြားခြင်းဖြစ်သည်။

၎င်းသည် တနင်္သာရီတိုင်း လူငယ်တာဝန်ခံအဖြစ် ထမ်းဆောင်ခဲ့ပြီး ရန်ကုန်ရုံးချုပ်သို့ ရောက်ရှိတာဝန်ထမ်းဆောင်နေစဉ် ၀တ္တရားနှောင့်ယှက်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ပုံနှိပ်ဥပဒေ စသည့်စွဲချက်များဖြင့် ၁၉၉၅ ခုမှ ၁၉၉၇ ခုအထိ တကြိမ်၊ ၁၉၉၈ ခုမှ ၂၀၀၅ ခုအထိတကြိမ် အဖမ်းခံရကာ ရန်ကုန်နှင့်မန္တလေးထောင်တွင် ထောင်ဒဏ် (၁၁) နှစ်နီးပါး ကျခံခဲ့ရသူ ဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ငြိမ်းချမ်းစွာ ၀တ်ပြုဆုတောင်းသူများ ဖမ်းဆီးခံနေရ

ယခုရက်ပိုင်းများအတွင်း ငြိမ်းချမ်းစွာ ၀တ်ပြုဆုတောင်းသူများကိုပင် စစ်အစိုးရက ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ရေနံချောင်းမြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်စောဌေးက ပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာ (၃) ရက် သီတင်းကျွတ်လပြည့်နေ့တွင် တောင်ဒဂုံမြို့သစ်ရှိ မကွေးပရိယတ္တိစာသင်တိုက်၌ အရုဏ်ဆွမ်းကပ်လှူခဲ့ကြသော အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့မှ ဒေါ်နော်အုံးလှ၊ ဒေါ်ချိုချိုလွင်၊ ဒေါ်မြင့်မြင့်စန်းနှင့် ဒေါ်ချိုတို့ကို အထူးသတင်းတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++


ဖောက်ခွဲရေးသင်တန်း တက်သည်ဟု စွပ်စွဲကာ
သံဃာတော်အချို့အား ဖမ်းဆီးစစ်ဆေးနေ


နယ်စပ်၌ ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ပြည်ပနိုင်ငံများမှ ပြန်ကြွလာသော သံဃာတော် (၈) ပါးအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စက်တင်ဘာ တတိယပတ်က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

အဆိုပါသံဃာတော်များကို တစုတဝေးတည်း ဖမ်းဆီးမိခြင်းမဟုတ်ဘဲ ခရီးစဉ်အသီးသီးမှအပြန် နအဖအာဏာပိုင်တို့က စောင့်ကြိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးထားသော သံဃာတော်များအား ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း၊ မဟာပါသဏလိုဏ်ဂူနှင့်ကပ်လျက် ‘အပရဂေါယာန’ သုံးထပ်ကျောင်းဆောင်၌ နိုင်ငံတော်ဗဟိုသံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်အချို့နှင့် သတင်းတပ်ဖွဲ့တို့က စစ်ဆေးခဲ့သည်။

ထို့နောက် သံဃာတော် (၇) ပါးအား ဆက်လက်စစ်ဆေးရန် (သို့မဟုတ်) ပြစ်ဒဏ်ကျခံစေရန် အင်းစိန်အကျဉ်းဦးစီးဌာနသို့ လွှဲပြောင်းခဲ့ပြီး ယခုအခါ ကျန်ရှိသံဃာတော် (၁) ပါးအား ဆက်လက်စစ်ဆေးနေဆဲဟု ဆရာတော်များနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။

သံဃာတော်များအား ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးနေကြောင်း သာသနာရေးဝန်ကြီးဌာန ၀န်ထမ်းအများစု သိရှိနေသော်လည်း ၎င်းသံဃာတော်တို့၏ ဘွဲ့တော်၊ သီတင်းသုံးရာကျောင်းတိုက်၊ မြို့နယ် ကျေးရွာတို့ကိုမူ အထူးလျှို့ဝှက်ထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အောက်တိုဘာ ၇ ရက်
ရက်သတ္တပတ် ၃၉၊ ၂၀၀၉
မြန်မာသတင်း


ကိုညီညီအောင်ကို တွေ့ခွင့်ရရန် ရှေ့နေများ တောင်းဆို


မဇ္ဈိမ (ချင်းမိုင်)။ ။ မြန်မာပြည် ပြန်လာစဉ် မင်္ဂလာဒုံ လေဆိပ်၌ အဖမ်းခံရသူ ကိုညီညီအောင်ထံမှ အမှုနှင့် ပတ်သက်သည့် ညွှန်ကြားချက် ရယူရေးအတွက် တွေ့ဆုံခွင့်ပြုရန် သူ၏ ရှေ့နေများက အကျဉ်းဦးစီးဌာနသို့ ယနေ့ စာတင်လိုက်သည်။

အမှုအတွက် လိုက်ပါဆောင်ရွက်မည့် ဗဟိုတရားရုံးချုပ် ရှေ့နေများဖြစ်သည့် ဦးဥာဏ်ဝင်းနှင့် ဦးကြည်ဝင်းတို့က ရန်ကုန် အင်းစိန်ထောင်သို့ လက်မှတ်ရေးထိုး၍ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံသား ဖြစ်နေသည့် ၄၀ နှစ်အရွယ် ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင်၏ အမှုကိစ္စတွင် လိုက်ပါဆောင်ရွက်ပေးရန် အမေရိကန်သံရုံးက သူတို့နှစ်ဦးကို လွန်ခဲ့သည့် ၂ ပတ်ခန့်ကတည်းက မေတ္တာရပ်ခံပြီးနောက် ကိုညီညီအောင်ထံမှလည်း ကိုယ်စားလှယ်လွှဲစာကို ထောင်အာဏာပိုင်များထံမှ ယမန်နေ့က ရယူခဲ့ပြီး ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

တိုင်းရင်းသားလူမျိုးများကောင်စီ၏ ပေးစာ
ပြည်တွင်းတိုင်းရင်းသားပါတီများနှင့် ဆန့်ကျင်



တိုင်းရင်းသားလူမျိုးများကောင်စီက အမေရိကန်အထက်လွှတ်တော်အမတ် မစ္စတာဂျင်မ်ဝဘ်ထံ ပေးပို့ခဲ့သည့်စာသည် တိုင်းရင်းသားအဖွဲ့အစည်းများကို ကိုယ်စားပြုခြင်းမရှိကြောင်းနှင့် ပြည်တွင်းတိုင်းရင်းသားပါတီများ၏ ရပ်တည်ချက်နှင့် ကိုက်ညီမှုမရှိကြောင်း ပြည်တွင်းတိုင်းရင်းသားခေါင်းဆောင်များက ပြောကြားသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ဇိုမီးအမျိုးသားကွန်ဂရက်ပါတီမှ ချင်းတိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်သူ ဦးပူကျင့်ရှင်းထန်က “ကျနော် ပွင့်ပွင့်လင်းလင်းပြောရရင် တိုင်းရင်းသားလူမျိုးများကောင်စီ (အီးအန်စီ) ဆိုတာကလည်း ပြည်ထောင်စု မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့အဖွဲ့မဟုတ်ဘူး။ အဲဒီအထဲမှာပါတဲ့ လူတွေကလည်း ပြည်တွင်းမှာ လူထုအတွက် အနစ်နာခံပြီး ထောင်ကျခံခဲ့ကြရတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းတာ၊ ဆွေးနွေးတာလည်း မရှိပါဘူး။ ဒီလို ဂျင်မ်ဝဘ်ဆီကို စာရေးတယ် ဘာညာဆိုတာက ရွေးကောက်ပွဲမှာ သူတို့ ပါချင်တဲ့သဘော၊ သူတို့ကိုယ်ရေးအတွက်သာ စည်းရုံးတဲ့သဘောဖြစ်တယ်လို့ပဲ ကျနော်တို့ သဘောရပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၂၈) ရက်တွင် ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားလူမျိုးများကောင်စီ (အီးအန်စီ) က အမေရိကန်အထက်လွှတ်တော်အမတ် မစ္စတာဂျင်မ်ဝဘ်ထံ ၂၀၁၀ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ စာတစောင်ပေးပို့ခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဂျပန်သံမှူး ဖိတ်ခေါ်မှုသည် နိုင်ငံရေး အဓိပ္ပာယ် ပြောင်းလဲမှုဟု ဦးဝင်းတင် ပြောဆို

နယူးဒေလီ (မဇ္ဈိမ)။ ။ ဂျပန်အစိုးရသစ် တက်လာပြီး မကြာမီတွင် မြန်မာပြည်ဆိုင်ရာ ဂျပန်သံရုံးမှ သံမှူးက မြန်မာ့ဒီမိုကရေစီ အတိုက်အခံပါတီ ခေါင်းဆောင်တဦးကို ခေါ်ဖိတ် ဆွေးနွေးခြင်းသည် နိုင်ငံရေးအဓိပ္ပာယ် ပြောင်းလဲမှုတခုအဖြစ် ယူဆကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ ဂျပန်သံရုံးမှ သံမှူးက ဖိတ်ခေါ်သဖြင့် ယမန်နေ့ ညနေပိုင်းက ၁ နာရီကြာ တွေ့ဆုံခဲ့ရာ လက်ရှိမြန်မာ့နိုင်ငံရေး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ တွေ့ဆုံဆွေးနွေးရေး၊ ရွေးကောက်ပွဲဆိုင်ရာ သဘောထားများကို တင်ပြခွင့်ရခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++


ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖဆက်ဆံရေးဝန်ကြီး ထပ်မံတွေ့ဆုံ


နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ယနေ့ နေ့လယ်တွင် စိမ်းလဲ့ကန်သာဧည့်ရိပ်သာ၌ ထပ်မံတွေ့ဆုံကြောင်း သိရသည်။

တွေ့ဆုံသည့်အကြောင်းအရာအသေးစိတ်ကို မသိရသေးသော်လည်း တွေ့ဆုံချိန် မိနစ် (၃၀) ခန့်ကြာမြင့်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အောက်တိုဘာ ၈ ရက်
ရက်သတ္တပတ် ၃၉၊ ၂၀၀၉
မြန်မာသတင်း


ဝ ' တပ်များအား နအဖ စစ်တပ်က သပ်လျှိုစည်းရုံးနေ


မဇ္ဈိမ (ချင်းမိုင်)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း အပစ်ရပ် ဝ' ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် - UWSA မြောက်ပိုင်းနှင့် အလယ်ပိုင်း ဒေသရှိ ဝ'တပ် အရာရှိများကို နယ်ခြားစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရေးအတွက် နအဖ စစ်တပ်အရာရှိများက သပ်လျှို စည်းရုံးမှုများ ပြုလုပ်နေ ကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်း သိန္နီ၊ ကွမ်လုံနှင့် ဟိုပန်အခြေစိုက် နအဖ စကခ - ၁၆ လက်အောက်ခံတပ်ရင်း အရာရှိများမှတဆင့် ဝ’ တပ်များဖြစ်သော တပ်မဟာ ၃၁၈ (မိုင်းမိုင်ခရိုင်) နှင့် တပ်မဟာ ၄၆၈ (မိုင်းခန်မြို့နယ်) မှ ဝ’ အရာရှိတချို့အား ထိုကဲ့သို့ ပြုလုပ်နေခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းစဉ် လက်ထောက်အယ်ဒီတာ ဦးစိန်ကြည် ပြောဆိုချက်အရ သိရခြင်း ဖြစ်သည်။

ဝ’ တပ်မတော်အကြား အကွဲအပြဲများ ဖြစ်စေရန် ရည်ရွယ်ပြီး ထိုင်းနယ်စပ်တလျှောက်ရှိ မိုင်းသို၊ မိုင်းခမ် အခြေစိုက် ဝ’ တပ်အချို့ကိုလည်း သပ်လျှို စည်းရုံးဖဲ့ထုတ်ရန် ကြိုးစားနေကြောင်း ဝ' အရေး လေ့လာစောင့်ကြည့်နေသည့် သူက ဆက်ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++


မျိုးဆက်သစ်လူငယ်တို့၏ ဒေါ်စုအတွက် ဂုဏ်ပြုတေး
လူငယ်များအကြား ထိရောက်မှုရှိ


မျိုးဆက်သစ်လူငယ်များအစည်းအရုံး (GW) က ဖြန့်ချိလိုက်သည့် ဟစ်ပ်ဟော့ပ်သီချင်း အယ်လ်ဘမ်တွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုစပ်ဆိုထားသည့် ‘အမေ ၆၄’ ဟူသည့် သီချင်းမှာ ပြည်တွင်းလူငယ်များ အကြား ရေပန်းစားနေပြီး ထိုအယ်လ်ဘမ်သည် အတိုင်းအတာတခုအထိ ထိရောက်မှုရှိကြောင်း အဖွဲ့ဝင်များနှင့် လူငယ်များက ပြောသည်။

မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်ဖြစ်ပျက်နေသည့် လတ်တလောအခြေအနေများကို လူငယ်အမြင်မှ ဖွဲ့သီစပ်ဆိုထားသော ထိုအယ်လ်ဘမ်ကို လူငယ်တို့၏ နိုင်ငံရေးစိတ်ဓာတ် နိုးကြားတက်ကြွလာအောင် ပထမဦးဆုံး ထုတ်ဝေလိုက်ခြင်းဖြစ်ကြောင်း GW အဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် မင်းရန်နိုင်က ပြောကြားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++


ဒေါ်အောင်ဆန်းစုကြည် နေအိမ်အမွေအမှု ရှေ့နေ ၃ ဦး ထပ်မံ ပါဝါပေး


မဇ္ဈိမ (ချင်းမိုင်)။ ။ အကိုရင်း ဦးအောင်ဆန်းဦးနှင့် ဖြစ်ပွားနေသည့် နေအိမ် အမွေကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ အကျိုးဆောင် ရန် ဦးဥာဏ်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးလှမျိုးမြင့်သည် ယမန်နေ့က ရှေ့နေပါဝါရခဲ့ပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံ နေထိုင်နေသည့် လက်ရှိနေအိမ်ကို ဦးအောင်ဆန်းဦးက အမွေရထိုက်သည်ဟု ဆိုကာ တရားစွဲဆိုမှုနှင့် ပတ်သက်၍ ကြားနာရန်ရှိသည့် ယခုလ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်း တရားရုံး ရုံးချိန်းအမီ ရှေ့နေ ၃ ဦး ထပ်တိုးလိုက်ခြင်း ဖြစ်သည်။ ရှေ့နေပါဝါ ကိုယ်စားလှယ်လွှဲစာကို ယမန်နေ့က ရှေ့နေဦးဥာဏ်ဝင်းသည် အင်းစိန်ထောင် တရားရုံးသို့ သွားရောက် ရယူခဲ့ခြင်း ဖြစ်သည်။

၂၀၀၀ ခုနှစ်မှစတင်၍ ယင်းအမှုကို ရှေ့နေကြီးများဖြစ်သော ဦးကြည်ဝင်း၊ ဦးမြင့်သောင်း၊ ဦးအောင်သိန်းနှင့် ဦးခင်မောင်အေးတို့က ဆောင်ရွက် ပေးခဲ့သည်။

ဦးအောင်သိန်းအား ရန်ကုန်တိုင်း တရားရုံးချုပ် ရှေ့နေများကောင်စီ အက်ဥပဒေ ၁၀ (၁) အရ ရှေ့နေကျင့်ဝတ်နှင့် မညီဟုဆိုကာ ယခုနှစ် မေလ ၁၅ ရက်နေ့တွင် စစ်အစိုးရက ရှေ့နေလိုင်စင် ရုပ်သိမ်းခဲ့သည်။ ရှေ့နေ ဦးခင်မောင်အေး သည်လည်း ၂၀၀၇ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ဆန်းဦးတို့အမှုသည် ၂၀၀၀ ခုနှစ်မှ စတင်၍ ဖြစ်ပွားခဲ့ပြီး နိုင်ငံခြားသား တဦးအနေဖြင့် နေအိမ်ခြံဝင်း ပိုင်ဆိုင်ခွင့်မရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သဖြင့် ဦးအောင်ဆန်းဦး ရှုံးနိမ့်ခဲ့သည်ဟု ရှေ့နေဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

သို့သော် ၂၀၀၁ ခုနှစ်အတွင်း၌ပင် ဦးအောင်ဆန်းဦး၏ ရှေ့နေများက အမွေဘုံပစ္စည်း စီမံခန့်ခွဲ ပေးစေလိုမှုနှင့် ထပ်မံ၍ တရားစွဲဆိုခဲ့ရာ ယနေ့ထိ တရားရင်ဆိုင်နေရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အောက်တိုဘာ ၉ ရက်
ရက်သတ္တပတ် ၃၉၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်အယူခံမှု ဗဟိုတရားရုံးတက်ရေး ကြန့်ကြာ


ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှုကို ရန်ကုန်တိုင်းတရားရုံးက ပယ်ချလိုက်သော်လည်း စီရင်ချက်မိတ္တူကို လက်ခံရရှိခြင်း မရှိသေးသည့်အတွက် ဗဟိုတရားရုံးသို့ ဆက်လက်အယူခံရေး ပြင်ဆင်မှု ပြုလုပ်ရန် ကြန့်ကြာနေကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။ထိုကဲ့သို့ တိုင်းတရားရုံးက အယူခံပယ်ချလိုက်ခြင်းကြောင့် ဆက်လက်ဆောင်ရွက်ရေးကိစ္စများ ညှိနှိုင်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် ရှေ့နေများက ပြီးခဲ့သည့် သောကြာနေ့၌ အာဏာပိုင်များထံ တင်ပြထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အန်အယ်ဒီ အကြီးတန်းခေါင်းဆောင်များနှင့် သံတမန်များ ဆွေးနွေးမည်


နယူးဒေလီ ။ ။ အန်အယ်ဒီ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့နံနက်တွင် တွေ့ဆုံခဲ့သည့် ၃ နိုင်ငံ သံတမန်များသည် နေ့ခင်းပိုင်းတွင် ပါတီရုံးချုပ်သို့ သွားရောက်ကာ အခြားသော ပါတီခေါင်းဆောင်များနှင့် ထပ်မံ တွေ့ဆုံဦးမည် ဖြစ်သည်။

ရန်ကုန်ရှိ မြန်မာပြည်ဆိုင်ရာ အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျား သံတမန်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး နာရီပိုင်းအကြာတွင် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့်ပါ ရုံးချုပ်တွင် တွေ့ဆုံဦးမည်ဟု သိရခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဒေါ်အောင်ဆန်းစုကြည်သတင်း ပြည်သူများ အထူးစိတ်ဝင်စား


နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်တိုင်းသံတမန်များ တွေ့ဆုံခွင့်ရခြင်း၊ နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်အား နှစ်ကြိမ်တိုင် တွေ့ဆုံခဲ့သည့် သတင်းများကို ရန်ကုန်နှင့် မန္တလေးမြို့ခံများအပါအ၀င် ပြည်သူတို့က အလွန်စိတ်ဝင်တစားရှိနေကြပြီး ဝေဖန်သုံးသပ်ပြောဆိုနေကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )

No comments: